Showing posts with label Abortion. Show all posts
Showing posts with label Abortion. Show all posts

Wednesday, February 23, 2011

Living Together And Social Problems

Living Together And Social Problems




ယနေ့ခေတ်ကြီးမှာ အရာရာဟာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ရုပ်ဝထ္ထုပိုင်းဆိုင်ရာတွေဟာလည်း များစွာ ဖွံ့ဖြိုး တိုးတက်လျှက်ရှိပါတယ် ။ ရုပ်ပိုင်းဆိုင်ရာတွေဘယ်လောက်ပဲ တိုးတက်တိုးတက် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ ၊ အားနည်းချက်တွေဟာလည်း နေရာတိုင်းမှာတွေ့မြင်နေရဆဲဖြစ်ပါတယ် ။ ကဲ ဒီတော့ ဒီနေ့လူ မှုရေး ကွန်ယက် ကြီးအတွင်း အင်တာနက်တွေဂျီတော့ခ်တွေ VZO တွေ အလွယ်တကူ သုံးနေနိုင်ပြီဖြစ်တဲ့ ခေတ်ကြီးမှာ ဘာကြောင့်အားနည်းချက်တွေရှိနေသလဲ ၊ ဘာတွေလိုအပ်နေသေးလဲဆိုတာ ကျွန်တော်တို့အား လုံးလေ့ လာ ကြည့်ကြရအောင် ။ ယနေ့ခေတ်ကြီးမှာ ရေပန်းစားနေတဲ့ ဝေါဟာရတစ်ခုရှိပါတယ် ။ " Living Together " တဲ့ .. မြန်မာ လိုပြောရရင် လက်မထပ်ပဲ အတူနေထိုင်ခြင်းပေါ့ ။ ဒီထက်ပိုပြီး ရှင်းရရင် လက်မထပ်ပဲ လင်စုံမယား ဖက် ပေါင်းသင်းနေထိုင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ် ။




ဟိုးယခင်ကတော့ Living Together ဟာ မြန်မာလူမျိုးတွေနဲ့အတော်လေး စိမ်းနေခဲ့ပါတယ် ။ အခုတော့ လည်း ခေတ်လူငယ်တွေရဲ့ တီးတိုးပါးစပ်ဖျားမှာ ရေပန်းစားလို့လာခဲ့ပါပြီ ။ အနောက်တိုင်းနိုင်ငံတွေမှာLiving together အပေါ် ထောက်ခဲ့တဲ့လူတွေအများကြီးရှိခဲ့သလို ရှုံ့ချတဲ့သူတွေလည်း အများကြီးရှိခဲ့ပါတယ် ။ ကဲဒါဆို ကျွန်တော်တို့ကရော Living together အပေါ် ဘယ်လိုမြင်ပါသလဲ ???? ။ နှစ်ဦးနှစ်ဖက်လုံးက လည်း သဘော တူတယ် အခြေအနေအရပ်ရပ်ကလည်း အိုကေတယ်ဆိုရင် ဘာမှဝေဖန်စရာ ၊ မှတ်ချက်ချစရာမရှိပါဘူး ။ ဒီနေရာမှာ အပိုင်း ၂ပိုင်းဖြစ်သွားပါပြီ ။

၁ ။ နှစ်ဦးနှစ်ဖက်လုံး သဘောတူညီခြင်း

“ အိုဗျာ.. အတူနေဖို့တောင် ညှိပြီးပြီပဲ နှစ်ယောက်လုံး သဘောမတူတာမျိုးရှိပါ့မလားဗျာ ” လို့ မေးစရာရှိပါတယ် ။ အဲဒါကတော့ အကျပ်ကိုင်ခြင်းပဲပေါ့ ။ ယောင်္ကျားလေးဖက်က“ နင်ငါ့ကို တကယ်ချစ်ရင် တကယ်ယုံတယ်ဆိုရင် ဒီတစ်ခါတော့ လိုက်လျောပေးပါ ” လို့ အကျပ်ကိုင်လာလို့ရှိရင် “ နင်ငါ့ကို တကယ်ချစ်တာ ဟုတ်ရဲ့လားဟာ ဒါဆိုငါနဲ့အတူနေမှ နင့်အချစ်ကို ယုံမယ် ” လို့ ဆိုလာရင် သာမန် အချစ်ကြီးတဲ့ မိန်းကလေး ၊ ချစ်သူအတွက် ဆို ဘာမဆို ပေးလိုက်မယ်လို့ ခံယူထားတဲ့ မိန်းကလေး ၊ စိတ်ပျော့လွယ်တဲ့ မိန်းကလေး ကတော့ ခေါင်းညှိတ်မိမှာအမှန်ပါပဲ ။ ဒီနေရာမှာ လက်ထပ်ပြီးမှ အပျိုစင်ဘ၀ကို ပေးမယ်လို့ ဆုံးဖြတ်ထားတဲ့ မိန်းကလေး တစ်ယောက်က ငြ်းလိုက်ပြီဆိုရင် ပြဿနာရှိလာပါပြီ ။ မိန်းကလေးကလည်း ပြတ်သားဖို့ လိုလာ ပြီပေါ့ ။ ငါ့ကိုတကယ်ချစ်တာလား ၊ ကာမ ကိုလိုချင်တာလားဆိုတာ ခွဲတတ်ဖို့လိုပါတယ် ။ တစ်ခုမှာချင်တာက မိန်းကလေးတစ်ယောက်ကို တကယ်နှစ်နှစ်ကာကာ ချစ်မိတဲ့ ယောင်္ကျားလေး တစ်ယောက် အဖို့ အဲဒီမိန်းကလေးဆီက ဘာမှလိုချင်တောင့်တမှု မရှိပါဘူး ။ သူ့ကို အမြဲဖြည့်ဆည်းပေးချင်တဲ့စိတ် သူပျော်နေ တာကိုပဲ မြင်ချင်တဲ့ စိတ်ကလေးသာ ရှိပါလိမ့်မယ် ။ ဒါကြောင့် နှစ်ဦးနှစ်ဖက် သဘောတူညီလို့ ဖြစ်မြောက် သွားတဲ့Living together တွေရှိသလို တစ်ဖက်က အတင်းအကျပ်ကိုင်လို့ မတတ်သာလို့ (သူမချစ်ဘူးလို့ ထင်သွားမှာစိုးလို့ ) အလျော့ပေးလိုက်ရတဲ့ တစ်ဖက်သတ် Living together တွေလည်းရှိပါလိမ့်မယ် ။

၂ ။ အခြေအနေအရပ်ရပ်က အဆင်ပြေခြင်း

Living together နေဖို့ဆိုရင် အခြေအနေအရပ်ရပ်က အဆင်ပြေမှသာလျှင် ဖြစ်မြောက်နိုင်မှာပါ ။ နိုင်ငံခြားမှာ မိဘကွယ်ရာမှာ ကိုယ့်ခြေထောက်ကိုယ်ရပ်တည်နေတဲ့သူမျိုးကို မဆိုလိုပါဘူး ။ မြန်မာနိုင်ငံအတွင်းမှာဆို မိဘ အလစ် လည်းဖြစ်ရဦးမယ် ။ ဥပမာ မိဘက ခရီးသွားနေတာမျိုး ၊ ဒါမှမဟုတ် အလုပ် (သို့မ ဟုတ်) ကျောင်းပြေးပြီး ရည်းစားနဲ့အတူသွားနေခြင်းစတဲ့အပြုအမူမျိုးကို ဆိုလိုတာပါ ။ ဒါမှမဟုတ် နယ်ကေ န မြို့တက် ပြီးတစ်ယောက် တည်းရပ် တည်နေ ရတဲ့သူမျိုး ။ ဇတ်လမ်းတွေကတော့ အမျိုးစုံရှိကြမှာပါ ။ မိုးက ရွာ မှောင်က လည်းမှောင်မိုးခိုရင်း ဟော်တယ်မှာ ရင်ခွင်ထဲ ရောက်သွားတဲ့သူတွေ ၊ သင်္ကြန် မှာ လျှောက် လည်ရင်း ချမ်းလွန်း လို့ အချမ်းပြေ ဘီယာလေးသောက် ဟိုတယ် ၊တည်းခိုခန်း ခဏရောက် သွားတဲ့အဖြစ်တွေ အများကြီးရှိကြမှာပါ ။

Living Together ၏ကောင်းကျိုးများ

သိပ်များများစားစားတော့ရှိမယ်မထင်ပါဘူး ။ အလွန်ဆုံး ၁ နာရီလောက် အတူနေပြီးတဲ့နောက် မှာ နှစ်ယောက် စလုံးရဲ့ သံယောဇဉ်တွေ ပိုပြီး ခိုင်မာလာမယ်လို့ သင်ထင်ပါသလား ။ နိုင်ငံခြားတိုင်းပြည်အနေနဲ့ကြည့်ရင်တော့ လက်မထပ်သေးပဲ Living together နေခြင်းဖြင့် တစ်ယောက်နဲ့တစ်ယောက်အချိန်ကြာကြာ လေ့လာနိုင်မယ် ။ ဒီအတောအတွင်း သဘောထားခြင်းမတိုက်ဆိုင်ရင် လမ်းခွဲကြမယ်ပေါ့ ။ ပြဿနာမရှိဘူး သူတို့ဆီမှာက ဒီ sex ကိစ္စသည် ဒီလောက်ကြီး အရေးတယူရှိတဲ့ ကိစ္စတော့မဟုတ်လှဘူး ။ ဒါကြောင့် တချို့ဆို ကလေးတွေ ဘာတွေရပြီးမှလက်ထပ်တာမျိုးလည်း ရှိတာပေါ့ ။ သူ့အယူအဆနဲ့သူ ၊ သူ့အိုးနဲ့သူ့ဆန် တန်နေတာပါပဲ ။

Living together ၏ ဆိုးကျိုးများ

မှတ်ရလွယ်အောင် အချက်ကလေးတွေစဉ်ပြီး ကြည့်ရအောင် ။

၁ ။ အပျိုစင်ဘ၀ကို ယူပြီးသွားတော့ ချစ်သူကကြာရင် ရိုးလာပြီး စွန့်ပစ်ခံရတာမျိုး ကြုံရနိုင်ပါတယ် ။ (ဒါကြောင့် ခက် ခဲလေ ပိုတန်ဖိုးမြင့်လေလို့ ဆိုခဲ့ကြတာပေါ့ )

၂ ။ တနည်းနည်းနဲ့ မိဘတွေသိသွားရင် အရှက် ၊ သိက္ခာ ကျဆင်းနိုင်မဲ့အဖြစ်မျိုးပါ ။ အထူးသဖြင့် မိန်း ကလေးတွေမှာပေါ့ ။

၃ ။ ကိုယ်က အပျိုစင်ဘ၀ပေးပြီးတော့ သူ့ဖက်က ကိုယ့်ကို တာဝန်ယူပါ့မလားဆိုတဲ့ ပူပန်သောကမျိုး (Anxiety) ရနိုင်ပါတယ် ။ အမြဲတမ်းစိတ်ပူနေရတတ်ပါတယ် ။ နောက်ဆုံး depressionအထိရနိုင်ပါတယ် ။

၎ ။ Living together နေခဲ့တုန်းက စိတ်ချရတဲ့ သန္ဓေတားနည်း (Safety contraceptive method) မသုံးခဲ့ရင် ကိုယ်ဝန်ရနိုင်ပါတယ် ။

၅ ။ ကိုယ်ဝန်ရလာခဲ့ရင် အဆင်သင့်မဖြစ်ကြသေးတော့ အများစုက ကိုယ်ဝန်ဖျက်ချခြင်း (Abortion) ဆိုတဲ့ဖက်ကို ဦးတည်ကြမှာပါ ။ ဒီအခါ အပစ်မရှိတဲ့ အသက်တွေသေကြရဦးမယ် ။

အထက်ပါ ငါးချက်ဟာ အကြမ်းဖျဉ်း ယေဘူယျ ဆိုးကျိုးငါးချက်ပဲရှိပါသေးတယ် ။ အသေးစိတ်ထပ်ချဲ့ရင် အများကြီး ရှိပါသေးတယ် ။ (ဥပမာ အကုန်လုံးလူသိရှင်ကြားသိသွားပြီမှယောင်္ကျားလေးဖက်က သဘောမတူဘူး တာဝန်မယူနိုင်ဘူးဆိုခဲ့ရင်.....................)

Living together ၏နောက်ဆက်တွဲကြုံတွေ့ရမည့် လူမှုရေးပြဿနာများ (Social Problems)

“ သေသေချာချာ ပြင်ဆင်ထားခြင်းမရှိပဲ ဧည့်သည်တစ်ယောက်ကို ဖိတ်ခေါ်ခြင်းဟာ အိမ်ရှင် တာဝန်မကျေပါဘူး ”

လုပ်ပြီဆိုမှတော့ ပီပီပြင်ပြင်ပေါ့ ။ ကဲ Living together ဘယ်တော့မှ အတူမနေဘူးဆိုရင်တော့ ဘာမှပြော စရာမရှိပါဘူး ။ ကဲ နေမယ်ရှင် ဆိုတဲ့မိန်းကလေးတွေအဖို့ ဘာတွေလုပ် သင့်သလဲဆိုတဲ့ အ ချက်တွေကို ရေးပေး လိုက်ပါတယ် ။

၁ ။ ကိုယ်ဝန်မရအောင် လုံးဝ ကာကွယ်မယ်ဆိုတဲ့ စိတ်ကိုမွေးပါ ။

၂ ။ မိမိရဲ့ partner ကို ကွန်ဒုံးသုံးခိုင်းပါ ။ တချို့လူတွေက မိန်းကလေးဖက်ထည့်မတွက်ပဲ တစ်လွှာခြားရင် တစ်ကမ္ဘာခြားတယ် လုပ်ကြသေးတယ် ။ အဲဒီနေရာမျိုးမှာ မိန်းကလေးဖက်က ပြတ်ပြတ်သားသားအမိန့်ပေးပါ ။

၃ ။ ကဲ ရှုံးနိမ့်သွားပြီဆိုပါစို့ ။ အမိန့်ပေးနိုင်စွမ်းမရှိလို့ အကာအကွယ်မဲ့ လိင်ဆက်ဆံမိပြီဆိုပါစို့ ။ လိင်ဆက်ဆံမှုရဲ့ အမြင့်ဆုံးအချိန် သုတ်လွှတ်ခြင်းမရောက်ခင် ကြိုပြောခိုင်းပါ ။ သုတ်ရည်ကို မိမိ မိန်းမကိုယ် (vagina) ထဲမှာမလွှတ်စေပဲ အပြင်မှာ ထုတ်ခိုင်းပါ ။ဒီနည်းလမ်းကလည်း ပြောမယ့်သာပြောတာ အဲဒီအချိန်ကျမှ အပြင်ထုတ် ၊ အပြင်မှာ လွှတ်ဆိုတာ သိပ်တော့လွယ်မယ်မထင်ပါဘူး ။

၎ ။ ကဲ နံပါတ် ၃အချက်ကိုလည်း ရှုံးနိမ့်ပြီး သုတ်ရည်ကိုလည်း မိန်းမကိုယ်ထဲ လွှတ်မိသွားပြီး အရာအားလုံး ပြီးဆုံးသွားပြီဆိုပါစို့ ။ ကိုယ်ဝန်မရအောင် အရေးပေါ်သန္ဓေတားဆေး သောက်ဖို့လိုပါတယ် ။ ဈေးကွက်ထဲမှာ ၇၂ နာရီအတွင်း သောက်ရတဲ့အရေးပေါ်သန္ဓေတားဆေးတွေ အလွယ်တကူ ၀ယ်လို့ရပါပြီ ။ Levonogestrel 0.75 mg ပါဝင်ပါတယ် ။ လိမ်ဆက်ဆံပြီးပြီးချင်း ၇၂ နာရီအတွင်း စောနိုင်သမျှ စောစော စသောက်ရပါမယ် ။ ဆေး ၂ လုံးပါပါတယ် ။ ပထမဆေးသောက်ပြီး နောက် ၁၂ နာရီကြာရင်နောက်တစ်လုံးသောက်ရပါမယ် ။ ဆေးသောက်ပြီး လို့ ၁ နာရီအတွင်း ပျို့အန်ခဲ့ရင် ပြန်သောက်ရပါမယ် ။

၅ ။ ခဏခဏတော့ Living together အတူမနေမိပါစေနဲ့ ။ ဒါဆိုရင် အရေးပေါ်သန္ဓေတားဆေးကလည်း ကူညီပေးနိုင် မှာမဟုတ်ပါဘူး ။ ခဏခဏ နေမယ်စိတ်ကူးရှိရင် ရေရှည်စီမံကိန်း ဆွဲပါ ။ OC Pills လို့ခေါ်တဲ့ မြှားကဒ်လေးတွေသောက်မလား ၊ ၃ လခံဆေး 3 month depo injection ထိုးမလား ၊ IUD လို့ခေါ်တဲ့ သားအိမ် တွင်းထည့်ပစ္စည်းထည့်မလား သင်ကြိုက်ရာရွေးပါ ။

ချစ်ခြင်းမေတ္တာဆိုတာ sex နဲ့တွဲမှ လေးနက်ခိုင်မြဲတဲ့အရာမဟုတ်ပါဘူး ။ သူ့အလိုလို နားလည်ခွှင့်လွှတ် ချစ်တတ်ခြင်းဟာလည်း မွန်မြတ်တဲ့စိတ်ကလေးတစ်ခုပါပဲ ။

အထက်ပါအကြောင်းအရာများကို ရေးသားခြင်းဟာ လူငယ်လူရွယ်လေးတွေအဖို့ သိသင့်သိထိုက်တာတွေကို ရှင်းရှင်း လင်းလင်း သိပြီး ရှောင်သင့်တာရှောင်ဆောင်သင့်တာဆောင်နိုင်ဖို့ အတွက်ပဲဖြစ်ပါတယ် ။ Love နဲ့ Sex ကို ခွဲခွဲခြားခြား သိမြင်နိုင်ပါစေဟု လေးနက်စွာ ဆန္ဒပြုလျှက်.............။

(မရှင်းလင်းတာတွေ ထပ်ပြီးသိချင်တာတွေကို ကွန်းမန့်မှာမေးသွားနိုင်ပါတယ် ။ အတတ်နိုင်ဆုံး ပြန် လည်ဖြေပေးသွားပါ့မယ် ။ )

သက်တန့်ချို
23 Feb 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Read More...

Sunday, December 6, 2009

မယုံ ပုံပြင်လို့ မှတ်လေကွယ်

သြကာသ သြကာသ သြကာသ
ကာယ ၀စီ မနောချီ၍ ၃ဖြာသော စေတနာ၃ဖြာသော ဒွါရဖြင့် ဘုရား ရတနာ တရားရတနာ သံဃာ ရတနာ ရတနာ ၃ပါးတို့ ကို အရိုအသေ အလေးအမြတ် လက်စုံမိုး ၍ ရှိခိုးပူဇော် ဖူးမျော် မာန်လျော့ ကန်တော့ပါ၏ ဘုရား။
ထိုမှ တဖန် မိဘ ၂ပါးဦးထိပ်ထားပြီး သင်ဆရာ မြင်ဆရာကြားဆရာတို့ ကို လက်အုပ်ချီမိုး ကန်တော့ပါ၏ ဘုရား
အကိုတို့ အမတို့ ညီတို့ ညီမတို့
ထုံးစံရှိတဲ့ အတိုင်း အနန္တော အနန္တ ၅ပါးတော့ ကန်တော့ပြီးပါပြီ
ကန်တော့ပြီးတဲ့ နောက် ရှေ့ ကို ကိုယ်မမှန်တာတွေချည်းရေးပါ့မယ်။
မမှန်တာ ဘာကြောင့်ရေးလဲဆိုရင် မှန်တာကို ရေးရဲတဲ့  သတ္တိမရှိလို့ ပါ ခင်ဗျား
လာဖတ်တဲ့ သူတွေလဲ မှန်တာကို ဖတ်ရဲတဲ့ သတ္တိမရှိသေးဘူးလို့ ယုံကြည်ပါတယ် ။
ဒီတော့ မှန်သလောက် မရေးဘဲ မှန်တာကို မှိန်ပြီး သရုပ်ပေါ်ရုံလေးသာရေးပရစေ
(နောက် တကယ်မှန်ရာဖတ်ရဲတဲ့ သူများလာရင်တော့ တမျိုးပေါ့လေ )
ကဲ ပြောနေ စကားကြောရှည်တယ် ဗိုက် ၃ဗိုက်ပုံပြင် စ

ဗိုက် ၁


ရှေးသရောအခါ သက္ကရာဇ် ၂၀၀၀တွင် ရန်ကုန်မြို့ ခေါ် နွေခါ ဖုံထူ မိုးခါရေကြီး ညခါ မှောင်မိုက် သာယာ လှစွာသော မြို့ တော်ကြီးတွင် မလှ မည်ခေါ် မိန်းမဖေါ်တယောက် ရှိသတတ်။
မလှခမျာ ဘွဲ့ တခုရလာ ၀မ်းရေးမလွယ် အလုပ်က ကြပ် ဈေးတွေကကြီးမို့  ရရာ အလုပ်ရှာ ရလေသတတ် စတိုးဆိုင် စာရေးမ ဖြစ်လေတော့သကိုး။
လူငယ်ဘာဝ နှလုံး လှုပ်ရှား အသည်းစကားပြော တွေ့ လာရလေ ချစ်သူ တယောက် မောင်ခေါ်သတတ်။
မောင်နဲ့  မယ်မှာ ၂ဖက်ပေါင်းမှ တရံဖြစ်သော ခုံဖိနပ်လို ဘ၀ ၂ခု တခု ပေါင်းရန် နေ့ စဉ်သာကြံ။ ရှာဖွေ စုဆောင်း သူဋ္ဌေးလောင်းထုံး နှလုံးမူလဲ
မယ်က စုမိ ကုန်ရပြန်လေ အဖေနေမကောင်း။
မောင်ကရှာထား ထွက်ရပြန်လေ အိမ်ဖျက်အမိန့် 
ထိုသို့ ဖြင့်လာ ကြာရှည် နှစ်များ မနဲလေသတည်း။
ထို သို့ နေလာ တူတူကြာသော် လူသားစစ်စစ် ထန်းပလပ်မဟုတ်လို့  မှားမိ တကြိမ် ၂ကြိမ် တခါတလေ ၂ခါ ၂လေ ၃ခါ ၃လေတည်း။
ထိုသို့ နေလာ တနေ့ ခါသော် မောင်လျှင် မပေါ်လာ စုံစမ်းမရ လူပျောက်တိုင်လည်း ကူညီပရစေ လူပွေလေတို့ သတင်းအစ မရှိတည်း။
ထိုသို့ နေစဉ် တပူပေါ် ၂ပူဆင့် အေးခွင့်မသာ။ မေ့ခမျာမှာ အရျေ့ အလည်ပိုင်း ပြသနာတည်း။
ထိုသောအခါ ဘာလုပ်မလဲ တွေးတောမရ အဖြေရှာရမလွယ် ။ မေးချည်မြန်းလှည့် မေ့တကိုယ်။
ဆရာဝန်ဆေးခန်းများစွာရှိလှ ထိုဒေသ၀ယ် ထောင်က ၃နှစ် ပြုတ်မည် ဆမ ကြောက်လှလေရာ ကယ်သူမရှိဖြစ်သတည်း။
တွေ့ သည့် လက်သည် ရမ်းကု သွေးဆောင် ဖျက်လေဆောင်သော် မနိုင် မရ ဘေးဒုက္ခကြောင့် သွေး သွန်ပြင်းစွာ ဝေဒနာနှင့် ဖျားပါလွန်တက် လွန်နှိပ်စက်သည် ။ မြန်းရ မရဏာတည်း။

ဗိုက် ( ၂)


နေရာ တောပုန်းကြီး ရော်ဘင်ဟုတို့  ဘုန်းမီးနေလ ထွန်းပခဲ့ ရာ Nottingham မြို့  ဆင်ခြေဖုံး မှ GP ဆေးခန်းတခန်း
ဂျီပီပေါက်စ ဒေါက်တာ အေ ငုတ်တုတ်လေးထိုင် ကွန်ပြူတာပေါ်က လူနာမှတ်တမ်းတလှည့် စားပွဲပေါ်က လက်မှတ်ထိုးစရာ စာရွက်တထပ်တလှည့် ကြည့်လျက် အလုပ်များနေစေ။
ပါးစပ်မှ တိုးတိုးလေးရွတ်လေ
တိုးတိုးသံ တဖြည်းဖြည်းကျယ်လာစေ
အဖ ဘိုးမင်းခေါင် ဘိုးဘိုးအောင် မှစ၍ လေးကြိုးကိုင် အဖေရှင် အဖေနွဲ့  ဘိုးတော်ပြူး ဘိုးတော်သံခဲ ဘိုးတော် ခ ရှိသမျှ ဘိုးတော်များ မစပါ။ ရစ်မဲ့ လူနာ မလာပါစေနဲ့။ ၁၃နှစ်မှ ၄၀တွင်း အမျိုးသမီးများအားလုံး ကျန်းမာကြပါစေ။
၁၅နှစ်အောက် လူနာများ ကိုယ်ကိုကိုယ်သတ်သေချင်စိတ်များ ဒီနေ့  မပေါ်ပါစေနဲ့  ။ အရက်မူးသမားများ စိတ်ချမ်းသာစွာ လွတ်လွတ်ကျွတ်ကျွတ် မူးပါစေ။
ထိုစဉ် ကွန်ပြူတာမှ တွီကနဲတချက်မြည်။
သူဖြတ်ကနဲ လူနာမျတ်တမ်းဖွင့်
လူနာ Miss C age 15 ဟု တွေ့ 
မျက်နှာတခုလုံး အီရန်က စမ်းလိုက်သော နျူကလီးယာ ဗုံးမိသလို ရှုံ့ဝင်သွားစေ။
ထိုင်ရာက ထ တံခါးလေးဖွင့်
လူမိခံရသော လင်ငယ်မျက်နှာလေးနှင့် ( မရွံ့ မရဲလေးပေါ့ခညာ ) ထွက်လာ
patient waiting room မှ Miss C ကို ခေါ်
အခန်းထဲပြန်ဝင်လာ နေရာပေးစေ။
ကျွန်တော်ဘာလုပ်ပေးရပါမလဲ
Miss C glossy lipstick ဆိုးထားသော နှုတ်ခမ်းတော် ထူတူတူကို စူတူတူပြုပြီး piercing လုပ်ထားသော လျှာနီနီကို ထုတ်လျက်
တူညားလေ ဟိုဒင်းရှိနေလို့။
ဟုတ်ဟုတ် ဟိုလေ ဘယ်လောက်လောက်
အာတူညားဘယ်သိမလဲ
ကောင်းပါဘီ။ ဘာလုပ်ပေးစေချင်ပါသလဲ
အာဒေါက်တာကလဲ တုံးလိုက်တာ။ တူညား အဲဒါမလိုချင်ဘူး။ ဖျက်ပေးပါ။
ကောင်းပြါ့ပီ အရင်က
အင်း ဒါပါနဲ့ ဆို ၃ခါ ။
ဟုတ် ဟုတ် ဟိုလေ safe sex and contraception
အို အဲဒါတွေနောက်မှပြော။ ဒါတွေ အကုန်သူများသိပြီးသား။
(သက်ပြင်းလေးတချက်ချပြီး ) ဒေါက်တာအေ ဖုန်းကောက်ကိုင်
ဟုတ်ကဲ့ switch please put me thru to TOP unit please
ဟုတ်ကဲ့  TOP ကပါလားခင်ဗျား G3 P0+2 LMP unknown
ဟုတ်ကဲ့ခမျာ
ကဲ မစီ ရှေ့ အင်္ဂါကို ဆေးရုံကြွပါ။ ဟိုမှာ ဖျက်ပေးဘို့  အသင့်ပါဘဲတဲ့
တူညားမှာကားမရှိဘူးလေ ဒေါက်တာကြီးရဲ့ 
ဟုတ် ဟုတ်
ကျွန်တော်နဲ့လိုက်ခဲ့ပါ ။
သူကရှေ့ ဆောင် reception ကိုခေါ်သွား
Miss C အတွက် ရှေ့  အင်္ဂါကို အိမ်ကနေ ဆေးရုံထိ ကားစီစဉ်ပေးပါနော် ဟု မှာ
အခန်းထဲ ပြန်ဝင်လာ
တခါးလေးကို အသာပိတ်
ပြီးမှ
နံရံကို လက်သီးနဲ့ ထိုး
ဘိုးတော်တွေ ဘာဘိုးတော်တွေလဲ တယောက်မှ အသုံးကိုမကျဘူး ဟု တိုးတိုးအော်စေ ။
ကားလိပ်ကျ

ဗိုက် ၃


ဟုတ်ကဲ့
ခုလို community midwifery team က midwife ( ၀မ်းဆွဲသည် ) တယောက်အနေနဲ့  ခုလို GP Registrar တွေကို လက်ချားပေရတာ ကျွန်မအလွန်မှ ၀မ်းမြောက်ပါတယ်ရှင်
ကျွန်မအနေနဲ့  ခု ကျွန်မတို့  နေ့ စဉ် ပုံမှန်ဆောင်ရွက်နေရတဲ့  ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု လုပ်ငန်းကို ကျွန်မရှင်းပြပါ့မယ်။
ပုံမှန် ကိုယ်ဝန်ဆောင်တယောက်ဟာ ၆ပါတ်နဲ့  ၁၀ပါတ်ကြားမှာ ကျမတို့ နဲ့  ဗိုက်အပ်ပါတယ်။
ပထမအကြိမ် မှာ လူနာရဲ့  ဆေးမှတ်တမ်း၊ obs history , smoking and drinking history and social history ကိုယူရပါတယ်
အဲကနေ pregnancy risk ကို တွက်ချက်ပြီး High Risk medium and low risk စခွဲပါတယ်
High Risk ဆိုရင်တော့ အိုဂျီကိုစောစွာ အပ်ရပါတယ်
မဟုတိရင်တော့
၁၂ပါတ်မှာ Ultrasound scan ( dating scan )
၁၅ ပါတ်မှာ သွေးစစ်ရပါတယ်
သွေးစစ်ရာမှာ
Full blood count
Blood grouping ( Rh as well )
screening of blood borne viruses and toxoplasmosis and syphilis and rubella antibodies
Down's risk assessment လုပ်ပါတယ်။
နောက် ၂၀ပါတ်မှာ Detail scan ရိုက်ပါတယ်။
ကိုယ်ဝန်သည်ကို ၂၀ပတ်ကနေ ၃၂ပတ်ထိ ၄ပတ်တကြိမ်
၃၂ကနေ ၃၆ပတ်ထိ ၂ပတ်တကြိမ်နဲ့  ၃၆ကနေမွေးတဲ့ ထိ တပတ် တကြိမ် ကြည့်ပေးပါတယ်ရှင်
မွေးရာမှာတော့ high risk and medium risk တွေကို ဆေးရုံပို့ ပြီး မွေးစေပေမဲ့  low risk ကိုတော့ သူတို့ လဲ ဆန္ဒရှိမယ်ဆို အိမ်မှာဘဲ မွေးစေပါတယ်ရှင် ။
ကျွန်မတို့ ထူးခြားတာကတော့ ဆေးလိပ်နဲ့  အရက်စွဲမိခင်များကို ဆေးလိပ်ဖြတ်အရက်ဖြတ် အထူး ပြုလုပ်ပေးသလို ဆေးစွဲ မိခင်လောင်းများကို လဲ Drug worker နဲ့  အတူတွဲ စောင့်ရှောက်ပါတယ်ရှင်။
လူမှုဝန်ထမ်းဋ္ဌာနအနေနဲ ကတော့
၁) မိခင်လောင်းတိုင်းဟာ စသိသည်မှ မွေးပြီး ကလေး ၁နှစ်ထိ အခမဲ့  ဆေးထုတ်ခွင့်
၂) ၀င်ငွေနဲ မိခင်လောင်းများကို income support
၃) အိမ်မဲ့  သို့ မဟုတ် အိမ်အနေအထာူ မကောင်းသော မိခင်လောင်းများကို အစိုးရ အိမ်ရာအမြန်ရအောင်ဆောင်ရွက်ပေးပါတယ်ရှင်
မေးခွန်း ရှင်ရဲ့  အမေးကို ဖြေရမယ်ဆိုရင်
down risk high ဖြစ်နေရင်
၂၀ပတ်မှာ detailed scan ရိုက်ပါတယ်
nuchal thickness တိုင်းသလို တခါထဲ amniocentesis offered
တကယ်လို့ trisomy 21 တခုထဲ စစ်ချင်ရင်တော့ အခမဲ့ပါ
၂ပတ်လောက်ကြာတတ်ပါတယ်
full genetic mapping လိုချင်ရင်တော့ ပေါင် ၈၀ ကျပြီး ၁ပတ်အတွင်း အဖြေသိရပါတယ်ရှင်
ဟုတ်ကဲ့
ယူကေ တနိုင်ငံလုံးအနေနဲ့ ကတော့ Birth rate: 10.65 births/1,000 population (2008 est.)
Infant mortality rate: total: 4.85 deaths/1,000 live births
male: 5.4 deaths/1,000 live births
female: 4.28 deaths/1,000 live births (2009 est.)
thanks you all

Read More...

Friday, April 10, 2009

Prevention of Mortality (Death) due to Induced Abortion

ကိုယ်ဝန်ဖျက်ချခြင်းကြောင့် မသေကြအောင်
မြန်မာနိုင်ငံရှိ မိခင်များ သေဆုံးနှုန်းတွင် ကိုယ်ဝန်ဖျက်ချခြင်းဖြင့် မိခင်များ သေဆုံးရခြင်းသည် ဒုတိယအများဆုံး ဖြစ်ပါသည်။ ကိုယ်ဝန်ဖျက်ချရာတွင် သွေးထွက်လွန်၍သော်လည်းကောင်း၊ ရောဂါပိုးဝင်၍သော်လည်းကောင်း သေကြရပါသည်။ ကိုယ်ဝန်ဖျက်ချခြင်းဆိုသည်မှာ မည်သည့်ဘာသာရေးတွင်မဆို တင်းကြပ်စွာ တားဆီးထားသည့် မလုပ်ဆောင်သင့်သော လုပ်ရပ်တစ်ခုဖြစ်ပါသည်။ တကယ်တော့ ၎င်းသည် လူသတ်မှုပင် မြောက်ပါသည်။ သို့သော် ဘာသာတရားကိုင်းရှိုင်းပါသည် ဆိုကြသည့် မြန်မာအမျိုးသမီးများသည် ထိုသို့ကိုယ်ဝန် ဖျက်ချခြင်းကို မည်သည့် အတွက်ကြောင့် လုပ်ဆောင်ကြပါသနည်း။


အများစုသည် ငွေကြေးအဆင်မပြေသောကြောင့်၊ လူမှုရေးကိစ္စများကြောင့်လုပ်ကြပါသည်။ မြန်မာနိုင်ငံတွင် တရားဝင် ကိုယ်ဝန်ဖျက်ချပိုင်ခွင့် မရှိပါ။ ထို့ကြောင့် အရပ်လက်သည်များ၊ ကိုယ်ဝန်ဖျက်ချပေးသူများ ရှားရှားပါးပါး အကျင်ပျက်ဆရာဝန်တချို့ မှတဆင့် လုပ်ဆောင်ပေးကြကြောင်း သိရပါသည်။ ပြင်ပတွင် ကိုယ်ဝန်ဖျက်ချတယ်ဆိုတာသည် သန့်ပြန့်သော ခွဲစိတ်ခန်းထဲတွင် လုပ်ဆောင်ခြင်းမဟုတ်သောကြောင့် အများစုသည် ရောဂါပိုးဝင်ကာ ဒုက္ခရောက်နိုင်ပါသည်။

ကိုယ်ဝန်ဖျက်ချသော လူနာများ(သို့) ကိုယ်ဝန်ပျက်ကျသော လူနာများနှင့် ပတ်သက်လာလျှင် ဆရာဝန်တို့၏ တာဝန်ကား ရှင်းပါသည်။ မိခင်အား သွေးထွက်လွန်၍ သော်လည်းကောင်း၊ ရောဂါပိုးအဆိပ်တက်၍ သော်လည်းကောင်း မသေအောင် ကာကွယ် ကုသပေးရန် ဖြစ်ပါသည်။ လူနာကို အပြစ်တင်ရန် ဆူရန် မဟုတ်ပါ။ ရဲစခန်းကိုလည်း ကိုယ်ဝန်ဖျက်ချသောကြောင့် တိုင်မည် မဟုတ်ပါ။ သို့ရာတွင် ဆေးရုံများသို့ရောက်သောအခါ OG များ ဆရာမများသည် abortion လူနာများအား ဆူတတ် ငေါက်တတ်သောကြောင့် တချို့သည် ကြောက်လန့်ပြီး မလာရဲဘဲ အသက်သေဆုံးခါနီး ဖြူကာပြာကာ ကျခါမှ ရောက်လာတတ်ကြပါသည်။ ထိုအခါမှ လာသောအခါ သေဆုံးကြတာ များပါတယ်။

ထို့ကြောင့်လည်း အမျိုးသမီးများအနေဖြင့် မလိုချင်သော ကိုယ်ဝန်ကို မရအောင် အစတည်းက စနစ်တကျ ကာကွယ်သင့်ပါတယ်။ တကယ်လို့ ကိုယ်ဝန်ရှိလာရင်လည်း မိမိ၏ partner နှင့် ငြိနှိုင်းပြီး ကိုယ်ဝန်ကို ဆောင်စေချင်ပါတယ်။ ဒီကိုယ်ဝန်ကို ဘယ်လိုမှ မယူနိုင်လို့ ဖျက်ချမယ်ဆိုရင်လဲ ခေတ်မှီနည်းပညာများကို သုံးပြီး ကိုယ်ဝန်ဖျက်ချသော လက်သည်များထံတွင် ဖျက်ချစေလိုပါသည်။ ထို့နောက် ထိုသို့ကိုယ်ဝန်ဖျက်ချပြီးပါက နီးစပ်ရာဆေးရုံဆေးခန်းများတွင် ဆက်လက်သွားရောက် ကုသသင့်ပါသည်။

ကျွန်တော့်၏ ဆောင်းပါးသည် အမျိုးသမီးများကိုယ်ဝန်ဖျက်ချမှုကို အားပေးအားမြှောက်ပြုထားသည်ဟု ထင်စရာရှိပါသည်။ ကိုယ်ဝန်ဖျက်ချခြင်းကို ကျွန်တော်ကိုယ်တိုင်လည်း အားမပေးပါ။ သို့သော် အဆိုပါ အမျိုးသမီးများကို ကိုယ်ဝန်မဖျက်ချအောင် ကျွန်တော်တို့ မတားဆီးနိုင်ပါ။ ကိုယ်ဝန်ဖျက်ချသူများကိုလည်း ကျွန်တော်တို့ ဖမ်းခွင့်မရှိပါ။ ကျွန်တော်တို့က ရဲမှ မဟုတ်ဘဲ။ အဲဒီတော့ ကျွန်တော်တို့ လုပ်နိုင်တဲ့ ဆေးပညာနယ်ပယ်ထဲကနေ အကောင်းဆုံးလုပ်ပေးရန်သာ ရှိပါသည်။

ဖွံဖြိုးပြီးနိုင်ငံများတွင် ကိုယ်ဝန်ဖျက်ချခြင်းကို ဆေးရုံများတွင် တရာဝင်လုပ်ခွင့်ပေးထားပါသည်။ မြန်မာနိုင်ငံတွင်လည်း ထိုသို့သာ ခွင့်ပြုလိုက်ပါက ကိုယ်ဝန်ဖျက်ချခြင်းကြောင့် မိခင်များသေဆုံးရသည့် အရေအတွက်သည် သိသိသာသာ နည်းပါးသွားမည်ဖြစ်သည်။

Read More...

Friday, February 6, 2009

Reproductive Health Terminologies

မျိုးဆက်ပွားကျန်းမာရေး ပညာရပ်ဆိုင်ရာ စကားလုံးများ


စာလေးမှာ စိုးရိမ်မိပေမယ့် နောက်ပိုင်း ရေးသားမယ့် စာတွေ အတွက် အထောက်အကူ ဖြစ်ဖို့ မျိုးဆက်ပွား ကျန်းမာရေးရဲ့ ပညာရပ်ဆိုင်ရာ စကားလုံးတွေကို စုဆောင်း ဘာသာပြန်လိုက်ပါတယ်။ ဘာသာပြန်ရာမှာ စာထောင့်နေခြင်း၊ အဓိပ္ပါယ် မပြည့်စုံ ကွဲလွဲခြင်းများ ရှိကောင်း ရှိနိုင်ပါတယ်။ စာရှုသူ အနေဖြင့် ပိုမို သင့်လျော်မည် ထင်သော ဘာသာပြန်ချက်များ ရှိပါက မှတ်ချက်တွင် ရေးသား ပေးသွားရန် တိုက်တွန်း လိုက်ပါတယ်။

Birth Spacing

သားဆက်ခြားခြင်း

ကလေး တစ်ဦးနှင့် တစ်ဦးကြားတွင် မိမိ လိုချင်သော အချိန်ကာလ တစ်ခု ခြားထားနိုင်ရန် ဆောင်ရွက်ခြင်း။

Contraception

သန္ဓေတားခြင်း၊ ကိုယ်ဝန် မရအောင် ပြုလုပ်ခြင်း

ခေတ်ပေါ်နည်း (သို့) ရှေးရိုးနည်းများ သုံးစွဲ၍ ကိုယ်ဝန် မရအောင် ပြုလုပ်ခြင်း။

စကားချပ် ။ ။ သားဆက်ခြားခြင်းနှင့် သန္ဓေတားခြင်းမှာ အဓိပ္ပါယ် အတူတူပင် ဖြစ်သည်။

Contraceptives

ပဋိသန္ဓေ တားဆေး၊ တားနည်းများ

ကိုယ်ဝန် မရအောင် အသုံးပြုသော ခေတ်ပေါ် တားဆေး၊ ထိုးဆေး၊ သားအိမ်တွင်းထည့် ပစ္စည်း၊ ကွန်ဒုံး အစရှိသည်တို့ကို စုပေါင်း ခေါ်ဆိုခြင်း ဖြစ်သည်။

Family Planning

မိသားစု စီမံကိန်း (တိုက်ရိုက် ဘာသာပြန်ထားသည်ဟု ထင်ပါသည် - စာရေးသူ။)

သားဆက်ခြားခြင်း အပါအ၀င်၊ ကာလသား ရောဂါ ကာကွယ်ခြင်း၊ အိမ်ထောင် မပြုမီ ဇနီးမောင်နှံလောင်းများ ဆေးစစ်ခြင်း၊ ကလေးမရရှိသောကြောင့် ကုသမှုပေးခြင်း အစရှိသည့် ဆောင်ရွက်ပေးမှုများကို စုပေါင်း ခေါ်ဆိုခြင်း ဖြစ်သည်။ ယေဘုယျအားဖြင့် သားဆက်ခြားခြင်း (Birth Spacing) နှင့် မိသားစု စီမံကိန်း (Family Planning) ကို အတူတူ သဘောထား သုံးစွဲတတ်ကြသည်။ တိတိကျကျ ပြောရလျှင် မတူပေ။ သားဆက်ခြားခြင်းမှာ မိသားစု စီမံကိန်း၏ အကိုင်းအခက် တစ်ခုမျှသာ ဖြစ်သည်။

စကားချပ် ။ ။ မြန်မာနိုင်ငံတွင် “မိသားစု စီမံကိန်း” ဟူသည့် စကားကို အသုံးပြု ခဲသည်။ သားဆက်ခြားခြင်း၊ သားဆက်ခြား စီမံချက် စသည်ဖြင့်သာ သတင်းစာ၊ အစီရင်ခံစာများတွင် ထည့်သွင်း ရေးလေ့ရှိသည်။ လူကြီးသူမများ၏ အဆိုအရ မိသားစု စီမံကိန်း၏ အဓိပ္ပါယ်မှာ “လူဦးရေ ထိန်းချုပ်ခြင်း” ဟု သဘောပေါက် စေသောကြောင့် လူဦးရေ ထိန်းချုပ်ခြင်းကို မနှစ်သက်သော လူကြီးမင်းများ အမျက်တော် မရှအောင် ရှောင်ကွင်း ရေးသားကြလေသည်ဟု ဆိုသတတ်။

Reproductive Health

မျိုးဆက်ပွား ကျန်းမာရေး၊ မျိုးပွား ကျန်းမာရေး

ဒီစကားလုံးကတော့ ၁၉၉၄ ခုနှစ် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ လူဦးရေနှင့် ဖွံ့ဖြိုးရေး ညီလာခံ (ICPD – International Conference on Population and Development) နောက်ပိုင်းမှာ ခေတ်စားလာခဲ့တဲ့ စကားစုပါ။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က အောက်ပါအတိုင်း တိတိကျကျ အဓိပ္ပါယ် ဖော်ပေးထားပါတယ်။

"A state of physical, mental, and social well-being in all matters relating to the reproductive system at all stages of life. Reproductive health implies that people are able to have a satisfying and safe sex life and that they have the capability to reproduce and the freedom to decide if, when, and how often to do so. Implicit in this are the right of men and women to be informed and to have access to safe, effective, affordable, and acceptable methods of family planning of their choice, and the right to appropriate health-care services that enable women to safely go through pregnancy and childbirth."

မျိုးဆက်ပွား ကျန်းမာရေးဟာ သားဆက်ခြားခြင်း နဲ့ မိသားစုစီမံကိန်းဆိုတဲ့ စကားစုတွေထက် ပိုပြီး ကျယ်ပြန့်ပါတယ်။ အဓိက အချက်တွေကို ဘာသာပြန်ရမယ်ဆိုရင် ..

မျိုးဆက်ပွား ကျန်းမာရေးတွင်-
  • အသက်အရွယ် ကျား မ မရွေး မျိုးပွားအင်္ဂါများ ကျန်းမာသန်စွမ်းဖို့
  • လူသားတို့ ဘာဝဖြစ်သော ဖို-မ ကိစ္စကို ရောဂါကင်းကင်း ဘေးရှင်းရှင်းဖြင့် စိတ်ကျေနပ်စွာ ဆောင်ရွက်နိုင်ဖို့
  • ကလေး ယူမည်၊ မယူမည် ဆိုသည်ကို၎င်း၊ မည်မျှ ယူမည် ဆိုသည်ကို၎င်း၊ မည်သည့်အချိန်ယူမည် ဆိုသည်ကို၎င်း မိမိသဘောဆန္ဒ အလျောက် ဆုံးဖြတ်ပိုင်ခွင့် ရှိစေဖို့
  • အမျိုးသမီး၊ အမျိုးသားတိုင်း မိသားစု စီမံကိန်းပါ နည်းလမ်းများကို သိရှိခွင့်၊ ရယူပိုင်ခွင့် ရှိဖို့
  • အမျိုးသမီးများ အသက် အန္တရာယ် ကင်းစွာ ကလေး မီးဖွားနိုင်ဖို့
ဆိုတဲ့ အချက်အလက်များ ပါဝင်ပါတယ်။

စကားချပ် ။ ။ မိသားစု စီမံကိန်းရယ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ “ကျန်းမာရေး” အဓိပ္ပါယ် ဖွင့်ဆိုချက်ရယ်၊ လူ့အခွင့်အရေး ကြေညာစာတမ်းရယ်ကို ရောသမ မွှေလိုက်ရင် မျိုးဆက်ပွား ကျန်းမာရေးကို ရရှိပါတယ်။

Reproductive Rights

မျိုးဆက်ပွားကျန်းမာရေး ရပိုင်ခွင့်

ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းမှာ ကတည်းက မျိုးဆက်ပွားကျန်းမာရေး ရပိုင်ခွင့်ကို ထည့်သွင်း ဖော်ပြခဲ့သော်လည်း လူ့အခွင့်အရေး ကြေညာစာတမ်းမှာ အတိအလင်း ထည့်သွင်း ဖော်ပြ နိုင်ခဲ့ခြင်း မရှိပါဘူး။ ၁၉၆၈ ခုနှစ် အီရန်နိုင်ငံ တီဟီရန်မြို့မှာ ကျင်းပတဲ့ လူ့အခွင့်အရေး ကြေညာစာတမ်း ဆိုင်ရာ ညီလာခံကျမှ တိတိကျကျ ဖော်ပြလာပြီး ၁၉၇၄ခုနှစ်ကျမှ ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ အတည်ပြုနိုင်ခဲ့ပါတယ်။ စကားလုံး အတိအကျ ကိုတော့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ၀က်ဆိုဒ်မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

"Reproductive rights rest on the recognition of the basic right of all couples and individuals to decide freely and responsibly the number, spacing and timing of their children and to have the information and means to do so, and the right to attain the highest standard of sexual and reproductive health. They also include the right of all to make decisions concerning reproduction free of discrimination, coercion and violence."

မျိုးဆက်ပွား ကျန်းမာရေး ရပိုင်ခွင့်များသည် လူတစ်ဦးချင်းနှင့် လင်မယားစုံတွဲတို့၏ အခြေခံ ရပိုင်ခွင့်များ ပေါ်တွင် အခြေခံသည်။ လူတစ်ဦးချင်းနှင့် လင်မယားစုံတွဲတို့သည် ကလေး ယူမည်၊ မယူမည် ဆိုသည်ကို၎င်း၊ မည်မျှ ယူမည် ဆိုသည်ကို၎င်း၊ မည်သည့်အချိန် ယူမည် ဆိုသည်ကို၎င်း မိမိ သဘောဆန္ဒအလျောက် ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော ပညာပေး အချက်အလက်များနှင့် အကူအညီများကို ရပိုင်ခွင့်ရှိသည်။ လိင်နှင့် မျိုးဆက်ပွားကျန်းမာရေး ကောင်းမွန် စေရမည်။ ခွဲခြားဆက်ဆံခြင်း၊ မလျော်သြဇာ သုံးခြင်းနှင့် ညှင်းပန်း နှိပ်စက်ခံရခြင်းတို့မှ ကင်းဝေးစွာဖြင့် မျိုးဆက်ပွား ကျန်းမာရေး ဆိုင်ရာ ဆုံးဖြတ်ချက်များ ချခွင့် ရှိသည်။

Fertility

Production of a live birth (natality)
ကလေးအရှင် မွေးဖွားနိုင်ခြင်း

ကိုယ်ဝန်ဆောင်ပြီး အချိန်တန်သောအခါ ကလေးကို အရှင် မွေးဖွား ပေးနိုင်ခြင်းကို ဆိုလိုသည်။

Infertility

Inability to produce a live birth
ကလေး အရှင် မမွေးဖွား နိုင်ခြင်း

Fecundity

Physiological capacity to conceive (reproductive potential)
ပဋိသန္ဓေ ဆောင်နိုင်ခြင်း၊ ကိုယ်ဝန် ရနိုင်ခြင်း။

ပဋိသန္ဓေ ဆောင်နိုင်ခြင်းလို့ ဆိုထားတဲ့အတွက် ၄င်းကိုယ်ဝန် အဖတ်တင်သည် ဖြစ်စေ၊ အဖတ်မတင်သည် ဖြစ်စေ အကျုံးမ၀င်တော့ပါ။ ဆိုလိုသည်မှာ အမျိုးသမီးတစ်ဦးသည် Fecund ဖြစ်သော်လည်း Fertile ဖြစ်ချင်မှ ဖြစ်ပေမည်။ ဤစကားလုံးမှာ လူဦးရေဆိုင်ရာ ကျွမ်းကျင်သူများ (Demographers) အသုံးများသော စကားဖြစ်သည်။

Infecundity (sterility)

Inability of a woman to conceive a pregnancy
ပဋိသန္ဓေ မဆောင်နိုင်ခြင်း၊ ကိုယ်ဝန်မရနိုင်ခြင်း။

စကားချပ်။ ။ ကလေး အရှင်မွေးဖို့ နေနေသာသာ ကိုယ်ဝန်ပင် မရရှိနိုင်သော အခြေအနေကို ဆိုလိုရင်း ဖြစ်သည်။ Infertility နှင့် အဓိပ္ပါယ် ကွာခြားကြောင်း သတိပြုပါ။ Infertility ဟု ဆိုလျှင် ထိုအမျိုးသမီးသည် ကိုယ်ဝန်တော့ ရလိုက်သေးသည်။ ကလေးသာ အဖတ်မတင် (သို့) အရှင် မမွေးခြင်းသာလျှင် ဖြစ်သည်။

Fecundability

Probability that a woman will conceive during a menstrual cycle

အမျိုးသမီးတစ်ဦး၏ ဓမ္မတာလာချိန် တစ်ခုနှင့် တစ်ခု ကြားကာလ၌ ကိုယ်ဝန် ရနိုင်ခြေ မည်မျှ ရှိသည်ကို ပြသော ကိန်းဂဏန်း။ (ဖြစ်တန်ကိန်း)

Miscarriage

သဘာဝအလျောက် ကိုယ်ဝန် ပျက်ကျခြင်း။

Abortion

သဘာဝအလျောက် မဟုတ်ဘဲ လူတစ်ဦးဦးက နည်းလမ်း တစ်မျိုးမျိုးဖြင့် ကိုယ်ဝန် ပျက်ကျစေအောင် ပြုလုပ်ခြင်းကြောင့် ကိုယ်ဝန် ပျက်ကျခြင်း။ ကိုယ်ဝန် ဖျက်ချခြင်း။

စကားချပ်။ ။ ဆေးပညာ အသုံးအနှုန်း (Medical term) နှင့် သာမန် အင်္ဂလိပ် အသုံးအနှုန်း (Layman English) ကွာခြားမှု ရှိကြောင်း သတိပြုပါ။ ဆေးပညာ လောကတွင် ကိုယ်ဝန် အရွယ်အစား ပေါ်မူတည်၍ ကိုယ်ဝန် နုလျှင် Miscarriage ကိုယ်ဝန်ရင့်လျှင် Abortion ဟု ခွဲခြားပြောဆိုသည်။ သို့ရာတွင် သာမန် အင်္ဂလိပ် အသုံးအနှုန်း အနေဖြင့် ဆိုလျှင် Abortion ဟူသည် ကိုယ်ဝန်ဖျက်ချခြင်း ဖြစ်ပြီး Miscarriage သည် အလိုအလျောက် ကိုယ်ဝန်ပျက်ကျခြင်း ဖြစ်သည်။

Illegal Abortion

ဥပဒေအရ ခွင့်ပြုထားချက် မရှိဘဲ ကိုယ်ဝန်ဖျက်ချခြင်း။

Legal Abortion

ဥပဒေ ခွင့်ပြုထားချက် အရ ကိုယ်ဝန်ဖျက်ချခြင်း။

ကမ္ဘာပေါ်ရှိ နိုင်ငံ တော်တော်များများတွင် ကိုယ်ဝန်ဖျက်ချခြင်းကို ဥပဒေ အကန့်အသတ်ဖြင့် ခွင့်ပြုတတ်ကြသည်။ ထိုသို့ ဥပဒေကြောင်းနှင့် ကိုက်ညီသော ကိုယ်ဝန်ဖျက်ချပေးခြင်းကို ဆိုလိုသည်။

ဥပမာ -
အိန္ဒိယနိုင်ငံ၏ ဥပဒေတွင် မတရား ပြုကျင့် ခံရခြင်းကြောင့် ရရှိလာသော ကိုယ်ဝန်ကို တရားဝင် ဖျက်ချ ပေးပိုင်ခွင့် ရှိသည်။

Unsafe Abortion

မကျွမ်းကျင်သူများက ဆောင်ရွက်သော ကိုယ်ဝန် ဖျက်ချမှု။

Safe Abortion

ကျွမ်းကျင်သူများက ဆောင်ရွက်သော ကိုယ်ဝန် ဖျက်ချမှု။

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

စာကိုး။

Family Planning Policies and Programs lecture notes
http://en.wikipedia.org/wiki/Family_planning
http://www.rho.org/html/definition_.htm
http://who.int/reproductive-health/gender/index.html
http://en.wikipedia.org/wiki/Reproductive_rights
http://en.wikipedia.org/wiki/Abortion_law

Read More...

Saturday, January 31, 2009

Pro-Choice vs. Pro-Life

မက္ကဆီကိုစီးတီး ပေါ်လစီပို့စ် ကို မရေးခင် ဒီပို့စ်ကို ရေးသင့်ပါတယ်။ ဒါပေမယ့် အချိန်ကာလ အခြေအနေ အရ အခုမှ အကြွေးဆပ်လိုက်ပါတယ်။ ဟိုဟာ မဖတ်ခင် ဒီဟာကို ဖတ်ပါ ပေါ့ဗျာ။ ဘလောက်က ပြောင်းပြန် စီတာနဲ့တော့ ဟန်ကျနေတာပေါ့။

Pro-Choice



အမျိုးသမီးတစ်ဦးသည် မိမိ ကိုယ်ခန္ဓာကို မိမိပိုင်သည်။ ထို့ကြောင့် မိမိ ကိုယ်ခန္ဓာအတွင်း ဖြစ်တည်လာသော ကိုယ်ဝန်ကို ၄င်း အမျိုးသမီး၏ သဘော ဆန္ဒအရ (ဖျက်ချလိုက) ဖျက်ချပိုင်ခွင့်ရှိသည် ဟု ယုံကြည်ယူဆချက်။

စကားချပ်။ ။ ယခင်က Anti-life ဟုလည်း ခေါ်သည်။ သို့ရာတွင် Anti ဆိုသည်မှာ အနုတ်သဘောလက္ခဏာ ဆောင်သဖြင့် နောက်ပိုင်း အသုံးနည်းလာသည်။




Pro-Life



သန္ဓေသား ဆိုသည်မှာ လူသားတစ်ဦးပင် ဖြစ်သည်။ ထို့ကြောင့် လူသားတစ်ဦး၏ ရပိုင်ခွင့်ဖြစ်သော အသက်ရှင်သန်ခွင့်ကို သန္ဓေသားတိုင်း ရပိုင်ခွင့် ရှိသည် ဟု ယုံကြည်ယူဆချက်။

ဆင့်ပွား ယူဆချက်မှာ ကိုယ့်ကိုယ်ကို သတ်သေခြင်း၊ သေဒဏ်ပေးခြင်း၊ သေလုမျောပါး ဝေဒနာ ခံစားနေရသူ လူနာအား အဆုံးစီရင်ပေးခြင်း (Euthanasia)၊ လူကို တုပပြုလုပ်ခြင်း (cloning)၊ သန္ဓေသား ဆဲလ်များကို အသုံးချ သုတေသနပြုခြင်း (Human embryonic stem cell research) စသည်တို့ကိုလည်း ဆန့်ကျင်သည်။

စကားချပ်။ ။ ဤယုံကြည်ချက် ရှိသူသည် ကိုယ်ဝန်ဖျက်ချခြင်းကို မည်သည့် အကြောင်းပြချက်နှင့်မျှ လက်မခံပါ။

ဒီလိုဆိုရင် Pro-Choice နဲ့ Pro-Life တို့ဟာ ခေါင်းနဲ့ပန်း၊ မီးနဲ့ရေ၊ အဖြူနဲ့အမည်းလို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါသလား။ Are they dichotomous?




တကယ့် လက်တွေ့ လောကတွင်မူ Pro-Choice နှင့် Pro-Life အယူအဆတို့သည် သက်တံတစ်ခု၏ အစွန်းနှစ်ဖက်ကဲ့သို့ ဆက်စပ်လျက် ရှိနေသည်။ လူတို့သည် ဤယုံကြည်ချက် နှစ်ခု၏ ကြား တစ်နေရာရာတွင် ရှိနေတတ်သည်။ ပုဂ္ဂိုလ် တစ်ဦး၏ အယူအဆကို Pro-Choice လား Pro-Life လားဟု အတိအကျ သတ်မှတ်ရန် ခက်ခဲပြီး ထိုပုဂ္ဂိုလ်သည် မည်သည့်ဘက်နှင့် ပို၍ နီးသည်ဟုသာ ဆိုနိုင်ပေမည်။ “အခြေအနေ” တစ်ခုခုပေါ်တွင် မူတည်ပြီး ရပ်တည်ချက် ပြောင်းလဲနိုင်သည်ဟု ပြောလျှင် ရနိုင်မည် ထင်သည်။


သာဓကများနှင့် ရှင်းပြလျှင် ပိုမို သင့်လျော်မည်။

ဥပမာ (၁)

အမျိုးသမီး တစ်ဦးသည် သားဆက်ခြားနည်းများကို သုံးစွဲရကောင်းမှန်း သိသည်၊ တတ်လည်း တတ်နိုင်သည်၊ ၀ယ်ယူရန်လည်း လွယ်ကူသည့် အနေအထားမှာ ရှိသည်၊ ဆေးမတည့်ခြင်း စသည့် ဘေးထွက်ဆိုးကျိုးများလည်း မရှိပါလျှက် သားဆက်ခြားခြင်း နည်းလမ်းများကို မသုံးစွဲ။ ကိုယ်ဝန်ရလာမှသာ သွားရောက် ဖျက်ချလေသည်။

ထိုကိစ္စမျိုး တစ်ကြိမ်မက ဖြစ်လာသောအခါ … မိမိကိုယ်ကို Pro-Choice ဟု သတ်မှတ်ထားသူကပင်လျှင် ထိုသို့ မဖြစ်သင့်ကြောင်း၊ သားဆက်ခြားနည်း မှန်မှန်သုံးပြီး ကိုယ်ဝန်ဖျက်ခြင်းကို ရှောင်သင့်ကြောင်း ၀င်ရောက် ပြောဆိုသည်။

ထိုအခါ Pro-Choice ကို ယုံကြည်သူသည် အမှန်တကယ် ယုံကြည်သူ ဖြစ်ပါသေးသလော။

ဥပမာ (၂)

အမျိုးသမီး တစ်ဦးတွင် နှလုံးရောဂါ ကြီးကြီးမားမားရှိသဖြင့် ဆရာဝန်များက ကလေးမယူရန် တားမြစ်ထားသည်။ ပဋိသန္ဓေ တားနည်းလည်း သုံးနေပါလျက် မတော်တဆ ကိုယ်ဝန် ရရှိသွားလေသည်။ ထိုအမျိုးသမီး၏ နှလုံးအခြေအနေသည် မိခင်နှင့် ၀မ်းတွင်းက သန္ဓေသား နှစ်ဦးလုံး အတွက် လုံလောက်အောင် အလုပ် မလုပ်ပေးနိုင်ချေ။ ထိုအခါ အမျိုးသမီးမှာ အသက် အန္ဓရာယ် ရှိလာလေသည်။ အမျိုးသမီး အသက် သေဆုံးသွားပါက ၀မ်းတွင်းမှ သန္ဓေသားမှာလည်း အသက် သေဆုံးပေမည်။

ထိုအချိန်တွင် Pro-Life ဟု မိမိကိုယ်ကို သတ်မှတ်ထား သူကပင်လျှင် ထိုကိုယ်ဝန်ကို ဖျက်ချပေးသင့်ပါကြောင်း ပြောလာလေသည်။ မိခင်သေလျှင် သန္ဓေသားလည်း သေမည်။ အသက် နှစ်သက်နှင့် တစ်သက် လဲရန်ဟု အကြောင်းပြလေသည်။

ထိုအခါ Pro-Life ကို ယုံကြည်သူသည် အမှန်တကယ် ယုံကြည်သူ ဖြစ်ပါသေးသလော။

တစ်ဦးချင်း အယူအဆမှ အဖွဲ့လိုက် အယူအဆသို့

ဤအယူအဆတို့သည် လူတစ်ဦးချင်းစီတွင် ရှိနေနိုင်သလို အသင်းအဖွဲ့ တစ်ခု နိုင်ငံ တစ်နိုင်ငံတွင်လည်း ရှိနေနိုင်သည်။ အသင်းအဖွဲ့ တစ်ခု၏ ဖွဲ့စည်းပုံ၊ ပေါ်လစီ၊ ခေါင်းဆောင်များ၏ ပြောဆိုချက်များပေါ် မူတည်၍ ထိုအဖွဲ့သည် Pro-Choice နှင့် နီးသလား Pro-Life နှင့် နီးသလား ဆိုသည်ကို ခန့်မှန်းနိုင်သည်။ ထို့အတူ နိုင်ငံတစ်နိုင်ငံ၏ Pro-Choice/Pro-Life အယူအဆကို ထိုနိုင်ငံတွင်ရှိ အမျိုးသမီး ကျန်းမာရေး၊ မျိုးဆက်ပွား ကျန်းမာရေး ဆိုင်ရာ ဥပဒေများ၊ လုပ်ထုံး လုပ်နည်းများကို လေ့လာခြင်းဖြင့် သိရှိနိုင်သည်။

စာရှုသူများ တွေး၍ မှတ်ချက်ရေးပေးပါရန်

  • အထက်ပါ ဥပမာ (၁) နှင့် (၂) ကဲ့သို့ အလားတူ သာဓက တစ်ခုစီလောက် စဉ်းစားကြည့်ပါ။
  • မြန်မာနိုင်ငံတွင် လူအများစုသည် မည်သည့် နေရာတွင် ရှိနေမည် ထင်ပါသနည်း။
  • စာရှုသူ ကိုယ်တိုင်ကရော မည်သည့် နေရာတွင် ရှိပါသနည်း။ (ဖြေလိုမှ ဖြေပါရန်။)

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

စာကိုး

http://en.wikipedia.org/wiki/Pro-choice
http://en.wikipedia.org/wiki/Pro-life

Read More...