Showing posts with label Cervical Spondylosis. Show all posts
Showing posts with label Cervical Spondylosis. Show all posts

Thursday, July 9, 2009

Treatment of Cervical Spondylosis


ကျီးပေါင်းတက်ခြင်းကို ကုသခြင်း

Cervical Spondylosis ကျီးပေါင်းတက်ခြင်း ပို့စ်ကို ဒေါက်တာစိုးထက် တင်ခဲ့သည်မှာ အတော်ကြာခဲ့ပါပြီ။ "ကုသမှု အပိုင်းကို နောက်ပိုင်းဆက်လက် တင်ပြပါမည်" ဆိုထားပေနဲ့လည်း ဒေါက်တာစိုးထက် မအားလပ်လို့ မတင်ဖြစ်ကို တွေ့ရတယ်။ စာဖတ်သူ တစ်ဦးရဲ့ တောင်းဆိုမှုကြောင့် မတင် ဖြစ်ခဲ့တဲ့ ကုသမှု အပိုင်းကို အခုမှ တင်ပေးလိုက်ပါသည်။ ပို့စ်တင်သူ နှစ်ယောက် ဖြစ်နေပေမဲ့လည်း ယခုတင်တဲ့ ကုသမှု အပိုင်းက အရင် ဒေါက်တာ စိုးထက်တင်ခဲ့တဲ့ ပို့စ်ရဲ့ အဆက်ဖြစ်လို့ ပထမ ပို့စ်ကို ဒီမှာ ဖတ်ပြီးမှ ဒီပို့စ်ကို ဖတ်ရန် အကြံပြုပါတယ်။

ကျီးပေါင်းတက်ခြင်းကို ကုသခြင်း၏ အဓိက ရည်ရွယ်ချက်မှာ နာကျင်ခြင်းမှ သက်သာစေရန်နှင့် နာ့ဗ်ကြော များနှင့် ကျောရိုးအာရုံကြောမကြီးကို မပျက်စီးအောင် ကာကွယ် ထိန်းသိမ်း ရန်ပင်ဖြစ်သည်။ ရောဂါ အပျော့ အပြင်းအပေါ် မူတည်ပြီး ကုသသည့် ပုံစံကို အောက်ပါအတိုင်း အဆင့် သုံးဆင့် ခွဲထားသည်ကို တွေ့ရပါသည်။

မပြင်းထန်သေးသည့် အဆင့်ကို ကုသခြင်း (Treatment of mild cases)


ရောဂါ မပြင်းထန်သော အဆင့်တွင်ကို ကုသရာတွင် ကျန်းမာရေး ပညာရှင်များ၏ ညွှန်ကြားချက်ကို အတိအကျ လိုက်နာပြီး အိမ်မှာ နေရင်းဖြင့် ကုသနိုင်ပါသည်။
(၁) Neck brace ခေါ် လည်ပင်းကွပ်ကို နေ့ဘက်တွင် တပ်ထားပေးခြင်း
လည်ပင်း၏ လှုပ်ရှားမှုကို အတတ်နိုင်ဆုံး ကန့်သတ်ရန်နှင့် နာ့ဗ်ကြောများ ခံနိုင်ရည် ရှိစေရန်အတွက် ဖြစ်သည်။
(၂) အကိုက်ခဲ သက်သာစေရန် အကိုက်ခဲပျောက်ဆေးများ အသုံးပြုခြင်း
(၃) Physiotherapist ၏ အကူအညီဖြင့် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း စသည်တို့ဖြင့် မပြင်းထန်သေးသည့် အဆင့်ကို သက်သာစေနိုင်ပါသည်။

အခြေအနေပိုဆိုးသည့် အဆင့်ကို ကုသခြင်း (Treatment of more serious cases)

ခွဲစိတ်ရန် မလိုအပ်ဘဲ ပိုမို ပြင်းထန်သည့် အခြေအနေကို ကုသမှုများမှာ
(၁) နာ့ဗ်ကြောများ၏ ဖိအားကို လျှော့နည်းစေရန် တစ်ပတ်၊ နှစ်ပတ်ခန့် ဆေးရုံတက် အနားယူပြီး လည်ပင်းကို Traction ခေါ် လည်ပင်းထိန်းသည့် ငြမ်းဖြင့် လုံးဝမလှုပ်ရှားစေပဲ ယာယီ အနားပေးခြင်း။
(၂) ကြွက်သားကို ပြေလျော့ အနားပေးစေသော ဆေးများ အသုံးပြုခြင်း။
(၃) Corticosteroid ထိုးဆေးကို ကျောရိုးဆစ်ကြား ထိုးပေးခြင်း၊ အလွန်အမင်း နာကျင်သော နေရာများကို ထုံဆေးများထိုးခြင်း စသည်တို့ဖြင့် နာကျင်ခြင်းနှင့် ရောင်ယမ်းခြင်းကို လျော့နည်းစေရန် ထိန်းချုပ်ပြီး ကုသနိုင်သည်။

အဆိုးဆုံး အခြေအနေအား ကုသခြင်း (Treatment most serious cases)

အထက်ပါ အဆင့် နှစ်ခုတွင် ဖေါ်ပြထားသော နည်းများဖြင့် ကုသ၍ လုံးဝ မသက်သာသော အခြေအနေဖြစ်က ခွဲစိတ်သည့်နည်းဖြင့် သက်သာအောင် ကုသနိုင်ပါသည်။ သို့သော် ခွဲစိတ်ခြင်းဖြင့် ပြဿနာ အားလုံးကို ဖြေရှင်း နိုင်သည်ဟု လုံးဝ ပုံသေတွက်၍ကား မရဘဲ ပြန်ဖြစ်သည့် အခြေအနေများလည်း ရှိနိုင်ပါသည်။ ခွဲစိတ်ခြင်း၏ အကျိုးနှင့် ဖြစ်နိုင်ခြေရှိသည့် ဘေးထွက်ဆိုးကျိုး စသည်တို့ကို ခွဲစိတ်ဆရာဝန်မှ အသေးစိတ် ရှင်းပြမည် ဖြစ်သည်။ ခွဲစိတ်ကုသရန် ဆုံးဖြတ်ပါက မိမိတွင် ဖြစ်နေသော အခြေအနေနှင့် အဆင့်ကို အတိအကျ စမ်းသပ်ရန် လိုအပ်သဖြင့် အရိုးနှင့် အာရုံကြောစနစ်ကို အထူးပြုသည့် ကျန်းမာရေး ပညာရှင်များဖြင့် ညှိနှိုင်း တိုင်ပင်ပြီး ဆောင်ရွက်ရန် လိုအပ်ပါသည်။

Read More...

Friday, March 28, 2008

Cervical Spondylosis !

ကျီးပေါင်းတက်ခြင်း

ပို့စ် မတင်ဖြစ်တာ ကြာသွားတာ တစ်ကြောင်း ... ယုယ မြတ်နိုး က ဒေါက်တာ တို့ရေ ... ကျီးပေါင်းတက်တာ ဖြစ်စေနိုင်တဲ့ အကြောင်း လေး သိချင်ပါတယ် ... ဆိုပြီး စီဘောက်ခ်စ် မှာ လာအော် သွားလို့ ရေးလိုက်ပါတယ် ...

တစ်ကယ်ရေးရမှာ က အပြည့် အစုံ ဖြစ်ပေမယ့် ... မြန်မြန် တင်ဖြစ်အောင် ရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းလေး .. အရင် ရေးလိုက် ပါမယ် :D



လည်ပင်း ကျောရိုးဆစ် အရိုးနဲ့ အရိုးနုလေးတွေ ပွန်းပဲ့ စုတ်ပြဲရာက စပြီး အဲဒီ နေရာ တွေမှာ စုတ်ပြဲရာက ထွက်လာတဲ့ အစတွေနဲ့ ပုံမှန် မဟုတ်တဲ့ သတ္တု ဓါတ်တွေ လာရောက် စုပုံပါတယ် ... အများဆုံး စုတာ ကတော့ လည်ပင်း ရိုးဆစ် တွေ အကြားမှာ ရှိတဲ့ အရွတ်တွေ ကြားထဲမှာပါ ... အဲဒီ စုတ်ပြဲတာတွေ နဲ့ စုပုံတက်လာတဲ့ သတ္ထု တွေ များလာတာနဲ့ အရိုး အတက် ကလေးတွေလို ဖြစ်ပြီး ဘေးနဲ့ အထဲမှာ ရှိနေတဲ့ အာရုံကြော မျှင် ထွက် လာရာ အရင်း အမြစ် တွေကို တဖြည်းဖြည်း ဖိမိလာပါမယ် ... ဖိခံရတဲ့ အာရုံကြောနဲ့ ဆိုင်တဲ့ နေရာတွေမှာ အားနည်းခြင်း၊ နာကျင် ကိုက်ခဲခြင်း နဲ့ အာရု ခံစားမှု ပြောင်းလာခြင်းတွေ ခံစားရပါမယ် ... သိပ်ဆိုးဆိုး ၀ါးဝါး ဆိုရင် အတွင်း အာရုံကြောမကြီး ပါ ဖိမိ တတ်လို့ ခြေထောက် အထိပါ အထက်ပါ လက္ခဏာတွေ ခံစား သွားရနိုင်ပါတယ် ...

အကြောင်းရင်း

ရောဂါ ဖြစ်ရခြင်း အကြောင်းရင်းတွေက ...
၁။ အသက်
အသက် အရွယ် ကြီးလာတာနဲ့ အမျှ ခံစားရတဲ့ ရာနှုန်း ပိုနေတာကို တွေ့ရပါတယ် ... ဒဏ်တွေ ပိုများတာ ကြောင့်ပါ ...

၂၊ ထိခိုက် ဒဏ်ရာရခြင်း
ကျောရိုးဆစ် တွေမှာ တိုက်ရိုက် ထိခိုက်ခြင်း ဒါမှမဟုတ် မကြာခဏ ဒဏ်ရာ အသေးစားများ ရရှိခဲ့ ဖူးခြင်းတွေ က အဆစ်တွေ ကြားမှာ ရှိတဲ့ အရွတ်တွေကို စုတ်ပြဲစေလို့ပါ ...

၃။ ကျောရိုး အနေအထား
မွေးရာပါပဲ ဖြစ်ဖြစ် အကျင့်ကြောင့်ပဲ ဖြစ်ဖြစ် ပုံမှန်တဲ့ ကျောရိုး အနေအထား အတိုင်း မရှိခဲ့ရင် အရိုးအဆစ်တွေနဲ့ အရွတ်တွေ ရဲ့ စုတ်ပြဲမှုကို ဖြစ်စေပါတယ် ... (ခေါင်း ရှေ့ ကို အရမ်း ငုံ့နေ မော့နေတတ်တာ၊ လက်ပြင် ကုန်းနေတာတွေ၊ အစရှိသဖြင့်ပေါ့)

၎။ အလုပ်ဒါဏ်
အလုပ်ခွင် အတွင်းမှာ နာရီ များစွာ နေရတဲ့အကျိုးဆက် အနေနဲ့ ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ ဖိစီးမှု များပြား လွန်းရင်လည်း အလုပ်ဒါဏ် ဖြစ်ပေါ်ပြီး အရိုးဆစ်တွေ အရွတ်တွေ စုတ်ပြဲစေပါတယ် ...

၅။ နေထိုင်မှုပုံစံ
အဓိက ကတော့ ထူးဆန်းတဲ့ ပုံမှန်မဟုတ်တဲ့ ပုံစံနဲ့ အိပ်စက် လေ့ ရှိသူတွေမှာပါ ... ခေါင်းအုံး အမြင့် ကြီးနဲ့ အိပ်သူတွေ နဲ့ ခေါင်းအုံး လုံးဝ မပါပဲ အိပ်တတ်သူတွေပေါ့ ...

၆။ ခန္ဓာကိုယ် အမျိုး အစား
ကျောလျားရှည်သူတွေနဲ့ ကျောကုန်းမှာ ဘုကြီး ပါသူတွေမှာ ... အရွတ်တွေ စုတ်ပြဲဖို့ ပို လွယ်တဲ့ ပုံစံ မို့လို့ပါ ...


နောက်မှ ရောဂါ လက္ခဏာ၊ ရောဂါ ရှာဖွေ ဖေါ်နည်းနဲ့ ကုသနည်းတွေ ရေးတင်ပါမယ် ...


Read More...