December 19, 2010 8:30 PM
ကျွန်တော့် နာမယ် (့) ပါ။ (့) နိုင်ငံမှာ နေပါတယ်။ အသက်ကတော့ ၂၆ နှစ်ရှိပါပြီ။ စိတ်ဖိစီးဒဏ်ကို မကြာခဏ ရင်ဆိုင်နေရပါတယ်။ အဲဒီအတွက် ဆေးကုနေရတာ အခုဆိုရင် ၃ နှစ်ရှိသွားခဲ့ပါပြီ။ ဒါပေမဲ့ တစ်ခါတရံ အဆိုးဆုံး အခြေနေကို ရောက်သွားပြန်တယ်။ ဒီလိုနဲ့ဘဲ သံသရာလည်နေခဲ့တယ်။ ကျွန်တော်မှာ အိမ်ထောင်လည်းရှိပါတယ် ဒါပေမဲ့ ဇနီးက အသက်ငယ်ပြီး ဘာမှနားမလည်တဲ့ တောသူပါ။ ဒါကြောင့် ဇနီးလည်း နားလည်ပြီး ကျွန်တော်လည်း နားလည် နိုင်အောင် ရှင်းပြစေချင်ပါတယ်။ သောက်နေကျ ဆေးတွေတော့ ရပ်နားထားပါတယ်။ အခုသောက်နေတာကတော့ AMITRIPTYLINE 10 MG နဲ့ BRUFEN 400 MG ဆေးနံပါတ် ၂ ကို ခေါင်းအရမ်းကိုက်လာရင်တော့ သောက်ပါတယ်။ ကျွန်တော်ကတော့ တခြား နည်းလမ်းတွေကော ရှိနေသေးတယ်လို့ ထင်ပါတယ်။
စိတ်ရောဂါအကြောင်းတွေကို မရေးဘူးသေးပါ။ ကျန်းမာရေးစာတွေ ရေးတဲ့အခါ ဆေးပညာသင်သလိုနဲ့ မေးတာကို ဖြေသလို ရေးနေခဲ့တယ်။ စိတ်ရောဂါကို ရေးရင် တမျိုးတိုးဘို့ လိုလာတယ်။ ဆေးကုသလိုမျိုးပါရေးမှ ယူလို၊ ရလိုသူ အတွက်သာမက ပျောက်ကင်း-သက်သာလိုသူအတွက်ပါ အကျိုးရှိစေနိုင်မယ်။
“ပုထုဇနော ဥမ္မတကော” သာမန်လူတွေဟာ စိတ်မတည်ဘဲ အစဉ်အမြဲ ဖောက်လွှဲ ဖောက်ပြန် ဖြစ်တတ်တဲ့သဘော ရှိကြလို့ အရူးတွေနဲ့ အတူတူဘဲလို့ ဆိုလိုတာပါ။ စိတ်နဲ့ ပတ်သက်ရင် အဲဒီအဆိုအမိန့်ကို လူကြီးတွေ သိကြသလို ခုခေတ်မှာ Counseling (ကောင်ဆယ်လိင်း) လုပ်ရတယ်ဆိုတာ ကြားဘူးကြမယ် ထင်တယ်။ ပညာရှင်နဲ့ ခံစားနေရသူတွေ အပြန်အလှန် မေးကြ၊ ဖြေကြရတာမျိုးလုပ်တာကို ပြောတာပါ။
(ကောင်ဆယ်လာ) ကောင်းဆိုတာ အကောင်းဆုံး နားထောင်ပေးနိုင်သူ ဖြစ်ပါတယ်။ ဘက်မလိုက်ဘလဲ မြင်တတ်သူလဲ ဖြစ်တယ်။ Counselors ဆိုတာ Mental Health Counselling စိတ်ကျန်းမာရေး၊ Depression Counselling စိတ်ကျရောဂါ နဲ့ Health Counselling ကျန်းမာရေး ကလွဲရင် ဆရာဝန် မဟုတ်သူတွေက လုပ်ပေးကြတယ်။ Relationship Counselling ဆက်ဆံရေး၊ Marriage Counselling အိမ်ထောင်ရေး၊ Guidance Counselling လမ်းညွှန်မှု၊ Family Counselling မိသားစု၊ ဒါတွေမှာ ဆရာဝန်တွေ မလုပ်တတ်ပါ။
စိတ်ကျတယ် Depression ဆိုတာ အတွေးရော အလုပ်ပါ ကျနေတာ ဖြစ်တယ်။ ဒါဖြစ်လာရင် သူ့အတွေး၊ သူ့အမူအယာ၊ သူ့ခံစားချက် နဲ့ သူ့ကိုယ်ကာယကျန်းမာရေးတွေမှာ လာထိခိုက်တယ်။ ၀မ်းနည်း၊ ကျေကွဲ၊ စိုးရိမ်၊ အကူအညီကင်းမဲ့၊ အပြစ်ရှိနေသလိုနေ၊ ဂနာမငြိမ်၊ စိတ်မလိုမကျတာတွေ ဖြစ်လာမယ်။ အရင်က သာယာတာတွေ၊ စိတ်ဝင်စားတာတွေ၊ အရသာတွေ့တာတွေ နည်းပါး၊ ကင်းမဲ့လာမယ်။ အအိပ်ပျက်မယ်၊ အစားတော့ နည်းချင်နည်း၊ များချင်များမယ်။ အားယုတ်၊ နာကျင်ကိုက်ခဲ၊ အစာမကျေတာတွေ ဖြစ်မယ်။ ဆိုးဝါးတဲ့ Major depressive disorder (MDD) အဆင့်ရှိသူတွေမှာ ၄့၎% က ကိုယ့်ကိုယ်ကို သတ်သေကြတယ်။ ပြန်ပြန်ဖြစ်နေသူ၊ အကုရခက်သူတွေလဲ ရှိတယ်။ Refractory depression and Treatment-resistant depression ခေါ်တယ်။
ဒီခေတ်မှာ လူတွေက ပိုပြီး ပွင့်လင်းလာကြတယ် မဟုတ်လား။ သိပ် ချုပ်တီး-သိုဝှက် မထားတော့ဘူး၊ မြုံမထားတော့ဘူး၊ ထိန်းမထားတော့ဘူး၊ စိတ်ထဲမှာရော၊ ပြောတာဆိုတာ၊ ရေးသား-ဖွဲ့ဆို-စပ်ဟပ်တာရော၊ လုပ်ကိုင်၊ လှုတ်ရှား၊ ကခုန်၊ ၀တ်ဆင်တာတွေပါ အရင်ကလူတွေထက် ပိုလာ-ကဲလာ၊ သဲလာ-ရဲလာကြတယ်။ ပြောင်းလာကို ပြောတာပါ။ ကောင်းလာတာလို့ ပြောချင်တာတော့ မဟုတ်ပါ။ အကုန် မကောင်းဘူးလို့လဲ မဆိုချင်ပါ။ ပြောင်းလာတာက ဖြစ်နေတာမို့ အရှိတရားတခုဘဲ မဟုတ်ပါလား။
မြန်မာပြည်ဖွါးတွေ တိုင်းပြည်ကနေ အပြင်ထွက်နေကြရတာ ၅ သန်းရှိနေပြီ။ ၁၀ ယောက် ၁ ယောက်။ သူတို့အတွက် ရောဂါတွေ ကုသတာမှာ ဘာသာစကား အခက်အခဲဆိုတာ ကြုံကြရတယ်။ စိတ်နဲ့ ပတ်သက်တာကြ ပိုခက်ခဲလွန်းမယ် ထင်တယ်။ ဘာသာစကား၊ ယဉ်ကျေးမှု၊ ကွဲပြားလွန်းတော့ လိုရာမပေါက် မထိရောက်တတ်ဘူး။ တလောက တိုင်းရင်းသား ထဲက စိတ်ဝေဒနာ ခံနေရသူတယောက်ကို ဒုက္ခသည်-ဆေးခန်းလေးကို ခေါ်လာတယ်။ ဆရာဝန်လုပ်သူက ဗမာစကားသာ တတ်တော့ ခက်တယ်။ ဘာသာပြန်နဲ့ လုပ်ရတာလဲ တစိတ်တပိုင်းသာ အောင်မြင်တယ်။
Online Counselling, E-counseling (အင်တာနက်) ကနေ ဆောင်ရွက်ပေးတာ ရှိလာလို့ ပိုအဆင်ပြေလာတယ်။ မြန်မာ စိတ်အထူးကုဆရာဝန်တွေ (အွန်လိုင်း) မှာ လုပ်ပေးတာရှိရင် သိပ်ကောင်းမှာဘဲ။ အသံရော၊ ရုပ်ပါ အလွယ်နဲ့ ရနေတာဘဲ။
စိတ်ကျရောဂါဆိုတာ ကျား-မ မရွေး ဖြစ်တယ်။ အမျိုးသမီးတွေမှာ အဖြစ်များတယ်။ တယောက်ဖြစ်တာနဲ့ နောက် တယောက် ဖြစ်တာ တူချင်မှ တူမယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာလက္ခဏာတွေလို့ ခွဲခြားနိုင်တယ်။ ဖြစ်နေချိန်မှာ စိတ်ဓာတ် ညှိုးငယ် ကျဆင်းနေမယ်။ မနက်ပိုင်းမှာ ပိုသိသာတယ်။ စိတ်ရွှင်လန်းမှု မရှိဘူး။ သွားလာ လှုပ်ရှားတာ စကားအပြောအဆိုမှာလည်း နည်းမယ်၊ လေးလံမယ်၊ နှေးကွေးမယ်။ ကိုယ့်အလုပ်၊ မိသားစု၊ ပတ်ဝန်းကျင် အပေါ်မှာလဲ စိတ်ဝင်းစားမှုတွေ နည်းသွားမယ်။ လိင်ကိစ္စမှာပါ စိတ်ဝင်စားမှု လျော့နည်းနေမယ်။ တခါတလေ စိတ်တို လွယ်တယ်။ စိုးရိမ်စိတ်တွေ လွန်ကဲနေမယ်။ ဂနာမငြိမ်ဖြစ်နေမယ်။ တခါတလေ မျက်ရည်ဖြိုငိဖြိုင်ကျပြီး ငိုကြွေးနေမယ်။ ကိုယ့်ကိုယ်ကို အပြစ်ရှိသူလို့ ထင်မြင် ပြောဆိုနေမယ်။ သူပြုမှုမိခဲ့တာတွေအပေါ် စားမြုံ့ပြန်နေပြီး လိုအပ်တာထက် ပိုပြီး အပြစ်ကို ပုံကြီးချဲ့ တွေးထင် ပြောဆိုမယ်။ တန်ဖိုးမရှိတဲ့လူ၊ အကူအညီမဲ့တဲ့လူ၊ မျှော်လင့်ချက် ကင်းမဲ့နေသူအဖြစ်လည်း ယူဆနေမယ်။ ကိုယ့်ဘ၀အပေါ် အဆိုးမြင်တဲ့ ခံယူချက်တွေလည်း ဖြစ်ပေါ်နေမယ်။ လုပ်ချင် ကိုင်ချင်စိတ်တွေလည်း ကုန်ခန်းနေမယ်။ အာရုံ စူးစိုက်နိုင်စွမ်းလည်း ကျဆင်းနေမယ်။ မမှတ်သားနိုင်ဘဲ ဖြစ်နေမယ်။ ဆုံးဖြတ်ချက်ချဘို့ မ၀ံ့မရဲ ခက်ခဲနေတတ်ပြီး အသေးအဖွဲကိစ္စတောင်မှ ချီတုံ ချတုံ ဖြစ်နေမယ်။ ဘ၀ရဲ့ အရသာတွေ၊ သာယာမှုတွေ ပျောက်ဆုံး နေသလို ခံစားနေရမယ်။
Depression ကို မကုသရင် Panic attacks ထိန်းမနိုင်သိမ်းမရဖြစ်တာ၊ Anxiety disorder စိုးရိမ်စိတ်လွန်ကဲတာ၊ Bipolar situation စိတ်နှစ်ခွအခြေအနေ ဆိုတာတွေ ဆက်ဖြစ်လာတတ်တယ်။ ထိန်းမရချိန်မျိုး ရောက်လာရင် ဆေးရုံတက်ပြီး၊ အထူးကုသမှု လုပ်ရမယ်။ ကုသနည်း ၃ မျိုးရှိတယ်။ Psychotherapy စိတ်ကို စိတ်နဲ့ကုတာ အကောင်းဆုံးဖြစ်တယ်။ Medication ဆေးနဲ့ ကုနည်းရှိတယ်။ Electroconvulsive therapy လျှပ်စစ်နည်းက နောက်ဆုံးနည်းဖြစ်တယ်။
Antidepressants စိတ်ကျရောဂါဆေးတွေကတော့ -
• Tricyclic = Amitriptyline (Elavil), Imipramine (Tofranil), Nortriptyline (Pamelor)
• SSRIs or serotonin boosters = Fluoxetine (Prozac), Paroxetine (Paxil), and Sertraline (Zoloft) နဲ့
• Monoamine oxidase inhibitors = Phenelzine (Nardil), Tranylcypromine (Parnate) တွေဖြစ်တယ်။
Psychotherapy နည်းကို ယောက်ချင်းဖြစ်ဖြစ် အုပ်စုလိုက်ဖြစ်ဖြစ် လုပ်တယ်။ ဆရာတွေကလဲ အမျိုးမျိုးရှိတယ်။ Psychotherapists စိတ်ကုဆရာဝန်၊ Psychiatrists စိတ်ပညာအထူးကုဆရာဝန်၊ Psychologists စိတ်ပညာရှင်၊ Clinical social workers ကျန်းမာရေး-လူမှုရေးရာ ကျွမ်းကျင်သူ၊ Counselors (ကောင်ဆယ်လာ) နဲ့ Psychiatric nurses စိတ်အတူးပြု သူနာပြုတွေ ဖြစ်တယ်။
“စိတ်အခြေအနေတွေ” ဆိုတာ “ဖြစ်လာတာ” ရော၊ “ကျော်လွှားနိုင်တာ” ပါ ကိုယ်ကိုယ်တိုင်က အစပျိုးတာတွေ ဖြစ်တယ်။ တခါတလေ အဲလိုလုပ်မရတတ်ကြဘူး။ ဝေဒနာခံစားနေသူလဲ ကောင်းနေတုံးက ကိုယ့်လောဘ၊ ကိုယ့်ဒေါသကို ထိန်ချုပ် နိုင်စွမ်း ရှိခဲ့သူပါဘဲ။ ကုသရင်လဲ ပြန်ကောင်းလာအုံးမှာဘဲ။
1. ကိုယ့်ကိုယ်ကိုရော သူများကိုပါ စိတ်ထဲကို၌က အပြစ်မတင်မိအောင် ကြိုးစားပါ။
2. ကိုယ့်ရောဂါအကြောင်း ပြောသင့်သူတွေကို ထုတ်ဖော်ပြောပါ။
3. မူးယစ်ဆေးဝါးနဲ့ အရက်ကို ရှောင်ပါ။ လေ့ကျင့်ခန်း လုပ်ပါ။ ကောင်းကောင်းစားပါ။ ကောင်းကောင်းအိပ်ပါ။
4. အလုပ်တာဝန် မပိပါစေနဲ့။
5. အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို မလုပ်ပါနဲ့အုံး။
အဲ့ “စနစ်တကျ ဆေးကုသမယ်” လို့တော့ ဆုံးဖြတ်လိုက်ပါ။ “ငါ ပျောက်ရမယ်လို့” လဲ ယုံကြည်စိတ် ထားပါလေ။ လောကကြီးမှာ သာယာနေတာကို ခံစားလိုက်ပါ။ ဘုရားအလောင်း၊ ရဟန္တာလောင်း မဟုတ်သူတိုင်း လောကရဲ့ သာယာဖွယ်ကို ရှာဖွေပြီး၊ ကျင်လည်နေကြပါတယ်။ အပြစ်လွတ်တဲ့ သာယာမှုတွေ တလှေကြီး ရှိပါတယ်။
Dr. တင်ဆွေ
၂၀-၁၂-၂၀၁၀
Wednesday, December 22, 2010
Depression ပုထုဇ္ဇနော
Posted by
Anonymous
3
comments
Labels: Mental health, Q and A
Sunday, September 20, 2009
စိတ်ဆရာဝန်နှင့် တွေ့ဆုံခြင်း
“ကျွန်တော်ပါပဲ”
“ဒါဆို ကျွန်မနောက်က လိုက်ခဲ့ပါ”
“ဟုတ်ကဲ့ ခင်ဗျ။ ဒါနဲ့ ကျွန်တော့် ဇနီးရော လိုက်လာလို့ ရမလား”
“လူနာ့ သဘောပါ။ ရှင် ခေါ်ချင်တယ်ဆို ခေါ်လာနိုင်ပါတယ်။ ကျွန်မအတွက်က ပြဿနာ မဟုတ်ပါဘူး။ ပံ့ပိုးသတင်း (collateral information) ရလို့ ပိုတောင် ကောင်းပါသေးတယ်”
“သြော် ဟုတ်ကဲ့။ ကျေးဇူးပဲ”
“ကဲ ထိုင်ကြပါ။ ကျွန်မကတော့ စိတ်ရောဂါ ဆရာဝန် သွဲ့ပါ။ တွေ့ရတာ ၀မ်းသာပါတယ် Mr. Smith”
“ကျွန်တော့်ကို David လို့ပဲ ခေါ်ပါ ခင်ဗျ။ တွေ့ရတာ ၀မ်းသာပါတယ်”
“ကျွန်မက Sharon ပါ။ တွေ့ရတာ ၀မ်းသာပါတယ်”
“ဟုတ်ကဲ့။ တွေ့ရတာ ၀မ်းသာပါတယ် Sharon”
“သိတဲ့အတိုင်းပဲ။ ရှင့်ရဲ့ အထွေထွေ ဆရာဝန် GP က လွှဲလို့ ကျွန်မတို့က ဒီနေ့ ပြင်ပလူနာဌာနမှာ appointment ကို ပေးတာပါ။ လူနာသစ် ဖြစ်လို့ တွေ့ဆုံမေးမြန်းခြင်း interview အတွက် အချိန် တစ်နာရီ ရပါတယ်။ ပထမ မိနစ်လေးဆယ်မှာ ကျွန်မက မေးခွန်းတွေ အများကြီး မေးမယ်။ မျှော်လင့်ပြီးသား ဖြစ်မယ် ထင်ပါရဲ့”
“ဆိုပါတော့”
“အချိန် အကန့်အသတ်ကြောင့်မို့ တချို့နေရာတွေမှာ ကျွန်မက စကား ဖြတ်ပြောကောင်း ပြောရမယ်။ ဒါကို နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ကျန်တဲ့ အချိန်ကတော့ ရှင်တို့ မေးချင်တာ မေးဖို့ရယ်၊ ကျွန်မရဲ့ ထင်မြင်ချက်နဲ့ ရှေ့ကုထုံးကို ဆွေးနွေးဖို့ရယ်ပေါ့။ ဒီမှာ ပြောတဲ့ စကားတွေကို မလိုအပ်တဲ့ ပြင်ပပုဂ္ဂိုလ်တွေဆီ ဖွင့်ဟခြင်း မပြုဘူးဆိုတာ ပြောပြချင်ပါတယ်။ ရှင့်ရဲ့ GP ဆီကိုတော့ အသေးစိတ် အကြောင်းကြားစာ ရေးပါမယ်။ ဒီစာရဲ့ မိတ္တူကို ရှင်လိုချင်တယ်၊ မလိုချင်ဘူး ဒီစာရွက်မှာ ရွေးချယ်ပြီး လက်မှတ်ထိုးပါ”
“ကျွန်တော် သိချင်ရင် ကျွန်တော့် GP ဆီ အချိန်မရွေး သွားမေးလို့ ရနေတာမို့ မိတ္တူ မလိုပါဘူးဗျာ”
“ကောင်းပြီလေ”
“ကဲ ဒီနေ့ ကျွန်မဆီကို လာတွေ့ရတဲ့ အကြောင်းရင်းလေး ပြောပါဦး”
“ကျွန်တော် စိတ်ဓာတ်ကျနေတယ်။ ကုန်းကောက်စရာ မရှိလောက်အောင် ကျတာ။ တစ်နေ့ တစ်နေ့ ခေါင်းပေါ်မှာ တိမ်တိုက်မဲကြီး အုံ့နေသလိုပဲ”
“တခြားရော ဘာတွေ ခံစားရသေးလဲ”
“တချိန်လုံး နုံးချိပြီး ဘာမှ မလုပ်ချင်ဘူး။ ဘာကိုမှလည်း စိတ်မ၀င်စားတော့ဘူး။ အစားတောင် မိန်းမက တိုက်တွန်းလို့သာ စားရတာ၊ ခံတွင်း မတွေ့လှဘူး။ ညညလည်း အိပ်လို့ မရဘူး”
“နောက်ထပ်ရော”
“သတိလည်း မကောင်းတော့ဘူးဗျ။ မေ့လွယ်နေတယ်။ စိတ်က အာရုံမစိုက်နိုင်ဘူး”
“ဒီလို ဖြစ်တာ ဘယ်လောက် ကြာပြီလဲ”
“ခြောက်လလောက် ရှိပြီ။ GP ပေးတဲ့ anti-depressant နဲ့လည်း မသက်သာပဲ ပိုဆိုးလာလို့ စိတ်ရောဂါ အထူးကုနဲ့ လာပြတာ”
“ရှင်က ဆေးမှန်မှန် သောက်ဖြစ်လို့လား”
“သောက်ပါတယ်”
“ဆေးပြင်းအားက ဘယ်လောက်တုံး”
“စကတည်းက အတိုင်းပဲ။ မတိုးထားဘူးဗျ”
“ဘာဆေးလဲဆိုတာ မှတ်မိလား”
“ဆေးနာမည် မမှတ်မိဘူး။ P နဲ့စတယ် ထင်တယ်”
“ထားပါတော့။ ဒီလိုဖြစ်နေတာ ခြောက်လ ကြာပြီဆိုရင် ဒီခြောက်လ မတိုင်ခင်မှာ ရှင့်ဘ၀ သို့မဟုတ် ပတ်ဝန်းကျင်မှာ ဘာများ အပြောင်းအလဲ ဖြစ်ခဲ့သလဲ”
“အလုပ်မှာ တာဝန်တွေ ပိုပိလာတယ်ဗျ။ သူများတွေ အလုပ်ပြုတ်တော့ သူတို့အလုပ်တွေ ကိုယ့်ပေါ် ရောက်လာတာပေါ့။ ကိုယ်ကလည်း တည်မြဲရေး ကြောက်နေရတော့ မညည်းရဲဘူး”
“အလုပ်မှာ ဆက်ဆံရေးကရော ဘယ်လို နေလဲ”
“ကျွန်တော် ခုတလော လူတွေကို ရှောင်သလို၊ စိတ်လည်း ဆတ်နေတယ်လို့ လုပ်ဖော်ကိုင်ဖက်တွေက ပြောတယ်”
“ဒေါသကြောင့် ကိုယ့်ကိုကိုယ် တစ်ခုခု ထိခိုက်အောင် လုပ်မိတာ ရှိလား၊ သူများကို နှုတ်အား၊ကိုယ်အားနဲ့ ရန်ပြုမိတာ ရှိလား”
“မရှိဘူးဗျ၊ ကျွန်တော်က ပင်ကိုယ်စိတ် နူးညံ့သူပါ”
“ လူတိုင်းကို မေးသင့်တဲ့ မေးခွန်းတွေ မေးနေကျမို့ ပုဂ္ဂိုလ်ရေးအနေနဲ့ မမြင်စေချင်ဘူး”
“နားလည်ပါတယ် ခင်ဗျ။ ဆရာမ တာဝန်ရှိသလို မေးချင်တာအားလုံး မေးပါ။ ကျွန်တော်က အမှန်အတိုင်း ဖြေပါမယ်။ ကျွန်တော့်အကျိုးအတွက်ပဲလေ”
“ကောင်းပါပြီ။ စိတ်ဓာတ် အရမ်းကျသူတွေဟာ တခါတရံ ထူးဆန်းတဲ့ အတွေ့အကြုံတွေ ရတတ်တယ်။ ရှင် ဒါမျိုး ကြုံဖူးသလား”
“မေးခွန်းကို မရှင်းလို့ ပြန်ပြောပြပေးပါဦး”
“ဘယ်သူမှ အနားမရှိပဲ အသံတွေ ကြားတာမျိုး၊ ကိုယ့်ကို သူများက စောင့်ကြည့်နေတယ်လို့ ထင်တာမျိုးပေါ့”
“မရှိသေးဘူးဗျ။ တော်ပါသေးရဲ့”
“အရင်က ဒီလို စိတ်ဓာတ်ကျဖူးလား”
“ကျဖူးတယ်။ ဒါပေမယ့် ဒီလောက် မကြာဘူး၊ မဆိုးဘူး။ ဆေးမသောက်ပဲ ပြန်ကောင်းသွားတယ်”
“သွေးသားရင်းချာထဲမှာ အလားတူ ဒါမှမဟုတ် စိတ်ရောဂါ တစ်မျိုးမျိုး ခံစားရသူ ရှိလား”
“အမေကတော့ စိတ်ကြွစိတ်ကျရောဂါနဲ့ ဆေးရုံတက်ရဖူးတယ်။ ကြာလှပါပြီ။ ခုတော့ Lithium သောက်ပြီး ကောင်းနေတာပဲ”
“အရက်၊ ဆေးလိပ်၊ မူးယစ်ဆေး သုံးသလား”
“ဘီယာလေးတော့ နှစ်ပိုင့်လောက် ညတိုင်း သောက်ဖြစ်တယ်။ စိတ်ပြေလက်ပျောက်ပါ။ သောက်နေကျပဲဗျ။ ကျန်တာတော့ မလုပ်ပါဘူး”
“ဘယ်လောက် ကြာပြီလဲ။ အရင်ကထက် ပိုသောက်ဖြစ်သလား”
“ကျွန်တော် ဆယ့်ကိုးနှစ်သားကတည်းက သောက်တတ်တာ။ ပုံမှန်သောက်တာကတော့ ခု နောက်ပိုင်းမှပါ။ သုံးနှစ်လောက်တော့ ရှိပြီ။ စသောက်ကတည်းက ဒီလောက်ပါပဲ”
“တခြား အရက်တွေ၊ ၀ိုင်တွေရော”
“မသောက်ပါဘူး”
“ကားမောင်းလား”
“မောင်းပါတယ်”
“ယာဉ်စည်းကမ်းဆိုင်ရာ အရေးယူခံရတာ ရှိလား”
“မရှိပါဘူး”
“ရုံးရောက် ဂတ်ရောက် ဖြစ်ဖူးလား”
“မဖြစ်ဖူးပါဘူးဗျာ”
“ကဲ ကဲ ရှင့်ကို အနားပေးပြီး ရှင့်ဇနီးကို မေးလိုက်ဦးမယ်။ ပြီးရင် ရှင့်အလှည့် ပြန်ရောက်လာမယ်”
“ကျွန်တော် အခန်းပြင် ထွက်ပေးရမလား”
“မလိုပါဘူး။ ရှင်တို့ လင်မယားချင်း ကျေနပ်ရင် ကျွန်မအတွက်က ဘာမှ မထူးပါဘူး”
“ဒါဆို ကိုယ် ဆက်နေရင် ရတယ် မဟုတ်လား Sharon? ”
“ Of course, you can”
“ David ပြောသွားတာအပေါ် Sharon အနေနဲ့ ဘာများ ထပ်ဖြည့်ပြောချင်သလဲ”
“သူပြောသွားတာတွေ အတိုင်းပါပဲ။ ကိုယ်က ဘေးလူဆိုတော့ ပိုမြင်တာလေးတွေ ရှိတာပေါ့။ ဥပမာ သူ အရင်ကလို ဆုံးဖြတ်ချက်တွေ မပြတ်သားတော့ဘူး။ တွေတွေဝေေ၀နဲ့။ နောက်ပြီး စကား အထအနတွေလည်း ကောက်လာသလိုပဲ။ ဘာမဟုတ်တာလေးနဲ့ ထပြီး ငြင်းချင်ငြင်းနေရော။ အရင်က ဒီလို လုံးဝ မဟုတ်ဘူး။ ခုဆို ကျွန်မမှာ တခုခု ပြောဖို့ ဆနေရတယ်။ ကြက်ဥခွံပေါ် လမ်းလျှောက်နေရသလိုပဲ။ စိုးရိမ်နေမိတာ။ မလိုအပ်ပဲ စကား မများချင်လို့။ သူ့ကိုလည်း စိတ်သောက မဖြစ်စေချင်ဘူးလေ။ ခုလို ပြောတာ စိတ်မရှိပါနဲ့ David ”
“ ကိုယ် နားလည်ပါတယ်။ ကိုယ့်ဖာသာ ကိုယ်လည်း ထင်တော့ ထင်နေတာ။ ထုတ်မေးမလို့။ ခုလို ပြောပြတာ ကျေးဇူးပဲ Sharon ”
“ နောက်တစ်ခုကတော့ ခုနောက်ပိုင်း အိမ်ထောင်ရေးသုခ မရှိတော့ဘူး။ သူ စိတ်မပါပဲ ဖြစ်နေတတ်တာ သတိထားမိတယ်။ ကျွန်မတို့ မအိပ်ဖြစ်တာ လနဲ့တောင် ချီနေပြီ။ ဒါပေမယ့် loss of libido (ကာမဆန္ဒ လျော့ပါးခြင်း) ဟာ စိတ်ဓာတ်ကျသူတွေမှာ ဖြစ်တတ်တယ်ဆိုတာ ကျွန်မ သိထားပါတယ်။ သူ ကျွန်မကို မချစ်တော့လို့ မဟုတ်ဘူးဆိုတာလည်း သိပါတယ်။ ဒါပေမယ့် သိပ်လိုလားဖွယ် ကိစ္စတော့ မဟုတ်ဘူးရှင့်”
“ဟုတ်ပါတယ်။ တခြားရောဂါလက္ခဏာတွေရော၊ ဒီလက္ခဏာပါ ဝေဒနာရှင်နဲ့ အနီးကပ်သူတွေအတွက် အတော် ခံရခက်မယ် ဆိုတာ စာနာကြည့်လို့ ရပါတယ်။ အိမ်ထောင်ဖက်က နားလည်မှု ရှိတော့ ကောင်းတာပေါ့။ သို့တစေ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ဘူးဆိုတာ သဘောပေါက်ပါတယ်။ ကျန်တာလေးတွေ ဆက်ဆွေးနွေးကြရအောင်”
“ ရှင် ဒီဇာတိပဲလား David?”
“ မဟုတ်ဘူးဗျ။ ကျွန်တော့်ကို မြောက်ပိုင်း အိုင်ယာလန်မှာ မွေးတာ။ နောက်မှ အင်္ဂလန်ဖက် ပြောင်းလာတာ”
“ ကလေးဘ၀ကို ဘယ်လို မှတ်မိပုံဖော်မလဲ”
“ ပျော်စရာပဲ။ ကျွန်တော်တို့မိဘတွေက စက်ရုံဝန်ထမ်း လခစားတွေဆိုတော့ မပိုလျှံကြဘူး။ ချို့တဲ့တယ်။ ဒါပေမယ့် သားသမီးကို ဦးစားပေးတယ်။ ချစ်တာကို ပြတတ်တယ် ပြောရမှာပဲ။ ဒါပေမယ့် ကျွန်တော် ငယ်ငယ်က အကြီးနှစ်ယောက်နဲ့ အသက် နည်းနည်း ကွာတော့ တစ်ယောက်တည်း ကစားဖြစ်တာ များတယ်”
“ အနိုင်ကျင့်ခံရတာ (being bullied) ရှိခဲ့ဖူးလား။ စိတ်အားဖြင့်၊ ကိုယ်အားဖြင့်၊ သို့မဟုတ် sexual abuse? ”
“ အလယ်တန်းကျောင်း ပြောင်းခါစက သူငယ်ချင်း သိပ်မရှိသေးခင် အတန်းကြီးတစ်စုရဲ့ ပစ်မှတ် ဖြစ်ဖူးတယ်။ ကျွန်တော် ငယ်ငယ်က အရပ် ကလန်ကလားနဲ့ လူကြားထဲမှာ သိသာနေတာကိုး။ သူတို့က ကျွန်တော့်ကို အော်ဟစ်နောက်ပြောင် အရှက်ရအောင် အတော်လုပ်ခဲ့တယ်။ နောက် ကျွန်တော် သူငယ်ချင်းတွေ ရလာတော့ သူတို့ ငြိမ်သွားတယ်။ ကိုယ်ထိလက်ရောက် physical abuse တို့ sexual abuse တို့တော့ မကြုံခဲ့ရပါဘူး”
“ အဲဒီနောက်ပိုင်း သူများနဲ့ ဆက်ဆံရေး ဘယ်လို ရှိသလဲ”
“ ဘာမှ ထူးထူးထွေထွေ မဖြစ်ပါဘူး။ ပုံမှန် သူငယ်ချင်း အသိုင်းအ၀ိုင်း ရှိပါတယ်”
“ ကျောင်းထွက်တော့ ရှင့်အသက် ဘယ်လောက် ရှိပြီလဲ။ ကောလိပ် ဆက်တက်ဖြစ်လား”
“ ၁၆ နှစ်မှာ အထက်တန်း အောင်တယ်။ ကောလိပ်မှာ လျှပ်စစ်ပညာ ဆက်သင်ပြီး နှစ်နှစ်ကြာတော့ ခုအလုပ်ကို ရောက်တာပဲ။ သြော် မေ့လို့၊ အရင် အလုပ်တစ်ခု လုပ်သေးတယ်။ ခြောက်လလောက်ပဲ ကြာတယ်။ မကြိုက်လို့ ပြောင်းခဲ့တာ”
“ ဒါဆို ဒီအလုပ်မှာ ဆယ့်ငါးနှစ်လောက် ရှိပြီပေါ့။ အဆင်ပြေလား”
“ ပြေတယ် ဆိုရမှာပဲဗျ။ မန်နေဂျာရော၊ လုပ်ဖော်ကိုင်ဖက်တွေရော နားလည်မှု ရှိကြတယ်။ အချင်းချင်း ယိုင်းပင်းတာ များတော့ စည်းလုံးတဲ့ စိတ်ဓာတ်လေး ရှိနေတယ်”
“ ခုလောလောဆယ် အလုပ်နားထားလား”
“ ကျွန်တော့် GP က ဆေးခွင့်လေးပတ် ရေးပေးထားတယ်။ ဖြစ်နိုင်ရင်တော့ အမြန်ဆုံး ပြန်သွားချင်တာပေါ့”
“ မောင်နှမ ဘယ်နှစ်ယောက် ရှိလဲ။ သူတို့နဲ့ ဆက်ဆံရေးက ဘယ်လို ရှိလဲ”
“ အမတစ်ယောက်၊ အကိုတစ်ယောက် ရှိတယ်။ အမက ခြောက်နှစ် ကြီးတယ်။ အကိုက လေးနှစ် ကြီးတယ်။ ပုံမှန် အဆက်အသွယ် ရှိပါတယ်။ အမမိသားစုနဲ့ အဖေအမေတို့က အိုင်ယာလန်မှာပဲ။ ခရစ်စမတ်မှာတော့ ကျွန်တော်တို့ သွားဆုံလေ့ရှိတယ်။ အကိုမိသားစုကတော့ တောင်ပိုင်းမှာပါ”
“ ရှင်တို့ အိမ်ထောင်ကျတာ ဘယ်လောက် ကြာပြီလဲ”
“ ကျွန်တော့်အသက် နှစ်ဆယ်ကဆိုတော့ ဆယ့်လေးနှစ်ပေါ့”
“ ကလေး ရှိလား”
“ သမီးနှစ်ယောက် ရှိတယ်။ ရှစ်နှစ်နဲ့ ငါးနှစ်။ လိမ်မာကြပါတယ်။ ကျောင်းစာလည်း လိုက်နိုင်ကြတယ်”
“ အိမ်တွင်းသောက ရှိသလား။ ငွေရေးကြေးရေး၊ အိမ်ကြွေး (mortgage) စသဖြင့်”
“ Sharon က အိမ်မှာနေပြီး ကလေးထိန်းတဲ့ child minder ပါ။ နှစ်ယောက်ပေါင်း ၀င်ငွေလေးနဲ့ လောက်ငပါတယ်။ အပိုတွေတော့ အရမ်း မသုံးနိုင်ဘူးပေါ့။ မဆိုးဘူးလို့ ကိုယ့်ဖာသာတော့ ထင်ခဲ့တာပဲ။ ခု စီးပွါးပျက်ကပ်မှာတော့ ရေရှည် ဘယ်လို ရှိမယ် မပြောတတ်သေးဘူး”
“ ဒီကိစ္စက ရှင့်ကို ဘယ်လောက်ထိ ပူပန်စေလဲ”
“ အရမ်းကို ပူပန်စေတာပေါ့။ ကျွန်တော့် မိသားစုလေးက ကျွန်တော့်ကို အဓိက မှီခိုနေရတာလေ။ ကျွန်တော် အလုပ် အဆင်မပြေရင် အားလုံး ဒုက္ခရောက်ကုန်မှာ”
“ အလုပ်မှာ သတိပေး သင်္ကေတ နိမိတ်တွေ ပြေးနေပြီမို့လား”
“ အလုပ်ရှင်ကတော့ ကျွန်တော့် ကျွမ်းကျင်မှုကို တန်ဖိုးထားတယ် ပြောတာပဲ။ ဒါလည်း ကျွန်တော်ကတော့ ပူတုံးပဲ။ ပုဂ္ဂလိက စီးပွါးရေး လောကမှာ လုပ်ငန်းကို ကယ်ဆယ်ဖို့ လူတွေကို ရက်စက်ရတာတွေ အကြိမ်ကြိမ် မဟုတ်လား”
“ သက်သေ သက္ကာရ ရှိတာထက် ပိုပြီး ပူပန်နေတာလို့ ရှင့်ကိုရှင် မထင်ဘူးလား”
“ တခါတလေတော့လည်း တကယ့်ကို ဖြစ်လာတော့မှာလို့ကို ယုံကြည်မိတာဗျ။ များသောအားဖြင့်တော့ ဒါ မဖြစ်နိုင်ပါဘူးလို့ ကိုယ့်ကိုကိုယ် နားချလို့ ရပါတယ်”
“ တခြား ရောဂါတွေ ရှိလား။ တခြားဆေးတွေ သောက်နေရလား”
“ မရှိ၊ မသောက်ရပါဘူး”
“ ဆေးမတည့်တာ ရှိလား”
“ သိသလောက်တော့ မရှိပါဘူး”
“ ကိုယ့်ကိုကိုယ် ဘယ်လိုလူလို့ ပြောမလဲ။ နေကောင်းနေတုံးက ဘယ်လိုလဲ ဆိုတာလေး သရုပ်ဖော်ပြပါဦး”
“ အခက်ဆုံး မေးခွန်းပဲဗျ။ ဘယ်လို ပြောရမလဲ။ ကိုယ့်ကိုကိုယ်တော့ အေးအေးဆေးဆေးသမားလို့ ထင်မိတာပဲ။ ကူညီနိုင်သလောက် ကူညီတတ်တယ်။ စကား သိပ်အများကြီး မပြောတတ်ဘူး”
“ ဘ၀မှာ အခက်ခဲဆုံး အချိန်ဆိုတာမျိုး ကြုံခဲ့ပြီလား။ ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ခဲ့လဲ”
“ အခက်ခဲဆုံးရယ်လို့ မဟုတ်ပေမယ့် ခက်ခဲခဲ့တာလေးတွေတော့ ရှိခဲ့တယ်ဗျ။ ကျွန်တော်က စကား သိပ်ပြောလေ့ မရှိတော့ ပိုလို့တောင် ငြိမ်ကျသွားတတ်သေး”
“ အရေးအကြောင်းဆို ဘယ်သူနဲ့ တိုင်ပင်တတ်သလဲ”
“ ကျွန်တော့်မှာ သူငယ်ချင်းတွေ ရှိပေမယ့် အတွင်းကျကျ ပြောဆိုတိုင်ပင်လေ့ရှိတဲ့ အနီးကပ် သူငယ်ချင်း မရှိဘူးဗျ။ အဲလိုအချိန်မျိုးမှာ တစ်ယောက်တည်း ဖြစ်သွားတတ်တယ်”
“ အိမ်ထောင်ဖက်နဲ့ရော”
“ ပြောလေ့ သိပ်မရှိဘူးဗျ။ ကျွန်တော်က အုံ့ပုန်းသမား”
“ ဟုတ်တယ်၊ သူက မြုံစိစိနဲ့။ ကျွန်မကပဲ လိုက်မေးနေရတာ။ ခုဆို ပိုဆိုးတာပေါ့”
“ ၀ါသနာပါရာ hobbies များ ရှိသလား”
“ ထူးထူးထွေထွေ မရှိပါဘူး။ တခါတလေ သူငယ်ချင်းတွေနဲ့ bowling သွားတတ်တယ်။ သွားခဲပါတယ်”
“ ခုလောလောဆယ် စိတ်အနေ (mood) ကို ဘယ်လောက်လို့ သတ်မှတ်မလဲ”
“ ဗျာ”
“ တစ်က စိတ်ဓာတ် အောက်ဆုံးကို ကျနေပြီး တစ်ဆယ်က အရမ်းပျော်တာ ဆိုရင် ရှင့်စိတ်က ဘယ်လောက်မှာလို့ ပြောမလဲ”
“ နှစ် သုံးလောက်ထက် မများဘူးဗျ”
“ ရှင့်ကို ရှင် နေကောင်းတယ်လို့ ထင်လား၊ နေမကောင်းဘူးလို့ ထင်လား”
“ နေမကောင်းဘူးလေ။ စိတ်ဓာတ်ကျနေတယ်။ ဆေးပြောင်းသောက် ဆိုလည်း သောက်ပါ့မယ်။ မြန်မြန် ပျောက်အောင်သာ ကူညီပါ”
“ ဆက်ဆွေးနွေးတာပေါ့”
“ ကျွန်မရဲ့ ထင်မြင်ချက်ကို ပြောရမလား”
“ ပြောပါ။ ကျွန်တော်တို့ အရှိအတိုင်းပဲ သိချင်ပါတယ်။ အကြံပေးတာကိုလည်း လိုက်နာပါ့မယ်”
“ ရှင် ဖြစ်နေတာ အလယ်အလတ်စား စိတ်ဓာတ်ကျရောဂါပဲ။ အရင်ကတည်းက အခံလေး ရှိတယ်။ အလုပ်ဖိအားကြောင့် သိသိသာသာ ဖြစ်လာတယ်။ ဖြစ်နေတဲ့ စိတ်သောကကို မမျှဝေတတ်တော့ အတွင်းမှာ အောင်းပြီး ပိုဆိုးလာတာပေါ့။ ဒီလို ပြောတာ ရှင့်ဖြစ်ရပ်ကို ထင်ဟပ်တယ်လို့ ခံစားရသလား”
“ မှန်တာပေါ့ဗျာ။ ကျွန်တော်တို့က ဒါကို တတ်ကျွမ်းနားလည်သူ မဟုတ်ပေမယ့် အင်တာနက်မှာတော့ ရှာကြံဖတ်ရှုမိပါတယ်”
“ အင်တာနက်ဟာ အင်မတန် ကောင်းတဲ့ ဗဟုသုတ ဟင်းလေးအိုးကြီးပါပဲ။ စိတ်ချယုံကြည်ရတဲ့ ဆိုတ်တွေကို ရွေးတတ်ရင်ပေါ့လေ။ မဟုတ်လို့ကတော့ သညာအမှားတွေ ရပြီး အန္တရာယ်ပဲ”
“ ဟုတ်ပါတယ်။ ကျွန်တော် နားလည်သလောက်က စိတ်ဓာတ်ကျ တန်ပြန်ဆေးတွေ (anti-depressants) က ကောင်းသလို စကားပြောကုထုံးများ (talking therapies) ကလည်း အသုံးတည့်မလားလို့”
“ အနုစား စိတ်ဓာတ်ကျရောဂါတွေမှာ ဆေးမသောက်သေးပဲ စကားပြောကုထုံးနဲ့ ကုရင်လည်း ရပါတယ်။ ဘေးထွက်ဆိုးကျိုး မရှိဘူး။ နည်းနည်းတော့ ကြာနိုင်တယ်။ စကားပြောကုထုံး ကျွမ်းကျင်သူ therapist နဲ့ တွေ့ဖို့ စောင့်ရတာလည်း ရှိသေးတာကိုး။ အပြင်မှာ Private therapy ယူရင်လည်း ရတာပဲ။ ဘာနဲ့မှ မကုပဲလည်း သူ့အလိုလို ပျောက်သွားနိုင်သေးတယ်။ ပျမ်းမျှခြင်း ကိုးလလောက်တော့ ကြာတတ်တယ်။ ဒီကြားထဲ ဆိုးမလာဘူးလို့ ဘယ်သူမှ အာမမခံနိုင်သလို ဒီရောဂါ လက္ခဏာတွေကို ရှင် ဘယ်လောက် ဆက်ခံစားချင်၊ ခံစားနိုင်မလဲ ဆိုတာတော့ ရှင့်ဆုံးဖြတ်ချက်ပဲပေါ့”
“ ကျွန်တော် ဘာလုပ်ရင် ကောင်းမလဲ မသိဘူး”
“ ရှင်က အလတ်စား စိတ်ဓာတ်ကျရောဂါလေ။ ဆေးလည်း သောက်လက်စ ဖြစ်နေပြီ။ စဉ်းစားပေါ့။ ဆေးက သောက်တဲ့သူတိုင်း ရလဒ်ကောင်း (ရောဂါ သက်သာ ပျောက်ကင်းခြင်း) ရတာတော့ မဟုတ်ဘူး။ ၆၀-၆၅% ပျောက်ကင်းနှုန်း ရှိတာမို့ ဆေးသောက်သူ သုံးယောက်မှာ နှစ်ယောက်က သက်သာမယ်။ တစ်ယောက်ကတော့ ဆေးမတိုးတဲ့ သဘောပေါ့။ response rate ကောင်းတဲ့ ဆေးမျိုးထဲမှာတော့ ပါတယ်“
“ ကျွန်တော်များ အဲဒီ ၃၅% ထဲ ပါနေပြီလား ဒေါက်တာရေ”
“ ကျွန်မကတော့ ဒီလို မထင်ပါဘူး။ ရှင်က ဆေးမှန်မှန် သောက်တယ် ဆိုပေမယ့် ဆေးစွမ်းအင်က အနိမ့်ဆုံးကိုပဲ စမ်းကြည်ဖူးသေးတယ်လေ။ ဆေးပြင်းအား dose ကို မြှင့်လို့ ရသေးတယ်။ နောက်ထပ် မှတ်ချက်တွေ မချခင်၊ ဆေးတွေ လျှောက်မပြောင်းခင် ဒါကို ပထမ ဦးစားပေး လုပ်ကြည့်သင့်တယ်။
နောက်တစ်ခုက အရက် သောက်တဲ့ ကိစ္စ။ အရက်ကို တစ်ပတ်လုံးမှာမှ ၂၁ ယူနစ် (ဘီယာဆို ဆယ်ပိုင့်၊ ၀ိုင်ဆို ဆယ့်လေးဖန်ခွက်) ပဲ အများဆုံး သောက်သင့်တယ်ဆိုတာ အများသိကြတဲ့အတိုင်းပဲလေ။ ဒါတောင် ဆေးသောက်နေသူဆိုရင် သိသိသာသာ လျှော့ သို့မဟုတ် ရပ်နိုင်ရင် ပိုကောင်းတယ်။ အရက်က အသည်းကို ပိုအလုပ်ပေးတော့ အသည်းအင်ဇိုင်းတွေက ဆေးတွေကို မြန်မြန် ချေဖျက်ပစ်လိုက်တာနဲ့ ဆေးအာနိသင် လျော့ကုန်ရော။ ဆေးသောက်လျက်နဲ့ အကျိုး မခံစားရဘူးပေါ့”
“ ဒါကို ကျွန်တော် မသိခဲ့ဘူးဗျ။ ဒီလိုဆို ကျွန်တော် လျှော့နိုင်ပါတယ်။ အင်း ဖြတ်တောင် ဖြတ်လို့ ရတယ်”
“ ဖြတ်နိုင်ရင်တော့ အကောင်းဆုံးပဲ။ ဒါဆို ဆေးပြင်းအားကို မမြှင့်သေးဘူး။ ဒီတိုင်းပဲ ဆက်သောက်ဦး။ အရက် ဖြတ်လိုက်ရင် ဆေးအာနိသင် ရှင် သိလာနိုင်တယ်။ ကျွန်မတို့က မလိုပဲ ဆေးပြင်းအားကို မတင်လိုဘူး။ ဘေးထွက်ဆိုးကျိုးတွေရော ရှင် ခံစားရဖူးလား။ များသောအားဖြင့်တော့ အစာလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေ ရတတ်တယ်။ ပျို့တာ၊ သိပ်ဆိုးရင် အန်တာ၊ ဗိုက် မကောင်းဖြစ်တတ်တာ၊ ၀မ်းချုပ် သို့မဟုတ် ၀မ်းပျက်တတ်တာ စသဖြင့်။ နောက်ပြီး sexual side effects (လိင်မှုဆိုင်ရာ ဘေးထွက်ဆိုးကျိုး)တွေ ရကောင်း ရနိုင်တယ်။ ဥပမာ ခံစားချက်သိမှု လျော့သွားတာ၊ ကာမဆန္ဒ နည်းသွားတာ၊ ဆက်ဆံဖို့ မစွမ်းနိုင်တာ အထိ ဖြစ်နိုင်ချေ ရှိတယ်။ ဒီလောက်ထိ ဖြစ်တဲ့ ရာခိုင်နှုန်းတော့ နည်းပါတယ်။
ဆေးဗူးထဲမှာပါတဲ့ စာရွက်လေးကို ဖတ်ကြည့်ရင်တော့ ရှိရှိသမျှ အကုန်ရေးထားတာပဲ။ ဆေးကုမ္ပဏီတွေကလည်း ဥပဒေကြောင်း လိုအပ်ချက်အရ ရှိသမျှ ဘေးထွက်ဆိုးကျိုးတွေကို ကြေညာရတာကိုး။ ရေးထားတိုင်း ကိုယ့်မှာ ဖြစ်ရမယ်တော့ မဟုတ်ဘူး။ ဖတ်တော့ ကြည့်သင့်တယ်။ ဒါမှ ဘယ်လို လက္ခဏာကို စောင့်ကြည့်ရမယ်ဆိုတာ သိမှာ။ side effects တွေက လူတိုင်းမှာ ဖြစ်တာ မဟုတ်လို့ အရမ်းကြီး စိတ်ပူစရာ မလိုဘူး။ ဖြစ်ခဲ့ရင်တော့ ခပ်ပျော့ပျော့နဲ့ ရေတိုပဲ ဖြစ်တတ်ပါတယ်။ သိပ်ဆိုးရင်တော့ ဆေးကို ရပ်ဖို့ လိုတာပေါ့။ ရှင်က ခုချိန်ထိ ဘာမှ မဖြစ်ခဲ့တာမို့ ခုမှ အသစ် ထဖြစ်မှာတော့ မဟုတ်ဘူး။ ဆေးပြင်းအား တိုးမယ်ဆိုရင်တော့ side effect ရကောင်းရနိုင်တယ်။ ခုပြောတာ နောင်အတွက် လိုကောင်းလိုမယ် ဆိုပါတော့။ ကျွန်မပြောတာကို ဒီအထိ ရှင်းလား။ ဘာမေးချင်သလဲ”
“ ရှင်းပါတယ်။ ကျွန်တော် သောက်လက်စ ဆေးကိုပဲ ဆက်သောက်လို့ ရမယ်ဆို ကောင်းတာပေါ့။ ဆက်သောက်မယ်ဗျ။ ဒါနဲ့ ဆေးအကြောင်း ဖတ်စရာ စာရွက်စာတမ်းလေးများ ရနိုင်မလား။ ဖတ်ကြည့်ချင်လို့ပါ”
“ ရနိုင်တာပေါ့။ ဒါပေမယ့် ခုလောလောဆယ် ကျွန်မမှာ မရှိဘူး။ မနက်ဖြန် စာတိုက်ကနေ ပို့ခိုင်းလိုက်မယ်။ မရှင်းတာ၊ နောက်ထပ် သိချင်တာ ရှိရင် နောက်တစ်ခါ ပြင်ပလူနာ ရက်ချိန်းမှာ မေးပါ။ မဟုတ်ရင်လည်း ဆေးရုံဖုံးနံပါတ်ကို ဆက်ပါ။ ကျွန်မတို့ team ရဲ့ အတွင်းရေးမှူးက ကျွန်မဆီကို သတင်းပို့ပေးပါလိမ့်မယ်။ ဆေးရုံချိန် (၉နာရီမှ ၅ နာရီ) ပြင်ပမှာ အရေးကြီးရင်တော့ အရေးပေါ် crisis team သို့မဟုတ် ရှင့်ရဲ့ ဆရာဝန် (GP) ကို ဆက်သွယ်ပါ။ လိုမယ်တော့ မထင်ဘူး။ ရှင့်မှာ အကြီးအကျယ် ပူရမယ့် ရောဂါ လက္ခဏာတွေမှ မရှိတာ။ ဒီလို ပြောလို့ ရှင်ခံစားနေရတာတွေကို အသိအမှတ် မပြုဘူး မထင်ပါနဲ့။ professional opinion အားဖြင့်ကြည့်ရင် ကောင်းတယ်၊ ကောင်းဖို့ လွယ်တယ်လို့ ပြောချင်တာပါ”
“ တော်ပါသေးရဲ့ဗျာ။ ကျွန်တော်တို့မှာ ဆေးသောက်လျက်နဲ့ မကောင်းနိုင်လို့ စိတ်ပူနေတာ။ ခုလို တတ်ကျွမ်းနားလည်သူက ပြောလိုက်တော့ အားတက်သွားတယ်။ ကျေးဇူးတင်လိုက်တာ”
“ ဟုတ်ပါတယ် ဒေါက်တာရယ်။ ကျွန်မမှာလည်း စိတ်မအေးနိုင်ဘူး။ သူ ကောင်းကောင်း နေမကောင်းရင်တော့ ဆေးရုံများ အကြာကြီး တက်နေရမလား။ မိသားစု စားဝတ်နေရေးပါ ထိခိုက်တော့မလားဆိုပြီး စိတ်ညစ်နေတာ။ ကျေးဇူးတင်တာ အရမ်းပဲ”
“ မလိုပါဘူးရှင့်။ ကျွန်မရဲ့အလုပ်ကို ကျွန်မ လုပ်တာပါ။ လူနာအတွက် အကျိုးရှိတယ်ဆို ကျွန်မရဲ့ အချိန်တွေ ပေးရကျိုးနပ်တာပါပဲ။ ဆေးရုံကို မလိုပဲနဲ့ မတင်ပါဘူး။ လူနာတွေကို ကိုယ့်အိမ်မှာပဲ ကိုယ်နေစေပြီး ကုပါတယ်။ ဒီတော့ ဒီဆေးကိုပဲ ဒီ dose အတိုင်း ဆက်သောက်ပါ။ လနဲ့ချီသောက်ရမယ်။ စွဲစေတဲ့ သတ္တိ မရှိဘူး။ ရှင်က တခြားဆေးတွေလည်း သောက်မနေလို့ drug interactions အတွက်လည်း ပူစရာ မလိုဘူး။ နေမကောင်းခင်က ပင်ကိုယ် စိတ်အနေနဲ့ အလုပ်လုပ်နိုင်စွမ်းကို ပြန်ရောက်တဲ့အချိန်ကျရင် ဆေးရပ်ဖို့ကို ဆွေးနွေးမယ်လေ။ အဲဒီအချိန်ကနေ အနည်းဆုံး ခြောက်လတော့ ဆေးဆက်သောက်ရမယ်။ သေသေချာချာ ကောင်းသွားတာ အရှိန်ရ၊ အခြေခိုင်သွားအောင်လို့။ ရောဂါပြန်ဖြစ်နှုန်း (relapse rate) နည်းအောင်လို့ပါ။ ကိုယ့်သဘောနဲ့ကိုယ် မရပ်ပါနဲ့။ Discontinuation symptoms (ရုတ်တရက် ရပ်ခြင်းကြောင့် တုံ့ပြန်လက္ခဏာများ) ရကောင်းရနိုင်တယ်။ ကျွန်မတို့က လူနာတွေကို မလိုပဲ ဆေးမပေး၊ ရေရှည်ဆွဲမကုပါဘူး။
နောက်လေးပတ်မှာ တိုးတက်မှု ရှိ/မရှိ ပြန်ကြည့်မယ်။ Follow-up appointment မို့ တစ်နာရီတော့ မဟုတ်တော့ဘူး။ မိနစ်နှစ်ဆယ်ပဲ ရမယ်။ ဒါဟာ ဆွေးနွေးစရာတွေအတွက် လုံလောက်တဲ့ အချိန်ပါ။ မေးချင်တာလေးတွေ စာရင်း လုပ်လာခဲ့ပေါ့။ Talking therapy အကြောင်း ရှင်းပြတဲ့ စာစောင်လည်း ပို့ပေးလိုက်မယ်။ နောက်တစ်ခါလာတဲ့အခါ ဒီကိစ္စကို ဆက်ဆွေးနွေးပြီး လိုအပ်ရင် လွှဲစာ (referral) ပါ ရေးတာပေါ့”
“ သိပ်ကောင်းတဲ့ အကြံပဲ။ ကျွန်တော်တို့ကို စိတ်ရှည်လက်ရှည် အချိန်ပေး မေးမြန်းဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်”
“ My pleasure! နောက်လေးပတ်မှာ တွေ့မယ်လေ”
ဖြည့်စွက်ချက်
ယူကေရဲ့ အမျိုးသား ကျန်းမာရေး ၀န်ဆောင်မှု National Health Service စနစ်ဟာ အစိုးရက ထောက်ပံ့တဲ့ စနစ် ဖြစ်ပြီး ပြည်သူ့ဘဏ္ဍာငွေ (Taxpayers' money) ကနေ ပေးတာ ဖြစ်ပါတယ်။ ဒါကို ပြည်သူတွေက ပေးတဲ့ အခွန်အတုတ် (tax) နဲ့ အမျိုးသား အာမခံ (National Insurance) က ရပါတယ်။ ဆေးလက်မှတ်တစ်စောင်ကို ဘယ်လောက်တန်ဖိုးရှိတဲ့ ဆေးဖြစ်ဖြစ် လူနာက 7.20 Pounds Sterling ပဲ ကျခံရပါတယ်။ ဆေးဆိုင်ကျမှ ပေးရတာပါ။ ကျန်တာကို အစိုးရက စိုက်ပါတယ်။
ဆရာဝန်တွေကို NHS က လခပေးထားပြီးသားပါ။ ဆေးကုမ္ပဏီတွေနဲ့ ဆရာဝန်အကြား ဆက်ဆံပတ်သက်မှုကို စည်းမျဉ်းစည်းကမ်းတွေနဲ့ ကန့်သတ်မှုတွေ အများကြီး ရှိပါတယ်။ Promotional materials တွေဆို စာရေးကိရိယာတွေပဲ အဓိက ပေးပါတယ်။ Conference sponsorship တွေ ဘာတွေဆိုရင် စာနဲ့ အတိအကျ ရေးပြီး သွားလိုခြင်း ရည်ရွယ်ချက်၊ မျှော်လင့်သော အကျိုး စသဖြင့် အသေးစိတ်တွေ ပါလာပါတယ်။ အလွယ်တကူ မမေးမမြန်း မပေးပါဘူး။ ဆရာဝန်တွေ အရမ်းကာရော အနိုင်ကျင့်လို့ မရဘူးပေါ့။
ဆေးလက်မှတ်ရေးရင် ဆရာဝန်အားလုံးလိုလိုက ဆေးရဲ့ မူလဓာတုအမည် generic name ကိုပဲ ရေးပါတယ်။ ကုမ္ပဏီက ပေးတဲ့ သီးသန့် commercial name ကို ရှောင်ပါတယ်။ ဆေးလက်မှတ်ကို လူနာက ကြိုက်တဲ့ ဆေးဆိုင် (Qualified Pharmacist တွေပဲ ဆေးဆိုင် ဖွင့်ခွင့် ရှိပါတယ်) မှာ သွားဝယ်နိုင်ပါတယ်။ Pharmacist က ဆေးကို ကြည့်ပြီး သူ့ဆီ လာသွင်းထားတဲ့ ကုမ္ပဏီရဲ့ဆေးကို ရောင်းလိုက်တာပဲ။ ဒါကို မကြိုက်ရင် လူနာက ဆိုင်ပြောင်း ၀ယ်လို့ ရပါတယ်။
လူနာက ပေးတဲ့ လက်ဆောင်ဆို 25 Pounds Sterling တန်ဖိုးထက် ကျော်ရင် ဌာနကို သတင်းပို့ရပါတယ်။ ယူခွင့်လည်း မရှိပါဘူး။ ( ဒီတန်ဖိုးဟာ လူနှစ်ယောက် တော်ရုံ စားသောက်ဆိုင် အလတ်စားမှာ စားစရိတ်ပဲ ရှိပါတယ်) လူနာတွေ အများစုက နှုတ်အမူအရာအားဖြင့် ကျေးဇူးတင်ကြောင်း အသိပေးတာ များပါတယ်။ သိပ်ကျေးဇူးတင်မှ Thank You Card ဒါမှမဟုတ် ဖွဲ့နွဲ့ရေးထားတဲ့ စာတိုစာရှည် ဒါမှမဟုတ် ချောကလက်ဗူးလောက် ပို့လေ့ရှိပါတယ်။ ဆရာဝန်တွေကလည်း ကဒ်ပြားလေးတွေ၊ စာလေးတွေကိုပဲ တခုတ်တရ သိမ်းတတ်ကြပါတယ်။ Portfolio (တစ်နှစ်တာ လုပ်ဆောင်မှု မှတ်တမ်း) မှာ ထည့်တဲ့သူကလည်း ထည့်တယ်ပေါ့။
အခြေခံ အဆောက်အဦ (Infrastructure) တွေ အခြေကျနေခြင်းနဲ့ လိုအပ်သလို စောင့်ကြည့် ပြုပြင်ခြင်း (monitoring and modification) ရဲ့ အသီးအပွင့်တွေလို့ ဆိုနိုင်ပါတယ်။
Posted by
Nu Thwe
4
comments
Labels: Mental health
Friday, September 11, 2009
National Sucide Prevention Week of the US
ကိုယ့်ကိုယ်ကို အဆုံး စီရင်ချင်တဲ့ လက္ခဏာတွေက ဘာတွေလဲလို့ သိချင်ရင် ဒီမှာ နဲ့ ဒီမှာ ဖတ်ကြည့်လို့ ရပါတယ်။
Posted by
tune
0
comments
Labels: Anniversary, Mental health, UN, USA, WHO
Thursday, July 23, 2009
Learned Helplessness
စိတ်ဓာတ်ကျရောဂါ ဝေဒနာရှင် တော်တော်များများမှာ ကိုယ့်ကိုကိုယ် မညှာမတာ ဝေဖန်ထောင်းထုတဲ့၊ အပျက်ကိုသာ မြင်တဲ့ အတွေးစဉ် (self-defeating negative automatic thoughts/ cognitions) ကို ထပ်ပြန် တလဲလဲ တွေ့ရတတ်ပါတယ်။ ဥပမာအားဖြင့် ကိုယ်ကောင်းခဲ့၊ အောင်မြင်ခဲ့တာတွေကို လျစ်လျူရှုပြီး မကောင်းခဲ့၊ မအောင်မြင်ခဲ့တာတွေကိုသာ ရွေးချယ်တွေးတောပြီး ကိုယ့်ကိုကိုယ် အပြစ်ဖို့ခြင်း (selective abstraction)၊ ကိုယ် အောင်မြင်ခဲ့တာကို မှေးမှိန် ပစ်လိုက်ပြီး၊ မအောင်မြင်တာကိုဘဲ အလေးပေးနေခြင်း (minimisation-maximisation) စသဖြင့်ပေါ့။ ဒီလိုအတွေးတွေကို ရှာဖွေ ဖော်ထုတ်ပြီး စိန်ခေါ် ဆန့်ကျင်တဲ့ စိတ်ပညာကုထုံး (Cognitive Behaviour Therapy -CBT) အကြောင်းကို အချိန်ရတဲ့ အခါ ရေးနိုင်ဖို့ ကြိုးစား ပါဦးမယ်။
စိတ်ဓာတ်ကျရောဂါကို ဆေးမဟုတ်တဲ့ နည်းနဲ့ ကုတဲ့ နေရာမှာ နောက်တစ်ခု နားလည်အောင် ကြိုးစားရတာက 'Locus of control' လို့ ခေါ်တဲ့ “ထိန်းချုပ် စေစားနိုင်မှု တည်နေရာ” အပေါ် လူနာ ဘယ်လို မြင်သလဲ ဆိုတာပါ။ လူနာက သူ့ဘ၀ အပေါ်သူ ထိန်းချုပ်နိုင်မှုဟာ အတွင်း (သူ့ဆီ)မှာ ရှိသေးတယ်လို့ ထင်သလား ဒါမှမဟုတ် အပြင် (သူများတွေဆီ)မှာလို့ ထင်သလားပေါ့။ ဒါကို မူတည်လို့ ဝေဒနာရှင်တစ်ယောက်ရဲ့ ရောဂါတွင်းထဲက ထွက်နိုင်မှု ဖြစ်နိုင်ခြေနဲ့ ဝေဒနာ ခံစားရမှု ကာလ အတိုအရှည် ကွာသွားတတ်ပါတယ်။
“ငါ ဘာလုပ်လုပ် အရာမထင်ဘူး။ အခြေအနေတွေက ငါ့ထိန်းချုပ်မှု အောက်မှာ လုံးဝကို မရှိဘူး။ အရင်က လုပ်ခဲ့တာတွေလည်း အလကား ဖြစ်ကုန်ပြီ။ နောက်ထပ် လုပ်တာတွေလည်း အလကား ဖြစ်ဦးမှာပဲ” ဆိုတဲ့ အတွေးတွေက ကိုယ့်ကိုယ်ကို ယုံကြည်စိတ် (self confidence) ကို အကြီးအကျယ် ထိခိုက်စေပါတယ်။ ဒါဆိုရင် အဲဒီလူဟာ ဘာကိုမှ အားမထုတ်တော့ပဲ ဖြစ်လာသမျှကိုသာ ခါးစည်းခံတော့မယ့် အန္တရာယ် ရှိလာပါတယ်။ ဒါကို Learned Helplessness လို့ နာမည်တပ်လို့ ရပါတယ်။
(ကိုယ်ပိုင်ဘလော့ဂ်မှာ တင်ပြီးသား ပို့စ် ဖြစ်ပါတယ်)
Posted by
Nu Thwe
11
comments
Labels: Mental health
Wednesday, June 24, 2009
Electro-Convulsive Therapy (ECT)
ခုခေတ်မှာတော့ လူနာကို ရှော့ခ်ပေးချိန် မိနစ်ပိုင်းလေးအတွင်း မေ့ဆေး ပေးထားလို့ ရတယ်။ ရှော့ခ်ကြောင့် တက်တဲ့အခါ ကြွက်သားတွေ အရမ်း မလှုပ်ရှားရလေအောင် ဖြေဆေး ပေးထားတယ် ဆိုတော့ မလိုအပ်တဲ့ ကြောက်စရာ အတွေ့အကြုံတွေ မရှိတော့ပါဘူး။ လူနာကလည်း ဟန်မပျက်လေး ပြန်နိုးလာ လက်ဖက်ရည် သောက်ပြီး နာရီဝက်လောက် နေရင် လူနာဆောင်ထဲ ပြန်နိုင်တာပဲ။ အဲဒီလို စိတ်ချရတဲ့ ကုထုံး ဖြစ်ဖို့ ခေတ်မီ စက်ကိရိယာ၊ ဆေးဝါးနဲ့ တတ်သိကျွမ်းကျင်မှုတွေတော့ အများကြီး လိုတာပေါ့။
ECT သို့မဟုတ် လျှပ်စစ်ဓာတ်နဲ့ ရှော့ခ်ရိုက် ကုသခြင်းကို (၁၉၃၈) ခုနှစ်မှာ အီတာလျံလူမျိုး သုတေသန ပညာရှင် နှစ်ဦး ( Cerletti and Bini) က ခွေးတွေမှာ စမ်းသပ်ရင်း တွေ့ရှိခဲ့ပါတယ်။ ဒီ့မတိုင်ခင် (၁၉၃၄) ခုနှစ်တုံးက ဟန်ဂေရီလူမျိုး စိတ်ရောဂါကု ဆရာဝန် Meduna က စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia) နဲ့ အတက်ရောဂါ (Epilepsy) လက္ခဏာတွေ အတူတွဲ မဖြစ်တတ်တာကို ပထမ လေ့လာမိခဲ့တာ ဖြစ်ပါတယ်။ ဒါပေါ် မူတည်ပြီး အီတာလျံနှစ်ယောက်က လူတွေမှာ ဒီကုထုံးကို စသုံးကြည့်ရာကနေ တွင်ကျယ်လာခဲ့တာပါ။
ECT သို့မဟုတ် လျှပ်စစ်ဓာတ်နဲ့ ရှော့ခ်ရိုက် ကုသခြင်းကို (၁၉၃၈) ခုနှစ်မှာ အီတာလျံလူမျိုး သုတေသန ပညာရှင် နှစ်ဦး ( Cerletti and Bini) က ခွေးတွေမှာ စမ်းသပ်ရင်း တွေ့ရှိခဲ့ပါတယ်။ ဒီ့မတိုင်ခင် (၁၉၃၄) ခုနှစ်တုံးက ဟန်ဂေရီလူမျိုး စိတ်ရောဂါကု ဆရာဝန် Meduna က စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia) နဲ့ အတက်ရောဂါ (Epilepsy) လက္ခဏာတွေ အတူတွဲ မဖြစ်တတ်တာကို ပထမ လေ့လာမိခဲ့တာ ဖြစ်ပါတယ်။ ဒါပေါ် မူတည်ပြီး အီတာလျံနှစ်ယောက်က လူတွေမှာ ဒီကုထုံးကို စသုံးကြည့်ရာကနေ တွင်ကျယ်လာခဲ့တာပါ။
ပထမတော့ ဒီကုထုံးကို စိတ်ကစဉ့်ကလျားရောဂါ ဝေဒနာရှင်တွေမှာပဲ အသုံးများခဲ့ပါတယ်။ မေ့ဆေးလည်း မသုံး၊ ကြွက်သား ဖြေလျော့ဆေးတွေလည်း မသုံးပဲ အစိမ်း ရှော့ခ်ရိုက်တာ ဆိုတော့ အတော်ပဲ ကြောက်စရာ ကောင်းခဲ့ပါတယ်။ လူအများ ကြောက်ခဲ့တာကလည်း ဒါမျိုးကို နာမည်ကြီး ရုပ်ရှင် (One Flew Over the Cuckoo's Nest) မျိုးမှာ တွေ့ခဲ့ကြတာကိုး။ (A Beautiful Mind ဇာတ်ကားထဲမှာ သုံးတာကတော့ Insulin Shock / Insulin Coma Therapy ဖြစ်ပါတယ်။ တော်တော် ကြောက်စရာကောင်းပြီး သိပ္ပံနည်း မကျတဲ့ ကုထုံး ဖြစ်လို့ နောက်ပိုင်းမှာ ဆက်မသုံးတော့ပါဘူး)
ဒီလိုဆိုတော့ ECT ကရော သိပ္ပံနည်းနဲ့ အတိအကျ နားလည်ပြီးသား ကုထုံးလားလို့ မေးရင် မဟုတ်သေးပါဘူး။ ဦးနှောက်ထဲက ဓာတုပစ္စည်းတွေ အပေါ် သက်ရောက်မှု ရှိတယ် ဆိုတာ သိပေမယ့် ဘယ်လို mechanism of action နဲ့ အတိအကျ အလုပ်လုပ်တယ် ဆိုတာ အသေးစိတ် မသိကြသေးပါဘူး။ သို့သော် မေ့ဆေး၊ ကြွက်သားဖြေလျော့ဆေးတွေနဲ့ ဘေးထွက်ဆိုးကျိုး နည်းအောင် လုပ်လို့ ရလာတာရယ်၊ လက်တွေ့ စမ်းသပ်ချက်တွေ အရ ရောဂါ လက္ခဏာတွေ သက်သာပြီး အကျိုး ရှိမှန်း သေချာ သိလာတာရယ်ကြောင့် ECT ကတော့ စိတ်ရောဂါကုထုံး တစ်ခုအနေနဲ့ ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ဆေးနဲ့ ကုလို့ မရမှ သုံးတဲ့နည်းပါ။ First-line treatment တော့ မဟုတ်ပါဘူး။
ECT ကို မူလက စိတ်ကစဉ့်ကလျား ရောဂါ (Schizophrenia) မှာ သုံးပေမယ့် နောက်ပိုင်း စမ်းသပ် တွေ့ရှိချက်တွေအရ အဲဒီရောဂါမှာ မထိရောက်လှတာ သိလာလို့ မသုံးတော့ပါဘူး။ ခုခေတ်မှာတော့ ECT ကို အပြင်းထန်ဆုံး စိတ်ဓာတ်ကျရောဂါ (မစားမသောက်နဲ့ ကိုယ်ခန္ဓာ ကျန်းမာရေးကိုပါ ခြိမ်းခြောက် ထိခိုက်လာတဲ့ သို့မဟုတ် သတ်သေဖို့ အလားအလာ သိပ်များနေတဲ့ အနေအထားမျိုး) မှာ အရေးပေါ် အနေနဲ့ သုံးပါတယ်။ မြန်မြန်နဲ့ အာနိသင် ရတတ်လို့ အသုံးတည့် အသက်ကယ်ရာ ရောက်ပါတယ်။ သုံးသင့်တဲ့ နေရာ ဆိုရမှာပေါ့။ အသက်ကြီးသူ လူနာတွေကျတော့ ဆေးတွေကို ပြင်းအားများများ တင်လိုက်တဲ့အခါ ဘေးထွက်ဆိုးကျိုးဒဏ် မခံနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုအခါမှာ တခြားနည်းလည်း မရှိတော့တဲ့အတွက် ECT ကို အဆိုပြု အသုံးချတတ်ပါတယ်။ တချို့ကျတော့ ဆေးတွေ အမျိုးစုံကို ဂိတ်ဆုံးရောက်တဲ့ထိ တင်တာတောင် အကျိုး မခံစားရလို့ (တနည်းအားဖြင့် ဆေးမတိုးလို့) သုံးရတာ ရှိပါတယ်။
ဘာကြောင့်ပဲ သုံးမယ်လို့ ဆုံးဖြတ် ဆုံးဖြတ်၊ လူနာကို အရင် ရှင်းပြပြီး သူ သဘောတူမှ ပေးရတာပါ။ လူနာက မဆုံးဖြတ် နိုင်လောက်အောင် စိတ်ရောဂါ ဖိစီးနေရင်တော့ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ ဒုတိယ ထင်မြင်ချက်ပေး ဆရာဝန်ကြီး (second opinion doctor) ကို တိုင်ပင်ပြီးမှ ပေးပါတယ်။ အရမ်း လုပ်လို့ မရပါဘူး။
ရှော့ခ်ရိုက်တယ် ဆိုရာမှာ လျှပ်စစ်ဓာတ် ပြင်းအားအနည်းငယ်ကို ဦးခေါင်းရဲ့ ဂျိုစောင်း တစ်ဖက်တစ်ချက်ကနေ electrode နဲ့ စက္ကန့်ပိုင်းလေး ပေးတာ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင်မှာ လူနာကို မေ့ဆေးဆရာဝန်က စစ်ဆေးပြီး မေ့ဆေးအတိုစားနဲ့ ကြွက်သား ဖြေလျော့ဆေး ကြိုပေးထားပါတယ်။ တက်တဲ့အချိန်မှာ လူနာ ဘာမှ မသိဘူးပေါ့။ ကြွက်သားတွေလည်း မတရား တောင့်တင်း သွားခြင်း မရှိတဲ့ အတွက် ခြေလက်တွေ ကောက်ကွေး တက်ချက် ကျိုးပဲ့တာ မဖြစ်တော့ပါဘူး။ ဒါဟာ ခေတ်မီ ပြုပြင်ပြောင်းလဲထားတဲ့ modified ECT ပါပဲ။ အနောက်နိုင်ငံတွေမှာ လက်ရှိ သုံးနေဆဲ ဖြစ်ပါတယ်။ အသေအချာ ရွေးပြီး သုံးတာ ဖြစ်ပြီး လူနာလည်း အကျိုးကျေးဇူး ခံစားရပါတယ်။ စိတ်လည်း ချရပါတယ်။
ECT ရဲ့ ဘေးထွက် ဆိုးကျိုးတွေကတော့ မေ့ဆေးနဲ့ ပတ်သက်တဲ့ အန္တရာယ် (အခြားသော အသေးစား ခွဲစိတ်ခြင်းများမှာ အတိုင်း) ရှိတတ်တာရယ်၊ မှတ်ဥာဏ်ကို ထိခိုက်တာရယ် (ECT ရှော့ခ်ရိုက်ခါနီး အချိန်က အဖြစ်အပျက်တွေကို မမှတ်မိပေမယ့် ကျန်တဲ့ မှတ်ဥာဏ်က ဘာမှ မဖြစ်ပါဘူး) အဓိက ဖြစ်ပါတယ်။ ECT တစ်ခါ ပေးပြီးတိုင်း ခေါင်းကိုက် ခေါင်းမူးတတ်တာ၊ ကြွက်သားတွေ ကိုက်ခဲတတ်တာ၊ ပျို့အန်ချင်ပြီး အစားမစားနိုင်တာတွေလည်း ဖြစ်တတ်ပါတယ်။ လူတိုင်းမှာ ဖြစ်တာတော့ မဟုတ်ပါဘူး။
ECT ကုထုံးကို ဦးနှောက်တွင်း ဖိအားများနေတဲ့ (ဦးနှောက်အကြိတ် တစ်မျိုးမျိုး ရှိနေ) သူတွေ၊ မကြာသေးမီက နှလုံးရောဂါ ရထားသူတွေ၊ နှလုံး သွေးကြောမကြီး သို့မဟုတ် ဦးနှောက်တွင်း သွေးကြောဖောင်းနေတဲ့ ရောဂါ (cerebral / arotic aneurysms) ရှိသူတွေမှာ မသုံးရပါဘူး။ ECT ကြောင့် သွေးဖိအား၊ ဦးနှောက်တွင်း ဖိအားတွေ ပိုများလာပြီး ရောဂါ ပိုဆိုး၊ အသက်အန္တရာယ် ရှိနိုင်လို့ပါ။
လူနာတစ်ယောက်ဟာ ECT နဲ့ ကုရပြီ ဆိုရင် တစ်ပတ်မှာ နှစ်ကြိမ် treatment ယူရပါတယ်။ နေ့တိုင်းကိစ္စ မဟုတ်ပါဘူး။ တတိယပတ်လောက် ရောက်လာရင် ရောဂါလက္ခဏာတွေ တော်တော်ပဲ သက်သာ ပျောက်ကင်းနေတတ်ပြီ။ စုစုပေါင်း (၆) ကြိမ်ကနေ (၈) ကြိမ် treatment ယူရတတ်ပါတယ်။ အများဆုံး (၁၂) ကြိမ်ပေါ့။ ECT ကြောင့် ရောဂါ သက်သာခြင်းဟာ အဖြစ်မြန် အပျက်မြန်လို့ အရေးပေါ် အခြေအနေမှာပဲ အသုံးတည့်ပါတယ်။ ရေရှည်ထိန်းတဲ့ ကုထုံးအဖြစ် အသုံးမ၀င်ပါဘူး။ ဒီ့အတွက် ပုံမှန် သောက်ဆေးနဲ့ ကုရပါတယ်။
ECT ကို အင်မတန် ကြောက်စရာကောင်းပြီး လူမဆန်တဲ့ ကုထုံးအဖြစ် ပုံဖော်ကြသူများ ရှိသလို ECT ကြောင့် ဘ၀တွေ ပုံမှန် ပြန်ရောက် ဘ၀ တန်ဖိုးတွေ ပြန်ခံစားနိုင်တဲ့ လူနာတွေ၊ သူတို့ရဲ့ မိသားစုတွေလည်း တပုံတပင် ရှိပါတယ်။ ကျွန်မ အလုပ်လုပ်ခါစက လူနာ တစ်ယောက်ကို consent (ကုထုံးအတွက် သဘောတူညီချက်) ယူဖို့ ECT အကြောင်း ရှင်းပြတော့ အစအဆုံးလည်း ပြောပြီးရော သူက “မင်းသာ ငါ့နေရာမှာဆို ဒီကုထုံးကို လက်ခံမလား” တဲ့။ ကိုယ် ပြောတာ ကိုယ် ယုံကြည်တဲ့အတွက် 'of course I would' လို့ ဖြေခဲ့တာ သတိရမိတယ်။ ဆိုလိုတာက တကယ် လိုအပ်သူတွေအတွက် ထိရောက်တဲ့ ကုထုံး ဖြစ်တယ် ဆိုတာပါပဲ။ တွေ့ဖူး သိဖူး ကြားဖူးတာ ရှိရင် အတွေ့အကြုံ ဝေမျှဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
မြန်မာလူမျိုးအပေါင်း စိတ္တဘယမှ ကင်းဝေးပြီး ချမ်းသာကြပါစေ။
Posted by
Nu Thwe
4
comments
Labels: Mental health
Saturday, May 9, 2009
beta-endorphine
ဘီတာ-အန်ဒေါ်ဖင်း( beta-endorphine) ဆိုတာ ခန္ဓာကိုယ်ထဲကနေ ထွက်တဲ့ ဘိန်းကဲ့သို့သော ဒြပ်ပေါင်း တစ်ခု ဖြစ်ပါတယ်။ သူ့ကို ဦးနှောက်မှာ ရှိတဲ့ ပစ်ကျူထရီဂလင်း (pituitary gland) နဲ့ ဟိုက်ပိုသဲလမတ် (hypothalmus) ဆိုတဲ့ နေရာတွေကနေ ထုတ်ပေးပါတယ်။ ဘယ်လို အချိန်တွေမှာ ထွက်တတ်သလဲ ဆိုတော့ အားစိုက်ရတဲ့ လေ့ကျင့်ခန်းတွေ လုပ်တဲ့ အချိန်တွေမှာ၊ စိတ်တက်ကြွမှု မြင့်မားနေတဲ့အချိန်တွေမှာ၊ နာကျင်တဲ့ အချိန်မှာ၊ လိင်ဆက်ဆံချိန် ခံစားမှု အထွတ်အထိပ် ရောက်တဲ့ကာလတွေမှာ ထွက်တတ်ပါတယ်။ သူက နာကျင်မှုတွေကို သက်သာစေနိုင်တဲ့ မော်ဖင်းလို သက်ရောက်မှုမျိုး ရှိတဲ့ ခန္ဓာကိုယ်တွင်းက ထုတ်ပေးတဲ့ ဒြပ်ပေါင်း တစ်ခု ဖြစ်ပါတယ်။
ဒါပေမယ့် သွေးထဲကို ဘီတာ-အင်ဒေါ်ဖန်း ထိုးပေးလိုက်ရုံနဲ့တော့ ဦးနှောက်ထဲကို များများ မရောက်နိုင်ပါဘူး။ ဦးနှောက်နဲ့ သွေးကြောတွေ ကြားမှာ တားဆီးထားတဲ့ blood brain barrier ကို မဖြတ်နိုင်လို့ပါ။
(စာကိုး
- Wikipedia
- Hartea, J. L, Eifert, G. H & Smith, R. (1995). The effects of running and meditation on beta-endorphin, corticotrophin-releasing hormone and cortisol in plasma, and on mood. Biological psychology, 40 (3 ),251-265.)
Posted by
tune
2
comments
Labels: Brain, Mental health
Monday, April 13, 2009
OCD
OCD ဟာ anxiety spectrum disorders ထဲမှာ ပါဝင်ပါတယ်။ ဒီရောဂါ ရှိသူမျိုးဟာ နဂိုကတည်းက စိတ်ပူတတ်၊ ပြာတတ်၊ ဂနာမငြိမ် ဖြစ်တတ်၊ အသေးစိတ်တွေကို (တရားလွန်) ဂရုစိုက်တတ်တဲ့ ပင်ကိုယ် သဘာဝ ရှိတတ်ကြပါတယ်။ ဒါပေမယ့် ဒီလိုလူမျိုးတိုင်းလည်း OCD လို့ ရောဂါ အမည်တပ် ကုသဖို့ လိုအပ်တဲ့ အဆင့်ကို ရောက်ချင်မှ ရောက်ပါတယ်။ တချို့က ဘ၀မှာ တခြားအကြောင်းတစ်ခုခုကြောင့် စိတ်ပင်ပန်း သောက (stress) များတုံး ဒီဗီဇလေးတွေ ထကြွလာတာ ဖြစ်ချင်ဖြစ်မယ်။ ဒါဆို ဆရာဝန်ဆီ ရောက်စရာ မလိုပဲ ခဏနဲ့ ပျောက်သွားတာပေါ့။ စိတ်ဆရာဝန်နဲ့ ပြဖို့ လိုမလိုဆိုတာက ဒီလက္ခဏာတွေဟာ ဒီလူရဲ့ နေ့စဉ် လူမှုဘ၀၊ လုပ်ငန်းခွင်တွေမှာ အနှောက်အယှက် ပေးနေပြီလား ဆိုတဲ့ အချက်ပေါ် မူတည်ပါတယ်။
များသောအားဖြင့်တော့ ဘ၀မှာ ဆုံးရှုံးမှု loss တစ်ခုခု ကြုံအပြီး ရောဂါရယ်လို့ သတ်မှတ်ရလောက်တဲ့ အဆင့်ကို ရုတ်တရက် ရောက်လာတတ်ကြပါတယ်။ တခြားရောဂါ စိတ်ရောဂါတွေနဲ့လည်း တွဲနေတတ်ပါတယ်။ အထူးသဖြင့် စိတ်ဓာတ်ကျရောဂါနဲ့ ၄၀-၇၀% ထိ ဆက်စပ်မှု ရှိပါတယ်။ တခြား အကြောက်လွန်ရောဂါ (phobias) များ၊ လူစုလူဝေးကို ကြောက်တဲ့ ရောဂါ (social phobia)၊ အကြောင်းမဲ့ anxiety attaks တွေ ရတတ်တဲ့ ရောဂါ (panic disorder) တို့နဲ့လည်း တွဲနေတတ်ပါတယ်။ ရောဂါအုပ်စု တူတာကိုး။
OCD ရဲ့ ရောဂါ လက္ခဏာတွေက နှစ်ပိုင်း ရှိပါတယ်။ တစ်ပိုင်းက ခေါင်းထဲမှာ အပြန်ပြန် အလှန်လှန် ပေါ်လာနေတဲ့ စိတ်အနှောက်အယှက် ဖြစ်စရာ အတွေး (obsessive thoughts) တွေ ဖြစ်ပါတယ်။ ရန်ကုန်မှာတုံးက အသိတစ်ယောက် ပြောပြတာလေး ဥပမာ ပေးချင်ပါတယ်။ သီလရှင်တွေ မြင်ရင် မနေနိုင် မထိုင်နိုင် ဖြစ်ပြီး သူတို့ခေါင်းကို သွားပုတ်ချင်တဲ့ အတွေးပါ။ ဒါဟာ ကြားရသူအဖို့ ရယ်စရာ ပေမယ့် ခံစားရသူအဖို့ အင်မတန် စိတ်ဒုက္ခများစေပါတယ်။ ဗုဒ္ဓဘာသာဝင်ဆိုတော့ ငရဲကြီးမယ် ဘာညာတွေပါ တွေးပြီး အတော် စိတ်မချမ်းမသာ ဖြစ်ရတာပေါ့။ ဒီမှာလည်း တခါက ခရစ်ယာန် တရားဟောဆရာတစ်ယောက် ကလေးငယ်လေး (babies) တွေကို အိမ်သာထဲ ရေဆွဲချ (flush) လုပ်ပစ်ချင်တဲ့ အတွေးတွေနဲ့ စိတ်ဒုက္ခရောက်ပြီး အရေးပေါ်ဌာန ရောက်လာတာ သွားကြည့်ရဖူးပါတယ်။ သူ့ရဲ့ နူးညံ့တဲ့ ပင်ကိုယ်စိတ်နဲ့ ဖီလာဆန့်ကျင်နေတဲ့ အတွေးမို့ ဘယ်လောက် စိတ်မချမ်းသာလိုက်မလဲ ဆိုတာ စဉ်းစားသာ ကြည့်ပါတော့။
Obsessive thoughts တွေဟာ ဝေဒနာရှင်အတွက် အင်မတန် ခံစားရခက်တဲ့ အတွေးတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ အတွေးဟာ ပုံမှန် မဟုတ်တာလည်း သိတယ်။ အတွေးကို မပေါ်အောင် တားလို့ကလည်း မရဘူး။ ခေါင်းထဲမှာ သူ့အလိုလို ထပ်ခါတလဲလဲ ပေါ်လာတာမျိုးပါ။ အတွေးကို အကောင်အထည် ဖော်ဖို့ မဖြစ်နိုင်၊ မဖြစ်သင့်တာကို ကောင်းကောင်း သိပါတယ်။ ဒါပေမယ့် အတွေးက သိပ်ပြင်းထန်အားကောင်းလွန်းတော့ အဲဒီအတိုင်းများ လုပ်လိုက်မိရင်ဖြင့် ဆိုပြီး စိတ်ပူပင်၊ ကနာမငြိမ် ဖြစ်ပြန်ပါလေရော။ တော်တော် သနားစရာ ကောင်းပါတယ်။
ရောဂါ လက္ခဏာ နောက်တစ်ပိုင်းကတော့ ထပ်ပြန်တလဲလဲ လုပ်တတ်တဲ့ အမူအကျင့်များ compulsive acts (rituals) ပါပဲ။ ဒါတွေက တစ်ခုနှစ်ခု မကတတ်ပါဘူး။ သူတို့ စိတ်ပူရာ အဓိက theme of fear ပေါ် မူတည်ပြီး ဆိုင်ရာဆိုင်ရာ rituals တွေ အများကြီး ရှိတတ်ပါတယ်။ Fear of contamination ကတော့ အတွေ့အများဆုံး ဖြစ်ပါတယ်။ ဥပမာ- ရောဂါပိုးတွေ ကူးမှာ စိုးလို့ လက်ကို ခဏခဏနဲ့ အကြာကြီး ဆေးတာမျိုးပေါ့။ ဟိုဟာလေး ထိလိုက်တာနဲ့ လက်ဆေး၊ ဒါလေး ကိုင်မိတာနဲ့ လက်ဆေး။ တစ်ခါဆေးရင်လည်း ဆပ်ပြာနဲ့ ပွတ်နေတာ မပြီးနိုင်တော့ဘူး။ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်။ ဘာကိုမှ ဖြောင့်ဖြောင့်တန်းတန်း မလုပ်နိုင်တော့ပဲ လက်ဆေးခြင်းကသာ နေ့စဉ်ဘ၀ကို ကြီးစိုးလာပါတယ်။ တစ်နေ့ကို အခါပေါင်း ဆယ်နဲ့ရာနဲ့ချီလို့ မလိုအပ်ပဲ ဆေးနေလေတော့ လက်တွေလည်း ဆပ်ပြာစားတဲ့ ဒဏ်နဲ့ ပေါက်ပြဲနီရဲလို့။ ဒီလိုလူမျိုးဟာ ရောဂါပိုးတွေ ကူးမှာစိုးလို့ ရှိသမျှ အသုံးအဆောင်တွေကိုပါ အဖန်ဖန် စစ်ဆေးလဲလှယ်နေရတာနဲ့ပဲ တစ်နေ့တစ်နေ့ အချိန်ကုန်နေလေရော။
Fear of safety ရှိသူမျိုးကျတော့ သော့ခလောက်တွေ၊ သော့တွေကို အထပ်ထပ် စစ်ဆေးတတ်ပါတယ်။ ညမအိပ်ခင်လည်း မီးဖို၊ မီးခလုတ်၊ ရေပိုက်ခေါင်း၊ ပြတင်းပေါက် တံခါး စတာတွေကို အခါပေါင်း မြောက်မြားစွာ မစစ်ဆေးရမချင်း အိပ်ရာ မ၀င်နိုင်ပါဘူး။ ကားရပ်ပြီးရင်လည်း ကားဘရိတ်ကို အခါပေါင်း မြောက်မြားစွာ ပြန်စစ်ဆေးတတ်ပါတယ်။ ဒီလိုဆိုမှတော့ အပြင်တစ်ခါ ထွက်ဖို့အရေး နာရီနဲ့ ချီပြီး ကြာအောင် ပြင်ဆင်ရပြီပေါ့။ အလုပ်ကို မနက် ကိုးနာရီ ရောက်ဖို့အရေး မနက်လေးနာရီကတည်းက ထပြီး ပြင်ဆင်နေရတဲ့ သူမျိုး ဆိုပါတော့။
တချို့ကျတော့လည်း အစီအစဉ်ကျမှု၊ ဘက်ညီမှု (symmetry) နဲ့ ပတ်သက်တဲ့ အလေ့တွေ လုပ်တတ်ပါတယ်။ သာမန် တစ်ကြိမ် နှစ်ကြိမ်ကို မဆိုလိုပါဘူး။ အခေါက်ခေါက် အခါခါ အချိန်ကုန်ခံ၊ တခြားကိစ္စတွေ နောက်ကျခံ လုပ်တာမျိုးကို ဆိုလိုပါတယ်။ တန်းပေါ်က လက်သုတ်ပုဝါလေးကို ဘက်ညီအောင်၊ စားပွဲပေါ်က ပစ္စည်းတွေကို အစီအရီ ဖြစ်အောင် အကြိမ်ကြိမ်အဖန်ဖန် ဆယ်မိနစ်၊ မိနစ်နှစ်ဆယ်လောက် ကြာအောင် ခေါက်နေတာ၊ နေရာ ပြန်ချနေတာမျိုးပေါ့။ ဒီ rituals တွေဟာ အဓိပ္ပါယ် မရှိမှန်း သိပေမယ့် နည်းနည်း လျှော့ကြည့်လိုက်တာနဲ့ အရမ်း ဂနာမငြိမ် ဖြစ်စေတော့ ရပ်လို့လည်း မရဘူး။ ဒီလိုနဲ့ပဲ ကြာလေ ပိုဆိုးလာလေပါပဲ။
ဒီလို ရောဂါရှိသူတွေအတွက် အဓိက ပြဿနာက အလဟဿ အချိန်ကုန်ခြင်းပါပဲ။ အနားမှာ နေတဲ့ အိမ်ထောင်ဖက် မိဘဆွေမျိုးတွေခမျာလည်း ပထမတော့ ဝေဒနာရှင်ကို စိတ်သက်သာအောင် သူ စိတ်ပူတဲ့ ကိစ္စတွေကို လိုက်ကူလုပ်ပေး၊ အားပေးနဲ့ နောက်တော့ သူတို့ ဘာလုပ်ပေးပေး ထူးမလာပဲ သူတို့ပါ အချိန်ကုန်မှန်း သိလာတော့ မချင့်မရဲတွေ ဖြစ်လာတတ်ပါတယ်။
OCD ဘာကြောင့် ဖြစ်ရသလဲ ဆိုတဲ့ ရောဂါဖြစ်ပွါးပုံ အတိအကျကို (တခြားရောဂါ အတော်များများမှာလိုပဲ) ဆေးသိပ္ပံပညာနဲ့ နားမလည်သေးပါဘူး။ ယူဆချက်တွေတော့ ရှိတာပေါ့။ အရေးကြီးတာက ဒါကို ဘယ်လို ကုမလဲ။ ကုသချက်က ဘယ်လောက် အောင်မြင်လဲ ဆိုတာပါ။
အဓိက ကုထုံး နှစ်ခု ရှိပါတယ်။ ဆေးနဲ့ ကုတာရယ်၊ အမူအကျင့်ပိုင်းဆိုင်ရာ ကုထုံး (Behavioural Therapy- BT) ရယ် ဖြစ်ပါတယ်။ ဆေးက စိတ်ဓာတ်ကျရောဂါ တန်ပြန်ဆေး (anti-depressant) ပါပဲ။ တွဲဖက်ဖြစ်တတ်တဲ့ စိတ်ဓာတ်ကျရောဂါကိုပါ ကုပြီးသား ဖြစ်တာပေါ့။ ကြာရှည်တော့ စွဲသောက်ရပါတယ်။ နုစဉ်မှာ BT-therapist ကောင်းကောင်းနဲ့ သေသေချာချာ ကုလိုက်ရင် ရလဒ် ကောင်းပါတယ်။ BT မှာ response prevention (လုပ်နေကျတွေ rituals တွေ မလုပ်ရပဲ ထိန်းရတာပါ) မို့ ဝေဒနာရှင်အတွက် အတော့်ကို စိတ်မသက်မသာ ကနာမငြိမ် ဖြစ်စေပါတယ်။ ရေရှည်ကောင်းဖို့ ရေတို ပင်ပန်းရတာ-လို့ ပြောပြီး အားပေးရတာပေါ့။ ဒါတောင် အများစုက မခံနိုင်လို့ ဆက်မကုကြဘူး။ ဒီကုထုံးက ဝေဒနာရှင်ရဲ့ စိတ်ပြတ်သား ပြင်းထန်မှု (determination) ပေါ် အများကြီး မူတည်ပါတယ်။ တချို့ကတော့ မဖြစ်မနေ ကုရတော့မယ် ဆိုမှ (ဥပမာ- မကုရင် မိန်းမက အိမ်က ဆင်းသွားတော့မယ် ဆိုမှ) ကုကြတယ်။ ပစ်ထားတာကြာလေ ကုရခက်လေပါပဲ။
ယူကေလူဦးရေရဲ့ ၀.၅-၂% မှာ ဒီရောဂါ တွေ့ရတတ်ပါတယ်။ ကျားမ ဖြစ်နှုန်း တူပါတယ်။ ပျမ်းမျှအားဖြင့် အသက်နှစ်ဆယ် ၇၀% ဟာ အသက် ၂၅နှစ် မတိုင်မီ၊ ၁၅% ကတော့ ၃၅ နှစ်မတိုင်မီမှာ ရောဂါလက္ခဏာ စပြတတ်ပါတယ်။
ဒီရောဂါဟာ နှစ်ရှည် နာတာရှည်ရောဂါ ဖြစ်ပါတယ်။ လေးပုံတစ်ပုံလောက်မှာ သိသိသာသာ သက်သာတတ်ပြီး၊ တ၀က်လောက်က အတော်အသင့် သက်သာတတ်ပါတယ်။ ကျန်လေးပုံတစ်ပုံကတော့ ပိုပိုဆိုးလာတတ်ပါတယ်။ လုံးဝ အရှင်းပျောက်သွားတာ ရှားပါတယ်။ ရောဂါရှိသူတွေဟာ နဂိုကတည်းက အသေးစိတ် ဂရုစိုက်တတ်တဲ့ Obsessive Compulsive Personality Traits ရှိသူများ ဖြစ်လို့ စိတ်သောက (stress) များလာတာနဲ့ ရောဂါ လက္ခဏာတွေ ပြန်ပေါ်၊ ပိုဆိုးလာတတ်ပါတယ်။
ရောဂါ အရှင်းမပျောက်သည့်တိုင် သိသိသာသာ သက်သာသွားတဲ့အခါ ဝေဒနာရှင်ဟာ သူ့အလုပ် သူလုပ်နိုင်၊ သူ့ပတ်ဝန်းကျင်အပေါ် အကျိုးပြုသင့်သလောက် ပြန်ပြုနိုင်လာတဲ့အတွက် ၀မ်းသာစရာ ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ ဒီရောဂါအပေါ် သတိထားမိမှုနဲ့ သဘောထား ဘယ်လို ရှိတယ် မပြောတတ်ပါ။
မြန်မာလူမျိုးအပေါင်း စိတ္တဘယမှ ကင်းဝေး၊ ချမ်းသာကြပါစေ။
Reference:
Semple, D., Smyth, R., Burns, J., Darjee, R. & McIntosh, A. (2005). Oxford Handbook of Psychiatry, Oxford: University Press.
Posted by
Nu Thwe
4
comments
Labels: Mental health
Wednesday, March 25, 2009
Legal protection of patients with mental illness
အဓိက သမားကျင့်ဝတ်ဝိနည်း လေးသွယ် (Four Principles of Medical Ethics) ကတော့
၁။ လူနာ၏ ကောင်းကျိုးကို ရှေးရှုခြင်း (Beneficence/ Do good)
၂။ လူနာ၏ ဆိုးကျိုးကို ရှောင်ကြဉ်ခြင်း (Non-maleficence/ Do no harm)
၃။ လူနာရဲ့ အချုပ်အချာပိုင်မှု တစ်နည်းအားဖြင့် သူ့ဘ၀အတွက် သူဆုံးဖြတ်နိုင်မှုကို လေးစားရခြင်း
(Respect for autonomy)
၎။ လူနာတွေအပေါ် မျှတရခြင်း (Justice) တို့ ဖြစ်ပါတယ်။
တစ်ခါတရံ ဒီလေးခု အချင်းချင်း ထိပ်တိုက်တွေ့တဲ့အခါမျိုးမှာတော့ လူနာရဲ့ အချုပ်အချာပိုင်မှုကို လေးစားရခြင်း (Respect for autonomy) က ရှေ့တန်းတင်ခံရတာ များပါတယ်။ ဆရာဝန်က ဘယ်လောက် ကောင်းတယ်ထင်ထင် လူနာမှာ စဉ်းစားဆုံးဖြတ်နိုင်စွမ်း ရှိလို့ကတော့ လူနာရဲ့ ရွေးချယ်မှုကသာ အတည်ဖြစ်ပါတယ်။ ရောဂါ ရှည်ညောင်းစေမယ့် ဆေးမျိုး၊ ကုထုံးမျိုးကို ဆရာဝန်က လူနာရဲ့ ကောင်းကျိုးကို ရှေးရှုပြီး ညွှန်းပေမယ့် လူနာက အကြောင်းကြောင်းကြောင့် (ဥပမာ ကင်ဆာဆေး chemotherapy ဆိုရင် ဆေးကြောင့်ရတဲ့ ဘေးထွက်ဆိုးကျိုးတွေကို မခံစားနိုင် မခံစားချင်လို့) ငြင်းဆန်တာမျိုးပေါ့။ သေသေချာချာ (အကျိုးအပြစ် စေ့ငအောင်) ရှင်းပြဆွေးနွေးပြီးသားတော့ ဖြစ်ရပါမယ်။
လူနာရဲ့ ရွေးချယ်မှုနဲ့ ဆန့်ကျင်ပြီး ကုသခွင့် ရှိတာ စိတ်ရောဂါ ဝေဒနာသည်တွေကို ကုသတဲ့နေရာမှာပါ။ သဘောကတော့ စိတ်ရောဂါကြောင့် ချင့်ချိန်ဆုံးဖြတ်နိုင်စွမ်း မရှိတဲ့ အချိန်ကာလ တစ်ခုအတွင်း (တစ်နည်းအားဖြင့် ရောဂါဖောက်နေခိုက်) ဆရာဝန်က လူနာကိုယ်စား ဆုံးဖြတ်ပြီး ကုသင့်တာကို ကုပေးတဲ့သဘောပါ။ ဒါပေမယ့် လုပ်ချင်တိုင်း အရမ်းကာရော လုပ်လို့ မရပါဘူး။ ဖြစ်ရိုးဖြစ်စဉ်နဲ့ မူကွဲနေတဲ့ လုပ်ရပ်မှာ လူနာရော၊ ဆရာဝန်ပါ vulnerable (အကာအကွယ်မဲ့၊ မလုံမခြုံ) ဖြစ်တတ်ပါတယ်။
စိတ်ရောဂါဝေဒနာရှင်တွေဟာ ယေဘုယျအားဖြင့် လူ့အသိုင်းအ၀ိုင်းရဲ့ ပယ်ခြင်း ကြဉ်ခြင်းကို ခံရပြီးသား ဖြစ်ပါတယ်။ မြေနိမ့်ရာ လှံစိုက်တာမျိုး မဖြစ်ရအောင် စိတ်ရောဂါ ဝေဒနာရှင်များကို ကာကွယ်တဲ့ ဥပဒေတွေ ရှိပါတယ်။ နိုင်ငံတိုင်းမှာတော့ မဟုတ်ပါဘူး။ ယူကေမှာဆိုရင် စကော့တလန်မှာ တစ်မျိုး၊ အင်္ဂလန်နဲ့ ဝေလနယ်မှာ တစ်မျိုး၊ မြောက်ပိုင်း အိုင်ယာလန်မှာ တစ်မျိုး နည်းနည်းစီ ကွဲပါတယ်။ ကျွန်မသိတဲ့ အင်္ဂလန်နဲ့ ဝေလနယ်က လုပ်ထုံးလုပ်နည်းကို နည်းနည်း ပြောပြချင်ပါတယ်။
Mental Health Act ရှိတဲ့အတွက် စိတ်ရောဂါ ခံစားနေရတဲ့ လူတစ်ယောက်ကို သူ့ဆန္ဒကို ဆန့်ကျင်ပြီး ဥပဒေအရ ဆေးရုံတင် ဆေးကုနိုင်တဲ့ အခွင့်အရေး ဆရာဝန်မှာ ရှိသလို၊ လူနာမှာလည်း ဒီကိစ္စအပေါ် စိန်ခေါ်အယူခံနိုင်ခွင့်ကို သူ့အခွင့်အရေးအနေနဲ့ အလိုအလျောက် ရပါတယ်။ ဥပဒေသာ မရှိခဲ့ရင် ဒီလို လုပ်ပိုင်ခွင့် ရှိတာကို လူနာတွေ သိချင်မှ သိ၊ ရချင်မှ ရမှာပေါ့။ တခြားလမ်းကြောင်းကနေ အယူခံတော့လည်း အချိန် ပိုကြာရင် ကြာမယ်။ ဒါမှမဟုတ် ဆေးရုံပေါ် မူတည်လို့၊ လူနာ မျက်နှာ ရှိ၊မရှိပေါ် မူတည်လို့ တုံ့ပြန်ရလဒ်ချင်း မတူတာမျိုးလည်း ဖြစ်ရင်ဖြစ်မယ်ပေါ့။
လူတစ်ယောက်ဟာ စိတ်ပူရလောက်အောင် စိတ်ဖောက်ပြန်လာရင် အများအားဖြင့် အဲဒီလူရဲ့ မိသားစုက မိသားစု ဆရာဝန် (General Practitioner-GP) ကို အကြောင်းကြားတတ်ပါတယ်။ မိသားစုဆရာဝန်က ပဏာမ သွားကြည့်ပြီး ဒီလူဟာ တခြားရောဂါ မဟုတ်ပဲ စိတ်ရောဂါကြောင့် ဒီလို ဖြစ်နေတယ်၊ တကယ်လည်း နောက်တစ်ဆင့် စစ်ဆေးဖို့ လိုအပ်နေပြီလို့ ထင်ရင် Mental Health Act assessment လို့ခေါ်တဲ့ အထူးစစ်ဆေးမှုအတွက် တာဝန်ကျ လူမှုဝန်ထမ်း အရာရှိ (Approved Social Worker - ASW) ကို အကြောင်းကြားပါတယ်။ များသောအားဖြင့် ဒီလိုစစ်ဆေးမှုဟာ ဒီလူ(လူနာ)ရဲ့ အိမ်မှာ ဖြစ်တတ်ပါတယ်။ လူနာက အရမ်းကြီး သောင်းကျန်းမနေဘူး၊ သူ့မိသားစုကလည်း စစ်ဆေးမယ့်အဖွဲ့ မလာမချင်း လူနာကို စောင့်ရှောက်ပေးဖို့ လိုလားစိတ်ချတယ် ဆိုရင်ပေါ့။
အဲဒီလို မဟုတ်ပဲ လူနာက ရောဂါကြောင့် အနားက မိသားစုဝင်တွေကို ရန်ပြုခြိမ်းခြောက်နေမယ် ဆိုရင်တော့ မိသားစုဆရာဝန် သို့မဟုတ် မိသားစုကိုယ်တိုင်က ရဲကို အကြောင်းကြားပါတယ်။ ရဲက “လုံခြုံစိတ်ချရရာ နေရာ” (ဥပမာ ဆေးရုံ အရေးပေါ်ဌာန သို့မဟုတ် များသောအားဖြင့် ရဲစခန်း) ကို ခေါ်သွားရပါတယ်။ ရဲစခန်းရောက်ပြီးတဲ့အခါ တာဝန်ကျ လူမှုဝန်ထမ်း အရာရှိ (ASW) ကို ခေါ်ပါတယ်။ ဒီလို မဟုတ်ပဲ လမ်းပေါ်မှာ လျှောက်ရမ်း သို့မဟုတ် အန္တရာယ် မရှောင် လျှောက်သွားနေလို့ ရဲကဖမ်းလာတဲ့လူ ဆိုရင်လည်း မှုခင်းဆရာဝန်က အရင် စစ်ဆေးပြီး စိတ်ရောဂါကြောင့် ဖြစ်နိုင်တယ်-လို့ ထင်ရင် အထက်ကလိုပဲ ASW ကို ချက်ချင်း ခေါ်ရပါတယ်။ လူနာက တစ်ယောက်တည်း နေပြီး ဘယ်သူ့ကိုမှ အတွေ့မခံ (ဥပမာ လူတွေက သူ့ကို လုပ်ကြံဖို့ နောက်ယောင်ခံနေတယ်-လို့ ရောဂါကြောင့် ယုံကြည်နေ)တာမျိုးဆိုရင် လူနာရဲ့အိမ်ကို ခွင့်ပြုချက် မပါပဲ ၀င်ဖို့ ၀ရမ်း လိုပါတယ်။ ဒီဝရမ်းရဖို့ကို ASW က တာဝန်ကျ တရားသူကြီး (Magistrate) ကို ဆက်သွယ်ပါတယ်။
ASW က Mental Health Act assessment လို့ခေါ်တဲ့ အထူးစစ်ဆေးမှုကို စီစဉ်တဲ့အခါ တစ်ဆေးရုံစီက လာတဲ့ လွတ်လပ်သော ဆရာဝန်နှစ်ဦး (two independent doctors) ကို ရှာရပါတယ်။ အကြောင်းကတော့ ပင်းထားတာ မဟုတ်တဲ့၊ မျှတတဲ့ သဘောထားအမြင်ကို လိုချင်လို့ပါပဲ။ ဒီဆရာဝန်နှစ်ယောက်မှာ အနည်းဆုံးတစ်ယောက်က အတွေ့အကြုံရှိ စိတ်ရောဂါကု ဆရာဝန် ဖြစ်ပါတယ်။ ကျန်တစ်ယောက်ကတော့ ဒီလို အထူးစစ်ဆေးမှုတွေအတွက် လေ့ကျင့်ပေးထားတဲ့ အတွေ့အကြုံရှိ (General Practitioner-GP) ဖြစ်တာ များပါတယ်။ တစ်ခါတလေတော့ အတွေ့အကြုံရှိ စိတ်ရောဂါကု ဆရာဝန် နှစ်ယောက် ဖြစ်တတ်ပါတယ်။ တစ်ဆေးရုံတည်းက မဖြစ်ရပါဘူး။
သုံးယောက်ဆုံရင် လူနာနဲ့ တွေ့ဆုံစစ်ဆေးမှု လုပ်ပါတယ်။ ရဲစခန်းမှာ ဆိုရင်တောင် လူနာကို ချုပ်နှောင်မထားပါဘူး။ Interview အခန်းထဲ ခေါ်၊ မိတ်ဆက်၊ လက်ဆွဲနှုတ်ဆက်ပြီး အေးအေးဆေးဆေး မေးမြန်းတာပါပဲ။ လူနာကလည်း များသောအားဖြင့် ကောင်းကောင်းမွန်မွန် တုံ့ပြန်တတ်ပါတယ်။ လူနာက သောင်းကျန်းနိုင်တဲ့ သာဓက ရှိရင်တော့ ရဲသားများ အခန်းဝမှာ လိုရမယ်ရ ခေါ်ထားရပါတယ်။ သိပ်သောင်းကျန်းနေရင်တော့ cell အပြင်နဲ့အတွင်း တိုတိုနဲ့ လိုရင်း အမေးအဖြေပေါ့။ ဒီလို စစ်ဆေးမှုမှာ တာဝန်ရှိသူအားလုံး ယဉ်ကျေးကြပါတယ်။
ယေဘုယျအားဖြင့် ASW ဟာ လူနာကို ကိုယ်စားပြုပြီး သူ့ရဲ့တာဝန်တစ်ခုက လူနာအတွက် အကောင်းဆုံး ဖြစ်ဖို့၊ လူနာရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။ လူနာမိသားစုနဲ့ ဆက်သွယ်ပြီး သူတို့ သဘော၊ သောကတွေကို တိုက်ရိုက် နားထောင်တဲ့သူလည်း ဖြစ်ပါတယ်။ လူနာရဲ့ဆန္ဒကို ဆန့်ကျင်ပြီး ဆေးရုံတင်ရတဲ့ကိစ္စ မလိုအပ်ပဲ မဖြစ်ရလေအောင် ကြိုးစားတတ်ပါတယ်။ လူနာကို နားဝင်အောင် အရှင်းအပြော ကျွမ်းကျင်ညက်ညောကြပါတယ်။ စစ်ဆေးမေးမြန်းပြီးလို့ လူနာက စိတ်ရောဂါကြောင့် မဟုတ်ပဲ အရက် သို့မဟုတ် မူးယစ်ဆေးဝါးကြောင့် ခဏ ကြောင်နေတတ်တာမျိုးဆိုရင် စိတ်ရောဂါဆေးရုံကို မတင်ပါဘူး။
စိတ်ရောဂါ ရှိတယ်လို့ သိပြီးသား လူနာဟောင်း သို့မဟုတ် စိတ်ရောဂါရှိတယ်လို့ တော်တော်လေး သေချာနေတဲ့ လူနာသစ် ဆိုရင်တော့ ဆေးရုံမှာ ကုသင့်သလား၊ နေအိမ်ထိ အရောက် လာကြည့်ပံ့ပိုးမယ့် Home Treatment/ Crisis Resolution Teams တွေနဲ့ ကုသင့်သလား ဆုံးဖြတ်ရပါတယ်။ မလိုအပ်ပဲ ဆေးရုံမတင်ပါဘူး။ ရှေးပုံစံ နှစ်ရှည်လများ လှောင်ထားတဲ့ Mental Asylums/ Institutions (မြန်မာပြည်မှာတော့ အရူးထောင်လို့ ခေါ်ကြတယ် ထင်ပါရဲ့) တွေ မရှိတော့တာ ကြာလှပါပြီ။ ရောဂါဖောက်တုံး ဆေးရုံတက်ကု၊ ပြီးရင် ကိုယ့်အိမ်ကိုယ်ပြန် မိသားစုနဲ့ နေနိုင်ပါတယ်။ အဲဒီလို နေနိုင်အောင် ထိထိရောက်ရောက် ပံ့ပိုးနိုင်တဲ့ ဆေးရုံပြင်ပ ကုသရေးအဖွဲ့တွေ (Home Treatment/ Crisis Resolution Teams) လည်း ရှိတာကိုး။
ဆေးရုံတက်ကုမှ ဖြစ်မယ် ဆိုရင်တော့ လူနာကို အသိပေးရပါတယ်။ သူက သဘောတူရင် ဒါဟာ “မိမိဆန္ဒအလျောက် ဆေးရုံတက်ခြင်း (voluntary admission)” ဖြစ်ပါတယ်။ လူနာက သူ့မှာ ဘာရောဂါမှ မရှိဘူး၊ ဆေးရုံတက်စရာ ဆေးသောက်စရာလည်း မလိုဘူးလို့ ယုံကြည်ပြီး ငြင်းဆန်ရင်တော့ ဥပဒေ သုံးရမလား စဉ်းစားရတော့တယ်။
လူနာဟာ သူ့ရဲ့ ခုလက်ရှိ စိတ်ရောဂါ တစ်မျိုးမျိုး ခံစားနေရတဲ့ လက္ခဏာ ရှိပြီး၊ အဲဒီ လက္ခဏာတွေက
(၁) သူကိုယ်တိုင်ရဲ့ လုံခြုံမှု
(၂) သူကိုယ်တိုင်ရဲ့ ကျန်းမာရေး
(၃) အများသူငါ လူတကာရဲ့ ကောင်းကျိုး လုံခြုံမှု- ထဲက တစ်ခုခု သို့မဟုတ် တစ်ခုထက် ပိုတဲ့ အချက်တွေကို ခြိမ်းခြောက်နေသလား ဆန်းစစ်ရပါတယ်။
ဥပမာ
(၁) စိတ်ဓာတ်ကျရောဂါ အလွန်အမင်း ဆိုးနေသူတစ်ဦးက သတ်သေဖို့ ကြိုးစားတာမျိုး
(၂) စိတ်ကစဉ့်ကလျားရောဂါသည်တစ်ယောက်က သူ သောက်နေကျ စိတ်ရောဂါဆေးတွေကို သူများက အဆိပ်ခတ်ပါတယ်လို့ ယုံပြီး ဆေးမသောက်တော့လို့ ရောဂါဆိုးလာပြီး လုံးဝ မစားမသောက် မအိပ်ပဲ စိုးရိမ်စရာ ဖြစ်လာတာမျိုး
(၃) စိတ်ကြွရောဂါ ဖောက်နေသူတစ်ယောက်ဟာ သူ့ကိုယ်သူ ဂျိမ်းစဘွန်းကဲ့သို့ အထူးသူလျှိုလို့ ယုံကြည်တဲ့အပြင် နောက်က ရန်သူ လိုက်လာတယ် ဆိုပြီး ကားကို ရမ်းကားစွာ မောင်းတာမျိုးပေါ့။
အထက်မှာ ဖော်ပြခဲ့တဲ့ သုံးချက်ထဲက အနည်းဆုံး တစ်ချက်နဲ့ ညီရင် ဥပဒေကို သုံး၊ လူနာရဲ့ဆန္ဒကို ဆန့်ကျင်ပြီး စိတ်ရောဂါကုဆေးရုံကို တင်လို့ ရပါတယ်။ ဒါကို compulsory/ formal admission လို့ ခေါ်ပါတယ်။ ဒါကလည်း အချိန်ကာလ အကန့်အသတ်နဲ့ပါ။ ပုဒ်မပေါ် မူတည်လို့ စစ်ဆေးဖို့ပဲဆိုရင် အကြာဆုံး (၂၈)ရက်၊ ဆေးပါကုဖို့ဆိုရင် အကြာဆုံး (၆)လ အထိပါပဲ။ လိုအပ်ရင်တော့ ထပ်တိုးနိုင်ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ကို ထောက်ခံမယ့် အကြောင်းအရာ ခိုင်ခိုင်လုံလုံ (အထက်က သုံးချက်ထဲက အနည်းဆုံး တစ်ခု) တော့ ရှိရတာပေါ့။ လူနာကို ဒီလို ဆုံးဖြတ်တဲ့အကြောင်း သိအောင် ချက်ချင်း ရှင်းပြရပါတယ်။
ဥပဒေ သုံးပြီး ဆေးရုံတင်တဲ့ ကိစ္စကို ဒီစစ်ဆေးမှုမှာ ပါဝင်သူ သုံးယောက်စလုံး သဘောတူရပါတယ်။ ကျိုးကြောင်းခိုင်လုံရင် ဆရာဝန်နှစ်ယောက်ကြား သဘောထား ကွဲလွဲနိုင်ပါတယ်။ (ဒါက ဖြစ်တော့ ဖြစ်ခဲပါတယ်) အဲဒီလို ကွဲလွဲပြီဆိုတာနဲ့ compulsory/ formal admission လုပ်လို့ မရတော့ပါဘူး။ ဒါဆို risk management ကို ထိရောက်အောင် ဘယ်လို လုပ်မလဲ ဆိုတဲ့ မဟာပြဿနာကို ဆက်ဖြေရှင်းရပါတယ်။ ဒါဟာ ဒီခေါင်းစဉ်ရဲ့ ပြင်ပကို ရောက်သွားပြီမို့ ဆက်မရေးတော့ပါဘူး။
Compulsory/ formal admission ဟာ လူနာအတွက် လမ်းဆုံး မဟုတ်ပါဘူး။ မကျေနပ်ရင် အယူခံ ၀င်နိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ ဒါကိုလည်း ASW က တစ်ခါတည်း အသိပေးပါတယ်။ အဲဒီအတွက် ရှေ့နေလည်း ငှားပေးပါတယ်။ ဒီအမှုတွေကို သူ့အချိန် ကန့်သတ်ချက်အတွင်းမှာ ကြားနာရပါတယ်။ နာကြားတဲ့ ခုံအဖွဲ့(Mental Health Review Tribunal) မှာ ဥပဒေ ကျွမ်းကျင်သူ တစ်ဦး၊ စိတ်ရောဂါ အထူးကု တစ်ဦး နဲ့ အရပ်သား တစ်ဦး ပေါင်းသုံးဦး ပါဝင်ပါတယ်။ ဒီအဖွဲ့ကို အယူခံချက်ဆိုင်ရာ ဗဟိုဌာနက စီစဉ်စေလွှတ်တာ ဖြစ်ပြီး၊ တခြားအရပ်ဒေသက လာတာ ဖြစ်ပါတယ်။ လွတ်လပ်မျှတစေတဲ့ သဘောပါပဲ။
ဒီအဖွဲ့က လူနာကို လက်ရှိကုနေတဲ့ စိတ်ရောဂါပါရဂူ၊ လူနာရဲ့ လက်ရှိ သူနာပြုထဲက တစ်ဦး နဲ့ လူမှုဝန်ထမ်းအရာရှိ စုစုပေါင်း သုံးဦးရဲ့ အစီရင်ခံစာ သုံးစောင်ကို ဖတ်ပါတယ်။ လူနာနဲ့လည်း တွေ့ဆုံ စကားပြောပါတယ်။ ပြီးမှ အစီရင်ခံစာတင်တဲ့ အထက်ပါ သုံးဦး၊ လူနာ၊ သူ့ရဲ့ ရှေ့နေတို့နဲ့ မျက်နှာစုံညီ ခုံရုံးထိုင်ပါတယ်။ ဆေးရုံမှာ လာလုပ်တဲ့ ခုံရုံးပေမယ့် ဥပဒေအရ လိုအပ်ချက်တွေအတိုင်း စစ်မေးတာပါ။ ဒီခုံအဖွဲ့က လူနာကို သူ့ဆန္ဒ ဆန့်ကျင်ပြီး ဆေးရုံတင်ထားတာဟာ ဥပဒေနဲ့ မညီဘူးလို့ တွေ့ရှိရင် နဂိုပုဒ်မ ပျက်ပျယ်ပြီး လူနာလည်း သူ့သဘော သူဆောင်ခွင့် ရပါတယ်။ ဆေးရုံက ဆင်းနိုင်တယ်ပေါ့။ ကိုက်ညီရင်တော့ ဆေးကုဖို့ လိုသလောက် ဆေးရုံမှာ ဆက်နေရပါတယ်။
ဆေးရုံပေါ်မှာ ဆေးကုလိုက်လို့ လူနာက သက်သာလာပြီး ဆရာဝန်နဲ့ ပြောဆိုဆွေးနွေးနိုင်တဲ့ အခြေအနေကို ပြန်ရောက်ပြီ ဆိုရင်တော့ လူနာနဲ့ ဆရာဝန် ပွင့်ပွင့်လင်းလင်း ရှေ့ကုထုံးကို ဆွေးနွေးနိုင်ပါပြီ။ လူနာရဲ့ အချုပ်အချာပိုင်မှုကို လေးစားရခြင်း (Respect for autonomy) ပြန်တည်သွားပြီပေါ့။ လူနာကလည်း သူ့ကောင်းကျိုးအတွက်မှန်း လက်ခံလာလို့ အသာတကြည်ပဲ ဆေးရုံမှာ ဆက်နေဖို့ သဘောတူတတ်ပါတယ်။ ဒါဆို ဥပဒေ သုံးပြီး ဆေးရုံတင်ထားတဲ့ ကိစ္စကို သူ့ကို ကုနေတဲ့ စိတ်ရောဂါပါရဂူကြီးက ပယ်ဖျက်ပေးနိုင်ပါတယ်။ “မိမိဆန္ဒအလျောက် ဆေးရုံတက်ခြင်း (voluntary admission)” ပြန်ဖြစ်သွားတာပေါ့။
ဒီလောက်ဆို သာမန်လူထုရဲ့ ကြဉ်ခြင်း၊ ပယ်ခြင်းကို မသိမသာရော၊ သိသိသာသာပါ ခံရတဲ့ စိတ်ရောဂါ ဝေဒနာရှင်တွေကို ဥပဒေကပေးတဲ့ အကာအကွယ်အကြောင်း တစ်စေ့တစ်စောင်းလေး စုံသလောက် ဖြစ်သွားပါပြီ။ အရမ်းကြီး ရှုပ်ထွေးမသွားဘူးလို့တော့ မျှော်လင့်ပါတယ်။ တခြားနိုင်ငံတွေက အတွေ့အကြုံတွေ ရှိရင်လည်း ကြားသိလိုပါတယ်။ ကျေးဇူးတင်ပါတယ်။
(ကိုယ်ပိုင်ဘလော့ဂ်မှာ တင်ပြီးသား ပို့စ် ဖြစ်ပါတယ်။ စိတ်ဝင်စားလောက်မယ် ထင်လို့ရော၊ တုံ့ပြန်မှုကို သိလိုတာကြောင့်ရော၊ မရေးနိုင်တာ ကြာနေလို့ အားနာတာကြောင့်ရော ဒီမှာ ပြန်တင်လိုက်တာပါ။ လွတ်လပ်စွာ ဝေဖန်နိုင်ပါတယ်)
Posted by
Nu Thwe
12
comments
Labels: Health policy, Mental health
Thursday, December 4, 2008
Adult ADHD
်လူကြီးတွေမှာ ဖြစ်တဲ့ အာရုံမစိုက်နိုင်တဲ့ ရောဂါ (Adult Attention-Deficit Hyperactivity Disorder) ဟာ ကလေးတွေမှာ ဖြစ်တဲ့ ADHD ရောဂါလက္ခဏာတွေနဲ့ တော်တော်တူပါတယ်။ ဒေါက်တာ ဇင်သူ ရေးပြီးသားမို့ သူ့စာကိုပဲ ဒီမှာ ညွှန်းလိုက်ပါတယ်။
အတိုချုပ် နည်းနည်း ပြန်ကောက်ရရင်တော့ အဓိက လက္ခဏာတွေမှာ
(၁)အာရုံ စူးစိုက်နိုင်မှု မရှိခြင်း (Inattention)တို့ ပါဝင်ပါတယ်။
(၂)ဂနာမငြိမ်ဘဲ အမြဲတမ်း လှုပ်ရွနေခြင်း (Hyperactivity)
(၃)လျှပ်တပျက် စိတ်ကူးပေါ်ရာ မစဉ်းစား၊ အန္တရာယ်ကို မမှုပဲ လုပ်ကိုင်တတ်ခြင်း (Impulsivity)
ကလေးတွေမှာ ဒီရောဂါကို ရောဂါအနေနဲ့ သတိပြု ရှာဖွေ၊ လက်ခံကုသနှုန်း မြင့်မားပေမယ့် လူကြီးတွေမှာတော့ ဒီလို မဖြစ်သေးပါဘူး။ ဒီရောဂါရှိတဲ့ ကလေးတွေဟာ အသက်ကြီးလာတာနဲ့အမျှ ရောဂါလက္ခဏာတွေ လျော့ပါးလာတယ် ဆိုသော်ငြား၊ သူတို့အားလုံး လူငယ်လူလတ်ပိုင်း ရောက်တာနဲ့ ဒီရောဂါ လုံးဝ အရှင်းပျောက်သွားတယ် ဆိုတဲ့ သာဓက မရှိပါဘူး။ ဆိုလိုတာက ရောဂါလက္ခဏာတချို့ ကျန်နေနိုင်ပြီး လူနာရဲ့ နေ့စဉ် လူမှုဘ၀၊ အလုပ်အကိုင် စတာတွေမှာ အနှောက်အယှက်ပေး၊ ထိခိုက်စေနိုင်ပါတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ထုတ်ဝေခဲ့တဲ့ ပေါင်းချုပ်သုတေသန (Meta-analysis) စာတမ်းတစ်စောင်အရ ADHD ရောဂါရှင် ကလေးတွေကို အသက် (၂၅)နှစ်မှာ ပြန်စစ်ဆေးကြည့်တဲ့အခါ ၁၅% ခန့်ဟာ ရောဂါလက္ခဏာအားလုံး ရှိနေသေးပြီး ၆၅% ကတော့ ရောဂါလက္ခဏာတချို့ ရှိနေပါသေးသတဲ့။
ADHD ရောဂါရှင် လူကြီးတွေမှာ ဂနာမငြိမ်ဘဲ အမြဲတမ်း လှုပ်ရွနေခြင်း (Hyperactivity) ဟာ ကလေးဘ၀က ခန္ဓာကိုယ် လှုပ်ရွနေတာမျိုးထက် မိမိဖာသာ ခံစားရတဲ့ စိတ်ထဲက ဂနာမငြိမ်တာမျိုး၊ စိတ်ကို လျှော့ဖို့ရာ ခက်ခဲတာမျိုး၊ ငြိမ်ငြိမ်လေး နေရရင် စိတ်ညစ်လာတာမျိုး ဖြစ်ပါသတဲ့။
အာရုံ စူးစိုက်နိုင်မှု မရှိခြင်း (Inattention) ဆိုရင်လည်း အသေးစိတ်လေးတွေကို အာရုံစိုက်မရတာမျိုး၊ စာတစ်ကြောင်းတစ်ပုဒ်ကို အခါခါ ပြန်ဖတ်နေရတာမျိုး၊ လုပ်စရာ ကိစ္စ ဆုံစရာ ချိန်းဆိုချက်တွေကို မေ့တတ်တာမျိုး၊ ပစ္စည်းတွေ ခဏခဏ ပျောက်၊ စကားပြောလက်စ အစပျောက်သွားတတ်တာမျိုး တို့ ဖြစ်တတ်ပါတယ်။ အတွေးတွေကလည်း ဟိုရောက်ဒီရောက် အမြဲပဲ ယောက်ယက်ခတ်လို့။ ဘာကိစ္စပဲ ဖြစ်ဖြစ် ပြီးအောင် မလုပ်နိုင်၊ ပြဿနာဆိုလည်း မဖြေရှင်းနိုင်၊ အချိန်နဲ့လည်း မပြီးဆိုတော့ အလုပ်မှာ ဘယ်အဆင်ပြေပါ့မလဲ။ စိတ်ကလည်း ကျသွားလိုက်၊ တက်ကြွနိုးကြားလိုက်နဲ့ တစ်ခါတလေဆို ဒေါသပေါက်ကွဲတာမျိုးတောင် ဖြစ်တတ်ပါသေးတယ်။ ဒီလို ဖြစ်တော့ လူတွေ (မိသားစု၊ မိတ်ဆွေအပေါင်းအသင်း၊ ချစ်သူ) နဲ့ ဆက်ဆံရေးပါ ထိခိုက်လာတာပေါ့။
လျှပ်တပျက် စိတ်ကူးပေါ်ရာ မစဉ်းစား၊ အန္တရာယ်ကို မမှုပဲ လုပ်ကိုင်တတ်တဲ့ (Impulsivity) အကျင့်ကြောင့် လူအများနဲ့တွဲပြီး လုပ်ရတဲ့ အလုပ်တွေမှာ ပြဿနာ ပေါ်နိုင်ပါတယ်။ ကျားမ ဆက်ဆံရေး Relationship ကိုလည်း မစဉ်းမစား စိတ်ထဲပေါ်ရာ ခုတွေ့ခုတွဲ ခုပြတ် လုပ်တတ်ပါတယ်။ ဘယ်အရာကိုမှ အလေးအနက် မစဉ်းစားပဲ ပေါ့ပေါ့ဆဆ ကမျောသောပါး ဆုံးဖြတ်ချက်မျိုး ချတတ်ပါတယ်။
ဒါမျိုး တို့လည်း ဖြစ်တာပဲ၊ ဒါကို ရောဂါလို့ သတ်မှတ်ရမှာလား-လို့ မေးစရာ ရှိပါတယ်။ အထက်ဖော်ပြပါ လက္ခဏာတွေကို ကျွန်မတို့၊ စာဖတ်သူတို့လည်း ရံဖန်ရံခါ ကြုံတတ် ဖြစ်တတ်တာပါပဲ။ ရောဂါရှင်တွေမှာတော့ ဒီလက္ခဏာတွေဟာ နေ့စဉ်တွေ့ကြုံနေရတာ ဖြစ်ပြီး၊ သူတို့ကိုယ်တိုင်လည်း စိတ်ညစ်ရ၊ သူတို့ ပတ်ဝန်းကျင်ကလူတွေလည်း စိတ်ညစ်ရနဲ့ သူတို့ရဲ့ လူမှုရေး၊ ပညာရေး၊ အလုပ်အကိုင်တွေကိုပါ ထိခိုက်လောက်တဲ့အထိ ဖြစ်တာပါ။ အတိုင်းအတာအားဖြင့် အများကြီး ပိုဆိုးတာပေါ့။
Adult ADHD ဟာ မသိလို့ မကုမိတာ များပါတယ်။ ဒီရောဂါရဲ့ လက္ခဏာတွေဟာ ပြင်ပလူနာဌာနမှာ လာပြတုံး ပေါ်ချင်မှလည်း ပေါ်ပါမယ်။ ဆရာဝန်က ဒီရောဂါနဲ့ ထိတွေ့မှု နည်းရင်လည်း သံသယထားမှု (high index of suspicion) မရှိတော့ လွတ်သွားတတ်ပါတယ်။ ရောဂါရဲ့ သဘောကိုက လက္ခဏာတွေဟာ ကလေးအသက် (၇)နှစ် မတိုင်မီကတည်းက ပေါ်တာမို့ ငယ်ငယ်ကတည်းက တစ်သက်လုံး ဒီလိုပဲ ဆိုပြီး သူ့သဘာဝပဲလေ-လို့ သတ်မှတ်လိုက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ အဲဒီလို မသိလိုက်၊ မကုမိလိုက်တဲ့အခါ သို့မဟုတ် တခြားရောဂါ (ဥပမာ စိတ်ကြွစိတ်ကျရောဂါ၊ စိတ်ပူပန် ဂနာမငြိမ်တဲ့ ရောဂါ၊ လူရည်လူသွေး မူကွဲ ပုံမမှန်တဲ့ ရောဂါ စသည်) အဖြစ် ကုမိတဲ့အခါ လူနာမှာ ပျောက်ကင်းသက်သာခြင်း မရှိတဲ့အပြင် ပိုလို့တောင် စိတ်ပင်ပန်းရပါသေးတယ်။ ဆေးကုပေမယ့် မပျောက်ဘူး ဆိုပြီး စိတ်ပိုညစ်တာပေါ့။ အဲဒီလိုနဲ့ပဲ တချို့သော ရောဂါသည်တွေဟာ အရက်၊ မူးယစ်ဆေး စသည်တို့ကို သုံးစွဲလာတယ်။ ဆေးမှန်မှန်ကန်ကန်နဲ့ မကုရတော့ သူတို့ရဲ့ အပြုအမူတွေကလည်း ပိုဆိုးလာပြီး လူမှုအသိုင်းအ၀ိုင်းနဲ့ ပဋိပက္ခတွေ ပိုဖြစ်လာတတ်ကြပါတယ်။
လောလောလတ်လတ် ထွက်လာတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဆယ်နိုင်ငံ ပါဝင်ခဲ့တဲ့ သုတေသန တွေ့ရှိချက်အရ သုတေသန ပြုခဲ့တဲ့ လူဦးရေပေါင်းရဲ့ ၃.၅% ဟာ Adult ADHD ရောဂါလက္ခဏာတွေ ရှိတယ်လို့ တွေ့ရပါတယ်။ သူတို့တွေဟာ ရောဂါမရှိသူတွေနဲ့စာရင် တစ်နှစ် ပျမ်းမျှခြင်း အလုပ်မှ ပျက်ကွက်ရက် (၂၂)ရက် ပိုတယ်လို့လည်း တွေ့ရပါသတဲ့။ ကုန်ထုတ်စွမ်းအား လျော့ကျစေတဲ့ အဓိကအကြောင်းတစ်ရပ်အဖြစ် အလုပ်ရှင်တွေ၊ အစိုးရတွေ သတိထားသင့်ကြောင်း၊ ဒီရောဂါကို ရှာဖွေဖော်ထုတ် ဆေးကုသသင့်ကြောင်း သုတေသနစာတမ်းရှင်များက တိုက်တွန်းထားပါတယ်။
ဆေးပညာပိုင်းအရ ပြောရရင်တော့ ခုနောက်ပိုင်း အထွေထွေ စိတ်ရောဂါကု ဆရာဝန်များ (General Adult Psychiatrists) ကို Adult ADHD အကြောင်း ပိုသတိပေး ဆွေးနွေးလာကြပါတယ်။ ငယ်ငယ်တုံးက ကလေးစိတ်ရောဂါကု ဆရာဝန်တွေရဲ့ ကြီးကြပ်မှုနဲ့ လှုံ့ဆော်ဆေး (stimulants) တွေ သောက်ခဲ့ရတဲ့ ကလေးတွေ လူငယ်လူလတ်ပိုင်း ရောက်လာတဲ့အခါ ဆေး ဆက်သောက်ရဖို့ အလားအလာ များပါတယ်။ အဲသလို ငယ်ငယ်က ရောဂါ ရှာမရခဲ့တဲ့ ရောဂါရှင်တွေဟာ အသက်ကြီးမှ အထက်ပါ ရောဂါလက္ခဏာတွေနဲ့ စိတ်ရောဂါအထူးကုတွေဆီ ပထမဆုံးအကြိမ် ရောက်လာတတ်ပါတယ်။ ဒီအချိန်မှာ ရောဂါရှာတွေ့ (diagnosis ရ) သွားရင် ဆေးကုနိုင်ပြီပေါ့။
ဆေးတွေက ဦးနှောက်ထဲက မညီမျှတဲ့ ဓာတုပစ္စည်းတွေကို ညှိနှိုင်းပေးပါတယ်။ စွဲတတ်တဲ့ သဘာဝရှိလို့ ဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ပြီးမှ စီစဉ်တာ ကောင်းပါတယ်။ ဆေးအပြင် brief structured psychotherapy (ဥပမာ- Cognitive Behaviour Therapy) ဟာလည်း ထိရောက်တယ်လို့ တချို့ သုတေသနပြုချက်တွေက ဆိုပါတယ်။ အပြုအမူပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ ပြောင်းလဲသင့်တာတွေကို အမူအကျင့်နဲ့ဆိုင်တဲ့ စမ်းသပ်ချက်တွေ လုပ်ခိုင်းပြီး ကုသတာပါ။ နောက်ထပ် လေ့လာမှု၊ သုတေသနတွေ လုပ်ဖို့တော့ တော်တော် လိုအပ်ပါသေးတယ်။
မြန်မာလူမျိုးအပေါင်း စိတ္တဘယမှ ကင်းဝေး၊ ချမ်းသာကြပါစေ။
Reference
- Asherson, P., Craddock, B., Taylor, E. (2007) 'Adult attention-deficit hyperactivity disorder: recognition and treatment in General Adult Psychiatry' , British Journal of Psychiatry, 190; 4-5.
- De Graaf, R. et al (2008) 'Prevalence and effects of Adult attention-deicit/ hyperactivity disorder (ADHD) on the performance of workers: results fromthe WHO World Mental Health Surver Initiatives, Occupational and Environmental Medicine;65:835-842.
Posted by
Nu Thwe
8
comments
Labels: ADHD, Mental health
Monday, October 13, 2008
Anorexia Nervosa

အရိုးတွေ ပေါ်အောင် ပိန်နေမှ လှတယ် ထင်တာကြောင့် လိုလို၊ ၀ပြီး အဆီပိတ် ရောဂါထူမှာ ကြောက်တာကြောင့် လိုလိုနဲ့ အစားတွေ ရှောင်တာက စတတ် ပါတယ်။ တဖြည်းဖြည်းနဲ့ ပုံမှန် မဟုတ်တော့တဲ့ ကိုယ်အလေးချိန် လျှော့နည်းတွေ၊ အမူအကျင့်တွေကို ရောက်လာ တာပါပဲ။ ကိုယ်အလေးချိန် လျော့အောင်လို့ လေ့ကျင့်ခန်း တွေကိုလည်း မတရား လုပ်တတ် ပါသေးတယ်။ သူများအမြင်မှာ ဘယ် လောက် ပဲ ပိန်ပိန် သူတို့စိတ် သူတို့ အမြင်မှာတော့ ပုံပျက်ပန်းပျက် ၀တယ်လို့ပဲ ယုံကြည် နေတတ်လို့ ကိုယ်အလေးချိန် လျော့အောင် အစားမစား၊ လေ့ကျင့်ခန်း နင်းကန်လုပ်နဲ့ အတောမသတ်ပါဘူး။ ခန္ဓာကိုယ်ကလည်း အရိုးပြိုင်းပြိုင်း၊ အရောင်အသွေး ခန်းခြောက်၊ မျက်တွင်း ငေါငေါနဲ့ ကြောက်စရာ ဖြစ်လာပါတယ်။
ဆယ်ကျော်သက် တွေကြား ဒီရောဂါ အဖြစ်များပြီး ယောက်ျားလေး မိန်းကလေး ဖြစ်နှုန်းက ၁း၁၀ ရှိပါတယ်။ သုံးပုံနှစ်ပုံမှာ ခန္ဓာ ကိုယ်ပိုင်း ဆိုင်ရာ ရောဂါ လက္ခဏာတွေ ပြတတ်ပြီး သုံးပုံတစ်ပုံ သတ်သေနှုန်း ရှိလို့ ကြောက်စရာ ကောင်းတဲ့ ရောဂါ အမျိုးအစားမှာ ပါဝင် ပါတယ်။
ရောဂါ အမည် တပ်ဖို့အတွက် လက္ခဏာတွေ (Diagnostic criteria) ကတော့
- အရပ် နှင့် နှိုင်းယှဉ် ကိုယ်အလေးချိန် (Body Mass Index = Body weight in Kilograms divided by Height in Meters squared) 17.5 ထက် လျော့နည်းခြင်း
- မိမိဖာသာ ဖြစ်စေသော ကိုယ်အလေးချိန် လျော့ကျခြင်း (Self-induced weight loss) (ဥပမာ ၀စေသော အစာများကို မတရား ရှောင်ခြင်း၊ စားပြီး လက်ထိုးအန်ခြင်း၊ ၀မ်းနှုတ်ဆေး များ ပုံမှန် သုံးခြင်း၊ ကိုယ်လက် လေ့ကျင့်ခန်း တရားလွန် လုပ်ခြင်း၊ အစား မစားချင်အောင် ဆေး သောက်ခြင်း စသည်)
- မိမိ ခန္ဓာကိုယ်ကို အလွန်အမင်း ၀နေသည်ဟု အမြင်မှား ယုံကြည်နေခြင်း (Body image distortion) ၀မည်ကို ထိတ်လန့်ကြောက်ရွံ့နေခြင်း၊ ကိုယ်အလေးချိန်တိုးမှုနှင့် ပတ်သက်၍ သတိ အပိုလွန်နေခြင်း
- သွေးထဲရှိ ဟော်မုန်းဓာတ်များ ကမောက်ကမ ဖြစ်ကုန်ခြင်း ပြဿနာများ (Endocrine disorders) (ဥပမာ ရာသီသွေး ထိန်ငုပ်ခြင်း၊ လိင်မှုကိစ္စ စိတ်မပါတော့ခြင်း၊ အင်ဆူလင် ထုတ်မှု ပုံမမှန်တော့ခြင်း စသည်)
- အရွယ် မရောက်သေးသော (ရာသီသွေး မပေါ်သေးသော) မိန်းကလေးများတွင် အရွယ်ရောက် နောက်ကျခြင်း (Delayed or arrested puberty)
များသောအားဖြင့်တော့ ဒီရောဂါ ဖြစ်လာသူတွေမှာ အိမ်တွင်း မိသားစု အနေအထား ပြဿနာ တစ်ခုခု ရှိတတ် ပါတယ်။ စည်းကမ်း အလွန် တင်းကြပ်ခြင်း သို့မဟုတ် လျော့လျဲ လွန်းခြင်း၊ လူကြီးများက နေရာတကာ ၀င်ပါပြီး လုံးဝ လွတ်လပ်ခွင့် မပေးခြင်း၊ အချစ် လွန်ပြီး ကာဆီး ကာဆီး လုပ်လွန်းခြင်း၊ ပြဿနာ ထိပ်တိုက် တွေ့မှုများကို မဖြေရှင်းပဲ ရှောင်ရှားခြင်း တို့နဲ့ ဆက်နွှယ် တတ် ပါတယ်။ တစ်ခါတလေ တော့လည်း မိဘကိုယ်တိုင်က အစားအသောက်ကို သတိထား လွန်းတာကြောင့် ကလေး တွေက အကြောက်လွန်ပြီး ဟိုဟာ မစားရဲ ဒီဟာမစားဝံ့ ရှောင်ကုန် တတ်ပါတယ်။
လူနာမှာ တွေ့ရတဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေကတော့
- ကြွက်သားများ သေးသိမ်လာခြင်း (ဥပမာ လက်မောင်းလက်ဖျံ)
- အသားအရေ ခမ်းခြောက်ခြင်း
- ဆံပင်နှင့် ခြေသည်း လက်သည်းများ ပြတ်လွယ် ကျိုးလွယ်ခြင်း
- လက်ဆစ် များတွင် အသားမာ တက်ခြင်း (လက်ထိုး အန်တတ် သူများတွင် တွေ့ရသော ရုပ်လက္ခဏာ)
- သွေးအားနည်းခြင်း
- အသားနှင့် မျက်သားများ ၀ါလာခြင်း
- ကလေး အမွှေးကဲ့သို့ မွှေးညှင်း နုများ ပေါက်လာခြင်း (အထူးသဖြင့် ကျောပြင်တွင်)
- သွားကြွေသားများ ပါးလျားကုန်ခြင်း
- လက်ဖျား ခြေဖျားများ ပြာနှမ်းလာခြင်း
- သွေးပေါင်ချိန် ကျခြင်း (ပုံမှန် မဟုတ်)
- ကိုယ်အပူချိန်ကျခြင်း (ပုံမှန် မဟုတ်)
- ရင်သားများ ရှုံ့တွသေးငယ်ကုန်ခြင်း
- တံတွေးကြိတ်များ ယောင်ယမ်းခြင်း (အထူးသဖြင့် နားနောက် နှင့် မေးရိုးအောက်)
- အူများ အလုပ်မလုပ်တော့ခြင်း (၀မ်းနှုတ်ဆေး အလွဲသုံးမှုကြောင့်)
- လက်ထုံ ခြေထုံ ဖြစ်ခြင်း တို့ ဖြစ်ပါတယ်။
အတွေ့ရများတဲ့ စိတ်ပိုင်း ဆိုင်ရာ ဘုံလက္ခဏာ ကတော့ ဒီရောဂါ ဖြစ်တဲ့ ကလေးတွေဟာ အစား ထိန်းချုပ်ခြင်းကို သူတို့ဘ၀မှာ သူတို့ အစိုးရတဲ့ တစ်ခုတည်းသော ကိစ္စအနေနဲ့ အသုံးချ တာပါ။ ကျန်တာအားလုံး သူတို့ မထိန်းချုပ် နိုင်တာကို အစားထိုးတဲ့ သဘောပေါ့။ ကုရခက်တာ ဒါကြောင့်ပါ။ စိတ်ကုထုံး (Psycho-therapy)ကို အတွေ့အကြုံရှိတဲ့ စိတ်ပညာရှင် (Clinical Psychologist) နဲ့ လပေါင်း များစွာ ကုရပါတယ်။
တစ်ချိန်တည်း မှာပဲ အစာ ပြန်စား နိုင်အောင်လည်း ကုရ၊ ကူရပါတယ်။ အတင်း ဒုတ်နဲ့ ရိုက်ပြီး ကျွေးလို့ မရပါဘူး။ စိတ်က မစားနိုင်လို့ အင်မတန် ခက်ခဲ ပင်ပန်း ကြရှာပါတယ်။ ခန္ဓာကိုယ် ကလည်း မခံနိုင်လို့ မတိုင်းမဆ ကျွေးရင် အန္တရာယ် ဖြစ်တတ် ပါတယ်။ အစာ အာဟာရ ပညာရှင် (Dietitian) နဲ့ သေချာတိုင်ပင် တွက်ချက်ပြီးမှ စနစ်တကျ ကျွေးရတာပါ။ ခန္ဓာကိုယ်တွင်း ဓာတ်ဆား အနေအထားကို အကြိမ် များစွာ သွေးဖောက် စစ်ဆေး ရပါတယ်။ နှလုံးခုန်နှုန်းကို ထိခိုက်ပြီး သေစေ တဲ့အထိ ဒုက္ခ ပေးနိုင်လို့ပါ။
ကြောက်စရာကောင်းတဲ့ နောက်ဆက်တွဲ ပြဿနာတွေကတော့
- သွားပိုးစားခြင်း
- နှလုံးခုန် မမှန်ခြင်း၊ သွေးပေါင်ကျ မူးမော် မေ့မျောခြင်း၊ နှလုံး ရုတ်တရက် ရပ်သွားနိုင်ခြင်း
- အူများ ပုံမှန် အလုပ်မလုပ်ပဲ နှေးကွေး လာခြင်း၊ ၀မ်းအလွန်အမင်း ချုပ်ခြင်း
- ဟော်မုန်းများ ကယောက် ကယက် ဖြစ်ကုန်ပြီး ၄င်းတို့၏ လုပ်နေကျ အလုပ်များ မှားယွင်း ကုန်ခြင်း (ဥပမာ သိုင်းရွိုက် ဟော်မုန်း နည်းခြင်း များခြင်း)
- ကျောက်ကပ်တွင်း ကျောက်တည်ခြင်း
- ကိုယ်ခန္ဓာ ကြီးထွားမှု တန့်သွားခြင်း
- အရိုးပွ ဆတ် ကျိုးလွယ်ခြင်း
- ကိုယ်ဝန် မရနိုင်ခြင်း၊ ရပါကလည်း ကလေး အာဟာရ ချို့တဲ့ကာ မွေးစ အလေးချိန် လျော့နည်းခြင်း
- ဦးနှောက် ထုထည် လျော့ကျ သေးသိမ်လာခြင်း (အစား ပုံမှန် ပြန်စားရင် တဖြည်းဖြည်း ပြန်ကောင်းပါတယ်)
- သွေးဆဲလ်များ လျော့နည်း၍ သွေးအားနည်း၊ ခုခံအားနည်း၊ သွေးမတိတ် ဖြစ်ခြင်း-
အားလုံး ကြောက်စရာချည်းပါပဲ။
“အစားမစားနိုင်သော ရောဂါ (Anorexia Nervosa)” ဖြစ်နေတာ သေချာတယ်လို့ ရောဂါ အမည်တပ်ပြီးတဲ့နောက်မှာ သေသေချာချာ ကုရပါတယ်။ မိသားစုကလည်း စိတ်ရှည်လက်ရှည် ပါဝင်ဖို့ လိုပါတယ်။ ဘယ်သူ့ ဘယ်သူမှ အပြစ်တင် နေစရာ မဟုတ်ပါဘူး။ ပြဿနာရယ်လို့ သိပြီးတဲ့နောက် ဒါကို လက်ခံဖို့နဲ့ ရှေ့လျှောက် ဘာလုပ်မယ် ဆိုတာ ညီညီ ညွတ်ညွတ် သဘောတူဖို့၊ လက်တွေ့ လုပ်နိုင်တာ တွေ စလုပ်ဖို့ လိုပါတယ်။ ကြာရှည် ကုရတဲ့ ရောဂါပါ။
မြန်မာနိုင်ငံ မှာတုံးက ဒီရောဂါ ရှိတယ်လို့ မကြားဖူး ခဲ့တာဟာ တကယ်ပဲ မရှိတာလား၊ ရှိလျက်နဲ့ မသိတာ လား မပြောတတ် ပါဘူး။ စာဖတ် သူများရဲ့ အတွေ့အကြုံကို ကြားသိလိုပါတယ်။
မြန်မာလူမျိုးအပေါင်း စိတ္တဘယမှ ကင်းဝေး၊ ချမ်းသာကြပါစေ။
Reference:
Semple, D., Smyth, R., Burns, J., Darjee, R. & McIntosh, A. (2005). Oxford Handbook of Psychiatry, Oxford: University Press.
Posted by
Nu Thwe
3
comments
Labels: Mental health
Sunday, September 28, 2008
Dementia Syndrome (2)
တချို့ကျတော့လည်း ရောဂါကြောင့် မေ့လျော့ပြီး အထားမှားတာကို ကိုယ့်ဖာသာကိုယ် မမှတ်မိတော့ သူများ ခိုးတယ် ထင်ပြီး မိသားစုဝင် သို့မဟုတ် တခြားလူတွေကို စွပ်စွဲတာမျိုး ဖြစ်တတ်ပါသေးတယ်။ ဆရာဝန်ကို ပြကြည့်သင့်ပါတယ်။ ဆေးနဲ့ ကုဖို့ လို၊မလို ဆုံးဖြတ်ရအောင်ပါ။ ဒါကို ရောဂါကြောင့် ဖြစ်တာပဲလို့ နားလည်ရင် မလိုအပ်တဲ့ ဒေါသ၊ စိတ်ပူပန်ခြင်းတွေ အထိုက်အလျောက် သက်သာပါလိမ့်မယ်။ ကိုယ့်ဖက်က တတ်နိုင်သလောက် ရှင်းအောင် ထားရင်၊ နေရင် အများအမြင်မှာလည်း သံသယ ကင်း၊ ကိုယ်လည်း စိတ်ပေါ့ပါးတာပေါ့။
ရောဂါမှန်း မသိခဲ့ရင် အထက်ပါ လက္ခဏာတွေဟာ လူနာအတွက်ရော၊ မိသားစုအတွက်ပါ ကြောက်စရာ ဖြစ်ပါတယ်။ အယူသည်းတဲ့ ယဉ်ကျေးမှု ရှိတဲ့အရပ်မှာဆိုရင် ဒါကို အပမှီတယ်၊ ပယောဂ၀င်တယ်လို့တောင် ပြောကောင်းပြောမယ် ထင်ပါတယ်။ အမှန်က ဦးနှောက်တွင်း ဓာတ်သဘာဝတွေ ဖောက်ပြန်လို့ ဖြစ်ရတာပါ။ သူငယ်ပြန်ရောဂါသက်သက်ကို ပျောက်အောင် မကုနိုင်သေးပေမယ့် ဒီလို တွဲဖက်လက္ခဏာတွေကိုတော့ ဆေးကုလို့ ရပါတယ်။ Symptomatic treatment ပေါ့။ ရလဒ်ကောင်းပါတယ်။
ဦးနှောက်တွင်း ရောဂါဇစ်မြစ်ပေါ် မူတည်လို့ သူငယ်ပြန်ရောဂါ အမျိုးမျိုး ရှိတဲ့အထဲမှာ အယ်လ်ဇိုင်းမား သူငယ်ပြန်ရောဂါ တစ်ခုတည်းပဲ သူ့ရောဂါ သက်သက်ကို ကုတဲ့ဆေး ရှိပါသေးတယ်။ နှစ်မျိုးရောတဲ့ သူငယ်ပြန်ရောဂါဆိုရင်လည်း အယ်လ်ဇိုင်းမားရောဂါဆေးတွေ သုံးကြည့်လို့ ရပါတယ်။ ထိရောက်မှုကတော့ အယ်လ်ဇိုင်းမားရောဂါသက်သက် ဖြစ်သူနဲ့စာရင် ကွာဟလျော့နည်းနိုင်ပါတယ်။ ကျန်တာကတော့ ဆိုင်ရာဆိုင်ရာကို ကုရပါတယ်။ လေဖြတ်ရောဂါကြောင့် ဖြစ်တဲ့ သူငယ်ပြန်ရောဂါဆိုရင် နောက်ထပ် လေမဖြတ်အောင် သွေးတိုး၊ ဆီးချိုကို သေချာကု၊ သွေးခဲကြောင့် ဖြစ်တဲ့ လေဖြတ်ရောဂါဆိုရင် သွေးကျဲဆေး ပေး၊ အရက်ကြောင့် ဖြစ်တဲ့ သူငယ်ပြန်ရောဂါဆိုရင် အရက်ကို ဖြတ် စသည်ဖြင့်ပေါ့။
လောလောဆယ် သုံးခွင့်လိုင်စင်ရထားတဲ့ အယ်လ်ဇိုင်းမားရောဂါဆေးတွေထဲမှာ Memantine ကတော့ ရောဂါလမ်းကြောင်းကို ပြောင်းလဲစေတဲ့ ဆေးမျိုး (Disease-modifying agent) လို့ ခေါ်ရင် ရပါတယ်။ တခြားဆေးတွေနဲ့ စာရင် ပေါ်တာ အရမ်းကြီး မကြာသေးလို့ ရေရှည်သုတေသနနဲ့ လက်တွေ့ကု ရလဒ်အဖြေတွေ နောက်ထပ် လိုပါသေးတယ်။ အရှင်းပျောက်စေတဲ့ဆေးတော့ မဟုတ်ပါဘူး။
ကျန်တဲ့ အယ်လ်ဇိုင်းမားရောဂါဆေး Choline Esterase Inhibitors (Donepezil, Galantamine, Rivastigmine) တွေဟာ ရောဂါလမ်းကြောင်းကို ပြောင်းလဲစေတဲ့ ဆေးမျိုး (Disease-modifying agents) မဟုတ်ကြပါဘူး။ ရောဂါလက္ခဏာကို ခဏထိန်းထားတဲ့ သဘောပဲ ရှိပါတယ်။ အကြမ်းအားဖြင့် လူနာသုံးယောက်မှာ နှစ်ယောက် ရလဒ်ကောင်း ရတတ်ပါတယ်။ ဒါကလည်း အချိန်အတိုင်းအတာ တစ်ခုအထိပါ။ ဆေးရဲ့အစွမ်းကို ရောဂါရှေ့တိုးနှုန်းက အနိုင်ယူသွားတဲ့ တစ်ချိန်မှာတော့ ဆေးမတိုးတော့ပါဘူး။ ဒါကို ဆရာဝန်က ဆေးစညွှန်းကတည်းက လူနာနဲ့ လူနာရှင်ကို ပွင့်ပွင့်လင်းလင်း ပြောထားရပါတယ်။ နောက်မှ စိတ်အနှောက်အယှက်ဖြစ်၊ နားလည်မှုလွဲ၊ မကျေနပ်တာတွေ မဖြစ်ရအောင်ပါပဲ။ ဒါကို လူနာနဲ့ လူနာရှင်အားလုံးက လိုလားလက်ခံပါတယ်။ ဒီလို သိရတာဟာ သူတို့ရဲ့ ဆေးအပေါ် ဆုံးဖြတ်ချက်အတွက်လည်း အထောက်အကူ ရတာပေါ့။
တွဲဖက်လက္ခဏာတွေ (co-existing symptoms) ကိုတော့ သက်ဆိုင်ရာဆေးတွေ { ဥပမာ စိတ်ဓာတ်ကျရောဂါ တန်ပြန်ဆေး (anti-depressants) စိတ်ငြိမ်ဆေး (anxiolytics) အမှန်နှင့် ကင်းကွာခြင်းကို တန်ပြန်ဆေး (anti-psychotics)}နဲ့ ကုနိုင်ပါတယ်။ ကုချင်တဲ့ လက္ခဏာ သတ်သတ်မှတ်မှတ် ထားပြီး သေသေချာချာ စောင့်ကြည့်ကုသနိုင်ပါတယ်။ မလိုအပ်ပဲ ဆေးတွေ အများကြီး ပေးထားတာမျိုး ရှောင်ရပါမယ်။
ဆေးမဟုတ်တဲ့ အခြားကုထုံးများလည်း ရှိပါတယ်။ လူနာကို လက်ရှိ အချိန်၊ ပတ်ဝန်းကျင်နဲ့ ပြန်ဆက်စပ်ပေးတဲ့ Reality Orientation Therapy, ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြော၊ ဓာတ်ပုံဟောင်းတွေ ပြန်ကြည့်ရင်း မှတ်ဥာဏ်ကို နှိုးဆွပေးတဲ့ Reminiscence Therapy, အမွှေးနံ့အမျိုးမျိုးကို သုံးပြီး စိတ်ရောကိုယ်ပါ တင်းကြပ်နေတာကို ဖြေလျှော့ပေးတဲ့ Aroma Therapy, စသည်တို့ကိုလည်း သုံးနိုင်ပါတယ်။ ဒါတွေ လုပ်တတ်တဲ့ သူနာပြုတို့ Occupational Therapist တို့တော့ လိုတာပေါ့။ ဒီကုထုံးတွေက သုတေသန အထောက်အထား အကြီးစား မရှိသေးပါဘူး။ အသေးစား လေ့လာချက်တွေမှာတော့ ရလဒ် ကောင်းကြပါတယ်။ ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမားလည်း မရှိပါဘူး။
သူငယ်ပြန်ရောဂါကို ကြိုတင်ကာကွယ်နည်းတော့ မတွေ့သေးပါဘူး။ ကျန်းမာရေးဆိုင်ရာ ယေဘူယျ ကောင်းချက်၊ဆိုးချက်တွေ အတိုင်းပဲလို့သာ ဆိုပါရစေ။ အရက်က ဦးနှောက်အတွက် အဆိပ်မို့ ရှောင်နိုင်ရင် ကောင်းပါတယ်။ အကိုက်အခဲပျောက်ဆေးတစ်မျိုး (NSAIDs) အမျိုးသမီး ဟော်မုန်း (Oestrogen) အပင်ထွက် ဆေးတစ်မျိုး (Gingko biloba) နဲ့ Vitamin E & C တို့ဟာ သူငယ်ပြန်ရောဂါ ဖြစ်နှုန်းနည်းစေတယ်လို့ ကနဦးတွေ့ရှိချက်တွေ ရှိထားပါတယ်။ သူတို့မှာလည်း ဘေးထွက်ဆိုးကျိုးတွေနဲ့ပါ။ သိပ္ပံနည်းကျ တိုက်ရိုက် ဖြစ်စေမှုကို အတည်မပြုရသေးလို့ လက်တည့်မစမ်းသင့်ပါဘူး။
အိမ်သား မိသားစုဝင်အနေနဲ့ ဘာလုပ်ပေးနိုင်သလဲဆိုရင် မေ့တတ်တာလေးကို ခဏခဏ မဝေဖန်မိ၊ မပြင်မိဖို့ သတိထားပါ။ မဟုတ်ရင် လူနာ စိတ်ရင်လည်းတို ဒါမှမဟုတ် စိတ်ထိခိုက်၊ စိတ်ဓာတ်ကျစေနိုင်လို့ပါပဲ။ ကိုယ်ဆိုရင်ကော အဲလို တစ်ချိန်လုံး လိုက်ပြော၊ လိုက်ပြင်နေတာ ခံချင်မလား ကိုယ်ချင်းစာကြည့်ပေါ့။ စကားပြောရင်လည်း ရှင်းရှင်းလင်းလင်း တစ်ချိန်မှာ တစ်ခု ပြောပါ။ အများကြီး တစ်ပြိုင်နက် ပြောရင် လူနာအတွက် အင်မတန် ရှုပ်ထွေး၊ လိုက်မမီ၊ စိတ်ညစ်စရာ ဖြစ်စေပါတယ်။ လူနာက နေ့တွေရက်တွေ ရောထွေးမှားယွင်းတတ်ရင် အိမ်ရှေ့မှာ ဒီနေ့ ဘယ်ရက်ဘယ်နေ့ဆိုတာ ရေးထားတဲ့ သင်ပုန်း သို့မဟုတ် ပြက္ခဒိန် တစ်ခု ထားပေးလိုက်ပါ။ မေ့တတ်ရင် စာရင်းစာအုပ်ထား၊ စာရင်းရေးတဲ့ အကျင့်လေးနဲ့ ကူပေးနိုင်ပါတယ်။ ဖြစ်နိုင်ရင်တော့ လူနာရဲ့ ပတ်ဝန်းကျင်မှာ အသစ်တွေ သိပ်မလုပ်မပြောင်းမိပါစေနဲ့။ လုပ်နေကျ ကိစ္စ၊ နေနေကျ ပတ်ဝန်းကျင်က သူတို့အတွက် ယဉ်ပါးပြီးသား၊ အရင်ကတည်းက မှတ်မိပြီးသားမို့ အကောင်းဆုံးပါ။ သူတို့ လုပ်နိုင်တာလေးတွေ ဆက်လုပ်နေတာ လူနာရဲ့ စိတ်ရောကိုယ်ပါ ကျန်းမာရေးအတွက် ကောင်းပါတယ်။ မီးဖို သုံးတဲ့အခါမျိုးမှာတော့ အန္တရာယ် မဖြစ်အောင် စောင့်ကြည့်ပေးရမှာပေါ့။
သူငယ်ပြန်ရောဂါရှိသူ လူနာဟာ ကိုယ့်ကိုကိုယ် ဂရုစိုက်နိုင်စွမ်း နည်းလာတတ်လို့ မိသားစုက သတိပေး ပြုစုရပါမယ်။ မဟုတ်ရင် အစားအသောက် မမှန်လို့ အာဟာရချို့တဲ့တာ၊ ခန္ဓာကိုယ်တွင်း ရေခမ်းခြောက်တာတို့ ဖြစ်ရင် အန္တရာယ် ဖြစ်နိုင်လို့ပါ။ တစ်ကိုယ်ရေ သန့်ရှင်းရေးလည်း ကျဆင်းလာတတ်ပါတယ်။ ချော့မော့ပြီး လိုတာလေး လုပ်ပေးရင်တော့ လက်ခံကြတာ များပါတယ်။ ပြုစုသူ စိတ်ရှည်ဖို့ လိုပါတယ်။
သူငယ်ပြန်ရောဂါဟာ ဆုံးဖြတ်ချင့်ချိန်မှု (judgement) ကို ထိခိုက်လို့ ကားမောင်းရင် အန္တရာယ် ဖြစ်နိုင်ပါတယ်။ ရောဂါ ဖြစ်တာနဲ့ ကားမောင်းရပ်ဖို့ မလိုပေမယ့် တစ်ချိန်ချိန်မှာတော့ ရပ်ရမှာပါပဲ။ ကားကိုယ်တိုင် မမောင်းကြတဲ့ မြန်မာနိုင်ငံမှာ ဒါဟာ ပြဿနာ သိပ်မဟုတ်လှပေမယ့်၊ အနောက်တိုင်းမှာတော့ လူနာရဲ့ ခြေထောက်ကို ရိုက်ချိုးသလိုမို့ တော်တော် ထိခိုက်ပါတယ်။ လူနာတွေ သိပ်ညည်းတဲ့ ရောဂါရဲ့ နေ့စဉ်ဘ၀အပေါ် သက်ရောက်မှုပါ။ လူနာ ကားဆက်မောင်း၊ မမောင်းကို ဆရာဝန်က မဆုံးဖြတ်ပါဘူး။ ယာဉ်နှင့် ယာဉ်မောင်းလိုင်စင် ကြီးကြပ်ရေးအဖွဲ့ကို လူနာ သို့မဟုတ် လူနာရှင်က ကိုယ့်တာဝန်ကိုယ် ယူပြီး အကြောင်းကြားရတာပါ။ ဆရာဝန်က သတိပေးလျက်နဲ့ ဒီလို အကြောင်းကြားဖို့ ဆက်တိုက် ပျက်ကွက်ရင်တော့ နောက်ဆုံး ဆရာဝန်ကပဲ အကြောင်းကြားရပါတယ်။ ကျန်တာကိုတော့ အဲဒီအဖွဲ့က စစ်ဆေးဆုံးဖြတ်ပါတယ်။
သူငယ်ပြန်ရောဂါ ရင့်လာတဲ့အခါ လူတွေကို မှတ်မိနိုင်တဲ့ အရည်အသွေးပါ ထိခိုက်လာပါတယ်။ မိသားစုဝင်တွေကိုတောင် မမှတ်မိတော့လို့ စိတ်ထိခိုက်ကြေကွဲကြတာ မကြာခဏ ကြုံရတတ်ပါတယ်။ တချို့ဆိုလည်း အိမ်ထောင်ဖက်ကို မမှတ်မိတော့လို့ ရိုက်ပုတ်တာမျိုး၊ အိမ်က မောင်းထုတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဆေးနဲ့ ထိန်းလို့ ရတတ်ပါတယ်။ ဆေးရဲ့ ဆိုးကျိုး side effects တွေနဲ့တော့ ချင့်ချိန်ရပါတယ်။
ရောဂါနှောင်းပိုင်းမှာ လူနာဟာ သူများအပေါ် မှီခိုမှု လုံးလုံးလျားလျား ဖြစ်နေပါပြီ။ စားတာ၊ သောက်တာ၊ သန့်စင်တာ၊ အ၀တ်လဲတာ၊ အိပ်ရာဝင် အိပ်ရာထ အားလုံး သူများက လုပ်ပေးရတဲ့ အဆင့်ပေါ့။ အိမ်သားတွေ မတတ်နိုင်တော့တာ များပါတယ်။ သူနာပြု ဘိုးဘွားရိပ်သာကို ပို့ရတဲ့ အခြေအနေပါ။ မိသားစုတော်တော်များများ စိတ်ထိခိုက်စွာ ဆုံးဖြတ်ချက် ချရတဲ့ အချိန်ပါပဲ။ အိမ်ထောင်ဖက် ရှိသေးတယ် ဆိုရင် တော်တော် သနားစရာကောင်းတဲ့ အခိုက်အတန့်ပါ။
သူငယ်ပြန်ရောဂါကို အထူးကုများ (Neurologists, Geriatricians, Old Age Psychiatrists) က ရောဂါရှာဖွေအတည်ပြုပေးနိုင်ပါတယ်။ လူနာကို ရောဂါအတည်ပြုခြင်း (Diagnosis) နဲ့ ရောဂါ ရှေ့အလားအလာအကြောင်း (Prognosis) ပြောမယ် မပြောဘူးဆိုတာ အမြင်ကွဲခဲ့ကြပါတယ်။ ရှေးဆန်တဲ့ ဆရာဝန်တစ်ချို့က လူနာကို ကာကွယ်လိုစိတ် (paternaltistic view) နဲ့ မပြောလိုကြပါဘူး။ ကုလို့လည်း မပျောက်တော့ လူနာ စိတ်ညစ်တာပဲ အဖတ်တင်မယ် ဘာညာပေါ့လေ။ ဒါပေမယ့် ဒီလို မပြောရင် လူနာကို ဒီရောဂါအတွက်ဆေး ဘယ်လို ပေးမလဲ။ တခြားအကြောင်းနဲ့ ညာပေးမလား။ ဒီိလို ဖုံးကွယ်ထိန်ချန်တာဟာ သမားဝိနည်းနဲ့ ညီရဲ့လား၊ လူနာအတွက် အကောင်းဆုံးအကျိုး (best interest) ဟုတ်ပါ့မလား ဆိုတဲ့ အမြင်တွေက နောက်ပိုင်းဆရာဝန် အများစုရဲ့ အတွေးနဲ့ ဆုံးဖြတ်ချက်ကို သက်ရောက်ပါတယ်။
လူနာတွေ အနေနဲ့ ရောဂါနုစဉ်မှာ ကြိုသိရင် ကြိုပြင်နိုင်တာတွေ ရှိတာပေါ့။ သူတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်စွမ်း (Decision-making capacity) မရှိတော့တဲ့ အဆင့်ကို ရောက်တဲ့အခါ ဘယ်သူကဖြင့် ငွေကြေးကိစ္စ တာဝန်ယူနိုင်တယ်၊ ဘယ်သူကဖြင့် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် သူတို့ ကိုယ်စား ချနိုင်တယ် စသည်ဖြင့်ပေါ့။ ဘိုးဘွားရိပ်သာတွေ ဘာတွေလည်း ကြိုကြည့် အသိပေးထားကြပါတယ်။ များသောအားဖြင့်တော့ ဆရာဝန်က လူနာရဲ့ သဘောကို ပွင့်ပွင့်လင်းလင်း မေးပါတယ်။ သူ ဘယ်လောက် သိချင်သလဲ ဆိုတာပေါ် မူတည်ပြီး ပြောပြပါတယ်။ အများစုက အမှန်အတိုင်း သိချင်ကြလို့ အရှိအတိုင်း ပြောကြတာ များပါတယ်။
ဒါနဲ့ ပတ်သက်ပြီး ဒီစာကို ဖတ်တဲ့ စာဖတ်ပရိသတ်များရဲ့ သဘောထားကို သိလိုပါတယ်။ အမည်ဖွင့်ဆိုစရာမလိုပဲ ဆန္ဒထုတ်ဖော် vote နိုင်အောင် စာရေးသူရဲ့ ကိုယ်ပိုင်ဘလော့ဂ်မှာ စီစဉ်ထားပါတယ်။ အချိန်လေး ပေးပြီး ဖြေပေးသွားမယ်ဆိုရင် ကျေးဇူးတင်ပါတယ်။ Comment မှာ ပွင့်ပွင့်လင်းလင်း ရေးချင်ရင်လည်း နှစ်မျိုးစလုံးသာ လုပ်သွားပါ။ ပါဝင်ဆွေးနွေးမှုကို ၀မ်းမြောက် ကြိုဆိုပါတယ်။
မြန်မာ လူမျိုးအပေါင်း စိတ္တဘယမှ ကင်းဝေး၊ ချမ်းသာကြပါစေ။
Posted by
Nu Thwe
6
comments
Labels: Dementia, Mental health
Thursday, September 25, 2008
Dementia Syndrome (1)
အမှန်တော့ သူငယ်ပြန်ရောဂါ (Dementia Syndrome) ဟာ အသက်ကြီးခြင်းရဲ့ မလွှဲမရှောင်သာ နောက်ဆက်တွဲကိစ္စတစ်ခု မဟုတ်ပဲ အတိုင်းအတာတစ်ခုအထိ ကုသနိုင်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အသက်ကြီးလို့ မေ့တတ်ခြင်းထက် ပိုမိုတဲ့ အထွေထွေ ဦးနှောက် စွမ်းရည် ကျဆင်းလာခြင်း (global impairment of cognitive functions) ပါ။ ဦးနှောက် တဖြည်းဖြည်း ပျက်စီးခြင်း (degenerative disease of the brain) ဖြစ်ပြီး၊ မပျောက်ကင်းနိုင်သလို တဖြည်းဖြည်းနဲ့လည်း ဆိုးလာတတ်ပါတယ်။ ဒါဆို ဘာလို့ ဆေးကုမလဲလို့ မေးရင် လူနာရဲ့ လက်ရှိ ဘ၀ အရည်အသွေးကို တတ်နိုင်သမျှ ထိန်းထားပေးဖို့ - လို့ ဖြေရပါလိမ့်မယ်။
တို့ ဖြစ်ပါတယ်။ရေတို မှတ်ဉာဏ် မကောင်း တော့ခြင်း (ဥပမာ - ရှေး ပဝေသဏီက အကြောင်းအရာ တွေကို မှတ်မိပြီး ဒီနေ့ မနက်စာ ဘာ စားသလဲ မမှတ်မိ တာမျိုး) အချိန် နဲ့ ပတ်ဝန်းကျင်ကို သတိ မရှိတော့ပဲ မှားယွင်း ကုန်ခြင်း (ဥပမာ - ညကြီး သန်းခေါင် အိပ်ရာက နိုးပြီး နေ့ည မှားကာ အပြင်ထွက်ဖို့ ပြင်ဆင် တာမျိုး) လွယ်ကူသော ဆုံးဖြတ်ချက် များကိုပင် မချ နိုင်တော့ခြင်း (ဥပမာ - အ၀တ်အစား ရွေးချယ်ရာ မှာတောင် ခက်ခဲလာပြီး သူများက ကူနေ ရတာမျိုး) အမှန်းအဆ လွဲချော် မှားယွင်းမှု များလာခြင်း (ဥပမာ - ကားလမ်း ကူးရာမှာ မလွတ်နိုင် တာကို လွတ်မယ်လို့ ယုံကြည်ပြီး ကူးတာမျိုး) စကားလုံး ရှာမရပဲ စကားစများ ပြတ်တောက် ကုန်ခြင်း (ဥပမာ - ပြောချင်တာ သိလျက်နဲ့ လျှာဖျားမှာ ထစ်နေသလိုမျိုး ခဏခဏ ဖြစ်တာ ရှက်လာလို့ နောက်ဆုံး လူအများ စကားဝိုင်းဆို ရှောင် လာတာမျိုး) နေ့စဉ် လုပ်နေကျ လွယ်ကူ နေကျ ကိစ္စများကို မလုပ်တတ်တော့ပဲ ခက်ခဲလာခြင်း (ဥပမာ - ဟင်းချက် နေကျလူက ဟင်းချက်တဲ့ အဆင့် အထာတွေ လွဲချော် ကုန်တာမျိုး) လူရည် လူသွေး နဲ့ အမူ အကျင့် ပြောင်းလာခြင်း (ဥပမာ - အရင်က သိပ်အေးဆေး တဲ့လူက ဒေါသကြီး ဆဲဆို လာတာမျိုး) -
ဒီလက္ခဏာတွေ အတော်များများ ခြောက်လထက် ပိုကြာကြာ ရှိပြီး၊ နေ့စဉ် ရပ်တည်လုပ်ကိုင်မှုတွေကို ထိခိုက်လာပြီ (ဆိုလိုတာက အရင်က အင်မတန် ကိုယ့်အားကိုယ်ကိုး ရပ်တည်နိုင်သူတစ်ယောက်ဟာ ရောဂါကြောင့် သာမာန် ကိစ္စလေးတွေကိုတောင် ကိုယ့်ဖာသာ ကိုယ် မလုပ်နိုင် တော့တာပဲ သူများအပေါ် မှီခိုရမှု များလာတာ) ဆိုရင်တော့ သူငယ်ပြန်ရောဂါ (Dementia Syndrome) ခံစား နေရတယ် လို့ ပြောလို့ ရနေပါပြီ။
သူငယ်ပြန်ရောဂါ ဟုတ်၊ မဟုတ် အပ်ချမတ်ချ အဖြူအမည်း သိစေတဲ့ သွေးစစ်ခြင်း သို့မဟုတ် ဓာတ်မှန်ပုံရိပ်ရှာခြင်း မရှိသေးပါဘူး။ အသေချာဆုံးက လူနာသေဆုံးတဲ့အခါ ဦးနှောက်ကို ခွဲစိတ်ကြည့်မှပဲ သိနိုင်ပါတယ်။ လူနာ သက်ရှိထင်ရှားနေတုံး ရောဂါအမည် ရနိုင်ဖို့ကတော့ လူနာရှင်ကတဆင့် စုံစမ်းသိရတဲ့ ရောဂါလက္ခဏာတွေနဲ့ သူတို့ရဲ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းပေါ် အများကြီး တည်မှီပါတယ်။
ပိုသေချာအောင်လို့ တခြား ဖြစ်တတ်တဲ့ ရောဂါများကို ရှာဖွေစစ်ထုတ်ရပါတယ်။ ဥပမာအားဖြင့် ဦးနှောက်တွင်း သွေးခဲခြင်း၊ ဦးနှောက် တွင်း အရည် စုအောင်းခြင်း၊ ဗိုက်တာမင် ဘီ-၁၂ နဲ့ ဖိုးလစ်အက်စစ် လျော့နည်းခြင်း၊ သိုင်းရွိုက် ဟော်မုန်း လျော့နည်းခြင်း တို့မှာလည်း သူငယ်ပြန်ရောဂါ အစပိုင်းနဲ့ ဆင်တဲ့ လက္ခဏာတချို့ ပြတတ်လို့ပါပဲ။ ဒီလို ဖြစ်နှုန်း သိပ်နည်းပေမယ့် ဟုတ်ခဲ့ရင် ကုသ ပျောက်ကင်း နိုင်တာမို့ မဖြစ်မနေ စစ်ဆေးရပါတယ်။
လူနာတွေရော၊ လူနာရှင်တွေပါ အများဆုံး ပြောတဲ့ အစောပိုင်း ရောဂါလက္ခဏာကတော့ ပြောပြီးသားစကား၊ မေးပြီးသားမေးခွန်းကို ခဏခဏ ပြန်ပြော၊ ပြန်မေးတာပါပဲ။ တချို့ဆို မိနစ်ပိုင်းအတွင်း ထပ်ကာတလဲလဲ ပြောနေ၊မေးနေတတ်လို့ အိမ်ထောင်ဖက်ကို တော်တော် စိတ်အနှောက်အယှက် ဖြစ်စေပါတယ်။ သူလည်း ကြာတော့ စိတ်တိုလာတာပေါ့လေ။
ရောဂါလက္ခဏာ အတော်များများကို ကာယကံရှင်ထက် မိသားစုအသိုင်းအ၀ိုင်းက ပိုသတိထားမိတာ များပါတယ်။ ဒီရောဂါ ရှိတယ် ထင်လို့ အထူးကုဆေးခန်းဆေးရုံကို လာပြတဲ့ လူနာတွေကို သူတို့ရဲ့ မိသားစုဝင်(တွေ)နဲ့ ကြည့်ရပါတယ်။ ကာယကံရှင်က ရောဂါ လက္ခဏာကို ပြဿနာလို့ မမြင်တတ်လို့ပါ။ သနားဖို့ ကောင်းတာက ရောဂါမှန်း မသိလို့ မကုတော့ ဆေးသောက်ပြီး ခဏထိန်းထားနိုင်တဲ့ အခွင့်အရေး၊ ရောဂါဆိုးလာရင် ဘာတွေ ဖြစ်နိုင်တယ်ဆိုတာ ကြိုသိပြီး ပြင်ဆင်ထားနိုင်တဲ့ အခွင့်အရေး မရတော့ဘူးပေါ့။ အန္တရာယ် ဆိုတာ ဘယ်အချိန်မှာ ဘယ်လို ကျရောက်မယ်မှန်း မသိနိုင်တာ မှန်ပေမယ့် မှန်းလို့ ရတာ လေးတွေ ကို ကြိုပြင် ထားနိုင် တာကိုး။
အိမ်သားတွေခမျာလည်း တစ်ခါတစ်ခါ သူတို့ ခင်ပွန်း၊ ဇနီး၊ အဖေ၊ အမေ၊ ယောက္ခမ (လူနာ) အရှေ့မှာ သူတို့ (လူနာ) အကြောင်း အမှန်တွေ ပြောရတာ သိပ်တော့ မလွယ်လှဘူး။ လူနာက လျှော့ပေါ့မြင်ထား၊ ပြောထားတာတွေကို ဆန့်ကျင်ပြီး၊ ဆရာဝန်ကို အရှိ အတိုင်း သတင်းပေးရတာကိုး။ ဆေးခန်းက အပြင်ထွက်တာနဲ့ ရန်ဖြစ်ဖို့၊ အဆူခံရဖို့ အကြောင်းရှိပါတယ်။ ဒီလို အခြေအနေကို ဆရာဝန် က ညင်ညင်သာသာ ကိုင်တွယ်ဖြေရှင်းတတ်ဖို့ အရေးကြီးပါတယ်။ အဲဒီလိုမှ မဟုတ်ရင် မိသားစုတွင်း စိတ်ကသိကအောက်တွေ ဖြစ်၊ စိတ်တွေဆိုးနဲ့ နောက်ဆုံးတော့ လူနာခမျာ ဂရုစိုက် ကူညီမယ့် အဓိက ကျောထောက်နောက်ခံ (မိသားစု) မရှိပဲ ဖြစ်သွားတတ်လို့ပါ။
ယေဘူယျ ရောဂါ လက္ခဏာတွေ တူပေမယ့်၊ ရောဂါဇစ်မြစ်ပေါ် မူတည်လို့ သူငယ်ပြန်ရောဂါ အမျိုးမျိုး (Different types of Dementia) ရှိပါတယ်။
တို့ ဖြစ်ပါတယ်။အယ်လ်ဇိုင်းမား သူငယ်ပြန် ရောဂါ (Dementia in Alzheimer's Disease) ဦးနှောက်ထဲ သွေး အရောက် နည်းခြင်း နဲ့ လေဖြတ်ခြင်း ကြောင့် ဖြစ်တဲ့ သူငယ်ပြန် ရောဂါ (Vascular Dementia) အထက်ပါ နှစ်မျိုး ရောနေသော သူငယ်ပြန်ရောဂါ (Mixed Dementia) “လျူဝီဘော်ဒီ” ခေါ် ဦးနှောက် ဆဲလ်တွင်း စွန့်ထုတ် ပစ္စည်း တစ်မျိုး ကြောင့် ဖြစ်သော သူငယ်ပြန် ရောဂါ (Dementia with Lewy Bodies) “ပါကင်ဆင် ရောဂါ” ခေါ် အကြော ရောဂါ တစ်မျိုးကို ကြာရှည် ခံစားရာမှ ဖြစ်လာသော သူငယ်ပြန် ရောဂါ (Dementia in Parkinson's Disease) အခြား ရှားပါးသော သူငယ်ပြန် ရောဂါတစ်ချို့
အယ်လ်ဇိုင်းမား သူငယ်ပြန်ရောဂါ (Dementia in Alzheimer's Disease) ကတော့ အတွေ့အများဆုံး သူငယ်ပြန်ရောဂါ ဖြစ်ပါတယ်။ အသက်ကြီး သူတွေမှာ ဖြစ်တတ်တဲ့ သူငယ်ပြန်ရောဂါအားလုံးရဲ့ ၅၅-၇၀% ဟာ အယ်လ်ဇိုင်းမား သူငယ်ပြန် ရောဂါ ဖြစ်ပါတယ်။ အနောက်နိုင်ငံ သုတေသန ပြုချက်များ အရ အသက်(၆၅)နှစ်ကျော်သူတွေရဲ့ ၅%ဟာ ဒီရောဂါ ခံစားရဖို့ အလားအလာ အန္တရာယ် ရှိပြီး၊ အသက် ငါးနှစ်ကြီးလာတိုင်း ဒီအလားအလာက နှစ်ဆ တက်သွားတတ်ပါတယ်။ အသက် (၈၅) နှစ်ကျော်ပြီ ဆိုရင်တော့ ဒီရောဂါ ဖြစ်နိုင်ချေ ၄၀% ရှိနေပါပြီ။ လူငါးယောက်မှာ နှစ်ယောက် ဖြစ်တဲ့ သဘောပေါ့။ လက်ရှိ ကိန်းဂဏန်းများ အရ ယူကေမှာ အယ်လ်ဇိုင်းမား သူငယ်ပြန် ရောဂါ (Dementia in Alzheimer's Disease) ဝေဒနာရှင်ပေါင်း ငါးသိန်း ရှိပြီး ကမ္ဘာတလွှားမှာ သန်းသုံးဆယ် ရှိတယ်လို့ ခန့်မှန်း ပါတယ်။
ဆက်လက် ရေးသားပါမယ်.....
Reference:
1. World Health Organisation (1992) The ICD-10 Classification of Mental and Behavioural Disorders, Geneva: WHO
2. Semple, D., Smyth, R., Burns, J., Darjee, R. & McIntosh, A. (2005). Oxford Handbook of Psychiatry, Oxford: University Press.
Posted by
Nu Thwe
6
comments
Labels: Dementia, Mental health
Monday, September 22, 2008
Attention Deficit Hyperactivity Disorder (3)
ဝေဒနာရှင် ကလေးတွေရဲ့ မိဘတိုင်း သိချင် နေတဲ့ မေးခွန်းလေး ပါပဲ။ ဒီ ကလေးလေး တွေကို ပြုစု ကုသဖို့ ပြီးပြည့်စုံတဲ့ တစ်ခု တည်း သော နည်းလမ်း ဆိုတာ မရှိပါဘူး။ ရောဂါ လက္ခဏာတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူတတ်လို့ ကုသတဲ့ အပိုင်း မှာလည်း မတူ တတ် ပါဘူး။ ဒါအပြင် တွဲပြီး တွေ့ရ တတ်တဲ့ ရောဂါတွေ ကိုလည်း ကုသ ရပါမယ်။
ဆေးဝါးဖြင့် ကုသနည်း (Medication)
ဒါက တော့ မိဘ အုပ်ထိန်းသူ တွေ စိုးရိမ် နေတဲ့ ပြဿနာ တစ်ရပ်ပါ။
ADHD ကို ကုသဖို့ အတွက် အာရုံ နိုးကြွ စေသော လှုံ့ဆော် ဆေး Stimulant Drugs တွေကို သုံးနေရ လို့ ပါပဲ။ သူတို့ ကလေးလေး တွေကို ဆေးစွဲ သွားမှာ စိုးရိမ် ကြပါတယ်။ သက်ဆိုင်တဲ့ နယ်ပယ် က တတ်ကျွမ်းတဲ့ ဆရာဝန်ကြီး တွေ စနစ်တကျ ပေးမယ် ဆိုရင်တော့ ဒီဆေး တွေက စိတ်ချ ရပါတယ်။ ယခု အချိန် အထိတော့ ADHD မှာ အသုံးပြုတဲ့ Stimulant ဆေး တွေမှာ ဆေးစွဲ စေတတ်တယ် ဆိုတဲ့ အချက် အလက် ခိုင်ခိုင် လုံလုံ မတွေ့ရ သေးပါဘူး။ ဆရာဝန် ဆီကိုတော့ ချိန်းဆို မှု အတိုင်း မှန်မှန် ပြန်လာ ပြခြင်း follow up လုပ်ဖို့ လိုပါတယ်။ ဆေး အချိန်အဆ တိုးခြင်း၊ ဆေး ပြောင်းခြင်း စတာ တွေကို ဆရာဝန် ကိုယ်တိုင် လူနာရဲ့ တိုးတက် ပြောင်းလဲမှု ကို လေ့လာပြီး မှ ဆုံးဖြတ် ပါလိမ့်မယ်။ ဆေးဝါး တွေက ADHD ရဲ့ လက္ခဏာ တွေကို ထိန်းချုပ် ပေးရုံ သက်သက်ပါ။ လုံးဝ ပျောက်ကင်းအောင် မကုသ နိုင်ပါဘူး။ လူနာရဲ့ အသက် အရွယ် ဟာလည်း အရေးကြီး ပါတယ်။ အသက်အရွယ် အလိုက် သုံးစွဲရတဲ့ ဆေးဝါး တွေ ကလည်း မတူနိုင် ပါဘူး။
အောက်မှာ ဖော်ပြ ထားတဲ့ ဆေးဝါး တွေ ကတော့ FDA က အသိအမှတ် ပြုထားတဲ့ အာရုံ နိုးကြွ စေသော ပစ္စည်း Stimulant တွေ ဖြစ်ပါတယ်။
Adderall(amphetamine) 3years and older
Concerta(methylphenidate)6years and older
Cylert(pemoline )6 years and older
Dexedrine(dextroamphetamine) 3 year and older
Dextrostat(dextroamphetamine)3 year and older
Focalin( dexmethylphenidate) 6 years and older
Metadate ER(methylphenidate) 6 year and older
Metadata CD (methylphenidate) 6 year and older
Ritalin(methylphenidate) 6 years and older
FDA က နေပြီး stimulant မဟုတ်တဲ့ ဆေးဝါး တစ်မျိုး ကို မကြာခင် ကပဲ အသိအမှတ်ပြု သုံးစွဲခွင့် ပေးထား ပါတယ်။ Strattera လို့ ခေါ်တဲ့ အဆိုပါ ဆေးဝါးဖြင့် ကုသတဲ့ ကလေး ၇၅% ဟာ ရောဂါ လက္ခဏာ တွေ သက်သာ ပျောက်ကင်း ကြောင်း တွေ့ရှိ ရပါတယ်။
ဆေးဝါးဖြင့်ကုသခြင်း၏ ဆိုးကျိုးများ
ကြီးကြီးမာမား အန္တရာယ် ဖြစ်စေတဲ့ ဘေးထွက် ဆိုးကျိုး မရှိပါဘူး။ ယျေဘူယျ တွေ့နိုင်တဲ့ ဘေးထွက် ဆိုးကျိုး တွေ ကတော့ အစား အသောက် ပျက်ခြင်း၊ နှစ်ခြိုက်စွာ အိပ် မပျော်ခြင်း၊ စိတ်တို စိတ်ဆတ်ခြင်း၊ ခေါင်းကိုက်ခြင်း တို့ ဖြစ်ပါတယ်။
Behavior modification
ဆေးဝါးတွေက ကလေးရဲ့ နေ့စဉ် performance တွေကို အထိုက် အလျောက် တိုးတက်အောင် စွမ်းဆောင် နိုင်ပေမယ့် နေ့စဉ် ကြုံတွေ့ နေနိုင်တဲ့ လူမှုရေး ပြဿနာ တွေကို ဖြေရှင်း နိုင်ဖို့၊ ကလေးရဲ့ အမူအကျင့် ဆိုင်ရာ ပြဿနာ behavior problem တွေ အတွက် နည်းလမ်း ရှာနိုင်ဖို့ စိတ် ကျန်းမာရေး ပညာရှင် mental health professional နဲ့ တွေ့ဆုံ ဆွေးနွေး သင့်ပါတယ်။ ဝေဒနာရှင် ကလေး ကိုယ်တိုင် သာမက မိသားစုဝင် တွေ ကိုပါ တွေ့ဆုံ ဆွေးနွေး အကြံပေး ရပါမယ်။
Social skill training
ကလေးကို လူမှု ပတ်ဝန်းကျင် မှာ လိုက်နာ ရမယ့် စည်းကမ်း လေးတွေကို သင်ပေး ရပါမယ်။ ဥပမာ ... တန်းစီပြီး ကိုယ်အလှည့် ရောက် အောင် စောင့်ခိုင်း ခြင်း၊ ဘောလုံး၊ အရုပ် စတာ တွေကို မျှဝေ ကစားခြင်း၊ တဘက်လူရဲ့ မျက်နှာရိပ်၊ မျက်နှာကဲ နှင့် အသံ အနေ အထား အပေါ် မူတည်ပြီး တုန့်ပြန် ပြုမူ တတ်အောင် သင်ကြား ပေးခြင်း စတာတွေကို အထူး လေ့ကျင့်ထားတဲ့ Social health worker လူမှု ကျန်းမာရေး လုပ်သား တွေနဲ့ သင်ကြား ပေးရပါမယ်။ မိဘတွေ အနေနဲ့ ကလည်း ဘ၀တူ မိဘတွေကို ရှာဖွေပြီး အတွေ့အကြုံ ဖလှယ် နိုင်ပါတယ်။ အကြံဉာဏ်များ ရယူ နိုင်ကြ ပါတယ်။ တစ်ချို့ ကလေးတွေ အရွယ်ရောက် လာတဲ့ အချိန်မှာ ရောဂါ လက္ခဏာ ကင်းစင် ပပျောက် သွားပေမယ့် ၃၀% မှ ၇၀% အထိ ကတော့ လူကြီးပိုင်း အထိ လက္ခဏာ တွေ ရှိနေ တတ်ပါတယ် …
ADHD Diet အစားအစာများ
ADHD ကလေးတွေ အတွက် အစားအစာ ဆိုပေမယ့် ထူးထူး ခြားခြား ကြီး ပြင်ဆင် ချက်ပြုတ် စရာတော့ မလို ပါဘူး။ မိသားစု အတွင်း နေ့စဉ် စားသောက် နေတာကို အနည်းငယ် ပြင်ဆင် စားသောက်လျှင် ရနိုင်ပါတယ်။
ပရိုတင်းဓါတ် (အသားဓါတ်) ပြည့်ဝအောင် စားပါ။
နံနက်စာ အတွက် ပရိုတင်းဓါတ် အဓိက ပါဝင်အောင် ပြင်ဆင် သင့်ပါတယ်။ သာမန် နံနက်စာမှာ ကာဗိုလ် ဟိုက်ဒြိုတ်ဓါတ် (ကစီဓါတ် (သို့) သကြားဓါတ်) များစွာ ပါဝင် နေတတ် ပါတယ်။ ပရိုတင်းဓါတ် (၇၀%) ကာဗို ဟိုက်ဒြိုတ် (၃၀%) ဖြစ်အောင် ပြင်ဆင် စားသုံး သင့်ပါတယ်။
ရေများများ သောက်ပါ။
တစ်နေ့ကို ၁လီတာ ခွဲ (ရေသန့်ဗူး တစ်ဗူး ခွဲ)ခန့် အနည်းဆုံး သောက်သုံး သင့်ပါတယ်။
Omega 3 fatty acid
နေ့စဉ် အစား အသောက်မှာ ပင်လယ် ငါး တစ်မျိုး မှ ရသော ငါးကြီးဆီ သန့် တစ်မျိုး omega 3 fatty acid ပါဝင်အောင် စားသောက်ခြင်း က ADHD ဝေဒနာ တွေကို သက်သာ စေတယ် လို့ ဆိုပါတယ်။ ယောင်္ကျား လေးတွေမှာ Omega 3 fatty acid ပမာဏ ပိုပြီး လိုအပ် ပါတယ်။ asprin နှင့် warfarin ကဲ့သို့ သွေးကျဲ စေသော ဆေးများကို သောက်သုံး နေလျှင်တော့ omega 3 သောက်သင့် မသောက် သင့် ဆရာဝန်နှင့် တိုင်ပင် သင့်ပါတယ်။
ရှောင်ကျဉ် သင့်သည့် အစားအစာများ
ကိုယ်ခန္ဓာ ၏ လွန်ကဲ တုန့်ပြန်မှု လက္ခဏာ Hyperactivity symptom တွေဟာ food allergy အစားအသောက် ဓါတ်မတဲ့ မှု နဲ့ ဆက်နွယ်မှုရှိတာကြောင့် မိမိနဲ့ မတည့်သော အစားအစာ များကို ဂရုစိုက် ရှောင်ကျဉ် သင့်ပါတယ်။
ဥပမာ -
နို့နှင့် နို့ထွက် ပစ္စည်းများ
အချိုရည် ဘူးများ
ချောကလက်
ဆီ နှင့် ကြော် ထားသော အစားအစာ များ (Fried foods)
အရောင်တင် ထားသော အစားအစာများ
သကြားဓါတ် များသော အစားအစာများ
ကျန်းမာ ရွှင်လန်း ကြပါစေ ...
Posted by
zinthu
6
comments
Labels: ADHD, Mental health
Thursday, September 18, 2008
Attention Deficit Hyperactivity Disorder (2)
Environmental Agents
သုတေသန စမ်းသပ်မှု တွေအရ ADHD ဟာ ပွဲတိုင်းကျော် ဆေးလိပ်၊ အရက် တွေနဲ့ ဆက်စပ် နေပါသတဲ့။ ကိုယ်ဝန် ဆောင်နေစဉ်
အတွင်း ဆေးလိပ် အရက် သောက်သုံးတဲ့ မိခင်တွေ သတိထား ဖို့ လိုပါတယ် ။ မြန်မာမိခင် အများစု ကတော့ ဆေးလိပ်၊ အရက် သောက်လေ့ မရှိ ပါဘူး။ ဒါပေမယ့် ကိုယ်ဝန်ဆောင် ဇနီးသည် အနားမှာ ဆေးလိပ် မသောက် ကြဖို့ အမျိုးသား များကို အကြံပေး လိုပါတယ်။
Environmental agents တွေထဲမှာ နောက်သတိထားရမှာ တစ်ခုက Lead (ခဲ) ပါ။ မြန်မာပြည် မှာတော့ ဘက်ထရီအိုး လုပ်ငန်း တွေမှာ ခဲဆိပ် သင့်ဖို့ အခွင့် အလမ်း များ ပါတယ်။ အခြား လုပ်ငန်းခွင် တွေ လည်း ရှိမယ် ထင်ပါတယ်။ ဟိုး အရင်က နံရံ ဆေးရေး ပန်းချီ တွေမှာ ခဲတွေ ပါဝင်တယ် လို့ ဆိုပါတယ်။ အခုခေတ် မှာတော့ ခဲပါဝင်မှုကို ထိန်းချုပ် လိုက်ပါပြီ။ ပတ်ဝန်းကျင် မှာ ရှိတဲ့ ခဲ ပမာဏကို မိဘ တွေက သတိပြု ရပါမယ်။ ADHD သာမက အခြား ရောဂါတွေ လည်း ဖြစ်နိုင် သေးလို့ပါ။ ကျွန်တော် အချိန်ရရင် ခဲဆိပ် သင့်တဲ့ အကြောင်း ကို ရေး ပေးပါ့မယ်။
Brain Injury
ဦးနှောက်ကို မတော်တဆ ထိခိုက် မိတဲ့ ကလေး တွေမှာ ADHD ရောဂါ လက္ခဏာ တွေ တွေ့ရ တတ်ပါတယ်။
Food Additives and Sugar
အစား အသောက်တွေမှာ မှာ အသုံးပြုတဲ့ Food additive နဲ့ သကြား ပမာဏ ဟာလည်း ADHD နဲ့ သက်ဆိုင် နေတယ် လို့ ဆိုပါတယ်။ Food allergy ရှိတဲ့ ကလေး တွေမှာ သကြား ပမာဏကို ထိန်းချုပ် လိုက်ခြင်းဖြင့် ၅ ရာခိုင်နှုန်း သော ကလေး တွေမှာ ရောဂါ လက္ခဏာ တွေ လျော့ပါး သွားတယ်လို့ ဆိုပါတယ်။
Genetic
ADHD ရောဂါ ရောဂါသည် ကလေးရဲ့ ဆွေမျိုးရင်း First degree relative တွေ မှာလည်း ADHD လက္ခဏာ တွေ တွေ့နိုင် ပါတယ်။ တစ်ချို့ သုတေသန တွေမှာ ဆိုလျှင် first degree relative ရဲ့ ၂၅ %မှာ တွေ့နိုင် တယ်လို့ ဆို ပါတယ်။ အမွှာ ကလေး တွေမှာ အတူတူ ဖြစ်တတ် ကြလို့ မျိုးရိုး လိုက်တယ် ဆိုတဲ့ အချက်က ပို ထင်ရှား လာတယ် လို့ ဆိုပါတယ်။ ADHD ဖြစ်စေတဲ့ Genes ကိုတော့ရှာဖွေ ဆဲပါ။
နောက်ဆုံး လေ့လာတွေ့ရှိချက် ကတော့ ADHD ရောဂါ ဝေဒနာရှင်လေး တွေ မှာ သာမန် ကလေးတွေ နဲ့ စာရင် ဦးနှောက် အစိတ် အပိုင်း အားလုံးရဲ့ ပမာဏ ၃-၄ % ခန့် သေးငယ် နေတာ တွေ့ရ ပါတယ်တဲ့။ MRI, PET, SPET စတဲ့ ပုံရိပ် ဖော်စက် တွေနဲ့ စမ်းသပ်ပြီး ရလာတဲ့ တွေ့ရှိချက် တွေပါ။
တွဲဖက် တွေ့ရ တတ်သော အခြား ပြသနာများ
ADHD ဝေဒနာရှင် လေးတွေမှာအောက်ပါ ရောဂါ လက္ခဏာ လေးတွေ တွဲပြီး တွေ့ရ တတ်ပါတယ်။
Learning Disabilities
အပိုင်းတစ် မှာ ဖော်ပြခဲ့တဲ့ ဂဏာမငြိမ်လို့၊ အာရုံ စူးစိုက်နိုင်မှု အားနည်းလို့ စာသင်ခန်းမှာ အခက်အခဲ ဖြစ်သလို၊ သူတို့လေးတွေ
ကိုယ်တိုင်က တစ်ချို့ စာလုံးတွေ၊ အသံတွေကို နားလည်ဖို့ ခက်ခဲ ပါသတဲ့။ အထူးသဖြင့် dyslexia လို့ခေါ်တဲ့ reading disorder ကို မူလတန်း အရွယ် ဝေဒနာရှင် ကလေး ၈ ရာခိုင်နှုန်း ခန့်မှာ တွေ့ရပါသတဲ့။
Tourette Syndrome
ADHD ကလေး အချို့မှာဒီ ရောဂါ လက္ခဏာစု လေး တွဲပြီး ရှိနေတတ် ပါတယ်။ မျက်တောင် ခဏခဏ ခတ်တတ်တာ၊မျက်နှာကို ခဏခဏ မဲ့ တတ်တာ၊ မလိုအပ်ဘဲ လည်ချောင်းကို ခဏခဏ ရှင်းတတ်တာ စတာတွေဟာ ဒီ ရောဂါ လက္ခဏာစု ရဲ့ လက္ခဏာ တွေပါပဲ။ တစ်ချို့ ကလည်း လုပ်ရင်း လုပ်ရင်း အကျင့်ပါ သွားတာ လို့ ဆိုပါတယ်။ ကုသရင် ပျောက်ကင်း နိုင်ပါတယ်။
Oppositional Defiant Disorder
ADHD ဝေဒနာရှင် ကလေးတွေရဲ့ ၃ ပုံတစ်ပုံ ကနေ တစ်ဝက်ခန့်မှာ တွဲပြီး တွေ့ရ တတ်ပါတယ်။ ခေါင်းမာပြီး ပြောစကား နား မထောင် တတ်ပါဘူး။ ယောင်္ကျားလေးတွေ မှာ ပိုတွေ့ရ တတ်ပါသတဲ့။
Conduct Disorder
ဒါကတော့ ပိုပြီး ဆိုးဝါးတဲ့ လူမူရေး ပြဿနာ တွေကို ဖြစ်စေ တတ်ပါတယ်။ ၄၀% သော ADHD ကလေး တွေဟာ ဒီပြဿနာ နဲ့ တွဲ နေတတ် ပါတယ်။ Conduct Disorder နဲ့ တွဲ လာရင် တော့ ဒီ ကလေးလေး တွေဟာ လိမ်ပြော တတ် လာမယ်၊ သူများ ပစ္စည်း ခိုးတတ် လာမယ်၊ သူများကို အနိုင်ကျင့် တတ်လာမယ်။ လူမူရေး ပြဿနာ တွေက မသေးလှပါဘူး။
Anxiety and Depression
တချို့ ADHD ဝေဒနာရှင် လေးတွေမှာတော့ Anxiety and depression တွဲပြီး တွေ့ရ တတ်ပါတယ်။ ADHD ကို ကုသ လိုက်ရင် Anxiety and depression လက္ခဏာ တွေလည်း သက်သာ ပျောက်ကင်း သွားတယ်လို့ ဆိုပါတယ်။
Bipolar Disorder
ADHD ဝေဒနာရှင် ကလေးတွေမှာ Bipolar Disorder ကို တွဲပြီး တွေ့ရ တတ်ပေမယ့် ရာခိုင်နှုန်း ဘယ်လောက်မှာ Bipolar disorder ဖြစ်တတ်တယ် ဆိုတာ တိကျတဲ့ သုတေသန စာတမ်းတော့ မရှိသေး ပါဘူး။ Bipolar Disorder အကြောင်းကို ဒေါက်တာနုသွဲ့ ရဲ့ ဘလော့မှာ အကျယ်တ၀င့် ရှင်းလင်း ထားပါတယ်။
ကုသပုံ ကုသနည်းများ အကြောင်း ကိုတော့ အပိုင်း ၃ အနေနဲ့ တင်ပြပါ့မယ်။
ကျန်းမာ ရွှင်လန်း ကြပါစေ။
Posted by
zinthu
11
comments
Labels: ADHD, Mental health