Showing posts with label Life cycle. Show all posts
Showing posts with label Life cycle. Show all posts

Friday, August 22, 2008

Life Cycle (7)


ထို့ကြောင့် ဤအရာ ကိုသံသရာ ဟုခေါ်သည် (၇)
Juan
ဆေးဖိုးဝါးခ နှင့် လူနာ

ခေတ်သစ် ကျန်းမာရေး စောင့်ရှောက်မှု သို့မဟုတ် ပုဂ္ဂလိက ကုသရေး လုပ်ငန်း များမှာ ကုန်ကျ စရိတ် အားလုံးကို နောက်ဆုံး သုံးစွဲသူ (End User) ဖြစ်တဲ့ လူနာ ကခါးစည်း ကျခံ ရမယ်။ ငွေကုန် ကြေးကျ မခံ နိုင်ရင် ကောင်းမွန် ထိရောက်တဲ့ ဆေးဝါး ကုသ မှုကို မျက်မွှေး ထော်လို့ တောင်မော် မကြည့် လေနဲ့ ဆိုတဲ့ သဘောမျိုး ဖြစ်နေတာ ယနေ့ ကမ္ဘာရဲ့  ရင်နင့် ဖွယ် အမှန် တရား တစ်ခု ပါပဲ။ ငွေမရှိ ရင် ရောဂါ ပျောက်ဖို့ မစဉ်း စားနဲ့ လို့ တရား လက်လွတ် ပြောရာ ရောက်နေ ပါပြီကော။



WHO ရဲ့  ၂၀၀၅ ခုနှစ် မှာထွက်ပေါ် လာတဲ့ technical report အရ- တစ်ကမ္ဘာ လုံးရှိ အိမ်ထောင်စု ပေါင်း ၄၄ သန်း သို့မဟုတ် လူ သန်း ပေါင်း ၁၅၀ လောက်ဟာ ဆေးဖိုး ၀ါးခ စရိတ်ထောင်း တဲ့ဒဏ် ခံနေကြ ရတယ်တဲ့။ အဲဒီ အထဲက ကံပို ဆိုးသူ အိမ်ထောင်စု ပေါင်း ၂၅ သန်း သို့မဟုတ် လူသား သန်း ၁၀၀ ဟာ ဆေးဖိုး ၀ါးခ ကြောင့် ကြွေးတင် ကျွန်ဖြစ် ပြီး ပြာပုံ မတိုး ရပဲ ဆင်းရဲ မွဲတေ ကုန်ကြ တယ်။ ဒီလို ဖြစ်နေ တာတွေ ကို အထူးပြု လေ့လာ တဲ့သုတေ သန လုပ်ငန်း များက ဒီဖြစ်ရပ် ကို “ကျန်းမာရေး စရိတ် (ဆေးဖိုး ၀ါးခ) ကြောင့် ဒုက္ခ ကပ်ဆိုက် ခြင်း (Catastrophic Health Care Payments)” လို့ တင်စား ခေါ်ဝေါ် ခဲ့ကြတယ်။

ရောဂါ ကြောင့် မွဲပြာ ကျခြင်း ဆိုတဲ့ ငိုချင်း ရှည်ကြီး ဟာ ရောဂါ ကုသ စရိတ် ထောင်းလို့ ဆင်းရဲ မွဲတေ ရုံမျှ မက နောက်ဆက် တွဲ ဖြစ်ရပ် တွေ အများကြီး ပါပဲ။ စုဆောင်း ထားသမျှ ပြောင်တဲ့ အပြင်၊ စားဝတ် နေရေး ကျပ်တည်း၊ သား သမီး တွေ ကျောင်းမထား နိုင်၊ ကြွေးတွေ ပါတ်လည် ၀ိုင်း ပြီး ဆင်းရဲ ခြင်းနွံ ထဲက တစ်သက် လုံး မရုန်း ထွက်နိုင်၊ နောက်ဆုံး ရောဂါ ကုဖို့ လက်တွန့် ရှောင်ကျဉ် လာကြ ပြီး ကျန်တဲ့ ပိုက်ဆံ လေး သပိတ်သွပ် ဖို့သာ ထားလိုက် ပါတော့တို့၊ ငါ့သားလေး ကိုသာ ရှင်ပြုပေး လိုက်ပါတို့ ဆေးဝါး ကုသဖို့ နဲ့ ကျန်ကိစ္စ များကို လဲလှယ်လိုက် ရပါ တော့တယ်။ ဒါတင် မကသေးပါ။ ကူးစက် ရောဂါ တွေကို မကု တော့ဖို့ ဆုံးဖြတ် မိရင် ရောဂါ ဖြန့်ဖြူးသူ လက်သည်ကြီး ဖြစ်လာမယ်။ တစ်ယောက် ကစလိုက် တာ ရာ၊ ထောင်၊ သောင်း၊ သိန်း ကူးစက် ပြန့်ပွား ပြီး တိုင်းပြည်ရဲ့  လူမှု၊ စီးပွားရေး အားလုံး ကို ဆုတ်ယုတ် လျော့ပါး သွားအောင် ၀ါးမျို ပစ်လိုက်နိုင်တဲ့ အန္တရာယ် ကြီးဖြစ်နိုင် ပါတယ်။

ဒါဆိုရင် လူနာ အားလုံး ကိုနိုင်ငံတော် အစိုးရ ကတာဝန်ယူပြီး ပြည်သူ့ ဆေးရုံ များမှာ အလကား ကုပေးပါလား လို့ ပြောစရာ ရှိပါတယ်။ တခေတ် တခါ ကအဲသလို လုပ်ခဲ့ ပြီးပါသကော။ Socialized medicine ဆိုပြီး ရှိသမျှ အလကား free health care ဆိုပြီး လုပ်လိုက် တာမွဲပြာ ကျလု နီးနီး ဖြစ်ခဲ့ ပါတယ်။ ကမ္ဘာပေါ်မှာ ဘယ်တိုင်းပြည် မှလူ့အဖွဲ့ အစည်း တစ်ရပ် လုံး စိတ်တိုင်းကျ တဲ့ အထိ ကျန်းမာရေး စောင့်ရှောက်မှု ကို အလကားပေး နိုင်စွမ်း မရှိပါဘူး။ သင့်ဘာသာ သင် ဆေးလိပ် တွေ မိုးမွှန်အောင် သောက်လို့ အဆုပ် ကင်ဆာ ဖြစ် လာတာ ကို၊ သင့်ဘာသာ သင် အရက်ကို မိုးမလင်းတမ်း သောက်လို့ အသည်း ခြောက်လာ တာကို နိုင်ငံတော် က အရင်း အနှီး များစွာ ပုံအော သုံးပြီး အလကား ပဲတင်း ကုပေး ရမတဲ့လား။ ဖြစ်နိုင် စရာ မရှိ ပါဘူး လို့ ကျန်းမာရေး ပေါ်လစီ မိတ်ကာ များက အတိ အလင်း ဆိုကြ ပါတယ်။

ဒါဖြင့် ရင် ဒီဖြစ်စဉ် ကြီးကို သူ့ အတိုင်းလွှတ်ပေး ထားမှာလား။ ကိုင်တွယ် ဖြေရှင်း နည်းတွေ မရှိ တော့ဘူးလား။ ဖြစ်နိုင်ချေ တစ်ခု က တော့ နိုင်ငံတော် မှ တာဝန်ယူ သော မယူ မနေ ရ ပြည်သူ့ ကျန်းမာရေး အာမခံ စံနစ် (Compulsory community health insurance scheme) ကို ကျင့်သုံး နိုင်ပါသတဲ့။ ယူနိုက်တက် ကင်းဒမ်း ရဲ့  အမျိုးသား ကျန်းမာရေး ၀န်ဆောင်မှု စံနစ် (NHS: National Health Service) နဲ့ ထိုင်းနိုင်ငံ ရဲ့  တက်ရှင် လက်ထက် ကကျင့်သုံး ခဲ့တဲ့ အားလုံး လွှမ်းခြုံ ကျန်းမာရေး စံနစ် (UC: Universal Coverage Scheme) တွေမှာ ဒီသဘောမျိုး ကိုတွေ့ ရပါတယ်။ အမေရိကန် မှာ မှိုလို ပေါက်နေတဲ့ private health insurance တွေကတော့ ဒီ ဖြစ်စဉ် ကြီးကို မပြေလည် စေရုံမျှ မက ပိုလို့တောင် ဆိုးစေ သတဲ့။

သို့သော်လည်း အဲဒီလို compulsory community health insurance scheme တစ်ခု တည်ဆောက် ဖို့ဆို တာကိုက မြင်းမိုရ် တောင် တက်ရ သလောက် ကိုခက်ခဲ ပါတယ်။ အတတ် ပညာ၊ အရင်း အနှီး၊ အချိန်၊ ငွေ၊ လူအင်အား အများကြီး သုံးပြီး တည်ဆောက် ရမဲ့ စံနစ် မျိုးပါ။ ဒီစံနစ် ရဲ့  အဓိက ကျောရိုးဟာ ပြည်သူတွေ ထံက ကောက်ခံတဲ့ ၀င်ငွေခွန် (Income tax) ရယ်၊ ဆေးလိပ်၊ အရက်၊ ဘီယာ လိုကျန်းမာရေး ထိခိုက် စေနိုင်တဲ့ ကုန်ပစ္စည်းတွေ အပေါ်မှာကောက် ခံတဲ့ Sin tax & earmarked tax တွေရယ် ကိုကျန်းမာရေး အာမခံ ငွေပင် ငွေရင်း လုပ်ပြီး တည်ဆောက်ရ တာကိုး။

အခွန် လို့ဆိုရာမှာ တရားမျှတ သော အခွန် စံနစ် (Progressive tax system) နဲ့ တရား မျှတ မှုမရှိသော အခွန် စံနစ် (Regressive tax system) ဆိုပြီး ရှိနေပြန်တော့ ကိုယ့်တိုင်းပြည် ဟာဘယ်လို အခွန် စနစ်မျိုးနဲ့ စခန်းသွား နေသလဲ ဆိုတာ ကို သုတေသန လုပ်ကြည့် ဖို့ လိုလာပြန် တယ်။ ၀င်ငွေ များသလောက် အခွန် များများ ပေးရ ပြီး ၀င်ငွေ နည်းရင် အခွန် နည်းနည်း ပဲပေး ရတာကို progressive tax၊ ၀င်ငွေ နည်းသူ အခွန်များများ ပေးရပြီး ၀င်ငွေ များတဲ့ သူတွေက နည်းနည်းပဲ ပေးရရင် regressive tax လို့ခေါ်ပါတယ်။

နောက်တစ်ခု က ဖြစ်လာ လတ္တံ့ သောအန္တရာယ် အပေါ် လူထုရဲ့  သဘောထား ဆန်းစစ်ချက် ဆိုတဲ့ risk analysis ကိုလည်း လုပ်ကြည့် ရသေးတယ်။ ကျန်းမာရေး အာမခံ စနစ် ဆိုတာမျိုးက အကျိုးသက်ရောက် မှုရှိနိုင်သမျှသော လူထုရဲ့  ထည့်ဝင် ငွေ (premium) အားလုံး ကို ငွေပင် ငွေရင်း လုပ်ထားပြီး ဒီအကျိုး ကိုရောဂါ ဖြစ်တဲ့ အခါ ခံစား၊ မဖြစ်ရင် မခံစားနဲ့ ဆိုတဲ့ သဘောမျိုး ရှိတာ ကိုးဗျ။ ဆိုတော့ လစဉ် ကြေး မှန်မှန် ထည့်ပြီး ကိုယ် ကကျန်းမာ ပကတိ၊ ချမ်းသာ အတိ ဖြစ်နေရင် ကိုယ့်ငွေ ကို သူများရောဂါ ကုဖို့ အလှူ လုပ်နေ ရသလို ဖြစ်နေတာပေါ့။ ဒါကြောင့် လည်း risk analysis ဆိုတာ ကိုလုပ် ကို လုပ်ရ ပါတယ်။ ဒီဆန်းစစ်ချက် အရ လောက မှာ လူသုံးမျိုး သုံးစား ရှိသတဲ့ ...

1. ဖြစ်လာ နိုင်တဲ့ အန္တရာယ် (ရောဂါ ရနိုင်ချေ) ကို ရင်မဆိုင် လိုပဲ ကြိုတင် ရှောင်လွှဲ လိုတဲ့ လူမျိုး ကို Risk averters လို့ ခေါ်ပါတယ်။
2. ဘာအန္တရာယ်၊ ဘာရောဂါ ကိုမှ မကြောက်ပဲ လုပ်ချင် တာလုပ်မယ်၊ သေမြေကြီး ရှင်ရွှေထီး ဆိုတဲ့ လူမျိုး တွေကို Risk takers တဲ့။
3. ကြောက်တယ် လဲမဟုတ်၊ မကြောက်ဖူး လည်းမဟုတ်၊ အခြေ အနေပေါ် မူတည် တာပဲ ဆိုသူများ ကို Risk neutrals တွေလို့ ခေါ်ပါတယ်။


Compulsory community health insurance scheme တစ်ခု ကျင့်သုံး တော့မယ့် အခါမှာ ဒီတိုင်းပြည်၊ ဒီ လူမှု အဖွဲ့ အစည်း မှာ ဘယ်လို လူမျိုးတွေ များနေ သလဲ ဆိုတာ ကိုဆန်းစစ် တာကို risk analysis လို့ခေါ်တာပါ။ အကယ်၍ Risk averters က အများစု ဆိုရင် နောင်တချိန် မကျန်းမာမဲ့၊ ရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ် ကိုကြိုတင် ရှောင်လွှဲ လိုစိတ် များကြလို့ ဒီစနစ် ကအောင်မြင် နိုင်ပါတယ်။ Risk taker တွေ များရင်တော့ ကိုယ် ရောဂါ ရမှာကို လည်းမပူ၊ သူများ အတွက်တော့ ဝေလာဝေး မို့ ကျန်းမာရေး အတွက် income tax ကသုံးမယ် ဆိုတာကို၊ လစဉ် နှစ်စဉ် premium ကြေး မှန်မှန် ထည့်ရ မှာကို အလွန်ဝန်လေး ကြလိမ့်မယ်။ ဒါကြောင့် ဒီစနစ် ဘယ်တော့ မှမအောင်မြင် ဘူးတဲ့။ Risk neutral သမားများမယ် ဆိုရင်တော့ လေယူရာတိမ်း၊ ယိမ်းတတ် သူများမို့ အချိန်ပေး၊ နားချ၊ စည်းရုံး မှုအပေါ် မူတည်ပြီး ဖြစ်လာနိုင်ဖွယ် ရှိပါသတဲ့။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလို စနစ်မျိုး က shock absorber အဖြစ်နဲ့ ရောဂါ ကြောင့် မွဲပြာကျ တာတွေ၊ ငွေမရှိလို့ ဆေးမကု နိုင်တာ တွေ၊ အတွင်းလှိုက် စားရောဂါ ပျံ့ နှံ့ မှုတွေ ကိုခုသာ ခံသာ လုပ်ပေးနိုင် တယ်ပဲ ဆိုဦးတော့ ပြဿနာ အပေါင်း လုံးဝ ကင်းစင် သွားတာ တော့မဟုတ် ပါ။ ကျန်းမာရေး ၀န်ဆောင်မှု ကွာလတီ ညံ့ဖျင်းတာ၊ အကြာကြီး တမေ့ တမော စောင့်ရတာ၊ ဟိုစာရွက် မှာ ဟိုဟာ ဖြည့်ပြီး ဟိုကိုသွား၊ ဒီစာရွက် မှာ ဒီဟာ ဖြည့်ပြီး ဒီကိုလာ စတဲ့ ဗျူုရို ကရေစီ ကြိုးနီ တောင်ကြီး ကို မကျော် လွှားနိုင်တာ။ ဆေးရုံ နဲ့ ဆရာဝန် များ အတွက် provider payment system မှာအားနည်း ချက်တွေ ရှိတာ စသည်ဖြင့် ထိုင်းရဲ့  UC ရော၊ ဗြိတိန် ရဲ့  NHS ရောမှာ အားနည်း ချက် ပေါင်း သောင်းခြောက်ထောင် နဲ့ ပြဿနာ တွေ တလှေ ကြီးပါ။

ဒါကြောင့် စောင့်ဆိုင်း စရာမလိုတဲ့။ ငွေ ရှိရင် အချိန်မရွေး ပြလို့ ရတဲ့၊ ကြိုက်သလောက်သုံး ကျသလောက်ပေး ကျန်းမာရေး ၀န်ဆောင်မှု တွေက ရှိနေဦးမှာ။ လူတွေကလည်း ရောဂါ ရနေဦးမှာ။ ရှင်သူ ရှင်ပြီး သေသူ သေနေကြဦးမှာ၊ ဖြစ်လိုက်၊ တည်လိုက်၊ ပျက်လိုက်၊ဒါကို ပဲ လောကရဲ့  သံသရာ လို့ ခေါ်ကြပြီး မှန်မှန်ကြီး လည်ပါတ် တတ်တဲ့ သဘောလည်း ရှိနေတယ် မဟုတ်လား ။။။။။။။။။။။။။

Read More...

Thursday, August 21, 2008

Life Cycle (6)

ထို့ကြောင့် ဤအရာကို သံသရာ ဟုခေါ်သည် (၆)
Juan
ကျန်းမာရေး အသုံး စရိတ် နှင့် ဆေးဖိုးဝါးခ

ဈေးကွက် ထဲမှာ အောင်ပန်းပန် လို့ အောင်လံ တံခွန် လွှင့်ထူ ထားတဲ့ ပုဂ္ဂလိက ကုသ ရေး ဆိုင်ရာ ကျန်းမာရေး စောင့် ရှောက်မှု လုပ်ငန်း ဟာ အမေ ရိကန် တစ်နိုင်ငံ လုံးကို လွန်ခဲ့ တဲ့ အနှစ် လေးဆယ် လောက်က စလို့ ၀ါးမျို ပစ်လိုက် တယ်။ ဘာသာရေး အသင်း အဖွဲ့ အချို့ ရဲ့  ခနော် ခနဲ့ မဖြစ် စလောက် အခမဲ့ ဆေးရုံ ကလေး များနဲ့ အစိုးရ ရဲ့  Medicare & Medicaid program ခေါ် သက်ကြား အိုနဲ့ ဒုက္ခိတ ကျန်းမာရေး စောင့်ရှောက်မှု မဖြစ်စလောက် ကလွဲ လို့ ပေါ့။ ကျွန်တော် တို့ ရွှေပြည်ကြီး မှာလည်း ယခင် စာဘူးတောင်း သာသာ ပုဂ္ဂလိက ဆေးခန်း လေးများ ရန်ကုန် ရွှေဘုံ သာလမ်း လောက်မှာ ပဲ ကျိုးတို့ ကျဲတဲ ရှိခဲ့ ရာက ဈေးကွက် လှိုင်းလုံး ကြီးတွေ ရိုက်ခတ်တဲ့ ၁၉၉၀ ပြည်လွန် နှစ်များ ကစလို့ ပုဂ္ဂလိက ဆေးရုံ ဆေးခန်း များဟာ ကလလ ရည်ကြည် သန္ဓေ တည်လာ လိုက်တာ အချိန် တိုတို အတွင်း အခြေ ခိုင် အသားကျ လာကြတယ်။ ဘယ်စီးပွား ရေးလုပ်ငန်း မှ မယှဉ် နိုင်လောက် အောင် ဖွံ့ဖြိုး လာတယ်။ ခန္ဓာ ရှိသရွေ့  ဝေဒနာ ရှိမှာ မို့ ဖောက်သည် မရှိမှာ ဘယ်တော့ မှပူ စရာ မလိုတဲ့ လုပ်ငန်းကိုး။

ဝန်ဆောင်မှု သဘောလည်းပါ၊ ဈေးကွက် စံနစ် လည်းဖြစ်လို့ လက်ဝါးကြီး အုပ် (Monopolize) လုပ်လို့ မရပဲ အပြိုင် အဆိုင် တွေများ လာတယ်။ ဒီလို ဆိုတော့ ကိုယ့်ဆေးခန်း လူများများဝင်ဖို့ ဆွဲဆောင် တဲ့ နည်းလမ်း တွေ သုံးလာ ကြရ ပြီပေါ့။ လူနာ တွေကို ကံစမ်းမဲ နဲ့၊ မော်ဒယ် ရှိုးပွဲ နဲ့ ဆွဲဆောင်လို့ မရဘူး။ လူနာ နှစ်ယောက် ကျုပ်တို့ ဆေးရုံ တက်ရင် နောက်ထပ် တစ်ယောက် အလကား တက်ခွင့် ပေးမယ် တူးပလပ်စ်ဝမ်း ပါလို့ ပရိုမိုးရှင်း လုပ်လို့ မရတာ လဲသေချာ တယ်။ ဒီမှာ တင်ပဲ အရည် အသွေးမြင့် ကုသရေး လုပ်ငန်း (Quality Health Care) ဆိုတဲ့ စကားလုံး ကိုနှုတ်တက် ရွရွ ရွတ်ဆို ကြတော့တယ်။ ကုသမှု အရည် အသွေး မြင့်လေ၊ ဝေဒနာ ပျောက်ကင်း ချမ်းသာ ဖို့အာမခံ ချက်ပေးနိုင် လေ၊ လူနာများများ ရဖို့ သေချာလေ၊ ဆိုတော့ ဒိတ်ဒိတ်ကြဲ အတွေ့အကြုံ ရင့် ဆရာဝန် ဂေါ်ဇီလာ ကြီးများ၊ နောက်ဆုံးပေါ် ရောဂါ ရှာဖွေရေး စက်ကရိယာ များ၊ ပြည်သူ့ ဆေးရုံများ မှာ အိပ်မက်တောင် မမက်ဝံ့ တဲ့ ဒစ်ဂျစ်တယ် ကုသရေး အသုံး အဆောင်များ၊ လှိုက်လှဲ ပျူဌာ ယဉ်ကျေး ပြီးမြင်ရုံ နဲ့ ရင်တုန် သွားရမဲ့ ဧည့်ကြို မယ်ကလေးများ၊ အပျံစား လူနာ နားနေ ခန်းများ၊ မျက်စိပဿာဒ ရှိဖို့ ဘာညာ၊ အကွန့် အညွန့် တွေကို အပြိုင် အဆိုင် ထင်တိုင်းကြဲ ကြတော့တယ်။ ဟိုတယ် ဆေးရုံ ၀န်ဆောင်မှု (Hotel Hospital Service) ဆိုတဲ့ စကားလုံး တောင်သုံးလာ ကြတယ်။ ဒါကြောင့် နောင် အမြတ် အစွန်း ကိုမျှော်ကိုးပြီး ထည့်လိုက် ရတဲ့ အရင်း အနှီး ကကြောက် စရာကောင်း လောက်အောင် ကြီးလာတယ်။ ဆေးရုံ ကြော်ငြာ လေးတစ်ခု ဖတ်ကြည့် ကြပါစို့ --- --- --- --- -- --- --- --- ။

“ကျွန်ုပ် တို့၏ ဆေးရုံကြီး သည် နိုင်ငံ တကာ အဆင့်မှီ ဆေးကုသ မှုကို ပေးစွမ်း နိုင်ယုံ မျှမက ဆေးရုံတွင်း ကြွရောက် လာသူ သဗ္မူရိသ အနွယ်ဝင် သူတော်စင် မိတ်သဟာ အပေါင်းအား ချစ်စဖွယ် ကောင်းလှပြီး ချိုသာ ယဉ်ကျေး လွန်းလှ သည့် ဧည့်ကြိုမယ် ကလေးများက အပြုံးပန်း များဖြင့် ပထမ ဆုံးကြိုဆို ပါရစေ။ မိတ်ဆွေ ဆောင်ရွက် စရာ ကိစ္စရပ် အားလုံး ကိုဝန်ဆောင်မှု ၀န်ထမ်းများက သေချာ စေ့စပ်စွာ လုပ်ဆောင်ပေးပါမည်။ ရေမြှုပ် ဆိုဖာ တွင်ထိုင်ရင်း ဧည့် ခန်း ဆောင် အတွင်း မှစိမ်းလန်း စိုပြေသော ရောင်စုံ ပန်းမာန် များ နှင့် ရေပန်း များကို ကြည့်ရှု ခံစားရင်း မိတ်ဆွေ စိတ်ချမ်း သာစွာ နေထိုင်ပါလေ။ မိတ်ဆွေ ခံစားနေရ သောဝေဒနာ ကိုပိန်းကြာ ဖက်တွင် ရေမတင် သလို လျှောကျ ပျောက်ကင်း အောင် ကုသ ပေးနိုင် စွမ်းရှိ သည့် ၀ါရင့်၊ သမ္ဘာရင့် ဒိတ်ဒိတ်ကြဲ၊ လက်လက်ထ၊ ဆရာဝန် ကြီး နှင့်ဆွေးနွေးပါ။ ဆေးရုံ တွင် တက်ရောက် ကုသရန် လိုအပ် ပါက ကြယ်ငါးပွင့် အဆင့် ဟိုတယ် ၀န်ဆောင်မှု ထက် သာလျှင်သာမည်၊ မညံ့သော ကျွန်ုပ် တို့၏ လူနာခန်း များကို မိတ်ဆွေ စိတ်တိုင်းကျရ ပါစေမည့်။ ကေဘယ် တီဗွီ မှ ၂၄ နာရီ ဖျော်ဖြေရေး အစီအစဉ် များကို ကြည့်ရင်း အပန်းဖြေပါ။ ဂေါက်ရိုက်ချင် သေးသည် ဆိုလျှင် အနီးနားမှာ ကိုးကျင်း မီနီဂေါက်ကွင်း ကလေးနှင့် --- --- --- --- -- --- --- ---”

ပျော်စရာကြီး။ ရောဂါ သာမရှိခဲ့ ရင်ပေါ့လေ။ ဆေးရုံ လာပါတယ် ဆိုမှ ရောဂါ မရှိတဲ့ လူရှိမလား ဗျ၊ ကွာလတီ ၀န်ဆောင် မှု ဆိုတဲ့ သဘောကို ထင်သာအောင် ပြောပြ တာပါ။ ဒီလို ကွာလတီ့ ကွာလတီ ၀န်ဆောင်မှု တွေ အတွက် ရင်းနှီး မြုပ် နှံ လိုက်ရတဲ့ ကုန်ကျ စရိတ် တွေဟာ သူ့ထက်ငါ အပြိုင် အဆိုင် ခေတ်ကြီး မှာ ကျေသွားတယ် လို့ မရှိလောက်အောင် ထပ်ထပ် ပြီးတက်တက် လာလို့ စက်လှေကား အရင်း အနှီး (Cost Escalation) လို့ အမည် ကင်ပွန်း တောင် တပ်ပေး ထားရသေး။

ဒီကုန်ကျ စရိတ် တွေကို ဒီဝန်ဆောင်မှု ကိုနောက်ဆုံး သုံးစွဲ သူ (End User) လည်းဖြစ်၊ ငါ့ဝမ်း ပူဆာ မနေသာ သူလည်း ဖြစ်တဲ့ လူနာ များက ကျခံ ရမှာ ကတော့ အသေ အချာ ပဲပေါ့။ ဒါကြောင့် လည်း ဒီအတွက် သင်အိတ် ဖောင်း နေဖို့ တော့ လိုသည် လို့ ထည့်ကြော်ငြာ စရာ မလိုလောက်အောင် သဘောပေါက် နားလည်ပြီးသား။

ကြိုက်သလောက် သုံး၊ ကျသလောက် ပေး ဆိုတော့ လူနာများများ ၀င်ဖို့ ဆွဲဆောင်ဖို့ လိုလို မလိုလို လုပ်ထားတဲ့ အပို ၀န်ဆောင်မှု စရိတ် စက တွေ အားလုံး ကိုအချိုးကျ ပေါင်းထည့်လိုက် တဲ့အခါ အမှန် တကယ် ကျသင့် ကျထိုက် တဲ့ ဆေးဖိုး ၀ါးခ ဆိုတာ ထက် အများကြီး ပိုကျ သွားပါတော့တယ်။ ဧည့်ကြို မယ်ကလေး တွေရဲ့  အပြုံး တစ်စ အတွက်၊ ဧည့်ခန်း ထဲက ရေမြှုပ် ဆိုဖာမှာ ထိုင်ပြီး ရေပန်း ကိုမျက်စိ ပဿာဒ ခံစား မိတဲ့ အတွက်၊ အခန်း ထဲကနေ ထမင်း ပွဲ ရှေ့ ရောက် မှာစား မိတဲ့ အတွက်၊ ရေချိုး ဇလုံ ကြီး ထဲ ရေမွှေး ဆပ်ပြာ တွေ ထည့်ပြီး ဇိမ်ခံ ရေချိုးမိတဲ့ အတွက်၊ နာလန် ထစ မှာငြိမ်ငြိမ် မနေနိုင် ပဲ ဒရိုက်ဗာ တုတ်နဲ့ ဟန်လုပ်ပြီး ဂေါက်သီး ကိုအုပ်မိ တဲ့ အတွက်၊ ဟိုဟာ အတွက်၊ ဒီဟာ အတွက်၊ အားလုံး အတွက် ပေးဖို့ တာဝန် မိတ်ဆွေ မှာရှိနေ သည်မဟုတ် ပါလား။

Read More...

Tuesday, August 19, 2008

Life Cycle (5)

ထို့ကြောင့် ဤအရာကို သံသရာ ဟုခေါ်သည် (၅)
Juan

ကျန်းမာရေး စံနစ် နှင့် ကျန်းမာရေး အသုံး စရိတ်

WHO ရဲ့  Health System Performance Index အရ ကျန်းမာရေး စောင့်ရှောက်မှု အကောင်းဆုံး ကနေ အဆိုးဆုံး တိုင်းပြည် ထိ အဖွဲ့ဝင် နိုင်ငံတွေ ကိုအမှတ်စဉ် ချလိုက်တဲ့ အခါ ကမ္ဘာ့အကောင်းဆုံး ဆရာဝန်၊ သမားတော် ကြီးများ စုစည်းရာ လို့လက်မ ထောင်နေတဲ့ အမေရိကန် ပြည်ထောင်စု ဟာ နံပါတ်ဝမ်း တစ်၊ ဂဏန်း တစ်ပဲ လို့ ထင်တစ်လုံး နဲ့နေ ကြရာ က တကယ်တမ်း မှာတော့ အဆင့် (၃၉) မှာသာ ရပ်တည် ရရှာ တယ်။ ကျန်းမာရေး စံနစ် ရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး အဆင့် (၁) ကပြင်သစ် နိုင်ငံ၊ အဆင့် (၂) ကအီတလီ နိုင်ငံ၊ UK က အဆင့် (၁၈)၊ အာရှစီးပွားရေး ဘုရင် ဂျပန် ကတော့ အဆင့် (၁၀) ပါ။ ၀မ်းနည်း စရာ ကောင်း တာက ကျွန်တော် တို့ရဲ့  မြန်မာ နိုင်ငံ ဟာ ဒီဇယား မှာ အဆင့် (၁၉၀) ချိတ်ပါတယ်။ သူ့ နောက်မှာ ဘာကီယာ ဖူဆို တစ်နိုင်ငံသာ ကျန်ပါတော့တယ်။

(အထင်သေး လွန်ပြီး ရမ်းထည့် တဲ့ Data တွေရယ်၊ တိတိ ကျကျ ဘယ်လိုမှ မရ နိုင်လို့ မှန်းထည့် တဲ့ data တွေကြောင့် ဒီလောက် ဖြစ်ရ တာပါ၊ အမှန်တော့ Financial contribution component တစ်ခု ကလွဲ ရင် ဒီလောက် အခြေ အနေ မဆိုးပါ။)



ဒီလို လည်းအဖြေ ထွက်ရော အရာရာ ငါသာ ပထမ လုပ်ချင်ကြ တဲ့ အန်ကယ်ဆမ် တို့ မစ္စတာ ယန်းကီး တို့လူစု ဆွေ့ဆွေ့ခုန် အောင် မခံ မရပ် နိုင်ဖြစ် ကြပါတယ်။ ပြင်သစ်နဲ့ အင်္ဂလန် မှာ ဆရာဝန် တစ်ဦးရဲ့  တစ်နှစ် ပျမ်းမျှ ၀င်ငွေ ဟာ ဒေါ်လာ ခြောက်သောင်း သာရှိနေ ချိန်မှာ USA ကဆရာဝန် တစ်ဦး ဟာ တစ်နှစ် ပျမ်းမျှ ၀င်ငွေ ဒေါ်လာ နှစ်သိန်း ကျော် ရှိပါတယ်။ ကျန်းမာရေး အသုံး စရိတ် ကိုကြည့်ဦး မလား။ ပြင်သစ်နဲ့ အီတလီ ကကျန်းမာရေး အတွက် နိုင်ငံ့ GDP (Gross Domestic Product) ရဲ့  (၉) ရာခိုင်နှုန်း၊ UK က (၈) ရာခိုင်နှုန်း နီးပါး လောက်ပဲ သုံးနေချိန်မှာ USA က ကျန်းမာ ရေး အတွက် GDP ရဲ့  ၁၄ ရာခိုင်နှုန်း လောက်သုံးပြီး ဇောတိက ဇီဝက ဂိုက်ဖမ်း နေပါ တယ်။ ဒါနဲ့ တောင် ဒီလောက် အဆင့် ဖြစ်စရာ လားဆိုပြီး ဒေါမနဿ ပွားကြ တယ်လေ။ စူပါ မက မက်ဂါ အင်အားကြီး များဆိုတော့ WHO အညွှန်း ကိန်းဟာ မှန်ပုံ မရ ဘူးလို့ ယူဆပြီး သူသြဇာ ညောင်းတဲ့ OECD ခေါ် စီးပွားရေး အကျိုးတူ ပူးပေါင်း ဆောင်ရွက် ရေး အဖွဲ့ ကို Health system performance index အသစ် တီထွင် ခိုင်းပြီး တစ်စင် ထောင် ပါလေ ရော။ OECD index အရ လည်း သူ့ရဲ့  ကျန်းမာရေး စံနစ် အဆင့် သတ်မှတ်ချက် ဟာဒုံရင်း ဒုံရင်း ပါပဲ။ အလုပ်ပို ပြီး တစ်ရှက် ကနေ နှစ်ရှက် ဖြစ်ခဲ့ ရတာသာ အဖတ် တင်ခဲ့တယ်။

ကမ္ဘာ့ ထိပ်သီး ပါဝါ နိုင်ငံကြီး။ ကျန်းမာရေး စရိတ် တွေဒီလောက် သောက်သောက် လဲသုံးစွဲ ပြီး ကျန်းမာရေး စံနစ် က ဘာကြောင့် ထိပ်သီး မဖြစ် ရတာတုန်း ဆိုတာ စိတ်ဝင် စားစရာ ပါပဲ။ US Health System Analysts များရဲ့  သုံးသပ် ချက် အနန္တ ထဲက အဓိက အကြောင်း ကတော့ ကျန်းမာရေး စောင့်ရှောက်မှု ကိုအစိုးရ ကတာဝန် လုံးဝ မယူပဲ ပုဂ္ဂလိက လက်ထဲ ၀ကွက်အပ် ပြီး privatization လုပ်ထား လို့ ဒီလို အဖြစ်ဆိုး ရတာပါတဲ့ ခင်ဗျ။

ခေတ်သစ် ဘောဂ ဗေဒ ရဲ့  ဂေါ့ဖားသား ကြီး အဒမ် စမစ် က “အစိုးရ ကအုပ်ချုပ် ရေးပိုင်း ကိုသာ တာဝန်ယူပါလေ။ စီးပွားရေး လုပ်ငန်း မှန်သမျှ လုပ်ငန်းရှင် တွေစိတ်ကြိုက် လုပ်ပါစေ။ ဈေးကွက် ချိန်ခွင်လျှာ ကိုမမြင်ရတဲ့လက် (Invisible Hands) တွေက သူ့ အလိုလို ထိန်းညှိ ပေးသွားလိမ့် မယ်” ဆိုတဲ့ စကားကို ဈေးကွက် စီးပွားရေး မာစတာ အန်ကယ်ဆမ် တို့က အင်မတန် နှစ်သက် သကိုး။ ဒါနဲ့ပဲ Health Care ကိုဈေးကွက် စီးပွားရေး ပုံစံ လုပ်လို့ ဖြစ်ဖြစ် မဖြစ်ဖြစ် ဈေးကွက် ထဲ ဇွတ်ထည့် ပစ်လိုက် ကြတော့ တာပေါ့။ ဒီမှာ မေးစရာ ရှိလာတာက ---

ကျန်းမာရေး စောင့်ရှောက် မှုဟာ ဈေးကွက်ဝင် ကုန်ပစ္စည်းလား?

အခြေခံ ဘောဂဗေဒ သီအိုရီ မှာ လူတွေရဲ့  ၀ယ်လိုအား (Demand)၊ ဈေးနှုန်း (Price) နဲ့ ၀င်ငွေ (Income) ပေါ်မူတည် ပြီး ဈေးကွက်ဝင် ကုန်ပစ္စည်း အမျိုး အစားကို လေးမျိုး လေးစား ခွဲကြ ပါတယ်။

၁၊ ပစ္စည်းဈေးနှုန်း (Price) ကြီးနေပြီး စားသုံးသူရဲ့  ၀င်ငွေ (Income) က နည်းနေ ရင် အဲဒီ ပစ္စည်းကို ၀ယ်လိုအား နည်းမယ်။ ပစ္စည်းဈေးနှုန်း ကျလာပြီး၊ ၀င်ငွေ ကောင်းနေ ရင်တော့ ပစ္စည်း အပေါ်ဝယ်လိုအား ကောင်းလာ မယ် ဆိုရင် အဲသလို ကုန်ပစ္စည်း အမျိုး အစားကို ပုံမှန်ကုန်ပစ္စည်း (Normal Goods) လို့ ခေါ်ပါတဲ့။ လူသုံးကုန် ပစ္စည်း အများစု ဟာ ဒီ Category ထဲမှာ။

၂၊ ပစ္စည်း ဈေးနှုန်း တက်သည်ဖြစ်စေ၊ ကျသည် ဖြစ်စေ၊ ၀ယ်သူ ရဲ့ ဝင်ငွေ အခြေ အနေ ဘယ်လို ရှိရှိ၊ ပစ္စည်း တစ်ခု အပေါ် ၀ယ်လိုအား ကမပြောင်းလဲ ပဲ ဘယ်ခေတ် ရောက်ရောက် ပန်းပန် လျှက်ပါ ဆိုတဲ့ ပစ္စည်း မျိုးကို မရှိ မဖြစ် ကုန် ပစ္စည်း (Essential goods) တဲ့၊ အခြေခံ စားသောက်ကုန် ပစ္စည်း များပေါ့။

၃၊ ပစ္စည်း ဈေးနှုန်း ကအရမ်း ချိုသာ တယ်၊ သုံးစွဲ သူများ ကလည်း မူးစု ပဲစု ဆိုတဲ့ အချိန်မှာ ဒီပစ္စည်း မျိုး အလွန် ရောင်း ကောင်းတတ် တယ်။ လူတွေ ရဲ့  ဘ၀ တွေ အဆင်ပြေ၊ လူနေ မှုတွေ အဆင့်မြင့် ၊၀င်ငွေ တွေတိုး လာတာ နဲ့ အမျှ ၀ယ် လိုအား ကဖုတ်ကနဲ ပြုတ်ကျ တတ်တဲ့ ပစ္စည်းမျိုး ကို မရှိသုံး ကုန်ပစ္စည်း (Inferior goods) တဲ့ဗျား။ အသင့်စား ခေါက်ဆွဲ ထုတ်တို့၊ 3 in 1 instant coffee mix တို့ဆိုတာ ဒီလို အမျိုး အစား တဲ့ဗျား။ သိန်းငါးရာ ထီပေါက် ရင် ခေါက်ဆွဲ ခြောက် ကွန်တိန်နာ နဲ့ တစ်လုံး ၀ယ်စား မယ်လို့ စိတ်ကူး ယဉ်တဲ့ လူမျိုး တွေ့ဖူး လို့လား။ ဒါကြောင့် ဒီပစ္စည်း မျိုး ထုတ်လုပ် ရောင်းချ သူများ ဟာလူတွေ အမြဲတမ်း ဆင်းရဲ၊ စုတ်ပြတ် ပြီး အမွဲ တကာ့ ထွဋ်ခေါင် ဘ၀ ကမတက် ပါစေနဲ့ လို့ ဆုတောင်း ရမလို ပါပဲ။

၎၊ ၀ယ်သူ တွေက ၀င်ငွေ အလွန် ကောင်းချိန် မှာ ၀ယ်လိုအား အတန် အသင့် ရှိမယ်၊ ပစ္စည်း ဈေးနှုန်း ကတော့ ထိလု မိုးဆီ တိမ်သို့မှီ။ ၀င်ငွေ နည်းနည်း လျှော့သွား တာနဲ့ လုံးဝ ကိုမရောင်း ရတော့တဲ့ ပစ္စည်း မျိုးတွေ ကိုဇိမ်ခံ ကုန်ပစ္စည်း (Luxury goods) ပါတဲ့။ ကျောက်မျက် ရတနာ၊ ဇိမ်ခံကား များ စသည်ဖြင့်ပေါ့၊ ဒီပစ္စည်း ရောင်းသူ တွေကတော့ လူတွေ အားလုံး ဇောတိက ဘ၀ ကတစ်ပြား မှမလျော့ ပါစေနဲ့ လို့ နေ့စဉ် ဘုရား မှာ အခါတစ်ရာ ဆုတောင်းမယ် ထင်ပါတယ်။ ကုသိုလ် ရတာ ပေါ့ဗျ။

ပြောချင် တာက အကယ်၍ ကျန်းမာရေး စောင့်ရှောက်မှု ဟာရောင်းလို့၊ ၀ယ်လို့ ရတဲ့ ကုန်ပစ္စည်း တစ်ခုဆိုရင် အထက်ပါ လေးမျိုး ထဲက ဘယ်အမျိုး အစားထဲ ပါဝင် ပါသလဲ? စဉ်းစား တော်မူ ကြည့်ကြ ပါလေ။ သေချာ စဉ်းစား ရင် ဘယ်အမျိုး အစား ထဲမှ အတိ အကျ ထည့်လို့ မရပါ။ ဒါကြောင့် ကျန်းမာရေး စောင့်ရှောက် မှုကို ကုန်ပစ္စည်း လို့ သဘော ထားခဲ့ရင် တောင် ဒါဟာ လူထု နဲ့ဆိုင်သော ကုန်ပစ္စည်း (Merit good, public good) သာဖြစ်တယ် လို့ ပြောတဲ့ သူကပြော၊ ကျန်း မာရေး စောင့်ရှောက် မှုဟာ လူတစ်ဦး ချင်းစီ အတွက် ဆိုရင် မရှိ မဖြစ် ကုန်ပစ္စည်း ဖြစ်ပြီး တိုင်းပြည် တစ်ခု လုံး အတွက် ဆိုရင် တော့ဇိမ်ခံ ကုန်ပစ္စည်း ပဲလို့ စွပ်စွဲ တဲ့လူတွေ လည်းဒုနဲ့ဒေး။

ငွေကုန် ကြေးကျ ခံနိုင် တိုင်းတော့ ကျန်းမာရေး စံနစ် တစ်ခု ကောင်းမလာ တာကိုရွှေ အမေရိကန် ကအကောင်းဆုံး သင်ခန်း စာပြသွား ခဲ့ပါပြီ။ သို့သော် လည်းငွေကြေး ကိုလုံးဝ ထည့်သွင်း မစဉ်းစားပဲ စေတနာ၊ ၀ါသနာ၊ အနစ်နာ သာ အရင်း တည်ပြီး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းကြီး တစ်ခုလုံး ကိုလည်ပါတ် လို့ရနိုင် ရိုးလား။ ဥဒ္ဒစ္စ၊ ကုက္ကုစ၊ ဒေါ မနဿ တွေတိုး လာပါ လိမ့်မယ်။ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း ဟာ ဥုံ-ဟတ်ချလောင်း၊ ရောဂါ ပျောက်စေ လို့ မန်းမှုတ် ပြီး ရှိသမျှ ရောဂါ ပျောက်စေ မယ်ဆို ရင်တောင် ဂါထာ မန်းမှုတ်သူ စတဲ့ အရင်း အနှီး လိုသေး တာကိုး။ ဆေးရုံ များ၊ ကျန်းမာရေး ဌာနများ၊ ရောဂါ ရှာဖွေရေး ပစ္စည်းများ၊ ပညာရှင် များ၊ လုပ်သား များ စတဲ့ စတဲ့ စွမ်းအားစု များအတွက် ငွေကြေး စိုက်ထုတ်မှု အရင်း အနှီး သိပ်ရှိတာပေါ့။ ကျန်းမာရေး စံနစ် တစ်ခု အတွက် မနဲ လှတဲ့ ငွေကြေး အရင်း အနှီး တွေကို မျှမျှ တတ ဖြစ်အောင် စီမံ ခန့်ခွဲ နိုင်ဖို့ အလွန် လိုအပ် ပါတယ်။
တကယ်တော့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း ဆိုတာ ရောဂါသည် လူနာ နဲ့ ကုသသူ သမား တို့ရဲ့ ဆေးကုသ မှု လုပ်ငန်း တစ်ခုတည်း ဘယ်ဟုတ် မလဲ။ ပြီးပြည့် စုံသော ကျန်းမာရေး စောင့်ရှောက်မှု (Comprehensive Health Care) မှာ လုပ်ငန်း လေးရပ် ပါဝင် တယ် ---

  • ကျန်းမာ နေသော ပြည်သူ များအား ပို၍ ကျန်းမာ စေရန် လုပ်ပေး သော promotive health service
  • ရောဂါ ဖြစ်လတ္တံ့သော လူထု ကို ရောဂါ မဖြစ်အောင် ကာကွယ်ပေးသော preventive health service
  • ဝေဒနာသည် လူနာ များကို ရောဂါ ပျောက်ကင်း အောင် ကုသ ပေးသော curative health service
  • ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုး များကြောင့် ကိုယ်ကျိုးနည်း ရသူ များကို ပြန်လည် ထူထောင် ၍ ပုံမှန် လူ့အဖွဲ့ အစည်းတွင်း ပို့ဆောင် ပေးသော rehabilitative health service
ရယ်လို့ လုပ်ငန်း ကြီး လေးရပ် လုံး လုပ်ပေး နိုင်ပါမှာ ပြီးပြည့်စုံ တဲ့ကျန်းမာရေး စောင့်ရှောက်မှု လို့ဆိုသကိုး။

ဒါပေမဲ့ ကျန်းမာရေး စောင့်ရှောက်မှု လို့ပြောရင် အရင်ဆုံး မျက်စိထဲ ပြေးမြင် တာက ဆေးရုံ၊ ဆေးခန်း များပဲ မဟုတ် လား။ ဆေးပညာ သမိုင်းတစ်လျှောက် လုံးလည်း ကုသရေး လုပ်ငန်း ကသာ အဓိက ကျန်းမာရေး စောင့်ရှောက်မှု အဖြစ် ပါဝင် ကပြ အသုံးတော် ခံခဲ့ တာနှစ်ပရိစေတ္တ ကြာကြာ လှပေါ့။ ဒါကြောင့် လည်းတကမ္ဘာလုံး ရဲ့ ကျန်းမာရေး ဘတ်ဂျက် ခွဲတမ်း ဟာ အမြဲတမ်း ၈၀-၂၀ ပေါ်လစီ ပဲ။ ဆိုလိုတာ ကတော့ ကျန်းမာရေး ဘတ်ဂျက် ရဲ့  ၈၀ % ကို ကုသရေး လုပ် ငန်း မှာသုံးစွဲ ပြီး ကျန်သုံးခု ကတော့ ၂၀% ကိုမျှသုံး ကြရတယ်။ USA မှာကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း အားလုံး ကို ပုဂ္ဂလိက ပိုင်ပြုလိုက်တယ် လို့ အထက်က တင်ပြခဲ့တယ်။

တကယ်တော့ ကုသရေး လုပ်ငန်း ကိုသာ ပုဂ္ဂလိက ပိုင်ပြု လို့ရပါတယ်။ ကျန် လုပ်ငန်း သုံးခု ကိုဘယ်ပုဂ္ဂလိက လုပ်ငန်းရှင် ကမှ အစိုးရ ထံမှ လက်လွှဲ မယူဝံ့ပါလေ။ ထည့်သွင်း ရင်းနှီး လိုက်တဲ့ အရင်း မှန်သမျှ ကျောက်ခဲ ရေမြုပ်သလို စွပ်ကနဲ မြုပ်ပြီး ဘာအကျိုး အမြတ် မှမရတဲ့ ဒီလုပ်ငန်း တွေ အတွက် ပီတိ စားပြီး အားရှိ မဲ့ဘိဇနက် သမား တစ်ယောက် မှမရှိ၊ မြတ်ချင် လို့ ရင်းနှီး မှုပြုတာကိုးဗျ။ ဘိဇနက် လုပ်ငန်း ရှင် တွေရဲ့ အမြင်မှာ promotive, preventive & rehabilitative ဆိုတဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း သုံးရပ် ဟာ သွေးစုပ် ဖုတ်ကောင် ကြီးသုံးကောင် လိုအန္တရာယ် ကြီးလွန်းလှတယ်။

ပါတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းများ၊ ကျန်းမာရေး ပညာပေးခြင်း၊ အဖြစ်များ ရောဂါ များထိန်းချုပ်ခြင်း၊ ကိုယ်ဝန် ဆောင် စောင့်ရှောက်မှု ပေးခြင်း၊ ကာကွယ်ဆေး ထိုးခြင်း၊ ဒီလုပ်ငန်း တွေကြောင့် လူထုမှာ အကျိုးရှိတာ သေချာ တယ်နော်။ ဒါပေမဲ့ တစ်ဦးကောင်း တစ်ယောက် ကောင်း အကျိုးရှိ တာမဟုတ်၊ အားလုံး အပေါ်မှာ ဖြန့်ဝေ ရရှိသော အကျိုး တရားကိုး။ ဒါကြောင့် အားလုံး ရထိုက် တဲ့ပစ္စည်း (Public good) လို့ပြောတာပေါ့။ အားလုံး ရထိုက်လို့ အားလုံး တတ်နိုင် တဲ့ဈေးနှုန်း သတ်မှတ်ပါ ဆိုတော့ ဆင်းရဲ ချမ်းသာ မရွေး လူတန်းစား အားလုံး တတ်နိုင် တဲ့ဈေးနှုန်း ကတော့ အလကား ပေးခြင်း မှတပါး အခြားမရှိလေ။ ဘယ်ဘိဇနက် သမားက တာဝန်ယူရဲမှာလဲ။ ဘယ်တော့ မှ အရင်း ပြန်မပေါ် တဲ့ငွေကြေး ကိုစိုက်ထုတ် ပြီးဒီကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း တွေကို ပြည်သူ လူထု အကျိုး အတွက် ဆောင်ရွက် ရသူ ကအစိုးရ ပဲပေါ့။

ကုသရေး လုပ်ငန်း ကျတော့ လူနာ မချိ မဆန့် ခံစား နေရတဲ့ ဝေဒနာ ဗြုန်းကနဲ၊ ဒိုင်းကနဲ သက်သာ ပျောက်ကင်းခြင်း ဆိုတဲ့ အကျိုး အမြတ် ကိုလူတစ်ဦး ချင်းစီ အနေတဲ့ ချက်ချင်း လက်ငင်း ရရှိ ခံစား နိုင်တာ ကြောင့် ဒီအတွက် ကျသင့် တဲ့ ငွေကြေး တစ်စုံ တစ်ရာ ကိုလည်း ချက်ချင်း ပေးဖို့ ၀န်မလေး တတ်ကြဘူး၊ အသက် ထက် တန်ဖိုးရှိ တာမရှိ ဆိုသကိုး။ တောင်းသမျှ ငွေကြေး ကိုသိပ်များ တာပဲ၊ နည်းနည်း လျှော့ပါဦး တို့၊ အဆစ် ကလေး ပေးပါဦး တို့ အသက်နဲ့ ရင်းပြီး ဈေးဆစ် လေ့မရှိ စကောင်း၊ ဒါကြောင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်း ရှင်တွေ အလွန်မျက်စိကျ၊ သွားရည် ယိုစရာ လုပ်ငန်း ကြီးပေါ့။ ဈေးကွက် စီးပွားရေး ကမွေးထုတ် ပေးလိုက်တဲ့ ဆေးကွက် စီးပွားရေး ဟာ ကမ္ဘာ့ စီးပွားရေး မျက်နှာ စာမှာ ကြံတိုင်းအောင်၊ ဆောင်တိုင်းမြောက် အဆင့် အတန်း နဲ့ မျက်နှာပန်း အလွန် လှသပေါ့ ခင်ဗျား။

Read More...

Life Cycle (4)

ထို့ကြောင့် ဤအရာ ကိုသံသရာ ဟုခေါ်သည် (၄)
Juan

ကျန်းမာရေး ၀န်ဆောင်မှု နှင့် ကျန်းမာရေး စံနစ်


ကျန်းမာ ဖို့ ဘာအရေး ကြီးသလဲ ?

ဒီမေးခွန်း ကိုဖြေဖို့ လူမျိုး တစ်ရာ့ တစ်ပါး မှာ အဖြေ တစ်ရာ့ တစ်မျိုး၊ ပါပ လူမျိုး ကိုးဆယ့်ကိုး မှာ အဖြေ ကိုးဆယ့်ကိုးမျိုး ရှိနေမှာ အသေ အချာ ပါပဲ။ ပုဂံ ရာဇ၀င် ကို တုတ်ထမ်း ပြီးငြင်း ရတယ် ဆိုသလို ပဲ ဒီမေးခွန်း ရဲ့  အဖြေ မှာလည်း လူတစ်ကိုယ်၊ အကြိုက် တစ်မျိုး မို့ တုတ်ထမ်း ဖြေကြ ရမှာ မျိုး ဖြစ်တယ်။ အများညီ ဤကို ကျွဲဖတ် လို့ရမဲ့ အဖြေမျိုး တွေက တော့ သင့်တင့် လျှောက်ပတ် တဲ့အာဟာရ ကိုမှီဝဲ၊ ဥတု ရာသီ နဲ့ သဟ ဇာတ ဖြစ်အောင် နေထိုင် ၀တ်ဆင်၊ မက်ဒီကယ် ချက် အပ် ခေါ် လိုအပ် တဲ့ဆေးစစ် မှုတွေ မှန်မှန်လုပ်၊ ရောဂါ ဖြစ်ရင် တတ်ကျွမ်း နားလည်သူ ဆရာဝန် ကြီးများ နဲ့ စောစော စီးစီး ပြသ၍ ကုသမှု ခံယူ ဆိုတာမျိုး တွေဖြေကြ မှာပေါ့။


သူ့ အထွာ နဲ့ သူကျိုးကြောင်း ဆီလျှော် တဲ့ဒီ အဖြေတွေ ကိုမှားတယ် လို့ပစ်ပစ် ခါခါ ငြင်းပါယ် စရာ အကြောင်းမရှိပါ။ သို့သော် ကျန်းမာ ဖို့ အရေး အကြီးဆုံး အကြောင်း တစ်ခုတည်း ပြောပါ ဆိုရင်တော့ အတော် လေးကို အဖြေရ ကျပ်လိမ့်မယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ကတော့ ကျန်းမာရေး အတွက် အရေး အကြီး ဆုံး အရာသည် ကောင်းမွန် မှန်ကန် တဲ့ ကျန်းမာရေး စံနစ် (Good Health System) ပါပဲ လို့ ခိုင်ခိုင် မာမာ ဆိုပါတယ်။ ကျန်းမာရေး စံနစ် တစ်ခု ကို အောင်အောင် မြင်မြင် တည်ဆောက် အကောင် အထည် ဖော်နိုင် ခြင်းသည် သာလျှင် အဲဒီ ကျန်းမာရေး စံနစ် လွှမ်းခြုံ ၀န်ဆောင် မှုပေး သော ဒေသ အတွင်း နေထိုင်သူ များရဲ့  ကျန်းမာရေး အတွက် အရေး အကြီးဆုံး၊ အလိုအပ် ဆုံး ကိစ္စ ဖြစ်ပါသတဲ့။

စံနစ် တစ်ခု ကို ဖန်တီး တည်ဆောက် ဖို့ ဆိုတာ ယေဘုယျ အားဖြင့် ပေါ်လစီ မိတ်ကာ တွေရဲ့  အလုပ်၊ လူတိုင်း လမ်းလှမ်း မှီတဲ့ အရာ မဟုတ်၊ ဒါကြောင့် ငါတို့နဲ့ မဆိုင်- လို့တွေးမိ သူတွေ ဒုနဲ့ဒေး။ ရှေးယခင် ကတော့ လက်တစ်ဆုပ် စာ ပေါ်လစီ မိတ်ကာ များလည်း ဒီလို ပဲတွေးခဲ့၊ လုပ်ခဲ့ ကြတယ်။

တစ်ခါတုန်းက-
အားလုံး အတွက် ကျန်းမာရေး၊ အားလုံး ကျန်းမာ သက္ကရာဇ် ၂၀၀၀ မှာ (ခု ၂၀၀၀ ကို ၈ နှစ်တောင် ကျော်ခဲ့ပြီ)၊ လူတိုင်း အတွက် ကျန်းမာရေး ဆိုတဲ့ WHO ရဲ့ မိုးလုံး ဟိန်းတဲ့ ကြုံးဝါး ကြွေးကြော် သံကြီး တွေနဲ့ အတူ ဆင်းရဲ ချမ်းသာ မရွေး၊ နီးနီး ဝေးဝေး၊ တတ်နိုင်နိုင် မတတ်နိုင်နိုင် ကျန်းမာရေး စောင့်ရှောက်မှု ဆုလာဒ် ကြီးကို လူတန်းစေ့ လူမှန်ရင် အခမဲ့ ရရှိ နိုင်စေ ရမယ် ဆိုတဲ့ ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု စံနစ်ကြီး (Primary Health Care) ကို လက်တစ်ဆုပ်စာ ကျန်းမာ ရေး ပေါ်လစီ မိတ်ကာ အီလစ် များက တကယ့် အစောင့် ရှောက်ခံ လူထု ရဲ့  သဘော ဆန္ဒ ကိုတစိုးတစိ မှမမေးပဲ ကိုယ့်ဇာတ် ကိုယ်ထောင်၊ ကိုယ့်ကြိုး ကိုယ်ဆွဲ ပြီး ဖန်တီး အကောင် အထည် ဖော်ခဲ့ ကြဖူးတယ်။ အကျိုး ဆက် ကတော့ ပိုးသာ ကုန်၊ မောင်ပုံ စောင်း မတတ် ဖြစ်ခဲ့ ရတာ ပါပဲ။

ဆိုတော့ ယခင် ကဖန်တီး ခဲ့ကြ တဲ့ ကျန်းမာရေး စံနစ် တွေဟာ အများအားဖြင့် မအောင်မြင် ခဲ့ကြ ဘူး၊ ဒီလို မအောင်မြင် တဲ့ကျန်းမာရေး စံနစ် အတွက် အချိန်၊ ငွေ နဲ့ လုပ်အား တန်ဖိုး တွေရင်းနှီး ရတာ တွက်ခြေ မကိုက်ဖူး၊ အကြောင်းရင်း ကိုပြန်လည် သုံးသပ် ကြတဲ့ အခါ ကျန်းမာရေး စောင့်ရှောက်မှု ပေါ်လစီ တွေဟာ ချမှတ်သူ ထားရှိတဲ့ တန်ဖိုးက များများ၊ အမှန်တကယ် သုံးစွဲ သူတွေ အတွက် တန်ဖိုးက နည်းနည်း ဖြစ်နေတာ တွေ့လာကြ ရတယ်။ ဘယ်လို ကျန်းမာရေး စောင့်ရှောက်မှု မျိုး လူထု ကို ပေးသင့် သလဲ၊ ဘာနည်းလမ်း နဲ့ ပေးမလဲ ဆိုတာ ပေးသူ ဖက် ကသာ တန်ဖိုးတွက် ပြီးတစ်ဖက်သတ် ဆုံးဖြတ် ချမှတ် အကောင် အထည် ဖော်လေ့ ရှိခဲ့ ကြတာကိုး။

ဒီလိုနဲ့ ခံရ ပါများ လာတော့ ကျန်းမာရေး စံနစ် တစ်ခု ရဲ့ တန်ဖိုး ဟာ ပေးဆပ်သူ တို့ရဲ့  နှလုံးသား အလို ကိုချည်း လိုက်လို့ မရ ဘူး ဆိုတာ ပေါ်လစီ မိတ်ကာများ သဘောပေါက် စပြုလာ ကြတယ်။ အရေး အကြီး ဆုံး အကျိုးရှင် (Stakeholder) ဖြစ်တဲ့ လူထု ရဲ့ သဘောထား ကိုလည်း တောင်းဖို့ လိုတယ်၊ ဘယ်လို ကျန်းမာရေး စောင့်ရှောက်မှု နည်းနာ နိသရ တွေကို ဘာနည်းလမ်း နဲ့ ဘယ်သူ့ ကိုပေးမှာ လဲ၊ ဘယ်ပုံ ဘယ်နည်း လိုချင် သလဲ ဆိုတာကို ရရှိမဲ့ အစောင့်ရှောက်ခံ လူထု အနေနဲ့ ရွေးချယ် တတ်ဖို့ သိပ်လို သပေါ့။
“ဘယ်လို ကျန်းမာ ရေးစောင့်ရှောက် မှုတွေ လိုချင် ပါသလဲ” လို့ တကယ် မေးလာ ခဲ့ရင်- အစောင့်ရှောက် ခံ လူထု ဖက်က “သားသား တိဘူးလေ” လို့ ပြီးစလွယ် ဖြေလို့ မရပါ။ အရပ်ဖက် ဆိုင်ရာ လူ့ အဖွဲ့ အစည်းများ (Civil Society) မှာ သုံးစွဲ သူတို့ ရဲ့ သဘောထား ကိုဆန်းစစ် ညှိနှိုင်း ချမှတ် တဲ့ Demand Based Health Policy ဟာအလွန် ခေတ်စား လာပါပြီ။

ကျန်းမာရေး စံနစ် ကောင်းဖို့ ဘာအရေးကြီး သလဲ?

ကျန်းမာရေး အတွက် အရေးကြီး တာက ကျန်းမာရေး စံနစ်၊ ကျန်းမာရေး စံနစ် ကောင်းဖို့ အရေးကြီး တာက ကျန်းမာရေး လို့ ပါတ်လည်ရိုက် လို့ မရဘူးခင်ဗျ၊ သေချာစဉ်းစားရင် အတော်ရှုပ်တဲ့ အမယ်ဘုတ် ချည်ခင် ကြီးပါ။

WHO ကတော့ ကောင်းမွန် မှန်ကန် တဲ့ ကျန်းမာရေး စံနစ် တစ်ခု ဖြစ်ဖို့ အီးလေးလုံး ကိုဂရုစိုက် ရမယ် လို့ ဆိုပါတယ်။
• ကျန်းမာရေး စံနစ် တစ်ခု ရဲ့ စွမ်းဆောင်နိုင်စွမ်း (Effectiveness)
• ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း တွင် လိုအပ်သော resource များကို မှန်မှန်ကန်ကန် ခွဲဝေ သုံးစွဲ တတ်မှု (Efficiency)
• ကျန်းမာရေး စောင့်ရှောက်မှု ကို သာတူညီမျှ ပေးစွမ်းနိုင်မှု (Equity) နဲ့
• ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များရဲ့  ကုန်ကျ စရိတ် (Economy) ဆိုတဲ့ အီးလေးလုံး ပါတဲ့။


ကျန်းမာရေး စံနစ် ဆိုတာကြီး ကလည်း WHO ကစတဲ့ ဇာတ်လမ်းမို့ ကိုယ့်ဇာတ်ကိုယ် နိုင်အောင်က နိုင်ဖို့ အတွက် Health System Performance Indicator ခေါ်တဲ့ ကျန်းမာရေး စံနစ် ရဲ့ စွမ်းဆောင်ရည် တိုင်း အညွှန်းကိန်းများကို တီတွင် ဖော်ထုတ် ရပြန် ပါတယ်။

ကျန်းမာရေး စံနစ် တစ်ခု ကောင်းမကောင်း ကို----
• ကျန်းမာရေး အသုံး စရိတ် (Health Care Cost)
• ကျန်းမာရေး စောင့်ရှောက်မှု ပေးစွမ်းနိုင် ခြင်းနှင့် လက်ခံရ နိုင်ခြေ (Assess to Health Care)
• အစောင့်ရှောက်ခံ လူထု၏ ကျန်းမာရေး အခြေအနေ (Health and Well Being status)
• ကျန်းမာရေး စောင့်ရှောက်မှု ကိုလူအများ မျှော်လင့် ထားသည့်အတိုင်း အတာ အထိ ပေးစွမ်း နိုင်ခြင်း ရှိ၊ မရှိ (Responsiveness)
• မျှတသော ကျန်းမာရေး ကုန်ကျ စရိတ် (Fair Financial Contribution)

ဆိုတဲ့ အချက် (၇) ချက်ပါ ပေါင်းစပ် အညွှန်းကိန်း (Composite Index) နဲ့ တိုင်းတာ ရမယ် လို့ဆိုတယ်၊ ပြောတဲ့ အတိုင်းလည်း WHO အဖွဲ့ဝင် နိုင်ငံ အားလုံး ရဲ့  ကျန်းမာရေး စံနစ် တွေကို ဒီအညွှန်းကိန်း ပေတံကြီး နဲ့ တိုင်းတယ်။ အကောင်း ဆုံးကနေ အဆိုးဆုံး အထိ ကြီးစဉ်ငယ်လိုက် စဉ်ချ လိုက်တဲ့ အခါမတော့ --- --- --- --- ---

Read More...

Monday, August 18, 2008

Life Cycle (3)

ထို့ကြောင့် ဤအရာကို သံသရာ ဟုခေါ်သည် (၃)
Juan

သမား နှင့် သူ၏၀န်ဆောင် မှုများ

ရှေးအခါ ကသမား နဲ့ လူနာ ဆက်ဆံရေး ဟာ ... စေတနာ ကိုအရင်း တည်တဲ့ ဆရာ - ဒကာ ဆက်ဆံရေး မျိုးဖြစ်ခဲ့ တယ်။ ကျွန်တော် တို့ မြန်မာ့ လူဘောင် အဖွဲ့အစည်း ရဲ့ စံအရ ရောဂါ ဝေဒနာ ပျောက်ကင်း ချမ်းသာခဲ့ရင် ကုသ ပေးတဲ့ သမား တော် ကို အသက် သခင် ကျေးဇူးရှင် အဖြစ် အနန္တော၊ အနန္တ ငါးပါး လောက်နီးပါး သဘောထား တတ်ကြ ပြီး ဝေဒနာ မသက်သာ ခဲ့ရင် ကံကိုသာ အပြစ် ပုံချ လို့ ကုသ ပေးသူ သမားတော် များမှာ နဘယံ - ဘေးမရှိ၊ ဒါကြောင့် ရှေးခေတ် မြန်မာ့ လူ့အဖွဲ့ အစည်း မှာ သမားတော်၊ ဆရာဝန် များဟာ လူသား နဲ့ ဘုရား ကြား ကတန်ခိုးရှင် နတ်ဒေ၀တာ လောက်ကို တန်ဖိုးထား ရိုသေ ခြင်းခံခဲ့ ကြရ ဖူးတယ်။ ခုထက်ထိ လည်းဒီလို ရိုသေ လေးစား မှုမျိုးတွေ ရှိသင့် သလောက် ရှိနေတုန်းပါ။

သို့သော် ---
နှစ်ဆယ် ရာစု နှောင်းပိုင်း ကာလ များမှာ ဖြူစင် ရိုးရှင်း တဲ့ သမားနဲ့ လူနာ ဆက်ဆံရေး ဟာ အနည်းငယ် ရှုပ်ထွေးစ ပြုလာ ပါတယ်။ ပြိုလဲ သွားတဲ့ ဘာလင် တံတိုင်း၊ ဆိုဗီယက် ယူနီယံ နိဂုံး နဲ့ အတူစုတေ ခဲ့တဲ့ အရှေ့ ဥရောပ ကွန်မြူနစ် စံနစ်၊ မိုက်ကရိုဆော့ဖ် ၀င်းဒိုး နဲ့ ပါဆင်နယ် ကွန်ပျူတာ၊ တတိယ လှိုင်းနဲ့ ကမ္ဘာပြားခြင်း၊ ၉/၁၁ နဲ့ ဘင်လာဒင်၊ ဆူနာမီ နဲ့ ဆဒန် ဟူစိန်၊ ဂလိုဘယ် လိုက်ဇေးရှင်း နဲ့ ဈေးကွက် စီးပွားရေး စတဲ့ အပြောင်း အလဲ လှိုင်းလုံးကြီး တွေ တစ်လုံး ပြီး တစ်လုံး ခပ်ကြမ်းကြမ်း ရိုက်ခတ် ခဲ့တဲ့ (၂၀) ရာစု လက်ကျန် သက်တမ်း ကာလ များအတွင်း ယခင် ကဂုဏ်ယူ ၀ံ့ကြွား စွာ ကမ္ဘာ့ ဒေသ အတော်များများ လက်ခံ ကျင့်သုံး ခဲ့ကြ တဲ့ အခမဲ့ ပြည်သူ့ ကျန်းမာရေး စောင့်ရှောက် မှုစံနစ် နဲ့ အတူ ဒေါက်တာ နော်မန် ဗက်သွန်း၊ ဒေါက်တာ အင်ဒရူး မေဆင်၊ ဒေါက်တာ မြင့်မောင် တို့ အမှုးပြု တဲ့ စေတနာ ဆရာဝန်ကြီး များ ပါရာဒိုင်း ရေစီးကြောင်း မှာ ပက်လက်ရော၊ မှောက်ခုံ ပါမျောပါ ကုန်ကြတယ်။

ရိုးစင်း လှတဲ့ သမားနဲ့ လူနာ တစ်လမ်းသွား ဆက်ဆံရေး ဟာရုတ်တရက် ချက်ချင်း ပဲဈေးကွက် ၀င်လာတယ်၊ ကျန်းမာ ရေး ၀န်ဆောင်မှု ဈေးကွက် (Health Care Market) လို့ ပြောင်ပြောင် တင်းတင်း ခေါ်ခဲ့ကြတယ်။ ဒီအခါ မှာ ဝေဒနာရှင် လူနာ နဲ့ ကုသပေးသူ သမားတော် တို့ရဲ့  နှစ်ယောက် တစ်အိပ်မက် ကမ္ဘာလေး ဟာဈေးကွက်စီးပွားရေး နယ်ပယ် ထဲကို ၀င်လို့ ရပါ့မလား လို့ ဘောဂ ဗေဒ ဆင်စွယ် နန်းတော် ပေါ်က ပညာရှိ အခေါ်ခံ ရသူများ ကအံ့သြ ဘနန်း မေးခွန်း တွေ ထုတ်ကြ ပါတယ်။ အဖြေက တော့ဈေးကွက် ၀င်လွန်းလို့ ပြန်ဆွဲ ထုတ်လို့တောင် မရတော့ ပါဘူးတဲ့။ ဘယ်လို ဈေးကွက် မျိုးထဲ ၀င်သလဲ ဆိုတော့ ဘိဇနက် လုပ်ငန်း အားလုံးရဲ့  ထိပ်ခေါင်တင် ဖြစ်တဲ့ ၀န်ဆောင်မှု စီးပွားရေးလုပ်ငန်း (Service Business) အမျိုးအစား ထဲမှာ ပါပါ သတဲ့။

ဝန်ဆောင်မှု စီးပွားရေး လုပ်ငန်း ဆိုတာ လွယ်လွယ် ရှင်းရှင်း ပြောရရင် စားသုံးသူ (Consumer) အလိုကျ ၀ယ်သူ အမြဲမှန် (Customer is always right) ရတဲ့ လုပ်ငန်းမျိုးပါ။ ကျန်းမာရေး စောင့်ရှောက်မှု မှာ ၀န်ဆောင်မှု ပေးသူ (Service provider) ဖြစ်တဲ့ ဆရာဝန် နဲ့ ၀န်ဆောင်မှု ကိုရယူသူ (Consumer) ဖြစ်တဲ့ လူနာ၊ နှစ်ဦး နှစ်ဖက် ပြည့်စုံ နေတော့ ၀န်ဆောင်မှု စီးပွားရေး လုပ်ငန်း ဆိုတဲ့ ဈေးကွက် သဘော တရား နဲ့ ဇွတ်တန်းညှိ ပစ်လိုက် ပုံရပါတယ်။

တကယ်တန်း အနုလုံ၊ ပဋိလုံ သုံးသပ် ကြတဲ့ အခါ မတော့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဟာ အခြားသော ၀န်ဆောင်မှု စီးပွားရေး လုပ်ငန်း များနဲ့ ဖီလာ ကန့်လန့် ဖြစ်နေတာ ကိုတွေ့လာ ကြရတယ်။ အခြားသော ၀န်ဆောင်မှု လုပ်ငန်း များမှာ service provider က customer ကိုအမြဲ အလိုလိုက် အကြိုက်ဆောင် ကြရတယ်။ တနည်း ပြောရရင် service provider ကအောက်စည်း၊ customer ကအထက်စီး ကနေရာယူ ထားတယ်ပေါ့၊ ဒါကလည်း ရှင်းပါတယ်၊ သူ့အိတ် ထဲက ငွေ ကိုယ့်အိတ် ထဲရောက်ဖို့ အတွက် လူ့အောက်ကျို့  လို့ လူပိ မသေ ဆောင်ပုဒ် ကိုလက်ကိုင် ထားရ ပေမပေါ့။

ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း ကတော့ ပြောတော့လည်း ၀န်ဆောင်မှုစီးပွားရေး၊ service provider ဖြစ်တဲ့ ဆရာဝန် ကအထက်စီး ကနေ တစ်ပြားသား မှမလျှော့ပဲ “ခင်ဗျား ကဆရာဝန် လား၊ ကျုပ် ကဆရာဝန်လား၊ ကျုပ်ပြော တာလုပ်၊ ကျူပ်ကုပေးတာခံ” ဒီလို ဆက်ဆံတာကို consumer ဖြစ်တဲ့ လူနာ ကတစ်ခွန်းမခံ ဟုတ်ကဲ့၊ ဟုတ်ကဲ့ နဲ့ပြန်ပြော ရင်း ကျသမျှ ငွေကို ရိုရိုသေသေ ကမ်းပေးလို့ ဆရာဝန် အခန်းက ခေါင်းလျှို ထွက်လာရ တဲ့ဝန်ဆောင်မှု မျိုးကိုး ခင်ဗျ။ ဒါကြောင့် လည်းဈေးကွက် စီးပွားရေး စံတွေ အရ ကျန်းမာရေး ၀န်ဆောင်မှု ဟာနားမလည် နိုင်စရာ ၀န်ဆောင်မှု မျိုးပေါ့။ customer ကအောက်ကျို့ ခယ ပြီး ၀န်ဆောင်ခ ပေးရတယ် ဆိုတာ စီးပွားရေး သဘောမှာ မရှိပါ ဘူး။ ဒါကြောင့် ကျန်းမာရေး ဈေးကွက် ဘာလဲ၊ ဘယ်လဲ ဆိုတာကို ဘောဂဗေဒ ပညာရှင်များ စိတ်ဝင် စားလာကြတယ်။ သုတေ သန လုပ်ကြည့် ကြတယ်။

ဘာတွေ တွေ့ရှိ ကြသလဲ ဆိုတော့-
(က) ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း သည်ဝန်ဆောင်မှု စီးပွားရေး လုပ်ငန်း အမျိုး အစားတွင် ခြွင်းချက် ဖြင့် ပါဝင်သည်။
(ခ) ပုံမှန် ၀န်ဆောင်မှု စီးပွားရေး လုပ်ငန်း ၏၀ိသေသ လက္ခဏာ များနှင့် မကိုက်ညီရခြင်း အဓိက အကြောင်းရင်း မှာ သတင်း အချက် အလက် တစ်ဖက် စောင်းနင်း နိုင်မှု (Asymmetry of Information) ကြောင့် ဖြစ်သည်။
(ဂ) ဤလုပ်ငန်း ကိုအလွန် အကျွံ မဖြစ်အောင် ကောင်းမွန် မှန်ကန်သော ကျန်းမာရေး စံနစ် (Good Health System) ကျင့်သုံး၍ ထိန်းကျောင်း ပေးနိုင်ရ မည်
- ရယ်လို့ ဖြစ်ပါတယ်။

ဒီနေရာ မှာ သတင်းအချက် အလက် တစ်ဖက်စောင်းနင်း နိုင်မှု ဆိုတာက ဒီလိုပါ။ ခင်ဗျား laptop တစ်လုံး ၀ယ်ချင် တယ်ဆိုပါစို့။ ဘယ်အရောင်း ဆိုင်သွားဝယ်ဝယ် ရပါတယ်။ Laptop နဲ့ပါတ်သက်တဲ့ သတင်း အချက် အလက် တွေကို အရောင်း ၀န်ထမ်း တွေကို မေးမလား၊ စာရွက် စာတမ်း တွေလေ့လာ မလား၊ အွန်လိုင်း တက်ပြီး ကြည့်ဦး မလား။ ဈေးနှုန်း ကိုလွတ်လပ် စွာ နှိုင်းယှဉ် လေ့လာပြီး စိတ်ကြိုက် အဖြစ်ဆုံး ကိုမှ ရွေးချယ် ၀ယ်ယူမယ် မဟုတ်လား။ ဒါမျိုး ကိုရောင်းသူ နဲ့ ၀ယ်သူ ကြား သတင်း အချက် အလက် ညီမျှမှု (Symmetry of Information) ရှိတယ် လို့ဆိုပါတယ်။

နှလုံး ရောဂါ ရလို့ နှလုံး အထူးကု နဲ့ ပြချင်တယ် ဆိုပါစို့၊ ကိုယ့်ရောဂါ နဲ့ ပါတ်သက်တဲ့ သတင်း အချက် အလက် တွေကို စာရေး ကိုမေး လို့ ရမလား၊ စာအုပ် တွေဖတ် တော့ရော နားလည် မှာလား၊ အွန်လိုင်း ပေါ်မှာ ဈေးသက်သာ ပြီး ကုသမှု ကောင်းတဲ့ သမားတော် ကို စိတ်ကြိုက် ရွေးချယ် လို့ရမှာလား။ ကိုယ့် ဖက်က ဘာမှမသိတဲ့ ၀န်ဆောင်မှုကို provider ဖြစ်တဲ့ ဆရာဝန် ပြုသမျှ နုရ ပြီး ကျသလောက် ပေး ရတဲ့ အတွက် ရွေးချယ်ခွင့် မရပဲ ၀ယ်ရတဲ့ ပစ္စည်း ဖြစ်နေပါတယ်။ အကြောင်း ကတော့ doctor knows everything about your disease but you know nothing about your disease ကိုယ်ဝယ် ယူရမဲ့ ကျန်းမာရေး စောင့်ရှောက်မှု နဲ့ ပါတ်သက်တဲ့ သတင်း အချက် အလက်တွေကို ရောင်းသူ ဆရာဝန် က ၀ယ်သူ လူနာ ထက် အဆ ပေါင်းများစွာ ပိုမို သိရှိ နေခြင်းကြောင့်ပါ။ ဒါကို ပဲ asymmetry of information လို့ ဆိုကြတာပါပဲ။ ဒါဟာ ကျန်းမာရေး စောင့်ရှောက်မှု ဆိုတဲ့ လူနာ-သမား ဆက်ဆံရေး ကိုဈေးကွက်ထဲ သွတ်သွင်း ရာက ရလာတဲ့ အသိသစ် လို့ ပြောရင်လည်း ရနိုင်ကြောင်းပါခင်ဗျား။

Read More...

Sunday, August 17, 2008

Life Cycle (2)

ထို့ကြောင့် ဤအရာကို သံသရာ ဟုခေါ်သည် (၂)
Juan

ရောဂါနှင့် သမား


နာခြင်း သို့မဟုတ် ရောဂါ ဖိစီး နှိပ်စက် ခြင်းခံ ရသူ များကို လွယ်လွယ် ကူကူ လူနာ လို့ အမည်ပေး ကင်ပွန်းတပ် ကြပါ တယ်။ လူနာ ဖြစ်လာ တဲ့အခါ လူသားရဲ့  ဇာတိ စိတ်အရ၊ ခံစား နေရ တဲ့ ဝေဒနာ ကိုအမြန် ဆုံးပျောက် ကင်းချမ်းသာ ချင်ကြတယ်။ ပျောက်ကင်း ဖို့နည်းလမ်း တွေကိုလည်း ရှာကြ ဖွေကြ တယ်။ ဝေဒနာ အပြင်း အထန် ခံစား နေရ တာကို ဘာမှ မလုပ်ပဲ ငုတ်တုတ် ပေထိုင် ပြီး သူ့ဘာသာ သူ ပြန်ကောင်း အောင် စောင့်တဲ့သူ မရှိ ဘူးလို့ မပြော နိုင်ပေမဲ့ အလွန် အင်မတန် နည်းပါး ပါလိမ့်မယ်။ မည်သည့် တန်ဖိုး ကိုပေးဆပ် ရသည် ဖြစ်စေ ကိုယ်ခံစား ရတဲ့ ဝေဒနာ ကို ပိန်းကြာ ဖက်တွင် ရေ မတင် သလို အမြန် ဆုံး သာပျောက် ကင်းချင် ကြသမို့ သမား ခေါ်တဲ့ ဝေဒနာ ကိုပျောက် ကင်းအောင် ကုသ ပေးနိုင်စွမ်း ရှိသော ပုဂ္ဂိုလ် များရဲ့  အခန်း ကဏ္ဌ ဟာ လူ့ဘောင် လောက မှာ အရေးပါ လာပါတယ်။

လူတစ်ဦး ဝေဒနာ ခံစား ရလို့ သမားတော် ထံချဉ်းကပ် တယ်ဆိုပါစို့။ သူ့ရဲ့ ရည်ရွယ်ချက် ကခံစား နေရ တဲ့ ရောဂါ ပျောက်ကင်း ဖို့၊ သမားရဲ့  ရည်ရွယ်ချက် က- လူနာခံစား နေရတဲ့ ဝေဒနာ ပျောက်ကင်း ဖို့အတွက် ထိရောက် တဲ့ကုသ မှုပေး ဖို့ပဲ မဟုတ်လား။ လောက မှာရှိရှိ သမျှ သမား သို့မဟုတ် ဆေးဆရာ အားလုံး ဟာဒီရည်ရွယ် ချက်ကြီးကို ဦးထိပ် ပန်ဆင် ပြီး အလုပ်လုပ် ကြတာပါပဲ။ ထိရောက် တဲ့ကုသ မှု ကိုပေးချင်ရင် ပထမ ဆုံးလိုအပ် ချက်က လူနာ ခံစား နေရ တဲ့ရောဂါ ဝေဒနာ ရဲ့  အကြောင်းရင်း ကိုသိမှ ဖြစ်မယ် ဆိုတာကို သဘောပေါက် လာကြတယ်။ ဒါကြောင့် ပဲခေတ် အဆက်ဆက် သမားတော် တို့ဟာ ရောဂါ ဖြစ်ပွား ရခြင်း အကြောင်းရင်း များကို ရှာဖွေ ဖေါ်ထုတ် စုံစမ်း ခဲ့ကြပါတယ်။ ရရှိ လာတဲ့ အချက် အလက်၊ အခြေ အနေ တွေပေါ် အခြေခံပြီး ရောဂါ ဖြစ်ရခြင်း အကြောင်း များကို သီအိုရီ များ၊ အနုမာန မှန်းဆချက် (Hypothesis) များ အဖြစ် ဖော်ထုတ် ခဲ့ကြတယ်။ မှန်တာလည်းရှိ၊ မှားတာလည်း အများကြီးပေါ့။ အခြေ အနေ နဲ့ အချိန် အခါ ပေါ်မူတည်ပြီး ပြောင်းလဲ ခဲ့ကြတဲ့ အနောက်တိုင်း ဆေးပညာ ရဲ့  သမုတိ သစ္စာ သီအိုရီ များကို အနည်းငယ် တင်ပြ ပါရစေ။

(က) သဘာဝလွန် သီအိုရီ
ရှေးပဝေ သဏီ တုန်းက လူသား ဟာဝေဒနာ တစ်ခုခု ခံစား ရပြီ ဆိုရင် ဘာကြောင့် ဖြစ်ရသလဲ ဆိုတာ ကိုနက်နက် နဲနဲ စဉ်းစား နိုင်စွမ်း မရှိ ခဲ့ပါ။ စား၊၀တ်၊ နေရေး ဖြစ်တဲ့ Basic Needs ကိုဦးစား ပေးဖြေရှင်း ရတဲ့ ခေတ်မို့ Safety Needs ဖြစ်တဲ့ ကျန်းမာရေး ကိုလှည့်ကြည့် ဖြေရှင်း ချိန်မရ တာက တစ်ကြောင်း၊ ကျိုးကြောင်း ဆင်ခြင် တုံတရား အားနည်း တာက တစ်ကြောင်း တို့ကြောင်း ရောဂါ ဝေဒနာ ရဲ့ အကြောင်း တရား ကိုမမြင် နိုင်တဲ့ သဘာဝ လွန် ဖြစ်ရပ် များ အပေါ် ပုံချ လိုက်လေ့ ရှိတယ်။ မိုးနတ် မင်းကြီး စိတ်ဆိုးလို့၊ လေနတ် သားက ဒေါပွလို့၊ မီးနတ် ကို မပူဇော်လို့၊ စုန်း၊ ကဝေ၊ မြေဘုတ်၊ ဘီလူး၊ ပြိတ္တာ၊ နာနာ ဘာဝ၊ တစ္ဆေ၊ သရဲ များက သောက်မြင်ကပ်ကပ် နဲ့ ပြုစား လို့ ရောဂါ ဖြစ်ရတယ် ဆိုပြီး ယူဆ လိုက်ကြ တယ်။ အေးရော၊ ခုခေတ် ပြောပြော နေတဲ့ ဘာမှ လာရှင်း ပြမနေနဲ့ ဆိုတာ မျိုးပေါ့၊ ကိုယ့်လက် ကလွတ် ဗြွတ် ဆိုပြီး ပြောချ လိုက်တဲ့ သဘောပါပဲ။ ထူးဆန်း တာက တော့ ဂလိုဘယ် လိုက်ဇေးရှင်း ခေတ်၊ စူပါ အင်ဖော် မေးရှင်း တက္ကနို လိုဂျီ ခေတ် လို့ ပြောပြော နေတဲ့ ပစ္စုပ္ပန် ကာလ မှာတောင် ဒီသီအိုရီ ဟာ ကမ္ဘာ့နေရာ ဒေသ အတော်များများ မှာပန်းပန်လျှက်ပဲ ရှိနေ သေးတယ်။

(ခ) ဟန်ချက်ညီ သီအိုရီ
ခေတ်တွေ ပြောင်းပြီး လူဖြစ်သက် ရင့်လာ တာနဲ့ အမျှ စဉ်းစား နိုင်စွမ်း ရှိလာ တဲ့လူသား တွေဟာ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ ကျင့်ဝတ် ဆိုင်ရာ အတွေး အခေါ် များမြင့်မား လာတာနဲ့ အမျှ ရောဂါ ဝေဒနာဟာ ဘုရားရိုက်လို့၊ နတ် ခိုက်လို့ ဆိုပြီး အယုံကြီး ယုံနေတဲ့ အဆင့် ထက်ပို ပြီးတွေးတော ဆင်ခြင် နိုင်စွမ်း ရှိလာ ကြတယ်။ မဇ္ဈိမ ကအစပြုခဲ့တဲ့ ဟန်ချက်ညီ သီအိုရီ ဟာအဲဒီ ခေတ် အခါ ကအလွန်ရှေ့ တန်း ရောက်သော မော်ဒန် အတွေးအခေါ်သစ် ဖြစ်ခဲ့တယ်။ လူ့ ခန္ဓာကိုယ် မှာ အဓိက ကျတဲ့ လေ၊ သည်းခြေရည် နဲ့ သလိပ် ဆိုတဲ့ ဓါတ်သုံးပါး ဟန်ချက် ညီညီ လည်ပါတ် နေနိုင်ရင် လူဟာ ကျန်းမာနေပြီး ဒီဓါတ်သုံးပါး အနက် တစ်ခုခု ဖောက်ပြန် တာနဲ့ ရောဂါ ဝေဒနာ အစပျိုး တော့တာပဲ လို့ ဒီသီအိုရီ ကဆိုပါတယ်။ နောက်ပိုင်း မှာ ဒီသီအိုရီ ကိုပဲ ဥရောပ၊ ဂရိ ဆေးပညာ ကကော်ပီ လုပ်ပါတယ်။ (ကော်ပီရိုက် ဥပဒေ ကိုဥရောပ ကစတင် ချိုးဖောက် တာလို့ ပြောရမလား?)၊ မြန်မာ ပြည်မှာ ခေတ်စား တဲ့ အာယုဗေဒ ဆေးပညာ ရဲ့  မူလ ဘူတ ဓါတ်ကြီး လေးပါး (ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော) ဆိုတာလည်း ဒီက ဆင့်ပွား ထွက်လာတဲ့ အခက်အလက်ပါပဲ။

(ဂ) လေသီအိုရီ
ဟန်ချက်ညီ သီအိုရီ ခေတ်ကုန် သွားချိန် မှာ ဥရောပ ဖက်မှာ လေသီအိုရီ ဆိုတာ ပေါ်လာ ပြန်တယ်။ ရောဂါ ဖြစ်ပွား ရခြင်း ကို မသန့်ရှင်းသော၊ အဆိပ် အတောက် ပါသော လေပုပ် လေသိုး ကိုရှုမိ၊ ရှိုက်မိ လို့- လို့ဆိုပြန်တယ်။ ကူးစက် ရောဂါ တွေလို့ ဒီနေ့ခေတ် ရှင်းရှင်း လင်းလင်း သိထားတဲ့ ကာလ၀မ်း၊ ဌက်ဖျား၊ ပုလိပ် စတဲ့ ရောဂါ အားလုံး ဟာ အရင်း စစ်လိုက် တော့ အယုတ် တမာ လေဆိုး ကြောင့် လို့စွပ်စွဲ ပါတယ်။ သူများ ပြောတိုင်း မယုံ ချင်ကြသူ တွေက သုတေသန တွေလည်း လုပ်ကြည့် ကြတယ်။ ဟုတ်လောက် တယ်လို့ ထင်စရာ ရှိတဲ့ အထောက် အထား တွေ့လည်း တွေ့ခဲ့ ကြပါသေး။ နောက်ပိုင်း ကျမှ ဒီအထောက် အထားတွေဟာ ဆေး သုတေသန မှာ သတိ ထားရမဲ့ တနွယ်ငင် တစင်ပါ အမှားများ (Confounders) အဖြစ် နှလုံးသွင်း လက်ခံ လာခဲ့ ကြတယ်။ ထိုခေတ် ထိုအခါ ကတော့ ပရမတ္တ သစ္စာ နီးနီး လောက်ယုံခဲ့ ကြတယ်လေ။

ဌက်ဖျား (Malaria) ဆိုတာ အီတလီ စကား၊ အဓိပ္ပါယ် က Bad air disease တဲ့၊ နောက်ပိုင်း မှာ Plasmodium ဌက်ဖျား ပိုးကြောင့် ရောဂါ ရတာ၊ ဒီပိုး ကို Anopheles ခြင် ကသယ် ဆောင်ပြီး ဒီခြင် ကိုက်လို့ ရောဂါဖြစ် တာမှန်း သိလာပေမဲ့ အရင့် အရင် ကပေး ထားခဲ့တဲ့ နာမည်မှား ကြီးက တွင်နေပြီ မို့ ပြင်မရတော့ပါ။ ငယ်ငယ်က ဖိုးထော် လို့ နှုတ်ကျိုး အောင်ခေါ် ခဲ့ကြ ပြီး ကြီးလာမှ ထက်မိုးအာကာ လုပ်ချင် လို့ မရတော့ဘူး၊ သေရာ ပါအောင် ငယ်နာမည် ကတွင်ခဲ့ ပြီလေ။

(ဃ) အမှုန် အမွှား သီအိုရီ
နှစ်တစ်ထောင် အမှောင် ခေတ်ကြီး ကိုကျော်ဖြတ် ခဲ့ပြီး ပြန်လည် နိုးထ လာခဲ့တဲ့ ဥရောပ ရဲ့ ရီနေဆွန်း ကာလ လို့သမိုင်းတွင် ခဲ့တဲ့ ၁၅၀၀ ခုနှစ် တွေလောက်မှာ ပေါ်ပေါက်လာတဲ့ သီအိုရီဖြစ်တယ်။ ဖရာ့ ကက်စတို လီးယပ်စ် ဆိုတဲ့ အီတလီ ဆရာဝန် တစ်ဦး ကစတင် ဖော်ထုတ် ခဲ့တယ် ဆိုပဲ။ သာမန် မျက်စိ နဲ့ မမြင်နိုင်တဲ့ အမှုန် အမွှား လေးတွေ လူနာ တစ်ယောက် ကနေ နောက်တစ်ယောက် ကိုကူး စက် ရာက တဆင့် ကူးစက် ရောဂါ တွေ ဖြစ်ပွား ပါသတဲ့။ လိင် ကတဆင့် ဆစ်ဖလစ် ရောဂါ ကူး စက် နိုင်တယ် ဆိုတဲ့ လမ်းကြောင်း မှန်ကို တွေ့ခဲ့ ပြီးခါမှ လူတွေ သိချင် ကြတဲ့ အမှုန် အမွှား ဆိုတာ ဘာလဲ။ ဘယ်လို လမ်းကြောင်း တွေက တဆင့် ဘာကြောင့် ကူးရ တာလဲ ဆိုတဲ့ မေးခွန်း တွေကို ပြေလည် အောင် မဖြေရှင်း နိုင်လို့ သူ့ကို ထင်ရာ မြင်ရာ လျှောက်ပြော သူအဖြစ် ကင်ပွန်းတပ် ခံခဲ့ ရရှာတယ်။

(င) အလို အလျှောက် ဖြစ်ပွား ခြင်း သီအိုရီ
ရောဂါ ဆိုတာ သူ့ဖာသာ သူဖြစ် ချင်တဲ့ အချိန်မှာ တားမနိုင် ဆီးမရ နဲ့ အလို အလျှောက် ဖြစ်တော့ တာပဲ ဆိုတဲ့ သီအိုရီ တစ်ခု ခေတ်စား ခဲ့ပါသေး တယ်။ ခေတ်နောက်ပြန် ဆွဲယုံ မက ရှေ့ က ပေါ်ပေါက် ခဲ့တဲ့ လူသားရဲ့  ကျိုးကြောင်း ဆင်ခြင်တုံ တရား နဲ့ အသိဥာဏ် တွေကို ပါ မြောင်းထဲ ဆွဲချ လိုက်တဲ့ သီအိုရီ ပါပဲ။ ဒီလို သာဆို ရင်တော့ ရောဂါ ဆိုတာ ဖြစ်ချင် တဲ့ အချိန် ထဖြစ်ပြီး ပျောက်ချင်တဲ့ အချိန် ပျောက်လိမ့် မပေါ့။ သမားတော် ဆိုတဲ့ ပုဂ္ဂိုလ် တွေကို ဘဇာ ကြောင့် အားကိုး နေရ ဦးမှာလဲ လို့ လူတွေ ထင်ယောင် ထင်မှား ဖြစ်စေ တဲ့အထိ ဆေးပညာ ကိုအိုးမဲ သုတ်ခဲ့တဲ့ သီအိုရီ ပါပဲ။

(စ) ပိုးမွှား သီအိုရီ
ရှေ့ က တင်ပြ ခဲ့တဲ့ သီအိုရီ အားလုံး နီးပါး ဟာ အချို့ က ကိုယ်ထင်ရာ ကိုယ်ပြောကြတာ၊ အချို့ က သိပ္ပံ ပညာကို အတိုင်း အတာ တစ်ခုထိ အသုံးချ ပြီးဖော် ထုတ်ခဲ့ကြ တာဆိုပေမဲ့ သိပ္ပံ နည်းကျ အစစ် ဆေးခံ နိုင်တဲ့ ဒေါင်ဒေါင်မြည် တစ်ခုမှ မပါခဲ့ ပါ။ ဒီလိုနဲ့ပဲ ဆေးပညာ သမားတော် များဟာ ကာလ တစ်လျှောက်လုံး ပျောက်သော လမ်းမှာ စမ်းတ၀ါးဝါး ဖြစ်နေရာက ၁၉ ရာစု နှောင်းပိုင်း လောက်မှာ မျှော်လင့်ချက် ရောင်ခြည်သစ် ပေါ်ထွန်း လာခဲ့ပါ တယ်။ ခရစ် သက္ကရာဇ် ၁၆၇၀ မှာ အန်သိုနီ လူဝင်ဟုတ် ဆိုတဲ့ ပုဂ္ဂိုလ် အဏုကြည့် မှန်ဘီလူး ကိုစတင် တီထွင် လိုက်ရာက ဒီပစ္စည်း လေးကျေးဇူး နဲ့ အရင် ကမမြင် ခဲ့၊ မသိခဲ့ တဲ့ အသိသစ် တွေရလာကြတယ်။ ဖိုးသူတော် မျက်စိလည်ရင် ဆွမ်းဆန် များများ ရတတ်သလို၊ ပညာရှင်တွေ မျက်စိ လည်ရင် အသိသစ် များများ ရတတ် ပါတယ်။ ငြင်းကြရင်း၊ ခုံကြရင်း၊ ဟောတစ်ကောင်၊ ဟောတစ်ကောင် ရှာလို့ တွေ့ရင်း နဲ့ပဲ ရောဂါ တွေဟာ microbe ခေါ် မျက်စိနဲ့ မမြင်နိုင်တဲ့ ပိုးမွှား တွေကြောင့် ဖြစ်ရတယ် ဆိုတာကို တဖြည်းဖြည်း လက်ခံ လာခဲ့ ကြတယ်။

လူဝီ ပါစချာ (၁၈၂၂-၁၈၉၅) လက်ထက် မှာတော့ ဒီ အနုမာန အယူအဆ ကိုခိုင်ခိုင် မာမာ သက်သေ ပြနိုင် ခဲ့တယ်။ တီဘီ ပိုး ကိုဖော် ထုတ်သူ ရောဘတ် ကော့ခ်ျ ဆိုရင် Koch’s postulate ဆိုတဲ့ ကိုယ်ပိုင် အယူအဆ တစ်ရပ် ကိုရဲရဲ တောက် ဖော်ထုတ် ခဲ့တယ်။ သူ့ အဆိုကို လွယ်လွယ် ပြောရရင်-

ရောဂါ သည် မျက်စိ ဖြင့် မမြင် နိုင်အောင် သေးငယ်သော ပိုးမွှား များကြောင့် ဖြစ်၏။ ထို့ကြောင့် ရောဂါသည် လူနာ တိုင်း၏ ခန္ဓာကိုယ် တွင် ရောဂါပိုး များရှိ၏။ ထိုရောဂါပိုး တို့ကို လူနာ၏ ခန္ဓာကိုယ် မှ တနည်းနည်း ဖြင့်ထုတ် ယူပြီး အဏုကြည့် မှန်ဘီလူး ဖြင့်ကြည့်လျှင် ပိုးတွေ့ ကိုတွေ့ ရမည်။ Culture လုပ်ပြီး မွေးမြူလျှင် ပိုးများ ပေါက်ဖွား ရမည်။ ပေါက်ဖွား လာသော ပိုးတို့ ကိုရောဂါ ကင်းစင်သည့် လူ သို့မဟုတ် သတ္တ၀ါ တစ်မျိုးမျိုး ၏ခန္ဓာ ကိုယ်တွင်း ပြန်လည်သွတ်သွင်း ပေးနိုင်လျှင် ပထမ ပိုးထုတ်ယူ လိုက်သည့် လူနာ ခံစား ခဲ့ရသည့် ရောဂါဝေဒနာ အတိုင်း ထပ်တူထပ်မျှ ရောဂါ ဖြစ်ပွားစေ ရမည်။ တူညီ သော ရောဂါ ခံစား နေရသူ ဝေဒနာ သည်တိုင်း ၏ခန္ဓာကိုယ် မှထုတ်ယူ လိုက်သော ရောဂါပိုး သည်တစ်မျိုး တစ်စား တည်းသာ ဖြစ်စေ ရမည်။ ဤမှန်သော သစ္စာ တရား ကိုငါ တွေ့ရှိ ခဲ့သည်။


ဖော်ပြ ပါပါတ်လည် ရိုက်သဘော တရားကို တွေ့ရှိ ဖော်ထုတ်ခဲ့ပြီး လက်ခံ ချင်စရာ အထောက် အထား များကို တီဘီပိုး နဲ့ သက်သေ ပြနိုင် ခဲ့ပေမဲ့ တီဘီ ပိုးရဲ့ မျိုးတူ မူကွဲ ညီအကို တော် အနာကြီး ရောဂါပိုး နဲ့ ကြုံရ တဲ့ အခါမတော့ သူ့ ပါတ်လည် ရိုက်သဘော တရားကြီး ဒူးထောက် လက်မြှောက်ရလောက်အောင် ပိုးတို့၏ မာယာ နဲ့ကြုံတွေ့ ခဲ့ရရှာတယ်။ ဘာပဲ ပြောပြော ပိုးမွှား သီအိုရီ ဟာ သူ့ရှေ့ က နောင်တော့် နောင်တော် သီအိုရီ အားလုံးထက် အပြတ် အသတ် တိကျ ပြီးသိပ္ပံ နည်းကျ တယ် ဆိုတာ ကိုတော့ မငြင်း နိုင်ပါ။

(ဆ) သုံးချောင်း ထောက် သီအိုရီ
ပိုးမွှား သီအိုရီ ကိုခြောက်ပစ်ကင်း သဲလဲစင် အဖြစ် အနောက်တိုင်း ဆေးပညာရှင် အားလုံး တညီ တညွတ် တည်းလက်ခံ ခဲ့ကြ ပေမဲ့ အချိန်ကြာ လာတာနဲ့ အမျှ လစ်ကွက်၊ ဟာကွက် ကလေး တွေကို တွေ့လာ ရပြန်တယ်။ ရောဂါ တိုင်းဟာ ပိုးကြောင့် ဖြစ်တဲ့ ကူးစက် ရောဂါ များ မဟုတ်၊ ပိုးကြောင့် ဖြစ်တယ် ဆိုစေ ဦးတော့၊ ပိုးရှိ နေယုံ သက်သက် နဲ့ ရောဂါ ရလောက် တဲ့ အထိ အဖြစ် မဆိုး နိုင်ဘူး ဆိုတာ တွေ့လာ ခဲ့ကြတယ်။ ဒါကြောင့် ရောဂါ တစ်ခု ဖြစ်ပွား ဖို့ အတွက် အနည်းဆုံး အကြောင်း တရား သုံးပါး ဖိုခနောက် ဆိုင် ဆုံဖို့ လိုအပ် တယ်လို့ ယူဆ လာခဲ့ ကြပြန် ပါတယ်။ ရောဂါ ဖြစ်ပွား စေသော လက်သည် တရားခံ (Agent)၊ ရောဂါ လက်ခံ မည့်သူ (Susceptible Host) နဲ့ အထက်ပါ အကြောင်း နှစ်ပါး ဖူးစာ ဆုံအောင် ဖန်တီးပေး နိုင်သော ပါတ်ဝန်းကျင် (Suitable Environment) ဆိုတဲ့ ဒီအကြောင်း သုံးပါး ရင်ဆိုင် ဆုံတွေ့ ပါမှ ဘယ်ရောဂါ မဆို ဖြစ်ပွား တတ် ပါသတဲ့။ ဒါကြောင့် လည်းဒီ အကြောင်း သုံးပါး ကိုရောဂါ ဖြစ်ပွားမှု တြိဂံ၏ အနားစွန်း ထောင့်သုံးဖက် (Epidemiological Triad of Causation) လို့ ခေါ်ခဲ့ ကြပါတယ်။

(ဈ) ပင့်ကူ အိမ် သီအိုရီ
ဒုတိယ ကမ္ဘာစစ် အပြီး စစ်အေး ကာလ များမှာ ရှေးယခင် ကလူသား ကိုပုံမှန် နှိပ်စက် နေကြ ကူးစက် ရောဂါ များ အပြင် မကူးစက် နိုင်သော နာတာရှည် ရောဂါ များ ဆိုတဲ့ နောက်ထပ် ရောဂါ ဖောက်သည်ကြီး တစ်ဦး တိုးလာ ပါတယ်။ နှလုံး၊ သွေးတိုး၊ ဆီးချို၊ ကင်ဆာ အစ ရှိတဲ့ ရောဂါ များပေါ့။ တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ် ဆန်း၊ ဆိုသလိုပဲ ဒီရောဂါ တွေက ကူးစက် ရောဂါ တွေနဲ့ သဘော သဘာဝ ချင်းအင် မတန် ကွဲလွဲ တယ်။ ဒါကြောင့် အချိန် ပေးပြီး လေ့လာ ကြရ ပြန်ရော။ ရောဂါ ဖြစ်စေတဲ့ ပိုးဟာ ဒီမှာဟေ့ လို့ လက်ညှိုး ထိုးပြ ပြီးတရားခံ ရှာလို့ လဲမရ၊ လက်သည် လည်းတိတိ ပပ မရှိ၊ ဟိုဟာ ကြောင့် လည်းဖြစ်နိုင်၊ ဒီဟာ ကြောင့် လည်းဖြစ်နိုင်၊ ဖြစ်နိုင် တဲ့လက်သည် တွေက လည်းအနမတဂ္ဂ၊ ဒါကပဲ မကူးစက် တတ်တဲ့ ရောဂါ များရဲ့  trademark ဖြစ်လာ ပါတယ်။ ဒါကြောင့် လည်း ဒီရောဂါ မျိုးတွေ ရဲ့  ဖြစ်နိုင်ဖွယ် ရှိသော လက်သည် များ (Risk factors) ကိုရှာဖွေ ဖော်ထုတ် လာကြ ရတယ်။

အနာကြီး ရောဂါ ဘာကြောင့် ဖြစ်၊ Mycobacterium leprae ကြောင့်ဖြစ် ဆိုရင် ပွဲသိမ်း ပေမဲ့၊ နှလုံး သွေးကြော ကျဉ်းရောဂါ ဘာကြောင့် ဖြစ်၊ နှလုံး သွေးကြော ကျဉ်းပိုး ကြောင့်ဖြစ်- လုပ် လို့ မရပါ။ ဆေးလိပ်သောက်လို့၊ သွေးတိုး အခံရှိလို့၊ ၀လို့၊ ထိုင်းမှိုင်း လို့၊ အဆီ အဆိမ့် အလွန် အကြူး စားလို့၊ ကိုယ်လက် လှုပ်ရှား အားကစား ကိုဝေရာ မဏိ လို့၊ ဒေါသ က ကျောမ တက်နေလို့ စသည်ဖြင့် တရားခံ စာရင်း ကတသီ တတန်းကြီး ထွက်လာ ပါတယ်။ ဒါတွေကို မှ အဓိက တရားခံ၊ သာမည တရားခံ ပြန်ခွဲ၊ စာရင်းပြုစု၊ ဒီတရားခံ တွေထဲမှာ လည်း အချင်းချင်း ပြန်ပြီး အားပေး အားမြှောက် ပြုနေ ကြသေး၊ အားကစား မလုပ်၊ အစားချည်း နင်းကန် တွန်းစား လို့ဝ၊ ၀ လို့သွေးတိုး၊ အဆီ ပိတ် အစရှိ သဖြင့် အမယ်ဘုတ် ချည်ခင်၊ ပင့်ကူအိမ် လိုရှုပ်ရှက် ခတ် နေတဲ့အတွက် ဒီနောက်ဆုံးပေါ် ရောဂါများ ရဲ့  ဖြစ်ပွားမှု ပုံစံက ယနေ့ ခေတ် လူ့ အဖွဲ့ အစည်း ရဲ့ ပုံစံ အတိုင်း မျက်စိနောက် စရာ ရှုပ်ထွေး လှပါတယ်။ ပင့်ကူအိမ် လူ့အဖွဲ့ အစည်းရဲ့  ပင့်ကူအိမ် ရောဂါ သီအိုရီ ပေါ့လေ။

သမိုင်း တလျှောက် သမားဆို တဲ့ပုဂ္ဂိုလ်တွေ၊ သိပ္ပံ ပညာရှင် တွေဟာဦးဏှောက်၊ အချိန်၊ သိက္ခာ၊ သွေး၊ ချွေး၊ မနည်း လှတဲ့ resources တွေကို အရင်း တည်ပြီး ဝေဒနာ အရင်းတည်ရာ၊ ရောဂါ ရဲ့ ဇစ်မြစ် တွေကိုဘာလို့များ၊ နာနာကြင်ကြင်၊ ပင်ပင် ပန်းပန်း ဖော်ထုတ်ခဲ့ ကြရ တာလဲ? အဖြေ ကတော့ သမားတို့ ရဲ့ တစ်ခု တည်းသော ရည်ရွယ် ချက်ဖြစ်တဲ့ လူနာ ခံစား နေရတဲ့ ဝေဒနာ သက်သာ ပျောက်ကင်း စိမ့်သောဌာ ထိရောက် တဲ့ကုသမှု ကိုပေးချင် တဲ့အတွက် ပဲမဟုတ် ပါလား --- --- ---

Read More...

Saturday, August 16, 2008

Life Cycle (1)


ထို့ကြောင့် ဤအရာကို သံသရာ ဟုခေါ်သည် (၁)
Juan

လူနာ နှင့် ရောဂါ

လောက မှာ လူရယ် လို့ဖြစ် လာပြီ ဆိုကတည်းက ရှောင်လွှဲ မရတဲ့ အိုခြင်း၊ နာခြင်း၊ သေခြင်း ဆိုတဲ့ ဒုက္ခ တွေနဲ့ လူသား အားလုံး ကြုံတွေ့ကြ ရမှာ မြေကြီး လက်ခတ် မလွဲ။ ဒီဒုက္ခ သုံးပါး ထဲမှာ အိုခြင်း နဲ့ သေခြင်း ကိုလူတွေ ကြောက်ကြ တယ် ဆိုပေမဲ့ ပြောစမှတ် ပြုလောက်အောင် ဖိန့်ဖိန့်တုန် ပြားပြားဝပ် ကြောက်တာ မျိုးတော့ မဟုတ်ဖူး။ ရင်ဆို လိုသည် ဖြစ်စေ၊ မဆိုင် လိုသည် ဖြစ်စေ၊ တစ်နေ့ တော့ အားလုံး ကြုံတွေ့ ကြရမဲ့ ဖြစ်စဉ် တွေမို့ အတန် အသင့် တရား နှလုံး သွင်းနိုင် ကြတယ်။ တွေ့လည်း မတွေ့ချင်၊ ဘယ်အချိန် တွေ့မယ် မှန်းလည်း မသိ၊ ကြုံရ မှာကို လည်းကြောက်၊ ဖြစ်လာ ခဲ့ရင် လည်း ငါ့မှ ကံကွက်ကျား ပြီးဖြစ် ရလေခြင်း၊ လောက ကြီးက ငါ့ကို ရက်စက်တယ်။ မတ ရား လိုက်တာ၊ ငါလေး သနား ပါတယ်------ ဒီလို ဒီလို ယူကြုံး မရ၊ အပူလုံး ကြွ စရာတွေ ဖြစ်အောင် ပိုးစိုး ပက်စက် လုပ်နိုင် တာက တော့ နာခြင်း တရား သို့မဟုတ် ရောဂါ ဖိစီး နှိပ်စက်မှု ပါပဲ။

ဘာကြောင့်များ နာခြင်း ကိုလူတွေ အရမ်း ကာရော ကြောက်ရ သတုန်း။ နာတာထက် ကိုသေတာက ပိုမဆိုး ပေဘူးလားကွဲ့၊ သေတာကို သိပ်မ ကြောက်ပဲ နာတာကို ကြောက်ကြ တယ်ဆိုတော့ မဟုတ်သေး ဘူးနော် လို့ စောတက တက်ချင်ကြ မယ်ထင်တယ်။ စောဒက ဆိုတာလည်း တက်ရတဲ့ အမျိုးကိုး၊ စောဒက ကျလို့မှ မရပဲ။

သေတယ် ဆိုတာ အားလုံး တစ်တန်း တစ်စား တည်း Universal process လေ။ သာတူ ညီမျှ အလွန် ရှိတယ်။ ဘယ်သူ ဘယ်လောက် ကြီးကြီး ဘာကြီး ဖြစ်နေ နေ သေတာ ကိုရှောင်လွှဲ လို့မရ။ လူတိုင်းကြုံ ရမှာမို့ လူတစ်ယောက် သေပြီ ဆိုရင် သေမှာပေါ့၊ အကုသိုလ် များတာကိုး၊ ဘာကိုး၊ ညာကိုး စသည်ဖြင့် ကဲ့ရဲ့  ရှုံချ စရာအကြောင်း သိပ်မရှိ လှဘူး၊ သိပ်ကို ဆိုးဝါး သောင်းကျန်း သူများ ကလွဲရင် ပေါ့လေ။
“သြော်- သူတောင် ဆုံးသွား ရှာပြီကိုး၊ အင်းလေ- လူဆိုတာ သေမျိုး ချည်းပဲကိုး၊ ကိုယ့် အလှည့် လဲဘယ်တော့ ရောက်မယ် မသိဘူး၊ နောက်ဘ၀ အတွက် အထုပ် ပါအောင် ဒါန နဲ့ သီလ ပါရမီ လေးတွေ ဖြည့်ထား ကြနော်၊ အသက် ကအငယ် လေးရှိ သေးတာ၊ နေမယ် ဆို အများကြီး နေလို့ ရသေးတာနော်၊ အရွယ် ကောင်းလေး၊ တိုင်းပြည် အတွက် အစား ထိုးမရ တဲ့ဆုံးရှုံး မှုပေကပဲ”
သို့ကလို၊ ဟိုလို၊ ဒီလို တွေသေသူ ရဲ့  ပညာ၊ ဂုဏ်၊ စည်းစိမ်၊ ဥစ္စာ အပေါ်မူတည်ပြီး လူသေ အပေါ် ကျွန်တော် တို့ လူရှင် တွေက စိတ်မကောင်း၊ သံဝေဂရ၊ နှမြော တသ ဖြစ်ကြ၊ ဖြစ်ချင် ယောင်ဆောင် ကြတယ်။

ဘာပဲ ပြောပြော၊ သေတဲ့ အတွက် ဂုဏ်မငယ် လှဘူး၊ အနည်းဆုံး အသုဘ လာမေး တုန်းတော့ သေသူ့ မကောင်းကြောင်း မပြော ကြဘူး။ ဂန္ဓာလရာဇ် နွယ်ဖွား များသေရင် လာသမျှ လူအားလုံး ရဲ့ ကန်တော့ ခြင်း ကိုတောင် ခံရသေးတယ် မဟုတ်လား။

ရောဂါ ဖြစ်ပြီ ဆိုရင် တော့ဇာတ်လမ်း ကတစ်မျိုး တစ်ဘာသာ ဖြစ်လာ ပါပြီ။ မှတ်ပုံတင် လုပ်သလိုမျိုး ရောဂါ တစ်မျိုးတည်း ကို လူတွေ အားလုံး ပြုံဖြစ် ကြတာမျိုး မဟုတ်တော့ universal process မဟုတ်တော့ပဲ comparative သဘော ဆောင်လာ ပါတယ်။ သူမဖြစ် ငါဖြစ်၊ သူစံ ငါခံ အခြေ အနေ မျိုးဆိုတော့ ရောဂါ ကြီးကြီး မားမား ဖြစ်ခံ ရတဲ့ လူအတွက် ကတော့ လောက ကြီးဟာ အလွမ်းဇာတ် သက်သက် ပါပဲ။

သေသူ အပေါ်ထားတဲ့ သဘောထား မျိုး ကိုလူတွေ ကရောဂါ သည်အပေါ် ထားနိုင်ကြ ပါ့မလား။ အသုဘ ကတစ်ခါ ပဲသွားမေး ရမယ်၊ ကိုယ့်စိတ် ထဲပါပါ၊ မပါပါ အသုဘရှင် တွေစိတ်ချမ်း သာအောင် အံမလေး၊ အသေစော လို့ နှမြော ပါဘိ၊ ဂွိ၊ ဂိ၊ ဘာညာ၊ ဇွတ်ကြိတ် ပစ်လိုက် လို့ရသပေါ့။

လူမမာ ဆိုတာ ကမသေ မပျောက် အမျိုး။ သေလည်း မသေ သေးဘူး၊ ရောဂါ ကြီးကလည်း တန်းလန်း တန်းလန်း နဲ့ ပျောက်လည်း မပျောက်ဘူး။ လူနာ ကိုသွားလေသူ လိုနှမြော ပါဘိ တွေဘာတွေ သွားချီးမွှမ်း လို့လည်း မရဘူး၊ ဆိုတော့- သေတာ ထက်စာရင် နာရတာ ဂုဏ်ငယ်၊ ဂိုက်ပဲ့ လွန်းလှတယ်။

ဒါတောင် ဖြစ်တဲ့ ရောဂါ ပေါ်မူတည် ပြီးဂုဏ်ရောင် ရှိန်ဝါ သေးသိမ် ခြင်းဒီကရီ ကကွာခြားသေးတာ။

နှလုံး ရောဂါ၊ သွေးတိုး ရောဂါ၊ ဆီးချို ရောဂါ စတဲ့ မကူးစက် နိုင်တဲ့ နာတာရှည် ရောဂါ များကို ခံစား ရတယ် ဆိုကြပါစို့။ နှလုံး ရောဂါ ရလို့တဲ့၊ ဖြစ်မှာပေါ့၊ ကမြင်းကြော ထတာကိုး၊ လို့ဘယ်သူ ပြောမလဲ၊ မပြော ရေးချ မပြော၊ သနား ကြင်နာ ကြတယ်။ ဆွေမျိုး သားချင်း တွေက ပြုစု ယုယ ကြတယ်။ လူနာ ကိုဂရုစိုက် လိုက်ကြပါ လို့ ဆရာဝန် တွေထွေထွေ ထူးထူး မှာနေ စရာ ကိုမလိုဘူး။ လူနာရှင် ရဲ့ ငွေကြေး ဥစ္စာ ပြည့်စုံ မှုနဲ့ လူနာ့ အပေါ်ပြုစု စောင့်ရှောက် မှုဟာ တိုက်ရိုက် အချိုးကျတယ်။ သူဌေး များဒီ လိုရောဂါ မျိုး တွေဖြစ်လို့ ကတော့ တစ်အိမ်လုံး ကဖူး- ဖူး နဲ့မြည်အောင် ၀ိုင်းမှုတ် ထားကြ တယ်။ လူနာ ကိုယ်တိုင် ကငါ့ ကိုအရေး ပေးလှ ပါလား ဆိုတာ သိလာ ချိန်မှာ လိုအပ် တာထက် ပိုပြီး အခွင့် အရေးယူ ကာ အိမ်သား များ အပေါ် ဗိုလ်ကျ စိုးမိုး ရေးဝါဒ ကိုလက်ကိုင် ပြုကျင့်သုံး လာသူများ လည်းဒုနဲ့ဒေး။ ဒါကြောင့် လည်း တစ်ခေတ် တစ်ခါ ကရုပ်ရှင်၊ ၀တ္တု တွေထဲမှာ အမေကြီး ရဲ့  နှလုံး ရောဂါ ဟာသမီး နဲ့ သူ့ရည်းစား ကိုခွဲတဲ့ တရားခံ အဖြစ် မှန်မှန်ကြီး အသုံးတော် ခံခဲ့ရ တယ်။
“သမီး၊ အမေ့မှာ နှလုံး ရောဂါ ရှိတာ သိတယ်နော်။ အမေ သဘော မတူတဲ့ ဒီအကောင် နဲ့ ခုချက်ချင်း အဆက်ဖြတ် လိုက်ပါ သမီးရယ်၊ အမေ့ သမီး ကအမေ စိတ်မချမ်း သာတာ ဘာ----ဟာ------ဟာ (အမော ဆို့သံ) မှ မလုပ်ဘူး ဆိုတာ အမေ သိပါတယ်”
ဒီလို အပျော့ ဆွဲချင် ဆွဲ။ ဒါမှ မဟုတ် ---
“ဟဲ့ကောင်မတွေ၊ ငါ့မှာ ရောဂါ ကြီးနဲ့ ဆိုတာ နင်တို့သိတယ်နော်၊ ငါ့ကို စိတ်မချမ်း သာအောင် လုပ်နေ ကြတာ၊ နောင်မှ နောင်တ မရကြနဲ့။ အမ်--မာ--လေး။ မော-----ဟော-----ဟော----လိုက်တာ၊ ငါ အခု ပျံလွန် တော်မူ လိုက်ရ မလား”
ဒါမျိုး ဓါတ်ကြမ်း တိုက်ချင် တိုက်ပါတယ်။

တကယ့် ရောဂါ သည်စစ်စစ် ဆိုရင် တော့ဒီလောက် နန်းစတော့ ပြောနေရင် အသက်ထွက် တာကြာပေါ့။ သို့သော် ရုပ်ရှင် တွေအားကျ ပြီး လိုက်မလုပ် ဖူးလို့ တော့ မပြောနိုင် ပေဘူး။ ဒီလို ရောဂါ မျိုးတွေ ကိုဝေဒနာ ရှင်ဘက် ကအားသာ တဲ့ ရောဂါ တွေလို့ ခေါ်ပါတယ်။ ပညာရပ် ဆိုင်ရာ စကားလုံး ကတော့ Sickness Role ရရှိ သောရောဂါ များ လို့ခေါ်ပါတယ်။

လက်ပရိုစီ ခေါ်တဲ့ အနာကြီး ရောဂါ တို့၊ ချောင်းဆိုး သွေးပါ တီဘီ တို့၊ လေးလုံး ရောဂါ ခေါ် အေအိုင် ဒီအက်စ် ဝေဒနာ ရှင်တို့ ကျတော့ ခုနက နှလုံး၊ သွေးတိုး၊ ဆီးချို သမား တွေနဲ့ တစ်တန်း တစ်စား တည်းထား ပြီးဖူးဖူး မှုတ်ထား ကြပါသလား။ ဘယ့်နှယ် မှုတ်လိမ့် မတုန်း။ ဒီလိုရောဂါ မျိုး မိသားစု ထဲမှာ ဖြစ်လာပြီ ဆိုရင် ရွံလွန်း လို့၊ စက်ဆုပ် လွန်းလို့၊ ရောဂါသည် ကိုအိမ်ပေါ်က နှင်ချ တာတို့၊ အမွေ ပြတ်ကြော်ငြာ တာတို့၊ ရက်ရက် စက်စက် လုပ်ကြလေ့ ရှိတယ်။ လူနာ ကို စာနာပါ၊ သနား ပါ၊ အားပေး ပါ၊ ကူညီပါ၊ ဘယ်လောက် ပြောပြော နားမ၀င် တတ်ကြဘူး၊ နောက်ဆုံး နူရာ ၀ဲစွဲ၊ လဲရာ သူခိုးထောင်း၊ စားရမဲ့ သောက်ရမဲ့၊ ကူကယ်ရာမဲ့ စွာနဲ့ ဝေဒနာရှင် ခမျာ လူ့အောက် ကသတ္တ၀ါ တစ်မျိုး အဖြစ် ပက်ပက် စက်စက် ဘ၀ ဆုံးလေ့ ရှိတယ်။ မိအေး နှစ်ခါ နာ ရောဂါ များလို့ ဆိုကြ ပါစို့ရဲ့ ။ ပညာ စကားနဲ့ ပြောရင် socially stigmatized diseases လို့လူသိ များတယ်။

ရောဂါ သည်ချင်း တူတူ ဘာဖြစ်လို့ အဆင့် အတန်း နဲ့ ဆက်ဆံ ရေးဒီလောက်ထိ ကွာခြားသွားရ တာလဲ။ ကူးစက် နိုင်လို့ ဆိုတဲ့ အကြောင်းပြချက် တစ်ခုတည်း ကြောင့်တော့ မဟုတ်၊ လက်ချင်း ထိလိုက် တာနဲ့၊ မျက်လုံးချင်း စကား ပြောမိ တာနဲ့ ဗြုန်းကနဲ၊ ဒိုင်းကနဲ ကူးသွားတဲ့ ရောဂါ မျိုးတွေလည်း မဟုတ်။ socially stigmatized diseases တွေကို ရှေး ပဝေ သဏီ ကတည်းက အကုသိုလ် များလို့၊ ကံနိမ့်လို့၊ အောက်တန်း ကျလို့၊ ယုတ်မာ ညစ်ပါတ် စုတ်ပဲ့လို့ ဘုရား ရိုက်တဲ့ ရောဂါ များ လို့ ကျွန်တော် တို့မြန်မာ့ လူ့ဘောင် အဖွဲ့အစည်း ကအစဉ် အဆက် ခံယူ ကျင့်သုံး ခဲ့တဲ့ လူမှုစံ (Social Norm) တစ်ခု အဖြစ် ခိုင်ခိုင် မာမာ ရှိခဲ့ ပြီးဖြစ် နေလို့ ပါပဲ။ ခုနောက်ပိုင်း ဒီလို ရောဂါ မျိုးတွေ ကိုဖေးမ ကူညီ ကြည်ဖြူ စာနာ ဖို့ကျန်းမာရေး ပညာပေး လုပ်ငန်း များက ထဲထဲ ၀င်ဝင် ပြောလာကြ ပေမဲ့ လက်တွေ့ မှာတော့ စာနာ နိုင်ဖို့၊ ကြည်ဖြူ နိုင်ဖို့၊ ကြင်နာ နိုင်ဖို့ က အတော် ခက်နေ ကြပါ သေးတယ်။ ခေတ် အဆက်ဆက် အရိုးစွဲ အောင် ကျင့်သုံး လာခဲ့တဲ့ ဓလေ့ ထုံးစံ ကြီး ကိုခုချက်ချင်း ပြင် ဆိုလို့ ကတော့ ဟောရင်း နဲ့ သာပျံလွန် တော်မူမယ်၊ လိုက်နာဖို့ ကတော့ မလွယ် ရေးချ မလွယ်။

Read More...