Showing posts with label Ethics. Show all posts
Showing posts with label Ethics. Show all posts

Saturday, April 25, 2009

The Question I'd like to Ask

မေးကြည့်ချင်ပါတယ်

The Voice Weekly မှာ ဆရာဝန်တွေရဲ့ Ethics ကိစ္စဆောင်းပါးတွေ ဖတ်ရတာ နှစ်ဝက်ရှိပါပြီ။ စိတ်မချမ်းသာလွန်းလို့ ဒီစာကို ရေးမိပါတယ်။ ကျွန်မ အလုပ်သင်ဆရာဝန် ဘ၀တုန်းက ကျွန်မတို့ရဲ့ဆရာကြီး ပါမောက္ခ ဒေါက်တာမောင်မောင်ဝင့်က ဆုံးမဖူးပါတယ်။ "မင်းတို့ ကိုယ့်လောကကို ကိုယ်မထိန်းသိမ်းရင် ပျက်စီးကြမှာပဲ" တဲ့။ ဆရာကြီး ပြောခဲ့တာ ၂၀၀၀ ပြည့်နှစ်ကပါ။ အခုကိုးနှစ်အကြာမှာ ဆရာဝန်တွေအကြောင်း ဟိုးလေးတကျော်ကျော် ဖြစ်နေတာ တွေ့ရတော့ ဆရာကြီးဆုံးမခဲ့တာ ကြာလေသွေးထွက်အောင်မှန်လေ ဆိုတာ သိလာပါတယ်။



ကျွန်မဘွဲ့ရပြီးတော့ ဆေးကုမ္ပဏီမှာ သုံးနှစ် အလုပ်လုပ်ခဲ့ပါတယ်။ ကျောင်းသားဘ၀တုန်းက ကြည်ညိုလေးစားရတဲ့ ဆရာဝန်ကြီးတွေဟာ ဆေးကုမ္ပဏီတွေရဲ့ ရုပ်သေးရုပ် ဖြစ်မှန်းမသိ ဖြစ်နေတာကို မျက်ဝါးထင်ထင် တွေ့ခဲ့ဖူးပါတယ်။ ဘယ်နိုင်ငံကို အလည်သွားမှာမို့လို့ ဟိုကုမ္ပဏီက ဒေါ်လာသုံးထောင်၊ ဒီကုမ္ပဏီက ဒေါ်လာနှစ်ထောင်နဲ့ ဒေါ်လာသောင်းချီ ထောက်ပံ့ငွေကို ပြောင်ပြောင်တင်းတင်း ယူကြတာပါ။

ဆရာကြီးတစ်ယောက်ဆိုရင် အဲဒီကုမ္ပဏီက ထုတ်တဲ့ဆေးကို Prescribe လုပ်ပေးရင် ဆေးတစ်ကတ်ကုန်တိုင်း ဒေါ်လာတစ်ရာ ရပါတယ်။ ဒါကြောင့် သူ့ဆေးခန်းလာပြတဲ့ ဘယ်လူနာမဆို အဲဒီဆေး ထိုင်ရေးတော့တာပဲ။ နယ်ကလာတဲ့ လူနာတွေခင်မျာ နားမလည်ဘဲ ဈေးကြီးတဲ့ဆေးကို ၀ယ်ကြရ။ မ၀ယ်နိုင်လို့ စိတ်ဆင်းရဲကြတာ မျက်မြင်ကိုယ်တွေ့ပါပဲ။ ကျွန်မတို့ ကုမ္ပဏီရဲ့ Country Manager ကလည်း နိုင်ငံခြားသားပီပီ "မင်းတို့မြန်မာဆရာဝန်တွေက" လို့အစချီပြီး ပျစ်ပျစ်နှစ်နှစ် အထင်သေး ရှုတ်ချတယ်။ အောင့်သက်သက်နဲ့ ခံခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း အဲဒီ Country Manager ကပဲ ဆရာဝန်ကြီးတွေ ရှေ့ရောက်တော့ ကျီးကို ဘုတ်မြှောက်၊ ဘုတ်ကို ကျီးမြှောက် ဖြစ်နေပြန်ပါရော။

ကျွန်မဘ၀မှာ အထင်တကြီးနဲ့ ခုနှစ်နှစ်လုံးလုံး သင်ယူခဲ့ရတဲ့ ဆေးပညာဆိုတာ ကြာလေ မြောင်းထဲရောက်လေလို့ ခံစားရပါတယ်။ "ကုသိုလ်လည်းရ၊ ၀မ်းလည်းဝ" တဲ့ သမားအလုပ်ဆိုတာ စာအုပ်ထဲမှာ ရှိတော့သလိုပါပဲ။ ဒီဒဏ်ကို မခံနိုင်လို့ နိုင်ငံခြားထွက်ကြတဲ့ ဆရာဝန်တွေ (External Brain Drain)နဲ့ ကိုယ်မြတ်နိုးတဲ့ အလုပ်ကို စွန့်ပြီး တခြားနည်းလမ်းနဲ့ စီးပွါးရှာရတဲ့ ဆရာဝန်တွေ (Internal Brain Drain)တွေလည်း အများကြီးပါပဲ။

ဒီနေ့အထိ အဲဒီ Ethics ကို တင်းတင်းကျပ်ကျပ် စောင့်ထိန်းပြီး သမားဆိုတဲ့ဂုဏ်နဲ့ ပြည့်စုံတဲ့ ဆရာဝန်ကြီးတွေဆိုလို့ လက်တစ်ဆုပ်စာလောက်ပဲ ကျန်တော့တာပါ။ ဒီနေ့အထိ ကျွန်မ ကြည်ညိုလေးစားပြီး မိဘလို ကိုးကွယ်နိုင်တဲ့ ဆရာကြီး၊ ဆရာမကြီးတွေကို မေးကြည့်ချင်ပါတယ်။ "ကျွန်မတို့ရဲ့လောကကို ထိန်းသိမ်းဖို့ ဘယ်နေရာကစပြီး ပြန်ပြင်ကြရင် ကောင်းမလဲ" လို့ပါ။


ဒေါက်တာသန္တာ၀င်း

မှတ်ချက်။ The Voice Weekly - Vol 1.5/No 25 က ဒေါက်တာသန္တာ၀င်းရဲ့ PERSPECTIVE ကို ကူးယူဝေမျှတာ ဖြစ်ပါတယ် ခင်ဗျာ။

Read More...

Thursday, April 9, 2009

Ethic


ကျွန်မ ဘယ်တော့မှ မမေ့မယ့် အဖြစ်အပျက်ကလေး တစ်ခု ရှိပါတယ်။
ဆေးကျောင်းသူ ဘ၀ အိုဂျီ ဆောင်မှာ စပြီး ဆင်းရတဲ့အချိန်။
အဲဒီနေ့က ပြင်ပ လူနာ ဌာနမှာ သင်မယ်ဆိုလို့ ကျွန်မတို့ အဖွဲ့ လူတွေနဲ့ ပြည့်ကြပ်နေတဲ့ ပြင်ပ လူနာ စမ်းသပ် ခန်းလေးထဲကို သွားခဲ့ကြတယ်။
မှတ်မှတ်ရရ၊ အဲဒီနေ့က အဖွဲ့ထဲမှာ မိန်းကလေး ဆိုလို့ ကျွန်မ တစ်ယောက်တည်းပဲ ရှိတယ်။
ခုံနံပါတ်တွေကို နာမည်နဲ့ စီတာမို့ ကျွန်မ နာမည်က ယောက်ျားလေးတွေ ကြားထဲကို အမြဲလိုလို ရောက်နေတတ်တယ်။

ကျွန်မတို့ကို စာသင်ပေးမယ်ဆိုတဲ့ မမက လူနာတစ်ယောက်ကို ကြည့်နေတယ်။
အမျိုးသမီးလေး တစ်ဦး။
မလုံခြုံတဲ့ အကာအရံတွေကြားမှာ သူ အစမ်းသပ် ခံနေရတာ။
ကျွန်မ သူငယ်ချင်း ယောက်ျားလေးတွေကလဲ ကုတင်ဘေးမှာ ၀ိုင်းလို့။
အိုဂျီမမက ခုံမှာ ပြန်ထိုင်၊ လူနာ မှတ်တမ်း ရေးရင်း မထင်မှတ်တဲ့ ညွှန်ကြားချက် တစ်ခုကို ကျွန်မကို လှမ်းပေးတယ်။
" VE စမ်း" တဲ့။
VE ဆိုတာ မိန်းမ လိင်အင်္ဂါ ထဲကို လက်နဲ့ နှိုက်ပြီး အထဲက အနေအထားတွေ ပုံမှန် ဟုတ်မဟုတ်ကို စမ်းသပ်ရတာ။
အရှည်က vaginal examination ပေါ့။
ကျွန်မတို့ကို ဘယ်သူကမှ VE စမ်းနည်း မသင်သေး။
ဖတ်ထားပေမယ့် ဘယ်လို စမ်းရမယ်ဆိုတာ ကျွန်မ ကောင်းကောင်း နားမလည်။
သူကလဲ ဘယ်လို စမ်းပါလို့ မပြော၊ မညွှန်ကြား။
လုပ်သင့်လား၊ မလုပ်သင့်လားဆိုတာ ချီတုံချတုံ ဖြစ်နေဆဲမှာ လူနာ အမျိုးသမီးလေးက အသံတုန်တုန်နဲ့ ကျွန်မကို " မစမ်းပါနဲ့ ဆရာမရယ် .. မစမ်းပါနဲ့ ဆရာမရယ် " လို့ တောင်းပန်ရှာတယ်။
ကျွန်မ တွေးလိုက်တယ်။
ကျွန်မ စမ်းလိုက်ရင် ဘာ ပညာရနိုင်မလဲ။
ဘာကို စမ်းပြီး ဘာကို လေ့လာရမယ်မှန်း မသိတာမို့ ဘာမှ အကျိုးမရှိနိုင်။
ပြီးတော့ ကျွန်မက မိန်းမ။
ဒီ လူနာ အမျိုးသမီး ဘယ်လို ခံစားနေရသလဲ ဆိုတာ ကျွန်မ ကောင်းကောင်း ကိုယ်ချင်းစာလို့ ရပါတယ်။
ကျွန်မ ဆုံးဖြတ်ချက်ချပြီး " မစမ်းဘူး " လို့ ပြောလိုက်တယ်။
လူနာ အမျိုးသမီးက " ကျေးဇူးတင်လိုက်တာ ဆရာမရယ် " လို့ လှမ်းပြောတယ်။
ရလဒ်က ကျွန်မကို စိတ်ဆိုးတဲ့ အတွက် " ဒီနေ့ ဘာမှ မသင်တော့ဘူး " လို့ ပြောတာ ခံရတယ်။
သူငယ်ချင်း ယောက်ျားလေးတွေက " နင်ကလဲ စမ်းလိုက်တာ မဟုတ်ဘူး " လို့ ၀ိုင်း အပြစ်တင်ကြတာကို ခံရတယ်။
အခုအချိန်မှာ ပြန်တွေးရင် ကျွန်မ မှန်ခဲ့တယ်လို့ ခံစားရပေမယ့် အဲဒီ အခြေအနေ၊ အနေအထားက ကျွန်မ မှန်တယ်၊ မှားတယ် ဆိုတာကို ခိုင်ခိုင်မာမာ ရပ်တည်ပြီး ပြောနိုင်ဖို့ အလွန်ကို ခက်ခဲတဲ့ အနေအထားပါ။
ကျွန်မ ဆရာဝန်တွေ စောင့်ထိန်းရမယ့် ကျင့်ဝတ် (ethic) ကို နားလည်ခဲ့လို့ မဟုတ်ဘူး။
ကိုယ်ချင်းစာစိတ် သက်သက်နဲ့ ခေါင်းမာခဲ့တာ။
ဒါက ကြုံခဲ့ရတဲ့ နမူနာ အဖြစ်အပျက်လေး တစ်ခုကို တင်ပြရုံ သက်သက်ပါ။

Read More...