Showing posts with label Financing. Show all posts
Showing posts with label Financing. Show all posts

Friday, August 22, 2008

Life Cycle (7)


ထို့ကြောင့် ဤအရာ ကိုသံသရာ ဟုခေါ်သည် (၇)
Juan
ဆေးဖိုးဝါးခ နှင့် လူနာ

ခေတ်သစ် ကျန်းမာရေး စောင့်ရှောက်မှု သို့မဟုတ် ပုဂ္ဂလိက ကုသရေး လုပ်ငန်း များမှာ ကုန်ကျ စရိတ် အားလုံးကို နောက်ဆုံး သုံးစွဲသူ (End User) ဖြစ်တဲ့ လူနာ ကခါးစည်း ကျခံ ရမယ်။ ငွေကုန် ကြေးကျ မခံ နိုင်ရင် ကောင်းမွန် ထိရောက်တဲ့ ဆေးဝါး ကုသ မှုကို မျက်မွှေး ထော်လို့ တောင်မော် မကြည့် လေနဲ့ ဆိုတဲ့ သဘောမျိုး ဖြစ်နေတာ ယနေ့ ကမ္ဘာရဲ့  ရင်နင့် ဖွယ် အမှန် တရား တစ်ခု ပါပဲ။ ငွေမရှိ ရင် ရောဂါ ပျောက်ဖို့ မစဉ်း စားနဲ့ လို့ တရား လက်လွတ် ပြောရာ ရောက်နေ ပါပြီကော။



WHO ရဲ့  ၂၀၀၅ ခုနှစ် မှာထွက်ပေါ် လာတဲ့ technical report အရ- တစ်ကမ္ဘာ လုံးရှိ အိမ်ထောင်စု ပေါင်း ၄၄ သန်း သို့မဟုတ် လူ သန်း ပေါင်း ၁၅၀ လောက်ဟာ ဆေးဖိုး ၀ါးခ စရိတ်ထောင်း တဲ့ဒဏ် ခံနေကြ ရတယ်တဲ့။ အဲဒီ အထဲက ကံပို ဆိုးသူ အိမ်ထောင်စု ပေါင်း ၂၅ သန်း သို့မဟုတ် လူသား သန်း ၁၀၀ ဟာ ဆေးဖိုး ၀ါးခ ကြောင့် ကြွေးတင် ကျွန်ဖြစ် ပြီး ပြာပုံ မတိုး ရပဲ ဆင်းရဲ မွဲတေ ကုန်ကြ တယ်။ ဒီလို ဖြစ်နေ တာတွေ ကို အထူးပြု လေ့လာ တဲ့သုတေ သန လုပ်ငန်း များက ဒီဖြစ်ရပ် ကို “ကျန်းမာရေး စရိတ် (ဆေးဖိုး ၀ါးခ) ကြောင့် ဒုက္ခ ကပ်ဆိုက် ခြင်း (Catastrophic Health Care Payments)” လို့ တင်စား ခေါ်ဝေါ် ခဲ့ကြတယ်။

ရောဂါ ကြောင့် မွဲပြာ ကျခြင်း ဆိုတဲ့ ငိုချင်း ရှည်ကြီး ဟာ ရောဂါ ကုသ စရိတ် ထောင်းလို့ ဆင်းရဲ မွဲတေ ရုံမျှ မက နောက်ဆက် တွဲ ဖြစ်ရပ် တွေ အများကြီး ပါပဲ။ စုဆောင်း ထားသမျှ ပြောင်တဲ့ အပြင်၊ စားဝတ် နေရေး ကျပ်တည်း၊ သား သမီး တွေ ကျောင်းမထား နိုင်၊ ကြွေးတွေ ပါတ်လည် ၀ိုင်း ပြီး ဆင်းရဲ ခြင်းနွံ ထဲက တစ်သက် လုံး မရုန်း ထွက်နိုင်၊ နောက်ဆုံး ရောဂါ ကုဖို့ လက်တွန့် ရှောင်ကျဉ် လာကြ ပြီး ကျန်တဲ့ ပိုက်ဆံ လေး သပိတ်သွပ် ဖို့သာ ထားလိုက် ပါတော့တို့၊ ငါ့သားလေး ကိုသာ ရှင်ပြုပေး လိုက်ပါတို့ ဆေးဝါး ကုသဖို့ နဲ့ ကျန်ကိစ္စ များကို လဲလှယ်လိုက် ရပါ တော့တယ်။ ဒါတင် မကသေးပါ။ ကူးစက် ရောဂါ တွေကို မကု တော့ဖို့ ဆုံးဖြတ် မိရင် ရောဂါ ဖြန့်ဖြူးသူ လက်သည်ကြီး ဖြစ်လာမယ်။ တစ်ယောက် ကစလိုက် တာ ရာ၊ ထောင်၊ သောင်း၊ သိန်း ကူးစက် ပြန့်ပွား ပြီး တိုင်းပြည်ရဲ့  လူမှု၊ စီးပွားရေး အားလုံး ကို ဆုတ်ယုတ် လျော့ပါး သွားအောင် ၀ါးမျို ပစ်လိုက်နိုင်တဲ့ အန္တရာယ် ကြီးဖြစ်နိုင် ပါတယ်။

ဒါဆိုရင် လူနာ အားလုံး ကိုနိုင်ငံတော် အစိုးရ ကတာဝန်ယူပြီး ပြည်သူ့ ဆေးရုံ များမှာ အလကား ကုပေးပါလား လို့ ပြောစရာ ရှိပါတယ်။ တခေတ် တခါ ကအဲသလို လုပ်ခဲ့ ပြီးပါသကော။ Socialized medicine ဆိုပြီး ရှိသမျှ အလကား free health care ဆိုပြီး လုပ်လိုက် တာမွဲပြာ ကျလု နီးနီး ဖြစ်ခဲ့ ပါတယ်။ ကမ္ဘာပေါ်မှာ ဘယ်တိုင်းပြည် မှလူ့အဖွဲ့ အစည်း တစ်ရပ် လုံး စိတ်တိုင်းကျ တဲ့ အထိ ကျန်းမာရေး စောင့်ရှောက်မှု ကို အလကားပေး နိုင်စွမ်း မရှိပါဘူး။ သင့်ဘာသာ သင် ဆေးလိပ် တွေ မိုးမွှန်အောင် သောက်လို့ အဆုပ် ကင်ဆာ ဖြစ် လာတာ ကို၊ သင့်ဘာသာ သင် အရက်ကို မိုးမလင်းတမ်း သောက်လို့ အသည်း ခြောက်လာ တာကို နိုင်ငံတော် က အရင်း အနှီး များစွာ ပုံအော သုံးပြီး အလကား ပဲတင်း ကုပေး ရမတဲ့လား။ ဖြစ်နိုင် စရာ မရှိ ပါဘူး လို့ ကျန်းမာရေး ပေါ်လစီ မိတ်ကာ များက အတိ အလင်း ဆိုကြ ပါတယ်။

ဒါဖြင့် ရင် ဒီဖြစ်စဉ် ကြီးကို သူ့ အတိုင်းလွှတ်ပေး ထားမှာလား။ ကိုင်တွယ် ဖြေရှင်း နည်းတွေ မရှိ တော့ဘူးလား။ ဖြစ်နိုင်ချေ တစ်ခု က တော့ နိုင်ငံတော် မှ တာဝန်ယူ သော မယူ မနေ ရ ပြည်သူ့ ကျန်းမာရေး အာမခံ စံနစ် (Compulsory community health insurance scheme) ကို ကျင့်သုံး နိုင်ပါသတဲ့။ ယူနိုက်တက် ကင်းဒမ်း ရဲ့  အမျိုးသား ကျန်းမာရေး ၀န်ဆောင်မှု စံနစ် (NHS: National Health Service) နဲ့ ထိုင်းနိုင်ငံ ရဲ့  တက်ရှင် လက်ထက် ကကျင့်သုံး ခဲ့တဲ့ အားလုံး လွှမ်းခြုံ ကျန်းမာရေး စံနစ် (UC: Universal Coverage Scheme) တွေမှာ ဒီသဘောမျိုး ကိုတွေ့ ရပါတယ်။ အမေရိကန် မှာ မှိုလို ပေါက်နေတဲ့ private health insurance တွေကတော့ ဒီ ဖြစ်စဉ် ကြီးကို မပြေလည် စေရုံမျှ မက ပိုလို့တောင် ဆိုးစေ သတဲ့။

သို့သော်လည်း အဲဒီလို compulsory community health insurance scheme တစ်ခု တည်ဆောက် ဖို့ဆို တာကိုက မြင်းမိုရ် တောင် တက်ရ သလောက် ကိုခက်ခဲ ပါတယ်။ အတတ် ပညာ၊ အရင်း အနှီး၊ အချိန်၊ ငွေ၊ လူအင်အား အများကြီး သုံးပြီး တည်ဆောက် ရမဲ့ စံနစ် မျိုးပါ။ ဒီစံနစ် ရဲ့  အဓိက ကျောရိုးဟာ ပြည်သူတွေ ထံက ကောက်ခံတဲ့ ၀င်ငွေခွန် (Income tax) ရယ်၊ ဆေးလိပ်၊ အရက်၊ ဘီယာ လိုကျန်းမာရေး ထိခိုက် စေနိုင်တဲ့ ကုန်ပစ္စည်းတွေ အပေါ်မှာကောက် ခံတဲ့ Sin tax & earmarked tax တွေရယ် ကိုကျန်းမာရေး အာမခံ ငွေပင် ငွေရင်း လုပ်ပြီး တည်ဆောက်ရ တာကိုး။

အခွန် လို့ဆိုရာမှာ တရားမျှတ သော အခွန် စံနစ် (Progressive tax system) နဲ့ တရား မျှတ မှုမရှိသော အခွန် စံနစ် (Regressive tax system) ဆိုပြီး ရှိနေပြန်တော့ ကိုယ့်တိုင်းပြည် ဟာဘယ်လို အခွန် စနစ်မျိုးနဲ့ စခန်းသွား နေသလဲ ဆိုတာ ကို သုတေသန လုပ်ကြည့် ဖို့ လိုလာပြန် တယ်။ ၀င်ငွေ များသလောက် အခွန် များများ ပေးရ ပြီး ၀င်ငွေ နည်းရင် အခွန် နည်းနည်း ပဲပေး ရတာကို progressive tax၊ ၀င်ငွေ နည်းသူ အခွန်များများ ပေးရပြီး ၀င်ငွေ များတဲ့ သူတွေက နည်းနည်းပဲ ပေးရရင် regressive tax လို့ခေါ်ပါတယ်။

နောက်တစ်ခု က ဖြစ်လာ လတ္တံ့ သောအန္တရာယ် အပေါ် လူထုရဲ့  သဘောထား ဆန်းစစ်ချက် ဆိုတဲ့ risk analysis ကိုလည်း လုပ်ကြည့် ရသေးတယ်။ ကျန်းမာရေး အာမခံ စနစ် ဆိုတာမျိုးက အကျိုးသက်ရောက် မှုရှိနိုင်သမျှသော လူထုရဲ့  ထည့်ဝင် ငွေ (premium) အားလုံး ကို ငွေပင် ငွေရင်း လုပ်ထားပြီး ဒီအကျိုး ကိုရောဂါ ဖြစ်တဲ့ အခါ ခံစား၊ မဖြစ်ရင် မခံစားနဲ့ ဆိုတဲ့ သဘောမျိုး ရှိတာ ကိုးဗျ။ ဆိုတော့ လစဉ် ကြေး မှန်မှန် ထည့်ပြီး ကိုယ် ကကျန်းမာ ပကတိ၊ ချမ်းသာ အတိ ဖြစ်နေရင် ကိုယ့်ငွေ ကို သူများရောဂါ ကုဖို့ အလှူ လုပ်နေ ရသလို ဖြစ်နေတာပေါ့။ ဒါကြောင့် လည်း risk analysis ဆိုတာ ကိုလုပ် ကို လုပ်ရ ပါတယ်။ ဒီဆန်းစစ်ချက် အရ လောက မှာ လူသုံးမျိုး သုံးစား ရှိသတဲ့ ...

1. ဖြစ်လာ နိုင်တဲ့ အန္တရာယ် (ရောဂါ ရနိုင်ချေ) ကို ရင်မဆိုင် လိုပဲ ကြိုတင် ရှောင်လွှဲ လိုတဲ့ လူမျိုး ကို Risk averters လို့ ခေါ်ပါတယ်။
2. ဘာအန္တရာယ်၊ ဘာရောဂါ ကိုမှ မကြောက်ပဲ လုပ်ချင် တာလုပ်မယ်၊ သေမြေကြီး ရှင်ရွှေထီး ဆိုတဲ့ လူမျိုး တွေကို Risk takers တဲ့။
3. ကြောက်တယ် လဲမဟုတ်၊ မကြောက်ဖူး လည်းမဟုတ်၊ အခြေ အနေပေါ် မူတည် တာပဲ ဆိုသူများ ကို Risk neutrals တွေလို့ ခေါ်ပါတယ်။


Compulsory community health insurance scheme တစ်ခု ကျင့်သုံး တော့မယ့် အခါမှာ ဒီတိုင်းပြည်၊ ဒီ လူမှု အဖွဲ့ အစည်း မှာ ဘယ်လို လူမျိုးတွေ များနေ သလဲ ဆိုတာ ကိုဆန်းစစ် တာကို risk analysis လို့ခေါ်တာပါ။ အကယ်၍ Risk averters က အများစု ဆိုရင် နောင်တချိန် မကျန်းမာမဲ့၊ ရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ် ကိုကြိုတင် ရှောင်လွှဲ လိုစိတ် များကြလို့ ဒီစနစ် ကအောင်မြင် နိုင်ပါတယ်။ Risk taker တွေ များရင်တော့ ကိုယ် ရောဂါ ရမှာကို လည်းမပူ၊ သူများ အတွက်တော့ ဝေလာဝေး မို့ ကျန်းမာရေး အတွက် income tax ကသုံးမယ် ဆိုတာကို၊ လစဉ် နှစ်စဉ် premium ကြေး မှန်မှန် ထည့်ရ မှာကို အလွန်ဝန်လေး ကြလိမ့်မယ်။ ဒါကြောင့် ဒီစနစ် ဘယ်တော့ မှမအောင်မြင် ဘူးတဲ့။ Risk neutral သမားများမယ် ဆိုရင်တော့ လေယူရာတိမ်း၊ ယိမ်းတတ် သူများမို့ အချိန်ပေး၊ နားချ၊ စည်းရုံး မှုအပေါ် မူတည်ပြီး ဖြစ်လာနိုင်ဖွယ် ရှိပါသတဲ့။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလို စနစ်မျိုး က shock absorber အဖြစ်နဲ့ ရောဂါ ကြောင့် မွဲပြာကျ တာတွေ၊ ငွေမရှိလို့ ဆေးမကု နိုင်တာ တွေ၊ အတွင်းလှိုက် စားရောဂါ ပျံ့ နှံ့ မှုတွေ ကိုခုသာ ခံသာ လုပ်ပေးနိုင် တယ်ပဲ ဆိုဦးတော့ ပြဿနာ အပေါင်း လုံးဝ ကင်းစင် သွားတာ တော့မဟုတ် ပါ။ ကျန်းမာရေး ၀န်ဆောင်မှု ကွာလတီ ညံ့ဖျင်းတာ၊ အကြာကြီး တမေ့ တမော စောင့်ရတာ၊ ဟိုစာရွက် မှာ ဟိုဟာ ဖြည့်ပြီး ဟိုကိုသွား၊ ဒီစာရွက် မှာ ဒီဟာ ဖြည့်ပြီး ဒီကိုလာ စတဲ့ ဗျူုရို ကရေစီ ကြိုးနီ တောင်ကြီး ကို မကျော် လွှားနိုင်တာ။ ဆေးရုံ နဲ့ ဆရာဝန် များ အတွက် provider payment system မှာအားနည်း ချက်တွေ ရှိတာ စသည်ဖြင့် ထိုင်းရဲ့  UC ရော၊ ဗြိတိန် ရဲ့  NHS ရောမှာ အားနည်း ချက် ပေါင်း သောင်းခြောက်ထောင် နဲ့ ပြဿနာ တွေ တလှေ ကြီးပါ။

ဒါကြောင့် စောင့်ဆိုင်း စရာမလိုတဲ့။ ငွေ ရှိရင် အချိန်မရွေး ပြလို့ ရတဲ့၊ ကြိုက်သလောက်သုံး ကျသလောက်ပေး ကျန်းမာရေး ၀န်ဆောင်မှု တွေက ရှိနေဦးမှာ။ လူတွေကလည်း ရောဂါ ရနေဦးမှာ။ ရှင်သူ ရှင်ပြီး သေသူ သေနေကြဦးမှာ၊ ဖြစ်လိုက်၊ တည်လိုက်၊ ပျက်လိုက်၊ဒါကို ပဲ လောကရဲ့  သံသရာ လို့ ခေါ်ကြပြီး မှန်မှန်ကြီး လည်ပါတ် တတ်တဲ့ သဘောလည်း ရှိနေတယ် မဟုတ်လား ။။။။။။။။။။။။။

Read More...

Thursday, August 21, 2008

Life Cycle (6)

ထို့ကြောင့် ဤအရာကို သံသရာ ဟုခေါ်သည် (၆)
Juan
ကျန်းမာရေး အသုံး စရိတ် နှင့် ဆေးဖိုးဝါးခ

ဈေးကွက် ထဲမှာ အောင်ပန်းပန် လို့ အောင်လံ တံခွန် လွှင့်ထူ ထားတဲ့ ပုဂ္ဂလိက ကုသ ရေး ဆိုင်ရာ ကျန်းမာရေး စောင့် ရှောက်မှု လုပ်ငန်း ဟာ အမေ ရိကန် တစ်နိုင်ငံ လုံးကို လွန်ခဲ့ တဲ့ အနှစ် လေးဆယ် လောက်က စလို့ ၀ါးမျို ပစ်လိုက် တယ်။ ဘာသာရေး အသင်း အဖွဲ့ အချို့ ရဲ့  ခနော် ခနဲ့ မဖြစ် စလောက် အခမဲ့ ဆေးရုံ ကလေး များနဲ့ အစိုးရ ရဲ့  Medicare & Medicaid program ခေါ် သက်ကြား အိုနဲ့ ဒုက္ခိတ ကျန်းမာရေး စောင့်ရှောက်မှု မဖြစ်စလောက် ကလွဲ လို့ ပေါ့။ ကျွန်တော် တို့ ရွှေပြည်ကြီး မှာလည်း ယခင် စာဘူးတောင်း သာသာ ပုဂ္ဂလိက ဆေးခန်း လေးများ ရန်ကုန် ရွှေဘုံ သာလမ်း လောက်မှာ ပဲ ကျိုးတို့ ကျဲတဲ ရှိခဲ့ ရာက ဈေးကွက် လှိုင်းလုံး ကြီးတွေ ရိုက်ခတ်တဲ့ ၁၉၉၀ ပြည်လွန် နှစ်များ ကစလို့ ပုဂ္ဂလိက ဆေးရုံ ဆေးခန်း များဟာ ကလလ ရည်ကြည် သန္ဓေ တည်လာ လိုက်တာ အချိန် တိုတို အတွင်း အခြေ ခိုင် အသားကျ လာကြတယ်။ ဘယ်စီးပွား ရေးလုပ်ငန်း မှ မယှဉ် နိုင်လောက် အောင် ဖွံ့ဖြိုး လာတယ်။ ခန္ဓာ ရှိသရွေ့  ဝေဒနာ ရှိမှာ မို့ ဖောက်သည် မရှိမှာ ဘယ်တော့ မှပူ စရာ မလိုတဲ့ လုပ်ငန်းကိုး။

ဝန်ဆောင်မှု သဘောလည်းပါ၊ ဈေးကွက် စံနစ် လည်းဖြစ်လို့ လက်ဝါးကြီး အုပ် (Monopolize) လုပ်လို့ မရပဲ အပြိုင် အဆိုင် တွေများ လာတယ်။ ဒီလို ဆိုတော့ ကိုယ့်ဆေးခန်း လူများများဝင်ဖို့ ဆွဲဆောင် တဲ့ နည်းလမ်း တွေ သုံးလာ ကြရ ပြီပေါ့။ လူနာ တွေကို ကံစမ်းမဲ နဲ့၊ မော်ဒယ် ရှိုးပွဲ နဲ့ ဆွဲဆောင်လို့ မရဘူး။ လူနာ နှစ်ယောက် ကျုပ်တို့ ဆေးရုံ တက်ရင် နောက်ထပ် တစ်ယောက် အလကား တက်ခွင့် ပေးမယ် တူးပလပ်စ်ဝမ်း ပါလို့ ပရိုမိုးရှင်း လုပ်လို့ မရတာ လဲသေချာ တယ်။ ဒီမှာ တင်ပဲ အရည် အသွေးမြင့် ကုသရေး လုပ်ငန်း (Quality Health Care) ဆိုတဲ့ စကားလုံး ကိုနှုတ်တက် ရွရွ ရွတ်ဆို ကြတော့တယ်။ ကုသမှု အရည် အသွေး မြင့်လေ၊ ဝေဒနာ ပျောက်ကင်း ချမ်းသာ ဖို့အာမခံ ချက်ပေးနိုင် လေ၊ လူနာများများ ရဖို့ သေချာလေ၊ ဆိုတော့ ဒိတ်ဒိတ်ကြဲ အတွေ့အကြုံ ရင့် ဆရာဝန် ဂေါ်ဇီလာ ကြီးများ၊ နောက်ဆုံးပေါ် ရောဂါ ရှာဖွေရေး စက်ကရိယာ များ၊ ပြည်သူ့ ဆေးရုံများ မှာ အိပ်မက်တောင် မမက်ဝံ့ တဲ့ ဒစ်ဂျစ်တယ် ကုသရေး အသုံး အဆောင်များ၊ လှိုက်လှဲ ပျူဌာ ယဉ်ကျေး ပြီးမြင်ရုံ နဲ့ ရင်တုန် သွားရမဲ့ ဧည့်ကြို မယ်ကလေးများ၊ အပျံစား လူနာ နားနေ ခန်းများ၊ မျက်စိပဿာဒ ရှိဖို့ ဘာညာ၊ အကွန့် အညွန့် တွေကို အပြိုင် အဆိုင် ထင်တိုင်းကြဲ ကြတော့တယ်။ ဟိုတယ် ဆေးရုံ ၀န်ဆောင်မှု (Hotel Hospital Service) ဆိုတဲ့ စကားလုံး တောင်သုံးလာ ကြတယ်။ ဒါကြောင့် နောင် အမြတ် အစွန်း ကိုမျှော်ကိုးပြီး ထည့်လိုက် ရတဲ့ အရင်း အနှီး ကကြောက် စရာကောင်း လောက်အောင် ကြီးလာတယ်။ ဆေးရုံ ကြော်ငြာ လေးတစ်ခု ဖတ်ကြည့် ကြပါစို့ --- --- --- --- -- --- --- --- ။

“ကျွန်ုပ် တို့၏ ဆေးရုံကြီး သည် နိုင်ငံ တကာ အဆင့်မှီ ဆေးကုသ မှုကို ပေးစွမ်း နိုင်ယုံ မျှမက ဆေးရုံတွင်း ကြွရောက် လာသူ သဗ္မူရိသ အနွယ်ဝင် သူတော်စင် မိတ်သဟာ အပေါင်းအား ချစ်စဖွယ် ကောင်းလှပြီး ချိုသာ ယဉ်ကျေး လွန်းလှ သည့် ဧည့်ကြိုမယ် ကလေးများက အပြုံးပန်း များဖြင့် ပထမ ဆုံးကြိုဆို ပါရစေ။ မိတ်ဆွေ ဆောင်ရွက် စရာ ကိစ္စရပ် အားလုံး ကိုဝန်ဆောင်မှု ၀န်ထမ်းများက သေချာ စေ့စပ်စွာ လုပ်ဆောင်ပေးပါမည်။ ရေမြှုပ် ဆိုဖာ တွင်ထိုင်ရင်း ဧည့် ခန်း ဆောင် အတွင်း မှစိမ်းလန်း စိုပြေသော ရောင်စုံ ပန်းမာန် များ နှင့် ရေပန်း များကို ကြည့်ရှု ခံစားရင်း မိတ်ဆွေ စိတ်ချမ်း သာစွာ နေထိုင်ပါလေ။ မိတ်ဆွေ ခံစားနေရ သောဝေဒနာ ကိုပိန်းကြာ ဖက်တွင် ရေမတင် သလို လျှောကျ ပျောက်ကင်း အောင် ကုသ ပေးနိုင် စွမ်းရှိ သည့် ၀ါရင့်၊ သမ္ဘာရင့် ဒိတ်ဒိတ်ကြဲ၊ လက်လက်ထ၊ ဆရာဝန် ကြီး နှင့်ဆွေးနွေးပါ။ ဆေးရုံ တွင် တက်ရောက် ကုသရန် လိုအပ် ပါက ကြယ်ငါးပွင့် အဆင့် ဟိုတယ် ၀န်ဆောင်မှု ထက် သာလျှင်သာမည်၊ မညံ့သော ကျွန်ုပ် တို့၏ လူနာခန်း များကို မိတ်ဆွေ စိတ်တိုင်းကျရ ပါစေမည့်။ ကေဘယ် တီဗွီ မှ ၂၄ နာရီ ဖျော်ဖြေရေး အစီအစဉ် များကို ကြည့်ရင်း အပန်းဖြေပါ။ ဂေါက်ရိုက်ချင် သေးသည် ဆိုလျှင် အနီးနားမှာ ကိုးကျင်း မီနီဂေါက်ကွင်း ကလေးနှင့် --- --- --- --- -- --- --- ---”

ပျော်စရာကြီး။ ရောဂါ သာမရှိခဲ့ ရင်ပေါ့လေ။ ဆေးရုံ လာပါတယ် ဆိုမှ ရောဂါ မရှိတဲ့ လူရှိမလား ဗျ၊ ကွာလတီ ၀န်ဆောင် မှု ဆိုတဲ့ သဘောကို ထင်သာအောင် ပြောပြ တာပါ။ ဒီလို ကွာလတီ့ ကွာလတီ ၀န်ဆောင်မှု တွေ အတွက် ရင်းနှီး မြုပ် နှံ လိုက်ရတဲ့ ကုန်ကျ စရိတ် တွေဟာ သူ့ထက်ငါ အပြိုင် အဆိုင် ခေတ်ကြီး မှာ ကျေသွားတယ် လို့ မရှိလောက်အောင် ထပ်ထပ် ပြီးတက်တက် လာလို့ စက်လှေကား အရင်း အနှီး (Cost Escalation) လို့ အမည် ကင်ပွန်း တောင် တပ်ပေး ထားရသေး။

ဒီကုန်ကျ စရိတ် တွေကို ဒီဝန်ဆောင်မှု ကိုနောက်ဆုံး သုံးစွဲ သူ (End User) လည်းဖြစ်၊ ငါ့ဝမ်း ပူဆာ မနေသာ သူလည်း ဖြစ်တဲ့ လူနာ များက ကျခံ ရမှာ ကတော့ အသေ အချာ ပဲပေါ့။ ဒါကြောင့် လည်း ဒီအတွက် သင်အိတ် ဖောင်း နေဖို့ တော့ လိုသည် လို့ ထည့်ကြော်ငြာ စရာ မလိုလောက်အောင် သဘောပေါက် နားလည်ပြီးသား။

ကြိုက်သလောက် သုံး၊ ကျသလောက် ပေး ဆိုတော့ လူနာများများ ၀င်ဖို့ ဆွဲဆောင်ဖို့ လိုလို မလိုလို လုပ်ထားတဲ့ အပို ၀န်ဆောင်မှု စရိတ် စက တွေ အားလုံး ကိုအချိုးကျ ပေါင်းထည့်လိုက် တဲ့အခါ အမှန် တကယ် ကျသင့် ကျထိုက် တဲ့ ဆေးဖိုး ၀ါးခ ဆိုတာ ထက် အများကြီး ပိုကျ သွားပါတော့တယ်။ ဧည့်ကြို မယ်ကလေး တွေရဲ့  အပြုံး တစ်စ အတွက်၊ ဧည့်ခန်း ထဲက ရေမြှုပ် ဆိုဖာမှာ ထိုင်ပြီး ရေပန်း ကိုမျက်စိ ပဿာဒ ခံစား မိတဲ့ အတွက်၊ အခန်း ထဲကနေ ထမင်း ပွဲ ရှေ့ ရောက် မှာစား မိတဲ့ အတွက်၊ ရေချိုး ဇလုံ ကြီး ထဲ ရေမွှေး ဆပ်ပြာ တွေ ထည့်ပြီး ဇိမ်ခံ ရေချိုးမိတဲ့ အတွက်၊ နာလန် ထစ မှာငြိမ်ငြိမ် မနေနိုင် ပဲ ဒရိုက်ဗာ တုတ်နဲ့ ဟန်လုပ်ပြီး ဂေါက်သီး ကိုအုပ်မိ တဲ့ အတွက်၊ ဟိုဟာ အတွက်၊ ဒီဟာ အတွက်၊ အားလုံး အတွက် ပေးဖို့ တာဝန် မိတ်ဆွေ မှာရှိနေ သည်မဟုတ် ပါလား။

Read More...

Tuesday, August 19, 2008

Life Cycle (5)

ထို့ကြောင့် ဤအရာကို သံသရာ ဟုခေါ်သည် (၅)
Juan

ကျန်းမာရေး စံနစ် နှင့် ကျန်းမာရေး အသုံး စရိတ်

WHO ရဲ့  Health System Performance Index အရ ကျန်းမာရေး စောင့်ရှောက်မှု အကောင်းဆုံး ကနေ အဆိုးဆုံး တိုင်းပြည် ထိ အဖွဲ့ဝင် နိုင်ငံတွေ ကိုအမှတ်စဉ် ချလိုက်တဲ့ အခါ ကမ္ဘာ့အကောင်းဆုံး ဆရာဝန်၊ သမားတော် ကြီးများ စုစည်းရာ လို့လက်မ ထောင်နေတဲ့ အမေရိကန် ပြည်ထောင်စု ဟာ နံပါတ်ဝမ်း တစ်၊ ဂဏန်း တစ်ပဲ လို့ ထင်တစ်လုံး နဲ့နေ ကြရာ က တကယ်တမ်း မှာတော့ အဆင့် (၃၉) မှာသာ ရပ်တည် ရရှာ တယ်။ ကျန်းမာရေး စံနစ် ရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး အဆင့် (၁) ကပြင်သစ် နိုင်ငံ၊ အဆင့် (၂) ကအီတလီ နိုင်ငံ၊ UK က အဆင့် (၁၈)၊ အာရှစီးပွားရေး ဘုရင် ဂျပန် ကတော့ အဆင့် (၁၀) ပါ။ ၀မ်းနည်း စရာ ကောင်း တာက ကျွန်တော် တို့ရဲ့  မြန်မာ နိုင်ငံ ဟာ ဒီဇယား မှာ အဆင့် (၁၉၀) ချိတ်ပါတယ်။ သူ့ နောက်မှာ ဘာကီယာ ဖူဆို တစ်နိုင်ငံသာ ကျန်ပါတော့တယ်။

(အထင်သေး လွန်ပြီး ရမ်းထည့် တဲ့ Data တွေရယ်၊ တိတိ ကျကျ ဘယ်လိုမှ မရ နိုင်လို့ မှန်းထည့် တဲ့ data တွေကြောင့် ဒီလောက် ဖြစ်ရ တာပါ၊ အမှန်တော့ Financial contribution component တစ်ခု ကလွဲ ရင် ဒီလောက် အခြေ အနေ မဆိုးပါ။)



ဒီလို လည်းအဖြေ ထွက်ရော အရာရာ ငါသာ ပထမ လုပ်ချင်ကြ တဲ့ အန်ကယ်ဆမ် တို့ မစ္စတာ ယန်းကီး တို့လူစု ဆွေ့ဆွေ့ခုန် အောင် မခံ မရပ် နိုင်ဖြစ် ကြပါတယ်။ ပြင်သစ်နဲ့ အင်္ဂလန် မှာ ဆရာဝန် တစ်ဦးရဲ့  တစ်နှစ် ပျမ်းမျှ ၀င်ငွေ ဟာ ဒေါ်လာ ခြောက်သောင်း သာရှိနေ ချိန်မှာ USA ကဆရာဝန် တစ်ဦး ဟာ တစ်နှစ် ပျမ်းမျှ ၀င်ငွေ ဒေါ်လာ နှစ်သိန်း ကျော် ရှိပါတယ်။ ကျန်းမာရေး အသုံး စရိတ် ကိုကြည့်ဦး မလား။ ပြင်သစ်နဲ့ အီတလီ ကကျန်းမာရေး အတွက် နိုင်ငံ့ GDP (Gross Domestic Product) ရဲ့  (၉) ရာခိုင်နှုန်း၊ UK က (၈) ရာခိုင်နှုန်း နီးပါး လောက်ပဲ သုံးနေချိန်မှာ USA က ကျန်းမာ ရေး အတွက် GDP ရဲ့  ၁၄ ရာခိုင်နှုန်း လောက်သုံးပြီး ဇောတိက ဇီဝက ဂိုက်ဖမ်း နေပါ တယ်။ ဒါနဲ့ တောင် ဒီလောက် အဆင့် ဖြစ်စရာ လားဆိုပြီး ဒေါမနဿ ပွားကြ တယ်လေ။ စူပါ မက မက်ဂါ အင်အားကြီး များဆိုတော့ WHO အညွှန်း ကိန်းဟာ မှန်ပုံ မရ ဘူးလို့ ယူဆပြီး သူသြဇာ ညောင်းတဲ့ OECD ခေါ် စီးပွားရေး အကျိုးတူ ပူးပေါင်း ဆောင်ရွက် ရေး အဖွဲ့ ကို Health system performance index အသစ် တီထွင် ခိုင်းပြီး တစ်စင် ထောင် ပါလေ ရော။ OECD index အရ လည်း သူ့ရဲ့  ကျန်းမာရေး စံနစ် အဆင့် သတ်မှတ်ချက် ဟာဒုံရင်း ဒုံရင်း ပါပဲ။ အလုပ်ပို ပြီး တစ်ရှက် ကနေ နှစ်ရှက် ဖြစ်ခဲ့ ရတာသာ အဖတ် တင်ခဲ့တယ်။

ကမ္ဘာ့ ထိပ်သီး ပါဝါ နိုင်ငံကြီး။ ကျန်းမာရေး စရိတ် တွေဒီလောက် သောက်သောက် လဲသုံးစွဲ ပြီး ကျန်းမာရေး စံနစ် က ဘာကြောင့် ထိပ်သီး မဖြစ် ရတာတုန်း ဆိုတာ စိတ်ဝင် စားစရာ ပါပဲ။ US Health System Analysts များရဲ့  သုံးသပ် ချက် အနန္တ ထဲက အဓိက အကြောင်း ကတော့ ကျန်းမာရေး စောင့်ရှောက်မှု ကိုအစိုးရ ကတာဝန် လုံးဝ မယူပဲ ပုဂ္ဂလိက လက်ထဲ ၀ကွက်အပ် ပြီး privatization လုပ်ထား လို့ ဒီလို အဖြစ်ဆိုး ရတာပါတဲ့ ခင်ဗျ။

ခေတ်သစ် ဘောဂ ဗေဒ ရဲ့  ဂေါ့ဖားသား ကြီး အဒမ် စမစ် က “အစိုးရ ကအုပ်ချုပ် ရေးပိုင်း ကိုသာ တာဝန်ယူပါလေ။ စီးပွားရေး လုပ်ငန်း မှန်သမျှ လုပ်ငန်းရှင် တွေစိတ်ကြိုက် လုပ်ပါစေ။ ဈေးကွက် ချိန်ခွင်လျှာ ကိုမမြင်ရတဲ့လက် (Invisible Hands) တွေက သူ့ အလိုလို ထိန်းညှိ ပေးသွားလိမ့် မယ်” ဆိုတဲ့ စကားကို ဈေးကွက် စီးပွားရေး မာစတာ အန်ကယ်ဆမ် တို့က အင်မတန် နှစ်သက် သကိုး။ ဒါနဲ့ပဲ Health Care ကိုဈေးကွက် စီးပွားရေး ပုံစံ လုပ်လို့ ဖြစ်ဖြစ် မဖြစ်ဖြစ် ဈေးကွက် ထဲ ဇွတ်ထည့် ပစ်လိုက် ကြတော့ တာပေါ့။ ဒီမှာ မေးစရာ ရှိလာတာက ---

ကျန်းမာရေး စောင့်ရှောက် မှုဟာ ဈေးကွက်ဝင် ကုန်ပစ္စည်းလား?

အခြေခံ ဘောဂဗေဒ သီအိုရီ မှာ လူတွေရဲ့  ၀ယ်လိုအား (Demand)၊ ဈေးနှုန်း (Price) နဲ့ ၀င်ငွေ (Income) ပေါ်မူတည် ပြီး ဈေးကွက်ဝင် ကုန်ပစ္စည်း အမျိုး အစားကို လေးမျိုး လေးစား ခွဲကြ ပါတယ်။

၁၊ ပစ္စည်းဈေးနှုန်း (Price) ကြီးနေပြီး စားသုံးသူရဲ့  ၀င်ငွေ (Income) က နည်းနေ ရင် အဲဒီ ပစ္စည်းကို ၀ယ်လိုအား နည်းမယ်။ ပစ္စည်းဈေးနှုန်း ကျလာပြီး၊ ၀င်ငွေ ကောင်းနေ ရင်တော့ ပစ္စည်း အပေါ်ဝယ်လိုအား ကောင်းလာ မယ် ဆိုရင် အဲသလို ကုန်ပစ္စည်း အမျိုး အစားကို ပုံမှန်ကုန်ပစ္စည်း (Normal Goods) လို့ ခေါ်ပါတဲ့။ လူသုံးကုန် ပစ္စည်း အများစု ဟာ ဒီ Category ထဲမှာ။

၂၊ ပစ္စည်း ဈေးနှုန်း တက်သည်ဖြစ်စေ၊ ကျသည် ဖြစ်စေ၊ ၀ယ်သူ ရဲ့ ဝင်ငွေ အခြေ အနေ ဘယ်လို ရှိရှိ၊ ပစ္စည်း တစ်ခု အပေါ် ၀ယ်လိုအား ကမပြောင်းလဲ ပဲ ဘယ်ခေတ် ရောက်ရောက် ပန်းပန် လျှက်ပါ ဆိုတဲ့ ပစ္စည်း မျိုးကို မရှိ မဖြစ် ကုန် ပစ္စည်း (Essential goods) တဲ့၊ အခြေခံ စားသောက်ကုန် ပစ္စည်း များပေါ့။

၃၊ ပစ္စည်း ဈေးနှုန်း ကအရမ်း ချိုသာ တယ်၊ သုံးစွဲ သူများ ကလည်း မူးစု ပဲစု ဆိုတဲ့ အချိန်မှာ ဒီပစ္စည်း မျိုး အလွန် ရောင်း ကောင်းတတ် တယ်။ လူတွေ ရဲ့  ဘ၀ တွေ အဆင်ပြေ၊ လူနေ မှုတွေ အဆင့်မြင့် ၊၀င်ငွေ တွေတိုး လာတာ နဲ့ အမျှ ၀ယ် လိုအား ကဖုတ်ကနဲ ပြုတ်ကျ တတ်တဲ့ ပစ္စည်းမျိုး ကို မရှိသုံး ကုန်ပစ္စည်း (Inferior goods) တဲ့ဗျား။ အသင့်စား ခေါက်ဆွဲ ထုတ်တို့၊ 3 in 1 instant coffee mix တို့ဆိုတာ ဒီလို အမျိုး အစား တဲ့ဗျား။ သိန်းငါးရာ ထီပေါက် ရင် ခေါက်ဆွဲ ခြောက် ကွန်တိန်နာ နဲ့ တစ်လုံး ၀ယ်စား မယ်လို့ စိတ်ကူး ယဉ်တဲ့ လူမျိုး တွေ့ဖူး လို့လား။ ဒါကြောင့် ဒီပစ္စည်း မျိုး ထုတ်လုပ် ရောင်းချ သူများ ဟာလူတွေ အမြဲတမ်း ဆင်းရဲ၊ စုတ်ပြတ် ပြီး အမွဲ တကာ့ ထွဋ်ခေါင် ဘ၀ ကမတက် ပါစေနဲ့ လို့ ဆုတောင်း ရမလို ပါပဲ။

၎၊ ၀ယ်သူ တွေက ၀င်ငွေ အလွန် ကောင်းချိန် မှာ ၀ယ်လိုအား အတန် အသင့် ရှိမယ်၊ ပစ္စည်း ဈေးနှုန်း ကတော့ ထိလု မိုးဆီ တိမ်သို့မှီ။ ၀င်ငွေ နည်းနည်း လျှော့သွား တာနဲ့ လုံးဝ ကိုမရောင်း ရတော့တဲ့ ပစ္စည်း မျိုးတွေ ကိုဇိမ်ခံ ကုန်ပစ္စည်း (Luxury goods) ပါတဲ့။ ကျောက်မျက် ရတနာ၊ ဇိမ်ခံကား များ စသည်ဖြင့်ပေါ့၊ ဒီပစ္စည်း ရောင်းသူ တွေကတော့ လူတွေ အားလုံး ဇောတိက ဘ၀ ကတစ်ပြား မှမလျော့ ပါစေနဲ့ လို့ နေ့စဉ် ဘုရား မှာ အခါတစ်ရာ ဆုတောင်းမယ် ထင်ပါတယ်။ ကုသိုလ် ရတာ ပေါ့ဗျ။

ပြောချင် တာက အကယ်၍ ကျန်းမာရေး စောင့်ရှောက်မှု ဟာရောင်းလို့၊ ၀ယ်လို့ ရတဲ့ ကုန်ပစ္စည်း တစ်ခုဆိုရင် အထက်ပါ လေးမျိုး ထဲက ဘယ်အမျိုး အစားထဲ ပါဝင် ပါသလဲ? စဉ်းစား တော်မူ ကြည့်ကြ ပါလေ။ သေချာ စဉ်းစား ရင် ဘယ်အမျိုး အစား ထဲမှ အတိ အကျ ထည့်လို့ မရပါ။ ဒါကြောင့် ကျန်းမာရေး စောင့်ရှောက် မှုကို ကုန်ပစ္စည်း လို့ သဘော ထားခဲ့ရင် တောင် ဒါဟာ လူထု နဲ့ဆိုင်သော ကုန်ပစ္စည်း (Merit good, public good) သာဖြစ်တယ် လို့ ပြောတဲ့ သူကပြော၊ ကျန်း မာရေး စောင့်ရှောက် မှုဟာ လူတစ်ဦး ချင်းစီ အတွက် ဆိုရင် မရှိ မဖြစ် ကုန်ပစ္စည်း ဖြစ်ပြီး တိုင်းပြည် တစ်ခု လုံး အတွက် ဆိုရင် တော့ဇိမ်ခံ ကုန်ပစ္စည်း ပဲလို့ စွပ်စွဲ တဲ့လူတွေ လည်းဒုနဲ့ဒေး။

ငွေကုန် ကြေးကျ ခံနိုင် တိုင်းတော့ ကျန်းမာရေး စံနစ် တစ်ခု ကောင်းမလာ တာကိုရွှေ အမေရိကန် ကအကောင်းဆုံး သင်ခန်း စာပြသွား ခဲ့ပါပြီ။ သို့သော် လည်းငွေကြေး ကိုလုံးဝ ထည့်သွင်း မစဉ်းစားပဲ စေတနာ၊ ၀ါသနာ၊ အနစ်နာ သာ အရင်း တည်ပြီး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းကြီး တစ်ခုလုံး ကိုလည်ပါတ် လို့ရနိုင် ရိုးလား။ ဥဒ္ဒစ္စ၊ ကုက္ကုစ၊ ဒေါ မနဿ တွေတိုး လာပါ လိမ့်မယ်။ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း ဟာ ဥုံ-ဟတ်ချလောင်း၊ ရောဂါ ပျောက်စေ လို့ မန်းမှုတ် ပြီး ရှိသမျှ ရောဂါ ပျောက်စေ မယ်ဆို ရင်တောင် ဂါထာ မန်းမှုတ်သူ စတဲ့ အရင်း အနှီး လိုသေး တာကိုး။ ဆေးရုံ များ၊ ကျန်းမာရေး ဌာနများ၊ ရောဂါ ရှာဖွေရေး ပစ္စည်းများ၊ ပညာရှင် များ၊ လုပ်သား များ စတဲ့ စတဲ့ စွမ်းအားစု များအတွက် ငွေကြေး စိုက်ထုတ်မှု အရင်း အနှီး သိပ်ရှိတာပေါ့။ ကျန်းမာရေး စံနစ် တစ်ခု အတွက် မနဲ လှတဲ့ ငွေကြေး အရင်း အနှီး တွေကို မျှမျှ တတ ဖြစ်အောင် စီမံ ခန့်ခွဲ နိုင်ဖို့ အလွန် လိုအပ် ပါတယ်။
တကယ်တော့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း ဆိုတာ ရောဂါသည် လူနာ နဲ့ ကုသသူ သမား တို့ရဲ့ ဆေးကုသ မှု လုပ်ငန်း တစ်ခုတည်း ဘယ်ဟုတ် မလဲ။ ပြီးပြည့် စုံသော ကျန်းမာရေး စောင့်ရှောက်မှု (Comprehensive Health Care) မှာ လုပ်ငန်း လေးရပ် ပါဝင် တယ် ---

  • ကျန်းမာ နေသော ပြည်သူ များအား ပို၍ ကျန်းမာ စေရန် လုပ်ပေး သော promotive health service
  • ရောဂါ ဖြစ်လတ္တံ့သော လူထု ကို ရောဂါ မဖြစ်အောင် ကာကွယ်ပေးသော preventive health service
  • ဝေဒနာသည် လူနာ များကို ရောဂါ ပျောက်ကင်း အောင် ကုသ ပေးသော curative health service
  • ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုး များကြောင့် ကိုယ်ကျိုးနည်း ရသူ များကို ပြန်လည် ထူထောင် ၍ ပုံမှန် လူ့အဖွဲ့ အစည်းတွင်း ပို့ဆောင် ပေးသော rehabilitative health service
ရယ်လို့ လုပ်ငန်း ကြီး လေးရပ် လုံး လုပ်ပေး နိုင်ပါမှာ ပြီးပြည့်စုံ တဲ့ကျန်းမာရေး စောင့်ရှောက်မှု လို့ဆိုသကိုး။

ဒါပေမဲ့ ကျန်းမာရေး စောင့်ရှောက်မှု လို့ပြောရင် အရင်ဆုံး မျက်စိထဲ ပြေးမြင် တာက ဆေးရုံ၊ ဆေးခန်း များပဲ မဟုတ် လား။ ဆေးပညာ သမိုင်းတစ်လျှောက် လုံးလည်း ကုသရေး လုပ်ငန်း ကသာ အဓိက ကျန်းမာရေး စောင့်ရှောက်မှု အဖြစ် ပါဝင် ကပြ အသုံးတော် ခံခဲ့ တာနှစ်ပရိစေတ္တ ကြာကြာ လှပေါ့။ ဒါကြောင့် လည်းတကမ္ဘာလုံး ရဲ့ ကျန်းမာရေး ဘတ်ဂျက် ခွဲတမ်း ဟာ အမြဲတမ်း ၈၀-၂၀ ပေါ်လစီ ပဲ။ ဆိုလိုတာ ကတော့ ကျန်းမာရေး ဘတ်ဂျက် ရဲ့  ၈၀ % ကို ကုသရေး လုပ် ငန်း မှာသုံးစွဲ ပြီး ကျန်သုံးခု ကတော့ ၂၀% ကိုမျှသုံး ကြရတယ်။ USA မှာကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း အားလုံး ကို ပုဂ္ဂလိက ပိုင်ပြုလိုက်တယ် လို့ အထက်က တင်ပြခဲ့တယ်။

တကယ်တော့ ကုသရေး လုပ်ငန်း ကိုသာ ပုဂ္ဂလိက ပိုင်ပြု လို့ရပါတယ်။ ကျန် လုပ်ငန်း သုံးခု ကိုဘယ်ပုဂ္ဂလိက လုပ်ငန်းရှင် ကမှ အစိုးရ ထံမှ လက်လွှဲ မယူဝံ့ပါလေ။ ထည့်သွင်း ရင်းနှီး လိုက်တဲ့ အရင်း မှန်သမျှ ကျောက်ခဲ ရေမြုပ်သလို စွပ်ကနဲ မြုပ်ပြီး ဘာအကျိုး အမြတ် မှမရတဲ့ ဒီလုပ်ငန်း တွေ အတွက် ပီတိ စားပြီး အားရှိ မဲ့ဘိဇနက် သမား တစ်ယောက် မှမရှိ၊ မြတ်ချင် လို့ ရင်းနှီး မှုပြုတာကိုးဗျ။ ဘိဇနက် လုပ်ငန်း ရှင် တွေရဲ့ အမြင်မှာ promotive, preventive & rehabilitative ဆိုတဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း သုံးရပ် ဟာ သွေးစုပ် ဖုတ်ကောင် ကြီးသုံးကောင် လိုအန္တရာယ် ကြီးလွန်းလှတယ်။

ပါတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းများ၊ ကျန်းမာရေး ပညာပေးခြင်း၊ အဖြစ်များ ရောဂါ များထိန်းချုပ်ခြင်း၊ ကိုယ်ဝန် ဆောင် စောင့်ရှောက်မှု ပေးခြင်း၊ ကာကွယ်ဆေး ထိုးခြင်း၊ ဒီလုပ်ငန်း တွေကြောင့် လူထုမှာ အကျိုးရှိတာ သေချာ တယ်နော်။ ဒါပေမဲ့ တစ်ဦးကောင်း တစ်ယောက် ကောင်း အကျိုးရှိ တာမဟုတ်၊ အားလုံး အပေါ်မှာ ဖြန့်ဝေ ရရှိသော အကျိုး တရားကိုး။ ဒါကြောင့် အားလုံး ရထိုက် တဲ့ပစ္စည်း (Public good) လို့ပြောတာပေါ့။ အားလုံး ရထိုက်လို့ အားလုံး တတ်နိုင် တဲ့ဈေးနှုန်း သတ်မှတ်ပါ ဆိုတော့ ဆင်းရဲ ချမ်းသာ မရွေး လူတန်းစား အားလုံး တတ်နိုင် တဲ့ဈေးနှုန်း ကတော့ အလကား ပေးခြင်း မှတပါး အခြားမရှိလေ။ ဘယ်ဘိဇနက် သမားက တာဝန်ယူရဲမှာလဲ။ ဘယ်တော့ မှ အရင်း ပြန်မပေါ် တဲ့ငွေကြေး ကိုစိုက်ထုတ် ပြီးဒီကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း တွေကို ပြည်သူ လူထု အကျိုး အတွက် ဆောင်ရွက် ရသူ ကအစိုးရ ပဲပေါ့။

ကုသရေး လုပ်ငန်း ကျတော့ လူနာ မချိ မဆန့် ခံစား နေရတဲ့ ဝေဒနာ ဗြုန်းကနဲ၊ ဒိုင်းကနဲ သက်သာ ပျောက်ကင်းခြင်း ဆိုတဲ့ အကျိုး အမြတ် ကိုလူတစ်ဦး ချင်းစီ အနေတဲ့ ချက်ချင်း လက်ငင်း ရရှိ ခံစား နိုင်တာ ကြောင့် ဒီအတွက် ကျသင့် တဲ့ ငွေကြေး တစ်စုံ တစ်ရာ ကိုလည်း ချက်ချင်း ပေးဖို့ ၀န်မလေး တတ်ကြဘူး၊ အသက် ထက် တန်ဖိုးရှိ တာမရှိ ဆိုသကိုး။ တောင်းသမျှ ငွေကြေး ကိုသိပ်များ တာပဲ၊ နည်းနည်း လျှော့ပါဦး တို့၊ အဆစ် ကလေး ပေးပါဦး တို့ အသက်နဲ့ ရင်းပြီး ဈေးဆစ် လေ့မရှိ စကောင်း၊ ဒါကြောင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်း ရှင်တွေ အလွန်မျက်စိကျ၊ သွားရည် ယိုစရာ လုပ်ငန်း ကြီးပေါ့။ ဈေးကွက် စီးပွားရေး ကမွေးထုတ် ပေးလိုက်တဲ့ ဆေးကွက် စီးပွားရေး ဟာ ကမ္ဘာ့ စီးပွားရေး မျက်နှာ စာမှာ ကြံတိုင်းအောင်၊ ဆောင်တိုင်းမြောက် အဆင့် အတန်း နဲ့ မျက်နှာပန်း အလွန် လှသပေါ့ ခင်ဗျား။

Read More...

Wednesday, January 23, 2008

Poverty Reduction

ဆင်းရဲနွမ်းပါးမှု လျှော့ချရေး


ဆင်းရဲနွမ်းပါးမှု လျှော့ချရေး

No society can surely be flourishing and happy, of which by far the greater part of the numbers are poor and miserable.

-Adam Smith

ပြည်သူ့ ကျန်းမာရေးနဲ့ ဆင်းရဲနွမ်းပါးမှုဟာ တိုက်ရိုက်ဆက်နွယ်မှုရှိတဲ့ အကြောင်းအရာနှစ်ခု ဖြစ်ပါတယ်။ ကျန်းမာရေးချို့တဲ့မှုကြောင့် ဆင်းရဲနွမ်းပါးမှုဖြစ်စေနိုင်သလို၊ ဆင်းရဲနွမ်းပါးမှုကြောင့် အာဟာရချို့တဲ့မှုဖြစ်ရာက လာဘ်ကြီးတပါးဖြစ်တဲ့ ကျန်းမာရေးပါ ချို့တဲ့မှု ဆက်ဖြစ်သွားတဲ့ သာဓကတွေ အများကြီးပါ။ ဒါကြောင့်လဲ ဆင်းရဲနွမ်းပါးမှုကို ရောဂါတမျိုးအနေနဲ့ အဆိုရှိကြတာ ဖြစ်ပါတယ်။



ဆင်းရဲနွမ်းပါးမှုဆိုရာဝယ်

ဆင်းရဲနွမ်းပါးမှု အတိမ်အနက်ကို poverty line နဲ့ တိုင်းတာလေ့ရှိပါတယ်။ ဒီလိုင်းက လူသားတယောက် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းမှာ နေထိုင်ရပ်တည်နိုင်ဖို့ လိုအပ်တဲ့ လုံလောက်မှုပမာဏကို ဖော်ပြပေးပါတယ်။ အိန္ဒိယနိုင်ငံကတော့ လူသားတယောက်တနေ့တာစားသုံးဖို့လိုအပ်တဲ့ ကယ်လိုရီပမာဏအတွက် လိုအပ်မယ့်အသုံးစရိတ်အပေါ်မှာ ဒီလိုင်းကို ဆွဲပါတယ်။ ဒီအသုံးစရိတ်ထက် ၀င်ငွေက နည်းနေမယ်ဆိုရင် ဆင်းရဲနွမ်းပါးတယ်လို့ ယေဘုယျသတ်မှတ်ပါတယ်။ သက်ဆိုင်ရာတိုင်းပြည်အလိုက် ကွဲပြားမှုရှိပါတယ်။

ဘယ်လိုပဲကွဲပြားပေမယ့်Below the poverty line မှာ လူဦးရေများပြားနေခြင်းဟာ ဆင်းရဲနွမ်းပါးသူဦးရေများခြင်းကို ညွှန်ပြချက်ပဲ ဖြစ်ပါတယ်။ တိုင်းတာရာမှာ head-count ratio, poverty -gap ratio စသည်ဖြင့် အမျိုးမျိုး ရှိပါတယ်။ head-count ratio က poverty line အောက်က population fraction ကို တိုင်းတာပြီး၊ poverty -gap ratio ကတော့ total shortfall of incomes ကို တွက်ချက်တိုင်းတာ တာဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါးမှုနှင့်ဝင်ငွေ

ဆင်းရဲနွမ်းပါးမှုကို ၀င်ငွေနဲ့ တိုင်းတာမှုအပေါ်မှာ debate တွေ အမျိုးမျိုး ရှိပေမယ့် Development Economics သဘောတရားအရ ဆင်းရဲနွမ်းပါးမှုနဲ့ nutrition တို့ရဲ့ functional impact ဟာ work capacity အပေါ်မှာ အများကြီး သက်ရောက်မှု ရှိပြီး၊ work capacity နဲ့ income level ဟာ တိုက်ရိုက်ဆက်စပ်မှုရှိတာကြောင့်၊ ၀င်ငွေဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနည်းလမ်းလေးသွယ်

ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနည်းလမ်းတွေမှာ government policy intervention ဟာ အရေးကြီးပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းလေးသွယ်ကို အသေးစိတ်ဖော်ပြရရင်

(၁) Relative factor prices အားပြောင်းလဲသောပေါ်လစီများရေးဆွဲ၍ Functional Distribution of Income အား ပြောင်းလဲရန်

ဒီကဏ္ဍမှာ စဉ်းစားရမယ့် အချက်နှစ်ချက်ရှိပါတယ်။ ပထမအပိုင်းက price of labor ပါ။ တနည်းအားဖြင့် ဆိုရင်တော့ လုပ်ခ (wage rate) ပါ။ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ လုပ်အားခတွေဟာ ၀ယ်လိုအား၊ ရောင်းလိုအားတို့ interplay လုပ်တာနဲ့ determine မလုပ်ပဲ သတ်မှတ်ချင်သလို သတ်မှတ်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အလုပ်တခုထဲမှာတင် လုပ်အားခက အမျိုးမျိုးဖြစ်တတ်ပါတယ်။ များသောအားဖြင့် လုပ်အားခတွေဟာ demand, supply forces တွေ free interplay လုပ်ရက ထွက်လာတဲ့ လုပ်အားခတွေထက်များနေတတ်ပါတယ်။ ဒါကို လျှော့ချခြင်းအားဖြင့် လုပ်ငန်းရှင်တွေဟာ capital နေရာမှာ labor ကို ပိုမိုအစားထိုးလာပါလိမ့်မယ်။ ဒီနည်းဖြင့် employment level တက်လာပြီး၊ ဆင်းရဲနွမ်းပါးသူတွေရဲ့ ၀င်ငွေတက်လာပါမယ်။

နောက်တချက်က Capital နဲ့ ဆိုင်ပါတယ်။ များသောအားဖြင့် capital equipment တွေရဲ့ ဈေးနှုန်းတွေကို အစိုးရနဲ့နီးစပ်မှုရှိတဲ့ လုပ်ငန်းရှင်တွေအတွက် လျှော့ချထားလေ့ရှိတယ်။ ငွေလဲလှယ်နှုန်းတွေ အမျိုးမျိုးသတ်မှတ်တာမျိုး၊ လုပ်ငန်းတချို့ကို သီးခြား privileges ပေးတာမျိုးတွေပါ။ ဒါတွေကို ဖယ်ရှားလိုက်မယ်ဆိုရင် price of capital ဟာ market-driven လုပ်တဲ့ level ကို ရောက်ရှိသွားပြီး၊ capital နေရာမှာ factor substitution အနေနဲ့ labor က အစားဝင်လာပါတယ်။ ဒီနည်းနဲ့ employment level တက်လာနိုင်ပါတယ်။ ဒါတွင်မက လုပ်ငန်းရှင်တွေရဲ့ economic returns ကလဲ အရင်ကလို မမြင့်မားတော့ပဲ income level ကျလာတဲ့အတွက် ချမ်းသာသူများနဲ့ ဆင်းရဲသူများအကြားက inequality လျော့နည်းလာနိုင်ပါတယ်။

ဒီနည်းဟာ လုပ်သားအရည်အတွက်များလာပြီး၊ ၀င်ငွေရသူများလာတဲ့အပြင် inequality ကို လျော့ကျစေနိုင်တဲ့အတွက် အကျိုးရှိတာမှန်ပေမယ့် အစိုးရကိုယ်တိုင် လုပ်ငန်းရှင်များနဲ့ ပူးပေါင်းပြီး ကိုယ်ကျိုးရှာနေတဲ့ တိုင်းပြည်တွေမှာတော့ ဒီနည်းလမ်းကိုသုံးဖို့ အစိုးရကိုယ်တိုင်က နှောင့်နှေးလေ့ရှိကြပါတယ်။

(၂) Asset ownership ကို တိုးမြှင့် redistribute လုပ်ခြင်းအားဖြင့် size distribution ကို modify လုပ်ရန်

ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတာက တိုင်းပြည်ဝင်ငွေရဲ့ တ၀က်ကျော်ကို ရရှိသူများဟာ လူဦးရေ စုစုပေါင်းရဲ့ နှစ်ဆယ်ရာနှုန်းခန့်ပဲဖြစ်ပြီး၊ ထုတ်လုပ်မှုအရင်းအမြစ်ရဲ့ ရှစ်ဆယ်ရာခိုင်နှန်းကျော်ကိုလဲ ဒီနှစ်ဆယ်ရာခိုင်နှုန်းလူတွေကပဲ ပိုင်ဆိုင်တာဖြစ်ပါတယ်။ ဒါမျိုးကို size distribution မညီမျှမှုလို့ ခေါ်ပါတယ်။ ပိုင်ဆိုင်မှုတွေကို ကျန်သူတွေဆီမှာ redistribute လုပ်ခြင်းအားဖြင့် size distribution ညီမျှအောင် လုပ်ယူရပါမယ်။ ပေါ်လစီရေးရာမှာတော့ redistributive polices များလို့ သုံးနှုန်းပါတယ်။

အများအားဖြင့် လုပ်လေ့လုပ်ထရှိတာကတော့ rural poverty group ကို လျှော့ချဖို့ land reform လုပ်ခြင်းပါပဲ။ အလားသဏ္ဍာန်တူပဲ မြို့ပြမှာဆိုရင်လဲ လုပ်ငန်းသေးလုပ်ကိုင်သူများကို commercial credit (ဥပမာ- microloans) ပေးခြင်းအားဖြင့် သူတို့လုပ်ငန်းတွေချဲ့ထွင်ဖို့ရယ်၊ local workers တွေကို ပိုမိုခန့်ထားနိုင်ဖို့ရယ်အတွက် အကျိုးရှိစေပါတယ်။

နောက်တချက်လုပ်နိုင်တာကတော့ Annual savings and investment ထဲက တချို့အစိတ်အပိုင်းများကို low-income groups များအတွက် လွှဲပြောင်းပေးခြင်းပါ။ ဒါ့အပြင် educational opportunities ကိုပဲ wider access ဖြစ်အောင် လုပ်ယူရပါမယ်။ နှစ်ဆယ့်တစ်ရာစုမှာ Human Capital ဟာ နိုင်ငံတနိုင်ငံဖွံ့ဖြိုးတိုးတက်မှုရဲ့ အရေးအကြီးဆုံး သော့ချက်ဖြစ်လာပါပြီ။

(၃) Income and Wealth Taxes များဖြင့် ချမ်းသာသူများ၏ size distribution ကို လျှော့ချရန်

ဝင်ငွေနည်းတဲ့ အောက်ခြေလူတန်းစား ၄၀% ရဲ့ financial security ရှိဖို့ အတွက် သင့်လျော်တဲ့ အခွန်စနစ်ကို ချမှတ်ရပါမယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်လေ့ဖြစ်ထရှိတာက အခွန်စနစ်ဟာ ဆင်းရဲနွမ်းပါးသူများမှာ ပိုမိုတင်းကြပ်ပြီး၊ ချမ်းသာသူများကတော့ လာဘ်ပေးလာဘ်ယူနည်းမျိုးစုံနဲ့ အခွန်ရှောင်တတ်ကြပါတယ်။ Progressive taxes တွေဖြစ်ရမယ့်အစား regressive taxes တွေဖြစ်ကုန်ပါတော့တယ်။

(၄) Direct Transfer payments များ၊ Public-consumption goods and services များအား ထောက်ပံ့ခြင်းဖြင့် ဆင်းရဲသူများ၏ size distribution ကို တိုးမြှင့်ရန်

ဆင်းရဲနွမ်းပါးသူများကို public-consumption goods and services များထောက်ပံ့ပေးခြင်းဟာလဲ အကျိုးဖြစ်ထွန်းပါတယ်။ ဥပမာ- ကျေးလက်နဲ့ တိုးတက်မှုနှေးတဲ့ မြို့ပြဒေသများမှာ public health projects များချမှတ်ဆောင်ရွက်ခြင်း၊ ဝေးလံခေါင်ဖျားဒေသတွေမှာ သောက်ရေသန့်နဲ့ လျှပ်စစ်မီးရရှိအောင်ဆောင်ရွက်ခြင်း၊ preschool nutrition supplement programs များ ဖန်တီးအကောင်အထည်ဖော်ခြင်း စတာမျိုးတွေဖြစ်ပါတယ်။

ငွေကြေးများတိုက်ရိုက်လွှဲပြောင်းပေးခြင်းနဲ့ ဆင်းရဲနွမ်းပါးသူများကို အစားအစာများ ပေးဝေခြင်းဆိုင်ရာ ပေါ်လစီများကလဲ အသုံးဝင်ပါတယ်။ အကောင်းဆုံးကတော့ essential foodstuffs တွေရဲ့ဈေးနှုန်းကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် လိုအပ်တဲ့ ပေါ်လစီများ ချမှတ်ဆောင်ရွက်ခြင်းပါပဲ။

အထက်ပါနည်းလမ်းလေးသွယ်ကို ဆောင်ရွက်ခြင်းအားဖြင့် ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းလေးသွယ်လုံးမှာ government role ဟာ အရေးကြီးဆုံးမို့ သက်ဆိုင်ရာနိုင်ငံအစိုးရရဲ့ attitudes နဲ့ effectiveness ရှိအောင် လုပ်ဆောင်နိုင်မှုတွေပေါ်မှာ မူတည်နေပါတယ်။ Third sector ရဲ့ poverty reduction နဲ့ ပတ်သက်ပြီး ပါဝင်ဆောင်ရွက်နိုင်မှုများအကြောင်းကို နောက်ပိုင်းဆောင်းပါးများမှာ ဆက်လက်ဆွေးနွေးသွားပါမယ်။

ခင်မမမျိုး (၂၁၊၁၊၂၀၀၈)

ရည်ညွန်းကိုးကား

Ray, Debraj (1998) Development Economics, Princeton University Press, Princeton

Todaro, C.M & Stephen C. S (2006) Economic Development, 6th edition, Pearson Education, Harlow

Bardham, P. & Udry, C. (1999) Development Microeconomics, Oxford University Press, Oxford



Read More...

Saturday, November 24, 2007

Health and Wealth


Health and Wealth

(၂၀၀၁) ခုနှစ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကနေ ကျန်းမာရေးနဲ့ ဓနကြွယ်ဝမှုကြားမှာ ဆက်စပ်နေတဲ့ အကြောင်းအကျိုးတရား (causal effects)များ ရှိတယ်ဆိုတာကို အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။




တကယ်တော့ ကျန်းမာရေးဟာ လာဘ်ကြီးတပါးဆိုသလိုပဲ နိုင်ငံတော်ရဲ့ ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေနိုင်သလို၊ စီးပွားရေးတိုးတက်မှုကနေတဆင့်လဲ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို အကောင်အထည်ဖော်နိုင်မှာဖြစ်လို့ ဒီအချက်နှစ်ချက်ဟာ တိုက်ရိုက်ဆက်စပ်နေတဲ့ အကြောင်းတရားနှစ်ခုဖြစ်ပါတယ်။ အပြန်အလှန်အနေနဲ့ အမှီသဟဲ ပြုနေကြပါတယ်။ ကျန်းမာရေးကဏ္ဍမှာ ဆုတ်ယုတ်ပျက်စီးနေတဲ့ နိုင်ငံတနိုင်ငံရဲ့စီးပွားရေးကို ဘယ်လိုမှ တိုးတက်အောင် မလုပ်နိုင်သလို အကျိုးဆက်အဖြစ် ပိုမိုဆိုးဝါးတဲ့ ယိုယွင်းပျက်စီးမှုကိုသာ ဦးတည်သွားမှာဖြစ်ပါတယ်။

Individual level အနေနဲ့ကြည့်မယ်ဆိုရင်လဲ ၀င်ငွေများပြားမှုဟာ အစားအစာပြည့်စုံမှု၊ နေအိမ်တိုက်တာကောင်းမွန်မှုနဲ့ ရောဂါမဖြစ်ခင် ကြိုတင်တားဆီးနိုင်မှုအပါအ၀င် preventive public health measures တွေကို ပိုမိုအကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။ အကျိုးဆက်အဖြစ် health and wealth အပြင် အခြား third factors တွေ ဖြစ်တဲ့ education လို အခန်းကဏ္ဍတွေအပေါ်မှာလဲ များစွာသော အကျိုးသက်ရောက်မှု ရှိစေပါတယ်။

(၂၀၀၁) ခုနှစ်မှာ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဘောဂဗေဒပညာရှင် Bhargova ဆိုသူက ကျန်းမာရေးကောင်းမွန်မှု၊ ၀င်ငွေများပြားမှုနဲ့ ဓနကြွယ်ဝတိုးတက်မှုတွေကြားက ဆက်စပ်နေတဲ့ အကြောင်းတရားတွေကို လေ့လာဖော်ထုတ်ခဲ့ပါတယ်။ သူ့ရဲ့တွေ့ရှိချက်တွေအရ ကျန်းမာသော လုပ်သားများဟာ တခြားလုပ်သားများထက်စာရင် ပိုမိုကောင်းမွန်သော လုပ်အားကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒီအတွက်ကြောင့် ကျန်းမာရေးနဲ့ ကလေးသူငယ်တွေရဲ့ nutrition ဆိုင်ရာတွေမှာ ရင်းနှီးမြှုပ်နှံမှု အများအပြားလုပ်ပေးရမယ်လို့ ဆိုထားပါတယ်။

ကျန်းမာရေးနဲ့ ဓနကြွယ်ဝမှုကြားက နောက်တခုဆက်နွယ်မှုကတော့ ပညာရေးပဲ ဖြစ်ပါတယ်။ ကျန်းမာတဲ့ကလေးသူငယ်တွေဟာ ကျောင်းတက်မှန်တဲ့အတွက် cognitive development ဖြစ်လာပြီး၊ Life expectancy လဲတက်တဲ့အတွက်ကြောင့် တိုင်းပြည်တပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူ ပြုလာနိုင်ပါတယ်။

အရှင်းလင်းဆုံးအခြေအနေကို ဥပမာပေးရရင် အာရှအရှေ့ပိုင်းကို ပေးရပါလိမ့်မယ်။ ၁၉၆၀ ခုနှစ်က ဒီဒေသရဲ့ Life expectancy ဟာ (၃၉)နှစ်ဖြစ်ပြီး၊ (၁၉၉၀) ခုနှစ်ကျတော့ (၆၇)နှစ်ကို တိုးသွားခဲ့ပါတယ်။ ဒီလိုပဲ working age people (15-64) အရေအတွက်နဲ့ မှီခိုလူဦးရေ (below 15 & over 65) ကြားက အချိုးဟာလဲ ၁.၃ ကနေ ၂.၁ ကို တိုးသွားခဲ့ပါတယ်။ ဒီလို Labor supply တက်လာမှုဟာ ထုတ်လုပ်မှုစွမ်းအားကိုလဲ တက်စေခဲ့ပါတယ်။ ဒါ့အပြင် retirement saving ကလဲ longevity နဲ့အတူ တက်လာခဲ့ပါတယ်။ အာရှအရှေ့ပိုင်းရဲ့ မယုံကြည်စရာကောင်းလောက်တဲ့ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေမှာ ဒီလို factor inputs များက အဓိက နေရာကနေ ပါဝင်ခဲ့တာပါ။

ကျန်းမာရေးကဏ္ဍရဲ့ ဓနကြွယ်ဝမှု အပေါ်မှာ သက်ရောက်နိုင်တဲ့ impact ကို အာဖရိကတိုက် HIV/AIDS ပြဿနာနဲ့ ဥပမာပေးနိုင်ပါသေးတယ်။ (၁၉၆၀) ခုနှစ်မှာ အာဖရိကတိုက်ရဲ့ Life expectancy က ၄၀နှစ်ဖြစ်ပါတယ်။ (၁၉၉၀)ခုနှစ်မှာ ၅၀ ကို တိုးသွားခဲ့ပေမယ့် ၂၀၀၁ခုနှစ်လဲရောက်ရော (၄၆)နှစ်ကို ပြန်ကျသွားပါတယ်။ ဘာကြောင့်ပါလဲ။ အဖြေကရှင်းပါတယ်။ HIV/AIDS ကြောင့်ပါ။ တကမ္ဘာလုံးကို ပျံ့နှံ့ခဲ့တဲ့ ရောဂါပိုး ဖြစ်ပေမယ့် ရောဂါကို လျစ်လျူရှုမှု၊ ကွန်ဒုံးသုံးစွဲမှုကို resist လုပ်မှု၊ ရောဂါပိုးကူးစက်ခံရသူများကို discriminate လုပ်မှုတွေအပြင် ကြီးစွာသော ဆေးကုသစရိတ်တွေ ထပ်လောင်းလိုက်တဲ့အခါ အာဖရိကတိုက်ဟာ ဒီရောဂါဆိုးရဲ့ တိုက်ခိုက်မှုကို ကြီးမားစွာ ခံလိုက်ရပါတော့တယ်။

ဒီရောဂါဆိုးရဲ့ စီးပွားရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုတွေကလဲ အရမ်းကြီးမားလှပါတယ်။ တခြားရောဂါတွေနဲ့ မတူတဲ့အချက်က တခြားရောဂါအများအပြားက အသက်အရွယ်ကြီးသူများနဲ့ ကလေးသူငယ်များကိုသာ ပိုမိုထိခိုက်မှု ရှိစေပြီး၊ ဒီရောဂါကျတော့ working age တွေကို ပိုမိုထိခိုက်စေတဲ့ အချက်ပါပဲ။ ပြီးတော့ ဒီရောဂါက all sectors of economy ကို ထိခိုက်စေပါတယ်။ တခြား malaria တို့လို rural areas တွေကို ပိုမို ထိခိုက်စေတာမျိုး မဟုတ်ပါ။ ဒီအတွက်ကြောင့် ထုတ်လုပ်မှုစွမ်းအားတွေ ကျဆင်းလာတဲ့အပြင် saving rates တွေကလဲကျလာ၊ orphans လေးတွေကို စောင့်ရှောက်ရတဲ့စရိတ်ကလဲ ပိုမိုကြီးမားလာပါတယ်။ ဒီအချက်ဟာ တိုင်းပြည်တခုလုံးရဲ့ economic infrastructure ကို အကြီးအကျယ် ထိခိုက်လာစေပါတော့တယ်။

နောက်ဆုံးအာဖရိကနိုင်ငံအများစုဟာ palliative care နဲ့ opportunistic infections တွေကို treatment လုပ်ပေးနိုင်တဲ့ အဆင့်ပဲ ရှိပါတော့တယ်။ Benin မှာဆိုရင် retroviral drug အတွက် ကုန်ကျစရိတ်ဟာ အရမ်းကြီးမားပြီး တနှစ်အတွက် ကုန်ကျစရိတ်ဟာ တနှစ်ဝင်ငွေထက် (၆)ဆ ကြီးမားပါတယ်။

အခုဖော်ပြတဲ့ ဥပမာလေးတွေကို ကြည့်ခြင်းအားဖြင့် ကျန်းမာရေးနဲ့ ဓနကြွယ်ဝမှု၊ ၀င်ငွေတိုးတက်မှု၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုတွေကြားက ဆက်စပ်မှုတွေကို တွေ့မြင်နိုင်ပါတယ်။ Human capital investment ဟာ စီးပွားရေးဖွံ့ဖြိုးမှုရဲ့ အရေးကြီးသော သော့ချက်ဖြစ်လာတဲ့ (၂၁)ရာစုကြီးမှာ Human Resources Development ရဲ့ အဓိကအချက်ကြီးနှစ်ခုဖြစ်တဲ့ ကျန်းမာရေးနဲ့ ပညာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဟာ နိုင်ငံတိုင်း ဦးစားပေးဆောင်ရွက်ရမယ့် ရည်မှန်းချက်များဖြစ်သင့်ပါကြောင်း ရေးသားလိုက်ရပါတယ်။ “Health for All” ဆိုတဲ့ Goal ကို အောင်မြင်စွာအကောင်အထည်ဖော်ရာမှာလိုအပ်တဲ့ ပေါ်လစီများအကြောင်းကို နောက်ပိုင်းဆောင်းပါးများမှာ ဆက်လက်ဖော်ပြသွားပါမယ်။

ခင်မမမျိုး (၂၃၊၁၁၊ ၂၀၀၇)

ရည်ညွှန်း။ ။

Bhargova, A., Jamisn, D.Y., Lau, J.L. and Murray, C.J.L. (2001) Modeling the effects of health on economic growth, Journal of Health Economics, 20, 423-440

World Health Organization, Commission on Macroeconomics & Health (2001) Macroeconomics & Health: Investing in Health for Economic Development, Geneva: WHO

Fox, M.P., Rosen, S., MacLeod, W.B., Wasunna, M., Bii, M, Foglia, G. and Simon, J.L. (2004) The impact of HIV/AIDS on labor productivity in Kenya, Tropical Medicine and International Health, 9(3), 318-324


Read More...

Wednesday, August 22, 2007

3D Fund will use 21 million dollar in 2007-08

၂၁၊ ၈၊ ၂၀၀၇

သရီးဒီဖန် ၂၀၀၇-၀၈ ခုနှစ်တွင် ဒေါ်လာ ၂၁ သန်းသုံးမည်

မြန်မာနိုင်ငံတွင် ခုခံကျရောဂါ၊ တီဘီရောဂါ နှင့် ငှက်ဖျားရောဂါ တို့ကို တိုက်ဖျက်ရန် သြစတေးလျ နှင့် ဥပရောပသမဂ္ဂ (European Union) အဖွဲ့ဝင် နိုင်ငံများဖြစ်သော အင်္ဂလန်၊ နယ်သာလန်၊ နော်ဝေး၊ ဆွီဒင် တို့က 3DFund (Three Diseases Fund) ခေါ် ရန်ပုံငွေ တစ်ရပ်ကို ထူထောင်ခဲ့လေသည်။ စီမံကိန်း သက်တမ်း ၅ နှစ်အတွက် အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၀၀ ခန့်ကို သုံးစွဲသွားမည်ဟု ဆိုလေသည်။ အဆိုပါ ရန်ပုံငွေသည် မြန်မာနိုင်ငံအနေဖြင့် လတ်တလော ရရှိနေသော လူမှုကူညီရေး အထောက်အပံ့များအနက် အများဆုံးဟု ဆိုနိုင်ပေမည်။

၂၀၀၇ ခုနှစ် စက်တင်ဘာတွင်စတင်သော ဘဏ္ဍာရေးနှစ်အတွက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့များ၊ အန်ဂျီအိုများ စုစုပေါင်း ၂၅ ဖွဲ့ကို အမေရိကန်ဒေါ်လာ ၂၁ သန်းကျော် ထောက်ပံ့သွားမည်ဖြစ်ကြောင်း 3DFund ၀က်ဆိုက် တွင် ဖော်ပြထားသည်။

စာကိုး
Funding Round 1, Three Diseases Fund, retrieved from http://www.3dfund.org/funding.html on August 21, 2007.

Read More...