Sunday, October 30, 2011

Chilli ငရုတ်သီး အရသာ

Sat, Oct 29, 2011 at 4:34 PM
သမီး အစ်ကို ဘာရောဂါဖြစ်နေမှန်းမသိလို့။ သူက အရင်တုန်းကတော့ ကွမ်းစားတယ်။ မစားတာ နှစ်လလောက်တော့ ရှိပါပြီရှင့်။ သူအခု အစပ်စားလို့ မရတဲ့ ရောဂါ ဖြစ်နေပါတယ်ရှင့်။ အရောင်တင်လေး နည်းနည်းလေးပါရင်ကို လျှာကော လည်ချောင်းကော အာခေါင်ကော စပ်နေပါတယ်။ လျှာကွဲတာလည်း မဟုတ်ဘူးလို့ ပြောပါတယ်ရှင့်။ နည်းနည်းလေး စားမိရင် ချွေးသီးချွေးပေါက်တွေ ကျလာပါတယ်။ မခံမရပ်နိုင်အောင် စပ်တယ်ပြောလို့ အစပ်မစားပဲ နေနေရပါတယ်။ ဘာဖြစ်မှန်းလည်း မသိပါဘူးရှင့်။ သူ့အသက်က ၂၅ နှစ်ပါ။ အာခေါင်-ကင်ဆာ ဖြစ်နိုင်မလားရှင့်။ ရောဂါရယ်၊ သောက်ရမဲ့ဆေးရယ် သိချင်ပါတယ်ရှင့်။

Oral cancer ခံတွင်း-ကင်ဆာရဲ့ လက္ခဏာတွေက ပါးစပ် နဲ့ နှုတ်ခမ်းမှာ အဖြူ-အနီ-(အဖြူ+အနီ) ကွက် ပေါ်မယ်၊ အဖြူကွက်ကနေ ကင်ဆာဖြစ်စေတာ များတယ်။ အနီကွက်က ကင်ဆာ မဟုတ်တာ ဖြစ်ဘို့ များတယ်။ နှုတ်ခမ်းနဲ့ ပါးစပ်မှာ အနာပေါက်မယ်။ အနာက တော်တော်နဲ့ မပျောက်ဘူး။ ပါးစပ်ကနေ သွေးထွက်မယ်။ သွားနဲ့မယ်။ မျိုချတဲ့အခါ နာမယ်။ အမျိုရခက်မယ်။ သွားအတုတပ်ရသူဆိုရင် အရင်လိုတပ်ရတာ အဆင်မပြေဖြစ်လာမယ်။ လည်ပင်းမှာ အကျိတ်ပေါ်မယ်။ နားကိုက်မယ်။ ဒါတွေ မရှိရင် ဒီနေရာ ကင်ဆာ အတွက် ပူပင်စရာမလိုပါ။

မြန်မာတွေက ချို-ချဉ်-စပ်-ငန်-ဖန်-ခါး အရသာ ခြောက်ပါးလို့ သိကြတယ်။ မြန်မာတိုင်းရင်းဆေးမှာလဲ အဲလိုပါတယ်။ ဆရာဝန်တွေ သင်ရတဲ့ ဆေးပညာမှာတော့ လျှာကနေ ခံစားတဲ့အရသာဟာ Sweet အချို၊ Salty အငန်၊ Sour အချဉ်၊ နဲ့ Bitter အခါး၊ လေးပါးထဲ ရှိတယ်။

အရသာကို သိစေတာက လျှာမှာရှိတဲ့ Taste buds ခေါ်တဲ့ အရသာသိ-အဖုကလေးတွေကြောင့် ဖြစ်တယ်။ လူတိုင်းမှာ Taste buds တသောင်း ရှိတယ်။ လူတွေရဲ့ Five senses အထူးအာရုံခံ ငါးမျိုးဖြစ်တဲ့ Hearing အကြား၊ Sight အမြင်၊ Touch အထိအတွေ့၊ Smell အနံ့ နဲ့ Taste အရာသာ ဆိုတဲ့ထဲမှာ အရသာက အားအနည်းဆုံး ဖြစ်တယ်။ အရသာ မရဖြစ်ရတာက ဆေးဝါး သောက်တာ၊ ဆေးလိပ် သောက်တာ၊ ဗီတာမင် ချို့ယွင်းတာ၊ ဦးခေါင်းကို ထိခိုက်မိတာ၊ ဦးနှောက်-အကျိတ်၊ ဓါတ်ကင် ခံရတာတွေကနေ ဖြစ်စေနိုင်တယ်။ ကွမ်းစားတာကို ဆေးစာထဲ ထည့်မရေးသေးဘူး။ သူတို့ဆီမှာ မရှိလို့ဖြစ်မယ်။ ကွမ်းစားတဲ့လူ အရသူယူတာ တမျိုးဖြစ်တယ်။ ချဉ်တာ မကြိုက်ဘူး။ တော်တော့ စပ်တာကို မမှုဘူး။

အစာတခုခုကို ပါးစပ်ထဲထည့်လိုက်ရင် သွားရည်နဲ့ အစာ ရောထွေးပြီး ကြေချက်ပေးမယ်။ အဲလိုလုပ်နေရင်း လျှာမှာရှိတဲ့ Tastes buds အရသာခံတဲ့ အဖုကလေးတွေနဲ့ ထိတွေ့မယ်။ ဒီ အဖုလေးတွေမှာရှိတဲ့ Receptor cells အာရုံခံ (ဆဲလ်) တွေကို သတင်း အချက်အလက် ပို့ပေးလိမ့်မယ်။ Sensory nerves အာရုံကြောတွေကတဆင့် ဦးနှောက်ကို ရောက်စေတယ်။ ဦးနှောက်ကနေ ဘယ်လိုအရသာ ရှိတယ် ဆိုတာ ပြောလိမ့်မယ်။

အငန် နဲ့ အချိုကို သိစေတာတွေကတော့ လျှာရဲ့ ရှေ့ပိုင်းကနေ တာဝန်ယူတယ်။ အချဉ်ကို လျှာရဲ့ ဘေးနှစ်ဘက်က သိစေပြီး အခါးကိုတော့ လျှာရဲ့ နောက်ပိုင်းက လုပ်ပေးတယ်။ လူတွေ အရသာခံတာ မတူကြပါ။ မိန်းကလေးတွေက ယောက်ျားလေးတွေထက် အရသာသိတာ ပိုများတယ်။ တယောက်ထဲလဲ အသက်ပြောင်းရင် ပြောင်းတတ်တယ်။ သိပ်ငယ်တုံးမှာ အရသာသိစေတဲ့ Taste buds တွေဟာ လျှာတခုထဲကနေ မဟုတ်ဘဲ၊ ပါးစပ်ဘေးဘက်တွေနဲ့ အာခေါင်မှာလဲ ရှိတယ်။ ဒါ့ကြောင့် ကလေးတွေ အပူမခံနိုင်၊ အစပ်မစားနိုင်ကြဘူး။

အရှေ့တောင်အာရှ၊ တောင်အာရှ နဲ့ တောင်အမေရိကားက လူတွေ အလွန်ခံတွင်းတွေ့လှတဲ့ အစပ်အရသာဟာ အမေရိကာ၊ ဥရောပနဲ့ နိုင်ငံတော်တော်များများမှာ လုံးဝမစားကြပါ။ အရသာတမျိုးကို မခံစားတတ်ကြတဲ့သဘော ဖြစ်မယ်။ ငရုတ်သီးစပ်တာကို အင်္ဂလိပ်လို Hot ပူတယ်လို့သာ ခေါ်တယ်။ သူတို့မစားလို့ စပ်တယ်လို့ မပြောတာလား။

Chilli ငရုတ်သီးထဲမှာ ပါတဲ့ Capsaicinoids ဆိုတာက ပါးစပ်ကို ဖုံးနေတဲ့ အလွှာမှာရှိတဲ့ Receptor တွေကို သက်ရောက်စေတယ်။ ဒီလို ဖြစ်တာဟာ Heat ပူလို့ရတဲ့ Pain နာကျင်မှုနဲ့အတူတူ ဖြစ်တယ်။ Burning feeling ပူလောင်တဲ့ ခံစားမှုရစေတယ်လို့ ဆိုတယ်။ စပ်တဲ့ အရသာလို့ မပြောဘူး။ ဘာလို့လဲဆိုတော့ Taste buds တွေဟာ ချိုတာ၊ ငန်တာ၊ ချဉ်တာ နဲ့ ခါးတာတွေကိုသာ ခံစားစေပြီး ပူလောင်တာကို ခံစားတဲ့ အထူး အဖုတွေ မရှိဘူး။ ရိုးရိုး အာရုံကြောတွေကနေသာ ဒါကို သိစေတယ်တဲ့။ ဒီအာရုံကြောတွေက စပ်တာကို ပူတယ်လို့ ထင်တော့ ဦးနှောက်ကလဲ ပူတယ် ဖြစ်သွားရော။

ကြွက်တွေကို စမ်းသပ်လို့သိရတာက Spicey-hot ဆိုတာ Temperature-hot ဆိုတာနဲ့ မျိုးဗီဇ တူတာကို သိရတယ်။ ကြက်တူရွေးကို ငရုတ်သီး ကြွေးရတယ်။ ငှက်တွေကို ငရုတ်သီးက မစပ်စေဘူး။ လူဆိုရင် ပါးစပ်ထဲ မထည့်ခင်ကတည်းက ငရုတ်သီးဟာ ပူတယ်။ ငရုတ်သီး မထောင်းတတ်ရင် ချွေးမ မတော်ချင်ကြတာတင် မကဘူး။ ငရုတ်သီး ထိတဲ့နေရာမှန်သမျှကို ပူစေတယ်။ Burn အပူလောင်တယ်လို့ အင်္ဂလိပ်လို သုံးတယ်။ ငရုတ်သီး အမျိုးမျိုးစားလို့ ချွေးထွက်တဲ့နေရာ မတူတာကို ကိုယ်ပိုင် သုတေသနအရ သိရတယ်။ ရွှေလံဘို-ငရုတ်က ဂုတ်မှာ ချွေးထွက်တယ်။

Chilli ငရုတ်သီး၊ Ginger ချင်း (ဂျင်း)၊ Pepper ငရုတ်ကောင်းတွေက ဘာလို့ စပ်ကြသလဲ။ Spicy food ပူစပ်တာတွေထဲမှာ Capsaicin ပါတယ်။ ဒါကိုခံရတာက ပါးစပ်ထဲမှာရှိတဲ့ Vanilloid receptor (VR1 receptors) အာရုံခံတွေနဲ့ သွားပေါင်းမယ်။ Sensory neuron အာရုံခံ (နူရုန်) ဟာ Depolarized ပြောင်းလဲသွားပြီး Spicy stimuli ဆိုတဲ့ အာရုံခံသတင်းကို ပို့ပေးတယ်။

ထူးဆန်းတာက VR1 receptors အာရုံခံတွေဟာ Capsaicin ကို မသိဘူး။ ဒါ့ကြောင့် အမှတ်တမဲ့ သွားပေါင်းမိတယ်။ VR1 receptors တွေရဲ့ တကယ့်တာဝန်ဟာ Thermo-reception ပူတာကိုသာ သိတယ်။ အပူက ကိုယ့်မလောင်အောင် အသိပေးတဲ့ တာဝန်ကို ထမ်းရတယ်။ VR1 receptors တွေဟာ ပါးစပ်၊ လျှာ နဲ့ အရေပြားတွေမှာ ရှိနေကြတယ်။ မျက်စိကို ထိလဲ ပူလောင် နာကျင်စေလို့ မိန်းကလေးတွေ Self-defense product ကိုယ့်ကိုယ်ကို ကာကွယ်ဘို့ ဆောင်ထားတဲ့ လက်နက်တခုဟာ Pepper spray ငရုတ်ကောင်း-ပန်းဆေး ဖြစ်ပါတယ်။ Mace Pepper Gun ဆိုတာ ဒေါ်လာ ၉၀ လောက်ပေးရတယ်။ ၂၅ ပေအထိရောက်တယ်။

ငရုတ်သီး ဘယ်လောက်စပ်သလဲကို Scoville Organoleptic Test နဲ့ စစ်ဆေး သတ်မှတ်တယ်။
- Standard Pepper Spray မိန်းကလေးသုံး (ပက်ပါ-စပရေး) ပန်းဆေးဟာ ၂၅ဝဝဝ-၂ဝဝဝဝဝ ယူနစ် ရှိတယ်။
- Bear Mace ဆိုတဲ့ ဝက်ဝံတွေကိုတောင် နိုင်တဲ့ ပန်းဆေးဟာ ၂ သိန်း- ၂ သိန်းခွဲယူနစ် ရှိတယ်။
- Law Enforcement Grade Pepper Spray ရဲတွေ သုံးတာက ၅ သိန်းကနေ ၅ သန်းယူနစ် ရှိတယ်။
- Sweet Bell Peppers ခေါ်တဲ့ လုံးဝမစပ်တဲ့ ငရုတ်ပွပွကြီးတွေဟာ သုည ယူနစ်သာ ရှိတယ်။
- Jalapeno (၅-၉ စင်တီမီတာ) ရှည်ပြီး၊ မက်ဆီကို ကလာတဲ့ ငရုတ်သီးဟာ ၂၅ဝဝ-၈ဝဝဝ ယူနစ် ရှိတယ်။
- Cayenne pepper ဆိုတဲ့ အာဖရိက-ငရုတ်က ၃ဝဝဝဝ-၅ဝဝဝဝ ယူနစ် ရှိတယ်။
- Red Savina Habanero ငရုတ်မျိုးက ၃၅ဝဝဝဝ-၅၇၇ဝဝဝ ယူနစ် ရှိတယ်။

အစပ်ကို ဘာလို့ ကြိုက်ကြသလဲ။ ကိုယ့်အတွက်ကောင်းလို့ ဖြေကြသူတွေ ရှိတယ်။ Capsaicin ငရုတ်မှာ ဆေးစွမ်းတွေ ရှိတယ်။
- Anti fungal မှိုပိုးကိုနိုင်တယ်။ Anti-microbial ပိုးတွေကိုနိုင်တယ်။
- Pain reliever for arthritis အဆစ်နာတာအတွက် .05% Capsaicin cream (ခရင်မ်) သုံးတယ်။
- Adlea ထိုးဆေးထဲမှာ ပါတယ်။ ခွဲစိတ်လို့နာတာ၊ အဆစ်နာတာတွေအတွက် တာရှည် အနာသက်သာဆေး ဖြစ်တယ်။
- Prostate cancer cells ယောက်ျား ဆီးကျိတ်-ကင်ဆာ (ဆဲလ်) ကို သတ်နိုင်တယ်။
- Lower blood pressure သွေးဖိအား ကျစေတယ်။
- Salivation သွားရည်များစေလို့ စားရတာ ခပ်ပြင်းပြင်း ရှိတဲ့ အစာနဲ့ တွဲစားလို့ ကောင်းတယ်။
- တခြား ခံစားနေရတာကို လွှမ်းမိုးစေတယ်။
- Capsaicin topical ointments နဲ့ High-dose dermal patch (Qutenza) တွေက Peripheral neuropathy ရောဂါကြောင့် နာတာကို သက်သာစေတဲ့ဆေး ဖြစ်တယ်။
- 0.025% - 0.075% ကို သာမန်ကိုက်ခဲတာ၊ Arthritis အဆစ်နာရောဂါ၊ Backache ခါးနာတာ၊ Strains and Sprains ဟိုနာ-ဒီနာတာတွေ အတွက် ထုံအောင်အရင် လုပ်ပြီးမှ ဆေးကို လက်အိပ် သုံးပြီး လိမ်းပေးရတယ်။
- Capsaicin creams ကို Psoriasis အရေပြားနာကြောင့် ယားတာ-ရောင်တာ သက်သောစေအောင် သုံးနိုင်တယ်။
- ငရုတ်သီး စားရင် (ကာဗွန်ဟိုက်ဒရိတ်) တွေ ဖျက်ပေးလို့ ကိုယ်က အပူတွေ ထွက်လာတယ်။ ဆီးချို၊ လူဝတာတွေအတွက်လဲ သုံးကြတယ်။

ငရုတ်သီး မျက်စိထဲဝင်လို့ ခြေမကို ရေလောင်းတာ စိတ်ပြောင်းအောင် လုပ်တာနေမယ် ထင်တယ်။ Capsaicin ဟာ Fat soluble အဆီမှာ ပျော်ဝင်လို့ ပူစပ်တာ ပြေစေအောင် ရေနဲ့ မရဘူး။ ရေးအေး ဆိုရင်တော့ အေးတာကို သိနေတုံးမှာ စိတ်ပြောင်းပြီး ခဏသက်သာစေမယ်။ Cold milk နွားနို့အေးအေး နဲ့ Cold sugar water သကြားရည်အေးကလဲ သက်သာစေမယ်။

Dr. တင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁၁

Read More...

Nipple discharge နို့ကနေ နို့မဟုတ်တာ ထွက်ရင်

2011/10/29
ကျွန်မ အသက် ၃၅ ပါ။ လွန်ခဲ့တဲ့ ၆ လ လောက်က ကျွန်မ ဘယ်ဘက် Nipple မှာ အရည်ကြည်နည်းနည်း ထွက်ပါတယ်။
ရေချိုးပြီးလို့ တဘက်နဲ့ သုတ်ပြီးတဲ့အခါမှာ အရည်ကြည်လေး နည်းနည်း တွေ့ပါတယ်။ နောက်ပိုင်း မတွေ့တော့ အမှတ်တမဲ့ နေဖြစ်ပါတယ်။ ရာသီမလာခင်နဲ့ လာပြီးအချိန် အကျိတ်အဖုတွေ မိမိဘာသာ စမ်းသပ်ဖြစ်ပါတယ်။ အကျိတ်အဖုတော့ မစမ်းမိပါဘူး။ တစ်လကို သုံးလေးကြိမ်တော့ ကိုက်ပါတယ်။ ရာသီမလာခင်ကော၊ လာပြီးချိန်ကော ကိုက်ပါတယ်။ ဘယ်ဘက်က ပိုကိုက်ပါတယ်။

နောက်ပိုင်း ရာသီလာပြီးကြာမှလည်း ကိုက်ပါတယ်။ ဘယ်ဘက်ပဲ ကိုက်ပါတယ်။ Breast နဲ့ ပတ်သက်တဲ့ ဆရာ့ ဆောင်းပါးတွေ ဖတ်ပြီး လွန်ခဲ့တဲ့ နှစ်ပတ်က သေချာ မိမိကိုယ် ပြန်စစ်ပါတယ်။ စမ်းတာ အကျိတ် မတွေ့ပေမယ့် ဘယ်ဘက်က ကျွန်မ Nipple ကို ညှစ်ကြည့်တော့ အရည်ကြည်နည်းနည်း ပြန်ထွက်နေပါတယ်။ Nipple ဘေးက အဖုလေးကနေ ထွက်တာပါ။ ဘယ်ဘက် အဖုလေး နှစ်ခုကနေ ထွက်ပါတယ်။ ညာဘက်ကိုလည်း ညှစ်ကြည့်တော့ အဖုတစ်ခုကနေ ထွက်ပါတယ်။ ရေလို အရောင်ဖြစ်ပြီး အနံ့ မရှိပါ။ အများကြီးတော့ မဟုတ်ပါ။ နည်းနည်းလေး စေးကပ်ကပ် ဖြစ်ပါတယ်။ ဘယ်ဘက် Nipple က အရင်တည်းက နို့ပါးစပ် ဖြစ်ပါတယ်။ ကျွန်မလည်း Mammogram သွားရိုက် ကြည့်ပါတယ်။ ရာသီလာပြီး ရိုက်တာ ကောင်းတယ်လို့ ဖတ်ရပေမယ့် နှစ်ပတ်လောက်ကြာမှ သွားရိုက်ဖြစ်ပါတယ်။ စာဖတ်တာ နောက်ကျသွားလို့ပါ။ ကိုက်လည်းကိုက်၊ အရည်လည်း ထွက်တဲ့အချိန် ဖြစ်ပါတယ်။ Film ပြားကိုတော့ ပို့လို့ မရပေမယ့် Report ကို Scan ဖတ်ပြီးပို့လိုက်ပါတယ်။ အပျိုဖြစ်ပြီး အရည်ထွက်တော့ စိုးရိမ်မိပါတယ်။ ကျွန်မအလုပ် Air-con ရုံးခန်းမှာ Manager ရဲ့ ဆေးလိပ်ငွေ့ကိုတော့ နေ့တိုင်း ရူနေရပါတယ်။ အခုဖြစ်နေတာနဲ့ ဆက်စပ်မှု ရှိ-မရှိလည်း မသိပါဘူး။ ဘာဆက် လုပ်သင့်တယ်ဆိုတာကို ညွှန်ကြားပေးပါရန်။ အိမ်ထောင်မရှိပါ။ ဆက်ဆံမှုရော တစ်ခါမှ မရှိဘူးသေးပါ။ ရာသီပုံမှန်လာပါတယ်။ တစ်ခါတစ်လေ တစ်ပတ်၊ နှစ်ပတ် ကျော်သွားတတ်ပါတယ်။ တားဆေး မသောက်ဘူးပါ။

Nipple discharge နို့သီးထိပ်ဖျားကနေ တခုခုထွက်တာဟာ များသောအားဖြင့် ရောဂါမဟုတ်ပါ။ ဒါပေမဲ့ ရင်သားအတွက် ဆရာဝန်ဆီကို လာပြသူတွေထဲမှာ Breast lumps ရင်သား-အကျိတ် နဲ့ Breast pain ရင်သား-နာတာပြီးရင် တတိယ အများဆုံး ဖြစ်တယ်။ ဆယ်ကျော်သက် ယောက်ျားလေး၊ မိန်းကလေးတွေမှာလဲ Puberty အရွယ်ရောက်ချိန်မှာ ဖြစ်နိုင်သေးတယ်။ ကိုယ်ဝန်မဆောင်တဲ့ မိန်းကလေးတွေ၊ ကလေးနို့တိုက်နေတဲ့ အမျိုးသမီးတွေမှာ နို့ကနေ အရည်တခုခုထွက်တာ စိုးရိမ်စရာ မရှိတတ်ဘူး။ ဆရာဝန်ကိုတော့ တိုင်ပင်သင့်တယ်။ ယောက်ျားတွေမှာ ဖြစ်ရင် ဘယ်အရွယ်ဖြစ်ဖြစ် ဆေးစစ်ရမယ်။

နို့ကနေ အရည် ထွက်တာဟာ တဖက်ထဲကနေရော နှစ်ဖက်လုံးကပါဖြစ်စေနိုင်တယ်။ အလိုလိုထွက်တာနဲ့ ညှစ်ကြည့်မှ ထွက်တာ ဖြစ်နိုင်တယ်။ ရေလို၊ နဲနဲပျစ်ပျစ်၊ အတော်ပျစ်ပျစ်၊ အမျိုးမျိုး ဖြစ်နိုင်တယ်။ အလိုလိုလဲ ပျောက်သွားနိုင်တယ်။ အသက် ၄ဝ ကျော်မှ ထွက်ရင်၊ ရင်သားထဲမှာ အကျိတ်လဲရှိနေရင်၊ သွေးပါနေရင်၊ တဖက်ထဲက သတ်သတ်မှတ်မှတ် ထွက်နေရင် ဆေးစစ်ပါ။

Types of discharge နို့ကနေထွက်တဲ့ အရည်အမျိုးအစားတွေ
- Cloudy white color အများဆုံးဖြစ်တတ်တဲ့ ခပ်နောက်နောက် အဖြူရည် Galactorrhea ဆိုတာကြောင့် ဖြစ်နိုင်တယ်။
- Clear or light white အဖြူရောင်အရည်ကြည်ဟာ Pregnancy ကိုယ်ဝန်ဆောင်ချိန်မယ် ထွက်တယ်။
- Red သွေးပါတဲ့ အနီရောင်ဟာ Infection ပိုးဝင်တာ၊ Intraductal papillomas နို့ပြွန်ရောဂါနဲ့ Breast cancer နို့ကင်ဆာတွေကြောင့် ဖြစ်မယ်။
- Whitish-yellow ဖြူဝါဝါ၊ Yellow အဝါ နဲ့ Green ခပ်စိမ်းစိမ်းဟာ Infection ပိုးဝင်လို့ထွက်တဲ့ Pus ပြည် ဖြစ်တယ်။

ဖြစ်နိုင်ခြေရှိတဲ့ ရောဂါမှန်သမျှရေးချရရင် -
၁။ Abscess ပြည်တည်နာ၊
၂။ Breast cancer နို့ကင်ဆာ၊
၃။ Breast infection ရောဂါပိုးဝင်တာ၊
၎။ Excessive breast stimulation နို့ကို နိုးဆွမှုလုပ်တာ များတာ၊
၅။ Fibroadenoma (ဖိုင်ဘရို-အဒီနိုးမား) ကင်ဆာ မဟုတ်တဲ့ နို့အကျိတ်၊
၆။ Fibrocystic breasts (ဖိုင်ဘရို-ဆစ်စတစ်) ရောဂါ၊
၇။ Ductal carcinoma in situ (DCIS) နို့ထွက်ပြွန်ထဲမှာသာရှိတဲ့ ကင်ဆာ၊
၈။ Galactorrhea (ဂလက်တိုးရီးယား) ရောဂါ၊
၉။ Hormone imbalance ဟော်မုန်း အချိုးအစား ပြောင်လဲတာ၊
၁ဝ။ Injury or trauma to the breast ထိခိုက်ဒဏ်ရာရတာ၊
၁၁။ Intraductal papilloma နို့ထွက်ပြွန်ထဲ ကင်ဆာ မဟုတ်တဲ့ (ပက်ပလိုမား) ရောဂါ၊
၁၂။ Mammary duct ectasia (အတက်ဆီးယား) နို့ပြွန်ရောဂါ၊ Thyroid disorder လည်ပင်းကြီးနဲံ့ပတ်သက်တယ်။
၁၃။ Medication ဆေးဝါးတွေကြောင့်ဖြစ်တာ၊
၁၄။ Paget's disease of the breast (ပေးကျက်စ်) ရောဂါ၊
၁၅။ Pregnancy ကိုယ်ဝန်၊
၁၆။ Prolactinoma (ပရိုလက်တီနိုးမား) ရောဂါ တွေ ဖြစ်တယ်။

ဆေးတွေကြောင့် နို့က တခုခုထွက်နိုင်တယ်။
- Antidepressants စိတ်ကျလို့ သောက်ရတဲ့Monoamine oxidase inhibitors (MAOIs) နဲ့ Selective serotonin reuptake inhibitors SSRI’s ဆေးတွေ။ ဥပမာ citalopram (Celexa), fluoxetine (Prozac), paroxetine (Paxil), and sertraline (Zoloft); နဲ့ tricyclics တွေကြောင့်လဲ ဖြစ်နိုင်တယ်။
- Anxiolytics အိပ်ဆေး၊
- Alprazolam (Xanax), Buspirone (BuSpar) စိတ်ရောဂါဆေး၊ Atenolol (Tenormin), Methyldopa (Aldomet), Reserpine (Serpasil), Verapamil (Calan) သွေးကျဆေး၊ Phenothiazines (Thorazine, Compazine) စိတ်ရောဂါဆေး၊
- Cimetidine (Tagamet), Famotidine (Pepcid), Ranitidine (Zantac) လေနာရောဂါဆေး၊
- Estrogen + Medroxyprogesterone acetate (Prempro, Premphase) ဟော်မုန်းဆေး၊ Contraceptives ကိုယ်ဝန်တား စားဆေး-ထိုးဆေးတွေ၊
- တိုင်းရင်းဆေးတွေ = Anise, Blessed thistle, Fennel, Fenugreek, Marshmallow, Nettle, Raspberry, Red clover
- Cannabis (Marijuana), Opiates မူးယစ်ဆေးတွေ

နို့ကနေ အရည်တခုခုထွက်တာဟာ Breast cancer နို့ကင်ဆာ မဖြစ်ဘို့များတယ်။ တကယ်လို့ ရာသီလာချိန် တလထဲမှာ နို့က အရည်ထွက်ပြီး လကုန်လို့လဲ မပျောက်ရင် ဆရာဝန်ပြပါ။ ဆေးသောက်နေတာကို စစ်ဆေးပါ။ နို့သီးထိပ်ဖျားကို မဆွပါနဲ့၊ ညှစ်ကြည့်တာမျိုး သိပ်မလုပ်ပါနဲ့။ အတွင်းခံ တင်းကျပ်မနေစေပါနဲ့။

Dr. တင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁၁

Read More...

Wednesday, October 26, 2011

Doctor-patient relationship (2) ဆရာ-လူနာ ဆက်ဆံရေး (၂)

Wed, Oct 26, 2011 at 10:27 AM
ဆရာရဲ့ “လူနာဆရာဆက်ဆံရေး” အကြောင်း ဖတ်ပြီး၊ The Voice က Interview ကို ဆရာဘယ်လို မှတ်ချက်ပြုမလဲ ဆိုတာ သိချင်လာပါတယ်။ Link ပေးလိုက်ပါတယ်။

ပေးတဲ့ (လင်ခ်) ကို သွားလို့ မရပါ။ ဒါနဲ့ ရှာဖတ်ပါတယ်။ အူအတက်ရောဂါ၊ နှစ်ခါ ခွဲစိတ်ကုသရတာ နဲ့ လူနာ ကွယ်လွန်သွားရရှာတဲ့ သတင်းကို (ရေဒီယို) နဲ့ (အင်တာနက်) ကတဆင့် ကြားရ၊ ဖတ်ရပါတယ်။ လက်လှမ်း မီသလောက်ပေါ့။ မေးလာလို့တော့ ဖြေရမဲ့ တာဝန်ရှိတာမို့ ပြန်ဖြေပါမယ်။ ပုံနှိပ်ထုတ်ဝေဘို့ မရေးခဲ့သေးပါ။ ရေဒီယိုကလဲ မပြောခဲ့ပါ။

ကျွန်တော့်မှာ စည်းကမ်းတခု ရှိပါတယ်။ “ကိုယ့်အဖွဲ့အစည်းတွင်း ကိစ္စမျိုးကို အပြင်ကို ထုတ်ပြောသင့်မှ ပြောရမယ်” ဆိုတဲ့ လိုက်နာမှု တခု ကိုယ့်ဖါသာ ထားပါတယ်။ ဒီသတ်မှတ်ချက်မှာ အားကောင်းချက်ရှိသလို နစ်နာမှုလဲ ဖြစ်ရတာ ကိုယ်တွေ့ပါ။ ကိုယ့်ဘက်က ဘာမှ မပြောတော့ တဖက်ကဘဲ ပြောချင်ရာ ပြောတာတွေကို အကုန်မဟုတ်တောင် တဝက်လောက် ယုံသွားရင် မပြောသူမှာ အတော် နစ်နာတယ်။ ရေတိုသဘောပေါ့။ အမှန်ဆိုတာ တခါတလေ အချိန်ပေးရတယ်။

အခုအရေးက ဆေးပညာနဲ့ တိုက်ရိုက် ပတ်သက်တယ်။ ကိုယ်တိုင်က ဆရာဝန် ဖြစ်နေသလို လူနာလဲ ခဏခဏဖြစ်တာဘဲ။

ဘယ်အရေး ဘယ်ကိစ္စမဆို ဘယ်လိုမြင်တယ်ဆိုတာ လူတိုင်း စိတ်ထဲမှာ ဖြစ်ပေါ်တယ်။ တချို့က ထုတ်ပြောကြတယ်။ အနီးဆုံးက လူတွေသာမက နားထောင်သူတိုင်း ကြားနိုင်တဲ့ (မီဒီယာ)၊ ဖတ်သူတိုင်း သိမဲ့ စာနယ်ဇင်းတွေကနေ ပြောကြ-ရေးကြတယ်။ ဝစီကံတပိုင်း ကာယကံတပိုင်း ဖြစ်စေကြတယ်။

တွေးတောတာ၊ ဆင်ခြင်တာတွေဟာ လေ့လာမှုအသိ တိုးလာတာနဲ့အမျှ ပြောင်းလဲ လာတယ်။ ရင့်ကျက်မှု ရှိလာလေလေ စဉ်းစား တွေးခေါ်မှုလဲ ရင့်သန်လေ ဖြစ်သေးတယ်။ လူတိုင်းပါ။ ဒီတော့ ထုတ်ပြောတာမျိုး၊ ချရေးတာမျိုးကို တောင်းဆိုမှု အားကို မလွန်ဆန်နိုင်မှသာ လုပ်တာ ကောင်းတဲ့အကျင့်လို့ ထင်ပါတယ်။

စကားကြီး ခြောက်ခွန်းထဲက နှစ်ခွန်းကို ပြောအပ်တယ်ဆိုတာ ဖတ်ဖူး-မှတ်ဖူးသလို လိုက်နာနိုင်သလောက် လိုက်နာပါတယ်။ “ပြောအပ်တယ်ဆိုတဲ့ စကားနှစ်မျိုးကလဲ မပြောရင် မဖြစ်ဘူး၊ ပြောသာပြောပါလို့ ညွှန်တာ-ခိုင်းတာ လို့တော့ မထင်ပါ။”

ဒီအဖြစ်အပျက်ကို အစ-အဆုံးတော့ မသိပါ။ ဒီအဆင့်လောက် သိသူကနေ ဝေဖန်သမှုပြုရင် အားလုံး မမှန်နိုင်တာတော့ သေခြာတယ်။ နှာစေးနေတာတော့ မဟုတ်ပါ။ ဖေးဖေးမမ ထောက်ပြမိရင် နစ်နာစေမှာ မဟုတ်ပေမဲ့၊ ဘက်လိုက်မှု ဖြစ်သွားရင် မကောင်းတော့ပြန်ပါ။ အထင်နဲ့ ဝေဖန်မိရင် ခံရသူ ဝါးကူထိုးရာကျနေမယ်။

သေခြာတာလောက်သာ ပြောပါရစေ။ ဒီလိုအဖြစ်မျိုး ဖြစ်တတ်ပါတယ်။ အခုမှ မဟုတ်သလို နောင်လဲ ဖြစ်နိုင်တယ်။ ဒီတိုင်းပြည်မှာသာ ဖြစ်တတ်တာ မဟုတ်ပါ။ ကျွန်တော်လဲ အပြောမလွတ်သူလို့ ဝန်ခံပါရစေ။ ဒီသတင်းမျိုးကို လူသိအောင် လုပ်တာရဲ့ ရည်ရွယ်ချက် တခုဟာ နောင် မဖြစ်စေအာင် ကူညီရာကျသင့်ပါတယ်။ တခါလောက် မမှန်တာ လုပ်မိသူတိုင်း တသက်လုံး အမှားတွေချည်း ဆက်မလုပ်ကြပါ။ စိတ်ဆိုး ဒေါသဖြစ်နေရချိန်မှာ ဖြစ်စေချင်တာမျိုးနဲ့ မတူဘဲ၊ စိတ်အေးလက်သာ ရှိလာရင် စာနာစိတ် ဝင်လာတတ်တာလဲ လူ့သဘောဘဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် တခါတလေ Scoop သတင်းတချို့က ဆိုးနေတာကို ပိုဆိုးစေနိုင်တယ်။ ပြန်ပြင်ပေးရင်တော့ တာဝန်သိတတ်တယ်လို့ သတ်မှတ်ရမှာပေါ့။

Medical malpractice ဒါမှမဟုတ် Professional negligence လို့လဲခေါ်တဲ့ ဆေးကုသရာမှာ မမှန်မကန် လုပ်မိတာ၊ ပေါ့ဆတာတွေကို ကျွန်တော်တို့ဆီမှာ တားမြစ်ထားတာတွေ ရှိနေပြီးသားတော့ ဖြစ်ပါတယ်။ ထုတ်ဖေါ်ရေးသားတာ၊ တိုင်တန်းတာ၊ တင်းကျပ်မှုလုပ်တာ၊ စစ်ဆေးအရေးယူတာတွေကတော့ အတိုင်းအတာ တခုအထိသာ ရှိပါသေးတယ်။ အားနည်းနေတာတွေက စနစ်ကြီးတခုလုံး၊ လူမှုအသိုင်းအဝိုင်းကြီး တခုလုံးနဲ့ ဆိုင်ပါတယ်။

ဒီလို အဖြစ်မျိုးနဲ့ ဆိုင်တဲ့ တရားဥပဒေပိုင်းဟာ ကျွန်တော်တို့ တိုင်းပြည်မှာ အလွန်မတန် အားနည်းနေသေးတယ်။ တရားစီရင်ရေး နဲ့ (မီဒီယာ) ဆိုတဲ့ မဏ္ဍိုင်ကြီး ၂ ခုသာမက မဏ္ဍိုင်တွေ အားလုံးက တပြေးညီညီ ကောင်းမွန်၊ တိုးတက်ဘို့ လိုမယ်ထင်တယ်။ ၁၉၄၈-၁၉၆၂ တုံးက တမျိုး၊ ၁၉၆၂-၁၉၈၈ မှာ နောက်တမျိုး၊ ၁၉၈၈-၂ဝ၁ဝ မှာလဲ နောက်ထပ်တမျိုး၊ အခု နောက်တမျိုးတော့မလိုလို ဖြစ်လာနေပြန်ပြီ။ ပြုပြင်မှု လုပ်ကြတယ် ဆိုတာကလဲ အခြေအနေ၊ အချိန်အခါ၊ ခေတ်၊ စနစ်နဲ့ လိုက်လျော ညီထွေဖြစ်ရတယ်။ ဒါမှလဲ အများလဲ လိုက်နာနိုင်တယ်။ ကောင်းလဲ ကောင်းမွန်တယ်။

အခုလို လူသိရှင်ကြား ဖြစ်လာတဲ့ အနေအထားတရပ်ဟာ မလွဲမသွေဖြစ်ရမဲ့၊ ဖြစ်သင့်တဲ့ တိုးတက်တက်မှုမျိုးထဲမှာ ပါတယ်လို့ ယူဆပါတယ်။ ရေးခဲ့သလို တာဝန်ဟာ အားလုံးနဲ့ သက်ဆိုင်တယ် ဆိုတာကိုတော့ သတိချပ်ရပါမယ်။ ညံ့သွားတာ၊ မှားသွားတာ၊ ဆိုးသွားတာတွေဟာ များသောအားဖြင့် စီမံခန့်ခွဲသူ၊ ပေါ်လစီချသူတွေမှာ တာဝန်ရှိပါတယ်။ တိုးတက်လာတာတိုင်းကိုတော့ စီမံခန့်ခွဲသူ၊ ပေါ်လစီချသူတွေကို အမှတ်ပေးလို့ မရတတ်ပါ။ လူဦးရေတိုးလာလို့ ဆေးရုံ၊ စာသင်ကျောင်း၊ အရေအတွက် တိုးလာရတာကို သတင်းစာမှာ ကြော်ညာပြီး၊ (ခရက်ဒစ်) ယူချင်တာ မမှန်ပါ။ အခုတော့ (ဂျာနယ်) တချို့မှာပါ အဲလိုလုပ်နေတယ်။

ဆေးကုသရေးမှာ ကောင်းသထက် ကောင်းစေဘို့ဆိုတာ Medical education ဆေးပညာသင်ကြားရေး၊ Entry-level education ကနဦး-ဆေးပညာဘွဲ့၊ နောက်ပြီး Postgraduate education ဘွဲ့လွန်-အထူးကု နဲ့ ဒီခေတ်မှာ မရတော့ပါ။ Continuing medical education ဆက်လက်သင်ကြားရေး၊ Online learning (အွန်လိုင်း) သင်ကြားရေး၊ ဆိုတာတွေနဲ့ စဉ်ဆက်မပြတ် လေ့လာသမှု ပြုနေကြရမယ်။

UK (ယူကေ) မှာ Quality assurance of undergraduate medical education အရည်အသွေး အာမခံတဲ့ ဘွဲ့ကြို ဆရာဝန်တွေ မွေးထုတ်လာတယ်။ Vocational training အလုပ်လုပ်ရင်း ဆေးပညာ ဆက်သင်စေတယ်။

USA (ယူအက်စ်အေ) မှာ Medical school ဆေးကျောင်း၊ Internship အလုပ်သင်ဆရာဝန်၊ Residency အထူးကု၊ Fellowship တကယ့်အထူးကု ဖြစ်တဲ့ နောက်မှာတောင်မှ လုပ်ရသေးတဲ့ Board certification ဆိုတာ Continuing medical education ဆက်လက်သင်ကြားရေး ဆိုတာထားသေးတယ်။

ကျွန်တော်တို့ဆီမှာ ဆေးပညာသင်ကြားရေးကို အရည်အသွေး အလေးထား-မထား မပြောချင်သေးပါ။ အချိန်တိုတိုနဲ့ သင်ပေးလာတာကတော့ အသေအခြာဘဲ။ ကျွန်တော်တို့ အရင်က ၇ နှစ်ခွဲ၊ ကျွန်တော်တို့က ၇ နှစ် ခေတ်၊ အခု ၆ နှစ်ထဲ။

ဘွဲ့တွေဆိုတာ စာတော်တဲ့သူ၊ ကြိုးစားတဲ့သူတွေ ရနိုင်ကြတယ်။ ရင့်ကျက်မှု ဆိုတာတော့ အတွေ့အကြုံကနေမှ ရတယ်။ ပညာပြိုင်ကြတဲ့ ဆင်ဦးစီးရော ဆီသည်မပါ အနှစ်နှစ်အလလ လက်တွေ့ပညာတွေ သင်ခဲ့ကြလို့ ဖြစ်ပါတယ်။ ဆရာကို အာခံလို့ အာခေါင် လှံစူးသူဟာ ပညာမှာတော့ ပြိုင်စံရှားအောင် တော်ပါတယ်။ “သြဇာလေးနက် ပေါ်ဆီတက်၍ နွယ်မြက် သစ်ပင် ဆေးဖက်ဝင်၏” ဆိုတာမျိုးကို ဆေးပညာ ပါရဂူဘွဲ့ ရထားသူတိုင်းကနေ မဖြစ်စေနိုင်လောက်ဘူး။ “သမားဆို အိုမှ” ဆိုသလို အတွေ့အကြုံကနေ ရင့်ကျက်မှု ရစေတာ မှန်တယ်။

သူများတိုင်းပြည်တွေမှာ ဆေးပညာတွေ၊ ဆေးသုတေသနတွေ ဘယ်လောက် တိုးတက် ကောင်းမွန်နေပေမဲ့ လူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုဆိုတာ တရားမမျှတမှုတွေ၊ ဒီမိုကရေစီ မကျတာတွေ အများကြီး ရှိနေကြတယ်။

ဗမာပြည်မှာ ဝေဒနာသည် အများကြီးကတော့ အပြစ်တင်စရာ အနားမှာ သားဖွါးဆရာမတောင်မှ မရှိကြပါ။ (မီဒီယာ) ကလဲ လမ်းမပေါက်တဲ့ဆီ မရောက်နိုင်ကြသေးပါ။ ကိုယ့်နိုင်ငံအတွက် ကျန်းမာရေးကအစ ကောင်းတာ၊ မှန်တာ၊ တရားမျှတတာတွေ ဖြစ်စေဘို့ ကိုယ့်အခြေခံ၊ ကိုယ့်ပေတံနဲ့ ကိုယ်တိုင် ကြိုးပမ်းကြရပါလိမ့်မယ်။ အားလုံးက လုပ်မှရမယ်။ အဲလို လုပ်ခွင့်လဲ ရှိရမယ်။

Dr. တင့်ဆွေ
၂၆-၁ဝ-၂ဝ၁၁

Read More...

Tuesday, October 25, 2011

Drug Expiration Dates ဆေးတွေ ရက်လွန်နေရင်

Mon, Oct 24, 2011 at 10:56 PM
Medicine ဆေးတွေကို ဘယ်လောက်ရက်ကျော်ရင် Expire လို့ သတ်မှတ်ပါသလဲ။ ရက်လွန်ဆေးရဲ့ Side Effect တွေကို ပြည့်စုံအောင် ရှင်းပြပေးပါ။

“ပဲလှော်လို ဝါးစားကြတယ်” လို့ တင်စားတတ်တဲ့ အများသုံးဆေးတွေထဲက အကိုက်အခဲ-အဖျားပျာက်ဆေး (အက်စပရင်) ကို ရက်လွန်သွားတာ သောက်မိရင် သေနိုင်တယ်လို့အထိ သတိပေးတာ မမှားပါ။ အကုန်လဲ မမှန်ပါ။

အမေရိကားမှာ ၁၉၇၉ ခုနှစ်ကတည်းက ဆေးမှန်သမျှ Expiration date သက်တမ်းကုန်မဲ့ ရက်စွဲ ပါကိုပါရမယ်လို့ ဥပဒေနဲ့ သတ်မှတ် ထားတယ်။ ဒီကြားထဲမှာ Drug manufacturer ဆေး ထုတ်လုပ်သူကနေ Full potency and safety ဆေးအာနိသင် နဲ့ စိတ်ချရမှုအတွက် အာမခံရမယ်။

သမိုင်းနဲ့ပြောရရင် ၂ဝဝဝ ခုနှစ် မတ်လ ၂၉ ရက်ထုတ် Wall Street Journal မှာ ကျယ်ကျယ်ပြန့်ပြန့်လေ့လာမှုတခုကို Laurie P. Cohen ကနေ ထုတ်ဖေါ် ရေးသားခဲ့တယ်။ US military အမေရိကန်စစ်တပ်ဟာ ဒေါ်လာ ၁ ဘီလျန်ဘိုးရှိတဲ့ ရက်စွဲလွန် ဆေးဝါးတွေ ရှိနေတာ ၂-၃ နှစ်တခါ ကြုံနေရတယ်။ ဒါကြောင့် US Food and Drug Administration (FDA) ကို စမ်းသပ်မှုတခု ပြုစေခဲ့တယ်။ ဆေးအမယ်ပေါင်း ၁ဝဝ ကျော်ကို စမ်းသပ်တယ်။ ဆေးဆိုင်ကောင်တာမှာ အလွယ် ဝယ်လို့ရတာတွေရော၊ ဆေးလက်မှတ်ပါမှ ဝယ်လို့ရတာတွေရော ပါတယ်။

အဖြေကတော့ "၉ဝ% သောဆေးတွေဟာ ၁၅ နှစ်သက်တမ်းလွန်တာတောင် အာနိသင်ရှိသေးတာ တွေ့ရတယ်။ စမ်းသပ်မှု ဒါရိုက်တာ (ဟောင်း) Francis Flaherty ကနေပြောတာက "Expiration dates ရက်စွဲလွန်တယ်ဆိုတာ Usable for longer ကြာရှည်သုံးမရဘူးလို့ ဆိုလိုတာ မဟုတ်ဘူး" တဲ့။

"ရက်စွဲဆိုတာ သိပ္ပံသဘောအရ ပြောရတာသာ ဖြစ်တယ်" လို့ Mr. Flaherty က ပြောခဲ့ပါသေးတယ်။ ဆေးကောင်တာမှာ ၁ဝ နှစ်အထိ ထားနိုင်တဲ့ ဆေးမျိုးဟာ ဆေးထုတ်လုပ်သူတွေအတွက် တွက်ခြေ မကိုက်ဘူး မဟုတ်လား။

FDA က ဆေးရက်စွဲပညာရှင် Joel Davis ကပြောတက ချွင်းချက် လက်တဆုပ်စာ ရှိပါတယ်။ Nitroglycerin နှလုံး သွေးကြောကျဉ်း အတွက်ဆေး၊ Insulin ဆီးချိုထိုးဆေး နဲ့ Liquid Antibiotics ပဋိဇီဝဆေးရည်တချို့တွေ ဖြစ်တယ်။

Bayer AG ဆေးကုမ္ပဏီက Aspirin ဆေးကို သက်တမ်း ၂-၃ နှစ်ဘဲ သတ်မှတ်တယ်။ ဒါပေမဲ့ ကုမ္ပဏီ ဒုဥက္ကဋ္ဌ Chris Allen က ဒီလိုသတ်မှတ်ချက်ဟာ Pretty conservative ရိုးစွဲအစဉ်အလာအရ ဖြစ်ပါတယ်။ ၄ နှစ်သက်တမ်းရှိတဲ့ Aspirin ကို စမ်းသပ်ကြည့်တာ 100% effective ၁ဝဝ% ထိရောက်တာတွေ့ပါတယ်။ ဒါဖြင့်ရင် ဘာလို့ ၄ နှစ် မသတ်မှတ်ပါသလဲ။ "ဆေးတွေကို ထုပ်ပိုးမှု အသစ်တွေ လုပ်ပါတယ်။ Continuous improvement programs အစဉ် တိုးတက် ကောင်းမွန် နေစေရေး အစီအစဉ်အရ လုပ်တာပါ။ လုပ်တိုင်းလဲ စမ်းသပ်မှု လုပ်ရတယ်။ ခက်တာက ၄ နှစ်တခါထက် ပိုမလုပ်နိုင်ပါ။ ဒါ့ကြောင့် Aspirin ကို ၄ နှစ်ထက် ပိုကောင်းနေတယ်လို့ ရေးမဖြစ်တော့ပါ။"

ဆေး အတော်များများက အဲလိုဖြစ်ပါတယ်။ Tetracycline (တက်ထွာဆိုက်ကလင်း) ဆေးကို ချွင်းချက် မထားလို့မရပါ။ ရက်ကျော်လို့ လုံးဝမရပါ။ ဒါတောင် အငြင်းပွါးနေတာ ရှိပါသေးတယ်။ ရက်ကြာလေလေ ထိရောက်မှု နည်းလေးလေးဖြစ်တာ သဘာဝပါ။ ဒါတောင် သူ့အစွမ်းက သတ်မှတ်ရက်နောက် ဆယ်စုနှစ်တွေ ကြာတာတောင် ရှိနေပါသေးတယ်။

မေးစရာရှိလာပါပြီ။ ဆေးရက်လွန်နေ့စွဲတွေ တပ်တာဟာ ဆေးရောင်းသူတွေကနေ ဆေးတွေ ထပ်ဝယ်နေကြစေအောင် တမင်တကာ လုပ်ကြတဲ့ Marketing ploy ဈေးကွက် ဆင်လုံးလား။ ခင်ဗျားဆေးဘီရိုကို ဆေးဖြည့်တော့ သူတို့ ပိုက်ဆံအိပ်ကိုပါ ဖြည့်ပေးရာကျတယ် မဟုတ်ပါလား။

ဆေးဆိုတာ တကယ်ရက်လွန်သလား
၂ဝဝ၂ ခုနှစ်၊ စက်တင်္ဘာလထုတ် Psychopharmacology Today ဆေးဝါး-စိတ်ပညာစာစောင်မှာ ရေးထားတာတခု ရှိပါတယ်။
Richard Altschuler ကရေးတာမှာ "ဆေးကုမ္ပဏီတွေက ကျွန်တော်တို့အပေါ် ရိုးသားပါရဲ့လား" လို့ မေးထားတယ်။ "ကျွန်တော့် ယောက္ခမ အလိုအရ ဒီရက်ကျော်ရင် ဒီဆေးကိုမသုံးပါနဲ့ဆိုတာ အလကားပါဘဲ တဲ့။ ရက်လွန်တာ ၄ နှစ်ရှိနေတဲ့ Tylenol (ပါရာစီတမော) ကို သောက်ရင်း ပြောလိုက်တာပါ။ ဆေးသောက်ပြီး ကိုက်တာ ခဲတာတွေ သက်သာသွားတယ်လို့ ဆိုတော့ ကျွန်တော်က ဒါဟာ ခင်ဗျားမှာ Placebo effect ရတာနေမှာပါ။"

ဆေးသုတေသနတွေ လုပ်တိုင်း စမ်းသပ်တဲ့ဆေးကို လူအုပ်စုတခုကိုပေး၊ ကျန်တအုပ်စုကို တခြားဆေးပေးတယ်။ တခြားဆေးဆိုတာ စိတ်ကိုလှည့်စားစေမဲ့သဘော ရှိတယ်။ ဒီလိုသတ္ကိကို Placebo လို့ ခေါ်တယ်။ လူနာက စိတ်သက်သာရာ ရတတ်တယ်။ ဆေးထိုးပေးမှ သက်သာမယ်လို့ ဆေးခန်း မလာခင်ကတည်းက စွဲမှတ်လာသူကို ဆေး တခုခုထိုးပေးရသလိုဘဲ။

စာရေးတဲ့သူက စိတ်မကျေနပ်တာနဲ့ ဆေးဝါးဗေဒဆိုင်ရာတွေကို ဆက်ပြီး သုတေသန လုပ်ပါသတဲ့။ ဥပဒေပြဌာန်းပြီး ဆေးရဲ့ သက်တမ်းကုန် ရက်စွဲ ရိုက်ပြီးမှ ရောင်းရမယ်ဆိုတဲ့ သဘောဟာ ဆေးထုတ်လုပ်သူတွေကနေ အဲဒီရက်အထိ ဆေးရဲ့ Full potency အာနိသင်အပြည့်အဝ နဲ့ Safety စိတ်ချရမှုကို အာမခံချက်ပေးရတဲ့ ရက်အပိုင်းအခြားသာဖြစ်တယ်။ ဆိုလိုတာက ဆေးကို အဲဒီကာလအထိသာ ကောင်းနေတယ်လို့ ပြောနေတာ မဟုတ်တာ သိလာတယ်။

ဒုတိအချက်ကတော့ ဆေးဝါးပညာရှင်တွေကလဲ Expiration date ကျော်နေပေမဲ့ ဆေးဟာ Safe စိတ်ချရသေးတယ်လို့ တသမတ်ထဲ ပြောကြတယ်။ ချွင်းချက်နဲနဲတော့ရှိပေမဲ့ အဲလိုဆေးသုံးစွဲလို့ ဘာမှ ဒုက္ခမဖြစ်ပါ။ မသေနိုင်ပါ။ ဥပမာ ရက်စွဲလွန်နေတဲ့ Tetracycline (တက်ထွာဆိုက်ကလင်း) ကြောင့် ကျောက်ကပ်မှာ Renal tubular damage ရစေနိုင်တယ် ဆိုတာ ၁၉၆၃ တုံးက JAMA မှာ G. W. Frimpter နဲ့အဖွဲ့က ရေးထားတယ်။ ငြင်းဆိုချက်တွေတော့ ရှိပါတယ်။

တတိယအချက် ရက်စွဲကျော်တာနဲ့ ဆေးတွေဟာ အာနိသင်နည်းနည်းလာနိုင်တယ်။ ၅% ကနေ ၅ဝ% လို့ခန့်မှန်းတယ်။ ဒါပေမဲ့ ဆေး အတော်များများဟာ သက်တမ်း ၁ဝ နှစ်ကျော်နေတာတောင် Original potency မူလဆေးစွမ်း ရှိနေပါသေးတယ်။ ဒီတော့ ဒီလို စဉ်းစားသင့်တယ်။ အရေးကြီးတဲ့၊ အသက်ကယ်မဲ့ဆေးမျိုးဆိုရင် Better safe than sorry ဆေးသစ်ဝယ်ပါ။ ရောဂါလက္ခဏာ သက်သာရုံ လုပ်ပေးတဲ့ဆေးမျိုးဆိုရင် ဥပမာ Headache ခေါင်းကိုက်ပျောက်ဆေး၊ Hay fever နှာစေးပျောက်ဆေး၊ Menstrual cramps ရာသီလာတော့ နာတာသက်သာဆေးမျိုးဆိုရင် ပိုက်ဆံ အပိုအကုန်ခံမနေပါနဲ့။

သူများတွေ ရေးတာထဲမှာ Vaccines ကာကွယ်ဆေးတွေ၊ (Insulin ကလွဲရင်) Injections ထိုးဆေးတွေမပါတာ သတိထားမိပါတယ်။ ဆီးချိုအတွက် ထိုးဆေး (အင်စူလင်) ကလဲ အများသိ၊ အများသုံးလိုဖြစ်နေလို့ ပါတာဖြစ်ပါတယ်။ အထက်မှာ ကိုးကား ရေးသား တာတွေဟာ အိမ်သုံးဆေးတွေကိုသာ ဆိုလိုတယ်လို့တော့ သတိထားစေချင်ပါတယ်။ ထိုးဆေးတွေထဲမှာ သွေးပြန်ကြောထဲထိုးရတဲ့ IV Injections တွေ မပါပါ။ မေ့ဆေးတွေ၊ ထုံဆေးတွေ မပါပါ။

Liquid drugs ဆေးရည်တွေဟာ ရက်ကြာကြာမခံပါ။ ကလေးတွေအတွက် ဆေးမှုံ့ပုလင်းတွေ ရှိတယ်။ ဆေးတိုက်ခါနီးမှာ ရေနဲ့ဖျော်ပြီး တိုက်ရတယ်။ ဖျော်ထားပြီးသားဆေးကို ကြာကြာထာလို့ မရတော့ပါ။ များသောအားဖြင့် ပဋိဇီဝဆေးတွေဖြစ်တယ်။ Amoxacillin, Ampicillin, Septrin စတာတွေ ဖြစ်တယ်။

ဆေးတွေကို အထားအသိုကလဲ အလွန်အရေးကြီးတယ်။ ရက်စွဲမကုန်သေးတာတောင် အထားမတတ်ရင် အစွမ်းမရှိတော့ဘူး ဖြစ်နိုင်တယ်။ အထားအသိုဆိုတာ အပူချိန်၊ အလင်းရောင်၊ စိုထိုင်းဆ စတာတွေပါတယ်။ ဆေးညွှန်းမှာ ပါတာကို သေခြာဖတ်ပြီး လိုက်နာရတယ်။ ဆေးပုလင်းကို အရောင်ရင်ရင့် (အညိုရောင်၊ အပြာရောင်) မှာ ထည့်ရောင်းတာဆိုရင် သတိထားပေတော့ အလင်းရောင်ကို မခံနိုင်လို့ ဖြစ်တယ်။

ကလေး-ကာကွယ်ဆေးတွေကို Cold chain အအေးခံစနစ် သံကြိုးကွင်းဆက်လို လုံးဝ အပြတ်အတောက်မရှိ ဆက်တိုက် ထားရ၊ သယ်ရ၊ ရောင်းရမယ်။ ဆေးထုတ်တဲ့ ကုမ္ပဏီရဲ့ဓါတ်ခွဲခန်းကနေ ကလေးရဲ့ တင်ပါး-လက်မောင်း-ပေါင်က ကြွက်သားထဲ ဝင်သွားတဲ့အထိ တနေရာကလေးမှ အပြတ်အတောက်မရှိ အေးနေစေရတယ်။ တောနယ်တွေမှာ ရေနံဆီသုံး ရေခဲသေတ္ကာတွေ သုံးခိုင်းတယ်။ လမ်းမှာ Ice packs ရေခဲဗူးလေးတွေနဲ့ Cold boxes အပူခံသေတ္ကာ ကြီး-ငယ်တွေနဲ့ သယ်ရ-ပို့ရတယ်။ အခုတော့ Gas သဘာဝဓါတ်ငွေ့တွေ ရောင်းလို့တောင် မကုန်ဘူးဆိုဘဲ။

Natural disasters ကျော်လွှားမရတဲ့ သဘာဝတရား၊ Obstacles အခက်အခဲ မျိုးစုံတွေကြားက ကျွန်တော်တို့ ရင်သွေးများ ဘယ်လောက်အထိ ကူးစက် ရောဂါတွေကို ထိထိရောက်ရောက် ကာကွယ်မှုရကြပါသလဲ။ ကျွန်တော် တာဝန်ထမ်းခဲ့တဲ့ (၁၉၇၃-၁၉၈၈) ၁၅ နှစ်တာ ကာလအတွင်း ဆေးပညာသယ် တယောက်အနေနဲ့ အာမခံချက် များများ မပေးနိုင်ပါ။ အဲဒီခေတ်က တချို့ စာရင်း ဇယားတွေကို လက်မခံနိုင်ပါ။ နိုင်ငံရေး-အုပ်ချုပ်ရေးစနစ် ညံ့လွန်လွန်းလို့ Human error လူ (စီမံခန့်ခွဲသူတွေ) အမှားတွေ များခဲ့ပါတယ်။ လူကြောင့် မှားတာကို မူပြောင်းတယ်ဆိုရုံနဲ့ မရပါ။ ကိုယ်-စိတ် ကျန်းမာ ချမ်းသာချင်ရင်တော့ လူတွေပါပြောင်းဘို့ လိုမယ်။

• Don't be tempted to use expired medicines ရက်စွဲလွန်ဆေးကို သုံးပါလို့တော့ မတိုက်တွန်းပါ။
• The bottom line အခြေခံစည်းမျဉ်းက အသက်ကယ်ဆေး မဟုတ်တာကို ရက်လွန်ပေမဲ့ နှမြောတာ ရပါတယ်။
• Expiration date is when it is no longer fit to be sold ရက်စွဲလွန်ဆိုတာ ဆေးရောင်းသူတွေအတွက် မရောင်းနဲ့တော့လို့ ပြောချင်တာ ဖြစ်ပါတယ်။
• Expiration date ဆိုတာ ဖတ်လို့ရတယ်။ ဖတ်လို့မရတာတွေလဲ သတိထားပါလေ။

Dr. တင့်ဆွေ
၂၅-၁ဝ-၂ဝ၁၁

Read More...

Friday, October 21, 2011

Iron supplement and Liver diseases သံဓါတ်နဲ့ အသဲရောဂါ

ကျွန်တော့် အမျိုးသမီးက အသက် ၃၇၊ ကိုယ်ဝန် ၉ ပတ်ထဲမှာပါ။ အမျိုးသမီးက Hepatitis B carrier patient ပါ။ ဒါ့ကြောင့် ဆရာဝန်က သံဓာတ်နဲ့ မတည့်ဘူးလို့ ပြောခဲ့ဖူးပါတယ်။ သံဓာတ်ပါသော Obimin ဆေး သောက်သင့်/မသင့် သိချင်ပါတယ်။ ဆရာဝန်ကတော့ Folic Acid ပဲပေးလိုက်ပါတယ်။ ကျွန်တော်တို့က အပြင်ဆေးဆိုင်က Obmin- AZ ဆိုတာ ဝယ်လာခဲ့မိပါတယ်။ သူ့မှာပါတဲ့ ဆေးအမယ် တွေကတော့ ဗီတာမင်တွေအပြင် Ferrous Fumarate – 200 mg ပါတာ ဖတ်ရပါတယ်။

သန္ဓေသားဟာ သံဓာတ်လိုတယ်လို့ ရေးထားတာ ဖတ်ဖူးပါတယ်။ သံဓာတ်ဟာ ကလေးအတွက် မဖြစ်မနေ သောက်သင့်တယ်ဆိုရင် အမျိုးသမီးကတော့ သူ ထိခိုက်ပေမယ့်လည်း သောက်ချင်တယ် လို့ပြောပါတယ်။ ဒါကြောင့်မို့ Obimin ကို ဆက်သောက်သင့်၊ မသင့် ညွှန်ကြားပေးပါဦး။ ဒါမှမဟုတ် မိခင်ရော ကလေးပါ အဆင်ပြေမယ့် နည်းလမ်းရှိရင်လည်း ညွှန်ကြားပေးပါဦး။

နာတာရှည် အသဲရောဂါ Chronic liver disease ဟာ သေဆုံးစေတဲ့ရောဂါတွေထဲမှာ နံပါတ် ၁ဝ ချိတ်တယ်။ Hepatitis C virus infection စီပိုးကနေ ၇၅-၈ဝ% နာတာရှည်-အသဲရောဂါ ဖြစ်စေတယ်။ အသဲအစားထိုးရကလဲ သူ့ကြောင့်များတယ်။ ဒါ့ကြောင့် ကြိုတင်ကာကွယ်ရေးဟာ အလွန့်အလွန် အရေးပါတယ်။ အရက်ရှောင်တာကနေ စရမယ်။ စီပိုး ရှိနေသူမှာ Hepatitis A အေ ရော Hepatitis B ဘီပါ ထပ်ဝင်လာတတ်လို့ ကာကွယ်ဆေးတွေ ထိုးရပါမယ်။ Weight reduction ကိုယ်အလေးချိန် ချပါ။ Exercise ကိုယ်လက်-လေ့ကျင့်ခန်း လုပ်ပါ။ မတည့်တဲ့ဆေးတွေရှောင်ပါ။

Potentially hepatotoxic medications အသဲကို ဒုက္ခပေးနိုင်တဲ့ ဆေးတွေကတော့ -
• Nonsteroidal anti-inflammatory drugs (NSAID) အများသုံး (စတီရွိုက်) မပါတဲ့ အနာသက်သာဆေးတွေ။ Paracetamol ပါရာစီတမောလို့ လူသိများပြီး အမေရိကားမှာ Acetaminophen (အစီတာမိုင်နိုင်ဖင်) ခေါ်တာကို တနေ့မှာ 2 g per day ထက်မပိုရင်တော့ ကိစ္စမရှိပါ။
• Antidepressants စိတ်မကျဆေးတွေ၊
• Muscle relaxants ကြွက်သားပျော့ဆေးတွေ၊
• Bupropion (Wellbutrin), Chlorpromazine (Thorazine), Tricyclic antidepressants စိတ်ရောဂါဆေးတွေ၊
• Phenytoin (Dilantin), Valproic acid (Depakene) အတက်ကျဆေးတွေ၊
• Statins, Nicotinic acid (Niacin; Nicolar) အဆီလျှော့ဆေးတွေ၊
• Estrogens (အီစထိုဂျင်) ဆေး၊ Anabolic steroids ကိုယ်ခန္ဓာ သန်စွမ်းစေဘို့သုံးတဲ့ စတီရွိုက်ဆေးတွေ၊
• Acarbose (Precose), Pioglitazone (Actos), Sulfonylureas ဆီးချိုဆေးတွေ၊
• Antibiotics ပဋိဇီဝဆေးစာရင်းထဲမှာ Amoxicillin–clavulanate potassium (Augmentin), Erythromycin, Isoniazid (INH), Nitrofurantoin (Furadantin), Tetracycline ဆေးတွေပါတယ်။
• Antifungal agents မှိုဆေးတွေထဲမှာ Fluconazole (Diflucan), Itraconazole (Sporanox), Ketoconazole (Nizoral) တွေပါတယ်။
• တခြားဆေးတွေကတော့ Etretinate (Tegison), Tamoxifen (Nolvadex), Testosterone, Halothane (Fluothane), Methotrexate (Rheumatrex), Selected Potentially Hepatotoxic Supplements, Amanita species, Asafetida, “Bush” herbal teas, Chaparral, Comfrey, Echinacea, Gentian, Germander, Jin bu huan, Kalms tablets, Mistletoe, Nicotinic acid, Pennyroyal oil, Valerian, Senna fruit extracts တွေ ဖြစ်ကြတယ်။ Herbal remedies အသီး-အရွက် စတာတွေကနေထုတ်တဲ့ (ဟာဗယ်) ခေါ်တာတွေလဲ စိတ်မချရတာတွေ ရှိတယ်။ Milk thistle ဆိုတာတော့ သုံးနိုင်တယ်။

ထူးခြားတာကတော့ အသဲနာတာရှည်ဖြစ်နေသူတွေနဲ့ မတည့်တာတွေထဲမှာ Iron သံဓါတ်၊ Vitamin A ဗီတာမင် အေ၊ တခြားဗီတာမင်တွေ ပါနေတာဖြစ်တယ်။ သံဓါတ်တွေ ပိုများလာစေတာမို့ ဆင်ခြင်ရတာဖြစ်တယ်။ နဂိုကတည်းက ၃ဝ% မှာ သွေးထဲမယ် သံဓါတ်တွေ များနေပြီဖြစ်တယ်။ HBV carriers ဘီပိုး သယ်ပေးနေသူမှာ Down's syndrome ဦးနှောက်-ရောဂါပါ ရှိနေရင် Hemoglobin (ဟီမိုဂလိုဘင်) များမယ်၊ Hematocrit (ဟီမတိုခရစ်) လဲများနေတယ်၊ Serum iron levels သွေးထဲ သံဓါတ်ပါ များနေတယ်။

• Iron overload သံဓါတ်တွေ များနေရင် Hepatitis C စီပိုးကိုဆေးကုရာမှာ Ribavirin နဲ့ Interferon (IFN) ဆေးတွေကို ခံနိုင်ရည်ဖြစ်စေနိုင်တယ်။
• Hepatitis B infection ဘီပိုးရှိနေသူမှာ သွေးထဲက သံဓါတ်ဟာ > 300 ng/mL ထက်များနေရင် ၉၃% မယ် IFN ဆေးမတိုးတာကို တွေ့ရှိရတယ်။
• Hepatitis C virus ကြောင့် အသဲထိခိုက်တာဖြစ်လာရင် Iron storage သံဓါတ်တွေ များနေတယ်။ အကောင်တွေမှာ စမ်းတဲ့အခါ သံဓါတ်ဆေးပေးရင် ရောဂါပိုဆိုးစေတာ တွေ့ရပေမဲ့ လူတွေမှာ အဲလိုဖြစ်တယ်လို့ အတိအကျ မပြောနိုင်ဘူး။
• Hemodialysis သွေးလဲပေးရတဲ့လူနာတွေကို သံဓါတ်ပေးတာ မထူးခြားဘူး။ Active hepatitis အသဲရောင်ရောဂါ ထနေချိန်ဆိုရင်တော့ မကောင်းဘူး။ သံဓါတ်ကို သွေးကြောထဲ ထိုးပေးရင် အသဲကို မကောင်းဖြစ်လာစေဘို့ အခွင့်အလမ်း နဲနဲလေးပိုရှိတယ်။ ဘာဘဲဖြစ်ဖြစ် ဆေးကုနေသူတွေကို သွေးထဲက သံဓါတ်အခြေအနေကို စစ်နေသင့်တယ်။
• Carriers of the hepatitis B virus ဘီပိုးသယ်ဆောင်ပေးနေသူတွေမှာ တခြားသူတွေထက် သံဓါတ်ကဲနေတာ တွေ့ရတယ်။ လူတိုင်းလဲ မဟုတ်ပြန်ဘူး။ ကင်ဆာ-အကျိတ် ကြီးစေဘို့ သံဓါတ် လိုတယ်လို့ ယူဆတယ်။
• နာတာရှည် အသဲဝေဒနာသယ်တွေမှာ အသဲထဲမှာရော သွေးထဲမှာပါ သံဓါတ် ကဲနေတယ်။ ဒါပေမဲ့ Hepatitis B virus (HBV) infection ဘီပိုးသယ်ပေးနေသူတွေ ဖြစ်တာတော့ ရှားပါးတယ်။
• Hepatitis B and C အသဲရောင် ဘီပိုး နဲ့ စီပိုး ရှိသူတွေမှာ သွေးအားနည်းရောဂါ ရလာတတ်တယ်။ ဒါမျိုးကို Autoimmune hemolytic anemia လို့ခေါ်တယ်။ Aplastic anemia/pancytopenia ဆိုတာကတော့ ဖြစ်ခဲတယ်။

စားတဲ့ အစားအသောက်ထဲမှာပါတဲ့ သံဓါတ်ကြောင့် ရောဂါဆိုးတယ်ဆိုတဲ့ အထောက်အထားတော့ မတွေ့သေးပါ။ မေးတဲ့သူကို သံဓါတ်ဆေးတိုက်ဘို့ မသင့်ပါ။ စိတ်ချရအောင် အစားအစာကိုသာ ဂရုစိုက်စားရင် ကလေးအတွက် နည်းမှာလဲ မပူရပါ။ အမှန်က ကလေးအတွက်ကို သိပ်မပူရပါ။ ကလေးကိုလိုတာတွေ ပေးရလို့ မိခင်မှာ နည်းသွားတတ်တာသာ ရှိပါတယ်။ ကိုယ်တိုင် နေကောင်းအောင်လုပ်ပါမှ ကလေးအတွက်ပါ ကောင်းစေတယ်လို့ သဘောထားသင့်ပါတယ်။

Dr. တင့်ဆွေ
၁ဝ-၁ဝ-၂ဝ၁၁

Read More...