Showing posts with label USA. Show all posts
Showing posts with label USA. Show all posts

Friday, September 11, 2009

National Sucide Prevention Week of the US

ယခုနှစ်ရဲ့ စက်တင်ဘာလ ၆ ရက်ကနေ ၁၂ အထိကို တစ်နိုင်ငံလုံး ဆိုင်ရာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုကို ကာကွယ်ရေး သီတင်းပတ် အဖြစ် အမေရိကန် နိုင်ငံမှာ သတ်မှတ်ထားပါတယ်။
စီးပွားရေး ကျဆင်းမှု အနေအထားကြောင့် အခုအချိန်မှာ အကူအညီလိုတဲ့ သူတွေ ပုံမှန်ထက် ပိုများနေလို့ ဖုန်းကနေ တစ်ဆင့် အကူအညီပေးနေတဲ့ သူတို့ရဲ့ national sucide prevention lifeline 1-800-273-TALK (8255)က မနည်းကို ကြိုးစားပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းနေရပါတယ်တဲ့။

ကိုယ့်ကိုယ်ကို အဆုံး စီရင်ချင်တဲ့ လက္ခဏာတွေက ဘာတွေလဲလို့ သိချင်ရင် ဒီမှာ နဲ့ ဒီမှာ ဖတ်ကြည့်လို့ ရပါတယ်။
အမေရိကန် နိုင်ငံရဲ့ national sucide prevention lifeline အကြောင်းကို ပိုသိချင်ရင်တော့ ဒီမှာ ဖတ်ကြည့်လို့ ရပါတယ်။
တစ်ကမ္ဘာလုံးဆိုင်ရာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု ကာကွယ်ရေးနေ့ကလဲ စက်တင်ဘာလ ၁၀ရက်နေ့လို့ သိရပါတယ်။
အဲဒီ အကြောင်းကို သိချင်ရင် ဒီမှာ ဖတ်ကြည့်လို့ ရပါတယ်။

Read More...

Monday, May 18, 2009

10 Essential Public Health Services


ပြည်သူ့ကျန်းမာရေး လုပ်ငန်းလို့ ပြောတဲ့အခါ အဲဒါက ဘာတွေကို ဆောင်ရွက်ပေးနေတာလဲလို့ မေးစရာ ရှိလာပါတယ်။
နိုင်ငံ တစ်နိုင်ငံချင်း ပေါ်မှာ မူတည်လို့ ပြည်သူ့ကျန်းမာရေးနဲ့ ပတ်သက်လို့ နားလည်ထားမှုတွေ၊ ဆောင်ရွက်နေမှုတွေ ကွာခြားနေပါလိမ့်မယ်။
အမေရိကန် နိုင်ငံကတော့ ပြည်သူ့ ကျန်းမာရေးမှာ အရေးပါတဲ့ လုပ်ငန်း တာဝန် ဆယ်ခု ရှိတယ်လို့ သတ်မှတ်ထားပါတယ်။
အဲဒါတွေက -

(၁) စောင့်ကြပ် ကြည့်ရှုခြင်း
ပြည်သူတွေရဲ့ ကျန်းမာရေး အခြေအနေ၊ ရောဂါ ပြန့်ပွားမှု အခြေအနေ၊ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ နေရာတွေရဲ့ လုပ်ငန်းဆောင်ရွက်မှု အဲဒါတွေကို အမြဲတမ်း စောင့်ကြပ်ကြည့်ရှုနေဖို့ လိုပါတယ်။ အဲဒါမှ ဘယ်နေရာတွေမှာ ပြဿနာတွေ ရှိနေသလဲဆိုတာကို ရှာဖွေဖော်ထုတ်ပြီး ဖြေရှင်းနိုင်စွမ်း ရှိမှာပါ။
(၂) ကျန်းမာရေး ပြဿနာများကို ရှာဖွေ ဖော်ထုတ်ခြင်း၊ စုံစမ်း စစ်ဆေးခြင်း
ပြည်သူတွေ ကြားထဲမှာ ဘာကျန်းမာရေး ပြဿနာတွေ ရှိနေသလဲ၊ ပြည်သူတွေ ဘယ်လို ကျန်းမာရေး ဆိုင်ရာ အန္တရာယ်တွေနဲ့ ကြုံတွေ့နေရသလဲ ဆိုတာတွေကို ရှာဖွေ ဖော်ထုတ်ဖို့၊ စုံစမ်း စစ်ဆေးဖို့ တွေက ပြည်သူ့ ကျန်းမာရေး လုပ်ငန်းရဲ့ အရေးပါတဲ့ ဆောင်ရွက်ချက်တွေထဲက တစ်ခုပါ။
(၃) ပြည်သူ လူထုကို ကျန်းမာရေးနဲ့ ပတ်သက်သော သတင်းအချက်အလက်များကို အသိပေးခြင်း၊ ပညာပေးခြင်း
ပြည်သူလူထုက ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ကိုယ်တိုင် သိနားလည်ခွင့်ရတဲ့ အခါ သူတို့မှာ မိမိရဲ့ ကျန်းမာရေး အတွက် မိမိ ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်တဲ့ စွမ်းအင်တွေ ပိုများလာပါတယ်။ မိမိ ကိုယ်တိုင်ရဲ့ ကျန်းမာရေး၊ မိမိ မိသားစုနဲ့ မိမိ ပတ်ဝန်းကျင်ရဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြေရှင်းဖို့ ကိစ္စတွေမှာ ပါဝင် ဆုံးဖြတ်နိုင်စွမ်းတွေလဲ ပိုမို များပြားလာပါတယ်။
(၄) ပြည်သူလူထုကို စည်းရုံး လှုံ့ဆော်ခြင်း
ပြည်သူလူထုတွေ ကျန်းမာရေး ကိစ္စရပ်တွေ ဆောင်ရွက်ရာမှာ ပါဝင်လာစေရေးအတွက် ကျန်းမာရေး ဆိုင်ရာ စီမံချက်တွေကို ပြည်သူလူထုနဲ့ အတူတကွ လက်တွဲ ဆောင်ရွက်ခြင်း(ဥပမာ- လူထုထဲမှာ ရှိနှင့်ပြီးသား ဖြစ်တဲ့ သာရေးနာရေး အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း)၊ ကျန်းမာရေး ပြဿနာတွေကို အတူတကွ ရှာဖွေဖော်ထုတ်ကာ အတူတူ ဖြေရှင်းကြခြင်း။
(၅) ကျန်းမာရေး ဆိုင်ရာ မူဝါဒများ ပေါ်ပေါက်လာအောင် ဆောင်ရွက်ပေးခြင်းနဲ့ ကျန်းမာရေး လုပ်ငန်း အစီအစဉ်များ ချမှတ်ရေးဆွဲ ခြင်း
- ပုဂ္ဂလိက အဖွဲ့အစည်းတွေနဲ့ ရပ်ရွာလူထု အဖွဲ့အစည်းတွေမှ ကျန်းမာရေးအတွက် ဆောင်ရွက်နေမှုတွေကို အဲဒီမူဝါဒတွေနဲ့ ပံ့ပိုး ကူညီပေးနိုင်ပါတယ်။
(၆) ပြည်သူလူထုရဲ့ ကျန်းမာရေး ထိခိုက်မှု မရှိစေရန် ကာကွယ် စောင့်ရှောက်မှုပေးနေတဲ့ ဥပဒေတွေ ကို လက်တွေ့ကျင့်သုံး ဆောင်ရွက်ခြင်း၊ ( ဥပမာ - တားမြစ် ဆိုးဆေးပါတဲ့ အစားအစာတွေကို ဖြန့်ဖြူးရောင်းချခွင့် ပိတ်ပင်တာ)
(၇) ကျန်းမာရေး စောင့်ရှောက်မှု ခံယူဖို့ လိုအပ်နေတဲ့ သူတွေကို လိုအပ်တဲ့ ကျန်းမာရေး ၀န်ဆောင်မှု ပေးနိုင်သည့် နေရာများနဲ့ ဆက်သွယ်ပေးပြီး လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုတွေ အမှန်တကယ် ရရှိစေဖို့ အာမခံ ဆောင်ရွက်ပေးခြင်း။
(၈) အရည်အချင်း ပြည့်ဝတဲ့ ပြည်သူ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပုဂ္ဂလိက ကျန်းမာရေး ၀န်ထမ်းတွေ ဖြစ်စေရန် အာမခံ ဆောင်ရွက်ပေးခြင်း။ ( ဥပမာ - အရည်အချင်း သတ်မှတ်ချက်ပြည့်မီမှ လိုင်စင် ထုတ်ပေးတာ)
(၉) ပြည်သူ့ကျန်းမာရေး ၀န်ဆောင်မှု လုပ်ငန်းတွေနဲ့ ပုဂ္ဂလိက ကျန်းမာရေး ၀န်ဆောင်မှု လုပ်ငန်းများတွေရဲ့ ထိရောက်မှု၊ လက်လှမ်းမီမှု၊ အရည်အသွေးတွေကို သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ တိုင်းတာပြီး အကဲဖြတ်ခြင်း။
(၁၀) ပြည်သူလူထု ကြုံတွေ့ခံစားနေရတဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းသစ်တွေ၊ အမြင်သစ်တွေ ပေါ်ထွက်လာစေဖို့ အတွက် သုတေသန လုပ်ငန်းတွေကို ဆောင်ရွက်ခြင်းတို့ ဖြစ်ပါတယ်။
(စာကိုး - 10 Essential Public Health Services ( CDC) )

Read More...

Wednesday, April 8, 2009

National Public Health Week of The United States


၁၉၉၅ ခုနှစ်ကစပြီး သီတင်းပတ် တစ်ပတ်လုံး အပြည့်ရမယ့် ဧပြီလရဲ့ ပထမပတ်တွေကို အမေရိကန် နိုင်ငံရဲ့ တစ်နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး သီတင်းပတ် အဖြစ် သတ်မှတ်လိုက်ပါတယ်။
ဒီနှစ်အတွက် တစ်နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး သီတင်းပတ်က ဧပြီလ ၆ ရက်မှ ၁၂ ရက်အထိမို့ ယခု အချိန်မှာ ကျရောက်နေပါတယ်။
ဒီအကြောင်းလေးကို စိတ်ဝင်စားတယ်ဆိုရင် ဒီမှာ ဖတ်ကြည့်လို့ ရပါတယ်။

Read More...

Saturday, April 4, 2009

US Health Care System & Diabetes

အမေရိကန် နိုင်ငံမှ ကျန်းမာရေးစောင့်ရှောက်မှု စနစ်နှင့် ဆီးချို ရောဂါ အကြောင်း တစေ့တစောင်း


တခြားနိုင်ငံမှာ လတ်တလော ဖြစ်ပျက်နေတဲ့ အကြောင်းအရာလေးတွေကိုလဲ ဒီမှာ တင်ပြလို့ရတယ်လို့ ပြောထားတဲ့အတွက် အမေရိကန် နိုင်ငံက ကျန်းမာရေး စနစ်နဲ့ ဆီးချိုရောဂါ အခြေအနေလေးကို အနည်းငယ် တင်ပြချင်ပါတယ်။

အမေရိကန် နိုင်ငံလို့ ဆိုလိုက်တာနဲ့ လူအတော်များများက ကမ္ဘာပေါ်မှာ ဘာမဆို ထိပ်ဆုံးက ရှိနေမယ်။ အစစ အရာရာ အကောင်းဆုံးတွေ ဖြစ်မယ်လို့ ထင်မှတ်မှားမိတတ်ကြပါတယ်။ တကယ်တမ်းမှာ ကောင်းတာတွေ အများကြီး ရှိသလို ဆိုးတာတွေလဲ အများကြီး ရှိပါတယ်။ စင်းလုံးချော မဟုတ်တာကတော့ သဘာဝ တရားလေးပါ။

ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က အမှတ်ပေး ဆုံးဖြတ်ထားတဲ့ ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေး အဆင့်အတန်းမှာ အမေရိကန် နိုင်ငံက ပထမ ဆယ်နိုင်ငံ ထဲမှာတောင် မ၀င်ဘူးဆိုရင် အံ့သြကြလေမလား။ သူ့ရဲ့ အဆင့်က (၃ရ) မှာ ရှိပါတယ်။ နံပါတ်(၁) က ပြင်သစ်နိုင်ငံ ဖြစ်ပြီး၊ နံပါတ်(၂)က အီတလီ နိုင်ငံ ဖြစ်ပါတယ်။

ဒါက ဘာကြောင့် ဖြစ်ရတာလဲဆိုတာလေးကို နားလည်သလောက် ပြန်ပြောပြရမယ် ဆိုရင် အမေရိကန်တွေက အားလုံး တပြေးညီ တန်းတူ ရရှိကြမယ့် ကျန်းမာရေး စနစ်မျိုးကို socialize medicine လို့ သတ်မှတ်ပြီး အလွန်အမင်း ကြောက်ရွံ့ ထိတ်လန့် ကြပါတယ်။ ဒီလို စနစ်မျိုး ပေါ်လာရင် သူတို့မှာ ရွေးချယ်နိုင်မှုတွေ ကျဆင်းသွားမယ်၊ ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေးတွေကို ရသင့်သလောက် မြင့်မြင့်မားမား မရရှိနိုင်တော့ဘူးလို့ ယူဆထားကြပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ရယူဖို့အတွက် လူအများစုက ကျန်းမာရေး အာမခံ စနစ်တွေကို ၀ယ်ယူ ထားရှိရပါတယ်၊ ဒါမှမဟုတ် သူတို့ရဲ့ အလုပ်ရှင်တွေက သူတို့ကို ၀ယ်ယူပေး ကြရပါတယ်။ ဒါမှ တစ်ခုခု ဖြစ်လာရင် မတန်တဆ ပေးရတဲ့ ကျန်းမာရေး ၀န်ဆောင်မှုတွေရဲ့ ကုန်ကျစရိတ် ဒဏ်ကို မခံစားရမှာပါ။ အဲဒီလို မ၀ယ်ယူနိုင်သူ၊ မရရှိ နိုင်သူတွေက ၂၀၀၇ ခုနှစ်မှာ ၄၅.၇ သန်းအထိ ရှိခဲ့ပါတယ်။ အခုက ပိုများမယ်လို့ ခန့်မှန်းရပါတယ်။

ကျန်းမာရေး အာမခံတွေကို ပေးနေတာက ပုဂ္ဂလိက ကုမ္ပဏီတွေက အဓိက ဖြစ်ပါတယ်။ ဒါတွေကို ထိန်းချုပ်ထားတဲ့ ဗဟို စနစ် မရှိတဲ့အတွက် ကျန်းမာရေး စောင့်ရှောက်မှု စနစ်က တစ်စစီ ပြန့်ကျဲနေပါတယ်။ အမေရိကန် နိုင်ငံသားတွေ ကိုယ်တိုင်တောင် သူတို့ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်အကြောင်းကို သေသေချာချာ မသိကြတာ များပါတယ်။ အစိုးရကနေ ပေးတဲ့ ကျန်းမာရေး အာမခံကို ရရှိသူတွေထဲမှာ စစ်ဘက်ဆိုင်ရာ ၀န်ထမ်းတွေ၊ ဖီဒရယ် အစိုးရ ၀န်ထမ်းတွေနဲ့ အသက်(၆၅)နှစ်နဲ့ အထက် လူအများစု၊ အချို့သော ရောဂါ ရှိသူတွေ (ဥပမာ မျက်လုံးကန်း သွားတဲ့သူတွေ၊ ကျောက်ကပ် ပျက်စီး သွားတဲ့သူတွေ)၊ သတ်မှတ်ထားတဲ့ အတိုင်းအတာ တစ်ခု အထိ ဆင်းရဲသူတွေ ပါဝင်ပါတယ်။

ကျန်းမာရေး အာမခံ ရရှိပြီးသား သူတွေမှာတောင် တစ်ခုခု ဖြစ်လို့ ဆေးရုံ၊ ဆေးခန်းမှာ ပြရပြီဆိုရင် ကိုယ့်ဘက်ကလဲ ပြန်စိုက် ပေးရတာမျိုးတွေ ရှိပါတယ်။ ဥပမာ- တစ်ခါ ဆေးခန်းပြတိုင်း ၂၅ ဒေါ်လာကို ကိုယ့်ဖက်က ပေးရမယ် ဆိုတာမျိုးပေါ့။ အဲဒါတွေကလဲ အာမခံ တစ်ခုနဲ့ တစ်ခု သတ်မှတ်တာချင်း မတူလို့ အလွန်ကို နားလည်ရခက်ပြီး ရှုပ်ထွေးလှပါတယ်။ ဒီအကြောင်းလေးကို ပိုပြီး နားလည်ချင်တယ်ဆိုရင် ဒါရိုက်တာ Michael Moore ရိုက်တဲ့ sicko ဆိုတဲ့ ရုပ်ရှင်ကားလေးကို ရှာပြီး ကြည့်ကြပါလို့ပဲ ပြောချင်ပါတယ်။

အခု ဆီးချို ရောဂါရဲ့ အခြေအနေ အကြောင်းလေးကို ဆက်ပြောချင်ပါတယ်။

၂၀၀၈ ခုနှစ်မှာ CDC က ထုတ်ပြန်ခဲ့တဲ့ သတင်း အရ အမေရိကန် နိုင်ငံသား စုစုပေါင်းရဲ့ (၈)ရာခိုင်နှုန်းနီးပါးက ဆီးချိုရောဂါကို ခံစားနေရပါတယ်။ အရင်တုန်းက ဆီးချိုရောဂါကို type 1 က ကလေးတွေမှာ ဖြစ်တယ်၊ type 2 က လူကြီးတွေမှာ ဖြစ်တယ် ဆိုပြီး ပြောကြပေမယ့် အခုအချိန်မှာ အ၀လွန် ရောဂါရဲ့ စနက်ကြောင့် type 2 ကို ကလေးတွေနဲ့ ပိုမို ငယ်ရွယ်တဲ့ အသက်အရွယ်တွေမှာ တွေ့နေရပြီ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံရဲ့ ဆီးချို ရောဂါ ဖြစ်ပွားသူတွေထဲမှာ type 1 က ၁၀ ကနေ ၁၅ ရာခိုင်နှုန်းလောက်အထိပဲ ရှိပြီး type 2 က ၉၀ ကနေ ၉၅ ရာခိုင်နှုန်း လောက်အထိ ရှိတယ်လို့ သိရှိရပါတယ်။ Type 2 က ကာကွယ်လို့ ရနိုင်လောက်တဲ့ ဆီးချိုရောဂါ အမျိုးအစားပါ။ ဒါပေမယ့် ကာကွယ်မှုတွေ လုံလောက်အောင် မလုပ်နိုင်ခဲ့တဲ့ အတွက် ၁၉၈၀ နဲ့ ၂၀၀၆ ခုနှစ်အတွင်းမှာ အမေရိကန် နိုင်ငံမှာ ဆီးချိုရောဂါရှိသူ ဦးရေက သုံးဆ အထိ မြင့်တက်သွားခဲ့ပါတယ်။ ဒီပုံအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် အမေရိကန် နိုင်ငံသား ၃ ယောက်မှာ တစ်ယောက်ဟာ တစ်ချိန်ချိန်မှာ ဆီးချိုရောဂါကို ခံစားရနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။

ဆီးချိုရောဂါကလည်း ပျောက်အောင် ကုလို့ မရတဲ့ ရောဂါ ဝေဒနာ တစ်ခု ဖြစ်တဲ့အတွက် ဒီရောဂါ ရှိနေပြီလို့ သိရပြီဆိုရင် ကာယကံရှင်တွေမှာ အလွန်အမင်း တုန်လှုပ်မှုကို ခံစားကြရပါတယ်။ ကျန်းမာရေးကို စနစ်တကျ စောင့်ရှောက် နေထိုင်ရင် သာမန်လူတွေလိုပဲ နေနိုင်တယ် ဆိုပေမယ့် ကျန်းမာရေး စောင့်ရှောက်မှုအတွက် ကုန်ကျစရိတ်တွေ၊ အစားအသောက် ဆင်ခြင်ရတာ၊ ကိုယ့်ကိုယ်ကို ဂရုစိုက်နေရတာတွေက တစ်နေ့ ၊ တစ်လ ကိစ္စ မဟုတ်တဲ့ အတွက် တော်တော်လေးကို ၀န်ပိစေနိုင်တဲ့ ရောဂါပါ။ ဂရုမစိုက်ဘဲ ပစ်ထား ပြန်ရင် ရလာမယ့် ဆိုးကျိုးတွေကလဲ ပြင်းထန်ပါတယ်။

အမေရိကန် နိုင်ငံမှာ အဓိက မျက်စိကန်းရတဲ့ အကြောင်းအရင်း၊ ကျောက်ကပ် ပျက်စီးရတဲ့ အကြောင်းအရင်း အသစ်တွေထဲမှာ လောလောဆယ် ဆီးချိုရောဂါက ထိပ်ဆုံးမှာ နေရာယူထားပါတယ်။ ဂရုစိုက်မယ် ဆိုရင် ကာကွယ်လို့ ရတဲ့ အဲဒီဆိုးကျိုးတွေကို ကာကွယ်နိုင်ဖို့ ရောဂါ ရှိသူတွေက ကျန်းမာရေး အသိပညာ လုံလုံလောက်လောက် ရရှိဖို့လိုပါတယ်။ ဒါပေမယ့် တချို့ကျန်းမာရေး အာမခံတွေက အဲဒီလို ကျန်းမာရေး အသိပညာ ခံယူဖို့အတွက် စရိတ်စကတွေကို မပေးပါဘူး။ ဆရာဝန်တွေ၊ အထူးကုတွေကလည်း လူနာတွေကို သေသေချာချာ ကျန်းမာရေး ပညာပေးဖို့၊ သတင်းအချက်အလက်တွေ ပေးဖို့ အချိန် မပေးနိုင်ကြပါဘူး။ အဲဒါကြောင့် ဆီးချို ဝေဒနာရှင်တွေခမျာ ကိုယ့်ကိုယ်ကို လိုအပ်သလို မစောင့်ရှောက်နိုင်၊ ကုသမှုတွေကို တိတိကျကျ မလိုက်နာနိုင်တာတွေ ဖြစ်ကုန်ကြပါတယ်။

ကျန်းမာရေး အာမခံ မထားနိုင်တဲ့သူတွေက စရိတ်စက ကြီးလို့ ကျန်းမာရေး စောင့်ရှောက်မှုကို လက်လှမ်း မမီနိုင်ကြပါဘူး။ ကျန်းမာရေး အာမခံ ထားပေမယ့် ကိုယ့်ဖက်က ပြန်စိုက်ရတာတွေ များနေတဲ့ သူတွေကလဲ ကုသမှုတွေကို လုံလောက်အောင် မခံယူနိုင်ကြပါဘူး။ အဲ .. ဒါပေမယ့် သိပ် အခြေအနေ ဆိုးပြီး မျက်လုံးကန်းတဲ့ အခြေအနေအထိ ရောက်ပြီဆိုရင်တော့ အစိုးရက ပေးတဲ့ အာမခံ တစ်ခု ဖြစ်တဲ့ Medicaid ကနေ တစ်ဆင့် လိုအပ်တဲ့ ကုသမှုတွေ၊ ပစ္စည်း ကိရိယာတွေ၊ ဆေးဝါးတွေကို ရရှိနိုင်ပါတယ်။ မျက်စိ မမြင်သူတွေ ကိုယ့်ဖာသာကိုယ် သွေးဖောက်လို့ရအောင် အသံထွက်တဲ့ သွေးချို စစ်ဆေး စက်ကလေးကိုလဲ လိုအပ်ရင် Medicaid က ထောက်ပံ့ပါလိမ့်မယ်။ ကျောက်ကပ် ပျက်စီးပြီး dialysis စက်နဲ့ နေရပြီ ဆိုတဲ့ အခြေအနေမှာလဲ အဲဒီအတွက် လိုအပ်ချက်တွေကို အစိုးရ အာမခံတွေကနေ ရယူနိုင်ပါတယ်။ အဲဒီတော့ အခြေအနေက အဲလောက်အထိ ဆိုးအောင် စောင့်ရမလို ဖြစ်နေပါတယ်။ အဲဒီအတွက်လဲ ကုန်ကျ စရိတ်တွေ များနေပါတယ်။

အမေရိကန် နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အတွက် စုစုပေါင်း ကုန်ကျငွေ ၅ ဒေါ်လာမှာ ၁ဒေါ်လာက ဆီးချို ရောဂါ ခံစားနေရသူတွေအတွက် တိုက်ရိုက် စောင့်ရှောက်မှု ပေးနေရတဲ့ ကုန်ကျစရိတ် ဖြစ်ပြီး ကုန်ကျငွေ ၁၀ဒေါ်လာမှာ ၁ ဒေါ်လာက ဆီးချိုရောဂါနဲ့ ပတ်သက်တဲ့ သွယ်ဝိုက်သော ကုန်ကျမှုတွေအတွက် ပေးနေရတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။ ဒီအခြေအနေကို ပြည်သူ့ကျန်းမာရေး လုပ်ငန်းဆောင်ရွက်နေကြတဲ့ ပညာရှင်တွေက မှားနေတယ်လို့ ဆိုကြပေမယ့် ပြင်ဆင်နိုင်ဖို့က ခဲယဉ်းနေပါသေးတယ်။

အမေရိကန် နိုင်ငံသားတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအပေါ် မြင်ကြတဲ့ အမြင်တွေ၊ ခံယူမှုတွေအပြင်၊ ငွေကြေးရှိပြီး သြဇာကြီးမားတဲ့ ကျန်းမာရေး အာမခံ ကုမ္ပဏီတွေရဲ့ ၀ါဒဖြန့်မှု၊ သိမ်းသွင်းမှုတွေက ကျန်းမာရေး စောင့်ရှောက်မှုကို အမေရိကန် နိုင်ငံသားတိုင်း လက်လှမ်းမီနိုင်အောင် ဆောင်ရွက်ပေးနိုင်ဖို့ ခဲယဉ်းစေတဲ့ အကြောင်းအချက်တွေထဲမှာ အဓိက အချက် တစ်ခု အဖြစ် ပါဝင်နေပါတယ်။

မြင်မိ သိမိသလောက်ကလေးကို အတိုချုပ်ပြီး ပြန်မျှပေးတာမို့ ပြည့်စုံမှာတော့ မဟုတ်ပါဘူး။ ပိုသိချင်ရင် ဖတ်လို့ရအောင် နေရာလေးတွေ ညွှန်းပေးလိုက်ပါတယ်။

(စာကိုး -
CDC website
ADA website
Delivery health care in America : System Approach by Leiyu Shi & Douglas A. Singh
Diabesity by Francine R. Kaufman )

Read More...

Wednesday, January 28, 2009

Mexico City Policy

မက္ကဆီကိုစီးတီး ပေါ်လစီ


ရီဘတ်ပလင်ကင် သမ္မတ တက်လာရင် ဒီမိုကရက်တစ် သမ္မတ ချခဲ့တဲ့ ပေါ်လစီတွေကိုပြောင်း၊ ဒီမိုကရက်တစ် သမ္မတ တက်လာရင် ရီဘတ်ပလင်ကင် သမ္မတ ချခဲ့တဲ့ ပေါ်လစီတွေကိုပြောင်း စသဖြင့် ဖြစ်နေကျ အမေရိကန် နိုင်ငံရေး လောကထဲမှာ ပြည်သူ့ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စလေးတစ်ခုမို့ မီးမောင်းထိုးပြချင်ပါတယ်။ မက္ကဆီကိုစီးတီး ပေါ်လစီ (သို့) Global Gag Rule လို့ လူသိများတဲ့ ပေါ်လစီတစ်ခုပါ။ ဒီအကြောင်း မပြောမီ နောက်ခံသမိုင်းကို ပြောမှ ဇာတ်ရည်လည်မယ် ထင်ပါတယ်။

၁၉၇၀ ခုလွန် နှစ်များတုန်းက ကမ္ဘာ့ လူဦးရေတိုးနှုန်း မြန်နေမှုဟာ စိုးရိမ်ဖွယ်ရာ ကိစ္စတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ လူဦးရေတိုးနှုန်း မြန်သလောက် အစားအစာထုတ်လုပ်နိုင်မှု (အဓိကအားဖြင့် စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများ တိုးချဲ့နိုင်မှု) နှုန်းက အလျင်မီအောင် မလိုက်နိုင်ဖြစ်နေပါတယ်။ ဒီလိုသာ ရှေ့ဆက်သွားရင် ကမ္ဘာပေါ်မှာ အငတ်ဘေး ဆိုက်ရချေရဲ့လို့ ပညာရှင်တွေက တွေးကြပါတယ်။

အမေရိကန် အစိုးရရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးမှုဆိုင်ရာ အကူအညီပေးရေး ဌာန (USAID - the US Agency for International Development) ကလည်း ကမ္ဘာ့လူဦးရေတိုးနှုန်း လျော့ချရေးကို အဓိကရည်ရွယ်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံတွေက သားဆက်ခြား စီမံကိန်းတွေကို ပံ့ပိုးလာပါတယ်။ အဲဒီ အချိန်တုန်းက ခေတ်ပေါ် သားဆက်ခြားနည်းတွေကလည်း တီထွင်ပြီးခါစဖြစ်ပြီး USAID ရဲ့ အထောက်အပံ့ဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက် စီမံကိန်းအသစ်တွေစဖို့ တကယ့်ကို လောက်လောက်လားလား အထောက်အကူ ဖြစ်ခဲ့ပါတယ်။

အစပိုင်းမှာတော့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေက အမေရိကန် ပြောတာကို မယုံမရဲနဲ့ စမ်းသပ် ကြည့်ရုံ အဆင့်လောက်သာ ရှိပြီး နောက်ပိုင်း တကယ် အကျိုးရှိမှန်း သိလာတဲ့အခါ (ဥပမာ - အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများမှာ) သားဆက်ခြား စီမံကိန်းတွေကို အစိုးရတွေက အတော်အားပေးလာပါတယ်။ ဒီလို အရှိန်ရလာပြီးမှ သိပ်မကြာသေးဘူး ၁၉၈၄ မှာ သမ္မတာ ရော်နယ်ရေဂင်က မက္ကဆီကိုမြို့ ပေါ်လစီကို ပြဋ္ဌာန်းပါတယ်။ ပေါ်လစီ အနှစ်ချုပ်ကတော့
အမေရိကန် နိုင်ငံက ဖွံ့ဖြိုးဆဲ နိုင်ငံများရဲ့ သားဆက်ခြား စီမံကိန်းများကို ထောက်ပံ့ကူညီခဲ့ခြင်းသည် အောက်ပါအချက် ၃ချက်ပေါ်တွင် အခြေခံပါသည်။
  • လူ့အသက်ရှင်သန်မှုကို လေးစားခြင်း၊
  • လူ့ဂုဏ်သိက္ခာနဲ့အညီ ရှင်သန်ကြစေဖို့လိုလားခြင်း နှင့်
  • မိသားစုဝင်များ အချင်းချင်း စည်းစည်းလုံးလုံး နေထိုင်နိုင်ကြစေခြင်း
သို့ရာတွင် ကိုယ်ဝန်ဖျက်ခြင်းကို သားဆက်ခြားနည်း တစ်ရပ်အနေဖြင့် ဆောင်ရွက်ခြင်း၊ အတင်းအဓမ္မ သားဆက်ခြားစေခြင်းတို့သည် မလုပ်သင့် မလုပ်အပ်တဲ့ကိစ္စများ ဖြစ်ပါသည်။ ထို့ကြောင့် အမေရိကန် အစိုးရ၏ သားဆက်ခြား စီမံကိန်း အထောက်အပံ့ကို ရယူတဲ့ အစိုးရများဟာ ထိုထောက်ပံ့ငွေနဲ့ ကိုယ်ဝန်ဖျက်ချပေးခြင်း ကိစ္စများ မဆောင်ရွက်ရပါ။ နိုင်ငံတကာ အန်ဂျီအို (အမေရိကန် နိုင်ငံ၏ အန်ဂျီအိုများ အကျုံးမ၀င်ပါ။) များအနေဖြင့် ကိုယ်ဝန်ဖျက်ချခြင်း အကြောင်းကို အသိပညာပေးခြင်း၊ ဆောင်ရွက်ပေးခြင်း ပြုလုပ်ပါက အမေရိကန်အစိုးရ၏ သားဆက်ခြား စီမံကိန်း ထောက်ပံ့ငွေကို လုံးဝ ရယူခွင့်မရှိပါ။
စာရေးသူမှ ရှင်းလင်းချက်။
  • ဤနေရာတွင် သားဆက်ခြားနည်းများ အကြောင်းကို အနည်းငယ် ရှင်းလင်းရန်လိုအပ်ပါသည်။ တားဆေး၊ ထိုးဆေး၊ ကွန်ဒုံး၊ သားအိမ်တွင်းထည့်ပစ္စည်း၊ သားကြောဖြတ်ခြင်း စသည့် လူသုံးများသော သားဆက်ခြားနည်းများသည် ကိုယ်ဝန်ဖျက်ချခြင်း မဟုတ်ပါ။ သို့ရာတွင် အချို့သော နိုင်ငံများတွင် ဖော်ပြပါ သားဆက်ခြားနည်းများကို လွယ်လင့်တကူ ရရှိနိုင်ပါလျက် အသုံးမပြုပဲ ကိုယ်ဝန်ရရှိလာမှသာ ဖျက်ချခြင်းပြုလုပ်တတ်ကြပါသည်။
  • ကိုယ်ဝန်ဖျက်ချခြင်းကို မကျွမ်းကျင်သူများက ဆောင်ရွက်သောကြောင့် ရောဂါပိုးဝင်ပြီး အသက်အန္တရာယ် ထိခိုက်သည့် ဖြစ်ရပ်များမှာ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် အဖြစ်များပါသည်။
  • အန်ဂျီအိုများတွင် ရန်ပုံငွေ ရရှိပုံ နည်းလမ်း တစ်ခု မကရှိတတ်ကြသည်။ အမေရိကန် အစိုးရပေးသည့် ရန်ပုံငွေဖြင့် မဟုတ်ပဲ အခြားရန်ပုံငွေဖြင့် တရားဝင် ကိုယ်ဝန်ဖျက်ချပေးခြင်း ကိစ္စရပ်ကို ဆောင်ရွက်ပင် ဆောင်ရွက်ငြားဖြစ်သော်လည်း၊ အမေရိကန် အစိုးရ၏ ရန်ပုံငွေကို မရရှိနိုင်ပါ။
ဒီပေါ်လစီကို ရော်နယ်ရေဂင့် ကိုယ်စားလှယ်က ၁၉၈၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူဦးရေညီလာခံ ကျင်းပရာ မက္ကဆီကိုမြို့မှာ တရားဝင် ကြေညာလိုက်တာကို အစွဲပြုပြီး မက္ကဆီကိုစီးတီး ပေါ်လစီ လို့ နာမည်ပေးခံရပါတယ်။

ရော်နယ်ရေဂင် အစိုးရကို ဆက်ခံတဲ့ ဂျော့အိပ်ခ်ျဒပ်ဗလျူဘွတ်ရှ် အစိုးရ သက်တန်းကုန်လို့ ဘီလ်ကလင်တန် အစိုးရ ဖြစ်လာချိန် ၁၉၉၃ ဇန္န၀ါရီလ မှာ ပထမဦးဆုံး ပယ်ဖျက်ပေးလိုက်တဲ့ ပေါ်လစီကတော့ မက္ကဆီကိုစီတီး ပေါ်လစီ ပါ။

ကြမ္မာရဟတ် တစ်ပတ်လည်ပြီး ရီဘတ်ပလင်ကင် သမ္မတ ဂျော့ခ်ျဒပ်ဗလျူဘွတ်ရှ် အလုပ်စ၀င်တဲ့နေ့ ဇန္န၀ါရီ ၂၀၊ ၂၀၀၁ ခုနှစ်မှာ ပထမဆုံး ပြန်လည် အသက်သွင်းတဲ့ ပေါ်လစီကလည်း ဒီ မက္ကဆီကိုစီးတီး ပေါ်လစီ ပါပဲ။

အခု နောက်ဆုံး ဒီမိုကရက် ဘရက်ခ်အိုဘားမား သမ္မတ ဖြစ်လာတဲ့ ပထမ ရက်သတ္တပတ် အတွင်းမှာပဲ မက္ကဆီကိုစီးတီး ပေါ်လစီကို ပယ်ဖျက်လိုက်ပြန်ပါတယ်။ အနည်းဆုံး နောက်ထပ် ၄ နှစ်လောက်တော့ ဒီပေါ်လစီ အသက်မ၀င်ပဲ ရှိနေဦးမှာ သေချာပါတယ်။

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

စာကိုး။
http://en.wikipedia.org/wiki/Mexico_City_Policy
http://www.whitehouse.gov/statement-released-after-the-president-rescinds/
The White House Office of Policy Development. Population and Development Review, Vol. 10, No. 3 (Sep., 1984), pp. 574-579.
US Policy Statement for the International Conference on Population.

Read More...

Tuesday, September 16, 2008

Medical Diseases of US

အနောက် နိုင်ငံမှရောဂါ နှင့် ကုထုံးအချို့ 

ယခု public health forum မှာ အေဒီ အိပ်ခ်ျဒီ ဆိုတဲ့ ဂဏှာ မငြိမ်သော ရောဂါ ရေးထား တာ တွေ့ လို့ ကွန်မင့် တော့ ပေးမိ တယ်။ သူတို့ နားလည် ပါ့ မလား တော့ မသိပါဘူး။ စာရေးသူရဲ့ ကိုယ်ပိုင် ဘလောက် မှာ ကြိုးစား လို့ တင်ပြလိုက်တာကို ဒီဘလောက် မှာ လက်ဆင့်ကမ်းလိုက်ပါတယ်။

ရှေ့ က ပညာပေး ဆောင်းပါး ဘာသာပြန်သူ ကို ဖြည့်စွက် တင်ပြသော ဆောင်းပါး ဖြစ်ပါတယ်။ သူ့ ကို ဝေဖန်တာ မဟုတ်ပါ။ ဆရာဝန် တွေ သုံးတဲ့ဆေးတွေ ဟာ သတ်မှတ် ထားတဲ့ ဆေးတွေ ဖြစ်တာ သေချာပါတယ်။ လူနာ ရှင် တွေ ကသာ အလွဲ သုံးစား မပြု မိရန် အရေးကြီး တာ ပါ။ ဆရာဝန် ကလည်း ဖြစ်တတ်တာ ကို သိထားရန် သတိပေးရန် အရေးကြီး ပါတယ်။

နားလည် လိပ်ပတ်အောင် ဖတ်ကြည့်ကြပါ။ ဗဟုသုတ ရရှိတာ လေးတွေ မျှဝေ ပေးတာပါ။ အင်္ဂလိပ် စာစောင်တွေ ကို စံနစ်တကျ ဘာသာ ပြန်ဘို့ လဲ အချိန် မရှိတော့ ကိုယ်ပိုင် အတွေ့ အကြုံ တွေ ဘဲ ရေး ရန် အားသန် နေပါတယ်။


အမေရိကန် တွေဟာ တော်တော် ဆေးသုတေသန တွေ လုပ်ကြပါတယ်။ ဆေးပညာလဲ တိုးတက်ကြတယ်။ ဆေးအသစ် တွေ လဲ ထုတ်လုပ် ကြတယ်။ အချို့ ဆေးတွေ ဆို တော်တော် ကို အသက် ကယ်နိုင်ခဲ့ကြတယ်။ လူတွေကို အသက် ရှည်စေ ခဲ့ကြတယ်။ penicillin, prozac , viagra စတဲ့ wonder drug တွေ ဟာ တော်တော် ကျေးဇူးရှိပါတယ်။

အချို့ ကြတော့လဲ ထူး မခြားနား တွေ ဖြစ်တယ်။ အချို့  တော့လည်း ဘာ အရေးကြီးတယ် ဒီဆေး စားသင့်တယ် လုပ်ကြတယ် ကြော်ငြာ ကြတယ်။ ဆရာဝန်တွေကို လိုက်လံ သင်ပြကြတယ်။ ရောင်းကြတယ်။ နောက်တော့ ၁၀ နှစ်ကြာမှ အဲဒီဆေးဟာ ကင်ဆာ ဖြစ်တာတွေ့ တယ် ပြောကြပြန်တယ် ရုပ် သိမ်းကြပြန်တယ်။ ရရှိတဲ့ အကျိုး ရလဒ်နဲ့ ပေးဆပ်ရတဲ့  မလိုလားတဲ့ ဒဏ်တွေ ကြောင့် ဆေးကို ပိတ်ပင် တာ ခံရပြန်တယ်။ ဈေးကွက် မှာ မရောင်း တော့ ပြန်ဘူး။ ချောက်စား ဟောက်စား ဆိုတာလဲ ဆေးလောကမှာ ရှိတာ သတိ ပေးတာပါ။ လူတွေ လဲ တော်တော် လည်လာပါပြီ။ လူနာတွေ ဘက် က တရားစွဲ ပေးတဲ့ရှေ့ နေတွေ ရှိတယ်။ လူနာရှင် အချင်းချင်း ပညာ ပေး ကြတယ် အားပေး ကြတယ်။

သူတို့ ဆီမှာ ထူးခြားတာ က ဖွံ့ ဖြိုးစ နဲ့ မဖွံ့ ဖြိုး သေးသော နိုင်ငံများ မှာ မတွေ့ ရတဲ့ ရောဂါ တွေ တွေ့ရ တယ်။ ဒါကြောင့်မို့  သူတို့ ရော ဂါ အထူး အဆန်း တွေကို ဖွံ့ဖြိုးလွန် ရောဂါ လို့ သာ ခေါ်လိုက် ချင်ပါတယ်။

ဥပမာ အားဖြင့် အဝလွန် ရောဂါ ဆိုပါတော့ တော်တော် ကြီးဝတာပါ။ ပြောရမယ်ဆိုရင် ဒီမှာ ဆင်းရဲတဲ့ လူတွေ ဝတယ်။ အိန္ဒိယ မှာ ဆင်းရဲတဲ့ လူတွေ ပိန်တယ်။ ဒီမှာ ဆင်းရဲသားတွေက စားသောက်ဘူးတွေ ဖွင့်စားကြတယ်။ လပ်ဆတ်တာ မစား ကြပါ။ ဘူး တွေ ထဲမှာ ပါတဲ့ ဓါတ်တွေ က ဝစေတာ လူတိုင်း သိတယ် ... ဒါပေမဲ့  မပြင်ကြဘူး။ စားတဲ့ လူတွေကလဲ စားတာဘဲ။ သကြား တွေ အရမ်းသုံး ကြတယ်။ အချိုတွေ အရမ်း စားကြတယ်။ refined sugar သကြား က အနု ချက် ထားတာ ဆိုတော့ အလွန် စိမ့်ဝင် လွယ် တယ်။ ဝ စေတယ်။ အားလုံး သိကြတယ် ။ မရှောင် ကြဘူး။

စာရေးသူ ရန်ကုန် မှာ အေဒီ အိပ်ခ်ျဒီ ကို စတင် ကြားဘူး တယ်။ သူဌေးသား တွေ စင်္ကာပူ ကိုလွတ် ပြီးကုရတယ်။ ငယ်ငယ်တုံး က မကြားဖူး ပါဘူး။
မျောက် ချောက် တာ ပေါ့။ အကြောက်တရား မရှိ အလွန်ဆော့သော ကလေးပေါ့။ အိမ် က မြောက်စား တာလဲ ပါမှာပေါ့။ ဆုံးမ မဲ့လူ မရှိတာလား ။ အလွန် သွက် လက် လို့  ညဏ်ထက်ပြီး စိတ် မရှည်တတ် တာလား တော့ မသိပါ။ မငြိမ် တာတော့ သေချာ တယ်။ ဘေးက လူတွေ စိတ်ညစ် လောက်တယ်။
စသဖြင့် မြန်မာ ပြည်က လူတွေ က အဲဒီ အချိန်က ခံယူ နေခဲ့ကြတယ် ။ ရောဂါမှန်း မသိခဲ့ ကြပါဘူး။

အမေရိကားမှာ တော်တော် ခေတ်စားတယ်။ မိဘတွေက ထိန်း မနို်င်ရင် ဆရာ မတွေ ဆရာတွေ ကျောင်းခန်းမှာ ထိန်းမနိုင်ရင် ဆရာဝန် ဆီ ပို့ တာဘဲ။ ဆရာဝန် က ဆေးကျွေး တာနဲ့ ကလေးဟာ ငြိမ်သွားတယ်။ ထိုင်တယ်။ စာကျက်တယ်။ လေ့ကျင့်ခန်းကို စိတ် ငြိမ်စွာနဲ့ လုပ်နိုင်တယ်။

Ritalin ရီတယ်လင် ဆိုတဲ့ ဆေးဟာ ကမ္ဘာကျော် သွားပါတယ်။ သုတေသန ပြုတဲ့  ဆေး ကုမ္ပဏီ တော်တော် မြတ်ပါတယ်။ နောက်ပိုင်း အလွဲ သုံးစား တာတွေ အဖြစ်များ လာပါတယ်။ Ritalin abuse

အသိတယောက် အရင် အပတ်က သူ့ သား မင်္ဂလာဆောင် ပါတယ်။ သူပြောပြတယ် ” ငါ့သား ငယ်ငယ် က သိပ်ဆော့တာ ။ သူ့ ကျောင်း က ဆရာမ က အေဒီအိပ်ခ်ျဒီ ဆိုပြီး ဆေးကျွေး ခိုင်းတယ်။ ဆရာဝန် ဆီ ပြခိုင်း တယ်။ ”နင် ပြသလား ဆေးကျွေး သလား” လို့ မေး လိုက်တော့။ ”ငါ ဆေး မကျွေး ပါဘူး။ ငါ့ သား ကို ဆေးနဲ့ ငြိမ်အောင် မလုပ်ချင် ပါဘူး။ ငါ သူ့ ကို ဘော်လုံး အားကစား အား ကုန်အောင် ကစားခိုင်း လိုက်တာ ပေါ့။” သူ့ သား က အကောင်ကြီး လိုက်တာ ကြောက်စရာ ဘဲ ကောလိပ်မှာလဲ ဘော်လုံး ချံပီယံ ဖြစ်တယ်။ ကျောင်းအားရင် သူ့ အလုပ်က ဘား ကလပ် တွေမှာ အပေါက်စောင့် တာ တော်တော် ပိုက်ဆံရ တယ်။ ဘောက်ဆာ လို့ ခေါ်တယ်။ လူဆိုးထိန်းပေါ့။ အရက် သမားတွေ ရန်ဖြစ်ရင် ထိန်းဖို့ တဲ့။ အခုတော့ အလုပ် အတည်အကျ ရပါပြီ။ အခုလဲ သူ့ ကို ထိန်းမဲ့ မိန်းမ ကောင်းကောင်း ရသွားပါပြီ။ ဘာပဲ ပြောပြော ဆေးနဲ့ မဖိဘဲ အေဒီ အိပ်ခ်ျဒီ သားကို ကြီးအောင် မွေးခဲ့တဲ့ အမေ ကို တော်တယ် ပြောရပါမယ်။ အဖေ မရှိဘဲ သူ အလို လိုက် မွေးခဲ့ တာပါ။ ဆေး မကျွေး ရင် တော်တော် ထိန်းရ ခက်တဲ့ ကလေးမျိုး ဖြစ် ပါလိမ့်မယ်။

နောက် အမေရိကန် တယောက် ကလဲ အေဒီအိပ်ခ်ျဒီ ပါဘဲ။ သူ ကတော့ လူကြီးပါ။ တော်တော် တက်ကြွ သူပါ။ သူ့ မိန်းမ က အေးအေး နေလိုတယ် သူက အမြဲ တက်ကြွ နေတယ်။ မိန်းမက မျက်စေ့ နောက်လို့ သူ့ ကို ဆရာဝန် ပြခိုင်းတယ်။ အေဒီ အိပ်ခ်ျဒီ ဆေး သောက်ခိုင်းတယ်။ သူပြောတာ ကတော့ အဲဒီဆေး သောက်လိုက်ရင် စိတ် ကို တနေရာထဲ ထားလို့ ရတယ်တဲ့။ စာ ဖတ်လို့  သိပ် ကောင်းတယ်။ အလုပ်လဲ လုပ်လို့  ကောင်းတယ်တဲ့။ နောက်တော့ နေလို့ ကောင်းတယ် ဆိုပြီး ဆရာဝန် ညွန်းတာထက် ပိုလို့  သောက်ရင်း သောက်ရင်းနဲ့ စိတ် အနေတွေ မမှန် တော့ဘူးပေါ့။ ထင်ယောင် ထင်မှား တွေ ဖြစ် လာတယ်။ ပိုလို့ စိတ်တွေ ပိ လာတယ်။ အခြား ဆရာဝန်တွေ ဆီသွားရ တိုင်ပင်ရ ဖြစ်ကုန် တယ်။ ဆေး အလွဲ သုံးစားမှု ခေါ်ပါတယ်။ နောက်တော့ သူ ဆေးဖြတ် လိုက်တယ်။ ဆရာဝန် ကိုလည်း သူ့ ကို ဆေးစာ မရေး ပေးရန် တောင်းပန် လိုက်တယ်။ နေ့ စဉ် ပြေးတယ်။ အားကစား လုပ်တယ်။ သူ့ မိန်းမ ကို လည်း ”ငါ ကတော့ ငါ ဘဲဟေ့ ။ တနေရာ မှာ အငြိမ် မနေလိုဘူး။ မကျေနပ်ရင် ကွာ ရှင်း” လို့  ပြောလိုက် ပါတယ်။ တကယ်ဘဲ ကွာရှင်း ပြတ်စဲ လိုက်ကြ ပါတယ်။

အမေရိကန်မှာ ဆရာဝန် တွေကို ဆေးစာ ရေးခိုင်းပြီး စိတ်ရောဂါ ကုသတဲ့ ဆေးတွေ အလွဲသုံးစား နေကြသူတွေ အများကြီးပါဘဲ။ အနာ ပျောက်တဲ့ ဆေးတွေ ”ကိုဒိန်း ” တွေ လဲ စွဲကြ ပါတယ်။ ဒါကြောင့်မို့  တတ်နိုင် ရင်တော့ ဆေးမကျွေးဘဲ လူနေမှု စရိုက်တွေ ပြင်ဆင် နေထိုင် နိုင် ကြရင် တော့ အကောင်းဆုံး ပါဘဲ။ မြန်မာပြည် မှာတော့ အမေရိကန်မှာလို နောက် ကကျားလိုက်နေတဲ့ နေရာမျိုး မဟုတ် တော့ လွယ်ပါတယ်။ သူတို့ လောက် ဒုက္ခ မများပါဘူး။ အသက် လဲ သူတို့ လို မရှည် ပေဘူး ပေါ့လေ။ သူတို့ လို လဲ မအောင်မြင် ဘူးပေါ့။ သို့ သော် သူတို့ မှားသလို လဲ မမှားဘူးပေါ့။ အကောင်း အဆိုး ပြောရတာ တော့ ခက်ပါတယ်။ ကိုယ့် အခြေအနေ ကို ကြည့်ကာ ချင့်ချိန် ကြပါ လို့ သာ ပြောချင် ပါတယ်။ ဆေး ဆိုတာ ကတော့ ဘေး ဆိုးကျိုး ရှိကြပါတယ်။ လူနာ လက်ထဲ ပြစ်ထားလို့ လဲမရပါ။ စိတ္တဇ ဆေးကို ဘေးက လူတွေ တိုက်ရ တာပါ။ ချင့်ချိန် ရပါတယ်။ အလွဲသုံးစား မလုပ် ပါစေနဲ့ ။

နောက်ရောဂါ တခု လဲ သူတို့ ဆီမှာ တော်တော် ပေါတယ်။ အစာ စားပြီး လက်ထိုး အံတာ ။ လေဒီ ဒို်င်ယာနာ မှာ ရှိတဲ့ရော ဂါ ပေါ့ ။ ဘူလီမီယား တဲ့။ ( bulimia ) စားကလဲ စားချင် လှလဲ လှချင် တယ်လေ။ မော်ဒယ်တွေ ကလည်း အဝတ်အစား ချိတ်လို့ ရအောင် ပိန်ကပ် နေတာကိုး။ ရောဂါသည် ဟာ စားပြီး ဝါးပြီး အရသာခံပြီးရင် လက်ထိုး အံပါ လေရော။ အစာအိမ်ထဲက အက်ဆစ်တွေ သည်းခြေရည်တွေ ပါ ပါကုန် တာပေါ့။ ဓါတ်မမျှတ တာတွေ့ ဖြစ်ကုန် ပါရော။

နောက် တခု ရှိသေးတယ်။ အနော်ရက်ဆစ် anorexia တဲ့ ။ အစာ ကို မစား တော့တာ။ ကိုယ် ကိုယ် ကို မသထာ တော့ တာပေါ့။ ပဌာန်း ဒေသနာ က စိတ် ဝေဒနာ လိုမျိုး ပေါ့။ အဲဒီ မိန်းမတွေ ဟာ ဝမှာ ပုံပျက်မှာ ကိုအကြောက်လွန်ပြီး အငတ်ခံနေတာပါဘဲ။ လူလဲ အရိုးခြောက် လို ပုံ ပေါက် နေတယ် ။ မလှလိုက်တာ။ သူ့ စိတ်ရောဂါ က လည်း အစား ကို ပါးစပ်ထဲကို မထဲ့တာ။ ဒါလဲ ပြသနာပါဘဲ။ အမေရိကန် မှာ နေပြီး အာဖရိက ဒုက္ခသည် ပုံ ဖြစ်နေတယ်။

နောက် ရောဂါ တခု ရှိသေးတယ်။ အော်တစ်ဇင် autism တဲ့ ။ ကလေးတွေ ဟာ စိတ်မပြည့်တာ။ ဘာ လို နေလဲ မသိဘူး။ ဉာဏ်တော့လဲ မဆိုး လှဘူး။ မိဘတွေ တော်တော် ဒုက္ခ ရောက်တယ်။ မြန်မာပြည် မှာတော့ မိသားစု က ကြည့်နေ ကြရတာပါဘဲ။ စာလဲ သိပ်သင်လို့ မရ ပါဘူး။ အမေရိကန်မှာ ပြဿနာ က မိဘ ကလည်း အလုပ် လုပ်ရတယ် ကလေး ကြည့်မဲ့ လူမရှိဘူး။ ကလေးထိန်း စရိတ် ကုန်တယ်။ သူတို့ လို ချင်တာ က အစိုးရ ကျန်းမာရေး စရိတ် က နေ ထောက်ပန့် စရိတ် ရအောင် တိုက် နေကြတယ်။ ဒါကြောင့်မို့ သူတို့ တိုင်းပြည် ရဲ့ ကျန်းမာရေး ပြသနာတွေ နဲ့  မြန်မာပြည်လို နေရာရဲ့ ပြဿနာ တွေ အသွင်မတူ ကွဲပြား နေတာ သိမြင် မိတာ ပြောတာပါ။

တင်ပြတာ အသေးစိပ် တွေ တော့ မပါလို့ လို တာတွေ ရှိပါလိမ့်မယ်။ အထက်ပါ ရောဂါတွေကို အခြား ဆရာဝန်များ ဆေးစာလို အသေးစိပ် ရေးပြ ရှင်းပြ နိုင်ပါတယ်။ autism ကို အသေးစိပ် ရှင်းပြ နိုင်ပါတယ်။

စာရေးသူ ကတော့ အတွေ့ အကြုံဘဲ ရေးတတ် သူပါ။ အချိန် ရရင်တော့ ကိုယ်ပိုင် စာတမ်း ပြုတာ ကို တင်ပြ ပေးပါမယ်။ လောလော ဆယ်တော့ ဒီလောက်ဘဲ ပါဝင် ကုသိုလ် ပြု ပါရစေ။

Read More...