Thursday, September 25, 2008

Dementia Syndrome (1)

သူငယ်ပြန် ရောဂါ (၁)

Dementia Syndrome ကို online အင်္ဂလိပ်-မြန်မာ အဘိဓာန်မှာ ရှာကြည့်တာ မတွေ့လို့ “သူငယ်ပြန်ရောဂါ” လို့ပဲ မြင်သာတဲ့ နာမည် ပေးလိုက်ပါတယ်။ သက်ကြီးရွယ်အိုတွေမှာ ကလေးလို ပြန်ဖြစ်သွားပြီး ကလေးကဲ့သို့ ပြုမူနေထိုင်တာမျိုးကို လူတော်တော်များများ မြင်ဖူးကြားဖူးကြလို့ပါပဲ။ တကယ်ဆို အဲဒီအပြုအမူမျိုးဟာ ရောဂါနှောင်းပိုင်းမှာမှ ဖြစ်တာပါ။ အစပိုင်းဆိုရင် ရောဂါလက္ခဏာတွေက မသိသာပဲ သာမန်အသက်ကြီးခြင်း (normal ageing) နဲ့ ရောထွေး နေတတ်ပါတယ်။

အမှန်တော့ သူငယ်ပြန်ရောဂါ (Dementia Syndrome) ဟာ အသက်ကြီးခြင်းရဲ့ မလွှဲမရှောင်သာ နောက်ဆက်တွဲကိစ္စတစ်ခု မဟုတ်ပဲ အတိုင်းအတာတစ်ခုအထိ ကုသနိုင်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အသက်ကြီးလို့ မေ့တတ်ခြင်းထက် ပိုမိုတဲ့ အထွေထွေ ဦးနှောက် စွမ်းရည် ကျဆင်းလာခြင်း (global impairment of cognitive functions) ပါ။ ဦးနှောက် တဖြည်းဖြည်း ပျက်စီးခြင်း (degenerative disease of the brain) ဖြစ်ပြီး၊ မပျောက်ကင်းနိုင်သလို တဖြည်းဖြည်းနဲ့လည်း ဆိုးလာတတ်ပါတယ်။ ဒါဆို ဘာလို့ ဆေးကုမလဲလို့ မေးရင် လူနာရဲ့ လက်ရှိ ဘ၀ အရည်အသွေးကို တတ်နိုင်သမျှ ထိန်းထားပေးဖို့ - လို့ ဖြေရပါလိမ့်မယ်။


ယေဘူယျ လက္ခဏာ တွေကတော့

  • ရေတို မှတ်ဉာဏ် မကောင်း တော့ခြင်း (ဥပမာ - ရှေး ပဝေသဏီက အကြောင်းအရာ တွေကို မှတ်မိပြီး ဒီနေ့ မနက်စာ ဘာ စားသလဲ မမှတ်မိ တာမျိုး)

  • အချိန် နဲ့ ပတ်ဝန်းကျင်ကို သတိ မရှိတော့ပဲ မှားယွင်း ကုန်ခြင်း (ဥပမာ - ညကြီး သန်းခေါင် အိပ်ရာက နိုးပြီး နေ့ည မှားကာ အပြင်ထွက်ဖို့ ပြင်ဆင် တာမျိုး)

  • လွယ်ကူသော ဆုံးဖြတ်ချက် များကိုပင် မချ နိုင်တော့ခြင်း (ဥပမာ - အ၀တ်အစား ရွေးချယ်ရာ မှာတောင် ခက်ခဲလာပြီး သူများက ကူနေ ရတာမျိုး)

  • အမှန်းအဆ လွဲချော် မှားယွင်းမှု များလာခြင်း (ဥပမာ - ကားလမ်း ကူးရာမှာ မလွတ်နိုင် တာကို လွတ်မယ်လို့ ယုံကြည်ပြီး ကူးတာမျိုး)

  • စကားလုံး ရှာမရပဲ စကားစများ ပြတ်တောက် ကုန်ခြင်း (ဥပမာ - ပြောချင်တာ သိလျက်နဲ့ လျှာဖျားမှာ ထစ်နေသလိုမျိုး ခဏခဏ ဖြစ်တာ ရှက်လာလို့ နောက်ဆုံး လူအများ စကားဝိုင်းဆို ရှောင် လာတာမျိုး)

  • နေ့စဉ် လုပ်နေကျ လွယ်ကူ နေကျ ကိစ္စများကို မလုပ်တတ်တော့ပဲ ခက်ခဲလာခြင်း (ဥပမာ - ဟင်းချက် နေကျလူက ဟင်းချက်တဲ့ အဆင့် အထာတွေ လွဲချော် ကုန်တာမျိုး)

  • လူရည် လူသွေး နဲ့ အမူ အကျင့် ပြောင်းလာခြင်း (ဥပမာ - အရင်က သိပ်အေးဆေး တဲ့လူက ဒေါသကြီး ဆဲဆို လာတာမျိုး)
  • -
    တို့ ဖြစ်ပါတယ်။

    ဒီလက္ခဏာတွေ အတော်များများ ခြောက်လထက် ပိုကြာကြာ ရှိပြီး၊ နေ့စဉ် ရပ်တည်လုပ်ကိုင်မှုတွေကို ထိခိုက်လာပြီ (ဆိုလိုတာက အရင်က အင်မတန် ကိုယ့်အားကိုယ်ကိုး ရပ်တည်နိုင်သူတစ်ယောက်ဟာ ရောဂါကြောင့် သာမာန် ကိစ္စလေးတွေကိုတောင် ကိုယ့်ဖာသာ ကိုယ် မလုပ်နိုင် တော့တာပဲ သူများအပေါ် မှီခိုရမှု များလာတာ) ဆိုရင်တော့ သူငယ်ပြန်ရောဂါ (Dementia Syndrome) ခံစား နေရတယ် လို့ ပြောလို့ ရနေပါပြီ။

    သူငယ်ပြန်ရောဂါ ဟုတ်၊ မဟုတ် အပ်ချမတ်ချ အဖြူအမည်း သိစေတဲ့ သွေးစစ်ခြင်း သို့မဟုတ် ဓာတ်မှန်ပုံရိပ်ရှာခြင်း မရှိသေးပါဘူး။ အသေချာဆုံးက လူနာသေဆုံးတဲ့အခါ ဦးနှောက်ကို ခွဲစိတ်ကြည့်မှပဲ သိနိုင်ပါတယ်။ လူနာ သက်ရှိထင်ရှားနေတုံး ရောဂါအမည် ရနိုင်ဖို့ကတော့ လူနာရှင်ကတဆင့် စုံစမ်းသိရတဲ့ ရောဂါလက္ခဏာတွေနဲ့ သူတို့ရဲ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းပေါ် အများကြီး တည်မှီပါတယ်။

    ပိုသေချာအောင်လို့ တခြား ဖြစ်တတ်တဲ့ ရောဂါများကို ရှာဖွေစစ်ထုတ်ရပါတယ်။ ဥပမာအားဖြင့် ဦးနှောက်တွင်း သွေးခဲခြင်း၊ ဦးနှောက် တွင်း အရည် စုအောင်းခြင်း၊ ဗိုက်တာမင် ဘီ-၁၂ နဲ့ ဖိုးလစ်အက်စစ် လျော့နည်းခြင်း၊ သိုင်းရွိုက် ဟော်မုန်း လျော့နည်းခြင်း တို့မှာလည်း သူငယ်ပြန်ရောဂါ အစပိုင်းနဲ့ ဆင်တဲ့ လက္ခဏာတချို့ ပြတတ်လို့ပါပဲ။ ဒီလို ဖြစ်နှုန်း သိပ်နည်းပေမယ့် ဟုတ်ခဲ့ရင် ကုသ ပျောက်ကင်း နိုင်တာမို့ မဖြစ်မနေ စစ်ဆေးရပါတယ်။

    လူနာတွေရော၊ လူနာရှင်တွေပါ အများဆုံး ပြောတဲ့ အစောပိုင်း ရောဂါလက္ခဏာကတော့ ပြောပြီးသားစကား၊ မေးပြီးသားမေးခွန်းကို ခဏခဏ ပြန်ပြော၊ ပြန်မေးတာပါပဲ။ တချို့ဆို မိနစ်ပိုင်းအတွင်း ထပ်ကာတလဲလဲ ပြောနေ၊မေးနေတတ်လို့ အိမ်ထောင်ဖက်ကို တော်တော် စိတ်အနှောက်အယှက် ဖြစ်စေပါတယ်။ သူလည်း ကြာတော့ စိတ်တိုလာတာပေါ့လေ။

    ရောဂါလက္ခဏာ အတော်များများကို ကာယကံရှင်ထက် မိသားစုအသိုင်းအ၀ိုင်းက ပိုသတိထားမိတာ များပါတယ်။ ဒီရောဂါ ရှိတယ် ထင်လို့ အထူးကုဆေးခန်းဆေးရုံကို လာပြတဲ့ လူနာတွေကို သူတို့ရဲ့ မိသားစုဝင်(တွေ)နဲ့ ကြည့်ရပါတယ်။ ကာယကံရှင်က ရောဂါ လက္ခဏာကို ပြဿနာလို့ မမြင်တတ်လို့ပါ။ သနားဖို့ ကောင်းတာက ရောဂါမှန်း မသိလို့ မကုတော့ ဆေးသောက်ပြီး ခဏထိန်းထားနိုင်တဲ့ အခွင့်အရေး၊ ရောဂါဆိုးလာရင် ဘာတွေ ဖြစ်နိုင်တယ်ဆိုတာ ကြိုသိပြီး ပြင်ဆင်ထားနိုင်တဲ့ အခွင့်အရေး မရတော့ဘူးပေါ့။ အန္တရာယ် ဆိုတာ ဘယ်အချိန်မှာ ဘယ်လို ကျရောက်မယ်မှန်း မသိနိုင်တာ မှန်ပေမယ့် မှန်းလို့ ရတာ လေးတွေ ကို ကြိုပြင် ထားနိုင် တာကိုး။

    အိမ်သားတွေခမျာလည်း တစ်ခါတစ်ခါ သူတို့ ခင်ပွန်း၊ ဇနီး၊ အဖေ၊ အမေ၊ ယောက္ခမ (လူနာ) အရှေ့မှာ သူတို့ (လူနာ) အကြောင်း အမှန်တွေ ပြောရတာ သိပ်တော့ မလွယ်လှဘူး။ လူနာက လျှော့ပေါ့မြင်ထား၊ ပြောထားတာတွေကို ဆန့်ကျင်ပြီး၊ ဆရာဝန်ကို အရှိ အတိုင်း သတင်းပေးရတာကိုး။ ဆေးခန်းက အပြင်ထွက်တာနဲ့ ရန်ဖြစ်ဖို့၊ အဆူခံရဖို့ အကြောင်းရှိပါတယ်။ ဒီလို အခြေအနေကို ဆရာဝန် က ညင်ညင်သာသာ ကိုင်တွယ်ဖြေရှင်းတတ်ဖို့ အရေးကြီးပါတယ်။ အဲဒီလိုမှ မဟုတ်ရင် မိသားစုတွင်း စိတ်ကသိကအောက်တွေ ဖြစ်၊ စိတ်တွေဆိုးနဲ့ နောက်ဆုံးတော့ လူနာခမျာ ဂရုစိုက် ကူညီမယ့် အဓိက ကျောထောက်နောက်ခံ (မိသားစု) မရှိပဲ ဖြစ်သွားတတ်လို့ပါ။

    ယေဘူယျ ရောဂါ လက္ခဏာတွေ တူပေမယ့်၊ ရောဂါဇစ်မြစ်ပေါ် မူတည်လို့ သူငယ်ပြန်ရောဂါ အမျိုးမျိုး (Different types of Dementia) ရှိပါတယ်။

  • အယ်လ်ဇိုင်းမား သူငယ်ပြန် ရောဂါ (Dementia in Alzheimer's Disease)

  • ဦးနှောက်ထဲ သွေး အရောက် နည်းခြင်း နဲ့ လေဖြတ်ခြင်း ကြောင့် ဖြစ်တဲ့ သူငယ်ပြန် ရောဂါ (Vascular Dementia)

  • အထက်ပါ နှစ်မျိုး ရောနေသော သူငယ်ပြန်ရောဂါ (Mixed Dementia)

  • “လျူဝီဘော်ဒီ” ခေါ် ဦးနှောက် ဆဲလ်တွင်း စွန့်ထုတ် ပစ္စည်း တစ်မျိုး ကြောင့် ဖြစ်သော သူငယ်ပြန် ရောဂါ (Dementia with Lewy Bodies)

  • “ပါကင်ဆင် ရောဂါ” ခေါ် အကြော ရောဂါ တစ်မျိုးကို ကြာရှည် ခံစားရာမှ ဖြစ်လာသော သူငယ်ပြန် ရောဂါ (Dementia in Parkinson's Disease)

  • အခြား ရှားပါးသော သူငယ်ပြန် ရောဂါတစ်ချို့
  • တို့ ဖြစ်ပါတယ်။

    အယ်လ်ဇိုင်းမား သူငယ်ပြန်ရောဂါ (Dementia in Alzheimer's Disease) ကတော့ အတွေ့အများဆုံး သူငယ်ပြန်ရောဂါ ဖြစ်ပါတယ်။ အသက်ကြီး သူတွေမှာ ဖြစ်တတ်တဲ့ သူငယ်ပြန်ရောဂါအားလုံးရဲ့ ၅၅-၇၀% ဟာ အယ်လ်ဇိုင်းမား သူငယ်ပြန် ရောဂါ ဖြစ်ပါတယ်။ အနောက်နိုင်ငံ သုတေသန ပြုချက်များ အရ အသက်(၆၅)နှစ်ကျော်သူတွေရဲ့ ၅%ဟာ ဒီရောဂါ ခံစားရဖို့ အလားအလာ အန္တရာယ် ရှိပြီး၊ အသက် ငါးနှစ်ကြီးလာတိုင်း ဒီအလားအလာက နှစ်ဆ တက်သွားတတ်ပါတယ်။ အသက် (၈၅) နှစ်ကျော်ပြီ ဆိုရင်တော့ ဒီရောဂါ ဖြစ်နိုင်ချေ ၄၀% ရှိနေပါပြီ။ လူငါးယောက်မှာ နှစ်ယောက် ဖြစ်တဲ့ သဘောပေါ့။ လက်ရှိ ကိန်းဂဏန်းများ အရ ယူကေမှာ အယ်လ်ဇိုင်းမား သူငယ်ပြန် ရောဂါ (Dementia in Alzheimer's Disease) ဝေဒနာရှင်ပေါင်း ငါးသိန်း ရှိပြီး ကမ္ဘာတလွှားမှာ သန်းသုံးဆယ် ရှိတယ်လို့ ခန့်မှန်း ပါတယ်။

    ဆက်လက် ရေးသားပါမယ်.....

    Reference:
    1. World Health Organisation (1992) The ICD-10 Classification of Mental and Behavioural Disorders, Geneva: WHO
    2. Semple, D., Smyth, R., Burns, J., Darjee, R. & McIntosh, A. (2005). Oxford Handbook of Psychiatry, Oxford: University Press.


    Related Posts :



    6 comments:

    အောင်ကြီး said...

    သူငယ်ပြန်တာကို စောစောစီးစီး သိရင် တိုက်ရမယ့် ဆေးနဲ့ ဦးနှောက် အပျက်စီးနှေးအောင် လုပ်ရမယ့် နည်းလမ်းတွေ သိချင်ပါတယ်။ ပါကင်ဆန်ရောဂါကကော နှစ်ကြာလာရင် ဒီလို ဖြစ်သွားနိုင်ပါသလား။

    Nu Thwe said...

    အပိုင်း ၂ မှာ ရေးပါမယ်။
    ပါကင်ဆင်ရောဂါ ငါးနှစ်ထက် ကြာလာရင် သူငယ်ပြန်ရောဂါ လက္ခဏာတွေ ပေါ်လာတတ်ပါတယ်။ ပျမ်းမျှခြင်းအားဖြင့်ပေါ့။ လူတိုင်းတော့ မဟုတ်ပါဘူး။

    Anonymous said...

    ပါကင်ဆန်လဲ ဖြစ်၊ စိတ်လဲ ပုံမှန်မဟုတ်တော့တဲ့ လူနာတယောက်ကို ပြန်ကောင်းနိုင်မလား သိချင်လို့ပါ။ ဦးလေးက ၆၆ နှစ်၊ အရင်က ဂုဏ်ပြုခံဆုတံဆိပ်တွေ ရထားတဲ့ နည်းပညာရှင်တယောက်ပါ။ ခု လက်တွေ တဆတ်ဆတ် လှုပ်နေပြီး လက်ထဲ ခြေမွှစရာ တခုခု ပေးထားရင် မနားဘဲ ချေမွှနေတယ်။ ပါးစပ်ကလဲ ပြောချင်တာတွေ တတွတ်တွတ် ပြောနေတယ်။ အရင်လို ထက်မြက်တာလဲ မရှိတော့ဘူး။ ထမင်းကို ကျွေးမှ စားတယ်၊ သူ့ဟာသူ ဘာမှ မလုပ်တတ်ဘူး။ တောင်းတောင် မတောင်းတတ်တော့ဘူး။ ဆရာဝန်တွေ ပြ၊ ဆေးတွေ တိုက်လဲ မသက်သာဘူး။ ဘယ်လို လုပ်ရမလဲ။

    Nu Thwe said...

    ပါကင်ဆင်ရောဂါဟာ လှုပ်ရှားမှု ရောဂါစု (Movement disorders) ထဲမှာ ပါပါတယ်။ မလိုလားတဲ့ ထိန်းချုပ်မရတဲ့ လှုပ်ရှားမှု (involuntary movements) တွေ ဖြစ်တတ်တာပါ။ ဆေးတွေက တော်တော်လေး သတိထားပြီး ညှိရပါတယ်။

    ပါကင်ဆင် တန်ပြန်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး side effect က လှုံ့ဆော်မှုမဲ့ အမြင်အကြား အာရုံများ (visual and auditory hallucinations) ရတတ်ခြင်းပါပဲ။ ပါးစပ်က တတွတ်တွတ် ပြောနေတာဟာ အဲဒီ side effect ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကို လှုံ့ဆော်မှုမဲ့ အာရုံများ တန်ပြန်ဆေး anti-psychotics နဲ့ ကုပြန်ရင် ဦးနှောက်ထဲက ဓာတုပစ္စည်း မညီမျှမှုကို နောက်တစ်မျိုး ပျက်ယွင်းစေပါတယ်။

    အာရုံကြော အထူးကု Neurologist နဲ့ စိတ်ရောဂါ အထူးကု Psychiatrist ညှိနှိုင်းကုသရတဲ့ ရောဂါ ဖြစ်ပါတယ်။ မှန်ကန်တဲ့ မျှခြေ ရောက်ဖို့ တော်တော်လေး ခက်တတ်ပါတယ်။ ပြန်မကောင်းနိုင်ပါဘူးလို့ပဲ စိတ်မကောင်းစွာနဲ့ အမှန်အတိုင်း ဖြေပါရစေ။

    ဆေးနဲ့ မသက်သာတဲ့ လူနာတွေအတွက် သူနာပြုစုခြင်း Nursing Care ကသာ အဓိက အရေးပါပါတယ်။ ၂၄နာရီ ကြည့်ရှုစောင့်ရှောက်မယ့် သူ အနည်းဆုံး တစ်ယောက် လိုပါတယ်။ မိသားစုကပဲ အမြဲတမ်း လုပ်ပေးနိုင်ဖို့ မလွယ်ပါဘူး။ ကြာရင် စိတ်ရောလူပါ သိပ်ပင်ပန်းလာပါလိမ့်မယ်။ ရေရှည် ကြည့်တဲ့အနေနဲ့ အခစား လူနာကြည့်သူ ထားတာ ကောင်းမယ် ထင်ပါတယ်။

    လူနာကိုလည်း တတ်နိုင်သမျှ သူ့ကိစ္စတွေ ဆုံးဖြတ်ရာမှာ ပါဝင်ဆွေးနွေးပါစေ။ စိတ်ဓာတ်ကျရင် စိတ်ဓာတ်ကျရောဂါ တန်ပြန်ဆေး တိုက်နိုင်ပါတယ်။ လူနာကို ကိုယ်တိုင် လာကြည့်နိုင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

    မေးထားတဲ့ မေးခွန်းကို ဖြေတာ ပြည့်စုံပါရဲ့လား။

    Anonymous said...

    ပြည့်စုံပါတယ်ခင်ဗျာ။ စိတ်ထိခိုက်စရာပေမယ့် အမှန်ကို သိခွင့်ရလို့ ကျေးဇူးတင်ပါတယ်။ သူ့တစ်သက် ပြန်မကောင်းနိုင်ဘူးဆိုရင်လဲ အတူ နေရသရွေ့ တတ်နိုင်သမျှ ပြုစုပြီး နောက်ဘ၀ကူးကောင်းအောင် ကုသိုလ်ထည့်ပေးလိုက်ချင်ပါတယ်။ ဒါပေမယ့် လူနာက တရားခွေ ဖွင့်ပြတာတို့၊ ဘာသာရေးစကား ပြောတာတို့တောင် ဘာမှ အာရုံမစိုက်နိုင်အောင် စိတ်ရောလူရော ဂဏှာမငြိမ် ဖြစ်နေတာ၊ ဒီစိတ်နဲ့ဆို ဘ၀ကူး ကောင်းပါ့မလားတောင် စိုးရိမ်ရတယ်။ လိုအပ်တဲ့အချိန်ဆို စိတ် ခဏလေးဖြစ်ဖြစ် ငြိမ်အောင် လုပ်လို့ရတဲ့ ဆေး ရှိပါသလား။ ဖွ မဆိုစကောင်း သေကာနီးဆို ဒီလိုစိတ်ကြီးနဲ့ သေသွားရင် မကောင်းတဲ့ဘ၀ ရောက်မှာစိုးလို့ ဘုန်းကြီးတရားလေး နာနိုင်အောင် စိတ်ငြိမ်ဆေး များများတိုက်လို့ ရမလား။ စိတ်ရှည်ရှည် ဖြေကြားပေးတာ ကျေးဇူးအထူးပါဗျာ။

    Nu Thwe said...

    ဖြေကြားချက်ကို အသုံးတည့်တယ် ဆိုရင်ပဲ ၀မ်းသာလှပါပြီရှင့်။

    ဘာသာရေးရှုထောင့်က ကြည့်ပြီး စိတ်သောက ဖြစ်တာကို နားလည်စာနာပါတယ်။ သူ အာရုံမစိုက်နိုင်တာကို အတင်း အာရုံစိုက်ခိုင်းသလို မဖြစ်အောင်တော့ သတိထားသင့်တယ် ထင်ပါတယ်။ ဆေးတွေကို ညှိသလိုမျိုးပဲ တရားကိုလည်း သူ နိုင်သလောက်ကလေး ညှိပေးလို့ ရနိုင်မလား စဉ်းစားကြည့်ပါဦး။ ကူညီနိုင်မယ့် ရဟန်းတော်၊ တရားပြဆရာများ ရှိမှာပါ။ သာမန်လူရဲ့ အာရုံစိုက်နိုင်စွမ်းမျိုး မရှိတော့တာ သတိချပ်စေချင်ပါတယ်။

    ခဏ စိတ်ငြိမ်အောင် တိုက်လို့ရတဲ့ ဆေးတွေ ရှိပါတယ်။ လူကိုယ်တိုင် တွေ့နိုင်၊ လာကြည့်နိုင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ စိတ်ငြိမ်ဆေးရဲ့ စွဲခြင်း ပြဿနာ နဲ့ ရောဂါ လက္ခဏာရဲ့ ဖိစီးမှု အကြား လူနာ၊ လူနာရှင် နဲ့ ဆရာဝန် ပွင့်ပွင့်လင်းလင်း တိုင်ပင်ညှိနှိုင်းရမှာပါ။ ထိုက်သင့်တဲ့ လိုက်လျောညီထွေမှုနဲ့ လက်တွေ့ကျကျ စဉ်းစားဖို့ လိုပါတယ်။ လူနာကိုတော့ တတ်နိုင်သမျှ တွဲခေါ်ဆွေးနွေးပါ။

    ပါကင်ဆင် နဲ့ သူငယ်ပြန် လက္ခဏာချည်းပဲလို့လည်း အမြဲ မဆိုနိုင်ပါဘူး။ လတ်တလော ရောဂါပိုးဝင်ခြင်း (acute infections) တွေကြောင့် လူနာ ကနာမငြိမ်တာလည်း ဖြစ်တတ်ပါတယ်။ အဆုတ်၊်ဆီးလမ်းကြောင်း၊ ခန္ဓာကိုယ်တွင်း ဘယ်နေရာမဆို infection ရရင်လည်း ဒီလို ကနာမငြိမ် ဖြစ်တတ်ပါတယ်။ သွေး၊ ဆီး စစ်ကြည့်သင့်ပါတယ်။ အင်မတန် ရိုးရှင်း ဖြစ်လွယ်တဲ့ ၀မ်းချုပ်ခြင်းကလည်း ခံရခက်လို့ မပြောပြတတ်၊ မပြောနိုင်တဲ့ လူနာတွေမှာ ကနာမငြိမ် ဖြစ်တာနဲ့ လာတတ်ပါတယ်။ ဒါတွေ ထည့်သွင်းစဉ်းစား ရှာဖွေဖော်ထုတ် ကုသပေးရပါမယ်။