သူငယ်ပြန်ရောဂါ (၂)
သူငယ်ပြန်ရောဂါမှာ ယေဘူယျလက္ခဏာတွေအပြင် တခြားတွဲဖက်လက္ခဏာတွေ (co-existing symptoms) လည်း ဖြစ်တတ်ပါသေးတယ်။ စိတ်ဓာတ်ကျခြင်း (ဥပမာ တစ်ယောက်တည်း တွေတွေဝေေ၀ ငူငေါင်နေတာ၊ မျက်ရည်လွယ်လာတာ၊ အစားမစားတော့တာ စသည်) စိတ်ကနာမငြိမ်ဖြစ်ခြင်း (ဥပမာ ထိုင်မရ ထမရ ဟိုလျှောက်ဒီလျှောက် ယောက်ယက်ခတ်နေတာ၊ ညမအိပ်နိုင်တာ စသည်) လှုံ့ဆော်မှုမဲ့ အကြား၊ အမြင်အာရုံတွေ ရခြင်း (ဥပမာ တစ်ယောက်တည်း စကားတွေ ပြောနေတာ၊ တကယ်မရှိပဲ အိမ်ထဲမှာ သူစိမ်းတွေ မြင်နေတာ စသည်) တို့ပေါ့။
တချို့ကျတော့လည်း ရောဂါကြောင့် မေ့လျော့ပြီး အထားမှားတာကို ကိုယ့်ဖာသာကိုယ် မမှတ်မိတော့ သူများ ခိုးတယ် ထင်ပြီး မိသားစုဝင် သို့မဟုတ် တခြားလူတွေကို စွပ်စွဲတာမျိုး ဖြစ်တတ်ပါသေးတယ်။ ဆရာဝန်ကို ပြကြည့်သင့်ပါတယ်။ ဆေးနဲ့ ကုဖို့ လို၊မလို ဆုံးဖြတ်ရအောင်ပါ။ ဒါကို ရောဂါကြောင့် ဖြစ်တာပဲလို့ နားလည်ရင် မလိုအပ်တဲ့ ဒေါသ၊ စိတ်ပူပန်ခြင်းတွေ အထိုက်အလျောက် သက်သာပါလိမ့်မယ်။ ကိုယ့်ဖက်က တတ်နိုင်သလောက် ရှင်းအောင် ထားရင်၊ နေရင် အများအမြင်မှာလည်း သံသယ ကင်း၊ ကိုယ်လည်း စိတ်ပေါ့ပါးတာပေါ့။
ရောဂါမှန်း မသိခဲ့ရင် အထက်ပါ လက္ခဏာတွေဟာ လူနာအတွက်ရော၊ မိသားစုအတွက်ပါ ကြောက်စရာ ဖြစ်ပါတယ်။ အယူသည်းတဲ့ ယဉ်ကျေးမှု ရှိတဲ့အရပ်မှာဆိုရင် ဒါကို အပမှီတယ်၊ ပယောဂ၀င်တယ်လို့တောင် ပြောကောင်းပြောမယ် ထင်ပါတယ်။ အမှန်က ဦးနှောက်တွင်း ဓာတ်သဘာဝတွေ ဖောက်ပြန်လို့ ဖြစ်ရတာပါ။ သူငယ်ပြန်ရောဂါသက်သက်ကို ပျောက်အောင် မကုနိုင်သေးပေမယ့် ဒီလို တွဲဖက်လက္ခဏာတွေကိုတော့ ဆေးကုလို့ ရပါတယ်။ Symptomatic treatment ပေါ့။ ရလဒ်ကောင်းပါတယ်။
ဦးနှောက်တွင်း ရောဂါဇစ်မြစ်ပေါ် မူတည်လို့ သူငယ်ပြန်ရောဂါ အမျိုးမျိုး ရှိတဲ့အထဲမှာ အယ်လ်ဇိုင်းမား သူငယ်ပြန်ရောဂါ တစ်ခုတည်းပဲ သူ့ရောဂါ သက်သက်ကို ကုတဲ့ဆေး ရှိပါသေးတယ်။ နှစ်မျိုးရောတဲ့ သူငယ်ပြန်ရောဂါဆိုရင်လည်း အယ်လ်ဇိုင်းမားရောဂါဆေးတွေ သုံးကြည့်လို့ ရပါတယ်။ ထိရောက်မှုကတော့ အယ်လ်ဇိုင်းမားရောဂါသက်သက် ဖြစ်သူနဲ့စာရင် ကွာဟလျော့နည်းနိုင်ပါတယ်။ ကျန်တာကတော့ ဆိုင်ရာဆိုင်ရာကို ကုရပါတယ်။ လေဖြတ်ရောဂါကြောင့် ဖြစ်တဲ့ သူငယ်ပြန်ရောဂါဆိုရင် နောက်ထပ် လေမဖြတ်အောင် သွေးတိုး၊ ဆီးချိုကို သေချာကု၊ သွေးခဲကြောင့် ဖြစ်တဲ့ လေဖြတ်ရောဂါဆိုရင် သွေးကျဲဆေး ပေး၊ အရက်ကြောင့် ဖြစ်တဲ့ သူငယ်ပြန်ရောဂါဆိုရင် အရက်ကို ဖြတ် စသည်ဖြင့်ပေါ့။
လောလောဆယ် သုံးခွင့်လိုင်စင်ရထားတဲ့ အယ်လ်ဇိုင်းမားရောဂါဆေးတွေထဲမှာ Memantine ကတော့ ရောဂါလမ်းကြောင်းကို ပြောင်းလဲစေတဲ့ ဆေးမျိုး (Disease-modifying agent) လို့ ခေါ်ရင် ရပါတယ်။ တခြားဆေးတွေနဲ့ စာရင် ပေါ်တာ အရမ်းကြီး မကြာသေးလို့ ရေရှည်သုတေသနနဲ့ လက်တွေ့ကု ရလဒ်အဖြေတွေ နောက်ထပ် လိုပါသေးတယ်။ အရှင်းပျောက်စေတဲ့ဆေးတော့ မဟုတ်ပါဘူး။
ကျန်တဲ့ အယ်လ်ဇိုင်းမားရောဂါဆေး Choline Esterase Inhibitors (Donepezil, Galantamine, Rivastigmine) တွေဟာ ရောဂါလမ်းကြောင်းကို ပြောင်းလဲစေတဲ့ ဆေးမျိုး (Disease-modifying agents) မဟုတ်ကြပါဘူး။ ရောဂါလက္ခဏာကို ခဏထိန်းထားတဲ့ သဘောပဲ ရှိပါတယ်။ အကြမ်းအားဖြင့် လူနာသုံးယောက်မှာ နှစ်ယောက် ရလဒ်ကောင်း ရတတ်ပါတယ်။ ဒါကလည်း အချိန်အတိုင်းအတာ တစ်ခုအထိပါ။ ဆေးရဲ့အစွမ်းကို ရောဂါရှေ့တိုးနှုန်းက အနိုင်ယူသွားတဲ့ တစ်ချိန်မှာတော့ ဆေးမတိုးတော့ပါဘူး။ ဒါကို ဆရာဝန်က ဆေးစညွှန်းကတည်းက လူနာနဲ့ လူနာရှင်ကို ပွင့်ပွင့်လင်းလင်း ပြောထားရပါတယ်။ နောက်မှ စိတ်အနှောက်အယှက်ဖြစ်၊ နားလည်မှုလွဲ၊ မကျေနပ်တာတွေ မဖြစ်ရအောင်ပါပဲ။ ဒါကို လူနာနဲ့ လူနာရှင်အားလုံးက လိုလားလက်ခံပါတယ်။ ဒီလို သိရတာဟာ သူတို့ရဲ့ ဆေးအပေါ် ဆုံးဖြတ်ချက်အတွက်လည်း အထောက်အကူ ရတာပေါ့။
တွဲဖက်လက္ခဏာတွေ (co-existing symptoms) ကိုတော့ သက်ဆိုင်ရာဆေးတွေ { ဥပမာ စိတ်ဓာတ်ကျရောဂါ တန်ပြန်ဆေး (anti-depressants) စိတ်ငြိမ်ဆေး (anxiolytics) အမှန်နှင့် ကင်းကွာခြင်းကို တန်ပြန်ဆေး (anti-psychotics)}နဲ့ ကုနိုင်ပါတယ်။ ကုချင်တဲ့ လက္ခဏာ သတ်သတ်မှတ်မှတ် ထားပြီး သေသေချာချာ စောင့်ကြည့်ကုသနိုင်ပါတယ်။ မလိုအပ်ပဲ ဆေးတွေ အများကြီး ပေးထားတာမျိုး ရှောင်ရပါမယ်။
ဆေးမဟုတ်တဲ့ အခြားကုထုံးများလည်း ရှိပါတယ်။ လူနာကို လက်ရှိ အချိန်၊ ပတ်ဝန်းကျင်နဲ့ ပြန်ဆက်စပ်ပေးတဲ့ Reality Orientation Therapy, ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြော၊ ဓာတ်ပုံဟောင်းတွေ ပြန်ကြည့်ရင်း မှတ်ဥာဏ်ကို နှိုးဆွပေးတဲ့ Reminiscence Therapy, အမွှေးနံ့အမျိုးမျိုးကို သုံးပြီး စိတ်ရောကိုယ်ပါ တင်းကြပ်နေတာကို ဖြေလျှော့ပေးတဲ့ Aroma Therapy, စသည်တို့ကိုလည်း သုံးနိုင်ပါတယ်။ ဒါတွေ လုပ်တတ်တဲ့ သူနာပြုတို့ Occupational Therapist တို့တော့ လိုတာပေါ့။ ဒီကုထုံးတွေက သုတေသန အထောက်အထား အကြီးစား မရှိသေးပါဘူး။ အသေးစား လေ့လာချက်တွေမှာတော့ ရလဒ် ကောင်းကြပါတယ်။ ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမားလည်း မရှိပါဘူး။
သူငယ်ပြန်ရောဂါကို ကြိုတင်ကာကွယ်နည်းတော့ မတွေ့သေးပါဘူး။ ကျန်းမာရေးဆိုင်ရာ ယေဘူယျ ကောင်းချက်၊ဆိုးချက်တွေ အတိုင်းပဲလို့သာ ဆိုပါရစေ။ အရက်က ဦးနှောက်အတွက် အဆိပ်မို့ ရှောင်နိုင်ရင် ကောင်းပါတယ်။ အကိုက်အခဲပျောက်ဆေးတစ်မျိုး (NSAIDs) အမျိုးသမီး ဟော်မုန်း (Oestrogen) အပင်ထွက် ဆေးတစ်မျိုး (Gingko biloba) နဲ့ Vitamin E & C တို့ဟာ သူငယ်ပြန်ရောဂါ ဖြစ်နှုန်းနည်းစေတယ်လို့ ကနဦးတွေ့ရှိချက်တွေ ရှိထားပါတယ်။ သူတို့မှာလည်း ဘေးထွက်ဆိုးကျိုးတွေနဲ့ပါ။ သိပ္ပံနည်းကျ တိုက်ရိုက် ဖြစ်စေမှုကို အတည်မပြုရသေးလို့ လက်တည့်မစမ်းသင့်ပါဘူး။
အိမ်သား မိသားစုဝင်အနေနဲ့ ဘာလုပ်ပေးနိုင်သလဲဆိုရင် မေ့တတ်တာလေးကို ခဏခဏ မဝေဖန်မိ၊ မပြင်မိဖို့ သတိထားပါ။ မဟုတ်ရင် လူနာ စိတ်ရင်လည်းတို ဒါမှမဟုတ် စိတ်ထိခိုက်၊ စိတ်ဓာတ်ကျစေနိုင်လို့ပါပဲ။ ကိုယ်ဆိုရင်ကော အဲလို တစ်ချိန်လုံး လိုက်ပြော၊ လိုက်ပြင်နေတာ ခံချင်မလား ကိုယ်ချင်းစာကြည့်ပေါ့။ စကားပြောရင်လည်း ရှင်းရှင်းလင်းလင်း တစ်ချိန်မှာ တစ်ခု ပြောပါ။ အများကြီး တစ်ပြိုင်နက် ပြောရင် လူနာအတွက် အင်မတန် ရှုပ်ထွေး၊ လိုက်မမီ၊ စိတ်ညစ်စရာ ဖြစ်စေပါတယ်။ လူနာက နေ့တွေရက်တွေ ရောထွေးမှားယွင်းတတ်ရင် အိမ်ရှေ့မှာ ဒီနေ့ ဘယ်ရက်ဘယ်နေ့ဆိုတာ ရေးထားတဲ့ သင်ပုန်း သို့မဟုတ် ပြက္ခဒိန် တစ်ခု ထားပေးလိုက်ပါ။ မေ့တတ်ရင် စာရင်းစာအုပ်ထား၊ စာရင်းရေးတဲ့ အကျင့်လေးနဲ့ ကူပေးနိုင်ပါတယ်။ ဖြစ်နိုင်ရင်တော့ လူနာရဲ့ ပတ်ဝန်းကျင်မှာ အသစ်တွေ သိပ်မလုပ်မပြောင်းမိပါစေနဲ့။ လုပ်နေကျ ကိစ္စ၊ နေနေကျ ပတ်ဝန်းကျင်က သူတို့အတွက် ယဉ်ပါးပြီးသား၊ အရင်ကတည်းက မှတ်မိပြီးသားမို့ အကောင်းဆုံးပါ။ သူတို့ လုပ်နိုင်တာလေးတွေ ဆက်လုပ်နေတာ လူနာရဲ့ စိတ်ရောကိုယ်ပါ ကျန်းမာရေးအတွက် ကောင်းပါတယ်။ မီးဖို သုံးတဲ့အခါမျိုးမှာတော့ အန္တရာယ် မဖြစ်အောင် စောင့်ကြည့်ပေးရမှာပေါ့။
သူငယ်ပြန်ရောဂါရှိသူ လူနာဟာ ကိုယ့်ကိုကိုယ် ဂရုစိုက်နိုင်စွမ်း နည်းလာတတ်လို့ မိသားစုက သတိပေး ပြုစုရပါမယ်။ မဟုတ်ရင် အစားအသောက် မမှန်လို့ အာဟာရချို့တဲ့တာ၊ ခန္ဓာကိုယ်တွင်း ရေခမ်းခြောက်တာတို့ ဖြစ်ရင် အန္တရာယ် ဖြစ်နိုင်လို့ပါ။ တစ်ကိုယ်ရေ သန့်ရှင်းရေးလည်း ကျဆင်းလာတတ်ပါတယ်။ ချော့မော့ပြီး လိုတာလေး လုပ်ပေးရင်တော့ လက်ခံကြတာ များပါတယ်။ ပြုစုသူ စိတ်ရှည်ဖို့ လိုပါတယ်။
သူငယ်ပြန်ရောဂါဟာ ဆုံးဖြတ်ချင့်ချိန်မှု (judgement) ကို ထိခိုက်လို့ ကားမောင်းရင် အန္တရာယ် ဖြစ်နိုင်ပါတယ်။ ရောဂါ ဖြစ်တာနဲ့ ကားမောင်းရပ်ဖို့ မလိုပေမယ့် တစ်ချိန်ချိန်မှာတော့ ရပ်ရမှာပါပဲ။ ကားကိုယ်တိုင် မမောင်းကြတဲ့ မြန်မာနိုင်ငံမှာ ဒါဟာ ပြဿနာ သိပ်မဟုတ်လှပေမယ့်၊ အနောက်တိုင်းမှာတော့ လူနာရဲ့ ခြေထောက်ကို ရိုက်ချိုးသလိုမို့ တော်တော် ထိခိုက်ပါတယ်။ လူနာတွေ သိပ်ညည်းတဲ့ ရောဂါရဲ့ နေ့စဉ်ဘ၀အပေါ် သက်ရောက်မှုပါ။ လူနာ ကားဆက်မောင်း၊ မမောင်းကို ဆရာဝန်က မဆုံးဖြတ်ပါဘူး။ ယာဉ်နှင့် ယာဉ်မောင်းလိုင်စင် ကြီးကြပ်ရေးအဖွဲ့ကို လူနာ သို့မဟုတ် လူနာရှင်က ကိုယ့်တာဝန်ကိုယ် ယူပြီး အကြောင်းကြားရတာပါ။ ဆရာဝန်က သတိပေးလျက်နဲ့ ဒီလို အကြောင်းကြားဖို့ ဆက်တိုက် ပျက်ကွက်ရင်တော့ နောက်ဆုံး ဆရာဝန်ကပဲ အကြောင်းကြားရပါတယ်။ ကျန်တာကိုတော့ အဲဒီအဖွဲ့က စစ်ဆေးဆုံးဖြတ်ပါတယ်။
သူငယ်ပြန်ရောဂါ ရင့်လာတဲ့အခါ လူတွေကို မှတ်မိနိုင်တဲ့ အရည်အသွေးပါ ထိခိုက်လာပါတယ်။ မိသားစုဝင်တွေကိုတောင် မမှတ်မိတော့လို့ စိတ်ထိခိုက်ကြေကွဲကြတာ မကြာခဏ ကြုံရတတ်ပါတယ်။ တချို့ဆိုလည်း အိမ်ထောင်ဖက်ကို မမှတ်မိတော့လို့ ရိုက်ပုတ်တာမျိုး၊ အိမ်က မောင်းထုတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဆေးနဲ့ ထိန်းလို့ ရတတ်ပါတယ်။ ဆေးရဲ့ ဆိုးကျိုး side effects တွေနဲ့တော့ ချင့်ချိန်ရပါတယ်။
ရောဂါနှောင်းပိုင်းမှာ လူနာဟာ သူများအပေါ် မှီခိုမှု လုံးလုံးလျားလျား ဖြစ်နေပါပြီ။ စားတာ၊ သောက်တာ၊ သန့်စင်တာ၊ အ၀တ်လဲတာ၊ အိပ်ရာဝင် အိပ်ရာထ အားလုံး သူများက လုပ်ပေးရတဲ့ အဆင့်ပေါ့။ အိမ်သားတွေ မတတ်နိုင်တော့တာ များပါတယ်။ သူနာပြု ဘိုးဘွားရိပ်သာကို ပို့ရတဲ့ အခြေအနေပါ။ မိသားစုတော်တော်များများ စိတ်ထိခိုက်စွာ ဆုံးဖြတ်ချက် ချရတဲ့ အချိန်ပါပဲ။ အိမ်ထောင်ဖက် ရှိသေးတယ် ဆိုရင် တော်တော် သနားစရာကောင်းတဲ့ အခိုက်အတန့်ပါ။
သူငယ်ပြန်ရောဂါကို အထူးကုများ (Neurologists, Geriatricians, Old Age Psychiatrists) က ရောဂါရှာဖွေအတည်ပြုပေးနိုင်ပါတယ်။ လူနာကို ရောဂါအတည်ပြုခြင်း (Diagnosis) နဲ့ ရောဂါ ရှေ့အလားအလာအကြောင်း (Prognosis) ပြောမယ် မပြောဘူးဆိုတာ အမြင်ကွဲခဲ့ကြပါတယ်။ ရှေးဆန်တဲ့ ဆရာဝန်တစ်ချို့က လူနာကို ကာကွယ်လိုစိတ် (paternaltistic view) နဲ့ မပြောလိုကြပါဘူး။ ကုလို့လည်း မပျောက်တော့ လူနာ စိတ်ညစ်တာပဲ အဖတ်တင်မယ် ဘာညာပေါ့လေ။ ဒါပေမယ့် ဒီလို မပြောရင် လူနာကို ဒီရောဂါအတွက်ဆေး ဘယ်လို ပေးမလဲ။ တခြားအကြောင်းနဲ့ ညာပေးမလား။ ဒီိလို ဖုံးကွယ်ထိန်ချန်တာဟာ သမားဝိနည်းနဲ့ ညီရဲ့လား၊ လူနာအတွက် အကောင်းဆုံးအကျိုး (best interest) ဟုတ်ပါ့မလား ဆိုတဲ့ အမြင်တွေက နောက်ပိုင်းဆရာဝန် အများစုရဲ့ အတွေးနဲ့ ဆုံးဖြတ်ချက်ကို သက်ရောက်ပါတယ်။
လူနာတွေ အနေနဲ့ ရောဂါနုစဉ်မှာ ကြိုသိရင် ကြိုပြင်နိုင်တာတွေ ရှိတာပေါ့။ သူတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်စွမ်း (Decision-making capacity) မရှိတော့တဲ့ အဆင့်ကို ရောက်တဲ့အခါ ဘယ်သူကဖြင့် ငွေကြေးကိစ္စ တာဝန်ယူနိုင်တယ်၊ ဘယ်သူကဖြင့် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် သူတို့ ကိုယ်စား ချနိုင်တယ် စသည်ဖြင့်ပေါ့။ ဘိုးဘွားရိပ်သာတွေ ဘာတွေလည်း ကြိုကြည့် အသိပေးထားကြပါတယ်။ များသောအားဖြင့်တော့ ဆရာဝန်က လူနာရဲ့ သဘောကို ပွင့်ပွင့်လင်းလင်း မေးပါတယ်။ သူ ဘယ်လောက် သိချင်သလဲ ဆိုတာပေါ် မူတည်ပြီး ပြောပြပါတယ်။ အများစုက အမှန်အတိုင်း သိချင်ကြလို့ အရှိအတိုင်း ပြောကြတာ များပါတယ်။
ဒါနဲ့ ပတ်သက်ပြီး ဒီစာကို ဖတ်တဲ့ စာဖတ်ပရိသတ်များရဲ့ သဘောထားကို သိလိုပါတယ်။ အမည်ဖွင့်ဆိုစရာမလိုပဲ ဆန္ဒထုတ်ဖော် vote နိုင်အောင် စာရေးသူရဲ့ ကိုယ်ပိုင်ဘလော့ဂ်မှာ စီစဉ်ထားပါတယ်။ အချိန်လေး ပေးပြီး ဖြေပေးသွားမယ်ဆိုရင် ကျေးဇူးတင်ပါတယ်။ Comment မှာ ပွင့်ပွင့်လင်းလင်း ရေးချင်ရင်လည်း နှစ်မျိုးစလုံးသာ လုပ်သွားပါ။ ပါဝင်ဆွေးနွေးမှုကို ၀မ်းမြောက် ကြိုဆိုပါတယ်။
မြန်မာ လူမျိုးအပေါင်း စိတ္တဘယမှ ကင်းဝေး၊ ချမ်းသာကြပါစေ။

6 comments:
ကျွန်တော်သာ ကာယကံရှင်ဆိုရင်တော့ ရှေ့ရေးကို ကြိုပြင်ဆင်နိုင်အောင် အမှန်အတိုင်းပဲ ကြိုသိချင်ပါတယ်။ ရောဂါ ဒီ့ထက် ဆိုးမလာခင် ကိုယ့်ပိုင်ဆိုင်မှုကို သားသမီး တူတူမ ဆွေမျိုးသားချင်းထဲက ကိုယ့်အပေါ် တကယ်ကောင်းခဲ့တဲ့လူတွေကို ခွဲခြမ်း လွှဲပေးရတော့မှာ။ အိမ်ထောင်ဖက်က ရိုးရိုးအအဆိုလဲ ကိုယ်မရှိရင် ထားခဲ့တဲ့ အမွေကို သားဆိုးသမီးဆိုးက အကုန်ယူပြီး သူ့ကို မနှိပ်စက်အောင် သူ မသေမချင်း သူ့နာမည် ပြောင်းလို့မရအောင် လုပ်ခဲ့ရဦးမယ်။ လှူစရာ ရှိတာတွေလဲ လှူသွားရမယ်။ အပြီး သူငယ်ပြန်သွားရင် ကိုယ့်တာဝန်ကို ယူပေးမယ့်သူအတွက်လဲ ပေးစရာရှိတာ ခုထဲက ပေးထားရမယ်။ ဒါတွေက ကြိုမသိရင် စီစဉ်မိမှာ မဟုတ်တော့ ကြိုပြောတာပဲ ကြိုက်ပါတယ်။ ဘေးလူတွေကိုတော့ အရင်းနှီးဆုံးလူကိုကလွဲရင် မပြောသင့်ဘူးလို့ မြင်ပါတယ်။ မသိရင်အကောင်း၊ သိမှ နှိမ်တာ လှောင်တာတွေ ဘာပြောပြော သူငယ်ပြန်နေပြီဆိုပြီး ကဲ့ရဲ့တာတွေ ဖြစ်လာနိုင်ပါတယ်။ မိသားစုတခုလုံးကို ပြောသင့် မပြောသင့်လဲ ကိုယ့်အခြေအနေပေါ်ပဲ တည်တယ်လို့ မြင်တယ်။ မသေခင် အမွေလိုချင်တဲ့ သားသမီးဆိုးဆိုလဲ ဒါ သိလိုက်တာနဲ့ ရေငတ်တုန်း ရေတွင်းထဲကျ ဖြစ်သွားပါ့မယ်။ ဇနီးနဲ့ ဘယ်သားသမီးတွေကို ရွေးအသိပေးသင့်တယ်ဆိုတာ အရင်းနှီးဆုံး မိတ်ဆွေတွေနဲ့ တိုင်ပင်သင့်ပါတယ်။
ကျေးဇူးတင်ပါတယ်ရှင့်။ ဖြည့်စွက် ဆွေးနွေးသွားတာ အင်မတန် ကောင်းလို့ ကျွန်မရဲ့ ကိုယ်ပိုင် ဘလော့ဂ်က သူငယ်ပြန်ရောဂါပို့စ်မှာ ကူးယူဖော်ပြလိုက်ပါတယ်။ သဘောတူလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
စာဖတ်သူတစ်ယောက် မေးထားတဲ့ မေးခွန်းကို ဖြေပါ့မယ်။ ကာယကံရှင်ရဲ့ မေတ္တာရပ်ခံချက်ကြောင့် သူ့စာကို ဖျက်လိုက်ပါတယ်။
၁။ လူနာကို ကိုယ်တိုင် မမြင်ရ၊ မမေးရပဲ ခုလို ဖြေရတာ ကျွန်မမှာ အခက်အခဲ အများကြီး ရှိပါတယ်။ ဖြစ်နိုင်ရင် မဖြေချင်ပါ။ သို့သော် အမှန်တကယ် စိတ်သောက ရောက်နေတယ်လို့ ယူဆလို့ တတ်နိုင်သမျှ စည်းဘောင်အတွင်းက ဖြေပါ့မယ်။
၂။ မိသားစုဝင်တစ်ယောက်ရဲ့ စေတနာစိတ်နဲ့ ဖြစ်နိုင်ချေတွေကို ရှာဖွေစုံစမ်းတာဟာ ကောင်းတဲ့ လုပ်ရပ်ပါ။ နစ်နာစေချင်လို့ လုပ်တာ မဟုတ်မှန်း ကိုယ့်ဖာသာကိုယ် (နဲ့ ကိုယ့်ရဲ့ အနီးကပ်သူတွေ) ယုံကြည်ရင် ကောင်းတာပေါ့။
၃။ ပြောပြထားတဲ့ လက္ခဏာတွေကို နားထောင်ရတာတော့ စိတ်ရောဂါ ဖြစ်မယ်လို့ တပ်အပ် မပြောနိုင်ပါ။ အရင်က ဘယ်လိုလဲ။ ဒီလို မဖြစ်ခင်၊ ဖြစ်ခါနီးမှာ သူ့ဘ၀၊ မိသားစု ပတ်ဝန်းကျင်မှာ အကြီးအကျယ် အပြောင်းအလဲ ဘာဖြစ်ခဲ့သလဲ။ အခြား ဘာရောဂါတွေ ရှိသလဲ။ သူ လျှောက်ပြောတာတွေအပေါ် သူ့ရဲ့ ရပ်တည်မှုနဲ့ ဖြေရှင်းချက်က ဘာလဲ။ နောက်ထပ် သိသင့်တာတွေ အများကြီး ရှိပါသေးတယ်။ သွေးစစ်တာ၊ ဦးနှောက် ဓာတ်မှန်ရိုက်တာတို့ လုပ်ကောင်း လုပ်ရပါမယ်။ စိတ်ရောဂါ ဟုတ်ချင်မှလည်း ဟုတ်မယ် ဆိုတာလည်း ထည့်တွက်ထားရပါမယ်။
၎။ အကောင်းဆုံးက အနားမှာ ရှိတဲ့၊ လူကိုယ်တိုင် သွားတွေ့ ဆွေးနွေးနိုင်တဲ့ စိတ်ရောဂါအထူးကု တစ်ယောက်ယောက်ကို တိုင်ပင်စေချင်ပါတယ်။ လူနာကို မမြင်ပဲ၊ ဘာရောဂါ လက္ခဏာမှန်း မရေရာပဲ ဘယ်ဆရာဝန်မှ ဆေးပေးမယ် မထင်ဘူး။ ကျွန်မလည်း မညွှန်းနိုင်ပါဘူး။
၅။ လူနာက စိတ်ရောဂါ ဆရာဝန်နဲ့ ပြဖို့ ငြင်းဆန်တယ် ဆိုရင် နားဝင်အောင် ပြောနိုင်တဲ့ သူ မိသားစုထဲမှာ မရှိဘူးလား။ ချော့မော့ပြီး ပြောပေါ့။ အနည်းဆုံးတော့ အထူးကု မဟုတ်တောင် စိတ်ရောဂါဆိုင်ရာ ဗဟုသုတ ရှိတဲ့ ဆရာဝန်နဲ့ တွေ့ကြည့်သင့်တယ် ထင်ပါတယ်။ ကိုယ့်မိသားစု အနေအထားကို ကိုယ်ကိုယ်တိုင်ပဲ ဆုံးဖြတ်တာ အကောင်းဆုံး ဖြစ်ပါမယ်။
၆။ ကျွန်မ ဒီမှာ စာရေးတာဟာ စိတ်ရောဂါ ဆေးပညာကို ကျယ်ကျယ်ပြန့်ပြန့် နားလည်၊ သိရှိ၊ လက်ခံလာစေချင်တဲ့ စိတ်စေတနာနဲ့ပါ။ အဝေးကနေ ဘယ်သူ့ကိုမှ ဆေးကုလို့ မဖြစ်နိုင်တာကို နားလည်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ လူနာကိစ္စ ရှိရင် ဒေသခံ ဆရာဝန်များနဲ့ ပြခြင်းကသာ လက်တွေ့ကျ စိတ်ချရပါတယ်။
စကီဇိုဖရီးနီးယားက မျိုးရိုးလိုက်တတ်လား အစ်မဒေါက်တာ။ မိခင်က ရောဂါသည် ဖြစ်ပြီး မောင်နှမထဲမှာလဲ ဒီရောဂါရှိရင် ကျန်တဲ့သူတွေ တချိန်ချိန် ဖြစ်နိုင်လား။ သားသမီး ယူရင်ကော မွေးတဲ့ သားသမီးမှာ ဗီဇ ပါနိုင်လား
Schizophrenia ခေါင်းစဉ်အောက်မှာ ပြန်ဖြေပါမယ်။
ဒေါက်တာခင်ဗျား
ကျွန်တော် ADHD ရောဂါ ခံစားနေရသူပါ။ ကျွန်တော် နှစ်ရှည် ကြုံတွေ့ခဲ့ရတဲ့ လက္ခဏာတွေဟာ ရောဂါတစ်ခုဖြစ်ပြီး ADHD လို့ ခေါ်ကြောင်း အသက် ၃၁ နှစ် ကျော်မှ သိရပါတယ်။
ကျွန်တော် တရားထိုင်တဲ့ နည်းနဲ့ ကြိုးစားကြည့်တာ အတော်လေး သက်သာရာ ရလာပါပြီ။ စိတ်ပြန့်လွင့်လွယ်ပြီး အာရုံ ကြာကြာမစိုက်နိုင်ရာကနေ အာရုံစိုက်နိုင်၊ အလုပ်တွေ ပိုလုပ်နိုင်လာပါတယ်။ ဒါပေမယ့် အရှင်းမပျောက်သေးဘူးလို့ ယူဆလို့၊ နောက် တချိန်ချိန်မှာ ပြန်ဖြစ်လာမှာလဲ စိုးလို့ ရာနှုန်းပြည့် ပျောက်ကင်းအောင် ဘယ်လို လုပ်ရမလဲ သိချင်ပါတယ်ခင်ဗျား။
ဒီဘလော့မှာ ဒီရောဂါအကြောင်း ဖတ်ပြီး ဒေါက်တာဇင်သူ ညွှန်းထားတဲ့ ရှောင်ရမယ့် အစာတွေ၊ သောက်သင့်တဲ့ ဆေးတွေလဲ လိုက်နာပါတယ်။ စိတ်နဲ့ ဆိုင်တဲ့ ရောဂါဆိုတော့ စိတ်ပညာ ဆရာဝန်ကပါ ဘာတွေ လုပ်သင့်တယ်ဆိုတာ ဖြေပေးပါခင်ဗျား။
အာဟာရ ချို့တဲ့ခဲ့လို့ ဖြစ်တာဆိုရင် ဓာတ်စာနဲ့ ပြန်ကုလို့ ရမရလဲ သိချင်ပါတယ်။
Post a Comment