Friday, July 25, 2008

Dengue Haemorrhagic Fever

သွေးလွန်တုပ်ကွေး


သွေးလွန်တုပ်ကွေး ၊ ဒီအချိန်ဆို မိဘတွေကို စိုးမိုးထားလေ့ရှိသည်ပဲ။ ဖျားလျှင်၊ ခြင်ကိုက်ဖုလေး တွေ့လျှင်၊ ကလေး မှိန်းလျှင် ဒီရောဂါလား စိုးရိမ်ကြသည်။

ဘာကြောင့် ကြောက်ကြသနည်း။ အသက်အန္တရာယ် စိုးရိမ်ရသော ရောဂါ ဖြစ်သောကြောင့်သာ ဖြစ်သည်။

သွေးလွန်တုပ်ကွေးသည် Flavivirus တစ်မျိုးကြောင့် ဖြစ်သည်။ အရှေ့တောင် အာရှ၊ အိန္ဒိယ နှင့် အာဖရိက အချို့ဒေသ များတွင် ဖြစ်ပွားလေ့ရှိသည်။ ရောဂါပိုးသယ်ဆောင်ထားသော အေးဒီးစ် (Aedes aegypti or Aedes albopictus) ခြင်များ ကိုက်စက်ခြင်းမှ ကူးစက် ဖြစ်ပွားခြင်း ဖြစ်သည်။



အေးဒီးစ် ခြင်တွေဟာ ရေငြိမ်မှာ အဓိက ပေါက်ပွားလို့ ရေအိုးရေခွက်တွေ၊ ကားတာယာ အဟောင်းတွေက အဓိက ပေါက်ပွားရာ နေရာတွေ ဖြစ်တယ်။

သွေးလွန်တုပ်ကွေး ဖြစ်စေတဲ့ Dengue virus ဟာ serotype ခေါ်တဲ့ အမျိုးအစား ၄ မျိုးရှိတယ်။ A, B, C and D ဆိုပြီး ခွဲခြားထားတယ်။

ပထမဆုံး စတင် ရောဂါပိုး ဝင်ရောက်တဲ့အခါ လူရဲ့ ခန္ဓာကိုယ်က အဲဒီပိုးအမျိုးအစားကို ခံနိုင်ရည်ရှိတဲ့ ပဋှိဇီဝ ပစ္စည်းတွေ ထုတ်ပေး လေ့ရှိတယ်။ အဲဒီ ထွက်ရှိလာတဲ့ ပဋိဇီဝပစ္စည်းဟာ တစ်သက်စာ ရောဂါပိုးကို ခံနိုင်ရည် ရှိတယ်။ ဒါဟာ serotype လေးမျိုး ရှိတဲ့ အထဲက ဖြစ်ပွားတဲ့ တစ်မျိုးကိုပဲ ခံနိုင်ရည် ရှိတာ ဖြစ်တယ်။ ဥပမာ A ဖြစ်ရင် နောက်တစ်ခါ A အမျိုးအစားကို သယ်ဆောင်ထားတဲ့ ခြင်ထပ်ကိုက်ရင် A ကြောင့် ဖြစ်တဲ့ တုတ်ကွေး မဖြစ်နိုင်ဘူး။ ဒါပေမယ့် တခြား အမျိုးအစား (ဥပမာ B, C) တွေ ကိုက်ရင်တော့ မကာကွယ်နိုင်တဲ့ အပြင် ပိုဆိုးနိုင်တယ် လို့ လက်ရှိမှာ ယူဆကြတယ်။

ရောဂါပိုး ပထမဆုံး စတင်ဝင်ရောက်တဲ့ အခါ တချို့ ကလေးတွေမှာ ရောဂါ လက္ခဏာ ပြသလို တချို့လည်း ရောဂါ လက္ခဏာ မပြတာလည်း ရှိနိုင်ပါတယ်။ ရောဂါလက္ခဏာ တွေဟာလည်း ရိုးရိုးအအေးမိ လက္ခဏာတွေနဲ့လည်း ဆင်တူ နိုင်ပါတယ်။ ဒါကြောင့် သွေးလွန်တုတ်ကွေး ဖြစ်တဲ့အခါ ဘယ်အကြိမ်မှာ ပိုဆိုးမလဲ ဆိုတာ မှန်းဆဖို့ ခက်ခဲ နိုင်ပါတယ်။

ရောဂါလက္ခဏာ အပျော့စား အနေနဲ့ platelets ခေါ်တဲ့ သွေးခဲစေတဲ့ ပစ္စည်း နည်းသွားတာ (thrombocytopenia) နဲ့ သွေးရည် ပျစ်သွားတာ (haemoconcentration) တို့ ဖြစ်နိုင်ပါတယ်။ "thrombocytopenia" ကို သွေးဖောက် စစ်ဆေးကြည့်နိုင်ပြီး၊ haemoconcentration ကိုတော့ PCV လို့ ခေါ်တဲ့ သွေးနီဥ ပမာဏ (packed cell volume) ကို ဆက်တိုက် စစ်ဆေး ကြည့်ရင် သိနိုင်ပါတယ်။

ရောဂါပိုဆိုးတဲ့ လက္ခဏာ တွေကတော့ သွေးပေါင်ချိန် ကျသွားပြီး circulatory failure လို့ ခေါ်တဲ့ ရှော့ခ် ရ (သွေးလန့်) သွား နိုင်တာ ဖြစ်ပါတယ်။

ဘယ်လို ကုသကြမလဲ။

ဒါက ရှင်းပါတယ်။ ကလေးကို ဒီအချိန်မှာ ဂရုစိုက်ဖို့ လိုပါတယ်။ ဖျားရင် သိရမယ်။ ကလေးမှိန်းရင် သိရမယ်။ အစား မဝင်ရင် သိရမယ်။ ကလေး အန်ရင် သိရမယ်။

ဖျားရင် အနီးဆုံး ဆေးရုံဆေးခန်းကို သွားပြပါ။ ဆရာဝန်က လိုအပ်သလို စစ်ဆေး အကြံပေးပါလိမ့်မယ်။ အဖျားက တစ်ခါတစ်လေ နှစ်ရက် သုံးရက်နဲ့ မကျတတ်ပါဘူး။ စိတ်ပူပြီး အဖျား မကျကျအောင် ဆေးမြီတိုတွေ မသုံးပါနဲ့။ အရေးကြီးတာက အဖျားကျတိုင်း ရောဂါ ပျောက်တာ မဟုတ်ဘူး ဆိုတာ သိထားရမယ်။ အဖျားကျအောင် လုပ်တဲ့ နည်းတွေထဲက အန္တရာယ် အကြီးဆုံးကတော့ မက်ကလောင် ဖောက်တာပဲ။ နှစ်စဉ် မက်ကလောင် ဖောက်တာကနေ ပိုးဝင်ပြီးတော့ အသက် ဆုံးရှုံးသွားတဲ့ ကလေးတွေ မနည်းလှဘူး။

နောက်တစ်ချက်က သွေးလွန်တုပ်ကွေး ဆိုတာ ဖြစ်တာ သေချာရင် ပိုမဆိုးအောင် တားဆီးလို့ ရတာမျိုး မဟုတ်ပဲ လိုအပ်တဲ့ ကုသမှုကို လိုအပ်ချိန်မှာ အမြန်ရဖို့ အရေးကြီးတာ ဖြစ်တယ်။ စပြီး သွေးပေါင်ချိန် ကျချိန်မှာ normal saline ကို သွေးပေါင်ချိန်ကို ထိန်းထားနိုင်ဖို့ သွင်းဖို့ အရေးကြီး သလို၊ ဆိုးလာလို့ သွေးသွင်းဖို့ သွေးရည်ကြည် သွင်းဖို့ လိုလာရင် အချိန်မီ သွင်းပေးနိုင်ဖို့ ပါပဲ။

ဒီနေရာမှာ ကျနော့် အတွေ့အကြုံ အရပြောရရင် ကလေး ဆေးရုံက ကုသမှု အတွက် စိတ်အချရဆုံး နေရာ ဖြစ်ပါတယ်။ ၂၄ နာရီ အတွေ့အကြုံ ရှိတဲ့ အထူးကု ဆရာဝန်တွေ၊ ဘွဲ့လွန် ကျောင်းသားတွေ၊ လက်ထောက် ဆရာဝန်တွေ၊ အလုပ်သင် ဆရာဝန်တွေ၊ အတွေ့အကြုံရှိ ဆရာမတွေ ဒါမျိုးကို ဘယ်မည်သည့် ပုဂ္ဂလိက ဆေးရုံမှာ မှ ရမယ် မထင်ပါဘူး။

အကျဉ်းချုပ် အနေနဲ့ ပြောရရင်

၁။ ကလေးကို ခြင်ကိုက် မခံရအောင် ဂရုစိုက်ပါ။
၂။ ဖျားတဲ့ ကလေးတိုင်းကို ဆေးခန်းပြပါ။ ကိုယ့်သဘောနဲ့ ကိုယ် ဆေးဝယ်တိုက်တာ အန္တရာယ် ရှိပါတယ်။
၃။ မက်ကလောင် ဖောက်တာ လုံးဝ မလုပ်ပါနဲ့။
၎။ ကလေး အန်လျှင် (အမဲရောင် ကော်ဖီမှုန့်လို အဖတ် အဖတ်လေးတွေ ပါရင်)၊ မှိန်းလွန်းအား ကြီးလျှင်၊ ခြေဖျား လက်ဖျားတွေ အေးလျှင်၊ ဝမ်းမည်းမည်း တွေ သွားလျှင် ဆေးခန်း၊ ဆေးရုံကို ချက်ချင်းသွားပါ။
၅။ ကလေး ဆေးရုံ တင်ရလျှင် သွေးလှူမည့်သူ (အမျိုးထဲမှ စိတ်ချရသူ) ရှာထား သင့်ပါတယ်။



ကျနော်ရေးတာ မရှင်းတာ ရှိရင် ကျနော့် email ကို ရေးပြီး မေးလို့ ရပါတယ်။
dr Junior
mmtun2005@gmail.com


Read More...

Gestational Diabetes

ကိုယ်ဝန် ဆောင်ချိန် ဆီးချိုရောဂါ

ကိုယ်ဝန် မဆောင်ခင်နှင့် ကလေး မွေးပြီး နောက်ပိုင်းတွင် ရောဂါကို မတွေ့ရပဲ ကိုယ်ဝန် ဆောင်ချိန်၌သာ ဆီးချိုရောဂါကို စမ်းသပ် တွေ့ရှိရသည့် ဆီးချို အမျိုးအစားကို Gestational Diabetes (GD) ဟု ခေါ်ပါသည်။ ဆီးချို ရောဂါတွင် သွေးထဲ သကြားဓါတ် များခြင်း ကြောင့် ဖြစ်ပေါ်လာသော လက္ခဏာ တချို့သည် ကိုယ်ဝန်ဆောင်စဉ် အမျိုးသမီးများ ခံစားရသော ပုံမှန် လက္ခဏာများနှင့် လွန်စွာ ဆင်တူ သောကြောင့် အတိအကျ စမ်းသပ် စစ်ဆေးမှု မပြုလုပ်ပါက ဆီးချို ရောဂါ ရှိမရှိ သိရန် မလွယ်ကူပေ။ စမ်းသပ် စစ်ဆေးခြင်း မပြုလုပ် မိသဖြင့် ဆီးချို ရှိကြောင်းကို မသိလိုက်ရပဲ ကိုယ်ဝန်ဆောင် သက်တမ်းကို ဖြတ်သန်းခဲ့သော် ကလေးနှင့် မိခင်အတွက် နောက်ဆက်တွဲ ရေရှည် ဆီးချို ပြဿနာများ ဖြစ်လာ နိုင်ပေသည်။ ဆီးချိုနှင့် ပုံမှန် ကိုယ်ဝန် ဆောင်ချိန်တွင် အမျိုးသမီးများ ခံစား ရသည့် လက္ခဏာ တချို့ ဆင်တူ သော်လည်း ဖြစ်ရသည့် အကြောင်းအရင်းမှာ လုံးဝ ခြားနားပြီး ကုသမှု မှာလည်း လုံးဝ မတူ သည်ကို ကိုယ်ဝန်ဆောင် အမျိုးသမီးတိုင်း နားလည် ထားသင့်သည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်ချိန် ဆီးချို ဖြစ်နိုင်ခြေ ရှိသည်ဟု သတ်မှတ် ခံရနိုင်သည့် အမျိုးသမီးတိုင်း ဆီးချို ရှိမရှိကို မဖြစ်မနေ စမ်းသပ် စစ်ဆေးသင့်ပြီး ရောဂါ ရှိကြောင်း စမ်းသပ် တွေ့ရှိပါက သင့်တော်သော ကာကွယ် ကုသမှုများကို ဆောင်ရွက် သင့်ပါသည်။

Diabetes


ဆီးချိုရောဂါသည် ပန်ကရိယမှ ထုတ်လုပ်သော အင်ဆူလင် ဟော်မုန်းကို ဆဲလ်မှ ရရှိမှုမညီမျှခြင်း သို့မဟုတ် ထိရောက်စွာ အသုံး မပြုနိုင်ခြင်း တို့ကြောင့် သွေးထဲ၌ သကြားဓါတ် လွန်ကဲခြင်း ( Hyperglycaemia) ဖြစ်သည်ဟု ယခင် တင်ပြခဲ့သော Diabetes Mellitus နှင့် အင်ဆူလင် ဟော်မုန်း ဆက်နွယ်မှုနှင့် Diabetes Management and Complications နှစ်ခုတွင် ဖေါ်ပြခဲ့ပြီး ဖြစ်ပါသည်။ ဆီးချို ရောဂါ အကြောင်းကို လုံးဝ လေ့လာထားခြင်း မရှိ သေးသည့် စာဖတ်သူများ အနေဖြင့် အရင် Post နှစ်ခုကို ဖတ်ပြီးမှ ယခု တင်ပြမည့် Gestational Diabetes ကို ဆက် ဖတ်သင့်ပါသည်။ ဆီးချို ရောဂါတွင် Type 1 နှင့် Type 2 နှစ်မျိုးရှိရာ ကိုယ်ဝန် ဆောင်ချိန် ၌ ဖြစ်သော ဆီးချိုရောဂါသည် အများအားဖြင့် အ၀လွန်ခြင်းနှင့် တွဲလေ့ရှိသည့် Type 2 မှာ ၉၈% ဖြစ်ပြီး Type 1 မှာ ၂% ဖြစ်ပါသည်။

Risk Factors of Gestational Diabetes ဖြစ်နိုင်ခြေရှိသည့် အချက်များ

ကျန်းမာရေး ဆိုင်ရာ စနစ်တကျ သုတေသနပြု မှတ်တမ်း တင်ထားသည့် နိုင်ငံများ၏ လက်ရှိ စာရင်းဇယားများ အရ ကိုယ်ဝန် ဆောင်ချိန်၌ ဆီးချို ရောဂါ ဖြစ်နိုင်ခြေ ရှိသည်ဟု သတ်မှတ် ထားခြင်း ခံထားရသည့် အမျိုးသမီး အတော် များများတွင် ဆီးချို ရောဂါ လက္ခဏာကို စမ်းသပ် တွေ့ရှိ နေရသည့်နှုန်းမှာ ယခင်ကထက် ပိုမို များပြားလျက် ရှိပါသည်။ ကိုယ်ဝန်ဆောင်ချိန်၌ ဆီးချိုရောဂါ ဖြစ်စေနိုင်သော အခြေအနေ တချို့မှာ ...
(၁) အသက် ၃၅ နှစ်ကျော်မှ ကလေးယူခြင်း၊
(၂) မိသားစုအတွင်း၌ ဆီးချိုရောဂါ ရှိခြင်း၊
(၃) သန္ဓေသား ပုံမှန်ထက် ကြီးထွားသည့် ကလေးကို ယခင်ကိုယ်ဝန်များ၌ မွေးဖူးခြင်း၊
(၄) ကိုယ်ဝန်ဆောင်စဉ် အ၀လွန်ခြင်း (BMI >27 in Asian & BMI >30 in Caucasian and others)

စသည်တို့ ဖြစ်ပါသည်။

ထို့အပြင် သြစတြေးလျနိုင်ငံတွင် နောက်ဆုံး လေ့လာ တွေ့ရှိ ထားချက်အရ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၀-၁၅% မှာ Gestational Diabetes ကို စမ်းသပ် တွေ့ရှိရပြီး အာရှ၊ အိန္ဒိယ၊ ပစိဖိတ်ကျွန်းနှင့် သြစတြေးလျား ဌာနေတိုင်းရင်းသား အမျိုးသမီးများတွင် ဥရောပ လူဖြူမျိုးနွယ် ကော့ကေးရှန် များထက် ရောဂါ ရရှိသည့် ရာခိုင်နှုန်း ပိုများသည်ဟု သိရပါသည်။ ထို့ကြောင့် အထက်ပါ လေ့လာ ထားချက်အရ အာရှနွယ် မြန်မာ အမျိုးသမီးများ သည်လည်း ကိုယ်ဝန် ဆောင်စဉ် ဆီးချို ဖြစ်နိုင်ခြေများသည့် စာရင်းထဲပါနေသဖြင့် ကိုယ်ဝန် ဆောင်စဉ် အထက်ဖေါ်ပြပါ အခြေအနေထဲမှ အနည်းဆုံး တခုနှင့် တိုက်ဆိုင်နေပါက ဆီးချို ရောဂါ ရှိမရှိကို မိသားစု ဆရာဝန်နှင့် တိုင်ပင်၍ မဖြစ်မနေ စစ်ဆေး သင့်ပါသည်။ Type 1 ဖြစ်ပွားနှုန်း နည်းသော်လည်း လုံးဝမဖြစ်နိုင်သည့် အခြေအနေ မဟုတ်သဖြင့် ကိုယ်ဝန်ဆောင်စဉ် ပိန်လွန်းသော အမျိုးသမီးများ အားလည်း Type 1 ဆီးချို ရှိမရှိ စစ်ဆေး သင့်ပါသည်။

Gestation ကိုယ်ဝန်ဆောင်ခြင်း

ကိုယ်ဝန် ဆောင်ခြင်းသည် မမျိုးဥနှင့် ဖိုသုတ်ကောင်တို့ ပေါင်းစပ်ခြင်းဖြင့် Zygote ခေါ်သန္ဓေ သားလောင်းကို ဖြစ်ပေါ်စေပြီး မိခင်၏ သားအိမ်၌ သန္ဓေသား ကြီးထွားစေသည့် ကိုးလကျော် ကာလ ဖြစ်ပါသည်။ ထိုကာလ၌ ခန္ဓာကိုယ်အတွင်းရှိ ဟော်မုန်းအပြောင်းအလဲနှင့် သန္ဓေသားကြီးထွားမှုတို့ကြောင့် ခန္ဓာကိုယ် အင်္ဂါအဖွဲ့စည်း အသီးသီးရှိ အလုပ်လုပ်မှုစနစ် တချို့ကို ပြောင်းလဲစေပြီး ပုံမှန်မဟုတ်သည့် လက္ခဏာ များကို ကိုယ်ဝန်ဆောင် အမျိုးသမီးများ ခံစား ရလေ့ရှိပါသည်။ အစာခြေအင်္ဂါအဖွဲ့အစည်း (GIT) တွင် gonadal ဟော်မုန်း မြင့်တက်ခြင်း ကြောင့် အစာခြေမှု စနစ်ကို ထိခိုက်ပြီး ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ စိတ် မတည်မငြိမ် ဖြစ်ခြင်း ကို ဖြစ်စေပါသည်။ ဆီးစွန့် အင်္ဂါ အဖွဲ့အစည်းတွင် သားအိမ်မှ ဆီးအိတ်အား ဖိထားသောကြောင့် လည်းကောင်း၊ ကျောက်ကပ်၏ အရည် စစ်ထုတ်နှုန်း (Glomerular filtration rate) မြင့်မား လာခြင်းကြောင့် လည်းကောင်း ဆီးများများ သွားခြင်းနှင့် မကြာခဏ သွားခြင်းကို ဖြစ်ပေါ်စေပါသည်။ အသက်ရှူ အင်္ဂါ အဖွဲ့အစည်းတွင် အသက်ရှူနှုန်း မြန်လာခြင်းကြောင့် အဆုပ်၏ ပုံမှန် လေ၀င်လေထွက်နိုင်သည့် အကျယ်အ၀န်း (Tidal Volume) များ လာပြီး ချွဲသလိပ်များ အထွက်များ လာသည်။

နှလုံးသွေးကြော အဖွဲ့အစည်းတွင် သွေးအထုတည် များလာခြင်းနှင့် နှလုံးမှ သွေးလွှတ်ကြောသို့ ထုတ်သည့်အား (Cardiac Output) များခြင်း တို့ကြောင့် သွေးဖိအား များလာစေပြီး နှလုံးသို့ ပြန်လာသော သွေးပြန်ကြော၏ သွေးစီးမှု နှေးကွေး လာသောကြောင့် ခန္ဓာကိုယ် အောက်ပိုင်း အထူးသဖြင့် ခြေသားလုံး တ၀ိုက်တွင် သွေးပြန်ကြောများ ထုံးပြီး သွေးပြန်ကြော ပိတ်ဆို့ခြင်းများ ဖြစ်နိုင်ပေသည်။ ကိုယ်ဝန် ဆောင်စဉ် အမျိုးသမီးများ ခံစားရသည့် လက္ခဏာတချို့သည် ဆီးချိုရောဂါတွင်လည်း တွေ့ရပြီး မူးဝေခြင်း ပျို့အန်ခြင်း၊ ဆီး မကြာခဏ သွားခြင်းနှင့် သွေးဖိအား များခြင်း စသည့် လက္ခဏာ များသည် သာမာန် ကိုယ်ဝန်ဆောင်များအတွက် ပုံမှန်ဖြစ်၍ စိုးရိမ် ဖွယ်ရာ မရှိသော်လည်း အကယ်၍ ဆီးချို (Gestational Diabetes) ကြောင့် ဖြစ်ပါက အထူးစိုးရိမ်ရပြီး သွေးထဲရှိ သကြားဓါတ်ကို ပုံမှန် ဖြစ်အောင် ချက်ချင်း ထိန်းညှိပေးရန် လိုအပ်ပါသည်။

Complications of Gestational Diabetes ဖြစ်လာနိုင်မည့် ပြဿနာများ

ကိုယ်ဝန်ဆောင်စဉ် ဆီးချို ရရှိထားပါက ကလေးနှင့် မိခင် နှစ်ဦးစလုံး အတွက် နောက်ဆက်တွဲ ပြဿနာများ ရှိသဖြင့် ပြဿနာကို မကြီးထွား လာစေရန် ကာကွယ် ကုသရပေမည်။ သာမာန်အားဖြင့် ကိုယ်ဝန်ဆောင်စဉ် ဆီးချို ရရှိသော အမျိုးသမီးများသည် တနှစ်မှ ၁၀ နှစ် အတွင်းတွင် Type 2 နာတာရှည် ဆီးချို ရောဂါကို ရရှိ သွားနိုင်ပါသည်။ ရေတို ကာလတွင်လည်း ကိုယ်ဝန်ဆောင်စဉ် သွေးထဲ သကြားဓါတ်ကို ကောင်းစွာ မထိန်းချုပ် နိုင်ပါက မွေးဖွားသည့် အချိန်တွင် ကလေး ခန္ဓာကိုယ် ကြီးမားခြင်း။ ကလေးသေနှုန်းနှင့် ပုံမှန် မဟုတ်ပဲ မွေးဖွားရသည့်နှုန်း တက်လာခြင်း စသည့် အခြေအနေများကို ရင်ဆိုင် ရနိုင်ပါသည်။ ရေရှည် တွင်လည်း မွေးဖွားလာသော ကလေးအား သတိကြီးစွာ မစောင့်ရှောက်ပါက ကလေးဘ၀ တလျှောက်တွင် အ၀လွန်၍ ၁၀ ကျော်သက် အရွယ်တွင် ကလေးမှာ ဆီးချို ရောဂါ ရရှိနိုင်ပါသည်။ မိခင် အတွက်လည်း ကလေးမွေးပြီး နှစ်အနည်းငယ် အတွင်း နာတာရှည် ဆီးချိုရရှိနိုင်ပါသည်။ အကယ်၍ ဆီးချိုကို ကောင်းစွာ ထိန်းချုပ်နိုင်ပြီး ကလေးမွေးပြီး ကာလတွင်လည်း ဘ၀ လူနေမှုပုံစံ ပြောင်းကာ အာဟာရ၊ လေ့ကျင့်ခန်းနှင့် ကိုယ်အလေးချိန်ကို ထိန်းနိုင်ပါက မိခင်တွင် ရောဂါရရှိခြင်းမှ ၅၈% လျှော့သွား နိုင်ပါသည်။

Diet and Exercise အဟာရနှင့် လေ့ကျင့်ခန်း

ကိုယ်ဝန်ဆောင်မိခင်သည် အစာအဟာရ လုံလောက်စွာ စားသုံးရန်လိုပါသည်။ Glycaemic လျှော့နည်းသည့် ကာဗွန် ဟိုက်ဒရိတ်ကို အကန့်အသတ်ဖြင့် မနက်၊ နေ့လည်၊ ညနေစာအပြင် အစာစားသည့် အကြိမ်တိုင်းတွင် အနည်းငယ်စီ ပါဝင်အောင် ထည့်စားရန် လိုပါသည်။ အင်ဆူလင် ထိုးဆေး အသုံးပြုရန် လိုအပ်မှု လျှော့နည်းစေရန် ကာဗွန်ဟိုက်ဒရိတ် စားသုံးသည့် ပမာဏကို ခန္ဓာကိုယ် အတွက် လိုအပ်သည့် စုစုပေါင်း ကယ်လိုရီ၏ ၄၀% အထိသာ ကန့်သတ် စားသုံးသင့်သည်။ မနက်ပိုင်းတွင် အင်ဆူလင် ခံနိုင်ရည်ရှိမှု ပိုများ သောကြောင့် မနက်စာတွင် ကာဗွန်ဟိုက်ဒရိတ်ကို အနည်းငယ်သာ စားသုံးသင့်ပါသည်။ သွေးထဲ သကြားဓါတ် မြင့်တက်လာမှုကို လျှော့နည်း စေရန် ကိုယ်ဝန်ဆောင်ချိန်၌ တနေ့ လျှင် မိနှစ် ၃၀ ခန့် နေ့စဉ် ပုံမှန် သင့်တင့်သော လေ့ကျင့်ခန်း တခုခုကို လုပ်သင့်ပါသည်။

Follow up Programmes နောက်ဆက်တွဲ လုပ်ဆောင်ရန်လိုသည့် အချက်များ

GD ဖြစ်ခဲ့သော အမျိုးသမီးများသည် ကလေးမွေးပြီး ၂-၄ လအတွင်း Glucose Tolerance Test ဟု ခေါ်သော ဆီးချို စစ်ဆေးမှုကို ပြုလုပ် သင့်ပါသည်။ ဆီးချို မတွေ့ရှိပါက ဆက်လက်၍ နှစ်စဉ် သို့မဟုတ် နှစ်နှစ် တကြိမ် အမြဲ စစ်ဆေး သင့်ပါသည်။ GD ရရှိဖူးသည့် အမျိုးသမီးတိုင်း သက်ဆိုင်သည့် ကျန်းမာရေး ပညာရှင်များနှင့် တိုင်ပင် ညှိနှိုင်းကာ ဘ၀လူနေမှု ပုံစံကို ပြောင်း၍ အဟာရ၊ လေ့ကျင့်ခန်း၊ ကိုယ်အလေးချိန် ထိန်းချုပ်ခြင်း နှင့် မိသားစု စီမံကိန်းတို့ကို စနစ်တကျ စီစဉ်ပြီး လိုက်နာ ဆောင်ရွက် သွားရမည်။

Read More...

Tuesday, July 15, 2008

Guiding Light

'Guiding Light' (HIV ကူးစက်ခံ ကလေးငယ်များ စောင့်ရှောက်ရေး အဖွဲ့) ဆိုတဲ့ အဖွဲ့အစည်း လေးကို 2007 December မှာ စေတနာရှင် လူငယ်(၆)ဦး နဲ့ စတင် ဖွဲ့စည်း ခဲ့ပါတယ်..

မိဘ နှစ်ပါးစလုံး AIDS ရောဂါနဲ့ သေဆုံးသွားပြီး ခိုကိုးရာမဲ့ဖြစ်နေတဲ့ HIV ကူးစက်ခံ ကလေးငယ်များ အတွက် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး များကို အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ခဲ့ပါတယ်..လူငယ်လူရွယ်များ အား HIV, AIDS နှင့်ပတ်သက်သော ကျန်းမာရေး အသိ ပညာများ ဟောပြော လျက်ရှိပြီး လူငယ်များအတွက် လမ်းပြ အလင်းရောင်တစ်ခု ဖြစ်စေရန် ရည်ရွယ် ပါတယ်..

မိဘမဲ့ HIV ကူးစက်ခံ ကလေးငယ်များအား ကျန်းမာရေး စောင့်ရှောက်မှု များအပြင် လစဉ်ငွေ ကျပ်တစ်သောင်းနှင့် လိုအပ်လျှင် လိုအပ် သလို ဆေးဝါးများ အာဟာရများ လှူဒါန်းလျက် ရှိပါတယ် ... ကျောင်းနေ HIVကူးစက်ခံ ကလေးငယ်များ အတွက်လည်း ကျောင်းဝတ်စုံ၊ စာအုပ်နှင့် စာရေး ကိရိယာများ လစဉ် လှူဒါန်း လျက်ရှိပါတယ်...

ယခုအခါ အဖွဲ့ဝင်အလှူရှင် (၁၁၁)ဦးထိ ရှိလာပြီ ဖြစ်ပါတယ် ... အဖွဲ့ဝင် အလှူရှင် များထံမှ တစ်လလျှင် အနည်းဆုံး(၁၀၀၀)ကျပ် နှုန်းဖြင့် လစဉ် ကောက်ခံပြီး HIV ကူးစက်ခံ ကလေးငယ်များ အတွက်သာ အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပါတယ် ... ရငွေ/သုံးငွေ စာရင်း ရှင်းတမ်းကို (၆)လ တစ်ကြိမ် ထုတ်ပေးမှာ ဖြစ်ပါတယ် ...

လိုအပ်ချက်များ
(၁) နောက်ထပ် HIV ကလေးငယ် များအား ရှာဖွေ ထောက်ပံ့ အကူအညီ ပေးနိုင်ရန် အတွက် အဖွဲ့ဝင် အလှူရှင်များ တိုးပွား လာစေရန် ...
(၂) အဖွဲ့အကြောင်း သိရှိ နားလည်ပြီး ကလေးငယ်များအား စာနာသောစိတ်ဖြင့် လှူဒါန်းလာစေရန် ...
* တစ်အိမ် တက်ဆင်း အတင်းအလှူငွေလိုက်လံကောက်ခံခြင်း မပြုလုပ်ပါ ...
(၃) အဖွဲ့အစည်း တိုးတက်စေရန် အတွက် အကြံပြု လာသော ဝေဖန် အကြံပြု ချက်များကို ၀မ်းမြောက် ၀မ်းသာလက်ခံရန် ...
(၄) စေတနာရှင် ဆရာဝန်များ၏ အခမဲ့ အကူအညီ၊ အကြံဉာဏ်များ ...
(၅) စေတနာရှင် များ၏ အကူအညီ၊ အကြံဉာဏ်များ ...
(၆) အဖွဲ့၏ Fund ငွေ အနေအထား အရ နောက်ထပ် ကလေးငယ် တစ်ယောက်အား ထောက်ပံ့ ပေးရန် လိုအပ် နေပါတယ် ...

မိမိ ပတ်ဝန်းကျင်တွင် နွမ်းပါး၍ အကူအညီ လိုအပ်နေသော မိဘမဲ့ HIV ကူးစက်ခံ ကလေးငယ်များ တွေ့ခဲ့ရင် Guiding Light အဖွဲ့ကို လက်တို့ လိုက်ပါ ...
စည်းကမ်း
ကလေးများနှင့် မိသားစုဝင်များ၏ ဂုဏ်သိက္ခာ ကို ထိန်းသိမ်း သောအားဖြင့် အဖွဲ့ဝင်များသည် ကလေးများ၏ ကိုယ်ရေး ကိုယ်တာ အကြောင်း၊ နေရပ်လိပ်စာ အတိအကျကို မလိုအပ်ဘဲ ပြောပြခွင့် မရှိပါ ...

မှတ်ချက်
Guiding Light အဖွဲ့တွင် ရာထူး၊ အဆင့်အတန်း၊ လူမျိုးဘာသာ ခွဲခြားထားခြင်းမရှိပါ ... အားလုံး တစ်စိတ်တစ်ဝမ်းတည်းဖြင့် တိုင်ပင် ညှိနှိုင်း၍ ကလေးငယ်များ အကျိုးအတွက် အတူတကွ ပူးပေါင်း လုပ်ကိုင် ဆောင်ရွက် သွားမည် ဖြစ်ပါတယ် ...

ကလေးငယ်များအတွက် လှူဒါန်းလိုလျှင်

မိုးကုတ်မြို့
ကိုနေလင်းအောင် (Norton)ဈေးသစ်ထင်းရှူးခြံရပ်။
ကိုဇော်ဝင်းသန့်အမှတ်(ဇ/၂၅၈)၊ ရွှေဘုံသာရပ်။
မခင်သီတာအမှတ်(၁၆၈)၊ မြီု့မရပ်။
မမြင့်မြင့်အေးအမှတ်(တ/၄)၊ ကိစ္စကုတ်ရပ်။
မသဲသဲကိုးလံရပ်။
မငြိမ်းဆုဝေ(ရတနာလှိုင်း)အမှတ်(ဆ/၂၄)၊ ထင်းရှူးခြံရပ်။
guidinglight.mgk@googlemail.com



Guiding Light (Mogoke)

Read More...

Wednesday, July 2, 2008

Post Traumatic Stress Disorder - PTSD



PTSD ဆိုသည်မှာ အကြီးအကျယ် ထိတ်လန့်ခြင်း၊ အသက် ဘေးအန္တရာယ် နှင့် ရင်ဆိုင်ရခြင်း သို့မဟုတ် အခြား ပြင်းထန် ဆိုးရွားသည့် အတွေ့ အကြုံများ ၏ နောက်ဆက်တွဲ အဖြစ် ဖြစ်ပေါ် တတ်သော စိတ်ပိုင်း ဆိုင်ရာ ဝေဒနာ တစ်ခု ဖြစ်ပါသည်။ PTSD ဝေဒနာ ခံစား ကြရသူ များသည် စိတ် မချမ်းမြေ့ ဖွယ် အဖြစ် အပျက် သို့မဟုတ် အဖြစ် အပျက် များအား ပုံစံ တစ်မျိုးမျိုးဖြင့် ပြန်လည် ခံစား ကြရပြီး ထို အဖြစ် အပျက် များအား ပြန်လည် သတိရ စေသည့် နေရာများ၊ လူများ သို့မဟုတ် အခြား အရာများအား ရှောင်လွှဲ လိုကြကာ သာမာန် ဘ၀ အတွေ့အကြုံ များ ကိုပင် ထိခိုက် ခံစား လွယ်ကြ ပေသည်။ ယင်းသို့သော အခြေ အနေများ သည် လူသားတို့ ဘေး ဒုက္ခများ စတင် ခံစား ကြရချိန် ကတည်းက တည်ရှိခဲ့ နိုင်သော်လည်း ၁၉၈၀ ပြည့်နှစ် ရောက်မှသာ PTSD အား တရားဝင် ရောဂါ တွေ့ရှိချက် တစ်ခုအဖြစ် အသိအမှတ် ပြုခဲ့သည်။

သို့သော်လည်း ယင်းကို အစောပိုင်း အချိန်များက အခြားအမည် တစ်မျိုးဖြင့် ခေါ်ဝေါ် ခဲ့ကြကာ အမေရိကန် ပြည်တွင်းစစ် ကာလများ အတွင်းက PTSD ခံစား ခဲ့ကြရသည့် တိုက်ပွဲပြန် စစ်မှုထမ်းဟောင်း များ၏ ဝေဒနာကို စစ်သား နှလုံးရောဂါ 'soldier’s heart' ဟု ခေါ်ဝေါ် ခဲ့ကြသည်။ ပထမ ကမ္ဘာစစ် အတွင်းကမူ PTSD ကဲ့သို့သော ဝေဒနာ များအား တိုက်ပွဲပန်းခြင်း “combat fatigue” ဟု ခေါ်ဝေါ် ခဲ့ကြသည်။ ဒုတိယ ကမ္ဘာစစ် အတွင်းက ထိုသို့သော ဝေဒနာ ခံစားရသည့် စစ်သည်များအား ဆိုးရွားသော စိတ်ဖိစီး ဖောက်ပြန်ခြင်း ဝေဒနာ “gross stress reaction” ခံစားရသူများ ဟု ခေါ်ဝေါ် ခဲ့ကြပြီး ဗီယက်နမ်ပြန် စစ်သည်များ၏ ဝေဒနာကိုမူ ဗီယက်နမ်ပြန် ရောဂါ “post-Vietnam syndrome” ဟု ခေါ်ခဲ့ကြသည်။ PTSD အား တိုက်ပွဲပန်းခြင်း “battle fatigue” နှင့် လက်နက်ကြီးဒဏ် မပြတ် ခံရခြင်း ကြောင့် ဖြစ်သည့် စိတ်ချောက်ချားမှု ဝေဒနာ “shell shock” ဟုလည်း ခေါ်သေးသည်။ အစွဲအလမ်းကြောင့် ဖြစ်သည့် PTSD (Complex Post Traumatic Stress Disorder, C-PTSD) ဝေဒနာမှာမူ စိတ် မချမ်းမြေ့ဖွယ် အဖြစ်အပျက်များအား ကာလရှည်ကြာ သို့မဟုတ် အကြိမ်ကြိမ် ကြုံတွေ့ရာမှာ ဖြစ်ပေါ်တတ်ပြီး စိတ်ခံစားမှုများနှင့် လူမှုရေး အခြေအနေများပါ ရောနှော ပါဝင်သည့် ကြာရှည်ဖြစ်ပေါ် တတ်သည့် ပြဿနာ အဖြစ် သတ်မှတ်ကြသည်။



ခန့်မှန်း အားဖြင့် အမေရိကန် နိုင်ငံမှ ပြည်သူများ၏ ၇% မှ ၈% အထိသည် ၎င်းတို့၏ ဘ၀တွင် PTSD ခံစား ခဲ့ကြရ ပုံပေါ်ပြီး တိုက်ပွဲပြန် စစ်မှုထမ်းဟောင်းနှင့် မုဒိမ်းကျင့်ခံ ခဲ့ရသူများ၏ ၁၀% မှ ၃၀% ထိသည် PTSD ခံစား ခဲ့ကြရသည်။ အမေရိကန် နိုင်ငံအတွင်း ယင်း ဝေဒနာ ခံစား ရမှုနှုန်းသည် လူဖြူများနှင့် နှိုင်းစာပါက အာဖရိကန် မျိုးနွယ်ဝင်များ၊ စပိန် စကားပြောသည့် လက်တင် မျိုးနွယ်များနှင့် အမေရိကန် ဒေသခံ တိုင်းရင်းသားများတွင် ပိုမို မြင့်မားကြောင်းလည်း တွေ့ရသည်။ ထိုသို့ ကွာခြားရခြင်းမှာ ဘေးဒုက္ခ မကြုံမီနှင့် တွေ့ကြုံ ပြီးချိန်များ တွင် မသိစိတ်မှ လက်ခံနိုင်မှု နိမ့်ကျခြင်း၊ တစ်ဦးချင်း သို့မဟုတ် လူမျိုးစုလိုက်မှ မိမိကိုယ်ကို ပြစ်တင် တတ်ခြင်း၊ လူမှုရေးအရ ထောက်ပံ့မှု နည်းပါးခြင်း၊ ထိုလူမျိုးစုများအပေါ် လူမျိုးရေးခွဲခြားမှု မြင့်မားခြင်းနှင့် လူမျိုးစုအလိုက် ပရိဒေ၀ ဖိစီးမှုအား ဖော်ပြပုံ မတူညီခြင်း တို့ကြောင့် ဖြစ်နိုင်ပေသည်။ PTSD နှင့်ပတ်သက်၍ အခြား အရေးပါသည့် အချက်များမှာ အမေရိကန်နိုင်ငံ အတွင်း တွင် မည်သည့် အချိန်တွင် မဆို ခန့်မှန်းခြေ လူငါးသန်းခန့်သည် PTSD ခံစား နေကြရသည် ဆိုသည့် အချက်နှင့် အမျိုးသမီး များသည် အမျိုးသား များထက် PTSD ခံစား ရနိုင်ခြေ နှစ်ဆ ပိုမိုသည် ဆိုသည့် အချက်တို့ပင် ဖြစ်ပေသည်။ မိဘတစ်ဦးဦး အသတ် ခံရသည်ကို မြင်ခဲ့သူ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရခြင်း သို့မဟုတ် အသုံးချ ခံရခြင်းတို့ ကြုံခဲ့ရသူ ကလေးငယ်များ၏ ၁၀၀% သည် PTSD ခံစား ရနိုင်ပြီး လူအစုလိုက် အကြမ်းဖက်မှုအား ကြုံတွေ့ခဲ့ရသည့် လူငယ်များ၏ သုံးပုံတစ်ပုံသည် PTSD ခံစားရနိုင် ပေသည်။

PTSD ၏ အကျိုးဆက်များ

PTSD အား ကုသခြင်းမရှိပါက ဝေဒနာ ခံစားရသူ၏ လုပ်ဆောင် ဖွယ်ရာနှင့် ဆက်ဆံရေးများ၊ မိသားစုများ ကိုသာမက ၎င်းတို့၏ လူမှု အသိုက်အ၀န်း ကိုပါ အကြီးအကျယ် ထိခိုက် စေနိုင်ပါသည်။ ငယ်ရွယ် သေးချိန်တွင် လိင်ပိုင်ဆိုင်ရာ မတရား ပြုကျင့်ခြင်း ခံခဲ့ရသည့် အမျိုးသမီး များသည် C-PTSD နှင့် ယဉ်ယဉ်လေး ရူးခြင်း (borderline personality disorder) တို့ကို ခံစားရနိုင်ပေသည်။ ကိုယ်ဝန် ဆောင်စဉ် အတွင်း ထိုသို့သော ဝေဒနာ ခံစားခဲ့ရသူ မိခင်မှ မွေးဖွား လာသော ကလေးငယ်သည် ခန္ဓာကိုယ်အတွင်း အနည်းဆုံး ဓာတုဗေဒ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်နိုင်ကာ နောက်ပိုင်း ဘ၀တွင် PTSD ခံစားရနိုင်ချေ မြင့်မားပေသည်။ ထိုသို့သောဝေဒနာ ခံစားရသူများတွင် ဆေး ဘက်ဆိုင်ရာ ပြဿနာများ ပိုမို ဖြစ်ပေါ်နိုင်ပြီး မျိုးပွားမှု တွင်လည်း အခက်အခဲ ရှိနိုင်ပေသည်။ စိတ်ပိုင်း ဆိုင်ရာ အရလည်း PTSD ဝေဒနာရှင်များသည် အခြား စိတ်ခံစားမှုဆိုင်ရာ ဝေဒနာရှင် များထက် စိတ်ကျန်းမာရေး ကုသမှုများအား လက်ခံရာ တွင် ပိုမို ခက်ခဲကြသည်။ ကလေးငယ်များနှင့် ဆယ်ကျော်သက် များတွင်မူ PTSD သည် ၎င်းတို့၏ လူမှုရေးနှင့် စိတ်ခံစားမှု ဖွံ့ဖြိုးရေးကို အထူး ထိခိုက်စေနိုင်ပြီး သင်ယူနိုင် စွမ်းရည်ကိုလည်း ထိခိုက် နိုင်ပေသည်။

PTSD ဘာကြောင့် ဖြစ်ရသလဲ?

စင်စစ်အားဖြင့် အသက် အန္တရာယ်ကို ခြိမ်းခြောက်နိုင်သော သို့မဟုတ် တစ်ဦး တစ်ယောက်၏ စိတ္တသုခအား အကြီးအကျယ် ထိခိုက် စေသော အဖြစ်အပျက်တိုင်းသည် PTSD ကို ဖြစ်ပေါ် စေနိုင်ပေသည်။ ထိုသို့သော အဖြစ်အပျက် များတွင် ပြင်းထန်သော မတော်တဆမှု သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ထိခိုက် နာကျင်မှုအား ကြုံတွေ့ခြင်း သို့မဟုတ် မြင်တွေ့ရခြင်း၊ အသက် အန္တရာယ် ဖြစ်လောက်သည် အထိ ရောဂါ ဝေဒနာ ခံစားရခြင်း၊ ပြန်ပေးဆွဲခံရခြင်း သို့မဟုတ် နှိပ်စက်ညှင်းပန်းခံရခြင်း၊ စစ်ပွဲ သို့မဟုတ် သဘာဝ ဘေးအန္တရာယ် သို့မဟုတ် အခြား ဘေးအန္တရာယ် (ဥပမာ-လေယာဉ် ပျက်ကျခြင်း) သို့မဟုတ် အကြမ်းဖက် သမားတို့၏ တိုက်ခိုက်ခြင်း တို့ကို ကြုံတွေ့ခြင်း၊ မုဒိမ်းကျင့် သို့မဟုတ် ရိုက်နှက် လုယူ သို့မဟုတ် ဓါးပြတိုက် သို့မဟုတ် အပြင်းအထန် တိုက်ခိုက် ခံရခြင်း၊ ရုပ်ပိုင်း သို့မဟုတ် လိင်ပိုင်း သို့မဟုတ် စိတ်ပိုင်း ဆိုင်ရာအရ မတရား အသုံးချ ခံရခြင်းနှင့် ပြည်တွင်း ပဋိပက္ခတွင် ပါဝင်ရခြင်း တို့လည်း အကျုံးဝင် ပေသည်။

PTSD ၏ အန္တရာယ်နှင့် ယင်းအား ကာကွယ်နိုင်မှု

PTSD ဖြစ်လောက် သည်အထိ အန္တရာယ် ကျရောက်စေသော အချက်များတွင် စိတ်မချမ်းမြေ့ဖွယ် အဖြစ်အပျက်၏ ဖြစ်ပေါ်ချိန် ကြာမြင့် ခြင်း၊ ယင်း အဖြစ်အပျက်၏ ဖျက်ဆီးနိုင်မှု မြင့်မားခြင်း၊ အဖြစ်အပျက် မတိုင်မီက စိတ်ခံစားမှု အခြေအနေတစ်ခု ရှိခြင်းနှင့် မိသားစုနှင့် မိတ်ဆွေများ ကဲ့သို့သော လူမှုရေးအရ အထောက်အကူပြုမှု နည်းပါးခြင်းတို့ ပါဝင်ပေသည်။ ထို့ပြင် ကလေးငယ်များနှင့် ဆယ်ကျော်သက် များ၊ အမျိုးသမီးများနှင့် သင်ယူနိုင်မှု ချို့ယွင်းနေသူ သို့မဟုတ် အိမ်တွင်း အကြမ်းဖက်ခံရသူများသည် စိတ် မချမ်းမြေ့ဖွယ် အဖြစ်အပျက် နောက်ပိုင်းတွင် PTSD ခံစားရနိုင်မှု ပိုမိုမြင့်မားသည်။

ဘေးဒုက္ခ အဖြစ်အပျက်များတွင် လက်ငင်း ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုနှင့် ထောက်ပံ့ ပို့ဆောင်ရေး ကိစ္စများအတွက် ဘေးအန္တရာယ် အသင့်ဖြစ် ရေး လေ့ကျင့်မှုများ (disaster-preparedness training) သည် ယေဘုယျအားဖြင့် ကောင်းသော အကြံများဖြစ်သကဲ့သို့ပင် PSTD ဝေဒနာအတွက် အရေးပါသော ကာကွယ်မှုကိုလည်း ပေးနိုင်ပေသည်။ သက်သေ သာဓကအနေဖြင့် ပညာရှင်အဆင့် လေ့ကျင့်မှု နှင့် အတွေ့အကြုံ ရရှိထားသူများ (ဥပမာ-ရဲများ၊ မီးသတ်သမားများ၊ စိတ်ကျန်းမာရေးပညာရှင်များ၊ ဆေးဘက်အကူများနှင့် အခြား ဆေးဘက်ပညာရှင်များ) သည် ဘေး အန္တရာယ်များနှင့် ကြုံတွေ့သည့်အခါ ထိုသို့သော လေ့ကျင့်မှုနှင့် အတွေ့အကြုံ မရှိသူများထက် PTSD ခံစားရမှု နည်းပါးကြောင်း တွေ့ရသည်။

အချို့ ဆေးဝါးများသည်လည်း PTSD ဝေဒနာကို ကာကွယ်နိုင်ကြောင်း တွေ့ရသည်။ စိတ်ကျရောဂါ ကုသရန်၊ နှလုံးခုန်နှုန်း လျှော့ချရန် သို့မဟုတ် အခြားသော ကိုယ်ခန္ဓာ ဓါတုပစ္စည်းများ၏ လုပ်ငန်းကို တိုးမြှင့်ရန် အသုံးပြုသည့် အချို့ဆေးဝါးများအား ဘေးအန္တရာယ် ကြုံတွေ့ခဲ့ရ သူများအား ဘေးဒုက္ခ ကျရောက်ပြီးချိန်တွင် တိုက်ကျွေးပါက PTSD ကို ထိရောက်စွာ ကာကွယ် ပေးနိုင်ကြောင်း တွေ့ရ သည်။

PTSD ၏ ရောဂါလက္ခဏာများ

PSTD အား လေ့လာရာတွင် ခွဲခြားရန်လိုအပ်သည့် ရောဂါလက္ခဏာအုပ်စု သုံးခုမှာ-

* ဘေးဒုက္ခအား အကြိမ်ကြိမ် ပြန်လည် ခံစားနေရခြင်း (ဥပမာ-စိတ်ပျက်ဖွယ်အကြောင်းအရာများအား မှတ်မိနေခြင်း၊ ဘေးအန္တရာယ် အဖြစ်အပျက်များအား ပြန်လည် မြင်ယောင်ခြင်း၊ ဘေးအန္တရာယ်နှင့်ပတ်သက်၍ အကြိမ်ကြိမ် အိပ်မက်ဆိုးများ ပြန်မက်ခြင်း)
* ဘေးအန္တရာယ် ကျရောက်ခဲ့သည်ကို ပြန်လည် အမှတ်ရစေသည့် နေရာ၊ လူများနှင့် အတွေ့အကြုံများအား ထိတ်လန့် ရှောင်လွှဲ လိုခြင်းနှင့် စိတ်ခံစားမှုအရ အလိုက်သင့် တုံ့ပြန်နိုင်စွမ်းများ ယေဘုယျအားဖြင့် ထုံထိုင်းသွားခြင်း
* အိပ်စက်မရခြင်း၊ အာရုံစူးစိုက်ရ ခက်ခဲခြင်း၊ စိတ်ကသိကအောက် ဖြစ်လွယ်ခြင်း၊ ဒေါသထွက်လွယ်ခြင်း၊ အာရုံစိုက်မှု အားနည်းခြင်း၊ မှတ်ဉာဏ်ပျောက်ခြင်း သို့မဟုတ် မှတ်သားရန် ခက်ခဲခြင်း၊ ခြောက်လှန့်မှုအား တုံ့ပြန်မှု မြင့်မားခြင်းနှင့် အန္တရာယ်အား လိုသည်ထက် ပို၍ သတိဝီရိယရှိခြင်း စသည့် နိုးကြားမှုလွန်ကဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာ နာတာရှည် လက္ခဏာများ ဟူ၍ ဖြစ်ပေသည်။

PTSD ကြောင့် စိတ်ခံစားမှုပိုင်း ထုံထိုင်းသွားခြင်းသည် ယခင်နှစ်ခြိုက်ခဲ့သည့်အရာများအား စိတ်ဝင်စားမှု လျှော့နည်းခြင်း (anhedonia)၊ စိတ်ခံစားမှု ဆိတ်သုဉ်းခြင်း၊ အခြားသူများနှင့် ဝေးရာတွင်နေခြင်း သို့မဟုတ် တိုတောင်းသော ရှေ့အနာဂါတ်ကိုသာ မျှော်တွေးခြင်း (ဥပမာ-လူတစ်ဦးသည် ကြာရှည် အသက်ရှင် နေနိုင်သည်ဟု မယုံကြည်တော့သဖြင့် အနာဂါတ်အကြောင်း မတွေးနိုင်ခြင်း သို့မဟုတ် အနာဂါတ် စီမံကိန်း မချနိုင်ခြင်း) စသဖြင့် လက္ခဏာ ပြပေလိမ့်မည်။ PTSD အဖြစ်သတ်မှတ်ရန် အနည်းဆုံး တစ်လအတွင်း ဘေး ဒုက္ခအား ပြန်လည် ခံစားရခြင်း တစ်ကြိမ်၊ ဒုက္ခအား ပြန်လည် သတိရစေသည် များအား ရှောင်လွှဲခြင်း သို့မဟုတ် ခံစားမှု ထုံထိုင်းခြင်း သုံးကြိမ်နှင့် နိုးကြားမှုလွန်ကဲခြင်း နှစ်ကြိမ် ဖြစ်ပေါ်ခံစားရမည်ဖြစ်ပြီး သိသိသာသာ စိတ်ဓါတ်ကျနေခြင်း သို့မဟုတ် လုပ်ကိုင် ဆောင်ရွက်မှု ပျက်ပြား နေခြင်း လက္ခဏာများ ရှိရပေမည်။ PTSD သည် သုံးလ သို့မဟုတ် ထို့ထက် ပိုကြာပါက ရောဂါ တာရှည်သည်ဟု သတ်မှတ် ရပေမည်။

ရောဂါ လက္ခဏာ တူညီသော အခြား ဝေဒနာတစ်မျိုးမှာ အကြီးအကျယ် စိတ်ဖိစီးမှု ဝေဒနာ (acute stress disorder, ASD) ဖြစ်ပေ သည်။ ယင်း ဝေဒနာနှစ်ခုအကြား အဓိက ကွာခြားချက်မှာ ASD သည် နှစ်ရက်မှ လေးပတ်အထိသာ ကြာတတ်ပြီး ရောဂါ သတ်မှတ်ရာ တွင် PTSD နှင့်နှိုင်းယှဉ်ပါက ရောဂါလက္ခဏာ အနည်းငယ်သာ ပြရန် လိုအပ်ပေသည်။

ကလေးများ တွင်မူ ဘေးဒုက္ခအား ပြန်လည် ခံစားရမှုသည် ဘေးဒုက္ခကြီးအား ပြန်လည် မြင်ယောင်ခြင်းမျိုးမဟုတ်ဘဲ စိတ်ဓါတ်ကျဖွယ် အိပ်မက်များ မြင်မက်ခြင်းကိုသာ ယေဘုယျ အားဖြင့် တွေ့ရသည်။ အရွယ်ရောက်ပြီး သူများတွင်မူ အနည်းဆုံး တစ်လအတွင်းတွင် ပြန်လည် မြင်ယောင်ခြင်း တစ်ကြိမ်၊ ဒုက္ခအား ပြန်လည် သတိရစေသည် များအား ရှောင်လွှဲခြင်း သို့မဟုတ် ခံစားမှု ထုံထိုင်းခြင်း သုံးကြိမ်နှင့် နိုးကြားမှုလွန်ကဲခြင်း နှစ်ကြိမ် ဖြစ်ပေါ် ခံစား ရမည်ဖြစ်ပြီး သိသိသာသာ စိတ်ဓါတ် ကျနေခြင်း သို့မဟုတ် လုပ်ကိုင် ဆောင်ရွက်မှု ပျက်ပြား နေခြင်း လက္ခဏာများ ရှိနေလျှင် PTSD အဖြစ် သတ်မှတ် ရမည် ဖြစ်သည်။ လက္ခဏာ ပြသချိန် တစ်လထက် နည်းပါက ASD စစ်ဆေးမှု ပြုလုပ် နိုင်ပေသည်။

PTSD ကို ဘယ်လိုရင်ဆိုင်ကြမလဲ?

PTSD လူနာများအား ၎င်းတို့၏ ဝေဒနာကို ရင်ဆိုင်ရန် အကြံပြုရာတွင် ဝေဒနာ အကြောင်း ပိုမိုလေ့လာခြင်းနှင့် မိတ်ဆွေများ၊ မိသားစုဝင် များ၊ ပညာရှင်များနှင့် PTSD ဝေဒနာခံစားဖူးပြီး ပျောက်ကင်း သက်သာပြီးသူ များနှင့် စကားပြောခြင်း နည်းလမ်းများ ပါဝင် ပေသည်။ PTSD ဝေဒနာရှင်များ အချင်းချင်း စုဝေး ပေါင်းသင်းခြင်း သည်လည်း အထောက်အကူ ပြုနိုင်ပေသည်။ အခြား နည်းလမ်းများ တွင် သက်တောင့်သက်သာ ဖြစ်စေသော နည်းလမ်းများ (ဥပမာ-အသက်ရှုလေ့ကျင့်ခန်း၊ အကောင်းမြင်ခြင်း)၊ ပညာရှင်များမှ ညွှန်ကြားသည့် အတိုင်း တက်ကြွစွာ ဆောင်ရွက်ခြင်း၊ အပြုသဘော ဆောင်သော ဘ၀နေမှုပုံစံအား တိုးမြှင့်ခြင်း (ဥပမာ-လေ့ကျင့်ခန်း ယူခြင်း၊ ကျန်းမာရေးနှင့်ညီစွာ စားသောက်ခြင်း၊ အလုပ်လုပ်ကိုင်သူ ဖြစ်ပါက ကျန်းမာရေးနှင့် လျှော်ညီသော အလုပ်ချိန်ဇယား ထားရှိခြင်း၊ ပရဟိတ လုပ်ငန်းများ လုပ်ကိုင်ခြင်း) နှင့် ငွေကြေးဥစ္စာ အလွဲသုံးစားပြုခြင်း၊ တစ်ကိုယ်တည်း သင်းကွဲနေခြင်း၊ အလုပ် အလွန်အကျွံ လုပ်ခြင်းနှင့် မိမိကိုယ်ကို ဖျက်ဆီးခြင်း သို့မဟုတ် သတ်သေခြင်း ကဲ့သို့သော အဖျက်သဘော ဆောင်သည့် ဘ၀နေမှု ပုံစံ များအား လျှော့ချ ခြင်းများ ပါဝင်ပါသည်။

(PTSD ဆိုသည်မှာ နာဂစ်အလွန် မြန်မာ ပညာရှင်များအကြား အပြောများ လာသော စိတ်ပိုင်းဆိုင်ရာ ဝေဒနာတစ်ခု ဖြစ်ပါသည်။ မုန်တိုင်းဒဏ် ပြင်းထန်စွာ ခံစားခဲ့ရသည့် ဒေသများမှ ပြည်သူများ အနက် ၂၂ ရာခိုင်နှုန်းခန့်သည် ထိုသို့သော ဝေဒနာများ ခံစား နေကြရသည် ဟုလည်း Post-Nargis Joint Assessment အရ သိရှိရပါသည်။ ထိုကြောင့် မိတ်ဆွေများ လေ့လာနိုင်ရန် ဖော်ပြ လိုက်ရခြင်း ဖြစ်ပါသည်။)

Ref: www.medicinenet.com, “Posttraumatic Stress Disorder” by Roxanne Dryden-Edwards and Melissa Conrad Stöppler

(စတန်လေ)

ကိုစတန်လေ ထံ မှ ကူးယူ ဖေါ်ပြပါသည်။

Read More...