Showing posts with label Genetics and Genetic Disorders မျိုးရိုးဗီဇ သဘာဝနှင့် ရောဂါများ. Show all posts
Showing posts with label Genetics and Genetic Disorders မျိုးရိုးဗီဇ သဘာဝနှင့် ရောဂါများ. Show all posts

Sunday, December 28, 2008

Genetic Diseases (3)

Complex Genetic Disorders




မျိုးရိုးဗီဇကြောင့် ဖြစ်ရသော ရောဂါ အုပ်စု သုံးခု စလုံးအနက် Complex Disordersသည် အခြား နှစ်ခုထက် ပိုမို ရှုပ်ထွေးပြီး အဖြစ် အများဆုံး ဖြစ်သော်လည်း ၈၀%ကျော်ကို လုံးဝ ကာကွယ်၍ ရနိုင်သော ရောဂါများသာ ဖြစ်သည်ကို တွေ့ရပါသည်။ Multi-factorial Disorders (သို့) Complex Disorders ရောဂါများကို သုတေသနပြုချက်အရ မိသားစုဝင်များနှင့် ဆွေမျိုး များတွင် ဖြစ်လေ့ရှိသည့် အပေါ် မူတည်ပြီး မျိုးရိုး ဗီဇနှင့် ဆိုင်သည်ဟု သတ်မှတ်ထားသော်လည်း ထိုရောဂါ အများစုသည် Environmental Factors ဟုခေါ်သော ပတ်ဝန်းကျင် ဘ၀ လူနေမှု ပုံစံနှင့် များစွာ သက်ဆိုင်နေပြီး အနေအထိုင်၊ အစား အသောက် မဆင်ခြင်ပါက မိဘ မျိုးရိုးတွင် ထိုရောဂါများ မရှိသူများ အပါအ၀င် မည်သူမဆို ရရှိနိုင်သည့် ရောဂါများ ဖြစ်ပါသည်။ ဤပို့စ်တွင် ဥပမာ အဖြစ် ဖေါ်ပြထားသည့် ရောဂါများထဲမှ အားလုံး နီးပါးကို ဤဘလော့ဂ်ရှိ Health Education ခေါင်းစဉ်အောက်တွင် ရှာဖွေ ဖတ်ရှုနိုင်သောကြောင့် ဤပို့စ်တွင် ထိုရောဂါများ အကြောင်းကို အသေးစိတ် ဖေါ်ပြမည် မဟုတ်ဘဲ ကာကွယ်၍ ရနိုင်သည်များကို ကာကွယ်နိုင်စေရန် မျိုးရိုး လိုက်သည့် ပုံစံနှင့် သဘော သဘာဝကိုသာ အသားပေး တင်ပြ သွားမည် ဖြစ်ပါသည်။

အဖြစ်များသော Complex Genetic Disorders ရောဂါ ဥပမာ တချို့ကို ခန္ဓာကိုယ် အလုပ်လုပ်မှု စနစ်အလိုက် အောက်ပါ အတိုင်း တွေ့ရှိနိုင်ပါသည်။

အစာခြေ အင်္ဂါ အဖွဲ့အစည်း

(၁) အူမကြီးကင်ဆာ (Colo-Rectal Cancer) - အဆီများသော အစားအစာများနှင့် အမျှင်နည်းသော အစားအစာများကို စားသုံးသောကြောင့် အဓိက ဖြစ်ရသည်။
(၂) နံပါတ် (၂) အမျိုးအစား ဆီးချိုရောဂါ ( Type (2) Diabetic Mellitus) - အ၀လွန်ခြင်းနှင့် အချိုဓါတ် လွန်ကဲစွာ စားသုံးသောကြောင့် ဖြစ်ရသည်။
(၃) နံပါတ် (၁) အမျိုးအစား ဆီးချိုရောဂါ ( Type (1) Diabetes Mellitus) - ခုခံမှုအား တုံ့ပြန်မှုကို ဗိုင်းရပ်စ် နှောင့်ယှက် ခံရသောကြောင့် ဖြစ်ရသည်။
(၄) အ၀လွန်ခြင်း ရောဂါ (Obesity) - Body Mass Index (BMI) ၃၀ကျော် သူများကို ဆိုလိုပြီး ထမင်း အပါအ၀င် ကာဗိုဟိုက်ဒရိတ် အစားအစာများနှင့် အဆီ ပါသော အစားအစာများကို လိုသည်ထက် ပို၍ လွန်ကဲစွာ စားသုံးသောကြောင့် ဖြစ်ရသည်။


နှလုံးသွေးလှည့်ပတ် အင်္ဂါအဖွဲ့အစည်း

(၁) နှလုံးရောဂါ (Coronary Heart Disease)
(၂) သွေးတိုးရောဂါ (Hypertension)
(၃) လေဖြတ်ခြင်း (Stroke) စသည်တို့ ဖြစ်နိုင်ပြီး ၎င်းတို့ အားလုံးသည် အဆီစား များခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း၊ ဆေးလိပ် သောက်ခြင်း၊ ကော်လက်စထရောလ်ဓါတ်များခြင်းနှင့် စိတ်ဖိစီးမှုများခြင်းတို့ကြောင့် ဖြစ်ရသည်။


အာရုံကြောနှင့် ကြွက်သားအဖွဲ့အစည်း

(၁) အယ်လ်ဇီးမာ ရောဂါ (Alzheimer Disease) - အင်ဇိုင်း ချို့တဲ့မှုများနှင့် ဓါတုဗေဒ ဆိုင်ရာ ဓါတ်ပေါင်းများ မမျှတခြင်းကြောင့် ဟု ဆေးသုတေသီများ ခန့်မှန်းသည်။
(၂) စိတ်ရောဂါများ (Psychiatric Disorders) - အာရုံကြော၌ ဓါတုဗေဒ ဓါတ်ပေါင်း မညီမျှခြင်းကြောင့် ဖြစ်ရသည်ဟု ပညာရှင်များ ခန့်မှန်းသည်။
(၃) အရက်စွဲရောဂါ (Alcoholism) - လူမှုပတ်ဝန်းကျင်နှင့် ဘ၀နေထိုင်မှု ပုံစံ မှားယွင်းသောကြောင့် ဖြစ်ရသည်။


အမျိုးသမီး ရင်သား ကင်ဆာနှင့် သားအိမ် ကင်ဆာများသည် မျိုးရိုး လိုက်သည့် ရောဂါများတွင် ပါဝင်ပြီး ဖြစ်ရသည့် အကြောင်းရင်း အတိအကျ မသိရသော်လည်း အဆီစားများသူနှင့် အရက်သောက်သည့် အမျိုးသမီးများတွင် အများဆုံး ဖြစ်သည်ဟု လေ့လာ သိရှိ ရပါသည်။

အထက် ဖေါ်ပြပါ ဥပမာ ပေးထားသည့် ရောဂါများသည် မျိုးရိုးလိုက် ရောဂါများဟု အမည် ပေးထား သော်လည်း Type(1) ဆီးချို ရောဂါမှအပ အခြား ရောဂါများ အားလုံးတွင် ဖြစ်ရသည့် အကြောင်းရင်း အတိအကျ ရှိပြီး အနေအထိုင်၊ အစား အသောက် ဆင်ခြင်ပြီး ကာကွယ်၍ ရနိုင်ပါသည်။ သို့သော်လည်း မျိုးရိုး ရှိသူနှင့် မျိုးရိုး မရှိသူ နှစ်ဦး နေထိုင် စားသောက်မှု မဆင်ခြင်ပုံချင်း တူညီပါက မျိုးရိုး ရှိသူများတွင် ပိုအဖြစ် များသည်။ ဥပမာအားဖြင့် အ၀လွန်သူများ အားလုံးတွင် နံပါတ် (၂) အမျိုးအစား ဆီးချို ရောဂါ မရှိနိုင်သော်လည်း မျိုးရိုးတွင် ဆီးချို ရောဂါရှိသူ အ၀လွန်ပါက မျိုးရိုးတွင် ရောဂါ မရှိသူ အ၀လွန်သူထက် ရောဂါ ရရန် ပို သေချာပါသည်။ ထို့ကြောင့် မျိုးရိုး ဗီဇကြောင့် ဖြစ်နိုင်သည့် အခန်းကဏ္ဍကိုလည်း လုံးဝ ပစ်ပယ်၍ မရပဲ မျိုးရိုး တစ်ခုတည်းကြောင့် (သို့) ပတ်ဝန်းကျင် ဘ၀ နေထိုင်မှု ပုံစံ တစ်ခုတည်းကြောင့် မဟုတ်ဘဲ ၎င်းတို့ နှစ်ခု စလုံး ပေါင်းစပ်မှုကြောင့် ထိုရောဂါများကို အများဆုံး ဖြစ်စေသည်ဟု သတ်မှတ်နိုင်ပါသည်။

မိသားစုဝင်များသည် ဗီဇနှင့် ပတ်ဝန်းကျင် (အစားအသောက်၊ လူနေမှုပုံစံ) နှစ်ခု စလုံးတွင် ထပ်တူနီးပါး တူညီပြီး ထိုအလေ့အထ အတိုင်း ကြီးပြင်းသည် အထိ ဆက်လက်၍ နေထိုင် စားသောက်သောကြောင့် ရောဂါရှိသော မိသားစုမှ ဆင်းသက်လာသော မွေးချင်း မောင်နှမများတွင် ရောဂါ ရရှိရန် အခွင့်အလမ်း များသည်မှာ သဘာဝပင် ဖြစ်သည်။ မွေးချင်းများ အားလုံးသည် အမွေ ဆက်ခံမှု သဘော သဘာဝ အရ တစ်ယောက်နှင့် တစ်ယောက် ဗီဇ ၅၀% ထပ်ထူ ကျပြီးသား ဖြစ်သည်။ Genetic အရ ရောဂါ အမွေ ဆက်ခံမှုသည် ရုပ်သွင် လက္ခဏာ အမွေ ဆက်ခံမှုနှင့် အတူတူ ဖြစ်သောကြောင့် အမြွှာ မောင်နှမများကို လေ့လာခြင်း ဖြင့်လည်း ရောဂါ တစ်ခုတွင် ဗီဇနှင့် ပတ်ဝန်းကျင် နှစ်ခု စလုံး အရေး ပါသည်ကို ပိုမို ရှင်းလင်းစွာ နားလည်နိုင်ပါသည်။

အမြွှာ မောင်နှမများတွင် Monozygotic (မျိုးဥ တစ်လုံးတည်း မှ မွေးလာသူများ)နှင့် Dizygotic (မျိုးဥ နှစ်လုံးနှင့် Sperm တစ်ကောင်စီဖြင့် မျိုးစပ်ပြီး မွေးလာသူများ) ဟူ၍ နှစ်မျိုး ရှိပြီး Monozygotic များသည် ဗီဇ အရ ရာနှုန်းပြည့် ထပ်တူကျသောကြောင့် ၎င်းတို့သည် ရုပ်သွင်၌ ပုံတူ (Concordant trait) ဖြစ်ပြီး ကွဲပြားစရာ ဆိုသည်မှာ ပတ်ဝန်းကျင်ကြောင့်သာ ရှိပါသည်။ Dizygotic များမှာမူ အတူတူ မွေးလာသော်လည်း မျိုးဥတစ်လုံးစီ၊ Sperm တစ်ခုစီမှ မွေးလာသောကြောင့် ၎င်းတို့သည် ရုပ်သွင်၌ ပုံတူ (Discordant trait) မဟုတ်ဘဲ ဗီဇအရ အခြား မွေးချင်းများကဲ့သို့ ၅၀%သာ တူပါသည်။ အကယ်၍ ဥတစ်လုံးတည်းနှင့် မွေးလာသည့် (Monozygotic) အမြွှာများ မျိုးရိုး ဗီဇကြောင့်သာ ရောဂါ ရရှိမည် ဆိုပါက နှစ်ဦး စလုံးတွင် တူတူ ရရှိ ရမည် ဖြစ်သည်။ သို့သော် လက်တွေ့တွင် အမြွှာ မောင်နှမထဲမှ တစ်ယောက်ယောက်တွင် ဆီးချို၊ နှလုံး၊ သွေးတိုး ရှိတိုင်း ကျန်တစ်ယောက်တွင် လိုက်ဖြစ်သည်ကို တွေ့ခဲပါသည်။ ဤသည်မှာ ထိုရောဂါများတွင် Gene က အဓိက မကျခြင်းကို ဖေါ်ပြနေခြင်းပင် ဖြစ်သည်။

သို့ရာတွင် အခြား တစ်ဖက်တွင်မူ မွေးစား သားသမီးများကို လေ့လာသည့် သုတေသန ပြုမှု တစ်ခုတွင် အထက်ပါ ပုံစံ အတိုင်း မဟုတ်ဘဲ Geneက အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည်ကို တွေ့ရပါသည်။ မွေးပြီးကတည်းက ၎င်းတို့၏ မူရင်း မိဘများ (Biological parents) ဆွေမျိုး များနှင့် လုံးဝ မတူညီသည့် လူနေမှု ဘ၀ပုံစံနှင့် ပတ်ဝန်းကျင်တွင် ကြီးပြင်းသော မွေးစား ကလေးများကို လေ့လာသောအခါ ထို ကလေး တချို့တွင် ၎င်းတို့၏ မူရင်း မိဘ ဆွေမျိုးများ၏ မျိုးရိုးတွင် ဖြစ်လေ့ ရှိသည့် ရောဂါများ အထူးသဖြင့် စိတ်ကြွရောဂါ အပါအ၀င် အခြား စိတ်ပိုင်းဆိုင်ရာ ထိခိုက်သည့် ရောဂါများသည်ကို တွေ့ရှိ ရပါသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ပတ်ဝန်းကျင် ဘ၀ နေထိုင်မှု မပါပဲ ဗီဇ တစ်ခုတည်းကြောင့်လည်း ရောဂါ ဖြစ်နိုင်သည်ကို လေ့လာ သိရှိ ရပါသည်။ ထို့ကြောင့် Complex Genetic Disorders တွင် မျိုးရိုး ဆက်ခံသည့် ပုံစံသည် ပိုမို ရှုပ်ထွေးပြီး အတိအကျ ပြော၍ မရနိုင်ပါ။ ခန့်မှန်း၍ ရနိုင်သည့် အချက်များ တွင် မိဘများနှင့် ဘိုးဘွားများ၏ မွေးချင်းများတွင် ထိုရောဂါများ ရရှိသူ အရေအတွက် မည်မျှရှိပြီး ရောဂါ ပြင်းထန်မှု အတိမ်အနက် (Intensity) မည်မျှ ရှိသည်ကို ကြည့်ပြီး မိမိနှင့် မိမိ သားသမီးများ၏ မျိုးရိုး အရ ရောဂါ ဖြစ်နိုင်ခြေ (Risk Factors) ကို ခန့်မှန်း နိုင်ပါသည်။ ကျန်သည့် ဖြစ်နိုင်ခြေ ရှိသည့် အပိုင်းက မိမိ၏ ဘ၀ လူနေမှုပုံစံနှင့်သာ အများဆုံး သက်ဆိုင်နေပါသည်။

မည်သို့ပင် ဖြစ်စေ ထိုရောဂါများ၏ ဖြစ်နိုင်ခြေ ရှိသည့် အချက်များ (Risk Factors) များကို လေ့လာသောအခါ ရာခိုင်နှုန်း အနေနှင့် မျိုးရိုး ဗီဇသည် အစိတ်အပိုင်း တစ်ခု အဖြစ်သာ ပါဝင် နေသည်ကို တွေ့ရပြီး အဓိက အကြောင်းရင်း မဟုတ်သည်ကို တွေ့ရပါသည်။ မျိုးရိုး မရှိသူများတွင်လည်း အနေအထိုင်၊ အစားအသောက် မဆင်ခြင်သောကြောင့် ထိုရောဂါများ ဖြစ်နေသူ များစွာရှိပြီး ဘ၀ နေထိုင်မှု ပုံစံ မှန်ကန်သောကြောင့် ရောဂါ မရသူများလဲ ရှိသည့်အတွက် ဖြစ်ရခြင်း အကြောင်းရင်း နှစ်ခုတွင် ပတ်ဝန်းကျင်၊ ဘ၀ နေထိုင်မှုပုံစံသည် ပို၍ အဓိကကျသည်ကို တွေ့ရမည် ဖြစ်သည်။ အဓိကအားဖြင့် ယနေ့ ကမ္ဘာပေါ်တွင် အဖြစ်အများဆုံး စာရင်းဝင် နေသော နှလုံး၊ သွေးတိုး၊ ဆီးချို၊ ကင်ဆာ ရောဂါ အတော် များများကို ကျန်းမာစွာ နေထိုင် စားသောက်ခြင်း၊ ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း လုပ်ခြင်း၊ စိတ်ဖိစီးမှု ကို ပြေပျောက် စေသည့် တရားမှတ်ခြင်း အပါအ၀င် နည်းလမ်းများစွာဖြင့် ကာကွယ်၍ ရနိုင်သည့်ရောဂါများသာ ဖြစ်သည်။ ဆီးချို ရောဂါ တစ်ခုတည်းမှာပင် ကာကွယ်၍ ရနိုင်သော Type (2) ဆီးချိုသည် ၈၅% ရှိပြီး သုတေသီများက ကာကွယ်ရန် နည်းလမ်း ရှာမတွေ့ သော Type (1) ဆီးချို ရောဂါမှာ ၁၅%သာ ဖြစ်နေသည်ကို ကြည့်ခြင်းအားဖြင့် အခြား ရောဂါများတွင်လဲ ကာကွယ်သင့်သည့်ကို မကာကွယ်သဖြင့် ရောဂါ ဝေဒနာ ခံစားနေရခြင်းမှာ ငြင်း၍ ရနိုင်မည် မဟုတ်ပါ။

အချုပ်အားဖြင့် မျိုးရိုးဗီဇ ရောဂါများတွင် ဗီဇ အမွေ ဆက်ခံသည့် ပုံစံကို တွက်ချက် ခန့်မှန်း၍ ရနိုင်သော ဗီဇ တစ်ခုခုတွင် ပုံမှန် မဟုတ်သည့် (Single Gene disorders) ရောဂါများနှင့် ခရိုမိုဇုမ်း ပုံမှန် မဟုတ်သည့် အထဲမှ တချို့မှ လွဲ၍ ကမ္ဘာပေါ်တွင် လက်ရှိ အဖြစ်များ နေသော မျိုးရိုးဗီဇ ရောဂါများ အားလုံးသည် ဗီဇ တစ်ခုတည်းတွင် အခြေခံခြင်း မဟုတ်ဘဲ ပတ်ဝန်းကျင် အခြေအနေများလည်း ပေါင်းစပ် ပါဝင်နေသောကြောင့် အနည်းနှင့် အများ ကာကွယ်၍ ရနိုင်သော ရောဂါများသာ ဖြစ်သည်ကို တွေ့ရပါသည်။ သို့သော်လည်း ထိုကာကွယ်၍ လုံးဝ မရနိုင်သော Single Genes disorders ရောဂါများသည် အနည်းအကျဉ်းသာတွေ့ရပြီး ကာကွယ်၍ ရနိုင်သော မျိုးရိုးဗီဇ ရောဂါများကိုသာ အများဆုံး တွေ့နေရသည်မှာ အမှန်ပင် ဖြစ်သည်။

ထိုရောဂါများ၏ သဘော သဘာဝနှင့် ရောဂါ ရရှိပုံကို သိရှိ ထားပါက ကာကွယ်သင့်သည်များကို ကာကွယ် နိုင်ပါလိမ့်မည်။ ထိုသို့ ကာကွယ်သင့်သည်ကို မကာကွယ်ခြင်းသည် အကြောင်း အမျိုးမျိုး ရှိနိုင်သော်လည်း လူအများစုအတွင်း ကျန်းမာရေး ဗဟုသုတ လေ့လာမှု အားနည်းခြင်းနှင့် ပညာရှင်များမှ ကျန်းမာရေး ပညာပေး အားနည်းနေခြင်း နှစ်ခု စလုံးကြောင့် ဖြစ်နိုင်ပါသည်။ ကာကွယ်ခြင်းသည် ကုသခြင်းထက် များစွာ သက်သာပြီး ထိရောက်သောကြောင့် အသက်ရှင်စဉ် ကာလအတွင်း ဘ၀ကို ကျန်းကျန်းမာမာ သက်တောင့်သက်သာနှင့် ဖြတ်သန်းနိုင်ကြစေရန် လေ့လာသင့်သော ကျန်းမာရေး ဆိုင်ရာ ဗဟုသုတများကို လေ့လာပြီး ကာကွယ် ကြပါရန် တိုက်တွန်း ဆန္ဒပြုလိုက်ပါသည်။

Read More...

Thursday, December 25, 2008

Genetic Diseases (2)

မျိုးရိုးဗီဇ ရောဂါ များ (၂)


Chromosomal Abnormality

မျိုးရိုးဗီဇ ရောဂါနှင့် ပတ်သက်ပြီး ယခင်ပို့စ်မှာ Single Genes disorderကို တင်ပြခဲ့ပြီး ဖြစ်၍ ယခုပို့စ်တွင် ၎င်း၏ အဆက်ဖြစ်သော Chromosomal Abnormalityကို တင်ပြသွားမည် ဖြစ်သည်။ ခရိုမိုဇုမ်း ပုံမှန် မဟုတ်ခြင်းသည် Gene တစ်ခုစီ၌ ပြဿနာ တစ်စုံတစ်ရာ မရှိဘဲ Geneများဖြင့် ဖွဲ့စည်းထားသည့် ခရိုမိုဇုမ်း တစ်ခုခု၏ အရေအတွက် (သို့) ဖွဲ့စည်းပုံ၌ ချွတ်ယွင်းမှု တစ်စုံတစ်ရာ ရှိနေခြင်းကြောင့် ဖြစ်ပါသည်။ လူသား၏ ပုံမှန် ဆဲလ်တစ်ခုတွင် ခရိုမိုဇုမ်း တစ်တွဲတွင် ၂၃ စုံ (သို့) ၄၆ခုစီသည် ပုံမှန် အခြေအနေတွင် သူ့အတွဲနှင့်သူ အရေအတွက် မှန်ကန်စွာဖြင့် အစီစဉ်တကျ အတွဲလိုက် (Homologous) ရှိရပါသည်။ ထိုသို့ ပုံမှန် မဟုတ်ဘဲ ချွတ်ယွင်းနေခြင်းမှာ မျိုးပွားသည့် ကာလ၌ မိခင်နှင့် ဖခင်ထံမှ ခွဲထွက်လာသော ဆဲလ်နှစ်ခုအနက် တစ်ခုခုတွင် အပို၊ အလို ပါလာခြင်း(သို့) ပေါင်းစပ်ရာ၌ သူ့နေရာနှင့် သူ မတွဲဖက်ခြင်းနှင့် ခရိုမိုဇုမ်း အစိတ်အပိုင်း တစ်ခု ကျိုးပြတ်ပြီး တစ်နေရာမှာ တွယ်ကပ်ခြင်းတို့ကြောင့် ဖြစ်သည်။ ထိုကဲ့သို့ ပုံမှန် မဟုတ်ဘဲ တစ်စုံတစ်ရာ ချွတ်ယွင်းနေသည့် အခြေအနေများတွင်
(၁) Numerical Abnormalities အရေအတွက် ပုံမှန် မဟုတ်ခြင်း
(၂) Structural Abnormality ဖွဲ့စည်း တည်ရှိပုံ ပုံမှန် မဟုတ်ခြင်း

ဟူ၍ နှစ်မျိး ရှိသည်ကို တင်ပြလိုက်ပါသည်။

၁။ Numerical abnormalities အရေအတွက် ပုံမှန် မဟုတ်ခြင်း

အရေအတွက် ပုံမှန် မဟုတ်ခြင်းကို Aneuploidyဟု ခေါ်၍ ခရုမိုဇုမ်း တစ်စုံတွင် ရှိသင့်သည့် အရေအတွက် လိုခြင်း(သို့) ပိုခြင်းကို ဆိုလိုပါသည်။ ခရိုမိုဇုမ်း ပုံမှန် မဟုတ်ခြင်းကို မွေးဖွားသည့် ဦးရေ ၁၅၀တွင် တစ်ဦးနှုန်း ရှိသည်ဟု သိရပြီး ယင်းသည် ကိုယ်ဝန် ပျက်ကျခြင်းနှင့် ကလေး၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု နှေးကွေးခြင်း၏ အဓိက အကြောင်းရင်း ဖြစ်သည်ဟုလည်း သိရပါသည်။ ခရိုမိုဇုမ်း အရေအတွက် ပုံမှန် မဟုတ်ခြင်းကိုလည်း Autosomal Chromosome Aneuploidy, ပထမ ၂၂ စုံ အထဲမှ ခရုမိုဇုမ်း အရေအတွက် ပုံမမှန်ခြင်းနှင့် Sex Chromosome Aneuploidy, ကျာ၊းမ(လိင်) ခရိုမိုဇုမ်း အရေအတွက် ပုံမှန် မဟုတ်ခြင်း ဟူ၍ နှစ်မျိုး တွေ့ရပါသည်။

Autosomal Chromosomes Aneuploidy

ခရိုမိုဇုမ်း တစ်စုံတွင် နှစ်ခု စုံတွဲ ဖြစ်ရမည့်အစား ၁ ခု (Monosomy)သာ ရှိခြင်း(သို့) နှစ်ခုထက် ပိုနေခြင်း (Polysomy)တို့ကြောင့် ဖြစ်သည်။ Monosomyသည် မပြည့်စုံခြင်း ဖြစ်၍ Polysomyကြောင့် ဖြစ်သော ရောဂါထက် ဆိုးကျိုး ရလဒ် ပိုများသည်။ Polysomyများ၌ Down Syndromeသည် အဖြစ်များဆုံးနှင့် အထင်ရှားဆုံး ဖြစ်ပြီး ၂၁ စုံမြောက် ခရိုမိုဇုန်းတွင် နှစ်ခု ဖြစ်ရမည့်အစား ၃ ခု ဖြစ်နေခြင်းကြောင့် ဖြစ်ပြီး အသက်ရှင်သည့် ကလေး ၈၀၀ မွေးလျှင် တစ်ယောက်နှုန်း ဖြစ်သည်ကို တွေ့ရသည်။ အကြောင်းရင်း အတိအကျ မသိရသော်လည်း သုတေသနအရ အသက်ကြီးမှ အထူးသဖြင့် အသက်(၃၀)နောက်ပိုင်း ကလေးယူသည့် အမျိုးသမီးများ၊ အရက် စွဲလမ်းစွာ သောက်သော အမျိုးသမီများမှ မွေးလာသော ကလေးများတွင် အဖြစ်များသည်ကို တွေ့ရပါသည်။

Down Syndromသည် ကော့ကေးရှန်း ကလေးများတွင် အခြား ကလေးများထက် ပိုအဖြစ်များပြီး ပြင်ပ လက္ခဏာအရ မျက်နှာ၊ နားရွက်နှင့် နှာခါင်း ပြားချပ်ပြီး တရုတ် မျက်နှာပေါက်နှင့် မွေးလာသောကြောင့် အနောက်တိုင်းသားများက ထိုရောဂါကို ယခင်က Mongolism (မွန်ဂို တရုတ်ရောဂါ) ဟု ခေါ်ခဲ့သည်။ ကိုယ်ဝန်ဆောင်စဉ် ၎င်းရောဂါ ရရှိသော သန္ဓေသား လေးပုံ၊ သုံးပုံသည် ကိုယ်ဝန်ဆောင်စဉ် ကာလမှာပင် ပျက်ကျလေ့ရှိပြီး အသက်ရှင်လျက် မွေးလာသည့် ကလေးများအနက် ၂၀% ခန့်မှာ မွေးရာပါ နှလုံးရောဂါ (သို့) အခြား ရောဂါ တစ်ခုခုနှင့် မွေးလာပြီး ၁၀ နှစ်ကာလ အထိ အသက်ရှင်နိုင်သည်။ ထိုထက် ပို၍ အသက်ရှည်သူများမှာ အသက် ၆၀ခန့် အထိ (သို့) ပျမ်းမျှ သက်တမ်း ၅၅ နှစ် နေရနိုင်ပါသည်။ အသက် ရှိစဉ် ကာလတွင် Down Syndrome ၏ အခြား သိသာထင်ရှားသည့် လက္ခဏာများမှာ အရပ် ပုံမှန်ထက် နိမ့်ခြင်း၊ လျှာနှင့် ကြွက်သား တောင့်တင်းနိုင်မှု အားနည်းခြင်း၊ အသက်ရှုလမ်းကြောင်းနှင့် ပတ်သက်သည့် ရောဂါများ အပေါ် အခြားသူများထက် ခံနိုင်ရည်နည်းခြင်း၊ သွေးကင်ဆာ ရောဂါကို ရရှိနှုန်း ပိုများခြင်း စသည့် လက္ခဏာများကို တွေ့ရပါသည်။ Down Syndromeနှင့် မွေးရာပါ နှလုံးရောဂါ ဆက်စပ်ပုံကို စိုးသီဟ ရေးသည့် ကျိန်စာ သင့်နေသူလေးများ ပို့စ် ကို (http://health.ngoinmyanmar.org/2007/11/tof-tetralogy-of-fallot-cyanosis-tet.html ) တွင် သွားရောက် ဖတ်ရှုနိုင်ပါသည်။

Sex-Chromosome Aneuploidy ကျား၊မ ခရိုမိုဇုမ်း ပုံမှန် မဟုတ်ခြင်း

ကျား၊ မ ခရိုမိုဇုမ်းသည် ၂၃ စုံမြောက် ခရိုမိုဇုမ်း ဖြစ်ပြီး မိန်းကလေး ဖြစ်ပါက (XX)နှင့် ယောက်ျားလေး ဖြစ်ပါက (XY) ဟူ၍ ခရိုမိုဇုမ်း တစ်စုံတွင် နှစ်ခုသာ ရှိရမည် ဖြစ်သည်။ ထိုသို့ စုံတွဲ မှန်ကန်လျက် (Homologous) မဟုတ်ပဲ လိင် ခရိုမိုဇုန်း X (သို့) Y တစ်ခုသာ ဖြစ်နေခြင်းနှင့် တစ်စုံထက် ပိုများနေခြင်းကို Sex- Chromosome ပုံမှန် မဟုတ်ခြင်းဟု ခေါ်ပါသည်။ ကျား၊ မ ခရိုမိုဇုမ်း ပုံမှန် မဟုတ်ခြင်းသည် Autosomes ပုံမှန် မဟုတ်ခြင်းထက် ရောဂါ အခြေအနေ သက်တောင့်သက်သာ ပိုဖြစ်သည်ကို တွေ့ရပါသည်။

X ခရိုမိုဇုမ်း အရေအတွက် နှစ်ခုထက် ပိုပါလာပြီး မွေးလာသည့် အမျိုးသမီးများ

X ခရိုမိုဇုန်း နှစ်ခုထက် ပိုများပြီး မွေးဖွားနှုန်းသည် အယောက် ၄၀၀မှာ ၁ ယောက်နှုန်း ဖြစ်ပြီး အဖြစ် အများဆုံးနှင့် အထင်ရှားဆုံး တစ်ခုမှာ X နှစ်ခု ဖြစ်ရမည့် အစား ၃ ခုဖြင့် မွေးလာသော မိန်းကလေးများ ဖြစ်သည်။ အယောက် ၁၀၀၀ မွေးလျင် ၁ ယောက်နှုန်း ဖြစ်ပြီး ၄င်းတို့ ကြီးပြင်းသည့် ကာလတွင် ကလေး မွေးနိုင်မှု၊ ရာသီသွေး ပုံမှန်လာမှု စသည်တို့တွင် ပုံမှန် မဟုတ်ဘဲ ပြဿနာ တစ်စုံတစ်ရာ ရှိနိုင်သော်လည်း အခြား ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာတွင် ရောဂါအဖြစ် သတ်မှတ်ရလောက်သည့် ထူးထူးခြားခြား လက္ခဏာများကို မတွေ့ရပါ။ သို့သော်လည်း အရေအတွက် အနည်းငယ်သော တချို့ အမျိုးသမီးများတွင် X ခရိုမိုဇုမ်း ၄ ခုဖြင့် မွေး လာသော အမျိုးသမီးများသည် ရုပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု မရှိသော်လည်း စိတ်ပိုင်းဆိုင်ရာ၌ ချွတ်ယွင်းနိုင်ပါသည်။ ထို့အပြင် X ခရိုမိုဇုမ်း ၅ ခုနှင့် အထက်ဖြင့် မွေးလာသူများတွင် ပိုမို ဆိုးဝါးသည့် စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု အပြင် ရုပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုများကိုပါ တွေ့ရပါသည်။

Turner Syndrome

X ခရိုမိုဇုမ်း တစ်ခုတည်း အခြား မည်သည့် X (သို့) Y နှင့်မှ မတွဲဖက်ဘဲ မွေးဖွားလာသူများ ဖြစ်သည်။ ယင်းသို့ မွေးဖွားလာသူများ၏ ဆဲလ်တွင်း၌ ခရိုမိုဇုမ်း ၄၆ ခု ရှိရမည့် အစား ၄၅ ခုသာ ရှိပါသည်။ ၎င်းရောဂါကို။ ထိုကဲ့သို့ မွေးလာသော အမျိုးသမီးများတွင် အခြား အမျိုးသမီး အင်္ဂါများ ပါရှိသော်လည်း မျိုးဥအိမ် မပါရှိသောကြောင့် ရာသီသွေး လာခြင်းနှင့် ကလေး ရနိုင်ခြင်း မရှိပါ။ ပြင်ပ လက္ခဏာ အရ ၎င်းတို့သည် အရပ် ပုံမှန်ထက် နိမ့်ခြင်း၊ လည်ပင်း အရေပြား တွဲပြီး ခုံးခြင်း စသည်တို့ကို တွေ့နိုင်ပါသည်။ ၉၉% သော Turner Syndrome ရှိသည့် သန္ဓေသားများသည် ကိုယ်ဝန်ဆောင်စဉ် ကာလမှာပင် ပျက်ကျနိုင်ပြီး အသက်ရှင်သည့် ကလေးအယောက် ၃၀၀၀မွေးမှ တစ်ယောက်နှုန်း ခန့်သာ ဖြစ်နိုင်ပါသည်။

Klineflter Syndrome

Y ခရိုမိုဇုမ်း တစ်ခုနှင့် X ခရိုမိုဇုန်း တစ်ခုထက် ပိုပြီး မွေးလာသူများ ဖြစ်သည်။ ၄င်းတို့တွင် Y ခရိုမိုဇုမ်း ပါရှိနေသောကြောင့် အမျိုးသားများ၏ ရုပ်သွင် ရှိပါသည်။ သို့သော်လည်း ထိုသူများတွင် ဝှေးစေ့ ပုံမှန်ထက် သေးခြင်း၊ သုတ်ထုတ်နိုင်မှု အားနည်း၍ ထိုသူများတွင် ကလေး ရနိုင်ခြင်း မရှိပါ။ အရပ်ရှည်၍ ပိန်ခြင်း၊ အခြား ယောက်ျားများနှင့် မတူဘဲ ရင်သားကြီးခြင်းတို့ကို ထိုရောဂါ ရှိသူများ၏ ၅၀%တွင် တွေ့ရပြီး မျက်နှာနှင့် ခန္ဓာကိုယ်၌ အမွေးအမျှင် နည်းခြင်း စသည်တို့ကိုလည်း တွေ့နိုင်ပေသည်။ အသက်ရှင်၍ မွေးဖွားလာသူ အမျိုးသား ၁၀၀၀မှာ တစ်ယောက်နှုန်းခန့် တွေ့ရပါသည်။

Y ခရိုမိုဇုမ်း နှစ်ခုဖြင့် မွေးလာသူများ ထိုသူများသည် ပုံမှန် အမျိုးသားများထက် ပျမ်းမျှ အရပ် ပိုရှည်ပြီး ဉာဏ်ရည် ဖွံ့ဖြိုးမှုတွင် ပျမ်းမျှ IQထက် ၁၀-၁၅ အထိ ပိုနိမ့်ပါသည်။ အကြမ်းဖက်လိုသည့် အမူအကျင့်နှင့် စိတ်ပိုင်းဆိုင်ရာ ကြမ်းတမ်းသည့် လက္ခဏာများကို တွေ့နိုင်ပါသည်။ ရာဇ၀တ်မှုများကို ကျူးလွန်သည့် နှုန်းသည် ပုံမှန် ယောက်ျားများထက် ပိုများသည်ကို သုတေသန ပြုသူများစွာမှ ဖေါ်ပြထားပါသည်။

၂။ Structural Chromosomal abnormality ခရိုမိုဇုမ်း ဖွဲ့ စည်းပုံ ပုံမှန် မဟုတ်ခြင်း

အရေအတွက် ပုံမှန် မဟုတ်၍ ဖြစ်သော ပြဿနာများနှင့် မတူဘဲ ဖွဲ့စည်းပုံ မမှန်ကန်ခြင်းကြောင့် ဖြစ်သော ရောဂါသည် ပြင်းထန်သည့် အခြေအနေ ရှိသလို တစ်ခါတစ်ရံ၌ သာမန် လူတစ်ယောက်၏ ကျန်းမာရေးကို လုံးဝ မထိခိုက်သည်ကိုလဲ တွေ့ရပါသည်။ မျိုးပွားသည့် ကာလ၌ မိခင်နှင့် ဖခင်ဆီမှ ရရှိသော ခရိုမိုဇုမ်းများ ပုံမှန်အတိုင်း မတွဲဖက်ခြင်းနှင့် ကျိုးပြတ် ပျက်စီးခြင်း တစ်ခုခုကြောင့် ဖြစ်ရသည်။ ထင်ရှားသည့် ရောဂါများမှာ Cri-du-chat syndrome, Robertsonian Translocation နှင့် Fragile X တို့ ဖြစ်ပါသည်။

Cri-du chat syndrome

၎င်းရောဂါသည် နံပါတ် ၅ စုံမြောက် ခရိုမိုဇုမ်း၌ ချွတ်ယွင်းသောကြောင့် ဖြစ်ရပြီး အင်မတန် အဖြစ်နည်းပါသည်။ မွေးလာသော ကလေးသည် မွေးရာပါ ကြောင်အော်သံကဲ့သို့ ငိုခြင်း၊ ကိုယ်အလေးချိန် ပုံမှန်ထက် ပိုနည်းခြင်၊ ခေါင်း အဆမတန် သေးနေခြင်း၊ နှလုံး အားနည်းခြင်း မျက်နှာ လုံးဝန်းခြင်း စသည့် လက္ခဏာများကို တွေ့ရပါသည်။ ဖွံ့ဖြိုး တိုးတက်မှု တွင် ဧရိယာ အားလုံး၌ နှေးကွေးပါသည်။

Robertsonian Translocation

မိခင်နှင့် ဖခင်ဆီမှ ရရှိသော ခရိုမိုဇုမ်းများ ပေါင်းစပ်ရာ၌ ခရိုမိုဇုမ်း နံပါတ် ၁၃၊ ၁၄၊ ၁၅၊ ၂၁ နှင့် ၂၂ တို့ အနက် တစ်ခုခု လုံးဝ ဆက်သွားသောကြောင့် အစုံ မဖြစ်ဘဲ တစ်ခုတည်း ဖြစ်သွားသည်။ ထို့ကြောင့် ဤရောဂါတွင်လည်း ခရိုမိုဇုမ်း ၄၆ ခုရှိရမည့်အစား ၄၅ ခုသာ ရှိပါသည်။ ထိုရောဂါရှိသူ ကိုယ်တိုင်၌ ကျန်းမာရေးကို သိသိသာသာ မထိခိုက်သော်လည်း ထိုရောဂါ ရှိသူ မိခင်မှ မွေးလာသော ကလေးသည် Down Syndrome ရရှိနိုင်သည့် အခွင့်အလမ်း ပိုများပါသည်။

Fragile X Syndrome

၎င်းရောဂါသည် ခရိုမိုဇုန်း အစိတ်အပိုင်း တစ်ခု ကျိုးပဲ့ ပျက်စီးပြီး ကွက်လပ် ဖြစ်နေသောကြောင့် ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သိသိသာသာ ထိခိုက်သည်ကို မတွေ့ရဘဲ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု နှေးကွေးသည့် အချက်တွင် Down Syndrome ပြီးလျှင် ဒုတိယ လိုက်သော ရောဂါ ဖြစ်ပါသည်။ ဘာသာစကား သင်ကြားရာ၌ တတ်မြောက်မှု နှေးကွေးခြင်း အပြင် စိတ်ပိုင်းဆိုင်ရာ နယ်ပယ် အသီးသီးတွင် ဖွံ့ဖြိုးမှု နောက်ကျသည်။ လူ အများစုနှင့် ဆက်ဆံမှုကို ရှောင်ပြီး လူစုလူဝေးနှင့် ၀ိုင်းဖွဲ့ နေထိုင်ခြင်းထက် အထီးကျန် ဆန်ဆန် နေလိုသည့် အလေ့အထ ရှိပါသည်။ ရောဂါ ဖြစ်ရခြင်း အကြောင်းရင်းကို ဆေးသုတေသီများ လေ့လာနေဆဲ ဖြစ်သည်။ ၎င်းတို့၏ သက်တမ်းသည် လူသာမန် တစ်ယောက်၏ ပုံမှန် သက်တမ်း အတိုင်းပင် ဖြစ်သည်။

အချုပ်အားဖြင့် Chbromosomal abnormalityကြောင့် ဖြစ်ရသော ရောဂါများ အနက် ခရိုမိုဇုမ်း အရေအတွက် ပုံမှန် မဟုတ်၍ ဖြစ်ရသော ရောဂါသည် ဖွဲ့စည်းပုံ ပုံမှန် မဟုတ်၍ ဖြစ်ရသော ရောဂါများထက် ကျန်းမာရေး အခြေအနေ ပိုဆိုးသည်ကို တွေ့ရပါသည်။ ရောဂါများကို အတိအကျ ပျောက်ကင်းအောင် ကုသ၍ မရနိုင်ဘဲ စိတ်ပိုင်းဆိုင်ရာ counselling Programmesများနှင့် ဟော်မုန်းနှင့် ဆိုင်သည့် အချို့ ပြဿနာများကို ဟော်မုန်းဖြင့် ကုသပြီး အသက်ရှင်စဉ် ကာလတွင် သက်သာရာရအောင်သာ ပြုလုပ်ပေးနိုင်ပါသည်။ ထိုရောဂါများသည် အလွန် အဖြစ်နည်းသော ရောဂါများ ဖြစ်ပြီး ဗီဇ တစ်ခုခု ချွတ်ယွင်း၍ ဖြစ်သော ရောဂါများကဲ့သို့ တိကျသည့် ရောဂါ အမွေ ဆက်ခံပုံ မရှိသည်ကို တွေ့ရပြီး ကာကွယ်နိုင်သည့် အခြေအနေများလည်း ရှိသည်ကို တွေ့ရ ပါသည်။

Complex Genetic Disorders ကို ဆက်လက် တင်ပြပါမည်။

Read More...

Saturday, December 20, 2008

Genetic Diseases and Inheritance Patterns (1)


မျိုးရိုးဗီဇ ရောဂါများနှင့် အမွေဆက်ခံပုံ (၁)

မျိုးရိုး လိုက်သည့် ရောဂါများ ကို ဗီဇ (သို့) ခရိုမိုဇုမ်း တခုခု ချွတ်ယွင်းမှု ကြောင့် ဖြစ်သော ရောဂါများ ( Single gene or Chromosomal abnormality) နှင့် Complex Genetic Disease ဟုခေါ်သော ပတ်ဝန်းကျင်နှင့် ဘ၀ လူနေမှုပုံစံ ပေါင်းစပ်မှု ကြောင့် ဖြစ်သော ရောဂါများ အဖြစ် ၃ မျိုးတွေ့ နိုင်ပါသည်။ ဤပို့စ်တွင် ဗီဇတခုခု ချွတ်ယွင်းမှု ကြောင့် ဖြစ်သော ရောဂါများ အကြောင်းကို ပိုမို အသေးစိတ် ကျသည့် အမွေဆက်ခံပုံ ဥပမာ များဖြင့် တင်ပြ မည်ဖြစ်ပြီး Chromosomal disorder နှင့် Complex Genetic Diseases ကိုမူ ဒုတိယ ပိုင်းနှင့် တတိယ ပိုင်းတွင် ဆက်လက် တင်ပြ သွားမည် ဖြစ်ပါသည်။ မျိးရိုး ဗီဇ ဝေါဟာရ များနှင့် အခြေခံ သဘော တရား များကို ပိုမို ရှင်းလင်း လွယ်ကူစွာ နားလည် စေရန် မျိုးရိုး ဗီဇ မိတ်ဆက် ပို့စ်ကို ဖတ်ပြီးမှ ဤပို့စ်ကို ဖတ်ရန် အကြံပြုပါသည်။

Single gene disorder ဗီဇ တခုခုတွင် ချွတ်ယွင်းမှု ဖြစ်ခြင်း ကြောင့် ဖြစ်သော ရောဂါ

ဗီဇ တခုစီသည် ခရိုမိုဇုမ်း ထဲတွင် တိကျသော နေရာ၊ ပုံသဏ္ဍန် (Locus) ရှိပြီး ၎င်းတို့သည် သူ့ နေရာနှင့်သူ မဟုတ်ပဲ တစုံတရာ ချို့ယွင်း နေခြင်း ကြောင့် ဖြစ်ပါသည်။ အပင် တိရိစ္ဆာန် လူသား စသည့် သက်ရှိ တိုင်းတွင် အမျိုးအစား ကွဲပြားသည့် အလျောက် ခရိုမိုဇုမ်း အရေ အတွက်နှင့် ဗီဇ အစီစဉ် (Sequence) လည်း ကွဲပြား ပါသည် ။ လူသား ဆဲလ် တခုတွင် ခရိုမိုဇုမ်း ၄၆ ခု (သို့) ၂၃ စုံ ပါရှိပြီး ထိုအထဲ၌ ၁-၂၂ စုံ မြှောက်ထိ ခရိုမိုဇုမ်း များ အားလုံးကို Autosomes (သို့) Autosomal chromosomes များ ဟု ခေါ်ပြီး နောက်ဆုံး အစုံ ဖြစ်သည့် ၂၃ စုံမြောက် ခရိုမိုဇုမ်း ကို ကျား/မ (သို့) လိင်ခရိုမိုဇုမ်း (Sex chromosome) ဟု ခေါ်ပါသည်။ မျိုးရိုး ဗီဇ လက္ခဏာ များကို ထို ခရိုမိုဇုန်း များ အပေါ် မူတည်ပြီး လက်ဆက် ကမ်းပုံ ခြားနား ပါသည်။ ဗီဇ တခုခု၏ ပုံမှန် မဟုတ်သော အမွေ ဆက်ခံပုံ ကို ပုံ သဏ္ဍန် ၄ မျိုးဖြင့် တွေ့ရ ပါသည်။

(၁) Autosomal dominant disorder

၁-၂၂ စုံမြှောက် ခရိုမိုဇုန်း များ၏ ပုံမှန် မဟုတ်သော ဗီဇမှ ပုံမှန် ဖြစ်သော ဗီဇကို စိုးမိုး သောအခါ ရရှိပြီး ရောဂါ ရသော မိဘ တဦးဦး ဆီမှ သားသမီး များသို့ တိုက်ရိုက် ကူးစက် သောကြောင့် ကူးစက် ခံရသော သားသမီး တိုင်း၏ မိဘ တဦးဦးတွင် ရောဂါ ရှိရမည်။ ရောဂါ ရသူနှင့် ရောဂါ မရှိသူ လက်ထပ် သောအခါ သား သမီး များ၏ အရေအတွက် တ၀က် ခန့်တွင် ရောဂါ ရနိုင်ခြင်း၊ ရောဂါများသည် သား သမီး များတွင် ကျားမ သီးသန့် ရွေးမဖြစ်ပဲ နှစ်မျိုး စလုံးတွင် တူညီစွာ ကူးစက် နိုင်ပါသည်။ ရောဂါသည် မျိုးဆက် မခြားပဲ မျိုးဆက် တိုင်းတွင် ဖြစ်လေ့ ရှိပါသည်။ Huntington Disease နှင့် Neurofibromatiosis သည် ထင်ရှား သည့် Autosomal Dominant Disease များ ဖြစ်ပါသည်။

မျိုးရိုးဗီဇ လက်ဆက် ကမ်းသည့် ပုံစံ၌ ပုံမှန် အခြေအနေတွင် Hh (Heterozygous) သင်္ကေတ သည် ရောဂါ ရှိသူ၏ ဗီဇ မဟုတ်ပဲ သယ်ဆောင် သူ သာ ဖြစ် သော်လည်း ဤနေရာ၌ Autosomal Dominant အရ ပုံမှန် မဟုတ်သော ဗီဇ၀က် h သည် စိုးမိုး ဗီဇ ဖြစ် နေသော ကြောင့် Hh သည် ရောဂါ ရှိသည့် ဗီဇ ဖြစ်ပါသည်။ ရောဂါ ရှိသော ဗီဇပိုင်ရှင် Hh နှင့် ကျန်းမာ သည့် ဗီဇပိုင်ရှင် HH တို့နှစ်ဦး လက်ထပ်ပါက သား သမီး တ၀က်စီကို ကျန်းမာသူ နှင့် ရောဂါရသူ အချိုး ကျစွာ ရရှိပုံကို အောက်ပါ အတိုင်း တွက်ကြည့် နိုင်ပါသည်။

Autosomal Dominant ဗီဇ လက်ဆက် ကမ်းပုံကို တွက်ချက်ခြင်း



(၂) Autosomal Recessive

၁-၂၂ စုံမြှောက် ခရိုမိုဇုန်း များ၏ လက်ခံဗီဇ ခေါ် ငုတ်ဗီဇကို သယ်ဆောင်ထားသူ Heterozygous Carriers များ မှ တဆင့် ကူးစက်ခြင်း ဖြစ်သည် ရောဂါရ နေသည့် မိဘဆီမှ တိုက်ရိုက် ကူးစက်ခြင်း မဟုတ်ပါ။ Systic Fibrosis သည် ထင်ရှား သော Autosomal Recessive Disease တခု ဖြစ်သည်။ Autosomal Recessive ၏ လက္ခဏာများမှာ ရောဂါကို မိဘတွင် မတွေ့ရှိ နိုင်ပဲ အဖိုး အဖွား တဦးဦး နှင့် မွေးချင်း များ၊ တ၀မ်းကွဲ မောင်နှမ များ တွင်သာ တွေ့နိုင်ခြင်း ပြီး Autosomal dominant ကဲ့သို့ပင် ကျားမ မရွေး တူညီစွာ ဖြစ်နိုင် သော်လည်း ရောဂါသည် မျိုးဆက် တိုင်းတွင် မဖြစ်နိုင်ပဲ မျိုးဆက် ခြား၍ ဖြစ်လေ့ရှိပါသည်။ ရောဂါ ကူးစက် ခံရသော ကလေး၏ မိဘ နှစ်ပါး စလုံး သည် ရောဂါသည် များ မဟုတ်ပဲ ရောဂါ သယ်ဆောင်သူ များသာ ဖြစ်ပြီး ရောဂါ သယ်ဆောင်သူ နှစ်ဦး လက်ထပ်ခြင်း (Hh x Hh) ဖြင့် သားသမီး များ၏ ၂၅% ကို ရောဂါ ကူးစက် စေပါသည်။ အောက်ပါ ဇယားကို လေ့လာ နိုင်ပါသည်။

Autosomal recessive ဗီဇ လက်ဆက် ကမ်းပုံကို တွက်ချက်ခြင်း



Autosomal Recessive ရောဂါ (သို့) ဗီဇ တခုသည် လက်ဆက် ကမ်းမှုသည် ကြား ကာလတွင် လုံးဝ လက္ခဏာ မပေါ်ပဲ မျိုးဆက် သုံးလေးခုကြာ မှပြန်ပေါ်လာသည်များလည်း ရှိနိုင်ပါသည်။ မြန်မာပြည်တွင် အင်္ဂလိပ်ဝင်စားသည်ဟု ယုံကြည်ရသည့် အသားမဖြူမညို ဗမာမိဘနှစ်ဦးမှ မွေးဖွားလောသော Phenotype (အသွင်သဏ္ဌန်) အရ ရွေဝါရောင် ဆံပင်၊ မျက်လုံး ညိုပြာ၊ အသား ဖြူစပ်စပ် ကော့ကေးရှန်း ပုံ ဗမာများ ကို တွေ့ဖူး ပါလိမ့်မည်။ ထိုသူများသည် ဘာသာရေး အရ လူဝင်စားခြင်း ဖြစ်နိုင်သော်လည်း မျိုးရိုး ဗီဇအရ တကယ် စင်စစ်တွင် ဘိုးဘွား၊ ဘီဘင် လက်ထက်က အမွေ ပေးခဲ့သည့် ငုပ်ဗီဇ မရှိပဲနှင့် Asian စစ်စစ် ကနေ ကော့ကေးရှန်း စစ်စစ် လူသား ကို မွေးဖို့ မည်သို့မှ မဖြစ်နိုင်ကြောင်း ကို မျိုးရိုး ဗီဇ ဘာသာရပ် ကို လေ့လာခြင်း ဖြင့် သိနိုင် ပေသည်။ ထို့ကြောင့် ထို သူများ၏ ဘိုး၊ ဘွားဘီဘင် ထဲမှ တဦးဦး သည် အင်္ဂလိပ် လက်ထက်က အင်္ဂလိပ် တစ်ဦးဦး နှင့် အကြောင်းပါ သွေးနှောဖူးပြီး ယခင် မျိုးဆက် များတွင် ကော့ကေးရှန်း ဗီဇ ငုပ်နေ ၍ မပေါ်ပဲ မျိုးဆက် သုံးလေးခု ကြာမှ စိုးမိုး ဗီဇအဖြစ် ပြန်ပေါ် လာခြင်းသာ ဖြစ်ပါသည်။

(၃) Sex linked dominant and Sex linked recessive

လူသား ဆဲလ်၏ နောက်ဆုံး (သို့) ၂၃ စုံမြှောက် ခရိုမိုဇုန်း သည် ကျား မ လက္ခဏာ ကို ဖေါ်ဆောင်သည့် ခရိုမိုဇုန်း ဖြစ်သည်ကို သိရှိပြီး ဖြစ်ပါသည်။ ကျား ၊မ ခရိုမိုဇုန်း တွင် အမျိုးသား များသည် X နှင့် Y ဟူ၍ အမည် ပေးထားသော လိင် ခရိုမိုဇုမ်း နှစ်မျိုး စလုံး ပိုင်ဆိုင် သော်လည်း အမျိုးသမီး များတွင် X ခရိုမိုဇုမ်း သာ ရှိပါသည်။ ထို့ကြောင့် ဖိုနှင့်မ ပေါင်းစပ်ပြီး မျိုးပွား ရာ၌ ပထမ ဦးဆုံး သက်ရှိဆဲလ် Gamete ကိုဖွဲ့စည်းရာမှာ အမျိုးသမီး သည် X ခရိုမိုဇုန်းကိုသာ ထုတ်ပေး နိုင်ပြီး ထို X ခရိုမိုဇုန်းနှင့် ပေါင်းရန် အမျိုးသားဆီမှ X ခရိုမိုဇုန်း ရပါက (XX) သမီး မိန်းကလေး ကို ရရှိမည်ဖြစ်ပြီး Y ခရိုမိုဇုန်း ကို ရရှိပါက (XY) သား ယောက်ျားလေး ကို ရရှိမည် ဖြစ်ပါသည်။ ( မှတ်ချက် - မိမိ၏ ဇနီးမယားများအား သား ယောက်ျားလေး မမွေးပေး၍ အပြစ်တင်လေ့ရှိသော အမျိုးသားများ ဤအချက်ကို အလေးပေး မှတ်သား သင့်ပါသည်။)

ကျား၊မဆိုင်ရာ မျိုးရိုးဗီဇ ရောဂါ (Sex linked genetic disease) သည် Y ခရိုမိုဇုန်း မှ တဆင့် ကူးစက်ခြင်းမရှိပဲ X ခရိုမိုဇုန်း မှ တဆင့် သာ ကူးစက် လေ့ ရှိပါသည်။ Sex Linked Dominant လက်ဆက် ကမ်းမှုသည် မရှိ သလောက် ရှားပြီး Sex Linked recessive သာ ကျား၊မ မျိုးရိုး ဗီဇ၏ ပုံမှန် လက်ဆက် ကမ်းမှု ဖြစ်သည်။ ထို့ကြောင့် ရောဂါရ နေသော မိဘမှ တိုက်ရိုက် ကူးစက်မှု နည်းပါး ပါသည်။ ကျားမ ဗီဇ အမွေ ဆက်ခံမှုအရ အမျိုးသမီး များသည် ရောဂါ သယ်ဆောင်သူ များသာ ဖြစ်များပြီး လက္ခဏာ သည် အမျိုးသား များ တွင်သာ ပို၍ ပေါ်ပါသည်။ X ဗီဇ သည်သာ ရောဂါကို လက်ဆက် ကမ်းပြီး Y ဗီဇသည် ရောဂါကို မသယ်ဆောင် သောကြောင့် ဖခင်ဆီမှ X ဗီဇ ရရန်အကြောင်း မရှိ သောကြောင့် အဖေမှ သားများ ဆီသို့ လက္ခဏာ ကူးစက်ရန် လုံးဝ ဖြစ်နိုင်ပါ။ သို့သော်လည်း ရောဂါ ရှိသော ဗီဇကို သမီး အားလုံးမှာ သယ်ဆောင်သူ အဖြစ် ရရှိ ပါသည်။ ရောဂါ သယ်ဆောင် ထားသော မိခင်ဆီမှ ၅၀% သော သားများသို့ ကူးစက် နိုင်ပါသည်။ Colour blindness, Duchenne muscular dystrophy, clotting factor abnormality နှင့် Haemophilia စသည် တို့သည် ထင်ရှား သော Sex Linked Disease များ ဖြစ်ပါသည်။ အကယ်၍ ကျန်းမာ သည့် ဗီဇ H နှင့် ရောဂါ လက္ခဏာ h အဖြစ် သတ်မှတ်ပါက Sex Linked နှင့် ဆက်စပ် သည့် Genotype (ရှိရင်းဗီဇ) နှင့် Phenotype (ရုပ်သွင်လက္ခဏာ) ကို အောက်ပါ အတိုင်း တွေ့ရမည်။



ရောဂါရှိသော အဖေ XhY နှင့် ကျန်းမာသောအမေ XHXH ပေါင်းဖက်ခြင်း (XhY x XHXH)




သမီးအားလုံးတွင် ဖခင်ဆီမှ ရောဂါရှိသော X ဗီဇများကို ရရှိပြီး သားအားလုံးကျန်းမာနေသည်ကို တွေ့ရပေမည်။

ရောဂါသယ်ဆောင်သောအမေ XHXh နှင့် ကျန်းမာသောအဖေ XHY ပေါင်းဖက်ခြင်း (XHXh x XHY)



သမီး များသည် မိခင်ဆီမှ ရောဂါ ရရှိသော ခရိုမိုဇုန်းကို ရသော်လည်း ကျန်းမာသော တခြား X ခရိုမိုဇုန်း ကို ဖခင် များဆီမှ ရထား သောကြောင့် ရောဂါ တယောက်မှ မရနိုင် သည်ကို တွေ့ရပြီး သား နှစ်ယောက် အနက် တယောက်တွင် ရောဂါ ရနေသည်ကို တွေ့ရ သည်။ အထက်ပါ သင်္ကေတ များတွင် ရောဂါသယ်ဆောင်သော အမျိုးသားကို မတွေ့ရပဲ ရောဂါရှိသော အမျိုးသား ကိုသာ တွေ့ရ ပါသည်။ အကြောင်းမှာ အမျိုးသား များသည် X ခရိုမိုဇုန်းအား မိခင်များ ဆီကသာ ရရှိခြင်းနှင့် ရောဂါရှိသော X ဗီဇကို သမီးများဆီသာ လက်ဆက်ကမ်း နိုင်ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် အမျိုးသား များသည် ရောဂါကို မိခင်ဆီမှသာ လက်ခံရရှိပြီး သမီးများဆီသို့သာ လက်ဆက် ကမ်းနိုင် ပါသည်။

ဆံပင်၏ သိပ်သည်းခြင်း သည် Sex Linked လက္ခဏာ တခုဖြစ်ပြီး အကယ် ၍ အမျိုးသား တဦးသည် အသက် အသက် ၃၀ ကျော် အသက် အရွယ်၌ နှဖူး ပြောင်ပါက ထိုဗီဇ ကို ဖခင် ဆီမှ ရသည်မဟုတ်ပဲ မိခင်ဘက်မှ တော်စပ်သည့် အဖိုး ဆီမှ ရရှိခြင်း ဖြစ်ပါသည်။ ထို အမျိုးသား သည် ထိုဗီဇအား ၎င်း၏သား သည် ထိုဗီဇကို ရရှိမည် မဟုတ်ပဲ သမီးမှ မွေးဖွား လာသည့် မြေးယောက်ျား တ၀က်ခန့်တွင် ထိုလက္ခဏာ တွေ့ရှိ နိုင်ပါသည်။

အချုပ် အားဖြင့် ရောဂါ သို့မဟုတ် ပုံမှန် မဟုတ်သည့် လက္ခဏာ တခုသည် များသော အားဖြင့် စိုးမိုး ဗီဇအဖြစ် Phenotype (ရုပ်သွင် လက္ခဏာ) တွင် ပေါ်မှသာ ရနိုင်ပြီး ၎င်း တို့သည် စိုးမိုးနေရာကို ရရန် ခဲယဉ်း သောကြောင့် အမွေ ဆက်ခံ ရရှိရန် အခွင့်အလမ်း အင်မတန် နည်းပါသည်။ ရောဂါ ရှိသော မျိုးဆက် ထဲမှ တ၀မ်းကွဲ၊ နှစ်ဝမ်းကွဲ (သို့) ဆွေမျိုး အချင်းချင်း ပြန် လက်ထပ်မှသာ ဖြစ်နိုင်ခြေ များပါသည်။ ထို့ကြောင့် မိဘ တွင် ရှိသော ရောဂါသည် သားသမီး များတွင် မလွဲမသွေ ဖြစ်နိုင်သည် ဟု မှတ်ယူ၍ မရနိုင်ပါ။ Chromosomal Abnormality နှင့် Complex Genetic disease ကို ဆက်လက် တင်ပြပါမည်။

Read More...

Friday, December 12, 2008

Introduction to Genetic Inheritance

မျိုးရိုး ဗီဇ ဆက်ခံခြင်း မိတ်ဆက်

အဖေ အမေတူ မိဘနှစ်ပါးမှ မွေးဖွား ဆင်းသက် လာသော မွေးချင်း ညီအစ်ကို မောင်နှမ များ၏ ရုပ်သွင်၊ အပြုအမူနှင့် အကျင့် စရိုက် များသည် အမေ နှင့် တူသူများ ရှိသလို အဖေ နှင့် တူသူ များ ကိုလည်း တွေ့ရ သည်။ သို့သော် တချို့မှာ နှစ်ယောက် စလုံး နှင့် မတူပဲ အဖိုး အဖွား (သို့) တ၀မ်းကွဲ မောင် နှမများ နှင့် တူသည် ကို တွေ့ရ နိုင်သည်။ ထိုနည်း အတူ မိဘ တဦးဦးတွင် ရောဂါ (သို့) ခန္ဓာကိုယ်၌ ပုံမှန် မဟုတ်သည့် လက္ခဏာ တစ်ခု ရှိ၍ သား သမီးများထဲမှ အကုန်လုံး သို့ မကူးစက်ပဲ အချို့ ကိုသာ ကူးစက်ခြင်း၊ ကျားမ ကူးစက်ပုံ ခြားနား ခြင်း (သို့) သားသမီး များသို့ လုံးဝ မကူးစက်ပဲ မြေး၊ မြစ် များ လက်ထက်မှ သွားရောက် ကူးစက်ခြင်း စသည်တို့ကို တွေ့ဖူး ကြ ပါလိမ့်မည်။

အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။

ဤပို့စ်သည် မျိုးရိုးဗီဇ ရောဂါများ အကြောင်းကို တင်ပြခြင်းမဟုတ်ပဲ ၎င်း (Genetic Diseases) ၏ မိတ်ဆက်ဖြင့် မျိုးရိုး ဗီဇ အမွေ ဆက်ခံပုံ (Genetic inheritance) ကိုသာ တင်ပြခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဤပို့စ်ပါ အကြောင်း အရာများသည် ကျန်းမာရေး ပညာရှင်များ၊ ဆေး ပညာ နားလည်သူများသာ သိနိုင်သည့် အကြောင်းအရာ များ မဟုတ်ပဲ ပညာရေး အဆင့်မီသော နိုင်ငံများတွင် အထက်တန်း အဆင့် ဇီဝဗေဒဘာသာ (Biology) ကို သင်ကြားဖူးသူ မည်သူမဆို သိနိုင်သည့် အကြောင်းအရာများ ဖြစ်သဖြင့် သိပြီးသူ များစွာ ရှိနိုင် ပါသည်။ သို့သော် လည်း မြန်မာပြည် တွင် တက္ကသိုလ်၌ Molecular Bioscience နှင့် ဆိုင်သည့် ဘာသာ တခုခုကို သင်ကြား ဖူးခြင်း မရှိပဲ ထို အကြောင်းအရာ များကို သိနိုင်မည် မဟုတ် သောကြောင့် တချိန်က ကျွန်မ ကိုယ်တိုင် သိလိုပြီး ဝေခွဲ၍ မရ ခဲ့သော အထက်ပါ မေးခွန်း များ၏ အဖြေများကို တခြား စိတ်ဝင်စားသူ အားလုံး သိရှိစေရန် မျှဝေ ပေးလိုက် ပါသည်။ ကျွန်မ၏ မြန်မာလို ဘာသာ ပြန်ရာ၌ ဝေါဟာရ အရွေး မှားနေသည်များ ရှိနိုင်သဖြင့် သိပြီးသူများထဲမှ ပြင်ဆင် ပေးနိုင်သူများ ရှိပါက ၀မ်းသာစွာ လက်ခံ ကြိုဆိုပါသည်။

Chromosome and Genes ခရိုမိုဇုမ်း နှင့် ဗီဇ

သက်ရှိ အားလုံး၏ ဆဲလ် ကလပ်စည်း တိုင်းရှိ နြူကလိယ ထဲတွင် ရှည်လျားပြီး ချည်မျှင် ကဲ့သို့ ဖွဲ့စည်းပုံ ရှိပါသည့် ခရိုမိုဇုမ်း တတွဲစီ ပါရှိ ပါသည်။ ထို ခရိုမိုဇုမ်း ထဲတွင် ဆဲလ်၏ လုပ်ငန်း အတွက် လိုအပ်သော အချက်အလက် ပစ္စည်း အားလုံး ပါဝင်သည့် အပြင် နောက် မျိုးဆက် များသို့ လက်ဆင့် ကမ်းပေး သည့် မျိုရိုးဗီဇ အမှတ်အသား Genetic Code) (သို့) genes (သို့) Genome ဟုခေါ်သော ဗီဇကို သိုလှောင် ထား ပါသည်။ နောက် မျိုးဆက် သို့ ရောဂါ၊ ရုပ်သွင် လက္ခဏာ၊ အမူအရာ၊ အကျင့် စရိုက် စသည် တို့ကို လက်ဆင့် ကမ်း အမွေ ပေးမှု ကွဲပြားခြင်း သည် ထို ခရိုမိုဇုမ်း တစ်ခုစီရှိ ဗီဇများ၏ အပြစ် အနာအဆာများ နှင့် အားသာချက် များ ပေါ်တွင် မူတည်ပါသည်။

ဗီဇစတင်ခြင်း၊ Genotype (ရှိရင်းဗီဇ) နှင့် Phenotype (အသွင်သဏ္ဍန်) အမွေဆက်ခံခြင်း

ဗီဇသည် မျိုးဆက် တစ်ခုနှင့် တစ်ခုကြား အမွေ ဆက်ခံနိုင်သည့် အသေးငယ် ဆုံးသော အခြေခံ အင်္ဂါ အစိတ်အပိုင်း ဖြစ်သည်။ ခရိုမိုဇုမ်း ထဲတွင် မျိုးရိုး ဗီဇပေါင်း ၅၀ ၀၀၀ - ၁ ၀၀၀ ၀၀၀ အထိ ပါရှိ ပါသည်။ သက်ရှိ တို့၏ ဗီဇ တစ်ခုစီ ကို မိခင်နှင့် ဖခင် တဦးစီမှ ရရှိသော alleles ဟု ခေါ်သည့် ဗီဇ ၀က် တခုစီဖြင့် ပေါင်းစပ် ဖွဲ့စည်း ထားပါသည်။ ဖိုနှင့်မ ပေါင်းစပ်ပြီး မျိုးပွားခြင်း (Fertilisation) ကို အောင်မြင် စွာ ပြီးစီး သွားသောအခါ လူသားတွင် ဖခင်၏ သုတ်ရည် (sperm) မှ ရရှိသော allele (ဗီဇ၀က်) နှင့် မိခင်၏ မျိုးဥမှ ရရှိသော ဗီဇ၀က်တို့ ပေါင်းစပ် ၍ ဆဲလ်အသစ် (gamete) ဟုခေါ်သော ပထမ ဦးဆုံး သက်ရှိ ဆဲလ်တခုကို လိင်ရှိ ဆဲလ်ပွားခြင်း (Meiosis) နည်းဖြင့် ရရှိ ပါသည်။ ထို သက်ရှိ ဆဲလ် တစ်ခုမှ တဆင့် ပုံစံတူ ဆဲလ်များကို လိင်မဲ့ ဆဲလ်ပွားခြင်း (Mitosis) ဖြင့် လူသား (သို့) သတ္တ၀ါ လောင်းလျာ လေး မှတဆင့် နောက်ဆုံး တွင် ပြီးပြည့်စုံ သည့် သတ္တ၀ါ တခုကို ဖြစ်လာ စေပါသည်။ ထို အသစ် ဖြစ်လာသော သတ္တ၀ါတွင် မိခင်နှင့် ဖခင် နှစ်ဦး စလုံးဆီမှ အရိုက်အရာ များကို တွေ့မြင် နိုင်သည်များ ရှိသလို မတွေ့မြင် နိုင်သည် များလည်း ရှိပါသည်။

ထို့ကြောင့်ထိုလူသား၏ အမှန်တကယ် သွေးထဲတွင် ရှိနေသည့် ဗီဇကို Genotype (ရှိရင်းဗီဇ) ဟုခေါ်၍ တွေ့မြင်နိုင်သည့် ရောဂါ (သို့) ချွတ်ယွင်းမှု၊ ရုပ်သွင်၊ အရောင်၊ အကျင့်စရိုက်၊ အမူအရာ စသည့် အားလုံးပါဝင်သည့် ပြင်ပလက္ခဏာများ အားလုံးကို Phenotype (အသွင်သဏ္ဍန်) ဟုခေါ်ပါသည်။

စိုးမိုးဗီဇ (Dominant alllele) နှင့် လက်ခံဗီဇ (သို့) ငုပ်ဗီဇ (Recessive alllele)

မိခင်နှင့် ဖခင်ဆီမှ ရရှိသော ဗီဇ၀က်နှစ်ခု ပေါင်းစပ်ထားသော ဗီဇတွင် လက္ခဏာပေါ်သည့် ဗီဇသည် စိုးမိုးဗီဇ (Dominant Gene) ဖြစ်ပြီး လက္ခဏာ မပေါ်သည့် ဗီဇသည် လက်ခံဗီဇ (သို့) ငုပ်ဗီဇ (Recessive Gene) ဖြစ်သည်။ ဥပမာ အသားဖြူသည့် အဖေနှင့် အသားညို သည့် အမေမှ မွေးလာသော ကလေးသည် အသားဖြူ ပါက အရောင် နှင့် ပတ်သက်သည့် ဗီဇ၌ အဖေ၏ သွေးက စိုးမိုးပြီး အသားညို ပါက အမေ၏ သွေး မှ စိုးမိုးသည်။ အရပ် ရှည်သူနှင့် အရပ်နိမ့် သူ နှစ်ဦးမှ မွေးလာသော ကလေး သည်လည်း စိုးမိုးသည့် ဗီဇအပေါ် မူတည်ပြီး အရပ်ရှည်ခြင်း ပုခြင်း ကို အမွေ ရမည်ဖြစ်သည်။ သို့သော်လည်း ထိုပုဂ္ဂိုလ် များ၏ သွေးထဲတွင် ရှိပြီး အသွင် သဏ္ဍန်တွင် မဖေါ်ပြ သည့် အသား အရောင်နှင့် အရပ် အနိမ့် အမြင့်သည် ၎င်းတို့၏ သား သမီးများသို့ အမွေ ပေးရန် သယ်ဆောင် သွားမည် ဖြစ်သည်။ ငုပ် ဗီဇသည် ကျန်းမာရေး နှင့် မသက်ဆိုင်သည့် အခြေအနေတွင် အနည်းစု (သို့) လူဦးရေ အများစု အတွက် ပုံမှန် မဟုတ် သည့် အခြေ အနေကို ဖေါ်ဆောင်ပြီး ဇီဝ၊ ဓါတုနှင့် ဆေး ပညာရပ်နှင့် သက်ဆိုင်သည့် အခြေအနေတွင်မူ ရောဂါ တခုခုကို ဖေါ်ညွှန်း ပါသည်။

ဗီဇ အမျိုးအစားများ

လူ ပုဂ္ဂိုလ်တဦး၏ ဗီဇ တွင် မိခင် နှင့် ဖခင်ဆီမှ စိုးမိုး ဗီဇဖြစ်စေ၊ လက်ခံ ဗီဇ ဖြစ်စေ မျိုးတူ သော ဗီဇ နှစ်ခု ပေါင်းစပ် ထားပါက မျိုးတူဗီဇ (Homozygote) ဟု ခေါ်၍ စိုးမိုး ဗီဇနှင့် လက်ခံ ဗီဇ ပေါင်းစပ် ထားပါက မျိုးမတူ ဗီဇ (Heterozygote) ဟု ခေါ်ပါသည်။ များသော အားဖြင့် Homozygous dominant သည် ကျန်းမာ သူသာဖြစ်ပြီး Homozygous recessive သည် ရောဂါသည် ဖြစ်သည်။ အမျိုး မတူ သည့် ဗီဇ ၀က်နှစ်ခု ပေါင်းစပ် ထားပါက Heterozygote ဟု ခေါ်ပြီး ၎င်းတွင် ကျန်းမာ သည့် စိုးမိုး ဗီဇတခု ပါဝင် နေသောကြောင့် ၎င်း ကိုယ်တိုင် ရောဂါ အမွေရန် ခဲယဉ်းပြီး နောက် မျိုးဆက်သို့ ရောဂါ သယ်ဆောင်သူ (Carrier) သာ ဖြစ်သည်။

ဆိုလိုသည်မှာ ရောဂါသည် တစ်ဦးနှင့် ကျန်းမာသူ တဦးမှ မွေး လာသော ကလေးသည် ကျန်းမာ သည့် ဗီဇက စိုးမိုးဗီဇဖြစ်ပါက သူကိုယ်တိုင် ရောဂါသည် မဖြစ်နိုင် သော်လည်း နောက် မျိုးဆက်ဖြစ်သည့် ၎င်း၏ သားသမီးများအား အမွေပေးရန် ရောဂါ သယ်ဆောင်သူ ဖြစ်သည်။ ဤသည်ပင် မိဘ၏ ရောဂါ (သို့) အသွင် လက္ခဏာ သားသမီးတွင် မပေါ်ပဲ မြေး မြစ်တွင်မှ သွားပေါ်သည့် အကြောင်း အရင်း ဖြစ်သည်။ ကျန်းမာ သည့် မျိုးတူ စိုးမိုးဗီဇ (Homozygous dominant alleles) နှစ်ခု စလုံး ရထား သူသည် ရောဂါ မရှိနိုင် သလို သယ်ဆောင်သူ လည်း မဟုတ်ပါ။ မျိုးတူသည့် လက်ခံဗီဇ (Homozygous recessive alleles) နှစ်ခုစလုံး ရထား သူသည် ရောဂါ ရှိသူ ဖြစ်သလို သယ်ဆောင် သူ (Career) လည်း ဖြစ်သည်။

စိုးမိုး ဗီဇနှင့် လက်ခံ ဗီဇတို့၏ အမွေ ဆက်ခံပုံ ကို အောက်ပါ ဇယားကို လေ့လာခြင်း ဖြင့် ရှင်းလင်းစွာ တွေ့နိုင် ပါသည်။ အကယ်၍ ကျန်းမာ သည့် ဗီဇကို စိုးမိုး ဗီဇ (D) ဟု သတ်မှတ်ပြီး မကျန်းမာ သည့် ဗီဇကို လက်ခံဗီဇ (d) အဖြစ် သတ်မှတ်ပါက ရှိရင်းဗီဇနှင့် လက်ခံဗီဇ ကို အောက်ပါ အတိုင်း တွေ့ရမည်ဖြစ်သည်။


Heterozygous Inheritance (အမျိုးမတူဗီဇ အချင်းချင်း ပေါင်းစပ်ခြင်း အမွေဆက်ခံပုံ)

အမျိုး မတူသည့် ဗီဇနှစ်ခုကို ရရှိထားသည့် အမျိုးသမီးနှင့် အမျိုးသား တစ်ဦး လက်ထပ် ပါက ၎င်းတို့၏ သားသမီးများတွင် အမွေ ရနိုင်သည့် အသွင် သဏ္ဍန်ကို သိရှိ နိုင်ရန် မိဘ တဦးစီမှာ ရှိသည့် ရှိရင်းဗီဇ များ အချင်းချင်း မြှောက်ခြင်း (Dd X Dd) ဖြင့် ရနိုင်သည့် အဖြေကို အောက်ပါ ဇယားတွင် လေ့လာသိရှိနိုင်ပါသည်။



အထက်ပါ ဇယား၏ အဖြေအရ သားသမီးအားလုံး၏ ၇၅% ( Homozygous 25% နှင့် Heterozygote 50%) သည် ကျန်းမာ သူများ ဖြစ်ပြီး ၂၅% မှာ ရောဂါ ရှိသူ (dd) များ ဖြစ်သည်။ ကျန်းမာသူ များ အနက် ၅၀%မှာ ရောဂါသယ်ဆောင်သူ (Dd) များနှင့် လုံးဝ ကျန်းမာသူ (DD) မှာ လည်း ၂၅% ဖြစ်သည် ကို တွေ့ရ ပါသည်။

Incomplete Dominant (မပြည့်မ၀ စိုးမိုးခြင်း)

အထက်တွင် ဖေါ်ပြခဲ့သည့်အတိုင်း မိခင် (သို့) ဖခင်၏ လက္ခဏာကို အပြည့်အ၀ မပြပဲ မိခင်နှင့် ဖခင် နှစ်ဦး စလုံးဆီမှ ရရှိသော ဗီဇ များသည် တခုအပေါ်တခု အပြည့်အ၀ မစိုးမိုး နိုင်ခြင်းကို မပြည့်မ၀ စိုးမိုးခြင်း ဟု ခေါ်ပါသည်။ ဥပမာ အရပ် ရှည်သူနှင့် အရပ် ပုသူ မိဘ နှစ်ပါးမှ မွေးလာသော သား သမီးသည် အရပ် မတိုမရှည် ဖြစ်နေခြင်း၊ အသား ဖြူသူနှင့် အသား ညိုသူ မိဘ နှစ်ပါးမှ မွေးလာသော သား သမီးများသည် အသား မဖြူမညို ဖြစ်နေခြင်း စသည်တို့သည် မပြည့်မ၀ စိုးမိုးခြင်း ( Incomplete Dominant) ၏ လက္ခဏာ များ ဖြစ်သည်။

Co-dominant (အတူတကွစိုးမိုးခြင်း)

အတူတကွ စိုးမိုးခြင်းကို သွေးအုပ်စု များတွင် တွေ့နိုင်ပါသည်။ သွေးနီဥ၏ မျက်နှာပြင် Antigens များ ရှိသော သွေးကို A နှင့် B နှစ်ခု ခွဲခြား သတ်မှတ်ထားပြီး Antigen မရှိသော သွေး အမျိုးအစားကို O အဖြစ် သတ်မှတ် ထားပါသည်။ မိဘသွေးတွင် ရှိသော Antigens များသည် သားသမီးသို့ အပြည့်အ၀ လက်ဆင့် ကမ်းသောကြောင့် A သွေးပိုင်ရှင်နှင့် B သွေး ပိုင်ရှင် လက်ထပ် ပါက မွေးလာသော သား သမီးသည် မိဘနှစ်ပါးစလုံးမှ Antigen နှစ်ခု စလုံးကို လက်ခံရပြီး AB သွေးပိုင်ရှင် ဖြစ်လာ ပါသည်။ O သွေး ပိုင်ရှင် အချင်းချင်း လက်ထပ် ပါက မွေးလာသော သားသမီး တွင်လည်း Antigens ပေါ်စရာ အကြောင်း မရှိသော ကြောင့် O သွေးသာ ဖြစ်နိုင် သော်လည်း တခြား သွေးအုပ်စု ပိုင်ရှင်နှင့် လက်ထပ်ပါက လက်ထပ်သည့်သူ၏ သွေး အမျိုးအစား အတိုင်း သားသမီးမှာ လက်ခံ ရရှိပြီး သား သမီးတွင် အိုသွေး အမွေ ရရန် မဖြစ် နိုင်ပါ။

သွေး အုပ်စုနှင့် တချို့ အနည်းငယ်သော ရောဂါများ အမွေဆက်ခံခြင်းမမှလွဲ၍ မိဘတွင် ရှိနေသော ရောဂါ (သို့) ပုံမှန်မဟုတ်သည့် လက္ခဏာ တခုခုသည် သားသမီး တယောက်စီ တွင်လည်း ရှိရမည်ဟု ပုံသေ တွက်၍ မရနိုင်ပါ။ အဘယ်ကြောင့် ဆိုသော် ရောဂါ အတော် များများမှာ ဗီဇ ဟုခေါ်သော Genes (Genome) တခု တည်းတွင် မူတည် နေသည် မဟုတ်ပဲ တဦးချင်းစီ၏ ဘ၀ ပတ်ဝန်းကျင် တွင် ကျင်လည် ကျက်စားပုံ၊ နေထိုင် စားသောက်မှု အလေ့အထ နှင့်လည်း များစွာ သက်ဆိုင် နေသောကြောင့် ဖြစ်ပါသည်။ ထို အကြောင်း များနှင့် မျိုးရိုးဗီဇ အမွေ ဆက်ခံသည့်ပုံစံ (Genetic Inheritance Patterns)၊ မျိုးရိုး ဗီဇ ရောဂါများ (Genetic Diseases) များ အကြောင်းကို နောက် တင်မည့် ပို့စ်များ တွင် ဆက်လက် ဖေါ်ပြပါမည်။

Read More...

Tuesday, October 30, 2007

Down's Syndrome

လူသားဒေါင်းလေးများအကြောင်း



ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဒေါင်းလေးတွေမွေးတယ်ဆိုပြီးကြားဖူးနေကြပါ။ လူကနေ ဒေါင်းလေးတွေမွေးတယ်ဆိုတော့ အထူးအဆန်းဖြစ်ခဲ့ရပါတယ်။ တကယ်တော့ လူသားတစ်ယောက်ကို မွေးဖွားတာပါ။ တစ်နည်းအားဖြင့် ဒေါင်းစင်ဒရုန်း ( Down's Syndrome ) လို့ခေါ်တဲ့ မျိုးရိုးဗီဇဖွဲ့စည်းပုံနဲ့ပက်သက်ပြီး ဝေဒနာခံစားနေကြရတဲ့ ကလေးငယ်လေးတွေပါ။ ဒီလိုဝေဒနာရှင်ကလေးငယ်လေးတွေဟာ လူသားတစ်ယောက် ၊ ကလေးတစ်ယောက်အနေနဲ့ အပြည့်အ၀ ရပ်တည်ခွင့် မရကြပါဘူး ။ သူတို့လေးတွေမှာ မွေးရာပါရောဂါတစ်ခုကိုပါ လောကထဲသယ်ဆောင်လာခဲ့ရပြီး ၊ အခြားသောရောဂါတွေကလည်း သူတို့ဘ၀လေးတွေကို ချွေဖျက်ဖို့ အသင့်စောင့်ကြိုနေကြပါတယ်။ ဒီလို ကံတရားက မျက်နှာသာပေးမခံရတဲ့ ကလေးငယ်လေးတွေရဲ့ ဘ၀လေးတွေဟာ အလွန်သနားဖို့ကောင်းပါတယ်။ ဒါကြောင့် သနားစရာ ဒေါင်းလေးတွေအကြောင်းကို တင်ပြပေးလိုက်ပါတယ် ။

ဒေါင်းစင်ဒရုန်း ( Down's Syndrome ) ဆိုတာဘာလဲ
ဒေါင်းစင်ဒရုန်း ( Down's Syndrome )ဆိုတာ မျိုးရိုးဗီဇနဲ့ ပက်သက်တဲ့ရောဂါတစ်ခုဖြစ်ပြီး ၊ ရောဂါခံစားနေရတဲ့ကလေးငယ်တွေဟာ သာမန်ကလေးငယ်တွေထက် ဥာဏ်ရည်ဥာဏ်သွေး ၊ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှုတွေဟာ နှေးကွေးပါတယ်။ ဒါ့အပြင် အခြားသော မွေးရာပါ ခန္ဓာကိုယ်ချို့ယွင်းချက်တွေလဲ ပါရှိလာတတ်ပါတယ်။ ဒီရောဂါအကြောင်းကိုလေ့လာမယ်ဆိုရင် ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံအကြောင်းကို သိရှိထားဖို့လိုအပ်ပါတယ်။

ကျွန်တော်တို့ ခန္ဓာကိုယ်ဖွဲ့စည်းမှုမှာ အခြေခံအကျဆုံးအရာကတော့ ဆဲလ် ( Cells ) တွေပဲဖြစ်ပါတယ်။ ဆဲလ်တွေပေါင်းစည်းပြီး တစ်ရှုး ( Tissue ) ၊ တစ်ရှုးတွေပေါင်းစည်းပြီး ကိုယ်ခန္ဓာအစိတ်အပိုင်းတွေရယ်လို့ဖြစ်တည်လာပါတယ်။ ဆဲလ်တွေဖွဲ့စည်းမှု ၊ လုပ်ဆောင်မှုအတွက် အရေးအကြီးဆုံးအရာကိုတော့ မျိုးရိုးဗီဇ ( Gene ) တွေက ဆုံးဖြတ်ပေးတာဖြစ်ပါတယ်။ ဂျင်းန် ( Gene ) ဆိုတာ DNA ( Deoxyribonucleic acid ) အစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားပြီး မျိုးရိုးဗီဇနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို မှတ်သားထားပေးပါတယ်။ DNA ကိုတော့ ခရိုမိုဇုန်းမော်လီကျူး ( Chromosome ) တွေနဲ့ဖွဲ့စည်းထားပါတယ် ။ ဒါကြောင့်လူသားတစ်ယောက်ဖြစ်လာဖို့ဆိုရင် ခရိုမိုဇုန်းမော်လီကျူးလေးတွေကနေ စတင်ဖွဲ့စည်းတည်ဆောက်ရပါတယ်။ ကျန်းမာသန်စွမ်းတဲ့ လူသားတစ်ယောက်ဖြစ်လာစေဖို့ ခရိုမိုဇုန်းတွေက အရေးကြီးတဲ့ အစိတ်အပိုင်းအနေနဲ့ ပါဝင်လာပါတယ်။ လူတစ်ယောက်မှာ ခရိုမိုဇုန်း ၂၃ စုံ ( ၄၆ ခရိုမိုဇုန်း ) ပါရှိပြီး ၊ ၁ ကနေ ၂၃ အထိ နံပါတ်များနဲ့ မှတ်သားခေါ်ဝေါ်ကြပါတယ်။ အဲဒီ ခရိုမိုဇုန်းတွေပေါ်မှာမူတည်ပြီး ယောကျာင်္း ၊ မိန်းမ ၊ ကိုယ်ရည်ကိုယ်သွေးတွေဆိုတာ ဖွဲ့စည်းဖြစ်တည်လာပါတယ်။ ဒီလို မျိုးရိုးဗီဇတွေကိုတော့ ကျွန်တော်တို့ရဲ့ မိဘနှစ်ပါးဆီက အမွေဆက်ခံရရှိပါတယ်။ ဒေါင်းစင်ဒရုန်း ( Down's Syndrome ) ကလေးငယ်တွေရဲ့ ခရိုမိုဇုန်းတွေဟာ သာမန်ကလေးတွေလို ၂၃ စုံရှိရမယ့်အစား ခရိုမိုဇုန်းနံပါတ် ၂၁ မှာ အပိုတစ်ခုပါရှိနေပါတယ်။ ဒါကြောင့် ဒေါင်းစင်ဒရုန်းကို ထရွိုင်ဆိုမီ ၂၁ ( Trisomy 21 ) လို့လည်းခေါ်ပါတယ်။ ( Trisomy is the presence of three , instead of normal twon, chromosomes of a particular numbered type in a organism. Thus the presence of an extra chromosome 21 is called Trisomy 21. ) ။ အဲဒီလို ခရိုမိုဇုန်းတစ်ခုအပိုပါရှိလိုက်တဲ့အတွက် မွေးလာတဲ့ကလေးငယ်တွေရဲ့ ဘ၀ဟာ အများကြီးပြောင်းလဲသွားပါတယ်။ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်မှု နှေးကွေးခြင်းအပြင် ၊ ဥာဏ်ရည်ဥာဏ်သွေးတွေဟာ သာမန်ကလေးငယ်တွေထက် နိမ့်ပါးသွားရပါတယ်။ အခြားသော မွေးရာပါရောဂါတွေကိုလည်း ခံစားကြရပါတယ်။

ဒေါင်းစင်ဒရုန်းအမျိုးအစားများ ( Types of Down's Syndrome )
အမျိုးအစားအားဖြင့် ၃ မျိုးရှိပါတယ်။ ဒါတွေကတော့ -

၁။ ပုံမှန်အမျိုးအစား ( Regular Type )
ဒီအမျိုးအစားကတော့ ခန္ဓာကိုယ် ဆဲလ်အားလုံးရဲ့ ခရိုမိုဇုန်းနံပါတ် ၂၁ မှာ ခရိုမိုဇုန်းတစ်ခုအပိုပါရှိနေတာပါ။ ဒေါင်းစင်ဒရုန်းဝေဒနာရှင်တွေရဲ့ ၉၄ ရာခိုင်နှုန်းဟာ ဒီပုံမှန်အမျိုးအစား ( Regular Type ) ဖြစ်ပါတယ်။

၂။ နေရာလွဲအမျိုးအစား ( Translocation Type )
ဒီအမျိုးအစားမှာတော့ အပိုပါလာတဲ့ ခရိုမိုဇုန်းဟာ သူရှိရမယ့် နံပါတ် ၂၁ နေရာမှာမရှိဘဲ အခြားခရိုမိုဇုန်းတွေမှာ သွားရောက်ပူးပေါင်းနေခြင်းဖြစ်ပါတယ်။ ဒီခရိုမိုဇုန်းကိုတော့ မိဘနှစ်ယောက်ထဲက တစ်ယောက်က သယ်ဆောင်ထားပေးတာဖြစ်ပါတယ် ။ ဒါကြောင့် ဒီအမျိုးအစားဟာ မိဘဆီက သားသမီးဆီသို့ မျိုးရိုးလိုက်ခြင်းကြောင့်ဖြစ်တဲ့ အမျိုးအစားဖြစ်ပါတယ်။ ( မှတ်ချက် - ဒေါင်းစင်ဒရုန်းအမျိုးအစားအားလုံးဟာ မိဘဆီက မျိုးရိုးလိုက်ခြင်းကြောင့်မဟုတ်ပါ။ နေရာလွဲအမျိုးအစား ( Translocation type ) တစ်မျိုးသာ မိဘဆီက အမွေဆက်ခံရရှိခြင်းဖြစ်ပါတယ်။ ၄ ရာခိုင်နှုန်းရှိပါတယ် ။

၃။ မိုးစက်အမျိုးအစား ( Mosaic type )
ဆဲလ်အားလုံးမဟုတ်ဘဲ အချို့သော ဆဲလ်များတွင်သာ ခရိုမိုဇုန်းနံပါတ် ၂၁ အပိုပါရှိတာဖြစ်ပါတယ်။ ၂ ရာခိုင်နှုန်းရှိပါတယ် ။

ရောဂါဖြစ်ပွားမှုနှုန်း
ကလေးအယောက် ၈၀၀ မှ ၁၀၀၀ မွေးဖွားတိုင်း ဒေါင်းစင်ဒရုန်းကလေးငယ်တစ်ယောက်ပါရှိလာနိုင်ပါတယ်။ ၂၀၀၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုရှိ ရောဂါထိန်းချုပ်မှုစင်တာ ( Centre for Disease Control - CDC )၏ ခန့်မှန်းချက်အရ ကလေး ၇၃၃ ယောက်မွေးတိုင်း ဒေါင်းကလေးတစ်ယောက်ပါရှိနိုင်ပါတယ်။ ၉၅ ရာခိုင်နှုန်းဟာ ထရွိုင်ဆိုမီ ၂၁ အမျိုးအစား ( Regular type ) ဖြစ်ပါတယ်။ ဒေါင်းစင်ဒရုန်းဟာ လူမျိုးမရွေး ၊ နေရာဒေသမရွေးဖြစ်တတ်ပါတယ်။

မိခင်အသက်အရွယ်နှင့် ဒေါင်းစင်ဒရုန်း
မိခင်ရဲ့ အသက်အရွယ်ဟာလည်း ဒေါင်းကလေးတွေ မွေးဖွားဖို့အတွက် အချက်တစ်ချက်အနေနဲ့ ပါဝင်ပါတယ်။
မိခင်အသက် ၂၀ မှ ၂၄ နှစ်အတွင်းတွင် ကလေး ၁၄၉၀ မွေးတိုင်း ဒေါင်းကလေးတစ်ယောက် ပါရှိနိုင်ပါတယ်။
မိခင်အသက် ၃၀တွင် ကလေး ၉၀၀ မွေးတိုင်း ဒေါင်းကလေးတစ်ယောက် ပါရှိနိုင်ပါတယ်။
မိခင်အသက် ၃၅ ကျော်လျှင် ကလေး ၄၀၀ မွေးတိုင်း ဒေါင်းကလေးတစ်ယောက် ပါရှိနိုင်ပါတယ်။
မိခင်အသက် ၄၀ တွင် ကလေး အယောက် ၁၀၀ မွေးတိုင်း ဒေါင်းကလေးတစ်ယောက် ပါရှိနိုင်ပါတယ်။
ဒါကိုကြည့်မယ်ဆိုရင် မိခင်ရဲ့ အသက်အရွယ်ကြီးလာတာနဲ့အမျှ ဒေါင်းကလေးငယ်များ မွေးနိုင်တဲ့နှုန်းဟာလည်း များလာပါတယ်။

ဒေါင်းစင်ဒရုန်းသမိုင်းကြောင်း ( History of Down's Syndrome )
ဒေါင်းစင်ဒရုန်းကို စတင် တင်ပြခဲ့သူကတော့ အင်္ဂလိပ် ဆေးပညာရှင် Jhon Langdon Down ပဲဖြစ်ပါတယ်။ ၁၈၆၂ ခုနှစ်မှာ စိတ်ကျန်းမာရေးချို့ယွင်းမှု ( Mental disability ) ပုံစံတစ်မျိုးအနေနဲ့တင်ပြခဲ့ခြင်းဖြစ်ပါတယ်။ ဝေဒနာရှင်များ၏ မျက်နှာအနေအထားမှာ မွန်ဂိုလူမျိုးများနှင့် ဆင်တူသောကြောင့် မွန်ဂိုလွိုက် ( Mongoloid , Mongolism , Mongolian idiocy ) ဟူပြီး ခေါ်ဝေါ်သုံးစွဲခဲ့ကြပါတယ်။ ၂၀ ရာစုအလယ်ပိုင်းအထိ ဒေါင်းစင်ဒရုန်းဖြစ်ရခြင်းအကြောင်းကို မသိရှိခဲ့ကြသေးပေ။ ၁၉၅၉ ခုနှစ်တွင် Professor Jerome Lejeune က ဒေါင်းစင်ဒရုန်းနှင့် ခရိုမိုဇုန်းအပို၏ ဆက်စပ်မှုကို တွေ့ရှိတင်ပြခဲ့ပါတယ်။
Photo Sharing and Video Hosting at Photobucket
Dr.Jhon Langdon Down

Photo Sharing and Video Hosting at Photobucket
Professor Jerome Lejeune

ဒေါင်းလေးတွေရဲ့ ပုံစံ
ဒေါင်းလေးတွေကိုကြည့်မယ်ဆိုရင် သိသာထင်ရှားတာကတော့ မျက်နှာအနေအထားပဲဖြစ်ပါတယ်။ မျက်နှာမြင်ရုံနဲ့ ဒေါင်းလေးမှန်းသိသာပါတယ်။ ထင်ရှားသော အချက်တွေကတော့ -

၁။ ဦးခေါင်းဟာ သာမန်ထက်သေးငယ်ပါတယ်။ ( Microcephaly )
၂။ နောက်စေ့ဟာ ပြားနေပါတယ်။ ( Flattened Occiput )
၃။ နှာခေါင်းရိုးပြားနေပါတယ်။ ( Flattened Nasal Bridge )
၎။ ပါးစပ်ပေါက်က သေးငယ်ပြီး ၊ လျှာက ကြီးမားနေသောကြောင့် လျှာက အပြင်ကို ထွက်နေတတ်ပါတယ်။ ( Protruding Tongue ) ။

Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket

၅။ မျက်လုံးအနေအထားပြောင်းလဲခြင်း ( Upward Slanting Eyes )

Photo Sharing and Video Hosting at Photobucket

၆။ လက်ချောင်းလေးများတိုတုတ်ပြီး ၊ လက်ဖ၀ါးတွင် အရေးကြောင်း ( Palmar crease ) တစ်ခုသာပါရှိပါတယ်။ ( Simian Crease ) ။
၇။ ခြေမနှင့် ခြေညိုးကြား အကွာအဝေး ကျယ်နေတတ်ပါတယ်။ ( Sandle Gap )

Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket

၈။ အရပ်အမောင်းဟာ သာမန်ကလေးတွေထက် ပိုပုပါတယ်။
၉။ ကြွက်သားများဟာ သာမန်ထက် တင်းအားလျှော့နဲနေတတ်ပါတယ်။ ( Hypotonia )

ဒေါင်းလေးများတွင် ဖြစ်တတ်သော ဆက်စပ်ရောဂါများ
ဒေါင်းလေးများတွင် အောက်ဖော်ပြပါ ရောဂါများကိုလဲ ဆက်စပ်တွေ့ရှိရတတ်ပါတယ်။ -
၁။ မွေးရာပါ နှလုံးရောဂါများ ( Heart Defect ) ။ အထူးသဖြင့် နှလုံးအတွင်းခန်း နံရံများတွင် အပေါက်များပါရှိတတ်ခြင်း ( ဥပမာ- Atrial Septal Defect , Ventricular Spetal Defect )။
၂။ မွေးရာပါအစာလမ်းကြောင်းဆိုင်ရာ ရောဂါများ ( ဥပမာ- အစာရေမြိုပြွန် ကျဉ်းမြောင်းခြင်း )
၃။ လူကီးမီးယားရောဂါ ( Leukemia ) ဖြစ်ပွားနိုင်ခြင်း ။
၎။ ကိုယ်တွင်းခုခံအားစနစ် ( Immune System ) မကောင်းသောကြောင့် ကူးစက်ရောဂါများ ၀င်ရောက်နိုင်ခြင်း ။
၅။ မျက်စိ ၊ နား အကြား ၊ အမြင်ချို့ယွင်းခြင်း ။

ကုသလို့ရပါသလား
ဒေါင်းရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ခြင်း မရှိပါ။ လိုအပ်သော ကျန်းမာရေးဆိုင်ရာ ထောက်ပံ့မှုများကိုသာ လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒေါင်းကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်ဖို့အတွက် တတ်ကျွမ်းသော သက်ဆိုင်ရာ ပညာရှင်များ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဥပမာ- ကလေးအထူးကု ဆရာဝန်များ ၊ မျက်စိနားနှာခေါင်းရောဂါအထူးကု ဆရာဝန်များ ၊ အစာလမ်းကြောင်းဆိုင်ရာ ဆရာဝန်များ ၊ စကားပြေတတ်ရန် နှေးကွေးခြင်းအတွက် Speech Therapist များ ၊ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုနှေးကွေးခြင်းအတွက် Physiotherapist များ ၊ အသက်မွေးဝမ်းကြောင်းအတွက် သက်ဆိုင်ရာ Therapist များ ၊ လူမှုရေးအဖွဲ့အစည်းများအစရှိသော အတတ်ပညာရှင်များ ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ပါတယ်။ အခြားသော မွေးရာပါရောဂါများ ၊ ဆက်စပ်ဆင့်ပွားရောဂါများအတွက် သက်ဆိုင်ရာပညာရှင်များနဲ့ ပူးပေါင်းဆောင်ရွက်ကုသပေးနိုင်ပါတယ်။ ကျန်းမာရေးစစ်ဆေးမှုများကိုလည်း လိုအပ်သလို လုပ်ဆောင်စစ်ဆေးနေရမှာဖြစ်ပါတယ်။

ရောဂါရှာဖွေခြင်းနှင့်ကုသခြင်း
ဒီရောဂါကို မိခင်ဝမ်းတွင်းရှိစဉ်ကာလကတည်းက သိပ္ပံနည်းကျ ကြိုတင်စစ်ဆေးသိရှိနိုင်ပါတယ်။ ဒေါင်းကလေးတစ်ယောက်မွေးဖူးသော မိခင်များအနေဖြင့် နောက်ကလေးတစ်ယောက်မယူခင်မှာ မျိုးရိုးဗီဇဆိုင်ရာကျွမ်းကျင်သူ ( Genetic Counselor ) နှင့် တွေ့ဆုံဆွေးနွေးဖို့လိုအပ်ပါတယ်။

အချုပ်အားဖြင့်ဆိုသော် Down's syndrome ကလေးငယ်များဟာ မွေးရာပါရောဂါတွေကို ခံစားနေကြရတဲ့ ကလေးငယ်လေးတွေပါ ။ သူတို့လေးတွေမှာ သာမန်ကလေးငယ်တွေထက် ဖွံ့ဖြိုးမှု ၊ ဥာဏ်ရည်တိုးတက်မှုများ နှေးကွေးနေသော်လည်း သာမန်ကလေးငယ်များကဲ့သို့ပင် လှုပ်ရှားမှုများ ( အားကစား ၊ စာသင်ကြားခြင်း ၊ ဂီတအနုပညာ )တွင် စိတ်ပါဝင်စားပြီးဆောင်ရွက်နိုင်ကြပါတယ်။ သူတို့ရဲ့ဘ၀ တိုးတက်ရှင်သန်ဖို့ဆိုတာ လူအများကြီးပေါ်မှာ မှီခိုနေကြရပါတယ်။ ဒါကြောင့် ဒီလို သနားစရာကောင်းတဲ့ ကလေးငယ်လေးတွေရဲ့ ဘ၀ သာယာ လှပစေဖို့ ၀ိုင်းဝန်းကူညီနိုင်ကြစေရန် တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ လေးစားစွာဖြင့် -








ကိုးကားစာရင်း -

၁။ Nelson Textbook of Pediatrics 17th edition.
၂။ Ghai Essential Pediatrics 5th edition.
၃။ http://en.wikipedia.org/wiki/Down_syndrome#History
၎။ http://www.ds-health.com/faq.htm
၅။ http://en.wikipedia.org/wiki/Genetic_counseling
၆။ http://www.bbc.co.uk/health/conditions/downssyndrome1.shtml
၇။ http://en.wikipedia.org/wiki/Chromosome
၈။ http://en.wikipedia.org/wiki/DNA
၉။ www.youtube.com

Read More...