Showing posts with label Lifestyle. Show all posts
Showing posts with label Lifestyle. Show all posts

Wednesday, February 23, 2011

Living Together And Social Problems

Living Together And Social Problems




ယနေ့ခေတ်ကြီးမှာ အရာရာဟာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ရုပ်ဝထ္ထုပိုင်းဆိုင်ရာတွေဟာလည်း များစွာ ဖွံ့ဖြိုး တိုးတက်လျှက်ရှိပါတယ် ။ ရုပ်ပိုင်းဆိုင်ရာတွေဘယ်လောက်ပဲ တိုးတက်တိုးတက် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ ၊ အားနည်းချက်တွေဟာလည်း နေရာတိုင်းမှာတွေ့မြင်နေရဆဲဖြစ်ပါတယ် ။ ကဲ ဒီတော့ ဒီနေ့လူ မှုရေး ကွန်ယက် ကြီးအတွင်း အင်တာနက်တွေဂျီတော့ခ်တွေ VZO တွေ အလွယ်တကူ သုံးနေနိုင်ပြီဖြစ်တဲ့ ခေတ်ကြီးမှာ ဘာကြောင့်အားနည်းချက်တွေရှိနေသလဲ ၊ ဘာတွေလိုအပ်နေသေးလဲဆိုတာ ကျွန်တော်တို့အား လုံးလေ့ လာ ကြည့်ကြရအောင် ။ ယနေ့ခေတ်ကြီးမှာ ရေပန်းစားနေတဲ့ ဝေါဟာရတစ်ခုရှိပါတယ် ။ " Living Together " တဲ့ .. မြန်မာ လိုပြောရရင် လက်မထပ်ပဲ အတူနေထိုင်ခြင်းပေါ့ ။ ဒီထက်ပိုပြီး ရှင်းရရင် လက်မထပ်ပဲ လင်စုံမယား ဖက် ပေါင်းသင်းနေထိုင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ် ။




ဟိုးယခင်ကတော့ Living Together ဟာ မြန်မာလူမျိုးတွေနဲ့အတော်လေး စိမ်းနေခဲ့ပါတယ် ။ အခုတော့ လည်း ခေတ်လူငယ်တွေရဲ့ တီးတိုးပါးစပ်ဖျားမှာ ရေပန်းစားလို့လာခဲ့ပါပြီ ။ အနောက်တိုင်းနိုင်ငံတွေမှာLiving together အပေါ် ထောက်ခဲ့တဲ့လူတွေအများကြီးရှိခဲ့သလို ရှုံ့ချတဲ့သူတွေလည်း အများကြီးရှိခဲ့ပါတယ် ။ ကဲဒါဆို ကျွန်တော်တို့ကရော Living together အပေါ် ဘယ်လိုမြင်ပါသလဲ ???? ။ နှစ်ဦးနှစ်ဖက်လုံးက လည်း သဘော တူတယ် အခြေအနေအရပ်ရပ်ကလည်း အိုကေတယ်ဆိုရင် ဘာမှဝေဖန်စရာ ၊ မှတ်ချက်ချစရာမရှိပါဘူး ။ ဒီနေရာမှာ အပိုင်း ၂ပိုင်းဖြစ်သွားပါပြီ ။

၁ ။ နှစ်ဦးနှစ်ဖက်လုံး သဘောတူညီခြင်း

“ အိုဗျာ.. အတူနေဖို့တောင် ညှိပြီးပြီပဲ နှစ်ယောက်လုံး သဘောမတူတာမျိုးရှိပါ့မလားဗျာ ” လို့ မေးစရာရှိပါတယ် ။ အဲဒါကတော့ အကျပ်ကိုင်ခြင်းပဲပေါ့ ။ ယောင်္ကျားလေးဖက်က“ နင်ငါ့ကို တကယ်ချစ်ရင် တကယ်ယုံတယ်ဆိုရင် ဒီတစ်ခါတော့ လိုက်လျောပေးပါ ” လို့ အကျပ်ကိုင်လာလို့ရှိရင် “ နင်ငါ့ကို တကယ်ချစ်တာ ဟုတ်ရဲ့လားဟာ ဒါဆိုငါနဲ့အတူနေမှ နင့်အချစ်ကို ယုံမယ် ” လို့ ဆိုလာရင် သာမန် အချစ်ကြီးတဲ့ မိန်းကလေး ၊ ချစ်သူအတွက် ဆို ဘာမဆို ပေးလိုက်မယ်လို့ ခံယူထားတဲ့ မိန်းကလေး ၊ စိတ်ပျော့လွယ်တဲ့ မိန်းကလေး ကတော့ ခေါင်းညှိတ်မိမှာအမှန်ပါပဲ ။ ဒီနေရာမှာ လက်ထပ်ပြီးမှ အပျိုစင်ဘ၀ကို ပေးမယ်လို့ ဆုံးဖြတ်ထားတဲ့ မိန်းကလေး တစ်ယောက်က ငြ်းလိုက်ပြီဆိုရင် ပြဿနာရှိလာပါပြီ ။ မိန်းကလေးကလည်း ပြတ်သားဖို့ လိုလာ ပြီပေါ့ ။ ငါ့ကိုတကယ်ချစ်တာလား ၊ ကာမ ကိုလိုချင်တာလားဆိုတာ ခွဲတတ်ဖို့လိုပါတယ် ။ တစ်ခုမှာချင်တာက မိန်းကလေးတစ်ယောက်ကို တကယ်နှစ်နှစ်ကာကာ ချစ်မိတဲ့ ယောင်္ကျားလေး တစ်ယောက် အဖို့ အဲဒီမိန်းကလေးဆီက ဘာမှလိုချင်တောင့်တမှု မရှိပါဘူး ။ သူ့ကို အမြဲဖြည့်ဆည်းပေးချင်တဲ့စိတ် သူပျော်နေ တာကိုပဲ မြင်ချင်တဲ့ စိတ်ကလေးသာ ရှိပါလိမ့်မယ် ။ ဒါကြောင့် နှစ်ဦးနှစ်ဖက် သဘောတူညီလို့ ဖြစ်မြောက် သွားတဲ့Living together တွေရှိသလို တစ်ဖက်က အတင်းအကျပ်ကိုင်လို့ မတတ်သာလို့ (သူမချစ်ဘူးလို့ ထင်သွားမှာစိုးလို့ ) အလျော့ပေးလိုက်ရတဲ့ တစ်ဖက်သတ် Living together တွေလည်းရှိပါလိမ့်မယ် ။

၂ ။ အခြေအနေအရပ်ရပ်က အဆင်ပြေခြင်း

Living together နေဖို့ဆိုရင် အခြေအနေအရပ်ရပ်က အဆင်ပြေမှသာလျှင် ဖြစ်မြောက်နိုင်မှာပါ ။ နိုင်ငံခြားမှာ မိဘကွယ်ရာမှာ ကိုယ့်ခြေထောက်ကိုယ်ရပ်တည်နေတဲ့သူမျိုးကို မဆိုလိုပါဘူး ။ မြန်မာနိုင်ငံအတွင်းမှာဆို မိဘ အလစ် လည်းဖြစ်ရဦးမယ် ။ ဥပမာ မိဘက ခရီးသွားနေတာမျိုး ၊ ဒါမှမဟုတ် အလုပ် (သို့မ ဟုတ်) ကျောင်းပြေးပြီး ရည်းစားနဲ့အတူသွားနေခြင်းစတဲ့အပြုအမူမျိုးကို ဆိုလိုတာပါ ။ ဒါမှမဟုတ် နယ်ကေ န မြို့တက် ပြီးတစ်ယောက် တည်းရပ် တည်နေ ရတဲ့သူမျိုး ။ ဇတ်လမ်းတွေကတော့ အမျိုးစုံရှိကြမှာပါ ။ မိုးက ရွာ မှောင်က လည်းမှောင်မိုးခိုရင်း ဟော်တယ်မှာ ရင်ခွင်ထဲ ရောက်သွားတဲ့သူတွေ ၊ သင်္ကြန် မှာ လျှောက် လည်ရင်း ချမ်းလွန်း လို့ အချမ်းပြေ ဘီယာလေးသောက် ဟိုတယ် ၊တည်းခိုခန်း ခဏရောက် သွားတဲ့အဖြစ်တွေ အများကြီးရှိကြမှာပါ ။

Living Together ၏ကောင်းကျိုးများ

သိပ်များများစားစားတော့ရှိမယ်မထင်ပါဘူး ။ အလွန်ဆုံး ၁ နာရီလောက် အတူနေပြီးတဲ့နောက် မှာ နှစ်ယောက် စလုံးရဲ့ သံယောဇဉ်တွေ ပိုပြီး ခိုင်မာလာမယ်လို့ သင်ထင်ပါသလား ။ နိုင်ငံခြားတိုင်းပြည်အနေနဲ့ကြည့်ရင်တော့ လက်မထပ်သေးပဲ Living together နေခြင်းဖြင့် တစ်ယောက်နဲ့တစ်ယောက်အချိန်ကြာကြာ လေ့လာနိုင်မယ် ။ ဒီအတောအတွင်း သဘောထားခြင်းမတိုက်ဆိုင်ရင် လမ်းခွဲကြမယ်ပေါ့ ။ ပြဿနာမရှိဘူး သူတို့ဆီမှာက ဒီ sex ကိစ္စသည် ဒီလောက်ကြီး အရေးတယူရှိတဲ့ ကိစ္စတော့မဟုတ်လှဘူး ။ ဒါကြောင့် တချို့ဆို ကလေးတွေ ဘာတွေရပြီးမှလက်ထပ်တာမျိုးလည်း ရှိတာပေါ့ ။ သူ့အယူအဆနဲ့သူ ၊ သူ့အိုးနဲ့သူ့ဆန် တန်နေတာပါပဲ ။

Living together ၏ ဆိုးကျိုးများ

မှတ်ရလွယ်အောင် အချက်ကလေးတွေစဉ်ပြီး ကြည့်ရအောင် ။

၁ ။ အပျိုစင်ဘ၀ကို ယူပြီးသွားတော့ ချစ်သူကကြာရင် ရိုးလာပြီး စွန့်ပစ်ခံရတာမျိုး ကြုံရနိုင်ပါတယ် ။ (ဒါကြောင့် ခက် ခဲလေ ပိုတန်ဖိုးမြင့်လေလို့ ဆိုခဲ့ကြတာပေါ့ )

၂ ။ တနည်းနည်းနဲ့ မိဘတွေသိသွားရင် အရှက် ၊ သိက္ခာ ကျဆင်းနိုင်မဲ့အဖြစ်မျိုးပါ ။ အထူးသဖြင့် မိန်း ကလေးတွေမှာပေါ့ ။

၃ ။ ကိုယ်က အပျိုစင်ဘ၀ပေးပြီးတော့ သူ့ဖက်က ကိုယ့်ကို တာဝန်ယူပါ့မလားဆိုတဲ့ ပူပန်သောကမျိုး (Anxiety) ရနိုင်ပါတယ် ။ အမြဲတမ်းစိတ်ပူနေရတတ်ပါတယ် ။ နောက်ဆုံး depressionအထိရနိုင်ပါတယ် ။

၎ ။ Living together နေခဲ့တုန်းက စိတ်ချရတဲ့ သန္ဓေတားနည်း (Safety contraceptive method) မသုံးခဲ့ရင် ကိုယ်ဝန်ရနိုင်ပါတယ် ။

၅ ။ ကိုယ်ဝန်ရလာခဲ့ရင် အဆင်သင့်မဖြစ်ကြသေးတော့ အများစုက ကိုယ်ဝန်ဖျက်ချခြင်း (Abortion) ဆိုတဲ့ဖက်ကို ဦးတည်ကြမှာပါ ။ ဒီအခါ အပစ်မရှိတဲ့ အသက်တွေသေကြရဦးမယ် ။

အထက်ပါ ငါးချက်ဟာ အကြမ်းဖျဉ်း ယေဘူယျ ဆိုးကျိုးငါးချက်ပဲရှိပါသေးတယ် ။ အသေးစိတ်ထပ်ချဲ့ရင် အများကြီး ရှိပါသေးတယ် ။ (ဥပမာ အကုန်လုံးလူသိရှင်ကြားသိသွားပြီမှယောင်္ကျားလေးဖက်က သဘောမတူဘူး တာဝန်မယူနိုင်ဘူးဆိုခဲ့ရင်.....................)

Living together ၏နောက်ဆက်တွဲကြုံတွေ့ရမည့် လူမှုရေးပြဿနာများ (Social Problems)

“ သေသေချာချာ ပြင်ဆင်ထားခြင်းမရှိပဲ ဧည့်သည်တစ်ယောက်ကို ဖိတ်ခေါ်ခြင်းဟာ အိမ်ရှင် တာဝန်မကျေပါဘူး ”

လုပ်ပြီဆိုမှတော့ ပီပီပြင်ပြင်ပေါ့ ။ ကဲ Living together ဘယ်တော့မှ အတူမနေဘူးဆိုရင်တော့ ဘာမှပြော စရာမရှိပါဘူး ။ ကဲ နေမယ်ရှင် ဆိုတဲ့မိန်းကလေးတွေအဖို့ ဘာတွေလုပ် သင့်သလဲဆိုတဲ့ အ ချက်တွေကို ရေးပေး လိုက်ပါတယ် ။

၁ ။ ကိုယ်ဝန်မရအောင် လုံးဝ ကာကွယ်မယ်ဆိုတဲ့ စိတ်ကိုမွေးပါ ။

၂ ။ မိမိရဲ့ partner ကို ကွန်ဒုံးသုံးခိုင်းပါ ။ တချို့လူတွေက မိန်းကလေးဖက်ထည့်မတွက်ပဲ တစ်လွှာခြားရင် တစ်ကမ္ဘာခြားတယ် လုပ်ကြသေးတယ် ။ အဲဒီနေရာမျိုးမှာ မိန်းကလေးဖက်က ပြတ်ပြတ်သားသားအမိန့်ပေးပါ ။

၃ ။ ကဲ ရှုံးနိမ့်သွားပြီဆိုပါစို့ ။ အမိန့်ပေးနိုင်စွမ်းမရှိလို့ အကာအကွယ်မဲ့ လိင်ဆက်ဆံမိပြီဆိုပါစို့ ။ လိင်ဆက်ဆံမှုရဲ့ အမြင့်ဆုံးအချိန် သုတ်လွှတ်ခြင်းမရောက်ခင် ကြိုပြောခိုင်းပါ ။ သုတ်ရည်ကို မိမိ မိန်းမကိုယ် (vagina) ထဲမှာမလွှတ်စေပဲ အပြင်မှာ ထုတ်ခိုင်းပါ ။ဒီနည်းလမ်းကလည်း ပြောမယ့်သာပြောတာ အဲဒီအချိန်ကျမှ အပြင်ထုတ် ၊ အပြင်မှာ လွှတ်ဆိုတာ သိပ်တော့လွယ်မယ်မထင်ပါဘူး ။

၎ ။ ကဲ နံပါတ် ၃အချက်ကိုလည်း ရှုံးနိမ့်ပြီး သုတ်ရည်ကိုလည်း မိန်းမကိုယ်ထဲ လွှတ်မိသွားပြီး အရာအားလုံး ပြီးဆုံးသွားပြီဆိုပါစို့ ။ ကိုယ်ဝန်မရအောင် အရေးပေါ်သန္ဓေတားဆေး သောက်ဖို့လိုပါတယ် ။ ဈေးကွက်ထဲမှာ ၇၂ နာရီအတွင်း သောက်ရတဲ့အရေးပေါ်သန္ဓေတားဆေးတွေ အလွယ်တကူ ၀ယ်လို့ရပါပြီ ။ Levonogestrel 0.75 mg ပါဝင်ပါတယ် ။ လိမ်ဆက်ဆံပြီးပြီးချင်း ၇၂ နာရီအတွင်း စောနိုင်သမျှ စောစော စသောက်ရပါမယ် ။ ဆေး ၂ လုံးပါပါတယ် ။ ပထမဆေးသောက်ပြီး နောက် ၁၂ နာရီကြာရင်နောက်တစ်လုံးသောက်ရပါမယ် ။ ဆေးသောက်ပြီး လို့ ၁ နာရီအတွင်း ပျို့အန်ခဲ့ရင် ပြန်သောက်ရပါမယ် ။

၅ ။ ခဏခဏတော့ Living together အတူမနေမိပါစေနဲ့ ။ ဒါဆိုရင် အရေးပေါ်သန္ဓေတားဆေးကလည်း ကူညီပေးနိုင် မှာမဟုတ်ပါဘူး ။ ခဏခဏ နေမယ်စိတ်ကူးရှိရင် ရေရှည်စီမံကိန်း ဆွဲပါ ။ OC Pills လို့ခေါ်တဲ့ မြှားကဒ်လေးတွေသောက်မလား ၊ ၃ လခံဆေး 3 month depo injection ထိုးမလား ၊ IUD လို့ခေါ်တဲ့ သားအိမ် တွင်းထည့်ပစ္စည်းထည့်မလား သင်ကြိုက်ရာရွေးပါ ။

ချစ်ခြင်းမေတ္တာဆိုတာ sex နဲ့တွဲမှ လေးနက်ခိုင်မြဲတဲ့အရာမဟုတ်ပါဘူး ။ သူ့အလိုလို နားလည်ခွှင့်လွှတ် ချစ်တတ်ခြင်းဟာလည်း မွန်မြတ်တဲ့စိတ်ကလေးတစ်ခုပါပဲ ။

အထက်ပါအကြောင်းအရာများကို ရေးသားခြင်းဟာ လူငယ်လူရွယ်လေးတွေအဖို့ သိသင့်သိထိုက်တာတွေကို ရှင်းရှင်း လင်းလင်း သိပြီး ရှောင်သင့်တာရှောင်ဆောင်သင့်တာဆောင်နိုင်ဖို့ အတွက်ပဲဖြစ်ပါတယ် ။ Love နဲ့ Sex ကို ခွဲခွဲခြားခြား သိမြင်နိုင်ပါစေဟု လေးနက်စွာ ဆန္ဒပြုလျှက်.............။

(မရှင်းလင်းတာတွေ ထပ်ပြီးသိချင်တာတွေကို ကွန်းမန့်မှာမေးသွားနိုင်ပါတယ် ။ အတတ်နိုင်ဆုံး ပြန် လည်ဖြေပေးသွားပါ့မယ် ။ )

သက်တန့်ချို
23 Feb 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Read More...

Sunday, January 2, 2011

Tea ချို-ပေါ့-ကျ တခွက်

လက်ဖက်ရည်ဟာ သောက်စရာ မှန်သမျှထဲမှာ ကော်ဖီနဲ့အတူ ပေါ်ပြူလာ အဖြစ်ဆုံးပါ။ ကော်ဖီ၊ အရက်၊ အအေးတွေ အားလုံး ပေါင်းလိုက်တာထက်တောင်မှ လက်ဖက်ရည်က ပိုများတာ အိန္ဒိယမှာ ဖြစ်ပါတယ်။ ဒါတောင် လူတယောက် တနှစ်သောက်တာ 750 grams သာရှိပါသတဲ့။ တူရကီမှာက 2.5 kg ရှိလို့ per capita consumption တဦးချင်း သောက်သုံးမှုနှုံး အများဆုံး။

“အသီးမှာ သရက်၊ အသားမှာဝက်၊ အရွက်မှာ လက်ဖက်” ဆိုတဲ့စကားက Tea leaves လက်ဖက်ရွက်အတွက် အမြတ်နိုး တန်ဘိုးထားမှု တခုပါ။ ဗမာတွေ မနက်မိုးလင်းကနေ မအိပ်မချင်း သောက်ကြတဲ့ ရေနွေးကြမ်း၊ အဖန်ရည်ကို သူများတွေ မသိရှာကြပါ။ သူများတွေ ကြိုက်ကြတာက ဖျော်သောက်ရတဲ့ Tea လက်ဖက်ရည်။ ဒါ့ကြောင့် လက်ဖက်ရည်-အချိုကိုဘဲ စာဖွဲ့ရေးကြ သမိုင်းတွေ လိုက်ရှာကြတယ်။

လက်ဖက်ပင်ရဲ့ ရာဇ၀င်က အာရှမှာ စတင်ခဲ့တာပါ။ တရုပ်၊ အိန္ဒိယ နဲ့အတူ မြန်မာနိုင်ငံလဲပါတယ်။ BC 300 – AD 200 Shennong Ben Cao Jing ခေါ်တဲ့ တရုပ် ဆေးဖက်ဝင်အပင်တွေ အကြောင်း စာအုပ်မှာ အစောဆုံး တွေ့ရတယ်။ ပါးစပ်ပြော တရုပ်သမိုင်းမှာ ဘီစီ ၂၇၃၇ က (ရှန်နွမ်) ဧကရာဇ်ဟာ လက်ဖက်ပင်အောက်မှာ စံနေယင်း သူသောက်တဲ့ ရေနွေးထဲ အမှတ်တမဲ့ကျတဲ့ အရွက်ကို ရာဇအိနြေ္ဒမပျက် ဆက်သောက်ရာကနေ သဘောကျ နှစ်ခြိုက်တော်မူပြီးနောက် လူတွေ လိုက်သောက်လာ ကြတယ်လို့ ဆိုတယ်။

ဒီစာဖတ်ရတော့ ဟိုအရင်က စိတ်ကူးယဉ် ၀တ္ထုတပုဒ်ထဲမှာ “စထော်ဘယ်ရီပင်အောက် အတွဲတတွဲ ထိုင်ပြီးနောက့်” ဆိုတာ ရေးမိသူ လူပြောခံရတာ အမှတ်ရလာတယ်။ အခုမြင် လက်ဖက်ပင်အောက်မှာ လူထိုင်လို့ မလွတ်တာမို့ တရုပ် ဘုရင် လက်ဖက်ပင်အောက် မှောက်နေမလားပေါ့။ ပြီးမှ ခုခေတ်မှာ အရွက်ခူးရ အဆင်ပြေအောင် လက်ဖက်ပင်တွေကို ရင်ခေါင်းလောက်သာ ထားကြတယ် မဟုတ်ပါလား။

ဗမာပြည်က ထူးစရာရှိရင် ထူးပါတယ်။ မကောင်းလို့ ထူးတာတွေ နှစ်သစ်မှာ မပြောကြေး။ ထူးတဲ့ အကောင်းထဲမှာ လက်ဖက် အကြောင်းလဲပါတယ်။ လက်ဖက်ကို အနည်းဆုံး သုံးမျိုးလုံး သုံးတတ်တာ ဗမာဘဲရှိတယ်။ လက်ဖက်ရည်ကြမ်း၊ လက်ဖက်ရည်ချို၊ လက်ဖက်သုပ်၊ ဒါတင် ဘယ်ဟုတ်မလဲ လက်ဖက်ရည်ဆိုင်ထိုင်တာလဲ ကိုယ့်ဆီမှာဘဲ ရှိတာ။ ကမ္ဘာမှာ (ကဖေး)၊ (ရက်စ်တောရင့်)၊ (ဟော်တယ်)၊ (ကော်ဖီ-ဟောက်စ်) တွေမှာသာ လက်ဖက်ရည်ကို ထိုင်သောက်လို့တော့ ရမယ်။ (တစ်ပ်) ပေးရမယ်။ (တက်စ်) ကလဲ မနည်းဘူး။ အိန္ဒိယမှာ အပိုအဆာတော့ မပေးရပါ။ ခက်တာက အုတ်ခုံ၊ ကျောက်တုံးမှာသာ ထိုင်တတ်သလို ထိုင်သောက်ရတယ်။ ကိုယ့်ဆီက ဆိုင်မှာတော့ လက်ဖက်ရည် မှာတတ်အောင် ခေတ်စကား တတ်မှရတယ်။ (ကင်ညာ) မှာ သောက်ကြတာကလဲ “ကျောက်ပန်းတောင်း” လို အလွန်ချိုပြီး၊ တကယ်လဲ ပူတဲ့ လက်ဖက်ရည်ဘဲတဲ့။

သူများဆီမှာ High tea လို့ခေါ်တာ ဖက်ရှင်တခုလိုပါ။ ညနေ ၅ နာရီနဲ့ ၆ နာရီကြားမှာ ဆိုရှယ် လူစုလူဝေး လုပ်ကြတာပါ။ Meat Tea လို့လဲ ခေါ်သေးတယ်။ အမေရိကန်တွေ ထွင်တာပါ။ လက်ဖက်ခြောက်နဲ့ အမေရိကန် သမိုင်းမှန်ရှိတယ်။ ၁၇၇၃ ဒီဇင်္ဘာ ၁၆ ရက်မှာ ဗြိတိသျှ-ကိုလိုနီ၊ ဘော်စတွန်မြို့မှာ အရှေ့အိန္ဒိယ ကုမ္ပဏီပိုင် သင်္ဘောသုံးစီးပေါ်က လက်ဖက်ခြောက် သေတ္တာ မှန်သမျှ ပင်လယ်ထဲ သွန်ချခဲ့ကြလို့ Boston Tea Party လို့ တွင်ခဲ့တယ်။

အာရှမှာလဲ (ဟိုင်း-တီး) ကို ၂ နာရီကနေ ၆ နာရီအတွင်း နောက်ကျကျ နေ့လယ်စာအနေနဲ့ ဧည့်ခံတယ်။ High ဆိုတာ လက်သုံးစကားသာဖြစ်ပြီး တိုက်ရိုက် အဓိပ္ပါယ်ကို ဆိုလိုတာ မဟုတ်ပါ။ High-end hotel တွေမှာ High tea ကို (ဆာ့ဖ်) လုပ်ကြတယ်။ ပြင်သစ်မှာ ညနေ ၄ နာရီလောက် ကျောင်းကနေ ဆာဆာနဲ့ ပြန်လာကြတဲ့ ကလေးတွေကို တိုက်တယ်။ ဘယ်လို ခေါ်ခေါ်ပါ ဒါတော့ ကောင်းတယ်။ ၁၈၄၀ တုံးက သတ္တမြောက် Duchess of Bedford က ကလေးတွေလိုဘဲ ထင်ပါရဲ့ ညနေ ၄ နာရီလောက်ဆို ဗိုက်ဆာတတ်သတဲ့။ ဒါနဲ့ ညနေခင်း လက်ဖက်ရည် ပွဲတော်တည်တာ ဖြစ်လာရတယ်။ Tea အလေ့အထ အင်္ဂလိပ်တွေ ရလာကြတာကလဲ ပေါ်တူကီ မင်းသမီး Catherine of Bragança က ဒုတိယမြောက် ချားလ်နဲ့ လက်ထပ်တော့ မင်္ဂလာလက်ဆောင်ပြန် သဘောဘဲတဲ့။

မင်းသမီးနဲ့ တဆက်ထဲ အမျိုးသမီးတွေလဲ ပြောပါအုံးမယ်။ Tea shops လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုကို စခဲ့တာ အမျိုးသမီးပါ။ ၁၈၆၄ ဂရိတ်-ဗြိတိန်မှာ ပေါင်မုံ့ဆိုင်ရဲ့ ဖေါက်သည်ကောင်းတွေကို စပြီးတည်ခင်းရာကနေ ဖြစ်လာတာတဲ့။ လက်ဖက်ခြောက်မှာ အရောင်ဆိုးတာပါ-မပါ စမ်းနည်းကို အမျိုးသမီး ဒေါက်တာ Alberta (ရိဒ်) ကနေထွင်ခဲ့လို့ Read Test ခေါ်ပါတယ်။

ရုက္ခဗေဒလို Camellia sinensis ခေါ်တယ်။ အမြဲစိမ်း အပွင့်ပွင့်တဲ့အပင်မျိုး။ မိုးရေ တနှစ်မှာ အနည်းဆုံး လက္မ ၅၀ ရမှ ပေါက်တယ်။ မြေကလဲ အချဉ်ဓါတ်ရှိမှ ကောင်းတယ်။ အမြင့်ပေ ၄၉၀၀ လို့ ဆိုတယ်။ “လက်ဖက်ကောင်း စားချင်ရင် ပလောင် တောင်တက်နှေး” ဆိုတာက ပလောင် လူမျိုးတွေဟာ လက်ဖက် ခူးရာမှာ အနုစိတ်၊ အသေးစိတ် လုပ်ရလို့ တောင်စောင်းတလျှောက် လက်ဖက်ခူးရာ ဖြေးရ-နှေးရတာကို ပြောတာပါ။

လက်ဖက်ရွက်က အရောင် ၆ မျိုးတောင်ရှိတယ်။ အဖြူကနေ အနက်အထိ။ တောင်အာဖရိကမှာ ပေါက်တဲ့ Rooibos plant ကို Red bush ခေါ်တော့ အာရှမှာခေါ်တဲ့ Red tea ကိုဘဲ Black tea လို့ခေါ်တယ်။ သူတို့ လုပ်တော့ ရှုတ်ကုန်ရော။ Black tea ဖျော်တာမှာ ရေနွေးကို ၁၀၀ ဒီဂရီအထိ မရောက်ခင် လက်ဖက်ခြောက် ထည့်ရတယ်။ Green tea ကြတော့ အဲလောက် ဆူစရာ မလိုပါတဲ့။ White or Oolong tea ကိုတော့ ၉၀-၁၀၀ ပူလဲ ရတယ်ဆိုဘဲ။

လက်ဖက်ရည် တည်ခင်းတဲ့ခွက်ကလည်း စကားပြောသေးတယ်။ သိတဲ့အတိုင်း ဗမာတွေက ကြွေပန်းကန်၊ စဥ့်ပန်းကန် သုံးတာ များတယ်။ အိန္ဒိယမှာ ကြွေအတုသာ သုံးတယ်။ အိန္ဒိယမြောက်ပိုင်းမှာ မြေခွက်လေးတွေ သုံးပါတယ်။ သုံးပြီး လွင့်ပစ်ရလို့ ဒါလဲ တခါသုံးဘဲ။ ဗုဒ္ဓဂါယာ ဘုရားဖူးပြန် ဆောင်းပါးတပုဒ် ဖတ်ရတယ်။ လက်ဖက်ရည်ကို (ဟင်ဒီ) လို Chai (ကျားယ်) (ချားယ်) လို့ အသံထွက်တယ်။ စကားမတူရင် ကိုယ်နဲ့ နီးတာ ယူတတ်ကြတော့ စာရေးဆရာမက ရေးပါတယ်။ “ကာလကတ္တား ဘူတာမှာ ကျားဟေ့၊ ကျားဟေ့ဟု အော်၍ ရောင်းသော လက်ဖက်ရည်ကို အိုးပုတ်နဲ့ သောက်ခဲ့ရသည်။” ခုထိ ရီရလို့ ကျေးဇူးတင်ပါတယ်။

လက်ဖက်ရည်နဲ့ ကျန်းမာရေး ဆက်စပ်မှုမှာ ငြင်းစရာတွေ ရှိတယ်။ ဖြစ်နိုင်ခြေ အကျိုးတွေထဲမှာ ကင်ဆာ နဲ့ နှလုံး-သွေးကြောရောဂါတွေကို ကာကွယ်တာ ပါတယ်။ တိရစ္ဆာန်တွေမှာ စမ်းလို့ သိတာပါ။ လူတွေကို အဲလိုထိ ဖြစ်စေဘို့ လိုအပ်တဲ့ ပဏာမမှာ ငြင်းစရာ ဖြစ်နေတယ်။ ၂၀၁၀ သုတေသနတခုအရ အသက် ၆၅ နှစ်ကျော်သူ ၄၈၀၀ ကို စမ်းတော့ Cognitive decline စိတ်ကူး စိတ်သန်းတွေ လျော့နည်းလာတာမှာ သက်သာတာ တွေ့ရတယ်။ အရိုးလဲ ကောင်းစေသတဲ့။

အကောင်းဖက်က ဆက်ပြောရရင် လက်ဖက်ရွက်ဟာ ခေသူမဟုတ်ပါ။ ဓါတုအမျိုးပေါင်း ၇၀၀ ကျော်ပါတယ်။ Amino acids, Flavanoides, Vitamins (C, E, K), Caffeine နဲ့ Polysaccharides တွေပါတယ်။ (ဆဲလ်) တွေကနေ ရောဂါ ပြီးတာကို ဆောင်ရွက်ပေးရာမှာ အကူအညီပေးတယ်။ (ဆဲလ်) နံရံတွေကို Oxidative damage ကြောင့် ပျက်စီးမှာကို သက်သာစေနိုင်တယ်။ Fluorine ဆိုတာပါလို့ သွား-သွားဖုံမှာ ရေစီးကမ်းပြိုဖြစ်တာ ကာကွယ်စေတယ်။ သွေးဖိအား ထိန်းညှိတာ၊ အဆီထိန်းပေးတာ၊ ဆီးထဲက အချိုဓါတ်ထိန်းတာတွေကိုပါ သက်ရောက်စေတယ်။ ဗက်တီးရီးယားတွေကိုလဲ သေစေ၊ တားစေနိုင်တယ်။

Tea ထဲမှာ Antioxidant ဖြစ်တဲ့ Catechins ပါတယ်။ လက်ဖက်က လတ်ဆတ်နေရင် အလေးချိန်ရဲ့ ၃ ပုံ ၁ ပုံကသူဘဲ။ Antioxidant ဆိုတာ (ဆဲလ်) တွေ၊ (တစ်ရှူး) တွေ ပျက်စီးမှာကို ကာကွယ်တဲ့ သတ္တိကို ပြောတာပါ။ ပုံမှန် တခွက်မှာ Flavonoid antioxidants 140-300 mg ပါတယ်။ Stimulant ဖြစ်တဲ့ Caffeine အလေးချိန်ရဲ့ ၃% ပါတယ်။ Theanine 14-18 mg ပါတယ်။ Theobromine, Theophylline ဆိုတာတွေလဲ နဲနဲစီပါတယ်။ American Dietetic Association အဆိုအရ လက်ဖက်ရည် တခွက်မှာ (ကေဖင်း) 40 mg ပါတယ်။ ကော်ဖီ တခွက်မှာ 85 mg ပါတယ်။ သတိမမေ့ဘို့က ဘယ်ဟာမဆို တန်ဆေး၊ လွန်ဘေး။ လက်ဖက်ရည်ကို တနေ့ ၈ ခွက်ထက် များရင် မကောင်းဘူး။

တရုပ်-ဟန် လူမျိုးတွေက လက်ဖက်ရည်ကို နွားနို့မပါဘဲ သောက်ရာကနေ မန်ချူးတွေ ၀င်လာမှ အကျင့်ရလာသတဲ့။ လက်ဖက်ရည်ထဲ နွားနို့ထည့်လိုက်ရင် ကောင်းကျိုး လျှော့စေတယ်လို့ ၂၀၀၇ European Heart Journal က ဆိုတယ်။ အိန္ဒိယမှာ ဘယ်နေရာဖြစ်ဖြစ် နွားနို့နဲ့သာ ဖျော်တယ်။ ဗမာပြည်ကလို ချက်နို့ဆီဆိုတာ မရှိပါ။ ဗူးနို့ဆီလဲ ရှိတော့ ရှိတယ်၊ ရှားတယ်ပေါ့။ အပိုအဆာ ထည့်တာလဲ ထွင်ကြတယ်။ Jasmine tea စပယ်ပွင့်ခြောက် ထည့်တာ တရုပ်၊ ဗမာ တူပါတယ်။ Salt tea ဆားထည့်တာ အာရပ်၊ ဗမာ တူတာဘဲ။ Lemon tea သံပုရာ ထည့်တာ ရုရှားနဲ့ အီတလီမှာ များတယ်။ အနောက် နိုင်ငံတွေမှာ Whisky or Brandy တွေ ထည့်သောက်တာလဲ ရှိသေးတယ်။ Indian Masala chai ဆိုတာ အစုံထည့်တယ်။ မနက်ခင်း ချင်း (ဂျင်း) ထည့်တယ်။ တချို့က (ဖါလာ) လဲ ထည့်တယ်။ အိန္ဒိယကို လာရင် ရေသောက်တာ စိတ်မချရဘူး။ လက်ဖက်ရည်ကတော့ စိတ်ချနိုင်ပါတယ်တဲ့။

• သွေတိုးကျစေသည် (Archives of Internal Medicine, 2004); (National Cheng Kung University study, Archives of Internal Medicine, 2004)
• (ကိုလက်စထော) ကျစေသည်။ (Journal of Nutrition, 2003) (USDA Beltsville Human Nutrition Research Center, 2003)
• နှလုံးရောဂါအတွက် ကောင်းနိုင်သည်။ (The Journal of the American Heart Association, 2001)
• ကင်ဆာ ကုတာ ကူညီရာကျသည်။ Esophageal cancer (Harvard Medical School, 2004); Prostate cancer (Center for Human Nutrition at UCLA's David Geffen School of Medicine, 2004); Cancer caused by smoking (Journal of Nutrition, 2003); Colon cancer (Linus Pauling Institute at Oregon State University study, Carcinogenesis, 2003); Skin cancers risk (University of Arizona study, Cancer Epidemiology, Biomarkers and Prevention, 2001); Lower stomach cancer risk (University of California at Los Angeles (UCLA) School of Public Health study, International Journal of Cancer, 2001)
• ရောဂါပြီးစနစ်ကို အကျိုးများစေသည်။ (Proceedings of the National Academy of Sciences, 2003)
• (လူကီးမီးယား) အတွက်ကောင်းသည်။ (Mayo Clinic, 2004)
• (အဇာမိုင်ယား) ရောဂါအတွက် ကောင်းသည်။ (Newcastle University's Medicinal Plant Research Centre study, Phytotherapy Research, 2004)
• AIDS ရောဂါအတွက် ကောင်းသည်။ (University of Tokyo, Journal of Allergy and Clinical Immunology, 2003)

J. Jonker, Amsterdam 1670 က ကဗျာနဲ့ စာဖွဲ့တယ်။
• Tea that helps our head and heart
• Tea medicates most every part
• Tea rejuvenates the very old
• Tea warms the hands of those who're cold

နှလုံး နဲ့ ဦးနှောက်ကို ကူညီပေး၊ နေရာတကာအတွက် ဆေး၊ အိုနာ-ဇရာဘေး ငယ်ရုပ်ဆင်လို့ပေး၊ လက်ဖျားအေးတာ နွေးလာစေမဲ့ (ကျာယေး)။ လာလည်တဲ့ ဧည့်သည်တွေကို လက်ဖက်ရည်နဲ့ တည်ခင်းတာ Symbol of hospitality ဧည့်ဝတ် ကျေပွန်မှု သင်္ကေတပါ။ ဒီအကြောင်း သူများရေးတာ ဖတ်ဖူးသူများအတွက်တော့ Same tea, different names လို့သာ မှတ်ယူပါခင်ဗျား။

Dr. တင့်ဆွေ
၂-၁-၂၀၁၁
http://dts-medicaleducation.blogspot.com/2011/01/tea.html

Read More...

Sunday, December 26, 2010

Homo- အတူတူကို စိတ်ဝင်စားခြင်း

February 10, 2010 9:52 PM
Q: ကျွန်တော်အသက် (၂၀) ရှိပါပြီ။ မိန်းမနဲ့လည်းဆက်ဆံဖူးတယ်။ ယောက်ျားနဲ့လည်းဆက်ဆံဖူးတယ်။ ဒါပေမဲ့ လောလောဆယ်အထိတော့ မိန်းမထက်ယောက်ျား ကိုယ်လုံးတီးပုံတွေက ကျွန်တော့်ကို ပိုပြီး လိင်စိတ်ထကြွစေတာကို တွေ့နေရပါတယ်။ ဒါဆိုကျွန်တော်ဂေးပေါ့။ ဒါပေမဲ့ကျွန်တော်အဲဒီလိုမဖြစ်ချင်ဘူး။ ပုံမှန်လိင်စိတ် (မိန်းမကိုသာ တပ်မက်သောစိတ်) ရှိလာအောင် ကျွန်တော်ဘယ်လို ပြုမူကုသရမလဲဆိုတာကို ကျေးဇူးပြု ဖြေကြားပေးစေလိုပါတယ်။
Dec 10, 2010 at 12:29 AM
Q: ကျွန်တော်အခု အသက် ၂၇-နှစ်ရှိပါပြီ။ အခုအချိန်အထိ မိန်းကလေး တစ်ယောက်ကို ရာဂစိတ်နဲ့ မပြစ်မှားဖူး သေးပါဘူး။ ဒါပေမယ့် ယောက်ျား တစ်ယောက်ယောက်ကိုတော့ ရာဂစိတ်တွေ ဖြစ်ဖူးပါတယ်။ အဲဒီယောက်ျားနဲ့ လိင်တူချင်း ဆက်ဆံမှုအနေနဲ့ ရာဂစိတ်ဖြစ်နေတာ မဟုတ်ပါဘူး။ တစ်ခုထူးခြားတာက ကျွန်တော် စိတ်ဝင်စားမိတဲ့ ယောက်ျားတွေက အသက် (၅၀)ကျော် (၆၀) တွေ ဖြစ်နေပါတယ်။ ဒီစိတ်တွေ ဖြစ်ပေါ်လာတော့ ကိုယ်ကိုယ့်ကို အပြစ်ရှိသူ တစ်ယောက် မရိုးသားသူ တစ်ယောက်လို ခံစားနေရပါတယ်။ ကျွန်တော့် စကားတွေ ရိုင်းသွားတယ် ဆိုရင် ခွင့်လွှတ်ပေးပါ။ ကျွန်တော်ဟာ ဂေးတစ်ယောက် ဖြစ်နေပြီလား။ အဲဒီစိတ်တွေ ပျောက်အောင် ဘယ်လို ပြုပြင်ရမလဲ။ အကြံဉာဏ်လေး ပေးပါဦး။

တခါမှ မရေးဘူးသေးတဲ့ အကြောင်းအရာ ရေးရပါပြီ။ မေးလို့ဘဲပေါ့။ လိင်တူအကြောင်း။ ဒီဘာသာရပ်ကို ခရေစေ့တွင်းကျ မရေးလိုပါ။ မေးတဲ့သူမှာ အကျိုးရှိနိုင်တာသာ ရေးပါမယ်။ ဒီတော့ ဒီစာတိုမှာ လိုတာတွေ ရှိပါမယ်။

အနောက်နိုင်ငံတွေမှာ ဘာသာရေးကရော၊ ဘာမဆို ပွင့်လင်းရမယ်၊ ချုပ်တည်းမှုတွေ မလိုဘူး၊ နောင်ဘ၀ဆိုတာ မယုံတော့ အခု သာယာတာ၊ ချမ်းသာတာတွေက အဓိက စတဲ့စတဲ့ အယူအဆေတွေကြောင့် ကမ္ဘာ့တခြား နေရာတွေထက် အကောင်းလို့ ပြောနိုင်တာတွေရော အဆိုးတကယ် စစ်တာတွေပါ လွန်ကဲနေတယ်။

Gay ဆိုတဲ့စကားလုံးကို အရင်က အပူအပင်ကင်းသူ၊ ပျော်ပျော်နေသူ၊ ထက်မြက်သူ၊ စတဲ့အဓိပ္ပါယ်နဲ့ သုံးခဲ့ရာကနေ ဒီလို ပြောတာကိုတောင်မှ မသိရတော့လောက်အောင် “လိင်တူသမား” တွေလို့သာ မှတ်လာကြတာက ၂၀ ရာစု ရောက်ခါနီးမှပါ။ လိင်တူ ဆိုတာတောင် ကျား-ကျား၊ မ-မ နှစ်မျိုးလုံးနဲ့ ဆိုင်ပေမဲ့ ၂၁ ရာစုထဲမှာ (မ) တွေအတွက် Lesbian စကားလုံးကို ပေးပြီး၊ (ဂေး) ကို ယောက်ျားသားတွေက အပိုင်သိမ်းလာကြတယ်။

Homosexuality ရဲ့သဘောဟာ အလွန်မတန် ရှုတ်ထွေးတာကို သိလာရတယ်။ မိသားစု၊ ပါတ်ဝန်းကျင်၊ မျိုးဗီဇ အကုန် ဆိုင်နေတယ်။ အတော်များများမှာ မသိစိတ်ကနေ ရွေးချယ်ပေးနေတယ်။ တချို့မှာ ကလေးဘ၀ကတည်းက မိဘတွေက လိုအပ်တာမို့ ဖြစ်ကြရတယ်။ အပေါင်းအသင်းနဲ့ ပါတ်ဝန်းကျင်လဲ မလွတ်ဘူး။

မျက်မှောက်ကမ္ဘာမှာ လူတိုင်း Brainwashed ဦးနှောက် ဆေးခံနေကြရတယ် မဟုတ်ပါလား။ ရေဒီယိုနားထောင်၊ ရုပ်ရှင်-ပြဇာတ် ကြည့်ကြည့်၊ ကြော်ညာတွေ မြင်မြင်၊ နိုင်ငံရေးဆိုတာတော့ မပြောနဲ့၊ အစိုးရကသာ ထုတ်ခွင့်ရှိတဲ့ နိုင်ငံတွေမှာ သတင်းစာကအစ ဖြစ်စေချင်တာ၊ ဖတ်စေချင်တာတွေကိုသာ၊ သည်းခြေကြိုက်တွေကိုသာ 24 x 7 မဖတ်ချင်၊ မကြားချင်၊ မမြင်ချင် အဆုံး။ ဒီအထဲမှာ Homosexuality လဲပါတယ်။ ၂၀၀၉ တုံးက “မောင်မစ္စက ပြိုင်ပွဲကြီး ရန်ကုန်မှာ ခမ်းနားစွာ ကျင်းပ” လို့ ဖတ်ရဘူးတယ်။

ဒီအကြောင်းအရာကို ဦးဆုံး စက်တင်ပုံနှိပ်ခဲ့တာ ၁၈၆၉ မှာ Karl-Maria Kertbeny ရဲ့ဝတ္ထုဖြစ်ပေမဲ့ အမည် မဖေါ်လိုသူ တဦး ဆိုပြီး ရေးခဲ့ရတာပါ။ စိတ်ပညာနဲ့ Homosexuality ကို စလေ့လာတုံးက Mental illness စိတ်ရောဂါတမျိုးလို့ သတ်မှတ်ခဲ့တယ်။ နောက်တော့ ပြန်ပြင်လာရတယ်။ ၁၉၇၀ ကျော်တော့ Normal variation of human sexual orientation လိင်စိတ် တိမ်းညွှတ်မှု ပြောင်းလဲတတ်တဲ့ သဘာဝဖြစ်စဉ်လို့ ဆိုလာကြတယ်။ အမေရိကားနဲ့ အနောက် နိုင်ငံတွေမှာပါ။ သူတို့ဆီမှာ ဒီလိုဖြစ်နေသူ ၂-၁၃% ရှိတယ်။ တိုးနေအုံးမှာပါ။

မိန်းမကိုယ်ခန္ဓာလို ရှိသူဟာ ယောက်ျားကိုယ်မျိုးကို နှစ်သက်တယ်။ အပြန်အလှန်ပေါ့။ အမြဲမှန်တာတော့ မဟုတ်ပြန်ဘူး။ တချို့ ပြောင်းပြန် ဖြစ်နေတာတွေ ရှိတယ်။ Homosexuality ဆိုတိုင်း လိင်အင်္ဂါတွေ သုံးပြီး ဆက်ဆံမှုပြုတာ မဟုတ်ဘူး။ Romantic စိတ်ကစားတာ၊ Behavior အမူအယာပြုတာ၊ Attraction စွဲလမ်းမှု ဖြစ်တာတွေလဲ ပါတယ်။ စောစောပြင်ရင် ဆက်မတိုးစေနိုင်ပါ။

တချို့က မပြင်ချင်ကြဘူး။ ပြင်ဘို့ လိုကောင်းမှန်းတောင် မရှိစေအောင်၊ နက်သထက် နက်တဲ့ တွန်းထဲ ပို့ချ-ဖိချနေတဲ့ လူမှုအသိုင်းအ၀ိုင်းမှာ လူအတော်များများ နေကြရတယ်။ ပြင်ချင်တဲ့သူတွေကို အားပေးကြဘို့ တိုင်တွန်းချင်ပါတယ်။ AIDS ကို ကာကွယ်ရေး၊ တိုက်ဖျက်ရေးလုပ်တာမျိုးလို လုပ်နိုင်ရင် လူ့လောကကြီးဟာ လူ့လောကကြီးနဲ့ ပိုတူလာလိမ့်မယ်။ HIV ရှိသူ၊ ဒီလို သဘာဝ မဟုတ်တာ ရှိနေသူတွေကို နှိမ်ဘို့၊ ပယ်ဘို့တော့ လုံးဝ မလုပ်သင့်ဘူး။ ဒါပေမဲ့ သူတို့တတွေကို နားလည်မှု ပေးပြီး၊ ဖေးမ ပြုပြင်ရမယ်။ မဖြစ်သေးသူတွေ နည်းအောင် လုပ်ရမယ်။ တိုက်ဆိုင်နေတာက လိင်တူကနေ AIDS ကို စသိခဲ့တာ မဟုတ်ပါလား။ မိဘတိုင်းက ကိုယ့်သမီးကို မိန်းကလေး ပီသစေချင်တယ်၊ ယောက်ျားလေးကိုလဲ အဲလိုဘဲ။

ခရစ်ယမ် (ရိုမန်ကက်သလစ်) က Pornography ကို Mortal sin အကုသိုလ်လို့ သတ်မှတ်တယ်။ ခရစ်တော်က ဘယ်သူမဆို Lust ရာဂစိတ်နဲ့ ကြည့်တာဟာလဲ Adultery ဖေါက်ပြန်မှုတဲ့။ ဗုဒ္ဓဘာသာအဆိုအရ အပြစ်ဆိုတာ စိတ်၊ နုတ်နဲ့ ကိုယ် ကံသုံးပါလုံးမှာ ကျူးလွန်နိုင်တယ်။ စိတ်က ပင်မကျတယ်။ Psychotherapy စိတ်ကုသနည်းနဲ့ Sexual orientation ဆိုတာ ပြောင်းလို့ ရနိုင်တယ်၊ နည်းအောင် လုပ်နိုင်တယ်။ ဒါပေမဲ့ ရာနှုန်းပြည့် မရသေးပါ။

အရုပ်၊ အသံ၊ ဗီဒီယိုတွေက စိတ်ကို ကြွစေတာမို့ ဆင်ခြင်နိုင်လေ မလိုလားအပ်တဲ့ စိတ်ဆန္ဒတွေ မပေါ်လေဘဲ။ ပေါင်းသင်းတာလဲ ရွေးသင့်တယ်။ ကျောင်းပြောင်း၊ အလုပ်ပြောင်းဘို့လိုရင် သတ္တိရှိရှိ ဆုံးဖြတ်သင့်တယ်။ မိဘတွေလဲ ကလေးအတွက် အချိန်ပိုပေးသင့်ကြတယ်။

လူတယောက်မှာ တသက်လုံး Gay ဖြစ်နေတော့မယ်ဆိုတာ မမှန်ဘူး။ ပြောင်းလဲစေတတ်တယ်။ Fluidity of orientation ခေါ်တယ်။ အားတက်ဘို့ ကောင်းတာက Gay တွေရော Lesbian တွေပါ ဘ၀အဆင့်တခုမှာ Coming out အမြင်မှန် ပြန်ရလာမျိုး ဖြစ်လာနိုင်တာ တွေ့လာရတယ်။ အဆင့် ၃ ဆင့်ရှိတယ်။ Knowing oneself ကိုယ့်ကိုယ်ကို သိသွားခြင်း။ Realization သဘောပေါက်လာခြင်း နဲ့ Decision ဆုံးဖြတ်ချက် ချနိုင်သွားခြင်းတွေ ဖြစ်တယ်။

“ဆီးချိုရှိနေလို့ အချိုမစားရဘူး” ဆိုပြီး ဆရာဝန်က မှာထားတယ်။ လိုက်နာ စောင့်ထိန်းသူတွေက လိုက်နာတော့ အသက် ရှည်တယ်။ “ဆရာဝန်စကား မြေ၀ယ်မကျ နားထောင်ထား” လို့ ပြောချင်နေတာတော့ မဟုတ်ဘူး။ “ဆီးချိုသမား အချို မစားတာ အချိုကို မကြိုက်တော့တာ မဟုတ်ဘူး” လို့ ဆိုချင်တာပါ။ စိတ်ထဲ ကျန်နေနေ၊ နုတ်နဲ့ ရုပ်မပါနဲ့၊ ကိုယ်မပါနဲ့။

အခုပြောင်းဘို့ ဖြစ်လာနေတဲ့ အမေရိကန် စစ်မှုထမ်းဥပဒေက Don't Ask Don't Tell policy (ကျား) လား၊ (မ) လား၊ (ဂေး) လား၊ (လက်စဘီယန်) လား၊ “မေးလဲ မမေးနဲ့၊ မေးလဲ ဖြေစရာမလိုဘူး” တဲ့။

ကျန်းမာရေး-မေးခွန်းများ မေးရင်ချင် မေးပါ။ ဖြေနိုင်သလောက် ဖြေပါမယ်။

Dr. တင့်ဆွေ
၂၂-၁၂-၂၀၁၀

Read More...

Tuesday, November 2, 2010

အသည်းသမားတို့အတွက် သင့်တင့်သော LifeStyle

အသည်းရောင် အသားဝါရောဂါဟာ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ နာတာရှည် အသည်းရောဂါတစ်ခုပါ။ ဘီပိုးဝင်တိုင်း နာတာရှည် အသည်းရောင်တဲ့အဆင့်ကို မရောက်ပေမယ့် အသည်းရောင် အသည်းခြောက်၊ အသည်းကင်ဆာဖြစ်ပြီး သေဆုံးသူတွေလည်း မနည်းပါဘူး။ အသည်းရောင်အသားဝါဘီ ရောဂါဟာ သူ့ကြောင့် မသေအောင် ထိန်းသိမ်းကုသနိုင်တဲ့အဆင့်ကို ရောက်လို့နေပါပြီ။ သို့သော်လည်း ဆေးကုသ ကုန်ကျစရိတ်တွေက များပြားတာကြောင့် မြန်မာပြည်သူ အများစုကတော့ လက်လှမ်းမမှီနိုင်သေးပါ။ ဒါ့ကြောင့် ဆေးမကုနိုင်ရင်လည်း အတတ်နိုင်ဆုံး ကျန်းမာအောင် နေနည်းတွေနဲ့ ဆေးသောက်သူတွေမှာ လိုက်နာသင့်တဲ့အချက်များကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

(၁) အစားအသောက်။ အသည်းရောင်ဝေဒနာသည်အတွက် အထူးတလည် diet မလိုအပ်ပါဘူး။ အာဟာရပြည့်ဝအောင် စားဖို့တော့ လိုပါတယ်။ အာဟာရပြည့်ဝတယ်ဆိုတာက လိုအပ်တဲ့ ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်၊ အသီးအရွက်၊ သတ္တုဓာတ်တွေကို မျှတအောင် စားသောက်ဖို့ လိုအပ်ပါတယ်။ အာဟာရပြည့်ဝအောင် စားမယ်ဆိုရင် ပျက်စီးသွားတဲ့ အသည်းဆဲလ်တွေကို ပြန်လည် အစားထိုးနိုင်မယ်။ လုံလောက်တဲ့ အားအင်ရမယ်။ လန်းလန်းဆန်းဆန်းရှိမယ်။ ကိုယ်ခံအားကောင်းလာမယ်။ မြန်မာတွေချက်တဲ့ဟင်းတွေဟာ ဆီများတတ်တယ်။ ဆားများတတ်တယ်။ မလိုအပ်တဲ့ အမှုန့်တွေများတတ်တယ်။ အဲဒါတွေက ကြည့်လို့ပဲကောင်းတာ။ အာဟာရတန်ဖိုးမရှိဘူး။ ဒီတော့ ဟင်းချက်တဲ့နေရာမှာ ဆီကို အနည်းဆုံးထည့် ဆားကို အနည်းဆုံးသုံးပြီး ချက်ဖို့လိုတယ်။ တချို့ကပြောတယ်။ အဲဒီလို ဆီမပါ ဆားမပါဟင်းချက်ရင် ဘယ်စားလို့ကောင်းမှာလဲတဲ့။ ဟုတ်ပါတယ်။ စားလို့မကောင်းပါဘူး။ လူအများစုကလည်း မကြိုက်ကြပါဘူး။ အဲဒါကြောင့်လည်း လူတွေရောဂါထူပြောနေတာပါ။ မကျန်းမာကြတာပါ။ အရေးကြီးတာက လျှာကို အလိုမလိုက်ဖို့ လိုပါတယ်။ ကိုယ်သုံးမှာထက်ပိုစားရင် ကိုယ်အလေးချိန်တိုးလာမယ်။ တနည်းအားဖြင့် ၀လာမယ်ပေါ့ဗျာ။ အဆီများရင် အသည်းမ နဂိုကတည်းက မကောင်းတော့ အသည်းအဆီဖုံးတတ်တယ်။ အဲဒီကနေတဆင့် အသည်းဟာ လျင်မြန်စွာ ပျက်စီးလာနိုင်ပါတယ်။ ၀ပြီး အသည်းအဆီဖုံးသူတွေဟာ ဘီပိုးအတွက် ပိုးသတ်ဆေးသောက်မယ်ဆိုရင်တောင် မ၀သူတွေထက် ဆေးကို တုံ့ပြန်အားနည်းပါတယ်။ တနည်းဆိုသော် ဆေးသိပ်ပြီး မတိုးဘူးပေါ့။ ဒါဆိုရင် သောက်ထားတဲ့ ဆေးတွေ အလဟသတ် ဖြစ်ကုန်မှာပါ။ နောက်ပြီး လိုတာထက် ပိုစားရင် ဆီးချိုဖြစ်လာပါမယ်။ ဘီပိုးကြောင့် အသည်းမကောင်းသူတွေဟာ သာမန်လူတွေထက် ဆီးချိုဖြစ်နိုင်ချေ ပိုမိုများပြားပါတယ်။ အောက်ပါအစားအသောက်များကို လုံးဝရှောင်ကြဉ်ရပါမည်။
  • ဆိုးဆေးပါ အစာများ (ငါးချဉ်၊ ပုစွန်ချဉ်၊ အရောင်ဆိုး ထားသော ငရုတ်ချဉ်၊ အရောင်ဆိုးထားသော သီးနှံများ)
  • အကင်များ
  • အရက်
  • ကြာရှည်ခံအောင်ပြုလုပ်ထားသော ချဉ်ဖတ်အစရှိသည့်အစာများ
  • ဗိုက်တာမင်စီပါဝင်သော ချဉ်သည့်အစားအစာများကို အလွန်အကြူးစားခြင်း
  • သံဓာတ်များစွာ ပါဝင်သည့် အစိမ်းရင့်ရောင်အရွက်များ ကို အလွန်အမင်းစားခြင်း

ဗိုက်တာမင်စီဟာ လူအတွက်လိုအပ်တယ်။ အသည်းအတွက်လည်း လိုအပ်တယ်။ သို့သော် တစ်နေ့တာတွင် ၂၀၀ မီလီဂရမ်ထက် ပိုစားခြင်းဟာ အသည်းကို လိုတာထက် ပိုအလုပ်ပေးမိသလိုဖြစ်ပြီး ဆိုးကျိုးကိုဖြစ်စေတယ်။ ဒါ့ကြောင့် ဈေးကွက်ထဲမှာ ရောင်းနေကြတဲ့ စိတ်ဖိစီးမှုပျောက်စေ ဆေးတွေဟာ ဗိုက်တာမင်စီ ၅၀၀ မီလီဂရမ်ပါဝင်ပါတယ်။ ဒ့ါကြောင့် မသောက်ရပါဘူး။ သံဓာတ်ဟာလည်း ဒီလိုပဲ။ အသည်းကို အနားပေးချင်ရင် သံဓာတ်ကို အများကြီး မစားဖို့လိုတယ်။ ထမင်းစားရင် အသားနဲ့ချည်းပဲ မစားသင့်သလို အရွက်နဲ့ချည်းပဲလည်း မစားသင့်ပါဘူး။ ရောဂါပျံ့တာ ပိုမြန်လာပါမယ်။

(၂) လေ့ကျင့်ခန်း။ အသည်းရောင်ဝေဒနာရှင်တွေ အတွက် ပုံမှန် ကိုယ်လက်လှုပ်ရှား ပြုလုပ်ခြင်းဟာ အလွန်ပင် အရေးကြီးလှပါတယ်။ ပင်ပင်ပန်းပန်း လုပ်စရာမလိုပါဘူး။ တစ်နေ့ကို သွေးလည်ပတ်မှု ကောင်းရုံလောက် လမ်းလျှောက်တာတို့၊ ရေကူးခြင်းတို့ဟာ အလွန်ကောင်းလှပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပုံမှန် ကိုယ်လက်လှုပ်ရှား ပြုလုပ်ခြင်းဖြင့်
  • အ၀လွန်ခြင်းကို ထိန်းသိမ်းနိုင်ပါတယ်။
  • ချွေးထွက်ပြီး နေလို့ထိုင်လို့ကောင်းတယ်။
  • ကိုယ်ခံအားစနစ်ကို ကောင်းစေတယ်။
  • ဆေးသောက်ခြင်းကြောင့် ညောင်းခြင်းညာခြင်းကို သက်သာစေသည်။
လမ်းလျှောက်မည်ဆိုပါက တစ်နေ့လျှင် မိနစ်၃၀ လောက်အထိ လျှောက်သင့်သည်။ နေ့စဉ်လျှောက်ရမည်ဖြစ်သည်။ ချက်ချင်း နာရီဝက်ခန့် မလျှောက်နိုင်ပါက ၁၀ မိနစ်မှ စတင်လျှောက်ပြီး တဖြည်းဖြည်း တိုးသွားနိုင်သည်။ ချက်ချင်း ကိုယ်အလေးချိန်ကျသွားမည် မဟုတ်ပါ။ သို့သော် တဖြည်းဖြည်းချင်းကျလာပြီး နေလို့ကောင်းလာမှာ ဖြစ်ပါတယ်။

Read More...

Monday, October 25, 2010

Coffee and Your Health ကော်ဖီ နဲ့ ကျန်းမာရေး

“ကော်ဖီ” ဟာ အလွန်မတန် တွင်တွင်ကျယ်ကျယ် သောက်သုံးကြတဲ့ “သောက်စရာ” တခုပါ။ နိုင်ငံပေါင်း ၈၀ မှာ စိုက်ကြတယ်။ ၂၀၀၉ တုံးက မက်ထရစ်တန် ၈ သန်း ထုတ်လုပ်ခဲ့လို့ ရေနံပြီးရင် ကမ္ဘာ့ ကုန်သွယ်ရေးမှာ ဒုတိယ လိုက်တယ်။ Beverage သောက်သုံးစရာထဲမှာ ပေါ်ပြူလာ အဖြစ်ဆုံးပါ။

စက္ကန့်တိုင်းမှာ အမေရိကန်တွေ သောက်နေတဲ့ ကော်ဖီ ခွက်ပေါင်း သန်း ၄၀၀ ရှိတယ်။ (ကော်ဖီ-ချိန်း) ဆိုတဲ့ တကမ္ဘာလုံး ချိတ်ဆက်ထားတဲ့ ကော်ဖီ-သံကြိုးဆက် အကြီးဆုံးက ၂၀၀၇ မှာထောင်ခဲ့တဲ့ Starbucks ဖြစ်တယ်။ သူတို့ ယဉ်ကျေးမှုအရ “ခေတ်မီသူတိုင်း (စတားဘတ်ခ်) သောက်ကြသည်”။ ဒီ မဟာလုပ်ငန်းကြီးကို စထောင်ခဲ့တာက ကျောင်းဆရာ ၂ ယောက် နဲ့ စာရေးဆရာ ၁ ယောက် ဖြစ်တယ်။ စာဖတ်သူများ အထင်တော် မမှားကြပါနဲ့။ ကိုးကားစရာ ကိန်းဂဏန်းဆိုတာ သူများ တိုင်းပြည်မှာသာ ရတာမို့ပါ။ ကိုယ့်ဆီမှာ ဆန်ပြုတ်သောက်သူ စာရင်းတောင် ကောက်မဖြစ်ဘူး။ ကျောင်းဆရာတွေ နဲ့ စာရေးဆရာတွေကိုလဲ ချီးမြှောက်ချင်လို့ပါ။

နာမည်ကြီး စာရေးဆရာ (အိုလီဗာ-ဟုမ်းစ်) ရဲ့ Over the Teacups ထဲမှာ “အိပ်ယာထ သောက်ရတဲ့ ကော်ဖီတခွက်က ရတဲ့ လန်းဆန်း-တက်ကြွမှုနဲ့ ခွန်အားမျိုးကို ညနေခင်း လဖက်ရည်ကနေ ပြန်ထပ်လုပ်မပေးနိုင်ဘူး” တဲ့။ အဲဒါဟာ Exhilaration factor ခေါ်ပါတယ်။ ဖြစ်စေတာက Caffeine ခေါ်တဲ့ 1,3,7-trimethylxanthine ပါ။ Psychotropic alkaloid ဖြစ်ပါတယ်။ လဖက်ရည်ထဲမှာလဲ (ကေဖင်း) ပါတယ်။ (ကိုးကိုး) ထဲမှာလဲ ပါတယ်။ တခြား Soft and energy drinks တွေမှာလဲ ပါတယ်။

ထိပ်ဆုံး ရောက်နေတဲ့ ကော်ဖီရဲ့ မူလအစ သမိုင်းလှန်ရရင် အောက်ဆုံးက (အီသီယိုးပီးယား) ဖြစ်နေတာ တွေ့ရတယ်။ အထောက်အထား ခိုင်ခိုင်မာမာ ပြောနိုင်တာကလဲ ပင်လယ်ဓါးပြနဲ့ နာမယ်ရနေတဲ့ (ယီမင်) နိုင်ငံ ဖြစ်နေပြန်တယ်။ ရေးတာက ဆေးပညာစာဆို့။ လာပါမယ်။ ကော်ဖီ သောက်ပါလို့ Prescription ဆေးညွှန်း စပေးခဲ့တာ ၁၅၈၃ တုံးက ဂျာမန် ဆရာဝန် Leonhard Rauwolf ဖြစ်ပါတယ်။

သောက်တဲ့ သူတွေက ကော်ဖီ ကြည့်ပြီး အကောင်း အညံ့၊ ဆရာဝန်တွေက Caffeine (ကေဖင်း) ကြည့်ပြီး၊ ကျန်းမာရေး သင့်-မသင့် ပြောပါတယ်။ စနစ်တကျ ဖေါ်စပ် ပြုပြင်ထားတဲ့ ကော်ဖီက ကောင်းတယ် ဆိုပေမဲ့ တခါတလေ Devil’s brew အဆိပ်ရည်သဘော ဖြစ်ပါတယ်။

“ဘယ်လောက်ဆိုရင် များတယ် ပြောမလဲ။” American Dietetic Association က တနေ့မှာ (ကေဖင်း) 200-300 mg ထက် မပိုစေနဲ့တဲ့။ ချိန်ခွင် မလိုတာ ပြောရရင် အပြင်း-အပျော့ မတူလို့ တနေ့မှာ ကော်ဖီ ၂ ခွက်ကနေ ၅ ခွက်၊ တနည်း ဆိုရင် အနာ-အကိုက်ပျောက်ဆေး Painkillers ၁၀ ပြား။ လူတယောက်နဲ့ တယောက် မတူတာတွေမှာ “ကော်ဖီကို ဘယ်လောက် အထိမခံဖြစ်သလဲ” ပါသေးတာ။

Caffeine က Stimulant စိတ်လန်းဆန်းစေတာ လူတိုင်း လက်ခံပါမယ်။ အိပ်ယာထနဲ့ စာကျက်နေတုံး သောက်သုံး ကြတယ်။ (ကေဖင်း) သာမက Cortisone နဲ့ Adrenaline ဆိုတဲ့ Stimulating hormones ပါသေးတာ သိလာရတယ်။ အသက်ကြီးသူတွေ သောက်ရင် ပိုကောင်းတယ်။ အိုလို့ ဖြစ်ရတဲ့ Dementia, Parkinson's disease, Depression ဇရာ-ရောဂါတွေကို နှေးစေသတဲ့။ Blepharospasm ဆိုတဲ့ မျက်စိ ပုတ်ခတ် ပုတ်ခတ် လုပ်နေတာအတွက် ကောင်းတယ်။ Laxative effect ၀မ်းပြော့တယ်။ Mild diuretic ဆီးသွား နဲနဲများစေတယ်။ Skin cancer, breast cancer ကင်ဆာတွေ ဖြစ်တာ နဲစေတယ်။ Gout ဂေါက် လက္ခဏာ သက်သာစေတယ်။ Tap water ထဲမှာပါတဲ့ Lead or Copper ဆိုတဲ့ Heavy metals ဓါတ်အလေးစားတွေကို ၇၈-၉၀% ပျော်ဝင်နိုင်စေတယ်။ လူငယ်တွေလဲ ပါပါတယ်။ Post-gym muscle pain အားကစား လုပ်ပြီး ကြွက်သားနာတာ သက်သာစေတယ်။ ကြွက်အမလေးတွေကို (ကေဖင်း) ပေးတော့ ကြွက်ထီးဆီ လာတာ ပိုများလို့ Mood for sex ကောင်းစေ ပါသတဲ့။

ဘယ်အရာမဆို ဒေါင့်စုံကနေကြည့် အပေါင်းရော၊ အနုတ်ရော၊ ဟုတ်-မဟုတ်ပါ ပြောနိုင်ကြတာ လွတ်လပ်မှုရဲ့ သရုပ်ပါ။ အမြင်-အတွေး၊ အသိ-ပညာ မတူကြဘူးပါ။ ယူတော့လဲ ကြိုက်တာ ယူကြတာဘဲ။ “တမျိုးထဲပေးလို့ ပေးတာသာ ယူချင်တဲ့ အကျင့်ဆိုတာ ကလေးတွေပါ”။ “မကြိုက်ရင်သေး မယူဘဲ၊ ကြိုက်တာ ရအောင်လုပ်တဲ့သူ လူတော် ဖြစ်တယ်။” ၂၀၁၀ မှာလဲ မှန်ပါတယ်။

ကော်ဖီ အသောက် များရင်တော့ အအိပ် ပျက်စေတယ်။ Coffee jitters ခေါ်တာပေါ့။ အရိုးကို ပါးစေတယ်။ ကော်ဖီကို မစစ်ဘဲ သောက်ရင် LDL (ကိုလက်စထော) များစေတယ်။ အစာအိမ်-အူလမ်းကြောင်း အတွင်းဖုံးလွှာကို ထိခိုက်စေတယ်။ သွားတွေ ညိုမယ်။ BP သွေးဖိအား တက်စေတယ်။ ကော်ဖီ နဲ့ Paracetamol ရော သောက်တာ မကောင်းပါ၊ အသဲကို ထိခိုက်နိုင်တယ်။ ၂၀၀၃ တုံးက ဒိန်းမတ်မှာ ကော်ဖီစွဲနေသူ ကိုယ်ဝန်ဆောင် ၁၈၄၇၈ ယောက်ကို စမ်းသပ်တုံးက ကလေး အသေမွေးနှုန်း များတာ တွေ့ရတယ်။ သံဓါတ်နည်း သွေးအားနည်းရောဂါ၊ နှလုံး-သွေးကြောရောဂါ ဖြစ်တာလဲ များတယ်။

တန်ဆေး-လွန်ဘေး၊ များရင် ဥပါဒ်ပေးတယ်။ များတာနဲ့အမျှ အိပ်မရ၊ မျက်နှာက နီလာ၊ ဂနာမငြိမ်-စိတ်လှုတ်ရှား၊ ဆီးသွား၊ အသားတွေတုံ၊ တွေးပုံ-ပြောပုံ မတည်တော့ပါ။ စိတ်ကတို အလိုမကျ၊ ဒေါသထန်၊ နှလုံးခုံ မမှန် ဖြစ်ပြန်အုံးမယ်။

Coffee can kill you! ကော်ဖီက သေစေနိုင်တယ်။ တခြားဆေးတွေလိုပါဘဲ။ များရင် အဆိပ်ဖြစ်တယ်။ လူတွေကို ကော်ဖီ ဘယ်လောက် ပေးရင် သေစေသလဲ စမ်းသပ်ထားတာ မရှိပါ။ (ဟစ်တလာ) ရဲ့ ဆရာဝန်တွေက စမ်းဘို့ မေ့ခဲ့ကြပုံရတယ်။ ကြွက်တွေကိုတော့ Caffeine 192 mg/kg ပေးရင် 50 % သေစေတယ်။ ဒီနှုန်းနဲ့တွက်ရင် လူတွေကို 150 to 200 mg/kg ဒါမှမဟုတ် ကော်ဖီ ၈၀-၁၀၀ ခွက်တိုက်ရင် မြန်မြန်သေနိုင်မယ်။ ဒါပေမဲ့ အစာအိမ်က ၁ လီတာဘဲ ဆန့်ပါတယ်။

ဆရာဝန်က ကိုယ်ချင်း မစာဘူး။ ကော်ဖီအသေအလဲ ကြိုက်တဲ့သူကို အလျှော့ခိုင်းနေတယ်။ Decaffeinated coffee လို့ ခေါ်တဲ့ Decaf ကို ပြောင်းသောက်ပေါ့။ Caffeine-free coffee နဲ့တော့ မတူဘူးနော်။ နာမည်ကြီး ကော်ဖီတွေမှာ (ကေဖင်း) ပါတာ ယှဉ်ကြည့်ရအောင်။
• Percolated coffee (7 oz) = 140 mg
• Drip (7 oz) = 115-175 mg
• Espresso (1.5 to 2 oz) = 100 mg
• Brewed (7 oz) = 80-135 mg
• Instant (7 oz) = 65-100 mg
• Decaf coffee, brewed (6 oz) = 5 mg
• Decaf coffee, instant (6 oz) = 3 mg

လွတ်လပ်ရေး ရပြီးနောက်ပိုင်း (ကဖေး) ဆိုတဲ့ နာမယ်နဲ့ ဆိုင်တွေ ဖွင့်ခဲ့ဘူးတယ်။ အိန္ဒိယကလာတဲ့ စကားလို့ အထင်မှား နိုင်တယ်။ Coffeehouses or Cafés တွေပေါ်ခဲ့တာ နှစ် ၅၀၀ ကျော်နေပြီ။ Cafés နဲ့ Cafeteria နဲ့ မတူပါ။ လူငယ်တွေ ပိုသိတာက ၁၉၉၁ ကြမှ ဆန်ဖရန်စစ္စကိုမှာ စဖွင့်ခဲ့တဲ့ Internet café or Cybercafé မဟုတ်လား။ အစည်းအဝေး၊ (ကွန်ဖရင့်) တိုင်းမှာ ပြောနေကြတဲ့ Coffee break ကို စသုံးခဲ့တာ ၁၉၅၂ ကပါ။ စာဖတ်သူများ “ကော်ဖီ-ဘရိတ်” ပါ။

Dr. တင့်ဆွေ

Read More...

Tuesday, September 28, 2010

အသက်ရှည်လိုလျှင် အသည်းကို ညှာတာပါ

Liver

အသည်းဟာ လူ့ခန္ဓာကိုယ်မှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ရှိတဲ့ ဇီဝဖြစ်စဉ် တော်တော်များများမှာ သူပါဝင်ပါတယ်။ အညစ်အကြေးတွေ စွန့်ပစ်ခြင်းနဲ့ အဆိပ်အတောက်တွေကို ဓာတ်ပြယ်အောင်လည်း သူကပဲ လုပ်ပေးပါတယ်။ အစာခြေဖို့အတွက် အစာခြေရည်တွေကိုလည်း သူကပဲ ထုတ်ပေးတယ်။ ကိုယ်စားလိုက်တဲ့ ကစီဓာတ်၊ အသားဓာတ်နဲ့ အဆီဓာတ်တွေကို လိုရင်သုံး မလိုရင် သိုလှောင်ဖို့အတွက်လည်း အသည်းကပဲ အဓိက လုပ်ဆောင်ပေးတာပါ။ ဒါ့ကြောင့် တသက်လုံး သုံးရမယ့် အသည်းကို မလိုအပ်ဘဲ အလွန်အကျွံ မခိုင်းမိစေဖို့ အရေးကြီးပါတယ်။ နောက်ပြီး လူတွေက နှလုံးရောဂါ၊ သွေးတိုးရောဂါတွေနဲ့ ဆီးချိုရောဂါတွေ အကြောင်းက သိသင့်သလောက် သိလာတော့ ရှောင်တာဆောင်တာတွေ လုပ်လာကြတယ်။ သွေးတိုးတို့ ဆီးချိုတို့ ကြောက်စရာကောင်းသလို အသည်းကလည်း မမေ့သင့်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် အသည်းကျန်းမာရေးကို ကောင်းအောင် မည်ကဲ့သို့ ပြုမူနေထိုင်ရမည်ကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။

နံပါတ်(၁)။ ။အစားအသောက်စားတဲ့အခါမှာ ကိုယ့်ခန္ဓာကို ကိုယ်နားထောင်ပါ။ ဗိုက်မဆာလျှင်မစားပါနှင့်။ ဆာတယ်မဆာဘူးဆိုတာက ကိုယ့်ရဲ့ စိတ်နဲ့လည်း ဆိုင်သေးတယ်။ ဒါ့ကြောင့် တကယ်မလိုအပ်လျှင် ငါမစားဘူးဟု စိတ်ကို တင်းထားရမည်။ ဥပမာ။ နေ့လည် ၁၂ နာရီလောက်က နေ့လည်စာ စားထားလျှင် ညနေ ၄ နာရီလောက်အထိတော့ နေနိုင်မည်ဖြစ်သည်။ အဲဒါကို ၂ နာရီလောက်မှာ မိတ်ကောင်းလို့ အပြင်မှာ တစ်ခုခုစားလိုက်တာမျိုးဖြစ်သည်။ ဒါမှ မဟုတ် အသုတ်သည်ကိုတွေ့လို့ ၀ယ်စားတာမျိုးဖြစ်သည်။ လိုတာထက် ပိုစားတော့ ဘာဖြစ်ပါသလဲ။ အသည်းက ကိုယ်စားလိုက်တဲ့အစာထဲမှာ ပါဝင်တဲ့ အစာအာဟာရတွေကို စီမံခန့်ခွဲနေရတယ်။ ကိုယ်က အများကြီးစားရင် အသည်းမှာ တာဝန်ပိလာတယ်။ ကြာလာတော့ metabolism လို့ခေါ်တဲ့ ဇီဝဖြစ်စဉ်တွေ ကမောက်ကမ ဖြစ်လာတယ်။ စားလိုက်တဲ့ ကစီဓာတ် တွေကို သွေးထဲမှာ မများလာအောင် pancreas အကူအညီနဲ့ အင်ဆူလင် ဟော်မုန်းတွေကို အများကြီးထွက်စေတယ်။ ကြလာတော့ pancreas က ပင်ပန်းပြီး အင်ဆူလင်မထုတ်နိုင်တော့ဘူး။ အဲဒီမှာ အမျိုးအစား- ၂ ဆီးချိုက ၀င်လာပါရော။ စားလိုက်တဲ့ အဆီတွေကို ကောင်းကောင်းမခြေဖျက်နိုင်တော့ဘဲ အသည်းမှာ အဆီတွေ စုလာမယ်။ တခြားနေရာတွေမှာ အဆီတွေ စုလာမယ်။ အသည်းမှာ အဆီစုတာကို fatty liver လို့ခေါ်ပါတယ်။ အသည်းရောင်ခြင်း မရှိဘဲနဲ့ အသည်းခြောက်တဲ့ အဆင့်ကို ကူးသွားနိုင်တဲ့အတွက် ကြောက်စရာ ကောင်းလှပါတယ်။ ဒါ့ကြောင့် အစားအသောက်ကို လိုအပ်သလောက်သာ စားသုံးဖို့လိုပါတယ်။ စားတဲ့အခါမှာလည်း ကောင်းမွန်စာ ချက်ပြုပ်ထားတဲ့ ဟင်းလျာတွေကို စားသုံးဖို့ လိုပါတယ်။


Liver

နံပါတ်(၂)။ ။ရေကို နေ့စဉ် လုံလောက်စွာ သောက်ဖို့ လိုအပ်ပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့တာမှာ သောက်ရည် ၂ လီတာ ခွဲစာလောက် သောက်ရပါမယ်။ အဲဒီလောက်မှာ မသောက်ရင် ကျောက်ကပ်ဟာ အညစ်အကြေးများ စွန့်ပစ်ဖို့ အလုပ်ကောင်းကောင်းလုပ်နိုင်မှာ မဟုတ်ပါဘူး။ ကျောက်ကပ်က မနိုင်ရင် အသည်းက ကူပေးရတဲ့အတွက် မလိုအပ်ဘဲ အလုပ်ရှုပ်တာပေါ့။ ဒါ့ကြောင့် တနေ့တာကာလမှာ ရေကို နည်းနည်း နဲ့ ခဏခဏသောက်ပေးခြင်းအားဖြင့် အသည်းအတွက်ကောင်းသလို ကျောက်ကပ်ကိုပါ ဆေးပြီးသား ဖြစ်သွားမှာပါ။ ဗမာတွေက ဆီးခဏခဏသွားရင် မကြိုက်ကြဘူး။ ဆီးသွားတာနဲ့ ကျောက်ကပ်ကစစ်ထုတ်တာနဲ့ က တိုက်ရိုက်တော့လည်း မဆိုင်ပါဘူး။ ရေများများသောက်ပြီး ခဏခဏ မသွားချင်ရင် အောင့်ထားတတ်အောင် ကျင့်ထားခြင်းက အသုံးဝင်မှာ ဖြစ်ပါတယ်။

နံပါတ်(၃)။ ။တတိယမြောက်အချက်ကတော့ အရမ်းချိုတဲ့ အစားအသောက်တွေကို မစားဖို့ပါပဲ။ သဘာဝအတိုင်းချိုတဲ့ အသီးအနှံတွေကိုတော့ စားလို့ရပါတယ်။ မစားသင့်တာကတော့ junk food လို့ခေါ်တဲ့ အသင့်စားအချိုစာတွေ၊ သကြားလုံးတွေ၊ အရမ်းချိုတဲ့ ပေါင်မုန့် ကိတ်မုန့်တွေ ဖြစ်ပါတယ်။ သူတို့ဆီမှာ ပါဝင်တဲ့ သကြားတွေဟာ သွေးထဲကို ရောက်သွားတာနဲ့ သွေးထဲက သကြား level ကို အရမ်းမြှင့်တင်လိုက်တယ်။ ဒီအခါမှာ အသည်းဟာ အင်ဆူလင် ဟော်မုန်းရဲ့ အကူအညီနဲ့ သွေးထဲက ပိုလျှံနေတဲ့ သကြားတွေကို လျော့နည်းသွားအောင် လုပ်ရပါတယ်။ ခဏခဏ လုပ်နေရရင် အသည်းဟာ ကောင်းစွာ အလုပ်မလုပ်နိုင်တော့ဘဲ ဆီချိုရောဂါ အ၀လွန်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး ကိုယ်က အချိုဓာတ်ကို ကြိုက်သူဆိုရင် အကောင်းဆုံးနည်းလမ်းက သဘာဝအသီးအနှံ၊ ပျားရည် အစရှိတဲ့ green product တွေကိုသာ စားသုံးသင့်ပါတယ်။

နံပါတ်(၄)။ ။စတုထ္တအချက်ကတော့ အစာလမ်းကြောင်းကို ကျန်းမာအောင် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ စားလိုက်သမျှကို အူတွေထဲမှာ ခြေဖျက်ပြီးရင် အသည်းဆီ အရင်ဆုံးရောက်တာပါ။ ကိုယ်စားတဲ့အစာတွေက မသန့်ရှင်းတဲ့ အစာတွေ ဖြစ်နေရင် ဘက်တီးရီးယားပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေ၊ သန်ကောင်ဥတွေ ပါလာတတ်ပါတယ်။ အူတွေထဲမှာ ရှိတဲ့ ခုခံတဲ့ စနစ်တွေက ဒီကောင်တွေကို နှိမ်နင်းနိုင်တယ်ဆိုပေမယ့် အရည်အတွက်နဲ့လည်း ဆိုင်ပါသေးတယ်။ ကာလ၀မ်းရောဂါပိုးဟာ အကောင်အရေအတွက် နည်းနည်း စားမိရင် လူကို ဘာမှ ဒုက္ခမပေးနိုင်ပေမယ့် လုံလောက်တဲ့ အရေအတွက်ကို စားမိရင် ကာလ၀မ်းရောဂါကိုဖြစ်စေနိုင်ပါတယ်။ ဒီနေရာမှာ အသည်းကို အဓိက ဒုက္ခပေးနိုင်တာက သန်ကောင်ဥတွေပါပဲ။ အချို့သော သန်ကောင်တွေက အူထဲမှာ အကောင်ပေါက်ပြီးရင် အသည်းထဲ အထိရောက်အောင် သွားပါတယ်။ မြန်မာပြည်မှာ သန်ကောင်ပိတ်လို့ သည်းခြေပြွန်လမ်းကြောင်းရောင်ရမ်းပြီး ဆေးရုံရောက်တဲ့ လူနာအရေအတွက်လည်း မနည်းလှပါဘူး။ ရောဂါဖြစ်တဲ့သူတွေကို ရောဂါရာဇ၀င်မေးကြည့်ရင် ဆင်းရဲနွမ်းပါးသူတွေ အဖြစ်များပြီး လမ်းဘေးစာတွေ အသုတ်တွေ ၀က်သားဒုတ်ထိုးတွေ ပုံမှန်စားသူတွေ ဖြစ်ကြပါတယ်။ ကိုယ်က လုံလောက်တဲ့ ၀င်ငွေမရှိလို့ အဆင်ပြေသလိုစားရတာကို အပြစ်မပြောလိုပေမယ့် လမ်းဘေးမှာ ဖုန်တောထဲမှာ ရောင်းတဲ့ အစာတွေ ကိုမှ ကြိုက်နှစ်သက်တဲ့ သူတွေကိုတော့ တားမြစ်ချင်ပါတယ်။ အစားအသောက်ကို သန့်ရှင်းလတ်ဆတ်တာကို စားပါ။ မှိုတက်နေသော အစားအသောက်များသည်လည်း လူကို ဒုက္ခပေးနိုင်ပါတယ်။ မှိုရှိမရှိကို အရောင်ပြောင်းလဲခြင်းနှင့် အနံ့တို့ အပေါ် မူတည်၍ ခွဲခြားနိုင်ပါတယ်။ မှိုသည် အသည်းခြောက်စေနိုင်သည်။ အသည်းကင်ဆာဖြစ်စေနိုင်သည်။

နံပါတ်(၅)။ ။အသည်းဟာ အစာအိမ်နဲ့ အူလမ်းကြောင်းနဲ့ တွဲဖက်ပြီး အလုပ်လုပ်ရတဲ့အတွက် အူလမ်းကြောင်းမကောင်းရင် သူလည်း ဖောက်တတ်ပါတယ်။ အထူးသဖြင့် ၀မ်းချုပ်တဲ့ အခါတွေမှာ အူတွေထဲမှာ ဘက်တီးရီးယားပိုးတွေ ပေါက်ပွားလာတတ်တယ်။ သာမန်လူတွေမှာတော့ သိပ်ပြီး မသိသာလှပေမယ့် အစကတည်းက အသည်းကောင်းစွာ အလုပ်မလုပ်သူတွေ၊ အသည်းခြောက်ရောဂါရှိသူတွေအတွက် အသက်အန္တာရာယ် စိုးရိမ်ရသည်အထိ ဒုက္ခပေးနိုင်ပါတယ်။ ထို့ကြောင် မူလက အသည်းမကောင်းရင် ၀မ်းမချုပ်အောင် သတိထားဖို့လိုပါတယ်။

နံပါတ်(၆)။ ။သဘာဝအရောင်မဟုတ်တဲ့ ဆိုးဆေးပါတဲ့ အစားအသောက်တွေ၊ ကြာရှည်ခံအောင် ထည့်တဲ့ ယမ်းစိမ်းတွေဟာ အသည်းရဲ့ ရန်သူတွေ ဖြစ်ပါတယ်။ အလွယ်ဆုံး မှတ်တဲ့ နည်းလမ်းကတော့ အဲဒါတွေ ပါတဲ့ အစာများများစားလေလေ အသည်းက မြန်မြန်ပျက်စီးလေ ဆိုတာပါပဲ။ အသည်းမကောင်းရင် အသက်တိုပါလိမ့်မယ်။ ဒါ့ကြောင့် အသက်ကို ဥာဏ်စောင့်သည့် သဘောရှိသောကြောင့် ရှောင်ကြရှားကြပါ။

နံပါတ်(၇)။ ။နောက်ဆုံးအချက်ကတော့ လူအများသိကြသည့် အရက်နှင့် ဆေးလိပ်ပင် ဖြစ်ပါတယ်။ သူတို့နဲ့ ပတ်သက်လို့ကတော့ ထပ်မံမပြောလိုတော့ပါဘူး။ အရက်ထဲမှာတောင်မှ အရက်အတု၊ အရက်အပြင်းသောက်သူက ပိုထိတယ်။ အကောင်းစားအရက် သောက်တဲ့သူက သိပ်ပြီး မထိဘူး။ သောက်ပုံသောက်နည်းမှာလည်း ခွေးသောက်သောက်သူက သူဌေးသောက်သောက်သူထက် ပိုထိတယ်။ အမြည်းမပါဘဲ သောက်သူက အမြည်းစားပြီး သောက်သူထက် ပိုဆိုးပါတယ်။



Read More...

Saturday, April 10, 2010

Stress Part Three


စိတ်ဖိစီးမှုလို့ခေါ်တဲ့ mental stress ဒါမှ မဟုတ် psychological stress ကို ဖြေရှင်းနည်းတွေကတော့ online မှာကော စာအုပ်တွေထဲမှာပါ အများကြီးတွေ့ရပါတယ်။ လိုက်လုပ်နိုင်ရင်တော့ ကောင်းတာပေါ့။ ခက်တာက သူတို့ ပြောသလို မလုပ်နိုင်လို့ စိတ်ဖိစီးမှုဝင်တာပေါ့။ မဟုတ်ရင် ဘယ်သူမှ အလုပ်ရှုပ်ခံပြီး ဒီစာတွေ ဖတ်နေမှာ မဟုတ်ဘူး။ အဲဒီတော့ စကြည့်ရအောင်။

ပထမဆုံးနှလုံးသွင်းထားဖို့ လိုတဲ့ အချက်ကတော့ stress ဆိုတာ အခက်အခဲကြုံလာရင် အသုံးဝင်အောင် ပြုလုပ်ထားတာပါ။ လူအတွက် အကျိုးရှိအောင်ပါ။ အဲဒီတော့ သူ့ကို လုံးဝပျောက်အောင် လုပ်လို့မရပါဘူး။ ဘယ်သူမဆို stress ကိုယ်စီ ရှိကြတာပဲ။ သူက ပုံစံမျိုးစံနဲ့ ရှိနေတာ။ ဥပမာ။ ။ စာမေးပွဲကြောင့် စိတ်ဖိစီးတယ်ဆိုပါတော့။ စာမေးပွဲလည်းပြီးရော စိတ်ထဲမှာ ပေါ့သွားသလို ဖြစ်သွားတယ်။ ဖိစီးမှု လျော့နည်းသွားတယ်ပေါ့။ လျော့ပဲလျော့သွားတာပါ။ အပြီးပျောက်မသွားဘူး။ စာမေးပွဲပြီးလို့ ပျော်ပွဲစားထွက်မယ်လို့ စိတ်ကူးလိုက်တာနဲ့ ဖိစီးမှုအသစ်တစ်ခုက ထပ်ပေါ်လာပြန်တယ်။ အဲဒီတော့ စိတ်နေစိတ်ထားနဲ့လည်း အများကြီးဆိုင်တယ်။ လွယ်လွယ်ပြောရရင် တာဝန်ယူစိတ်ရှိတဲ့သူတွေက စိတ်ဖိစီးမှုဒဏ်ကို ပိုခံရလေ့ရှိတယ်။ ကျောင်းသားချင်းယှဉ်ကြည့်လေ။ စာမတတ်မှာ စာမေးပွဲကျမှာ ကြောက်တဲ့ ကျောင်းသားက စာမေးပွဲနီးလာရင် အလိုလိုနေရင်း စာတွေနဲ့ ပိပြီး ဖိစီးလာတယ်။ အလေနတ်တော ကျောင်းသားတွေကတော့ အေးအေးဆေးဆေးပဲ။ မအောင်လည်း ဘာဖြစ်လဲ။ နောက်နှစ်ထပ်နေမှာပေါ့ အစရှိ သဖြင့် နေလေ့ရှိကြတယ်။



စိတ်ဖိစီးမှုကို ဖြစ်စေတဲ့အကြောင်းအရာအပေါ်မူတည်ပြီး အရင်ဆုံး ၂ ပိုင်း ပိုင်းကြည့်ရအောင်။

(၁) ကိုယ်ပြုပြင်၍ရသော အလုပ်ကြောင့် ဖြစ်သည့် စိတ်ဖိစီးမှု
(၂) ကိုယ်ဘာမှ မတတ်နိုင်သည့် ဖြစ်ရပ်များကြောင့် ဖြစ်သော စိတ်ဖိစီးမှု ဟူ၍ ဖြစ်ပါသည်။

(၁) ကိုယ်ပြုပြင်၍ရသော အလုပ်ကြောင့် ဖြစ်သည့် စိတ်ဖိစီးမှု

ဒီအထဲမှာ ပါတာတွေကတော့ အလုပ်ကြောင့် ဖြစ်သော၊ ကျောင်းစာကြောင့် ဖြစ်စေသော၊ လူမှုဆက်ဆံရေးကြောင့် ဖြစ်သော စိတ်ဖိစီးမှုတွေ ပါဝင်ပါသည်။ Management ဂုရုတွေပြောတဲ့ စိတ်ဖိစီးမှု ပပျောက်နည်းတွေက သူ့အတွက် အသုံးဝင်ပါတယ်။ သူ့ကို ပပျောက်အောင်လုပ်ဖို့ ပထမဆုံးအဆင့်ကတော့ အလုပ်ကြောင့်ဖြစ်စေ ကျောင်းစာကြောင့်ဖြစ်စေ ကိုယ့်ဆီမှာ စိတ်ဖိစီးမှုဖြစ်တယ်ဆိုတာ အရင်ဆုံးလက်ခံရပါမယ်။ လက်ခံရသည့်အပြင် သတိလည်းရှိဖို့လိုတယ်။ ငါဘယ်လိုအလုပ်တွေလုပ်ရင် ငါနဲ့ သင့်တော်ပါ့မလား။ ငါစာမဖတ်ဘဲနေရင် ငါစာမေးပွဲနီးတဲ့အခါ စိတ်ပူရမှာလား အစရှိတဲ့ မေးခွန်းတွေကို အလုပ်တစ်ခုခုလုပ်မယ်ကြံတိုင်း ကိုယ့်ကိုယ်ကိုမေးပြီး သတိနဲ့ ဆုံးဖြတ်ဖို့ လိုပါတယ်။ planning မရှိဘဲ လုပ်ချင်တာလျောက်လုပ်ရင်တော့ မလိုလားအပ်တဲ့ စိတ်ဖိစီးမှုတွေ ၀င်လာမယ်ဆိုတာ လက်ခံထားရပါမယ်။ အခုလောလောဆယ်ရှိနေတဲ့ စိတ်ဖိစီးမှုကို မလျော့ဘဲထားရင် ကိုယ့်အတွက်မကောင်းဘူးဆိုတာ လက်ခံရပါမယ်။ တချို့က အဲဒီလိုဝန်ခံတာကို အားနည်းချက်လို့ ယူဆကြတယ်။ အဲဒါမှားပါတယ်။ အရှိအတိုင်းမြင်ခြင်းသာ ဖြစ်တဲ့အတွက် ဆိုးကျိုးမရှိနိုင်ပါဘူး။

အခုဖြစ်နေတဲ့ စိတ်ဖိစီးမှုတွေဟာ ဘာကြောင့်ဖြစ်လာတာလဲ ဆိုတာ ကို ဆင်ခြင်ကြည့်ပါ။ ကိုယ့်ဘက်က ဘာအချက်တွေ ပြုပြင်ရမှာလဲ။ ဥပမာ။ ။အလုပ်မှာ ကိုယ်မကျွမ်းကျင်တဲ့ နေရာမှာ တာဝန်ထမ်းဆောင်နေရလို့လား။ အဲဒါဆိုရင် အဲဒီ role နဲ့ ပတ်သက်တဲ့ သင်တန်းတွေ တက်ပြီး ဖြေရှင်းမလား။ ဒါမမဟုတ် senior တွေ ကို မေးမြန်းပြီး ဖြေရှင်းမလား။ အစရှိတဲ့ မေးခွန်းတွေကို ပြန်မေးပါ။ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ မူလအကြောင်းအရာကို မသိဘဲနဲ့ လျော့ချလို့မရပါဘူး။ အချိန်ကုန်လူပန်းဖြစ်ပါလိမ့်မယ်။ ဒီအဆင့်က အရေးအကြီးဆုံးပါပဲ။ တစ်ခါတစ်လေကျရင် ကိုယ်သတိမထားမိတဲ့ ကိုယ့်ရဲ့ အားနည်းချက်တွေကြောင့် ဖြစ်နေတတ်တယ်။ အဲဒီအချက်တွေကို သေချာသိချင်ရင် ၀ိပဿနာ ရှုမှတ်ပါ။ ၀ိပဿနာ အားကောင်းလာရင် သတိအားကောင်းလာမယ်။ သတိအားကောင်းလာရင် ကိုယ်အရင်က မမြင်မိ မတွေးမိတာတွေကို သတိထားမိလာမယ်။ အနာသိရင် ဆေးကရှိမှာပါ။ အောက်မှာ နာမည်အကြီးဆုံးဖြေရှင်းနည်းတွေကို ဖော်ပြပေးပါမယ်။

အချိန်ကို အကောင်းဆုံးနဲ့ အထိရောက်ဆုံး အသုံးချပါ။ (Proper Time Management)

အချိန်ကို ထိရောက်အောင် သုံးဆိုလို့ တစ်နေ့မှာ ၄ နာရီလောက်ပဲ အိပ်ပြီး နာရီ ၂၀ လောက်အလုပ်လုပ်တာကို ပြောတာမဟုတ်ပါဘူး။ အချိန်ဆိုတာ resource တစ်မျိုးဖြစ်တယ်။ resource ရဲ့သဘောက ဘယ်တော့မှ ပေါတယ်မရှိတယ်။ လူတိုင်းကို မေးကြည့်လေ အချိန်တွေ ပေါနေတဲ့သူတွေရှိလားလို့။ အချိန်မလုံလောက်မှုက အလုပ်လုပ်နေတဲ့လူတိုင်းမှာ ဖြစ်နေတာပါ။ ကန့်သတ်ချက်ရှိနေတဲ့ ဘောင်အတွင်းမှာ အလုပ်ပြီးအောင်နဲ့ အကောင်းဆုံးဖြစ်အောင် လုပ်မယ်ဆိုရင် အရင်ဆုံး စာရင်းတစ်ခုပြုစုပါ။ အရေးကြီးတဲ့အပေါ်မူတည်ပြီး ကြီးစဉ်ငယ်လိုက်စီပါ။ အရေးကြီးတာချင်းတူရင် ကိုယ်မလုပ်ချင်တာကို ရှေ့ကထားပါ။ နေ့တိုင်းနေ့တိုင်းမှာ လုပ်စရာရှိတဲ့အလုပ်တွေကို အဲဒီလို စီပြီးလုပ်ကြည့်လိုက်ရင် အလုပ်ပြီးနှုန်းက အလိုလိုနေရင်းတက်လာပါလိမ့်မယ်။ အလုပ်ပြီးရင် စားဝင်အိပ်ပျော်တာပေါ့။ ကိုယ်တွေ့စမ်းသပ်ထားပြီးသား ဖြစ်တဲ့အတွက် ကျွန်တော်ကတော့ အခုလောလောဆယ် အဲဒီနည်းလမ်းကို သုံးနေပါတယ်။

လိုအပ်တဲ့အချိန်မှာ အနားယူပါ။

ကျောင်းမှာတုန်းက စာဂျပိုးတွေကို တွေ့ရင် ကျွန်တော်ပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်။ အဲဒါကဘာလည်းဆိုတော့ "ကျောင်းသားဆိုတာ စာရဖို့လိုတယ်။ စာကျက်ဖို့မလိုဘူး" လို့ ပြောပြီး နောက်လေ့ရှိတယ်။ သူတို့က အားရင် စာတွေကို ကြက်တူရွေးလို အချိန်တိုင်းရွတ်နေကြတာ။ မြန်မာပြည်မှာတော့ လုပ်စားလို့ရမှာပေါ့။ အပြင်ထွက်ရင် ဒုက္ခလှလှတွေ့တော့မှာ။ ဘယ့်နဲ့ဗျာ။ ဆေးကျောင်းေ၇ာက်နေပြီး အထက်တန်းတုန်းက မဟုတ်မဟတ်နည်းတွေကို ကျင့်သုံးနေကြတုန်း။ ပြောချင်တာက ကျောင်းသားဆိုတာ စာဖတ်ရမယ်။ သို့သော် နားနားပြီးဖတ်၊ ကြားထဲမှာ သီချင်းနားထောင်ချင်ထောင်၊ အပြင်သွားချင်သွား၊ စာကိုတော့ပုံမှန်ဖတ်။ စာသေချာ ကြေညက်ဖို့ အာမခံတယ်။ ဆေးကျောင်းကို အမှတ်လိမ်ပြီး ရောက်လာရင်တော့ မပြောတတ်ဘူးပေါ့။ အဲဒီလို အနားယူပြီး စာဖတ်တဲ့သူနဲ့ စာကိုတစ်ချိန်လုံးဖတ်နေတဲ့သူနဲ့ ယှဉ်ပြီး discussion လုပ်ကြေးဆိုရင် ပထမလူက အနိုင်ရမှာ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ခေါင်းက အနားရတဲ့ အတွက် ကြည်လင်တယ်။ မှတ်သားထားတာကို ပြန်လည်အသုံးချတဲ့နေရာမှာ မြန်ဆန်တယ်။ တစ်ချိန်လုံးစာ မှ စာလုပ်နေတဲ့သူက ဟုန်ပြီး ချက်ချင်းထွက်မလာဘူး။ ထွက်ရင်လည်း စာအကြောင်းလိုက်တွေဖြစ်နေတတ်တယ်။ ဖြတ်တောက်ပြီး ကောက်နုတ်ဖို့ ခေါင်းထဲမှာ ချန်မထားတော့ဘူး။ အလုပ်မှာလည်း ဒီလိုပဲ။ အဲဒီလို လိုအပ်တဲ့အချိန်မှာ အနားယူခြင်းက ကိုယ့်ရဲ့ productivity ကို တက်စေတဲ့အတွက် အလုပ်ကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှုကိုလည်း လျော့စေမှာ အမှန်ပါပဲ။

လက်တွေ့ကျပါ။

လောကကြီးမှာ ကိုယ့်အရည်အချင်းနဲ့ လုပ်လို့ရတဲ့အရာတွေ ရှိသလို ကိုယ်လက်လှမ်းမမှီတာ တွေ လည်း ရှိပါတယ်။ ကြိုးစားရင် ဘုရားတောင်ဖြစ်နိုင်တယ် ဆိုတဲ့စကားရှိပေမယ့် ဘယ်လိုကြိုးစားရမယ် ဘယ်လောက် ကြိုးစားမှ ဘုရားဖြစ်မယ်ဆိုတာကို တော့ ထည့်မပြောထားပါဘူး။ အဲဒါကိုထောက်ခြင်းအားဖြင့် လက်တွေ့ဆန်တဲ့ ရည်မှန်းချက်တွေ သာထားတာ အကောင်းဆုံးပါပဲ။

အားမနာပါနဲ့။

အားနာတယ်ဆိုတာ ပျော့ညံ့ခြင်းရဲ့ လက္ခဏာပဲလို့ ကျွန်တော်ကတော့ ယူဆပါတယ်။ လုပ်စရာရှိတာလုပ်ပါ။ သူတပါးကျေးဇူးသိတတ်ပါ။ ငြင်းဆိုစရာရှိရင် ပြတ်ပြတ်သားသား ငြင်းဆိုပါ။ စီးပွားရေးပဲဖြစ်ဖြစ် ပညာရေးပဲဖြစ်ဖြစ် လူမှုရေးပဲဖြစ်ဖြစ် အားနာလို့ လိုက်လျောရတယ် လုပ်ပေးလိုက်တယ်ဆိုရင် မအောင်မြင်ဖို့က တော်တော်သေချာနေပြီ။ ကိုယ်က သူတစ်ပါးဆီက တောင်းဆိုစရာရှိရင် ပြတ်ပြတ်သားသားတောင်းဆိုဖို့ လိုသလို ပေးကမ်းစရာရှိရင်လည်း ရက်ရက်ရောရော ပေးကမ်းတတ်စေလိုတယ်။ သူငယ်ချင်းတွေကို အားနာလို့ လက်ဖက်ရည်ဆိုင်ပါသွားတာ၊ အဲဒီတော့ အလုပ်မပြီးတာ စတာတွေဟာ ကျရှုံးဖို့ လမ်းစတွေပါ။ အဲဒီတော့ စိတ်မဖိစီးချင်ရင် အားမနာနဲ့။ လုပ်စရာရှိတာသာလုပ်။

အခက်အခဲကို ဆွေးနွေးတိုင်ပင်ပါ။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကျွန်တော်တို့ကို ချစ်တဲ့ မိသားစု တွေ မိတ်ဆွေတွေ သူငယ်ချင်းတွေရှိတတ်ပါတယ်။ ကိုယ့်အခက်အခဲတွေ ပြဿနာတွေကို သူတို့ကို ပြောပြပါ။ သူတို့ကအကြံဥာဏ်မပေးနိုင်တောင် ကိုယ့်ကို နှစ်သိမ့်မှုတော့ ပေးနိုင်ပါလိမ့်မယ်။ ကိုယ့်လောက်မှ မတတ်တာ၊ ပြောတော့လည်း ဘာထူးမှာ မို့လို့လဲ လို့ မတွေးပါနဲ့။ ကိုယ်မတွေးမိတာ ကိုယ်က ပညာရူးရူးပြီး ခပ်မြင့်မြင့်တွေးလို့ အဖြေမထွက်တာတွေဟာ တခါတရံမှာ သာမန်လူတစ်ယောက်ဆီက အကြံဥာဏ်ကြောင့် အဖြေရသွားတာမျိုးတွေ ရှိပါတယ်။ ကိုယ့်ရဲ့ မိဘတွေ ဆရာတွေနဲ့လည်း တိုင်ပင်ကြည့်ပါ။ သူတို့ရဲ့ အတွေ့အကြုံတွေ ကိုယ်ရလာမယ်။ သူတို့ရဲ့ အဆက်အသွယ်တွေကြောင့် ကိုယ့်လုပ်ငန်းအဆင်ပြေနိုင်ပါတယ်။ အဲဒီတော့ နှုပ်ဆိတ်မနေဘဲ ဖွင့်ပြောခြင်းဟာ အနည်းဆုံးတော့ စိတ်ထဲမှာ ပေါသွားစေမှာပေါ့။

ဝါသနာအတွက် မိသားစုအတွက် အချိန်ပေးပါ။

ဒီနေ့ဒီခေတ် အိမ်တိုင်းလိုလို မိသားစုအားလုံး အလုပ်လုပ်ကြရတယ်။ မိသားစု ဆုံညီတွေ့ဆုံတဲ့အချိန်ဆိုတာ အတော်နည်းသွားပါပြီ။ ရလဒ်အဖြစ် လူတိုင်းလူတိုင်းမှာ အထီးကျန်တဲ့ ခံစားချက်ကလေးတွေ ရှိလာမှာပါ။ လူဆိုတာ အထီးကျန်လာရင် စိတ်ဖိစီးမှုဒဏ်ကို ပိုခံစားရတတ်ပါတယ်။ အဲဒီလိုမဖြစ်အောင် တစ်နေ့မှာ တစ်နာရီလောက်တော့ မိသားစု ကို အချိန်ပေးသင့်တယ်။ အချိန်ပေးတယ်ဆိုလို့ လူကြီးတွေကိုပဲ ပြောတာမဟုတ်ဘူး။ လူငယ်တွေကလည်း မိသားစုနဲ့ ရှိတဲ့အချိန်ကို သူငယ်ချင်းတွေထက် ပိုပြီး တန်ဖိုးထားရပါမယ်။ နောက်တစ်ချက်က ကိုယ်ဝါသနာပါတာကို လုပ်ဖို့ နေ့စဉ်အချိန်ပေးပါ။ အားကစားဖြစ်စေ ဘောလုံးပွဲဖြစ်စေ နောက်ဆုံး ဖဲရိုက်တာဖြစ်စေ အချိန်ပေးပြီး ခဏလေးဖြစ်ဖြစ် စိတ်ကို နှစ်ထားလိုက်ပါ။ အလုပ်အကြောင်း ကျောင်းစာအကြောင်း လုံးဝမစဉ်းစားနဲ့။ ဒါဆိုရင် စိတ်ဖိစီးမှုကနေ တော်တော်လေး သက်သာရာ ရပါလိမ့်မယ်။ နောက်ပြီး တစ်နှစ်မှာ အနည်းဆုံး တစ်ခေါက်တော့ ကိုယ်မရောက်ဖူးတဲ့ ဒေသကို ခရီးထွက်ပါ။ ရန်ကုန်က သူတွေကို အားရင် ချောင်းသာ သွားသလို မဟုတ်ဘူး။ ဒီနှစ် ချောင်းသာ သွားရင်၊ နောက်နှစ် အညာ၊ နောက်နှစ်ကျတော့ မြစ်ဆုံ စသည်ဖြင့် မတူညီတဲ့ဒေသတွေကို သွားလည်ခြင်းကသာ ကိုယ့်စိတ်ကို လန်းဆန်းစေမှာ ဖြစ်ပါတယ်။


(၂) ကိုယ်ဘာမှ မတတ်နိုင်သည့် ဖြစ်ရပ်များကြောင့် ဖြစ်သော စိတ်ဖိစီးမှု

တချို့အကြောင်းအရာတွေက ကိုယ်ဘာမှ ပြုပြင်လို့မရတော့ဘဲ ကိုယ့်ကို စိတ်အနှောက်အယှက်ပေးတာမျိုးတွေ ရှိတတ်ပါတယ်။ လူတော်တော်များများက အဲဒီလိုဖြစ်ရင် တ၇ားထိုင်လို့ ပြောလေ့ရှိကြတယ်။ ဟုတ်ပါပြီ။ တရားက ဘယ်လိုထိုင်ရမှာလဲ မေးရင် ၀ိပဿနာလား။ အာနာပါန သမ္မထလားလို့ မေးရင် သေချာမပြောတတ်ကြဘူး။ စိတ်ပညာအမြင်အရပြောရရင် ၀ိပဿနာနည်းက စိတ်ထဲက အပူတွေကို ကင်းစင်စေတဲ့နေရာမှာ ပိုကောင်းပါတယ်။ သို့သော်သူက အစပိုင်းမှာ ထိုင်ရတာ ပိုခက်ပါလိမ့်မယ်။ ဒါပေမယ့် ထိုင်ကျင့်ရသွားရင် ဘယ်နေရာမှာမဆို အသုံးချလို့ရတယ်။ မျက်စိကိုစုံမှိုတ်ပြီး ၀င်သက်ထွက်သက်မှတ်နေမှ မဟုတ်ဘူး။ အလုပ်မှာလည်း မှတ်လို့ရတယ်။ ကျောင်းမှာလည်း မှတ်လို့ရတယ်။ ကားမောင်းရင်းလည်း မှတ်လို့ရတယ်။ ဘာသာရေးက ကျွန်တော် ကျွမ်းကျင်တဲ့ နယ်ပယ်မဟုတ်တဲ့အတွက် အသေးစိတ်မရေးတော့ပါ။

ဒါလေးတွေကတော့ ကျွန်တော် စုတုပြုထားတဲ့ စိတ်ဖိစီးမှု ပြေပျောက်နည်းလေးတွေပါ။ စာဖတ်သူတို့ သိရှိပြီး စာထဲမှာ မပါတဲ့ နည်းလမ်းတွေရှိရင်လည်း comment မှာ တဆင့် မျှဝေပေးဖို့ တောင်းဆိုလိုပါတယ်။

စာရေးသူ - ဇီဝက (ဆေး-၂)

ဤဆောင်းပါးဖြင့် စာရေးသူအား Management ပညာရပ်အခြေခံများကို သင်ကြားပေးခဲ့သော MHR မှာ ဆရာဆရာမများအား ကန်တော့ပါ၏

Read More...

Friday, April 9, 2010

Stress part two

Oxidative stress

oxidation ကို မြန်မာလို ဓာတ်တိုးခြင်းလို့ ဓာတုဗေဒက ဆရာတွေက ခေါ်လေ့ရှိပါတယ်။ oxygen molecule တစ်လုံးပေါင်းထည့်လိုက်တယ်ပေါ့။ အဲဒီလို ပေါင်းလိုက်ရင် ဒြပ်ပေါင်း တော်တော်များများဟာ ပုံပျက်သွားလေ့ရှိတယ်။ ပုံပျက်သွားတာကြောင့် မူလလုပ်ငန်းဆောင်တာတွေကို မလုပ်နိုင်တော့ပါဘူး။ tissue တွေ ပျက်စီးသလို cell တွေလည်း သေကျေကြပါတယ်။ အရေပြားမှာ ဖြစ်ရင် tissue တွေ ပျက်စီးတာ များတာကြောင့် အိုမင်းခြင်းကို ဖြစ်စေတယ်လို့ ပြောကြတယ်။ တကယ်တော့ oxidation က လူ့ခန္ဓာကိုယ်အတွက် အသုံးဝင်တဲ့နေရာတွေ အများကြီးရှိပါတယ်။ မလိုအပ်တော့တဲ့ tissue တွေကို ဖျက်ဆီးပစ်တဲ့နေရာမျိုးတွေ နဲ့ ဘက်တီးရီးယားပိုးတွေကို သတ်တဲ့အခါမျိုးတွေမှာ oxidation ကို ဖြစ်စေတဲ့ reactive oxygen free radicals (reactive oxygen species) (ROS) လို့ခေါ်တဲ့ ငတိကလေးတွေကေ၇ှ့တန်းက ပါဝင်ပါတယ်။ သို့သော် မလိုအပ်ဘဲနဲ့ အစွမ်းတွေ စွပ်ပြနေရင်တော့ အကောင်းထက် အဆိုးက ပိုများလာမှာပါ။ oxidative stress ကို ဖြစ်စေနိုင်တဲ့ အရာတွေနဲ့ သက်ဆိုင်တဲ့ အင်္ဂါအစိတ်အပိုင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။



အရေပြား နှင့် မျက်ကြည်လွှာ - နေရောင်ခြည် (UV ray, gamma ray and so on)၊ ဓာတ်ရောင်ခြည်သင့်ခြင်း (ဥပမာ။ ။ဓာတ်မှန်ရိုက်ခြင်း)၊

အစာအိမ်နှင့် အူလမ်းကြောင်း - nitrate (ယမ်းစိမ်း) ပါဝင်သော အကင်များ၊ ၀က်အူချောင်းများ စားခြင်း၊ အရက်၊ မီးကင် ကြက်တိုက်ထားသော အစားအစာများ၊

အသက်ရှူလမ်းကြောင်း - ဆေးလိပ်ငွေ့၊ ပြင်ပမှ လေထုညစ်ညမ်းစေသော ဓာတ်ငွေ့များ၊ ကား အိပ်ဇောငွေ့များ၊ စက်ရုံအလုပ်ရုံများမှ ထွက်သော ရှူရန်မသင့်သည့် ဓာတ်ငွေ့များ (အနံ့ရှိချင်မှရှိမည်)၊ မီးရှို့ခြင်းမှ ထွက်သော မီးခိုးငွေ့

အထက်ဖော်ပြပါ အစားအသောက်နှင့် ပြင်ပမှ အရာများသည် လူ့ကျန်းမာရေးအတွက် လုံးဝ မသင့်တော်ပါ။ ကိုယ်ခန္ဓာအတွင်းသို့ ၀င်ရောက်လာပါက ဆဲလ်များကို ဓာတ်တိုးစေပြီး သေစေနိုင်သည်။ မသေပါက ကင်ဆာအဆင့်အထိ ရောက်အောင် ဒုက္ခပေးနိုင်သည်။ အိုမင်းရင့်ရော်ခြင်းကို လျင်မြန်စေသည်။ မလိုအပ်ဘဲ နေမကောင်းဖြစ်တော့ ဆေးဖိုးဝါးခ မကုန်သင့်ဘဲ ကုန်နိုင်သည်။ ဘယ်လိုရှောင်ကြဉ်ရမလဲဆိုတာကတော့ လူအများစု သိမည်ဟု ယူဆသည့်အတွက် မဖော်ပြတော့ပါ။ စက်ရုံအလုပ်ရုံများတွင် နှာခေါင်းစွပ်တပ်ထားပါဟု ရေးထားလျင် မြန်မာကျင့်မြန်မာကြံဖြင့် ပြီးစလွယ် မတပ်ဘဲထားဖို့ မကြံပါနဲ့။ လိုအပ်သောကြောင့် တပ်ခိုင်းခြင်းဖြစ်ပါသည်။ မြန်မာလုပ်သားအများစုက မျက်နှာဖုံးတို့ နှာခေါင်းစွပ်တို့ဆို တပ်ရမှာ အလွန်ပျင်းပုံရတယ်။ ကိုယ့်အသက်ကို ငဲ့ရင်တော့ တပ်ကြဖို့ တိုက်တွန်းလိုပါတယ်။ နောက်တစ်ချက်ကတော့ ရန်ကုန်မြို့မှာ အလွန်ပေါများလာတဲ့ အကင်ဆိုင်တွေ။ ဘာ အာဟာရမှလည်း မရဘဲ ဒုက္ခပေးမည့် အစားအသောက်တွေ ဖြစ်ပါတယ်။ အမြတ်တစ်ခုတည်းကို ကြည့်ပြီး လူအများ အကျိုးမရှိတဲ့ လုပ်ငန်းတွေကို လုပ်နေတဲ့ စီးပွားေ၇းသမားတွေ ရှိနေသ၍တော့ ကျန်းမာရေး ကဏ္ဍဟာ မှေးမှိန်နေအုံးမှာပါ။ Cooporate social responsibility တို့ business ethics တို့နဲ့ ပတ်သက်ပြီး လူအများသိအောင် လုပ်ဖို့ လိုနေပါပြီ။


Mental Stress

စိတ်ဖိစီးမှုကို လူတိုင်းကြုံဖူးပါတယ်။ ဟိုးငယ်ငယ်ကလေးကနေ လူကြီး ဖြစ်တဲ့အထိ ကြုံရတာပါ။ ကလေးတွေမှာလည်း mental stress ၇ှိတာပါပဲ။ ကိုယ်လိုချင်တဲ့အရုပ် ရပါ့မလား၊ လူကြီးတွေက ငါ့ကို ချစ်ပါ့မလား စသည်ဖြင့် သူ့အပူနဲ့ သူတော့ ရှိကြတာပါပဲ။ အသက်ကြီးလာတော့ အပူတွေလည်း ကြီးလာတာပေါ့။ ဒီနေ့ဒီခေတ်လို အပြိုင်အဆိုင်များတဲ့ လောကကြီးမှာ စိတ်ဖိစီးမှုဆိုတာ ရှောင်လွှဲလို့ မရတော့ပါဘူး။ စိတ်ဖိစီးမှုဖြစ်လာရင် အပိုင်း ၁ မှာ ဖော်ပြခဲ့တဲ့stress response ၀င်လာတယ်။ နှလုံးခုန်တာ နည်းနည်းမြန်လာမယ်။ သွေးဖိအားတက်လာမယ်။ အစာချေတာ မကောင်းတော့ဘူး။ ညဘက်ကောင်းကောင်းအိပ်မပျော်ဘူး။ အဆီဓာတ်တွေကို သေချာမချေဖျက်နိုင်တဲ့အတွက် body ကနေ မစွန့်ပစ်နိုင်တော့ဘဲ ကိုယ်မှာ အဆီတွေစုလာတယ်။ တနည်းအားဖြင့် ပြောရင် ၀လာမယ်ပေါ့။ အအိပ်လည်းနည်းပြီး အစာလည်း အများကြီးမစားဘဲ ဘာဖြစ်လို့ ၀လာလဲဆိုရင် stress ကြောင့်လို့ ပြောရမှာပဲ။ အဲဒီလိုဖိစီးနေတာက ရက်ပိုင်း လပိုင်းသာမကဘဲ နှစ်ချီပြီး ကြာလာရင်တော့ နောက်ဆက်တွဲရောဂါတွေဖြစ်တဲ့ သွေးတိုး နှလုံး ဆီးချိုရောဂါတွေ ၀င်လာနိုင်ပါတယ်။

စိတ်ဖိစီးမှုနဲ့ ပတ်သက်ပြီး လူအများယုံကြည်ကြတာက enervon C လို vitamin C high dose ပါဝင်တဲ့ ဆေးတွေ သောက်ရင် စိတ်ဖိစီးမှုသက်သာတယ် ဆိုပြီး ဖြစ်တယ်။ ဆေးကြော်ငြာတာကလည်း အဲဒီလိုဆိုတော့ ယုံကြတာမဆန်းပါဘူး။ vitamin C က မည်သည့် stress ကြောင့်မဆို tissue ပျက်စီးတာကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးတာ မှန်ပါတယ်။ သို့သော် သူ့ကို သောက်လိုက်လို့ စိတ်ထဲမှာ တင်းကြပ်နေတာတွေကတော့ လျော့သွားမှာ မဟုတ်ဘူး။ သူက ရုပ်ပိုင်းကို ကုတာပါ။ စိတ်ပိုင်းကို ကုတာမဟုတ်ဘူး။ enervon C တစ်နေ့ ၁၀လုံးသောက်လည်း အလုပ်ကို ဖြစ်မြောက်အောင် မလုပ်နိုင်ရင် ဖိစီးမြဲ ဖိစီးနေမှာပါပဲ။ နောက်ပြီး သူက ကြာရှည်စွဲသောက်ရင် လူအတွက် ကောင်းကျိုးရှိမရှိဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်ရဲ့ vitamin C တစ်နေ့ လိုအပ်ချက်က ၂၀၀ ပဲ ရှိတယ်။ သူ့ဆေးမှာ ၅၀၀ ပါတယ်။ မလိုအပ်ဘဲ ၃၀၀ ကို ကျောက်ကပ်ကနေ စွန့်ပစ်နေရတယ်။ ရေရှည်မှာ ကျောက်ကပ်မှာ ကျောက်တည်နိုင်တယ်လို့ ဆေးကျမ်းတွေမှာတော့ ရေးတယ်။ ဘယ်လောက် dose ကို ဘယ်လောက်ကြာအောင် သောက်ရင် ဖြစ်မယ်လို့တော့ မရေးထားဘူး။ အဲဒီတော့ ကာကွယ်ဖို့နဲ့ ကုသဖို့အတွက် ရေတိုဆိုရင် သောက်ဖို့အားပေးပါတယ်။ ရေရှည်အတွက်ကတော့ ဘာဖြစ်မယ်မှန်းမသိတဲ့ ဆေးတစ်ခုကို မသောက်တာကောင်းတယ်။ စိတ်ဖိစီးမှုကိုအကောင်းဆုံးကိုင်တွယ်ဖြေရှင်းနည်းဖြစ်တဲ့ Time Management အကြောင်းကို သတ်သတ် ဆောင်းပါးတစ်ပုဒ်ရေးပေးပါ့မယ်။

Metabolic stress

လူတစ်ယောက်စားလိုက်သမျှ အစာတွေကို အူလမ်းကြောင်းက စုပ်လိုက်ပြီးရင် အားလုံးကို အသည်းဆီကို အရင်ပို့ပါတယ်။ အသည်းမှတဆင့် လိုရင်လိုသလို မလိုရင် မလိုသလို အာဟာရဓာတ်တွေကို စီမံခန့်ခွဲပေးပါတယ်။ သွေးထဲမှာ ဓာတ်တစ်မျိုးမျိုးက လိုအပ်သည်ထက် အလွန်အမင်း များနေလျင်ဖြစ်စေ နည်းနေလျင်ဖြစ်စေ metabolic stress ကို ဖြစ်စေပါတယ်။ လူတိုင်းလူတိုင်း ကြုံတွေ့ရပြီး သတိမထားမိတာကတော့ အစားစားချိန်မမှန်ခြင်းနှင့် အစာမှားစားခြင်းတို့ ဖြစ်ကြတယ်။ အထူးသဖြင့် စိတ်ဖိစီးမှု များနေတဲ့ အချိန်တွေမှာပေါ့။ အစာစားချိန်မမှန်ခြင်းဆိုတာကတော့ နံနက်အိပ်ယာထမှာ နံနက်စာကို လုံလောက်စွာမစားခြင်း၊ နံနက်စာနဲ့ နေ့လည်စာကို ပေါင်းစားခြင်း တို့ဖြစ်ပါတယ်။ လူ့ကိုယ်ခန္ဓာသည် သကြားဓာတ် စွမ်းအင်နှင့် အာဟာရဓာတ်များကို ပုံမှန်လိုအပ်နေပါသည်။ စိတ်ဖိစီးမှုများသော အချိန်များ၊ နလန်ထစ အချိန်များ၊ ဖျားနာနေသောအချိန်များတွင် ပိုမိုလိုအပ်တတ်ပါသည်။ သို့သော်လူတစ်ယောက်က အစားကို ပုံမှန်မစားဘဲ စိတ်ကူးပေါက်တဲ့အချိန်ရောက်မှ ထစားပါက အသည်းမှနေ၍ ကိုယ်တွင်းကလီစာများ ပုံမှန်လည်ပတ်နိုင်ရန် တစ်နည်းအားဖြင့် သွေးတွင်းသကြားဓာတ်ကို ပုံမှန်ထိန်းသိမ်းနိုင်ရန် stress hormone တွေကို ထွက်အောင် လုံ့ဆော်လေသည်။ ရလဒ်အဖြစ် သကြားဓာတ်ကို ထိန်းထားနိုင်ပေမယ့် stress response ဒဏ်ကို ခံရမည်ဖြစ်သည်။ ထို့ကြောင့် မည်မျှ အလုပ်များစေကာမူ လုံလောက်ပြီး အာဟာရရှိသည့် breakfast ကို စားခြင်းသည် နေ့တစ်နေ့တာအတွက် အလွန်အရေးကြီးပါသည်။ အဘယ့်ကြောင့်ဆိုသော် ညအိပ်လိုက်ကတည်းက လူက ဘာအစာမှ မစားတော့ပေ။ ထိုအခါ သွေးတွင်းသကြားဓာတ် ကျဆင်းနေတတ်သည်။ နံနက်စာစားလိုက်ပါက သကြားဓာတ်ပြန်တက်လာပြီး stress hormone များမထွက်အောင် တားဆီးထားနိုင်ပါသည်။ ညအိပ်ခါနီး ပျားရည် ၂ ဇွန်းခန့်သောက်ခြင်းသည်လည်း stress ကြောင့် ဗိုက်ရွှဲခြင်းကို လျော့ကျစေနိုင်ပါသည်။ သူက တစ်ညလုံး သကြားဓာတ်ကျမသွားအောင် ထိန်းထားနိုင်တယ်လို့ ဆိုကြတယ်။ စိတ်ဖိစီးမှုများရင် ပျားရည်ကို စမ်းသပ်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။

အစာမှားစားခြင်းဆိုတာက တော့ လူက စိတ်ရှုပ်လာရင် ကိုယ်စားချင်တာ စားတော့တာပဲ။ သိပ်ပြီး စည်းမရှိတော့ဘူး။ ကိုယ်စားတဲ့အစာက junk food လို့ခေါ်တဲ့ supermarket တွေမှာ ရောင်းတဲ့ မုန့်တွေစားဖြစ်နေရင် အဆိုးဆုံးပဲ။ မုန့်ကတော့ အကောင်းစားပဲ။ packing လေးကလည်းလှတယ်။ အရသာကလည်း ချိုနေတာပဲ။ ဈေးကလည်းကြီးတော့ ကောင်းမယ်ထင်တာပေါ့။ တစ်ခုသတိထားရမှာက အဲဒီလို အစာတွေစားပြီး America ကလူငယ်တွေ ဖက်တီးတွေ ဖြစ်လာတာဆိုတာကို မမေ့ပါနဲ့။ ခေတ်ပေါ်အစားအသောက်တွေဖြစ်တဲ့ biscuit တွေ cracker တွေ cookies တွေ burger တွေ cake တွေ donut တွေ အားလုံးဟာ လူအတွက် အကျိုးရှိတာ တစ်ခုမှ မပါပါဘူး။ တာရှည်ခံအောင် အရသာရှိအောင် ဓာတုဗေဒ ပစ္စည်းတွေနဲ့ လုပ်ထားတာပါ။ အဲဒါတွေကို မစားရဘူးလို့ မပြောပါဘူး။ စိတ်ဖိစီးတဲ့အချိန်မှာ သွားစားရင် ပိုဆိုးနိုင်တယ်။ သူတို့က အချိုဓာတ်လွန်ကဲတော့ စားပြီးတာနဲ့ သွေးတွင်းသကြားဓာတ်က ထောင်တက်သွားတယ်။ အဲဒီမုန့်တွေမှာ ပါဝင်တဲ့ sugar ရဲ့ ဓာတုဗေဒ ဖွဲ့စည်းပုံကလည်း ရိုးရှင်းတာကြောင့် အစာချေတာမြန်တယ်။ body က စုပ်ယူတာလည်း မြန်တယ်။ သကြားဓာတ်ကို အသုံးချဖို့ insulin hormone က ထွက်လာတယ်။ သူက သကြားဓာတ်နည်းနည်းပဲ တက်ရင် နည်းနည်းပဲ ထွက်တယ်။ များများနဲ့ မြန်မြန်တက်ရင် များများနဲ့ အကြာကြီးထွက်တယ်။ ရလဒ်အဖြစ် သကြားဓာတ်ကတော့ insulin လက်ချက်ကြောင့် ကျသွားပါရဲ့။ သကြားဓာတ်ကျပြီးလည်း insulin က ဆက်လက်ရှိနေသေးတာကြောင့် သွေးတွင်းသကြားဓာတ်ကို ပုံမှန်ရှိရမည့် ပမာဏ အောက်ကိုေ၇ာက်အောင် စွဲချပါတော့တယ်။ သကြားဓာတ်နည်းသွားတော့ လူက ခေါင်းက ၇ိပ်တိတ်တိတ်ဖြစ်လာတယ်။ နုန်းတယ်။ ဗိုက်ပြန်ဆာလာတယ်။ အဲဒီအခါမှာ လွယ်လွယ်ရတဲ့ ခေတ်မှီမုန့်တွေ ထက်စားရင် ခုနတုန်းက ဖြစ်ခဲ့တဲ့ insulin သံသရာ ပြန်လည်ပြန်ကော။ ဒါကြောင့်နောက်ပိုင်းမှာ ဆရာဝန်တွေက simple carbohydrate တွေပါဝင်တဲ့ မုန့်တွေအစား complex carbohydrate တွေ ပါဝင်တဲ့ ဆန်၊ ဆန်နဲ့လုပ်သောမုန့်များ၊ ကွေကာအုပ် နဲ့ အရသာမချိုတဲ့ ပေါင်မုန့်အကြမ်းတွေကို ပဲ စားသုံးဖို့ ပြောလာကြတာ ဖြစ်ပါတယ်။

နိဂုံးချုပ်ရရင် မြို့ပြမှာ နေထိုင်ကြသူတွေဟာ အနောက်တိုင်း လူနေမှုပုံစံကို အလိုလိုနေရင်း လိုက် copy ကူးနေသလို ဖြစ်လာတယ်။ US တို့ UK တို့မှာ 1980 လောက်တုန်းက ဖြစ်သလိုပေါ့။ အသစ်ပေါ်တဲ့ burger စားမှ ခေတ်မှီတယ်ထင်တယ်။ အလုပ်အကိုင်တွေကလည်း အပြိုင်အဆိုင်များလာတော့ ကိုယ့်ကျန်းမာရေးကို ဂရုမပြုကြတော့ဘူး။ အဲဒီလိုနေခြင်းရဲ့ ဆိုးကျိုးတွေကိုလည်း မသိသေးတဲ့အချိန်ပေါ့။ အခုတော့ သူတို့က သိသွားပြီ။ ဒါကြောင့် ပြင်နေကြပြီ။ ဒီမှာကတော့ လိုက်ကူးလို့ကောင်းတုန်း။ လူအချို့က အ၀မလွန်ဘဲ ကျန်းမာချင်ရင် ကိုယ်လက်လှုပ်ရှားလုပ်ဖို့ အရေးကြီးတယ်လို့ ထင်ကြတယ်။ ကိုယ်လက်လှုပ်ရှားနည်းတိုင်း ၀မှာမဟုတ်ဘူး။ အထက်က ဖော်ပြထားတဲ့ အချက်တွေကို ဆင်ခြင်ကြည့်လိုက်ပါ။ မ၀အောင် အာမခံနိုင်ပါတယ်။ အခုလောက်ဆိုရင် stress ရဲ့ သဘောသဘာဝကို နည်းနည်းသောက်သိသွားပြီလို့ ယူဆပါတယ်။ ဖိစီးမှုကင်းဝေးပြီး ကျန်းမာကြပါစေလို့ နှစ်သစ်ကူးနဲ့အတူ ဆုတောင်းပေးလိုက်ပါတယ်။

ရေးသားသူ - ဇီဝက (ဆေး-၂)

ဤဆောင်းပါးဖြင့် ဆေးကျောင်းမှာတုန်းက basic medical science ဘာသာရပ်တွေ သင်ခဲ့ပေးသော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးကို ကန်တော့ပါ၏။

Read More...

Stress part one




Stress ကိုမြန်မာလို ဘာသာပြန်ရင် စိတ်ဖိစီးမှုလို့ ပြန်လေ့ရှိတာတွေ့ရတယ်။ အဲဒီလို ပြန်လိုက်ရင် မပြည့်စုံတဲ့ အတွက်ကြောင့် ပျောက်ကင်းအောင် ပြုလုပ်တဲ့နေရာ မှာလည်း စိတ်တစ်ခုတည်းကိုပဲ အာရုံစိုက် နေတတ်ကြတယ်။ မထိရောက်တော့ဘူးပေါ့။ တကယ်တော့ စိတ်ဖိစီးမှုလို့ ပြောချင်ရင် mental stress လို့သုံးပါတယ်။ stress လို့တိုက်ရိုက်သုံးရင် မည်သည့်နေရာမှမဆို ဖြစ်ပေါ်လာတဲ့ ဖိစီးမှုကို ပြောတာပါ။ ကိုယ်ခန္ဓာမှာဖြစ်ပေါ်ရင် physical stress, စိတ်မှာဖြစ်ရင် mental stress, ကိုယ်တွင်းအဂါင်္ အစိတ်အပိုင်းတွေမှာဖြစ်ရင် physiological stress, ရောဂါကြောင့်ဖြစ်ရင် pathological stress ဆိုပြီး သုံးလေ့ရှိပါတယ်။ အဲဒီတော့ stress ကိုပျောက်အောင် ကုချင်ရင် ဖြစ်ပေါ်စေတဲ့ အကြောင်းအချင်းအရာကို သေချာသိမှ ပျောက်နိုင်မှာပါ။







ဘာ့ကြောင့် stress ဖြစ်ဖြစ် ကိုယ်ခန္ဓာမှ ၎င်းကို တုံ့ပြန်တဲ့အနေနဲ့ ၂ မျိုး ၂ စားတုံပြန်ပါတယ်။ တစ်ခုက အာရုံကြောတွေကနေ ချက်ချင်းတုံပြန်တာဖြစ်လို့ မြန်ဆန်ပြီး နောက်တစ်နည်းကတော့ adrenal gland ကနေ hormone တွေ ထုတ်လွှတ်ပြီး တုံ့ပြန်ခြင်းတို့ဖြစ်ပါတယ်။ အာရုံကြောတွေကနေ တုံပြန်ရင် မြန်ဆန်သော်လည်း တခဏသာခံသည်။ hormone တွေကတော့ အထွက်နှေးသော်လည်း ကြာကြာခံသည်။ အဲဒီလို တုံ့ပြန်ရတဲ့ ရည်ရွယ်ချက်ကတော့ ခန္ဓာကိုယ်ကို stress ဒဏ်ခံနိုင်အောင် ထိန်းညှိပေးဖို့ ဖြစ်ပါတယ်။ ဥပမာ။ ။ လူတစ်ယောက်က တောထဲမှာ လမ်းလျောက်နေတုန်း မြေခွေးတစ်ကောင်ကို တွေ့တယ်ဆိုပါစို့။ မြေခွေးကို ကြောက်လို့ ခဏလောက် ကြောင်သွားနိုင်ပေမယ့် မြေခွေးကသာ ကိုယ့်ဆီကို ပြေးလာရင် အသက်အန္တာရယ်က ကင်းလွယ်ဖို့အတွက် မည်သူမဆို ထွက်ပြေးမည်သာ ဖြစ်သည်။ ထိုအခါ stress response ၀င်လာသည်။ အာရုံကြောများမှ noradrenaline နဲ့ adrenaline လို့ခေါ်တဲ့ stress hormone တွေထွက်လာပါသည်။ endocrine ဘက်ကတော့ stress hormone တွေ ထုတ်တဲ့ adrenal gland ကလည်း အဲဒီ ၂ မျိုးကိုပဲ သွေးထဲကို ထုတ်လွှတ်ပေးပါတယ်။ ရလဒ်အဖြစ် နှလုံးခုန်မြန်လာခြင်း၊ သွေးဖိအားတက်လာခြင်း၊ အသက်ရှူမြန်လာခြင်းများ ဖြစ်ပေါ်လာပြီး ပြေးလွှားရန်အတွက် ခြေသလုံးကြွက်သားများကိုလည်း သွေးများ ပိုမိုစီးဆင်းစေပါသည်။ ထိုအခါ ပြေးရလွှားရ ပိုမိုလွယ်ကူသွားပြီး အသက်ဘေးမှ လွတ်သွားနိုင်ပါသည်။ stress response ကြောင့် ဖြစ်သွားသော အကျိုးဆက်များ အလွန်များပြားပါသည်။ လူသတ္တ၀ါများ ကမ္ဘာများပေါ်တွင် အသက်ရှင် ရပ်တည်လာနိုင်သည်မှာ stress ၏ ကျေးဇူးကြောင့် ဖြစ်သည်။ stress hormone များကိုထုတ်လွှတ်သည့် adrenal gland သာမရှိပါက လူသားများအသက်ရှင်ရပ်တည်ဖို့ပင် မဖြစ်နိုင်ဟု ပညာရှင်တို့က ဆိုကြပါသည်။

ထိုသို့ပြုလုပ်နိုင်ရန်အတွက် ခန္ဓာကိုယ်အတွင်းမှ အစာခြေသော လုပ်ငန်းများ၊ အစာကို စုပ်ယူခြင်း၊ အသုံးပြုနိုင်သည့် chemical compound ဖြစ်သည်အထိ ပြုပြင်ပြောင်းလဲခြင်း၊ tissue တည်ဆောက်ရေးနှင့် ပြုပြင်ရေးလုပ်ငန်းများကို ခဏရပ်နားထားရပြီး လတ်တလောအသက်ဘေးအတွက် စွမ်းအင်များကို အသုံးပြုရသည်။ စွမ်းအင်ဟုဆိုရာ၌ စွမ်းအင်ထုတ်လုပ်ရန်အတွက် ကုန်ကြမ်း ၃မျိုးရှိသည်။ ၎င်းတို့မှာ သကြားဓာတ်၊ အသားဓာတ်နှင့် အဆီဓာတ်တို့ ဖြစ်သည်။ အဆိုပါ ၃ မျိုးထဲတွင် အရေးအကြောင်းကြုံလျင် မြန်မြန်ဆန်ဆန်သုံးလို့ရသည်မှာ သကြားဓာတ် (glucose) တစ်မျိုးသာရှိသည်။ ကျန်သော ၂ခုကြား ဖြိုခွဲဖို့ ကြာသောကြောင့် glucose ကုန်မှာသာ (သို့) မသုံးနိုင်မှသာ သုံးလေ့ရှိပါသည်။ oxygen မရှိသောအခါ ကြွက်သားများအတွင်း အရေးပေါ်သုံးသည့် ketone body ဆိုသည့် ဒြပ်ပေါင်းတစ်မျိုးလည်းရှိသေးသည်။ သို့သော် ယခုရေးသားလိုသောအကြောင်းအရာနှင့် မဆက်စပ်သောကြောင့် မဖော်ပြတော့ပါ။

အထက်ပါဖော်ပြခဲ့သော stress response သည် မည်သည့် stress အမျိုးအစားမဆို တုံ့ပြန်ပုံခြင်းတူပါသည်။ stress ကြောင့် ဖြစ်လာသော response သည် တခဏ ရေတိုအချိန်ကလေးတွင် အလွန်အသုံးတည့်သော်လည်း အချိန်ကြာကြာ response ဖြစ်နေပါက လူအတွက် အန္တာရယ်ရှိလာနိုင်ပါသည်။ လူ၏ကိုယ်ခန္ဓာသည် အရေးပေါ်အခြေအနေအတွက် အဆင်သင့်ဖြစ်ရမည်ဖြစ်သလို နေ့စဉ်လုပ်ငန်းဆောင်တာများဖြစ်သည့် အစာခြေခြင်း၊ ပြုပြင်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်းနှင့် အာဟာရဓာတ်များကို သိမ်းဆည်းခြင်း တို့ကိုလည်း ပြုလုပ်ရပါမည်။ ထို့အတူ ပြင်ပမှဝင်ရောက်လာသော ရောဂါပိုးများ၊ ဓာတ်တိုးပစ္စည်းများ၏ ရန်မှ ကာကွယ်ရမည်ဖြစ်သလို ၎င်းတို့ကြောင့် ပျက်စီးသွားသော tissue များကို ပြင်တန်ပြင် မပြင်တန်တော့ ဖျက်ဆီးပစ်ဖို့ လိုအပ်လှသည်။ ထိုသို့မပြုလုပ်အားပါက

  • အစာမကြေခြင်း၊ ရင်ပြည့်ရင်ကယ်ခြင်း၊ အစာအိမ်တွင် အနာများဖြစ်ခြင်း၊ အစာအိမ်ရောင်ခြင်း
  • ကြွက်သားများနည်းသွားပြီး ၎င်းတို့နေရာတွင် မခြေဖျက်အားသည့် အဆီများစုဝေးလာခြင်း (စုဝေးသောနေရာများမှာ ဗိုက်ခေါက်၊ လက်မောင်း၊ ပေါင်၊ မျက်နှာ၊ အတွင်းကလီစာများ)
  • ကိုယ်ခံအားစနစ် အားနည်းလာခြင်း
  • ဓာတ်တိုးပစ္စည်းများကို မစွန့်ဖယ်အားသောကြောင့် ကင်ဆာရောဂါဖြစ်ပွားနိုင်ချေ များလာခြင်း
  • နောက်ဆက်တွဲအနေဖြင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ နှင့် ဆီးချိုရောဂါများ ဖြစ်ပွားလာနိုင်ခြင်း
  • ရူးခြင်း
  • အရိုးပွရောဂါများဖြစ်ခြင်း
  • အနာမကျက်ခြင်း

အစရှိတဲ့ ရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။

နေ့စဉ်လူမှုဘ၀မှာ ဘာအကြောင်းတွေကြောင့် stress ဖြစ်တယ် ဆိုတာနဲ့ အဲဒီ stress ကို ဘယ်လိုတိုက် ထုတ် မလဲ ဆိုတာကို အပိုင်း ၂ မှာ ဆက်လက်ရေးသားပါ့မယ်။

ရေးသားသူ - ဇီဝက (ဆေး-၂)

Read More...

Sunday, April 4, 2010

ယင်ကောင်များနှင့် တစ်မိနစ်တာ


ယင်ကောင်ဆိုတဲ့ အသံကြားလိုက်တာနဲ့ ကျွန်မတို့ကို အနည်းနဲ့အများ စိတ်ညစ်ညူးစေတဲ့ အကောင်ဆိုတာ ငြင်းဆန်လို့ရမယ်မထင်ပါဘူး။ ယင်ကောင်အကြောင်းပြောတဲ့အခါမှာ လူသွေးစုပ်တဲ့ ယင်ကောင်နဲ့ လူသွေးမစုပ်တဲ့ယင်ကောင်ဆိုပြီး ခွဲခြားပြောလို့ရပါတယ်။ ဒီဆောင်းပါးမှာ တော့ သွေးစုပ်တတ်တဲ့ ယင်ကောင်အကြောင်းကို အသားပေး ပြောပြချင်ပါတယ်။ ကျွန်မပထမဆုံး ပြောပြချင်တဲ့ယင်ကောင်က တော့ အာဖရိက တိုက်အချို့သော နေရာတွေမှာ African Tryptosomiasis ဒါမှမဟုတ် sleeping sickness လို့ခေါ်တဲ့ ရောဂါကိုသယ်ဆောင်နိုင်တဲ့ Tsetse fly လို့ ခေါ်တဲ့ ယင်ကောင်တစ်မျိုး အကြောင်းပဲဖြစ်ပါတယ်။

ရောဂါပိုးသယ်ဆောင်ထားတဲ့ Tsetse fly အကိုက်ခံ ရတဲ့ သူတွေထဲကမှ နှစ်စဉ် လူပေါင်း ၂၅၀ ၀၀၀မှ ၃၀၀ ၀၀၀ အတွင်းအသက်ဆုံးရှုံးရတာမို့ ခရီးသွားဝါသနာထုံသူများ အနေနဲ့သိထားသင့်တဲ့ ယင်ကောင် တစ်မျိုးလည်းဖြစ်ပါတယ်။

ကြောက်စရာ ကောင်းလှတဲ့ရောဂါကို သယ်ဆောင်နိုင်တဲ့ ယင်ကောင်တစ်မျိုးမို့ tsetse fly ဟာ သုတေသနပြုတဲ့သူတွေကြားမှာ ထင်ရှားခဲ့တဲ့ ယင်ကောင်တမျိုးလည်းဖြစ်ပါတယ်။ နှစ်စဉ် ပျမ်းမျှအားဖြင့် လေးကြိမ်ခန့်မျိုးပွားနိုင်တဲ့ အဲဒီယင်ကောင်ဟာ သူ့သက်တမ်းတလျှောက်မှာ ၃၁ ကြိမ်ခန့်မျိုးပွားနိုင်မှာဖြစ်ပါတယ်။ Tsetse fly ဟာ မျိုးစိတ်ပေါင်းများစွာရှိပြီး ယင်ကောင်တို့ရဲ့ထုံးစံအတိုင်း အရည်ဒါမှမဟုတ် သွေးစုပ်ယူဖို့ နှုတ်သီး(propbosis) ကလေးပါမှာဖြစ်ပါတယ်။ အဲဒီနှုတ်သီးကလည်း ဖြောင့်တန်းနေမှာဖြစ်ပါတယ်။ အင်တီနာ မှာ အဆစ်သုံးဆစ်ပါမှာဖြစ်ပြီး နောက်ဆုံး အဆစ်ရဲ့အပေါ်မျက်နှာပြင်မှာတော့ အမွေးတစ်ချို့ကိုတွေ့ရမှာဖြစ်ပါတယ်။
သူ့ရဲ့အတောင်ပံတွေကတော့ အသားခုတ်ဓါးပုံစံဖြစ်နေတာကို တွေ့နိုင်ပါတယ်။ Tsetses ဟာ အကြမ်းအားဖြင့် အိမ်တွေမှာ တွေ့ရတတ်တဲ့ ယင်ကောင်များနဲ့ ဆင်တူပေမယ့်လည်း သူရဲ့ထူးခြားတဲ့ သွင်ပြင်အမူအရာတွေကြောင့် အခြား ယင်ကောင်တွေနဲ့ခွဲခြား မှတ်သားနိုင်မှာဖြစ်ပါတယ်။ Tsetse fly ဟာ နားနေတဲ့အခါ မှာ တောင်ပံတခုနဲ့တစ်ခု ကို တစ်ထပ်တည်းကျအောင် ထပ်ပြီးနားတတ်တာမို့ သူ့ရဲ့ကိုယ်ပေါ်မှာ တောင်ပံနှစ်ခုစလုံး တစ်ထပ်တည်း ရှိနေတာကို တွေ့ရပါမယ်။ ပုံမှာပြထားတဲ့အတိုင်း Tsetse fly ရဲ့ပုံပန်းသဏ္ဍာန်ကို လေ့လာပြီး စာဖတ်သူတို့ ခရီးသွားတဲ့အခါ ရှောင်နိုင်မှာဖြစ်ပါတယ်။




အထီးရော အမပါ သွေး စုပ် တတ်ကြပြီး နေ့ပိုင်းမှာ သွေးစုပ်တတ်တဲ့အကျင့်ရှိကြပါတယ်။ Tsetse fly ကျက်စားတတ်တဲ့နေရာ ကတော့ အာဖရိက တိုက်အချို့သော နေရာတွေဖြစ်ပြီး ပုံမှာပြထားတဲ့အတိုင်း တွေ့နိုင်ပါတယ်။

Tsetse fly ဟာ အာဖရိကတိုက်ရဲ့ နေရာ ဒေသတော်တော်များများမှာ ပြန့်နှံ့နေပြီး အပြီးတိုင်ဖယ်ရှားဖို့ရာခက်ခဲနေသေးတာမို့ Tsetse fly ရှိတဲ့နေရာတိုင်းမှာ African Tryptosomiasis မဖြစ်နိုင်ပေမယ့် အဲဒီနေရာတွေကို သွားတဲ့အခါ လုံခြုံစိတ်ချရတဲ့ အ၀တ် အစားဝတ်ဆင်ခြင်းဟာ အကောင်းဆုံး ကာကွယ်နိုင်တဲ့ နည်းလမ်းပဲဖြစ်ပါတယ်။

ဒီရောဂါအကြောင်း အသေးစိတ်ရေးထားတာကိုတော့ ဒီပို့စ်မှာ ဖတ်ရှုနိုင်ပါတယ်ရှင်...။

မွန်းသက်ပန် (ဆေး ‐ ၁)
လောကအလှအွန်လိုင်း မဂ္ဂဇင်း
၂၀၁၀ ဧပြီလ ၃ ရက်

Read More...

Wednesday, March 10, 2010

ခံတွင်းအနံ့နံခြင်း နှင့် ဖြေရှင်းနည်းများ



ခံတွင်း အနံ့ နံခြင်းကို ဆေးပညာအရ halitosis လို့ ခေါ်ပါတယ်။ English လိုတော့ လွယ်လွယ်ကူကူ bad breath ပေါ့။ Halitosis ဟာ လူတွေမှာ တွေ့ရများတဲ့ အခြေအနေတစ်ခုဖြစ်ပြီး အဓိက ဖြစ်စေတဲ့ အကြောင်းအရာကတော့ ပါးစပ်ထဲမှာ စားကြွင်းစားကျန်တွေနဲ့ ဘက်တီးရီးယားပိုးတွေ ခိုအောင်းနေလို့ ဖြစ်ပါတယ်။


များသောအားဖြင့် ပါးစပ်နံတဲ့သူတွေဟာ သူတို့ ပါးစပ်နံတာကို သတိမထားမိကြပါဘူး။ အခြားသူတွေက သတိထားမိပေမယ့် အားနာလို့ ဖြစ်စေ ရှက်လို့ ဖြစ်စေ ဘာမှ မပြောဘဲ အောင့်အင်း သည်းခံပြီး နေလေ့ရှိတတ်ကြတယ်။ အရမ်း ရင်းနှီးတဲ့ သူငယ်ချင်းက ဖြစ်စေ မိသားစုဝင်တစ်ယောက်ယောက်က ဖြစ်စေ ပြောသောကြောင့်သာ သူတို့ သတိထားမိတတ်ကြပါတယ်။

ပညာရှင်တွေရဲ့ အဆိုအရတော့ ကျွန်တော်တို့ အားလုံးနည်းပါးဟာ ဘ၀ရဲ့ တစ်ချိန်ချိန်မှာတော့ ပါးစပ်နံတာ ဖြစ်ခဲ့ဖူးပါလိမ့်မယ်တဲ့။ တခါတလေကျတော့လည်း ပင်ကိုက ပါးစပ်မနံပေးမယ့် အနံ့ပြင်းတဲ့ အစာတွေ ဥပမာ။ ။ ကြက်သွန်ဖြူကဲ့သို့ သော အစာတွေကို စားမိပြီး အနံ့ထွက်တာမျိုးလည်း ရှိတတ်ပါတယ်။ နံတယ်မနံဘူးဆိုတာက ဓလေ့ထုံးစံနဲ့လည်း ဆိုင်သေးတယ်။ တချို့ကျတော့ ဆေးလိပ်သောက်လို့ အနံ့နံတာမျိုး။ သူတို့အချင်းချင်းတော့ မနံဘူးပေါ့။ ဘေးက ဆေးလိပ်မသောက်တဲ့သူကသာ အနံ့မခံနိုင်တာ။ ဆေးလိပ်သောက်ခြင်းဟာ ခံတွင်းနံ့ နံခြင်းရဲ့ တရားခံတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ကြောင့် ခံတွင်းခြောက်ခြင်း၊ သွားဖုံးေ၇ာင်ခြင်း တို့ကို ဖြစ်စေနိုင်သောကြောင့် ဖြစ်ပါတယ်။

ခံတွင်း ကျန်းမာရေးနဲ့ သန့်ရှင်းရေးကို ဂရုစိုက်ခြင်းက ပါးစပ်နံ့ခြင်းအတွက် အကောင်းဆုံး ကာကွယ်နည်းတစ်လက် ဖြစ်ပါတယ်။ ခံတွင်း သန့်ရှင်းရေးကို သေချာလုပ်ဆောင်ရင် အနံ့နံသူအများစုဟာ အဆိုပါ အခြေအနေမှ သက်သာသွားတာကို တွေ့ရပါတယ်။ အဲဒီလို လုပ်တာတောင်မှ မသက်သာဘူးဆိုရင် ခံတွင်း အတွင်းမှ ဖြစ်စေ ခန္ဓာကိုယ် အတွင်းမှ ဖြစ်စေ ရောဂါ တစ်ခုခုရှိနေတတ်ပါတယ်။ ဒါ့ကြောင့် အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်လို့မှ အဆင်မပြေပါက တတ်ကျွမ်းသည့် ဆရာဝန်တို့နှင့် ပြသစေလိုပါတယ်။

ခံတွင်း အနံ့ဆိုးခြင်းဟာ ဘာ့ကြောင့် ဖြစ်ရတာလဲ။
ခံတွင်းအနံ့ဆိုးအောင် ဖြစ်စေတဲ့အကြောင်းအရာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ခံတွင်း သန့်ရှင်းမှုအားနည်းခြင်း

သွားပညာရှင်တွေရဲ့ ပြောဆိုချက်အရ ခံတွင်း အနံ့ထွက်သူတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က ခံတွင်း သန့်ရှင်းမှု အားနည်းခြင်းကြောင့် ဖြစ်ပါတယ်တဲ့။ ကျွန်တော်တို့ စားလိုက်တဲ့အစာတွေကို ပါးစပ်ထဲမှာရှိတဲ့ ဘက်တီးရီးယားတွေက ချေဖျက်နိုင်ပါတယ်။ သို့သော် ဘယ်သူမှ အစာတစ်လုပ်ကို ပါးစပ်ထဲမှာ စက္ကန့်ပိုင်းထက် ပိုပြီး ငုံမထားတဲ့အတွက် မသိသာပါဘူး။ ပါးစပ်ထဲမှာ စားကြွင်းစားကျန်တွေ ကျန်ခဲ့ရင်တော့ ဘက်တီးရီးယားတွေအတွက် ရိက္ခာတစ်လက်ဖြစ်လာပါတော့တယ်။ အစာကို ချေလိုက်ရင် hydrogen sulphide ဆိုတဲ့ ဓာတ်ငွေ့တစ်မျိုးကို ထုတ်လွှတ်ပါတယ်။ သူကမှ အနံ့ နံစေတာပါ။ ၎င်းဓာတ်ငွေ့ကို ကြက်ဥပုပ်တွေမှာလည်း တွေ့ရတတ်ပြီး ပုပ်အက်အက်အနံ့ကို ဖြစ်ပေါ်စေပါတယ်။

နောက်တစ်ချက်က ဘက်တီးရီးယားတွေဟာ အစာဟောင်းတွေနဲ့ ပူးပေါင်းပြီး သွားတွေနဲ့ သွားဖုံးပေါ်မှာ သွားချေးလို့ ခေါ်တဲ့ အဖြူရောင် (သို့) အရောင်မရှိတဲ့ အဖတ်ကလေးတွေကို ဖြစ်စေပါတယ်။ ပမဏနည်းပါးရင် အရောင်မဲ့တတ်ပြီး များပြားလာပါက အဖြူေ၇ာင် အဖတ်တွေအဖြစ် တွေ့မြင်ရတတ်ပါတယ်။ သွားကို နှံအောင် မတိုက်ပါက ၎င်းအဖတ်များသွားကြားနှင့် ပါးစောင်တို့တွင် တင်ကျန်နေတတ်ပါတယ်။ အဆိုပါ သွားချေးများသည် သွားဖုံးေ၇ာင်ခြင်းကို ဖြစ်ပေါ်စေပြီး အနံ့ဆိုးများကို ထုတ်လွှတ်နိုင်ပါတယ်။

သွားဖုံးရောင်ခြင်း (http://news.sky.com/sky-news/content/StaticFile/gif/2008/Apr/Week2/1668667.gif)

သွားတုသန့်ရှင်းမှု အားနည်းခြင်း

သွားအတု အံပုံအတု အသုံးပြုသူများသည် ၎င်းတို့ကို ပုံမှန်သန့်ရှင်းအောင် ဆေးကြောခြင်း မရှိပါက ဘက်တီးရီးယားများ ပေါက်ပွားပြီး အနံ့ဆိုးများ ထွက်နိုင်ပါသည်။

ref: http://www.indecisionforever.com/files/2009/05/dentures_photo3.jpg

ပါးစပ်ခြောက်ခြင်း
ကျွန်တော်တို့ရဲ့ ပါးစပ်တွေကို တံတွေးလို့ခေါ်တဲ့ saliva က အမြဲတမ်း စိုစွပ်ပြီး သန့်ရှင်းနေအောင် ပြုလုပ်ပေးနေပါတယ်။ အကယ်၍ အကြောင်းကြောင်းကြောင့် ပါးစပ်ခြောက်နေပါက အရေပြားမျက်နှာပြင်ရှိ အညစ်အကြေးများနှင့် dead cell များကို မဖယ်ရှားနိုင်တော့ပေ။ ထိုအခါ ပါးစပ်နံတတ်ပါသည်။ ရေသောက်နည်းခြင်းကလည်း ပါးစပ်ခြောက်ခြင်းကို အားပေးပါသည်။ အထူးသဖြင့် ယခုလို ပူအိုက်သည့် ရာသီဥတုတွင် ရေခဏခဏ သောက်ပေးခြင်းဖြင့် ပါးစပ်အတွင်း စိုစွပ်မှုကို ထိန်းသိမ်းထားနိုင်ပါသည်။

ref: http://www.cartoonstock.com/newscartoons/cartoonists/mbc/lowres/mbcn994l.jpg

အစားအသောက်ကြောင့် ပါးစပ်နံခြင်း
ကြက်သွန်ဖြူ၊ ကြက်သွန်နီ နှင့် အချို့သော မဆလာမှုန့်များသည် စားလိုက်ပါက ပါးစပ်နံ ခြင်းကို ဖြစ်ပေါ်စေပါသည်။ အရက်နှင့် ကော်ဖီသည်လည်း အနံ့ဆိုးစေတတ်ပါသည်။ ပါးစပ်အတွင်းရှိ ဘက်တီးရီးယားများသည် အသီးအရွက်ထက် အသားကို ချေဖျက်ပါက အနံ့ဆိုးသော ဓာတ်ငွေ့များကို ပိုထုတ်ပေးလေ့ရှိသည်။ ထို့ကြောင့် သွားကြားတွင် အသားစများ ကျန်ခဲ့ခြင်းသည် အရွက်စများကျန်ခဲ့ခြင်းထက် အနံ့ဆိုးခြင်းကို ပိုမို ဖြစ်ပေါ်စေနိုင်ပါသည်။

ဆေးများ

အချို့သော ကြာရှည်စွဲသောက်ရသည့် ဆေးများသည် ခံတွင်း ခြောက်ခြင်း နှင့် တံတွေးအထွက်နည်းခြင်းကို ဖြစ်စေနိုင်ပါသည်။ ထိုအခါမျိုးတွင်လည်း ပါးစပ်နံနိုင်ပါသည်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်အငွေ့သက်သက်ကြောင့် တော့ ပါးစပ်မနံတတ်ပါ။ သို့သော် ဆေးလိပ်သည် ပါးစပ်ခြောက်ခြင်းကို အားပေးသလို သွားနှင့် ခံတွင်း ကျန်းမာရေးကိုလည်း အားနည်းစေပါသည်။ ထို့ကြောင့် တိုက်ရိုက်မဟုတ်သော်လည်း သွယ်ဝိုက်သောနည်းအားဖြင့် ပါးစပ်နံခြင်းကို ဖြစ်စေနိုင်ပါသည်။



ခံတွင်း အနံ့နံနိုင်သောရောဂါနှင့် ကျန်းမာရေးအခြေအနေများ
  • အာသီးရောင်ခြင်း
  • ဆီးချို (uncontrolled)
  • အဆုပ်ပွ ရောဂါ၊ လေပြွန်ရောင်ရောဂါနှင့် နာတာရှည်အဆုပ်ရောဂါများ
  • ထိပ်ခပ်နာ
  • အစာအိမ်ရောင်ခြင်း
  • အမျှင်ဓာတ်နှင့် ကဆီဓာတ်အစားနည်းပြီး အသား အစားများခြင်း
  • နာတာရှည် အသည်းရောဂါသည်များ
  • နာတာရှည် ကျောက်ကပ်ရောဂါသည်များ
  • အချို့သောကင်ဆာများ ဥပမာ။ ။ လျှာကင်ဆာ၊ လည်ချောင်းကင်ဆာ နှင့် အစာရေမျိုကင်ဆာ
ခံတွင်း အနံ့နံခြင်းကို ဘယ်လိုပျောက်အောင် လုပ်မလဲ။

ခံတွင်း သန့်ရှင်းရေးနှင့် ကျန်းမာေ၇း

ပါးစပ်နံတယ်ဆိုတာ ဆေးခန်းသွားပြီး ကုသလို့ရတဲ့ အခြေအနေမျိုး မဟုတ်ပါ။ ဆေးဆိုင်မှ ဆေးဝယ်သောက်လို့လည်း ပျောက်မည်မဟုတ်။ ဆေးဆိုင်များတွင်လည်း ခံတွင်းအနံ့ပျောက်ဆေးဆိုပြီး ကြော်ငြာထားသော ငုံဆေး ၊ ပလုပ်ကျင်းဆေးနှင့် သောက်ဆေးများကို တွေ့ဖူးပါလိမ့်မယ်။ အဆိုပါဆေးများသည် ခံတွင်းအနံ့ကို ယာယီသာ ကောင်းအောင် ပြုလုပ်ပေးနိုင်မည်ဖြစ်သည်။ အကယ်၍ သင့်အနေဖြင့် ပုံမှန်သွားတိုက်မည် သွားကြားထိုးမည်ဆိုပါက ခံတွင်းအနံ့ထွက်ဖို့ သိပ်မဖြစ်နိုင်တော့ပေ။
သွားတိုက်ရာတွင် တစ်နေ့ကို အနည်းဆုံး ၂ကြိမ်တိုက်ဖို့လိုသည်။ သွားတိုက်ဆေးသည် ပြည်တွင်းပြည်ပမှ ထုတ်လုပ်သည့် ချိုရဲရဲ သွားတိုက်ဆေးများ မဟုတ်ဘဲ floride ပါဝင်သည့် အရသာမရှိသည့် သွားတိုက်ဆေးများသာ အကောင်းဆုံးဖြစ်ပါသည်။ သွားတိုက်တံတွင် ပျော့ပျောင်းသည့် အမွှေးလေးများပါဝင်ရမည်ဖြစ်ပြီး အတိုအရှည်မတူညီပါက ပိုကောင်းသည်ဟု ဆိုကြသည်။ သွားတိုက်တံတစ်ချောင်းကို တိုက်လာလိုက်တာ လူမှန်းသိကတည်းကနေ ဘွဲ့ရသည်အထိ ဆိုတာမျိုးလည်း ရှောင်ကြဉ်ရမည်။ ၃ လတန်သည် ၄ လတန်သည်တွင် တစ်ကြိမ်မျှ သွားတိုက်တံအသစ်တစ်ချောင်း ဖြင့် လဲလှယ်ပေးရမည် ဖြစ်သည်။ သွားတစ်ခါတိုက်ပါက အနည်းဆုံး ၂ မိနစ်ခန့်ကြာရမည် ဖြစ်သည်။ သွားတိုက်ပြီးပါက သွားပွတ်တံဖြင့် ဖြစ်စေ၊ လျှာပွတ်တံဖြင့် ဖြစ်စေ လျှာကို ရွရွကလေး ပွတ်၍ သန့်ရှင်းရေး လုပ်ပေးရပါမည်။ စနစ်တကျသွားတိုက်နည်း နှင့် သွားကြားထိုးနည်းကို အောက်ပါပုံများမှတဆင့် ကြည့်ရှုနိုင်ပါသည်။

ref: http://www.lacamasdental.com/images/brush_teeth.jpg

ref: http://www.lacamasdental.com/images/floss.jpg

အခြားသောနည်းလမ်းတွေကတော့....

အစာစားပြီးတိုင်း ပလုပ်ကျင်းပါ။ ထိုအခါ စားကြွင်းစာကျန်များ သွားများအတွင်း၌ တင်ကျန်ခြင်းကို ကာကွယ်ပေးပါသည်။

အကယ်၍ ပလုပ်ကျင်း၍ အဆင်မပြေပါက ပီကေ၀ါးပါ။ ပီကေကို ပါးစပ်အတွင်းနှံ့အောင် ၀ါးပါက ပါးစပ်အတွင်းမှ တံတွေးများပါထွက်လာပြီး ခံတွင်း သန့်ရှင်းခြင်းကို အားပေးပါသည်။

မိမိစားမည့်အစာကို သတိထားပါ။ အရေးကြီးပုဂ္ဂိုလ်များနှင့် တွေ့ရမည့်အချိန်မျိုးတွင် ခံတွင်းနံစေသော အစားအစာများကို ရှောင်ကြဉ်ပါ။

ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။ သို့သော် မရှောင်နိုင်ပါက သွားဆရာဝန်နှင့် ပုံမှန်ပြသကာ သွားနှင့် သွားဖုံးကျန်းမာရေးကို ဂရုစိုက်ပါ။

Reference

http://www.medicalnewstoday.com/articles/166636.php

Written by Christian Nordqvist

ဘာသာပြန်သူ - ဇီဝက (ဆေး-၂)

Read More...

Saturday, March 6, 2010

Sleeping with bra


အတူတူ မအိပ်သင့်ဘူးဆိုတဲ့ အကြောင်းအရာတွေကို ရေးထားတဲ့ အီးမေးလ် ဖတ်ဖူးကြမှာပါ။ မျက်ကပ်မှန် ဝတ်ပြီး မအိပ်သင့်တာတွေ၊ လက်ကိုင်ဖုန်းကို အိပ်ရာအနားမှာ မထားသင့်တာတွေ၊ လက်ပတ်နာရီဝတ်ပြီး မအိပ်သင့်ကြောင်း၊ သူများ သားမယားနဲ့ ဖောက်ပြားဖို့ မအိပ်သင့်ကြောင်းတွေ ပါတဲ့ အီးမေးလ်လေးပေါ့။ ဘယ်သူရေးမှန်း မသိတဲ့ အဲဒီစာကို ဟိုလူက ပို့၊ ဒီလူက ပို့နဲ့ အွန်လိုင်းကမ္ဘာမှာ ကူးချီသန်းချီ လုပ်နေတာ ကြာလှပါပြီ။ အဲဒီ အီးမေးလ်ထဲမှာပဲ မိန်းခလေးတွေ မိတ်ကပ်လိမ်းပြီး မအိပ်သင့်ကြောင်းနဲ့ ဘရာစီယာ ဝတ်ပြီး မအိပ်သင့်ကြောင်း ဆိုတာတွေလည်း ပါသေးတယ်။ အမေရိကန်က ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ တစ်ရက်မှာ ၁၂ နာရီထက် ကျော်လွန်ပြီး ဘရာစီယာ ဝတ်ထားရင် ရင်သားကင်ဆာ ဖြစ်နိုင်ချေ ပိုများတယ်လို့ အဲဒီအီးမေးလ်ထဲမှာ ရေးထားပါတယ်။

မနေ့ညက တစ်ယောက်သောသူနဲ့ ဖုန်းပြောနေရင်း အမှတ်မထင် အဲဒီကိစ္စကို ငြင်းကြသေးတယ်။ ဘရာ ဝတ်အိပ်ရင် ရင်သားကင်ဆာ ဖြစ်မယ်လို့ ရေးထားတဲ့ အီးမေးလ်ကြီးကို ဖတ်ထားမိတော့ ကျွန်တော်လည်း သူ့အတွက် စိုးရိမ်မိတာပေါ့။ ကင်ဆာဆိုတာက သိတဲ့အတိုင်း လူနာရော လူနာရှင်ရော သူငယ်ချင်းတွေရော စိတ်ညစ်စေဖို့ အရမ်းကောင်းတယ်။ ဒီလိုနဲ့ပဲ ဂျီစီဘီအေ တွဲရေးခွဲရေး အမြင်မတူသလိုမျိုး မိန်းခလေးတွေ ဘရာစီယာ ဝတ်ပြီး အိပ်လို့ ရမရ အငြင်းပွါးစရာ ကိစ္စလေးတစ်ခု ဖြစ်လာတယ်။



အဲဒီတော့လည်း အင်တာနက်မှာ ဟိုဟိုဒီဒီ ရှာဖွေ ဖတ်ရှုရတာပေါ့။ တွဲရေးခွဲရေး လိုမျိုးပါပဲ။ တွဲသင့်တယ်လို့ ရေးတဲ့သူလည်း ရေးပါတယ်။ ခွဲသင့်တယ်လို့ နှိုးဆော်တဲ့သူလည်း နှိုးဆော်ပါတယ်။ တွဲချင်တွဲ ခွဲချင်ခွဲ ဆိုတာတွေလည်း ရှိပါတယ်။ ဖတ်နေရင်းနဲ့ လူလည်း ချာချာလည်သွားတယ်။ အဲဒီတော့ ဒီကိစ္စကို အွန်လိုင်းမှာ အစုံသုပ်မော မအယ်လ်နဲ့ တွေ့လို့ လှမ်းမေးကြည့်သေးတယ်။ သူလည်း အိုဂျီ မဟုတ်လေတော့ တိတိပပ မဖြေတတ်ဘူးတဲ့။

ဖတ်မိသလောက်ထဲက ကောင်းနိုးရာရာလေးတွေကို ပျိုမေတို့အတွက် မျှဝေပေးချင်ပါတယ်။ ပျိုမေတို့အတွက် ဆိုလို့ အိုမေမေတွေက စိတ်မကောက်ကြပါနဲ့။ ယူသော် ရ၏... လို့ သဘောထားပြီး ယူလိုသမျှကို ယူကြပါ။ မိန်းခလေးတွေအတွက် ဦးတည်ရေးထားတဲ့ စာတွေကို ဝေမျှတာဖြစ်လို့ ဦးဦးကိုကိုညီညီ ကာလသားများ မျက်စိရှက်ရင် ကျော်ဖတ်သွားကြပါလို့ ပြောရင်လည်း မကျော်တဲ့အပြင် တစ်လုံးချင်း တစ်ကြောင်းချင်းကို အပ်ကျမတ်ကျ ဂရုတစိုက် ဖတ်ရှုနေမှာကိုလည်း မြင်မိပါတယ်။ အလွတ်ကျက်မယ့်သူတောင် ရှိနိုင်ပါတယ်လေ။

မိန်းခလေးတွေ ဘရာဝတ်ချင်တဲ့ အကြောင်းပြချက်က နှစ်မျိုးရှိနိုင်ပါတယ်။ ကလေးဘဝကနေ အပျိုဘဝကို ရောက်လာတဲ့ ရင်ဖိုမှုနဲ့အတူ ဘရာကို စ ဝတ်ခဲ့ကြပါတယ်။ ဘရာကို စ ဝတ်နိုင်ပြီဆိုတာက လူကြီးဖြစ်ပြီ အရွယ်ရောက်ပြီပေါ့။ အဲဒီရင့်ကျက်မှုအတွက် စိတ်ထဲမှာ မသိမသာလေး လက်မထောင် ဂုဏ်ယူကြပါတယ်။ အဲဒီ ဂုဏ်ယူမှုကို မရပ်လိုက်ချင်တဲ့ ဆန္ဒတွေနဲ့အတူ ဘရာကို အမြဲတမ်း ဝတ်ချင်နေတတ်ပါတယ်။

နောက်တစ်ချက်က မြီးကောင်ပေါက်စ အပျိုဖြန်းလေးတွေဟာ ရှက်တတ်ကြပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံ ပြောင်းလဲလာတဲ့ အပေါ်မှာလည်း ရှက်သွေးဖြာကြပြန်တယ်။ ခန္ဓာကိုယ်ရဲ့ တချို့သောအပိုင်းတွေမှာ ပြောင်းလဲလာတဲ့ အရွယ်အစားတွေ ပုံစံတွေကို တခြားလူတွေ သတိထား မြင်သွားမှာကို စိုးထိတ်ကြပါတယ်။ ဒါကြောင့် သူတို့ဟာ ဘရာကို တစ်နေ့မှာ ၂၄ နာရီပတ်လုံး တစ်ပတ်မှာ ခုနစ်ရက်လုံး ဝတ်ဆင်ထားလေ့ ရှိပါတယ်။ မီးပဲလောင်နေ လောင်နေ၊ မုန်တိုင်းပဲ ဝင်နေဝင်နေ... ဘယ်လို အခြေအနေမျိုးကို ကြုံတွေ့နေပါစေ။ အဲဒီလို ဘရာ ဝတ်ထားရရင် သူတို့ရဲ့ စိတ်ထဲမှာ အရှက်တရားအတွက် လုံခြုံမှု ရှိနေပါတယ်။

တချို့မိန်းခလေးတွေအနေနဲ့ ဘရာ ဝတ်ပြီး အိပ်ရာဝင်တာဟာ သူတို့အတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရပြီး သက်တောင့်သက်သာ ရှိစေပါတယ်။ ဘရာ ဝတ်ပြီး အိပ်ရာဝင်တာ မှားတဲ့ကိစ္စတော့ မဟုတ်ပါဘူးတဲ့ဗျာ။ ကိုယ့်အတွက် သက်တောင့်သက်သာရှိတဲ့ ဘရာကို ဝတ်ပြီး အိပ်တာ ဆိုရင်ပေါ့လေ။ အသက်ရှုကျပ်လောက်တဲ့ ဘရာတွေတော့ နေ့ဘက်လည်း မဝတ်သင့်သလို ညမှာလည်း မဝတ်သင့်ပါဘူး။ ရင်သား နာကျင်နေတဲ့ အမျိုးသမီးလူနာတွေကိုတောင် တချို့ဆရာဝန်တွေက ဘရာ ဝတ်ပြီး အိပ်ဖို့တောင် အကြံပေးပါသေးတယ်။ ညအိပ်တဲ့အခါ ဘယ်လို ဘရာ အရွယ်အစားမျိုး ဝတ်ဆင်သင့်သလဲ ဆိုတာကိုတော့ ပြောင်းလဲနေတတ်တဲ့ ကိုယ့်အရွယ်အစားကို တိုင်းတာပြီး ဆိုင်မှာ သေချာ ရွေးချယ်ကြပေါ့။

အွန်လိုင်းလောကမှာတော့ ဘရာဝတ်အိပ်တာနဲ့ ပတ်သက်ပြီး ကောင်းကျိုး ဆိုးကျိုး အမျိုးစုံကို ရေးထားတဲ့ ယုံတမ်းစကားတွေကို ဖတ်ဖူးကြမှာပါ။ တကယ့်လက်တွေ့မှာတော့ အဲဒီယုံတမ်းစကားတွေနဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျ ရှာဖွေဖော်ထုတ် သက်သေပြထားတဲ့ အချက်အလက်တွေ မရှိသေးပါဘူး။ ဘရာ ဝတ်ပြီး အိပ်လို့ မိန်းခလေးတွေရဲ့ ရွှေရင်နှစ်မွှာ ပိုပြီးလှပတင့်တယ်လာမယ် ဆိုတာလည်း အာလူးတွေပါပဲ။ ကမ္ဘာကြီးရဲ့ ဆွဲငင်အားကို ဆန့်ကျင်ပြီး ပင့်တင့်ပေးထားတဲ့ ဘရာကြောင့် ရင်သားတွေ ပျော့အိတွဲကျလာတာကို ကာကွယ်တယ် ဆိုတာတွေလည်း မဟုတ်ပါဘူး။ ရင်သားတွေ ပျော့အိတွဲကျလာတာ အသက်အရွယ်ကြောင့်နဲ့ ကိုယ်ဝန်ဆောင်တာတွေနဲ့ပဲ ပတ်သက်ပါတယ်။ အဲဒီလိုပဲ ဘရာဝတ်ပြီး အိပ်ရင် ရင်သားကင်ဆာ ဖြစ်နိုင်ချေ ပိုများတယ် ဆိုတာလည်း သက်သေပြစရာ မရှိသေးပါဘူး။ ဘရာ ဝတ်အိပ်လို့လည်း မိန်းခလေးတွေရဲ့ ရင်သား ဖွံ့ဖြိုးကြီးထွားမှုကို ရပ်တန့်စေတယ်ဆိုတာလည်း မမှန်ပြန်ပါဘူး။

အကောင်းဆုံးကတော့ ပေါ့ပါးချောင်ချိတဲ့ ဘရာစီယာမျိုးကို ဝတ်ပြီး အိပ်ပေါ့။ တချို့သော ညအိပ်ဝတ်တဲ့ ဝတ်စုံအပေါ်ပိုင်းမှာလည်း အသင့်ချုပ်ထားတဲ့ ဘရာတွေ တွဲပါတာမျိုး ရှိပါတယ်။ ဘယ်လိုဟာမျိုးပဲ ဖြစ်ဖြစ်ပါ။ ညအိပ်ဝတ်ဖို့ ရွေးချယ်တဲ့ ဘရာဟာ ကျပ်ထုပ်နေတဲ့ ဘရာမျိုး မဟုတ်ရင် အဆင်ပြေပါပြီ။ ရင်သားထဲကို သွေးလည်ပတ် စီးဆင်းမှုနေတာ အနှောင့်အယှက် မဖြစ်ရအောင်ပေါ့။ မိန်းခလေးတွေ ဘရာကို ဝတ်ပြီး အိပ်ရာဝင်တဲ့ ကိစ္စမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ထိခိုက်စေနိုင်တာက တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ ဝတ်ထားတဲ့ ဘရာက သက်တောင့်သက်သာ မရှိလို့ ညဘက် အိပ်မရတာမျိုး ဖြစ်စေတာပါပဲ။

ကဲ... အခုက စပြီး ကျွန်တော် နားလည်လိုက်ပါပြီ။ ဘရာနဲ့အတူ အိပ်ချင် အိပ်.. မအိပ်ချင်လည်းနေ... အရာရာ မင်းပါ မေ... ပါကွယ်။

အရာရာ မင်းပါ မေ...

Read More...

Monday, January 25, 2010

Percent Daily Value

ပျိုမေတို့ အိမ်အတွက်ဈေးဝယ်ထွက်တဲ့အခါ super market တွေထဲက စားစရာအတော်များများမှာ ပါဝင်တဲ့ အာဟာရရဲ့ ပမာဏကိုဖြစ်စေ၊ percent Daily value ကို ဖြစ်စေ ဖော်ပြထားတာကို တွေ့ရပါလိမ့်မယ်။ percent Daily value ဆိုတာကတော့ လူတယောက်တနေ့တာမှာ စားသုံးသင့်တဲ့ စံပြပမာဏရဲ့ ရာခိုင်နှုန်းကို ဆိုလိုထားခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့် အစားအစာ တစ်ခုမှာ ဗိုက်တာမင်စီ percent Daily value (%DV) ၂၀ % ပါဝင်တယ်လို့ ရေးထားတဲ့အခါ အဲဒီ အစား အစာကို သတ်မှတ်ထားတဲ့ ပမာဏ စားသုံးတဲ့အခါ တစ်နေ့တာ လိုအပ်တဲ့ ဗိုက်တာမင်စီပမာဏရဲ့ ၂၀ ရာခိုင်နှုန်းကို ရရှိမှာဖြစ်ပြီး ကျန်တဲ့ ၈၀ ရာခိုင်နှုန်းကို အခြားသော အစားအစာများစားသုံးခြင်းဖြင့် ဖြည့်ဆည်းယူရမှာဖြစ်ပါတယ်။ percent Daily value ကို အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ သူများအတွက် တစ်နေ့တာ လိုအပ်ချက် ကယ်လိုရီ ၂၀၀၀ အားဖြင့် တွက်ချက်ထားတာဖြစ်ပါတယ်။



တစ်နေ့တာမှာ စားသုံးသင့်တဲ့ အာဟာရနဲ့ အဲဒါတွေရဲ့ ပမာဏကို သိချင်လျှင်တော့ အောက်ပါ ဇယားမှာ တစေ့တစောင်း ကြည့်နိုင်ပါတယ်။



အဆီဓာတ် နဲ့အငန်ဓာတ်ဟာ သင့်ကျန်းမာရေးကို ထိခိုက်နိုင်တာမို့ အဲဒါတွေရဲ့ %DV နည်းတဲ့ အစားအစာကိုရွေးချယ်သင့်သလို ဗိုက်တာမင် နဲ့ အမျှင်ဓာတ် %DV များများပါတဲ့ အစားအစာတွေကိုလည်း ရွေးချယ်သင့်တဲ့အကြောင်း ကျွမ်းကျင်သူများက ဆိုထားပါတယ်။ အစားအသောက်အမျိုးမျိုးရဲ့ Percent Daily value နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် ပျိုမေတို့ဈေးဝယ်ထွက်တဲ့အခါ ကို ဘယ်လိုအစားအစာတွေမှာ ခန္ဓာကိုယ်အတွက် သင့်လျော်တဲ့ အာဟာရ ဓါတ် ပိုမိုပါဝင်တယ်ဆိုတာ အလွယ်တကူသိနိုင်မှာဖြစ်လို့ အထူးအထွေ ခေါင်းခြောက်နေစရာမလိုတော့ဘူးပေါ့။


Sources: U.S. Food and Drug Administration; Dietary Reference Intakes National Academy of Sciences, 2004

Katherine Zeratsky RD, L.D. What does Percent Daily Value mean on food labels? ;

Available from: http://www.mayoclinic.com/health/food-and-nutrition/AN00284.



မွန်းသက်ပန် (ဆေး ၁)


Read More...

Wednesday, December 23, 2009

ရေသောက်ခြင်း၏ အကျိုးများ


ရေသည် လူတို့၏ အသက်ရှင် ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ ထို့ကြောင့်လည်း ရေအသက် တစ်မနက်လို့ ပြောကြတယ်ထင်ပါတယ်။ သို့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ ဆိုရင်တော့ ရေကို စနစ်တကျ သောက်တတ်ဖို့လိုပါတယ်။ သောက်သင့်သည့် အချိန်တွင် သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို အထိရောက်ဆုံး အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။

ရေသောက်သုံးသင့်သော အချိန်များ

  • နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။
  • အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။
  • ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။ သွေးပေါင်ချိန်ကျစေပါသည်။
  • မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။



ရေအကျိုး ဆယ်ပါး

  • ရေသည် ကျောက်ကပ်တွင် ကျောက်တည်ခြင်းအား တားဆီးနိုင်ပါသည်။ ကျောက်ကပ်တွင် ကျောက်တည်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ခန္ဓာကိုယ်တွင် ရေဓာတ်နည်းပါးသောကြောင့် ဖြစ်ပါသည်။ ရေသောက်များပါက ဆီးတွင် အနယ်ထိုင်နှုန်း နည်းသွားသည်။ ထို့ကြောင့် ကျောက်ကပ်တွင် ကျောက်တည်ဝေဒနာသည်များပါမက ရောဂါ မဖြစ်ပွားလိုသူများပါ တစ်နေ့ကို ရေ ၁၂ ဖန်ခွက်လောက် အနည်းဆုံးသောက်သင့်ပါသည်။
  • ရေသည် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကုသပေးနိုင်ပါသည်။ ရေများများသောက်လေလေ ဆီးများများသွာလေလေဖြစ်ပါသည်။ ဆီးခဏခဏသွားနေပါက ဆီအိမ်အတွင်းရှိ bacteria ပိုးများ ဆီးနှင့်အတူပါသွားသောကြောင့် မြန်မြန်သက်သာနိုင်ပါသည်။
  • ရေသည် ၀မ်းလျောသည့်အခါတွင် ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းရာတွင် အထောက်အကူပြုပါသည်။ သို့သော် ရိုးရိုးရေထက် ဓာတ်ဆားရည်က ပိုမိုထိရောက်ပါသည်။
  • ရေသည် အဖျားကို လျော့ချရာတွင် အထောက်အကူပြုပါသည်။ ကိုယ်အပူချိန်တက်လျင် ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ ရေများများသောက်ပါက ကိုယ်အပူချိန်ကျသည့်အပြင် ဆီးများများသွားသောကြောင့်လည်း ကိုယ်ပူကျ ပိုမြန်ပါသည်။
  • ရေများများသောက်ပါက တုတ်ကွေးမိသောအခါ သို့မဟုတ် နှာစေးချောင်းဆိုးဖြစ်သောအခါ အထောက်အကူပြုပါသည်။ ရေဓာတ်များပါက လည်ခေါင်းအတွင်းရှိ သလိပ်များ ပိုမိုကျဲသွားပြီး ဟတ်ထုတ်ရာတွင် လွယ်ကူစေပါသည်။ ထို့အတူ နှာခေါင်းပိတ်ခြင်းကိုလည်း သက်သာစေပါသည်။
  • ရေသည် အစာစားနောက်ကျသောကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်း (acid ကြောင့် ဗိုက်အောင့်ခြင်း) ကိုသက်သာစေပါသည်။ ရေ ၂ ခွက်နှင့် ငှက်ပျောသီး တစ်လုံးသည် Antacid တစ်လုံးကဲ့သို့ စွမ်းဆောင်နိုင်ပါသည်။
  • ရေများများသောက်ပါက ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ ရေသောက်နည်းပါက မစင်တုံးများသည် ပိုမိုမာကျောသွားပြီး ၀မ်းချုပ်စေပါသည်။ ထို့ကြောင့် ၀မ်းချုပ်၍ မရသည့် လိပ်ခေါင်းနှင့် စအိုဝကွဲနာ ဝေဒနာသည်များအတွက် ရေသည် ဆေးတစ်ခွက်ပင် ဖြစ်ပါသည်။
  • ရေသည် လူကို လန်းဆန်းတက်ကြွ စေပါသည်။ ရေဓာတ်နည်းပါးလာပါက သွေးသည် အလိုလို စေးပျစ်လာတတ်သည်။ ထိုအခါ ဦးနှောက်သို့ သွေးစီးနှုန်း နည်းသွားပြီး ခေါင်းနောက်ခြင်းနှင့် ပင်ပန်းခြင်းတို့ကို ခံစားရနိုင်ပါသည်။
  • အစာမစားမီ ရေသောက်လေ့ရှိပါက ဗိုက်ပိုတင်းပြီး အစာသိပ်မစားဖြစ်တော့ချေ။ ထို့ကြောင့် ကိုယ်အလေးချိန်လျှော့ရာတွင် ရေသည် အရေးကြီးပါသည်။
  • ရေသည် အရေပြားနှင့် အသားအရေကို စိုစွတ်အေးမြစေပါသည်။ အသားအရေကိုလည်း လှပစေပါသည်။

ရေသောက်ရာတွင် လိုက်နာသင့်သည် အချက် ဆယ်ချက်

  • အိပ်ယာနိုးနိုးချင်း ရေသောက်ပါ။
  • တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် ၈ ခွက်မှ ၁၂ ခွက် အထိသောက်ပါ။
  • ရေကို နည်းနည်း ဖြင့် ခဏခဏ သောက်ခြင်းက တစ်ခါတည်း အများကြီးသောက်ခြင်းထက် ပိုမို အကျိုးရှိပါသည်။
  • ရေငတ်မှ ရေသောက်ခြင်းကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် အသက်ကြီးသူများတွင် ခန္ဓာကိုယ်အတွက် ရေဓာတ်နည်းပါးနေသည်ကို အာရုံခံစွမ်းအား နည်းသွားပါသည်။
  • ရေသောက်ရာတွင် ရိုးရိုးရေကိုသာသောက်ပါ။ အအေး၊ ကော်ဖီ၊ ဘီယာ နှင့် အရက်သောက်ခြင်းများ ရှောင်ကြဉ်ပါ။ အဆိုပါ အရေများသောက်ပါက ရေဓာတ်ဆုံးရှုံးမှု ပိုမို များပြားသွားပါလိမ့်မည်။
  • ကလေးများကို ရေများများသောက်ရန် ကျင့်ပေးပါ။ မိမိကိုယ်တိုင် စံပြအဖြစ်လုပ်ပြပါ။
  • ကစားပြီး လေ့ကျင့်ခန်းများလုပ်ပြီးပါက ရေပိုသောက်ပါ။
  • ဖျားနာပြီး ကိုယ်ပူနေပါက ရေပိုသောက်ပါ။ ရေဓာတ်ဆုံးရှုံးမှု များသောကြောင့် ဖြစ်ပါသည်။
  • ကိုယ်ဝန်ဆောင်သည်များအနေဖြင့် ရေပိုသောက်ပါ။ ပုံမှန်သောက်နေကျထက် ၃-၄ ခွက်ခန့် ပိုသောက်သင့်သည်။

Read More...

Saturday, April 18, 2009

Hangover

အရက်နာ
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုကြိုတဲ့ အတာသင်္ကြန်ပွဲမှာ တစ်နေကုန်တစ်နေခမ်း ရေကစားကြပြီးနောက် ချမ်းချမ်းတုန်နေတတ်လို့ ယမကာလေးနဲ့ နွှဲချင်တာဘဲ ဖြစ်ဖြစ် ဒါမှမဟုတ် အပျော်လေးဖက်ချင်တာဘဲ ဖြစ်ဖြစ် ယမကာကို သောက်ဖြစ်ကြတဲ့အခါ နောက်နေ့တွေမှာ အရက်နာကျတာကြောင့် ရေကစား ပျက်တာလေးတွေ ၊ အပြည့်အ၀ မပျော်လိုက်ရတာလေးတွေ ဖြစ်တတ်ပါတယ်။

အရက်နာကျတယ်ဆိုတာ ကတော့ ကိုယ်တွင်း ဇီဝလုပ်ငန်းစဉ်နဲ့ ဓါတုဗေဒ ပစ္စည်းတစ်ချို့တို့ အပြန်အလှန် လုပ်ဆောင်မှုတို့ ကြောင့်ဖြစ်ပါတယ်။ ဘာကြောင့် ဖြစ်ရတယ်ဆိုတဲ့ အချက်တွေကို နားလည်ထားမယ် ဆိုရင်တော့ အရက်သောက်ပြီးနောက်တစ်နေ့မှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ အရက်နာကျခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ယမကာ နှင့် ရေဓါတ်ခန်းခြောက်ခြင်း


အရက်မှာပါဝင်တဲ့ Alcohol ဓါတ်မှာ လူတွေကို ဆီးသွားစေတဲ့ ဓါတ်တစ်မျိုး ပါဝင်တာကြောင့် အရက်သောက်ပြီးတဲ့ သူဟာ မကြာခဏ ဆီးသွားချင်စိတ် ဖြစ်ပေါ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် အရက်သောက်ပြီး နောက်နေ့မှာ ဆီးသွားများတာရဲ့ အကျိုးဆက်တခုကို အရက်နာကျ လက္ခဏာတွေထဲက တခုအနေနဲ့ ခံစားရတာဖြစ်ပါတယ်။ ရေဓါတ် ခန်းခြောက်ခြင်းနဲ့ အတူ ခန္ဓာကိုယ်မှာရှိတဲ့ ဗိုက်တာမင် (အထူးသဖြင့် ဗိုက်တာမင် B12) ကိုပါ ဆုံးရှုံးစေပါတယ်။ ဒါကြောင့် အရက်များများသောက်လေ သင့်ခန္ဓာကိုယ်က Alcohol ကို ချေဖျက်နိုင်စွမ်းနည်းလေ ဖြစ်ပါလိမ့်မယ်။ အဲဒီအခါ အရက်နာကျရင် ဖြစ်တတ်တဲ့ လက္ခဏာများဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊ နုံးနယ်နေခြင်း၊ ခံတွင်းမကောင်းခြင်း တို့ကိုဖြစ်စေပါတယ်။

ယမကာနှင့် Enzymes များ ၏ အကျိုးဆက်
Alcohol မှာ ရှုပ်ထွေးလှတဲ့ ဇီဝဖြစ်စဉ်ကိုပိုင်ဆိုင်ပြီး ခန္ဓာကိုယ်မှ ယင်းအားမည်သို့မည်ပုံ ချေဖျက်သည်တို့မှာလည်း သင့်အား စိတ်ရှုပ်ထွေးစေနိုင်တဲ့အတွက် အရက်ရဲ့ ဖြစ်စဉ်များကို မပြောပြဘဲ ချန်လှပ်ထားချင်ပါတယ်။

ယမကာများ ခန္ဓာကိုယ်ထဲကို ရောက်လာတာနဲ့တပြိုင်နက် ခန္ဓာကိုယ်မှ enzymes များက ယင်းအား ချေဖျက်ရန် ကြိုးပမ်းကြတာကြောင့် သူတို့ နေ့စဉ် ပုံမှန် လုပ်နေကျဖြစ်တဲ့ ဇီဝကမ္မလုပ်ငန်းများကို အရင်ကလို မလုပ်နိုင်တာတော့တာမို့ သွေးထဲမှာ သကြားဓါတ်နည်းခြင်း၊ ယင်းမှတဆင့် ဦးဏှောက်မှလည်း သူရဲ့လုပ်ငန်းကို အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ စွမ်းအင်များ မရရှိတာကြောင့် မူးဝေခြင်း၊ အာရုံမစူးစိုက်နို်င်ခြင်း၊ စတဲ့ လက္ခဏာများ ဖြစ်ပေါ်တတ်ပါတယ်။

ယမကာနှင့် Congeners


Alcohol မှာ ခန္ဓာကိုယ်ကို တန်ပြန်နိုင်တဲ့ ဓာတု ပစ္စည်းတချို့ပါဝင်ပြီး ၎င်းတို့ကို congeners လို့ခေါ်ပါတယ်။ ဒီဓာတုပစ္စည်းတွေဟာ ယမကာရဲ့ သန့်စင်မှုတဲ့ ဒါမှမဟုတ် ယမကာ အမျိုးအစား အပေါ်မူတည်ပြီး ပါဝင်မှုကွာခြားတာကိုတွေ့ရပါတယ်။ ယင်းဓာတုပစ္စည်းများ ဟာ ယမကာရဲ့အရသာကို ပိုမိုကောင်းမွန်စေပြီး ပမာဏနည်းတဲ့အခါ သူ့ရဲ့ မကောင်းတဲ့အချက်တွေကို ခံစားရမှာမဟုတ်ပေမယ့် congeners ပမာဏများစွာပါတဲ့ အရက်ကိုများစွာ သောက်သုံးမိမယ်ဆိုရင်တော့ သူ့ရဲ့ အကျိုးဆက်ကို ခံစားရမှာဖြစ်ပါတယ်။ အချို့သော ယမကာများဟာ သန့်စင်စွာထုတ်လုပ်ထားတာမို့ congeners ရဲ့။ vodka နဲ့ gin စတဲ့ ယမကာများမှာ ethanol နှင့် ရေတို့ပါဝင်ရောစပ်ထားတာကြောင့် အရက်နာကျခြင်းကို ဖြစ်ပေါ်စေတဲ့ congeners ကို သန့်စင်ထားသင့်သလောက် သန့်စင်ပြီးဖြစ်ပါသည်။ ပုံမှန်အားဖြင့်တော့ ယင်းသို့သော အဆင့်မှီဖော်စပ်ထားတဲ့ ယမကာကို သောက်သုံးပြီး ဖြစ်ပေါ်လာတဲ့ အရက်နာကျခြင်းဟာ ဓာတုပစ္စည်းများ ထက် ရေဓါတ်ခမ်းခြောက်ခြင်းနှင့် ဗိုက်တာမင် ဆုံးရှုံးခြင်းကြောင့်သာ အဖြစ်များတာ ဖြစ်ပါတယ်။

congeners များ ပမာဏပါဝင်တဲ့ ယမကာများကတော့ Whiskey, Rum, Brandy, Red Wine, and Beer ဖြစ်ပြီး ၊ congeners ပမာဏအနည်းငယ်သာပါဝင်တဲ့ ယမကာများ က Vodka, Gin, and White Wine ဖြစ်ပါတယ်။

ယမကာ အမျိုးအစား


တစ်ချို့သော သူများက ဘီယာဟာ တခြားသော အခြားအခြားသော ယမကာများထက် အရက်နာကျမှုကို နည်းပါးစေတယ်တို့ ထင်မြင်တတ်ကြပါတယ်။ ဘီယာမှာ ပါဝင်တဲ့ ရေဓါတ် ပမာဏဟာ အခြား သော ယမကာများထက် များပြားတာကြောင့် ရေဓါတ်ခမ်းခြောက်မှုကို နည်းစေတာမို့ အများအပြားသောက်ပေမယ့် အရက်နာကျမှုကို အနည်းငယ်သာ ဖြစ်စေတယ်ဆိုတဲ့ ဒီအချက်ဟာ အတိုင်းအတာတစ်ခုထိ မှန်ကန် နေတုန်းဘဲဖြစ်ပါတယ်။ သို့သော်လည်း ဘီယာဟာ congeners ကို သန့်စင်ထားတာ မဟုတ်တာကြောင့် ယင်းတို့များပြားစွာ ပါဝင်နေတဲ့ ဘီယာကို သောက်ပြီးတဲ့အခါ ဖြစ်တတ်တဲ့ အရက်နာဟာ ဓာတုပစ္စည်းများကြောင့် ဖြစ်ဖို့အခွင့်အလမ်း များလာပါတယ်။

ဒါကြောင့် သင်ဟာ စံချိန်မှီ သန့်စင်ထားတဲ့ ယမကာတခုခုကို ဗိုက်တာမင်ပါဝင်တဲ့ ဖျော်ရည်တစ်ခုခု ဒါမှမဟုတ်တခြား သော အရည်တခုခုနဲ့ ရောသောက်တဲ့အခါ ယင်းတို့မှာပါဝင်တဲ့ ဗိုက်တာမင်ဟာ သင့်ဆီးသွားများတာကြောင့် ဆုံးရှုံးသွားတဲ့ ဗိုက်တာမင်ကို ပြန်လည် နေရာယူဖြည့်စွက် ပေးနေမှာဖြစ်တာကြောင့် အရက်နာကျမှုကို သက်သာစေမှာဖြစ်ပါတယ်။

ယမကာနှင့် ဈေးနှုန်း


ဈေးချိုတဲ့ ယမကာများဟာ အရက်နာကျမှုကိုပိုပြီးဖြစ်စေတယ်ဆိုတာ လူအတော်များများ သိပြီးဖြစ်တဲ့ မှန်ကန်သင့်သလောက် မှန်တဲ့အချက်ဖြစ်ပါတယ်။ အဆင့်အတန်းမှီ ယမကာများဟာ သန့်စင်ခြင်းများကို အကြိမ်များစွာ ပြုလုပ်ထားပြီး ဖြစ်တာမို့ congeners ပါဝင်မှုက အလွန်ကိုနည်းပါးနေတာကို တွေ့ရပါတယ်။ ဈေးချိုတဲ့ ယမကာများဟာ များသောအားဖြင့် အဆင့်တန်းမှီမှီသန့်စင်ထားလေ့ မရှိတတ်တာကြောင့် အရက်နာကျဖို့ ပိုပြီး အခွင့်အလမ်းများစေပါတယ်။

ယမကာနှင့် ရေချိန်ကိုက်မှု


သင်ဟာ ဘယ်လို ယမကာကိုဘဲ သောက်သုံးပါစေ နောက်ဆုံးမှာတော့ ယမကာကြောင့် ဖြစ်ပေါ်တဲ့ အရက်နာကျမှုကိုတော့ အနည်းနဲ့အများ ခံစားရမှာဖြစ်ပါတယ်။ အဲဒီရေချိန်ကိုက်မှုဟာ လူတယောက်ချင်း ပေါ်မှာမူတည်ပြီး ပြောင်းလဲနေတာမို့ လူတိုင်းအတွက် အတိအကျု မပြောနိုင်ပေမယ့် သင်ရဲ့သောက်သုံးမှု ပေါ်မှာ မူတည်တာကိုတွေ့ရပါမယ်။

တကယ်လို့ သင်ဟာ တစ်နာရီအတွင်းမှာ အမြောက်အများ သောက်ဖြစ်မယ်ဆိုရင်တော့ အရက်နာကျဖို့ အခွင့်အရေးများမှာ ဖြစ်သလို တစ်နေ့မှာ များများ သောက်ရင်လည်း အရက်နာကျဖို့ အခွင့်အလမ်းများမှာဖြစ်ပါတယ်။

အရက်နာကျခြင်းမှ ကာကွယ်ခြင်းများ


အရက်နာ ကျခြင်းကို ကာကွယ်ခြင်းက ကုသခြင်းထက်ပိုလို့ ထိရောက်ပါတယ်။ ဒါကြောင့် သင်မသောက်ခင်မှာ ကြိုတင် ပြင်ဆင်ထားခြင်းဟာ သင့်အတွက် ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါလိမ့်မယ်။

၁။ အရက်နာကျတာကို အကောင်းဆုံးကာကွယ်တဲ့နည်းက တော့ ယမကာကို သောက်သုံးခြင်းမှ ရှောင်ကျဉ်တာပါပဲ ။

၂။ နှစ်သစ်ကူးမှာဘဲဖြစ်ဖြစ် အခြေအနေမှာဘဲ ဖြစ်ဖြစ်မသောက်ဘဲ မနေနိုင်သူတွေကတော့ ယမကာ တစ်ခွက်နဲ့ တစ်ခွက်ကြားမှာ ရေတခွက်စီသောက်ပေးခြင်းဖြင့် ယမကာကြောင့်ဖြစ်တဲ့ သင့်ကိုယ်မှ ရေဓါတ်ဆုံးရှုံးမှုကို ကာကွယ်သင့်သလောက် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

၃။ ယမကာ မသောက်ခင်နဲ့ သောက်ပြီးချိန်မှာ ဗိုက်တာမင်ပါတဲ့အစားအသောက် ဆေးများ စားပေးခြင်း (အထူးသဖြင့် ဗိုက်တာမင် B12 ပါတဲ့ အားဆေးကိုသောက်ပေးခြင်း) အားဖြင့် သင့်ခန္ဓာမှ ဗိုက်တာမင်ဆုံးရှုံးမှုကို ကာကွယ်ပေးပါလိမ့်မယ်။

၎။ သင်သောက်နိုင်သော ပမဏကို ချင့်ချိန်ပါ။ ရေချိန်ကိုက်ချိန်မရောက်ခင်မှာ ယမကာ သုံးဆောင်တာကို ရပ်ထားသင့်ပါတယ်။ မူးပြီးမှောက် သွားတာဟာ သင့်ကို ဘယ်လို ပျော်ရွှင်မှုကိုမှ ပေးနိုင်တာမဟုတ်တဲ့အပြင် နောက်နေ့မှာလည်း အရက်နာကျတာကို ခံရမှာမို့ သင့်သောက်နိုင်တဲ့ ပမာဏကို သင်သိထားနိုင်မယ်ဆိုရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ဒါကြောင့်မို့ သင့်ရဲ့ ယမကာသောက်သုံးမှုပမာဏ ကို တစ်နာရီမှာ 1 drink သာ သောက်သုံးခြင်းဖြင့် သင့်ခန္ဓာကိုယ်က ယင်းတို့ကို အချိန်မှီချေဖျက်နိုင်မှာဖြစ်ပါပြီး အရက်နာကျမှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

1 drink ဟု ဆိုရာတွင် အကြမ်းဖျင်းအားဖြင့် အောက်ပါ အတိုင်းအဆများကို ဆိုလိုပါတယ်။
1 drink = အရက်အပြင်းစား 44.36 ml (လက်ဘက်ရည်ကြမ်းတခွက်)
1 drink= ၀ိုင် 147.8676 ml (ဘက်ဘက်ရည်အချိုပုဂံတလုံး)
1 drink= alcohol ပမာဏ ၆ %မှ ၉ %ထိပါဝင်သည့် ဘီယာ 207.015ml (ပုံမှန်ဖန်ခွက် မပြည့်တပြည့် )
1 drink= အိမ်တွင် လုပ်သောဝိုင် 295.735 ml
1 drink= ဘီယာ 354.882 ml စသည်ဖြင့် အကြမ်းဖျင်း တွက်ချက်နိုင်ပါတယ်။

အဲဒီအပြင်ကို တစ်နေ့မှာ သင်ဘယ်လောက်သောက်မယ်ဆိုတာ ကို အမှတ်အသားတစ်ခု လုပ်ထားခြင်းဖြင့် သင့်ရဲ့ သောက်သုံးမှုကို ထိန်းနိုင်မှာဖြစ်ပါတယ်။

၅။ သင်အိပ်ပျော်စဉ်မှာ သင့်ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်များ နှေးကွေးသွားတာကြောင့် ယမကာသောက်ပြီးတဲ့ အချိန်မှာ ချက်ခြင်းမအိပ်သေးဘဲ နေခြင်းအားဖြင့် သင်အိပ်ပျော်ချိန်မှာ သွေးထဲမှာအရက်ပမာဏ သိပ်များမနေနိုင်တော့ပါဘူး။ ဒါကြောင့် သင်အိပ်ရာမ၀င်ခင် ၁နာရီအလိုမှာ အရက်သောက်ခြင်းကို ရပ်ဆိုင်းခြင်း၊ မူးပြီး အိပ်ပျော်ခြင်းမရှိအောင် နေခြင်းတို့ ပြုလုပ်သင့်ပါတယ်။ ယျေဘူယျအားဖြင့်တော့ သင်မူးပြီး အိပ်ပျော်သွားမယ်ဆိုရင် နောက်နေ့မနက်မှာ အရက်နာကျတဲ့ဒါဏ်ကို ပိုမိုခံစားရမှာ ဖြစ်ပါတယ်။

၆။ အိပ်ရာမ၀င်မှာ paracetamol တစ်လုံးကို ရေတစ်ခွက်နှင့် သောက်အိပ်ပေးပါ။ အကိုက်အခဲပျောက်ဆေးကို ရေးများများနဲ့သောက်ခြင်းဖြင့် သင့်ရဲ့ ရေဓါတ်ဆုံးရှုံးမှုကို ကာကွယ်နိုင်မှာဖြစ်တဲ့အပြင် နောက်နေ့မှာ အရက်နာကျခြင်းကြောင့် ခေါင်းကိုက်တာကို ကာကွယ်ပေးမှာဖြစ်ပါတယ်။

၇။ ယမကာမသောက်ခင်နဲ့ သောက်ပြီးတဲ့ အခါမှာ အစားအစာ တခုခုစား ခြင်းအားဖြင့် သင့်အား အကျိုးဆက်တစ်ချို့ကို ရစေမှာဖြစ်ပါတယ်။ ပထမတစ်ခုကတော့ ယင်းအစားအစာများက alcohol ရဲ့ပြင်းအားကို လျော့ကျစေပြီး သွေးထဲသို့ အရက်ရောက်နိုင်တဲ့ ပမာဏကို နည်းစေပါတယ်။ ဒုတိယအချက်အနေနဲ့ ကတော့ အရက်ကြောင့် ဆုံးရှုံးသွားတဲ့ ဗိုက်တာမင်ကို ထိုအစာများမှ အစားထိုးပေးပါတယ်။ တတိယအချက်အနေနဲ့ကတော့ စားထားတဲ့အစားအစာတွေက သင့်ရဲ့ ဇီဝဖြစ်စဉ်ကို မြန်စေတာကြောင့် alcohol ကို ပမာဏကိုလည်း ကျစေပါတယ်။ ဒါပေမယ့် အစာများကို အလွန်အကျွံစားခြင်းဟာလည်း သင့်ကို ပိုလို့အနေရခက်တဲ့ အခြေအနေများ ဖြစ်စေတာကြောင့် အတန်အသင့်သာ စားသုံးသင့်ပြန်ပါတယ်။

၈။ အိပ်ရေး၀၀ အိပ်ပေးပါ။

၉။ နောက်နေ့မနက်အိပ်ရာထတဲ့အချိန်မှာတော့ caffeine နဲ့ သကြားဓါတ် များများပါတဲ့ အစားအစာတွေဟာ သင့်ရဲ့ သွေးပေါင်ချိန်ကို တက်စေတာမို့ ထိုအစားအစာတွေကို ရှောင်သင့်ပါတယ်။ အဲဒီအစားအစာတွေကို စားမိတယ်ဆိုရင်တော့ သင့်ရဲ့ အရက်နာကျခြင်း ရဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ အနည်းငယ် ခေါင်းကိုက်ခြင်း ကနေ အပြင်းအထန် ခေါင်းကိုက်ခြင်းကို ပြောင်းလဲသွားနိုင်ပါတယ်။

၁၀။ ထို့အပြင် အရက်နာကျတာကို ကာကွယ်ပေးနိုင်တဲ့ ဆေးတချို့ ရှိပေမယ့် သိပ္ပံပညာရှင်များရဲ့ ငြင်းခုန်မှုက ခုထိရှိနေသေးတာမို့ အကျိုးသက်ရောက်မှုကိုအတိအကျ မပြောနိုင်သေးပေမယ့် အမှန်တကယ်သာ အကျိုးပြုနိုင်မယ်ဆို သင့်အတွက် သတင်းကောင်းဖြစ်ပါလိမ့်မယ်။

အရက်နာကျခြင်းဟာ များသောအားဖြင့် အရက်ရဲ့ ဆိုးကျိုးတခုသာဖြစ်ပြီး သင့်အနေနဲ့ တစ်ခါတစ်ရံ မှသာခံစားရမယ် ဆိုရင် အရေးမကြီးလှ ပေမယ့် မကြာခဏ ခံစားရမယ်ဆိုရင်တော့ သင့်အတွက် ပြသနာတစ်ခု ဖြစ်လာပါလိမ့်မယ်။ အချို့သော လူများဟာ ယမကာမှာပါတဲ့ ပစ္စည်းတစ်ချို့နဲ့ ဓါတ်မတည့်တဲ့ ရောဂါရှိတာမို့ တကယ်လို့ သင်ဟာလည်းအဲလို ပြသာမျိုးရှိခဲ့မယ်ဆိုရင် မသောက်တာဟာသင့်အတွက် အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။

ဒါကြောင့် မြန်မာ့နှစ်ကူးဖြစ်တဲ့ အတာသင်္ကြန်ပွဲမှာ အပျော်အပါးဖြစ်ရုံ အရက်သေစာ သောက်စား ကြသူများအတွက် နောက်နေ့မနက်မှာ အရက်နာကျတဲ့ ဝေဒနာမှ ကင်းဝေးစေဖို့ တင်ပြရင်း အားလုံးအတွက် မင်္ဂလာနှစ်သစ်အဖြစ် ဆုတောင်းပေးပါတယ်ရှင်။

မွန်းသက်ပန်

လောကအလှအွန်လိုင်း မဂ္ဂဇင်း

၂၀၀၉ ခုနှစ် ဧပြီလ ၁၁ ရက်

How To Cure a Hangover.
Available from: http://www.drunkmansguide.com/articles/hangover.php

Read More...