Showing posts with label Definition. Show all posts
Showing posts with label Definition. Show all posts

Friday, February 6, 2009

Reproductive Health Terminologies

မျိုးဆက်ပွားကျန်းမာရေး ပညာရပ်ဆိုင်ရာ စကားလုံးများ


စာလေးမှာ စိုးရိမ်မိပေမယ့် နောက်ပိုင်း ရေးသားမယ့် စာတွေ အတွက် အထောက်အကူ ဖြစ်ဖို့ မျိုးဆက်ပွား ကျန်းမာရေးရဲ့ ပညာရပ်ဆိုင်ရာ စကားလုံးတွေကို စုဆောင်း ဘာသာပြန်လိုက်ပါတယ်။ ဘာသာပြန်ရာမှာ စာထောင့်နေခြင်း၊ အဓိပ္ပါယ် မပြည့်စုံ ကွဲလွဲခြင်းများ ရှိကောင်း ရှိနိုင်ပါတယ်။ စာရှုသူ အနေဖြင့် ပိုမို သင့်လျော်မည် ထင်သော ဘာသာပြန်ချက်များ ရှိပါက မှတ်ချက်တွင် ရေးသား ပေးသွားရန် တိုက်တွန်း လိုက်ပါတယ်။

Birth Spacing

သားဆက်ခြားခြင်း

ကလေး တစ်ဦးနှင့် တစ်ဦးကြားတွင် မိမိ လိုချင်သော အချိန်ကာလ တစ်ခု ခြားထားနိုင်ရန် ဆောင်ရွက်ခြင်း။

Contraception

သန္ဓေတားခြင်း၊ ကိုယ်ဝန် မရအောင် ပြုလုပ်ခြင်း

ခေတ်ပေါ်နည်း (သို့) ရှေးရိုးနည်းများ သုံးစွဲ၍ ကိုယ်ဝန် မရအောင် ပြုလုပ်ခြင်း။

စကားချပ် ။ ။ သားဆက်ခြားခြင်းနှင့် သန္ဓေတားခြင်းမှာ အဓိပ္ပါယ် အတူတူပင် ဖြစ်သည်။

Contraceptives

ပဋိသန္ဓေ တားဆေး၊ တားနည်းများ

ကိုယ်ဝန် မရအောင် အသုံးပြုသော ခေတ်ပေါ် တားဆေး၊ ထိုးဆေး၊ သားအိမ်တွင်းထည့် ပစ္စည်း၊ ကွန်ဒုံး အစရှိသည်တို့ကို စုပေါင်း ခေါ်ဆိုခြင်း ဖြစ်သည်။

Family Planning

မိသားစု စီမံကိန်း (တိုက်ရိုက် ဘာသာပြန်ထားသည်ဟု ထင်ပါသည် - စာရေးသူ။)

သားဆက်ခြားခြင်း အပါအ၀င်၊ ကာလသား ရောဂါ ကာကွယ်ခြင်း၊ အိမ်ထောင် မပြုမီ ဇနီးမောင်နှံလောင်းများ ဆေးစစ်ခြင်း၊ ကလေးမရရှိသောကြောင့် ကုသမှုပေးခြင်း အစရှိသည့် ဆောင်ရွက်ပေးမှုများကို စုပေါင်း ခေါ်ဆိုခြင်း ဖြစ်သည်။ ယေဘုယျအားဖြင့် သားဆက်ခြားခြင်း (Birth Spacing) နှင့် မိသားစု စီမံကိန်း (Family Planning) ကို အတူတူ သဘောထား သုံးစွဲတတ်ကြသည်။ တိတိကျကျ ပြောရလျှင် မတူပေ။ သားဆက်ခြားခြင်းမှာ မိသားစု စီမံကိန်း၏ အကိုင်းအခက် တစ်ခုမျှသာ ဖြစ်သည်။

စကားချပ် ။ ။ မြန်မာနိုင်ငံတွင် “မိသားစု စီမံကိန်း” ဟူသည့် စကားကို အသုံးပြု ခဲသည်။ သားဆက်ခြားခြင်း၊ သားဆက်ခြား စီမံချက် စသည်ဖြင့်သာ သတင်းစာ၊ အစီရင်ခံစာများတွင် ထည့်သွင်း ရေးလေ့ရှိသည်။ လူကြီးသူမများ၏ အဆိုအရ မိသားစု စီမံကိန်း၏ အဓိပ္ပါယ်မှာ “လူဦးရေ ထိန်းချုပ်ခြင်း” ဟု သဘောပေါက် စေသောကြောင့် လူဦးရေ ထိန်းချုပ်ခြင်းကို မနှစ်သက်သော လူကြီးမင်းများ အမျက်တော် မရှအောင် ရှောင်ကွင်း ရေးသားကြလေသည်ဟု ဆိုသတတ်။

Reproductive Health

မျိုးဆက်ပွား ကျန်းမာရေး၊ မျိုးပွား ကျန်းမာရေး

ဒီစကားလုံးကတော့ ၁၉၉၄ ခုနှစ် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ လူဦးရေနှင့် ဖွံ့ဖြိုးရေး ညီလာခံ (ICPD – International Conference on Population and Development) နောက်ပိုင်းမှာ ခေတ်စားလာခဲ့တဲ့ စကားစုပါ။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က အောက်ပါအတိုင်း တိတိကျကျ အဓိပ္ပါယ် ဖော်ပေးထားပါတယ်။

"A state of physical, mental, and social well-being in all matters relating to the reproductive system at all stages of life. Reproductive health implies that people are able to have a satisfying and safe sex life and that they have the capability to reproduce and the freedom to decide if, when, and how often to do so. Implicit in this are the right of men and women to be informed and to have access to safe, effective, affordable, and acceptable methods of family planning of their choice, and the right to appropriate health-care services that enable women to safely go through pregnancy and childbirth."

မျိုးဆက်ပွား ကျန်းမာရေးဟာ သားဆက်ခြားခြင်း နဲ့ မိသားစုစီမံကိန်းဆိုတဲ့ စကားစုတွေထက် ပိုပြီး ကျယ်ပြန့်ပါတယ်။ အဓိက အချက်တွေကို ဘာသာပြန်ရမယ်ဆိုရင် ..

မျိုးဆက်ပွား ကျန်းမာရေးတွင်-
  • အသက်အရွယ် ကျား မ မရွေး မျိုးပွားအင်္ဂါများ ကျန်းမာသန်စွမ်းဖို့
  • လူသားတို့ ဘာဝဖြစ်သော ဖို-မ ကိစ္စကို ရောဂါကင်းကင်း ဘေးရှင်းရှင်းဖြင့် စိတ်ကျေနပ်စွာ ဆောင်ရွက်နိုင်ဖို့
  • ကလေး ယူမည်၊ မယူမည် ဆိုသည်ကို၎င်း၊ မည်မျှ ယူမည် ဆိုသည်ကို၎င်း၊ မည်သည့်အချိန်ယူမည် ဆိုသည်ကို၎င်း မိမိသဘောဆန္ဒ အလျောက် ဆုံးဖြတ်ပိုင်ခွင့် ရှိစေဖို့
  • အမျိုးသမီး၊ အမျိုးသားတိုင်း မိသားစု စီမံကိန်းပါ နည်းလမ်းများကို သိရှိခွင့်၊ ရယူပိုင်ခွင့် ရှိဖို့
  • အမျိုးသမီးများ အသက် အန္တရာယ် ကင်းစွာ ကလေး မီးဖွားနိုင်ဖို့
ဆိုတဲ့ အချက်အလက်များ ပါဝင်ပါတယ်။

စကားချပ် ။ ။ မိသားစု စီမံကိန်းရယ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ “ကျန်းမာရေး” အဓိပ္ပါယ် ဖွင့်ဆိုချက်ရယ်၊ လူ့အခွင့်အရေး ကြေညာစာတမ်းရယ်ကို ရောသမ မွှေလိုက်ရင် မျိုးဆက်ပွား ကျန်းမာရေးကို ရရှိပါတယ်။

Reproductive Rights

မျိုးဆက်ပွားကျန်းမာရေး ရပိုင်ခွင့်

ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းမှာ ကတည်းက မျိုးဆက်ပွားကျန်းမာရေး ရပိုင်ခွင့်ကို ထည့်သွင်း ဖော်ပြခဲ့သော်လည်း လူ့အခွင့်အရေး ကြေညာစာတမ်းမှာ အတိအလင်း ထည့်သွင်း ဖော်ပြ နိုင်ခဲ့ခြင်း မရှိပါဘူး။ ၁၉၆၈ ခုနှစ် အီရန်နိုင်ငံ တီဟီရန်မြို့မှာ ကျင်းပတဲ့ လူ့အခွင့်အရေး ကြေညာစာတမ်း ဆိုင်ရာ ညီလာခံကျမှ တိတိကျကျ ဖော်ပြလာပြီး ၁၉၇၄ခုနှစ်ကျမှ ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ အတည်ပြုနိုင်ခဲ့ပါတယ်။ စကားလုံး အတိအကျ ကိုတော့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ၀က်ဆိုဒ်မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

"Reproductive rights rest on the recognition of the basic right of all couples and individuals to decide freely and responsibly the number, spacing and timing of their children and to have the information and means to do so, and the right to attain the highest standard of sexual and reproductive health. They also include the right of all to make decisions concerning reproduction free of discrimination, coercion and violence."

မျိုးဆက်ပွား ကျန်းမာရေး ရပိုင်ခွင့်များသည် လူတစ်ဦးချင်းနှင့် လင်မယားစုံတွဲတို့၏ အခြေခံ ရပိုင်ခွင့်များ ပေါ်တွင် အခြေခံသည်။ လူတစ်ဦးချင်းနှင့် လင်မယားစုံတွဲတို့သည် ကလေး ယူမည်၊ မယူမည် ဆိုသည်ကို၎င်း၊ မည်မျှ ယူမည် ဆိုသည်ကို၎င်း၊ မည်သည့်အချိန် ယူမည် ဆိုသည်ကို၎င်း မိမိ သဘောဆန္ဒအလျောက် ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော ပညာပေး အချက်အလက်များနှင့် အကူအညီများကို ရပိုင်ခွင့်ရှိသည်။ လိင်နှင့် မျိုးဆက်ပွားကျန်းမာရေး ကောင်းမွန် စေရမည်။ ခွဲခြားဆက်ဆံခြင်း၊ မလျော်သြဇာ သုံးခြင်းနှင့် ညှင်းပန်း နှိပ်စက်ခံရခြင်းတို့မှ ကင်းဝေးစွာဖြင့် မျိုးဆက်ပွား ကျန်းမာရေး ဆိုင်ရာ ဆုံးဖြတ်ချက်များ ချခွင့် ရှိသည်။

Fertility

Production of a live birth (natality)
ကလေးအရှင် မွေးဖွားနိုင်ခြင်း

ကိုယ်ဝန်ဆောင်ပြီး အချိန်တန်သောအခါ ကလေးကို အရှင် မွေးဖွား ပေးနိုင်ခြင်းကို ဆိုလိုသည်။

Infertility

Inability to produce a live birth
ကလေး အရှင် မမွေးဖွား နိုင်ခြင်း

Fecundity

Physiological capacity to conceive (reproductive potential)
ပဋိသန္ဓေ ဆောင်နိုင်ခြင်း၊ ကိုယ်ဝန် ရနိုင်ခြင်း။

ပဋိသန္ဓေ ဆောင်နိုင်ခြင်းလို့ ဆိုထားတဲ့အတွက် ၄င်းကိုယ်ဝန် အဖတ်တင်သည် ဖြစ်စေ၊ အဖတ်မတင်သည် ဖြစ်စေ အကျုံးမ၀င်တော့ပါ။ ဆိုလိုသည်မှာ အမျိုးသမီးတစ်ဦးသည် Fecund ဖြစ်သော်လည်း Fertile ဖြစ်ချင်မှ ဖြစ်ပေမည်။ ဤစကားလုံးမှာ လူဦးရေဆိုင်ရာ ကျွမ်းကျင်သူများ (Demographers) အသုံးများသော စကားဖြစ်သည်။

Infecundity (sterility)

Inability of a woman to conceive a pregnancy
ပဋိသန္ဓေ မဆောင်နိုင်ခြင်း၊ ကိုယ်ဝန်မရနိုင်ခြင်း။

စကားချပ်။ ။ ကလေး အရှင်မွေးဖို့ နေနေသာသာ ကိုယ်ဝန်ပင် မရရှိနိုင်သော အခြေအနေကို ဆိုလိုရင်း ဖြစ်သည်။ Infertility နှင့် အဓိပ္ပါယ် ကွာခြားကြောင်း သတိပြုပါ။ Infertility ဟု ဆိုလျှင် ထိုအမျိုးသမီးသည် ကိုယ်ဝန်တော့ ရလိုက်သေးသည်။ ကလေးသာ အဖတ်မတင် (သို့) အရှင် မမွေးခြင်းသာလျှင် ဖြစ်သည်။

Fecundability

Probability that a woman will conceive during a menstrual cycle

အမျိုးသမီးတစ်ဦး၏ ဓမ္မတာလာချိန် တစ်ခုနှင့် တစ်ခု ကြားကာလ၌ ကိုယ်ဝန် ရနိုင်ခြေ မည်မျှ ရှိသည်ကို ပြသော ကိန်းဂဏန်း။ (ဖြစ်တန်ကိန်း)

Miscarriage

သဘာဝအလျောက် ကိုယ်ဝန် ပျက်ကျခြင်း။

Abortion

သဘာဝအလျောက် မဟုတ်ဘဲ လူတစ်ဦးဦးက နည်းလမ်း တစ်မျိုးမျိုးဖြင့် ကိုယ်ဝန် ပျက်ကျစေအောင် ပြုလုပ်ခြင်းကြောင့် ကိုယ်ဝန် ပျက်ကျခြင်း။ ကိုယ်ဝန် ဖျက်ချခြင်း။

စကားချပ်။ ။ ဆေးပညာ အသုံးအနှုန်း (Medical term) နှင့် သာမန် အင်္ဂလိပ် အသုံးအနှုန်း (Layman English) ကွာခြားမှု ရှိကြောင်း သတိပြုပါ။ ဆေးပညာ လောကတွင် ကိုယ်ဝန် အရွယ်အစား ပေါ်မူတည်၍ ကိုယ်ဝန် နုလျှင် Miscarriage ကိုယ်ဝန်ရင့်လျှင် Abortion ဟု ခွဲခြားပြောဆိုသည်။ သို့ရာတွင် သာမန် အင်္ဂလိပ် အသုံးအနှုန်း အနေဖြင့် ဆိုလျှင် Abortion ဟူသည် ကိုယ်ဝန်ဖျက်ချခြင်း ဖြစ်ပြီး Miscarriage သည် အလိုအလျောက် ကိုယ်ဝန်ပျက်ကျခြင်း ဖြစ်သည်။

Illegal Abortion

ဥပဒေအရ ခွင့်ပြုထားချက် မရှိဘဲ ကိုယ်ဝန်ဖျက်ချခြင်း။

Legal Abortion

ဥပဒေ ခွင့်ပြုထားချက် အရ ကိုယ်ဝန်ဖျက်ချခြင်း။

ကမ္ဘာပေါ်ရှိ နိုင်ငံ တော်တော်များများတွင် ကိုယ်ဝန်ဖျက်ချခြင်းကို ဥပဒေ အကန့်အသတ်ဖြင့် ခွင့်ပြုတတ်ကြသည်။ ထိုသို့ ဥပဒေကြောင်းနှင့် ကိုက်ညီသော ကိုယ်ဝန်ဖျက်ချပေးခြင်းကို ဆိုလိုသည်။

ဥပမာ -
အိန္ဒိယနိုင်ငံ၏ ဥပဒေတွင် မတရား ပြုကျင့် ခံရခြင်းကြောင့် ရရှိလာသော ကိုယ်ဝန်ကို တရားဝင် ဖျက်ချ ပေးပိုင်ခွင့် ရှိသည်။

Unsafe Abortion

မကျွမ်းကျင်သူများက ဆောင်ရွက်သော ကိုယ်ဝန် ဖျက်ချမှု။

Safe Abortion

ကျွမ်းကျင်သူများက ဆောင်ရွက်သော ကိုယ်ဝန် ဖျက်ချမှု။

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

စာကိုး။

Family Planning Policies and Programs lecture notes
http://en.wikipedia.org/wiki/Family_planning
http://www.rho.org/html/definition_.htm
http://who.int/reproductive-health/gender/index.html
http://en.wikipedia.org/wiki/Reproductive_rights
http://en.wikipedia.org/wiki/Abortion_law

Read More...

Thursday, December 13, 2007

Plagiarism

Plagiarism နှင့်ပတ်သတ်၍

Term Paper တွေကို copy-paste လုပ်ထားခြင်း ရှိ မရှိ အသုံးချပရိုဂရမ်တစ်ခုနဲ့ စစ်ဆေးပြီး စာတမ်းရဲ့ အဆင့်အတန်းကို ထိန်းသိမ်းတယ်ဆိုတာကို အကိုစိုးထက်နဲ့ တစ်ခါစကားပြောတုန်းမှာ စပြီးသိပါတယ်။ ဘယ်လိုဆော့ဝဲလဲဆိုတာကို စိတ်ဝင်တစားရှာကြည့်မိတော့ Software for Detecting Plagiarism ဆိုတာကို တွေ့တယ်။ ဆရာသုံးဆော့ဝဲပဲလို့ပြောရမလားတော့ မသိဘူး။ ဒါပေမယ့် ကိုယ်တိုင်လည်း မိမိစာတမ်းကို မိမိပြုစုရေးသားတဲ့ စာစုကို စစ်ဆေးလို့ရပါတယ်။ ပွဲမ၀င်ခင် ကြိုစစ်လို့ရတယ်ပေါ့ဗျာ။ plagiarized content တွေပါလို့ စာတမ်းကို ပြန်ပြင်ရေးရမှာနဲ့စာရင် တကယ်ကြပ်မတ်တဲ့ တက္ကသိုလ်တွေက ကျောင်းသားတွေအတွက် အသုံးဝင်ပါတယ်။ မိမိအရင်ရေးခဲ့ဖူးတဲ့ စာတမ်းက စာသားတွေကိုတောင် တချို့တက္ကသိုလ်တွေမှာ ပြန်လည် ကူးချခွင့် Self-plagiarise လုပ်ခွင့်မပေးပါဘူး။ စာတမ်းရဲ့တန်ဖိုး တက္ကသိုလ်ရဲ့ဂုဏ်သိက္ခာ အတွက် Plagiarism နဲ့ ကင်းလွတ်ဖို့လိုပါတယ်။
နောက်တစ်ခုက Plagiarism ဆိုတာ စာတမ်းဆိုင်ရာ တက္ကသိုလ်အသိုင်းအ၀ိုင်းတစ်မျိုးထဲနဲ့ သက်ဆိုင်တာမဟုတ်ဘူးဆိုတာပါပဲ။ အနုပညာဆိုင်ရာ စီးပွားရေးဆိုင်ရာ နိုင်ငံရေးသဘောတရား မူဝါဒပိုင်းဆိုင်ရာ အစရှိသဖြင့် တော်တော်များများနဲ့ သက်ဆိုင်ပါတယ်။
အရင်ဖတ်မှတ်ထားဖူးတာတွေကို မိမိကိုယ်ပိုင် own work တစ်ခုအနေနဲ့ ဖန်တီးတဲ့ အခါမျိုးမှာ copied idea, copied literature သဘောမျိုးဖြစ်သွားတတ်ပါတယ်။ တိုက်ရိုက် ဖြတ်ညှပ်ကပ် လုပ်ဖို့ ရည်ရွယ်တာ မဟုတ်ပေမယ့်လည်း ဖြစ်တတ်တာကိုပြောတာပါ။ အဲဒီအမျိုးအစားက Unintentional plagiarism ထဲမှာပါပါတယ်တဲ့။ ရှာဖတ်ကြည့်သလောက် တကယ့်ပုဂ္ဂိုလ်ကြီးများလည်း မကင်းခဲ့ကြပါဘူးတဲ့။

Plagirism နဲ့မကင်းခဲ့တဲ့ ကမ္ဘာကျော်များ (၀ီကီပီးဒီးယားအဆိုအရ)
Martin Luther King, Bruce Lee, Stephen Ambrose, William H. Swanson, Lyle Menendez, Helen Keller, Dan Brown, Vladimir Putin.
Source: http://en.wikipedia.org/wiki/Plagiarism#Examples_of_purported_or_actual_plagiarism

Plagiarism ဆိုတာနဲ့ ပတ်သတ်ပြီး အဓိပ္ပယ်က “အခြားသူတစ်ဦး၏ စိတ်ကူး စာပေ တို့ကို မိမိပိုင်အဖြစ် ရယူသုံးစွဲခြင်း ခိုးချခြင်း၊ မူရင်းစာရေးသူ သို့ စာတမ်းပြုစုသူကို အသိအမှတ်ပြု credit မပေးဘဲ ရယူအသုံးချခြင်း၊ မူရင်း စာပေ စာစု အကြံဥာဏ် တို့ကို တည်းဖြတ်ပြီး မိမိကိုယ်တိုင် ဖန်တီးမှုအသစ်တစ်ခုအဖြစ် ဖော်ပြပြောဆိုခြင်း” လို့ Merriam-Webster Online Dictionary က ဖွင့်ဆိုထားပါတယ်။ Copyright infringement မူပိုင်ခွင့်ချိုးဖောက်ခြင်းနဲ့ တူသယောင်ရှိပေမယ့် မူပိုင်ခွင့်ချိုးဖောက်တယ်ဆိုတာမှာ မူပိုင်ရယူထားသူရဲ့ ခွင့်ပြုမှုမပါဘဲ တိုက်ရိုက်ကူးယူသုံးစွဲလိုက်တာပဲ ဖြစ်ပါတယ်။ ကွာတော့ကွာတယ် ဒါပေမယ့် ဒီဘူတာပဲ ဆိုက်တာပဲလို့ ပြောလို့ရတာပါပဲ။

Related Terms:
Plagiarism, Self-plagiarism, Intentional Plagiarism, Unintentional Plagiarism, Online Plagiarism, Blog Plagiarism, Plagiarize, Plagiarism Prevention, Academic Dishonesty or Academic Fraud, Quotation, Citation, Paraphrase, Violation, Consent, Copyright Infringement, Author's Reputation, Intellectual Property

Further Reading:
Wiki
Aboout Plagirism
Learning Center
Plagirism Resource Site
Software for Detecting Plagiarism

အထက်ပါပို့စ်နှင့်ပတ်သတ်၍
အကိုရဲမွန်၏ အကြံပေးချက်အရ ကျွန်တော့်ဘလော့ဂ်တွင် ဖော်ပြပြီးသော ပို့စ်ကို ကျွန်တော်တို့ဘလော့ဂ်တွင် ပြန်လည်တင်ဆက်ပါသည်။

Read More...

Friday, September 21, 2007

Public Health Vocabulary

၂၀၊ ၉၊ ၂၀၀၇

စကားလုံးရှိတဲ့ ကောင်းကင်

ထူးအိမ်သင်ကတော့ စကားလုံးများနဲ့ မပြောပဲ မျက်ဝန်းများနဲ့ ပြောခိုင်းခဲ့သည်။

သို့ရာတွင် ပြည်သူ့ကျန်းမာရေး ကိစ္စရပ်များ၌ကား စကားလုံးများကို မသုံးမဖြစ် တွင်တွင်ကျယ်ကျယ် သုံးရလေ့ရှိသည်။ လူတစ်ဦး နှင့် တစ်ဦး သို့တည်းမဟုတ် လူတစ်ဦး နှင့် အများ အပြန်အလှန် ဆက်သွယ်မှု (communication) ကို ဘာသာရပ် တစ်ခုအနေဖြင့်ပင် သင်ယူရလေသည်။ စာရှုသူ စဉ်းစားကြည့်ပါ .. အကယ်၍များ ကျန်းမာရေး ပညာပေးရာတွင် “မျက်ဝန်းများ” နဲ့သာ ပြောရလျင် ဘယ်သို့ ရှိချိန့်မည်နည်း။ ဆိုသူတစ်မျိုး နားလည်သူ တစ်ဖုံ ဖြစ်နေမည်။

မှတ်မိသေးတော့သည်။ ဆေးကျောင်းတွင် “ကာကွယ်ရေးနှင့်လူမှုရေးဆေးပညာ” (ပြည်သူ့ကျန်းမာရေး) ဘာသာရပ်ကို သင်ယူရလေသည်။ ဘိုလို ဆိုလျှင်တော့ "Preventive and Social Medicine" ဟု ခေါ်၏။ အတိုကောက် PSM ပေါ့။ ထို PSM ကိုပင် ကျွန်ုပ်တို့ ကျောင်းသားတစ်သိုက်က နာမည်ပြောင် ပေးထားသည် "potato and shwe-kyee medicine" ဟူ၏။ အာလူးဖုတ်နေသည်၊ ရွှေကျီးကဲ့သို့ တစာစာ အော်မြည်နေရသည့် ဘာသာရပ်ဟု ဆိုလိုသည်။ (ထိုအသက်အရွယ်က အမြင်ဖြင့် ပြောရလျင်) ပြောလည်း ပြောစရာပင်။ အယူအဆ၊ အတွေးအခေါ် တစ်ခု (an idea or concept) ကို ပင် စကားလုံးအမျိုးမျိုး သုံး၍ ဆွေးနွေးပြောဆိုခြင်းများ ရှိခဲ့သည်မဟုတ်လော။ ဆရာအများက ကျွန်ုပ်တို့ နားလည်စေရန် သိုင်းဝိုင်း ပြောသည်ကို ကျေးဇူးမတင်တတ်ခဲ့။ နောက်ပြောင်ရန်သာ သိခဲ့ကြသည်။

ပြည်သူ့ကျန်းမာရေး ဘာသာရပ်ကို ထဲထဲဝင်ဝင် လေ့လာမိစဉ်မှာတော့ “အာလူးဖုတ်သည်” ဟု မပြောလိုတော့။ ပြောတတ်လျှင် စကားလုံး တိုတိုတုတ်တုတ် ဖြင့် ကျစ်ကျစ်လစ်လစ် ပြောဆိုရနိုင်သည် ဆိုတာ သိလာသည်။ ထိုသို့ပြောဆိုနိုင်ရန် အသုံးများသော ပြည်သူ့ကျန်းမာရေးဆိုင်ရာ စကားလုံးများ၊ အယူအဆ၊ အတွေးအခေါ်များ ကို မြန်မာလို အဓိပ္ပါယ်ဖွင့်ဆိုရန် စိတ်ကူးမိသည်။ မိမိ နားလည်သလို ဝေမျှခြင်းသာဖြစ်၍ မိတ်ဆွေတို့ ဝေဖန် အကြံပြုကြပါကုန်။

ဒီတစ်ပတ်တော့ စကားလုံး ၃-လုံး ဖြင့် စပါမည်။ အေ သုံးလုံး ပဲ ဆိုပါစို့ရဲ့။ “ကျန်းမာရေးစောင့်ရှောက်မှု” ကို စိတ်တွင် မှတ်ပြီး ဖြည့်စွက်တွေးကြည့်ပါ။

Availability

ရှိခြင်းအဖြာဖြာ ဟု ဘာသာပြန်ရမည်လား မပြောတတ်။ ဆေးရုံ၊ ဆေးခန်း အဆောက်အဦရှိခြင်း၊ ရောဂါစစ်ဆေးနိုင်သည့် စက်ကိရိယာများ ရှိခြင်း၊ ဆေးဝါးပြည့်စုံခြင်း၊ ကုသပေးမည့် ဆရာဝန်၊ သူနာပြုများ ရှိခြင်းတို့ပင်ဖြစ်သည်။ အောက်ပါအခြေအနေများတွင် ကျန်းမာရေး စောင့်ရှောက်မှု ရနေသည်ဟု မပြောနိုင်။
  • ဆေးရုံရှိသော်လည်း ဆရာဝန် မမြဲခြင်း
  • ဆရာဝန်ရှိသော်ငြား ကုသရန် ဆေးမရှိခြင်း
  • ဓါတ်မှန်ရိုက်စက် ရှိပြီး ဖလင်ကုန်နေခြင်း (သို့) မီးမလာ၊ မီးအားမပြည့်ခြင်း
ထို့ကြောင့် နိုင်ငံတစ်နိုင်ငံတွင် ဆေးရုံဆေးခန်း မည်မျှ ရှိသည်ဟု ရေတွက်ပြရုံမျှဖြင့် ထိုနိုင်ငံတွင် ကျန်းမာရေး စောင့်ရှောက်မှု ရရှိနေသည်ဟု ပုံသေကားချ ပြော၍မရနိုင်ပေ။ တကယ်တန်း ၀န်ထမ်းအင်အား၊ ပစ္စည်းအင်အားပြည့်ဖြင့် လည်ပတ်နေသော ဌာနများ ဖြစ်ဖို့လိုသည်။ ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင် ဖြစ်မနေသင့်။

Accessibility

လွယ်လင့်တကူ ရရှိနိုင်ခြင်း ဟု ပြန်ဆိုလိုသည်။ ဤသည်ကိုတော့ Barriers of Access to Health Care တွင် အကျယ် ပြောပြီးပါပြီ။ ထိုအတားအဆီးများ မရှိလျင် လွယ်လင့်တကူ ရရှိနိုင်သည်၊ Accessible ဖြစ်သည်ပေါ့။ အောက်ပါမေးခွန်းများကို ဖြေကြည့်ပါ။
  • သွားရေးလာရေး လွယ်ပါသလား
  • လူတွေ သွားလာချင်စိတ်ရှိတဲ့ ဆေးရုံလား
  • အချိန်မရွေး သွားလို့ရသလား
  • ဗမာလို မပြောတတ်လျင်ရော ကုပေးနိုင်လား
  • ငွေမပါလည်း ကုပေးမှာလား
မေးခွန်းများ၏ အဖြေမှာ “ဟုတ်ကဲ့” ဟု ဆိုပါက အဆိုပါ ကျန်းမာရေးဌာန (၀ါ) ဆေးခန်းသည် accessible ဖြစ်သည်ဟု ဆိုရပေမည်။

စကားချပ်။
နယ်မြို့လေးတစ်မြို့၏ ဆေးရုံသည် အတန်မြင့်သော တောင်ကုန်းလေး တစ်ခုပေါ်တွင် ရှိသည်။ “လူနာသာ ဒီကို ရောက်ပါစေ ရောဂါပျောက်အောင် ကုနိုင်တယ်ဟု” ဆရာဝန်၊ သူနာပြုများက ဆိုစမှတ်ပြုကြသည်။ ပြောလည်းပြောစရာပင် တော်ရုံတန်ရုံ လူနာကတော့ ဒီတောင်ကုန်းကို တက်နိုင်မယ် မထင်။ တက်နိုင်သည့် လူနာဆိုလည်း ရောဂါ သိပ်မဆိုးလို့ပင်။ သေချာတာကတော့ လူနာများ လွယ်လွယ်ကူကူသွားလာ ရနိုင်သည့် နေရာမှာ မရှိသော ဆေးရုံပင်။

Affordability

ဒါကတော့ Financial barrier ၏ သံတူကြောင်းကွဲတစ်မျိုးပင်။ “တတ်နိုင်ပါ့မလား” ဆိုသည့်မေးခွန်းကို လူတိုင်းမေးဖူးကြပေမည်။ ရောဂါတစ်ခုပျောက်ဖို့၊ အသက်တစ်ချောင်းကို ဆွဲဆန့်ဖို့ ငွေကုန်ကြေးကျ ခံကြရသည်။ မည်မျှ အကုန်ခံမည်နည်း။ သင်သည် လူ့လောကတွင် နေရန် ၁-ရက်သာ ကျန်တော့သည် ဆိုပါစို့။ နောက်ထပ် ၁-နှစ် နေခွင့်ရအောင် ငွေမည်မျှ အကုန်ခံ ကုသမည်နည်း။ “ငွေဘယ်လောက်ကုန်ကုန်” ဟု လွှတ်ကနဲ ပြောချင်ပြောပေမည်။ အသေအချာ စဉ်းစားပါ။ တစ်သိန်း အကုန်ခံမှာလား၊ ၁၀ သိန်းလား၊ သိန်း တစ်ထောင်လား။ မိမိ မရှိတော့လျင် ကျန်ရစ်သူများ မည်သို့ ရင်းနှီးစားသောက်မည်နည်း။ စသည် စသည် တွေးစရာတွေ အများကြီးပင်။ ထို့ကြောင့် “ပေးကားပေး၏မရ” ဆိုသလို ကျန်းမာရေး စောင့်ရှောက်မှုသည်လည်း “ရှိကားရှိ၏မတတ်နိုင်” ဆိုသည်များ အများအပြားရှိပေသည်။ ထို့ကြောင့် Available, Accessible ဖြစ်ရုံဖြင့် မပြီး Affordable ဖြစ်ဖို့လည်း လိုပေသေးသည်။

လက်တွေ့အသုံးချခြင်း

ဒါဆိုရင် ကျန်းမာရေး ဌာနများ နှင့် ပြည်သူ့ကျန်းမာရေး စီမံချက်များ ကို သွားရောက်လေ့လာလျင် မေးစရာလေးတွေ၊ တွေးစရာလေးတွေ ရလာပြီပေါ့။ ဥပမာ အားဖြင့်
  • ဆရာတို့ ဆေးခန်းက ရုံးချိန်ပဲ ဖွင့်ပြီး လူနာတွေ အားတဲ့ ညနေခင်းမှာ ပိတ်ထားတော့ Accessible ဖြစ်ပါ့မလားဗျာ။
  • လူနာတွေကို စရိတ်မျှပေးခိုင်းတာတော့ ကောင်းပါတယ်။ Affordability လေးကိုလည်း ထည့်စဉ်းစားပေးပါဦး။
  • ကွန်ပျူတာဓါတ်မှန် (CT-Scan: Computed Tomography) ကတော့ ဆရာရေ ဒီမြို့မှာ Available ကို မဖြစ်တာ။
စသည်ဖြင့်ပေါ့။

ဒီတပတ်တော့ ဤမျှသာ။

အာရောဂျံပရမံလာဘံ

တက္ကသိုလ် လှမွန်

Read More...

Thursday, September 6, 2007

Barriers of Access to Healthcare

၅၊ ၉၊ ၂၀၀၇

ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး အတွက် အတားအဆီးများ

မြန်မာလိုတော့ “ပေးကားပေး၏မရ” ဟု ဆိုရိုးရှိသည်။ ထို့အတူ ကျန်းမာရေးစောင့်ရှောက်မှုတွင် ပေးကားပေး၏မရ ဆိုသော အဖြစ်များ များစွာရှိ၏။ မြန်မာနိုင်ငံတွင် ဆေးစွမ်းလှသည်ဟု နာမည်ကြီးသော ဆရာဝန်ကြီးနှင့် ပြသခွင့်ရမည်။ အကောင်းဆုံးဆိုသော ဆေးရုံတွင် လေအေးပေးစက်ဖွင့်ပေးထားသော အခန်း၌ ကိုယ်ပိုင်သူနာပြုဆရာမတစ်ဦးထားရှိ ကုသပေးမည်။ မည်သည့်ဆေးဆိုင်တွင်မှ ၀ယ်ယူမရနိုင်သည့် နိုင်ငံခြားမှ တိုက်ရိုက်တင်သွင်းလာသော ဆေးများဖြင့် သုံးစွဲကုသပေးမည်။ တခုသာလိုသည် တစ်ထောင်တန် ငွေစက္ကူများကို ဂုံနီအိတ်နှင့် ထမ်းပြီးသာ ယူလာခဲ့ပါ။

အစိုးရ ဆေးရုံ ဆေးခန်းများတွင် ဆရာဝန်များ၊ သူနာပြုများ၊ အခြားဝန်ထမ်းများ ခန့်ထားပေးသည်။ လူတွေက ဘာကြောင့်များ မသွားကြတာပါလိမ့်။ စဉ်းစားစရာပင်။

အရည်အသွေးမီ ကျန်းမာရေး စောင့်ရှောက်မှုများ မရှိမဟုတ်။ ရှိသည်။ ရနိုင်သည်။ သို့သော် ..

အများစုအတွက် လက်လှမ်းမမီနိုင်။ ဘာတွေကများ တားဆီးထားပါလိမ့်။ ထိုအတားအဆီးများကို လေးမျိုး ခွဲခြမ်းစိတ်ဖြာ ကြည့်နိုင်သည်။
  1. Psychological barrier
  2. Physical barrier
  3. Administrative barrier
  4. Financial barrier
တို့ဖြစ်သည်။ တစ်ခုချင်းရှင်းအံ့။

1. Psychological barrier ( စိတ်တွင်း အတားအဆီး )
လူနာ နှင့် မိသားစု၏ စိတ်တွင်းမှ ဖြစ်နေသော အတားအဆီးဖြစ်သည်။ ဒီရောဂါကတော့ ဆေးမြီးတိုလေးနဲ့ဆို ပျောက်သွားမှာပဲ။ ဆေးရုံ ဆေးခန်းသွားပြလဲ ကောင်းမှာ မဟုတ်ပါဘူးဟု ထင်နေခြင်းမျိုးဖြစ်သည်။ ဆေးရုံ ဆေးခန်းများမှ အရည်အသွေးမီ ကုသမှု မပြုပေးခြင်းကြောင့် တိမ်းပါးသွားသည်များကို တွေ့မြင်ကြားသိရခြင်းကြောင့် ယုံကြည်မှု လျော့နည်းနေခြင်းသည်လည်း ဤခေါင်းစဉ်အောက်တွင် အကျုံးဝင်လေသည်။
2. Physical barrier ( နေရာဒေသ အတားအဆီး )
လူနာ့အိမ်နှင့် ဆေးရုံဆေးခန်း ဝေးနေခြင်းဖြစ်သည်။ ဥပမာ - အနီးဆုံး ဆေးရုံက ခြေလျင် ၂-ရက်လောက် လျောက်ရမည်ဆိုလျင် တော်ရုံတန်ရုံဖြင့်တော့ သွားလိမ့်မည်မဟုတ်။
3. Administrative barrier (အုပ်ချုပ်မှုဆိုင်ရာ အတားအဆီး)
ဆေးရုံ ဆေးခန်း၏ လုပ်ထုံး လုပ်နည်းများအရ ကြန့်ကြာခြင်း၊ ကုသမှု မပေးနိုင်ခြင်းတို့ဖြစ်သည်။ ဥပမာ - ဆေးကုသခွင့်ရဖို့အတွက် လူမှုဖူလုံရေးကဒ်ရှိရမည်၊ စက်ရုံမှ ဆရာဝန်၏ လွှဲပို့စာ ပါလာရမည် စသည့် အချက်အလက်များ မပြည့်စုံ၍ ဆေးကုသခွင့် မရရှိခြင်း။ အချို့သော အန်ဂျီအို ဆေးခန်းများတွင် ဆေးခန်းဖွင့်ရာ မြို့နယ်တွင် နေထိုင်ကြောင်းအထောက်အထားပါမှ ဆေးကုသပေးမည် ဆိုသည့် အချက်မျိုး ဖြစ်သည်။ အမျိုးသား သဘောတူကြောင်း ထောက်ခံစာပါရမည်၊ သက်ဆိုင်ရာ ရ၀တ ထံမှ ကလေး ၂ယောက်ရှိကြောင်း ထောက်ခံစာပါရမည်၊ သားကြောဖြတ် ဘုတ်အဖွဲ့၏ ခွင့်ပြုချက်ပါရမည်၊ သို့မှသာ သားကြောဖြတ်ပေးမည် ဆိုသည်မျိုးသည် ဤ Administrative barrier ( အုပ်ချုပ်မှုဆိုင်ရာ အတားအဆီး ) အမျိုးအစားတွင် အကျုံးဝင်လေသည်။ လူနာမိသားစုက ဒေသခံ ဘာသာစကားသာ ပြောတတ်သည်။ ဆရာဝန်ကလည်း ဗမာလိုသာ ပြောတတ်သည်။ ဘာသာပြန်ကမရှိ။ ဤသည်လည်း အုပ်ချုပ်မှု ဆိုင်ရာ အတားအဆီး တစ်မျိုးပင်။
4. Financial barrier ( ငွေကြေး အတားအဆီး )
ငွေကြေးမတတ်နိုင်ခြင်းပင်။ ဆေးဖိုး၊ ကုသခ၊ ခရီးစရိတ် စသည်များကို မတတ်နိုင်ခြင်းဖြစ်သည်။
ထို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိပါဟု ဆိုလာလျင် မည်သည့်အကြောင်းကြောင့် မရရှိသနည်း ဆိုသည်ကို စုံစမ်းဖို့လိုသည်။ လူနာ နှင့် မိသားစုတို့က ဆေးရုံဆေးခန်း ကြောက်တတ်ခြင်းကြောင့် ကုသမှု မခံယူခြင်းကို ဆေးရုံဆေးခန်း အရေအတွက် တိုးဖွင့်ပေးခြင်းဖြင့် ဖြေရှင်းမရနိုင်။ အလားတူပင် ငွေကြေးမတတ်နိုင်၍ လာရောက်ကုသခြင်း မပြုသူများကို ဆေးရုံတွင် ဆေးကုသခြင်းသည် ဆေးမြီးတိုဖြင့် ကုသခြင်းထက်ကောင်းကြောင်း တရားဟောနေ၍ အလကားပင်။ အနာသိမှဆေးရှိနိုင်မည် မဟုတ်ပါလား။

မိမိ၏ ပတ်ဝန်းကျင်တွင် ဆေးကုသမှုမရရှိသော အဖြစ်များ ကြုံလာပါက မည်သည့် အတားအဆီးက ဒုက္ခပေးနေသလဲ ဆိုတာကို အဖြေရှာကြည့်ပါ။ စိတ်ဝင်စားစရာ ကောင်းပါလိမ့်မည်။

အာရောဂျံပရမံလာဘံ
တက္ကသိုလ် လှမွန်

Read More...

Tuesday, July 24, 2007

Public Health Dictionary

ပြည်သူ့ကျန်းမာရေး အဘိဓါန်


Availability = ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခြင်း
Accessibility = လူတိုင်းသွားရောက်ကုသနိုင်ခြင်း
Affordability = မိမိတတ်နိုင်သော ငွေကြေးပမာဏသာ ကုန်ကျခြင်း

Psychological barrier = စိတ်တွင်းအတားအဆီး
Physical barrier = နေရာဒေသအတားအဆီး
Administrative barrier = အုပ်ချုပ်မှုဆိုင်ရာအတားအဆီး
Financial barrier = ငွေကြေးအတားအဆီး

NGO (Non-Governmental Organization) = လူမှုရေးအဖွဲ့အစည်း
National Health Plan = အမျိုးသား ကျန်းမာရေး စီမံကိန်း
National Health Policy = အမျိုးသား ကျန်းမာရေး မူဝါဒ
Primary Health Care = ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု
National Immunization Days = အမျိုးသား ကာကွယ်ဆေးတိုက်နေ့များ
National Sanitation Week = အမျိုးသား ပတ်ဝန်းကျင် ရက်သတ္တပတ် လှုပ်ရှားမှု

Read More...

Wednesday, July 18, 2007

What is Public Health?

ပြည်သူ့ကျန်းမာရေး ဆိုသည်မှာ အဘယ်နည်း

လွယ်မယောင်နှင့်ခက်၊ တိမ်မယောင်နှင့်နက် ဆိုသကဲ့သို့ အမေးလွယ်၍ အဖြေ ခက်လှသည်။ ပညာရှင်များက တစ်မျိုးတစ်ဖုံစီ အဓိပ္ပါယ်ဖွင့်ဆိုကြသည်။ အဓိပ္ပါယ်ဖွင့်ပုံ အချို့ကို ကြည့်ကြပါကုန်။
  • လူမှုကူညီရေးစနစ်
  • အသက်မွေးဝမ်းကြောင်းပညာရပ်
  • ပြည်သူလူထုတစ်ရပ်လုံး၏ ကျန်းမာရေးကို စောင့်ရှောက်ခြင်း
  • အစိုးရ၏တာဝန်တစ်ရပ်၊ အထူးသဖြင့် မတတ်နိုင်သူများကို အခမဲ့ဆေးကုပေးခြင်း
  • ရောဂါကာကွယ်ခြင်း၊ လူ့သက်တမ်းကိုရှည်စေခြင်း၊ ကျန်းမာရေးအဆင့်မြှင့်တင်ပေးခြင်း စသည်တို့ကိုဆောင်ရွက်သော သိပ္ပံနှင့် ၀ိဇ္ဇာ ပေါင်းစပ်ထားသည့် ပညာရပ်
  • ပြည်သူအများ ကျန်းမာစွာနေထိုင်နိုင်သည့် ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးခြင်း

လူတစ်ဦး သို့တည်းမဟုတ် လူအများ ကျန်းမာစွာဖြင့် အသက်ရှင်နေထိုင်နိုင်ရန်မှာ အချက်အလက်ပေါင်း များစွာအပေါ် မှီတည်နေပေသည်။ ထိုအချက်အလက်ပေါင်းများစွာ နှင့် ဆက်စပ်သော ကိစ္စမှန်သမျှသည် ပြည်သူ့ကျန်းမာရေး နှင့် သက်ဆိုင်သည်ဟု ယေဘူယျ ဆိုနိုင်ပေသည်။ မည်သို့သော အချက်အလက်များနည်း။ အာဟာရပြည့်သော အစားအစာ နှင့် ရေကောင်းရေသန့် ရရှိရေး၊ လေကောင်းလေသန့် ရှုရှိုက်နိုင်ရေး၊ ရောဂါပိုးမွှားများ ကင်းစင်ရေး၊ ရောဂါကာကွယ်ဆေးများထိုးနှံခွင့်ရရေး၊ နေထိုင်မကောင်းပါက မြန်မြန်ဆန်ဆန် ဆေးကုသခွင့်ရရေး စသည်တို့ဖြစ်သည်။ ထို့ကြောင့် လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်များ နေခြင်းသည်၎င်း၊ သောက်သုံးရေ လုံလောက်စွာမရရှိခြင်းသည်၎င်း၊ စက်ရုံအလုပ်ရုံများတွင် အလုပ်သမားများ ဘေးကင်းရန် စီစဉ်ထားမှုမရှိခြင်းသည်၎င်း၊ ခုခံကျရောဂါသည်များကို ၀ိုင်းကျဉ်ထားခြင်းသည်၎င်း၊ လူနာများကို ဆေးကုသမှုမပေးနိုင်ခြင်းသည်၎င်း၊ ကိုယ်ဝန်ဆောင်များ အိမ်တွင်သာ မီးဖွားရခြင်းသည်၎င်း၊ ဆူနာမီ သတိပေးစနစ်မရှိခြင်းသည်၎င်း၊ ကျန်းမာရေး ဆိုင်ရာ သုတေသနလုပ်ငန်းများ လွတ်လပ်စွာ လုပ်ဆောင်ခွင့်မရခြင်းသည်၎င်း၊ လူတိုင်းလူတိုင်း၏ ကျန်းမာရေး ကို အခြေခံ ဥပဒေက ကာကွယ်မှု ပေးမထားခြင်းသည်၎င်း၊ ပြည်သူများ အခြေခံပညာမတတ်ခြင်းသည်၎င်း၊ ဆည်မြောင်းများဆောက်လုပ်သဖြင့် ငှက်ဖျားရောဂါ ပိုမိုထူပြောလာခြင်းသည်၎င်း၊ ရွှေ့ပြောင်းလုပ်သားများ ပေါများလာခြင်းသည်၎င်း၊ နျူကလီးယား စွန့်ပစ်ပစ္စည်းများကို လူနေသိပ်သည်းသည့် နေရာတွင်ထားရှိခြင်းသည်၎င်း အစရှိသည့် နေ့စဉ် နေမှုထိုင်မှု ကိစ္စရပ်များသည် ပြည်သူ့ကျန်းမာရေး နှင့် ဆက်ဆိုင်သည်ဟု ပြောဆိုရနိုင်ပေသည်။

ခြုံငုံပြောရလျင် ပြည်သူ့ကျန်းမာရေး ဆိုသည်မှာ လူအများစုဝေးနေထိုင်ကြရာတွင် ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ နေထိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ထားသည့် စနစ်တစ်ရပ်ပင်ဖြစ်သည်။

စကားချပ်
ကျန်းမာရေး ဆိုသည်ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဤသို့ အဓိပ္ပါယ် ဖွင့်ဆိုလေသည်။
ကျန်းမာရေး ဆိုသည်မှာ အနာရောဂါ ကင်းစင်ရုံမျှသာမကပဲ ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာခြင်း အပြင် လူမှုအသိုင်းအ၀ိုင်းတွင် အဆင်ပြေစွာ နေထိုင်နိုင်ခြင်းတို့ကို ခြုံငုံခေါ်ဆိုခြင်းပင်ဖြစ်သည်။
အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

စာကိုး။
  1. Public Health: What is and how it works. 3rd Ed. Bernard J. Turnock.
  2. http://www.who.int


Read More...