Wednesday, September 10, 2008

Schizophrenia

စိတ်ကစဉ့်ကလျားရောဂါ

Schizophrenia ကို အင်္ဂလိပ် - မြန်မာ အဘိဓာန်မှာ စိတ်ကစဉ့်ကလျား ရောဂါလို့ ပြန်ဆိုပါတယ်။ စိတ်ရောဂါလို့ ပြောလိုက်ရင် လူအများစု ပြေးမြင်တတ်တဲ့ typical mental illness ဖြစ်ပါတယ်။ နာမည် ကြားတာနဲ့ ကြောက်ကြ၊ တုန်လှုပ်ကြ ဖြစ်တတ်ပါတယ်။ ဆေးမကုပဲ ထားရင် ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေနဲ့ ရေရှည်နောက်ဆက်တွဲ ပြဿနာတွေကလည်း ဆိုးတာကိုး။ သေသေချာချာ ဆေးကုရင်၊ မိသားစုရဲ့ ဖေးမမှု ကောင်းရင်တော့ ရောဂါလက္ခဏာတွေရော၊ ရောဂါကြောင့် ဖြစ်တဲ့ လူနေမှု အဆင့်အတန်း ထိခိုက်လျော့ကျခြင်းကိုပါ ထိန်းချုပ်ကန့်သတ်နိုင်ပါတယ်။

ကမ္ဘာကျော်ရုပ်ရှင် A Beautiful Mind ရဲ့ အဓိကဇာတ်ကောင် သင်္ချာပညာရှင် ပါမောက္ခ ဂျွန်နက်ရှ် Professor John Forbes Nash Jr. ဟာ အပြင်လောကမှာ အမှန်တကယ် ဒီရောဂါဝေဒနာရှင် ဖြစ်ပြီး၊ ၁၉၉၄ ခုနှစ် စီးပွါးရေး သိပ္ပံဗေဒ ဆိုင်ရာ နိုဘဲလ်ဆု ရခဲ့သူ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဖော်ထားတဲ့ ဝေဒနာရှင်နဲ့ မိသားစုရဲ့ ခံစားချက်တွေဟာ ပီပြင်လှပါတယ်။ ကုထုံး တွေကတော့ တော်တော်လေး ပြောင်းလဲတိုးတက်ခဲ့ပါပြီ။

စိတ်ကစဉ့်ကလျားရောဂါရဲ့ အဓိက လက္ခဏာတွေကတော့ -
  • အတွေးစကို နှောက်ယှက်ခံရသည်ဟု ယုံမှားခြင်း လက္ခဏာစု (thought interference)
  • ပြင်ပမှ ထိန်းချုပ်ခံရသည်ဟု ယုံမှားခြင်း လက္ခဏာစု (delusions of passivity)
  • လှုံ့ဆော်မှုမဲ့ အကြားအာရုံများ လက္ခဏာစု (auditory hallucinations)
  • လုံးဝမဖြစ်နိုင်သော၊ ယဉ်ကျေးမှု နောက်ခံများနှင့်ပင် ရှင်းမပြနိုင်သော ယုံမှားခြင်း လက္ခဏာစု (delusions which are absolutely impossible and culturally implausible)
- တို့ပါပဲ။

ဒီလက္ခဏာတွေကို နေ့စဉ်လိုလို တစ်လဆက်တိုက် သို့မဟုတ် ဒီ့ထက်ကြာကြာ ခံစားနေရပြီဆိုရင်တော့ ဒီရောဂါလို့ သတ်မှတ်ဖို့ရာ ဖြစ်နိုင်ချေ တော်တော် များနေပါပြီ။ ဆေးခြောက် အပါအ၀င် မူးယစ်ဆေး ကြာရှည် သုံးစွဲတဲ့ ရာဇ၀င် ရှိရင် ပို သေချာတာပေါ့။ ဒီကိစ္စနှစ်ခုက အကြောင်း အကျိုး ဆက်စပ်နေပါတယ်။

“အတွေးစကို နှောက်ယှက်ခံရသည်ဟု ယုံမှားခြင်း လက္ခဏာစု (thought interference)” မှာ ခေါင်းထဲမှာ ကိုယ့်အတွေးတွေကို ပဲ့တင်ထပ်သလို ထပ်ကာထပ်ကာ ကြားနေခြင်း (thought echo) ကိုယ့်အတွေးတွေကို သူများက ထုတ်ယူသလို ခံစားရခြင်း (thought withdrawal) ကိုယ့်ခေါင်းထဲကို သူများက အတွေးများ လာထည့်သည်ဟု ခံစားယုံကြည်ခြင်း (thought insertion) ကိုယ့်ကိုယ်ပိုင် အတွေးများကို သူများ သိနေသည် (တစ်နည်းအားဖြင့် ကိုယ့်အတွေးများ လွှင့်ထုတ်ခံရသည်) ဟု ခံစားယုံကြည်ခြင်း (thought broadcasting) - တို့ ပါဝင်ပါတယ်။ ဒါတွေဟာ သာမန် သံသယမျိုး မဟုတ်ပါဘူး။ ဘယ်လိုမှ ရှင်းပြ၊ထောက်ပြလို့ မရတဲ့ အကျောက်အကန် ယုံကြည်နေခြင်းမျိုး (unshakable mis-beliefs) ဖြစ်ပါတယ်။

“ပြင်ပမှ ထိန်းချုပ်ခံရသည်ဟု ယုံမှားခြင်း လက္ခဏာစု (delusions of passivity)” ကတော့ ကိုယ့်ခြေလက်ခန္ဓာ၊ အတွေးစိတ်၊ လှုပ်ရှားမှု၊ ခံစားမှုအာရုံတွေကို ပြင်ပပုဂ္ဂိုလ် သို့မဟုတ် စွမ်းအားတစ်ခုခုက ထိန်းချုပ်ထားတယ်-လို့ ယုံကြည်တာ ဖြစ်ပါတယ်။ မမြင်ရတဲ့ ဂြိုဟ်သား တွေက ဂြိုဟ်တုကနေတဆင့် ကိုယ့်စိတ်ကို ချယ်လှယ်နေကြတယ် ထင်တာမျိုးပေါ့။

“လှုံ့ဆော်မှုမဲ့ အကြားအာရုံများ လက္ခဏာစု (auditory hallucinations)” ကတော့ ရှင်းပါတယ်။ အနားမှာ ဘယ်သူမှ၊ ဘာမှ မရှိပဲ အသံတွေကြားနေတာပါ။ အထူးသဖြင့်တော့ ကိုယ့်အကြောင်းကို နှစ်သံ သို့မဟုတ် ဒီ့ထက်ပိုတဲ့ အသံတွေက ပြောတာ ကြားနေရတာမျိုး၊ ကိုယ်လုပ်သမျှ တောက်လျှောက် ဝေဖန်သံ (ဘောလုံးပွဲ ဝေဖန်ချက်လိုမျိုး) ကြားနေရတာမျိုး ဖြစ်ပါတယ်။ နာကျင်မှုဝေဒနာ မဟုတ် ပေမယ့်၊ အင်မတန် ခံရဆိုးပြီး အနှောက်အယှက် ပေးပါတယ်။

“လုံးဝ မဖြစ်နိုင်သော၊ ယဉ်ကျေးမှု နောက်ခံများနှင့်ပင် ရှင်းမပြနိုင်သော ယုံမှားခြင်း လက္ခဏာစု (delusions which are absolutely impossible and culturally implausible)” မှာတော့ ကိုယ့်ကိုယ်ကို ကမ္ဘာ့အရေးပါဆုံး ပုဂ္ဂိုလ်လို့ ယုံမှားနေတာ၊ “ပွင့်”နေပြီလို့ ထင်တာမျိုး ပါဝင်ပါတယ်။ လုံးဝ ဖြစ်နိုင်ချေ မရှိပဲနဲ့ ဖြစ်မှ ပြောတာပါ။ ယဉ်ကျေးမှု သို့မဟုတ် ကိုးကွယ်ယုံကြည်မှု နောက်ခံကို ထည့်သွင်းစဉ်းစား လက်ခံပါတယ်။ ဒါတွေနဲ့တောင် မရှင်းနိုင်မှ ရောဂါလက္ခဏာ သတ်မှတ်တာပါ။

စိတ်ကစဉ့်ကလျားရောဂါမှာ အခြားလက္ခဏာများ လည်း ရှိပါသေးတယ်။ ကိုယ့်ကို တိုက်ရိုက်ပြောနေသော အသံများ အပါအ၀င် လှုံ့ဆော်မှုမဲ့ အခြားအာရုံတွေ ဖြစ်တာ၊ အတွေးစိတ်ကို ဖြတ်တောက်နှောက်ယှက်သလို ခံစားရတာ၊ အပေါ်ကလောက်မဆိုးတဲ့ ယုံမှားခြင်းတွေဖြစ်တာ၊ လှုပ်ရှားမှု စကား ခံစားတုံ့ပြန်မှုတွေ သိသိသာသာ နည်းပါးလာတာ-တို့ပါပဲ။

စိတ်ကစဉ့်ကလျားရောဂါဟာ ကျားမဖြစ်နှုန်း အတူတူပါပဲ။ အသက်နှစ်ဆယ် ပတ်ဝန်းကျင်မှာ စတတ်ပါတယ်။ အမျိုးသား တွေမှာ စဖြစ်ချိန် နည်းနည်းစော (အသက်ငယ်) တတ်ပါတယ်။ ရောဂါ ဖြစ်ခါစမှာ တချို့က အထက်ပါ အဓိက လက္ခဏာတွေ မပြပဲ လူတွေနဲ့ မရောတော့ပဲ ခပ်ဖယ်ဖယ် လုပ်နေတာ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးကို လျစ်လျူရှုလာတာ၊ အဆက်အစပ် မရှိတဲ့ စကားတွေကို ပြောတာ တွေနဲ့လည်း အစပျိုး တတ်ပါတယ်။ ဒါကို နေ့စဉ် တွေ့မြင်နေကျ မိသားစုက စရိပ်မိတတ်ပါတယ်။

စောစောမကုပဲ ထားလိုက်ရင် ရောဂါလက္ခဏာတွေ ပိုပြင်းထန်တာရှည်တတ်တဲ့ပြင် ထပ်ဖြစ်တဲ့အခါတွေမှာလည်း ပိုပိုပြီး ဆိုးလာတတ်လို့ သံသယ ရှိတာနဲ့ သက်ဆိုင်ရာ ပါရဂူနဲ့ ပြသပြီး ခေတ်မီဆေးဝါးများနဲ့ ကုရမှာ ဖြစ်ပါတယ်။ ပယောဂ မဟုတ်လို့ လမ်းလွဲလိုက်ပြီး ပိုဆိုးမှ ကုရတာမျိုးဆို လူနာခမျာ နစ်နာပါတယ်။ မိသားစုမှာလည်း ၀န်ပိုပိတာပေါ့။ နေမြန်မြန် ပြန်ကောင်းမှ အလုပ်ပြန်လုပ်နိုင်၊ မိသားစု ၀င်ငွေကို ကူရှာ ထည့်ဝင်နိုင်မှာ မဟုတ်လား။

ဒီရောဂါ ဝေဒနာရှင်တွေမှာ အကြမ်းအားဖြင့် ငါးပုံတစ်ပုံဟာ တစ်ခါပဲ ရောဂါလက္ခဏာ ပြတတ်ပြီး လုံးဝ ကောင်းသွား တတ်ပါတယ်။ နောက် ငါးပုံသုံးပုံက မဆိုးအောင် ဆေးနဲ့ ထိန်းထားလို့ ရပါတယ်။ နောက်ဆုံး ငါးပုံတစ်ပုံကတော့ ဆေးကုတဲ့ကြားက တဖြည်းဖြည်း ဆိုးလာတတ်ပါတယ်။ စိတ်ရောဂါ မဟုတ်တဲ့ တခြားရောဂါတွေမှာ လိုပဲပေါ့။ ရောဂါ ဖြစ်ခါစမှာ စိတ်ဓာတ် ကျဆင်းမှုနဲ့ သတ်သေမှုနှုန်း အမြင့်ဆုံးမို့ ရောဂါ စသိ ဆေးကုချိန်မှာ မိသားစု၊ မိတ်ဆွေ အသိုင်းအ၀ိုင်းရဲ့ နားလည်မှု၊ ကရုဏာနဲ့ ဖေးမမှု အလိုအပ်ဆုံး ဖြစ်ပါတယ်။

ဒီရောဂါအတွက် ဆေးတွေက ဘေးထွက်အာနိသင်အနေနဲ့ ကြွက်သားတွေကို တောင့်တင်းစေတတ်ပါတယ်။ လမ်းသွားရင် လက်လွှဲတာ နည်းသွားပြီး အတောင့်လိုက် ရွေ့လျားနေတာမျိုးပေါ့။ တစ်ခါတလေတော့ ခြေလက်ဂနာမငြိမ် ဖြစ်တတ်သေးတယ်။ လူတိုင်းမှာ မဖြစ် ပေမယ့် ခေတ်ဟောင်းဆေး တော်တော်များများက ဒီဘေးထွက်အာနိသင် ဖြစ်စေလို့၊ ၁၉၉၀နောက်ပိုင်းမှာ ခေတ်သစ်ဆေးတွေ ပိုသုံး လာကြပါတယ်။ လူနာ မကြိုက်တဲ့၊ သည်းမခံနိုင်တဲ့ ဘေးထွက်အာနိသင်ဆိုရင် လူနာရဲ့ ဆေးအပေါ် စွဲမြဲအားထားမှု လျော့သွားမယ်။ ကြာရင် ဆေးမသောက်ပဲ နေမယ်။ ဒါဆို ရောဂါ ပြန်ဖောက်တော့မှာပေါ့။ ဒါ့ကြောင့် အစကတည်းက လူနာကို သေသေချာချာ ရှင်းပြပြီး သတိပေး ထားတာ အကောင်းဆုံးပါ။ ရေရှည်အတွက် တွေးရ၊ တွက်ဆရပါမယ်။

လတ်တလော ရောဂါဖောက်ခြင်း (acute episode) ပျောက်သွားပြီ ဆိုရင်တော့ ဝေဒနာရှင်ကို သူ့ကိုယ်သူ ယုံကြည် အားထားစိတ် ပြန်တက်လာအောင် သူ လုပ်နိုင်တဲ့၊ လုပ်နေကျ အလုပ်ကလေးတွေ ပြန်လုပ်စေရပါမယ်။ လုံးဝ စိတ်မချ ဖြစ်နေမယ့်အစား တဖြည်းဖြည်းချင်း ပုံမှန် နေ့စဉ်ကိစ္စလေးတွေကနေ ပြန်အစပျိုးပြီး အားပေးရပါမယ်။ မိသားစုနဲ့ လူမှု အသိုင်းအ၀ိုင်းရဲ့ လက်ခံမှုဟာ အများကြီး တာသွားစေနိုင်လို့ပါပဲ။

မေးချင်တာ၊ ဖြည့်စွက်ချင်တာ၊ ဝေမျှချင်တာလေးတွေ ရှိရင် ရေးခဲ့ပါ။ ကျေးဇူး တင်ပါတယ်။

မြန်မာလူမျိုး အပေါင်း စိတ္တဘယမှ ကင်းဝေး၊ ချမ်းသာကြပါစေ။


Reference:

1. World Health Organisation (1992) The ICD-10 Classification of Mental and Behavioural Disorders, Geneva: WHO
2. Semple, D., Smyth, R., Burns, J., Darjee, R. & McIntosh, A. (2005). Oxford Handbook of Psychiatry, Oxford: University Press.


Related Posts :



12 comments:

May Burma said...

ပုထုဇနော ဥမ္မတကော အဆို၇ှိပါတယ်။

စကစ် ကတော့ ပွင့်လင်းစွာ လုံးဝ ရူးသွပ်တာဆိုပါတော့။

ဆိုင်ကိုးစစ်ပေါ့။

ယဉ်ယဉ် လေးရူးတာတွေလည်းရှိတယ်။

နျူရိုးစစ်တွေလဲ၇ှိတယ်။

ဘုရားဟောထဲကလို တဏှာနောက်လိုက် စွဲလမ်းမှုတွေ အယူမှားမှုတွေ နောက်လိုက်နေတဲ့ အရူးတွေ လဲ ရှိပါတယ်။

စကစ်ဆိုဖရီးနီးယား ဟာ လဲ တော်တော်ပေါများပါတယ်။

ရှေး ကတော့ စိတ္တဇ ထောင်တွေမှာ သွားရောက် ပြစ်ပယ်ထားကြတယ်။ သနားစရာကောင်းပါတယ်။ တိရိဆ္ဆာန်တွေလို ဘဲ ဆက်ဆံတာ ခံရပါတယ်။ သို့ မဟုတ် မိသားစုက အိမ်မှာ အကျဉ်းချထားကြတယ်။

ယနေ့ ခေတ်တော့ ဆေးကျွေးပြီး သက်သာစေပါတယ်။

လူကောင်းလို ဘဲ နေထိုင်နီုင်ကြပါတယ်။

ဆေးကြာရှည်သောက်ရတာ ၇ှိပါတယ်။

Nu Thwe said...

ဝင်ရောက်ဆွေးနွေးမျှဝေပေးတာ ကျေးဇူးတင်ပါတယ် ဒေါ်မေမြန်မာရှင့်။
“စခစ်ဇိုဖရီးနီးယား”ကတော့ လူအများ မြင်ဖူးကြားဖူးတဲ့ စိတ်ရောဂါပေါ့။ ဟုတ်ပါတယ်။ ရောဂါအကြောင်း မသိသေးခင်က ဒီလူနာတွေကို ဆက်ဆံပုံဟာ အတော် ဆိုးခဲ့ပါတယ်။ သိပ်သနားစရာ ကောင်းပါတယ်။ ဆေးတွေနဲ့ ကုထုံးတွေ စွမ်းလာတာနဲ့အမျှ ရှေးပုံစံ စိတ္တဇထောင်တွေ ဖျက်သိမ်းခံရတာ ဆယ်စုနှစ်တစ်ခု မကတော့ပါဘူး။ ဆေးကြာရှည် သောက်ရပေမယ့် ကိုယ့်ရဲ့အိမ်၊ အသိုင်းအ၀ိုင်းမှာပဲ နေပြီး ကုသသက်သာ၊ ဘ၀ရှေ့ဆက်နိုင်တဲ့ ခေတ်ကို ရောက်နေပါပြီ။
အမှန်တရားနဲ့ ကင်းကွာမှု အနည်းအများပေါ် မူတည်လို့ စိတ်ရောဂါတွေကို အုပ်စုခွဲတာကလည်း တစ်နည်းပေါ့လေ။ လုံးဝ လွတ်သွားရင် “ဆိုက်ခိုးဆစ်စ်”၊ သိပ်မလွတ်သေးရင် “နျူရိုးဆစ်စ်”လို့ ပြောခဲ့ကြပါတယ်။ နှစ်မျိုးစလုံးအတွက် စမ်းသပ်အောင်မြင်ပြီးသား ဆေးနဲ့ကုထုံးတွေ အများအပြား ရှိနေပါပြီ။
ဒါတွေအပြင် ဦးနှောက်ရဲ့ တည်ဆောက်ပုံကို ထိခိုက်လို့ ဖြစ်တဲ့ စိတ်ရောဂါတွေ၊ အရက်အပါအ၀င် စိတ်ကို ပြောင်းလဲစေတဲ့ ဆေးတွေကြောင့် ဖြစ်တဲ့ စိတ်ရောဂါတွေ၊ လူရည်လူသွေး၊ အမူအကျင့်နဲ့ ဆိုင်တဲ့ စိတ်ရောဂါတွေ၊ ကလေးနဲ့ လူငယ်တွေမှာ ဖြစ်တဲ့ စိတ်ရောဂါတွေ၊ ဦးနှောက်အသိဥာဏ် မပြည့်သူတွေမှာ ဖြစ်တဲ့ စိတ်ရောဂါတွေ စသဖြင့် အများကြီး ထပ်ခွဲထားပါသေးတယ်။
ကြုံလို့ပြောရရင် ကျမက ကျမရဲ့လူနာတွေကို “စိတ်ရောဂါဝေဒနာသည်” လို့ပဲ ခေါ်ပါတယ်။ နည်းနည်း ကာဆီးကာဆီးပေါ့ရှင့်။
ဒေါ်မေမြန်မာရဲ့ ဆွေးနွေးချက်ကနေ ထပ်ဆင့်ပွါး ဆွေးနွေးလိုက်တာပါ။ စိတ်ဝင်စားကြတာ ၀မ်းသာပါတယ်။

Anonymous said...

ကျမရဲ့ လူနာတွေကို စိတ်ဝေဒနာသည်လို့ပဲ ခေါ်ပါတယ်ဆိုတဲ့ ဒေါက်တာကို လေးစားပါတယ်။ ဆရာဝန်မဟုတ်သူတွေဆိုရင်တောင် လူနာတွေအပေါ် ဒီလိုပဲ ဖြစ်သင့်ပါတယ်။

Nu Thwe said...

ကျေးဇူးတင်ပါတယ် စာဖတ်သူရှင့်။
စိတ်ရောဂါ ဝေဒနာဟာ အခြားရောဂါတွေလိုပဲ လူအများ သိနားလည်သင့်၊ စာနာလက်ခံသင့်တဲ့ ရောဂါစု ဖြစ်ပါတယ်။ စိတ်ရောဂါ ဝေဒနာသည်တွေဟာလည်း သူလို ကိုယ်လို လူတွေပါပဲ။ စိတ်ဝေဒနာအပြင် နောက်ထပ် ရှုပ်ချစော်ကားခံရတာမျိုး မခံစားရသင့်ပါဘူး။ အဲဒီလို ဖြစ်လာဖို့ အဲဒီလောကထဲက ကျမတို့မှာ အနည်းနဲ့ အများ တာဝန်ရှိတယ်လို့ ယူဆပါတယ်။ ဆေးကုပေးရုံ၊ ကိုယ် လစာရရုံ နဲ့ အလုံးစုံ ပြီးမြောက်သွားတာ မဟုတ်ဘူးလို့ ခံယူထားပါတယ်။ သာမန်လူထုကလည်း မေတ္တာ၊ ကရုဏာ ထားတတ်ရပါမယ်။

အောင်ကြီး said...

လေဖြတ်ပြီးတော့ စိတ်ပိုင်းဆိုင်ရာ နဂိုပြန်မဖြစ်တော့တဲ့ လူနာကို ပြန်ကောင်းအောင် လုပ်လို့ ရမရ သိပါရစေ။ လေဖြတ်ပြီးရင် အာရုံစိုက်နိုင်အား အရမ်းနည်းသွားတာ ပြန်ပြုပြင်ယူလို့ ရပါသလား။ ပျက်စီးသွားတဲ့ ဦးနှောက်ဆဲလ်တွေက ပြန်မကောင်းနိုင်တော့ဘူးဆိုရင် ဖယ်ရှားပစ်လို့ရော ရပါသလား။ လေဖြတ်လူနာတွေကို စိတ်ပိုင်းဆိုင်ရာ ပြန်ပျိုးထောင်တဲ့နည်းနဲ့ ဆေးဝါးတွေ သိချင်ပါတယ်။ လေဖြတ်လူနာတချို့ စိတ်ရောဂါသည်လို ဖြစ်သွားတာ ပြန်ကုစားလို့ ရပါသလား

Nu Thwe said...

ကိုအောင်ကြီးရှင့်

လေဖြတ်ထားတဲ့ လူနာတွေမှာ စိတ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ ထိခိုက်မှုတွေ ဖြစ်တတ်ပါတယ်။ ပထမနှစ်နှစ်အတွင်းမှာ သုံးပုံနှစ်ပုံဟာ စိတ်ဓာတ်ကျရောဂါ (depression) ခံစားရတတ်ပါတယ်။ စိတ်ဂနာမငြိမ်ပူပင်ခြင်း (anxiety) စိတ်ထိခိုက်လွယ်ခြင်း (emotionalism) နဲ့ မှတ်ဥာဏ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်း (cognitive impairment) တို့လည်း ဖြစ်တတ်ပါတယ်။ စိတ်ဓာတ်ကျရောဂါ တန်ပြန်ဆေး (antidepressant) တွေနဲ့ ကုသသက်သာစေနိုင်ပါတယ်။ မှတ်ဥာဏ်ပိုင်းကိစ္စကတော့ ဆေးသတ်သတ် မရှိသေးပါဘူး။

ပျက်စီးသွားတဲ့ ဦးနှောက်ဆဲလ်တွေကို ခွဲစိတ်ဖယ်ရှားလို့ မရပါဘူး။ နောက်ထပ် လေမဖြတ်အောင် မူလရောဂါ (ဥပမာ သွေးတိုး) ကို သေသေချာချာ ကုရပါမယ်။

ဆေးအပြင်ကတော့ လူနာကို သူတတ်နိုင်မယ့် နေ့စဉ် အလုပ်ကလေးတွေ၊ ဦးနှောက်သုံးရတဲ့ ကစားနည်းလေးတွေ သူနဲ့အတူ ပြန်ကျင့်ပေးနိုင်ရင် အာရုံစိုက်နိုင်စွမ်းအပြင် စိတ်ဓာတ်ကိုပါ အထောက်အကူ ရစေတာပေါ့။ မေ့တတ်ရင် စာရင်း၊ ပြက္ခဒိန်၊ သတိပေးစာရွက်၊ ရုပ်ပုံကားချပ်တွေ သုံးနိုင်ပါတယ်။ မိသားစုရဲ့ နားလည်ဖေးမမှုက အင်မတန် အရာရောက်ပါတယ်။

အားလုံးအရှင်း နဂိုအတိုင်း ပြန်ရောက်ဖို့ မလွယ်လို့ လူနာရော၊ မိသားစုပါ ဖြစ်လာတဲ့ အခြေအနေကို လက်ခံပြီး၊ အကောင်းဆုံး ဖြစ်အောင် လုပ်ဖို့ စိတ်အင်အား မွေးမြူရပါမယ်။ အပြောလွယ်သလောက် လက်တွေ့လုပ်ရခက်တဲ့ ကိစ္စပါ။ ဆွေမျိုး မိတ်သင်္ဂဟ အသိုင်းအ၀ိုင်းက ဖေးမနိုင်ရင် ပိုအားရှိတာပေါ့ရှင်။

နောက်ထပ် သိချင်ရင်တော့ http://www.nhsdirect.nhs.uk/articles/article.aspx?articleId=351&sectionId=26 မှာ ဖတ်နိုင်ပါတယ်။ ဆေးတွေကတော့ သေချာကြည့်ပေးမယ့် ဆရာဝန်ရှိမှ သုံးသင့်ပါတယ်။ (မြန်မာပြည်မှာ ၀ယ်ချင်သလို ၀ယ်သုံးနေကြတာ စိတ်ပူလို့ ပြောတာပါ)

Reference:
Gelder, M. et al, 2000, Oxford Textbook of Psychiatry, Oxford, University Press

Nge Naing said...

ဒီဘက်နိုင်ငံတွေမှာတော့ လေဖြတ်ပြီး ဆေးရုံတက်ရတဲ့လူနာတွေအတွက် ကုသမှုတွေလုပ်ပြီး ဆေးရုံမဆင်းခင်မှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းနှစ်ခုစလုံးရဲ့ အလုပ်လုပ်နိုင်တဲ့ အခြေအနေကို Asssessmemt လုပ် စမ်းသပ်စစ်ဆေးပြီးတော့ လူနာရဲ့အခြေအနေအပေါ် မူတည်ပြီး ဘယ်အဆင့်မှာ ရှိတယ် လေ့ကျင့်ခန်းကို ဘယ်လောက်ထိ လုပ်ပေးရမယ်ဆိုတာ ဆုံးဖြတ်ပြီး ပြန်လည်ပြုစုပျိုးထောင် လေ့ကျင့်ပေးတဲ့ (Rehabilitation) ဆေးရုံ တွေကို ပို့ပေးပါတယ်။ အဲဒီဆေးရုံတွေကနေ Health Care Team တခုလုံး ( Doctors, Nurse, Physiotherapist, Occupationalthrapists, Social Worker, speech pathologist, Dietition, Pshchologist etc) က အဖွဲ့ဝင်တွေက စိတ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာတွေကို တဖြည်းဖြည်းနဲ့ ပုံမှန်အတိုင်းမဟုတ်ရင်တောင် မှ တဖြည်းနဲ့ အိမ်မှာ မိသားစုရဲ့ အကူအညီနဲ့ ပြန်လေ့ကျင့်လို့ ရနိုင်တဲ့အထိ လေ့ကျင့်ပေးတယ်။ မိသားစုကိုလည်း ဒါကို လုပ်ပေးဖို့ သင်တန်းပို့ချပေးပြီးမှ ဆင်းခွင့်ပြုတယ်။ ဆေးရုံဆင်းရင် မိသားစုဆရာဝန်နဲ့ Community Health အတွက် လူနာအခြေအနေကို စာရေးပေးလိုက်ပါတယ်။ ဒါမှမဟုတ် အပြင်လူနာဌာနမှာ ပုံမှန် check up ပြန်လာလုပ်ပြီး ကုသမှုခံယူဖို့ ရက်ချိန်းပေးလိုက်တယ်။ မြန်မာပြည်မှာ Rehabilitation Service ရှိမရှိမသိရဘူး။ ရှိရင် အဲဒီကို ပို့တာအကောင်းဆုံးပဲ။ ပြီးမှ အဲဒီကနေ ဆေးရုံမဆင်းခင် အိမ်သားတွေကို အိမ်မှာ ဘာလုပ်ပေးရမယ်ဆိုတာ ပြန်သင်ပေးလို့ မိသားစုအတွက်ရော လူနာအတွက်ပါ သိပ်ပြီးအထောက်အကူ ဖြစ်ပါတယ်။

အောင်ကြီး said...

ကျေးဇူးတင်ပါတယ်ခင်ဗျား။ မြန်မာပြည်မှာတော့ လေဖြတ်လူနာတွေအတွက် ဒါမျိုး ရှိတယ် မကြားမိပါဘူး။ အဖေလေဖြတ်တော့ ဆရာဝန်တွေကလဲ ဒီလိုဌာနမျိုး ရှိတယ် မပြောဘူးဆိုတော့ မရှိသေးဘူးလို့ ထင်ပါတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြန်ထူထောင်နိုင်မယ့် နည်းလေးတွေ မစပါခင်ဗျား။ လူနာနားမှာ အချိန်ပြည့် မနေနိုင်၊ ပြုစုမပေးနိုင်တဲ့ မိသားစုဝင်တွေအတွက်ပါ။ Concentration အားနည်းသွားတာ စိတ်တွေ ဟိုတွေးဒီတွေး တွေးနေလို့ဆိုရင် မတွေးနိုင်အောင် အိပ်ဆေးတွေ၊ စိတ်ငြိမ်ဆေးတွေနဲ့ ဖိရင် ပြန်ကောင်းလာနိုင်ပါသလား။ ရောက်ရက်ခတ်နေတဲ့ စိတ်ကို မလှုပ်ရှားနိုင်အောင် အိပ်ဆေးတွေ တပတ်လောက် တိုက်ထားရင် လူနာ ပြန်ကောင်းလာနိုင်မလား။ လူနာ ဒုက္ခရောက်မယ်ဆို မလုပ်ပါဘူး။ သူ့အတွက် အကျိုးရှိမယ်ဆို လုပ်ချင်လို့ပါ။
တရုတ်ဓာတ်အပ်စိုက်ကုထုံးက လေဖြတ်လူနာအတွက် စွမ်းပါသလား။ လေဖြတ်တာ ဦးနှောက်ထဲမှာ ဖြစ်တာဆို ဓာတ်အပ်စိုက်လို့ ရနိုင်မရနိုင် သံသယ ဖြစ်နေပါတယ်။ အကြံပေးပါခင်ဗျား။ တိုင်းရင်းဆေး၊ ပရဆေးတွေနဲ့ရော လုပ်နိုင်ပါသလား။

Nu Thwe said...

လူနာကို မမြင်ပဲ ပြောရတာ အင်မတန် ခက်ပါတယ်။ စိတ်လည်း မချရလို့ လူတစ်ဦးတစ်ယောက်အတွက် ကုထုံးသီးသန့်မျိုး ဒီကနေ အကြံမပေးနိုင်တာ နားလည်ပေးစေချင်ပါတယ်ရှင့်။

၁။ ယေဘူယျအားဖြင့်တော့ အိပ်ဆေးတွေ၊ စိတ်ငြိမ်ဆေးတွေဟာ မသုံးသင့်ပါဘူး။ သူတို့က ပြဿနာရဲ့ အဖြေ မဟုတ်ပါဘူး။

၂။ တရုတ်ဓာတ်အပ်စိုက်ကုထုံးဟာ လေဖြတ်ခြင်းသက်သက်အတွက် သုံးတယ်လို့ မဖတ်ဖူးပါ။ http://www.nhsdirect.nhs.uk/articles/article.aspx?articleId=6&sectionId=158 မှာ ဖတ်ကြည့်ပါ။ သာမန် အနုစား စိတ်ဓာတ်ကျတာ၊ စိတ်ကနာမငြိမ်တာလောက်တော့ သုံးကြပါတယ်။ လေဖြတ်လို့ ဖြစ်တဲ့ စိတ်ရောဂါအတွက်တော့ မဟုတ်ပါဘူး။ အပ်တွေ သုံးရမှာမို့ ဘယ်လောက် သန့်တယ်ဆိုတာလည်း ထည့်တွက်ရပါမယ်။

၃။ တိုင်းရင်းဆေး၊ ပရဆေးဟာ ကျွန်မရဲ့ ဘာသာရပ် မဟုတ်တဲ့အတွက် မဖြေနိုင်ပါရှင့်။

အကောင်းဆုံးကတော့ တတ်ကျွမ်းတဲ့ စိတ်ရောဂါ ဆရာဝန်များနဲ့ ပြကြည့်ပါလို့ပဲ အကြံပြုပါရစေ။ မြန်မာပြည်မှာ စိတ်ရောဂါ အထူးကု ဆရာဝန်ကြီးတွေ ရှိပါတယ်။ သူတို့က လူနာကို ကြည့်ရှုစမ်းသပ် စကားပြောကြည့်ပြီး အသင့်တော်ဆုံး အကြံပြုနိုင်ပါလိမ့်မယ်။

Nge Naing said...

လတ်တလော စာလာဖတ်သူတွေရဲ့ မေးခွန်းတွေနဲ့ပတ်သက်ပြီး ကျွန်မလည်း မြန်မာပြည်တွင်းက Public Health နဲ့ ပတ်သက်ပြီး လေ့လာမှု အားနည်းနေသေးလို့ ပြည်တွင်းက ကျန်းမာရေး အခြေအနေတွေကို မသိတာတွေ အများကြီး ရှိနေပြီး လေ့လာစရာတွေ အများကြီးရှိနေတာကို မေးခွန်းတွေကို တွေ့မှ သတိထားမိပါတယ်။ အထူးသဖြင့် အောင်ကြီးရဲ့ stroke နဲ့ပတ်သက်တဲ့မေးခွန်း၊ တိုးတက်ရဲ့ ADHD နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ပြည်ပမှာ ရောက်နေသူတွေ အနေနဲ့ ဖြေဖို့ အချက်အလက် မလုံလောက်တဲ့ အခက်အခဲ ရှိနေတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ ပြည်တွင်းမှာရှိနေပြီး လက်ရှိ လုပ်နေတဲ့ ကျန်းမာရေး ပညာရှင်တွေထဲက အကြံပြုနိုင်တာ ရှိရင် အနည်းဆုံး ဘယ်အဆင့်ထိ Available ရှိပြီး ဘယ်လိုလုပ်လို့ ရနိုင်တယ်ဆိုတာကို အကြံပြုပေးစေချင်ပါတယ်။

Nu Thwe said...

သူငယ်ပြန်ရောဂါ ပို့စ်မှာ စာဖတ်သူတစ်ယောက် မေးသွားတဲ့ မေးခွန်းပါ။

“စကီဇိုဖရီးနီးယားက မျိုးရိုးလိုက်တတ်လား အစ်မဒေါက်တာ။ မိခင်က ရောဂါသည် ဖြစ်ပြီး မောင်နှမထဲမှာလဲ ဒီရောဂါရှိရင် ကျန်တဲ့သူတွေ တချိန်ချိန် ဖြစ်နိုင်လား။ သားသမီး ယူရင်ကော မွေးတဲ့ သားသမီးမှာ ဗီဇ ပါနိုင်လား”

ယေဘူယျ အဖြေကတော့ မိသားစုဝင်တွေထဲမှာ မျိုးရိုးဗီဇ genes တွေ ရာခိုင်နှုန်း အတော်အသင့် တူတတ်ပါတယ်။ ဒီတော့ မျိုးရိုးရှိသူ တစ်ယောက်ရဲ့ ရောဂါ ဖြစ်နိုင်ချေဟာ မျိုးရိုးမရှိသူ တစ်ယောက်ရဲ့ ရောဂါ ဖြစ်နိုင်ချေထက်တော့ ပိုမှာပါပဲ။ အခြား မျိုးရိုးလိုက်တတ်တဲ့ ရောဂါတွေမှာလိုပါပဲ။

ရောဂါ ဖြစ်နိုင်ချေ (Risk of developing Schizophrenia) ကိုတော့ အမျိုးမျိုး တွက်ကြ၊ တွေ့ထားကြပါတယ်။ အကြမ်းအားဖြင့်တော့ ရောဂါ ရှိသူနဲ့ ဘယ်လောက် သွေးနီးသလဲ (တူညီတဲ့ မျိုးရိုးဗီဇ genes ဘယ်လောက် ဝေမျှသလဲ) ပေါ်မှာ တည်ပါတယ်။ လုံးဝ ချွတ်စွတ်တူ အမြွှာဆိုရင် ၅၀% တူတာပေါ့။ ရောဂါသည် မိဘရဲ့ သားသမီး၊ ရိုးရိုး မောင်နှမ၊ တူတူမ၊ ၀မ်းကွဲ စသဖြင့် သွေးဝေးလာတာနဲ့အမျှ ရာခိုင်နှုန်း ကျလာပါတယ်။ ရောဂါသည်ရဲ့ မြေးလောက်ဆိုရင် ရောဂါဗီဇ ပါနိုင်ချေ နည်းလာပေမယ့် ပါတော့ ပါနေဦးမှာပါ။

ဒါပေမယ့် Schizophrenia မျိုးရိုးရှိသူတိုင်း ဒီရောဂါ ဖြစ်ကြတာ မဟုတ်ပါဘူး။ မွေးဖွားစဉ် အခက်အခဲများ (peri-natal injuries/ insults), ကြီးပြင်းစဉ် အတွေ့အကြုံ၊ ကိုယ်တိုင်ရဲ့လူရည်လူသွေး၊ ပတ်ဝန်းကျင်က အခြား စေ့ဆော်မှုများ (ဥပမာ ဆေးခြောက် ရှူခြင်း၊ မူးယစ်ဆေး သုံးခြင်း) တို့ဟာ မူလ မျိုးရိုးဗီဇ genes တွေနဲ့ ပူးပေါင်းလိုက်ရင်တော့ ရောဂါ ဖြစ်ဖို့ တွန်းပို့လိုက်သလို ဖြစ်သွားတာပေါ့။ ရောဂါ လက္ခဏာ အများဆုံး ပေါ်လာတတ်တဲ့ အချိန်ကတော့ အသက် နှစ်ဆယ်ဝန်းကျင် ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်အသက်မှာမဆို ဖြစ်နိုင်ပါတယ်။ နှုန်းတော့ နည်းသွားတာပေါ့။

Schizophrenia ရောဂါသည်တွေရဲ့ မိသားစုဝင်တွေဟာ စိတ်ကြွ စိတ်ကျရောဂါ ဖြစ်နိုင်ချေ (Risk of Bipolar Affective Disorder) လည်း ရှိတတ်ပါတယ်။ ဖြစ်မယ်လို့ တပ်အပ် မပြောနိုင်ပါ။

ဒီလိုပဲ ရောဂါသည်တွေရဲ့ မိသားစုဝင်တွေ ပုံမှန် မိသားစုဘ၀ နေထိုင် ပျော်ရွှင် စိတ်ချမ်းသာနေကြတာ အများကြီး ရှိပါတယ်။ တသက်လုံး ဘာကိုမှ မပျော်၊ မခံစားနိုင်အောင် စိတ်ပူနေရဖို့ မဟုတ်ပါဘူး။ ဘယ်သူ့ကိုမှလည်း အပြစ်တင်ဖို့ မဟုတ်ပါဘူး။ ကိုယ့်ဖာသာကိုယ် ဆင်ခြင်၊ ပြင်ဆင်နိုင်ဖို့ အဓိကပါ။ အိမ်ထောင်ပြုမယ် ဆိုရင်လည်း ပွင့်ပွင့်လင်းလင်း တိုင်ပင်သင့်ပါတယ်။

ဆွေးနွေးမေးမြန်းတာကို ကျေးဇူးတင်ပါတယ်။

သိင်္ဂါကျော် said...

ကျွန်မ အမေနဲ့ အဒေါ်က အသက် ၆၀ ကျော် ပင်စင်စားတွေပါ။ သူတို့်က ပတ်ဝန်းကျင်က လူတွေက သူတို့် အကြောင်း မကောင်း ပြောနေတယ်ချည်း ထင်ကြပါတယ်။ ဘယ်လိုမှ ပြောလို့ မရပါဘူး။ အမေက ပိုဆိုးပါတယ် တခါတလေ သူပြောချင်ရင် ဘယ့်သူ့မှ ဂရုမစိုက် အားနာရကောင်းမှန်း မသိပဲ ပြောနေတတ်ပါတယ်။ အဒေါ်အပျိုကြီးကလည်း သူ့ကို သိက္ခာကျစရာတွေ စောင်းပြောကြတယ် ထင်ပါတယ်။ ကျွန်မက အိမ်ကို ပိတ်ရက်မှ ပြန်တာမို့ ပတ်ဝန်းကျင်ကို သိပ်မသိပါ။ ဒါပေမယ့် မကောင်းပြောချင် သိက္ခာချချင်ရင် အသက် ၃၀ကျော် ကျွန်မကိုတော့ မပြောပဲ ၆၀ကျော် သူတို့ကိုပဲ ပြောနေတယ် ဆိုတာ မဖြစ်နိုင်ပါဘူး။ သံသယလွန် နေတယ် ထင်ပါတယ်
အသက်ကြီးရင် အဲလိုပဲ ဖြစ်တတ်ပါသလား။ ရှေ့လျှောက် ပိုဆိုးလာရင် ဘယ်လို လုပ်သင့်ပါသလဲ။