16 Aug 10, 18:26
ဆရာခင်ဗျား ကိုယ့်ကိုယ်ကို အူကျ-မကျ သိရအောင် မည်သို့ စမ်းသပ် စစ်ဆေးနိုင်ပါသလဲ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါ။
မေးထားတာတွေရှိလို့ ၂ ခါ ဖြေထားသေးတယ်။ ဒီတခါ စမ်းသပ်နည်းပါမေးလို့ ပိုစုံအောင်ရေးပါမယ်။ ယောက်ျားတွေမှာ အဲဒီနေရာမယ် ဖြစ်တဲ့ ရောဂါတွေ အဓိက ၄ မျိုး ရှိတယ်။
1. Hernia အူကျတာ၊
2. Hydrocele မုတ္တရောဂါ၊
3. Epididymitis ကျားအစေ့ရောင်ခြင်း၊
4. Varicocele (ဗေရီကိုဆီးလ်)၊ တွေ ဖြစ်တယ်။
ယောက်ျားတိုင်းရဲ့ Scrotum ကပ်ပယ်အိတ် တဖက်စီထဲမယ် Testis ဝှေးစေ့ တလုံးစီ ရှိတယ်။ အစေ့အထက်မှာ အထက်-အောက် တန်းနေတာကို အကြောလို့ အလွယ်ခေါ်တဲ့ထဲမှာ Arteries and Vein သွေးကြောတွေ၊ Nerve အာရုံကြောနဲ့ Vas deferens သုတ်ရည်ပြွန် ရှိပြီး၊ အားလုံးက ရောကပ်နေကြတာ လက်ချောင်းလေး တချောင်း စာလောက် တုတ်တယ်။
ကပ်ပယ်အိတ်ထဲကို မရှိရမဲ့ အူက ဗိုက်ထဲကနေ ကျလာတာကို Hernia အူကျတာ ခေါ်ပါတယ်။ မုတ် ဆိုတဲ့ မုတ္က Hydrocele ကတော့ အစေ့ကို ဖုံးနေတဲ့ အိတ်ထဲက ပုံမှန်ရှိရမဲ့ ခပ်ပါးပါးအရည်တွေ အများကြီး ဖြစ်လာတာကို ခေါ်တယ်။ အူကျတာနဲ့ မုတ်က မနာတာ တူတယ်။ အသက်အရွယ် မရွေးတာ တူတယ်။ အကြော-အစေ့ ရောင်တယ်ဆိုတာ အတော် နာတယ်။ ဝှေးစေ့ ရဲ့ သွေးပြန်ကြောတွေ ဖေါင်းကြွနေတာကို Varicocele ခေါ်တယ်။ သူလည်း မနာဘူး။
ဒီရောဂါ လေးမျိုးအပြင် ရှားရှားပါးပါးတွေလည်း ရှိသေးတယ်။ Scrotal elephantiasis ဆင်ခြေထောက်ပိုးကြောင့် မုတ်လို ဖြစ်တာ၊ Hydrocele of testis အစေ့ မုတ်၊ Spermatocele သုတ်ပိုးအိတ်၊ Testicular torsion အကြောထုံးတာ၊ Testicular cancer အစေ့ ကင်ဆာ၊ TB အစေ့ တီဘီတွေ ဖြစ်တယ်။ နောက်ထူးဆန်းတာတခုက Undescended testis မွေးကတည်းက အစေ့က တဖက်ဖြစ် နှစ်ဘက်လုံးဖြစ်ဖြစ် ကပ်ပဲ့အိတ်ထဲကို ကျမလာတာ။ အစေ့ တဖက်ထဲသာ စမ်းရရင် ဒါဖြစ်မယ်။
အူကျတာက မတ်တပ်ရပ်ရင် ကျလာမယ်။ ချောင်းဆိုး-နှာချေရင်၊ ပြေးရင်၊-ခုန်ရင်၊ အလေးအပင်မရင်၊ ဗိုက်ကို ညှစ်လိုက်ရင် ထွက်လာမယ်။ အိပ်နေရင် သူ့ဖါသာ ဖြစ်စေ၊ သွင်းပေးလို့ဖြစ်စေ ပြန်ဝင်သွားမယ်။ ၁ လ၊ ၁ နှစ်ကနေ၊ ၁၀ နှစ်၊ အနှစ် ၂၀ အထိ ကြာနိုင်တယ်။ ကြာကြာ ဖြစ်နေသူမှာ ယုတ်တရက် နာလာတာကတော့ အရေးပေါ်။ ပြန်မ၀င်နိုင်ဘဲ ကျနေတဲ့ အူက ခေါက်နေလို့။ အူက ရောင်-နာ၊ အူပိတ်တာ ဖြစ်လာတယ်။ နေ့နေ့-ညည ခွဲရလိမ့်မယ်။
အဲဒီ လက္ခဏာတွေက ဘာရောဂါဆိုတာ ပြောနေပြီ။ သေခြာအောင် လုပ်တော့မယ်။ ကျလာတဲ့ အူဆိုတာကို အစေ့ရဲ့ အပေါ်မှာ၊ သီးသန့် စမ်းလို့ ရတယ်။ မဖြစ်တဲ့ ဘက်နဲ့ ယှဉ်ကြည့်ပါ။ ချောင်းအတု ဆိုးခိုင်းရင် ကျကျလာလို့၊ ဖေါင်းဖေါင်း လာမယ်။ ကျလာတဲ့နေရာက ဗိုက်အောက်ပိုင်း၊ ပေါင်ခြံအထက် နေရာက ဖြစ်တယ်။ လှဲအိပ်ခိုင်းတာနဲ့ ၀င်သွားမယ်။ ပြန်သွင်းပေးရင် ထွက်လာတဲ့ နေရာဆီကို သွင်းပေးရတယ်။ အတိအကျ ပြောရင် ကပ်ပဲ့အိတ် အထက် တည့်တည့်၊ ဆီးစပ်က အရိုးမာမာရဲ့ ဖြစ်တဲ့ဘက် အထက်-ဘေး ၂ လက္မလောက် နေရာပါ။ ကျနေတဲ့အူကို ပြန်သွင်းပြီး၊ မတ်တပ်ရပ် အနေအထားမှာ အဲဒီနေရာမှာ စမ်းတဲ့သူက လက်နဲ့ ဖိ-ပိတ်ထားရင် ချောင်းဆိုးခိုင်းပေမဲ့ အူက ကျမလာဘူး ထွက်ပေါက်ကို ဖိ-ပိတ်ထားလို့။ ဒါဆို အူကျရောဂါ သေခြာပြီ။
ထွက်လာတဲ့ နေရာဆိုတာ ဘာလဲ။ ဗိုက်ကိုဖုံးကာပေးထားတဲ့ ကြွက်သားလွှာက ၃-၄ ထပ်ရှိတယ်။ (ဒါရိုက်ရှင်) အမျိုးမျိုး။ အထက်-အောက်၊ တစောင်း။ ကြွက်သားတွေက ပေါင်ခြံထိပ်က အရွတ်မှာ လာတွယ်တာတွေက အူကျတာနဲ့ ဆိုင်တယ်။ လာတွယ်ကြတဲ့အခါ ဂဟေဆက်သလို မဟုတ်ဘူး။ အဟလေးတွေ ကျန်နေတယ်။ အဲဒီနေရာလေးတွေက အပေါက် ဖြစ်နေလို့ အားနည်းချက်တွေဘဲ။ ဗိုက်ကို တင်းအား-ညှစ်အား လုပ်တဲ့အခါ ဗိုက်ထဲ ရှိတာတွေဟာ အပေါက် နေရာတွေကနေ ထွက်ဘို့ ကြိုးစားပါတယ်။ ထွက်လာနိုင်ရင် Hernia ဖြစ်ပြီပေါ့။ ခေါ်တော့သာ အူကျတယ်လို့ အလွယ် ခေါ်တာ၊ ဗိုက်ထဲက ထွက်လို့ရတာ ထွက်မှာဘဲ။
ကျလာတယ်ဆိုတာ အူသပ်သပ် ကျတာတော့ မဟုတ်ဘူး။ ကြွက်သားတွေရဲ့ အတွင်းမှာ ဗိုက်တပြင်လုံးကို ဖုံးနေတဲ့ အလွှာပါးပါး ရှိသေးတယ်။ အဲဒီအလွှာက ထွက်မဲ့နေရာကနေ တဖြေးဖြေးချင်း စူစူထွက်လာတာမို့ အိပ်ကလေးဖြစ်ပြီး၊ အိတ်ထဲမှာက အူ စသဖြင့်။ အူကလည်း အူသိမ်ဖြစ်တာ အများဆုံး။ ညာဘက်မှာ ဖြစ်ရင် အူအတက်ဆိုတာလည်း ပါနိုင်တယ်။
စုံအောင် ရေးပါရစေ။ Hernia ဆိုတာ ယောက်ျားတွေ အတွင်းခံ ဘောင်းဘီ ၀တ်ရာမှာသာ ဖြစ်တယ် ထင်ကြမယ်။ မဟုတ်ပါ။ အမျိုးသမီးတွေလည်း အူကျတာ ဖြစ်တယ်။ နည်းပါတယ်။ ယောက်ျားတွေကို ခွဲပေးဘူးတာ မရေတွက်နိုင်ပေမဲ့ အမျိုးသမီး ၂ ယောက်သာ ခွဲပေးရဘူးတယ်။ သူတို့မှာ ကပ်ပဲ့အိတ် မဟုတ်ဘဲ မ-အင်္ဂါ နှုတ်ခမ်းထဲကို ကျလာတယ်။
အများဆုံးဖြစ်တဲ့ ပေါင်ခြံမှာ ဖြစ်တာကို Inguinal hernia ခေါ်တယ်။ ပေါင်ထိပ်မှာဖြစ်ရင် Femoral hernia ခေါ်ပြီး၊ အမျိုးသမီးတွေ ပိုဖြစ်တယ်။ ကလေးတွေတောင် ဖြစ်သေးတာ။ ချက်မှာ ကလေးငိုရင် စူထွက်လာတာကို Umbilical hernia ခေါ်တယ်။ သူ့ကိုတခါတည်း နာမယ်ပေးတယ် မဟုတ်လား။ “ချက်ဖေါင်း” လို့။ ထပ်ရှိသေးပြန်တယ်။ ဗိုက်ခွဲထားတဲ့ ချုပ်ရိုးနေရာကနေ စူထွက်တာကို Incision hernia ခေါ်တယ်။ ဗိုက်နဲ့ ရင်ခေါင်းကို ပိုင်းခြားထားပေးတဲ့ ကြွက်သားကြီးမှာ ဖြစ်ရင် Diaphragmatic hernia ခေါ်တယ်။ တခြားဟာတွေလည်း ရှိသေးတယ်။ ဆေးပညာ သင်သူတွေ အတွက်သာ သိဘို့ လိုပါတယ်။
ဘာလို့ အူကျတာလဲ။ ရေးပြခဲ့တဲ့ ဗိုက်ဖုံးကြွက်သား ခန္ဓာဗေဒမှာ အားနည်းနေသူ၊ ဗိုက်ကို တင်းအားဖြစ်စေမှာတွေ လုပ်တာ များလို့ကြောင့် ဖြစ်တယ်။ မဖြစ်စေချင်သူတွေ ဒါမျိုး ဆင်ခြင်ရမယ်။ အပြေး-အခုန်၊ အလေးမ၊ အတက်-အဆင်း၊ အားကစားသမား ရောဂါလို့ ထင်ရတယ်။ အမှန်က အဲလိုတော့ မဟုတ်ဘူး။ ခန္ဓာဗေဒက (ပါဖက်) ဆိုရင် မဖြစ်ပါဘူး။
Hernia သေခြာရင် ခွဲရမှာပါ။ မခွဲဘဲ ယာယီ သက်သာအောင် လုပ်တာမျိုးလည်းရှိတယ်။ အသက်ကြီးသူတွေ၊ အခွဲ မခံသင့်သေးသူတွေ ဥပမာ ဆီးချို၊ နှလုံးရောဂါရှိနေသူတွေ အတွက်သာ ညွှန်းပါတယ်။ ခါးပတ်တမျိုး ပတ်ထားရတယ်။
ခွဲစိတ်တာက ထမင်းစားရေသောက် ပြောလို့ရပါတယ်။ ဆရာဝန်များ ခွဲတာ-စိတ်တာ လက်တွေ့သင်ရင် Hydrocele တတ်ပြီးရင် Hernia ခွဲရတယ်။ အတွေ့အကြုံတော့ လိုတယ်။ ခွဲပြီးမှ ပြန်ဖြစ်သူတွေလည်း ရှိတတ်တယ်။ အသက်ကြီးသူတွေ အတွက်တော့ နည်းနည်း ပိုလုပ် ပေးရတာမျိုး ရှိတယ်။ ဖါထေးရတာမျိုး။ ဇရာက ဆရာဝန်တွေကို ပိုဒုက္ခပေးတယ်။
Dr. တင့်ဆွေ
၁၇-၈-၂၀၁၀
Saturday, January 15, 2011
Hernia အူကျ-မကျ သိပါရစေ
Posted by
Anonymous
11
comments
Labels: Musculoskeletal system, Q and A, Reproductive organ disorders မျိုးပွားအင်္ဂါ ပြဿနာ
Cramps ကြွက်တက်ခြင်း
ကျမအမေက ခြေသလုံးကြွက်သား ကြွက်ခဏခဏတက်လို့ ဆေးသောက်နေရပါတယ်။ ဘာကြောင့် ကြွက်ခဏခဏ တက်တာလဲဆိုတာ သိချင်ပါတယ်ရှင်။ ဆေးသောက်နေတုန်းပဲ သက်သာပြီး၊ ဆေးရပ် လိုက်တာနဲ့ ပြန်ဖြစ်နေလို့ ဆေးကို စွဲသောက်တာရော ကောင်းရဲ့လားဆိုတာ သိချင်လို့ပါ။ ဆေးမသောက်ဘဲ လေ့ကျင့်ခန်း လုပ်တာမျိုး၊ အစားအသောက် ရှောင်တာမျိုး လုပ်လို့ရလျင်လဲ ညွန်ပြပေးစေလိုပါတယ်။
ဘောလုံး ကန်ဘူးတဲ့သူတွေတင် မကဘူး၊ အိမ်မှာနေရင်း၊ ကြွက်တက်တာတွေလည်း အများကြီးဘဲ။ ခြေသလုံးနဲ့ ပေါင်က ကြွက်သား အဖြစ်များဆုံးဘဲ။ အလွန်မတန် နာလှတယ်။ အိပ်နေရင်း နာတာမျိုးက ခြေ-လက်ကို အညောင်းဆန့်ရာကနေ ကြွက်သားမျှဉ် နည်းနည်းမှာ နာလာတာ။ ကြီးသူတွေမှာ အဖြစ်များတယ်လို့ မှတ်ကြပေမဲ့ ဆယ်ကျော်သက်တွေလည်း ဖြစ်တာဘဲ။ အေးတဲ့အချိန် ပိုဖြစ်တယ်။
ဘာလို့ဖြစ်လဲဆိုတာ ဆရာဝန်က အတိအကျ မပြောနိုင်ပါ။ မတိမကျ ပြောရရင်တော့ လှချင်-သန်ချင်လို့ လေ့ကျင့်ခန်း လုပ်တာ၊ အားကစားလုပ်တာမှာ ကြွက်သား ပန်းသွားရလို့ပါ။ အားလည်း မကစားသူတွေမှာ အ၀လွန်လို့၊ ရေနဲ့ ဓါတ်ဆား နည်းသွားလို့၊ ရာသီ-သွေးဆုံး၊ ဟော်မုန်း နည်းသွားလို့၊ သွေးအလျှောက် နည်းလို့၊ အာရုံကြော-ကြွက်သား တခုခုဖြစ်လို့၊ “လို့” တွေကိုသာ အပြစ်ဖို့ပါလေ။ Statins (ကိုလက်စထော) ကျဆေး၊ ဆီးချိုကျဆေးနဲ့ လည်ပင်းကြီးဟော်မုန်း နည်းသူ တွေမှာလည်း ဖြစ်တတ်ပါသေးတယ်။
ဖြစ်တယ်ဆိုရင် ဖြစ်တဲ့ကြွက်သားကို တအားတင်းအောင် လုပ်ပေးပါ။ ခြေသလုံးဖြစ်ရင် ခြေမကို အပေါ်ဆန့်ပေးသင့်တယ်။ တအားနှိပ်တာမျိုး၊ ဆန့်ပေးတာမျိုး လုပ်ပေးပြီးရင် ကြွက်သားကို သူ့အကြောအတိုင်း ခပ်ဖေါ့ဖေါ့ ဆက်နှိပ်ပေးပါ။
ဆရာဝန်တွေနဲ့ ကူတဲ့လူတွေထက် ခံရတဲ့လူက ဘာလုပ်ပေးရင် ကောင်းမယ်ဆိုတာ ပိုသိတယ်။ “နေရာတကာ ဆရာ-ဆရာဝန် မလုပ်ချင်နဲ့”။ ခိုင်းတာသာ လုပ်ပေးပါ။ ဒါပေမဲ့ ခိုင်းတာလုပ်တဲ့အကျင့် ဒါကလွဲရင် မကျင့်ချင်နဲ့။ “တပည့်ကြီးများ တိုင်းပြည်” ဖြစ်သွားလိမ့်မယ်။
ကိုယ်ဝန်ဆောင်ချိန်၊ ဆား အစားနဲရင်၊ ချွေးထွက်များရင် နာတတ်တာတွေကလည်း ဒီသဘောမျိုးဘဲ။ ၀မ်းလျောလို့၊ (ပိုဆက်ဆီယမ်) နဲ့ (ကယ်လ်စီယမ်) နည်းလို့ ဖြစ်တာကို Tetany ခေါ်တယ်။ အူ၊ အစာအိမ်၊ သားအိမ်၊ ဆီးအိမ်၊ သည်းခြေအိတ်တွေမှာ အဲလိုဖြစ်လို့ နာတာကို Colicky pain လို့ခေါ်တယ်။ ရာသီလာတုံး နာတာကို Dysmenorrhea ခေါ်တယ်။ အခေါ်မတူပေမဲ့ အနာသက်သာဆေးတွေပေးတာ တူပါတယ်။ Paracetamol, Ibuprofen, Diclofenic ဆေး။ ကြွက်တက်တာကို Quinine (ငှက်ဖျားဆေး) အပြင် Naftidrofuryl, Dihydropyridine, Phenylalkylamine ဆေးတွေနဲ့လည်း ကုနိုင်တယ်။
သွေးတိုးကြောင့်ဖြစ်ဖြစ်၊ နှလုံးရောဂါကြောင့်ဖြစ်ဖြစ်၊ ကိုယ်ရောင်လို့ဖြစ်ဖြစ် ဆီးဆေး (ဆီးအောင့်တာ ပျောက်တဲ့ဆေး မဟုတ်၊ ဆီးအတင်း သွားစေတဲ့ဆေး) ကို မကြာခဏ သောက်ရသူများ၊ သောက်တိုင်း (ပိုဆက်ဆီယမ်) ဆေးသောက်ပါ။ ၀ယ်ရတာ ခက်တတ်တယ်။ ကောင်းတာက အုန်းရည် တလုံး-နှစ်လုံး သောက်လိုက်ပါ။ ရေနွေးကြမ်း အမြဲသောက်ပါ။
Vitamin B complex, Calcium, Potassium ကို ပုံမှန်သောက်ပါ။ Calcium gluconate ကို IV သွေးပြန်ကြောထဲ ထိုးပေး နိုင်တယ်။ ဒီဆေး သုံးမျိုးထဲက (ကယ်လစီယမ်) တခုဘဲ ဆီးကျောက်ရောဂါအတွက် သတိထားဘို့ လိုတယ်။ ကြာကြာ သောက်တာ ကိစ္စမရှိပါ။ အနာအကိုက် ပျောက်ဆေးတွေကတော့ အစာနဲ့ တွဲသောက်ရတယ်။ ဆေးတခုချင်းအကြောင်း သိချင်ရင် သပ်သပ် ရှာဖတ်ပါ။ ရေးတင်ထားတာ ရှိပါတယ်။
ရေနွေးနဲ့ ရေချိုးတာ ကောင်းတယ်လို့ အေးတဲ့တိုင်းပြည်က ဆရာတွေက အကြံပေးတယ်။ ပူလောင်၊ အိုက်စပ်တဲ့ နေရာမှာ နေရသူတွေအတွက် ဒီအကြံက မဟန်ဘူး။ နာတဲ့နေရာ နှိပ်ပြီးတာနဲ့ အေးတာကပ်ပါ။ ရေ၊ ORS ဓါတ်ဆားရည် တိုက်ပါ။ ရေသောက် မနည်းပါနဲ့။ ရေပုလင်း မထားဘဲ၊ အားကစား မလုပ်နဲ့။ ဘယ်ကစား လုပ်လုပ်၊ သွေးပူအောင် အရင်လုပ်ပါ။ ဘာဘဲလုပ်လုပ် ပြင်းပြင်းထံထံ မလုပ်ခင်၊ ဖြေးဖြေး-မှန်မှန် လုပ်ပါ။
ဓါတ်ဆားတွေ ကြွယ်ဝတဲ့အစာတွေ စားသုံးရမယ်။ မေးရင် စာရင်းရှည်ကြီး ရှိတယ်။ လူစားတာတွေပါဘဲ။ (ကယ်လ်စီယမ်) ကြွယ်တာတွေက ပင်လယ်ငါး၊ ဒိန်ခဲ၊ တို့ဖူး၊ မုံလာစိမ်း။ (ပိုတက်ဆီယမ်) ကြွယ်တာတွေက အုန်းရည်၊ ငှက်ပြောသီး၊ ဆီးသီး၊ လိမ်မော်သီး၊ စပျစ်သီး၊ ဖရုံ၊ ဟင်းနုနွယ်၊ ဒိန်ချဉ်၊ ကွမ်းသီးဂေါ်ဖီထုပ်၊ အာလူး၊ ပဲသီးတောင့်၊ မုံလာဥချို။
ဖြစ်တတ်သူများ အိပ်ရင် ခြေထောက်အောက်က အခုအခံ ထားသင့်တယ်။ အိပ်ပျော်နေတုံး ခြေမ-ခြေထောက် အောက်စိုက်နေရင် ဖြစ်တတ်တယ်။ မအိပ်ခင် ဘယ်မှမရွေ့တဲ့ လေ့ကျင့်ခန်းလုပ် စက်ဘီးစီးတာ ကာကွယ်ရာကျတယ်။ အကောင်းဆုံးကတော့ ခြေသလုံးတွေကို ဆုပ်နယ်ခံပြီးမှ အိပ်ရရင် ဇိမ်လည်းကျတယ်။ နှိပ်ပေးသူလည်း ပိုက်ဆံမရရင် ကုသိုလ်ရတယ်။ တက်မဲ့ ကြွက်လည်း မတက်နိုင်ဘူး။
Dr. တင့်ဆွေ
၆-၆-၂၀၁၀
Posted by
Anonymous
0
comments
Labels: Musculoskeletal system, Q and A
Wednesday, September 22, 2010
Pelvic floor exercises အမျိုးသမီးတိုင်းအတွက် လေ့ကျင့်ခန်း
“တသားမွေး တသွေးလှ” ဆိုတာ အပေါ်ယံကြည့် ပြောကြတာများတယ်။ အတွင်းအင်္ဂါတွေပါ ကျန်းမာ သန်စွမ်းဘို့ လိုသေးတယ်။ အမျိုးသမီး ကြီး-ငယ်မဟူ၊ အပျိုရော အအိုပါ၊ တဒ်ါလာမှ မကုန်ဘဲ၊ အထဲက အင်္ဂါမှန်သမျှ ပြန်ကောင်းအောင် လုပ်လို့ရတဲ့နည်း၊ အသုံးများပေမဲ့ အသစ်နဲ့မခြား အားကောင်းနေစေမဲ့ နည်းကို ရေးပါမယ်။
ကိုယ်ဝန် တခါဆောင်ရင် တခါ အတွင်းအင်္ဂါတွေ အားနဲစေတယ်။ ကြာရင် အိမ်ထောင်ရေးကိုပါ ထိခိုက်နိုင်တယ်။ ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ် ၀င်နိုင်တယ်။ စားဆေး-ထိုးဆေးနဲ့ မရပါ။ နတ်ရေကန်ထဲ ဆင်းမရ၊ Pelvic floor exercises လုပ်မှ ကောင်းတယ်။ Kegel exercises (ကီဂယ်လ်) လေ့ကျင့်ခန်းလို့လဲ ခေါ်တယ်။ အိမ်ထောင် မကျသေးသူတွေလဲ တချို့ ဖြစ်တတ်လို့ ငါန်းဇွန်နယ်မှာ တယောက် ခွဲတောင်ပေးရသေးတယ်။ Prolapse uterus သားအိမ်ကျ၊ Cystocele ဆီးအိမ်ကျ၊ Rectocele အစာဟောင်းအိမ်ကျ၊ Urinary incontinence ဆီးမထိန်းနိုင်တာ။ ဒီလို ရောဂါတွေသာမက (ဗဂျိုင်းနား) ကြွက်သားတွေ အားပြော့နေတာလဲ ကျန်းမာရေး-လူမှုရေး ပြဿနာဘဲ။
တင်ပါးဆုံ-အရိုးကွင်းထဲမှာ အင်္ဂါတွေ အများကြီး ရှိတယ်။ ယောက်ျား-မိန်းမ နဲနဲမတူကြဘူး။ လူတယောက်ကို တဖက် မျက်နှာမူ ခိုင်းပြီး ဘေးတည့်တည့်ကနေ ကြည့်ရင် ရှေ့ဆုံးမှာ Pubis ဆီးစပ်ရိုး၊ နောက်မှာ Bladder ဆီးအိမ်၊ နောက်မှာ မိန်းမတွေမှာသာရှိတဲ့ Uterus သားအိမ်၊ နောက်ဆုံးမှာ Rectum အစာဟောင်းအိမ် ရှိတယ်။ ယောက်ျားတွေမှာသာ ဆီးအိမ် အောက်ကပ်နေတဲ့ Prostate ဆီးကြိတ် ရှိတယ်။ မိန်းမတွေမှာ သားအိမ် အောက်က တဆက်ထဲ Vagina မွေးလမ်းကြောင်း ရှိတယ်။ အစာဟောင်းအိမ် အောက်က ဆက်နေတာက Anus စအို။
ဒီအင်္ဂါတွေကို သူ့နေရာသူ ပုံမှန်ရှိနေအောင် Muscles ကြွက်သား၊ Fascia အရွတ်ပြားတွေကနေ ထိန်းပေး-တည့်ပေး-မ ပေးထားတယ်။ ထိန်း-တည့်-မ လုပ်ပေးတာတွေ အားနဲလာရင် ပြောခဲ့သလို အမျိုးမျိုး ဖြစ်လာစေနိုင်တယ်။ သိတဲ့အတိုင်း ကြွက်သားဆိုတာ လေ့ကျင့်ပေးရင် သန်မာစေနိုင်လို့ လေ့ကျင့်ပေးရမယ်။
အရင်ဆုံး ဘယ်ကြွက်သားတွေကို လေ့ကျင့်ရမလဲ သိအောင်လုပ်ရတယ်။ ဆွဲကိုင် မပြနိုင်လို့ သင်ပြပေးရတယ်။ လွယ်ပါတယ်။ ကိုယ့်ဖါသာ ဆီးသွားနေရင်း ဆီးမကုန်ခင် ဆီးသွားတာ ရပ်သွားအောင် ကြိုးစားကြည့်ပါ။ ဘယ်နေရာကို Squeeze and lift ညှစ်၊ မ-တင်ပေးရင် ဆီးရပ်မလဲဆိုတာ ကိုယ်တိုင် သိလာလိမ့်မယ်။ စအိုနဲ့ မွေးလမ်းပေါက်တွေကို ပိတ်ပြီး ဆွဲတင်သလို လုပ်ရတယ် မဟုတ်လား။ Upward and inward အထက် နဲ့ အတွင်းထဲဆီကိုပါ။
သေခြာအောင် စစ်မယ်။ လေ့ကျင့်နေတုံးမှာ တင်ပါးကို ဆွဲတင်တာ လှုတ်တာ မဖြစ်စေပါနဲ့။ ပေါင်-ခြေတွေလဲ ညှစ်တာမျိုး မလုပ်ရပါ။ အသက် အောင့်စရာ မလိုပါ။ သိပြီဆိုရင် သက်တောင့် သက်သာ အနေအထား (လှဲနေရင်း) စလုပ်ပါ။ အဆင်ပြေလာတဲ့အခါ ထိုင်ရင်း လုပ်ပါ။ နောက်ဆိုရင် အလုပ် လုပ်နေရင်းလဲ လုပ်ပါ။ အချိန်မရွေး လုပ်နိုင်ပါတယ်။ ကြွက်သားတွေကို ညှစ်ထိန်းထာတာကို အစမှာ ၂ စက္ကန့်၊ နောက် ၁၀ စက္ကန့်ကြာအောင် ကြိုးစားပါ။
ကျွမ်းကျင်လာပြီဆိုရင် ဗိုလ်သင်တန်း တက်ရအောင်။ အသက် မှန်မှန် ရှူပါ။ ကြွက်သားတွေကို ဆွဲတင်ပြီးနောက် ပြန်လျှော့ချတာကို ဇတ်ကနဲ လုပ်လိုက်ပါ။ တင်းတာထက် ချတာက မြန်ပါစေ။ ၁၀ ကြိမ် ဆက်တိုက် လုပ်ပါ။ တခါလုပ် ၈-၁၀ ကြိမ်၊ တနေ့မှာ ၃ ခါလုပ်ပါ။ တကယ်လို့ ကိုယ့်က ချို့ယွင်းနေလို့ ပြုပြင်ရသူဆိုရင် ပိုလုပ်ရပါမယ်။ ချို့ယွင်းနေတယ် ဆိုတာ၊ သားအိမ် ကျချင်နေတာ၊ ဆီး အထိန်းရခက်တာ၊ (ဗဂျိုင်းနား)မှာ တစ်ဆို့ဆို့ ဖြစ်နေတာ၊ (ဗဂျိုင်းနား) တင်းအား လျှော့နေတာ။
ပွင့်ပွင့်လင်းလင်း ရေးပါရစေ။ အဲလိုမျိုး လုပ်တာကို ကိုယ့်ခင်ပွန်းနဲ့ အတူနေတုံးမှာ ကိုယ်က လုပ်တာကို သူက ခံစားပြီး သိပါလိမ့်မယ်။ အိမ်ထောင်မရှိသူတွေလဲ သေခြာအောင် (ဗဂျိုင်းနား) ထဲ လက်ချောင်း ၂ ချောင်းထည့်ပြီး လေ့ကျင့်တဲ့အခါ လက်ကို ဖိအား သက်ရောက်လာတာကို သိနိုင်တယ်။
ဒီလေ့ကျင်ခန်းဟာ ဆီးမထိန်းနိုင်တဲ့ရောဂါ Stress urinary incontinence ကိုပါ ကုနိုင်တယ်။ ပိုဆိုးတဲ့ Urge urinary incontinence ကိုတော့ မရနိုင်ပါ။ ကိုယ်ဝန်ဆောင်နေချိန်မှာပါ လုပ်သင့်တယ်။
အမျိုးသမီးတိုင်းမှာ သတိထားစရာတွေ ရှိတယ်။ ၀မ်းချုပ်လို့ ညှစ်ရတာ၊ အလေးအပင် မ-တာ၊ ချောင်းဆိုး၊ နှာချေ၊ ရီမောတဲ့ အခါမျိုးတိုင်းမှာပါ တင်ပါးဆုံရိုးကွင်းထဲက အင်္ဂါတွေကို ထိန်းပေးထားရမယ်။ လက်လွတ်စပယ် မလုပ်ပါနဲ့။ ဖြစ်နိုင်ရင် ဆောင့်ကြောင့် မထိုင်ပါနဲ့။ Toilet သုံးတာမှာ ဒူးကို ၉၀ ဒီ၈ရီ ထားလို့ရတာမျိုးသာ သုံးပါ။ ပက်လက် အိပ်နေရင်း ခြေထောက် မြှောက်တာကို ၂ ဖက်လုံး တပြိုင်နက် မလုပ်ပါနဲ့။ လုပ်ရရင်လဲ သတိရှိပါ။ ခြေ ၂ ဖက် ဆန့်တန်းပြီး ခါးကုံးတာမျိုး ဆင်ခြင်ပါ။ တင်ပါးဆုံရိုးကွင်းထဲက အင်္ဂါတွေကို တွန်းထုတ်သလို မဖြစ်စေနဲ့။ ဆီးသွားတာကို တကယ် ဆီးအိမ်တင်းနေမှသာ သွားပါ။ ၀မ်း မချုပ်ပါစေနဲ့။ ဒါပေမဲ့ ၀မ်းနုတ်ဆေး ခဏခဏ မသောက်ပါနဲ့။ သင်္ဘောသီး၊ မန်ကျီးသီးမှည့်နဲ့ ၀မ်းသွားအောင် လုပ်ပါ။ ၀မ်း-ဆီး များများ သွားရရင် ORS ဓါတ်ဆားရည် သောက်ပါ။ ရေနွေးကြမ်း သောက်ပါ။ အုန်းရည် သောက်ပါ။ ငှက်ပျောသီး၊ လိမ်မော်သီး စားပါ။
စိတ်လဲလှပါစေ၊ ကိုယ်လဲ အပြင်ကရော အတွင်းထဲကပါ လှကြပါစေ။
Dr. တင့်ဆွေ
၂၂-၉-၂၀၁၀
Posted by
Anonymous
2
comments
Labels: health education, Musculoskeletal system, Reproductive Health မျိုးပွားခြင်းဆိုင်ရာ ဆေးပညာ
Tuesday, June 8, 2010
ကြွက်တက်ခြင်း Cramps
ဆရာရှင့်၊ ကျန်းမာရေး ဆောင်းပါးလေးတွေကို ဆရာ့ Blog မှာ ၀င်ဖတ်ဖြစ်ပါတယ်။ ယခုလဲ ကြွက်တက်တဲ့ရောဂါနဲ့ ပတ်သတ်တာ သိချင်လို့ပါ။ ကျမအမေက ခြေသလုံးကြွက်သား ကြွက်ခဏခဏတက်လို့ ဆေးသောက်နေရပါတယ်။
ဘာကြောင့် ကြွက်ခဏခဏ တက်တာလဲဆိုတာ သိချင်ပါတယ်ရှင်။ ဆေးသောက်နေတုန်းပဲ သက်သာပြီး၊ ဆေးရပ် လိုက်တာနဲ့ ပြန်ဖြစ်နေလို့ ဆေးကို စွဲသောက်တာရော ကောင်းရဲ့လားဆိုတာ သိချင်လို့ပါ။ ဆေးမသောက်ဘဲ လေ့ကျင့်ခန်း လုပ်တာမျိုး၊ အစားအသောက် ရှောင်တာမျိုး လုပ်လို့ရလျင်လဲ ညွန်ပြပေးစေလိုပါတယ်။
ဘောလုံးသမားတွေ ကြွက်တက်တာကို ၀ါသနာအိုးတိုင်း မြင်သိကြတယ်။ ဘောလုံး မကန်ဘူးတဲ့သူတွေ အိမ်မှာနေရင်း၊ ကြွက်တက်တာတွေလည်း အများကြီးဘဲ။ ခြေသလုံးနဲ့ ပေါင်က ကြွက်သား အဖြစ်များဆုံးဘဲ။ အလွန်မတန် နာလှတယ်။ အိပ်နေရင်း နာတာမျိုးက ခြေ-လက်ကို အညောင်းဆန့်ရာကနေ ကြွက်သားမျှဉ် နည်းနည်းမှာ နာလာတာ။ ကြီးသူတွေမှာ အဖြစ်များတယ်လို့ မှတ်ကြပေမဲ့ ဆယ်ကျော်သက်တွေလည်း ဖြစ်တာဘဲ။ အေးတဲ့အချိန် ပိုဖြစ်တယ်။
ဘာလို့ဖြစ်လဲဆိုတာ ဆရာဝန်က အတိအကျ မပြောနိုင်ပါ။ မတိမကျ ပြောရရင်တော့ လှချင်-သန်ချင်လို့ လေ့ကျင့်ခန်း လုပ်တာ၊ အားကစားလုပ်တာမှာ ကြွက်သား ပန်းသွားရလို့ပါ။ အားလည်း မကစားသူတွေမှာ အ၀လွန်လို့၊ ရေနဲ့ ဓါတ်ဆား နည်းသွားလို့၊ ရာသီ-သွေးဆုံး၊ ဟော်မုန်း နည်းသွားလို့၊ သွေးအလျှောက် နည်းလို့၊ အာရုံကြော-ကြွက်သား တခုခုဖြစ်လို့၊ “လို့” တွေကိုသာ အပြစ်ဖို့ပါလေ။ Statins (ကိုလက်စထော) ကျဆေး၊ ဆီးချိုကျဆေးနဲ့ လည်ပင်းကြီးဟော်မုန်း နည်းသူ တွေမှာလည်း ဖြစ်တတ်ပါသေးတယ်။
ဖြစ်တယ်ဆိုရင် ဖြစ်တဲ့ကြွက်သားကို တအားတင်းအောင် လုပ်ပေးပါ။ ခြေသလုံးဖြစ်ရင် ခြေမကို အပေါ်ဆန့်ပေးသင့်တယ်။ တအားနှိပ်တာမျိုး၊ ဆန့်ပေးတာမျိုး လုပ်ပေးပြီးရင် ကြွက်သားကို သူ့အကြောအတိုင်း ခပ်ဖေါ့ဖေါ့ ဆက်နှိပ်ပေးပါ။
ဆရာဝန်တွေနဲ့ ကူတဲ့လူတွေထက် ခံရတဲ့လူက ဘာလုပ်ပေးရင် ကောင်းမယ်ဆိုတာ ပိုသိတယ်။ “နေရာတကာ ဆရာ-ဆရာဝန် မလုပ်ချင်နဲ့”။ ခိုင်းတာသာ လုပ်ပေးပါ။ ဒါပေမဲ့ ခိုင်းတာလုပ်တဲ့အကျင့် ဒါကလွဲရင် မကျင့်ချင်နဲ့။ “တပည့်ကြီးများ တိုင်းပြည်” ဖြစ်သွားလိမ့်မယ်။
ကိုယ်ဝန်ဆောင်ချိန်၊ ဆား အစားနဲရင်၊ ချွေးထွက်များရင် နာတတ်တာတွေကလည်း ဒီသဘောမျိုးဘဲ။ ၀မ်းလျောလို့၊ (ပိုဆက်ဆီယမ်) နဲ့ (ကယ်လ်စီယမ်) နည်းလို့ ဖြစ်တာကို Tetany ခေါ်တယ်။ အူ၊ အစာအိမ်၊ သားအိမ်၊ ဆီးအိမ်၊ သည်းခြေအိတ်တွေမှာ အဲလိုဖြစ်လို့ နာတာကို Colicky pain လို့ခေါ်တယ်။ ရာသီလာတုံး နာတာကို Dysmenorrhea ခေါ်တယ်။ အခေါ်မတူပေမဲ့ အနာသက်သာဆေးတွေပေးတာ တူပါတယ်။ Paracetamol, Ibuprofen, Diclofenic ဆေး။ ကြွက်တက်တာကို Quinine (ငှက်ဖျားဆေး) အပြင် Naftidrofuryl, Dihydropyridine, Phenylalkylamine ဆေးတွေနဲ့လည်း ကုနိုင်တယ်။
သွေးတိုးကြောင့်ဖြစ်ဖြစ်၊ နှလုံးရောဂါကြောင့်ဖြစ်ဖြစ်၊ ကိုယ်ရောင်လို့ဖြစ်ဖြစ် ဆီးဆေး (ဆီးအောင့်တာ ပျောက်တဲ့ဆေး မဟုတ်၊ ဆီးအတင်း သွားစေတဲ့ဆေး) ကို မကြာခဏ သောက်ရသူများ၊ သောက်တိုင်း (ပိုဆက်ဆီယမ်) ဆေးသောက်ပါ။ ၀ယ်ရတာ ခက်တတ်တယ်။ ကောင်းတာက အုန်းရည် တလုံး-နှစ်လုံး သောက်လိုက်ပါ။ ရေနွေးကြမ်း အမြဲသောက်ပါ။
Vitamin B complex, Calcium, Potassium ကို ပုံမှန်သောက်ပါ။ Calcium gluconate ကို IV သွေးပြန်ကြောထဲ ထိုးပေး နိုင်တယ်။ ဒီဆေး သုံးမျိုးထဲက (ကယ်လစီယမ်) တခုဘဲ ဆီးကျောက်ရောဂါအတွက် သတိထားဘို့ လိုတယ်။ ကြာကြာ သောက်တာ ကိစ္စမရှိပါ။ အနာအကိုက် ပျောက်ဆေးတွေကတော့ အစာနဲ့ တွဲသောက်ရတယ်။ ဆေးတခုချင်းအကြောင်း သိချင်ရင် သပ်သပ် ရှာဖတ်ပါ။ ရေးတင်ထားတာ ရှိပါတယ်။
ရေနွေးနဲ့ ရေချိုးတာ ကောင်းတယ်လို့ အေးတဲ့တိုင်းပြည်က ဆရာတွေက အကြံပေးတယ်။ ပူလောင်၊ အိုက်စပ်တဲ့ နေရာမှာ နေရသူတွေအတွက် ဒီအကြံက မဟန်ဘူး။ နာတဲ့နေရာ နှိပ်ပြီးတာနဲ့ အေးတာကပ်ပါ။ ရေ၊ ORS ဓါတ်ဆားရည် တိုက်ပါ။ ရေသောက် မနည်းပါနဲ့။ ရေပုလင်း မထားဘဲ၊ အားကစား မလုပ်နဲ့။ ဘယ်ကစား လုပ်လုပ်၊ သွေးပူအောင် အရင်လုပ်ပါ။ ဘာဘဲလုပ်လုပ် ပြင်းပြင်းထံထံ မလုပ်ခင်၊ ဖြေးဖြေး-မှန်မှန် လုပ်ပါ။
ဓါတ်ဆားတွေ ကြွယ်ဝတဲ့အစာတွေ စားသုံးရမယ်။ မေးရင် စာရင်းရှည်ကြီး ရှိတယ်။ လူစားတာတွေပါဘဲ။ (ကယ်လ်စီယမ်) ကြွယ်တာတွေက ပင်လယ်ငါး၊ ဒိန်ခဲ၊ တို့ဖူး၊ မုံလာစိမ်း။ (ပိုတက်ဆီယမ်) ကြွယ်တာတွေက အုန်းရည်၊ ငှက်ပြောသီး၊ ဆီးသီး၊ လိမ်မော်သီး၊ စပျစ်သီး၊ ဖရုံ၊ ဟင်းနုနွယ်၊ ဒိန်ချဉ်၊ ကွမ်းသီးဂေါ်ဖီထုပ်၊ အာလူး၊ ပဲသီးတောင့်၊ မုံလာဥချို။
ဖြစ်တတ်သူများ အိပ်ရင် ခြေထောက်အောက်က အခုအခံ ထားသင့်တယ်။ အိပ်ပျော်နေတုံး ခြေမ-ခြေထောက် အောက်စိုက်နေရင် ဖြစ်တတ်တယ်။ မအိပ်ခင် ဘယ်မှမရွေ့တဲ့ လေ့ကျင့်ခန်းလုပ် စက်ဘီးစီးတာ ကာကွယ်ရာကျတယ်။ အကောင်းဆုံးကတော့ ခြေသလုံးတွေကို ဆုပ်နယ်ခံပြီးမှ အိပ်ရရင် ဇိမ်လည်းကျတယ်။ နှိပ်ပေးသူလည်း ပိုက်ဆံမရရင် ကုသိုလ်ရတယ်။ တက်မဲ့ ကြွက်လည်း မတက်နိုင်ဘူး။
Dr. တင့်ဆွေ
၆-၆-၂၀၁၀
Posted by
Anonymous
2
comments
Labels: Musculoskeletal system
Thursday, July 23, 2009
Ankle Sprain
ကိုယ်တိုင် ခံစားနေရလို့ လိုက်ဖတ်ရင်း အချက်အလက်တွေ တွေ့မိ၊ စုဆောင်းမိ နေပေမယ့် ဘာသာပြန်ရမှာ ရှည်လျားနေတာကြောင့် အပျင်းထူပြီး အခုအချိန်အထိ ကြာသွားတာပါ။
ခြေထောက် လုံးဝ ပြန်ကောင်းတဲ့ အနေအထားကို မရောက်သေးခင် ပို့စ် တင်ဖြစ်တယ် ဆိုတော့ သိပ် အချိန် ဆွဲတယ်လို့တော့ ပြောလို့ မရဘူး ထင်ပါတယ်။ (ဆင်ခြေ!)
ကိုယ် ဖြစ်မှပဲ ဒီလို ခြေကျင်းဝတ်က အရိုးတွေကို ဆက်တွဲထားတဲ့ အရွတ်တွေမှာ ထိခိုက် ဒဏ်ရာ ရခြင်းဆိုတာက အလွန်ကို အဖြစ်များလှတဲ့ ထိခိုက် ဒဏ်ရာရမှုတွေထဲက တစ်ခု အပါအ၀င် ဖြစ်နေမှန်း သတိပြုမိပါတယ်။
ဘယ်လို အချိန်တွေမှာ အဲဒီလို ထိခိုက်ဒဏ်ရာမျိုးကို ရတတ်သလဲ ဆိုတော့ ခြေထောက်ကို ရုတ်တရက် ဘေးကို လှည့်လိုက်၊ လိမ်လိုက်တဲ့ လှုပ်ရှားမှုမျိုးတွေကြောင့် အဖြစ်များပါသတဲ့။ မညီညာတဲ့ မျက်နှာပြင်တွေ ပေါ်မှာ ခုန်တာ၊ ပြေးတာတို့ကြောင့်လဲ ဖြစ်နိုင်ပါတယ်တဲ့။ ယှဉ်ပြိုင်ရတဲ့ အားကစားတွေမှာ အချင်းချင်း ထိမိ ခိုက်မိ ကြရာကနေလဲ ဖြစ်နိုင်ပါတယ်။ ပုံမှန် သွားလာနေရင်းနဲ့ လှေကား အထစ်တွေ၊ ပလက်ဖောင်း အထစ်တွေမှာ ခြေချော် မိရာကနေလဲ ဖြစ်နိုင်ပါတယ်။
အဲဒီလို ဖြစ်သွားတဲ့ အချိန်မှာ ခြေကျင်းဝတ်မှာ ရှိတဲ့ အရွတ်တွေကို အလွန်အမင်း ဆွဲဆန့်ခြင်း ခံလိုက်ရတဲ့အတွက် ထိခိုက်ဒဏ်ရာရမှု ဖြစ်သွားရတာပါ။ ခြေကျင်းဝတ် အရွတ် အနည်းငယ် စုတ်ပြဲသွားခြင်းကနေ လုံးဝ စုတ်ပြဲသွားတဲ့ အထိလဲ ဖြစ်နိုင်ပါတယ်။ အဲဒီလို ထိခိုက် ဒဏ်ရာရမှုက အဓိက အားဖြင့် ပုံစံ နှစ်မျိုးနဲ့ ဖြစ်တတ်ပါတယ်။
အတွင်းဘက်ကို လဲတဲ့ ထိခိုက်မှု
ခြေကျင်းဝတ် အရွတ် ထိခိုက်ဒဏ်ရာရမှုရဲ့ ၉၀ ရာခိုင်နှုန်း လောက်မှာ တွေ့ရပါတယ်။
ခြေထောက်က အတွင်းဘက်ကို ခေါက်သွားတဲ့ အတွက် ခြေကျင်းဝတ်ရဲ့ အပြင်ဘက်က အရွတ်တွေမှာ ထိခိုက် ဒဏ်ရာရ တတ်ပါတယ်။ အပြင်ဘက်ကို လဲတဲ့ ထိခိုက်မှု
ခြေကျင်းဝတ်က အပြင်ဘက်ကို ခေါက်ပြီး အတွင်းဘက်က ဒဲလ်တွိုက်လို့ ခေါ်တဲ့ အရွတ်မှာ ထိခိုက် ဒဏ်ရာရတာပါ။
ထိခိုက်ဒဏ်ရာရမှုရဲ့ လက္ခဏာများ
တွေ့ရတာများတဲ့ လက္ခဏာတွေကတော့ ခြေကျင်းဝတ်မှာ ယောင်ယမ်းနေတာ၊ အညိုအမဲ စွဲနေတာနဲ့ အတူ နာကျင်နေခြင်းပါ။ ခံစားရတဲ့ ဝေဒနာ ပြင်းထန်မှုက အရွတ်တွေကို ထိခိုက် ဒဏ်ရာရမှုရဲ့ အဆင့်တွေ အပေါ်မှာ မူတည်ပါတယ်။
ထိခိုက်ဒဏ်ရာရမှုကို အဆင့်သုံးမျိုး ခွဲပြီး ပြောလေ့ရှိပါတယ်။
ခြေကျင်းဝတ် အရွတ် ထိခိုက် ဒဏ်ရာရမှု အဆင့် (၁)
အဲဒီအဆင့်မှာ ခြေကျင်းဝတ် အရွတ်က ဆွဲဆန့် ခံလိုက်ရတဲ့ အဆင့်မှာပဲ ရှိတဲ့အတွက် ခံစားရတဲ့ ဝေဒနာက မပြင်းထန်လှပါဘူး။ အများစုက နာကျင်မှုနဲ့ ယောင်ယမ်းမှု လောက်ပဲ ခံစားကြရပြီး အကူအညီ မပါဘဲ လမ်းလျှောက်နိုင်စွမ်း ရှိကြပါတယ်။ ဒါပေမယ့် ပြေးနိုင်စွမ်း၊ ခုန်နိုင်စွမ်းတွေတော့ မရှိတော့ဘူးပေါ့။
ခြေကျင်းဝတ် အရွတ် ထိခိုက် ဒဏ်ရာရမှု အဆင့် (၂)
အဲဒီအဆင့်မှာ ခြေကျင်းဝတ် အရွတ်က တစ်ဝက်တစ်ပျက် စုတ်ပြဲသွားပါတယ်။ အရေပြားအောက်မှာ သွေးထွက်ခြင်းကြောင့် သိသာ ထင်ရှားတဲ့ နာကျင်မှုနဲ့ ယောင်ယမ်းမှုကို ခံစားရလေ့ ရှိပါတယ်။ လမ်းလျှောက်တဲ့ အခါမှာ နာကျင်နေတတ်ပေမယ့် လမ်း အနည်းငယ် လျှောက်နိုင်ပါသေးတယ်။
ခြေကျင်းဝတ် အရွတ် ထိခိုက် ဒဏ်ရာရမှု အဆင့် (၃)
ဒီအဆင့်မှာ ခြေကျင်းဝတ် အရွတ်က လုံးဝ စုတ်ပြဲသွားပါတယ်။ ခြေကျင်းဝတ်မှာ နာကျင်နေပြီး လမ်းလျှောက်တိုင်းလဲ နာကျင်နေပါလိမ့်မယ်။ ခြေကျင်းဝတ်ကို ငြိမ်အောင် မထိန်းနိုင်တာမျိုး၊ လဲပြိုချင်သလို ခံစားမှုမျိုးကိုလဲ ခံစားရတတ်ပါတယ်။
ထိခိုက်ဒဏ်ရာ ရတဲ့ နေရာတွေမှာ သွေးခြေဥ၊ အညိုအမဲ စွဲနေတာတွေက ရက်အနည်းငယ် ကြာလာတဲ့အခါ ခြေဖျားဖက်ကို စုသွားတတ်ပါတယ်။ အဲဒါက ကမ္ဘာမြေရဲ့ ဆွဲအားကြောင့် ထွက်ထားတဲ့ သွေးတွေက ခြေဖျားဘက်ကို ဆင်းသွားတာပါ။
ဘယ်လို အချိန်တွေမှာ ဆရာဝန်ပြဖို့ လိုမလဲ
- လမ်းမလျှောက်နိုင်တာ
- ထိခိုက်ဒဏ်ရာရတဲ့ နေရာမှာ သိသိသာသာကြီး ယောင်ယမ်းနေတာ
- ခံစားရတဲ့ ဝေဒနာတွေက မသက်သာဘဲ ရက် အနည်းငယ် ကြာတဲ့အထိ ဆက်ရှိနေတာ
- ခြေထောက်နဲ့ ခြေကျင်းဝတ်ရဲ့ အထက်ဘက်ပိုင်းမှာ နာကျင်နေတာ
စတဲ့ လက္ခဏာတွေက ဆရာဝန်နဲ့ ပြသသင့်တဲ့ အနေအထားတွေထဲက အချို့သော လက္ခဏာတွေပါ။ တစ်ခါတစ်ရံမှာ ထိခိုက်ဒဏ်ရာရမှုက အရိုးကျိုး သွားစေသလား၊ မကျိုးဘူးလားဆိုတာကို ခွဲခြားသိဖို့ ခက်ပါတယ်။ အဲဒီလို အချိန်မှာ ဓာတ်မှန် ရိုက်ဖို့ လိုပါတယ်။ သံသယ ရှိတဲ့ အနေအထားတွေ အားလုံးအတွက် ဆေးခန်းသွား၊ ဆရာဝန် ပြတာက အကောင်းဆုံးပါပဲ။
အစောပိုင်း ကုသမှု
ခြေကျင်းဝတ် ထိခိုက် ဒဏ်ရာရမှု အတွက် ပထမဆုံး လုပ်သင့်တာက အင်္ဂလိပ်လို RICE လို့ အတိုကောက် မှတ်ထားလို့ ရမယ့် rest , ice, compression နဲ့ elevate ပါ။
Rest ( အနားပေးခြင်း)
ထိခိုက် ဒဏ်ရာရပြီး ပထမ ၂၄ နာရီ ကနေ ၄၈ နာရီ အထိ အချိန်ကာလတွေက လှုပ်ရှားမှုတွေ အားလုံးကို ရပ်တန့် ထားသင့်တဲ့ ကာလပါ။ အဲဒီနောက်မှာမှ ကိုယ် ခံနိုင်ရည် ရှိသလောက် တဖြည်းဖြည်းချင်း လမ်း ပြန်လျှောက် သင့်ပါတယ်။
Ice ( ရေခဲတင်ခြင်း)
ထိခိုက် ဒဏ်ရာရပြီး ၄၈ နာရီ အချိန် အတွင်းမှာ ထိခိုက် ဒဏ်ရာရတဲ့ နေရာကို ၃-၄ နာရီခြား တစ်ခါ ရေခဲတင်ပေးပြီး ခြေထောက်ကို မြှင့်ထားသင့်ပါတယ်။ တစ်ခါ ရေခဲတင်ရင် မိနစ် ၂၀ ထက် ပို မတင်သင့်ပါဘူး။ မိနစ် ၂၀ ထက် ပိုတင်ရင် သက်သာအောင် လုပ်ရာ မကျဘဲ ကြွက်သားမျှင်တွေကို ပျက်စီးအောင် လုပ်သလို ဖြစ်ပါလိမ့်မယ်။ ရေခဲကို မျက်နှာသုတ် ပ၀ါလို တစ်ခုခုနဲ့ ထုတ်ပြီးမှ ကပ်ပါ။ ရေခဲတုံးကို တိုက်ရိုက် အသားပေါ် တင်ပြီး ကပ်မယ်ဆိုရင် တစ်နေရာတည်းမှာ ကြာကြာ မကပ်ပါနဲ့။ မကြာခဏ နေရာ ရွှေ့ပေးဖို့ လိုပါတယ်။
Compression (ဖိအားပေးခြင်း)
ခြေထောက်ကို မြှင့်ထားတဲ့ အချိန်မှာ တစ်ခုခုနဲ့ စည်းပြီး ဖိအားပေး ထားသင့်ပါတယ်။ ခြေဖျားကနေ ခြေသလုံးအထိ ကျုံ့နိုင် ဆန့်နိုင်တဲ့ အစွတ် (သို့) ပတ်တီးနဲ့ ပတ်ထားပေးသင့်ပါတယ်။ တင်းတင်းရင်းရင်း ရှိအောင် ပတ်ထား သင့်ပေမယ့် သွေးကြောတွေကို ဖိထားတဲ့ အထိ မဖြစ်သင့်ပါဘူး။ ခြေထောက်တွေ အေးလာ၊ ပြာလာတယ်ဆိုရင် ပြန်ဖြုတ်၊ တင်းအားကို လျှော့ပြီးမှ ပြန်ပတ်သင့်ပါတယ်။
Elevate (မြှင့်ထားခြင်း)
ထိခိုက်ဒဏ်ရာ ရထားတဲ့ ခြေကျင်းဝတ်ကို မိမိ နှလုံးထက် ပိုမြင့်တဲ့ နေရာကို မြှင့်ထားသင့်ပါတယ်။ ညအိပ်တဲ့ အချိန်မှာလဲ ထိခိုက်ဒဏ်ရာရထားတဲ့ ခြေထောက် အောက်ကို စာအုပ်လို ၊ ခေါင်းအုံးလိုမျိုး မြှင့်ထားပေးနိုင်မယ့် အရာ တစ်ခုခု ခံပြီး အိပ်သင့်ပါတယ်။
ကိုယ့် ထိခိုက် ဒဏ်ရာ ရမှုက ပြင်းထန်တယ် ဒါမှမဟုတ် အရိုး ထိခိုက်မှု ရှိတယ်၊ ဒါမှမဟုတ် ရက်တွေ ကြာလာပေမယ့် ပိုပြီး သက်သာ မလာဘူး ဆိုရင် ဆရာဝန်နဲ့ ပြသ တိုင်ပင်သင့်ပါတယ်။
ဆရာဝန်နဲ့ ပြသ ပြီး၊ ဓာတ်မှန် ရိုက်ပြီး ဘာမှ ထိခိုက်မှု ကြီးကြီးကျယ်ကျယ် မရှိဘဲ နာကျင်မှုကို ဆက်လက် ခံစားနေရတယ် ဆိုရင်တော့ ရိုးစင်းတဲ့ လေ့ကျင့်ခန်း အချို့ကို ပြုလုပ်ပေးခြင်းက ခြေကျင်းဝတ်ကို ပုံမှန် အတိုင်း ပြန်ဖြစ်အောင် အကူအညီ ပေးနိုင်ပါတယ်။
ထိခိုက် ဒဏ်ရာရပြီး ခြေကျင်းဝတ်ကို မလှုပ်ရှားဘဲ နေတာက နေရ၊ ထိုင်ရတာ သက်သာ စေပေမယ့် အဲဒါလို မလှုပ်ဘဲ နေတာ သိပ်ကြာသွားရင် ခြေကျင်းဝတ်ကို တောင့်တင်းသွားစေပြီး ထိခိုက်ဒဏ်ရာ ရထားတဲ့ နေရာကို ပုံမှန် အတိုင်း ပြန်ဖြစ်ဖို့ အချိန် ပိုကြာစေတတ်ပါတယ်။ ဒါ့အပြင် အဲဒီနေရာကိုလဲ ထပ်မံ ထိခိုက် ဒဏ်ရာ ရရှိစေတတ်ပါတယ်။ စုတ်ပြဲသွားတဲ့ အရွတ်က ပြန်ပြီး အနာကျက်တဲ့အခါ ပုံမှန်ထက် အမာရွတ် ပိုတက်သွားရင် လမ်းလျှောက် ရာမှာ နာကျင်တာ၊ ထပ်မံ ထိခိုက်ဒဏ်ရာတာတွေ ဖြစ်နိုင်ပါတယ်။ လွယ်ကူတဲ့ လေ့ကျင့်ခန်း အနည်းငယ်ကို ပြုလုပ်ပေးခြင်းအားဖြင့် ဒီဖြစ်ရပ်တွေကနေ ကာကွယ်နိုင်ပါတယ်။
လှုပ်ရှားမှု အတွက် ဆိုရင် ခြေဖနောင့် အထက်ဘက်မှာ ရှိတဲ့ အာခိလိ အရွတ်ကို ဆွဲဆန့်ပေးတဲ့ လေ့ကျင့်ခန်းကို အလွယ်တကူ ထိုင်နေရင်း၊ လဲလျောင်းနေရင်း လုပ်ပေးနိုင်ပါတယ်။ ခြေချောင်းတွေကို မျက်နှာသုတ်ပ၀ါ အသေးလေးနဲ့ ပတ်ပြီး ပုံမှာ ပြထားတဲ့အတိုင်း အနောက်ဘက်ကို လှန်ပြီး ဆွဲဆန့်ပေးတာကို တစ်နေ့ ၃ - ၄ ကြိမ်၊ တစ်ကြိမ်ကို မိနစ် အနည်းငယ် လုပ်ပေးသင့်ပါတယ်။
နောက်တစ်ခုက ခြေချောင်းလေးတွေနဲ့ စာရေးတာ။ ထိုင်နေရင်းနဲ့ ဖြစ်ဖြစ်၊ လဲလျောင်းနေရင်းနဲ့ပဲ ဖြစ်ဖြစ် လေထဲမှာ ခြေချောင်းလေးတွေနဲ့ စာရေးသလို လှုပ်ရှားမှုမျိုး ပြုလုပ်မယ် ဆိုရင် လိုအပ်တဲ့ လှုပ်ရှားမှုဆိုင်ရာ လေ့ကျင့်ခန်း တစ်ခုကို ရမှာ ဖြစ်ပါတယ်။
သန်စွမ်းမှု အတွက်ဆိုရင် ခြေချောင်းလေးတွေကို မြှင့်တဲ့ လေ့ကျင့်ခန်းကို လုပ်လို့ ရပါတယ်။ လှေကားလို အထစ်ရှိတဲ့ နေရာမှာ ခြေဖနောင့်ကို လွှတ်ထားပြီး ရပ်ပါ။ ပြီးတော့ ခြေဖနောင့်ကို ပိုနိမ့်တဲ့ အဆင့်ကို ထိအောင် ဖြည်ဖြည်းချင်း ချပေးပါ။ ၁၀ကြိမ် ကနေ အကြိမ် ၂၀ လောက် တစ်နေ့ကို လေးကြိမ် လုပ်ပေးသင့်ပါတယ်။
ထိန်းညှိမှု အတွက်က ပုံမှာ တွေ့ရတဲ့ wobble board လို့ ခေါ်တဲ့ ထိန်းညှိမှုကို လေ့ကျင့်ပေးနိုင်တဲ့ အပြားလေးတွေ ပေါ်မှာ ရပ်ပြီး လေ့ကျင့်ပေးနိုင်ပါတယ်။ ခြေကျင်းဝတ်ရဲ့ အာရုံသိမှု လျော့ပါးသွားတဲ့ သူတွေအတွက် ခြေကျင်းဝတ်ရဲ့ အာရုံ သိစိတ်ကို ပြန်နှိုးပေးနိုင်တဲ့ လေ့ကျင့်ခန်းပါ။
စာကိုး - Ankle Sprain by Jonathan Cluett, MD
(လေ့ကျင့်ခန်း ပြုလုပ်တဲ့ နမူနာပြပုံကို - http://www.aafp.org/afp/20010101/93.html က ရယူပါတယ်။
ခြေကျင်းဝတ် ထိခိုက်ဒဏ်ရာရမှု ပုံစံ အမျိုးမျိုးကို ပြတဲ့ ပုံကိုhttp://myhealth.ucsd.edu/library/healthguide/en-us/images/media/medical/hw/h9991457_003.jpg က ရယူပါတယ်။)
Posted by
tune
1 comments
Labels: Musculoskeletal system
Tuesday, August 26, 2008
Osteoporosis
(၁) အရိုးပွ ရောဂါ ဆိုတာ ဘာလဲ။
သင်ရဲ့ အရိုးတွေ ပွ၊ ပျော့ပျောင်းပြီး ကျိုးပဲ့ ဖို့ အလားအလာ များလာတဲ့ အခြေအနေ တစ်ရပ်ကို အရိုးပွ ရောဂါ လို့ အဓိပ္ပါယ် ဖွင့်လို့ ရ ပါတယ်။ ရောဂါ လက္ခဏာ မပြပဲ နေတတ်လို့ အရိုးကျိုး သွားတဲ့အချိန် အထိ ကိုယ်မှာ ရောဂါ ရှိမှန်း မသိဘဲ နေတတ် ပါတယ်။ အရိုး ကျိုး သွားရင်တော့ အမျိုးသမီး တစ်ယောက်ရဲ့ နေ့စဉ် လူနေမှု ဘ၀ကို ထိခိုက် နိုင် ပါတယ်။ လမ်းလျှောက်၊ ရေချိုး စတာတွေ က အစ သူများ ပေါ် မှီခို နေရတတ် ပါတယ်။
(၂) ဘယ်အရိုး တွေ ထိခိုက် တတ် ပါ သလဲ။
အဓိက ထိခိုက်တဲ့ အရိုးတွေ ကတော့ ခါးဆစ်ရိုး၊ လက်ကောက်ဝတ် နဲ့ ကျောရိုးမကြီး တို့ ဖြစ်ပါတယ်။ ကျောရိုးမကြီး ဆိုတာ ခန္ဒာကိုယ် ကို မတ်မတ် ထိုင်နိုင်အောင်၊ ရပ် နိုင်အောင် ထောက်ပံ့ ပေးထားလို့ အလွန် အရေးကြီး ပါတယ်။ အရိုးပွ ရောဂါကြောင့် ထိခိုက် ကျိုးပဲ့ သွားတဲ့ ကျောရိုးမကြီး ရဲ့ ပုံကို မြင်သာအောင် ဖော်ပြ ထားပါတယ်။

ပထမပုံက မတ်မတ်ရပ်နေတဲ့ လူကောင်း တစ်ယောက်ရဲ့ ပုံဖြစ်ပြီး နောက်ပုံ ကတော့ အရိုးပွရောဂါ နဲ့ ကျောရိုးမကြီး ထိခိုက် ထားတဲ့ ပုံ ဖြစ်ပါတယ်။ အရပ်ပု၊ ခါးကိုင်း၊ ဗိုက်သားထွက် လာကာ ခန္ဓာကိုယ် ဖွဲ့စည်း တည်ဆောက်ပုံ ပြောင်းလဲ သွားတာ တွေ့ရ ပါတယ်။
(၃) အောက်ပါ အချက်တွေက သင့်မှာ အရိုးပွ ရောဂါ ခံစားရဖို့ အခွင့်အလမ်း ပိုများ စေပါတယ်။
(က) အမျိုးသမီးဖြစ်ခြင်းတို့ဖြစ်ပါတယ်။
(ခ) ပိန်ပါး သေးသွယ်ခြင်း(ကိုယ်အလေးချိန် ၁၂၇ပေါင်ထက်နည်းသူများ)
(ဂ) အဖွား၊အမေ၊အဒေါ်၊အမ တို့မှာ ဖြစ်ဖူးခြင်း
(ဃ) မီးယပ် သွေးဆုံးခြင်း၊ (သို့) အသက်ကြီးခြင်း
(င) အမျိုးသားများမှာ တက်စရိုစတီရုန်း (ကျားဟိုမုန်း) ပမာဏ နည်းပါးခြင်း
(စ) အစားအသောက် တွင် ကယ်ဆီယမ် နှင့် ဗိုက်တာမင်ဒီ ပြည့်ဝစွာ မပါခြင်း
(ဆ) ကိုယ်လက် လှုပ်ရှား အားကစား မလုပ်ခြင်း
(ဇ) ဆေးဝါများ ကြာရှည် သုံးစွဲခြင်း
(ဈ) ဆေးလိပ် နှင့် အရက် သောက်သုံးခြင်း
(၄) အရိုးပွ ရောဂါ ရှိမရှိ ဘယ်လို သိနိုင်မလဲ။
အရိုး သိပ်သည်းဆ ကို စမ်းသပ်တဲ့ နည်းပညာ နဲ့ သိရှိနိုင် ပါတယ်။ Dual energy Xray absorptiometry (DEXA) လို့ ခေါ်ပါတယ်။ အသက် ၆၅နှစ် ကျော်ရင်တော့ မိမိအရိုး ရဲ့ သိပ်သည်းဆ ကို စမ်းသပ် သင့်ပါတယ်။
(၅) ဘယ်လို ကာကွယ်နိုင် ပါသလဲ။
အရိုးပွ ရောဂါ မဖြစ်ပွား အောင် ကာကွယ်တဲ့ နည်းလမ်း ကတော့ လွယ်ကူ လှပါတယ်။ အရိုးတွေကို သန်မာအောင် လုပ်ဖို့ပါပဲ။ ငယ်ငယ် ရွယ်ရွယ် ကတည်းက အရိုးတွေ သန်မာအောင် တည်ဆောက်ခဲ့ရင် တော့ အကောင်းဆုံး ပါ။ ဒါပေမယ့် သင် ဘယ်လောက် အသက်ကြီး ပါစေ နောက်မကျ သေးပါဘူး။ သဘာဝ အတိုင်း အရိုး ပျက်စီး ဆုံးရှုံးမှုက အသက် (၃၀) အရွယ်မှာ စ ဖြစ်တတ် ပါတယ်။ ငယ်ငယ် ရွယ်ရွယ် မှာ အစားထိုး နိုင်ပေမယ့် အသက်ကြီး လာတာနဲ့ အမျှ အစား မထိုး နိုင်တော့ပဲ ဆုံးရှုံးမှု က ပိုများ လာပါတယ်။ သွေးဆုံး ပြီးချိန် ဆိုလျှင်တော့ ပိုပြီး အရှိန်မြင့် လာပါတယ်။ ဒါပေမယ့် ပွ၊ ပျော့ပြောင်းပြီး ကျိုးပဲ့လွယ်တဲ့ အရိုးတွေ မဖြစ်အောင် ကာကွယ်နိုင် တဲ့ နည်းလမ်း တွေ ရှိပါတယ်။
(က) နေ့စဉ် အစားအစာတွေမှာ ကယ်ဆီယမ် လုံလုံလောက်လောက် ပါဝင် ရပါမယ်။
အရိုးပွ ရောဂါကို ကာကွယ်ဖို့ အထိရောက်ဆုံး နည်းလမ်း ဖြစ်ပါတယ်။ ကယ်ဆီယမ်ကို အစား အသောက် တွေက ရနိုင် သလို၊ ဆေးပြား အနေနဲ့ လည်း အလွယ်တကူ ၀ယ်ယူ ရရှိ နိုင် ပါတယ်။ အသက် အရွယ် အလိုက် တစ်နေ့တာ ကယ်ဆီယမ် လိုအပ်ချက် က အောက်ပါ အတိုင်း ဖြစ်ပါတယ်။

ဆက်လက်ပြီး အစား အသောက် အချို့မှာ ကယ်ဆီယမ် ပါဝင်တဲ့ ပမာဏကို နေ့စဉ် လိုအပ်ချက်နဲ့ နှိုင်းယှဉ်ပြီး ဖော်ပြပါမယ်။

(ခ) ဗီတာမင်ဒီ လုံလောက်မှု ရှိပါစေ။
ဗီတာမင်ဒီဟာ ခန္ဒာကိုယ်က ကယ်ဆီယမ်ကို ပိုမို စုပ်ယူ နိုင်အောင် ကူညီ ပေးတဲ့ အတွက် သူလည်း အရေးပါ ပါတယ်။ အနောက်နိုင်ငံ တွေ မှာတော့ ဗီတာမင်ဒီ ကို နေရောင်ခြည်က ရနိုင်အောင် နေပူစာ လှုံ ကြ ပါတယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံမှာတော့ ထူးပြီး နေပူစာ လှုံဖို့ မလို ပါဘူး။ အစား အသောက်တွေက ရနိုင် သလို ဗီတာမင် ဆေးလုံး တွေ ကိုလည်း မှီဝဲ နိုင်ပါတယ်။ တစ်နေ့တာ ဗီတာမင်ဒီ လိုအပ်ချက် ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

ဗီတာမင်ဒီ ပါဝင်တဲ့ အစားအစာ အချို့ နဲ့ နေ့စဉ် လိုအပ်ချက် ကို နှိုင်းယှဉ် ဖော်ပြ ထားပါတယ်။

(၆) အာဟာရ မျှတအောင် စားပါ။
ဗိုက်တာမင်အေ၊ ဗိုက်တာမင်စီ၊ မဂ္ဂနီဆီယမ်၊ ဇင့် ဓါတ်များ ပါဝင်တဲ့ အစားအစာ များကို နေ့စဉ် စားသုံးဖို့ လိုပါတယ်။ ပရိုတိန်း ဓါတ် ဟာလည်း အရိုးတွေ သန်မာအောင် တည်ဆောက် ရာမှာ အထောက်အကူ ပြုပါတယ်။
(၇) ကိုယ်လက် လှုပ်ရှား အားကစား။
ကိုယ်လက် လှုပ်ရှား အားကစား လုပ်ခြင်းဖြင့်
(က) Bone loss ကိုနည်းပါးစေခြင်းစတဲ့အကျိုးကျေးဇူးတွေရနိုင်ပါတယ်။
(ခ) ကြွက်သားများကိုသန်မာစေခြင်း
(ဂ) ခန္ဒာကိုယ်ကိုဟန်ချက်ညီအောင်ထိန်းပေးခြင်း
(၈) ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်ဟာ အရိုးပျက်စီးမှု ကို မြန်ဆန် စေပါတယ်။ အရိုးပွ ရောဂါ ကို ကာကွယ် ပေးနိုင်တဲ့ အီစထရိုဂျင် ဟိုမုန်း ပမာဏကို လည်း လျော့နည်း စေနိုင် ပါတယ်။ ဆေးလိပ် ဖြတ်ခြင်းဖြင့် ကျန်းမာရေး ကို ဘက်ပေါင်းစုံ ကနေ အထောက်အကူ ပြုပါတယ်။
(၉) အရက် အလွန်အကျွံ မသောက်ပါနှင့်။
အရက်ဟာ ခန္ဒာကိုယ်က စုပ်ယူ ထားတဲ့ ကယ်ဆီယမ် တွေကို အသုံးပြုရာမှာ အခက်အခဲ ဖြစ်စေလို့ အလွန်အကျွံ မသောက်ဖြစ်အောင် ဂရု စိုက်ဖို့ လိုပါတယ်။
(၁၀) အိမ်အပြင်အဆင်။
အိမ် အပြင်အဆင် ကလည်း အရေးကြီး ပါတယ်။ ရေချိုးခန်း မှာ ရာဘာ အခင်းခင်းခြင်း၊ လက်ကိုင်တန်း ထားခြင်း၊ လမ်းသွား လမ်းလာ ခလုပ်တိုက်မည့် အရာများ အား ရှင်းလင်း ထားခြင်း တို့ဖြင့် ထိခိုက် ဒဏ်ရာ ရပြီး အရိုး ကျိုးမည့် ဘေးမှ ကင်းဝေး စေပါတယ်။
(၁၁) ယောင်္ကျား တွေမှာ ဖြစ်တတ် ပါသလား။
၁၉၉၀ နှစ် မတိုင်ခင် အထိတော့ အမျိုးသမီး တွေမှာပဲ ဖြစ်တတ်တယ် လို့ ထင်ရ ပေမယ့် အခု နောက်ပိုင်း မှာတော့ ယောင်္ကျား တွေမှာပါ ဖြစ်ပွား တတ်ကြောင်း သိလာ ရပါတယ်။ အသက် ၅၀ ကျော် အမျိုးသား ၄ ယောက်မှာ ၁ ယောက်နှုံး ရောဂါ ခံစား ရတာ တွေ့ရ ပါတယ်။
(၁၂) ကိုယ်ဝန်ဆောင် အရိုးပွ ရောဂါ။
ရှာပါး ရောဂါ အမျိုးအစား ဖြစ်ပြီး မီးမဖွားခင် နှင့် မီးဖွားပြီး ကာလမှာ တွေ့ရ တတ်ပါတယ်။ အများ အားဖြင့် ပထမ ကိုယ်ဝန်မှာ ဖြစ်တတ် ပြီး နောက်တစ်ခါ ပြန်ဖြစ်လေ့ မရှိပါဘူး။
(၁၃) ဘယ်လို ကုသ ကြမလဲ။
မှန်ကန်တဲ့ လူနေမှု ပုံစံ၊ အစားသောက်၊ ဆေးဝါးများ ဖြင့် အရိုးပွ ရောဂါကို ကုသ နိုင်ပါတယ်။ မှန်ကန်တဲ့ လူနေမှု ပုံစံ ဆိုတာ ကတော့ ကိုယ်ကာယ လေ့ကျင့်ခန်း မှန်မှန် လုပ်တာကို ဆိုလို ပါတယ်။ ကယ်ဆီယမ် နဲ့ ဗီတာမင်ဒီ ဓါတ် ပြည့်ဝတဲ့ အစား အသောက် တွေကို ဂရုတစိုက် စားသုံး ရပါမယ်။ သက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသပြီး ဆေးဝါးများကို ညွန်ကြားချက် အတိုင်း သောက်သုံး သင့်ပါတယ်။
အရိုးပွ ရောဂါဟာ မြန်မာ နိုင်ငံမှာ အဖြစ်များပြီး ဂရုမပြုမိတဲ့ ရောဂါတစ်မျိုး ဖြစ်တာကြောင့် တတ်နိုင်သလောက် အသိပညာ ဖြန့်ဝေ လိုက်ပါတယ်။
ကျန်းမာရွှင်လန်းကြပါစေ။
Posted by
zinthu
1 comments
Labels: Bone, Musculoskeletal system, Osteoporosis
Saturday, August 23, 2008
Exercise treatment for overcoming Osteoarthritis
osteoarthritis ရောဂါဟာ အမျိုးသား နဲ့ အမျိုးသမီးတွေမှာ အချိုး အတူတူ ဖြစ်ပွား တတ်ပြီး အမျိုးသမီး တွေမှာ အသက် ၅၅နှစ် ၀န်းကျင်မှာ ရောဂါ လက္ခဏာ တွေ ပြတတ် ပါတယ်။ အမျိုးသား တွေမှာတော့ (၁၀)နှစ်ခန့် စောပြီး ဝေဒနာ ခံစားရ တတ်ပါတယ်။ ဒူးဆစ်၊ ခါး၊ ကျောရိုးမ နှင့် လက်ဆစ်တွေ ဟာ အဓိက ထိခိုက်တဲ့ အဆစ်တွေ ဖြစ်ပါတယ်။ အသက် အရွယ် ကြီးရင်သူတွေမှာ ဖြစ်တတ်လို့ သက်ကြီး ရောဂါလို့ အရင်က မှတ်ယူ ထားကြပါတယ်။ ဒီနေ့ အခါ မှာတော့ အသက်အရွယ် ကြီးရင်မှု သာမက အခြား ရောဂါ ဖြစ်ပွားစေတဲ့ အချက်တွေကို သတိပြုမိ လာကြပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှု (သို့) အခြား ရောဂါ ဝေဒနာ တစ်ခုခုက osteoarthritis ကို စတင် ဖြစ်ပွားစေပြီး မျိုးရိုးဗီဇ၊ biomechanical forces၊ ဇီဝနှင့် ဓာတုဖြစ်စဉ် တွေက ရောဂါ အခြေအနေကို ဆိုးဝါး စေပါတယ်။ အဆိုပါ ပြုပြင် ပြောင်းလဲ နိုင်တဲ့ အချက်တွေကို ဂရုတစိုက် ပြုပြင် လိုက်မယ် ဆိုရင် ရောဂါ လက္ခဏာ တွေကို တတ်နိုင် သလောက် သက်သာအောင်၊ ပိုဆိုး မလာအောင် ဟန့်တား နိုင်မှာ ဖြစ်ပါတယ်။
အ၀လွန် သူတွေ ဟာ osteoarthritis ရောဂါ ခံစားရဖို့ အခွင့်အလမ်း ပိုများ ပါတယ်။ ခန္ဓာကိုယ် အလေးချိန်ဟာ အဆစ်အမြစ် တွေကို ၀န်ပိ စေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် အလေးချိန် ထိန်းခြင်းဖြင့် ရောဂါ ဝေဒနာ ခံစားရမှုကို အထိုက် အလျှောက် သက်သာ စေပါတယ်။ ဒူးဆစ် ယောင်ယမ်း သူတွေရဲ့ ၃ပုံ ၂ပုံခန့်ဟာ အမျိုးသမီးတွေ ဖြစ်တာ တွေ့ရပြီး ဒေါက်မြင့် ဖိနပ်စီးတဲ့ သူတွေမှာ ပိုမို အဖြစ်များ တယ်လို့ ဆိုပါတယ်။ သတိထား ဆင်ခြင်သင်တဲ့ အချက်ပါပဲ။
osteroarthritis လုံးဝ ပျောက်ကင်းအောင် မကုသနိုင် သေးပါဘူး။ ဒါပေမယ့် နာကျင် ကိုက်ခဲမှု တွေ သက်သာအောင်၊ အဆစ် အမြစ်တွေ ပုံမှန် လှုပ်ရှား နိုင်အောင် လုပ်နိုင်တာတွေ အများကြီး ရှိပါတယ်။ အကိုက်အခဲ ပျောက်ဆေးတွေကို ဆရာဝန် ညွန်ကြား တဲ့ အတိုင်း အတိအကျ သုံးစွဲဖို့တော့ လိုပါတယ်။ ဒါ့အပြင် osteoarthritis ရောဂါသည်တွေ နေ့စဉ် လုပ်သင့်တာ တစ်ခု ကတော့ ကိုယ် ကာယ လေ့ကျင့်ခန်းပါပဲ။ လေ့ကျင်ခန်း ပုံမှန်လုပ်ခြင်းဖြင့် ကြွက်သားတွေကို သန်မာ စေရုံသာမက၊ ဟန်ချက်ညီမှုနဲ့ ပျော့ပျောင်းမှု တွေကို အားဖြည့် ပေးပါတယ်။ နာကျင် ကိုက်ခဲမှုကို သက်သာစေရုံ မက အခြား ကျန်းမာရေး ကောင်းကျိုး တွေကိုလည်း ပေးပါတယ်။
ဒီနေရာမှာ osteoarthritis ရောဂါ ဝေဒနာ သက်သာအောင် လုပ်ဆောင်ရမယ့် ကိုယ်ကာယ လေ့ကျင့်ခန်း လေးတွေကို တင်ပြ လိုပါတယ်။
(၁) Inner leg stretch

ပုံမှာ ပြထားတဲ့ အတိုင်း ဒူးကိုကွေး၊ ခြေဖ၀ါး(၂)ခု တေ့ပြီး ထိုင်ပါ။ ခြေဖနောင့်ကို ခန္ဒာကိုယ်ဘက် ဆွဲထားပြီး လက်နှစ်ဘက်နဲ့ ခြေ မျက်စေ့ ကို ဆုပ်ကိုင် ထားပါ။ ညို့သကျည်းကို လက်ဖျံနဲ့ ဖိပြီး ခန္ဓာကိုယ် အပေါ်ပိုင်းကို ရှေ့ဘက်ကို ကိုင်းထား ရပါမယ်။အဲဒီလို ၂၀-၃၀ စက္ကန့်လောက် နေရပါမယ်။
(၂) Hip and lower back stretch

ကြမ်းပြင်မှာ ပက်လက် အိပ်ပြီး ခြေထောက် တွေကို ဆန့်ထားပါ။ ခေါင်းကို ကြမ်းပြင်နဲ့ ထိပြီး မေးဆွဲကာ ရင်ဘတ်ကို ကြည့်ပါ။ ဒူးကို ပုံပါအတိုင်း ကွေးပြီး လက်နှစ်ဘက်နဲ့ ပုခုံးဘက်ဆီ ရောက်နိုင်သလောက် ဆွဲပါ။ အသက်ပြင်းပြင်း ရှူထုတ်ရှူသွင်း လုပ်ပါ။ ၂၀-၃၀ စက္ကန့် ခန့် ကြာပါစေ။
(၃) Double hip rotation

ကြမ်းပေါ်မှာ ပက်လက် အနေအထားနဲ့ နေပါ၊ ဒူးတွေကို ကွေးပြီး ခြေဖ၀ါးကို ကြမ်းပြင်နဲ့ ထိထားပါ။ ပုံမှာ ပြထားတဲ့ အတိုင်း ဦးခေါင်းကို ညာဘက် စောင်းပြီး ခြေ(၂)ချောင်းကို ဘယ်ဘက်သို့ ဖြေးညှင်းစွာ စောင်းပါ။ ၂၀-၃၀ စက္ကန့်ခန့် ကြာပါစေ။ ပြီးလျှင် ဒူးကို အလယ် ပြန်ပို့ပြီး နောက်တစ်ဖက် အတွက်လုပ်ပါ။
ဖော်ပြပါ လေ့ကျင့်ခန်း (၃)ခုကို ပျော့ပျောင်းမှုကို ဦးစားပေးတဲ့ လေ့ကျင့်ခန်းများ လို့ ခေါ်ပါတယ်။ ဒီလေ့ကျင်ခန်း တွေကို နာကျင်မှု ဝေဒနာ ခံစားရတဲ့ အချိန်တွေမှာ ပြုလုပ် သင့်ပါတယ်။ ညနေစောင်း အလုပ် တာဝန်တွေ ပြီးဆုံးတဲ့ အချိန်မှာ ပြုလုပ် သင့်ပါတယ်။ တစ်နေ့ကို လေ့ကျင့်ခန်း ၁ -၂ ခုနဲ့ တစ်ပတ်ကို (၃)ကြိမ်ခန့် လုပ်လျှင် လုံလောက် ပါတယ်။
အခု ဆက်လက်ပြီး သန်မာမှု ကို ဦးစားပေး တဲ့ လေ့ကျင့်ခန်း လေးတွေကို ဖော်ပြပါမယ်။
(၁) Chair stand

ကုလားထိုင်ကို နံရံနဲ့ ကပ်ပြီး ထားပါ။ ဒူးကိုကွေး၊ ဖ၀ါးကို ကြမ်းပြင်မှာ ချပြီးထိုင်ပါ။ လက်နှစ်ချောင်း ကို ရင်မှာ ယှက်ပြီး ပုခုံးနှစ်ဘက်ကို ကိုင်ထားကာ နောက်ဘက်ကို မှီပါ။ ခေါင်း၊ လည်းပင်းနဲ့ ခန္ဓာကိုယ်ကို တည့်တည့် ထားပြီး ရှေ့ဘက်ကို ကိုင်းလိုက်ကာ ဖြေးဖြေးချင်း မတ်တတ် ရပ်ပါ။ ပြီးလျှင် ဖြေးဖြေးချင်း ပြန်ထိုင်ပြီး မူလ အနေအထားကို ပြန်နေပါ။ ၄ခါ မှ ၆ ခါ အထိ ပြန်လုပ်ပါ။
(၂) Hip extension

ကုလားထိုင်ရဲ့ နောက်ဘက် ကနေပြီး ဟန်ချက် ညီအောင် ကိုင်ထားပါ။ ခန္ဓာကိုယ်ကို ရှေ့ဘက်ကို ကိုင်းပြီး ညာဘက် ခြေထောက်ကို တန်းတန်း ဆန့်ပါ။ ပြီးလျှင် အပေါ်ကို မြှောက်နိုင် သလောက် မြှောက်ပါ။ ခဏ ရပ်ထားပြီး အောက်ဘက်ကို ဖြေးဖြေးချင်း ပြန်ချကာ မူလ အနေအထားကို ပြန်နေပါ။ ပြီးလျှင် ဘယ်ဘက်ကို တစ်ပုံစံထည်း လုပ်ပါ။ ၄ ခါမှ ၆ခါ အထိလုပ်လျှင် သင့်တော်ပါသည်။
(၃) Bridge

ကြမ်းပြင်ပေါ်မှာ ဒူးကို ကွေး ဖ၀ါး ကြမ်းထိပြီး ပက်လက် အနေအထား နေပါ။ လက်ဖ၀ါးတွေကို ပုံပါ အတိုင်း ထားပါ။ ကျောကို ဆန့်ဆန့် ထားပြီး ခါးကို မြှောက်နိုင် သလောက်အပေါ်ကို မြှောက်ပါ။ ခဏ နားထားပြီး အောက်ဘက်ကို ဖြည်းဖြည်း ပြန်ချပါ။ ပြီးလျှင် နောက်တစ်ကြိမ် ပြန်လုပ်ပါ။ ၄ ကြိမ်မှ ၆ ကြိမ် အထိ လုပ်သင့် ပါတယ်။
အဆိုပါ လေ့ကျင့်ခန်း များဟာ ကြွက်သားတွေကို သန်မာစေပြီး အခြား ကျန်းမာရေး ကောင်းကျိုး တွေကိုလည်း ပေးပါတယ်။ လေ့ကျင့်ခန်း လုပ်ပြီး (၁)နာရီ ခန့်မှာ အဆစ်တွေ နာလာရင်တော့ သင်ဟာ လိုအပ်တာထက် ပိုပြီး လုပ်နေပြီ ဆိုတာသတိပြုပါ။
ကျန်းမာရွှင်လန်းကြပါစေ။
ဒေါက်တာငွေဇင်သူ
Posted by
zinthu
0
comments
Labels: Bone, Musculoskeletal system, Osteoarthritis
Friday, March 28, 2008
Cervical Spondylosis !
တစ်ကယ်ရေးရမှာ က အပြည့် အစုံ ဖြစ်ပေမယ့် ... မြန်မြန် တင်ဖြစ်အောင် ရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းလေး .. အရင် ရေးလိုက် ပါမယ် :D
လည်ပင်း ကျောရိုးဆစ် အရိုးနဲ့ အရိုးနုလေးတွေ ပွန်းပဲ့ စုတ်ပြဲရာက စပြီး အဲဒီ နေရာ တွေမှာ စုတ်ပြဲရာက ထွက်လာတဲ့ အစတွေနဲ့ ပုံမှန် မဟုတ်တဲ့ သတ္တု ဓါတ်တွေ လာရောက် စုပုံပါတယ် ... အများဆုံး စုတာ ကတော့ လည်ပင်း ရိုးဆစ် တွေ အကြားမှာ ရှိတဲ့ အရွတ်တွေ ကြားထဲမှာပါ ... အဲဒီ စုတ်ပြဲတာတွေ နဲ့ စုပုံတက်လာတဲ့ သတ္ထု တွေ များလာတာနဲ့ အရိုး အတက် ကလေးတွေလို ဖြစ်ပြီး ဘေးနဲ့ အထဲမှာ ရှိနေတဲ့ အာရုံကြော မျှင် ထွက် လာရာ အရင်း အမြစ် တွေကို တဖြည်းဖြည်း ဖိမိလာပါမယ် ... ဖိခံရတဲ့ အာရုံကြောနဲ့ ဆိုင်တဲ့ နေရာတွေမှာ အားနည်းခြင်း၊ နာကျင် ကိုက်ခဲခြင်း နဲ့ အာရု ခံစားမှု ပြောင်းလာခြင်းတွေ ခံစားရပါမယ် ... သိပ်ဆိုးဆိုး ၀ါးဝါး ဆိုရင် အတွင်း အာရုံကြောမကြီး ပါ ဖိမိ တတ်လို့ ခြေထောက် အထိပါ အထက်ပါ လက္ခဏာတွေ ခံစား သွားရနိုင်ပါတယ် ...
အကြောင်းရင်း
ရောဂါ ဖြစ်ရခြင်း အကြောင်းရင်းတွေက ...
၁။ အသက်
အသက် အရွယ် ကြီးလာတာနဲ့ အမျှ ခံစားရတဲ့ ရာနှုန်း ပိုနေတာကို တွေ့ရပါတယ် ... ဒဏ်တွေ ပိုများတာ ကြောင့်ပါ ...
၂၊ ထိခိုက် ဒဏ်ရာရခြင်း
ကျောရိုးဆစ် တွေမှာ တိုက်ရိုက် ထိခိုက်ခြင်း ဒါမှမဟုတ် မကြာခဏ ဒဏ်ရာ အသေးစားများ ရရှိခဲ့ ဖူးခြင်းတွေ က အဆစ်တွေ ကြားမှာ ရှိတဲ့ အရွတ်တွေကို စုတ်ပြဲစေလို့ပါ ...
၃။ ကျောရိုး အနေအထား
မွေးရာပါပဲ ဖြစ်ဖြစ် အကျင့်ကြောင့်ပဲ ဖြစ်ဖြစ် ပုံမှန်တဲ့ ကျောရိုး အနေအထား အတိုင်း မရှိခဲ့ရင် အရိုးအဆစ်တွေနဲ့ အရွတ်တွေ ရဲ့ စုတ်ပြဲမှုကို ဖြစ်စေပါတယ် ... (ခေါင်း ရှေ့ ကို အရမ်း ငုံ့နေ မော့နေတတ်တာ၊ လက်ပြင် ကုန်းနေတာတွေ၊ အစရှိသဖြင့်ပေါ့)
၎။ အလုပ်ဒါဏ်
အလုပ်ခွင် အတွင်းမှာ နာရီ များစွာ နေရတဲ့အကျိုးဆက် အနေနဲ့ ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ ဖိစီးမှု များပြား လွန်းရင်လည်း အလုပ်ဒါဏ် ဖြစ်ပေါ်ပြီး အရိုးဆစ်တွေ အရွတ်တွေ စုတ်ပြဲစေပါတယ် ...
၅။ နေထိုင်မှုပုံစံ
အဓိက ကတော့ ထူးဆန်းတဲ့ ပုံမှန်မဟုတ်တဲ့ ပုံစံနဲ့ အိပ်စက် လေ့ ရှိသူတွေမှာပါ ... ခေါင်းအုံး အမြင့် ကြီးနဲ့ အိပ်သူတွေ နဲ့ ခေါင်းအုံး လုံးဝ မပါပဲ အိပ်တတ်သူတွေပေါ့ ...
၆။ ခန္ဓာကိုယ် အမျိုး အစား
ကျောလျားရှည်သူတွေနဲ့ ကျောကုန်းမှာ ဘုကြီး ပါသူတွေမှာ ... အရွတ်တွေ စုတ်ပြဲဖို့ ပို လွယ်တဲ့ ပုံစံ မို့လို့ပါ ...
နောက်မှ ရောဂါ လက္ခဏာ၊ ရောဂါ ရှာဖွေ ဖေါ်နည်းနဲ့ ကုသနည်းတွေ ရေးတင်ပါမယ် ...
Posted by
စိုးထက် - Soe Htet !
2
comments