Tuesday, October 30, 2007

Down's Syndrome

လူသားဒေါင်းလေးများအကြောင်း



ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဒေါင်းလေးတွေမွေးတယ်ဆိုပြီးကြားဖူးနေကြပါ။ လူကနေ ဒေါင်းလေးတွေမွေးတယ်ဆိုတော့ အထူးအဆန်းဖြစ်ခဲ့ရပါတယ်။ တကယ်တော့ လူသားတစ်ယောက်ကို မွေးဖွားတာပါ။ တစ်နည်းအားဖြင့် ဒေါင်းစင်ဒရုန်း ( Down's Syndrome ) လို့ခေါ်တဲ့ မျိုးရိုးဗီဇဖွဲ့စည်းပုံနဲ့ပက်သက်ပြီး ဝေဒနာခံစားနေကြရတဲ့ ကလေးငယ်လေးတွေပါ။ ဒီလိုဝေဒနာရှင်ကလေးငယ်လေးတွေဟာ လူသားတစ်ယောက် ၊ ကလေးတစ်ယောက်အနေနဲ့ အပြည့်အ၀ ရပ်တည်ခွင့် မရကြပါဘူး ။ သူတို့လေးတွေမှာ မွေးရာပါရောဂါတစ်ခုကိုပါ လောကထဲသယ်ဆောင်လာခဲ့ရပြီး ၊ အခြားသောရောဂါတွေကလည်း သူတို့ဘ၀လေးတွေကို ချွေဖျက်ဖို့ အသင့်စောင့်ကြိုနေကြပါတယ်။ ဒီလို ကံတရားက မျက်နှာသာပေးမခံရတဲ့ ကလေးငယ်လေးတွေရဲ့ ဘ၀လေးတွေဟာ အလွန်သနားဖို့ကောင်းပါတယ်။ ဒါကြောင့် သနားစရာ ဒေါင်းလေးတွေအကြောင်းကို တင်ပြပေးလိုက်ပါတယ် ။

ဒေါင်းစင်ဒရုန်း ( Down's Syndrome ) ဆိုတာဘာလဲ
ဒေါင်းစင်ဒရုန်း ( Down's Syndrome )ဆိုတာ မျိုးရိုးဗီဇနဲ့ ပက်သက်တဲ့ရောဂါတစ်ခုဖြစ်ပြီး ၊ ရောဂါခံစားနေရတဲ့ကလေးငယ်တွေဟာ သာမန်ကလေးငယ်တွေထက် ဥာဏ်ရည်ဥာဏ်သွေး ၊ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှုတွေဟာ နှေးကွေးပါတယ်။ ဒါ့အပြင် အခြားသော မွေးရာပါ ခန္ဓာကိုယ်ချို့ယွင်းချက်တွေလဲ ပါရှိလာတတ်ပါတယ်။ ဒီရောဂါအကြောင်းကိုလေ့လာမယ်ဆိုရင် ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံအကြောင်းကို သိရှိထားဖို့လိုအပ်ပါတယ်။

ကျွန်တော်တို့ ခန္ဓာကိုယ်ဖွဲ့စည်းမှုမှာ အခြေခံအကျဆုံးအရာကတော့ ဆဲလ် ( Cells ) တွေပဲဖြစ်ပါတယ်။ ဆဲလ်တွေပေါင်းစည်းပြီး တစ်ရှုး ( Tissue ) ၊ တစ်ရှုးတွေပေါင်းစည်းပြီး ကိုယ်ခန္ဓာအစိတ်အပိုင်းတွေရယ်လို့ဖြစ်တည်လာပါတယ်။ ဆဲလ်တွေဖွဲ့စည်းမှု ၊ လုပ်ဆောင်မှုအတွက် အရေးအကြီးဆုံးအရာကိုတော့ မျိုးရိုးဗီဇ ( Gene ) တွေက ဆုံးဖြတ်ပေးတာဖြစ်ပါတယ်။ ဂျင်းန် ( Gene ) ဆိုတာ DNA ( Deoxyribonucleic acid ) အစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားပြီး မျိုးရိုးဗီဇနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို မှတ်သားထားပေးပါတယ်။ DNA ကိုတော့ ခရိုမိုဇုန်းမော်လီကျူး ( Chromosome ) တွေနဲ့ဖွဲ့စည်းထားပါတယ် ။ ဒါကြောင့်လူသားတစ်ယောက်ဖြစ်လာဖို့ဆိုရင် ခရိုမိုဇုန်းမော်လီကျူးလေးတွေကနေ စတင်ဖွဲ့စည်းတည်ဆောက်ရပါတယ်။ ကျန်းမာသန်စွမ်းတဲ့ လူသားတစ်ယောက်ဖြစ်လာစေဖို့ ခရိုမိုဇုန်းတွေက အရေးကြီးတဲ့ အစိတ်အပိုင်းအနေနဲ့ ပါဝင်လာပါတယ်။ လူတစ်ယောက်မှာ ခရိုမိုဇုန်း ၂၃ စုံ ( ၄၆ ခရိုမိုဇုန်း ) ပါရှိပြီး ၊ ၁ ကနေ ၂၃ အထိ နံပါတ်များနဲ့ မှတ်သားခေါ်ဝေါ်ကြပါတယ်။ အဲဒီ ခရိုမိုဇုန်းတွေပေါ်မှာမူတည်ပြီး ယောကျာင်္း ၊ မိန်းမ ၊ ကိုယ်ရည်ကိုယ်သွေးတွေဆိုတာ ဖွဲ့စည်းဖြစ်တည်လာပါတယ်။ ဒီလို မျိုးရိုးဗီဇတွေကိုတော့ ကျွန်တော်တို့ရဲ့ မိဘနှစ်ပါးဆီက အမွေဆက်ခံရရှိပါတယ်။ ဒေါင်းစင်ဒရုန်း ( Down's Syndrome ) ကလေးငယ်တွေရဲ့ ခရိုမိုဇုန်းတွေဟာ သာမန်ကလေးတွေလို ၂၃ စုံရှိရမယ့်အစား ခရိုမိုဇုန်းနံပါတ် ၂၁ မှာ အပိုတစ်ခုပါရှိနေပါတယ်။ ဒါကြောင့် ဒေါင်းစင်ဒရုန်းကို ထရွိုင်ဆိုမီ ၂၁ ( Trisomy 21 ) လို့လည်းခေါ်ပါတယ်။ ( Trisomy is the presence of three , instead of normal twon, chromosomes of a particular numbered type in a organism. Thus the presence of an extra chromosome 21 is called Trisomy 21. ) ။ အဲဒီလို ခရိုမိုဇုန်းတစ်ခုအပိုပါရှိလိုက်တဲ့အတွက် မွေးလာတဲ့ကလေးငယ်တွေရဲ့ ဘ၀ဟာ အများကြီးပြောင်းလဲသွားပါတယ်။ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်မှု နှေးကွေးခြင်းအပြင် ၊ ဥာဏ်ရည်ဥာဏ်သွေးတွေဟာ သာမန်ကလေးငယ်တွေထက် နိမ့်ပါးသွားရပါတယ်။ အခြားသော မွေးရာပါရောဂါတွေကိုလည်း ခံစားကြရပါတယ်။

ဒေါင်းစင်ဒရုန်းအမျိုးအစားများ ( Types of Down's Syndrome )
အမျိုးအစားအားဖြင့် ၃ မျိုးရှိပါတယ်။ ဒါတွေကတော့ -

၁။ ပုံမှန်အမျိုးအစား ( Regular Type )
ဒီအမျိုးအစားကတော့ ခန္ဓာကိုယ် ဆဲလ်အားလုံးရဲ့ ခရိုမိုဇုန်းနံပါတ် ၂၁ မှာ ခရိုမိုဇုန်းတစ်ခုအပိုပါရှိနေတာပါ။ ဒေါင်းစင်ဒရုန်းဝေဒနာရှင်တွေရဲ့ ၉၄ ရာခိုင်နှုန်းဟာ ဒီပုံမှန်အမျိုးအစား ( Regular Type ) ဖြစ်ပါတယ်။

၂။ နေရာလွဲအမျိုးအစား ( Translocation Type )
ဒီအမျိုးအစားမှာတော့ အပိုပါလာတဲ့ ခရိုမိုဇုန်းဟာ သူရှိရမယ့် နံပါတ် ၂၁ နေရာမှာမရှိဘဲ အခြားခရိုမိုဇုန်းတွေမှာ သွားရောက်ပူးပေါင်းနေခြင်းဖြစ်ပါတယ်။ ဒီခရိုမိုဇုန်းကိုတော့ မိဘနှစ်ယောက်ထဲက တစ်ယောက်က သယ်ဆောင်ထားပေးတာဖြစ်ပါတယ် ။ ဒါကြောင့် ဒီအမျိုးအစားဟာ မိဘဆီက သားသမီးဆီသို့ မျိုးရိုးလိုက်ခြင်းကြောင့်ဖြစ်တဲ့ အမျိုးအစားဖြစ်ပါတယ်။ ( မှတ်ချက် - ဒေါင်းစင်ဒရုန်းအမျိုးအစားအားလုံးဟာ မိဘဆီက မျိုးရိုးလိုက်ခြင်းကြောင့်မဟုတ်ပါ။ နေရာလွဲအမျိုးအစား ( Translocation type ) တစ်မျိုးသာ မိဘဆီက အမွေဆက်ခံရရှိခြင်းဖြစ်ပါတယ်။ ၄ ရာခိုင်နှုန်းရှိပါတယ် ။

၃။ မိုးစက်အမျိုးအစား ( Mosaic type )
ဆဲလ်အားလုံးမဟုတ်ဘဲ အချို့သော ဆဲလ်များတွင်သာ ခရိုမိုဇုန်းနံပါတ် ၂၁ အပိုပါရှိတာဖြစ်ပါတယ်။ ၂ ရာခိုင်နှုန်းရှိပါတယ် ။

ရောဂါဖြစ်ပွားမှုနှုန်း
ကလေးအယောက် ၈၀၀ မှ ၁၀၀၀ မွေးဖွားတိုင်း ဒေါင်းစင်ဒရုန်းကလေးငယ်တစ်ယောက်ပါရှိလာနိုင်ပါတယ်။ ၂၀၀၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုရှိ ရောဂါထိန်းချုပ်မှုစင်တာ ( Centre for Disease Control - CDC )၏ ခန့်မှန်းချက်အရ ကလေး ၇၃၃ ယောက်မွေးတိုင်း ဒေါင်းကလေးတစ်ယောက်ပါရှိနိုင်ပါတယ်။ ၉၅ ရာခိုင်နှုန်းဟာ ထရွိုင်ဆိုမီ ၂၁ အမျိုးအစား ( Regular type ) ဖြစ်ပါတယ်။ ဒေါင်းစင်ဒရုန်းဟာ လူမျိုးမရွေး ၊ နေရာဒေသမရွေးဖြစ်တတ်ပါတယ်။

မိခင်အသက်အရွယ်နှင့် ဒေါင်းစင်ဒရုန်း
မိခင်ရဲ့ အသက်အရွယ်ဟာလည်း ဒေါင်းကလေးတွေ မွေးဖွားဖို့အတွက် အချက်တစ်ချက်အနေနဲ့ ပါဝင်ပါတယ်။
မိခင်အသက် ၂၀ မှ ၂၄ နှစ်အတွင်းတွင် ကလေး ၁၄၉၀ မွေးတိုင်း ဒေါင်းကလေးတစ်ယောက် ပါရှိနိုင်ပါတယ်။
မိခင်အသက် ၃၀တွင် ကလေး ၉၀၀ မွေးတိုင်း ဒေါင်းကလေးတစ်ယောက် ပါရှိနိုင်ပါတယ်။
မိခင်အသက် ၃၅ ကျော်လျှင် ကလေး ၄၀၀ မွေးတိုင်း ဒေါင်းကလေးတစ်ယောက် ပါရှိနိုင်ပါတယ်။
မိခင်အသက် ၄၀ တွင် ကလေး အယောက် ၁၀၀ မွေးတိုင်း ဒေါင်းကလေးတစ်ယောက် ပါရှိနိုင်ပါတယ်။
ဒါကိုကြည့်မယ်ဆိုရင် မိခင်ရဲ့ အသက်အရွယ်ကြီးလာတာနဲ့အမျှ ဒေါင်းကလေးငယ်များ မွေးနိုင်တဲ့နှုန်းဟာလည်း များလာပါတယ်။

ဒေါင်းစင်ဒရုန်းသမိုင်းကြောင်း ( History of Down's Syndrome )
ဒေါင်းစင်ဒရုန်းကို စတင် တင်ပြခဲ့သူကတော့ အင်္ဂလိပ် ဆေးပညာရှင် Jhon Langdon Down ပဲဖြစ်ပါတယ်။ ၁၈၆၂ ခုနှစ်မှာ စိတ်ကျန်းမာရေးချို့ယွင်းမှု ( Mental disability ) ပုံစံတစ်မျိုးအနေနဲ့တင်ပြခဲ့ခြင်းဖြစ်ပါတယ်။ ဝေဒနာရှင်များ၏ မျက်နှာအနေအထားမှာ မွန်ဂိုလူမျိုးများနှင့် ဆင်တူသောကြောင့် မွန်ဂိုလွိုက် ( Mongoloid , Mongolism , Mongolian idiocy ) ဟူပြီး ခေါ်ဝေါ်သုံးစွဲခဲ့ကြပါတယ်။ ၂၀ ရာစုအလယ်ပိုင်းအထိ ဒေါင်းစင်ဒရုန်းဖြစ်ရခြင်းအကြောင်းကို မသိရှိခဲ့ကြသေးပေ။ ၁၉၅၉ ခုနှစ်တွင် Professor Jerome Lejeune က ဒေါင်းစင်ဒရုန်းနှင့် ခရိုမိုဇုန်းအပို၏ ဆက်စပ်မှုကို တွေ့ရှိတင်ပြခဲ့ပါတယ်။
Photo Sharing and Video Hosting at Photobucket
Dr.Jhon Langdon Down

Photo Sharing and Video Hosting at Photobucket
Professor Jerome Lejeune

ဒေါင်းလေးတွေရဲ့ ပုံစံ
ဒေါင်းလေးတွေကိုကြည့်မယ်ဆိုရင် သိသာထင်ရှားတာကတော့ မျက်နှာအနေအထားပဲဖြစ်ပါတယ်။ မျက်နှာမြင်ရုံနဲ့ ဒေါင်းလေးမှန်းသိသာပါတယ်။ ထင်ရှားသော အချက်တွေကတော့ -

၁။ ဦးခေါင်းဟာ သာမန်ထက်သေးငယ်ပါတယ်။ ( Microcephaly )
၂။ နောက်စေ့ဟာ ပြားနေပါတယ်။ ( Flattened Occiput )
၃။ နှာခေါင်းရိုးပြားနေပါတယ်။ ( Flattened Nasal Bridge )
၎။ ပါးစပ်ပေါက်က သေးငယ်ပြီး ၊ လျှာက ကြီးမားနေသောကြောင့် လျှာက အပြင်ကို ထွက်နေတတ်ပါတယ်။ ( Protruding Tongue ) ။

Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket

၅။ မျက်လုံးအနေအထားပြောင်းလဲခြင်း ( Upward Slanting Eyes )

Photo Sharing and Video Hosting at Photobucket

၆။ လက်ချောင်းလေးများတိုတုတ်ပြီး ၊ လက်ဖ၀ါးတွင် အရေးကြောင်း ( Palmar crease ) တစ်ခုသာပါရှိပါတယ်။ ( Simian Crease ) ။
၇။ ခြေမနှင့် ခြေညိုးကြား အကွာအဝေး ကျယ်နေတတ်ပါတယ်။ ( Sandle Gap )

Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket

၈။ အရပ်အမောင်းဟာ သာမန်ကလေးတွေထက် ပိုပုပါတယ်။
၉။ ကြွက်သားများဟာ သာမန်ထက် တင်းအားလျှော့နဲနေတတ်ပါတယ်။ ( Hypotonia )

ဒေါင်းလေးများတွင် ဖြစ်တတ်သော ဆက်စပ်ရောဂါများ
ဒေါင်းလေးများတွင် အောက်ဖော်ပြပါ ရောဂါများကိုလဲ ဆက်စပ်တွေ့ရှိရတတ်ပါတယ်။ -
၁။ မွေးရာပါ နှလုံးရောဂါများ ( Heart Defect ) ။ အထူးသဖြင့် နှလုံးအတွင်းခန်း နံရံများတွင် အပေါက်များပါရှိတတ်ခြင်း ( ဥပမာ- Atrial Septal Defect , Ventricular Spetal Defect )။
၂။ မွေးရာပါအစာလမ်းကြောင်းဆိုင်ရာ ရောဂါများ ( ဥပမာ- အစာရေမြိုပြွန် ကျဉ်းမြောင်းခြင်း )
၃။ လူကီးမီးယားရောဂါ ( Leukemia ) ဖြစ်ပွားနိုင်ခြင်း ။
၎။ ကိုယ်တွင်းခုခံအားစနစ် ( Immune System ) မကောင်းသောကြောင့် ကူးစက်ရောဂါများ ၀င်ရောက်နိုင်ခြင်း ။
၅။ မျက်စိ ၊ နား အကြား ၊ အမြင်ချို့ယွင်းခြင်း ။

ကုသလို့ရပါသလား
ဒေါင်းရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ခြင်း မရှိပါ။ လိုအပ်သော ကျန်းမာရေးဆိုင်ရာ ထောက်ပံ့မှုများကိုသာ လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒေါင်းကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်ဖို့အတွက် တတ်ကျွမ်းသော သက်ဆိုင်ရာ ပညာရှင်များ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဥပမာ- ကလေးအထူးကု ဆရာဝန်များ ၊ မျက်စိနားနှာခေါင်းရောဂါအထူးကု ဆရာဝန်များ ၊ အစာလမ်းကြောင်းဆိုင်ရာ ဆရာဝန်များ ၊ စကားပြေတတ်ရန် နှေးကွေးခြင်းအတွက် Speech Therapist များ ၊ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုနှေးကွေးခြင်းအတွက် Physiotherapist များ ၊ အသက်မွေးဝမ်းကြောင်းအတွက် သက်ဆိုင်ရာ Therapist များ ၊ လူမှုရေးအဖွဲ့အစည်းများအစရှိသော အတတ်ပညာရှင်များ ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ပါတယ်။ အခြားသော မွေးရာပါရောဂါများ ၊ ဆက်စပ်ဆင့်ပွားရောဂါများအတွက် သက်ဆိုင်ရာပညာရှင်များနဲ့ ပူးပေါင်းဆောင်ရွက်ကုသပေးနိုင်ပါတယ်။ ကျန်းမာရေးစစ်ဆေးမှုများကိုလည်း လိုအပ်သလို လုပ်ဆောင်စစ်ဆေးနေရမှာဖြစ်ပါတယ်။

ရောဂါရှာဖွေခြင်းနှင့်ကုသခြင်း
ဒီရောဂါကို မိခင်ဝမ်းတွင်းရှိစဉ်ကာလကတည်းက သိပ္ပံနည်းကျ ကြိုတင်စစ်ဆေးသိရှိနိုင်ပါတယ်။ ဒေါင်းကလေးတစ်ယောက်မွေးဖူးသော မိခင်များအနေဖြင့် နောက်ကလေးတစ်ယောက်မယူခင်မှာ မျိုးရိုးဗီဇဆိုင်ရာကျွမ်းကျင်သူ ( Genetic Counselor ) နှင့် တွေ့ဆုံဆွေးနွေးဖို့လိုအပ်ပါတယ်။

အချုပ်အားဖြင့်ဆိုသော် Down's syndrome ကလေးငယ်များဟာ မွေးရာပါရောဂါတွေကို ခံစားနေကြရတဲ့ ကလေးငယ်လေးတွေပါ ။ သူတို့လေးတွေမှာ သာမန်ကလေးငယ်တွေထက် ဖွံ့ဖြိုးမှု ၊ ဥာဏ်ရည်တိုးတက်မှုများ နှေးကွေးနေသော်လည်း သာမန်ကလေးငယ်များကဲ့သို့ပင် လှုပ်ရှားမှုများ ( အားကစား ၊ စာသင်ကြားခြင်း ၊ ဂီတအနုပညာ )တွင် စိတ်ပါဝင်စားပြီးဆောင်ရွက်နိုင်ကြပါတယ်။ သူတို့ရဲ့ဘ၀ တိုးတက်ရှင်သန်ဖို့ဆိုတာ လူအများကြီးပေါ်မှာ မှီခိုနေကြရပါတယ်။ ဒါကြောင့် ဒီလို သနားစရာကောင်းတဲ့ ကလေးငယ်လေးတွေရဲ့ ဘ၀ သာယာ လှပစေဖို့ ၀ိုင်းဝန်းကူညီနိုင်ကြစေရန် တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ လေးစားစွာဖြင့် -








ကိုးကားစာရင်း -

၁။ Nelson Textbook of Pediatrics 17th edition.
၂။ Ghai Essential Pediatrics 5th edition.
၃။ http://en.wikipedia.org/wiki/Down_syndrome#History
၎။ http://www.ds-health.com/faq.htm
၅။ http://en.wikipedia.org/wiki/Genetic_counseling
၆။ http://www.bbc.co.uk/health/conditions/downssyndrome1.shtml
၇။ http://en.wikipedia.org/wiki/Chromosome
၈။ http://en.wikipedia.org/wiki/DNA
၉။ www.youtube.com

Read More...

Saturday, October 27, 2007

Designing and Conducting Health Surveys

ဒီတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ Lu Ann Aday ရေးသားတဲ့ ကျန်းမာရေး ဆိုင်ရာ သုတေသနများ ပြုလုပ်နည်း ဆိုတဲ့ စာအုပ် ဖြစ်ပါတယ်။ သုတေသနပြုလုပ်ရာတွင် အကြမ်းဖျင်းအားဖြင့် Quantitative နှင့် Qualitative ဟု နှစ်မျိုးခွဲခြားထားသည့်အနက် ဤစာအုပ်က Quantitative နည်းလမ်းကို ရေးသားထားခြင်းဖြစ်သည်။ သုတေသနပြုရာတွင် အဓိက သိလိုသည့် အချက် (research question) ကို ပေါ်လွင်အောင် ရေးသားခြင်းမှ အစပြု၍ အဆင့်ဆင့် လုပ်ဆောင်သွားရန် လိုအပ်သည်များကို ရှင်းရှင်းလင်းလင်း ရေးသားထားသဖြင့် စာမျက်နှာ ၅၀၀ ကျော်ရှိသော်လည်း ဖတ်ရလွယ်ကူသည့် စာတစ်အုပ် ဖြစ်ပေသည်။ ကျန်းမာရေး သုတေသန လုပ်ငန်းများ အထူးသဖြင့် health surveys များကို ဆောင်ရွက်လိုသူများအတွက် လက်စွဲစာအုပ်ကောင်း တစ်အုပ် ဖြစ်ကြောင်း ညွန်းဆိုလိုက်ရပေသည်။

စာအုပ်နှင့်ပတ်သက်သည့်အချက်အလက်များ။

Designing and conducting health surveys (second edition), 1996
Lu Ann Aday
Jossey-Bass Publishers
ISBN - 0787902942
Google book information

Read More...

stressful condition

လူတိုင်း လူတိုင်းမှာ စိတ်ဖိစီးမှုဆိုတာကို အနည်းနဲ့ အများတော့ ရင်ဆိုင်ရ တတ်ပါတယ်။ မိမိခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ စိတ်ဖိစီးမှုတွေကို ဖြေရှင်းနိုင်ဖို့ ခန္ဒာကိုယ်က စိတ်ဖိစီးမှုကို ဘယ်လို တုန့်ပြန်တယ်ဆိုတာ အရင်သိထားဖို့ လိုပါတယ်။ စိတ်ဖိစီးမှုဖြစ်တဲ့အခါ အောက်ပါ အဆင့်ကလေးတွေဟာ အစီအစဉ်တကျ ဖြစ်ပေါ်တတ်ပါတယ်။ အဲဒါတွေကတော့

ပထမအဆင့်

ဒီအဆင့်မှာတော့ သင်ရဲ့ခန္ဓာကိုယ်ဟာ အန္တာရာယ်ရဲ့ ခြောက်လှန့်မှုကို ခံစားနေရချိန် ဖြစ်ပါလိမ့်မယ်။ နောက်ပြီး သင်ဟာ အဲဒီ ဖြစ်ရပ် အခြေအနေတခု ကနေ လွတ်မြောက်အောင် တိုက်ခိုက် တွန်းလှန်လိုစိတ် ဒါမှမဟုတ် ထွက်ပြေး ချင်စိတ်တွေ ဖြစ်ပေါ်နေပါလိမ့်မယ်။



ဒုတိယအဆင့်

ပထမအဆင့် ကနေကျော်လွန်လာတဲ့အခါ သင့်ခန္ဓာကိုယ်ကနေ ဟော်မုန်းပေါင်း များစွာ ထွက်နေပြီး အဲဒီဟော်မုန်းတွေက အချိန်ကြာမြင့်စွာ ဖြစ်ပေါ်နေမယ့် စိတ်ဖိစည်းမှုကို ရေရှည်ခံနိုင်ရန် ပြင်ဆင်နေကြပါပြီ။ သင်ဟာ စိတ်ဖိစီးမှုရဲ့ အလယ်မှာ အနည်းငယ် ခံနိုင်ရည် ရှိနေတာကို သုံးသပ်နိုင်ပါပြီ။

တတိယအဆင့်

ပထမအဆင့်နဲ့ ဒုတိယအဆင့်ကို သင်အောင်အောင်မြင်မြင်နဲ့ ဖြတ်ကျော်ပြီးရင်တော့ သင်ဟာအား အင်ကုန်ခမ်းပြီး မလှုပ်ချင်မကိုင်ချင်အောင် နွမ်းနယ် နေတာကို တွေ့ရပါလိမ့်မယ်။ အဲဒါက တတိယအဆင့်ပါ။

ဘယ်လို အခါမှာ စိတ်ဖိစီးမှုဖြစ်နေတယ်ဆိုတာသိနိုင်မလဲ...

စိတ်ဖိစည်းမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ လက္ခဏာတွေဟာ မထူးဆန်းလှပေမယ့် လူတယောက်ဟာ စိတ်ဖိစီးနိုင်တဲ့ အကြောင်းအရာတွေဖြစ်တဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး စတဲ့အဆင်မပြေမှု၊ အကျပ်အတည်းရိုက်မှု တွေနဲ့အတူ မောပန်းခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ စိတ်တိုလွယ်ခြင်း၊ အာရုံစူးစိုက်၍ မရခြင်း၊ အိပ်မပျော်ခြင်း သို့မဟုတ် အလွန်အမင်း အိပ်နေခြင်း၊ ခေါင်းကိုက်ခြင်း၊ အကြောင်း ပြချက် မခိုင်လုံပဲအမြဲ စိုးရိမ်ပူပန်နေခြင်း၊ ဆီးဝမ်း မမှန်ခြင်း၊ ခုခံအားကျဆင်းသဖြင့် ဖျားနာလွယ်ခြင်း၊ စတာတွေပါ ပူးတွဲနေမယ်ဆိုရင် စိတ်ဖိစီးမှုလို့ပြောဖို့ အခွင့်အရေး အများကြီး ရှိနေပါပြီ။

ဒါဆို စိတ်ဖိစည်းမှုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ...

ဖြေရှင်းပုံနည်းလမ်းများစွာရှိတဲ့ အထဲကမှ လူအများနဲ့ သင့်တော်တယ် ထင်တဲ့အချက်ကလေးတွေကို တင်ပြပေးပါမယ်။ အဲဒါတွေကတော့

၁။ လေ့ကျင့်ခန်း

လေ့ကျင့်ခန်းလုပ်ပေးပါ။ သင်လေ့ကျင့်ခန်း လုပ်တဲ့အချိန်မှာ ခန္ဓာကိုယ်ထဲက endorphins ထွက်လာပြီး သည်ဟောမုန်းတွေရဲ့ အကျိုးအာနိသင်က သင့်စိတ်ကိုချမ်းမြေ့စေပါလိမ့်မယ်။

၂။ တိုးတိုးဖော်လေးရှိစေချင်တယ်

စိတ်ထိခိုက်စရာ ပေါ်လာတဲ့အခါ တယောက်တည်း မနေပဲ မိတ်ဆွေ ၊ ဆွေမျိုးသားချင်းတွေ၊ သူငယ်ချင်းတွေနဲ့စကားပြောပေးပါ။ သူတို့က သင့်ကို ကျွမ်းကျင်သူတွေလို မစွမ်းဆောင်ပေးနိုင်ပေမယ့် ။သင့်နဲ့အတူ လိုက်ပါ ခံစားပေးခြင်း အားဖြင့် သင့်ရဲ့စိတ်ဖိစီးမှုတွေကို သက်သာစေ ပါလိမ့်မယ်။

၃။ ပျော်ပျော်ပါးပါးပေါ့

ရယ်မောခြင်းဟာ သင့်စိတ်ကိုပျော်ရွှင်စေပါလိမ့်မယ်။ ဒါကြောင့် သင့်မှာစိတ်ဖိစီးမှုတွေ များနေတဲ့ အချိန်တွေမှာ ပျော်ရွှင်စရာ ရုပ်ရှင်ကားကလေးတွေကို ကြည့်ပေးပါ။ ဒါမှ မဟုတ် ရယ်စရာပြောတတ်တဲ့ သူငယ်ချင်းနဲ့ စကားပြောပေးပါ။

၎။ သင်နှင့်အစားအသောက်

စိတ်ဖိစီးမှုကို ခံစားနေရချိန်မှာ ပေါ့ပေါ့ပါးပါး အစာလေးတွေကို စားသုံးတာ ပိုသင့်လျော်ပါ လိမ့်မယ်။ caffine ဟာ သင့်ကို စိတ်ဖိစီးမှု ပိုမိုဖြစ်ပွား စေတတ် တာမို့ သင့်ရဲ့ caffine စားသုံးမှုကို လျှော့ချပေးပါ။

၅။နားနားနေနေပေါ့

သင့်စိတ်ကို အနားရစေမယ့် အလုပ်ကလေးတွေဖြစ်တဲ့ ရေနွေးနွေးကလေးနဲ့ ရေချိုးတာ၊ ဂိမ်းဆော့တာ ၊ သင်နှစ်သက်တဲ့ ပေါ့ပေါ့ပါးပါး စာအုပ်ကလေးတွေ ဖတ်တာ တွေဟာ သင့်ရဲ့ လက်ရှိခံစားနေရတဲ့ စိတ်ဖိစီးမှုတွေကို အတိုင်းအတာ တခု၊ အချိန်တခုအထိ မေ့ထား စေပါလိမ့်မယ်။

၆။ နှိပ်နယ်ပေးတဲ့အခါ

နည်းစနစ်ကျနတဲ့ နှိပ်နယ်မှုကို ခံယူခြင်းဟာလည်း သင့်ရဲ့စိတ်ဖိစီးမှု ကို လျော့ကျစေပါလိမ့်မယ်။

၇။ ပြင်ဆင်ချက်ကလေးများ

စိတ်ပူပန်ခြင်းဟာ ဘာကိုမှပြီး မြောက်စေမှာ မဟုတ်ပါဘူး။ ဒါကြောင့်စိတ်ပူပန် နေမဲ့အစား ရှေ့ကိုဘာဆက်လုပ်ရမယ်ဆိုတာ စဉ်းစားပါ၊ ကိုယ်စိုးရိမ်တဲ့ ကိစ္စအတွက် ကျွမ်းကျင် တတ်သိတဲ့သူတွေနဲ့ တိုင်ပင်ပါ ။ အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်တွေက သင့်ကို စိတ်ဖိစီးမှုဒဏ်မှ ကျော်လွှားစေပါလိမ့်မယ်။

၈။ ငြိမ်းချမ်းရာတခုမှာ

ဘယ်လိုပဲ စိတ်ဖိစည်းမှုတွေကြုံရ ကြုံရ တရားအားထုတ်ခြင်းဟာ ရေရှည်မှာ ငြိမ်းချမ်းတဲ့ ဘ၀တခုဆီကို ဆောင်ယူပေးတတ်တာမို့ မိမိကိုးကွယ်တဲ့ ဘာသာအလိုက် ဘာသာရေး လုပ်ပေးနိုင်ပါတယ်။

ဒီလိုပြုမူသည့်တိုင် စိတ်ဖိစီးမှုဒဏ်က မလွတ်မြောက်နိုင်သေးဘူး ဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ သင့်ဆရာဝန်က သင့်ကို ဆေးဝါးကုသမှု ပေးမှာဖြစ်တဲ့အပြင် စိတ်ဖိစီးမှုရဲ့ အကြောင်းရင်းကို ဂရုတစိုက် နားထောင်ပေးမှာ ၊ မည်သို့မည်ပုံ ကာကွယ်ရမယ်၊ ရင်ဆိုင်ရမယ်ကို ဆွေးနွေး အဖြေရှာပေးမှာ ဖြစ်လို့ သင်ဟာ အချိန်အတိုင်းအတာ တခုမှာ စိတ်ရောလူပါ လန်းဆန်းတက်ကြွ လာနိုင်ပါလိမ့်မယ်။


Read More...

Thursday, October 18, 2007

Human and Disaster (2)

လူနှင့် သဘာဝဘေးအန္တရာယ် (၂)

အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးနေမှုများကို အနူးအညွံ့တောင်းပန်ရင်း လူနှင့် သဘာဝဘေးအန္တရာယ် ဒုတိယပိုင်းကို ရေးသား တင်ပြပေးပါတယ်။ လူနှင့် သဘာဝဘေးအန္တရာယ် ပထမပိုင်းကို ဒီနေရာ ကနေပြန်လည် ဖတ်ရှုနိုင်ပါတယ်ရှင်။ ဒုတိယပိုင်းမှာ တော့

……………………

၃။ သဘာဝဘေးအန္တရာယ် ကြောင့်ဖြစ်တတ်သော ဆိုးကျိုးများကို ပြည်သူအား သိရှိစေခြင်း

၎။ အချိန်မှီ ကာကွယ်မှုများ ပြုလုပ်ခြင်း တို့ကိုပြောပြချင်ပါတယ်။

၃။ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်တတ်သော ဆိုးကျိုးများကို ပြည်သူအား သိရှိစေခြင်း

ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ် နှင့်ပတ်သတ်၍ သက်ဆိုင်ရာမှ မီဒီယာ အမျိုးမျိုးဖြင့် တရားဝင်ထုတ်ပြန် ထားချက်များကို ဘေးအန္တရာယ် ကျရောက်နိုင်မည့် နေရာမှ ပြည်သူများသိရှိစေရန် လုပ်ဆောင်ပေးရန် လိုအပ်ပါသည်။

ထိုသို့ ပြောဆိုရာတွင်လည်း မြန်မာပြည်တွင် အသုံးအများဆုံး နည်းလမ်းတခုဖြစ်သော တစ်အိမ်တစ်ယောက်နှုန်းဖြင့် မဖြစ်မနေ တက်ရောက်ရန် ခေါ်ယူမည့်အပြင် လူတိုင်း အိမ်တိုင်းက ကြားနိုင်မည့်စနစ် ဖြစ်သော အော်လံစနစ်ကိုပါ ဖြည့်စွက် အသုံးပြုပါက ပိုမိုသင့်လျော်ပြီး ထိရောက်မှုရှိပေမည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် စုဆည်းရာအရပ်သို့ မလာနိုင်သော ကလေးသူငယ်မှအစ သက်ကြီးရွယ်အို အဆုံး တိကျစွာ သိမြင်နိုင်ပါလိမ့်မည်။

ပြောကြားသောသူသည် အသံကြည်လင်ပြတ်သား၍ တိကျစွာ ပြောနိုင်သူဖြစ်ရပါမည်။ ထို့အပြင် ပြောကြားသည့် အကြောင်းအရာများပါ စကားလုံးတိုင်းသည်လည်း ပြည်သူလူထုအား ထိန်ချန်ထားခြင်း သို့မဟုတ် ခြောက်လှန့်ခြင်းများ မဟုတ်ပဲ လိုရင်းကို ထိထိမိမိ ပြောဆိုနိုင်မည့်စကားလုံးများ ဖြစ်ရပါမည်။

ဥပမာ။ ၂၀၀၇ခုနှစ် စက်တင်ဘာ ၂၆မှ အောက်တိုဘာ ၁ ရက်အထိ ကာလအတွင်း ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့် ၂၀ ဒသမ၃ ပေခန့်မှ ၂၁ ဒသမ ၇ပေခန့် ထိ ထူးကဲဒီေ၇ တက်ဖွယ် ရှိကြောင်း ။

ဧရာဝတီမြစ်ရေသည် ယနေ့မနက် ၆နာရီခွဲတွင် တိုင်းထွာချက်များအရ ညောင်ဦးမြို့၌ ၂၁၇၈ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်အထက်၌ ၅၈စင်တီမီတာ ကျော်လွန်နေသည်။

ယင်းသတင်းကို ပြည်သူများအား ပြန်လည်ဖြန့်ဝေရာတွင် လူအများ မြင်သာထင်သာအောင် ပြောဆိုနိုင်ရပါမည်။ မြစ်ရေကြီးမှုနှင့် မိုးရွာသွန်းမှုကြောင့် မိမိနေထိုင်ရာ ပတ်ဝန်းကျင်တွင် မည်သည့်အတိုင်းအတာအထိ နစ်မြှုပ်နိုင်မည် (ပလက်ဖောင်းအထိ မြုပ်နိုင်သည်၊ လမ်းတလမ်းလုံး မြုပ်နိုင်သည်၊ အိမ်အောက်ထပ် တခုလုံးမြုပ်နိုင်သည် စသည်ဖြင့်) အနီးစပ်ဆုံး ဖြစ်နိုင်ချေများကို ပြောကြားသင့်ပေသည်။ ထိုသို့ပြောဆိုခြင်းများကြောင့် ပြည်သူများ အထိတ်တလန့် မဖြစ်စေရန်လည်း ပြောကြားနိုင်ရပါမည်။

၎။ အချိန်မှီ ကာကွယ်မှုများ ပြုလုပ်ခြင်း

သဘာဝ ဘေးအန္တရာယ်များသည် တားဆီး၍ မရကောင်းရကား ကြိုတင် ကာကွယ်ခြင်း၊ ဖြစ်ပွားလာပါကလည်း နစ်နာဆုံးရှုံးမှု နည်းပါးအောင် အစီအစဉ်များ ပြုလုပ်ထားခြင်းသည်သာ အကောင်းဆုံးနည်းလမ်း ဖြစ်ပေသည်။ ထို့ကြောင့် သဘာဝ ဘေးအန္တရာယ် ကျရောက်နိုင်မည့် နေရာတွင် နေထိုင်ကြသည့် သူအများအား သတိရှိစေခြင်း။ ကျန်းမာရေးချို့တဲ့သော သူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ ၊ အရေးကြီးသော စာရွက်စာတမ်းနှင့်တကွ အခြားအရေးကြီးပစ္စည်းများအား ထိုနေရာမှ ခေတ္တခဏ ပြောင်းရွှေ့နေထိုင်စေခြင်း နှင့် ပြောင်ရွှေ့ထားခြင်း။ လျှပ်စစ်မီး နှင့် အခြား လောင်စာများကိုလည်း အထူးသတိပြုစေခြင်း များကို ပြုလုပ်သင့်ပေသည်။

မိုးသက်မုန်တိုင်းကြောင့် ရေကြီးမှုများဖြစ်နိုင်မည်ဆိုလျှင် ရေသွား ရေလာကောင်းစေရန် ရေနုတ်မြောင်းများကို ပြုပြင်စစ်ဆေးထားခြင်း၊ မိုးသက်မုန်တိုင်းကျစဉ် လျှပ်စစ်မီးကြိုးများ ပြတ်ကျတတ်သဖြင့် ယင်းတို့၏ အခြေအနေများကို စစ်ဆေးထားခြင်း ၊ အခင်းဖြစ်ပွားနိုင်သော နေရာ နှင့်အနီးတ၀ိုက်တွင် ဆေးရုံကားနှင့် သယ်ယူပို့ဆောင်ရန် အခြားယာဉ်များ စီစဉ် ပေးထားခြင်းများ ပြုလုပ်ထားရပေမည်။

နှစ်စဉ်ဖြစ်ပွားလေ့ရှိသော မီးဘေးအန္တရာယ်ကို ကာကွယ်ရန် ထိရောက်သောကြိုတင် ကာကွယ်မှုများ ပြုလုပ်ပေးထား ရပါမည်။

ပြည်သူအများကိုလည်း ဘေးအန္တရာယ် စတင်ကျရောက်လျှင် ဆောင်ရန် ရှောင်ရန် များကိုလည်း သင်ကြား ပေးထားရမည် ဖြစ်သည်။

ဥပမာ။ မိုးကြိုးပစ်သောအချိန်တွင် ကွင်းပြင်ထဲ၌ မတ်တပ်ရပ်ခြင်း၊ သစ်ပင်ကြီးများ အောက်တွင် နေခြင်းများက အန္တရာယ် ဖြစ်စေနိုင်ပါသည် စသည်ဖြင့် …

တတိယပိုင်းမျှော်ရန် …


Read More...

Thursday, October 11, 2007

Hepatitis B


ယခု သင့်ပတ်ဝန်းကျင်မှာ အသည်းရောင် အသားဝါ ဘီ Hepatitis-B ရောဂါဟာ အရမ်းကို ခေတ်စားပြီး အလွန်လျှင်မြန်စွာ ကူးစက်ပျံ့နှံ့နေတဲ့ ရောဂါပါ။ ဒါကို သင် သိပါရဲ့လား ...



ရောဂါအမျိုးအစားများ ...
အရင်တုန်းက အသည်းရောင် အသားဝါရောဂါဟာ အေနဲ့ ဘီ နှစ်မျိုးပဲရှိပါတယ်။ ယခု နောက်ဆုံး တွေ့ရှိချက်များအရ စီ၊ ဒီ၊ အီးနဲ့ ဂျီ အထိ ရှိသွားပါပြီ။ အဲဒီအထဲမှာ ကူးစက်မှုအလွယ်ဆုံးနဲ့ အသည်း ရောဂါအဖြစ် အများဆုံး ရောဂါပိုးကတော့ ဘီပိုး Hepatitis B Virus ပဲ ဖြစ်ပါတယ်။

အသည်းရောင်အသားဝါ ဘီပိုးဟာ အိတ်ခ်ျအိုင်ဗွီပိုး HIV ထက်စာရင် အဆ ၁၀၀ ပိုပြီး ကူးစက်လွယ်ပါတယ်။ ကမ္ဘာ့လူဦးရေ တစ်ဝက်ခန့်ဟာ အသည်းရောင် အသားဝါ ဘီပိုးရောဂါ ကူးစက်ခံထားရပါတယ်။ နှစ်စဉ် ရောဂါဖြစ်တဲ့ လူဦးရေ သန်း ၅၀ တိုးပွါးနေပါတယ်။

ဘီပိုး ဘယ်လိုကူးစက်သလဲ ...
ကူးစက်နိုင်မှု အခွင့်အလမ်းကလည်း အရမ်းများလှပါတယ်။
  • ရောဂါပိုးရှိသော မိခင်မှ သန္ဓေသားသို့ မီးဖွါးစဉ် ရောဂါကူးစက်ခြင်း
  • ရောဂါပိုးရှိသော သွေးကို သွင်းမိခြင်း
  • ရောဂါရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း
  • ရောဂါရှိသူရဲ့ ချွေး၊ တံတွေးများနှင့် ထိတွေ့ခြင်း၊ ရောဂါရှိသူများ အသုံးပြုပြီးသော ပစ္စည်းများကို အသုံးပြုခြင်း
ဘီပိုးရောဂါလက္ခဏာများ ...
အသည်းရောင်အသားဝါ ဘီပိုး ၀င်ရောက်ပြီး အစောပိုင်း လေးပတ်ကနေ ခြောက်ပတ်အတွင်းမှာ ပျို့အန်တာ၊ အဆစ်အမြစ် ကိုက်ခဲ့တာ၊ ကိုယ်လက်မအီမသာဖြစ်တာ၊ မောပန်းနွမ်းနယ်တာ၊ အသားဝါတာနဲ့ ဆီးဝါတာတို့ ဖြစ်စေနိုင်ပါတယ်။ တချို့တလေကျတော့ ဘီပိုးရောဂါလက္ခဏာ ပြသမှု လုံးဝမရှိပဲ မြုံနေတတ်ကြပါတယ်။ ဘီပိုး ရှိ ... မရှိကို သွေးစစ်ကြည့်ခြင်းက အကောင်းဆုံးပါပဲ။

အသည်းရောင်အသားဝါ ဘီပိုးဟာ လူ့ခန္ဓာကိုယ်ထဲမှာ ၀င်ရောက် ခိုအောင်းနေတဲ့ကာလ ကြာလာတာနဲ့အမျှ အသည်းခြောက်ရောဂါနဲ့ အသည်းကင်ဆာရောဂါ ဖြစ်ဖို့ အခွင့်အလမ်း ပိုများလာပါတယ်။ ကလေးမှာ ဘီပိုးဝင်သွားရင် ၈၀% က ပိုးလုံးဝ ပြန်မထွက်တော့ပဲ နာတာရှည်ပိုး သယ်ဆောင်သူ ဖြစ်သွားကြပါတယ်။ လူကြီးမှာဆိုရင် ၂၀% ကသာ နာတာရှည်ပိုး သယ်ဆောင်သူ (Chronic Hepatitis) ဖြစ်သွားပါတယ်။

အသည်းရောင်အသားဝါ ဘီပိုးရှိတဲ့သူဟာ သာမန်လူတစ်ယောက်ထက် အသည်းကင်ဆာရောဂါနဲ့ အသည်းခြောက်ရောဂါ ဖြစ်ပွါးဖို့ ၂၉၅ ဆ ပိုပြီး အခွင့်အလမ်း ရှိပါတယ်။ ဒါကြောင့် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်များနဲ့ တိုင်ပင်ကုသပါ။

ဘီပိုးကို ကုသလို့ ရသလား ...
ဘီပိုးကို ကုသလို့ရတဲ့ ဆေးတွေရှိပါတယ်။ ကုသမှုဆေးတွေက ယခုခေတ်မှာ အများကြီး ပေါ်နေပါပြီ။ ဒါကြောင့် ပူပန်စိုးရိမ် သောကစိတ်တွေ မများကြပါနဲ့။

ဘီပိုးရှိသူများ ရှောင်သင့်သည့်အရာများ ...
အသည်းကို ထိခိုက်စေနိုင်တဲ့
၁။ ဆေးလိပ်၊ ကွမ်းယာ၊ အရက်
၂။ သံဓါတ်ပါဝင်တဲ့ အစာများ (သွေးခဲ၊ အသည်းအမြစ်၊ ကလီစာ)
၃။ အဆီအနှစ်၊ မလိုင်ထောပတ်၊ နို့
၎။ ကြက်ဥ ဘဲဥအနှစ်၊ အဆီကြော်
၅။ ဆိုးဆေးပါသော အစားအသောက်များ
၆။ အချဉ်ဓါတ် (သံပုရာ၊ ရှောက်ချိုသီး)
၇။ နွယ်ချို စတာတွေ ရှောင်သင့်ပါတယ်။

သင့်အနာဂတ်ကို ထိခိုက်စေနိုင်ပါတယ် ...
အသည်းရောင်အသားဝါ ဘီပိုးဟာ ကူးစက်မှုအလွယ်ဆုံးနှင့် အသည်းရောဂါ အဖြစ်အများဆုံး ဖြစ်တဲ့အတွက် ကုမ္ပဏီကြီးတွေ၊ ဟိုတယ်ကြီးတွေမှာ အလုပ်လျှောက်ဖို့ ဒါမှမဟုတ် နိုင်ငံခြားမှာ ပညာသင်သွားဖို့ အလုပ် သွားလုပ်ဖို့ ဆေးစစ်ကြည့်တဲ့အခါ သွေးထဲမှာ ဘီပိုးတွေ့ခဲ့ရင် လုံးဝပယ်ချခြင်း ခံရပါတယ်။ ဒါကြောင့် သင့်မိသားစုမှာ အသည်းရောင် အသားဝါရောဂါပိုး ရှိနေရင် သင့်ရဲ့ အလုပ်အကိုင်၊ စီးပွါးရေးနှင့် ပညာရေး စတာတွေ အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ ...
ကမ္ဘာမှာ ဘီပိုးကာကွယ်ဆေး (Vaccine) ပေါ်နေတာ ၁၅ နှစ်လောက် ရှိပါပြီ။ သွေးစစ်ကြည့်လို့ ဘီပိုးရောဂါပိုး မရှိသေးဘူးဆိုရင် ဘီပိုးကာကွယ်ဆေး ထိုးပြီး ကာကွယ်ထားလို့ရပါတယ်။ ဘီပိုးဟာ အချိန်မရွေး၊ နေရာမရွေး၊ အသက်အရွယ်မရွေး ကူးစက်နိုင်တဲ့အတွက် လူတိုင်းလူတိုင်း ကာကွယ်ဆေး ထိုးထားဖို့ လိုအပ်ပါတယ်။

ဒါကြောင့် ကလေးသူငယ်တွေကို ...
မွေးကင်းစအရွယ်ကတည်းက ဘီပိုးကာကွယ်ဆေးထိုးပြီး ...
အသည်းရောင် အသားဝါ ဘီရောဂါကို လုံးဝ ပပျောက်အောင် တိုက်ဖျက်ကြပါစို့ ...

Read More...

Tuesday, October 9, 2007

About Liver


အသည်းဟာ လူ့ကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ထဲမှာ အဓိက အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သလို၊ အံသြဖွယ် စွမ်းရည်များ ပိုင်ဆိုင်ရရှိထားပါတယ်။ အသည်းဟာ လူကိုယ်ရဲ့ဗိုက်ထဲမှာ ညာဘက်တစ်ခြမ်းမှာ အဓိကတည်ရှိနေပြီး ဘယ်ဘက်အထိ တည်ရှိနေပါတယ်။ အသည်းရဲ့ ညာဘက်ခြမ်းဟာ လူရဲ့ ရင်ခေါင်း ညာဘက်အောက်မှာ ရှိနေပြီး ဘယ်ဘက်ကတော့ သေးသေးလေးပါ။



အသည်းဟာ အဓိကအားဖြင့် သည်းခြေရည် ထုတ်လုပ်ပြီး အစာချေဖျက်တဲ့ အင်္ဂါအဖွဲအစည်းတွေကို အထောက်အကူ ပေးပါတယ်။ လူတွေ စားသောက်လိုက်တဲ့ ထောပတ်၊ ကြက်ဥနှစ်စတဲ့ အစာတွေက ပါလာတဲ့ အဆီတွေကို အူသိမ်လမ်းကြောင်းထဲမှာ ချေဖျက်ပြီး သွေးကြောထဲကို စုပ်ယူဖို့အတွက် သည်းခြေရည် Bile လိုအပ်ပါတယ်။ အသည်းဆဲလ်တွေက သည်းခြေရည်ကို ထုတ်ပေးပြီး သည်းခြေပြွန်က တစ်ဆင့် သည်းခြေအိတ်ထဲမှာ သိုလှောင်ထားပါတယ်။ လိုအပ်တဲ့အချိန်မှာ သည်းခြေအိတ်ကို ညှစ်ထုတ်ပြီး သည်းခြေရည်ကို အူသိမ်ဦးပိုင်းထဲကို ပို့ပေးပါတယ်။ သည်းခြေရည်ဟာ အစာခြေဖျက်ပြီးတဲ့အခါ သူ့ဆီမှာ ပါတဲ့ သည်းခြေဆားကို အူသိမ်နှောင်းပိုင်းကနေတဆင့် ပြန်လည် စုပ်ယူပြီး အသည်းကို ပြန်ပို့ပေးပါတယ်။ ဒီလိုနဲ့ သည်းခြေဆားတွေ ဆုံးရှူံးမှု မရှိအောင် ကာကွယ်ပေးပါတယ်။ ဒီသည်းခြေဆားတွေဟာ အဆီဓါတ်၊ အသားဓါတ်၊ ကစီဓါတ်တွေ ချေဖျက်ရာမှာ အရေးပါနေသလို၊ ဗီတာမင် အေ၊ ဒီ၊ အီးနဲ့ ကေဓါတ်တွေ စုပ်ယူရာမှာလည်း အရေးကြီးပါတယ်။

အသည်းရဲ့ နောက်ထပ်လုပ်ငန်းတာဝန်ကတော့ အသားဓါတ်၊ အဆီဓါတ်၊ ကစီဓါတ်တွေရဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေမှာ ပါဝင်ခြင်း ဖြစ်ပါတယ်။ သွေးကြောထဲက စုပ်ယူလိုက်တဲ့ သကြားဓါတ်ဟာ အသည်းထဲမှာ အဆင့်ဆင့် ပြောင်းလဲပြုပြင်ပြီး သွေးထဲကို ပို့ပေးပါတယ်။ ဒါကြောင့် အသည်းရောဂါဟာ ဆီးချိုရောဂါနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ အသည်းမကောင်းရင် သွေးချိုတတ်ခြင်း၊ ကျခြင်းများ ဖြစ်တတ်ပါတယ်။ အဆီဓါတ်ဖြစ်တဲ့ ကိုလက်စထရောနဲ့ လစ်ပိုပရိုတင်း တွေကိုလည်း အသည်းထဲမှာ ချေဖျက်ပြီး လိုအပ်တဲ့စွမ်းအင် ရအောင် ပြုပြင်ပြောင်းလဲပေးပါတယ်။ ပိုနေတဲ့ အဆီတွေကို အဆီတစ်သျှူးတွေဆီ ပို့ပြီး သိုလှောင်ထားပါတယ်။ ဒါကြောင့် အဆီများများ စားသူတွေမှာ အဆီပြင်တွေများလာပြီး ၀ဖြိုးလာတာ ဖြစ်ပါတယ်။ အသည်းအဆီဖုံးရောဂါလည်း ဖြစ်လာနိုင်ပါတယ်။

အသည်းရဲ့ နောက်ထပ် အရေးကြီးလုပ်ငန်း တစ်ခုကတော့ ကိုယ်ထဲက မလိုလားအပ်တဲ့ အဆိပ်အတောက်၊ အညစ်အကြေး၊ ဓါတ်ပစ္စည်းတွေ၊ ဆေးဝါးတွေကို ချေဖျက်စွန့်ထုတ်ပေးတဲ့ လုပ်ငန်းဖြစ်ပါတယ်။ မော်တော်ကားမှာ ရှိတဲ့ ဖစ်တာလိုပဲ။ အသည်းက ၀င်လာသမျှဒဏ်တွေကို သူက စောင့်ပြီး ခံရပါတယ်။ သွေးထဲမှာရှိတဲ့ သွေးနီဥလေးတွေဟာ သက်တမ်းလေးလပြည့်ရင် အလိုလို ပျက်စီးသွားကြပါတယ်။ ကိုယ်ထဲမှာ နေ့တိုင်း သွေးနီဥလေးတွေ ပျက်စီးနေကြပါတယ်။ အဲဒီလို သွေးနီဥလေးတွေ ပျက်စီးသွားလို့ ထွက်လာတဲ့ အ၀ါဓါတ်ပစ္စည်း Bilirubin ကို အသည်းက ချေဖျက်ပြီး သည်းခြေရည်က တစ်ဆင့် စွန့်ထုတ်ပေးပါတယ်။ တချို့ ဘီလီရူဗင်တွေဟာ အူသိမ်ကနေ ပြန်လည်စုပ်ယူပြီး ကျောက်ကပ်ကို ရောက်လာပြီး ဆီးထဲမှာ ပါလာပါတယ်။ တချိုကို ၀မ်းကနေတစ်ဆင့် စွန့်ထုတ်တယ်။ ဒါကြောင့် အသည်းမကောင်းရင် ဘီလီရူဗင်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ ပျက်စီးပြီး ကိုယ်ထဲမှာ အ၀ါဓါတ်တွေ များလာပါတယ်။ အသားဝါ၊ မျက်လုံးဝါ၊ ဆီးတွေဝါ လာပါတယ်။

ကော့ပါးဓါတ်တွေ၊ သံဓါတ်တွေဟာလည်း အသည်းထဲမှာပဲ ချေဖျက်ပြီး စွန့်ထုတ်ရပါတယ်။ ကိုယ်ထဲကထွက်တဲ့ ဟော်မုန်းဓါတ်တွေ၊ အန်ဒရိုချင်တွေကိုလည်း အသည်းကပဲ ချေဖျက်ပေးတာပါ။ နောက်လူတွေ သောက်သုံးလိုက်တဲ့ ဆေးဝါးတွေကိုလည်း ချေဖျက်ပေးပါတယ်။ ပါးစပ်ကနေ ၀င်ရောက်လာတဲ့ ဆေးဝါးတွေဟာ အူလမ်းကြောင်းနံရံကနေ စုပ်ယူပြီးတဲ့အခါ အသည်းကို အရင်ရောက်လာပါတယ်။ အဲဒီကနေတဆင့် သွေးထဲ ပြန်ရောက်ပြီး လိုအပ်တဲ့နေရာကို ရောက်ရှိပြီး အစွမ်းပြကြရပါတယ်။ ဒီနေရာမှာ အသည်းက ပုံမှန်အလုပ်မလုပ်ရင် ဆေးအာနိသင် အပြောင်းအလဲ ဖြစ်တတ်ပါတယ်။ ဆေးဝါးအများစုဟာ အာနိသင်ကုန်ဆုံးသွားတဲ့အခါ အသည်းမှာ ချေဖျက်ပြီး ပြန်လည် စွန့်ထုတ်ခံရပါတယ်။ အရက်တွေကိုလည်း အသည်းကပဲ တာဝန်ယူ ချေဖျက် ပေးနေရတာပါတယ်။

နောက်တာဝန်တစ်ခုကတော့ ပရိုတင်းဓါတ်တွေ၊ စားလိုက်တဲ့ ကြက်ဥတွေ၊ နွားနို့တွေ၊ အသားထဲက ပရိုတင်းဓါတ်တွေကို အူကနေ စုပ်ယူပြီး အသည်းထဲကိုရောက်တော့ အသည်းက ပြန်လည်ဖြန့်ဖြူးပေးပါတဲ့ တာဝန်ဖြစ်ပါတယ်။ ပြီးတော့ အဲလ်ဗြူမင် Albumin ဆိုတဲ့ဓါတ်တစ်မျိုး ထုတ်ပေးပါတယ်။ အဲလ်ဗြူမင် များများရှိမှ ကိုယ်ထဲက သွေးကြောထဲကရေတွေကို အပြင်ကို ထွက်မသွားအောင် အဲလ်ဗြူမင်ဆိုတဲ့ ဓါတ်တွေက ဆွဲထားပါတယ်။ အဲလ်ဗြူမင် တွေ မထုတ်လုပ်နိုင်ရင် ရေတွေ အပြင်ထွက်လာပါမယ်။ အဲဒီအခါ ခြေထောက်ရောင်လာပါတယ်။ ရေဖျဉ်းတွေ စွဲလာပါတယ်။

အသည်းအကြောင်း ကျန်းမာရေး ပညာပေးစာစောင်တွေ စာအုပ်တွေထဲက ဖတ်မိထားသလောက် သိသလောက်လေး ရေးတင်လိုက်တာပါ။ လိုအပ်ချက်လေးတွေတော့ ရှိနိုင်ကောင်းပါတယ်။ ဒါပေမယ့် မသိသေးတဲ့သူတွေအတွက် အကျိုးရှိစေမယ်လို့တော့ ယူဆပါတယ်။

Read More...

Friday, October 5, 2007

Framework for Program Evaluation in Public Health


.... စီမံချက်များ လုပ်ငန်းကြီးကြပ် ဆန်းစစ်ခြင်း ....


ပြည်သူ့ကျန်းမာရေး စီမံချက်များ ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေမည့် လမ်းပြ အဖြစ် အလွယ်တကူ ညွှန်းဆို အသုံးပြုနိုင်ရန် အတွက် အမေရိကန် နိုင်ငံ အစိုးရ၊ ကျန်းမာရေးနှင့် လူမှု ၀န်ဆောင်မှု များ ဦးစီးဌာန နှင့် ရောဂါ ကာကွယ် နှိမ်နင်းရေး ဗဟိုမှ ထုတ်ဝေ ထားသော အစီရင်ခံစာ ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူ့ကျန်းမာရေး စီမံချက်များကို ဆောင်ရွက်နေသော ဌာန၊ အဖွဲ့အစည်းများ၊ စီမံချက် အရာရှိများ၊ ဆရာဝန်၊ သူနာပြုများ အားလုံး အတွက် အလွန်ပင် အသုံးတည့်မည့် အစီရင်ခံစာ ဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပေသည်။

အစီရင်ခံစာကို ဤနေရာတွင် ဒေါင်းလုပ် လုပ်ယူပါ။ (ဖိုင်အရွယ်အစား - ၁၅၃ ကီလိုဘိုက်)


စာကိုး -



စာခေါက်ထားလိုလျင် ဤနေရာတွင် ခေါက်ထားလိုသော စာပိုဒ်ကို ရေးပါ။

Read More...

Tools together now!

100 participatory tools to mobilize communities

Intended audience NGO support programmes, training organisations, Individual trainers, International NGOs and NGOs/CBOs
Author International HIV/AIDS Alliance
Languages English
Date published 01/05/2006
Size 250 pages
Themes Civil society development
Type Technical support publication


Download here

Read More...

Thursday, October 4, 2007

Family Planning: A Global Handbook for Providers

သားဆက်ခြား စီမံချက်များတွင် အသုံးပြုရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ နှင့် ဂျွန်စ်ဟော့ပ်ကင်း ပြည်သူ့ကျန်းမာရေးကျောင်းတို့က အမေရိကန်အစိုးရ နိုင်ငံတကာဖွံ့ဖြိုးရေး ရန်ပုံငွေအဖွဲ့၏ ထောက်ပံ့မှုဖြင့် ပြုစုထားသော စာအုပ်ဖြစ်သည်။ ယခင်က "Contraceptive Technology" အမည်ဖြင့် ထုတ်ဝေခဲ့ပြီး၊ ယခုစာအုပ်မှာ ခေတ်ပေါ် သိပ္ပံနည်းကျ တွေ့ရှိချက်များကို ဖြည့်စွက်ရေးသားထားသော စာအုပ်ဖြစ်သဖြင့် မြန်မာနိုင်ငံတွင် မျိုးဆက်ပွားကျန်းမာရေး နှင့် သားဆက်ခြား စီမံချက်များကို ဆောင်ရွက်နေသော ဌာန၊ အဖွဲ့အစည်းများ၊ စီမံချက်အရာရှိများ၊ ဆရာဝန်၊ သူနာပြုများ အတွက် အလွန်ပင် အသုံးတည့်မည့် စာအုပ်ဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပေသည်။

စာအုပ်ကို ဤနေရာတွင် ဒေါင်းလုပ် လုပ်ယူပါ။ (ဖိုင်အရွယ်အစား - ၅ မဂ္ဂါဘိုက်)

စာကိုး
World Health Organization
The INFO Project (Johns Hopkins Bloomberg School of Public Health)

Read More...