Saturday, January 31, 2009

Pro-Choice vs. Pro-Life

မက္ကဆီကိုစီးတီး ပေါ်လစီပို့စ် ကို မရေးခင် ဒီပို့စ်ကို ရေးသင့်ပါတယ်။ ဒါပေမယ့် အချိန်ကာလ အခြေအနေ အရ အခုမှ အကြွေးဆပ်လိုက်ပါတယ်။ ဟိုဟာ မဖတ်ခင် ဒီဟာကို ဖတ်ပါ ပေါ့ဗျာ။ ဘလောက်က ပြောင်းပြန် စီတာနဲ့တော့ ဟန်ကျနေတာပေါ့။

Pro-Choice



အမျိုးသမီးတစ်ဦးသည် မိမိ ကိုယ်ခန္ဓာကို မိမိပိုင်သည်။ ထို့ကြောင့် မိမိ ကိုယ်ခန္ဓာအတွင်း ဖြစ်တည်လာသော ကိုယ်ဝန်ကို ၄င်း အမျိုးသမီး၏ သဘော ဆန္ဒအရ (ဖျက်ချလိုက) ဖျက်ချပိုင်ခွင့်ရှိသည် ဟု ယုံကြည်ယူဆချက်။

စကားချပ်။ ။ ယခင်က Anti-life ဟုလည်း ခေါ်သည်။ သို့ရာတွင် Anti ဆိုသည်မှာ အနုတ်သဘောလက္ခဏာ ဆောင်သဖြင့် နောက်ပိုင်း အသုံးနည်းလာသည်။




Pro-Life



သန္ဓေသား ဆိုသည်မှာ လူသားတစ်ဦးပင် ဖြစ်သည်။ ထို့ကြောင့် လူသားတစ်ဦး၏ ရပိုင်ခွင့်ဖြစ်သော အသက်ရှင်သန်ခွင့်ကို သန္ဓေသားတိုင်း ရပိုင်ခွင့် ရှိသည် ဟု ယုံကြည်ယူဆချက်။

ဆင့်ပွား ယူဆချက်မှာ ကိုယ့်ကိုယ်ကို သတ်သေခြင်း၊ သေဒဏ်ပေးခြင်း၊ သေလုမျောပါး ဝေဒနာ ခံစားနေရသူ လူနာအား အဆုံးစီရင်ပေးခြင်း (Euthanasia)၊ လူကို တုပပြုလုပ်ခြင်း (cloning)၊ သန္ဓေသား ဆဲလ်များကို အသုံးချ သုတေသနပြုခြင်း (Human embryonic stem cell research) စသည်တို့ကိုလည်း ဆန့်ကျင်သည်။

စကားချပ်။ ။ ဤယုံကြည်ချက် ရှိသူသည် ကိုယ်ဝန်ဖျက်ချခြင်းကို မည်သည့် အကြောင်းပြချက်နှင့်မျှ လက်မခံပါ။

ဒီလိုဆိုရင် Pro-Choice နဲ့ Pro-Life တို့ဟာ ခေါင်းနဲ့ပန်း၊ မီးနဲ့ရေ၊ အဖြူနဲ့အမည်းလို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါသလား။ Are they dichotomous?




တကယ့် လက်တွေ့ လောကတွင်မူ Pro-Choice နှင့် Pro-Life အယူအဆတို့သည် သက်တံတစ်ခု၏ အစွန်းနှစ်ဖက်ကဲ့သို့ ဆက်စပ်လျက် ရှိနေသည်။ လူတို့သည် ဤယုံကြည်ချက် နှစ်ခု၏ ကြား တစ်နေရာရာတွင် ရှိနေတတ်သည်။ ပုဂ္ဂိုလ် တစ်ဦး၏ အယူအဆကို Pro-Choice လား Pro-Life လားဟု အတိအကျ သတ်မှတ်ရန် ခက်ခဲပြီး ထိုပုဂ္ဂိုလ်သည် မည်သည့်ဘက်နှင့် ပို၍ နီးသည်ဟုသာ ဆိုနိုင်ပေမည်။ “အခြေအနေ” တစ်ခုခုပေါ်တွင် မူတည်ပြီး ရပ်တည်ချက် ပြောင်းလဲနိုင်သည်ဟု ပြောလျှင် ရနိုင်မည် ထင်သည်။


သာဓကများနှင့် ရှင်းပြလျှင် ပိုမို သင့်လျော်မည်။

ဥပမာ (၁)

အမျိုးသမီး တစ်ဦးသည် သားဆက်ခြားနည်းများကို သုံးစွဲရကောင်းမှန်း သိသည်၊ တတ်လည်း တတ်နိုင်သည်၊ ၀ယ်ယူရန်လည်း လွယ်ကူသည့် အနေအထားမှာ ရှိသည်၊ ဆေးမတည့်ခြင်း စသည့် ဘေးထွက်ဆိုးကျိုးများလည်း မရှိပါလျှက် သားဆက်ခြားခြင်း နည်းလမ်းများကို မသုံးစွဲ။ ကိုယ်ဝန်ရလာမှသာ သွားရောက် ဖျက်ချလေသည်။

ထိုကိစ္စမျိုး တစ်ကြိမ်မက ဖြစ်လာသောအခါ … မိမိကိုယ်ကို Pro-Choice ဟု သတ်မှတ်ထားသူကပင်လျှင် ထိုသို့ မဖြစ်သင့်ကြောင်း၊ သားဆက်ခြားနည်း မှန်မှန်သုံးပြီး ကိုယ်ဝန်ဖျက်ခြင်းကို ရှောင်သင့်ကြောင်း ၀င်ရောက် ပြောဆိုသည်။

ထိုအခါ Pro-Choice ကို ယုံကြည်သူသည် အမှန်တကယ် ယုံကြည်သူ ဖြစ်ပါသေးသလော။

ဥပမာ (၂)

အမျိုးသမီး တစ်ဦးတွင် နှလုံးရောဂါ ကြီးကြီးမားမားရှိသဖြင့် ဆရာဝန်များက ကလေးမယူရန် တားမြစ်ထားသည်။ ပဋိသန္ဓေ တားနည်းလည်း သုံးနေပါလျက် မတော်တဆ ကိုယ်ဝန် ရရှိသွားလေသည်။ ထိုအမျိုးသမီး၏ နှလုံးအခြေအနေသည် မိခင်နှင့် ၀မ်းတွင်းက သန္ဓေသား နှစ်ဦးလုံး အတွက် လုံလောက်အောင် အလုပ် မလုပ်ပေးနိုင်ချေ။ ထိုအခါ အမျိုးသမီးမှာ အသက် အန္ဓရာယ် ရှိလာလေသည်။ အမျိုးသမီး အသက် သေဆုံးသွားပါက ၀မ်းတွင်းမှ သန္ဓေသားမှာလည်း အသက် သေဆုံးပေမည်။

ထိုအချိန်တွင် Pro-Life ဟု မိမိကိုယ်ကို သတ်မှတ်ထား သူကပင်လျှင် ထိုကိုယ်ဝန်ကို ဖျက်ချပေးသင့်ပါကြောင်း ပြောလာလေသည်။ မိခင်သေလျှင် သန္ဓေသားလည်း သေမည်။ အသက် နှစ်သက်နှင့် တစ်သက် လဲရန်ဟု အကြောင်းပြလေသည်။

ထိုအခါ Pro-Life ကို ယုံကြည်သူသည် အမှန်တကယ် ယုံကြည်သူ ဖြစ်ပါသေးသလော။

တစ်ဦးချင်း အယူအဆမှ အဖွဲ့လိုက် အယူအဆသို့

ဤအယူအဆတို့သည် လူတစ်ဦးချင်းစီတွင် ရှိနေနိုင်သလို အသင်းအဖွဲ့ တစ်ခု နိုင်ငံ တစ်နိုင်ငံတွင်လည်း ရှိနေနိုင်သည်။ အသင်းအဖွဲ့ တစ်ခု၏ ဖွဲ့စည်းပုံ၊ ပေါ်လစီ၊ ခေါင်းဆောင်များ၏ ပြောဆိုချက်များပေါ် မူတည်၍ ထိုအဖွဲ့သည် Pro-Choice နှင့် နီးသလား Pro-Life နှင့် နီးသလား ဆိုသည်ကို ခန့်မှန်းနိုင်သည်။ ထို့အတူ နိုင်ငံတစ်နိုင်ငံ၏ Pro-Choice/Pro-Life အယူအဆကို ထိုနိုင်ငံတွင်ရှိ အမျိုးသမီး ကျန်းမာရေး၊ မျိုးဆက်ပွား ကျန်းမာရေး ဆိုင်ရာ ဥပဒေများ၊ လုပ်ထုံး လုပ်နည်းများကို လေ့လာခြင်းဖြင့် သိရှိနိုင်သည်။

စာရှုသူများ တွေး၍ မှတ်ချက်ရေးပေးပါရန်

  • အထက်ပါ ဥပမာ (၁) နှင့် (၂) ကဲ့သို့ အလားတူ သာဓက တစ်ခုစီလောက် စဉ်းစားကြည့်ပါ။
  • မြန်မာနိုင်ငံတွင် လူအများစုသည် မည်သည့် နေရာတွင် ရှိနေမည် ထင်ပါသနည်း။
  • စာရှုသူ ကိုယ်တိုင်ကရော မည်သည့် နေရာတွင် ရှိပါသနည်း။ (ဖြေလိုမှ ဖြေပါရန်။)

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

စာကိုး

http://en.wikipedia.org/wiki/Pro-choice
http://en.wikipedia.org/wiki/Pro-life

Read More...

Friday, January 30, 2009

What did Bogyoke say about Public Health?

"Public health is another subject on our list. Prevention is better than cure, and we must plan for cleaner and healthier conditions of life for the people, promote health education, and improve and expand the training of doctors, nurses, and public health officers."
U Aung San, Speech delivered at Sorrento Villa Conference on 6th June 1947

Read More...

Wednesday, January 28, 2009

Mexico City Policy

မက္ကဆီကိုစီးတီး ပေါ်လစီ


ရီဘတ်ပလင်ကင် သမ္မတ တက်လာရင် ဒီမိုကရက်တစ် သမ္မတ ချခဲ့တဲ့ ပေါ်လစီတွေကိုပြောင်း၊ ဒီမိုကရက်တစ် သမ္မတ တက်လာရင် ရီဘတ်ပလင်ကင် သမ္မတ ချခဲ့တဲ့ ပေါ်လစီတွေကိုပြောင်း စသဖြင့် ဖြစ်နေကျ အမေရိကန် နိုင်ငံရေး လောကထဲမှာ ပြည်သူ့ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စလေးတစ်ခုမို့ မီးမောင်းထိုးပြချင်ပါတယ်။ မက္ကဆီကိုစီးတီး ပေါ်လစီ (သို့) Global Gag Rule လို့ လူသိများတဲ့ ပေါ်လစီတစ်ခုပါ။ ဒီအကြောင်း မပြောမီ နောက်ခံသမိုင်းကို ပြောမှ ဇာတ်ရည်လည်မယ် ထင်ပါတယ်။

၁၉၇၀ ခုလွန် နှစ်များတုန်းက ကမ္ဘာ့ လူဦးရေတိုးနှုန်း မြန်နေမှုဟာ စိုးရိမ်ဖွယ်ရာ ကိစ္စတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ လူဦးရေတိုးနှုန်း မြန်သလောက် အစားအစာထုတ်လုပ်နိုင်မှု (အဓိကအားဖြင့် စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများ တိုးချဲ့နိုင်မှု) နှုန်းက အလျင်မီအောင် မလိုက်နိုင်ဖြစ်နေပါတယ်။ ဒီလိုသာ ရှေ့ဆက်သွားရင် ကမ္ဘာပေါ်မှာ အငတ်ဘေး ဆိုက်ရချေရဲ့လို့ ပညာရှင်တွေက တွေးကြပါတယ်။

အမေရိကန် အစိုးရရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးမှုဆိုင်ရာ အကူအညီပေးရေး ဌာန (USAID - the US Agency for International Development) ကလည်း ကမ္ဘာ့လူဦးရေတိုးနှုန်း လျော့ချရေးကို အဓိကရည်ရွယ်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံတွေက သားဆက်ခြား စီမံကိန်းတွေကို ပံ့ပိုးလာပါတယ်။ အဲဒီ အချိန်တုန်းက ခေတ်ပေါ် သားဆက်ခြားနည်းတွေကလည်း တီထွင်ပြီးခါစဖြစ်ပြီး USAID ရဲ့ အထောက်အပံ့ဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက် စီမံကိန်းအသစ်တွေစဖို့ တကယ့်ကို လောက်လောက်လားလား အထောက်အကူ ဖြစ်ခဲ့ပါတယ်။

အစပိုင်းမှာတော့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေက အမေရိကန် ပြောတာကို မယုံမရဲနဲ့ စမ်းသပ် ကြည့်ရုံ အဆင့်လောက်သာ ရှိပြီး နောက်ပိုင်း တကယ် အကျိုးရှိမှန်း သိလာတဲ့အခါ (ဥပမာ - အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများမှာ) သားဆက်ခြား စီမံကိန်းတွေကို အစိုးရတွေက အတော်အားပေးလာပါတယ်။ ဒီလို အရှိန်ရလာပြီးမှ သိပ်မကြာသေးဘူး ၁၉၈၄ မှာ သမ္မတာ ရော်နယ်ရေဂင်က မက္ကဆီကိုမြို့ ပေါ်လစီကို ပြဋ္ဌာန်းပါတယ်။ ပေါ်လစီ အနှစ်ချုပ်ကတော့
အမေရိကန် နိုင်ငံက ဖွံ့ဖြိုးဆဲ နိုင်ငံများရဲ့ သားဆက်ခြား စီမံကိန်းများကို ထောက်ပံ့ကူညီခဲ့ခြင်းသည် အောက်ပါအချက် ၃ချက်ပေါ်တွင် အခြေခံပါသည်။
  • လူ့အသက်ရှင်သန်မှုကို လေးစားခြင်း၊
  • လူ့ဂုဏ်သိက္ခာနဲ့အညီ ရှင်သန်ကြစေဖို့လိုလားခြင်း နှင့်
  • မိသားစုဝင်များ အချင်းချင်း စည်းစည်းလုံးလုံး နေထိုင်နိုင်ကြစေခြင်း
သို့ရာတွင် ကိုယ်ဝန်ဖျက်ခြင်းကို သားဆက်ခြားနည်း တစ်ရပ်အနေဖြင့် ဆောင်ရွက်ခြင်း၊ အတင်းအဓမ္မ သားဆက်ခြားစေခြင်းတို့သည် မလုပ်သင့် မလုပ်အပ်တဲ့ကိစ္စများ ဖြစ်ပါသည်။ ထို့ကြောင့် အမေရိကန် အစိုးရ၏ သားဆက်ခြား စီမံကိန်း အထောက်အပံ့ကို ရယူတဲ့ အစိုးရများဟာ ထိုထောက်ပံ့ငွေနဲ့ ကိုယ်ဝန်ဖျက်ချပေးခြင်း ကိစ္စများ မဆောင်ရွက်ရပါ။ နိုင်ငံတကာ အန်ဂျီအို (အမေရိကန် နိုင်ငံ၏ အန်ဂျီအိုများ အကျုံးမ၀င်ပါ။) များအနေဖြင့် ကိုယ်ဝန်ဖျက်ချခြင်း အကြောင်းကို အသိပညာပေးခြင်း၊ ဆောင်ရွက်ပေးခြင်း ပြုလုပ်ပါက အမေရိကန်အစိုးရ၏ သားဆက်ခြား စီမံကိန်း ထောက်ပံ့ငွေကို လုံးဝ ရယူခွင့်မရှိပါ။
စာရေးသူမှ ရှင်းလင်းချက်။
  • ဤနေရာတွင် သားဆက်ခြားနည်းများ အကြောင်းကို အနည်းငယ် ရှင်းလင်းရန်လိုအပ်ပါသည်။ တားဆေး၊ ထိုးဆေး၊ ကွန်ဒုံး၊ သားအိမ်တွင်းထည့်ပစ္စည်း၊ သားကြောဖြတ်ခြင်း စသည့် လူသုံးများသော သားဆက်ခြားနည်းများသည် ကိုယ်ဝန်ဖျက်ချခြင်း မဟုတ်ပါ။ သို့ရာတွင် အချို့သော နိုင်ငံများတွင် ဖော်ပြပါ သားဆက်ခြားနည်းများကို လွယ်လင့်တကူ ရရှိနိုင်ပါလျက် အသုံးမပြုပဲ ကိုယ်ဝန်ရရှိလာမှသာ ဖျက်ချခြင်းပြုလုပ်တတ်ကြပါသည်။
  • ကိုယ်ဝန်ဖျက်ချခြင်းကို မကျွမ်းကျင်သူများက ဆောင်ရွက်သောကြောင့် ရောဂါပိုးဝင်ပြီး အသက်အန္တရာယ် ထိခိုက်သည့် ဖြစ်ရပ်များမှာ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် အဖြစ်များပါသည်။
  • အန်ဂျီအိုများတွင် ရန်ပုံငွေ ရရှိပုံ နည်းလမ်း တစ်ခု မကရှိတတ်ကြသည်။ အမေရိကန် အစိုးရပေးသည့် ရန်ပုံငွေဖြင့် မဟုတ်ပဲ အခြားရန်ပုံငွေဖြင့် တရားဝင် ကိုယ်ဝန်ဖျက်ချပေးခြင်း ကိစ္စရပ်ကို ဆောင်ရွက်ပင် ဆောင်ရွက်ငြားဖြစ်သော်လည်း၊ အမေရိကန် အစိုးရ၏ ရန်ပုံငွေကို မရရှိနိုင်ပါ။
ဒီပေါ်လစီကို ရော်နယ်ရေဂင့် ကိုယ်စားလှယ်က ၁၉၈၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူဦးရေညီလာခံ ကျင်းပရာ မက္ကဆီကိုမြို့မှာ တရားဝင် ကြေညာလိုက်တာကို အစွဲပြုပြီး မက္ကဆီကိုစီးတီး ပေါ်လစီ လို့ နာမည်ပေးခံရပါတယ်။

ရော်နယ်ရေဂင် အစိုးရကို ဆက်ခံတဲ့ ဂျော့အိပ်ခ်ျဒပ်ဗလျူဘွတ်ရှ် အစိုးရ သက်တန်းကုန်လို့ ဘီလ်ကလင်တန် အစိုးရ ဖြစ်လာချိန် ၁၉၉၃ ဇန္န၀ါရီလ မှာ ပထမဦးဆုံး ပယ်ဖျက်ပေးလိုက်တဲ့ ပေါ်လစီကတော့ မက္ကဆီကိုစီတီး ပေါ်လစီ ပါ။

ကြမ္မာရဟတ် တစ်ပတ်လည်ပြီး ရီဘတ်ပလင်ကင် သမ္မတ ဂျော့ခ်ျဒပ်ဗလျူဘွတ်ရှ် အလုပ်စ၀င်တဲ့နေ့ ဇန္န၀ါရီ ၂၀၊ ၂၀၀၁ ခုနှစ်မှာ ပထမဆုံး ပြန်လည် အသက်သွင်းတဲ့ ပေါ်လစီကလည်း ဒီ မက္ကဆီကိုစီးတီး ပေါ်လစီ ပါပဲ။

အခု နောက်ဆုံး ဒီမိုကရက် ဘရက်ခ်အိုဘားမား သမ္မတ ဖြစ်လာတဲ့ ပထမ ရက်သတ္တပတ် အတွင်းမှာပဲ မက္ကဆီကိုစီးတီး ပေါ်လစီကို ပယ်ဖျက်လိုက်ပြန်ပါတယ်။ အနည်းဆုံး နောက်ထပ် ၄ နှစ်လောက်တော့ ဒီပေါ်လစီ အသက်မ၀င်ပဲ ရှိနေဦးမှာ သေချာပါတယ်။

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

စာကိုး။
http://en.wikipedia.org/wiki/Mexico_City_Policy
http://www.whitehouse.gov/statement-released-after-the-president-rescinds/
The White House Office of Policy Development. Population and Development Review, Vol. 10, No. 3 (Sep., 1984), pp. 574-579.
US Policy Statement for the International Conference on Population.

Read More...

Tuesday, January 27, 2009

Cultural Relativism

အရေးပါတဲ့ cultural relativism
(NGO in Myanmar ရဲ့ Forum မှာ တင်ပြီးသား အကြောင်းအရာလေးပါ။ ဒီမှာ ပြန်တင်ပေးပါလို့ ဆရာတစ်ယောက်က ပြောလို့ ပြန်တင်ပေးတာပါ။ စာသား အနည်းငယ် ပြုပြင်ထားပါတယ်။ Female circumcision က ကျွန်မတို့ နိုင်ငံနဲ့ မဆိုင်ပေမယ့် cultural relativism ကတော့ သက်ဆိုင်မယ်လို့ ထင်ပါတယ်။)
လူထုကျန်းမာရေးဆိုင်ရာ အပြုအမူတွေ ပြောင်းလဲဖို့ ဆောင်ရွက်ရာမှာ မနုဿဗေဒက အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုမှာ ရှိနေကြောင်း ယနေ့ခေတ်မှာ အတော်လေး နားလည်သဘောပေါက်လာကြပြီလို့ ထင်ပါတယ်။
လူတွေရဲ့ ယဉ်ကျေးမှုနဲ့ ယုံကြည်သက်ဝင်မှုတွေက သူတို့ရဲ့ အပြုအမူတွေကို ထိန်းချုပ်ထားလေ့ ရှိပါတယ်။
လူတွေက သူတို့ မွေးဖွားရာ ပတ်ဝန်းကျင်က ယုံကြည်သတ်မှတ်ထားတဲ့ အရာတွေကို စွဲမြဲသက်ဝင် လိုက်နာလေ့ ရှိကြပါတယ်။
ဥပမာ- နတ်ကိုးကွယ်တာမျိုးပါ။



ဒါကို မကောင်းဘူးလို့ ဘေးကလူက ဘယ်လောက်ပဲပြောပြော၊ ကိုးကွယ်နေသူတွေကတော့ သူတို့ အဲဒီလို မကိုး ကွယ်တော့ဘူးဆိုရင် သူတို့မှာ မကောင်းတာ တစ်ခုခု ဖြစ်လိမ့်မယ်လို့ ယုံကြည်နေမှာပါပဲ။
အဲဒီလို ယုံကြည်သက်ဝင်မှုတွေကြောင့် အဲဒီလူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ၊ ကျန်းမာရေးတွေကို မထိခိုက်အောင် ဘယ်လို အကူအညီ ပေးရမယ်ဆိုတာက လူထုကျန်းမာရေး လုပ်ငန်းရဲ့ တာဝန် ဖြစ်လာပါတယ်။
အဲဒီမှာ cultural relativism ဆိုတာလေးကို သတိထားမိဖို့ လိုလာပါတယ်။
Cultural relativism ရဲ့ အဓိပ္ပာယ်က လူတစ်ယောက်ရဲ့ သက်ဝင်ယုံကြည်မှုနဲ့ လုပ်ဆောင်မှုတွေကို သူ နေထိုင်ကြီးပြင်းရာ အရပ်ဒေသရဲ့ ယဉ်ကျေးမှု အပေါ်မှာ မူတည်ပြီး နားလည်ပေးရပါမယ်တဲ့။
ကိုယ့်ယုံကြည်မှု၊ ကိုယ့်အနေအထားနဲ့ နှိုင်းယှဉ်ပြီး "ဒါကတော့ မှားနေတယ်၊ ဒါကတော့ မဖြစ်သင့်ဘူး"လို့ တစ်ဖက်သတ် မယူဆသင့်ဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။
အဖြစ်အပျက်ကလေးတစ်ခုကို ပြောပြရမယ်ဆိုရင် Bettina Shell-Duncan ဆိုတဲ့ မနုဿဗေဒပညာရှင် အမျိုးသမီးက ကင်ညာနိုင်ငံ မြောက်ပိုင်းဒေသမှာ ရှိတဲ့ Rendille ဆိုတဲ့ လူမျိုးစုမှာ ဗိုက်တာမင်ဓာတ်တွေ ချို့တဲ့နေကြောင်း သိရှိရတဲ့အတွက် အဲဒါကို သုတေသန လုပ်ဖို့ အဲဒီဒေသကို သွားရောက်ခဲ့ပါတယ်။
ဒါပေမယ့် သူ အဲဒီကို ရောက်သွားတော့ အဲဒီမှာ အမှန်တကယ် ကြီးမားနေတဲ့ ပြဿနာက သူမ ကြိုတင် မျှော်လင့် မထားခဲ့တဲ့ အမျိုးသမီး လိင်အင်္ဂါကို ဖြတ်တောက်ခြင်း (female circumcision) ပြဿနာ ဖြစ်နေ ပါတယ်။
သူတို့ရဲ့လုပ်ရပ်တွေကို အပြင်ဘက်က လူတွေ အနေနဲ့ ကြည့်ရင် အမျိုးသမီးလေးတွေကို နှိပ်စက် ညှဉ်းပမ်း နေတယ်လို့ ထင်မြင်ယူဆလို့ ရပေမယ့် သူတို့ကလဲ အပြင်က လူတွေကို ကြည့်ပြီး ဒီလူတွေ အမျိုးသမီး လိင်အင်္ဂါကို မဖြတ်တောက်ဘဲ ဘယ်လို များနေကြပါလိမ့်လို့ တွေးပြီး ပြန်လည် ရွံရှာနေကြကြောင်း သူမ နားလည် သဘောပေါက်ခဲ့ရပါတယ်။
ကင်ညာနိုင်ငံမှာ အဲဒီလို အမျိုသမီး လိင်အင်္ဂါ ဖြတ်တောက်မှုကို တားဆီးဖို့ ကြိုးစားနေပေမယ့် သူတို့ရဲ့ ယုံကြည်မှုက စွဲမြဲနေတော့ သူတို့နည်း၊ သူတို့ဟန်နဲ့ မဖြစ်ဖြစ်အောင် ဆက်ပြီး လုပ်နေကြတာပါပဲ။
ဒါကို ကျန်းမာရေးအတွက် အန္တရာယ် နည်းနိုင်သမျှ နည်းအောင် လုပ်ပေးဖို့က လိင်အင်္ဂါ ဖြတ်တောက်ရာမှာ ပိုးမ၀င်အောင် စနစ်ကျဖို့၊ သန့်ရှင်းမှု ရှိဖို့နဲ့ အင်တီဘိုင်ရောတစ်(Antibiotics)တို့၊ ဂွမ်းတို့လို လိုအပ်တဲ့ ဆေးဝါး ပစ္စည်းတွေကို ထောက်ပံ့ ကူညီပေးဖို့ပဲ ဖြစ်ပါတယ်။
အဲဒီအကြောင်းနဲ့ ပတ်သက်တဲ့ ဆောင်းပါးလေးကို
http://www.artsci.washington.edu/news/WinterSpring01/ShellDuncan.htm
မှာ ဖတ်ကြည့်လို့ ရပါတယ်။
အလားတူ ဆောင်းပါလေးတစ်ပုဒ်ကိုလဲ
http://www.research.utoronto.ca/edge/fall2002/leaders/boddy.html မှာ ဖတ်ကြည့်လို့ ရပါတယ်။

Read More...

Sunday, January 25, 2009

Events Unrelated to Public Health ???

လူထု ကျန်းမာရေး နဲ့ မသက်ဆိုင်တဲ့ ကိစ္စရပ်များ
(တွေးမိတဲ့ အတွေးလေးတစ်စကို သူငယ်ချင်းတွေ ဖတ်ဖို့ ရေးပေးခဲ့တာကို ပြန်တင်ပေးလိုက်တာပါ။)


ကျန်းမာတယ်ဆိုတာ ရောဂါ မရှိရုံ တင်မကဘဲ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေး ပိုင်းဆိုင်ရာတွေ ပြည့်ဝ ကောင်းမွန်နေမှ ခေါ်တယ်ဆိုတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကျန်းမာခြင်းဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ကြားဖူးသူတိုင်း သိပြီးသား ဖြစ်မှာပါ။ ဒီတော့ ကျန်းမာဖို့ အတွက် လိုအပ်ချက်တွေ ဘယ်လောက် များမယ်ဆိုတာ ထင်ရှားပါတယ်။

လူထုတစ်ရပ်လုံး ကျန်းမာရေးနဲ့ ပြည့်စုံဖို့အတွက်ဆိုရင် ဘာတွေ လိုအပ်မယ်လို့ ထင်ပါသလဲ။

အဲဒီလိုအပ်ချက်တွေကြောင့် ရှိသမျှ နည်းပညာတွေ၊ အလုပ်တွေထဲမှာ လူထုကျန်းမာရေးနဲ့ လုံးဝ မသက်ဆိုင်ဘူးလို့ ပြောလို့ရမယ့် အလုပ်မျိုး ရှိဖို့ ခဲယဉ်းလှပါတယ်။

ဥပဒေရေးရာ၊ လူမှုရေး ဘာသာဗေဒ၊ စီးပွားရေးပညာ၊ ပထ၀ီ၊ အကြမ်းဖက်မှုတွေကို လေ့လာတဲ့ နည်းပညာ၊ ကျန်းမာရေးဆိုင်ရာ ဆက်သွယ်မှု နည်းပညာ၊ စိတ်ပညာ၊ ကျန်းမာရေးနဲ့ စပ်ဆိုင်တဲ့ ပတ်ဝန်း ကျင် ထိန်းသိမ်းမှု ဆိုင်ရာ နည်းပညာနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ ဥပဒေပညာရပ်၊ အာဟာရပညာ၊ ကိုယ်လက် လှုပ်ရှားမှု ဆိုင်ရာ နည်းပညာ စတာတွေက ယနေ့ခေတ်မှာ လူထု ကျန်းမာရေးရဲ့ လှုမှုရေးနဲ့ အပြုအမူပိုင်းဆိုင်ရာ ရှုထောင့် (social and behavioral aspects of public health) နဲ့ဆက်နွယ်ပတ်သက်နေတဲ့ နည်းပညာရပ် တွေလို့ လက်ခံလာကြပါပြီ။

အဲဒီထဲမှာ မပါတဲ့ တခြားကိစ္စရပ်တွေကို တွေးကြည့်ရအောင်။


ဆောက်လုပ်ရေးပိုင်းဆိုင်ရာ အင်ဂျင်နီယာ နည်းပညာဆိုပါတော့။ လူထုကျန်းမာရေးနဲ့ သက်ဆိုင်ပါသလား။
လမ်းတွေ၊ တံတားတွေ ပြိုကျတာ၊ လမ်း တည်ဆောက်ပုံ မကောင်းလို့ ယာဉ်တိုက်မှု ခဏခဏ ဖြစ်တာတွေက လူထုကျန်းမာရေးကို ထိခိုက်သလား၊ မထိခိုက်ဘူးလားဆိုတာ တွေးကြည့်လိုက်ရင် အဖြေပေါ်ပါတယ်။

သဘောင်္မောင်းတဲ့ နည်းပညာကရော။
သဘောင်္နစ်လို့ လူတွေ သေဆုံးပျက်စီးတာ၊ ထိခိုက်တာမျိုးတွေက လူထု ကျန်းမာရေးနဲ့ ဆိုင်၊ မဆိုင် တွေးကြည့်ပါ။

မြောင်းရှင်းတဲ့ သန့်ရှင်းရေး အလုပ်သမားကရော။
မြောင်းကို သူရှင်းပေးလို့၊ သန့်ရှင်းသွားတာ၊ ခြင်တွေ မခိုတော့တာက လူထု ကျန်းမာရေးနဲ့ ဆက်စပ် ပါသလား။

အမှိုက်သိမ်းတဲ့သူကရော။
သူ အမှိုက်ကို မှန်မှန် လာသိမ်းပေးတဲ့အတွက် လူတွေ အမှိုက်ကို စနစ်တကျ စွန့်ပစ်ကြမယ်ဆိုရင် ယင်တလောင်းလောင်းနဲ့ လမ်းဘေးက အမှိုက်ပုံတွေ မရှိတော့တာမျိုးက လူထု ကျန်းမာရေးနဲ့ သက်ဆိုင်မယ် ထင်ပါသလား။

လမ်းဘေးက အသုတ်သည်ရော။
သူ တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိရင် စားတဲ့သူတွေ ဘာဖြစ်သွားနိုင်ပါသလဲ။

စာရေးဆရာ၊ သတင်းသမားတွေကရော လူထု ကျန်းမာရေးနဲ့ ပတ်သက် နေပါသလား။
ကျန်းမာရေးဆိုင်ရာ သတင်းအမှားတွေ၊ ယုံကြည်မှု အမှားတွေကို ရေးသားခဲ့ရင် လူတွေ ဘယ်လို ထိခိုက်မယ် ဆိုတာ မြင်သာပါတယ်။

တကယ်တော့ ကိုယ် ဘာအလုပ်ကိုပဲ လုပ်လုပ်၊ စေတနာမှန်မှန်နဲ့ လူတွေကို မထိခိုက်အောင်၊ မနစ်နာအောင်၊ မျှတမှု ရှိအောင် ဆောင်ရွက်ပေးနေသူတွေ အားလုံးဟာ လူထုကျန်းမာရေးအတွက် ပါဝင် ကြိုးပမ်း ဆောင်ရွက်ပေးနေသူချည်းပဲလို့ ပြောရင် မှားမယ်လို့ မထင်ပါဘူး။

Read More...

Confounders

သတိထားရမယ့် confounder များ
(သူငယ်ချင်းတစ်ယောက်အတွက် ရေးထားတာလေးကို ပြန်တင်ပေးလိုက်တာပါ။ ကိုယ် ဖတ်ထားတာလေးတွေကို ပြန်ပြောပြတဲ့သဘောပါ။ ဆရာလုပ်တဲ့ လေသံပါနေရင် ခွင့်လွှတ်ပါလို့ ကြိုတောင်းပန်ပါတယ်။)

စမ်းသပ်မှုတွေ၊ သုတေသန ပြုလုပ်ချက်တွေက ရလာတဲ့ တွေ့ရှိချက်တွေ၊ ကိန်းဂဏန်းတွေတိုင်းကို မှန်တယ်လို့ ယူဆပြီး ဒါကြောင့် ဒါဖြစ်တယ်လို့ အလွယ်တကူ အတည်ယူလို့ မရပါဘူး။ တိုက်ဆိုင်မှု ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာ သိနိုင်ဖို့ အတွက် အခြား ဖြစ်နိုင်ခြေတွေကို သေသေချာချာ ထည့်သွင်း စဉ်းစားပြီးမှသာ ဆုံးဖြတ်သင့်ပါတယ်။

တစ်ခါက သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေမှာ အမျိုးသမီး ဟိုမုန်းဆေး သောက်ရင် နှလုံးလေဖြတ်မှုကို လျော့ကျ စေနိုင်တယ် ဆိုတဲ့ သတင်းဆောင်းပါးတွေကို ဖတ်ခဲ့ရဖူးပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ သားဖွားမီးယပ် ဆရာဝန်တွေက သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေကို အဲဒီဆေးတွေ မညွှန်ကြတော့တာ သတိထားမိပါတယ်။ အဲဒါက ဘာကြောင့်လဲဆိုတာကိုတော့ ကျွန်မ မကြာသေးခင်ကာလအထိ သိခွင့်မရခဲ့ပါဘူး။ အဲဒါနဲ့ ပတ်သက်တဲ့ သတင်းဆောင်းပါးတွေက ကျွန်မ လက်လှမ်းမီတဲ့ နေရာကို ရောက်မလာခဲ့ပါဘူး။


မကြာသေးခင်ကတော့ အဲဒီ သွေးဆုံးပြီးသူ အမျိုးသမီးတွေမှာ အမျိုးသမီးဟိုမုန်း ဆေးသောက်သုံးခြင်းနဲ့ ပတ်သက်တဲ့ စမ်းသပ်ချက်တွေအကြောင်းကို ဖတ်ခွင့်ရခဲ့ပါတယ်။

ပထမပိုင်းမှာ ပြုလုပ်ခဲ့တာက observational study လို့ ခေါ်တဲ့ ကိုယ်က ဘာမှ ကြားဝင် ဆောင်ရွက်တာမျိုးတွေ မလုပ်ဘဲ စောင့်ကြည့်ပြီး ရလဒ်တွေကို မှတ်တမ်းတင် အကဲဖြတ်ခြင်းပါ။

အဲဒီမှာ သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေထဲက အမျိုးသမီး ဟိုမုန်းဆေး သောက်သုံးသူတွေနဲ့ မသောက်သုံးသူတွေကို နှိုင်းယှဉ်ကြည့်တော့ အမျိုးသမီး ဟိုမုန်းဆေး သောက်သုံးသူတွေမှာ နှလုံးလေဖြတ်မှုက (၅၀) ရာခိုင်နှုန်း ပိုလျော့နည်းနေတယ်လို့ တွေ့ခဲ့ရပါတယ်။ အဲဒီတွေ့ရှိ ချက်ကို ထုတ်ပြန်ခဲ့တဲ့အတွက် သွေးဆုံးသူ အမျိုးသမီးတွေကြားထဲမှာ အမျိုးသမီးဟိုမုန်းဆေး သောက်သုံးမှုတွေ ခေတ္တခဏ ခေတ်စားသွားခဲ့ပါတယ်။

ဒါပေမယ့် သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေကို controlled trial လို့ခေါ်တဲ့ စမ်းသပ်နည်းနဲ့ အဖွဲ့ နှစ်ဖွဲ့ ခွဲပြီး လက်တွေ့ ပြန်လည်စမ်းသပ်ကြည့်တဲ့ အချိန်မှာတော့ ပထမ observational study ရဲ့ တွေ့ရှိချက် မှားနေကြောင်း သိရှိလိုက်ရပါတယ်။ အဲဒီ ဒုတိယ စမ်းသပ်စစ်ဆေးမှုမှာ သွေးဆုံးပြီးတဲ့ အမျိုးသမီး တစ်ဖွဲ့ကို ဟိုမုန်း ဆေးသောက်စေပြီး၊ ကျန်တစ်ဖွဲ့ကို ဟိုမုန်းဆေး မတိုက်ဘဲ ရလဒ်တွေကို စောင့်ကြည့်ပြီး နှိုင်းယှဉ် အကဲဖြတ်ခဲ့ပါတယ်။

ပထမ observational study တွေ့ရှိချက်မှာ ထည့်မတွက်ခဲ့မိတာက ဟိုမုန်းဆေး သောက်သူ အမျိုးသမီးတွေဟာ ဟိုမုန်းဆေး မသောက်သူတွေ ထက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပြုအမူတွေကို ပိုမို ဆောင်ရွက်နေကြတာပါ။ ဥပမာ - ကိုယ်လက်လှုပ်ရှား မှု ပိုများတာ၊ အစားအသောက်ကို ပိုဂရုစိုက်တာ စသဖြင့်ပေါ့။ သူတို့မှာ နှလုံးလေဖြတ်မှု (၅၀) ရာခိုင်နှုန်း ပိုမိုလျော့ကျနေတာက အဲဒီ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပြုအမူတွေကြောင့်သာဖြစ်ပြီး အမျိုးသမီး ဟိုမုန်းဆေး သောက်သုံးမှုနဲ့ လုံးဝ မသက်ဆိုင်ပါဘူး။

ဒါ့အပြင် အမျိုးသမီး ဟိုမုန်းဆေးတွေက သားအိမ်ကင်ဆာ ပိုဖြစ်စေနိုင်တဲ့ အန္တရာယ်လို ဘေးထွက်ဆိုးကျိုး ကြီးကြီး မားမားတွေ ရှိနေတဲ့အတွက် အဲဒီလို ပြန်လည် စစ်ဆေးမှုမျိုး မပြုလုပ်ခဲ့ဘဲ ပထမ တွေ့ရှိချက်ကိုသာ အတည်ယူခဲ့ရင် ဆေးကြောင့် ပိုလေးရတော့မှာ သေချာနေပါတယ်။

အခုလို ပထမ observational study စမ်းသပ်ချက်မှာတုန်းက အမျိုးသမီး ဟိုမုန်းဆေးနဲ့ နှလုံးလေဖြတ်ခြင်းတို့ ဆက်စပ်ကြောင်း မှားယွင်း တွေ့ရှိမှုမျိုးကို confounding လို့ ခေါ်ပါတယ်။ အဲဒီ ပထမ စမ်းသပ်ချက်မှာပဲ လျစ်လျူရှုခဲ့တဲ့ နှလုံးလေဖြတ်ခြင်းကို (အမှန်တကယ်အားဖြင့်) လျော့နည်းသွားစေနိုင်တဲ့ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အစားအသောက်ကို ဂရုစိုက်ခြင်းစတဲ့ အကြောင်းအရာတွေကိုတော့ confounder တွေလို့ ခေါ်ပါတယ်။

အနည်းငယ် ပိုရှင်းအောင် အခြား ဥပမာတစ်ခု ထပ်ပေးရမယ်ဆိုရင် ...

ယာဉ်တိုက်မှု ဖြစ်ရာမှာ ထိခိုက်ဒဏ်ရာရ သူတွေကို ဟယ်လီကော်ပတာနဲ့ သယ်ယူတာနဲ့ ကားနဲ့သယ်ယူတာ ဘယ်နည်းလမ်းမှာ လူနာသေဆုံးမှု ပိုများ သလဲ ဆိုတဲ့ လေ့လာမှုကို ပြုလုပ်တယ် ဆိုပါတော့။

ဟယ်လီကော်ပတာနဲ့ ဆေးရုံကို ပို့ခံရတဲ့ လူနာတွေထဲမှာ သေဆုံးသူ ဘယ်နှစ်ရာခိုင်နှုန်း ရှိတယ်၊ ကားနဲ့ ပို့ခံရတဲ့ လူနာတွေ ထဲမှာ သေဆုံးသူက ဘယ်နှစ်ရာခိုင်နှုန်း ရှိတယ်ဆိုတာကို စာရင်းကောက်ပြီး တွက်ကြည့်လိုက်တော့ ဟယ်လီကော်ပတာနဲ့ အပို့ခံရတဲ့ လူနာတွေက သေဆုံးမှု ပိုများနေတာ တွေ့ရပါတယ်။

အဲဒီတော့ ကောက်ချက်ချရရင် ဟယ်လီကော်ပတာကို သုံးပြီး ဆေးရုံ မြန်မြန်ရောက်အောင်ပို့လည်း အလကားပဲပေါ့။

ဒါပေမယ့် ထိခိုက်ဒဏ်ရာ ပြင်းထန်မှု ပမာဏချင်း တူညီတဲ့ လူနာတွေကိုပဲ ရွေးထုတ်ပြီး ဟယ်လီကော်ပတာနဲ့ အပို့ခံရတာနဲ့ ကားနဲ့ အပို့ခံရတာမှာ သေဆုံးသူ ဦးရေ ရာခိုင်နှုန်းကို ပြန်ပြီး ခွဲကြည့်လိုက်တော့ ဟယ်လီကော်ပတာနဲ့ အပို့ခံရတဲ့ လူနာတွေရဲ့ သေဆုံးမှု ရာခိုင်နှုန်းက ကားနဲ့အပို့ခံရတဲ့ လူနာတွေထက် သိသိသာသာကို လျော့နည်းနေပါသတဲ့။

ကဲ .. အဲဒီတော့ ဒီမှာ confounder က ဘာများပါလိမ့်။

ဟုတ်ပါတယ်။ “ထိခိုက်ဒဏ်ရာ ပြင်းထန်မှု အနေအထား” ပဲ ဖြစ်ပါတယ်။

အဲဒီလို အပေါ်ယံ ကောက်ချက်ချလို့ ရတဲ့ အခြား လွယ်ကူတဲ့ ဥပမာတစ်ခုကို ထပ်ပြောရမယ်ဆိုရင် ...

“ဆံပင်ဖြူလာရင် လူတွေ သေကုန်ကြတယ်” လို့ အဆိုတင်သွင်းတယ် ဆိုပါစို့။

အမှန်က ဆံပင်ဖြူတာကြောင့်တော့ လူတွေ သေမသွားပါဘူး။ ဒါပေမယ့် အသက်ကြီးလာရင် ဆံပင်ဖြူလာတတ်ပြီး၊ အသက်ကြီးလာတာကြောင့်ပဲ ရောဂါထွေလာကာ အသက် သေဆုံးကြရတာပါ။ ဒါကြောင့် စောစောက တင်သွင်းခဲ့တဲ့ အဆိုမှာ အသက်သေရခြင်းရဲ့ အဓိက အကြောင်းရင်းဖြစ်တဲ့ “ရောဂါထွေလာခြင်း” ကိုမဖော်ပြထားကြောင်းတွေ့ရမှာပါ။

အခုလို အသက်ကြီးလာတာနဲ့ ဆံပင်ဖြူလာတာရဲ့ ဆက်စပ်မှုမျိုးလို အလွယ်တကူ မမြင်သာတဲ့ ပြဿနာမျိုးတွေ လက်တွေ့မှာ အများကြီး ရှိတာကို သတိပြုစေလိုပါတယ်။

Read More...

Wednesday, January 21, 2009

Oral Health for Kids

ကလေးသွားများ အလေးထားစေချင် ...



"ဆရာရေ .. နှုတ်သာ နှုတ်ပေးလိုက်ပါတော့ရှင်။ နာလို့ ခဏခဏအော်နေရတာ။ ကျွန်မ လည်း ခဏခဏ ဆေးခန်း လိုက်မပို့နိုင်ဘူး။ ကြီးသွား ပြန်ပေါက်မှာပဲ မဟုတ်လား။"


ကလေး မိခင်တစ်ယောက်က ပြောလိုက်တာပါ။ ကလေးရဲ့ ညာဘက် ငယ်သွားအောက် အံသွား နှစ်ချောင်းလုံး ပိုးစားနေပြီ။ ဆေးခန်း ရောက်တာ နောက်ကျသွားလို့ သွားအူတိုင်ထိ ပိုးစားတာ ရောက်သွားတော့ အကြောလေးတွေ ရောင်ပြီး အကြောသတ် ကုသတာ (root canal treatment/ endodontic treatment) လုပ်ပေးပြီး၊ ပြန်ဖာလို့ ရအောင် ကြိုးစားပေးနေတာပါ။ ကြီးသွားလဲချိန် မရောက်သေးတော့ ဒီငယ်သွားကို နှုတ်လိုက်ရင် နောင်ဖြစ်လာမယ့် အကျိုးဆက်တွေကို ကလေးမိခင်ကို ရှင်းပြနေရပါတယ်။

ငယ်သွား အံသွားတွေက ကလေး အသက် ၂နှစ်ခွဲကနေ ၃နှစ်အတွင်း စပေါက်ပါတယ်။ အဲဒီအချိန်မှာ ကလေးကို သွားတိုက်ပေးတဲ့၊ သွားတိုက်ခိုင်းတဲ့ အလေ့အထ မစွဲမြဲသေးဘူးဆိုရင် အသက် ၅နှစ်၊ ၆နှစ်လောက်က စပြီး ဒီအံသွားတွေကို ပိုးစားပါတော့တယ်။ ၄နှစ် လောက်ကတည်းက ပိုးစားတဲ့ ကလေးတွေတောင် တွေ့ဖူးပါတယ်။ ကျွန်တော်တို့ မောင်နှမတွေက ကံကောင်းခဲ့ပါတယ်။ ဖေဖေက သူကိုယ်တိုင် သွားပိုးစားခံရပြီး သွားတွေ နှုတ်ခံရဖူးတော့၊ စာအုပ်တွေက တစ်ဆင့် သွားကျန်းမာရေး အလေ့အကျင့်ကောင်းတွေကို သိလာပြီး လိုက်နာကျင့်သုံးတယ်။ ကျွန်တော်တို့ မောင်နှမတွေကိုလည်း ညမအိပ်ခင် အမြဲ သွားတိုက်ခိုင်းပါတယ်။ ကျွန်တော်က ငယ်ငယ်လေးကတည်းက ၁၀တန်းအထိ အအိပ် သိပ်မက်တယ်။ ညဆို (၈)နာရီထက်ကျော်ပြီး မနေနိုင်ခဲ့ဘူး။ တအား အိပ်ငိုက်လာပြီး သွားမတိုက်နိုင်တော့ဘဲ အိပ်ပျော်ပျော်သွားလေ့ ရှိခဲ့ပါတယ်။ အဲလိုနေ့တွေဆို ဖေဖေက အိပ်ယာထဲကနေပွေ့ခေါ်လာပြီး မရမက သွားတိုက်ခိုင်းပြီးမှ ပြန်အိပ်ခိုင်းလေ့ ရှိပါတယ်။ ဒီကျေးဇူးတွေကြောင့် ကျွန်တော်တို့တွေ သွားပိုးမစားခဲ့ကြပါဘူး။

တချို့မိဘတွေက ကလေးကို အလိုလိုက်လွန်တယ်၊ သနားတယ်၊ ပေါ့ဆကြတယ်။ "ကဲ..အိပ်ပါစေ။ ပိုးစားလဲ နှုတ်လိုက်ပေါ့၊ နောက်ကြီးသွား ပြန်ပေါက်မှာပဲ" ဆိုပြီး မကြပ်မတ် ကြဘူးလေ။ ခပ်ငယ်ငယ်ကတည်းကပဲ ပိုးစားပြီပေါ့။ ငယ်သွားတွေက ကြီးသွားနဲ့စာရင် အရွယ်လည်းသေး၊ ကြွေလွှာလည်း ပါးတယ်။ ပိုးစားပြီဆိုတာနဲ့ သွားအတွင်းဆုံးလွှာ အူတိုင်အထိ ရောက်ဖို့ သိပ်မြန်ပါတယ်။ ကလေးက သွားနာတယ်ပြောမှ ဆေးခန်း ပြမိကြတဲ့ အချိန်ကျတော့ ရိုးရိုးတန်းတန်း ဖာထေးလို့ မရအောင် ပိုးစားတာက သွားအတွင်းသားကို ရောက်နေပြီလေ။ စောစောက ကလေးမိခင်ပြောသလို သွားကို ဆေးမကုဘဲ အရွယ်မတိုင်ခင် နှုတ်လိုက်မယ်ဆိုရင် ဘာတွေ ဖြစ်နိုင်လဲ ကြည့်ရအောင်။ အောက်ကဓာတ်မှန်ထဲမှာ အသက် (၇)နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ ခံတွင်းထဲမှာ ရှိတဲ့ ငယ်သွားနဲ့ ကြီးသွားတွေ၊ ပေါက်ချိန် မတန်သေးလို့ သွားဖုံးရိုးထဲမှာ ဖွဲ့တည်ဆဲဖြစ်တဲ့၊ အမြစ်မစုံသေးတဲ့ ကြီးသွားတွေကို တွေ့ရပါမယ်။






ငယ်သွား အံသွားလေးကို ဒီအသက်အရွယ်မှာ နှုတ်လိုက်ရတယ် ဆိုရင် ပုံမှာအတိုင်း ကြီးသွား အံသွားကြီးက နှုတ်လိုက်တဲ့ သွားနေရာကို ယိုင်ကျလာမယ်။





သူ့အောက်က ထွက်မယ့် ကြီးသွား (ဒုတိယအံသွားလေး) ပေါက်ရမယ့်အရွယ်ရောက်တော့ နေရာမှန် မပေါက်နိုင်တော့ဘဲ၊ လွတ်တဲ့နေရာတွေမှာ ဘေးသွားတွေနဲ့ ထပ်ပြီး ပေါက်ရပါတော့တယ်။






သွားတွေ ထပ်တဲ့အတွက် အစာတွေက သွားထပ်တဲ့ ကြားတွေထဲဝင်ပြီး သွားတိုက်လို့လည်း မပြောင်နိုင်တဲ့အတွက်၊ အသက်ငယ်ငယ်မှာဘဲ ကြီးသွားတွေ ပိုးစားရရှာပါတယ်။ ကလေးမိဘတွေ သတိပြုစရာပါ။

ကိုယ့်ကလေးရဲ့အနာဂတ် ပညာရေး၊ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု စတာတွေ အားလုံးဟာ၊ မိဘတွေရဲ့ စံနစ်တကျ ပြုစုစောင့်ရှောက်မှုပေါ်မှာ အများကြီး တည်နေတာမို့၊ ကိုယ့်ကလေးကို ချစ်ရင်၊ ပစ္စုပ္ပန် အချိန်လေးကိုပဲ ကွက်မကြည့်ဘဲ၊ ကလေးရဲ့အနာဂတ်အထိ မျှော်တွေး စဉ်းစားပြီး၊ ငယ်ကတည်းက ကောင်းတဲ့ အမူအကျင့် အတွေးအခေါ်လေးတွေက စပြီး သင်ကြား လေ့ကျင့်ပေးသွားဖို့ လိုတယ် ဆိုတာ အကြံပြု လိုက်ရပါတယ်။

Read More...

Friday, January 9, 2009

Salmonella symptoms

Salmonella ဆိုတာ ဘာလဲ
Salmonella ဆိုတာ လူသားတွေရဲ့ အူလမ်းကြောင်း အတွင်းမှာ ပေါက်ဖွားရှင်သန်နိုင်တဲ့ ဘက်တီးရီးယားပိုး တစ်မျိုး ဖြစ်ပါတယ်။ Salmonella မျိုးကွဲ ပေါင်းများစွာ ရှိပြီး salmonella typhimurium နဲ့ samonella enteritidis ကတော့ အတွေ့ရ အများဆုံး မျိုးကွဲတွေ ဖြစ်ပါတယ်။


Sources of Salmonella
ဟင်းသီးဟင်းရွက်စိမ်း၊ သားစိမ်း၊ငါးစိမ်းတွေမှာ salmonella ဘက်တီးရီးယားပိုးတွေ ပါတတ်လို့ အသီးအရွက်တွေ၊ အသားငါး၊ ကြက်ဥ စတာတွေကို အစိမ်း စားသုံးခြင်း၊ နွားနို့ကို မကျိုချက်ဘဲ သောက်ခြင်း တို့ကို ရှောင်ကြဉ် ရပါမယ်။ အိမ်မှာ လုပ်တဲ့ ကွတ်ကီး၊ mayonnaise၊ ရေခဲမုန့် စတာတွေမှာလဲ ဘက်တီးရီးယား ပိုး ပါဝင် နေတတ်တယ်လို့ ဆိုပါတယ်။

ချက်ပြုတ်ခြင်းဖြင့် အန္တရာယ် ကင်းနိုင်လား
သေသေချာချာ ကြော်ချက် စားသောက်လျှင် salmonella အန္တရာယ်က ကင်းနိုင်တယ်လို့ ဆိုပါတယ်။ သို့ပေမယ်လည်း အသီးအရွက်အစိမ်းတွေ ကို ရေစင်အောင် ဆေးကြောရုံနဲ့တော့ အပြည့်အ၀ အကာအကွယ် မပေးနိုင်ပါဘူး။ အထူးသဖြင့် outbreak ဖြစ်နေတဲ့ အချိန်မှာဆို ပိုပြီး သတိထား စားသောက်ရပါမယ်။

istock_photo_of_washing_grapes1

FDA ရဲ့ အကြံပြုချက်
  1. အစားအသောက်တွေ ကို မကိုင်တွယ်ခင်နဲ့ ကိုင်တွယ်ပြီးတဲ့ အခါ မှာရေနွေး၊ ဆပ်ပြာတို့နဲ့ လက်ကို စင်ကြယ်အောင် ဆေးကြောရပါမယ်။

  2. အသီးအနှံတွေကို running water နဲ့ ဆေးကြော ရပါမယ်။

  3. အသီးအနှံ၊ သားငါးတွေ လှီးတဲ့ စင်းနှီးတုန်းကို ပြောင်စင်အောင် ဆေးကြောရပါမယ်။ တစ်ခု လှီးပြီးတိုင်း တစ်ခါ ဆေးရပါမယ်။

  4. သစ်သီးတွေကို အခွံသင် ပြီးမှ စားသုံးရပါမယ်။

  5. ရောဂါ ကူးစက်ခံထားရလျှင် အများသူငါ အတွက် အစားအသောက် ပြင်ဆင်ခြင်း မပြုလုပ်သင့်ပါဘူး။

အိမ်မွေး တိရစ္ဆာန်များ
ခွေး၊ ကြောင်၊ ကြက်၊ ငှက်များဟာလည်း လူကဲ့သို့ ပဲ salmonella ကို သယ်ဆောင်နိုင်တော့ သူတို့ကို ကိုင်တွယ်ပြီးလျှင် လက်ကို စင်ကြယ်စွာ ဆေးကြော ရပါမယ်။

ရောဂါ လက္ခဏာများ
Salmonella ရောဂါ ပိုးဝင်ပြီး ၂ ရက် မှ ၃ ရက် အတွင်း ကိုယ်အပူချိန် တက်တတ်ပါတယ်။ ဗိုက်နာ ဗိုက်အောင့်ပြီး ၀မ်းလျှောတတ် ပါတယ်။

ဘယ်လို ကုသကြမလဲ
သာမန် တိုက်ဖွိုက် အမျိုးအစား မဟုတ်တဲ့ salmonella infection အတွက် ဓါတ်ဆားရေ များများသောက်ပေးလျှင် လုံလောက်ပါတယ်။ ပဋိဇီဝဆေး များသုံစွဲဖို့ မလိုအပ်ပါဘူး။ (၄)ရက်ကနေ (၇)ရက်အတွင်း သက်သာ ပျောက်ကင်းနိုင်ပါတယ်။ ကလေးငယ်များ၊ အသက်အရွယ် ကြီးရင့်သူများ ကိုယ်ခံအား နည်းသူများ၊ ရောဂါ ဝေဒနာ ပြင်းထန်သူများ၊ အူလမ်းကြောင်း ပြင်ပကို ရောဂါ ပျံ့နှံ့သူ ဝေဒနာရှင်များကို ဆေးရုံတင် ကုသဖို့ လိုအပ်ပါတယ်။

တိုက်ဖွိုက် အမျိုးအစား salmonella infection ကိုတော့ ပဋိဇီဝ ဆေးများ သုံးစွဲ ကုသရပါမယ်။ Quinolone အမျိုးအစား ပဋိဇီဝဆေးတွေကို ရ ရက်မှ ၁၄ ရက် အထိ ရောဂါ အခြေအနေကို လိုက်ပြီး သုံးစွဲ ရပါတယ်။ တိုက်ဖွိုက် အမျိုးအစား salmonella တွေရဲ့ ပဋိဇီဝ ဆေးတွေပေါ် ခံနိုင်ရည် မြင့်မားလာမှုဟာ ရောဂါ ကုသသူ ဆရာဝန်တွေ အတွက် ဆေးဝါး ရွေးချယ်ရာမှာ အခက်တွေ့ စေသလို ဆေးယဉ်ပါးတဲ့ ပိုးတွေ outbreak ဖြစ်ပွားတတ်မှုဟာ ပြည်သူ့ကျန်းမာရေး အဓိက စိန်ခေါ်မှုကြီး ဖြစ်ပါတယ်။ ဒါကြောင့် ၀မ်းကိုက်ရောဂါ ခံစားရလျှင် ပဋိဇီဝ ဆေးများကို မိမိ သဘောနဲ့ သောက်သုံးခြင်း မပြုကြဘဲ ဆရာဝန် ညွှန်ကြားချက်ဖြင့်သာ သောက်သုံးကြဖို့ နှိုးဆော် လိုက်ပါတယ်။

Read More...

Tuesday, January 6, 2009

Kawasaki Disease


Kawasaki disease ကို စာဖတ် ပရိတ်သတ်တွေ သိတဲ့သူ ရှားပါလိမ့်မယ်။ အခြားရောဂါတွေနဲ့ စာရင် ဖြစ်ပွားမှုနှုန်း နည်းတဲ့အတွက် လူသိနည်းပါတယ်။ အသက် ၅ နှစ်အောက် ကလေးတွေမှာ အဓိက ဖြစ်ပွားတတ်ပါတယ်။



အမေရိကန် ပြည်ထောင်စုမှာ ကလေး ၁ သိန်းကို ၁၉ ယောက်နှုန်း ဖြစ်ပွားပြီး ဂျပန်နဲ့ ကိုရီးယားနိုင်ငံလို အာရှ နိုင်ငံတွေမှာ အဖြစ်များပါတယ်။ ရောဂါ ဘာကြောင့် ဖြစ်ရတယ် ဆိုတာ တိတိကျကျ မသိသေးပေမယ့် ဗိုင်းရပ်စ်ပိုး တစ်မျိုးကြောင့်လို့ ယူဆ ရပါတယ်။ ဆောင်းရာသီမှာ အဖြစ်များလေ့ ရှိပြီး တစ်ခါတစ်ရံ outbreak အနေနဲ့တောင် ပြန့်ပွားတတ်ပါတယ်။

ရောဂါလက္ခဏာများ
ပထမ အဆင့်
အဓိက လက္ခဏာကတော့ ကိုယ်အပူချိန် အလွန်အမင်း တက်ခြင်း ဖြစ်ပါတယ်။ (၁၀၄)ဒီဂရီ ဖာရင်ဟိုက် အထက် တက်တတ်ပြီး (၅)ရက်နဲ့ အထက် အဖျားမကျ တတ်ပါဘူး။ အခြားလက္ခဏာတွေအနေနဲ့
  1. မျက်လုံး အရမ်းနီခြင်း

  2. ရင်ဘတ်နဲ့ ၀မ်းဗိုက်ပေါ် မှာ အနီကွက်များ ပေါ်ခြင်း

  3. နှုတ်ခမ်း ခြောက်ပြီး ကွဲခြင်း

  4. လျှာရောင်ရမ်းပြီး ဖြူနေခြင်း

  5. လည်ချောင်း နာခြင်း

  6. လက်ဖ၀ါး၊ ခြေဖ၀ါးများ ရောင်ရမ်းပြီး နီရဲနေခြင်း

  7. ပြန်ရည်ကျိတ်များ ရောင်ရမ်း နာကျင်ခြင်း

ဒုတိယ အဆင့်
အဖျားတက်ပြီး ၂ပါတ် အကြာကို ဒုတိယအဆင့်လို့ သတ်မှတ်ပါတယ်။ ဒီကာလမှာ ကလေးငယ်ဟာ အဆစ်အမြစ် နာခြင်း၊ အန်ခြင်း၊ ၀မ်း လျှောခြင်း စတာတွေကို ခံစားရနိုင်ပါတယ်။ လက်ဖ၀ါး ခြေဖ၀ါးများမှ အရေပြားများ အဖတ်လိုက် ကွာကျ တတ်ပါတယ်။ ဖော်ပြပါ လက္ခဏာတွေ တွေ့လျှင်တော့ ဆေးခန်းကို အမြန် ပြသသင့်ပါတယ်။

kawasaki_figure

Kawasaki ရောဂါနဲ့ ပက်သက်ပြီး ကြောက်စရာ ကောင်းတဲ့ နောက်တစ်ချက်က heart attackလို့ ခေါ်တဲ့ နှလုံး သွေးကြောကျဉ်း ရောဂါပဲ ဖြစ်ပါတယ်။ kawasaki ရောဂါကို ကုသမှု မယူလျှင် နှလုံး သွေးကြောများ ရောင်ရမ်းစေခြင်း၊ သွေးကြောနံရံ ဖောင်းကြွခြင်းတို့ ဖြစ်စေကာ သွေးကြောကျဉ်း ရောဂါ ရစေပါတယ်။ပထမ အဆင့် ကာလမှာ gamma globulin နဲ့ အက်စပရင် ဆေးများ သုံးပြီးကုသမှု ခံယူလျှင်တော့ သက်သာ ပျောက်ကင်းနိုင်ပါတယ်။ သို့ပေမယ့်လည်း အသက်ကြီးတဲ့ အခါမှာ နှလုံး သွေးကြောကျဉ်း ရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။ Kawasaki ရောဂါသည် ကလေးငယ်တွေကို ကုသနေစဉ်နဲ့ ကုသပြီး ကာလမှာ echocardiography ခေါ် နှလုံး ပုံဖေါ်စက်နဲ့ ကလေးရဲ့ နှလုံး အခြေအနေကို စမ်းသပ်ဖို့ လိုအပ်ပါတယ်။ Kawasaki ရောဂါဟာ ကာကွယ်လို့ မရသေးတဲ့ အတွက် အစောပိုင်း ကာလမှာ ထိရောက်စွာ ကုသဖို့ လိုပါတယ်။ ဒါကြောင့် ကလေးမိဘတွေ အနေနဲ့ အထက်မှာ ဖော်ပြခဲ့တဲ့ လက္ခဏာတွေ တွေ့ခဲ့ရင် နီးစပ်ရာ ဆေးခန်းကို ချက်ချင်း သွားရောက် ကုသမှု ခံယူကြဖို့ လိုပါတယ် …
ကျန်းမာ ရွှင်လန်းကြပါစေ။

Read More...

Malaria Vaccine

ငှက်ဖျားရောဂါ ကာကွယ်ဆေး အလားအလာ


ငှက်ဖျားရောဂါ ဆိုတာ မြန်မာ စာဖတ်ပရိတ်သတ်တွေနဲ့ ရင်းနှီးပြီးသားပါ။ ခြင်ကြောင့် ကူးစက်တတ်တဲ့ ဒီရောဂါကြောင့် တစ်နှစ်ကို လူတစ်သန်းခန့် အသက်ဆုံးရှုံး နေရပါတယ်။ မြန်မာ အပါအ၀င် အာရှနိုင်ငံ တစ်ချို့နဲ့ အာဖရိက နိုင်ငံတွေဟာ ငှက်ဖျားရောဂါ ဒဏ်ကို အများဆုံး ခံစားနေရပါတယ်။

ငှက်ဖျားရောဂါ ကာကွယ်ရေး အတွက် ကျန်းမာရေး ၀န်ထမ်းတွေက ကျေးလက်ဒေသတွေမှာ အသိပညာပေး ဟောပြောပွဲတွေ၊ ကာကွယ်ဆေးတိုက်ကျွေးခြင်းတွေ ကို အားကြိုးမာန်တက် လုပ်ဆောင်ပေးနေပါတယ်။ Rural health centre လို့ ခေါ်တဲ့ ကျေးလက်ကျန်းမာရေး ဌာနတွေဟာ ဒီရောဂါ ကာကွယ်ကုသရေး အတွက် ရှေ့တန်းကနေ တက်တက်ကြွကြွ ပါဝင် ဆောင်ရွက် ပေးနေပါတယ်။ ငှက်ဖျားရောဂါနဲ့ ပက်သက်ပြီး ကမ္ဘာကလည်း အထူး စိတ်ဝင်စားပါတယ်။ ဘီလ်ဂိတ်နဲ့ Bono လို ချမ်းသာကြွယ်ဝ သူတွေက ငွေကြေး စိုက်ထုတ်ပြီး သုတေသနလုပ်ငန်းများ၊ ကာကွယ်ရေးနဲ့ ပညာပေးလုပ်ငန်းများမှာ အလုံးအရင်းနဲ့ ကူညီနေတာလဲ ချီးကျူးဖို့ ကောင်းပါတယ်။ သူတို့လို ငွေကြေးစိုက်ထုတ် ကူညီမှုများကြောင့် မကြာတော့တဲ့ အချိန် အတွင်းမှာ ငှက်ဖျားရောဂါပိုးကို ကာကွယ်နိုင်တဲ့ ဆေးဝါး တစ်မျိုးကို ထုတ်လုပ်နိုင်တော့မှာပါ။




ကင်ညာနဲ့ တန်ဇန်နီးယား (၂)နိုင်ငံမှာ ပြုလုပ်တဲ့ အဆိုပါ သုတေသနဟာ RTS နှင့် AS02 ဆိုတဲ့ ကာကွယ်ဆေး ၂ မျိုးကို အသုံးပြုထားပါတယ်။ ကာကွယ်ဆေး ထိုးထားတဲ့ ကလေးတွေ မှာ ငှက်ဖျားပိုး ကူးစက်ခံရမှု (၆၅) ရာခိုင်နှုန်း လျော့နည်းပြီး၊ ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်း (၅၉) ရာခိုင်နှုန်း လျော့နည်းတာ တွေ့ရှိ ရပါတယ်။ ဒါကြောင့် မကြာခင် အချိန် အတွင်းမှာ RTS နှင့် AS02 ကာကွယ်ဆေး တွေကို အခြား ကာကွယ်ဆေးထိုး အစီအစဉ်များနဲ့ အတူ ကလေးငယ်တွေ မှာ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ မိုဇမ်ဘစ် နိုင်ငံမှာ ပြုလုပ်တဲ့ အခြား သုတေသန တစ်ခုမှာလဲ ရောဂါ ကူးစက်မှုနှုန်း (၅၈)ရာခိုင်နှုန်း အထိ လျော့နည်းတာ တွေ့ရှိရပါတယ်။

ဒီသုတေသနရဲ့ အပြီးသတ် လုပ်ငန်းတွေကို ၂၀၀၉ နှစ်ဦးပိုင်းမှာ အာဖရိကနိုင်ငံ (၇)နိုင်ငံမှာ လုပ်သွားဖို့ ရှိပါတယ်။ အပြီးသတ် လုပ်ငန်းစဉ်တွေမှာ ဒီကာကွယ်ဆေးရဲ့ ထိရောက်မှု၊ ကြာရှည် သုံးစွဲနိုင်မှု၊ လုံခြုံ စိတ်ချရမှု စတာတွေကို လေ့လာသွားမှာ ဖြစ်ပါတယ်။ အဆိုပါ လုပ်ငန်းများ အောင်မြင်စွာ ပြီးဆုံးသွားမယ် ဆိုလျှင်တော့ ငှက်ဖျားရောဂါ ဆိုတာ ပိုလီယိုနှင့် ကျောက်ရောဂါ ကဲ့သို့ပဲ ဆေးထိုးပြီး ကာကွယ်နိုင်တော့မှာ ဖြစ်ပါတယ်။

[အယ်ဒီတာ့ မှတ်ချက်။ ။
ကျောက်ရောဂါ ကာကွယ်ဆေးရဲ့ အစွမ်းကြောင့် ကျောက်ရောဂါ ကမ္ဘာပေါ်က ပပျောက်သွား ပါတယ်။ ဆေးစက်ချ တိုက်ကျွေးရတဲ့ ပိုလီယို ကာကွယ်ဆေးရဲ့ ရောဂါကာကွယ်နိုင်မှုနှုန်း (Vaccine Efficacy) က ၉၅ ရာခိုင်နှုန်းလောက် ရှိတဲ့အတွက် ပိုလီယိုရောဂါ ကမ္ဘာပေါ်က ပပျောက်သွားနိုင်ရေးဟာ လက်တစ်ကမ်းမှာ ရောက်ရှိနေပါပြီ။ ဒါပေမယ့်လည်း လက်ရှိ စမ်းသပ်ဆဲ ငှက်ဖျား ကာကွယ်ဆေးရဲ့ ရောဂါကာကွယ်နိုင်မှုနှုန်း (Vaccine Efficacy) က သိပ်မကောင်းသေးလို့ ငှက်ဖျားရောဂါ ကမ္ဘာပေါ်က ပပျောက်သွားအောင် လုပ်နိုင်ဖို့ကတော့ အလှမ်း ဝေးနေပါသေးတယ်။]

Read More...

Blood Groups

သင့်မိသားစုရဲ့ သွေးအုပ်စု

လူရယ်လို့ ဖြစ်လာပြီ ဆိုရင် မျိုးရိုးဆိုတာ ရှိလာပါတယ်။ မိမိကိုမွေးဖွားပေးခဲ့တဲ့ အဖေရယ် အမေရယ် ဆီကနေ မျိုးရိုးဗီဇတွေ ဆက်ခံခဲ့သလို မိမိကိုယ်တိုင်လည်း အရွယ်ရောက်လို့ အိမ်ထောင်ရက်သား ကျတဲ့အခါ မိမိရဲ့ အိမ်ထောင်ဖက် ဆီက မျိုးရိုးရယ် ကိုယ့်ရဲ့မျိုးရိုးဗီဇရယ် ၂ ခုပေါင်းပြီး မျိုးဆက်သစ်တစ်ခု ဖြစ်ပေါ်လာကြမှာပါ။ အဲဒီမျိုးဆက်သစ်လေးမှာ မိမိဘက်ကရော ၊ မိမိ အိမ်ထောင်ဘက်ကရောပါ မျိုးရိုးဗီဇတွေ ဆက်ခံကြမှာပါ ။ ဒါကြောင့်မို့ ရင်သွေးလေးရဲ့ မျိုးရိုးဗီဇကို စစ်ဆေးပြီး မိခင်ရင်း၊ ဖခင်ရင်းတွေ ဖော်ထုတ်နိုင်ကြတာပါ။ မျိုးရိုဗီဇ(Gene)ကို တိုက်ဆိုင် စစ်ဆေးတာက ငွေကုန်ကြေးကျ ရှိပြီး ပြည်တွင်းမှာ အချို့အရာတွေက အလွယ်တကူ မလုပ်နိုင်တဲ့ အပိုင်းတွေ ရှိပါတယ်။

အလွယ်တကူ ခန့်မှန်းနိုင်တာကတော့ သွေးအုပ်စုပါ။ မိမိရဲ့သွေးအုပ်စုနဲ့ မိမိအိမ်ထောင်ဘက်ရဲ့သွေးအုပ်စုကို သိခဲ့မယ်ဆိုရင် မိမိရင်သွေးလေးရဲ့ သွေးအုပ်စုကို ကြိုတင် ခန့်မှန်းနိုင်ပါတယ်။ မိမိ ရင်သွေးလေးရဲ့ သွေးအုပ်စုက ဖြစ်နိုင်တဲ့ သွေးအုပ်စုမျိုးနဲ့ လုံးဝ လွဲချော်နေရင်တော့ သေချာတဲ့ မှားယွင်းမှု တစ်ခု ရှိနေပါပြီ။ ဒီဆောင်းပါးလေးကို ရေးရတဲ့ အကြောင်းအရင်းကတော့ ကျနော့်ကို ဒီအကြောင်းလေးနဲ့ ပတ်သတ်ပြီး ခင်ရာမင်ရာ တိုးတိုးတိတ်တိတ် မေးမြန်းခံရတာမျိုး ကြုံရတာ တစ်ခါ မကပါဘူး။ ကိစ္စများမြောင် လူတို့ဘောင် ဆိုတဲ့ အတိုင်း အမျိုးမျိုး အထွေထွေသော အကြောင်းအရာ စုံလင်ပါတယ်။
စာဖတ်သူတွေ အနေနဲ့ မိမိနဲ့ တိုက်ရိုက် မသက်ဆိုင်ပေမယ့် ဆေးပညာ ဗဟုသုတ ရအောင်ရယ်၊ မိမိရဲ့ ရင်သွေး မျိုးဆက်သစ်လေးမှာ ဘယ်လိုသွေးအုပ်စု အမျိုးအစား ဖြစ်လာနိုင်မလဲဆိုတာ ကြိုတင် ခန့်မှန်း နိုင်အောင်ရယ်၊ နောက်တစ်ခါ ကျနော့်ကို လာမေးတဲ့သူ ရှိခဲ့ရင်လဲ ပေးဖတ်နိုင်အောင် ဆိုပြီး ဒီဆောင်းပါးလေးကို ရေးလိုက်ပါတယ်။


သွေးအုပ်စု (၄)ခု ရှိတယ်ဆိုတာ အားလုံး သိပြီးသား ဖြစ်မှာပါ။ မိဘရဲ့ မျိုးရိုးဗီဇတွေကို ဆက်ခံပြီး ရင်သွေးလေးမှာ အဲဒီ လေးအုပ်စုထဲကနေ ဘယ်သွေးအုပ်စုမျိုး ဖြစ်မလဲ ဆိုတာကို ဆုံးဖြတ်သွားတာပါ။ မိခင်နဲ့ ဖခင်ဆီက မျိုးရိုးဗီဇ တစ်ဝက်စီပေါ့။ အလွယ်ပြောရရင် လူတိုင်းလူတိုင်းရဲ့ မျိုးရိုးဗီဇမှာ ခရိုမိုဆုန်း ၄၆ခု ရှိပါတယ်။ ၂ ခု တစ်တွဲ အတွဲလိုက်နေတော့ ၂၃စုံ ရှိပါတယ်။ မိမိ ရင်သွေးလေးကို မျိုးရိုးဗီဇ အမွေပေးတဲ့ အခု ခရိုမိုဆုန်း ၂၃ တွဲကနေတစ်ခြမ်းစီ ဖဲ့ထွက်ပြီး မိမိအိမ်ထောင်ဖက်ရဲ့ ခရိုမိုဆုန်း ၂၃ခုနဲ့ ပေါင်းပြီး (တစ်ခြမ်း တစ်ခြမ်းစီ ပေါင်းပြီး) ခရိုမိုဆုန်း ၂၃တွဲ ပြန်ရသွားတာပါ။ လူတစ်ယောက်ရဲ့ ခရိုမိုဆုန်း ၂၃စုံ (၄၆ ခု)ကို အောက်မှာ ဖော်ပြထားပါတယ်။

သွေးအုပ်စုကို ထိန်းချုပ်တဲ့ မျိုးရိုးဗီဇ (၃) ခုရှိပါတယ်။ i ,IA နဲ့ IB ပါ။
IA ကသွေးအုပ်စု"အေ"ကို ကိုယ်စားပြုပါတယ် ။
IB ကသွေးအုပ်စု"ဘီ"ကို ကိုယ်စားပြုပါတယ် ။
IA နဲ့ IB က i အပေါ် လွှမ်းမိုးပါတယ်။

မျိုးရိုးဗီဇ ခရိုမိုဇုန်းတွေက အပေါ်မှာ ဖော်ပြထားသလို အတွဲလိုက် နေကြတာပါ။
ဒါကြောင့်မို့
သွေးအုပ်စု အေ ရဲ့ မျိုးရိုှးဗီဇဟာ IA + IA ဒါမှမဟုတ် IA + i ဖြစ်ပါတယ် ။
သွေးအုပ်စု ဘီ ရဲ့ မျိုးရိုးဗီဇဟာ IB + IB ဒါမှမဟုတ် IB + i ဖြစ်ပါတယ် ။
အိုင်အကြီးက အိုင်အသေးပေါ်ကို လွှမ်းမိုးတာကြောင့်ပါ ။
IA ရော IB ရော ၂ ခုလုံးပါတဲ့ IA + IB ရောကတော့ သွေးအုပ်စု အေဘီပါ ။
IA ရော IB ရော ၂ ခုလုံးမပါတဲ့ i + i ကတော့ သွေးအုပ်စု အို ပဲဖြစ်ပါတယ်။
သားသမီးကို ဆက်ခံတာကတော့ အခုတွဲနေတဲ့ အိုင်၂ လုံးက အိုင်တစ်ခြမ်းနဲ့ မိမိအိမ်ထောင်ဘက်ဆီက အိုင် တစ်ခြမ်းပေါင်းပြီး ဘယ်သွေးအုပ်စုလဲ ဆိုတာကို ဆုံးဖြတ်သွားတာပါ။

ဥပမာ တစ်ခု ပေါင်းစပ်ပြပါမယ်။
အဖေ "အေ"သွေးအုပ်စုနဲ့ အမေ "ဘီ"သွေးအုပ်စုပါ။
အဖေ့ဆီက "အေ"သွေး မျိုးရိုးဗီဇဟာ IA + i ဆိုပါစို့။
အမေ့ဆီက "ဘီ"သွေး မျိုးရိုးဗီဇဟာ IB + i ဆိုပါစို့။
အဖေ့ဆီက တစ်ခြမ်းနဲ့ အမေ့ဆီက တစ်ခြမ်း ပေါင်းပါမယ်။
ဖြစ်နိုင်တဲ့ အတွဲတွေက အောက်က ပုံလေးနဲ့ ရှင်းပြ ထားပါတယ်။



ပုံမှာ ဖော်ပြထားတဲ့ allele ဆိုတာတွေက
A allele = IA
B allele = IB
O allele = i
တွေပဲ ဖြစ်ပါတယ်။

ရင်သွေးလေးမှာ ဖြစ်လာနိုင်တဲ့ သွေးအုပ်စုတွေက
IA နဲ့ I ပေါင်းသွားရင် "အေ"သွေး ( IA + i )
IB နဲ့ I ပေါင်းသွားရင် "ဘီ"သွေး ( IB + i )
IA နဲ့ IB ပေါင်းသွားရင် "အေဘီ"သွေး ( IA + IB )
I အချင်းချင်းပေါင်းသွားရင် "အို"သွေး ( ii )
ဆိုတဲ့ သွေးအုပ်စု လေးမျိုးလုံး ဖြစ်လာနိုင်ပါတယ်။
"အေ"သွေး နဲ့ "ဘီ"သွေး အိမ်ထောင်ပြု ကြရင် ကလေးမှာ သွေးအုပ်စု ( ၄ )မျိုးလုံး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် "အေ"သွေးနဲ့ "ဘီ"သွေး အိမ်ထောင်ဘက်က လွဲရင် အခြား သွေးအုပ်စုတွေ အိမ်ထောင်ပြုရင် ကလေးမှာ အဲဒီလို သွေးအုပ်စု လေးမျိုးလုံး မဖြစ်နိုင်တော့ပါဘူး။

ဥပမာ နောက်တစ်ခု တွက်ပြပါမယ်။ "အေ"သွေး ဖခင်နဲ့ "အို"သွေး မိခင်ပါ။ "အေ"သွေး ဖခင်ရဲ့ မျိုးရိုးဗီဇက IA + IA ဒါမှမဟုတ် IA + i ဖြစ်နိုင်ပါတယ်။ အိုသွေး မိခင်ရဲ့ မျိုးရိုးဗီဇကတော့ i + i တစ်မျိုးတည်း ဖြစ်ပါမယ်။ သူတို့ ၂ ဦး ပေါင်းစပ် ကြရင် ဖြစ်နိုင်တဲ့ မျိုးရိုးဗီဇ အတွဲတွေက IAi ဒါမှမဟုတ် ii ပဲ ရပါတယ်။
ဒါကြောင့် "အေ"သွေးနဲ့ "အို"သွေး မိဘနှစ်ဦး ပေါင်းစပ်ကြရင် "အေ"သွေး ဒါမှမဟုတ် "အို"သွေး ဒီ ၂ မျိုးပဲ ရပါမယ်။ ကလေးလေးက "ဘီ"သွေး၊ "အေဘီ"သွေး ဖြစ်နေခဲ့ရင် သေချာတဲ့ မှားယွင်းမှု တစ်ခု ရှိနေပါပြီ။
ဒီလိုပဲ မိဘ နှစ်ဦးလုံး "အို"သွေး ရှိတဲ့ မိသားစုမှာ "အေ"၊ "ဘီ"၊ "အေဘီ"သွေး ရှိတဲ့ ကလေး ဘယ်လိုမှ မွေးမလာနိုင်ပါဘူး။ သွေး အမျိုးအစားတိုင်းကို ဒီမှာ တွဲမပြတော့ပါဘူး။ စာဖတ်သူတို့ စိတ်ဝင်စားတယ်ဆိုရင် တွဲကြည့်လို့ ရပါတယ်။
အလွယ်တကူ ဖြစ်အောင် မိဘ ၂ ဦးရဲ့ သွေးအမျိုးအစားနဲ့ ကလေးရဲ့ ဖြစ်နိုင်တဲ့ သွေးအမျိုးအစားတွေကို ဇယားနဲ့ ဖော်ပြလိုက်ပါတယ်။




အခုလောက် ဆိုရင် မိမိ မိသားစု နောင်အနာဂတ် ရင်သွေးလေးရဲ့ သွေးအုပ်စုကို ခန့်မှန်းနိုင်ကြပြီလို့ မျှော်လင့်မိပါတယ်။
ဆေးပညာ ဗဟုသုတ တိုးပွားနိုင်ကြပါစေ။

Dr Zero


Read More...

Saturday, January 3, 2009

Useful Health Facts for Children (2)



(ရ) Over The Counter Drugs
အသက် (၄) နှစ်အောက်ကလေးငယ်တွေကို over the counter ဆေးဝါးများ မပေးသင့်ဘူးလို့ အပိုင်း(၁)မှာ ဖော်ပြခဲ့ပါတယ်။ လေးနှစ်အထက် သားသားမီးမီးတွေ အအေးမိ၊ နှာစေး ချောင်းဆိုး ရောဂါ ခံစားရတယ် ဆိုလျှင်တော့ ဆေးဆိုင်မှာ အလွယ်တကူ ရရှိနိုင်တဲ့ အအေးမိ ပျောက်ဆေးများကို သုံးစွဲနိုင်ပါတယ်။ တစ်ခု သတိထားရမှာက မိမိ ရင်သွေးကို တိုက်တဲ့ ဆေးဟာ သူ့အသက်အရွယ် အတွက် စနစ်တကျ ဖော်စပ်ထားတဲ့ သင့်တော်တဲ့ ဆေးဝါး ဖြစ်ရပါမယ်။ ဆေးအညွှန်းမှာ ကလေးများ အတွက်လို့ သီးသန့် ဖော်ပြထားမှသာ အသုံးပြုရပါမယ်။ လူကြီးတွေ သောက်တဲ့ ဆေးကို မိမိ ထင်သလို အပိုင်းပိုင်းပြီး တိုက်ကျွေးခြင်း မပြုလုပ်သင့်ပါဘူး။


(၈) ဆေးနှစ်မျိုး သုံးစွဲသင့်ပါသလား။

အအေးမိ၊ နှာစေးချောင်းဆိုးရောဂါ ကုသဆေး တော်တော် များများမှာ ပါဝင်တဲ့ ဓာတုဗေဒပစ္စည်း တော်တော်များများဟာ တူညီနေ တတ်ပါတယ်။ ကုမ္ပဏီ အမျိုးမျိုးက နာမည် အမျိုးမျိုး ပေးထားတတ်တဲ့ တူညီတဲ့ ဆေးဝါတွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဆေးနှစ်မျိုး ပေါင်းပေးမိလျှင် ဆေး အလွန်အကျွံဖြစ်ပြီး ဘေးထွက် ဆိုးကျိုးတွေ တွေ့ရတတ်ပါတယ်။

(၉) ဆေးပမာဏ ချိန်ဆနည်း။

ကလေးငယ်များအတွက် ဖော်စပ်ထာတဲ့ ဆေးအရည်များမှာ အမှတ်အသား လုပ်ထာတဲ့ ဇွန်းငယ်လေးများ ပါဝင်ပြီး ဖြစ်ပါတယ်။ ဇွန်းငယ်လေးတွေ မပါဘူးဆိုလျှင်တော့ လက်ဖက်စားဇွန်းကို အသုံးပြုနိုင်ပါတယ်။ ဆေးတိုက်ရန် အသုံးပြုသော ဇွန်းကို သတ်သတ် မှတ်မှတ် တစ်ခုတည်း သုံးစွဲရပါမယ်။

(၁၀) အန်လျှင်ဆေးပြန်တိုက်ရမှာလား။

မိဘတွေက ကလေး အန်ရင် ဆေးပြန်တိုက်တတ် ကြပါတယ်။ တကယ်တော့ ကလေးရဲ့ ကိုယ်ခန္ဓာထဲကို ဆေးပမာဏ ဘယ်လောက် ရောက်သွားပြီ ဆိုတာ မသိတဲ့ အတွက် ထပ်မတိုက်သင့်ပါဘူး။ မလိုအပ်ဘဲ ဆေးပမာဏ များသွားရင် ဘေးထွက်ဆိုးကျိုးတွေ ရတတ်ပါတယ်။

(၁၁) ကလေးအိပ်နေလျှင် နှိုးသင့်ပါသလား။

အအေးမိ၊ နှာစေး ချောင်းဆိုး ကလေးငယ်တွေအတွက် အိပ်စက်ခြင်းဟာ ထိရောက်တဲ့ ကုသမှု တစ်ခုပါ။ ဆရာပြောတဲ့ ဆန်တစ်ခွဲ တစ်စိတ်နဲ့ မလဲ ဆိုသလို အချိန် အတိအကျ တိုက်စရာ မလိုပါဘူး။ အိပ်ယာနိုးမှ ဆေးတိုက်လို့ ရပါတယ်။

(၁၁) အခြား သတိပြုစရာများ။

ကလေးငယ်တွေ ဆိုတာ လူကြီး လုပ်တာကို အတုယူ တတ်ပါတယ်။ ကလေးငယ်တွေ ရှေ့မှာ ဆေးသောက် ပြတာမျိုး မလုပ်သင့်ပါဘူး။ စားစရာ ထင်ပြီး မလိုအပ်ဘဲ ယူစားမှာ စိုးရိမ်ရပါတယ်။ ဆေးကို ချိုချဉ် ဆိုပြီး ညာတိုက်တတ်တဲ့ မိဘတွေ တွေ့ဘူးပါတယ်။ ယနေ့ခေတ်ဆေးတွေဟာ အနံ့ အရသာ ကောင်းအောင် စီမံ ထားတတ်ကြလို့ ကလေးတွေ အလွန်ခံတွင်းတွေ့ တတ်ပါတယ်။ သရေစာ အဖြစ် ခဏခဏ ယူသောက်မိမှာကို မိဘတွေ သတိပြု ရပါမယ်။ ကလေးတွေ လက်လှမ်းမှီနိုင်မယ့် နေရာမှာ မထားသင့်ပါဘူး။

ကလေးငယ်လေးတွေ နာမကျန်း ဖြစ်တဲ့အခါ အဓိက အနီးကပ် စောင့်ရှောက်ရတာ မိဘ အုပ်ထိန်းသူတွေ ဖြစ်ပါတယ်။ ဆရာဝန်၊ ဆရာမတွေ ညွှန်ကြားတဲ့ အတိုင်းအတိအကျ လိုက်နာ ဆောင်ရွက်ဖို့ လိုပါတယ်။ ဒီလို လိုက်နာ ဆောင်ရွက်နိုင်ဖို့ ဆိုတာလည်း ဆေးပညာ ဗဟုသုတ အတော်အသင့် ရှိဖို့ လိုသလို ရှိတဲ့ ဗဟုသုတ ကိုလည်း နေ့စဉ် နေထိုင် စားသောက်တဲ့အခါ အကျိုးရှိရှိ အသုံးချသွားဖို့ လိုပါတယ်။ တစ်ချို့ ကလေးမိဘ တွေကတော့ ဘာလုပ်ရမယ်၊ ဘာမလုပ်ရဘူး သိကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ လိုက်နာတာ နည်းကြပါတယ်။

ပျော်ရွှင်ချမ်းမြေ့ကြပါစေ….
မနဲ့မောင်

Read More...

Friday, January 2, 2009

Useful Health Facts for Kids



ဒီပိုစ့်ကို မရေးခင် ဘလော့ကို လာလည်တဲ့ စာဖတ်သူတွေကို နှစ်သစ်ကူး ဆုမွန် တောင်းပါတယ်။ နှစ်သစ်မှာ ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး အောင်မြင်မှုတွေ တစ်သီကြီး ရဖို့ မနဲ့မောင်က ဆုတောင်း ပေးပါတယ်။ စာမေးပွဲ ကာလမှာ စာမရေးတာ ကြာသွားတော့ အမှန်တကယ် ၀န်ခံ ရရင် စာပြန်ရေးရမှာ တော်တော် အပျင်းထူ နေပါတယ်။ ရင်သွေးငယ်များ ကျန်းမာရေးလို့ ဆိုပေမယ့် အဓိက တင်ပြသွားမှာကတော့ အအေးမိ နှာစေး ချောင်းဆိုး ဖြစ်တဲ့ ကလေးငယ်တွေကို မိဘ အုပ်ထိန်းသူတွေ အနေနဲ့ ဘယ်လို ဂရုစိုက် ပြုစုကုသ ရမယ်ဆိုတဲ့ အချက်များပဲ ဖြစ်ပါတယ်။




(၁) ကလေး အဖျားတက်နေရင် ဘာလုပ်သင့်သလဲ

ကလေး ဆရာဝန်တွေ အလိုအရတော့ ကလေးရဲ့ ကိုယ်အပူချိန်ဟာ ၁၀၀.၄ ဒီဂရီ ဖာရင်ဟိုက်ရှိရင် ကိုယ်အပူချိန် တက်တယ်လို့ ဆိုပါတယ်။ သာမန် ကိုယ်အပူချိန်ကတော့ ၉၈.၆ ဒီဂရီ ဖာရင်ဟိုက်ပါ။ သင့်ရင်သွေးငယ်ဟာ (က) အသက်လေးလအောက်ဖြစ်လျှင် (ခ) တခြား လက္ခဏာတွေ ရှိလျှင် (ဂ) အဖျားရက် ရှည်နေလျှင် ဆရာဝန်ထံ သွားရောက် ပြသပြီး ကုသမှု ခံယူရပါမယ်။
ကလေးငယ်တွေကို အဖျားကျဖို့ အိမ်သုံးဆေး အက်စပရင်ဖြင့် ကုသခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အက်စပရင် သောက်သုံးခြင်းဖြင့် ကလေးငယ်တွေမှာ Reyeလို့ ခေါ်တဲ့ ရောဂါတစ်မျိုး ရရှိနိုင်ပါတယ်။

(၂) အဖျားကျဖို့ တခြား ဘာတွေလုပ်နိုင်သေးလဲ

ကလေးရဲ့ ခန္ဓာကိုယ်ကို ရေပတ်နဲ့ တိုက်ပေးနိုင်ပါတယ်။ သတိထားရမှာက ရေအေးကို မသုံးမိဖို့ပါပဲ။ တစ်ချို့ မိဘတွေက အေးလေ ကောင်းလေ ထင်ပြီး ရေခဲရေနဲ့ တိုက်ပေးတာ ကြားဖူးပါတယ်။ ရေနွေးလေး ရောပြီး ရေပတ် တိုက်ပေးဖို့ လိုပါတယ်။ ကလေးငယ် မှာ ရေဓာတ်ခမ်းခြောက်တဲ့ ရောဂါ လက္ခဏာတွေ တွေ့တယ် ဆိုရင်တော့ ဆေးခန်းကို အမြန်ပြေးပြီး ကုသမှု ခံယူရပါမယ်။ ရေဓာတ် ခမ်းခြောက်တဲ့ လက္ခဏာတွေကတော့ ငိုလျှင် မျက်ရည် မထွက်ခြင်း၊ လျှာနှင့် ခံတွင်း ခြောက်ကပ်နေခြင်း၊ ဆီးမပေါက်ခြင်းတို့ ဖြစ်ပါတယ်။ မိခင်နဲ့ အုပ်ထိန်းသူများ အနေနဲ့ ကလေးကို ၂ နာရီခြား တစ်ခါ နို့တိုက်ပေးနိုင်လျှင် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

(၃)ဘယ်အချိန်မှာ ဆရာဝန်ခေါ်မလဲ

မြန်မာပြည်မှာတော့ ဆရာဝန်ကို အိမ်ခေါ် ကုလေ့ သိပ်မရှိပါဘူး။ ဆေးခန်းပြတာ များပါတယ်။ ကလေး အဖျားတက်တိုင်း သာမန်အားဖြင့် ဆေးခန်းပြကြတာ နည်းပါတယ်။ အိမ်သုံးဆေးဝါးနဲ့ ကုရင်ကု၊ မဟုတ်ရင် ရိုးရာ တိုင်းရင်ဆေး၊ ဆေးမြီးတိုနဲ့ ကုတတ်ကြပါတယ်။ သို့ပေမယ့်လည်း အန္တရာယ်ရှိနိုင်တဲ့ အခြေအနေ၊ လက္ခဏာတွေကို မိဘ အုပ်ထိန်းသူတွေ အနေနဲ့ သိရှိထားပြီး အမြဲ စောင့်ကြည့်နေဖို့ လိုပါတယ်။ အဆိုပါ လက္ခဏာတွေကတော့ ရေဓာတ် ခန်းခြောက်သည့် လက္ခဏာ ရှိခြင်း၊ တက်ခြင်း၊ အရေးပြားပေါ်တွင် အကွက်များ ပေါ်ခြင်း၊ အာသီးရောင်ခြင်း၊ အစာလုံးဝ မစားတော့ခြင်းတို့ ဖြစ်ပါတယ်။

(၄)ကြက်စွပ်ပြုတ် သောက်ခြင်းဖြင့် အကျိုးရှိ နိုင်ပါသလား

တစ်ချို့ သုတေသန စာတမ်းတွေကတော့ ကြက်စွပ်ပြုတ်ဟာ ရောင်ရမ်းမှုကို သက်သာ ပျောက်ကင်း စေတယ်လို့ ဆိုပါတယ်။ အဆိုပါ အချက် မမှန်လျှင်တောင် ကြက်စွပ်ပြုတ်ဟာ ကလေးငယ် အတွက် အဟာရ ဖြစ်စေပါတယ်။ ရေနွေးငွေ့ ရှူစေပြီး နှာခေါင်းပိတ် သက်သာအောင် လုပ်နိုင်သလို ရင်ဘတ်ကို ပွတ်ပေးခြင်းဖြင့် အချွဲကြပ်တာ သက်သာစေပါတယ်။

(၅)လည်ချောင်းနာတာကို ဘယ်လို ကုသမလဲ

ကလေးငယ်တွေမှာ လည်ချောင်းနာတာဟာ သာမန်အားဖြင့် အအေးမိတာကြောင့် ဖြစ်တတ်ပါတယ်။ ၄-၅ရက်ခန့် ကြာတတ်ပြီး အသက် (၂)နှစ် အထက် ကလေးတွေမှာတော့ ရေနွေးကို ပျားရည် အနည်းငယ် ရောပြီး တိုက်လျှင် သက်သာ ပျောက်ကင်းစေပါတယ်။ Strepsil ကဲ့သို့ ငုံဆေးများကိုလည်း သုံးစွဲနိုင်ပါတယ်။ စတရက်တို ကော့ကပ်စ် ပိုးကောင်ကြောင့် ဖြစ်တဲ့ လည်ချောင်းနာရောဂါကတော့ အအေးမိတာနဲ့ တွဲ ပြီး မလာတတ်ပါဘူး။ စတရက်တိုကော့ကပ်စ်လို့ သံသယ ရှိရင်တော့ ဆရာဝန်ဆီ အမြန် သွားရောက် ပြီး ကုသမှု ခံယူသင့်ပါတယ်။ ပဍိဇီဝဆေးများဖြင့် ထိရောက်စွာ ကုသမှု မလုပ်ခဲ့ရင် နောင်မှာ နှလုံး အဆို့ရှင်တွေကို ထိခိုက် စေတတ်ပါတယ်။

(၆) အသက်အရွယ်နဲ့ အိမ်သုံးဆေး

အသက်(၄)နှစ်အောက် ကလေးတွေကို အိမ်သုံးဆေး(Over the counter) ဆရာဝန် လက်မှတ် မပါဘဲ ၀ယ်နိုင်သော ဆေးတွေ သုံးပြီး မိမိ သဘောနဲ့ မကုသ သင့်ပါဘူး။ အဆိုပါ ဆေးဝါးတွေဖြင့် ကုသခြင်းဖြင့် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများ စေပါတယ်။ ကလေးကို ရေများများ တိုက်ပေးခြင်း၊ ရေပတ်တိုက် ပေးခြင်း၊ ရေနွေးငွေ့ ရှူစေခြင်း စသည့် နည်းလမ်းများက ပိုမို ထိရောက် စေပါတယ်။


Read More...