Showing posts with label Reproductive Health မျိုးပွားခြင်းဆိုင်ရာ ဆေးပညာ. Show all posts
Showing posts with label Reproductive Health မျိုးပွားခြင်းဆိုင်ရာ ဆေးပညာ. Show all posts

Wednesday, July 6, 2011

အာဟာရဓါတ်နှင့်နို့ရည်အကြောင်း

အာဟာရဓါတ်နှင့်နို့ရည်အကြောင်း




နို့ဆိုရင် လူအများစု သိကြပြီးတဲ့အရာဖြစ်ပါတယ် ။ ကျွန်တော်တို့အားလုံး ငယ်စဉ်ကလေးဘ၀ကတည်းက အာ ဟာ ရဓါတ်ပြည့်ဝအောင် မိခင်နို့ရည်ကို စို့ခဲ့ကြရတယ် ။ အသက်အရွယ်ကြီးလာတဲ့အခါမှာလည်း အာဟာရ အလို့ ငှာ နွားနို့ ဆိတ်နို့ စသဖြင့် အမျိုးအမျိုးသောက်သုံးနေကြဆဲဖြစ်ပါတယ် ။ နို့ရည်ရဲ့အကြောင်းကို အသေး စိတ်လေ့လာကြည့်ရအောင် ။

နို့ရည်ဟာ Mammals လို့ခေါ်တဲ့ နို့တိုက်သတ္တ၀ါတွေရဲ့ mammany glands ခေါ် နို့ ရည်ထွက်သော ဂလင်းမှ ရရှိတဲ့ အဖြူရောင်အရည်တွေဖြစ်ပါတယ် ။ လူအပါအ၀င် ငယ်ရွယ်တဲ့နို့တိုက်သတ္တ၀ါတွေအတွက် အစားအ စာတွေကို မချေဖျက်နိုင်သေးခင်မှာ နို့ဟာ မူရင်းပင်မ အာဟာ ရ ဖြစ်ပါတယ် ။ ပထမဆုံးထွက်တဲ့ နို့ရည်ကြည်ကို clolostrum လို့ခေါ်ပြီး အဲဒီ နို့ဦးရည်ကြည်မှာ မိခင်ရဲ့ antibodies (ရောဂါပိုးမွှားများကိုတိုက်ထုတ်နိုင်သော အရာ) တွေ ကို ကလေးငယ်တွေဆီ သယ်ဆောင်ပေးပါတယ် ။ နို့ဦးရည်ဟာ ကလေး ငယ်ကို ရောဂါ မျိုးစုံကူး စက်ခြင်းမှ လည်း ကာကွယ်တားဆီးပေးပါတယ် ။ နို့တိုက်သတ္တ၀ါတွေ ရဲ့မျိုးစိတ်အမျိုးအမျိုး ကွာခြားချက်ရယ် တခြား အကြောင်း အချက်များစွာကြောင့် နို့ရည်ထဲမှာ ပါဝင်တဲ့ အဆီ ၊ ပရိုတိန်းနဲ့ ကယ်စီယမ် စတာတွေ ရဲ့ ပါဝင်မှု ပမာဏကလည်း ကွာခြားလေ့ရှိပါတယ် ။ နွားနို့မှာဆိုရင် PH 6.4 ကနေပြီး 6.8 အတွင်းပါဝင်ပါတယ် ။ ဒါကြောင့် အက်ဆစ်ဓါတ်ဖက်ကိုရောက်တယ်လို့ ဆိုရမှာပါ ။



နို့ရည်သောက်သုံးခြင်းနှစ်မျိုးရှိပါတယ် ။ ငယ်ရွယ်တဲ့ သူတွေအတွက်မိခင်မှတဆင့် အာဟာ ရပြည့်ဝတဲ့နို့ ရည်သောက်သုံးခြင်းနဲ့ တခြား သတ္တ၀ါတွေကနေရတဲ့ နို့တွေကို လူအသက်ရွယ်မျိုးစုံအတွက် အထူးထုတ် လုပ်ထား တဲ့ နို့ ထုတ်ကုန်တွေပဲဖြစ်ပါတယ် ။ နို့တိုက်သတ္တ၀ါ အများစုမှာတော့ နို့ကို နို့ချိုတိုက်ကျွေးခြင်းမှတဆင့် ကလေးတွေ ကို အာဟာရပေးပါတယ် ။ ပထမတစ်မျိုးက တိုက်ရိုက် တိုက်ကျွေးခြင်းဖြစ်ပြီး ဒုတိယတစ် မျိုးကတော့နို့ကို ညှစ်ထုတ်ပြီးမှ နောက်ပိုင်းမှာ တိုက်ကျွေးခြင်း ပဲဖြစ်ပါတယ် ။ အချို့ နိုင် ငံတွေ မှာဆို ရင် ရေမြေသဘာဝအရရော ယခုအချိန်ထိ မိခင်တွေဟာ ကလေး အသက် ၇ နှစ်အရွယ်ထိ မိခင်နို့ကို တိုက်ကျွေးနေ ကြဆဲဖြစ်ပါတယ် ။ အနောက်တိုင်းနိုင်ငံတွေမှာ လူတွေဟာ ကလေးအရွယ်ကျော်လွန်ပြီးလည်းပဲ တခြား သတ္တ ၀ါတွေ ( နွား ၊ ဆိတ် ၊ သိုး ) က ရတဲ့နို့တွေကို သောက်သုံးနေကြဆဲဖြစ်ပါတယ် ။ နွားနို့ကို စားသောက် ကုန်အဖြစ် ကရင်မ် ၊ ထောပတ် ၊ ဒိန်ချဉ် ၊ ရေခဲမုန့် စသဖြင့် အမျိုးမျိုး ထည့်သွင်းပြောင်း လဲပြုလုပ် လာကြပြီဖြစ်ပါတယ် ။ နောက်ပိုင်းမှာ အရသာလည်းပိုမိုကောင်းမွန်တဲ့ သယ်ဆောင်ရလည်းလွယ်ကူတဲ့ cheese ကို ထုတ်လုပ်လာကြပါတယ် ။ ယခုနောက်ပိုင်း စက်ရုံတွေကတော့ နို့ကိုအသုံးပြုပြီး casein , whey ပရိုတိန်း ၊ လက်ကျူလို့စ် ၊ condensed milk နဲ့ နှို့မှုန့်တွေအထိပါထုတ်လုပ်လာကြပြီး အစားအသောက်တွေကို ဆွဲဆောင်ဖို့ အနေနဲ့ပါ သုံးစွဲလာကြပါတယ် ။

မွေးကင်းစကလေးငယ်တွေမှာ တခါတရံ လတ်ဆတ်တဲ့ ဆိတ်နို့ရည်ကိုလည်းတိုက်ကျွေးလေ့ရှိကြပါတယ် ။ ဒါပေမယ့် လည်းလက်တွေ့မှာတော့ အန္တရာယ်များပါတယ် ။ ကလေးငယ်တွေမှာ အလက်ထရိုလိုက် မညီမျှခြင်း ( electrolyte imbalances ) , metabolic acidosis , သွေးအားနည်းရောဂါတစ်မျိုး ( megaloblastic anaemia ) နဲ့ အလာ့ဂျစ်တွေ ဖြစ်ပေါ်စေနိုင်တဲ့အတွက်ဖြစ်ပါတယ် ။ လူတွေမှာ နို့ရည်နဲ့မတည့်တဲ့ lactose intolerance လို့ခေါ်တဲ့ အခြေအနေတစ်ရပ်ကို 5% လောက်မှာတွေ့ရလေ့ရှိပါတယ် ။ အထူးသဖြင့် အာဖရိကနဲ့ အာရှမှာ အဖြစ်များ ပါတယ် ။ လက်တို့စ် lactose ဟာ နို့ ၊ forsythia ပန်းနဲ့ အပူပိုင်းဒေ သ စေး ပျစ်သောအစေး ထွက်တဲ့ချုံတစ်မျိုး မှာပဲ တွေ့ရတဲ့ သကြားတစ်မျိုးဖြစ်ပါတယ် ။ Lactose ကို ချေဖျက် ဖို့အတွက် lactase လို့ခေါ်တဲ့ သကြားတစ်မျိုးလိုအပ်ပါတယ် ။ မွေးပြီးတဲ့အခါ small intestine လို့ခေါ်တဲ့ အူသေးထဲမှာ lactase အင်ဇိုင်း ဟာ အမြင့်ဆုံးကို ရောက်ရှိလာပါတယ် ။ နောက်ပိုင်းမှာတော့ နို့ကို ပုံမှန် မသောက်သုံးတဲ့အခါမှာ lactase အင် ဇိုင်းတွေဟာ တဖြည်းဖြည်းလျော့နည်းလာပါတယ် ။ အခြားတစ်ဖက်မှာ လည်း မိခင်နို့မ တိုက်ကျွေး တဲ့ လူတွေဟာ နွားနို့ အပြင်တခြား သိုး ၊ ဆိတ် ၊ တိဗက်နွား ၊ ရေမြင်း ၊ မြင်း ၊ တန်ဒြာဒေသ သမင်နဲ့ ကုလား အုတ်စတဲ့သတ္တ၀ါတွေက နို့ကို တိုက်ကျွေးတာကို တွေ့ရှိရပါတယ် ။ ကျွဲနို့နဲ့ ကျွဲရိုင်းတွေရရှိတဲ့နို့ကို ကမ္ဘာပေါ် မှာအများဆုံးတိုက်ကျွေးတဲ့ နိုင်ငံကတော့ အိန္ဒိယ နိုင်ငံဖြစ်ပါတယ် ။

ဒါကတော့ ၂၀၀၆ ခုနှစ်မှာ နွားနို့နဲ့ နွားနို့ ထုတ်ကုန်တွေကို အများဆုံးသုံးစွဲတဲ့ နိုင်ငံ ဆယ်နိုင်ငံပဲဖြစ်ပါတယ် ။

Top ten per capita cow's milk and cow's milk products consumers in 2006

CountryMilk (liters)Cheese (kg)Butter (kg)
Finland183.919.15.3
Sweden145.518.51.0
Ireland129.810.52.9
Netherlands122.920.43.3
Norway116.716.04.3
Spain119.19.61.0
Switzerland112.522.25.6
United Kingdom111.212.23.7
Australia106.311.73.7
Canada94.712.23.3


နို့ရည်ထုတ်တဲ့ mammary gland ဟာ apocrine အရေပြား ကလမ်း(န်) တွေကနေ ဖြစ်ပေါ်လာပါတယ် ။ Mammary gland တွေရဲ့ အဓိကတာဝန်ကတော့ lactation ဆိုတဲ့ နို့ရည်ထုတ်လုပ်ဖို့ဖြစ်ပါတယ် ။ နို့ရည်ရဲ့ မူရင်းဂုဏ် သတ္တိဟာ အာဟာ ရဓါတ်လုံလောက်ပြည့်ဝစွာပေးဖို့အပြင် ကိုယ်ခံအား စနစ်မြင့် တက်စေပြီး ရော ဂါပိုး မွှားတွေကို ကာကွယ်တိုက်ထုတ်နိုင်ပါတယ် ။ ကျွန်တော် တို့ နေ့စဉ်သောက် သုံးလေ့ရှိ တဲ့ နွားနို့ ၁၀၀ ဂရမ်မှာတော့ အောက်ပါ အတိုင်းအချိုးအဆများပါဝင်ပါတယ် ။

အာဟာ ရတန်ဖိုး = ၃.၅ အောင်စ
အင်နာဂျီ = 60 kcal 250 kJ
ကာဘိုဟိုက်ဒရိတ် = ၅.၂ ဂရမ်
သကြား = ၅.၂ ဂရမ်
လက်ကျူလို့စ် = ၅.၂ ဂရမ်
အဆီ = ၃.၂၅ ဂရမ်
- saturated = 1.9 g
- monounsaturated = 0.8 g
- polyunsaturated = 0.2 g
ပရိုတိန်း = 3.2 g
ရေ = 88 g
Vitamin A = 28 μg 3%
Thiamin (Vit. B1) = 0.04 mg 3%
Riboflavin (Vit. B2) = 0.18 mg 12%
Vitamin B12 = 0.44 μg 18%
Vitamin D = 40 IU 20%
Calcium = 113 mg 11%
Magnesium =10 mg 3%
Potassium = 143 mg 3% စသည်တို့ ဖြစ်ပါတယ် ။ ဒါဟာ နွားနို့ ၁၀၀ ဂရမ်မှာပါဝင်တဲ့ အာဟာ တန်ဖိုးတွေဖြစ် ပါတယ် ။ နွားနို့ တစ်ခွက်မှာ ၁၂၅ ကီလိုရီပါဝင်ပါတယ် ။ ဒါကြောင့်သင်ဟာ တစ်နေ့ကို နွားနို့ နှစ်ခွက်သောက်ရင် ၂၅၀ ကီလိုရီရရှိပြီးတစ်ပတ်မှာ ၁၇၅၀ ကီလိုရီရရှိမှာဖြစ်ပါတယ် ။ ခန္ဓာကိုယ်ရဲ့ အဆီ တစ်ပေါင်မှာ ၃၅၀၀ ကီလိုရီ ပါဝင်ပါတယ် ။ ဒါကြောင့် နွားနို့ ၂ ခွက်နေ့စဉ်သောက်ရင် တစ်ပတ်မှာ ပေါင်ဝက်စီ တိုးတယ်လို့ ဆိုပါ တယ် ။ ကဲဆက်လက်ပြီးတော့ နွားနို့နဲ့လူနို့ရဲ့ကွာခြားချက်အကြောင်းလေးလည်းလေ့လာကြည့်ရအောင် ။

တကယ်တော့ မိခင်နို့ရည်နဲ့ နွားနို့ ရည်မှာ ကွာခြားချက်များစွာရှိပါတယ် ။ နွားနို့ကို ကလေးငယ် ၁၁ လမှ သည် ၁ နှစ် အထိ ကလေး ငယ်တွေကို တိုက်ကျွေးခွင့်မရှိပါဘူး ။ ဒီထက်အသက်ကြီးလာရင်လည်း ဆရာဝန်ညွှန်နဲ့ တိုင်ပင် ဖို့ လို ပါတယ် ။ နွားနို့ဟာ ကလေးငယ်တွေရဲ့ အစာအိမ်အစာချေဖျက်မှုစနစ်ကို ပိုမို ခက်ခဲစေပြီး အာဟာ ရတန်ဖိုး မှာလည်း မိခင်နို့နဲ့မတူညီပါဘူး ။

၁ ။ Antibodies

မိခင်နို့ရည်မှထွက်ရှိတဲ့ သဘာဝ ပိုးမွှားကာကွယ်ပေးသော အရာ antibodies တွေဟာကလေးငယ်တွေကို ကိုယ်ခံအားတက်စေပြီးကျန်းမာသန်စွမ်းစေပါတယ် ။ ဒါ့အပြင် ဗိုင်းရပ်နဲ့တခြားဘက်တီး ရီးယား တွေကိုလည်း ကာကွယ် တိုက်ထုတ်ပေးပါတယ် ။ သင့်ကလေးဟာ ဗိုင်းရပ်စ် သို့မဟုတ် ဘတ်တီးရီးယားကြောင့် ဖျားနာနေပြီ ဆိုရင်မိခင်နို့ရည်မှာ ဒီ ရောဂါပိုးမွှားတွေကို တိုက်ထုတ်နိုင်တဲ့ antibodies တွေပေါ်ထွက်လာပြီး ဗိုင်းရပ်တွေ ဘတ်တီးရီး ယားတွေကို တိုက်ထုတ်ပေးပါတယ် ။ Formula ကတော့ရိုးရှင်းပါတယ် ။ တိုက်နိုင်သလောက် တိုက်ပါ အချိန်တိုင်းတိုက်နိုင်ပါတယ် ။ နွားနို့မှာတော့ ဒီလိုမျိုး သဘာဝ Antibodies တွေ မပါရှိပါဘူး ။ ထုတ်လည်းမ ထုတ်လုပ်နိုင်ပါဘူး ။

၂ ။ Water

မိခင်နို့ရည်မှာလုံလောက်တဲ့ ရေပါဝင်ပြီး ကလေးငယ်ကို ရေဆာခြင်းမှ ကင်းဝေးစေဆပါတယ် ။ ကလေးငယ်လို အပ်သလောက်လဲ မိခင်နို့ရည်က ချိန်ညှိပေးပါတယ် ။ နွားနို့မှာပါဝင် တဲ့ရေပမာဏဟာ ကလေးငယ်လိုအပ် သလောက် ချိန်ညှိမပေးနိုင်ပါဘူး ။

၃ ။ Fat

မိခင်နို့ရည်မှာ နွားနို့ထက် အဆီများစွာပါဝင်ပါတယ် ။ ဒါကြောင့်ကလေးငယ်ကလည်းပိုမိုစုပ်ယူနိုင်ပါတယ် ။ ဒါဟာ ဘာလို့ နို့စို့ ကလေးငယ်တွေဟာ နို့ဘူးတိုက်တဲ့ကလေးငယ်တွေနဲ့ မစင် stool ကွာရသလဲ ဆိုတဲ့အဖြေ တစ်ခုလည်းဖြစ်ပါတယ် ။ နွားနို့ထဲမှာပါဝင်တဲ့အဆီကိုတော့ ကလေးငယ်က လွယ်ကူစွာ စုပ်ယူနိုင်ခြင်းမ ရှိပါဘူး။

၎ ။ Protein

မိခင်နို့ရည်မှ ပရိုတိန်းဓါတ်ဟာ ကလေးငယ်ရဲ့ ခန္ဓာကိုယ်ကိုကြီးထွားစေပြီး နွားနို့မှ ပရိုတိန်းကတော့ မိခင်နို့မှာ ပါတဲ့ပရိုတိန်းထက် ၂ ဆလောက်ပိုများပါတယ် ။ ဒါပေမယ့် ကျေဖျက်မှုနည်းပါတယ် ။

၅ ။ Carbohydrates

မိခင်နို့ရည်မှာ နွားနို့ထက် ကာဘိုဟိုက်ဒရိတ်များ စွာပါဝင်ပါတယ် ။ စွမ်းအင် အင်နာဂျီထုတ် ဖို့အတွက် အကောင်း ဆုံး ပင်ရင်းတစ်ခုလည်းဖြစ်ပါတယ် ။

၆ ။ Vitamins and minerals

အကယ်၍ မိခင်ကသာ သင့်တဲ့မျှတ ၊ ပြည့်စုံလုံလောက်တဲ့အာဟာ ရပြည့်ဝတဲ့အစားစာကို စားသောက်နေ မယ်ဆိုရင် ကလေးငယ်အတွက် လုံလောက်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို ကလေးငယ် ၆ လအ၇ွယ်ထိ မိခင်နို့ရည် ကနေတဆင့် ရရှိနိုင်မှာဖြစ်ပါတယ် ။ နွားနို့မှာတော့ မိခင်နို့ထက် ပါဝင်မှုနည်းပြီး ကလေးငယ်တွေ အတွက် မှန်ကန်သင့်တော်တဲ့ ပမာဏမဟုတ်ပါဘူး ။

၇ ။ Taste

အရသာကို ကြည့်မယ်ဆိုရင်လည်း မိခင်စားသောက်တဲ့ အစားအသောက်ပေါ် မူတည်ပြီး နို့ရည်ရဲ့ အရ သာဟာ ပြောင်း လဲနေမှာဖြစ်ပါတယ် ။ Formula လို့ခေါ်တဲ့ မိခင်အစားထိုးနို့မှုန့်တွေမှာ မိခင်နို့မှာ မပါဝင်တဲ့ DHA လိုမျိုးဒြပ်ပေါင်းတွေကို ထပ်မံဖြည့်စွက်ထားပါတယ် ။ ဒါပေမယ့်လည်း Formula ဟာ မိခင်နို့မ ရရှိမှပဲ အစားထိုးဖို့အတွက် သုံးစွဲသင့်ပါတယ် ။

Ref : http://en.wikipedia.org/wiki/Milk
http://answers.yahoo.com/question/index?qid=20080713073709AA9PUGk
http://www.thenewparentsguide.com/breastfeeding-diff-breast-cow-milk.htm

သက်တန့်ချို
6 July 2011


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Read More...

Thursday, March 17, 2011

Microgynon 30 ED ကိုယ်ဝန်တားဆေး

ကျွန်မက Microgynon ED ဆိုတဲ့ သန္ဓေတားဆေး သောက်ပါတယ်။ ပြသနာက ကျွန်မက အားဆေး နောက်ဆုံး ၂ လုံးလောက် (သို့) ၁ လုံးလောက် ကျန်တဲ့အချိန်မှ ရာသီလာပါတယ်။ အဖြူပြန်သောက်ရင် ရာသီမလာဘူးဆိုလို့ ရာသီလာပြီးချိန်ထိ စောင့်ပြီးမှ ဆေးအဖြူ ပြန်သောက်ပါတယ်။ အဲတာမှန်ပါသလား။ အခု ၂ လ ရှိပြီ ရာသီ အလွန်နည်းပါတယ်။ ကျွန်မ သားကို ဗိုက်ခွဲပြီးမွေးပါတယ်။ ၆ လ ရှိပါပြီ။ နို့မတိုက်တော့ပါ။ (ကိုယ်ဝန်မရှိခင်တုန်းက အဲဒီဆေး သောက်တာ သွေးတိုးဖူးပါတယ်။)

• Combined oral contraceptives ကိုယ်ဝန်တား စားဆေးဖြစ်တယ်။
• Oestrogen (Ethinylestradiol) နဲ့ Progesterone (Levonorgestrel) ဟော်မုန်း ၂ မျိုး ပါတယ်။
• ၂၈ လုံး ပါတာမှာ အရောင်နု (အဖြူ) ကို စသောက်ရတယ်။ တနေ့ ၁ လုံး။ အတိအကျ သောက်ပါ။ နောက် ၇ လုံး၊ အရောင်ရင့်မှာ ဆေး-ဟော်မုန်း မပါဘူး။
• ပဌမ ၂၁ လုံးသောက်ပြီးရင် သွေးပြန်ဆင်းမယ်။
• ဆေးကပ်ကို သွေးဆင်းရပ်တာ-မရပ်တာ မကြည့်ဘဲ တကပ်ကုန်ရင် နောက်တကပ် ဆက်သောက်ရတယ်။
• ဆေးစသောက်သူဟာ ရာသီစဆင်းတဲ့နေ့ကနေ စရမယ်။
• ရက်နံပါတ် (၁) ဆိုတာ ရာသီ-ကိုယ်ဝန်ဆောင်- မျိုးဥထွက်ရက် ဘာဘဲတွက်တွက် သွေးဆင်းတဲ့ ပဌမရက်လို့ ယူရတယ်။ ရာသီသွေးဆင်းတာက ၃-၄-၅ ရက်ကြာ တတ်တယ်။ နောက်ဆုံးရက်ဆိုတာ ပြောဘို့၊ မှတ်ဘို့ စွန်းယုံလေး စွန်းတော့လား၊ (ဒိုင်ယာပါ) မသုံးရတဲ့နေ့လား၊ မတိကျတတ်ဘူး။ ရာသီသွေး စဆင်းတဲ့နေ့ ဆိုတာ မှားစရာ မရှိဘူး။
• ပြက္ခဒိန်နည်းလဲ ကြားဘူးကြမယ်။ ရာသီစလာတဲ့နေ့ကနေ ၅ ရက်အတွင်းမှာ အတူနေပေမဲ့ ကိုယ်ဝန်မရနိုင်ဘူး။ ဒါ့ကြောင့် ဒီဆေးမျိုး သောက်သူတွေက ၅ ရက်မြောက်နေ့ကနေ စသောက်ရင်လဲ ကလေးမရနိုင်ဘူး။
• ဒါပေမဲ့ တချို့မှာက တလဆိုတာ ရက်တိုတတ်တယ်။ ဆိုပါစို့ ၂၂-၂၃ ရက်နဲ့ ရာသီတပါတ်လည်သူတွေ ရှိတယ်။ သူတို့ဆိုရင် ၅ ရက်အတွင်း စိတ်ချ ကိုယ်ဝန်မရဘူး ပြောဘို့ မှန်ခြင်မှ မှန်တယ်။
• ဆရာဝန်ကနေ စသောက်ပါ ပြောတဲ့ရက်မှာလဲ ကြားရက်ဖြစ်ဖြစ် သောက်နိုင်တယ်။ ကိုယ်ဝန်တားဘို့ မဟုတ်ဘဲ တခြား အကြောင်းကို ကုသဘို့ ညွှန်တာ ဖြစ်မယ်။ ဆေးသောက်တဲ့သူမှာ ကိုယ်ဝန် ရှိမနေဘို့သာ အရေးကြီးတယ်။
• ကလေးဖွါးပြီး ကလေးကို နို့မတိုက်ရသူဆိုရင် မီးဖွါးပြီးနောက် ၂၁ ရက်အကြာမှာ ဆေးစသောက်ရမယ်။
• ကိုယ်ဝန်ပျက်ပြီးနောက်ဆိုရင် အတိအကျ ပြောမရလို့ ကိုယ်ဝန်ပျက်လို့ သွေးစဆင်းပြီး ၇ ရက်နေရင် သောက်ရမယ်။ သွေးဆင်းရပ်တာ မရပ်တာကို မကြည့်ရပါ။
• ဆေးကို နေ့လဲမှန်၊ အချိန်လဲ မှန်မှန်သောက်ပါ။ တကယ်လို့ အချိန်နောက်ကျရင် သတိရတာနဲ့ သောက်ပါ။
• ၁ ရက် နောက်ကျသွားရင် ၂ လုံးတခါထဲ သောက်ပါ။
• နောက်ဆုံး သောက်ရမဲ့ ၇ လုံးက မေ့လဲ ကိစ္စမရှိပါ။
• နောက်ဆုံးသောက်ရမဲ့ဆေးတွေ သောက်နေရင်း သွေးပြန်လာရင် ဆေးကပ်ဟောင်း စွန့်လိုက်ပြီး ဆေးကပ်သစ် စသောက်ပါ။
• သီအိုရီအရ ပြောရရင် ဆေးကပ်ဟောင်းက ဆေးမှန်သမျှ ကုန်အောင်သောက်လို့ သွေးဆင်းနေတာ ၅ ရက် ကြာတယ်ဆိုလဲ နောက်ဆေးသစ် မသောက်သေးပေမဲ့ ပြက္ခဒိန်နည်းအရ ကိုယ်ဝန်မရနိုင်ပါ။
• တကယ်လို့ ဆေးသောက်ဘို့ မေ့တာက ၃ ရက်အထိ ဖြစ်ရင် စိတ်မချရတော့ပါ။ အကာအကွယ်သစ်ပါ သုံးရပါမယ်။ ဆေးလုံး ၂ လုံးထက် ပိုမသောက်ရပါ။ တရက် ၁ လုံးသာ ဆက်သောက်ပါ။
• တကယ်လို့ အတူနေစရာမရှိလဲ ဆေးသောက်ရမှာသာ ဖြစ်တယ်။ ဒါမှ လမှန်လိမ့်မယ်။
• ဒီဆေးမျိုး သောက်နေရင်းနဲ့ (ကွန်ဒွမ်) သုံးနေပေမဲ့လဲ ဆေးကို ရက်မှန်-အချိန်မှန်သောက်ရပါမယ်။
• တကယ်လို့ ဆေးသောက်ဘို့ မေ့တာက တတိယအတန်း (၁၄ ရက်ကနေ ၂၁ ရက်) အတွင်းက ဖြစ်နေရင် နောက်ဆုံး အရောင်မတူ ၇ လုံးကို မသောက်တော့ဘဲ ဆေးကပ်သစ်စပါ။
• ဆေးသောက်ဘို့ မေ့တာက ပဌမအတန်း (၁ ရက်ကနေ ၇ ရက်) အတွင်းဖြစ်နေရင် အရေးပေါ် ကာကွယ်ဆေး Emergency contraception (Morning after pill) သောက်ပါ။
• ဆေးသောက်ပြီး ၂ နာရီအတွင်း အန်တယ်ဆိုရင် မအန်ချင်တဲ့အချိန်မှာ နောက်ဆေး ၁ လုံးထပ်သောက်ပါ။ အန်နေတာက ၂၄ နာရီကျော်သွားရင် သိပ်စိတ်မချရတော့ပါ။ အကာကွယ်သစ်ပါ သုံးပါ။
• ဝမ်းလျောတာ ဆိုးသူတွေလဲ ထိရောက်မှု နည်းတတ်တယ်။
• ဆေး စသုံးဘူးသူတွေဆိုရင် ရာသီမမှန်တာ ဖြစ်တတ်တယ်။
• ဒီဆေး မသုံးသူတွေထက် သွေးခဲစေတာ ပိုဖြစ်နိုင်တယ်။ ရင်သားကင်ဆာ ပိုဖြစ်နိုင်တယ်။
• ကိုယ်ဝန်ရှိနေသူ မသုံးရပါ။ နို့တိုက်နေသူ မသုံးသင့်ပါ။ (ကိုလက်စထော) များနေသူ၊ နှလုံးရောဂါရှိနေသူ၊ သွေးတိုး နေသူ၊ ဆီးချို များနေသူ၊ အသက် ၅ဝ ကျော်သူ၊ စိတ်ကျရောဂါ ဆိုးနေသူ၊ မိုင်ဂရင်း ရောဂါရှိသူ၊ ကျောက်ကပ် မကောင်းသူ၊ အသဲ မကောင်းသူ၊ အသားဝါ ဖြစ်နေသူ၊ သည်းခြေအိတ် ကျောက်ရှိနေသူတွေ မသုံးသင့်ပါ။
• တချို့က ဝတာများတယ်။ တချို့ပိန်မယ်။ ရင်သားတင်း-နာ-ကြီးလာတတ်တယ်။ လိင်စိတ်နည်းတာ တချို့မှာ ဖြစ်တယ်။
• Aprepitant, Bosentan, Barbiturates, Carbamazepine, Eslicarbazepine, Modafinil, Nevirapine, Oxcarbazepine, Phenobarbital, Phenytoin, Primidone, Rifampicin, Rifabutin, Ritonavir ဆေးတွေ ပေးနေရင် ဒီဆေးအစွမ်း နည်းစေတတ်တယ်။
• Melatonin, Selegiline, Tacrolimus, Theophylline, Tizanidine, Voriconazole ဆေးတွေရဲ့အစွမ်းကို ဒီဆေးက သက်ရောက်စေနိုင်တယ်။
• Logynon, Logynon ED နဲ့ Microgynon 30 ဆေးတွေက ဆေးပါတာတူတယ်။
• Microgynon 20 ED ဆေးကို Alesse နာမည်နဲ့ အမေရီကားမှာ ရောင်းတယ်။

Dr. တင့်ဆွေ
၁၇-၃-၂ဝ၁၁

Read More...

Wednesday, March 16, 2011

အသက် ၁၈ နှစ်မပြည့်လဲ ဖတ်ပါ Menstruation ရာသီ မမှန်ခြင်း

August 09, 2010 8:13 PM
Q 1: ကျွန်မအသက် သုံးဆယ့်တစ်ပါ။ ကျွန်မ အခု (့) မှာပါ။ ကျွန်မမှာ တစ်နှစ်တစ်လ အရွယ် သမီးတယောက် ရှိပါတယ်။ ကျွန်မ သမီးကို ဗိုက်ခွဲပြီး မွေးတာပါ။ ကလေးက အခုထိ မိခင်နို့စို့တုန်းဘဲ။ ကျမ ရာသီက ကလေးမွေးပြီး လေးဆယ့်ငါးရက်ထဲက ပုံမှန်လာပါတယ်။

ဒီတခါ ရာသီလာတဲ့ အချိန်မှာ ပုံမှန် မဟုတ်ဘဲ၊ ၅ ရက် စောလာပြီး၊ သွေးက တစက်တစတ်ဘဲ ဆင်းတယ်။ အခုလို သွေးတစက်တစက် ဆင်းနေတာ တလနည်းပါး ရှိတော့မယ်။ ကျမ မည်သည့် ကိုယ်ဝန် တားဆေးကိုမှ မသုံးစွဲခဲ့ပါ။ ကျွန်မလဲ စိတ်ပူလို့ Pregnancy test နဲ့ စမ်းကြည့်တယ်။ Negative ဘဲပြတယ်။ စိုးရိမ်လို့ သူငယ်ချင်းတွေ မေးကြည့်တော့ သူတို့က ရာသီထိန်၊ ရာသီ ငုတ်တယ်လို့ ပြောကြတယ်။ ဒီက ဆေးခန်းကို ပြဖို့ကလဲ နားလည်မှု လွဲတတ်လို့ ဆရာ့ဆီက အကူအညီ တောင်းတာပါ။ ဘဲလို ဆေးမျိုး သောက်သင့်လဲနှင့် ရောဂါအကြောင်းကို ဖြေကြားပေးပါရှင့်။

ဘာမှ မစိုးရိမ်ပါနဲ့။ ရက်စောလာတာလည်း ကိစ္စမရှိပါ။ နည်းတာလဲ အဲလိုဘဲ။ မှန်လာပါလိမ့်မယ်။ ကလေးနို့တိုက်နေချိန်မှာ နောက်ကိုယ်ဝန်ရှိဘို့ ပိုနှေးတတ်တယ်။ ကလေးကို ၁ နှစ်ဆို နို့ဖြတ်သင့်ပြီ။ ၆ လ အရွယ်ကတည်းက အစာကြွေးရမယ်။ ဖြေးဖြေး တိုးတိုးကြွေးပေါ့။ နို့ဖြတ်မှလဲ ကလေးက တခြားအစာ စားလာမယ်။

ဆီးစစ်လိုက်တာ ကောင်းတယ်။ အခုလို မရပ်သေးတာ သားအိမ်ခြစ်စရာလဲ မလိုဘူး။ ခပ်လွယ်လွယ် ဆေးနည်းပေးပါမယ်။ ကိုယ်ဝန်တားဆေး Contraceptive pill ကို သောက်နိုင်တယ်။ လူအများစုသောက်တဲ့ ဆေးပြောတာပါ။ ဆေးကပ်တိုင်းမှာ အရောင် ၂ မျိုးပါတယ်။ အဖြူရောင် ၂၁ လုံးကို တနေ့ ၁ လုံးသောက်နေသမျှ သွေးမဆင်းပါ။ ရာသီရက် မမှန်သူတွေကို ဒီနည်းက အလွယ်ဆုံးဘဲ။ အိမ်ထောင်မရှိတဲ့ မိန်းကလေးတွေဆိုရင် ဆေးအကြောင်း ရှင်းပြလိုက်ပြီး၊ ဆေးလုံးလေးတွေကို ဆေးကပ်ကနေ ထုတ်ပြီး ပေးရတယ်။ သူများမြင် အထင်မလွဲအောင်ပေါ့။ တချို့ကို အဲလို ၃-၄ လ အသောက်ခိုင်းရင် ပြန်မှန်သွားနိုင်တယ်။

ကလေးငယ်ရှိသူတွေကိုတော့ နို့ထွက်နည်းစေတတ်လို့ နောက်နည်း လုပ်ရတတ်တယ်။ မေးတဲ့လူအတွက်တော့ ဒီအရေး ပူစရာ မလိုလောက်ဘူး ထင်ပါတယ်။ ဟော်မုန်းတမျိုးထဲပါ တားဆေးက နို့ထွက်တာကို မထိခိုက်ပါ။

အထောက်အကူ ရစေအောင် ဗီတာမင် စီ ၅ဝဝ မီလီဂရမ် တနေ့ ၁-၂ ပြားသောက်ပါ။ သံဓါတ်နဲ့ ဖေါလစ်အက်စစ်လည်း သောက်ပါ။ ဗီတာမင် ဘီအုပ်စုလည်း သောက်ပါ။

၉-၈-၂ဝ၁ဝ

Aug 9, 2010 at 1:57 PM
Q 2: နားနဲ့မနာ ဖဝါးနဲ့နာပါ။ ဒီတစ်လ ဓမ္မတာလာတာ နဲနဲဆန်းတယ်။ အရင်လတွေကနဲ့ ပုံမှန် မဟုတ်လို့ပါ။ အရင်လက ၁၄ ရက်နေ့မှာ စပြီးတော့ ၁၄-၁၅ ဆက်တိုက် ဆင်းပါတယ် ၁၆ ရက်နေ့မှာ တစ်ရက် တန့်သွားပါတယ်။ ပြီးမှ ၁၇ နဲ့ ၁၈ ရက်မှာ ပြန်ဆင်းပါတယ်။ ဆရာရေးခဲ့တဲ့ စာတွေအရ စိတ်ဖိစီးမှုကြောင့်လို့ မှတ်ယူထားပါတယ်။ ဒီလကျတော့ ၁ ရက် နေ့မှာ စဆင်းပြီး၊ ၁ ရက် ၂ ရက် ၃ ရက် ဆက်တိုက်က သာမန်မဟုတ်ပဲ အခဲတွေ ဆင်းတယ်။ အရောင်ကတော့ ညိုညစ်ညစ် အရောင်မျိုးဖြစ်ပြီး၊ အနံ့ နဲ့ ခံစားမှုတော့ မရှိပါဘူး။ ခါးကိုက်တာတို့ ဗိုက်နာတာတို့လဲ မရှိပါဘူး။ ပြီးတော့ ၄ ရက်နေ့က နေစပြီး ပုံမှန်အတိုင်း ပြန်ဆင်းတာကိုက အရမ်းများတယ်။ ဒီနေ့ထိတော့ မရပ်သေးပါဘူး။ အခု ရက်ပိုင်းတော့ နဲတော့ နဲသွားတယ်။ ဓမ္မတာ လာခါနီးဆို အဖြူဆင်းတယ်။ ဒါပေမယ့် ဒီတစ်ခေါက် အဖြူလဲ မဆင်းပါဘူး။ အဲဒါ ဘာကြောင့်ပါလဲ။ စိုးရိမ်စရာ ရှိပါသလား။ အရင်ကတော့ ရှမ်းပျိုမယ် သွေးဆေး သောက်ပါတယ်။ နာကျင်မှုအတွက် Dofenal 500 mg တစ်နေ့ တစ်လုံး သောက်ပါတယ်။ ကောင်းကျိုး-ဆိုးကျိုး ပြောပြပေးစေလိုပါတယ်။ နောက်ပြီး တလွဲယူဆထားတာက ဓမ္မတာလာရင် ခေါင်းမလျှော်ရ ဆိုတာလဲ ရှိပါတယ်။ မတည့်တဲ့ အစာတွေအဖြစ် ပြောင်းဖူးတို့ မာလကာသီးတို့ မစားရဘူး ဆိုတာလဲ ရှိပါတယ်။ အဲလိုမျိုးတွေလဲ တကယ်ရှိလား။ ဒါတွေနဲ့ ဆိုင်-မဆိုင်လဲ သိချင်ပါတယ်။ အသက်က ၂၂ နှစ်ပါ။

မိန်းကလေးတွေ၊ အမျိုးသမီးတွေ ရာသီ မမှန်တတ်တာ အတော်များများ ဖြစ်ကြရတယ်။ များသောအားဖြင့် စိုးရိမ်စရာမလို၊ ဆေးကုစရာ မလိုတတ်ပါ။ အသက်ငယ်တုံး၊ အပျိုဘော်ဝင်စနဲ့ သွေးဆုံးခါနည်းရင် မမှန်ဘူး။ အခုလို ၂၂ နှစ် အရွယ် ကတော့ မှန်သင့်တဲ့ အရွယ်လို့ ပြောနိုင်တယ်။ ဒါလဲဘဲ သိပ်မစိုးရိမ်ပါနဲ့။

ရာသီဆင်းတယ်ဆိုတာ၊ မျိုးပွါးလမ်းကြောင်း ခန္ဓာဗေဒ ခေါ်တဲ့ ရုပ်ပိုင်းဆိုင်ရာ၊ ဇီဝကမ္မ ဖြစ်စဉ်ခေါ်တဲ့ အလုပ်ပိုင်း ဆိုင်ရာတွေ ကောင်းမွန်၊ မှန်ကန်နေရမယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာကလည်း သက်ရောက် လွှမ်းမိုးသေးတယ်။ ပယောဂ ပြောရမဲ့ သက်ရောက်လာမှုတွေလည်း ထည့်တွက်ရသေးတယ်။ ပယောဂ ဆိုတာ ဗိန္ဓော-ရမ်းကု ပြောတာ မဟုတ်ဘူးနော်။ ပြင်ပကနေ တခုခု ဖြစ်စေတာကို ဆိုချင်တာ။ ဆိုပါစို့ တခြား နေမကောင်းတာရှိလို့ ဆေးသောက်တာကနေ ရာသီဖြစ်စဉ်ကို လာထိခိုက်တာမျိုး။

ဆေးခန်းမှာ ဆရာဝန်လုပ်တဲ့လူက သူတို့စကား မတတ်လို့ ဆရာမတွေဆိုတာက စကားပြန်ရော သူနာပြုပါ လုပ်ကြရတယ်။ အမျိုးသမီး လူနာတွေကို ဘယ်လိုမေးပါ သင်ပေးထားတယ်။ “ရာသီမမှန်” လို့ ဘာသာပြန်ပေးရင်၊ “ဒါနဲ့ မရသေးဘူး။ မမှန်ဘူးဆိုတာ၊ မလာတာ၊ နည်းတာ၊ များတာ၊ အကုန်လုံး မမှန်တာချည်းဘဲ။”

ရာသီများရင် တမျိုး၊ များတာက ရက်လဲပိုနိုင် ဆင်းတာလဲ များနိုင်တယ်။ ထိန်ပြီးမှ များများဆင်းတာက အိပ်ထောင်သည် ဆိုရင် (သမီးရည်းစား လည်းပါတာပေါ့) သားပျက်တာလား။ ဆယ်ကျော်သက်လဲ မဟုတ်၊ ၄၅ နှစ်လည်း မရောက်သေး၊ အိမ်ထောင်လဲ မရှိရင် တခြားဟာတွေ စဉ်းစားရပြီ။

မေးတာတွေ ကုန်ရင် စစ်တာ လိုလာနိုင်တယ်။ ကိုယ်ဝန်ရှိ-မရှိစစ်တာ ခုခေတ်မှာ ဆရာဝန်ပါစရာ မလိုဘူး၊ သူတို့ဖါသာ စစ်လို့ ဘာမှန်းမသိမှ ဆရာဝန် လာပြသူတွေလည်းရှိတယ်။ ဒီလို ပုံမှန်မဖြစ်တာကို မွေးလမ်းကြောင်းစမ်းတာ လိုနိုင်တယ်။ သွေးစစ်၊ (အာလ်ထွာဆောင်း)၊ ဓါတ်မှန်၊ စတာတွေလိုချင် လိုအုံးမယ်။

Dofenal ဆေးက Mefenamic acid ဖြစ်တယ်။ အနာ-အကိုက်-အဖျား သက်သာဆေးဖြစ်တယ်။ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင် နဲ့ ဗီယက်နမ် တို့မှာ ဒီနံမယ်နဲ့ ရောင်းတယ်။ ၂၅ဝ-၅ဝဝ မီလီဂရမ် ကို တနေ့ ၃ ကြိမ်အထိ သောက်နိုင်တယ်။ အစာနဲ့ နီးရမယ်။ ၇ ရက်ထက် ပိုမသောက်သင့်ဘူး။ အသဲ၊ ကျောက်ကပ် မကောင်းရင်၊ အစာအိမ်နာရှိရင်၊ ပန်းနာ၊ ရေခမ်းခြောက်တာ ရှိနေရင် မသောက်သင့်ဘူး။

သွေးဆေးအကြောင်းကို ဆေးပညာမှာ သုတေသနလုပ်ထားတာ မရှိသေးဘူး။ ဆရာဝန်တွေရဲ့ အမေ၊ အဒေါ်၊ အမတွေ ကတော့ လက်စွဲဘဲ။ ရာသီဖြစ်စဉ်နဲ့ ပြောင်းဖူး၊ မာလကာသီး၊ ခေါင်းလျှော်တာတွေရဲ့ ပတ်သက်မှုကို သင်ဘူး ဖတ်ဘူးတဲ့ ဆေးစာတွေမှာတော့ မတွေ့ရသေးဘူး။ စာဖတ် နည်းသေးလို့လားတော့ မသိဘူး။ ရှာပါအုံးမယ်။

ဒီအဖြစ်မျိုးက မေးတဲ့သူကို ဆေးနည်းလှမ်းပေးလို့ မကောင်း-မမှန်နိုင်ဘူး။ ရောဂါဆိုးလို့ ပြောတာတော့ မဟုတ်ဘူးနော်။ မေးမြန်း-စစ်ဆေးပြီးရင် တချို့အတွက် ကုရတာ လွယ်လွယ်လေးနဲ့ ပြီးတာတွေ ရှိတယ်။ OG ဖြစ်ဖြစ်၊ ဆရာဝန်ဖြစ်ဖြစ် ပြသင့်ပါတယ်။

၉-၈-၂ဝ၁ဝ

Q 3: သမီးက အသက် ၂၃ နှစ်ပါ။ သိချင်တာလေးတွေ မေးပါရစေ။ သမီးက ရာသီလာတာ မမှန်ပါဘူး။ တခါတလေ ၂ လမှ တခါ လာပါတယ်။ အရင်ကတော့ အမေက သွေးဆေး အမြဲတိုက်ပါတယ်။ မြန်မာဆေးတွေ။ ခုက ဒီမှာ ဝယ်လို့လည်း မရပါဘူး။ ခု ဝက်ခြံတွေလည်း မျက်နှာမှာရော ကျောမှာပါ ပိုပေါက်လာပါတယ်။ သူငယ်ချင်းကပြောလို့ ဂျင်းပြုတ်ရည် လည်း သောက်ပါတယ်။ ဆရာရှင့် ဘယ်လိုလုပ်ရမလဲဆိုတာ ဖြေကြားပေးပါရှင်။

ရာသီမမှန်တာ မိန်းကလေးအတော်များများမှာ ဖြစ်လေ့ရှိတယ်။ ၂ လမှ တခါလာယုံနဲ့ ဘာမှ စိုးရိမ်စရာ မလိုပါ။ ဝက်ခြံလဲ ပေါက်တယ်ဆိုရင် အပျိုဖြစ်မှာပေါ့။ သိပ်ရင်းနှီးလွန်းတဲ့ သမီးရည်းစားတောင် ထားပုံမရဘူး။ ဆေးပညာအရ ဖြစ်ဘို့ များတာကို ပြောတာပါ။ ကိုယ်ရေးကိုယ်တာ စပ်စုတာမဟုတ်ပါ။ ဗေဒင်ဟောတာလဲ မဟုတ်ဘူး။ မမှန်ရင်လဲ “မှားသော ဆေးသမား ရှိ၏” လို့ မှတ်ပါ။

ဗမာသွေးဆေးတွေကလည်း အသုံးတည့်သူတွေမှာ တည့်တယ်။ ချင်းပြုတ်ရည်ကလည်း တချို့အတွက် အလုပ် ဖြစ်တတ်ပါတယ်။ မိန်းကလေးရဲ့ ကျန်းမာရေးကို ပိုပြီးသိရရင် ပိုကောင်းမယ်။ “ပိန်သလား၊ ဝသလား၊ ပိန်လာနေသလား။ ကျန်းမာရေး နောက်ကြောင်းမှာ ထူးခြားတာရှိသလား။ ဆေးရုံတက်ရဘူးတာ၊ ဓါတ်မှန်ရိုက်တာ”။ မသိတာ အသာထားပြီး ယေဘုယျ ဖြေပါ့မယ်။

ရာသီမမှန်တာမှာ ပတ်ဝန်းကျင်လို့ ခေါ်လေ့ရှိတဲ့ အကြောင်းခံရှိတတ်တယ်။ နေမကောင်းတာ ဥပမာ တီဘီ၊ စိတ်ဖိစီးမှု များတာ၊ အာဟာရ မပြည့်တာ၊ သွေးအားနည်းတာ၊ လေ့ကျင်ခန်း-အလုပ် များလွန်းတာ၊ ခရီးထွက်ရဖန် များတာတွေ ပါတယ်။ ဒါ့ကြောင့် ဒါတွေကို ပြင်ပါ-ကုပါ။

နောက် အကြောင်းခံ တမျိုးကတော့ ဇီဝကမ္မအပြောင်းအလဲ ရှိလို့ပါ။ ရာသီဆင်းတာကို ထိန်းကြောင်းပေးနေတာ သုံးခုဟာ အထာမကျရင် ရာသီလာ မမှန်ဘူး။ နောက်ဆုံးအကြောင်းခံတခုကတော့ Polycystic ovarian syndrome ရောဂါပါ။ လိုမယ် ထင်ရင် ဒီနှစ်မျိုးအတွက် OG ပြပါ။ Oligomenorrhea ခေါ်တဲ့ ရာသီနည်းလွန်းရင် သားသမီး မရနိုင်တာ ဖြစ်စေတတ်တယ်။ ဒါတွေ ထည့်ရေးတာက ဆရာဝန်တယောက်အနေနဲ့ မပြည့်မစုံရေးလို့ မကောင်းတဲ့ အတွက်ပါ။ လူ ၁ဝဝ-၁ဝဝဝ မှာ ၁ ယောက် ဖြစ်တာလဲ ပါရတယ်။

ဝက်ခြံဆိုတာ ရာသီဆင်းတာလိုဘဲ ဟော်မုန်းဓါတ် အပြောင်းအလွဲကြောင့်ဖြစ်စေတာပါ။ လူတိုင်းမှာ ကျား-မ ဟော်မုန်း ၂ မျိုးလုံးရှိကြတယ်။ Androgens ကျားဟော်မုန်းက ပိုကဲနေရင် ရာသီနည်းတာ ဖြစ်စေတယ်။ အရေပြား မသန့်ရှင်းတာ၊ လေထု မသန့်တာကြောင့်လဲ ဖြစ်စေနိုင်သေးတယ်။

သနပ်ခါးအစစ် သဘာဝဖြစ် အလှအပ အသုံးအဆောင်သာ သုံးပါ။ ကြော်ညာကောင်း (ကော့စ်မက်တစ်) တွေ မသုံးသင့်ပါ။ အဆီ-အငန်များ အစားအစာ ရှောင်ပါ။ တကယ်လို့ အနာရင်းသလို ဖြစ်လာရင်၊ ပြည်တည်ရင် Tetracycline, Erythromycin ၂၅ဝ မီလီဂရမ် ၆ နာရီခြား၊ ဒါမှမဟုတ် Doxycycline ၁ဝဝ မီလီဂရမ် ၁၂ နာရီခြား၊ ၄-၅ ရက် သောက်ပါ။

ဝက်ခြံကို လက်နဲ့ ခဏခဏ မကိုင်ပါနဲ့။ မျက်မှာမှာ ပေါက်တဲ့ ဘာအနာဖြစ်ဖြစ် မမှည့်သေးခင် ညှစ်မထုတ်ရပါ။ သွေးအားအတွက် Ferrous ဆေး၊ Folic acid ဆေးတွေသောက်ပါ။ ဝက်ခြံအတွက် ဗီတာမင် B အပြင် A သောက်ဘို့ လိုတယ်။ Zinc ဓါတ်များ အစားအစာ (ပင်လယ်စာ၊ အစေ့အဆံ၊ အသဲ၊ ငါး၊ ဥ၊ ဂျုံ၊) နဲ့ Chromium ဓါတ်များ အစားအစာ (သစ်သီးဖျော်ရည်၊ ငှက်ပျောသီး၊ စပျစ်သီး၊ အာလူး၊ အမဲသား၊ မုံလာဥစိမ်း၊ ကြက်သွန်ဖြူ၊) စားပါ။

တကိုယ်ရေ သန့်ရှင်းရေး လုပ်ပါ။ ခေါင်းအုံးစွပ် ၂ ရက်တခါ လဲပါ။ မျက်နှာကို ဆံပင်က လာလာမထိစေသင့်ပါ။

လစဉ် ရာသီလာနေသူများလဲ ဝက်ခြံပေါက်တတ်တယ်။ တရားခံက Androgens ပါဘဲ။ ဝက်ခြံမှာ ခေါင်းဖြူ-ခေါင်းမဲ ၂ မျိုး ရှိတယ်။ အဖြူက အရေပြားထဲ မြုတ်နေပြီး၊ အမဲက အပေါ်မှာ။ ပြည်ဖြစ်လာရင် ဝါလာမယ်။ သန့်ရှင်းရေး လုပ်တာက အပြင်းစားမဟုတ်တဲ့ ဆပ်ပြာ၊ ဗက်တီးရီးယားသေစေနိုင်တဲ့ neem soaps ဆပ်ပြာလဲကောင်းတယ်။ မျက်နှာ အဆီမပြန်စေနဲ့။ မိတ်ကပ်သုံးစရာရှိရင် နဲနဲ-ပါးပါးသာသုံးပါ။ အရေပြားက (ဆဲလ်)တွေ လေဝအောင်လို့။ သေသွားတဲ့ (ဆဲလ်) ခပ်ညိုညိုတွေကို အသာအယာ ဖယ်ထုတ်ပေးပါ။ ရေနွေးလေးနဲ့ မျက်နှာသစ်ပါ။ ရေများများသောက်ပါ။ နံ့သာဖြူလိမ်းတာလဲ ကောင်းပါတယ်။

ရာသီမှန်လာမယ်ဆိုရင် ဝက်ခြံပါ သက်သာလာမယ်။ အိမ်ထောင်ရက်သား ကျသွားသူများ ပျောက်သွားတယ်။ အိမ်ထောင် မရှိသေးသူကို ရှိအောင် အားပေးတာ မဟုတ်ပါ။ အိမ်ထောင်ပြုတယ်ဆိုတာ “နောင်ပြင်ရန် ခက်သည့်အမျိုး သုံးပါး” ထဲမှာပါလို့ ဝက်ခြံ ပျောက်ချင်တာလေးနဲ့ မမြန်ဆန်လေနဲ့။

အပျိုလေး-အပျိုကြီးများလည်း ကိုယ်ဝန်ဆောင် တားဆေး (အများဆုံးသုံးကြတဲ့ ဟော်မုန်း ၂ မျိုးတွဲ စားဆေး) ကို သောက်ရင် ရာသီလာရက် မှန်စေတယ်။ ၂၈ ပြားပါတဲ့ ဆေးကပ်မှာ ၂၁ လုံးက အရောင်တမျိုး၊ ၇ လုံးက အရောင်တမျိုး လာလေ့ရှိတယ်။ အဖြူရောင် ၂၁ လုံး သောက်နေတုံး ရာသီမလာဘဲ၊ ဒီဆေးလုံးတွေ ကုန်တာနဲ့ ရာသီလာမယ်။ ဒီဆေးကပ်ကို အနည်းဆုံး ၃-၄ လ ဆက်သောက်လိုက်ရင် သူ့ဖါသာသူ ရာသီလာရက် မှန်စေနိုင်တယ်။

ဆရာ့ဆေးခန်းမှာ ဒီလိုဖြစ်တဲ့ မိန်းကလေးတွေလာရင် ကိုယ်ဝန်တားဆေးကပ်ကို တလုံးချင်း ဖေါက်ပြီး ပေးလိုက်တယ်။ အပျိုမိန်းကလေးကို သူများမြင် အထင်မလွဲစေအောင်ပေါ့။ ကောင်းသွားကြပါတယ်။

Dr. တင့်ဆွေ
၂၁-၄-၂ဝ၁ဝ

Q 4: သမီး ပုံမှန်ရာသီက ၂၈ ရက် ၁ ခါ လာပါတယ်။ ဒါပေမယ့် ရာသီလာပြီး ၁ဝ ရက် ၂ ပတ်လောက်နေရင် နဲနဲ ပြန်လာနေတတ်တယ်။ ပုံမှန်လိုတော့ မဟုတ်ဘူး။ အပေါ့သွားရင် ထွက်လာတာမျိုး အဖြူနဲ့ ရောပြီး ထွက်လာတာမျိုး။ Daily pad အသေးလေးတွေ သုံးရတာပေါ့။ အဲဒါဘာလို့ဖြစ်တာလဲ။ တခုခုများ အထဲမှာ ဖြစ်နေလို့လား။ အရင်က မဖြစ်ဖူးပါဘူး ဒီလိုဖြစ်တာ ၃-၄ လ လောက်ပဲ ရှိပါသေးတယ်။ လွန်ခဲ့တဲ့ ၁ ပတ်က အိမ်ထောင်ကျပါတယ်။ မင်္ဂလာဦးည ပြီးတော့ နောက် ၃-၄ ရက် လောက်မှာ အဲလိုမျိုး ဆီးသွားတဲ့အချိန် လေလည်တဲ့အချိန်မျိုးမှာ အနီထွက်လာတယ်။ အဲဒါက ပုံမှန်ပဲလား။ အဲလိုဖြစ်တဲ့ ဒီအပတ်မှာ ပြန်နေဖြစ်တော့ စ စခြင်းတော့ ဘာမှ မဖြစ်ပေမယ့် နောက်တော့ အနီနဲနဲ ဆင်းလာတယ်။ သမီးတို့ အသက် ၂၈ ကိုယ်စီပါ။ ယောက်ျားကတော့ ဘာမှ မဖြစ်ပါဘူး။ ကျန်းမာပါတယ်။ နောက်ပိုင်းမှာ နာကျင်မှုတော့ မရှိပါဘူး။ ကိုယ်ဝန်တားဆေး မသုံးပါဘူး။ ယားတာတော့ မဖြစ်ပါဘူး။ အရင်ထဲက အဖြူကတော့ တခါတလေ ဆင်းတယ်။ အိမ်ထောင်ကျတာ ပြီးခဲ့တဲ့ အပတ်ကမှပါ။ အိမ်ထောင်မကျခင် ၄-၅ လ လောက်မှာ အဲလို ဖြစ်တာကို သတိထားမိတာပါ။ အနီသက်သက်ဆင်းလာတာမျိုး အဖြူနဲ့ ရောပါလာတာမျိုးပါ။ သူလဲ လန့်နေသလို သမီးလဲ လန့်နေတယ်။

အိမ်တောင်ကျတာနဲ့ မဆိုင်ဘဲ မကျခင်ကတည်းက ဖြစ်တာမို့ အိမ်ထောင်ဘက်က ပြဿနာ မဟုတ်နိုင်တော့ပါ။ လိင်ကတဆင့် ကူးစက်ရောဂါ STD တွေကိုပါ လက်ညှိုးထိုးစရာ မလိုတော့ဘူးပေါ့။

ဖြစ်တတ်တဲ့ အခြေအနေတခုသာ ဖြစ်တယ်။ မစိုးရိမ်ပါနဲ့။ ရာသီများလာတဲ့သဘောဖြစ်ဘို့ များတယ်။ ဒီအသက်မျိုးမှာ ရောဂါကြီး မဖြစ်သလောက်ပါ။ ဆီးစပ်နေရာကို ဖိကြည့်လို့လဲ နာပုံမပေါ်ပါ။ နာရင် မျိုးပွါးလမ်းကြောင်း ပိုးဝင်တာမျိုး စဉ်းစားရတယ်။ အခု ဟုတ်ပုံမရပါ။ တခြားနေရာ (နှာခေါင်း၊ သွားဖုံး) ကနေ သွေးမယိုတာ မဖြစ်ဘူးလို့ ယူဆပါတယ်။

ဒီတော့ ရာသီမှန်အောင်လုပ်ဘို့ဘဲလိုမယ်။ ဘာမှ မလုပ်ဘဲနေရင်တောင် မှန်လာတတ်သေးတယ်။ အိမ်ထောင်ကျ လိုက်တော့ ဟော်မုန်းအချိုးအစားလဲ ပြောင်းလာနိုင်လို့ပါ။

အိမ်ထောင်ကျပြီး ဆက်ဖြစ်နေသေးပြန်တာမို့ OG မပြခင် ဆေးစားကြည့်ပါ။ မွေးလမ်းကြောင်းစမ်းတာ လုပ်ရင် ပိုပြီး ခန့်မှန်းနိုင်တယ်။ အလွယ်ဆိုးနည်းကတော့ ကိုယ်ဝန်တားဆေး သောက်ပါ။ အများဆုံးသုံးနေကြတဲ့ ဟော်မုန်း ၂ မျိုးတွဲဆေးပြား သောက်ပါ။ တနေ့ ၁လုံး ၂၈ ရက် သောက်ရတာမျိုး ပြောတာပါ။ ရှာရတာလဲ အလွယ်ဆုံးဖြစ်တဲ့ဆေးပါ။ ရာသီ တခါဆင်းအောင် စောင့်ပါ။ ဆင်းတာရပ်တာနဲ့ ဆေး တနေ့ ၁ ပြားသောက်ပါ။ ဆေးမကုန်ခင် ရာသီ ပြန်မဆင်းပါ။ အဲလို လမှန်-ရက်မှန်ဖြစ်တာ ၃-၄ လ နောက်မှာ ရပ်လိုက်ပါ။ ဆေးကို မနက်ခင်း သောက်တဲ့အကျင့်လုပ်တာ ကောင်းတယ်။ မေ့သွားရင် နေ့ခင်းသောက်လိုက်လို့ ရတာမို့ ရက်မကျော်တော့ပါ။

အထောက်အကူအဖြစ် သံဓါတ်အားဆေးနဲ့ ဗီတာမင် စီ သောက်ပါ။ ကျန်းမာ-ချမ်းသာကြပါစေ။

Q 5:မိန်းကလေးများ အများအားဖြင် Menstruation လာတိုင်း ဗိုက်အောင့်ကြတယ်။ အဲဒါကို ဘယ်လိုလုပ်ပေးရမှာလဲ။ နောက်ဆက်တွဲပြဿနာ ရှိလာနိုင်သလား။ သိရင်ဝေမျှပေးပါ။

A: ရာသီလာရင်နာတာ Dysmenorrhea မှာ နောက်ဆက်တွဲ ပြဿနာ မရှိပါ။ NSAIDs ခေါ်တဲ့ Aspirin, Ibuprofen, Ketoprofen, Naproxen, Meferannic acid စတဲ့ အနာ-အကိုက်-အဖျား သက်သာဆေး တခုခု သောက်ပါ။ နေရာတကာ ဝယ်လို့ရပါတယ်။ ကုမ္ပဏီတွေက ဆေးကို နာမယ် အမျိုးမျိုး ပေးကြတယ်။ နာတတ်တဲ့သူတွေ သွေးဆင်းစ ကတည်းက သောက်သင့်တယ်။ ၂-၃ ရက် ထက်မလိုပါ။ တနေ့ ၃ ကြိမ်ဆို ရတယ်။ ဆေးကို အစာနဲ့ နီးပါစေ။ တကယ် လေနာရှိရင် သတိထား သောက်ပါ။ ဒီဆေးနဲ့မှ မရသူတွေကို Oral contraceptives ကိုယ်ဝန် တားဆေး ပေးရတယ်။ နာတဲ့နေရာကို ရေနွေးအိပ် ကပ်နိုင်တယ်။ လေ့ကျင်ခန်း လုပ်သင့်တယ်။ ရေနွေးနဲ့ ရေချိုးသင့်တယ်။

Dr. တင့်ဆွေ

Read More...

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၂) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ Amenorrhea

ကျွန်မမှာလဲ ရာသီမမှန်တဲ့ ပြဿနာ ရှိပါတယ်။ ရာသီစလာတဲ့ အရွယ် ကတည်းက ခုထိမမှန်တာပါ။ အခုအသက်က ၂ဝ ပါ။ အရင်တုန်းက အတော်လေး ပိန်ပါတယ်။ ခုနောက်ပိုင်းတော့ ဝချင်လို့ အစားတွေစား လေ့ကျင့်ခန်းတွေလုပ်နဲ့ ဝလာတယ်။ သွေးအားကတော့ နည်းပါတယ်။ ပုံမှန် ၉ဝ-၆ဝ ပဲရှိပါတယ်။ Folic acid ပါတဲ့ Vifron အားဆေးလဲ သောက်ပါတယ်။

ရာသီ မမှန်တာကတော့ တစ်ခါတလေ ၃ လလောက်အထိကြာ တတ်ပါတယ်။ ရန်ကုန်မှာလဲ အာရှတော်ဝင်မှာ တစ်ခါ သွားပြပါတယ်။ OG က ဓါတ်မှန်တွေ ရိုက်ခိုင်းပါတယ်။ သွေးလဲစစ်ရပါတယ်။ ဒါပေမဲ့ စစ်ဆေးတာ ဆွေးနွေးတာ အချိန် နည်းနည်းပဲ ပေးပါတယ်။ Polycystic Ovarian Syndrome အဲဒါနဲ့ပါတ်သက်တာ စစ်ရဲ့လားလဲ မသိပါဘူး။ ကျားဟော်မုန်းနဲ့ ပါတ်သက်တာလဲ စစ်ရဲ့လား မသိဘူး။ အဲဒါနဲ့ နောက်တခါ ဆေးခန်း မပြဖြစ်တော့ပါဘူး။ ကြားဖူးတာက လည်ပင်းက သိုင်းရွိုက်အကြိတ် ကြောင့်လဲ ဖြစ်တတ်တယ်ဆို ဟုတ်လားဆရာ။ သိုင်းရွိုက်အကြိတ်နဲ့ မိန်းကလေး ရာသီလာတာ ဆက်စပ်မှု ရှိရင်လဲ ပိုစ့်တစ်ခု တင်ပေးရင် ဝမ်းသာမှာပါဆရာ။

Polycystic ovary syndrome (PCOS) ဆိုတာ အပျိုပေါက်ကနေ သွေးဆုံးအရွယ်အထိ အမျိုးသမီးများမှာ ၅-၁ဝ% ရှိနိုင်တယ်။ ကလေးမရနိုင်ခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ ထိပ်ကဖြစ်တတ်။ အဝလွန်သူ၊ မျိုးဥမထွက်သူ၊ ရာသီ နည်းသူ- မမှန်သူ-မလာသူ။ နောက်ပြီး၊ ယောက်ျားနဲ့ ဆင်တူတဲ့ လက္ခဏာတွေဖြစ်တဲ့ ဝက်ခြံပေါက်၊ မျက်နှာ အဆီပြန်ဆိုတာတွေက Androgen ကျားဟော်မုန်း သတ္တိကဲတဲ့ သင်္ကေတတွေရှိသူ။

မကြာမကြာတွေ့ရတတ်တဲ့ မျိုးဥအိမ်အလုံးခေါ်တဲ့ Ovarian cyst ဖြစ်တိုင်းလည်း PCOS မဟုတ်သလို PCOS ရှိတိုင်းလဲ မျိုးဥအိမ်ကြီးနေတာ ဖြစ်ချင်မှဖြစ်ပါတယ်။

ဒါ့ကြောင့် ရာသီနည်းတိုင်း၊ မမှန်တိုင်း၊ အဝမလွန်-အလွန် မပိန်ရင်၊ ဒီရောဂါမျိုး မစိုးရိမ်ပါနဲ့။ ကလေးဖွါးဘူးရင်လဲ ဖြစ်ဘို့ နည်းတယ်။ မိန်းမပီသသူတွေ စိုးရိမ်စရာမလိုပါ။ မ-လိုလို၊ ကျား-လိုလိုဆိုရင် လိုတယ်။ စိတ်က “ယောက်ျားမိန်း” ဖြစ်နေတာထက် ရုပ်က ဖြစ်နေရင် စစ်ဘို့လိုတယ်။ ဝက်ခြံထူ၊ အမွှေးကြမ်း၊ နှုတ်ခမ်းမွှေးရေးရေး ဆိုတာမျိုး ပြောတာပါ။

Amenorrhea ရာသီမလာခြင်းရဲ့အကြောင်းရင်းဟာ (၁) Hypothalamic-pituitary-ovarian axis ဖိုခနောက်ဆိုင် အကြောင်းသုံးပါး၊ (၂) မွေးလမ်းကြောင်းခန္ဓာဗေဒ ပုံမှန်မဟုတ်လို့နဲ့ (၃) ဇီဝအလုပ် မမှန်တာတွေကြောင့် ဖြစ်ရပါတယ်။

Hypothalamic အကြောင်းရင်းဆိုတဲ့ထဲမှာ ဦးနှောက်ကင်ဆာလဲ ပါတယ်။ Pituitary causes ဆိုတာကတော့ နို့ထွက်စေတဲ့ ဟော်မုန်း Prolaction သိပ်များနေရင်၊ ဒါမှမဟုတ် Pituitary ကင်ဆာ၊ အမှန်က ဦးနှောက်ကင်ဆာပါဘဲ။ သူ့ကို ဓါတ်ကင်မိလို့ကြောင့်လဲ ဖြစ်ပါတယ်။ Ovarian မျိုးဥအိမ် အကြောင်းခံထဲမှာ Hyperandrogenemia ခေါ်တဲ့ ကျားဟော်မုန်းတွေ သိပ်များနေရင်၊ ဓါတ်ကင်ရရင်၊ ကင်ဆာဆေး သောက်ရရင် ဖြစ်တယ်။

အမျိုးသမီး မွေးလမ်းကြောင်းမှာ ပြဿနာတခုခု ရှိတာရဲ့ ဥပမာကတော့ သားအိမ်အတွင်းမယ် တွယ်ကပ်မှုတွေ ဖြစ်နေတာ၊ Imperforate hyman အပျိုမြှေး လုံးဝပိတ်နေတာနဲ့ Vaginal septum မွေးလမ်းကြောင်းမှာ အကန့် ပါနေတာတွေ ပါတယ်။

အပျိုမြှေး လုံးဝပိတ်နေတာမျိုးက မိန်ကလေးတယောက် အရွယ်ရောက်ချိန် လွန်တာတောင် ရာသီပန်း မပွင့်သေးတာမျိုး။ အသက် ၁၄-၁၅ နှစ်အထိ ရာသီမလာရင် ဆရာဝန်ပြပါ။ မသိဘဲ ကြာသွားလို့ ဗိုက်ကလေးက ဖေါင်းဖေါင်းလာ၊ မအေက ရာသီအကြောင်းမေး၊ မလာသေးဘူးပြောတော့ တမျိုးထင်။ ကံဆိုးရင် အရိုက်ခံရ။ နှိပ်စက်ပြီး ပုလိပ်စစ်စစ်ခံရမယ်။ နောက်ဆုံးမှ ကျန်းမာရေး အသိရှိသူတွေ စောင်မလို့ ဆရာဝန်လာပြတယ်။ အပျိုမြှေးမှာ ထုံဆေးလေးထိုး၊ ခွဲစိတ်ဒါးနဲ့ ဒေါင်လိုက်တချက် ကန့်လန့်တချက် ခွဲပေးလိုက်တာနဲ့၊ လားလာ့း့ အမဲ-အညို၊ နောက် နီညိုညို-အနီ ရာသီသွေး ဟောင်းတွေ ဒလဟော ဆင်းလာတာ၊ ဒီလိုဝေဒနာမျိုး နှစ်ခါမက လုပ်ပေးရဘူးတယ်။

မွေးလမ်းကြောင်းမှာ မွေးရာပါ အကန့်ရှိနေတာကို ခပ်ရှားရှား တွေ့ဘူးတယ်။ ပါမောက္ခ-မမတွေက ဆေးကျောင်းသားများကို သင်ကြားဘို့ ရှားတာမှန်သမျှ စုထားကြရတယ် မဟုတ်လား။ “အာစရိရ-ကျေးဇူး”၊ “ဂီလာန-ကျေးဇူး” အထူး မမေ့ပါ။

တခြား အကြောင်းရင်းတွေလဲ ရှိသေးတယ်။ “မီးယပ်ပိန် မီးယပ်ခြောက်”လို့ အခေါ်ခံရသူမျိုး။ မော်ဒယ် (ငါးဖေါင်ရိုးခြောက်) သင်တန်းသူများ။ နာတာရှည်ရောဂါသည်၊ စိတ်ဖိစီးမှုခံစားနေရသူ၊ မူးယစ်ဆေးစွဲသူ၊ လေ့ကျင့်ခန်းလုပ်တာ များလွန်းသူ၊ ပဋိသန္ဓေတားဆေးနဲ့ အဆင်မပြေသူ ဆိုတာတွေ ဖြစ်တယ်။ အာဟာရချို့တဲ့သူတွေလဲ ပါတယ်။ (အီသီယိုးပီးယာ) နဲ့ မြန်မာဟာ အကြောင်းခံမှာ တမျိုးစီပေမဲ့ အကျိုးပေးတူကြတယ်။ ဂုဏ်မယူစရာပေါ့ဗျာ။

(သိုင်းရွိုက်) ရောဂါ
ရာသီမမှန်တာနဲ့ လည်ပင်းကြီးရောဂါ သိပ်တော့ မဆိုင်ပါလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ လည်ပင်းကြီး ဟော်မုန်းဓါတ် လွန်ကဲနေသူမျိုးမှာ ပြဿနာ ရှိပါတယ်။ လည်ပင်းက မြင်သာအောင် ကြီးချင်မှ ကြီးနေလိမ့်မယ်။ ရင်တုံမယ်၊ နှလုံးခုန် မြန်မယ်။ အိမ်ထောင်သည်ဆိုရင် သူ့ခင်ပွန်းကအရင် ဇနီးသည် မူပြောင်းလာတာကို သတိကောင်းကောင်း ထားမိလာမယ်။ စိတ်တို-စိတ်ဆိုးတာ များပြီး၊ ဘာလုပ်လုပ် ဟောဟောဒိုင်းဒိုင်း။ တက်ကြွသလား မမေးနဲ့၊ သူကချည်း ရှေ့က။ “ကွိုင်”မှာက ညအိပ်ရင် သူကသာ ပန်ကာ-ပြူတင်း ဖွင့်အိပ်ချင်လိမ့်မယ်။ ပို အိုက်တတ်တာကိုး။

ဒီလိုဖြစ်လာရင် ဆရာဝန်ပြပါ။ Thyroid essay စစ်ဆေးလိမ့်မယ်။ များနေရင် ဆေးပေးမယ်။ အရင်က စားဆေးသာရှိပေမဲ့ ခုခေတ်မှာ အဏုမြူဆေးကြွေးတာ ထိရောက်ပါတယ်။ မပျောက်ခင် ရာသီရော ကိုယ်ဝန်ကိစ္စတွေပါ မမှန်တာဖြစ်စေတယ်။ တလောက မိတ်ဆွေတဦးရဲ့ ဇနီးကို မြင်တာနဲ့ သံသယရှိလို့ ဆေးစစ်ခိုင်းရတယ်။ ဒိအရင် ကိုယ်ဝန်က ဗိုက်ထဲမှာတင် ကလေးအသေ Intra-uterine death (IUD) ဖြစ်လို့ ကုပေးရသေးတယ်။ အခု အဏုမြူဆေးပါတ်လည်လို့ အကောင်းပကတိ ဖြစ်နေပြီ။ အသိစောလို့သာပေါ့။ မျက်လုံးပါ လက္ခဏာပြနေပြီ။ လည်ပင်းကြီးဟော်မုန်းများရောဂါဟာ ကြာရင် မျက်လုံးပြူးလာတယ်။

မှန်ကြည့်ရင် ကိုယ့်မျက်လုံးကိုယ် သတိထားကြည့်ပါ။ “သမင်မ မျက်လုံး” ထက် ထူးပြီး၊ “ဇီးကွက် မျက်ပြူး” ဖြစ်နေသလား။

Dr. တင့်ဆွေ
၂၃-၄-၂ဝ၁ဝ

Read More...

Wednesday, February 23, 2011

Living Together And Social Problems

Living Together And Social Problems




ယနေ့ခေတ်ကြီးမှာ အရာရာဟာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ရုပ်ဝထ္ထုပိုင်းဆိုင်ရာတွေဟာလည်း များစွာ ဖွံ့ဖြိုး တိုးတက်လျှက်ရှိပါတယ် ။ ရုပ်ပိုင်းဆိုင်ရာတွေဘယ်လောက်ပဲ တိုးတက်တိုးတက် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ ၊ အားနည်းချက်တွေဟာလည်း နေရာတိုင်းမှာတွေ့မြင်နေရဆဲဖြစ်ပါတယ် ။ ကဲ ဒီတော့ ဒီနေ့လူ မှုရေး ကွန်ယက် ကြီးအတွင်း အင်တာနက်တွေဂျီတော့ခ်တွေ VZO တွေ အလွယ်တကူ သုံးနေနိုင်ပြီဖြစ်တဲ့ ခေတ်ကြီးမှာ ဘာကြောင့်အားနည်းချက်တွေရှိနေသလဲ ၊ ဘာတွေလိုအပ်နေသေးလဲဆိုတာ ကျွန်တော်တို့အား လုံးလေ့ လာ ကြည့်ကြရအောင် ။ ယနေ့ခေတ်ကြီးမှာ ရေပန်းစားနေတဲ့ ဝေါဟာရတစ်ခုရှိပါတယ် ။ " Living Together " တဲ့ .. မြန်မာ လိုပြောရရင် လက်မထပ်ပဲ အတူနေထိုင်ခြင်းပေါ့ ။ ဒီထက်ပိုပြီး ရှင်းရရင် လက်မထပ်ပဲ လင်စုံမယား ဖက် ပေါင်းသင်းနေထိုင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ် ။




ဟိုးယခင်ကတော့ Living Together ဟာ မြန်မာလူမျိုးတွေနဲ့အတော်လေး စိမ်းနေခဲ့ပါတယ် ။ အခုတော့ လည်း ခေတ်လူငယ်တွေရဲ့ တီးတိုးပါးစပ်ဖျားမှာ ရေပန်းစားလို့လာခဲ့ပါပြီ ။ အနောက်တိုင်းနိုင်ငံတွေမှာLiving together အပေါ် ထောက်ခဲ့တဲ့လူတွေအများကြီးရှိခဲ့သလို ရှုံ့ချတဲ့သူတွေလည်း အများကြီးရှိခဲ့ပါတယ် ။ ကဲဒါဆို ကျွန်တော်တို့ကရော Living together အပေါ် ဘယ်လိုမြင်ပါသလဲ ???? ။ နှစ်ဦးနှစ်ဖက်လုံးက လည်း သဘော တူတယ် အခြေအနေအရပ်ရပ်ကလည်း အိုကေတယ်ဆိုရင် ဘာမှဝေဖန်စရာ ၊ မှတ်ချက်ချစရာမရှိပါဘူး ။ ဒီနေရာမှာ အပိုင်း ၂ပိုင်းဖြစ်သွားပါပြီ ။

၁ ။ နှစ်ဦးနှစ်ဖက်လုံး သဘောတူညီခြင်း

“ အိုဗျာ.. အတူနေဖို့တောင် ညှိပြီးပြီပဲ နှစ်ယောက်လုံး သဘောမတူတာမျိုးရှိပါ့မလားဗျာ ” လို့ မေးစရာရှိပါတယ် ။ အဲဒါကတော့ အကျပ်ကိုင်ခြင်းပဲပေါ့ ။ ယောင်္ကျားလေးဖက်က“ နင်ငါ့ကို တကယ်ချစ်ရင် တကယ်ယုံတယ်ဆိုရင် ဒီတစ်ခါတော့ လိုက်လျောပေးပါ ” လို့ အကျပ်ကိုင်လာလို့ရှိရင် “ နင်ငါ့ကို တကယ်ချစ်တာ ဟုတ်ရဲ့လားဟာ ဒါဆိုငါနဲ့အတူနေမှ နင့်အချစ်ကို ယုံမယ် ” လို့ ဆိုလာရင် သာမန် အချစ်ကြီးတဲ့ မိန်းကလေး ၊ ချစ်သူအတွက် ဆို ဘာမဆို ပေးလိုက်မယ်လို့ ခံယူထားတဲ့ မိန်းကလေး ၊ စိတ်ပျော့လွယ်တဲ့ မိန်းကလေး ကတော့ ခေါင်းညှိတ်မိမှာအမှန်ပါပဲ ။ ဒီနေရာမှာ လက်ထပ်ပြီးမှ အပျိုစင်ဘ၀ကို ပေးမယ်လို့ ဆုံးဖြတ်ထားတဲ့ မိန်းကလေး တစ်ယောက်က ငြ်းလိုက်ပြီဆိုရင် ပြဿနာရှိလာပါပြီ ။ မိန်းကလေးကလည်း ပြတ်သားဖို့ လိုလာ ပြီပေါ့ ။ ငါ့ကိုတကယ်ချစ်တာလား ၊ ကာမ ကိုလိုချင်တာလားဆိုတာ ခွဲတတ်ဖို့လိုပါတယ် ။ တစ်ခုမှာချင်တာက မိန်းကလေးတစ်ယောက်ကို တကယ်နှစ်နှစ်ကာကာ ချစ်မိတဲ့ ယောင်္ကျားလေး တစ်ယောက် အဖို့ အဲဒီမိန်းကလေးဆီက ဘာမှလိုချင်တောင့်တမှု မရှိပါဘူး ။ သူ့ကို အမြဲဖြည့်ဆည်းပေးချင်တဲ့စိတ် သူပျော်နေ တာကိုပဲ မြင်ချင်တဲ့ စိတ်ကလေးသာ ရှိပါလိမ့်မယ် ။ ဒါကြောင့် နှစ်ဦးနှစ်ဖက် သဘောတူညီလို့ ဖြစ်မြောက် သွားတဲ့Living together တွေရှိသလို တစ်ဖက်က အတင်းအကျပ်ကိုင်လို့ မတတ်သာလို့ (သူမချစ်ဘူးလို့ ထင်သွားမှာစိုးလို့ ) အလျော့ပေးလိုက်ရတဲ့ တစ်ဖက်သတ် Living together တွေလည်းရှိပါလိမ့်မယ် ။

၂ ။ အခြေအနေအရပ်ရပ်က အဆင်ပြေခြင်း

Living together နေဖို့ဆိုရင် အခြေအနေအရပ်ရပ်က အဆင်ပြေမှသာလျှင် ဖြစ်မြောက်နိုင်မှာပါ ။ နိုင်ငံခြားမှာ မိဘကွယ်ရာမှာ ကိုယ့်ခြေထောက်ကိုယ်ရပ်တည်နေတဲ့သူမျိုးကို မဆိုလိုပါဘူး ။ မြန်မာနိုင်ငံအတွင်းမှာဆို မိဘ အလစ် လည်းဖြစ်ရဦးမယ် ။ ဥပမာ မိဘက ခရီးသွားနေတာမျိုး ၊ ဒါမှမဟုတ် အလုပ် (သို့မ ဟုတ်) ကျောင်းပြေးပြီး ရည်းစားနဲ့အတူသွားနေခြင်းစတဲ့အပြုအမူမျိုးကို ဆိုလိုတာပါ ။ ဒါမှမဟုတ် နယ်ကေ န မြို့တက် ပြီးတစ်ယောက် တည်းရပ် တည်နေ ရတဲ့သူမျိုး ။ ဇတ်လမ်းတွေကတော့ အမျိုးစုံရှိကြမှာပါ ။ မိုးက ရွာ မှောင်က လည်းမှောင်မိုးခိုရင်း ဟော်တယ်မှာ ရင်ခွင်ထဲ ရောက်သွားတဲ့သူတွေ ၊ သင်္ကြန် မှာ လျှောက် လည်ရင်း ချမ်းလွန်း လို့ အချမ်းပြေ ဘီယာလေးသောက် ဟိုတယ် ၊တည်းခိုခန်း ခဏရောက် သွားတဲ့အဖြစ်တွေ အများကြီးရှိကြမှာပါ ။

Living Together ၏ကောင်းကျိုးများ

သိပ်များများစားစားတော့ရှိမယ်မထင်ပါဘူး ။ အလွန်ဆုံး ၁ နာရီလောက် အတူနေပြီးတဲ့နောက် မှာ နှစ်ယောက် စလုံးရဲ့ သံယောဇဉ်တွေ ပိုပြီး ခိုင်မာလာမယ်လို့ သင်ထင်ပါသလား ။ နိုင်ငံခြားတိုင်းပြည်အနေနဲ့ကြည့်ရင်တော့ လက်မထပ်သေးပဲ Living together နေခြင်းဖြင့် တစ်ယောက်နဲ့တစ်ယောက်အချိန်ကြာကြာ လေ့လာနိုင်မယ် ။ ဒီအတောအတွင်း သဘောထားခြင်းမတိုက်ဆိုင်ရင် လမ်းခွဲကြမယ်ပေါ့ ။ ပြဿနာမရှိဘူး သူတို့ဆီမှာက ဒီ sex ကိစ္စသည် ဒီလောက်ကြီး အရေးတယူရှိတဲ့ ကိစ္စတော့မဟုတ်လှဘူး ။ ဒါကြောင့် တချို့ဆို ကလေးတွေ ဘာတွေရပြီးမှလက်ထပ်တာမျိုးလည်း ရှိတာပေါ့ ။ သူ့အယူအဆနဲ့သူ ၊ သူ့အိုးနဲ့သူ့ဆန် တန်နေတာပါပဲ ။

Living together ၏ ဆိုးကျိုးများ

မှတ်ရလွယ်အောင် အချက်ကလေးတွေစဉ်ပြီး ကြည့်ရအောင် ။

၁ ။ အပျိုစင်ဘ၀ကို ယူပြီးသွားတော့ ချစ်သူကကြာရင် ရိုးလာပြီး စွန့်ပစ်ခံရတာမျိုး ကြုံရနိုင်ပါတယ် ။ (ဒါကြောင့် ခက် ခဲလေ ပိုတန်ဖိုးမြင့်လေလို့ ဆိုခဲ့ကြတာပေါ့ )

၂ ။ တနည်းနည်းနဲ့ မိဘတွေသိသွားရင် အရှက် ၊ သိက္ခာ ကျဆင်းနိုင်မဲ့အဖြစ်မျိုးပါ ။ အထူးသဖြင့် မိန်း ကလေးတွေမှာပေါ့ ။

၃ ။ ကိုယ်က အပျိုစင်ဘ၀ပေးပြီးတော့ သူ့ဖက်က ကိုယ့်ကို တာဝန်ယူပါ့မလားဆိုတဲ့ ပူပန်သောကမျိုး (Anxiety) ရနိုင်ပါတယ် ။ အမြဲတမ်းစိတ်ပူနေရတတ်ပါတယ် ။ နောက်ဆုံး depressionအထိရနိုင်ပါတယ် ။

၎ ။ Living together နေခဲ့တုန်းက စိတ်ချရတဲ့ သန္ဓေတားနည်း (Safety contraceptive method) မသုံးခဲ့ရင် ကိုယ်ဝန်ရနိုင်ပါတယ် ။

၅ ။ ကိုယ်ဝန်ရလာခဲ့ရင် အဆင်သင့်မဖြစ်ကြသေးတော့ အများစုက ကိုယ်ဝန်ဖျက်ချခြင်း (Abortion) ဆိုတဲ့ဖက်ကို ဦးတည်ကြမှာပါ ။ ဒီအခါ အပစ်မရှိတဲ့ အသက်တွေသေကြရဦးမယ် ။

အထက်ပါ ငါးချက်ဟာ အကြမ်းဖျဉ်း ယေဘူယျ ဆိုးကျိုးငါးချက်ပဲရှိပါသေးတယ် ။ အသေးစိတ်ထပ်ချဲ့ရင် အများကြီး ရှိပါသေးတယ် ။ (ဥပမာ အကုန်လုံးလူသိရှင်ကြားသိသွားပြီမှယောင်္ကျားလေးဖက်က သဘောမတူဘူး တာဝန်မယူနိုင်ဘူးဆိုခဲ့ရင်.....................)

Living together ၏နောက်ဆက်တွဲကြုံတွေ့ရမည့် လူမှုရေးပြဿနာများ (Social Problems)

“ သေသေချာချာ ပြင်ဆင်ထားခြင်းမရှိပဲ ဧည့်သည်တစ်ယောက်ကို ဖိတ်ခေါ်ခြင်းဟာ အိမ်ရှင် တာဝန်မကျေပါဘူး ”

လုပ်ပြီဆိုမှတော့ ပီပီပြင်ပြင်ပေါ့ ။ ကဲ Living together ဘယ်တော့မှ အတူမနေဘူးဆိုရင်တော့ ဘာမှပြော စရာမရှိပါဘူး ။ ကဲ နေမယ်ရှင် ဆိုတဲ့မိန်းကလေးတွေအဖို့ ဘာတွေလုပ် သင့်သလဲဆိုတဲ့ အ ချက်တွေကို ရေးပေး လိုက်ပါတယ် ။

၁ ။ ကိုယ်ဝန်မရအောင် လုံးဝ ကာကွယ်မယ်ဆိုတဲ့ စိတ်ကိုမွေးပါ ။

၂ ။ မိမိရဲ့ partner ကို ကွန်ဒုံးသုံးခိုင်းပါ ။ တချို့လူတွေက မိန်းကလေးဖက်ထည့်မတွက်ပဲ တစ်လွှာခြားရင် တစ်ကမ္ဘာခြားတယ် လုပ်ကြသေးတယ် ။ အဲဒီနေရာမျိုးမှာ မိန်းကလေးဖက်က ပြတ်ပြတ်သားသားအမိန့်ပေးပါ ။

၃ ။ ကဲ ရှုံးနိမ့်သွားပြီဆိုပါစို့ ။ အမိန့်ပေးနိုင်စွမ်းမရှိလို့ အကာအကွယ်မဲ့ လိင်ဆက်ဆံမိပြီဆိုပါစို့ ။ လိင်ဆက်ဆံမှုရဲ့ အမြင့်ဆုံးအချိန် သုတ်လွှတ်ခြင်းမရောက်ခင် ကြိုပြောခိုင်းပါ ။ သုတ်ရည်ကို မိမိ မိန်းမကိုယ် (vagina) ထဲမှာမလွှတ်စေပဲ အပြင်မှာ ထုတ်ခိုင်းပါ ။ဒီနည်းလမ်းကလည်း ပြောမယ့်သာပြောတာ အဲဒီအချိန်ကျမှ အပြင်ထုတ် ၊ အပြင်မှာ လွှတ်ဆိုတာ သိပ်တော့လွယ်မယ်မထင်ပါဘူး ။

၎ ။ ကဲ နံပါတ် ၃အချက်ကိုလည်း ရှုံးနိမ့်ပြီး သုတ်ရည်ကိုလည်း မိန်းမကိုယ်ထဲ လွှတ်မိသွားပြီး အရာအားလုံး ပြီးဆုံးသွားပြီဆိုပါစို့ ။ ကိုယ်ဝန်မရအောင် အရေးပေါ်သန္ဓေတားဆေး သောက်ဖို့လိုပါတယ် ။ ဈေးကွက်ထဲမှာ ၇၂ နာရီအတွင်း သောက်ရတဲ့အရေးပေါ်သန္ဓေတားဆေးတွေ အလွယ်တကူ ၀ယ်လို့ရပါပြီ ။ Levonogestrel 0.75 mg ပါဝင်ပါတယ် ။ လိမ်ဆက်ဆံပြီးပြီးချင်း ၇၂ နာရီအတွင်း စောနိုင်သမျှ စောစော စသောက်ရပါမယ် ။ ဆေး ၂ လုံးပါပါတယ် ။ ပထမဆေးသောက်ပြီး နောက် ၁၂ နာရီကြာရင်နောက်တစ်လုံးသောက်ရပါမယ် ။ ဆေးသောက်ပြီး လို့ ၁ နာရီအတွင်း ပျို့အန်ခဲ့ရင် ပြန်သောက်ရပါမယ် ။

၅ ။ ခဏခဏတော့ Living together အတူမနေမိပါစေနဲ့ ။ ဒါဆိုရင် အရေးပေါ်သန္ဓေတားဆေးကလည်း ကူညီပေးနိုင် မှာမဟုတ်ပါဘူး ။ ခဏခဏ နေမယ်စိတ်ကူးရှိရင် ရေရှည်စီမံကိန်း ဆွဲပါ ။ OC Pills လို့ခေါ်တဲ့ မြှားကဒ်လေးတွေသောက်မလား ၊ ၃ လခံဆေး 3 month depo injection ထိုးမလား ၊ IUD လို့ခေါ်တဲ့ သားအိမ် တွင်းထည့်ပစ္စည်းထည့်မလား သင်ကြိုက်ရာရွေးပါ ။

ချစ်ခြင်းမေတ္တာဆိုတာ sex နဲ့တွဲမှ လေးနက်ခိုင်မြဲတဲ့အရာမဟုတ်ပါဘူး ။ သူ့အလိုလို နားလည်ခွှင့်လွှတ် ချစ်တတ်ခြင်းဟာလည်း မွန်မြတ်တဲ့စိတ်ကလေးတစ်ခုပါပဲ ။

အထက်ပါအကြောင်းအရာများကို ရေးသားခြင်းဟာ လူငယ်လူရွယ်လေးတွေအဖို့ သိသင့်သိထိုက်တာတွေကို ရှင်းရှင်း လင်းလင်း သိပြီး ရှောင်သင့်တာရှောင်ဆောင်သင့်တာဆောင်နိုင်ဖို့ အတွက်ပဲဖြစ်ပါတယ် ။ Love နဲ့ Sex ကို ခွဲခွဲခြားခြား သိမြင်နိုင်ပါစေဟု လေးနက်စွာ ဆန္ဒပြုလျှက်.............။

(မရှင်းလင်းတာတွေ ထပ်ပြီးသိချင်တာတွေကို ကွန်းမန့်မှာမေးသွားနိုင်ပါတယ် ။ အတတ်နိုင်ဆုံး ပြန် လည်ဖြေပေးသွားပါ့မယ် ။ )

သက်တန့်ချို
23 Feb 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Read More...

Wednesday, September 22, 2010

Pelvic floor exercises အမျိုးသမီးတိုင်းအတွက် လေ့ကျင့်ခန်း

“တသားမွေး တသွေးလှ” ဆိုတာ အပေါ်ယံကြည့် ပြောကြတာများတယ်။ အတွင်းအင်္ဂါတွေပါ ကျန်းမာ သန်စွမ်းဘို့ လိုသေးတယ်။ အမျိုးသမီး ကြီး-ငယ်မဟူ၊ အပျိုရော အအိုပါ၊ တဒ်ါလာမှ မကုန်ဘဲ၊ အထဲက အင်္ဂါမှန်သမျှ ပြန်ကောင်းအောင် လုပ်လို့ရတဲ့နည်း၊ အသုံးများပေမဲ့ အသစ်နဲ့မခြား အားကောင်းနေစေမဲ့ နည်းကို ရေးပါမယ်။

ကိုယ်ဝန် တခါဆောင်ရင် တခါ အတွင်းအင်္ဂါတွေ အားနဲစေတယ်။ ကြာရင် အိမ်ထောင်ရေးကိုပါ ထိခိုက်နိုင်တယ်။ ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ် ၀င်နိုင်တယ်။ စားဆေး-ထိုးဆေးနဲ့ မရပါ။ နတ်ရေကန်ထဲ ဆင်းမရ၊ Pelvic floor exercises လုပ်မှ ကောင်းတယ်။ Kegel exercises (ကီဂယ်လ်) လေ့ကျင့်ခန်းလို့လဲ ခေါ်တယ်။ အိမ်ထောင် မကျသေးသူတွေလဲ တချို့ ဖြစ်တတ်လို့ ငါန်းဇွန်နယ်မှာ တယောက် ခွဲတောင်ပေးရသေးတယ်။ Prolapse uterus သားအိမ်ကျ၊ Cystocele ဆီးအိမ်ကျ၊ Rectocele အစာဟောင်းအိမ်ကျ၊ Urinary incontinence ဆီးမထိန်းနိုင်တာ။ ဒီလို ရောဂါတွေသာမက (ဗဂျိုင်းနား) ကြွက်သားတွေ အားပြော့နေတာလဲ ကျန်းမာရေး-လူမှုရေး ပြဿနာဘဲ။

တင်ပါးဆုံ-အရိုးကွင်းထဲမှာ အင်္ဂါတွေ အများကြီး ရှိတယ်။ ယောက်ျား-မိန်းမ နဲနဲမတူကြဘူး။ လူတယောက်ကို တဖက် မျက်နှာမူ ခိုင်းပြီး ဘေးတည့်တည့်ကနေ ကြည့်ရင် ရှေ့ဆုံးမှာ Pubis ဆီးစပ်ရိုး၊ နောက်မှာ Bladder ဆီးအိမ်၊ နောက်မှာ မိန်းမတွေမှာသာရှိတဲ့ Uterus သားအိမ်၊ နောက်ဆုံးမှာ Rectum အစာဟောင်းအိမ် ရှိတယ်။ ယောက်ျားတွေမှာသာ ဆီးအိမ် အောက်ကပ်နေတဲ့ Prostate ဆီးကြိတ် ရှိတယ်။ မိန်းမတွေမှာ သားအိမ် အောက်က တဆက်ထဲ Vagina မွေးလမ်းကြောင်း ရှိတယ်။ အစာဟောင်းအိမ် အောက်က ဆက်နေတာက Anus စအို။

ဒီအင်္ဂါတွေကို သူ့နေရာသူ ပုံမှန်ရှိနေအောင် Muscles ကြွက်သား၊ Fascia အရွတ်ပြားတွေကနေ ထိန်းပေး-တည့်ပေး-မ ပေးထားတယ်။ ထိန်း-တည့်-မ လုပ်ပေးတာတွေ အားနဲလာရင် ပြောခဲ့သလို အမျိုးမျိုး ဖြစ်လာစေနိုင်တယ်။ သိတဲ့အတိုင်း ကြွက်သားဆိုတာ လေ့ကျင့်ပေးရင် သန်မာစေနိုင်လို့ လေ့ကျင့်ပေးရမယ်။

အရင်ဆုံး ဘယ်ကြွက်သားတွေကို လေ့ကျင့်ရမလဲ သိအောင်လုပ်ရတယ်။ ဆွဲကိုင် မပြနိုင်လို့ သင်ပြပေးရတယ်။ လွယ်ပါတယ်။ ကိုယ့်ဖါသာ ဆီးသွားနေရင်း ဆီးမကုန်ခင် ဆီးသွားတာ ရပ်သွားအောင် ကြိုးစားကြည့်ပါ။ ဘယ်နေရာကို Squeeze and lift ညှစ်၊ မ-တင်ပေးရင် ဆီးရပ်မလဲဆိုတာ ကိုယ်တိုင် သိလာလိမ့်မယ်။ စအိုနဲ့ မွေးလမ်းပေါက်တွေကို ပိတ်ပြီး ဆွဲတင်သလို လုပ်ရတယ် မဟုတ်လား။ Upward and inward အထက် နဲ့ အတွင်းထဲဆီကိုပါ။

သေခြာအောင် စစ်မယ်။ လေ့ကျင့်နေတုံးမှာ တင်ပါးကို ဆွဲတင်တာ လှုတ်တာ မဖြစ်စေပါနဲ့။ ပေါင်-ခြေတွေလဲ ညှစ်တာမျိုး မလုပ်ရပါ။ အသက် အောင့်စရာ မလိုပါ။ သိပြီဆိုရင် သက်တောင့် သက်သာ အနေအထား (လှဲနေရင်း) စလုပ်ပါ။ အဆင်ပြေလာတဲ့အခါ ထိုင်ရင်း လုပ်ပါ။ နောက်ဆိုရင် အလုပ် လုပ်နေရင်းလဲ လုပ်ပါ။ အချိန်မရွေး လုပ်နိုင်ပါတယ်။ ကြွက်သားတွေကို ညှစ်ထိန်းထာတာကို အစမှာ ၂ စက္ကန့်၊ နောက် ၁၀ စက္ကန့်ကြာအောင် ကြိုးစားပါ။

ကျွမ်းကျင်လာပြီဆိုရင် ဗိုလ်သင်တန်း တက်ရအောင်။ အသက် မှန်မှန် ရှူပါ။ ကြွက်သားတွေကို ဆွဲတင်ပြီးနောက် ပြန်လျှော့ချတာကို ဇတ်ကနဲ လုပ်လိုက်ပါ။ တင်းတာထက် ချတာက မြန်ပါစေ။ ၁၀ ကြိမ် ဆက်တိုက် လုပ်ပါ။ တခါလုပ် ၈-၁၀ ကြိမ်၊ တနေ့မှာ ၃ ခါလုပ်ပါ။ တကယ်လို့ ကိုယ့်က ချို့ယွင်းနေလို့ ပြုပြင်ရသူဆိုရင် ပိုလုပ်ရပါမယ်။ ချို့ယွင်းနေတယ် ဆိုတာ၊ သားအိမ် ကျချင်နေတာ၊ ဆီး အထိန်းရခက်တာ၊ (ဗဂျိုင်းနား)မှာ တစ်ဆို့ဆို့ ဖြစ်နေတာ၊ (ဗဂျိုင်းနား) တင်းအား လျှော့နေတာ။

ပွင့်ပွင့်လင်းလင်း ရေးပါရစေ။ အဲလိုမျိုး လုပ်တာကို ကိုယ့်ခင်ပွန်းနဲ့ အတူနေတုံးမှာ ကိုယ်က လုပ်တာကို သူက ခံစားပြီး သိပါလိမ့်မယ်။ အိမ်ထောင်မရှိသူတွေလဲ သေခြာအောင် (ဗဂျိုင်းနား) ထဲ လက်ချောင်း ၂ ချောင်းထည့်ပြီး လေ့ကျင့်တဲ့အခါ လက်ကို ဖိအား သက်ရောက်လာတာကို သိနိုင်တယ်။

ဒီလေ့ကျင်ခန်းဟာ ဆီးမထိန်းနိုင်တဲ့ရောဂါ Stress urinary incontinence ကိုပါ ကုနိုင်တယ်။ ပိုဆိုးတဲ့ Urge urinary incontinence ကိုတော့ မရနိုင်ပါ။ ကိုယ်ဝန်ဆောင်နေချိန်မှာပါ လုပ်သင့်တယ်။

အမျိုးသမီးတိုင်းမှာ သတိထားစရာတွေ ရှိတယ်။ ၀မ်းချုပ်လို့ ညှစ်ရတာ၊ အလေးအပင် မ-တာ၊ ချောင်းဆိုး၊ နှာချေ၊ ရီမောတဲ့ အခါမျိုးတိုင်းမှာပါ တင်ပါးဆုံရိုးကွင်းထဲက အင်္ဂါတွေကို ထိန်းပေးထားရမယ်။ လက်လွတ်စပယ် မလုပ်ပါနဲ့။ ဖြစ်နိုင်ရင် ဆောင့်ကြောင့် မထိုင်ပါနဲ့။ Toilet သုံးတာမှာ ဒူးကို ၉၀ ဒီ၈ရီ ထားလို့ရတာမျိုးသာ သုံးပါ။ ပက်လက် အိပ်နေရင်း ခြေထောက် မြှောက်တာကို ၂ ဖက်လုံး တပြိုင်နက် မလုပ်ပါနဲ့။ လုပ်ရရင်လဲ သတိရှိပါ။ ခြေ ၂ ဖက် ဆန့်တန်းပြီး ခါးကုံးတာမျိုး ဆင်ခြင်ပါ။ တင်ပါးဆုံရိုးကွင်းထဲက အင်္ဂါတွေကို တွန်းထုတ်သလို မဖြစ်စေနဲ့။ ဆီးသွားတာကို တကယ် ဆီးအိမ်တင်းနေမှသာ သွားပါ။ ၀မ်း မချုပ်ပါစေနဲ့။ ဒါပေမဲ့ ၀မ်းနုတ်ဆေး ခဏခဏ မသောက်ပါနဲ့။ သင်္ဘောသီး၊ မန်ကျီးသီးမှည့်နဲ့ ၀မ်းသွားအောင် လုပ်ပါ။ ၀မ်း-ဆီး များများ သွားရရင် ORS ဓါတ်ဆားရည် သောက်ပါ။ ရေနွေးကြမ်း သောက်ပါ။ အုန်းရည် သောက်ပါ။ ငှက်ပျောသီး၊ လိမ်မော်သီး စားပါ။

စိတ်လဲလှပါစေ၊ ကိုယ်လဲ အပြင်ကရော အတွင်းထဲကပါ လှကြပါစေ။

Dr. တင့်ဆွေ
၂၂-၉-၂၀၁၀

Read More...

Tuesday, August 3, 2010

Common causes of Abortion ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတွေ

June 14, 2010 10:32 PM
nini said...
မဂ်လာပါဆရာ ကျွန်မနံမည်က့ ပါ။ အသက် ၃၂ နှစ်ရှိပါပြီ။ သားဦးကိုယ်ဝန် ပျက်ခဲ့ဘူးပါတယ်။ နောက်ထပ် ကလေး တစ်ယောက်ကို အရမ်း ထပ်လိုချင်နေပါတယ်။ ဒါပေမယ့် နောက်ကိုယ်ဝန်မှာ ထပ်ဖြစ်မှာကို အရမ်း စိုးရိမ်နေပါတယ်။ တချို့ကပြောကြတယ်။ သင်္ဘောသီးမှည့် စားရင် ကိုယ်ဝန် ပျက်တတ်တယ်တဲ့။ အဲဒါ ဟုတ်ပါသလား။ နောက် ဘာတွေကို ရှောင်ရမလဲဆိုတာ သိချင်ပါတယ်။ ကျွန်မ အလုပ်က မတ်တပ်ရပ် ရတာ များပါတယ်။ နောက် ကိုယ်ဝန်ရှိတုန်းက ကိုယ်နဲနဲ ပူတယ်။ မေးခိုင်ကာကွယ်ဆေး ထိုးတုန်းကပါ။ ဒါဟာ ကိုယ်ဝန် ပျက်ကျစေနိုင်ပါသလား။ ကိုယ်ဝန်က ၁၀ ပတ်မှာ ပျက်ကျခဲ့တာပါ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါနော်။

ပဌမဆုံး ပြောရမှာက သင်္ဘောသီးမှည့်နဲ့ မေးခိုင်ကာကွယ်ဆေးတွေက ကိုယ်ဝန် မပျက်စေပါ။ မေးလာလို့ ရေးရတာမို့ စုံအောင်တော့ ရေးပါ့မယ်။ စာရင်းရှည်ကြီး ဖတ်ပြီး အစိုးရိမ် မကြီးပါနဲ့။ ဆရာဝန်တွေက တကမ္ဘာလုံးက အမျိုးသမီးမှန်သမျှ အဲဒီဒုက္ခ ရောက်ရတာတွေကို စုပြီး၊ သုတေသန လုပ်ထားတာမို့ ပြည့်စုံအောင် ထည့်ထားတာပါ။ ရှာမှရှား ဖြစ်တတ်တာလည်း ပါနေတယ်။

Common causes of Abortion ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေကို စာရင်းချရင် ၃၂ မျိုးရှိတယ်။ အများဆုံး ဖြစ်တတ်တဲ့ ရောဂါ ၃ မျိုး၊ ဖြစ်လေ့ရှိတဲ့ ရောဂါ ၁ မျိုး၊ ဖြစ်ခဲတဲ့ ရောဂါ ၁ မျိုး၊ ရှားရှားပါးပါး ဖြစ်တတ်စေတတ်တဲ့ ရောဂါ ၂ မျိုးနဲ့ တခြားအကြောင်း ၂၆ မျိုး ဆိုပြီး ရှိတယ်။

အဲဒီရောဂါနဲ့ အခြေအနေတွေထဲက Amniocentesis ရောဂါ၊ Anticardiolipin syndrome ရောဂါ၊ Carboprost tromethamine ရောဂါ၊ Cervical incompetence ရောဂါ၊ Chronic villus sampling လုပ်တာ၊ Cone biopsy of cervix လုပ်တာ၊ Endometrosis ရောဂါ၊ Gemeprost သွေးဆင်းရပ်ဆေး၊ Listeria monocytogenes ရောဂါ၊ Misoprostol အနာ-အကိုက် ပျောက်ဆေးကြောင့်ဖြစ်တဲ့ လေနာကာကွယ်ဆေး၊ Paroxysmal nocturnal hemoglobinuria ရောဂါ၊ Paroxyvirus B19 infection ရောဂါ၊ Rubella ဂျာမန်ဝက်သက် ရောဂါ Sickle cell disease သွေးရောဂါ၊ Systemic lupus erythematosus ရောဂါ နဲ့ Dinoprostone ကိုယ်ဝန်ဖျက်ဆေး၊ Mifepristone ကိုယ်ဝန်ဖျက်ဆေးတွေဟာ ကိုယ်ဝန်တခါမက ပျက်နိုင်ပါတယ်။

ကျန်တာတွေကတော့ Alloimmune ရောဂါ၊ Antifetal antibodies ရောဂါ၊ Antiphospholipid antibodies ရောဂါ၊ သန္ဓေသား အင်္ဂါချို့ယွင်းခြင်း၊ အစာဆိပ်သင့်ခြင်း၊ (ကေဖင်း) အများကြီးသောက်ခြင်း၊ ရောဂါပိုးဝင်ခြင်း၊ ကိုယ်ဝန်မရှိအောင် သားအိမ်ထဲ IUCD ပစ္စည်းထည့်ခြင်း၊ Japanese skimmia ရောဂါ၊ Luteal phase defect ရောဂါ၊ ကင်ဆာအတွက် ဓါတ်ကင်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ သူ့အလိုလိုပျက်ကျခြင်း၊ သားအိမ် ပုံမှန် မဟုတ်ခြင်း နဲ့ အရက်သောက်ခြင်းတွေ ဖြစ်ပါတယ်။

တခါပျက်ပြီး လ နည်းနည်းခြာပြီးမှ ကိုယ်ဝန်ယူသင့်တယ်။ ဆေးတိုင်းခပ်လွယ်လွယ် မသောက်ပါနဲ့။ သံဓါတ်၊ ဗီတာမင် B အုပ်စု နဲ့ ဖေါလစ်အက်စစ် သောက်ပါ။ STD/STI မရှိအောင်လုပ်ပါ။ အရက်-ဆေးလိပ် ရှောင်။ ကော်ဖီ မများစေနဲ့။ အာဟာရ ပြည့်တဲ့ Balance diet စားပါ။

သက်ဆိုင်တဲ့ဆေးပညာစာတွေ အချိန်ရရင် ဖတ်ပါ။
ANC (Antenatal Care) ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း http://dts-medicaleducation.blogspot.com/2010/03/anc-antenatal-care.html
Become pregnant ကိုယ်ဝန် ရနိုင်ခြင်း http://dts-medicaleducation.blogspot.com/2010/04/become-pregnant.html
Child birth ယောက်ျား ဖေါင်စီး၊ မိန်းမ မီးနေ http://dts-medicaleducation.blogspot.com/2009/12/child-birth.html
Normal Labor ကလေး မီးဖွါးခြင်း http://dts-medicaleducation.blogspot.com/2010/03/normal-labor.html
Nutrition အာဟာရ http://dts-medicaleducation.blogspot.com/2009/12/nutrition.html
Ultrasound and Pregnancy ကိုယ်ဝန်ဆောင် (အာလ်ထွာ-ဆောင်း) ရိုက်ခြင်း http://dts-medicaleducation.blogspot.com/2010/07/ultrasound.html

နောက်တခါ ရှိတယ် ထင်တာနဲ့ OG ပြပါ။ လိုသေးရင် မေးပါ။

ကျန်းမာပါစေ၊ ကလေးမိခင် ဖြစ်ပါစေ။

Dr. တင်ဆွေ
၃-၈-၂၀၁၀

Read More...

Monday, June 14, 2010

ကိုယ်ဝန်မဟုတ်တဲ့ ဗိုက်ထဲကအလုံး Ovarian Cyst

Q: ဆရာရှင့်
(၁) ကျွန်မ အသက် ၂၅ တုံးက ရေအိတ် ထုတ်ဖူးပါတယ်။ သားဥပြွန်တခုပါ ထုတ်လိုက်ရလို့ ယခု အသက် ၃၃ နှစ်မှာ ကလေးယူဖို့ လွယ်ကူနိုင်ပါသလား။ ဘာအခက်အခဲများ ရှိနိုင်ပါသလဲ။ နောက်နှစ်မှာ ကလေးယူဖို့အတွက် ခုချိန်မှာ အစားအသောက်နဲ့ ဆေးဝါး၊ ဘာတွေ ကြိုတင် မှီဝဲဖို့ လိုပါသလဲ။

(၂) ရေအိတ်က ဘာကြောင့်ဖြစ်ပါသလဲ သေချာသိချင်ပါတယ်။ အပျို-အအို မရွေး အသက်အရွယ် မရွေး ဖြစ်နေတာကိုလဲ တွေ့နေရပါတယ်။ Ovarian Cyst လို့ ရေးထားပါတယ်။ မခွဲခင်က ဗိုက်မသိမသာလေး ပူပါတယ်။ နဂိုက ပိန်တဲ့လူဆိုတော့ ၀လာသလို ထင်ရတယ်။ ဗိုက်ဆာလို့ အစာစားမယ်ဆိုတော့ နဲနဲဘဲ စားရသေးတယ်၊ ဗိုက်က ပြည့်သွားပြီး၊ ဗိုက်တင်းသွားတယ်။ ဆက်စားချင်ပေမဲ့ မစားနိုင်တော့သလိုဖြစ်တယ်။ ရင်ပြည့်နေသလို ဖြစ်ပါတယ်။ အဲလောက်ဘဲ ခံစားရပါတယ်။ အိတ်ထမတင် လေ့ကျင့်ခန်း လုပ်ကြည့်တော့လဲ ဘာမှမထူးခြားဘူး။ ဗိုက်ထဲမှာ အလုံးဖြစ်နေမလားဆိုပြီး။ စိုးရိမ်လို့ ဆေးခန်း သွားတော့မှ ရေအိတ်ဖြစ်နေတယ်ဆိုတာ သိရပါတယ်။ ရေအိတ်ထဲမှာ အရည်နောက်နောက်တွေလို့ဘဲ ပြောပါတယ်။ တခြားဟာတွေ တွေ့တယ်လို့တော့ မပြောပါဘူး။ သားဥပြွန်မှာ သွေးကြောတွေ ရစ်ပတ်နေလို့ ရေအိတ် ထုတ်ရ ခက်တဲ့အတွက် အဲဒါပါ ထုတ်လိုက်တယ်လို့ ပြောပါတယ်။

A: အရွယ်ရောက် အမျိုးသမီးတိုင်း မျိုးဥအိတ်မှာ အလုံးဆိုတာတွေ ဖြစ်ကြပါတယ်။ ကုစရာမလိုဘဲ ပျောက်သွားတာက များပါတယ်။ ကုစရာလိုတဲ့ Ovarian Cyst ဆိုတာကလည်း အဖြစ်များတဲ့ ရောဂါတခုပါ။ အရွယ်မရွေး ပြောရမလားဘဲ။ အပျိုလေးတွေရော အဖွါးကြီးတွေကိုပါ ခွဲပေးရဘူးတယ်။ Tumor ခေါ်တဲ့ အလုံး-အကြိတ်တွေဟာ ကင်ဆာ မဟုတ်တာရော ဟုတ်တာပါ၊ ဘာလို့ဖြစ်သလဲ အတိအကျ ပြောမရတဲ့ အမျိုးအစားပါ။ ကံတရားကိုသာ လွှဲချကြရအောင်။

Ovary ဆိုတာ အမျိုးသမီးတိုင်းမှာ ဘယ်နဲ့ညာ တခုစီရှိတယ်။ Uterus သားအိတ်ဘေးက ချိုလိုထွက်နေတဲ့ Uterine tubes သားအိတ်ပြွန် နှစ်ဘက်ရဲ့ အဖျားဘက် အောင်နားမှာ တွဲလောင်းလေး ရှိနေတယ်။ အရွယ်ရောက် အမျိုးသမီး တဦးရဲ့ မျိုးဥအိတ်က ၃ x ၁့၅ x ၁့၅ စင်တီမီတာ အရွယ်ရှိတာပါ။ လက်တဆစ်လောက်ပေါ့။ ဒီဟာလေးကနေ Ovarian Cyst ဖြစ်ရင် ကိုယ်ဝန်ရင့်မာ အရွယ်လောက်ထိ ကြီးလာနိုင်တယ်။

အလုံးဖြစ်လာတာကို အတော်များများ သတိမထားမိတတ်ပါ။ ရာသီလာတာလည်း ပုံမှန်။ နာတာကလည်း မသိမသာ။ ကိုယ်ဝန်ဆောင်သလို ဗိုက်ကလေး ပူလို့ စူလာမှ သိရတာ များတယ်။ အလုံးက ဗိုက်ထဲမှာ (အမှန်က ဗိုက်အောက် တင်ပါးဆုံရိုးကွင်းထဲမှာပါ) သူနဲ့ တွယ်နေတဲ့ သားအိတ်ပြွန်က နောက်တို့ ဘေးတို့မှာ ကပ်နေတာ မဟုတ်လို့ ခပ်လွယ်လွယ် ရွေ့ရှား လှုတ်ရှားနိုင်တယ်။ လှုတ်ရင်း၊ ရွေ့ရင်းနဲ့ အညှာနဲ့တူတဲ့ နေရာက လိမ်ပြီး၊ သူ့ဟာသူ ချည်သလို ဖြစ်တတ်သေးတယ်။ အဲလိုဖြစ်ရင် နာတာခံစားရတော့မယ်။ မခွဲရင် သွေးထွက်၊ ပေါက်ထွက်ဖြစ်နိုင်တယ်။

ဒီရောဂါကို ခွဲကုရတာပါ။ ဖြစ်လာတဲ့အလုံး သပ်သပ်ကို ခွဲစိတ်ထုတ်လိုက်တာက အကောင်းဆုံး။ အလုံးဖြစ်လာတာက မျိုးဥအိတ် တခုလုံးကနေ ဖြစ်လာတာ မဟုတ်ပါ။ တနေရာကသာ ဖြစ်တာ။ ဒါ့ကြောင့် ကောင်းနေသေးတဲ့ မျိုးဥအိတ်ကို ချန်ထားဘို့လိုတယ်။ အလုံးက အဖုံးနဲ့ရှိလို့ ခွဲစိတ်ရှင်းရတာ ပိုလွယ်တယ်။ တခါတလေ မလွယ်ဘူး။ ကြာမှ ခွဲရရင်၊ ကြီးလွန်းရင်၊ မျိုးဥသာမကာ ပြွန်ကိုပါ ချန်မရတာ ဖြစ်နိုင်တယ်။ မျိုးဥအိတ်တဖက်နဲ့ ပြွန်တဖက် မရှိရင် သားသမီးရဘို့ တ၀က်တော့ အခွင့်အလမ်း နည်းသွားစေတယ်။ မျိုးဥအိတ်နဲ့ ပြွန်၊ နှစ်စုံလုံး ရှိနေပါမှ အမျိုးသမီး ပီသစေနိုင်လို့ပါ။ မ-ဟော်မုန်းတွေ ပုံမှန်ထွက်၊ လင်ယူ-သားမွေး၊ ကလေးယူဘို့လဲ စိတ်ချရမယ်။

Ovarian cyst တခါ ဖြစ်ဘူးရင် နောက်ထပ် မဖြစ်နိုင်တော့ဘူးလို့ မပြောနိုင်ပါ။ ရာသီ မမှန်ရင်။ သိပ်ငယ်ငယ်ကတည်းက ၁၁-၁၂ နှစ်သမီးကစ ရာသီကလာရင်၊ ကလေးမရတဲ့သူ၊ လည်ပင်းကြီးဟော်မုန်း နည်းသူ၊ ကိုယ်အပေါ်ပိုင်း အဆီများသူ တွေမှာ ဖြစ်တတ်လေ့ရှိတယ်။

အိတ်ထဲမှာရှိနေတာက အမျိုးမျိုး။ အများအားဖြင့် ခပ်ဝါ၀ါအရည်။ ချွေးထွက်အိတ်ထဲက အရည်မျိုးပါရင် ခပ်မြစ်ပြစ် ဖြစ်မယ်။၊ အဆီတွေ ပါနိုင်တယ်။ တချို့ကြ ထူးဆန်းတာတွေ ပါနေတတ်တယ်။ ဆံပင်လို အမွှေး၊ အရိုးလို၊ သွားလို၊ အရိုးနုလို စတာတွေ။ တောမှာ “အပင်းထည့်တယ်” လို့ ပြောတတ်ကြတာမျိုးပေါ့။ Dermoid cyst ခေါ်တယ်။ အမှန်က လူ့ကိုယ်ခန္ဓာမှာ ရှိနေတဲ့ (တစ်ရှူး) အမျိုးအားလုံးက ပါနေနိုင်တယ်။ မျိုးဥအိတ်သာ မဟုတ်ပါ အရေပြားမှာလည်း ဒါမျိုး ဖြစ်တတ်တယ်။

အဲလို ခွဲထားခံရသူအတွက် စိတ်မပျက်ပါနဲ့။ ကင်ဆာကို မပြောင်းစေတတ်ပါ။ ကလေးရဘို့ ၅၀% ဆိုတာ နည်းတဲ့ အခွင့်အလမ်း မဟုတ်ပါ။ သေခြာပါတယ်ဆိုတဲ့ တားဆေးတွေက ၉၉% စိတ်ချပါဆိုတဲ့ အထဲကနေ ကိုယ်ဝန် ဆောင်သူ ရှိတယ်။ အစား ရှောင်စရာ မလိုပါ။ ကျန်းမာအောင်သာ မျှတတဲ့အစာ စားပါ။ ဆေးလည်း ပုံမှန် အားဆေးသာ လိုပါတယ်။

ကိုယ်ဝန်ဆောင်ပြီဆိုရင် OG နဲ့ ပြပါ။ အရင် ခွဲစိတ်မှတ်တမ်းတွေ သိမ်းထားဘို့ လိုမယ်။ ခွဲစိတ်ထားပြီး၊ ချက်ချင်း ကိုယ်ဝန် မယူသင့်သေးပါ။ သန္ဓေ တားဆေးသုံးရင် မျိုးဥမထွက်စေတာမို့ Ovarian cyst ဖြစ်မှာကို တားဆီးပေးရာကျတယ်။ ကလေး ယူတော့မယ်ဆိုရင် ကိုယ်ဝန်တားဆေး မသုံးဘဲ၊ ကြာရင် IUCD မကြာရင် Condom သုံးသင့်တယ်။ တဖက်ထဲကသာ မျိုးဥထွက်နေရသူမို့ ထွက်နေစေချင်တယ်။ ၃-၄ လအကြာ၊ ဘာမှ မတားတော့ရင် ကလေးအမေ အခေါ်ခံရပါတော့မယ်။

Dr. တင့်ဆွေ
၁၄-၆-၂၀၁၀

Read More...

Saturday, August 30, 2008

Diet for Pregnancy

ကိုယ်ဝန်ဆောင် မိခင် အစားအစာ


ကျွန်တော်တို့ နိုင်ငံရှိ လူမျိုးများ ဟာ အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် နှင့် ကလေးမီးဖွား ပြီး နို့တိုက် နေစဉ် ကာလ အတွင်း အစား အသောက် များ ကို အလွန် အမင်း ရှောင်တတ် ကြပါတယ် ... ဗမာ၊ တရုတ်၊ ကုလား၊ ရှမ်း စတဲ့ လူမျိုး များ ရှောင်ကြတဲ့ အစား အသောက် များ ပေါင်းလိုက် ပါက စားစရာတောင် ကျန်မှာ မဟုတ်တော့ပါ ... မိရိုးဖလာ အစဉ် အဆက် က စွဲလာခဲ့သော အယူအဆ မှားများကို ချက်ချင်း ပြင်ဖို့ရာမှာ အတော် ခက်ခဲ ပါတယ် ... ဒါ့ကြောင့် စားသင့်သော အစား အစာ များ၏ ကောင်းကျိုး စားသင့်လျက် မစားပါက ဖြစ်ပေါ် လာမယ့် ဆိုးကျိုးများကို တဖြည်းဖြည်း လက်ခံလာအောင် အထောက် အထား နဲ့တကွ ပြောဆို ပညာပေး ရမှာ ဖြစ်ပါတယ် ... ကျန်းမာရေး ပညာပေး media အားဖြင့်၎င်း၊ ဒေသအလိုက် ကျန်းမာရေး ဟောပြော ပွဲများတွင် ထည့်သွင်း ပြောကြား၍ ၎င်း၊ သားဖွား ဆရာမများမှ မိခင်များအား တိုက်ရိုက် ပညာပေးခြင်း ဖြင့်၎င်း အဓိက အားဖြင့် အလွှာ တူ အချင်းချင်း (peer to peer) ကိုယ်ဝန်ဆောင် ဖူးသော မိခင်မှ အခြား ကိုယ်ဝန်ဆောင် မိခင်သို့ ပညာပေး ပြောကြားခြင်း တို့ ဖြစ်ပါတယ် ...



ကိုယ်ဝန်ဆောင် မိခင် ဖြစ်လာပြီ ဆိုလျှင် ယခင် ထက် အာဟာရဓါတ် ပိုမို လိုအပ် လာပါတယ် ... သန္ဓေသား ဖွံ့ဖြိုးမှု အတွက် လုံလောက် သော အာဟာရ ဓါတ်ကို ရရှိဖို့ စားသုံးရမှာ ဖြစ်ပါတယ် ... အကြမ်းဖျင်း စားသုံးရမယ့် အစားအစာ များမှာ အောက်ပါ အတိုင်း ဖြစ်ပါတယ် ...


  • သစ်သီးများနဲ့ဟင်းသီးဟင်းရွက်များ၊ ဂျုံ၊ ပြောင်းအစရှိတဲ့အနှံများကိုများစွာစားသုံးပါ..

  • အဆီနည်းသောနို့ထွက်ပစ္စည်းများ၊ အဆီနည်းသောအသားများကို သင့်တင့်စွာစားသုံးပါ..

  • အဆီများသောအစားအစာ၊ သကြားများသောအစားအစာ၊ ငန်သောအစားအစာများကိုအနည်းငယ်မျှသာစားသုံးပါ..

  • အဆီမပါသောအသားများ၊ ကြက်သား၊ ငါးများကိုစားသုံးပါ..

  • ပဲမျိုးစုံ၊ မြေပဲနှင့်အခြားသီးနှံအစေ့များကိုစားသုံးပါ..

  • အစိမ်းရောင်ရှိသောအရွက်များကိုစားသုံးပါ..

ကိုယ်ဝန်ဆောင် ကာလတွင် အဓိက လိုအပ်သော အာဟာရဓါတ်မှာ ဖောလစ်အက်စစ်နဲ့ သံဓါတ် တို့ ဖြစ်ပါတယ် ... ဖောလစ်အက်စစ် ဟာ သန္ဓေသားရဲ့ အာရုံကြောစနစ် ဖွဲ့စည်းမှုမှာ မရှိမဖြစ် အရေးကြီး လိုအပ်ပါတယ် ... ဒါ့ကြောင့် ကိုယ်ဝန် ပထမ သုံးလမှာ အဓိကထား ပြီး ကိုယ်ဝန် တစ်လျှောက်လုံးနဲ့ နို့တိုက် နေချိန် ကာလအတွင်း ဖောလစ် အက်စစ်ဓါတ် ကြွယ်ဝတဲ့ အစာများကို စားသုံး ရမှာ ဖြစ်ပါတယ် ... အစားအစာ တော်တော် များများ မှာလည်း ဖောလစ် အက်စစ် ဓါတ် ပါဝင် ပါတယ် ...











ဖောလစ်အက်စစ်ဓါတ်ကြွယ်ဝသောအစားအစာများ













အကြွယ်ဝဆုံးအစားအစာများ
ဒုတိယအကြွယ်ဝဆုံးအစားအစာများ
တတိယအကြွယ်ဝဆုံးအစားအစာများ
ကညွတ်ပင်ဂေါ်ဖီထုပ်မုန်လာဥဝါ
အစိမ်းရောင်ပန်းဂေါ်ဖ်ီပန်းဂေါ်ဖီအာလူး
ပဲနီလေးတရုတ်နံနံခရမ်းချဉ်သီး
ပဲသီးခြောက်များလိမ္မော်သီး၊ လိမ္မော်ရည်စတော်ဘယ်ရီ
ဟင်းနုနွယ်ကြက်သွန်နီတစ်မျိုး(leeks)ဆော်လမွန်ငါး
ပဲဝါကလေးရွှေပဲသစ်ကြားသီး




ဂျူံစေ့ဆားမပါသောမြေပဲ





{short description of image}

ကိုယ်ဝန် ဆောင်စဉ်အတွင်း အခြား လိုအပ်တဲ့ဓါတ်မှာ သံဓါတ် ဖြစ်ပြီး ကိုယ်ဝန်ဆောင် ကာလမှာ ရာသီသွေး မဆင်းတဲ့ အတွက် သံဓါတ် ဆုံးရှုံးမှု လျော့နည်း ပါတယ် ... သန္ဓေသား ကြီးထွား ဖွံ့ဖြိုး ကျန်းမာမှု အတွက် သံဓါတ်ဟာ အရေးကြီး ပါတယ် ... ဒါ့ကြောင့် စားသုံးသော အစာမှာ သံဓါတ် အပါအဝင် အာဟာရ ပြည့်ဝဖို့ လိုအပ်ပါတယ် ... အောက်တွင် အာဟာရ ဓါတ်များနှင့် ၎င်းတို့ကို အကြွယ်ဝဆုံး ရရှိနိုင်တဲ့ အစားအစာများကို ယှဉ်တွဲ ဖော်ပြ ပေးလိုက် ပါတယ် ...










အာဟာရဓါတ်များနှင့် ၎င်းတို့ကိုရရှိနိုင်သောအစားအစာများ
















အာဟာရဓါတ်များ
ခန္ဓာကိုယ်အတွက်အသုံးဝင်ပုံ
အကြွယ်ဝဆုံးရနိုင်သောအစားအစာများ
ပရိုတိန်း(အသားဓါတ်)ဆဲလ်တည်ဆောက်ကြီးထွားမှုနှင့် သွေးတည်ဆောက်မှုအဆီမဲ့အသားများ၊ ကြက်ဘဲငှက်အသားများ၊ ငါး၊ ကြက်ဥအကာ၊ ပဲမျိုးစုံ၊ တိုဖူး
ကစီဓါတ်နေ့စဉ်သွားလာလှုပ်ရှားမှုအတွက် အင်အားဓါတ်နှံစားပင်သီးနှံများ၊ အာလူး ပိန်းဥ ကန်စွန်းဥ အစရှိသည့်ဥများ၊ အသီးအနှံဟင်းသီးဟင်းရွက်များ
အဆီဓါတ်ခန္ဓာကိုယ်အတွက်စွမ်းအင်သိုလှောင်မှုအဆီပါအသားများ၊ မလိုင်ပါနို့နှင့်နို့ထွက်ပစ္စည်းများ၊ မြေပဲ သီဟိုစေ့ကဲ့သို့အစေ့များ၊ မာဂျရင်း၊ ပဲဆီ နှမ်းဆီ နေကြာဆီကဲ့သို့ သီးနှံဆီများ၊
ကယ်လ်စီယမ်အရိုးနှင့်သွားများတည်ဆောက်မှု၊ ကြွက်သားလှုပ်ရှားမှု၊ အာရုံကြောလုပ်ငန်းလုပ်ဆောင်မှု၊နို့၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ ဆာဒင်း ဆယ်လ်မွန်ကဲ့သို့ အရိုးပါစားနိုင်သောငါးများ၊ ဟင်းနုနွယ်
သံဓါတ်သွေးနီဥတည်ဆောက်မှုအဆီမပါနီသောအသားများ၊ ဟင်းနုနွယ်၊ အစိမ်းရင့်ရောင်အရွက်များ၊
ဗိုက်တာမင် Aအရေပြားကျန်းမာမှု၊ မျက်စိအမြင်ကောင်းမှု၊ အရိုးကြီးထွားမှုမုန်လာဥနီ၊ အစိမ်းပုပ်ရောင်အရွက်များ၊ အဝါရောင်အသီးများ၊
ဗိုက်တာမင် Cသွား သွားဖုံး အရိုးကျန်းမာမှု၊ သံဓါတ်စုပ်ယူမှုသံပုရာ လိမ္မော် ရှောက် ဂရိတ်ဖရုအစရှိသည့်အသီးများ၊ ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ သစ်သီးဖျော်ရည်များ၊
ဗိုက်တာမင် B6သွေးနီဥတည်ဆောက်မှု၊ ကစီဓါတ် အသားဓါတ် အဆီဓါတ်လုပ်ငန်းများ အားပေးမှုဝက်သား၊ နှံစားပင်သီးနှံများ၊ ငှက်ပျောသီး၊
ဗိုက်တာမင် B12သွေးနီဥတည်ဆောက်မှု၊ အာရုံကြောလုပ်ငန်းလုပ်ဆောင်မှု၊အသား၊ ငါး၊ ကြက်ဘဲငှက်သားများ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊(နို့ထွက်ပစ္စည်းများပါရှောင်သော သတ်သတ်လွတ်စားသူများဟာ ဗိုက်တာမင် B12ချို့တဲ့နိုင်ပါတယ်..)
ဗိုက်တာမင် Dအရိုးနှင့်သွားများခိုင်မာမှု၊ ကယ်လ်စီယမ်စုပ်ယူခြင်းကိုအားပေးမှုနို့နှင့်နို့ထွက်ပစ္စည်းများ၊ နှံစားပင်သီးနှံများ၊ ပေါင်မုန့်၊

နှံစားပင်သီးနှံ(Cereals)=ဆန်၊ ဂျုံ၊ ပြောင်း ကဲ့သို့နှံစားပင်များ
{short description of image}


ကိုယ်ဝန်ဆောင်စဉ်မှာ ခံစားရတဲ့ အဓိက ဝေဒနာတွေ ကတော့ ပထမသုံးလမှာ ပျို့အန်ခြင်းနဲ့ လရင့်တဲ့ အခါ ဖြစ်လေ့ရှိတဲ့ ရင်ပူရင်ကယ်ခြင်း တို့ဖြစ်ပါတယ် ... ပျို့အန်တဲ့အခါ လိုက်နာ ရမှာက တော့ အိပ်ရာ မထခင် အစာကြေ လွယ်တဲ့ ပေါင်မုန့်၊ ဘီစကစ်၊ သီးနှံ တစ်မျိုးမျိုး စားပါ ... ပြီးလျှင် အိပ်ရာမှ ဖြည်းဖြည်း ထပါ ... ရုတ်တရက် ပြင်းထန်သော လှုပ်ရှားမှုကို ရှောင်ပါ ... အစာစားနေစဉ် အစာအိမ် မတင်းစေရန် အရည် ကြားဖြတ် သောက်ပေးပါ ... စပ်တဲ့ အစားအစာ၊ ချွဲပြစ်တဲ့ အစား အစာ များ ရှောင်ပါ ... ဗိုက်တင်းအောင် မစားဘဲ နည်းနည်းနှင့် မကြာမကြာ စားပေးပါ ... ပျို့ချင်လာ ပါက အမြှုပ်ထ အရည်တစ်မျိုးမျိုး(Fizzy drink) သောက်ပေးပါ ... ဂျင်းပါသော အရည်/အစားအစာ ဟာ ပျို့ခြင်းကို သက်သာစေပါတယ် ... လေဝင် လေထွက် ကောင်းသော နေရာမှာ အနားယူပါ..


လရင့်တဲ့အခါ ဖြစ်လေ့ ရှိတာကတော့ ရင်ပူရင်ကယ်ခြင်းပါဘဲ..သန္ဓေသားကြီးထွားလာပြီး မိခင် ဝမ်းဗိုက်အတွင်း နေရာ ပိုယူလာတာ ကြောင့် ဖြစ်ရတာပါ ... အစာကို များများ မစားဘဲ နည်းနည်းနှင့် အကြိမ် များများ စားပါ ... အိပ်ရာဝင် ခါနီး အစာစားခြင်း ကို ရှောင်ပါ ... အစာစားပြီး ခန္ဓာကိုယ် ကွေးခြင်း၊ အလေးအပင် မခြင်း၊ အိပ်ခြင်း ရှောင်ပါ ... လက်ဖက်ရည် ကော်ဖီ များများ သောက်ခြင်း ရှောင်ကြဉ်ပါ ...


ကိုယ်ဝန် ဆောင်စဉ်နဲ့ ကလေး မီးဖွားပြီး နို့တိုက်စဉ် ကာလအတွင်း အစားအသောက် များကို အလွန် အမင်း ရှောင်ကြဉ်ပါက မိခင် အနေနဲ့ လည်း ဗိုက်တာမင်ဓါတ် လိုအပ်ပြီး ကျန်းမာရေး ထိခိုက်နိုင်သလို ကလေးမှာလည်း ဗိုက်တာမင်ချို့တဲ့ပြီး (အရပ်အခေါ်) သူငယ်နာ ရောဂါ လက္ခဏာများ ပေါ်ပေါက်လာ တတ်ပါတယ် ... (ဗိုက်တာမင် ချို့တဲ့ သူငယ်နာ ရောဂါ လက္ခဏာများ ကို သီခြား ရေးသား ပါမယ်)


ဒါ့ကြောင့် ကိုယ်ဝန် ဆောင်စဉ် ကာလနဲ့ မီးဖွားပြီး နို့တိုက်စဉ် ကာလမှာ အာဟာရ ဖြစ်စေသော အစာများကို ရွေးချယ် စားသုံးပြီး ရှောင်ကြဉ် စရာများကို လိုက်နာခြင်း ဖြင့် ကျန်းမာ ဖွံ့ဖြိုးသော ရင်သွေးငယ် များကို အန္တရာယ်ကင်းစွာ မွေးဖွား နိုင်မည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပါတယ်..



Read More...

Monday, February 11, 2008

Do you really love? - 4


မဂ္ဂဇင်း ဖတ်ရင်း ထွန်းအိန္ဒြာဗိုရဲ့ ကလေးလေး အသားဝါတဲ့ အကြောင်းကနေ ဆက်စပ်ပြီး ရေးချင်တာ လေးတွေ ရေးလိုက်ပါတယ်။

ဘေဘီလေးတွေ မွေးကင်းစမှာ အသားဝါတတ်တယ် ဆိုတာ လူတိုင်းမသိတဲ့ အရာတစ်ခုလို့ ထင်ပါတယ်။ အဲ့လို အသားဝါတယ်ဆိုတာ လူ့ဘ၀ရဲ့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့ လက်ခံနိုင်ဖို့ဟာ ပိုပြီးတောင် ခက်ခဲပါတယ်။ ဒါပေမယ့် တကယ်ကိုပဲ... မွေးကင်းစ ကလေးတိုင်းနီးပါး အသားဝါကြတာဟာ ပုံမှန်ပါပဲ။ သဘာဝတရားရဲ့ ဖန်တီးမှုတစ်ခုပါပဲ။

အရင်ခေတ်တုန်းက မ၀ါပါဘူး... အခုခေတ်မှ ဆန်းလာတာလို့ မထင်ပါနဲ့။ အရင်တုန်းက ၀ါမှန်း မ၀ါမှန်း မသိခဲ့တာ ဖြစ်နိုင်ပါတယ်။ အခုအချိန်ထိ တချို့တွေလည်း ၀ါလို့ ၀ါနေမှန်း မသိဘဲ ပြီးသွားတာတွေ ရှိပါတယ်။

အဲ့ဒီလို အသားဝါရခြင်း အကြောင်းကို သိပ္ပံနည်းကျ ဖြေရှင်းချက်တွေ အခိုင်အမာရှိပါတယ်။ ဆိုတော့ မိဘတွေ အနေနဲ့ သိထားရမှာက အသားဝါတိုင်း ကြောက်ဖို့ မလိုပါဘူး။ ဒါပေမယ့် ကြောက်စရာကောင်းတဲ့ အသားဝါတာတွေ ရှိပါတယ်။ အဲ့ဒါတွေကို ဗဟုသုတရှိထားမှ တကယ်ရင်ဆိုင်ရတဲ့အခါ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်မှာ ဖြစ်ပါတယ်။

ကလေးလေးတစ်ယောက် ၀ါတူးတူးလေး ဖြစ်နေတာ ဘယ်မိဘမှ စိတ်မချမ်းသာနိုင်ပါဘူး။ ဆရာဝန်က မစိုးရိမ်ရဘူး ပြောလည်း ရင်ထဲက အပူနဲ့ လက်ခံနိုင်မှာ မဟုတ်ပါဘူး။ မြန်မာပီပီ ဘေးက ၀ိုင်းပြီး စာဖတ်မယ့်သူတွေလည်း အများကြီးတွေ့ရပါဦးမယ်။ ကိုယ်ကိုယ်တိုင်ကမှ ထိုက်သင့်တဲ့ ဗဟုသုတ မရှိထားရင် ပတ်ဝန်းကျင် ပယောဂနဲ့ လုပ်မိလုပ်ရာ စွတ်လုပ်ရင်... ကလေးကို တကယ်ချစ်ရာ မရောက်ဘဲ ဖြစ်ပါလိမ့်မယ်။

အခုပို့စ်မှာတော့ မွေးကာစကလေးတွေ အသားဝါတဲ့ အကြောင်းကို ပြောဖြစ်အောင် ပြောတော့မယ်။ မွေးကာစ ၃ ရက်ကနေ ၅ ရက်အတွင်းမှာ ကလေးအသားလေးတွေက စပြီးဝါလာတတ်ပါတယ်။ မ၀ါတဲ့ ကလေးတွေလည်း ရှိပါတယ်။ ဒါပေမယ့် ၀ါတာက အများစုလို့ ဆိုကြပါတယ်။ အသားဝါတယ်ဆိုတာ ကူးတတ်တာ မဟုတ်ပါဘူး။ ဘယ်ဆေးရုံမှာ မွေးရင်ဖြင့် အသားတွေဝါလို့ရယ်ဆိုပြီး ရှောင်ကြတဲ့သူတွေ ရှိတာ ကြားဖူးလို့ပါ။

မိဘတွေ အနေနဲ့က ဘာကို အကြမ်းဖျင်း သိထားဖို့လိုတာလဲ ဆိုရင် ကလေးအသားဝါတာနဲ့ ... ဟာ ၀ါပြီ ၀ါပြီ ဆိုပြီး ပြူးတူးပြဲတဲ မဖြစ်ဖို့က အဓိကပါ။ ကလေးမှာ ဒီမိဘပဲ အားကိုးနေရတာ မိဘက ပြာနေပြီဆိုရင် ကလေးအတွက် ဆုံးဖြတ်ချက် ခက်ပါတယ်။ ဆရာဝန်ကလည်း မိဘကို ပြောရဆိုရ ခက်ပါတယ်။ မလိုအပ်ဘဲ ရှုပ်ထွေးတာတွေ ဖြစ်တာပေါ့နော်... အမေက ငိုလိုက် အဖေက ဘာလုပ်လို့လုပ်ရမှန်း မသိလိုက်။

အသားဝါတာ ကြောက်စရာ မကောင်းဘူးလားဆိုတော့ ကြောက်စရာ ကောင်းတာတွေ ရှိပါတယ်။ ကလေးရဲ့ ဦးနှောက်ကို ထိခိုက်တဲ့အထိ အသားဝါတာတွေ အသက်ဆုံးရှုံးတာ အထိ ဖြစ်တဲ့ဟာတွေ ရှိပါတယ်။ အဲ့လို အစွန်း ၂ ဖက် ရှိနေတော့ မိဘတွေ အနေနဲ့ ပူတာလည်း မမှားလှဘူးပေါ့။ ဒါပေမယ့် ပူသင့်တဲ့ အချိန်မှ ပူတာ ကောင်းပါတယ်။

ဥပမာ... ကလေးက ချက်မသန့်လို့ ပိုးဝင်ပြီး ၀ါတာ။ အင်မတန်ဆိုးပါတယ်။ အဲ့ဒါမျိုး မဖြစ်အောင်က အစောကြီးထဲက ကာကွယ်လို့ ရပါတယ်။ ချက်ဖြတ်ပြီးတဲ့ ကျန်တာလေးကို သန့်အောင်ထားဖို့ပါပဲ။ ဘာမှ မ၀င်စေရပါဘူး။ ဆရာဝန်တွေက ကလေးချက်ကို ဘာမှ မကလိဘဲ ထားတာက အရက်ပြန် ဆွတ်တာထက်တောင်မှ ချက်မြန်မြန်ကြွေစေတယ်လို့ ပြောကြပါတယ်။ ကလေးလေး ထွက်လာပြီဆို အဲ့ဒီချက်ကိုလည်း ၀ိုင်းပြီး ကလိချင်လိုက်ကြတာဆိုတာ... လူတွေများ ခက်ပါတယ်။

နောက်ပြီး ကလေးမှာ သွေးနဲ့ ပတ်သက်တဲ့ ရောဂါရှိရင်... အဖေအမေရဲ့ သွေးအုပ်စု မတူရင် စသဖြင့် ၀ါတတ်ပါသေးတယ်။ အဲ့ဒါကတော့ ဆရာဝန်ရဲ့ အပိုင်းမို့လို့ သူက ရှင်းပြပါလိမ့်မယ်။ ဘာဖြစ်လို့ အသားဝါလို့ ဘာလုပ်ရမယ် ဘာညာ ဘာညာ...။ အခုပို့စ်က ရိုးရိုး ပုံမှန် ၀ါနေကျ အကြောင်းကိုပဲ ဦးတည်ပြီး ပြောချင်တာမို့လို့... ရောဂါတွေ အကြောင်း ရေးမနေတော့ပါဘူး။

နောက် ထူးဆန်းတဲ့ အချက်တစ်ခု ပြောပါဦးမယ်။ အဲ့ဒါကတော့ နို့တိုက်တဲ့ကလေးတွေမှာ ပိုပြီး အသားဝါတယ်ဆိုတာပါပဲ။ ဒါပေမယ့် ဒါဟာ မပြောဘဲထားထားလို့ လူတော်တော်များများ မသိကြဘူးလို့ ယူဆပါတယ်။

နို့တိုက်တဲ့ ကလေးမှာ အသားဝါတာ ဖြစ်တတ်ပါတယ်။ နောက်တော့ ပြန်ကောင်းသွားတတ်ပါတယ်။ တချို့က မိခင်နို့ကို ခဏ ဖြတ်ပေးရသလို မဖြတ်ဘဲနဲ့ ပြန်ကောင်းတာလည်း ရှိပါတယ်။ (နို့မှုန့်တွေ ရောင်းကောင်းတာလည်း မပြောနဲ့)

ပုံမှန်အသားဝါခြင်းဟာ ကလေးကို ပြင်ပ ရောဂါအချို့က ကာကွယ်ပေးတဲ့ စွမ်းအင်ရှိတယ်လို့ အခုနောက်ပိုင်းမှာ ယူဆလာကြပါတယ်။ ခိုင်လုံတဲ့ အထောက်အထားတွေတော့ ရှာနေဆဲပါပဲ။

မိဘတွေ အနေနဲ့ လုပ်ရမှာကတော့ ကလေးမွေးပြီးရင် ချက်ကို သန့်အောင်ထားဖို့ရယ်၊ ကလေး မှိန်းတာ နို့စို့နည်းတာဆိုရင် ဆရာဝန်ကို ချက်ချင်းပြောဖို့ရယ်၊ မစိုးရိမ်ရတဲ့ ပုံမှန်အသားဝါခြင်းမျိုးမှာ အပူတွေ မလွန်ကဲဖို့ရယ် အဓိကပါ။

အသားဝါတဲ့ ကလေးတွေမှာ မီးချောင်းပြပြီး အ၀ါလျော့အောင် လုပ်ကြပါတယ်။ မီးချောင်းအလင်းတွေ မျက်စိထဲ မ၀င်အောင် သတိထားရပါမယ်။ ကလေးက မီးအပူကြောင့် ရေဓာတ်ဆုံးရှုံးတတ်လို့ နို့ပိုတိုက်ရပါမယ်။ မွေးမွေးချင်းကစပြီး နို့တိုက်ခဲ့ရင် ကလေးဝါတဲ့ အချိန်မှာ နို့ကောင်းကောင်းလိုက်နေပြီမို့ ကလေးအတွက် လုံလောက်ပါတယ်။ ကလေးစို့လေ နို့ထွက်လေမို့ မလောက်မင ဖြစ်မှာ ပူစရာ မလိုပါဘူး။ အမေက ရေ၊ အရည် များများ သောက်ပေးရင် ပိုကောင်းပါတယ်။

အတိုချုပ် သဘောမျိုးရေးထားလို့ မပြည့်စုံတာတွေ ဖြည့်စွက်ပေးစေချင်ပါတယ်။ အတွေ့အကြုံများ ရှိခဲ့ရင်လည်း ဆွေးနွေးကြရအောင်ပါ။


Credit: Ma CyberCandle (Native Myanmar)

Read More...

Sunday, February 10, 2008

Do you really love? - 3

မိခင်နို့တိုက်ကျွေးခြင်းရဲ့ အကျိုးကျေးဇူးများ...

စာအုပ်ထဲကဟာတွေ လာဖတ်ပြတော့မယ်လို့တော့ မထင်ပါနဲ့ဦး။ စိတ်ထဲရှိတာတွေ အရင်ရေးမှာပါ။ ကျန်ခဲ့တဲ့ အချက်တွေရှိရင် ပြောပေးကြပါ။

မိခင်နို့တိုက်ကျွေးခြင်းကြောင့် မိခင်ဖြစ်သူမှာ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။

နံပါတ်(၁)က အလုပ်ရှုပ် သက်သာပါတယ်။ အလုပ် မရှုပ်ဘူးလို့ ပြောတာတော့ မဟုတ်ဘူးပေါ့။ နို့ဗူးတိုက်သလို နို့ကို ဖျော်ရ အပူအအေးစမ်းရ၊ ဗူး ဆေးရ၊ ဗူးညစ်ပတ်လို့ ကလေးတစ်ခုခုဖြစ်ရင် ပူရပင်ရ... အဲ့လိုမျိုး ဗာဟီရတွေ နည်းသွားတာကို ပြောတာပါ။

နို့တိုက်မယ့် မေမေက နို့တိုက်ခါနီး လက်ဆေးဖို့တော့ လိုပါတယ်။ ပြီးတော့ နို့ဝင်အောင် တိုက်တတ် သွားရင်တော့ အလုပ်မရှုပ်တော့ဘူးပေါ့။ နို့မ၀င် တစ်ချက် ၀င်တစ်ချက်ဆိုရင် အလုပ်ရှုပ်ပါတယ်။ အဲ့လိုတွေ မဖြစ်အောင် စနစ်တကျ ... ကလေးကို နို့သေချာတပ်ပြီး တိုက်ရပါမယ်။

နို့တိုက်မယ်ဆိုရင် ကလေး နို့တပ်တတ်ဖို့က အရေးကြီးတဲ့ အပိုင်းမှာပါပါတယ်။ စစ ချင်းမှာ ကလေးအတွက် တော်တော်ခက်ခဲတဲ့ အလုပ်တစ်ခုလို ဖြစ်နေပြီး အမေ အတွက်လည်း စိတ်မရှည်ချင်စရာ ဖြစ်ပါတယ်။ ဒါက ကလေးနဲ့မိခင် ၂ ကိုယ်ကြားအရေးဆိုတော့ သူတို့ချင်းညှိမှ အဆင်ပြေမှာပါ။

နည်းလမ်းကတော့ ကလေးနှုတ်ခမ်းနဲ့ နို့သီးအဖျားနဲ့ ထိပြီး ကလေး ပါးစပ် ဟ လာအောင် လုပ်ရပါမယ်။ အဲ့ဒီလို ပါးစပ် ဟ လာပြီဆိုရင် ကလေးရဲ့ ခေါင်းကို ထိန်းထားတဲ့လက်က ကလေးကို အမေဘက် ဆွဲကပ်လိုက်ရပါမယ်။ တစ်ခါမရ နောက်တစ်ခါပေါ့။ အဲ့လိုနဲ့ အထာကျသွားပါလိမ့်မယ်။ Key ကတော့ အမေက ကလေးဘက်ကို တိုးရမှာ မဟုတ်ဘဲ ကလေးကို အမေဘက်ကို ဆွဲကပ်ရမှာ ဖြစ်ပါတယ်။ နို့တပ်တာ မှန်သွားရင် သိသာပါတယ်။ ပြန်တောင် ဖြုတ်လို့မရတော့ဘူး ဖြစ်သွားမယ်။ အမဲဝိုင်းလေးက ကလေးပါးစပ်ထဲမှာ အပြည့်ရှိနေပြီး ကလေးရဲ့ အောက်နှုတ်ခမ်းလေးက လန်လန်လေး ဖြစ်နေရင် အိုကေပြီပေါ့။ ပြန်ဖြုတ်ချင်ရင် ကလေးပါးစပ် ထောင့်စွန်းလေးကနေ ကပ်ပြီး လက်သန်းလေး ထိုးလိုက်ရင် ဖောက် ဆိုတဲ့အသံလေးနဲ့ နို့တပ်ထားတာ ပြုတ်သွားမှာ ဖြစ်ပါတယ်။

ကလေးက နို့ကောင်းကောင်းဆွဲတတ်ပြီဆိုရင် အမေအနေနဲ့ လွယ်ကူအဆင်ပြေ သက်သာပါတယ်။ အစပိုင်းမှာ ခက်မလိုနဲ့ နောက် ရေရှည်မှာ တော်တော်သိသိသာသာ အဆင်ပြေပါလိမ့်မယ်။ (ဥပမာ- ညအိပ်နေရင်း ကလေးနို့ဆာပြီဆို အိပ်နေရင်း တိုက်လို့လည်း ရပါတယ်။ ထပြီး နို့ဖျော်ရ နို့နွှေးရတွေ လုပ်ရတာထက် သက်သာတာပေါ့။ ရေရှည်ကျတော့ အိပ်ရေးပျက်တဲ့ ဒဏ်ကဆိုးပါတယ်။ ကလေးကို တခြားသူနဲ့ထားပြီး နို့ဗူးဖျော် တိုက်ပစေလို့ ထားနိုင်တဲ့သူဆိုရင်တော့ ဘာမှ မပြောလိုပါ။)

နောက် အလုပ်ရှုပ် သက်သာတဲ့ နောက်တစ်ပိုင်းကတော့ ရာသီပြန်မပေါ်တာပဲ ဖြစ်ပါတယ်။ တချို့ဆို နို့ဖြတ်လိုက်တော့မှပဲ ရာသီပြန်လာတတ်တာဆိုတော့ အဲ့ဒီအတွက် အချိန်မပေးရတော့ဘူးပေါ့။

သားဆက်ခြားစေတယ် ဆိုတာကတော့ ၁၀၀% မဟုတ်လို့ သိပ်ပြီး အကျယ်တ၀င့် ပြောမနေတော့ပါဘူး။

နံပါတ်(၂)က မိခင်နို့ကို ပုံမှန်တိုက်ခြင်းအားဖြင့် နို့တင်းတာကို ကာကွယ်ပေးရာ ရောက်ပါသေးတယ်။ နို့တင်းတာကနေ ကိုယ်ပူတက် ဖျား... တချို့ဆို အနာတွေဘာတွေဖြစ်တဲ့ အထိ ဇာတ်လမ်းရှုပ်တတ်လို့ စောစောစီးစီး ကာကွယ်တာပဲ ကောင်းပါတယ်။

နံပါတ်(၃) အဓိက ကာကွယ်တဲ့ အချက်ကတော့ ရင်သားကင်ဆာ ဖြစ်နှုန်းနည်းသွားပါတယ်တဲ့။ ရင်သားကင်ဆာဆိုတာ ကလေးကို နို့မတိုက်တဲ့ မိန်းမတွေကို ဘုရားသခင်က ဒဏ်ခတ်တဲ့ ရောဂါလို့တောင် ပြောစမှတ်ပြုကြတယ်။ ဒါကြောင့် မိခင်နို့တိုက်ကျွေးခြင်းဟာ အမေမှာလည်း အဖိုးတန်တဲ့ အကျိုးဖြစ်ထွန်းစေပါတယ်။

နံပါတ်(၄) စရိတ်စက အကုန်အကျနည်းစေတယ်လို့ ပြောရင် ချမ်းသာတဲ့ အသိုင်းအ၀ိုင်းကတော့ ရီတာပေါ့ ရီတာပေါ့လို့ ပြန်ပြောမှာပေါ့နော်။ နို့ဗူးတိုက်လို့ ဘယ်လောက်ကုန်မလဲ.... နို့ဗူးဖိုး နို့မှုန့်ဖိုး နို့ဗူးဆေးတဲ့ အရည်ဖိုး ဘာဖိုး ညာဖိုး ကုန်ပစေ ကုန်ပစေလို့ ပေးနိုင်တဲ့သူတွေ အတွက်.... စရိတ်စကကို မစဉ်းစားပေမယ့်... အကုန်မခံနိုင်သူတွေ အတွက် အတော်လေး တာ သွားတဲ့အရာ ဖြစ်ပါတယ်။

ဒါ့အပြင် နို့ဗူးကြောင့် ဖြစ်လာမယ့် ပြသနာတွေ အတွက် ဆေးရုံဆေးခန်း ဆရာဝန်ဖိုးတွေပါ ချွေတာရာရောက်တယ်လို့ ပြောလို့ ရပါသေးတယ်။

နံပါတ်(၅) မိခင်က တစ်သားမွေးတစ်သွေးလှ ဆိုသလို ပိုလှလာပါလိမ့်မယ်။ တစ်သားမွေး တစ်သွေးဝတွေကတော့ မိခင်နို့မတိုက်ဘဲ နေကြတဲ့သူတွေ များပါတယ်။ ကိုယ်ဝန်ဆောင်စဉ်က တအိအိတက်လာတဲ့ ကိုယ်အလေးချိန်က ကလေးနို့တိုက်ချိန်မှာ တတိတိနဲ့ ပြန်ကျတာမို့လို့.... ဒီအချက်ကိုတော့ မိခင်တွေ မသိမဖြစ်မရှိရလေအောင် လက်ဆင့်ကမ်းဖို့ လိုပါတယ်။ နို့မို့ ကလေးမွေးပြီး ၀ိတ်တက်လာတာနဲ့ ... အဲ့ဒီ ၀ိတ်က ဒီတိုင်းပြန်ကျဖို့ တော်တော်ကို ခက်တာပါ။ တကယ်ဆို တစ်ချက်ခုတ် နှစ်ချက်ပြတ် ကလေးကို နို့တိုက်ရင်းနဲ့ စလင်းဘော်ဒီလေးကို ပြန်အရယူလိုက်ရုံပါပဲ။

နံပါတ်(၆) ကလေးက အမေကို ပိုပြီးတွယ်တာပါတယ်။ ကလေးပဲ.. အမေကိုတွယ်တာ မဆန်းဘူးလို့ ... အဲ့လိုတော့ မဟုတ်ပါဘူး။ မွေးကင်းစ ကလေးဟာ ဘယ်သူအမေလဲဆိုတာ နို့ဘယ်သူတိုက်လဲဆိုပြီး မှတ်ထားတာဖြစ်လို့ပါ။

ဘယ်သူတွေ ဘာပြောပြော ဘာလုပ်လုပ် မိခင်နို့တိုက်တဲ့ ကလေးက အချိန်တန်ရင် မိခင်ဆီမပို့လို့ကို မရဘူး။ ဆိုတော့ အမေအနေနဲ့ အဲ့ဒီအချိန်မှာ အသိုင်းအ၀ိုင်းမှာ ဆရာကြီး ပါပဲ။ ဘယ်သူမှ ချော့လို့မရအောင် နို့ဆာလို့ ငိုတဲ့ကလေးလေးက ကိုယ့်ရင်ခွင်ထဲရောက်မှ ချိုစို့ရင်း ငြိမ်သွားတဲ့ အရသာ... မိခင်ဘ၀ရဲ့ အနှစ်ပါပဲ။

ကဲ... ကလေးကို နို့တိုက်ကျွေးနိုင်တဲ့ မိခင်ဖြစ်ရတာ ဂုဏ်ယူစရာတစ်ခုပါ။

Credit: Ma CyberCandle (Native Myanmar)

Read More...

Saturday, December 8, 2007

Breastfeeding

နို့ချိုတိုက်ကျွေး ရင်သွေးငယ်တို့ ကျန်းမာရေး



ကမ္ဘာဦးစတည်းက လူသားတွေဟာ မိခင်နို့ကို သောက်သုံးပြီး လူ့ဘ၀ကို စတင်ခဲ့ကြပါတယ်။
လူသားတစ်ယောက်အနေနဲ့ ကျန်းမာသန်စွမ်းဖို့ ၊ ဥာဏ်ရည်မြင့်မားဖို့ ၊ ကြီးထွားရှင်သန်ဖို့ အတွက် မိခင်နို့ရည်ဟာ အလွန်အရေးပါလှပါတယ်။ မိခင်ရဲ့ စေတနာ ၊ မိခင်ရဲ့ မေတ္တာ ၊ အကြင်နာတွေ ၊ မိခင်ရဲ့ အသွေးအသားတွေနဲ့ဖွဲ့စည်းထားတဲ့ နို့ရည်တစ်စက်ကိုသောက်သုံးပြီး လောကကြီးအလယ်မှာ လူရယ်လို့ရပ်တည်လာခဲ့ကြပါတယ်။ မိခင်နို့ရည်ရဲ့ တန်ဖိုးဟာ အလွန်ကြီးမားလှပါတယ်။ မိခင်တို့ရဲ့ မေတ္တာတရားတွေကတော့ အနှိုင်းအဆမဲ့ မွန်မြတ်လှပါတယ်။ သို့သော် ယခုမျက်မှောက်ကာလမှာ တစ်ချို့၊ တစ်ချို့သော မိခင်တွေအတွက် မိမိတို့ရင်သွေးကို နို့ချိုတိုက်ကျွေးဖို့ အခက်အခဲတွေရှိလာပါတယ်။ တစ်ချို့က မိသားစုစားဝတ်နေရေးကို အကြောင်းပြသလို ၊ တစ်ချို့ကလည်း မိမိလို့ အလှအပ ပျက်မှာစိုးတယ် ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ မိမိတို့ရင်သွေးငယ်ကို နို့ချိုတိုက်ကျွေးဖို့ ၀န်လေးနေကြပါတယ်။ ငြင်းဆန်နေကြပါတယ်။ နို့ချိုတိုက်ကျွေးခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးရလာဒ်တွေကို လက်လွတ်ဆုံးရှုံးနေပါတယ်။ ဒါဆိုရင် မိခင်နို့ရည်ဘယ်က ဖြစ်လာလဲ ၊ မိခင်နို့ရည်တိုက်ကျွေးမယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူးတွေရရှိမလဲ .....................................................။

မိခင်နို့ရည်ဖြစ်ပေါ်လာပုံအဆင့်ဆင့်


မိခင်နို့ရည်ဖြစ်ပေါ်လာပုံသိရှိဖို့အတွက် မိခင်ရဲ့ သားမြတ်ဖွဲ့စည်းပုံအကြောင်းကို အရင်သိရှိဖို့လိုပါတယ်။ နို့ရည်ဖွဲ့စည်းဖို့အတွက် သားမြတ်တစ်ခုမှာပါဝင်တဲ့အစိတ်အပိုင်းတွေကတော့ -
၁။ Alveolus
၂။ Milk duct
၃။ Lactiferous tubules or Lactiferous ducts
၎။ Lactiferous sinuses
တို့ပဲဖြစ်ပါတယ်။
Photo Sharing and Video Hosting at Photobucket

သားမြတ်ဖွဲ့စည်းပုံ


Photo Sharing and Video Hosting at Photobucket

နို့ရည်စတင်ထုတ်လုပ်ပေးတဲ့နေရာကတော့ Alveolus တွေပဲဖြစ်ပါတယ်။ Alveolus တွေထဲမှာရှိတဲ့ Gland Cells တွေကနို့ရည်ကို ထုတ်လုပ်ပေးပါတယ်။ Gland Cells တွေကို myoepithelial cells တွေနဲ့ဝန်းရံထားပြီး Gland cells တွေက ထုတ်လုပ်ပေးတဲ့ နို့ရည်တွေကို Milk duct တွေထဲကို ညှစ်ထုတ်ပေးပါတယ်။ Milk duct တွေမှတဆင့် နို့ရည်တွေဟာ Lactiferous duts တစ်လျှောက်စီးဆင်းလာပြီး Lactiferous sinuses တွေထဲမှာ သိုလှောင်ထားပေးပါတယ်။ ရင်သွေးငယ်သောက်သုံးဖို့အတွက် နို့ရည်ကို အသင့်ပြင်ဆင်ထားပေးပါတယ်။

ဟော်မုန်းဓါတ်များ


ထိုသို့ နို့ရည်ဖွဲ့စည်းမှုနဲ့ ရင်သွေးငယ်သောက်စို့မှုအတွက် ဟော်မှုန်းဓါတ်တွေကလဲ အရေးပါတဲ့ အခန်းကနေပါဝင်လာပါတယ်။ အဓိက ဟော်မှုန်း ၂ မျိုးကတော့ ဦးနှောက်ရဲ့ ပစ်ကျူထရီ ( Pituitary Gland ) အရှေ့ဘက်အခြမ်းက ထုတ်လွှတ်ပေးတဲ့ Prolactin နှင့် အနောက်ဘက်အခြမ်းက ထုတ်လွှတ်ပေးတဲ့ Oxytocin တို့ပဲဖြစ်ပါတယ်။ ရင်သွေးငယ်ဟာ မိခင်ရဲ့ သားမြတ်ခေါင်းကို ငုံစို့လိုက်မယ်ဆိုရင် သားမြတ်ခေါင်းထိပ်မှာရှိတဲ့ အာရုံကြောများကတဆင့် မိခင်ဦးနှောက်အတွင်းမှာရှိတဲ့ ပစ်ကျူထရီ ဂလင်း ကို လှုံ့ဆော်ပေးပါတယ်။ ထိုအခါ ပစ်ကျူထရီ ဂလင်းများမှ ပရိုလက်တင် နှင့် အောက်စီတိုစင် ဟိုမှုန်းဓါတ်များကို စတင်ထုတ်လွှတ်ပေးပါတယ်။ Prolactin ( ပရိုလက်တင် ) က နို့ရည်ကို ဖွဲ့စည်းပေးပြီး ၊ Oxytocin ( အောက်စီတိုစင် ) က သိုလှောင်ထားတဲ့ နို့ရည်များကို ရင်သွေးငယ်သောက်သုံးဖို့အတွက် ညှစ်ချပေးပါတယ်။ ထိုသို့ ညှစ်ချပေးတာကို ( Milk down reflux ) လို့ခေါ်ပါတယ်။
Photo Sharing and Video Hosting at Photobucket

ဟော်မှုန်းဓါတ်များ၏ လုပ်ဆောင်ပုံအဆင့်ဆင့်


နို့ရည်ဖွဲ့စည်းမှုဟာ ကိုယ်ဝန် ၁၆ ပါတ် မှ ၂၀ ပါတ်တွင် စတင်ခဲ့ပေမယ့် Progesterone ( ပရိုဂျက်စတီရုန်း ) ဓါတ်၏ တားဆီးမှုကြောင့် နို့ချိုထွက်ရှိခြင်းမရှိပါဘူး ။ ကလေး မီးဖွားပြီးသောအခါ ပရိုဂျက်စတီရုန်းဓါတ်တွေ လျှော့နည်းသွားပြီး နို့ရည်ဖွဲ့စည်းမှုကို လုပ်ဆောင်လာနိုင်ပါတယ်။

မိခင်နို့ရည်တွင်ပါဝင်သော ဓါတ်ပစ္စည်းများ


မိခင်နို့ရည်ဟာ ရင်သွေးငယ်တို့ ကြီးထွားရှင်သန်ဖို့အတွက် အကောင်းဆုံးသော အစာအာဟာရဖြစ်ပါတယ်။ အသက် ၄လ မှ ၆ လအထိ အခြားသော အစားအစာမကျွေးဘဲ လုံလောက်တဲ့ အာဟာရဓါတ်တွေကို ရရှိစေပါတယ်။ ရင်သွေးငယ်ရဲ့ ခန္ဓာကိုယ်လိုအပ်ချက်ပေါ်မှာမူတည်ပြီး လုံလောက်သော ဗိုက်တာမင်ဓါတ်များ ၊ အာဟာရဓါတ်များ၊ မင်နရယ်ဓါတ်ပစ္စည်းများ ( Minerals ) ကို ဖြည့်ဆည်းပေးပြီး ကြေညက်လွယ်ပါတယ်။
မိခင်နို့ရည်မှာ ပါဝင်တဲ့ ဓါတ်ပစ္စည်းတွေကတော့ -
၁။ ကာဗိုဟိုက်ဒရိတ် ( carbohydrate ) - မိခင်နို့ရည်ထဲမှာအများဆုံးပါဝင်တာကတော့ Lactose ဖြစ်ပြီး 6 - 7 g/dl ရှိပါတယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ကယ်စီယမ် စုပ်ယူမှုမှာကူညီပေးပါတယ်။
၂။ ပရိုတင်း ( Proteins ) - ကလေးရဲ့ ခန္ဓာကိုယ်ဟာ ပရိုတင်းအများကြီး မခြေဖျက်နိုင်တဲ့အတွက် မိခင်နို့ရည်မှာ ပရိုတင်းဓါတ်အနည်းငယ်သာပါရှိပါတယ်။ ဒါ့အပြင် ဦးနှောက်နှင့် အာရုံကြောအတွက်လိုအပ်တဲ့ အမိုင်နိုအက်ဆစ် ( Aminoacid ) တွေပါဝင်ပါတယ်။ ဒီအမိုင်နိုအက်ဆစ်တွေဟာ နွားနို့နဲ့ နို့မှုန့်တွေမှာ မပါရှိပါဘူး။
၃။ အဆီ ( Fates ) - နို့ရည်မှာ အာရုံကြောများအတွက် လိုအပ်တဲ့ ဖက်တီးအက်ဆစ် ( Polyunsaturated fatty acids) တွေပါရှိပါတယ်။ ဒါ့အပြင် အသက်ကယ် စတီးရွိုက်ဟော်မုန်း တွေဖွဲ့စည်းမှုအတွက်လိုအပ်တဲ့ အခြားသော fatty acids တွေပါရှိပါတယ်။
၎။ ဗိုက်တာမင် နှင့် မင်နရယ်ဓါတ်များ ( Vitamins and Minerals ) - အသက် ၄ လမှ ၆ လအထိ ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ ပမာဏပါရှိပါတယ်။ ( ဥပမာ- VitA, D, E, K , Iron, Zinc, Sodium, Potassium, Calcium ) .( မှတ်ချက် - နို့ရည်ထဲမှာ VitK ရဲ့ ပါဝင်မှုဟာနည်းပါတယ်။ ဒါကြောင့် ကလေးငယ်မွေးမွေးခြင်း VitK 1mg ကိုအသားဆေးအနေနဲ့ ထိုးပေးရပါတယ်။ VitK ဟာ သွေးခဲနိုင်မှု( Blood Coagulation ) ကိုဖြစ်စေပြီး ၊ လုံလောက်တဲ့ ပမာဏမရှိပါက သွေးယိုစီးမှုများဖြစ်တတ်သည် ။ )
၅။ အရည်ဓါတ် ( Water and electrolytes ) - ရေပါဝင်မှု ၈၈ ရာခိုင်နှုန်းရှိပါတယ်။

၆။ ခန္ဓာကိုယ်ခုခံအားကို တိုးတက်စေသောဓါတ်ပစ္စည်းများ။( ဥပမာ- IgA , Interferon )
ဒီဓါတ်ပစ္စည်းတွေဟာ ကလေးငယ်ရဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးမှု ၊ ဥာဏ်ရည်ဥာဏ်သွေးမြင့်မားမှု ၊ ခုခံအားမြင့်မားတိုးတက်မှုတို့ကို ဖြစ်စေပြီး ရောဂါအမျိုးမျိုးကို ကာကွယ်ပေးထားပါတယ်။ ဓါတ်ပစ္စည်းတွေရဲ့ ပါဝင်တဲ့ ပမာဏဟာ အမြဲတမ်းပုံသေမရှိပါဘူး ။ နို့တိုက်ကျွေးတဲ့ သက်တမ်း ၊ အချိန်အပိုင်းအခြားပေါ်မူတည်ပြီး ပြောင်းလဲနေပါတယ်။ အဲဒီလို ကာလအပိုင်းအခြားပေါ်မှာမူတည်ပြီး နို့ရည်ကို အမျိုးအစားများစွာ ထပ်မံခွဲခြားထားပါတယ်။

နို့ရည်အမျိုးအစားများ


၁။ Closterum ( နို့ဦးရည် )
မီးဖွားပြီး ပထမ ၃ ရက်အတွင်းမှာ ထွက်တဲ့ နို့ရည်ဖြစ်ပါတယ်။ ဒီနို့ရည်မှာ ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးတဲ့ Antibodies များ ၊ ဗိုက်တာမင် ပမာဏတွေပိုမိုပါဝင်ပါတယ်။ အ၀ါရောင်သန်းပြီး ၊ အနည်းငယ်ပျစ်ပါတယ် ( yellow and thick ) ။ အနည်းငယ်သာထွက်ရှိပေမယ့် ခန္ဓာကိုယ်လိုအပ်ချက်အတွက် လုံလောက်တဲ့ ပမာဏကို ရရှိပါတယ်။ ဒီနို့ရည်ဟာ ကလေးငယ်ရဲ့ ကိုယ်ခံအားကို ပိုမိုတိုးတက်စေပြီး ရောဂါများမှ ကာကွယ်ပေးပါတယ်။ ဒီနေရာမှာ အယူအဆလွဲမှားနေတာလေးကို တင်ပြချင်ပါတယ်။ မိခင်အများစုဟာ ပထမဆုံးထွက်တဲ့ နို့ရည် အ၀ါရောင်တွေကို ကလေးငယ် ၀မ်းပျက်မှာ ဆိုးတယ်ဆိုပြီး ညှစ်ထုတ်ပြစ်တတ်ပါတယ်။ ကလေးငယ်ကို မတိုက်ကျွေးပါဘူး ။ ဒါဟာလွဲမှားတဲ့ အယူအဆတစ်ခုပါ ။ ဒီနို့ရည်ဟာ ခုခံအားကိုမြင့်မားစေတဲ့အတွက် ရောဂါများ ၊ ၀မ်းပျက်ဝမ်းလျှောခြင်းများမှလဲ ကာကွယ်ပေးပါတယ်။ ဒါကြောင့် ကလေးငယ်ကို ကူးစက်ရောဂါများမှကင်းဝေးစေချင်တယ်ဆိုရင် ဒီနို့ရည်ကို မဖြစ်မနေတိုက်ကျွေးရပါမယ် ။
၂။ Transitional Milk
နို့ဦးရည်ထွက်ပြီး နောက် ၂ ပါတ်အတွင်း ထွက်တဲ့ နို့ရည်ကိုတော့ Transitional Milk လို့ခေါ်ပါတယ်။ အဆီနဲ့ သကြားဓါတ်တွေပိုမိုပါဝင်ပါတယ်။
၃။ Mature Milk
မီးဖွားပြီး ၂ ပါတ်နောက်ပိုင်းထွက်တဲ့ နို့ရည်တွေကိုတော့ Mature Milk လို့ခေါ်ပါတယ်။ ဒီနို့ရည်ဟာ အဖြူရောင်ဖြစ်လာပြီး ၊ နို့ဦးရည်လို ပျစ်နေတော့ပါဘူး ။ ခန္ဓာကိုယ် ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေ လုံလောက်စွာပါဝင်ပါတယ်။
၎။ Preterm Milk
ကိုယ်ဝန် ၃၇ ပါတ်မတိုင်မီ မွေးဖွားတဲ့ ကလေးတွေကို လမစေ့တဲ့ ကလေး ( Preterm ) လို့ခေါ်ပါတယ်။ လမစေ့တဲ့ ကလေးငယ်တွေကို မွေးဖွားထားတဲ့ မိခင်ကထွက်တဲ့ နို့ရည်ကိုတော့ Preterm Milk လို့ခေါ်ပါတယ်။ လမစေ့တဲ့ ကလေးတွေဟာ ပရိုတင်း၊ ဆိုဒီယမ် ၊ ကယ်လိုရီ ၊ Iron ၊ Immunoglobulins ဓါတွေပိုမိုလိုအပ်တဲ့ အတွက် Preterm Milk မှာ အဲဒီဓါတ်တွေ ပိုမိုပါရှိပါတယ်။
နို့ရည်အမျိုးအစားများ

Photo Sharing and Video Hosting at Photobucket

နို့တိုက်ကျွေးခြင်းကြောင့်ရနိုင်သော အကျိုးကျေးဇူးများ


နို့တိုက်ကျွေးခြင်းဟာ မိခင်ရော ၊ ကလေးအတွက်ပါ တန်ဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးတွေကိုရရှိပါတယ်။

ကလေးငယ်အတွက်ရရှိနိုင်သောအကျိုးကျေးဇူးများ-

၁။ မိခင်နို့ဟာ ကလေးငယ်အတွက်လုံလောက်တဲ့အာဟာရဓါတ်ကိုပေးပါတယ်။ အချိန်မရွေးရရှိနိုင်ပြီး ၊ အလွယ်တကူကြေညက်လွယ်ပါတယ်။ လတ်ဆတ်ပါတယ်။
၂။ ကလေးငယ်၏ ခုခံအားနှင့် အာရုံကြောဖွဲ့စည်းမှုကို ကောင်းမွန်စေခြင်း ။
၃။ ကလေးငယ်၏ အစာလမ်းကြောင်းနှင့် လုပ်ဆောင်မှုကို ပြည့်စုံကောင်းမွန်စေခြင်း ။
၎။ ဦးနှောက်နှင့် အမြင်အာရုံကိုပိုမိုကောင်းမွန်စေသော fatty acids နှင့် amino acids များပါဝင်ခြင်း ။ ကလေးငယ်၏ ဥာဏ်ရည်၊ ဥာဏ်သွေး ပိုမိုမြင့်မားစေခြင်း ။ ( နို့တိုက်သောကလေးများရဲ့ IQ ဟာ ၊ နို့မှုန့်တိုက်သောကလေးများရဲ့ IQ ထက် 8-10 points ပိုများပါတယ်)။
၅။ ခုခံအားစနစ်ကို ပိုမိုကောင်းမွန်စေသောကြောင့် ရောဂါအမျိုးမျိုးမှ ကာကွယ်ပေးပါတယ်။( ဥပမာ -၀မ်းပျက်ဝမ်းလျှောခြင်း ၊ အသက်ရှုလမ်းကြောင်းရောဂါများ ) ။
၆။ ကလေးငယ်၏ သွားနှင့် မေးရိုးဖွဲ့စည်းမှုကို မှန်ကန်ကောင်းမွန်စေပြီး ၊ စကားပြောဆိုနိုင်မှုကို ကူညီပေးပါတယ်။
၇။ ငှက်ဖျားရောဂါပိုးကို ကာကွယ်ပေးသော PABA - Para Amino Benzoic Acid ပါဝင်ခြင်း ။
၈။ ကလေးငယ်၏ တွေးခေါ်နိုင်စွမ်းကို တိုးတက်စေခြင်း ။
၉။ မိခင်နှင့် ရင်သွေးကြား ချစ်ကြည်မှုကို ပိုမိုခိုင်မာစေခြင်း ။
၁၀။ Food allergies များမှကာကွယ်ပေးခြင်း ။

မိခင်အတွက်ရရှိနိုင်သော အကျိုးကျေးဇူးများ-

၁။ ငွေကြေးကုန်ကျမှုမရှိခြင်း ။
၂။ သားအိမ်ကျုံ့ အားကောင်းစေသောကြောင့် မီးဖွားပြီး သွေးဆင်းခြင်း ( Post Partum Bleedings ) များမှ ကာကွယ်ပေးခြင်း ။
၃။ ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန်တက်ပြီး ၀လာတတ်ပါတယ်။ နို့တိုက်ကျွေးခြင်းဖြင့် ကိုယ်ဝန်မဆောင်မီက ကိုယ်အလေးချိန်ကို ပြန်လည်ရရှိစေပါတယ်။
၎။ နို့တိုက်ကျွေးခြင်းဖြင့် ရင်သားကင်ဆာ ၊ မမျိုးဥ ကင်ဆာ ( Ovarin cancer ) ၊ သားအိမ်ကင်ဆာ နှင့် အရိုးများ ပွပြီး ကျိုးဆတ်စေသော Osteoporosis ရောဂါများမှ ကာကွယ်ပေးခြင်း ။
၅။ ရင်သွေးငယ်ကို မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးပါက မိခင် မမျိုးဥကြွေခြင်း Ovulation ကိုတားဆီးပေးသဖြင့် နောက်ထပ်ကိုယ်ဝန်မရရှိနိုင်ပါ။ ထိုကာလတွင် ဓမ္မတာထိန်နေတတ်ပြီး ကိုယ်ဝန်တားဆေးများကဲ့သို့ပင် ၉၈-၉၉ ရာခိုင်နှုန်းထိ သားဆက်ခြားစေပါတယ်။ ထိုသို့သားဆက်ခြားခြင်းကို LAM - Lactational Amenorrhea Method လို့ခေါ်ပါတယ်။
၆။ ဆီးချိုရောဂါရှင် မိခင်များအတွက် Insulin အသုံးပြုရသော ပမာဏကို လျှော့နည်းစေပါတယ်။
၇။ မိခင်နှင့် ရင်သွေးကြား ချစ်ကြည်မှုကို ပိုမိုခိုင်မာစေပါတယ်။

နို့ထွက်နဲစေသောအကြောင်းအရင်းများ


၁။ ကလေးကို ခွဲစိတ်မွေးဖွားခြင်းကြောင့် နို့ရည်ထွက်ရှိမှု နှောင့်နှေးတတ်ပါတယ်။
၂။ နို့ဗူးတိုက်ကျွေးခြင်းကြောင့်လည်း နို့ထွက်နဲစေပါတယ်။
၃။ ကလေးနို့ဆာနေချိန်တွင် မတိုက်ဘဲထားခြင်း။
၎။ မိခင်နို့အပြင် အခြားသော အစားအစာများကျွေးခြင်း။
၅။ သန္ဓေတားဆေးများသုံးစွဲခြင်း။
၆။ သားမြတ်နာကျင်မှုကြောင့် နို့တိုက်ကျွေးရန် စိုးရွံ့ခြင်း ( ဥပမာ- သားမြတ်ရောင်ရမ်းခြင်း ၊ သားမြတ်ခေါင်းကွဲခြင်း ၊ အနာဖြစ်ခြင်း ) ။

ဘယ်အချိန်မှာ နို့စတင်တိုက်ရမလဲ


စောနိုင်သမျှစောစောတိုက်ကျွေးရပါမယ်။ ရိုးရိုးဖွားမြင်သောကလေးများကို မီးဖွားပြီး ၃၀ မိနစ်အတွင်းစတင်တိုက်ကျွေးရပါမယ်။ ခွဲစိတ်မွေးဖွားသောကလေးများအတွက် မိခင် မေ့ဆေးပြယ်သောအချိန်က စတင်ပြီးတိုက်ကျွေးနိုင်ပါတယ်။

တစ်နေ့ဘယ်နှစ်ကြိမ်တိုက်ကျွေးရမလဲ


ကလေးဆာသော အချိန်တိုင်းတိုက်ကျွေးပါ။ အနည်းဆုံး တစ်နေ့ကို ၇ ကြိမ်မှ ၁၁ ကြိမ်ထိ တိုက်ကျွေးရပါမယ်။

ဖြည့်စွက်စာ လိုအပ်ပါသလား


ကလေး အသက် ၄ လမှ ၆ လအထိ မိခင်နို့ရည်တစ်မျိုးတည်းသာ လိုအပ်ပါတယ်။

နို့တိုက်ကျွေးစဉ်ရှောက်ကြဉ်ရမည့်အချက်များ


ဆေးလိပ်သောက်ခြင်း ၊ အရက်သောက်ခြင်း တို့ကိုရှောင်ကြဉ်ရပါမယ်။ ကင်ဆာဆေးသုံးစွဲနေသူများအနေနဲ့ နို့တိုက်ကျွေးခြင်းမပြုသင့်ပါဘူး ။ ထို့အပြင် တီဘီရောဂါ ၊ ခုခံအားကျခင်းမှုရောဂါ ကူစက်ခံထားရသော မိခင်များအနေနဲ့လဲ နို့တိုက်ကျွေးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

ဘယ်အခါမှာဖြည့်စွက်စာ ကျွေးသင့်ပါသလဲ


ကလေးငယ်အသက် ၄ လကျော်လာလျှင် ခန္ဓာကိုယ် ဖွံ့ဖြိုးမှုအတွက် အာဟာရ ပိုမိုလိုအပ်လာသဖြင့် မိခင်နို့အပြင် အခြားဖြည့်စွက်စာများကိုလဲ စတင်ကျွေးမွေးသင့်ပါတယ်။

ကလေးကိုယ်အလေးချိန်ဘယ်လောက်တက်သင့်သလဲ


နို့တိုက်ကျွေးနေသောကလေးများအနေနဲ့ အောက်ပါနှုန်းအတိုင်း ကိုယ်အလေးချိန်တက်ပါတယ်။ -
အသက် ၄ လ အထိ တစ်ပါတ်လျှင် ၁၇၀ ဂရမ်
အသက် ၄ လမှ ၆ လအထိ တစ်ပါတ်လျှင် ၁၁၃ မှ ၁၄၂ ဂရမ်
အသက် ၆ လမှ ၁ နှစ်အထိ တစ်ပါတ်လျှင် ၅၇ ဂရမ်မှ ၁၁၃ ဂရမ် ။
အကြမ်းဖျင်းအားဖြင့် အသက် ၄ လအချိန်တွင် မွေးဖွားစဉ်က ရှိသော ကိုယ်အလေးချိန်ထက် ၂ ဆ ရှိရပါမယ်။

Exclusive Breast Feeding


Exclusive breast feeding ဆိုတာ တခြားအစား အစာများ မကျွေးဘဲ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်းကိုခေါ်ပါတယ်။ ကလေးငယ်ကို မိခင်နို့မှတပါး ရေတောင်မှ မတိုက်ရပါဘူး။ ရေတိုက်ဖို့လဲ မလိုအပ်ပါဘူး။ မိခင်နို့မှာ ရေဓါတ်ပါဝင်မှုက ၈၈ ရာခိုင်နှုန်းပါဝင်တဲ့အတွက် ရေထပ်မံတိုက်ကျွေးစရာမလိုပါဘူး ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကလေး အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးသင့်ပါတယ်။

လုပ်ငန်းခွင်ဝင်သော မိခင်များဘယ်လိုနို့တိုက်ကျွေးမလဲ


လုပ်ငန်းခွင်ဝင်သော မိခင်များအနေနဲ့ မိမိရင်သွေးကို ဆက်လက်နို့တိုက်ကျွေးလို့ရပါတယ်။ အလုပ်မသွားမီ နို့ရည်ကို စနစ်တကျ သန့်ရှင်းစွာ ညှစ်ယူပြီး ၊ သန့်ရှင်းသော ဖန်ခွက်အတွင်းသိုလှောင်ထားပြီး တိုက်ကျွေးသင့်ပါတယ်။ ညှစ်ထားသော နို့ရည်များ ( Expressed Breastmilk ) များကို အေးသော နေရာမှာထားရပါမယ်။ သို့သော် ရေခဲရလောက်အောင် မအေးရပါ။ အလွန်အေးပါက နို့ရည်အတွင်းရှိ အချို့သော ဆဲလ်များ သေသွားတတ်သောကြာင့် နို့ရည်ကို ခဲမထားရပါ။ အနည်းငယ်အေးလျှင်ရပါသည်။

ကမ္ဘာ့နို့ချိုတိုက်ကျွေးရေး ရက်သတ္တပါတ်


နှစ်စဉ် သြဂုတ်လ ၁ ရက်မှ ၇ ရက်ထိ ကမ္ဘာ့နို့ချိုတိုက်ကျွေးရေး ရက်သတ္တပါတ်အဖြစ်သတ်မှတ်ပြီး နိုင်ငံအသီးသီးတွင် မိခင်နို့တိုက်ကျွေးရေးလုပ်ငန်းများကို ဆောင်ရွက်နေကြပါတယ်။ မြန်မာနိုင်ငံမှာလဲ ၁၉၉၂ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပါတယ်။

ယခုနောက်ပိုင်းဖွံ့ ဖြိုးတိုးတက်လာသောကာလတွင် မိခင်နို့တိုက်ကျွေးမှုမှာနည်းပါးလာပြီး ၊ နို့မှုန့်နှင့် အခြားသော နို့အစားထိုးပစ္စည်းများကို အသုံးပြုလာကြပါတယ်။ ထိုအခါ အာဟာရမလုံလောက်ခြင်း ၊ ကူးစက်ရောဂါများပိုမို ကူးစက်ခံရခြင်း ၊ အချိန်မတန်ဘဲ အသက်ဆုံးရှုံးရခြင်းများကို ကြုံတွေ့လာရပါတယ်။တို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ၁၉၉၀ ခုနှစ်မှာ နို့မှုန့်နှင့် အခြားနို့အစားထိုးပစ္စည်းများ ကြော်ငြာရောင်းချခြင်းကို တားမြစ်သည့် ကြေညာချက် ( Innocenti Declaration ) ကိုထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေညာချက်မှာ အောက်ပါအချက်အလက်များလဲပါဝင်ပါတယ်။
၁။ နို့မှုန့်နှင့် နို့အစားထိုးပစ္စည်းများကို ကြော်ညာခြင်းမပြုရ။
၂။ ထိုပစ္စည်းများကို မိခင်များသို့ နမူနာ မဖြန့်ဝေရ ။
၃။ နမူနာပေးခြင်း ၊ ဈေးလျှော့ခြင်းကဲ့သို့သော အရောင်းမြှင့်တင်ခြင်းမျိုးမလုပ်ရ။
၎။ နမူနာများကို ကျန်းမာရေးဝန်ထမ်းများအား မပေးရ။
၅။ ဗူးခွံများတွင် ကလေးငယ်ပုံများ ၊ နို့အစားထိုးပစ္စည်းများကို ကြော်ညာသည့် စာတမ်းများရေးသားခြင်းမပြုရ။

ကုမ္ပဏီများ ၊ ထုတ်လုပ်သော စက်ရုံများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ထားသော ဥပဒေများအရ အရေးယူခြင်းခံရပါမယ်။ ဒါကြောင့် လူ့စွမ်းအားအရင်းအမြစ်ဖြစ်တဲ့ ရင်သွေးငယ်တို့ ဘ၀ ကျန်းမာရှင်သန်စေဖို့အတွက် မိခင်နို့တိုက်ကျွေးကြပါလို့ နှိုးဆော်လိုက်ရပါတယ်။

လေးစားစွာဖြင့် -
စိုးသီဟ
နို့တိုက်ကျွေးသည့် ခန္ဓာကိုယ်အနေအထား







ကိုးကားစာရင်း : -
၁။ Ghai Essential Pediatrics , 5th edition.
၂။ http://en.wikipedia.org/wiki/Breastfeeding
၃။ http://www.nes.scot.nhs.uk/pharmacy/breastfeeding/topic4/physiology.html
၎။ http://www.fertilityuk.org/nfps50.html
၅။ http://www.growingwell.com/faqs/genfaqsbreastfeeding.htm
၆။ http://www.faqs.org/nutrition/Ar-Bu/Breastfeeding.html
၇။ http://www.mamadearest.ca/en/info/benefits_breastfeeding.htm
၈။ http://www.youtube.com/watch?v=cSb3XT88YxY
၉။ www.youtube.com

Read More...

Thursday, December 6, 2007

Do you really love? - 2

ဒီပို့စ်တွေက အမှန်တော့ မိခင်နို့ရည်ရဲ့ တန်ဖိုးကို မျှဝေပေးချင်တဲ့ သဘောလေးပါ။ မိခင်တစ်ယောက် အနေနဲ့ သားသမီးကို မိခင်နို့တိုက်ကျွေးဖို့ ဘယ်လောက်အရေးပါတယ်ဆိုတာ ပြောချင်တာပါ။ Exclusive Breast Feeding ရဲ့အကျိုးကျေးဇူးတွေ... တကယ်လုပ်မယ်ဆိုရင် တွေ့ကြုံရမယ့် အခက်အခဲတွေ ... ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲ ဆိုတာတွေ... တင်ပြချင်တာပါ။

မိခင်နို့တိုက်ကျွေးတာ ကောင်းမှန်း လူတိုင်းသိကြပေမယ့် မတိုက်ဖြစ်တဲ့ အကြောင်းတွေက ရှိနေပါတယ်။ အဲ့ဒီအတွက် နစ်နာမယ်ဆိုရင် ကလေးတွေ နစ်နာပြီး အနာဂတ်မှာ လူမျိုးတစ်မျိုးလုံး နစ်နာမှာ ဖြစ်ပါတယ်။



ပြီးတော့ လူတွေက မိခင်နို့တိုက်ပါ ဘာညာနဲ့ ကြော်ငြာနေရင် အလကားပါလို့ ထင်ကြတယ်။ နို့မှုန့်ဘူး တွေလောက် ကြော်ငြာမကောင်းလို့ ထင်ပါတယ်။ ချမ်းသာတဲ့သူတွေ မပြောနဲ့ ဆင်းရဲပြီး စားစရာမရှိတဲ့ မိန်းမတစ်ယောက် သူ့ကလေးကို ရရာအမှုန့် ၀ယ်တိုက်တာ တွေ့ဖူးတယ်။ အဲ့ဒီ ကွမ်းယာဆိုင်က ဆန်မှုန့်က သူ့ကလေးအတွက် ပိုကောင်းမယ်ထင်လို့ သူက အငတ်ခံပြီး ၀ယ်တိုက်တာပါ။

မိဘတိုင်းအနေနဲ့ ကိုယ့်ကလေးကိုယ် နို့မှုန့်တိုက်တိုက် ဆန်မှုန့်တိုက်တိုက် မိခင်နို့တိုက်တိုက် ကြိုက်တာ တိုက်ခွင့်ရှိပါတယ်။ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိပါတယ်။ ဒါပေမယ့် အဲ့လိုရွေးချယ်ဖို့ ဗဟုသုတ ရှိစေချင်ပါတယ်။

အခု မြန်မာလူမှုပတ်ဝန်းကျင်မှာ ကလေးတစ်ယောက် မွေးပြီဆို အမေလုပ်သူမှာ ဟိုလူပြောတာ လုပ်ရ ဒီလူပြောတာလုပ်ရ... ကောင်းနိုးနိုးနဲ့ ... သူများယောင်လို့ ယောင်ရတာ ချည်းပါပဲ။ အဖေ လုပ်သူ အနေနဲ့လည်း သင့်တင့်တဲ့ ဗဟုသုတရှိပြီး မိဘ ၂ ယောက် တိုင်တိုင်ပင်ပင်နဲ့ ဆုံးဖြတ်ရမယ်။ ပတ်ဝန်းကျင်က အကြံပေးတာတွေကိုလည်း စဉ်းစားပြီးမှ ဆုံးဖြတ်ရမယ်။

ဘေးပယောဂက တော်တော်ဆိုးပါတယ်။ ရှေးလူကြီးတွေကလည်း မလွယ်ဘူး။ ခေတ်လူငယ်တွေကလည်း မလွယ်ဘူး။ ပညာနည်းနည်းတတ်တဲ့ အဖွဲ့ကလည်း မလွယ်ဘူး။ ရှေ့မှာ ကလေးမွေးပြီးသား လူတွေကလည်း မလွယ်ဘူး။

အခုမှ မွေးလာတဲ့ ကလေးကို စေတနာ ထားပါတယ်... ငါပြောလိုက်မှ ဒီကလေး ကောင်းစား ရှာမယ်ဆိုပြီး စေတနာတွေပိုပြီး... ၀ိုင်း မ ကြတော့တာပါပဲ။ ကလေးမှာ ရေဆိုလည်း သောက်ရ သကြားရည်ဆိုလည်း သောက်ရ နို့မှုန့်ဆိုလည်း သောက်ရ... အမျိုးမျိုး ကလိတော့တာပါပဲ။

အဖေ အမေတွေက ကလေးကောင်းကျိုး အတွက် ဘာအကောင်းဆုံးလဲ... ဘာတွေ လုပ်ရမလဲဆိုပြီး သိထားသင့်သလို... ဘေးနားက အကြံပေးတဲ့သူတွေမှာလည်း တာဝန်ရှိပါတယ်။ လုပ်ချင်မှန်း မသိ မလုပ်ချင်မှန်းသိ... အတင်း ဖိအားပေးပြီး လုပ်ခိုင်းတာမျိုး မဖြစ်သင့်ပါ။ တကယ်လို့ မျက်စိရှေ့မှာ အဲ့လို ဖိအားပေးနေတာ တွေ့ရင်လည်း ကန့်ကွက်လို့ရရင် ကန့်ကွက်ပေးသင့်ပါတယ်။ မည်သူမဆိုပေါ့။

ဥပမာ... မွေးစ ကလေးကို ပျားရည်တိုက်ရမယ်.. မွေးမွေးချင်း ရေတိုက်ရမယ်... စသဖြင့် တစ်ယောက်ယောက်က ညွှန်ကြားနေရင်... သူက ဘာအထောက်အထားရှိလို့လဲ... ဘယ်လောက် သိလို့လဲလို့ တွေးကြည့်ပါ။ သူ့ပတ်ဝန်းကျင် သူကိုယ်တိုင်ပါမှ ကလေးတွေ တွေ့ဖူးလှ ၂၀ ၃၀ ပေါ့။ သူ့ကလေးရော သူလုပ်တာပဲလား။ သူ့ကလေးထက် ပိုကောင်းတဲ့ အရာ မရစေချင်လို့ တိုက်တွန်း နေတာလား။ သူ့ စေတနာ ဘယ်လောက်မှန်မလဲ။ သူ့ အသိကရော ဘယ်လောက် မှန်မလဲ။ (ကလေးအတွက် ပြောနေတာထက်ကို သူဆရာဝင်လုပ်ချင်လို့ ပြောနေတာလို့ပဲ မြင်မိပါတယ်။)

အားနာလို့ စွတ်လုပ်စရာ မလိုပါဘူး။ ကိုယ့်သားသမီး အရေး။ သူများပြောတိုင်း လျှောက်လုပ်ဖို့ မွေးထုတ်ထားတာ မဟုတ်ပါဘူး။

ဒီပို့စ်တွေဟာ အပေါ်မှာ ပြောခဲ့သလို မိခင်တစ်ယောက်ထဲနဲ့ ဆိုင်တာ မဟုတ်ပါဘူး။ မိခင်တစ်ယောက်ရဲ့ ရွေးချယ်ခွင့်ကို ပံ့ပိုးပေးဖို့ သူရဲ့ ပတ်ဝန်းကျင်နဲ့လည်း ဆိုင်ပါတယ်။

နို့တိုက်ချင်တဲ့ မိခင်ကို နို့တိုက်ခွင့်ရအောင်... နို့တိုက်ရင်လည်း အဆင်ပြေအောင်... ကူညီပေးရမှာပါ။ နို့မှုန့်တိုက်ချင်ရင်လည်း နည်းစနစ်မှန်အောင်တိုက်ဖို့ ကူညီပေးရပါမယ်။ တချို့ မိခင်တွေမှာက အလုပ်က တစ်ဘက်နဲ့မို့ ဘာညာတို့ ရှိပါတယ်။

နို့မထွက်လို့ဆိုတာတော့... များသောအားဖြင့်... မမှန်ပါဘူး။ နို့မထွက်ဘူးဆိုတာဟာ ကလေးက နို့ကို သေချာစို့မနေဘူးဆိုတဲ့ သဘော သက်ရောက်ပါတယ်။ နို့ဆိုတာ ကလေးစို့လေ ပိုထွက်လေလေပဲမို့ နို့ထွက်စေချင်ရင် ကလေးကို များများပေးစို့ရမှာပဲ ဖြစ်ပါတယ်။ အဲ့ဒီမှာ အခက်အခဲတွေ ရှိပါတယ်။ ကလေးက နို့တပ်တာ မမှန်ရင်... အမေက နာလွန်းပြီး... ဆက်မတိုက်နိုင်တာတွေ ရှိပါတယ်။ စစချင်းဆို နို့ကလည်း စို့တဲ့ဒဏ်ကြောင့် နာတာ ဘာညာနဲ့ အမေ လုပ်သူမှာ တော်တော် ခံရပါတယ်။

တကယ်တော့လေ နို့မှုန့်ဘူးမှာ ရေးထားတာတွေက မိခင်နို့မှာပါတဲ့ဟာတွေကို လိုက်တုပြီး အနီးစပ်ဆုံး တူအောင် ဖော်စပ်ပေးထားတာဖြစ်ပါတယ်။ သဘာဝအတိုင်း နို့ရည်ဂလင်းတွေက ဖော်စပ်တာထက် ပိုကောင်းအောင် လုပ်နိုင်လိမ့်မယ်လို့ မထင်မိပါဘူး။ ပိုမကောင်းဘူဆိုတဲ့ သက်သေလည်း ရှိပါတယ်။

တစ်ခု ရှိသေးတယ်။ နို့မှုန့်ရဲ့ အရသာက ကလေးပိုကြိုက်အောင် ချိုချိုလေး လုပ်ထားတယ်တဲ့။ အဲဒီလို ဆိုတော့ ကလေးက နို့မှုန့်တစ်ခါ တိုက်ပြီးရင် အမေနို့ကို သိပ်ကောင်းတယ် မထင်တော့ဘူးပေါ့။ ပြီးတော့ နို့မှုန့်က ဗူးနဲ့တိုက်ရင်... ကလေးဆီကို ဟောကနဲ ဟောကနဲ ၀င်သွားတာဆိုတော့... ကလေးက အမေနို့ စို့တာလောက် အပင်ပန်းမခံရဘူးပေါ့။ အဲ့တော့ ၂ ခုယှဉ်လိုက်ရင် ကလေးက နို့ဗူးဘက်ကို အားသာသွားပါတယ်။ ဘာမှ မသိတဲ့ ကလေးကို နည်းပညာနဲ့ လှည့်စားတာပါပဲ။

Credit: Ma CyberCandle (Native Myanmar)

Read More...

Wednesday, December 5, 2007

Do you really love? - 1


တကယ်ချစ်ရဲ့လား

ဒီပို့စ်တွေမှာတော့ သတင်းစာတွေထဲကလို တိုင်းပြည်တွေ လူမျိုးတွေကိုချစ်ရဲ့လားလို့ ပြောသလိုမျိုး လောက်အထိ မဆိုလိုပါဘူး။ ကလေးတွေကို တကယ်ချစ်ရဲ့လားလို့ မေးချင်တာ ဖြစ်ပါတယ်။

လူ့လောကထဲကို ကလေးလေးတစ်ယောက် တ၀ါးဝါးငိုရင်း ရောက်လာပြီဆိုပါတော့။ ကလေးရဲ့ မေမေ ဖေဖေ နဲ့တကွ တစ်မျိုးလုံး တစ်ဆွေလုံး ပျော်ကြပါးကြ ကြိုဆိုကြတယ်ပေါ့လေ။ ဆေးရုံကြီးတွေမှာ မွေးတာဆိုတော့ ဆရာဝန် ဆရာမတွေလည်း စုံစုံညီညီပေါ့။


ဘေဘီလေးကို မွေးပြီးပြီးချင်း နာရီဝက်အတွင်းမှာ မိခင်နို့တိုက်ကျွေးဖို့ လိုပါတယ်။ ဒါက တော်တော် များများ သိတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါပေမယ့် အနည်းစုပဲသိတဲ့ လျှို့ဝှက်ချက်ကတော့ မိခင်နို့တိုက်တယ်ဆိုတာ ပြောသလောက် မလွယ်ဘူးဆိုတာပါပဲ။

မေမေဖြစ်လာပြီဆိုရင် ဘေဘီလေးဗိုက်ဆာမှာတော့ စိုးရိမ်တကြီးနဲ့ ဖြစ်နေမှာပဲပေါ့။ အဲ့တော့ နို့တိုက် ပါပြီတဲ့။ မွေးပြီးပြီးချင်း စစထွက်တဲ့ နို့ကို နို့ဦးရည်လို့ ခေါ်ပါတယ်။ နို့ဦးရည်ဆိုတာ ကြည်ကြည်လေး (နို့အစစ်က ဖြူဖြူကြီးလေ) ပြီးတော့ နည်းနည်းလေးပဲ ထွက်ပါတယ်။ နည်းပေမယ့် ကလေးအတွက်တော့ အကောင်းဆုံးလို့ ပြောလို့ရပါတယ်။ အဲ့ဒီထဲမှာ ရောဂါကာကွယ်နိုင်တဲ့ ပစ္စည်းတွေ ကိုယ်ခံအားကောင်းစေတဲ့ ပစ္စည်းတွေ အများကြီးပါပါတယ်။ ဘေဘီလေးအနေနဲ့ လက်လွတ်မခံသင့်တဲ့ အရာတွေဖြစ်လို့ မေမေက ကြိုးစားရပါမယ်။ စိတ်ရှည်ရပါမယ်။

ကြားသိရသလောက် ကလေးတော်တော်များများဟာ နို့ဦးရည်ကို အပြည့်အ၀ မရကြပါဘူး။

ပြသနာအများစုက ဘယ်လိုဖြစ်တာလဲဆိုတော့ မေမေက နို့ဦးရည်ရဲ့ထွက်နှုန်းက နှေးနေတာကို အားမလို အားမရဖြစ်ပါလိမ့်မယ်။ ကလေးမှ နို့ဝ ပါ့မလား။ နို့ကလည်း မထွက်ဘူးဆိုပြီး စိတ်ပူမိပါလိမ့်မယ်။ အဲ့ဒီမှာ ကလေးကို တခြားဟာတွေ (နို့မှုန့်၊ အချိုရည်) စတာတွေ တိုက်ချင်သလိုလို ဖြစ်လာပါလိမ့်မယ်။ ပြီးတော့ အမေ တစ်ယောက်ထဲရဲ့ ဆုံးဖြတ်ချက်နဲ့ မပြီးပါဘူး။ ဘေးလူတွေကလည်း အားပေးအားမြှောက် လုပ်ကြပါဦးမယ်။

ကလေးကလည်း နို့စို့တာ အထာမကျသေး။ နို့ကလည်း ထွက်တာနည်း။ စိတ်ကလည်းပူ ဘေးလူတွေ ကလည်း မြှောက်ပေး... (မယုံမရှိပါနဲ့ တခါတလေ ဆရာဝန် ဆရာမတွေပါ ကြံရာပါ ဖြစ်ပါသေးတယ်) ... အဲ့ဒါနဲ့ပဲ ဘေဘီလေးကို တခြားအရည်တွေ တိုက်ပါတယ်။ အများစုသော ကလေးဆရာဝန်တွေက ဘေဘီလေးကို အဲ့လိုတိုက်တာကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြပေမယ့် အလစ်မှာ ခိုးတိုက်ပါတယ်။ ကလေးငိုနေတာကို ပါးစပ်ပိတ်အောင် စပါယ်ရှယ်နာ့စ်တွေက ခိုးတိုက်တာမျိုးလည်း ရှိပါတယ်။

အဲ့ဒီလိုတိုက်လိုက်တော့ ဘာဖြစ်သွားလဲ။ ဗိုက်ထဲမှာ အကြာကြီး အားတွေစုလာတဲ့ ဘေဘီလေးက တော်ရုံ ဘေးအန္တရာယ်လောက်ကို ကာကွယ်နိုင်တဲ့ အတွက် ဆိုးဆိုးဝါးဝါး ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ အဲ့ဒါကြောင့်လည်း ဒီလိုလုပ်ရပ်တွေက သက်ဆိုးရှည်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲ့လိုအရည်တွေ မတိုက်ရင် ပိုကောင်းတယ်ဆိုတာက အဓိကမို့လို့ ကလေးကို တကယ်ချစ်တဲ့ ဖေဖေ မေမေ ဆိုရင်တော့ ဒီလိုလုပ်ရပ်တွေကို ကန့်ကွက်သင့်ပါတယ်။ ဘာလို့လဲ ဆိုရင်... ဘေဘီလေးရဲ့ ဗိုက်သေးသေးလေးထဲကို ၁၀ စီစီ နို့ဝင်ဖို့ဟာ ၅ စီစီအရည်တစ်မျိုး ၀င်သွားပြီဆိုရင် တန်ဖိုးရှိတဲ့နို့ အ၀င်နည်းသွားပါမယ်။ ကလေးက ဗိုက်ပြည့်သွားတော့ နို့ကို ကြိုးစားစို့မှာ မဟုတ်ပါဘူး။ နို့ဆိုတာ စို့လေ များများထွက်လေ.... မစို့လေ မထွက်လေ ဖြစ်လို့.... နို့ထွက်က နည်းနေရာကနေ ပိုနည်းဖို့ ဇာတ်လမ်း ဖြစ်လာပါလိမ့်မယ်။ နို့အဖြူဟာ ပုံမှန်ဆို ၃ ရက်လောက်မှာ ထွက်လာရမှာ... နောက်ကျပါလိမ့်မယ်။ အထွက်နှေးပါလိမ့်မယ်။

မြန်မာအယူ ရှိပါသေးတယ်။ နို့ဦးရည်ကို ညှစ်ပစ်ပြီး နို့အဖြူထွက်လာတော့မှ တိုက်တာ။ ဘယ်လောက် နှမြောဖို့ကောင်းလဲဆိုတာ....။ လုံးဝ ကန့်ကွက်ပါတယ်။

ဘေဘီလေးကို တကယ်ချစ်ကြတဲ့သူတွေ ဘာလုပ်ရမလဲဆိုတော့....
နို့တိုက်ဖို့ ဘာတွေ ပြင်ဆင်ရမလဲဆိုတာ ကလေးမမွေးခင်ထဲက လေ့လာထားသင့်ပါတယ်။ အဲ့ဒီလို လေ့လာတဲ့နေရာမှာ စိတ်ချယုံကြည်ရတဲ့ နေရာတွေက အချက်တွေကို စုဆောင်းဖို့လိုပါတယ်။ အိမ်နားက အဒေါ်ကြီးက ဒီလိုပဲ ပြောလို့တို့ ဘာတို့...

ခေတ်ပညာတတ် မိဘတွေအနေနဲ့ ရိုးရိုးပဲ စဉ်းစားကြည့်ရင် သိပါတယ်။ ကမ္ဘာပေါ်မှာ နို့တိုက်သတ္တ၀ါတွေ အများကြီးရှိတာ... အကောင်ပေါက်လေးတွေဟာ နို့ဦးရည်ကို သောက်ပြီး ကြီးလာကြတာမို့လို့.... လူပေါက်စလေးကိုလည်း နို့ဦးရည်ပဲ အပြည့်အ၀ တိုက်သင့်ပါတယ်။

နို့ဦးရည်မှာ ပါဝင်တဲ့ ပစည်းတွေကိုလည်း သေချာ ဓာတ်ခွဲစမ်းသပ်ပြီးလို့ ကလေးအတွက် ၁၀၀% အကျိုးရှိတဲ့ အရာဆိုတာ လက်ခံနိုင်စရာရှိပါတယ်။

မေမေက ဘေဘီလေးကို တကယ်ချစ်တယ်ဆိုရင် ပတ်ဝန်းကျင် ဘေးပယောဂတွေကို ဖြတ်ကျော်ပြီး မွေးပြီး နာရီဝက်အတွင်း မိခင်နို့ဦးရည်ကို စိတ်ရှည်လက်ရှည် တိုက်ကျွေးသင့်ပါကြောင်းနဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းများ အနေနဲ့လည်း မှန်ကန်တဲ့ အားပေးမှုကိုပဲ လုပ်သင့်ပါကြောင်း....

Credit: Ma CyberCandle (Native Myanmar)

Read More...