Friday, November 30, 2007

NGOs in the Golden Land

၂၉၊ ၁၁၊ ၂၀၀၇

ရွှေနိုင်ငံမှအန်ဂျီအိုများ (ကြော်ငြာ)

ကျွန်တော် စေတနာ့ ၀န်ထမ်း လုပ်ပေးနေတဲ့ ၀က်ဆိုဒ် အကြောင်း တစ်ခါမှ မပြောဖြစ်ဘူး။ ဘေးမှာတော့ လင့်ပေးထားပါတယ်။ ၀က်ဆိုဒ်ကို “ရွှေနိုင်ငံမှအန်ဂျီအိုများ” လို့ ကင်ပွန်းတတ်ထားတယ်။ ဗုဒ္ဓဟူးသားလေးပေါ့။ အသက်က တစ်နှစ်ကျော်လောက် ရှိပြီ။ ပါဝင်တဲ့ အကြောင်းအရာတွေကတော့ ...

NGO Directory
မြန်မာနိုင်ငံတွင်းမှာ အလုပ်လုပ်နေတဲ့ အန်ဂျီအို၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ကြက်ခြေနီအဖွဲ့များ နဲ့ တခြား လူမှု အဖွဲ့အစည်းတွေ အကြောင်း အဓိကပေါ့။ သူတို့ ဘာတွေလုပ်နေလဲ၊ ရုံးတွေ ဘယ်နားမှာ ရှိလဲ၊ ၀က်ဆိုဒ် လိပ်စာက ဘာလဲ အစရှိသဖြင့်ပေါ့။ စာရင်းထဲမှာ ရုံးလိပ်စာပေါင်း ၂၃၀ ကျော်ရှိပါတယ်။ ရန်ကုန်လမ်းညွှန်၊ မန္တလေး လမ်းညွှန်တွေတောင် ဒီလောက် စုံပါ့မလားပဲ။

Job Vacancies in NGO, INGO, UN, & Red Cross
အဲဒီ အဖွဲ့တွေက ခေါ်နေတဲ့ အလုပ်တွေအကြောင်း။ ဒါကတော့ အတော့်ကို ပြည့်စုံပါတယ်။ အွန်လိုင်းမှာ မြန်မာပြည်က အန်ဂျီအို အလုပ်တွေနဲ့ ပတ်သက်လာရင် အစုံဆုံး၊ အပ်ဒိတ် အဖြစ်ဆုံး နေရာလို့ ပြောရင် ကြွားရာမကျပါဘူး။ ပီဒီအက်ဖ် ဒေါင်းလုပ် လုပ်နိုင်ပါတယ်။

Conferences & Professional Meetings
ဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ညီလာခံတွေ၊ နိုင်ငံတကာ အစည်းအဝေးတွေ ဘယ်တော့ ဘယ်မှာ လုပ်မယ် ဆိုတာတွေကိုလည်း ဖော်ပြထားပါတယ်။ သူများပေးတဲ့ စရိတ်နဲ့ နိုင်ငံခြားသွားရတာ ဟန်ကျပါတယ်။ အချိန်မှီ လျောက်လွှာတင်ဖို့ စာတမ်းတင်ဖို့ အတွက်တော့ ကာယကံရှင်က နည်းနည်းလေး ညှစ်လိုက်ပါ။ ၀မ်းနှုတ်ဆေးကိုပဲ ပုံအပ်ထားလို့ မရဘူးလေ။

Scholarships
ဂူဂဲလ် မှာ စကောလားရှစ် ဆိုပြီး ရိုက်လိုက်ရင် ထောင်ချီပြီး ထွက်လာပေမယ့် မြန်မာ လူငယ်တွေနဲ့ ကိုက်ညီတဲ့ စကောလားရှစ်တွေကတော့ အတော့်ကို ပြူးပြဲ ရှာရမယ့် အလုပ်ပါ။ ဒီဆိုဒ်မှာတော့ မြန်မာတွေ တကယ်တန်း ရဖူးတဲ့ စကောလားရှစ်တွေ အကြောင်းကို အဓိက တင်ထားပါတယ်။ ဘာတွေ ရှိလဲ၊ ဘယ်တော့ လျှောက်ရမလဲ၊ ရဖူးသူ မြန်မာတွေရဲ့ အတွေ့အကြုံ စတာတွေ ရေးထားပါတယ်။ တိုင်ပင်ချင်ရင် ဖိုရမ်မှာလည်း အခန်းဖွင့်ထားပေးပါတယ်။

Useful links for development works
ဒါကတော့ အသုံးတဲ့မယ်ထင်တဲ့ ၀က်ဆိုဒ်လင့်တွေ ပေးထားတာပါ။ အန်ဂျီအိုဆိုတာ ဘာလဲ ဆိုတဲ့ မေးခွန်းမျိုးတွေအတွက် ဒီလင့်တွေမှာ အဖြေ အပြည့်ရှိနေပါတယ်။

Myanmar Development Community Forum
မြန်မာ့ဖွံ့ဖြိုးရေး ဖိုရမ် ကတော့ ပြောခဲ့ပြီးတဲ့ အကြောင်းအရာတွေ နဲ့ ပတ်သက်ပြီးတော့ ဖြစ်ဖြစ်၊ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီးတော့ ဖြစ်ဖြစ် အပြန်အလှန် ဆွေးနွေးလို့ ရတဲ့နေရာပါ။ မြန်မာ-အင်္ဂလိပ် နှစ်ဘာသာ နဲ့ ဆွေးနွေးလို့ ရပါတယ်။ နဲနဲတော့ ဟဲဗီး ဖြစ်တယ်လို့ ဘလောက်ဂါ လောကသား တစ်ဦးက မှတ်ချက်ပြုဖူးပါတယ်။ ဒါကတော့ အက်ဒမင် ရဲ့ ကိုယ်အလေးချိန် အငွေ့အသက် ပါသွားလို့ ဖြစ်နိုင်ပါတယ်။ ဟာသဥာဏ်ရှိသူ ဖိုရမ်မာ တချို့ကတော့ ရယ်စရာလေးတွေ ပြောတတ်ကြပါတယ်။ မည်သို့ပင် ဆိုစေကာမူ တိုင်းပြည်ဖွံ့ဖြိုးရေး ပြန်လည် ထူထောင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည်တို့ကို တည်တည်တံ့တံ့ ပြောလိုသူတွေအတွက် နေရာ အဆင်သင့်ရှိကြောင်း အသိပေးလိုပါတယ်။

Interactivity
နောက်ဆုံးမှ ပြောပေမယ့် ဒါကတော့ အနှစ်ပါ။ ယနေ့ အင်တာနက် လောကမှာ အပြန်အလှန်ဆက်သွယ်မှု (interactivity) ဟာ အတော့်ကို လူပြောများလာပါတယ်။ အင်တာနက် ခေတ်ဦးပိုင်းတုန်းက ဆိုရင် ၀က်ဆိုဒ်တွေဟာ ပျင်းစရာကောင်းတဲ့ ဆရာနဲ့ စာသင်ရသလိုပါပဲ။ သူကချည်းပဲ ပြောနေတာ။ ဖတ်ရှုသူဖက်က အမြင်ကို ပြန်ပြီး ပြောခွင့် သိပ်မရခဲ့ကြဘူး။ အခုတော့ စာရှုသူတွေဖက်က မှတ်ချက်ပေးလို့ရတယ်၊ ကောင်းသင့်ညံ့ အကဲဖြတ်ခွင့်ရှိတယ်၊ မဲပေးလို့ရတယ်၊ စုံလို့ပါပဲ။ အခု ကျွန်တော်တို့ဝက်ဆိုဒ်လို CMS (Content Management System) ကို သုံးတဲ့ ၀က်ဆိုဒ်မျိုးတွေမှာ ဆိုရင် စာရှုသူကနေ ၀က်ဆိုဒ်အတွက်လိုအပ်တဲ့ သတင်းတွေ အချက်အလက်တွေကို တိုက်ရိုက် တင်ပြလို့ ရလာပါတယ်။ ဆိုလိုတာက အက်ဒမင်တွေ မော်ဒရေတာတွေက ရေးတဲ့ ၀က်ဆိုဒ် မဟုတ်တော့ပဲ မင်ဘာ (အဖွဲ့ဝင်) တွေကရေးတဲ့ ၀က်ဆိုဒ် ဖြစ်လာပါတယ်။ ခေတ်စကားနဲ့ ဆိုရင်တော့ “ပြည်သူမှ ပြည်သူ့ အတွက်” လို့ ဆိုရင် ရမယ်ထင်ရဲ့။ အယ်ဒီတာတွေက စာလုံးပေါင်းသတ်ပုံ၊ ဘာသာပြန် နဲ့ ကျမ်းကိုးစာရင်း အစရှိသည် တို့ကို အနည်းငယ် တည်းဖြတ်တာတော့ ရှိပါမယ်။

ကဲ ကြော်ငြာလည်း အတော်ရှည်သွားပြီ။ ပြောတာတွေ ဟုတ်မဟုတ် မဆိုင်းမတွပဲ သွားကြည့်လိုက်ရအောင်နော် ...
www.NGOinMyanmar.org

အန်ဂျီအိုမှာ အလုပ် လုပ်ချင်သူတွေ နဲ့ အမေးအဖြေခန်းလေးကို နမူနာ ဖတ်ချင်ရင်တော့ အောက်မှာ ဆက်လက် ရှုစားပါ။

မေး
I am a house surgeon worked at insein hospital. My house surgeon training course will be ended on 31st December. After that, i want to work at NGO but i don't know how to do. I have no other qualification except my education.Now i'm studying english. Please advise me how can i get the job.
ဖြေ
The followings are the things that you can do as a start:
  • do a little bit of research on NGOs working in Myanmar. Who they are? What they do? Where they do it? (you can find a list and website links in our NGO directory)
  • then, decide what kind of NGOs that you want to work with.
  • find out whether they need any interns/volunteers
  • check job vacancy page from this website regularly and apply
Computer skills (Microsoft Word, Excel, Power Point) will be helpful in addition to English.
မေး
I'd like to know what is more important to get NGO job; the CV form or the interview. What would they ask me in the interview not concerning the theory . I've told that I've no experience even to face interview and what would I prepare for this. Hope your answer and advice later.
ဖြေ
ကိုယ်ရေးရာဇ၀င် နဲ့ လူတွေ့ မေးတာ ဘယ်ဟာ ပိုအရေးကြီးလဲ လို့ မေးထားပါတယ်။ နှစ်မျိုးလုံး တူတူပဲ အရေးကြီးပါတယ်။ ဒီဟာတွေထက် ပိုပြီး အရေးကြီးတာက ခေါ်တဲ့ အလုပ်မှာ လုပ်ရမှာတွေကို ကျွမ်းကျွမ်းကျင်ကျင် တတ်နေဖို့ နဲ့ အလားတူ အလုပ်မျိုး လုပ်ဖူးတဲ့ အတွေ့အကြုံပါ။ ကိုယ်ရေးရာဇ၀င်ဘက် ပြန်လှည့်ရရင်။ အန်ဂျီအို အလုပ် ခေါ်တဲ့အခါမှာ ကိုယ်ရေးရာဇ၀င်ကို ပထမ အဆင့် ဇကာတင်ရွေးချယ်ဖို့အတွက် သုံးပါတယ်။ တနည်းပြောရရင် ကိုယ်ရေးရာဇ၀င်မှာ ပါတဲ့ အချက်အလက်တွေကို ကြည့်ပြီး လူတွေ့ မေးမယ် မမေးဘူး စဉ်းစားပါတယ်။ လူတွေ့ မှာတော့ အလုပ်လျှောက်ထားသူဟာ ခန့်မယ့် အလုပ်ကို လုပ်နိုင်တဲ့လူ ဖြစ်မဖြစ်ကို ကြည့်ပါတယ်။ ပြီးတော့ အလုပ်မှာ စိတ်ပင်ပန်းခံနိုင် မခံနိုင်ကို လေ့လာပါတယ်။ ကျန်တာကတော့ လူပုံပန်းကို အကဲခတ်တာပါပဲ။

နောက်တစ်ချက်က မိမိလျှောက်တဲ့ အလုပ် နဲ့ အဖွဲ့အစည်းအကြောင်းကို သေသေချာချာ လေ့လာထားဖို့ လိုပါတယ်။ မိတ်ဆွေတစ်ဦး ( အန်ဂျီအို အလုပ် အင်တာဗျူးမေးသူ ) ပြောဖူးတာကတော့ တချို့ အလုပ်လာလျှောက်သူတွေဟာ မိမိ လျှောက်တဲ့ ရာထူး ကိုတောင် မှန်အောင် မပြောနိုင်ကြဘူးလို့ ဆိုပါတယ်။ ဒါမျိုးကတော့ လုံးဝ မဖြစ်သင့်ပါ။ အင်တာနက် ခေတ်မှာ အဖွဲ့အစည်း အမည် သိရင် ဒီအဖွဲ့ အကြောင်းကို အလွယ်တကူ ရှာလို့ ရနိုင်ပါတယ်။ မိမိဖက်က ပြင်ဆင်ဖို့တော့ လိုမှာပါ။

အားလုံး အဆင်ပြေကြပါစေ။
ခင်မင်စွာဖြင့်
ရဲမွန်

ဝက်ဆိုဒ် ဖြစ်မြောက်ရေးအတွက် ဘက်စုံကူညီခဲ့ ကူညီဆဲ ဖြစ်သော အမည်တွင် “ပ” ဖြင့်စ၍ “တ” ဖြင့်ဆုံးသည့် မိတ်ဆွေသူငယ်ချင်းကြီးအား ရွှေနိုင်ငံမှအန်ဂျီအိုများ ၀က်ဆိုဒ်ကိုယ်စား အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။

Read More...

Tuesday, November 27, 2007

World AIDS Day 2007

Take the Lead.

Stop AIDS. Keep the Promise.


1 December 2007



Reduce stigma and discrimination, all are human beings.

အေအိုင်ဒီအက်စ် တိုက်ဖျက်ဖို့၊ အားလုံးပါဝင်ဆောင်ရွက်စို့။
ကိုယ်ချင်းစာနာ နားလည်ပါ၊ သင်လည်း လူသားပါ။

Read More...

Sinusitis

ထိပ်ကပ်(ခပ်)နာ ဆိုတာ


ဘလော့ဂ်ဂါ မိတ်ဆွေတဦးမှ သူခံစားရတာလေး သက်သာအောင် ဘယ်လိုနေရမလဲ မေးလာ တာနဲ့ အားလုံးလည်း ကျန်းမာရေးဆိုင်ရာ ဗဟုသုတလေး ရရှိစေရန် ဒီပို့စ်လေးကို ရေး သားလိုက်ပါတယ်။



ထိပ်ကပ်(ခပ်)နာဆိုတာ ဘာဖြစ်တာလဲ

ထိပ်ကပ်(ခပ်)နာ ဆိုတာ လူ့ဦးခေါင်းခွံရိုး အတွင်းမှာရှိနေတဲ့ လေအိတ်ငယ် လေးများ ယောင် ယမ်းခြင်းဖြစ်ပါတယ်။

လေအိတ်ငယ်လေးတွေဆိုတာ ဘယ်နေရာမှာရှိတာလဲ

လူ့ရဲ့ဦးခေါင်းခွံရိုး အတွင်း မျက်ခုံးရိုးတ၀ိုက်၊ ပါးနှင့် မေးရိုးတ၀ိုက် နှင့် နှာခေါင်းရိုးတ၀ိုက်တွင် အခေါင်းပေါက် ပါသော လေအိတ်ငယ်လေးတွေ ပါရှိပါတယ်။ ယင်း လေအိတ်ငယ် လေးများကို ဆေးပညာ အခေါ်အရ sinus ဟုခေါ်ပါတယ်။





လေအိတ်ငယ်လေးများ တည်ဆောက်ပုံနှင့် လုပ်ငန်းတာဝန်

sinus လေးများကို cilia လို့ခေါ်တဲ့ အမွှေးနုလေးများ ပါတဲ့ အမြှေးပါးလေးနဲ့ ဖုံးအုပ်ထားပါ တယ်။ ယင်းအမြှေးပါးလေးမှာ mucus ဆိုတဲ့ အချွဲတမျိုးကို ထုတ်ပေးတဲ့ အလွှာလေးလဲ ပါရှိပါတယ်။ လေအိတ်ခေါ် sinus လေးများဟာ အသက်ရှုသွင်း ရှုထုတ်လုပ်နေသော နှာခေါင်း လမ်းတလျောက်နဲ့ အတွင်းဘက်မှာ ဆက်စပ်လျက် ရှိနေပါတယ်။

sinus ခေါ် လေအိတ်ငယ်လေးများရဲ့ လုပ်ငန်းတာဝန်ကတော့ အသက်ရှုလိုက်တဲ့ လေထုထဲက ပါလာသော ဖုန်မှုန့်နဲ့ ပိုးမွှားများကို အချွဲလွှာလေး အတွင်း ဖမ်းယူလိုက်ပြီး အမွှေးနုလေး များရဲ့ တွန်းပို့လှုပ်ရှားမှု နှင့် sinus ရဲ့ သေးငယ်တဲ့ အပေါက်လေးကနေ ထုတ်ပြီး နှာခေါင်း မှတဆင့် အပြင်သို့ ပြန်လည်စွန့်ထုတ် စေပါတယ်။

ထိပ်ကပ်(ခပ်)နာဘယ်လိုစဖြစ်သလဲ

များသောအားဖြင့် ဗိုင်းရပ်စ်ပိုး တခုခုကြောင့် အအေးမိ ဖျားနာတဲ့ အခါမှာ စဖြစ်တတ်ပါ တယ်။ အအေးမိတဲ့အခါ ဗိုင်းရပ်စ်ပိုးဟာ လေအိတ်ငယ်များရဲ့ အမြှေးပါးကို ယောင်ယမ်းစေ ပါတယ်။ တဖန် ခန္ဓာကိုယ်ရဲ့ သဘာဝ ကိုယ်ခံအား များက ဗိုင်းရပ်စ်ပိုးကို တိုက်ထုတ်ရန် အမြှေးပါးများမှ အချွဲများကို ပိုမိုထုတ်စေပါတယ်။ ဗိုင်းရပ်စ်ကြောင့် ယောင်ယမ်းနေတဲ့ လေအိတ်လေးဟာ အချွဲများနှင့် ပိုမိုပြည့်လာပြီး ပိုယောင်ယမ်းလာကာ ဘက်တီးရီးယား ပိုးမျာပါ ၀င်ရောက်လာပါက ထိပ်ကပ်(ခပ်)နာခေါ် sinusitis ကို စတင်ခံစား ရပါတော့တယ်။

ဘယ်လိုလက္ခဏာလေးတွေ ပြမလဲ

ယောင်ယမ်းနေတဲ့ လေအိတ်လေးတွေ တည်ရှိတဲ့နေရာကို မူတည်ပြီး အနည်းငယ်စီ ကွဲပြားပါတယ်။ များသောအားဖြင့် ဖျားခြင်း၊ နုံးချိပြီး အားမရှိဖြစ်ခြင်း၊ ချောင်းဆိုးခြင်း ၊ နှာရည် အဆက်မပြတ် ကျခြင်း၊ နှာခေါင်းပိတ်ခြင်းတို့ အပြင်

(၁) အအေးမိဖျားနာနေတဲ့ ရက်အတွင်း မနက်နိုးလာတာနဲ့ မျက်ခုံးရိုးတ၀ိုက် ကိုက်ခဲခြင်း၊ ကိုယ်ကို အရှေ့နဲနဲ ကိုင်းတဲ့အခါ ဦးခေါင်း အရှေ့ဘက်မှ ကိုက်ခဲမှုတခုခုကို ခံစားရခြင်း။

(၂) ပါးနှင့်မေးရိုး တ၀ိုက်မှ လေအိတ်လေးများ ယောင်ယမ်းမှုကြောင့် အပေါ်မေးရိုး တလျောက် နာကျင်ခြင်း၊ သွားကိုက်ခြင်း။

(၃) မျက်ဝန်းနှခုကြား လေအိတ်လေးများ ယောင်ယမ်းပြီး မျက်ဝန်းတ၀ိုက် ကိုက်ခဲခြင်း၊ မျက်ခွံ လေးများပါ ယောင်ယမ်းခြင်း အစရှိသည် တို့ကိုပါ ခံစားရတတ်ပါတယ်။

ပျောက်အောင် ဘယ်လိုကုရမလဲ

လေအိတ်လေးများဟာ ဦးခေါင်းခွံရိုး အတွင်းမှာ ရှိနေတဲ့ အတွက် ဦးနှောက်နဲ့ တည်ရှိမှု အရမ်း နီးကပ်ပါတယ်။ ခဏတာ ခံစားရတဲ့ ဝေဒနာဆိုပြီး ပေါ့လို့မရပါဘူး။ ပဋိဇီဝ ပိုးသတ် ဆေးတချို့ကို သင့်ရဲ့ ဆရာဝန်မှ ညွှန်ကြားပါလိမ့်မယ်။ ပိုးသတ်ဆေးများကို ညွှန်ကြားတဲ့ အချိန်ကာလ အပြည့်သောက် ပေးရပါမယ်။ ၂ရက်လောက် သောက်ပြီး သက်သာလို့ ဖြတ်လိုက်ရင် ပိုးကခဏဘဲ ငြိမ်သွားပြီး နောက်တကြိမ်မှာ ဆေးကို ယဉ်သွားတတ် ပါတယ်။

ပြန်ဖြစ်တတ်သလား

အေးတဲ့ ရာသီဥတုမှာ နေတဲ့သူတွေ လေထုထဲက ပါတဲ့ ပန်းဝတ်မှုန်တချို့နဲ့ မတည့်ဘဲ Allergy ဖြစ်ကာ နှာရည်ခဏခဏယို တတ်တဲ့သူတွေ၊ ပန်းနာရင်ကျပ် ရှိတဲ့သူတွေ၊ ကိုယ်ခံအား ကျဆင်းနေတဲ့ သူတွေ၊ ဖုန်မှုန့်များနှင့် ညစ်ညမ်းတဲ့ လေထုကို ရှုရှိုက်ရတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ရသူတွေဟာ ဒီဝေဒနာကို ခဏခဏပြန်ခံစားရ တတ်ပါတယ်။

ဆေးဝါးအကူအညီ အပြင် ဒါလေးတွေပါ လုပ်ကြည့်မယ်။

ဆေးဝါးမှီဝဲပြီး တဘက်က ပိုးသေအောင် လုပ်တဲ့အပြင် ကိုယ်တိုင်လုပ်နိုင်တဲ့ အချက်လေးတွေ နဲ့ပါ သက်သာအောင် လုပ်ကြည့်နိုင်ပါတယ်။

(၁) ပြည့်ပြည့်၀၀ အနားယူပါ။ ကိုယ်ခံအား ကောင်းပြီး ခဏခဏ အအေးမမိစေရန် ထိန်းသိမ်း ပါ။ အာဟာရပြည့်ဝစွာ စားပြီး အိပ်ချိန်မှန်ပါစေ။

(၂) ပက်လက်လှဲ အိပ်နေခြင်းက နှာခေါင်းကို ပိုပိတ်စေပါတယ်။ ကိုယ်အသက်ရှုလို့ ကောင်းတဲ့ ဘက်ကို တဘက်စောင်းပြီး အိပ်ပေးပါက သက်သာစေပါတယ်။

(၃) ပူနွေးသော အရည်များကို မကြာမကြာ သောက်ပေးပါက နှာရည်ယို နှာပိတ်တာကို သက်သာ လျော့နည်းစေပါတယ်။

(၄) အ၀တ်စလေးကို ရေနွေးငွေ့ငွေ့လေးထဲ စိမ်ပြီး ယင်းအ၀တ်နွေးနွေးလေးကို မျက်နှာနှင့် နှာခေါင်းရိုး ပေါ်ကပ်ပေးပြီး အပူနွေးနွေးလေး ပေးတာကလဲ သက်သာစေပါတယ်။

(၅) ရာသီဥတု သိပ်အေးတဲ့ နိုင်ငံတွေမှာ အိမ်တွင်း အပူချိန်ကို ထိန်းညှိပေးနိုင်တဲ့ Equipment တခုခုကို တပ်ဆင်ထားပါ။

(၆) လေယာဉ် စီးတဲ့အခါမှာ ဖိအားမတူမှုကြောင့်လည်း လေအိတ်လေးတွေ ပိတ်ပြီး ပြန်ဖြစ်တတ်ပါတယ်။ လေယာဉ်နဲ့ ခရီးသွားစရာ ရှိလျင် သင့်ရဲ့ဆရာဝန် နဲ့တိုင်ပင်ပြီး အယောင် သက်သာ စေသော နှာခေါင်းအတွင်း အစက်ချပြီး သုံးရတဲ့ decongestant nasal drop တခုခုကို ကြိုသုံးသွားပေးပါ။

ဒါလေးတွေတော့ ရှောင်နော်

(၁) မျက်ခုံးရိုး တ၀ိုက် ယောင်ယမ်းကိုက်ခဲနေချိန်မှာ အာရုဏ်စူးစိုက်ပြီး တီဗွီကြည့်ခြင်း၊ ကွန်ပျူတာ screen ကိုကြည့်ခြင်း၊ စာဖတ်ခြင်း စတာတွေ မလုပ်မိပါစေနဲ့။

(၂) ကိုယ်နဲ့ မတည့်တဲ့ အရာများ (Allergen) ၊ ဖုန်ထူတဲ့ နေရာတွေကို သတိထားရှောင်ပါ။ တခုခုကို Allergic ဖြစ်ပြီး နှာရည်ယိုခြင်းကနေ ထိပ်ကပ်(ခပ်)နာ ပြန်ဖြစ်တတ်ပါတယ်။

(၃) အရက်သောက်သုံး ခြင်းနှင့် စီးကရက်ငွေ့များက လေအိတ်လေးရဲ့ အမြှေးပါးကို ပြန်ယောင်ယမ်း စေတတ်ပါတယ်။ တတ်နိုင်သမျှ ရှောင်ပါ။

(၄) ရေကူးကန်မှာ သုံးတဲ့ ကလိုရင်း ( chlorine)ဆေး ဓါတ်ကလည်း ထိပ်ကပ်(ခပ်)နာ ဖြစ်သူ အများစုနဲ့ မတည့်တတ်ပါဘူး။

(၅) ရေအောက်ငုပ်ခြင်း (Diving) လုပ်သူတွေမှာ ရေငုပ်တဲ့အချိန် ရေများဟာ အရှိန်ဖိအား နဲ့ နှာခေါင်းမှ တဆင့် ၀င်ရောက်ပြီး လေအိတ် အမြှေးပါးလေး များကို ယောင်ယမ်းစေ တတ်ပါတယ်။


မိုး သင်ကြားခဲ့ရသမျှလေးကို ပြန်လည်မျှဝေလိုက်ပါတယ်နော်။ အားလုံးဘဲ ကျန်းမာပျော်ရွှင်သော ဘ၀လေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

Read More...

Saturday, November 24, 2007

Health and Wealth


Health and Wealth

(၂၀၀၁) ခုနှစ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကနေ ကျန်းမာရေးနဲ့ ဓနကြွယ်ဝမှုကြားမှာ ဆက်စပ်နေတဲ့ အကြောင်းအကျိုးတရား (causal effects)များ ရှိတယ်ဆိုတာကို အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။




တကယ်တော့ ကျန်းမာရေးဟာ လာဘ်ကြီးတပါးဆိုသလိုပဲ နိုင်ငံတော်ရဲ့ ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေနိုင်သလို၊ စီးပွားရေးတိုးတက်မှုကနေတဆင့်လဲ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို အကောင်အထည်ဖော်နိုင်မှာဖြစ်လို့ ဒီအချက်နှစ်ချက်ဟာ တိုက်ရိုက်ဆက်စပ်နေတဲ့ အကြောင်းတရားနှစ်ခုဖြစ်ပါတယ်။ အပြန်အလှန်အနေနဲ့ အမှီသဟဲ ပြုနေကြပါတယ်။ ကျန်းမာရေးကဏ္ဍမှာ ဆုတ်ယုတ်ပျက်စီးနေတဲ့ နိုင်ငံတနိုင်ငံရဲ့စီးပွားရေးကို ဘယ်လိုမှ တိုးတက်အောင် မလုပ်နိုင်သလို အကျိုးဆက်အဖြစ် ပိုမိုဆိုးဝါးတဲ့ ယိုယွင်းပျက်စီးမှုကိုသာ ဦးတည်သွားမှာဖြစ်ပါတယ်။

Individual level အနေနဲ့ကြည့်မယ်ဆိုရင်လဲ ၀င်ငွေများပြားမှုဟာ အစားအစာပြည့်စုံမှု၊ နေအိမ်တိုက်တာကောင်းမွန်မှုနဲ့ ရောဂါမဖြစ်ခင် ကြိုတင်တားဆီးနိုင်မှုအပါအ၀င် preventive public health measures တွေကို ပိုမိုအကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။ အကျိုးဆက်အဖြစ် health and wealth အပြင် အခြား third factors တွေ ဖြစ်တဲ့ education လို အခန်းကဏ္ဍတွေအပေါ်မှာလဲ များစွာသော အကျိုးသက်ရောက်မှု ရှိစေပါတယ်။

(၂၀၀၁) ခုနှစ်မှာ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဘောဂဗေဒပညာရှင် Bhargova ဆိုသူက ကျန်းမာရေးကောင်းမွန်မှု၊ ၀င်ငွေများပြားမှုနဲ့ ဓနကြွယ်ဝတိုးတက်မှုတွေကြားက ဆက်စပ်နေတဲ့ အကြောင်းတရားတွေကို လေ့လာဖော်ထုတ်ခဲ့ပါတယ်။ သူ့ရဲ့တွေ့ရှိချက်တွေအရ ကျန်းမာသော လုပ်သားများဟာ တခြားလုပ်သားများထက်စာရင် ပိုမိုကောင်းမွန်သော လုပ်အားကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒီအတွက်ကြောင့် ကျန်းမာရေးနဲ့ ကလေးသူငယ်တွေရဲ့ nutrition ဆိုင်ရာတွေမှာ ရင်းနှီးမြှုပ်နှံမှု အများအပြားလုပ်ပေးရမယ်လို့ ဆိုထားပါတယ်။

ကျန်းမာရေးနဲ့ ဓနကြွယ်ဝမှုကြားက နောက်တခုဆက်နွယ်မှုကတော့ ပညာရေးပဲ ဖြစ်ပါတယ်။ ကျန်းမာတဲ့ကလေးသူငယ်တွေဟာ ကျောင်းတက်မှန်တဲ့အတွက် cognitive development ဖြစ်လာပြီး၊ Life expectancy လဲတက်တဲ့အတွက်ကြောင့် တိုင်းပြည်တပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူ ပြုလာနိုင်ပါတယ်။

အရှင်းလင်းဆုံးအခြေအနေကို ဥပမာပေးရရင် အာရှအရှေ့ပိုင်းကို ပေးရပါလိမ့်မယ်။ ၁၉၆၀ ခုနှစ်က ဒီဒေသရဲ့ Life expectancy ဟာ (၃၉)နှစ်ဖြစ်ပြီး၊ (၁၉၉၀) ခုနှစ်ကျတော့ (၆၇)နှစ်ကို တိုးသွားခဲ့ပါတယ်။ ဒီလိုပဲ working age people (15-64) အရေအတွက်နဲ့ မှီခိုလူဦးရေ (below 15 & over 65) ကြားက အချိုးဟာလဲ ၁.၃ ကနေ ၂.၁ ကို တိုးသွားခဲ့ပါတယ်။ ဒီလို Labor supply တက်လာမှုဟာ ထုတ်လုပ်မှုစွမ်းအားကိုလဲ တက်စေခဲ့ပါတယ်။ ဒါ့အပြင် retirement saving ကလဲ longevity နဲ့အတူ တက်လာခဲ့ပါတယ်။ အာရှအရှေ့ပိုင်းရဲ့ မယုံကြည်စရာကောင်းလောက်တဲ့ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေမှာ ဒီလို factor inputs များက အဓိက နေရာကနေ ပါဝင်ခဲ့တာပါ။

ကျန်းမာရေးကဏ္ဍရဲ့ ဓနကြွယ်ဝမှု အပေါ်မှာ သက်ရောက်နိုင်တဲ့ impact ကို အာဖရိကတိုက် HIV/AIDS ပြဿနာနဲ့ ဥပမာပေးနိုင်ပါသေးတယ်။ (၁၉၆၀) ခုနှစ်မှာ အာဖရိကတိုက်ရဲ့ Life expectancy က ၄၀နှစ်ဖြစ်ပါတယ်။ (၁၉၉၀)ခုနှစ်မှာ ၅၀ ကို တိုးသွားခဲ့ပေမယ့် ၂၀၀၁ခုနှစ်လဲရောက်ရော (၄၆)နှစ်ကို ပြန်ကျသွားပါတယ်။ ဘာကြောင့်ပါလဲ။ အဖြေကရှင်းပါတယ်။ HIV/AIDS ကြောင့်ပါ။ တကမ္ဘာလုံးကို ပျံ့နှံ့ခဲ့တဲ့ ရောဂါပိုး ဖြစ်ပေမယ့် ရောဂါကို လျစ်လျူရှုမှု၊ ကွန်ဒုံးသုံးစွဲမှုကို resist လုပ်မှု၊ ရောဂါပိုးကူးစက်ခံရသူများကို discriminate လုပ်မှုတွေအပြင် ကြီးစွာသော ဆေးကုသစရိတ်တွေ ထပ်လောင်းလိုက်တဲ့အခါ အာဖရိကတိုက်ဟာ ဒီရောဂါဆိုးရဲ့ တိုက်ခိုက်မှုကို ကြီးမားစွာ ခံလိုက်ရပါတော့တယ်။

ဒီရောဂါဆိုးရဲ့ စီးပွားရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုတွေကလဲ အရမ်းကြီးမားလှပါတယ်။ တခြားရောဂါတွေနဲ့ မတူတဲ့အချက်က တခြားရောဂါအများအပြားက အသက်အရွယ်ကြီးသူများနဲ့ ကလေးသူငယ်များကိုသာ ပိုမိုထိခိုက်မှု ရှိစေပြီး၊ ဒီရောဂါကျတော့ working age တွေကို ပိုမိုထိခိုက်စေတဲ့ အချက်ပါပဲ။ ပြီးတော့ ဒီရောဂါက all sectors of economy ကို ထိခိုက်စေပါတယ်။ တခြား malaria တို့လို rural areas တွေကို ပိုမို ထိခိုက်စေတာမျိုး မဟုတ်ပါ။ ဒီအတွက်ကြောင့် ထုတ်လုပ်မှုစွမ်းအားတွေ ကျဆင်းလာတဲ့အပြင် saving rates တွေကလဲကျလာ၊ orphans လေးတွေကို စောင့်ရှောက်ရတဲ့စရိတ်ကလဲ ပိုမိုကြီးမားလာပါတယ်။ ဒီအချက်ဟာ တိုင်းပြည်တခုလုံးရဲ့ economic infrastructure ကို အကြီးအကျယ် ထိခိုက်လာစေပါတော့တယ်။

နောက်ဆုံးအာဖရိကနိုင်ငံအများစုဟာ palliative care နဲ့ opportunistic infections တွေကို treatment လုပ်ပေးနိုင်တဲ့ အဆင့်ပဲ ရှိပါတော့တယ်။ Benin မှာဆိုရင် retroviral drug အတွက် ကုန်ကျစရိတ်ဟာ အရမ်းကြီးမားပြီး တနှစ်အတွက် ကုန်ကျစရိတ်ဟာ တနှစ်ဝင်ငွေထက် (၆)ဆ ကြီးမားပါတယ်။

အခုဖော်ပြတဲ့ ဥပမာလေးတွေကို ကြည့်ခြင်းအားဖြင့် ကျန်းမာရေးနဲ့ ဓနကြွယ်ဝမှု၊ ၀င်ငွေတိုးတက်မှု၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုတွေကြားက ဆက်စပ်မှုတွေကို တွေ့မြင်နိုင်ပါတယ်။ Human capital investment ဟာ စီးပွားရေးဖွံ့ဖြိုးမှုရဲ့ အရေးကြီးသော သော့ချက်ဖြစ်လာတဲ့ (၂၁)ရာစုကြီးမှာ Human Resources Development ရဲ့ အဓိကအချက်ကြီးနှစ်ခုဖြစ်တဲ့ ကျန်းမာရေးနဲ့ ပညာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဟာ နိုင်ငံတိုင်း ဦးစားပေးဆောင်ရွက်ရမယ့် ရည်မှန်းချက်များဖြစ်သင့်ပါကြောင်း ရေးသားလိုက်ရပါတယ်။ “Health for All” ဆိုတဲ့ Goal ကို အောင်မြင်စွာအကောင်အထည်ဖော်ရာမှာလိုအပ်တဲ့ ပေါ်လစီများအကြောင်းကို နောက်ပိုင်းဆောင်းပါးများမှာ ဆက်လက်ဖော်ပြသွားပါမယ်။

ခင်မမမျိုး (၂၃၊၁၁၊ ၂၀၀၇)

ရည်ညွှန်း။ ။

Bhargova, A., Jamisn, D.Y., Lau, J.L. and Murray, C.J.L. (2001) Modeling the effects of health on economic growth, Journal of Health Economics, 20, 423-440

World Health Organization, Commission on Macroeconomics & Health (2001) Macroeconomics & Health: Investing in Health for Economic Development, Geneva: WHO

Fox, M.P., Rosen, S., MacLeod, W.B., Wasunna, M., Bii, M, Foglia, G. and Simon, J.L. (2004) The impact of HIV/AIDS on labor productivity in Kenya, Tropical Medicine and International Health, 9(3), 318-324


Read More...

Friday, November 23, 2007

Smoking

ခပ်ဝေးဝေးလေးနေရအောင်နော်


ဆေးလိပ်ဆိုတဲ့ အရာမကောင်းမှန်း သိပေမယ့် ဖြတ်ရတာ အတော်ခက်တတ် ကြပါတယ်။ စမိတာနဲ့ ဖြတ်ရခက်နေတဲ့ သူတွေကိုလဲ စာနာမိပါတယ်။ ကူလဲကူညီချင်တယ်။ ဒါကြောင့် ကိုယ် သိထားတဲ့ ကျန်းမာရေးရှုထောင့်ကနေဘဲ ဆေးလိပ်ရဲ့ဆိုးကျိုးလေး တွေကို တင်ပြလိုက်ပါတယ်။ ဆိုးကျိုးတွေကို သိထားပြီး သွားရင် "ငါဖြတ်သင့်တယ် "ဆိုတဲ့ အတွေးလေးတော့ ၀င်စေချင်တယ်။ ဖြတ်ရခက်တဲ့ အခြေအနေမို့ အကူအညီ ပေးနိုင်တဲ့ အချက်အလက် လေးတွေကို အမဇင် (ခ) မမွန်းသက်ပန်က ပို့စ်တခုရေး ပြီးသားမို့ ဖတ်ရှုနိုင်ပါတယ်။ ကိုယ်ခင်မင်တဲ့ သူတွေ အပါအ၀င် လူအားလုံးကို ဆေးလိပ်နဲ့ ကင်းဝေး စေချင်တာ ဆန္ဒအမှန်ပါ။ ဆေးလိပ်နဲ့ သူ့ရဲဆိုးကျိုး ရလဒ်လေးတွေကို တင်ပြလိုက်ပါတယ်။



(၁) စသောက်မိတာနဲ့ ဖြတ်ဖို့ခက်ပြီ

များသောအားဖြင့် ဆယ်ကျော်သက် အရွယ်မှာ အပေါင်းအသင်းများရဲ့ စေ့ဆော်မှု၊ ကိုယ်တိုင် ကလည်း လက်တည့်စမ်းချင်မှု၊ မိဘအသိုင်းအ၀ိုင်းကလည်း ဆေးလိပ်သောက်သုံးသူတွေ ဖြစ်မှုစတဲ့ အချက်ကလေးတွေကနေ တွန်းပို့မှုကြောင့် ဆေးလိပ်ကို စမ်းသောက်မိ တတ်ကြပါတယ်။ ဆေးလိပ်သောက်တဲ့ အကျင့်ဟာ စမိတာနဲ့ ဖျောက်ဖို့ အတော်ခက်ခဲတဲ့ အမူအကျင့်ပါ။ ဘာလို့ဆိုတော့ ဆေးလိပ်ထဲမှာ ပါဝင်တဲ့ Tobaccoမှာ စိတ်ကိုစွဲလန်းစေတဲ့ နီကိုတင်း (nicotine) အမြောက်အများ ပါဝင်နေလို့ပါ။ နီကိုတင်းကို စသုံးမိတာနဲ့ နောက်ထပ် သုံးစွဲချင်အောင် စွဲလန်းစေပြီး စိတ်ကိုပြောင်းလဲစေပါတယ်

(၂) ဆေးလိပ်ထဲမှာ တခြားဘာတွေ ပါသေးလဲ

စီးကရက် တလိပ်မှာ အမျိုးပေါင်း ၄၀၀၀ကျော်တဲံ ဓာတုပစ္စည်းတွေနဲ့ အနည်းဆုံး ၄၀၀ ကျော်တဲ့ အဆိပ်အတောက်တွေ ပါဝင်ပါတယ်။ ကျန်းမာရေးကို အဓိက ထိခိုက်စေတဲ့ အရာကတော့

* ကင်ဆာဖြစ်စေသော carcinogen တမျိုးဖြစ်တဲ့ ကတ္တရာစေး
* စိတ်ကိုစွဲလန်းစေပြီး သွေးတွင်း အဆီဓါတ်ကို မြင့်တက်စေတဲ့ နီကိုတင်း
* အဆုတ်အတွင်း အောက်ဆီဂျင် ပါဝင်မှု လျော့နည်းစေပြီး အဆိပ်အတောက် ဖြစ်စေတဲ့ ကာဗွန်မိုနောက်ဆိုဒ် တို့ အဓိကပါဝင်ပါတယ်။

(၃) ဆေးလိပ်ကြောင့် ဘာရောဂါတွေ ဖြစ်မလဲ

(၁) ကင်ဆာဖြစ်မယ်

ဆေးလိပ်သောက်သုံးသူတွေဟာ အခြားသူတွေထက် ကင်ဆာဖြစ်နိုင်ချေ အရမ်းများပါတယ်။ ကင်ဆာထဲမှာမှ အဆုတ်ကင်ဆာ (Lung Cancer)၊ လည်ချောင်းကင်ဆာ (Throat Cancer)၊ နှင့် ခံတွင်း ကင်ဆာ (Oral Cancer) များ အဖြစ်များပါတယ်။ ထို့ပြင် ကျောက်ကပ်ကင်ဆာ (Kidney Cancer)၊ အစာရေမျိုကင်ဆာ ( Oesophagus Cancer) ၊ ဆီးအိမ်ကင်ဆာ (Bladder Cancer) ၊ ပန်ကရိယကင်ဆာ ( Pancreas Cancer) ၊ သားအိမ်ခေါင်းကင်ဆာ ( Cervical Cancer) တို့ ဖြစ်ပွားမှုနဲ့ပါ ဆက်စပ်လျက် ရှိပါတယ်။ ဆေးလိပ်သောက်သုံးတဲ့ နှစ်ရှည်လေလေ သောက်သုံးတဲ့ အရေအတွက် များလာ လေလေ ကင်ဆာဖြစ်နိုင်ချေနှုန်း ပိုပိုများလာလေလေပါဘဲ။

(၂) သွေးကြောကျဉ်းမယ်

နီကိုတင်းကြောင့် ကိုလက်စတရော (Cholesterol) နဲ့ သွေးတွင်း အဆီဓါတ်တွေ များလာပြီး နှစ်ကြာလာတဲ့ အခါမှာ သွေးကြောနံရံတွေ ထူလာပြီး သွေးကြောတွေပါ ကျဉ်းလာ စေတယ်။ သွေးကြောတွေ ကျဉ်းလာတဲ့အခါမှာ သွေးများဟာ ကောင်းစွာ မစီးဆင်းတော့ဘဲ သွေးခဲမှုတွေ ဖြစ်စေကာ သွေးကြောတခုလုံးကို ပိတ်စေပါတယ်။
နှလုံး မှာရှိတဲ့ သွေးကြောများ ပိတ်သွားပါက နှလုံးသို့ သွေးရောက်အောင် မပို့နိုင်တော့ဘဲ Heart Attack ဖြင့် သေဆုံးသည်ထိ ဖြစ်နိုင်ပါတယ်။ဦးနှောက်အတွင်းရှိ သွေးကြောများ ပိတ်ပါက လေတခြမ်းဖြတ်ခြင်း နှင့် လေဖြန်းခြင်းများ ဖြစ်စေနိုင်ပါတယ်။ ကျောက်ကပ် အတွင်းရှိ သွေးကြောများ ပိတ်သွားပါက ကျောက်ကပ်ကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ခြေထောက်မှာ ရှိတဲ့ သွေးကြောများ ပိတ်သွားပါက သွေးမလျောက် နိုင်တော့ဘဲ ပုပ်သွားကာ ခြေထောက် ဖြတ်ပစ်ရသည်ထိ ဖြစ်တတ်ပါတယ်။ ဆေးလိပ်ဟာ ကိုယ်တွင်းက အဓိက အဂါင်္တွေ အကုန်လုံးကို တိုက်ရိုက်ဆိုးကျိုးတွေ ပေးပါတယ်။

(၃) ခဏခဏချောင်းဆိုးမယ်

ဆေးလိပ် သောက်သူ တွေဟာ ချောင်းခဏခဏ ဆိုးတတ်ကြပါတယ်။ ဘာကြောင့်ဆိုတော့ ဆေးလိပ်ကြောင့် အဆုတ်အတွင်းရှိ လေအိတ်ငယ်လေးတွေ ပျက်စီးပြီး လေပြွန်ကိုလဲ ယောင်ယမ်းစေကာ လေပြွန်ကြော တလျောက်လုံးကိုပါ ကျဉ်းမြောင်းစေပါတယ်။ ဒါကြောင့် ချောင်းခဏခဏဆိုးခြင်း နှင့် အသက်ရှုမ၀ခြင်း တို့ကိုပါ ဖြစ်စေပါတယ်။

(၄) တခြားဘာတွေဖြစ်ဦးမလဲ

* ဆေးလိပ်ဟာ သွားတွေကို ၀ါစေပြီး ခံတွင်းနံ့ဆိုးခြင်း တို့ကိုဖြစ်စေပြီး ခံတွင်းကျန်းမာရေး ကိုပါ ထိခိုက်စေပါတယ်။
* ဆေးလိပ်ကြောင့် သွေးကြောနံရံတွေ ပျက်စီးပြီး သွေးတိုးရောဂါ ကိုလည်း ဖြစ်စေပါတယ်။ သွေးတိုးရောဂါ ဟာလည်း နှလုံးရောဂါ နှင့် လေဖြတ်ခြင်း တို့ကိုဖြစ်စေဖို့ တွန်းအားတခု ပါဘဲ။
* ဆေးလိပ်မှာ ပါတဲ့ နီကိုတင်းဟာ အမျိုးသားတွေရဲ့ လိင်အဂါင်္မှာရှိတဲ့ သွေးကြောတွေကိုပါ ကျဉ်းစေပါတယ်။ သွေးကြောကျဉ်းပြီး သွေးကောင်းစွာ မစီးဆင်းမှုကြောင့် လိင်အဂါင်္ရဲ့ မျိုးပွား ခြင်းဆိုင်ရာ လုပ်ငန်း ကိုထိခိုက်ပြီး(Erectile Dysfunction) ဖြစ်စေပါတယ်။ အသက် ၃၀ မှ ၄၀ကြား ဆေးလိပ်သောက်သုံးတဲ့ အမျိုးသားများရဲ့ ၅၀% ဟာ Erectile Dysfunction ကိုခံစားရ တတ်ပါတယ်။
* ဆေးလိပ်သောက်တဲ့ မိခင်တွေမှာ ကလေးမွေးဖွားပါက လမစေ့ဘဲ မွေးခြင်း နှင့် ပေါင်မပြည့်ခြင်း တို့ကိုပါ ဖြစ်စေပါတယ်။
* မိဘတဦးဦးက ဆေးလိပ်သောက်သုံးသူ ဖြစ်နေပါက အတူနေထိုင်တဲ့ ကလေးငယ်မှာ ပန်းနာရင်ကျပ် နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်စေဖို့ အခွင့်အလမ်း များပါတယ်။



ဆေးလိပ်ဖြတ်ဖို့ ကြိုးစားရတာ အမှန်တကယ်ကို ခက်ခဲပါတယ်။ တခါဖြတ်ကြည့် မနေနိုင်၊ ပြန်သောက် လုပ်ရင်းကနေ တဖြေးဖြေးနဲ့ စိတ်ဓါတ်ပါ ကျလာတတ်ပါတယ်။ ဇွဲမလျော့ပါနဲ့။ ဒီတခါမရ ရင် နောက်တခါ ရပါလိမ့်မယ်။ ဖြစ်လာမယ့် ရောဂါတွေ အပိုကုန်တဲ့ ငွေကြေးတွေ ကိုယ့်ရဲ့ အနာဂတ် မိသားစုရဲ့ အနာဂတ် စတာတွေကို အသေအချာ တွေးပါ။ စိတ်ကို ခိုင်ခိုင်ထားပြီး ဆုံးဖြတ်ချက် ချပါ။ အကူအညီပေးနိုင်တဲ့ နည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်ပါ။ သင့်ရဲ့ ကြိုးစား မှုတိုင်းကို သင့်ရဲ့ မိသားစု ပတ်ဝန်းကျင် ကလဲ အသိအမှတ်ပြုမှာပါ။ တကယ်ဆေးလိပ် ပြတ်သွားတာနဲ့ သူခေါ်ဆောင်လာမယ့် ရောဂါဆိုးတွေကနေ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပျော်ရွှင်နိုင်မှာပါ။ အားလုံးဘဲ ဆေးလိပ်နဲ့ ခပ်ဝေးဝေးလေးမှာ နေကြရအောင်နော်။ အားလုံးဘဲ ကျန်းမာပျော်ရွှင်သော လူမှုဘ၀လေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။


ဒီပို့စ်လေးအတွင်း ဆေးလိပ်ဖြတ်ကြရအောင်နော် ဟူသော ပို့စ်လေးအား ဝေမျှဖို့ လင့်ခ်ခွင့် ပေးခဲ့သော ချစ်မ မဇင် အား အထူးပင်ကျေးဇူးတင်ရှိပါသည်။

Read More...

Habit vs Health


ကောင်းသော အလေ့အကျင့် အလေ့အထသည် ကျန်းမာရေးကို အထောက်အကူဖြစ်စေပေမယ့် ပုံမှန်မဟုတ်တဲ့ အလေ့အထတွေ ကျန်းမာရေးနဲ့ မလျော်ညီစွာ နေထိုင်ခြင်းတွေဟာ ရောဂါဖြစ်စေပါတယ်။



New England Journal of Medicine မှာ ဒီအပတ်အတွက် တင်လာတဲ့ Picture Story တစ်ခု အကြောင်း ပြောပြချင်ပါတယ်။ ကောင်မလေးတစ်ယောက် ၁၈ နှစ်တဲ့။ ဗိုက်အောင့်လို့တဲ့ ။ ဗိုက်အပေါ်ဘက် ဗယ်ဘက်အခြမ်းမှာ အောင့်နေတာ ၅လကြာလောက်ရှိပါပြီ ဆိုပြီး ရောက်လာတယ်။ အစာစားပြီး အန်ချင်တယ်။ ဗိုက်အောင့်ရုံမကဘူး။ ဗိုက်ကတင်းနေတယ်။ ၅လအတွင်း ပေါင်၄၀လောက်လျော့သွားတယ် ဆိုတာ နည်းနည်းနောနောမှ မဟုတ်တာ။ စမ်းကြည့်တော့ ဗိုက်ဟာ တကယ်တင်းနေတာပါပဲတဲ့။ ရင်ညွန့်မှာ မာမာအလုံးတွေ့ရတယ်။ ကွန်ပျူတာ ဓာတ်မှန်နဲ့ ပိုသေချာသွားတယ်။ အစာအိမ်မှာ အလုံးတစ်လုံးဖြစ်နေတာပဲ။ တော်သေးတာက အစာအိမ်ထဲမှာ နေရာယူထားပေမယ့် အစာအိမ်တစ်ခုလုံးကို အပြည့်နေရာယူထားတာ မဟုတ်သေးဘူး။ အစာအိမ်ကနေ အူကို သွားမယ့် အစာတွေကို ထွက်ပေါက်မပိတ်သေးဘူး။ အစာရေမျိုပြွန်ကနေ အစာအိမ်ကို မှန်ပြောင်းကြည့်တော့ .... အစာအိမ်မှာ ဖြစ်နေတဲ့ အလုံးက ဆံပင်ထုံးအလုံးကြီးပဲ။ ပြုစားခံထားရသလားပဲ။ :)

တကယ်သေချာမေးတော့မှ ကောင်မလေးက ဆံပင်ကြိုက်တာကိုး။ စား စားပစ်တာ။ အခုလို ရောဂါမဖြစ်လာဘူး။ ဘာလက္ခဏာမှ မပြလာဘူးဆိုရင် ဆံပင်ထုံးအလုံးကြီးက ပိုကြီးလာမယ့် အလားအလာရှိတယ်။ အခု ခွဲထုတ်ပစ်လိုက်တာ 37.5 X 17.5 X 17.5 စင်တီမီတာ ကြီးတယ်။
အခုတော့ ကောင်မလေးမှာ ဘာဝေဒနာမှ မရှိတော့ပါဘူး။ ခွဲပြီးစိတ်ပြီး တစ်နှစ်တောင်ကြာခဲ့ပြီပဲ။ ဆံပင် စားတဲ့ အလေ့အကျင့်ကိုလည်း ဖျောက်လိုက်ပါပြီဆိုပါတယ်။
Source : http://content.nejm.org/cgi/content/full/357/21/e23#F1

Read More...

About Title and Body Fonts

မိတ်ဆွေများ ခင်ဗျား

စုပေါင်း ဘလောက်လေး မြိုင်မြိုင်ဆိုင်ဆိုင် ရှိလာတာ တွေ့ရသည့်အတွက် ကျေးဇူးတင် ၀မ်းသာမိပါတယ်။ ဘလောက် ဖတ်သူများ ပိုမို အဆင်ပြေစေရန် အတွက် မြန်မာ နှင့် အင်္ဂလိပ် ဖောင့်များ အကြောင်း အနည်းငယ် ရှင်းလင်းပါရစေ။


လက်ရှိ တင်းပလိတ် ဒီဇိုင်း အရ ခေါင်းစဉ် (Title) ကို အင်္ဂလိပ်လို ရေးသားပါက ပိုမို အစဉ်ပြေပါတယ်။ ခေါင်းစဉ်ဖောင့် အရောင် နှင့် ပုံစံ မှာ အခြား အဆင်အပြင်များ နှင့် လိုက်လျော ညီထွေ ရှိအောင် စီစဉ်ထားသောကြောင့်ဖြစ်၏။ ခေါင်းစဉ်တွင် အင်္ဂလိပ်လို ရေးသားခြင်း၏ အခြား အားသားချက်များမှာ
  • ဂူးဂဲလ် search တွင် ရှာဖွေပါက တိုက်ရိုက် တွေ့ရှိနိုင်ခြင်း
  • Blog archive တွင် ရှာဖွေရလွယ်ခြင်း
  • မြန်မာစာ မဖတ်တတ်သူများ အနေဖြင့် ခေါင်းစဉ်ကို ကြည့်ရုံဖြင့် စာပါအကြောင်းအရာများကို ခန့်မှန်းနိုင်ပြီး မိမိ၏ ရုံး၊ အဖွဲ့အစည်း အတွင်းရှိ အခြား မြန်မာလူမျိုးများကို ညွှန်းဆိုနိုင်ခြင်း
တို့ဖြစ်ပါတယ်။

ခေါင်းစဉ်ကို မြန်မာလို ရေးသားလို့လည်း ရပါတယ်။ ထိုသို့ ပြုလုပ်ရန် ခေါင်းစဉ်ရေးသားရာတွင် ဇော်ဂျီဖောင့်ကို ကြေငြာ (declare) ပေးရပါမယ်။

စာကိုယ် ရေးသားရာတွင် နဂို ပြင်ဆင်ပေးထားသော ဇော်ဂျီဖောင့် ကြေငြာချက် (declaration) ကို အမှတ်တမဲ့ ဖျက်မိပါက မြန်မာစာ ကောင်းကောင်း မပေါ်ပဲ question marks များသာ ပေါ်နေတတ်ပါတယ်။ ထိုအခါတွင် စာကိုယ် ကိုလည်း ဇော်ဂျီဖောင့် ပြန်ပြီး ကြေငြာပေးလိုက်ပါ။

မရှင်းလင်းပါက ဤပို့စ်တွင် မှတ်ချက်ရေးခြင်းဖြင့် မေးမြန်းပေးပါရန်။

ခင်မင်စွာဖြင့်
ရဲမွန်

Read More...

Thursday, November 22, 2007

TOF

ကျိန်စာသင့်နေသူလေးများ



ကျွန်တော်တင်ပြမယ့် ကျိန်စာသင့်နေသူလေးတွေကတော့ မွေးရာပါ နှလုံးရောဂါရှင်လေးများအကြောင်းပါ ။ မွေးရာပါ နှလုံးရောဂါ ပုံစံအမျိုးမျိုးရှိသည့်အထဲက TOF ( Tetralogy Of Fallot ) လို့ခေါ်တဲ့ နှလုံးရောဂါအမျိုးအစားကို ခံစားနေကြရတာပါ။ ဒီလိုရောဂါရှင်လေးတွေဟာ မကြာခဏဆိုသလို ရုတ်တရက် တစ်ကိုယ်လုံးပြာနှမ်းပြီး ( cyanosis ) ၊ သတိလစ်ခြင်းများကို ခံစားရတတ်ပါတယ်။ ဒါကြောင့် ဒီရောဂါကို တနည်းအားဖြင့် ( Tet Spell or Blue Spell ) လို့လည်းခေါ်ကြပါတယ်။ ဒါကြောင့်မို့လို့ ကျိန်စာသင့်နေသူလေးများ ( သို့ ) အပြာရောင်ကျိန်စာထဲက သူ့တို့လေးတွေအကြောင်းကို တင်ပြပေးလိုက်ပါတယ်။



TOF ( Tetralogy Of Fallot ) ဆိုတာဘာလဲ
TOF ဆိုတာကတော့ မွေးရာပါ နှလုံးရောဂါတစ်ခုပါ။ Tetra ဆိုတာ လေးခု ၊ လေးမျိုး ဆိုတဲ့အဓိပ္ပါယ်ရပါတယ်။ ဒီရောဂါမှာ ထင်ရှားတဲ့ လက္ခဏာအချက် ၄ ချက်ရှိတဲ့အတွက် tetra ဆိုတဲ့စကားလုံးကို အသုံးပြုထားတာပါ။ Fallot ဆိုတာကတော့ ဒီရောဂါကို စတင် တင်ပြခဲ့သူ ပြင်သစ်ဆေးပညာရှင် Etienne Fallot ရဲ့အမည်ကို ဂုဏ်ပြုခေါ်ဆိုထားခြင်းဖြစ်ပါတယ်။ ၁၈၈၈ ခုနှစ်မှာ တင်ပြခဲ့ခြင်းဖြစ်ပါတယ်။ TOF မှာ ပါရှိတဲ့ အဓိကလက္ခဏာ ၄ ခုကတော့ -

၁။ နှလုံးသွေးလွှတ်ခန်း နှစ်ခုကြားရှိ နံရံတွင် အပေါက်ပါရှိခြင်း ( VSD - Ventricular Septal Defect )။
၂။ အဆုတ်သွေးကြောမကြီးကျဉ်းမြောင်းနေခြင်း ( Pulmonary Stenosis ) - ဒီနေရာမှာ ၂ မျိုးထပ်ခွဲနိုင်ပါတယ်။ အဆို့ရှင်များကျဉ်းမြောင်းနေပါက ( Pulmonary Valvular Stenosis ) လို့ခေါ်ပြီး ၊ အဆို့ရှင်တွေရဲ့ အောက်နားမှာကျဉ်းမြောင်းနေပါက ( Infundibular Stenosis ) လို့ခေါ်ပါတယ်။
၃။ သွေးလွှတ်ကြောမကြီး နေရာလွဲမှားစွာတည်ရှိခြင်း ( Overriding Of Aorta )။
၎။ နှလုံးညာဘက် သွေးလွှတ်ခန်း ကြွက်သားများ သာမန်ထက်ကြီးထွားလာခြင်း ( Right Ventricular Hypertrophy )။

Photo Sharing and Video Hosting at Photobucket

အဖြစ်များတတ်ပါသလား
မွေးရာပါ နှလုံးရောဂါတွေရဲ့ ၁၀ ရာခိုင်နှုန်းရှိပါတယ်။ ကလေးငယ် ၁၅၀၀ မွေးမယ်ဆိုရင် TOF တစ်ယောက်ပါရှိပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ဒီလို ကလေးငယ်လေးတွေ အမြောက်အများရှိပါတယ်။ TOF ဟာ အခြားသော မွေးရာပါရောဂါများ ( ဥပမာ - Down's Syndrome ) နှင့်လည်း အတူတူတွဲဖက်တွေ့ရှိရတတ်ပါတယ်။

နှလုံးနှင့် သွေးလှည့်ပတ်စီးဆင်းပုံ
TOF အကြောင်းကို နားလည်သဘောပေါက်ဖို့အတွက် ကျန်းမာတဲ့ နှလုံးတစ်ခုဘယ်လို အလုပ်လုပ်တယ်ဆိုတာကို ဦးစွာသိရှိဖို့လိုပါတယ်။ကလေးတစ်ယောက်ရဲ့ နှလုံးဟာ အဲဒီကလေးရဲ့ လက်သီးဆုပ် ပမာဏခန့်သာရှိပြီး ၊ တစ်နေ့ကို အကြိမ် ၁၀၀,၀၀၀ ထိခုန်ပါတယ်။ နှစ်လုံးရဲ့ ဖွဲ့စည်းပုံကိုကြည့်မယ်ဆိုရင် အခန်း၎ ခန်းရှိပါတယ်-
*သွေးဝင်ခန်း ( Atrium )နှစ်ခန်း၊
*သွေးလွှတ်ခန်း ( ventricle ) နှစ်ခန်းပါရှိပါတယ်။
သွေးဝင်ခန်းတစ်ခုနှင့် တစ်ခုအကြားမှာ ပိုင်းခြားထားပေးတဲ့ နံရ
ံ ( Atrial Spetum ) ပါရှိသလို ၊ သွေးလွှတ်ခန်းတစ်ခုနှင့် တစ်ခုအကြားမှာလဲ ပိုင်းခြားထားပေးတဲ့ နံရံ ( Ventricular Septum )ပါရှိပါတယ်။ သွေးဝင်ခန်းနဲ့ သွေးလွှတ်ခန်းတွေကိုတော့ အဆို့ရှင် ( Valve ) တွေနဲ့ ပိုင်းခြားထားပါတယ်။

Photo Sharing and Video Hosting at Photobucket
နှလုံး၏ အစိတ်အပိုင်းများ
လူတစ်ယောက်အသက်ရှင်ဖို့ အတွက် မရှိမဖြစ်လိုအပ်နေတာကတော့ အောက်စီဂျင်ပဲဖြစ်ပါတယ်။ ဆဲလ်တွေရှင်သန်ဖို့ ၊ အင်္ဂါအစိတ်အပိုင်းတွေ ပုံမှန်အတိုင်းအလုပ်လုပ်ဖို့ အောက်စီဂျင်ဟာ အဓိက ရေးပါတဲ့ အခန်းကနေ ပါဝင်ပါတယ်။ ဒီလို အောက်စီဂျင်ကို ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးက အသုံးပြုနိုင်ဖို့အတွက် အဆုတ်နဲ့ နှလုံး အပါအ၀င် သွေးလှည့်ပတ်မှုစနစ် အားလုံးက လုပ်ဆောင်ပေးကြပါတယ်။ လေထဲမှာပါလာတဲ့ အောက်စီဂျင်တွေဟာ အဆုတ်ကနေတစ်ဆင့် အဆုတ်ထဲမှာရှိတဲ့ သွေးကြောတွေထဲက သွေးထဲကိုရောက်ရှိသွားကြပါတယ်။ ထို့နောက် အဲဒီလို အောက်စီဂျင်ပြည့်ဝနေတဲ့သွေးတွေကို နှလုံးဆီကို သယ်ဆောင်သွားပါတယ်။ နှလုံးရဲ့ ဘယ်ဘက်သွေးဝင်ခန်းအတွင်းရောက်ရှိလာပါတယ်။ထို့နောက် အဆို့ရှင် ( Mitral Valve ) ကိုဖြတ်သန်းကာ ဘယ်ဘက်သွေးလွှတ်ခန်းအတွင်းရောက်ရှိပါတယ်။ ထိုမှတဆင့် သွေးလွှတ်ကြောမကြီးကို ဖြတ်သန်းကာ ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးဆီကိုရောက်ရှိသွားပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အောက်စီဂျင်တွေကို အသုံးပြုပြီးတဲ့အခါမှာ မလိုအပ်တော့တဲ့ ကာဗွန်ဒိုင်အောင်ဆိုဒ်တွေ ထွက်လာပါတယ်။ အဲဒီ ဓါတ်ပစ္စည်းတွေဟာ သွေးထဲကိုရောက်ရှိလာပြီး သွေးပြန်ကြောများမှတဆင့် နှလုံးရဲ့ ညာဘက် သွေးဝင်ခန်းထဲကို ရောက်ပါတယ်။ညာဘက် သွေးဝင်ခန်းမှတဆင့် အဆို့ရှင် ( Tricuspid Valve ) ကိုဖြတ်သန်းပြီး ညာဘက်သွေးလွှတ်ခန်းထဲကိုရောက်ရှိလာပါတယ်။ ထို့နောက် အဆုတ်ထဲကိုပြန်လည်ရောက်ရှိပြီး ကာဗွန်ဒိုင်အောင်ဆိုဒ်တွေကို စွန့်ထုတ်ပြီး ၊ အောက်စီဂျင်ကို ပြန်လည် သယ်ယူပါတယ်။ ဒါကတော့ နှလုံးနဲ့ သွေးလည်ပတ်မှုအဖွဲ့အစည်း ရဲ့ လုပ်ဆောင်မှုပဲဖြစ်ပါတယ်။

TOF တွင် သွေးလှည့်ပတ်စီးဆင်းပုံ
TOF မှာ ခန္ဓာကိုယ်ကနေ နှလုံးထဲကိုဝင်ရောက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေသာပါဝင်တဲ့ သွေး ( Deoxygenated Blood ) တွေဟာ နှလုံးရဲ့ ညာဘက် သွေးလွှတ်ခန်းထဲကိုရောက်ရှိလာပါတယ်။ သာမန်နှလုံးတွင် ညာဘက် သွေးလွှတ်ခန်းထဲကသွေးတွေဟာ အဆုတ်သွေးကြောကိုဖြတ်သန်းပြီး အဆုတ်ဆီကိုရောက်ရှိရမယ့်အစား ၊ TOF တွင်အဆုတ်သွေးကြောကျဉ်းမြောင်းနေတဲ့အတွက် သွေးတွေဟာ အဆုတ်ဆီကို မ၀င်ရောက်နိုင်ဘဲ ညာဘက်သွေးလွှတ်ခန်းထဲမှာ စုအောင်းနေပါတယ်။ ထိုအခါ ညာဘက်သွေးလွှတ်ခန်း အတွင်း သွေးဖိအားများလာပါတယ်။ ညာဘက်သွေးလွှတ်ခန်းဟာ သာမန်ထက်ပိုအလုပ်လုပ်ရတဲ့အတွက် သွေးလွှတ်ခန်းကြွက်သားတွေဟာ သာမန်ထက်ပိုကြီးထွားလာပါတယ် ( Ventricular Hypertrophy )။ ဒီလိုသွေးဖိအားတွေများလာတဲ့ အခါ ညာဘက် သွေးလွှတ်ခန်းအတွင်းက ကာဗွန်ဒိုင်အောက်ဆိုဒ်ပါတဲ့သွေးတွေဟာ သွေးလွှတ်ခန်းနှစ်ခုကြားမှာရှိတဲ့ အပေါက်ကတဆင့် ဘယ်ဘက်သွေးလွှတ်ခန်းအတွင်းရောက်ရှိသွားပြီး အဆုတ်ကနေလာတဲ့ အောက်စီဂျင်ပါတဲ့ သွေး ( Oxygenated Blood ) တွေနဲ့ရောသွားပါတယ်။ ဒါကြောင့် ဘယ်ဘက်သွေးလွှတ်ခန်းအတွင်းမှ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို သွားတဲ့ သွေးတွေဟာ အောက်စီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် နှစ်မျိုးလုံးပါဝင်တဲ့အတွက် ဆဲလ်များတွင် လုံလောက်တဲ့ အောက်စီဂျင်ပမာဏကို မရကြပါဘူး။ အောက်စီဂျင်မလုံလောက်တဲ့အတွက် အင်္ဂါအစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်ချက်တွေဟာလည်း ပုံမှန်အတိုင်းမလုပ်ဆောင်နိုင်တော့ပါဘူး ။ ဥပမာ - ဦးနှောက်ဆီသို့ အောက်စီဂျင်မလုံလောက်ပါက ဦးနှောက်ဆဲလ်များသေဆုံးသွားပြီး အသက်ဆုံးရှုံးမှုများ ဖြစ်နိုင်ပါတယ်။အောက်စီဂျင်မလုံလောက်တဲ့ လက္ခဏာတွေအနေနဲ့ ပြာနှမ်းခြင်း ( Cyanosis ) ၊ သတိလစ်ခြင်း ( Loss of consciousness ) တို့ကိုတွေ့ရှိနိုင်ပါတယ်။

Photo Sharing and Video Hosting at Photobucket
သွေးလည်ပတ်စီးဆင်းပုံ
ဘာကြောင့်ဖြစ်ရတာလဲ
TOF ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းကိုတော့ မသိရှိရသေးပါဘူး ။ မျိုးရိုးလိုက်ခြင်းကြောင့်လဲ ဒီရောဂါရနိုင်ပါတယ်။ ဥပမာ - မိဘများတွင် မွေးရာပါ နှလုံးရောဂါတစ်ခုခုရှိပါက မွေးလာသောကလေးမှာ TOF ဖြစ်နိုင်ခြေရှိပါတယ်။ ဒါ့အပြင် မျိုးရိုးဗီဇနှင့်ဆိုင်သောမွေးရာပါ ရောဂါများ ( ဥပမာ - Down's Syndrome , DiGeorge's Syndrome ) တွင် TOF ကိုပါ တွဲဖက်တွေ့ရှိရလေ့ရှိပါတယ်။ ရောဂါဖြစ်စေတဲ့ အဓိကအကြောင်းအရင်းကိုမသိရှိပေမယ့် အောက်ပါအခြေအနေတွေကြောင့် TOF ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။
၁။ ကိုယ်ဝန်ဆောင်မိခင်များ အရက်( Alcohol ) သောက်ခြင်း ။
၂။ ကိုယ်ဝန်ဆောင်မိခင်များ အဟာရချို့တဲ့ခြင်း ( Poor nutrition during pregnancy )။
၃။ ကိုယ်ဝန်ဆောင်စဉ် ဗိုင်းရပ်စ်ရောဂါ ( Viral Infection ) ခံစားရခြင်း ။( eg. German Measles- rubella )
၎။ ကိုယ်ဝန်ဆောင်မိခင်တွင် ဆီးချိုရောဂါ ( Diabetes ) ရှိခြင်း ။
၅။ ကိုယ်ဝန်ဆောင်မိခင်၏ အသက် ၄၀ ကျော်ခြင်း ။

လက္ခဏာများ
TOF ကလေးငယ်တွေမှာ အဓိကတွေ့ရတဲ့ လက္ခဏာတွေကတော့ -
၁။ အောက်စီဂျင်ပမာဏလျှော့နည်းခြင်းကြောင့် ပြာနှမ်းခြင်း ( Cyanosis ) ၊ အထူးသဖြင့် မျက်နှာ ၊ နှုတ်ခမ်းနှင့် လက်ချောင်းလေးတွေမှာတွေ့ရတတ်ပါတယ်။
၂။ အပင်ပန်းမခံနိုင်ခြင်း ။
၃။အစာစားရာတွင်ခက်ခဲခြင်း ( Poor Feeding )။
၎။ ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ပါက အောက်စီဂျင် ပမာဏ ရုတ်တရက်ကျဆင်းပြီး တစ်ကိုယ်လုံးပြာနှမ်းကာ သတိလစ်ခြင်း ( Tet Spells ) ။မကြာခဏ ခံစားရတတ်ပါတယ်။
၅။ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနှေးကွေးခြင်း ။
၆။ လက်ချောင်းထိပ်လေးများ တင်းပုတ်ကဲ့သို့ ကြီးထွားလုံးဝန်းနေခြင်း ( Clubbing ) ။
Photo Sharing and Video Hosting at Photobucket

၇။ နှလုံးတွင်း သွေးလှည့်ပတ်စီးဆင်းမှုတွင် အတားအဆီးရှိနေခြင်းကြောင့် နှလုံးခုန်သံမှာ သာမန်ကဲ့သို့ မဟုတ်ဘဲ ဆူညံသံများ ရှိနေခြင်း ( MurMur)။
ဒီလက္ခာတွေဟာ ကလေးမွေးဖွားပြီး ရက်သတ္တပါတ်အနည်းငယ်အတွင်းမှာ ပေါ်လာတတ်ပါတယ်။ များသောအားဖြင့် ကလေးဟာ ငိုနေစဉ် တစ်ကိုယ်လုံးပြာလာပြီး သတိလစ်ခြင်းပုံစံမျိုးအနေဖြင့် တွေ့ရှိသတိပြုမိနိုင်ပါတယ်။

ဘယ်လိုသိရှိနိုင်လဲ
အထက်ပါ လက္ခာတွေအပြင် အောက်ပါ စမ်းသပ်စစ်ဆေးမှုများကြောင့်လဲ သိရှိနိုင်ပါတယ်။
၁။ Echocardiogram
၂။ ECG - Electrocardiogram
၃။ Chest X'ray
၎။ Pulse Oximetry ဖြင့် သွေးထဲရှိ အောက်စီဂျင် ပမာဏကိုတိုင်းတာခြင်း ။
၅။ Cardiac Catheterization

ဘယ်လိုကုသမလဲ
အရေးပေါ်ကုသခြင်း
သွေးအတွင်းအောက်စီဂျင် ရုတ်တရက်ကျဆင်းခြင်းသည် အသက်ဆုံးရှုံးမှုကိုဖြစ်စေနိုင်တဲ့အတွက် အရေးပေါ်ကုသဖို့လိုအပ်ပါတယ်။ ကလေးဟာ ရုတ်တရက် ပြာလာပြီး မူးလဲပါက ကလေးကို မြေပြင်တွင် ဘေးတစ်စောင်းလှဲချထားပါ ။ ထို့နောက် ကလေး၏ ဒူးခေါင်းကို ရင်ဘတ်ကိုထိလောက်အောင် ကွေးထားပေးပါ။( Knee-Chest Position ) ။ ဒီပုံစံဟာ ဆောင့်ကြောင့်ထိုင်တဲ့ပုံစံနဲ့ဆင်တူပါတယ်။ ကလေးကြီးတွေဟာ မကြာခဏ ဒီလိုခံစားဖူးတဲ့အတွက် နောက်တစ်ခါဖြစ်လာပါက အလိုအလျှောက် မိမိတို့ဘာသာ ဆောင့်ကြောင့်ထိုင်ပြီး ကုသသည့် အလေ့အကျင့်ရသွားတတ်ပါတယ်။ ဒီလိုဆောင့်ကြောင့်ထိုင်လိုက်တဲ့အတွက် သွေးလွှတ်ကြောမကြီးထဲမှာရှိတဲ့ သွေးဖိအားတက်လာပါတယ်။ ထိုမှတဆင့် ဘယ်ဘက် သွေးလွှတ်ခန်းမအတွင်းရှိသွေးဖိအားပါတက်လာပြီး ညာဘက်သွေးလွှတ်ခန်းမှသွေး( Deoxygenated blood ) များ ဘယ်ဘက်သွေးလွှတ်ခန်းအတွင်းဝင်ရောက်ခြင်းကိုလျှော့နည်းစေပါတယ်။ ထိုသို့ဖြင့် Deoxygenated Blood များ သွေးအတွင်းဝင်ရောက်ခြင်းကိုလျှော့နည်းစေပါတယ်။ သို့သော် ထိုသို့လက္ခဏာမျိုးခံစားရပါက နီးစပ်ရာ ဆေးရုံ ၊ ဆေးခန်းများသို့ သွားရောက်ပြီး ထိရောက်တဲ့ ကုသမှုကို ခံယူဖို့လိုအပ်ပါတယ်။

ခွဲစိတ်ကုသခြင်း
TOF တွင်ရှိနေသော နှလုံးအတွင်း ချို့ယွင်းမှုများကိုတော့ ခွဲစိတ်ကုသဖို့လိုအပ်ပါတယ်။

ဘယ်လောက်ထိအသက်ရှင်နိုင်လဲ
ခွဲစိတ်ကုသမှုမခံယူပါက TOF ဝေဒနာရှင်များရဲ့ ၁၀ ရာခိုင်နှုန်းသာ အသက် ၂၀ ကျော်ထိအသက်ရှင်နိုင်ပါတယ်။ ဒီရောဂါဟာ ကာလကြာရှည်စွာ ဖြစ်နေမယ်ဆိုရင် နှလုံး ၊ အဆုတ် ၊ သွေးလည်ပတ်မှုနှင့်ဆိုင်သော အခြားသော နောက်ဆက်တွဲဆိုးကျိုးများကိုပါ ခံစားလာရနိုင်ပါတယ်။

အချုပ်အားဖြင့်ဆိုသော် TOF ဝေဒနာရှင်လေးတွေဟာ တစ်သက်လုံး ကုသမှုတွေကို ခံယူဖို့လိုအပ်ပါတယ်။ သက်ဆိုင်ရာ သမားတော်များနှင့် တိုင်ပင်ဆွေးနွေးကုသမှုများလိုအပ်ပါတယ်။ ထို့အပြင် မိဘများရဲ့ နွေးထွေးစွာ ပြုစုယုယမှုတွေဟာလည်း ကလေးငယ်တွေရဲ့ ဝေဒနာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် TOF ကလေးငယ်လေးများ သက်တမ်းစေ့နေနိုင်စေဖို့အတွက် အားလုံးဝိုင်းဝန်းစောင့်ရှောက်ကြနိုင်စေရန်တင်ပြလိုက်ပါတယ်။လေးစားစွာဖြင့် -

ကိုးကားစာရင်း -

၁။ Nelson Textbook of Pediatrics , 17th edition.
၂။http://www.achaheart.org/resource/icon_cheartdefects_tdf.php#whatlongterm
၃။http://en.wikipedia.org/wiki/Tetralogy_of_fallot
၎။http://www.americanheart.org/presenter.jhtml?identifier=11071
၅။http://www.nhlbi.nih.gov/health/dci/Diseases/tof/tof_summary.html
၆။http://www.cincinnatichildrens.org/health/heart-encyclopedia/anomalies/tof.htm
၇။http://www.mayoclinic.com/health/tetralogy-of-fallot/DS00615/DSECTION=4
၈။http://www.emedicine.com/EMERG/topic575.htm
၉။http://www.emedicinehealth.com/tetralogy_of_fallot/article_em.htm
၁၀။http://www.nlm.nih.gov/medlineplus/ency/article/001567.htm#Causes,%20incidence,%20and%20risk%20factors

Read More...

Tuesday, November 20, 2007

Depression

စိတ်ပျော်ရွှင်အောင်

စိတ်ကျခြင်း ဝေဒနာဟာ သူ့ဘာသာ ပျောက်သွားတတ်တဲ့ ဝေဒနာမျိုး မဟုတ်ပါဘူး။ မိမိကိုယ် တိုင်ကလည်း ပြုပြင် ပြောင်းလဲမှုလေးတွေ လုပ်ပြီး ကိုယ့်ကိုယ်ကို အားပေးတတ် ရပါမယ်။ တိုင်ပင်ဆွေးနွေး နိုင်တဲ့သူတွေနဲ့ Talk Therapy လေးတွေ ယူတာအပြင် ကိုယ်တိုင်ကိုယ် ကျ နေထိုင်မှုပုံစံလေးတွေ ပြောင်းပေးခြင်းအားဖြင့် တဘက်တလမ်းကနေ စိတ်ကိုပြန်လည် တက်ကြွ လန်းဆန်းလာစေ ပါလိမ့်မယ်။ ဒီအချက်လေးတွေက အနည်းနဲ့ အများတော့ ကူညီနိုင်ပါလိမ့်မယ်။


(၁) လေ့ကျင့်ခန်းလေးတွေ လုပ်ကြည့်မယ်

စိတ်ကျဝေဒနာ ခံစားရသူ တယောက်ဟာ သာမန်လူလို တက်တက်ကြွကြွနဲ့ လေ့ကျင့်ခန်း အားကစားလေးတွေ လုပ်ဖို့ ခက်ခဲလှပါတယ်။ ဒါပေမယ့် ကြိုးစားပြီးတော့ လုပ်ဖြစ်အောင် လုပ်ပါ။ ကိုယ်တယောက်တည်း စိတ်မပါရင် သူငယ်ချင်း မိတ်ဆွေတယောက်ကိုပါ အဖော်ညှိပြီး စိတ်ပါလာ အောင်လုပ်ပါ။ တနေ့ကို အနည်းဆုံး ၁၅ မိနစ်ကနေ နာရီဝက်ထိ လမ်းလျောက်ပေး ပါ။ ဖြစ်နိုင်ရင် ကိုယ်နှစ်သက်တဲ့ လှုပ်ရှားမှုလေးတွေ စက်ဘီးစီးတာ၊ ပြေးတာ စသဖြင့် ကိုယ်ဝါသနာပါတဲ့ အားကစားတခုခုကို လုပ်ပေးပါ။ ယောဂကျင့်စဉ်ကို ကျင့်တတ်ရင်လည်း ယောဂကျင့်ပေးပါ။ အသက်ရှုလေ့ကျင့်ခန်း လုပ်ပေးခြင်း၊ တရားထိုင်ခြင်း ကလည်း စိတ်ကို တည်ငြိမ် အေးချမ်းမှုလေးတွေ ပေးနိုင်ပါတယ်။ လေ့ကျင့်ခန်း တခုမဟုတ် တခုကိုတော့ ကြိုးစားပြီး လုပ်ကြည့်ပေးပါ။ အစပျိုးပြီး လုပ်မိလိုက်တာနဲ့ တဖြေးဖြေးချင်း စိတ်ပြန်ပါလာမှာပါ။

(၂) အာဟာရပြည့်ဝအောင် ကြိုးစားပြီးစားပေးပါ

စိတ်ကျနေသူတယောက်ဟာ လုံးဝစားချင်စိတ်မရှိတာ ဖြစ်နိုင်သလို ပုံမှန်ထက် ပိုစားတဲ့ အမူအကျင့်လေး အဖြစ်လည်း ပြောင်းလဲနိုင်ပါတယ်။ ခံစားရသူ တယောက်နဲ့တယောက် မတူညီတတ်ပါဘူး။ အရေးကြီးဆုံးက အာဟာရပြည့်ဝအောင် မျှမျှတတလေး ကြိုးစားပြီး စားပေးဖို့ပါ။ အစာကို ပုံမှန်စားပေးခြင်းကလည်း လူတယောက်ရဲ့ mood ပေါ်မှာ သက်ရောက်မှုလေးတွေ ရှိပါတယ်။ဘာမှ မစားချင်ဘူး ဆိုရင်တောင် အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။

(၃) အဖြေရှာပါ။ ဒါပေမယ့် ပြသာနာထဲမှာ နစ်မနေပါနဲ့

ကိုယ်ဘာကြောင့် ဒီလို စိတ်မတက်မကြွ ဖြစ်နေရလည်း ပြန်သုံးသပ်ပြီး အဖြေရှာပါ။ ဘာကြောင့်ဆိုတာသိရင် ကိုယ်ရင်းနှီးသူ တယောက်နဲ့ ဖွင့်ဟတိုင်ပင်ပါ။ အကောင်းဆုံး နည်းလမ်းကို စဉ်းစားပါ။ တယောက်ယောက်ကို ကိုယ့်ပြသာနာကို ထုတ်ပြောလိုက်တာ ကလည်း စိတ်ကိုပေါ့ပါးစေတာ အမှန်ပါ။ ပြသာနာထဲမှာ တ၀ဲလည်လည်နဲ့ စိတ်ကို နစ်မထားဖို့ အရေးကြီးပါတယ်။

(၄) ကိုယ့်စိတ်ပျော်တာလေးတွေလုပ်ပေးပါ

စိတ်ကျခြင်းကို ခံစားရရင် လူတယောက်ရဲ့ စွမ်းရည်နှင့် သူ့ရဲ့ လုပ်ရည်ကိုင်ရည်တွေကို ပါ ထိခိုက်စေတတ်ပါတယ်။ ထိုအခါမျိုးမှာ ကိုယ်ဝါသနာပါတဲ့ တခုခုကို လုပ်နေပေးပါ။ ပန်းချီဆွဲတာ ဖြစ်ဖြစ်၊ သီချင်းနားထောင်တာ ဖြစ်ဖြစ်၊ တခုခုကို လုပ်ပြီး စိတ်ကို ထွက်ပေါက်ပေးပါ။ ဟာသ ရုပ်ရှင်တွေ ကြည့်ပေးပါ။ တဖြေးဖြေးနဲ့ စိတ်ပြန်လည် နိုးကြွလာအောင် လုပ်ယူပါ။

(၅) အကောင်းမြင်ပါ

စိတ်ကျ ဝေဒနာကို ခံစားနေရရင် ဘယ်အရာမှ အကောင်းမမြင်နိုင်တော့တာ သဘာဝပါ။ ကြိုးစားပြီး အကောင်းမြင်ပေးပါ။ ကိုယ်အရင်က ပျော်ရွှင်ခဲ့တာလေးတွေကို ပြန်စဉ်းစားပါ။ ထောင့်စုံကနေ အကောင်းဘက် ရောက်အောင် လှည့်တွေးပေးပါ။

အရေးကြီးဆုံးကတော့ စိတ်ကျဝေဒနာ ခံစားနေရရင် စိတ်ကို ပိတ်လှောင်မထားဖို့ပါ။ ဘယ်အရာမှ လုပ်ဖို့စိတ်မပါရင်တောင် အနည်းဆုံး ကိုယ်ခင်မင်တဲ့ သူတွေနဲ့ စကားစမြည်ပြောပါ။ ကိုယ့်ကိုလည်း သူတို့က ကူညီချင်မှာပါ။ ကိုယ်ဖြစ်နေတာတွေကို ဝေမျှပေးနိုင် တဲ့အခါမှာ အဖြေဆိုတာကိုလည်း တွေ့လာမှာပါ။ အဓိက က စိတ်ရှည်ပါ။ အချိန်ယူပြီး ကိုယ့်စိတ်ကို ပြင်ယူပါ။ ခုဖြစ်ခုပျောက် ဝေဒနာမျိုး မဟုတ်တာကို လက်ခံပါ။ စိတ်ရှည်ရှည်နဲ့ အထက်က အချက်လေးတွေကို ကြိုးစားပြီး လုပ်ကြည့်မယ်ဆိုရင် တနည်းနည်းနဲ့တော့ စိတ်ပြန်လည် နိုးကြွလာပြီး ပျော်ရွှင်ချမ်းမြေ့မှုကို ရရှိနိုင်မှာပါ။ အားလုံးဘဲ ကျန်းမာပျော်ရွှင်သော လူမှုဘ၀လေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

Read More...

Sunday, November 18, 2007

Depression

စိတ်ဖိစီးမှုတွေနဲ့ လှုပ်ရှားရုန်းကန်ရတဲ့ ဘ၀ကြီးမှာ လူတိုင်းကိုယ်စီ စိတ်မချမ်းမြေ့မှု လေးတွေ ကြုံရစမြဲပါ။ ဒါပေမယ့် ထိုခဏတာ စိတ်မကြည်လင် မှုလေးတွေက အချိန်ယူပြီး ဖြေဖျောက် လိုက်ရင် ပျောက်ကွယ် သွားတတ်ပါတယ်။ Depression ဆိုတဲ့ စိတ်ကျ ဝေဒနာကတော့ ပိုပြီးပြင်းထန် တဲ့ စိတ်ခံစားမှုမျိုးပါ။ လူတယောက်ဟာ စိတ်ကျခြင်းဝေဒနာကို ခံစားရပြီဆိုရင် အလိုအလျောက် ၀မ်းနည်းနေတတ်မယ်၊ မိမိကိုယ်ကို ယုံကြည်မှုတွေလည်း နည်းပါးလာမယ်၊ ကိုယ်နေ့တဓူဝ လုပ်နေတဲ့ အလုပ်တွေမှာလည်း စိတ်ဝင်စားမှု လျော့ပါးလာမယ်။ ကိုယ့်ကိုကိုယ်လည်း တန်ဖိုးမရှိတဲ့ လူသား တယောက်လို့ မြင်လာပြီး အဲလိုစိတ်ခံစားမှုလေး တွေကို ရက်ပေါင်း လပေါင်းများစွာ ခံစားနေရပြီဆိုရင် Depression ခေါ် စိတ်ကျခြင်းဝေဒနာကို ခံစားနေရပြီလို့ ဆိုနိုင်ပါတယ်။



စိတ်ကျဝေဒနာ ခံစားရခြင်းနဲ့ ဦးနှောက်နဲ့ ဘယ်လိုဆက်နွယ်နေမလဲ


လူ့ဦးနှောက်ထဲမှာ nerve ကြောလို့ ခေါ်တဲ့ အာရုံကြောလေးတွေ အချင်းချင်းကြား သတင်း အချက်အလက် လေးတွေပေးပို့နေတဲ့ neurotransmitter လေးတွေ ပါရှိပါတယ်။ အချို့သော neurotransmitter လေးတွေဟာ လူတယောက်ရဲ့ စိတ်ခံစားမှုလေးတွေကို ထိန်းညှိပေးပါတယ်။ ၄င်း neurotransmitter လေးတွေ နှေးကွေးစွာ လှုပ်ရှားမှုကြောင့် လူတွေမှာ ဒေါသထွက် စိတ်တို လွယ်ခြင်း၊ စိတ်ဖိစီးမှုများခြင်း တွေဖြစ်စေတယ်လို့ ဆေးပညာအရ ဆိုပါတယ်။

ဘာကြောင့် စိတ်ကျခြင်း ဝေဒနာကို ခံစားရသလဲ

အမှန်ဆိုရင် စိတ်ကျခြင်းကိုဖြစ်စေတဲ့ တိတိပပ အကြောင်းပြချက် ဆိုတာထက် လူတယောက်ရဲ့ ဘ၀အဖြစ်အပျက် လေးတွေနဲ့ သူရှင်သန်လှုပ်ရှားရတဲ့ လူမှုအသိုင်းအ၀ိုင်းရဲ့ လွှမ်းမိုးမှုလေး တွေကြောင့် စိတ်ကျခြင်း ဆိုတာကို ခံစားရတာများပါတယ်။

ဘယ်လိုလက္ခဏာလေးတွေပြမလဲ

(၁) အချိန်ကာလအတော်ကြာ ဖြေသိမ့်မရနိုင်ဘဲ ကိုယ့်ကိုယ်ကို ၀မ်းနည်းနေခြင်း

(၂) တကိုယ်လုံး အားအင်မရှိဘဲ နုံးချည့်နေခြင်း

(၃) မိသားစု၊ သူငယ်ချင်းတွေနဲ့လည်း နီးနီးကပ်ကပ် မဆက်ဆံပဲ တကိုယ်တည်း သီးသန့်နေလာခြင်း

(၄) ကိုယ်အရင်က ပျော်ပျော်ရွှင်ရွှင် လုပ်ခဲ့တဲ့ အလုပ်တွေကိုလည်း စိတ်မပါတော့ခြင်း

(၅) အလုပ်တခုခု လုပ်ပါကလည်း အာရုဏ်စူးစိုက်မှု လျော့နည်းလာခြင်း

(၆) အလိုလိုနေရင်း စိတ်အလိုမကျလိုက်၊ ဒေါသထွက်လိုက်နှင့် စိတ်လှုပ်ရှားမှုများလာခြင်း

(၇) သိသိသာသာကို ကိုယ်အလေးချိန် တက်လာခြင်း သို့မဟုတ် ကိုယ်အလေးချိန် ကျသွားခြင်း

(၈) အိပ်တဲ့အမူအကျင့်လေးတွေ ပြောင်းသွားခြင်း (လုံးဝအိပ်မပျော်တာ သို့မဟုတ် တနေကုန် အိပ်နေတတ်ခြင်း)

(၉) ရောဂါရမယ် ရှာမရဘဲ တကိုယ်လုံး နုံးချိလိုက် ကိုက်ခဲလိုက်ဖြစ်ခြင်း

(၁၀) ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့ပဲ ခံစားနေရပြီး ကိုယ်ဟာ ဘာမှအသုံးမကျတဲ့ လူအဖြစ် ထင်မြင်လာခြင်း

(၁၁) ပစ္စုပ္ပန်၊ အနာဂတ် ဘယ်အရာကိုမှ စိတ်မ၀င်စားတော့ဘဲ တဖြေးဖြေး ဆိုးလာပါက ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်တဲ့အထိ ဖြစ်လာနိုင်ပါတယ်

အထက်ပါလက္ခဏာလေးတွေထဲက ၅ ခုနဲ့အထက်ကို အချိန်ကာလ ၂ပတ်နဲ့ ၂ပတ်အထက် ခံစား နေရပြီဆိုရင် စိတ်ကျခြင်း ဝေဒနာကို ခံစားနေရပြီလို့ ယူဆနိုင်ပါတယ်။

ဘယ်လိုကုထုံးလေးတွေရှိမလဲ

စိတ်ကျခြင်းဝေဒနာဟာ စိတ်ပေါ့သွပ်ပြီး ရူးသွပ်ခြင်းနဲ့ အခြေအနေချင်း ကွာခြားပါတယ်။ Depression ဖြစ်တာနဲ့ Crazy ဖြစ်နေတယ်လို့ ပြောလို့မရပါဘူး။ နားလည် တတ်ကျွမ်းတဲ့ စိတ်ကျန်းမာရေး ပညာရှင်တွေနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုလေးတွေ လုပ်မယ်၊ ကိုယ်ခံစားနေရတာတွေကို ဖွင့်ဟတိုင်ပင် နိုင်တဲ့ Talk Therapy လေးတွေ လုပ်ပေးမယ် ဆိုရင် နဂိုမူလ အရင်လို ပျော်ပျော်ရွှင်ရွှင် ပြန်နေနိုင်မှာပါ။ Anti-depressant လို့ခေါ်တဲ့ ဆေးလေးတွေကိုလည်း စိတ်ကျဝေဒနာ ခံစားရသူတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ မှီဝဲခိုင်း နိုင်ပါတယ်။ အရေးကြီးတာကတော့ စိတ်ကျဝေဒနာ ခံစားနေရသူကို ပစ်ပယ်မထားဘဲ သူ့ကို အားပေး ဆွေးနွေး အကြံပေးတာလေးတွေကို အချိန်မှီ လုပ်ပေးနိုင်ဖို့ပါ။ ဒီဝေဒနာဟာ ကုသလို့ မပျောက်တဲ့ ရောဂါမျိုး မဟုတ်ပါဘူး။ တိုင်ပင်ဆွေးနွေးနိုင်မယ့် သူမျိုးနဲ့ တွေ့ဆုံပြီး ကုထုံးလေးတွေ ခံယူမယ်ဆိုရင် အရင်လို ကျန်းမာပျော်ရွှင်တဲ့ ဘ၀မျိုးကို ပြန်လည် ရရှိနိုင်မှာပါ။အားလုံးဘဲ ကျန်းမာပျော်ရွှင်သော လူမှုဘ၀လေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

စိတ်ကျဝေဒနာ ခံစားရခြင်းကို နေထိုင်မှု ပုံစံလေးတွေ ပြောင်းလဲပေးခြင်းနှင့် ဝေဒနာ လျော့ပါး အောင် ပြုလုပ်ခြင်း နည်းများကို ဆက်လက်ဖော်ပြပါမည်။

Read More...

Saturday, November 17, 2007

Med 2.0

Med 2.0 ဆိုတာ Web 2.0 Services နဲ့ Medical Services ကိုတွဲပြီး ခေါ်တာဖြစ်ပါတယ်။ Web 2.0 Services တွေမှာ ကျွန်တော်အသုံးများတာကတော့ rss feeds, google reader, gmail, facebook, bloglines, blogger,wiki နဲ့ wired တွေဖြစ်ပါတယ်။ Medical informations တွေကို ဂျာနယ်ဆိုဒ်တွေသာမကဘဲ ဆေးပညာနယ်ပယ်က လူတွေရဲ့ ဘလော့ဂ်တွေမှာလည်း ဖတ်ပါတယ်။ ကြိုက်တဲ့ ဘလော့ဂ်တွေကိုဆိုရင် Subscribe လုပ်ထားလိုက်ပါတယ်။ Google Reader ဟာ ကျွန်တော့်အတွက်ကတော့ အီးမေးလ်ဘောက်စ်နဲ့ တူပါတယ်။ ၀က်ဆိုဒ်တစ်ခုပြီး တစ်ခု လိုက်ဖွင့်မနေတော့ပါဘူး။ အသစ်တင်သမျှကို အဲဒီကနေဘဲ စောင့်ဖမ်းပါတယ်။ ကြိုက်တဲ့ပို့စ်တွေကို အကြိုက်ဆုံးပို့စ်စာရင်းထဲလည်း ထည့်ထားနိုင်ပါတယ်။ ဖိုင်းယားဖောက်စ်အတွက်ဆိုရင် Google Gears ဆိုတဲ့ Add-on တစ်ခုပါပြီးတော့ ပို့စ်တွေကို offline သိမ်းထားလို့ ရပါတယ်။
Web 2.0 နဲ့ပတ်သတ်ပြီးတော့ အချက်အလက်တွေကို ဖလှယ်ဖို့လို့ သဘောပေါက်ပါတယ်။ Web3.0 Semantic Web or Data Web အဖြစ် နောက်ထပ်မျိုးဆက်တစ်ခု အစပြုနေပါပြီ။ Med 2.0 ဆိုတော့ ကျွန်တော်တို့ ဆေးပညာဆိုင်ရာ သတင်းအချက်အလက်တွေကို ဖလှယ်နိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ Med 2.0 မှာ Medical Wiki ကတော့ the future of Medicine ပါပဲ။ Ask Dr.Wiki ဆိုတဲ့ ဆိုဒ်တစ်ခုတော့ တွေ့ဖူးပါတယ်။ ဒါပေမယ့် တကယ် Medical Wiki သဘောမျိုး သေချာပီပြင် မဖြစ်သေးပါဘူး။ Ask Dr.Wiki မှာက ကဏ္ဍတော်တော် စုံလင်ပြီးသားပါ။ ဒါပေမယ့် အပ်ဒိတ်မရှိတာရယ် ပို့စ်နည်းတာကြောင့်ရယ် ကျွန်တော်နောက်ပိုင်းသိပ်မ၀င်ဖြစ်ပါဘူး။
အခုလောလောဆယ်ကြိုက်နေမိတာကတော့ FaceBook app တွေပါပဲ။
Public Health နဲ့ပတ်သတ်ပြီး ဖတ်တဲ့ ၀က်ဆိုဒ်တွေကို ညွှန်းလိုပါတယ်။

- Perspectives in Public Health
- Health vs Medicine
- Effect Measure
- Get Ready 4 Flu
- System Thinking and Public Health

Read More...

Sunday, November 11, 2007

Oral Cancer

မြန်မာနိုင်ငံမှာ လူနေမှုပုံစံတွေ ပြောင်းလဲနေတာနဲ့အမျှ ခံတွင်းကင်ဆာဆိုတဲ့ ကင်ဆာရောဂါ တစ်မျိုးဟာလည်း လူငယ်ထုအတွင်းမှာ ပျံ့နှံ့ထိုးဖောက် နေရာယူနေတာကို တွေ့ရှိလာကြရပါတယ်။ အခုနှစ်ပိုင်းမှာ ခံတွင်းကင်ဆာ ဖြစ်တဲ့သူတွေက အသက် ၂၄၊ ၂၅ နှစ်အရွယ်တွေ ဖြစ်နေကြတာကို တွေ့ရှိလာရတယ်လို့ မေးရိုးနှင့် ခံတွင်းခွဲစိတ်ကု ပညာဌာနက ပါမောက္ခ၊ ဌာနမှုး ဆရာကြီး ဒေါက်တာ ဦးကိုကိုမောင်က ပြောကြားထားတာကို ဖတ်ရှုလိုက်ရပါတယ်။




ခံတွင်းကင်ဆာဆိုတာ ခံတွင်းထဲမှာ ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေ ကြီးထွားရှင်သန်နေတာကနေ စပါတယ်။ အဲဒီကနေ တံတွေးဂလင်းတွေ၊ တခြား ခံတွင်းထဲ လျှာတွေ အာခေါင်တွေစတဲ့ အင်္ဂါတွေကို ပျံ့နှံ့ရောက်ရှိ စေကုန်ပါတယ်။ ခံတွင်း ကင်ဆာဖြစ်ရင် နာကျင်ကိုက်ခဲမှု မရှိတာကြောင့် ပေါ့ပေါ့ဆဆ နေဖြစ်ကြပါတယ်။ ကင်ဆာရဲ့ အကြိုလက္ခဏာဖြစ်တဲ့ အဖြူကွက်၊ အနီကွက်တွေ ဖြစ်လာရင်လည်း သတိမထားမိကြပါဘူး။ ခံတွင်းမှာ အနီကွက်တွေ ဖြစ်လာရင် ကင်ဆာရောဂါ ဖြစ်ဖို့ ၂၀ ရာခိုင်နှုန်း ရှိပါတယ်။ အဖြူကွက် ဖြစ်လာရင်တော့ ကင်ဆာဖြစ်ဖို့ ၅ ရာခိုင်နှုန်း ရှိပါတယ်။ ရောဂါအကြို လက္ခဏာတွေက လျှာမှာဖြစ်တဲ့ အနာတွေ၊ လည်ချောင်းမှာ ဖြစ်တဲ့အနာတွေနဲ့လည်း ဆက်စပ်မှု ရှိနေပါတယ်။
ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ကွမ်းစား ဆေးသောက်တာက လူနည်းစုပါ။ နောက်ပိုင်းမှာတော့ ကွမ်းစားတဲ့လူတွေ အရမ်းကို တွေ့ရလာပါတယ်။ အထက်တန်း ကျောင်းသားတွေ၊ ပညာတတ်တွေပါ ကွမ်းစားလာကြတယ်။ လူငယ်တွေလည်း အတော်လေး ကွမ်းစားလာကြပါတယ်။ အထက်တန်း ကျောင်းသားတစ်ယောက် အသက် ၁၄ နှစ် ၁၅ နှစ်မှာ စပြီး ကွမ်းစားရင် အသက် ၂၅ မှာ သူ့ရဲ့ ကွမ်းစားသက်က ၁၀ နှစ်ထဲ ရောက်နေပါပြီ။ နောက် အရွယ်က ဖွံ့ဖြိုးနေတဲ့ အရွယ်ဆိုတော့ ဆဲလ်တွေရဲ့ ကြီးထွားနှုန်းကလည်း အရမ်းမြန်ပါတယ်။ အဲဒီလိုမျိုး ကွမ်းစားနှစ်ရှည်ဖြစ်တာရယ် အသက်အရွယ် ငယ်တာတွေရယ်ကြောင့် ခံတွင်းကင်ဆာ ဖြစ်နိုင်ချေ ပိုများလာတဲ့ သဘောမှာ ရှိလာပါတယ်။ အသက်ကြီးပိုင်း အသက် ၄၀ နှစ် ပိုင်းတွေကျတော့ ဆဲလ်တွေ ကြီးထွားနှုန်း နှေးသွားတဲ့အတွက် လူငယ်တွေလောက် ကင်ဆာဆဲလ်တွေ ပွါးများမှု မများပါဘူး။ အဲဒါကြောင့် လူငယ်တွေမှာ ခံတွင်းကင်ဆာ ဖြစ်တာ ပိုများလာတာပါ။

ကွမ်းထဲမှာပါတဲ့ ကွမ်းသီး၊ ထုံး၊ ရှားစေး၊ ဆေးရွက်ကြီးတွေကြောင့် ကင်ဆာဖြစ်စေနိုင်ပါတယ်။ ကွမ်းစားရင် အကြာကြီး ငုံထားတတ်တဲ့ အလေ့အကျင့်ကြောင့် ပါးစောင်၊ လျှာရင်း အောက်ပိုင်းနဲ့ သွားဖုံး စတဲ့ နေရာတွေမှာ ကင်ဆာ အဖြစ်များပါတယ်။ အရက်၊ ဆေးလိပ် သောက်ပြီး ကွမ်းစားသူတွေမှာ ခံတွင်းကင်ဆာ ဖြစ်နိုင်ချေ ပိုများပါတယ်။ ကားမောင်းတဲ့အခါ အိပ်မငိုက်အောင် ကွမ်းတစ်ယာပြီးတစ်ယာ ဆက်တိုက် စားတတ်တဲ့ ကားသမားတွေနဲ့ အလုပ်ကြမ်းသမားတွေမှာ ခံတွင်းကင်ဆာ ဖြစ်နိုင်ချေ များတာကို တွေ့ရှိရပါတယ်။

အရက် ဆေးလိပ်ဆိုရင် ရိုသေသမှုနဲ့ လူကြီးမိဘတွေရှေ့မှာ သောက်တဲ့ အလေ့အထ သိပ်မရှိပါဘူး။ ဒါပေမယ့် ကွမ်းကြတော့ ဆေးလိပ်တို့ အရက်တို့နဲ့ ပုံစံမတူသလို သဘောထားကျပါတယ်။ လူကြီးမိဘရှေ့မှာ စားလည်း အဂါရ၀တရား မဖြစ်ဘူးလို့ မြင်ကြပါတယ်။ နောက်ပြီး ကွမ်းဆိုတာကလည်း နေရာတိုင်းမှာ အလွယ်တကူ ၀ယ်လို့ရနေပါတယ်။ ဘတ်စ်ကား မှတ်တိုင်တွေ၊ မီးပွိုင့်တွေမှာ ကားခဏလေး ရပ်တာနဲ့တင် အလွယ်တကူ ၀ယ်လို့ရတဲ့ အနေအထားတွေကြောင့် လူငယ်တွေ ကွမ်းပိုစားဖြစ်ကြပါတယ်။

ခံတွင်းကင်ဆာဟာ ကမ္ဘာမှာ အဖြစ်များဆုံး ကင်ဆာ ၁၀ မျိုးထဲမှာ နံပါတ် ၆ အဆင့်မှာ ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်မှ နံပါတ် ၅ အဆင့်နေရာမှာ ရှိပြီး သည်နောက်ပိုင်းမှာ ပိုပြီး အဖြစ်များလာတဲ့အတွက် အဆင့် ၄ ကို ရောက်လာတယ်လို့ သိရပါတယ်။

ခံတွင်းကင်ဆာ ဖြစ်ပြီဆိုရင် ရောဂါအဆင့် ၁ နဲ့ ၂ လောက်မှာ သိရင် ခွဲစိတ်ပြီး ဓါတ်ရောင်ခြည် ကုထုံးနဲ့ ကုရင် ပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့် အများစုက လူငယ်ပိုင်းတွေ ဖြစ်နေတော့ ရုပ်ပျက်ဆင်းပျက် ဖြစ်မှာစိုးပြီး မခွဲစိတ်ချင်ကြဘူး။ ဆေးမြီးတိုတွေနဲ့ ကုတာကြောင့် အခြေအနေ ပိုဆိုးသွားကြတာ များပါတယ်။

ရောဂါဖြစ်သူအများစုက မခံမရပ်နိုင် ဖြစ်လာတော့မှပဲ ဆေးရုံဆေးခန်းကို လာရောက်ပြသကြပါတယ်။ အဲဒီအချိန်မှာ ရောဂါအဆင့် ၃၊ ၄ လောက် ရောက်နေကြတော့ ဓါတ်ကင်ပေးမယ့်လည်း မပျောက် ကြတော့ပါဘူး။ ရောဂါလက္ခဏာက မနာကျင်တော့ ဖြစ်တာ မကြာသေးဘူးလို့ပဲ ထင်ကြလေ့ ရှိပါတယ်။ နောက် ဓါတ်ကင်တာကိုလည်း ရောဂါ မပျောက်ဘူးလို့ အများစုက ထင်ကြသေးပါတယ်။ အမှန်တော့ ရောဂါလွန်နေမှန်း မသိကြဘူး ဖြစ်နေကြတာပါ။

ခံတွင်းကင်ဆာရောဂါကို ကာကွယ်နိုင်ဖို့ ကွမ်းစားတဲ့သူ အများစုဟာ ကိုယ့်ရဲ့ခံတွင်းကို ပိုပြီး ဂရုစိုက် သင့်ပါတယ်။ ခံတွင်းထဲမှာ အစူးအရှ ဖြစ်စေနိုင်တဲ့ သွားချွန်တွေ ရှိနေမယ်ဆိုရင် သွားဆရာဝန်နဲ့ ပြသသင့်ပါတယ်။ သာမန်လူတစ်ယောက် ဆိုရင်တော့ ဆရာဝန်နဲ့ ခြောက်လတစ်ကြိမ် ကိုယ့်ရဲ့ခံတွင်း ကျန်းမာရေးကို မှန်မှန် စစ်ဆေးသင့်ပါတယ်။ အရက်ဆေးလိပ်နဲ့ ကွမ်းစားတာတွေကို ရှောင်နိုင်ရင်တော့ ပိုကောင်းပါတယ်ခင်ဗျာ။ မြန်မာလူငယ်ထုအတွင်းမှာ ခံတွင်းကင်ဆာ ရောဂါအကြောင်း သိရှိနားလည်ပြီး ကြိုတင်ကာကွယ်နိုင်ကြပါစေလို့ ဆုမွန်ချွေလိုက်ပါတယ်။

Credit: Thandar Htwe (Kumudra Journal- No. 278)

Read More...

Monday, November 5, 2007

Gallstone

သည်းခြေကျောက်တည်ခြင်းဆိုတာ

သည်းခြေကျောက်တည်ခြင်း(gallstone) ဆိုတာက မာကျောပြီးကျောက်ခဲနဲ့ တူတဲ့အရာမျိုး သည်းခြေအိတ်ထဲမှာ စုနေတာဖြစ်ပါတယ်။ သည်းခြေအိတ်(gallbladder) ဆိုတာက အသည်းကနေ သည်းခြေပြွန်(bile duct)မှတဆင့် အူထဲကိုစီးဆင်းနေတဲ့ သည်းခြေရည်(bile) တွေ စုဆောင်းထားတဲ့ အိတ်ငယ်တစ်ခုဖြစ်ပါတယ်။ သည်းခြေရည်က အစာခြေရာမှာ ကူညီပေးတဲ့ အရည်တစ်မျိုး ဖြစ်ပါတယ်။ အဆီတွေကို ချေဖျက်တဲ့နေရာမှာ သည်းခြေဆား(bile salt) တွေက လွယ်ကူစေဖို့ အထောက်အကူပြုပေးပါတယ်။ သည်းခြေရည်ထဲမှာ ဆားအပြင် စွန့်ပစ်ပစ္စည်းတွေ ဖြစ်တဲ့ အဆီခဲ၊ ဘီလီရူဘင် တွေလည်း ပါဝင်ပါတယ်။ ကော်လက်စရော၊ billirubin ဘီလီရူဘင်တွေ သည်းခြေအိတ်ထဲမှာ လိုအပ်တာထက် ပိုမို စုလာတဲ့အခါ သည်းခြေမှာ ကျောက်တည်ပါတယ်။

အများအားဖြင့် သည်းခြေကျောက်တည်ခြင်းက လက္ခဏာတွေ၊ ပြသနာတွေ မပြတတ်ပါဘူး။ အချို့သည်းခြေကျောက်တွေက အူတွေကတဆင့် ခန္ဓာကိုယ်အပြင်ဖက်ကို ထွက်သွားတတ်ကြပါတယ်။ သည်းခြေအိတ်ရဲ့ ကျဉ်းမြောင်းတဲ့နေရာမှာ ကျောက်သွားတည်ရင်တော့ သည်းခြေကျောက်တည်ခြင်း ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အဆီတွေများတဲ့ အစာစားပြီးတဲ့အခါမျိုးမှာ သည်းခြေအိတ်မှာရှိတဲ့ ကြွက်သားက သည်းခြေရည်တွေကို အူတွေထဲကို ညှစ်ထုတ်ပေးပါတယ်။ ကြွက်သားတွေက သည်းခြေကျောက်ကို ညှစ်လိုက်မယ် ဒါမှမဟုတ် သည်းခြေကျောက်က စီးဆင်းနေတဲ့ အရည်တွေကိုသာ ပိတ်ဆို့လိုက်မယ်ဆိုရင်တော့ သည်းခြေဟာ ပြင်းပြင်းထန်ထန် နာကျင်ပြီး ကိုက်ခဲလာမှာ ဖြစ်ပါတယ်။ သည်းခြေကျောက်က စီးဆင်းတဲ့ပြွန်မှာပိတ်နေပြီး သည်းခြေရည်တွေ အူထဲကိုစီးဆင်းလို့ မရဘူးဆိုရင်တော့ တော်တော်ဆိုးရွားတဲ့ အခြေအနေကို ရောက်နေပါပြီ။ ဒီလိုအခြေအနေမျိုးမှာ သည်းခြေကျောက်တွေက စုပုံပြီး သည်းခြေအိတ်၊ အသည်း(liver)တွေမှာ ပိုးဝင်စေတဲ့အပြင် အနီးအနားမှာရှိတဲ့ သရက်ရွက်(pancreas)ကိုပါ ယောင်ရမ်းစေပါတယ်။


ဘယ်လိုလူတွေမှာ အဖြစ်များသလဲ

သည်းခြေကျောက် အဖြစ်များနိုင်တဲ့သူတွေကို 5F လို့ အလွယ်တကူ မှတ်သားလို့ရနိုင်ပါတယ်။ အဲဒါတွေကတော့

၁။ Female အမျိုးသမီးများ

၂။ Forty အသက် ၄၀ကျော်တဲ့သူများ

၃။ Fertile သန္ဓေအောင် သောသူများ

၎။ Fat ၀သောသူများ

၅။ Flatulence လေပွတတ်သော အလေ့ရှိသူများ လို့ဆိုပြီး အကြမ်းဖျင်းမှတ်သားထားနိုင်ပါတယ်။
သည်းခြေကျောက် အသက်၆၀အရွယ် မိန်းမငါးဦးမှာ တစ်ဦးဖြစ်လေ့ရှိတာကိုတွေရပါတယ်။ အသက်အရွယ်ကြီးတဲ့ သူတွေနဲ့ အ၀လွန်တဲ့လူတွေ သို့်မဟုတ် ရုတ်တရက်ကိုယ်အလေးချိန် ကျဆင်းတဲ့ သူတွေမှာ အဖြစ်များပါတယ်။ အကြိမ်များစွာ ကိုယ်ဝန်ဆောင်ဖုး၍ အီစတိုဂျင်ဟိုမုန်း(estrogen) အများအပြားကို ကြာရှည်စွာ သုံးစွဲခဲ့သော အမျိုးသမီးတွေ၊ သန္ဓေတားဆေးသုံးစွဲတဲ့ အမျိုးသမီးတွေ၊ သွေးဆုံးပြီးနောက် အစားထိုးဟိုမုန်းတွေကို သုံးစွဲတဲ့ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။


ဒါဆို ဘယ်လို လက္ခဏာတွေ ပြတတ်သလဲ

သည်းခြေကျောက်တည်သူတွေရဲ့၈၀% က ရောဂါလက္ခဏာ ပြလေ့မရှိတဲ့အတွက် ကုသမှုလည်း မလိုပါဘူး။ အကယ်၍ သည်းခြေကျောက်တည်သူက အောက်ပါ ရောဂါလက္ခဏာပြလာပြီဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်နေပါပြီ။
၁။ ၀မ်းဗိုက်မှာနာကျင်မှုကို ခံစားရပါတယ်။ အထူးသဖြင့် ၀မ်းဗိုက်ညာဘက်အခြမ်းမှာ နာကျင်တတ်ပြီး သည်းခြေအိတ်ကလာတဲ့ နာကျင်မှုက ၁၅မိနစ်မှ နာရီများစွာ ကြာမြင့်တတ်ပါတယ်။

၂။ အဆီများတဲ့ အစားအစာတွေက သည်းခြေအိတ်ကို ကျုံ့ခြင်း၊ ဆန့်ခြင်းတွေ ပြုလုပ်သဖြင့် အဲဒီလို အစား အစာတွေကို စားမိတဲ့အခါ နာကျင်မှုကို ပိုမိုဆိုးဝါးစေပါတယ်။

၃။ လေချဉ်တက်တာ၊ မူးဝေတာ၊ အစားအသောက်ပျက်လာတာ တွေဖြစ်လာတတ်ပါတယ်။
အများအားဖြင့် သည်းခြေကျောက်တည်ခြင်းက အခြားနောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ သရက်ရွက် ယောင်ခြင်း၊ သည်းခြေပြွန်၊ သည်းခြေအိတ်တွေမှာ ရောဂါပိုးဝင်ခြင်းတို့ကို ဖြစ်စေပါတယ်။ ထိုနောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တဲ့အခါ အသားဝါခြင်း၊ ဖျားခြင်းနှင့် ၀မ်းဗိုက်တွင်နာကျင်ခြင်းတို့ကိုလည်း ခံစားရနိုင်ပါတယ်။


ဘယ်လိုစစ်ဆေးမှုတွေ လုပ်ပြီး သိနိုင်မလဲ

သည်းခြေကျောက်တည်ခြင်းက X-rays ရိုက်လျှင် ဖော်ပြလေ့မရှိပါဘူး။ ultrasoundဖြင့်သာ အလွယ်တကူ တွေ့မြင်နိုင်ပါတယ်။ ultrasound သို့မဟုတ် CT scan မှာတွေ့သော်လည်း ရောဂါလက္ခဏာပြ၊မပြ ဆိုတာကတော့ ခွဲခြားရခက်ပါတယ်။ အကယ်၍ သည်းခြေကျောက်က သည်းခြေရည်သွားလာမှုတွင် ပိတ်ဆို့နေပါက ultrasound တွင် သည်းခြေပြွန်ကြီးနေသည်ကို တွေ့နိုင်ပါတယ်။

ဘာတွေ ဖြစ်တတ်သေးသလဲ

သေးငယ်တဲ့ သည်းခြေကျောက်လေးတွေဟာ သူ့ဖာသာ ခန္ဓာကိုယ်အပြင်ဖက်ကို ထွက်တတ်သလို အူတွေမှတဆင့်လည်း ထွက်သွားပါတယ်။ အဲ့ဒီ့ အနှောင့်အယှက်ဖြစ်စေတဲ့ ကျောက်တွေဟာ သည်းခြေအိတ်အတွင်းမှာ အနေအထားပြောင်းခဲ့မယ်ဆိုရင် သူ့ဖာသာ ကောင်းသွားနိုင်သော်လည်းပဲ ရောဂါလက္ခဏာပြတဲ့ သည်းခြေကျောက်တဲ့သူတွေဟာ ဒဏ်ရာကိုသက်သာစေရန် ခွဲစိတ်ကုသမှုကို လိုအပ်ပါတယ်။ သို့သော် ခွဲထုတ်ပြီးသည့်တိုင်အောင် ဒဏ်ရာရဲ့ လက္ခဏာကတော့ ပြသနေမှာပဲ ဖြစ်ပါတယ်။ သူ့အလိုလို သက်သာသွားတဲ့ သည်းခြေကျောက်တွေတောင် ၂နှစ်အတွင်းမှာ ရောဂါလက္ခဏာ ပြန်ပြနိုင်ပါတယ်။


သည်းခြေမှာ ကျောက်မတည်အောင် ဘယ်လို ကာကွယ်ကြမလဲ
ကိုယ်အလေးချိန်တက်ခြင်းကို ရှောင်ကြဉ်နိုင်ပါက သည်းခြေကျောက်တည်ခြင်း အဖြစ်နည်းပါတယ်။ အကယ်၍ ကိုယ်အလေးချိန်က တက်နေပါက ကိုယ်အလေးချိန် ချက်ချင်း ကျစေသည့် လုပ်ရပ်များ(နေ့စဉ်၅၀၀ ကယ်လိုရီထက် လျှော့ကာသုံးစွဲခြင်း) ကို ရှောင်ကြဉ်ရပါမယ်။

ပဋိသန္ဓေဆေးနဲ့ ဟော်မုန်းဆေးအစရှိတဲ့ ဆေးတွေက သည်းခြေကျောက်တည်ခြင်းကို အဖြစ်များစေပါတယ်။ ဒါကြောင့် သည်းခြေကျောက်ဖြစ်နိုင်တဲ့ အခြားအခြေအနေတွေ ဖြစ်ပေါ်လာပြီဆိုရင်တော့ ပဋိသန္ဓေဆေးနဲ့ ဟော်မုန်းဆေးများ သုံးစွဲခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ သည်းခြေကျောက်တည်ခြင်းသည် အမေရိကန် အင်ဒီယန်တွေ၊ သွေးနီဥပုံသဏ္ဍာန် မမှန်ခြင်းကြောင့် ဖြစ်တဲ့သွေးအားနည်းရောဂါဝေဒနာရှင်များနဲ့ အကြိမ်များစွာ ကိုယ်ဝန်ဆောင်ဖူးတဲ့ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။

ဒီလောက်ဆို သည်းခြေကျောက်တည်ခြင်းအကြောင်း အတန်အသင့် သိပြီလို့ထင်ပါတယ်နော်။ ကျမ ဖတ်မိသမျှ ပြန်ဖော်ပြပေးထားတာပါ။ အခုလို ဖတ်ပေးကြတာကို ကျေးဇူးတင်ပါတယ်နော်။

Read More...

Sunday, November 4, 2007

Ectopic Pregnancy

နေရာလွဲနေသူလေးများ


လူ့ဘ၀ဆိုတာအလွန်ရခဲပါတယ်။ ခက်ခဲလှတဲ့လူ့ဘ၀ထဲကိုရောက်ဖို့ မိခင်ဝမ်းထဲမှာ ကိုးလလွယ် ၊ ဆယ်လဖွားမြင်ကာ လူရယ်လို့ဖြစ်လာကြပါတယ်။ တစ်ချို့က လောကကြီးထဲကို အဆင်ပြေပြေနဲ့ရောက်လာကြသလို ၊ အချို့ကလည်း အဆင်မပြေမှုပေါင်းများစွာနဲ့ ရောက်လာကြပါတယ်။ ဒီလိုလွဲမှားမှုတွေထဲမှာ သူတို့လေးတွေဟာလည်း လွဲမှားခြင်းများစွာနဲ့ လူ့ဘ၀ထဲကို ၀င်ရောက်ဖို့အကြောင်းဖန်လာကြပါတယ်။ ဒါပေမယ့်အကြောင်းမလှခဲ့ကြလို့ လူသားတစ်ယောက်ဖြစ်ခွင့်မရခဲ့ကြပါဘူး။ သူတို့လေးတွေရဲ့ လွဲမှားမှုတွေကို ပိုက်ထွေးခဲ့ရသူမိခင်တွေမှာလဲ အခက်အခဲပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရသလို ၊ မိမိတို့အသက်ကိုပါ ရင်းနှီးခဲ့ရသူတွေရှိပါတယ်။ ဒါဆိုရင် သူတို့လေးတွေ ၊ တနည်းအားဖြင့် လူသားအလောင်အလျာလေးတွေမှာ ဘာတွေလွဲမှားနေကြတာလဲ ။ သူတို့လေးတွေလွဲနေတာကတော့ နေရာလွဲမှားမှုပဲဖြစ်ပါတယ်။ လူရယ်လို့မဖြစ်ခင်ကတည်းက လွဲမှားမှုတွေနဲ့ သူတို့အကြောင်း ၊ သို့မဟုတ် နေရာလွဲသန္ဓေတည်ခြင်းအကြောင်း ( Ectopic Pregnancy ) ကို တင်ပြပေးလိုက်ပါတယ်။



နေရာလွဲသန္ဓေ ( Ectopic Pregnancy ) ဆိုတာဘာလဲ
နေရာလွဲသန္ဓေဆိုတာကတော့ သန္ဓေသားလောင်းဟာ မိခင်ရဲ့ သားအိမ်အတွင်းမှာစွဲတည်ကြီးပြင်းရမယ့်အစား ၊ သားအိမ်ရဲ့အပြင်ဘက် အခြားသောနေရာတွေမှာ စွဲတည်နေခြင်းကိုခေါ်တာပါ။ မိခင်ရဲ့သားအိမ်သည်သာ သန္စေသားအတွက် ကြီးထွားရှင်သန်ဖို့ အကောင်းဆုံးနေရာဖြစ်တဲ့အတွက် ၊ ဒီလို သားအိမ်ရဲ့ပြင်ပမှာ နေရာလွဲမှားစွာ စွဲတည်ခဲ့ကြတဲ့ သန္ဓေသားလောင်းတွေဟာ လူသားတစ်ယောက်အဖြစ် ကြီးထွားရှင်သန်ခွင့်မရကြပါဘူး ။ မိခင်တွေမှာလဲ အသက်ဘေးနဲ့ရင်ဆိုင်ကြပါတယ်။

မမျိုးပွားအင်္ဂါ နှင့် သန္ဓေစွဲတည်ခြင်း
နေရာလွဲသန္ဓေအကြောင်းကို သိရှိဖို့အတွက် မမျိုးပွားအင်္ဂါအကြောင်းကို ရှေးဦးစွာသိရှိဖို့လိုအပ်ပါတယ်။ မမျိုးပွားအင်္ဂါမှာ အဓိက ပါဝင်တဲ့အစိတ်အပိုင်းတွေကတော့ -
၁။ သားအိမ် ( Uterus )
၂။ သားဥနှစ်လုံး ( Ovaries , left and right )
၃။ သားဥပြွန်နှစ်ခု ( Fallopian Tube or Ovidut )
၎။ သားအိမ်ခေါင်းအပိုင်း ( Cervix )
၅။ ယောနိလမ်းကြောင်း ( Vagina ) တို့ပဲဖြစ်ပါတယ်။

သားအိမ်ဟာ ၀မ်းဗိုက်အောက်ဘက်ပိုင်း ၊ ဆီးအိမ် ( Urinary Bladder ) ရဲ့အနောက်ဘက်မှာတည်ရှိပြီး ၊ သားအိမ်ရဲ့ဘေး ဘယ်၊ ညာတစ်ဘက်တစ်ချက်မှာတော့ သားဥ ( Ovary ) တစ်လုံးစီတည်ရှိပါတယ်။ သားအိမ်နဲ့ သားဥတွေကို ဆက်သွယ်ပေးထားတာကတော့ သားဥပြွန် ( Fallopian Tube or Ovidut ) တွေပဲဖြစ်ပါတယ်။ သားဥပြွန်တွေရဲ့ အဖျားပိုင်းမှာတော့ သားဥမှ ခြွေချပေးလိုက်တဲ့ မျိုးဥတွေကို ဖမ်းယူဖို့ လက်ချောင်းပုံစံ အမြှင်လေးများ ( Fimbriae ) လေးများပါရှိပါတယ်။

Photo Sharing and Video Hosting at Photobucket
မမျိုးပွားအင်္ဂါ

အမျိုးသမီးတစ်ယောက် အပျိုဖော်ဝင်သည့်အချိန်မှစတင်ပြီး သားဥတွေက မျိုးဥများကို စတင်ခြွေချပေးပါတယ်။ ဓမ္မတာသွေးစတင်လည်ပတ်ပြီး မိခင်လောင်းဘ၀ကို ခံယူဖို့အသင့်ပြင်ဆင်ကြပါတယ်။ ထိုကဲ့သို့ သားဥမှ မျိုးဥများကို ခြွေချပေးခြင်းကို သားဥကြွေခြင်း ( Ovulation ) လို့ခေါ်ပါတယ်။ ပုံမှန်အားဖြင့် သားဥမှ ခြွေချပေးလိုက်သော မျိုးဥများကို သားဥပြွန်က ဖမ်းယူပါတယ်။ ထိုသို့ဖမ်းယူထားသော မျိုးဥများသည် အမျိုးသား၏ သုတ်သွေး ( Sperm ) နှင့် တွေ့ဆုံမိကာ မျိုးပွားမှုဖြစ်စဉ်များဖြစ်ပေါ်လာပါတယ်။ သုတ်သွေးသည် မမျိုးပွားလမ်းကြောင်းအတွင်းတွင် ၂၄ နာရီ အသက်ရှင်နိုင်ပြီး ၊ မမျိုးဥသည် ကြွေကျသည့်အချိန်မှ ၁၂ မှ ၂၄ နာရီအထိရှင်သန်ပါတယ်။ ပုံမှန်အားဖြင့် မမျိုးဥနှင့် သုတ်သွေးတို့တွေ့ဆုံပြီး မျိုးပွားမှုဖြစ်စဉ်များ ( Fertilization ) စတင်ဖြစ်ပွားသော နေရာမှာ သားဥပြွန်၏ အကျယ်ဆုံးအပိုင်းဖြစ်သည့် ထိပ်ဖျားပိုင်း ( Ampullary region ) ဖြစ်ပါတယ်။ မျိုးအောင်သောမျိုးဥများ ( Fertilized egg ) ကို သားဥပြွန်တစ်လျှောက်သယ်ဆောင်သွားပြီး သားအိမ်ဆီသို့ပို့ဆောင်ပေးပါတယ်။ ထို့နောက် သန္ဓေသားလောင်းသည် သားအိမ်ရဲ့ နံရံမှာ စွဲတည်ပြီး ကြီးထွားလာပါတယ်။ နေရာလွဲသန္ဓေတွင် သန္ဓေသားလောင်းသည် သားအိမ်ဆီသို့ မရောက်ရှိဘဲ သားအိမ်၏ ပြင်ပနေရာများတွင် စွဲတည်နေခြင်းဖြစ်သည်။

Photo Sharing and Video Hosting at Photobucket
သန္ဓေအောင်သော မျိုးဥအား သားအိမ်ဆီသို့ သယ်ဆောင်ပုံအဆင့်ဆင့်

နေရာလွဲသန္ဓေစွဲတည်တတ်သောနေရာများ
နေရာလွဲသန္ဓေစွဲတည်တတ်သောနေရာတွေကတော့ -
၁။ သားဥပြွန် ( Fallopian Tube )
နေရာလွဲသန္ဓေဖြစ်ပွားမှု၏ ၉၅ ရာခိုင်နှုန်းသည် သားဥပြွန်တွင်ဖြစ်ပွားပြီး ၊ ပြွန်သန္ဓေ ( Tubal Pregnancy ) လို့ခေါ်ပါတယ်။ များသောအားဖြင့် သားဥပြွန်၏ အကျယ်ဆုံးအဖျားပိုင်း ( Ampullary Region ) မှာဖြစ်ပွားပါတယ်။
၂။ သားဥ ( Ovary ) တွင် စွဲတည်ခြင်း ။
၃။ ၀မ်းဗိုက်ခေါင်း ( Abdominal cavity ) အတွင်းတွင် စွဲတည်ခြင်း ။
၎။ သားအိမ်ခေါင်း ( Cervix ) အပိုင်းတွင် စွဲတည်ခြင်း ။
နေရာလွဲသန္ဓေလောင်းများသည် ပုံမှန်ကလေးတစ်ယောက်အဖြစ်သို့ မည်သည့်အခါမျှ မရောက်ရှိဘဲ ပျက်စီးသွားတတ်ကြသည်။

Photo Sharing and Video Hosting at Photobucket
နေရာလွဲသန္ဓေစွဲတည်တတ်သောနေရာများ

Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket
E သည် ညာဘက် သားဥပြွန်အတွင်းမှ နေရာလွဲသန္ဓေသားဖြစ်သည်
* သားဥပြွန်အတွင်းမှ နေရာလွဲ သန္ဓေသားများ *

နေရာလွဲသန္ဓေဖြစ်စေတတ်သောအကြောင်းအရင်းများ
နေရာလွဲသန္ဓေဘာကြောင့်ဖြစ်ရလဲဆိုတဲ့ အဓိကအကြောင်းအရင်းကိုတော့ မသိရှိပါဘူး ။ များသောအားဖြင့် သားဥပြွန်လမ်းကြောင်းပိတ်ဆို့မှုကြောင့်ဖြစ်ပါတယ်။ အောက်ပါအခြေအနေတွေနဲ့ ဆက်စပ်တွေ့ရှိရတတ်ပါတယ်။ -
၁။ မမျိုးပွားအင်္ဂါများ ရောင်ရမ်းခြင်း ( PID - Pelvic Inflammatory Diseases ) ကြောင့် သားဥပြွန်ပိတ်ဆို့ခြင်း ။
၂။ ယခင်က သားဥပြွန်အား ခွဲစိတ်ဖူးခြင်း ။
၃။ အူအတက်ရောင်ရမ်းခြင်း ( Appendicitis )။
၎။ သားဥပြွန်ရောင်ရမ်းခြင်း ( Salpingitis ) ။
၅။ ၀မ်းဗိုက်အတွင်းပိုင်း အင်္ဂါများခွဲစိတ်ဖူးခြင်း ။ ( ဥပမာ - အူလမ်းကြောင်းခွဲစိတ်မှုများ )
၆။ သန္ဓေတားပစ္စည်းများ ( IUCDs - Intra Uterine Contraceptive Devices ) ကြောင့် သားဥပြွန်ရောင်ရမ်းခြင်း ၊ ပိတ်ဆို့ခြင်း ။
၇။ သန္ဓေတားဆေးများ ၊ အထူးသဖြင့် အရေးပေါ်အသုံးပြုသောတားဆေးများ ( Morning-after pill or emergency pill )။
၈။ လိင်မှတဆင့်ကူးစက်တတ်သောရောဂါများ ( Sexually Transmitted Diseases - STD )။
၉။ ယခင်က နေရာလွဲသန္ဓေတည်ဖူးခြင်း ။
နေရာလွဲသန္ဓေဟာ ကိုယ်ဝန် ၁၀၀ တွင် ၁ ယောက်ဖြစ်တတ်ပါတယ်။

လက္ခဏာများ
နေရာလွဲသန္ဓေတွင်သိသာထင်ရှားသော လက္ခဏာများကို ကိုယ်ဝန် ၅ ပါတ်မှ ၈ ပါတ်အတွင်း စတင်ခံစားရတတ်ပါတယ်။ နေရာလွဲသန္ဓေတွင် အဓိကခံစားရသော လက္ခဏာမှာ နာကျင်ခြင်း ( Pain) ဖြစ်ပြီး ၊ နေရာလွဲ သန္ဓေကြောင့် ဖြစ်ပွားသော သွေးယိုစီးမှုကြောင့် ခံစားရခြင်းဖြစ်သည်။ ( ဥပမာ - နေရာလွဲ သန္ဓေသား ကြီးထွားလာမှုကြောင့် သားဥပြွန် ပေါက်ကွဲခြင်း )
နေရာလွဲ သန္ဓေတွင်တွေ့ရှိရသော လက္ခဏာတွေကတော့ -
၁။ အစောပိုင်းတွင် သာမန်ကိုယ်ဝန်ကဲ့သို့လက္ခဏာများ ( ဥပမာ - ဓမ္မတာထိန်ခြင်း ၊ ပျို့အန်ခြင်း ၊ ရင်သားများနာကျင်ခြင်း )။
၂။ အဓိက အရေးကြီးသော ပထမဆုံးလက္ခဏာကတော့ ၀မ်းဗိုက်အတွင်း စူးရှနာကျင်စွာ အောင့်ခြင်း ( Abdominal Pain ) ဖြစ်ပါတယ်။ ဓါးနှင့်ထိုးသကဲ့သို့ စူးရှစွာအောင့်တတ်ပါတယ် ( Sharp and Stabbing Pain ) ။ တစ်ခါတစ်ရံ ပခုန်းထိပ်ဖျားတွင် နာကျင်ခြင်းကို ခံစားရတတ်ပါတယ် ( Shoulder Tip Pain )။
၃။ ယောနိလမ်းကြောင်းမှ သွေးယိုစီးခြင်း ( Vaginal bleeding or spotting )။
၎။ သွေးယိုစီးမှုကြောင့် သွေးဖိအားနည်းခြင်း ( Low Blood Pressure ) ၊ မေ့မြောခြင်း ( Fainting ) ။
၅။ နောက်ကျောအောက်ဘက်ပိုင်းနာကျင်ခြင်း ( Lower back Pain ) ။
သွေးထွက်များပါက သွေးလန့်ခြင်း ( Shock ) ဖြစ်တတ်ပါတယ်။ အလွန်အရေးကြီးသောအခြေအနေဖြစ်ပြီး အရေးပေါ်ထိရောက်သောကုသမှုများပြုလုပ်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ အထက်ပါလက္ခဏာများကို ခံစားရပြီဆိုရင် သက်ဆိုင်ရာ ဆရာဝန် ၊ ဆေးရုံများ သို့ အမြန်ဆုံးဆက်သွယ်သွားရောက်ဖို့လိုအပ်ပါတယ်။

ဘယ်လိုကုသမလဲ
နေရာလွဲသန္ဓေသားသည် သာမန်သန္ဓေသားများကဲ့သို့ ကြီးထွားရှင်သန်စေဖို့မဖြစ်နိုင်ပါ။ နောက်ဆက်တွဲ ဆိုးကျိုးများမဖြစ်လာမီ ဖယ်ရှားပြစ်ခြင်းသည်သာ အန္ဒရာယ်အကင်းဆုံးနည်းလမ်းဖြစ်သည်။ နေရာလွဲသန္ဓေအတွက် ကုထုံးတွေကတော့ သန္ဓေသားအရွယ်အစား ၊ အခြေအနေတွေပေါ်မှာ မူတည်ပြီးကွဲပြားပါတယ်။
၁။ သန္ဓေသားကြီးထွားလာမှုကြောင့် သားဥပြွန်ပေါက်ကွဲခြင်း ၊ သွေးယိုစီးခြင်း ၊ သွေးလန့်ခြင်းကဲ့သို့ ရေးပေါ်အခြေအနေများကြုံတွေ့ပါက အမြန်ဆုံး ခွဲစိတ်ကုသဖို့လိုအပ်ပါတယ်။
၂။ အကယ်၍ သန္ဓေသားအရွယ်အစားသေးငယ်နေပါက ၊ အထက်ဖော်ပြပါ အရေးပေါ်အခြေအနေမျိုးမရှိပါက ဆေးဝါးများ ( ဥပမာ - Methotrexate ) ကို အသုံးပြုပြီး သန္ဓေသားကို ဖယ်ရှားပစ်ဖို့လိုအပ်ပါတယ်။

နေရာလွဲသန္ဓေသားကို ဘယ်လိုသိနိုင်ပါသလဲ
နေရာလွဲ သန္ဓေသား ဟုတ် ၊ မဟုတ်သိရှိနိုင်သော စမ်းသပ်မှုနည်းလမ်းများ များစွာရှိသော်လည်း ( Ultrasound ) ဖြင့် သန္ဓေသားတည်ရှိနေသောနေရာကို ကြည့်ရှုခြင်းဟာ အလွယ်ဆုံးနည်းလမ်းဖြစ်ပါတယ်။

နောက်ထပ်ကိုယ်ဝန်ဆောင်နိုင်ပါသလား
နေရာလွဲသန္ဓေ တစ်ကြိမ်တည်ဖူးပါက နောက်တစ်ကြိမ် ဖြစ်ပွားနိုင်မှုမှာ ၁၀ ရာခိုင်နှုန်းရှိပါတယ်။ ဒါကြောင့်မို့လို့ နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်လိုပါက ကိုယ်ဝန်မဆောင်မီ သက်ဆိုင်ရာ ဆရာဝန်များနှင့် ကြိုတင်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အချုပ်အားဖြင့်ဆိုသော် နေရာလွဲသန္ဓေတည်ခြင်းကို ကာကွယ်ဖို့အတွက် တစ်လင် ၊ တစ်မယားစနစ်ကိုကျင့်သုံးပါ ။ လိင်မှကူးစက်တတ်သောရောဂါများမရစေဖို့ အပျော်အပါးလိုက်စားခြင်းကို ရှောင်ကျဉ်ပါ။ ရောဂါရရှိပါက ထိရောက်သောကုသမှုများကို ခံယူပါ။ ကျန်းမာရေးအသိ အစဉ်ရှိစွာဖြင့် လူသားတိုင်းကျန်းမာပျော်ရွှင်ပြီး ၊ လွဲမှားမှုများမှ ကင်းဝေးနိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။ လေးစားစွာဖြင့် -

ကိုးကားစာရင်း -
၁။ Langman's Clinical Embryology 6th edition.
၂။ http://www.kidshealth.org/parent/pregnancy_newborn/pregnancy/ectopic.html
၃။
http://www.kidshealth.org/parent/general/body_basics/female_reproductive_system.html
၎။
http://en.wikipedia.org/wiki/Ectopic_pregnancy#Overview
၅။
http://www.womens-health.co.uk/ectopic.asp
၆။
http://www.nlm.nih.gov/medlineplus/ency/article/000895.htm
၇။
http://www.emedicinehealth.com/ectopic_pregnancy/article_em.htm
၈။
http://images.google.ru/imgres?imgurl=http://www.pennhealth.com/health_info/pregnancy/graphics/images/en/9288.jpg&imgrefurl=http://pennhealth.com/health_info/pregnancy/000216.htm&h=320&w=400&sz=17&hl=ru&start=1&um=1&tbnid=cj7bQLsdY3ByEM:&tbnh=99&tbnw=124&prev=/images%3Fq%3Dectopic%2Bpregnancy%2B%26svnum%3D10%26um%3D1%26complete%3D1%26hl%3Dru%26lr%3D%26newwindow%3D1%26sa%3DX


Read More...