Tuesday, September 23, 2008

Malnutrition

အစာ အာဟာရ မမျှတခြင်း

ခန္ဓာကိုယ် အတွက် အစာ အာဟာရ လိုခြင်း နှင့် ပိုခြင်း နှစ်ခုစလုံး (သို့) တခုခု ကြောင့် ဖြစ်သော နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာ များကို Malnutrition အစာ အာဟာရ မမျှတခြင်း ဟု ခေါ်ပါသည်။ လူအပါအ၀င် သက်ရှိများ၏ ခန္ဓာကိုယ် သည် နေ့စဉ် မြင်တွေ့ နေရသော သက်မဲ့ ရုပ်ဝထ္ထု ပစ္စည်းများကဲ့သို့ပင် ဓါတုဗေဓ ဆိုင်ရာ ဓါတ်ပေါင်း များဖြင့် ဖွဲ့စည်း ထား ပါသည်။ ထို ဓါတ်ပေါင်း များကို နေ့စဉ် စားသုံး နေသော အစားအသောက်နှင့် ရှူရှိုက်သော လေမှ တဆင့် ခန္ဓာကိုယ်မှ လက်ခံ ရရှိ ပါသည်။ ထို့ကြောင့် လူတယောက် ပုံမှန် အတိုင်း ကျန်းမာစွာ ရှင်သန် နိုင်ရန် အတွက် သင့်တင့် မျှတသော အာဟာရ အား နေ့စဉ် စားသုံး ပေးရန် လိုအပ် ပါသည်။

ခန္ဓာ ကိုယ် အတွက် မရှိမဖြစ် လိုအပ်ပြီး နေ့စဉ် စားသုံး သင့်သော အာဟာရ များကို Micronutrients ဟုခေါ်သော ဗိုက်တာမင်နှင့် သတ္တုဓါတ်များပါဝင်သည့် အသေးစား အာဟာရ နှင့် Macronutrient ဟုခေါ်သော ကစီဓါတ်၊ အဆီဓါတ်၊ အသားဓါတ် နှင့် ရေပါဝင်သည့် အကြီးစား အာဟာရ ဟူ၍ နှစ်မျိုး တွေ့ရပါသည်။ ထိုအာဟာရ နှစ်မျိုးထဲတွင် ပါဝင်နေသည့် အစား အစာ များအား လုံလောက်စွာ မစားသုံးခြင်း နှင့် လွန်ကဲစွာ စားသုံးခြင်း တို့ကြောင့် ဖြစ်သော Malnutrition သည် အသက် အန္တရာယ် ကို ထိခိုက် စေနိုင်ပါသည်။ ထို့ကြောင့် အစာ အာဟာရ မမျှတခြင်းကို လူတိုင်း ကာကွယ်နိုင်ရန်အတွက် အစာ အာဟာရ ချို့တဲ့ခြင်းနှင့် လွန်ကဲခြင်း နှစ်ခု စလုံးအား လက်လှမ်း မီသမျှ တင်ပြ လိုက်ပါသည်။

၁။ အစာ အာဟာရ ချို့တဲ့ခြင်း

အကြောင်း အမျိုးမျိုးကြောင့် ခန္ဓာကိုယ်မှ အာဟာရ လုံလောက်စွာ မရရှိ ခြင်းကြောင့် အာဟာရ ချို့တဲ့နိုင်ပါသည်။ ပိန်လွန်းခြင်း၊ ဖေါရောင် ခြင်း၊ ကြွက်သား အားနည်းခြင်း၊ ကိုယ်အပူချိန် အလွန်နည်းခြင်း အနာ ဒဏ်ရာများ ရှိပါက ဆေးကု သော်လည်း သက်သာ ပျောက်ကင်းမှု နှေးကွေးခြင်း စာသည့် လက္ခဏာ များကို တွေ့ရ ပါသည်။ အစာရေစာ ရှားပါးမှု ကြောင့် အဖြစ်များပြီး ဖွံ့ဖြိုးဆဲ နိုင်ငံ များတွင် အများဆုံး တွေ့ရသည်။ နေရာ ဒေသနှင့် မသက်ဆိုင်ပဲ ဖြစ်ရသည့် အကြောင်းများနှင့် အဖြစ်များသည့် အုပ်စုမှာ မွေးခါစ ကလေးများ အပါအ၀င် ကလေးသူငယ်များ၊ ဆယ်ကျော်သက်ရွယ် ကလေးများ၊ စားဝတ်နေရေး အဆင်မပြေသူများ၊ သက်ကြီး ရွယ်အိုများ၊ နာမကျန်းဖြစ်နေသူ သို့မဟုတ် ရောဂါ တစုံတရာ ခံစား နေရသူများ နှင့် ထိခိုက်ဒဏ်ရာ ရရှိထား သူများ တွင်လည်း တွေ့ရ နိုင်ပါသည်။

ထိခိုက် ဒဏ်ရာ ရရှိသောအခါ တစ်ရှူးများ ရောင်ပြီး အာရုံကြော စနစ်တခု (Sympathetic Nervous System) ၏ အလိုလျောက် တုန့်ပြန်မှု ကြောင့် ခန္ဓာကိုယ် အတွင်းရှိ ဟော်မုန်းများ မြင့်တက်လာကာ ခန္ဓာကိုယ်၏ အာဟာရ စွမ်းအင်လောင်စာ သုံးစွဲမှုနှုန်းကို မြင့်တက် စေပါသည်။ ထိုနည်း အတူပင် ဒဏ်ရာရရှိချိန် မဟုတ်သည့် သာမန် အခြေအနေများ တွင်လည်း အစာ အာဟာရ ကို လုံလောက်စွာ မသုံးစွဲသောအခါ ခန္ဓာကိုယ်မှ စွမ်းအင်တောင်းဆိုမှုကို ဖြစ်စေသည်။ မည်သည့်အကြာင်းကြောင့် တောင်းဆိုသည်ဖြစ်စေ ထို တောင်းဆိုမှု ကို ပြင်ပမှ မဖြည့်ပေးပါက ကိုယ်တွင်း မှာပင် အသားဓါတ်ကို ပိုမို ထုတ်လုပ်ပြီး ခန္ဓာကိုယ်၏ အဓိက လောင်စာ ဖြစ်သည့် ဂလူးကို့စ် အဖြစ်သို့ ပြန်ပြောင်းပြီး အသုံးချ ရသောကြာင့် အသားဓါတ် ဆုံးရှုံးသည့် ရောဂါ Protein Calorie Malnutrition (PCM) ကို ဖြစ်စေ ပါသည်။ ထိုသို့ ဖြစ်ရခြင်းမှာ အသားဓါတ်ကို ခန္ဓာကိုယ် တွင်းရှိ အချဉ်ဓါတ် တခုဖြစ်သည့် အမီနိုအက်စစ် မှ တဆင့် ထုတ်လုပ် ရပြီး အမီနိုအက်စစ်ကို ထုတ်လုပ် သောအခါ အရိုးတွယ် ကြွက်သားများကို အသုံးပြု ရသောကြောင့် အရိုးတွယ် ကြွက်သား များ ဆုံးရှုံး သွားရသဖြင့် လူကို ပိန်ချုံးစေခြင်း ဖြစ်ပါသည်။

PCM အသားဓါတ်ဆုံရှုံးခြင်းတွင် ခန္ဓာကိုယ်အတွင်း သိုလှောင် ထားသော အဓိကလောင်စာဖြစ်သည့် ဆန်၊ ဂျုံ၊ ပြောင်း စသည့် စားစရာများမှ ဖြစ်လာသော ကစီဓါတ်သည် ၁၈ နာရီအတွင်း ကုန်ခမ်းသွားခြင်းကြောင့် ခန္ဓာကိုယ်ကို ဆက်လက် လည်ပတ်နိုင်ရန် အဆီ များ နှင့် အမီနို အက်စစ်များမှ ၄ နာရီမှ ၆ နာရီအတွင်း ဂလူးကို့စ်အဖြစ် ပြန်ပြောင်း အသုံးပြု ရပါသည်။ အစာ အာဟာရ ကို မဖြည့်ပေးပဲ ဆက်တိုက် ချို့တဲ့နေစေပါက အသားဓါတ် ထုတ်လုပ်သည့် အမီနိုအက်စစ်များ ကုန်ခမ်း သွားစေနိုင်ပြီး အသည်း အလုပ်လုပ်မှုကို ရပ်ဆိုင်း သွားနိုင်ပါသည်။ ထို့နောက် သွေးထဲ အရေစိမ့်ဝင်သည့် ဖိအား (Plasma Osmotic Pressure) ကျဆင်း လာပြီး ဆဲလ် ကလပ်စည်း အတွင်းရှိ အရည်များ ဆဲလ်အတွင်း ဆက်လက် မနေနိုင်တော့ပဲ အပြင်သို့ စိမ့်ထွက် လာခြင်း ကြောင့် ဆဲလ်ကလပ်စည်း တခု နှင့် တခုကြား တစ်ရှုးအတွင်း အရည်များ ကိန်းအောင်းလာပြီး လူကိုဖေါရောင် စေပါသည်။

အထက်ပါ လက္ခဏာများကို ဖြစ်စေသည့် အတိုင်းအတာထိ မပြင်းထန်ပဲ အစာအဟာရ အခုခု လုံလောက်စွာမရ၍ မသိမသာ ချို့တဲ့ သူများ သည်ပင် ခန္ဓာကိုယ်၏ ရောဂါကို ခုခံနိုင်သည့်အား ကျဆင်း လာသောကြောင့် တချိန်လုံး မောပမ်း နွမ်းနယ်နေပြီး အားအင် ကုန်ခမ်းသည့် လက္ခဏာ ကို တွေ့ရပါမည်။ ဆက်လက်ပြီး သတ္တုဓါတ်နှင့် ဗိုက်တာမင်ဓါတ်မျိုး ချို့တဲ့လာပါက အသက် အန္တရာယ်ကို အထူး စိုးရိမ်ရပါသည်။

ကုသခြင်း
(၁) ဖေါရောင်နေပြီး ဆေးဝါး ကုသရန် လိုအပ်သည် အထိ အခြေအနေ ပြင်းထန် ပါက ဆေးရုံ တက် ကုသ ရနိုင် ပါသည်။
(၂) အရည် နှင့် သတ္တုဓါတ် မမျှမတ ဖြစ်သည်ကို ပုံမှန် ဖြစ်အောင် လုပ်ရမည်။
(၃) ကယ်လိုရီ များသည့် အသားဓါတ်နှင့် ကစီဓါတ် များသော အစားအစာ များများစား ရမည်။
(၄) ခံတွင်း တွေ့သော အစားအစာ များ စားသုံး သင့်သည်။


၂။ အစာ အာဟာရ လွန်ကဲခြင်း

ခန္ဓာကိုယ်မှ လိုအပ် သည်ထက် ပို၍ အာဟာရ ကို လက်ခံ ရရှိ သောကြောင့်ဖြစ်သည်။ အထင်ရှားဆုံးတွေ့နိုင်သည့် အာဟာရ လွန်ကဲ ခြင်း မှာ အ၀လွန်ခြင်း ဖြစ်ပါသည်။ အ၀လွန်ခြင်း ရှိမရှိကို Body Mass index (BMI) ကို တွက်ကြည့်ခြင်း ဖြင့် သိနိုင်ပါသည်။ BMI အကြောင်းကို ယခုတင်မည့် ပို့စ်တွင် အသေးစိတ် ဖေါ်ပြမည် မဟုတ်သောကြောင့် အသေးစိတ် သိလိုပါက ဒေါက်တာ ဇင်သူ ၏ BMI တိုင်းကြမယ် နှင့် ကျွန်မ တင်ခဲ့ ဖူးသော ဆီးချို ရောဂါနှင့် အင်ဆူလင်ဟော်မုန်း အကြောင်းတွင် ပြန်ကြည့် စေလိုပါသည်။ BMI သတ်မှတ်ချက် တွင် အနိမ့်ဆုံး BMI အတွက် ၁၈.၅၊ ၁၉၊ ၂၀ စသည်ဖြင့် ရည်ညွှန်းချက် အပေါ် မူတည်၍ ကွဲပြားမှု ရှိသော်လည်း BMI မြင့်ဆုံး ကိုမူ ရည်ညွှန်းချက် အားလုံး တွင် ၂၅ ဖြစ် လက်ခံ ထားသည်ကို တွေ့ရ ပါသည်။ ထို့ကြောင့် BMI ကို ပုံမှန်အဖြစ် ၁၈.၅-၂၅ အဖြစ် အတည်ယူ ထားပါသည်။ ထိုထက် ၁၀% ပိုခြင်း၊ လိုခြင်း ရှိပါက မိမိကိုယ်ကို ပိန်လွန်းခြင်း နှင့် အ၀လွန်ခြင်း အဖြစ် ယူဆကာ အန္တရာယ် အတွင်း ကျရောက် နေပြီ ဟု သတ်မှတ် နိုင်ပါသည်။

အ၀လွန်ခြင်း

အ၀လွန်ခြင်း ရှိမရှိကို BMI 25 ထက် ပိုများနေခြင်း တခုတည်း ကို ကြည့်၍ ဆုံးဖြတ် သတ်မှတ်နိုင်ပါသည်။ အ၀လွန်ခြင်း သည် ကယ်လိုရီ များသော ကဇီဓါတ်နှင့် အဆီဓါတ် ကို လွန်ကဲစွာ စားသုံး ရာမှ စသောကြောင့် ဖြစ်ပါသည်။ အဆီနှင့် ကဇီဓါတ်များကို ပို၍ စားသုံးပါက ခန္ဓာကိုယ်မှ အသုံးပြုပြီး ပိုလျှံသော အာဟာရ များကို အဆီအဖြစ်သို့ ပြောင်းလဲကာ ရေပြားအောက်နှင့် အတွင်း ကလီစာ များ တ၀ိုက်တွင် သိမ်းထား ပေးပါသည်။ ခန္ဓာကိုယ်အတွက် ရှိသင့်ရှိထိုက်သည့် အဆီပမာဏမှာ အမျိုးသားများတွင် စုစုပေါင်း ခန္ဓာကိုယ် အလေးအချိန် ၏ ၂၀% နှင့် အမျိုးသမီး များတွင် ၃၀% ထက် ပိုမရှိသင့်ပဲ အဆီ ပမာဏ ထို ထက် ပိုများ နေခြင်းကြောင့် အ၀လွန်နေခြင်း ဖြစ်ပါသည်။

အ၀လွန် သောကြောင့် နှလုံးနှင့် အာရုံကြောစနစ် နှစ်ခုစလုံး ပုံမှန်ထက် ပို အလုပ်လုပ် ရပါသည်။ နေ့စဉ် လှုပ်ရှား သွားလာရာတွင် မိမိ အရပ်နှင့် မမျှသည့် အလေးချိန်ကို သယ်နေ ရသောကြောင့် အာရုံကြော စနစ်ရှိ လှုပ်ရှားမှု ဆိုင်ရာ အပိုင်း ကို အလုပ် ပိုလုပ် ရစေ ပါသည်။ ပုံမှန်ထက် ပိုကြီးထွား နေသော ခန္ဓာကိုယ် အနှံ့ရှိ ဆဲလ်များ အားလုံးသို့ အောက်စီဂျင် နှင့် အာဟာရ ကို မနိုင်ဝန် ထမ်ဲးခင်း မရောက် ရောက်အောင် ပို့ပေး နေရခြင်း ကြောင့် နှလုံးကိုပို အလုပ်လုပ် ရစေသဖြင့် သွေးတိုး၊ နှလုံး၊ ဆီးချို စသည့် ရောဂါများ ဖြစ်ရန် အလွန် နီးစပ်ပါသည်။

အ၀လွန်သူများ၏ သွေးထဲတွင် တိရစ္ဆာန်ဆီ ဟုခေါ်သော ကော်လက်စရောလ် ပါသော အဆီဖတ်များသည် သွေးကြော နံရံတွင် စုဝေး၊ တွယ်ကပ်ကာ အနယ်ထိုင် နိုင်၍ သွေးကြော မာကြောသည့် ရောဂါကို ဖြစ်စေ နိုင်ပါသည်။ မာကြောနေသော သွေးကြောနံရံကို နှလုံးမှ လာသော သွေးဖိအား အရှိန်ဖြင့် တိုက်စား ခံရ နိုင်သောကြောင့် သွေးကြော နံရံပဲ့ထွက် ပျက်စီး၍ တစ်ရှူး အတွင်း သွေးယိုစီးခြင်း၊ ပဲ့ထွက် သွားသော အစသည် သွေးကြော တလျှောက် တနေရာတွင် သွားရောက် ပိတ်ဆို့ နိုင်ပြီး ပိတ်မိ ခံလိုက် ရသည့် ခန္ဓာကိုယ် အစိတ် အပိုင်းသည် အောက်ပိုင်း ဖြစ်ပါက လေဖြတ်ပြီး ကိုယ်တပိုင်း သေနိုင်ပါသည်။ အကယ်၍ ဦးနှောက်သို့သွားသော သွေးကြော ပိတ်ခံရပါက ဦးနှောက် သွေးကြော ပိတ်ပြီး အသက် ဆုံးရှုံး နိုင်ပါသည်။ ကိုယ်အလေးချိန်ကို အချိန်မီ မလျှော့ချပဲ ဆက်လက် အ၀လွန် နေခြင်း (သို့) ထိုထက် ပိုဝ လာစေခြင်းသည် ရောဂါ တခုခုကို မလွဲမသွေ ရရန် ကြိုဆို ဖိတ်ခေါ် နေခြင်းပင် ဖြစ်သော ကြောင့် ကိုယ်အလေးချိန် ကို လျှော့ချသင့်ပါသည်။

Body fat composition ခန္ဓာကိုယ် အဆီဓါတ် ဖွဲ့စည်းတည်ရှိမှု

အ၀လွန်သူ ဖြစ်စေ၊ ပုံမှန် ကိုယ်အလေးချိန် ရှိသူဖြစ်စေ ရောဂါ တခုခုကို ရရှိနိုင်သည့် လက္ခဏာသည် ကိုယ်အလေးချိန် နည်းခြင်း များခြင်းအပေါ် မူတည် သည့်အပြင် ခန္ဓာကိုယ် အတွင်း အဆီဓါတ် စုစည်း တည်ရှိသည့် နေရာ အပေါ်တွင် လည်း မူတည် နေပါသည်။ ဆိုလိုသည်မှာ အ၀လွန်ခြင်း တူသူ နှစ်ဦးတွင် ခါးနှင့် တင်ကို တိုင်းတာ ကြည့်၍ ခါး၏ အကျယ်အ၀န်းသည် တင်၏အကျယ်အ၀န်းထက် ပိုများ နေသူသည် အန္တရာယ် နှင့် ပိုနီးစပ်သူ ဖြစ်ပါသည်။ အမျိုးသမီး များတွင် ခါးနှင့်တင် အချိုး wrist/Hip တနည်းအားဖြင့် ခါး အတိုင်း အတာကို တင် အတိုင်း အတာနှင့် စား၍ ရသည့် အဖြေသည် ၀.၈ နှင့်အောက်မှာ ရှိသင့်ပြီး အမျိုးသားများတွင် ခါးနှင့်တင် အချိုးတူ ၁ နှင့် အောက်မှာ ရှိသင့်ပါသည်။ ထိုထက် ပိုများနေပါက အန္တရာယ် ရှိသည်ဟု မှတ်ယူရမည်။ ထို့ကြောင့် BMI တခုတည်းကို ကြည့်၍ အန္တရာယ် ကင်းပြီဟု မှတ်ယူ၍ မရပဲ BMI ပုံမှန် ရှိသူ သည်လည်း ခါးသည် တင်ထက် ပိုကျယ်နေပါက ၀မ်းဗိုက်မှ အဆီကို ကျအောင် ချရမည် ဖြစ်သည်။ သတ္တုဓါတ်များ လွန်ကဲခြင်း ကြောင့်လည်း တခြား ပြဿနာ များစွာကို ဖြစ်ပေါ် စေနိုင်ပါသည်။ အလျဉ်းသင့် ပါက နောက်ပိုင်းတွင် Electrolyte imbalance ကို သီးသန့် တင်ပြပါမည်။

အစာ အာဟာရ မမျှတခြင်းသည် အန္တရာယ် အလွန် များသောကြောင့် မည်သူမဆို မိမိကိုယ်ကို ကျန်းမာစွာ အသက်ရှင် ရပ်တည် လိုပါက အစာ အာဟာရ ကို လုံလောက်စွာ နှင့် မျှတစွာ စားသုံးခြင်း ဖြင့် ခန္ဓာကိုယ်ကို ပုံမှန် အရွယ်အစားမှာ အမြဲ ထိန်း ထားသင့်ပြီး ခန္ဓာကိုယ် အဆီ စုစည်းမှုကိုလည်း သူ့နေရာနှင့်သူ စနစ်တကျ ရှိနေစေရန် ဂရု စိုက်ရပါမည်။ ကျန်းမာရေး အတွက် နေ့စဉ် လိုအပ်သော အာဟာရ ကို ဆက်လက် ဖေါ်ပြပါမည်။


Related Posts :



6 comments:

Thet Aung said...

ဂလူးကို့စ်က ခန္ဓာကိုယ်ရဲ့ အဓိက လောင်စာဆိုရင် ဆိုင်တွေမှာ ရောင်းတဲ့ ဂလူးကို့စ် သောက်လို့ ရမလား။ ရိုးရိုးသကြားနဲ့ ဂလူးကို့စ်သကြား ဘာကွာလဲခင်ဗျ။

သတ်သက်လွတ် ကြာကြာစားမိရင် လူက အားနည်းနည်းလာလို့ ဘယ်လိုလုပ်ရလဲ သိပါရစေ။ ပဲက ပရိုတိန်းဆိုလို့ ပဲစားလဲ အားနည်းတာပဲ။ လူတယောက်နဲ့တယောက် သဘာဝ မတူလို့လား ပဲက အသားလောက် အားဖြည့်မပေးနိုင်လို့လားခင်ဗျ။

ထမင်းအ၀စားပြီး ဟင်းနည်းနည်းပဲ မြန်မာစား စားတာက အာဟာရ မပြည့်ဘူးဆို အားဆေးသောက်လို့ ရမလား။ ဆောင်းပါးထဲမှာပါတဲ့ ဗိုက်တာမင်နဲ့ သတ္တုဓာတ်တွေက ပြည့်ဝအောင် နေ့စဉ် စားနေဖို့ဆိုတာ မလွယ်လို့ပါ။

နိုင်ငံခြားသားတွေက ယောက်ျားရော မိန်းမတွေရော ကျွန်တော်တို့ထက် လူကောင်တွေ ထွားကြတယ်။ သူတို့စားတဲ့ ပေါင်မုန့်က မြန်မာတွေစားတဲ့ ထမင်းထက် အာဟာရပြည့်လို့လား။ အသားတွေ ငါးတွေ ကျွန်တော်တို့ထက် ပိုစားနိုင်လို့လားခင်ဗျ။ မြန်မာတွေကျတော့ ပင်လယ်နား ချောင်းနားနေပြီး ငါး၀၀ စားရတဲ့ ရေလုပ်သားတွေကအစ သူတို့လောက် မထွားကြတာ ဘာဖြစ်လို့လဲ။

Nge Naing said...

မေးခွန်းတွေက များလို့ ဘယ်ကစဖြေရမှန်းတောင် မသိဖြစ်သွားတယ်။
၁။ သကြား၊ လူးကို့စ်၊ ထမင်း၊ ပေါင်မုန့်၊ ပြောင်းဖူး စတဲ့ အစားအစာတွေအားလုံးဟာ ဓါတုဗေဒအခေါ် ကာဗွန်ဟိုက်ဒရိတ်တွေ ဖြစ်ကြပါတယ်။ ကာဗွန်ဟိုက်ဒရိတ်အားလုံးဟာ ကာဗွန်၊ ဟိုက်ဒရိုဂျင်နဲ့ အောက်စီဂျင် မောလီကျူးတွေ ပေါင်းစပ်ထားတဲ့ ဓါတ်ပေါင်းမော်လီကျူးတွေသာ ဖြစ်တဲ့အတွက် အားလုံးဟာ အတူတူပဲ ဖြစ်ပါတယ်။ ဒီအစားအစာတွေကို စားလိုက်လို့ ခန္ဓာကိုယ်ထဲရောက်ရင် ဂလူးကို့စ် အဖြစ်ပြောင်းပေးပြီးမှ ဆဲလ်ကလပ်စည်းတွေက အသုံးပြုလို့ရပါတယ်။ ဒါကြောင့် ဂလူးကို့စ်ကို သောက်နေစရာ မလိုပါဘူး၊ သောက်လို့ရမရဆိုတာထက် သောက်လည်း အကျိုးမရှိပဲ အပျက်ကပိုများလို့ သောက်ဖို့မလိုအပ်ဘူးလို့ပဲ ဖြေပါရစေ။
၂။ Essential Protein လို့ခေါ်တဲ့ မရှိမဖြစ် လိုအပ်တဲ့ အသားဓါတ်ကို အပင်ကရတဲ့ အစားအစာထဲမှာ တမျိုးတည်းမှာ လိုအပ်တဲ့အသားဓါတ်အမျိုးအစား အကုန်လုံးမပါဝင်နိုင်ဘူး။ ဒါကြောင့်မို့ တပတ်အတွင်းမှာ ပဲတမျိုးထက်မက စုံအောင်စားရင် ပရိုတိန်းဓါတ်က လုံလောက်ပါတယ်။ အကောင်းဆုံးပဲကတော့ Soya Beans လို့ခေါ်တဲ့ ပဲပုပ်ပဲ ဖြစ်ပါတယ်။ တို့ဖူး၊ ရှမ်းပဲပုပ် စတာတွေဟာ ပဲပုပ်ပဲနဲ့ လုပ်ထားတယ်လို့ သိရပါတယ်။ အမျိုးစုံအောင်စားပေမယ့် ဆက်ပြီး ချို့တဲ့နေရင် အသားဓါတ် ချို့တဲ့တာ မဖြစ်နိုင်ဘူး။ ဗိုက်တာမင်နဲ့ သတ္တဓါတ် တခုခု ချို့တဲ့တာ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ထုံးဓါတ်၊ သံဓါတ် နှင့် ဗိုက်တာမင် B12 က တိရိစ္ဆာန်ကပဲ ရတာများတယ်။ ဟင်းသီးဟင်းရွက်ကို အစိမ်းရောင်များများနဲ့ တခြားအရောင်စုံအောင်စားရင် သံဓါတ်ကို ရနိုင်ပြီး ပဲပုပ်ပဲနဲ့ လုပ်ထားတဲ့ ပဲနို့ကို တနေ့နှစ်ခွက်စာ သောက်ရင် ထုံးဓါတ် ရနိုင်ပါတယ်။ ဗိုက်တာမင် B12 ကတော့ တိရိစ္ဆာန်ကထွက်တဲ့ အစားအသောက်မှာသာ ရနိုင်လို့ နွားနို့သောက်တာ မွေးမြူရေးကြက်ဥ စားတာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်။
၃၊ ဟင်းသီးဟင်းရွက်ကို ထမင်းထက်ပိုများများ စားသင့်ပါတယ်။ အလုပ်ကြမ်းမလုပ်ပဲ ထမင်းကို များများစားသူတွေအတွက် နောက်ဆက်တွဲ အ၀လွန်တဲ့ပြဿနာ ရှိနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်နှင့် အသီးနှံကို အလုံအလောက်မစားပဲ အဟာရကို ဆေးသောက်ပြီး ဖြည့်တာဟာ အစာလမ်းကြောင်းအတွက် မကောင်းလို့ အားမပေးသင့်ဘူး။
၎။ အာဖရိကန်တွေ၊ အနောက်တိုင်းသားတွေ ခန္ဓာကိုယ်ထွားတာက လူမျိုးစု၊ မျိုးရိုးဗီဇနဲ့အဓိက ပတ်သက်ပါတယ် အဟာရကြောင့် မဖြစ်နိုင်ပါဘူး။ နောက်ထပ်တင်မယ့်ပို့စ်မှာ အဟာရနဲ့ပတ်သက်ပြီး ဒီထက်ပိုအသေးစိတ်ကျတာတွေကို စောင့်ဖတ်ဖို့ ကိုသက်အောင်ကို ဖိတ်ခေါ်ပါတယ်။ အခုလို စိတ်ဝင်စားတဲ့အတွက် ကိုသက်အောင်ကို ကျေးဇူးတင်ပါတယ်။

မသက်ဇင် said...

အလွန်တန်ဘိုးရှိသော ဆေးပညာပေးလေးပါ
အမေရိကားမှာလေ---အဝလွန်ရောဂါတွေ ကြောက်စရာကောင်းလောက်အောင် ပေါများနေတယ်---အချို့ ကရိန်းနဲ့တောင် မ ယူရတဲ့အထိ ဝ နေကြတာ---
အခုလိုဖြန့်ဝေပေးတာကျေးဇူးတင်ပါတယ်ရှင်---
ခင်မင်လျက်
မသက်ဇင်

Anonymous said...

အသက်ကြီးလို့ မှတ်ဥာဏ်နည်းလာတာကို ပြန်ကောင်းအောင် သောက်ရမယ့် ဆေးနဲ့ အာဟာရ သိချင်လို့ပါ။ အယ်လ်ဇိုင်းမား မဖြစ်အောင် ဘယ်လို ဆေးတွေ အစာတွေ စားရမလဲ။

- said...

အစ်မငယ်နိုင်
အလွန်တန်ဖိုးရှိတဲ့ ပညာပေးပို့စ်ကို နှစ်သက်စွာ ဖတ်သွားပါတယ်။ အစားအသောက်မမှန် တတ်တဲ့ ကျွန်တော့်အဖို့အတွက် အမှန်ကိုပဲ ကျေးဇူးကြီးလှပါတယ်။ အခုလို မျှဝေပေးတဲ့ အတွက် အတိုင်းထက်အလွန် ၀မ်းသာပါတယ်။
လေးစားလျက်
ဝင်းဇော်

Nge Naing said...

ieစာလာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်။
အမည်မဖေါ်လိုသူမေးတဲ့ Alzheimer‘s ရောဂါက အသက် ၆၀ နောက်ပိုင်းမှာ အဖြစ်များပြီး ဦးနှောက် အစိတ်အပိုင်းတခုရဲ့ အလုပ်လုပ်နိုင်မှု ဆုတ်ယုတ်ကျဆင်းလာလို့ ဖြစ်ပါတယ်။ ဒါပေမယ့် ငယ်ရွယ်သူတချို့မှာလည်း ဖြစ်တာတွေ့ရလို့ အသက်ကြီးလို့ ဖြစ်တဲ့ရောဂါအဖြစ် မသတ်မှတ်ထားဘူး။ ဖြစ်ရတဲ့အကြောင်းရင်းကို အတိအကျ ရှာလို့မရသေးလို့ ဒီရောဂါအတွက် ကာကွယ်ဖို့နည်းလမ်းကိုလည်း အတိအကျ မဖေါ်ပြနိုင်သေးပါဘူး။ Alzheimer‘s disease က အစားအသာက်နဲ့တော့ သိပ်မဆိုင်ပါဘူး ဒါပေမယ့် ဘယ်သူမဆို အစားအသောက်ကို အဟာရလုံလောက်မျှတစွာ ကျန်းမာရေးနှင့် ညီညွတ်အောင် စားသုံးသူတွေဟာ လူကြီးလူငယ်မရွေး ရောဂါ အတော်များများကို ကာကွယ်ပြီးသားဖြစ်ပါတယ်။

မသက်ဇင်ရေ - ဟုတ်ပါတယ် အ၀လွန်တဲ့ ရောဂါက အနောက်နိုင်ငံတွေမှာ သိပ်ကို အခြေအနေဆိုးနေပါတယ်။ အ၀လွန်တာက BMI ၂၅-၃၀ အထိဆို ကိုယ့်ဖါသာကိုယ် ကိုယ်အလေးချိန်ကျအောင် လုပ်လို့ ရပါတယ်။ BMI ၃၀ ကျော်သွားရင်တော့ အလွန်အမင်း ၀သွားပြီးမို့ ကျန်းမာရေးပညာရှင်တွေရဲ့ အကူအညီလိုအပ်ပါတယ်။
ကျွန်မတို့ ငယ်ငယ်တုန်းက အဲဒီလိုဝတဲ့လူတွေကို မတွေ့ဖူးတော့ မသိဘူး။ ကျွန်မအဖွား မနက်အစောကြီး ထထဆိုနေတဲ့ မေတ္တာပို့ဆုတောင်းထဲမှာ ပါတဲ့ သတ္တ၀ါပေါင်း မိမိတို့ခန္ဓာကိုယ်ကို ကောင်းစွာ သယ်ဆောင်နိုင်ပါစေဆိုတဲ့ တခုကို ကြားတိုင်း ကျွန်မက ဒါများ ဘာဆုတောင်းပေးနေစရာ လိုလို့လဲ ကိုယ့်ခန္ဓာကိုယ်ကိုတော့ ဘယ်သူက မသယ်နိုင်ပဲ ရှိမလဲလို့ တွေးပြီးအမြဲရီရတယ်။ အခုမှပဲ အဖွားဆုတောင်းတာကို သဘောပေါက်တော့တယ်။

ဝင်းဇော်ရေ ခရီးသွားရင်းနဲ့ စာလာဖတ်သွားတာ ၀မ်းသာပါတယ်။ အစားအသာက်ကို မှန်မှန်စားဖို့ တိုက်တွန်းပါတယ်။ နောက်ပတ်တင်မယ့်ပို့မှာ ဘယ်အစားအသာက်မှာ ဘာတွေပါပြီး ဘယ်လောက်စားသင့်တယ်ဆိုတာ တင်မှာဖြစ်လို့ ဆက်လက်လာရောက် အားပေးဖို့ ဖိတ်ခေါ်ပါတယ်။