Showing posts with label Reproductive Health. Show all posts
Showing posts with label Reproductive Health. Show all posts

Friday, April 30, 2010

ကိုယ်ဝန်ဆောင်စဉ် အရင်လို နေလို့ရသလား။ Is it safe to live as before during pregnancy?

ဆရာရှင့် ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသား(ခင်ပွန်း)နဲ့ဆက်ဆံလို့ရပါသလား။ တကယ်လို့ဆက်ဆံခဲ့ရင် ဗိုက်ထဲက ကလေးကို ထိခိုက်နိုင်ပါသလား။

ပုံမှန်ကိုယ်ဝန်ဆောင်နေစဉ် အတူနေတာ ပုံမှန်ပါ။ ပုံမှန်ကိုယ်ဝန်ဆိုရင် အထဲကကလေးမှာ လိုအပ်တဲ့ အကာအကွယ်တွေ အစုံရှိတယ်။ ရေမြွှာအိတ်က ပါးပေမဲ့ ခိုင်တယ်၊ ကာကွယ်နိုင်တယ်။ သားအိမ်အ၀မှာလည်း မပွင့်သရွေ့ အချွဲနဲ့ ပိတ်နေတယ်။ ဒါ့ကြောင့် ကျားအင်္ဂါဖြစ်ဖြစ် တော်တော်တန်တန် ပိုးမွှားဖြစ်ဖြစ် ကလေးဆီ မရောက်နိုင်ပါ။ ဆက်ဆံတာ သာမက ဆန္ဇပြည့်ဝသွားခြင်းဆိုတဲ့ Orgasm ဖြစ်တာကြောင့်လည်း ပြဿနာ မတက်ပါ။

ဒါပေမဲ့ “အရင်အတိုင်းသာ ဆက်လုပ်ပါ၊ ဘာမှ မဖြစ်ပါဘူး”လို့ တိုက်တွန်းတာတော့ မဟုတ်ပါ။ အတွင်းသိ လင်မယား ဆိုရင် ထားတော့ နောက်ကြောင်းရာဇ၀င် ဘာမှမသိသူနဲ့ ကိုယ်ဝန်ဆောင်စဉ် ဆက်ဆံမိရင် လိင်ကတဆင့် ကူးစက်ရောဂါ ရှိလို့ကတော့ မအေသာမက ကလေးကိုပါ ကူးတော့မှာပါ။

ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ တားဆေး၊ တားနည်းတွေအတွက် ၀ါယမစိုက်စရာမလို၊ မရှိသင့်ဘဲ ရှိသွားမှာမျိုးလည်း စိုးရိမ်စရာ မရှိ၊ ရာသီရက်လည်း ကြည့်မနေနဲ့၊ ဆိုတော့ ပိုတောင် အဆင်ပြေသလို ဖြစ်လာတယ်။ နောက်တခါ နှစ်ယောက်လုံးမှာ ရောဂါဘယကင်းနေရင် (ကွန်ဒွန်) မလို ဖြစ်နေလို့ အတူပိုနေတာ ဖြစ်လာနိုင်တယ်။

ပုံမှန်ကိုယ်ဝန်ဆောင် မဟုတ်တာ လာပါမယ်။ အထစ်အငေါ့ရှိတဲ့ အမျိုးသမီးရဲ့ မွေးဖွါးရာဇ၀င် Bad Obstetric history တခုခုရှိနေရင်။ ဥပမာ Miscarriage/Abortion ကိုယ်ဝန်ပျက်တာ၊ Pre-term labor လမစေ့ကိုယ်ဝန် (၃၇ ပါတ်ထက်စော) မွေးဘူးတာမျိုး။ တချို့ အမျိုးသမီးတွေရဲ့သားအိမ်အ၀ဟာ မလုံဘူး၊ ကိုယ်ဝန် ရင့်လာတာကို ထိန်းမထားနိုင်ဘူး။ ဒီလိုဖြစ်ရင် သားအိမ်အ၀ကို မမွေးမချင်း ပိတ်ချုပ်ပေးတားရတယ်။ ဒီတော့ ဆက်ဆံလိုက်ရင် သေချာပေါက် စောမွေးလာနိုင်တယ်။ နောက်ထပ် ပုံမှန် မဟုတ်တာတွေက ကိုယ်ဝန်ဆောင်နေတုံး သွေးဆင်းလာတာ၊ အရည်ဆင်းတာ။ (အာလ်ထွာဆောင်း) ရိုက်လိုက်တော့ အမွှာကိုယ်ဝန်ဆောင်နေတာနဲ့ အချင်းက သားအိမ်အ၀နား ရှိနေတာတွေကို ဆိုလိုတယ်။

အကြမ်းဖျင်း ပြောရရင် ကိုယ်ဝန်တခုကို ၃ လစီ၊ ၃ ပိုင်း၊ သတ်မှတ်တာမို့ “ဒုတိယ ၃ လမှာ ဆက်ဆံတာ ဘာမှဖြစ်စရာ မရှိဘူး” လို့ ပြောနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စ ပဌမ ၃ လမှာ အမျိုးသမီးဟာ Morning sickness ကိုယ်ဝန်ဆောင်စ လက္ခဏာတွေ ခံစားနေရလို့ ဆက်ဆံချင်စိတ် အပါအ၀င် အာရုံငါးပါး၊ နည်းပါးနေလိမ့်မယ်။ ကိုယ်ဝန်ဆောင် နောက်ဆုံး ရက်တွေမှာ အရှောင်ခိုင်းတာကတော့ လိုရမယ်ရသဘောပါ။ သီအိုရီအရ ယောက်ျားရဲ့ Semen ထဲပါတဲ့ ဓါတ်က သားအိမ်ကို ညှစ်စေအောင် ဆွပေးမလားလို့ပါ။ ကိုယ်ဝန်သည်မှာ နေရထိုင်ရတာ လေးလံလာပြီ၊ အသွားအလာလည်း ခက်လာပြီမို့၊ စိတ်အလိုလည်း နည်းပါးနိုင်တယ် မဟုတ်လား။

ဇနီးသည် ကိုယ်ဝန်ရှိချိန်လိုက်ပြီး၊ ယောက်ျားသားတွေမှာလည်း စိတ်ကစားမှု ပြောင်းတတ်သေးတယ်။ သူငယ်ချင်း တယောက် ဆေးကျောင်းနဲ့ မနီးမဝေးက ကိုယ်ဝန်ဆောင် မိန်းကလေးတယောက်ကို “သိပ်လှတယ်ကွ” ဆိုပြီး၊ တဖွဖွ ပြောခဲ့ဘူးတယ်။ တမျိုးမထင်ပါနဲ့ အပြောသက်သက်သာပါ။ ကာယကံရှင် ခင်ပွန်းတချို့မှာတော့ မွေးလာမဲ့ကလေး အနာဂတ်ရေး စဉ်းစားရ၊ ဇနီးသည် ကျန်းမာရေးအတွက် ကြောင့်ကြရနဲ့ သီလသာ စောင့်နေချင်ကြတယ်။

“ကျန်းမာရေးနဲ့ ဘာသာရေး ရှုဒေါင့်တွေ အသာထား၊ ကိုယ်ဝန်ဆိုတာ လိင်ဆက်ဆံတာက စတယ် မဟုတ်လား”လို့ ပြောကြတာလည်းရှိတယ်။ အားပေးတဲ့ဘက်ကနေ ထပ်ပြောတာက “(ဗဂျိုင်းနား)ဟာ ပိုပြီး စိုစွတ်နေတယ်။ နေရာက အင်္ဂါမှန်သမျှ အမြင်အရ ပိုမိုဖေါင်းကြွနေတယ်။ ဒီအချိန်ကြမှ ပဌမ Climax ရောက်ရတယ်။” စသဖြင့်။

ကိုယ်ဝန်ဆောင်ရတာက ကိုယ်ခန္ဓာ အပြင်ပုံသဏ္ဌာန်သာမက အတွင်းစိတ်မှာပါ အပြောင်းအလဲတွေ ရှိလာတယ်။ ဟော်မုန်းတွေလည်း အပြောင်းကြီး ပြောင်းလာတယ်။ မတူတာက စိတ်အလို နည်းသူတွေက နည်းလာသလို၊ များချင်သူကလည်း များနိုင်တယ်။ အမှန်က ကိုယ်ဝန် မဆောင်ချိန်မှာလည်း စိတ်အလိုဆိုတာ အတက်အကျ ရှိတာပါ။ ခင်ပွန်းသည်က ပိုပြီး နားလည်မှု ရှိရပါမယ်။ ကာမပိုင်ဘ၀ ရောက်ကြပြီဆိုတာနဲ့ “ငါပိုင်တာဘဲ ငါ့သဘောဘဲ” လို့ မဖြစ်သင့်ပါ။ သာယာမှုဆိုတာ ကျေနပ်မှုကင်း၊ ပျော်ရွှင်ခြင်းမပါ၊ တဖက်သတ်ချည်းသာဆိုရင် အကြင်လင်မယားရဲ့ ဓမ္မတာ မဟုတ်နိုင်တော့ပါ။

စုံအောင်ထည့်ရေးပါရစေ။ အတူနေတာမှာ “အကြမ်းဘရမ်း” ဆက်ဆံတာမျိုး ရှောင်ရပါမယ်။ အနေအထား Position ကို သင့်အောင် ရွေးတတ်ရမယ်။ (အိုရယ်လ်) နည်းသုံးရင် လေသွင်းမှုတ်တာမျိုး ဖြစ်မသွားစေရပါ။ Air embolism ဆိုတာ ရတတ်တယ်။ လေက သွေးကြောထဲ သွားပိတ်ပြီး၊ အသက်ကိုပါ အန္တရာယ်ပေးနိုင်လို့ပါ။

ဒီကျန်းမာရေးအကြောင်း ပြောတဲ့အခါ သူများဆီမှာတော့ နှစ်ယောက်သား စကားပြောကြပါ။ ဆွေးနွေးကြပါ။ (၀ပ်ရှော့ခ်) တက်ပါ စသဖြင့် အကြံပြုတာတွေ ရှိတယ်။ ကျွန်တော်တို့ ယဉ်ကျေးမှုမှာ သူတို့ပြောသမျှ လိုက်လုပ်လို့မရပါ။ မရတော့ “မကောင်းဘူး။ သိပ် အောက်တယ်” ဆိုချင်သူတွေက ဆိုမယ်။ အဲလိုမဟုတ်ပါ။ ခေတ်အမီဆုံး၊ ရှေ့ဆုံးရောက် တိုင်းပြည်တွေနဲ့ ပြောင်းပြန်သာရှိတဲ့ တိုင်းပြည်တွေမှာ ကိုယ်ဝန်ဆောင်စဉ် ဆက်ဆံမှုကြောင့် ဖြစ်စေတဲ့ အပေါင်း-အနုတ်တွေဆိုတာ သိပ်ကြီးထူးတာ မဟုတ်ပါ။

သူများတွေ လုပ်တာကို လိုက်မလုပ်နိုင်လို့ စိတ်အား မငယ်သင့်ပါ။ မလုပ်နဲ့ဆိုတာကို ခေတ်နောက်ပြန်ဆွဲလို့ မထင်သင့်ပါ။ သစ်တိုင်း၊ ဆန်းတိုင်း၊ သူများတိုင်းပြည်တွေကလူတွေ ပြောတိုင်း-လုပ်တိုင်း-ခိုင်းတိုင်း အဟုတ်ကြီး မထင်သင့်ကြပါ။ သူများတွေ မလုပ်နိုင်တာတွေလည်း ကိုယ့်ဆီမှာ ရှိပါတယ်။ ရောဂါ အဆန်းတွေကို လက်ရပ်ခေါ်နေတဲ့ အကျင့်စရိုက် အဆန်းအပြားတွေဟာ ကိုယ့်ဆီမှာ ရှားတယ်။ မိသားစုရဲ့ နွေးထွေးမှုမျိုး၊ လူကြီးသူမ၊ အာစရိယတွေရဲ့ ထိန်းကွပ်မှုမျိုး ဆိုတာက ကိုယ့်ယဉ်ကျေးမှုမှာသာ ရှိပါတယ်။

အင်္ဂလိပ်လို တွဲခေါ်လို့ ကောင်းတဲ့ စာလုံးနှစ်လုံးရှိတယ်။ Intercourse ဆိုတဲ့ အင်္ဂါချင်းဆက်ဆံမှုကို သတိထားခိုင်းပြီး၊ Intimacy ဆိုတဲ့ နှစ်ဦးနှစ်ဝ ရင်းနှီးကြွမ်းဝင်ကြဘို့ကိုတော့ ကိုယ်ဝန်ရှိစဉ် တလျောက်လုံး မဖြစ်အနေလုပ်ဘို့ အကြံပြုတယ်။

Dr. တင့်ဆွေ
၃၀-၄-၂၀၁၀

Read More...

Tuesday, April 27, 2010

ကိုယ်ဝန်က သားအိမ်ထဲမှာ မဟုတ်ဘဲ၊ တခြားနေရာတည်တာ ဘာ့ကြောင့်လဲ။ What Causes Ectopic Pregnancy?

ထူးဆန်းသည့် ကိုယ်ဝန် Ectopic Pregnancy ဘာကြောင့် အဲလို ဖြစ်ရတာပါလဲဆရာ.. သိချင်ပါတယ်..

သိချင်လို့ မေးတာကို မသိတာနဲ့ စရတော့မှာဘဲ။ အများဆုံးကတော့ ဘာ့ကြောင့်မှန်း မသိပါ။ Risk factors ဖြစ်စေနိုင်တဲ့ အခြေအနေတွေက အမျိုးရှိတယ်။ သားအိမ်ပြွန်မှာ ပြဿနာရှိသူ၊ ဆေးဝါးရဲ့ မကောင်းကျိုးဆက်များနဲ့ ဆေးလိပ် စွဲသူတွေမှာ ဖြစ်ကြပါတယ်။ ဒါမျိုးကို တခုကမှ ဆရာဝန်တွေ ရှာမရသူကလည်း သုံးပုံတပုံကနေ တ၀က်အထိ ရှိတယ်။

Ectopic Pregnancy အများဆုံးဖြစ်တဲ့ သားအိမ်ပြွန်ဆိုတာ သားအိမ်ရဲ့ထိပ်မှာ ချိုနှစ်ချောင်းလို ဘေးကားထွက်နေတာ။ တရိစ္ဆာန်ချိုလို သူများ သွားခွေ့ဘို့ မဟုတ်ဘူး။ အလုပ်ကြတော့ လက်နှစ်ချောင်းနဲ့ ပိုတူတယ်။ မျိုးဥအိမ်ကနေ တလတခါ ထွက်နေကျ မျိုးဥကို ကောက်ယူ၊ စုပ်ယူ၊ ဆွဲယူ လုပ်ပေးတယ်။ သု့အထဲမှာ ပေါင်းစပ်စရာလဲ နေရာပေးတယ်။ ဒါပေမဲ့ တလမှာ တခါသာ တာဝန်ကျတယ်။ ဒါတောင် အလုပ် အတော်ချောင်တဲ့သူတွေ၊ တဖက်က လုပ်ရင် နောက်တဖက်က လုပ်စရာမလို သန်းရှာနေယုံဘဲ။

ကလေးမရနိုင်တာကိုလဲ ထည့်ပြောတယ်။ အမှန်က ကလေးမရတာက အကြောင်းမဟုတ်ဘူး။ အကျိုးပါ။ စုံအောင် ထည့်ရေးရရင် ကလေးမရအောင် ပြွန်ကို ဖြတ်-ချည်ထားတာလဲ ပါတာပေါ့။ ကလေးမရအောင် ပြွန်ကို Tubal cautery မီးသုံး ပိတ်တဲ့နည်း လုပ်ပေးထားသူတွေရဲ့ ၇၀%၊ Tubal ligation ပြွန်ကို ချည်နှောင်နည်းဆိုရင် ၃၀% တို့က သားအိမ်ပြင်ပ ကိုယ်ဝန် ရစေနိုင်တယ်။ ဆိုချင်တာက Sterilization လုပ်ထားပြီး Ectopic Pregnancy ဖြစ်သူတွေရဲ့ ရာနှုန်းကိုသာ ပြောတာပါ။ နောက်ပြီး Tubal sterilization reversal or tubal ligation reversal ဆိုတဲ့ ကလေးမရအောင် ပြွန်ကို တနည်းနည်းနဲ့ လုပ်ထားပြီးခါမှ ကလေး ပြန်ရချင်သူကို ကြိုးစား ခွဲစိတ် ပြုပြင်နည်းကြောင့်လည်း ကိုယ်ဝန်က သားအိမ်ပြင်ပမှာ တည်နိုင်သေးတယ်။ သဘာဝမဟုတ်ရင် ဘာမှမကောင်းပါ။

သားသမီးဝေးအောင် သားအိမ်ထဲ IUCD (Copper T, Loop) ပစ္စည်း ထည့်တာလဲ အဆင်မသင့်ရင် သားအိမ်ပြင်ပ ကိုယ်ဝန်ရနိုင်တယ်။ အဆင်မသင့်တာသာ မကဘဲ၊ ဒါလုပ်ပေးရာမှာ ပိုးမသန့်ရင်လဲ PID ဖြစ်စေတတ်တယ်။

PID လို့ခေါ်တဲ့ တင်ပဆုံကွင်းထဲက အင်္ဂါတွေ ရောင်တာက လက်ညှိုးထိုး အခံရဆုံးဘဲ။ ဒီရောဂါထဲမှာ Gonorrhea နဲ့ Chlamydia ဆိုတဲ့ STD/STI လိင်ကနေ ကူးစက်ရောဂါတွေက အများဆုံးဘဲ။ ရောဂါ စဖြစ်တာက Vagina မွေးလမ်း ကြောင်းမှာပေမဲ့ အထက်တက်ပြီး၊ Uterus သားအိမ်၊ Tube သာအိမ်ပြွန်၊ Ovary မျိုးဥအိမ် စတာတွေဆီ ပြန့်နိုင်တယ်။ ရောဂါရရင် ပြွန်ထဲက လက်ချောင်းငယ်လေးတွေလိုရှိတဲ့ အလွှာက (ဆဲလ်)တွေ ပျက်စီးစေတယ်။ ဆေးကုလို့ ပိုးသေ၊ ရောဂါ ပျောက်ရင်တောင် အနာရွတ် ဖြစ်သွားလို့ မျက်နှာပြင် ပုံပြောင်းသွားပြီး၊ လမ်းကျဉ်းသွားစေတယ်။ ဒီတော့ မ-မျိုးဥနဲ့ ကျားသုတ်ပိုးတို့ ၀င်ကြ ထွက်ကြ လုပ်ရမှာကို တားဆီးတာမို့ ကိုယ်ဝန်က သားအိမ်အထဲ ၀င်မဆောင်နိုင်တော့ဘဲ၊ တခြား သွားတည်စေနိုင်တာပါ။

ကိန်းဂဏန်းရှိတဲ့ တိုင်းပြည်ကိုဘဲ ကိုးကား ပြောရရင်၊ အမေရိကားမှာ နှစ်တိုင်း အမျိုးသမီး တသန်းမှာ PID တွေ့နေရပြီး၊ တသိန်းမက ဒါ့ကြောင့် ကလေးမရ ဖြစ်နေကြရတယ်။ ထောင်နဲ့ချီပြီး အမျိုးသမီးတွေမှာ သားအိမ်ပြင်ပ သန္ဓေတည်ကြတယ်။ ဗိုက်အောက်နားက နာတာ၊ ရာသီရက် မမှန်တာ၊ အဖြူ-အ၀ါဆင်းတာ၊ ဆီးအောင့်တာ၊ အိမ်ထောင်နဲ့ အတူနေရင် နာကျင်တာစတဲ့ လက္ခဏာတွေက PID ရှိတာကို ပြတယ်။ ဒါပေမဲ့ ဘာ လက္ခဏာမှ မပြဘဲလဲ၊ PID ရှိနေတတ်တယ်။ အပျိုရွယ်ကတည်းက PID ရှိနေတာကို အိမ်ထောင်ကျမှ၊ ကိုယ်ဝန်ရမှ သိကြရတာလဲ မနည်းဘူး။ ဆက်ဆံဘက် များသူတွေမှာ ဒုက္ခ မလှမပ တွေ့ရလိမ့်မယ်။ အကာကွယ်မဲ့ ဆက်ဆံသူတွေလဲ ပါတယ်။ ဒါ့ကြောင့် (ကွန်ဒွန်) သုံးသင့်ကြတယ်။

Clomiphene citrate နဲ့ Pergonal ဆိုတဲ့ ကိုယ်ဝန်ရှိအောင်လုပ်ပေးစေမဲ့ Fertility drugs ဆေးတွေ၊ Progesterone-like hormones ပါတဲ့ Contraceptive ပဋိသန္ဓေတားဆေး၊ Diethylstilbestrol (DES) ဆိုတဲ့ မ-ဟော်မုန်း စတီရွိုက်ဆေး ကြောင့်လဲ ပြောကြသေးတယ်။

Endometriosis ဆိုတဲ့ သားအိမ်က တစ်ရှူးတွေ အပြင်ထွက်ပြီး ပေါက်ပွါးတဲ့ရောဂါကြောင့်လဲ ပြွန်ကို ကျဉ်းစေတယ်။ ဆေးလိပ်သောက်သူတွေမှာ ၅ ဆပိုတယ်။ Nicotine က ပြွန်ကို ဆွပေးလို့ပါ။ အသက် ကြီးလာသူတွေမှာ ငယ်သူတွေထက် ပိုဖြစ်နိုင်တယ်။ အိုပြီဆိုရင် ဘာမှ မကောင်းပါလား။

ရောဂါမှန်သမျှ ဖြစ်ရတာမှာ ကံ၊ စိတ်၊ ဥတု၊ အာဟာရ၊ ဆိုတဲ့ အကြောင်းတရား လေးပါးရှိတယ်။ ဘာမှ ရှာမရရင် ကံတရား ကြောင့်ဆိုတာ အမှန်ပါ။ ဒါ့ကြောင့် ဆေးလိပ်မသောက်နဲ့၊ တလင်တမယားသာနေ၊ (ကွန်ဒွန်) ကို အမြဲသုံး၊ ခွဲတာစိတ်တာ မခံရစေနဲ့။ ကံကောင်းအောင် သောက်ရေကန်၊ သုံးရေကန် တူး-ဆည်-သန့်ပေး၊ မွေးနေ့တိုင်း ဆွမ်းကြွေး၊ အနန္တော အနန္တငါးကို မပြတ် ဆီးကပ် ကိုးကွယ်ပါလေ။ မအိုစေနဲ့။

Dr. တင့်ဆွေ
၂၇-၄-၂၀၁၀

Read More...

Sunday, April 25, 2010

ထူးဆန်းသည့် ကိုယ်ဝန် Ectopic Pregnancy

နက်ဖြန် အလှူနေ့ပါ။ သားတွေကိုသင်္ကန်းဆီး၊ သမီးကို နားသ၊ လာသမျှကို အ၀ကြွေးပြီး၊ အလှူမင်္ဂလာပွဲကြီး ဝှဲချီး လုပ်မှာပါ။ “အလှူ” ဆိုတာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေအဖို့ တသက်တာမှာ တခါတော့ လုပ်ဖြစ်အောင် လုပ်ကြရတယ်။ အရပ်ကူ၊ လူဝိုင်း၊ ဆွေမျိုးတိုင်း လာကြ။ မိတ်ဆွေ ရင်းခြာတွေလည်း နီးသော၊ ဝေးသောမဟူ အလှူလာကြတယ်။ “မနက်ဖြန်အလှူရက် စည်ချက်မကျန်ဘူး” ပြောရမှာပေါ့။

အလှူ့တကာက ဆရာဝန်။ နယ်မြို့တွေမှာ ဆရာဝန်တိုင်း၊ ၈ နာရီတဆိုင်း မရှိပါ။ နေ့တိုင်း၊ နာရီတိုင်း ဂျူတီကျတွေ ဖြစ်ပါတယ်။ ကျွန်တော် မြို့နယ်ဆရာဝန်ဖြစ်တာ ကံကောင်းတယ်။ မွေးရပ်မှာ တာဝန်ကျတဲ့ပြင်၊ လက်ထောက်ဆရာဝန်က ညီတော်တယ်။ သူက အလုပ်ကြိုးစားပြီး၊ ၀ါသနာမှာ ကျွန်တော်နဲ့ လာတူတာတွေ ရှိတယ်။ ခွဲချင်စိတ်ချင် ဒါးဆရာဝန်တွေ။ ပုံမှန်ဆိုရင် သူတလှည့် ကိုယ်တလှည့် ညဂျူတီယူကြတာ၊ အလှူကာလ တလျှောက်လုံး သူကချည်း တာဝန်ယူပေးပါတယ်။

အလှူဖိတ်နေ့ညမှာ အရေးပေါ်ပါလေရော။ ဆေးရုံက ၀န်ထမ်းတယောက် ယူလာတဲ့ (ဒစ်ရှ်ပက်) စာအုပ်မှာ “မွေးလူနာ လာတယ်။ အသက်ကြီးပြီး၊ မမွေးနိုင်ဘူး” တဲ့။ ဗိုက်ခွဲမွေးရမဲ့ လူနာမှန်း တန်းသိလိုက်ပါပြီ။ လက်ထောက်ဆရာဝန်က ဒီလောက်တော့ ထမင်းစား-ရေသောက်။ သူ့ကို “(LSCS) လုပ်ရန်” လို့ မှတ်ချက် ပြန်ပေးလိုက်ပါတယ်။ “လိုရင် ခေါ်ပါ” ပေါ့။

မကြာပါဘူး လိုပါလေရော၊ ခေါ်ပါလေရော။ နောက်တခါ (ဒစ်ရှ်ပက်) စာအုပ်ယူလာသူကို ညီတော်မောင်ဆရာသမားက စကားလဲ ပါးလိုက်တယ်။ “ဗိုက်ထဲမှာ ထူးထူးဆန်းဆန်း တွေ့တယ်။ လာမှရမယ်” တဲ့။ နက်ဖြန် အလှူရှိတာရော လူနာ အခြေအနေရော သူ့ထက်သိတာ ရှိမှာ မဟုတ်ပါ။ သန်းခေါင်ကျော်နေတာလဲ သူ့နာရီနဲ့ ကိုယ့်နာရီ အတူတူပါ။ ဒါပေမဲ့ အလှူလဲ ကုသိုလ်၊ ဆေးကုတာလဲ ကုသိုလ်၊ နှစ်ထပ်ကွမ်းကုသိုလ် ယူရမှာပေါ့။ “အလှူ့အမရေ အိပ်နှင့်ပေတော့”။

ခွဲခန်းထဲ တန်းဝင်တာနဲ့ လူနာကို ခါးထုံဆေး ထိုးပြီးသား၊ ဗိုက်ကိုလဲ ဖွင့်ထားပြီးသား၊ ဗိုက်ထဲက ကလေးကိုလဲ မြင်နေရပါပြီ။ ဒါပေမဲ့ လားလာ့း “ကလေးတခြား သားအိမ်တခြား”။

လူနာကို မှတ်မိပြီ။ အသက်က ၄၅ လောက်၊ ကိုယ်ဝန်မဆောင်တာ ကြာပြီးမှ ရှိလာပြန်လို့ ကိုယ်ဝန်လာပြထားသူ၊ တောင်ဘက် ကျောက်တောင်ရွာက။ တောနယ်တွေမှာ တရွာနဲ့တရွာ ဝေးကြတာ မဟုတ်ပါ။ အမျိုးစပ်ရင်လဲ နီးကြတယ်။ ဟိုဘက်ကတော်၊ ဒီဘက်ကတော်။ အမျိုးရဲ့ ဟိုဘက်ကအမျိုး စသဖြင့် ဆွေမျိုးချည်းဘဲ ထင်ရတယ်။ ကြုံလို့ ရေးရဦးမယ်။ ကျွန်တော့်ထက် ကျွန်တော့် အမျိုးတွေကို ကျွန်တော့်ဇနီးက ပိုသိ၊ ပိုရင်း၊ ပိုချစ်တယ်။ လုပ်ရတာက ဆရာဝန်မို့ လာသမျှ အမျိုးဘဲဆိုပြီး စိတ်ထဲ ထားလိုက်တာကြောင့်လဲ နည်းနည်းပါမယ်။ ရောချလိုက်တာဆိုလဲ ဟုတ်တယ်ပေါ့ဗျာ။

လူနာဟာ “သားအိမ်ပြင်ပ သန္ဓေတည်ခြင်း” Ectopic pregnancy ဆိုတာဖြစ်တာပါ။ သားအိမ်ပြင်ပ သန္ဓေတည်တယ် ဆိုတာ ဘယ်သားဖွါးမီးယပ်စာအုပ် လှန်ကြည့်ကြည့် အများဆုံး တည်တတ်တဲ့ နေရာတွေကို ဖေါ်ပြရင် သားအိမ်ပြွန် တနေရာရာမှာ ဖြစ်တာ ၉၅-၉၉%။ နောက်ပြီး သားအိမ်နံရံ တနေရာရာနဲ့ မျိုးဥအိမ်ဆိုတဲ့ နီးနီးနာနား နေရာများမှာသာ ဖြစ်တတ်တယ်။ မျိုးပွါးလမ်းကြောင်းနဲ့ ဘာမှမဆိုင်တဲ့ တခြားနေရာဆိုတာ ရှာမှရှား သွားဖြစ်တယ်။ ၀မ်းဗိုက်ခေါင်းထဲမှာ တည်တာ ပြောတာပါ။ အခုလူနာက အရှားဆုံးဟာ လာဖြစ်နေပါတယ်။

အများဆုံးဖြစ်တဲ့ သားအိမ်ပြွန်ဆိုတာ အတွင်းခေါင်းအကျယ်က အကြောဆေး သွင်းပေးရတဲ့ပိုက်ထက် ကျဉ်းတယ်။ စဉ်းစားကြည့်ပေါ့။ အဲဒီထဲမှာ သန္ဓေသားငယ် ဘယ်အရွယ်အထိ ကြီးလို့ ရနိုင်မလဲ။ ကိုယ်ဝန် ၂ လလောက်ဆို “မဆန့်မပြဲ” မဟုတ်၊ “မဆန့်ကွဲ” ဖြစ်လာတာ သေချာပေါက်ပါ။ ကွဲထွက်ရင် အရေးပေါ် ခွဲပေတော့။ ကိုယ်ဝန်ရှိခါစ၊ ဗိုက်အောက်နားက တအား နာတယ်ဆိုရင် ဒါဖြစ်နိုင်တယ်။ (အာလ်ထွာဆောင်း) မရှိရင် မွေးလမ်းကြောင်းထဲ လက်ထည့်စမ်းရတယ်။ သားအိမ်အ၀ နောက်(အောက်)နေရာ POD မှာ ဖေါင်းနေမယ်။ အပ်နဲ့စုပ်ရင် ပြွန်တည်ကိုယ်ဝန် ပေါက်လို့ ထွက်လာတဲ့ သွေး ရှိနေတာသိရမယ်။ လူနာခံနိုင်အောင်လုပ်ပြီး၊ ချက်ချင်းခွဲပေတော့။ ဒီကိုယ်ဝန်လူနာကတော့ ၉ လမက၊ နေ့စေ့ လစေ့မက၊ ရက်တောင် ကျော်နေပါပြီ။ ဗိုက်သိပ်မနာ သရိုးသရည်သာဖြစ်လို့ စမ်းတော့ သားအိမ်ကမပွင့်။ မကွဲဘဲနဲ့ ခွဲရတာပါ။

ကိုယ်ဝန်ဆိုတာ “ကလေး” နဲ့ “အချင်း” နှစ်မျိုးဖြစ်လာတာပါ။ Fetus ကလေးက Amniotic sac အရည်အပြည့်ရှိတဲ့ အိပ်ထဲမှာ ရှိနေရပြီး၊ Placenta အချင်းက သားအိမ်အတွင်းနံရံကို တွယ်ကပ်နေရတယ်။ မအေကို မှီခိုနိုင်ဘို့ပါ။ ကလေးဆိုတာ ဗိုက်ထဲကတည်းက အတော် လူလည်ကြတဲ့ကောင်။ မအေဆီက လိုချင်တာယူပြီး၊ မလိုတာစွန့်တတ်တယ်။ အချင်းကနေလုပ်ပေးတာပါ။

အခုလူနာမှာ ကလေးနဲ့ အရည်ပါတဲ့အိပ်က မိခင်ရဲ့ အူတွေကြားမှာ ထူးထူးခြားခြား ရှိနေတယ်။ အချင်းကလဲ အနားရှိသမျှ အူတွေရဲ့ အပြင်နံရံမှာ လာကပ်နေတယ်။ အဲဒီ အူနံရံတွေ ကတဆင့် လိုချင်တာ ယူပြီး၊ မလိုတာ စွန့်နေခဲ့တာ ဖြစ်တယ်။

ရေမြွှာအိပ်ကို ဖေါက်ပြီး၊ ကလေးမွေးထုတ်ရတာ ပိုလို့တောင် လွယ်သေးတယ်။ ခါတိုင်း ဗိုက်ခွဲမွေးသလို သားအိမ် အောက်နားမှာ ကန့်လန့် ဒါးရာပေး၊ ခွဲမွေးစရာ မလိုပါ။ အကြာဆုံးနဲ့ သတိအထားရဆုံး အဆင့်ဖြစ်တဲ့ သားအိမ်နံရံကို သုံးထပ် ပြန်ချုပ်စရာလဲ မလိုတော့ပါ။ လူနာ့ သားအိမ်ဟာ “ကိုယ်ဝန်နဲ့သူနဲ့ ဘာမှမဆိုင်သလို” ဣနြေ္ဒရွှေပေးမရ၊ တွေ့ရပါတယ်။

သိပ်ခက်တာ လာပါပြီ။ အချင်းကို အူကနေ ဘယ်လို ခွါထုတ်မလဲ။ အူထဲမှာ အစာတွေရှိတယ်။ အူအောက်ပိုင်းရောက်လေ အစာက ဟောင်းလေ။ ဟောင်းလေ မကောင်းတာ များလေ။ ဗိုက်ထဲမှာ အူထဲကဟာ တစက်ကလေးမှ ထွက်မလာ မသင့်ပါ။ အူပေါက်လို့ကတော့ အစာအိမ်ပေါက်သလို၊ အပေါက်ကို ဖါပြီး၊ ဗိုက်ကို အတိုင်းတိုင်း ပြန်ပိတ် မရပါ။ အထက်က အူအစကို ဗိုက်အပြင်နံရံမှာ ပါးစပ်လို့ ဖွင့်ထားပြီး ၀မ်းသွားစေရတယ်။ အောက်က အူဆက်တာ-ဖါတာ ကျက်ပါမှ၊ စိတ်ချရပါမှ၊ ပြန်ဖွင့်၊ ပြန်ပိတ် လုပ်ရတယ်။ အူထဲက ပိုးမွှားတွေ သေအာင် ဆေးကလဲ ရွေးတတ်မှ။

ဒီတော့ ဒီလူနာရဲ့အချင်းကို အူ မထိခိုက်အောင်လုပ်ပြီး ခွါထုတ်ဘို့ အရေးသည် ဆရာဝန် ညီအကိုမှာ မဟာ တာဝန်ကြီး ဖြစ်လာပါတော့တယ်။ ခွဲစိတ်ဆရာဝန်များ ရှိအပ်တဲ့ Lion’s heart, Eagle’s eyes, Lady’s hand အရည်အချင်း သုံးပါး အနက် “(လေဒီ)ရဲ့ လက်” လိုလာပြီပေါ့ ခင်ဗျာ။

သတိကြီးခြင်းနဲ့ စိတ်ရှည်ခြင်း ဆိုတာတွေက ဘာသာရေးနဲ့ နိုင်ငံရေးမှာသာမက ခွဲစိတ်တာမှာပါ လိုတယ်။ ကပ်ကြေးနဲ့ ဒါးမပါ၊ တုံးတဲ့ ကရိယာတွေနဲ့သာ ဖြေးဖြေး ညင်သာ၊ အူတခွေချင်း တခွေချင်း ခွါချရပါတယ်။ အကူဆရာမတွေကတော့ ရေနွေးဝတ် နိုင်နိုင် လုပ်ပေးရတယ်။ အူနံရံက စိမ့်ထွက်လာသမျှ သွေးကို ရေနွေးဝတ်နဲ့ ဖိကပ်ပေးတာ အတော် အလုပ်ဖြစ်တယ်။ အိန္ဒိယမှာ မတူတာက ခွဲစိတ်ရာမှာ ရေနွေးမပါဘူး။ သူတို့ခွဲခမ်း-မွေးခမ်းမှာ သွားခွဲပေးရရင် အတော် ကသိကအောင့် နိုင်လှတယ်။

အူကနေ ထွက်တဲ့သွေးကို ရေနွေးနဲ့ မနိုင်ရင် သွေးကြောညှပ် သေးသေးနဲ့ အပ်ခြည်ကိုသုံး ပိတ်ပေးရတယ်။ အူဆိုတာက အထပ် သုံးထပ်ရှိတာ။ အတွင်းဆုံးလွှာကို မထိလို့ကတော့ ပြဿနာမကြီးပါ။ အူ-အစာအိမ်ကို ဘယ်လိုချုပ်ရမယ် ဆိုတာ တောမှာ ကျတဲ့ ဆရာဝန်တိုင်း တတ်ကြွမ်းကြတယ်။ Catgut 3-0 “ကြောင်အူ ချုပ်ကြိုး၊ သရီးဇီးရိုး” ဘယ်နှစ်ကြိုး ကုန်လဲ မသိပါ။

အချင်းတခုလုံး ကွာကျမှ လက်ထောက်ဆရာဝန်က သီချင်းစဆိုပါတယ်။ ဗိုက်ကိုလည်း သူဘဲ ဆက်ပိတ်တယ်။ အတော် အားကိုးရတဲ့သူ။ ကျွန်တော်က အလှူရှိတယ် မဟုတ်ပါလား။

အဲဒီခေတ်က ဒစ်ဂျစ်တယ်ကင်မရာ မပေါ်သေးလို့ (ဘလောခ်)မှာတင်ဘို့ ပုံရိုက်မထားနိုင်လိုက်ပါ။ သုတေသနဆိုတာလဲ အားမပေးပါ။ စာတမ်းဖတ်စရာနေရာလဲ ကျဉ်းလွန်းလှပါတယ်။ မရှိ ရှိတာလေးနဲ့ မဖြစ်ဖြစ်အောင် လုပ်ပေးကြရတာကို သွားပြမိရင်လဲ ချို့တဲ့တာ၊ ဆင်းရဲတာကို လူမြင်ခံအောင် လုပ်ခွင့်မရှိပါ။ ဆရာဝန်ကိုလည်း (အက်သစ်) မကျ၊ မလုပ်ရလို့ ပြောခံရမှာ သေခြာတာမို့၊ ဒီစာကို ဖတ်ရင် (ဖစ်ရှင်)လို့သာ မှတ်ပါခင်ဗျား။

မွေးပေးခဲ့တဲ့ကလေး မတ်တတ်ပြေးအရွယ်မှာ သူတို့အိမ်ကို တခေါက်ရောက်တယ်။ လက်ဖက်နဲ့ ထန်းလျက်အပြင် နှမ်းဆီဆမ်း အမဲခြောက်ဖုတ်နဲ့ ဧည့်သည်လုပ်ခဲ့ပါတယ်။

Dr. တင့်ဆွေ
၂၅-၄-၂၀၁၀

Read More...

Friday, March 26, 2010

ကလေး မီးဖွါးခြင်း Normal Labor

ပညာရပ်တွေကို စနစ်ကျအောင် အဆင့်တို့၊ အမျိုးအစားတို့၊ စသဖြင့် တိတိကျကျ သတ်မှတ်ရတာမို့ ကလေးမွေးဖွါးတာ ကိုလည်း ၃ ဆင့်ခွဲပါတယ်။

ပဌမအဆင့် ဆိုတာက မွေးချင်လို့ ဗိုက် စနာချိန်ကနေ သားအိမ်အဝ လုံးဝ ကျယ်လာတဲ့အထိကို ခေါ်တယ်။ မွေးချင်လို့ ဗိုက်နာတယ်ဆိုတာ နာလိုက် ရပ်လိုက်ဖြစ်တယ်၊ တိုးတိုး နာလာရမယ်၊ နာချိန် ကြာလာပြီး၊ နားချိန် တိုတိုလာရတယ်။ အနာလဲ ပိုပိုလာရပါမယ်။ တကယ် ဗိုက်နာတာကို လူနာ အော်သံကို နားထောင်ပြီး၊ ခန့်မှန်းတာ မမှန်ပါ။ တချို့က တကယ်မနာဘဲ အော်တာမျိုးလဲ ရှိတယ်။ ဗိုက်ပေါ် လက်တင်ထားပြီး စမ်းမှ သေခြာတယ်။ သားအိမ်ကြွက်သားတွေ ညှစ်လာရင် စမ်းနေတဲ့လက်က တင်းလာတာကို သိသာတယ်။

သားဦးဆိုရင် တကယ်မွေးချင်လို့ နာတာမဟုတ်ဘဲ နာတာမျိုးကို အမွေးသင်တယ်လို့ ခေါ်တယ်။ လူတွေဟာ အမျိုးသမီး ဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ် အနာခံနိုင်စွမ်း မတူကြဘူး။ သားဖွါးခန်း အတွေ့အကြုံအရ ကုလားသွေးစပ်သူများ အနာ မခံနိုင်ကြပါ၊ အသားဖြူသူတွေက သိပ်မအော်ကြဘဲ၊ အသားမဖြူ-မမဲသူတွေက အလယ်အလတ် လိုက်တယ်။ သုတေသနတော့ မဟုတ်ပါ။

ကလေးဖွါးဘို့ ရောက်လာသူ မှန်သမျှကို ရောဂါရာဇ၀င် မေးပြီးတာနဲ့ ဝမ်းခြူပေးရတယ်။ သန့်ရှင်းရေးအတွက်သာမက အမွေးလဲ လွယ်စေပါတယ်။ လူနာ လမ်းလျောက်နိုင်နေတုံး ဆီး အသွားခိုင်းပြီး၊ နောက်ပိုင်းကြရင် ဆီးခြူပေးရတယ်။ ဆီးအိမ်နဲ့ အစာဟောင်းအိမ်တွေ ပြားချပ်နေလေ ကလေးမွေးရ လွယ်လေမို့ပါ။

မွေးလမ်းကြောင်းကနေ သားအိမ်အ၀ အခြေအနေကို စောစောပိုင်းမှာ ၁ နာရီ ၁ ခါ၊ နီးလာရင် မကြာမကြာ စမ်းပါတယ်။ ပိတ်ထားတဲ့ ပါးစပ်လိုရှိနေခဲ့တဲ့ သားအိမ်အ၀က မွေးတော့မယ်ဆိုတာနဲ့ စိနေရာကနေ ဟလာတယ်။ ကျယ်ကျယ်လာမယ်။ အတိအကျ ပြောရရင် သားအိမ် နှုတ်ခမ်းဟာ မာရာကနေ ပြော့လာမယ်၊ ထူရာကနေ ပါးလာမယ်၊ ရှည်ရာကနေ တိုလာမယ်။ သားအိမ်အ၀က ကျယ်ကျယ်လာမယ်။

ပဌမဆင့်ဟာ သားဦးမှာ ၁၂-၁၆ နာရီ၊ နောက် ကလေးတွေဆိုရင် ၆-၈ နာရီ ကြာတတ်တယ်။ ဒါက စာအုပ်အလိုအရပါ။ တကယ်တမ်း ပြောရရင် ဒီထက် မြန်တာ၊ စောတာတွေ တွေ့ရပါတယ်။ တယောက်နဲ့ တယောက် အတော်ကို မတူကြပါ။ အစည်းအဝေးနားတုံး မွေးလူနာ ရှိလို့ ဆေးခန်း ၀င်ကြည့်ရင်း မွေးပေးရတာမျိုး ရှိသလို၊ ၃ ရက်လုံးလုံး မအိပ်မနေ မွေးပေးရတာမျိုးလဲ ကြုံရတယ်။

သားအိမ်အဝ အပြည့်ကျယ်ချိန်ကနေ ကလေးမွေးပြီးတဲ့အထိကို ဒုတိယအဆင့် ခေါ်ပါတယ်။ အပြည့်ဆိုတာ ၁၀ စင်တီမီတာ ရှိတာကို ပြောတာပါ။ ကလေး အခုကို မွေးတော့မယ်ဆိုတဲ့ လက္ခဏာပေါင်း ၇ ချက်ရှိတယ်။ သားအိမ်အ၀ လုံးဝပွင့်မယ်။ ရေမြွှာအိတ် ပေါက်မယ်။ အကျိအချွဲ နဲ့ သွေးရောပြီး ဆင်းမယ်။ (ရှိုး) လို့ခေါ်တယ်။ ကလေးခေါင်းက မိခင်ရဲ့ အစာဟောင်းအိမ်ကို ဖိတိုးလို့ မွေးလူနာဟာ ဝမ်းသွားချင်စိတ် ဖြစ်လာမယ်။ ဒါ့ကိုသိလို့ စောစောက ၀မ်းခြူပေးထားတာပါ။ အဲဒီအချိန် ရောက်ရင် တားထားလို့တောင် မရဘဲ ညှစ်ချင် လာလိမ့်မယ်။ ညှစ်ရင် ကလေးခေါင်း တိုးလာတာမို့ မွေးလမ်းအ၀ကို ကြည့်ရင် အပြင်ကိုစူလာတာ မြင်ရမယ်။ စအိုလည်း ၀ိုင်းလာမယ်။ ဒီ ၇ ချက် မပြည့်စုံသေးလို့ကတော့ မမွေးသေးပါ။

ကလေးဖွါးတာက ဖြစ်စဉ် ၂ မျိုးဟာ အချိန်ကိုက်၊ နိုင်ငံရေးစကားနဲ့ဆို “ဟန်ချက်ညီညီ” ဖြစ်တာမျိုး ပြောတာ။ သားအိမ် ကြွက်သားတွေ ညှစ်တာနဲ့ သားအိမ်အ၀က ကျယ်လာရတာ ဖြစ်တယ်။ ဒါ့ကြောင့် လက်သည်ကနေ ညှစ်အား ပိုအောင် ဗိုက်ကို တွန်းပေးတာလုပ်ရင် တကယ်လို့ သားအိမ်အ၀က မပွင့်ဘဲနေရင်၊ မအေရော၊ ကလေးပါ ဒုက္ခရောက်စေမယ်။ တရားခံကို “လက်သည်” လို့လဲ ခေါ်တယ် မဟုတ်ပါလား။

မွေးကာနီး ရေမြွှာ ပေါက်တယ် ဆိုပေမဲ့၊ ကလေးခေါင်းထွက်မှ တခါတည်း ပေါက်တတ်တာလည်း ရှိတယ်။ မသိမသာ အိမ်မှာတင် ပေါက်လာသူလဲ ရှိတယ်။ မွေးပေးမဲ့ ဆရာဝန်၊ ဆရာမ မျက်နှာကို စင်အောင် အရှိန်နဲ့ ပေါက်တာမျိုးလဲ ရှိတယ်။ ရေမြွှာရည်က ကြည်လင်နေတာ ကောင်းတယ်။ နောက်တာဟာ အနည်းနဲ့အများ ကလေး ဒုက္ခရောက်လို့ပါ။ အထဲမှာ ကလေး ၀မ်းသွားတာမျိုး ဖြစ်လို့ ရေမြွှာရည် နောက်ရတာ။ ရေသာသာ အရောင်ကနေ အ၀ါ၊ စိမ်းဝါ၊ အစိမ်း၊ အစိမ်းပုတ်အထိ ဖြစ်တာမျိုးက အဆိုး ပိုပိုလာတာကို ပြတယ်။

ကလေးဦးခေါင်းက မိခင်ရဲ့ မွေးလမ်း အပေါက်မှာ ထွက်ပြူလာတာကို သရဖူဆောင်းတယ်လို့ ခေါ်တယ်။ မွေးလမ်းအဝ တဝှိုက် ရေနွေးဝတ်ကပ်ပေးရင် သွေးပိုလျှောက်စေလို့ ကောင်းတယ်။ တချို့ သားဦးတောင်မှ လမ်းကြောင်း ချဲ့စရာမလိုဘဲ မွေးနိုင်စေတယ်။ လူနာ လမ်းမလျှောက်နိုင်တော့တာမို့ လိုအပ်လျင် ဆီးခြူပေးပါ။ သူ့ကို အားပေးပါ။ ရေ-အရည် အသောက်ခိုင်းပါ။ ဗိုက် မနာချိန်မှာ အသက်ကောင်းကောင်း ရှူဘို့ပြောပါ။ ညှစ်ရင် အသံမထွက်စေဘဲ ၀မ်းသွားသလို ညှစ်ဘို့ သင်ပေးပါ။ ကလေးမွေးကာနီး မိခင်လောင်းတွေကို ပေးသင့်တဲ့ အားဆေးဖျော်ရည်ကို ရေအေး ၁ လီတာထဲမှာ ပျားရည် ၁/၄ ခွက်၊ သံပုရာရည် ၁/၃ ခွက်၊ ဆား ဇွန်းတ၀က်၊ (ကယ်လ်စီယံ) နဲ့ (မဂ္ဂနီဆီယန်) ၁ ပြားစီထည့် ဖျော်ပါလေ။

ခေါင်းပြူလာရင် သားဖွါးဆရာမရဲ့ လက်တဖက်က ထွက်လာနေတဲ့ ကလေးခေါင်းထိပ်ကို အောက်ဖက်ဆီ ဖိပေးပြီး၊ နောက်တဖက်က မွေးလမ်းအဝ အောက်ပိုင်းနေရာကို ကလေးခေါင်းကို နောက်-အထက်ဆီ ခေါင်းစွပ် ချွတ်ပေးသလို တွန်းတင်ပေးပါ။ ကလေးခေါင်းဟာ မွေးလမ်းအဝကနေ ရေပြင်ညီ တန်းတန်း ထွက်လာတာ မဟုတ်ပါ။ အောက်ဆီကို ဦးတည်ပြီး မွေးလာတာပါ။ ဒါ့ကြောင့် မွေးလမ်းကြောင်းက ထွက်ထွက်ချင်း ကလေးခေါင်းဟာ အပေါ်ကို ကော့တက် လာပါမယ်။

ချက်ချင်း ကလေးရဲ့ နှာခေါင်းနဲ့ ပါးစပ်တို့ကို သန့်ရှင်းပေးပါ။ ချက်ကြိုးက လည်ပင်းမှာ ပတ်နေ-မနေ စစ်ပါ။ ၄ ယောက် ၁ ယောက် လောက်မှာ ပါတ်နေတတ်တယ်။ ဖြည်ပေးပါ။ ကလေးမျက်နှာက တဖက်ဖက်ကို လည်လာလို့ မိခင်ရဲ့ ပေါင်တဖက်ကို မျက်နှာမူ လာမယ်။ ခေါင်းထွက်ပြီးရင် အထဲမှာ ရှိနေသးတဲ့ ကလေးပခုံးနှစ်ဖက်ဟာ အထက်-အောက် အနေအထားအဖြစ် ပြင်လာမယ်။ ရှေ့ပခုံးက စမွေးပါမယ်။ ဒီအချိန်မှာ အမြန်သွားလုပ်ရင် စုတ်ပြဲတတ်တယ်။ မိခင်က နောက်တကြိမ် ညှစ်တာနဲ့ ကလေးခေါင်းကို အောက်ဖက်ဆီကို နဲနဲဆွဲယူပေးပါ။ နောက်ပခုံး မွေးပေးဘို့ ကလေးကို အထက်ဆီ ပင့်တင်ပေးရမယ်။ “ခေါင်းတန် ကိုယ်ဆန့်” ကိုယ်ပိုင်းနဲ့ ခြေထောက်တွေ အလိုလို မွေးလာပါမယ်။

ကလေး ခေါင်းစ-ခြေဆုံး၊ ခြေစ-ခေါင်းဆုံး၊ ထွက်ပြီးပြီးချင်း၊ ချက်ကြိုးကို (စပန့်ခ်ျ-ဖေါ့ဆက်ပ်) ၂ ချောင်းနဲ့ ၁ လက္မခြာပြီး ညှပ်ပါ။ ကလေးဖက်မှာ ချက်ကြိုးကို ရှည်နိုင်သမျှ ရှည်ပါစေ။ (ဖေါ့ဆက်ပ်) ၂ ချောင်းအကြားမှာ ကပ်ကြေးနဲ့ ဖြတ်ပါ။ ကလေး ငိုလာမှ ချက်ကြိုးဖြတ်တာ ပိုကောင်းတယ်။ ပစ္စည်းမှန်သမျှ ပိုးသန့်ပြီးဖြစ်ပါစေ။ ကလေးခြေထောက် နှစ်ချောင်းကို ပူးပြီး လက်တဖက်တည်းနဲ့ ကလေးကို ဇောက်ထိုးမြှောက်ပြီး ကိုင်ပါ။

ကျန်းမာတဲ့ကလေး ခေါင်းထွက်တာနဲ့ ငိုပါတယ်။ မငိုရင် ငိုအောင်လုပ်ရတယ်။ ကလေးကျောကို ပုတ်ပေးတာပါ။ အရပ်ပြောနဲ့ ပြောရရင် ကလေးကို မငိုငိုအောင် ရိုက်တာလို့ ပြောမယ်။ အမှန်က အသက်ရှူအောင် အဆုပ်ရှိတဲ့နေရာကို ဆွပေးတာပါ။ အထင်မမှားပါနဲ့။

ကလေးကိုပြုစုမဲ့သူက ကလေးကို သန့်ရှင်းရေးလုပ်ပါ။ နှာခေါင်းနဲ့ပါစပ်ကို ပဌမလုပ်ပါ။ ချွဲစုပ်တာနဲ့ ချွဲစုပ်ထုတ်ပေးပါ။ အသားရောင် ပန်းရောင်ဖြစ်လာရင် စိတ်ချရပါပြီ။ အသက်မရှူရင် (စီပီအာရ်)လုပ်ပါ။ အသက်ရှူနေပြီး ပြာနေသေးရင် အောက်စီဂျင်ရှိရင် ပေးပါ။

ကလေး ထွက်ပြီးနောက် အချင်းကို ထုတ်ပေးတဲ့အဆင့်ကို တတိယအဆင့်ခေါ်တယ်။ သားဦးနဲ့ မွေးဖူးသူများအကြား အချိန်ကွာခြားခြင်း မရှိပါ။ ၅ မိနစ်ကနေ နာရီဝက် ကြာနိုင်တယ်။ ကြာလေလေ သွေးထွက် များလေလေ ဖြစ်တယ်။ အချင်းချပေးနေတုံး အကူတယောက်က လက်တဖက်နဲ့ မိခင်ရဲ့ ဆီးစပ်နေရာမှာ သားအိမ်ကို ထိန်းထားပေးထားပြီး ကျန်လက်တဖက်က သားအိမ်ထိပ်နေရာကို အောက်ဆီ ပွတ်ခြေပေးပါ။ မွေးပေးသူက ချက်ကြိုးကို အားမသုံးဘဲ ခပ်တင်းတင်းလေး ဆွဲထားပါ။ လိုအပ်ရင် လက်ထည့်ပြီး ဆွဲထုတ်ပေးရတတ်ပါတယ်။ မွေးပြီးနောက် သွေးဆင်းတာ သက်သာအောင် Ergometrine ထိုးပေးရင် ၆-၇ မိနစ် အတွင်း၊ Oxytocin 10 Units ထိုးရင် ၂့၅ မိနစ်အတွင်း သက်ရောက်ပါမယ်။

ကလေးချက်ကနေ ချက်ကြိုး မဖြတ်ခင် ချက်ကြိုးထဲက သွေးတွေကို ကလေးဆီ ရောက်အောင် ဆွဲသွင်းပြီးမှ ဖြတ်ပါ။ သွေး ၅ စီစီလောက် ပိုရတာကိုက ကလေးအတွက် မနည်းပါ။ ချက်ကို အရက်ပြန်၊ အိုင်အိုဒင်း ၁-၂% ထည့်ပေးပါ။ ခြောက်အောင် ထားရင် ချက်မြန်မြန် ကြွေတယ်။ ချက်မကြွေမချင်း ကလေးကို ရေပတ်တိုက်ပေးတာက အကောင်းဆုံး ဖြစ်ပါတယ်။

ကုတင်ပေါ်က ကလေးငိုသံ နားထောင်ရင်း ပီတိဖြစ်နေသူကို “ကလေးအမေ နေကောင်းတယ်နော်” လို့ မေးလိုက်ပါလေ။ ဆေးကျောင်း၊ ဆေးရုံတွေမှာ အပြိုင်ပြောလေ့ရှိတယ်။ လာတုံးကတော့ သူ့ဖါသာ လမ်းလျောက်လာတာ ဆေးရုံကလဲ ဆင်းရော ဂျိုင်းထောက်နဲ့ဆိုပြီး၊ ခွဲစိတ်ဆရာဝန်တွေကို ပြောင်ကြတယ်။ မရှူနိုင် မကယ်နိုင် ရောက်လာသူကို ဆေးတလုံး ထိုးပေးတာနဲ့ ကြော့ပြီး၊ ပြန်သွားတယ်လို့ သမားတော်တွေက ပြောတယ်။ လာတုံးကတော့ တယောက်ထဲ ပြန်တော့ နှစ်ယောက်လို့ ကြွားနိုင်တာကတော့ သားဖွါးခန်းက ဖြစ်ပါတယ်။

Dr. တင့်ဆွေ
၂၆-၃-၂၀၁၀

Read More...

Wednesday, March 24, 2010

Genital Warts လိင်အင်္ဂါကြွက်နို့

Human Papillomavirus က ဘယ်လို ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါသလဲ ခဗျာ။ ကျွန်တော့်ရဲ့ အဂါင်္မှာ ကြွက်နို့လေး တစ်ခု ထွက်လာပါတယ်။ ဆရာဝန်သွားပြတော့ အက်ဆစ်ပါပုံရတဲ့ လိမ်းဆေးပေးပါတယ်။ တနေ့ နှစ်ကြိမ် တို့ခိုင်းပါတယ်။ ကျွန်တော် စသုံးတော့ နဲနဲစပ်ပါတယ်။ ဆက်မသုံးရဲဘူးခဗျာ။ ကျွန်တော် သိချင်တာက ဒီဆေးနဲ့ လုံလောက်မလား။ ဆက်ရော သုံးသင့်ပါလား။

Human papillomavirus (HPV) သည် ဗိုင်းရပ်စ်တမျိုးဖြစ်သည်။ အမျိုးအစားပေါင် ၂၀၀ ခန့် တွေ့ထားရသော်လည်း တချို့ကသာ လူတို့ကို ရောဂါရစေသည်။ အချို့ဗိုင်းရပ်စ်များက ရှားရှားပါးပါး အမျိုးသမီး လိင်အင်္ဂါများတ၀ှိုက် နှင့် ယောက်ျားများ လိင်တံနှင့် စအိုတို့မှာ ကင်ဆာ ဖြစ်စေသည်။ အမျိုးအစား ၃၀-၄၀ တို့သည် လိင်ဆက်ဆံခြင်းဖြင့် ကူးစက်စေသည်။ လိင်အင်္ဂါနေရာ ကြွက်နို့ Warts (Verrucae) ဖြစ်စေသည့် ဗိုင်းရပ်စ်လည်း အပါအ၀င်ဖြစ်သည်။

လိင်အင်္ဂါမဟုတ်သော အရေပြားတွင် ဖြစ်သည့်ကြွက်နို့များမှာ HPV-1 နှင့် HPV-2 တို့ကြောင့်ဖြစ်သည်။ လိင်အင်္ဂါကြွက်နို့ သည် (STI/STD) ခေါ် လိင်မှတဆင့် ကူးစက်ရောဂါများတွင် အများဆုံးဖြစ်ပြီး၊ အမေရိကားတွင် လူပေါင်း သန်း ၂၀ သို့မဟုတ် လိင်ဆက်ဆံနိုင်သည့် အရွယ်ရှိသူပေါင်း၏ ၁% မှာ ရှိနေသည်။

သားအိပ်အ၀ကင်ဆာ ဖြစ်စေသည့် ပိုးနှင့် လိင်အင်္ဂါကြွက်နို့ ဖြစ်စေသည့်ပိုးတို့ မတူကြပါ။ အခြားနေရာများတွင် ကြွက်နို့ ဖြစ်စေသည့် ပိုးနှင့်လည်း မတူပါ။ အချို့မှာ ပိုးရှိနေသော်လည်း ကြွက်နို့ မပေါ်သေးချေ။

ပါးစပ်၊ အာခေါင်၊ လျှာတို့မှာလည်း ကြွက်နို့ ဖြစ်လာနိုင်သည်။ ကြွက်နို့ ပေါက်မနေသူထံမှလည်း ကူးလာနိုင်သည်။ လိင်ဆက်ဆံနည်း မျိုးစုံ (ရိုးရိုး နှင့် စအို၊ ပါးစပ်) လမ်းတို့မှလည်း ကူးနိုင်သည်။ ပိုးရှိသူနှင့် ဆက်ဆံပြီးနောက် အချိန်တို သို့မဟုတ် ကြာမှလည်း ကြွက်နို့ ဖြစ်လာတတ်သည်။ မိခင်မှာ ကြွက်နို့ရှိနေစဉ် မွေးလာမည့်ကလေးအား ကူစက်နိုင်မှုမှာ လွန်စွာ နည်းပါးလှပါသည်။

၃ ခါထိုးရသည့် ကာကွယ်ဆေးရှိသည်။ လိင်မဆက်ဆံမီအရွယ်မှာ ထိုးနိုင်တာကောင်းသည်။ အမျိုးသမီးများအတွက် (Cervarix and Gardasil) ခေါ် သားအိမ်ကင်ဆာ ကာကွယ်ဆေး ၂ မျိုးရှိရာ၊ (Gardasil) က ကြွက်နို့ကိုပါ ကာကွယ်သည်။ ယောက်ျားများအတွက် (Gardasil) သည် လိင်အင်္ဂါကြွက်နို့ကို ကာကွယ်သည်။

(ကွန်ဒွန်) သည် HIB အတွက်သာမက လိင်အင်္ဂါကြွက်နို့ နှင့် သားအိမ်အ၀ကင်ဆာတို့အတွက်ပါ ကာကွယ်ရာကျသည်။ သို့သော် ကြွက်နို့ပေါက်ရာနေရာကို (ကွန်ဒွန်) က ဖုံးမထားနိုင်ခြင်းကြောင့် ကြွက်နို့မှန်သမျှကိုမူ ကာကွယ်မှု မပေးနိုင်ပါ။ လိင်ဆက်သည့် အဖေါ်ကို သတ်သတ်မှတ်မှတ် ရှိသင့်သည်။ မိမိ၏ အဖေါ်၊ ဇနီး၊ ခင်ပွန်းအား သစ္စာရှိပါလေ။

လိင်အင်္ဂါကြွက်နို့ကို ဖြစ်စေသည့် ဗိုင်းရပ်ကို သတ်မည့်ဆေး မရှိပါ။ ကြွက်နို့ဖြစ်လာလျင် ကုသနည်း အမျိုးမျိုးတော့ရှိသည်။
အလွယ်ဝယ်ယူရရှိသော ဆေးဆိုင်ကောင်တာပေါ်ကဆေးကို အားမကိုးပါနှင့်။ မည်သည့်နည်းက အကောင်းဆုံးဟု မပြောနိုင်ပါ။ ပျောက်သွားမည်ဟုလည်း ရာနှုန်းပြည့် အာမမခံနိုင်ပါ။

ခွဲစိတ်ကုသမှု လုပ်နိုင်သည်။ ဆရာဝန်က သမားရိုးကျ ဒါးဖြင့် လှီးထုတ်မည်။ သို့မဟုတ် လျှပ်စစ်နည်းဖြင့်လည်းကောင်း၊ မီးရှို့နည်းဖြင့်လည်းကောင်း သုံးနိုင်သည်။ လေဆာဖြင့်လည်းကောင်း၊ အေးခဲစေနည်းလည်းကောင်း သုံးနိုင်သည်။

သိထားရမည်မှာ ကြွက်နို့ မျက်စိအောက်က ပျောက်စေကာမူ သူ့ကိုဖြစ်စေသည့် ဗိုင်းရပ်စ်ကို ရှင်းထုတ်မရပါ။ ထို့ကြောင့် ပြန်ပေါ်နိုင်သည်။ မကုဘဲထားလျင် သူ့အလိုလို ပျောက်သွားချင် သွားမည်။ ရှေ့မတိုး နောက်မဆုတ် ရှိနေမည်။ တိုးချင် တိုးလာမည်။ သို့သော် ကင်ဆာ ဖြစ်မသွားပါ။ ၉၀%လောက်တွင် ကိုယ်ခံအားမှ တိုက်ဖျက်ပေးနိုင်သည်။ ထို့ကြောင့် ဆေးမတုဘဲ ၂ နှစ်ဆိုလျင် ပျောက်သွားနိုင်သည်။

Dr. တင့်ဆွေ
၂၄-၃-၂၀၁၀

Read More...

Friday, March 19, 2010

ANC (Antenatal Care) ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း

ဆရာရှင့် ကိုယ်ဝန်ဆောင်မိခင်များ သိသင့်သော လိုက်နာရမည့်အချက်များကို ဖော်ပြပေးပါရှင့်။ ဖောလစ်အက်စစ် အပြင် ကိုယ်ဝန်ဆောင် အားဆေးများကို ကိုယ်ဝန်ဘယ်နှစ်ပတ်တွင် စသောက်လို့ရပါလဲ။ ကိုယ်ဝန် 10 ပတ်ခန့်တွင် scan ရိုက်လို့ရပါသလား။ ကိုယ်ဝန်ဆောင်နှင့် ပတ်သက်သော မြန်မာ website e-book များကိုလည်း ဖော်ပြပေးပါ။ ကျေးဇူးတင်ပါတယ်။ အမိမြေရဲ့အဝေးမှာ ရောက်နေလို့ ဆရာတို့ကိုပဲ အားကိုးပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ သိစေဘို့ ဘာသာပြန်ပြီး၊ တင်ပေးကြတာ အများကြီး ရှိနေပါပြီ။ http://yamuna-clinic-delhi.blogspot.com/ နဲ့ http://dts-medicaleducation.blogspot.com/ ထဲမှာလဲ စုံသလောက် ပါနေပါတယ်။ တိုက်ရိုက်လဲ မေးနိုင်ပါတယ်။ တခြားဆရာ-ဆရာမတွေ တင်ပေးတာတွေလဲ မနည်းပါ။ ကိုယ်ဝန်ဆောင်တွေအတွက် လုပ်ပေးရတာ အသက်နှစ်ချောင်း၊ ကုသိုယ် ၂ ဆရတယ် မဟုတ်လား။

ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ ကျန်းမာရေးအသိနဲ့ယှဉ်ပြီး လုပ်စရာတွေ အများကြီးရှိတယ်။ ကိုယ်ဝန်ကို အပ်ပါ။ သွားပြီး မွေးဖွါးမယ်လို့ ရည်ရွယ်တဲ့ ဆေးခန်း၊ မွေးခန်း၊ ဆေးရုံတွေမှာ အပ်တာက ပိုကောင်းတယ်။ ANC (Antenatal Care) ခေါ်တဲ့ ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်းမှာ ဘာတွေလုပ်ရမယ်ဆိုတာ တိတိကျကျ ရှိတယ်။ တချို့နေရာတွေမှာ အသေးစိတ် လုပ်ပါလိမ့်မယ်။ အသေး မစိတ်နိုင်ရင်လဲ အစိုးရိမ် မကြီးပါနဲ့။ တောနယ်တွေမှာ လက်သည်တောင်မပါဘဲ မွေးနိုင်ကြသေးတယ်။ တယောက်နဲ့ တယောက် အတော်တော့ မတူကြဘူး။

ANC ဆိုတာ မိခင်လောင်းရဲ့ ကိုယ်ကျန်းမာရေး၊ စိတ်ချမ်းသာရေးအပြင်၊ ကလေးအတွက်ပါ လိုတာတွေကို စစ်ဆေး၊ ဆောင်ရွက်ပေးတာပါ။ အရင်ဆုံး ကိုယ်ဝန်ရှိနေတာ သေခြာအောင်လုပ်တာနဲ့ စပါတယ်။ သန္ဓေစတည်ပြီး၊ ၂ ပါတ်ဆိုရင် ဆီးစစ်လို့ရပြီ။ တချို့နည်းတွေက ဒီထက်တောင် စောပြီး စမ်းလို့ရသေးတယ်။ စိတ်ဝင်စားဘို့ကောင်းတာက ဒီနည်းဟာ သန္ဓေသားရှိ-မရှိစမ်းတာ မဟုတ်ဘဲ၊ အချင်း ဖြစ်နေပြီ ဆိုတာကို စမ်းတာဖြစ်ပါတယ်။

နောက်ဆုံး ရာသီလာခဲ့တဲ့လက ပဌမဆုံး သွေးဆင်းတဲ့ရက်ကို မှတ်ပါ။ LMP ခေါ်တယ်။ ဒီရက်ထဲကို ၉ လ နဲ့ ၇ ရက် ထည့်ပေါင်းတာနဲ့ EDD မွေးမဲ့ရက်ကို တွက်ယူနိုင်တယ်။ ပျော်စရာ တမျိုးပေါ့။ Ultrasound လုပ်ရင်တော့ Report မှာ ကိုယ်ဝန်က Weeks ဘယ်လောက် နဲ့ Days ဘယ်လောက်ရှိပြီလို့ ရေးကြတယ်။ သွားရိုက်တဲ့ ရက်ထဲကနေ အဲဒါကို ပြန်နုတ်တော့ ကိုယ်ဝန်စရှိတဲ့ရက် LMP ကို ရတယ်။ Week ကို (၄ ပါတ် ၁ လ) လပြန် ဖွဲ့ပြီးမှ အပေါင်း-အနုတ် လုပ်ရတယ်။ အလုပ်သင် ဆရာမတွေအတွက်တော့ သင်္ချာပညာ စမ်းသလိုဘဲ။ သူတို့ခမြာ အတော် ခေါင်းရှုတ်ကြရှာတယ်။ ကိုယ့်မှတ်ရက်နဲ့ တွက်တာနဲ့ (အာလ်ထွာ-ဆောင်း) ရက်နဲ့ တွက်တာ မတူဖြစ်နေတတ်တယ်။ ကိစ္စမရှိဘူး။ ဘယ်လိုတွက်တွက် ရှေ့ ၂ ပါတ်၊ နောက် ၂ ပါတ် လွဲတတ်တယ်။ ကျွန်တော့် ဒုက္ခသည်ဆေးခန်းလေးမှာ ၁၂၁ ယောက် မွေးတဲ့အထဲက ရက်အတိအကျ မွေးသွားတာ ၃ ယောက်နဲ့ ၁ ရက်ထဲကပ်လွဲတာ ၄ ယောက်သာ ရှိတယ်။

ကိုယ်ဝန်အပ်ပြီး နောက်ဘယ်တော့ ပြန်လာနေရမလဲဆိုတာက မြန်မာပြည်မှာတော့ ကိုယ်ဝန် ၉ လကို ၃ ပိုင်းခြားပြီး၊ ပဌမ ၃ လမှာ ၁ လ ၁ ခါ၊ ဒုတိယ ၃ လမှာ ၂ ပါတ် ၁ ခါ၊ နောက်ဆုံး ၃ လမှာ ၁ ပါတ် ၁ ခါ ခေါ်လေ့ ရှိတယ်။ ထူးခြားရင်လဲ အချိန်မရွေး လာဘို့မှာတယ်။ ထူးတယ်ဆိုတာတွေက ကိုယ်ဝန်နုချိန်မှာ ဆီးအောင့်တတ်တယ်။ ပျက်ကျတတ်တယ်။ ကိုယ်ဝန်ဆောင်စ လက္ခဏာတွေ ဆိုးတာဖြစ်တတ်တယ်။ သွေဖိအား အထက်က ၁၀၀ မပြည့်ရင် ဗီတာမင်ပါတဲ့ Drip သွင်းတာ ကောင်းတယ်။ ကိုယ်ဝန်နောက်ပိုင်းမှာ စောမွေးတာ၊ ခါးနာတာ၊ တမျိုးမျိုး (အရည်၊ သွေး) ဆင်းတာ စသဖြင့် ဖြစ်တတ်တယ်။

ကိုယ်ဝန်ဆောင် အားဆေးတွေကို စောပြီးသောက်နိုင်လေ ကောင်းလေပါ။ ဒါပေမဲ့ ကိုယ်ဝန်ရင့်လာရင် ပိုလိုလာတယ်။ အမျိုးသမီးတိုင်း ယောက်ျားတွေထက် ပိုလိုတာက သိတဲ့အတိုင်း သံဓါတ်နဲ့ ဖေါလစ်အက်စစ် ဖြစ်တယ်။ လူတိုင်း သောက်ရင် ကောင်းတဲ့ ဗီတာမင် ဘီ အပြင်ပေါ့။ ထပ်လိုသေးတာက (ကယ်လ်စီယံ)။ ဆေးကုပ္မဏီတွေကလဲ ရောင်းကောင်းအောင် ဆေးအမျိုးမျိုးကို ကြော်ညာကောင်းကောင်းနဲ့ ထုတ်တယ်။ သံဓါတ်ဆေးကို မြန်မာပြည်မှာ (ယူနီဆက်ပ်) ကနေ အလကား ဝေတယ်။ တကမ္ဘာလုံး ဝေရတာမို့ ဈေးချိုချို ဖြစ်အောင် လုပ်ရတယ်။ ဗူးခွံရိုးရိုး၊ ဆေးကို သကြားအုပ် မထားတာမျိုး။ သံချေးနံ့တော့ ရတာပေါ့။ အမှန်က ကောင်းပါတယ်။ “ထောပတ်ကောင်း စလောင်းနှင့်တည်” ဆိုသလို အကောင်းကို ဘာနဲ့ ထည့်ထည့် ကောင်းတာဘဲပေါ့။ သံဓါတ်ကို ဆေးရည်လုပ်၊ ဗူးလှလှနဲ့ထည့် ရောင်းတော့ ဈေးကြီးသွားရော။

တခါတည်းပြီးအောင် သံဓါတ်ရော၊ ဗီတာမင်ပါ ရောထုတ်တာလဲ အကြံကောင်းပါတယ်။ ဗီတာမင် ဘီ နဲ့ စီ ရောလေ့ရှိတယ်။ အခုထုတ်သေးလား မသိဘူး။ BPI ကနေ Furamin BC ထုတ်တယ်။ Prenatal capsule ဆိုပြီးလဲ ထုတ်တယ်။ ဘယ်ဆေးမဆို ထုတ်လုပ်တဲ့ ဆေးကုပ္မဏီနာမည်ရှိတာကို ရွေးစေချင်တယ်။ အိမ်နီးချင်းနိုင်ငံတွေက လူလည်ကြီးများဟာ နာမည်ရှိပြီးသား ဆေးတွေကို ပုံမှားရိုက်နေကြတယ်။ ကိုယ့်တိုင်းပြည်က ညံ့နေသေးတော့ ခံနေကြရတာပေါ့ဗျာ။

သံဓါတ်က ၀မ်းချုပ်စေတတ်တယ်။ ဒါပေမဲ့ သောက်ရမှာပါ။ ၀မ်းချုပ်ရင် တခြားဝမ်းနုတ်ဆေးတွေထက် ၀မ်းပြော့ဆေးမျိုးက ပိုသင့်တယ်။ Milk/Cream of Magnesia ဆိုတာ ဇွန်းကြီး ၂ ဇွန်း၊ ညမအိပ်ခင် သောက်ရတယ်။ ရေ၊ အရည် များများ သောက်။ အသီးအရွက်၊ အသီးအနှံ များများစားပေးပါ။ မန်ကျီးမှည့်ဖျော်ရည်၊ သင်္ဘောသီးမှည့် မှီဝဲပါ။ မိခင်လောင်း တဦးချင်း မတူတာတွေလဲ ရှိတတ်သေးတယ်။ သူများထက် ဗီတာမင် ဘီ ၁၊ ၂၊ အေ နည်းနေတာ။ နောက် တခြားရောဂါ တခုခု ရှိနေတာ။ သွေးတိုး၊ နှလုံး၊ ဆီးချို၊ ပန်းနာ စသဖြင့်ပေါ့။ သံဓါတ်နည်းလွန်းနေရင်၊ ပါးစပ်က မသောက်ချင်ရင်၊ သံဓါတ် ထိုးဆေး ထိုးပါ။ နားလည်တဲ့သူက ထိုးပါစေ။ ဒီဆေးက အပ်မသေး-မတိုတာနဲ့ တင်ပါးမှာ ခပ်နက်နက်ထိုး၊ ဆေးသွင်းပြီး အပ်ပြန်နုတ်ရင် စောင်းနုတ်ရတယ်။ မခြေရဘူး။ ဆေးထိုးတဲ့နေရာ မဲသွားမှာစိုးလို့။

ဗိုက်လာအပ်ရင် လုပ်ပေးမှာလေးတွေ ပြောပါအုံးမယ်။ အထွေထွေ စစ်ဆေးခြင်းဆိုတဲ့ ကိုယ်အလေးချိန်၊ အရပ်၊ သွေးဖိအား တိုင်းတာတွေနဲ့ နှလုံး၊ အဆုပ် နားထောင်တာတွေ လုပ်ပါမယ်။ သိတဲ့အတိုင်း အရပ်ပုရင် ခက်တတ်တယ်။ သိပ်မစိုးရိမ်နဲ့ အရပ်မရှည်၊ အသက်ငယ်ငယ်နဲ့ လွယ်လွယ် မွေးတာတွေ ရှိတာဘဲ။ ကိုယ်ဝန်ရင့်လာလို့ Doppler နဲ့ စမ်းရင် မွေးလာမဲ့ သူ့ကလေး နှလုံးခုန်သံကို ကြားရလို့ မိခင်လောင်းမှာ ပီတိတွေဖြာနေတာ သိပ်သဘောကျဘို့ ကောင်းလှတယ်။

သေခြာပေါက် ဗိုက်စမ်းပေးမယ်။ ဆီးစပ်ရိုး အထက်မှာ စပြီး စမ်းလို့ရရင် ကိုယ်ဝန်က ၁၂ ပါတ်ရှိနေပြီ။ ချက်အောက်နားဆို ၂၀ ပါတ်၊ ချက်အထက်နားရှိနေရင် ၂၂ ပါတ်။ ရင်ခေါင်းဆိုက်တယ်လို့ခေါ်ကြတဲ့ အမြင့်ဆုံးဆိုတာ ၃၈ ပါတ်။ မွေးမှာက ၄၀ ပါတ်။ ကလေးခေါင်းက အောက်ဆင်းလာလို့ နိမ့်သွားတာပါ။ ၂၀ ပါတ်ဆိုရင် ကလေးလှုတ်တာ သိမယ်။ မကြာခင် အဲဒီ ပုဂ္ဂိုလ်လေးက မအေဗိုက်ကို ကန်အုံးမယ်။ ကိုယ့်ကလေးကြောင့် နာရတာကို ပြုံးနေတတ်တာ မိခင်မေတ္တာ။

သွေးစစ်တာမှာ A, B, AB, O သွေးအုပ်စု၊ Rh factor နဲ့ Hb ဖြစ်တယ်။ မိခင်က Rh-negative ဖြစ်နေရင် ကလေးနဲ့ သင့်-မသင့် စစ်ရပါမယ်။ သွေးအား နည်းနေ-မနေဆိုတာ Hb အနည်းအများနဲ့ သိစေတယ်။ VDRL for Syphilis ဆစ်ဖလစ်၊ Hepatitis B ဘီပိုး နဲ့ HIV ရှိ-မရှိတွေလဲ စမ်းရမယ်။ တချို့နိုင်ငံတွေမှာ German measles ကိုလည်း စစ်တယ်။

ဆီးစစ်တာက ၂ မျိုးပါ။ ကိုယ်ဝန်ဆောင်စမှာ ဆီးထဲ Albumin ပါနေတတ်တယ်။ ဆီးလမ်းပိုးဝင်ရင်လဲ ပါတယ်။ ဆေးသောက် ပျောက်တာပါ။ ဆီးချိုရှိ-မရှိ စမ်းရသေးတယ်။ ဆီးချိုရင် ကလေးထွားတတ်တယ်။

Ultrasound Scan ကို ကိုယ်ဝန်နုတုံး ၁ ခါနဲ့ ရင့်တော့ ၁ ခါ ရိုက်တာ ကောင်းတယ်။ အစားအများကြီး မစားဘဲ၊ ရေအများကြီး သောက်သွားပါ။ အောက်ပိုင်း အ၀တ်အစား ချွတ်လို့ လွယ်တာ ၀တ်သွားပါ။ ကိုယ်ဝန်ရှိတာကို ၅ ပါတ် ကတည်းက Scan မှာ သိနိုင်ပြီ။ ၇ ပါတ်မှာ နှလုံးအလုပ်လုပ်နေတာ သေခြာပြီ။ ၅ လ (၂၀ ပါတ်)ကျမှ ကလေးအင်္ဂါ ချို့ယွင်းမှု ရှိ-မရှိကို စစ်ဆေးတာ ကောင်းတယ်။ နောက် သိချင်တာက သားအိမ်ထဲ မဟုတ်ဘဲ သန္ဓေတည်နေတာလား။ ကိုယ်ဝန် ၆ ပါတ်ကတည်းက သိနိုင်တယ်။ အမွှာဆိုတာလဲ သိမယ်။ ရေမွှာရည် အနည်း-အများ၊ ဒေါင်လိုက်၊ ကန့်လန့်။

ကိုယ်ဝန် နောက်ပိုင်းမှ ရိုက်ရင် အရေးကြီးတဲ့အချက် ၂ ခုသိမယ်။ အချင်းနေရာနဲ့ ကလေးက ခြေကဖွါး ဖြစ်-မဖြစ် သိဘို့ ဖြစ်တယ်။ ၉၀% ကျော် ကိုယ်ဝန်တွေက ကလေးဟာ ခေါင်းက အောက်မှာ။ မဟုတ်ရင် တင်ပါးဆုံပြုနေတတ်တယ်။ စောစော ရိုက်တုံးက တင်ပါးဆုံဖြစ်နေပေမဲ့ ကလေးဟာ သူ့ဖါသာသူ လှည့်သွားတတ်တယ်။ ဒါ့ကြောင့် Scan ကို စောစောရိုက်ထားရင် နောက် ထပ်ရိုက်တာ ကောင်းတယ်။ တင်ပါးဆုံပြုဆိုရင် လှည့်ပေးဘို့ လိုချင်လိုမယ်၊ မွေးရင်လဲ ပိုပြီး ဂရူစိုက်ရမယ်။ နောက်တချက်က အချင်းဟာ ပုံမှန်ဆိုရင် သားအိမ်အ၀နဲ့ ဝေးရတယ်။ နီးတာနဲ့ ဖုံးနေတာဆိုရင် သေခြာပေါက် ဗိုက်ခွဲ မွေးရမယ်။ Scan ရဲ့ကျေးဇူးဘဲ။

ကိုယ်ဝန်ဆောင်တုံး ATT မေးခိုင်ကာကွယ်ဆေး ၂ ခါကို တခါနဲ့တခါ ၁ လခြာပြီး ထိုးပါ။ ကိုယ်ဝန်ဆောင်နေတုံး မသောက်သင့်တဲ့ ဆေးတွေလဲရှိတယ်။

အောက်မှာ ရေးတာတွေက ဆေးခန်းအကူ ဆရာမတွေကို သင်ပေးရတာတွေပါ။ နားနားနေနေ ဖတ်ကြည့်ပေါ့။ အထဲက ရင်သွေးကလေးလဲ နားထောင်နေလိမ့်မယ်။ နားနီးတော့ သူကြီးလာရင် ဆရာဝန်ဖြစ်ချင်ဖြစ်လာမှာပေါ့။

Dr. တင့်ဆွေ
၁၉-၃-၂၀၁၀

ကိုယ်ဝန်ဆောင်စ လက္ခဏာများ Morning sickness
ကိုယ်ဝန်ဆောင် ၇ဝ-၈၅% ဖြစ်တတ်။ ပျို့-အန်ခြင်း၊ ရင်သားနာခြင်း၊ အစာအိမ်ပြဿနာပေးခြင်း၊ အားယုတ်ခြင်း၊ မကြာခဏ ဆီးသွားခြင်း၊ မောပမ်းခြင်း၊ သွေးအနည်းငယ် ဆင်းခြင်း၊ ယခင်ကထက် အားအင်ပြည့်၊ အလေးချိန် တိုးလာမည်။ အနေအထိုင် ခက်ခဲလာမည်။ အရေပြားပြောင်းလဲမှုများရှိမည်၊ သွင်ပြင်လက္ခဏာများ နှင့် စိတ်ပိုင်းဆိုင်ရာလည်း ပြောင်းလာသည်။

Hyperemesis Gravidarum ကိုယ်ဝန်ဆောင်စဉ် အလွန်အကြွံ အန်ခြင်း။ ဆိုးရွားသည်။ ကြာလျင် ကိုယ်အလေးချိန်လျှော့၊ အာဟာရနည်း၊ ဓါတ်ဆား အချိုးအဆ ပြောင်းလဲခြင်းတို့ ဖြစ်လာနိုင်သည်။ ကိုယ်ဝန် ၈-၁၂ ပတ်မှာ အဖြစ်များသည်။ အနားယူပါ။ အစာကို နည်းနည်းနှင့် အကြိမ်ခွဲစားပါ။ ပရိုတင်းများများ စားသင့်ပြီး၊ အဆီနှင့်အစပ် လျှော့သင့်သည်။ DNS/NS/RL သွင်းပေးဘို့ လိုနိုင်သည်။ ORS သောက်ပါ။ ဂလူးကို့စ်၊ ဗီတာမင် B 1, B 6, မဂ္ဂနီဆီယမ် ပေးရမည်။
အအန်သက်သာရန် Doxylamine 10 mg နှင့် Vitamin B6 10 mg ရောပေးသင့်သည်။ Promethazine 12.5-25 mg ကို ၄ နာရီခြား၊ Prochlorperazine 25 mg ကို စအိုမှ ၁၂ နာရီခြားပေးနိုင်သည်။ Meclizine, Dimenhydrinate, Metoclo-pramide တို့ကိုလည်း ပေးနိုင်သည်။ ဂျင်း(ချင်း) Ginger capsules of 250 mg taken 4 QID လည်း ကောင်းသည်။

ကိုယ်ဝန်ဆောင်စဉ် ခံစားရမှုများအား ကုသပေးခြင်း
• ခါးနာခြင်း၊ အနေအထား ပြောင်းပေးပါ။ ခွါမြင့်ဖိနပ် မစီးရ။ အလေးအပင်မ မရ။ ခါးကုန်း၍မ မရ။ မလုပ်ရ။ ခြေထောက်အား အမြင့်တွင်တင်၍ နားပါ။ ဒူးကွေး၍ ဘေးတဖက် လှည့်အိပ်ပါ။ ပေါင်ခြားထဲ တခုခုခံထားပါ။ ခါးကို အပူ-အအေး တင်ပေးပါ။ လေ့ကျင့်ခန်းလုပ်ပါ။
• အသက်ရှူခက်ခဲခြင်း၊ ခါးမတ်မတ် ထိုင်ပါ။ အိပ်လျင် ခပ်မတ်မတ် အိပ်ပါ။ အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။
• ဝမ်းချုပ်ခြင်း၊ ရေ-အရည်များများ သောက်ပါ။ အသီးအနှံများများ စားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ လမ်းလျှောက်ပါ။
• ကြွက်သားနာခြင်း၊ (ကယ်လ်စီယမ်) ဆေးစားပါ။ လှုပ်ရှားလျင် သက်သက်သာသာလုပ်ပါ။
• အအိပ်ပျက်ခြင်း၊ မအိပ်မီ ရေနွေးဖြင့် ရေချိုးပါ။ နားနားနေနေနေ ထိုင်ပါ။
• အစာမကြေဖြစ်ခြင်း၊ တနေ့ ၅-၆ ကြိမ် အစာနည်းနည်းချင်း စားပါ။ လေထတတ်သည့် အစားရှောင်ပါ။ ဆိုဒါ-အင်တီအက်စစ်ဆေး မစားရ။ အစားစားစဉ် ခပ်မတ်မတ်ထိုင်စားပါ။ စားပြီးပြီးချင်း မအိပ်ရ။ အစားစားပြီး ၂ နာရီ အတွင်း လေ့ကျင့်ခန်းမလုပ်ရ။
• ပျို့-အန်ခြင်း၊ အိပ်ရာထ ထချင်း ဘီစကစ်။ ပေါင်မုံ့ကင်စားပါ။ အိပ်ရာထလျင် ချက်ချင်း အိပ်ရာကမဆင်းရ။ မကြိုက်သည့် အနံ့အသက် ရှောင်ပါ။ အန်တာများက ဆရာဝန်ပြပါ။
• Varicose veins သွေးပြန်ကြောထုံးခြင်း၊ ခြေထောက် မြှင့်ထားပါ။ လှဲနေပါ။ အကြာကြီး မရပ်-မသွားရ။ ခြေအိပ်-ဖိနပ် အကြပ် မစီးရ။ အထူးလုပ်သားသည့် ခြေအိပ်သုံးပါ။ အမြဲထိုင်မနေရ။
• ဖေါရောင်ခြင်း၊ ခြေထောက် မြှင့်ထားပါ။ ဘယ်ဘက်စောင်း အိပ်ပါ။ ဆားလျှော့စားပါ။
• ရင်သား ကြီးထွားလာမည်၊ နာမည်၊ တင်းမည်။ Nipple ထိပ်ဖျား အရောင် ရင့်လာမည်။ ထိပ်ဖျားဝင်နေပါက ဆွဲထုတ်ပေးပါ။ ရေချိုးစဉ် နို့ထိပ်ဝကို သန့်ရှင်းပေးပါ။ Areola ခေါ် နို့သီးဘေးမှ အရောင်ညိုအဝိုင်းတွင် ဘဲ-ငန်း အရေပြားလို အသီးလုံးလေးများ ပေါ်လာမည်။ ရင်သားတွင် အလုံး-အကြိတ် ရှိ-မရှိ စစ်ဆေးပါ။

ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း၊ Antenatal Care (ANC) Prenatal care
မိခင်လောင်းတိုင်းအား သာမန်အားဖြင့် ရက်သတ္တ ၄ ပါတ်မှ ၂၈ ပါတ် အတွင်း တလတကြိမ်။ ၂၈ ပါတ် မှ ၃၆ ပါတ် အတွင်း တလ ၂ ကြိမ်၊ ၃၆ ပါတ် မှ မွေးသည်အထိ တပါတ်တကြိမ်၊ ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း ANC လုပ်ပေးရ မည်။ ကိုယ်ဝန်နှင့် ပတ်သက်သော အသိပညာပေးရမည်။ Body weight အလေးချိန်၊ Blood pressure သွေးဖိအား တိုင်းပါ။ ကလေးအနေအထားနှင့် ကြီးထွားမှုများ မှတ်တမ်းတင်ပါ။ ကလေးနှလုံးခုန်သံ။ Fetal Heart Sound (FHS) နားထောင်ပါ။ ကိုယ်ဝန်ဆောင် အားဆေးများပေးပါ။ ဆီး၊ သွေး၊ စစ်ပါ။

ANC မှတ်တမ်းတင်ခြင်း။ ကိုယ်ဝန်ရှိဘူးသမျှ အရေအတွက်ကို G ဟု၎င်း၊ အရှင်မွေးသမျှကို P ဟု၎င်း ရေးမှတ်ရသည်။ Primigravida သားဦး ကိုယ်ဝန်ကို G 1 ဟု မှတ်ပြီး၊ နောက်ကိုယ်ဝန်တိုင်းကို G 1, G 2 စသည် ခေါ်သွားသည်။ တခါမှ မမွေးဖူးလျင် P 0 ဟုမှတ်ပါ။ ကိုယ်ဝန်ရှိတိုင်း ကလေးအကောင်း မွေးချင်မှမွေးမည်။ ပျက်တတ်သည်။ ကိုယ်ဝန်ပျက်သည့် အရေအတွက်ကို P ၏ နောက်က အပေါင်းလက္ခဏာဖြင့် ရေးသည်။ ဥပမာ G 3, P 1+1 ဆိုသည်မှာ တတိယကိုယ်ဝန် ရှိပြီး၊ ၁ ခါ အကောင်းမွေး၍ ၁ ခါ ကိုယ်ဝန်ပျက်ဘူး။

နောက်ဆုံးရာသီပေါ်ခဲ့သည့်နေ့ Last Menstrual Period (LMP) နောက်ဆုံး သွေးဆင်းသောလတွင် ပဌမဆုံး စလာသည့် နေ့ကိုယူပါ။ မွေးဖွားမည့်ရက် Expected Due Date (EDD) တွက်ပါ။ LMP ထဲသို့ ၉ လနှင့် ၇ ရက် ပေါင်းထည့်ပါက EDD ရသည်။ EDD ၏ ရှေ့-နောက် ၂ ပါတ်အတွင်း မွေးနိုင်သည်။ သာမန်အားဖြင့် နောက်ဆုံး ရာသီပေါ်အပြီး ရက်ပေါင်း ၂၈ဝ သို့မဟုတ် ရက်သတ္တပါတ် ၄ဝ ဖြစ်သည်။ သို့သော် (၃၇-၄၂) ပါတ်လည်း ဖြစ်နိုင်သည်။ ကိုယ်ဝန်ဆောင် မှတ်တမ်း ရေး မှတ်ရာတွင် ၁ ပါတ် = ၇ ရက်၊ တလ = ၄ ပါတ်၊ တလ = ၃ဝ ရက်၊ ဖြင့်သာ တွက်ယူပါ။

ဓါတ်ခွဲစမ်းသပ်ခြင်းများ
အောက်ပါတို့ကို ကိုယ်ဝန်ဆောင်အားလုံး စစ်ဆေးရမည်။
• Blood grouping (A, B, AB, or O)
• Rh factor
• Hemoglobin (Hb)
• Hepatitis B virus
• Urine Sugar
• Urine Albumin
• (STDs, STIs) VDRL
• Ultrasound

ကိုယ်ဝန်ဆောင်စဉ် ပေးရမည့် ဆေးများ
Anti Tetanus Toxoid (ATT) တလခြားပြီး၊ မမွေးမီ ၂ ခါထိုးပြီး ဖြစ်စေရမည်။ Iron သံဓါတ်၊ Folic acid ဖေါလစ်-အက်စစ်၊ ဗီတာမင် ဘီအုပ်စု၊ Calcium ကယ်လ်စီယမ်၊ ဗီတာမင် B 12

ဘာ့ကြောင့် အလေးချိန် တိုးလာသသနည်း
မိခင်၏အာဟာရများ = ၇ ပေါင်
တိုးလာသောအရေ၏အလေးချိန် = ၄ ပေါင်
တိုးလာသောသွေး၏အလေးချိန် = ၄ ပေါင်
တိုးလာသောနို့ = ၂ ပေါင်
ကြီးလာသောသားအိမ် = ၂ ပေါင်
ကလေး၏အလေးချိန် = ၇့၅ ပေါင်
ရေမြွှာရေ = ၂ ပေါင်
အချင်း၏အလေးချိန် = ၁့၅ ပေါင်
စုစုပေါင်း တိုးသည့်အလေးချိန် = ၃ဝ ပေါင်

ကိုယ်ဝန်ဆောင်စဉ် မသောက်သင့်တဲ့ဆေးများ။
Arbor vitae, Beth root, Black cohosh, Blue cohosh, Cascara, Chaste tree berry, Chinese angelica (Dong Quai), Cinchona, Cotton root bark, Feverfew, Ginseng, Golden seal, Juniper, Kava kava, Licorice, Meadow saffron, Pennyroyal, Poke root, Rue, Sage, ပွေးကိုင်း Senna, Tansy, White peony, Wormwood, Yarrow, Yellow dock, Vitamin A (large doses)
ဝက်ခြံပျောက်ဆေး၊ Isotretinoin (Accutane) and Etretinate (Tegison)
အတက်ပျောက်ဆေး၊ Phenytoin (Dilantin) and Carbamezapine (Tegretol)
အမူးပျောက်ဆေး၊ Ergotamine and Methysergide
အကိုက်အခဲ-အနာပျောက်ဆေးများ၊ Aspirin, ibuprofen, and other (NSAIDs)
သွေးမခဲဆေးများ၊ Anticoagulant drugs
ပဋိဇီဝဆေးများ၊ Azithromycin, Zithromax, Zmax, Zathrin, Erythromycin, Clarithromycin
ဝမ်းပျက်ခြင်း၊ ခရီးသွားဝမ်းပျက်ခြင်း၊ ဝမ်းကိုက်ခြင်းအတွက်ဆေး၊ Furazolidone
အရောင်လျှော့၊ နီခြင်းကိုသက်သာ၊ (အလာဂျီ) ဖြစ်ခြင်းကို သက်သာစေသည့်ဆေး၊ Prednisolone

Comment by Dr. Win Than Naing
အရမ်းကောင်းပါတယ်ဆရာ။ ဆရာ့ရဲ့ဘလော့ကိုဖတ်ရင်း အလုပ်သင်တုန်းကလုပ်ခဲ့ရတာတွေကို ကွက်ကွက်ကွင်းကွင်း ပြန်မြင်ယောင်မိစေအောင်ကို ပြည့်စုံပေါ်လွင်ပါတယ်ခင်ဗျာ။ ဒီမှာတော့ Oxytocin 10 Units ကို ရှေ့ပုခုံးမွေးဖွားချိန်မှာ ထိုးခိုင်းထားပါတယ်။ ဆရာ့ကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျား။

ကျေးဇူးတင်ပါတယ် ဆရာ။
Oxytocin/Ergotmetrine/Syntometrine ဆိုတဲ့ Uterotonic တွေကို မွေးပြီးသွေးဆင်းခြင်း နဲ့ မွေးဖွါးခြင်း တတိယအဆင့် ခေါင်းစဉ်တွေအောက်မှာ ရေးသား၊ ဆွေးနွေးလေ့ရှိပါတယ်။ နောက်ပြီး ဒီ သားအိမ်ညှစ်အား အကူအညီပေးတဲ့၊ မွေးပြီး သွေးဆင်းခြင်းကို ကာကွယ်ရာကျတဲ့ဆေး တမျိုးမျိုးကို ပေးဘို့ ကလေးက အမွှာမဟုတ်တာ ဆိုတဲ့ အချက်ကိုလည်း ထည့်တွက်ရပါတယ်။ လက်တွေ့အရပြောရရင်လည်း ဒုက္ခသည်ဆေးခန်းမျိုး၊ LHV သားဖွါး၊ အရံသားဖွါး၊ သင်တန်းပေးပြီး အရပ်လက်သည် တယောက်တည်းကနေ မွေးပေးရတဲ့ အခါမျိုးတွေမှာ ရှေ့ပခုံးထွက်တာနဲ့ ဆေးထိုးပါဆိုတာကို လက်တွေ့လုပ်ဘို့ အတော်ကြီးမဖြစ်တတ်ပါ။ နောက်တခါ ရှေ့ပခုံးမွေးပြီး နောက်ပခုံး အမြန်လိုက်ထွက်တာမျိုးကလဲ ကြုံရတတ်သေးတယ်။ တောနယ်တာဝန်ကျ ဆရာမတွေကို (အခုတော့ မသိပါ) Ergotmetrine စားဆေးကိုသာ ပေးထားတယ်။ မွေးလူနာကို ကလေးတကိုယ်လုံး မမွေးခင် အသောက်ခိုင်းလို့ မရတာ များတယ်။ ဆေးတွေကလည်း ဘယ်ဟာဖြစ်ဖြစ် သက်ရောက်မှုက မြန်ကြတာမို့ အချိန်ကလေး နည်းနည်းနောက်ကျလဲ ကိစ္စမရှိလောက်ဘူးလို့ ကိုယ့်ဘက်ကိုယ်ရက် တွက်မိသေးတယ်။

ဒါ့ကြောင့် Prophylactic Oxytocin for the third stage of labor အရ တတိယဆင့်အောက်မှာ ရေးတာပါလို့ ပြောပါရစေ။

ဘာဘဲဖြစ်ဖြစ် ကိုယ့်ကို ကန့်ကူလက်လှည့်သင်ပေးလိုက်တဲ့ OG တွေပြောသလို လိုက်နာတာ တပည့်ကောင်းပီသပါတယ်။ ဆရာကောင်းတွေလည်း ငယ်ငယ်က တပည့်ကောင်း ဖြစ်ခဲ့ကြသူတွေပါဘဲ။

ကျွန်တော် ဆေးပညာ စာလေးတွေက ဆေးခန်းမှာ လာကူနေကြတဲ့ (ဗော်လန်တီယာ) တွေအတွက် စာသင်ပေးဘို့၊ အဖတ်ခိုင်းဘို့ မှန်းပြီး ရေးဖြစ်သွားတာပါ။ ဒါ့ကြောင့် အတော်များများက ခပ်ပေါ့ပေါ့၊ ခပ်လွယ်လွယ်တွေသာ ဖြစ်နေတယ်။

Dr. တင်ဆွေ
၂၈-၃-၂၀၁၀

Read More...

Monday, February 22, 2010

ဆိုရေးရှိက ဆိုရလိမ့်မယ်


ကျန်းမာရေးရှုဒေါင့်ကနေ Physical, Psycho-social ဘယ်ဘက်ကိုပဲ ကြည့်ကြည့် လုံးဝ Safety နဲ့ မညီညွတ်တဲ့ အပြုအမူတွေကို မြင်တွေ့ခဲ့ရတာကို ကျောင်းတွေမှာ (Sexual Education) မရှိတဲ့ ကျွန်မတို့ မြန်မာလူမျိုးတွေ အတုခိုးမှားပြီး လိုက်လုပ်သူတွေ ရှိနေမှာကို လွန်စွာ စိုးရိမ်ပူပန်မိလို့ ဖတ်သင့်တဲ့ ပို့စ်တခုကို ညွှန်းရင်း ဒီပို့စ်ကို တင်ပေးရခြင်း ဖြစ်ပါတယ်။ ကျွန်မက ဘလော့ဂ်အစုံဖတ်သူ ဖြစ်လို့ ကျွန်မဘလော့ဂ်ကိုလည်း ဘလော့ဂါမျိုးစုံ ရောက်တယ်ဆိုတာ သိပေမဲ့ သံဃာတော် စာဖတ်သူတွေနဲ့ သံဃာတော် ဘလော့ဂါတွေအတွက်ကျတော့ ဒီပို့စ်က သိစရာလည်းမလို ဖတ်ဖို့လည်း မသင့်လျော်ဘူးလို့ ယူဆတဲ့အတွက် ပို့စ်အသစ် တင်ထားတာ တွေ့လို့ ၀င်လာမိတဲ့ သံဃာတော်တွေရှိရင် ဒီပို့စ်ကို လုံးဝမဖတ်ဘဲ လှည့်ပြန်ဖို့ ပထမဦးစွာ လျှောက်ထားပါရစေ ဘုရား။ တခြား လူစာဖတ်သူများကိုတော့ ကျွန်မ ညွန်းပေးလိုတဲ့ မူလ ပို့စ်မှာ အသက် ၁၈ နှစ်ပြည့်ပြီးမှ ဖတ်ပါလို့ ပြောထားပေမဲ့ ကျွန်မအနေနဲ့ ကတော့ အသက်အရွယ်ကို မသတ်မှတ်လိုပါဘူး။ အင်တာနက်သုံးနေသူ Secondary School (ခုနှစ်တန်းနှင့် အထက်) အဆင့် ကျောင်းသားအရွယ်ကနေ လူကြီးတွေအထိ အသက်အရွယ်မရွေး မည်သူမဆို ဖတ်နိုင်တယ်လို့ ယူဆပါတယ်။ တချိန်တည်းမှာပဲ ဆရာဝန်၊ သူနာပြု၊ Physiotherapist, Occupational therapist, Health Care Social Worker (or) Consultants စတဲ့ ကျန်းမာရေးပညာရှင်တွေထဲက ရောက်လာရင်လည်း ကျွန်မဆွေးနွေးချက်တွေကို ဖတ်ဖြစ်အောင် ဖတ်ပြီး ပြန်လည်ဆွေးနွေးသင့်တာကို ဆွေးနွေးပြီးမှ ပြန်ကြဖို့ မေတ္တာ ရပ်ခံပါတယ်။





ပထမဦးစွာ ညွှန်းပေးလိုတဲ့ ပို့စ်ကို မပြောခင် ဒီပို့စ်ကို ကျွန်မ ဘာကြောင့် ညွှန်းရတယ်ဆိုတဲ့ ညွန်းစရာအကြောင်း ပေါ်လာရတဲ့ နောက်ခံသမိုင်းကို အရင်ရှင်းပြချင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ခါနီး နောက်ဆုံးလတွေမှာ လူကြိုက်များတဲ့ ဘလော့ဂါ အစ်မတယောက်ရဲ့ C-Box မှာ မကောင်းတဲ့သူတွေက ဆဲဆိုထားတာ ရှိသလို မဖွယ်မရာပုံတွေ ပါတဲ့ Link တခုတည်းကို C-Box တခုလုံးနီးပါး ပြည့်အောင် ထပ်ခါထပ်ခါ ရိုက်ထည့်ပြီး တင်ထားတာကို တွေ့ခဲ့ရပါတယ်။ ကျွန်မကလည်း စာမရွေးဖတ်တတ်တဲ့သူဆိုတော့ အစမှာ မသိဘဲနဲ့ ဘလော့ဂ်ကြော်ညာတွေ ထင်ပြီး Click ကြည့်မိတဲ့အခါမှာ မဖွယ်မရာ ပုံတွေ ဖြစ်နေလို့ ချက်ချင်းပဲ ပြန်ထွက်လိုက်တယ်။ နောက်တော့ အဲဒီဘလော့ဂ်က C-Box မှာ ကျွန်မက လာလည်ကြောင်း နှုတ်ဆက်ထားခဲ့ပြီး ဆဲထားတာတွေ မကောင်းတာ လာတင်ထားတာတွေကို ဖျက်သင့်ကြောင်း C-Box အထဲမှာပဲ အကြံပြုပြီး ပြန်လာခဲ့ပါတယ်။ အတော်ကြာတော့ G-talk မှာတွေ့တဲ့ ဘလော့ဂါ မောင်လေးတယောက်နဲ့ ချတ်မှာ စကားပြောနေချိန်မှာ အတုလား အစစ်လားတော့မသိဘူး အစ်မနာမယ်နဲ့ အဲဒီမှာ လာရေးထားတယ်လို့ ပြောလို့ ကျွန်မ သွားကြည့်တော့ ငယ်နိုင်ဆိုပြီးတော့ အရေမရ အဖတ်မရတွေ ပြောနေရေးနေတာကို တွေ့ရပါတယ်။ ကျွန်မလည်း အဲဒါကျွန်မ မဟုတ်ဘူးဆိုတာ မှတ်ချက်အထဲထိ ၀င်ပြောပြီး ပြန်လာလိုက်လို့ ဘလော့ဂ်ပိုင်ရှင်ကတော့ ခုနက ပြောနေ ရေးနေတာ ကျွန်မ မဟုတ်ဘူးဆိုတာ သိသွားပါတယ်။ ဒါကတော့ ဘလော့ဂ်တွေမှာ အလုပ်မရှိအကိုင်မရှိ သူများနာမည် သုံးပြီး ပေါက်ကရတွေ လျှောက်လုပ်နေတဲ့ သူတွေရှိတယ်ဆိုတာ ပြောချင်တာပါ။ ကျွန်မ ပြောချင်တဲ့ အဓိကအကြောင်းတော့ မဟုတ်ပါဘူး။

ဆက်ပြောရရင် အဲဒီဘလော့ဂ်မှာ တွေ့ခဲ့တဲ့ မဖွယ်မရာ Link တွေက နောက်နေ့ကျတော့ ကျွန်မ C-Box ကို ရောက်လာပါတယ်။ ကျွန်မလည်း C-Box ထဲမှာ ဖျက်လိုက်ပြီး နောက်တခါ လာတင်ရင် IP ကို block လုပ်မယ်လို့ သတိပေးလိုက်တော့ နောက်တော့ လာမတင်တော့ပါဘူး။ ဒီတခါတော့ ကျွန်မက သူတို့လာတင်တဲ့ link ကို တနေရာမှာ သိမ်းပြီး ၀င်ကြည့်မိတယ်။ ကျွန်မဘ၀မှာ မယုံကြည်နိုင်လောက်အောင် တခါမှမမြင်ဘူးတဲ့ အံ့ဖွယ်ထူးဆန်း နည်းလမ်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ပြုမူနေတဲ့ ဖိုနဲ့မ မဖွယ်မရာ ပုံတွေကို တွေ့ရတော့ အပြင်မှာ တကယ်ပဲ ဒါမျိုးလုပ်နေတာ ရှိလား ဒါမှမဟုတ် လူတွေ ကိလေသာစိတ်ထအောင် တမင်ကြော်ငြာတာလား ဆိုတာကို ဝေခွဲလို့မရ ဖြစ်ခဲ့ပါတယ်။ ကျွန်မက အင်တာနက်ကို သုံးဖူးတာ ကြာပြီ ဖြစ်ပေမဲ့ ဒါမျိုးတွေ တခါမှ တွေ့လည်းမတွေ့ဖူး ကြည့်ဖို့လည်း စိတ်မ၀င်စားခဲ့တာ ဘုရားစူးပါပဲ။ ဒါပေမဲ့ အခုတော့ စိတ်မ၀င်စားလို့ မရတော့လောက်အောင် ကျွန်မစိတ်ထဲမှာ ဘ၀င်မကျတာတွေ စိုးရိမ်မှုတွေကို လွှမ်းမိုးနေစေခဲ့တယ်။

ပြည့်တန်ဆာဆိုတာ လက်ရှိကမ္ဘာမှာလည်း ခေတ်အဆက်ဆက်မှာ နိုင်ငံတွေအပေါ် မူတည်ပြီး တရားဝင်ဖြစ်စေ၊ တရားမ၀င်ဖြစ်စေ ရှိခဲ့သလို ဘုရားဟော ကျမ်းဂန်တွေထဲမှာလည်း အမ္ဗပါလီတို့ သီရိမာတို့ဆိုတာ ဘုရားလက်ထက်က ထင်ရှားတဲ့ ပြည့်တန်ဆာတွေ ဖြစ်ကြတယ်လို့ လေ့လာသိရှိရပါတယ်။ အရင်ကမ္ဘာတွေတုန်းကလည်း ပြည့်တန်ဆာ ဖြစ်ခဲ့သူတွေလို့ ဆိုထားတာ ရှိတော့ သံသရာ အဆက်ဆက် မှာလည်း ပြည့်တန်ဆာ ရှိခဲ့တယ်ဆိုတာနဲ့ လူ့အဖွဲ့အစည်းဟာ ပြည့်တာဆာနဲ့ မကင်းဘူး ဆိုတာ ကျွန်မတို့ ငြင်းလို့ ရမယ် မထင်ပါဘူး။ လက်ရှိကမ္ဘာာမှာလည်း နိုင်ငံအတော်များများမှာ တရားမ၀င်ဘဲ ခိုးလုပ်နေတာနဲ့ စာရင် တရားဝင်က ပိုပြီး Safety နဲ့ညီညွတ်ပြီး အန္တရယ်ပိုကင်း တိုင်းပြည် ဘဏ္ဍာလည်းတိုးလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည့်တန်ဆာ အလုပ်၊ လောင်းကစားအလုပ်တွေကို တရားဝင် မှတ်ပုံတင်ထားပေးတာ ရှိပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲသူတွေကိုတောင် တားလို့မရတဲ့အဆုံး သုံးစွဲတာကို အန္တရယ်ကင်းကင်းနဲ့ သုံးစွဲနိုင်အောင် အကူအညီပေးတာက Safety ရှိရှိနဲ့ ရောဂါ ပြန့်နှံ့မှုကို ကာကွယ်နိုင်မယ်လို့ ဆုံးဖြတ်ပြီး ဖြန့်ဖြူးသူကိုပဲ အရေးယူ၊ သုံးစွဲသူကိုကျတော့ Safety ရှိအောင် အကူအညီပေးတဲ့ Social welfare ကို ဦးစားပေးတဲ့ နိုင်ငံတွေမှာ Drug and Alcohol Service တွေ ရှိလာကြတာ ကျွန်မ သဘောပေါက်ပါတယ်။

ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုတဲ့ နိုင်ငံတွေမှာ အလုပ်ရှင်၊ အလုပ်သမား၊ ဖေါက်သည် သဘောတူလို့ အဲဒီလုပ်ငန်းကို လုပ်ကြတာ ကျွန်မဘာမှ စောတက မတက်လိုပါဘူး။ ဒါပေမဲ့ လုပ်ငန်းတိုင်း၊ လုပ်ငန်းတိုင်းမှာ Occupational Health and Safety Policy ဆိုတာ ရှိရပါတယ်။ အဲဒီပေါ်လစီအရ ပညာရှင်အဆင့် ဖြစ်တဲ့ ဆရာဝန်တွေ သူနာပြုတွေက သူတို့ကုသတဲ့ လူနာရဲ့ ရောဂါအခြေအနေနဲ့ သုံးစွဲတဲ့ ဆေးဝါးတွေ၊ ပစ္စည်းတန်ဆာပလာတွေရဲ့ အကျိုးအပြစ်ကို သိရမယ်။ အလုပ်ကြမ်း သမားတယောက်ဟာ အရာဝတ္တုတခုကို Handling လုပ်ရာမှာ ခါးနာခြင်း စတဲ့ ဒဏ်ဖြစ်စေတဲ့ ရောဂါမရအောင် ဒူးကိုဘယ်လိုအသုံးပြုပြီး ခါးနဲ့ ကျောကို ဘယ်လိုမတ်မတ် ထားကာ သယ်ရ၊ မရမယ်ဆိုတာ သိရမယ်။ သန့်ရှင်းရေးအလုပ်သမား တဦးဟာ Micro-organisms လို့ ခေါ်တဲ့ ပိုးမွှားတွေရဲ့ ပွားနှုန်းကို အကြမ်းဖျင်း သိရပြီး သူတို့ အသုံးပြုတဲ့ ပိုးသတ်ဆေးရည်နဲ့ သတ်နိုင်တဲ့ အချိန်ကာလ အတိုင်းအတာကို သိရမှာဖြစ်သလို ဒီပိုးသတ်ဆေးတွေရဲ့ ဆိုးကျိုးတွေကိုလည်း သိရပါတယ်။ အလုပ်သမားတိုင်းက မိမိလုပ်ငန်းခွင်မှာ မီးလောင်ရင် Evacuation က အစီစဉ်နဲ့ စုရပ်မှာ ဘယ်လိုဆုံမယ် စုရပ်က ဘယ်မှာဆိုတာသိရမယ်။ အဓိကက အလုပ်လုပ်တဲ့အချိန်မှာ ဒီအလုပ်နဲ့ပတ်သက်ပြီး ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးနဲ့ အဲဒီဆိုးကျိုးတွေ မဖြစ်အောင် ဘယ်လို စနစ်တကျ ကာကွယ်ရမယ်ဆိုတာ လုပ်ငန်းတိုင်းမှာ ပေါ်လစီ ရှိရပါတယ်။

ဒီပုံတွေကိုကြည့်ပြီး ပြည့်တန်ဆာ လုပ်ငန်းမှာ Occupational Health and Safety Policy ဆိုတာ ရှိကော ရှိရဲ့လားလို့ ကျွန်မ သံသယ ဖြစ်မိပါတယ်။ ဒီလုပ်ငန်းအကြောင်းကိုလည်း တခါမှ အခုလို စိတ်ဝင်တစား မရှိခဲ့ဖူးတာ အမှန်ပါ။ ကျွန်မက ဒီလိုပုံတွေကို အခုမှ တွေ့ဖူးတာ ဖြစ်ပေမဲ့ အင်တာနက် သုံးနေသူ အတော်များများက တွေ့ဖူးတာ ကြာပြီလို့ ကျွန်မ ယုံကြည်ပါတယ်။ လုပ်ငန်းတိုင်းမှာ ပေါ်လစီက မရှိလို့မရပါဘူး ရှိမှာ သေချာပါတယ်။ ရှိရင် အခု ကျွန်မ မြင်တွေ့ခဲ့ရတဲ့ ပုံတွေကို အဲဒီပေါ်လစီအရ ဘယ်အနည်းနဲ့မှ ခွင့်ပြုစရာ အကြောင်းမရှိနိုင်ပါဘူး။ ဒါကို ခွင့်ပြုထားတယ်ဆိုရင် Health Care Professional တွေက ဘာဖြစ်လို့ မျက်စိမှိတ်၊ နားပိတ်ပြီး နေရတာလဲဆိုတာ ကျွန်မ နားလည်လို့မရ ဖြစ်ခဲ့ပါတယ်။ ကျန်းမာရေးပညာရှင်ဆိုတာ လူသားတွေအတွက် အန္တရယ်ရှိတာကို သိလျက်နဲ့ မပြောဘဲ ရေငုံနှုတ်ပိတ်နေတာဟာ အများပြည်သူရဲ့ အန္တရယ်ကို လစ်လျူရှုရာ ရောက်ပါတယ်။ ဘယ်လိုအကြောင်းအရာမှာပဲ ဖြစ်ဖြစ် ဘယ်သူ့ကိုမဆို ဘာမျက်နှာမှ ထောက်စရာမလို ဘယ်သူ့ကိုမှ ကပ်ဖားယပ်ဖား လုပ်စရာမလိုတဲ့ အနောက်တိုင်း လူ့အဖွဲ့အစည်းမှာ ကျန်းမာရေး ပညာရှင်တွေနဲ့ မသင့်တော်ဘူး ထင်တဲ့သူတွေက ဘာဖြစ်လို့ ဒီကိစ္စကို ရေငုံနှုတ်ပိတ် နေရတာလဲဆိုတာ ကျွန်မ တကယ်ကို နားမလည်ဘဲ စိတ်ထဲမှ ဘ၀င်မကျ ဖြစ်ရပါတယ်။

တကယ်က ပြည့်တန်ဆာတွေ၊ ပြည့်တန်ဆာနဲ့ လာပျော်ပါးတဲ့ သူတွေဟာ သူတို့ရဲ့ Reproductive organ တွေကိုပဲ အသုံးပြပြုခွင့် ပေးဖို့ ဥပဒေပြုဖို့ လိုအပ်တယ်လို့ ကျွန်မ ယူဆတယ်။ တခြား Reproductive Organ နဲ့ မဆိုင်တာကို အသုံးပြုမယ်ဆိုရင် အဲဒီ Organ တွေပါဝင်တဲ့ System တခုစီရဲ့ အလုပ်လုပ်ပုံနဲ့ အကျိုးအပြစ်ကို အကြမ်းဖျင်း ပညာပေးဖို့ လိုအပ်လိမ့်မယ်လို့ ကျွန်မထင်ပါတယ်။ Safety နဲ့ မညီညွတ်တဲ့ အပြုအမူတွေက အများကြီး တွေ့ရပေမဲ့ အခု အဓိကပြောလိုတဲ့ အချက်က သူ့နေရာ မဟုတ်တဲ့ အင်္ဂလိပ်လို Anus မြန်မာလို စအိုဝကနေ လိင်ဆက်ဆံတဲ့ ကိစ္စကို ပြောလိုတာဖြစ်ပါတယ်။ ကျွန်မတွေ့ရတဲ့ တခြား Safety နဲ့ မညီတဲ့ အမူအယာတွေလည်း အများကြီး ရှိခဲ့ပေမဲ့ အဲဒါတွေ အတွက် ဘယ်လို Safety နဲ့ မညီဆိုတာကို ထောက်ပြဖို့ သိထားတဲ့ ဗဟုသုတ အလုံအလောက် မရှိတဲ့ အတွက် ဒီတခုတည်းကိုပဲ ညွှ့န်းလိုက်ပါတယ်။

ကျွန်မ နောက် Semester မှာ သင်ရမယ့် ကျန်းမာရေးဆိုင်ရာ ဆွေနွေးမှု Online Subject တခုမှာ ကျောင်းသား တယောက်စီက Forum တခုစီကို အဆိုတင်သွင်းရပြီး အလှည့်ကျ Coordinator အဖြစ် တာဝန်ယူရတာ ရှိပါတယ်။ ကျွန်မ Coordinator အလှည့်ကျပြီ Forum ကို ဦးဆောင် ဆွေးနွေးတဲ့ အလှည့်မှာ ပြည့်တန်ဆာ လုပ်ငန်းနဲ့ ပတ်သက်တဲ့ Occupational Health and Safety ကို ကျွန်မရဲ့ စိုးရိမ်မှု (Concern) အဖြစ် အဆိုတင်သွင်းပြီး ဆွေးနွေးဖို့ စဉ်းစားထားပါတယ်။ အဲဒီမှာ မဆွေးနွေးခင် ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး Occupational Health and Safety Policy ကို ကြိုလေ့လာထားချင်လို့ ကျန်းမာရေး ပညာရှင် ဘလော့ဂ်မောင်နှမများနှင့် အဲဒါနဲ့ ပတ်သက်ပြီး ဗဟုသုတ ရှိသူများကို မျှဝေ ဆွေးနွေးပေးဖို့ ကျွန်မ ဖိတ်ခေါ်ချင်ပါတယ်။

အမျိုးသမီး တယေက်အနေနဲ့ ဒီပို့စ်ကို ကျွန်မ မတင်ချင်တဲ့တာ အမှန်ပါ ဒါကြောင့်လည်း ပြီးခဲ့တဲ့ နှစ်ကအနေ ဒီနှစ်အထိ တအုံနွေးနွေးနဲ့ ချီတုံချတုံ ဖြစ်ကာ မတင်ဖြစ်ဘဲ ရှိနေရာကနေ နောက်ဆုံးတော့ ဆိုရေးရှိက ဆိုရလိမ့်မယ်လို့ ဆုံးဖြတ်ပြီး တင်လိုက်ပါတယ်။ ကျွန်မ ညွှန်းလိုတဲ့ ပို့စ်က ဆရာ ဒေါက်တာတင့်ဆွေ တင်ပြီးသားပို့စ် ဖြစ်ပြီး ဖတ်ပြီးသူလည်း အတော်များများ ရှိပါလိမ့်မယ်။ မဖတ်ရသေးသူများ အတွက်တော့ ဗဟုသုတ အတော်ရပါတယ်။ ဒီပို့စ်ထဲမှာ စအိုနဲ့ လိင်ဆက်ဆံခြင်းဖြင့် ရရှိတဲ့ အကျိုးအပြစ်အပြင် Reproductive Organ တွေနဲ့ စအိုရဲ့ ခန္ဓာကိုယ်အတွက် အလုပ်လုပ်ပုံတွေကိုပါ နှိုင်းယှဉ်ဖေါ်ပြထားပါတယ်။ Sexual Health နဲ့ ပတ်သက်ပြီး ဘာဗဟုသုတမှ မရှိတဲ့အတွက် ကျွန်မကိုယ်တိုင် မရေးနိုင်ဘဲ နားလည်တဲ့ သူရေးထားတာကို ပြန်ညွန်းရတာ ဖြစ်ပါတယ်။ ပို့စ်ကို ဒီနေရာမှာ သွားဖတ်နိုင်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။


Read More...

Monday, February 15, 2010

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၈) STDs

လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေကို ဆေးပညာမှာ Sexually Transmitted Diseases (STDs) လို့ အခုခေါ်ပါတယ်။ အရင်ကတော့ Venereal Diseases (VD) လို့ ခေါ်ခဲ့တယ်။ ကျွန်တော်တို့ဆီမှာလဲ အရင်က “ကာလသားရောဂါ” လို့ ခေါ်ခဲ့ပြီး၊ ရောဂါတိုက်ဖျက်ရေးဌာနတောင် ဒီနာမယ်နဲ့ လုပ်ခဲ့သေးတာ။ “ကာလသား” ဆိုတာ လူပျိုပေါက်ထက် ကြီးပြီး၊ များသောအားဖြင့် အိမ်ထောင်လဲ မကျသေးတဲ့ ယောက်ျားသား လူရွယ်တွေကို ခေါ်တာပါ။ တောရွာတွေမှာ “ကာလသားခေါင်း” ဆိုတာ ရပ်ရေးရွာရေး၊ လူမှုရေးကိစ္စတွေမှာ စေတနာနဲ့ (ဗော်လန်တီယာ) လုပ်နေသူတွေရဲ့ ခေါင်းဆောင်ကို ခေါ်တယ်။ အမိန့်နာခံသူကို ရွေးတာ၊ အထက်လူကြီးကို လာဘ်ထိုးနိုင်လို့ ခန့်တာမျိုး မဟုတ်ဘူး။ ရွာသားတွေက နှစ်လိုသဘောကျသူကိုသာ ရွေးတာ။ အင်မတန် ချစ်ဘို့ကောင်းတဲ့ ယဉ်ကျေးမှုပေါ့။

ကာလသားတွေသာ မဟုတ်ဘူး၊ STDs တွေက အရွယ်မရွေး ဖြစ်နိုင်တယ်။ မွေးစကလေးတွေတောင် ကူးတာ။ အမျိုးသား တွေရော အမျိုးသမီးများတွေမှာပါ ဖြစ်တယ်။ ဖြစ်မှာပေါ့ လိင်ဆက်ဆံကြရာမှာ မဆင်ခြင်ကြလို့ တယောက်ကနေ နောက် တယောက်ကို ကူးတာကိုး။ ဒါ့ကြောင့် STIs လို့ ပြောတာက ပိုမှန်တယ်။ “I” ဆိုတာ Infection “ကူးစက်ရောဂါ” လို့ ကွက်ကွက် ကွင်းကွင်း ခေါ်လိုက်တာပါဘဲ။

Venereal လို့ ခေါ်တာကလဲ Venus ဗီးနပ်စ် ကနေလာတာပါ။ ကျောင်းသားတွေက သောကြာဂြိုဟ်လို့ သင်ကြရမယ်။ စာဖတ်သူများကတော့ ဗီးနပ်စ် ကို အချစ် နဲ့ အလှကို ကိုယ်စားပြုတဲ့ ရောမနတ်သမီးလို့ သိကြမယ်။ ရောမ သာမကပါ၊ ဂရိနတ်သမီး (အဖရိုဒိုက်) နဲ့ပါ ဆက်စပ်မှု ရှိသေးတယ်။ လှလွန်းတယ်လို့ နာမည်ကြီးတဲ့ လက်နှစ်ဖက်ပြတ် ကျောက်ဆစ် ရုပ်ထု Aphrodite of Milos ကို Venus de Milo လို့ ပိုသိကြတယ် မဟုတ်လား။ “လှတာမက်တော့ ညစာခက်” ဆိုသလို ရောဂါက အတော်ကို ကြောက်ဘို့ ကောင်းတယ်။

ဆေးတွေမပေါ်ခင်ကဆို ကုရာနတ္ထိရောဂါတွေလို့ ထင်မှတ်ခဲ့ရသေးတယ်။ ဒီလိုရောဂါတွေကုဘို့ ပဌမဆုံးဆေးရုံကို ၁၇၄၆ ကျမှ လန်ဒန်မှာ စဖွင့်တယ်။ စပိန်ပြည်တွင်းစစ် (၁၈၂ဝ-၂၃) ခေတ်ကတောင် “ရန်သူ့ကျည်ဆံလို ကြောက်ဘို့ ကောင်းတယ်” လို့ ပိုစတာတွေ ကပ်ခဲ့ကြသေးတယ်။

လိင်ဆက်ဆံရာ နေရာမှန်သမျှမှာ ရောဂါရတယ်။ လိင်အင်္ဂါ၊ ပါးစပ်၊ စအို။ နောက်ပြီး မအေကနေ ကလေး။ မူးယစ်ဆေး သွေးပြန်ကြော ထိုးနည်းတွေကနေလဲ ကူးနိုင်တယ်။ လိင်အင်္ဂါတွေမှာသာ မဟုတ်ဘဲ တခြားတခြား နေရာတွေမှာပါ ရောဂါ ရတတ်တယ်။ အဲလိုဖြစ်တာတွေက ပိုဆိုးတယ်။ Systemic STDs လို့ခေါ်တာတွေက HIV, Hepatitis B, Hepatitis C နဲ့ Human Herpes Virus တွေ ဖြစ်တယ်။

ရောဂါပိုးတွေကလဲ အမျိုးမျိုး။ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ဖန်းဂတ်စ်၊ ပရိုဇိုးဝါး နဲ့ ပါရာဆိုက်၊ အကောင်စုံပါဘဲ။ ဆစ်ဖလစ် ကို VD ခေါ်ကတည်းက ရောဂါ ရှိ-မရှိစမ်းတာကို Venereal Disease Research Laboratory (VDRL) tests လို့ ခေါ်တာ ခုအထိဘဲ။ ဒီစမ်းသပ်နည်းက ရာနှုန်းပြည့် ဒီရောဂါရှိတယ်လို့ ပြောနိုင်တာတော့ မဟုတ်ပါ။

Chlamydia trachomatis ပိုးတွေကြောင့်က အဖြစ်အများဆုံးလို့ ပြောနိုင်တယ်။ ကျား-မ လိင်အင်္ဂါတွေမှာ အနာဖြစ်တာပါ။ အနာ ဆိုပေမဲ့ မနာဘူး။ ပေါင်ခြံမှာ တက်စေ့တွေ ရောင်လာမယ်။ တက်စေ့ကနေ အနာလဲ ဖြစ်လာတတ်တယ်။ အမျိုးသမီးများ သားအိမ်အဝမှာ အဖြစ်များတယ်။ အဖြူဆင်းတယ်။ ဆင်းတာက ပြည်လိုနေတယ်။ နဲနဲဝါမယ်။ မီးခိုးရောင်၊ ခပ်စိမ်းစိမ်းအရောင်လဲ ဖြစ်နိုင်တယ်။ အမြှုတ်လိုလဲ ရှိတတ်တယ်။ အနံ့ဆိုးတယ်။ ယားမယ်။ သွေးနဲနဲလဲ စွန်းနိုင်တယ်။ ဆီးခဏခဏ သွားချင်ပြီး ဆီးအောင့်တယ်။ အတွင်းအင်္ဂါတွေအထိ ရောက်နိုင်တယ်။ ဒီအချိန်မှာ လိင်ဆက်ဆံရင် နာမယ်။ စအိုလိင်ဆက်ဆံသူများဆိုရင် အစာဟောင်းအိမ်ကို ရောဂါရလို့ ဝမ်းသွားရင် နာမယ်။

ဒုတိယအများဆုံးဖြစ်တာက Gonorrhea ဂနိုရီးယား။ လွန်ခဲ့တဲ့ နှစ် ၅ဝဝဝ က တရုပ်မှာ ဖြစ်ခဲ့တယ်လို့ သမိုင်းဆရာတွေက ပြောတယ်။ ပိုးရှိပေမဲ့ ဘာမှမဖြစ်သလိုလဲ နေတတ်တယ်။ ပိုးရှိနေသူနဲ့ ဆက်ဆံပြီး၊ ၄-၅ ရက်မှာ စတယ်။ ယောက်ျားတွေမှာ ဆီးအောင့်တာ၊ ဆီးလမ်းကနေ အဖြူရည် အဝါရည် ကျတာ။ ဆက်ဖြစ်ရင် အကြောနာ၊ အစေ့နာတာ ဖြစ်မယ်။ ဗမာတွေက “ဆီးပူး-ညောင်းကျ”လို့ အရပ်ထဲမှာ ပြောတာပေါ့။ ပုဆိုးကို မ-ပင့်ပြီး လမ်းသွားရတယ်။ (ဂေး) တွေမှာ စအို ရောင်နိုင်မယ်။ လမ်းလျောက်ပုံ တမျိုးပေါ့။ အမျိုးသမီးဆိုရင် အဖြူဆင်းမယ်။ ဆီးက ပန်းထွက်သလို သွားတယ်။ ကြားရက် သွေးဆင်းတာ ဖြစ်တတ်သေးတယ်။ ဆက်ဆံရင်လဲ နာမယ်။ အထဲကို ရောဂါပြန့်ရင် သားအိမ်ဘေးက အင်္ဂါမှန်သမျှ ရောင်နိုင်တယ်။ သေသေခြာခြာ ဆေးမကုရင် ယောက်ျားရော မိန်းမပါ ကလေးမရတာ ဖြစ်သွားတတ်တယ်။

Chancroid (ရှန်ကာ) ဆိုတာဖြစ်ရင် လိင်အင်္ဂါမှာ အနာ၊ အကြိတ် ပေါ်လာမယ်။ ပေါင်ခြံက အကြိတ်တွေ ရောင်လာတယ်။ ရေယုံဆိုတာ ကိုယ်ခန္ဓာမှာ ဖြစ်တာတမျိုး၊ ပါးစပ်တဝှိုက် ဖြစ်တာတမျိုး။ လိင်လမ်းမှာလဲ ဖြစ်သေးတယ်။ Genital Herpes ခေါ်တယ်။ (HSV-2) ဗိုင်းရပ်စ် ကနေဖြစ်တာ။ အရည်ကြည်ဖုတွေ ဖြစ်တယ်၊ နာတယ်၊ ယားတယ်။ မွေးလာမယ့် ကလေးကို ကူးနိုင်တယ်။

Human Papillomavirus (HPV) လိင်လမ်းကြောင်း ကြွက်နို့ကလဲ ဒီအုပ်စုဝင်ရောဂါဖြစ်တယ်။ Lymphogranuloma Venereum (LGV) ဆိုတာက တက်စေ့တွေ ရောင်တာပါ။ လိင်အင်္ဂါမယ် မနာတဲ့အနာဖြစ်လို့ ဆစ်ဖလစ်နဲ့ မှားတတ်တယ်။

ဆစ်ဖလစ် ရောဂါသမိုင်းက ၁၅ ရာစုကတည်းကတဲ့။ ကွန်မြူနစ်ကမ္ဘာရဲ့ ဆရာကြီး နှစ်ဆူဖြစ်ကြတဲ့ လီနင်နဲ့ တော်လ်စထွိုင် တို့လဲ ဒီရောဂါနဲ့ မကင်းဘူးတဲ့။ အာဏာရှင်ကမ္ဘာကဆိုရင် ဂျာမနီက ဟစ်တလာ၊ အီတလီက မူဆိုလီနီ၊ ရုရှားက လူဆိုးဘုရင် အိုင်ဗင် စသူတွေ ပါတယ်။ “နာမယ်ဆိုးရှိသူများ သတိထားကြပါ။”

ဆေးစာတွေကို ဗမာလိုပြန်ရင် အတော့်ကို အဆီအငေါ်မတည့်တာ ဒီရောဂါဘဲ။ ဗမာတွေက Chickenpox ကို ရေကျောက် ခေါ်ပြီး၊ ခုခေတ်မှာ မျိုးတုံးသွားပြီဖြစ်တဲ့ Smallpox ကို “ကျောက်ကြီး” လို့ ခေါ်ကြတယ်။ အင်္ဂလိပ်လို The Great Pox ဆိုတာကို တိတိကျကျဘာသာပြန်ရင် “မဟာကျောက်ရောဂါ” ပေါ့။ အဲဒါ Syphilis “ဆစ်ဖလစ်” ကို ခေါ်တာပါ။

အာလူးအချောင်းကြော်ကို French fries လို့ခေါ်မှ ခေတ်မီတယ်။ French kiss ဆိုတာလဲ လုပ်တတ်ကြတယ်။ French disease ဆိုတာကိုပါ သိဘို့လိုတယ်။ ဆစ်ဖလစ်ကို အီတာလျန် နဲ့ ဂျာမန်တွေက အဲလို ခေါ်တာ။ ဒတ်ခ်ျ တွေကတော့ စပိန် ကိုလွှဲချတယ်၊ ရုရှားတွေက ပိုလန်ကို လက်ညှိုးထိုးပြီး၊ တူရကီတွေက နဲနဲပိုဆိုးတယ်။ "Christian disease" တဲ့။ အမှန်က သူတို့ဆီကို ဒီလူတွေဆီကနေ ကူးလာတာလို့ ပြောချင်ကြတာပါ။

ဆစ်ဖလစ် ကို အဆင့်တွေခွဲ လေ့လာရတယ်။ ၁၊ ၂၊ ၃၊ ၄။ Treponema pallidum ဗက်တီးရီးယား ပိုးဝင်ပြီး၊ ၂၁ ရက် အကြာ၊ လိင်ဆက်ဆံရာနေရာ မှန်သမျှမယ် မနာတဲ့ အနာလေးတွေ စဖြစ်တယ်။ ၁ လ ၁ လခွဲနေရင် ပျောက်သွားမယ်။ နောက်အဆင့် ဖြစ်လာရင် မယားတဲ့ အနီပြင်တွေ ခြေသလုံး၊ လက်၊ ကျောတို့မှာ ပေါ်မယ်။ ဒီအဆင့်က ပိုပြီး ကူးစက်စေနိုင်တယ်။ ကိုယ်ပူတာ၊ လည်ချောင်းနာ၊ အစားပျက်၊ အလေးချိန်လျော့၊ တက်စေ့ရောင်တာတွေ ဖြစ်မယ်။ နောက်ပြီး ဘယ်အင်္ဂါအစိတ်အပိုင်းမဆို ရောဂါပြန့်မယ်။ အဆစ်၊ အသဲ၊ ကျောက်ကပ်။

မပျောက်သေးတဲ့ သူတွေ ၂% လောက်က တတိယ အဆင့် ရောက်သွားမယ်။ သွေးကြောကြီးတွေ ဖေါင်းမယ်၊ Gummas တက်စေ့တွေ ရောင်မယ်၊ Neuro-syphilis ဦးနှောက်ဆစ်ဖလစ်ဖြစ်မယ်၊ မျက်စိ၊ နားကို ကူးစက်တော့မယ်။ ၂ နှစ် ကြာရင် တတိယအဆင့်ဆိုတာ ဖြစ်လာတယ်။

နောက်ဆုံးဆင့်ဆိုတာ ရောဂါကူးချိန်ကနေ ၁ နှစ်ကနေ ၁ဝ နှစ်အတွင်းဖြစ်တယ်။ ဒီထက်လဲ ကြာနိုင်သေးတယ်။ အရိုး၊ အဆစ် နဲ့ အာရုံကြောတွေမှာ Gummas (ဂါမာ) ဆိုတာတွေ ဖြစ်လာမယ်။ အာရုံကြော ဆစ်ဖလစ်ဖြစ်ရင် ရောဂါလက္ခဏာ မပေါ်တဲ့အဆင့်ကနေ စိတ်မကောင်းသူလို ဖြစ်သွားတဲ့အဆင့်ထိ ဖြစ်နိုင်တယ်။ နှလုံးကနေထွက်တဲ့ အကြီးဆုံး သွေးလွှတ်ကြောကြီးမှာ ရောဂါရလာတတ်တယ်။ သိပ်တော့ အစိုးရိမ်မကြီးပါနဲ့ ပဋိဇီဝဆေးတွေ မပေါ်ခင်ကသာ ၂၅-၃၅% ဖြစ်တာပါ။ အဲ့ ခုခေတ်မှာတော့ Neurosyphilis ဟာ HIV ရှိသူတွေမှာသာ များနေပါတယ်။

ဒီလို လက္ခဏာတွေရှိတိုင်း နာခေါင်းမရှုံ့ပါနဲ့။ အမျိုးသမီးများမှာဖြစ်တဲ့ Vaginal Infections မွေးလမ်းကြောင်းရောင်တာက သန့်ရှင်းရေး နည်းလို့လည်း ဖြစ်တတ်တယ်။ Trichomoniasis ပိုးက လိင်နဲ့မဆိုင်တဲ့ အဝတ်စိုလိုမျိုးမှာ ၁ နာရီ လောက် ရှင်နေနိုင်လို့ အတူသုံးမိရင် ကူးနိုင်တယ်။ ဒါ့အပြင် ဖိုဆိုရင် ယင်ဖိုတောင် မသန်းဘူးတဲ့ အမျိုးသမီးများမှာတောင်မှ ဗက်တီးရီးယား အရေအတွက် အပြောင်းအလဲကြောင့် ဖြစ်ရတတ်တယ်။ သန့်ရှင်းရေး လုပ်တဲ့အခါ ရှေ့ကနေ နောက်ဖက်ဆီ လုပ်ရတာကို မှတ်ပါ၊ လုပ်ပါ။ ပဋိဇီဝဆေးတွေကြောင့်လည်း ဖန်းဂတ်စ် (ရိစ်) ပိုးဝင်နိုင်တယ်။

ဒီရောဂါတွေကို ကာကွယ်ဘို့ တချို့က လိင်ကိစ္စမှန်သမျှ ဝေရမဏိ လုပ်ခိုင်းတယ်။ သီလမစောင့်နှိုင်ရင်တော့ “ကွန်ဒွန်” က အလွန်မတန် အသုံးဝင်ပါတယ်။ ကိုယ်ခန္ဓာ ရင်းနှီးရသူတွေကို ပညာပေးတာ ထိရောက်အောင်လုပ်ဘို့ အလွန့်အလွန်ကို အရေးကြီးပါတယ်။ ကိုယ့်အိမ်ထောင်ဘက်၊ ကိုယ့်အဖေါ်ကို လူစိတ်ထားပြီး ဆက်ဆံသင့်တယ်။ ဖြစ်လာရင် HIV နဲ့ B, C ပိုးတွေကလွဲရင် ဆေးတွေက အတော်ကို နိုင်ပါတယ်။ တချို့ဆို တခါသောက်နဲ့ ပျောက်တယ်။ ဆေးပါတ် လည်အောင်တော့ ကုဘို့လိုတယ်။ အတူနေဖေါ် နှစ်ယောက်လုံး တပြိုင်တည်း ဆေးကုရပါမယ်။

ဆစ်ဖလစ်ဟာ အမေရိကားကို ကိုလန်ဘတ်စ် မတွေ့ခင်ကတည်းက ရှိတယ်လို့ နောက်မှ ရောက်တဲ့ ဥရောပသားတွေက ပြောတယ်။ ဒီနောက် ရောက်လာကြမဲ့ ဗမာတွေအပါအဝင် အာဖရိက နဲ့ အာရှက လူမှန်သမျှကို မလာခင် ဆေးစစ်တဲ့အခါ ဒီရောဂါကိုပါ စစ်တယ်။ ပိုးတွေ့ရင်လဲ ၁ ပါတ် ၁လုံး၊ ၃ ပါတ် ဆေးထိုးခိုင်းပြီး၊ ဆေးအောင်လုပ်ပေးလိုက်ပါမယ်။ ဒါပေမဲ့ သူတို့ဆီမယ် ၁ နှစ်မှာ လူ ၁၇ သန်းလောက် ဒီရောဂါသည် အသစ်တွေရှိနေတယ်။ ဆေးစစ်အောင်လို့ ရောက်သွားကြမဲ့ ဒုက္ခသည်များ၊ ဟိုရောက်ရင် ဒုက္ခသစ်မရှာကြဘို့ သတိပေးပါတယ်ခင်ဗျား။

Dr. တင့်ဆွေ
၁၄-၂-၂ဝ၁ဝ

Read More...

Saturday, January 16, 2010

Reproductive Health Email Enquiry


မျိုးဆက်ပွား ကျန်းမာရေးနဲ့ ပတ်သက်ပြီး မေးမြန်းလိုပါက မြန်မာနိုင်ငံ ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) မှ ဒေါက်တာ ကိုကိုဇော်ထံသို့ တိုက်ရိုက် Email ပို့ပြီး မေးမြန်းလို့ ရတယ်လို့ News Watch Journal မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ Email လိပ်စာကတော့ zawkzaw@mail.com ဖြစ်ပါတယ်။ ဆေးသုတေသနမှနေ၍ ကျေးလက်နေပြည်သူများအတွက်လည်း မျိုးဆက်ပွားပညာပေး အစီအစဉ်များကို FM လိုင်းများမှနေ၍ ထုတ်လွှင့်ပေးရန် စီစဉ်နေသည်ဟု သိရပါသည်။


Reference : News Watch Journal

Read More...

Thursday, December 17, 2009

Impotence ဆိုတာ

မိမိသည် ယခုတလော အိပ်မ၀င်စားမပျော်ဖြစ်အောင်ကို ကြောက်လန့် နေပါသည်။
မိမိဖါသာလဲတွေးမရ။ ဘာတွေဖြစ်နေပါလိမ့်။
ငယ်လေးတုန်းက ဂွေးတန်းလန်း နဲ့ ဆော့တုန်းက သူပုန်တွေကို ဘော်ဖါကြီးနဲ့ တဒိန်းဒိန်းနဲ့ ပစ်နေတုန်းကလဲ အဆော့မပျက်ခဲ့ (အမေပြန်ပြောပြတာဘဲ)
နောက်တခါ ဆေးရုံဝင်းထဲ ဗျောက်အိုးတွေဖေါက် ဆရာဝန်ဆေးကျောင်းသားမှ ပစ်ချင်တယ်ဆိုပြီး ကျိုက်ထီးရိုးတွေ တရမ်းရမ်းခေတ်ကျတော့လဲ မလန့်ခဲ့။
တခါ ၀ံကြီး နဲ့ ရန်ဖြစ်ရတော့လဲ မဖြုံ ခဲ့။
ကိုယ့်သေတ္တာကိုယ်ဆွဲ တခါမှ မရောက်ဘူးသော တောင်ပေါ်မြို့  ကို တက်လာတော့လဲ မတုန်ခဲ့။
ကျွန်းကလေး၏ တောင်ဘက်အစွန်ဆုံး ပင်လယ်ထဲ အဆော့လွန်ပြီး ရေထဲမျောတော့လဲ သတိကို မထားမိခဲ့။
ခုမှ ဘာတွေ လန့်နေရပါလိမ့်။
မဖြစ်ချေဘူး တစ်တီတူး။
သွားဆေးစစ်အုံးမှပါဘဲ။

-------------------------

ဆရာ ကျွန်တော် လန့်လန့်နေတယ်ဆရာ

ဟုတ်ပြီ ဆက်ပြောပါ။ ဘယ်တုန်းက လန့်ပါသလဲ
လန့်တာကတော့ ၆ပတ်လောက် ရှိပါပြီဆရာ

ခင်ဗျား မယုတ်ပတ်နဲ့နော်
အွန် ဆရာ 6 weeks ပြောတာလေ

သြော် ဆောရီး ဆောရီး
ဒီလိုပါဆရာရယ်။ ကျွန်တော်ခု အသက်ကြီးမှ မိန်းမရမှာကို ကြောက်နေပါတယ်။

ဟာ ... ခင်ဗျားကြောက်တာက အဆန်းဘဲ။ ဘယ်က စလဲ ပြောပါအုံး။
ဒီလိုပါ ဆရာရယ်။ ကျွန်တော့် လူနာက အသက် ၆၅ ပါ။ သူ နောက်ယူတဲ့ မိန်းမလေးကလေ ၂၆ ဆရာရဲ့။

အင်း ..
အဲတော့လေ။ သူက နှလုံး နဲ့ ဆီးချို ရှိတော့လေ။ ဟိုဟာက အီကြာကွေး ဖြစ်နေတယ်ဆရာ။ အဲမှာ လင်မယား ၂ယောက်လုံး ကျွန်တော့ဆီ လာဆူတာပေါ့။ ကျွန်တော်လဲ တတ်သမျှ ကုရတာပေါ့ဆရာ။
ပထမ ဆီးချိုကို ထိန်းကြည့်တယ် ... အီကြာကွေးဘဲ။
ဒါနဲ့  pump သုံးခိုင်းကြည့်တယ် ... အီကြာကွေးဘဲ။
ထူးပါဘူးဆိုပြီး Viagra ပေးကြည့်တယ် ... ... အီကြာကွေးဘဲ။
ဒါနဲ့  Cialis softtab

ဟုတ်ပါပြီ။ သဘောပေါက်ပါပြီ။
အဲနဲ့  ကျွန်တော်လဲ နားက ပူလာ။ အန်ကယ်ကြီးကတော်တော်ရယ် သူ့ငနဲမလေးက မျက်စောင်း တထိုးထိုးနဲ့။ အဲနဲ့
တရက်ကျတော့ betablocker တွေ အကုန်ဖြုတ်၊ cialis 200mg , caverject double dose and muse တခါတည်း ပေးထည့်လိုက်တော့ အော့အော့ ..

အားးး သေရောလား ...
ဟင့်အင်း တန်လန်းကြီးနဲ့  CCU ရောက်သွားရော။

အဲတော့
ထုံးစံအတိုင်းပေါ့ ဆရာရယ်။ အန်ကယ်ကြီးက ဘာမှ မပြောရှာပါဘူး ငနဲ မလေးကသာ သူ တန်းလန်းဖြစ်အောင် လုပ်ရသလားဆိုပြီး။

အဲနဲ့ ခင်ဗျားကြောက်နေတာဆိုပါတော့။
ဟင့်အင်း ဆရာ အဲကိုကြောက်ဘူး။

ဒါဆို ဘာကိုကြောက်နေတာလဲ။
ဟိုလေ ဆရာ အဲ အန်ကယ်ကြီးကို ကြည့်ပြီး CCU က နာ့စ်လေးတွေ စပ်ဖြဲစပ်ဖြဲ ဖြစ်နေတာကြည့်ပြီး ငါသာ အဲလို အကြည့်ခံရင်ဆိုပြီး ကြောက်နေတာပါ ဗျာ ...


××× ဘလောက် အင်ဒမင်၏ ဖြည့်စွက်ချက် ×××

ခက်ဆစ်။


Viagra, Pump, Cialis, Caverjet, Muse = ပန်းသေ ပန်းညှိုး ကုသသော ဆေး၊ ပစ္စည်းများ
Betablocker = ဆေးတစ်မျိုး

Read More...

Sunday, December 6, 2009

Premature Ejaculation


သုတ်လွှတ်စောခြင်း

သုတ်လွှတ်စောခြင်းဆိုသည်မှာ အမျိုးသားမှ အချိန်မတိုင်မီ စောစီးစွာ သုတ်ထွက်ခြင်းဖြစ်ပြီး လိင်ကိစ္စပြဿနာတွေထဲမှာ အတွေ့ရများလှပါတယ်။ England မှာ လုပ်တဲ့ survey တစ်ခုမှာ တွေ့ရှိချက်ကတော့ ၁၀ ရာခိုင်နှုန်းလောက်သော english အမျိုးသားတွေသည် သူတို့ရဲ့ ဘ၀တစ်ချိန်ချိန်မှာ ဒီပြဿနာကို ကြုံဖူးကြတယ်ပြောပါတယ်။ ၎င်းသည် အသက်ငယ်သော အမျိုးသားများတွင် အဖြစ်များပြီး အသက်ကြီးလာရင် ရောဂါပြန်ကောင်းလားတာ တွေ့ရပါတယ်။


အဓိပ္ပါယ်ဖွင့်ဆိုချက် (definition)

premature ejaculation(PE) ကို အတိအကျအဓိပ္ပါယ်ဖွင့်ဆိုဖို့က တော်တော်လေးခက်ခဲပါတယ်။ ၎င်းသည် အချိန်အတိုင်းအတာဖြင့် ဖော်ပြသောကြောင့် အချို့သော စုံတွဲများ အတွက် လုံလောက်သည့် လိင်ဆက်ဆံခြင်း ကြာသောအချိန်သည် အချို့သော စုံတွဲများ အတွက် အရမ်း တိုချင်တိုနေလိမ့်မည်။ ၂၀၀၆ ခုနှစ်တွင် American Research Paper တစ်ခုရဲ့ တွေ့ရှိချက်ကတော့ ပျမ်းမျှ အမျိုးသားတစ်ယောက်၏ ကြာချိန်သည် ၇.၃ မိနစ် ရှိပြီး PE ဝေဒနာခံစားနေရသူသည် ၁.၈ မိနစ်သာ ကြာတတ်ပါသည်။ တစ်ချို့အမျိုးသားတို့သည် ၎င်းထံတွင် PE ရှိသည်ဟု ပြောပြီး ကြာချိန်ကို မေးကြည့်သောအခါ ၂၅ မိနစ်ခန့်အထိကြာသည်ကို တွေ့ရပါသည်။ ဒါ့ကြောင့်မို့လို့ normal ဆိုတာ ဘာကို ပြောတာလဲဟင် ဟုပြောရမလိုဖြစ်နေပါသည်။ ထို့ကြောင့် working definition တစ်ခုဖွင့်မည်ဆိုပါက စုံတွဲတစ်တွဲတွင် တစ်ဦးဦးက orgasm ရသောအချိန်သည် တိုလွန်းသည်ဟု ခံစားရပါက PE ရှိသည်ဟု ပြောလို့ရပါသည်။

လိင်ခံစားမှုအထွဋ်အထိပ်ရောက်ခြင်းသည် အရေးကြီးသလော့။

မေးမှ မေးရက်တယ် ဆရာရယ် အရေးမကြီးဘဲ နေမလားလို့။ ထိုသို့သာ သုတ်လွှတ်စောခြင်း ခဏခဏဖြစ်နေပါက စုံတွဲများ အိမ်ထောင်ရေးသာယာမှုပျောက်ဆုံးနိုင်ပါသည်။ ဒေါသထွက်မှု၊ စိတ်မကျေမနပ်ဖြစ်မှုများတိုးပွားလာနိုင်သည်။ အမျိုးသားအပေါ် အိမ်ထောင်ဖက်မှ အထင်အမြင်သေးမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ အိမ်ထောင်ရေးပြိုကွဲတာတွေ၊ ကလေးလိုချင်လျက်နှင့် မရတာတွေဖြစ်နိုင်ပါသည်။
အဘယ့်ကြောင့် သုတ်လွှတ်စောရသနည်း။
ဟိုးအရင်ကတည်းက လိပ်ကျန်းမာရေးပညာရှင်တွေ ပြောလာတာကတော့ သုတ်လွှတ်စောခြင်းသည် early conditioning ဟုခေါ်သော စိတ်ထဲမှ ကြိုတင်တွေးတောမှုများကြောင့် ဖြစ်သည်ဟု ဆိုပါသည်။
တချို့ကပြောတာကလည်း ယောက်ကျားတစ်ယောက်သည် အရင်ကတည်းက လူမမိအောင် ခိုးစားနေရသူဖြစ်ပါက အချိန်တိုအတွင်း ကိစ္စပြီးမြောက်စေရန် အလျင်အမြန် intercourse လုပ်ရပါသည်။ အဆိုပါသူသည် ထိုကဲ့သို့သော အတွေ့အကြုံများကြောင့် တကယ်တမ်း တူနှစ်ကိုယ် လွတ်လွတ်လပ်လပ် ဆက်ဆံခွင့် ရသောအခါတွင်လည်း သုတ်လွှတ်စောခြင်း ဖြစ်တတ်ပါသည်။ တချို့ အမျိုးသားများကျတော့လည်း လူပျိုဖြစ်ကတည်းက လိင် ဆွဲဆောင်မှုရှိသော အမျိုးသမီး ကို တွေ့လို့မရ။ တွေ့သည်နှင့် သုတ်လွှတ်တတ်ကြကို တွေ့ရသည်။ အဖေများတွင် သုတ်လွှတ်စောပါက သားများတွင်လည်း သုတ်လွှတ်စောတတ်ပါသည်။ ထို့ကြောင့် မျိုးရိုးလိုက်သည်ဟု ပြောလျှင်ရပါသည်။
နောက်တစ်ချက်ကတော့ သုတ်လွှတ်ခြင်းဆိုသည်မှာ အာရုံကြောများမှ ထိန်းချုပ်ထားသော လုပ်ငန်းဖြစ်သောကြောင့် အမျိုးသားတစ်ဦးသည် လိင်ဆက်ဆံရမည်ကို ကြောက်နေပါက သို့မဟုတ် အစိုးရိမ်လွန်နေပါကလည်း သုတ်လွှတ်စောတတ်ပါသည်။ ထို့ကြောင့် အချို့အမျိုးသားများသည် ရဲဆေးတင်သည့်အနေဖြင့် လိင်မဆက်ဆံမီ အရက်သောက်တတ်ကြသည်။ အရက်သောက်ထားပါက လိင်ခံစားမှုထိပ်ဆုံးသို့ ရရန်အတွက် အချိန်ပိုကြာသောကြောင့်ဖြစ်ပါသည်။ သို့ပေမယ့် သုတ်လွှတ်စောခြင်းအတွက် အရက်ကို ဆေးအဖြစ် မမှီဝဲသင့်ပါ။

သုတ်လွှတ်စောခြင်းကို အရှင်းပျောက်အောင် ကုလို့ရပါလား။

အဆိုပါ အခြေအနေသည် ရောဂါသက်သက်မှတ်မှတ်ကြောင့် မဟုတ်ဘဲ စိတ်နှင့်ဆိုင်သောကြောင့် အပျောက်ကုရန် မဖြစ်နိုင်ပါ။ အချိန်ပိုကြာကြာခံအောင်တော့ လုပ်လို့ရပါသည်။ ပျောက်အောင်ကုနိုင်သည်ဟုကြော်ငြာသော ဆေးများသည် လိမ်ညာခြင်းသာ ဖြစ်သည်။

ကုသပေးနိုင်သောနည်းလမ်းများ

စိတ်လွဲနည်း

သင်သည် ၅မိနစ်ခန့်ကြာတတ်ပြီး ၁၀ မိနစ်လောက်အထိ ကြာချင်ပါက ဆရာဝန်ထံသွားစရာမလိုပါ။ ရိုးရှင်းသော စိတ်ကို အာရုံလွှဲသည့် နည်းကို သုံးနိုင်ပါသည်။ မည်သို့လုပ်ဆောင်ရမည်နည်းဆိုသော် သင်သည် လိင်အထွတ်အထိပ် (climax) သို့ရောက်ခါနီးလာသောအခါ စိတ်က အလိုလိုသိပါသည်။ ထိုအချိန်တွင် လိင်ကိစ္စနှင့် မဆိုင်သည့် ကိစ္စများအကြောင်းကို စိတ်အာရုံပြောင်းလိုက်ပါ။ ဥပမာ။ ဘောလုံးပွဲအကြောင်း၊ အလုပ်အကြောင်း များကို စဉ်းစားနိုင်သည်။ ဒါမ မဟုတ်ကိုယ့်ရဲ့ partner ကို ဆွဲဆိတ်ခိုင်းပါ။ နည်းနည်းနာသွားပါက အာရုံပြောင်းသွားမည် ဖြစ်သည်။

Long love condoms (ဘာသာမပြန်တတ်လို့)

ဂျာမန်တွေက ထွင်တဲ့နေရာမှာ သိပ်တော်တာ။ အခုလည်း ဘာကိုထွင်လိုက်သလဲဆိုတော့ ကြာအောင်လုပ်ပေးနိုင်သည့် condom ကို ထွင်လိုက်သည်။ condom ၏အတွင်းဖက်တွင် benzocaine ဟုခေါ်သော ထုံဆေးတစ်မျိုးကို သုတ်လိမ်းထားပြီး လိင်ဆက်ဆံသည့်အခါ ထို condom ကိုစွပ်၍ ဆက်ဆံရမည်ဖြစ်သည်။ ထုံဆေးသည် အမျိုးသားလိင်တံကို ထုံသွားအောင် ပြုလုပ်ပေးမည်ဖြစ်သည်။ ထုံသွားသောကြောင့် climax သို့မြန်မြန်ဆန်ဆန် မရောက်နိုင်တော့ပေ။ သို့သော် အဆိုပါ benzocaine ဆေးကို မတည့်သော အမျိုးသားများသုံးမိပါက allergy ဖြစ်ပြီး ဒုက္ခရောက်နိုင်သည်။ ဆေးနှင့် တည့်မတည့် အရင် စမ်းပြီးမှ သုံးသင့်ပါသည်။ ရန်ကုန်မှာတော့ ၀ယ်လို့ရမရ မသိပါ။ ၀ယ်လို့မရလည်း ကိုယ့်ဘာသာကိုယ် ပြုလုပ်နိုင်ပါသည်။ benzocaine ဆေးအရည် တစ်ပုလင်းဝယ်ပြီး လိင်တံကို သုတ်လိမ်းပါ။ ပြီးမှ condom စွပ်ကာ ဆက်ဆံလို့ရပါသည်။

စိတ်ကြွဆေးများ (anti-depressant medications)

စိတ်ကြွဆေးဆိုသည်မှာ စိတ်ဓာတ်ကျသောရောဂါ (depression)ကို ကုရာတွင်သုံးသော ဆေးများကို ခေါ်ပါသည်။ ထိုဆေးနှင့် သုတ်လွှတ်စောခြင်းနှင့် ဘာဆိုင်လို့လဲဟု မေးစရာရှိသည်။ ထိုဆေးများ၏ ဘေးထွက်ဆိုးကျိုးများထဲတွင် climax ရောက်သောအချိန်ကြာခြင်းသည် ပါဝင်ပါသည်။ ထို့ကြောင့် နိုင်ငံတော်တော်များများတွင် အဆိုပါ စိတ်ကြွဆေးများကို လိင်ကိစ္စအတွက် တရားမ၀င် ရောင်းနေကြပါသည်။ တကယ်တော့ စိတ်ကြွဆေးဆိုတာ ဒီ effect တစ်ခုတည်းရှိတာ မဟုတ်။ အခြား ဆိုးကျိုးများလည်းရှိသောကြောင့် ဆရာဝန်ညွှန်ကြားချက်မပါဘဲ လုံးဝ မသောက်သင့်ချေ။ သောက်မိပါက စွဲလည်း စွဲတတ်သေးသည်။

Cognitive Behavior Treatment (stop-start technique)

မြန်မာလို ဘာသာပြန်မယ်ဆိုရင်တော့ “သိစိတ်ဖြင့် အမူအကျင့်ကို ပြောင်းလဲအောင် ပြုလုပ်ခြင်း “ ဟု ခေါ်မယ်ထင်တယ်။ ဘယ်လိုလုပ်သလဲဆိုတော့ လူတစ်ယောက်၏ အသိစိတ်တွင် မှတ်သားထားသောအကြောင်းအရာများသည် မှန်သည်လည်း ရှိသည်။ မှားနေတာတွေလည်း ရှိသည်။ အခုနည်းလမ်းက လိင်ကိစ္စနဲ့ ပတ်သက်ပြီး မှားယွင်းနေသည့် အသိများကို ပြင်ပြီး အမူအကျင့်ကို ပြောင်းလဲအောင် ကြိုးစားခြင်းဖြစ်ပါသည်။
ဥပမာ - အမျိုးသားတစ်ဦးက စစ်မှန်သော ယောက်ကျားဆိုသည်မှာ မိမိနှင့်ဆက်ဆံသော အမျိုးသမီးကို လိင်ဆက်ဆံခြင်းဖြင့် အဆုံးမဲ့ ကာမသုခအရသာများ ပေးစွမ်းနိုင်ရမည် ဟု ယုံကြည်နေသည် ဆိုပါစို့။ ထိုကဲ့သို့သော အတွေးမျိုးသည် အဆိုပါ အမျိုးသားကို ထိခိုက်ရုံသာမက မှားလည်း မှားပါသည်။ အမျိုးသမီးတို့သည် လိင်အင်္ဂါံ အတွင်းသို့ ထိုးသွင်း၍ဆက်ဆံခြင်း (penetration) ကို အလိုရှိသော်လည်း မိမိ၏ ချစ်သူက ချစ်ကြောင်း ကြိုက်ကြောင်း ပြောဆိုခြင်း၊ နှူးခြင်း နှပ်ခြင်း (foreplay) များကိုလည်း အလိုရှိပါသည်။ ထိုကဲ့သို့အမျိုးသားကို counselling လုပ်ပေးခြင်းအားဖြင့် မှားယွင်းသော အသိများကို ပြုပြင်ပေးရမည်ဖြစ်သည်။

The stop-start technique

အဆင့် ၅ ဆင့်ရှိပါသည်။
  1. အမျိုးသားသည် တစ်ဦးတည်း တကိုယ်ရည် အာသာဖြေဖျောက်ခြင်း (masturbation) ပြုလုပ်ရမည်ဖြစ်သည်။
  2. ပထမအကြိမ်တွင်သူသည် ခြောက်သွေ့သောလက်နှင့် လုပ်ရမည်ဖြစ်သည်။
  3. သုတ်မလွှတ်မီ အချိန်အထိ လုပ်ရမည်ဖြစ်ပြီး သုတ်လွှတ်ခါနီးတွင် masturbation ကို ရပ်ရမည်ဖြစ်သည်။
  4. ထိုကဲ့သို့ လုပ်လိုက် ရပ်လိုက် (stop-start) ကို သုံးကြိမ်လုပ်ရမည်ဖြစ်သည်။
  5. ၄ ကြိမ်မြောက်တွင် သုတ်လွှတ်ချင်လာပါက လွှတ်လိုက် ရမည်ဖြစ်သည်။
ထိုသို့ ၅ဆင့်လုံး အောင်မြင်သွားပါက သူသည် လက်အခြောက်အစား လက်တွင် gel တစ်ခုခု သုတ်လိမ်းပြီး နောက်တစ်ခေါက် masturbate လုပ်ရမည်ဖြစ်သည်။ ထိုကဲ့သို့လုပ်ဆောင်ခြင်းဖြင့် သုတ်လွှတ်ခြင်းကို ထိန်းနိုင်လာအောင် ကျင့်ရမည်ဖြစ်ပါသည်။

ကျွန်တော် ဖော်ပြသွားသောနည်းလမ်းများသည် ဗဟုသုတရရန်ဖော်ပြသွားခြင်းဖြစ်ပြီး ဆရာဝန်၏ ကုသမှုကို အစားထိုးခြင်း မဟုတ်ပါ။ ဖော်ပြပါနည်းလမ်းများကို လုပ်ဆောင်ကြည့်ပြီး အဆင်မပြေပါက တတ်ကျွမ်းသည့် ပညာရှင်နှင့် ပြသသင့်ပါသည်။

Read More...

(Ca Cx) သာအိမ်အ၀ ကင်ဆာ

“ကဲယုံချင်ယုံ မယုံချင်နေ” ဆိုတဲ့ထဲမှာ ကင်ဆာရဲ့သမိုင်းလဲ ပါတယ်။ ဟိုရှေးရှေးကတည်းက ရှိခဲ့တဲ့ ရောဂါ ဖြစ်လို့ပါ။ ဘီစီ ၁၅၀၀ က အီဂျစ် Papyrus ရှေးဟောင်းစာမှာ ရင်သားကင်ဆာ လူနာ ၈ ယောက်ကို ကုသတယ်လို့ မှတ်တမ်း တင်ခဲ့တယ်။ ကင်ဆာကို နာမယ် စပေးခဲ့သူကတော့ ဆေးပညာဖခင်ကြီးလို့ သတ်မှတ်ခံရတဲ့ Hippocrates ဖြစ်တယ်။ ဘီစီ ၄၀၀ တုံးက (ဟစ်ပိုခရေးတီးစ်) ကနေ သားအိမ်ကင်ဆာ “ကုရာနတ္ထိ”လို့ ဆိုခဲ့ပါတယ်။

ဆေးပညာ မသင်ဘူးလို့ ရောဂါတွေအကြောင်း သိပ်မသိပေမဲ့၊ ဗေဒင်ကိုတော့ ပိုသိကြမယ် ထင်ပါတယ်။ ကင်ဆာ နာမယ်ဟာ ဗေဒင်ကနေ လာတာပါ။ ဇွန် ၂၁ ကနေ ဇူလိုင် ၂၂ ရက်အတွင်း မွေးဖွါးသူတွေရဲ့ ဆယ့်နှစ်ရာသီခွင် ရုပ်ဟာ မြန်မာလို ပုဇွန်လုံး (ကရကဋ်)၊ အင်္ဂလိပ်လို Cancer zodiac sign 'The Crab' မဟုတ်ပါလား။ ဗေဒင်ဟောရရင် သူတို့ဟာ စိတ် သိပ်လှုတ်ရှားသူတွေပေါ့။ ဒီအရုပ်နဲ့ ကင်ဆာ ဘယ်လို ဆက်စပ်သလဲ။ အရုပ်ကို သေသေခြာခြာ ကြည့်ပါ။ ခြေထောက်တွေ အများကြီး မဟုတ်လား။ ကင်ဆာက အဲလိုဘဲ ဟိုရောက် ဒီရောက် သွားလွန်းလို့၊ ဖြစ်တဲ့နေရာတွင် မကဘဲ ကူးစက်စေတဲ့ အဓိပ္ပါယ်ကို ဖေါ်ညွှန်းတာ ဖြစ်ပါတယ်။

အိန္ဒိယမှာ Chaini Khaini (ခိုင်နီး)ဆိုတဲ့ ငုံဆေးကို ရောင်းတဲ့အခါ ကင်ဆာအန္တရာယ်ရှိတယ်လို့ သိစေအာင် အရုပ်ကိုပါ ပုံနှိပ်ပြီးမှ ရောင်းစေတယ်။ လွဲနေတာက ပုဇွန်လုံးရုပ် မဟုတ်ဘဲ ကင်းမြီးကောက် ဖြစ်နေတယ်။ ကင်းမြီးကောက် Scorpio ဆိုတာကလဲ ဆယ့်နှစ်ရာသီခွင် ရုပ်ဖြစ်တယ်။ ဒီလူမျိုးတွေက အောက်တိုဘာ ၂၃ နဲ့ နိုဝင်္ဘာ ၂၂ ကြား ဖွါးသူများပါ။ ဗေဒင်အရ ပဋိပက္ခနဲ့ မွေးလာသူတွေလို့ ဆိုပါတယ်။ အဝေးကြီး သွားရှာစရာ မလိုဘူးနော်။ သိပ်မလွဲဘူးလို့တော့ ပြောရမလား၊ Scorpion ဆိုတာကလဲ လူကို သေစေတဲ့ အဆိပ်ရှိ အကောင်ဘဲ။

အမျိုးသမီးများမှာ အဖြစ်များတာတွေက ရင်သားကင်ဆာ၊ အဆုပ်ကင်ဆာ၊ အူမကြီးကင်ဆာလို့ သတ်မှတ် ရာကနေ အခု သားအိမ်အ၀ကင်ဆာဟာ ဒုတိယနေရာ ရောက်လာပြီ။ သေစေတတ်တဲ့ ကင်ဆာမှာတော့ နံပါတ် ၅ လိုက်တယ်။ အမျိုးသမီး ၁ သိန်းမှာ ၁၆ ယောက်ဖြစ်ပြီး၊ ၉ ယောက် သေဆုံးရတယ်။ တနှစ် သန်းတ၀က် ဖြစ်နေပြီး၊ ၂ သိန်းခွဲကျော် သေနရပါသတဲ့။

အီဂျစ်သမိုင်းမှာ ရင်သားကင်ဆာကို မှတ်တမ်းတင်နိုင်ခဲ့တာက အပြင်ကနေ စမ်းကြည့်လို့ ရတာကြောင့် ဖြစ်မယ် ထင်တယ်။ မှန်ပါတယ် ရင်သားမှာ အလုံး-အကြိတ် ရှိ-မရှိ ကိုယ့်ဖါသာကိုယ် စမ်းတဲ့နည်းရှိတယ်။ သားအိမ်အ၀ဆိုတာက မမြင်ကွယ်ရာ ဟို အထဲထဲမှာ ရှိတာကိုး။ သားအိမ်ရဲ့ ပါးစပ်လို အ၀ (အပေါက်) မှာ ဖြစ်ရတာ။ သားအိမ်အ၀ ကင်ဆာက အသက်ကြီးမှ ဖြစ်တာ များတယ်။ အသက် ၂၀ အောက်မှာ အနည်းဆုံး ဖြစ်ပြီး။ ၄၅ ကနေ ၅၅ အထိအရွယ်မှာ အများဆုံးဖြစ်တယ်။ ဒါပေမဲ့ Jade Goody ဆိုတဲ့ ဗြိတိန်က တီဗွီ မင်းသမီးဟာ ဒီရောဂါနဲ့ဆုံးတော့ အသက် ၂၇ နှစ်ဘဲ ရှိသေးတယ်။

ကင်ဆာမှန်သမျှ ဘာ့လို့ဖြစ်ရတယ်ဆိုတာ တိတိကျကျ မသိကြရသေးပါ။ တချို့ အမျိုးအစားတွေမှာတော့ (ဗိုင်းရပ်စ်) လို့ သိနေရပါပြီ။ ၁၉၈၀ ကျမှ သားအိမ်အ၀ကင်ဆာရဲ့ တရားခံဟာ Human Papilloma Virus (HPV) လို့ သိလာခဲ့တယ်။ (HPV) ဆိုတာ သားအိမ်အ၀ ကင်ဆာ နှစ်မျိုးထဲက တမျိုးကို ဖြစ်စေပါတယ်။ သူ့ကြောင့် ဆိုရင်တော့ လိင်ဆက်ဆံတာကနေ ကူးစက်နိုင်တယ်။ မွေးလမ်းမှာ ကြွက်နို့ဖြစ်တာနဲ့လဲ ဆိုင်တယ်။

အများအားဖြင့် စောစောပိုင်းမှာ ဘာလက္ခဏာမှ မပေါ်လို့ ကင်ဆာ ရှိနေမှန်း မသိနိုင်ဘူး။ အချိန်အခါမဟုတ် မွေးလမ်းကနေ သွေးဆင်းတာ။ သွေးဆုံးပြီးမှ သွေးဆင်းတာ။ အတူနေပြီး သွေးဆင်းလာတာ။ အတူနေတုံး ထူးပြီး နာကျင်တာ။ သွေးမဟုတ်ဘဲ အရည်ဆင်းတာ။ အနံ့ဆိုးထွက်တာမျိုးလဲ ရှိနိုင်တယ်။ အဖြူ၊ ပန်းရောင်၊ အနီရောင်၊ အညိုရောင်တွေလဲ ဆင်းတတ်တယ်။

သိပ်မဆိုးတာက သားအိမ်အ၀ကင်ဆာဟာ စောစောစီစီး မကူးတတ်ဘူး။ ပုဇွန်လုံးက အသွားနှေးတယ် မဟုတ်လား။ နောက်ဆက်ဖြစ်ရင် သားအိမ်ကနေ ဘေးကူးပြီ။ ကူးရင်လဲ အနီးအနားများတယ်။ အဝေးသွားရင် သွေးပြန်ရည်လမ်း ကနေကူးတယ်။ နောက်ပိုင်း ရောက်လာရင်တော့ အစားပျက်၊ အားယုတ်၊ ပိန်လာမယ်၊ တင်ပါးဆုံတွင်းက နာမယ်၊ ခြေထောက်နာ-ယောင်၊ ဆီးလမ်း၊ ၀မ်းသွားလမ်း ထိခိုက်၊ အရိုးနာတာတွေ ဖြစ်လာနိုင်တယ်။

လူ-တိရစ္ဆာန်-သစ်ပင် သက်ရှိတွေရဲ့ အသေးဆုံးအစိတ်အပိုင်း တခုကို Cell (ဆဲလ်) လို့ခေါ်တယ်။ အရေပြား၊ ကြွက်သား၊ အရိုး စသဖြင့် (ဆဲလ်) အမျိုးမျိုးရှိတယ်။ (ဆဲလ်) မှန်သမျှ အသစ် ဖြစ်လာကြ၊ ကြီးရင့်လာကြ၊ နောက်ဆုံး သေကြတယ်။ “အနိစ္စ အမြဲမရှိ၊ ဖေါက်ပြန် ပျက်စီးသည့် သဘောရှိ၏” ဆိုတာ ဆေးသိပ္ပံ အလိုအရပါ မှန်တယ်။

(ဆဲလ်)တွေ အသစ်ပေါက်ဘို့ မလိုဘဲ ပေါက်လာရင်၊ ဒါမှမဟုတ် သေရမဲ့(ဆဲလ်)က မသေတာမျိုး ဖြစ်လာရင် Lump (Tumor) အကြိတ် (အလုံး) နှစ်မျိုးထဲက တခုခုဖြစ်လာမယ်။ တခုကတော့ ကင်ဆာ။ တမျိုးက ကင်ဆာ မဟုတ်တဲ့ အကြိတ်။

အဲလို မူမမှန်တဲ့ (ဆဲလ်)တွေ ဖြစ်နေ-မနေ သိအောင် Pap smear လုပ်ရတယ်။ Pap နည်းဆိုတာက ၁၉၂၈ ကတည်းက စပေါ်တယ်။ Pap test စမ်းလို့ မကောင်းတာ တွေ့ရပေမဲ့ ရောဂါဟုတ် မဟုတ် စမ်းလို့ သေခြာမှ ကင်ဆာ ခေါ်တယ်။ ကင်ဆာ မဖြစ်သေးတဲ့ အဆင့်ကို Dysplasia လို့ ခေါ်တယ်။ ယောက်ျားတွေကို HPV ပိုး ရှိမရှိ စစ်ဆေးလို့ မရသေးပါ။

Pap smear နဲ့ ဆရာဝန်ပြတာကို အသက် ၂၀ ကျော်တွေ ၁ နှစ် တခါ မှန်မှန်လုပ်သင့်တယ်။ Pap test က ကောင်းနေယုံ နဲ့တော့ မရှိဘူးလို့ ရာနှုန်းပြည့် မပြောနိုင်ပါ။ ရောဂါရှိမှန်း သေခြာအောင် မွေးလမ်းကြောင်း စစ်ဆေးတာနဲ့ စရတယ်။ ကြည့်တာနဲ့ကို အနေအထား ပြောင်းနေတာ မြင်ရတယ်။ သေခြာအောင် အသားစ ဖြတ်ယူပြီး၊ ဓါတ်ခွဲခမ်းမှာ မှန်ဘီလူးနဲ့ စစ်ဆေးရတယ်။ Biopsy ခေါ်တာပေါ့။

ရောဂါကို နှိမ်နင်းဘို့ဆိုတာ လူတွေကို အသိရှိနေအောင် Awareness လုပ်တာဟာ အရေးပါတယ်။ Screening ခေါ်တဲ့ လူတွေကို အစုလိုက် Pap smear လုပ်ပေးရင် ရောဂါဖြစ်တာကို အစောကြီးသိရတယ်။ ကောင်းကောင်း ကုပေးနိုင်လို့ အသေအပျောက် အတော်နည်းလာတယ်။ မြန်မာပြည်မှာ အမျိုးသမီး ၁၀၀၀ ကို Pap Smear စစ်တမ်း ကောက်ယူ စစ်ဆေးခဲ့ဘူးတယ်။ အဲဒီမှာ သားအိမ်အ၀ကင်ဆာ ဖြစ်စပြုနေသူ ၅ ယောက်ကို တွေ့ရှိခဲ့ရတယ်လို့ ၈-၄-၁၉၇၀ ရက်နေ့မှာ ကျင်းပတဲ့ မြန်မာနိုင်ငံ ဆေးသုတေသန ဆွေးနွေးပွဲမှာ တင်ပြခဲ့ဖူးတယ်။

ကင်ဆာတွေထဲမှာ ကာကွယ်ဆေးရယ်လို့ရှိတာ ဒီရောဂါပါ။ ၂၀၀၆ ခုနှစ်မှာ အမေရိကန် FDA ကနေ အသိအမှတ် ပြုခဲ့တဲ့ ကာကွယ်ဆေးကို Gardasil လို့ခေါ်တယ်။ နောက်တမျိုးကတော့ Cervarix ပါ။ သားအိမ်အ၀ကင်ဆာ ၇၀% ကိုဖြစ်စေတဲ့ HPV နှစ်မျိုးအပြင် တခြား လိင်ကတဆင့် ကူးစက် ရောဂါတွေကိုပါ ကာကွယ်နိုင်တယ်။ ၉၂-၉၈% ထိရောက်တယ်။ သူများတိုင်းပြည်တွေမှာတော့ လိင်ဆက်ဆံတာမျိုးနဲ့ မကြုံနိုင်သေးတဲ့ အသက် ၉ နှစ်သမီးကနေ ၂၆ နှစ်အရွယ် မိန်းကလေးတွေကို ပြစ်မှတ်ထားပြီး ထိုးပေးတယ်။ မုဒိတာပွါးပါလေ။ ကိုယ့်ဆီအတွက် ခက်တာက ဆင်းရဲသူတွေ အဖြစ်များရတဲ့အထဲ ဆေးဈေးက ကြီးလှတယ်။

ကျန်းမာရေး (ဘလော့ခ်)မှာ ဒီရောဂါအကြောင်း တင်တုံးက ပြည်တွင်းက ဆရာဝန်တဦးကနေ (ကွန်မင့်)မှာ ရေးလာတာတခု ရှိတယ်။ “မြန်မာနိုင်ငံမှာ HPV ကာကွယ်ဆေးထိုးဘို့ အခက်အခဲတွေ ရှိနေပါတယ်။ လူအများစုက အဲဒီ ဗဟုသုတ နည်းနေကြပြီး၊ ဆေးတလုံး ကျပ် ၅ သောင်းလောက် ပေးနေရတယ်။ အစိုးရက ဖြစ်ဖြစ် အစိုးရမဟုတ်တဲ့ အဖွဲ့များကဖြစ်ဖြစ် တာဝန်ယူ ဆောင်ရွက်ပေးနိုင်ရင် သားအိမ်အ၀ ကင်ဆာ ဖြစ်ရတာကို အတော်ကြီး ကယ်တင်နိုင်မယ်”။ နောက်ဆရာတယောက် ရေးတာကတော့ “ဆေးတလုံးကို ၈၆၀၀၀ ကုန်ကျပြီး၊ စုစုပေါင်း ၃ လုံးထိုးရင် ကျပ်ငွေ ၂ သိန်း၊ ၄ ထောင် ကျပါတယ်”။

ရောဂါဖြစ်ရင် ၁-၂-၃-၄ ဆိုပြီး၊ အဆင့်တွေ သတ်မှတ်ထားတယ်။ ကုသတဲ့အခါလဲ အဆင့်လိုက် ကုရတယ်။ စောစောသိ၊ ချက်ချင်းကုရင် ပျောက်ပါတယ်။ အဆင့် ၁ ကို သားအိမ်ထုတ်ပေးရတယ်၊ သားအိမ်ဘေးက သွေးပြန်ရည် အကြိတ်တွေကိုပါ ထုတ်ရတာလဲရှိတယ်။ ကလေး ရချင်သေးသူများဆိုရင် (LEEP) နည်း လုပ်ပေးရတယ်။ အဆင့်၁ နောက်ပိုင်း ရောက်နေရင် အားလုံးကုန်ထုတ်နည်း နဲ့ ဓါတ်ကင်တာ လုပ်ပေးတယ်။ အဆင့် ၂ ရောက်နေရင် ဓါတ်ကင်တာနဲ့ ဆေးဝါးနဲ့ ကုပေးတာ ရောတယ်။ တချို့လဲ ခွဲစိတ်တာပါ လုပ်ရတယ်။ ၂၀၀၆ ကတည်းကသုံးနေတဲ့ဆေး ၂ မျိုးကတော့ Hycamtin နဲ့ Cisplation တို့ဖြစ်တယ်။

ကင်ဆာလူနာမှန်သမျှ ၅ နှစ်အထိ အသက်ရှင်သူ ရာနှုန်းဘယ့်လောက်ရှိလဲ ဆိုတာနဲ့ အဆိုးအကောင်း ခွဲခြား သတ်မှတ်တယ်။ အဆင့်စောလေ ကောင်းလေ။ အဆင့် ၁ ဆိုရင် ၈၀-၉၀%။ ၂ တွေက ၆၅-၇၀%။ ၃ က ၂၅-၃၀% နဲ့ နောက်ကျတဲ့ ၄ က ၁၅% ဖြစ်တယ်။

ပြည်တွင်းထုတ် မဂ္ဂဇင်းတခုမှာ ရေးတာရှိတယ်။ သားအိမ်ခေါင်းလို့ သုံးနှုံးတယ်။ “ကိုယ့်လူက ပါးစပ်ထဲ လက်ထည့်ရင်တောင် မကိုက်တတ်ဘူး” လို့ပြောပြီး၊ ရောဂါလက္ခဏာ ပေါ်လာသူ အမျိုးသမီးတွေ ဒုနဲ့ဒေး။ ပါတနာ (သို့) ခင်ပွန်းက ပျော်ပါးလို့ ဘဝနစ်မွန်းခဲ့ရတဲ့ အမျိုးသမီးတွေလဲ ရှိသလို ပါတနာ (သို့) ခင်ပွန်းကို အကြွင်းမဲ့ ယုံကြည်မိလို့ နောက်ဆုံး ဓားစာခံဖြစ်သွားတဲ့ အမျိုးသမီးတွေလဲ တပုံကြီးပါ။ တိုးတက်လွန်းပြီး၊ စိတ်မချရတဲ့ ခေတ်ကြီးထဲမှာ ဘယ်သူ့ ဘယ်သူကိုမှ ယုံဖို့ မခက်ပေဘူးလား” တဲ့။

ကွန်ဒွန်း (Condoms) သုံးတာ ဒီရောဂါအတွက်ပါ ကောင်းတယ်။ တကယ်လို့ အဖေါ်မှာ ကြွက်နို့ရှိနေရင် ဆက်ဆံဘို့ ငြင်းသင့်တယ်။ သားအိမ်အ၀ကင်ဆာဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ လိင်ဆက်ဆံသူတွေ အဖြစ်များလို့ ဆယ်ကျော်သက်များ သတိထားကြပါ။ ကလေး အမွေးများသူတွေမှာလဲ ပိုဖြစ်တတ်လို့ မိသားစုစီမံကိန်း လုပ်ကြပါ။ ဆင်းရဲ နွမ်းပါးသူတွေမှာ ပိုဖြစ်ကြရတယ်။ ချမ်းချမ်းသာသာ နေနိုင်အောင် ဒုတိယ-တတိယနိုင်ငံများ သွားချင် သွားပါလေ။ အဖေါ်များများနဲ့ လိင်ဆက်ဆံသူတွေမှာ အဖြစ်များလို့ အတူနေအဖေါ် နည်းနိုင်သမျှ နည်းသင့်တယ်။ တလင်-တမယားစနစ်ကို အလေးအနက် ပြန်ထားသင့်နေပြီ။

Dr. တင့်ဆွေ
၅-၁၂-၀၉

Read More...

Wednesday, December 2, 2009

ယောက်ျား ဖေါင်စီး၊ မိန်းမ မီးနေ

ကလေးမီးဖွါးရတာ ဘယ့်လောက် အန္တရာယ်များလဲဆိုတာကို တင်စားပြောလိုက်တဲ့ စကားပါ။ အတော်ကို မှန်ပါတယ်။ တကမ္ဘာလုံး ၁ နှစ် ၁ နှစ်၊ သန်းတ၀က်မက ကလေးမီးဖွါးရင်း ကိုယ်ဝန်ဆောင်တွေ သေနေရဆဲပါ။ ဟိုအရင် ခေတ်ဟောင်းသမိုင်းမှာ ၁၀၀ မှာ ၁ ယောက် သေခဲ့နိုင်တယ်လို့ ထင်ကြတယ်။ ၁၈၀၀ ခုနှစ်များ ကတော့ အဆိုးဆုံးမို့ ၄၀%တောင် သေဆုံးရသတဲ့။ ၁၉၀၀ ပြည့်နှစ်တွေမှာတော့ ၁% ရှိခဲ့တယ်။

ကလေးဖွါးရင်း မိခင်တွေ ဘာ့လို့ သေဆုံးရသလဲဆိုတဲ့ အကြောင်းတွေထဲမယ် သွေးသွန် (သွေးလွန်) တာက ထိပ်ဆုံးကပါ။ ရောဂါပိုးဝင်တာက ဒုတိယ၊ ကိုယ်ဝန်ပျက်တာဖြစ်ဖြစ် ဖျက်တာဖြစ်ဖြစ် မှားလို့ သေရတာကလဲ အရေအတွပ်မှာ ဒုတိယအဆင့်နဲ့ အတူတူဘဲ။ ကိုယ်ဝန်ဆောင်တုံး ကိုယ်တွေရောင် သွေးဖိအားတွေ တက်တဲ့ ကိုယ်ဝန် သွေးဆိပ်တက် ရောဂါ ဆိုတာက တတိယ လိုက်တယ်။ မွေးလမ်းကနေ မမွေးနိုင်လို့က စတုတ္ထနေရာမှာ ရှိတယ်။

“ယောက်ျား ဖေါင်စီး၊ မိန်းမ မီးနေ” ဒီစကားက ပေါ်တာ ကြာပြီနဲ့ တူပါတယ်။ ကနေ့ခေတ်မှာ ကလေး မီးဖွါးရတာက အဲလောက် အဖိတ်အစင် မများတော့ပါ။ ပိုးသတ်ဆေးတွေ ပေါ်လာတာရယ်၊ သွေးသွင်း ပေးနိုင်လာတာရယ်၊ ကိုယ်ဝန်ဆောင်တွေကို ပိုပြီး ကောင်းကောင်း စောင့်ရှောက်ပေးနိုင်လာတာတွေကြောင့် မအေတွေ အသေနဲလာရတာပါ။ အရင်လောက် သိပ်မဆိုးတော့ဘူးပေါ့။

ဆိုးတယ်၊ မဆိုးဘူးဆိုတာကို တိတိကျကျပြောရင် ဆေးပညာမှာ maternal mortality ratio (MMR) လို့ ခေါ်တာနဲ့ စာရင်းကောက် တွက်ချက်ရတယ်။ ကလေး ၁ သိန်းမွေးတိုင်း မွေးရင်းသေဆုံးရတဲ့ မိခင် ဘယ်လောက် ရှိလဲဆိုတာကို ပြောတာပါ။

ကလေးမီးဖွါးပြီး သေတယ်ဆိုတာ အဆန်းတော့ မဟုတ်ပါ။ သိဒ္ဓတ္ထမွေးပြီး၊ မယ်တော် မဟာမာယာဒေ၀ီ လဲ လုမ္ဗိနီသာမော အင်ကြင်းတောထဲမှာ သေဆုံးခဲ့ရတာ နှစ်ပေါင်း ၂၅၀၀ ကျော်က တကဲ့ အဖြစ်အပျက်ပါ။ ပုံပြင်တွေ၊ ၀တ္ထုတွေထဲမှာလဲ တကူးတက ထည့်ရေးကြတာ တွေ့ရပါမယ်။ မင်းသမီးလေး (စနိုးဝှိုက်) အမေက ဆုံးသွားလို့ ဘုရင်က နောက်မိန်းမ ယူရတာက ချောတော့ ချောပေမဲ့ စိတ်က အကျဉ်းတန်၊ ကဝေပညာလဲ တတ်သတဲ့။ စစ်နဲ့ငြိမ်းချမ်းရေး ထဲမယ် မင်းသား (အင်ဒရူး) ဇနီးဟာ သားလေး (နီကိုလိုင်) ကို မွေးပြီး သေဆုံးသွားရတယ်။ (အိုလီဗာ တွစ်) ကလဲ မိတဆိုးဘဲ မဟုတ်လား။

ရုပ်ရှင်တွေမှာလဲ ပါတာဘဲ။ (ဇောရိုး မျက်နှာဖုံး)ထဲမယ် လူဆိုးကြီး (ရဖယ်လ် မွန်တဲရိုး)ကနေ (အလီနာ) အမေကို ပြစ်သတ်၊ ကလေးမွေရင်း သေရတာလို့ လိမ်ပြောပြီး၊ မွေးစားခဲ့တယ်။ (ဟယ်ရီပေါ်တာ) ထဲမှာလဲ (လော့ဒ် ဗိုလ်ဒမ်မော့တ်) ရဲ့အမေ (မာရုပ် ဂေါက်-ရစ်ဒယ်လ်) ကလဲ ကလေးမွေးပြီး သေသွားရတယ်။

ထင်ကြမဲ့အတိုင်း အဆိုးမှန်သမျှ အာရှ၊ အာဖရိကမှာဘဲပေါ့။ အကောင်းဆုံးက အအေးဆုံးဖြစ်တဲ့ အိုက်စလန် မှာ ၁ သိန်း မွေးလို့ ၁ ယောက်တောင်မှ မသေဘူးတဲ့။ အမေရိကားမှာတော့ ၁၁ ယောက်သေတယ်။ သေရတဲ့ မိခင် ၉၀-၉၉% က ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပါ။ ဗမာပြည်ဟာ ၁၉၈၇ ခုနှစ်ကတည်းက စာရင်းဝင်ခဲ့ရပြီး၊ ကနေ့အထိ ပြန်မထွက်နိုင်သေးတဲ့ အဆင်းရဲဆုံးတိုင်းပြည် LDC ဖြစ်တယ်။ ချမ်းသာတဲ့ တိုင်းပြည်တွေထက် LDC တွေက အဆ ၃၀၀ ပိုဆိုးပါသတဲ့။ ဒါ့ကြောင့်လဲ “မိန်းမမီးနေ” ဆိုတာကို ဗမာစကားနဲ့ တိတိကျကျ ရှိနေသေးတာ ဖြစ်မှာပေါ့။

ကုလသမဂ္ဂ အဖွဲ့အစည်းတွေဖြစ်တဲ့ WHO, UNICEF, UNFPA နဲ့ ကမ္ဘာ့ဘဏ်တို့က ပြုစုထားတဲ့ ၂၀၀၅ ခုနှစ် စာရင်း အရဆိုရင် ကလေး ၁ သိန်းအရှင်မွေးရင် မီးတွင်း သေဆုံးရတဲ့ မိခင်ပေါင်း ၅၀၀ ကျော်တာ ၆၅ နိုင်ငံ ရှိတဲ့ထဲမယ် မြန်မာနိုင်ငံက ၅၁၀ နဲ့ပါတယ်။ ပိုဆိုးတာက ၁၀၀၀ ကျော်ရှိတာ ၃၃ နိုင်ငံ၊ ၂ ထောင်ကျော် ၆ နိုင်ငံနဲ့ ဘိတ်ဆုံးဟာ ၃၇၀၀ နဲ့က (ဆာရာလီအွန်) ဖြစ်တယ်။

ကျွန်တော်တို့ တိုင်းပြည်မှာက သုတေသနဆိုတာ အတော်ကြီး နည်း၊ အတော်ကြီး ခက်ခဲနေသေးတယ်။ တာဝန်ရှိသူတွေကနေသာ ကိုင်တွယ် ထုတ်ပြန်လေ့ရှိတဲ့အပြင် မကောင်းတဲ့ စာရင်းဆို မပြတတ်တဲ့ အကျင့်က ပါနေတယ်။ တာဝန်ရှိသူတွေလို့ ပြောတာကိုက မှားနေတယ်။ ကျန်းမာရေး ပြဿနာကို ကောင်းမွန် တိုးတက်အောင် ဖြေရှင်းရာမှာ အုပ်ချုပ်သူတွေနဲ့ ကျန်းမာရေးနယ်မှာ လုပ်နေကြသူတွေချည်းနဲ့ မလုံလောက်ပါ။

မအေတွေ အသေနဲလာရတဲ့ တခြား အရေးကြီးတဲ့ အကြောင်းတခုကတော့ နိုင်ငံရေးပါ။ အမျိုးသမီးတွေကို ပိုဂရုစိုက်ပေးဘို့ လိုတယ်ဆိုတဲ့ နိုင်ငံရေးအမြင်၊ လူမှုရေးအသိ ကောင်းလာလို့ ဖြစ်တယ်။ နိုင်ငံရေး အဖွဲ့ အစည်းတွေ၊ လူမှုရေး အသင်း အပင်းတွေ၊ အမျိုးသမီး အစုအစည်းတွေဟာ နေရာတိုင်းမှာ အရေးပါလှပါတယ်။ သူ့အသိစိတ်နဲ့သူ ဖွဲ့ကြရတာဖြစ်ဘို့လဲ လိုပါမယ်။

CEDAW လို့ခေါ်တဲ့ အမျိုးသမီးများ ခွဲခြားဆက်ဆံခံရမှုမျိုးစုံ ပပျောက်ရေး ကော်မတီဆိုတာရှိတယ်။ ကုလသမဂ္ဂ အောက်ကပါ။ ၂၀၀၀ ခုနှစ်က မြန်မာကိုယ်စားလှယ်ကနေ ၁၀၀၀ မှာ ၁ ယောက် သေနေတာက ၂၀၀၀ မှာ ၁ ယောက်သာ သေအောင် လုပ်မယ်လို့ နယူးယော့မှာ ကတိပေးခဲ့တယ်။ ဘယ်လောက် ကောင်းသလဲ။

လက်လှမ်းမီသလောက် စာရင်းလိုက်ရှာတော့ ၁၉၉၅ မှာ MMR ၁၇၀ ယောက်လို့ UNDP စာရင်းတခုမှာ တွေ့တယ်။ ၁၉၉၉ တုံးက (ဆာဗေး)လုပ်တော့ ၂၅၅ ယောက်လို့ ထုတ်ပြန်ခဲ့တယ်။ နောက်ထပ် တွေ့ရတာက ၁၉၉၀ မှာ ၅၈၀၊ ၂၀၀၀ မှာ ၃၆၀၊ ၂၀၀၇ မှာ ၃၂၀ ဆိုပြီး တွေ့ရတယ်။ ဒီထဲမှာ ၁၉၉၅ နဲ့ ၁၉၉၉ က စာရင်းတွေကို ထည့်မရေးတာ သတိထားမိမှာပါ။ နောက်နှစ်တွေမှာ ပိုဆိုးသွာတဲ့ သဘောဖြစ်နေလို့ စာရင်း မသွင်းတော့တာနဲ့ တူတယ်။ မီးတွင်းမှာ သေသွားရတဲ့ အမျိုးသမီးများ စာရင်းတောင် အသွင်းမခံရပါလား။

သတင်းတို့၊ စာရင်းတို့ ထုတ်ပြန်တော့ အရင်စာရင်းနဲ့ နောက်စာရင်း နှိုင်းယှဉ်ရင် “တိုးတက်၊ ကောင်းမွန်၊ အောင်မြင်တယ်” ဆိုတာကို သိပ်ပြောချင်ကြတယ်။ အကောင်းတွေ တိုးလာစေ၊ အဆိုးတွေ နည်းလာစေဆိုမှ မျက်နှာပန်းက လှမှာကိုး၊ သတိကြီးကြီး ထားတတ်ကြတယ်။ သတိကြီးတယ်ဆိုတာ ကောင်းတာပေါ့။ သတင်းရေးသူတွေ အမျိုးမျိုးရှိသလို ကိုးကားတာကလဲ တမျိုးတမျိုးကြီး ဖြစ်နေမှာပါဘဲ။ ဗမာပြည်မှာ စာရင်းဇယား၊ ကိန်းဂဏန်းဆိုတာ ကိုးကားချင်ရင် လေဖမ်း ဒန်းစီးရသလိုမျိုးကိုး။

ကျွန်တော်တို့တိုင်းပြည်မှာ ၁ နှစ်မှာ မွေးလူနာပေါင်း ၁့၃ သန်းရှိပါတယ်။ ၂၀၀၅ မေလ ၂ ရက်က (ဆင်ဟွာ) သတင်း ဌာနကနေ ကျန်းမာရေးဌာနကို ကိုးကားပြီး မြို့နယ်ပေါင်း ၁၂၀ က၊ အိမ်ထောင်စုပေါင်း ၂ သိန်းခွဲကို UNICEF နဲ့ပေါင်းပြီး၊ ဆန်းစစ်မယ်လို့ ပါတယ်။ ၂၀၀၀ ခုနှစ် တုံးက မွေးလူနာ ၁ သိန်းမှာ သေရတဲ့ မိခင်ပေါင်းက ၄၃၀၀ ရှိတယ်လို့ပါတယ်။ ၂၀၀၉ ဇန္န၀ါရီလ သတင်းတခုမှာ UN Population Fund (UNFPA) အဆိုအရ နှစ်တိုင်း မိခင်ပေါင်း ၃၈၀၀ သေဆုံးနေရတယ်လို့ ဆိုတယ်။

၂၀၀၈ ခုနှစ်အတွင်း ကလေးဖွါးရာမှာ ၅၇%ကဘဲ ကြွမ်းကျင်တဲ့ သူတွေနဲ့ မွေးကြတယ်။ သေဆုံးရသူတွေထဲက ၈၇% က တောပိုင်းမှာ ဖြစ်တယ်။ သေသူတွေဟာ ဆေးရုံ ဆေးခန်းမှာ ၁၀%၊ လမ်းမှာ ၂% နဲ့ အိမ်မှာက ၈၈% ရှိတယ်လို့ တိတိကျကျ တွေ့တယ်။ သားဖွါး ဆရာမတယောက်ဟာ ရွာ ၁၆ ရွာကို ကြည့်ပေးနေရတယ်လို့ပါ ထောက်ပြတာ တွေ့ရတယ်။ ပြည်နယ်တခုမှာ အရံသားဖွါးဆရာမ ဖြစ်အောင် သင်တန်းပေးတာ ၃ လစာကို ၁ ပါတ်ထဲ ပေးလိုက်သတဲ့။ ဒီလို သတင်းအမှန်မျိုးက စာရင်းဇယား၊ သတင်းများမှာ ပါတာမဟုတ်ဘူး။

၂၀၀၉ ဇွန်လ တတိယပါတ်ထုတ် (မြန်မာ တိုင်းမ်) မှာ မိခင်နှင့်ကလေး ကျန်းမာရေး တိုးတက်လာတယ်လို့ ဖတ်ရတယ်။ သာဓုခေါ်ရမှာပေါ့။ တပါတည်း မှတ်ချက်ပြုထားတာက တိုးတက်လာတယ် ဆိုတာကို ကိန်း ဂဏန်းတွေနဲ့ ပြမရဘူးတဲ့။ ဘာ့လိုလဲဆိုတော့ ခိုင်လုံတဲ့ သတင်းအချက်အလက် ရဘို့ ခက်ခဲလို့ပါတဲ့။ အားရှိစရာလို့ ပြောရမလားတော့ မသိဘူး၊ ဗမာပြည်ဟာ အရှေ့တောင်အာရှမှာ အဆိုးဆုံးဖြစ်ပေမဲ့ ၂၀၀၅ မှာ ၁၉၉၀ ကထက် ၄၅့၅% တောင်မှ လျော့ကျခဲ့တယ်။ ၂၀၁၅ ရောက်ရင် မီးတွင်းသေနှုန်းကို ၄ ပုံ ၃ ပုံ လျော့ကျစေရမယ်တဲ့။ ဒုတိယအကြိမ် သာဓုခေါ်ပါတယ်။

Dr. တင့်ဆွေ
၂-၁၂-၀၉

Read More...

Saturday, September 26, 2009

A Website for Sexual Health


ကိုယ် စလိုက်မိတဲ့ အနေအထားလေးက အလွန်ကို လိုအပ်ချက် ရှိနေတဲ့ နေရာ တစ်ခု ဖြစ်နေတယ်ဆိုတာ နောက်ထပ် တွေ့ရတဲ့ comment တစ်ခု ကနေ သဘောပေါက်ပေမယ့် ဆက်ရေးပေးဖို့ အခြေအနေ မပေးဘူး ဖြစ်နေပါတယ်။
ဒါကြောင့် ဒီ website link ကလေးကို ဖတ်နိုင်သူတွေ ဖတ်ဖို့ မျှပေးချင်ပါတယ်။
ဘာသာပြန် နိုင်တဲ့ သူတွေက အင်္ဂလိပ်လို မဖတ်နိုင်သူတွေ အတွက် ဘာသာပြန် ပြောပြပေးရင်လဲ အကျိုး ရှိမယ်လို့ ထင်ပါတယ်။
Sexual health နဲ့ ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အဓိပ္ပာယ် ဖွင့်ဆိုထားတာကို ဘာသာ မပြန်တော့ဘဲ ဒီအတိုင်း ပြန်တင်ပေးလိုက်ပါတယ်။
" Sexual health is a state of physical, emotional, mental and social wellbeing in relation to sexuality; it is not merely the absence of disease, dysfunction or infirmity. Sexual health requires a positive and respectful approach to sexuality and sexual relationships, as well as the possibility of having pleasurable and safe sexual experiences, free of coercion, discrimination and violence."

Read More...

Wednesday, September 23, 2009

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁)

ဆေးသမား မရွံရ၊ လူနာဖြစ် မရှက်ရဘူးတဲ့။ စအိုနဲ့ရော လိင်နဲ့ပါ ပတ်သက်တာမို့ ရွံစရာ-ရှက်စရာဆိုတာလေးတခု ရေးပါရစေ။

ကြားဘူးတယ် မဟုတ်လား၊ မဏိပူ (ကသည်း) ပုဏ္ဏားတွေဟာ အင်မတန် အသန့်ကြိုက်တယ်ဆိုတာ။ ထမင်းချက်ရင် စည်းဝိုင်းဝိုင်း ချက်တယ်။ ၀ိုင်းထဲကို ဘယ်သူမှ မ၀င်ရဘူး။ ရေမိုးချိုးပြီး၊ ပါးစပ်နဲ့ နှာခေါင်းကို အ၀တ်စီးတယ်။ အက်ႍေတာ့ မ၀တ္ဘူး။ တချို့ထူးတာက ဘယ်ဘက်လက်ကို စည်းဝိုင်းအပြင် ထုတ်ထားရသတဲ့။ ဘယ်လက်က (ရိုင်းတယ် ပြောတော့ဗျာ)၊ ၀မ်းသွားပြီးတိုင်း ဖင်ဆေး-သန့်ရှင်းရေး လုပ်တဲ့လက်မို့ ရွံတယ်ပေါ့။ မေးချင်တာက ၀မ်းသွားတဲ့ (ဖင်)ကတော့ စည်းဝိုင်းထဲမှာ မဟုတ်ပါလားလို့။

စအိုကနေ၀င်တဲ့ ကူးစက်ရောဂါဆိုတာ ဆေးစာထဲမှာ မရေးကြသေးပါ။ Feco-oral route စအို-ပါးစပ် လမ်းကြောင်းကနေ ကူးစက်တဲ့ ရောဂါတွေဆိုတာတော့ ရှိတယ်။ ၀မ်းလျော၊ ၀မ်းပျက်၊ ၀မ်းကိုက်၊ ကာလ၀မ်း၊ အူရောင်ငန်းဖျား၊ အသဲရောင် အေ၊ ပိုလီယို၊ ဆာလ်မိုနယ်လိုဆစ်၊ ရိုတာ-ဗိုင်းရပ်စ်၊ စတာတွေပါတယ်။ စအိုကနေ”ထွက်”ပြီး၊ ပါးစပ်ထဲကို တနည်းနည်းနဲ့ ၀င်လို့ ဖြစ်ရတာတွေပေါ့။ အခုခေတ်မှာကြ စအိုကနေ”၀င်”တာတွေ ဖြစ်လာနေပါပြီ။ စအိုကို တလွဲသုံးလာကြလို့ပါ။

ခန္ဓာဗေဒဆိုတာ ဆရာဝန်၊ သူနာပြုတွေ စစချင်းသင်ယူရတဲ့ဘာသာရပ်တခုပါ။ ၁၉၁၈ ကတည်းက ရေးခဲ့ပေမဲ့ ကနေ့အထိ ခန္ဓာဗေဒကို အပြည့်စုံဆုံး ရေးထားတဲ့စာအုပ်က Gray's Anatomy ဖြစ်ပါတယ်။ သူ့နောက် ခန္ဓာဗေဒ ပညာရှင်တွေ ရေးသမျှ စာတွေ-ကျမ်းတွေမှာလဲ ဖင်(စအို)ရဲ့တာဝန်ဝတ္တရားကို An excretory organ or an eliminative channel အညစ်အကြေး စွန့်ထုတ်ပေးရသောအင်္ဂါလို့ သတ်မှတ်ပါတယ်။ ၀မ်းသွား-လေလည်တာပေါ့။ ခုတော့ တာဝန်ပိုတွေပါ ထမ်းဆောင်နေရပါတယ်။

ကျား-ကျား လိင်တူ ဆက်ဆံတယ်ဆိုတာ AIDS ရဲ့သမိုင်းနောက်ခံပါ။ နောက် ဘီပိုးကလဲ တစခန်းထလာတော့ ပြောဘို့-ရေးဘို့ လိုလာပါတော့တယ်။ (ဂေး)အကြောင်း မဟုတ်ပါ။ ကျား-ကျား ဖြစ်ဖြစ်၊ ကျား-မဖြစ်ဖြစ် စအိုလမ်း အသုံးပြုပြီး ဆက်ဆံတာ၊ တဲ့တဲ့ပြောပါရစေ၊ (အေနယ်လ်-ဆက်စ်)ပေါ့။ Dangers of anal sex စအိုကနေ လိင်ဆက်ဆံတာရဲ့ အန္တရာယ်တွေကို ရေးခွင့်ပြုပါခင်ဗျား။

စအိုရဲ့မွေးရာပါအလုပ်ကို ပဌမ နားလည်သင့်ပါတယ်။ သူ့အထက်က Rectum အစာဟောင်းအိမ်ထဲမှာ မစင်(၀မ်း)တွေ ပြည့်လာတာနဲ့ ၀မ်းသွားချင်စိတ် ဖြစ်လာပြီး၊ စအိုနံရံတွေက ကျယ်လာပါတယ်။ အစာဟောင်းအိမ်က အပေါ်ကနေ အောက်ဆီ ဦးတည်တဲ့လှုပ်ရှားမှု Peristaltic waves အရ မစင်(၀မ်း)တွေဟာ စအိုထဲဝင်လာချိန် အထိန်းကြွက်သား အ၀ိုင်းတွေက လျော့ဖွင့်လိုက်လို့ ၀မ်းသွားခြင်း ဖြစ်လာတာပါ။ “စအိုထဲကို အပြင်ကနေ ထိုးသွင်းတာကို လက်ခံရမဲ့ အစီအမံဆိုတာ လုံးဝမရှိပါ။”

နှစ်ပေါင်း ၄၀၀၀ လောက်က ထွန်းကားခဲ့တဲ့ (အိန္ဒု)ယဉ်ကျေးမှုခေတ်ကတည်းက ရှိခဲ့ဘူးတဲ့ အထောက်အထားတွေ၊ နောက်ပြီး ၂ ရာစုက ရှိခဲ့တဲ့ (အာဂျန်တာ) လှိုင်ဂူက ရုပ်တုတွေ၊ တခါ ဟိန္ဒူဘုရားတဆူဖြစ်တဲ့ သျှီဗား ရဲ့တံခါးမှူး မြင့်မြတ်သော နွားလား နန္ဒီကနေ သူ့သခင်(ဘုရား) နဲ့ ဒုတိယ မယား (ပါရ်ဗသီ)တို့ရဲ့ ချစ်ကြွမ်းဝင်ကြပုံ (နည်းအစုံစုံ) တွေကို ကြားသိပြီးသကာလ နောင်လာနောက်သား လူအများအကျိုးငှာ ဖေါက်သည်ပြန်ချခဲ့လို့ သက္ကတဘာသာနဲ့ ရေးမှတ်ခဲ့တဲ့ (ကာမသျှတ္တရ)ကျမ်း ဆိုတာတွေ ကြည့်ရင် လိင်ဆက်ဆံမှုပညာဆိုတာဟာ သမားရိုးကျထက် ဆန်းပြားပါလားလို့ ပြောနိုင်ပါတယ်။ ဆန်းတာတွေ ရှေးကတည်းကရှိလို့ ဆန်းတာ ဘာဆန်းတာမှတ်လို့၊ လုပ်သာလုပ်၊ စမ်းချင်စမ်းလို့ အားမပေးလိုပါ။ ဆက်ဖတ်ပါခင်ဗျား။

Anal sex ဟာ အများထင်သလို အန္တရာယ်မရှိ မဟုတ်ပါ။ စအိုထဲမှာ ဖုံးထားတဲ့ အပေါ်ဖုံးအလွှာဟာ သာမန် အရေပြားလို မဟုတ်ဘူး လူ့အရေပြားဆိုတာက Kerotinized လုပ်တားတာ။ (ကရတင်)ဆိုတဲ့ ပိုခိုင်မာတဲ့ (တစ်ရှူး)နဲ့ ဖုံးနေတာ၊ စအိုထဲမှာ အဲဒါ မရှိဘူး။ နောက်ပြီး စအိုမှာ (စဖင်တာ)ဆိုတဲ့ ကြွက်သားဝိုင်းရှိတယ်။ နှစ်ထပ်တောင် ရှိတာ၊ အပြင်ကောင်က စိတ်ကနေ ထိန်းနိုင်ပြီး၊ အထဲဝိုင်းကတော့ ထိန်းမရဘူး။ သူတို့က ၀မ်းသွား-လေလည် အ၀င် အထွက်ကို ထိန်းပေးတာ။ တကယ်လို့ တစုံတခုက စအိုကို လာထိတာနဲ့ လူ့ကိုယ်ခန္ဓာရဲ့ သဘောဝအရ (စဖင်တာ)က ပိုပြီး တင်းတောင့် ပိတ်ဆို့တဲ့ တုံ့ပြန်မှု လုပ်ပါမယ်။ Reflex ခေါ်တယ်။

ဒါ့ကြောင့် မာတာနဲ့ ထိုးမိရင် စုတ်ပြဲသွားနိုင်တယ်။ တကယ်လို့ အလိုမတူသူ ဖြစ်နေရင် ပိုဆိုးမှာပါ။ အရေပြားလွှာ ၃ ထပ်ရှိတဲ့ မိန်းမကိုယ်နဲ့ မတူတာက ၁ ထပ်တဲရှိတဲ့ စအိုဟာ ဆန့်နိုင်ကြုံ့နိုင်စွမ်း အတော်နည်းပါတယ်။ သဘာဝအရလည်း မဆက်ဆံမီ မိန်းမကိုယ်က ထွက်လာရတဲ့ အရည်ဟာ အဆင်ပြေအလွန်းလို့ Honorably discharge လို့တောင် ခေါ်သေးတယ်။

လိင်ဆက်ဆံတဲ့အခါ တခါတလေ လိင်တံရဲ့ အရေပြားကလည်း ပွန်းပဲ့သွားတတ်တယ်။ အဲဒီနည်းနဲ့လိင်ဆံဘို့ Lubrication ချောဆီ သုံးရတယ်။ KY Jelly (KY Sexual Lubricant) က ပေါ်ပြူလာ အဖြစ်ဆုံးပါ။ သူက တခါသုံး မလာပါ။ တခါသုံး မဟုတ်တာ မှန်သမျှ စိတ်မချရတာ သိမှာပါ။ Jelly သုံးပေမဲ့ နဲနေရင်၊ ဒါမှမဟုတ် အလျင်အမြန် ထိုးသွင်းရင် သေခြာပေါက် စအို စုတ်ပြဲ ပါလိမ့်မယ်။ စုတ်ပြဲတာက သွေးထွက်ချင်မှ ထွက်ပါမယ်။ သေးသေးလေး ဖြစ်အုံးတော့ အင်မတိ အင်မတန် သေးငယ်လွန်းလှတဲ့ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်တွေအတွက်ကတော့ (ဆူပါ-ဟိုင်းဝေး) ဖြစ်နေမယ်။

အဲဒီကနေ ပိုးဝင်လို့ ကူးစက်နိုင်တဲ့ ရောဂါတွေကတော့ အသဲရောင်ဘီ၊ လိင်ကတဆင့် ကူးစက်ရောဂါတွေ (ရှန်ကာ၊ ကြွက်နို့၊ ဖတ်းဂတ်စ်၊ ဂနိုးရီးယား) နဲ့ HIV တို့ ဖြစ်ကြပါတယ်။ စအိုဘေးက အရေပြားမှာ ပိုးရှိရင် ယားနာဆိုတာလဲ ကူးနိုင်ပြန်ပါသေးတယ်။ နောက်တချက် ယောက်ျားဆီးပြွန်ကပဲ Urine ဆီးရော Semen သုတ်အရင်ထွက်တဲ့ အရည်ချွဲရော၊ Sperm သုတ်ရည်ရော ထွက်ရတယ်။ ဒါ့ကြောင့် ဆီးလမ်းရောဂါပိုးကလဲ စအိုထဲ ၀င်နိုင်ပြန်ရော။ စအိုကင်ဆာ ကိုတော့ ဖြစ်နိုင်ခြေစာရင်းလောက်သာ ထည့်ပါမယ်။

Annal canal အရှည်က 2.5 to 4 cm သာ ရှိတာမို့ စအိုအထဲကို ဘယ်လောက်ပဲ ၀မ်း မရှိအောင် လုပ်ထားပါစေ ဘာထည့်ထည့် ပေကျံလာမှာပါ။ စအိုနဲ့ ထိပြီးသားအရာကို အမျိုးသမီးရဲ့ ဆီးလမ်းအ၀နဲ့ မထိပါမှ ဆီးလမ်းပိုး ၀င်တာ မဖြစ်မှာပါ။ မိန်းမကိုယ်အ၀ကို တဆက်တည်း ပြန်သုံးရင် ပိုးဝင်နိုင်တယ်။ ပါးစပ်ဆိုတာတော့ ပြောမနေနဲ့ပေါ့။ ဆိုတော့ မတိုင်ခင်ရော၊ ကြားထဲမှာရော၊ ကိစ္စပြီးချိန်မှာရော ဘယ်လောက် ကရိကထများလိုက်သလဲ။ သာယာမှုနဲ့ မျှပါသလား။ တပ်မက်မှုကြောင့်ဖြစ်လာတဲ့ လိင်ဆက်ဆံမှုက ရလိုတာဟာ သာယာမှု၊ ကျေနပ်မှု နဲ့ ပြည့်ဝမှု မဟုတ်ပါလော။

လိင်ဆက်ဆံတာဟာ နှစ်ဦးနှစ်ဖက်ကိစ္စပါ။ အသက်လည်းပြည့်ပါမှ နှစ်ဦးသဘောတူဆိုပါမှ Rape မဖြစ်မှာ။ နှစ်ဦး သဘောတူ ဆိုရာမှာ (နည်း)ပိုင်း၊ (အနေအထား)ပိုင်း၊ အချိန်ပိုင်းတွေမှာပါ နှစ်ဦးသဘောတူမှ ပြည့်စုံပါလိမ့်မယ်။ တဦးသဘောမတူတာကို တဦးက နည်းလည်မှုပေးဘို့ လိုမှာပါ။ မဟုတ်ရင် တချို့တိုင်းပြည်တွေမှာ ဥပဒေက ခွင့်မပြုပါ။ တကယ်လို့ ယောက်ျားနဲ့ မိန်းမ စအိုလိင်ဆက်ဆံနည်း သုံးမယ်ဆိုရင် ယောက်ျားဖြစ်သူဟာ Physiological and Psychological nature of the practice ဇီဝကမ္မဗေဒ အရရော စိတ်ပညာအရပါ နားလည်ဘို့ လိုမှာပါ။

စိတ်ပိုင်းဆိုင်ရာလဲ ထည့်ဆွေးနွေးရအောင်။ သဘာဝအားဖြင့် ကျား-မ လိင်ဆက်ဆံတယ်ဆိုတာ ဆက်ဆံချင်စိတ် ဖြစ်ပေါ်လာတာနဲ့ အမျိုးသမီးဟာ ယောက်ျားရဲ့ ကြီးစိုးလွှမ်းမိုးမှုကို Submission or Surrender စိတ်လိုလက်ရ နာခံလိုက်တာ ဖြစ်ပါတယ်။ မိန်းမရဲ့စအိုကို ဆက်ဆံချင်သူ ယောက်ျားမျိုးကတော့ ဒီလို လွှမ်းမိုးချင်စိတ် Domination ထက် ကဲပါတယ်။ စိတ်ပညာအလိုအရ အဲလို ယောက်ျားသားတွေဟာ Male domination complex ကျားလွှမ်းမိုးစိတ်ကဲမှု၊ Sexual deficiency complex လိင်ပိုင်းဆိုင်ရာ အားနည်းမှု၊ Low self-esteem မိမိကိုယ်ကိုယ် အထင်ရောက်မှု၊ Demeaning attitude towards women မိန်းမသားနဲ့ပတ်သက်ရင် အမြင်ကွဲလွဲမှု တခုခု ရှိနေတတ်ပြီး၊ မေတ္တာ-ချစ်တာ အားနည်းသူ ဖြစ်နေတတ်ပါသတဲ့။

နည်းအဆန်း စမ်းသူများ (ကွန်ဒွန်)သုတတော့ ရှိမယ်ထင်ပါတယ်။ ရှိအုံးတော့ (အေနယ်)နည်း သုံးရင် ပိုခိုင်မာတဲ့ (စပယ်ရှယ်-ကွန်ဒွန်) သုံးသင့်တယ်လို့ ဆိုပါတယ်။ အမေရိကမှာ အရေးပေါ်ဌာနတခုကိုလာတဲ့ စအိုထဲ ပစ္စည်းတခုခု (Foreign body) ၀င်လို့ လာသူတွေထဲမယ် ၇၈%ဟာ စအိုလိင်ကိစ္စကြောင့် ဖြစ်ရပါသတဲ့။

သိတဲ့အတိုင်း လိင်ဆက်ဆံက (အင်နာဂျီ) အတော် ကုန်တာပါ။ စအိုထဲ ထိုးသွင်း-ဆွဲထုတ်တာက ပိုပြီး (အင်နာဂျီ) သုံးပါတယ်။ နှစ်ယောက်လုံးက ကျန်းမာရေး ဒေါင်ဒေါင်မည်ရပါမယ်။

နောက်ဆက်တွဲက စအိုလိင်ဆက်ဆံတာ များလာတာနဲ့ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် စအိုထိန်းကြွက်သားတွေ အားနည်းလာမယ်။ ၀မ်းထိန်းရတာ၊ လေထိန်းရတာ အားနည်းလာမယ်။ ၀မ်းသွားမမှန်ဖြစ်လာမယ်။ Kegel exercises လေ့ကျင့်ခန်း အလုပ်ခိုင်းယူရပါလိမ့်မယ်။ လူကြားသူကြား သွားတိုင်း (ဒိုင်ပါ)တမျိုးကို အမြဲအပိုဝတ်ထားရပါတော့တယ်။

သိပ္ပံအရ ပြောပြော၊ သဘာဝအရ ဆိုဆို၊ ဆင်ခြင်တုံတရားအရ တွေးတွေး၊ စအိုဟာ စွန့်ထုတ်စရာသာဖြစ်ပြီး မိန်းမကိုယ် (မွေးလမ်းကြောင်း)လို ထိုးသွင်းရမဲ့ဒွါရ မဟုတ်တာ သေခြာပါတယ်။ သဘာဝတရားနဲ့ ဆန့်ကျင်တာ နောက်တခုကတော့ အထက်ကနေ အောက်ကို ဆင်းသက်တဲ့ လားရာကို ပြောင်းပြန် လုပ်မိတာပါ။ ဒီခေတ်ကြီးမှာ သဘာဝဆိုတာကို Environment သဘာဝပတ်ဝန်းကျင်၊ ဂေဟစနစ် နဲ့ Organic မပြုမပြင် အစားအသောက်ကိုသာ ကျယ်ကျယ် လောင်လောင် ပြောနေကြပြီး၊ သဘာဝမကျတဲ့ လူတွေရဲ့ အကျင့်စရိုက်တွေကိုကြတော့ ပိုဆိုးဆိုး လာနေတာဟာ အဆီအငေါ် မတည့်ဘူး ထင်ပါတယ်။

စအိုလိင်ဆက်ဆံနည်း ဥရောပကစတယ် ဆိုပါတယ်။ ဂရိ၊ ရိုမန်၊ ဘေဘီလုံ၊ ပါရှားခေတ်ကတည်းကပါတဲ့။ အာဖရိက မှာတော့ ဒါကို Taboo လို့ ယူဆပါတယ်။ မလုပ်သင့်ဘူးလို့ မှတ်ယူတာမျိုးပေါ့။ ဒါပေမဲ့ ကနေ့ခေတ်မှာ အာဖရိက နွယ်ဖွါး အမေရိကန်များမှာ ခေတ်စားလှပါတယ်။ သိတဲ့အတိုင်း အမေရိကားမှာ သူတို့တတွေရဲ့ အဆင့်အတန်းဟာ ဘာလဲလို့။ ကြားချင် ကြားဘူးမယ် သီချင်းထဲ ထည့်စပ်ကြတာ။ သူတို့တတွေပါဘဲ။ "Lick it till your tongue turn doo doo brown" "Da Butt" "Baby Got Back" နောက် မှတ်သားဘို့ ကောင်းတာတခုက အကျဉ်းစခန်းတွေမှာ အသုံးချစရာ စအိုသာရှိလို့ ထောင်ကလာတဲ့ ဇာတ်လမ်းလို့လဲ ဆိုနိုင်ပါသေးတယ်။

ကမ္ဘာကျော် ရေမွှေးကို ဂျာမနီ Cologne ကနေ ထုတ်တာ မဟုတ်ပါလား။ Jovan Musk ဆိုတာ ၁၉၇၃ ကစ ထုတ်တယ်။ သမင် တမျိုးကရတဲ့ ယောက်ျားသားတွေရဲ့ အနံ့ရှိတယ်ဆိုပြီး၊ လိင်ဆွဲဆောင်မှုအတွက် ရေမွှေးလုပ် ထုတ်တာဖြစ်ပါတယ်။ ရောင်းကောင်းလို့ ကျားသုံး-မသုံး နှစ်မျိုးလုံး ထုတ်ပါတယ်။ ဆိုချင်တာက လိင်ဆက်ဆံရေးမှာ အနံ့ရဲ့ အရေးပါတာကိုပါ။ အမျိုးသမီးများရဲ ယောနိကနေ Pheromones ဆိုတာ အလိုလို ထုတ်ပါတယ်။ ဆန့်ကျင်ဖက်လိင်ကို ဆွဲဆောင်နိုင်တဲ့ အနံ့ပါ။ စအိုမှာ အဲဒီအစွမ်းက ဗလာနတ္ထိ မရှိပါ။ မစင်နံ့သာ ရှိပါတယ်။

လူကြီးတွေက ဆုံးမတယ် အိမ်ပြင်ကအမှိုက် အိမ်ထဲမသွင်းနဲ့တဲ့။ ဆရာဝန်က အကြံပေးချင်တယ် အညစ်အကြေးကို အသစ်ကလေး မထင်နဲ့လို့။

Dr. တင့်ဆွေ

Read More...

Sunday, August 23, 2009

မိသားစုစီမံကိန်း ကိုယ်ဝန်တားဆေးများ

Plan B (Levonorgestrel)Plan B(Levonorgestrel)Plan B (Levonorgestrel)

Norgestrel
Norgestimate
Norethindrone Acetate
Levonelle
Leaonorgestrel
Generic Alesse
Ethynodiol Diacetate
Desogestrel
Drospirenone

Read More...

Wednesday, August 19, 2009

Lesions on penis ကျားလိင်တံ အနာများ

နိုင်ငံတစ်ခုကို ရောက်နေတဲ့ (ဘလော့ဂ်)ကိုလည်း ဖတ်တဲ့၊ ရောဂါ တစ်ခုခုလည်း ရှိနေတဲ့ မြန်မာ အမျိုးသားတစ်ဦးရဲ့ အမေးကို ဒီလို ဖြေလိုက်ပါတယ်။

၁။ ကျားလိင်တံမှာ တစ်ခုမက အစုလိုက် နာတဲ့ အနာဆိုရင် genital herpes ရေယုံ ဖြစ်နိုင်ပါတယ်။ လိင်တံ များသာမက စအို နဲ့ တင်ပါး တစ်ဝိုက်မှာလဲ ပေါက်တတ်ပါတယ်။ ဖြစ်ဖြစ်ချင်း တချို့မှာ ကိုယ်နည်းနည်း ပူတတ်တယ်။ များသောအားဖြင့် STI လိင်လမ်းကြောင်း ကတစ်ဆင့် ကူးစက်ရောဂါ တစ်မျိုး ဖြစ်တယ်။ ယောက်ျားတွေမှာ အဖြစ်များပေမဲ့ အမျိုးသမီးတွေမှာလဲ ဖြစ်နိုင်တယ်။

ရေယုံဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာမို့ အတိအကျ ပြောရရင် ဆေးမနိုင်ပါ။ ကုသတာရဲ့ ရည်မှန်းချက်ဟာ အနေရအထိုင်ရ သက်သာအောင်၊ ဆက်မပွါးအောင်၊ သူများကို မကူးအောင် လုပ်ဖို့ပါ။ သန့်ရှင်းရေး လုပ်တာ ကောင်းတယ်။ အ၀တ်အစား ၀တ်တာတာင် cotton underwear ကောင်းတယ်။ ဖြစ်နေချိန်မှာ အတူ နေတာ(လိင်ဆက်ဆံတာ) ကို ရှောင်ပါ။

Acyclovir (Zovirax), famciclovir (Famvir), or valacyclovir (Valtrex) တွေဟာ ဗိုင်းရပ်စ် ဆေးတွေပါ။ နာတယ် ဆိုရင် အနာ သက်သာဆေးတွေ ibuprofen (Advil) or acetaminophen (Tylenol) သောက်ရပါမယ်။ သဘာဝ ဆေးနည်း တွေထဲမှာ Red Marine Algae, Vir-L-Lysine, Choraphor, Aviralex, Aeura, H-Balm တွေပါတယ်။ Acyclovir က ဆေးပြား၊ ဆေးတောင့်၊ ဆေးရည်ရှိတယ်။ တစ်နေ့ကို ၂-၅ ကြိမ်နဲ့ ၅-၁၀ ရက် သောက်ရတယ်။ လိင်လမ်းမှာ ဖြစ်တာမျိုးကိုတော့ ၁ နှစ် အထိ ပေးရတာလဲ ရှိတယ်။

၂။ အနာက မုံလာပွင့်လို သဏ္ဍာန်ဆိုရင် ကြွက်နို့ ဖြစ်မယ်။ နောက်ဆက်တွဲ ပိုး ထပ်ဝင်တာ မရှိသ၍ မနာပါ။ နည်းနည်းယားတာ ပူတာမျိုး ရှိတတ်ပါတယ်။ အရည် ထွက်တာမျိုးလဲ ရှိနိုင်တယ်။ ကြွက်နို့ ကုဖို့ သတ်သတ် ရေးထားပါတယ်။

၃။ ကျားလိင်တံမှာ တစ်ခုတည်းသော အနာ(အဖု) ဆိုရင် syphilis ဖြစ်နိုင်ပါတယ်။ မနာတဲ့ အနာကို chancre လို့ ခေါ်ပါတယ်။ ဒီအနာနဲ့ တွဲပြီး ပေါင်ခြံမှာ အကြိတ် ထွက်လာပါမယ်။ ဒီအနာ၊ အကြိတ်တွေက ၃-၆ ပါတ်လောက်နေလို့ သူ့အလိုလို ပျောက်သွားတာဟာ ပိုးကင်းသွားတာ မဟုတ်ပါ။ သွေးစစ်ရင် VDRL ဆိုတာလုပ်ရလို့ + ဖြစ်ရင် syphilis ရှိတယ်လို့ ခေါ်တယ်။

ှSyphilis ကို ဘာလက္ခဏာမှ မပေါ်ဘဲ သွေးစစ်လို့ ရှိနေရင်လဲ တာရှည်ခံ (ပင်နစလင်) ထိုးဆေး Benzathine penicillin G ကို တစ်ခါထိုးရင် ၂့၎ ယူနစ် တစ်ပါတ် တစ်ခါ၊ ပေါင်း ၃ ခါ ထိုး ရတယ်။

၎။ ကျားလိင်တံမှာ တစ်ခုမက ပန်းရောင်နဲ့ အရေပြားပေါ် ခပ်ဖေါင်းဖေါင်းလေး ဖြစ်တာမျိုးက molluscum contagiosum ခေါ်တဲ့ ဗိုင်းရပ်စ် ကြောင့် ဖြစ်ရတာ ဖြစ်နိုင်ပါတယ်။ အများအားဖြင့် မနာပါ။ တစ်ခါတစ်လေ နာပြီး၊ ယားသလို ဖြစ်နိုင်တယ်။ ဗိုင်းရပ်စ် ဆေးတွေကို အားကိုးပါ။

၅။ ကျားလိင်တံမှာ အနာတွေက တစ်ခုမကလဲရှိ နာလဲနာ၊ ပေါင်ခြံမှာလဲ အကြိတ်ရှိတာ ဆိုရင် chancroid လို့ ခေါ်တယ်။ ၁ လက္မရဲ့ ရှစ်ပုံ ၁ ပုံကနေ ၂ လက္မထိ ရှိနိုင်တယ်။ နှုတ်ခမ်းသား တိတိကျကျ ရှိတယ်။ ညီညီညာညာ မဟုတ်ဘူး။ ထိရင်၊ လှုပ်ရင် သွေးထွက် နိုင်တယ်။ မီးခိုးရောင် ဒါမှမဟုတ် ခပ်ဝါ၀ါနေမယ်။ ပဋိဇီဝဆေး azithromycin, ceftriaxone, ciprofloxacin, and erythromycin တွေက နိုင်တယ်။ ပေါင်ခြံ အကြိတ်က လိုအပ်ရင် ခွဲစိတ်ရပါမယ်။

၆။ ကျားလိင်တံမှာ ခပ်မဲမဲ အကွက်ကို သာမန် မျက်စိနဲ့ မမြင်ရသလောက် ရှိတာမျိုးက ရှာရှားပါးပါး crabs ခေါ်တာ ဖြစ်နိုင်တယ်။ အမွှေးတွေမှာ ဥတွေရှိနေပါမယ်။ သူ့ကိုကျ မြင်ရတယ်။

၇။ ကျားလိင်တံမှာ အတော်ယားတဲ့ ခပ်နီနီ အနာတွေဟာ scabies ယားနာပါ။ ဆေးတွေကတော့ Permethrin, crotamiton နဲ့ Benzyl benzoate ဖြစ်ပါတယ်။

ဂ။ ပေါင်ခြံမှာ တခြား နေရာတွေမှာ ပေါက်တာမျိုး (ဗက်တီးရီးယား)ကြောင့် ဖြစ်တဲ့ ရိုးရိုး ပြည်တည်နာတွေ (abscesses) လဲ ပေါက်နိုင်တယ်။ ပဋိဇီဝဆေးတွေက နိုင်ပါတယ်။

၉။ လိင်တံ ကင်ဆာ Cancer – penis
အမှန်ပြောရရင် ဘယ်နေရာမှာ ဖြစ်တဲ့ ကင်ဆာဖြစ်ဖြစ် ဘာ့ကြောင့် ဖြစ်ရတယ်ဆိုတာ ကနေ့ အထိ မသိသေးပါ။
လိင်တံကို ဖုံးတဲ့ အရေပြားအောက်မှာ အနံ့ဆိုးဆိုး၊ ခပ်ပြစ်ပြစ် အညစ်အကြေးတွေ ရှိနေရင် ကင်ဆာ ဖြစ်စေတတ်တယ်။ တစ်ချိန်က ကြွက်နို့ ဖြစ်ဖူးသူ၊ လိင်တံ အရေပြားကို ငုံနေပါလျက် မလှီးဖြတ်ထားသူ၊ သန့်ရှင်းရေး နည်းသူတွေဟာလဲ ကင်ဆာ ဖြစ်စေတတ်တယ်။

အနာ လိုလို အလုံး လိုလို အကြိတ်အခဲ လိုလို စ ဖြစ်တာပါ။ ကြွက်နို့နဲ့လဲ တူတယ်။ မုံလာပွင့်လို နေတယ်။ ဖြစ်ရင် မနာတာက များတယ်။ နောက်ကျမှ သွေးထွက်တာ၊ နာတာတွေ ဖြစ်လာတယ်။ လိင်တံရဲ့ ထိပ်ပိုင်းမှာ အဖြစ် အများဆုံးပါ။

သေချာအောင် အသားစ ဖြတ်ယူ စစ်ဆေးနည်း biopsy လုပ်ရမယ်။ ကုသနည်းမှာ Chemotherapy ဆေးပေးတာ၊ Radiation ဓါတ်ကင်တာ၊ Surgery ခွဲစိတ် ကုသတာတွေ ပါတယ်။

(အသုံးအနှုန်း ရိုင်းတာလေးများ ပါသွားရင် ကန်တော့ပါဗျာ။)

တင့်ဆွေ
၁၉-၈-၀၉

Read More...