Showing posts with label Stroke. Show all posts
Showing posts with label Stroke. Show all posts

Friday, May 8, 2009

Cerebrovascular Accident (Stroke)


သွေးကြောပေါက်ပြီး လေဖြတ်ပုံနှင့် သွေးကြောပိတ်ဆို့ပြီး လေဖြတ်ပုံ


လေဖြတ်ခြင်း

 အရပ်သုံးစကား လေဖြတ်ခြင်း (stroke) ဟု ခေါ်သော ဆေးအခေါ်အဝေါ် Cerebro-Vascular Accident (CVA) သည် နှလုံးမှ ဦးနှောက်သို့ သွေးထောက်ပံ့ပေးနေသော သွေးကြော ထိခိုက်ပျက်စီး၍ ဦးနှောက်အတွင်း သွေးယိုစီးခြင်း (Haemorrhage) (သို့မဟုတ်) တခြားမှ မျောပါလာသော အစအနတခုခုက ဦးနှောက်သွေးကြောကို လာရောက် ပိတ်ဆို့စေခြင်း (Thrombosis)  တခုခုကြောင့် ဖြစ်ရသည်။ သွေးယိုစီးခြင်း (Haemorrhage) ကြောင့် ဖြစ်စေ၊ သွေးကြောပိတ်ဆို့ခြင်း (Thrombosis)  ကြောင့်ဖြစ်စေ  ထိုသို့ ဖြစ်ပါက ဦးနှောက်တွင် နှလုံးမှ ပို့ပေးသော အောက်စီဂျင်ကို အလုံအလောက် မရနိုင်ခြင်းကြောင့် ဦးနှောက် တစ်ရှူးတချို့ ပျက်စီးသွားသည်။ ထိုအခါ ထိုသက်ဆိုင်ရာ ဦးနှောက်အစိတ်ပိုင်း ထိန်းချုပ်ထားသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများနှင့် ဦးနှောက်ကြား အဆက်အသွယ် ပြတ်သွား၍ ဦးနှောက်မှ အမိန့်ပေးနိုင်စွမ်း မရှိတော့၍ ထိုအစိတ်အပိုင်းများ အလုပ်မလုပ်နိုင် ဖြစ်သွားခြင်းကို လေဖြတ်ခြင်းဟု ခေါ်သည်။

ဖြစ်ရသည့်အကြောင်းရင်း

လေဖြတ်ခြင်းကို ဖြစ်စေသည့် အဓိကအရင်းခံ ပြဿနာများမှာ

(၁)ဆေးလိပ်သောက်ခြင်း၊
(၂) ကိုယ်အလေးချိန်များခြင်း
(၃) သွေးထဲကော်လက်စရောလ် (တိရိစ္ဆာာန်မှ ထွက်သည့် အဆီတမျိုး) များခြင်း၊
(၄)သွေးတိုး (သို့) ဆီးချို တခုခု (သို့) နှစ်ခုစလုံး ရှိခြင်း၊
(၅)အရက် အလွန်အမင်း သောက်ခြင်းတို့ ဖြစ်သည်။

(၁) ဆေးလိပ်သောက်ခြင်း

ဆေးလိပ် သောက်သောအခါ ဆေးလိပ်အတွင်းတွင် ပါဝင်သော နီကိုတင်းသည် ခန္ဓာကိုယ်အတွင်း အင်္ဂါအစိတ်အပိုင်း အားလုံးကို ထိခိုက်စေပြီး ကာဗွန်ဒိုင်အောက်ဆိုက်ကို အလွန်အမင်း များစေပြီး သွေးကြောထဲ အောက်စီဂျင်ကို နည်းစေခြင်း၊ သွေးလွှတ်ကြောအတွင်းရှိ တခြား ပါဝင်သော ဓါတ်ပေါင်းများ (Arterial Blood gases) ကိုလည်း မမျှမတ ဖြစ်စေခြင်းဖြင့် သွေးလွှတ်ကြောကို ထိခိုက်စေပါသည်။

(၂) ကိုယ်အလေးချိန်များခြင်း

ကိုယ်အလေးချိန် များသောအခါ နှလုံးမှ ခန္ဓာကိုယ် အနှံ့အပြားသို့ အာဟာရနှင့် အောက်စီဂျင် ထောက်ပံ့ရာတွင် အရောက်နှေးကွေးစေပါသည်။ အရပ်နှင့်မမျှအောင် ကြီးမားနေသော ခန္ဓာကိုယ်မှ တောင်းဆိုသည့်အတိုင်း အာဟာရနှင့် အောက်စီဂျင်ကို အလုံအလောက် ပို့ပေးနိုင်ရန် နှလုံးနှင့် သွေးလွှတ်ကြောသည် ခန္ဓာကိုယ် ကြီးမားလေ အလုပ်ကို မနိုင်မနင်း ပိုလုပ်ရလေ ဖြစ်သည်။

(၃) သွေးထဲ ကော်လက်စထရောလ် အဆီများခြင်း

သွေးထဲတွင် ကော်လက်စထရောလ် များပါက ကော်လက်စထရောလ်ကြောင့် သွေးကို လိုသည်ထက်ပို၍ ပျစ်ခဲစေပြီး သွေးစီးမှုကို နှေးစေခြင်း၊ ၎င်းမှ ဖြစ်ပေါ်လာသည့် အဆီဖတ်များသည် သွေးကြောနံရံတွင် အနည်ထိုင်ကာ တွယ်ကပ်စေပြီး သွေးလွှတ်ကြောကို မာကျောစေခြင်းနှင့် ကျဉ်းစေခြင်း၊ အချိန်ကြာလာသောအခါ သွေးကြောနံရံတွင် အနည်ထိုင်၍ မာကျောနေသော ကော်လက်စထရောလ် အဖတ်များသည် တစစီပဲ့ထွက်ကာ သွေးထဲ၌လွှင့်မျောပြီး သွေးကြောကို ပိတ်ဆို့စေပါသည်။ နှလုံးသွေးကြော၊ ဦးနှောက်သွေးကြောနှင့် မည်သည့်အင်္ဂါ အစိတ်အပိုင်းရှိ သွေးကြောကို ပိတ်ဆို့ခံရသည်ဖြစ်စေ ပိတ်ဆို့ခံရသော အစိတ်အပိုင်းအတွက် အောက်စီဂျင်ကို ပြတ်တောက်စေပါသည်။

(၄) သွေးတိုးနှင့် ဆီးချိုရောဂါများ ရှိခြင်း

သွေးတိုးရောဂါသည် ထိုကဲ့သို့ သွေးလွှတ်ကြောမှ မနိုင်မနင်း အလုပ်လုပ်ရဖန် များသောကြောင့် ဖြစ်လာရသည်။ ထို့ကြောင့် သွေးတိုးရောဂါ ရှိသူသည် သွေးပေါင်ချိန်ကို ပုံမှန်အတိုင်း မထိန်းချုပ်နိုင်ပါက ကိုယ်အလေးအချိန် များခြင်းကြောင့် ရင်ဆိုင်ရသော အထက်ပါ အခက်အခဲများအပြင် သွေးလွှတ်ကြောမှာ ကျုံ့နိုင်ဆန့်နိုင်သည့်အား မရှိသောကြောင့် အရှိန်နှင့် တိုက်စားလာသော သွေးဖိအားဒဏ်ကို မခံနိုင်ပဲ သွေးကြောကို လွယ်ကူစွာ ပေါက်ပြဲစေပြီး သွေးယိုစီးစေခြင်း (Haemorrhage)ကို ဖြစ်ပြီး လေဖြတ်စေနိုင်သည်။

ဆီးချိုရောဂါရှိသူများသည် သွေးထဲရှိ သကြားဓါတ်ကို ပုံမှန်ဖြစ်နေအောင် အမြဲတမ်း မထိန်းချုပ်နိုင်ပါက စားသုံးလိုက်သည့် ထမင်းနှင့် တခြားအာဟာရများမှ ကူးပြောင်းပေးလိုက်သော ဂလူးကို့စ် (သို့) သကြားဓါတ်များကို ဆဲလ်များမှ စုပ်ယူနိုင်ခြင်းမရှိပဲ သွေးထဲတွင်သာ လှည့်လည်သွားလာ နေသောကြောင့် ၎င်းမှာလည်း ကော်လက်စထရောလ်နည်းတူ သွေးကြောနံရံတွင် အနည်ထိုင်စေကာ သွေးကြောကို မာကျော၊ ကျဉ်းမြောင်းစေပြီး အစပဲ့ထွက်လွှင့်မျောကာ ဦးနှောက်သွေးကြောကို သွားပိတ်ဆို့စေခြင်း((Thrombosis) ကို ဖြစ်ပြီး လေဖြတ်စေပါသည်။

(၅) အရက် အလွန်အကျွံသောက်ခြင်း

အရက်အလွန်အကျွံ သောက်ခြင်းသည် ဗဟိုအာရုံကြော အဖွဲ့အစည်း (Central Nervous System (CNS) အား တိုက်ရိုက် ထိခိုက်စေသောကြောင့် အာရုံတုံ့ပြန်မှု (Motor
Function) အလုပ်လုပ်နိုင်အားကို ပျက်စီး (သို့) လျှော့နည်းစေသည်။ ထို့အပြင် သွေးကြောအပါအ၀င် ခန္ဓာကိုယ်ရှိ အင်္ဂါအစိတ်အပိုင်း အားလုံးရှိ ကြွက်သားများကိုလည်း ပြေလျှော့စေသောကြောင့် သွေးလွှတ်ကြော၏ အလုပ်လုပ်နိုင်မှု အားကို ဆုတ်ယုတ်စေပြီး အောင်စီဂျင် ဖြန့်ဖြူးမှုကို ထိခိုက်စေပါသည်။ ကြွက်သား ပြေလျှော့စေခြင်းနှင့် အာရုံတုံ့ပြန်မှု အားနည်းသောကြောင့် ခန္ဓာကိုယ် အလုပ်လုပ်မှုနှင့် ဦးနှောက်ထိန်းချုပ်မှုကို လျှော့စေသော်လည်း အရက်သောက်ခြင်းသည် စိတ်ကို တက်ကြွစေပြီး အာရုံခံစားမှု (Sesory) ကိုမူ လွန်ကဲစေပါသည်။ ထိုတက်ကြွလွန်ကဲသော အာရုံကြောင့် မရှိကို အရှိအဖြစ် ထင်မှတ်ယူဆခြင်း (delusion)၊ အာရုံတွင် တကယ်မဟုတ်သည့် အကြား၊ အမြင်နှင့် ခံစားမှုများ ထင်ဟပ်ဖြစ်ပေါ်နေခြင်း (Auditory, visual and tatile hallusination) တို့အား ဖြစ်ပေါ်စေပါသည်။ လေဖြတ်ခြင်းနှင့် အရက်မူးခြင်း နှစ်ခုစလုံးသည် ဦးနှောက်ကို ထိခိုက်စေခြင်း ဟူသည့် အကြောင်းရင်း တူသောကြောင့် လေဖြတ်သော သူတယေက်တွင် တွေ့နိုင်သည့်လက္ခာတချို့ကို အရက်မူးနေသူတွင်လည်း တွေ့နိုင်ပါသည်။ ၎င်းတို့မှာ အသိ၊ မှတ်ဉာဏ်နှင့် ဆင်ခြင်တုံတရား နည်းသွားခြင်း၊ စကားပြောလျင် ဗလုံးဗထွေးဖြစ်နေခြင်း၊ လမ်းကို ဒယိမ်းဒယိုင်လျှောက်ခြင်း၊ မျက်လုံးကို ကောင်းကောင်း မဖွင့်နိုင်ခြင်း၊ အစာကောင်းကောင်း မမျိုနိုင်ခြင်း စသည်တို့သည် ဦးနှောက်ပုံမှန် အလုပ်မလုပ် နိုင်သောကြောင့် ဖြစ်ပေါ်သော လဏ္ခာများ ဖြစ်သည်။

လက္ခဏာများ

ထိခိုက်သည့် သွေးကြောအလိုက် ဦးနှောက်တစ်ရှူး ပျက်စီးသည့် အစိတ်အပိုင်း ကွဲပြားသောကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်း (သို့) အလုပ်လုပ်မှုစနစ် ချွတ်ယွင်းသွားသည့် နေရာနှင့် လက္ခဏာများမှာလည်း ကွဲပြားသည်။ ထိခိုက်သွားသော ဦးနှောက်၏ ဧရိယာအပေါ်မူတည်၍ လှုပ်ရှားရာ၌ ဟန်ချက် မထိန်းနိုင်ဖြစ်ခြင်း၊ ကိုယ်တခြမ်း (သို့) တပိုင်းသေသွားနိုင်ခြင်း၊ မှတ်ဉာဏ် ဆုံးရှုံးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းသွားနိုင်ခြင်း၊ စကားမပြောနိုင်ခြင်း (သို့) မပီတော့ခြင်း၊ တက်ခြင်း၊ နားထဲမှာ ပုံမှန်မဟုတ်ပဲ အမြဲဆူညံနေသလို ခံစားရခြင်း စသည်ဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါသည်။

စမ်းသပ်တွေ့ရှိပုံ

လေဖြတ်ခြင်းကို X-ray, CT (Computer Tomography) scan, Magnetic Resonance Imaging (MRI), သွေးစစ်ခြင်း၊ ဦးနှောက်အတွင်း အရည်စစ်ဆေးခြင်း၊ ဦးနှောက်လျှပ်စစ်လှိုင်းကို (EEG) စစ်ဆေးခြင်းတို့ဖြင့် စမ်းသပ်တွေ့ရှိနိုင်သည်။

ကုသမှု

လေဖြတ်သည်ဟု သိသည်နှင့် (သို့) သင်္ကာမကင်း ဖြစ်သည်နှင့် ချက်ချင်း အရေးပေါ် ဆေးရုံတင်ရမည်။ သွေးကြော ပိတ်ဆို့မှု (သို့) သွေးယိုစီးမှုအတွက် ဦးနှောက်ကို ခွဲစိတ်ကုသရမည်။ ခွဲစိတ်ပြီးနောက် နောက်ထပ်တကြိမ် သွေးကြောပိတ်ဆို့ပြီး လေဖြတ်ခြင်းကို ထပ်မဖြစ်စေရန် ကာကွယ်နိုင်ရန် ဆရာဝန်မှ  Aspirin, Warfarin စသည့် လူနာနှင့် သင့်တော်သည့် သွေးကိုကျဲစေသည့် ဆေးတခုခု ပေးနိုင်သည်။ ထိခိုက်သွားသော ခန္ဓာကိုယ် အစိတ်အပိုင်းအား အကောင်းဆုံး ပြန်လည် အလုပ်လုပ် နိုင်စေရန်အတွက် ထိခိုက် ပျက်စီးသွားသည့် ခန္ဓာကိုယ် အစိတ်အပိုင်းနှင့် ထိခိုက်သည့် အမျိုးအစားအပေါ် မူတည်ပြီး သက်ဆိုင်ရာ ကျန်းမာရေး ပညာရှင်များ၏ အကူအညီဖြင့် ပြန်လည်ပြုစုပျိုးထောင် လေ့ကျင့်ခြင်း (Rehabilitation) ဖြင့် အချိန်ယူ၍ ကုသရပါသည်။
ဦးနှောက် တစ်ရှူးပျက်စီး ဆုံးရှုံးမှု အနည်းအများအပေါ် မူတည်ပြီး အနည်းအကျဉ်းမှ လုံးဝ ပြန်လည် သက်သာ ပျောက်ကင်းနိုင်ပါတယ်။ အလုပ်မလုပ်နိုင် ဖြစ်သွားသည့် ခန္ဓာကိုယ် အစိတ်အပိုင်းအပေါ် မူတည်ပြီး လုပ်ရမည့် လေ့ကျင့်ခန်းမှာလည်း ကွဲပြားသည့်အတွက် တွေ့ရမည့် ကျန်းမာရေး ပညာရှင်များလည်း ကွဲပြားပါတယ်။ ဥပမာ- စကားပြောမရ၊ အစာမျိုမရ၊ (သို့မဟုတ်) စကားပြောမပီ၊ အစာမျိုရခက် ဖြစ်သွားပါက လ့ကျင့်ခန်းအတွက် Speech Pathologists နှင့် Dieticians ကို တွေ့ရမယ်။ ကိုယ်ကာယ ခန္ဓာကိုယ်အစိတ်အပိုင်း မသန်စွမ်း၊ ဖြစ်သွားပါက Physiotherapists နဲ့ Occupational therapists တို့အား တွေ့ရမယ်။ သြစကြေးလျားတွင် လေဖြတ်သည့် အမျိုးအစားအပေါ် မူတည်၍ သက်ဆိုင်ရာ ကျန်းမာရေး ပညာရှင်များနဲ့ တွေ့ပြီးပါက အိမ်မှာ မိမိဖါသာ ဆက်လက် ဆောင်ရွက်ရန် နေ့စဉ် လှုပ်ရှားဆောင်ရွက်သည့် တကိုယ်ရေ တကာယကိစ္စများ ဆောင်ရွက်ရန်နှင့် လေ့ကျင့်ခန်းလုပ်နိုင်ရန်အတွက် အသေးစိတ်ကို သင်ပြပေးပြီး ဆက်လက်ဆောင်ရွက်ရမည့် အစီစဉ်တွေ (Follow up programmes) တွေကို ပေးပြီးမှ ဆေးရုံက ပေးဆင်းပါသည်။ မြန်မာပြည်မှာ လေဖြတ်သူအတွက် လေဖြတ်သူအတွက် ပြန်လည်လေ့ကျင့်ပျိုးထောင်ပေးသည့် ၀န်ဆောင်မှု (Rehabilitation Services) ရှိမရှိ မသေချာသည့်အတွက် အကောင်းဆုံးက အိမ်ရောက်ပြီးနှင့် နောက်ပိုင်း ဆက်လုပ်ရမည့် အချက်များကို ဆေးရုံမဆင်းမီ ဆေးရုံမှာ မိမိအား အဓိက တာဝန်ယူ ကုသပေးသည့် ဆရာဝန် (Treating Doctor) နှင့် အသေအချာ တိုင်ပင်မေးမြန်းခြင်းသည် အကောင်းဆုံး ဖြစ်နိုင်ပါသည်။
ကာကွယ်ခြင်း

ဆေးလိပ်မသောက်ခြင်း၊ ခန္ဓာကိုယ် အလေးချိန်ထိန်းခြင်း (BMI 18.5-25)၊ အဆီများသည့် အစားအစာများနှင့် အသားကို လိုသည်ထက် ပိုမစားခြင်း၊ သွေးတိုးရှိသူများသည် သွေးပေါင်းချိန်ကို အမြဲတမ်းပုံမှန် ဖြစ်နေအောင် ထိန်းချုပ်ရန် ဆရာဝန်၏ ညွန်ကြားချက်အတိုင်း မပျက်မကွက် လိုက်နာခြင်း၊ ဆီးချိုရှိသူများသည်လည်း သွေးထဲ သကြားဓာတ်ကို မမြဲတမ်းပုံမှန် ဖြစ်နေအောင် ထိန်းချူပ်နိုင်ဘို့အတွက်  ဆရာဝန် ညွန်ကြားသည့်အတိုင်း မပျက်မကွက် လိုက်နာဆောင်ရွက်ခြင်း၊ အရက်ကို သောက်သင့်သည်ဟု သတ်မှတ်ထားသည်ထက် ပိုမသောက်ခြင်း (လုံးဝမသောက်က ပိုကောင်းပါသည်)၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန် ပြုလုပ်ခြင်း စသည်တို့ဖြင့် လေဖြတ်ခြင်းကို ကာကွယ်နိုင်ပါသည်။ ထိုသို့ မကာကွယ်နိုင်ပါက ဆေးလိပ်သောက်သူ၊ အ၀လွန်သူ၊ သွေးတိုး၊ ဆီးချို ရှိသူ၊ အရက်အလွန်အမင်းသောက်သူ၊ သူများသည် တနေ့လေဖြတ်ပြီး မသန်စွမ်းဘ၀ ရောက်မည့်ရာခိုင်နှုန်းအတော်များပါသည်။  လေဖြတ်ခြင်းကို ဖြစ်ပြီးသူများ ပိုမဆိုးအောင် ကာကွယ်နိုင်ပြီး မဖြစ်သေးသူများ ကောင်းစွာကာကွယ်နိုင်ကြပါစေ။

ရွှ့င်လန်းချမ်းမြေ့ကြပါစေ




Photo Credit: medical-dictionary.thefreedictionary.com

Read More...

Tuesday, March 31, 2009

Stroke Experience of A Brain Scientist


ဦးနှောက်နဲ့ ပတ်သတ်တဲ့ သုတေသနတွေ ပြုလုပ်နေတဲ့ သိပ္ပံ ပညာရှင် တစ်ဦး လေဖြတ်မှုကို ခံစားရတဲ့ အတွေ့အကြုံကို ပြန်လည် တင်ပြထားတာပါ။ အလွန်စိတ်ဝင်စားစရာ ကောင်းအောင် တင်ပြတတ်ပြီး ဗဟုသုတလဲ အများကြီး ရစေတယ်လို့ ယူဆလို့ ပြန်မျှပေးလိုက်တာပါ။ ဆရာဝန် ဖျားတတ်လားလို့ မေးတတ်တဲ့သူတွေကိုလဲ သတိရမိပါတယ်။ ဆရာဝန်လဲ ဘာသားနဲ့မှမှ မထုထားတာနော်။ ဖျားတတ်၊ နေမကောင်း ဖြစ်တတ်ပါတယ်။ အဲဒီလိုပါပဲ။ ဦးနှောက်နဲ့ ပတ်သက်တဲ့ ပညာရှင်လဲ လေဖြတ်တတ်ပါတယ်။

Jill Bolte Taylor ရဲ့ my stroke of insight ဆိုတဲ့ ted talk လေးပါ။


Read More...

Wednesday, February 11, 2009

Answers for C-Box questions (1)

C-Box မေးခွန်းများအတွက် အဖြေများ (၁)


တင်ထားတဲ့ ပို့စ်တွေနဲ့ မဆိုင်ပဲ စာဖတ်သူတွေက C-Box မှာ သီးသန့် လာမေးထားတဲ့ မေးခွန်းတွေထဲက C-Box မှာ ဖြေဖို့ နေရာမဆံ့နိုင်တဲ့ မေးခွန်း တချို့နဲ့ အရင် မဖြေဖြစ်ခဲ့တဲ့ မေးခွန်းဟောင်းတချို့ကို စုပေါင်းပြီး ပို့စ်တစ်ခု အနေဖြင့် မေးခွန်း မေးသူတွေအတွက် တင်ပေးလိုက်ပါတယ်။ ဖြေထားတဲ့ အဖြေတွေက ကျွန်မ လက်လှမ်းမီသလောက် တင်ပြထားတာသာဖြစ်ပြီး ပြည့်စုံလုံလောက်မှု ရှိနိုင်မည် မဟုတ်တဲ့အတွက် မပြည့်စုံမှု (သို့) ချွတ်ယွင်းမှု တစ်ခုခု ရှိနေပါက စာရေးဖော်တွေ အပါအ၀င် မည်သူမဆို ဖြည့်စွက် ဖြေကြားပေးခြင်း၊ ဆွေးနွေးပေးခြင်းကို ပြုလုပ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ မေးခွန်းမေးသူများ အနေဖြင့်လည်း ဖြေထားသည်များကို မရှင်းလင်းပါက ထပ်မေးနိုင်ကြောင်းနှင့် ဒီလို ထပ်မေးလာရင်လဲ
ဝိုင်းဝန်း ဖြေကြားပေးဖို့ကို စာရေးဖော်တွေ အားလုံးကို ဖိတ်ခေါ်ပါတယ်။

ကိုသက် ။ ။ မျက်ကွင်း အရမ်းညိုတာဘာကြောင့်လည်းဆိုတာသိပါရစေဆရာ။

မျက်ကွင်းညို ရခြင်းရဲ့ အကြောင်းတွေက- - မျိုးရိုးကြောင့် - Allergy (ဓာတ်မတည့်မှု ရှိခြင်း)- အိပ်ရေး မ၀ခြင်း- နှာပိတ်ခြင်း- ခန္ဓာကိုယ်မှ ရေဓာတ်ဆုံး ရှုံးခြင်း (ဥပမာ။ ။ဝမ်းလျှောခြင်း ၊ အန်ခြင်း.... စသည်တို့ကြောင့်)- သံဓာတ်ချို့တဲ့၍ သွေးအားနည်းခြင်း- အသက်ကြီးလာခြင်း- စိတ်ဖိစီးမှုများခြင်း- အာဟာရ လုံလောက်စွာ မစားသောက်ခြင်း- ဆေးလိပ်သောက်ခြင်း- အလွန်အကြူး ကိုယ်အလေးချိန်ကျသွားခြင်း- Vitamin –K ဓာတ်ချို့တဲ့ခြင်း- အရမ်း နေရောင် အထိခံခြင်း ကုသမှုကတော့-မိမိမှာ အထက်က ပြဿနာတွေ ရှိနေရင် အဲဒါတွေ ကိုပြုပြင်ဖို့ ၊ ကုသဖို့ လိုပါတယ်။ Hydrating Facial mask ကို တစ်ပတ်နှစ်ကြိမ်ခန့် အသုံးပြုခြင်း ၊ သခွားသီးပါးပါး
အ၀ိုင်းလေးများကို မျက်လုံးနားတွင် ကပ်ခြင်း(တစ်ခါလျှင် ၁၀မိနစ်ခန့်) ၊ မနက်နှင့် ညတွင် ရေအေးအေးဖြင့် မျက်နှာသစ်ခြင်း ၊ အာဟာရပြည့်ဝစွာ စားသောက်ခြင်း ၊ ဂေါ်ဖီ ၊ လိမ္မော် ၊ သခွားသီး၊ စတော်ဘယ်ရီ စသော လတ်ဆတ်သော အသီးအရွက် များများစားခြင်း ၊ ကောင်းကောင်း အနားယူခြင်း ၊ Vitamin–K နှင့် ရှားစောင်းလက်ပတ် ပါဝင်သော Eye cream မျိုးကို လိမ်းခြင်း၊ မသက်သာလျှင် အရေပြား ဆရာဝန်နှင့် ပြသတိုင်ပင်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ (Dr စိုင်းဝေအောင်)


Khinethin ။ ။ လေဖြတ်တာ အကြောင်း ဆောင်းပါး ရေးပါဦး။ နောက် အေးတဲ့ဒေသမှာ နေရင် ဘယ်လို ကျန်းမာရေး အကာအကွယ် လုပ်ရမလဲ။ ရေချိုးတာတို့ အစားစားတာတို့ နောက်ဘယ်လိုနေသင့်သလဲ။ ကျေးဇူးတင်ပါတယ်။

လေဖြတ်ခြင်းမှာ အဓိကကတော့ ဦးနှောက်ကို ပို့ပေးနေတဲ့ သွေးကြော ပိတ်ဆို့ပြီး ဦးနှောက် တစ်ရှူးတချို့ ပျက်စီးသွားလို့ ဦးနှောက်မှာ အောက်စီဂျင် အထောက်အပံ့ မရတော့တဲ့အတွက် ဦးနှောက် ထိန်းချုပ်ထားတဲ့ သက်ဆိုင်ရာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ ဦးနှောက်ကြား အဆက်အသွယ် ပြတ်သွားတာ ဖြစ်တယ်။ ဒီလို အဆက်အသွယ် ပြတ်သွားတော့ ဦးနှောက်က သက်ဆိုင်ရာ အစိတ်အပိုင်းကို ထိန်းချုပ်လို့ မရဖြစ်သွားပြီး ခန္ဓာကိုယ် အစိတ်အပိုင်း အလုပ်မလုပ်နိုင် ဖြစ်သွားပါတယ်။ ဘယ်လိုအမျိုးအစား လေဖြတ်တာပဲ ဖြစ်ဖြစ် လေဖြတ်တဲ့သူ အားလုံးကတော့ နွေးနွေးထွေးထွေး ရှိသင့်ပါတယ်။ ဒုတိယအကြိမ် ထပ်မဖြစ်ဖို့ အတွက်နှင့် နောက်ဆက်တွဲ ရောဂါတွေ မ၀င်နိုင်အောင် ကျန်းမာရေးကို ပုံမှန်အတိုင်း ထိန်းသိမ်းနိုင်ဖို့အတွက် အစာအဟာရ မျှတဖို့၊ အ၀မလွန်အောင် ကာကွယ်ဖို့နဲ့ လှုပ်ရှားမှုရှိနေဖို့ အမြဲလိုအပ်ပါတယ်။

ကုသမှုကို ပြန်လည် ပြုစုပျိုးထောင်တဲ့ လေ့ကျင့်ခန်း (Rehabilitations) တွေ လုပ်ရင် ဦးနှောက် တစ်ရှူးပျက်စီး ဆုံးရှုံးမှု အနည်းအများအပေါ် မူတည်ပြီး အနည်းအကျဉ်း ဒါမှမဟုတ် လုံးဝ ပြန်လည် သက်သာ ပျောက်ကင်းနိုင်ပါတယ်။ အလုပ်မလုပ်နိုင် ဖြစ်သွားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းအပေါ် မူတည်ပြီး လုပ်ရမည့် လေ့ကျင့်ခန်းက ကွဲပြားတဲ့အတွက် တွေ့ဖို့လိုအပ်တဲ့ ကျန်းမာရေး ပညာရှင်တွေကလည်း ကွဲပြားပါတယ်။ ဥပမာ စကားပြောမရ၊ စကားပြောမပီ ဒါမှမဟုတ် အစာမျိုရခက် ဖြစ်သွားရင် လေ့ကျင့်ခန်းအတွက် Speech Pathologist နဲ့ Dietician ကို တွေ့ရမယ်။ ကိုယ်ကာယ ခန္ဓာကိုယ်အစိတ်အပိုင်း မသန် ဖြစ်သွားရင် Physiotherapist နဲ့ Occupational therapist ကို တွေ့ရမယ်။ လေဖြတ်တဲ့ အမျိုးအစားအပေါ် မူတည်ပြီး သက်ဆိုင်ရာ ကျန်းမာရေး ပညာရှင်တွေနဲ့ တွေ့ပြီးရင် အိမ်မှာ ဆက်လက် ဆောင်ရွက်ဖို့ နေ့စဉ် ကိစ္စတွေနဲ့ လေ့ကျင့်ခန်းလုပ်ဖို့အတွက် အသေးစိတ်ကို သင်ပြပေးလိမ့်မယ်။ Khinethin က မြန်မာပြည်ထဲက လူနာအတွက် မေးတယ်ဆိုရင်တော့ မြန်မာပြည်မှာ ဒီလို Rehabilitation Services တွေ ရှိမရှိ ကျွန်မ အတိအကျ မသိတဲ့အတွက် အကောင်းဆုံးကတော့ ဆက်လုပ်သင့်တာကို လေဖြတ်လို့ ဆေးရုံတက်တုန်းက အဓိက တာဝန်ယူ ကုသပေးခဲ့တဲ့ ဆရာဝန်နဲ့ ပြန်တိုင်ပင်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ လေဖြတ်ခြင်းနဲ့ ပတ်သက်တဲ့ ပို့စ်တစ်ခုကို သီးသန့် မတင်နိုင်သေးတဲ့အတွက် တောင်းပန်ပါတယ်။


Ko Zaw ။ ။သွေးပျစ်တဲ့ ရောဂါကို ဘယ်လို ကုသရပါသလဲ။ ထိုရောဂါအကြောင်း ပြောပြပေးစေလိုပါသည်။


သွေးပျစ်ခဲတာက သွေးထဲမှာ ပါဝင်တဲ့ Chemical တွေ မမျှတလို့ ဖြစ်နိုင်သလို သွေးထွက်လွန်ခြင်း၊ သွေးယိုစီးခြင်းကို ကာကွယ်ပေးတဲ့ Clotting Factor ခေါ် သွေးထဲမှာရှိတဲ့ အင်ဇိုင်းတွေ ပုံမှန်ထက် ပိုများနေလို့လဲ ဖြစ်နိုင်ပါတယ်။ ဘာကြောင့် ဖြစ်တယ်ဆိုတာကို ခန့်မှန်းရုံနဲ့ မသိနိုင်ပဲ သွေးစစ်ပြီး သွေးထဲမှာ ပါဝင်နေတဲ့ အစိတ်အပိုင်းတွေ အားလုံးကို ရေတွက်ခြင်း (Full blood Count) နှင့် Clotting Factors တွေရဲ့ အခြေအနေကို ကြည့်ပြီးမှ သိနိုင်ပါတယ်။ သွေးထဲမှာ ပါဝင်တဲ့ ဓါတုပစ္စည်းတွေ မမျှမတ ဖြစ်နေရင် မျှတအောင် ကုသရမယ်။ Clotting Factor တွေ လွန်ကဲနေခြင်းကြောင့် ဖြစ်တယ်ဆိုရင်တော့ Anticoagulant လို့ ခေါ်တဲ့ သွေးကို မခဲစေနိုင်တဲ့ ဆေးတွေကို ဆရာဝန် ညွန်ကြားချက်အတိုင်း သုံးစွဲနိုင်ပါတယ်။ သွေးပျစ်လွန်းခြင်းနှင့် ကျဲလွန်းခြင်း နှစ်ခုစလုံးက အန္တရာယ်ရှိတဲ့အတွက် ဆရာဝန် ညွှန်ကြားချက်အတိုင်းသာ လိုက်နာဆောင်ရွက်သင့်ပါတယ်။


Uranusaquarian ။ ။ အမျိုးသမီးတွေအတွက် မီးယပ်ကျန်းမာရေးကိစ္စတွေကိုရော မေးမြန်းလို့ ရပါသလားရှင်။


အမျိုးသမီးတွေ မီးယပ်နဲ့ ပတ်သက်တဲ့ အချက်အလက်တချို့ကို Labels အောက်က Reproductive Health ကိုနှိပ်လိုက်ရင် အဲဒီထဲက ပို့စ်တွေထဲမှာ ရှာကြည့်နိုင်ပါတယ်။ သိချင်တဲ့ အကြောင်းအရာ အဲဒီထဲမှာမပါလို့ မေးခွန်းသီးသန့် ထပ်မေးရတော့ မေးတဲ့မေးခွန်းအပေါ် မူတည်ပြီး ဖြေပေးလို့ရပါတယ်။

mr.lupay။ ။ B ပိုးကါကွယ်ဆေးထိုးနည်းနဲ့ မအောင်ရင် ဘာဆက်လုပ်ရလဲ ဆိုတာလေးနဲ့ လိပ်ခေါင်းရောဂါ အကြောင်းတွေကို အပြည့်အစုံ ရှင်းပြပေးပါရန် တောင်းဆိုပါတယ် အစ်မ။ ကျေးဇူးတင်ပါတယ်။

ဒီမေးခွန်းကို မဖြေခင် labels အောက်က Hepatitis ခေါင်းစဉ်ထဲမှာရှိတဲ့ ပို့စ်သုံးခုကို အရင်သွားဖတ်ဖို့ Mr Lupay ကို အကြံပြုချင်ပါတယ်။

Hepatitis B & C (1)
Hepatitis B & C (2)
Hepatitis B

Hepatitis B အတွက် ထိရောက်တဲ့ ကာကွယ်ဆေး ရှိပါတယ်။ ကာကွယ်ဆေးကို စနစ်တကျ ထိုးထားရင် ကူးဖို့ ခဲယဉ်းပါတယ်။

ကာကွယ်ဆေး စနစ်တကျ ထိုးရမယ့် နည်းလမ်းကတော့ အကြမ်းဖျင်းဆိုရင် ၀-၁-၆ လို့ မှတ်သားပါတယ်။ ဆိုလိုတာက ဆေး သုံးကြိမ် ထိုးရမယ်။ ပထမ တစ်ကြိမ်ထိုးပြီးရင် ဒုတိယ တစ်ကြိမ်ကို ၁ လ ခြားပြီး ထိုးရပါမယ်။ တတိယ အကြိမ်ကို ဒုတိယအကြိမ်နဲ့ ၆ လ ခြားပြီး ထိုးရပါမယ်။

ကာကွယ်ဆေး ထိုးပြီးတိုင်း အသည်းရောင် အသားဝါ ဘီပိုးကို ရာနှုန်းပြည့် ကာကွယ်နိုင်တယ်လို့ ပြောလို့ မရပါဘူး။ ၉၀ရာခိုင်နှုန်း လောက်တော့ ကာကွယ်တယ်လို့တော့ ပြောပါတယ်။ တိတိကျကျ သိချင်ရင်တော့ ရောဂါ ကာကွယ်နိုင်တဲ့ အင်အား (Antibody titer) ဘယ်လောက် ရှိသလဲ ဆိုတာကို တိုင်းရပါတယ်။ အဲဒီလို တိုင်းလို့ ဆရာဝန်က စိတ်တိုင်းမကျရင် စတုတ္ထအကြိမ် ကာကွယ်ဆေး တစ်လုံး ထပ်ထိုးရတတ်ပါတယ်။

အသည်းရောင် အသားဝါ B ရုတ်တရက် (Acute) ရရှိပါက ခေါင်းကိုက်ခြင်း၊ အဖျားဝင်ခြင်း၊ ပျို့အန်ခြင်း၊ ၀မ်းသွားခြင်း အဆစ်အမြစ်နဲ့ ကိုယ်လက်ကိုက်ခဲခြင်း တစ်ခါတစ်ရံ အရေပြား ယားယံခြင်း စတဲ့ လက္ခဏာတွေကို တွေ့နိုင်ပြီး ဒီလက္ခဏာတွေပဲ ထိန်းချုပ်လို့ရပြီး ရောဂါအတွက် သီးသန့်ဆေး မရှိပါဘူး။ အစာအာဟာရ လက္ခဏာထိန်းချုပ်တဲ့ ဆေးတွေနဲ့ကု အနားယူပြီး နှစ်ပတ်၊ သုံးပတ်အတွင်း သက်သာပျောက်ကင်း သွားနိုင်ပါတယ်။ ဒါပေမယ့် ရောဂါရတဲ့ ဆယ်ယောက်မှာ တစ်ယောက်နှုန်းခန့် နာတာရှည် (Chronic) ဖြစ်သွားနိုင်ပါတယ်။ နာတာရှည် အသည်းအရာင် အသားဝါ ရထားသူဟာ အသည်းနဲ့ပတ်သက်တဲ့ တခြား ဆက်ပွားရောဂါတွေ ၀င်ဖို့ သိပ်ကို နီးစပ်လို့ အထူး ဂရုပြုသင့်ပါတယ်။ အစာအာဟာရကို အသားဓာတ် အလွန်အမင်း မစားဘဲ အရက်ကို လုံးဝ ရှောင်သင့်ပါတယ်။ နေမကောင်းမှ ဆရာဝန်ပြခြင်း မဟုတ်ပဲ ဆရာဝန်နှင့် တစ်နှစ် ဘယ်နှစ်ကြိမ် တွေ့မယ်ဆိုတာ တိုင်ပင်သတ်မှတ်ပြီး အမြဲတမ်း ညွန်ကြားမှုခံယူ၊ အနေအထိုင် အစားအသောက် ဆင်ခြင်ရင် ရောဂါမရှိသူ နီးပါး နေသွားနိုင်ပါတယ်။

လိပ်ခေါင်းရောဂါနဲ့ Hepatitis B တိုက်ရိုက် ပတ်သက်မှုတော့ မရှိပါဘူး။ ဒါပေမယ့် အသည်းက ခန္ဓာကိုယ်ထဲမှာ အကြီးဆုံး အတွင်းအင်္ဂါ အစိတ်အပိုင်း ဖြစ်ပြီး တခြား ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးနီးပါးနဲ့ ဆက်စပ် အလုပ်လုပ်ရတော့ အသည်းနဲ့ ပတ်သက်ပြီး ရောဂါတစ်ခုဖြစ်တိုင်း တခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ တစ်နည်းနည်းနဲ့ ထိခိုက်မှု ရှိပါတယ်။ အထူးသဖြင့် အသည်းက အစာအိမ်မှ ပို့လာတဲ့ အာဟာရတွေကို ပြန်လည် စိစစ်ပြုပြင် နေရာချပြီး ခန္ဓာကိုယ်အနှံ့ ပြန်လည်ဖြန့်ဖြူးပေးတဲ့ နှလုံးကို ရောက်အောင် ပို့ပေးရတော့ ရောဂါတခုခုကြောင့် အသည်း အလုပ်လုပ်မှု အားနည်းသွားတာနဲ့ အစာခြေဖျက်မှု စနစ်နဲ့ အစာပို့ဆောင်မှု စနစ်မှာလည်း အားနည်းသွားပါတယ်။ လိပ်ခေါင်းရောဂါ အကြောင်းကို နောက်ပိုင်း အချိန်ရရင် သီးသန့်ပို့စ်တစ်ခု တင်ပေးပါမယ်။


Linn ။ ။ သွား အနည်းငယ်ခေါနေတာကို ပြင်ချင်ပါတယ် သွားပြင်ရင် အကျိုးအပြစ် ဘာတွေ ဖြစ်နိုင်သလဲ ဆိုတာ သိချင်ပါတယ်ခင်ဗျာ။

သွားနဲ့ ပတ်သက်တဲ့ ကျန်းမာရေးကဏ္ဍကို ၀န်ဆောင်တဲ့ Professionals သီးသန့်ရှိလို့ တခြား Health Care Professionals တွေအနေနဲ့ ဒီမေးခွန်းကို ဖြေနိုင်လိမ့်မယ်လို့ ကျွန်မ မထင်ဘူး။ သွားကို ပြုပြင်ပေးနေတဲ့ Dental Surgeon တွေ ကိုယ်တိုင်ကလည်း လူနာကိုယ်တိုင်ကို တွေ့ပြီး ပြုပြင်ရမည့် အခြေအနေ လူနာရဲ့ သွားဖုံးနဲ့ သွားအရင်းရှိ အရိုး တည်ဆောက်ပုံ အနေအထားတွေကို အတိအကျ စစ်ဆေးပြီးမှ သိနိုင်ပါလိမ့်မယ်။ တချို့က သွားကိုပဲ ပြန်တည့်မတ်ပေးဖို့ လိုပြီး တချို့ကျတော့ အရိုးကွင်းကိုပါ ပြုပြင်ရတာ ရှိတယ်ဆိုတာ သိရပါတယ်။ ပြုပြင်ရမည့် အခြေအနေအပေါ်မူတည်ပြီး အချိန်ကာလနဲ့ အကျိုးအပြစ်တွေက ကွာခြားနိုင်ပါတယ်။ အခြေခံ ကျန်းမာရေးကို အစိုးရက တာဝန် ယူတဲ့ နိုင်ငံတွေမှာတောင် Dental Health အတွက် မိမိပိုက်ဆံနဲ့ အိတ်စိုက် အသုံးပြုရပါတယ်။ ပြီးတော့ Dental Health က တခြား ကျန်းမာရေးကိစ္စတွေထက် ပိုပြီး ဈေးကြီးပါတယ် ရိုးရိုး Dentist ကို တခါတွေ့ရင်တောင် အထွေထွေ ဆရာဝန်ကို တခါတွေ့တာထက် ပိုဈေးကြီးတယ်ဆိုတာ သိရတယ်။ ဒါကြောင့် သွားအလှပြုပြင်တဲ့ Dental Surgeon ဆီက Information pack ဒါမှမဟုတ် Leaflet တွေကို အရင် ဖတ်ကြည့်ပြီး မိမိပြုပြင်ရမည့် အခြေအနေကို အကြမ်းဖျင်းတော့ သိအောင် အရင်လုပ်ပါ။ ပြီးတော့မှ Dental surgeon နဲ့တွေ့ ကိုယ် သိချင်တာ မေးပြီး တိုင်ပင်တာ အကောင်းဆုံးပဲလို့ ကျွန်မ အကြံပြုချင်ပါတယ်။


အဖြေများကို ဖတ်ရန် "Read More ..." ကို နှိပ်ပါ။

Read More...