Thursday, March 29, 2012

2012 Physician Lifestyle Report ဆရာဝန်တွေကို လေ့လာခြင်း

ဘယ်လိုမျိုး ဆရာဝန်တွေက အပျော်ဆုံးလဲ၊ ကျန်းမာရေး အကောင်းဆုံးလဲ၊ ဘာသာရေး အကိုင်းရှိုင်းဆုံးလဲ၊ လိုတာထက် ဝနေသလဲ၊ အားလပ်ရက်မှာ ဘာလုပ်သလဲ ဆိုတာတွေကို လေ့လာမှုလုပ်လို့ရတဲ့ ရလဒ်တွေကို ၂၂-၃-၂ဝ၁၂ နေ့က ထုတ်ပြန်လိုက်ပါယ်။ ထုံးစံအတိုင်း အမေရိကားမှာပါ။ 2012 Physician Lifestyle Report “၂ဝ၁၂ ဆရာဝန် လူနေမှုပုံစံ-အစီရင်ခံစာ” လို့ ခေါ်ပါတယ်။

သူတို့ဆီက ဆရာဝန်တွေကို ဂျူတီကုပ် အဖြူချွတ်ပြီး လျှပ်တပြက်ကြည့်တဲ့ (ရီပို့တ်) ဖြစ်ပါတယ်။ အထူးကုနယ်ပယ် ၂၅ ခုက ဆရာဝန်ပေါင်း ၂၉ဝဝဝ ကို ၃ လတာ လေ့လာခဲ့တာပါ။ သိပ္ပံနည်းကျလို့ ပြောမရပေမဲ့ စိတ်ဝင်စားစရာတွေတော့ သိရပါမယ်။ ၅ အမှတ်ပေးစနစ်နဲ့ တိုင်းတာထားတယ်။

The Happiest Doctors အပျော်ရဆုံး ဆရာဝန်
- Rheumatologists အရိုး-အဆစ်-ရူမက်တစ် အထူကုဆရာဝန် အပျော်ရွှင်ဆုံး။ ၄့ဝ၉ မှတ်၊ Dermatologists အရေပြား-အထူးကုဆရာ
ဝန် = ၄့ဝ၆ မှတ်၊ Urologist ဆီးလမ်း-အထူးကုဆရာဝန် = ၄့ဝ၄ မှတ်။ Eye specialists မျက်စိ-အထူးကုဆရာဝန် = ၄့ဝ၃ မှတ်။ Emergency doctors အရေးပေါ်-ဆရာဝန် = ၄့ဝ၁ မှတ်။
- ငွေကို အလုံအလောက်၊ ဒါမှမဟုတ် လိုတာမကရနေသူပေါင်း = ၆၁%။ ငွေကို လုံလောက်မျှတဘို့ ခက်ခဲသူ၊ အကြွေးတင်နေသူပေါင်း = ၇%။ ဘာသာရေး ကိုင်းရှိုင်းသူ = ၈ဝ%။ ဘုရားသွား-ကျောင်းသွားသူ = ၄၀%။

The least happy doctors မပျော်ဆုံးသော ဆရာဝန်
- Neurologists အာရုံကြော-အထူးကုဆရာဝန်၊ Gastroenterologists အစာလမ်း-အထူးကုဆရာဝန် နဲ့ Internal medicine doctors သမားတော်၊ = ၃့၈၈ မှတ်စီ။ Oncologists ကင်ဆာ-အထူးကုဆရာဝန်၊ General surgeons အထွေထွေခွဲစိတ်ဆရာဝန်၊ Plastic surgeons (ပလပ်စ်တစ်) ဆရာဝန် = ၃့၈၉ မှတ်စီ။

The Healthiest Doctors ကျန်းမာရေးပြည့်ဝတဲ့ ဆရာဝန်တွေ
- Dermatologists အရေပြား-အထူးကုဆရာဝန် = ၄့၂၃ မှတ်။
- Plastic surgeons (ပလပ်စ်တစ်) ဆရာဝန် = ၄့၂၂ မှတ်။ - Diabeticians/endocrinologists ဆီးချို-ဟော်မုန်း အထူးကုဆရာဝန် = ၄့၂ဝ မှတ်။
- Orthopedists အရိုး-အထူးကုဆရာဝန် = ၄့၁၉ မှတ်။
- Cardiologists နှလုံး-အထူးကုဆရာဝန် = ၄့၁၇ မှတ်။

The least healthy doctors ကျန်းမာရေး အနည်းဆုံး ဆရာဝန်တွေ
- Critical care doctors အသည်းအသန်-အထူးကုဆရာဝန်တွေ = ၃့၉၈ မှတ်။
- Pediatricians ကလေး-အထူးကုဆရာဝန် = ၄့ဝ၁ မှတ်။
- Obstetricians/gynecologists သားဖွါး-မီးယပ် အထူးကုဆရာဝန် = ၄့ဝ၂ မှတ်။
- Pathologists ရောဂါရှာဖွေရေး-အထူးကုဆရာဝန် = ၄့ဝ၂ မှတ်။
- Psychiatrists စိတ်ရောဂါ-အထူးကုဆရာဝန် = ၄့ဝ၂ မှတ်။

Doctors' Weight ကိုယ်အလေးချိန်
- အမျိုးသားဆရာဝန် ၃ ယောက်မှာ ၁ ယောက်၊ အမျိုးသမီးဆရာဝန် ၄ ယောက်မှာ ၁ ယောက် အလေးချိန် ရှိသင့်တာထက် များနေကြတယ်။
- ကိုယ့်ကိုယ်ကို ဝနေတယ်ပြောတဲ့ အမျိုးသားဆရာဝန် = ၅့၃၃%။
- ကိုယ့်ကိုယ်ကို ဝနေတယ်ပြောတဲ့ အမျိုးသမီးဆရာဝန် = ၆့၂၁%။
- (ဆရာဝန်က ဝနေတာ လူနာအတွက် ကိစ္စမရှိပါ။)

Where Doctors Go on Vacation အားလပ်ရက်ကို ဘယ်လိုသုံးသလဲ
- အမျိုးသားဆရာဝန်တွေရော အမျိုးသမီးဆရာဝန်တွေပါ ခရီးဝေးသွားချင်ကြ-သွားဖြစ်ကြတယ်။
- အမျိုးသားဆရာဝန် ၅ဝ%၊ အမျိုးသမီးဆရာဝန် ၅၇% တိုင်းတပါး ခရီးသွားကြတယ်။
- အမျိုးသားဆရာဝန် ၄၈%၊ အမျိုးသမီးဆရာဝန် ၅၄% ပင်လယ်ကမ်းခြေ အပန်းဖြေကြတယ်။
- အမျိုးသားဆရာဝန်တွေ
o Road trips ကားမောင်းခရီး = ၂၃%၊
o Vacation home အပန်းဖြေနေအိမ် = ၂ဝ%၊
o Cruises အပျော်စီးသင်္ဘောခရီး = ၁၉%၊
o Camping/hiking တောင်တက်ခရီး = ၁၈%၊
o Cultural trips ယဉ်ကျေးမှုလေ့လာရေးခရီး = ၁၇%၊
o Luxury spas/hotels အပန်းဖြေဟော်တယ်ခရီး = ၁၆%၊
o Winter sports trips ဆောင်းရာသီအားကစားသွာခြင်း = ၁၅%၊
o Adventure outings စွန့်စားခရီးထွက်ခြင်း = ၁၅%။
- အမျိုးသမီးဆရာဝန်တွေ
o Luxury spas/hotels အပန်းဖြေဟော်တယ်ခရီး = ၂၃%၊
o Road trips ကားမောင်းခရီး = ၂၂%၊
o Cultural trips ယဉ်ကျေးမှုလေ့လာရေးခရီး = ၂၂%၊
o Vacation home အပန်းဖြေနေအိမ် = ၂၁%၊
o Camping/hiking တောင်တက်ခရီး = ၂ဝ%၊
o Cruises အပျော်စီးသင်္ဘောခရီး = ၁၇့၅%၊
o Adventure outings စွန့်စားခရီးထွက်ခြင်း = ၁၄%၊
o Winter sports trips ဆောင်းရာသီအားကစားသွာခြင်း = ၁၃%။

What Doctors Do for Fun တခြားဝါသနာပါရာအလုပ်တွေ
- Exercise/physical activity ကိုယ်လက် လေ့ကျင့်ခန်း၊ အမျိုးသားဆရာဝန် = ၆၉%၊ အမျိုးသမီးဆရာဝန် = ၆၃%၊
- Reading စာဖတ်ခြင်း၊ အမျိုးသားဆရာဝန် = ၅၉%၊ အမျိုးသမီးဆရာဝန် = ၇၁%၊
- Travel ခရီးထွက်ခြင်း၊ အမျိုးသားဆရာဝန် = ၅၅့၆%၊ အမျိုးသမီးဆရာဝန် = ၆၃%၊
- Cultural events ယဉ်ကျေးမှု-အနုပညာ၊ အမျိုးသားဆရာဝန် = ၄၁%၊ အမျိုးသမီးဆရာဝန် = ၅၃%၊

Food and wine အစားအကောက် အမျိုးသားဆရာဝန် = ၄၁%၊ အမျိုးသမီးဆရာဝန် = ၄၉%၊
- အသောက်အစားကင်းသူ အမျိုးသားဆရာဝန် = ၂၇%၊ အမျိုးသမီးဆရာဝန် = ၃၅%၊
- ဆရာဝန်အားလုံး တဝက်ကျော်က တရက်မှာ တခွက်သာသောက်တယ်။
- တရက်မှာ ၂ ခွက်၊ ၂ ခွက်ကျော်သောက်သူ အမျိုးသားဆရာဝန် = ၃%၊
- တရက်မှာ ၂ ခွက်၊ ၂ ခွက်ကျော်သောက်သူ အမျိုးသမီးဆရာဝန် = ၁%။

Volunteer Work စေတနာ့ဝန်ထမ်းအလုပ်
- ဆရာဝန်အားလုံးထဲက ၃ ပုံ ၂ ပုံဟာ စေတနာ့ဝန်ထမ်းအလုပ် တခုခုလုပ်ကြတယ်။ ဆေးအခမဲ့ကုသပေးတာနဲ့ ဘာသာရေးတာဝန်ယူတာမျိုး လုပ်ကြတယ်။

Doctors Born in the U.S. ဒီဆရာဝန်တွေအားလုံးက အမေရိကားမှာ မွေးကြတာ မဟုတ်ပါ။
- ၃ ပုံ ၂ ပုံကျော်ကျော် ဆရာဝန်တွေက အမေရိကားမှာသာ မွေးကြသူတွေဖြစ်တယ်။
- ၈% က တိုင်းတပါးမှာမွေးခဲ့ပြီး အမေရိကားကို ရောက်လာသူတွေ ဖြစ်ကြတယ်။
- ၂ဝ% က အရွယ်ရမှ အမေရိကားကိုလာကြတယ်။

Favorite Cars ဆရာဝန်တွေ ဘယ်ကားမျိုးစီးကြသလဲ။
- Toyota (17%)
- Honda (15%)
- Lexus (8%)
- BMW (7%)
- Mercedes (5%)
- Ford (5%)
- Nissan (4%)
- Chevrolet (4%)
- Subaru (3.5%)
- Audi (3%)

ကျွန်တော်တို့ဆီမှာလဲ လေ့လာမှုပြုကြရင် ဆေးပညာ စိတ်မဝင်စားဘဲ မိဘတွေက အတင်းတိုက်တွန်းလို့သာ ဆရာဝန် ဖြစ်ရသူတွေ၊ ဆေးပညာဘွဲ့ရပြီး ဆေးမကုတဲ့ ဆရာဝန်၊ ဆေးလဲကု ဒိပြင်အလုပ်လဲလုပ်သူ၊ တိုင်းတပါး ထွက်သွားရတဲ့ ဆရာဝန်၊ စတဲ့ စတဲ့ စိတ်ဝင်စားဘို့ ကောင်းတာတွေ သိလာနိုင်ပါမယ်။

အမေရိကန် ဆရာဝန် ၂% မှာ ကားတစီးမှ မပိုင်ပါ။ မြန်မာပြည်မှာ လွန်ခဲ့တဲ့ အနှစ် ၂ဝ ကျော်တုံးက ဆရာဝန်ကြီးတွေ၊ အထူးကု-ဆရာဝန်တွေက နိုင်ငံခြား ပညာတော်သင်ကနေ ပြန်လာရင် ကားသစ်တစီးကျ ဝယ်နိုင်ခဲ့ကြတယ်။ သွင်းခွင့်ရတာ ဖြစ်ပါတယ်။ “ကားသစ်” သာဆိုတယ် (ရှိုင်း) ထားတာတွေ များတယ်။ “သစ်တာမှန်သမျှ ကောင်းတာ မှန်သမျှ နိုင်ငံရေးအရ လက်မခံတဲ့ခေတ်” ဖြစ်တယ်။ နိုင်ငံခြား မသွားရတဲ့ ဆရာဝန်တွေကလဲ တပါတ်ရစ် သစ်အောင် လုပ်ထားတာကို စီးနိုင်ရင် အတော်တော်လို့ဘဲ။ အများစုသော ဆရာဝန်လေးတွေက ဝယ်နိုင်မှ ဂျစ်ကား။ ဒါတောင် ၃ နှစ်လောက် ခြစ်ခြစ်ကုပ်ကုပ် စုကြရသေးတာ။ (ဂျီ-ပီ) ကရတဲ့တဝက်ကို (ဝပ်ရှော့ပ်) မှာ ကုန်ရမယ်။ ကားပျက်နေရင် ဆရာဝန်ဖြစ်နေလို့ ထွန်စက် ဘီဖုံးပေါ်မှာတော့ နေရာရနိုင်ပါတယ်။

Dr. တင့်ဆွေ
၂၈-၃-၂ဝ၁၂

Read More...

Missed abortion ကိုယ်ဝန်ပျက်ခြင်း တမျိုး

Thu, Mar 29, 2012 at 6:01 AM
Missed abortion အကြောင်းနဲ့ ထပ်မဖြစ်အောင် ကာကွယ်လို့ ရနိုင်မဲ့နည်းလမ်းရှိရင် သိခွင့်ရချင်ပါတယ်ရှင်။

“ကိုယ်ဝန်လဲ ရှိနေပြီး မလွဲမသွေလဲ ပျက်တော့မယ်” ဆိုတာကို ခေါ်တယ်။ သွေးတော့ မဆင်းသေးဘူး။ ဗိုက်နာတာလဲ မရှိသေးပါ။ ကိုယ်ဝန်က ဆက်ပြီး ကြီးထွားမလာတော့ပါ။ ကိုယ်ဝန်ရှိတယ်သာပြောရတာ သန္ဓေသားက ဖြစ်ချင်မှ ဖြစ်လာအုံးမယ်။ ဖြစ်လာပြီးရင်လဲ အသက်မဝင်တော့ဘူး။ ဒါက သဘာဝတရားလို့ ခပ်လွယ်လွယ်ပြောနိုင်တယ်။ တခုခု လုပ်လိုက်လို့ ဥပမာ ဖျက်ဆေးသောက်တာ၊ ချော်လဲတာ၊ ပိုးဝင်တာ ဘာမှမလုပ်ရပါဘဲနဲ့ သူ့သဘောသူဆောင်ပြီး ပျက်တာကို ဆိုလိုတယ်။ ဆရာဝန်နဲ့ မတွေ့သူမှာ သွေးဆင်းလာမယ်။ ဒါကိုတော့ Miscarriage လို့ သတ်မှတ်တယ်။

အမျိုးသမီး ကိုယ်ခန္ဓာကနေ အထဲမှာ ပျက်စီးသွားတာကို ထုတ်ပြစ်ဘို့ လုပ်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ အမျိုးသမီး ကိုယ်ခန္ဓာက သန္ဓေ သေသွားတာ မသိလိုက်ဘူး။ သန္ဓေတည်လိုက်တာတောင် သိချင်မှသိမယ်။ ဒါကြောင့် ထုတ်ပြစ်ရမဲ့ အလုပ်ကို လုပ်ရကောင်းမှန်း မသိဘူး။ ဒီလိုအခြေအနေကို Mayo Clinic ကနေ ဆေးဝေါဟာရတခုသုံးတယ်။ Missed miscarriage တဲ့။ သိထားဘို့က မြန်မာတွေ လူတိုင်းလိုလို Abortion (အဘောရှင်း) တိုတာ ကိုယ်ဝန်ပျက်တာရော ဖျက်တာရောပို ရောခေါ်ကြတယ်။ ဆေးပညာအရ ဆိုတာ တမင်တကာ ဖျက်တာကိုမှ Abortion ခေါ်ရတယ်။ သူ့အလိုလို ပျက်သွားတာကို Miscarriage လို့ခေါ်ရတယ်။ ဒါကြောင့် Missed miscarriage လိုသုံးတာ သင့်လျှော်တယ်။

Terminology ဆေးဝေါဟာရတွေ
Abortion ဆိုတာ ဆေးစာအရပြောရရင် သုက်ပိုး နဲ့ မျိုးဥတို့ မျိုးစပ်ကြပြီးတဲ့နောက်မှာ ဆက်ဖြစ်လာနေတဲ့ Conception products (တစ်ရှူး) တွေဟာ တမင်လုပ်လို့ဖြစ်ဖြစ်၊ သူ့ဖါသူဖြစ်ဖြစ် ၂ဝ ပါတ် မတိုင်ခင် ဆုံးရှုံး-ပျက်စီးသွားခြင်းလို့ ခေါ်တယ်။

Blighted Ovum
တကယ်လို့ သုက်ပိုးနဲ့ မျိုးဥ နှစ်ခုက ပေါင်းစပ်ကြမယ်။ (ဆဲလ်) တခုတည်းကနေ နှစ်ဆတိုးနည်းနဲ့ စဉ်တိုက်ဆက်တိုက် ပွါးများလာတယ်။ Placenta အချင်း နဲ့ Membranes အချင်းလွှာတွေဖြစ်လာမယ်။ ဒါပေမဲ့ embryo သန္ဓေဖြစ်မလာဘူး။ ဒီအခြေအနေမျိုးကို Blighted ovum လို့ ခေါ်တယ်။ သန္ဓေသာဖြစ်မလာတယ် အမျိုးသမီးမှာ ကိုယ်ဝန်ဆောင် လက္စဏာတွေတော့ ရှိလာတယ်။ ဆီး-သွေးထဲမှာ Pregnancy hormone (hCG) စစ်ရင် အပေါင်းပြမယ်။ ကိုယ်ဝန် ၁၂ ပါတ်အတွင်းဖြစ်တဲ့ Miscarriages တွေထဲမှာ တဝက်ကျော်ကျော်မှာ ဒီလိုမျိုးဖြစ်တယ်။ ဖြစ်ရင် Spontaneous miscarriage ဒါမှမဟုတ် Missed abortion ဆက်ဖြစ်လိမ့်မယ်။

စပျစ်သီးကိုယ်ဝန်
ကိုယ်ဝန် ၁ဝဝဝ မှာ တယောက်ဖြစ်နိုင်တယ်။ Gestational trophoblastic disease ရောဂါလို့ခေါ်တယ်။ အချင်း (ဆဲလ်) တွေက ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီး အိတ်လေးတွေလိုဖြစ်လာတယ်။ သန္ဓေဖြစ်လာပုံးတော့ မရှင်နိုင်တော့ဘူး။ Spontaneous miscarriage ဒါမှမဟုတ် Missed abortion ဆက်ဖြစ်လိမ့်မယ်။

Types of abortion ကိုယ်ဝန်ပျက်ခြင်း အမျိုးမျိုး
• Spontaneous Abortion အလိုအလျှောက်ပျက်ခြင်း၊
• Induced Abortion တမင်တကာဖျက်ပြစ်ခြင်း၊
• Threatened Abortion ကိုယ်ဝန်က သားအိမ်ထဲမှာရှိနေသေးတယ်။ မွေးလမ်းကြောင်းကနေ သွေးဆင်းမယ်။ သားအိမ်ဝကပိတ်နေမယ်။
• Inevitable Abortion ကိုယ်ဝန် ပျက်ကိုပျက်တော့မယ်။
• Complete Abortion ကိုယ်ဝန်က ပျက်သွားပြီး ဆင်းစရာ-ထွက်စရာတွေလဲ လုံးဝဥသုံအကုန်ထွက်ကျသွားပြီးဖြစ်တယ်။
• Incomplete Abortion ကိုယ်ဝန် ပျက်ကိုပျက်တော့မယ့် Inevitable Abortion အဆင့်ကနေ တချို့တဝက် ထွက်ကျနေပြီ။ ဒါပေမဲ့ ဆင်းစရာတွေ အထဲမှာကျန်နေသေးတယ်။
• Missed Abortion ကိုယ်ဝန်ရှိမှန်းတောင် မသိလိုက်ဘဲ၊ ရှိနေတာကလဲ ပျက်စီးသွားပြီ။
• Septic Abortion ကိုယ်ဝန်ပျက်စဉ် ပိုးဝင်ခြင်း။
• Recurrent or habitual Abortion ကိုယ်ဝန်ပျက်လေ့ရှိသူ။ ၃ ခါနဲ့ ၃ ခါမက ပျက်ကျနေသူကိုသာ သုံးသင့်တယ်။

Abortion symptoms ကိုယ်ဝန်ပျက် လက္စဏာများ
• Vaginal bleeding ဗဂျိုင်းနာကနေ သွေးဆင်းမယ်။ နဲနဲကနေ များများဖြစ်နိုင်တယ်။
• Pelvic pain ဆီးစပ်နာခြင်း။
• Pregnancy symptoms cessation ကိုယ်ဝန်ရှိစလက္စဏာတွေ အဆုံးသတ်သွားခြင်း။ ရင်သားနာတာ၊ ပျို့-အန်ချင်တာ၊ ချဉ်ခြင်းတပ်တာတွေ၊ ဆီးခဏခဏသွားချင်တာတွေ ဆက်မရှိတော့ဘူး။
• No sign or symptom ဘာဆိုဘာမှ မခံစားရဘူး။

Cause of Abortion ဘာလို့ ပျက်ရသလဲ
• အများအားဖြင့် ဘာလို့ ပျက်သလဲ မပြောနိုင်ပါ။
• Genetic defect မျိုးဗီဇ နဲ့ Nature သဘာဝတရားကြောင့် ဖြစ်နိုင်တယ်။
• Smoking ဆေးလိပ်သောက်တာ နဲ့ Obesity ကိုယ်ဝန်ဆောင်သူက အဝလွန်ကဲတာ၊
• Stress စိတ်ဖိအားများတာကနေလဲ ဖြစ်နိုင်တယ်။
• မိဘလုပ်သူတွေ အသက်ကြီးနေကြတာ၊
• (ကိုကိန်း) သုံးစွဲတာ၊ အရက်သောက်တာ၊
• Missed abortion ရဲ့ အများဆုံးသော အကြောင်းတရားဟာ Severe genetic abnormalities ကြီးမားတဲ့ မျိုးဗီဇ-ချို့ယွင်းချက် ဖြစ်တယ်။ မျိုးဗီဇက ဘာလို့ အဲလိုဖြစ်ရသလဲဆိုတာ မပြောနိုင်သေးပါ။ ကံတရားပါဘဲ။

ကိုယ်ဝန်ပျက်တာမှန်သမျှ ၁၄ ပါတ်အတွင်းမှာ ၉၉% ဖြစ်တယ်။ Pregnancy tests စမ်းရင် အဖို-အမ တွေ့ကြပြီးတဲ့နောက် ၁ဝ ရက်ဆိုရင် အပေါင်းပြနိုင်တယ်။ Ultrasound လုပ်ရင် ၅-၆ ပါတ်မှာ မြင်လာရမယ်။ Missed abortion ဖြစ်နေရင် သားအိမ်ထဲက မကောင်းတော့တဲ့ (တစ်ရှူး) တွေဟာ ၃-၄ ပါတ်နေရင် ထွက်ကျလာနိုင်တယ်။ ကိုယ်ဝန် ရင့်ရင် ရင့်သလို သွေးတွေ အများကြီးဆင်းနိုင်တယ်။ ကာရံမသင့်ရင် ပိုးဝင်နိုင်တယ်။ ဒါကြောင့် ဆရာဝန်က ဆေးနည်း၊ ခွဲနည်း တခုခု လုပ်ပေးတယ်။

Treatment of Abortion ကိုယ်ဝန်ပျက်ရင် ဘယ်လိုကုသသလဲ
• Spontaneous Abortion အလိုအလျှောက်ပျက်ရင် ဘာမှ မလိုပါ။
• Complete Abortion ကိုယ်ဝန်က ပျက်သွားပြီးဖြစ်လို့ လုပ်ပေးစရာမလိုပါ။ သွေးအားနည်းနေရင် လုပ်ပေးမယ်။
• Threatened Abortion ပျက်ချင်သလိုဖြစ်ရင် အိပ်ရာထဲမှာ နားနေပါ။
• Inevitable Abortion ကိုယ်ဝန် ပျက်ကိုပျက်တော့မဲ့သူ နဲ့ Incomplete Abortion ပျက်ကိုပျက်တော့မဲ့သူတွေကို Septic Abortion ကိုယ်ဝန်ပျက်စဉ် ပိုးဝင်တာ မဖြစ်အောင်လုပ်ရမယ်။ မဟုတ်ရင် အသက်အန္ကရာယ်ကို ထိခိုက်စေနိုင်တယ်။ သွေးဆင်းများသွားရင်လဲ (ရှော့ခ်) ရနိုင်တယ်။
• Incomplete Abortion ကိုယ်ဝန် တစိတ်တပိုင်းသာ ပျက်သေးဆာအတွက် D and C သားအိမ်ခြစ်တာ နဲ့ Medical abortion ဆေးပေးတာ ၂ နည်းလုပ်တယ်။ ဆေးပေးတာမှာ Oral misoprostol 600 micrograms ဆေးသောက်ခိုင်းမယ်။

Prevalence of Abortion ဘယ်လိုကာကွယ်မလဲ
• ကိုယ်ဝန်ဆောင်သမျှ ၁ဝ-၂ဝ% ပျက်နိုင်တယ်။
• Rhesus negative သွေးအုပ်စုက Rh –ve အမျိုးအစားဖြစ်နေသူကို Anti-D ဆေး ထိုးပေးထားရင် နောင်အတွက် အဲဒီအကြောင်းကြောင့် ကိုယ်ဝန် မပျက်စေနိုင်ဘူး။ ဒီနည်းကို လေ့လာမှုတွေ ဆက်လုပ်နေဆဲ ဖြစ်တယ်။
• Emotional aspects of abortion စိတ်ထိခိုက်မှုအတွက် စိတ်သက်သာရာရအောင် နည်းအမျိုးမျိုးလိုမယ်။
• ကိုယ်ဝန်ရှိတာ သိတာနဲ့ Ultrasound (အာလ်ထွာဆောင်း) စစ်ဆေးတာ ပုံမှန်လုပ်နေသင့်တယ်။ ကာကွယ်ဘို့တော့ မတတ်နိုင်ပါ။ ဖြစ်-ပျက်လာတာကို စောစောသိဘို့ ပြင်ဆင်ဘို့အတွက်သာ ဖြစ်ပါတယ်။
• ဒီလို ကံမကောင်း အကြောင်းမလှ ဖြစ်ရတာဟာ မိဘနှစ်ပါး အပြစ်မဟုတ်ပါ။ ကလေးရဲ့ ကံတရားအစစ် ဖြစ်ပါတယ်။ ဒါကြောင့် တခါဖြစ်တဲ့နောက် ကံကောင်းတဲ့ကလေးကို စောင့်မျှော်နိုင်ကြပါတယ်။

Pregnancy after Abortion ကိုယ်ဝန်ပျက်ပြီးနောက် ကိုယ်ဝန်ဆောင်ခြင်း
ကိုယ်ဝန်ပျက်ပြီးနောက် အောင်မြင်တဲ့ ကိုယ်ဝန်ရနိုင်ပါတယ်။ ကိုယ်ဝန် ၃ ခါ ပျက်တဲ့သူတွေတောင်မှ ကိုယ်ဝန်ရလမ်း ၅၅% ရှိတယ်။ သဘာဝတရားကြောင့် ပျက်နိုင်သလို သဘာဝတရားကနေ ကုစားနိုင်တာတွေလဲ ရှိပါတယ်။

Dr. တင့်ဆွေ
၂၉-၃-၂ဝ၁၂

Read More...

Sunday, March 11, 2012

Pregnancy and Air Travel ကိုယ်ဝန်နဲ့ လေယာဉ်ခရီး

Sun, Mar 11, 2012 at 9:59 AM သမီးက (့) မှာ နေတာပါ။ Myanmar ပြည်မှာ ကလေး ပြန်မွေးမယ်ဆိုရင် ကိုယ်ဝန် ဘယ်နှစ်လ လောက်ရှိရင်ပြန်ရမှာလည်း။ မွေးပြီးရင်ရော ဘယ်လောက်ကြာရင် ပြန်လာလို့ရလည်း။ ကလေးကရော ဘယ်လောက်ကြာရင် လေယာဉ် စီးလို့ရပြီလည်း သိချင်လို့ပါဆရာ။

Jan 10, 2011 at 8:20 PM
ကျွန်မက မြန်မာပြည်ပြန်ပြီး မွေးချင်လို့ ကိုယ်ဝန်နဲ့ ဘယ်အချိန် လေယာဉ်စီးလို့ စိတ်အချရဆုံးလဲ သိချင်လို့ပါ။ လေယာဉ် ခရီးစဉ်က နှစ်ဆင့်ကို စုစုပေါင်း ၁၅ နာရီလောက် စီးရမှာမို့လို့ပါ တချို့တွေက ၆လ နဲ့ ၇ လကြားပဲ ကောင်းတယ်။ တချို့က နုတုန်းပဲ ကောင်းတယ် အမျိုးမျိုး ပြောကြလို့ပါရှင့်။

ကနေ့ခေတ်မှာ ကိုယ်ဝန်ဆောင်တုံး ခရီးသွားတာမှာ အဟန့်-အကန့်တွေ နည်းလာပါပြီ။ ဘယ်လောက်အထိ ပြောကြသလဲ ဆိုရင် “လေယာဉ်ပေါ်မှာ Bathrooms ဘယ်နား ရှိမှန်း သိရင်တော်ပြီ” တဲ့။

သုတေသနတွေ လုပ်ထားပါတယ်။ ကိုယ်ဝန်ဆောင် လေယာဉ်မယ်လေးတွေကို စမ်းတော့ ပဌမ ၃ လအတွင်း ကိုယ်ဝန် ပျက်တာ နဲနဲပိုများတာက လွဲရင် မထူးတာ တွေ့ရတယ်။ သိတဲ့အတိုင်း သူတို့ခမြာ နာရီတွေ အများကြီး (၁ လမှာ ၇၄ နာရီ) အလုပ် လုပ်ကြရသူတွေ ဖြစ်နေတယ်။

သတိပေးစရာလေးတွေ ဆောင်ထားရင် လုံးဝအမှား မရှိစေနိုင်ပါ။
• ကိုယ်ဝန် ၃၆ ပါတ်ကျော်ရင် Airlines အတော်များများက မတင်ခြင်ပါ။ ဒါကလဲ လေယာဉ်ပေါ်မှာ ကလေးဖွါးရင် သူတို့ အလုပ်ရှုတ်မှာ စိုးလို့သာပါ။
• ဒုတိယ ၃ လခေါ်တဲ့ ကိုယ်ဝန် ၄ လ ကနေ ၆ လအတွင်းသွားတာ ဘာမှ မဖြစ်ပါ။
• သက်တောင့် သက်သာ သွားလာနိုင်အောင် ကြိုတင်စီစဉ်ပါ။ နေရထိုင်ခင်း ကျယ်တာ စသဖြင့်။
• Aisles မှာ လမ်းလျှောက်ပါ၊ ရေ-အရည်များများ သောက်ပါ။ သွားရည်စာ စားပါ။ ခြေ-လက် မကြာမကြာ ဆန့်ပါ။
• ဟိုရောက်ရင် Immunization ကာကွယ်ဆေး မထိုးမနေရ တိုင်းပြည်မျိုးကို သွားတာ ရှောင်ပါ။
• ကိုယ်ဝန်ဆောင်-မှတ်တမ်း လက်တကမ်းမှာ ထားပါ။
• ဘာတွေ ဖြစ်နိုင်သလဲ ကြိုတွေးထင်ထားပါ။ အဝတ်ပို၊ ကလေးအနှီး၊ (ဒိုင်ယ်ပါ) ဆောင်သွားပါ။ ခရီးသွားဖေါ်ထဲမှာ ဆရာဝန်၊ ဆရာမ ပါ-မပါ စပ်စုပါ စသဖြင့်။
• အဝတ်အစားရွေး ဝတ်သွားပါ။ အပူး-အအေး၊ အကြပ်-အချောင်။

လေကြောင်းလိုင်းတွေက ကိုယ်ဝန်သည်တွေအတွက် ကန့်သတ်တာ မတူကြပါ။
• British Ariways ကိုယ်ဝန် ၃၆ ပါတ်ကျော်သူတွေ ကို ကန့်သတ်မှု လုပ်ထားတယ်။
• American Airlines မမွေးခင် ၄ ပါတ်အတွင်း ခရီးသွားလိုသူ ကိုယ်ဝန်ဆောင်များ Medical certificate ဆေးစာ ပါရမယ်။ (အမွှာမဟုတ်၊ ပြဿနာ မရှိသူ၊ ရိုးရိုး ကိုယ်ဝန် အတွက်သာ ဆိုလိုတယ်။) မမွေးမီ နဲ့ မွေးပြီး ၇ ရက် အတွင်း ရှိသူများ အမေရိကန် ပြည်ထောင်စု အတွင်းမှာ ၅ နာရီထက် နည်းတဲ့ လေယာဉ်ခရီး စီးခွင့်မပြု။ American Airlines' Special Assistance Coordinator ထံက လက်မှတ်ပါရင်တော့ ရတယ်။ ရေပြင်ကို အကြာကြီး ဖြတ်ရမဲ့ ဥပမာ (ဟာဝိုင်ယီ) ခရီးအတွက် Due date မတိုင်ခင် တလအတွင်း ခရီးမသွားဘို့ အကြံပြုတယ်။ ဒါပေမဲ့ လေယာဉ် မတွက်ခင် ၄၈ နာရီအတွင်း ရထားတဲ့ သင့်တော်ကြောင်း ဆေးလက်မှတ် ပါရင် လာခြင်လာခဲ့ပါ။ မွေးရက်ထက် ၁ဝ ရက်စောပြီး နဲ့ မွေးပြီး ၇ ရက်အတွင်းရှိသူတွေ American Airlines' Special Assistance Coordinator ဆီက စာလိုတယ်။
• Southwest Airlines ကိုယ်ဝန်ဆောင်တိုင်း လေယာဉ်မစီးခင် Medical professional တဦးဦးဆီက အကြံဥာဏ် ရယူပါ။ ကိုယ်ဝန်ဆောင်ကို Emergency exit row မှာ ထိုင်ခွင့် ပြုချင်မှ ပြုမယ်။ Due date ရဲ့ ၁၄ ရက်အတွင်း လေယာဉ်စီခြင်း မပြုဘို့ Recommend လုပ်ပါတယ်။
• Delta Airlines အကန့်အသတ် မရှိပါ။ Due date ၁ လအတွင်းရှိသူတွေ Medical professional ရဲ့ ခွင့်ပြုချက် ရဘို့ Suggest လုပ်ပါတယ်။

Mid-air drama လေထဲမှာ စိတ်လှုတ်ရှားစရာ
၂ဝဝ၆ စက်တင်္ဘာ ၂၄ ရက်၊ ဗြိတိသျှလေယာဉ် BA 215 ဟာ လန်ဒန်ကနေ အမေရိကန်ပြည်ထောင်စု (ဘော်စတွန်)ကို ပျံသန်းနေတယ်။ ခရီးသည်ထဲက ကိုယ်ဝန်ဆောင်တဦး အတ္တလန်တိတ် သမုဒ္ဒရာပေါ် ပျံနေရင်း ကလေး မွေးတော့တယ်။ ခရီးသည်တွေထဲက ဆရာဝန်တဦး၊ သူနာပြု တဦး၊ ပင်စင်စား သားဖွါးဆရာမတဦး၊ ဆေးကျောင်းသားတဦးနဲ့ အမျိုးသမီး လေယာဉ်မယ်တွေကနေ အောင်မြင်စွာ မွေးပေးလိုက်ပါတယ်။ ကိုယ်ဝန်သည် ဗိုက်နာတာနဲ့ လေယာဉ်မှူးက အနီးဆုံး လေယာဉ်ကွင်း Nova Scotia ကို ဆင်းသက်ဘို့ လုပ်နေတုံး မွေးလိုက်တာပါ။ ကလေးက လမစေ့ (၆ ပါတ်စော)မွေး၊ ပေါင်ချိန်လည်း မပြည့်လို့ ဆေးရုံတင်လိုက်ရတယ်။

မေးခွန်းကြီး တခုကတော့ မွေးလာတဲ့ သမီးလေး Nadine အတွက် နိုင်ငံသားဖြစ်ဘို့ Place of Birth ဘာလဲ။ မအေက အီဂျစ်သူ၊ ကိုင်ထားတာက အမေရိကန် (ပတ်စ်ပို့တ်)၊ လေယာဉ်က ဗြိတိန်ကနေထွက်၊ သွားတာနေက အမေရိကန်ကို၊ မွေးတာက လေထဲမှာ။ မွေးမွေးချင်း ဆေးရုံတက်ရတာက ကနေဒါ။

ဘယ်လ်ဂျီယမ် လေထဲ မွေးရင် မိဘ တဦးဦးက ဘယ်လ်ဂျီယမ် ဖြစ်မှ နိုင်ငံသားရတယ်။ အမေရိကန်မှာတော့ သူ့ပိုင်နက် US territories ထဲ မွေးတဲ့ကလေးဟာ အမေ-အဖေတွေက ဘယ်နိုင်ငံသားတွေ ဖြစ်နေနေ US citizens နဲ့ နိုင်ငံခြားသားဆိုရင် Dual citizenship ဖြစ်သွားတယ်။

မှတ်တမ်းတွေမှာ အစောဆုံး ပြောနိုင်တဲ့ လေယာဉ်ထဲ မွေးတဲ့ ကလေးကို ၂၉-၃-၁၉၃၁ မှာ Mrs. Alex Miller ကနေ Royal Canadian Air Force ပိုင် လေယာဉ်ထဲ ပေ ၄ဝဝဝ အမြင့်မယ် မွေးခဲ့တယ်။ နာမယ်ပေးတော့ Lindbergh Wright Cook Miller တဲ့။ ဘာလို့လဲဆိုတော့ ၁၉၂၇ တုံးက တယောက်ထဲနဲ့ Atlantic သမုဒ္ဒရာ ဖြတ်သန်း ပျံသန်းသူနဲ့ လေယာဉ် တီထွင်သူတွေကို ဂုဏ်ပြုတာပါ။

၁၆-၁၁-၂ဝ၁ဝ နေ့က ကနေဒါနိုင်ငံသူ ၁၈ နှစ်အရွယ် Louisa Pilurtuut ဆိုသူကနေ တလစော မွေးတဲ့ Baby William ဟာ Free pass for life, aboard Air Inuit တသက်လုံး လေယာဉ် အခမဲ့ စီးခွင့် ရသွားခဲ့တယ်။ ကနေဒါသားလို ကံမကောင်းသူကတော့ ၈-၇-၂ဝ၁ဝ မှာ Turkmenistan ကနေ အိန္ဒိယကို ပြန်လာတဲ့ အိမ်ထောင် မပြုရသေးတဲ့ ၂၅ နှစ်အရွယ် မကုလားမဟာ ကလေးကို လေယာဉ်ထဲ မွေးပြီး၊ Washroom ထဲ စွန့်ပြစ်ထားခဲ့လို့ Amritsar လေဆိပ်မှာ အဖမ်းခံလိုက်ရတယ်။

Dr. တင့်ဆွေ
၁၁-၁-၂ဝ၁၁

Read More...

Wednesday, March 7, 2012

Looking and Feeling Your Best in Pregnancy ကိုယ်ဝန်ဆောင်မှာ ကျန်းမာပြီး ကျက်သရေပါရှိစေဘို့ အကြံကောင်း (၂ဝ)

1. First-Trimester Changes ကိုယ်ဝန် ပဌမ (၃) လ
ကိုယ်ဝန်ဆောင်ရင် ခါးတုတ်၊ ဗိုက်ဖေါင်းလာတာအပြင် ကိုယ်ဝန်ဆောင်စမှာ ထွက်လာကြတဲ့ ဟော်မုန်းတွေကြောင့် ရင်သား တင်းပြီး ကြီးထွားလာမယ်၊ နာမယ်။ ပျို့ချင်-အန်ချင်ဖြစ်မယ်။ အားကုန်သလိုဖြစ်လို့ မကြာမကြာ နားရ-အိပ်ရမယ်။

2. You've Got That Glow အရေပြားပြောင်းလဲမှုများ
မျက်နှာမှာ Melasma မှည့်ခြောက်လို၊ အစက်အပျောက်တွေ၊ Stretch marks အကြောပြတ်တာတွေ၊ အဆီပြန်-ဝက်ခြံလိုတွေ ထွက်လာနိုင်တယ်။ Lotion or moisturizer တွေသုံးနိုင်တယ်။ ဒါပေမဲ့ ဝက်ခြံဆေးကို ဆရာဝန် မပေးဘဲ မသုံးပါနဲ့။

3. Massage and Spa Treatments နှိပ်နယ်နည်း၊ (စပါ) နည်း
Swedish massage (ဆွီဒင်) နှိပ်နယ်နည်းက ကောင်းတယ်။ တတ်ကျွမ်းကျင်တဲ့သူနဲ့လုပ်ပါ။ Mud baths လို Sauna လို ကိုယ်အပူချိန်တက်စေမှာမျိုး မလုပ်ပါနဲ့။

4. Stay Active During Pregnancy လှုတ်ရှား-တက်ကြွနေပါ
ကိုယ်ဝန်ဆောင်နဲ့သင့်တဲ့ လေ့ကျင်ခန်းလုပ်ပါ။ ကလေးမွေးဖွါးတဲ့အခါ လွယ်ကူချောမွေ့စေဘို့ရာ ပြင်ဆင်မှုဖြစ်တယ်။ ၇ ရက်တပါတ်မှာ ၂ နာရီကနေ ၂ နာရီခွဲကြာအောင် လုပ်ပါ။ ပြင်းထန်တာမလုပ်ပါနဲ့။ လမ်းလျှောက်တာ၊ ရေကူးတာ လုပ်နိုင်တယ်။ အလေးမတာ၊ (အေရိုးဘစ်) လုပ်တာ၊ ပြေးတာတွေ အရင်လောက် ပြင်းပြင်းထန်ထန် မလုပ်ပါနဲ့။

5. Know When to Stop လေ့ကျင့်ခန်းလုပ်လို့ ဒါတွေဖြစ်လာရင် ရပ်လိုက်ပါ
• Contractions ဗိုက်နာလာမယ်၊
• Chest pain ရင်ပတ်နာလာမယ်၊
• Dizziness ခေါင်းမူးလာမယ်၊
• Calf pain or swelling ကြွက်တက်မယ်၊ ခြေထောက်ရောင်မယ်၊
• Less movement by the baby ကလေး မလှုတ်ဘူးထင်မယ်။

6. Stretch and Relax ကိုယ်လက်ဆန့်တန်း-ဖြေလျှော့နေထိုင်ပါ
ကိုယ်ရောစိတ်ပါ သက်တောင့်သက်သာ ဖြေလျှော့နေခြင်းဟာ ကောင်းတယ်။ Yoga (ယောဂ) နည်းလဲ လုပ်နိုင်တယ်။ ကိုယ်ဝန်ဆောင်နဲ့ သင့်တဲ့နည်းတော့ ရွေးချယ်ရမယ်။ Stretching ခြေဆန့်-လက်ဆန့် နေတာ ကောင်းတယ်။ တင်ပါးနေရာ၊ ပေါင်နေရာတွေကို ပြေလျှော့နေပါစေ။ ထိုင်ရင် သက်တောင့်သက်သာ ဒူးကွေးနေပါစေ၊ ရှေ့ကိုနဲနဲ ကုန်း-ကိုင်းနေပါစေ။ ခါးမတ်ထားပါ။

7. Mood Swings စိတ်မူ ပြောင်းသလား
ကိုယ်ဝန်ဆောင်တာနဲ့ စိတ်က တက်လိုက် ကျလိုက်ဖြစ်တတ်တယ်။ ကလေးအတွက်၊ ကလေးအမေဘဝ စတာတွေ တွေးနေရလို့ စိတ်လှုတ်ရှားမယ်။ ဒီလိုဖြစ်တာ ပုံမှန်ပါ။ နားပါ။ လေ့ကျင့်ခန်းလုပ်ပါ၊ အပေါင်းအသင်းတွေနဲ့ နေထိုင်ပါ၊ စိတ်ဖြေလျှော့နည်းလုပ်ပါ။ လိုမယ်ထင်ရင် ဆရာဝန်ပြပါ။

8. Hair Care ကိုယ်ဝန်နဲ့ ဆံပင်
ကိုယ်ဝန်ဆောင်ရင် ဆံပင်ပိုထူလာတယ်။ ဟော်မုန်းတန်ခိုးနဲ့ ဆံပင်မကျွတ်တော့ဘူး။ ကလေးမွေးပြီး ၆ လနေရင် အရင်လို ပြန်ဖြစ်လာမယ်။

9. Makeup (မိတ်ကပ်)
အရေပြား ခြောက်တယ်ဆိုရင် Liquid or cream foundation သုံးနိုင်တယ်။ အဆီပြန်လာချိန်မှာ ပေါင်ဒါသုံးပါ။ (မိတ်ကပ်) သုံးရင် Subtle shades and a light touch အမှောင် မများစေနဲ့ ထူမသွားစေနဲ့။

10. Affordable Maternity Clothes ကိုယ်ဝန်ဆောင် အဝတ်အစား
ဈေးများတာ၊ မများတာထက် ကိုယ်နဲ့သင့်တာ ကောင်းတယ်။ Fashionably ဖက်ရှင်ကျကျ၊ Comfortably သက်တော့င့်သက်သာ၊ Affordably တတ်နိုင်တာဝတ်ပါ။ ကိုယ်ဝန်ရှိရင် ၂၅ ကနေ ၃၇ ပေါင်အထိ ကိုယ်အလေးချိန် တက်လာမယ်။ Supportive bra ကြီးလာတဲ့ ရင်သား ပင့်တင်ထိန်းထားနိုင်တဲ့ (ဘရာ) ဝတ်ပါ။ (ဆိုက်စ်) တိုးတိုး လာမယ်။ ခွါမြင့်တွေ မစီးပါနဲ့တော့။ အောက်ခံထူထဲတာ၊ မမြင့်တာသုံးပါ။

11. Healthy Eating for Two နှစ်ယောက်စာ စားပါ
ကိုယ်ဝန်ဆောင်ရင် အရင်ကထက် (ကယ်လိုရီ) ၃ဝဝ ပိုလိုတယ်။ ဒါအတွက် ပိုတာကို နှစ်ယောက်စာလို့ ပြောကြတာ ဖြစ်တယ်။ စားရမှာတော့ အစုံးသားစာလို့ပြောရမှာဘဲ။ မနက်စာတော့ မလွတ်စေနဲ့။ အသားစိမ်၊ ဥစိမ်း၊ နွားနို့စိမ်း၊ (မာကြူရီ) များတဲ့ငါးတွေ ရှောင်ပါ။

12. Prenatal Vitamins ကိုယ်ဝန်ဆောင်အားဆေး
ကိုယ်ဝန်ဆောင်စဉ် လိုမှာက နံပါတ်တစ် Folic acid (ဖေါလစ်-အက်စစ်) ဖြစ်တယ်။ Calcium (ကယ်လ်စီယမ်) နဲ့ Iron သံဓါတ်ကလဲ မပါမဖြစ်ဘူး။ Vitamin B12 လဲလိုတယ်။ ဒါတွေအားလုံး လူတွေစားတဲ့ အစာတွေထဲမှာ ပါနေပါတယ်။ လိုလာရင် Prenatal vitamins ဆေးသောက်ရမယ်။

13. Hydrate for a Healthy Pregnancy ရေသောက်မနည်းစေနဲ့
တကိုယ်လုံးအတွက် ရေဓါတ်မနည်းစေရပါ။ ဆီးလမ်းကိုလဲ ကောင်းစေမယ်။ ဝမ်းမချုပ်စေဘူး။ ကိုယ်ဝန်ဆောင်နေတုံး တနေ့မှာ ရေဖန်ခွက် ၈ ခွက်ကနေ ၁၂ ခွက်အထိလိုတယ်။ ၂ဝ% က စားတဲ့ အစာထဲကရနေတယ်။ ရာသီဥတု၊ ကိုယ်ဝန် အနုအရင့်၊ လူအသေး-အကြီး လိုက်မယ်။ ဆီးအရောင် ရင့်လာရင် ရေလိုနေလို့ဘဲ။

14. Get the Sleep You Need ကောင်းကောင်းအိပ်စက်ပါ
ကိုယ်ဝန်ဆောင်စ ပဌမ ၃ လမှာ ပိုအိပ်ချင်တယ်။ အိပ်ပါ။ မွေးခါနီးရင် အိပ်ဖို့ခက်လာတယ်။ ဆီးထထသွားချင်၊ ရင်ပူ၊ စိုးရိမ်စိတ်တွေ ဝင်တတ်တယ်။ ဘယ်ဘက်ကို စောင်းအိပ်တာ ကောင်းတယ်။ ဆီးထသွားရမှာ စိုးရိမ်ရင် အိပ်ခါနီးမှာ ရေ-အရည် လျှော့သောက်ပါ။

15. Medication ဆေးသောက်တာ ဆရာဝန်မေးပြီးမှ သောက်ပါ
ဆရာဝန်မညွှန်ဘဲ ဘယ်ဆေးမှ မသောက်ပါနဲ့။ အအေးမိလို့၊ ခေါင်းကိုက်လို့၊ ဝမ်းချုပ်-ဝမ်းပျက်လို့ ဆိုင်ကနေ အလွယ် ဝယ်ရတဲ့ဆေး မေးပြီးမှသာ သောက်ပါ။ နဂိုကတည်းက ရောဂါတခုခုကြောင့် ဆေးသောက်နေရရင်လဲ ဆရာဝန်က လိုရင် ပြင်ပေးပါမယ်။

16. It's Fine to Get Frisky ခင်ပွန်းနဲ့အတူနေတာ ရပါတယ်
ဆရာဝန်က တမင်တကာ မတားရင် ခင်ပွန်းနဲ့အတူ အရင်လိုနေနိုင်တယ်။ နည်းနာ ဘာညာ ကိုယ့်ဖါသာ ကြံဆလို့လဲ ရတယ်။ လိုမယ်ထင်ရင် တတ်သိသူတွေကို မေးပါ။ အစိုးရိမ် မကြီးပါနဲ့။

17. Feel Confident ယုံကြည်စိတ်အပြည့်ရှိပါ
ကိုယ့်ကိုယ်ကို သတိပြုနေမှာ ပုံမှန်ဖြစ်တယ်။ ဒါ့အပြင် ယုံကြည်စိတ်လဲ အပြည့်ရှိပါစေ။ အပြုသဘော စကား ပြောတတ်သူတွေကိုသာ ရွေးပေါင်းပါ။ စာကောင်းပေကောင်း ဖတ်ပါ။ ရုပ်ရှင်ကြည့်တာကအစ ဇာတ်လိုက်ကချည်း နိုင်တာမျိုး၊ မင်းသမီး-မင်းသား မငိုကြဘဲ ညားတာမျိုး၊ ကလေးသူရဲကောင်း ဇာတ်လမ်းမျိုး ပျော်စရာတွေသာကြည့်ပါ။

18. Kegels exercise (ကီးဂဲလ်-အိတ်ဆာဆိုက်) ကိုက်မှကိုက်
ဘယ်အချိန်၊ ဘယ်နေရာမှာဖြစ်ဖြစ် လုပ်နိုင်တယ်။ သားအိမ်၊ ဆီးအိမ်၊ အစာဟောင်းအိမ်၊ မွေးလမ်းကြောင်းတွေကို ထိန်းမ-ပင့်တင်ပေးနေတဲ့ ကြွက်သားနဲ့ အရွတ်တွေကို သန်မာစေတယ်။ ကလေးမွေးပြီးလဲ နဂိုအနေလို ထင်စေနိုင်တယ်။ ဆီးသွားနေတုံး မကုန်သေးခင် အတင်းဇွတ်ရပ်ဘို့ ကြိုးစားပါ။ အဲလိုလုပ်ဘို့ ညှစ်ရတဲ့ နေရာတွေကို သဘောပေါက်ရင် အဲဒါတွေကို ၅ စက္ကန့် ညှစ်လိုက်၊ ၅ စက္ကန့် လျှော့လိုက်၊ ၁ဝ ခါဆက်တိုက်လုပ်ပါ။ တနေ့ထဲမှာ ၅ ကြိမ်အထိလုပ်ပါ။ ကလေးမွေးပြီးလဲ လုပ်ပါ။

19. Brisk Walking လမ်းလျှောက်ပေးပါ။
စလျှောက်ရင် သိပ်မဝေးစေနဲ့။ ဖြေးဖြေးတိုးလျှောက်ပါ။ မွေးတဲ့အထိလျှောက်နိုင်တယ်။ ရုပ်ရော စိတ်ပါ ပိုကောင်းစေတယ်။

20. Boost Your Mood စိတ်မူ ကောင်းနေပါစေ
စိတ်တက်ကြွနေ ကျေနပ်နေရင် ကိုယ်ထဲမှာ Feel-good brain chemicals ခေါ်တဲ့ဓါတ်ကောင်းတွေ များနေမယ်။ Endorphins ခေါ်တယ်။ စိတ်တည်ငြိမ်နေရင် Dopamine နဲ့ Serotonin တွေ များနေမယ်။ လေ့ကျင့်ခန်းလုပ်ပေးတာ ဒီလိုဖြစ်စေနိုင်တယ်။ Depression စိတ်ကျတာ၊ Anxiety စိုးရိမ်တာ သက်သာစေမယ်။ Self-esteem ကိုယ့်ကိုယ်ကိုလဲ ယုံကြည်စိတ် များစေတယ်။

Dr. တင့်ဆွေ
၂-၃-၂ဝ၁၂ http://health-adult-reading.blogspot.in/2012/03/looking-and-feeling-your-best-in.html

Read More...

Thursday, March 1, 2012

Pregnancy Pains ကိုယ်ဝန်ဆောင် ဝေဒနာ (၂ဝ)

ကိုယ်ဝန်ဆောင်တာနဲ့ အရင်လိုမဟုတ်တော့ဘူး။ ခံစားရမှာတွေ ရှိလာမယ်။ ကိုယ်ဝန်ဆောင်တွေက တယောက်နဲ့ တယောက်၊ တခါနဲ့ တခါ မတူကြပါ။ အခုရေးတာမှန်သမျှ ကိုယ်လဲ ခံရမယ် မထင်စေလိုပါ။ သက်သာအောင် ဘယ်လို လုပ်မလဲဆိုတော့ -

၁။ Pregnancy Breast Changes ရင်သားအပြောင်းအလဲများ၊
• ရင်သား ထွားထွားလာမယ်။ အထဲက နို့ရည်ထွက်မဲ့ (ဂလင်း) လေးတွေကြီးလာ၊ အဆီတွေများလာလို့ပါ။
• တချို့မှာ ရင်သားနာမယ်။ ကိုယ်ဝန်ဆောင်ကာစနဲ့ ကလေးဖွါးခါနီးမှာ သိသာတယ်။
• သွေးကြောတွေလဲ များတာလို့ ပြာစိမ်းစိမ်းသွေးကြောလေးတွေ ပိုမြင်လာရမယ်။
• နို့သီး-နို့သီးအဝိုင်း အရောင် ရင့်လာ၊ မဲလာမယ်။
• Colostrum ဆိုတဲ့ ကနဦး-နို့ရည်ထွက်နိုင်တယ်။ ဒါတွေအားလုံးက ပုံမှန်အပြောင်းအလဲတွေသာဖြစ်တယ်။
• Bra (ဘရာ) ချောင်တာသာ ဝတ်ပါ။ မ-တင်ပေးနိုင်အောင်တော့ ဖြစ်ပါစေ။ (ကော်တွန်) နဲ့ သဘာဝပစ္စည်းနဲ့ လုပ်တာသာ ဖြစ်ပါစေ။ ကိုယ်ဝန်ရင့်လာတာနဲ့အမျှ (ဘရာ) အရွယ်အစား ကြီးကြီးလာဘို့လိုမယ်။ နေ့ရော ညပါဝတ်ထားပါ။ နို့ရည်ကြည်ထွက်နေရင် (ဘရာ) အတွင်းမှာ ဂွမ်းစခံထားပါ။ စိုလာရင် အသစ်လဲပါ။
• နို့သီးထိပ်ကို ရေခပ်နွေးနွေးနဲ့သာ ဆေးကြောပေးပါ။ ရေချိုးချိန်ကလွဲရင် ဆပ်ပြာမသုံးပါနဲ့။ ခြောက်သွေ့စေတယ်။

၂။ Pregnancy Fatigue ကိုယ်ဝန်ဆောင်စဉ် အားယုတ်ခြင်း၊
• ကိုယ်ဝန်ဆောင်လာရင် အားကုန်တယ်။ (အင်နာဂျီ) ပိုလိုလို့ပါ။ ပိုစားပါ။
• Anemia သွေးအားနည်းရောဂါ မရှိအောင်ဆေးစစ်ပါ။ ကုသပါ။
• ကောင်းကောင်းနားပါ။ စောစောအိပ်ရာဝင်ပါ။ နေ့ခင်းလဲ ခဏတဖြုတ်အိပ်ပါ။
• ဖြစ်နိုင်သရွေ့ အချိန်ဇယားလုပ်ထားပါ။ အလုပ်လုပ်တာနဲ့ နားတာ မျှပါစေ။
• ကိုယ်လက်-လေ့ကျင့်ခန်းလုပ်ပါ။

၃။ Pregnancy Nausea or Vomiting ကိုယ်ဝန်ဆောင်စဉ် ပျို့-အန်ခြင်း၊
• ကိုယ်ဝန်ဆောင်တော့ ဟော်မုန်း အပြောင်းအလဲတွေဖြစ်လာလို့ ပျို့တာ၊ အန်တာတွေဖြစ်တယ်။
• ကိုယ်ဝန်ဆောင်စမှာသာ အဖြစ်များပြီး နောက်ဆိုရင် ကိုယ်ခန္ဓာက ထိန်းနိုင်လာမယ်။ ဆေးရုံတက်ရလောက်အောင်အထိ ဆိုးသူလဲရှိတယ်။
• အစာမရှိချိန် မနက်ခင်းမှာ ပိုဆိုးတယ်။ ဒါကြောင့် Morning sickness (မောနင်း-ဆစ်ကနက်စ်) လို့ခေါ်ကြတယ်။ ၄ လရောက်ရင် မဖြစ်တော့ဘူး။
• မနက်ထမှာ ခပ်ခြောက်ခြောက်အစာ စားပါ။ ဥပမာ အနှံတွေကလုပ်တဲ့ စားစရာတွေဖြစ်တဲ့ ပေါင်မုံ့၊ (ခရက်ကာ) စတာမျိုး၊ နောက်ပြီး (ပရိုတင်း) များတာ ဥပမာ အဆီလွတ်အသား၊ (ချိစ်) ကို ညမအိပ်ခင်စားပါ။
• အစာကို တခါစားရင် သိပ်မများစေဘဲ ၂-၃ နာရီတခါစားသောက်ပါ။ ဖြေးဖြေးချင်း အချိန်ယူစားပါ။
• အရည်တွေ တနေကုန်သောက်ပါ။ ဗိုက်ကယ်အောင် မသောက်ပါနဲ့။ အေးနေတဲ့ ကြည်နေတဲ့ ပန်းသီးရည်၊ စပျစ်သီးရည်တွေက ပိုသင့်တယ်။
• စပ်တဲ့၊ ပူတဲ့အစာတွေရှောင်ပါ။
• Vitamin B6 (ဗီတာမင် ဘီ-၆) သောက်ပါ။
• အန်တာ မသက်သာရင် ဆရာဝန်ကို အကူအညီတောင်းပါ။ (စာတပုဒ် သပ်သပ်ရေးထားပါတယ်။)

၎။ Pregnancy Frequent Urination ဆီးခဏခဏသွားခြင်း၊
• ကိုယ်ဝန်ဆောင်စ လတွေမှာ ကြီးလာနေတဲ့ သားအိမ်က သူ့ရှေ့မှာနေတဲ့ ဆီးအိမ်ကိုဖိသလိုဖြစ်လို့ ခဏခဏဆီးသွားချင်လာမယ်။
• အတွင်းခံမှန်သမျှ ကြပ်မနေပါစေနဲ့၊
• Urinary tract infection ဆီးကပူမယ်၊ အောင့်မယ်ဆိုရင် ဆရာဝန်ပြပါ။ ပိုးဝင်တာဖြစ်နိုင်တယ်။

၅။ Pregnancy Headaches ခေါင်းကိုက်ခြင်း၊
• စိတ်ဖိအားများတာ၊ ဝမ်းချုပ်တာကြောင့် ခေါင်းကိုက်တာဖြစ်နိုင်တယ်။ တချို့မှာ Preeclampsia (PET) သွေးဆိပ်တက်တာ ဖြစ်နိုင်တယ်။
• နဖူး၊ ဂုတ်ပိုးနေရာ ရေခဲတင်ပေးပါ။
• အလင်းရောင် မများတဲ့နေရာ-အခန်းမှာ နားပါ၊ ငြိမ်နေပါ။ မျက်စိမှိတ်ပြီး စိတ်လျှော့ပေးပါ။
• Tylenol (Acetaminophen) လိုအပ်ရင် (ပါရာစီတမော) ဆေးပြားသောက်ပါ။
• ပျို့တာနဲ့ ခေါင်းကိုက်တာ တွဲဖြစ်ရင် ဆရာဝန်ပြပါ။

၆။ Pregnancy Constipation ဝမ်းချုပ်ခြင်း၊
• Hormones ပြောင်းလဲလာတဲ့ ဟော်မုန်းတွေ၊ (ဗီတာမင်တွေ) နဲ့ သံဓါတ်အားဆေးတွေကြောင့် ဝမ်းချုပ်နိုင်တယ်။
• သားအိမ်ကနေ နောက်မှာနေတဲ့ အစာဟောင်းအိမ်ကို ဖိနေလို့လဲ ဖြစ်နိုင်တယ်။
• Fiber (ဖိုက်ဘာ) များတဲ့ ဖြူနေအောင်ချွတ်မထားတဲ့ အမှုံ့နဲ့လုပ်တဲ့အစာတွေ၊ လတ်ဆတ်တဲ့အသီးတွေ၊ ဟင်းသီးဟင်းရွက်တွေ ပိုစားပါ။
• ရေ-အရည်ပိုသောက်ပါ။ တနေ့မှာ ရေ ၆-၈ ခွက်၊ ဖျော်ရည် ၁-၂ ခွက်။
• မနက်ခင်းမှာ ခပ်နွေးနွေးအရည် သောက်ပါ။
• Exercise ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။
• ရေအိမ်သွားချိန် အလေ့အကျင့်လုပ်ပေးပါ။
• Laxative ဝမ်းနုပ်ဆေး ဆရာဝန်ပေးတာသောက်ပါ။ သဘာဝ ဝမ်းပျော့-ဝမ်းသွားစေတာသုံးပါ။ သင်္ဘောသီး၊ မန်ကျီးသီးမှည့်၊ ကန်စွန်းရွက်။

၇။ Pregnancy Dizziness မူးဝေခြင်း၊
• Pregnancy hormone ကိုယ်ဝန်ဆောင်-ဟော်မုန်း လို့ခေါ်တဲ့ Progesterone (ပရိုဂျက်စတီရုံး) ကနေ သွေးကြောတွေကို ကျယ်စေတယ်။ ခြေထောက်ပိုင်းမှာ သွေးတွေစုလာစေတယ်။ သားအိမ်ဆီလဲ သွေးပိုရစေတယ်။ သွေးဖိအားကျစေတယ်။ အထူးသဖြင့် အနေအထား ရုတ်တရက် အပြောင်းမှာ ဖြစ်တယ်။ ခေါင်းမူးနိုင်တယ်။
• အစာစားချင်စိတ်ကို ပြောင်းစေတယ်။ သွေးထဲမှာ သကြားဓါတ်နည်းရင်လဲ ခေါင်းမူးစေမယ်။
• မတ်တပ်အနေအထားမှာ ကြာကြာနေရရင် ဟိုဟိုဒီဒီသွားလာနေပါ။
• ဘယ်ဘက်ကို စောင်းအိပ်ပြီး နားပါ။
• အနေအထားပြင်တာမှာ ဖြေးဖြေးသာလုပ်ပါ။
• သကြားဓါတ် မနည်းစေအာင် အစာကို မကြာမကြာစားပေးပါ။

၈။ Difficulty Sleeping အိပ်မပျော်ချင်ခြစ်လာခြင်း၊
• Sleep medication အိပ်ဆေးမသောက်ပါနဲ့၊
• အိပ်ရာဝင်ချိန်မှာ နွားနို့ အပူသောက်ပေးပါ၊
• အိပ်ရာမဝင်ခင် ရေနွေးချိုးပါ၊
• ခေါင်းအုံးအပိုသုံးကြည့်ပါ၊ ဘေးတစောင်းအိပ်ပါ။

၉။ Pregnancy Heartburn or Indigestion အစာအကျေ-ဗိုက်အောင့်ခြင်း၊
• အစာခြေစနစ်က အလုပ်နှေးလို့ဖြစ်တယ်။ ကြီးလာနေတဲ့ သားအိမ်ကလဲ အစာအိမ်ကိုဖိတယ်။ ဟော်မုန်းတွေ အပြောင်းအလဲကြောင့်လဲ ပါတယ်။
• အစာကို နည်းနည်းချင်း ခဏခဏစားပါ။ ဖြေးဖြေးသာစားပါ။
• ရေနွေး၊ (ဟာဘယ်လ်) လဖက်ရည်သောက်ပါ။
• ပူ-စပ်တာ၊ မစာမကျေလွယ်တာ၊ ကျော်ထားတွေ ရှောင်ပါ။
• စားပြီးပြီးချင်း လှဲမအိပ်ပါနဲ့။
• အိပ်တာ၊ လှဲတာ အိပ်ရာခေါင်းရင်းကို မြှင့်ထားပါ။ ခေါင်း၊ ပခုံးအောက်က ခေါင်းအုံးခုခံထားနိုင်တယ်။
• အချိုနဲ့ အဆီ တခါတည်း တွဲမစားပါနဲ့။

၁ဝ။ Pregnancy Hemorrhoids လိပ်ခေါင်း၊
• စအိုမှာ သွေးပြန်ကြောလေးတွေဖေါင်းပြီး ဝမ်းသွာတဲ့အခါ အပြင်ကိုစုထွက်လာတာဖြစ်မယ်။ ကိုယ်ဝန်ကနေ မွေးလမ်းနဲ့ အစာဟောင်းအိမ်တွေအပေါ်မှာ ဖိအားသက်ရောက်လို့၊ သွေးလျှောက်တာလဲပိုလာလို့ ဖြစ်ရတယ်။
• ဝမ်းအချုပ်မခံပါနဲ့။ ဝမ်းသွာတဲ့အခါ မညှစ်ရစေနဲ့။
• အကြာကြီးထိုင်တာ၊ ရပ်တာ ရှောင်ရှားပါ။ အနေအထား မကြာမကြာ ပြောင်းပေးပါ။
• လိပ်ခေါင်းနေရာက် ရေခဲတလှည့် ရေနွေးတလှည့်တင်ပေးပါ။
• အတွင်းခံကျပ်မနေပါစေနဲ့။
• လိုအပ်ရင် ဆရာဝန်ပြပါ။

၁၁။ Pregnancy Varicose Veins သွေးပြန်ကြောထုံးခြင်း၊
• ခြေထောက်တွေမှာ သွေးပြန်ကြောတွေ ဖေါင်းကြွပြီး ထုံးနေသလိုထင်-မြင်ရတယ်။ တချို့ကတော့ အရင်ကတည်းက ရှိနေတတ်တယ်။
• မတ်တပ်ရပ်တာ၊ ထိုင်နေတာ အကြာကြီးမလုပ်ပါနဲ့။ ရွေ့လျှားသွားလာပေးပါ။ ခြေနှစ်ချောင်း ချိတ်ထိုင်တာ မကောင်းပါ။
• နားနေချိန်မှာ ခြေထောက်ပိုင်းကို မြှင့်ထားပေးပါ။
• ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။
• ကိုယ်အောက်ပိုင်း အဝတ်အစား တင်းကြပ်မနေစေပါနဲ့။

၁၂။ Pregnancy Leg Cramps ကြွက်တက်ခြင်း၊
• (ကယ်လ်စီယမ်) များတဲ့အစားအသောက်ပိုစားပါ။ နွားနို့၊ ဒိန်ခဲ၊ အရိုးပါစားလို့ရတဲ့ငါ။
• ဖိနပ် မကြပ်စေနဲ့၊ ခုံမြင့်ဖိနပ်မစီးပါနဲ့။
• နားနေချိန်မှာ ခြေထောက်ပိုင်းကို မြှင့်ထားပေးပါ။
• ခြေနှစ်ချောင်း ချိတ်ထိုင်တာ မကောင်းပါ။
• ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။
• အိပ်ရာမဝင်ခင် ခြေဆန့်-လက်ဆန့်လုပ်ပေးပါ။
• ပက်လက်အိပ်တာ နည်းပါစေ။
• ခြေထောက်တွေကို နှိပ်နယ်ပေးပါ။

၁၃။ Pregnancy Nasal Congestion နှာခေါင်းပိတ်ခြင်း၊
• အအေးမိသလိုနေတယ်။ ကိုယ်ဝန်ဆောင်-ဟော်မုန်းကြောင့်ဖြစ်ရတယ်။
• ပါး-နှာခေါင်းနေရာကို ရေနွေးဝတ်တင်ပါ။
• Nasal sprays ဆေးမသုံးပါနဲ့။
• ရေ-အရည် များများသောက်ပါ။ တနေ့မှာ ၆-၈ ခွက်။
• ခေါင်းအုံးအပိုသုံးပါ။
• Humidifier or Vaporizer သုံးနိုင်တယ်။

၁၄။ Shortness of Breath အသက်ရှူမဝခြင်း၊
• လမ်းလျှောက်နေရင်းဖြစ်ရင် အရှိန်လျော့ချလိုကပ်ပါ။ နားလိုက်ပါ။
• လက်တွေကို ခေါင်းပေါ်မြှောက်လိုက်ပါ။
• အိပ်ရင် ခေါင်းပိုင်းက မြင့်နေပါစေ။

၁၅။ Pregnancy Stretch Marks အကြောပြန်ခြင်း၊
• ကြီးထွားလာတဲ့ အရေပြားရဲ့ ဆန့်နိုင်၊ ကျုံ့နိုင်စွမ်းက လိုသလောက်မလိုက်နိုင်လို့ဖြစ်တယ်။ ဗိုက်၊ ပေါင်၊ ရင်သားနေရာတွေမှာ အများဆုံးဖြစ်တယ်။ နောင်မှာ လုံးဝပျောက်မသွားပေမဲ့ မှေးမှိန်လာမယ်။
• Vitamins C and E တွေသောက်ပေးပါ။
• Skin lotion လိမ်းပါ။
• ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။

၁၆။ Swelling in the Feet and Legs ခြေထောက်ရောင်ခြင်း၊
• ခြေထောက်ကသွေးကြောနဲ့ သွေးပြန်ရည်ကြောတွေအပေါ်မှာ ကြီးလာတဲ့သားအိမ်ကဖိနေလို့ဖြစ်တယ်။
• မတ်တပ် အကြာကြီးမရပ်ပါနဲ့။
• ရေ-အရည် များများသောက်ပါ။ တနေ့မှာ ၆-၈ ခွက်။
• ငန်တဲ့အစာတွေ ရှောင်ပါ။ (ဆိုဒီယမ်) များတဲ့ ဆား၊ ငါးခြောက်၊ ငါးပိ၊ ငန်ပြာရည်၊ ဟင်ချိုမှုံ့၊ ဆော်ဒါ၊ ရှောင်ပါ။
• ခြေထောက်ပိုင်း မျြှင့်ထာနားပါ။
• အဝတ်အစား၊ ဖိနပ် တင်းကြပ်မနေစေပါနဲ့။
• (ပရိုတင်း) များများစားပါ။
• မျက်နှာပါ ရောင်ရင် ဆရာဝန်ပြပါ။

၁၇။ Vaginal Discharge မွေးလမ်းကစိုနေခြင်း၊
• သွေးလှည့်တာနဲ့ ဟော်မုန်းများလာလို့ဖြစ်တယ်။
• အဖြူရောင် ကြည်လင်နေတယ်။ မယားဘူး၊ အနေရမခက်ဘူး။
• (ကော်တွန်) အတွင်းခံသာသုံးပါ။
• အတွင်းခံ တင်းကြပ်မနေစေနဲ့။
• Douche (ဗဂျိုင်းနား) ဆေးကြောနည်း မလုပ်ပါနဲ့။
• ဆပ်ပြာနဲ့ ရေသာသုံးပါ။
• သန့်ရှင်းရေးလုပ်တိုင်း လက်ကို ရှေ့ကနေ နောက်ဖက်ကိုသာ ဦးတည်လုပ်ပါ။
• ဆင်းနေတာက ပူလောင်၊ ယားယံ၊ အနံ့ရှိလာရင် ဆရာဝန်ပြပါ။

၁၈။ Pregnancy Backaches ခါးနာခြင်း၊
• ဖိနပ်မမြင့်ပါစေနဲ့။ အလေးအပင် မမပါနဲ့။
• အောက်ကျတာတခုခုကောက်ချင်ရင် ဒူးကိုအရင်ကွေးပါ။ ခါးကို နောက်မှကွေးပါ။
• မတ်တပ်အကြာကြီးမရပ်ပါနဲ့။ ထိုင်ရင် နောက်ကျာမှီစရာပါတာနဲ့သာထိုင်ပါ။ ထိုင်နေရင်းလဲ ခြေထောက်ကို တခုခုမှာတင်ထားပါ။
• အိပ်ယာအောက်ခံ မာနေပါစေ။ ကြိုးကုတင်၊ စပရင်ကုတင် မသုံးပါနဲ့။ ပက်လက်ကုလားထိုင်မှာ မထိုင်ပါနဲ့။
• ခါးနာတဲ့နေရာကို အပူးကပ်ပေးပါ။ အပူဆေးကပ်ခွါသုံးနိုင်တယ်။ နှိပ်နယ်ပေးပါ။
• မျက်နှာသစ်၊ လက်ဆေး၊ ပန်းကန်ဆေးတာ ကိုယ့်အရပ်နဲ့ အနေတော် ရေစဉ်၊ ကြွေခွက်ဖြစ်ပါစေ၊
• (စတီရွိုက်) မပါတဲ့ အနာသက်သာဆေးသောက်ပါ။

၁၉။ Abdominal Pain or Discomfort ဗိုက်အောင့်ခြင်း၊
• ကိုယ်ခန္ဓာ အနေအထားပြင်ပေးပါ။
• သက်တောင့်သက်သာ ရှိပါစေ။ ရေနွေးအိတ်ကပ်ပါ။
• Tylenol (Acetaminophen) (ပါရာစီတမော) လိုအပ်ရင်သောက်ပါ။
• မသက်သာရင် ဆရာဝန်ပြပါ။

၂ဝ။ Braxton-Hicks Contractions ကလေးလှုတ်ခြင်း၊
• ကိုယ်ဝန် ၅ လကျော်ရင် ကလေးလှုတ်တာ သိသာလာမယ်။
• သက်တောင့်သက်သာ နေထိုင်ပါ။ လူအနေအထား ပြုပြင်ပေးပါ။
• မွေးချင်သလား အထင်မှားတတ်တယ်။

Dr. တင့်ဆွေ
၂၄-၂-၂ဝ၁၂

Read More...

Pregnancy Signs ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ)

Wed, Feb 22, 2012 at 8:00 PM
သူငယ်ချင်းတစ်ယောက်က အကူညီတောင်းလို့ပါ။ အဲဒါ သူ့မှာ ကိုယ်ဝန် ရှိလားလို့ သိချင်ပါတယ်တဲ့။ ပြီးတော့ သူက ကိုယ်ဝန်ရှိသူရဲ့ လက္ခဏာတွေကိုလည်း သိချင်ပါတယ်တဲ့။ (၂) လ ဝန်းကျင် အနေအထားပေါ့။

Mon, Feb 20, 2012 at 12:47 PM
ကိုယ်ဝန်ရှိမရှိကို ဆီးစမ်းတာ negative ပြပါတယ်၊ ဆိုင်ကနေဝယ်စမ်းပါတယ်။ အမျိုးသားနဲ့ အတူနေ ဖြစ်တာက ၁၂ ရက်နေ့ နောက်ဆုံးပါ။ ရာသီလာတာကတော့ ပြီးခဲ့တဲ့လ ကတော့ ၁၅ ရက်ကလာပါတယ်။ ဒီလမှာတော့ ဆီးစပ်တွေသာ ကိုက်ခဲနေပြီး ၂ ရက်လောက်ရှိပါပြီ သွေးနဲနဲဆင်းနေပါတယ်။ ခြောက်ခြောက်ကြီးဖြစ်နေပါတယ်။ (အဖြူကော အနီရော မရှိပဲ) ၃ လလောက်ရှိပါပြီ။ ရာသီလာတာ ၃ ရက်လောက်တော့ နောက်ကျနေပါတယ်။ ဘာဆေးများသောက်ရပါမလဲ။

ကိုယ်ဝန်ရှိခြင်း လက္ခဏာတွေကို တချို့မှာ ဘာမှမခံစားရဘူး။ တချို့ကြ လူမမာကြီးလို အတော်ခံစားရတယ်။ ကာယကံရှင်က သတိမထားမိဘဲ သူ့ယောက်ျားက ထင်တာလဲ ရှိတတ်တယ်။

ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ)
1. Missed period ရာသီမလာခြင်း၊ Unusual or abnormal period ရာသီ မမှန်ခြင်း၊ Implantation bleeding ပေါင်းစပ်ပြီးသား မျိုးဥက သားအိမ် အတွင်းဆုံးလွှာကို လာပြီးတွယ်ကပ်ချိန်မှာ Spotting သွေးနဲနဲ ဆင်းတတ်တယ်။ ဆီးစပ်နေရာကလဲ Cramping နာတာ ခံစားရနိုင်တယ်။ ရာသီလာလို့နာတာနဲ့ ခွဲခြားရမယ်။ မျိုးဥထွက်ချိန် (လလည်ရက်) နဲ့ ၆-၁ဝ ရက်မှာဖြစ်တယ်။
2. Just feeling pregnant ကိုယ့်ကိုယ်ကို ကိုယ်ဝန်ရှိနေတယ်လို့ထင်ခြင်း၊
3. Nausea and Vomiting ပျို့-အန်ခြင်း၊ အစားမစားချင်ဖြစ်လာခြင်း၊
4. Changes in libido လိင်စိတ် ပြောင်းလဲလာခြင်း၊
5. Soreness of the Breasts ရင်သားနာခြင်း၊
6. Enlargement of the Breasts ရင်သား ပိုကြီးထွားလာခြင်း၊
7. Montgomery's Tubercules ရင်သား အရောင်ရင့်အဝိုင်းမှာ အသီးငယ်လေးတွေ ထွက်လာခြင်း၊ ရှိပြီးသားတွေက ပိုပြီးသိသာလာခြင်း၊
8. Colostrum from Breasts ညှစ်ရင် နို့ရည်ကြည် ထွက်လာခြင်း၊
9. Frequent Urination, Cystitis ဆီးခဏခဏသွားရခြင်း၊ ကိုယ်ဝန်ဆောင် အများစုက ၆-၈ ပါတ်မှာ ဖြစ်ကြတယ်။ ဆီးလမ်းပိုးဝင်တာ၊ ဆီးချိုရောဂါ နဲ့ ဆီးသွားစေတဲ့ ဆေးတွေကြောင့်လဲ အဲလို ဆီးခဏခဏသွားချင်တာနဲ့ ခွဲခြားရမယ်။
10. Strange Cravings ချင်ခြင်းတပ်ခြင်း၊
11. Fatigue အားကုန်ခြင်း၊
12. Skin Changes အသားအရေပြောင်းလဲလာခြင်း၊
13. Stretch Marks ဗိုက်ကြော စသည်ပြတ်ခြင်း၊
14. Enlarging Uterus သားအိမ်ကြီးလာခြင်း၊ ကိုယ်ဝန် ၁၂ ပါတ်ကစပြီး ဆီးစပ်နေရာကနေ သားအိမ်အမြင့်ကို လက်နဲ့စမ်းလို့ရပြီ။
15. Movement ဗိုက်ထဲက ကလေးလှုတ်တာကိုသိနေခြင်း အများဆုံးက ၂ဝ ပါတ်ကျော်မှသာ သိတယ်။၊ ၁၃-၂၅ ပါတ်အထိလဲဖြစ်နိုင်တယ်။
16. Dizziness or fainting မတ်တပ်ရပ်လိုက်ရင် ခေါင်းမူးမယ်၊ သတိလစ်ချင်သလိုဖြစ်မယ်။
17. X-ray Detection ဓါတ်မှန်ရိုက်ရင် မြင်ရခြင်း၊
18. Fetal Heart Sounds ကလေးနှလုံးခုန်သံ နားထောင်၍ရခြင်း၊ Doppler ကရိယာနဲ့နားထောင်ရင် ၈-၁ဝ ပါတ်အထိ မကြားနိုင်သေးပါ။ ၁၂-၁၄ ပါတ်ရောက်မှသာ ကြားရတာများတယ်။ စကြားရချိန်မယ် တမိနစ်ကို ၁၈ဝ အထိမြန်တယ်။ နောက်ပိုင်း ပုံမှန် ၁၂ဝ-၁၆ဝ အထိရှိတယ်။ Ultrasound နဲ့စမ်းရင် ၆ ပါတ်မှာ ၉ဝ-၁၁ဝ၊ ၉ ပါတ်မှာ ၁၄ဝ-၁၇ဝ၊
19. Ultrasound Detection (အာလ်ထွာဆောင်း) ရိုက်လျှင်တွေ့ရခြင်း၊ ကိုယ်ဝန် ၄ ပါတ်ခွဲမှာ Gestational sac မြင်ရပြီ။ Yolk sac ကို ၅ ပါတ်၊ Embryo ကို ၅ ပါတ်ခွဲမှာမြင်ရပြီ။
20. Positive Pregnancy Test ဆီး-သွေးစစ်လျှင် အပေါင်းပြခြင်း၊

သိပ်မသိသာတဲ့၊ လူတိုင်းဖြစ်ချင်မှဖြစ်မဲ့ အချက်တွေကတော့ -
• Headache ခေါင်းကိုက်တာ၊
• Mood swings and irritability စိတ်မူပြောင်းခြင်း၊ စိတ်တိုခြင်း၊ (ဒီအချက်တွေဟာ ရာသီမလာခင်ဖြစ်ချင်တာတွေနဲ့ အတူတူဖြစ်တယ်။) • ဝမ်းချုပ်တာ Progesterone ကြောင့်ဖြစ်တယ်။ ဒီဟော်မုန်းက အစာကိုအောက်ဆင်းတာ နှေးစေတယ်။
• (ဗဂျိုင်းနား) နံရံတွေက ပိုထူလာတယ်။ (ဗဂျိုင်းနား) ပိုပြီးစိုတာ၊ ဖြူတဲ့ နို့လိုဆင်းတယ်။ ကိုယ်ဝန်ရှိနေတဲ့ကာလ တလျှောက်လုံးမှာလဲ အဲလိုရှိနေနိုင်တယ်။ ဆေးကုစရာ မလိုပါ။ ဒါပေမဲ့ အနံ့ဆိုးလာရင်၊ ယားယံလာရင်၊ ဆင်းတာက အရောင် ပြောင်းလာရင်တော့ ဆေးစစ်ပြီး ကူသမှုခံယူရမယ်။

Pregnancy Test ကိုယ်ဝန်ရှိ-မရှိ စမ်းသပ်ခြင်း
• ဆီးစစ်နည်းကို သိပ်စောစောစမ်းရင် False negative ကိုယ်ဝန်ရှိနေပေမဲ့ အနုတ်ပြနိုင်တယ်။
• Quantitative blood tests ဟော်မုန်းအနည်း-အများကို စမ်းတဲ့သွေးစစ်နည်းကတော့ Implantation မျိုးစပ်ပြီးသား သန္ဓေက သားအိမ်အတွင်းဆုံးလွှာကို လာကပ်ပြီဆိုတာနဲ့ သိနိုင်တယ်။
• အဲဒီရက်ဆိုတာ Ovulation မ-မျိုးဥထွက်ချိန် (လလည်ရက်) ရဲ့နောက် ၆-၁၂ ရက်မှာဖြစ်တယ်။ ဒိထက်စောပြီး ဘယ်နည်းနဲ့ စမ်းစမ်း မသိနိုင်ဘူး။
• Ovulation မ-မျိုးဥက ပုံမှန် ၁၄ ရက်မှာ ထွက်ပေမဲ့ နောက်ကျနေသူတွေဆိုရင် မတူနိုင်ဘူး။
• ကိုယ်ဝန် ရှိ-မရှိ စမ်းတယ်ဆိုတာ တိကျဘို့ရာ Act of Intercourse ဘယ်ရက်မှာ လိင်ဆက်ဆံသလဲဆိုတာထက် Day of Ovulation ဘယ်ရက်မှာ မျိုးဥထွက်သလဲက အရေးပါတယ်။
• Sperm သုက်ပိုးတွေက ပုံမှန်ဆိုရင် သားအိမ်ပြွန်ထဲမှာ မျိုးဥထွက်အလာကို စောင့်နေရင်း ၅ ရက်အထိ ရှင်နေနိုင်တယ်။
• Implantation သားအိမ်အတွင်းလွှာမှာ လာတွယ်ကပ်ဘို့ နောက်ထပ် ၁၂ ရက်ကြာစောင့်ရသေးတယ်။ ဆိုလိုတာက ဘယ်လောက်တိကျတဲ့ နည်းနဲ့ဖြစ်ဖြစ် သုက်ပိုး ဝင်လာပြီးနောက် (၅ + ၁၂ = ၁၇) ရက်ထက်စောပြီး မသိနိုင်ဘူး။
• တချို့စမ်းသပ်နည်းက hCG ဟော်မုန်း (100 mIU/mL) ရှိရင်စမ်းလို့ရတယ်။ ဒါကြောင့်နောက်ထပ် ၃-၄ ရက် စောင့်ရပြန်သေးတယ်။ ဒါကြောင့် လိင်ဆက်ဆံမှု ပြုပြီးတဲ့နောက်မှာ ၃ ပါတ် (၂၁ ရက်) အတွင်းစမ်းရင် False negative မမှန်တဲ့အနုတ်ပြနိုင်တယ်။ ကလေးရအောင် Insemination သုက်ပိုး အပြင်ကနေ ထည့်ပေးနည်းလုပ်ရင်လဲ အတူတူဘဲ။
• First Response Early Result Pregnancy Test ဆိုတာကို ရာသီလာရမဲ့ရက် (မလာတော့မဲ့ရက်) မတိုင်ခင် ၆ ရက် ကတည်းက ကိုယ်ဝန်ရှိတယ် ဆိုတာကိုပြမဲ့ hCG ဟော်မုန်းရှိနေတာကို သိမယ်လို့ ကြော်ညာပြီး ရောင်းနေပြီ။

Dr. တင့်ဆွေ
၂၃-၂-၂၀၁၂

Read More...

Facts to get pregnant ကိုယ်ဝန်ရအောင် ကြံဆောင်နည်း

Thu, Mar 1, 2012 at 6:41 PM
ကျွန်တော်နဲ့ ကျွန်တော့်ဇနီး နောက်ထပ် နှစ်လလောက်နေရင် ကလေးယူတော့မယ်လေ။ ကျောင်းက ၃ လ တစ်ဖြတ်ဆိုတော့ ကိုယ်ဝန်ဆောင်ချိန် ၁ဝ လနဲ့ဆိုရင် ကျောင်းပိတ်ရက်မှာ မွေးနိုင်အောင်လို့ပါ။ ဒါနဲ့ဆရာ ရေခဲမုန့်စားရင် သန္ဒေသားခိုင်တယ်ဆိုတာ ဟုတ်ပါသလား။ သူက တစ်ခါကိုယ်ဝန်ပျက်ဖူးတော့ မခိုင်မှာစိုးလို့ပါ။ ကိုယ်ဝန်ရလာရင် ဘယ်သူမှတော့ မပျက်စေချင်ဘူးလေ။ သန္ဒေသားခိုင်အောင် ဘာတွေလုပ်ရမလဲ။ ဘာတွေလိုက်နာရမလဲ။

မိန်းကလေး တယောက်ဟာ မွေးလာကာစတုံးက မျိုးဥပေါင်း ၁ သန်းကနေ ၂ သန်းအထိရှိနေခဲ့တာပါ။ အပျိုဖြစ်တဲ့နောက် တလမှာ တဥနှုန်းနဲ့ ထွက်လာတယ်။ သွေးမဆုံးခင်အထိ တွက်ရင် စုစုပေါင်း မျိုးဥအရေအတွက် ၃ဝဝ ကနေ ၄ဝဝ ရှိမယ်။ အိမ်ထောင်ကျလို့ ကလေး ၅ ယောက်အမေဖြစ်ရင် တကယ်တန်း အသုံးပြုခဲ့ရတဲ့ မျိုးဥပေါင်း ၅ ခုသာဖြစ်မယ်။

ကလေး မရသေးသူတွေ ကိုယ်ဝန်ဆောင်စေဘို့ရာ ကိုယ့်ရာသီကိုယ် သိရမယ်။ ရာသီတလကို သွေးစဆင်းနေ့ကနေ တွက်တယ်။ တလဆိုတာ ၂၈ ရက်ကနေ ၃၂ ရက်အထိရှိနိုင်တယ်။ မျိုးဥထွက်တာ လလည်ရက်မှာ အများဆုံးဖြစ်ပေမဲ့ ၁၁ ရက်ကနေ ၂၁ ရက်အတွင်းမှာ ဖြစ်နိုင်တယ်။

ရာသီဆင်းတဲ့နောက် ၂ ရက်ကနေ ၁၄ ရက်အတွင်းမှာ FHS ဟော်မုန်း ထွက်လာလို့ မျိုးဥအိမ်မှာရှိတဲ့ (ဖေါ်လီကယ်လ်) တွေကို နှိုးဆွပေးတယ်။ သားအိမ် အတွင်းဆုံးအလွှာကိုလဲ ထူထဲလာစေတယ်။ အဖို-အမ မျိုးစပ်ပြီးသားဥ Fertilized egg ကို Implantation တွယ်ကပ်ဘို့ ပြင်ဆင်ပေးတာဖြစ်တယ်။

LH ခေါ်တဲ့ နောက်ဟော်မုန်းတမျိုးလဲ ထွက်လာမယ်။ သူကနေ အရင့်မှည့်ဆုံးဥကို (ဖေါ်လီကယ်လ်) ထဲကနေ ထွက်လာစေတယ်။ သားအိမ်ဝမှာရှိတဲ့ အကျိအချွဲကလဲ ချောကျိကျိပိုဖြစ်လာပြီး (ဗဂျိုင်းနား) ကနေ ဝင်လာမဲ့ သုက်ပိုးဝင် ဝင်လာနိုင်အောင် ရေလာမြောင်းပေး လုပ်ပေးတာမယ်။

မျိးဥကလဲ မျိုးဥအိမ်ကနေထွက်၊ သားအိမ်ပြွန်အပေါက်ဝထဲကိုဝင်၊ သားအိမ်ပြွန်တလျှောက် ဝင်လာမယ်။ လမ်းမှာတင် အဖိုသုက်ပိုးနဲ့ မ-မျိုးဥတွေဆုံပေါင်းစပ်မှု ဖြစ်မယ်။ မ-မျိုးဥဟာ မျိုးဥအိမ်ကထွက်ပြီးတဲ့နောက် အဲလို သုက်ပိုးနဲ့ မတွေ့ရရင်တော့ ၁၂-၂၄ နာရီထက်ပိုပြီး ဆက်ရှင်မနေဘူး။ သုက်ပိုးကတော့ ၃-၅ ရက်အထိ ရှင်သန်နေနိုင်တယ်။

ကလေးရချင်သူတွေ မ-မျိုးဥရှင်သန်နေတဲ့ ၂၄ နာရီနဲ့အံကိုက် သုက်ပိုးနဲ့တွေ့အောင် စီမံချက် ကောင်းကောင်းချတတ်ဘို့ လိုတယ်။ အကောင်းဆုံးရက်ဆိုတာ မ-မျိုးဥထွက်မဲ့ရက် မတိုင်ခင် ၁-၂ ရက်တွေဖြစ်တယ်။ ရာသီတလဟာ ၂၈ ရက် ဖြစ်သူတွေမှာ ရာသီစဆင်းတဲ့နေ့ကနေ ရေတွက်ရင် ၁၂-၁၃-၁၄ ရက်နေ့တွေဖြစ်တယ်။

သတိတခုထားစေချင်ပါတယ်။ အဲဒီ ၃ ရက်လုံးလုံး နေနိုင်သလောက် အတူနေမယ်ဆိုတာလဲ သိပ်ကောင်းမယ်မဟုတ်ပါ။ ယောက်ျားမှာ ဆက်ဆံမှုများလို့ သုက်လွှတ်တာဆက်တိုက်များရင် Sperm count သုက်ကောင်ရေ အရေအတွက်ကို နည်းစေနိုင်တယ်။

မိန်းမဘက်ကလဲ တွက်ရအုံးမယ်။ Ovulation မျိုးဥထွက်ရက် အသေအခြာသိချင်ရင် Temperature ကိုယ်ပူချိန်မှတ်တမ်း လုပ်ထားပါ။ မျိုးဥတခု ထွက်သွားပြီး ကျန်နေတဲ့ (ဖေါ်လီကယ်လ်) ကို Corpus luteum (ကောပတ်စ်-လူတီယမ်) လို့ ခေါ်တယ်။ သူကနေ ဟော်မုန်းနောက်တမျိုး ထွက်လာပြန်တယ်။ အဲဒီ Progesterone (ပရိုဂျက်စတီရုံး) ကနေ သားအိမ် နံရံကို ထူထဲလာအောင် လုပ်ပေးမယ်။ ကိုယ်ဝန်အတွက် ပြင်ဆင်ပေးတာပါဘဲ။ ဒီဟော်မုန်းတန်ခိုးကြောင့် ကိုယ်ခန္ဓာ အပူချိန်ကို နဲနဲမြင့်တက်စေမယ်။ မနက်အိပ်ရာနိုးချိန် ဘာတခုမှ မလုပ်ကိုင်သေးခင် အပူချိန်တိုင်းပါ။ အတိအကျ မှတ်သားထားပါ။ Basal thermometer တခုကို ၁ဝ ဒေါ်လာပေးရတယ်။ အကြမ်းဖျင်းတော့ သိနိုင်တယ်ပေါ့။ ဒေါ်လာ ၂ဝ-၅ဝ တတ်နိုင်ရင် Ovulation kits ဝယ်သုံးပါ။ LH ဟော်မုန်း များများလာတာဟာ မျိုးဥထွက်တာမို့ ဆီးထဲပါနေတဲ့ LH levels ကို တိုင်းနိုင်တယ်။ ကောင်းတဲ့ ကရိယာနဲ့ဆို နေ့တိုင်းစစ်နိုင်လို့ ၉၉% မှန်နိုင်တယ်။

သုက်ပိုးနဲ့ မျိုးဥ ရေစက်မဆုံနိုင်ကြရင်တော့ Progesterone ဟော်မုန်းနည်းနည်းလာမယ်။ ၁၂-၁၆ ရက်အကြာမှာ ပျက်စီးသွားတဲ့ သားအိမ်အတွင်းလွှာက သွေးနဲ့ (တစ်ရှူး) တွေထဲမှာ မျိုးမစပ်လိုက်ရတဲ့ မျိုးဥပါရောပြီး Menstruation ရာသီ အဖြစ်ဆင်းတယ်။ နောက်တလ စပြန်ပါလိမ့်မယ်။ သွေးဆင်းနေတာ တချို့မှာ ၃ ရက်၊ တချို့ ၇ ရက်ကြာမယ်။

ကလေးအမေဖြစ်ချင်သူ
• အသက် ၃ဝ အရွယ် ကျန်းမာတဲ့ အမျိုးသမီးတိုင်း လတိုင်းလတိုင်းမှာ ကိုယ်ဝန်ဆောင်ဘို့အခွင့်အလမ်း ၂ဝ% ရှိတယ်။
• အသက် ၂ဝ အရွယ် ကျန်းမာတဲ့ အမျိုးသမီးတိုင်း လတိုင်းလတိုင်းမှာ ကိုယ်ဝန်ဆောင်ဘို့အခွင့်အလမ်း ၅% ရှိတယ်။
• Foods rich in folic acids (ဖေါလစ်-အက်စစ်) များတဲ့အစားအစာ စားပါ။ Folic acids ဆေးသောက်ပါ။
• Organic foods and green products (အော်ဂဲနစ်) အစားအသောက် ရွေးချယ်စားသောက်ပါ။
• Plastics (ပလပ်စတစ်) ထုပ်ပိုးတာမျိုး ရှောင်ရှားပါ။
• အစားအသောက်ဆင်ခြင်တာနဲ့ ကိုယ်လက်လေ့ကျင်ခန်းလုပ်ပြီး ကိုယ်အလေးချိန်ထိန်းပါ။
• Alcohol and caffeine အရက်၊ ကေဖင်း-ဆေးလိမ် ရှောင်ကျဉ်ပါ။

ကလေးအဖေဖြစ်ချင်သူ
• အသက် ၄၅ ကျော်ရင် အခွင့်အလမ်း နည်းနည်းလာမယ်။
• Managing stress စိတ်ဖိအားလျှော့ချနည်း လုပ်ပါ။
• Alcohol and tobacco အရကိ၊ ဆေးလိပ် ရှောင်ပါ၊ လျှော့ပါ၊ ဖြတ်ပါ။
• Weight ကိုယ်အလေးချိန် ထိန်းပါ။
• Zinc (ဇင့်) ဓါတ်ပါတဲ့ အသား၊ ဖြူဖွေးနေအောင် ချွတ်မထားတဲ့ အနှံမျိုးနဲ့လုပ်ထားတဲ့ အစားအစာ၊ ပင်လယ်စာ နဲ့ ဥတွေ စားပါ။
• Selenium ပါတဲ့ အသား၊ ပင်လယ်စာ၊ မှို၊ ဖြူဖွေးနေအောင် ချွတ်မထားတဲ့ အနှံမျိုးနဲ့လုပ်ထားတဲ့ အစားအစာ၊ အစေ့အဆံတွေ စားပါ။
• Vitamin E (ဗီတာမင် အီး) သောက်ပါ။
• Testicles ကျား-အစိ (တက်စ်တိစ်) ကို အေးနေအောင် သတိထားပါ။

Dr. တင့်ဆွေ
၂၄-၂-၂ဝ၁၂

Read More...