Showing posts with label ENT. Show all posts
Showing posts with label ENT. Show all posts
Wednesday, August 26, 2009
Nasal Polyps နှာခေါင်းထဲ အသားပို၊
နှာခေါင်းအတွင်းကို ဖုံးထားတဲ့အလွှာ (Mucosa) ကနေ ဖြစ်ဖြစ် နှာခေါင်း ဘေးက လေခိုအိတ် (Sinus)ကဖြစ်ဖြစ် အသားပို ထွက်လာကို ခေါ်တယ်။ အသားပို တစ်ခုမကလည်း ဖြစ်တတ်ပါတယ်။ တစ်ခုခု အရင် ဖြစ်ပြီးမှ ရလဒ် အဖြစ် အသားပို ထွက်လာတာပါ။ တစ်ခုခုနဲ့ မတည့်ခြင်း (အလာဂျီ)၊ ပန်းနာ၊ နာတာရှည် ထိပ်ကပ်နာ(ဆိုင်းနူဆိုက်တစ်)၊ ဖန်းဂတ်စ် မှို နဲ့ ကလေးများမှာ မွေးရာပါ မျက်ရည်၊ တံတွေး၊ ချွေး၊ အစာခြေရည် စတဲ့ အရည်ထွက်(ဂလင်း) မှန်သမျှကို ထိခိုက်တဲ့ (ဆစ်စတစ်-ဖိုက်ဘရိုးဆစ်) ဖြစ်ရာကနေ ဆက်ဖြစ်တာမျိုး ပြောတာပါ။
အသားပိုဆိုတာ ဆေးပညာ အလိုအရ အမျိုးအစား ခွဲရင် အများကြီးပါ။ ဖတ်ရတာ ရှုတ်နေမှာမို့ ထည့်မရေးတော့ပါ။ ဘယ်လိုက ဘယ်လို ဖြစ်လာရတာကိုတော့ ဆရာ့ဆရာများ အသေအချာ မသိသေးပါ။ သိဖို့ ကောင်းတာက လူ့ကိုယ်မှာ အလုံး-အကြိတ် Lump, Tumor, Swelling မှန်သမျှ ကင်ဆာ မဟုတ်တာနဲ့ ကင်ဆာ ဆိုပြီး နှစ်မျိုး ရှိတယ်။ ဒီနေရာမှာလဲ ဒီအတိုင်းပါဘဲ။ ကင်ဆာ မဟုတ်တာတွေ အတွက် ရေးပါရစေ။
အရွယ်အစား သေးနေတုံး ဘာမှ မခံစားရသေးပါ။ စစ်ဆေးတာတောင်မှ နောက်နားက ဖြစ်နေရင် မတွေ့ဘဲ နေတတ်ပါတယ်။ လက္ခဏာစ ဖြစ်ရင်လဲ (ဆိုင်းနပ်စ်)မှာလို နှာခေါင်းပိတ်၊ နှာစေး၊ နှာချေတာတွေပါဘဲ။ ထူးတာတွေကတော့ မနာပါ။ နှာခေါင်းပိတ်တာ၊ နှာရည်က နှာခေါင်း နောက်ဖက်မှာ ယိုတာ၊ ခေါင်းက အုံပြီး ကိုက်မယ်၊ အသက်ရှူရ ခက်လာမယ်။ အိပ်ရင် ဟောက်မယ်။ စကားသံပါ ပြောင်းလာပါမယ်။ အနံ့ ကောင်းကောင်း မရလဲ ဖြစ်နိုင်တယ်။ နှာခေါင်း သွေးယိုတာ နဲပါတယ်။ သိပ် ကြီးလာရင် ပါးစပ်နဲ့ဘဲ အသက်ရှူ ရပြီး၊ အိပ်ရတာတောင် မလွယ်တော့ဘူး။
ကုသဖို့ အထောက်အကူဆေးတွေက စပြောရရင် -
(အင်တီ-ဟစ်စ်တမင်း)ဆေး၊ ဆေးနာမည်တွေက အေတူဇက်ရှိပါတယ်။ Antihistamines (Diphenhydramine, Loratadine, Desloratadine, Meclizine, Quetiapine, Fexofenadine, Pheniramine, Cetirizine, Promethazine, Chlorpheniramine, Levocetirizine)
ချွဲပျော်ဆေး၊ Decongestants (Acetaminophen, Chlorpheniramine, and Pseudoephedrine)
နှာခေါင်းထဲပန်းထည့်ရတဲ့ဆေး Cromolyn sodium Nasal Spray (Intal, Intal Inhaler, Gastrocrom)
စတီရွိုက်ဆေး (Fluticasone, Beclomethasone, Budesonide) တွေ ဖြစ်ပါတယ်။ အတော် ထိရောက်ပါတယ်။
မတည့်တာတွေက အကိုက်အခဲ-အဖျား ကျဆေး(အက်စပရင်)၊ အရက်တွေပါ။ (အလာဂျီ)ရသူ၊ ပန်းနာ ရှိတဲ့ လူတွေကို သွေးစစ် ကြည့်ရင် သွေးဖြူဥ တစ်မျိုးဖြစ်တဲ့ (အီယိုဆင်နိုဖိးလ်) များနေတတ်ပါတယ်။ (အလာဂျီ)မရှိဘဲနဲ့ ဖြစ်တာကလည်း အတော်များပါတယ်။
(ဗက်တီးရီးယား) ၀င်တာကို သိတဲ့အတိုင်း Antibiotics ပဋိဇီဝဆေး ပေးရပါမယ်။ (Amoxicillin = Trimox, Amoxil), (Fluoroquinolones= Ciprofloxacin, Norfloxacin, Ofloxacin, Gatifloxacin, Gemifloxacin, Levofloxacin, Moxifloxacin, Trovafloxacin)
(အလာဂျီ)နဲ့ ဆိုင်သူများ အတွက် ပါးစပ်ကနေ သောက်ရတာနဲ့ နှာခေါင်းထဲ ထည့်ရတဲ့ Oral and topical nasal steroid (ကော်တီကို-စတီရွိုက်) ဆေးတွေကို အားကိုးရမှာပါ။ အသားပိုကို တိုက်ရိုက်ဆေးထိုးနည်းကို ခွင့်မပြုပါ။
Aristocort (Triamcinolone) Tablets နဲ့ Aristocort (Triamcinolone diacetate) injection က စိတ်ချရတယ်လို့ ဆိုပါတယ်။
အများ သုံးကြတာကတော့ ၀ယ်လို့လဲလွယ်၊ ဈေးလဲချိုတဲ့ Prednisone (30-60 mg) စားဆေးကို ၄ ရက်ကနေ ၇ ရက် ကြာပေးပြီး၊ တဖြည်းဖြည်း ဆေးကို ၂ ပါတ် ၃ ပါတ်နဲ့အပြီး၊ လျှော့လျှော့ ပေးသွားရပါတယ်။ ကလေးဆိုရင် ကိုယ်အလေးချိန် ၁ ကီလိုကို ၁ မီလီဂရမ်နှုန်းနဲ့ ပေးပါတယ်။ အစ ရက်တွေမှာ ၂ လုံး ၄ ကြိမ် = ၈ ပြား (၆ နာရီခြား)၊ နောက် ၆ ပြား၊ နောက် ၄ ပြား၊ ၂ ပြား၊ ၁ ပြား၊ တစ်ခြမ်း။
(စတီရွိုက်) ဆေးမျိုးက စားဆေး၊ ရှူဆေး၊ ထိုးဆေး ဘာဖြစ်ဖြစ် တာရှည် မပေးသင့်ပါ။ ဘာလို့လဲ ဆိုတော့ ဆေးရဲ့ မကောင်းချက်က ဆီးချို၊ သွေးတိုး၊ မျက်စိရေတိမ်၊ အတွင်းတိမ်၊ အရိုးအားနည်း၊ ကလေးဆိုရင် ကြီးထွားတာကို နှေးစေမယ်၊ စတာတွေဖြစ်နိုင်တာမို့ မကောင်းလို့ပါ။
ဆရာဝန်က နှာခေါင်းကြည့် ကိရိယာနဲ့ စစ်ဆေးမယ်။ လိုအပ်ရင် တိတိကျကျသိရအောင် CT scan လုပ်ပါမယ်။ (အလာဂျီ) ကြောင့် ဖြစ်ရသူတွေကို Immunotherapy ခေါ်တဲ့ ဓါတ်ပြီး ကုသမှုမျိုး လုပ်ပေးသင့်ပါတယ်။ ဒီနည်းက ရောဂါ တစ်ခုခု ဖြစ်ရင် အဲဒါကို နောင်ဖြစ်မလာအောင် ဒုတ်ပြီး၊ ဒါးပြီးလို ပြီးသွားအောင် လုပ်ပေးနည်း ဖြစ်ပါတယ်။
ဆေးနဲ့ မရတော့ရင် ခွဲစိတ် ကုသနည်း လုပ်ရပါတော့မယ်။ တစ်ခုတည်းသော အသားပို၊ တစ်ခု မကပေမဲ့ သိပ်မကြီးရင်၊ Simple polypectomy နည်းက အကောင်းဆုံးပါ။ ကျန်တာတွေကိုတော့ Endoscopic sinus surgery (ESS) ဒါမှမဟုတ် Functional endoscopic sinus surgery (FESS) နည်း သုံးရပါမယ်။ သေချာအောင် CT scan ကြည့်ရင်း ခွဲရပါတယ်။
(ဟိုမီယိုပက်သစ်) Homeopathic ဆေး Sanguinaria က နာတာရှည် အအေးမိတာကနေ အသားပို ထွက်တာမျိုး အတွက် အစွမ်းထက်ပါတဲ့။ နောက်ဖက်နားကနေ ထွက်တဲ့ ခပ်ကြီးကြီး အသားပိုကို Teucrium က ကောင်းပါသတဲ့။ ခွဲစိတ်ပြီးနောက် Calcarea Carb ပေးရင် ထပ်ဖြစ်တာ နည်းတယ်လို့ ဆိုပါတယ်။
တစ်ခု စိတ်ပျက်ချင်စရာကတော့ အောင်မြင်တဲ့ ခွဲစိတ်မှု ဖြစ်အုံးတော့ ပြန်ဖြစ်တတ်လို့ပါ။ (အလာဂျီ)ဖြစ်တာ၊ မတည့်တာတွေ ဆက်ရှိနေ၊ ထပ်ဖြစ်နေလို့ ပြန်ပေါ်လာတာ ဖြစ်တာကြောင့် ဘာကိုရှောင်ရမလဲဆိုတာ သိအောင် လုပ်ပြီး ရှောင်နိုင်အောင် ရှောင်ပါလေ။
တင့်ဆွေ
၂၆-၈-၀၉
Read More...
Tuesday, August 25, 2009
နှာခေါင်း ရောဂါ အမျိုးမျိုး သို့မဟုတ် (ကိုရီးယား)က လာသည့် မေးခွန်းအား ဖြေကြားခြင်း
မမြင်ရ-မစမ်းရဘဲ မေးတာကို ရောဂါ နာမည် တပ်ပြီး၊ ဆေးနည်း ပေးရတာကို မှန်းကုလို့ ခေါ်ကြ ပေတော့ဗျာ။
လူ့မျက်နှာ နှာခေါင်း တစ်ဝိုက်မှာ (နဖူးရိုး၊ နားထင်ရိုး၊ မျက်ကွင်းအပြင်ရိုး နဲ့ ပါးရိုး၊) အရိုးတွေ ထဲမယ် အကျိအချွဲ နံရံတွေ ရှိတဲ့ လေခိုအိတ် (ဆိုင်းနပ်စ်) စုစုပေါင်း ဘယ်-ညာ လေးစုံ ရှိပါတယ်။ တစ်ခု တစ်ခုဟာ မီးခြစ်ပုံး အရွယ်လောက် ရှိတယ်။
နှာခေါင်း ရောဂါ အမျိုးမျိုးကို စာရင်း ချလိုက်ရင် ဒီလို တွေ့ရပါမယ်။
၁။ ဆေး တစ်ခုခုနဲ့ မတည့်လို့ ဖြစ်ရတဲ့ (အလာဂျီ) ဖြစ်ခြင်း၊ Drug Allergy
၂။ ရက်တို-ရက်ရှည် (ဆိုင်နူဆိုက်တစ်) မျက်ကွင်း အပြင်ဘက် ရိုးရောင်ခြင်း၊ Acute or Chronic Sinusitis (Ethmoiditis)
၃။ နာတာရှည် (ဆိုင်နူဆိုက်တစ်) နဖူးထဲက ရိုးရောင်ခြင်း၊ Chronic Frontal Sinusitis (Chronic Rhinosinusitis)
၎။ နှာခေါင်း သွေးယိုခြင်း၊ Epistaxis
၅။ နှာခေါင်းထဲ တခြား ပစ္စည်း ၀င်ခြင်း၊ Foreign Body in the Nose
၆။ နှာခေါင်းပေါက်နှစ်ခုကို ပိုင်းခြားထားတဲ့ အကန့် သွေးယိုခြင်း၊ Hematoma of the Nasal Septum
၇။ နှာခေါင်းထဲ အသားပို ဖြစ်ခြင်း၊ (Nasal Polyps)
ဒီစာမှာ ပထမ ၃ မျိုး အကြောင်းကိုပဲ ရေးပါရစေ။ (အလာဂျီ)ကြောင့် ဖြစ်တဲ့ (ဆိုင်းနပ်စ်) ရောဂါက နှာရည်တွေ ယို၊ နှာခြေ၊ အနေအထိုင်ခက် ဖြစ်လာပါတယ်။ ကုသဖို့ (အင်တီ-ဟစ်တမင်း) ဆေး Antihistamines (Diphenhydramine, Loratadine, Fexofendadine)၊ နှာရည်ကျဲဆေး Decongestants (Pseudoephedrine)၊ နှာခေါင်းထဲ ထည့်ရတဲ့ (ကော်တီကို-စတီရွိုက်)ဆေး Nasal corticosteroids (Fluticasone, Beclomethasone) တွေကို သုံးရပါတယ်။
နောက်ပြီး (အလာဂျီ) ဖြစ်စေတဲ့ အရာတွေကို ယဉ်ပါးအောင် ပြုလုပ်ခြင်း၊ (Allergy desensitization) လုပ်သင့် ပါတယ်။ ဒါမှ နောင် ရှောင်နိုင်မှာပါ။ ဆားရည်ဖြင့် စိမ်ခြင်း၊ (Saltwater rinses) ဆိုတာ ကိရိယာ ၀ယ်ပြီး လုပ်နိုင်ပါတယ်။ ရေကျက်အေး ၁ ခွက်ထဲမှာ အိမ်သုံးဆား (အိုင်အိုဒင်း မပါ) လက်ဘက်ရည်ဇွန်း တစ်ဝက်၊ မုံ့ဖုတ်ရာမှာ သုံးတဲ့ ဆိုဒါမှုန့် နည်းနည်း ထည့်ရပါမယ်။ ဆိုဒါမှုန့်က အပူ မလောင်အောင် ကာကွယ် ရုံပါ။ Vaporizers ခေါ်တဲ့ ရေနွေးငွေ့ရှူတဲ့ နည်းလဲ ကောင်းပါတယ်။ ရိုးရိုးလေးပါ။ ရေကို ပွက်အောင် လုပ်ပေးပြီး ထွက်လာတဲ့ အငွေ့ကို ရှူပေးရတာပါ။ လျှပ်စစ် ရှိလို့ ကိရိယာ ၀ယ်သုံးရင် ပိုကောင်းတာပေါ့။ ဈေးလဲ မကြီးပါဘူး။
လူတွေအများဆုံး ဖြစ်တတ်တဲ့ ထိပ်ကပ်နာ ခေါ်တဲ့ (ဆိုင်းနပ်စ်)ရောဂါက ဘယ့်လောက်အဖြစ် များသလဲဆိုရင် ဗမာတွေ စွဲနေကြတဲ့ ရုပ်ရှင်ထဲက ကိုရီးယန်းတွေ လေးယောက်မှာ သုံးယောက် ဖြစ်နေသတဲ့။ အစကတော့ အအေးမိတာနဲ့ အတူတူပါဘဲ။ နဲနဲလေး ကိုယ်ပူ၊ နှာချေ၊ နှာစေး၊ နှာပိတ်၊ ချောင်းလေးဆိုး၊ အားယုတ်၊ မစားချင် မသောက်ချင်ဖြစ်။ ကြာတော့ နှာခေါင်းနောက်ပိုင်းမှာ အဆက်မပြတ် Drip သွင်းပေးသလို အရည်တွေ စီးကျနေပါမယ်။
ပိုးဝင်တာအပြင် ပတ်ဝန်းကျင် အခြေအနေကြောင့်လည်း ဖြစ်ရပါတယ်။ လေခိုအိတ် ကလေးတွေထဲမှာ မျက်စိနဲ့ မမြင်နိုင်အောင် သေးငယ်တဲ့ လက်ချောင်းပုံ အမွှေးလေးတွေက ပြင်ပက၀င်လာမဲ့ မသင့်တဲ့ အရာမှန်သမျှကို တားဆီး ပေးပါတယ်။ ရောဂါ ရရင် အဲဒီအလုပ် မလုပ်နိုင် ဖြစ်လာပါတယ်။ ဒါ့ကြောင့် ဗက်တီးရီးယားတွေ ခိုအောင်း၊ ပေါက်ဖွားပြီး ရောဂါ ရတော့တာပါဘဲ။
ကုသဖို့ကတော့ ပဋ္ဋိဇီဝဆေး Antibiotics (Amoxicillin & Clavulanic acid = Augmentin ES-600, Augmentin, Augmentin XR) ကို ၁၀-၁၄ ရက်ကြာ ပေးရပါတယ်။ နှာရည်ကျဲဆေး Decongestants တွေကို ဆက်သုံးနိုင်တယ်။
(၂-၃)လထက် ကြာကြာဖြစ်ရင်တော့ နာတာရှည်လို့ သတ်မှတ်ပါတယ်။ နှာခေါင်းမှာ နေမထိ ထိုင်မထိ၊ မသက်မသာ ဖြစ်မယ်၊ နှာရည် ယိုမယ်၊ နှာရည် အရောင် ရှိလာမယ်၊ မျက်နှာမှာ နာနေမယ်၊ ကိုက်မယ်၊ ကြာရင် ချောင်းဆိုးပါမယ်၊ (ညအချိန် ပိုဆိုးတယ်)။ ပြည်လိုလဲ ဖြစ်လာနိုင်တယ်။ နှာရည်က နံလာမယ်။ မွှေးတာ၊ နံတာ မသိ ဖြစ်လာပါလိမ့်မယ်။ ပါးစပ်နဲ့သာ အသက်ရှူ ရတော့မယ်။ အိပ်ရင် ဟောက်မယ်။ ကလေးများ ဖြစ်ရင် နားရောဂါ ဆိုတာ မကြာမကြာ ရမယ်။ ရက်ကြာကြာနဲ့ ခဏခဏ ဖြစ်ခြင်းတာမို့ အလုပ်အကိုင်ပျက်၊ စိတ်ပျက် ဖြစ်ပြီး စီးပွါးရေးပါ ထိခိုက်နိုင်ပါတယ်။
ဒီရောဂါ ဟုတ်-မဟုတ် ရောဂါ ရာဇ၀င်ဖြစ်တဲ့ ပတ်ဝန်းကျင် အခြေအနေ၊ ရောဂါ လက္ခဏာတွေ၊ သောက်ထားတဲ့ဆေး ဆိုတာတွေ သိဖို့ လိုပါတယ်။ လိုအပ်ရင် Endoscopy နှာခေါင်းထဲ ကိရိယာနဲ့ ကြည့်မယ်၊ X-ray ဓါတ်မှန် ရိုက်တာ၊ နောက်ဆုံး လိုအပ်ရင် CT (Computed tomography) scan ကွန်ပြူတာ သုံးပြီး စစ်ဆေးတာ လုပ်ရပါမယ်။
ကာကွယ်ဖို့ကတော့ အေးချမ်းတဲ့ ပတ်ဝန်းကျင်ကို ဖြစ်နိုင်သ၍ ရှောင်ဖို့ လိုပါတယ်။ (ထိပ်ကပ် ရောဂါကြောင့် အေးတဲ့ တိုင်းပြည်တွေမှာ အလုပ် သွားလုပ်နေသူများ အိပ်ကပ် ပြဿနာ မရှိရင်တော့ ကိုယ့်ပြည်ကိုယ် ပြန်လာပေါ့။) လေကိုလဲ ရေဓါတ် ရှိနေအောင် လုပ်ပေးနိုင်တာ ကောင်းတယ်။ (Respiratory Humidifiers, Electrode Humidifiers, Resistance Humidifiers, Gas-Fired Steam Humidifiers, Whole House Humidifiers) ဆိုပြီး ကုမ္ပဏီတွေက ကြော်ငြာတာတွေရှိပါတယ်။ အခန်းကို အနံ့အသက်တွေလဲ ကင်းရှင်းအောင် လုပ်ပါ။
နာတာရှည် ဖြစ်ပြီဆိုရင် ဆေးကုသရာမှာလဲ သာမန်ကာ ရှံကာ မဟုတ်ဘဲ အပြင်းအထန်နည်း Aggressive treatment သုံးသင့်ပါတယ်။
နှာခေါင်း ပုံပန်းပျက် နေသူတွေကိုတော့ ခွဲစိတ်ပေးဖို့ လိုမယ်။ နောက်ပြီး နှာခေါင်းထဲ ထည့်ရတဲ့ (ကော်တီကို စတီရွိုက်) ဆေးတွေ ပေးရမယ်။ ဆားရည်နဲ့ စိမ်နည်း သုံးရမယ်။
ဆေးမကုဘဲ ထားရင် ရောဂါပိုးက အတွင်းထဲ၊ အရိုးထဲ ရောက်သွားနိုင်ပါတယ်။ နဖူးထဲက လေခိုပေါက်မှာ ဖြစ်တာ ဆိုရင် မျက်လုံးကို သွားဖိနေလို့၊ အရုပ် နှစ်ထပ် မြင်ရမယ်။ နဖူး ဖေါင်းလာမယ်။ ဦးနှောက်ထဲ အနာ ဖြစ်မယ်။ ဦးနှောက် မြှေးရောင်မယ်။ မျက်ကွင်း ဘေးက ဖြစ်ရင် အနား တစ်ဝိုက် ပြည်တည်နာ Abscess ဖြစ်မယ်။ ပါရိုးထဲ ဆိုရင် နှာခေါင်း ပိတ်နေမယ်။ နားထင်ရိုးထဲ ဖြစ်ရင် အရုပ်နှစ်ထပ် မြင်တာ၊ မျက်လုံးရွေ့လျားမှု ကောင်းကောင်း လုပ်မရတာ ဖြစ်နေမယ်။ အထဲ ဆက်ဝင်သွား ရင်တော့ ဦးနှောက်ထဲ အနာ ဖြစ်မယ်။ ဦးနှောက်မြှေး ရောင်မယ်။
နာတာရှည် (ဗက်တီးရီးယား)ကြောင့် ဖြစ်တဲ့ (ဆိုင်းနပ်စ်) ရောဂါကို ကုသဘို့ ပဋ္ဋိဇီဝဆေးများ Antibiotics (Amoxicillin & Clavulanic acid = Augmentin ES-600, Augmentin, Augmentin XR)၊ နှာရည်ကျဲ ဆေးများ Decongestants (Pseudoephedrine = Chlor Trimeton, Contac Cold, Drixoral Decongestant Non-Drowsy, Elixsure Decongestant, Entex, Genaphed, Kid Kare Drops, Nasofed, Seudotabs, Silfedrine, Sudafed, Sudodrin, SudoGest, Suphedrin, Triaminic Softchews Allergy Congestion, Unifed)၊ ဆားရည်ဖြင့် စိမ်ခြင်း၊ (Saltwater rinses)၊ နှာခေါင်းထဲ ထည့်ရသည့် (ကော်တီကိုစတီရွိုက်) ဆေးများ topical nasal corticosteroids (fluticasone or beclomethasone) သုံးရပါလိမ့်မယ်။
နှာခေါင်းရိုး အနေအထား ပုံမှန် မဟုတ် သူများအား ခွဲစိတ် ပေးရပါမယ်။ (ရောဂ)နည်းနဲ့လဲ ကုသပေး နိုင်ပါတယ်။
(အက်သမွိုက်)လေခိုအိတ်များ ရောင်ခြင်း Ethmoiditis ကတော့ အသက်ရှူလမ်း အထက်ပိုင်း ပိုးဝင်ခြင်းက တစ်ဆင့် ဆက် ဖြစ်ရတာပါ၊ (ဗက်တီးရီးယား) ဒါမှမဟုတ် (ဗိုင်းရပ်စ်)ပိုးဟာ လေခိုအိတ်ရဲ့ နံရံတွေကို ပျက်စီးစေတယ်။ (အလာဂျီ) ကြောင့်လည်း ဖြစ်နိုင်တယ်။ သူများကို မကူးပါ။ နှာခေါင်းရိုး အနေအထား ပုံမမှန်လို့လဲ ဖြစ်နိုင်တယ်။ အားနည်းနေသူ ဆိုရင် (ဖန်းဂတ်စ်) မှိုကြောင့်လဲ ဖြစ်နိုင်တယ်။ (ဖန်းဂတ်စ်) မှိုကြောင့် ဖြစ်တာ ဆိုရင် (ဖန်းဂတ်စ်)ဆေး Amphotrecin B အကြောဆေး ပေးရပါမယ်။
လက္ခဏာတွေကတော့ နဖူး အောက်နား၊ မျက်လုံး နှစ်ဖက်ကြား၊ နှာခေါင်းရဲ့ဘေးမှာ နာမယ်။ မျက်စိ အစွန်နား အနည်းငယ် နီပြီး ရောင်မယ်၊ နာနေမယ်။ နှာခေါင်းကနေ အသက်ရှူရတာ ခက်မယ်။ ဖျားနိုင်တယ်။ အနံ့ ကောင်းကောင်း မရ ဖြစ်မယ်။ နှာခေါင်း ပိတ်နေမယ်။ နှာရည်ယိုမယ်။
ဆက်ပြန့် မသွားအောင် တားဖို့ ခက်ပါတယ်။ ဒါပေမဲ့ နှာရည်ကို သန့်ရှင်းပေးခြင်း၊ ရေ-အရည် များများ သောက်ပေးခြင်း၊ ဆားရည် စိမ်ပေးခြင်း၊ နွားနို့ ရှောင်ခြင်းတို့က သက်သာစေပါမယ်။ (အလာဂျီ)ကြောင့် ဖြစ်ရတာ ဆိုရင် ဖြစ်စေတတ်တဲ့ အခြေအနေကို ရှောင်ပါ။ နှာခေါင်းထဲ ထည့်ရတဲ့ (ကော်တီကို-စတီရွိုက်)ဆေးတွေ သုံးပါ။ (အင်တီ-ဟစ်တမင်း)ဆေး Antihistamines (Diphenhydramine, Loratadine or Fexofendadine) သုံးပါ၊ နှာရည်ကျဲဆေး Decongestants (pseudoephedrine) သုံးပါ၊ (ဗက်တီးရီးယား)ကြောင့် ဖြစ်ရင် ပဋ္ဋိဇီဝဆေး Antibiotics (Amoxicillin & Clavulanic acid) ပေးပါ၊
(အင်တီဘိုင်ရောတစ်)က မထိရောက်တော့ရင် ခွဲရပါတော့မယ်။ Basic endoscopic surgical procedure ခွဲစိတ် ရတာက မေ့ဆေး ဖြစ်ဖြစ် ထုံဆေး ဖြစ်ဖြစ် သုံးနိုင်ပါတယ်။ ပိတ်ဆို့နေတာတွေ ဖယ်ထုတ်၊ အကောင်းတွေ တတ်နိုင်သမျှ ချန်ပေးရတာ ဖြစ်ပါတယ်။ ၄ ပါတ် ဆိုရင် ပြန်ကောင်း သွားမှာပါ။
တင့်ဆွေ
၂၅-၈-၀၉
Read More...
Thursday, July 9, 2009
Treatment of Cervical Spondylosis
ကျီးပေါင်းတက်ခြင်းကို ကုသခြင်း
Cervical Spondylosis ကျီးပေါင်းတက်ခြင်း ပို့စ်ကို ဒေါက်တာစိုးထက် တင်ခဲ့သည်မှာ အတော်ကြာခဲ့ပါပြီ။ "ကုသမှု အပိုင်းကို နောက်ပိုင်းဆက်လက် တင်ပြပါမည်" ဆိုထားပေနဲ့လည်း ဒေါက်တာစိုးထက် မအားလပ်လို့ မတင်ဖြစ်ကို တွေ့ရတယ်။ စာဖတ်သူ တစ်ဦးရဲ့ တောင်းဆိုမှုကြောင့် မတင် ဖြစ်ခဲ့တဲ့ ကုသမှု အပိုင်းကို အခုမှ တင်ပေးလိုက်ပါသည်။ ပို့စ်တင်သူ နှစ်ယောက် ဖြစ်နေပေမဲ့လည်း ယခုတင်တဲ့ ကုသမှု အပိုင်းက အရင် ဒေါက်တာ စိုးထက်တင်ခဲ့တဲ့ ပို့စ်ရဲ့ အဆက်ဖြစ်လို့ ပထမ ပို့စ်ကို ဒီမှာ ဖတ်ပြီးမှ ဒီပို့စ်ကို ဖတ်ရန် အကြံပြုပါတယ်။
ကျီးပေါင်းတက်ခြင်းကို ကုသခြင်း၏ အဓိက ရည်ရွယ်ချက်မှာ နာကျင်ခြင်းမှ သက်သာစေရန်နှင့် နာ့ဗ်ကြော များနှင့် ကျောရိုးအာရုံကြောမကြီးကို မပျက်စီးအောင် ကာကွယ် ထိန်းသိမ်း ရန်ပင်ဖြစ်သည်။ ရောဂါ အပျော့ အပြင်းအပေါ် မူတည်ပြီး ကုသသည့် ပုံစံကို အောက်ပါအတိုင်း အဆင့် သုံးဆင့် ခွဲထားသည်ကို တွေ့ရပါသည်။
မပြင်းထန်သေးသည့် အဆင့်ကို ကုသခြင်း (Treatment of mild cases)
ရောဂါ မပြင်းထန်သော အဆင့်တွင်ကို ကုသရာတွင် ကျန်းမာရေး ပညာရှင်များ၏ ညွှန်ကြားချက်ကို အတိအကျ လိုက်နာပြီး အိမ်မှာ နေရင်းဖြင့် ကုသနိုင်ပါသည်။
(၁) Neck brace ခေါ် လည်ပင်းကွပ်ကို နေ့ဘက်တွင် တပ်ထားပေးခြင်း
လည်ပင်း၏ လှုပ်ရှားမှုကို အတတ်နိုင်ဆုံး ကန့်သတ်ရန်နှင့် နာ့ဗ်ကြောများ ခံနိုင်ရည် ရှိစေရန်အတွက် ဖြစ်သည်။
(၂) အကိုက်ခဲ သက်သာစေရန် အကိုက်ခဲပျောက်ဆေးများ အသုံးပြုခြင်း
(၃) Physiotherapist ၏ အကူအညီဖြင့် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း စသည်တို့ဖြင့် မပြင်းထန်သေးသည့် အဆင့်ကို သက်သာစေနိုင်ပါသည်။
အခြေအနေပိုဆိုးသည့် အဆင့်ကို ကုသခြင်း (Treatment of more serious cases)
ခွဲစိတ်ရန် မလိုအပ်ဘဲ ပိုမို ပြင်းထန်သည့် အခြေအနေကို ကုသမှုများမှာ
(၁) နာ့ဗ်ကြောများ၏ ဖိအားကို လျှော့နည်းစေရန် တစ်ပတ်၊ နှစ်ပတ်ခန့် ဆေးရုံတက် အနားယူပြီး လည်ပင်းကို Traction ခေါ် လည်ပင်းထိန်းသည့် ငြမ်းဖြင့် လုံးဝမလှုပ်ရှားစေပဲ ယာယီ အနားပေးခြင်း။
(၂) ကြွက်သားကို ပြေလျော့ အနားပေးစေသော ဆေးများ အသုံးပြုခြင်း။
(၃) Corticosteroid ထိုးဆေးကို ကျောရိုးဆစ်ကြား ထိုးပေးခြင်း၊ အလွန်အမင်း နာကျင်သော နေရာများကို ထုံဆေးများထိုးခြင်း စသည်တို့ဖြင့် နာကျင်ခြင်းနှင့် ရောင်ယမ်းခြင်းကို လျော့နည်းစေရန် ထိန်းချုပ်ပြီး ကုသနိုင်သည်။
အဆိုးဆုံး အခြေအနေအား ကုသခြင်း (Treatment most serious cases)
အထက်ပါ အဆင့် နှစ်ခုတွင် ဖေါ်ပြထားသော နည်းများဖြင့် ကုသ၍ လုံးဝ မသက်သာသော အခြေအနေဖြစ်က ခွဲစိတ်သည့်နည်းဖြင့် သက်သာအောင် ကုသနိုင်ပါသည်။ သို့သော် ခွဲစိတ်ခြင်းဖြင့် ပြဿနာ အားလုံးကို ဖြေရှင်း နိုင်သည်ဟု လုံးဝ ပုံသေတွက်၍ကား မရဘဲ ပြန်ဖြစ်သည့် အခြေအနေများလည်း ရှိနိုင်ပါသည်။ ခွဲစိတ်ခြင်း၏ အကျိုးနှင့် ဖြစ်နိုင်ခြေရှိသည့် ဘေးထွက်ဆိုးကျိုး စသည်တို့ကို ခွဲစိတ်ဆရာဝန်မှ အသေးစိတ် ရှင်းပြမည် ဖြစ်သည်။ ခွဲစိတ်ကုသရန် ဆုံးဖြတ်ပါက မိမိတွင် ဖြစ်နေသော အခြေအနေနှင့် အဆင့်ကို အတိအကျ စမ်းသပ်ရန် လိုအပ်သဖြင့် အရိုးနှင့် အာရုံကြောစနစ်ကို အထူးပြုသည့် ကျန်းမာရေး ပညာရှင်များဖြင့် ညှိနှိုင်း တိုင်ပင်ပြီး ဆောင်ရွက်ရန် လိုအပ်ပါသည်။
Read More...
Saturday, October 18, 2008
Allergic Rhinitis
Allergy ဆိုတာ ခန္ဓာ ကိုယ်ရဲ့ ကိုယ်ခံအား စနစ်က အလွန် အကျူး တုန့်ပြန်မှု ကြောင့်ဖြစ် ပါတယ်။ခန္ဓာ ကိုယ်ရဲ့ ကိုယ်ခံအား စနစ်ဟာ ပုံမှန် အားဖြင့် Bacteria ,Virus … … အစရှိတဲ့ အန္တရာယ် ရှိတဲ့အရာ တွေကိုသာ တုန့်ပြန် မှုပြုလုပ်ပြီး နှာစီးခြင်း၊ နှာပိတ်ခြင်း ၊ နှာချည်ခြင်း ၊ လည်ပင်း ယားခြင်း၊ လည်ပင်း နာခြင်း ၊ချောင်းဆိုး ခြင်း စတဲ့ လက္ခဏာ တွေ ဖြစ်စေ ပါတယ်။ ဒါပေမယ့် (Allergic ) ဓာတ်မ တည့်မှု ရှိတဲ့ သူတွေ မှာတော့ ပုံမှန် လူတွေ မှာ ယေဘူယျ အားဖြင့် ဘာမှ တုန့်ပြန်မှု မပေးနိုင်တဲ့ အမှုံ အမွှား တွေ ၊ တရိစ္ဆာန် တွေရဲ့ အမွှေး အမျှင်တွေ ၊ ပန်း ၀တ်မှုန်တွေ ကြောင့် အလားတူ လက္ခဏာ တွေ ဖြစ်နိုင် ပါတယ်။ သူတို့ ကိုတော့ allergens လို့ ခေါ်ပါတယ်။
အရွယ်မ ရောက်ခင်မှာတော့ ကောင်မလေး တွေထက် ကောင်လေး တွေက Allergic rhinitis ဖြစ်နိုင် ခြေနှစ်ဆ ရှိပြီး အရွယ် ရောက်ပြီး နောက်ပိုင်း မှာတော့ ကောင်မ လေးတွေ က ပိုပြီး ဖြစ်နိုင်ခြေ ရှိပါတယ် လို့ ဆိုပါတယ် ။ ကလေး တွေမှာ ဆိုရင်တော့ Allergens တွေ နဲ့ ထိတွေ့ တဲ့ အခါမှာ ကလေးရဲ့ အသက်ရှု လမ်းကြောင်း ဟာ ယောင်ယမ်းပြီး နှာခေါင်း ပိတ်လာ ပါမယ်။ ပိတ်တာ က ပိုဆိုး လာရင်းနဲ့ ကြာလာ တဲ့ အခါမှာ ကလေး က ပါးစပ်နဲ့ ပဲ အသက် ရှုဖြစ် လာတယ် ၊ အိပ်တဲ့ အခါ ဟောက်တယ် ၊ အိပ်မပျော် တာတွေ ၊ အိပ်ရင်း ရှုးပေါက် ချတာတွေ ၊အိပ်နေ ရင်းကနေ လမ်းထ လျောက်တာ တွေ ၊ကျောင်းစာ မ လိုက် နိုင်တာတွေ၊ ဂဏှာမ ငြိမ်ဖြစ် တာတွေ ၊နေ့ပိုင်း မှာ အရမ်း အိပ် တာတွေ … စတဲ့ ပြဿနာတွေ ဖြစ်လာ နိုင်ပါတယ်။
allergic rhinitis ဟာ တစ်နှစ် ပတ်လုံး (တစ်ချိန်လုံး) ဖြစ်နေနိုင် သလို ရာသီဥတု အပြောင်း အလဲ ကြောင့်လည်း ဖြစ်နိုင် ပါတယ်။ ရာသီ အပြောင်းအလဲ မှာ ဖြစ်တဲ့ Allergic rhinitis က ပြင်ပ (ပတ်ဝန်းကျင်) မှာရှိတဲ့ Allergens (မြက်တွေ သစ်ပင် တွေရဲ့ ၀တ်မှုံတွေ ၊ သစ်ရွက် ခြောက် တွေ ပေါ်မှာ ပေါက်နေတဲ့ မှို တွေ … …) တွေ ကြောင့် ဖြစ်နိုင်ပြီး ၊ တစ်ချိန်လုံး ဖြစ်နေတဲ့ Allergic rhinitis ကတော့ အိမ်တွင်း ၊အခန်းတွင်း မှာ ရှိတဲ့ Allergens (အိမ်မွေး တိရိစ္ဆာန် တွေ ရဲ့အမွှေးအမျှင်တွေ ၊ ပိုးဟပ်တွေ ၊ ပိုစတာ တွေ မှာ ဖြစ်နေတဲ့ မှိုတွေ ..) ကြောင့် ဖြစ်ရ ပါတယ်။
ဒီလို Allergic ရှိတဲ့ သူတွေဟာ လေထဲမှာ ရှိတဲ့ အမှုံ အမွား တွေ ၊ တိရိစ္ဆာန် တွေ ရဲ့ အမွှေး အမျှင်တွေ ၀တ်မှုံ တွေကို ရှုမိတဲ့ အခါ သူတို့ ရဲ့ ကိုယ်ခံအား စနစ်ကနေ Antibodies ဆိုတာ တွေ ထွက်လာ ပါ တယ် ။ (ပုံမှန် ကတော့ Antibodies ဆိုတာက ကူးဆက် ရောဂါပိုး တွေ ၀င်တဲ့ အခါမှာ ပဲ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအား စနစ်ကနေ ထုတ်ပါတယ်။) ပြီးတော့ Histamine အစရှိ တဲ့ဓာတုပစ္စည်း တွေထွက် လာ ပါတယ်။ သူတို့ တွေ ကြောင့် ရလာတဲ့ လက္ခဏာ တွေက တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားမှု တွေတော့ ရှိပါတယ်။
ပန်းဝတ်မှုံ တွေကြောင့် ဖြစ်တဲ့ Allergic Rhinitis ကိုတော့ ယေဘူယျ အားဖြင့် Hay fever လို့ ခေါ်ပါတယ် ။ ရာသီဥတု အလိုက် ဖြစ် ပါတယ်။ မျက်စိနဲ့ လွယ်လင့် တကူ မြင်နိုင်တဲ့ ၀တ်မှုံတွေ ကြောင့် တော့ ဖြစ်ခဲပါတယ် ။အလွန်သေး ငယ်ပြီး မြင်ဖို့ ခက်ခဲတဲ့ ၀တ်မှုံတွေ ကြောင့် အဖြစ် များပါတယ်။ အများ အားဖြင့် တော့ မြက် တွေ သစ်ပင်တွေ့ ရဲ့အမှုံအမွှား တွေကြောင့် ဖြစ်ရပါတယ်။ ဒီအမှုံ တွေက တချို့ လူတွေမှာ တော့ ရင်ကြပ်ခြင်း (Asthma ) ဆို တာ ကို ဖြစ်စေပါတယ်။
Allergic ပြဿနာ တွေဟာ လေထု ထဲမှာ ရှိတဲ့ ဒီ အမှုံအမွှား တွေရဲ့ ပမာဏပေါ် ကိုလည်း မူတည် ပါတယ်။ ပူပြင်း ခြောက်သွေ့ပြီး လေတိုက် တဲ့နေမျိုး တွေမှာ လေထုထဲမှာ များ နေနိုင် ပါတယ်။း မိုးရွာ နှင်းကျပြီး အေး နေတဲ့ အချိန်မျိုး မှာတော့ နည်းနေ နိုင်ပါတယ်။ အခန်းတွင်း မှာ ဆိုရင်လည်း ကြောင်တစ် ကောင်က အမွှေးခါ ပြီးရင် အဲဒီက အမှုန်တွေ က အခန်းတွင်း မှာ (၆) လ လောက် ထိ တိုင်အောင် ရှိနေနိုင် တယ်လို့ ဆိုပါတယ်။
Allergic rhinitis ဖြစ်ဖို့ အခွင့်အရေးရှိတဲ့ သူတွေက
မျိုးရိုး ထဲမှာ ဒီလိုပြဿနာ(ရာဂါ)ရှိတဲ့ သူတွေ
အခြား အရာ တွေမှာ Allergy ရှိတဲ့ သူတွေ ( ဥပမာ။ ။ food allergy ရှိတဲ့သူ တွေ)
ဆေးလိပ် မီးခိုးငွေ့ ရှုနေ ရတဲ့ သူတွေ …
ဒါကြောင့် ပန်ဝန်းကျင် အခြေနေ ဟာ ဓာတ် မတည့် မှု ဖြစ်စေ နိုင်ပါတယ်။ Allergic ဖြစ်မှုဟာ မျိုးရိုး ဗီဇ နဲ့လည်း သက်ဆိုင် မှုရှိပါတယ်။
Allergic Rhinitis ရဲ့ လက္ခဏာ တွေကတော့ -
ချောင်းဆိုးခြင်း
ခေါင်းကိုက်ခြင်း
ယားယံခြင်း (နှာခေါင်း ၊ ပါးစပ် ၊ လည်ပင်း ၊မျက်လုံး ၊ အရေပြား စသဖြင့် …)
နှာရည်ကျခြင်း
အနံ့ ကောင်းမွန် စွာမရခြင်း
နှာပိတ်ခြင်း
မျက်ရည်က်ခြင်း
လည်ပင်းနာခြင်း
အသက်ရှု ကြပ်ခြင်း
အိပ်သည့် အခါ အဆင် မပြေဖြစ်ခြင်း
နေထိုင်၍ မကောင်းခြင်း
မျက်လုံး အောက်မှာ ညို နေတတ်ခြင်း
… စသည်တို့ ဖြစ်ပါတယ်။
Allergic ကြောင့် မဟုတ်ဘဲ Rhinitis ရနိုင် တဲ့ အခြား အကြောင်း တွေ ကတော့ -
၁။ Non allergic Rhinitis
Allergic ကြောင့် ဖြစ် တာ မဟုတ် ဘဲ ခံစားရတဲ့ လက္ခနာ တွေ ကတော့ Allergic Rhinitis နဲ့ အတူတူပဲ ဖြစ်ပါတယ်။ Allergy Skin Test လုပ်ရင် negative ဖြစ်ပါတယ်။ ဒီလို Rhinitis မျိုး မှာ နှာခေါင်း ထဲမှာ အဖု အကျိတ် ဖြစ်နေတာ မျိုး ဖြစ်နေ နိုင်ပါတယ်။
၂။ Vasomotor Rhinitis
အများဆုံး ဖြစ်တဲ့ လက္ခဏာ ကတော့ နှာခေါင်း ပိတ်ခြင်း ဖြစ်ပါတယ်။ ဒီ Rhinitis မျိုးက ဆေးလိပ် မီးခိုး ငွေ့ တွေ ၊ အခြား သော အနံ့တွေ ကိုရှုမိတဲ့ အခါမျိုး စိတ်လှုပ် ရှားမှု ဖြစ်တဲပ အခြေနေမျိုး တွေမှာ ဖြစ်နိုင် ပါတယ်။ Allergy skin test လုပ်ရင် negative ဖြစ်ပါတယ်။
၃။ Infectious Rhinitis
အအေးမိတဲ့ ပုံစံမျိုးနဲ့ လဲ ဖြစ်နိုင် ပါတယ်။ ခဏ တဖြုတ်နဲ့ သက်သာ နိုင် သလို တစ်ပါတ်ကျော် ကြာအောင် ထိလဲ ခံစား ရနိုင်ပါတယ်။ တချို့သူတွေ မှာတော့ ဒီ Rhinitis ကနေ (sinus )တွေ မှာ ရောဂါပိုး (Bacteria ) ၀င်းပြီး အ၀ါရောင် (သို့) အစိမ်းရောင် နှာရည်ပြစ်ပြစ် တွေ ကိ ခြင်း ၊ နှာပိတ်ခြင်း တွေ ဖြစ်နိုင်ပါတယ်။
၎။ Rhinitis Medicamentosa
Decongestant nasal sprays ဆိုတဲ့ နှာခေါင်းထဲ ကို နှာပိတ် သက်သာအောင် ဖြန်းတဲ့ ဆေးတွေ ကို ရေရှည် စွဲသုံး တဲ့ သူမျိုး ၊ ကိုကင်း သုံးစွဲတဲ့ သူမျိုးတွေ မှာဖြစ် နိုင်ပါတယ်။ ဒါကြောင့် Decongestant nasal spray တွေ ကို ခဏတာ ပဲ အသုံးပြု ဖို့ ညွှန် ကြားကြ ခြင်း ဖြစ်ပါတယ်။
၅။ Hormonal Rhinitis
ဟော်မုန်း အပြောင်းအလဲ ဖြစ်တဲ့ ကာလ တွေမှာ တွေ့ရ ပါတယ်။ (ဥပမာ ။ ။ ကိုယ်ဝန်ဆောင် နေစဉ် ကာလ ၊ လူပျို / အပျို ဖော် ၀င်ခါစ ၊ အမျိုးသမီး များ ရာသီသွေး ပေါ်နေစဉ် ကာလ)
Allergic Rhinitis ဟုတ် မဟုတ် စမ်းသပ် စစ်ဆေးခြင်း
လူတစ် ယောက်ဟာ တစ်ချိန်ထဲ မှာ Rhinitis ကို Allergy ကြောင့်သာ မကပဲ အခြားသော အကြောင်း များကြောင့် လဲ ရနိုင် ပါတယ်။ Allergy ကြောင့် ဟုတ်မဟုတ် ကိုတော့ -
ဆရာဝန်မှ ရောဂါရာဇ၀င် မေးမြန်း စမ်းသပ်ခြင်း
Nasal smear ယူခြင်း
Skin Prick allergy test (မိမိ က ဘယ်အ ရာကို Allergic ဖြစ်တာ လဲ ဆိုတာကို အရေပြားမှာ စမ်းသပ် တာဖြစ် ပါတယ်။)
Sinus X-ray (သို့) CT scan (မျက်နှာ အရိုးဖော့ လှိုဏ်လေး တွေ ရောင်နေခြင်း နဲ့ နှာခေါင်း ထဲ က အဖု အကျိတ် လေးတွေ ကိုရှာဖွေ ဖို့ ဖြစ်ပါတယ်။)
များ ပြုလုပ် ပြီး သိရှိ နိုင်ပါတယ်။
Allergic Rhinitis ရဲ့ ကုသမှု တွေမှာ -
Corticosteroid ပါဝင်တဲ့ Nasal Spray ( နှာခေါင်း ထဲကို ဖြန်းရတဲ့ ဆေး) တွေက အကောင်း ဆုံးလို့ ဆိုပါတယ်။ ဒီဆေးကို မှန်မှန်နဲ့ ကြာကြာ သုံးတဲ့ အခါမှာ ရလဒ် ကောင်းကောင်း ရနိုင်တယ် လို့ ဆိုပါတယ်။ ဒီဆေးဟာ လူကြီးကော ကလေး အတွက်ပါ စိတ်ချ ရတယ် လို့ လဲဆို ထားပါတယ်။ ဆေးဖြစ်တဲ့ အတွက်ကြောင့်တော့ ဘေး ထွက်ဆိုး ကျိုး (Side effect ) ကတော့ အနည်း ငယ်တော့ ရှိပါတယ်။ နှာခေါင်းသွေး လျှံ တာမျိုး ဖြစ်နိုင် ပါတယ်။ ဒီCorticosteroid အုပ်စု ထဲမှာ ပါဝင်တဲ့ beclomethasone ပါတဲ့ ဖြန်းဆေး ကတော့ ကလေးတွေမှာ အရပ်ရှည်မှု ကို နှောင့်နှေး စေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီဆေး က လွဲရင် အခြား corticosteroid အုပ်စု ၀င်တွေ ကတော့ ဒီလို ဆိုးကျိုး မျိုး မရှိဘူး လို့လဲ ဆိုပါတယ်။
မျက်လုံးယား တာ အ တွက်လည်း မျက်စဉ်း ဆေးတွေ ရှိပါတယ်။
Antihistamine သောက်ဆေးတွေက လည်း ဒီလက္ခ ဏာတွေ ကိုသက်သာ စေပါတယ်။ Antihistamine Nasal Spray ဆိုတဲ့ ဖြန်းဆေး တွေ က နှာချည်ခြင်း နဲ့ ယားယံခြင်းတို့ ကိုချက်ခြင်း သက်သာစေပါတယ် ။ သိပြီး ဖြစ် ကြတဲ့ ဘာမီတွန် (burmeton ) ဆိုတဲ့ ဆေး က ဒီ Antihistsmine အုပ်စုထဲမှာ ပါဝင်ပါတယ်။ ဒါပေမယ့် အခု နောက်ပိုင်း မှပေါ်လာတဲ့ Antihistamine ဆေးတွေ ကတော့ ဒီဒုက္ခ တွေ ကနေ ကင်းလွတ် ပါတယ်။
ဒီ Antihistamine နဲ့ Corticosteroid nasal spray ကို ပေါင်းသုံးမယ်ဆိုရင်တော့ Corticosteroid nasal spray တစ်မျိုးတည်းကို သုံးတာ ထက် ပိုပြီးတော့ ကောင်းပါတယ်။
ရောဂါ အရမ်း ပြင်းထန်နေရင် ဒါမှမဟုတ် အရေး တကြီး ချက်ချင်း သက်သာ ဖို့လိုတဲ့ အခြေနေမျိုး (ဥပမာ ။ ။ စာမေးပွဲ ဖြေရမယ့် အခြေ အနေမျိုး ) မှာဆိုရင် တော့ ထိုးရတဲ့ (သို့) ပါးစပ်ကသောက် ရတဲ့ Corticosteroid ပါဝင်တဲ့ ဆေး တွေကို ရက် အနည်းငယ် ခန့် ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ သောက်လို့ ရပါတယ်။
အထက်ပါ ကုသမှု တွေနဲ့ မသက်သာ ဘူး ဆိုရင်တော့ ဒီလက္ခဏာ တွေ သက်သာဖို့ အတွက် Immunotherapy ဆိုတာ ကို ပြု လုပ်လို့ ရပါတယ်။
Allergic rhinitis မဖြစ်အောင်ကြိုတင် ကာကွယ်မှုများ
  • Allergens နဲ့ ထိတွေ့ မှုမရှိအောင် ရှောင်ခြင်း ကနေ ကာကွယ်နိုင်ပါတယ်။ လုံးဝမ ထိတွေ့ အောင်နေဖို့ ဆိုတာ ကတော့ မဖြစ်နိုင်ပါဘူး။ တတ်နိုင် သမျှ ရှောင်ရှား နိုင် ရင်တော့ အကောင်း ဆုံးပါပဲ။
  • ရာသီအပြောင်း အလဲမှာ Allergic rhinitis ရှိတဲ့ သူတွေအနေနဲ့ … နေ့လယ်ပိုင်း (သို့) ပြင်ပAllergens တွေ အများကြီး ရှိနေတဲ့ အချိန်မှာ … အိမ်တွင်းမှာပဲနေခြင်း ၊ ပန်ကာ အစား Air conditioner ကိုအသုံးပြုခြင်း
  • အ၀တ်စား များကိုလေ ဖြင့် အခြောက် ခံခြင်း မပြုလုပ် ရန်
  • အပြင်မှပြန် လာလျင် ရေချိုးခြင်း ၊ ၀တ်လာသည့် အ၀တ်အစား ကိုလျော် ဖွပ်ခြင်း
  • တချိန်လုံး Allergic rhinitis ဖြစ်နေတဲ့ သူတွေ ကတော့ …
    အိပ်ရာခင်း၊ ခေါင်းအုံးစွပ် စသည် တို့ ကို အပါတ် တိုင်း ရေနွေးပူ ဖြင့် လျှော်ဖွပ်ခြင်း
    Air purifier ကိုအသုံးပြုခြင်း ၊
    အိမ်မွေး တိရစ္ဆာန် များ ကို ကိုင်တွယ်ခြင်း မှ ရှောင်ရှားခြင်း
    မီးဖိုးချောင် ရေချိုးခန်း စသည့် အခန်း များ ကို လေ၀င် လေထွက် ကောင်း အောင် ပြုလုပ် ခြင်း
    ကြမ်းပြင် ကိုသန့် ရှင်း အောင် ထားခြင်း
    အိပ်ရာဘေး ကပ် ရပ် တွင် အမွှေးပွ ရုပ်များ ကိုမထား သင့် ခြင်း ။
    ဒေါက်တာ စိုင်းဝေအောင်
    Read More...
    Sunday, October 5, 2008
    Sinusitis
    ထိပ်ကပ်နာ (သို့) ထိတ်ခပ်နာ
    နှာခေါင်း ကောင်းဖို့ အလွန် အရေးကြီး ပါသည်။ ညှောင်နှာနှာ နှာခေါင်းသံဖြင့် စကား ပြောလျှင်၊ လူတောထဲ နှပ် ခဏခဏ ညှစ်နေရ လျှင် ဘယ်သူမှ သဘောကျမည် မဟုတ်ပါ။ ထို့ကြောင့် နှာခေါင်း ကျန်းမာအောင် အထူး ဂရုစိုက် သင့်ပါသည်။ သီတဂူ ဆရာတော် ဘုရားက တိုသော တရား ကောင်းသည် ဟု ဟောထားတာ ကြားဘူး ပါသည်။ ကျွန်တော်လည်း အကောင်းဆုံး ရေးထား ပါသည်။
    အများအားဖြင့်ကျွန်တော်တို့တတွေ ရာသီဥတု အကူး အပြောင်းတွင် နှာခေါင်း ပိတ်လို့ ပိတ်၊ နှာရည် ကျလို့ကျနဲ့ အတော်အိနြေ္ဒ ပျက်ရ ပါတယ်။ မြန်မာလို ထိပ်ကပ်နာ ဟု ခေါ်ပါသည်။ ဆေးပညာ မှာတော့ SINUSITIS ဟု ဆိုပါသည်။ sinus မှာလှိုဏ် ဟု အဓိပ္ပါယ် ရပြီး itis မှာတော့ ရောင်ရမ်းခြင်း ဟု အဓိပ္ပါယ် ရပါသည်။ ထိပ်ကပ်နာ ဖြစ်စေသော sinus များမှာ နှာခေါင်း ပတ်ဝန်း ကျင်ရှိ မျက်နှာ အရိုး တွင် ရှိသော လှိုဏ် ကလေးများ ရောင်ရမ်းခြင်း ကြောင့် ဖြစ်ပါသည်။ ၎င်း လှိုဏ်လေး များမှာ ပါးရိုး၏ အောက်၊ မျက်ခုံး နောက်နှင့် မျက်လုံး နှစ်လုံးကြား အနောက်ဘက် တို့တွင် ရှိပါသည်။
    ကျွန်တော်တို့ ကျန်းမာ နေစဉ်တွင် ၎င်း လှိုဏ်လေး များမှာ လေများဖြင့် ပြည့်နေ ပါသည်။ ထိုသို့ ဖြစ်နေခြင်း ၏ အကျိုးကြောင့် ကျွန်တော် တို့ ဦးခေါင်းရိုး အား နဂို ရှိရင်း အလေးချိန် ထက် ပေါ့စေပါသည်။ ထို့ပြင် အသံအိုး မှ လာသော အသံကို သည် လှိုဏ်လေး များ နဲ့ အကြောင်း ပြုပြီး ကွဲပြားသော အသံများ ထွက်လာ ပါသည်။
    SINUS လှိုဏ်လေးများတွင် ရောဂါ ဖွဲ့တည် နေပုံ ကို အောက်ပါ ပုံတွင် ရှုပါ။
    ပုံမှန် sinus နှင့် ပိုးဝင်ပြီး ပြည်များဖြင့် ပြည့်နေသော sinus ကို ယှဉ်ပြထားပုံ
    ဒီလှိုဏ် လေးတွေဟာ နှာခေါင်း လမ်းကြောင်းမှာ သွားပြီး ပွင့်နေ ရပါတယ်။ ဒါမှသာ ဒီ လှိုဏ်လေး တွေထဲမှာ ရှိတဲ့ လေတွေက ပြင်ပ လေနဲ့ လဲလှယ် နိုင်မှာ ဖြစ်သလို သူတို့ ထဲမှာ ရှိတဲ့ အချွဲ အကျိ အရည် တွေ ကလည်း နှာခေါင်း အတွင်းကို ကောင်းမွန်စွာ စီးကျ နိုင်မှာ ဖြစ်ပါတယ်။
    အဲဒီတော့ လှိုဏ် အ၀လေးတွေ ပိတ်ပြီ ဆိုရင် လှိုဏ်နံရံ အမြှေးပါး ( sinus membrane) တွေ ယောင်ပြီးတော့ ထိပ်ကပ်နာ ရတော့ တာပါပဲ။ ဒီ အမြှေးပါး တွေ ယောင်ဖို့ ပိုပြီး အခွင့်အလမ်း ရှိတဲ့ အကြောင်းအရာ တွေ ကတော့ -
    1. အသက်ရှူ လမ်းကြောင်း အထက်ပိုင်း ရောဂါပိုး ၀င်နေတဲ့ သူတွေ (ဥပမာ - တုပ်ကွေး ၊ စသဖြင့်ပေါ့)
    2. ဓာတ်မတည့် တတ်တဲ့သူတွေ (Allergic ရှိသူများ ၊ခြင်ဆေး အမွှေးတိုင် အမှုံအမွှား စသည် တို့်ဖြင့် ဓာတ်မတည့် သူများ … )
    3. ရင်ကြပ်ရောဂါ ရှိသူများ
    4. ဆေးလိပ်သောက်သူများ
    5. ဟိုမုန်း hormone အပြောင်းအလဲ ဖြစ်တဲ့ကာလ (ဥပမာ - ကိုယ်ဝန် ဆောင်စဉ်)
    6. သွေးချို ဆီးချို ရောဂါ ရှိတဲ့သူများ
    7. နှာခေါင်း အတွင်း ပြင်ပရှိ ပစ္စည်း ၀င်နေသူများ (ဥပမာ - ချိုချဉ် သကြားလုံး ပဲစေ့)
    8. ကိုကင်းရှူ သူများ
    9. အကြောင်းကြောင်းကြောင့် နှာခေါင်းပိုက် ထည့်ထား ရသူများ
    10. သွား ပြဿနာ ရှိသူများ (သွားကိုက်ခြင်း)
    11. နှာခေါင်း နဲ့ ပါး တို့တွင် ထိခိုက် ဒဏ်ရာ ရှိနေသူများ
    12. နှာခေါင်း ထဲမှာအဖုအကျိတ် တွေ ဖြစ်နေသူများ
    မှာ လှိုဏ်ဝတွေ ပိတ်ပြီးတော့ ယောင်နိုင်ပါတယ်။
    အကြောင်း အမျိုးမျိုးကြောင့် ဒီ လှိုဏ်ဝလေးတွေ ပိတ်ရင် လှိုဏ်(sinus) တွေ အ တွင်းမှာ bacteria တွေ ပေါက်ဖွား နိုင်ပြီးတော့ ထိပ်ကပ်နာ ဖြစ်နိုင် ပါတယ်။
    1. ခဏတဖြုတ် (အာဂန္တု) ထိပ်ကပ်နာ နှင့်
    2. နာတာရှည် ထိပ်ကပ်နာ
    ရယ်လို့ နှစ်မျိုး ခွဲထားပါတယ်။
    ရက်သတ္တ လေးပါတ် အောက် ဆိုရင် ခဏတဖြုတ် လို့ သတ်မှတ်ပြီး လေး ပါတ် ထက် ကျော်ရင်တော့ အကြမ်း အားဖြင့် နာတာရှည် လို့ပဲ သတ်မှတ် ပါတယ်။ သူတို့ နှစ်မျိုး လုံးမှာ ဖြစ်တဲ့ လက္ခဏာ တွေကတော့ အတုတူပဲ ဖြစ်ပါတယ်။
    1. နှာပိတ်နေခြင်း (သို့) နေ့ပိုင်းမှာ နှာရည် တတောက်တောက် နဲ့ ဖြစ်နေပါမယ်၊ နှာခေါင်းထဲမှာ ပြည့်နေ သလို မျိုး ခံစားရပြီး ခေါင်းငုံ့ရင် ပိုပြီး ခံစားရပါတယ်။
    2. နှာခေါင်း ကနေ နှာရည် ပြစ်ပြစ် တွေ ထွက်နေ ပါမယ်။ (bacteria ကြောင့် ဆိုရင် နှာရည် က ပိုပြစ်ပြီး အရောင်က အစိမ်းရောင်(သို့) ၀ါကျင့်ကျင့် အရောင် ဖြစ်နေ နိုင်ပါတယ်။
    3. မျက်နှာကြီး တင်းနေ သလို မျိုး ခံစားရပါမယ် ၊ မနက် အိပ်ရာ ထ ဆိုရင် ပိုဆိုး ပါမယ်။
    4. မျက်လုံး ပတ်ဝန်းကျင်မှာ ရောင်နေ နိုင်ပါတယ်
    5. မနက် အိပ်ယာ ထမှာ ဖြစ်စေ ခေါင်းငုံ့ လိုက်ရင်ဖြစ်စေ ခေါင်းကိုက် တတ်ပါတယ်
    6. ပါးရိုးတွေ မျက်ရိုးတွေ ကိုက်တတ် ပါတယ်
    7. ပါးရိုးက sinus တွေ ယောင်တာ ဆိုရင် သွားပါ ကိုက်နိုင်ပါတယ်
    8. ကိုယ်ပူ တက်နိုင်ပါတယ်
    9. တချို့ မှာတော့ ည အိပ်ရေး ပျက်လောက်အောင် ချောင်းခြောက် တွေဆိုးကြပါတယ်
    10. တခါတလေ တော့လဲ အစာအိမ်မှာ ပြဿနာ တက်ပြီး ပျို့တာ အန်တာတွေပါ ဖြစ်နိုင်ပါတယ်
    ဒီ ရောဂါ လက္ခဏာ တွေဟာ ကျွန်တော်တို့ တတွေ အဖြစ်များဆုံး ဖြစ်ကြတဲ့ virus ကြောင့် အအေးမိ တဲ့အခါ ၊ allergy လို့ ခေါ် တဲ့ ဓာတ်မတဲ့ မှု ဖြစ်တဲ့ အခါ မှာ ခံစား ရတဲ့ လက္ခဏာ တွေနဲ့ ဆင်တူ လိုပါပဲ။ ဒါပေမယ့် bacteria ကြောင့် ဖြစ်တာ ဆိုရင်တော့ ပိုမို ဆိုးရွားပြီး ကာလ ပိုရှည် နိုင်ပါတယ်။
    တစ်နှစ်အောက် ကလေးတွေ မှာတော့ ဒီ sinusတွေ ကောင်းကောင်း မဖွံ့ဖြိုး သေးလို့ sinusitis မဖြစ်နိုင်ဘူး လို့ ဆိုပါတယ်။ တစ်နှစ် အထက် ကလေးတွေမှာ တော့ လက္ခဏာတွေက လူကြီးများ မှာ ဖြစ်တာနဲ့တော့ကွာပါတယ်
    1. ကလေးက ဂဏှာမငြိမ် ဖြစ်မယ်၊
    2. အီနေမယ်
    3. ပါးစပ်ဟ အသက်ရှူ ပြီးတော့ ကလေး အသက်ရှူ သံ ကို ကြားနေ ရတယ်
    4. ကလေးက နှာသံ လေးနဲ့ စကား ပြောမယ်
    5. ထမင်း ကောင်းကောင်း မစားဘူး (အစာကျွေး ရတာ ခက်မယ်)
    စတဲ့ ပြဿနာတွေ ရှိပါမယ်။
    ထိပ်ကပ်နာနှင့်ဆင်တူ ယိုးမှား ရောဂါ များမှာ -
    1. အအေးမိ နှာစေးခြင်း
    2. ဓာတ်မတည့်မှု ကြောင့် နှာစီး ချောင်းဆိုး ဖြစ်ခြင်း (Allergic ဖြစ်ခြင်း)
    ရောဂါ အဖြေရရန် အတွက် ရှာဖွေ စမ်းသပ်မှုများ
    1. သွေးစစ်ခြင်း
    2. ဓာတ်မှန်ရိုက်ခြင်း
    3. တီဗွီ ဓါတ်မှန် Ultrasound ရိုက်ခြင်း
    4. ကွန်ပျူတာ ဓါတ်မှန် CT ရိုက်ခြင်း
    ယေဘူယျ အားဖြင့်တော့ ၄င်း စမ်းသပ်မှုများကို ပြုလုပ်လေ့ မရှိပါ။ အများ အားဖြင့်တော့ ဆရာဝန်က နှာခေါင်း ပါးစပ်နဲ့ လည်ချောင်း တို့ကို စမ်းသပ် တာနဲ့ပဲ ရောဂါအဖြေကို ရရှိ နိုင်ပါတယ်။ လိုအပ်ရင်တော့ နား၊ နှာခေါင်း၊ လည်ချောင်း ပါရဂူ ဆီမှာ ပြသင့်ပါတယ်။ လိုအပ်လျင် ၄င်းပါရဂူမှ နှာခေါင်းအတွင်းသို့ မှန်ပြောင်းထည့် စမ်းသပ်ခြင်း ပြုလုပ် ပါလိမ့်မည်။
    နောက်ဆက်တွဲဆိုးကျိုးများ
    ခဏတဖြု တ်ရောဂါကို မကုသ ဘဲထားလျင် နာတာရှည် ထိပ်ကပ် ရောဂါ ဖြစ်သွား နိုင်ပါတယ်။ ၄င်းရောဂါကို ကုသမှု မခံယူ သော အခါတွင် ဖြစ်စေ၊ ကုသမှု ခံယူပါ လျက် ဆေးမတိုး သောကြောင့် ဖြစ်စေ အသက် အန္တရာယ်ကို စိုးရိမ်ရသော အခြေနေများ ထိ ဖြစ်သွား နိုင်ပါတယ် -
  • ဦးနှောက် အမြှေးပါး ရောင်ရမ်းခြင်း
  • ဦးနှောက် ထဲတွင် ပြည်တည်နာ ဖြစ်ခြင်း
  • အရိုးတွင်း ပိုးဝင်ပြီး အရိုး ရောင်ရမ်းခြင်း များ
  • ဖြစ်စေ နိုင်ပါတယ်
    ကုသမှုများ
    ရောဂါကြောင့် ဖြစ်နေသော ပြဿနာ များ ကိုကုသခြင်း
    နာကျင်ကိုက်ခဲခြင်း ဖျားနားခြင်းများရှိလျင် အကိုက်ခဲပျောက်ဆေးများ ( Paracetamol, diclofenac စသဖြင့် …)
    Antihistamine ( Burmeton , cetirizine, loratidine, Altiva-d)
    Decongestants (Phenylpropanolamine {Decolgen တွင် ပါဝင်သောဆေး}, Phenylpherine)
    နှာခေါင်း အယောင် သက်သာစေရန် အတွက် Nasal inhalers (Beconase , nasalide , Vancenase) နာတာရှည် ဖြစ်နေသူ များ သည် ဆရာဝန်နဲ့ တိုင်ပင်ပြီး လချီ သုံးနိုင်ပါသည်။
    အချွဲအကျိများပိတ်ဆို့ မနေပဲ ချောမွေ့စွာ စီးကျ သွားစေရန် ချွဲပျော် Expectorants ဆေးများ ကိုလည်း သုံးစွဲ နိုင်ပါသည်။ water spray ကိုတစ်နေ့ လျှင် လေးငါးကြိမ် ခန့်ထိ သုံးနိုင် ပါသည်။
    Bacteria ကြောင့်ဖြစ်လျင်Antibiotics( ပိုးသတ်ဆေး) (Amoxacillin, Erythromycin, Septrin) စသည့် ပိုးသတ်ဆေး များကို ဆရာဝန် ညွှန်ကြား သည့်အတိုင်း သောက်သင့် ပါသည်။ Bacteria ကြောင့် ကြိမ်ဖန် များစွာ ဖြစ်နေသော sinusitis ကိုမူ ပိုးသတ်ဆေး ( Antibiotics ) ခပ်ပြင်းပြင်း (augmentin, Ceftin) စသည် တို့ကို (၄) ပါတ်ခန့်ထိ ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်သင့် ပါသည်။ ပိုးသတ်ဆေး ကို ဆရာဝန် ၏ ညွှန်ကြားချက် ဖြင့်သာ သောက်သုံး သင့်ပါတယ်။
    ထိပ်ကပ်နာရောဂါမဖြစ်စေရန်အတွက် ကြိုတင်ကာကွယ်ခြင်း
    1. Allergic (ဓာတ်မတည့်စေသော) ဖြစ်စေသော အရာများနဲ့ ထိတွေ့မှု မှ ရှောင်ရှားရန် (ဥပမာ - ခြင်ဆေးခွေ၊ အမွှေးတိုင် ၊ ဖုန်မှုန့် … စသည်ဖြင့်)
    2. ပြတင်းပေါက်များ ဖွင့်ပြီး အိမ်အတွင်း လေ၀င် လေထွက် ကောင်းစေခြင်း
    3. အချွဲများ ပိတ်ဆို့ မနေစေရန်အတွက် ညအိပ် သည့်အခါ ဦးခေါင်းကို အနည်းငယ် မြှင့်ပြီး အိပ်ခြင်း
    4. Decongestants များကိုဆရာဝန်ဖြင့်တိုင်ပင်ပြီးသတိဖြင့်အသုံးပြုခြင်း
    5. ဆေးလိပ် မသောက်ခြင်း
    6. ရောဂါ ဖြစ်နေသော သူနှင့် ထိတွေ့မှု မရှိစေခြင်း
    7. အာဟာရ မျှတစွာ စားခြင်းနှင့်
    8. ကိုယ်လက် လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ခြင်း
    တို့ ဖြစ်ပါသည်။
    ဒေါက်တာ စိုင်းဝေအောင်
    Read More...
    Wednesday, June 25, 2008
    Snoring
    ဟောက်ခြင်းအကြောင်း
    ဟောက်ခြင်းသည် အိပ်နေစဉ် ပါးစပ်နှင့် နှာခေါင်းတို့မှ ထွက်ပေါ်လာသော အသံဖြစ်ပါသည်တဲ့။ ဘာကြောင့်ဖြစ်ရသလဲဆိုတာကတော့ အိပ်နေတုန်း အသက်ရှူတဲ့ အခါ ရှူသွင်း ရှူထုတ်သော လေလမ်းကြောင်း ရှင်းရှင်းလင်းလင်း မရှိလို့ပါပဲ။ ရှင်းရှင်းလင်းလင်းမရှိတဲ့ လမ်းကြောင်းမှာသွားရတဲ့လေဟာ နှာခေါင်း၊ ပါးစပ်၊ လည်ချောင်း စတာတွေရဲ့ နံရံတွေကို တိုက်ခတ်တုန်လှုပ်စေခြင်းဖြင့် ဟောက်တဲ့ အသံတွေထွက်လာရတာပါ။ လေလမ်းကြောင်းပိတ်ဆို့ခြင်းဟာ နှာခေါင်း၊ ပါးစပ်၊ လည်ချောင်း တလျှောက် အသားပို အဆီပိုတွေများနေခြင်း နဲ့ သက်ဆိုင်သလို၊ လူရဲ့ အိပ်တဲ့ပုံစံအနေအထား၊ အခြားရောဂါရှိမရှိနဲ့လည်း ဆိုင်ပါတယ်။
    အများသိကြတဲ့အတိုင်း ဟောက်တဲ့သူအတွက် ဟောက်ခြင်းဟာ တော်ရုံ ဒုက္ခပေးလေ့မရှိပါဘူး။ သူဟောက်တတ်တယ်ဆိုတာတောင် သူ့ကိုယ်သူ သိချင်မှသိမှာပါ။ အဲ.. ဒုက္ခရောက်တာကတော့ သူ့ရဲ့ အိမ်ထောင်ဖက်၊ မိသားစု၊ အိမ်နီးနားချင်းစတာတွေပေါ့ဗျာ။ ကိုယ်ကလည်း အိပ်မပျော်တဲ့ညမှာ ဟောက်တတ်တဲ့သူက ဘေးမှာဆိုရင်တော့ .. ခံစားရပြီပေါ့။
    ဟောက်ခြင်းထက် တဆင့်ပိုလာရင်တော့ အိပ်နေစဉ်လေငတ်ခြင်း Sleep Apnoea ဖြစ်တတ်ပါတယ်။ ဒါကတော့ တော်တော်ဆိုးပါတယ်။ ကျဉ်းကျဉ်းကျပ်ကျပ် အသက်ရှူလေလမ်းကြောင်း နဲ့ အားပါးတရဟောက်ပြီး အသက်ရှူနေရတဲ့ အချိန်မှာ အခန့်မသင့်ရင် လေလမ်းကြောင်းလုံးဝ ပိတ်သွားတတ်ပါတယ်။ ဒီလိုအချိန်မှာဆိုရင် ဟောက်တဲ့သူဟာ အသက်ရှူ စက္ကန့်ပိုင်းလောက် ရပ်ရပ်သွားပါတယ်။ တခါတလေ အသက်ရှူရပ်ပြီးလန့်နိုးပါတယ်။ ခဏခဏ လန့်လန့်နိုးလို့ နောက်ဆို အဲသလို နိုးတာကိုတောင် သတိမထားမိနိုင်တော့ပါဘူး။ သူ့ဖာသာမသိပဲ တစ်ညလုံး ဟောက်လိုက်၊ အသက်ရှူရပ်လိုက်၊ လန့်နိုးလိုက်နဲ့ သံသရာလည်နေတတ်ပါတယ်။ ဒါကြောင့် ဟောက်တဲ့လူ တချို့ ဆို ဘယ်တော့မဆို အိပ်ရေးမ၀ ဖြစ်နေပြီး နေ့ခင်းဖက်လည်း တချက်တချက် ငိုက်ငိုက်သွားတတ်ပါတယ်။
    ဘယ်သူတွေဟောက်ကြလဲ။
    သာမန်လူတွေရဲ့ ၅၀% လောက် ဟောက်တတ်ကြပါတယ်။ ၂၅% ကတော့ ပုံမှန် ဟောက်သူများဖြစ်ကြပါတယ်တဲ့။ ကဲ.. ဟောက်တဲ့သူများ အားမငယ်ကြပါနဲ့။
    ဟောက်ခြင်းရဲ့အနုပညာ။
    တစ်ယောက်နဲ့တစ်ယောက် ဟောက်တာခြင်းမတူကြပါဘူး။ ကျနော်ကတော့ Soundbox ဆိုက်ကွာလို့ထင်ပါတယ်။ အသံ အတိုးအကျယ်အပြင်၊ အနုအကြမ်းလည်း ကွာပါတယ်။ အတက် အဆင်းလဲရှိပါတယ်။ ဂီတလိုပြောရရင် Crescendo, Descendo ဖြစ်ပါတယ်။ Timing လည်းကွာပါတယ်။ ဟောက်တဲ့ အသံကိုသေသေချာချာ လိုက်နားထောင်ရင် Human Beatbox (Classical)ဖြစ်ပါတယ်။
    ဟောက်ရာကနေ အပေါ်မှာပြောခဲ့သလို အသက်ရှူရပ်ရပ်သွားတဲ့ အဆင့်ကိုရောက်နေပြီဆိုရင်တော့ အရေးကြီးလာပါပြီ။ ဆရာဝန်နဲ့ပြသင့်ပါပြီ။
    ဘာကြောင့်ဟောက်တာလဲ။
    လူတစ်ယောက် အိပ်ပျော်သွားတဲ့ အချိန်မှာ ပုံမှန်တင်းနေတဲ့ ကြွက်သားတွေဟာ ယေဘူယျအားဖြင့် လျော့သွားပါတယ်။ အာခေါင်၊ လည်ပင်း၊ နှာခေါင်း စသည် အသက်ရှူလမ်းကြောင်းတစ်လျှောက် ကြွက်သားတွေ လျော့ရဲသွားခြင်းကြောင့် လေရှူသွင်း ရှူထုတ်တဲ့ အခါ ကြွက်သားနံရံတွေကို တုန်ခါမှုတွေဖြစ်စေပါတယ်။ ရူပဗေဒမှာ ပြောသလိုပါပဲ တုန်ခါမှု = အသံ။
    အသက်ကြီးသူများကတော့ ကြွက်သားများပိုမို လျော့ရဲတဲ့ အတွက် ပိုဟောက်ကြပါတယ်။
    အရက်သောက်ခြင်း၊ အိပ်ဆေးသောက်ခြင်းကြောင့်လည်း အိပ်ပျော်နေစဉ် ကြွက်သားများပိုမိုလျော့ရဲပါတယ်။
    ပက်လက်အိပ်သူများကျတော့ လျှာက အနောက်ကို ပျော့ကျပြီး အသက်ရှူလမ်းကြောင်းကို သွားဖိထားသလိုဖြစ်လို့ အသက်ရှူလမ်းကြောင်း ကျဉ်းပြီးဟောက်ပါတယ်။
    အအေးမိ၊ နှာစေး၊ နှာခေါင်းပိတ်နေသူများလည်း အသက်ရှူရခက်ခဲလို့ ဟောက်ပါတယ်။
    ပုံမှန် ဆေးလိပ်သောက်ရင် အသက်ရှူလမ်းကြောင်းနံရံများ ယောင်နေတတ်ပါတယ်။ ဒီအခါမှာ လေလမ်းကြောင်းကျဉ်းသွားစေပြီး ဟောက်နိုင်ပါတယ်။
    ရုပ်ခန္ဓာချို့ယွင်းချက်အရ အသက်ရှူလမ်းကြောင်းပုံမှန်မဟုတ်သူများ၊ အာသီးယောင်သူများ၊ အာသီးကြီးသူများ၊ အာခေါင်စောက် တိမ်သူများ လည်းဟောက်ကြပါတယ်။
    ဘယ်လိုကုကြမလဲ။
    ဟောက်ခြင်းအတွက် ဥုံဖွ ကုထုံးမရှိပါဘူး။ လူတွေကတော့ အမျိုးမျိုး စမ်းလုပ်ကြည့်နေကြတာပါပဲ။ အဒိကလုပ်ရမှာတွေကတော့ -
    ၁။ ၀နေရင် ၀ိတ်ချပါ။ ပုံမှန်ဆိုရင်တော့ ထိန်းထားပါ။
    ၂။ ကာယလေ့ကျင့်ခန်းများပုံမှန်လုပ်ပြီး တစ်ကိုယ်လုံးက ကြွက်သားများ တောင့်တင်းနေရန် လုပ်ပါ။
    ၃။ ပက်လက်အိပ်မယ့်အစား ဘေးစောင်းအိပ်ပါ။
    ၄။ အိပ်ခါနီး အရက်သောက်ခြင်းကိုရှေုာင်ပါ။
    ၅။ ဆေးလိပ် ဖြတ်ပါ၊ မဖြတ်နိုင်သေးရင် လျှော့ပါ။
    နှာစေးပြီး နှာခေါင်းမပိတ်ပါစေနဲ့။ နှာခေါင်းပိတ်နေပြီး ပါးစပ်နဲ့ အသက်ရှူခြင်းမလုပ်ပါနဲ့။ နှာခေါင်းပွင့်အောင် ပရုတ်ဆီ၊ ယာပန်းဆီ ရှူခြင်းလုပ်ပါ။ ယာပန်းဆီ တစက် နှစ်စက် ခေါင်းအုံးတွင်ဆွတ်ထားပါ။ နှာခေါင်းပိတ်ခြင်းအတွက် နှာခေါင်းထဲ ပန်းဆေးများကို အသုံးပြုနိုင်ပါတယ်။ မြန်မာပြည်မှာ လွယ်လွယ်ကူကူ ၀ယ်လို့ရပါတယ်။
    ဘယ်နည်းနဲ့မှ မရရင်တော့ ဆရာဝန်နဲ့ပြပါတော့။ တခါတလေ ဟောက်ခြင်းအတွက် ခွဲစိတ်မှု တောင်လုပ်ရင် လုပ်ရတတ်ပါတယ်။
    နောက်ဆက်တွဲများ။
    သာမန်ဟောက်ခြင်းကတော့ ညညကျ မိန်းမ ထထဆိတ်ခြင်း ခံရတာကလွဲလို့ ပြဿနာ အထူးအထွေမရှိပါ။ ဒါပေမယ့် အသက်ရှူရပ်ရပ်သွားတဲ့ Obstructive Sleep Apnoea ဆိုရင်တော့ အိပ်ရေးမ၀ခြင်း၊ နေ့ဖက်အိပ်ငိုက်ခြင်းတွေအပြင် မကုသပဲထားမယ်ဆိုလျှင် သွေးတိုး၊ နှလုံး၊ လေဖြတ် ရောဂါတွေ နောက်ဆက်တွဲ ဖြစ်တတ်ပါတယ်။ မပေါ့ပါနဲ့၊ အရေးကြီးပါတယ်။
    Original content
    http://cks.library.nhs.uk/patient_information_leaflet/snoring
    Read More...
    Tuesday, November 27, 2007
    Sinusitis
    ထိပ်ကပ်(ခပ်)နာ ဆိုတာ
    ဘလော့ဂ်ဂါ မိတ်ဆွေတဦးမှ သူခံစားရတာလေး သက်သာအောင် ဘယ်လိုနေရမလဲ မေးလာ တာနဲ့ အားလုံးလည်း ကျန်းမာရေးဆိုင်ရာ ဗဟုသုတလေး ရရှိစေရန် ဒီပို့စ်လေးကို ရေး သားလိုက်ပါတယ်။
    ထိပ်ကပ်(ခပ်)နာဆိုတာ ဘာဖြစ်တာလဲ
    ထိပ်ကပ်(ခပ်)နာ ဆိုတာ လူ့ဦးခေါင်းခွံရိုး အတွင်းမှာရှိနေတဲ့ လေအိတ်ငယ် လေးများ ယောင် ယမ်းခြင်းဖြစ်ပါတယ်။
    လေအိတ်ငယ်လေးတွေဆိုတာ ဘယ်နေရာမှာရှိတာလဲ
    လူ့ရဲ့ဦးခေါင်းခွံရိုး အတွင်း မျက်ခုံးရိုးတ၀ိုက်၊ ပါးနှင့် မေးရိုးတ၀ိုက် နှင့် နှာခေါင်းရိုးတ၀ိုက်တွင် အခေါင်းပေါက် ပါသော လေအိတ်ငယ်လေးတွေ ပါရှိပါတယ်။ ယင်း လေအိတ်ငယ် လေးများကို ဆေးပညာ အခေါ်အရ sinus ဟုခေါ်ပါတယ်။
    လေအိတ်ငယ်လေးများ တည်ဆောက်ပုံနှင့် လုပ်ငန်းတာဝန်
    sinus လေးများကို cilia လို့ခေါ်တဲ့ အမွှေးနုလေးများ ပါတဲ့ အမြှေးပါးလေးနဲ့ ဖုံးအုပ်ထားပါ တယ်။ ယင်းအမြှေးပါးလေးမှာ mucus ဆိုတဲ့ အချွဲတမျိုးကို ထုတ်ပေးတဲ့ အလွှာလေးလဲ ပါရှိပါတယ်။ လေအိတ်ခေါ် sinus လေးများဟာ အသက်ရှုသွင်း ရှုထုတ်လုပ်နေသော နှာခေါင်း လမ်းတလျောက်နဲ့ အတွင်းဘက်မှာ ဆက်စပ်လျက် ရှိနေပါတယ်။
    sinus ခေါ် လေအိတ်ငယ်လေးများရဲ့ လုပ်ငန်းတာဝန်ကတော့ အသက်ရှုလိုက်တဲ့ လေထုထဲက ပါလာသော ဖုန်မှုန့်နဲ့ ပိုးမွှားများကို အချွဲလွှာလေး အတွင်း ဖမ်းယူလိုက်ပြီး အမွှေးနုလေး များရဲ့ တွန်းပို့လှုပ်ရှားမှု နှင့် sinus ရဲ့ သေးငယ်တဲ့ အပေါက်လေးကနေ ထုတ်ပြီး နှာခေါင်း မှတဆင့် အပြင်သို့ ပြန်လည်စွန့်ထုတ် စေပါတယ်။
    ထိပ်ကပ်(ခပ်)နာဘယ်လိုစဖြစ်သလဲ
    များသောအားဖြင့် ဗိုင်းရပ်စ်ပိုး တခုခုကြောင့် အအေးမိ ဖျားနာတဲ့ အခါမှာ စဖြစ်တတ်ပါ တယ်။ အအေးမိတဲ့အခါ ဗိုင်းရပ်စ်ပိုးဟာ လေအိတ်ငယ်များရဲ့ အမြှေးပါးကို ယောင်ယမ်းစေ ပါတယ်။ တဖန် ခန္ဓာကိုယ်ရဲ့ သဘာဝ ကိုယ်ခံအား များက ဗိုင်းရပ်စ်ပိုးကို တိုက်ထုတ်ရန် အမြှေးပါးများမှ အချွဲများကို ပိုမိုထုတ်စေပါတယ်။ ဗိုင်းရပ်စ်ကြောင့် ယောင်ယမ်းနေတဲ့ လေအိတ်လေးဟာ အချွဲများနှင့် ပိုမိုပြည့်လာပြီး ပိုယောင်ယမ်းလာကာ ဘက်တီးရီးယား ပိုးမျာပါ ၀င်ရောက်လာပါက ထိပ်ကပ်(ခပ်)နာခေါ် sinusitis ကို စတင်ခံစား ရပါတော့တယ်။
    ဘယ်လိုလက္ခဏာလေးတွေ ပြမလဲ
    ယောင်ယမ်းနေတဲ့ လေအိတ်လေးတွေ တည်ရှိတဲ့နေရာကို မူတည်ပြီး အနည်းငယ်စီ ကွဲပြားပါတယ်။ များသောအားဖြင့် ဖျားခြင်း၊ နုံးချိပြီး အားမရှိဖြစ်ခြင်း၊ ချောင်းဆိုးခြင်း ၊ နှာရည် အဆက်မပြတ် ကျခြင်း၊ နှာခေါင်းပိတ်ခြင်းတို့ အပြင်
    (၁) အအေးမိဖျားနာနေတဲ့ ရက်အတွင်း မနက်နိုးလာတာနဲ့ မျက်ခုံးရိုးတ၀ိုက် ကိုက်ခဲခြင်း၊ ကိုယ်ကို အရှေ့နဲနဲ ကိုင်းတဲ့အခါ ဦးခေါင်း အရှေ့ဘက်မှ ကိုက်ခဲမှုတခုခုကို ခံစားရခြင်း။
    (၂) ပါးနှင့်မေးရိုး တ၀ိုက်မှ လေအိတ်လေးများ ယောင်ယမ်းမှုကြောင့် အပေါ်မေးရိုး တလျောက် နာကျင်ခြင်း၊ သွားကိုက်ခြင်း။
    (၃) မျက်ဝန်းနှခုကြား လေအိတ်လေးများ ယောင်ယမ်းပြီး မျက်ဝန်းတ၀ိုက် ကိုက်ခဲခြင်း၊ မျက်ခွံ လေးများပါ ယောင်ယမ်းခြင်း အစရှိသည် တို့ကိုပါ ခံစားရတတ်ပါတယ်။
    ပျောက်အောင် ဘယ်လိုကုရမလဲ
    လေအိတ်လေးများဟာ ဦးခေါင်းခွံရိုး အတွင်းမှာ ရှိနေတဲ့ အတွက် ဦးနှောက်နဲ့ တည်ရှိမှု အရမ်း နီးကပ်ပါတယ်။ ခဏတာ ခံစားရတဲ့ ဝေဒနာဆိုပြီး ပေါ့လို့မရပါဘူး။ ပဋိဇီဝ ပိုးသတ် ဆေးတချို့ကို သင့်ရဲ့ ဆရာဝန်မှ ညွှန်ကြားပါလိမ့်မယ်။ ပိုးသတ်ဆေးများကို ညွှန်ကြားတဲ့ အချိန်ကာလ အပြည့်သောက် ပေးရပါမယ်။ ၂ရက်လောက် သောက်ပြီး သက်သာလို့ ဖြတ်လိုက်ရင် ပိုးကခဏဘဲ ငြိမ်သွားပြီး နောက်တကြိမ်မှာ ဆေးကို ယဉ်သွားတတ် ပါတယ်။
    ပြန်ဖြစ်တတ်သလား
    အေးတဲ့ ရာသီဥတုမှာ နေတဲ့သူတွေ လေထုထဲက ပါတဲ့ ပန်းဝတ်မှုန်တချို့နဲ့ မတည့်ဘဲ Allergy ဖြစ်ကာ နှာရည်ခဏခဏယို တတ်တဲ့သူတွေ၊ ပန်းနာရင်ကျပ် ရှိတဲ့သူတွေ၊ ကိုယ်ခံအား ကျဆင်းနေတဲ့ သူတွေ၊ ဖုန်မှုန့်များနှင့် ညစ်ညမ်းတဲ့ လေထုကို ရှုရှိုက်ရတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ရသူတွေဟာ ဒီဝေဒနာကို ခဏခဏပြန်ခံစားရ တတ်ပါတယ်။
    ဆေးဝါးအကူအညီ အပြင် ဒါလေးတွေပါ လုပ်ကြည့်မယ်။
    ဆေးဝါးမှီဝဲပြီး တဘက်က ပိုးသေအောင် လုပ်တဲ့အပြင် ကိုယ်တိုင်လုပ်နိုင်တဲ့ အချက်လေးတွေ နဲ့ပါ သက်သာအောင် လုပ်ကြည့်နိုင်ပါတယ်။
    (၁) ပြည့်ပြည့်၀၀ အနားယူပါ။ ကိုယ်ခံအား ကောင်းပြီး ခဏခဏ အအေးမမိစေရန် ထိန်းသိမ်း ပါ။ အာဟာရပြည့်ဝစွာ စားပြီး အိပ်ချိန်မှန်ပါစေ။
    (၂) ပက်လက်လှဲ အိပ်နေခြင်းက နှာခေါင်းကို ပိုပိတ်စေပါတယ်။ ကိုယ်အသက်ရှုလို့ ကောင်းတဲ့ ဘက်ကို တဘက်စောင်းပြီး အိပ်ပေးပါက သက်သာစေပါတယ်။
    (၃) ပူနွေးသော အရည်များကို မကြာမကြာ သောက်ပေးပါက နှာရည်ယို နှာပိတ်တာကို သက်သာ လျော့နည်းစေပါတယ်။
    (၄) အ၀တ်စလေးကို ရေနွေးငွေ့ငွေ့လေးထဲ စိမ်ပြီး ယင်းအ၀တ်နွေးနွေးလေးကို မျက်နှာနှင့် နှာခေါင်းရိုး ပေါ်ကပ်ပေးပြီး အပူနွေးနွေးလေး ပေးတာကလဲ သက်သာစေပါတယ်။
    (၅) ရာသီဥတု သိပ်အေးတဲ့ နိုင်ငံတွေမှာ အိမ်တွင်း အပူချိန်ကို ထိန်းညှိပေးနိုင်တဲ့ Equipment တခုခုကို တပ်ဆင်ထားပါ။
    (၆) လေယာဉ် စီးတဲ့အခါမှာ ဖိအားမတူမှုကြောင့်လည်း လေအိတ်လေးတွေ ပိတ်ပြီး ပြန်ဖြစ်တတ်ပါတယ်။ လေယာဉ်နဲ့ ခရီးသွားစရာ ရှိလျင် သင့်ရဲ့ဆရာဝန် နဲ့တိုင်ပင်ပြီး အယောင် သက်သာ စေသော နှာခေါင်းအတွင်း အစက်ချပြီး သုံးရတဲ့ decongestant nasal drop တခုခုကို ကြိုသုံးသွားပေးပါ။
    ဒါလေးတွေတော့ ရှောင်နော်
    (၁) မျက်ခုံးရိုး တ၀ိုက် ယောင်ယမ်းကိုက်ခဲနေချိန်မှာ အာရုဏ်စူးစိုက်ပြီး တီဗွီကြည့်ခြင်း၊ ကွန်ပျူတာ screen ကိုကြည့်ခြင်း၊ စာဖတ်ခြင်း စတာတွေ မလုပ်မိပါစေနဲ့။
    (၂) ကိုယ်နဲ့ မတည့်တဲ့ အရာများ (Allergen) ၊ ဖုန်ထူတဲ့ နေရာတွေကို သတိထားရှောင်ပါ။ တခုခုကို Allergic ဖြစ်ပြီး နှာရည်ယိုခြင်းကနေ ထိပ်ကပ်(ခပ်)နာ ပြန်ဖြစ်တတ်ပါတယ်။
    (၃) အရက်သောက်သုံး ခြင်းနှင့် စီးကရက်ငွေ့များက လေအိတ်လေးရဲ့ အမြှေးပါးကို ပြန်ယောင်ယမ်း စေတတ်ပါတယ်။ တတ်နိုင်သမျှ ရှောင်ပါ။
    (၄) ရေကူးကန်မှာ သုံးတဲ့ ကလိုရင်း ( chlorine)ဆေး ဓါတ်ကလည်း ထိပ်ကပ်(ခပ်)နာ ဖြစ်သူ အများစုနဲ့ မတည့်တတ်ပါဘူး။
    (၅) ရေအောက်ငုပ်ခြင်း (Diving) လုပ်သူတွေမှာ ရေငုပ်တဲ့အချိန် ရေများဟာ အရှိန်ဖိအား နဲ့ နှာခေါင်းမှ တဆင့် ၀င်ရောက်ပြီး လေအိတ် အမြှေးပါးလေး များကို ယောင်ယမ်းစေ တတ်ပါတယ်။
    မိုး သင်ကြားခဲ့ရသမျှလေးကို ပြန်လည်မျှဝေလိုက်ပါတယ်နော်။ အားလုံးဘဲ ကျန်းမာပျော်ရွှင်သော ဘ၀လေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။
    Read More...