အခုချိန်မှာ မှတ်ချက် ၂၀၀ ကျော်နေပြီ ဖြစ်တဲ့ မြန်မာ့ သတင်းမီဒီယာအချို့ စည်းဘောင်လွတ်နေခြင်း
ပို့စ်ကို 24/11/09 က ဒေါက်တာရဲမွန် တင်ပြီးတဲ့နောက် ဘယ်သူမှ မှတ်ချက်မပေးခင် ကျွန်မဖတ်ပြီး ပထမဦးဆုံး အနေနဲ့ မှတ်ချက်တခု ထားခဲ့ပါတယ်။ ကျွန်မမှတ်ချက် ပေးတဲ့အချိန်မှာ ဒေါက်တာရဲမွန် ညွှန်းထားတဲ့ လျှပ်တပြက်နဲ့ 11 ဂျာနယ်မှာ ဖေါ်ပြထားတဲ့ မူလသတင်းတွေကို ဖတ်ဖို့ အချိန်မရသေးတာနဲ့ ဒေါက်တာရဲမွန် ပြောထားတဲ့အကြောင်းအရာ အပေါ်မှာပဲ မှတ်ချက်ပေးခဲ့တာဖြစ်ပြီး သတင်းနှစ်ပုဒ်ကို ဖတ်အပြီးမှာတော့ တကယ်ဖြစ်သွားတဲ့ အဖြစ်အပျက်အတွက် ကျွန်မမှတ်ချက်က ဘာမှ အလေးအနက် မရှိဖြစ်နေတာကို ကျွန်မသတိထားမိပါတယ်။ ပြန်ဖတ်ဖြစ်တဲ့ အချိန်မှာ ကွန်မက်တွေ အတော်များနေတာကို တွေ့ရပြီး ကျွန်မက Professional တယောက် မဟုတ်တဲ့အတွက် Professional တွေပဲ ဦးစားပေး ဆွေးနွေးသင့်တယ် ယူဆလို့ နောက်ပိုင်း ဆက်မဆွေးနွေးဖြစ်ပဲ မှတ်ချက်တွေ အားလုံးကိုပဲ ဖတ်ပြီး ဘေးကနေ လေ့လာနေခဲ့ပါတယ်။ ကျွန်မ ပေးတဲ့ မှတ်ချက်ကို ဒေါက်တာရဲမွန်နဲ့ သံတုတ်ဆိုသူ စာဖတ်သူ နှစ်ဦး ပြန်လည်တုံ့ပြန်ထားတာ တွေ့ရပါတယ်။ ဒီနှစ်ဦးရဲ့ ဆွေးနွေးချက်တွေ အပါအ၀င် ဒီပို့စ်နဲ့ ဒီပို့စ်ကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ပို့စ်နှစ်ခုဖြစ်တဲ့ “အကယ်၍သာ” နဲ့ “ဘယ်သူတာဝန်ရှိလဲ” ဆိုတဲ့ ဒေါက်တာနေဦးတင်တဲ့ ပို့စ်နှစ်ခုပါ အကြောင်းအရာတွေနဲ့ မှတ်ချက်တွေကို ကျွန်မ သုံးသပ်မိပြီး ပြန်ဆွေးနွေးဖို့ လိုအပ်တယ်ထင်လို့ ဒီပို့စ်ကို တင်ဖြစ်ပါတယ်။
လျှပ်ပြက်နဲ့ 11 သတင်းနှစ်ပုဒ်ကို နောက်မှ ဖတ်ဖြစ်ပြီး ဖတ်ပြီးတဲ့အချိန်မှာ မှတ်ချက်လာရေးသူ အတော်များများရဲ့ ခံစားမှုအတိုင်း ကျွန်မစိတ်ထဲမှာ သေဆုံးသွားတဲ့ ကလေးမလေးနဲ့ မိသားစုနေရာကနေ တကယ်ကို ယူကျုံးမရ ခံစားရပါတယ်။ ဒီပို့စ်နဲ့ ပတ်သက်ပြီး ကျွန်မရေးခဲ့တဲ့ မှတ်ချက်ကို နှစ်ယောက် တုံ့ပြန်ခဲ့ရမှာ ဒေါက်တာရဲမွန်ရဲ့ တုံ့ပြန်ချက်အရ မြန်မာနိုင်ငံမှာ Perioperative Procedure နဲ့ ပတ်သက်ပြီး Clinical Practice Guideline ကို အခုမကြာသေးခင်ကမှ ဆွဲထားတယ်ဆိုတာ သိရတယ်။ ဒါကို ဥပဒေပြုပြီး လိုက်နာကျင့်သုံးဖို့ သက်ဆိုင်ရာ Health Care Facilities တွေမှာ ဖြန့်ချီထားခြင်း ရှိမရှိ မသိရပါ။ အခုလတ်တလော ဖြန့်ချီထားပြီးပြီ ဆိုရင်တောင်မှ ယခင်က တောက်ရှောက် Guideline မရှိပဲနဲ့ ကျင့်သုံးလာမှာ သေချာပါတယ်။ ဒီတော့ Guideline မရှိရင် ဆရာဝန်တွေက မိမိမှာ ရှိတဲ့ ရှိစုမဲ့စု Knowledge နဲ့ Skill ကိုပဲ အားကိုးပြီး အဆင်ပြေသလို ကြည့်လုပ်ရတာမျိုး ဖြစ်နိုင်လို့ အမှားအယွင်းတွေ အများကြီး ဖြစ်နိုင်ပါတယ်။ နောက်တခုက ကျွန်မက သတင်းလိုက်ရခက်လို့ သတင်းသမားက ရသလောက်ကိုပဲ ဖော်ပြတာ ဖြစ်နိုင်တယ်လို့ ပြောခဲ့တဲ့အပေါ်မှာ “ဒီလို ဖော်ပြရင် သတင်းဟာ မမျှတနိုင်ကြောင်း မီးမောင်းထိုးပြခြင်းသာ ဖြစ်ပါတယ်” လို့ ဒေါက်တာ ရဲမွန်က မှတ်ချက်မှာ ပြန်ဖြေထားပါတယ်။ ကျွန်မကတော့ ဒီသတင်းက သတင်းဆိုတဲ့ Fact သက်သက်ကို ပြောထားတာ မဟုတ်ပဲ သတင်းဝေဖန်ချက်၊ သတင်းသုံးသပ်ချက်လိုမျိုး ဖြစ်နေတဲ့အတွက် ဒါကို သတင်းသမားရဲ့ အမြင်လို့ သတ်မှတ်ပါတယ်။ သတင်းသမားက ဒီလို မြင်တာကို မှန်တယ်လို့ ကျွန်မ မသတ်မှတ်သလို သတင်းကို ဒီလို ဖေါ်ပြတာကိုလည်း စည်းလွတ်ဘောင်လွတ် ဖြစ်တယ်လို့လည်း ကျွန်မ မသတ်မှတ်ဘူး။ Accident and Incident Report တွေ ထွက်လာပြီးမှ သတင်းရေးဖို့ ဘယ်သတင်းသမားကမှ စောင့်နေမှာမဟုတ်ပါဘူး။ ရသလောက် အချက်အလက်ကိုပဲ တင်ပြီး သုံးသပ်တာသာ ဖြစ်တယ်လို့ သတ်မှတ်ပါတယ်။ ဒါကြောင့် သတင်းသမားက သူဒီလောက်ပဲ လိုက်လို့ရတားတာတဲ့ အချက်အလက်နဲ့ Surgeon အပေါ်မှာ မြင်တဲ့ သူမြင်သလို ဝေဖန်သုံးသပ်ထားတယ်၊ မတရား စွပ်စွဲထားတာ မဖြစ်နိုင်ဘူးလို့ ကျွန်မလက်ခံတယ်။
နောက်တယောက် ဖြစ်တဲ့ ကိုသံတုတ်ရဲ့ မှတ်ချက်မှာ လူနာက ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဆရာဝန်ဆီမှာပဲ ပုံအပ်ထားတယ် ဆိုတဲ့ ကျွန်မ ပြောတဲ့အချက်ကို "ငယ်နိုင်ဆိုတဲ့ ငနဲမက အရူးချီးပန်း လျှောက်ပြောတယ်" လို့ ကိုသံတုတ်က ဆိုတားပါတယ်။ ကျွန်မ ပြောတာကို နားမလည်တာ (သို့) နားလည်မှု လွဲတာလည်း ဖြစ်နိုင်လို့ Clinical Decision Making နဲ့ ပတ်သက်ပြီး ကိုသံတုတ်နဲ့ မသိသေးတဲ့ သူတွေအတွက်ပါ ကျွန်မ နည်းနည်း ရှင်းပြချင်ပါတယ်။ လူနာရဲ့ ရောဂါကို စမ်းသပ် Diagnosis လုပ်ပြီးတဲ့အချိန်မှာ ဆရာဝန်က လူနာကို အခြေအနေ အသေးစိတ် ရှင်းပြရပါတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်းနဲ့ ပတ်သက်ပြီး ဖြစ်တဲ့ရောဂါဆိုရင် ပုံတွေဘာတွေဆွဲပြီးတောင် ရှင်းပြရပါတယ်။ ရှင်းပြပြီးရင် ကုသမှုနဲ့ ပတ်သက်ပြီး ရှိသမျှ Options အကုန်လုံးနဲ့ ကုသရင် ရလာနိုင်တဲ့ အကျိုးရော ဘေးထွက်ဆိုးကျိုးကိုပါ ရာခိုင်နှုန်းတွေနှင့် တွက်ပြရပါတယ်။ မြန်မာပြည်မှာကျတော့ ကျန်းမာရေးကို အစိုးရက တာဝန်မယူတော့ ငွေရေးကြေးရေးပါ ပါရလိမ့်မယ် ထင်တယ်။ အဲဒါတွေ အကုန်လုံးကို ရှင်းပြပြီးလို့ လူနာက နားလည်ပြီဆိုမှ ဘယ် Option ကို ရွေးပြီး ကုမယ်ဆိုတာ လူနာက ဆုံးဖြတ်ရပါတယ်။ ဆရာဝန်က ဆုံးဖြတ်လို့မရဘူး။ လူနာမှာ ဆုံးဖြတ်ပိုင်ခွင့် ကုသမှုကို ငြင်းပယ်ပိုင်ခွင့် ကုသရာမှာ မတရားဘူးထင်ရင် Complaint တက်ပိုင်ခွင့် အပြည့်အ၀ ရှိရပါတယ်။ လူနာက အဲဒါကို နားလည်းလည်ပြီ လက်လည်း လက်ခံပြီဆိုမှ Consent Form မှာ လက်မှတ်ထိုးပြီး ကုသမှုကို ခံယူရပါတယ်။
မြန်မာပြည်မှာ ဆရာဝန်ကလည်း ဒီလောက် စိတ်ရှည်လက်ရှည် ရှင်းပြတာ မရှိသလို ဆုံးဖြတ်တဲ့ နေရာမှာလည်း ဆရာဝန်ဘာပဲမေးမေး “ဆရာရေ ဆရာ့ကိုပဲ အားကိုးပါတယ် ဆရာ့သဘောပါပဲ” ဆိုတာပဲ လူနာအတော်များများက ပြောပါလိမ့်မယ်။ ကျွန်မမှတ်ချက်ထဲမှာ ဆိုလိုတဲ့ “ပုံအပ်တယ်” ဆိုတာ ဒါကိုအတိုချုပ်လုပ်ပြီး ပြောလိုက်လို့ ကိုသံတုတ် နားမလည် ဖြစ်သွားတယ် ထင်တယ်။ မရှင်းရင် ကျွန်မကို ထပ်မေးပါ ထပ်ရှင်းပြလို့ရပါတယ်။ အရူးချီးပန်းဆိုတဲ့ စကားအဓိပ္ပါယ်ကို အတိအကျ မသိပေမဲ့ အဲဒါ ကျွန်မက မကောင်းတာ တခုခုကို ပြောလိုက်တယ်လို့ ဆိုလိုချင်တယ်ဆိုတာတော့ ကျွန်မသိပါတယ်။ ခုနက ရှင်းပြခဲ့တဲ့အတိုင်းဆိုရင် ကျွန်မ ပြောလိုက်တဲ့ စကားကို အရူးချီးပန်း စကားလို့ ဆက်ပြီး သတ်မှတ်လိမ့်မယ် မထင်ဘူး။
နောက်တခုက ဒေါက်တာနေဦးတင်ထားတဲ့ အကယ်၍ တခြားနိုင်ငံမှာ ဒီလိုအဖြစ်မျိုး ဖြစ်ရင် ဘယ်လို အရေးယူမလဲဆိုတာကို ဥပမာပေးထားတဲ့ပို့စ်ကို နည်းနည်းဆွေးနွေးချင်ပါတယ်။ ဒေါက်တာနေဦး ဥပမာပေးတဲ့ အကြောင်းအရာနဲ့ အခုမြန်မာပြည်မှာ ဖြစ်သွားတဲ့အကြောင်းအရာ နှစ်ခု လူနာသေသွားတာကလွဲလို့ ကျန်တာ ဘာမှမတူတဲ့အတွက် ပေးသင့်ပေးထိုက်တဲ့၊ လုံလောက်တဲ့ ဥပမာမဟုတ်ဘူးလို့ ကျွန်မထင်ပါတယ်။ သြစကြေးလျားက ကျန်းမာရေး စောင့်ရှောက်မှုက UK နဲ့ သိပ်မကွာလို့လည်း ကျွန်မက ပြောနိုင်တာ ဖြစ်တယ်။ ဟိုမှာဖြစ်သွားတာ လူနာနဲ့ ပတ်သက်ပြီး အဆက်မပြတ် Team member အချင်းချင်း Case Review တွေ လုပ်တာ ဖေါ်ပြထားတယ်။ လူနာ အသက်ဆုံးရှုံးသွားပေမဲ့ Health Care Team က လျစ်လျူရှုလို့ ဖြစ်သွားတာမဟုတ်ပဲ ဂရုတစိုက် ကြိုးစားပမ်းစား လုပ်ပေးလျက်နဲ့ ဆုံးရှုံးသွားတဲ့အတွက် ဘယ်ကျန်းမာရေး ၀န်ထမ်းကိုမှ အရေးယူလို့ မရပါဘူး။ ဒေါက်တာနေဦးက အင်္ဂလန်မှာ လက်ရှိအလုပ်လုပ်နေသူဖြစ်ရင် အင်္ဂလန်မှာ Health Care Law အတိအကျရှိပြီး မတူတဲ့ Care တွေ အားလုံးအတွက် Clinical Practice Guidelines တွေ ရှိတာ၊ ဆေးရုံတိုင်းမှာ Hospital Procedure Manual တွေ Ward တိုင်းမှာ ထားရှိတာ သိပါလိမ့်မယ်။ ဒါတွေကို အတိအကျ လိုက်နာပြီး လုပ်လျက်နဲ့ တိမ်းပါးချွတ်ချော်သွားတာဟာ တွက်ထားတဲ့ ရာခိုင်နှုန်းထဲက ပါသွားတယ်လို့ပဲ မှတ်ယူရမှာ ဖြစ်တယ်။
ဒီမှာကျတော့ ဒီလို စနစ်တကျ မကျင့်သုံးတဲ့အပြင် မူရင်းသတင်းမှာပါတဲ့ လူနာမိခင် အပြောအရ Post –operative Care မှာ Pain Management ကိုတောင် မလုပ်ပေးနိုင်ခဲ့ဘူး မဟုတ်လား။ Pre-Operative မှာ မှားသွားတယ်ဆိုရင်တောင်မှ Post-Operative ကာလမှာ ပြန် Diagnosis လုပ်ပြီး ကောင်းကောင်းစောင့်ရှောက်ကာ ပြန်ကုလို့ ရနိုင်ပါတယ်။ ဒေါက်တာ နေဦးပေးတဲ့ အင်္ဂလန်က ဥပမာနဲ့ အခုဖြစ်သွားတဲ့ ပြဿနာမှာ ကျင့်သုံးပုံချင်း လုံးဝမတူတဲ့အတွက် အင်္ဂလန်မှာ ဒီလိုဖြစ်သွားတာ အရေးယူလို့ မရတဲ့အတွက် ဒီမှာလည်း အရေးယူဖို့ မဖြစ်နိုင်သလို ပုံစံမျိုး Perioperative Procedure ကို နားမလည်တဲ့ စာဖတ်သူတွေကို Message ပေးသလို ဖြစ်နေလို့ ဆွေးနွေးတာ ဖြစ်ပါတယ်။ ဒီမှာ ဖြစ်သွားတာဟာ ဂရုစိုက်မှု နည်းလို့ ဖြစ်သွားတာ ဖြစ်တဲ့အတွက် သင့်တော်တဲ့ အရေးယူမှုတော့ လိုကိုလိုအပ်ပါလိမ့်မယ်။
ဘယ်သူတာဝန် ရှိလဲဆိုတာနဲ့ ပတ်သက်ပြီး Surgeon က မခွဲစိတ်ခင် ရောဂါကို Diagnosis တိတိကျကျ မလုပ်ပဲ ခန့်မှန်းဆုံးဖြတ်တာ မှန်ရင် Diagnosis လုပ်ရာမှာ လုံးဝ Evidence based Practice မရှိတဲ့အတွက် ဒါဟာ Professional Practice မဟုတ်ပါဘူး။ နောက်ပြီး Surgeon က ဘာ Evidence မှ မရှိပဲ Diagnosis လုပ်လိုက်တာကို Anaesthetist (ထုံဆေး၊မေ့ဆေးဆရာဝန်) က ဒီအတိုင်း ဘာအထောက်အထားမှ မရှိဘဲ လက်ခံလိုက်တဲ့အတွက် Anaesthetist မှာလည်း တာဝန်ရှိပါတယ်။ သို့သော်လည်း လူနာက ခွဲစိတ်ပြီး နှစ်ရက်အကြာမှာ ဆုံးတော့ ခွဲစိတ်ရာမှာ အမှားအယွင်းရှိခဲ့တယ် ဆိုရင်တောင်မှ ဒီလူနာဟာ သေဆုံးတဲ့ အချိန်မှာ Recovery Room မှာ မဟုတ်နိုင်တော့ပဲ ICU (သို့) Laparo-Cavity နဲ့ ဆိုင်တဲ့ Ward ထဲမှာ ရောက်နေပြီ ဖြစ်နိုင်ပါတယ်။ Recovery Room မှ ထွက်ပြီးတာနဲ့ အောင်မြင်စွာ ခွဲစိတ်လို့ ပြီးသွားပြီ ဖြစ်တဲ့အတွက် Anaesthetist ရော Surgeon ပါ နှစ်ယောက်စလုံးက အဓိက တာဝန်ရှိသူ မဟုတ်တော့ပဲ Post-Operative Care မှာ တာဝန်ကျတဲ့ သူနာပြုနဲ့ ဆရာဝန်မှာပဲ တာဝန်ရှိပါတယ်။ Post-Operative Complication ကို Assessment နှင့် Mangement လုပ်ဖို့ တာဝန်က Ward ထဲမှာ တာဝန်ကျနေသူတွေရဲ့ တာဝန်ဖြစ်ပါတယ်။ Recovey Room နဲ့ ICU က လူနာကို Ward က လက်ခံရင် Vital Signs တွေ ပုံမှန် (သို့) ပုံမှန်နီးပါး ဖြစ်မှ လက်ခံလို့ ရပါတယ်။ ဒီလိုလက်ခံပြီးရင် အခု Case မှာ လူနာက ၁၈ နှစ်မပြည့်သေးတဲ့အတွက် ပထမတနာရီမှာ ၁၀ -၁၅ မိနှစ်တကြိမ်၊ ဒုတိယ နာရီမှာ မိနှစ် ၂၀ ကနေ နာရီဝက်တကြိမ် နောက်ထပ် နာရီတွေမှာလည်း လိုအပ်ရင် လိုအပ်သလို Vital Signs နဲ့ Oxygen Saturation, Respiratory Assessment, Pain Assessment, Neuological Assessment တို့ကို အဆက်မပြတ် တိုင်းတာ စမ်းသပ်ခြင်း လုပ်နေရမှာ ဖြစ်ပြီး Pain Management ကိုလည်း နိုင်နိုင်နင်းနင်း လုပ်ပေးဖို့ တာဝန်ရှိပါတယ်။ အခြေအနေမကောင်းရင် Ward မှာ တာဝန်ကျတဲ့ သူနာပြုနဲ့ ဆရာဝန်က ကျန်တဲ့ Health Care Team member တွေကို အချိန်မှီ Forward လုပ်ဖို့လိုပါတယ်။
ဒါကြောင့် အခု လူနာသေဆုံးသွားတဲ့ ပြဿနာမှာ အချိန်မှီ Forward မလုပ်ခဲ့တာ သေချာသလို သူ့မိခင်ရဲ့ ပြောစကားအရလည်း လူနာဟာ သေဆုံးတဲ့အထိ နာကျင်တဲ့ ဝေဒါနာကို ခံစားသွားရတယ်ဆိုတာ Pain Management တာဝန်ယူခြင်း လုံဝပျက်ကွက်ခဲ့တာ ဖြစ်တယ်။ သေဆုံးတဲ့အတွက် တာဝန်အရှိဆုံး ပုဂ္ဂိုလ်က Diagnosis မှားတဲ့သူ၊ Diagnosis မသေချာပဲ Elecytolyte balance and serum level ဘယ်လောက် ရှိလို့ ရှိမှန်းမသိပဲ မေ့ဆေးပေးတဲ့ Anaesthestist တွေက စခဲ့တာ ဖြစ်နိုင်ပေမဲ့ Post-Operative (ခွဲစိတ်ပြီး) ကာလမှာ လုပ်သင့်လုပ်ထိုက်တဲ့ Assessment တွေ Management တွေကို နိုင်နိုင်နင်းနင်း မလုပ်ခဲ့တဲ့ Post-Operative Care ကိုတာဝန်ယူသူ သူနာပြုနဲ့ ဆရာဝန်မှာသာ အဓိကတာဝန်ရှိတယ်လို့ ကျွန်မ လေ့လာရတဲ့ Peri-operative Care Procedure အရ ကျွန်မ ဆွေးနွေးတင်ပြပါတယ်။ ဒီထက် ကျယ်ပြန့်တာကို ပြောရင် Peri-operative Care Team တခုလုံးနဲ့ ဆေးရုံတရုံလုံးမှာ တာဝန်ရှိပါတယ်။ ဒီထက် မိုမိုကျယ်ပြန့်တာကို ဆက်တွေးရင် ကျန်းမာရေး စနစ်ကြီးတခုလုံး မကောင်းလို့ ဖြစ်တဲ့အတွက် ဆရာဝန်တွေကလည်း ဒီစနစ်နဲ့ လိုက်လျောညီထွေအောင် Health Care etnic တွေ၊ Clinical Competency တွေ၊ Professional conduct တွေကို ငွေကြေးနဲ့ အလဲအလည် လုပ်လာရသလို လူနာရှင်တွေ ကလည်း ငွေကြေး လုံလုံလောက်လောက်နဲ့ ရှာပြီး ကုတာတောင် Safty မရှိတဲ့ Service ကိုပဲ ရရှိတာ အားလုံးက ဒီစနစ်ရဲ့ သားကောင်တွေလည်းဖြစ် ဒီစနစ်ကို အားပေးနေသူတွေလည်း ဖြစ်နေတယ်လို့ ကျွန်မ ထင်ပါတယ်။