Showing posts with label Cancer. Show all posts
Showing posts with label Cancer. Show all posts

Saturday, April 30, 2011

သွေးကင်ဆာအကြောင်း သိကောင်းစရာများ

သွေးကင်ဆာအကြောင်း သိကောင်းစရာများ



Leukaemias ( လူကီးမီးယား) ကို သွေးကင်ဆာအဖြစ် လူသိများကြပါတယ် ။ လူကီးမီးယားဆိုတာ ရိုးတွင်းချဉ် ဆီတွေ ကို ထုတ်လုပ်တဲ့ Haematopoietic stem cell ဌာနမှာ ဖြစ်ပွားတဲ့ ကင်ဆာရောဂါ တစ်မျိုး (Malignant disorder ) ဖြစ်ပါတယ် ။ လူကီးမီးယား ဖြစ်ပြီဆိုရင် Bone Marrow လို့ခေါ်တဲ့ ရိုးတွင်းချဉ်ဆီထဲမှာ (သို့မဟုတ်) Peripheral Blood ထဲမှာ သွေးဖြူဥဆဲလ် အရေအတွက်တွေမြင့်တက်လာပါတယ် ။ လူကီးမီးယား ဖြစ်ပွားတဲ့ဖြစ် စဉ်ဟာ သူ့ရဲ့အမျိုးအစားပေါ် မူတည်ပြီးတော့ ရက်အနည်းငယ် (သို့) ရက်သတ္တပတ်အနည်းငယ် (သို့) နှစ်ပေါင်း များစွာ ထိအောင်ကြာမြင့်နိုင်ပါတယ် ။ သွေးကင်ဆာပုံစံအမျိုးမျိုးရဲ့ ဖြစ်ပွားမှုနှုန်းဟာ နှစ်စဉ် လူတစ်သိန်းမှာ ၁၀ ယောက်လောက်ဖြစ်ပွားလေ့ရှိပြီး အဲဒီထဲက တစ်ဝက်ခန့်က လူကီးမီးယားပဲဖြစ်ပါတယ် ။ မိန်းမတွေ ထက် ယောင်္ကျားတွေက ပိုအဖြစ်များနိုင်ပြီး အချိုးအနေနဲ့ကြည့်မယ်ဆိုရင် Acute leukaemia မှာ ၃း၂ ရှိပြီး နာတာရှည် Chronic Lymphocytic Leukaemia မှာ ၂း၁ ရှိပါတယ် ။ ပထ၀ီမြေပြင်အနေအထားအရတော့ တရုတ် ၊ တရုတ်နှင့် ဆက်နွယ်သော မျိုးနွယ်များမှာ Chronic lymphocytic leukaemia အဖြစ်များပါတယ် ။ Acute Leukaemia ကိုတော့ အသက် အသက်အရွယ်မျိုးစုံမှာ တွေ့ရလေ့ရှိပါတယ် ။ Acute Lymphocytic Leukaemia ဟာ အသက် တစ်နှစ်ကနေ ငါးနှစ်အတွင်းမှာ အများဆုံးဖြစ်ပါတယ် ။ Acute Myeloid Leukaemia ပုံစံ မျိုးစုံ ကတော့ ငယ်ရွယ်ချိန်အဖြစ်နည်းပြီး အလယ်အလတ်ပိုင်းနဲ့ အသက်အရွယ်ကြီးသူတွေမှာ ဖြစ်လေ့ရှိပါတယ် ။

သွေးကင်ဆာ ဘာကြောင့်ဖြစ်သလဲ ?



လူနာအများစုမှာ သွေးကင်ဆာကိုဖြစ်ပွားစေတဲ့ အကြောင်းအရင်းကို မသိရှိရပါဘူး ။ ဒါပေမယ့်လည်း လူကီးမီး ယားဖြစ်စဉ်နဲ့ ပါဝင်ပတ်သတ်ဆက်နွယ်မှုရှိနေပါတယ် ။

၁ ။ ဓါတ်ရောင်ခြင်သင့်ခြင်း (Ionising radiation)

ဂျပန်နိုင်ငံရှိ မြို့တော်တွေမှာ Atomic bombing ( အနုမြူရောင်ခြည်သင့် ) ကြောင့် Myeloid Leukaemia တွေ လွန်စွာမြင့်မား လာခဲ့ပါတယ် ။ ခါးရိုးဆစ်နာခြင်း ( Ankylosing spondylitis ) အား ဓါတ်ရောင်ခြည်ပေးပြီးသော အခါ နဲ့ ကိုယ်ဝန်ဆောင်စဉ် ကလေးငယ်အား ဓါတ်မှန်ရိုက်ခြင်း ( Diagnostic X-Rays ) တို့ကြောင့် လူကီးမီး ယား ဖြစ်ပွားမှု မြင့်တက်လာပါတယ် ။

၂ ။ အဆိပ်အတောက်ဖြစ်စေသော ဆေးဝါးများ ( Cytotoxic drugs)

နှစ်ပေါင်းများစွာ cytotoxic drugs တွေသုံးစွဲခြင်း အားဖြင့် Myeloid Leukaemia ကိုဖြစ်စေပါတယ် ။ စက်ရုံတွေ မှာ benzene ကိုထိတွေ့ခြင်းကြောင့်လည်း ဖြစ်စေပါတယ် ။

၃ ။ ဗိုင်းရပ်စ်များ ( Retroviruses)

ကြောင်တွေမှာဖြစ်စေတဲ့ လူကီးမီးယားအားဖြစ်ပွားစေသော ဗိုင်းရပ်စ်နှင့်ဆင်တူသည့် retroviruses ဟာ ရှားပါးသော T-cell leukaemia/ Lymphoma နဲ့ ဆက်နွယ်မှုရှိနေပါတယ် ။

၎ ။ မျိုးရိုးဗီဇ ( Genetic)

သွေးကင်ဆာရှိတဲ့ အမွှာ တွေကနေ သွေးကင်ဆာ ဖြစ်ပွားမှုနှုန်း မြင့်မားလေ့ရှိတယ် ။ Down's Syndrome နဲ့အ ခြားသော မျိုးဗီဇ ရောဂါတွေမှာလည်း ဖြစ်ပွားမှုနှုန်းမြင့်မားလေ့ရှိပါတယ် ။

၅ ။ ခုခံအားစနစ် (Immunological )

လတ်တလော သွေးကင်ဆာ (Acute Leukaemia ) ဟာ primitive stem cells တွေကိုပွားများစေပြီး blasts တွေ ကို စုပုံစေပါတယ် ။ အထူးသဖြင့် ရိုးတွင်းချဉ်ဆီထဲမှာ blasts တွေ စုပုံလာတဲ့အတွက် ရိုးတွင်းချဉ်ဆီ ပျက်ဆီးခြင်း ( bone marrow failure ) ကိုဖြစ်စေပါတယ် ။ လူကီးမီးယားကို အဓိကအားဖြင့် အုပ်စုလေး စုခွဲခြားနိုင် ပါတယ် ။ အဲဒါတွေကတော့

-Acute Lymphoblastic Leukaemia ( ALL )
-Acute Myeloid Leukaemia ( AML )
-Chronic Lymphocytic Leukaemia ( CLL )
-Chronic Myeloid Leukaemia (CML ) စသည်တို့ ဖြစ်ပါတယ် ။ လူကီးမီးယားလို့ သံသယရှိပြီ ဆိုရင် သွေးဖြူဥ အရည်အတွက် မြင့်မားလာပြီး သွေးဆဲလ်အရည်အတွက် မူမမှန်ခြင်းကနေစတင်ပါတယ် ။

လူကီးမီးယားလို့ ဘယ်လိုသိရှိနိုင်မလဲ ?



လူကီးမီးယားကို ရောဂါအမည်သတ်မှတ်ဖို့ ( Diagnosis ) လုပ်ဖို့ဆိုရင် ရိုးတွင်းချဉ်ဆီကို စစ်ဆေးရပါမယ် ။ အဲဒီမှာ မူမ မှန်ဆဲလ်တွေရဲ့ Morphology ကိုစမ်းသပ်ခြင်း ၊ Cell surface markers ( immunophenotyping ) အား စစ်ဆေးခြင်း ၊ မူမမှန် ( Clone-specific chromosone ) နဲ့ မော်လီကျူးတွေပြောင်းလဲခြင်းတို့ ပါဝင်ပါတယ် ။ ဒါဟာ တိကျတဲ့ ရောဂါအမည်သတ်မှတ်ခြင်းကို ပေးယုံသာမကပဲ တန်ဖိုးရှိတဲ့ ရောဂါကောင်းကျိုးခန့်မှန်းချက် ( Valuable prognostic infromation) ကိုလည်းပေးစေပါတယ် ။

လူကီးမီယားရဲ့ လက္ခဏာတွေက ဘာတွေလဲ ?

လူကီးမီးယား ဆဲလ် အရေအတွက် မြင့်မားလာခြင်းနဲ့ သင့်ရဲ့ ရိုးတွင်းချဉ်ဆီက ပုံမှန် သွေးဆဲလ်တွေကို မထုတ် လုပ်နိုင်ခြင်းကနေ လူကီးမီးယားရဲ့ လက္ခဏာတွေက စတင်ပါတယ် ။ Acute leukaemia တွေဖြစ်တဲ့ (AML , ALL ) မှာဆိုရင် ပုံမှန် သွေးဖြူဥဆဲလ်တွေနဲသွားပြီး Neutropenia ဆိုတဲ့အခြေအနေတစ်ခုကို ဖြစ်စေပါတယ် ။ မော ပန်းလွယ်ပြီး ဖြူဖျော့လာမယ် ။ အသက်ရှူရတာလည်း ခက်လဲပင်ပန်းလာမယ် ။ Platelets လို့ခေါ်တဲ့ သွေးခဲစေတဲ့ အရာတွေနဲသွားရင်တော့ Thrombocytopenia လို့ခေါ်တဲ့ သွေးမခဲတဲ့ အခြေအနေ တစ် ခုဖြစ်နိုင်ပြီး သွေးထွက်ခြင်း ၊ သွေးမတိတ်ခြင်း လက္ခဏာတွေ ခံစားရပါမယ် ။ သွေးခြေဥခြင်းနဲ့ သင့်ရဲ့ အရေ ပြားပေါ် မှာ ခရမ်းရောင် သို့မဟုတ် အနီစက်လေးတွေ တွေ့လာပါမယ် ။ ယေဘူယျ လက္ခဏာတွေကတော့
- အဖျားတက်ခြင်း
- ပိန်ချုံးခြင်း
- ကိုယ်လက်မအီမသာဖြစ်ခြင်း
- လည်ချောင်းနာခြင်း
- သွားဖုံးရောင်ခြင်း
- ညဖက်တွင်ချွေးစေးများထွက်ခြင်း
- ခေါင်းကိုက်ခြင်း ၊ အန်ခြင်း
- အမြင်အာရုံ ချို့တဲ့ခြင်း ပြဿနာများ
- အရိုးနှင့် အဆစ်အမြစ်နာခြင်း
- Lymph nodes များတွင် နာကျင်မှုမရှိပဲ ရောင်ရမ်းခြင်း စသည်တို့ပဲဖြစ်ပါတယ် ။

Chronic leukaemia ရဲ့ အစပိုင်းအဆင့်များမှာတော့ Leukaemic cells တွေဟာ ပုံမှန်အခြေအနေရှိပြီး ဘာ လက္ခဏာမှ ပြလေ့မရှိပါဘူး ။ လက္ခဏာပြပြီဆိုရင်လည်း အနည်းငယ်မျှ သာဖြစ်ပြီးနောက်ပိုင်းမှာ တဖြည်းဖြည်း နဲ့ ဆိုးလာပါတယ် ။ Chronic Leukaemia ရဲ့ ယေဘူယျလက္ခဏာတွေကတော့

- မောပန်းလွယ်ခြင်း
- ကိုယ်လက်မအီမသာဖြစ်ခြင်း
- အစားအသောက်ပျက်ခြင်း
- ပိန်ချုံးခြင်း
- ညဖက်တွင်ချွေးစေးများထွက်ခြင်း
- Lymph nodes များတွင် နာကျင်မှုမရှိပဲ ရောင်ရမ်းခြင်း စသည်တို့ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း အထက်ပါ လက္ခဏာတွေ ရှိတိုင်းလည်း လူကီးမီးယားမဟုတ်ပါဘူး ။ တခြားပြဿနာတွေဖြစ်တဲ့ ပိုးဝင်ခြင်းနဲ့ ဖျားနာ တုပ်ကွေး တွေလည်း ဖြစ်နိုင်ပါတယ် ။ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပြီးမှသာ ရောဂါအမည် သတ်မှတ်နိုင် မှာဖြစ်ပါတယ် ။

Ref - Davidson's Principle and Practice of Medicine ( 20th Edition)
- http://www.cancer.ca/

www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Read More...

Wednesday, November 10, 2010

သင့်တင့်သော လူနေမှုပုံစံဖြင့် အူမကြီးကင်ဆာဖြစ်ပွားနှုန်းကို ၂၃ % လျှော့ချနိုင်

ကျန်းမာရေးအတွက် သင့်တင့်လျောက်ပတ်တဲ့ နေထိုင်မှုပုံစံ(LifeStyle) နေထိုင်ခြင်းဖြင့် အူမကြီးကင်ဆာဖြစ်ပွားမှုကို ၂၃% အထိ ကာကွယ်နိုင်တယ်လို့ ဒိန်းမတ်နိုင်ငံ(Denmark) မှာ ပြုလုပ်တဲ့ သုတေသန စာတမ်းမှာ ဖော်ပြထားပါတယ်။ အဆိုပါဆောင်းပါးကို အောက်တိုဘာ ၂၆ ရက် ၂၀၁၀ ရက်စွဲနဲ့ BMJ(British Medical Journal) မှာ ဖော်ပြထားပါတယ်။

"ပြည်သူတွေဟာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ နေထိုင်မှုပုံစံနဲ့ ပတ်သက်တဲ့ လမ်းညွှန်မှုတွေကို သေသေချာချာ လိုက်နာဖို့ လိုအပ်ကြောင်း၊ မကြီးမားလှတဲ့ လုပ်ဆောင်ချက်တွေဟာ ကျန်းမာရေးရလဒ်ကောင်းတွေကို ယူဆောင်ပေးနိုင်ကြောင်း ကို လက်ရှိ ရလဒ်များက ညွှန်းဆိုနေပါတယ်" လို့ သုတေသနမှာ ပါဝင်တဲ့ သုတေသီတစ်ဦးက ဆိုပါတယ်။

သုတေသနာမှာ နေထိုင်မှုပုံစံနဲ့ ပတ်သက်တဲ့ မေးခွန်းပုံစံတွေကို အသက် ၅၀ နဲ့ ၆၄ ကြားမှာရှိတဲ့ ပြည်သူ ၅၇,၀၅၃ ကို ဖြည့်စွက်ခိုင်းပါတယ်။ ကင်ဆာမျိုးရိုးရှိသူတွေ၊ ကာလကြာရှည် အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးနေသူတွေနဲ့ ဟော်မုန်းအစားထိုးဆေးတွေ သောက်သုံးနေတဲ့ အမျိုးသမီးတွေ မပါဝင်ပါဘူး။ သုတေသနအဖွဲ့ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကမ္ဘာ့ကင်ဆာရန်ပုံငွေအဖွဲ့များကနေ ထုတ်ပြန်ထားကြတဲ့ နေထိုင်မှုပုံစံ စံညွှန်းကိန်းများကို Denmark မှာ အသုံးပြုတဲ့ Nordic Nutrition Recommendation နဲ့ ပေါင်းစပ်ပြီး စံညွှန်းတစ်ခု ဖန်တီးလိုက်ပါတယ်။ အဆိုပါစံညွှန်းဖြင့် သုတေသနပြုလုပ်ခြင်း ဖြစ်ပါတယ်။

စံညွှန်းမှာ ပါဝင်တဲ့ အချက်တွေကတော့

  • ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်း
  • ဆေးလိပ်သောက်ခြင်း
  • ခါးအတိုင်းအတာ
  • အရက်သောက်ခြင်း
  • နေ့စဉ် အစားအသောက်ပုံစံ

တို့ပါဝင်ကြပါတယ်။

follow up ကို ၁၀ နှစ်ကြာမှ ပြန်လုပ်လိုက်တဲ့အခါမှာ ၆၇၈ ယောက်မှာ အူမကြီးကင်ဆာဖြစ်နေတာကို တွေ့ရပါတယ်။ အမျိုးသားများတွင် အဓိကဖြစ်ပွားသည်ကို တွေ့ရသည်။ ကင်ဆာ ဖြစ်ပွားသူများအားလုံး၏ ၂၃ % တို့သည် သတ်မှတ်ထားသော စံညွှန်းများကို မလိုက်နာသည်ကို တွေ့ရသည်။ "အူမကြီး ကင်ဆာဖြစ်ပွားနှုန်းသည် နေထိုင်မှုစံညွှန်းများကို လိုက်နာမှုနှင့် ပြောင်းပြန်အချိုးကျသည်။ ကျန်းမာအောင် နေထိုင်လေလေ ကင်ဆာဖြစ်ပွားမှု လျော့နည်းလေလေဖြစ်သည်" ဟု သုတေသီများက ဆိုကြသည်။

Read More...

Sunday, September 26, 2010

အသည်းနှင့် အသည်းကင်ဆာ

ကျွန်မ မိတ်ဆွေတွေအထဲမှာ အသည်းမကောင်းသူတွေ များစွာ ရှိပြီး အမေရိကားကို ရောက်နေတဲ့ တချိန်က ရင်းနှီးတဲ့ လုပ်ဖေါ်ကိုင်ဖက် မိတ်ဆွေဟောင်း တဦးလည်း အသည်းကင်ဆာ ဖြစ်ကြောင်း စမ်းသပ်တွေ့ရှိရတယ်လို့ လတ်တလော ကြားသိလိုက်ရလို့ ဒီပို့စ်ကို တင်ဖြစ်ပါတယ်။ အဓိကက အသည်းနဲ့ အသည်းကင်ဆာ အကြောင်းကို တင်ပြဖို့ဖြစ်ပါတယ်။ သို့သော်လည်း အသည်းနှင့် အသည်းကင်ဆာအကြောင်းကို မစခင် ကင်ဆာရောဂါရဲ့ အခြေခံ သဘောသဘာဝ အနည်းငယ်ကို အရင်တင်ပြထားပါတယ်။ ကင်ဆာကို ရှာဖွေတွေ့ရှိပုံ (Dignosis) နဲ့ ကုသမှုအပိုင်းကို ဒီပို့စ်မှာ တင်ပြထားခြင်း မရှိဘဲ နောက်ပိုင်း အလျဉ်းသင့်ရင် သီးသန့်ဖေါ်ပြဖို့ အစီစဉ် ရှိပါတယ်။ ဒီပို့စ်မှာ ကင်ဆာရောဂါ ခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်လာပုံကို မိတ်ဆက်ပေးပြီး အသည်းကင်ဆာ အမျိုးအစားနှင့် ရောဂါ အဆင့်သတ်မှတ်ပုံကို အဓိက တင်ပြထားပါတယ်။


ကင်ဆာရဲ့ အခြေခံသဘောသဘာဝ


ပုံမှန်ဆဲလ်ပွားပုံနှင့် ကင်ဆာဆဲလ် ပွားပုံ (ဓါတ်ပုံတွေကို နှိပ်ပြီး ပုံကြီးကို ကြည့်နိုင်ပါတယ်)

ကင်ဆာဆိုတာ ဆဲလ်တွေမှာ ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။ ဆဲလ်ဆိုတာကတော့ အနုကြည့်မှန်ပြောင်း (Microscope) ဖြင့် ကြည့်မှသာ မြင်နိုင်တဲ့ ခန္ဓာကိုယ်ကို ဖွဲ့စည်းထားတဲ့ အသေးငယ်ဆုံးသော အဖွဲ့အစည်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို ကြီးထွားစေဖို့၊ သက်တမ်းကုန်ဆုံးတဲ့ ဆဲလ်တွေ (သို့) ဒါဏ်ရာ ဒါဏ်ချက် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးဆုံးရှုံး သွားတဲ့ ဆဲလ်တွေကို ပြန်လည် အစားထိုးဖို့အတွက် သက်ရှိတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဆဲလ်တွေဟာ အဆက်မပြတ် ပွား (Multiply) လျက် ရှိပါတယ်။ ဒီလို ပွားတဲ့နေရာမှာ ပုံမှန်အားဖြင့်တော့ ဆဲလ်တွေဟာ သူ့အစီစဉ်နှင့်သူ လမ်းကြောင်းအမှန်အတိုင်း ထိန်းချုပ်မှု အောက်မှာပဲ ပွားလေ့ရှိပါတယ်။ သို့သော်လည်း တခါတရံမှာ အကြောင်းမညီညွတ်ပါက အခန့်မသင့်ဘဲ လမ်းကြောင်းပြောင်းကာ ထိန်းချုပ်လို့မရ ဖြစ်သွားတတ်ပါတယ်။ ဒီလိုဖြစ်သွားရင် ကျူမာ (Tumour) လို့ ခေါ်တဲ့ အစေ့လေးကို စဖြစ်တဲ့နေရာမှာ ဖြစ်ပေါ်စေပါတယ်။

ကျူမာမှာ Benign Tumour နှင့် Malignant Tumour ဆိုပြီး နှစ်မျိုး နှစ်စားရှိပါတယ်။ ဘီနိုင်းကျူမာက မိမိ စတင်ဖြစ်ပေါ်တဲ့ နေရာမှာပဲ ရှိနေတတ်ပြီး တခြားကို လွင့်သွားခြင်းမရှိပါ။ သို့သော်လည်း ကျူမာအလုံးကြီးလာပါက ပတ်ဝန်းကျင်မှာ ရှိတဲ့ တစ်သျှူးတွေ၊ တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေကို မကူးစက်မပြန့်နှံ့သော်လည်း သွားပြီးဖိအားပေးကာ နာကျင်ထိခိုက်စေနိုင်ပါတယ်။ ဘီနိုင်းကျူမာကို ကင်ဆာဆဲလ်ဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်တဲ့အတွက် ဘီနိုင်းကျူမာကို ခန္ဓာကိုယ်ထဲမှာ တွေ့ခြင်းဟာ ကင်ဆာတွေ့ခြင်းမဟုတ်ပါ။ သို့သော်လည်း တချို့ဘီနိုင်းကျူမာများကို မကုသဘဲ ထားပါက ကင်ဆာဆဲလ်များ ဆင့်ပွားဖြစ်လာနိုင်ပါတယ်။

မူလကင်ဆာဆဲလ် စတင်ဖြစ်ပေါ်သည့် နေရာမှ တခြားနေရာသို့ ကင်ဆာဆဲလ် ပြန့်နှံ့ရောက်ရှိပုံ

Malignant Tumour က ကင်ဆာဆဲလ်ဖြင့် ဖွဲ့စည်းထားပြီး ၎င်းစတင်ဖြစ်ပွားတဲ့နေရာကို Carcinoma (ကင်ဆာစတင်ဖြစ်ပေါ်ခြင်း) လို့ ခေါ်ပါတယ်။ စတင်ဖြစ်ပွားရာကနေ တဖြည်းဖြည်း ကြီးထွားလာ၊ ပွားလာပြီး အနီးပတ်ဝန်းကျင် တစ်သျှူးတွေအထိ ပြန့်နှံ့သွားနိုင်ပါတယ်။ ၎င်းအဆင့်ကိုတော့ အစဦးကင်ဆာ (Primary Cancer) လို့ခေါ်ပါတယ်။ အချိန်ကြာမြင့်လာတဲ့ အခါမှာ အနီးအနား ပတ်ဝန်းကျင် တစ်သျှူးမှာတင်မကပဲ ကင်ဆာဆဲလ် တချို့ဟာ အဝေးကို လွင့်သွားပြီး အဝေးမှာရှိတဲ့ အရိုးအပါအ၀င် တခြား အင်္ဂါအစိတ်အပိုင်း တခုခုမှာ သွားပြီးတွယ်ကပ်ကာ ဆက်ပွားပါတယ်။ ၎င်းကို Secondary Cancer/Matastasis (ဆင့်ပွားကင်ဆာ) လို့ခေါ်ပါတယ်။ ဒါကတော့ အသည်းကင်ဆာအပါအ၀င် ကင်ဆာအများစုရဲ့ အခြေခံ ဖြစ်ပါတယ်။

အသည်း၏လုပ်ဆောင်ချက် အကျဉ်း

အသည်း၏ တည်နေရာနှင့် အနီးနားတ၀ိုက် အင်္ဂါအစိတ်အပိုင်းများပုံ

အသည်းကင်ဆာ အကြောင်းကို မပြောခင် အသည်းအကြောင်းကို အနည်းငယ် ဖေါ်ပြသင့်ပါတယ်။ အသည်းက ခန္ဓာကိုယ်မှာ ရှိတဲ့ အတွင်းအင်္ဂါအစိတ်မပိုင်းများအနက် အကြီးဆုံးဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ညာဘက်အခြမ်း နံရိုးတွေ အောက်နား၊ ညာဘက်အဆုပ်နှင့် ကန့်လန့်ကာကြွက်သား (Diaphragm) ရဲ့ အောက်တည့်တည့်မှာ ရှိပါတယ်။ ပိရမစ်ပုံ ရှိပြီး ဘယ်ဘက်နဲ့ ညာဘက် စိတ်အပိုင်းနှစ်ခုအဖြစ် တွယ်ဆက်လျက် ရှိပါတယ်။ အသည်းဟာ အရွယ်အစားကြီးသလောက် ခန္ဓာကိုယ်အတွက် လုပ်ပေးရတဲ့ အလုပ်ကလည်း အင်မတန် များပါတယ်။ အသည်းဟာ နှလုံးမှ အောက်စီဂျင် သယ်လာသော သွေးကိုလက်ခံပြီး နှလုံးမှတဆင့် ခန္ဓာကိုယ်တခုလုံးသို့ ပြန်ဖြန့်ဖြူးရန် နှလုံးသို့ ပြန်လည်ပို့ပေးပါတယ်။ အသည်းက ပို့ပေးတဲ့ အာဟာရကြောင့် ခန္ဓာကိုယ်တခုလုံးအတွက် လည်ပတ်ဖို့ စွမ်းအင်ကို ရရှိပါတယ်။

အသည်းဟာ အရေးကြီးတဲ့ လုပ်ငန်းစဉ်တွေ များစွာကို ဆောင်ရွက်ပါတယ်။
(၁) စားလိုက်တဲ့ အစားအစာတွေကို ခန္ဓာကိုယ်က အဆင်သင့်အသုံးပြုနိုင်စေရန် သကြားဓါတ်နဲ့ အဆီဓါတ်ဖြစ်အောင် ပြောင်းလဲပေးခြင်း၊
(၂) အာဟာရကို သိုလှောင်ပေးခြင်း
(၃) အဆီကို ခြေဖျက်ရန်အတွက် အသည်းခြေရည်ကို ထုတ်ပေးခြင်း
(၄) ပိုလျှံသော အစားအစာများကို အဆီနှင့် ဂလိုင်ကိုဂျင်ကို သကြားဓါတ်အဖြစ် ပြောင်းလဲကာ သိုလှောင်ထားပေးခြင်း၊
(5) အဆီတွင် ပျော်ဝင်နိုင်သော ဗီတာမင်တချို့နဲ့ သတ္တုဓါတ်တချို့ကို သိုလှောင်ပေးခြင်း
(၆) သွေးအတွက် အသားဓါတ် ထုတ်လုပ်ပေးခြင်း
(၇) သွေးပျစ်ခြင်းနှင့် ကျဲခြင်းကို ခန္ဓာကိုယ်မှာ လိုရင်လိုသလို ပြုပြင်ပေးခြင်း
(၈) ခန္ဓာကိုယ်လည်ပတ်ရန်အတွက် လိုအပ်တဲ့ တခြားဓါတ်ပေါင်းတချို့ကို ထုတ်လုပ်ပေးခြင်း
(၉) အရက်လို ခန္ဓာကိုယ်အတွက် ဒုက္ခပေးတဲ့ အရာတွေကို အဆိပ်မဖြစ်အောင် ခြေဖျက်ပေးခြင်းနှင့် အညစ်ကြေးတွေကို ဖယ်ရှားပေးခြင်း စသည်တို့အပါအ၀င် အသည်းဟာ ခန္ဓာကိုယ်အတွက် လုပ်ငန်းများစွာကို ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဒါကြောင့်မို့ အသည်းမကောင်းသော သူတဦးမှာ ဒီလုပ်ငန်းစဉ်တွေအတွက် မထိခိုက်အောင် ဂရုပြုဖို့ အထူးလိုအပ်ပါတယ်။

အသည်းကင်ဆာ
အသည်းကင်ဆာဆိုတာ အသည်းမှာ Malignant Tumour ရှိနေခြင်းဖြစ်ပါတယ်။ အသည်းကင်ဆာမှာ အစဦး အသည်းကင်ဆာ (Primary cancer) နှင့် နောက်ဆက်တွဲ ကင်ဆာ (Secondary cancer) ဆိုပြီး နှစ်မျိုးရှိပါတယ်။

Primary Liver Cancer (အစဦး အသည်းကင်ဆာ)
အစဦးအသည်းကင်ဆာမှာလည်း Cholangio Carcinoma ခေါ် သည်းခြေပြွန်တ၀ိုက်မှာ စတင်ဖြစ်ပေါ်တဲ့ အသည်းကင်ဆာနှင့် hepatocellular carcinoma ခေါ် အသည်းထဲက ဆဲတွေမှာ စတင်ဖြစ်ပွားတဲ့ အသည်းကင်ဆာဆိုပြီး နှစ်မျိုး ရှိပါတယ်။ ဒီအမျိုးအစားက အသည်းခြောက်ရောဂါ (Cirrhosis) သမားတွေမှာ အများဆုံး ဖြစ်ပေါ်တတ်တဲ့ အမျိုးအစား ဖြစ်ပါတယ်။ Primary Liver Cancer က Secondary Liver Cancer ထက် အဖြစ်နည်းသည်ကို တွေ့ရှိရပါတယ်။

မူလအသည်းကင်ဆာ ဖြစ်ရခြင်းအကြောင်းအရင်း
ဖြစ်ရခြင်း အကြောင်းအရင်းကို အတိအကျ ရှာဖွေတွေ့ရှိခြင်း မရှိသေးပါ။ သို့သော် ၎င်းအသည်းကင်ဆာ ဖြစ်သောသူ အများစုမှာ အောက်ပါအချက်များနှင့် ပတ်သက်သူများဖြစ်ပါတယ်။
(၁) အသည်းရောင် အသားဝါ (B) or (C) ကြောင့် ရောဂါဖြစ်နေသည့် လူနာ
(၂) အရက် သေစာကို အချိန်ကြာမြင့်စွာ သောက်သုံးလာသူ
(၃) အသည်းခြောက်ခြင်းနှင့် တခြားအသည်းရောဂါ တခုခု ရှိနေသောသူများတွင် Pramary Liver Cancer ကို အများဆုံး တွေ့ရပါတယ်။ သို့သော်လည်း မူလအသည်းကင်ဆာက တဆင့်ခံ အသည်းကင်ဆာထက် အဖြစ်နည်းပါတယ်။

Secondary Liver Cancer (နောက်ဆက်တွဲ အသည်းကင်ဆာ)
တခြားနေရာတွေမှာ အစဦး ဖြစ်ပွားတဲ့ ကင်ဆာဆဲလ်တွေက အသည်းကို ပြန့်နှံ့ရောက်ရှိလာလို့ တဆင့်ခံ ဖြစ်ပွားတဲ့ အသည်းကင်ဆာ ဖြစ်ပါတယ်။ အသည်းဟာ တခြားအင်္ဂါအစိတ်ပိုင်း အားလုံးနီးပါးနဲ့ ဆက်စပ် ပတ်သက်နေတဲ့အတွက်ကြောင့် တခြားအင်္ဂါ အစိတ်ပိုင်းမှာ ကင်ဆာဖြစ်ပါက အသည်းကို အလွယ်တကူ ပြန်နှံ့နိုင်ပြီး အသည်းကင်ဆာရသူ အများစုမှာ Secondary Liver Cancer ရသည့် ဦးရေက မူလအစဦးကင်ဆာ ရသူထက် အဆနှစ်ဆယ် ပိုများပါတယ်။ ထို့အတူ Secondary Liver Cancer ကိုလည်း မူလရောဂါ စဖြစ်တဲ့ နေရာနှင့်ပဲ အမည်ပေးလေ့ရှိပါတယ်။ ဥပမာ စအိုကင်ဆာက ပြန့်နှံ့လာတဲ့ အသည်းကင်ဆာဖြစ်ရင် Metastatic bowel cancer လို့ ခေါ်လေ့ရှိပါတယ်။ မူလဖြစ်တဲ့နေရာမှာ ကင်ဆာကို စတွေ့တဲ့အချိန်မှာ နောက်ဆက်တွဲ ပြန့်နှံ့လာလို့ ဖြစ်လာတဲ့ အသည်းကင်ဆာကိုပါ တခါတည်းတွေ့တာ ရှိသလို နောက်မှ ထပ်တွေ့တာလည်း ရှိနိုင်ပါတယ်။

အသည်းကင်ဆာရဲ့ လက္ခဏာများ
မူလ အသည်းကင်ဆာ၌ အစပိုင်းမှာ ထူးခြားသည့် လက္ခများကို မတွေ့ရပါ။ နောက်ပိုင်း အခြေအနေ ဆိုးလာမှ သိရှိရတဲ့ အသည်းကင်ဆာရဲ့ လက္ခဏာ များကတော့…
(၁) အားနည်းပြီး မောပမ်းနွမ်းနယ်နေခြင်း
(၂) အသည်းတည်ရှိရာ နေရာဖြစ်တဲ့ နံရိုးတွေရဲ့ အောက်ဘက်ရှိ ၀မ်းဗိုက်ရဲ့ ညာဘက်အပေါ်ဒေါင့်မှာ နာကျင်ခြင်း၊
(၃) ကိုယ်အလေးချိန် ကျဆင်းခြင်း
(၄) အစားအသောက်ပျက်ခြင်း
(၅) မျက်လုံးနဲ့ အသားရောင်များ ၀ါလာခြင်း
(၆) ပျို့ချင်အန်ချင်ခြင်း
(၇) ၀မ်းဗိုက်ဖေါင်းပွလာခြင်း
(၈) အဖျားဝင်ခြင်း စတဲ့လက္ခဏာတွေကို တွေ့နိုင်ပါတယ်။

အသည်းကင်ဆာကို အဆင့် သတ်မှတ်ခြင်း
ကင်ဆာရောဂါ ရှိကြောင်း စတင်စမ်းသပ်တွေ့ရှိသည်နှင့် ပြန့်နှံ့မှု ရှိမရှိဆိုတာကိုပါ တခါတည်း တွေ့ရှိရပါတယ်။ မူလစတင်ဖြစ်ပွားတဲ့ နေရာကနေ ပြန့်နှံ့မှု ရှိမရှိနှင့် ပြန့်နှံ့မှု ရှိသော်လည်း ဘယ်အတိုင်းအတာထိ ပြန့်နှံ့နေပြီဆိုတဲ့အပေါ် မူတည်ပြီး ရောဂါအဆင့်ကို သတ်မှတ်ပါတယ်။
အဆင့် (၁) ကင်ဆာရဲ့ အရွယ်အစား ၂ ဆင်တီမီတာထက် မပိုသေးခြင်းနှင့် စတင်ဖြစ်ပွားတဲ့နေရာကလွဲပြီး တခြားဘယ်မှ မပြန့်နှံ့သေးသည့်အဆင့်။
အဆင့် (၂) ကင်ဆာက အသည်းထဲရှိ သွေးကြောများအထိ ပြန့်နှံ့နေခြင်း (သို့) ကျူမာအရေအတွက် တခုထက်ပိုရှိနေခြင်း
အဆင့် (၃) A: ကင်ဆာ အရွယ်အစား ၅ ဆင်တီမီတာထက် ပိုကြီးနေခြင်း (သို့) အသည်းရဲ့ အနီးတ၀ိုက် သွေးကြောများအထိ ပြန့်နှံ့နေခြင်း
အဆင့် (၃) B: ကင်ဆာက အသည်းအနီးအနားရှိ တခြားအင်္ဂါအစိတ်အပိုင်း အထိ ပြန့်နှံ့နေခြင်း။ သို့သော်လည်း ပြန်ရည်ကြော အဖုထိ မရောက်သေးခြင်း။
အဆင့် (၃) C: ကင်ဆာက အနီးအနားတ၀ိုက် အင်္ဂါအစိတ်အပိုင်း တခုခု အပြင် ပြန်ရည်ကြောဖုအထိ ပြန့်နှံ့နေခြင်း
အဆင့် (၄) ကင်ဆာက အနီးအနားရှိ အင်္ဂါအစိတ်မပိုင်းများ၊ ပြန်ရည်ကြောဖုအတွင်းနှင့် အဝေးထိ တခြားအင်္ဂါအစိတ်အပိုင်းအထိ ပြန့်နှံ့နေခြင်း စသည်ဖြင့် ၆ ဆင့်ခွဲခြားထားပါတယ်။

Progranosis ကုသနိုင်သည့် အခွင့်အလမ်း
အခြေအနေအပေါ် မူတည်ပြီး Primary Cancer ကို စောစွာ တွေ့ရှိပါက ပျောက်ကင်းအောင် ကုသနိုင်သည့် အခွင့်အလမ်း ရှိနိုင်ပါတယ်။ Secondary Cancer ကိုတော့ ပြန့်နှံ့နေပြီ ဖြစ်တဲ့အတွက် ကုသမှုဖြင့် လုံးဝ အမြစ်မပြတ်နိုင်တော့သော်လည်း အသက်ဆက်လက် ရှင်သန်နိုင်သည့်ကာလကို အတတ်နိုင်ဆုံး ပိုမိုရှည်လျားစေရန်နှင့် နာကျင်ခြင်းကို သက်တောင့်သက်သာ ရှိစေရန် ကုသမှုကို ခံယူနိုင်ပါတယ်။

ကင်ဆာရောဂါ ဖြစ်ပွားနေသည်ကို စမ်းသပ်တွေ့ရှိရတဲ့ ဆရာဝန်က ကလေးနှင့်စိတ်ပုံမှန် မဟုတ်သော လူနာမဟုတ်ရင် လူနာရဲ့ ရောဂါနဲ့ အခြေအနေ (ကင်ဆာရောဂါ ရောက်ရှိနေသည့်အဆင့်) ကို ထိန်ချန် ဖုံးကွယ်ထားပိုင်ခွင့် မရှိပါ။ ကုသနိုင်သည့် လမ်းကြောင်း ဘယ်နှစ်ခုရှိပြီး လမ်းကြောင်းတခုစီရဲ့ ကောင်းကျိုးဆိုးကျိုး နှစ်ခုစလုံးကို ဆရာဝန်က လူနာ နားလည်အောင် ရှင်းပြရပါတယ်။ ဆက်လက်ကုသမှုအတွက် ဆရာဝန်ရှင်းပြတဲ့ လမ်းကြောင်းတွေအထဲက မိမိအတွက် အကောင်းဆုံး ထင်တဲ့လမ်းကြောင်းကို လူနာက ရွေးချယ်ရပါတယ်။ မိမိရွေးချယ်တဲ့ ကုသမှု လမ်းကြောင်းရဲ့ ကောင်းကျိုးဆိုးကျိုး နှစ်ခုစလုံးကို မိမိသိဖို့လိုပါတယ်။
အသည်းကင်ဆာကို ကုသရာမှာ အသည်းပြင်ပသို့ ကင်ဆာဆဲလ် မပြန့်နှံ့သေးတဲ့ Primary အဆင့်မှာ ကုသပါက ခွဲစိတ်ကုသပြီး အသည်းအစိတ်အပိုင်းကို ဖြတ်ထုတ်ခြင်းမှသည် အသည်းအစားထိုး ကုသခြင်းအထိရှိပြီး လုံးဝပျောက်ကင်းအောင် ကုလို့ နိုင်ပါတယ်။ အသည်းကို ခွဲစိတ်ကုသရာမှာ တခြားအင်္ဂါအဖွဲ့အစည်းတွေကို ခွဲစိတ်ကုသထာထက် အားကောင်းသည့် အချက်မှာ အသည်းဟာ သုံးပုံနှစ်ပုံခန့် ဖြတ်ထုတ်ခံရသည့်တိုင်အောင် ဖြတ်ထုတ်ခံရသည့် အစိတ်အပိုင်းနေရာမှာ ဆဲလ်တွေ ပြန်ပွားပြီး နှစ်ပတ်မှ တလနှစ်လ ကာလအတွင်း မူလအသည်း ဖွဲ့စည်းပုံနှင့် အရွယ်အစားအတိုင်း သူ့အလိုလို ပြန်ဖြည့်စွက်ပေးခြင်း ဖြစ်ပါတယ်။

မိမိ (သို့) မိမိ မိသားစုအဖွဲ့ဝင် တဦးဦးမှာ ကင်ဆာ ရှိပြီဆိုတာ သိတာနဲ့ Dignosis လုပ်ပေးတဲ့ ဆရာဝန်ကို ကင်ဆာ အမျိုအစားနှင့် အဆင့်အပါအ၀င် ကုသာရန်အတွက် မိမိသိချင်တာ သိသင့်တာ အကုန်မေးဖို့ တကယ်လိုအပ်ပါတယ်။ ရောဂါ ကုသမှုကို တိုင်ပင်ရန် ဆရာဝန်က အဓိကဖြစ်သော်လည်း ကင်ဆာရောဂါကို ကုသရာမှာ Health Care Team တခုလုံးက တာဝန်ယူပါတယ်။ ကျန်းမာရေးကို အစိုးရတာဝန်ယူသည့် နိုင်ငံများတွင် ကင်ဆာ ရရှိသည့် လူနာများအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြုစုပျိုးထောင်မှုအတွက် ဆက်သွယ်ရန် ဌာနတွေ၊ Services တွေ များစွာ ရှိပါတယ်။ လူနာအနေနှင့် ဘယ်လို Services ကို ရရှိနိုင်ပြီး အဲဒီ Service တွေအတွက် ကုန်ကျစာရိတ်ကို အစိုးရက တာဝန်ယူမှု ရှိမရှိ၊ မရှိပါက မိမိအနေနှင့် စိုက်ထုတ်နိုင်ဖို့ ကုန်ကျနိုင်သည့် ခန့်မှန်းခြေစာရိတ် စတာတွေကို ဆရာဝန်နှင့် အကုန်လုံး မေးမြန်းတိုင်ပင်သင့် ပါတယ်။

ဆရာဝန်ကို မေးမြန်းသင့်သည့် မေးခွန်းများ
(၁) မိမိမှာ diagnosis လုပ်ထားတဲ့ အသည်းကင်ဆာက ဘာအမျိုးအစား အသည်းကင်ဆာလဲ။
(၂) ကင်ဆာက အသည်းရဲ့ အပြင်ကို ပြန့်နှံ့နေပြီလား။ အကယ်၍ ပြန့်နှံ့နေပါက ဘယ်အထိ ရောက်နေပြီလဲ။
(၃) မိမိမှာ ရှိတဲ့ အသည်းကင်ဆာက ဘယ်အဆင့်မှာ ရှိလဲ။
(၄) ကုသနိုင်တဲ့ အခွင့်အလေမ်း အတိုင်းအတာက ဘယ်အထိ ရှိလဲ။
(၅) ဘယ်လို စမ်းသပ်မှုတွေကို ထပ်လုပ်ဖို့လိုလဲ။
(၆) ဘယ်လို ကုသမှုကို အကြံပြုတိုက်တွန်းချင်လဲ။
(၇) ကုသမှု တခုစီမှာ ရှိတဲ့ ဘေးထွက်ဆိုးကျိုးနဲ့ ဆက်ပွားပြဿနာတွေက ဘာတွေလဲ။
(၈) တခြား ရွေးချယ်စရာ ဘာများရှိသေးလဲ။ အကယ်၍ မရှိဘူး ပြောပါက ဘာကြောင့်လဲ။
(၉) တခြား ဖြည့်စွက်ကုသနည်း (Complementary Therapy) တွေနဲ့ ကုသလို့ ရတာ ဘာတွေရှိနိုင်လဲ။
(၁၀) ဆေးရုံမှာ ဘယ်လောက် ကြာကြာနေရမလဲ။
(၁၁) ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ ဘယ်လောက် အချိန်ယူရမလဲ။
(၁၂) Chemotherapy က ဘာအတွက် အသုံးပြုလဲ။ ဆိုးကျိုးတွေက ဘာရှိလဲ။
(၁၃) ကင်မိုသရဖီအတွက် ကုန်ကျစာရိတ် ဘယ်လောက်ရှိလဲ။
(၁၄) ဒီကုသမှုက မိမိရဲ့ လိင်ပိုင်းဆိုင်ရာနှင့် မျိုးပွားခြင်းဆိုင်ရာကို ထိခိုက်နိုင်ပါသလား။
(၁၅) ဘယ်လောက်မှာ ဘယ်နှစ်ကြိမ် တခါ (How ofteen) စမ်းသပ်စစ်ဆေးမှုကို ပြုလုပ်ဖို့ လိုအပ်သလဲ။
(၁၆) ကုသမှု တခု ပြီးဆုံးသွားပြီးနောက် နောက်တကြိမ် ကင်ဆာ ပြန်ထလာရင် ဘယ်လိုဆက်လုပ်ရမလဲ စသည့်တို့ ပါဝင်နိုင်တဲ့ မိမိ သိချင်တဲ့ အချက်တွေအားလုံးကို ဆရာဝန်နှင့် မေးမြန်း တိုင်ပင်ဖို့ လိုအပ်ပြီး ကုသမှုကို ခံယူသင့်ပါတယ်။



Bibliography
Cancer Council NSW. (2007). Understanding liver cancer: A Guide for people with cancer, their families and friends. NSW: Cancer Conucil NSW.


Read More...

Saturday, February 20, 2010

Soft Drinks & Pancreatic Cancer




ပုံ (၁) အမျိုးမျိုးသော soft drinks များ
Reference : http://freetipstricks.com/photos/2009/09/soft-drinks2.jpg


မြန်မာနိုင်ငံမှာ soft drink လို့ ခေါ်တဲ့ အချိုရည်ပုလင်းတွေကို မြိုင်မြိုင်ဆိုင်ဆိုင်ထုတ်လာကြတာ နှစ် ၂၀ လောက်ရှိပြီ ထင်ပါတယ်။ Pepsi တို့ 7up တို့က စလိုက်တာ အခု fruito တို့ cola တို့ခောတ် အထိပါပဲ။ ကြားထဲမှာ lippo တို့ ကျွဲရိုင်းတို့လည်း ပါပါသေးတယ်။ သူတို့ကို energy drink လို့လည်း ခေါ်ကြတယ်။ ဘာဖြစ်လို့လဲဆိုသော် သူတို့ထဲမှာ သကြားဓာတ်တွေ အမြောက်အမြားပါဝင်တယ်။ သကြားဆိုတာ body အတွက် စွမ်းအင်ပဲ။ အဲဒီတော့ အချိုရည်သောက်လိုက်ရင် လန်းသွားတယ်ဆိုတာ တကယ်တော့ မဆန်းလှပါဘူး။ ပေါ်စတုန်းက အရမ်းခောတ်စားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မြို့ပေါ်ကလူတွေက ဒီအချိုရည်တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုတာ သိရှိလာကြပါတယ်။ ရလဒ်အဖြစ် သောက်တော့သောက်ကြတယ်။ အလွန်အကျူးမသောက်ကြတော့ဘူး။ နယ်ဘက်မှာတော့ အစကတည်းက သိပ်ပြီး သောက်ကြလေ့ မရှိဘူးထင်ပါတယ်။




ဒီအချိုရည်တွေကို America မှာတော့ အခုထက်ထိ စွဲစွဲမြဲမြဲ သောက်ကြတုန်းပဲ။ Coca cola ကလည်း အရမ်းနာမည်ကြီးတယ်လေ။ ကြော်ငြာအားကလည်း တကယ်ကောင်းတာ။ American တွေက ကျန်တဲ့နေရာမှာသာ တော်ရင်တော်မယ်။ ကျန်းမာရေး အမူအကျင့်နဲ့ ပတ်သက်လာရင် ဗမာတွေနဲ့ သိပ်ကွာတာ မဟုတ်ဘူး။ အဲဒါကြောင့်လည်း အ၀လွန်ရောဂါတွေ လူငယ်တွေကြားမှာ အရမ်းဖြစ်လာတာ။ သူတို့တတွေက သိသိချည်းနဲ့ နေချင်သလိုနေ နေကြသလိုပဲ။
အခု အဲဒီ အချိုရည်တွေနဲ့ ပတ်သက်ပြီး သုတေသန စာတမ်းတစ်စောင် ထွက်လာတယ်။ ပြုလုပ်တဲ့ တက္ကသိုလ်ကတော့ Washington, DC က Georgetown University Medical Center ကပါ။ ထိုစာတမ်းကို ဖေဖော်ဝါရီလထုတ် ကင်ဆာ မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။ အချို၇ည် သောက်မှုနဲ့ Pancreas Cancer တို့ရဲ့ ဆက်သွယ်မှုကို သိရှိအောင် စင်ကာပူ နိုင်ငံမှာရှိတဲ့ တရုတ်လူမျိုးတွေကြားမှာ သုတေသနကကို ပြုလုပ်ခဲ့ပါတယ်။ ကြာမြင့်ချိန်ကတော့ ၁၄ နှစ် ဖြစ်ပါတယ်။
Pancreas ကို ဗမာလို မုန့်ချိုအိတ်လို့ တချို့ကလည်း ခေါ်ကြတယ်။ body အတွက် အရမ်းအရေးကြီးတဲ့ Insulin ဟော်မုန်းကို သူက ထုတ်ပေးပါတယ်။ နောက်ပြီး အစာခြေတဲ့ ဖြစ်စဉ်မှာလည်း တစ်တပ်တစ်အား ပါဝင်ပါသေးတယ်။ Pancreas ဟာ ဗိုက်ထဲမှာ တည်ရှိပြီး အူများ ကလီစားများရဲ့ အနောက်မှာ တည်ရှိပါတယ်။ တစ်ခါတစ်ရံတွင် ကျောက်တည်ခြင်းကြောင့် သို့မဟုတ် အရက်သောက်ခြင်းကြောင့် ရောင်တတ်သည်မှာလွဲ၍ လူကို တော်ရုံတန်ရုံ ဒုက္ခမပေးပါ။ Pancreas တွင် ကင်ဆာဖြစ်ပါက အစပိုင်းတွင် မည်သည့်လက္ခဏာမှာ မပြတတ်သော်လည်း ရောဂါရင့်လာသောအခါ သည်းခြေပြွန်ကို ပိတ်စေပြီး အသားဝါခြင်းကို ဖြစ်စေတတ်သည်။ ရောဂါစောစောစီးစီးသိရှိပါက ခွဲစိတ်ကုသပျောက်ကင်းနိုင်သော်လည်း quality of life သည် ယခင်ကလောက် မကောင်းတော့ပေ။ ထို့ကြောင့် မဖြစ်အောင် ကာကွယ်ခြင်းကသာ အကောင်းဆုံးဖြစ်ပါသည်။ ခက်တာက ဘာကြောင့် ကင်ဆာဖြစ်ရသလဲဆိုတာ ဘယ်သူမှ အတိအကျ မပြောနိုင်သောကြောင့် ကာကွယ်ရန်လည်း မလွယ်လှပေ။ ဆေးလိပ်သောက်ခြင်းနှင့် အ၀လွန်ခြင်းတို့ကြောင့် ဖြစ်နိုင်သည် ဟု ပြောကြသော်လည်း ရာခိုင်နှုန်းက အရမ်းနည်းပါးသောကြောင့် "ခင်ဗျား ဆေးလိပ်ဖြတ်လိုက် pancreas ကင်ဆာမဖြစ်ဘူးလို့ အာမခံတယ်လို့ "ယတိပြတ်ပြောလို့မရပေ။ ကင်ဆာကို ဖြစ်စေတဲ့လို့ သံသယရှိခြင်းခံရသူတွေကတော့ အ၀လွန်ခြင်း၊ အမျိုးအစား ၂ ဆီးချိုရှိသူများ နှင့် ဆေးလိပ်သောက်သူများ ဖြစ်ကြပါတယ်။ အခုတော့ နောက်ထပ်အသစ်တစ်ခုတိုးလာပြီပေါ့။






ပုံ (၂) pancreas တွင် ကင်ဆာဖြစ်ပွားနေပုံ
Reference : http://www.topnews.in/health/files/Pancreatic-Cancer2.gif








ပုံ (၃) pancreas cancer ကို ခွဲစိတ်ရန်အတွက် ဖြတ်တောက်ပစ်ရသော အစိတ်အပိုင်းများ
Reference : http://pathology.jhu.edu/pancreas/images/pcheadwhipple.gif



သုတေသနအကြောင်းကို ပြန်ပြောရရင် သူက လူတွေရဲ့ အအေးသောက်တဲ့ပုံစံ၊ lifestyle နဲ့ ဒီကင်ဆာရောဂါရဲ့ ဆက်စပ်မှုကို ရှာဖွေတာပါ။ သုတေသနရဲ့ အစမှာ ပါဝင်သောသူတွေရဲ့ ၉.၇ ရာခိုင်နှုန်းလောက်က တစ်ပတ်မှာ soft drink (coca cola or similar energy drink) တွေကို ၂ ကြိမ်နဲ့ အထက် သောက်သုံးကြပါတယ်။ ၁၀ ရာခိုင်နှုန်းလောက်ကတော့ သစ်သီးဖျော်ရည်အစစ်တွေကို တစ်ပတ် ၂ ကြိမ်လောက် သောက်ကြပါတယ်။ soft drink သောက်သူအများစုဟာ ယောက်ကျားတွေ ဖြစ်နေတတ်ပြီး သူတို့ဟာ ပညာတတ်တယ်။ အရက်သောက်တယ်။ အလုပ်များတယ်။ ကိုယ်လက်လှုပ်ရှားနည်းတယ်။ ဆေးလိပ်လည်း သောက်ကြတယ်။ သစ်သီးဖျော်ရည်သောက်သူတွေကလည်း မထူးမခြားနားသော lifestyle တွေရှိကြတယ်။ အဲဒီတော့ သူတို့မှာ ကွာတာက အအေးသောက်ရင် တစ်ချို့က soft drink သောက်ပြီး တချို့က သစ်သီးဖျော်ရည် သောက်ကြပါတယ်။ ၁၄ နှစ် ကြာပြီးနောက် သူတို့ကို follow up လည်းလုပ်လိုက်ကော အယောက် ၆ သောင်းခွဲလောက်မှာ ၁၄၀ က pancreas ကင်ဆာဖြစ်နေတာကို တွေ့ရပါတယ်။ အရေအတွက်ချင်း ယှဉ်ကြည့်လိုက်ရင် မသိသာပေမယ့် ဖြစ်သူအများစုက soft drink ကို တစ်ပတ်ကို ၂ ကြိမ်ထက် ပိုသောက်နေသူတွေ ဖြစ်ပါတယ်။ တကယ်တော့ လူတိုင်းကတော့ တစ်လကို တစ်ကြိမ်လောက်တော့ သောက်မှာပါ။ သို့သော် သူတို့ထက် တစ်ပတ်ကို ၂ ကြိမ်ထက်မက သောက်သူတွေက ၉၅ ရာခိုင်နှုန်းလောက် ဖြစ်ဖို့ အခွင့်အလမ်းပိုများနေတာ တွေ့ရပါတယ်။ lifestyle ချင်းအတူတူ သစ်သီးဖျော်ရည်သောက်သူတွေကတော့ ဖြစ်နိုင်ချေ ၃၀ ရာခိုင်နှုန်းလောက်ပဲ တက်လာတာကို တွေ့ရပါတယ်။သုတေသီတွေရဲ့ ယူဆချက်ကတော့ soft drink တွေတစ်ခုတည်းကြောင့် ကင်ဆာဖြစ်ဖို့ထက် အခြားသော ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်နည်းပုံစံတွေနဲ့လည်း ပတ်သက်ပါတယ်တဲ့။ လူကလည်း နေချင်သလိုနေမယ်။ အချိုရည်တွေလည်း နင်းကန် သောက်နေသူတွေသာ ကင်ဆာဖြစ်တာ တွေ့ရပါတယ်။
ဒီ post ကို ဖတ်ပြီးတော့ အအေးထုတ်တဲ့ ကုမ္ပဏီတွေကို တရားစွဲဖို့ မဟုတ်ပါဘူး။ ဒီအအေးတွေကလည်း ကိုယ်တကယ်ပင်ပန်းလာတဲ့အချိန်မျိုးတွေမှာ သောက်လိုက်ရင် လန်းဆန်းတက်ကြွစေပါတယ်။ သို့သော် အလွန်အကျွံမသောက်ဖို့တော့လိုပါတယ်။ သူတစ်ခုတည်းကြောင့် ကင်ဆာဖြစ်နိုင်သလား မဖြစ်နိုင်ဘူးလားဆိုတာ ဘယ်သူမှ အတိအကျမသိသေးတဲ့အတွက် သတိထားသင့်ပါကြောင်း။ ။



Reference


http://www.medscape.com/viewarticle/716806

Read More...

Saturday, December 19, 2009

အဘိုးအို အဖေလိုကောင်းပါမှ

သြော် ဟေမာ ဟေမာ
(တကယ်ရီချင်တာပါ မဟေမာ ရန်စတာ မဟုတ်ပါဘူးဗျာ)
ကြော်ငြာကောင်းတာနဲ့ ၂ ပို့စ်တောင် ရေးဖြစ်သဗျာ။
သို့သော်လဲ အဲတဲ့ ပထမပို့စ်မှာ လူနာကို ချစ်သူလို သဘောထားရင် ဘာဖြစ်လဲဆိုတာကို အခု ဖြစ်နေတဲ့ အမှုလေး ၃ ခုနဲ့ ဝေေ၀ဆာဆာ ရေးပြမိတာ။
ချစ်လှစွာသော ကိုယ့်ရဲ့ဆရာကို ပြမိတော့ ...

"ညီလေး ညီလေး မင်းဟာကြီးက လက်ရှိ ဗမာပြည်ကြီးကို သရော်တာလားကွာ" တဲ့

"မှတ်ထား" တဲ့

"ဖျက်ပလိုက် မင်းပို့စ်ကို" တဲ့

အဲနဲ့ဘဲ တပို့စ်ဘဲကျန်ပါတယ်ခညာ။

အဲနဲ့ ဘဲ လူနာကို အဖေလို သဘောထားကုရင် ဘာဖြစ်လဲဆိုတာ ဇာတ်ကြောင်းလေးလှန်ရပါတော့မယ်။

အချိန်သည်ကားဆိုရင် ၃ နဲ့ ၄ မှာ ဆရာ ××× ရင်ခေါင်းခွဲစိတ်ကုဌာန ထူထောင်ပြီးချိန်။
ဆရာကြီး ××× မသေသေးချိန်ပေတည်း။

ထိုအခါတွင် လူကြီးတယောက်တွင် Ca E ဖြစ်ပါသည်။
ထိုလူကြီးကား သူ့ခေတ်တွင် အကောင်တကောင်ပေတည်း။
သားသမီးများလဲ တော်ရှာပါသည်။ သားသမီး ၅ယောက် ၆ယောက်သည် အားလုံး ဆရာဝန်များ ဖြစ်သည်သာမက ယူလိုက်သည်မှာလဲ ဆရာဝန် အင်ဒုံနီယာတွေချည်းပင်။

ထိုရောအခါ ပြသနာဖြစ်ပါပြီ။
ခွဲခန်းတွင် သားတယောက်က အပ်ထားသော ဆရာ ××× လက်ဆေးနေခိုက် ဆရာကြီး ××× သည် သမီးတယောက်က ပင့်လို့ ကြွလာလေပြီ။ တဖန်တုံ သားမက်တော်က ပင့်သော ဆရာကြီး နောက်တယောက်လဲ ခွဲခန်းထဲ ရောက်လာလေသတတ်။

ယင်းနှင့်ဘဲ မင်းလုပ်ပါ။ ငါလုပ်ပါနှင့် နောက်ဆုံးတွင် ၀ါအကြီးဆုံး ဆရာကြီးတယောက် ခွဲမိပါလေတည်း။

Ca E ကိုခွဲရာတွင်ကား လက်တို့သည် အမြဲသွေးနေရပေသည် (ယခုအခါ ယူကေတွင် တနှစ်ကို လူ ၂၀ ထက်လျော့ခွဲသော ဆာဂျင်သည် နောက်နှစ်မှစပြီး လုပ်ခွင့်မရှိတော့ပေ။) ချုပ်ရသော် ထိုလူနာသည် နောက်နေ့တွင် Anastomosis leakage ရလေသတည်း။

ထိုအခါတွင် ပွဲတော်ကြီး စလေပြီ။
သမီးက ပင့်လာသော သမားတော်ကြီး ×××
သားက ပင့်လာသော ဆရာကြီး ×××
သားမက်က ပင့်လာသော ဆရာကြီး ××× စုစုပေါင်း ဆရာကြီး ၆ယောက် ကြည့်လေသတည်း။

ဆရာကြီး (၂)။ ။ ဟေ့ ကောင်လေးလာစမ်း

လက်ထောက်ဆရာဝန်။ ။ ခညာ ဆရာ

ဆရာကြီး (၂)။ ။ ဒီကောင် ဆရာကြီး(၁)က ငါ့လူနာမှတ်တမ်းထဲ ဘာလို့ရေးရတာလဲကွ။ ပြောလိုက် ငါ့ လူနာလို့

(ဆရာကြီး ၁ ရေးသည်ကို ဖျက်စေ )

ဆရာကြီး (၁)။ ။ ဟေ့ကောင်လေး လာစမ်း ငါ့ လူနာ မှတ်တမ်းကို ဘယ်ကောင်ဖျက်လဲကွ

လက်ထောက်ဆရာဝန်။ ။ ဆရာကြီး (၂) ပါခညာ

ဆရာကြီး (၁)။ ။ အံမာ ရာရာစစ ငါ့လူနာကို

(ဆရာကြီး ၂ရေးသည်များကို ဖျက်စေ)

ထိုနှင့်ပင် ဆရာဝန်လေးခမျာ လူနာမှတ်တမ်း ၆ခု လုပ်ရလေတော့သည်။
လူနာလဲ ကုထုံး ၆ မျိုး ဆရာကြီး ၆ ယောက်ကုသည်နှင့် အသက်ပျောက်လေသတည်း။
(အမှန်တော့ ဘယ်လိုဘဲ ကုကုပါဗျာ ။ Ca E anastomosis leak ဆိုကြွတာပါဘဲ)

ကဲ မဟေမာရေ ဂျပန်က ခုထိ နာမည်ကျော် အသက် ၉၀ ကျော် ဆရာဝန်ကြီးဆိုလို့ လေးတော့လေးစားပါတယ်ဗျာ။ ဒါပေမဲ့ မြတ်စွာဘုရားနဲ့ သာဝကကြီးများ စကားကလွဲရင် ကျန်တဲ့သူ စကားတော့ လက်တွေ့ လုပ်နေရတာနဲ့ မကိုက်ရင် မကိုက်ကြောင်း ပြန်ပြောရမှာဘဲဗျ။ ကျွန်တော်တို့ အဘိုးဆရာ ဦးပြည်သိမ်းကြီး စကားရှိတယ် "ဟေ့ ... ဘယ်သိုင်းဆရာက ပြတဲ့နည်း ဖြစ်ဖြစ် လက်တွေ့ချကြည့်။ ရန်သူလဲပြီး ကိုယ်မကွဲမှ နည်းမှန်ကွ" တဲ့။

PS ငယ်နိုင်ရ ဒီစာရေးတော့ မင်းပြောဘူးတာနဲ့ ကိုယ်သတိထားပြီး မရီမိအောင် အတည်ရေးတာဘဲ။ မရပါဘူး။ ကိုယ်ထင်တယ်။ ကိုယ်ဟာ အဘိဓမ္မာသဘောအရ သောမနဿသန္ဒေထင်တယ်။ ဘာဘဲသတိရရ ရီစရာဘဲ သတိရနေတော့တာဘဲ။

PPS မဟေမာ ဒီစာတင်လို့ မခင်ဘူး မထင်ပါနဲ့။ ဟေမာဆိုတဲ့ နာမည် မြင်ထဲက ခင်ပါတယ်။ ငယ်ထဲက ဟေမာဆိုတဲ့ နာမည်ကို နိမိတ်ပုံလေးနဲ့ကို မှတ်မိနေတာ။ :P


××× ဘလောက် အင်ဒမင်၏ ဖြည့်စွက်ချက် ×××

ခက်ဆစ်။


၃ နဲ့ ၄ = ရန်ကုန်ပြည်သူ့ဆေးရုံကြီး လူနာဆောင် (၃) နှင့် (၄)
Ca E = Cancer Esophagus (လည်ချောင်းကင်ဆာ)
Anastomosis leakage = ပြန်ဆက်ချုပ်ရိုး မလုံခြင်း

Read More...

Sunday, December 6, 2009

(Ca Cx) သာအိမ်အ၀ ကင်ဆာ

“ကဲယုံချင်ယုံ မယုံချင်နေ” ဆိုတဲ့ထဲမှာ ကင်ဆာရဲ့သမိုင်းလဲ ပါတယ်။ ဟိုရှေးရှေးကတည်းက ရှိခဲ့တဲ့ ရောဂါ ဖြစ်လို့ပါ။ ဘီစီ ၁၅၀၀ က အီဂျစ် Papyrus ရှေးဟောင်းစာမှာ ရင်သားကင်ဆာ လူနာ ၈ ယောက်ကို ကုသတယ်လို့ မှတ်တမ်း တင်ခဲ့တယ်။ ကင်ဆာကို နာမယ် စပေးခဲ့သူကတော့ ဆေးပညာဖခင်ကြီးလို့ သတ်မှတ်ခံရတဲ့ Hippocrates ဖြစ်တယ်။ ဘီစီ ၄၀၀ တုံးက (ဟစ်ပိုခရေးတီးစ်) ကနေ သားအိမ်ကင်ဆာ “ကုရာနတ္ထိ”လို့ ဆိုခဲ့ပါတယ်။

ဆေးပညာ မသင်ဘူးလို့ ရောဂါတွေအကြောင်း သိပ်မသိပေမဲ့၊ ဗေဒင်ကိုတော့ ပိုသိကြမယ် ထင်ပါတယ်။ ကင်ဆာ နာမယ်ဟာ ဗေဒင်ကနေ လာတာပါ။ ဇွန် ၂၁ ကနေ ဇူလိုင် ၂၂ ရက်အတွင်း မွေးဖွါးသူတွေရဲ့ ဆယ့်နှစ်ရာသီခွင် ရုပ်ဟာ မြန်မာလို ပုဇွန်လုံး (ကရကဋ်)၊ အင်္ဂလိပ်လို Cancer zodiac sign 'The Crab' မဟုတ်ပါလား။ ဗေဒင်ဟောရရင် သူတို့ဟာ စိတ် သိပ်လှုတ်ရှားသူတွေပေါ့။ ဒီအရုပ်နဲ့ ကင်ဆာ ဘယ်လို ဆက်စပ်သလဲ။ အရုပ်ကို သေသေခြာခြာ ကြည့်ပါ။ ခြေထောက်တွေ အများကြီး မဟုတ်လား။ ကင်ဆာက အဲလိုဘဲ ဟိုရောက် ဒီရောက် သွားလွန်းလို့၊ ဖြစ်တဲ့နေရာတွင် မကဘဲ ကူးစက်စေတဲ့ အဓိပ္ပါယ်ကို ဖေါ်ညွှန်းတာ ဖြစ်ပါတယ်။

အိန္ဒိယမှာ Chaini Khaini (ခိုင်နီး)ဆိုတဲ့ ငုံဆေးကို ရောင်းတဲ့အခါ ကင်ဆာအန္တရာယ်ရှိတယ်လို့ သိစေအာင် အရုပ်ကိုပါ ပုံနှိပ်ပြီးမှ ရောင်းစေတယ်။ လွဲနေတာက ပုဇွန်လုံးရုပ် မဟုတ်ဘဲ ကင်းမြီးကောက် ဖြစ်နေတယ်။ ကင်းမြီးကောက် Scorpio ဆိုတာကလဲ ဆယ့်နှစ်ရာသီခွင် ရုပ်ဖြစ်တယ်။ ဒီလူမျိုးတွေက အောက်တိုဘာ ၂၃ နဲ့ နိုဝင်္ဘာ ၂၂ ကြား ဖွါးသူများပါ။ ဗေဒင်အရ ပဋိပက္ခနဲ့ မွေးလာသူတွေလို့ ဆိုပါတယ်။ အဝေးကြီး သွားရှာစရာ မလိုဘူးနော်။ သိပ်မလွဲဘူးလို့တော့ ပြောရမလား၊ Scorpion ဆိုတာကလဲ လူကို သေစေတဲ့ အဆိပ်ရှိ အကောင်ဘဲ။

အမျိုးသမီးများမှာ အဖြစ်များတာတွေက ရင်သားကင်ဆာ၊ အဆုပ်ကင်ဆာ၊ အူမကြီးကင်ဆာလို့ သတ်မှတ် ရာကနေ အခု သားအိမ်အ၀ကင်ဆာဟာ ဒုတိယနေရာ ရောက်လာပြီ။ သေစေတတ်တဲ့ ကင်ဆာမှာတော့ နံပါတ် ၅ လိုက်တယ်။ အမျိုးသမီး ၁ သိန်းမှာ ၁၆ ယောက်ဖြစ်ပြီး၊ ၉ ယောက် သေဆုံးရတယ်။ တနှစ် သန်းတ၀က် ဖြစ်နေပြီး၊ ၂ သိန်းခွဲကျော် သေနရပါသတဲ့။

အီဂျစ်သမိုင်းမှာ ရင်သားကင်ဆာကို မှတ်တမ်းတင်နိုင်ခဲ့တာက အပြင်ကနေ စမ်းကြည့်လို့ ရတာကြောင့် ဖြစ်မယ် ထင်တယ်။ မှန်ပါတယ် ရင်သားမှာ အလုံး-အကြိတ် ရှိ-မရှိ ကိုယ့်ဖါသာကိုယ် စမ်းတဲ့နည်းရှိတယ်။ သားအိမ်အ၀ဆိုတာက မမြင်ကွယ်ရာ ဟို အထဲထဲမှာ ရှိတာကိုး။ သားအိမ်ရဲ့ ပါးစပ်လို အ၀ (အပေါက်) မှာ ဖြစ်ရတာ။ သားအိမ်အ၀ ကင်ဆာက အသက်ကြီးမှ ဖြစ်တာ များတယ်။ အသက် ၂၀ အောက်မှာ အနည်းဆုံး ဖြစ်ပြီး။ ၄၅ ကနေ ၅၅ အထိအရွယ်မှာ အများဆုံးဖြစ်တယ်။ ဒါပေမဲ့ Jade Goody ဆိုတဲ့ ဗြိတိန်က တီဗွီ မင်းသမီးဟာ ဒီရောဂါနဲ့ဆုံးတော့ အသက် ၂၇ နှစ်ဘဲ ရှိသေးတယ်။

ကင်ဆာမှန်သမျှ ဘာ့လို့ဖြစ်ရတယ်ဆိုတာ တိတိကျကျ မသိကြရသေးပါ။ တချို့ အမျိုးအစားတွေမှာတော့ (ဗိုင်းရပ်စ်) လို့ သိနေရပါပြီ။ ၁၉၈၀ ကျမှ သားအိမ်အ၀ကင်ဆာရဲ့ တရားခံဟာ Human Papilloma Virus (HPV) လို့ သိလာခဲ့တယ်။ (HPV) ဆိုတာ သားအိမ်အ၀ ကင်ဆာ နှစ်မျိုးထဲက တမျိုးကို ဖြစ်စေပါတယ်။ သူ့ကြောင့် ဆိုရင်တော့ လိင်ဆက်ဆံတာကနေ ကူးစက်နိုင်တယ်။ မွေးလမ်းမှာ ကြွက်နို့ဖြစ်တာနဲ့လဲ ဆိုင်တယ်။

အများအားဖြင့် စောစောပိုင်းမှာ ဘာလက္ခဏာမှ မပေါ်လို့ ကင်ဆာ ရှိနေမှန်း မသိနိုင်ဘူး။ အချိန်အခါမဟုတ် မွေးလမ်းကနေ သွေးဆင်းတာ။ သွေးဆုံးပြီးမှ သွေးဆင်းတာ။ အတူနေပြီး သွေးဆင်းလာတာ။ အတူနေတုံး ထူးပြီး နာကျင်တာ။ သွေးမဟုတ်ဘဲ အရည်ဆင်းတာ။ အနံ့ဆိုးထွက်တာမျိုးလဲ ရှိနိုင်တယ်။ အဖြူ၊ ပန်းရောင်၊ အနီရောင်၊ အညိုရောင်တွေလဲ ဆင်းတတ်တယ်။

သိပ်မဆိုးတာက သားအိမ်အ၀ကင်ဆာဟာ စောစောစီစီး မကူးတတ်ဘူး။ ပုဇွန်လုံးက အသွားနှေးတယ် မဟုတ်လား။ နောက်ဆက်ဖြစ်ရင် သားအိမ်ကနေ ဘေးကူးပြီ။ ကူးရင်လဲ အနီးအနားများတယ်။ အဝေးသွားရင် သွေးပြန်ရည်လမ်း ကနေကူးတယ်။ နောက်ပိုင်း ရောက်လာရင်တော့ အစားပျက်၊ အားယုတ်၊ ပိန်လာမယ်၊ တင်ပါးဆုံတွင်းက နာမယ်၊ ခြေထောက်နာ-ယောင်၊ ဆီးလမ်း၊ ၀မ်းသွားလမ်း ထိခိုက်၊ အရိုးနာတာတွေ ဖြစ်လာနိုင်တယ်။

လူ-တိရစ္ဆာန်-သစ်ပင် သက်ရှိတွေရဲ့ အသေးဆုံးအစိတ်အပိုင်း တခုကို Cell (ဆဲလ်) လို့ခေါ်တယ်။ အရေပြား၊ ကြွက်သား၊ အရိုး စသဖြင့် (ဆဲလ်) အမျိုးမျိုးရှိတယ်။ (ဆဲလ်) မှန်သမျှ အသစ် ဖြစ်လာကြ၊ ကြီးရင့်လာကြ၊ နောက်ဆုံး သေကြတယ်။ “အနိစ္စ အမြဲမရှိ၊ ဖေါက်ပြန် ပျက်စီးသည့် သဘောရှိ၏” ဆိုတာ ဆေးသိပ္ပံ အလိုအရပါ မှန်တယ်။

(ဆဲလ်)တွေ အသစ်ပေါက်ဘို့ မလိုဘဲ ပေါက်လာရင်၊ ဒါမှမဟုတ် သေရမဲ့(ဆဲလ်)က မသေတာမျိုး ဖြစ်လာရင် Lump (Tumor) အကြိတ် (အလုံး) နှစ်မျိုးထဲက တခုခုဖြစ်လာမယ်။ တခုကတော့ ကင်ဆာ။ တမျိုးက ကင်ဆာ မဟုတ်တဲ့ အကြိတ်။

အဲလို မူမမှန်တဲ့ (ဆဲလ်)တွေ ဖြစ်နေ-မနေ သိအောင် Pap smear လုပ်ရတယ်။ Pap နည်းဆိုတာက ၁၉၂၈ ကတည်းက စပေါ်တယ်။ Pap test စမ်းလို့ မကောင်းတာ တွေ့ရပေမဲ့ ရောဂါဟုတ် မဟုတ် စမ်းလို့ သေခြာမှ ကင်ဆာ ခေါ်တယ်။ ကင်ဆာ မဖြစ်သေးတဲ့ အဆင့်ကို Dysplasia လို့ ခေါ်တယ်။ ယောက်ျားတွေကို HPV ပိုး ရှိမရှိ စစ်ဆေးလို့ မရသေးပါ။

Pap smear နဲ့ ဆရာဝန်ပြတာကို အသက် ၂၀ ကျော်တွေ ၁ နှစ် တခါ မှန်မှန်လုပ်သင့်တယ်။ Pap test က ကောင်းနေယုံ နဲ့တော့ မရှိဘူးလို့ ရာနှုန်းပြည့် မပြောနိုင်ပါ။ ရောဂါရှိမှန်း သေခြာအောင် မွေးလမ်းကြောင်း စစ်ဆေးတာနဲ့ စရတယ်။ ကြည့်တာနဲ့ကို အနေအထား ပြောင်းနေတာ မြင်ရတယ်။ သေခြာအောင် အသားစ ဖြတ်ယူပြီး၊ ဓါတ်ခွဲခမ်းမှာ မှန်ဘီလူးနဲ့ စစ်ဆေးရတယ်။ Biopsy ခေါ်တာပေါ့။

ရောဂါကို နှိမ်နင်းဘို့ဆိုတာ လူတွေကို အသိရှိနေအောင် Awareness လုပ်တာဟာ အရေးပါတယ်။ Screening ခေါ်တဲ့ လူတွေကို အစုလိုက် Pap smear လုပ်ပေးရင် ရောဂါဖြစ်တာကို အစောကြီးသိရတယ်။ ကောင်းကောင်း ကုပေးနိုင်လို့ အသေအပျောက် အတော်နည်းလာတယ်။ မြန်မာပြည်မှာ အမျိုးသမီး ၁၀၀၀ ကို Pap Smear စစ်တမ်း ကောက်ယူ စစ်ဆေးခဲ့ဘူးတယ်။ အဲဒီမှာ သားအိမ်အ၀ကင်ဆာ ဖြစ်စပြုနေသူ ၅ ယောက်ကို တွေ့ရှိခဲ့ရတယ်လို့ ၈-၄-၁၉၇၀ ရက်နေ့မှာ ကျင်းပတဲ့ မြန်မာနိုင်ငံ ဆေးသုတေသန ဆွေးနွေးပွဲမှာ တင်ပြခဲ့ဖူးတယ်။

ကင်ဆာတွေထဲမှာ ကာကွယ်ဆေးရယ်လို့ရှိတာ ဒီရောဂါပါ။ ၂၀၀၆ ခုနှစ်မှာ အမေရိကန် FDA ကနေ အသိအမှတ် ပြုခဲ့တဲ့ ကာကွယ်ဆေးကို Gardasil လို့ခေါ်တယ်။ နောက်တမျိုးကတော့ Cervarix ပါ။ သားအိမ်အ၀ကင်ဆာ ၇၀% ကိုဖြစ်စေတဲ့ HPV နှစ်မျိုးအပြင် တခြား လိင်ကတဆင့် ကူးစက် ရောဂါတွေကိုပါ ကာကွယ်နိုင်တယ်။ ၉၂-၉၈% ထိရောက်တယ်။ သူများတိုင်းပြည်တွေမှာတော့ လိင်ဆက်ဆံတာမျိုးနဲ့ မကြုံနိုင်သေးတဲ့ အသက် ၉ နှစ်သမီးကနေ ၂၆ နှစ်အရွယ် မိန်းကလေးတွေကို ပြစ်မှတ်ထားပြီး ထိုးပေးတယ်။ မုဒိတာပွါးပါလေ။ ကိုယ့်ဆီအတွက် ခက်တာက ဆင်းရဲသူတွေ အဖြစ်များရတဲ့အထဲ ဆေးဈေးက ကြီးလှတယ်။

ကျန်းမာရေး (ဘလော့ခ်)မှာ ဒီရောဂါအကြောင်း တင်တုံးက ပြည်တွင်းက ဆရာဝန်တဦးကနေ (ကွန်မင့်)မှာ ရေးလာတာတခု ရှိတယ်။ “မြန်မာနိုင်ငံမှာ HPV ကာကွယ်ဆေးထိုးဘို့ အခက်အခဲတွေ ရှိနေပါတယ်။ လူအများစုက အဲဒီ ဗဟုသုတ နည်းနေကြပြီး၊ ဆေးတလုံး ကျပ် ၅ သောင်းလောက် ပေးနေရတယ်။ အစိုးရက ဖြစ်ဖြစ် အစိုးရမဟုတ်တဲ့ အဖွဲ့များကဖြစ်ဖြစ် တာဝန်ယူ ဆောင်ရွက်ပေးနိုင်ရင် သားအိမ်အ၀ ကင်ဆာ ဖြစ်ရတာကို အတော်ကြီး ကယ်တင်နိုင်မယ်”။ နောက်ဆရာတယောက် ရေးတာကတော့ “ဆေးတလုံးကို ၈၆၀၀၀ ကုန်ကျပြီး၊ စုစုပေါင်း ၃ လုံးထိုးရင် ကျပ်ငွေ ၂ သိန်း၊ ၄ ထောင် ကျပါတယ်”။

ရောဂါဖြစ်ရင် ၁-၂-၃-၄ ဆိုပြီး၊ အဆင့်တွေ သတ်မှတ်ထားတယ်။ ကုသတဲ့အခါလဲ အဆင့်လိုက် ကုရတယ်။ စောစောသိ၊ ချက်ချင်းကုရင် ပျောက်ပါတယ်။ အဆင့် ၁ ကို သားအိမ်ထုတ်ပေးရတယ်၊ သားအိမ်ဘေးက သွေးပြန်ရည် အကြိတ်တွေကိုပါ ထုတ်ရတာလဲရှိတယ်။ ကလေး ရချင်သေးသူများဆိုရင် (LEEP) နည်း လုပ်ပေးရတယ်။ အဆင့်၁ နောက်ပိုင်း ရောက်နေရင် အားလုံးကုန်ထုတ်နည်း နဲ့ ဓါတ်ကင်တာ လုပ်ပေးတယ်။ အဆင့် ၂ ရောက်နေရင် ဓါတ်ကင်တာနဲ့ ဆေးဝါးနဲ့ ကုပေးတာ ရောတယ်။ တချို့လဲ ခွဲစိတ်တာပါ လုပ်ရတယ်။ ၂၀၀၆ ကတည်းကသုံးနေတဲ့ဆေး ၂ မျိုးကတော့ Hycamtin နဲ့ Cisplation တို့ဖြစ်တယ်။

ကင်ဆာလူနာမှန်သမျှ ၅ နှစ်အထိ အသက်ရှင်သူ ရာနှုန်းဘယ့်လောက်ရှိလဲ ဆိုတာနဲ့ အဆိုးအကောင်း ခွဲခြား သတ်မှတ်တယ်။ အဆင့်စောလေ ကောင်းလေ။ အဆင့် ၁ ဆိုရင် ၈၀-၉၀%။ ၂ တွေက ၆၅-၇၀%။ ၃ က ၂၅-၃၀% နဲ့ နောက်ကျတဲ့ ၄ က ၁၅% ဖြစ်တယ်။

ပြည်တွင်းထုတ် မဂ္ဂဇင်းတခုမှာ ရေးတာရှိတယ်။ သားအိမ်ခေါင်းလို့ သုံးနှုံးတယ်။ “ကိုယ့်လူက ပါးစပ်ထဲ လက်ထည့်ရင်တောင် မကိုက်တတ်ဘူး” လို့ပြောပြီး၊ ရောဂါလက္ခဏာ ပေါ်လာသူ အမျိုးသမီးတွေ ဒုနဲ့ဒေး။ ပါတနာ (သို့) ခင်ပွန်းက ပျော်ပါးလို့ ဘဝနစ်မွန်းခဲ့ရတဲ့ အမျိုးသမီးတွေလဲ ရှိသလို ပါတနာ (သို့) ခင်ပွန်းကို အကြွင်းမဲ့ ယုံကြည်မိလို့ နောက်ဆုံး ဓားစာခံဖြစ်သွားတဲ့ အမျိုးသမီးတွေလဲ တပုံကြီးပါ။ တိုးတက်လွန်းပြီး၊ စိတ်မချရတဲ့ ခေတ်ကြီးထဲမှာ ဘယ်သူ့ ဘယ်သူကိုမှ ယုံဖို့ မခက်ပေဘူးလား” တဲ့။

ကွန်ဒွန်း (Condoms) သုံးတာ ဒီရောဂါအတွက်ပါ ကောင်းတယ်။ တကယ်လို့ အဖေါ်မှာ ကြွက်နို့ရှိနေရင် ဆက်ဆံဘို့ ငြင်းသင့်တယ်။ သားအိမ်အ၀ကင်ဆာဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ လိင်ဆက်ဆံသူတွေ အဖြစ်များလို့ ဆယ်ကျော်သက်များ သတိထားကြပါ။ ကလေး အမွေးများသူတွေမှာလဲ ပိုဖြစ်တတ်လို့ မိသားစုစီမံကိန်း လုပ်ကြပါ။ ဆင်းရဲ နွမ်းပါးသူတွေမှာ ပိုဖြစ်ကြရတယ်။ ချမ်းချမ်းသာသာ နေနိုင်အောင် ဒုတိယ-တတိယနိုင်ငံများ သွားချင် သွားပါလေ။ အဖေါ်များများနဲ့ လိင်ဆက်ဆံသူတွေမှာ အဖြစ်များလို့ အတူနေအဖေါ် နည်းနိုင်သမျှ နည်းသင့်တယ်။ တလင်-တမယားစနစ်ကို အလေးအနက် ပြန်ထားသင့်နေပြီ။

Dr. တင့်ဆွေ
၅-၁၂-၀၉

Read More...

Friday, November 20, 2009

Screening Breast Cancer

ရင်သားကင်ဆာ ရှိမရှိ ကြိုတင်စစ်ဆေးခြင်း

အခုရက်ပိုင်း အမေရိကန်နိုင်ငံ ကျန်းမာရေး သတင်းတွေမှာ ရေပန်းစားနေတာကတော့ အမျိုးသမီးများ ရင်သားကင်ဆာ ရှိမရှိ ကြိုတင်စစ်ဆေးခြင်းကို ဘယ်အသက်အရွယ်မှာ စပြီး လုပ်သင့်တယ်၊ ဘယ်လောက်တစ်ခါ လုပ်သင့်တယ် ဆိုတဲ့ ကိစ္စပဲဖြစ်ပါတယ်။ ဒီသတင်းနဲ့ ဆက်ဆိုင်တဲ့ သုတေသန စာတမ်းတွေ၊ ထောက်ခံအကြံပြုချက်တွေကို ပြန်လည် တင်ပြပြီး ဒီအချက်အလက်တွေဟာ မြန်မာနိုင်ငံက အမျိုးသမီးတွေနဲ့ ဘယ်လို ဆက်စပ်နိုင်လည်း ဆိုတာကိုပါ ဆက်လက် ဆွေးနွေးတင်ပြသွားပါမယ်။ ဆွေးနွေးချက်က နည်းနည်းရှည်တော့ အနှစ်ချုပ်ကို အရင်ဖော်ပြပြီး အသေးစိတ် အချက်အလက်တွေကို နောက်ပိုင်းမှာ ဖော်ပြထားပါတယ်။

အနှစ်ချုပ်

အမေရိကန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန (U.S. Department of Health and Human Services) ရဲ့ ဌာနခွဲ တစ်ခုဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေး မြှင့်တင်ရေး နဲ့ သုတေသန ဌာနခွဲ (Agency for Healthcare Research and Quality) က အရပ်ဖက် ပညာရှင်များ ပါဝင်တဲ့ အဖွဲ့တစ်ခု (U.S. Preventive Services Task Force) ဖွဲ့စည်းပေးပါတယ်။ ဒီအရပ်ဖက် ပညာရှင်တွေက ကျန်းမာရေးဝန်ကြီးဌာနရဲ့ စွက်ဖက်မှု၊ ကြိုတင်အဖြေထုတ်ပေးမှုတွေ မပါပဲ မိမိတို့ တတ်ကျွမ်းတဲ့ ပညာနဲ့ လွတ်လွတ်လပ်လပ် သုတေသနပြုပြီး ရလဒ်ကို အများပြည်သူ သိရှိရအောင် ထောက်ခံအကြံပြုချက် အနေနဲ့ ၂၀၀၉ ခုနှစ် နိုဝင်ဘာလမှာ အခုလို ထုတ်ပြန်ပါတယ်။
  • အမေရိကန်နိုင်ငံရှိ အသက် ၅၀ မှ ၇၄ နှစ်အတွင်း အမျိုးသမီးများ အားလုံး အနည်းဆုံး ၂ နှစ် ၁ ကြိမ် ရင်သားဓာတ်မှန်ရိုက်ပြီး စစ်ဆေးသင့်သည်။
  • အမေရိကန်နိုင်ငံရှိ အသက် ၄၀ မှ ၄၉ အတွင်းရှိ အမျိုးသမီးများ အနေဖြင့်မူ ပုံမှန် စစ်ဆေးရန်မလို။ အကယ်၍ ရင်သားကင်ဆာ ဖြစ်စေနိုင်သော မျိုးရိုးဗီဇ ရှိပါက ရင်သားဓာတ်မှန် ရိုက်သင့်မရိုက်သင့်ကို ဆရာဝန်နှင့် တိုင်ပင်ပြီး ဆောင်ရွက်သင့်သည်။
  • အမေရိကန်နိုင်ငံရှိ အသက် ၇၅ နှစ်ကျော် အမျိုးသမီးများအတွက်မူ မည်သည့် ထောက်ခံအကြံပြုချက်မျှ မပေးနိုင်သေးပါ။ (သုတေသနပြုချက်များ ပြည့်စုံလုံလောက်မှု မရှိ။)
ဒီလို ထောက်ခံအကြံပြုချက်ဟာ အမေရိကန်နိုင်ငံသူတွေ အတွက်သာ အဓိကဖြစ်လို့ မြန်မာနိုင်ငံသူတွေ အနေနဲ့ ဒီအတိုင်း ထပ်ချပ် ဆောင်ရွက်သင့်တယ်လို့ ပြောဖို့ခက်ပါတယ်။ နောက်တစ်ချက်က ရင်သားဓာတ်မှန်ရိုက်တဲ့ စက်နဲ့ ဓာတ်မှန်ဖတ်တတ်သူက မြို့တိုင်း နယ်တိုင်းမှာ မရှိပါ။ ရောဂါတွေ့လာလျှင် စနစ်တကျ ကုသပေးနိုင်တဲ့ ဆရာဝန်၊ ဆေးရုံများကလည်း အကန့်အသတ်နှင့်သာ ရှိပါတယ်။ ကုန်ကျစရိတ်ကလည်း ထည့်စဉ်းစားစရာ အချက်တစ်ခု ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးများကို ကိုယ်စားပြုတဲ့ ရင်သားကင်ဆာဆိုင်ရာ သုတေသန ပြုချက်တွေ ပိုပြီး ထွက်ပေါ်လာစေဖို့နဲ့ သုတေသန တွေ့ရှိချက်တွေကို ပြည်သူအများ သိရှိနိုင်အောင် ချပြ ပြောဆိုဖို့ လိုအပ်ကြောင်း ပြောလိုပါတယ်။

ကင်ဆာ၏ အခြေခံသဘောတရားများ

ကင်ဆာတို့ မည်သည် မျက်စိဖြင့်မမြင်နိုင် လက်ဖြင့် မစမ်းသပ်နိုင်သော အရွယ်အစားလေးမှ တဆင့် စမ်းသပ်နိုင်သည့် အရွယ်အထိ ကြီးထွားလာသည့် သဘောရှိသည်။ ကြီးထွားနှုန်း အနှေးအမြန်မှာ ကင်ဆာ အမျိုးအစား တစ်ခုနှင့် တစ်ခု မတူပေ။ လက်ဖြင့်ကိုင်တွယ် စမ်းသပ်နိုင်သော အဖုအကျိတ်အရွယ်ထိ ကြီးထွားလာနေပြီဆိုလျှင် အတော့်ကို အန္တရာယ်ရှိနေပေပြီ။ တဖန် အခြား ခန္ဓာကိုယ် အစိတ်အပိုင်းများကိုပါ ပြန့်ပွားနေပြီဆိုလျှင် ကင်ဆာရောဂါ အဆိုးဆုံး အခြေအနေကို ရောက်နေပြီဟု ပြောလို့ရနိုင်သည်။

ဘာကြောင့်ကြိုတင်စစ်ဆေးဖို့လိုအပ်တာလဲ

တကယ်လို့များ လက်ဖြင့် စမ်းသပ်နိုင်သည့် အဖုအကျိတ်အရွယ် မရောက်မီကပင် ကင်ဆာကို ရှာဖွေနိုင်ခဲ့ပြီး နည်းမှန်လမ်းမှန် ကုသနိုင်ခဲ့လျှင် အသက်ပိုရှည်နိုင်သည်။ ဒါကြောင့်လည်း ကျန်းမာရေး ပညာရှင်တွေက ကင်ဆာရှိမရှိ ကြိုတင် စစ်ဆေးဖို့ တိုက်တွန်းကြခြင်းဖြစ်သည်။ သို့ရာတွင် ‘ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးအတွက်လေး’ ဆိုတာမျိုး မဖြစ်ရအောင် ကင်ဆာရှိမရှိ ကြိုတင်စစ်ဆေးသည့် နည်းလမ်းများကြောင့် ဖြစ်လာနိုင်သည့် အန္တရာယ်များကိုလည်း ထည့်တွက်သင့်သည်။

အမျိုးသမီးများ နှင့် ရင်သားကင်ဆာ

ရင်သားကင်ဆာသည် အမျိုးသမီးများတွင်သာ ဖြစ်နိုင်သလော။ မဟုတ်ပါ။ အမျိုးသားများတွင်လည်း ဖြစ်နိုင်ပါသည်။ သို့ရာတွင် ကမ္ဘာပေါ်၌ ကင်ဆာကြောင့် သေဆုံးသူ အမျိုးသမီးများ အနက် ရင်သားကင်ဆာက အဓိက တရားခံဖြစ်သည်။ အမျိုးသားများ အတွက်မူ လည်ချောင်းနှင့် အဆုတ်ကင်ဆာများက ဒုက္ခအပေးဆုံးပင်။ (WHO global burden of disease)

ရင်သားကင်ဆာ ကြိုတင်စစ်ဆေးနည်းများ

အဓိက စစ်ဆေးနည်း ၅ မျိုးမှာ -
  1. သံလိုက်အားသုံး ဓာတ်မှန် – Magnetic Resonance Imaging (MRI)
  2. ရင်သား ဓာတ်မှန် – Film Mammography
  3. ရင်သား ဒစ်ဂျစ်တယ် ဓာတ်မှန် – Digital Mammography
  4. ဆရာဝန် စမ်းသပ်ခြင်း - Clinical Breast Examination
  5. မိမိကိုယ်တိုင် စမ်းသပ်ခြင်း - Breast Self Examination
အခုလို ကြိုတင်စစ်ဆေးနည်းမှာ ဘယ်ဟာက ပိုသာလဲ ဆိုတာကို တွေ့ရှိနိုင်စွမ်း (sensitivity) နဲ့ တိကျမှု (specificity) ဆိုတဲ့ အချက် နှစ်ချက် နဲ့တိုင်းပါတယ်။

ကြိုတင်စစ်ဆေးနည်း တစ်ခုရဲ့ ‘တွေ့ရှိနိုင်စွမ်း’ ဆိုတာဟာ ကင်ဆာရှိနေသူ လူ ၁၀၀ ကို စစ်ဆေးကြည့်လိုက်လို့ အဲဒီအထဲက ဘယ်နှစ်ယောက်ကို ကင်ဆာရှိနေပါတယ် လို့ မှန်မှန်ကန်ကန် အဖြေထွက်လဲ ဆိုတာကို ကြည့်ခြင်း ဖြစ်ပါတယ်။ ဥပမာ ပေးရရင် ဗေဒင်ဆရာ တစ်ယောက်ကို ဗေဒင်သွားမေးတယ် ဆိုပါစို့။ ခင်ဗျားအိမ်မှာ သရက်ပင် ရှိတယ်လို့ ဟောတယ်။ အိမ်မှာ သရက်ပင်ရှိတဲ့ မေးသူ ၁၀၀ မှာ ဘယ်နှစ်ယောက်ကို မှန်အောင် ဟောနိုင်လဲ ဆိုတာ ‘တွေ့ရှိနိုင်စွမ်း’ ပါပဲ။ သတိချပ်ဖို့က တချို့မေးသူတွေအိမ်မှာ သရက်ပင်ရှိပေမယ်လို့ ဗေဒင်ဆရာက သရက်ပင်ရှိတယ်လို့ မဟောလိုက်နိုင်ဘူး။ (မသိတဲ့ အခါလည်း မသိဘူးပေါ့)

‘တိကျမှု’ ဆိုတာကျတော့ ကြိုတင်စစ်ဆေးနည်း အဖြေက ကင်ဆာ ရောဂါရှိတယ် လို့ အဖြေထွက်ပေမယ့် တကယ်တန်း လက်တွေ့မှာ အဲဒီလူအားလုံး ရောဂါရှိနေတာ မဟုတ်ပါ။ တချို့တလေမှာ ရောဂါ မရှိပါပဲနဲ့ ကြိုတင်စစ်ဆေးနည်းက ရောဂါရှိပါတယ်လို့ အဖြေထွက်လာတာမျိုး ဖြစ်တတ်ပါတယ်။ ဥပမာ နဲ့ ရှင်းပြရရင် ဗေဒင်ဆရာက တစ်နှစ်အတွင်း ထီပေါက်မယ်လို့ ဟောလိုက်တယ်။ အဲဒီလို ထီပေါက်မယ်လို့ အဟောခံရတဲ့ လူ ၁၀၀ မှာ ဘယ်နှစ်ယောက်က တစ်နှစ်အတွင်း တကယ် ထီပေါက်သလဲ ဆိုတာဟာ ‘တိကျမှု’ ဖြစ်ပါတယ်။ သတိချပ်ဖို့က ထီပေါက်မယ် အဟောခံရတိုင်း ပေါက်ချင်မှ ပေါက်တာ။ (မှားတဲ့အခါလည်း မှားပေမပေါ့)

အထက်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်း ၅ မျိုးရဲ့ တွေ့ရှိနိုင်စွမ်း၊ တိကျမှုနဲ့ အမေရိကန်နိုင်ငံက ကုန်ကျစရိတ် ကို ဇယားနဲ့ ဖော်ပြလိုက်ပါတယ်။
စဉ်နည်းလမ်းတွေ့ရှိနိုင်စွမ်းတိကျမှုကုန်ကျစရိတ်
၁။သံလိုက်အားသုံး ဓာတ်မှန်၇၁ - ၁၀၀%၈၁ - ၉၁%ဒေါ်လာ ၃၆၀၀ + စမ်းသပ်ခ
၂။ရင်သား ဓာတ်မှန်၇၇ - ၉၅%၉၄ - ၉၇% ဒေါ်လာ ၈၅ + စမ်းသပ်ခ
၃။ရင်သား ဒစ်ဂျစ်တယ် ဓာတ်မှန်၇၇ - ၉၅%၉၄ - ၉၇%ဒေါ်လာ ၁၃၅ + စမ်းသပ်ခ
၎။ဆရာဝန် စမ်းသပ်ခြင်း၄၀ - ၆၉%၈၈ - ၉၉%စမ်းသပ်ခ
၅။မိမိကိုယ်တိုင် စမ်းသပ်ခြင်း၁၂ - ၄၁%--

ရာခိုင်နှုန်းတွေကို နမူနာ ရှင်းပြရမယ် ဆိုရင် -

ရင်သားဓာတ်မှန်ရဲ့ ကင်ဆာ တွေ့ရှိနိုင်စွမ်း ၇၇ မှ ၉၅% ဆိုတာ၊ တကယ်တန်း ကင်ဆာ ရောဂါရှိတဲ့ အမျိုးသမီး ၁၀၀ ကို ရင်သားဓာတ်မှန် ရိုက်ကြည့်ရင် ၇၇ ယောက်ကနေ ၉၅ ယောက်လောက်အထိရဲ့ ဓာတ်မှန်မှာ ကင်ဆာသဏ္ဍန်ကို တွေ့နိုင်ပါမယ်။ ဒါပေမယ့်လည်း ခန့်မှန်းချေ ၅ ယောက်ကနေ ၂၃ ယောက်လောက်ကတော့ ရောဂါရှိနေလျက်နဲ့ ဓာတ်မှန်မှာ ရောဂါ တွေ့မှာ မဟုတ်ပါဘူး။ တနည်း ပြောရရင် ဓာတ်မှန်မှာ ကင်ဆာ မတွေ့ဘူးဆိုတိုင်း ကင်ဆာ မရှိဘူးလို့ တတ်အပ် ပြောလို့ မရပါ။

တစ်ခါ တိကျမှု ၉၄ မှ ၉၇% ဆိုတာ ရင်သားဓာတ်မှန်မှာ ကင်ဆာသဏ္ဍန်တွေ့တဲ့ အမျိုးသမီး ၁၀၀ မှာ ၉၄ ယောက်ကနေ ၉၇ ယောက်လောက် အထိက တကယ် ကင်ဆာ ရှိကြပါတယ်။ တနည်း ပြောရရင် ဓာတ်မှန်မှာ ကင်ဆာ တွေ့တိုင်းလည်း ကင်ဆာ ရှိနေပြီလို့ သေချာပေါက် ပြောလို့ မရပါ။

ဒါဆို သေချာအောင် ဘယ်လို လုပ်ရမလဲ။

ရင်သားဓာတ်မှန်ရိုက်လို့ ကင်ဆာ သဏ္ဍန် တွေ့တယ်ဆိုရင် အဲဒီ ကင်ဆာ ဖြစ်နေတယ်လို့ သံသယရှိတဲ့ နေရာက အသားစ နမူနာယူပြီး ဓာတ်ခွဲ စစ်ဆေးရပါမယ်။ အဲဒါမှ ကင်ဆာရှိမရှိ ပိုပြီး သေသေချာချာ သိနိုင်မှာ ဖြစ်ပါတယ်။

ရင်သားဓာတ်မှန်ရိုက်လို့ ကင်ဆာ သဏ္ဍန် မတွေ့ရင်လည်း နောက် ၂ နှစ်နေရင် တစ်ခါ ပြန်ရိုက်သင့်ပါတယ်။

ရင်သားဓာတ်မှန်ရိုက်ပုံရိုက်နည်းနမူနာ

အောက်ပါ ယူကျု ဗွီဒီယိုကို ကြည့်ရှုလေ့လာနိုင်ပါတယ်။



ဘယ်အသက်အရွယ်မှာ စပြီးတော့ ရင်သားဓာတ်မှန် ရိုက်သင့်လဲ

အမေရိကန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဌာနခွဲ တစ်ခုဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေး မြှင့်တင်ရေး နဲ့ သုတေသန ဌာနခွဲ က အရပ်ဖက် ပညာရှင်များ ပါဝင်တဲ့ အဖွဲ့တစ်ခု ဖွဲ့စည်းပေးပါတယ်။ ဒီအရပ်ဖက် ပညာရှင်တွေက ကျန်းမာရေးဝန်ကြီးဌာနရဲ့ စွက်ဖက်မှု၊ ကြိုတင်အဖြေထုတ်ပေးမှုတွေ မပါပဲ မိမိတို့ တတ်ကျွမ်းတဲ့ ပညာနဲ့ လွတ်လွတ်လပ်လပ် သုတေသနပြုပြီး ရလာဒ်ကို အများပြည်သူ သိရှိရအောင် ထောက်ခံအကြံပြုချက် အနေနဲ့ ထုတ်ပြန်ပါတယ်။

ဒီနေရာမှာ ဆက်ဆိုင်လို့ ထောက်ခံအကြံပြုချက် (Recommendation) ရဲ့ အဓိပ္ပါယ်ကို ရှင်းချင်ပါတယ်။ ထောက်ခံအကြံပြုချက်ဆိုတာ ဥပဒေနဲ့ မတူပါဘူး။ လိုက်လုပ်လည်း ရတယ်။ မလုပ်ချင်လည်း ရတယ်။ ကင်ဆာဆရာဝန် သို့မဟုတ် ခွဲစိတ်ဆရာဝန်က ကိုယ့်သမ္ဘာ နဲ့ကိုယ် ဆုံးဖြတ်ပြီး ပညာရှင်တွေရဲ့ ထောက်ခံအကြံပြုချက်ကို မလိုက်နာပဲ ကုပေးတာကို ဘယ်သူကမှ လာပြီး အပြစ်ပေးလို့ မရပါ။ ဘယ် ရဲ ကမှလည်း စောင့်ကြည့်မနေပါ။

ဒါပေမယ့် ဘာသာရပ်ပိုင်းဆိုင်ရာ (ဒီကိစ္စမှာ ရင်သားကင်ဆာ ဆိုင်ရာ) တတ်ကျွမ်းတဲ့ ပညာရှင်တွေက ဒီလို ဒီလိုတော့ဖြင့် လုပ်သင့်ပါတယ် ပြောထားလျက်နဲ့ ကိုယ်က လိုက်မလုပ်ဖြစ်ခဲ့လို့ လူနာမှာ တစ်ခုခု နစ်နာ ဆုံးရှုံးသွားရမယ် ဆိုရင်တော့ နစ်နာမှုနဲ့ တရားစွဲတာ ခံရနိုင်ပါတယ်။ နောက်ပိုင်းကိစ္စကတော့ တရားခွင်မှာ ဆက်ရှင်းပေါ့။

အရပ်ဖက်ပညာရှင်အဖွဲ့ဆိုတာမျိုးက အခုမှ ပေါ်လာတာ မဟုတ်ပါ။ ၁၉၈၄ ခုနှစ်လောက် ကတည်းက ရှိခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေ ပြောင်းရင်သာ ပြောင်းသွားမယ် လွတ်လွတ်လပ်လပ် လုပ်ငန်းဆောင်ရွက်နိုင်မှု သဘောတရားကတော့ မပြောင်းပါ။ ရင်သားဓာတ်မှန်ရိုက်ပြီး ရင်သားကင်ဆာ ရှာဖွေကြည့်ခြင်း ဆိုင်ရာ ထောက်ခံအကြံပြုချက်ကို ၂၀၀၂ ခုနှစ်တုန်းက ဒီအဖွဲ့ကပဲ ပြောခဲ့ဖူးပါတယ်။ အခုတော့ သုတေသန တွေ့ရှိချက် အသစ်တွေပေါ် အခြေခံပြီး ၂၀၀၉ ခုနှစ် ထောက်ခံအကြံပြုချက်ကို ထုတ်တာပါ။ ဘာတွေကွာခြားလဲ ဆိုတာ နှိုင်းယှဉ်ကြည့်ရအောင်။

အမျိုးသမီးများ၏ အသက်၂၀၀၂၂၀၀၉
၄၀ - ၄၉ နှစ်၁ နှစ် (သို့) ၂ နှစ် လျှင် တစ်ကြိမ်နှုန်းဖြင့် ရင်သားဓာတ်မှန် ရိုက်သင့်သည်။ရင်သားဓာတ်မှန် ပုံမှန် ရိုက်စရာမလို။ လူတစ်ဦးချင်း အနေအထားပေါ် မူတည်၍ ဆရာဝန်နှင့် တိုင်ပင်ကာ လိုအပ်မှ ရိုက်သင့်သည်။
၅၀ - ၇၄ နှစ်၁ နှစ် (သို့) ၂ နှစ် လျှင် တစ်ကြိမ်နှုန်းဖြင့် ရင်သားဓာတ်မှန် ရိုက်သင့်သည်။၂ နှစ် ၁ ကြိမ်နှုန်းဖြင့် ရင်သားဓာတ်မှန် ရိုက်သင့်သည်။
၇၅ နှစ် အထက်၁ နှစ် (သို့) ၂ နှစ် လျှင် တစ်ကြိမ်နှုန်းဖြင့် ရင်သားဓာတ်မှန် ရိုက်သင့်သည်။သုတေသနပြုချက်များ လုံလောက်မှုမရှိသဖြင့် အတတ်မပြောနိုင်။

၂၀၀၉ ထောက်ခံအကြံပြုချက်မှာ ပါတဲ့ နောက်အချက် တစ်ခုကတော့ MRI, Digital Mammography နဲ့ ဆရာဝန် စမ်းသပ်တာတွေ အတွက်ကိုတော့ မည်သို့မျှ မပြောလိုကြောင်း၊ သုတေသန ပြုချက်များ မလုံလောက်ကြောင်း ပါရှိပါတယ်။ ‘မိမိကိုယ်တိုင်စမ်းသပ်ခြင်း’ နည်းလမ်းကိုတော့ ကြိုတင်စစ်ဆေးမှုအတွက် အသုံးမပြုသင့်ကြောင်း ပြောထားပါတယ်။

ဘာကြောင့် ဒီလို ထောက်ခံအကြံပြုသလဲ

ရင်သားကင်ဆာကြောင့် အသက်သေဆုံးရမှု လျှော့ကျစေဖို့ကို အဓိကရည်ရွယ်ပြီး ဒီလို ထောက်ခံအကြံပြုတာဖြစ်ပါတယ်။

သူတို့ ဘယ်လိုသိသလဲ

အမေရိကန် အရပ်ဖက် ပညာရှင်အဖွဲ့က အခြားသုတေသီတွေ လုပ်ဆောင်ခဲ့သမျှတွေကို စနစ်တကျ လေ့လာပြီး အနှစ်ချုပ်ရလဒ်ကို ကြည့်ပါတယ်။ နောက်ပြီးတော့ အမေရိကန်နိုင်ငံသူတွေရဲ့ ရင်သားကင်ဆာ ဖြစ်ပွားနှုန်း၊ ရောဂါအပြင်းအပျော့၊ ကင်ဆာကြောင့် သေဆုံးမှုနှုန်း စတဲ့ အချက်အလက်တွေကို ကွန်ပျူတာထဲ ထည့်သွင်းပြီး ဘယ်အသက်အရွယ်မှာ ရင်သားဓာတ်မှန် ရိုက်တာက ရင်သားကင်ဆာကြောင့် သေဆုံးမှုနှုန်းကို လျှော့ချပေးနိုင်လဲ ဆိုတာကို ဆန်းစစ်ပါတယ်။

ဒီဆန်းစစ်ချက်တွေအရ အသက် ၅၀ ကနေ ၆၉ နှစ်အတွင်း ရှိ အမျိုးသမီးများကို ၂ နှစ် ၁ ကြိမ် ရင်သားဓာတ်မှန် ရိုက်တာက ရင်သားကင်ဆာကြောင့် သေဆုံးမှုနှုန်းကို ၁၅ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ပြီး၊ မလိုအပ်ပဲ အသားစယူခံရမှု အနည်းဆုံး ဆိုတာ တွေ့ပါတယ်။ အသက် ၄၀ နဲ့ ၅၀ ကြား အမျိုးသမီးတွေကိုပါ ၂ နှစ် ၁ ကြိမ် ရင်သားဓာတ်မှန် ရိုက်ပြီး စစ်ဆေးမယ် ဆိုရင်တော့ ရှားရှားပါးပါး တစ်ယောက် တစ်လေရဲ့ အသက်ကို ထပ်ပြီး ကယ်တင်ကောင်း ကယ်တင်နိုင်ပါမယ်။ ဒီလို အသက်တစ်ချောင်း ကယ်တင်နိုင်ဖို့အတွက် လူ ၁၃၀၀ လောက်ကို ရင်သားဓာတ်မှန် ရိုက်ပြီးစစ်ဆေးဖို့ လိုပါမယ်။ ရင်သားဓာတ်မှန် ၁၂၉၉ ကြိမ် (တန်ဖိုးအားဖြင့် ဒေါ်လာ ၁ သိန်း ၃ သောင်းဖိုးလောက်) က အပိုရိုက်ရသလို ဖြစ်နေတယ်။ အကြမ်းဖျင်း ပြောကြေးဆိုရင် အသက်တစ်ချောင်းက ဒေါ်လာ ၁ သိန်း ၃ သောင်း တန်တယ် ဆိုပါစို့ရဲ့။ စာရှုသူဆိုရင် ဘယ်လို ဆုံးဖြတ်မလဲ။

ဆွေးနွေးချက်

ဒီ ထောက်ခံအကြံပြုချက် ထွက်ပေါ်အပြီးမှာ အမေရိကန် ရုပ်မြင်သံကြားတွေက ရင်သားကင်ဆာ ဝေဒနာရှင် အမျိုးသမီး တစ်ချို့နဲ့ တွေ့ဆုံပါတယ်။ ကာယကံရှင်တွေ ပြောတာက သူတို့တွေ အသက် ၄၀ ကျော် ၅၀ မတိုင်မီအရွယ်တုန်းက ရင်သားဓာတ်မှန် ရိုက်လိုက်မိလို့သာ ကင်ဆာကို စောစောတွေ့ပြီး အသက်ရှင်နိုင်တာပါတဲ့။ မှန်ပါတယ်။ တစ်ဦးချင်း အနေနဲ့ ဒီလို အတွေ့အကြုံမျိုးကတော့ ရှိမှာပါပဲ။ ဒါပေမယ့်လည်း ရုပ်မြင်သံကြားမှာ တွေ့ဆုံမေးမြန်း ခံရတဲ့ အမျိုးသမီး တစ်ယောက် ရှိရင်၊ သူ့လိုပဲ အသက် ၅၀ မတိုင်ခင် ရင်သားဓာတ်မှန် ရိုက်ပြီး ကင်ဆာမရှိပါပဲ ကင်ဆာရှိတယ်လို့ မှားပြီး သတ်မှတ်ခံရတဲ့ အမျိုးသမီးက ၈၈ ယောက် ရှိနေပါလိမ့်မယ်။ အဲဒီ ၈၈ ယောက်မှာတော့ မလိုအပ်ပဲ အသားစယူ စစ်ဆေးတာ ခံခဲ့ရမှာပါ။ ဒီလို မှားယွင်းပြီး အသားစယူခံရတဲ့ အမျိုးသမီး တွေကိုတော့ ရုပ်မြင်သံကြားတွေက တွေ့ဆုံမေးမြန်းခြင်း မပြုပါဘူး။

အခု ထောက်ခံအကြံပြုချက်ဟာ သိပ္ပံနည်းကျ စနစ်တကျ သုတေသနပြုပြီး ရလာတဲ့ အချက်အလက်တွေပေါ်မှာ အခြေခံ ရေးသားထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံတစ်နိုင်ငံရဲ့ ကျန်းမာရေး ပေါ်လစီ ချမှတ်တဲ့ အခါမှာ သိပ္ပံနည်းကျတာ မကျတာ တစ်ချက်တည်းနဲ့ ဖြစ်ချင်မှ ဖြစ်ပါတယ်။ ဥပဒေပြု အမတ်တွေကို ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူလူထုက မကြိုက်ရင် သိပ္ပံနည်း ဘယ်လို ကျနေနေ အမတ်တွေ ဘာမှ မတတ်နိုင်ပါဘူး။

နောက်တစ်ချက်က ရင်သားဓာတ်မှန်ကြောင့် အကျိုးဖြစ်နေသူတွေ (ဥပမာ ဓာတ်မှန်စက် တီထွင်သူတွေ၊ ဓာတ်မှန်စက် ထောင်သူတွေ၊ ဓာတ်မှန် ဆရာဝန်တွေ) လည်း အများအပြားရှိသေးတော့ သူတို့ရဲ့ အမြင်တွေကလည်း ဥပါဒါန် မကင်းနိုင် ဖြစ်တတ်ပါတယ်။

နောက်ဆုံး လူတွေ မပြောချင်ကြပေမယ့် မပြောမဖြစ်ပြောရမယ့် ကိစ္စက ငွေရေးကြေးရေးပါ။ ‘ငွေဘယ်လောက်ကုန်ကုန် ကုလိုက်မယ်’ ဆိုတာ စကားအဖြစ်သာ ရှိပါတယ်။ တကယ်တန်းမှာ မိသားစုတိုင်း၊ မိသားစုတိုင်း ငွေကြေးတတ်နိုင်မှုပေါ် မူတည်ပြီး ကျန်းမာရေး စောင့်ရှောက်မှုအတွက်ကို သုံးကြရပါတယ်။ နိုင်ငံတစ်နိုင်ငံမှာလည်း ဒီအတိုင်းပါပဲ။ တိုင်းပြည်က ဘယ်လောက် ချမ်းသာနေလဲ၊ ကျန်းမာရေးအတွက် ဘယ်လောက် ငွေအကုန်ခံနေလဲ ဆိုတဲ့ အချက်တွေဟာ အရေးကြီးတဲ့ အချက်တွေပါ။

မြန်မာအမျိုးသမီးများနဲ့ ဘယ်လို သက်ဆိုင်မလဲ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သုံးသပ်ချက်အရကတော့ အရှေ့တောင်အာရှ နိုင်ငံတွေမှာ ရင်သားကင်ဆာဟာ အမျိုးသမီးတွေအတွက် ဒုတိယ ဒုက္ခအပေးဆုံး ဖြစ်ပါတယ်တဲ့။ ဒီလိုဆိုတော့ အရှေ့တောင်အာရှထဲမှာ ပါတဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေအတွက်လည်း အရေးကြီးတာပေါ့။

မြန်မာနိုင်ငံအနေနဲ့ ရင်သားကင်ဆာ ကြိုတင်စစ်ဆေးခြင်း ကိစ္စကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဆောင်နိုင်နေပြီလို့တော့ မကြားမိသေးပါ။ စာရေးသူတို့ ဆေးကျောင်းသား ဘ၀ကများဆိုရင် ရင်သားကင်ဆာ ဝေဒနာရှင်တွေဟာ အဖုအကျိတ် အတော်ကြီးကို ကြီးမှ ဆေးရုံရောက်လာကြတာတွေ ရှိပါတယ်။ ရောဂါကျွမ်းမှ ရောက်လာတာပေါ့။ ကုသရလည်း ခက်ခဲသွားပြီး အသက်ရှင်ဖို့လည်း မလွယ်တော့ပါ။

ဒီနေ့ ဒီအချိန်မှာတော့ မြို့ကြီးတွေမှာ ရင်သားဓာတ်မှန် ရိုက်လို့ ရနေပါပြီ။ ဒါပေမယ့် မြို့တိုင်းမှာတော့ မရသေးပါ။ ကျန်းမာရေး ဗဟုသုတရှိသူ ဆေးရုံဆေးခန်းနဲ့ နီးစပ်သူများကတော့ ရင်သားဓာတ်မှန် ရိုက်ဖို့ ဆရာဝန်နဲ့ တိုင်ပင်တာတွေ ရှိလာနေပါပြီ။ တစ်ဖက်မှာလည်း ရင်သားဓာတ်မှန်ရိုက်တယ် ဆိုတာကို ဘာမှန်း မသိသူများလည်း ရှိပါသေးတယ်။ အရွယ်ရောက်တဲ့ မြန်မာ အမျိုးသမီးတိုင်း ရင်သားကင်ဆာ ဗဟုသုတ ရှိနေဖို့ အတော်အားထုတ် လုပ်ဆောင်ရပါဦးမယ်။

ဖော်ပြပါ သုတေသန ပြုချက်တွေဟာ အမေရိကန် အမျိုးသမီးတွေကို အဓိကထား စဉ်းစားထားတာဖြစ်လို့ မြန်မာအမျိုးသမီးတွေမှာ လည်း ဒီလိုအခြေအနေရှိမယ်လို့ တပ်အပ် မပြောနိုင်ပါ။ မြန်မာအမျိုးသမီးများမှာ ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်း၊ ရောဂါအမျိုးအစား၊ အနုအရင့် စတာတွေကို သိရှိနိုင်ဖို့ သုတေသန ပြုချက်တွေ လိုပါမယ်။

ကဲ စာရေးသူရေ ဝေ့၀ိုက်မနေပါနဲ့ မြန်မာအမျိုးသမီးတွေကို ဘယ်လို အကြံပေးမလဲ ဆိုရင်တော့ …
  • အသက် ၄၀ ကျော်ပြီး မိသားစု (မိခင်၊ အဒေါ်၊ ညီမ၊ အစ်မ) မှာ ရင်သားကင်ဆာ ဖြစ်ဖူးရင်
  • အသက် ၄၀ ကျော်ပြီး ရင်သားမှာ နဂိုကမရှိတဲ့ အဖုအကျိတ် ရှိလာပြီလို့ သံသယရှိရင်
  • အသက် ၅၀ ကျော်ပြီး ရင်သားဓာတ်မှန် ရိုက်ဖို့ အဆင်ပြေရင် (မိမိနေတဲ့မြို့မှာ ရင်သားဓာတ်မှန် ရိုက်လို့ရရင်)


နီးစပ်ရာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်များနဲ့ တိုင်ပင်ပြီး ရင်သားဓာတ်မှန် ရိုက်ကြည့်သင့်ပါတယ်။ တစ်ဆက်တည်း ၂ နှစ် ၁ ကြိမ် ပုံမှန် စစ်ဆေးဖို့ရာလည်း တိုက်တွန်းလိုက်ပါတယ်။

သိချင် ဆွေးနွေးချင်တာများရှိရင် မှတ်ချက်မှာ ရေးသားပေးခဲ့ပါ။ စီဘောက်မှာ ဆွေးနွေးရတာ အဆင်မပြေလို့ပါ။

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

စာကိုး။

Mandelblatt et al. Effects of Mammography Screening Under Different Screening Schedules: Model Estimates of Potential Benefits and Harms. Ann Intern Med. 2009;151:738-747.

Nelson et al. 2009. Screening for Breast Cancer: An Update for the U.S. Preventive Services Task Force. Ann Intern Med. 2009;151:727-737.

Screening for Breast Cancer: U.S. Preventive Services Task Force Recommendation Statement. U.S. Preventive Services Task Force*. 2009. Ann Intern Med. 2009;151:716-726.

U.S. Preventive Services Task Force’s recommendation on Screening for Breast Cancer. 2002. Retrieved from http://www.ahrq.gov/clinic/pocketgd09/gcp09s2.htm#BreastScreening on November 19, 2009.

U.S. Preventive Services Task Force’s recommendation on Screening for Breast Cancer. 2009. Retrieved from http://www.ahrq.gov/clinic/uspstf/uspsbrca.htm on November 19, 2009.

WHO. 2006. Global disease burden 2004 update.

Read More...

Thursday, September 4, 2008

Smoking and Lung Cancer

" ဆေးလိပ် သောက်ခြင်း သည် ကျန်းမာရေး ကို ထိခိုက် နိုင်ပါသည် "

ဆိုတဲ့ ဆိုင်းဘုတ် စာတမ်း ကလေး ကို လူတိုင်း တွေ့ဖူး မြင်ဖူး ကြမှာပါ။ ကမ္ဘာနဲ့ အ၀ှမ်း ဘာသာ စကား ပေါင်းစုံနဲ့ ရေးသားပြီး ရေဒီယို၊ ရုပ်မြင် သံကြား၊ သတင်းစာ၊ တွေက အစ၊ လူမြင်ကွင်း ဈေး၊ ဘူတာတွေ အလယ်၊ ဆေးလိပ် ဘူးခွံ အဆုံး ရေးသား ဖော်ပြပြီး သတိပေး နေပါတယ်။ ဒါပေမယ့် လူတွေ ဆေးလိပ် သောက်တာ လျော့သွား လား ဆိုတော့ မလျော့ ပါဘူး။ တစ်ချို့က ဆင်ခြေ ပေးတတ် ပါ သေးတယ်။ ဒီ ဆေးလိပ် က အငွေ့ စစ်တဲ့ အထူး အစီခံ filter ပါတယ် ဆိုပဲ။


အငွေ့ စစ်တဲ့ အထူး အစီခံ Filter ပါတယ် ဆိုတာ ရောင်း ကောင်းအောင် ကြော်ငြာတဲ့ လုပ်ကွက် တစ်ခုပါ။ ဆေးလိပ် သောက်ခြင်း မဖြတ်နိုင်တဲ့ သူတွေကို လည်း အပြစ် မဆိုသာ ပါဘူး။ မကောင်းမှန်း သိလျှက်နဲ့ ဆက်လုပ် နေမှတော့ မဖြတ်နိုင် လို့ပေါ့။ ဆေးလိပ်မှာ ဓာတုဗေဒ ပစ္စည်း ပေါင်း ၄၀၀၀ ကျော်ပါ ပါတယ်။ အဲဒီ ပစ္စည်းတွေ ဟာ ဆေးလိပ် သောက်သူ သာမက လေထဲကို ပြန့်နေတဲ့ ဆေးလိပ် ငွေ့ တွေက တဆင့် ဘေး ပတ်ဝန်းကျင် က လူတွေကိုပါ ထိခိုက် တတ်ပါတယ်။ ဒီနေရာမှာ ကြုံကြိုက်လို့ တစ်ခု ပြောပါရစေ။ အနောက် နိုင်ငံ တော်တော် များများ မှာ ယောင်္ကျား၊ မိန်းမ မရွေး ဆေးလိပ် တော်တော် သောက်ကြ ပါတယ်။ ဒါပေမယ့် စည်းကမ်း ရှိပါတယ်။ အနား မှာ လူရှိနေရင် ခွင့်တောင်း ကြပါတယ်။ အိမ်ခန်းထဲမှာ မသောက်ကြ ပါဘူး။ လှေကားလို နေရာမျိုးမှာ ထွက်သောက်ပြီး မီးငြိမ်းမှ အခန်းထဲ ပြန်လာ ကြပါတယ်။ အများ ပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာ တွေမှာ လုံးဝ ဆေးလိပ် မသောက်ကြ ပါဘူး။ အတိအကျ လိုက်နာ ကြပါတယ်။ မြန်မာတွေ ကတော့ ဒီအချက်တွေ အားနည်း တယ် လို့ ရိုးသားစွာ မြင်မိပါတယ်။

ဆေးလိပ်ငွေ့တွေ ကို ရှူရှိုက်မိတဲ့ သူဟာ ဆေးလိပ် သောက်သူနဲ့ မခြား ရောဂါ ဝေဒနာတွေ ရတတ် ပါတယ်။ သင့် ကလေးတွေကို ဆေးလိပ်ငွေ့ တွေထဲမှာ မွန်း မနေပါ စေနဲ့။ ဆေးလိပ်ကြောင့် နှလုံး သွေးကြောကျဉ်း ရောဂါ၊ သွေးတိုး ရောဂါ၊ လေဖြတ် လေငန်း ရောဂါ၊ အဆုတ် ကင်ဆာ ရောဂါ အပါအ၀င် ရောဂါပေါင်းစုံ ဖြစ်ပွား စေပါတယ်။ ဆေးလိပ် သောက်တဲ့ မိခင်တွေ ဆိုရင် ကိုယ်လက် အင်္ဂါ မစုံတဲ့ ရင်သွေးတွေ တောင် မွေးတတ် ပါသတဲ့။ အဆုတ် ကင်ဆာ ရောဂါ ကတော့ အဆိုးဝါးဆုံး ပါ။ ကုသရန် ခက်ခဲပြီး သေဆုံးနှုန်း မြင့်မား ပါတယ်။ ယောင်္ကျား တွေမှာ ဒုတိယ အဖြစ် အများဆုံး ကင်ဆာ ရောဂါ ဖြစ်ပါတယ်။ အမျိုးသမီး တွေမှာ တော့ တတိယ အဖြစ် အများဆုံး ကင်ဆာ ရောဂါပါ။ များသော အားဖြင့် အသက် ၄၅ နှစ် ကနေ ၇၀ အတွင်း မှာ ဖြစ်ပွား တတ်ပါတယ်။

ဖြစ်ပွားရတဲ့ အကြောင်းအရင်း

(၁) ဆေးလိပ် သောက်သုံးခြင်း
(၂) တဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်ခြင်း
(၃) ဓါတ်ရောင်ခြည် သင့်ခြင်း
(၄) ဓာတု ပစ္စည်းများ နှင့် ကြာရှည်စွာ ထိတွေ့ခြင်း (ကျောက်ဂွမ်း asbestos , arsenic, chromates, nickel, chloromethyl ethers, mustard (poison war) gas, and coke oven emissions.


ရောဂါ လက္ခဏာများ

(၁) ကာလ ကြာရှည်စွာ ချောင်းဆိုးခြင်း
(၂) ချောင်းဆိုးလျှင် သွေးပါခြင်း
(၃) ကိုယ်အလေးချိန် ကျဆင်းခြင်း
(၄) အစားအသောက် ပျက်ခြင်း
(၅) ရင်ဘတ် အောင့်ခြင်း
(၆) အကျိတ်များ ထွက်ခြင်း
(၇) မောပန်း နွမ်းနယ်ခြင်း

ကင်ဆာ ဖြစ်ပွားတဲ့ နေရာနဲ့ ရောဂါ အနု အရင့် ပေါ် မူတည်ပြီး လက္ခဏာတွေ ကွဲပြား တတ်ပါတယ်။

အဆုတ် ကင်ဆာ ကို အောက်ပါ အတိုင်း အမျိုးအစား ခွဲခြား နိုင်ပါတယ်။

(၁) Squamous cell carcinoma
(၂) Adenocarcinoa
(၃) Small Cell Carcinoma
(၄) Large Cell carcinoma


ကင်ဆာ အမျိုး အစား ပေါ် မူတည်ပြီး ကုသပုံ ကုသနည်း ကွာခြား ပါတယ်။

Small cell carcinoma ကိုတော့ အဓိက အားဖြင့် chemotherapy ခေါ် ကင်ဆာ ဆေးဝါးများ ပေးပြီး ကုသ ပါတယ်။ ဒီ အမျိုးအစား က ရောဂါ ရှာဖွေ တွေ့ရှိချိန်မှာ ခန္ဓာကိုယ် အနှံ့ကို ပြန့်နံ့ နေပြီး ဖြစ်တတ်လို့ ခွဲစိတ် ကုသဖို့ ခက်ခဲ ပါတယ်။ Non small Cell carcinoma လို့ ခေါ်တဲ့ အခြား အုပ်စု ကိုတော့ ခွဲစိတ် ကုသ နိုင်ပါတယ်။ ဓါတ်ရောင်ခြည်ဖြင့် ကုသနည်း ကိုလည်း တွဲဖက် အသုံးပြု နိုင်ပါတယ်။

အသက် ရှင်နိုင်တဲ့ အခွင့်အလမ်း

အဆုတ် ကင်ဆာ ရောဂါ ဖြစ်ပွား နေကြောင်း စောစောစီးစီး ရှာဖွေ တွေ့ရှိလျှင် တော့ အသက်ရှင် နိုင်တဲ့ အခွင့် အလမ်း ၅၀% ကျော် ရှိပါတယ်။ ၅ နှစ် အထိ အသက်ရှင် နိုင်တဲ့ အခွင့်အလမ်း ကတော့ ၁၀-၁၅% ပဲ ရှိပါတယ်။

ကဲ ... ... သင်နဲ့ သင့် မိသားစု ထိတွေ့ နေရတဲ့ ဆေးလိပ်ငွေ့ တွေရဲ့ အန္တရာယ်ကို သတိပြု နိုင်ပါစေ။

Read More...

Wednesday, September 3, 2008

Treatment of Leukemia

သွေးကင်ဆာ ကုသခြင်း

ဒီတစ်ခါ မှာတော့ သွေးကင်ဆာ ကို ကုသနိုင် တဲ့ နည်းလမ်း လေးတွေ ကို ပြောပြ ပါမယ်။ ယျေဘူယျ အားဖြင့် သွေးကင်ဆာ ဝေဒနာရှင် တွေကို -
(၁) Chemotherapy
(၂) Interferon therapy
(၃) Radiation therapy
(၄) Stem cell transplantation
(၅) Surgery
ဆိုပြီး ကုသနည်း အမျိုးမျိုး ရှိပါတယ်။ များသော အားဖြင့် ကင်ဆာ ရောဂါ ပါရဂူတွေဟာ ကုသပုံ ၁မျိုး ထည်း မဟုတ်ဘဲ ပေါင်းစပ် ကုသ တတ်ကြ ပါတယ်။ ကုသနည်း တိုင်းမှာ ကောင်းကျိုး ဆိုးကျိုး တွေ ဒွန်တွဲ နေတတ် ပါတယ်။ stem cell transplant ဆိုလျှင် ကုန်ကျ စရိတ် အလွန်ကြီးမားပြီး ဆေးရုံ မှာလည်း ကြာရှည်စွာ နေရ တတ်ပါတယ်။ ရောဂါ အမျိုးအစား ပေါ် မူတည်ပြီး ကုသပုံ ကုသနည်း လည်း ကွာခြား တတ်ပါတယ်။


Chemotherapy

ကင်ဆာ ဆဲလ်တွေကို ဖျက်ဆီးဖို့ အာနိသင် ပြင်းတဲ့ ဆေးဝါးများကို သုံးစွဲခြင်း ဖြစ်ပါတယ်။ leukemia အမျိုးအစား ပေါ် မူတည်ပြီး ဆေးဝါး ရွေးချယ်ရာမှာ မတူညီ တတ်ပါဘူး။ အဆိုပါ ဆေးများဟာ လျှင်မြန်စွာ တိုးပွား လာတဲ့ ကင်ဆာ ဆဲလ်တွေကို ဖျက်ဆီး ပစ်ပါတယ်။ ဆိုးကျိုး က ခန္ဓာကိုယ်မှာ ရှိတဲ့ သွေးဖြူဥ၊ သွေးမွှား ၊အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရှိတဲ့ လျင်မြန်စွာ တိုးပွား တဲ့ ပုံမှန် ဆဲလ် တွေကိုပါ ထိခိုက် တတ်ပါတယ်။

ဒါကြောင့် အဆိုပါ ဆေးဝါးများနဲ့ ကုသ နေချိန်မှာ
(၁) ဆံပင်ကျွတ်ခြင်း
(၂) ပါးစပ်မှာ အနာ ပေါက်ခြင်း
(၃) သွေးအားနည်း ရောဂါ ခံစား ရခြင်း
(၄) သွေးဖြူဥ အရေအတွက် ကျဆင်းပြီး ကူးစက် ရောဂါ ခဏခဏ ၀င်တတ်ခြင်း
(၅) အစာအိမ်နှင့် အူ လမ်းကြောင်း ဆိုင်ရာ ဝေဒနာများ (အန်ခြင်း၊ ပျို့ခြင်း၊ ၀မ်းလျှောခြင်း - စသည်)
ခံစား ရတတ် ပါတယ်။

ကုသရာမှာ အဓိက သုံးစွဲတဲ့ ဆေးဝါး တွေကတော့ daunorubicin, doxorubicin, cytarabine, hydroxyurea, busulfan, prednisone, vincristine sulfate, cyclophosphamide, chlorambucil, fludarabine phosphate, pentostatin, cladribine တို့ ဖြစ်ပါတယ်။

Interferon

ဗိုင်းရပ် ပိုးဝင် ထားတဲ့ ဆဲလ်တွေက ထုတ်ပေးတဲ့ ပရိုတိန်း (အသားဓါတ်) တစ်မျိုး ဖြစ်တဲ့ အင်တာဖာရွန် Interferon ဟာ leukemia ဆဲလ် များ မပွားနိုင် အောင် တားဆီး ပေးပါတယ်။ ယေဘူယျ အားဖြင့် stem cell transplant လုပ်ရန် မသင့်လျှော်တဲ့ လူနာ အသစ် တွေမှာ အသုံးပြု လေ့ရှိပါတယ်။ ဆိုးဆိုး ၀ါးဝါး ဘေးထွက် ဆိုးကျိုး မရှိ ပေမယ့် ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင် ကိုက်ခဲခြင်း၊ အရိုး အဆစ်များ နာကျင် ကိုက်ခဲခြင်း၊ ကိုယ်ပူချိန် တက်ခြင်း၊ ချမ်းတုံခြင်း စတဲ့ ဝေဒနာ တွေကို ခံစား ရတတ် ပါတယ်။

stem cell transplantation

မူလ ဗီဇ ဆဲလ်များ အစားထိုး ထည့်သွင်းခြင်း မလုပ်ခင်မှာ leukemia cell တွေကို chemotherapy ၊ radiotherapy စတာ တွေနဲ့ ချေဖျက် ပစ်ရ ပါတယ်။ ဒီနောက် မှာတော့ stem cell များ သွင်းပေးပြီး ရိုးတွင်း ချဉ်ဆီ ကနေ သွေးဆဲလ် အသစ်များ ထုတ်ပေး ပါတယ်။ အဲဒီလို လုပ်ရာမှာ Autologous နဲ့ Allogeneic ဆိုပြီး (၂) မျိုးရှိပါတယ်။Autologous ဆိုတာက တော့လူနာရဲ့ Stem cell ကို ပြန်သုံး တာပါ။ စိတ်မချ ရလို့ ဒီနည်းကို အသုံးနည်း ပါတယ်။ Allgoneic ဆိုတာ ကတော့ တစ်ခြား သူရဲ့ stem cell ကို သုံးတာပါ။ ဒီနည်းလမ်း ကို အသုံးပြု ရင်တော့ လူနာရဲ့ ခုခံအား စနစ်ကို ဖိနှိပ် ထားဖို့ ဆေးဝါး တွေ သုံးရ ပါတယ်။ ဒါမှသာ ခန္ဒာကိုယ်ထဲ ၀င်ရောက် လာတဲ့ တစ်ပါး သူရဲ့ ဆဲလ်တွေကို reject မလုပ်မှာ ဖြစ်ပါတယ်။ Transplant လုပ်ပြီး ရင်တော့ လူနာရဲ့ သွေးဖြူဥ အရေ အတွက် ၅၀၀ ကျော်တဲ့ အထိ သီးသန့်ခန်း မှာ ထားရ ပါမယ်။ ၂-၃ ပတ် ကြာရင်တော့ သွေးဖြူဥတွေ စပြီး ထုတ်ပေး ပါလိမ့်မယ်။ နောက် သွေးမွှား နဲ့ သွေးနီ ဥတွေ ထုတ်ပေး ပါလိမ့်မယ်။ သွေးဖြူဥ အရေအတွက် ၁၀၀၀ ကျော် ရင်တော့ ဆေးရုံ က ဆင်းနိုင် ပါပြီ။ stem cell transplant ဟာ အမေရိကန် ဒေါ်လာ ၁သိန်းနှင့် အထက် ကုန်ကျ နိုင်ပြီး၊ လူနာရှူ သွင်းတဲ့ လေကို ပါ စစ်ထုတ် သန့်စင်ခြင်း လုပ်ပေး ရတဲ့ အတွက် အရည် အသွေး မြင့်တဲ့ ကျန်းမာရေး ၀န်ဆောင်မှု တွေ လိုအပ် ပါတယ်။

Surgery

ခွဲစိပ် ကုသခြင်း ကတော့ သိပ်ပြီး အသုံး မရှိလှ ပါဘူး။ ဘေလုံး ကြီးလာ ရင်တော့ ဘေလုံးကို ခွဲစိတ် ဖယ်ရှား ပေးပါတယ်။

ကျန်းမာ ရွှင်လန်း ကြပါစေ ...

Read More...

Saturday, August 30, 2008

Leukemia (1)

သွေးကင်ဆာ အကြောင်း သိကောင်းစရာ (၁)

Leukemia ဆိုတဲ့ သွေးကင်ဆာအကြောင်း ကို မရေးခင် ကျွန်တော်ဟာ ကင်ဆာ ရောဂါ အထူးကု မဟုတ်သလို သွေးရောဂါ ဆိုင်ရာ ပါရဂူလည်း မဟုတ်ပါဘူး ဆိုတာ ကြိုတင် ပြောကြား လိုပါတယ်။ အရမ်းကျယ်ပြန်တဲ့ ခေါင်းစဉ်ထဲကနေ သိသင့် သိထိုက် တာလေးတွေ ထုတ်နှုတ်ပြီး တင်ပြ လိုပါတယ်။

သွေးကင်ဆာ အကြောင်း မပြောခင် ပုံမှန် သွေးဆဲလ်တွေ အကြောင်း ပြောပြ လိုပါတယ်။ bone marrow လို့ ခေါ်တဲ့ ရိုးတွင်း ချဉ်ဆီ ကနေ ပြီးတော့ သွေးနီဥ၊ သွေးဖြူဥ၊ နဲ့ platelet ဆိုတဲ့ သွေးမွှားဆဲလ် (၃) မျိုးကို ထုတ်လုပ် ပေးပါတယ်။ သူတို့ (၃) မျိုး မှာ ကိုယ်စီ တာဝန်တွေ ရှိပါတယ်။ သွေးနီဥတွေက အောက်ဆီဂျင်ကို သယ်ဆောင် ပေးပြီး သွေးနီဥ နည်းရင်တော့ သွေးအားနည်း ရောဂါ (anemia) ဖြစ်တတ် ပါတယ်။ သွေးဖြူဥရဲ့ တာဝန် ကတော့ ခန္ဓာကိုယ် အတွင်း ၀င်ရောက် လာတဲ့ ရောဂါ ပိုးမွှား တွေကို တိုက်ခိုက် ပေးပါတယ်။ သွေးဖြူဥတွေ ပုံမှန် မဟုတ်ရင်တော့ ရောဂါ ပိုးမွှားတွေကို တိုက်ဖျက် နိုင်စွမ်း၊ ကာကွယ်နိုင်စွမ်း ကျဆင်းပြီး ရောဂါ ဝေဒနာ ထူပြော တတ်ပါတယ်။ platelet (သွေးမွှား) ကတော့ သွေးခဲရာမှာ တာဝန်ယူပြီး သွေးအလွန်အကျွံ မထွက်အောင် ကာကွယ် ပေးပါတယ်။


leukemia ရောဂါမှာတော့ရိုးတွင်းချဉ်ဆီ ကနေ ပုံမှန် မဟုတ်တဲ့ သွေးဖြူဥ တွေ ထုတ်ပေး ပါတယ်။ အစ ပထမတော့ အဲဒီ သွေးဖြူဥ တွေဟာ ပုံမှန် သွေးဖြူဥ တွေနဲ့ မခြား အလုပ် ကောင်းကောင်း လုပ်ကြ ပါသေး တယ်။ အချိန်ကြာလာ တာနဲ့ အမျှ ဖောက်ပြန် လာသလို သွေးနီဥနဲ့ platelet တို့ရဲ့ မူလ တာဝန် တွေကိုပါ ထိခိုက် လာတဲ့ အတွက် ရောဂါ လက္ခဏာတွေ ပြလာ ပါတော့ တယ်။

leukemia ဘယ်နှစ်မျိုးရှိပါသလဲ ?
အဓိက အားဖြင့် ရောဂါလက္ခဏာ မြန်မြန် ပြသလား။နှေးနှေး ပြသလား ဆိုတာကို အခြေခံပြီး -
(၁) chronic leukemia
(၂) acute leukemia
ဆိုပြီး (၂)မျိုး ခွဲခြားနိုင် ပါတယ်။

Chronic leukemia မှာဆိုလျှင် မူမမှန်တဲ့ သွေးဖြူဥ တွေက ပုံမှန် အလုပ်တွေ လုပ်နေကြလို့ အစပိုင်းမှာ ရောဂါ လက္ခဏာတွေ မပြတတ်ပါဘူး။ အချိန် ကြာလာတာနဲ့အမျှ မူမမှန် ဆဲလ် အရေအတွက် များလာပြီ ဆိုမှသာ ရောဂါ လက္ခဏာ ပြတတ် ပါတယ်။

Acute leukemia မှာတော့ မူမမှန် ဆဲလ်တွေဟာ အလျှင်အမြန် တိုးပွား လာရုံမက ပုံမှန် အလုပ် တွေကို လုံးဝ မလုပ်နိုင် တဲ့အတွက် ရောဂါ လက္ခဏာတွေ ချက်ချင်း ပြတတ်ပါတယ်။

သွေးဖြူဥ အမျိုးအစား ပေါ် မူတည်ပြီးလည်း အမျိုးအစား ထပ်ခွဲ နိုင်ပါသေးတယ်။
lymphoid cell မှာ ဖြစ်ရင် lymphocytic leukemia ၊ myeloid cell မှာ ဖြစ်ရင်တော့ myeloid leukemia လို့ ထပ်ခွဲ နိုင်ပါတယ်။

Chronic Lymphocytic leukemia ။ အသက် (၅၅) နှစ် အထက်မှာ ဖြစ်တတ် ပါတယ်။ ကလေးတွေမှာ မဖြစ်သလောက် ပါပဲ။
Chronic Myeloid Leukemia။ အရွယ်ရောက်ပြီး သူတွေမှာ အဓိက ဖြစ်တတ် ပါတယ်။
Acute Lymphocytic Leukemia ကလေးငယ် တွေမှာ အဓိက ဖြစ်ပွား တတ်ပြီး လူရွယ် တွေမှာ လည်း ဖြစ်ပွား တတ်ပါတယ်။
Acute myeloid leukemia ဒီအမျိုးအစား ကတော့ လူကြီး လူငယ် မရွေး ဖြစ်ပွား တတ်ပါတယ်။

ဘယ်လို လူမျိုးတွေမှာ ဖြစ်နိုင်သလဲ ?
ဘာကြောင့် leukemia ဖြစ်ရတယ် ဆိုတာ ဘယ်သူမှ အတိအကျ မသိကြပါဘူး။ သုတေသန စာတမ်းတွေ အရတော့ ဖြစ်နိုင်ခြေ risks များတဲ့ အနေအထား တွေကို သတ်မှတ် နိုင်ခဲ့ ပါတယ်။

ဓါတ်ရောင်ခြည် သင့်မှု ။ ဒုတိယ ကမ္ဘာစစ် အတွင်းက ဂျပန်ကို ကျဲချခဲ့တဲ့ အနုမြူဗုံး ဒဏ်မှ အသင်ရှင် ကျန်ရစ် သူတွေနဲ့ သူတို့ရဲ့ ဆွေစဉ် မျိုးဆက် တွေမှာ leukemia ရောဂါ ဝေဒနာ ပိုမို ဖြစ်ပွားတာ တွေ့ရပါတယ်။ ဆေး ပညာ မှာလည်း ဓါတ်ရောင်ခြည်ကို သုံးပြီး ကုသ ရတာ ရှိပါတယ်။ ဒါဟာလည်း သာမန် လူတွေထက် စာလျှင် သွေးကင်ဆာ ဖြစ်ဖို့ အလား အလာ ပိုများပါတယ်။

ဓာတုဗေဒ ပစ္စည်းများ ။ အလုပ်ခွင်မှာ ဘင်ဇင်း(Benzene) ၊ ဖော်မယ်ဒီဟိုက် (Formaldehyde) စတဲ့ ဓာတုဗေဒ ပစ္စည်း တွေကို ကိုင်တွယ် ထိတွေ့ နေရ သူတွေဟာ သွေးကင်ဆာ ဖြစ်နိုင်ခြေ များပါတယ်။

ဆေးဝါးများ ။ အချို့သော ကင်ဆာ ရောဂါ ကုသ ဆေးဝါးများကို ကြာရှည် သုံးစွဲလျှင် သွေးကင်ဆာ ဖြစ်ဖို့ အလားအလာ များပါတယ်။

Down syndrome ။ မွေးရာပါ ရောဂါ တစ်ခုဖြစ်ပြီး အဆိုပါ ရောဂါ ဝေဒနာရှင် များဟာ သွေးကင်ဆာ ဖြစ်ပွား နိုင်ခြေ ပိုများ ပါတယ်။

Human T-cell leukemia virus-I ။ အဆိုပါ ဗိုင်းရပ်စ် ပိုးကြောင့် human T-cell leukemia ဆိုတဲ့ ရှားပါး သွေးကင်ဆာ တစ်မျိုး ဖြစ်ပွား တတ်ပါတယ်။ Myelodysplastic syndrome acute myeloid leukemia ဖြစ်နိုင်ခြေ ပိုများ ပါတယ်။

မျိုးရိုးဗီဇ ။ အခြား ကင်ဆာ ရောဂါများ ကဲ့သို့ သွေးကင်ဆာ ဟာလည်း မျိုးရိုး လိုက်တတ်ပါတယ်။

ရောဂါ လက္ခဏာများ
မူမမှန် သွေးဆဲလ် အရေအတွက် အနည်း အများ ပေါ် မူတည်ပြီး ရောဂါ လက္ခဏာတွေ ပြပုံလည်း မတူတတ် ပါဘူး။ အဓိက ရောဂါ လက္ခဏာ တွေကတော့ ...
(၁) နာတာရှည် အဖျားတက်ခြင်း၊ ညဘက် ချွေးထွက်ခြင်း
(၂) ကူးစက်ရောဂါ မကြာခဏ ၀င်တတ်ခြင်း
(၃) ပင်ပန်း နွမ်းနယ်ခြင်း
(၄) ခေါင်းခဏခဏ ကိုက်ခြင်း
(၅) သွေး မတိတ်ခြင်း
(၆) အရိုးနဲ့ အဆစ်များ နာကျင်ကိုက်ခဲခြင်း
(၇) အကျိတ် များထွက်ခြင်း
(၈) ဘေလုံး ကြီးခြင်း


အထက် ဖော်ပြပါ လက္ခဏာ တွေဟာ အခြားရောဂါ မြောက်မြားစွာ မှာလည်း ဖြစ်တတ် ပါတယ်။ မိမိမှာ အဆိုပါ လက္ခဏာ တွေ ခံစား နေရပြီ ဆိုရင်တော့ ဆရာဝန်နဲ့ တွေ့ပြီး ရောဂါ ပြသ သင့်ပါတယ်။

Read More...

Friday, August 1, 2008

Lifestyle, Genetics and Cancer

သင်၏နေထိုင်မှုပုံစံ၊ သင်၏မျိုးစေ့ဗီဇနှင့် ကင်ဆာ

ဆန်းစစ်မှု အသစ်များသည် ကျွန်တော်တို့အတွက် ကြောက်စရာ အကောင်းဆုံးသော ရောဂါဖြစ်ပေါ်စေသည့် ရှုပ်ထွေးသည့် အပြန်အလှန် ဆက်နွယ် ဖြစ်ပေါ်မှုများ ကို လေ့လာ လျက်ရှိသည်။

အဆီများသည့် အစားအစာများ၊အ၀လွန်ခြင်း၊ လေ့ကျင့်ခန်းမပြုလုပ်ခြင်းတို့သည် နှလုံးရောဂါ၊ ဆီးချိုရောဂါ ဒုတိယအမျိုးအစားတို့ကို ဖြစ်စေနိုင်သည့် အခြေအနေပိုမိုဖြစ်ပေါ်စေကြောင်း ကျွန်တော်တို့ သိရှိခဲ့သည်မှာ ကြာပါပြီ။ ယခုထပ်မံ သိရှိလာကြရသည်မှာ အထက် ဖေါ်ပြပါ အချက်များသည်ပင်လျှင် ကင်ဆာဖြစ်ပေါ်စေရာတွင်လည်း အဓိက အကြောင်းအရာများ ဖြစ်နေကြောင်း ပင် ဖြစ်သည်။ ၄င်းမှာ သတင်းဆိုးကြီးပင်ဖြစ်သည်။ သို့ရာတွင် သတင်းကောင်းမှာ ကျွန်တော်တို့၏ နေထိုင်မှုပုံစံအတွက် ကျွန်တော်တို့ကိုယ်တိုင် လုပ်ပေး နိုင်သည့် အရာများ ရှိနေသေးခြင်းပင် ဖြစ်သည်။ ကျွန်တော်တို့အနေဖြင့် မ၀အောင် ထိန်းနိုင်လျှင် (ပို၍ပိန်အောင်လုပ်နိုင်လျှင်)၊ လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်လျှင်၊ အဆီများသည့် red meat (အမဲသား၊ သိုးသားတို့ကဲ့သို့သော ချက်ပြီးလျှင် အရောင်အညိုရင့်ရှိသော အသားများ) များရှောင်ကြဉ်ပြီး ကြက်၊ဘဲသားများ၊ ငါးနှင့် ပရိုတင်းပါဝင်မှုများသည့် ဟင်းသီးဟင်းရွက်များကိုလည်းကောင်း၊ ဟင်းသီး ဟင်းရွက်များ ပါဝင်သည့် အစားအစာများကို များစွာစားသုံးခြင်းနှင့် ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်လျှင် ကျွန်တော်တို့ အနေဖြင့် ကင်ဆာ အမျိုးအစားအားလုံး ဖြစ်နိုင်ခြေအား ၇၀%အထိ အကာအကွယ် ပေးနိုင်မည် ဖြစ်သည်။

ကင်ဆာနှင့် စပ်လျဉ်း၍ နေထိုင်စားသောက်မှုပုံစံ အရေးကြီးပုံ၏ အဓိကသက်သေ အထောက်အထားတစ်ခုမှာ အဓိက ကင်ဆာအမျိုးအစားများသည် ကမ္ဘာတစ်ဝှမ်း နေရာအလိုက် ဖြစ်ပွားမှုနှုန်း မတူညီဘဲ တိုးတက်ဖြစ်လာနေခြင်းပင် ဖြစ်သည်။ အမေရိကန်နိုင်ငံတွင် ဖြစ်ပွားမှု အလွန်များနေသည့် ကင်ဆာအမျိုးအစားများဖြစ်သော အူမ ကင်ဆာ၊ ပရော့စတိတ်ကင်ဆာ (သုတ်ရည်လွှတ် ပေးသည့် အကျိတ်ဖြစ်သည်) နှင့် ရင်သားကင်ဆာတို့သည် ကမ္ဘာ့အခြားနေရာများတွင် အမေရိကန်တွင် ဖြစ်ပွားမှု နှုန်း၏ ၁/၁၀ ပုံမှ ၁/၂၀ အတွင်းသာ ရှိသည်ကို တွေ့ရသည်။ အလားတူ အံ့သြဖွယ်ကောင်းသည်မှာ အခြားနိုင်ငံများမှ အမေရိကသို့ ပြောင်းရွှေ့ လာရောက်နေထိုင်ကြသည့်အခါ မျိုးဆက်တစ်ခုအတွင်း၌ပင် ၄င်းတို့ မိသားစုဝင်များ၏ ကင်ဆာ ဖြစ်ပွားမှု နှုန်းများသည် အမေရိကတွင် အစဉ်တစိုက်နေထိုင်ခဲ့ကြသည့် မိသားစုများ၏ နှုန်းသို့ တိုးတက်ဖြစ်ပွားလာခြင်းပင် ဖြစ်သည်။ အခြား နိုင်ငံမှ သူများ သည် အမေရိကားသို့ ပြောင်းရွှေ့ လာရောက် နေထိုင်ခြင်းမပြုဘဲ ၄င်းတို့နိုင်ငံတွင် ဆက်လက် နေထိုင်စေကာမူ အမေရိက နိုင်ငံ၏ လူနေမှုပုံစံကို ပြောင်းလဲနေထိုင်မှု ပြုလာပါကလဲ ၊ ၄င်းတို့ ကင်ဆာဖြစ်ပွားမှုနှုန်း တိုးတက်လာခြင်း ဖြစ်သည်။ ဥပမာ- ဂျပန် လူမျိုးများသည် အနောက်တိုင်း လူနေမှုပုံစံများကို ပြောင်းလဲလာကြသည့် အလျောက်၊ ၄င်းတို့ အူမ၊ ရင်သားနှင့် ပရော့စတိတ် ကင်ဆာ ဖြစ်ပွားမှုနှုန်း သည် တဟုန်ထိုး တိုးတက် လာခဲ့သည်ကို တွေ့ရှိရပါသည်။


ကျွန်တော်တို့၏ နေထိုင်မှုပုံစံများထဲမှာ မည်သည့်အချက်များသည် ကင်ဆာအမျိုးအစား များစွာတို့၏ ဖြစ်ပွားမှုနှုန်းကို တိုးတက် လာစေ ပါသနည်း။ အဓိက တရားခံမှာ အနောက်တိုင်းပုံစံ စားသောက်ခြင်း၊ အ၀လွန်ခြင်းနှင့် လှုပ်ရှားမှုနည်းခြင်းတို့ ဖြစ်ပုံရှိသည်။ ကျွန်တော် တို့ သည် ဆေးရွက်ကြီးနှင့် ကင်ဆာ၏ အရေးပါမှုကို သိရှိခဲ့သည်မှာ နှစ်ပေါင်း (၅၀) ကျော်ခဲ့ပြီ ဖြစ်သော်လည်း အစားအသောက်၊ ကောင်းမွန် သည့် ကိုယ်အလေးချိန်နှင့် ကျန်းမာရေးလေ့ကျင့်ခန်း ပြုလုပ်ခြင်းတို့သည် ကင်ဆာ ဖြစ်စေခြင်းမှ ကာကွယ် ပေးနိုင်ကြောင်း ကို ယခုမှ စတင် သိရှိလာနေခြင်း ဖြစ်သည်။

စားသောက်ပုံအနေဖြင့် ကင်ဆာဖြစ်နိုင်မှုအပေါ် ကြီးမားစွာ အကျိုး သက်ရောက်မှုရှိနိုင်သည့်အကြောင်း သိသာထင်ရှားသော ဥပမာအား ပြီးခဲ့သည့် နွေရာသီတွင် အမေရိကန်ဆေးဝါးနှင့် ကျန်းမာရေးအဖွဲ့ဂျာနယ် (Journal of American Medical Association) တွင် ဖော်ပြ ထားသည့် အစီရင်ခံစာတွင် တွေ့ရှိရပါသည်။

ဆရာဝန်များမှ အူမကြီးကင်စာရှိသူများအား ခွဲစိတ်မှုပြုလုပ်ပြီး ကင်ဆာအား ဖယ်ရှားပြီးနောက် ၄င်းတို့၏ စားသောက်မှုပုံစံအား လေ့လာခဲ့ကြရာ (၅)နှစ်အတွင်း အနောက်နိုင်ငံ၏ စားသောက်မှုပုံစံ ရှိသူများမှာ ကင်ဆာပြန်ဖြစ်နိုင်သည့်အခြေအနေသည် အစားအသောက်အား ချင့်ချိန်ပြီး အသီးအနှံနှင့် ဟင်းသီးဟင်းရွက် များများစားသုံးပြီး red meat အနည်းငယ်သာ စားသုံးသူများထက် (၃)ဆပိုများ သည်ကို တွေ့ရှိခဲ့ရသည်။ ၄င်း လူနာများအပေါ် အစားအသောက်မှ မည်ကဲ့သို့အကျိုးသက်ရောက်မှု ရှိနေသနည်း။ ခွဲစိတ်မှုအနေဖြင့် အူမကြီးကင်ဆာဆဲလ်အားလုံးကို ဖယ်ရှားနိုင်ခြင်းမရှိသည်မှာ ထင်ရှားပါသည်။ အဘယ်ကြောင့်ဆိုသော် ခွဲစိတ်မှု မပြုခင်၌ပင် ကင်ဆာဖြစ်နေသည့် ဆဲလ်များးမှာ အဓိက Tumor (တျူမာ) ဆီမှတဆင့် ပြန့်နှံ့သွားပြီဖြစ်သည်။ အနောက်နိုင်ငံ၏ စားသောက်ပုံများမှာ ကျန်ရစ်သည့် ကင်ဆာဆဲလ်များအား တိုးပွားလာရန် တနည်းနည်းဖြင့် လှုံ့ဆော်ပေးခဲ့ခြင်း ဖြစ်သည်။

အ၀လွန်ခြင်းသည်လည်း ဆေးရွက်ကြီးပြီးလျှင် အနောက်နိုင်ငံများတွင် ကင်ဆာဖြစ်စေသည့် ဒုတိယအရေးကြီးသည့် အချက်ဖြစ်သည်။ သင့်တင့်သည့် ကိုယ်အလေ့ချိန်ထားရှိခြင်းသည် ကင်ဆာဖြစ်စေခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း အထောက်အထားတွေ့ရိှထားပြီး ဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် အမေရိကန် ကင်ဆာအဖွဲ့အစည်း (American Cancer Society)မှ ပြုလုပ်ခဲ့သည့် သုသေသနပြုမှု တစ်ခုတွင် ကျစ်လျစ်ပိန်ပါးသောသူနှင့် နှိုင်းယှဉ်လျှင် ၀လွန်းသောသူများအနေဖြင့် အမျိုးသားများတွင် ကင်ဆာ(၁၀)မျိုးဖြင့် လည်းကောင်း၊ အမျိုးသမီးများတွင် ကင်ဆာ (၁၂)မျိုးဖြင့် လည်းကောင်း သေဆုံးနိုင်မှုအခြေအနေ သိသိသာသာ တိုးတက်လာကြောင်း တွေ့ရှိခဲ့ ရသည်။ အဓိကအားဖြင့် အမျိုးသားများတွင် ကျောက်ကပ်ကင်ဆာာ (၉ဆအထိတိုးလာ) နှင့် အမျိုးသမီးများတွင် မျိုးဥအိမ်ကင်ဆာ (၆ ဆထက် ပို၍) တို့ဖြစ်သည်။

အချို့ကင်ဆာအမျိုးအစားများမှ ကာကွယ်ရာတွင် လေ့ကျင့်ခန်းပြုလုပ်ခြင်းသည်လည်း ထိရောက်မှုရှိသည်ကို တွေ့ရှိခဲ့ရသည်။ ဥပမာ အားဖြင့်ဆိုသော် သူနာပြုများ၏ ကျန်းမာရေးလေ့လာမှု အရ (Nurse’s Health Study) မှ တစ်နေ့လျှင် တစ်နာရီ အနည်းဆုံး လေ့ကျင့်ခန်း အသင့်အတင့် ပြုလုပ်သူအမျိုးသမီးများအနေဖြင့် လေ့ကျင့်ခန်း လျှော့၍ပြုလုပ်သည့် အမျိုးသမီးများထက် အူမကြီး ကင်ဆာ ဖြစ်ပွားနိုင်မှုနှုန်း ၃၀% ပိုနည်းသည်ကို တွေ့ရှိခဲ့သည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ရင်သား ကင်ဆာဖြစ်ပွားမှုမှလည်း အကာအကွယ် ပေးနိုင်သည်ကို တွေ့ရှိခဲ့ရသည်။

နေထိုင်မှုပုံစံသည် ကင်ဆာဖြစ်ပွားနိုင်သည့်ဆဲလ်နှင့် ကင်ဆာဖြစ်နေသည့်ဆဲလ်များကိုပါ အကျိုးတက်ရောက်မှုရှိစေသော ကြီးထွားမှုကို အားပေးသည့်အချက်ပြမှုများကို ထုတ်လုပ်ပေးခြင်းဖြင့် လူတစ်ဦးတွင် ကင်ဆာဖြစ်ပေါ်စေနိုင်မှုကို ပိုမိုစေသည်။ အဆိုပါ ဆဲလ်များအား ကင်ဆာ ဖြစ်ပေါ်စေနိုင်အောင် ဦးစွာပြုလုပ်ပေးသည့်အရာမှာ ၄င်းတို့၏ မျိုးဗီဇ(genes)များ ပြောင်းလဲ လာခြင်းပင် ဖြစ်သည်။

တျူမာအားလုံးသည် ခွဲထွက်သွားသည့် (renegade) ဆဲလ်မှ စတင်ခြင်းဖြစ်သည်။ အစကနဦးတွင် အဆိုပါဆဲလ်သည် ခန္ဓာကိုယ် အတွင်းရှိ ၃၀,၀၀၀,၀၀၀,၀၀၀,၀၀၀ (သန်းပေါင်း သန်း၃၀) ပတ်ဝန်းကျင်ရှိ ဆဲလ်များထဲမှ တစ်ခုပင်ဖြစ်ပြီး ၄င်း၏ ပတ်ဝန်းကျင်တွင် ရှိသည့် အခြားဆဲလ်များနှင့် ကွာခြားမှု မရှိပါ။ ၄င်းအပြင် အဆိုပါဆဲလ်သည် ၄င်းပါဝင်သည့် ခန္ဓာကိုယ် အစိတ်အပိုင်းမှ ခွဲထွက် ခိုင်းမှသာ လျှင် ဆဲလ်ကွဲမှုပြုပါသည်။ ထိုကဲ့သို့ ဖြစ်သွားလျှင် အဆိုပါဆဲလ်၏ ပတ်ဝန်းကျင်ရှိ ခန္ဓာကိုယ်အစိတ်အပိုင်းမှ လိုအပ်သည့် ဆဲလ်ပမာဏ ရှိစေကာမူ ခွဲထွက်သွားသည့် ဆဲလ်သည် မထိန်းနိုင် မသိမ်းနိုင် ပွားများလာလေတော့သည်။

ကင်ဆာဆိုသည်မှာ ချွတ်ယွင်းနေသည့် မျိုးဗီဇများနှင့် ဆိုင်သည့်ရောဂါဖြစ်သည်။ ကင်ဆာရောဂါသည်များအနက် ၁၀%မှာ ကင်ဆာ ဖြစ်စေနိုင်သည့် မျိုးဗီဇများကို ဆက်ခံထားသည့် သူများတွင် ဖြစ်ပေါ်ခြင်းဖြစ်သည်။ အချို့တွင် ထိုမျိုးဗီဇများ၏ လွှမ်းမိုးမှုမှာ ကြီးမား လွန်းသည့်အတွက် ကင်ဆာဖြစ်နိုင်ခြေမှာ အလွန်ပင် မြင့်မားသည်။ သို့ရာတွင် လူအများစုမှ အပြစ်အနာအဆာကင်းစွာ ဖွံ့ဖြိုး ကြီးထွားမှုကို ဖြစ်စေသည့် ကောင်းမွန်သည့် မျိုှးဗီဇများနှင့် မွေးဖွားလာကြခြင်း ဖြစ်သည်။ အမှန်မှာ ကျွန်တော်တို့၏ မျိုှးဗီဇများ (genes) များမှာ နှစ်သန်းပေါင်း ၆၀၀ကျော်အချိန်ယူပြီး အကောင်းဆုံးအဆင့်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ၄င်းတို့သည် ကောင်းမွန်စွာ လုပ်ငန်းဆောင်ရွက်နိုင်ရမည် ဖြစ်သည်။

ကျွန်တော်တို့ ဘ၀တစ်သက်တာတစ်လျှောက်တွင် ခန္ဓာကိုယ်တစ်ဝှမ်းမှဆဲလ်များသည် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ရသည်။ ၄င်း ပုံမှန် မဟုတ်သည့် (mutant cell) ဆဲလ်များသည်ပင်လျှင် ကင်ဆာ အများစုကို ဖြစ်စေခြင်းဖြစ်သည်။ ဆဲလ်တိုင်းတွင် ကြီးထွားမှုကို ဖြစ်စေ သည့် “ပရိုတို-အွန်ကိုဂျင်း (proto-oncogenes)” များ ပါဝင်သည့်အပြင် ကြီးထွားမှုကို ရပ်တန့်စေသည့် “တျူမာ တားဆီးသူ (tumor suppressor) ဂျင်းများ ပါဝင်သည်။ ပရိုတို-အွန်ကိုဂျင်းအား အကျိုးတက်ရောက်မှုရှိသည့် mutation များသည် ကြီးထွားမှုကို လှုံ့ဆော် ပေးသည့် မော်လီကျူးက အချက်ပြမှုများကို ဆက်တိုက်ထုတ်လွှင့်ပေးစေသည်၊၊ ထိုအခါ ဆဲလ်အားအဆက်မပြတ်တိုးပွားခြင်း ဖြစ်ပေါ် စေသည်။ ထို့အတူTumor suppressors gene အား အကျိုးတက်ရောက်မှုဖြစ်ပေါ်ပါက ထိုသို့ကြီးထွားမှုကို ရပ်တန့်စေသည့် မော်လီကျူးက အချက်ပြမှုများကို တားဆီး လိုက်သည်။ လူနှင့် သက်ဆိုင်သည့် ကင်ဆာအတော်များများတွင် mutation ပုံစံ အမျိုးမျိုး ဖြစ်ပေါ် လေ့ရှိသည်။

၎င်းတို့အနက် အချို့မှာ oncogenes များအား အလုပ်လုပ်စေပြီး ၊ အချို့မှာ tumor suppressor gene များကို တားဆီး ပေးသည်။ တနည်းအားဖြင့်ဆိုလျှင် ကင်ဆာဆဲလ်များမှာ ညှပ်နေသည့် လီဗာ သို့မဟုတ် ချို့ယွင်းနေသော ဘရိတ်များရှိနေခြင်းပင် ဖြစ်သည်။ ဘ၀သက်တမ်း တစ်လျှောက်တွင် ကျွန်တော်တို့ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များသည် အကြမ်းအားဖြင့် ၁၀၁၆ ကြိမ် ဆဲလ်ကွဲမှု ဖြစ်ပေါ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ကင်ဆာဖြစ်ပေါ်နိုင်သည့် အခြေအနေအား လူ့ဘ၀သက်တမ်းတစ်ခုတွင် အကြိမ်ပေါင်း ၁၀၁၆ ကြိမ် ဖြစ်စေနိုင်သည်။

အခြားအရေးကြီးသည့် gene တစ်ခုဖြစ်သော Telom- erase သည် ကျန်းမာသည့် ဆဲလ်တွင် အလုပ်လုပ်ခြင်းမရှိ (Turn off) ဖြစ်နေသဖြင့် ဆဲလ်တစ်ခုသည် ၄င်း၏ မူလထက် နှစ်ဆတိုးပွားမှု အကြိမ်ပေါင်း (၅၀)ဖြစ်ပြီးလျှင် သေသွားစေသည်။ ကင်ဆာဆဲလ် အများစုတွင် အဆိုပါ gene သည် အလုပ် လုပ်နေသည် (Turn on ) ။ ထို့ကြောင့် ဆဲလ်အား အကန့်အသတ်မရှိ တိုးပွားမှု ဖြစ်ပေါ် စေသည်။ ဆဲလ်အနေဖြင့် ထိခိုက်ပျက်စီးမှုတစ်စုံတစ်ရာ ဖြစ်ပေါ်သည့်အခါ မိမိကိုယ်ကို သတ်သေမှု ဖြစ်ပေါ်စေသည့် gene အမျိုအစား များလည်း ရှိသေးသည်။ အဆိုပါ gene များ ပုံမှန် အလုပ်လုပ်ခြင်း မရှိသည့်အခါ ကင်ဆာဆဲလ်များ ဆက်လက်တိုးပွားမှု ဖြစ်ပေါ် နေတော့သည်။

ကင်ဆာဖြစ်နေသည့်ဆဲလ်အား အဓိက Tumor ထံမှ ခွဲထွက်ပြီး အနီးရိှ သွေးကြောပြွန်ငယ်များ ၊ သွေးဖြူဥပြွန်များ၏ နံရံများကို ဖြတ်ကျော်ပြီး သွေးလှည့်ပတ်မှုမှတဆင့် အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းများဆီသို့ ရောက်ရှိသွားအောင် ပြုလုပ်ပေးသည့် gene များလည်း ရှိသေးသည်။ ယမန်နှစ်က ထုတ်ဝေခဲ့သော သုသေတန စာတမ်းတစ်ခုတွင် သားအိမ်ထဲရှိ ဆဲလ်သည် သန္ဓေသားလောင်း အတွင်း တစ်နေရာမှ အခြားတစ်နေရာသို့ ပြောင်းရွှေ့ရန် လိုအပ်သည့် အခါမှသာ အလုပ်လုပ်သည့် (Active gene) များကို ရှာဖွေ၍ စာရင်းပြုစုခဲ့သည်။ Tumor ထံမှ ခွဲထွက်လာသည့် ဆဲလ်များတွင် အဆိုပါ gene များသည် ဆက်လက်၍ Active ဖြစ်နေသည်။ ဤနည်းဖြင့် ကင်ဆာဆဲလ်များအား ၄င်း၏ပတ်ဝန်းကျင်ရှိ တစ်ရှူးများထံမှ ခွဲထွက်စေသည်။

မကြာသေးမီက RNA-10b ဟုခေါ်သည့် မော်လီကျူးတစ်ခုအား ရှာဖွေတွေ့ရှိခဲ့ကြသည်။ ၄င်းသည် ရင်သားကင်ဆာဆဲလ်အား တစ်ရှူးဆီမှ ခွဲထွက်စေနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ အဆိုပါ တွေ့ရှိချက်သည် အလွန်အရေးပါသည့် သုသေတန ရလဒ်ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် ၄င်းမော်လီကျူုးအား ရင်သားကင်ဆာကုသရာတွင် အသုံးပြုလာနိုင်သောကြောင့်ဖြစ်သည်။

ကင်ဆာ ဖြစ်ပေါ်စေသည့် မျိုှးဗီဇာပြောင်းလဲမှုများကို မည်သည့်အရာက ဖြစ်စေသနည်း။ ကျွန်တော်တို့၏ ပတ်ဝန်းကျင်ရှိ မြူတေဂျင် (Mutagen)ဟုခေါ်သော Mutation ဖြစ်စေသည့် ဓါတုပစ္စည်းများသည် အထက်ပါ မျိုးဗီဇပြောင်းလဲမှုများကို ဖြစ်ပေါ်စေသည်။ ပထမဦးဆုံး မှာ ဆေးလိပ်မီးခိုးဖြစ်သည်။ သို့ရာတွင် အများမှ ကင်ဆာဖြစ်စေသည်ဟု ယူဆထားကြသည့် ပတ်ဝန်းကျင်ရှိ ဓါတု ပစ္စည်းများ ဖြစ်ကြသော အစားအစာကြာရှည်ခံဆေးများ ၊ ရေထဲတွင် ပါသည့် အဆိပ်အတောက် ရောဂါပိုးမွှားများ ၊ စက်ရုံ မီးခိုး ခေါင်းတိုင်များ မှ ထွက်လာသည့် အဆိပ်အတောက် များတို့သည် ကင်ဆာကို ထင်သလောက် မဖြစ်စေကြောင်း တွေ့ရှိရပါသည်။ အမှန်အားဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ကင်ဆာများ၏ ၁% (သို့မဟုတ်) ၂% လောက်သာလျှင် အဆိုပါပတ်ဝန်းကျင်ရှိ အဆိပ် အတောက်များ ကြောင့် ဖြစ်သည်ကို တွေ့ရှိရသည်။

ကင်ဆာဖြစ်စေသည့် Mutation များမှာ ဆဲလ်များမှ မိမိတို့၏ gene အား မတော်တဆ ဖျက်ဆီးလိုက်သည့်အခါတွင် ဖြစ်ပေါ်သည်က များသည်။ ကျွန်တော်တို့၏ ဆဲလ်တိုင်းသည် ၄င်း၏ ဇီဝဖြစ်စဉ်မှ ဘေးထွက်ပစ္စည်းအဖြစ် Mutation ဖြစ်စေသည့် ဓါတ်ပစ္စည်းများကို အစဉ်အမြဲ ထုတ်လွှတ်နေသည်။ ဆဲလ်များမှ အောက်ဆီဂျင်အား ရေအဖြစ်သို့ ပြောင်းလဲရာတွင် စွမ်းအင်ထွက်လာသည်နှင့်အတူ ပုံစံ ပြောင်းလဲ သွားသည့် အောက်ဆီဂျင်မော်လီကျူးများဖြစ်သော Oxygen Radical များကိုပါ ထုတ်လွှတ်ပေးသည်။ အဆိုပါ မော်လီကျူး များသည် ဆဲလ်များထဲရှိ DNA အပါအ၀င် အခြားသောမော်လီကျူးများကို ၀ါးလုံးသိမ်းတိုက်ခိုက်လေတော့သည်။ ကျွန်တော်တို့၏ ဆဲလ်များ သည် အဆိုပါတိုက်ခိုက်မှုများမှ ဖြစ်ပေါ်လာသည့် ပျက်စီးမှုများကို ပြင်ဆင်နိုင်သည့် အရည်အချင်းရှိသော်လည်း ပြီးပြည့်စုံ သည့် ကာကွယ်မှုမျိုးကို မပေးနိုင်ချေ။ ထို့ကြောင့် ကျွန်တော်တို့ အသက်ကြီးပြင်းလာသည်နှင့်အမျှ Mutation များ ၊ Mutant gene များ တိုးပွားလာ လေတော့သည်။

Mutation များသည် ကင်ဆာဖြစ်ရန် လိုအပ်သည်ဆိုသော်လည်း လုံလုံလောက်လောက် မရှိပါ။ ကင်ဆာဆဲလ်၏ အပြင်မှ တစ်ခုခု မှလည်း အားဖြည့်ပေးရမည်ဖြစ်သည်။ Mutation ပေါင်းများစွာ ဖြစ်နေသော ဆဲလ်သည် ကင်ဆာဖြစ်ရန် တာဆူနေသည် (သို့မဟုတ်) ကင်ဆာဖြစ်စ ပြုနေပြီဆိုသော်လည်း ၄င်းဆဲလ်သည် ပြင်ပမှ ကြီးထွားဖွံ့ဖြိုးမှုကို အားပေးသည့် အချက်ပြမှုများ (Growth promoting signal)ရရှိမှသာလျှင် လုံးဝပြည့်စုံသည့် Tumor အဆင့်သို့ ရောက်ရှိသွားနိုင် သည်။ အမှန်အားဖြင့် လူသားများနှင့်သက်ဆိုင်သည့် ကင်ဆာဖြစ်ပေါ်မှုအများစုမှာ အထက်ဖော်ပြပါ ကဲ့သို့ Mutation နှင့် မဆိုင်သော မော်လီကျူလာ အချက်ပေးမှုများကြောင့် ဖြစ်ပေါ် လာခြင်း ဖြစ်သည်။

အနောက်နိုင်ငံ စားသုံးမှုပုံစံများသည် မည်သို့ ကင်ဆာဖြစ်ပေါ်မှုကို အားပေးသနည်း ဆိုသည်ကို မသိရှိရသေးပါ။ ကျွန်တော်တို့ စားသုံး သည့် အစားအစာများတွင် gene များအား Mutate ဖြစ်စေသည့် ဓါတုပစ္စည်းများ ပါဝင်သဖြင့် ကင်ဆာဖြစ်စေနိုင်သည်။ ဥပမာဆိုရလျှင် အဆီများသော red meat များအား အပူပြင်းပြင်းဖြင့် ချက်လိုက်လျှင် ဟက်ထရိုဆိုက်ကလစ် - အမိုင်နီ (Heterocyclic amines) ဟု ခေါ်သည့် ကင်ဆာဖြစ်စေနိုင်သည့် Mutagen များ ထုတ်လုပ်ပေးသည်။ အစားအစာများတွင် ဓါတုပစ္စည်းပေါင်းများစွာ ပါဝင်ပြီး ကျွန်တော်တို့ ခန္ဓာကိုယ်ထဲသို့ ရောက်သွားသည့်အခါ အခြားဓါတုပစ္စည်းများအဖြစ်သို့ ဓါတ်ပြု ပြောင်းလဲ သွားသည်။ ထို့ကြောင့် အနောက်နိုင်ငံ အစားအစာများထဲမှ မည်သည်က ကင်ဆာဖြစ်စေနိုင်သည်ကို အတိအကျ မပြောနိုင်ခြင်းဖြစ်သည်။ သို့ရာတွင် အနောက်နိုင်ငံ အစားအစာများသည် ကင်ဆာဖြစ်စေသည်မှာတော့ သေချာသည်။

အ၀လွန်ခြင်းသည် အဘယ်ကြောင့် ကင်ဆာပိုမိုဖြစ်စေသနည်းဆိုသည်ကို နားမလည် သေးသော်လည်း ကင်ဆာပိုမိုဖြစ်ပေါ်စေသည့် အချက်များထဲတွင် တစ်ခုအပါအ၀င်ဖြစ်သည်မှာတော့ သေချာသည်။ အ၀လွန်ခြင်းသည် ကြီးထွားမှုကို ဖြစ်စေသည့် အင်ဆူလင် ကဲ့သို့သော ဓါတ်များ (IGF-1) ကို သွေးထဲသို့ ပိုမိုထုတ်လွှတ်ပေးသည်။ သီအိုရီအရဆိုလျှင် ၄င်း IGF-1 သည် ကနဦး ကင်ဆာ ဆဲလ်များကို မသေသွားအောင် ကာကွယ်ပေးသည်။ ထို့ကြောင့် ခန္ဓာကိုယ် ရောင်ကိုင်ခြင်းသည်လည်း အ၀လွန်ခြင်းနှင့် ကင်ဆာကြား ဆက်နွယ်မှုကို ရှင်းပြနိုင်သည်။ ရောင်ကိုင်းခြင်းသည် ရောဂါကူးစက်မှုဖြစ်နေသော တစ်ရှူးအား ဖယ်ရှားပြီး ပြန်လည်ကုသပေးသည့် ခန္ဓာကိုယ်၏ သဘာဝဖြစ်စဉ်တစ်ခု ဖြစ်သည်။ ခန္ဓာကိုယ်၏ ဇီဝကာကွယ်ရေးစနစ်တွင်ရှိသော ဆဲလ်များသည် အဆိုပါ ရောင်ကိုင်း ခြင်း အား ဖြစ်ပေါ်စေသည်။ ၄င်းတို့ အသုံးပြုသည့် လက်နက်များမှာ ဆိုက်တိုကိုင်း (Cytokines) ဟုခေါ်သည့် ဓါတု အချက်ပြခြင်းများ ဖြစ်သည်။ များသော အားဖြင့် ရောင်ကိုင်းခြင်းမှာ ခဏသာ ဖြစ်လေ့ရှိသည်။ ရံဖန်ရံခါ ထိုရောင်ကိုင်းခြင်းများ အမြန် ပျောက်ကင်းခြင်း မရှိသည့်အခါ ၄င်းသည် နာတာရှည်ဖြစ်လာသည်။ ထိုအခါမျိုးတွင် ထိခိုက်ထားသော တစ်ရှူးသည် အမြဲပင် ဖွံ့ဖြိုးကြီးထွားမှုကို အားပေး သည့် ဆိုက်တိုကိုင်းထဲတွင် နစ်မြှပ် နေလေ တော့သည်။ ၄င်းအားဖြင့် ဆဲလ်များသည် စ၍ပွားများလာလေတော့သည်။ အကယ်၍ အဆိုပါ ဆဲလ်များသည် Mutation ဖြစ်ပြီးပြီဆိုပါက ဆိုက်တိုကိုင်းကြောင့် ကင်ဆာစတင်ဖြစ်ပေါ် လာစေတော့သည်။ ဥပမာ- အစာအိမ် အတွင်းရှိ အူများထဲမှ ဘက်တီးရီးယားများကြောင့် ၀မ်းဗိုက်အတွင်းရှိတစ်ရှူးများသည် ကြာရှည်စွာ ရောင်ကိုင်းနေသည့်အခါ ကင်ဆာ ဖြစ်ပေါ်လာ နိုင်သည်။ အလားတူ ဆီးအိမ်၏ နှုတ်ခမ်းသားများသည် ဆီးအိမ်အတွင်း ကျောက်တည်မှုများကြောင့် နှစ်ပေါင်းများစွာ ရောင်ကိုင်း နေသည့်အခါမျိုးတွင် ကင်ဆာဖြစ်နိုင်သည်။

ရောင်ကိုင်းမှုနှင့် အ၀လွန်မှု မည်သို့ ဆက်စပ်မှု ရှိသနည်း။ အဆီဆဲလ်များသည် ရောင်ကိုင်းမှုကိုဖြစ်စေသည့် ဓါတုပစ္စည်းများကို သွေး ထဲသို့ ထုတ်လွှတ်ကာ ကင်ဆာ ဖြစ်ပေါ်မှုကို အားပေးသည်။ အ၀လွန်လေလေ အဆိုပါထုတ်လွှတ်မှု များလေလေ ဖြစ်သည်။ ဖြစ်နိုင် သည်မှာ Cytokines များသည် ကင်ဆာ အားပေးသူအဖြစ် ဆောင်ရွက်ပေးသည်။ သို့ရာတွင် မှန်သည်မှားသည်ကို ဆုံးဖြတ်ရန် ဆက်လက်၍ သုတေသန လုပ်ဆောင်ရ ဦးမည် ဖြစ်သည်။ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်းသည် ကျွန်တော်တို့၏ သွေးထဲရှိ IGF-1 နှင့် Cytokines ပမာဏကို လျှော့ချပေးနိုင်သည်။ ၄င်းသည်ပင်လျှင် ပုံမှန် လေ့ကျင့်ခန်းဖြင့် ကင်ဆာကို တားဆီးပေးသည် ဆိုသည့် အချက်ကို ရှင်းပြပေးနေခြင်း ဖြစ်သည်။ အမျိုးသမီးများတွင် လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းဖြင့် သွေးထဲရှိ အက်ထရိုဂျင် (Estrogen) ပမာဏကို လျှော့ချပေးပြီး ရင်သား ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်သည်။

ကျွန်တော်တို့ ကင်ဆာဖြစ်စေသည့် gene များအကြောင်းနှင့် အဆိုပါ gene များအပေါ် ကင်ဆာအားပေးသည့် ဓါတု အချက်ပြမှုများမှ လွှမ်းမိုးသက်ရောက်ပုံများကို ပိုမိုသိရှိနားလည်လာခြင်းဖြင့် ပိုမို ကောင်းမွန်သည့် ရောဂါစစ်ဆေးပုံများ၊ ကုသမှုစနစ်များ တွေ့ရှိ လာကြသည် ဖြစ်သည့်အပြင် ပို၍ အရေးကြီးသည့် တိုးတက်မှုများကိုလည်း နောင်တွင် ရရှိလာစေမည်ဖြစ်သည်။ နေထိုင်မှု ပုံစံများနှင့် ကင်ဆာ အကြောင်း လေ့လာခြင်းဖြင့် ကင်ဆာကိုလျှော့ချနိုင်သည့် အခွင့်အရေးများကိုလည်း ရရှိစေသည်။ နေထိုင်မှုပုံစံကို ပြောင်းလဲ ပစ်ရန် မလွယ်ကူသော်လည်း ဖြစ်နိုင်ပါသည်။ ယခုအခါတွင် အမေရိကန်နိုင်ငံ၌ ဆေးရွက်ကြီးသုံးစွဲသူဦးရေမှာ လွန်ခဲ့သည့် မျိုးဆက် နှစ်ခုထက်စာလျှင် လွန်စွာ လျှော့နည်းသွားပြီ ဖြစ်သည်။ ဆေးရွက်ကြီးသုံးစွဲမှု ပိုမိုလျှော့ချရန်၊ စားသုံးမှုပုံစံပြင်ဆင်ရန်နှင့် ကိုယ် အလေးချိန် လျှော့ချခြင်း၊ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်း စသည့် အလေ့အထများ ရရှိစေရန် မျိုးဆက် (၂)ဆက်ခန့် ကြာလိမ့် ဦးမည် ဖြစ်သည်။ သို့ရာတွင် ဖြစ်လာ နိုင်သေးသည်။ ထိုသို့ဖြစ်လာလျှင် ကျွန်တော်တို့၏ မြေး၊မြစ်များသည် ကျွန်တော်တို့ မျိုးဆက်အား လည်ပြန်ကြည့်ပြီး ကျွန်တော်တို့ အကြောက်ရွံ့ဆုံးဖြစ်နေသော ရောဂါဆိုးကြီးမှ လွတ်မြောက်ရန် နေထိုင်မှုပုံစံအား ပြောင်းလဲလိုက်ခြင်း အားဖြင့် ပြုလုပ်နိုင်သည်ကို အဘယ်ကြောင့် ဤမျှ အချိန်ယူခဲ့ရ သနည်း ဆိုသည့် မေးခွန်းကို ခေါင်းကုတ်၍ အဖြေရှာနေပေတော့မည်။

လင်းဦး (စိတ်ပညာ)

Read More...

Saturday, March 15, 2008

Breast Cancer

ရင်သားကင်ဆာ



ကင်ဆာရောဂါအကြောင်း သိကောင်းစရာ (၂)


အမှန်ကတော့ ကျွန်တော်ရင်သားကင်ဆာအကြောင်းရေးဖို့ စိတ်ကူးမရှိသေးပါဘူး။ Suewann က တင်ပေးဖို့  ပြောလို့ ပါ။ ရင်သားကင်ဆာက သိထားသင့်တဲ့အကြောင်းတစ်ခုပါ။ အမျိုးသမီးတွေကို အဓိကခြိမ်းခြောက်နေ တဲ့ ရောဂါတစ်ခုဆိုလဲ မမှားပါဘူး။ ဒါပေမယ့် စောစောစီးစီး သိရှိရင် ထိထိရောက်ရောက် ကုသနိုင်တဲ့အတွက်

ဘယ်လိုသူတွေမှာ ရင်သားကင်ဆာဖြစ်ပွားဖို့ အခွင့်အလမ်းပိုများသလဲ?

ဘယ်လိုရောဂါလက္ခဏာတွေနဲ့ လာမှာလဲ?

စောစောစီးစီးသိအောင်ဘာတွေလုပ်နိုင်မလဲ?

ဘယ်လိုနည်းလမ်းတွေနဲ့ ကုသနိုင်သလဲ? ဆိုတာတွေ သိထားဖို့ လိုပါတယ်။

(၁) ဘယ်လိုသူတွေမှာ ရင်သားကင်ဆာဖြစ်ပွားဖို့ အခွင့်အလမ်းပိုများသလဲ?

- အပျိုဖော်ဝင်စောခြင်း (ရာသီဦးစောခြင်း) (Early menarche)

- သွေးဆုံးနောက်ကျခြင်း (ရာသီကုန် နောက်ကျခြင်း) (Late menopause)

- သားသမီးမထွန်းကားခြင်း

- သားဦးကို အသက် (၃၀) ကျော်မှ မွေးဖွားခြင်း

- ရာသီကုန်ပြီးနောက်ဟော်မုန်းအစားထိုးသုံးစွဲခြင်း

- ဓါတ်ရောင်ခြည်ထိတွေ့ ခဲ့ဖူးခြင်း

- မိသားစုဝင်ထဲ၊ ဒါမှမဟုတ်ဆွေမျိုးထဲတွင် ရင်သားကင်ဆာ၊သားဥအိမ်ကင်ဆာများဖြစ်ဖူးခြင်း




စတာတွေဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုများစေတဲ့ အချက်တွေပါ။ အဲဒီအချက်တွေ မိမိမှာရှိတယ်ဆိုရင် မိမိရင်သားကို အစဉ်ဂရုပြု စစ်ဆေးနေဖို့  လိုပါလိမ့်မယ်။

(၂) ဘယ်လိုရောဂါလက္ခဏာတွေနဲ့ လာမှာလဲ?

- ရင်သားအကျိတ်။ ဂျိုင်းပြန်ရည်ကျိတ်ကြီးခြင်း။

- ရင်သားအရေပြား ချိုင့်ဝင်ခြင်း၊ ထူထဲပြီး လိမ္မော်ခွံကဲ့သို့ ဖြစ်နေခြင်း၊

- နို့ သီးခေါင်းချိုင့်ဝင်နေခြင်း၊ နို့ သီးတ၀ိုက်မှိုစွဲသကဲ့သို့ ဖြစ်ခြင်း၊ နို့ သီးမှသွေးထွက်ခြင်း စတာတွေအပြင် ကင်ဆာဆဲလ်များအမြစ်ပွားခြင်း (Metastasis) ကြောင့်ဖြစ်တဲ့ လက္ခဏာတွေနဲ့ လဲလာနိုင်ပါတယ်။

(၃) စောစောစီးစီးသိအောင်ဘာတွေလုပ်နိုင်မလဲ?

- မိမိရင်သားကိုရေချိုးစဉ်မှာဖြစ်ဖြစ် တစ်ပါတ်တစ်ခါလောက် စမ်းကြည့်သင့်ပါတယ်။ (အထူးသဖြင့် ကိုယ်ဝန်ဆောင်စဉ်နဲ့ ကိုယ်ဝန်ဆောင်ပြီးစအချိန်များ)စမ်းတဲ့အခါမှာလည်း နို့  သီးအောက်မှအစ၊ ရင်သား တစ်ခုလုံး၊ ဂျိုင်းအထိ စမ်းသင့်ပါတယ်။

- အထက်မှာပြောထားတဲ့ ရောဂါဖြစ်နိုင်ခြေရှိတဲ့သူမျိုးဆို၇င်တော့ လိုအပ်သလို ရင်သားဓါတ်မှန် (Mammogram) ကို ၁-၂နှစ်တစ်ကြိမ်ထိ ရိုက်ပြီး စစ်ဆေးသင့်ပါတယ်၊(လိုအပ်သလိုဆိုတဲ့နေ၇ာမှာ သက်ဆိုင်ရာပါရကူက မည်သည်အသက်အရွယ်ကစရိုက်၇မယ် ဆိုတာကို risk factor တွေအပေါ် မူတည်ပြီး confirm လုပ်သင့်တာတွေကို လုပ်ပြီး ဆုံးဖြတ်ပေးပါလိမ့်မယ်။ ဖွံ့ ဖြိုးပြီးနိုင်ငံတွေမှာတော့ screening program တွေနဲ့ လုပ်နေပါတယ်။ National Cancer Institute (U.S) guideline အ၇ အသက် ၄၀-၇၀ ကြားကို ၁-၂နှစ်တစ်ကြိမ် screening လုပ်ဖို့ recommend လုပ်ပါတယ်။ NHS Breast Screening Programme (UK) ကတော့ ၅၀-၇၀နှစ်ကြားကိုလုပ်ပါတယ်။ )

- တစ်ကယ်လို့ မသင်္ကာဖွယ်ရာအကျိတ် (သို့ ) ရင်သားဓါတ်မှန်ရလဒ်မျိုးတွေ့ ရင်တော့ ရင်သားအသားစယူစစ်ဆေးခြင်း (FNA, Core biopsy, Excisional biopsy)၊ ပြန်ရည်ကျိတ်စစ်ဆေးမှုများ အပြင် အဆုတ်၊အသည်း၊အရိုးအစရှိသောအစိတ်အပိုင်းများသို့  ကင်ဆာပွားခြင်းရှိမရှိစမ်းသပ်မှုတွေကို ဆက်လုပ်မှာဖြစ်ပါတယ်။

(၄) ဘယ်လိုနည်းလမ်းတွေနဲ့ ကုသနိုင်သလဲ?

- ခွဲစိတ်မှုကတော့မဖြစ်မနေလုပ်ရမှာပါ (အသားစအဖြေကကင်ဆာဖြစ်နေရင်)။ ရောဂါက အစောပိုင်းအဆင့်မှာရှိသေးရင်တော့ ရင်သားထိန်းသိမ်းခွဲစိတ်ခြင်း (Breast Conservative Treatment) လုပ်နိုင်တဲ့အတွက်ရင်သားကိုထိန်းသိမ်းနိုင်မှာပါ။ ရောဂါအဆင့်မြင့်နေရင်တော့ ရင်သားသာမကပြန်ရည်ကျိတ် များပါထုတ်ပစ်ရမှာပါ။

- ကင်ဆာတိုက်ဖျက်ဆေးများနှင့်ကုသခြင်း(Chemotherapy)ကလည်းခွဲစိတ်မှုမတိုင်မီနဲ့ ခွဲစိတ်ပြီး၊ (သို့ )ခွဲစိတ်ပြီးမှာ လူနာရဲ့  အသက်၊ရာသီအနေအထား၊အကြိတ်အရွယ်အစား၊ပြန်ရည်ကျိတ်ပါဝင်မှု၊ ဟော်မုန်းလက်ခံပရိုတင်း(ER/PR) စတာတွေအပေါ်မှာမူတည်ပြီး ပေးလေ့ရှိပါတယ်။

- ဓါတ်ရောင်ခြည်ဖြင့်ကုသခြင်း(Radiation Therapy)တို့ အပြင်

- ဟော်မုန်းကုထုံး(Hormonal Therapy)၊ ဇီဝကုထုံး(Biotherapy)စတဲ့ ထိရောက်သောခေတ်မီ ကုထုံးတွေနဲ့ ပူးတွဲကုသနိုင်ပါတယ်။ ကုသမှုတွေအပြီးမှာလည်း သုံးလတစ်ကြိမ်၊ ခြောက်လတစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ် အစရှိသဖြင့် ပြန်လည်ခေါ်ယူစမ်းသပ်မှုတို့  ပုံမှန်သွားရောက်ဖို့ လိုအပ်ပါတယ်။ ဒါဟာ ရောဂါပြန်လည်ထကြွမှု၊ အခြားအစိတ်အပိုင်းများသို့ ကင်ဆာပျံ့ နှံ့ မှုတွေရှိမရှိ သိရှိဖို့ ဖြစ်လို. အလွန် အရေးကြီးပါတယ်။ ဒါကြောင့်

- ရောဂါမဖြစ်ခင်စဉ်ကတည်းက ရှောင်ကြဉ်၍ ရသည်ကို ရှောင်ကြဉ်ခြင်း (ဥပမာ-ဟော်မုန်းများ)

- ရောဂါကို စောစီးစွာ သိရှိအောင် သတိ(awareness)ထား၍ မိမိကိုယ်ကိုစမ်းသပ်ခြင်း (Self examination)

- ထိရောက်သောကုသမှုခံယူခြင်းဖြင့် ရောဂါအဆင့်မတိုးအောင် ကာကွယ်ခြင်း

- ကုသမှုခံယူပြီးနောက် ဆရာဝန်ညွှန်ကြားသည့်အတိုင်း ပြန်လည်ပြသခြင်းစတာတွေနဲ့  ရင်သားကင်ဆာ ရောဂါကို ရင်ဆိုင်ကျော်လွှားနိုင်ကြမှာပါ။

Note*: You can read more about self examination of breast here.


Read More...

Saturday, March 1, 2008

Cancer


ကင်ဆာရောဂါအကြောင်း သိကောင်းစရာ (၁)

ကင်ဆာရောဂါ ဘာကြောင့်ဖြစ်လဲ။ ဘာတွေကိုကာကွယ်လို့ ရမလဲ။

ကင်ဆာဆိုသည်နှင့် ကျွန်တော်တို့ မြန်မာတော်တော်များများ ပြေးမြင်ကြသည်မှာ ကင်ဆာသည် အတိတ်က ကံကြောင့်ဖြစ်သည့် ၀ဋ်နာကံနာဟု ယူဆကြသည်။ ဘာတွေကြောင့်ဖြစ်တယ်ဆိုတာကိုသိပ်မသိကြပါ။ယနေ့  ခေတ်မှာကင်ဆာနဲ့  ပက်သက်တဲ့ဘာသာရပ်တွေ အလျင်အမြန်တိုးတက်နေပါတယ်။ ဒါကြောင့်ကုသမှု ရလဒ် တွေလဲ အလွန်ကောင်းမွန်လာပါပြီ။ သို့ သော် မည်သည့်ရောဂါမဆို ကြိုတင်ကာကွယ်နိုင်ရင် အကောင်းဆုံး ဖြစ်တဲ့အတွက် ရောဂါဖြစ်ရခြင်းအကြောင်းရင်းကို သိထားဖို့ လိုပါတယ်။ ဒီရောဂါတွေမှာတော့ ဖြစ်ရခြင်း အကြောင်းရင်းဆိုတာထက် ဖြစ်စေနိုင်သော အကြောင်းရင်းများဆိုရင် ပိုမိုမှန်ကန်ပါမယ်။ ဖြစ်စေနိုင်သော အကြောင်းရင်းများလေ၊ ရောဂါဖြစ်နိုင်သောရာခိုင်နှုန်းများလေပါပဲ။ ဒီတော့ အဲဒီအကြောင်းရင်းတွေက ဘာတွေလဲဆိုတာ ကြည့်လိုက်ကြရအောင်။

(၁) အစားအစာများ အချို့ အစားအသောက်ထဲမှာပါဝင်တဲ့ပစ္စည်းတွေက ကင်ဆာဖြစ်ပွားမှု ဖြစ်စဉ်ကို အားပေးပါတယ်။ ကိုယ့်မှာ အဲဒီအစားအစာတွေ များများစားတဲ့အလေ့အထရှိရင် ဆင်ခြင်သင့်ပါတယ်။

- မီးကင်ထားသောအစားအစာများ (Nitrosamine)

- အရောင်တင်ထားသောအစားအစာများ

- ဆိုဒါပါသောအစားအစာများ

- အဆီများသောအစားအစာများ

- ကာဗိုဟိုက်ဒရိတ်များသောအစားအစာများ (ဥပမာ - ဆန်၊ အာလူး၊ ပဲ၊ ပေါင်မုန့် )

- မှိုတွယ်သောအစားအစာများ

အထူးသဖြင့် အစာခြေလမ်းကြောင်းနှင့် အစာစွန့် ပစ်လမ်းကြောင်း တွေဖြစ်တဲ့ အစာအိမ်၊ အူလမ်းကြောင်း၊ အသည်း၊ ဆီးလမ်းကြောင်းတွေမှာ ကင်ဆာရောဂါတွေဖြစ်တတ်ပါတယ်။




ကင်ဆာဖြစ်ပွားမှုဖြစ်စဉ်ကို ဟန့် တားနိုင်သော အစားအစာတွေကတော့

- ဗီတာမင်အေ ပါဝင်သော အစားအစာများ (ဥပမာ- အသည်း၊ ထောပတ်၊ ဥ၊ မုန်လာဥနီ၊ အ၀ါရောင်ပါသောသစ်သီးများ)

- ဗီတာမင်စီ ပါဝင်သော အစားအစာများ (ဥပမာ- ဆီးဖြူသီး၊ ချဉ်သောအသီးအနှံများ)

- ဗီတာမင်အီး ပါဝင်သော အစားအစာများ (ဥပမာ- မြေပဲ၊ နှံစားပြောင်း၊ အစေ့များ၊ နေကြာဆီ၊ ပဲပိစပ်) စတာတွေဖြစ်ပါတယ်။ ဒီစားသောက်မှုအလေ့အထတွေဟာကင်ဆာရောဂါဖြစ်ပွားမှု တွေရဲ့ ၃၅% အကျုံးဝင်နေတာတွေရပါတယ်။

(၂) ဆေးလိပ် နှင့် ဆေးရွက်ကြီး(ကွမ်း) ဆေးလိပ်ငွေ့ မှာ ကင်ဆာရောဂါဖြစ်ပွားမှု ဖြစ်စဉ်ကို ဖြစ်စေနိုင်တဲ့ 3,4 Benzpyrene, Polonium 210, Nicotine, Cyanhydric acid, Ammonia, Lead, Cadmium, Chromium, Carbon monoxide, Arsenic trioxide စတာတွေပါရှိပါတယ်။အဲဒီဒြပ်ပေါင်းတွေကြောင့်နှုတ် ခမ်း၊ ခံတွင်း၊ လျှာ၊ လည်ချောင်း၊ လေပြွန်၊ အစာပြွန်၊ အဆုတ် စတဲ့ တိုက်ရိုက် ထိတွေ့ နေတဲ့ အစိတ်အပိုင်းတွေ အပြင် ကျောက်ကပ်၊ ဆီးအိမ်၊ သရက်ရွက် စတဲ့ အစိတ်အပိုင်းတွေမှာပါ ကင်ဆာရောဂါဖြစ်ပွားစေပါတယ်။ ဆေးလိပ်နဲ့ ဆေးရွက်ကြီးဟာလဲကင်ဆာဖြစ်ပွားမှု တွေရဲ့ ၃၀%ခန့်  ပက်သက်နေတာတွေ့  ရပါတယ်။

(၃) ဗိုင်းရပ်(စ်)များ အောက်ပါဗိုင်းရပ်(စ်)တွေဟာ ကင်ဆာဖြစ်ပွားမှု တွေနဲ့ ၁၀%လောက်ထိ ပက်သက် နေတာတွေ့ ရပါတယ်။

- Infectious mononucleosis လို့ ခေါ်တဲ့ ကိုယ်ပူခြင်း၊ အကျိတ်များရောင်ခြင်း၊ လည်ချောင်းနာခြင်း စသည့် လက္ခဏာများဖြစ်တတ်သည့် ရောဂါကို ဖြစ်စေသောEbstein-Barr Virus

- အသည်းရောင်ရောဂါဖြစ်စေသော အသည်းရောင်ရောဂါဗိုင်းရပ်(စ်) ဘီပိုး၊ စီပိုး (HBV, HCV)

- အဖုအကျိတ်များဖြစ်စေသော Human Papilloma Virus (HPV)

- သွေးကင်ဆာဖြစ်စေသော HTLV

- HIV

ဒါတွေကိုတော့ထပ်မရှင်းတော့ပါဘူး။ ဘီပိုး၊ စီပိုး နဲ့ အိပ်(ခ်ျ)အိုင်ဗီပိုးတွေကတော့ အတော်များများ သိပြီးကြမှာ ဖြစ်ပါတယ်။

(၄) ဟော်မုန်းများ ဟော်မုန်းတွေဟာလဲ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ သားဥကင်ဆာ၊ သရက်ရွက်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ စတဲ့ကင်ဆာရောဂါတွေကို ဖြစ်ပွားစေပါတယ်။ အမျိုးသမီးတွေမှာတော့

- ရာသီဦး စောခြင်း (Early menarche)

- သွေးဆုံးနောက်ကျခြင်း (late menopause)

- သားသမီးမရခြင်း

- ငယ်ရွယ်စဉ် အိမ်ထောင်ကျခြင်း

- ကာလရှည်ကြာစွာ တားဆေးများသုံးခြင်း

- ကိုယ်ဝန်မကြာခဏပျက်ကျခြင်း

- ဟော်မုန်းနှင့်ကုသခြင်း (Hormone Replacement Therapy) စတာတွေဟာ အထက်ပါ ကင်ဆာရောဂါ တွေနဲ့ ပက်သက်တဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။

(၅) မျိုးရိုးလိုက်ခြင်း။ ကင်ဆာရောဂါဟုယူဆရသော အခြေအနေတွင် ဆရာဝန်များ မေးလေ့ရှိသော မေးခွန်းမှာ ဆွေမျိုးသားချင်းထဲတွင် အလားတူကင်ဆာရောဂါမျိုးဖြစ်ဖူးသလား ဟူ၍ ဖြစ်သည်။ မျိုးရိုးလိုက်ခြင်း သည်လည်း ကင်ဆာရောဂါဖြစ်ပွားမှုဖြစ်စဉ်တွင် ၁၀%ထိပက်သက်မှုရှိသည်။ မျိုးရိုးလိုက်သော ကင်ဆာ ရောဂါများ၏ ထူးခြားချက်မှာ အသက်ငယ်စဉ်မှာပင်စတင်ဖြစ်ပွားခြင်း၊ ပထမအဆင့်ပက်သက်သော ဆွေမျိုး (ဥပမာ-အဖေ၊အမေ၊မောင်နှမ)တွင် ကင်ဆာဖြစ်ဖူးခြင်း၊ ဒုတိယအဆင့်ပက်သက်သောဆွေမျိုး နှစ်ဦးထက် မနည်းတွင် ကင်ဆာရောဂါဖြစ်ဖူးခြင်း၊ အသက်ရှင်မှု မျှော်လင့်ချက်ကောင်းခြင်းတို့  ဖြစ်သည်။

(၆) ဓါတ်ရောင်ခြည်သင့်ခြင်း ဓါတ်ရောင်ခြည်သင့်ခြင်းကြောင့် အထူးသဖြင့် သွေးနှင့်ဆိုင်သော ကင်ဆာများ၊ သိုင်းရွိုက်ကင်ဆာ၊ အစာပြွန်ကင်ဆာစတဲ့ေ၇ာဂါတွေကိုဖြစ်စေပါတယ်။ ကမ္ဘာမှာ ထင်ရှားတဲ့ ဥပမာတွေကတော့ ဟီရိုရှီးမား၊ နာဂါစကီအနုမြူဗုံးကျဲမှု၊ ရုရှား ချီနိုဘီး(လ်)စကာရားအနုမြူဓါတ်ပေါင်းဖို မတော်တဆမှုတွေပါ။ ထိုသို့ သော လူအမြောက်အမြားဖြစ်ပွားစေသော အနုမြှူဓါတ်ေ၇ာင်ခြည်မျိုးသာမက ဓါတ်ရောင်သင့်စေသော ကုသမှုများသည်လည်း ကင်ဆာဖြစ်စေနိုင်မှုကို တိုးပွားစေသည်။

(၇) ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ကားအိတ်ဇော၊ စက်ရုံများမှထွက်သောဓါတ်ငွေ့  များသည် အသက်ရှူ လမ်းကြောင်းတစ်လျှောက် ကင်ဆာရောဂါဖြစ်ပွားစေသည်။ ဓါတုဗေဒစက်ရုံများ၊ အထည်စက်ရုံများ၊ သတ္တုစက်ရုံများမှ စွန့် ပစ်ပစ္စည်းများကို သန့်  စင်ခြင်းမရှိဘဲ (သို့ ) သန့် စင်မှုအဆင့်အတန်းမပြည့်ဘဲ မြစ်၊ ချောင်းများသို့ စွန့် ပစ်ခြင်း သည်လည်း လူအမြောက်အမြားကို ကင်ဆာဖြစ်စေသောအကြောင်းအရာတစ်ခု ဖြစ်သည်။

(၈) ကာလရှည်စွာနေလောင်ခံခြင်း အရေပြားကင်ဆာများ၏ အဓိကအကြောင်းရင်းဖြစ်သည်။ အနောက် နိုင်ငံများတွင် အဖြစ်များသောရောဂါ ဖြစ်သည်။ ရင်သားကင်ဆာ၊ သွေးကင်ဆာဖြစ်ပွားမှု တွေနှင့်လည်း ဆက်စပ်သည် ဟုဆိုကြသည်။

(၉) အရက်။ အသည်းကင်ဆာ၊ အစာလမ်းကြောင်းကင်ဆာများ၏ လက်သည်တရားခံတစ်ဦး ဖြစ်သည်။ အယ်(လ်)ကိုဟောပါဝင်မှု၊ သောက်သုံးမှုပမာဏ နှင့် ကာလကြာရှည်မှုတို့ မှာ ထည့်သွင်းစဉ်းစားရမည့် အချက်များဖြစ်သည်။ ကာ(လ်)ဗာဒေါ့(စ်) ဟူသည့် ပန်းသီးဘရမ်ဒီ ကိုသောက်လေ့သောက်ထရှိသော ပြင်သစ်နိုင်ငံမြောင်ပိုင်းတွင် အစာပြွန်ကင်ဆာဖြစ်ပွားမှုမှာ စပျစ်ဝိုင်သောက်လေ့ရှိသော တောင်ပိုင်းထက် အဆမတန်ပိုမိုများပြားသည်ကို တွေ့ ရှိရသည်။

အဆိုပါအချက်များမှာ ယေဘုယျအဖြစ်များသော အချက်များဖြစ်ပြီး ကင်ဆာရောဂါအမျိုးအစားအလိုက် သီးခြားအချက်များလည်း ရှိပါသည်။ မည်သို့ ဆိုစေ မိမိ၏ နေထိုင်စားသောက်မှုစတိုင်(လ်)ကို အကဲဖြတ် နိုင်လောက်ပြီဟု ယူဆပါသည်။ ကင်ဆာရောဂါမဖြစ်ပွားအောင် ရာနှုန်းပြည့် မဟုတ်သော်လည်း အတတ် နိုင်ဆုံး မည်သို့  ကာကွယ်နိုင်သည်ကို သိရှိနိုင်ပြီဟု ယူဆပါသည်။


Read More...