Friday, May 30, 2008

Carbon Monoxide

ဆိုးရွားလှတဲ့ အခြေအနေတွေကြားမှာ ဆီးဈေးကြီးလို့ မီးစက်မထွန်းနိင်သေးဘူးလို့ ဆိုနိုင်ပေမယ့် အကြောင်း အမျိုးမျိုးကြောင့် မီးစက်ထွန်းမိကြတဲ့အခါ ၀န်ပိမှာလည်း စိုးမိလို့ သံလွင်အိပ်မက်မှာ ရေးပေးဖြစ်ခဲ့တဲ့ ပို့စ်လေးတခုကို ပြန်တင်ပေးလိုက်ပါတယ်။


မိုးကလေးစဲသွားသည်မို့ ရာသီဥတု သာသာယာယာရှိနေသော်လည်း အဆိပ်သင့် လူနာလက်ခံရာ ဌာနသို့ တမျိုးတဘာသာ ဆန်းပြားစွာဖြင့် လူအများ အစုလိုက်အပြုံလိုက် အဆိပ်သင့်ကာ ရောက်လာတတ်သော အဆိပ်သင့်ခြင်းတမျိုးမှာ ကာဗွန်မိုနောက်ဆိုဒ် (carbonmonoxide) ဟုခေါ်သော ဓာတ်ငွေ့ အဆိပ်သင့်ခြင်းပင်ဖြစ်သည်။ လူနေသိပ်သည်းသော ၊ တိုက်တာများနှင့် ပြည့်နှက်နေတတ်သော မြို့ကြီးပြကြီးများတွင် အကြောင်းအမျိုးမျိုးကြောင်း လျှပ်စစ်မီးပျက်သော ကာလနှင့်ကြုံကြရသော အခါ လူနေအိမ်များအပါအ၀င် အလှပြင်ဆိုင်များ၊ အင်တာနက် ကဖေးများ၊ နေ့ကလေးထိန်း ကျောင်းများ၊ စားသောက်ဆိုင်များ စသည့် လူစည်ကားရာနေရာများတွင် မီးစက်သုံးစွဲမှု ပမာဏသည် မြို့ပြ၏ ယဉ်ကျေးမှုသဖွယ် အရှိန်အဟုန်ပြင်းစွာ ထိုးတက်လာလျက်ရှိလေသည်။

ဖွံ့ဖြိုးဆဲ နိုင်ငံများတွင်မဆိုထားနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင်ပင် သေဆုံးမှု အများဆုံး အဆိပ်သင့်ခြင်းတမျိုးကို ဖြစ်စေသော ဓာတ်ငွေ့အဖြစ် ရှိနေသော ကာဗွန်မိုနောက်ဆိုဒ် ဟုခေါ်သော ထိုဓာတ်ငွေ့တစ်မျိုးသည် အရောင် အဆင်း၊ အနံ့ အရသာမဲ့သော ဓာတ်တစ်မျိုးဖြစ်ကာ မီးစက်မှထွက်သော ဓာတ်ငွေ့များ တွင်သာမက မီးဖိုမှထွက်သော အငွေ့များ၊ ကားအိပ်ဇောမှထွက် သော ဓာတ်ငွေ့များ၊ ပြီးဆုံးသည်အထိ လောင်ကျွမ်းခြင်း မရှိသေးသော ကာဗွန် သို့မဟုတ် ကာဗွန်ပါသောဒြပ်ပေါင်းများတွင်လည်း ပါဝင်လေ့ရှိသည်။ ထို့အပြင် လေကောင်းလေသန့် ကောင်းစွာမရရှိပဲ လှောင်ပိတ်နေသော အခန်းများ တွင် ထို ဓာတ်ငွေ့၏ အဆိပ်သင့်မှုကို ပိုမိုခံရဖွယ်ရာရှိလေသည်။

ထိုဓာတ်ငွေ့သည် သွေးထဲတွင်ရှိသော ဟေမိုဂလိုဗင်ကို အောက်ဆီဂျင်ထက် အဆပေါင်း ၂၁၀ သာလွန်စွာ ပိုမိုခင်တွယ်နေတတ်ပြီး ဟေမိုဂလိုဗင်ကို ခိုင်မာစွာ ကပ်တွယ်ထားကာ သွေးမှ အောက်ဆီဂျင်သယ်ဆောင်နိုင်သော စွမ်းအားကို လျော့နည်းစေသည်။ ထိုမှတဆင့် ခန္ဓာကိုယ်အနှံ့ အပြားသို့ အောက်ဆီဂျင်ရောက်ရှိမှုကို နှောင့်နှေးစေကာ တစ်ရှူးများ၌ အောက်ဆီဂျင်သုံးစွဲမှုကို အနှောင့်အယှက်ပေးပါသည်။

ထို့ကြောင့် ခန္ဓာကိုယ်တွင်းသို့ အကြောင်းအမျိုးမျိုးကြောင့် ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့ရောက်သွားသူများသည် တစ်ရှူးများမှ အောက်ဆီဂျင်ကို ငတ်မွတ်သည့် လက္ခဏာများဖြစ်သည့် ခေါင်းမူးခြင်း ၊ ရီဝေနေခြင်း၊ စိတ်တိုနေတတ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ကောင်းစွာ မတ်တပ်မရပ်နိုင်တော့ခြင်း၊ လမ်းလျှောက်ပုံ မူမမှန်တော့ခြင်း၊ လတ်တလောဖြစ်ပေါ်နေသော အကြောင်းအရာများပေါ်တွင် မှတ်ဥာဏ် ချို့ယွင်းတတ်ခြင်း၊ မျက်နှာ ဖြူဖတ်ဖြူရော် ဖြစ်နေတတ်ခြင်း၊ ငေးကြောင်သော မျက်လုံးများရှိခြင်း၊ မျက်လုံးအိမ်ကျယ်ကာ ငြိမ်နေတတ်ခြင်း၊ ပါးစပ်မှ အမြှုပ်များ ထွက်နေတတ်ခြင်း၊ ခန္ဓာကိုယ်အပူချိန် လျော့ကျနေတတ်ခြင်း၊ သွေးခုန်နှုန်း ဖျော့လာခြင်း၊ ခြေဖျားလက်ဖျားများ အေးစက်လာခြင်း၊ အသက်ရှူမြန်နေခြင်း၊ ချမ်းတုန်တတ်ခြင်း၊ လက်ဖျားခြေဖျားနှင့် နှုတ်ခမ်းများ၊ လျှာများပြာနေတတ်ခြင်း၊ အလွန်ပြင်းထန်သော သူများတွင် သွေးပေါင်ကျခြင်း၊ တက်တတ်ခြင်း၊ အသက်ရှူမမှန်တော့ခြင်း၊ မေ့မျောသွားတတ်ခြင်း စသော လက္ခဏာများကို ပါတွေ့ရတတ်ပါသည်။

ထို့အပြင် ဦးဏှောက်တွင်း အရည်စုကာ ယောင်လာတတ်ခြင်း နှင့် အချို့သော အာရုံကြောဆိုင်ရာ လက္ခဏာများကိုလည်း တွေ့ရတတ်ပါသည်။ ကာဗွန်မိုနောက်ဆိုဒ်သည် ဆီးထဲတွင် myoglobin ဟုခေါ်သော ဓာတ်တမျိုးကို ပါစေတတ်ခြင်း၊ ကျောက်ကပ် ပျက်စီးခြင်းတို့ကိုလည်း ဖြစ်စေတတ်ပါသည်။

ကိုယ်ဝန်ဆောင် အမျိုးသမီးများတွင် ထိုဓာတ်ငွေ့အဆိပ်သင့်ခြင်းကို ခံရပါမူ မိခင်တွင် ဝေဒနာခံစားရမည့်အပြင် ၊ ကလေးငယ်အား အောက်ဆီဂျင်ကောင်းစွာ မပေးနိုင်သောကြောင့် ကိုယ်ဝန်ပျက်ကျတတ်ခြင်း၊ နေ့မစေ့သော ကလေးမွေးတတ်ခြင်းများ ဖြစ်တတ်ပါသည်။ ကလေးသူငယ်များ ၊ သက်ကြီးရွယ်အိုများ၊ သွေးအားနည်းသူများ၊ အဆုတ် သို့မဟုတ် နှလုံးမကောင်းသူများ၊ အရက်စွဲနေသူများ၊ အိပ်ရာထဲလဲနေသူများ သို့မဟုတ် ရွေ့ရှားရန် အခက်အခဲရှိသူများမှာ ပုံမှန်လူများထက် ပို၍အန္တရာယ်ဖြစ်စေနိုင်သောကြောင့် ၎င်းတို့အား အထူးသတိထားသင့်ပေသည်။

ထိုဓာတ်ငွေ့အဆိပ်သင့်ခဲ့ပါက သွေးထဲတွင် ကာဗွန်မိုနောက်ဆိုဒ် ပမာဏ
- ၂၀% ရှိခဲ့ပါလျှင် အသက်ရှူမ၀ခြင်း၊ လှုပ်ရှားသည့်အခါ မူးဝေလာခြင်းတို့ ကိုခံစားရနိုင်ပါတယ်။
- ၃၀% ရှိခဲ့ပါလျှင် အသက်ရှူမ၀ခြင်း၊ အနည်းငယ်မျှ လှုပ်ရှားလျှင်ပင် မူးဝေခြင်းကို ခံစားရနိုင်ပါတယ်။
- ၅၀% ရှိခဲ့ပါလျှင် ဟန်ချက်မထိန်းနိုင်တော့ခြင်း၊ လှမ်းလျှောက်ပုံမူမမှန်တော့ခြင်း၊ လှုပ်ရှားသည့်အခါ သတိမေ့သွားတတ်ခြင်း တို့ကို ခံစားရနိုင်ပါတယ်။
- ၅၀-၈၀% ရှိခဲ့ပါလျှင် အသက်အန္တရာယ် ရှိနိုင်ပါတယ်။
ထိုဓာတ်ငွေ့ အဆိပ်သင့်ကြောင်း သိခဲ့ပါလျှင် အရေးကြီးစွာလုပ်သင့်သော အရာမှာ အဆိပ်သင့်လူနာအား ထိုနေရာမှ ဝေးရာသို့ အမြန်ခေါ်ထုတ်ရမည် ဖြစ်ပေသည်။ အကယ်၍ ထိုလူနာအားအပြင်သို့ သယ်ဆောင်ရန် အခက်အခဲရှိခဲ့ပါလျှင် အဆိပ်သင့်ခံရသော ပတ်ဝန်းကျင်တွင် အောက်ဆီဂျင် အများအပြားရရှိနိုင်ရန် လေ၀င်လေထွက်ကောင်းအောင် ပြတင်းပေါက်များဖွင့်ပေးထားခြင်း များပြုလုပ်သင့်ပါသည်။

ထို့နောက် အဆိပ်သင့်လူနာ၏ အသက်ရှူလမ်းကြောင်း၊ အသက်ရှူမှုကောင်းမကောင်း၊ သွေးလည်ပတ်မှု ကောင်းမကောင်းကို စစ်ဆေးပြီး ၎င်းတို့ကောင်းမွန်စေမည့် ကိုယ်ဟန်အနေအထားတွင် ထားပေးကာ နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ရပါမည်။ အဆိပ်သင့်လူနာဌာနသို့ ရောက်ရှိလာသောအခါတွင်ကား အောက်ဆီဂျင်ကို များနိုင်သမျှ များများ (နှုန်းအမြင့်ဖြစ်သော တစ်မိနစ်တွင် ၁၂ လီတာ နှုန်း) ကို face mask ဖြင့် ပေးသင့်ပေသည်။ အောက်ဆီဂျင်ပေးခြင်းကို အနည်းဆုံး ၆ နာရီအထိ ပေးထားသင့်ပြီး အချို့သော လူနာများတွင် ၁၂ နာရီမှ နာရီ ၂၀ ထိပေးရန်လိုအပ်သည်။

ထို့နောက် အီးစီဂျီဆွဲကာ ထိုအဆိပ်သင့်ခြင်းတွင် ပေါ်ပေါက်တတ်သော လက္ခဏာများဖြစ်သည့် နှလုံး၏ လုပ်ဆောင်ချက် မမှန်ခြင်းများကို စစ်ဆေးရပေမည်။ ထိုအဆိပ်သင့်ခြင်းအတွက် အဆင်မပြေသောအချက်မှာ ဆေးရုံကြီးများတွင် တိုင်းတာနေသော ပစ္စည်းဖြစ်သည့် လက်ဖျားတွင် ညှပ်ကလေးဖြင့်တိုင်းခြင်းဖြစ်သော pulse oxymeter သည် ကာဗွန်မိုနောက်ဆိုဒ်နှင့် ဟေမိုဂလိုဗင်ပေါင်းခြင်းမှ ဖြစ်ပေါ်လာသော ကာဗောက်စီဟေမို ဂလိုဗင်နှင့် အောက်ဆီဂျင်နှင့် ဟေမိုဂလိုဗင်ပေါင်းခြင်းမှ ဖြစ်ပေါ်လာသော အောက်ဆီဟေမိုဂလိုဗင် နှစ်ခုစလုံးကို ပူးတွဲတိုင်းတာ ပေးသောကြောင့် သွေးကြောထဲတွင်ရှိသော ပုံမှန်ပမာဏကိုသာ ပြနေသဖြင့် ၎င်းနည်းဖြင့် အဆိပ်သင့်သည့် ပမာဏကို စမ်းသပ်၍ မရခြင်းပင်ဖြစ်သည်။

သွေးထဲတွင်ရှိသော carboxyhaemoglobin ကိုဖောက်ယူခြင်းဖြင့် ၎င်း၏ပမာဏ မြင့်တက်နေလျှင် အဆိပ်သင့်ကြောင်း သေချာသော်လည်း ပမာဏနည်းလျှင် သော်ကား အဆိပ်သင့်ခြင်းမရှိဟု ကောက်ချက်ချ၍ မရှိနိုင်သေးပါ။ ခန္ဓာကိုယ်တွင်းရှိ ဓာတုပစ္စည်းများကိုတိုင်းတာခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ခြင်း၊ ဆီးစစ်ခြင်းများကိုလည်း ပြုလုပ်သင့်ပေသည်။

sodium bicarbonate ဟုခေါ်သော ဆေးတစ်မျိုးသည် တစ်ရှူးများထဲသို့ အောက်ဆီဂျင်ရောက်ရှိမှုကို အနှောင့်အယှက်ပေးသောကြောင့် သွေးကြောထဲသို့ ထိုဆေးထိုးသွင်းမှုကိုရှောင်ကျဉ်သင့်ပေသည်။ ထို့နောက်တွင်မူ အနီးကပ်စောင့်ကြည့်သော ကုသခြင်းဖြစ်သည့် close observative treatment သည် ထိရောက်သော ကုသနည်းတစ်မျိုးဖြစ်ပေသည်။

သွေးထဲတွင်ရှိသော carboxyhaemoglobin သည် ၁၀% ထက်လျော့နည်းလာပါပြီး ထိုလူနာသည် ကိုယ်ဝန်ဆောင် အမျိုးသမီး မဟုတ်ခဲ့ပါလျှင် ထိုလူနာအားဆေးရုံမှ ဆင်းခွင့်ပြုနိုင်ပါသည်။ အဆိပ်သင့်ထားခံရသောသူသည် မိမိ၏မူလ လုပ်ငန်းတာဝန်များကို တလအတွင်း ပြန်လည် ၀င်ရောက်နိုင်သော်လည်း ရက်သတ္တပတ်အနည်းငယ် အတွင်း၌မူ ဆေးလိပ်သောက်ခြင်းကို ရပ်ဆိုင်းထားသင့်ပေသည်။

ကာဗွန်မိုနောက်ဆိုဒ်သည် လူထုအား အစုလိုက် အပြုံလိုက် အဆိပ်သင့်စေသည့်အပြင် ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့ အဆိပ်သင့်ခြင်းမှ ပြန်လည်ကောင်းမွန်လာကြသည့် သူများတွင်ပင် ခြေလက်တုန်နေတတ်ခြင်း၊ လူမှုဆက်ဆံရေးပုံစံများ ပြောင်းလဲလာခြင်း၊ အမြင်အာရုံ ပျောက်ဆုံးခြင်း၊ အာရုံစူးစိုက်၍မရနိုင်တော့ခြင်း နှင့် parkinsonism ကဲ့သို့သော ရောဂါလက္ခဏာများကိုပါ ခံစားရနိုင်သည့်အတွက် ထိုဓာတ်ငွေ့ အဆိပ်သင့်ခြင်းကို အထူးသတိထားကာ ရှောင်ကျဉ်သင့်ပါသည်။

မွန်းသက်ပန် (ဆေး-၁)

Read More...

Friday, May 2, 2008

Allergies

ဓါတ်မတည့်ခြင်း





ဓါတ်မတည့်ခြင်းသည် လူတိုင်းလိုလို ဖြစ်ပွားပုံနဲ့ပြင်းထန်မှုသာကွာခြားပြီး တစ်မျိုးမဟုတ်တစ်မျိုးဖြစ်
ဘူးကြလိမ်မ့ယ်....မျက်စိတွေယားလာမယ်.နှာရည်တွေရွှဲလာမယ်.နှာခြေမယ်..ကအစ အင်ပြင်တွေ
ထွက် အသက်ရှူကြပ် ရှော့(shock)ဖြစ်တဲ့အထိ ပြင်းထန်မှုအမျိုးမျိုးတွေ့နိုင်ပါတယ်..
ဒီလိုဖြစ်တာဟာ ခန္ဓာကိုယ်ရဲ့ခုခံမှုစနစ်က ခန္ဓာကိုယ်တွင်းဝင်လာတဲ့အရာများကို ရန်သူသဖွယ်သ
ဘောထားပြီး မှားယွင်းတုန့်ပြန်တိုက်ခိုက်မှုကြောင့် ဖြစ်လာတာပါ…..မိမိနဲ့ဓါတ်မတည့်တဲ့အရာဝတ္ထု
တစ်မျိုးခန္ဓာကိုယ်တွင်းဝင်လာမယ်ဆိုရင် IgE antibodies ခေါ် ခန္ဓာကိုယ်ခုခံမှုစနစ်အဖွဲ့ဝင်ရဲ့ တုန့်
ပြန်မှုကြောင့် ကာကွယ်ရေးဓါတ်ပစ္စည်းများ သွေးလှည့်ပတ်မှုစနစ်အတွင်းသို့ ထွက်လာပါတယ်..အဲ
ဒီဓါတ်ပစ္စည်းများထဲကတစ်မျိုးဟာ Histamine ဖြစ်ပါတယ်..သွေးအတွင်း Histamine ဓါတ်ရောက်
ရှိလာရင် မျက်စိ၊ နှာခေါင်း၊ လည်ချောင်း၊ အဆုတ်၊ အရေပြား၊ အစာအိမ်အူလမ်းကြောင်းတစ်
လျှောက် ဓါတ်တုန့်ပြန်မှုဖြစ်ပေါ်ပြီး ဓါတ်မတည့်လက္ခဏာများ ပေါ်ပေါက်လာပါတယ်..
မျက်စိယားခြင်း၊ မျက်ရည်ထွက်ခြင်း၊ နှာရည်ကျနှာစေးခြင်း၊ နှာခြေခြင်း၊ လည်ပင်းယားယံခြင်း၊ ပန်း
နာကဲ့သို့အသက်ရှူကျပ်လာခြင်း၊ အရေပြားပေါ်တွင်အနီကွက်အင်ပြင်များထွက်ခြင်း၊ သတိမေ့မျောပြီး
ရှော့(shock)ဖြစ်ခြင်းစတဲ့ ရောဂါလက္ခဏာများ ရောဂါပြင်းထန်မှုအဆင့်အလိုက် ဖြစ်ပွားနိုင်ပါတယ်..




ဓါတ်မတည့်ခြင်းဖြစ်စေသော အကြောင်းများ……


  1. အစားအစာများ

    • နွားနို့၊ တိရိစ္ဆာန်ဥများ၊ မြေပဲ၊ သီဟိုစေ့၊ သစ်ကြားသီး၊ ဂျုံ၊ ပဲပုတ်၊ ငါး၊ ဂဏန်း ပုဇွန် ခရု စသည့်အခွံမာပင်လည်စာများ…


  2. အင်းဆက်ပိုးမွှားများ

    • ပျား ပိတုန်း ခူကောင် ကင်း ပင့်ကူ အစရှိသည့် အင်းဆက်များ…


  3. လေထဲမှအမှုန်အငွေ့များ

    • ပန်းဝတ်မှုန်၊ ဖုန်မှုန့်၊ အမွှေးတိုင် ခြင်ဆေးခွေအနံ့များ…


  4. ဆေးဝါးများ

    • ပင်နီဆီလင်၊ ဆာလ်ဖာ၊ စထရက်တိုမိုင်စင် စသည့် သောက်ဆေး၊ ထိုးဆေးများ၊ -ထိုးဆေးများဟာ မတည့်သူများအဖို့ တခဏအတွင်း ရှော့ (shock)ဖြစ်ကာ အသက်အန္တရာယ် ဖြစ်စေနိုင်ပါတယ်…


  5. ဓာတုပစ္စည်းများ

    • မိတ်ကပ်၊ ဆံပင်ဆိုးဆေး စသည့်အလှကုန်ပစ္စည်းများ၊ ဆိုးဆေး၊ ပိုးသတ်ဆေး အစရှိသည့်ဓာတုပစ္စည်းပါဝင်တဲ့ ပစ္စည်းများ….စသည်တို့ဖြစ်ပါတယ်..

ဓါတ်မတည့်မှုဖြစ်ခြင်းဟာ တစ်ဦးနှင့်တစ်ဦး မတူနိုင်ပါ..နွားနို့မတည့်သောသူဟာ မြေပဲတည့်ချင်တည့်
နိုင်ပါတယ်...အမျိုးအစားနဲ့ပြင်းထန်ပုံချင်း ကွာခြားနိုင်ပါတယ်….တစ်ချို့က နှာစေးနှာခြေရုံသာဖြစ်ပြီး
တစ်ချို့ကတော့ အသက်ရှူကျပ်ပြီး အသက်အန္တရာယ်ဒုက္ခပေးနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်...ဒါ့ကြောင့်
မိမိမှာ ဓါတ်မတည့်မှုတစ်မျိုးမျိုးရှိနေပြီဆိုရင် အထက်မှာဖော်ပြထားတဲ့အတိုင်း အခြားအစားအစာနဲ့
ပစ္စည်းများကိုလည်းသတိထားစားသောက် သုံးစွဲဖို့လိုပါတယ်…
ဓါတ်မတည့်မှုဖြစ်လာရင် ရောဂါလက္ခဏာပြင်းထန်မှုပေါ်မူတည်ပြီး Histamine ကိုတားဆီးပေးသော
ဘာမီတွန်(Burmeton)ကနေ စတီးရွိုတ်(Steroid) အဒရီနလင်(Adrenaline)ထိ သုံးစွဲကုသပေးဖို့ လို
ပါမယ်..အခြားရောဂါလက္ခဏာများပေါ်မူတည်ပြီးလည်း သင့်တော်သလိုကုသရပါမယ်..ဒါ့ကြောင့်ဓါတ်
မတည့်ခြင်းရောဂါ ဖြစ်ပွားပြီဆိုရင် ကိုယ်နဲ့မတည့်တဲ့အစားအစာ ပစ္စည်းများကို သေချာသိထားအောင်
ဂရုထားမှတ်သားပြီး ရှောင်ကြဉ်ဖို့လိုအပ်ကြောင်း ရေးသားလိုက်ပါတယ်…

Read More...