Showing posts with label Diabetes. Show all posts
Showing posts with label Diabetes. Show all posts

Saturday, April 4, 2009

US Health Care System & Diabetes

အမေရိကန် နိုင်ငံမှ ကျန်းမာရေးစောင့်ရှောက်မှု စနစ်နှင့် ဆီးချို ရောဂါ အကြောင်း တစေ့တစောင်း


တခြားနိုင်ငံမှာ လတ်တလော ဖြစ်ပျက်နေတဲ့ အကြောင်းအရာလေးတွေကိုလဲ ဒီမှာ တင်ပြလို့ရတယ်လို့ ပြောထားတဲ့အတွက် အမေရိကန် နိုင်ငံက ကျန်းမာရေး စနစ်နဲ့ ဆီးချိုရောဂါ အခြေအနေလေးကို အနည်းငယ် တင်ပြချင်ပါတယ်။

အမေရိကန် နိုင်ငံလို့ ဆိုလိုက်တာနဲ့ လူအတော်များများက ကမ္ဘာပေါ်မှာ ဘာမဆို ထိပ်ဆုံးက ရှိနေမယ်။ အစစ အရာရာ အကောင်းဆုံးတွေ ဖြစ်မယ်လို့ ထင်မှတ်မှားမိတတ်ကြပါတယ်။ တကယ်တမ်းမှာ ကောင်းတာတွေ အများကြီး ရှိသလို ဆိုးတာတွေလဲ အများကြီး ရှိပါတယ်။ စင်းလုံးချော မဟုတ်တာကတော့ သဘာဝ တရားလေးပါ။

ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က အမှတ်ပေး ဆုံးဖြတ်ထားတဲ့ ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေး အဆင့်အတန်းမှာ အမေရိကန် နိုင်ငံက ပထမ ဆယ်နိုင်ငံ ထဲမှာတောင် မ၀င်ဘူးဆိုရင် အံ့သြကြလေမလား။ သူ့ရဲ့ အဆင့်က (၃ရ) မှာ ရှိပါတယ်။ နံပါတ်(၁) က ပြင်သစ်နိုင်ငံ ဖြစ်ပြီး၊ နံပါတ်(၂)က အီတလီ နိုင်ငံ ဖြစ်ပါတယ်။

ဒါက ဘာကြောင့် ဖြစ်ရတာလဲဆိုတာလေးကို နားလည်သလောက် ပြန်ပြောပြရမယ် ဆိုရင် အမေရိကန်တွေက အားလုံး တပြေးညီ တန်းတူ ရရှိကြမယ့် ကျန်းမာရေး စနစ်မျိုးကို socialize medicine လို့ သတ်မှတ်ပြီး အလွန်အမင်း ကြောက်ရွံ့ ထိတ်လန့် ကြပါတယ်။ ဒီလို စနစ်မျိုး ပေါ်လာရင် သူတို့မှာ ရွေးချယ်နိုင်မှုတွေ ကျဆင်းသွားမယ်၊ ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေးတွေကို ရသင့်သလောက် မြင့်မြင့်မားမား မရရှိနိုင်တော့ဘူးလို့ ယူဆထားကြပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ရယူဖို့အတွက် လူအများစုက ကျန်းမာရေး အာမခံ စနစ်တွေကို ၀ယ်ယူ ထားရှိရပါတယ်၊ ဒါမှမဟုတ် သူတို့ရဲ့ အလုပ်ရှင်တွေက သူတို့ကို ၀ယ်ယူပေး ကြရပါတယ်။ ဒါမှ တစ်ခုခု ဖြစ်လာရင် မတန်တဆ ပေးရတဲ့ ကျန်းမာရေး ၀န်ဆောင်မှုတွေရဲ့ ကုန်ကျစရိတ် ဒဏ်ကို မခံစားရမှာပါ။ အဲဒီလို မ၀ယ်ယူနိုင်သူ၊ မရရှိ နိုင်သူတွေက ၂၀၀၇ ခုနှစ်မှာ ၄၅.၇ သန်းအထိ ရှိခဲ့ပါတယ်။ အခုက ပိုများမယ်လို့ ခန့်မှန်းရပါတယ်။

ကျန်းမာရေး အာမခံတွေကို ပေးနေတာက ပုဂ္ဂလိက ကုမ္ပဏီတွေက အဓိက ဖြစ်ပါတယ်။ ဒါတွေကို ထိန်းချုပ်ထားတဲ့ ဗဟို စနစ် မရှိတဲ့အတွက် ကျန်းမာရေး စောင့်ရှောက်မှု စနစ်က တစ်စစီ ပြန့်ကျဲနေပါတယ်။ အမေရိကန် နိုင်ငံသားတွေ ကိုယ်တိုင်တောင် သူတို့ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်အကြောင်းကို သေသေချာချာ မသိကြတာ များပါတယ်။ အစိုးရကနေ ပေးတဲ့ ကျန်းမာရေး အာမခံကို ရရှိသူတွေထဲမှာ စစ်ဘက်ဆိုင်ရာ ၀န်ထမ်းတွေ၊ ဖီဒရယ် အစိုးရ ၀န်ထမ်းတွေနဲ့ အသက်(၆၅)နှစ်နဲ့ အထက် လူအများစု၊ အချို့သော ရောဂါ ရှိသူတွေ (ဥပမာ မျက်လုံးကန်း သွားတဲ့သူတွေ၊ ကျောက်ကပ် ပျက်စီး သွားတဲ့သူတွေ)၊ သတ်မှတ်ထားတဲ့ အတိုင်းအတာ တစ်ခု အထိ ဆင်းရဲသူတွေ ပါဝင်ပါတယ်။

ကျန်းမာရေး အာမခံ ရရှိပြီးသား သူတွေမှာတောင် တစ်ခုခု ဖြစ်လို့ ဆေးရုံ၊ ဆေးခန်းမှာ ပြရပြီဆိုရင် ကိုယ့်ဘက်ကလဲ ပြန်စိုက် ပေးရတာမျိုးတွေ ရှိပါတယ်။ ဥပမာ- တစ်ခါ ဆေးခန်းပြတိုင်း ၂၅ ဒေါ်လာကို ကိုယ့်ဖက်က ပေးရမယ် ဆိုတာမျိုးပေါ့။ အဲဒါတွေကလဲ အာမခံ တစ်ခုနဲ့ တစ်ခု သတ်မှတ်တာချင်း မတူလို့ အလွန်ကို နားလည်ရခက်ပြီး ရှုပ်ထွေးလှပါတယ်။ ဒီအကြောင်းလေးကို ပိုပြီး နားလည်ချင်တယ်ဆိုရင် ဒါရိုက်တာ Michael Moore ရိုက်တဲ့ sicko ဆိုတဲ့ ရုပ်ရှင်ကားလေးကို ရှာပြီး ကြည့်ကြပါလို့ပဲ ပြောချင်ပါတယ်။

အခု ဆီးချို ရောဂါရဲ့ အခြေအနေ အကြောင်းလေးကို ဆက်ပြောချင်ပါတယ်။

၂၀၀၈ ခုနှစ်မှာ CDC က ထုတ်ပြန်ခဲ့တဲ့ သတင်း အရ အမေရိကန် နိုင်ငံသား စုစုပေါင်းရဲ့ (၈)ရာခိုင်နှုန်းနီးပါးက ဆီးချိုရောဂါကို ခံစားနေရပါတယ်။ အရင်တုန်းက ဆီးချိုရောဂါကို type 1 က ကလေးတွေမှာ ဖြစ်တယ်၊ type 2 က လူကြီးတွေမှာ ဖြစ်တယ် ဆိုပြီး ပြောကြပေမယ့် အခုအချိန်မှာ အ၀လွန် ရောဂါရဲ့ စနက်ကြောင့် type 2 ကို ကလေးတွေနဲ့ ပိုမို ငယ်ရွယ်တဲ့ အသက်အရွယ်တွေမှာ တွေ့နေရပြီ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံရဲ့ ဆီးချို ရောဂါ ဖြစ်ပွားသူတွေထဲမှာ type 1 က ၁၀ ကနေ ၁၅ ရာခိုင်နှုန်းလောက်အထိပဲ ရှိပြီး type 2 က ၉၀ ကနေ ၉၅ ရာခိုင်နှုန်း လောက်အထိ ရှိတယ်လို့ သိရှိရပါတယ်။ Type 2 က ကာကွယ်လို့ ရနိုင်လောက်တဲ့ ဆီးချိုရောဂါ အမျိုးအစားပါ။ ဒါပေမယ့် ကာကွယ်မှုတွေ လုံလောက်အောင် မလုပ်နိုင်ခဲ့တဲ့ အတွက် ၁၉၈၀ နဲ့ ၂၀၀၆ ခုနှစ်အတွင်းမှာ အမေရိကန် နိုင်ငံမှာ ဆီးချိုရောဂါရှိသူ ဦးရေက သုံးဆ အထိ မြင့်တက်သွားခဲ့ပါတယ်။ ဒီပုံအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် အမေရိကန် နိုင်ငံသား ၃ ယောက်မှာ တစ်ယောက်ဟာ တစ်ချိန်ချိန်မှာ ဆီးချိုရောဂါကို ခံစားရနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။

ဆီးချိုရောဂါကလည်း ပျောက်အောင် ကုလို့ မရတဲ့ ရောဂါ ဝေဒနာ တစ်ခု ဖြစ်တဲ့အတွက် ဒီရောဂါ ရှိနေပြီလို့ သိရပြီဆိုရင် ကာယကံရှင်တွေမှာ အလွန်အမင်း တုန်လှုပ်မှုကို ခံစားကြရပါတယ်။ ကျန်းမာရေးကို စနစ်တကျ စောင့်ရှောက် နေထိုင်ရင် သာမန်လူတွေလိုပဲ နေနိုင်တယ် ဆိုပေမယ့် ကျန်းမာရေး စောင့်ရှောက်မှုအတွက် ကုန်ကျစရိတ်တွေ၊ အစားအသောက် ဆင်ခြင်ရတာ၊ ကိုယ့်ကိုယ်ကို ဂရုစိုက်နေရတာတွေက တစ်နေ့ ၊ တစ်လ ကိစ္စ မဟုတ်တဲ့ အတွက် တော်တော်လေးကို ၀န်ပိစေနိုင်တဲ့ ရောဂါပါ။ ဂရုမစိုက်ဘဲ ပစ်ထား ပြန်ရင် ရလာမယ့် ဆိုးကျိုးတွေကလဲ ပြင်းထန်ပါတယ်။

အမေရိကန် နိုင်ငံမှာ အဓိက မျက်စိကန်းရတဲ့ အကြောင်းအရင်း၊ ကျောက်ကပ် ပျက်စီးရတဲ့ အကြောင်းအရင်း အသစ်တွေထဲမှာ လောလောဆယ် ဆီးချိုရောဂါက ထိပ်ဆုံးမှာ နေရာယူထားပါတယ်။ ဂရုစိုက်မယ် ဆိုရင် ကာကွယ်လို့ ရတဲ့ အဲဒီဆိုးကျိုးတွေကို ကာကွယ်နိုင်ဖို့ ရောဂါ ရှိသူတွေက ကျန်းမာရေး အသိပညာ လုံလုံလောက်လောက် ရရှိဖို့လိုပါတယ်။ ဒါပေမယ့် တချို့ကျန်းမာရေး အာမခံတွေက အဲဒီလို ကျန်းမာရေး အသိပညာ ခံယူဖို့အတွက် စရိတ်စကတွေကို မပေးပါဘူး။ ဆရာဝန်တွေ၊ အထူးကုတွေကလည်း လူနာတွေကို သေသေချာချာ ကျန်းမာရေး ပညာပေးဖို့၊ သတင်းအချက်အလက်တွေ ပေးဖို့ အချိန် မပေးနိုင်ကြပါဘူး။ အဲဒါကြောင့် ဆီးချို ဝေဒနာရှင်တွေခမျာ ကိုယ့်ကိုယ်ကို လိုအပ်သလို မစောင့်ရှောက်နိုင်၊ ကုသမှုတွေကို တိတိကျကျ မလိုက်နာနိုင်တာတွေ ဖြစ်ကုန်ကြပါတယ်။

ကျန်းမာရေး အာမခံ မထားနိုင်တဲ့သူတွေက စရိတ်စက ကြီးလို့ ကျန်းမာရေး စောင့်ရှောက်မှုကို လက်လှမ်း မမီနိုင်ကြပါဘူး။ ကျန်းမာရေး အာမခံ ထားပေမယ့် ကိုယ့်ဖက်က ပြန်စိုက်ရတာတွေ များနေတဲ့ သူတွေကလဲ ကုသမှုတွေကို လုံလောက်အောင် မခံယူနိုင်ကြပါဘူး။ အဲ .. ဒါပေမယ့် သိပ် အခြေအနေ ဆိုးပြီး မျက်လုံးကန်းတဲ့ အခြေအနေအထိ ရောက်ပြီဆိုရင်တော့ အစိုးရက ပေးတဲ့ အာမခံ တစ်ခု ဖြစ်တဲ့ Medicaid ကနေ တစ်ဆင့် လိုအပ်တဲ့ ကုသမှုတွေ၊ ပစ္စည်း ကိရိယာတွေ၊ ဆေးဝါးတွေကို ရရှိနိုင်ပါတယ်။ မျက်စိ မမြင်သူတွေ ကိုယ့်ဖာသာကိုယ် သွေးဖောက်လို့ရအောင် အသံထွက်တဲ့ သွေးချို စစ်ဆေး စက်ကလေးကိုလဲ လိုအပ်ရင် Medicaid က ထောက်ပံ့ပါလိမ့်မယ်။ ကျောက်ကပ် ပျက်စီးပြီး dialysis စက်နဲ့ နေရပြီ ဆိုတဲ့ အခြေအနေမှာလဲ အဲဒီအတွက် လိုအပ်ချက်တွေကို အစိုးရ အာမခံတွေကနေ ရယူနိုင်ပါတယ်။ အဲဒီတော့ အခြေအနေက အဲလောက်အထိ ဆိုးအောင် စောင့်ရမလို ဖြစ်နေပါတယ်။ အဲဒီအတွက်လဲ ကုန်ကျ စရိတ်တွေ များနေပါတယ်။

အမေရိကန် နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အတွက် စုစုပေါင်း ကုန်ကျငွေ ၅ ဒေါ်လာမှာ ၁ဒေါ်လာက ဆီးချို ရောဂါ ခံစားနေရသူတွေအတွက် တိုက်ရိုက် စောင့်ရှောက်မှု ပေးနေရတဲ့ ကုန်ကျစရိတ် ဖြစ်ပြီး ကုန်ကျငွေ ၁၀ဒေါ်လာမှာ ၁ ဒေါ်လာက ဆီးချိုရောဂါနဲ့ ပတ်သက်တဲ့ သွယ်ဝိုက်သော ကုန်ကျမှုတွေအတွက် ပေးနေရတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။ ဒီအခြေအနေကို ပြည်သူ့ကျန်းမာရေး လုပ်ငန်းဆောင်ရွက်နေကြတဲ့ ပညာရှင်တွေက မှားနေတယ်လို့ ဆိုကြပေမယ့် ပြင်ဆင်နိုင်ဖို့က ခဲယဉ်းနေပါသေးတယ်။

အမေရိကန် နိုင်ငံသားတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအပေါ် မြင်ကြတဲ့ အမြင်တွေ၊ ခံယူမှုတွေအပြင်၊ ငွေကြေးရှိပြီး သြဇာကြီးမားတဲ့ ကျန်းမာရေး အာမခံ ကုမ္ပဏီတွေရဲ့ ၀ါဒဖြန့်မှု၊ သိမ်းသွင်းမှုတွေက ကျန်းမာရေး စောင့်ရှောက်မှုကို အမေရိကန် နိုင်ငံသားတိုင်း လက်လှမ်းမီနိုင်အောင် ဆောင်ရွက်ပေးနိုင်ဖို့ ခဲယဉ်းစေတဲ့ အကြောင်းအချက်တွေထဲမှာ အဓိက အချက် တစ်ခု အဖြစ် ပါဝင်နေပါတယ်။

မြင်မိ သိမိသလောက်ကလေးကို အတိုချုပ်ပြီး ပြန်မျှပေးတာမို့ ပြည့်စုံမှာတော့ မဟုတ်ပါဘူး။ ပိုသိချင်ရင် ဖတ်လို့ရအောင် နေရာလေးတွေ ညွှန်းပေးလိုက်ပါတယ်။

(စာကိုး -
CDC website
ADA website
Delivery health care in America : System Approach by Leiyu Shi & Douglas A. Singh
Diabesity by Francine R. Kaufman )

Read More...

Friday, July 25, 2008

Gestational Diabetes

ကိုယ်ဝန် ဆောင်ချိန် ဆီးချိုရောဂါ

ကိုယ်ဝန် မဆောင်ခင်နှင့် ကလေး မွေးပြီး နောက်ပိုင်းတွင် ရောဂါကို မတွေ့ရပဲ ကိုယ်ဝန် ဆောင်ချိန်၌သာ ဆီးချိုရောဂါကို စမ်းသပ် တွေ့ရှိရသည့် ဆီးချို အမျိုးအစားကို Gestational Diabetes (GD) ဟု ခေါ်ပါသည်။ ဆီးချို ရောဂါတွင် သွေးထဲ သကြားဓါတ် များခြင်း ကြောင့် ဖြစ်ပေါ်လာသော လက္ခဏာ တချို့သည် ကိုယ်ဝန်ဆောင်စဉ် အမျိုးသမီးများ ခံစားရသော ပုံမှန် လက္ခဏာများနှင့် လွန်စွာ ဆင်တူ သောကြောင့် အတိအကျ စမ်းသပ် စစ်ဆေးမှု မပြုလုပ်ပါက ဆီးချို ရောဂါ ရှိမရှိ သိရန် မလွယ်ကူပေ။ စမ်းသပ် စစ်ဆေးခြင်း မပြုလုပ် မိသဖြင့် ဆီးချို ရှိကြောင်းကို မသိလိုက်ရပဲ ကိုယ်ဝန်ဆောင် သက်တမ်းကို ဖြတ်သန်းခဲ့သော် ကလေးနှင့် မိခင်အတွက် နောက်ဆက်တွဲ ရေရှည် ဆီးချို ပြဿနာများ ဖြစ်လာ နိုင်ပေသည်။ ဆီးချိုနှင့် ပုံမှန် ကိုယ်ဝန် ဆောင်ချိန်တွင် အမျိုးသမီးများ ခံစား ရသည့် လက္ခဏာ တချို့ ဆင်တူ သော်လည်း ဖြစ်ရသည့် အကြောင်းအရင်းမှာ လုံးဝ ခြားနားပြီး ကုသမှု မှာလည်း လုံးဝ မတူ သည်ကို ကိုယ်ဝန်ဆောင် အမျိုးသမီးတိုင်း နားလည် ထားသင့်သည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်ချိန် ဆီးချို ဖြစ်နိုင်ခြေ ရှိသည်ဟု သတ်မှတ် ခံရနိုင်သည့် အမျိုးသမီးတိုင်း ဆီးချို ရှိမရှိကို မဖြစ်မနေ စမ်းသပ် စစ်ဆေးသင့်ပြီး ရောဂါ ရှိကြောင်း စမ်းသပ် တွေ့ရှိပါက သင့်တော်သော ကာကွယ် ကုသမှုများကို ဆောင်ရွက် သင့်ပါသည်။

Diabetes


ဆီးချိုရောဂါသည် ပန်ကရိယမှ ထုတ်လုပ်သော အင်ဆူလင် ဟော်မုန်းကို ဆဲလ်မှ ရရှိမှုမညီမျှခြင်း သို့မဟုတ် ထိရောက်စွာ အသုံး မပြုနိုင်ခြင်း တို့ကြောင့် သွေးထဲ၌ သကြားဓါတ် လွန်ကဲခြင်း ( Hyperglycaemia) ဖြစ်သည်ဟု ယခင် တင်ပြခဲ့သော Diabetes Mellitus နှင့် အင်ဆူလင် ဟော်မုန်း ဆက်နွယ်မှုနှင့် Diabetes Management and Complications နှစ်ခုတွင် ဖေါ်ပြခဲ့ပြီး ဖြစ်ပါသည်။ ဆီးချို ရောဂါ အကြောင်းကို လုံးဝ လေ့လာထားခြင်း မရှိ သေးသည့် စာဖတ်သူများ အနေဖြင့် အရင် Post နှစ်ခုကို ဖတ်ပြီးမှ ယခု တင်ပြမည့် Gestational Diabetes ကို ဆက် ဖတ်သင့်ပါသည်။ ဆီးချို ရောဂါတွင် Type 1 နှင့် Type 2 နှစ်မျိုးရှိရာ ကိုယ်ဝန် ဆောင်ချိန် ၌ ဖြစ်သော ဆီးချိုရောဂါသည် အများအားဖြင့် အ၀လွန်ခြင်းနှင့် တွဲလေ့ရှိသည့် Type 2 မှာ ၉၈% ဖြစ်ပြီး Type 1 မှာ ၂% ဖြစ်ပါသည်။

Risk Factors of Gestational Diabetes ဖြစ်နိုင်ခြေရှိသည့် အချက်များ

ကျန်းမာရေး ဆိုင်ရာ စနစ်တကျ သုတေသနပြု မှတ်တမ်း တင်ထားသည့် နိုင်ငံများ၏ လက်ရှိ စာရင်းဇယားများ အရ ကိုယ်ဝန် ဆောင်ချိန်၌ ဆီးချို ရောဂါ ဖြစ်နိုင်ခြေ ရှိသည်ဟု သတ်မှတ် ထားခြင်း ခံထားရသည့် အမျိုးသမီး အတော် များများတွင် ဆီးချို ရောဂါ လက္ခဏာကို စမ်းသပ် တွေ့ရှိ နေရသည့်နှုန်းမှာ ယခင်ကထက် ပိုမို များပြားလျက် ရှိပါသည်။ ကိုယ်ဝန်ဆောင်ချိန်၌ ဆီးချိုရောဂါ ဖြစ်စေနိုင်သော အခြေအနေ တချို့မှာ ...
(၁) အသက် ၃၅ နှစ်ကျော်မှ ကလေးယူခြင်း၊
(၂) မိသားစုအတွင်း၌ ဆီးချိုရောဂါ ရှိခြင်း၊
(၃) သန္ဓေသား ပုံမှန်ထက် ကြီးထွားသည့် ကလေးကို ယခင်ကိုယ်ဝန်များ၌ မွေးဖူးခြင်း၊
(၄) ကိုယ်ဝန်ဆောင်စဉ် အ၀လွန်ခြင်း (BMI >27 in Asian & BMI >30 in Caucasian and others)

စသည်တို့ ဖြစ်ပါသည်။

ထို့အပြင် သြစတြေးလျနိုင်ငံတွင် နောက်ဆုံး လေ့လာ တွေ့ရှိ ထားချက်အရ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၀-၁၅% မှာ Gestational Diabetes ကို စမ်းသပ် တွေ့ရှိရပြီး အာရှ၊ အိန္ဒိယ၊ ပစိဖိတ်ကျွန်းနှင့် သြစတြေးလျား ဌာနေတိုင်းရင်းသား အမျိုးသမီးများတွင် ဥရောပ လူဖြူမျိုးနွယ် ကော့ကေးရှန် များထက် ရောဂါ ရရှိသည့် ရာခိုင်နှုန်း ပိုများသည်ဟု သိရပါသည်။ ထို့ကြောင့် အထက်ပါ လေ့လာ ထားချက်အရ အာရှနွယ် မြန်မာ အမျိုးသမီးများ သည်လည်း ကိုယ်ဝန် ဆောင်စဉ် ဆီးချို ဖြစ်နိုင်ခြေများသည့် စာရင်းထဲပါနေသဖြင့် ကိုယ်ဝန် ဆောင်စဉ် အထက်ဖေါ်ပြပါ အခြေအနေထဲမှ အနည်းဆုံး တခုနှင့် တိုက်ဆိုင်နေပါက ဆီးချို ရောဂါ ရှိမရှိကို မိသားစု ဆရာဝန်နှင့် တိုင်ပင်၍ မဖြစ်မနေ စစ်ဆေး သင့်ပါသည်။ Type 1 ဖြစ်ပွားနှုန်း နည်းသော်လည်း လုံးဝမဖြစ်နိုင်သည့် အခြေအနေ မဟုတ်သဖြင့် ကိုယ်ဝန်ဆောင်စဉ် ပိန်လွန်းသော အမျိုးသမီးများ အားလည်း Type 1 ဆီးချို ရှိမရှိ စစ်ဆေး သင့်ပါသည်။

Gestation ကိုယ်ဝန်ဆောင်ခြင်း

ကိုယ်ဝန် ဆောင်ခြင်းသည် မမျိုးဥနှင့် ဖိုသုတ်ကောင်တို့ ပေါင်းစပ်ခြင်းဖြင့် Zygote ခေါ်သန္ဓေ သားလောင်းကို ဖြစ်ပေါ်စေပြီး မိခင်၏ သားအိမ်၌ သန္ဓေသား ကြီးထွားစေသည့် ကိုးလကျော် ကာလ ဖြစ်ပါသည်။ ထိုကာလ၌ ခန္ဓာကိုယ်အတွင်းရှိ ဟော်မုန်းအပြောင်းအလဲနှင့် သန္ဓေသားကြီးထွားမှုတို့ကြောင့် ခန္ဓာကိုယ် အင်္ဂါအဖွဲ့စည်း အသီးသီးရှိ အလုပ်လုပ်မှုစနစ် တချို့ကို ပြောင်းလဲစေပြီး ပုံမှန်မဟုတ်သည့် လက္ခဏာ များကို ကိုယ်ဝန်ဆောင် အမျိုးသမီးများ ခံစား ရလေ့ရှိပါသည်။ အစာခြေအင်္ဂါအဖွဲ့အစည်း (GIT) တွင် gonadal ဟော်မုန်း မြင့်တက်ခြင်း ကြောင့် အစာခြေမှု စနစ်ကို ထိခိုက်ပြီး ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ စိတ် မတည်မငြိမ် ဖြစ်ခြင်း ကို ဖြစ်စေပါသည်။ ဆီးစွန့် အင်္ဂါ အဖွဲ့အစည်းတွင် သားအိမ်မှ ဆီးအိတ်အား ဖိထားသောကြောင့် လည်းကောင်း၊ ကျောက်ကပ်၏ အရည် စစ်ထုတ်နှုန်း (Glomerular filtration rate) မြင့်မား လာခြင်းကြောင့် လည်းကောင်း ဆီးများများ သွားခြင်းနှင့် မကြာခဏ သွားခြင်းကို ဖြစ်ပေါ်စေပါသည်။ အသက်ရှူ အင်္ဂါ အဖွဲ့အစည်းတွင် အသက်ရှူနှုန်း မြန်လာခြင်းကြောင့် အဆုပ်၏ ပုံမှန် လေ၀င်လေထွက်နိုင်သည့် အကျယ်အ၀န်း (Tidal Volume) များ လာပြီး ချွဲသလိပ်များ အထွက်များ လာသည်။

နှလုံးသွေးကြော အဖွဲ့အစည်းတွင် သွေးအထုတည် များလာခြင်းနှင့် နှလုံးမှ သွေးလွှတ်ကြောသို့ ထုတ်သည့်အား (Cardiac Output) များခြင်း တို့ကြောင့် သွေးဖိအား များလာစေပြီး နှလုံးသို့ ပြန်လာသော သွေးပြန်ကြော၏ သွေးစီးမှု နှေးကွေး လာသောကြောင့် ခန္ဓာကိုယ် အောက်ပိုင်း အထူးသဖြင့် ခြေသားလုံး တ၀ိုက်တွင် သွေးပြန်ကြောများ ထုံးပြီး သွေးပြန်ကြော ပိတ်ဆို့ခြင်းများ ဖြစ်နိုင်ပေသည်။ ကိုယ်ဝန် ဆောင်စဉ် အမျိုးသမီးများ ခံစားရသည့် လက္ခဏာတချို့သည် ဆီးချိုရောဂါတွင်လည်း တွေ့ရပြီး မူးဝေခြင်း ပျို့အန်ခြင်း၊ ဆီး မကြာခဏ သွားခြင်းနှင့် သွေးဖိအား များခြင်း စသည့် လက္ခဏာ များသည် သာမာန် ကိုယ်ဝန်ဆောင်များအတွက် ပုံမှန်ဖြစ်၍ စိုးရိမ် ဖွယ်ရာ မရှိသော်လည်း အကယ်၍ ဆီးချို (Gestational Diabetes) ကြောင့် ဖြစ်ပါက အထူးစိုးရိမ်ရပြီး သွေးထဲရှိ သကြားဓါတ်ကို ပုံမှန် ဖြစ်အောင် ချက်ချင်း ထိန်းညှိပေးရန် လိုအပ်ပါသည်။

Complications of Gestational Diabetes ဖြစ်လာနိုင်မည့် ပြဿနာများ

ကိုယ်ဝန်ဆောင်စဉ် ဆီးချို ရရှိထားပါက ကလေးနှင့် မိခင် နှစ်ဦးစလုံး အတွက် နောက်ဆက်တွဲ ပြဿနာများ ရှိသဖြင့် ပြဿနာကို မကြီးထွား လာစေရန် ကာကွယ် ကုသရပေမည်။ သာမာန်အားဖြင့် ကိုယ်ဝန်ဆောင်စဉ် ဆီးချို ရရှိသော အမျိုးသမီးများသည် တနှစ်မှ ၁၀ နှစ် အတွင်းတွင် Type 2 နာတာရှည် ဆီးချို ရောဂါကို ရရှိ သွားနိုင်ပါသည်။ ရေတို ကာလတွင်လည်း ကိုယ်ဝန်ဆောင်စဉ် သွေးထဲ သကြားဓါတ်ကို ကောင်းစွာ မထိန်းချုပ် နိုင်ပါက မွေးဖွားသည့် အချိန်တွင် ကလေး ခန္ဓာကိုယ် ကြီးမားခြင်း။ ကလေးသေနှုန်းနှင့် ပုံမှန် မဟုတ်ပဲ မွေးဖွားရသည့်နှုန်း တက်လာခြင်း စသည့် အခြေအနေများကို ရင်ဆိုင် ရနိုင်ပါသည်။ ရေရှည် တွင်လည်း မွေးဖွားလာသော ကလေးအား သတိကြီးစွာ မစောင့်ရှောက်ပါက ကလေးဘ၀ တလျှောက်တွင် အ၀လွန်၍ ၁၀ ကျော်သက် အရွယ်တွင် ကလေးမှာ ဆီးချို ရောဂါ ရရှိနိုင်ပါသည်။ မိခင် အတွက်လည်း ကလေးမွေးပြီး နှစ်အနည်းငယ် အတွင်း နာတာရှည် ဆီးချိုရရှိနိုင်ပါသည်။ အကယ်၍ ဆီးချိုကို ကောင်းစွာ ထိန်းချုပ်နိုင်ပြီး ကလေးမွေးပြီး ကာလတွင်လည်း ဘ၀ လူနေမှုပုံစံ ပြောင်းကာ အာဟာရ၊ လေ့ကျင့်ခန်းနှင့် ကိုယ်အလေးချိန်ကို ထိန်းနိုင်ပါက မိခင်တွင် ရောဂါရရှိခြင်းမှ ၅၈% လျှော့သွား နိုင်ပါသည်။

Diet and Exercise အဟာရနှင့် လေ့ကျင့်ခန်း

ကိုယ်ဝန်ဆောင်မိခင်သည် အစာအဟာရ လုံလောက်စွာ စားသုံးရန်လိုပါသည်။ Glycaemic လျှော့နည်းသည့် ကာဗွန် ဟိုက်ဒရိတ်ကို အကန့်အသတ်ဖြင့် မနက်၊ နေ့လည်၊ ညနေစာအပြင် အစာစားသည့် အကြိမ်တိုင်းတွင် အနည်းငယ်စီ ပါဝင်အောင် ထည့်စားရန် လိုပါသည်။ အင်ဆူလင် ထိုးဆေး အသုံးပြုရန် လိုအပ်မှု လျှော့နည်းစေရန် ကာဗွန်ဟိုက်ဒရိတ် စားသုံးသည့် ပမာဏကို ခန္ဓာကိုယ် အတွက် လိုအပ်သည့် စုစုပေါင်း ကယ်လိုရီ၏ ၄၀% အထိသာ ကန့်သတ် စားသုံးသင့်သည်။ မနက်ပိုင်းတွင် အင်ဆူလင် ခံနိုင်ရည်ရှိမှု ပိုများ သောကြောင့် မနက်စာတွင် ကာဗွန်ဟိုက်ဒရိတ်ကို အနည်းငယ်သာ စားသုံးသင့်ပါသည်။ သွေးထဲ သကြားဓါတ် မြင့်တက်လာမှုကို လျှော့နည်း စေရန် ကိုယ်ဝန်ဆောင်ချိန်၌ တနေ့ လျှင် မိနှစ် ၃၀ ခန့် နေ့စဉ် ပုံမှန် သင့်တင့်သော လေ့ကျင့်ခန်း တခုခုကို လုပ်သင့်ပါသည်။

Follow up Programmes နောက်ဆက်တွဲ လုပ်ဆောင်ရန်လိုသည့် အချက်များ

GD ဖြစ်ခဲ့သော အမျိုးသမီးများသည် ကလေးမွေးပြီး ၂-၄ လအတွင်း Glucose Tolerance Test ဟု ခေါ်သော ဆီးချို စစ်ဆေးမှုကို ပြုလုပ် သင့်ပါသည်။ ဆီးချို မတွေ့ရှိပါက ဆက်လက်၍ နှစ်စဉ် သို့မဟုတ် နှစ်နှစ် တကြိမ် အမြဲ စစ်ဆေး သင့်ပါသည်။ GD ရရှိဖူးသည့် အမျိုးသမီးတိုင်း သက်ဆိုင်သည့် ကျန်းမာရေး ပညာရှင်များနှင့် တိုင်ပင် ညှိနှိုင်းကာ ဘ၀လူနေမှု ပုံစံကို ပြောင်း၍ အဟာရ၊ လေ့ကျင့်ခန်း၊ ကိုယ်အလေးချိန် ထိန်းချုပ်ခြင်း နှင့် မိသားစု စီမံကိန်းတို့ကို စနစ်တကျ စီစဉ်ပြီး လိုက်နာ ဆောင်ရွက် သွားရမည်။

Read More...

Monday, June 30, 2008

Diabetes Management and Complications

Diabetes Management

ဆီးချိုကြောင့် ဖြစ်လာနိုင်သည့် နောက်ဆက်တွဲရောဂါများ ကာကွယ်ခြင်းဖြစ်ပြီး သွေးထဲရှိ သကြားဓါတ်ကို အမြဲတမ်း ပုံမှန်ဖြစ်နေစေရန် ထိန်းညှိ ပေးခြင်း ဖြစ်သည်။ ဆီးချို ရောဂါသည် သွေးထဲ သကြားဓါတ် အလွန်အမင်း များခြင်း အပေါ်တွင် အရင်းခံသော်လည်း Diabetes Complication သည် သွေးထဲသကြားဓါတ် အလွန်အမင်း နည်းသည့်အခါတွင်လည်း ဖြစ်သောကြောင့် နှစ်ခုစလုံးကြောင့် ဖြစ်လာနိုင်သည့် အန္တရာယ်များကို ရောဂါသည်များ ကောင်းစွာ နားလည်ထားရမည်။ သို့မှသာ ရုတ်တရက်နှင့် နာတာရှည် နောက်ဆက်တွဲ ပြဿနာများ (Acute & Chronic complications) များကို ကောင်းစွာ ကာကွယ်နိုင်မည် ဖြစ်ပြီး ဤသို့ ကာကွယ်ခြင်း သည်ပင် Diabetes Management ဖြစ်သည်။


Management

ဆီးချိုရောဂါအား ကောင်းစွာ နှိမ်နှင်းရန် ဝေဒနာရှင်သည် ဘ၀ နေထိုင်မှု ပုံစံကို မဖြစ်မနေ ပြောင်းလဲရမည် ဖြစ်ပြီး အာဟာရကို မှန်ကန်စွာ စားသုံခြင်း၊ ကာယ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ခြင်းနှင့် ဆေးဝါး အသုံးပြုခြင်းဖြင့် သွေးထဲ သကြားဓါတ်ကို ပုံမှန် ဖြစ်အောင် ကောင်းစွာ ထိန်းချုပ်ရမည်။ သို့သော် Type 1 နှင့် Type 2 သည် ဆဲလ်များ၏ အင်ဆူလင် ဟော်မုန်းအပေါ် တုန့်ပြန်မှု မတူညီခြင်း၊ Type 1 သည် ကိုယ်အလေးချိန် လျှော့သည့် လက္ခဏာရှိပြီး Type 2 တွင် အ၀လွန်သူ အများစု ဖြစ်ခြင်းနှင့် တခြား သွေးတိုး၊ နှလုံး ရောဂါများနှင့်လည်း တွဲနေနိုင်ခြင်း စသည့် အမျိုးအစား နှစ်ခုအကြား မတူ ကွဲပြားသည့် အချက်များ ရှိသောကြောင့် ဆေးဝါးကုသမှု (Medical Treatment) တွင် အနည်းငယ် ကွာခြားပါသည်။

ကိုယ်အလေးချိန်

ပထမဦးစွာ ဆေးလိပ် သောက်သူဖြစ်ပါက ဆေးလိပ် ဖြတ်ရမည် ဖြစ်ပြီး အ၀လွန်သော Type 2 သမားများသည် ကိုယ်အလေးချိန်ကို လျှော့၍ ပိန်လွန်းသော Type 1 သမားများသည် ကိုယ်အလေးချိန် ပုံမှန် ဖြစ်အောင် လုပ်ရမည်။ လူတယောက်တွင် ရှိသင့်သည့် ကိုယ်အလေးချိန်ကို Body Mass Index (BMI) ဖြင့် တိုင်းတာပြီး BMI 20-25 အထိကို ပုံမှန် ရှိသင့်သော ကိုယ်အလေးချိန်အဖြစ် သတ်မှတ်ထားပါသည်။ တွက်နည်းမှာ ကိုယ်အလေးချိန် ကီလိုဂရမ်ကို အရပ် စတုရန်းမီတာဖြင့် စား၍ (kg/m2) ရရှိသော အဖြေဖြစ်သည်။ ဥပမာ ကိုယ်အလေးချိန် 51kg နှင့် အရပ် 155cm=1.55m ရှိသူအတွက် 51/(1.55)2 = 21.2 ဖြစ်ပါသည်။ ထို့ကြောင့် အဟာရနှင့် လေ့ကျင့်ခန်းဖြင့် ဆီးချိုရောဂါ သမားများသည် ကိုယ်အလေးအချိန်ကို BMI 20-25 အတွင်း ထိန်းနိုင်လျင် နောက်ဆက်တွဲ ပြဿနာ များကို တစိတ်တဒေသ အားဖြင့် ကာကွယ်ပြီးသား ဖြစ်ပါသည်။ Type 2 Diabetes ကို ပုံမှန် ကိုယ်အလေးချိန် ထိန်းပြီး ရာနှုန်းပြည့် နီးပါး ကာကွယ်နိုင်သည်။

အာဟာရ

ဆီးချိုရောဂါအတွက် အာဟာရ သီးသန့် သတ်မှတ်ထားခြင်း မရှိ(Diabetes Australia, 2003) ပဲ ဆောင်ရန်၊ ရှောင်ရန် အချက်အနေဖြင့် အဆီလျှော့ စားခြင်း၊ သကြားကို လုံးဝရှောင်ခြင်း၊ တခြား အချိုပါသော အစား အသောက်များနှင့် အသီးနှံများ စားနိုင်သော်လည်း ချင့်ချိန်၍ စားခြင်းတို့ကို အဓိကလိုက်နာရမည် (Dr Carter, 2005)။ ထို့ကြောင့် ယေဘုယျအားခြင့် သာမန် Healthy Diet အဖြစ်သတ်မှတ်ထားသည့် စံအတိုင်း ကာဗွန်ဟိုက်ဒရိတ်ကို အများဆုံးစား၍ တခြား အဟာရများမှ ဟင်းသီးရွက်ကိုများများ၊ နို့ထွက်အစားအစာများနှင့် အသားငါးကိုအသင့်အတင့်၊ အဆီနှင့်ဆားကို နည်းငယ်သာစားခြင်း စသည်တို့ ပါဝင်သည့် Food Pyramid အတိုင်း လိုက်နာနိုင်ပါသည်။ ဆီးချိုရောဂါအတွက် အဟာရနှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက Dr Win Thein ရေးသည့် Diet for Diabetes ကို http://health.ngoinmyanmar.org/search/label/diabetes မှာလည်း ဖတ်ရှုနိုင်ပါသည်။

လေ့ကျင့်ခန်း

ဆီးချိုရောဂါ ဝေဒနာရှင်များအနေဖြင့် မပျော့လွန်း မပြင်းလွန်းသည့် ကာယလေ့ကျင့်ခန်းကို မိနှစ် ၂၀-၄၀ ခန့် တပတ်မှာ အနည်းဆုံး သုံးလေးကြိမ် ပြုလုပ်သင့်ပါသည်။ လေ့ကျင့်ခန်း လုပ်ခြင်းနှင့် အဟာရကို သင့်တင့်စွာ ပုံမှန် စားသောက်ခြင်းသည် အင်ဆူလင်ကို အလုပ်လုပ်အောင် နိုးဆော်ပေးခြင်းဖြစ်၍ Type 2 သမားများအတွက် ဆဲလ်၏ အင်ဆူလင် ခံနိုင်ရည်ရှိမှုကို လျှော့နည်းစေပါသည်။ ထို့အပြင် သွေးထဲသကြားဓါတ်၊ ကော်လက်စထရောလ် ပမာဏနှင့် သွေးဖိအားကို ပုံမှန်ဖြစ်အောင်လည်း ထိန်းညှိပေးသည်။ လေ့ကျင့်ခန်းသည် ရောဂါအမျိုးအစား နှစ်ခုစလုံး အတွက် နာ့ဗ်ကြောများနှင့် သွေးကြောများကို ပုံမှန်အလုပ်လုပ် စေသဖြင့် ၎င်းတို့ကို ပျက်စီးခြင်းမှ ကာကွယ်ပေးသည်။ ထို့ကြောင့် ဆီးချိုကို ဆေးဖြင့်အရင် မကုပဲ အာဟာရနှင့် လေ့ကျင့်ခန်းဖြင့် အရင်ကု၍ နောက်ပိုင်း သွေးထဲသကြားဓါတ်ကို ထိုနှစ်ခုဖြင့် မထိန်းချုပ်နိုင်မှသာ Combination therapy အဖြစ် ဆေးကို တွဲပေးပါသည်။

ဆေးဝါးများ

ဆီးချိုရောဂါဆေးများမှာ Oral Agent ဟုခေါ်သော သောက်ဆေးများနှင့် အရေပြားအောက် ထိုးပေးရသော အင်ဆူလင် ဟော်မုန်းဆေးများ ပါဝင်ပါသည်။

သောက်ဆေး

သောက်ဆေး အများစုသည် အင်ဆူလင် ခံနိုင်ရည်ရှိသည့် Type 2 Diabetes အတွက်ဖြစ်ပြီး ထင်ရှားသော သောက်ဆေးများမှာ အလုပ်မလုပ်နိုင်သော ဘီတာဆဲလ်ကို အလုပ်လုပ်အောင် အားပေးသည့် Sulfonylureas and Meglitinides, ဂလူးကို့စ်ကို ဆဲလ်ထဲသို့ ၀င်ရောက်အောင် အင်ဆူလင်၏ စွမ်းရည်အား မြှင့်တင်ပေးသည့် Biguanides, ဆဲလ်ကို အင်ဆူလင်နှင့် သဟဇာတဖြစ်စေရန် အကူအညီပေးသည့် Thiazolidinediones နှင့် ကစီဓါတ်ချေဖျက်မှုကို အားပေးသည့် အင်ဇိုင်းများအား အဟန့်အတားဖြစ်စေသည့် Alpha-glycosidase တို့ ဖြစ်ပါသည်။ အဟာရ၊ လေ့ကျင့်ခန်းနှင့် သောက်ဆေး သုံးမျိုးပေါင်းစပ်၍ ကုသပြီး သွေးထဲ သကြားဓါတ် များခြင်းကို မထိန်းချုပ်နိုင်သော လူနာများအတွက် အင်ဆူလင် ထိုးဆေးပါ တွဲပေးရသည်။

ထိုးဆေး

အင်ဆူလင်သည် ဆီးချိုရောဂါအတွက် တခုတည်းသော ထိုးဆေးဖြစ်သည်။ အစာအိမ်ထဲရှိ အစာချေရည် အက်ဆစ်ဓာတ်မှ အင်ဆူလင် အာနိသင်ကို ဖျက်ဆီးနိုင်သောကြောင့် အင်ဆူလင်ကို သောက်ဆေးအဖြစ် အသုံးမပြုနိုင်ပဲ ထိုးဆေးအဖြစ်သာ အသုံးပြုပါသည်။ Type 1 Diabetes တွင် ဘီတာဆဲလ်ကို အလုပ်လုပ်စေရန် အကူအညီပေးသည့် သောက်ဆေးများဖြင့် မထိရောက်နိုင်သောကြောင့် အင်ဆူလင် ထိုးဆေးကို စောစီးစွာ ပေးရလေ့ရှိပါသည်။ အင်ဆူလင် ထိုးဆေးအတွက် အင်ဆူလင် ဟော်မုန်းကို ယခင်က ၀က်နှင့် သိုးများမှ အများဆုံးထုတ်ယူ သုံးစွဲခဲ့သည်။

ယခု ခေတ်သစ် ဇီဝနည်းပညာ (Modern Biotechnology) ကျယ်ပြန့်စွာ ထွန်းကားလာပြီး နောက်ပိုင်းတွင် Human Insulin က တခြား အင်ဆူလင်များထက် ပိုမို အင်နိသင် ရှိသည်ကို စမ်းသပ်တွေ့ရှိရပြီး ယခုအချိန်တွင် Human Insulin ကို ပိုမို အသုံးပြု လာနေပါသည်။ Human Insulin ကို လူ့ခန္ဓာကိုယ်မှ တိုက်ရိုက် ထုတ်ယူခြင်းမဟုတ်ပဲ မျိုးရိုးဗီဇ ပြုပြင်ဖန်တီးသည့်ပညာ (Genetic engineering) ဖြင့် လူနှင့် ဘက်တီးရီးယား၏ DNA ကို ဖြတ်တောက် ပေါင်းစပ်ခြင်း ( Recombinant DNA) မှ ဘက်တီးရီးယား Plasmic ဆီမှတဆင့် ထုတ်လုပ်ပါသည်။ အင်ဆူလင်ထိုးဆေးကို လူနာအား အစာမစားမီ ၁၅-၄၅ မိနှစ်အတွင်း ထိုးပေးရပါသည်။ ထိုအခါ အင်ဆူလင် မှ သွေးကြောထဲရှိ ဂလူးကို့စ် မော်လီကျူးများအား ဆဲလ်ထဲရောက်အောင် ပို့ပေးနိုင်ခြင်းဖြင့် သွေးထဲ သကြားဓါတ် များခြင်းမှ ကာကွယ်ပေးသည်။

Complications

ဆီးချိုရောဂါ၏ နောက်ဆက်တွဲ ဆက်ပွား ရောဂါများကို ရုတ်တရက် (Acute Complication) နှင့် နာတာရှည် (chronic Complication) ဆက်ပွား ရောဂါ ဟူ၍နှစ်မျိုး တွေ့ရနိုင်ပါသည်။ Diabetes Management ကို ကောင်းစွာလိုက်နာခြင်းသည် နောက်ဆက်တွဲပြဿနာများကို ကာကွယ်ခြင်းဖြစ်၍ ဆရာဝန် ညွန်ကြားသည့်အတိုင်း မသွေမတိမ်း လိုက်နာခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

Acute Complications

သွေးထဲ သကြားဓါတ် အလွန်အမင်းနည်းသွားခြင်းကြောင့် ဖြစ်သော (Severe Hypoglycaemia)၊ သွေးထဲ၌ သကြားဓါတ် အလွန်အမင်းများ၍ သွေးကြောထဲ အညစ်အကြေးများဖြင့် ပြည့်နေသောကြောင့်ဖြစ်သော Diabetic Ketoacidosis နှင့် သွေးထဲသကြားဓါတ် အလွန်အမင်း များနေသည့်အချိန် ကြာသွားသောကြောင့် ဖြစ်သော Hyperosmolar Coma ဟူ၍ ထင်ရှားသည့် Acute Complication ၃ မျိုးရှိပါသည်။

Hypoglycaemia ဖြစ်ပါက လူနာသည် ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ ငိုကြွေးခြင်း၊ အကြမ်းဖက်ခြင်း စသည့် လက္ခဏာများကိုတွေ့ရပြီး အားအင်ကုန်ခန်း၍ နောက်ဆုံး သတိလစ်သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။ သတိမလစ်ပါက အချိုရည်တခုခုကို အမြန်ဆုံးတိုက်ပြီး သွေးထဲသကြားဓါတ်ကို ပြန်ဖြည့်ပေးနိုင်သည်။ လေ့ကျင့်ခန်းမလုပ်မီ သို့မဟုတ် အင်ဆူလင်ထိုးပြီး အစာမစားထားခြင်းကြောင့် ဖြစ်နိုင်သည်။ ထို့ကြောင့် ၎င်းကို ကာကွယ်ရန် ကာဗွန်ဟိုက်ဒရိတ်ကို သတ်မှတ်ထားသည့်အချိန်တွင် မလစ်ဟင်းစေပဲ မှန်မှန်စားရပြီး လေ့ကျင့်ခန်းမလုပ်ခင်နှင့် ကြားကာလ နားချိန်များတွင် စားရန်လည်း ကာဗွန် ဟိုက်ဒရိတ် အစာတခုခုကို အမြဲဆောင်ထားရမည်။

Diabetes Ketoacidosis နှင့် Hyperosmolar Coma သည် ဆင်တူ၍ မူးဝေခြင်း၊ ပျို့အန်ခြင်း၊ အလွန်အမင်း ရေဓါတ်ခမ်းခြောက်ခြင်း၊ ခန္ဓာကိုယ်အတွင်း သတ္တုဓါတ် မညီမျှခြင်းနှင့် ကိုယ်အလေးချိန် ချက်ချင်း လျော့ကျသွားခြင်း စသည့် လက္ခဏာများ တွေ့ရနိုင်ပြီး သတိလစ်သေဆုံးသည်အထိ ဖြစ်တတ်သည်။ Acute Complications အားလုံးသည် အသက်အန္တရယ် အထူး စိုးရိမ်ရသည် ဖြစ်၍ အရေးပေါ် ဆေးဝါးကုသမှု ချက်ချင်း လိုအပ်ပြီး ဆေးရုံ ချက်ချင်း တင်ရမည်။

Chronic Complications

မျက်စိပျက်စီးခြင်း (Retinopathy)၊ ကျောက်ကပ် ပျက်စီးခြင်း (Nephropathy)၊ နာ့ဗ်ကြောများကြောင့် ခြေထောက်ပျက်စီးခြင်း (Neuropathy)၊ နှလုံးရောဂါနှင့် လိင်ပိုင်းဆိုင်ရာ အင်အားမရှိခြင်း (Sexual dysfunction) တို့ပါဝင်သည်။

Retinopathy သည် ဆံချည်မျှင် သွေးကြောများပျက်စီး၍ မျက်ကြည်လွှာကို ထိခိုက်ပြီး မျက်စိေ၀၀ါးလာသည်။ု မျက်စိထဲ၌ အတိုင်းအတာတခုထိ ပျက်စီး သွားပြီးမှသာ မျက်စိမှုန် လာသည်ကို သတိထား မိသောကြောင့် မျက်စိပုံမှန် စမ်းသပ်ခြင်း မရှိပါက အသိနောက်ကျပြီး မျက်စိ ကွယ်သည်အထိ ဖြစ်တတ်သည်။ ထို့ကြောင့် အသိ နောက်မကျစေရန် ပုံမှန် မျက်စိ စစ်ဆေးခြင်းကို နှစ်စဉ် ပြုလုပ်ရမည်။

Nephropathy သည် ကျေက်ကပ်မှ အသားဓါတ်နှင့် အဆီပါသောဆီးများကို မကြာခဏစစ် ထုတ်ရသောကြောင့် ကျောက်ကပ် ယိုစိမ့်လာပြီးပုံမှန် အလုပ်မလုပ်နိုင် ဖြစ်သွားသည်။ သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်ခြင်း ကျောက်ကပ်ကို တနှစ်တကြိမ်စမ်းသပ်ခြင်းဖြင့် ကာကွယ်နိုင်သည်။

Neuropathy သည် အာရုံခံနာ့ဗ် (Sensory) နှင့် အာရုံတုန့်ပြန်သည့် နာ့ဗ် (Motor) များ ပုံမှန် အလုပ်မလုပ် သောကြောင့် ဖြစ်ရသည်။ ခြေလက်များ ထုံကျင်၍ ထိခိုက်နာကျင်မှုနှင့် ရောဂါကူးစက်မှုကို သတိမထား မိခြင်းကြောင့် ခြေထောက် ဖြတ်ရသည် အထိ ဖြစ်ခြင်း၊ မော်တာနာ့ဗ် ပျက်စီး သောကြောင့် ကြွက်သားများ ပျက်စီး၍ ခြေထောက်၏ ပုံသဏ္ဍန်ပြောင်းပြီး သားရေဖုများနှင့် အနာများဖြစ်လာကာ ခြေတဖက်လုံး ကူးစက်ပြီး ဖြတ်ရနိုင်ပါသည်။ ခြေတောက်အား ခြစ်ရာနှင့် အနာများရှိမရှိ နေ့စဉ်ဂရုတစိုက် ကြည့်ရှုစစ်ဆေးခြင်းဖြင့် ကာကွယ်နိုင်သည်။ နှလုံးရောဂါသည် သွေးတိုးနှင့်တွဲဖြစ်၍ နှလုံးသို့သွားသော သွေးကြောထဲတွင် အဆီဖတ်များ ပိတ်ခြင်း၊ သွေထဲကော်လက်စထရောလ် များပြီး သွေးကျောနံရံများတွင် အနည်ထိုင်၍ သွေးကြောများ မာကျောတောင့်တင်းလာခြင်းကြောင့် ဖြစ်သည်။

Sexual Dysfunction သည် ဆီးချိုရောဂါကြောင့် လိင်အင်္ဂါများသို့ သွားသော နာ့ဗ်ကြောနှင့် သွေးကြောများကို ထိခိုက်သောကြောင့် ဖြစ်ပြီး အမျိုးသမီးများတွင် အရည်ထွက်နည်းခြင်းနှင့် အမျိုးသားများတွင် လိင်တံတောင့်တင်းမှု အားနည်း၍ လိင်ဆက်ဆံစဉ် သုတ်မထုတ်နိုင်ခင် လိင်တံပျော့ခွေခြင်း ဖြစ်တတ်ပါသည်။

Bibliography

Cater, W. (2005). Home doctor: Know your body & look after it, (pp 112-120). Australia: Hinkler Books Pty Ltd.

Diabetes Australea. (2003). Living with type 2 diabetes: A practical hand book about managing type 2 diabetes. Australia: Diabetes Australia.

McCane & Huether. (2006). Pathophysiology: The Biological Basis for Disease in Adults and Children, (5thed). (pp 700-720). USA: Mosby.

Read More...

Wednesday, June 25, 2008

Diabetes Mellitus

ဆီးချိုရောဂါ ဖြစ်စဉ် နှင့် အင်ဆူလင် ဟော်မုန်း ဆက်နွယ်မှု


ဆီးချိုရောဂါသည် ကမ္ဘာတွင် အဖြစ်များဆုံး နာတာရှည်ရောဂါများအနက် တခု အပါအ၀င် ဖြစ်ပါသည်။ ဆီးချိုရောဂါ ရှိသည်ဟု စစ်ဆေး တွေ့ရှိပြီး ရောဂါ သတ်မှတ် ခံထားရ သူများသည် ဆီးချိုနှင့် ပတ်သက်သည့် ရောဂါဖြစ်စဉ်ကို အတိအကျ နားလည်ရန် အထူးလိုအပ် သောကြောင့် ကျန်းမာရေး ပညာပေးသူများ အနေဖြင့် လူနာအား နားလည်အောင် ပညာပေး အစီစဉ်များ လုပ်ဆောင်ရန် တာဝန်ရှိ ပေသည်။ လူနာများ မှလည်း ထိုပုဂ္ဂိုလ်များ၏ လမ်းညွှန်မှုကို မသွေမတိမ်း လိုက်နာရန် လိုအပ်ပါသည်။ ဆီးချို ရောဂါသည် ပျောက်ကင်း အောင် ကုသ၍ မရသော ရောဂါ ဖြစ်သောကြောင့် ရောဂါလက္ခဏာကို ထိန်းချုပ်ပြီး ဆက်ပွား ရောဂါများ မဖြစ်ပွားအောင် ကာကွယ်ခြင်း သည်သာ ၎င်း၏ အဓိက ကုသမှု ဖြစ်ပါသည်။ သို့သော် ရောဂါအား နိုင်နိုင်နင်းနင်း ထိန်းချုပ် နိုင်ပါက ဝေဒနာရှင်သည် ပုံမှန်အတိုင်း သက်တမ်းစေ့အောင် အသက်ရှင် နိုင်ပါသည်။ ထို့ကြောင့် ဆီးချို ရောဂါ ဝေဒနာ ရှင် များသည် ပုံမှန် ကျန်းမာသူ နီးပါး စိတ်ချ ယုံကြည်စွာ ဆက်လက် အသက်ရှင် နေနိုင်ရန် အတွက် ဆီးချိုကြောင့် ဖြစ်လာနိုင်သော ဆက်ပွား ရောဂါများ ကိုလည်း နားလည် ထားရန် အထူး လိုအပ် ပေသည်။ ဤသို့ နားလည်ထား မှသာလျင် မိမိရောဂါကို ထိရောက်စွာ ထိန်းချုပ်နိုင်မည် ဖြစ်ပြီး ကျရောက် လာနိုင်မည့် ဆက်ပွားရောဂါ အန္တရယ်ကိုလည်း အလေးအနက် ထားပြီး ကာကွယ်နိုင်မည် ဖြစ်ပေသည်။



ဆီးချိုရောဂါ ဖြစ်ရခြင်း အကြောင်းအရင်းကို အတိအကျ ရှာဖွေ ဖေါ်ထုတ်နိုင်ခြင်း မရှိသေး သော်လည်း လက်ရှိ လေ့လာချက် များအရ မျိုးရိုးဗီဇ၊ လူမျိုးနွယ်စုနှင့် ဘ၀လူနေမှုပုံစံ စသည်တို့ အပေါ်တွင် များစွာ အခြေခံသည်ဟု သိရှိထားပါသည်။ ဆီးချိုရောဂါသည် ပန်ကရိယမှ အင်ဆူလင်ဟော်မုန်းကို ပုံမှန် မထုတ်လုပ်ခြင်း သို့မဟုတ် အင်ဆူလင် ဟော်မုန်းကို ဆဲလ်များမှ ပုံမှန်အတိုင်း အသုံးမချနိုင်ခြင်း ကြောင့် ဖြစ်ပေါ်သော ရောဂါ ဖြစ်ပါသည်။ ဤသို့ ဖြစ်ရခြင်းမှာ သွေးထဲ၌ အချိုဓါတ် (Glucose) လွန်ကဲခြင်းနှင့် အခြားသော ခန္ဓာကိုယ် အတွင်း အစာဓါတ် ဖြစ်ပေါ်ပြောင်းလဲမှု (food Metabolism) ချွတ်ယွင်းခြင်း ကြောင့် ဖြစ်ပါသည်။ ဆီးချိုရောဂါတွင် အင်ဆူလင်ဟော်မုန်း မထုတ်လုပ်နိုင်ခြင်း သို့မဟုတ် လုံလောက်စွာ မထုတ်လုပ်ခြင်းကြောင့် ဖြစ်သော Insulin Dependence ခေါ် Type 1 Diabetes နှင့် အင်ဆူလင်ဟော်မုန်း အလုံလောက် ထုတ်လုပ်နိုင်သော်လည်း ဆဲလ်များမှ အင်ဆူလင်ကို ကောင်းစွာ အသုံးမပြု နိုင်သောကြောင့် ဖြစ်ရသော Insulin Resistance ခေါ် Type 2 Diabetes Mellitus ဟူ၍ အဓိက အမျိုးအစား နှစ်မျိုး ရှိပါသည်။ Type 1 Diabetes သည် ၁၀% ဖြစ်၍ ကလေးများနှင့် လူငယ်လူရွယ် များတွင် စတင်ဖြစ်ပွားလေ့ရှိသည်။ Type 2 Diabetes သည် ၉၀% ဖြစ်၍ အသက် ၄၀ ပတ်ဝန်းကျင် အရွယ်မှစ၍ အ၀လွန်ခြင်းနှင့် တွဲလျက် စတင် ဖြစ်လေ့ရှိပါသည်။ အမျိုးအစား နှစ်မျိုး စလုံးသည် အသက်အရွယ် မရွေးတွင် စတင် ဖြစ်ပွား နိုင်သောကြောင့် ၎င်းအား ရာနှုန်းပြည့် ပုံသေ ယူ၍ မရပဲ အမျိုးအစား နှစ်ခုကို အသေအချာ ခွဲခြား သတ်မှတ်ပြီးမှ မည်သည့် အမျိုးအစား ဖြစ်သည်ကို အတည်ပြု ရမည် ဖြစ်သည်။ ဆီးချိုရောဂါကို စစ်ဆေး သတ်မှတ်သည့် နည်းတချို့ရှိသော်လည်း အရိုးရှင်းဆုံး ရောဂါ သတ်မှတ်သော နည်းမှာ အနည်းဆုံး ရှစ်နာရီခန့် အစာ မစားထားသည့် အချိန်၌ သွေးထဲတွင် ဂလူးကို့စ် ပမာဏကို စမ်းသပ် ကြည့်၍ တလီတာတွင် ၈ မီလီမိုးလ် (8mmol/L) ကျော်ပါက ဆီးချိုရောဂါ အဖြစ် သတ်မှတ် နိုင်ပါသည်။

ဆီးချိုရောဂါတွင် အင်ဆူလင် ဟော်မုန်းသည် အဓိက အခန်း ကဏ္ဍမှ ပါဝင် နေသောကြောင့် အင်ဆူလင် ဟော်မုန်း အကြောင်းကိုလည်း သိထား သင့်ပေသည်။ အင်ဆူလင်သည် ပန်ကရိယထဲရှိ ဘီတာဆဲလ်မှ ထုတ်လုပ်သော ကာဗွန်ဟိုက်ဒရိတ် ဓါတ်ပြောင်းလဲမှုနှင့် သွေးထဲ ဂလူးကို့စ် ပမာဏကို ထိန်းညှိရန်အတွက် မရှိမဖြစ် လိုအပ်သော ဟောမုန်း တခုဖြစ်သည်။ ထမင်း၊ ပေါင်မုန့် ခေါက်ဆွဲ စသည့် ကာဗွန် ဟိုက်ဒရိတ်သည် ခန္ဓာကိုယ် ပုံမှန် အလုပ်လုပ် နိုင်ရန်အတွက် အဓိက လောင်စာဆီ ဖြစ်သည်။ စားသုံး လိုက်သော ကာဗွန်ဟိုက်ဒရိတ် များအား အစာခြေညက်မှု လုပ်ငန်းစဉ် အရ အစာခြေ အင်္ဂါအဖွဲ့အစည်းမှ ဂလူးကို့စ် (သကြားဓါတ်) အဖြစ်သို့ ပြောင်းလဲ ပေးလိုက် သောအခါ သွေးကြောထဲ၌ ဂလူးကို့စ် ပမာဏကို များပြား လာစေပါသည်။


အင်ဆူလင်ကို ထုတ်လုပ်သည့် နေရာနှင့် သွားသည့်လမ်းကြောင်း (dev.nsta.org/evwebs)


အင်ဆူလင် ဟော်မုန်း မမျှတခြင်းကြောင့် ဂလူးကို့စ်ကို ဆဲလ်မှ မစုပ်ယူနိုင်သောကြောင့် သွေးကြောထဲ၌ စုပြုံနေခြင်း (http://z.about.com/f/p/)

ထိုသို့ များပြား လာသောအခါ ပုံမှန် အခြေအနေ တွင် သွေးထဲရှိ ဂလူးကို့စ် ပမာဏကို 3-8mmol/L အတွင်း အမြဲတမ်း ရှိနေအောင် ပန်ကရိယမှ အင်ဆူလင်ကို လိုအပ်လျင် လိုအပ်သလို ထုတ်လုပ်ပြီး ထိန်းညှိ ပေးပါသည်။ ထို့နောက် သွေးထဲမှ ဂလူးကို့စ်များကို အရိုးတွယ် ကြွက်သားနှင့် အဆီကြွက်သားများထဲရှိ အင်ဆူလင် မီခိုသည့် ဆဲလ်များထဲသို့ ရောက်အောင် အင်ဆူလင်က ပို့ဆောင်ပေးသည်။ အင်ဆူလင်မပါပဲ ဂလူးကို့စ်သည် ဆဲလ်ထဲသို့ မ၀င်ရောက် နိုင်သောကြောင့် ဤနေရာ၌ အင်ဆူလင်သည် ဂလူးကို့စ်ကို ဆဲလ်ထဲသို့ ပို့ဆောင်ရာ၌ ဆဲလ်တခါးကို ဖွင့်ပေးသည့် သော့ တစ်ခုဖြစ်သည်။ ထို့အပြင် အင်ဆူလင်သည် ဂလူးကို့စ် ချေဖျက်ခြင်းနှင့် အဆီတစ်ရှူးထဲရှိ အဆီများကို ချေဖျက်ခြင်းမှ ကာကွယ်ရန်နှင့် အသားဓါတ်များကို ထုတ်လုပ်နိုင်ရန် (Protein synthesis) ဆဲလ်များမှ စားသုံး၍ ပိုသျှံသော ဂလူးကို့စ်များအား အသည်းထဲ၌ သိမ်းထား ပေးသည်။

သို့သော် ဆီးချိုရောဂါတွင် အင်ဆူလင်ကို ပုံမှန်အတိုင်း အသုံးမပြု နိုင်ခြင်းကြောင့် သွေးထဲ ဂလူးကို့စ် ပမာဏကို ပုံမှန်အတိုင်း ထိန်းချုပ်ရန် မဖြစ်နိုင်ပါ။ Type 1 diabetes တွင် အင်ဆူလင်မပါပဲ သို့မဟုတ် အင်ဆူလင် မလုံလောက်ပဲ ဆဲမှ ဂလူးကို့စ်ကို မရနိုင်သကဲ့သို့ Type 2 Diabetes တွင် အင်ဆူလင်ကို ဆဲလ်က အသုံးပြုနိုင်စွမ်း မရှိသောကြောင့် ဆဲလ်မှာ အစာ ပြတ်လပ်မှုကို ဖြစ်စေသည်။ ထိုအခါ ဂလူးကို့စ်သည် သွေးကြောထဲ၌ လှည့်လည်နေပြီး သွေးထဲ သကြားဓါတ် လွန်ကဲခြင်း (Hyperglycaemia) ကို ဖြစ်စေပါသည်။ ဤသည်ပင် ဆီးချိုရောဂါ၏ အဓိကမူလ ပြဿနာ ဖြစ်ပေသည်။

သွေးထဲ ဂလူးကို့စ် လွန်ကဲနေမှုကို အချိန်မီ မထိန်းညှိ ပေးနိုင်ပါက ဆဲလ်များ ရေဓါတ် ခန်းခြောက်ခြင်းကြောင့် ရေငတ်ခြင်း၊ သွေးထဲရှိ ဂလူးကို့များကို ကျောက်ကပ်မှတဆင့် ဆီးအဖြစ် စွန့်ပစ်ရသောကြောင့် ဆီးထဲ သကြားဓါတ် များပြားပြီး ဆီး မကြာခဏ သွားခြင်း၊ ညဘက် အိပ်ရေးပျက် လောက်အောင် ဆီးခဏခဏ သွားခြင်း၊ ခန္ဓာကိုယ်ထဲရှိ တခြား သတ္တုဓါတ်များ မညီမျှဖြစ်ခြင်း (Electrolyte imbalance) နှင့် ဆဲလ်များ အစာမရခြင်း ကြောင့် ဆာလောင်ခြင်း၊ အားအင်ကုန်ခန်းခြင်း စသည့် လက္ခဏာများကို ဖြစ်ပေါ်စေပါသည်။ ဆီးချိုရောဂါအား အချိန်မီ ကုသခြင်း မပြုလုပ်ပါက ရေတိုနှင့် နာတာရှည် ဆက်ပွားရောဂါ အန္တရာယ်များအား မလွဲမသွေ ကြုံတွေ့ ရမည် ဖြစ်သည်။

ကုသမှုနှင့် ဆက်ပွား ရောဂါများအား ဆက်လက် ဖေါ်ပြပါမည်။


Bibliography

http://dev.nsta.org/evwebs/1150/images/type1diabetes.jpg

http://z.about.com/f/p/440/graphics/images/en/19204.jpg

McCane, K.L. & Huether, S.E. (2006). Pathophysiology: The Biological Basis for Disease in Adults and Children, (5thed). (pp 700-720). USA: -Mosby.

Semb, S. (2005). Nursing management: Diabetes mellitus. In Brown, D., & Edwards, H. (Eds.). Lewis’s medical-surgical nursing: Assessment and management of clinical problems (2nd ed.). (pp 1272-1299). Marrickville, NSW: Elsever.




(Nge Naing)

Read More...

Saturday, February 9, 2008

Diet for Diabetes

ဆီးချိုရောဂါ အစားအစာ



ဆီးချိုသွေးချိုရောဂါသည် ခန္ဓာကိုယ်တွင်းရှိ ပန်ကရိယမှ အင်ဆူလင်ဟော်မုန်း လုံလောက်စွာ
မထုတ်လုပ်နိုင်၍၎င်း၊ ခန္ဓာကိုယ်မှ အင်ဆူလင်ဟော်မုန်းအား ထိရောက်စွာအသုံးမချနိုင်၍၎င်း၊
သွေးအတွင်းအချိုဓါတ်(Glucose)မြင့်တက်၍ ခန္ဓာကိုယ်တွင်းရှိအင်္ဂါအစိတ်အပိုင်းများ အချိန်
နှင့်အမျှချို့ယွင်းပျက်စီးစေသော ရောဂါဖြစ်ပါသည်။

ဆီးချိုသွေးချိုရောဂါ သက်သာစေ၇န် ……
  • သင့်တော်သည့်အစားအစာများကို ရွေးချယ်၍ ဆင်ဆင်ခြင်ခြင် စားသုံးခြင်း၊
  • ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်း၊
  • ကယ်လိုရီစားသုံးမှု လျှော့ချခြင်း နှင့်

  • ကိုယ်အလေးချိန် လျှော့ချခြင်း တို့ဖြစ်သည်။

ဆီးချိုရောဂါဝေဒနာရှင်များအနေဖြင့် ဂလူးကို့စ်သကြားကို ဖြည်းဖြည်းနှင့်မှန်မှန် ထုတ်ပေး
နိုင်သည့်အစာများကို ရွေးချယ်စားသုံးသင့်ပါသည်။ အစာတစ်မျိုးကိုစားသုံးလိုက်ပြီးနောက်
ထိုအစာတွင်ပါဝင်သည့် ကစီဓါတ်(carbohydrate)များသည် ဂလူးကို့စ် (Glucose)အဖြစ်
သွေးအတွင်း၌ မည်မျှုမြန်မြန်နှင့်များများ ရောက်ရှိသွားသည်ကိုတိုင်းတာသည့် ယူနစ်တစ်
ခုမှာ “Glycaemic Index” ဖြစ်ပါသည်။ Glucose ၏ Glycaemic Index ကို ၁၀၀ ဟူ၍
စံထားပြီး အစားအစာအမျိုးမျိုး၏ သွေးအတွင်းသကြားဓာတ် မြင့်မားစေသည့်နှူန်း
Glycaemic Index ကိုဖော်ပြလေ့ရှိပါသည်။Glycaemic Index မြင့်ခြင်းသည် သွေးအတွင်း
သကြားဓာတ်မြင့်တက်နှူန်းမြန်ဆန်သည့် အဓိပ္ပါယ်ဖြစ်ပြီး Glycaemic Index နိမ့်ခြင်းသည်
သွေးအတွင်းသကြားဓာတ် မြင့်တက်နှူန်း နှေးကွေးသည့်အဓိပ္ပါယ် ဖြစ်ပါသည်။
အစားအစာများကိုရွေးချယ်ရာတွင် -----
  • Glycaemic Index နိမ့်သောအစာများကို ရွေးချယ်တတ်ဖို့လိုပါမည်။

  • အစားအစာနှစ်မျိုးသည် Glycaemic Index ချင်းတူနေလျှင် အစားအစာ၌ပါဝင်သည့်
    ကစီဓါတ်(carbohydrate)ပမာဏ ကိုကြည့်၍ ကစီဓါတ်(carbohydrate)နည်းသော
    အစာကို ရွေးရပါမည်။

Glycaemic Load
Eg. အစားအစာတစ်မျိုး၏ Glycaemic Index = 70
ထိုအစားအစာ 100g တွင် carbohydrate 40g ပါလျှင်






Glycaemic Load=Glycaemic Index
xအစာတွင်ပါဝင်သည့် carbohdrate အလေးချိန်
/အစာ၏စုစုပေါင်းအလေးချိန်




=70
x40
/100




=28








































































အစားအစာGlycaemic IndexGlycaemic Load
ကောက်နှံများ
ဆန်ဖြူ (Instant)၈၇၃၆
ဘာစမာတီဆန် (Basmati)၅၈၂၂
ဆန်လုံးညို၅၀၁၆
ခေါက်ဆွဲ (Instant)၄၇၁၉
ပေါင်မုန့် (White Bread)၇၀၁၀
ပေါင်မုန့် (Whole wheat Bread)၇၇
သစ်ဥသစ်ဖုများ
အာလူး (Microwaved)၈၂၂၇
အာလူး (မီးဖုတ်)၈၅၂၆
အာလူးကြော်၇၅၂၂
အာလူးပြုတ်၈၈၁၆
ကန်စွန်းဥ၆၁၁၇
မျောက်ဥ (Yam)၃၇၁၃
မုန်လာဥနီ (Carrot)၄၇
ပဲဆန်အမျိုးမျိုး
ကုလားပဲ၂၈
ပဲကတ္တီပါ၂၈
ပဲထောပါတ်၃၁
ပဲနီလေး (Lentil)၂၉
ပဲပုတ်၁၈
သစ်သီးအမျိုးမျိုး
ငှက်ပျောသီး၅၁၁၃
သင်္ဘောသီး၅၉၁၀
သရက်သီး၅၁
စပျစ်သီး၄၆
နာနတ်သီး၅၉
ပန်းသီး၃၈
လိမ္မော်သီး၄၈
ဆီးသီး၃၉
ဖရဲသီး၇၂
သစ်တော်သီး၃၈
နို့နှင့်နို့ထွက်ပစ္စည်းများ
နို့ဆီ၆၁၃၃
ဒိန်ချဉ်(Yogurt,Low Fat)၃၃၁၀
ရေခဲမုန့်၆၁
နို့(အဆီထုတ်)၃၂
နို့၂၇
သကြားအမျိုးမျိုး
ဂလူးကို့စ်(Glucose)၁၀၀၁၀
ပျားရည်၅၅၁၀
ကြံသကြား(Sucrose)၆၈
နို့သကြား(Lactose)၄၆
သစ်သီးသကြား(Fructose)၁၉
အချိုရည်အမျိုးမျိုး
လင်မနစ်(Lemonade)၆၆၁၃
လိမ္မော်ရည်၅၂၁၂
ပန်းသီးဖျော်ရည်၄၀၁၂
ကိုကာကိုလာ၆၃


ဆီးချိုရောဂါဝေဒနာရှင်များအတွက် အကြမ်းအားဖြင့် အဓိကအစာအုပ်စု(၃)မျိုး
ကို လိုက်နာစားသုံးသင့်သည်။
(၁) လုံးဝရှောင်ကြဉ်ရမည့် အစားအစာများ
ဂလူးကို့စ်၊ သကြား၊နို့ဆီ၊ ထန်းလျက်၊ ကြံသကာ၊ ၄င်းတို့ဖြင့်ပြုလုပ်ထားသော
အစားအစာများ၊
(၂) အသင့်အတင့်သာစားသုံးနိုင်သော အစားအစာများ
ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ စသည့် ကစီဓါတ်များသော အစာများ၊
ချိုသောအသီးအနှံများ၊ ပဲအမျိုးမျိုးနှင့် ၄င်းတို့ဖြင့် ပြုလုပ်ထားသောအစားအစာများ၊
(၃) ဆန္ဒရှိသရွေ့ စားသုံးနိုင်သော အစားအစာများ
အသား၊ ငါး၊ အချိုဓါတ်မရှိသော အသီးအနှံများ၊ အရွက်များစသည်တို့ကို စားသုံး
နိုင်သည်။
(Dr. Win Thein-Mogok)

Read More...