Showing posts with label News. Show all posts
Showing posts with label News. Show all posts

Wednesday, February 17, 2010

Loss of the leader in primary health care

ပြည်သူ့ကျန်းမာ ကြယ်တစ်ပွင့် ကြွေလေပြီ။



လူထုအခြေပြု ပြည်သူ့ကျန်းမာရေး (Primary Health Care) သဘောတရားကို အစဉ်တစိုက် ပြုစုပျိုးထောင်လာခဲ့သူ ပါမောက္ခ ကားလ်တေလာ တစ်ယောက် ၂၀၁၀ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကွယ်လွန်သွားလေပြီ။ ပါမောက္ခတေလာရဲ့ ဘ၀တစ်သက်တာ စွမ်းဆောင်ချက်များကို ဂျွန်စ်ဟော့ပ်ကင်းစ် တက္ကသိုလ် ၀က်ဆိုဒ်မှာ အောက်ပါအတိုင်း ရေးသားထားသည်ကို ပြန်လည် ဖော်ပြလိုက်ပါသည်။


http://www.jhsph.edu/publichealthnews/articles/2010/carl_taylor.html

Read More...

Friday, December 18, 2009

Health insurance in Myanmar

မြန်မာနိုင်ငံက ကျန်းမာရေးအာမခံ


မြန်မာ့အာမခံလုပ်ငန်းက မြန်မာနိုင်ငံတွင် ကျန်းမာရေးအာမခံ ထားရှိနိုင်ရန် စီစဉ်နေကြောင်း ၁၁-၁၂-၂၀၀၉ ထုတ် မြန်မာတိုင်းမ် သတင်းစာတွင် ဖတ်ရှုရပါသည်။ ၁၉၇၀ ခုနှစ်ခန့်က ကျန်းမာရေးအာမခံကို စမ်းသပ်ခဲ့ဖူးသော်လည်း အောင်မြင်မှု မရရှိခဲ့ပါ။

သတင်းအပြည့်အစုံကို မြန်မာတိုင်းမ် ၀က်ဆိုဒ် တွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။

Read More...

Saturday, September 26, 2009

အမျိုးသမီးဆရာဝန်များသည် အမျိုးသားများထက် စိတ်ချရသည်။ ပို၍သတိကြီးကြသည်။ အကြင်နာလည်းပိုကြသည်။


၂၂-၉-၀၉ နေ့က အင်္ဂလန်မှာ ထုတ်ပြန် လိုက်တဲ့ သုတေသန စစ်တမ်းအရ “အမျိုးသမီး ဆရာဝန်များသည် အမျိုးသား ဆရာဝန်များထက် စိတ်ချရပြီး၊ အလုပ် ထုတ်ပြစ်ခံရခြင်းလည်း နည်းသည်။”ဟု ဆိုပါသည်။ ဒါတွင်မက “အမျိုးသမီး ဂျီပီ ဆရာဝန်၊ ဆေးရုံဆရာဝန်၊ သွားဆရာဝန်များသည် စုံစမ်း စစ်ဆေးခံရမှုမှာလည်း နည်းပါကြသည်။”လို့ ပါရှိပါတယ်။

၂၀၀၁ ကနေ ၂၀၀၉ ခုနှစ်များအတွင်း အမျိုးသားဆရာဝန်ပေါင်း ၃၆၈၅ ဦးဟာ အလုပ်ဝတ္တရားပိတာကို ကျော်လွှား နိုင်စွမ်းနဲ့ အရည်အချင်း ပြည့်ဝမှုအတွက် အမျိုးသားဆေးဘက်ဆိုင်ရာ ဆန်းစစ်ရေးဌာနကို စစ်ဆေးခံဘို့ ပို့လွှတ် ခံခဲ့ကြရပါသတဲ့။ အဲဒီကာလအတွင်းမှာ အမျိုးသမီး ဆရာဝန်ပေါင်း ၈၇၃ ဦးသာ အဲလို စေလွှတ်တာ ခံခဲ့ကြရပါတယ်။ အလုပ်လုပ်နေသူ စုစုပေါင်းရဲ့ ၄၀% ဟာ အမျိုးသမီး ဆရာဝန်တွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

အလုပ်တာဝန်ကနေ ထုတ်ပယ်ခံရသူ အရေအတွက်မှာလည်း ဒီအတိုင်းဘဲလို့ ဆိုပါတယ်။ ဥပမာ ထုတ်ပယ်ခံရတဲ့ ဂျီပီ အမျိုးသား ဆရာဝန် အရေအတွက်က ၂၀၀ ဦးရှိပေမဲ့ ၂၉ ဦးသာ အမျိုးသမီး ဆရာဝန်တွေ ဖြစ်ကြတယ်။ လူနာကို မကြည့်တော့ဘို့ တားမြစ်ခံရတဲ့ အမျိုးသား ဆေးရုံဆရာဝန် ၂၉၀ ရှိပေမဲ့၊ အမျိုးသမီး ဆရာဝန်က ၅၀ ဦးသာ အဲလို အတားခံရပါတယ်။

“အမျိုးသမီး ဆရာဝန်များဟာ အမျိုးသား ဆရာဝန်များထက် ပိုတော်ကြတယ်လို့ မဆိုချင်ပေမဲ့ ပြုစုယုယမှု (ဂရုစိုက်မှု) ကတော့ ပိုကြတယ်လေ။ လူနာကို ဦးစားပေတာမှာလဲ သာကြတယ်။” လို့ သုတေသန လက်ထောက် ဒါရိုက်တာ (အမျိုးသမီး)က ပြောလိုက်ပါသေးတယ်။

Bravo Lady Doctors!

Dr. တင့်ဆွေ

Read More...

Friday, September 25, 2009

HIV vaccine

ခုခံကျရောဂါ ကာကွယ်ဆေး


၂၄ စက်တင်ဘာ ၂၀၀၉

ဒီကနေ့ သတင်းတွေထဲမှာ ထိပ်ဆုံးကပါလာတာကတော့ ခုခံကျရောဂါကာကွယ်ဆေး သုတေသန အောင်မြင်မှု သတင်းပါ။ ထိုင်း-အမေရိကန် ၆ နှစ်ကြာ ပူးတွဲ သုတေသနပြုချက်အရ ကာကွယ်ဆေးထိုးထားသူတွေဟာ ကာကွယ်ဆေး ထိုးမထားသူတွေထက် ခုခံကျရောဂါဖြစ်ပွားမှု ၃၁ ရာနှုန်း လျော့နည်းတယ်လို့ ဆိုပါတယ်။ ဒီသတင်းကောင်းကို ခွဲခြမ်းစိပ်ဖြာ ကြည့်ရအောင်။

စမ်းသပ်မှု


ဒီသုတေသနပြုချက်ဟာ ကာကွယ်ဆေး စမ်းသပ်မှုအဆင့် (၃) ဖြစ်ပြီး အရည်အသွေးပိုင်းမှာ စနစ်တကျ ဆောင်ရွက်ထားတာ တွေ့ရပါတယ်။

(စကားချပ်။
စမ်းသပ်မှု အဆင့် (၁) - ကာကွယ်ဆေးက လူကို ဥပါဒ် မပေးနိုင်ဘူး ဆိုတာ သေချာအောင် စမ်းသပ်တာပါ။
စမ်းသပ်မှု အဆင့် (၂) - ကာကွယ်ဆေးက တကယ့် အာနိသင် ရှိမရှိ လူဦးရေ ခပ်နည်းနည်းနဲ့ စမ်းသပ်တာ ဖြစ်ပြီး
စမ်းသပ်မှု အဆင့် (၃) - ကာကွယ်ဆေးက တကယ့် အာနိသင် ရှိမရှိ လူဦးရေ များများနဲ့ စမ်းသပ်တာဖြစ်ပါတယ်။)

ခုခံကျရောဂါပိုး မရှိတဲ့ ( HIV ပိုး မရှိတဲ့ ) အသက် ၁၈ နှစ်ကနေ ၃၀ အတွင်း ထိုင်းလူမျိုး ကျား-မ စုစုပေါင်း ၁၆၀၀၀ ကျော်ကို စမ်းသပ်ထားပါတယ်။ အစမ်းသပ်ခံတဲ့ လူတွေထဲမှာ တစ်ဝက်က ကာကွယ်ဆေးရပြီး ကျန်တစ်ဝက်က ကာကွယ်ဆေး မရပါ။ သို့သော် အားလုံးကိုတော့ အပြင်ပန်းကြည့်ရင် အတူတူပဲလို့ ထင်ရတဲ့ ဆေးတွေ ပုံမှန် ထိုးပေးပါတယ်။ ကာကွယ်ဆေး အတု နဲ့ အစစ်လို့ လွယ်လွယ် ပြောကြပါစို့ရဲ့။ ဆေးထိုးပေးရတဲ့ လူကိုယ်တိုင်တောင် ဘယ်ဆေးက အစစ် ဘယ်ဆေးက အတု ဆိုတာ မသိပါဘူး။ ဒီလိုမျိုး ဆေးထိုးခံရသူကော ဆေးထိုးပေးသူပါ အတု အစစ် မခွဲခြားနိုင်အောင် ပြုလုပ်ထားနိုင်တာဟာ ကာကွယ်ဆေး သုတေသနမှာ အင်မတန် ကောင်းမွန်တဲ့ အချက်ပါ။ (စကားချပ်။ ။ ဘိုလိုတော့ double blind trial လို့ ခေါ်ပါတယ်။)

ဘာဖြစ်လို့ ကောင်းတာလဲ ဆိုတော့ ကာကွယ်ဆေး အစစ် ရထားလို့ ဆိုပြီး အပြင်မှာ သွားကဲချင်တိုင်း ကဲနေတာမျိုး၊ ကာကွယ်ဆေး အတု ရထားလို့ဆိုပြီး စမ်းသပ်ကာလအတွင်း ဥပုသ်စောင့်နေတာမျိုး လုပ်နေကြရင် စမ်းသပ်မှု အဖြေထုတ်ရာမှာ ထိခိုက်နိုင်လို့ပါပဲ။ ဒါကြောင့် စမ်းသပ်မှုမှာ ပါဝင်သူတွေဟာ နေရိုးနေစဉ်အတိုင်း ဆက်လက်ပြီး နေနေကြဖို့ အရေးကြီးပါတယ်။ အခုလို ကာကွယ်ဆေး အတု ရထားလား၊ အစစ်ရထားလား ဘယ်သူ့ ဘယ်သူမှ မသိကြလေတော့ စမ်းသပ်မှုမှာ ပါဝင်သူတွေဟာ အရင်လို နေမြဲအတိုင်း ဆက်နေကြဖို့ ဖြစ်လာပါတယ်။

နောက်တစ်ချက်က သုတေသန အဖွဲ့မှာ မပါဝင်တဲ့ သမာသမတ်ရှိမယ်လို့ ထင်ရတဲ့ အဖွဲ့တစ်ဖွဲ့က သုတေသန လုပ်သူတွေ စနစ်ကျမှုရှိမရှိ စောင့်ကြည့်တာပါ။ ဒါဟာလည်း အရည်အသွေးကောင်းတဲ့ သုတေသနတွေရဲ့ လက္ခဏာ တစ်ခုပါ။

စမ်းသပ်မှု အဆင့် (၃) ကိုရောက်ဖို့အတွက် အဆင့် (၁) တွေ (၂) တွေကို ကျော်ဖြတ်ရပါတယ်။ ဒီသုတေသန ပြုချက်မှာ အဆင့် (၁) နဲ့ (၂) ကို ကျော်ဖြတ်ပြီးခဲ့ကြောင်း မှတ်တမ်းတင်ထားတာ တွေ့ရလို့ ကောင်းမွန်တဲ့ သုတေသနပြုချက်လို့ ပြောလို့ ရနိုင်ပါတယ်။

စမ်းသပ်မှု အဖြေ


ကာကွယ်ဆေး ထိုးထားသူတွေထဲမှာ ၅၁ ဦး ခုခံကျ ရောဂါ ရလာပြီး ကာကွယ်ဆေး ထိုးမထားသူတွေထဲမှာ ၇၄ ဦး ရောဂါရပါတယ်။ စမ်းသပ်မှုမှာ ပါဝင်တဲ့ လူဦးရေ အတိအကျနဲ့ ပါဝင်တဲ့ အချိန်တွေ ထည့်တွက်လိုက်တော့ ၃၁ ရာခိုင်နှုန်း ကာကွယ်မှု ရှိတယ်လို့ သိရတယ်။

နောက်ဆက်တွဲ ရလဒ်များ


စမ်းသပ်ခဲ့ဖူးသမျှ ခုခံကျရောဂါ ကာကွယ်ဆေးတွေထဲမှာ ဒီကာကွယ်ဆေးက အလားအလာ အကောင်းဆုံးပါ။ ဒါပေမယ့်လည်း ကာကွယ်နိုင်မှုက ၃၁ ရာနှုန်းပဲ ရှိတော့ ကာကွယ်ဆေး ထိုးထားဦး ရောဂါ ကူးစက်နိုင်ချေက အတော်များနေဆဲပါ။ တစ်ဖက်က ကြည့်ပြန်ရင် ဒီကာကွယ်ဆေးရဲ့ အလုပ်လုပ်ပုံ အစွမ်းသတ္တိတွေကို ထပ်မံလေ့လာပြီး မွမ်းမံလိုက်ရင် ဒီ့ထက် ပိုကောင်းတဲ့ ကာကွယ်ဆေး ရကောင်းရလာနိုင်ပါတယ်။

သတိထားစရာလေးများ


ဒီစမ်းသပ်မှုမှာ သတိထားစရာ တစ်ချက်က ထိုင်းမှာ အဖြစ်များတဲ့ ခုခံကျရောဂါပိုး မျိုးကွဲ၊ မျိုးစိတ်တွေကို အဓိကထား စမ်းသပ်ထားတာမို့ အခြား မျိုးကွဲ၊ မျိုးစိတ်တွေအတွက် သုံးလို့ မရနိုင်သေးပါ။ (စကားချပ်။ ။ အာဖရိကနိုင်ငံတွေမှာ အဖြစ်များတဲ့ ခုခံကျရောဂါ မျိုးကွဲ၊ မျိုးစိတ်တွေဟာ ထိုင်းနဲ့ မတူပါ။)

ကာကွယ်ဆေး ပေါ်ပြီဟေ့ ဆိုပြီး လူတွေ လွတ်ချင်တိုင်းလွတ်ပြီး ကဲနေလို့တော့ မဖြစ်ပါ။ ကာကွယ်ဆေးက ရာနှုန်းပြည့် ကာကွယ်တာ မဟုတ်။ နောက်ပြီး ဒီနေ့ ပေါ်တဲ့ ကာကွယ်ဆေးက နောက်နေ့ လူအားလုံး သုံးဖို့ မဖြစ်နိုင်ပါ။ နောက်ထပ် စမ်းသပ်စရာများ ခွင့်ပြုချက်များ ထုတ်လုပ်မှုပိုင်းဆိုင်ရာ ကိစ္စများ ရှိပါသေးတယ်။

ကာကွယ်ဆေး ပေါ်ပြီဆိုတော့ ခုခံကျရောဂါ ဒီကမ္ဘာပေါ်ကနေ အမြစ်ပြတ် သွားနိုင်မလား


နမူနာ တစ်ခုနဲ့ ယှဉ်ပြီး ပြောပါမယ်။ ပိုလီယို ရောဂါ ကာကွယ်ဆေးဟာ ၉၅ ရာနှုန်း ကာကွယ်နိုင်တဲ့ အာနိသင်ရှိပါတယ်။ ၁၉၆၀ ခုနှစ်ကျော်က ကာကွယ်ဆေးကို ရှာဖွေ တွေ့ရှိခဲ့ပေမယ့် ဒီကနေ့ ဒီအချိန် အထိ ကမ္ဘာပေါ်မှာ ပိုလီယိုရောဂါ အမြစ် မပြတ်နိုင်သေးပါ။ ဒါကြောင့်မို့ ၃၁ ရာနှုန်းသာ ကာကွယ်နိုင်စွမ်းရှိတဲ့ ဒီ ခုခံကျရောဂါ ကာကွယ်ဆေးနဲ့တော့ ခုခံကျရောဂါ ကမ္ဘာပေါ်မှာ အမြစ်ပြတ် မသွားနိုင်ပါ။

ဒါဆို ဘာလုပ်ကြမလဲ


လက်ရှိ သိပြီးသား နည်းလမ်းတွေဖြစ်တဲ့ ကျန်းမာရေး ပညာပေးခြင်း၊ ကွန်ဒုံးသုံးခြင်း၊ ရောဂါကူးစက်နိုင်ခြေများတဲ့ အပြုအမူ ( ဥပမာ - မူးယစ်ဆေး ထိုးခြင်း၊ လိင်ဆက်ဆံဖက် များခြင်း ) တွေကို ရှောင်ခြင်း၊ အမျိုးသား လိင်အင်္ဂါ အရေပြားဖြတ်ခြင်း စတာတွေကို ဆက်လက် ဆောင်ရွက်ဖို့လိုပါတယ်။ ဒီလို ဆောင်ရွက်ရင်းနဲ့မှ လူအများ သုံးလို့ရတဲ့ ခုခံကျရောဂါ ကာကွယ်ဆေး ရလာပြီဆိုရင် ကာကွယ်ဆေးထိုးတာကိုပါ နည်းလမ်းတစ်ခုအနေနဲ့ ဖြည့်စွက် အသုံးပြုလာနိုင်ပါလိမ့်မယ်။

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

စာကိုး


UNAIDS. “Largest ever HIV vaccine trial results very encouraging”
ClinicalTrials. HIV Vaccine Trial in Thai Adults.
The U.S. Military HIV Research Program (MHRP). Fact sheet on RV 144 Phast III Trial – Thailand.

Read More...

Wednesday, September 23, 2009

အပိုလို ဆေးရုံ သို့မဟုတ် အလိုလို ပိုနေသူများ နှင့် အသက်ပို မရှိတဲ့ ဆင်းရဲသားလူနာများ

ပြည်တွင်းကနေ အလွယ်တကူဖတ်ရှုနိုင်တဲ့ အွန်လိုင်း လျှပ်တစ်ပြက်ဂျာနယ်မှာ ကျန်းမာရေးသတင်းတခု ဖတ်ရပါတယ်။ ကနေ့ဘဲ ထွက်လာတဲ့ ပြည်ပက ကျန်းမာရေးသတင်းတခုနဲ့ ဆက်စပ်ပေးပါရစေ။

ပြည်တွင်းကျန်းမာရေးသတင်း
“ရန်ကုန်၊ မန္တလေး မြို့ပြများတွင် နိုင်ငံတကာ အဆင့်မီ ပုဂ္ဂလိက ဆေးရုံကြီးများ ဆေးကုသခန်းများ အပြိုင်း အရိုင်း ထူထောင် လာခဲ့ကြသလို ပြည်ပ ဆေးရုံများမှလည်း ရန်ကုန်၊ မန္တလေး၊တောင်ကြီး အပါအဝင် မြို့ကြီး ပြကြီးများတွင် ပရိုမိုးရှင်း ပြုလုပ်ကာ မြန်မာပြည်တွင်းရှိ လူနာများကို ဝန်ဆောင်မှုများနှင့် မဲဆွယ် လာကြကြောင်း လေ့လာတွေ့ရှိရသည်။ အထူးသဖြင့် ဘန်ကောက်နဲ့ စင်ကာပူက ဆေးရုံတွေ အနေနဲ့ မြန်မာပြည်ထဲမှာ ရုံးခွဲတွေ ဖွင့်ကြတယ်။ သည်က လူတွေကို ဘန်ကောက်၊ စင်ကာပူ စသည်ဖြင့် ပို့ပေးကြတယ်။ အထူးသဖြင့် ပိုက်ဆံတတ်နိုင်တဲ့သူတွေ အတွက်တော့ နိုင်ငံခြားမှာ ဆေးသွားကုရတာ ဆေးသွားစစ် ရတာကိုက ဂုဏ်တစ်ခုပဲလေ။ ကုသပုံ ကုသနည်းလည်း ကွာတာ ရှိသလို ဝန်ဆောင်မှု ကလည်း ကွာတော့ ပိုက်ဆံရှိတဲ့ သူတွေက ကုကြတာပေါ့။ တချို့လည်း ပိုက်ဆံရှိတယ်ဆိုတော့ ရောဂါပေါင်းစုံက အလိုလိုရှိလာကြတယ်။ ရောဂါဆိုတာကတော့ ရှာပြီဆိုရင် ရှိတာပဲကိုး၊ အဲသည်တော့ ပိုက်ဆံရှာတဲ့ သူတွေအတွက် နိုင်ငံခြားဆေးရုံတွေက မြန်မာပြည်ထဲရောက်လာပြီး မားကက်ချဲ့ကြတဲ့ သဘောပဲ စကားပြန် ထားပေးတယ်။ မြန်မာဆရာဝန် ထားပေးတယ်။ မြန်မာနာ့ပ်စ် ထားပေးတယ် ဆိုတော့ လူနာက ပြောလို့ဆိုလို့ ကောင်းတော့ ကြိုက်တာပေါ့လေ။ ဆေးကုပြီးပြီ ဆိုရင်လည်း ရှော့ပ်ပင် ထွက်ကြတာတို့၊ အလည် အပတ် သွားကြတာတို့က ရှိသေးတာကိုး၊ အသည်း အသန်လူနာ၊ သေကောင်ပေါင်းလဲလူဆိုရင်တော့လည်း ဒါတွေဘယ်လုပ်နိုင်မလဲ၊ တကယ်တော့ ကိုယ့်တိုင်းပြည်က ဆရာဝန်ကြီးတွေ မတော်လို့မှ မဟုတ်တာ'ဟု လူနာဟောင်း တစ်ဦးမှ လျှပ်တစ်ပြက်သို့ ရှင်းလင်း ပြောကြားခဲ့သည်။”

ပြည်ပကျန်းမာရေးသတင်း
သတင်းက ဒေလီရှိ နာမည်ကြီး-ဈေကြီး-အဆင့်မြင့် အပိုလို ဆေးရုံကြီး ဖြစ်ပါတယ်။ (အပိုလို)ဟာ (ဖိုက်စတား) အဆင့် ဆေးရုံကြီးပါ။ အခန်းခကိုက (ဖိုက်စတား)ဟော်တယ်ခန်းခလို ပေးရလို့ပါ။ ကောင်းတာကတော့ ကောင်းလွန်းပါတယ်။ ကမ္ဘာအရပ်ရပ်က လူနာတွေ လာရောက် ဆေးကုသမှု ခံယူနေတဲ့ နာမည်အကြီးဆုံး ဆေးရုံတစ်ရုံလည်း ဖြစ်ပါတယ်။

ကနေ့ ဒေလီ High Court တရားရုံးကနေ ၁၂ နှစ်ကြာ ကြားနာ စစ်ဆေးအပြီး၊ အပိုလိုဆေးရုံမှာ ဆင်းရဲတဲ့ လူနာများ အတွက် အတွင်းလူနာ ကုတင် ၃၃%၊ အပြင်လူနာ ၄၀% သတ်မှတ်ပေးဘို့၊ နောက်ပြီး အဲလိုလုပ်ဘို့ ပျက်ကွက်ခဲ့တဲ့ ကာလအတွက် ဒဏ်ငွေ ရူးပီး ၂ သိန်း (UDS 4,100) ချမှတ်လိုက်ပါသေးတယ်။ ဒေလီအစိုးရ ကိုလည်း အဲဒီအတိုင်း ဆေးရုံက လိုက်နာခြင်းရှိ-မရှိ MS ဆေးရုံအုပ် နေရာတခုနဲ့ စစ်ဆေးစေရန် ဆိုတဲ့ အမိန့်ပါ ထုတ်လိုက်ပါတယ်။

အိန္ဒိယလို၊ မြန်မာနိုင်ငံလို ဆင်းရဲသူတွေ များလွန်းတဲ့ တိုင်းပြည်တွေမှာ ဆင်းရဲသားတွေအတွက် ထည့်မတွက်လို့ မရပါ။ အဲလို အဲလို ဖြစ်လာဘို့ဆိုတာက တရားဥပဒေစိုးမိုးမှု၊ “ကျန်းမာရေးဟူသည် လူတိုင်းအတွက် အခြေခံ ခံစားခွင့် ဖြစ်သည်” ဆိုတဲ့ သဘောတရားကို ကိုင်စွဲ တိုက်ယူမဲ့ လူမှုအဖွဲ့အစည်း၊ အခင်းအကျင်းဆိုတာတွေ ကျယ်ကျယ် ပြန့်ပြန့် ရှိနေမှသာ ဖြစ်လာနိုင်ပါမယ်။

တင့်ဆွေ
၂၃-၉-၀၉

Read More...

Sunday, September 13, 2009

Poverty and premature death still firmly linked

၂၀ရာစုအတွင်း ဆေးပညာ၊ လူမှုရေး၊ နိုင်ငံရေး၊ စသည်တို့ တိုးတက် ပြောင်းလဲလာသော်လည်း ဆင်းရဲမွဲတေမှု နှင့် အသေစောကြရခြင်းတို့၏ ဆက်စပ်မှုမှာ မပြောင်းလဲကြောင်း အင်္ဂလန်တွင် ၁၉၉၀ မှ ၂၀၀၁ ခုနှစ်များ အတွင်း ၆၃၄ ခရိုင်အား လေ့လာရာမှ သိရှိလာရသည်။

သေဆုံးမှုနှုန်းကမူ သိသိသာသာ လျော့ကျခဲ့သည်။ ဥပမာ ၁၉၉၀ ခုနှစ်များက ၅ နှစ်အောက်သေနှုန်း ၃၃% ရှိခဲ့ရာမှ ၁၃% သို့လျော့လာသည်။ လူ့သက်တမ်းလည်း ယောက်ျားများတွင် ၄၆ နှစ်မှ ၇၇ နှစ်၊ အမျိုးသမီးများတွင် ၅၀ နှစ်မှ ၈၁ နှစ်သို့ တိုးတက်လာသည်။

ယခင်က သေဆုံးရသည်မှာ ကူးစက်ရောဂါများ၊ အဆုပ်နှင့်ပတ်သက်သည့် ရောဂါများကြောင့်ဖြစ်ခဲ့ပြီး ယခုမူ ကင်ဆာ၊ နှလုံးရောဂါတို့က လူတွေကို ပို၍သေစေလာသည်။

ဆင်းရဲမွဲတေမှု၏ အဓိပ္ပါယ်အား ဖွင့်ဆိုရာတွင် ယခင်က လူတဦး၏ အသက်ရှင်ရပ်တည်ရေးအတွက် အခြေခံ လိုအပ်ချက်များ မပြည့်စုံခြင်းဟု ယူဆခဲ့ရာမှ ယခုမူ လူတဦး၏၀င်ငွေနှင့် အခြားလူတို့၏၀င်ငွေ ခြားနာခြင်း ဖြစ်သည်ဟု ယူဆလာကြသည်။

သို့ရာတွင် ယင်း ပြောင်းလဲမှုများ ရှိစေကာမူ ဆင်းရဲမွဲတေမှု နှင့် စောစောသေဆုံးကြရခြင်းတို့၏ ဆက်စပ်မှုမှာ မပြောင်းလဲပါ။

Poverty and premature death still firmly linked

Read More...

Sunday, August 23, 2009

Clotho (ကလိုသို)

Clotho (ကလိုသို) သည် ရှေးဟောင်း ဂရိ နှင့် ရောမ ဒဏ္ဍာရီ များတွင် ပါသည့် နတ်သမီး တစ်ပါး အမည် ဖြစ်သည်။ ရောမတို့ အဆို အရ (အူရန်နို) နှင့် (ဂီး)တို့၏ သမီး (နိုနို) (နိုနာ)ဟုခေါ်ပြီး၊ ဂရိအလိုအရ (ဇီးယပ်)ဘုရင်ကြီးနှင့် မိဖုရားကြီး (ဿီးမီးစ်)တို့၏ ကံကို စီမံကြကုန်သော သမီးတော် သုံးပါး အနက် အထွေးဆုံး ဖြစ်သည်။ အသက်ရှည်ခြင်း-တိုခြင်းမှာ သူမ၏ အလိုအရ ဖြစ်ရပါသတဲ့။

“အသက်ရှည်စွာ၊ အနာမဲ့ကြောင်း”ဟူသည် ကမ္ဘာဦး အစကပင် လူတို့ ရလို၊ ဖြစ်လိုသည့် အိပ်မက် ဖြစ်ပါသည်။ သိပ္ပံစာရေးဆရာများကလည်း ရေးခဲ့လှပါပြီ။ ဥပမာ (ကွတ်-ဗွန်နဂတ်)၏ နက်ဖြန်-နက်ဖြန်-နက်ဖြန် ၀တ္ထု။ ရှေးဟောင်းဂရိ ၀တ္ထု တစ်ပုဒ်တွင်လည်း (အီယို)နတ်သမီးက (တီသိုနီးယပ်စ်)အား ချစ်ကျွမ်းဝင်ပြီး သကာလ၊ (ဇီးယစ်) ဘုရင်ကြီးအား သူ့ချစ်သူကို အသက်မသေသူ အဖြစ် ဖန်ဆင်း ပေးပါရန် လျှောက်ထားလေရာ၊ (ဇီးယစ်)ကလည်း တစ်လုံး တစ်ဝတည်း ပြည့်ဝစေသတည်း လုပ်ပေးပါသတဲ့။ မေ့သွားလိုက်တာ တစ်ခုကတော့ အစဉ်အမြဲ နုပျိုနေအောင် ဆိုတဲ့ဆု မပါလိုက်လို့ (တီသိုနီးယပ်စ်)ဟာ မသေပေမဲ့ အို-အို-အိုပြီးသကာလ နှံကောင်လောက်သာ အသံထွက်နိုင်တဲ့ဘ၀ ရောက်သွား ရပါတော့တယ်။

တကယ်တမ်း အသက်ရှည်ဖို့ အရေး အတော်ကြီး ဝေးပါသေးသည်။ ကြွက်များတွင် စမ်းသပ်ချက်အရ (ကလိုသို) မျိုးဗီဇသည် ကယ်လ်စီယံ၏ အလုပ်များကို သက်ရောက်စေပြီး၊ (ကလိုသို) မျိုးဗီဇ ပြောင်းလဲ သွားခြင်းကြောင့် ကြွက်မှာ အိုစာသွားရကြောင်း တွေ့ရှိရပေသည်။ ဆက်လက်၍ (ကလိုသို) မျိုးဗီဇသည် ဦးနှောက်၊ ကျောက်ကပ်၊ (ပါရာသိုင်းရွိုက်-ဂလင်း) တို့မှာလည်း ပုံမှန် မဟုတ် ဖြစ်လာကြောင်း တွေ့ရ ပြန်ပါသည်။

ထို့ကြောင့် (ကလိုသို) မျိုးဗီဇကို ဆွပေးခြင်းဖြင့် အသက်ကြီးခြင်း၏ လက္ခဏာများဖြစ်သော အရိုး အားနည်းလာခြင်း၊ သွေးလွှတ်ကြောများအတွင်း သွေးသွားလာမှု နှေးကွေးလာခြင်း၊ ကြွက်သားများ အားယုတ်လာခြင်းတို့ကို သက်ရောက်စေပေသည်။ (ကလိုသို) ကို ပိုမို တက်ကြွအောင် လုပ်ပေးလိုက်သော ကြွက်သည် သာမန်ကြွက်ထက် အသက် ၂၀% မှ ၃၀% ပိုရှည်သည်ကို တွေ့လာသည်။ ကလေး ရတာတော့ နည်းသွားပါသတဲ့။ နောက်ဆိုးတာ တစ်ခုက (အင်ဆူလင်)ကိုလည်း သက်ရောက်လို့ "ဖိုးသက်ရှည် ဆီးချိုသမား" ဖြစ်သွားနိုင်ပါတယ်။

သို့ရာတွင် (ကလိုသို) အပါအ၀င် Life extension drugs နှင့် Anti-aging drugs တို့မှာ စမ်းသပ်ဆဲ အခြေအနေတွင်သာ ရှိပါသေးသည်။ (အွန်လိုင်း) ကြော်ငြာတွေကတော့ များလှပါဘိ။

လူတွေအသက်ကြီးလာသည်နှင့် (ကလိုသို)လျော့နည်းလာသည်။ (ကလိုသို)သည် သွေးတိုးကို ထိန်းရာတွင် အသုံးချနိုင်ပုံရသည်ကို လတ်တလော သုတေသနပြုချက်အရ သိလာရသည်။ (ကလိုသို)ကို ထိုးဆေးတလုံးထိုးသည်နှင့် သွေးတိုးကို ၃ လခန့်ကြာ ထိန်းထားနိုင်သည်ဟုဆိုသည်။ (ကလိုသို)ကို ဆေးမှုံ့အဖြစ် (ပရိုတင်း)အားဆေးအဖြစ်ပါ ရနိုင်သည်။

Read More...

Wednesday, April 8, 2009

MoH will distribute rapid test kit for Auramine O

တားမြစ် အ၀ါရောင်ဆိုးဆေး စမ်းသပ်စက်များ ကျန်းမာရေးဝန်ကြီးဌာန ဖြန့်ဖြူးရောင်းမည်


The Voice Weekly journal (April 6 – 12, 2009; Vol.5/No.24)


ရန်ကုန်၊ ဧပြီ ၁

တားမြစ် အ၀ါရောင်ဆိုးဆေး ပါဝင်ခြင်းရှိ၊ မရှိ စမ်းသပ်စစ်ဆေးစက် (Rapid Test Kit) များကို ကျန်းမာရေး ၀န်ကြီးဌာနက မကြာမီ ဖြန့်ဖြူးရောင်းချပေးရန် စီစဉ်နေပြီဖြစ်ကြောင်း ယင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

လက်ဖက်များတွင် တားမြစ်ထားသည့် အ၀ါရောင်ဆိုးဆေး (Auramine O) ပါဝင်သဖြင့် ကျန်းမာရေး ၀န်ကြီးဌာန က စားသုံးရန်မသင့်ကြောင်း ကြေညာချက် ထုတ်ပြန်ပြီးနောက်ပိုင်း လက်ဖက် လုပ်ငန်းရှင်များ ကိုယ်တိုင် ၎င်းတို့ဝယ်ယူမည့် လက်ဖက်အသစ်များကို ဗဟို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) သို့ လာရောက် စစ်ဆေးလျက်ရှိကြောင်း၊ FDA တွင် တစ်ရက်လျှင် စမ်းသပ်မှု ၃၀ ခန့်သာ ဆောင်ရွက်နိုင်သဖြင့် ယင်းပမာဏထက်ပိုပါက ရလဒ်သိရှိရန် နှစ်ရက်၊ သုံးရက် စောင့်ဆိုင်းရကြောင်း၊ ယခုအခါ ကျန်းမာရေးဝန်ကြီးဌာနက အ၀ါရောင်ဆိုးဆေး (Auramine O) ပါဝင်ခြင်းရှိ၊ မရှိ ၁၅ မိနစ်အတွင်း စစ်ဆေး သိရှိနိုင်သည့် Rapid Test Kit များကို နှစ်လအတွင်း ဖြန့်ဖြူး ရောင်းချပေးတော့မည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“အခုလို ကျန်းမာရေးဝန်ကြီးဌာနက (Auramine O) ပါ၊ မပါ စစ်ဆေးတဲ့ စက်တွေ ဖြန့်ဖြူးပေးတော့မယ်ဆိုတာ အရမ်းကို ကောင်းပါတယ်။ ကျွန်မတို့ လက်ဖက်တွေ အသစ်ပြန်ဝယ်ရင် ဆိုးဆေးပါ၊ မပါကို ကိုယ်တိုင် စက်နဲ့စမ်းသပ်ပြီး စိတ်ချရမှပဲ ၀ယ်တော့မယ်” ဟု စားသုံးရန် မသင့်၍ တားမြစ်ခြင်းခံရသည့် လက်ဖက်လုပ်ငန်းတစ်ခုမှ လုပ်ငန်းရှင်တစ်ဦးကဆိုသည်။

Read More...

What did FDA do for dye in pickled tea leaves?

တားမြစ်ဆိုးဆေးများ ပါဝင်နေသော လက်ဖက်များနှင့် ပတ်သက်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ၏ လုပ်ဆောင်ချက်များ


The Voice Weekly journal (March 30 – April 5, 2009; Vol.5/No.23)


(၁) အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၏ ပုံမှန် လုပ်ငန်းများမှာ- ပြည်တွင်းထုတ် အစားအသောက်များနှင့် သောက်ရေသန့်များ၊ ပြည်ပမှတင်သွင်းလာသော အစားအသောက်များ၊ ပြည်ပသို့ တင်ပို့မည့် အစားအသောက်များအား စစ်ဆေး၍ စားသုံးရန် သင့်၊မသင့် ထောက်ခံချက် (Health Certificate) ထုတ်ပေးခြင်း၊ ပြည်တွင်းရှိ အစားအသောက်နှင့် သောက်ရေသန့်စက်ရုံများအား ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (GMP – Good Manufacturing Practice) နှင့်အညီ ထုတ်လုပ်မှု ရှိ၊မရှိ စစ်ဆေးခြင်း၊ ဈေးကွက်မှ အစားအသောက်များကို လစဉ်ဝယ်ယူစစ်ဆေးခြင်း (Post-Market Survey) တို့ဖြစ်ပါသည်။

(၂) ဈေးကွက်မှ ၀ယ်ယူစစ်ဆေးခြင်းဖြင့် အမှန်အတိုင်း သိနိုင်ပါသည်။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနသို့ ပို့စစ်လျှင် ကောင်းတာတွေများပါသည်။ ဈေးကွက်မှဝယ်ယူရာတွင် အမယ်အားလုံးကို တစ်ပြိုင်နက် မစစ်ဆေးနိုင်သောကြောင့် အန္တရာယ်ဖြစ်နိုင်သည့်အစားအသောက်များ ကို ရွေးချယ်စိစစ်၍ ၀ယ်ယူစစ်ဆေးပါသည်။ နာဂစ်အပြီးတွင် သောက်ရေသန့်စက်ရုံအချို့ပျက်စီး၍ ရောင်းချသည့်သောက်ရေသန့်များ လူထုအတွက် အန္တရာယ်ရှိနိုင်သောကြောင့် ဈေးကွက်မှ သောက်ရေသန့်များ ၀ယ်ယူစစ်ဆေး၍ ထုတ်ပြန်ခဲ့ပါ သည်။

(၃) Colour နှင့် ပတ်သက်၍ ငရုတ်သီးမှုန့်၊ ငရုတ်ဆီ၊ ပဲနီလေး၊ ဇီးထုပ် စသည်တို့ကို မကြာခဏ စစ်ဆေးခဲ့ပါသည်။ ယခုတစ်ကြိမ် လက်ဖက်များကို စစ်ဆေးရာတွင် Auramine O ကိုတွေ့ရှိရသောကြောင့် ၀န်ထမ်းများ အချိန်ပိုဆင်းကာ ကျယ်ကျယ် ပြန့်ပြန့်ဝယ်ယူစစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။

(၄) သတင်းစာတွင် မကြေညာမီ ဈေးကွက်မှ ၀ယ်ယူစစ်ဆေးခဲ့သော
လက်ဖက်နမူနာပေါင်း - ၁၈၀၊
တံဆိပ်ပေါင်း - ၄၇ ခု၊
ပွဲရုံ (လုပ်ငန်း) ပေါင်း - ၂၃ ခု
(သတင်းစာတွင် တံဆိပ်နှင့် လုပ်ငန်းကို ခွဲခြား ရေးသားခဲ့ပါသည်။)

(၅) ၄၃ မျိုးတွင် လုပ်ငန်း ၁၃ ခု၊ တံဆိပ် ၃၀ ခု ပါဝင်သည်။ ၄၃ မျိုးကို အရင်ထုတ်ပြန်ခြင်းမဟုတ်ပါ။ စစ်ဆေးပြီးသမျှ နမူနာ (လက်ဖက်အသား၊ ချဉ်စပ်၊ ရှူးရှဲလက်ဖက်နှင့် အကြော်စုံစသည်ဖြင့်) ပေါင်း ၁၈၀ အနက် Auramine O တွေ့ရှိရသောလုပ်ငန်းနှင့် တံဆိပ်အားလုံးကို ကြေညာခြင်းဖြစ်ပါသည်။

(၆) ကြေညာပြီးနောက်လည်း ဆက်လက်၍ ဈေးကွက်မှ ၀ယ်ယူစစ်ဆေးလျက်ရှိပြီး Auramine O တွေ့ရှိရပါက ထပ်မံကြေညာပါ မည်။

(၇) ကြေညာပြီးနောက် ဈေးကွက်တွင် တံဆိပ်အသစ်များကို တွေ့လာရပါသည်။ ဈေးကွက်မှ ပုံမှန် ၀ယ်ယူစစ်ဆေးနေမည်ဖြစ်ပြီး Auramin O တွေ့ရပါက ထပ်မံကြေညာပါမည်။

(၈) အသုံးပြုသော Method – Wool dye Extraction paper chromatography (Referece – 1. Analytical Method and Techniques for Colours in foods – FRANK E-Lancaster Ottawa, Canada.)

(၉) Auramine O ပါဝင်သော လက်ဖက်များ ဈေးကွက်မှ ပြန်လည် သိမ်းယူစေပြီး သက်ဆိုင်ရာ အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီမှ ဦးဆောင်၍ ဖျက်ဆီးလျက်ရှိပါသည်။

(၁၀) ပြည်ပသို့ တရားဝင် တင်ပို့ရောင်းချသော အစားအသောက် အားလုံးကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ပုံမှန်စစ်ဆေး၍ Health Certificate ထုတ်ပေးလျက်ရှိပါသည်။

(၁၁)

အရေးယူပုံ


ပြည်ပမှ တင်သွင်းမည့်အစားအသောက် စားသုံးရန် မသင့်ပါက တင်သွင်းခွင့် မထောက်ခံပါ။ ပြည်တွင်းမှအစားအသောက် စားသုံးရန် မသင့်ပါက Recall လုပ်ခိုင်းပါသည်။ ထပ်မံစစ်ဆေးပါသည်။ ထပ်မံ တွေ့ရှိလျှင် အမျိုးသားအစားအသောက်ဥပဒေ အရ သက်ဆိုင်ရာမှ အရေးယူနိုင်ရန် ဆောင်ရွက်ပါသည်။

လုပ်သားပြည်သူများ- အရောင်ပါသည့်အစားအသောက်များကို ရှောင်ရန်၊ ထုတ်လုပ်သူများ- အရောင်အသုံးမပြုရန်၊ ထုတ်လုပ်ပြီး ပစ္စည်းများကို ထိရောက်စွာ Recall လုပ်ရန်၊ ပြန်လည်သိမ်းဆည်း၍ ဖျက်ဆီးရန်၊ အသစ်ထုတ်လုပ်မည့် လက်ဖက်များအား ဆိုးဆေးပါဝင် မှု ရှိ၊မရှိဓာတ်ခွဲစစ်ဆေးရန်

ဈေးကွက်နမူနာ ကောက်ယူစစ်ဆေး၍ ထပ်မံတွေ့ရှိလျှင် အမျိုး သားအစားအသောက်ဥပဒေအရသက်ဆိုင်ရာမှ အရေးယူခြင်းခံရမည်။

လက်ဖက် လုပ်ငန်းရှင်များသည် မိမိရောင်းချသော လက်ဖက်များ၏ အရည်အသွေး အာမခံရမည် ဖြစ်ပါသည်။

Auramine O ပါဝင်မှုမရှိကြောင်း အာမခံနိုင်မှ ရောင်းချသင့်ပါ သည်။ အာမခံနိုင်ခြင်းမရှိဘဲ ရောင်းချ၍ လက်ဖက်တွင် ဆိုးဆေးပါရှိပါက အရေးယူခံရမှာ ဖြစ်ပါသည်။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန ရန်ကုန်နှင့် မန္တလေးတွင် စစ်ဆေးပေးလျက်ရှိပါသည်။ လုပ်ငန်းများအတွက် Quality Control ပြုလုပ်ရန်ဖြစ်ပါသည်။ (မှတ်ချက်- FDA မှ ပေးပို့သောအချက်အလက်များအတိုင်း ဖော်ပြခြင်းဖြစ်ပါသည်။)

အယ်ဒီတာ

Read More...

National Public Health Week of The United States


၁၉၉၅ ခုနှစ်ကစပြီး သီတင်းပတ် တစ်ပတ်လုံး အပြည့်ရမယ့် ဧပြီလရဲ့ ပထမပတ်တွေကို အမေရိကန် နိုင်ငံရဲ့ တစ်နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး သီတင်းပတ် အဖြစ် သတ်မှတ်လိုက်ပါတယ်။
ဒီနှစ်အတွက် တစ်နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး သီတင်းပတ်က ဧပြီလ ၆ ရက်မှ ၁၂ ရက်အထိမို့ ယခု အချိန်မှာ ကျရောက်နေပါတယ်။
ဒီအကြောင်းလေးကို စိတ်ဝင်စားတယ်ဆိုရင် ဒီမှာ ဖတ်ကြည့်လို့ ရပါတယ်။

Read More...

Monday, April 6, 2009

HIV Information for Myanmar (HIM)

မြန်မာ အိပ်ခ်ျအိုင်ဗွီ သတင်းအချက်အလက်


မြန်မာ အိပ်ခ်ျအိုင်ဗွီ သတင်းအချက်အလက် (HIM) သည် မြန်မာနိုင်ငံ၏ အိပ်ခ်ျအိုင်ဗွီ၊ အိတ်စ် (ခုခံကျရောဂါ) နှင့် ပတ်သက်ပြီး အီးမေးလ်ဖြင့် ပုံမှန်ဖြန့်ဝေပေးသော သတင်းလွှာဖြစ်ပါသည်။ မူလက အင်္ဂလိပ်ဘာသာဖြင့်သာ ပေးပို့နိုင်သော်လည်း နောက်ပိုင်းတွင် မြန်မာဘာသာဖြင့်ပါ ပေးပို့ပါသည်။ ပါဝင်သော အကြောင်းအရာများမှာ မြန်မာနိုင်ငံ၏ ခုခံကျရောဂါ ဆိုင်ရာ ပြဿနာများကို စိတ်ဝင်စားသူများအတွက် အလွန် အထောက်အကူဖြစ်စေသဖြင့် လေ့လာကြည့်ပါရန် တိုက်တွန်းလိုက်ပါသည်။

စိတ်ပါဝင်စားပါက (HIV.Information.for.Myanmar [at] gmail [dot] com) ကို အီးမေးလ် ရေးသား ဆက်သွယ်ပြီး သတင်းလွှာကို တောင်းခံနိုင်ပါသည်။

အင်တာနက်ပေါ်တွင်လည်း ၄င်းဘလောက် http://him.civiblog.org/ ကို သွားရောက်ဖတ်ရှုနိုင်ပါသည်။

Read More...

Sunday, March 29, 2009

Tea Leaves Announcement

မဖတ်ရသေးတဲ့သူတွေ ဖတ်လို့ ရအောင် တင်ပေးလိုက်တာပါ။
ပုံကို click လုပ်လိုက်ရင် ပုံအကြီး ပေါ်လာပါလိမ့်မယ်။


Read More...

Friday, October 10, 2008

Prohibition against import, processing, distribution and using as ingredient of MILK POWDER contaminated with MELAMINE !





တရုတ်နိုင်ငံ အပါအ၀င် နိုင်ငံ အချို့တွင် မယ်လမင်းပါဝင်သည့် မသန့်ရှင်းသောနို့မှုန့်များ သောက်သုံးမှုကြောင့် ကလေးငယ်များ ကျောက်ကပ် တွင် ကျောက်တည် ရောဂါ ဝေဒနာ ခံစား ကြရပြီး ကလေးငယ် အချို့ သေဆုံးသည် အထိ ဖြစ်ခဲ့ရကြောင်း သတင်းများ ရရှိ ခဲ့သည့် အတွက် မြန်မာနိုင်ငံ တွင်လည်း မယ်လမင်းပါဝင်သည့် မသန့်ရှင်းသော နို့မှုန့်နှင့် ဆက်သွယ်သည့် ဘေးအန္တရာယ်များ မဖြစ်ပွား စေရေး အတွက် သက်ဆိုင်ရာက စနစ်တကျ ဆောင်ရွက်လျက် ရှိရာ မြန်မာနိုင်ငံရှိ ကုမ္ပဏီ တစ်ခုမှ တင်သွင်း ထားသော (၂၅) ကီလို ဂရမ်ဝင် နို့မှုန့်အိတ် (၄၆၀)သည် မယ်လမင်း ပါဝင်ကြောင်းတွေ့ရှိရသဖြင့် ကျန်းမာရေး ၀န်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ၎င်းနို့မှုန့်များ ကို မီးရှိုးဖျက်ဆီးခဲ့ပြီး ဈေးကွက်ရှိ လက်ကျန် ပစ္စည်းများကို လိုက်လံ သိမ်းဆည်းခဲ့သည်။

၎င်းအပြင် ရန်ကုန်မြို့နှင့် မန္တလေးမြို့ ဈေးကွက်များရှိ ကုမ္ပဏီ (၈)ခုမှ တင်သွင်းသော နို့မှုန့်(၈)မျိုးကိုလည်း စမ်းသပ် စစ်ဆေး လျက်ရှိကြောင်း နှင့် ယင်းသို့ စစ်ဆေး နေစဉ်အတွင်း ပြည်သူများ အနေဖြင့် နို့မှုန့်နှင့် နို့ထွက် ပစ္စည်းများကို သုံးစွဲခြင်း မပြုရေး သက်ဆိုင်ရာက နှိုးဆော် ထားကြောင်း သတင်းကို (၅-၁၀-၂၀၀၈) ရက်ထုတ် သတင်းစာ များတွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ အတွင်းသို့ ပြည်ပမှတင်သွင်းပြီး ပြည်တွင်း၌ ပြန်လည် ဖြန့်ဖြူး ရောင်းချခြင်း နှင့် ပြန်လည် ပြုပြင် ထုပ်ပိုး ရောင်းချခြင်း ပြုနေသည့် နို့မှုန့် (၁၆) မျိုး ကို ကျန်းမာရေး ၀န်ကြီးဌာန နှင့် အမှတ်(၁) စက်မှုဝန်ကြီး ဌာန၊ မြန်မာ့ ဆေးဝါးနှင့် အိမ်သုံး ပစ္စည်း လုပ်ငန်း၊ မြန်မာနိုင်ငံ ဆေးဝါး လုပ်ငန်း စက်ရုံ (ရန်ကုန်)နှင့် ဆေးဝါး ထုတ်လုပ်မှု နည်းပညာဖွံ့ဖြိုးရေးဌာနတို့က Melamine Assay Test Kit ဖြင့် စမ်းသပ် စစ်ဆေး ခဲ့ရာ နို့မှုန့် အမျိုး အစား(၇)မျိုးမှာ မယ်လမင်း ပါဝင်မှုမရှိပဲ (၉)မျိုးမှာ မယ်လမင်း ပါဝင်ကြောင်း တွေ့ရှိ ရသည်။ အဆိုပါ မယ်လမင်း ပါဝင်ကြောင်း တွေ့ရှိရသော နို့မှုန့် အမျိုးအစားများမှာ-

(က) Star Milk Powder (20gm)

(ခ) Crown

(ဂ) Happy Baby Toys

(ဃ) Dulac (Dumex) step 1 (INFANT FORMULA)

(င) Star (450 g)450 g)

(စ) Mandalay-Raw Milk Power

(ဆ) Whole Sweet Milk Powder (Two Cows, Shi Lin)

(ဇ) RAINBOW Milk Powder

(ဈ) Enfagrow Milk Powder


အဆိုပါ ပြည်သူများ စားသုံးရန်မသင့်သော မယ်လမင်းပါဝင်သည့် နို့မှုန့်များကို မြန်မာနိုင်ငံအတွင်းသို့ တင်သွင်း ဖြန့်ဖြူး ရောင်းချခြင်း၊ ပြည်တွင်း တွင် ပြန်လည် ပြုပြင် ထုပ်ပိုးရောင်းချခြင်း၊ အဆိုပါ နို့မှုန့်များကို အသုံးပြုပြီး စားသောက်ကုန် ပစ္စည်းများ အဖြစ် ထုတ်လုပ် ရောင်းချခြင်း များကို ပိတ်ပင် တားမြစ် လိုက်သည်ဟုသိရှိရသည်။

Read More...

Friday, September 21, 2007

MedReader - News Alerts

ဆေးပညာဆိုင်ရာ သတင်းနဲ့ အသစ်တွေ့ရှိချက်တွေကို ကြည့်ရှုနိုင်တဲ့ MedReader ဆော့ဝဲလ်တစ်မျိုးကို မိတ်ဆက်ပေးလိုပါတယ်။ Tray Bar မှာ Run ထားလို့ရပါတယ်။ Start Up Program အနေနဲ့လည်း Run ထားနိုင်ပါတယ်။ News Alert တွေကို Refresh Interval ထားပြီး ကြည့်နိုင်ပါတယ်။ RSS Reader တစ်မျိုးဖြစ်ပါတယ်။

သူ့ဝက်ဘ်ဆိုဒ်မှာ ရေးထားတာက

MedReader is a RSS Reader specifically built for the Medical & Healthcare Professional. MedReader allows you to have information directly delivered to your desktop without the worries of Spam, searching for hours, or registering/logging into a web based system.
MedReader provides:
  • Persistent search technology
  • Easy to read displays for your news
  • A better way to manage your content
အသေးစိတ်ကို http://medreader.com/ မှာ သွားဖတ်နိုင်ကြောင်းပါ။
ဒေါင်းလုဒ် MedReader Link 1 , Link 2 [708kb]

Read More...

Sunday, August 12, 2007

UNAIDS enrolls in blogosphere

၁၂၊ ၈၊ ၂၀၀၇

ယူအန်အေ့ဒ်စ် လည်း ဘလောက် လုပ်ရလေပြီ
  • ဘာ ... ဘလောက် ... အဲဒါ ဘာကြီးလဲ။
  • ဘလောက်ရေးနေမယ့် အစား အားကစားလေး ဘာလေး တစ်ခုခု လုပ်ပါလား။
  • ဘယ်သူကဖတ်မှန်းမသိ၊ ဘယ်သူကလာပြီး မှတ်ချက်ပေးသွားမှန်း မသိနဲ့ အချိန်ကုန်ခံပြီး ရေးနေသေးတယ်။
  • တော်တော်အားနေပုံရတယ်။
ကျွန်တော့် ဘလောက် လိပ်စာက ဒါလေ။ အားရင် လာဖတ်ပါလား လို့ဆိုလိုက်ရင် ရလာတတ်တဲ့ တုန့်ပြန်မှုလေးတွေပေါ့။

ဒါပေမယ့်လည်း ခေတ်ရေစီးကို လူတွေ မလွန်ဆန်နိုင်ကြပါ။ ဘလောက်ကို အထင်သေးသူများ အနေနဲ့ ရုပ်မြင်သံကြား ပေါ်ခါစမှာတုန်းက “တစ်နေ့နေ့ တချိန်ချိန်ကျရင် လူတွေ ဒီလေးထောင့်ပုံးလေးကို ထိုင်ကြည့်ချင်တော့မှာ မဟုတ်ဘူး” ... လို့ ဟောကိန်းထုတ်ခဲ့သူလို ဖြစ်နေကြပါလိမ့်မယ်။

မောင်ရဲမွန် တစ်ယောက် ဘာကြောင့်များ သိုင်းဝိုင်းနေပါလိမ့်။ အကြောင်းရင်းက ဒီလို ...

UNAIDS လို့ခေါ်တဲ့ ကုလသမဂ္ဂရဲ့ ခုခံကျရောဂါ ဆိုင်ရာ အဖွဲ့အနေနဲ့ ကိုယ်ပိုင် ဘလောက်တစ်ခုကို စတင် ထုတ်လွှင့်လိုက်ပြီ ဖြစ်လို့ပါပဲ။ ခွေးလှေးခုန်လို့ ဖုန် မထပေမယ့် UNAIDS ခုန်ရင်တော့ ဖုန်ထပါလိမ့်မယ်။ ခုခံကျ ရောဂါနဲ့ ပတ်သက်တဲ့ သုတေသနစာတမ်းတွေ လေ့လာချက်တွေဟာ နေ့စဉ်နှင့် အမျှ အများအပြားထွက်နေတာကြောင့် လူတွေကို မျက်စိလည်စေပါတယ်။ ဘယ်စာတမ်းကိုလေ့လာသင့်လဲ၊ ဘယ်စီမံချက်ကို နမူနာယူသင့်သလဲ ဆိုတာတွေကို လွယ်လွယ်ကူကူသိရှိ နိုင်အောင်လို့ ကုလသမဂ္ဂ ခုခံကျရောဂါဆိုင်ရာ အဖွဲ့က ဘလောက်တစ်ခုကို ၂၀၀၆ ခုနှစ်လောက်ကတည်းက စတင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ UNAIDS ၀န်ထမ်းတွေအတွက်သာ ဖြစ်ခဲ့ပြီး တဖြည်းဖြည်း လူကြိုက်များလာတဲ့ အတွက် အများပြည်သူများ လေ့လာနိုင်ရန် နဲ့ ပါဝင်ဆွေးနွေးနိုင်ရန် လွန်ခဲ့တဲ့နှစ်ရက် (သြဂုတ် ၁၀ရက်နေ့) က ဖွင့်ပေးခဲ့ပါတယ်။ HIV/AIDS နဲ့ပတ်သက်တဲ့ သိပ္ပံနည်းကျ လေ့လာချက်တွေကို အနှစ်ချုပ် ရေးသားထားတဲ့အတွက် အချိန်ကုန်နည်းနည်းနဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို သိရှိနိုင်မှာဖြစ်ပါတယ်။

သွားရောက်လေ့လာချင်တယ် ဆိုရင်ဖြင့် http://hivthisweek.unaids.org/

စာကိုး
New Blog gets HIV science online ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Read More...