Wednesday, June 24, 2009

Electro-Convulsive Therapy (ECT)


ECT ကို လူတွေ ကြောက်တယ် ဆိုတာ အဆိုးတွေကိုပဲ ပုံကြီးချဲ့ပြတဲ့ မီဒီယာတွေ၊ သြဇာရှိသူတွေရဲ့ သက်ရောက်မှုတွေကြောင့်သာ ဖြစ်ပြီး သိပ္ပံနည်းကျ လေ့လာတွေ့ရှိတဲ့ အန္တရာယ်ရှိမှုကြောင့် မဟုတ်ပါဘူး။ တနည်းအားဖြင့် အရပ် ပြောနဲ့ပဲ ရမ်းကြောက်နေကြတာ ဖြစ်ပါတယ်။

ခုခေတ်မှာတော့ လူနာကို ရှော့ခ်ပေးချိန် မိနစ်ပိုင်းလေးအတွင်း မေ့ဆေး ပေးထားလို့ ရတယ်။ ရှော့ခ်ကြောင့် တက်တဲ့အခါ ကြွက်သားတွေ အရမ်း မလှုပ်ရှားရလေအောင် ဖြေဆေး ပေးထားတယ် ဆိုတော့ မလိုအပ်တဲ့ ကြောက်စရာ အတွေ့အကြုံတွေ မရှိတော့ပါဘူး။ လူနာကလည်း ဟန်မပျက်လေး ပြန်နိုးလာ လက်ဖက်ရည် သောက်ပြီး နာရီဝက်လောက် နေရင် လူနာဆောင်ထဲ ပြန်နိုင်တာပဲ။ အဲဒီလို စိတ်ချရတဲ့ ကုထုံး ဖြစ်ဖို့ ခေတ်မီ စက်ကိရိယာ၊ ဆေးဝါးနဲ့ တတ်သိကျွမ်းကျင်မှုတွေတော့ အများကြီး လိုတာပေါ့။

ECT သို့မဟုတ် လျှပ်စစ်ဓာတ်နဲ့ ရှော့ခ်ရိုက် ကုသခြင်းကို (၁၉၃၈) ခုနှစ်မှာ အီတာလျံလူမျိုး သုတေသန ပညာရှင် နှစ်ဦး ( Cerletti and Bini) က ခွေးတွေမှာ စမ်းသပ်ရင်း တွေ့ရှိခဲ့ပါတယ်။ ဒီ့မတိုင်ခင် (၁၉၃၄) ခုနှစ်တုံးက ဟန်ဂေရီလူမျိုး စိတ်ရောဂါကု ဆရာဝန် Meduna က စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia) နဲ့ အတက်ရောဂါ (Epilepsy) လက္ခဏာတွေ အတူတွဲ မဖြစ်တတ်တာကို ပထမ လေ့လာမိခဲ့တာ ဖြစ်ပါတယ်။ ဒါပေါ် မူတည်ပြီး အီတာလျံနှစ်ယောက်က လူတွေမှာ ဒီကုထုံးကို စသုံးကြည့်ရာကနေ တွင်ကျယ်လာခဲ့တာပါ။



ခုခေတ်မှာတော့ လူနာကို ရှော့ခ်ပေးချိန် မိနစ်ပိုင်းလေးအတွင်း မေ့ဆေး ပေးထားလို့ ရတယ်။ ရှော့ခ်ကြောင့် တက်တဲ့အခါ ကြွက်သားတွေ အရမ်း မလှုပ်ရှားရလေအောင် ဖြေဆေး ပေးထားတယ် ဆိုတော့ မလိုအပ်တဲ့ ကြောက်စရာ အတွေ့အကြုံတွေ မရှိတော့ပါဘူး။ လူနာကလည်း ဟန်မပျက်လေး ပြန်နိုးလာ လက်ဖက်ရည် သောက်ပြီး နာရီဝက်လောက် နေရင် လူနာဆောင်ထဲ ပြန်နိုင်တာပဲ။ အဲဒီလို စိတ်ချရတဲ့ ကုထုံး ဖြစ်ဖို့ ခေတ်မီ စက်ကိရိယာ၊ ဆေးဝါးနဲ့ တတ်သိကျွမ်းကျင်မှုတွေတော့ အများကြီး လိုတာပေါ့။

ECT သို့မဟုတ် လျှပ်စစ်ဓာတ်နဲ့ ရှော့ခ်ရိုက် ကုသခြင်းကို (၁၉၃၈) ခုနှစ်မှာ အီတာလျံလူမျိုး သုတေသန ပညာရှင် နှစ်ဦး ( Cerletti and Bini) က ခွေးတွေမှာ စမ်းသပ်ရင်း တွေ့ရှိခဲ့ပါတယ်။ ဒီ့မတိုင်ခင် (၁၉၃၄) ခုနှစ်တုံးက ဟန်ဂေရီလူမျိုး စိတ်ရောဂါကု ဆရာဝန် Meduna က စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia) နဲ့ အတက်ရောဂါ (Epilepsy) လက္ခဏာတွေ အတူတွဲ မဖြစ်တတ်တာကို ပထမ လေ့လာမိခဲ့တာ ဖြစ်ပါတယ်။ ဒါပေါ် မူတည်ပြီး အီတာလျံနှစ်ယောက်က လူတွေမှာ ဒီကုထုံးကို စသုံးကြည့်ရာကနေ တွင်ကျယ်လာခဲ့တာပါ။

ပထမတော့ ဒီကုထုံးကို စိတ်ကစဉ့်ကလျားရောဂါ ဝေဒနာရှင်တွေမှာပဲ အသုံးများခဲ့ပါတယ်။ မေ့ဆေးလည်း မသုံး၊ ကြွက်သား ဖြေလျော့ဆေးတွေလည်း မသုံးပဲ အစိမ်း ရှော့ခ်ရိုက်တာ ဆိုတော့ အတော်ပဲ ကြောက်စရာ ကောင်းခဲ့ပါတယ်။ လူအများ ကြောက်ခဲ့တာကလည်း ဒါမျိုးကို နာမည်ကြီး ရုပ်ရှင် (One Flew Over the Cuckoo's Nest) မျိုးမှာ တွေ့ခဲ့ကြတာကိုး။ (A Beautiful Mind ဇာတ်ကားထဲမှာ သုံးတာကတော့ Insulin Shock / Insulin Coma Therapy ဖြစ်ပါတယ်။ တော်တော် ကြောက်စရာကောင်းပြီး သိပ္ပံနည်း မကျတဲ့ ကုထုံး ဖြစ်လို့ နောက်ပိုင်းမှာ ဆက်မသုံးတော့ပါဘူး)

ဒီလိုဆိုတော့ ECT ကရော သိပ္ပံနည်းနဲ့ အတိအကျ နားလည်ပြီးသား ကုထုံးလားလို့ မေးရင် မဟုတ်သေးပါဘူး။ ဦးနှောက်ထဲက ဓာတုပစ္စည်းတွေ အပေါ် သက်ရောက်မှု ရှိတယ် ဆိုတာ သိပေမယ့် ဘယ်လို mechanism of action နဲ့ အတိအကျ အလုပ်လုပ်တယ် ဆိုတာ အသေးစိတ် မသိကြသေးပါဘူး။ သို့သော် မေ့ဆေး၊ ကြွက်သားဖြေလျော့ဆေးတွေနဲ့ ဘေးထွက်ဆိုးကျိုး နည်းအောင် လုပ်လို့ ရလာတာရယ်၊ လက်တွေ့ စမ်းသပ်ချက်တွေ အရ ရောဂါ လက္ခဏာတွေ သက်သာပြီး အကျိုး ရှိမှန်း သေချာ သိလာတာရယ်ကြောင့် ECT ကတော့ စိတ်ရောဂါကုထုံး တစ်ခုအနေနဲ့ ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ဆေးနဲ့ ကုလို့ မရမှ သုံးတဲ့နည်းပါ။ First-line treatment တော့ မဟုတ်ပါဘူး။

ECT ကို မူလက စိတ်ကစဉ့်ကလျား ရောဂါ (Schizophrenia) မှာ သုံးပေမယ့် နောက်ပိုင်း စမ်းသပ် တွေ့ရှိချက်တွေအရ အဲဒီရောဂါမှာ မထိရောက်လှတာ သိလာလို့ မသုံးတော့ပါဘူး။ ခုခေတ်မှာတော့ ECT ကို အပြင်းထန်ဆုံး စိတ်ဓာတ်ကျရောဂါ (မစားမသောက်နဲ့ ကိုယ်ခန္ဓာ ကျန်းမာရေးကိုပါ ခြိမ်းခြောက် ထိခိုက်လာတဲ့ သို့မဟုတ် သတ်သေဖို့ အလားအလာ သိပ်များနေတဲ့ အနေအထားမျိုး) မှာ အရေးပေါ် အနေနဲ့ သုံးပါတယ်။ မြန်မြန်နဲ့ အာနိသင် ရတတ်လို့ အသုံးတည့် အသက်ကယ်ရာ ရောက်ပါတယ်။ သုံးသင့်တဲ့ နေရာ ဆိုရမှာပေါ့။ အသက်ကြီးသူ လူနာတွေကျတော့ ဆေးတွေကို ပြင်းအားများများ တင်လိုက်တဲ့အခါ ဘေးထွက်ဆိုးကျိုးဒဏ် မခံနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုအခါမှာ တခြားနည်းလည်း မရှိတော့တဲ့အတွက် ECT ကို အဆိုပြု အသုံးချတတ်ပါတယ်။ တချို့ကျတော့ ဆေးတွေ အမျိုးစုံကို ဂိတ်ဆုံးရောက်တဲ့ထိ တင်တာတောင် အကျိုး မခံစားရလို့ (တနည်းအားဖြင့် ဆေးမတိုးလို့) သုံးရတာ ရှိပါတယ်။

ဘာကြောင့်ပဲ သုံးမယ်လို့ ဆုံးဖြတ် ဆုံးဖြတ်၊ လူနာကို အရင် ရှင်းပြပြီး သူ သဘောတူမှ ပေးရတာပါ။ လူနာက မဆုံးဖြတ် နိုင်လောက်အောင် စိတ်ရောဂါ ဖိစီးနေရင်တော့ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ ဒုတိယ ထင်မြင်ချက်ပေး ဆရာဝန်ကြီး (second opinion doctor) ကို တိုင်ပင်ပြီးမှ ပေးပါတယ်။ အရမ်း လုပ်လို့ မရပါဘူး။

ရှော့ခ်ရိုက်တယ် ဆိုရာမှာ လျှပ်စစ်ဓာတ် ပြင်းအားအနည်းငယ်ကို ဦးခေါင်းရဲ့ ဂျိုစောင်း တစ်ဖက်တစ်ချက်ကနေ electrode နဲ့ စက္ကန့်ပိုင်းလေး ပေးတာ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင်မှာ လူနာကို မေ့ဆေးဆရာဝန်က စစ်ဆေးပြီး မေ့ဆေးအတိုစားနဲ့ ကြွက်သား ဖြေလျော့ဆေး ကြိုပေးထားပါတယ်။ တက်တဲ့အချိန်မှာ လူနာ ဘာမှ မသိဘူးပေါ့။ ကြွက်သားတွေလည်း မတရား တောင့်တင်း သွားခြင်း မရှိတဲ့ အတွက် ခြေလက်တွေ ကောက်ကွေး တက်ချက် ကျိုးပဲ့တာ မဖြစ်တော့ပါဘူး။ ဒါဟာ ခေတ်မီ ပြုပြင်ပြောင်းလဲထားတဲ့ modified ECT ပါပဲ။ အနောက်နိုင်ငံတွေမှာ လက်ရှိ သုံးနေဆဲ ဖြစ်ပါတယ်။ အသေအချာ ရွေးပြီး သုံးတာ ဖြစ်ပြီး လူနာလည်း အကျိုးကျေးဇူး ခံစားရပါတယ်။ စိတ်လည်း ချရပါတယ်။

ECT ရဲ့ ဘေးထွက် ဆိုးကျိုးတွေကတော့ မေ့ဆေးနဲ့ ပတ်သက်တဲ့ အန္တရာယ် (အခြားသော အသေးစား ခွဲစိတ်ခြင်းများမှာ အတိုင်း) ရှိတတ်တာရယ်၊ မှတ်ဥာဏ်ကို ထိခိုက်တာရယ် (ECT ရှော့ခ်ရိုက်ခါနီး အချိန်က အဖြစ်အပျက်တွေကို မမှတ်မိပေမယ့် ကျန်တဲ့ မှတ်ဥာဏ်က ဘာမှ မဖြစ်ပါဘူး) အဓိက ဖြစ်ပါတယ်။ ECT တစ်ခါ ပေးပြီးတိုင်း ခေါင်းကိုက် ခေါင်းမူးတတ်တာ၊ ကြွက်သားတွေ ကိုက်ခဲတတ်တာ၊ ပျို့အန်ချင်ပြီး အစားမစားနိုင်တာတွေလည်း ဖြစ်တတ်ပါတယ်။ လူတိုင်းမှာ ဖြစ်တာတော့ မဟုတ်ပါဘူး။

ECT ကုထုံးကို ဦးနှောက်တွင်း ဖိအားများနေတဲ့ (ဦးနှောက်အကြိတ် တစ်မျိုးမျိုး ရှိနေ) သူတွေ၊ မကြာသေးမီက နှလုံးရောဂါ ရထားသူတွေ၊ နှလုံး သွေးကြောမကြီး သို့မဟုတ် ဦးနှောက်တွင်း သွေးကြောဖောင်းနေတဲ့ ရောဂါ (cerebral / arotic aneurysms) ရှိသူတွေမှာ မသုံးရပါဘူး။ ECT ကြောင့် သွေးဖိအား၊ ဦးနှောက်တွင်း ဖိအားတွေ ပိုများလာပြီး ရောဂါ ပိုဆိုး၊ အသက်အန္တရာယ် ရှိနိုင်လို့ပါ။

လူနာတစ်ယောက်ဟာ ECT နဲ့ ကုရပြီ ဆိုရင် တစ်ပတ်မှာ နှစ်ကြိမ် treatment ယူရပါတယ်။ နေ့တိုင်းကိစ္စ မဟုတ်ပါဘူး။ တတိယပတ်လောက် ရောက်လာရင် ရောဂါလက္ခဏာတွေ တော်တော်ပဲ သက်သာ ပျောက်ကင်းနေတတ်ပြီ။ စုစုပေါင်း (၆) ကြိမ်ကနေ (၈) ကြိမ် treatment ယူရတတ်ပါတယ်။ အများဆုံး (၁၂) ကြိမ်ပေါ့။ ECT ကြောင့် ရောဂါ သက်သာခြင်းဟာ အဖြစ်မြန် အပျက်မြန်လို့ အရေးပေါ် အခြေအနေမှာပဲ အသုံးတည့်ပါတယ်။ ရေရှည်ထိန်းတဲ့ ကုထုံးအဖြစ် အသုံးမ၀င်ပါဘူး။ ဒီ့အတွက် ပုံမှန် သောက်ဆေးနဲ့ ကုရပါတယ်။

ECT ကို အင်မတန် ကြောက်စရာကောင်းပြီး လူမဆန်တဲ့ ကုထုံးအဖြစ် ပုံဖော်ကြသူများ ရှိသလို ECT ကြောင့် ဘ၀တွေ ပုံမှန် ပြန်ရောက် ဘ၀ တန်ဖိုးတွေ ပြန်ခံစားနိုင်တဲ့ လူနာတွေ၊ သူတို့ရဲ့ မိသားစုတွေလည်း တပုံတပင် ရှိပါတယ်။ ကျွန်မ အလုပ်လုပ်ခါစက လူနာ တစ်ယောက်ကို consent (ကုထုံးအတွက် သဘောတူညီချက်) ယူဖို့ ECT အကြောင်း ရှင်းပြတော့ အစအဆုံးလည်း ပြောပြီးရော သူက “မင်းသာ ငါ့နေရာမှာဆို ဒီကုထုံးကို လက်ခံမလား” တဲ့။ ကိုယ် ပြောတာ ကိုယ် ယုံကြည်တဲ့အတွက် 'of course I would' လို့ ဖြေခဲ့တာ သတိရမိတယ်။ ဆိုလိုတာက တကယ် လိုအပ်သူတွေအတွက် ထိရောက်တဲ့ ကုထုံး ဖြစ်တယ် ဆိုတာပါပဲ။ တွေ့ဖူး သိဖူး ကြားဖူးတာ ရှိရင် အတွေ့အကြုံ ဝေမျှဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

မြန်မာလူမျိုးအပေါင်း စိတ္တဘယမှ ကင်းဝေးပြီး ချမ်းသာကြပါစေ။


Read More...

Sunday, June 21, 2009

Introduction to IEC

IEC မိတ်ဆက်
IEC အကြောင်း ပြောပေးပါလို့ တောင်းဆိုထားတဲ့ သူငယ်ချင်းကို သတိရလို့ ဒီ powerpoint လေး တင်လိုက်တာပါ။
ပုံကလေးတွေကို ကြည့်လိုက်ရင် သူ ဘာကို ပြောချင်တယ်ဆိုတာ ရှင်းပြနေစရာ လိုမယ် မထင်ပါဘူး။
အလွန်ကို ထိရောက်တဲ့ IEC နည်းလမ်းကလေးကို သုံးထားတာပါ။
IEC ဆိုတဲ့ စကားလုံးနဲ့ စိမ်းနေသူတွေ ရှိပါလိမ့်မယ်။
IEC ဆိုတာ information, education and communication ကို အတိုကောက် ခေါ်တာပါ။
အဲဒါအတွက် အသုံးပြုတဲ့ အထောက်အကူပြု ပစ္စည်းတွေက IEC material တွေပေါ့။
ဒီ powerpoint က ပုံလေး နှစ်ပုံကို ဆေးလိပ်သောက်ခြင်းကို တားဆီး ကာကွယ်ရေးအတွက် IEC material တွေလို့ ပြောလို့ရပါတယ်။
IEC material တွေ၊ IEC နည်းလမ်းတွေက ပြည်သူ့ ကျန်းမာရေး လုပ်ငန်းတွေအတွက် အလွန်ကို အထောက်အကူ ပြုနိုင်တာမို့ ယနေ့ခေတ်မှာ IEC က ပြည်သူ့ ကျန်းမာရေး လုပ်ငန်းတွေအတွက် အရေးပါတဲ့ အစိတ်အပိုင်း တစ်ခု အနေနဲ့ တည်ရှိနေပါတယ်။
စကားလုံးက စိမ်းချင် စိမ်းမှာ ဖြစ်ပေမယ့် ပစ္စည်းတွေ၊ နည်းလမ်းတွေကတော့ အားလုံးနဲ့ ရင်းနှီးနေပြီးသား ဖြစ်မယ်လို့ ထင်ပါတယ်။
လက်ကမ်းစာစောင်၊ ပိုစတာ၊ ကြော်ငြာ စတဲ့ လူတွေကို ကျန်းမာရေးဆိုင်ရာ အသိပညာ သတင်း အချက်အလက် ပေးတဲ့ နည်းလမ်းတွေ၊ ပညာပေးပွဲ၊ အလုပ်ရုံဆွေးနွေးပွဲလို ကျန်းမာရေးဆိုင်ရာ အပြုအမူတွေ ပြောင်းလဲလာအောင် ကြိုးစားအားထုတ်တဲ့ နည်းလမ်းတွေ အားလုံးက IEC ဆိုတဲ့ ခေါင်းစဉ် အောက်ကို ၀င် ပါတယ်။
ကျွန်မတို့ ဒီလို ဘလော့ဂ်တွေ ရေးပြီး အသိပညာတွေ မျှဝေနေတာ၊ ဆွေးနွေးနေ၊ ငြင်းခုံနေကြတာကလဲ IEC နည်းလမ်းတွေထဲက တစ်ခုပါပဲ။
အခုက မိတ်ဆက်ရုံလေးမို့ ဒီလောက်နဲ့ပဲ ရပ်ထားပါရစေ။

(မှတ်ချက် - ဒီ powerpoint က prize-winning ad ဆိုတဲ့ forwarded mail ထဲက ဖြတ်ယူထားတာပါ။ မူရင်း ဖန်တီးသူကို မသိပါဘူး။)

Read More...

Monday, June 15, 2009

Is Tooth Extraction the only solution ?

သွားနှုတ်လိုက်ရင်ပြီးရောလား...


ရှိပူရသေးကုန်မှအေး..ဆိုသလို..ရှိနာရသေးကုန်မှအေးဘဲ..ဆရာရေ။ အကုန်သာနှုတ်ပေးပါတော့....ဆိုတဲ့ လူနာတွေနယ်မှာတာဝန်ကျတုန်းက ခဏခဏတွေ့ဖူးပါတယ်။ သွားရှိလို့ရောဂါဖြစ်တယ်..သွားမရှိရင်ရောဂါဖြစ်စရာမရှိတော့ဘူး..ဆိုတဲ့ no teeth, no disease အယူအဆဖြစ်ပါတယ်။ သွားတွေတစ်ချောင်းပြီးတစ်ချောင်းပိုးစားရင်စား၊ ရေစီးကမ်းပြိုလိုသွားဖုံးရောင်ပြီးနဲ့တာနဲ့၊ ဘေးကိုယိုင်တာကယိုင်၊ စသည်ဖြင့် အတောမသတ်နိုင်တဲ့ သွားဒုက္ခတွေနှစ်ပေါင်းများစွာခံရတော့လည်း ဒီလိုအတွေးရောက်လာတာပါဘဲ။

သွားနှုတ်ပြီးရင်ပြီးရောလား...
အဖြေကတော့မပြီးပါဘူး။ နောက်ဆက်တွဲတွေအများကြီးဆက်လုပ်ဖို့လိုလာပါလိမ့်မယ်။ ပထမဆုံးသွားတစ်ချောင်းမရှိတော့ရင်ဘာတွေဖြစ်နိုင်လဲကြည့်ရအောင်။
၁။ ရှေ့သွားဖြစ်နေခဲ့ရင် အလှပျက်ပါတယ်။ personality ထိခိုက်ပါတယ်။ လူရှေ့မှာ သွားပေါ်အောင်မရယ်ရဲတော့ဘဲဖြစ်လာပါမယ်။ စကားမပီသဖြစ်နိုင်ပါတယ်။ အထူးသဖြင့်လူတွေနဲ့ဆက်ဆံထိတွေ့နေရတဲ့သူတွေမှာ လူမှုရေးထိခိုက်လာနိုင်ပါတယ်။ စွယ်သွားဖြစ်နေရင်တော့၊ နှုတ်ခမ်းတစ်ဘက်က နိမ့်သွားပြီး မျက်နှာအလှကို ပျက်ယွင်းစေပါတယ်။


၂။ (အံဆုံးကလွဲလို့) အံသွားဖြစ်နေခဲ့ရင်၊ အစာဝါးတာကြေညက်တာထိခိုက်ပါတယ်။ ဘယ်ဘက်အံတစ်ဖက်ကနှုတ်ထားရလို့ ဒါမှမဟုတ် အကြောင်းတစ်ခုခုကြောင့်ဝါးမရလို့ ရှိရင် ညာဘက်အံနဲ့
ဝါးဖို့ မသိစိတ်ကရွေးချယ်လာပါလိမ့်မယ်။ ဒီလိုတစ်ဘက်ထဲမှာ တောက်လျှောက်
ဝါးတဲ့အကျင့်ရသွားရင်၊ ၀ါးတဲ့ဒဏ်တွေကို တစ်ဘက်ထဲက ခံရလို့၊ သွားတွေမှာအပိုဝန်ပိုထမ်းရတဲ့အပြင်၊ နှစ်ကြာလာရင် မေးရိုးဆစ်မှာ ထိခိုက်လာနိုင်ပါတယ်။

၃။ သွားတွေဟာအသက်ကြီးငယ်မရွေး နေရာအနေအထားရွေ့နိုင်ပါတယ်။ အသက်ငယ်လေ ရွေ့တာပိုမြန်လေဖြစ်ပါတယ်။ သွားတစ်ချောင်းထဲနှုတ်လိုက်ရတာ အရေးမကြီးပါဘူးလေ..ဆိုပြီး ပြန်အစားမထိုးဘဲထားရင်၊
(က) ဘေးကပ်ရက်သွားတွေက လွတ်နေတဲ့နေရာကို ယိုင်ဆင်းလာပါမယ်။ ယိုင်လာတဲ့အတွက် နဂိုက အကြားအလပ်မရှိစေ့နေတဲ့သွားတစ်ချောင်းတဲ့တစ်ချောင်းကြားမှာ၊ နေရာလွတ်ပေါ်လာပြီး၊ အစာစားတိုင်းသွားကြားညပ်လာပါမယ်။ အဲဒီကနေ သွားပိုးစားရောဂါ-သွားဖုံးရောဂါတွေ ဘေးသွားအကောင်းတွေမှာ စဖြစ်နိုင်ပါတယ်။
(ခ) အပေါ်မေးရိုးကသွားတစ်ချောင်းလွတ်နေရင်၊ အောက်မေးရိုးမှာရှိတဲ့ မျက်နှာချင်းဆိုင်ထိ
ဝါးရတဲ့သွားက ၊ ထိစရာသွားမရှိတော့ဘဲ အချိန်မဲ့အမျှ ရှည်ထွက်လာပါတယ်။ အောက်မေးရိုးမှာသွားတစ်ချောင်းမရှိရင်လည်း အလားတူပါဘဲ၊ အပေါ်သွားက ရှည်ကျလာပါတယ်။ အဲဒီလို သွားတွေနေရာပြောင်းတိုင်း သူ့ဘေးက သွားတွေနဲ့ထိစပ်မှုပျက်ယွင်းပြီး အစာညပ်လာရပါတယ်။


၎။ နှုတ်ထားတဲ့သွားနေရာက သွားဖုံးရိုးဟာ၊ နှစ်ကြာလာတာနဲ့အမျှ နိမ့်ဆင်းသွားပါတယ်။ နောင်တစ်ချိန်သွားပြန်အစားထိုးဖို့တောင်ခက်ခဲလာပါတယ်။

၅။ သွားအားလုံးမရှိတော့ရင်၊ သွားတွေကထောက်ပင့်ထားတဲ့၊ နှုတ်ခမ်း-ပါး စတာတွေချိုင့်ဝင်လာပြီး၊ အရေးအကြောင်းတွေမျက်နှာမှာပေါ်လာတဲ့အတွက်၊ လက်ရှိအသက်ထက်ပိုကြီးရင့်တဲ့မျက်နှာပုံဖြစ်လာပါတယ်။


ဒါ့အပြင် အာဟာရဖြစ်မယ့် အသားတို့ အသီးအရွက်တို့ ကိုကြေညက်အောင်မ၀ါးနိုင်တော့လို့၊ အာဟာရချို့တဲ့မှုဖြစ်လာနိုင်ပါတယ်။ အစာမကြေတဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ အထွေထွေကျန်းမာရေးပါထိခိုက်လာနိုင်တာဖြစ်ပါတယ်။

ဒါကြောင့် သွားတစ်ချောင်းထဲ-အရေးမကြီးပါဘူးဆိုပြီးပြီးစလွယ်ပစ်မထားသင့်ပါဘူး။ နှုတ်ရတဲ့အဆင့်မရောက်အောင်ထိန်းသိမ်းသင့်ပါတယ်။ မတတ်သာလို့နှုတ်ပစ်ရပြီဆိုလည်း၊ ဆရာ
ဝန်ညွှန်ကြားတဲ့အချိန်မှာ အချိန်မီပြန်အစားထိုးသင့်ပါတယ်။ နောက်ပို့စ်တွေမှာတော့၊ သွားပြန်အစားထိုးကုသမှုရွေးချယ်ပုံအကြောင်းကို ဆွေးနွေးပါဦးမယ်။

posted by Dr. Nyan

Read More...

Saturday, June 6, 2009

Reaching People


လက်လှမ်းမီ ရောက်ရှိမှုအကြောင်း တစ်စေ့တစ်စောင်း

အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး ရှိသူတွေကို လက်လှမ်းမီ ရောက်ရှိဖို့ ခက်ခဲနေတဲ့ အကြောင်း လာမေးထားတဲ့ မေးခွန်းကလေးကြောင့် ဒီပို့စ်ကို ရေးဖြစ်တာပါ။
ဖတ်ထားတာတွေ၊ ရထားတာတွေထဲက ပြန်ဆွဲထုတ်ပြီး ကိုယ်နားလည်သလို ပြန်ပြောမှာမို့ စာကိုးတွေကို အတိအကျ ပေးနိုင်မှာ မဟုတ်ပါဘူး။ အဲဒီအတွက် ကြိုတင် တောင်းပန်ချင်ပါတယ်။ စာကိုးတွေ ရှာတွေ့မှ ရေးမယ်ဆိုရင် တော်တော်နဲ့ ရေးဖြစ်မှာ မဟုတ်လို့ ဒီအတိုင်းပဲ ရေးလိုက်တာပါ။
Empathy ဆိုတဲ့ စကားလုံးလေးကို အရင် ပြောပြချင်ပါတယ်။
Sympathy နဲ့ ကွာခြားပြီး ကိုယ် လက်လှမ်းမီ ရောက်ရှိချင်သူတွေ အပေါ်မှာ လက်လှမ်းမီ ရောက်ရှိချင်သူက အမှန်တကယ် ရှိသင့်တဲ့ သဘောထားလေးပါ။
မြန်မာလို ပြန်ရင်၊ စကားလုံး နှစ်ခု စလုံးကို ကိုယ်ချင်းစာစိတ်၊ စာနာစိတ်လို့ ပြန်ယူရမယ် ထင်ပါတယ်။

ဒါပေမယ့် ကွာခြားချက်က sympathy က သူများ ငိုရင် လိုက်ငိုချင်တဲ့ စိတ်မျိုး၊ သူများနေရာမှာ ၀င်ပြီး ခံစားပေးချင်တဲ့ စိတ်မျိုးလို့ ပြောရမယ် ထင်ပါတယ်။ Sympathy က ကူညီသူကိုရော၊ ကူညီခံရသူကိုပါ ပျော့ညံ့သွားစေပါတယ်။
Empathy က ဘေးကနေ အားပေးတာ။ သူ ငို သလို လိုက်မငိုပါဘူး။ သူ့နေရာမှာ ၀င်ပြီး မခံစားပါဘူး။ သူ့အနေအထားကို နားလည်ပြီး သူနဲ့ အတူတူ ဘေးက လိုက်လျှောက်ပေးတာလို့ ပြောပြရင် အနည်းငယ် သဘောပေါက်မယ်လို့ ထင်ပါတယ်။ Empathy က ကူညီခံရသူကို အားတက်လာစေသလို၊ ကူညီတဲ့ သူကိုလဲ ထိခိုက်စေမှု နည်းပါးပါတယ်။
ကျွန်မတို့ တစ်တွေ ကိုယ့်မှာ ရှိလာအောင် ဆောင်ရွက် ယူရမှာက empathy ပါ။ sympathy မဟုတ်ပါဘူး။
လူတွေကို လက်လှမ်းမီ ရောက်ရှိချင်ရင် အဲဒီ empathy နဲ့ သူတို့ရဲ့ အနေအထားကို သေသေချာချာ နားလည်အောင် ဆောင်ရွက်ရပါတယ်။
လူနာကို ဆရာဝန် တစ်ယောက်က ဆေးကုတဲ့အခါ ရောဂါ ရှာဖွေမှု (diagnosis) ကို အရင် လုပ်ရသလို လူထုကို လက်လှမ်းမီ ရောက်ရှိချင်တဲ့ ကျန်းမာရေး လုပ်သားတွေကလဲ ကိုယ် ကူညီဖို့ ဦးတည်ထားတဲ့ လူထုရဲ့ အနေအထားကို ရောဂါရှာဖွေသလို အခြေအနေ အရပ်ရပ်ကို သိအောင်၊ သဘောပေါက်အောင် ကြိုးစားအားထုတ်ဖို့ လိုပါတယ်။
ရောဂါကို သိမှ အမှန်တကယ် လိုအပ်တဲ့ ဆေးကို ပေးနိုင်သလို ကိုယ် ဦးတည် အုပ်စု ၀င်တွေရဲ့ အနေအထားနဲ့ လိုအပ်ချက်ကို သေသေချာချာ သိမှ အမှန်တကယ် ထိရောက်တဲ့ ကူညီဆောင်ရွက်မှုတွေ၊ ပညာပေးမှုတွေကို ဆောင်ရွက်နိုင်မှာပါ။
အဲဒါကြောင့် စီမံချက် တစ်စုံတစ်ခု မစတင်ခင်မှာ မေးခွန်းလွှာတွေ မေးရတာ၊ စစ်တမ်းကောက်ရတာ စတာတွေနဲ့ အဲဒီလူထုရဲ့ အနေအထားကို ရောဂါရှာဖွေသလို ရှာဖွေရတာပါ။
အဲဒါက စီမံချက် ဆောင်ရွက်နေစဉ်မှာနဲ့ စီမံချက် ပြီးဆုံးတဲ့ကာလတွေမှာ ပြန်လည် သုံးသပ်ဖို့ကိုလဲ အထောက်အကူ ဖြစ်စေပါတယ်။
အကယ်၍ ကိုယ်တိုင် မလုပ်နိုင်ဖူးဆိုရင် ကိုယ်ဦးတည်ထားတဲ့ အုပ်စုဝင်တွေနဲ့ အလားသဏ္ဍာန်တူတဲ့ ဦးတည်အုပ်စုနဲ့ ပတ်သက်လို့ သူများတွေ လုပ်ထားတဲ့ ဆန်းစစ်ချက်တွေကို ရှာဖွေပြီး အသုံးပြုနိုင်ပါတယ်။
ဒါပေမယ့် နေရာဒေသ၊ လူမျိုး၊ လူနေမှု အဆင့်အတန်း စတာတွေ အပေါ်မှာ မူတည်ပြီး လိုအပ်ချက်တွေ ကွဲပြားသွားနိုင်တာမို့ တစ်နေရာမှာ တွေ့ထားတာကို တစ်နေရာမှာ အတိအကျ ပုံတူ ကူးပြီး ပြန်သုံးဖို့ ဖြစ်နိုင်ချင်မှ ဖြစ်နိုင်ပါလိမ့်မယ်။
ဘာမှ မရှိတာထက် စာရင်တော့ အများကြီး ကောင်းတယ်လို့ ပြောလို့ ရပါတယ်။
ဥပမာ - အိတ်ခ်ျအိုင်ဗွီပိုးနဲ့ နေရသူ အများစုက နာမည်ဆိုး သတ်မှတ်ခံရမှု၊ ခွဲခြားဆက်ဆံခံရမှု (stigma and discrimination) ကို ခံစားနေကြရကြောင်း တွေ့ရှိထားပြီးသားပါ။
ဒါကို အကူအညီ ပေးချင်သူတွေက သိထားပြီး အဲဒီအတွက် ဘယ်လို ပြင်ဆင်မှုတွေ လုပ်ကြမလဲဆိုတာကို ကြိုတင် စဉ်းစားကြရမှာပါ။
ကိုယ့်ကြောင့် သူတို့မှာ ပိုပြီး နစ်နာမသွားဖို့ သတိပြုရပါမယ်။
ကိုယ့်ကြောင့် ပိုပြီး နစ်နာမယ် ဆိုရင် သူတို့ကို လက်လှမ်းမီ ရောက်ရှိရမယ့် အစား သူတို့နဲ့ ပိုပြီးတော့ ဝေးကွာသွားပါလိမ့်မယ်။
နောက်တစ်ခုက ကိုယ် ပြောတာကို နားထောင် စေချင်ရင်၊ ကိုယ် ပြောတာတွေကို ယုံကြည်သက်ရောက်စေချင်ရင် ယုံကြည်မှု တည်ဆောက်ရပါတယ်။
ယုံကြည်မှု တည်ဆောက်တဲ့ နေရာမှာ အသုံးဝင်တဲ့ နည်းလမ်းလေးတစ်ခုက empathic listening ပါ။
လူအများစုက သူများပြောတာကို နားထောင်တဲ့အခါ ကိုယ် ဘာပြန်ပြောရမလဲဆိုတာကို တွေးပြီး နားထောင်လေ့ ရှိကြပါတယ်။
နားထောင်ကြတဲ့ အခါမှာ အများစုက အောက်ပါ အဆင့်လေးဆင့်နဲ့ နားထောင်ကြတယ်လို့ Stephen R. Convey ရဲ့ seven habits of highly effective people မှာ ဆိုထားပါတယ်။
- လျစ်လျူရှုတာ
- နားထောင်ချင်ယောင်ဆောင်တာ
- တစ်ချို့တစ်ဝက်ကိုပဲ ရွေးပြီး နားထောင်တာ
- အမှန်တကယ် အာရုံစိုက်ပြီး နားထောင်တာ
အဲဒီလေးခုထက် ပိုမြင့်တာက စာနာစိတ်နဲ့ နားထောင်တာလို့ ဘာသာပြန်လို့ ရမယ့် empathic listening ပါ။
ကျွန်မတို့ ပြောတဲ့ စကားတွေရဲ့ ၁၀ ရာခိုင်နှုန်းကပဲ ကျွန်မတို့ ဘာပြောနေတယ်ဆိုတာကို ကိုယ်စားပြုပါတယ်။ ကျွန်မတို့ အသုံးပြုတဲ့ အသံအနေအထားရဲ့ ၃၀ ရာခိုင်နှုန်းက ပြောနေတဲ့ အကြောင်းအရာကို ကိုယ်စားပြုပြီး ကျွန်မတို့ရဲ့ ကိုယ် အမူအရာ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းကို ကိုယ်စားပြုပါတယ်။
အဲဒီတော့ အမှန်တကယ် နားထောင်သလား နားမထောင်ဘူးလားဆိုတာ ကိုယ့်ရဲ့ အမူအရာတွေမှာ ဖော်ပြ နေလေ့ ရှိပါတယ်။ စကားလုံးတွေနဲ့ ဆုံးဖြတ်လို့ မရပါဘူး။
အမှန်တကယ် နားထောင်ခြင်းက သူတို့ ဘာလိုအပ်သလဲဆိုတဲ့ ရောဂါရှာဖွေမှုကို ပြုလုပ်နိုင်ဖို့ အတွက်လဲ အများကြီး အထောက်အကူ ပြုပါတယ်။
စစ်တမ်းတွေ၊ အထောက်အထားတွေ မရှိဘဲနဲ့ အဲဒီလူထုထဲက အမှန်တကယ် လိုအပ်ချက်တွေကို သိနိုင်တဲ့ အခြား နည်းလမ်းတစ်ခုလို့ ပြောလို့ရမယ် ထင်ပါတယ်။
အဲဒီ ဦးတည်အုပ်စုဝင် လူထုကို သြဇာသက်ရောက်နိုင်တဲ့သူ၊ ပြောရင် သူတို့ နားထောင်မယ့်သူကို ရှာဖွေလေ့လာပြီး အဲဒီသူတွေကနေ တစ်ဆင့် ချည်းကပ်ဖို့ကိုလဲ shoutbox က အဖြေမှာ ပြောခဲ့ပါတယ်။
အဲဒါက တစ်ခါတစ်လေမှာ ဘာသာရေး ခေါင်းဆောင်၊ တစ်ခါတစ်လေမှာ ရပ်ရွာလူကြီး ဖြစ်နိုင်သလို၊ တစ်ခါတစ်လေမှာ နတ်ဆရာလို၊ ရမ်းကုဆရာလို မျိုးတွေလဲ ဖြစ်နေတတ်ပါတယ်။
အဲဒီအခါမှာ သူတို့ကို ကိုယ့်ဘက်ပါအောင်၊ သူတို့ သြဇာ သက်ရောက်တဲ့ လူထုထံကို မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ပေးဖြစ်လာအောင် ဘယ်လို စည်းရုံးမလဲဆိုတာ စည်းရုံးတဲ့သူရဲ့ အစွမ်းအစ၊ ထိုးထွင်းဥာဏ်၊ တီထွင်ဖန်တီးနိုင်စွမ်းတွေနဲ့ အများကြီး သက်ဆိုင်သွားပါတယ်။
အဲဒါက အနုပညာ တစ်ရပ်လို့တောင် တင်စားယူလို့ ရမယ့် ပညာရပ်ပါ။
နောက်တစ်ခု သတိထားဖို့ ပြောချင်တာက ကိုယ် တွေ့လာတဲ့ လိုအပ်ချက်တွေကို ထည့်တွက်ပြီး ကူညီဆောင်ရွက်ပေးဖို့ပါ။
ဥပမာ - လူတွေရဲ့ လက်ဆေးမှု အပြုအမူကို ပြောင်းလဲအောင် ပညာပေးမယ်ဆိုရင် နှစ်ဆယ့်လေးနာရီ ဘုံဘိုင်က ရေရနေတဲ့ သူတွေအပေါ် သက်ရောက်မှုနဲ့ အလွန် ရေရှားတဲ့ အရပ်ဒေသက လူတွေအပေါ်မှာ သက်ရောက်မှုက အလွန်အမင်း ကွာခြားပါလိမ့်မယ်။
အဲဒီတော့ အဲဒီလို ရေရှားတဲ့ ဒေသက လူတွေကို လက်ဆေးတဲ့ အပြုအမူ ပြောင်းလဲစေချင်ရင် ရေ ဘယ်လို ရနိုင်မလဲဆိုတာကိုပါ ထည့်သွင်းစဉ်းစားပြီး လမ်းညွှန်ပေးဖို့ လိုပါတယ်။
တကယ့် လိုအပ်ချက်ကို မဖြည့်ပေးနိုင်ဘဲ အပြုအမူ ပြောင်းလဲအောင် လုပ်ဖို့ဆိုတာ အလွန်ကို ခဲယဉ်းတဲ့ ကိစ္စပါ။
ဒါက လက်ရှိအချိန်မှာ တွေးမိသလောက် အစကလေးတွေကိုပဲ ဆွဲထုတ်ပြီး ပြန်ပြောပြတာပါ။
စာကိုးတွေကို ရှာတွေ့တဲ့အခါ ထပ်ပြီး ဖြည့်စွက်ပြောပေး၊ ညွှန်းပေးပါမယ်။
ဒီဘက်ပိုင်းမှာ ကျွမ်းကျင်တဲ့ ဆရာ၊ ဆရာမတွေလဲ ၀င်ရောက် ဖြည့်စွက် ဆွေးနွေး ပေးစေလိုပါတယ်။

Read More...

Tuesday, June 2, 2009

Introduction to Public Health

Public Health မိတ်ဆက်

သက်ရှိသတ္တ၀ါတွေရဲ့ ထူးခြားတဲ့ အရည်အချင်းတစ်ရပ်ကတော့ လှုံ့ဆော်မှုတစ်ခုလာရင် တုံ့ပြန်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လူတွေသာမကပဲ သက်ရှိအားလုံးဟာ အသက်ရှင် ရပ်တည်ဖို့အတွက် ပတ်ဝန်းကျင်ရဲ့ လှုံဆော်မှုတွေကို လစ်လျူရှုလို့ မရပါဘူး။ သင့်တင့်လျှောက်ပတ်တဲ့ တုံ့ပြန်မှုကို ပြုလုပ်ရပါတယ်။ English လိုတော့ Responsibility လို့ခေါ်ပါတယ်။ အဲဒီ စကားလုံးကို ဗမာတွေက တာဝန်ယူတယ်လို့ ဘာသာပြန်တယ်ဗျ။ ကျွန်တော်ကတော့ အဲဒီလို ဘာသာပြန်တာကို သိပ်ပြီး မကြိုက်လှဘူး။ ဘာဖြစ်လို့လဲဆိုတော့ မပြည်စုံလို့ပါ။ တာဝန်ဆိုတာက မလုပ်ချင်လုပ်ချင် လုပ်ရတဲ့ meaning ပါနေတယ်။ တကယ်က အသိဥာဏ်မြင့်တဲ့ လူတစ်ယောက်အတွက် လုပ်ကို လုပ်ရမည့် အလုပ်သာ ဖြစ်တယ်။ ဘယ်သူကမှ လာပြီး တာဝန်ပေးစရာ မလိုပါဘူး။
လူရယ်လို့ ဖြစ်လာရင် responsibility တွေက အများကြီး ပါလာပြီးသား။ အဲဒါတွေကို မတုံ့ပြန်ဘဲ နေနေမယ်ဆိုရင် အပြိုင်အဆိုင်များတဲ့ ခေတ်ကြီးထဲမှာ ကိုယ်လူမျိုးတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။ ခေတ်နောက်ကျသွားလိမ့်မယ်လို့ ကျွန်တော်မသုံးပါဘူး။ Why? ကျွန်တော်တို့က ခေတ်ရဲ့နောက်မှာ အများကြီး ကျန်ခဲ့ပြီးသား မို့လို့ပါ။ ဘယ်လိုမှ လက်လှန်းမမီတဲ့ သူတွေအတွက်တော့ မပါပေမယ့် ပညာသင်ကြားဖို့ အခွင့်အလမ်းရှိသူတွေဟာ ကျောင်းပညာကို မိမိရဲ့ အစွမ်းရှိသမျှ စိုက်ထုတ်ပြီး ကြိုးစားရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက ကျောင်းသားတိုင်းရဲ့ responsibility လေ။ ပညာတတ်တွေ များလာလေလေ ကိုယ်လူမျိုးရဲ့ ကျန်းမာရေးအဆင့်အတန်းက မြင့်လာလေလေ ဖြစ်လာပါလိမ့်မယ်။ အထူးသဖြင့် အမေတွေရဲ့ ပညာတတ်နှုန်း မြင့်မားလာဖို့ လိုပါတယ်။ ကျွန်တော် အလုပ်သင်ဆရာဝန်ဘ၀ OG ward မှာ တာဝန် ကျတုန်းက ဆေးရုံလာတက်တဲ့ ကိုယ်ဝန်သည် အယောက် ၅၀ လောက်ကို စာရင်းကောက်ဖူးပါတယ်။ အများစုက ရန်ကုန်မြို့ ၀န်းကျင် မြို့နယ်လေးတွေကပါ။ မေးကြည့်လိုက်တော့ တစ်ယောက်မှ ၁၀ တန်း မအောင်တာကို တွေ့ရပါတယ်။ အမေကတော့ ၁၀ တန်း မအောင်ရင် ကလေးတွေကို ကျန်းမာအောင် ဘယ်လိုများ ထိန်းကျောင်းလိမ့်မလဲ။ ပညာရေးက လူတွေ public health awareness ရှိဖို့လိုတယ်ဆိုတာကို ပြနေတာပါ။

အရင်တစ်ခေတ်တုန်းက လူတွေနေကောင်းဖို့ဆိုတာ ဆရာဝန်တွေ၊ ဆရာမတွေရဲ့ တာဝန်လို့ ယူဆခဲ့ကြတယ်။ ဆရာဝန်တွေက ကျန်းမာရေး လုပ်ငန်းမှာ ဦးဆောင်သူ၊ လူတွေက နောက်လိုက်၊ အဲဒီခေတ် မရှိတော့ပါဘူး။ အဲဒါကို paternalistic approach လို့ခေါ်ပါတယ်။ ဘာဖြစ်လို့ ခေတ် မရှိတော့တာလို့ ဆိုရင် ထိရောက်မှု မရှိလို့ပါ။ လူဦးရေနဲ့ ဆရာဝန် အရေအတွက်နဲ့ မမျှတာမို့ ဆရာဝန်တွေက လူနာတိုင်းကို လိုက်ပြီး ထိန်းချုပ်နေလို့ မရနိုင်ဘူးလေ။ နည်းလမ်းသစ်ကတော့ autonomy or informed choice လို့ခေါ်ပါတယ်။ လူထုအတွက် လိုအပ်တဲ့ ကျန်းမာရေးဗဟုသုတတွေ၊ ရောဂါမဖြစ်အောင် ကာကွယ်ရမည့် နည်းလမ်းတွေကို ကလေးဘ၀တည်းက ရိုက်သွင်းခဲ့ရပါမယ်။ ရောဂါ မဖြစ်အောင် ကြိုတင် ကာကွယ်ဖို့က လူထုရဲ့ တာဝန်ပါ။ ဆေးကုတဲ့ ဆရာဝန်ရဲ့ တာဝန် မဟုတ်တော့ပါဘူး။ သူက နေမကောင်းမှ ကုမယ်။ ကိုယ့်ကိုကိုယ် ကျန်းမာအောင်နေဖို့က လူနာရဲ့ responsibility ဖြစ်သွားပြီ။ ဆရာဝန်ကို အလုံးစုံ ပုံအပ်လို့ မရတော့ဘူး။ အဲဒီစနစ်မှာ ပြည်သူတွေ ရောဂါဘယ ကင်းဝေးအောင် ကာကွယ်ပေးဖို့၊ သတင်းပေးဖို့၊ နှိုးဆော်ပေးဖို့ ပညာရပ်တစ်ခု ပေါ်ထွက်လာပါတယ်။ အဲဒါကတော့ public health ပါပဲခင်ဗျာ။ public health ပြည်သူ့ကျန်းမာရေး ဘာသာရပ်ကသာ ပြည်သူအများစုရဲ့ ကျန်းမာရေး အဆင့်အတန်းမြင့်မားစေဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။ ဘွဲ့တွေ တစီတတန်းကြီးရပြီး လူနာတွေ ကြိတ်ကြိတ်တိုးနေတဲ့ အထူးကု ဆရာဝန် ကြီးတွေက မလုပ်ဆောင်နိုင်ပါဘူး။ သူတို့က လူနာအနည်းငယ်ကိုသာ စောင့်ရှောက်နိုင်ပါလိမ့်မယ်။ public health အကြောင်းကို နောက်တစ်ပတ်မှ ထပ်ပြီး ဖော်ပြပေးပါ့မယ်။

Read More...

Sharing


မြန်မာနိုင်ငံဆရာဝန်အသင်းက March လတုန်းက update on medicine ဆိုပြီး refresher course လေးတစ်ခု လုပ်ပေးခဲ့ပါတယ်။ အဲဒီတုန်းက topic လေး နှစ်ခုကို စာရှုသူပရိသတ်များအတွက် download လုပ်ယူနိုင်ရန် တင်ပေးလိုက်ပါတယ်။

Update on malaria treatment

Acute respiratory tract infection

မြန်မာနိုင်ငံ Leprosy Campaign က ထုတ်ဝေတဲ့ လက်စွဲစာအုပ်ကိုလည်း တင်ပေးလိုက်ပါတယ်။

Leprosy Handbook




စာခေါက်ထားလိုလျင် ဤနေရာတွင် ခေါက်ထားလိုသော စာပိုဒ်ကို ရေးပါ။

Read More...

Pregnant Women & Dental Health

ကိုယ်ဝန်ဆောင်များသတိပြုစရာ သွားခံတွင်းပြဿနာ



အမျိုးသမီးတစ်ယောက်ကိုယ်ဝန်ဆောင်ရပြီဆိုရင်၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဂရုစိုက်လေ့ရှိကြပါတယ်။ မီးယပ်နဲ့သားဖွားအထူးကုတွေနဲ့ အပ်ပြီး မှန်မှန်စစ်ဆေးတာတွေ၊ အစားအသောက်အနေအထိုင်ဆင်ခြင်တာတွေလုပ်လေ့ရှိကြပါတယ်။ ဒီနေရာမှာ အများစုသိပ်ဂရုမပြုမိတာကတော့၊ ကိုယ်ဝန်စရပြီဆိုတာနဲ့၊ မီးယပ်သားဖွားအပြင်၊ သွားဆရာဝန်ဆီကိုပါ သွားပြီး လိုအပ်တဲ့ကုသမှုနဲ့အကြံဥာဏ်ရယူဖို့ အရေးကြီးတယ်ဆိုတာကိုပါဘဲ။

အပေါ်နဲ့အောက်ဘာဆိုင်လဲလို့ တွေးကောင်းတွေးကြပါလိမ့်မယ်။ လူ့ခန္ဓာကိုယ်ဟာ တဆက်တစပ်တည်းမို့ တနေရာကအပြောင်းအလဲဟာ တခြားတနေရာမှာ လည်းပြောင်းလဲမှုဖြစ်ပေါ်စေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့၊ ကိုယ်ထဲက ဟော်မုန်းဓာတ်တွေ သာမန်ချိန်မှာလိုမဟုတ်တော့ဘဲ ပြောင်းလဲလာပါတယ်။ ဒီပြောင်းလဲမှုကြောင့် ခံတွင်းထဲက သွားဖုံသားတွေဟာ၊ သာမန်ထက်ပိုပြီး၊ရောဂါ ပိုးမွှားတွေကိုတုန့်ပြန်မှုများလာတဲ့အတွက်၊ ပင်ကိုယ်အခံရှိနေတဲ့သွားဖုံးရောင်ရောဂါပိုဖြစ်စေပါတယ်။ သာမန်ချိန်မှာ ရောဂါမပေးတဲ့ သွားပိုးလွှာ (dental plaque) ကနေ၊ ကိုယ်ဝန်ဆောင်ချိန်မှာ နီမြန်းဖောင်းကြွပြီး သွေးတစိမ့်စိမ့်ထွက်စေတဲ့ သွားဖုံးရောင်ရောဂါလက္ခဏာကို ဖြစ်စေပါတယ်။ (ကိုယ်ဝန်ဒုတိယသုံးလအတွင်းမှာပိုဖြစ်တတ်ပါတယ်) သွားဆေးပညာအခေါ်အရ pregnancy tumour လို့ခေါ်ရလောက်အောင် သွားဖုံးကနေ အလုံးအကြိတ်ပုံစံနဲ့ ရောင်လာတတ်လို့၊ သတိပြုမိတဲ့ကိုယ်ဝန်ဆောင်တချို့သွားဆေးခန်းကို လာပြကြတာကြုံဖူးပါတယ်။ ဒီလိုဖြစ်တတ်တဲ့အတွက် ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကိုယ်ဝန်ရှိမှန်းသိတာနဲ့ အနည်းဆုံးတကြိမ်၊ သွားဆေးခန်းမှာပြသပြီး၊ သွားဖုံးအောက်မှာရောဂါပိုးခိုအောင်းနိုင်တဲ့သွားကျောက်တွေရှိမရှိစစ်ဆေးပြီး ဖယ်ရှားကုသစေတာ၊ oral prophylaxis လို့ခေါ်တဲ့၊ သွားမျက်နှာပြင်တွေပိုးကပ်တွယ်မှုနည်းအောင် ချောမွေ့နေအောင် polishing လုပ်တာတွေလုပ်သင့်ပါတယ်။ အစာစားပြီးတိုင်းနဲ့ ညမအိပ်ခင် မဖြစ်မနေသွားတိုက်တာကို သာမန်ချိန်မှာ မလုပ်ဖြစ်ခဲ့တောင် ကိုယ်ဝန်ဆောင်ချိန်၁၀လလုံး သတိထားလုပ်ပေးသင့်ပါတယ်။
ဒါကတော့ သွားဖုံးနဲ့ပတ်သက်တာပါ။

နောက်အရေးကြီးတာတစ်ခုက သွားပိုးစားရောဂါ၊ အံဆုံးပြဿနာရှိမရှိစောစောစီးစီးစစ်ဆေးဖို့ပါ။ ကိုယ်ဝန်ဆောင်လူနာတွေသွားဆေးခန်းရောက်လာချိန်က အများအားဖြင့် မွေးခါနီးဖွားခါနီး၊ ကိုယ်လေးလက်ဝန်သွားကလည်းကိုက်၊ အံဆုံးကရောင် စသဖြင့် ဒုက္ခရောက်လေ့ရှိကြပါတယ်။ ကိုယ်ဝန်ရစက သွားပိုးစားအပေါက်ရှိတာကို မဖာထေးမိတော့၊ မွေးခါနီးမှ ကိုက်ပြီလေ။ ကိုယ်ဝန်ပထမသုံးလနဲ့မွေးခါနီးသုံးလကို ခွဲစိတ်ကုသမှု (သွားနှုတ်ခြင်း) မလုပ်သင့်ဘူးလို့ အကြမ်းအားဖြင့် သတ်မှတ်ထားပါတယ်။ မွေးခါနီးမှာ သန္ဓေသားရဲ့အနေအထားကြောင့် အချိန်ကြာကြာပေးကုသရတဲ့သွားကုသမှုကိုမလုပ်သင့်ပါဘူး။ သွားကုသခုံပေါ်မှာ ပက်လက်အနေအထားနေရတာဟာ ကိုယ်ဝန်ဆောင်တစ်ယောက်အတွက် ခက်ခဲဒုက္ခပါ။ သွေးအသွားအလာနဲ့သွေးပေါင်ချိန်ပေါ်မှာလည်း အများကြီးသက်ရောက်မှုရှိပါတယ်။ ကိုယ်ဝန်ပထမသုံးလကတော့ သန္ဓေသားအတွက် critical time အရေးကြီးတဲ့အချိန်၊ ကိုယ်လက်အဂါင်္တွေဖွဲ့စည်းနေတဲ့အချိန်မို့၊ stress လို့ခေါ်တဲ့ ကိုယ်၊စိတ်ပင်ပန်းမှုတွေကိုတတ်နိုင်သလောက်ရှောင်ရမယ့်အချိန်၊ ပိုးသတ်ဆေးဝါးစတဲ့သန္ဓေသားကိုအနည်းနဲ့အများထိခိုက်စေတဲ့ဆေးတွေတတ်နိုင်သလောက်ရှောင်ရမယ့်အချိန်ဖြစ်ပါတယ်။ သွားနှုတ်တာစတဲ့သွားခံတွင်းခွဲစိတ်ကုသမှုတွေဟာ၊ လူတိုင်းလိုလိုက ကြောက်ကြတဲ့၊ ဆေးခန်းထဲဝင်ခုံပေါ်တက်လိုက်တာနဲ့၊ နာတော့မလားမသိဘူးဆိုတဲ့အတွေးနဲ့တင်၊ stress များလှပါတယ်။ ဒါကြောင့် ပထမသုံးလမှာ သွားကျန်းမာရေးကောင်းအောင်၊ ပိုးမွှားလွှာဖယ်ရှားသန့်ရှင်းတာနဲ့ သွားမျက်နှာပြင်ချောမွေ့အောင်ပြုလုပ်ပေးတာ၊ ပိုးစားတဲ့သွားကိုဖာထေးတာစတဲ့ ၊ ထုံဆေးမထိုးရ မနာမကျင်တဲ့ကုသမှုမျိုးဘဲ တတ်နိုင်သလောက် ပေးလေ့ရှိပါတယ်။ ဖြစ်နိုင်ရင်ခွဲစိတ်ကုသမှုတွေကို မွေးဖွားပြီးမှလုပ်တာကောင်းပြီး၊ မဖြစ်မနေနှုတ်ရ ခွဲရမယ့်အနေအထားမှာ ဒုတိယသုံးလအထိစောင့်ရလေ့ရှိပါတယ်။ ဒါကိုသိထားရင် ကိုယ်ဝန်ဆောင်ဘ၀မှာ ဘာသွားရောဂါမှမဖြစ်အောင်ထိန်းသိမ်းဖို့အရေးကြီးတယ်ဆိုတာ မြင်သာပြီထင်ပါတယ်။

နောက်အရေးကြီးတာတစ်ခုကတော့၊ သွားဖုံးရောင်ရောဂါနဲ့မွေးဖွားခြင်းဆိုင်ရာပြဿနာတွေရဲ့ဆက်စပ်မှုဖြစ်ပါတယ်။ လတ်တလောတွေ့ရှိချက်တွေအရ၊ သွားဖုံးရောင်ရောဂါရှိသူမိခင်တွေဟာ၊ လမစေ့ဘဲမွေးခြင်း၊ ပေါင်မပြည့်တဲ့ကလေးမွေးခြင်းစတာတွေဖြစ်ဖို့ ကျန်းမာတဲ့မိခင်များထက် ၇ ဆ ပိုများတာတွေ့ရပါတယ်။ အကြောင်းရင်းကတော့၊ သွားဖုံးရောဂါကိုကိုယ်ခန္ဓာကတန်ပြန်ရင်းထွက်လာတဲ့ ဓာတ်တွေက သားအိမ်ကိုလှုံ့ဆော်လို့ဖြစ်ပါတယ်။

ဒီလိုအကြောင်းတွေကြောင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများသွားနဲ့သွားဖုံးရောဂါတွေကို စောစောစီးစီး ကုသဖို့ အရေးကြီးတယ်ဆိုတာဗဟုသုတ ဝေငှလိုက်ရပါတယ်။

ကိုယ်ဝန်ဆောင်မိခင်အားလုံးကျန်းမာကြပါစေ။

posted by Dr. Nyan

Read More...

Monday, June 1, 2009

When will medical doctors become 'pro' like footballers ?

ဘောလုံးသမားတွေတော့ ပြောင်းကုန်ပြီ။ ဆရာဝန်တွေကော ဘယ်တော့လဲ?

မြန်မာနိုင်ငံမှာ ဘောလုံးသမားတွေတော့ pro တွေဖြစ်ကုန်ကြပြီ။ pro ဆန်ဆန်ကျင့်ပြီး ကြိုးစားအားထုတ်ကြမယ်လို့ ကတိတွေပေးနေကြပြီ။ ဘောလုံးအသင်းတွေကလည်း pro အသင်းတွေဖြစ်လာကြပြီ။ ကျွန်တော်တို့ရဲ့ ဆေးပညာရေးစနစ်ကြီးကော ဘယ်တော့ pro စနစ်ပြောင်းမလဲ မသိဘူး။ professional institute မဟုတ်တောင် professional ဆန်တဲ့ ဆရာဝန်ကောင်းတွေ မွေးထုတ်ဖို့ အချိန်တန်ပြီ ထင်ပါတယ်။ ဆေးကျောင်းသားတွေကို ဗုန်းဗောလအော ပေးအောင်ပြီး ဘာမှ သေသေချာချာ မတတ်သေးခင်မှာ လူနာတွေကို ဆေးကုခိုင်းတယ်ဆိုတာ ငရဲတော်တော်ကြီးမည့် အလုပ်တစ်ခုပါ။



ဆေးကျောင်းသားတွေခမျာ aircon စာသင်ခန်းကြီးတွေ၊ computer အကောင်းစားကြီးတွေ မလိုအပ်ပါဘူး။ တက္ကသိုလ် ပညာရေးကို တက္ကသိုလ် စတိုင် သင်ပေးမယ့် ဆရာတွေ၊ တက္ကသိုလ်ကျောင်းရဲ့ ရှိသင်တဲ့ စည်းကမ်းတွေ၊ ပြင်းထန်တွေ punishment ၊ မက်မောစရာကောင်းတဲ့ reward တွေ ရှိဖို့ လိုအပ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ အ၀တ်အစားကို ကြိုက်သလိုဝတ်၊ စာမကျက်ဘဲ ကန်တော့ပြီး မေးခွန်းရပြီး ခိုးချပြီး စာမေးပွဲ အောင်လာတဲ့ ဆေးကျောင်းသားတွေကို clinicalေ၇ာက်လာရင် ဆရာတွေက ဘယ်လိုဆက်သင်ပေးရမှာပါလဲခင်ဗျာ။ teaching ပိုင်းက ဆရာတွေ စဉ်းစားစေချင်ပါတယ်။ house surgeon ဖြစ်လာတာတောင် ကလေးစိတ် မကုန်သေးတဲ့ မြန်မာ ဆရာဝန်ပေါက်စတွေကို Continued medical education(CME), Continued professional development (CPD) စတဲ့ သဘောတရားတွေကို သဘောပေါက်အောင် ဘယ်လိုများပြောပါမလဲခင်ဗျာ။
သူတို့လေးတွေ ကျောင်းမှာ ရှိစဉ်ကတည်းက သူတို့စာကြိုးစားချင်လာအောင် လှုံ ဆော်ပေးဖို့ လိုအပ်ပါတယ်။ အဲဒီလိုမှာ မဟုတ်ရင် နောင် အနှစ် ၂၀ လောက်ကြာလာရင် ဆရာဝန်ဆိုတာ imported လုပ်ရတဲ့ လူတန်းစားတစ်ရပ်ဖြစ်လာပါလိမ့်မယ်။

Read More...