Saturday, September 22, 2007

Human and Disaster (1)

လူနှင့် သဘာဝဘေးအန္တရာယ် (၁)

မနေ့က မိုးတွေ တအားရွာမှ သဘာဝဘေးအန္တရာယ် ဆိုတာကို ပိုစ့်အဖြစ်တင်ဖို့် ကိုပြန်သတိရရင်း ပိုစ့်ရေးဖြစ်ခဲ့ပါတယ်။

သဘာဝဘေးအန္တရာယ်နဲ့ ပတ်သတ်ပြီး ပထမပိုင်း ၊ ဒုတိယပိုင်း နဲ့ တတိယပိုင်း ဆိုပြီး ခွဲရေးချင်ပါတယ်

ပထမပိုင်းမှာ

၁။ သဘာဝဘေးအန္တရာယ်ကို ကြိုတင်သိရှိရန်ကြိုးပမ်းခြင်း

၂။ ဘေးအန္တရာယ်၏ ဆိုးကျိုးများကို သင့်လျော်သလို ဘာသာပြန်ခြင်း

ဒုတိယပိုင်းမှာ…

၃။ သဘာဝဘေးအန္တရာယ် ကြောင့်ဖြစ်တတ်သော ဆိုးကျိုးများကို ပြည်သူအား သိရှိစေခြင်း

၎။ အချိန်မှီ ကာကွယ်မှုများ ပြုလုပ်ခြင်း

တတိယပိုင်းမှာ

၅။ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခြင်း

၆။ လတ်တလော ကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခြင်း

၇။ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ပြုလုပ်ခြင်း တို့ဖြစ်ပါတယ်။

ပထမပိုင်း

၁။ သဘာဝဘေးအန္တရာယ်ကို ကြိုတင်သိရှိရန် ကြိုးပမ်းခြင်း
သဘာဝဘေးအန္တရာယ် ဆိုသည့် အရာသည် လူသားတို့ကဲ့သို့ ဟန်ဆောင်တတ်သော အရာများမဟုတ်ရကား ၊ အတိအကျကို မသိနိုင်သည့်တိုင် အချို့သော ဘေးအန္တရာယ်ကို အတိုင်းအတာ တခုအထိ ကြိုတင် သိရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် မိုးလေ၀သနှင့် ဇလဗေဒ ကျွမ်းကျင်ပညာရှင်များမှ ပြောကြားချက်များကို သိရှိအောင် လုပ်ဆောင်ရပေမည်။ မိုးလေ၀သ သတင်းကို အစဉ်ဂရုစိုက်နားထောင်ရပါမည်။

၂။ ဘေးအန္တရာယ်၏ ဆိုးကျိုးများကို သင့်လျော်သလို ဘာသာပြန်ခြင်း
တခါတရံတွင် ပညာရှင်များ၏ ထုတ်ပြန် ကြေညာချက်များသည် အများပြည်သူအတွက် နားလည်ရန်ခက်ခဲသော စကားလုံးအသုံးအနှုန်းများဖြင့် ရှိတတ်ကြသည်။

ဥပမာ(၁) ဇွန်လ ၂၇ ရက် မြန်မာစံတော်ချိန် ၂၀နာရီ ၂၃ မိနစ်ခန့်တွင် ရန်ကုန်မြို့ ကမ္ဘာအေးရှိ မြေငလျင်တိုင်းတာစခန်း၏ တောင်ဘက် ၂၄ မိုင်ကွာဝေးသော နေရာကို ဗဟိုပြု၍ ရစ်ချက်တာ စကေး ၅ ဒသမ ၁ အဆင့်ရှိသည့် မြေငလျင်တစခုလှုပ်သွားခဲ့သည်။

ထိုသို့ဆိုပါလျှင် စားဝတ်နေရေး ကျပ်တည်း၍ တစ်နေ့တာ အလုပ်များဖြင့် မွန်းကျပ်နေသော ပြည်သူလူထုသည် မြန်မာစံတော်ချိန် ၂၀နာရီ ၂၃ မိနစ်ခန့် ဆိုသည်ကို စဉ်းစား နိုင်မည်ဖြစ်သော်လည်း ကမ္ဘာအေး မြေငလျင်စခန်း၏ တောင်ဘက် ၂၄မိုင်အကွာသည် သူတို့နေထိုင်သော နေရာဟုတ်မဟုတ် ၊ သူတို့နေထိုင်သော နေရာနှင့် မည်မျှကွာဝေးသော နေရာတွင်ဖြစ်သည် ကို မည်သို့မျှ အချိန်ပေးစဉ်းစားနိုင်မည် မဟုတ်ပေ။ ထို့ပြင် ရစ်ချက်တာ စကေးဆိုတာကို သူတို့စိတ်ဝင်တစား လေ့လာမည် မဟုတ်ပေ။

ဥပမာ (၂) ဇွန်လ ၂၈ရက် မြန်မာစံတော်ချိန် ၁၇နာရီ ၁၀မိနစ်တွင် ဘင်္ဂလားပင်လယ်အော်ကို မျက်နှာမူ၍ မိုးသက်မုန်တိုင်းတစခု ကျရောက်ဖွယ်ရာရှိသည်။ မိုးသက်လေပြင်း ကျစဉ် မြေပြင် ရေပြင်လေသည် တစ်နာရီလျှင် မိုင် ၈၀ နှုန်းဖြင့် တိုက်ခတ်မည်ဖြစ်သည်။

ထိုသို့ဆိုရာတွင် ထိုလေအရှိန်သည် အိမ်တိုင်ကျွတ်ပါလောက်သော လေအားလော၊ သစ်ပင်များအမြစ်မှ ကျွတ်ထွက်နိုင်သော ပြင်းအားလော စသည်တို့ကို စားဝတ်နေရေးအတွက် ကြိုးပမ်းနေရသော ပြည်သူများ လေ့လာနိုင်အားမည် မဟုတ်ပေ။

ထိုကြောင့် သဘာဝဘေးအန္တရာယ်ကို ကြိုတင်သိရှိနိုင်သော ထူးခြားသော အခြေအနေများကို ပြည်သူလူထု နားလည်လွယ်သော ဘာသာစကားဖြင့် ပြန်ဆိုပေးသင့်ပါသည်

ဒုတိယပိုင်းမျှော်ရန် …


Read More...

Friday, September 21, 2007

Health and Misbeliefs ...

ကျန်းမာရေးနှင့်သက်ဆိုင်သောအယူလွဲများ

ကျွန်မတို့ မြန်မာ လူမျိုးများတွင် ရှေးယခင် အဆက်ဆက် ကပင် လိုက်နာ ကျင့်သုံးခဲ့ကြသော မိရိုးဖလာ အယူအဆပေါင်း များစွာ ရှိနေပါသည်။ အခြားသော အယူအဆများကို မဆွေးနွေး လိုသော်လည်း ကျန်းမာရေး ဆိုင်ရာ အယူအဆ အလွဲများကိုတော့ အနည်းငယ် တင်ပြ ဆွေးနွေး လိုပါသည်။ ..................................

ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်သော မြန်မာနိုင်ငံတွင် နေရာဒေသမရွေး ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိစေရန် ကျန်းမာရေး ၀န်ကြီးဌာနမှ ကြိုးပမ်း နေသကဲ့သို့ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှလည်း မြန်မာနိုင်ငံ အစွန်အဖျား ဒေသများထိတိုင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကြိုးပမ်း ဆောင်ရွက်လျက် ရှိနေပါသည်။ ..............................................................

ထိုသို့ ကြိုးပမ်း ဆောင်ရွက်ရာတွင် ပြည်သူလူထု တစ်ရပ်လုံးကပါ ပါဝင်ပေးပါမှ လုပ်ငန်းများ၊ ကြိုးပမ်းမှုများ ပိုမို လျင်မြန် အထမြောက်နိုင်မည် ဖြစ်သည်။ ထိုသို့ ၀ိုင်းဝန်း ကြိုးပမ်း ပေးကြရာတွင် မိမိတို့၏ ယုံကြည် ယူဆချက်များကို ကျန်းမာရေးဆိုင်ရာ အသိနှင့် ယှဉ်ပြီး လက်ခံသင့်သည်ကို လက်ခံခြင်း၊ အယူအဆ အလွဲများအား နားလည် တတ်ကျွမ်းသော ကျန်းမာရေးဆိုင်ရာ ၀န်ထမ်းများမှ ပြောပြ ဆွေးနွေး ပါက နားလည် သဘောပေါက်ကာ လွဲမှားနေသော အယူအဆများကို ပြုပြင်သင့်သည်ကို ပြုပြင်ခြင်း၊ စွန့်လွှတ်သင့်သည်ကို စွန့်လွှတ်ခြင်းဖြင့် ၀ိုင်းဝန်း ကူညီကြနိုင်ရန် ရည်ရွယ်ပြီး ဒီပို့စ်လေးကို ရေးသား လိုက်ပါတယ်။

ကျွန်မတို့ ဆေးရုံများတွင် အများဆုံး ကြုံတွေ့နေရသော အယူအဆလွဲများထဲမှ အချို့ကို တင်ပြလိုက်ပါတယ်။

  1. မွေးကင်းစ ကလေးငယ်များ၏ ချက်အတွင်းသို့ ဆေးတို့ဖတ်ဟု ခေါ်ဝေါ်ကြသော နနွင်းများ ထဲ့သိပ်ခြင်းမှာ လုံးဝ မှားယွင်းနေသော အယူအဆ တမျိုးပင် ဖြစ်သည်။ မွေးကင်းစ ကလေးငယ်များသည် အလွန် နူးညံ့ကြပြီး ရောဂါပိုးများ အလွယ်တကူ ၀င်ရောက်နိုင်ကြသော အချိန်ဖြစ်သည်။ ထိုအချိန်တွင် ချက်အတွင်းသို့ သန့်ရှင်းသော ဂွမ်းစဖြင့် အရက်ပြန် ဆွတ်ပေးခြင်းမှာ အမှန်အကန်ဆုံးသော နည်းလမ်းပင် ဖြစ်သည်။ နနွင်းထဲ့သိပ် ပေးခြင်းကြောင့် မည်သည့်အကျိုးမှ မရရှိနိုင်သော်လည်း မွေးကင်းစကလေးငယ်၏ ကိုယ်တွင်းသို့ ချက်မှတဆင့် မသန့်ရှင်းသော နနွင်းများ ၀င်သွားခြင်းကြောင့် မွေးကင်းစ ကလေးငယ်သည် မေးခိုင်ရောဂါပိုး ၀င်ရောက်ခြင်း သွေးဆိပ်ပျံ့နှံ့ခြင်းဖြင့် သေဆုံးနိုင်ပါသည်။
  2. ကလေးငယ်များကို မွေးဖွားချိန်မှ စပြီး အသက် အပိုင်းအခြားအလိုက် ကာကွယ်ဆေးများကို သတ်မှတ်ထားသော အချိန်အတိအကျအတိုင်း ထိုးပေးရန် အလွန် အရေးကြီးလှပါသည်။ သို့ပေမယ့်လည်း အချို့အရပ်ဒေသ များတွင် ကာကွယ်ဆေးထိုးခြင်းကြောင့် အကြောသေသည်ဟု ယူဆကာ ကာကွယ်ဆေးထိုးရန် ငြင်းဆိုကြပါသည်။ ကာကွယ်ဆေးထိုးခြင်းနှင့် အကြောသေခြင်းသည် မသက်ဆိုင်ပါ။ အခြား အကြောင်းအရာ တခုခုကြောင့် အကြောသေခြင်းသာ ဖြစ်နိုင်ပါသည်။ ကာကွယ်ဆေးထိုးခြင်း ဆိုသည်မှာ ရောဂါပိုးများ ၀င်ရောက်မလာနိုင်စေရန် ကာကွယ်ပေးခြင်း ဖြစ်သောကြောင့် အကြော သေခြင်းနှင့် မသက်ဆိုင်ပါ။
  3. ကလေးမီးဖွားထားသော နို့တိုက်မိခင်များသည် ကလေးနှင့် မတည့်မည်ကို စိုးရိမ်လွန်ကဲကာ အစား ရှောင်သော အလေ့အထကိုလည်း ပြုလုပ်ကြပါသည်။ အပူအစပ်များ ရှောင်ခြင်းမှာ သင့်သော်လည်း အာဟာရ ဓါတ် ပြည့်ဝစေသော အစားအသောက်များကို ရှောင်ခြင်းမှာ လွဲမှားနေပါသည်။ ဗီတာမင်ဘီ အုပ်စု ကြွယ်ဝစွာ ပါဝင်သော အစားအစာများကို ပိုမိုစားသုံးပေးရန် လိုအပ်လှသည်။ ၄င်းတို့မှာ ပဲ၊ ၀က်သား၊ အမဲသား၊ နွားနို့၊ ဆန်လုံးညိုနှင့် အသည်း တို့ဖြစ်သည်။ မိခင်နို့တွင် အာဟာရဓါတ် လုံလောက်စွာ ပါဝင်မှ ကလေးငယ် သည် အာဟာရဓါတ် လုံလောက်စွာ ရရှိနိုင်မည် ဖြစ်သည်။ ဗီတာမင်ဘီ ချို့တဲ့ခြင်းသည် နို့စို့ကလေးငယ်များတွင် အသက်အန္တရာယ် ပေးနိုင်သည်ထိ အရေးကြီးလှပါသည်။
  4. ကျေးလက်နေ ပြည်သူများသည် ဆေးပေးခန်းများနှင့်ဝေးကွာခြင်း၊ အသိပညာ လုံလောက်စွာ မရှိခြင်းတို့ကြောင့် ပွန်းပဲ့ဒဏ်ရာများ ရရှိပါက အနာအတွင်းသို့ ဖုန်မှုန့်များ ထဲ့သိပ်ခြင်းကို ကျေးလက် ကွင်းဆင်းချိန်တွင် ကိုယ်တိုင်ကိုယ်ကျ ကြုံခဲ့ဖူးပါသည်။ ဖုန်မှုန့်များ ထဲ့သိပ်ခြင်းကြောင့် မေးခိုင်ရောဂါပိုး ၀င်ရောက်ကာ အသက် ဆုံးရှုံးနိုင်ပါသည်။ အနာကို သန့်ရှင်းသောရေဖြင့် ဆေးကြောပြီး အရက်ပြန် ထဲ့ပေးခြင်းမှာ မှန်ကန်သော နည်းလမ်းဖြစ်သည်။

အထက်ဖော်ပြပါ အယူအဆအလွဲများ သည်အများဆုံး ကြုံတွေ့ရသော အလွဲများ ဖြစ်သည်။ ကျွန်မတို့ လက်လှမ်းမမီနိုင် သော ပြည်သူလူထု အတွင်းတွင် အခြားသော အယူလွဲများလည်း ရှိနေဦးမည် ဖြစ်သည်။ ....................................

ယခု ရေးသားလိုက်သော ပို့စ်လေးကို ဖတ်မိသော စာဖတ်သူအပေါင်းမှလည်း မိမိတို့ လက်လှမ်းမီသော သူများသို့ ကျန်းမာရေးအသိများ ဆက်လက် ဖြန့်ဝေပေးကြပါရန် မေတ္တာ ရပ်ခံအပ်ပါသည်။

Read More...

MedReader - News Alerts

ဆေးပညာဆိုင်ရာ သတင်းနဲ့ အသစ်တွေ့ရှိချက်တွေကို ကြည့်ရှုနိုင်တဲ့ MedReader ဆော့ဝဲလ်တစ်မျိုးကို မိတ်ဆက်ပေးလိုပါတယ်။ Tray Bar မှာ Run ထားလို့ရပါတယ်။ Start Up Program အနေနဲ့လည်း Run ထားနိုင်ပါတယ်။ News Alert တွေကို Refresh Interval ထားပြီး ကြည့်နိုင်ပါတယ်။ RSS Reader တစ်မျိုးဖြစ်ပါတယ်။

သူ့ဝက်ဘ်ဆိုဒ်မှာ ရေးထားတာက

MedReader is a RSS Reader specifically built for the Medical & Healthcare Professional. MedReader allows you to have information directly delivered to your desktop without the worries of Spam, searching for hours, or registering/logging into a web based system.
MedReader provides:
  • Persistent search technology
  • Easy to read displays for your news
  • A better way to manage your content
အသေးစိတ်ကို http://medreader.com/ မှာ သွားဖတ်နိုင်ကြောင်းပါ။
ဒေါင်းလုဒ် MedReader Link 1 , Link 2 [708kb]

Read More...

Millennium Development Goals

Millennium Development Goals ကို မှတ်မိစေရန်


ပြီးခဲ့တဲ့နှစ် (၂၀၀၆) အောက်တိုဘာလောက်က ကျွန်တော်တို့ MMedSc (Public Health) Selection Exam Theory ဖြေတာ အောင်တယ် ဆိုတော့ Viva ဖြေဖို့အတွက် Public Health နဲ့ဆိုင်တဲ့ အရေးကြီးတာတွေကို ရှာကြ၊ ကျက်ကြ ပါတယ်။ အဲ့ဒီတုန်းက Millennium Development Goals ကို မှတ်မိစေဖို့ ကဗျာလေးလုပ်ပြီး ကျက်ခဲ့တာကို အခု Share လုပ်လိုက်ပါတယ်။

ဆင်းရဲ ငတ်မွတ်၊
ပညာသင်၊
ကျားမ တူညီချင်
မွေးသေလျော့ချ၊ ကလေးတွေဘ၀၊
မိခင်တွေကို မြှင့်တင်ကြ၊
နိုင်ယူရောဂါ ကာကွယ်ပါ၊
ပတ်ဝန်းကျင်လည်းပါ၊
ဝိုင်းဝန်းကူညီဆောင်ရွက်မှ၊ တို့ကမ္ဘာရွာကြီး သာယာမယ်ဗျ ။

Original English လိုကတော့ အောက်မှာ ယှဉ်တွဲ ဖော်ပြလိုက်ပါတယ်။
Goal 1 : Eradicate extreme poverty and hunger
Goal 2 : Achieve universal primary education
Goal 3 : Promote gender equality and empower women
Goal 4 : Reduce child mortality
Goal 5 : Improve maternal health
Goal 6 : Combat HIV/AIDS, malaria and other diseases
Goal 7 : Ensure environmental sustainability
Goal 8 : Develop a global partnership for development


ဝန်ခံချက် ။ ။ ဒီကဗျာလေးကို အခြေခံကျန်းမာရေးတက္ကသိုလ် (မကွေး) မှ ဒေါက်တာ စိုးမင်းနိုင် က စတင်ရေးစပ်ခဲ့ပြီး ကျွန်တော် ဒေါက်တာ ၀င်းခိုင် မှ ဖြည့်စွက်ထားပါသည်။

Read More...

Public Health Vocabulary

၂၀၊ ၉၊ ၂၀၀၇

စကားလုံးရှိတဲ့ ကောင်းကင်

ထူးအိမ်သင်ကတော့ စကားလုံးများနဲ့ မပြောပဲ မျက်ဝန်းများနဲ့ ပြောခိုင်းခဲ့သည်။

သို့ရာတွင် ပြည်သူ့ကျန်းမာရေး ကိစ္စရပ်များ၌ကား စကားလုံးများကို မသုံးမဖြစ် တွင်တွင်ကျယ်ကျယ် သုံးရလေ့ရှိသည်။ လူတစ်ဦး နှင့် တစ်ဦး သို့တည်းမဟုတ် လူတစ်ဦး နှင့် အများ အပြန်အလှန် ဆက်သွယ်မှု (communication) ကို ဘာသာရပ် တစ်ခုအနေဖြင့်ပင် သင်ယူရလေသည်။ စာရှုသူ စဉ်းစားကြည့်ပါ .. အကယ်၍များ ကျန်းမာရေး ပညာပေးရာတွင် “မျက်ဝန်းများ” နဲ့သာ ပြောရလျင် ဘယ်သို့ ရှိချိန့်မည်နည်း။ ဆိုသူတစ်မျိုး နားလည်သူ တစ်ဖုံ ဖြစ်နေမည်။

မှတ်မိသေးတော့သည်။ ဆေးကျောင်းတွင် “ကာကွယ်ရေးနှင့်လူမှုရေးဆေးပညာ” (ပြည်သူ့ကျန်းမာရေး) ဘာသာရပ်ကို သင်ယူရလေသည်။ ဘိုလို ဆိုလျှင်တော့ "Preventive and Social Medicine" ဟု ခေါ်၏။ အတိုကောက် PSM ပေါ့။ ထို PSM ကိုပင် ကျွန်ုပ်တို့ ကျောင်းသားတစ်သိုက်က နာမည်ပြောင် ပေးထားသည် "potato and shwe-kyee medicine" ဟူ၏။ အာလူးဖုတ်နေသည်၊ ရွှေကျီးကဲ့သို့ တစာစာ အော်မြည်နေရသည့် ဘာသာရပ်ဟု ဆိုလိုသည်။ (ထိုအသက်အရွယ်က အမြင်ဖြင့် ပြောရလျင်) ပြောလည်း ပြောစရာပင်။ အယူအဆ၊ အတွေးအခေါ် တစ်ခု (an idea or concept) ကို ပင် စကားလုံးအမျိုးမျိုး သုံး၍ ဆွေးနွေးပြောဆိုခြင်းများ ရှိခဲ့သည်မဟုတ်လော။ ဆရာအများက ကျွန်ုပ်တို့ နားလည်စေရန် သိုင်းဝိုင်း ပြောသည်ကို ကျေးဇူးမတင်တတ်ခဲ့။ နောက်ပြောင်ရန်သာ သိခဲ့ကြသည်။

ပြည်သူ့ကျန်းမာရေး ဘာသာရပ်ကို ထဲထဲဝင်ဝင် လေ့လာမိစဉ်မှာတော့ “အာလူးဖုတ်သည်” ဟု မပြောလိုတော့။ ပြောတတ်လျှင် စကားလုံး တိုတိုတုတ်တုတ် ဖြင့် ကျစ်ကျစ်လစ်လစ် ပြောဆိုရနိုင်သည် ဆိုတာ သိလာသည်။ ထိုသို့ပြောဆိုနိုင်ရန် အသုံးများသော ပြည်သူ့ကျန်းမာရေးဆိုင်ရာ စကားလုံးများ၊ အယူအဆ၊ အတွေးအခေါ်များ ကို မြန်မာလို အဓိပ္ပါယ်ဖွင့်ဆိုရန် စိတ်ကူးမိသည်။ မိမိ နားလည်သလို ဝေမျှခြင်းသာဖြစ်၍ မိတ်ဆွေတို့ ဝေဖန် အကြံပြုကြပါကုန်။

ဒီတစ်ပတ်တော့ စကားလုံး ၃-လုံး ဖြင့် စပါမည်။ အေ သုံးလုံး ပဲ ဆိုပါစို့ရဲ့။ “ကျန်းမာရေးစောင့်ရှောက်မှု” ကို စိတ်တွင် မှတ်ပြီး ဖြည့်စွက်တွေးကြည့်ပါ။

Availability

ရှိခြင်းအဖြာဖြာ ဟု ဘာသာပြန်ရမည်လား မပြောတတ်။ ဆေးရုံ၊ ဆေးခန်း အဆောက်အဦရှိခြင်း၊ ရောဂါစစ်ဆေးနိုင်သည့် စက်ကိရိယာများ ရှိခြင်း၊ ဆေးဝါးပြည့်စုံခြင်း၊ ကုသပေးမည့် ဆရာဝန်၊ သူနာပြုများ ရှိခြင်းတို့ပင်ဖြစ်သည်။ အောက်ပါအခြေအနေများတွင် ကျန်းမာရေး စောင့်ရှောက်မှု ရနေသည်ဟု မပြောနိုင်။
  • ဆေးရုံရှိသော်လည်း ဆရာဝန် မမြဲခြင်း
  • ဆရာဝန်ရှိသော်ငြား ကုသရန် ဆေးမရှိခြင်း
  • ဓါတ်မှန်ရိုက်စက် ရှိပြီး ဖလင်ကုန်နေခြင်း (သို့) မီးမလာ၊ မီးအားမပြည့်ခြင်း
ထို့ကြောင့် နိုင်ငံတစ်နိုင်ငံတွင် ဆေးရုံဆေးခန်း မည်မျှ ရှိသည်ဟု ရေတွက်ပြရုံမျှဖြင့် ထိုနိုင်ငံတွင် ကျန်းမာရေး စောင့်ရှောက်မှု ရရှိနေသည်ဟု ပုံသေကားချ ပြော၍မရနိုင်ပေ။ တကယ်တန်း ၀န်ထမ်းအင်အား၊ ပစ္စည်းအင်အားပြည့်ဖြင့် လည်ပတ်နေသော ဌာနများ ဖြစ်ဖို့လိုသည်။ ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင် ဖြစ်မနေသင့်။

Accessibility

လွယ်လင့်တကူ ရရှိနိုင်ခြင်း ဟု ပြန်ဆိုလိုသည်။ ဤသည်ကိုတော့ Barriers of Access to Health Care တွင် အကျယ် ပြောပြီးပါပြီ။ ထိုအတားအဆီးများ မရှိလျင် လွယ်လင့်တကူ ရရှိနိုင်သည်၊ Accessible ဖြစ်သည်ပေါ့။ အောက်ပါမေးခွန်းများကို ဖြေကြည့်ပါ။
  • သွားရေးလာရေး လွယ်ပါသလား
  • လူတွေ သွားလာချင်စိတ်ရှိတဲ့ ဆေးရုံလား
  • အချိန်မရွေး သွားလို့ရသလား
  • ဗမာလို မပြောတတ်လျင်ရော ကုပေးနိုင်လား
  • ငွေမပါလည်း ကုပေးမှာလား
မေးခွန်းများ၏ အဖြေမှာ “ဟုတ်ကဲ့” ဟု ဆိုပါက အဆိုပါ ကျန်းမာရေးဌာန (၀ါ) ဆေးခန်းသည် accessible ဖြစ်သည်ဟု ဆိုရပေမည်။

စကားချပ်။
နယ်မြို့လေးတစ်မြို့၏ ဆေးရုံသည် အတန်မြင့်သော တောင်ကုန်းလေး တစ်ခုပေါ်တွင် ရှိသည်။ “လူနာသာ ဒီကို ရောက်ပါစေ ရောဂါပျောက်အောင် ကုနိုင်တယ်ဟု” ဆရာဝန်၊ သူနာပြုများက ဆိုစမှတ်ပြုကြသည်။ ပြောလည်းပြောစရာပင် တော်ရုံတန်ရုံ လူနာကတော့ ဒီတောင်ကုန်းကို တက်နိုင်မယ် မထင်။ တက်နိုင်သည့် လူနာဆိုလည်း ရောဂါ သိပ်မဆိုးလို့ပင်။ သေချာတာကတော့ လူနာများ လွယ်လွယ်ကူကူသွားလာ ရနိုင်သည့် နေရာမှာ မရှိသော ဆေးရုံပင်။

Affordability

ဒါကတော့ Financial barrier ၏ သံတူကြောင်းကွဲတစ်မျိုးပင်။ “တတ်နိုင်ပါ့မလား” ဆိုသည့်မေးခွန်းကို လူတိုင်းမေးဖူးကြပေမည်။ ရောဂါတစ်ခုပျောက်ဖို့၊ အသက်တစ်ချောင်းကို ဆွဲဆန့်ဖို့ ငွေကုန်ကြေးကျ ခံကြရသည်။ မည်မျှ အကုန်ခံမည်နည်း။ သင်သည် လူ့လောကတွင် နေရန် ၁-ရက်သာ ကျန်တော့သည် ဆိုပါစို့။ နောက်ထပ် ၁-နှစ် နေခွင့်ရအောင် ငွေမည်မျှ အကုန်ခံ ကုသမည်နည်း။ “ငွေဘယ်လောက်ကုန်ကုန်” ဟု လွှတ်ကနဲ ပြောချင်ပြောပေမည်။ အသေအချာ စဉ်းစားပါ။ တစ်သိန်း အကုန်ခံမှာလား၊ ၁၀ သိန်းလား၊ သိန်း တစ်ထောင်လား။ မိမိ မရှိတော့လျင် ကျန်ရစ်သူများ မည်သို့ ရင်းနှီးစားသောက်မည်နည်း။ စသည် စသည် တွေးစရာတွေ အများကြီးပင်။ ထို့ကြောင့် “ပေးကားပေး၏မရ” ဆိုသလို ကျန်းမာရေး စောင့်ရှောက်မှုသည်လည်း “ရှိကားရှိ၏မတတ်နိုင်” ဆိုသည်များ အများအပြားရှိပေသည်။ ထို့ကြောင့် Available, Accessible ဖြစ်ရုံဖြင့် မပြီး Affordable ဖြစ်ဖို့လည်း လိုပေသေးသည်။

လက်တွေ့အသုံးချခြင်း

ဒါဆိုရင် ကျန်းမာရေး ဌာနများ နှင့် ပြည်သူ့ကျန်းမာရေး စီမံချက်များ ကို သွားရောက်လေ့လာလျင် မေးစရာလေးတွေ၊ တွေးစရာလေးတွေ ရလာပြီပေါ့။ ဥပမာ အားဖြင့်
  • ဆရာတို့ ဆေးခန်းက ရုံးချိန်ပဲ ဖွင့်ပြီး လူနာတွေ အားတဲ့ ညနေခင်းမှာ ပိတ်ထားတော့ Accessible ဖြစ်ပါ့မလားဗျာ။
  • လူနာတွေကို စရိတ်မျှပေးခိုင်းတာတော့ ကောင်းပါတယ်။ Affordability လေးကိုလည်း ထည့်စဉ်းစားပေးပါဦး။
  • ကွန်ပျူတာဓါတ်မှန် (CT-Scan: Computed Tomography) ကတော့ ဆရာရေ ဒီမြို့မှာ Available ကို မဖြစ်တာ။
စသည်ဖြင့်ပေါ့။

ဒီတပတ်တော့ ဤမျှသာ။

အာရောဂျံပရမံလာဘံ

တက္ကသိုလ် လှမွန်

Read More...

Friday, September 14, 2007

Call for Abstracts: Investing in Young People's Health and Development

CALL FOR ABSTRACTS: Investing in Young People’s Health and Development: Research that Improves Policies and Programs

An International Conference

April 27-29, 2008 (April 30 optional sessions)

Abuja, Nigeria

Primary sponsors: Bill and Melinda Gates Institute for Population and Reproductive Health, Johns Hopkins Bloomberg School of Public Health, USA; Institute of Public Health, Obafemi Awolowo University; and Center for Population and Reproductive Health, University of Ibadan; and Nigeria’s federal ministries of health, youth, and education; in partnership with a consortium of more than 20 international and national organizations

Dear Colleagues:

On behalf of the international and local organizing committees, we would like to bring this important upcoming international conference to your attention and ask that you circulate this announcement widely to interested persons.

The conference organizers invite the submission of research abstracts with direct program or policy implications for youth development programs in developing nations for review for oral or poster presentation. The attached files, Call for Abstracts and Abstract Submission Form and Guidelines, provide detail on the conference objectives and themes. The deadline for submission of abstracts to gates@jhsph.edu is November 15, 2007.

The conference will open the evening of Sunday, April 27, 2008 and be followed by two full days of conference sessions. April 30 program is reserved for optional follow-on, youth-friendly, translational activities that we anticipate partner organizations will be sponsoring. More information is available from the conference website: www.jhsph.edu/gatesinstitute/policy_practice/adolhealth. Shortly, travel support application forms will be available as well from the website.

Organizations interested in sponsoring skill-building or related workshops around the conference schedule are invited to contact Ms. Natalie Culbertson at gates@jhsph.edu. Sponsored workshops may be scheduled either for the daytime of April 27 or on April 30. Other questions about the conference may be directed to this email address as well.

As some of you may be aware, the 3rd African Conference on Sexual Health and Rights is also being convened in Abuja, Nigeria, in February 2008 (www.africasexuality.org). Although in the same location and covering related themes, the Investing in Youth Health and Development Conference will take place in April, is internationally oriented, focused on young people, and concentrates on the accumulated research and program evidence that can inform young people’s health and development programs.

We look forward to receiving your abstracts and thank you for sharing this e-mail broadly.

Sincerely,

Robert Blum, Amy Tsui, Johns Hopkins Bloomberg School of Public Health

Oladosu Ojengbede, University of Ibadan, Nigeria

Adesegun Fatusi, Obafemi Awolowo University, Nigeria

Read More...

Friday, September 7, 2007

A Story I 'd like to Share ...

အလုပ်ရုံဆွေးနွေးပွဲလေးတစ်ခုမှာ ကြားခဲ့ရတဲ့ ပုံပြင်လေးပါ။
ကြိုက်လွန်းလို့ မနေနိုင် မထိုင်နိုင် အခုလို ပြန်ပြောပြမိတာပါ။

တစ်နေ့မှာ လင်မယားနှစ်ယောက်က ၀တ်ကောင်းစားလှတွေ ၀တ်ပြီး ကားကလေးနဲ့ ထွက်လာခဲ့ကြသတဲ့
သူတို့က အခြားမြို့တစ်မြို့ကို ကိစ္စတစ်ခုနဲ့ သွားကြမှာ။
ဖြစ်ချင်တော့ လမ်းမှာ သူတို့ ကားဘီးက ရွှံ့ထဲ နစ်သွားပါရောတဲ့။
ကြိုးစားပြီး ကားကို ထွက်ကြည့်ပေမယ့် ကားက ဘယ်လိုမှ ရုန်းမရတော့ဘူးတဲ့။

အဲဒါနဲ့ ယောက်ျား ဖြစ်သူက သူ ကားပေါ်က ဆင်းပြီး ကားကို တွန်းမယ်လို့ ဆိုတော့ မိန်းမက "တွန်းရင် ရှင့် အ၀တ်အစားတွေ ပေကုန်မှာပေါ့ .. လမ်းပေါ်မှာ လူတစ်ယောက်ယောက် ဖြတ်သွားမှာ အကူအညီ တောင်းကြတာပေါ့"လို့ ဆိုပါတယ်။

ဒါနဲ့ ယောက်ျားကလည်း လမ်းကို ဖြတ်သွားမယ့် လူတွေကို မျှော်ရင်း ကားပေါ်မှာ ဆက်ထိုင်နေပါတယ်။
တစ်ချိန်မှာတော့ လူတစ်စု သူတို့ ဘက်ကို လျှောက်လာတာတွေ့တာနဲ့ အကူအညီ လှမ်းတောင်းပါတယ်။
"ကျွန်တော်တို့ကား ရွှံ့နစ်နေလို့ပါ .. ကူညီပါ .. ကျွန်တော်တို့ .. ကားကို တွန်းပေးပါ" ဆိုတော့ အဲဒီလူတွေက ကူညီမလို့ အနားကို ရောက်လာပါတယ်။
ဒါပေမယ့် ကားပေါ်က မိန်းမရော၊ ယောက်ျားပါ မဆင်းကြတော့ သူတို့က "ခင်ဗျားတို့လဲ ဆင်းတွန်းကြပါ"လို့ ပြောပါတယ်။

ဒီတော့ ကားပေါ်က လင်မယားက "ကျွန်တော်တို့က မင်္ဂလာဆောင်သွားမှာမို့ ကျွန်တော်တို့ အင်္ကျီအ၀တ် အစားတွေ အပေ မခံနိုင်ဘူး" တဲ့။
အဲဒီတော့ ကူညီမလို့ လာတဲ့သူတွေက သူတို့ကို မကူညီတော့ဘဲ ပြန်ထွက်သွားကြပါသတဲ့။
အဲဒီ လင်မယားကလဲ ကားပေါ်က မဆင်းဘဲ နောက်ထပ်လာမယ့် သူတွေကိုသာ ထိုင်စောင့်နေကြသတဲ့။

အကယ်၍ သင်သာ အဲဒီနေရာကို လမ်းလျှောက်လာတဲ့ သူတွေထဲက တစ်ယောက် ဖြစ်ခဲ့ရင် အဲဒီလူတွေကို ကူညီမလား။
ဘာကြောင့်ပါလဲ။

Read More...

Exercise and Brain

လေ့ကျင့်ခန်း ပြုလုပ်ခြင်းက ဦးနှောက်ကိုပါ ကောင်းစေနိုင်သတဲ့။
၂၀၀ရ၊ ဧပြီလထုတ် နယူးစ်ဝိခ် ထဲမှာ ဖတ်ရတာကို ပြန်ဖောက်သည် ချတာပါ။ လေ့ကျင့်ခန်းက အင်ဒိုဖင်းဓာတ်ကို မြင့်မားလာစေလို့ ပျော်စေနိုင်တာ စိတ်ဓာတ်ကျတာကို သက်သာစေတာတွေက သိခဲ့တာ ကြာပါပြီ။
ယခုတွေ့ရှိချက်က လေ့ကျင့်ခန်းက ဦးနှောက်ကို သွေးနဲ့ စွမ်းအင်တွေ ပိုရောက်စေလို့ အာရုံခံကလာပ်စည်း(နာ့ဗ်ဆဲလ်)တွေကို ပိုမို သန်စွမ်း စေပါတယ်တဲ့။ ဒါ့အပြင် အာရုံခံ ကလာပ်စည်း အသစ်ပေါ်ထွက်မှု ဖြစ်စဉ်ကိုလည်း ပိုမြန်စေနိုင်ပါသတဲ့။
တစ်ချိန်က အာရုံခံ ကလာပ်စည်းတွေက ပျက်စီးသွားပြီးရင် အသစ် ပေါ်ထွက်မှု မရှိတော့ဘူး ဆိုခဲ့ကြပေမယ့် ယခု တွေ့ရှိချက် အရ အသစ် ပြန်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
လေ့ကျင့်ခန်း လုပ်ဖို့  ပျင်းနေပြီး ဥာဏ်ကောင်းချင်သူတွေ အတွက် ဒီတွေ့ ရှိချက်က အထောက်အကူ ဖြစ်လေမလားလို့ ဖောက်သည် ချလိုက်တာပါ။

(ရည်ညွှန်းချက် -
Stronger, faster, smarter by Mary Carmichael.
Exercise is a state of mind by Michael Craig Miller, MD. Newsweek, April 9, 2007)

Read More...

Thursday, September 6, 2007

Barriers of Access to Healthcare

၅၊ ၉၊ ၂၀၀၇

ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး အတွက် အတားအဆီးများ

မြန်မာလိုတော့ “ပေးကားပေး၏မရ” ဟု ဆိုရိုးရှိသည်။ ထို့အတူ ကျန်းမာရေးစောင့်ရှောက်မှုတွင် ပေးကားပေး၏မရ ဆိုသော အဖြစ်များ များစွာရှိ၏။ မြန်မာနိုင်ငံတွင် ဆေးစွမ်းလှသည်ဟု နာမည်ကြီးသော ဆရာဝန်ကြီးနှင့် ပြသခွင့်ရမည်။ အကောင်းဆုံးဆိုသော ဆေးရုံတွင် လေအေးပေးစက်ဖွင့်ပေးထားသော အခန်း၌ ကိုယ်ပိုင်သူနာပြုဆရာမတစ်ဦးထားရှိ ကုသပေးမည်။ မည်သည့်ဆေးဆိုင်တွင်မှ ၀ယ်ယူမရနိုင်သည့် နိုင်ငံခြားမှ တိုက်ရိုက်တင်သွင်းလာသော ဆေးများဖြင့် သုံးစွဲကုသပေးမည်။ တခုသာလိုသည် တစ်ထောင်တန် ငွေစက္ကူများကို ဂုံနီအိတ်နှင့် ထမ်းပြီးသာ ယူလာခဲ့ပါ။

အစိုးရ ဆေးရုံ ဆေးခန်းများတွင် ဆရာဝန်များ၊ သူနာပြုများ၊ အခြားဝန်ထမ်းများ ခန့်ထားပေးသည်။ လူတွေက ဘာကြောင့်များ မသွားကြတာပါလိမ့်။ စဉ်းစားစရာပင်။

အရည်အသွေးမီ ကျန်းမာရေး စောင့်ရှောက်မှုများ မရှိမဟုတ်။ ရှိသည်။ ရနိုင်သည်။ သို့သော် ..

အများစုအတွက် လက်လှမ်းမမီနိုင်။ ဘာတွေကများ တားဆီးထားပါလိမ့်။ ထိုအတားအဆီးများကို လေးမျိုး ခွဲခြမ်းစိတ်ဖြာ ကြည့်နိုင်သည်။
  1. Psychological barrier
  2. Physical barrier
  3. Administrative barrier
  4. Financial barrier
တို့ဖြစ်သည်။ တစ်ခုချင်းရှင်းအံ့။

1. Psychological barrier ( စိတ်တွင်း အတားအဆီး )
လူနာ နှင့် မိသားစု၏ စိတ်တွင်းမှ ဖြစ်နေသော အတားအဆီးဖြစ်သည်။ ဒီရောဂါကတော့ ဆေးမြီးတိုလေးနဲ့ဆို ပျောက်သွားမှာပဲ။ ဆေးရုံ ဆေးခန်းသွားပြလဲ ကောင်းမှာ မဟုတ်ပါဘူးဟု ထင်နေခြင်းမျိုးဖြစ်သည်။ ဆေးရုံ ဆေးခန်းများမှ အရည်အသွေးမီ ကုသမှု မပြုပေးခြင်းကြောင့် တိမ်းပါးသွားသည်များကို တွေ့မြင်ကြားသိရခြင်းကြောင့် ယုံကြည်မှု လျော့နည်းနေခြင်းသည်လည်း ဤခေါင်းစဉ်အောက်တွင် အကျုံးဝင်လေသည်။
2. Physical barrier ( နေရာဒေသ အတားအဆီး )
လူနာ့အိမ်နှင့် ဆေးရုံဆေးခန်း ဝေးနေခြင်းဖြစ်သည်။ ဥပမာ - အနီးဆုံး ဆေးရုံက ခြေလျင် ၂-ရက်လောက် လျောက်ရမည်ဆိုလျင် တော်ရုံတန်ရုံဖြင့်တော့ သွားလိမ့်မည်မဟုတ်။
3. Administrative barrier (အုပ်ချုပ်မှုဆိုင်ရာ အတားအဆီး)
ဆေးရုံ ဆေးခန်း၏ လုပ်ထုံး လုပ်နည်းများအရ ကြန့်ကြာခြင်း၊ ကုသမှု မပေးနိုင်ခြင်းတို့ဖြစ်သည်။ ဥပမာ - ဆေးကုသခွင့်ရဖို့အတွက် လူမှုဖူလုံရေးကဒ်ရှိရမည်၊ စက်ရုံမှ ဆရာဝန်၏ လွှဲပို့စာ ပါလာရမည် စသည့် အချက်အလက်များ မပြည့်စုံ၍ ဆေးကုသခွင့် မရရှိခြင်း။ အချို့သော အန်ဂျီအို ဆေးခန်းများတွင် ဆေးခန်းဖွင့်ရာ မြို့နယ်တွင် နေထိုင်ကြောင်းအထောက်အထားပါမှ ဆေးကုသပေးမည် ဆိုသည့် အချက်မျိုး ဖြစ်သည်။ အမျိုးသား သဘောတူကြောင်း ထောက်ခံစာပါရမည်၊ သက်ဆိုင်ရာ ရ၀တ ထံမှ ကလေး ၂ယောက်ရှိကြောင်း ထောက်ခံစာပါရမည်၊ သားကြောဖြတ် ဘုတ်အဖွဲ့၏ ခွင့်ပြုချက်ပါရမည်၊ သို့မှသာ သားကြောဖြတ်ပေးမည် ဆိုသည်မျိုးသည် ဤ Administrative barrier ( အုပ်ချုပ်မှုဆိုင်ရာ အတားအဆီး ) အမျိုးအစားတွင် အကျုံးဝင်လေသည်။ လူနာမိသားစုက ဒေသခံ ဘာသာစကားသာ ပြောတတ်သည်။ ဆရာဝန်ကလည်း ဗမာလိုသာ ပြောတတ်သည်။ ဘာသာပြန်ကမရှိ။ ဤသည်လည်း အုပ်ချုပ်မှု ဆိုင်ရာ အတားအဆီး တစ်မျိုးပင်။
4. Financial barrier ( ငွေကြေး အတားအဆီး )
ငွေကြေးမတတ်နိုင်ခြင်းပင်။ ဆေးဖိုး၊ ကုသခ၊ ခရီးစရိတ် စသည်များကို မတတ်နိုင်ခြင်းဖြစ်သည်။
ထို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိပါဟု ဆိုလာလျင် မည်သည့်အကြောင်းကြောင့် မရရှိသနည်း ဆိုသည်ကို စုံစမ်းဖို့လိုသည်။ လူနာ နှင့် မိသားစုတို့က ဆေးရုံဆေးခန်း ကြောက်တတ်ခြင်းကြောင့် ကုသမှု မခံယူခြင်းကို ဆေးရုံဆေးခန်း အရေအတွက် တိုးဖွင့်ပေးခြင်းဖြင့် ဖြေရှင်းမရနိုင်။ အလားတူပင် ငွေကြေးမတတ်နိုင်၍ လာရောက်ကုသခြင်း မပြုသူများကို ဆေးရုံတွင် ဆေးကုသခြင်းသည် ဆေးမြီးတိုဖြင့် ကုသခြင်းထက်ကောင်းကြောင်း တရားဟောနေ၍ အလကားပင်။ အနာသိမှဆေးရှိနိုင်မည် မဟုတ်ပါလား။

မိမိ၏ ပတ်ဝန်းကျင်တွင် ဆေးကုသမှုမရရှိသော အဖြစ်များ ကြုံလာပါက မည်သည့် အတားအဆီးက ဒုက္ခပေးနေသလဲ ဆိုတာကို အဖြေရှာကြည့်ပါ။ စိတ်ဝင်စားစရာ ကောင်းပါလိမ့်မည်။

အာရောဂျံပရမံလာဘံ
တက္ကသိုလ် လှမွန်

Read More...