Showing posts with label Heart disease. Show all posts
Showing posts with label Heart disease. Show all posts

Tuesday, November 4, 2008

Ischemic Heart Disease

နှလုံးသွေးကြောကျဉ်းရောဂါ



နှလုံးဟာ ခန္ဓာကိုယ် တစ်ခုလုံးသို့ သွေးလည်ပတ် စီးဆင်းရန်အတွက် လုပ်ဆောင်ပေးသော သွေးညှစ်စက်
(Blood Pump Machine) တစ်ခု ပဲဖြစ်ပါတယ်..တစ်ရက်လျှင် ပျမ်းမျှ အကြိမ် ၁၀၀,၀၀၀ ခန့် ခုန်ရပြီး သွေး
ထုထည် ဂါလံ ၂,၀၀၀ ခန့် ညှစ်ထုတ် ပေးနေရပါတယ်.. လူ့သက်တမ်း တစ်လျှောက်လုံး မရပ်မနား စည်း
ချက်မှန်မှန် ညှစ်ထုတ်ပေး နေရပြီး အသက် ၇၀ အရွယ်ရောက်ပါက နှလုံးခုန်ခြင်း အကြိမ်ပေါင်း ၂.၅ ဘီလီ
ယံ ကျော် ခုန်ပြီး ဖြစ်ပါတယ်.. ဒီလို အချိန်ပြည့် လုပ်ဆောင်နိုင်အောင် နှလုံးကြွက်သားအတွက် အောက်စီ
ဂျင်နဲ့ အာဟာရကို နှလုံးသွေးကြော (Coronary Arteries) များက ထောက်ပံ့ပေးနေရပါတယ်.. အကြောင်း
အမျိုးမျိုးကြောင့် နှလုံးသွေးကြောများဟာ ကျဉ်းမြောင်းလာပြီး နှလုံးကြွက်သားအတွက် အောက်စီဂျင်နဲ့ အာ
ဟာရကို လုံလောက်စွာ မထောက်ပံ့နိုင်တော့တဲ့အခါ နှလုံးသွေးကြောကျဉ်း လက္ခဏာများ ပေါ်ပေါက်လာပါ
တယ်.. အမေရိကန်နိုင်ငံတွင် လူဦးရေ ၃သန်းမှ ၄သန်းခန့်ထိ ဘာလက္ခဏာမှမပြပဲ နှလုံးသွေးကြောကျဉ်း
ရောဂါ ဖြစ်ပေါ်နေပါတယ်..


နှလုံးသွေးကြော ကျဉ်းစေသော အဓိက အချက်(၃)ချက်မှာ

  1. သွေးတိုးရောဂါ (Hypertension)
  2. သွေးတွင်း ကိုလက်စထရော များခြင်း (Hypercholesterolaemia)
  3. ဆေးလိပ်သောက်ခြင်း (Smoking)
တို့ဖြစ်ပါတယ်...
နှလုံးသွေးကြော ကျဉ်းစေသော အခြား အကြောင်းများကတော့
  • ဆီးချိုသွေးချိုရောဂါ (Diabetes)
  • စိတ်ဖိစီးမှုများခြင်း (Stress)
  • အဝလွန်ခြင်း (Overweight)
  • လှုပ်ရှားမှုနည်းသော ထိုင်၍ အလုပ်လုပ်ကိုင်ရခြင်း (Sedentary Lifestyle)
တို့ဖြစ်ပါတယ်..




အထက်ပါ အကြောင်းများကြောင့် သွေးကြောရဲ့ အတွင်းနံရံဟာ အနည်ကျ စုပုံ ထူအမ်းလာပြီး (Athero-
sclerosis) ကျဉ်းမြောင်းလာပါတယ်.. အနည်ကျ စုပုံတဲ့ အထဲတွင် ကိုလက်စထရော (Cholesterol)၊ ကယ်
လ်စီယမ် (Calcium)၊ ဆဲလ်သေ အစအနများ (Cellular debris)၊ သွေးမွှားဥများ (Platelets) များ ပါဝင်ပါ
တယ်.. ၎င်း အနည်ကျစုပုံခဲသည် သွေးကြောနံရံမှ ပြုတ်ထွက်ပြီး သွေးကြော တစ်နေရာတွင် ပိတ်မိတတ်ပါ
တယ် (Embolism).. နှလုံးသွေးကြောတွင် ပိတ်မိပါက နှလုံးပုပ်ခြင်း (Myocardial Infarct)၊ ဦးနှောက်သွေး
ကြော ပိတ်မိပါက လေဖြတ်ခြင်း (Stroke)၊ ခြေလက်ရှိ သွေးကြောများ ပိတ်မိပါက နာကျင်ခြင်း၊ အသားပုပ်
ခြင်း (Gangrene) တို့ ဖြစ်တတ်ပါတယ်..


နှလုံးသွေးကြောကျဉ်း ရောဂါလက္ခဏာများမှာ (Angina Pectoris)
  • ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ် အလယ်တွင် တင်းကျပ်စွာ ခံစားရခြင်း၊ လေးလံနေခြင်း၊ ရင်ပူခြင်း
    • ရင်ဘတ်အောင့်ခြင်းသည် ရံဖန်ရံခါ ဘယ်ဘက်ပုခုံးနှင့် ဘယ်ဘက်လက်မောင်းသို့၎င်း၊ လည်ပင်းနှင့် မေးစေ့တစ်ဝိုက် သို့၎င်း ပြန်နှံ့နာကျင် တတ်ပါတယ်.. ရင်ဘတ်အောင့်ခြင်းသည် ရုတ်တရက် ပြေးလွှားခြင်း၊ အားစိုက်အလုပ် လုပ်ရခြင်းကြောင့် ဖြစ်ပေါ်တတ်ပြီး အများအားဖြင့် စက္ကန့်(၃၀)မှ (၅)မိနစ်ထိ ကြာတတ်ပါတယ်.. အနားယူပါက သက်သာလာပါတယ်..
  • အသက်ရှူမြန်ခြင်း၊ အသက်ရှူကြပ်သကဲ့သို့ ခံစားရခြင်း၊ မူးဝေလာခြင်း၊
  • ပျို့အန်ခြင်း၊
  • အလွန်အမင်း ချွေးထွက်လာခြင်း၊
  • အနားယူသော်လည်း ရင်ဘတ်အောင့်ခြင်း မသက်သာပါက နှလုံးသွေးကြောပိတ်ခြင်း (Heart Attack) ဖြစ်နိုင်သဖြင့် သတိထားရန် လိုအပ်ပါတယ်..

ရောဂါစမ်းသပ်စစ်ဆေးချက်များ
  • Exercise Electrocardiogram (ECG) ရိုက်ခြင်း၊
  • Cardiac Catheterization
    • Tube အသေးစား တစ်မျိုးအား ခြေထောက် (သို့) လက်မောင်း သွေးကြောမှတစ်ဆင့် နှလုံးသွေးကြောသို့ ရောက်အောင်လုပ်ပြီး Special dye တစ်မျိုးအား ထုတ်လွှတ်၍ ဓါတ်မှန်ရိုက်ကြည့်ခြင်းဖြင့် သွေးကြောကျဉ်းတဲ့နေရာ သိနိုင်ပါတယ်..
  • ရင်ဘတ်ဓါတ်မှန် (Chest X-ray) ရိုက်ခြင်းဖြင့် နှလုံးအခြေအနေကို ကြည့်ခြင်း၊
  • သွေးတွင်း ကိုလက်စထရော စစ်ဆေးခြင်း၊ ဆီးချိုသွေးချို စစ်ဆေးခြင်း၊
တို့ ပြုလုပ်ရန် လိုအပ်ပါတယ်..
လိုက်နာရမည့်အချက်များ
  • တိရိစ္ဆာန်အဆီများ၊ နီသောအသား၊ ကြက်ဥ၊ မလိုင်ပါ နွားနို့နှင့် နို့ထွက်ပစ္စည်းများ အစရှိသည့် ကိုလက်စထရော ကြွယ်ဝသော အစားအစာများကို ရှောင်၍ ဟင်းသီးဟင်းရွက် အသီးအနှံများ၊ မလိုင်ထုတ်ထားသော နွားနို့၊ ငါး၊ ကြက်ဘဲအသားများ၊ ဂျုံ ပြောင်း လူး ဆပ် ကဲ့သို့အနှံများ စားသုံးပါ
  • ဆေးလိပ်သောက်ခြင်းသည် နှလုံးသွေးကြောတွင်း အောက်စီဂျင် ပို့ဆောင်မှုကို အဟန့်အတား ဖြစ်စေသဖြင့် လုံးဝရှောင်ကြဉ်ရန်
  • သင့်တင့်သော ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်ရန်
  • သွေးတိုးနှင့် ဆီးချိုသွေးချို ရောဂါ ရှိပါက ရောဂါအတွက် ညွှန်ကြားထားသည်များကို လိုက်နာရန်
  • စိတ်ဖိစီးမှုများကို ရှောင်ကြဉ်ရန်

ဆေးဝါးကုသမှု
ဆေးဝါများကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း လိုက်နာသောက်သုံးရပါမယ်..
  • Nitrates (Nitroglycerin..), Betablockers (propranolol, metoprolol...), Calcium channel blockers (Amlodipine, diltiazem...) စသည့် နှလုံးသွေးကြောကျယ်စေရန်နှင့် နှလုံးခုန်နှုန်း၊အောက်စီဂျင် လိုအပ်မှုကို ထိန်းချုပ်ပေးသောဆေးများ
  • သွေးခဲခြင်းကိုတားဆီးပေးသောဆေးများ ie. Aspirin (Aspilet),.....
  • သွေးတွင်းကိုလက်စထရော များနေပါက ကျစေသောဆေးများ ie. Statins (Atorvastatin, Simvastatin,....)
  • ခွဲစိတ်ကုသမှု-နှလုံးသွေးကြောလမ်းလွှဲတည်ဆောက်ခြင်း (Coronary Bypass) နှလုံးသွေးကြောချဲ့ခြင်း (Angioplasty) စသည့် ခွဲစိတ်နည်းများဖြင့်လည်း နှလုံးသွေးကြောကျဉ်းရောဂါကို ကုသနိုင်ကြောင်း ရေးသားဖော်ပြလိုက်ပါတယ်..

Read More...

Monday, September 29, 2008

Smoking and Heart

ဆေးလိပ်နှင့် နှလုံးရောဂါ

ဆေးလိပ် မကောင်းကြောင်းရေး လွန်းလို့ ဆေးလိပ် ကုမ္ပဏီ တွေက အမြင်ကပ် နေလောက်ပြီ ထင်ပါတယ်။ နှစ်စဉ် စက်တင်ဘာလ ၂၈ ရက်နေ့ က ကမ္ဘာ့နှလုံး များနေ့ ဖြစ် ပါတယ်။ ကမ္ဘာ့ နှလုံးစောင့်ရှောက်ရေး အဖွဲ့ကြီးမှ ဦးစီးပြီး နှစ်စဉ် ကျင်းပနေတဲ့ ဒီနေ့မှာ တစ်ခုခုရေး ချင်တာနဲ့ ဆေးလိပ် မကောင်းကြောင်း ကိုပဲရေးဖို့ ဆုံးဖြတ် လိုက်ပါတယ်။ ဒီနှစ် ကမ္ဘာ့နှလုံး များနေ့ရဲ့ ဆောင်ပုဒ် ကလည်း နှလုံး အန္တရာယ် သိရှိ ကာကွယ် (Do you know your risk?) ဆိုတော့ စာဖတ်သူ တွေထဲ မှာ မသိ တဲ့သူ သိအောင် သိပြီးသားသူ ပိုပြီး သတိထား မိအောင် ဒီခေါင်းစဉ် လေးကို ရွေးချယ်လိုက် ပါတယ်။

သိပြီးသားသူဆို တဲ့ထဲ မှာဆရာဝန်တွေက ထိပ်ဆုံး ကပါ။ ကျွန်တော် အခု စာသင် နေတဲ့ဆေးရုံ က နှလုံးအထူး ကု ဆေးရုံကြီး တစ်ခုပါ။ Ward တစ်ခုထဲ မှာ အတူတူ အလုပ်လုပ် နေတဲ့ လက်ထောက် ဆရာဝန် (၁၅) ယောက်ခန့် ရှိပါတယ်။ သူတို့ရဲ့ DUTY COAT ထဲမှာ ဆေးလိပ် ဘူး ကိုယ်စီ ရှိကြ ပါတယ်။ မနက်ပိုင်း လူနာကြည့်ချိန် ပြီးတာနဲ့ smoking zone (ဆေးလိပ်သောက် ရန် သတ်မှတ် ထားသောနေရာ) ကို ပြေးကြ တာပါပဲ။ သူတို့အတွက် လူနာ ကြည့်ချိန် (၁)နာရီ လောက်ကို ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ ရပုံပါပဲ။ နောက် ပါမောက္ခကြီး။ သူကတော့ နေ့လည်းပိုင်း စာသင်ခန်းမှာ (၄၅) မိနစ်စာ သင်ပြီး တာနဲ့ ဆေးလိပ်သောက် နားချိန် ပေး ပါတယ်။ ဆေးလိပ် တစ်လိပ်ကုန်မှ စာသင်ခန်း ကို ပြန်လာ ပါတယ်။ ဆရာဝန်တွေ ကိုယ်တိုင် နစ်ကိုတင်း ရဲ့ သားကောင်တွေ ဖြစ်နေ ကြပါတယ်။

သာမန် စာဖတ် သူတွေကတော့ ဆေးလိပ်နဲ့ အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါတွေ ဆက်နွယ်နေ တယ် ဆိုတဲ့ အကြောင်း သိပြီး ကြမှာပါ။ နှလုံး ကျန်းမာရေးနဲ့ ပက်သက်ရင်တော့ သိတဲ့သူ နည်းပါ လိမ့်မယ် ငယ်ငယ်က မြန်မာ့ ရုပ်မြင်သံကြား မှာ ပညာပေး ဇာတ်လမ်းတိုလေး ကြည့်ဖူး ပါတယ်။ ကျန်းမာရေး ၀န်ကြီး ဌာနကတော့နည်းမျိုးစုံနဲ့ တတ်နိုင်သမျှ ပညာပေး နေတာပါပဲ။

နှလုံးရောဂါ တွေဖြစ်စေနိုင်တဲ့ အခြေခံ အကြောင်း အရင်းတွေထဲ မှာ ဆေးလိပ် သောက်ခြင်းက အဓိက အချက် တစ်ချက် ဖြစ်ပါတယ်။ နေ့စဉ် ဆေးလိပ် ဘယ်နှစ်လိပ် သောက်တယ် ဆိုတဲ့အချက် က နှလုံးရောဂါ ဖြစ်ပွား မှု အပေါ်မှာ တိုက်ရိုက် အကျိုး သက်ရောက် ပါတယ်။ များများ သောက်လေ ဖြစ်ဖို့ အလားအလာ ပိုများ လေပါပဲ။ နေ့စဉ် ဆေးလိပ် တစ်ဘူး ကုန်အောင် သောက်တဲ့ သူဟာ ဆေးလိပ် လုံးဝ မသောက်တဲ့ သူနဲ့ စာရင် နှလုံး ရောဂါ ဖြစ်နိုင်ခြေ (၂) ဆ ပိုများ ပါတယ် ဆေးလိပ်လည်း သောက်တယ် သန္ဓေ တားဆေး တွေလည်း သုံးစွဲတယ် ဆိုတဲ့ အမျိုးသမီး တွေ အတွက်တော့ ဖြစ်နိုင်ခြေပို များပါတယ်။

ဆေးလိပ် သောက်တယ် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တဆင့်ခံ ဆေးလိပ်သောက်ခြင်း (secondhand smoke) လည်း ပါဝင် ပါတယ်။ နှစ်စဉ် နှလုံးရောဂါကြောင့် သေဆုံးသူ ၃၅၀၀၀ ခန့်ဟာ ဒီလို တဆင့်ခံ ဆေးလိပ်သောက်ခြင်း နှင့် တိုက်ရိုက် ဆက်စပ် နေတယ်လို့ ဆိုပါတယ်။

ဆေးလိပ် နှင့် နှလုံးရောဂါ ဘယ်လို ဆက်စပ် နေသလဲ ?

ဆေးလိပ်မှာ အဓိကပါဝင်တဲ့ နီကိုတင်းဓါတ်က
  1. နှလုံး အတွက် လိုအပ်တဲ့ အောက်ဆီဂျင် ရရှိမှု ကို နည်းပါးစေ ပါတယ်။
  2. သွေးဖိအားကို များစေပြီး နှလုံးခုံနှုန်းကို မြန်စေပါတယ်။
  3. သွေးခဲအောင် အားပေး ပါတယ်။
  4. နှလုံး သွေးကြော အပါအ၀င် သွေးကြောအားလုံး၏ နံရံမှ ဆဲလ်များကို ထိခိုက် ပျက်စီး စေပါတယ်။


ဆေးလိပ်ဖြတ်ခြင်း၏ အကျိုးကျေးဇူးများ
  1. အသက်ကို ရှည်စေပါတယ်။

  2. နှလုံးရောဂါ၊ သွေးတိုးရောဂါ နှင့် ကင်ဆာရောဂါ များဖြစ်ပွားနိုင်ခြေ ကို လျော့နည်း စေပါတယ်။

  3. ချောင်းဆိုးခြင်း၊ လည်ချောင်း နာခြင်းများ ကင်ဝေးပြီး အမောအပန်း ခံနိုင်လာပါတယ်။

  4. အသား အရေ တွန့်ခြင်း၊ အရွယ်မတိုင်ခင် အိုမင်း ရင့်ရော်ခြင်း ကို ကာကွယ် ပေးပြီး နုပျိုစေပါတယ်။

  5. အရသာခံ ခြင်း၊ အနံ့ခံခြင်း စတဲ့ အာရုံများ ကို တိုးတက်စေပါတယ်။

  6. ငွေကြေး အကုန်အကျ သက်သာပါတယ်။

  7. ဆေးလိပ်ငွေ့ ကင်းစင်တဲ့ ပျော်စရာ မိသားစုလေး ကို ပိုင်ဆိုင်နိုင်ပါတယ်။


ဆေးလိပ် ဘယ်လို ဖြတ်ကြမလဲ ?

ဆေးလိပ် မကောင်းကြောင်း လည်းပြောပြီးပြီ။ ဆေးလိပ်မသောက်ရင် ဘာတွေကောင်းမယ် ဆိုတာလည်း ပြောပြီးပြီ။ ဆေးလိပ်ဘယ်လို ဖြတ်ရမလဲ ဆိုတဲ့ မေးခွန်းတွေကို ခဏခဏ အမေးခံရ ဖူးပါတယ်။ ဆေးလိပ် ဖြတ်တယ်ဆိုတာ ဆရာ ပြောသလောက် မလွယ်ပါဘူး ဆိုတဲ့ သူတွေ လည်း ကြုံဖူးပါတယ်။ မလွယ်ဘူး ဆိုတာ ကိုယ်တိုင် မသောက်ပေမယ့် ရိပ်စား မိပါတယ်။ သို့ပေမယ့်လည်း မိမိ ကောင်းကျိုး၊ မိသားစု ကောင်းကျိုး ရှေ့ရှူပြီး ကြိုးစား သင့်ပါတယ်။

ဆေးလိပ်ဖြတ်မယ် လို့ ဆုံးဖြတ်တဲ့ အခါမှာ မိမိကိုယ်တိုင် က ပြတ်သားဖို့ လိုပါတယ်။ လိုလိုချင်ချင် ရှိရပါမယ်။ ရည်းစားက ဖြတ်ခိုင်းလို့ ဆိုတာထက် မိမိကိုယ်တိုင် မသောက်သင့် တော့ဘူး၊ ဖြတ်ကို ဖြတ်ရမယ် ဆိုတာမျိုး ဖြစ်သင့် ပါတယ်။ ပထမဆုံး လုပ်ရမှာ က ဆေးလိပ် ဖြတ်မယ့်နေ့ကို ရွေးရပါမယ်။ ဒီနေ့ ဖြတ်ရမယ်လို့ မဆိုလို ပါဘူး။ ဥပမာ အောက်တိုဘာ ၁၅ ရက်နေ့ ဆေးလိပ်ဖြတ်မည် ဆိုတာမျိုးပေါ့။ ရက်ရွေးပြီးရင် တိတိကျကျ လုပ်ရ ပါမယ်။ ဘာအကြောင်းနဲ့ မှ ရက် နောက်ဆုတ် သွားတာမျိုး မဖြစ်သင့် ပါဘူး။

  1. ဘာကြောင့် ဆေးလိပ်ဖြတ်ဖို့ ရွေးချယ်ခဲ့တယ် ဆိုတာ ရေးသားပြီး နေ့စဉ် ပြန်ပြန် ဖတ်ပါ။ ဥပမာ ဆေးလိပ်ရဲ့ ဆိုးကျိုး တွေကို ရေးချပြီး နေ့စဉ် ပြန် သတိရအောင် ဖတ်ပါ။

  2. ဘာလို့ အချိန်တွေ မှာဆေးလိပ် သောက်တယ်၊ ဘာကြောင့် ဆေး လိပ်သောက်တယ်၊ ဆေးလိပ် သောက်တဲ့ အချိန်တွေမှာ ဘာတွေ လုပ်နေတယ် ဆိုတာကို စာရွက်နဲ့ ရေးချပြီး မိမိ ဆေးလိပ် သောက်ရ ခြင်း အကြောင်းအရင်း ကို ဆန်းစစ်ပါ။

  3. လုံးဝ အပြီးအပိုင် မဖြတ်ခင် သောက်နေကျ အချိန်တွေမှာ မသောက်ဘဲ နေကြည့်ပါ။ ဥပမာ အလုပ်နားချိန်၊ ညစာ စားပြီချိန်။

  4. ဆေးလိပ် သောက်ချင် စိတ်ပေးလာရင် တစ်ခုခုလုပ်ဖို့ စာရင်း ပြုစုထားပါ၊ ဥပမာ ပီကေ၀ါးမယ်။ ရေကူးမယ်။

  5. Chantix and Wellbutrin ကဲ့သို့ဆေးလိပ် ဖြတ်ဆေးများ၊ နစ်ကိုတင်း Gum များ ကိုလည်းသုံးစွဲနိုင်ပါတယ် နီးစပ်ရာ ဆရာဝန် နှင့် တိုင်ပင် သုံးစွဲ ရပါမယ်။


အနောက် နိုင်ငံတွေ မှာတော့ ဆေးလိပ် ဖြတ်သူတွေ စုစည်း ထားတဲ့ အသင်းအဖွဲ့ တွေရှိပါတယ်။ အတွေ့အကြုံ ဖလှယ်ခြင်း အကြံဉာဏ် ရယူခြင်းများ ဖြင့် အကျိုး ရှိစေ ပါတယ်။

ဆေးလိပ် ဖြတ်ပြီ ဆိုတာနဲ့ နောက်အရေး ကြီးတဲ့အချက် က ပြန်မသောက် ဖြစ်အောင် ထိန်းနိုင်ဖို့ လိုပါတယ်။ ဒီအတွက် အောက်ပါ အချက်လေး များကို ဂရုစိုက်ပြီးလိုက်နာသင့်ပါတယ်။

  1. ဆေးလိပ်၊ မီးခြစ်၊ ဆေးလိပ်ပြာခွက် စတာတွေကို လုံးဝ စွန့်ပစ်လိုက်ပါ။

  2. အနီး ပတ်ဝန်းကျင်မှာ ဆေးလိပ် မသောက်ဖို့ သူငယ်ချင်းတွေ ကို ပြောပါ။ တားမြစ်ပါ။

  3. ဆေးလိပ်ကို သတိရတိုင်း မိမိ ကျန်မာရေး ကောင်းမွန် လာမှာကို တွေးပြီး ဖြေသိမ့်ပါ။

  4. ဆေးလိပ် သောက်ချင်စိတ် ဖြစ် လာတဲ့အခါ အသက်ပြင်းပြင်း ရှူပြီး(၁၀) စက္ကန့်ခန့် အောင့်ထားပါ။ ဖြေးညှင်းစွာ ရှူထုတ်ပါ။ ဆေးလိပ် သောက်ချင်စိတ် ပျောက်တဲ့ အထိ အကြိမ်ကြိမ် ပြန်လုပ်ပါ။

  5. လက်ကို မအားအောင် တစ်ခုခု လုပ်နေပါ။ ဥပမာ … ခဲတံဖြင့် ကစားနေပါ။

  6. ဆေးလိပ်နဲ့ ပက်သက် နေတဲ့ မိမိရဲ့ လူနေမှု ပုံစံကိုပြင်ပါ။ လမ်းလျှောက်၊ ရေကူး လေ့ကျင့်ခန်းများ လုပ်ပါ။

  7. ပီကယ် ၀ါးပါ။ ဆေးလိပ် အစားထိုး အစားအစာကို သတိထား ရွေးချယ်ပါ။ သကြားဓါတ် မများပါစေနှင့်။

  8. ရေများများ သောက်ပါ။ အရက်နှင့် ကဖင်းဓါတ် ပါသော အချိုရည်များကိုရှောင်ပါ။


ဆေးလိပ်ဖြတ် လက္ခဏာများ

ဆေးလိပ်မှာ ပါတဲ နစ်ကိုတင်း ဓါတ်ကြောင့် ဆေးလိပ် ဖြတ်စမှာ ခန္ဓာကိုယ် က ဆေးလိပ် တောင်းတတ် ပါတယ်။ ဂဏှာမငြိမ်ခြင်း၊ စိတ်တို လွယ်ခြင်း၊ ဗိုက်ဆာခြင်း၊ ခေါင်းကိုက်ခြင်း၊ ချွေးစေးများ ထွက်ခြင်း၊ အိပ်မပျော်ခြင်း စတဲ့ ဝေဒနာတွေ ကို ခံစား ရနိုင် ပါတယ်။ ဒီကာလမှာ တောင့်ခံနိုင်အောင် ကြိုးစား ရပါမယ်။ မိသားစုဝင် တွေ က လည်း စာနာ ဖေးမ ပြီး ကူညီ ပေးရ ပါမယ်။ ဒီလက္ခဏာတွေ ဟာ သာမန် အားဖြင့် (၂) ပတ် အတွင်း ပျောက်ကင်း သွားနိုင် ပါတယ်။ ဆေးလိပ် ဖြတ်တာ (၁၅) နှစ်ကြာပြီ ဆို ရင်တော့ နှလုံးရောဂါရ နိုင်ခြေ ဟာ သာမန်လူတွေနဲ့ အတူတူ ပြန်ဖြစ် သွားပါမယ်။

သင်ကိုယ်တိုင် နှင့် သင့် မိသားစုဝင် တွေ ဆေးလိပ် အန္တရာယ်မှ ကင်းဝေး နိုင်ကြပါစေ။

Read More...

Monday, December 10, 2007

Acute Myocardial Infarction - AMI

နှလုံးသားလေးတွေ မနာကျင်ကြစေဖို့



ကမ္ဘာကြီးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူတွေရဲ့ နေထိုင်စားသောက်မှုပုံစံတွေဟာလည်း ပြောင်းလဲလာပါတယ်။ ထိုအခါ ရောဂါအပေါင်းဟာလဲ မဖိတ်ခေါ်ဘဲနဲ့ဝင်ရောက်လာကြပါတယ်။ အထူးသဖြင့် Life Style ပြောင်းလဲခြင်းကြောင့် ဖြစ်ပွါးရသော ရောဂါတွေထဲမှာ နှလုံးရောဂါ ၊ သွေးတိုးရောဂါတွေဟာ လူသားတွေရဲ့ အသက်ကိုခြိမ်းခြောက်နေပါတယ်။ Heart Attack လို့ခေါ်တဲ့ နှလုံးရောဂါကြောင့် ဆုံးရှုံးခဲ့ကြရတဲ့ အသက်ပေါင်းဟာလဲ မနဲလှပါဘူး။ စက္ကန့် ၊ မိနစ်နဲ့အမျှ သေဆုံးနေကြပါတယ်။ ဒါကြောင့် နှလုံးသားလေးတွေ ကျန်းမာကြစေဖို့ ၊ မနာကြင်ကြရစေဖို့ နှလုံးသွေးငတ်ခြင်း ( AMI - Acute Myocardial Infarction ) ၊ နှလုံးသွေးကြောကျဉ်းရောဂါ သို့မဟုတ် Heart Attack ကြောင်းကို တင်ပြပေးလိုက်ပါတယ်။

နှလုံးသွေးငတ်ခြင်း ( AMI ) ဆိုတာဘာလဲ
နှလုံးသွေးငတ်ခြင်း ( AMI - Acute Myocardial Infarction ) ကို များသောအားဖြင့် Heart Attack လို့သိကြပါတယ်။ Myocardial Infarction ဆိုတာ Myocardium ( နှလုံးကြွက်သား ) နှင့် Infarction (သွေးငတ်ခြင်းကြောင့် ကြွက်သားများသေဆုံးခြင်း ) ဆိုတဲ့ စကားလုံးက တဆင့်လာခြင်းဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ AMI ကြောင့်မဟုတ်ဘဲ ၊ Sudden Cardiac Death ကဲ့သို့ အခြားနှလုံးရောဂါကြောင့် ရုတ်တရက်သေဆုံးခြင်းများကိုလဲ Heart Attack လို့ ခေါ်ဝေါ်သုံးစွဲနေကြပါတယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ နေ့စဉ်နှင့်အမျှ Heart Attack ကိုခံစားနေရတဲ့ လူနာတွေကို တွေ့နေပါတယ်။ Infarction ဘာကြောင့်ရသလဲဆိုရင် နှလုံးကြွက်သားတွေ ဆီကိုအောက်စီဂျင်သယ်ဆောင်ပေးတဲ့ သွေးကြောလေးတွေ ( Coronary Arteries ) ပိတ်ဆို့မှုကြောင့် နှလုံးကြွက်သားတွေမှာ သွေးလုံလောက်စွာမရသောကြောင့်ဖြစ်ရတာပါ။ သွေးလုံလောက်စွာမရတဲ့အခါ ကြွက်သားတွေနာကြင်လာပါတယ်။နောက်ဆုံးတွင် သွေးလုံးဝမရတော့သည်အထိဆိုးဝါးလာပြီဆိုရင်တော့ ကြွက်သားဆဲလ်တွေသေဆုံးသွားကြပါတယ်။ ထိုအခါ နှလုံးရဲ့လုပ်ဆောင်မှုတွေချို့ယွင်းလာပါတယ်။ နောက်ဆုံး လုံးဝရပ်တန့်သွားပြီး အသက်ဆုံးရှုံးရပါတော့တယ်။ ဆေးလိပ်သောက်ခြင်း ၊ သွေးထဲမှာ အဆီဓါတ်များခြင်းတွေဟာ ဒီရောဂါကိုဖြစ်စေတဲ့အကြောင်းထဲမှာပါဝင်ပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးသွေးကြောနံရံလေးတွေ ပျက်ဆီးပြီး ၊ အဆီခဲလေးတွေကြောင့် သွေးကြောတွေပိတ်ဆို့ရပါတယ်။ ဒီလို အဆီခဲများ ( Cholesterol ) နှင့် Fibrous Tissue လေးတွေ စုပုံပိတ်ဆို့မှုကို Atherosclerosis လို့ခေါ်ပါတယ်။ ဒီလိုစတင်ပိတ်ဆို့လာပြီဆိုရင် လူုနာဟာ ရင်ဘတ်အောင့်လိုက်တာ ဆိုပြီး ခံစားရတတ်ပါတယ်။ ဒါကို Angina Pectoris လို့ခေါ်ပါတယ်။ အစပိုင်းမှာ အောင့်လိုက်ပျောက်လိုက်ပါ။ တဖြည်းဖြည်း သွေးကြောပိတ်တဲ့ ပမာဏပိုများလာတာနဲ့အမျှ ရင်ဘတ်အောင့်တဲ့အကြိမ်အရေအတွက် ၊ အောင့်တဲ့ အချိန်ကြာမြင့်စွာခံစားရတတ်ပါတယ်။ နောက်ဆုံးမှာတော့ Heart Attack ကိုခံစားရပါတော့တယ်။

ဖြစ်ပွားမှုနှုန်း
၁၉၉၂ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ခန့်မှန်းချက်အရ တစ်ကမ္ဘာလုံးသေဆုံးမှုများရဲ့ ၁၂.၆ ရာခိုင်နှုန်းဟာ နှလုံးသွေးငတ်မှုကြောင့် ဖြစ်ပါတယ်။ ခုခံအားကျဆင်းမှုရောဂါနှင့် အသက်ရှုလမ်းကြောင်းရောဂါများပြီးလျှင် တတိယမြောက်အဖြစ်အများဆုံးရောဂါဖြစ်ပါတယ်။ ကင်ဆာကြောင့် သေဆုံးမှုများထက်ပင် ပိုများပါတယ်။ အမေရိကန်ပြည်ထောင်စုတွင် လူ ၅ ယောက်သေဆုံးလျှင် တစ်ယောက်မှာ နှလုံးသွေးကြောရောဂါကြောင့်ဖြစ်ပါတယ်။ ဒီရောဂါဟာ အသက်အရွယ်မရွေးဖြစ်တတ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ရောဂါဖြစ်ဖို့အတွက် အခွင့်အလမ်းပိုများလာပါတယ်။

ဘယ်လိုလူမျိုးတွေမှာအဖြစ်များလဲ
နှလုံးသွေးကြောလေးတွေပိတ်ဆို့တဲ့ Atherosclerosis ကြောင့် နှလုံးသွေးငတ်ခြင်းဖြစ်ရတာမို့လို့ အောက်မှာဖော်ပြထားတဲ့ အချက်တွေဟာ AMI ဖြစ်စေတဲ့ အဓိက ကြောင်းအရင်းခံတွေပဲဖြစ်ပါတယ်။
၁။ ငယ်ရွယ်သူများထက်စာလျှင် အသက်ကြီးသောသူတွေမှာပိုအဖြစ်များပါတယ်။
၂။ ယောက်ကျားလေးတွေမှာ အဖြစ်ပိုများပါတယ်။
၃။ ဆေးလိပ်သောက်ခြင်း ။
၎။ သွေးထဲတွင်အဆီဓါတ်များနေခြင်း ( Hyperlipoproteinemia ) - အထူးသဖြင့် ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ HDL - High Density Lipoprotein တွေနဲနေပြီး ၊ အကျိုးမပြုတဲ့ LDL- low Density Lipoprotein တွေများနေခြင်းဖြစ်ပါတယ်။
၅။ သွေးတိုးရောဂါရှိသူများ ။
၆။ ဆီးချိုရောဂါရှိသူများ။
၇။ အ၀လွန်သောသူများ ။
၈။ ယခင်က နှလုံးသွေးကြောရောဂါရှိဖူးသူများ ၊ လေဖြတ်ဖူးသူများ ( Stroke )။
၉။ မကြာခဏ ရင်ဘတ်အောင့်လေ့ရှိသူများ ( Angina ) ။
၁၀။ စိတ်ဖိစီးမှုများသောသူများ ။
၁၁။ သန္ဓေတားဆေး ( Oral Contraceptive Pills ) သုံးစွဲနေသော အမျိုးသမီးများ။
၁၂။ မိသားစုထဲတွင် သွေးတိုးနှင့် နှလုံးသွေးကြောရောဂါရှိသူများ ။

နှလုံးသွေးကြောဖွဲ့စည်းမှုနှင့် သွေးကြောကျဉ်းခြင်း
ကိုယ်ခန္ဓာအင်္ဂါအစိတ်အပိုင်းအသီးသီးအတွက် အောက်စီဂျင်နဲ့ အာဟာရဓါတ်တွေလုံလောက်စွာရရှိဖို့အတွက် နှလုံးနှင့် သွေးကြောအဖွဲ့အစည်းက သွေးကိုသယ်ဆောင်ပေးကြပါတယ်။ ထို့အတူ နှလုံးကိုယ်တိုင်လဲ သွေးလိုအပ်ပါတယ်။ နှလုံးကြွက်သားတွေဆီကို သွေးသယ်ဆောင်ပေးတဲ့ သွေးကြောလေးတွေကိုတော့ Coronary Arteries လို့ခေါ်ပါတယ်။ ဒီသွေးကြောလေးတွေဟာ သွေးလွှတ်ကြောမကြီး Aorta ကနေထွက်လာပြီး နှလုံးရဲ့ သက်ဆိုင်ရာ အစိတ်အပိုင်းတွေဆီကို သွေးသယ်ဆောင်ပေးပါတယ်။ အဓိကအားဖြင့် Coronary Arteries နှစ်ချောင်းရှိပါတယ်။ နှလုံးရဲ့ ညာဘက်အခြမ်းကို သွေးပို့ဆောင်ပေးတဲ့ Right Coronary Artery ၊ ဘယ်ဘက်အခြမ်းကို သွေးပို့ဆောင်ပေးတဲ့ Left Coronary Artery တို့ပဲဖြစ်ပါတယ်။ Left Coronary Artery ကနေ Circumflux Artery နှင့် Anterior Descending Artery ဆိုပြီး သွေးကြောနှစ်ချောင်းထပ်မံခွဲထွက်သွားပါတယ်။

Photo Sharing and Video Hosting at Photobucket
နှလုံးသွေးကြောများ

သွေးကြောအသီးသီးက သွေးပို့ဆောင်ပေးတဲ့ နှလုံးအစိတ်အပိုင်းတွေကတော့ -
၁။ Right Coronary Artery - ညာဘက်သွေးဝင်ခန်းနှင့် သွေးလွှတ်ခန်း ၊ ဘယ်ဘက်သွေးလွှတ်ခန်း အောက်ဘက်ပိုင်း ၊ နှလုံးအခန်းတွေကိုပိုင်းခြားထားပေးတဲ့ နံရံ ( Septum ) တွေရဲ့ အနောက်ဘက်အပိုင်း ။
၂။ Circumflux Artery - ဘယ်ဘက်သွေးဝင်ခန်း ၊ ဘယ်ဘက်သွေးလွှတ်ခန်း ဘေးဘက်နှင့် အနောက်ဘက်အပိုင်း ။
၃။ Anterior Descending Artery - ဘယ်ဘက်သွေးလွှတ်ခန်း အရှေ့ ဘက်နှင့် အောက်ဘက်ပိုင်း ၊ Septum တွေရဲ့ အရှေ့ ဘက်ပိုင်း ။
နှလုံးသွေးကြောလေးတွေ ကျဉ်းမြောင်းပိတ်ဆို့သွားမယ်ဆိုရင် ဒီသွေးကြောလေးတွေက သွေးပို့ဆောင်ပေးတဲ့ သက်ဆိုင်ရာ နှလုံးကြွက်သားလေးတွေဟာ သွေးလုံလောက်စွာမရရှိကြတော့ပါဘူး။ သွေးကြော ပိတ်ဆို့မှုဟာ မိနစ် ၂၀ မှ ၄၀ ထိကြာသွားမယ်ဆိုရင်တော့ နှလုံးကြွက်သားတွေသေဆုံးသွားနိုင်ပါတယ်။ နှလုံးကြွက်သားတွေ ပြန်လည်ကောင်းမွန်မှာမဟုတ်တော့ပါဘူး ။ သွေးမရတဲ့အချိန်ပိုကြာလေ သေဆုံးတဲ့ကြွက်သား ပမာဏပိုများလေဖြစ်သည်။ ဒါကြောင့် Time Is Muscle လို့ဆိုရိုးရှိပါတယ်။ သေဆုံးသွားတဲ့ ကြွက်သားတွေနေရာမှာ အနာရွတ် Fibrous တစ်ရှုးတွေနဲ့အစားထိုးပေးပါတယ်။ နှလုံးကြွက်သားများ အလုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ လျှပ်စစ်ဓါတ်တွေဟာ ဒီအမာရွတ်တစ်ရှုးတွေကိုဖြစ်သန်းပြီး မစီးဆင်းနိုင်တော့ပါဘူး ။ ထိုအခါနှလုံးရဲ့လုပ်ဆောင်မှုတွေဟာ စည်းဝါးပျက်ပြီး နှလုံးခုန်တဲ့ ပုံစံမမှန်တော့ပါဘူး ။ ဒါကို Arrhythemia လို့ခေါ်ပါတယ်။ ဒီအခြေအနေဟာ အလွန်ကြောက်ဖို့ကောင်းပါတယ်။ နှလုံးခုန်တဲ့ပုံစံမမှန်တော့တဲ့အခါ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက လိုအပ်တဲ့သွေးပမာဏကို နှလုံးက မညှစ်ထုတ်ပေးနိုင်တော့ပါဘူး ။ အင်္ဂါအစိတ်အပိုင်းတွေဟာ သွေးလုံလောက်စွာမရတော့ပါဘူး ။ ဒါကို Cardiogenic Shock လို့ခေါ်ပါတယ်။ ဒီအခြေအနေဟာ အသက်အန္တရာယ်ကိုပင် စိုးရိမ်ရပါတယ်။

Photo Sharing and Video Hosting at Photobucket
သွေးကြောပိတ်ဆို့နေပုံ

ရောဂါလက္ခဏာများ
Heart Attack ရပြီဆိုရင် အောက်ပါလက္ခဏာတွေကို ခံစားရပါတယ်။-
၁။ ရင်ဘတ်အောင့်ခြင်း ( Chest Pain ) - ရင်ဘတ်အောင့်တာဟာ Heart Attack မရခင် ကြွက်သားတွေသွေးလုံလောက်စွာမရကတည်းက ခံစားရတဲ့ ရှေးဦးလက္ခဏာတစ်ခုပါ ။ အောင့်လိုက် ပျောက်လိုက်နဲ့ကာလအတော်ကြာခံစားလာရပါတယ်။ အောင့်တဲ့ပုံစံက ရင်ဘတ်ပေါ်မှာ အလေးတုံးဖိထားသလို ၊ နှလုံးကို ဖျစ်ညှစ်ထားသလို ခံစားရပါတယ်။ ရင်ဘတ်မှာအောင့်ပြီး ဘယ်ဘက်ပခုံးထိပ် ၊ တစ်ခါတစ်ရံ လက်ဖျားအထိ ၊ လည်ပင်းနဲ့ မေးရိုးတွေဆီကိုလဲ နာကျင်မှုဟာ ပျံ့သွားတတ်ပါတယ်။ နောက်ကျောဘက်အောင့်ခြင်းကိုလဲ ခံစားရပါတယ်။
နာကျင်မှုခံစားရသောနေရာများ
Photo Sharing and Video Hosting at Photobucket
အရှေ့ ဘက်

Photo Sharing and Video Hosting at Photobucket
အနောက်ဘက်

၂။ အသက်ရှုခက်ခဲခြင်း ( Dyspnoea ) ။
၃။ ချွေးစေးများပျံခြင်း ။
၎။ ပျို့အန်ခြင်း ။
၅။ မူးမေ့ခြင်း ။
၆။ ရင်တုန်ခြင်း ( Palpitation ) ။
ရ။ ခြေဖျားလက်ဖျားများ အေးစက်နေခြင်း ။
နောက်ဆုံးတွင် ရုတ်တရက်သေဆုံးခြင်းများ ဖြစ်တတ်ပါတယ် ။

ဘယ်လိုသိနိုင်လဲ
အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေအပြင် အခြားသောစမ်းသပ်စစ်ဆေးခြင်းများဖြင့်လဲသိရှိနိုင်ပါတယ်။
၁။ ECG - Electrocardiogram
ECG ကိုတော့လူတိုင်းသိပြီးသားဖြစ်ပါတယ် ။ နှလုံးကြွက်သားများအတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ လျှပ်စစ်ဓါတ်ကို ပုံဖော်မှတ်တမ်းတင်ထားပေးတာဖြစ်ပါတယ် ။ လျှပ်စီးလှိုင်းကလေးတွေ ပုံစံပြောင်းလဲမှုကိုကြည့်ပြီး နှလုံးရဲ့လုပ်ဆောင်မှုကိုသိနိုင်ပါတယ်။ Heart Attack ရပြီဆိုရင် ECG ရဲ့ ST အစိတ်အပိုင်းဟာ မြင့်တက်နေနိုင်သလို ၊ နိမ့်ကျနေတတ်ပါတယ်။ T wave ပြောင်းပြန်ဖြစ်နေတာကိုလဲ တွေ့ရတတ်ပါတယ် ( T inversion ) ။ Attack စရတဲ့ အချိန်ပေါ်မှာမူတည်ပြီး တွေ့ရတဲ့ လက္ခဏာတွေဟာလဲမတူပါဘူး ။
၂။ Coronary Angiogram - နှလုံးသွေးကြောများထဲကို ဆေးထိုးပြီး ပိတ်ဆို့နေသော သွေးကြောနေရာကိုရှာဖွေခြင်းဖြစ်ပါတယ်။
၃။ Cardiac Markers - နှလုံးကြွက်သားတွေ ဒဏ်ရာရမယ်ဆိုရင် Creatine Kinase , Troponin I , Lactate Dehydrogenase isozymes လို့ခေါ်တဲ့ဓါတ်တွေကို သွေးထဲမှာ တွေ့ရှိနိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရောဂါသတ်မှတ်ချက် ( WHO criteria )
၁။ မိနစ် ၂၀ ကျော်အောင် ရင်ဘတ်အောင့်ခြင်း။
၂။ ECG လှိုင်းများပြောင်းလဲခြင်း ။
၃။ Cardiac Marker များတွေ့ခြင်း ။
ဒီလက္ခဏာတွေနဲ့ပြည့်စုံမယ်ဆိုရင် MI အဖြစ်သတ်မှတ်နိုင်ပါတယ်။

အရေးပေါ်ကုသခြင်း
Heart Attack ရတယ်ဆိုတာနဲ့ ကြွက်သားတွေဆီ အောက်စီဂျင်မပြတ်စေဖို့အတွက် အရေးပေါ်ကုသမှုတွေလိုအပ်ပါတယ်။ သက်ဆိုင်ရာ ဆေးရုံကိုဆက်သွယ်ပြီး အရေးပေါ်ကားခေါ်ပါ ။ ကားမလာခင် အောက်ပါပြုစုစောင့်ရှောက်မှုများလုပ်ပေးနိုင်ပါတယ်။
၁။ ခန္စာကိုယ်အနေအထား - အသက်ရှုကောင်းမယ့် သက်တောင့်သက်သာပုံစံမျိုးရှိရပါမယ်။
၂။ လေ၀င်လေထွက်ကောင်းအောင် အိမ်တံခါးများဖွင့်ခြင်း ၊ အင်္ကျီကြယ်သီးများဖြုတ်ပေးပါ ။
၃။ အောက်စီဂျင်ရှိပါက ပေးပါ ။
၎။ သွေးခဲခြင်းကို ကာကွယ်ပေးတဲ့ Asprin ကိုတိုက်ကျွေးနိုင်ပါတယ်။ လူနာကဆေးမမြိုချနိုင်ဘူးဆိုရင် လျှာအောက်မှာ ထားပေးနိုင်ပါတယ်။
၅။ သွေးကြောကျယ်စေသော Glyceryl Trinitrate ကို ညွှန်ကြားထားပါက လျှာအောက်မှာ ထဲ့ပြီးငုံထားနိုင်ပါတယ်။
၆။ လူနာဟာ အသက်ရှုရပ်တန့်သွားမယ်ဆိုရင် CPR - Cardiopulmonary Resuscitation လုပ်ပေးရပါမယ်။

ကုသမှုများ
ပိတ်ဆို့တဲ့သွေးကြော ပမာဏပေါ်မူတည်ပြီး ကုသမှုနည်းလမ်းတွေမတူညီပါဘူး ။
၁။ သွေးခဲခြင်းကို ကာကွယ်ပေးသော ဆေးဝါးများ ။
၂။ ပိတ်ဆို့နေသောသွေးကြောနေရာတွင် Stunt ထဲ့ခြင်း ။
၃။ ပိတ်ဆို့နေသော သွေးကြောကိုကျော်လွန်ပြီး သွေးကြောဆက်ပေးခြင်း ( CABG - Coronary Artery Bypass Graft surgery)

နောက်ဆက်တွဲဆိုးကျိုးများ
၁။ နှလုံးကောင်းစွာအလုပ်မလုပ်နိုင်တော့ခြင်း ( Heart Failure ) ။
၂။ နှလုံးအလုပ်မလုပ်သောကြောင့် အင်္ဂါများတွင် သွေးမလုံလောက်ခြင်း ( Cardiogenic Shock ) ။
၃။ Arrhythemia
၎။ နှလုံးအမြှေးပါးရောင်ရမ်းခြင်း ( Pericarditis ) ။
၅။ သေဆုံးသွားသောနှလုံးကြွက်သားများ ပေါက်ပြဲခြင်း ( Myocardial rupture ) ။

အချုပ်အားဖြင့်ဆိုသော် ဒီနှလုံးသွေးကြောရောဂါကြောင့် အသက်ဆုံးရှုံးခြင်းတွေဟာ အချိန်နဲ့အမျှဖြစ်နေပါတယ်။ ရောဂါဖြစ်ပွားရတဲ့ အခြေခံအချက်တွေထဲမှာ လူနေထိုင်မှု life style ပြောင်းလဲမှုတွေဟာလဲ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ဒါကြောင့် နှလုံးသားလေးတွေ မနာကြင်ကြစေဖို့ ဆေးလိပ်၊ အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ ။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများလုပ်ဆောင်ပါ ။ အဆီများသော အစားအစာများကို မစားပါနှင့် ။ ကိုယ်စိတ်ဖိစီးမှုနဲပါးစေဖို့ တရားထိုင်ခြင်းကဲ့သို့ ဘာသာရေးလိုက်စားမှုများကိုလုပ်ဆောင်ပါ လို့တိုက်တွန်းရင်း လူတိုင်းကျန်းမာချမ်းသာစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။
လေးစားစွာဖြင့် -
စိုးသီဟ


ကိုးကားစာရင်း
၁။ http://en.wikipedia.org/wiki/Acute_myocardial_infarction
၂။ http://www.emedicine.com/EMERG/topic327.htm
၃။ http://www.patient.co.uk/showdoc/40000539/
၎။ http://en.wikipedia.org/wiki/Coronary_artery
၅။ http://www.clevelandclinicmeded.com/medicalpubs/diseasemanagement/cardiology/acutemi/acutemi.htm
၆။ http://images.google.ru/imgres?imgurl=http://www.nhlbi.nih.gov/health/dci/images/stent_placement.gif&imgrefurl=http://www.nhlbi.nih.gov/health/dci/Diseases/stents/stents_all.html&h=585&w=450&sz=69&hl=ru&start=25&um=1&tbnid=G4FGvqDf_IUAZM:&tbnh=135&tbnw=104&prev=/images%3Fq%3Dcoronary%2Barteries%26start%3D20%26ndsp%3D20%26svnum%3D10%26um%3D1%26complete%3D1%26hl%3Dru%26newwindow%3D1%26client%3Dfirefox-a%26rls%3Dorg.mozilla:en-GB:official%26hs%3DBTe%26sa%3DN

Read More...

Thursday, November 22, 2007

TOF

ကျိန်စာသင့်နေသူလေးများ



ကျွန်တော်တင်ပြမယ့် ကျိန်စာသင့်နေသူလေးတွေကတော့ မွေးရာပါ နှလုံးရောဂါရှင်လေးများအကြောင်းပါ ။ မွေးရာပါ နှလုံးရောဂါ ပုံစံအမျိုးမျိုးရှိသည့်အထဲက TOF ( Tetralogy Of Fallot ) လို့ခေါ်တဲ့ နှလုံးရောဂါအမျိုးအစားကို ခံစားနေကြရတာပါ။ ဒီလိုရောဂါရှင်လေးတွေဟာ မကြာခဏဆိုသလို ရုတ်တရက် တစ်ကိုယ်လုံးပြာနှမ်းပြီး ( cyanosis ) ၊ သတိလစ်ခြင်းများကို ခံစားရတတ်ပါတယ်။ ဒါကြောင့် ဒီရောဂါကို တနည်းအားဖြင့် ( Tet Spell or Blue Spell ) လို့လည်းခေါ်ကြပါတယ်။ ဒါကြောင့်မို့လို့ ကျိန်စာသင့်နေသူလေးများ ( သို့ ) အပြာရောင်ကျိန်စာထဲက သူ့တို့လေးတွေအကြောင်းကို တင်ပြပေးလိုက်ပါတယ်။



TOF ( Tetralogy Of Fallot ) ဆိုတာဘာလဲ
TOF ဆိုတာကတော့ မွေးရာပါ နှလုံးရောဂါတစ်ခုပါ။ Tetra ဆိုတာ လေးခု ၊ လေးမျိုး ဆိုတဲ့အဓိပ္ပါယ်ရပါတယ်။ ဒီရောဂါမှာ ထင်ရှားတဲ့ လက္ခဏာအချက် ၄ ချက်ရှိတဲ့အတွက် tetra ဆိုတဲ့စကားလုံးကို အသုံးပြုထားတာပါ။ Fallot ဆိုတာကတော့ ဒီရောဂါကို စတင် တင်ပြခဲ့သူ ပြင်သစ်ဆေးပညာရှင် Etienne Fallot ရဲ့အမည်ကို ဂုဏ်ပြုခေါ်ဆိုထားခြင်းဖြစ်ပါတယ်။ ၁၈၈၈ ခုနှစ်မှာ တင်ပြခဲ့ခြင်းဖြစ်ပါတယ်။ TOF မှာ ပါရှိတဲ့ အဓိကလက္ခဏာ ၄ ခုကတော့ -

၁။ နှလုံးသွေးလွှတ်ခန်း နှစ်ခုကြားရှိ နံရံတွင် အပေါက်ပါရှိခြင်း ( VSD - Ventricular Septal Defect )။
၂။ အဆုတ်သွေးကြောမကြီးကျဉ်းမြောင်းနေခြင်း ( Pulmonary Stenosis ) - ဒီနေရာမှာ ၂ မျိုးထပ်ခွဲနိုင်ပါတယ်။ အဆို့ရှင်များကျဉ်းမြောင်းနေပါက ( Pulmonary Valvular Stenosis ) လို့ခေါ်ပြီး ၊ အဆို့ရှင်တွေရဲ့ အောက်နားမှာကျဉ်းမြောင်းနေပါက ( Infundibular Stenosis ) လို့ခေါ်ပါတယ်။
၃။ သွေးလွှတ်ကြောမကြီး နေရာလွဲမှားစွာတည်ရှိခြင်း ( Overriding Of Aorta )။
၎။ နှလုံးညာဘက် သွေးလွှတ်ခန်း ကြွက်သားများ သာမန်ထက်ကြီးထွားလာခြင်း ( Right Ventricular Hypertrophy )။

Photo Sharing and Video Hosting at Photobucket

အဖြစ်များတတ်ပါသလား
မွေးရာပါ နှလုံးရောဂါတွေရဲ့ ၁၀ ရာခိုင်နှုန်းရှိပါတယ်။ ကလေးငယ် ၁၅၀၀ မွေးမယ်ဆိုရင် TOF တစ်ယောက်ပါရှိပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ဒီလို ကလေးငယ်လေးတွေ အမြောက်အများရှိပါတယ်။ TOF ဟာ အခြားသော မွေးရာပါရောဂါများ ( ဥပမာ - Down's Syndrome ) နှင့်လည်း အတူတူတွဲဖက်တွေ့ရှိရတတ်ပါတယ်။

နှလုံးနှင့် သွေးလှည့်ပတ်စီးဆင်းပုံ
TOF အကြောင်းကို နားလည်သဘောပေါက်ဖို့အတွက် ကျန်းမာတဲ့ နှလုံးတစ်ခုဘယ်လို အလုပ်လုပ်တယ်ဆိုတာကို ဦးစွာသိရှိဖို့လိုပါတယ်။ကလေးတစ်ယောက်ရဲ့ နှလုံးဟာ အဲဒီကလေးရဲ့ လက်သီးဆုပ် ပမာဏခန့်သာရှိပြီး ၊ တစ်နေ့ကို အကြိမ် ၁၀၀,၀၀၀ ထိခုန်ပါတယ်။ နှစ်လုံးရဲ့ ဖွဲ့စည်းပုံကိုကြည့်မယ်ဆိုရင် အခန်း၎ ခန်းရှိပါတယ်-
*သွေးဝင်ခန်း ( Atrium )နှစ်ခန်း၊
*သွေးလွှတ်ခန်း ( ventricle ) နှစ်ခန်းပါရှိပါတယ်။
သွေးဝင်ခန်းတစ်ခုနှင့် တစ်ခုအကြားမှာ ပိုင်းခြားထားပေးတဲ့ နံရ
ံ ( Atrial Spetum ) ပါရှိသလို ၊ သွေးလွှတ်ခန်းတစ်ခုနှင့် တစ်ခုအကြားမှာလဲ ပိုင်းခြားထားပေးတဲ့ နံရံ ( Ventricular Septum )ပါရှိပါတယ်။ သွေးဝင်ခန်းနဲ့ သွေးလွှတ်ခန်းတွေကိုတော့ အဆို့ရှင် ( Valve ) တွေနဲ့ ပိုင်းခြားထားပါတယ်။

Photo Sharing and Video Hosting at Photobucket
နှလုံး၏ အစိတ်အပိုင်းများ
လူတစ်ယောက်အသက်ရှင်ဖို့ အတွက် မရှိမဖြစ်လိုအပ်နေတာကတော့ အောက်စီဂျင်ပဲဖြစ်ပါတယ်။ ဆဲလ်တွေရှင်သန်ဖို့ ၊ အင်္ဂါအစိတ်အပိုင်းတွေ ပုံမှန်အတိုင်းအလုပ်လုပ်ဖို့ အောက်စီဂျင်ဟာ အဓိက ရေးပါတဲ့ အခန်းကနေ ပါဝင်ပါတယ်။ ဒီလို အောက်စီဂျင်ကို ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးက အသုံးပြုနိုင်ဖို့အတွက် အဆုတ်နဲ့ နှလုံး အပါအ၀င် သွေးလှည့်ပတ်မှုစနစ် အားလုံးက လုပ်ဆောင်ပေးကြပါတယ်။ လေထဲမှာပါလာတဲ့ အောက်စီဂျင်တွေဟာ အဆုတ်ကနေတစ်ဆင့် အဆုတ်ထဲမှာရှိတဲ့ သွေးကြောတွေထဲက သွေးထဲကိုရောက်ရှိသွားကြပါတယ်။ ထို့နောက် အဲဒီလို အောက်စီဂျင်ပြည့်ဝနေတဲ့သွေးတွေကို နှလုံးဆီကို သယ်ဆောင်သွားပါတယ်။ နှလုံးရဲ့ ဘယ်ဘက်သွေးဝင်ခန်းအတွင်းရောက်ရှိလာပါတယ်။ထို့နောက် အဆို့ရှင် ( Mitral Valve ) ကိုဖြတ်သန်းကာ ဘယ်ဘက်သွေးလွှတ်ခန်းအတွင်းရောက်ရှိပါတယ်။ ထိုမှတဆင့် သွေးလွှတ်ကြောမကြီးကို ဖြတ်သန်းကာ ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးဆီကိုရောက်ရှိသွားပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အောက်စီဂျင်တွေကို အသုံးပြုပြီးတဲ့အခါမှာ မလိုအပ်တော့တဲ့ ကာဗွန်ဒိုင်အောင်ဆိုဒ်တွေ ထွက်လာပါတယ်။ အဲဒီ ဓါတ်ပစ္စည်းတွေဟာ သွေးထဲကိုရောက်ရှိလာပြီး သွေးပြန်ကြောများမှတဆင့် နှလုံးရဲ့ ညာဘက် သွေးဝင်ခန်းထဲကို ရောက်ပါတယ်။ညာဘက် သွေးဝင်ခန်းမှတဆင့် အဆို့ရှင် ( Tricuspid Valve ) ကိုဖြတ်သန်းပြီး ညာဘက်သွေးလွှတ်ခန်းထဲကိုရောက်ရှိလာပါတယ်။ ထို့နောက် အဆုတ်ထဲကိုပြန်လည်ရောက်ရှိပြီး ကာဗွန်ဒိုင်အောင်ဆိုဒ်တွေကို စွန့်ထုတ်ပြီး ၊ အောက်စီဂျင်ကို ပြန်လည် သယ်ယူပါတယ်။ ဒါကတော့ နှလုံးနဲ့ သွေးလည်ပတ်မှုအဖွဲ့အစည်း ရဲ့ လုပ်ဆောင်မှုပဲဖြစ်ပါတယ်။

TOF တွင် သွေးလှည့်ပတ်စီးဆင်းပုံ
TOF မှာ ခန္ဓာကိုယ်ကနေ နှလုံးထဲကိုဝင်ရောက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေသာပါဝင်တဲ့ သွေး ( Deoxygenated Blood ) တွေဟာ နှလုံးရဲ့ ညာဘက် သွေးလွှတ်ခန်းထဲကိုရောက်ရှိလာပါတယ်။ သာမန်နှလုံးတွင် ညာဘက် သွေးလွှတ်ခန်းထဲကသွေးတွေဟာ အဆုတ်သွေးကြောကိုဖြတ်သန်းပြီး အဆုတ်ဆီကိုရောက်ရှိရမယ့်အစား ၊ TOF တွင်အဆုတ်သွေးကြောကျဉ်းမြောင်းနေတဲ့အတွက် သွေးတွေဟာ အဆုတ်ဆီကို မ၀င်ရောက်နိုင်ဘဲ ညာဘက်သွေးလွှတ်ခန်းထဲမှာ စုအောင်းနေပါတယ်။ ထိုအခါ ညာဘက်သွေးလွှတ်ခန်း အတွင်း သွေးဖိအားများလာပါတယ်။ ညာဘက်သွေးလွှတ်ခန်းဟာ သာမန်ထက်ပိုအလုပ်လုပ်ရတဲ့အတွက် သွေးလွှတ်ခန်းကြွက်သားတွေဟာ သာမန်ထက်ပိုကြီးထွားလာပါတယ် ( Ventricular Hypertrophy )။ ဒီလိုသွေးဖိအားတွေများလာတဲ့ အခါ ညာဘက် သွေးလွှတ်ခန်းအတွင်းက ကာဗွန်ဒိုင်အောက်ဆိုဒ်ပါတဲ့သွေးတွေဟာ သွေးလွှတ်ခန်းနှစ်ခုကြားမှာရှိတဲ့ အပေါက်ကတဆင့် ဘယ်ဘက်သွေးလွှတ်ခန်းအတွင်းရောက်ရှိသွားပြီး အဆုတ်ကနေလာတဲ့ အောက်စီဂျင်ပါတဲ့ သွေး ( Oxygenated Blood ) တွေနဲ့ရောသွားပါတယ်။ ဒါကြောင့် ဘယ်ဘက်သွေးလွှတ်ခန်းအတွင်းမှ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို သွားတဲ့ သွေးတွေဟာ အောက်စီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် နှစ်မျိုးလုံးပါဝင်တဲ့အတွက် ဆဲလ်များတွင် လုံလောက်တဲ့ အောက်စီဂျင်ပမာဏကို မရကြပါဘူး။ အောက်စီဂျင်မလုံလောက်တဲ့အတွက် အင်္ဂါအစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်ချက်တွေဟာလည်း ပုံမှန်အတိုင်းမလုပ်ဆောင်နိုင်တော့ပါဘူး ။ ဥပမာ - ဦးနှောက်ဆီသို့ အောက်စီဂျင်မလုံလောက်ပါက ဦးနှောက်ဆဲလ်များသေဆုံးသွားပြီး အသက်ဆုံးရှုံးမှုများ ဖြစ်နိုင်ပါတယ်။အောက်စီဂျင်မလုံလောက်တဲ့ လက္ခဏာတွေအနေနဲ့ ပြာနှမ်းခြင်း ( Cyanosis ) ၊ သတိလစ်ခြင်း ( Loss of consciousness ) တို့ကိုတွေ့ရှိနိုင်ပါတယ်။

Photo Sharing and Video Hosting at Photobucket
သွေးလည်ပတ်စီးဆင်းပုံ
ဘာကြောင့်ဖြစ်ရတာလဲ
TOF ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းကိုတော့ မသိရှိရသေးပါဘူး ။ မျိုးရိုးလိုက်ခြင်းကြောင့်လဲ ဒီရောဂါရနိုင်ပါတယ်။ ဥပမာ - မိဘများတွင် မွေးရာပါ နှလုံးရောဂါတစ်ခုခုရှိပါက မွေးလာသောကလေးမှာ TOF ဖြစ်နိုင်ခြေရှိပါတယ်။ ဒါ့အပြင် မျိုးရိုးဗီဇနှင့်ဆိုင်သောမွေးရာပါ ရောဂါများ ( ဥပမာ - Down's Syndrome , DiGeorge's Syndrome ) တွင် TOF ကိုပါ တွဲဖက်တွေ့ရှိရလေ့ရှိပါတယ်။ ရောဂါဖြစ်စေတဲ့ အဓိကအကြောင်းအရင်းကိုမသိရှိပေမယ့် အောက်ပါအခြေအနေတွေကြောင့် TOF ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။
၁။ ကိုယ်ဝန်ဆောင်မိခင်များ အရက်( Alcohol ) သောက်ခြင်း ။
၂။ ကိုယ်ဝန်ဆောင်မိခင်များ အဟာရချို့တဲ့ခြင်း ( Poor nutrition during pregnancy )။
၃။ ကိုယ်ဝန်ဆောင်စဉ် ဗိုင်းရပ်စ်ရောဂါ ( Viral Infection ) ခံစားရခြင်း ။( eg. German Measles- rubella )
၎။ ကိုယ်ဝန်ဆောင်မိခင်တွင် ဆီးချိုရောဂါ ( Diabetes ) ရှိခြင်း ။
၅။ ကိုယ်ဝန်ဆောင်မိခင်၏ အသက် ၄၀ ကျော်ခြင်း ။

လက္ခဏာများ
TOF ကလေးငယ်တွေမှာ အဓိကတွေ့ရတဲ့ လက္ခဏာတွေကတော့ -
၁။ အောက်စီဂျင်ပမာဏလျှော့နည်းခြင်းကြောင့် ပြာနှမ်းခြင်း ( Cyanosis ) ၊ အထူးသဖြင့် မျက်နှာ ၊ နှုတ်ခမ်းနှင့် လက်ချောင်းလေးတွေမှာတွေ့ရတတ်ပါတယ်။
၂။ အပင်ပန်းမခံနိုင်ခြင်း ။
၃။အစာစားရာတွင်ခက်ခဲခြင်း ( Poor Feeding )။
၎။ ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ပါက အောက်စီဂျင် ပမာဏ ရုတ်တရက်ကျဆင်းပြီး တစ်ကိုယ်လုံးပြာနှမ်းကာ သတိလစ်ခြင်း ( Tet Spells ) ။မကြာခဏ ခံစားရတတ်ပါတယ်။
၅။ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနှေးကွေးခြင်း ။
၆။ လက်ချောင်းထိပ်လေးများ တင်းပုတ်ကဲ့သို့ ကြီးထွားလုံးဝန်းနေခြင်း ( Clubbing ) ။
Photo Sharing and Video Hosting at Photobucket

၇။ နှလုံးတွင်း သွေးလှည့်ပတ်စီးဆင်းမှုတွင် အတားအဆီးရှိနေခြင်းကြောင့် နှလုံးခုန်သံမှာ သာမန်ကဲ့သို့ မဟုတ်ဘဲ ဆူညံသံများ ရှိနေခြင်း ( MurMur)။
ဒီလက္ခာတွေဟာ ကလေးမွေးဖွားပြီး ရက်သတ္တပါတ်အနည်းငယ်အတွင်းမှာ ပေါ်လာတတ်ပါတယ်။ များသောအားဖြင့် ကလေးဟာ ငိုနေစဉ် တစ်ကိုယ်လုံးပြာလာပြီး သတိလစ်ခြင်းပုံစံမျိုးအနေဖြင့် တွေ့ရှိသတိပြုမိနိုင်ပါတယ်။

ဘယ်လိုသိရှိနိုင်လဲ
အထက်ပါ လက္ခာတွေအပြင် အောက်ပါ စမ်းသပ်စစ်ဆေးမှုများကြောင့်လဲ သိရှိနိုင်ပါတယ်။
၁။ Echocardiogram
၂။ ECG - Electrocardiogram
၃။ Chest X'ray
၎။ Pulse Oximetry ဖြင့် သွေးထဲရှိ အောက်စီဂျင် ပမာဏကိုတိုင်းတာခြင်း ။
၅။ Cardiac Catheterization

ဘယ်လိုကုသမလဲ
အရေးပေါ်ကုသခြင်း
သွေးအတွင်းအောက်စီဂျင် ရုတ်တရက်ကျဆင်းခြင်းသည် အသက်ဆုံးရှုံးမှုကိုဖြစ်စေနိုင်တဲ့အတွက် အရေးပေါ်ကုသဖို့လိုအပ်ပါတယ်။ ကလေးဟာ ရုတ်တရက် ပြာလာပြီး မူးလဲပါက ကလေးကို မြေပြင်တွင် ဘေးတစ်စောင်းလှဲချထားပါ ။ ထို့နောက် ကလေး၏ ဒူးခေါင်းကို ရင်ဘတ်ကိုထိလောက်အောင် ကွေးထားပေးပါ။( Knee-Chest Position ) ။ ဒီပုံစံဟာ ဆောင့်ကြောင့်ထိုင်တဲ့ပုံစံနဲ့ဆင်တူပါတယ်။ ကလေးကြီးတွေဟာ မကြာခဏ ဒီလိုခံစားဖူးတဲ့အတွက် နောက်တစ်ခါဖြစ်လာပါက အလိုအလျှောက် မိမိတို့ဘာသာ ဆောင့်ကြောင့်ထိုင်ပြီး ကုသသည့် အလေ့အကျင့်ရသွားတတ်ပါတယ်။ ဒီလိုဆောင့်ကြောင့်ထိုင်လိုက်တဲ့အတွက် သွေးလွှတ်ကြောမကြီးထဲမှာရှိတဲ့ သွေးဖိအားတက်လာပါတယ်။ ထိုမှတဆင့် ဘယ်ဘက် သွေးလွှတ်ခန်းမအတွင်းရှိသွေးဖိအားပါတက်လာပြီး ညာဘက်သွေးလွှတ်ခန်းမှသွေး( Deoxygenated blood ) များ ဘယ်ဘက်သွေးလွှတ်ခန်းအတွင်းဝင်ရောက်ခြင်းကိုလျှော့နည်းစေပါတယ်။ ထိုသို့ဖြင့် Deoxygenated Blood များ သွေးအတွင်းဝင်ရောက်ခြင်းကိုလျှော့နည်းစေပါတယ်။ သို့သော် ထိုသို့လက္ခဏာမျိုးခံစားရပါက နီးစပ်ရာ ဆေးရုံ ၊ ဆေးခန်းများသို့ သွားရောက်ပြီး ထိရောက်တဲ့ ကုသမှုကို ခံယူဖို့လိုအပ်ပါတယ်။

ခွဲစိတ်ကုသခြင်း
TOF တွင်ရှိနေသော နှလုံးအတွင်း ချို့ယွင်းမှုများကိုတော့ ခွဲစိတ်ကုသဖို့လိုအပ်ပါတယ်။

ဘယ်လောက်ထိအသက်ရှင်နိုင်လဲ
ခွဲစိတ်ကုသမှုမခံယူပါက TOF ဝေဒနာရှင်များရဲ့ ၁၀ ရာခိုင်နှုန်းသာ အသက် ၂၀ ကျော်ထိအသက်ရှင်နိုင်ပါတယ်။ ဒီရောဂါဟာ ကာလကြာရှည်စွာ ဖြစ်နေမယ်ဆိုရင် နှလုံး ၊ အဆုတ် ၊ သွေးလည်ပတ်မှုနှင့်ဆိုင်သော အခြားသော နောက်ဆက်တွဲဆိုးကျိုးများကိုပါ ခံစားလာရနိုင်ပါတယ်။

အချုပ်အားဖြင့်ဆိုသော် TOF ဝေဒနာရှင်လေးတွေဟာ တစ်သက်လုံး ကုသမှုတွေကို ခံယူဖို့လိုအပ်ပါတယ်။ သက်ဆိုင်ရာ သမားတော်များနှင့် တိုင်ပင်ဆွေးနွေးကုသမှုများလိုအပ်ပါတယ်။ ထို့အပြင် မိဘများရဲ့ နွေးထွေးစွာ ပြုစုယုယမှုတွေဟာလည်း ကလေးငယ်တွေရဲ့ ဝေဒနာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် TOF ကလေးငယ်လေးများ သက်တမ်းစေ့နေနိုင်စေဖို့အတွက် အားလုံးဝိုင်းဝန်းစောင့်ရှောက်ကြနိုင်စေရန်တင်ပြလိုက်ပါတယ်။လေးစားစွာဖြင့် -

ကိုးကားစာရင်း -

၁။ Nelson Textbook of Pediatrics , 17th edition.
၂။http://www.achaheart.org/resource/icon_cheartdefects_tdf.php#whatlongterm
၃။http://en.wikipedia.org/wiki/Tetralogy_of_fallot
၎။http://www.americanheart.org/presenter.jhtml?identifier=11071
၅။http://www.nhlbi.nih.gov/health/dci/Diseases/tof/tof_summary.html
၆။http://www.cincinnatichildrens.org/health/heart-encyclopedia/anomalies/tof.htm
၇။http://www.mayoclinic.com/health/tetralogy-of-fallot/DS00615/DSECTION=4
၈။http://www.emedicine.com/EMERG/topic575.htm
၉။http://www.emedicinehealth.com/tetralogy_of_fallot/article_em.htm
၁၀။http://www.nlm.nih.gov/medlineplus/ency/article/001567.htm#Causes,%20incidence,%20and%20risk%20factors

Read More...