Showing posts with label Health system. Show all posts
Showing posts with label Health system. Show all posts

Wednesday, June 15, 2011

အဖြူဆင်းခြင်း (White discharge)

အဖြူဆင်းခြင်း (White discharge)




လူ့လောက လူ့သဘာဝမှာ အမျိုးသမီးလေးတွေကို ပန်းကလေးတွေအဖြစ် တင်စားပြောဆိုကြပါတယ် ။ ပန်း ကလေးတွေ ဆိုတာ ငယ်ရွယ်နုပျိုစဉ်မှာ အစွမ်းကုန် ပွင့်ဖူးလှပလေ့ရှိပြီး ကြီးရင့်လာတဲ့အခါမှာတော့ ညှိုးနွမ်း ခြောက်သွေ့ သွားလေ့ရှိတယ် ။ ဒီလိုအချိန်လေးအတွင်း အမျိုးသမီးတွေအနေနဲ့ မီးယပ်နဲ့ပတ်သတ်တဲ့ ပြဿနာ မျိုးစုံ ကြုံတွေ့ရလေ့ရှိပါတယ် ။ အခုတင်ဆက်ပေးမှာကတော့ မီးယပ်ပြဿနာမျိုးစုံထဲကမှ White discharge လို့ခေါ်တဲ့ အဖြူဆင်းခြင်း ပြဿနာပဲဖြစ်ပါတယ် ။

အဖြူဆင်းခြင်း ဘယ်နှစ်မျိုးရှိသလဲ ?

အဖြူဆင်းခြင်းကို ယေဘူယျအားဖြင့် နှစ်မျိုးခွဲခြားနိုင်ပါတယ် ။ မူမှန်အဖြူဆင်းခြင်း ( normal white discharge ) နဲ့ မူမ မှန် အဖြူဆင်းခြင်း ( abnormal white discharge) စသည်တို့ပဲဖြစ်ပါတယ် ။ သာမန်အပျိုဖော်ဝင် (puberty) တဲ့အမျိုးသမီးတွေမှာ တစ်လမှာ ပုံမှန် နှစ်ကြိမ်ခန့် အဖြူဆင်းလေ့ရှိကြပါတယ် ။ အဲဒါကို မူမှန် အဖြူဆင်းခြင်းလို့ခေါ်ပါတယ် ။ ပထမအကြိမ်ဟာ ပထမလနဲ့ ဒုတယလရဲ့ ထက်ဝက်ဝက်လိုက်ရင် အလယ် ရက်တွေမှာ အဖြူဆင်းပါတယ် ။ ဒုတိယအကြိမ်ကတော့ သွေးမပေါ်ခင် တစ်ရက်ရက်မှာ ဆင်းလေ့ရှိကြပါတယ် ။ အဲဒီလိုဆင်းတာဟာ အမျိုးသမီးတွေအနေနဲ့ သတိထားမိလောက်တဲ့ ပမာဏမဟုတ်ပဲ အနည်းငယ် (သို့မဟုတ်) ခြောက်မနေပဲ စိုစိစိ ဖြစ်နေယုံလောက်ပဲ ဖြစ်တတ်ပါတယ် ။ ဒါကြောင့်ယေဘူယျကြည့်မယ်ဆိုရင်

- ဆီးစပ် နှင့်ပေါင်ရင်း ၊ အောက်ခံဘောင်းဘီ စိုတဲ့အထိလောက်တော့ပမာဏမများပါဘူး ။
- ဆိုးရွားတဲ့ အနံ့အသက်နဲ့ ယားယံမှုတွေမရှိပါဘူး ။
- အချိန်ကာလအနေဖြင့်လည်း အထက်ပါပြောခဲ့တဲ့ အချိန်တွေမှာ ဆင်းလေ့ရှိကြပါတယ် ။

အဲဒါကပို မူမှန်သော ဇီဝကမ္မပြောင်းလဲမှု ( Normal Physiological Change) လို့ ခေါ်တွင်ပါတယ် ။ အမျိုး သမီးလေးတွေ အနေနဲ့ ဒီသဘောတရားကို နားလည်ဖို့လိုပါတယ် ။ တစ်ကိုယ်ရေ သန့်ရှင်းရေး အတွက်လည်း အိမ်မှ ရေသန့်သန့်နဲ့ ဆပ်ပြာနုနုလေးတွေ သုံးလို့ရပါတယ် ။ ကာဘော်လစ်လို ဆပ်ပြာမျိုးသုံးဖို့ မသင့်တော်ပါဘူး ။ အပေါ်ယံပဲ ဆေးကြောဖို့လိုပြီး အတွင်းအထိဆေးကြောဖို့ မလိုအပ်ပါဘူး ။ အန္တရာယ်မရှိတဲ့ မူမှန်အဖြူ ဆင်းခြင်းဖြစ် တဲ့အတွက် ဆရာဝန်နဲ့ ပြသဖို့ မလိုအပ်ပါဘူး ။ Personal hygiene ကောင်းဖို့လိုပါတယ် ။

တစ်ချို့အမျိုးသမီးတွေအနေနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ဒတ်တော ၊ အဆက်ပ်တော စတဲ့ ပိုး သတ်ဆေးတွေနဲ့ အတွင်း ဖက်ကို ဆေးကြောခြင်းများ ပြုလုပ်တတ်ကြပါတယ် ။ ဒါဟာ လုံးဝမကောင်းပါဘူး ။ ပိုးသတ်ဆေးတွေဟာ မိန်းမကိုယ်မှာရှိတဲ့ အကျိုးပြု ဘတ်တီးရီးယား ( helpful bacteria) တွေကို သတ် ပစ်လေ့ ရှိပြီး အက်ဆစ်ဓါတ်ကို လျော့စေပါတယ် ။ Acid ဓါတ်ကျသွားရင် ပြင်ပ ဘတ်တီးရီးယား ပိုးတွေဝင် လာစေပြီး မူမမှန် အဖြူဆင်းခြင်း ( Abnormal white discharge) ကို ဖြစ်ပေါ်စေပါတယ် ။

မူမမှန် အဖြူဆင်းခြင်းရဲ့ လက္ခဏာတွေကတော့ မူမှန်အဖြူဆင်းခြင်းရဲ့ ဆန့်ကျင်ဖက်တွေပါပဲ ။

- အဖြူဆင်းသော ပမာဏများခြင်း
- ဆိုးရွားသော အနံ့အသက်များရှိခြင်း
- ယားယံခြင်းစသည်တို့ပဲဖြစ်ပါတယ် ။

မူမမှန် အဖြူဆင်းခြင်းကို ဖြစ်ပွားစေတဲ့ အချက်တွေအများကြီးရှိပါတယ် ။ ယေဘူယျအားဖြင့် ပိုးဝင်ခြင်းကြောင့် ဖြစ်တာ ၃ မျိုးရှိပါတယ် ။ အဲဒီလိုမဟုတ်ပဲ သားအိမ်ခေါင်း (cervix) က အလုပ်လုပ်တာ များလွန်းတဲ့အ တွက်ကြောင့်(လိင်ဆက်ဆံမှုများခြင်း) အဖြူဆင်းတာလည်းရှိပါတယ် ။ သားအိမ်ထဲထည့်တဲ့ သန္ဓေတားပစ္စည်း (IUCD) ကြောင့် လည်းဆင်း တာရှိပြီး တစ်ကိုယ်ရေ သန့်ရှင်း မှု မမှန်လို့ stress ( စိတ်ဖိစီးသောက) များမှုကြောင့် လည်း အဖြူဆင်းရ တာတွေရှိပါတယ် ။

Post menopausal white discharge

အသက်ကြီးမှ abnormal white discharge ဆင်းတာတွေလည်းရှိပါတယ် ။ ဒါကြောင့် အသက်ကြီးသွေးဆုံးပြီးမှ အဖြူဆင်း မယ်ဆိုရင်တော့ သားအိမ်လည်တံကင်ဆာနဲ့ သားအိမ်ကင်ဆာကြောင့်လည်း ဖြစ်နိုင်တာကြောင့် တတ်ကျွမ်း တဲ့ သားဖွားမီးယပ် ဆရာဝန်နဲ့ ပြသသင့်ပါတယ် ။

ပိုးဝင်ခြင်း (၃)မျိုး



မူမမှန်အဖြူဆင်းခြင်းကို ဖြစ်ပေါ်စေတဲ့ ပိုးဝင်ခြင်း ၃ မျိုးရှိပါတယ် ။ ပထမတစ်ခုကတော့ (Trichomonas vaginitis) လို့ခေါ်တဲ့ မိန်းမကိုယ်ရောင်ရမ်းယားယံခြင်း ၊ အဖြူဆင်းခြင်းဖြစ်ပြီး ဒုတိယတစ်မျိုးကတော့ မှိုစွဲကပ် တဲ့ရော ဂါတစ်မျိုးဖြစ်တဲ့ (Fungal vaginitis or monelial vaginitis) ဖြစ်ပါတယ် ။ တတိယ တစ်မျိုးကတော့ ၂ မျိုးစလုံးပေါင်းပြီးဖြစ်တဲ့ပိုးဝင်ခြင်းပဲဖြစ်ပါတယ် ။ အဖြူဆင်းများပြီး အနံ့ဆိုးရွားမယ် ဆင်းနေတဲ့ အဖြူရဲ့ သဘောသဘာဝ ကို ကြည့်ပြီး ဘာပိုးဝင်လဲဆိုတာ ခန့်မှန်းနိုင်ပါတယ် ။ ဥပမာအနေနဲ့ မိန်းမ ကိုယ်မှာ မှိုစွဲပြီးရောင် ရမ်းခြင်းဖြစ်တာဟာ အများအားဖြင့် Pregnancy တွေနဲ့ ဆီးချိုသွေးချို ရှိတဲ့အမျိုးသမီးတွေမှာ မကြာ ခဏ အ ဖြူဆင်းလေ့ရှိကြပါတယ် ။ ပမာဏလည်းများပြီး ယားယံခြင်းနဲ့ အနံအသက် ကလည်းမကောင်း ပါဘူး ။ ဒီလိုမျိုးပဲ မှိုစွဲပြီး အဖြူလည်းခဏခဏဆင်းပြီး ပမာဏများပြီုး ယားမယ် အနံ့အသက် လည်းမကောင်း ဘူးဆိုရင် အဆိုပါအမျိုးသမီးမှာ ဆီးချိုသွေးချို ရှိနိုင်ပါတယ် ။ မဟုတ်ရင်လည်း အမျိုးထဲမှာ ဆီးချိုမျိုးရိုး ရှိနိုင်ပါတယ် ။ ကိုယ်ဝန်ဆောင်တွေမှာ ဒီလိုမကြာခဏဖြစ်တယ်ဆိုရင် မှိုစွဲတာကြောင့်ဖြစ်တာလို့ ခန့်မှန်းရင် ၉၀% မှန်လေ့ရှိပါတယ် ။

ကိုယ်ဝန်ဆောင်နဲ့ သွေးချိုဆီးချို သမားတွေမှာ မှိုစွဲပြီးမှုမမှန် အဖြူဆင်းတဲ့အကြောင်းကတော့ Monellia ဆိုတဲ့ မှိုက အချို ကို နှစ်သက်ပြီး အက်ဆစ်ကို ကြိုက်ပါတယ် ။ Pregnancy အချိန်မှာ လိုင်နင်ဆဲလ်တွေက Glycogen အချိုဓါတ်ပိုများ လာသလို အချဉ်ဓါတ်လည်းပိုများလာပါတယ် ။ အဲဒီလိုအခြေအနေမျိုးဟာ Fungus တွေ အကြိုက် ဖြစ်တာောကာင့် အဖြူဆင်းတာလည်းမကြာခဏဖြစ်လာပြီး ဆီးချိုသွေးချိုသမားမှာလည်း ဒီသဘော အတိုင်းပဲဖြစ်ပါတယ် ။

Trichomonas vaginitis ကြောင့် အဖြူဆင်းရတဲံအဓိက အကြောင်းအရင်းကတော့ လိင်ဆက်ဆံ မှုကြောင့်ဖြစ်ပါတယ် ။ ဒါပေမယ့် တပ်အပ်ကြီးတော့ပြောလို့မရပါဘူး ။ ဥပမာ ဒီပိုးရှိနေတဲ့ မိန်းမတစ်ယောက်က အိမ်သာ က မုတ်ပေါ်သွားတယ် နောက်တစ်ယောက်အပျိုစင်လေးကလည်း သွားမိရင်သူ့မှာကူးစက်သွားပြီး အဲဒီအပျို စင်လေးကို လိင်ဆက်ဆံမှုကြောင့်ဖြစ်တာပါလို့တော့ စွပ်စွဲလို့မရဘူးပေါ့ ။ ဒီလိုအခြေအနေ မျိုးတွေလည်းရှိ တတ်ပါတယ် ။ နောက်ပြီး အမေတွေ အစ်မတွေဆီကလည်း တဆင့်ကူးတတ်ပါတယ် ။ အမျိုးသမီးတွေ အတူနေတဲ့အခန်းတွေ ဘော်ဒါဆောင်တွေမှာလည်း ထဘီငှားဝတ်တာတွေ အတွင်းခံတွေ ငှားဝတ် တာတွေက တဆင့်လည်းကူးနိုင်ပါသေးတယ် ။

ကုသမှု အပိုင်း

ကုသမှုအပိုင်းမှာတော့ ခေါ်မှီတိုးတက်လာတဲ့နည်းပညာအရ ဆေးဝါးတွေကလည်း အရမ်းကို ခေတ်မှီလာပါတယ် ။ ရောဂါရာဇ၀င် history ကို မေးကြည့်လိုက်လို့ Trichomonas vaginitis လို့ သေချာရင် တော့ အမျိုးသမီးရော သူ့ရဲ့ partner ယောင်္ကျားပါ တစ်ပြိုင်တည်းကုသမှုခံယူရမှာဖြစ်ပါတယ် ။ အများအားဖြင့် ယောင်္ကျားဖြစ်သူဟာ ပိုးသယ်ဆောင်သူ ( carrier) ဖြစ်လေ့ရှိပါတယ် ။ ယောင်္ကျားမှာတော့ လက္ခာပြလေ့မရှိပဲ မိန်းမဖြစ်သူမှာသာ လက္ခဏာ ပြလေ့ရှိပါတယ် ။ ဒါကြောင့် ပြန်ပြန်ဖြစ်ခြင်းကို ကာကွယ်ဖို့ ပြိုင်တူကုသဖို့လိုပါတယ် ။ ဆေးကတော့ ရိုးရိုးလေးပါပဲ ။ Metronidazole ဆေးကို မနက် ၊ နေ့လည် ၊ ည တစ်ပြားဆီ ၂ ယောက်စလုံး တစ်နေ့ ၃ ကြိမ် ၇ ရက်သောက်ပေးရမှာဖြစ်ပါတယ် ။



Trichomonas ကြောင့်ဖြစ်တဲ့ အဖြူဆင်းခြင်းဟာ အရောင်က ဖြူမနေပဲ စိမ်းဝါ၀ါအရောင်ရှိပါတယ် ။ ပမာဏ များပြီး အောက်ခံဘောင်းဘီစိုမယ် ။ ယားယံမယ် နောက်ပြီးအနံ့လည်းရှိပါတယ် ။ မိန်းမကိုယ်တစ်ခုလုံး ရဲနေပြီး အဲဒီ အပေါ်မှာ အမည်းပြောက်အဖြူပြောက်လေးတွေ တွေ့ရလေ့ရှိပါတယ် ။ မှိုစွဲတာကြောင့် မှုမမှန်တဲ့ အဖြူဆင်းခြင်းမှာကျတော့ မိန်းမကိုယ်နံရံမှာ အဖြူဖတ်လေးတွေ ကပ်နေလေ့ရှိတယ် ။ အဲဒါကို milk cast လို့လည်းခေါ်ပါတယ် ။ တစ်ဆို့ဆို့နဲ့နေရခက်တဲ့ လက္ခဏာတွေခံစားရလေ့ရှိပါတယ် ။ Trichomonas vaginitis ဆိုတာသေချာရင်အထက်ကပြောသလို ဆေးသောက်လို့ရသလို မိန်းမကိုယ်ထဲ ထည့်တဲ့ဆေးတွေ လည်းသုံး လို့ရပါတယ် ။ မှိုစွဲလို့ အဖြူဆင်းတာကိုလည်း ထည့်ဆေးစားဆေးတွေသုံးလို့ရပါတယ် ။ တိုးတက်လာတဲ့ဆေး ပညာအရနောက်ပိုင်းမှာ ပိုးစွဲတဲ့ ၃ မျိုးစလုံးအတွက် အဆင်ပြေတဲ့ ထည့်ဆေးတွေရှိလာပါတယ် ။ တစ်ညတစ် လုံးနဲ့ ၆ ည ထည့်ပေးရပါတယ် ။

အမျိုးသမီးငယ်လေးတွေ ၊ ကျောင်းသူလေးတွေအနေနဲ့ အဖြူဆင်းတာနဲ့ပတ်သတ်ပြီး ဗဟုသုတတွေပြည့် ၀နေဖို့လို ပါတယ် ။ တချို့ဆို စာမေးပွဲတွေလည်းရှိတယ် ။ အိပ်ရေးတွေပျက်ပြီး သွေးအားနည်း ပြီးတော့ မူမှန်အဖြူ ဆင်း တာတွေဖြစ်တာကို စိတ်ပူစိတ်ညစ်စရာမလိုပါဘူး ။ သွေးအားပြန်ပြည့်အောင် အနားယူပြီး ပုံမှန်စားသောက် လိုက်ရင်ပြန်ကောင်းသွားမှာဖြစ်ပါတယ် ။ IUCD ကြောင့်ဖြစ်တာဆိုရင်လည်း အဲဒါပြန်ထုတ် လိုက်ရင်ကောင်း သွားပါတယ် ။ ဒါပေမယ့် တစ်ခုသတိထားရမှာကတော့ ဆီးပူညောင်းကျရောဂါ ပိုး Ganorrhoea ကြောင့် ဖြစ်တာဆိုရင်တော့ သင့်တော်တဲ့ ပိုးသတ်ဆေး Antibiotic ကိုသုံးဖို့လိုပါတယ် ။ ဆရာဝန် နဲ့ပြဖို့လိုပါတယ် ။ မူမှန်အဖြူဆင်းတာဟာ သွေးဆုံးချိန်မတိုင်ခင်အထိ ကြုံတွေ့နေရဦးမှာပါပဲ ။ မဆင်းရင် လည်းပိုးဝင်မယ် ။ ယောင်္ကျားနဲ့ အတူနေလို့မရဘူး ။ ဒါကြောင့် မူမှန်အဖြူဆိုတာ စိတ်ပူဖို့မလို ဘူးဆို တာ သိထားစေချင်ပါတယ် ။ အမျိုးသမီးတွေအနေနဲ့လည်း အမျိုးသမီးစကားဝိုင်းတွေမှာ အမျိုးသမီး ကျန်းမာရေး အကြောင်းကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပြောဆိုကြဖို့လိုပ့ါတယ် ။ တချို့က ဘယ်သူ့ကိုမှ လည်း မပြောပဲ ငါတစ်ယောက် တည်းဒီလိုဖြစ်နေတာပါလားဆိုပြီးတော့အတွေးတွေဝင်သွားတတ်ပါတယ် ။

အမျိုးသမီးတွေသာမက အမျိုးသားတွေရော ဒီသဘောသဘာဝ ကိုနားလည်ပြီး မိမိ partner ကိုတန်ဖိုး ထားနိုင် ကြ ပါစေ ။ အမျိုးသမီးကျန်းမာရေးဗဟုသုတတွေ ပြည့်ဝနိုင်ကြပါစေ ။

Ref : Health Education on Reproductive Health ( Prof . Myint Mg Mg )
: Internet

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Read More...

Thursday, December 31, 2009

အသည်းအစားထိုးခြင်း........(၂)

အသည်းအစားထိုးခြင်းအကြောင်း နည်းနည်းပြောပြီးသွားတော့ အဘယ့်ကြောင့် ၀မ်းနည်းရတာကို ဆက်လက်ရေးသားလို့ပါသည်။ အဆိုပါ ခွဲစိတ်မှုကို နိုင်ငံတော်က အားလုံးကုန်ကျခံကာ ပြုလုပ်ပေးသောကြောင့် ဖြစ်ပါသည်။ သိန်း ကို ရာနှင့်ချီကာ ကုန်ကျမည် ဖြစ်သည်။ အတိအကျတော့ ကျွန်တော် မတွက်တတ်ပါ။ ဆေးဖိုး၊ infrastructure ဖိုး၊ နိုင်ငံခြားသို့သွားရောက်လေ့လာရသည့် စရိတ်များကို ထည့်တွက်ပါက သိန်း ၅၀၀ အောက်တွင် မရှိပါ။ မြန်မာနိုင်ငံတွင် လူတစ်ယောက်အတွက် ကျန်းမာရေးကုန်ကျစရိတ်သည် ပျမ်းမျှအားဖြစ် ကျပ် ရာဂဏန်းရှိပါသည်။ အခုတော့ လူတစ်ယောက်တည်းအတွက် သိန်း ၅၀၀ အကုန်ခံလိုက်တယ်ဆိုတော့....... အဆိုပါလူသည် ထိုမျှ ကုန်ကျခံရလောက်အောင် တိုင်းပြည်ကို အကျိုးပြုမည့် သူလား၊ ၅၀၀ ရင်းလျင် သိန်းနှင့် ချီ ပြီး ပြန်လည် ပေးဆပ်မည့်သူလား...... ဒါမ မဟုတ် ငါတို့ဆီမှာ ခွဲနိုင်တယ်ကွ ဆိုပြီး လက်မထောင်နိုင်ဖို့ သက်သက်ပဲလား....... အစရှိသည့် မေးခွန်းများအတွက် ကျွန်တော့်ထံတွင် အဖြေမရှိပါ။

သွေးလှည့်စက်မရှိလို့၊ သွေးလှူ ဘဏ်မ ရှိလို့၊ မီးမလာလို့၊ သွေးရည်ကြည်မသွင်းရလို့၊ အပြစ်မဲ့စွာ သွေးလွန်တုတ်ကွေးကြောင့် သေဆုံးသွားတဲ့ ကလေးတွေအတွက်........နယ်စပ်ကနေ ၀င်ချင်တိုင်းဝင်လာတဲ့ ငှက်ဖျားဆေးအတုတွေကြောင့် မသေသင့်ဘဲသေနေရတဲ့ ငှက်ဖျားလူနာတွေအတွက်........ အရည်အသွေး မပြည့်မှီတဲ့ TB ဆေးတွေသောက်ပြီး TB ရောဂါကို အကြိမ်ကြိမ် ကုသခံနေရသူတွေအတွက်........လုံလောက်တဲ့အသိပညာမရှိလို့ ကိုယ်ဝန်ဖျက်ချရင်း အသက်သေဆုံးသွားကျတဲ့ အမျိုးသမီးငယ်တွေအတွက်......လုံလောက်တဲ့ ကျန်းမာရေးပညာပေးမှုတွေ မရှိလို့ HIV ၊ hepatitis B အစရှိတဲ့ ရောဂါတွေ ကူးစက်ခံနေရသူတွေအတွက်သာ အဲဒီ သိန်း ၅၀၀ နှင့် အထက် ကုန်ကျငွေကို အသုံးချခဲ့လို့ ရှိရင်.... ရလဒ်များသည် အများကြီး မဟုတ်တောင် အနည်းငယ်တော့ ပြောင်းလဲလာမည်ဖြစ်သည်။ သို့သော် ထိုကဲ့သို့သော သတင်းများသည် သတင်းစာ ခေါင်းစဉ်းများ၊ ဂျာနယ်ခေါင်းစဉ်းများတွင် ထည့်ရလောက်အောင် မခမ်းနား၊ မကြီးကျယ်၊ ငါလုပ်လိုက်တာကွ ဆိုပြီးတော့လည်း လက်မထောင်လို့မရ။



ကျွန်တော်တို့ဆီမှာ Resource Allocation နဲ့ပတ်သက်လာရင် Economic based thinking and priority လုပ်တဲ့အကျင့်တွေကို ထားရှိဖို့ လိုလာပါပြီ။ ကျွန်တော်တို့ဟာ ဒီတိုင်းပြည်မှာ နှစ်အကြာဆုံး ပညာရေးနှင့် ထိတွေ့ခဲ့သူတွေပါ။ ဘယ်သူမှ ဆရာဝန်တွေလောက် အကြာကြီး ကျောင်းမတက်ရပါဘူး။ အဲဒီတော့ ဆရာဝန်တွေက သာမန်လူတွေထက်တော့ အကောင်းအဆိုးကို ပိုပြီး ခွဲခြားပိုင်းဖြတ်နိုင်လိမ့်မယ်လို့ ယူဆလို့ရနိုင်ပါတယ်။ (လက်တွေ့တွင် ဘယ်လိုအခြေအနေရှိလဲဆိုတာတော့ မပြောတော့ပါဘူး) ကျွန်တော်တို့ရဲ့ customer ဟာ ပြည်သူတွေဖြစ်ပါတယ်။ ကျွန်တော်တို့အတွက် ပြည်သူအများစုရဲ့ ကျန်းမာရေးတိုးတက်မှုကသာ အဓိက ဦးစားပေးဖြစ်သင့်ပါတယ်။ ဒီကိစ္စဟာ စီးပွားရေးကိစ္စတစ်ခုတည်း မဟုတ်ပါ။ ကျင့်ဝတ်ပိုင်း၊ စိတ်ဓာတ်အဆင့်အတန်း နှင့်လည်း သက်ဆိုင်ပါသည်။ ကျွန်တော်တို့မှာ ရွေးချယ်စရာလမ်းနှစ်လမ်းရှိသည်။ လက်ရှိအတိုင်း ငပျင်းကျပြီးနေမလား။ လွယ်သည်။ သက်သာသည်။ ကိုယ်လုပ်ချင်တာလုပ်လို့ရသည်။ သို့သော် ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ရမှာက ငါသေသွားရင် ငါ့သမိုင်းကို ဘယ်လိုချန်ခဲ့မှာလဲ။ ငါဟာ လုပ်ပိုင်ခွင့်တွေရှိပါလျက်နဲ့ လူအများအကျိုးယုတ်မည့် လမ်းစဉ်တွေကို ချမှတ်ခဲ့တာလား အစရှိသဖြင့် မေးခွန်းများကို ကိုယ့်ကိုကိုယ် ပြန်မေးကြည့်သင့်သည်။ နောက်ထပ်နည်းလမ်တစ်ခုကတော့ ခက်သည်။ အများကြီး ပြောင်းလဲရမည်။ အောင်မြင်ဖို့တော့ မသေချာ။ အများကြီး ကြိုးစားအားထုတ်ရမည်။ သို့သော် ပြည်သူများအတွက် တဖြည်းဖြည်းချင်း အကျိုးရှိလာမည်ဖြစ်သည်။ ကဲ....ကျွန်တော်တို့ ဘယ်လမ်းရွေးကြမလဲ။


စာကြွင်း။ ။ စာလုံးပေါင်းအမှားများ ပါရှိသည့်အတွက် တောင်းပန်အပ်ပါသည်။

Read More...

အသည်းအစားထိုးခြင်း........(၁)

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်မြောက် အသည်းအစားထိုးကုသမှုကို ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးမှာ ဒီဇင်ဘာ ၂၄ ရက်နေ့က အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်လို့ ကြားသိရပါတယ်။ အဓိက ခွဲစိတ်ဆရာဝန်ကတော့ ဆရာကြီးဦးနော်မန်လှ ဖြစ်ပြီး လူနာကတော့ အသက် ၄၉ နှစ်ရှိ အမျိုးသားတစ်ဦးလို့ သိရှိရပါတယ်။ ၂၀၀၄ ခုနှစ်တုန်းကလည်း ယခုကဲ့သို့ပင် အသည်းအစားထိုးကုသခြင်းကို အောင်မြင်စွာ ပြုလုပ်ပေးနိုင်ခဲ့တဲ့ ဆရာကြီး ဖြစ်ပါတယ်။ ၂၀၀၄ တုန်းက လုပ်တာက လူသေက အသည်းကို လူရှင်မှ အစားထိုးတာ၊ အခုလုပ်တာကတော့ လူနာရဲ့ အသည်းကို ထုတ်ပြီး လူအရှင်ရဲ့ အသည်းတစ်ဝက်ကို အစားထိုးကုသတာ ဖြစ်ပါတယ်။ ထိုသတင်းကို ကြားသောအခါ ၀မ်းလည်း သာသလို ၀မ်းလည်းနည်းမိသည်။ ၀မ်းနည်းတာက ပိုပါသည်။


အဘယ့်ကြောင့် ၀မ်းသာရသလဲဆိုတာကတော့ မပြောတော့ပါ။ ကိုယ့်တိုင်းပြည်မှာ ဆေးပညာ တိုးတက်ဖွံ့ဖြိုးလာတာ ၀မ်းသာစရာပင်ဖြစ်သည်။ ၀မ်းနည်းစရာကတော့ အဆိုပါ တိုးတက်မှုတွေက ပြည်သူတွေကို တကယ်ကော ကောင်းကျိုးပြုမှာ မို့လို့လား ဆိုသည့် မေးခွန်းကြောင့်ပင်ဖြစ်သည်။ ဤ သတင်းဆောင်းပါးကို ဖတ်ပြီး ကိုယ့်ဘာသာကို မေးခွန်းများ မေးကြည့်နေမိသည်။ ရလာတဲ့အဖြေတွေကတော့ အခြေအနေသိပ်မကောင်းလှပါ။

ဆောင်းပါးကို ဆက်လက်မရေးသားမီ အသည်းအစားထိုးခြင်း အကြောင်း အနည်းငယ် ပြောပြလိုပါသည်။ ကျွန်တော်သည် ခွဲစိတ်အထူးကု တစ်ယောက်မဟုတ်သောကြောင့် ကျွန်တော်ပြောပြသည့်အချက်များသည် မှားကောင်း မှားနိုင်ပါသည်။ ထိုသို့ မှားယွင်းခဲ့ပါက တတ်သိနားလည်သူများက ထောက်ပြ ပေးနိုင်လိမ့်မည်ဟုလည်း ယုံကြည်ပါသည်။ အသည်းအစားထိုးသည် ဆိုသည်ကား လူတစ်ယောက်၏ အသည်းသည် အသက်ရှင်ရပ်တည်ရန်အတွက် လုံလောက်သည့် လုပ်ငန်းဆောင်တာများကို မလုပ်ဆောင်နိုင်တော့သောကြောင့် အခြားသော လူ (သို့မဟုတ်) animal ဆီမှ အသည်းကို အစားထိုးကာ အလုပ်လုပ်ခိုင်းရခြင်း ဖြစ်ပါသည်။ လွယ်လွယ်ပြောရရင်တော့ ကားတွေမှာလို တာယာမကောင်းလို့ လဲတဲ့သဘောပါပဲ။ သို့သော် လူ၏ ခန္ဓာကိုယ်သည် သူတစ်ပါး၏ အသည်းကို လွယ်လွယ်ကူကူ လက်မခံပါ။ ကိုယ့်ပစ္စည်း မဟုတ်သောကြောင့် ဖြစ်သည်။ လူ၏ ခုခံအားစနစ်က အဆိုပါ အသည်းကို ပျက်စီးသွားသည်အထိ ပြန်လည်တိုက်ခိုက်ပါသည်။ ထို့ကြောင့် အသည်းအစားထိုးမည်ဆိုပါက လက်ခံမည့်လူနာ၏ ကိုယ်ခံအားစနစ်အား သုညအဆင့်သို့ရောက်အောင် လျှော့ချပစ်ရပါသည်။ သို့မှသာ အလှူရှင်၏ အသည်းကို လူနာ၏ ကိုယ်ခံအားစနစ်မှ လက်ခံနိုင်မည်ဖြစ်သည်။ ထိုသို့ ကိုယ်ခံအားစနစ်ကို လျှော့ချပစ်ရန်အတွက် ဆေးအပြင်းစားများကို အသုံးပြုရပါသည်။ ထိုအခါ လူသည် အလိုလိုနေရင်း ကိုယ်ခံအား မရှိတော့သောကြောင့် ပြင်ပရောဂါပိုးများ အလိုလိုနေရင်း ၀င်ရောက်ကာ ဒုက္ခပေးနိုင်ပါသည်။ ထို့ကြောင့် အဆိုပါ လူနာကဲ့သို့ ကိုယ်ခံအားကို ချထားသူများကို ရောဂါပိုး ကင်းစင်သည့် အခန်းများတွင် သီးသန့်ထားရပါသည်။ ယခုကဲ့သို့ ဆေးများသုံးခြင်းနှင့် ရောဂါပိုးကင်းစင်သည့် အခန်းများပြုလုပ်ရခြင်းနှင့် ထိန်းသိမ်းရခြင်းသည် လွန်စွာမှ ငွေကြေး အကုန်အကျများလှပါသည်။ အကုန်အကျသက်သာအောင် လျော့လျော့ပေါ့ပေါ့လုပ်ပါက လူနာ၏ အသက်အန္တာရယ် ရှိပါသည်။ ကိုယ်ခံအားစနစ်လုံးဝ ပျက်စီးသွားပါက အလှူရှင်၏ အသည်းကို လက်ခံနိုင်ပြီ ဖြစ်ပါသည်။ အသည်း၏ ထူးခြားချက်မှာ ဘယ်ဘက်နှင့် ညာဘက်ဆိုပြီး နှစ်ခြမ်းရှိသည့်အနက် တစ်ခြမ်းရှိပါက လူအသက်ရှင် ရပ်တည်ရန် လုံလောက်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် တစ်ခြမ်းမှ နှစ်ခြမ်း ဖြစ်အောင် ပြန်လည်ပွားနိုင်စွမ်း ရှိသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် အလှူရှင်တစ်ယောက်သည် မိမိ၏ အသက်ကို မထိခိုက်ဘဲ မိမိ၏ အသည်းတစ်ခြမ်းအား လှူနိုင်ပါသည်။ ထိုသို့ အသည်းတစ်ခြမ်းအား မူလပျက်စီးနေသည့်အသည်းနေရာတွင် အစားထိုးပြီးပါက ခွဲစိတ်မှုပြီးဆုံးပြီ ဖြစ်သည်။ သို့သော် အောင်မြင်လား မအောင်မြင်လားဆိုတာ ဂျာနယ်တွေမှာ ဖော်ပြသလောက် ခန့်မှန်းရ မလွယ်ကူချေ။ ခွဲစိတ်ပြီးသား လူနာနှစ်ယောက်စလုံး( အလှူရှင် နှင့် လက်ခံသူ)ကို အထူးကြပ်မပ် ကုသစောင်တွင် အနည်းဆုံး ၁ ပတ်မှ ၂ ပတ်အထိ စောင့်ကြည့်ရပါမည်။ ထိုအချိန်တွင် ပြဿနာပေါင်းစုံဝင်နိုင်သည်။ အထူးကြပ်မပ်ဆောင်ဆိုသည်ကား ရောဂါပိုးများ အလုံးစုံကင်းစင်သောနေရာမဟုတ်ပါ။ ကိုယ်ခံအား သုညဖြစ်နေသောလူနာအတွက် အန္တာရာယ်များလှပါသည်။ ပြဿနာထဲတွင် အဆိုးဆုံးကား အဆိုပါ အသည်းကို လူနာမှ လက်မခံခြင်း (reject) လုပ်ခြင်းပင် ဖြစ်သည်။ ကိုယ်ခံအားကိုချထားသည့်ဆေးများ အာနိသင်ပျယ်သည်နှင့် ဖြစ်လာနိုင်သည်။ ထိုအခါ ကျောက်ကပ်ပျက်စီးပြီး အသက်ကို သေစေနိုင်သည်အထိဒုက္ခပေးနိုင်ပါသည်။ သို့သော် ဖြစ်နိုင်ချေရာခိုင်နှုန်းတော့ နည်းပါသည်။ တစ်လအတွင်း reject မဖြစ်ပါက တော်တော် အခြေအနေကောင်းလာပြီဖြစ်သည်။ ခွဲစိတ်မှုပြီးသောကြောင့် ကိုယ်ခံအားကို ပြန်တင်ရပါမည်။ သို့ရာတွင် ကိုယ်ခံအားကျဆေးတွေကို ရုတ်တရက် ဖြတ်လိုက်လို့မဖြစ်၊ ဖြည်းဖြည်းချင်း ဖြတ်ရမည်။ သို့မှသာ body က အသည်းကို လက်ခံမည်ဖြစ်သည်။ ဘာနဲ့တူလဲဆိုတော့ အိမ်ကယောကျား အတင်းပေးစားသောကြောင့် မယူချင်ယူချင်ဖြင့် ယူလိုက်ရသည်။ ယူပြီးပြီးချင်း ထိုယောက်ကျားကို အရမ်းမုန်းမိသည်။ ဒါပေမယ့် ကြာလာတော့ သံယောဇဉ် တွယ်မိပြီး ချစ်သွားတာမျိုးဖြစ်သည်။ တဖြည်းဖြည်းဖြင့် လက်ခံလာအောင် လုပ်ရမည်ဖြစ်သည်။ ထို့ကြောင့် ခွဲပြီးရင်လည်း ဆေးတွေ အကြာကြီး ထပ်သောက်ရအုံးမည်ဖြစ်သည်။

အဆိုပါလူနာကို မစွပ်စွဲလိုသော်လည်း မြန်မာပြည်တွင် အသည်းခြောက်ရခြင်း၏ ၉၅ ရာခိုင်နှုန်းလောက်ကို အရက်အလွန်အကျွန် သောက်သူတွေမှာ တွေ့ရပါသည်။ အသည်းရောင် အသားဝါ ဘီ ပိုးရှိသူတွေမှာလည်း ဖြစ်နိုင်ပါသည်။ သို့သော် သူတစ်ခုတည်းကြောင့် ဖြစ်သည်ကားရှား၏။ ဖြစ်ရင်လည်း အသည်းအစားထိုးရလောက်အောင်အထိ ဖြစ်လေ့မရှိပါ။ ဆေးသောက်ပါက မခွဲစိတ်ရအောင် ရှောင်လွဲနိုင်ပါသည်။ အရက်သမားသည် ဘီပိုးပါ ရှိပါက အသည်းပျက်စီးနှုန်း ၂ ဆ မက မြင့်တက်သွားနိုင်ပါသည်။ အသည်းကင်ဆာသို့လည်း ပြောင်းသွားနိုင်သည်။


Read More...

Friday, December 18, 2009

Terminologies in health insurance (2)

ကျန်းမာရေးအာမခံ ဆိုင်ရာ အသုံးအနှုန်းများ (၂)


လက်ကျန် အသုံးအနှုန်းလေးတွေ ရှင်းထားလိုက်ပါရစေ။

Social safety net/ Social welfare

အဓိပ္ပါယ်

အစိုးရက ငွေကြေးမတတ်နိုင်သူ နိုင်ငံသားများအတွက် စီစဉ်ပေးထားသော လူမှုဖူလုံရေး ရန်ပုံငွေများ။

Uninsured

အဓိပ္ပါယ်

ကျန်းမာရေးအာမခံ မရှိသူ။

Underinsured

အဓိပ္ပါယ်

ကျန်းမာရေးအာမခံ ရှိသော်လည်း ၄င်းအာမခံက ပြန်လည်ထုတ်ပေးမည့် ငွေကြေးက ဆေးကုသစရိတ်အတွက် လုံလောက်မှု မရှိသူ။

Managed care

အဓိပ္ပါယ်

ကျန်းမာရေးအာမခံ ကုမ္ပဏီနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးသူတို့ ပူးပေါင်းထားသော အဖွဲ့အစည်း။

ရည်ရွယ်ချက်

ငွေကုန်ကျရသည်နှင့် ညီမျှသည့် အရည်အသွေးမီ ကျန်းမာရေးစောင့်ရှောက်မှု ပြန်လည်ရရှိစေရန် ရည်ရွယ်သည်။

Gatekeeper

အဓိပ္ပါယ်

အထွေထွေရောဂါကု ဆရာဝန်။ မည်သည့်လူနာမဆို အထွေထွေရောဂါကု ဆရာဝန်နှင့် အရင်ပြသပြီး ၄င်းဆရာဝန်က လိုအပ်သည်ဟု ယူဆမှ သက်ဆိုင်ရာ အထူးကု သမားတော်များထံ လွှဲပို့ပေးသည့်စနစ် ဖြစ်သည်။ (ဥပမာ - အင်္ဂလန်နိုင်ငံရှိ National Health Service, အမေရိကန်နိုင်ငံရှိ အချို့သော ကျန်းမာရေးအာမခံ ပုံစံ)

ရည်ရွယ်ချက်

သာမာန်အားဖြင့် အထွေထွေရောဂါကု ဆရာဝန်က အထူးကု ဆရာဝန်များထက် အရေအတွက် ပိုများသည်။ ထို့အပြင် ရောဂါအတော်များများကို အထွေအထွေ ရောဂါကု ဆရာဝန်များက အချိန်ပေးကာ ထိထိရောက်ရောက် ကုသနိုင်သည်။ တဖန် အထူးကု ဆရာဝန်များဖြင့် ပြသခြင်းက ကုန်ကျစရိတ် ပိုများသည်။ ထို့ကြောင့် စရိတ်ထိန်းနိုင်ရန်နှင့် လူနာများ ဆရာဝန်နှင့် တွေ့ချိန်ပိုမို ရရှိစေရန် ဤစနစ်ကို အသုံးပြုသည်။

သတိပြုရန်

အဆင့်ဆင့် သွားနေရသဖြင့် အထူးကု ဆရာဝန်နှင့် ပြမှ ဖြစ်မည့် ရောဂါသည်များအတွက် စောင့်ဆိုင်းချိန် ကြာသည်။

Pre-existing medical conditions

အဓိပ္ပါယ်

ကျန်းမာရေးအာမခံ မ၀ယ်မီကပင် ရှိနှင့်ပြီးသော (ရှိနေခဲ့သည်ဟု ယုံကြည်ရဖွယ် ရှိသော) ရောဂါ။ ထိုသို့ ရောဂါ ရှိပြီးသား ဖြစ်ပါက အာမခံကုမ္ပဏီက အာမခံမရောင်းပဲ နေနိုင်သည်။ သို့မဟုတ် အာမခံကြေး ပိုပြီး တောင်းနိုင်သည်။

ရည်ရွယ်ချက်

စရိတ်ထိန်းရန် ဖြစ်သည်။

သတိပြုရန်

မကျန်းမာသူများ အကြောင်းကြောင်းကြောင့် ကျန်းမာရေးအာမခံ မရှိတော့လျှင် ကျန်းမာရေးအာမခံ အသစ်ဝယ်ယူရန် အခက်အခဲရှိသည်။ ပြည်နယ် နှင့် ဗဟို အစိုးရတို့က အာမခံ ကုမ္ပဏီများကို အာမခံ မရောင်းမနေရဟု ဥပဒေဖြင့် ကန့်သတ်ထားသော်လည်း ပြည့်စုံမှု မရှိသေးချေ။ (စကားချပ်။ ။ ဤကိစ္စမှာ အမေရိကန် ကျန်းမာရေးစနစ်၏ အဓိက ထောက်ကွက်ကြီး တစ်ခုဖြစ်ပြီး ယခုအခါ ပါလီမန်တွင် အကျိတ်အနယ် ဆွေးနွေးနေကြသည်။)

Waiting period

အဓိပ္ပါယ်

Pre-existing medical condition ရှိနေပါက ကျန်းမာရေးအာမခံ ၀ယ်လိုက်သော်လည်း အဆိုပါ ရှိပြီးသား ရောဂါအတွက် ဆေးကုသစရိတ်ကို အာမခံကုမ္ပဏီထံမှ အချိန်ကာလ တစ်ခု (ဥပမာ - ၆လ၊ ၁၂ လ) အထိ တောင်းခံ၍ မရနိုင်ပေ။ မိမိဖာသာ အိတ်စိုက် ကုသရမည်။

ရည်ရွယ်ချက်

စရိတ်ထိန်းရန် ဖြစ်သည်။

Fee for service

အဓိပ္ပါယ်

ကျန်းမာရေးစောင့်ရှောက်မှုပေးသူ (ဆရာဝန်၊ သူနာပြု၊ ဆေးခန်း၊ ဆေးရုံ) တို့ကို ၀န်ဆောင်ခပေးပုံ စနစ်တစ်မျိုး။ မည်သည့် ကုသမှုမျိုးဆိုလျှင် ၀န်ဆောင်ခ မည်မျှဟု သတ်မှတ်ပေးခြင်း ဖြစ်သည်။ လခစားပုံစံနှင့် ကွာခြားသည်။ (စကားချပ်။ ။ မြန်မာနိုင်ငံတွင် အစိုးရဆေးရုံများ၌ ဆရာဝန်၊ သူနာပြုများက လူနာ မည်မျှလာလာ ဒီလစာကိုပဲ ရကြသည်။ အပြင်ဆေးခန်းများတွင်မူ လူနာ တစ်ယောက်ကြည့်လျှင် မည်မျှဟု သတ်မှတ်ထားသည်။ အမေရိကန်ရှိ Fee for service သည် မြန်မာနိုင်ငံရှိ အပြင်ဆေးခန်းများ စရိတ်တောင်းခံပုံနှင့် ဆင်တူသည်။)

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

စာကိုး။

Lecture notes from the U.S. health care system class

ယခင်ပို့စ်များ

ကျန်းမာရေးအာမခံ-မိတ်ဆက်
ကျန်းမာရေးအာမခံ ဆိုင်ရာ အသုံးအနှုန်းများ

Read More...

Health insurance in Myanmar

မြန်မာနိုင်ငံက ကျန်းမာရေးအာမခံ


မြန်မာ့အာမခံလုပ်ငန်းက မြန်မာနိုင်ငံတွင် ကျန်းမာရေးအာမခံ ထားရှိနိုင်ရန် စီစဉ်နေကြောင်း ၁၁-၁၂-၂၀၀၉ ထုတ် မြန်မာတိုင်းမ် သတင်းစာတွင် ဖတ်ရှုရပါသည်။ ၁၉၇၀ ခုနှစ်ခန့်က ကျန်းမာရေးအာမခံကို စမ်းသပ်ခဲ့ဖူးသော်လည်း အောင်မြင်မှု မရရှိခဲ့ပါ။

သတင်းအပြည့်အစုံကို မြန်မာတိုင်းမ် ၀က်ဆိုဒ် တွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။

Read More...

Wednesday, December 16, 2009

The French Health Care System

နိဒန်း

ပြင်သစ်နိုင်ငံတွင် ပြည်သူ့ကျန်းမာရေးအာမခံစနစ်ကို ၁၉၄၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါပြီး ပြည်သူတို့အတွက် ၀န်ဆောင်မှုကို အဆင့်ဆင့်တိုးမြှင့်ကာ ပိုမိုကောင်းမွန်အောင် ပြုလုပ်ခဲ့ပါသည်။ ၎င်းစနစ်၏ အဓိက အားသာချက်မှာ တရားဝင်နေထိုင်သူအားလုံးအတွက် ကျန်းမာရေးအာမခံပြုလုပ်ပေးခြင်းဖြစ်ပါသည်။ ထိုသို့ပြုလုပ်ရန်အတွက် Universal Health coverage ဟုခေါ်သော အလုံးစုံကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အသုံးပြုပါသည်။ ထိုစနစ်သည် "ကျန်းမာရေးအတွက် စည်းလုံးညီညွတ်ရေး" မူကို အခြေခံပြီး လူတိုင်းလူတိုင်းအတွက် ရောဂါဘရကင်းဝေးအောင် လုပ်ဆောင်ပေးပါသည်။ ပြင်သစ်အာမခံစနစ်ကို အဓိကလုပ်ဆောင်ပေးနေသည်မှာ social security ဟုခေါ်သော အာမခံအဖွဲ့အစည်းဖြစ်ပါသည်။ အစိုးရကလုပ်ကိုင်ပေးပြီး လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကို ၀န်ဆောင်မှုပေးပါသည်။ ကျန်ရှိနေသေးသော ၂၀ ရာခိုင်နှုန်းကို လူနာတစ်ဦးချင်းကျခံခြင်းဖြင့် လည်းကောင်း၊ private အာမခံ company များ မှ လည်းကောင်း ကျခံပေးပါသည်။ အာမခံကြေးကို ပေးဆောင်ရာတွင် နှုန်းထားပုံသေဖြင့် ပေးဆောင်ရပြီး လုပ်ငန်းရှင်များ၊ အလုပ်သမားတို့၏ ထည့်ဝင်ငွေများ နှင့် တစ်ဦးချင်းဝင်ငွေတို့မှ အဓိက ရရှိပါသည်။ ထို social security စနစ်အတွက် ပြည်သူတို့သည် ၀င်ငွေ၏ ၂၀ ရာခိုင်နှုန်းကို ထည့်ဝင်ရမည်ဖြစ်သည်။ ထည့်ဝင်ရသော ပမာဏသည် တဖြည်းဖြည်းဖြင့် များလာပါသည်။

အစိုးရ၏ အခန်းကဏ္ဍ

အစိုးရ၏ တာဝန်ကား ပြည်သူအားလုံး ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိရေးဖြစ်ပါသည်။ ထည့်ဝင်သော အာမခံကြေးအပေါ်မူတည်ပြီး ထိုက်တန်သော ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိအောင်ဆောင်ရွက်ပေးရမည်ဖြစ်သည်။ သို့သော လူနာတို့၏ အခွင့်အရေး မဆုံးရှုံးစေရေးနှင့် နစ်နာမှုမရှိစေရေးအတွက်လည်း ဥပဒေများ ပြဋ္ဌာန်းကာ တည်မြဲအောင် လုပ်ဆောင်ရပါသည်။ တစ်နည်းဆိုသော် ပြည်သူတို့၏ လုံခြုံရေးအတွက် တာဝန်ယူရပါသည်။ ဗဟိုအစိုးရမှနေ၍ လိုအပ်သော ဆေးရုံနှင့် ကျန်းမာရေးဝန်ထမ်းအရေအတွက် ပြည့်မှီအောင် လုပ်ဆောင်ပေးရပါသည်။ လူစွမ်းအား အရင်းအမြစ်များ အပြင် လိုအပ်သည့် စက်ပစ္စည်းကိရိယာများကိုလည်း ထောက်ပံ့ပေးရပါသည်။ နောက်ပိုင်းနှစ်များတွင် ပြည်နယ်အစိုးရများက အာဏာအချို့ကို ခွဲဝေကာ ထမ်းဆောင်ပေးပါသည်။

ဆေးရုံများ

ဆေးရုံအမျိုးအစား နှစ်မျိုးရှိပါသည်။

ပြည်သူပိုင်ဆေးရုံများသည် ကုတင်အရေအတွက် စုစုပေါင်း၏ ၆၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး လူနာကုသမှု၊ သင်ကြားရေးနှင့် သုတေသန လုပ်ငန်းများအတွက် အဓိက လုပ်ဆောင်ပေးပါသည်။ Private ဆေးရုံများက အကျိုးအမြတ်အတွက် လုပ်ဆောင်ကြပြီး ခွဲစိတ်ကုသမှုများကို အဓိက လုပ်ဆောင်ကြပါသည်။ အစိုးရဆေးရုံများနှင့် Private ဆေးရုံများအကြားတွင် ၀န်ဆောင်မှုအရေအသွေး ကွာခြားမှုနည်းပါးပြီး ပြင်သစ်နိုင်ငံတွင် လူဦးရေ ၁၀၀၀ ၌ ကုတင် ၉ လုံးမျှ အချိုးအစားရှိပါသည်။

ကျန်းမာရေးပညာရှင်များ

ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာဝန်များသည် private နှင့် public ဆေးရုံနှစ်ခုလုံးတွင် လုပ်ကိုင်ကြသည်။ ဆရာဝန်စုစုပေါင်း၏ ၃၆ ရာခိုင်နှုန်းသည် အစိုးရဆေးရုံများတွင် အလုပ်လုပ်ကြသည်။ ထိုဆရာဝန်တို့သည် ပြည်သူ့ဝန်ထမ်းများဖြစ်ကြပြီး အစိုးရမှ လစာပေးထားရပါသည်။ သို့သော် အစိုးရဆေးရုံများတွင် အလုပ်လုပ်ရသည်မှာ ခက်ခဲမှုများရှိသောကြောင့် ၅၆ ရာခိုင်နှုန်းသော ဆရာဝန်တို့သည် private ဆေးရုံများတွင်သာ အလုပ်လုပ်ကြသည်။ ဆရာဝန်များ၏ စမ်းသပ်ခ နှင့် ခွဲစိတ်ခ တို့ကို ဆရာဝန်များသမဂ္ဂ (union) နှင့် အာမခံအဖွဲ့အစည်းများငြှိနှိုင်းကာ ကျွမ်းကျင်သူများက သတ်မှတ်ပေးပါသည်။ ၉၇ ရာခိုင်နှုန်းသော ဆရာဝန်တို့သည် tariff reference ဟုခေါ်သည့် စမ်းသပ်ခသတ်မှတ်သည့်စနစ်ကို လိုက်နာကြသည်။ ထိုစမ်းသပ်ခမှာ တစ်နိုင်ငံလုံးရှိဆရာဝန်များ ၏ ညီလာခံမှာ သတ်မှတ်ပေးခြင်းဖြစ်သည်။ အကယ်၍ ထိုစနစ်ကို မလိုက်နာပါက ဆရာဝန်တစ်ယောက်သည် မိမိစမ်းသပ်ခမည်မျှယူသည်ကို ကြိုတင်၍ လူနာကို အသိပေးရပါသည်။ တစ်ခါတစ်ရံတွင် မိမိ၏ ကျွမ်းကျင်မှုနှင့် ဘွဲ့အပေါ်မူတည်ပြီး စမ်းသပ်ခကို တိုး၍ ယူလို့ရပါသည်။ ဥပမာ - အထူးကုဆရာဝန်များ။ လူဦးရေ ၁၀၀၀ တွင် ဆရာဝန် ၃.၃၇ ယောက်ရှိပါသည်။

၂၀၀၅ ခုနှစ်မှ စတင်၍ စနစ်သစ်တစ်ခုကို ထွင်လိုက်ပါသည်။ စနစ်သစ်အရ လူနာတစ်ယောက်သည် ဆရာဝန်နှင့် ပြချင်ပါက အရင်ဦးစွာ အထွေထွေရောဂါကုဆရာဝန် (GP) ဖြင့်ပြရပါမည်။ အဆိုပါ GP သည် ဆေးကုသခွင့်လိုင်စင် ရှိရမည်ဖြစ်ပြီး ပြင်သစ်အာမခံအဖွဲ့အစည်းတွင်လည်း စာရင်းသွင်းထားသူဖြစ်ရပါမည်။ အကယ်၍ ထိုဆရာဝန် မအားပါက သို့မဟုတ် မရှိပါက လူနာသည် အခြားဆရာဝန်တစ်ယောက်ထံတွင် ပြောင်းလဲ၍ ပြသပိုင်ခွင့်ရှိသည်။ ထိုသို့ပြောင်းလဲသည့်အတွက် အာမခံကြေးကို ထိခိုက်မှုမရှိချေ။ ပြောင်းလဲ၍ပြသော ဆရာဝန်သည်လည်း အာမခံစနစ်တွင် မှတ်ပုံတင်ထားသူဖြစ်ရပါမည်။ GP ဆရာဝန်မှ လိုအပ်ပါက အထူးကုထံသို့ လူနာလွဲပေးရပါမည်။ အထူးကု မှလည်း လိုအပ်သော ကုသမှုပြီးစီးပါက လူနာအား GP ဆရာဝန်ထံသို့ ပြန်လည်လွှဲပေးရပါမည်။ အထူးကု မှနေ၍ လူနာကို တိုက်ရိုက်ကြည့်ရှုခွင့် မရှိပါချေ။ သို့သော် အချို့သော အထူးကုများအား ချွင်းချက်အနေဖြင့် လူနာများအား တိုက်ရိုက်ကြည့်ရှုခွင့် ရှိသည်။ ၎င်းတို့မှာ OG များ၊ စိတ်ရောဂါကုဆရာဝန်များ နှင့် မျက်စိရောဂါအထူးကု ဆရာဝန်များဖြစ်ကြပါသည်။ ထိုအထူးကုဆရာဝန်တို့နှင့် ပြသလိုပါက GP ဆရာဝန်များထံသွားစရာမလိုချေ။ တိုက်ရိုက်ပြသခွင့် ရှိသည်။

လူနာသည် ဆေးရုံ ဆေးခန်းကို သွားရောက်ပြသပါက အာမခံကဒ်ပြားကို အမြဲတမ်းယူဆောင်သွားရသည်။ ထိုကဒ်ပြားဖြင့် ကုသမှု ကုန်ကျစရိတ်မှန်သမျှကို မှတ်တမ်းတင်ထားရပါသည်။ အာမခံစနစ်ဖြင့် ဆေးကုသလိုပါက မိမိမှတ်ပုံတင်ထားရာ ဒေသရှိ အာမခံအဖွဲ့အစည်းမှ အသိအမှတ်ပြုသော ဆေးရုံဆေးခန်းတွင်သာ ခွဲစိတ်ခြင်း၊ ကုသမှုခံယူခြင်း တို့ကို ပြုလုပ်ရပါမည်။ သို့သော် သောက်ဆေးဝယ်လိုပါက ပြင်သစ်တစ်နိုင်ငံလုံးတွင် ၀ယ်ခွင့် ရှိပါသည်။ အာမခံငွေကြေးပြန်လည်ပေးချေမှု (reimbursement) သည် အကြီးစားခွဲစိတ်မှုများ၏ ၉၅ ရာခိုင်နှုန်း၊ အသေးစားခွဲစိတ်မှုများ၏ ၈၀ ရာခိုင်နှုန်း၊ ကိုယ်ဝန်ဆောင်ကလေးမွေးခြင်းအတွက် ၁၀၀ ရာခိုင်နှုန်း၊ နှင့် ဓာတ်မှန်ရိုက်ခြင်းတို့အတွက် ၇၀ ရာခိုင်နှုန်း တို့အတွက် ထောက်ပံ့ပေးပါသည်။ ကျန်ရှိနေသေးသည့် ရာနှုန်းအနည်းငယ်သော ကုသမှုများအတွက် လူနာများမှ အလုံးစုံ ကုန်ကျခံရပါသည်။ ဆေးဝါးများအတွက် မူ အမျိုးအစားအပေါ်မူတည်ပြီး ၁၆ မှ ၆၅ ရာခိုင်နှုန်းအထိ ထောက်ပံ့ပေးပါသည်။

တချို့သော ဝေဒနာသည်များအတွက် အာမခံစနစ်က ၁၀၀ ရာခိုင်နှုန်းထောက်ပံ့ပေးပါသည်။ ၎င်းတို့မှာ အရေးပေါ်လူနာများနှင့် ဆီးချို ကင်ဆာ အစရှိသည့် နာတာရှည်ဝေဒနာသည်များဖြစ်ကြပါသည်။ အဆိုပါလူနာများသည် ရေရှည်ကုသမှုခံယူရမည်ဖြစ်သောကြောင့် ဆေးရုံတွင် ရက် ၃၀ အထက်နေသည့်တိုင် အာမခံစနစ်က ထောက်ပံ့ပေးပါသည်။

ပြင်သစ်ပြည်တွင် Minimum revenue of introduction ဟုခေါ်သော ၀င်ငွေနည်းပါးသူများကို အာမခံကင်းလွတ်ခွင့် ပေးသည့် စနစ်တစ်ခုရှိပါသည်။ ထိုစနစ်တွင် အကျုံးဝင်စေရန်အတွက် လိုအပ်သည့် အချက် အများအပြားရှိသော်လည်း အဓိကအချက်မှာ တရားဝင်ပြင်သစ်နိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး သတ်မှတ်ထားသော ၀င်ငွေပမာဏထက် လျော့နည်းသူဖြစ်ရမည်ဖြစ်သည်။ အဆိုပါ နိုင်ငံသားများအတွက် အာမခံကြေးကင်းလွတ်ခွင့်ပြုထားပြီး နေမကောင်းပါက ၁၀၀ ရာခိုင်နှုန်း ထောက်ပံကြေးရရှိမည်ဖြစ်သည်။

Complementary insurance ( ဖြည့်စွက်အာမခံစနစ်)

ပြင်သစ်ပြည်တွင် ကျန်းမာရေး စရိတ်စက တို့ကြီးမြင့်လာမှုကြောင့် အစိုးရသည် အာမခံထောက်ပံ့ပေးသော ပမာဏကို လျှော့ချဖို့ ကြိုးစားလာသည်။ ထို့ကြောင့် အချို့နိုင်ငံသားများသည် အစိုးရ၏ ကျန်းမာရေးအာမခံစနစ်အပြင် ဖြည့်စွက် အာမခံဟုခေါ်သော စနစ်တစ်ခုဖြင့်ပါ အာမခံထားလာကြသည်။ ၎င်းစနစ်သည် အစိုးရအာမခံစနစ်မှ မထောက်ပံ့ပေးသော ကုသမှုများကို ထောက်ပံ့ပေးမည်ဖြစ်သည်။ နိုင်ငံသားတို့သည် မိမိ၏ ၀င်ငွေ၊ ရောဂါရာဇ၀င်၊ ကျန်းမာရေးအခြေအနေတို့အပေါ်မူတည်ပြီး သင့်တော်ရာ package ကို ရွေးချယ်ခွင့် ရှိပါသည်။

နိဂုံး

ပြင်သစ်နိုင်ငံတွင် ပျမ်းမျှသက်တမ်း ၈၀ နှစ် ရှိပါသည်။ ပြင်သစ်နိုင်ငံ၏ ကျန်းမာရေးစနစ်သည် ထိန်းသိမ်းခ ကြီးမားသော်လည်း ကမ္ဘာပေါ်တွင် အကောင်းဆုံး ကျန်းမာရေးစနစ်များထဲတွင် တစ်ခုအနေဖြင့် ပါဝင်ပါသည်။ လူနာများအတွက် ကော ဆရာဝန်များအတွက်ပါ ရွေးချယ်စရာ များပြားသောကြောင့်ဖြစ်ပါသည်။

Read More...

Tuesday, December 15, 2009

Terminologies in health insurance

ကျန်းမာရေးအာမခံ ဆိုင်ရာ အသုံးအနှုန်းများ


ကျန်းမာရေးအာမခံ ဆိုင်ရာ အသုံးအနှုန်းတွေရဲ့ အဓိပ္ပါယ်ကို ရှင်းလင်းထားမှ ကျန်းမာရေးအာမခံ ပုံစံကွဲ အမျိုးမျိုး ကို ပြောတဲ့အခါကျရင် အဆင်ပြေပါမယ်။ ၀ီကီမှာ ရေးသားထားတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေကို အဓိကထား ဘာသာပြန်ပြီး ဘာ့ကြောင့် ဒီလို သတ်မှတ်ချက်တွေ ထားရတာလဲ၊ ဘယ်လို သတိထားစရာတွေရှိလဲ ဆိုတာကို စာရေးသူရဲ့ လေ့လာမှုနဲ့ အတွေ့အကြုံများအရ ဖြည့်စွက် ပြောသွားပါမယ်။ အသုံးအနှုန်းအများစုဟာ အမေရိကန်နိုင်ငံမှာ ကျင့်သုံးနေတဲ့ ကျန်းမာရေးအာမခံ စနစ်နဲ့ သက်ဆိုင်တာတွေဖြစ်လို့ အခြားသော နိုင်ငံများက ကျန်းမာရေးအာမခံ အသုံးအနှုန်းများနဲ့ အဓိပ္ပါယ် ကွဲလွဲကောင်း ကွဲလွဲနိုင်တာကို သတိချပ်ပါ။

Insured

အဓိပ္ပါယ်

ကျန်းမာရေးအာမခံ ထားသူ။

Insurer

အဓိပ္ပါယ်

အာမခံသူ။ ကျန်းမာရေးအာမခံ ကုမ္ပဏီ။

Health care provider

အဓိပ္ပါယ်


ကျန်းမာရေး စောင့်ရှောက်မှု ပေးသူ။ ဆရာဝန်၊ သူနာပြု၊ ဆေးရုံ၊ ဆေးခန်း အစရှိသည်။

Health insurance policy

အဓိပ္ပါယ်

ကျန်းမာရေးအာမခံ စာချုပ်။ ကျန်းမာရေးအာမခံ ထားသူ နှင့် အာမခံ ကုမ္ပဏီအကြား ထားရှိသော ပဋိညာဉ်။ မည်သူက မည်သည့် တာဝန်ရှိသည် မည်သည့်ကိစ္စအတွက် မည်မျှ ငွေအကုန်အကျခံမည် စသည်ဖြင့် အသေးစိတ် ရေးသားထားသော စာချုပ်ဖြစ်သည်။

ရည်ရွယ်ချက်

နောင်တွင် အငြင်းပွားမှုများ ဖြစ်လာပါက ဤစာချုပ်က သက်သေ အထောက်အထား ဖြစ်ပေမည်။

Premium

အဓိပ္ပါယ်

အာမခံကြေး။ အာမခံ ထားသူက အာမခံကုမ္ပဏီကို လစဉ် ပေးသွင်းရငွေ။

ရည်ရွယ်ချက်

ဤအာမခံကြေးများကို စုပေါင်းပြီး နေမကောင်းသူများကို ဆေးကုသစရိတ် ပြန်လည်ထုတ်ပေးသည်။ အာမခံကြေး ကောက်ခံခြင်း၊ ဆေးကုသစရိတ် စိစစ် ထုတ်ပေးခြင်း၊ ဆရာဝန်၊ ဆေးရုံ၊ ဆေးခန်းများနှင့် ချိတ်ဆက်ခြင်း တို့အတွက် အာမခံကုမ္ပဏီက ၀န်ဆောင်ခ ရလေသည်။ အာမခံကုမ္ပဏီက အစိုးရ သို့မဟုတ် အန်ဂျီအို ဖြစ်ပါက ရရှိလာသော ၀န်ဆောင်ခများသည် လုပ်ငန်း လည်ပတ်ရန်နှင့် တိုးချဲ့ရန်အတွက် အသုံးပြုသွားမည် ဖြစ်ပြီး ပုဂ္ဂလိက အာမခံကုမ္ပဏီ ဖြစ်ပါက ကုမ္ပဏီ၏ အစုရှယ်ယာဝင်များကို အမြတ်ငွေ ခွဲဝေပေးသွားမည် ဖြစ်သည်။

Deductible

အဓိပ္ပါယ်

ကျန်းမာရေးအာမခံ ထားသူက ကနဦး စိုက်ထုတ်ရမည့် ငွေပမာဏ။ နေထိုင်မကောင်း ဖြစ်လာပါက ဆေးကုသစရိတ် ရှိလာပါမယ်။ ဒီစရိတ်တွေကို အာမခံကုမ္ပဏီက ငွေချက်ချင်း ထုတ်မပေးသေးပါ။ အာမခံကုမ္ပဏီနဲ့ အာမခံထားသူ နှစ်ဦးနှစ်ဖက် စာချုပ်ထဲမှာ သဘောတူညီထားတဲ့ ငွေပမာဏ အထိကို အာမခံ ထားသူကပေးရပါမည်။ ဥပမာ - deductible က ဒေါ်လာ ၅၀၀ ဖြစ်ပြီး ဆေးကုသစရိတ် ကုန်ကျငွေက ဒေါ်လာ ၁၅၀၀ ဆိုပါက အာမခံထားသူ က ၅၀၀ ပေးရပြီး အာမခံကုမ္ပဏီက ၁၀၀၀ ပေးပါမည်။ Deductible ကို အချိန်ကာလ တစ်နှစ်အတွင်း ပမာဏ မည်မျှဟု သတ်မှတ်လေ့ရှိသည်။ ထိုအချိန် တစ်နှစ်ကျော်သွားပါက deductible ပမာဏမှာ တစ်က ပြန်စပါမည်။

ရည်ရွယ်ချက်

ကျန်းမာရေးအာမခံ ထားသူ တစ်ဦးအနေဖြင့် အမှန်တကယ် လိုအပ်မှသာ ဆေးရုံဆေးခန်းသို့ သွားစေရန်အတွက် သတ်မှတ်ထားခြင်း ဖြစ်သည်။ ဤသို့ မသတ်မှတ်ထားပါက အာမခံကုမ္ပဏီက ငွေပြန်ပေးမှာပဲ ဆိုပြီး အနည်းငယ် နေထိုင်မကောင်းဟု ထင်သည်နှင့် ထစ်ခနဲဆို ဆေးရုံဆေးခန်း သွားပြတာမျိုး ပြုလုပ်လာနိုင်သည်။ ထိုသို့ ပြုလုပ်သူ အရေအတွက် များလာလျှင် အာမခံကုမ္ပဏီက ဆေးကုသစရိတ် စိုက်ထုတ်ရငွေ ပမာဏ များလာပြီး အကျိုးဆက်အနေဖြင့် အာမခံထားသူများ၏ လစဉ်ပေးသွင်းနေရသော အာမခံကြေး မြင့်တက်လာမှုများ ဖြစ်လာနိုင်သည်။

သတိပြုရန်

နေထိုင်မကောင်းဖြစ်ပါက ကျန်းမာရေးအာမခံ ရှိနေသော်ညား deductible ငွေပမာဏကို မပေးနိုင်သည့် အတွက် ဆေးသွားမကုခြင်း၊ ဆေးရုံဆေးခန်း အရောက် နောက်ကျခြင်းများ ဖြစ်နိုင်။

Co-payment

အဓိပ္ပါယ်

စရိတ်မျှပေး။ စမ်းသပ်ခ နဲ့ ဆေးဖိုး ကုန်ကျစရိတ်တွေ အတွက် အာမခံထားသူက ဘယ်လောက် အာမခံ ကုမ္ပဏီက ဘယ်လောက် ပေးရမယ် ဆိုပြီး သတ်မှတ်ထားချက် ဖြစ်ပါတယ်။ ဥပမာ (၁) - စမ်းသပ်ခအတွက် co-payment က ဒေါ်လာ ၄၀ နှင့် ဆရာဝန်က စမ်းသပ်ခ ဒေါ်လာ ၁၂၀ တောင်းသည် ဆိုပါက အာမခံထားသူက ဒေါ်လာ ၄၀ ပေးရမည်ဖြစ်ပြီး အာမခံ ကုမ္ပဏီက ဒေါ်လာ ၈၀ ပေးမည်။ ဥပမာ (၂) - ဆေးဖိုးအတွက် co-payment က ၁၀ ဒေါ်လာ ဖြစ်ပြီး ဆေးဖိုးစုစုပေါင်းက ဒေါ်လာ ၂၀၀ ကျသည်ဆိုပါက အာမခံထားသူက ၁၀ ဒေါ်လာ ပေးရပြီး အာမခံကုမ္ပဏီက ဒေါ်လာ ၁၉၀ ပေးမည်။

ရည်ရွယ်ချက်

Deductible နှင့် ရည်ရွယ်ချက်တူသည်။

Coinsurance

အဓိပ္ပါယ်

စရိတ်မျှပေး မူကွဲ။ ဒီနည်းမှာတော့ အာမခံထားသူနဲ့ အာမခံကုမ္ပဏီတို့ အသီးသီး ပေးရမယ့် ငွေပမာဏကို ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်။ ဥပမာ - coinsurance ရာခိုင်နှုန်းက ၂၀/၈၀ ဆိုလျှင် ဆေးကုသစရိတ် ကုန်ကျငွေ၏ ၂၀% ကို အာမခံထားသူက ပေးရပြီး ၈၀% ကို အာမခံကုမ္ပဏီက ပေးမည်။

ရည်ရွယ်ချက်

Deductible နှင့် ရည်ရွယ်ချက်တူသည်။

Exclusions

အဓိပ္ပါယ်

ချွင်းချက်များ။ ကျန်းမာရေးအာမခံ ဆိုသော်လည်း ရှိရှိသမျှ ၉၆ ပါး ရောဂါ အားလုံး အကျုံးဝင်ချင်မှ အကျုံးဝင်မည်။ မည်သည့်ရောဂါများ သို့မဟုတ် ကုသမှုများ အကျုံးမ၀င်ပါ ဆိုသည်ကို အာမခံစာချုပ်တွင် ဖော်ပြလေ့ရှိသည်။ ဥပမာအားဖြင့် plastic surgery (မျက်နှာ ခွဲစိတ် အလှပြင်ခြင်း) ကို exclusion ထဲ ထည့်ထားပါက ၄င်းကုသမှုအတွက် အာမခံထားသူက ၁၀၀% ပေးရပေမည်။ အာမခံကုမ္ပဏီက လုံးဝ ပေးမည် မဟုတ်။

ရည်ရွယ်ချက်

စရိတ်ထိန်းခြင်း ဖြစ်သည်။ မရှိမဖြစ်လိုအပ်သည်ဟု သတ်မှတ်ထားသော ကုသမှုများအပ အခြားသော ကုသမှုများကို ဖယ်ထုတ်ထားခြင်းဖြင့် ကျန်းမာရေးစရိတ် နှင့် အာမခံကြေးတို့ကို ထိန်းထားနိုင်သည်။

Coverage limits

အဓိပ္ပါယ်

အာမခံကုမ္ပဏီက အများဆုံး ငွေမည်မျှအထိ ပေးမည်ဟု သတ်မှတ်ထားချက်။ ဥပမာ - coverage limit က ဒေါ်လာ ၁ သိန်းခွဲ ဖြစ်ပြီး ဆေးကုသစရိတ်က ဒေါ်လာ ၂ သိန်း ကုန်ကျနေပါက အာမခံ ကုမ္ပဏီက ဒေါ်လာ ၁ သိန်းခွဲ ပေးပြီး ကျန်ငွေ ဒေါ်လာ ၅ သောင်းကို အာမခံထားသူက ပေးရမည်။

ရည်ရွယ်ချက်

မည်သူတစ်ဦးတစ်ယောက် သို့မဟုတ် ကုမ္ပဏီ တစ်ခု သို့မဟုတ် အစိုးရ တစ်ရပ် အနေဖြင့် လူနာတစ်ဦးအတွက် “ငွေမည်မျှကုန်ကုန်” ဟု မိုးမဆုံး မြေမဆုံး အတိုင်းအဆမရှိ အကုန်အကျမခံနိုင်။ ထို့ကြောင့် လက်တွေ့ကျသော အများဆုံး ပေးမည့် ငွေပမာဏကို သတ်မှတ်ထားခြင်းဖြစ်သည်။

Out-of-pocket maximums

အဓိပ္ပါယ်

အာမခံထားသူက အများဆုံး ငွေမည်မျှအထိ ပေးရမည်ဟု သတ်မှတ်ထားချက်။ (coverage limit နှင့် တူသည်။ သို့ရာတွင် out-of-pocket maximum က အာမခံထားသူ အတွက် သတ်မှတ်ချက် ဖြစ်သည်။) ဥပမာ - out-of-pocket maximum က ဒေါ်လာ ၂၀၀၀ ဖြစ်ပြီး တစ်နှစ်အတွင်း ဆေးကုသစရိတ် စုစုပေါင်းက ဒေါ်လာ ၉ ထောင် ဆိုပါက အာမခံထားသူက ဒေါ်လာ ၂ ထောင် အထိ ပေးရပြီး ကျန်စရိတ် ဒေါ်လာ ၇ ထောင်ကို အာမခံကုမ္ပဏီက ပေးမည်။

ရည်ရွယ်ချက်

ကျန်းမာရေး ကုန်ကျစရိတ်ကြောင့် လူတစ်ဦးတစ်ယောက် ဘ၀ပျက်သွားသည်မျိုး ဒေ၀ါလီ ခံလိုက်ရတာမျိုး မဖြစ်အောင် အကာအကွယ်ပေးထားခြင်းဖြစ်သည်။

In-network provider

အဓိပ္ပါယ်

အာမခံကုမ္ပဏီနှင့် ချိတ်ဆက်ထားသော ကျန်းမာရေး စောင့်ရှောက်မှု ပေးသူ (နက်ဝပ် ဆရာဝန်)။ အချို့ ကျန်းမာရေးအာမခံများတွင် အာမခံကုမ္ပဏီနှင့် ချိတ်ဆက်ထားသည့် နက်ဝပ်ဆရာဝန် နှင့်သာ ပြသခွင့်ရှိသည်။ အခြား ဆရာဝန် နှင့် ပြသပါက မိမိဖာသာ အစအဆုံး အကုန်အကျခံရသည်။ အချို့အာမခံကမူ နက်ဝပ်ထဲက မဟုတ်သော ဆရာဝန်နှင့် ပြလျှင် လူနာက စိုက်ပေးရသည့် ငွေပမာဏ ပိုများသည်။ ဤသည်ကို coinsurance နှင့် ချိတ်ဆက်ထားတတ်သည်။ ဥပမာ - နက်ဝပ်ဆရာဝန် နှင့် ပြလျှင် coinsurance က ၂၀/၈၀ ဖြစ်ပြီး နက်ဝပ်ထဲက မဟုတ်သော ဆရာဝန်နှင့် ပြလျှင် coinsurance က ၅၀/၅၀ ဖြစ်မည်။

ရည်ရွယ်ချက်

စရိတ်ထိန်းခြင်း ဖြစ်သည်။

Capitation

အာမခံကုမ္ပဏီက ကျန်းမာရေးစောင့်ရှောက်မှုပေးသူ (ဆရာဝန်၊ သူနာပြု၊ ဆေးရုံ၊ ဆေးခန်း) ကို လူနာတစ်ယောက်လျှင် ငွေမည်မျှ ပေးမည်ဟု သတ်မှတ်ထားချက်။

Prior authorization

အဓိပ္ပါယ်

ကြိုတင်ခွင့်ပြုချက်။ အချို့သော ဈေးကြီးသည့် ကုသမှုများ (ဥပမာ - magnetic resonance imaging သံလိုက်ဓာတ်မှန်) မပြုလုပ်မီ အာမခံကုမ္ပဏီကို ကြိုတင်ခွင့်ပြုချက် တောင်းရန် လိုအပ်သည်။ သို့မှသာ အဆိုပါ ကုသမှုအတွက် အာမခံကုမ္ပဏီက ငွေပေးချေလိမ့်မည်။ ကြိုတင်ခွင့်ပြုချက် မတောင်းပါက သို့မဟုတ် အာမခံကုမ္ပဏီက ခွင့်မပြုဟုပြောပါက အဆိုပါ ကုသမှုအတွက် စရိတ်ကို အာမခံထားသူက အိတ်စိုက်ပေးရပေမည်။

ရည်ရွယ်ချက်

စရိတ်ထိန်းခြင်း ဖြစ်သည်။

Risk

အဓိပ္ပါယ်

Risk ကို Juan က “ရောဂါရနိုင်ချေ” ဟု ဘာသာပြန်သည်။ လူတစ်ဦးနှင့် တစ်ဦး ကျား၊မ၊ အသက်အရွယ်၊ အနေအထိုင်ပေါ်မူတည်၍ ရောဂါရနိုင်ချေ မတူပေ။ အချို့က ရောဂါရနိုင်ချေ များပြီး အချို့က နည်းသည်။

Risk distribution

အဓိပ္ပါယ်

ကျန်းမာရေးအာမခံ၏ အနှစ်သာရပင်ဖြစ်သည်။ လူတစ်ဦးနှင့် တစ်ဦး ရောဂါရနိုင်ချေ မတူညီကြသော်လည်း လူအားလုံး စုပေါင်း၍ ငွေကြေး သာတူညီမျှ ထည့်ဝင်ခြင်းဖြင့် နေမကောင်းသူများ ဆေးကုသစရိတ် မထောင်းစေရန် အကာအကွယ်ပေးခြင်း ဖြစ်သည်။ တနည်းအားဖြင့်ပြောရလျှင် ရောဂါရနိုင်ချေ တန်းညှိပေးလိုက်ခြင်းပင်။

Moral hazard

အဓိပ္ပါယ်

ကျန်းမာရေး အာမခံစနစ် မရှိသော နေရာများတွင် လူနာက ဆရာဝန်၊ ဆေးရုံ၊ ဆေးခန်းကို ကုန်ကျစရိတ် တိုက်ရိုက် ပေးချေရသော်လည်း ကျန်းမာရေးအာမခံ စနစ်တွင် သာမာန်အားဖြင့် အာမခံကုမ္ပဏီက ဆရာဝန်၊ ဆေးရုံ၊ ဆေးခန်းကို ကုန်ကျငွေ တိုက်ရိုက် ပေးချေလေသည်။ ထိုကဲ့သို့ အာမခံကုမ္ပဏီက လူနာကို ကျော်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးသူကို တိုက်ရိုက် ငွေပေးချေခြင်းကို တတိယလူက ငွေပေးချေခြင်း (Third party payer system) ဟု ခေါ်ဆိုသည်။ မိမိကိုယ်တိုင် ငွေမပေးချေရခြင်းကြောင့်၎င်း အာမခံကြေး ပေးသွင်းထားပြီး ဖြစ်သဖြင့် မိမိ၏ ရပိုင်ခွင့်ဟု ယူဆသောကြောင့်၎င်း အာမခံထားသူက ဆေးရုံ၊ ဆေးခန်း များကို မကြာခဏ သွားရောက်ပြီး ကုသခံခြင်းများဖြစ်ပေါ်လာနိုင်သည်။ မိမိဖာသာ ငွေပေးချေရမည်ဆိုလျှင် ထိုကဲ့သို့ အကြိမ်ရေ များများ သွားရောက် အကုသခံချင်မှ ခံပေမည်။ ဤကဲ့သို့ ပုံမှန်အနေအထားထက် ပို၍ ဆေးကုသခံယူခြင်းကို moral hazard ဟု ခေါ်သည်။

သတိပြုရန်

ကျန်းမာရေး အာမခံထားသူ အတော်များများက Moral hazard ကို ကျင့်သုံးနေလျှင် ကျန်းမာရေးကုန်ကျစရိတ် တက်လာပြီး အကျိုးဆက်အနေဖြင့် အာမခံကြေး တက်လာနိုင်သည်။

Adverse selection

အဓိပ္ပါယ်

လူတစ်ဦးသည် မိမိ၏ ကျန်းမာရေး ဆိုးလာစရာ ရှိသည်ဟု သံသယ ရှိသော အခါမှ ကျန်းမာရေးအာမခံ ၀ယ်ခြင်းမျိုးကို ဆိုလိုသည်။ ဥပမာ - ဆေးလိပ်သောက်သူသည် မသောက်သူထက် ကျန်းမာရေး ပိုပြီး ဆိုးနိုင်သည်။ အာမခံကုမ္ပဏီက ဆေးလိပ်သောက်သောက် မသောက်သောက် အာမခံကြေးကို အတူတူ တောင်းလျှင် ဆေးလိပ်သောက်သူများက မသောက်သူများထက် ကျန်းမာရေးအာမခံ ပိုပြီး ၀ယ်လာကြစရာရှိသည်။ တဖန် ထိုဆေးလိပ်သောက်သူများကပင် ပိုပြီး နေထိုင်မကောင်း ဖြစ်ကြသဖြင့် အာမခံကုမ္ပဏီ အနေဖြင့် အာမခံကြေးရသည်နှင့် မကာမိအောင် ဆေးကုသစရိတ် ပြန်ထုတ်ပေးရဖွယ်ရှိသည်။

သတိပြုရန်

ကျန်းမာရေးအာမခံ - မိတ်ဆက် မှာတုန်းက “လူတိုင်း” ဆိုသည့် စကားလုံးကို စာလုံးနက် (Bold type) ဖြင့် ပြထားခဲ့သည်။ ဆိုလိုသည်မှာ ကျန်းမာရေးအာမခံသည် လူတိုင်း ၀ယ်မှသာ ကောင်းမွန်သော စနစ်တစ်ခု ဖြစ်ပေမည်။ နေမကောင်းသူများကသာ ကျန်းမာရေးအာမခံ ၀ယ်ပြီး ကျန်းမာရေး ဒေါင်ဒေါင်မည်နေသူများက မ၀ယ်လျှင် ကျန်းမာရေးအာမခံ ဈေးကွက် ပျက်သွားနိုင်သည်။ Death spiral တွင် အသေးစိတ် ဆက်ဖတ်ပါ။

Death spiral

အဓိပ္ပါယ်

ကျန်းမာရေးအာမခံ ကုမ္ပဏီ၏ နေ၀င်ချိန်။ နေထိုင်မကောင်းဖြစ်သူ သို့မဟုတ် နေထိုင်မကောင်း ဖြစ်လာစရာရှိသည်ဟု မိမိကိုယ်မိမိ သိနေသူများကသာ ကျန်းမာရေးအာမခံ ၀ယ်လျှင် အာမခံကုမ္ပဏီ အနေဖြင့် တွက်ချေမကိုက်တော့။ အာမခံကြေး ပိုတောင်းတော့မည်။ အာမခံကြေး ဈေးတက်လာသောကြောင့် ရောဂါကြီးကြီးမားမား ရှိသူများလောက်သာ အာမခံဝယ်တော့မည်။ ထိုအခါ အာမခံကုမ္ပဏီက ဆေးကုသစရိတ် ပိုပြီးများများ ထုတ်ပေးရဦးမည်။ အာမခံကြေး ထပ်တက်လာမည်။ ထိုသို့ သံသရာလည်ပြီး အာမခံကုမ္ပဏီ ပြုတ်သွားပေမည်။

ကျန်းမာရေးအာမခံ ပုံစံကွဲအမျိုးမျိုးကို ဆက်လက်ဖော်ပြပါဦးမည်။

စာရှုသူများသို့ ပန်ကြားချက်။ ။ ပိုမိုသင့်လျော်သော ဘာသာပြန် စကားလုံးများ အကြံပေးလိုပါက မှတ်ချက်တွင် ရေးသားသွားစေလိုပါသည်။

ဝန်ခံချက်။ ။ စာရေးသူသည် ကျန်းမာရေးအာမခံ ကုမ္ပဏီ မပိုင်ပါ။ ကျန်းမာရေးအာမခံ ကုမ္ပဏီ အစုရှယ်ယာလည်း ၀ယ်မထားပါ။

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

စာကိုး။

Lecture notes from the U.S. health care system class
http://en.wikipedia.org/wiki/Health_insurance
http://en.wikipedia.org/wiki/Moral_hazard
http://en.wikipedia.org/wiki/Adverse_selection
http://www.hiriautatpa.com/2008/08/12/life-cycle-7/

ယခင်ပို့စ်

ကျန်းမာရေးအာမခံ-မိတ်ဆက်

Read More...

Sunday, December 6, 2009

Introduction to health insurance

ကျန်းမာရေးအာမခံ - မိတ်ဆက်


“ကျန်းမာရေးအာမခံ” ဆိုတာဘာလဲ၊ ဘယ်လို ပုံစံမျိုးနဲ့ အလုပ်လုပ်သလဲ စသဖြင့် သိကောင်းစရာလေးတွေကို အခန်းဆက် ဆောင်းပါးများနဲ့ တင်ပြသွားပါမယ်။

လူတွေ မလွန်ဆန်နိုင်တဲ့ တရားထဲမှာ “နာခြင်း” က တစ်ခုအပါဝင်ဖြစ်လို့ တစ်နေ့ နာကြရမယ်ဆိုတာ အသေအချာ သိကြပေမယ့် …
  • အဲဒီတစ်နေ့က ဘယ်နေ့လဲ ဆိုတာ
  • ဘယ်နေရာက နာမယ်ဆိုတာ
  • ဘယ်လောက် အတိုင်းအတာအထိ နာမယ်ဆိုတာ
  • ဘယ်လောက်ကြာကြာ နာနေမယ်ဆိုတာ
အသေအချာ မသိကြပါ။

အဲဒီလို ဘယ်နေ့ ဘယ်ထောင့်ကနေ ဘယ်လို ပေါ်လာမယ်မှန်းမသိ၊ ဘယ်လောက်ကြာကြာ နာနေမယ်မှန်း မသိတဲ့ “နာခြင်း” ဆိုတာကြီးကို ကုသဖို့ရာ ဘယ်လောက် ကုန်ကျမယ် ဆိုတာက ပိုပြီး မှန်းဆရခက်လာပါတယ်။ အသက်နဲ့ ယှဉ်လာပြီ ဆိုတော့ တခြားလိုအပ်ချက်တွေ ဘေးချပြီး ကျန်းမာရေးအတွက် သုံးကြရပါတော့တယ်။ တတ်နိုင်ရင် တော်သေးရဲ့ မတတ်နိုင်ရင် ဘယ့်နှယ်လုပ်မလဲ။

ဒီလို မသိကိန်းတွေ ရှိနေပေမယ့် မှန်းဆနိုင်တဲ့ အကြောင်းအရာတွေကလည်း ရှိနေပြန်ပါတယ်။

ဥပမာ - ကမ္ဘာပေါ်မှာ လူဦးရေ သန်း ၃ထောင်ရှိတဲ့ အနက် ဒီနှစ်တော့ လူ ၈ သန်းလောက် တီဘီဖြစ်မယ်၊ သန်း ၂၄၀ လောက် ငှက်ဖျား ဖြစ်မယ် စသဖြင့် ခန့်မှန်းလို့ ရပါတယ်။ တီဘီဖြစ်ဖြစ် ငှက်ဖျားဖြစ်ဖြစ် ကုသစရိတ် တစ်ယောက်ကို ဒေါ်လာ ၅၀ ကုန်မယ် ဆိုပါစို့။ ဒါဆို စုစုပေါင်း ဒေါ်လာ သန်းပေါင်း ၁၂၄၀၀ ကုန်ပါမယ်။ အဲ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူဦးရေ သန်း ၃၀၀၀ နဲ့ပဲ တွက်ဦး လူတိုင်း ငွေကြေးထည့်ဝင်ရင် တစ်ဦးကို ၄ ဒေါ်လာပဲ ထည့်ဝင်ရပါမယ်။

ဒါပေမယ့်လည်း စဉ်းစားစရာတွေက ရှိနေပါသေးတယ်။ ၄ ဒေါ်လာဆိုတာဟာ ချမ်းသာတဲ့ နိုင်ငံတွေမှာ မုန့်ဖိုးလောက် ရှိပေမယ့် ဆင်းရဲတဲ့နိုင်ငံတွေမှာ မိသားတစ်စုရဲ့ တစ်ရက်စာ ၀င်ငွေ ဖြစ်ရင် ဖြစ်နေမှာပါ။ နောက်ပြီး “ကိုယ်က ရောဂါမဖြစ်ပဲနဲ့ ရောဂါဖြစ်နေတဲ့ လူတွေအတွက် ကုန်ကျစရိတ်ကို မျှခံရတာဟာ တရားသလား” ဆိုတာမျိုး စောဒဂ တက်မယ်ဆိုရင်လည်း တက်စရာပါပဲ။ အဲ … ကိုယ်ကိုယ်တိုင်က မကျန်းမာတဲ့ လူဖြစ်လာရင်တော့ … “အင်း … ကျန်းမာနေတဲ့ လူတွေက ကုသစရိတ်မျှခံပေးရင်တော့ ကိုယ့်အတွက် သက်သာမှာပဲ” လို့ တွေးမိစရာ ရှိပါတယ်။ ကဲပါလေ … ဒီလို စဉ်းစားစရာတွေကို ခဏ ဘေးချထားလိုက်ပါဦးမယ်။

ရပ်ကွက်ထဲက ချို့တဲ့တဲ့ အသိမိတ်ဆွေ တစ်ယောက် နေထိုင်မကောင်းဖြစ်လို့ ရပ်ကွက်သူ ရပ်ကွက်သားတွေ ၀ိုင်းပြီး ကူငွေ ထည့်ကြတာက လွယ်ပါတယ်။ ဒါပေမယ့် မြို့တစ်မြို့၊ နိုင်ငံ တစ်နိုင်ငံ အနေနဲ့ ဆိုရင် လူတိုင်းဆီကနေ ဝေပုံကျ ထည့်ဝင်ငွေ ကောက်ဖို့ နောက်ပြီး မကျန်းမာသူတွေကို စရိတ်ပြန်ထောက်ပေးဖို့ကတင် အလုပ်တစ်ခု ဖြစ်လာပါတယ်။

ဒီအလုပ်ကို နိုင်ငံ အမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ အဖွဲ့အစည်း အမျိုးမျိုး(အစိုးရ၊ ပုဂ္ဂလိက၊ သမ၀ါယမ၊ အန်ဂျီအို)က တာဝန်ယူကြပါတယ်။ တာဝန်ယူတဲ့ အဖွဲ့အစည်းရဲ့ ပုံသဏ္ဍန်ပေါ်မူတည်ပြီး လုပ်ထုံးလုပ်နည်း အမည်အမျိုးမျိုး ကွဲပြားသွားကြပေမယ့် “ကျန်းမာရေးအာမခံ” ဆိုတဲ့ ကျန်းမာရေး ကုန်ကျစရိတ်ကို လူအများရဲ့ ထည့်ဝင်ငွေထဲမှ ကျခံပေးခြင်း အခြေခံသဘောတရားကတော့ မပြောင်းမလဲရှိနေဆဲပါ။ နောက်ပိုင်းဆွေးနွေးရလွယ်အောင် ကျန်းမာရေးအာမခံ ဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းကို အာမခံကုမ္ပဏီ လို့ပဲ ဆိုကြပါစို့ရဲ့။ စောစောက ပြောခဲ့သလို အာမခံကုမ္ပဏီ ဆိုတာဟာ အစိုးရလည်း ဖြစ်နိုင်သလို ပုဂ္ဂလိက ဒါမှမဟုတ် သမ၀ါယမ ဒါမှမဟုတ် အန်ဂျီအို ဖြစ်နိုင်တယ် ဆိုတာကို မှတ်ချက်အနေနဲ့ တို့ထားခဲ့ချင်ပါတယ်။

ဒီတော့ ကျန်းမာရေးအာမခံ ကို အကောင်အထည် ဖော်ရာမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ၊ လူနာ နဲ့ အာမခံကုမ္ပဏီ ဆိုပြီး သုံးဦး သုံးဖလှယ် ရှိပါမယ်။ လူနာ (သို့မဟုတ်) တချိန်ချိန် လူနာ ဖြစ်လာနိုင်တဲ့ သူတွေက အာမခံကုမ္ပဏီကို လစဉ်ကြေး ပေးသွင်းထားပြီး မိမိနေထိုင်မကောင်းဖြစ်လို့ ဆေးကုသတဲ့အခါမှာတော့ အာမခံကုမ္ပဏီကနေ ဆေးကုသစရိတ်ကို ပြန်ထုတ်ပေးပါမယ်။ ဒါက အရိုးရှင်းဆုံး ကျန်းမာရေးအာမခံ စနစ်ပါ။ တကယ့်လက်တွေ့မှာတော့ ဒီ့ထက် နည်းနည်းပိုပြီး ရှုပ်ထွေးပါတယ်။

နောင်အခါ အငြင်းမပွားရလေအောင် ကတိက၀တ် စာချုပ်စာတမ်းတွေနဲ့ တစ်ဦးကိုတစ်ဦး ချည်နှောင်ထားကြလေတော့ ကျန်းမာရေးအာမခံစာချုပ်မှာ ပါဝင်တဲ့ အသုံးအနှုန်းတွေက ဥပဒေ အသုံးအနှုန်း၊ ငွေကြေးဆိုင်ရာ အသုံးအနှုန်း၊ ကျန်းမာရေး အသုံးအနှုန်းတွေနဲ့ ပြည့်နှက်နေပြီး သာမာန်အားဖြင့် လုံးစေ့ပတ်စေ့ နားလည်ဖို့ ခက်ခဲပါတယ်။ တကယ်တန်း ကျန်းမာရေးအာမခံကို အသုံးချဖို့ လိုလာပြီဆိုတော့မှ အဆင်မပြေတာတွေ ဖြစ်ဖြစ်လာတတ်လို့ အဲဒီအသုံးအနှုန်းတွေထဲက မသိမဖြစ် သိသင့်တဲ့ အသုံးအနှုန်းတွေကို နောက်ဘလောက်ပို့စ်မှာ ဆက်ပြီး တင်ပြပါမယ်။

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

စာကိုး။

WHO. 2006. Global disease burden 2004 update.

Read More...

Friday, October 9, 2009

ဆေးရုံလှလှ ကောင်းကောင်းမှာ လာတက်ကြမလား

အိမ်အ၀င်မှာ “ကြိုဆိုပါ၏” စာတမ်းလေးချိတ်ထားတာ မင်္ဂလာရှိလှပါတယ်။ ဆေးရုံလို၊ လူအိုရုံလို၊ နေရာမှာ (၀ဲလ်-ကမ်း) ဆိုတာ ရေးထားရင်တော့ တမျိုးကြီး မဟုတ်ပါလား။

နိုင်ငံကြီးများက မြို့ကြီးများရဲ့ ပုဂ္ဂလိကဆေးရုံကြီးတွေမှာ ရောဂါရှာဖွေတာ နဲ့ ဆေးကုသတာတွေမှာ မြန်လဲမြန်၊ စိတ်လဲ ချရတဲ့ ခေတ်ရှေ့ပြေး ကရိယာတန်းဆာပလာ မှန်သမျှ တပ်ဆင်ထားကြပါပြီ။ နည်းပညာအရသာမက လူနာတွေ သက်တောင့် သက်သာ ကိုယ့်အိမ်မှာကိုယ် ရှိနေသလို ခံစားစေရပြီး၊ ရောဂါပျောက်လည်း မြန်ဆန်အောင် စီမံလာထား နေကြပါပြီ။

ခွဲစိတ်ကုသပြီးတဲ့ လူနာတယောက်ရဲ့ အရေးကြီးလက္ခဏာတွေဖြစ်တဲ့ သွေးဖိအား၊ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်း တွေကို ဆရာဝန်က Wireless telemetry ခေါ်တဲ့ အဝေးကနေ ထိန်းကြည်နိုင်တဲ့ စနစ်နဲ့ စောင့်ကြည့် နိုင်ပါတယ်။ အထူးကု ဆရာဝန်တဦးအဖို့ အထူးခန်း ICU ထဲကလူနာရဲ့ အခြေအနေကို ဖုန်းခဏခဏ ဆက်မေးနေစရာ မလိုပါ။ အဲဒီ Telemetry ဆိုတာဟာ ခေတ်ရှေ့ပြေးနည်းပညာ တိုးတက်မှုတွေထဲက တခုဘဲ ရှိပါသေးတယ်။

ဆေးရုံတွေက လူနာ သက်တောင့်သက်သာရှိပြီး အစစအဆင်ပြေစေအောင် အဆက်မပြတ် ဆောင်ရွက် လာကြပါတယ်။ ဆေးရုံးကြီးတွေမှာ စာရွက် မသုံးတော့သလို၊ လူနာတွေကလည်း စာရွက်စာတမ်း၊ ဖလင်ပြား၊ ရီပို့တ်တွေ သယ်လာဘို့ မလိုတော့ပါ။ သူ့ (အိုင်ဒီ)နံပါတ်သာ မှတ်ထားရင် ရပြီ။ ဆေးရုံက အင်တာနက်မှာ အားလုံးကို သိုမှီး သိမ်းဆီးထားပါတယ်။ နောက်ပြီး ဆရာဝန်ကညွှန်းတဲ့ ဆေးဝါးကိုလဲ (ဖါမဆီ-နက်တ်ဝပ်ခ်)ကို တခါတည်း ပို့လိုက်တာမို့ ဆေးဆိုင်ကို သွားနေစရာ မလိုယုံမက ဆေးဆိုင်ကနေ အိမ်တိုင်ယာရောက် လာပို့ပါမယ်။

ဓါတ်မှန်ကိုလည်း ကွန်ပြူတာမျက်နှာပြင်မှာ အချိန်မရွေး ကြည့်နိုင်ပါတယ်။ ဆေးရုံထဲ တနေရာက တနေရာ သယ်ရ-သွားရချိန် နည်းစေအောင် လေစုပ်အား-လေဟာနယ်စနစ် Pneumatic chutes ကို အသုံးပြုထားလို့ လူနာရဲ့ သွေးနမူနာ စတာတွေကို လူနာစောင့်က ဓါတ်ခွဲခန်းတို့ သွေးဘဏ်တို့ကို သွားပို့ပေးစရာ မလိုတော့ပါ။

ဆရာဝန်နဲ့တွေ့ဘို့ ရက်ချိန်းကိုလည်း (အွန်လိုင်း)ကနေ လုပ်နိုင်တယ်။ ဆရာဝန်၊ သူနာပြု ခွင့်ရက်ကအစ ကွန်ပြူတာ (အွန်လိုင်း)မှာ ရှိနေတယ်။

ရောဂါရှာတာ၊ ကူသမှုပေးတာတွေမှာလည်း တိုးသည်ထက် တိုးတက်လာပါတယ်။ Digital x-rays, 64 slice CT-scan, MRI, PET-Scan နဲ့ ၄၀၀၀ သော ဓါတ်ခွဲစမ်းသပ်နည်းတွေကို ပိုမိုတိကျတဲ့ အဖြေရစေကာမို့ ထိရောက် မြန်ဆန် လှပါတယ်။ လူ့အမှားဆိုတာလဲ နည်းစေပါတော့တယ်။ Cutting-edge technologies နည်းပညာတွေ ရယူ သုံးစွဲထား နိုင်လို့ပါ။

ဗိုက်ဖွင့်-ရင်ဖွင့် ခွဲစိတ်နည်းနေရာမှာ ဒါးရာ အနည်းဆုံးနဲ့ အတွင်းထဲ ထည့်ကရိယာတွေ သုံးလာပါတယ်။ ခွဲစိတ်ဆရာဝန်များဟာလည်း လူနာတင်ထားတဲ့ ကုတင်ဘေးမှာ မဟုတ်ဘဲ၊ ခိုင်းသလိုလုပ်ပေးမဲ့ (ရိုးဘော့) စက်ရုပ်တွေကို အမိန့်ပေးတဲ့ ကွန်ပြူတာအနားမှာ ထိုင်ရပါတယ်။ လူ့အမှားနည်း၊ လူ့အသား ထိခိုက်မှုလည်းနည်း၊ ပိုးအ၀င်လည်း နည်းစေပါတယ်။ အပျောက်လည်း မြန်ဆန်၊ လူနာ့အဖို့ အနာလည်းသက်သာ၊ သွေးထွက်နည်းပြီး၊ အိမ်မြန်မြန် ပြန်နိုင်စေပါတယ်။ ကောင်းမှကောင်း ဆိုတာမျိုးပေါ့။

လေပြွန်ထဲကရိယာထည့်ကြည့် စစ်ဆေးတဲ့ Endoscopy and Bronchoscopy အတွက် လူနာကို ဆေးရုံတင်ဘို့ မလိုတော့ပါ။ အရင်က တပါတ်စာအလုပ်တွေဖြစ်ကြတဲ့ သည်းခြေအိပ်ထုတ်တာ၊ အူအတက်ထုတ်တာ၊ သွေးလွှတ်ကြော စစ်ဆေးတာ၊ သွေးလွှတ်ကြော ကျဉ်းတာကို ကုတာတွေဟာ တနေ့ထည်းပြီး ကိစ္စတွေသာ ဖြစ်လာပါတော့တယ်။

ဆေးရုံအတွင်းဒီဇိုင်းကိုလည်း (ဖိုက်စတား) ဟော်တယ်တွေလို Aesthetic Interiors နည်းတွေနဲ့ ပြုပြင် တည်ဆောက် ထားလို့ လူနာအဖို့ ကိုယ့်အိမ်မှာ နေနေရသလို ခံစားစေအောင် လုပ်ပေးတားပါတယ်။ အမြင်၊ အထိအတွေ့၊ အနံ့၊ နဲ့ စိတ်ခံစားမှု လေးမျိုးကို အဲလိုနေအောင် လုပ်ထားတာပါတဲ့။

လီယိုနာဒို-ဒါဗင်ချိ၊ အိုက်ဆက်-နူတန် တို့ခေတ်က စခဲ့တဲ့ (ကာလာ သီအိုရီ) တွေ အခြေခံပြီး၊ အရောင်တွေရဲ့ လူ့စိတ်အပေါ်လွှမ်းမိုးမှု သဘောတရားကို အသုံးပြုတာလို့ ဆိုပါတယ်။ ဆေးရုံဆိုရင် ထုံးစံရိုးရာ အဖြူရောင်အစား အရောင်နုကလေးတွေ သုတ်ခြယ်လာပါတယ်။ ကလေးလူနာဆောင်၊ သားဖွါးမီးယပ်ဆောင်တွေဆိုရင် အရောင်ကို ပိုဂရုစိုက်ရပါတယ်။ Loud colors ဆိုတဲ့ အရောင်စိုစို၊ အရုပ်ထင်းထင်း ပန်းချီရုပ်တွေ ရေးဆွဲထားပါတယ်။

အပြင်လှမ်းကြည့်လိုက်ရင်လဲ စိမ်းစိုနေမယ်။ ကလေးတွေ ကစားဘို့ နေရာ-ပစ္စည်းတွေလဲ ထားတယ်။ ဆေးရုံအဆင်း (ဆူဗီနာ)လက်ဆောင်ဝယ်သွားဘို့ ဈေးဆိုင်ကန္နားများလည်း ထားပေးပါတယ်။

ကိုင်း ရောဂါဖြစ်ချင်စရာ ဆေးရုံတက်ချင်စရာ ဘယ့်လောက် ကောင်းပါသလဲ။ မစည်ကားအပ်သော အရပ်တွေထဲမယ် ဆေးရုံဆိုတာလဲ ပါမယ်။ အခုလို ဆေးရုံမျိုးတွေမှာ လူသိပ်စည်မယ်တော့ မထင်ပါ။ ဈေးကြီးလှလွန်းလို့။

ဒီလို ဆေးရုံကြီးမျိုးတခု ကုန်ကျစရိတ်ဟာ RHC ခေါ်တဲ့ ကျေးလက်ကျန်းမာရေးဌာန ၁၀၀ မကကို တိုးတက်အောင် လုပ်ပေးနိုင်ပါလိမ့်မယ်။ ဒီလိုဌာနမျိုးမှာတော့ လူစည်စေချင်ပါတယ်။

Dr. တင့်ဆွေ

Read More...

Friday, August 22, 2008

Life Cycle (7)


ထို့ကြောင့် ဤအရာ ကိုသံသရာ ဟုခေါ်သည် (၇)
Juan
ဆေးဖိုးဝါးခ နှင့် လူနာ

ခေတ်သစ် ကျန်းမာရေး စောင့်ရှောက်မှု သို့မဟုတ် ပုဂ္ဂလိက ကုသရေး လုပ်ငန်း များမှာ ကုန်ကျ စရိတ် အားလုံးကို နောက်ဆုံး သုံးစွဲသူ (End User) ဖြစ်တဲ့ လူနာ ကခါးစည်း ကျခံ ရမယ်။ ငွေကုန် ကြေးကျ မခံ နိုင်ရင် ကောင်းမွန် ထိရောက်တဲ့ ဆေးဝါး ကုသ မှုကို မျက်မွှေး ထော်လို့ တောင်မော် မကြည့် လေနဲ့ ဆိုတဲ့ သဘောမျိုး ဖြစ်နေတာ ယနေ့ ကမ္ဘာရဲ့  ရင်နင့် ဖွယ် အမှန် တရား တစ်ခု ပါပဲ။ ငွေမရှိ ရင် ရောဂါ ပျောက်ဖို့ မစဉ်း စားနဲ့ လို့ တရား လက်လွတ် ပြောရာ ရောက်နေ ပါပြီကော။



WHO ရဲ့  ၂၀၀၅ ခုနှစ် မှာထွက်ပေါ် လာတဲ့ technical report အရ- တစ်ကမ္ဘာ လုံးရှိ အိမ်ထောင်စု ပေါင်း ၄၄ သန်း သို့မဟုတ် လူ သန်း ပေါင်း ၁၅၀ လောက်ဟာ ဆေးဖိုး ၀ါးခ စရိတ်ထောင်း တဲ့ဒဏ် ခံနေကြ ရတယ်တဲ့။ အဲဒီ အထဲက ကံပို ဆိုးသူ အိမ်ထောင်စု ပေါင်း ၂၅ သန်း သို့မဟုတ် လူသား သန်း ၁၀၀ ဟာ ဆေးဖိုး ၀ါးခ ကြောင့် ကြွေးတင် ကျွန်ဖြစ် ပြီး ပြာပုံ မတိုး ရပဲ ဆင်းရဲ မွဲတေ ကုန်ကြ တယ်။ ဒီလို ဖြစ်နေ တာတွေ ကို အထူးပြု လေ့လာ တဲ့သုတေ သန လုပ်ငန်း များက ဒီဖြစ်ရပ် ကို “ကျန်းမာရေး စရိတ် (ဆေးဖိုး ၀ါးခ) ကြောင့် ဒုက္ခ ကပ်ဆိုက် ခြင်း (Catastrophic Health Care Payments)” လို့ တင်စား ခေါ်ဝေါ် ခဲ့ကြတယ်။

ရောဂါ ကြောင့် မွဲပြာ ကျခြင်း ဆိုတဲ့ ငိုချင်း ရှည်ကြီး ဟာ ရောဂါ ကုသ စရိတ် ထောင်းလို့ ဆင်းရဲ မွဲတေ ရုံမျှ မက နောက်ဆက် တွဲ ဖြစ်ရပ် တွေ အများကြီး ပါပဲ။ စုဆောင်း ထားသမျှ ပြောင်တဲ့ အပြင်၊ စားဝတ် နေရေး ကျပ်တည်း၊ သား သမီး တွေ ကျောင်းမထား နိုင်၊ ကြွေးတွေ ပါတ်လည် ၀ိုင်း ပြီး ဆင်းရဲ ခြင်းနွံ ထဲက တစ်သက် လုံး မရုန်း ထွက်နိုင်၊ နောက်ဆုံး ရောဂါ ကုဖို့ လက်တွန့် ရှောင်ကျဉ် လာကြ ပြီး ကျန်တဲ့ ပိုက်ဆံ လေး သပိတ်သွပ် ဖို့သာ ထားလိုက် ပါတော့တို့၊ ငါ့သားလေး ကိုသာ ရှင်ပြုပေး လိုက်ပါတို့ ဆေးဝါး ကုသဖို့ နဲ့ ကျန်ကိစ္စ များကို လဲလှယ်လိုက် ရပါ တော့တယ်။ ဒါတင် မကသေးပါ။ ကူးစက် ရောဂါ တွေကို မကု တော့ဖို့ ဆုံးဖြတ် မိရင် ရောဂါ ဖြန့်ဖြူးသူ လက်သည်ကြီး ဖြစ်လာမယ်။ တစ်ယောက် ကစလိုက် တာ ရာ၊ ထောင်၊ သောင်း၊ သိန်း ကူးစက် ပြန့်ပွား ပြီး တိုင်းပြည်ရဲ့  လူမှု၊ စီးပွားရေး အားလုံး ကို ဆုတ်ယုတ် လျော့ပါး သွားအောင် ၀ါးမျို ပစ်လိုက်နိုင်တဲ့ အန္တရာယ် ကြီးဖြစ်နိုင် ပါတယ်။

ဒါဆိုရင် လူနာ အားလုံး ကိုနိုင်ငံတော် အစိုးရ ကတာဝန်ယူပြီး ပြည်သူ့ ဆေးရုံ များမှာ အလကား ကုပေးပါလား လို့ ပြောစရာ ရှိပါတယ်။ တခေတ် တခါ ကအဲသလို လုပ်ခဲ့ ပြီးပါသကော။ Socialized medicine ဆိုပြီး ရှိသမျှ အလကား free health care ဆိုပြီး လုပ်လိုက် တာမွဲပြာ ကျလု နီးနီး ဖြစ်ခဲ့ ပါတယ်။ ကမ္ဘာပေါ်မှာ ဘယ်တိုင်းပြည် မှလူ့အဖွဲ့ အစည်း တစ်ရပ် လုံး စိတ်တိုင်းကျ တဲ့ အထိ ကျန်းမာရေး စောင့်ရှောက်မှု ကို အလကားပေး နိုင်စွမ်း မရှိပါဘူး။ သင့်ဘာသာ သင် ဆေးလိပ် တွေ မိုးမွှန်အောင် သောက်လို့ အဆုပ် ကင်ဆာ ဖြစ် လာတာ ကို၊ သင့်ဘာသာ သင် အရက်ကို မိုးမလင်းတမ်း သောက်လို့ အသည်း ခြောက်လာ တာကို နိုင်ငံတော် က အရင်း အနှီး များစွာ ပုံအော သုံးပြီး အလကား ပဲတင်း ကုပေး ရမတဲ့လား။ ဖြစ်နိုင် စရာ မရှိ ပါဘူး လို့ ကျန်းမာရေး ပေါ်လစီ မိတ်ကာ များက အတိ အလင်း ဆိုကြ ပါတယ်။

ဒါဖြင့် ရင် ဒီဖြစ်စဉ် ကြီးကို သူ့ အတိုင်းလွှတ်ပေး ထားမှာလား။ ကိုင်တွယ် ဖြေရှင်း နည်းတွေ မရှိ တော့ဘူးလား။ ဖြစ်နိုင်ချေ တစ်ခု က တော့ နိုင်ငံတော် မှ တာဝန်ယူ သော မယူ မနေ ရ ပြည်သူ့ ကျန်းမာရေး အာမခံ စံနစ် (Compulsory community health insurance scheme) ကို ကျင့်သုံး နိုင်ပါသတဲ့။ ယူနိုက်တက် ကင်းဒမ်း ရဲ့  အမျိုးသား ကျန်းမာရေး ၀န်ဆောင်မှု စံနစ် (NHS: National Health Service) နဲ့ ထိုင်းနိုင်ငံ ရဲ့  တက်ရှင် လက်ထက် ကကျင့်သုံး ခဲ့တဲ့ အားလုံး လွှမ်းခြုံ ကျန်းမာရေး စံနစ် (UC: Universal Coverage Scheme) တွေမှာ ဒီသဘောမျိုး ကိုတွေ့ ရပါတယ်။ အမေရိကန် မှာ မှိုလို ပေါက်နေတဲ့ private health insurance တွေကတော့ ဒီ ဖြစ်စဉ် ကြီးကို မပြေလည် စေရုံမျှ မက ပိုလို့တောင် ဆိုးစေ သတဲ့။

သို့သော်လည်း အဲဒီလို compulsory community health insurance scheme တစ်ခု တည်ဆောက် ဖို့ဆို တာကိုက မြင်းမိုရ် တောင် တက်ရ သလောက် ကိုခက်ခဲ ပါတယ်။ အတတ် ပညာ၊ အရင်း အနှီး၊ အချိန်၊ ငွေ၊ လူအင်အား အများကြီး သုံးပြီး တည်ဆောက် ရမဲ့ စံနစ် မျိုးပါ။ ဒီစံနစ် ရဲ့  အဓိက ကျောရိုးဟာ ပြည်သူတွေ ထံက ကောက်ခံတဲ့ ၀င်ငွေခွန် (Income tax) ရယ်၊ ဆေးလိပ်၊ အရက်၊ ဘီယာ လိုကျန်းမာရေး ထိခိုက် စေနိုင်တဲ့ ကုန်ပစ္စည်းတွေ အပေါ်မှာကောက် ခံတဲ့ Sin tax & earmarked tax တွေရယ် ကိုကျန်းမာရေး အာမခံ ငွေပင် ငွေရင်း လုပ်ပြီး တည်ဆောက်ရ တာကိုး။

အခွန် လို့ဆိုရာမှာ တရားမျှတ သော အခွန် စံနစ် (Progressive tax system) နဲ့ တရား မျှတ မှုမရှိသော အခွန် စံနစ် (Regressive tax system) ဆိုပြီး ရှိနေပြန်တော့ ကိုယ့်တိုင်းပြည် ဟာဘယ်လို အခွန် စနစ်မျိုးနဲ့ စခန်းသွား နေသလဲ ဆိုတာ ကို သုတေသန လုပ်ကြည့် ဖို့ လိုလာပြန် တယ်။ ၀င်ငွေ များသလောက် အခွန် များများ ပေးရ ပြီး ၀င်ငွေ နည်းရင် အခွန် နည်းနည်း ပဲပေး ရတာကို progressive tax၊ ၀င်ငွေ နည်းသူ အခွန်များများ ပေးရပြီး ၀င်ငွေ များတဲ့ သူတွေက နည်းနည်းပဲ ပေးရရင် regressive tax လို့ခေါ်ပါတယ်။

နောက်တစ်ခု က ဖြစ်လာ လတ္တံ့ သောအန္တရာယ် အပေါ် လူထုရဲ့  သဘောထား ဆန်းစစ်ချက် ဆိုတဲ့ risk analysis ကိုလည်း လုပ်ကြည့် ရသေးတယ်။ ကျန်းမာရေး အာမခံ စနစ် ဆိုတာမျိုးက အကျိုးသက်ရောက် မှုရှိနိုင်သမျှသော လူထုရဲ့  ထည့်ဝင် ငွေ (premium) အားလုံး ကို ငွေပင် ငွေရင်း လုပ်ထားပြီး ဒီအကျိုး ကိုရောဂါ ဖြစ်တဲ့ အခါ ခံစား၊ မဖြစ်ရင် မခံစားနဲ့ ဆိုတဲ့ သဘောမျိုး ရှိတာ ကိုးဗျ။ ဆိုတော့ လစဉ် ကြေး မှန်မှန် ထည့်ပြီး ကိုယ် ကကျန်းမာ ပကတိ၊ ချမ်းသာ အတိ ဖြစ်နေရင် ကိုယ့်ငွေ ကို သူများရောဂါ ကုဖို့ အလှူ လုပ်နေ ရသလို ဖြစ်နေတာပေါ့။ ဒါကြောင့် လည်း risk analysis ဆိုတာ ကိုလုပ် ကို လုပ်ရ ပါတယ်။ ဒီဆန်းစစ်ချက် အရ လောက မှာ လူသုံးမျိုး သုံးစား ရှိသတဲ့ ...

1. ဖြစ်လာ နိုင်တဲ့ အန္တရာယ် (ရောဂါ ရနိုင်ချေ) ကို ရင်မဆိုင် လိုပဲ ကြိုတင် ရှောင်လွှဲ လိုတဲ့ လူမျိုး ကို Risk averters လို့ ခေါ်ပါတယ်။
2. ဘာအန္တရာယ်၊ ဘာရောဂါ ကိုမှ မကြောက်ပဲ လုပ်ချင် တာလုပ်မယ်၊ သေမြေကြီး ရှင်ရွှေထီး ဆိုတဲ့ လူမျိုး တွေကို Risk takers တဲ့။
3. ကြောက်တယ် လဲမဟုတ်၊ မကြောက်ဖူး လည်းမဟုတ်၊ အခြေ အနေပေါ် မူတည် တာပဲ ဆိုသူများ ကို Risk neutrals တွေလို့ ခေါ်ပါတယ်။


Compulsory community health insurance scheme တစ်ခု ကျင့်သုံး တော့မယ့် အခါမှာ ဒီတိုင်းပြည်၊ ဒီ လူမှု အဖွဲ့ အစည်း မှာ ဘယ်လို လူမျိုးတွေ များနေ သလဲ ဆိုတာ ကိုဆန်းစစ် တာကို risk analysis လို့ခေါ်တာပါ။ အကယ်၍ Risk averters က အများစု ဆိုရင် နောင်တချိန် မကျန်းမာမဲ့၊ ရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ် ကိုကြိုတင် ရှောင်လွှဲ လိုစိတ် များကြလို့ ဒီစနစ် ကအောင်မြင် နိုင်ပါတယ်။ Risk taker တွေ များရင်တော့ ကိုယ် ရောဂါ ရမှာကို လည်းမပူ၊ သူများ အတွက်တော့ ဝေလာဝေး မို့ ကျန်းမာရေး အတွက် income tax ကသုံးမယ် ဆိုတာကို၊ လစဉ် နှစ်စဉ် premium ကြေး မှန်မှန် ထည့်ရ မှာကို အလွန်ဝန်လေး ကြလိမ့်မယ်။ ဒါကြောင့် ဒီစနစ် ဘယ်တော့ မှမအောင်မြင် ဘူးတဲ့။ Risk neutral သမားများမယ် ဆိုရင်တော့ လေယူရာတိမ်း၊ ယိမ်းတတ် သူများမို့ အချိန်ပေး၊ နားချ၊ စည်းရုံး မှုအပေါ် မူတည်ပြီး ဖြစ်လာနိုင်ဖွယ် ရှိပါသတဲ့။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလို စနစ်မျိုး က shock absorber အဖြစ်နဲ့ ရောဂါ ကြောင့် မွဲပြာကျ တာတွေ၊ ငွေမရှိလို့ ဆေးမကု နိုင်တာ တွေ၊ အတွင်းလှိုက် စားရောဂါ ပျံ့ နှံ့ မှုတွေ ကိုခုသာ ခံသာ လုပ်ပေးနိုင် တယ်ပဲ ဆိုဦးတော့ ပြဿနာ အပေါင်း လုံးဝ ကင်းစင် သွားတာ တော့မဟုတ် ပါ။ ကျန်းမာရေး ၀န်ဆောင်မှု ကွာလတီ ညံ့ဖျင်းတာ၊ အကြာကြီး တမေ့ တမော စောင့်ရတာ၊ ဟိုစာရွက် မှာ ဟိုဟာ ဖြည့်ပြီး ဟိုကိုသွား၊ ဒီစာရွက် မှာ ဒီဟာ ဖြည့်ပြီး ဒီကိုလာ စတဲ့ ဗျူုရို ကရေစီ ကြိုးနီ တောင်ကြီး ကို မကျော် လွှားနိုင်တာ။ ဆေးရုံ နဲ့ ဆရာဝန် များ အတွက် provider payment system မှာအားနည်း ချက်တွေ ရှိတာ စသည်ဖြင့် ထိုင်းရဲ့  UC ရော၊ ဗြိတိန် ရဲ့  NHS ရောမှာ အားနည်း ချက် ပေါင်း သောင်းခြောက်ထောင် နဲ့ ပြဿနာ တွေ တလှေ ကြီးပါ။

ဒါကြောင့် စောင့်ဆိုင်း စရာမလိုတဲ့။ ငွေ ရှိရင် အချိန်မရွေး ပြလို့ ရတဲ့၊ ကြိုက်သလောက်သုံး ကျသလောက်ပေး ကျန်းမာရေး ၀န်ဆောင်မှု တွေက ရှိနေဦးမှာ။ လူတွေကလည်း ရောဂါ ရနေဦးမှာ။ ရှင်သူ ရှင်ပြီး သေသူ သေနေကြဦးမှာ၊ ဖြစ်လိုက်၊ တည်လိုက်၊ ပျက်လိုက်၊ဒါကို ပဲ လောကရဲ့  သံသရာ လို့ ခေါ်ကြပြီး မှန်မှန်ကြီး လည်ပါတ် တတ်တဲ့ သဘောလည်း ရှိနေတယ် မဟုတ်လား ။။။။။။။။။။။။။

Read More...

Thursday, August 21, 2008

Life Cycle (6)

ထို့ကြောင့် ဤအရာကို သံသရာ ဟုခေါ်သည် (၆)
Juan
ကျန်းမာရေး အသုံး စရိတ် နှင့် ဆေးဖိုးဝါးခ

ဈေးကွက် ထဲမှာ အောင်ပန်းပန် လို့ အောင်လံ တံခွန် လွှင့်ထူ ထားတဲ့ ပုဂ္ဂလိက ကုသ ရေး ဆိုင်ရာ ကျန်းမာရေး စောင့် ရှောက်မှု လုပ်ငန်း ဟာ အမေ ရိကန် တစ်နိုင်ငံ လုံးကို လွန်ခဲ့ တဲ့ အနှစ် လေးဆယ် လောက်က စလို့ ၀ါးမျို ပစ်လိုက် တယ်။ ဘာသာရေး အသင်း အဖွဲ့ အချို့ ရဲ့  ခနော် ခနဲ့ မဖြစ် စလောက် အခမဲ့ ဆေးရုံ ကလေး များနဲ့ အစိုးရ ရဲ့  Medicare & Medicaid program ခေါ် သက်ကြား အိုနဲ့ ဒုက္ခိတ ကျန်းမာရေး စောင့်ရှောက်မှု မဖြစ်စလောက် ကလွဲ လို့ ပေါ့။ ကျွန်တော် တို့ ရွှေပြည်ကြီး မှာလည်း ယခင် စာဘူးတောင်း သာသာ ပုဂ္ဂလိက ဆေးခန်း လေးများ ရန်ကုန် ရွှေဘုံ သာလမ်း လောက်မှာ ပဲ ကျိုးတို့ ကျဲတဲ ရှိခဲ့ ရာက ဈေးကွက် လှိုင်းလုံး ကြီးတွေ ရိုက်ခတ်တဲ့ ၁၉၉၀ ပြည်လွန် နှစ်များ ကစလို့ ပုဂ္ဂလိက ဆေးရုံ ဆေးခန်း များဟာ ကလလ ရည်ကြည် သန္ဓေ တည်လာ လိုက်တာ အချိန် တိုတို အတွင်း အခြေ ခိုင် အသားကျ လာကြတယ်။ ဘယ်စီးပွား ရေးလုပ်ငန်း မှ မယှဉ် နိုင်လောက် အောင် ဖွံ့ဖြိုး လာတယ်။ ခန္ဓာ ရှိသရွေ့  ဝေဒနာ ရှိမှာ မို့ ဖောက်သည် မရှိမှာ ဘယ်တော့ မှပူ စရာ မလိုတဲ့ လုပ်ငန်းကိုး။

ဝန်ဆောင်မှု သဘောလည်းပါ၊ ဈေးကွက် စံနစ် လည်းဖြစ်လို့ လက်ဝါးကြီး အုပ် (Monopolize) လုပ်လို့ မရပဲ အပြိုင် အဆိုင် တွေများ လာတယ်။ ဒီလို ဆိုတော့ ကိုယ့်ဆေးခန်း လူများများဝင်ဖို့ ဆွဲဆောင် တဲ့ နည်းလမ်း တွေ သုံးလာ ကြရ ပြီပေါ့။ လူနာ တွေကို ကံစမ်းမဲ နဲ့၊ မော်ဒယ် ရှိုးပွဲ နဲ့ ဆွဲဆောင်လို့ မရဘူး။ လူနာ နှစ်ယောက် ကျုပ်တို့ ဆေးရုံ တက်ရင် နောက်ထပ် တစ်ယောက် အလကား တက်ခွင့် ပေးမယ် တူးပလပ်စ်ဝမ်း ပါလို့ ပရိုမိုးရှင်း လုပ်လို့ မရတာ လဲသေချာ တယ်။ ဒီမှာ တင်ပဲ အရည် အသွေးမြင့် ကုသရေး လုပ်ငန်း (Quality Health Care) ဆိုတဲ့ စကားလုံး ကိုနှုတ်တက် ရွရွ ရွတ်ဆို ကြတော့တယ်။ ကုသမှု အရည် အသွေး မြင့်လေ၊ ဝေဒနာ ပျောက်ကင်း ချမ်းသာ ဖို့အာမခံ ချက်ပေးနိုင် လေ၊ လူနာများများ ရဖို့ သေချာလေ၊ ဆိုတော့ ဒိတ်ဒိတ်ကြဲ အတွေ့အကြုံ ရင့် ဆရာဝန် ဂေါ်ဇီလာ ကြီးများ၊ နောက်ဆုံးပေါ် ရောဂါ ရှာဖွေရေး စက်ကရိယာ များ၊ ပြည်သူ့ ဆေးရုံများ မှာ အိပ်မက်တောင် မမက်ဝံ့ တဲ့ ဒစ်ဂျစ်တယ် ကုသရေး အသုံး အဆောင်များ၊ လှိုက်လှဲ ပျူဌာ ယဉ်ကျေး ပြီးမြင်ရုံ နဲ့ ရင်တုန် သွားရမဲ့ ဧည့်ကြို မယ်ကလေးများ၊ အပျံစား လူနာ နားနေ ခန်းများ၊ မျက်စိပဿာဒ ရှိဖို့ ဘာညာ၊ အကွန့် အညွန့် တွေကို အပြိုင် အဆိုင် ထင်တိုင်းကြဲ ကြတော့တယ်။ ဟိုတယ် ဆေးရုံ ၀န်ဆောင်မှု (Hotel Hospital Service) ဆိုတဲ့ စကားလုံး တောင်သုံးလာ ကြတယ်။ ဒါကြောင့် နောင် အမြတ် အစွန်း ကိုမျှော်ကိုးပြီး ထည့်လိုက် ရတဲ့ အရင်း အနှီး ကကြောက် စရာကောင်း လောက်အောင် ကြီးလာတယ်။ ဆေးရုံ ကြော်ငြာ လေးတစ်ခု ဖတ်ကြည့် ကြပါစို့ --- --- --- --- -- --- --- --- ။

“ကျွန်ုပ် တို့၏ ဆေးရုံကြီး သည် နိုင်ငံ တကာ အဆင့်မှီ ဆေးကုသ မှုကို ပေးစွမ်း နိုင်ယုံ မျှမက ဆေးရုံတွင်း ကြွရောက် လာသူ သဗ္မူရိသ အနွယ်ဝင် သူတော်စင် မိတ်သဟာ အပေါင်းအား ချစ်စဖွယ် ကောင်းလှပြီး ချိုသာ ယဉ်ကျေး လွန်းလှ သည့် ဧည့်ကြိုမယ် ကလေးများက အပြုံးပန်း များဖြင့် ပထမ ဆုံးကြိုဆို ပါရစေ။ မိတ်ဆွေ ဆောင်ရွက် စရာ ကိစ္စရပ် အားလုံး ကိုဝန်ဆောင်မှု ၀န်ထမ်းများက သေချာ စေ့စပ်စွာ လုပ်ဆောင်ပေးပါမည်။ ရေမြှုပ် ဆိုဖာ တွင်ထိုင်ရင်း ဧည့် ခန်း ဆောင် အတွင်း မှစိမ်းလန်း စိုပြေသော ရောင်စုံ ပန်းမာန် များ နှင့် ရေပန်း များကို ကြည့်ရှု ခံစားရင်း မိတ်ဆွေ စိတ်ချမ်း သာစွာ နေထိုင်ပါလေ။ မိတ်ဆွေ ခံစားနေရ သောဝေဒနာ ကိုပိန်းကြာ ဖက်တွင် ရေမတင် သလို လျှောကျ ပျောက်ကင်း အောင် ကုသ ပေးနိုင် စွမ်းရှိ သည့် ၀ါရင့်၊ သမ္ဘာရင့် ဒိတ်ဒိတ်ကြဲ၊ လက်လက်ထ၊ ဆရာဝန် ကြီး နှင့်ဆွေးနွေးပါ။ ဆေးရုံ တွင် တက်ရောက် ကုသရန် လိုအပ် ပါက ကြယ်ငါးပွင့် အဆင့် ဟိုတယ် ၀န်ဆောင်မှု ထက် သာလျှင်သာမည်၊ မညံ့သော ကျွန်ုပ် တို့၏ လူနာခန်း များကို မိတ်ဆွေ စိတ်တိုင်းကျရ ပါစေမည့်။ ကေဘယ် တီဗွီ မှ ၂၄ နာရီ ဖျော်ဖြေရေး အစီအစဉ် များကို ကြည့်ရင်း အပန်းဖြေပါ။ ဂေါက်ရိုက်ချင် သေးသည် ဆိုလျှင် အနီးနားမှာ ကိုးကျင်း မီနီဂေါက်ကွင်း ကလေးနှင့် --- --- --- --- -- --- --- ---”

ပျော်စရာကြီး။ ရောဂါ သာမရှိခဲ့ ရင်ပေါ့လေ။ ဆေးရုံ လာပါတယ် ဆိုမှ ရောဂါ မရှိတဲ့ လူရှိမလား ဗျ၊ ကွာလတီ ၀န်ဆောင် မှု ဆိုတဲ့ သဘောကို ထင်သာအောင် ပြောပြ တာပါ။ ဒီလို ကွာလတီ့ ကွာလတီ ၀န်ဆောင်မှု တွေ အတွက် ရင်းနှီး မြုပ် နှံ လိုက်ရတဲ့ ကုန်ကျ စရိတ် တွေဟာ သူ့ထက်ငါ အပြိုင် အဆိုင် ခေတ်ကြီး မှာ ကျေသွားတယ် လို့ မရှိလောက်အောင် ထပ်ထပ် ပြီးတက်တက် လာလို့ စက်လှေကား အရင်း အနှီး (Cost Escalation) လို့ အမည် ကင်ပွန်း တောင် တပ်ပေး ထားရသေး။

ဒီကုန်ကျ စရိတ် တွေကို ဒီဝန်ဆောင်မှု ကိုနောက်ဆုံး သုံးစွဲ သူ (End User) လည်းဖြစ်၊ ငါ့ဝမ်း ပူဆာ မနေသာ သူလည်း ဖြစ်တဲ့ လူနာ များက ကျခံ ရမှာ ကတော့ အသေ အချာ ပဲပေါ့။ ဒါကြောင့် လည်း ဒီအတွက် သင်အိတ် ဖောင်း နေဖို့ တော့ လိုသည် လို့ ထည့်ကြော်ငြာ စရာ မလိုလောက်အောင် သဘောပေါက် နားလည်ပြီးသား။

ကြိုက်သလောက် သုံး၊ ကျသလောက် ပေး ဆိုတော့ လူနာများများ ၀င်ဖို့ ဆွဲဆောင်ဖို့ လိုလို မလိုလို လုပ်ထားတဲ့ အပို ၀န်ဆောင်မှု စရိတ် စက တွေ အားလုံး ကိုအချိုးကျ ပေါင်းထည့်လိုက် တဲ့အခါ အမှန် တကယ် ကျသင့် ကျထိုက် တဲ့ ဆေးဖိုး ၀ါးခ ဆိုတာ ထက် အများကြီး ပိုကျ သွားပါတော့တယ်။ ဧည့်ကြို မယ်ကလေး တွေရဲ့  အပြုံး တစ်စ အတွက်၊ ဧည့်ခန်း ထဲက ရေမြှုပ် ဆိုဖာမှာ ထိုင်ပြီး ရေပန်း ကိုမျက်စိ ပဿာဒ ခံစား မိတဲ့ အတွက်၊ အခန်း ထဲကနေ ထမင်း ပွဲ ရှေ့ ရောက် မှာစား မိတဲ့ အတွက်၊ ရေချိုး ဇလုံ ကြီး ထဲ ရေမွှေး ဆပ်ပြာ တွေ ထည့်ပြီး ဇိမ်ခံ ရေချိုးမိတဲ့ အတွက်၊ နာလန် ထစ မှာငြိမ်ငြိမ် မနေနိုင် ပဲ ဒရိုက်ဗာ တုတ်နဲ့ ဟန်လုပ်ပြီး ဂေါက်သီး ကိုအုပ်မိ တဲ့ အတွက်၊ ဟိုဟာ အတွက်၊ ဒီဟာ အတွက်၊ အားလုံး အတွက် ပေးဖို့ တာဝန် မိတ်ဆွေ မှာရှိနေ သည်မဟုတ် ပါလား။

Read More...

Tuesday, August 19, 2008

Life Cycle (5)

ထို့ကြောင့် ဤအရာကို သံသရာ ဟုခေါ်သည် (၅)
Juan

ကျန်းမာရေး စံနစ် နှင့် ကျန်းမာရေး အသုံး စရိတ်

WHO ရဲ့  Health System Performance Index အရ ကျန်းမာရေး စောင့်ရှောက်မှု အကောင်းဆုံး ကနေ အဆိုးဆုံး တိုင်းပြည် ထိ အဖွဲ့ဝင် နိုင်ငံတွေ ကိုအမှတ်စဉ် ချလိုက်တဲ့ အခါ ကမ္ဘာ့အကောင်းဆုံး ဆရာဝန်၊ သမားတော် ကြီးများ စုစည်းရာ လို့လက်မ ထောင်နေတဲ့ အမေရိကန် ပြည်ထောင်စု ဟာ နံပါတ်ဝမ်း တစ်၊ ဂဏန်း တစ်ပဲ လို့ ထင်တစ်လုံး နဲ့နေ ကြရာ က တကယ်တမ်း မှာတော့ အဆင့် (၃၉) မှာသာ ရပ်တည် ရရှာ တယ်။ ကျန်းမာရေး စံနစ် ရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး အဆင့် (၁) ကပြင်သစ် နိုင်ငံ၊ အဆင့် (၂) ကအီတလီ နိုင်ငံ၊ UK က အဆင့် (၁၈)၊ အာရှစီးပွားရေး ဘုရင် ဂျပန် ကတော့ အဆင့် (၁၀) ပါ။ ၀မ်းနည်း စရာ ကောင်း တာက ကျွန်တော် တို့ရဲ့  မြန်မာ နိုင်ငံ ဟာ ဒီဇယား မှာ အဆင့် (၁၉၀) ချိတ်ပါတယ်။ သူ့ နောက်မှာ ဘာကီယာ ဖူဆို တစ်နိုင်ငံသာ ကျန်ပါတော့တယ်။

(အထင်သေး လွန်ပြီး ရမ်းထည့် တဲ့ Data တွေရယ်၊ တိတိ ကျကျ ဘယ်လိုမှ မရ နိုင်လို့ မှန်းထည့် တဲ့ data တွေကြောင့် ဒီလောက် ဖြစ်ရ တာပါ၊ အမှန်တော့ Financial contribution component တစ်ခု ကလွဲ ရင် ဒီလောက် အခြေ အနေ မဆိုးပါ။)



ဒီလို လည်းအဖြေ ထွက်ရော အရာရာ ငါသာ ပထမ လုပ်ချင်ကြ တဲ့ အန်ကယ်ဆမ် တို့ မစ္စတာ ယန်းကီး တို့လူစု ဆွေ့ဆွေ့ခုန် အောင် မခံ မရပ် နိုင်ဖြစ် ကြပါတယ်။ ပြင်သစ်နဲ့ အင်္ဂလန် မှာ ဆရာဝန် တစ်ဦးရဲ့  တစ်နှစ် ပျမ်းမျှ ၀င်ငွေ ဟာ ဒေါ်လာ ခြောက်သောင်း သာရှိနေ ချိန်မှာ USA ကဆရာဝန် တစ်ဦး ဟာ တစ်နှစ် ပျမ်းမျှ ၀င်ငွေ ဒေါ်လာ နှစ်သိန်း ကျော် ရှိပါတယ်။ ကျန်းမာရေး အသုံး စရိတ် ကိုကြည့်ဦး မလား။ ပြင်သစ်နဲ့ အီတလီ ကကျန်းမာရေး အတွက် နိုင်ငံ့ GDP (Gross Domestic Product) ရဲ့  (၉) ရာခိုင်နှုန်း၊ UK က (၈) ရာခိုင်နှုန်း နီးပါး လောက်ပဲ သုံးနေချိန်မှာ USA က ကျန်းမာ ရေး အတွက် GDP ရဲ့  ၁၄ ရာခိုင်နှုန်း လောက်သုံးပြီး ဇောတိက ဇီဝက ဂိုက်ဖမ်း နေပါ တယ်။ ဒါနဲ့ တောင် ဒီလောက် အဆင့် ဖြစ်စရာ လားဆိုပြီး ဒေါမနဿ ပွားကြ တယ်လေ။ စူပါ မက မက်ဂါ အင်အားကြီး များဆိုတော့ WHO အညွှန်း ကိန်းဟာ မှန်ပုံ မရ ဘူးလို့ ယူဆပြီး သူသြဇာ ညောင်းတဲ့ OECD ခေါ် စီးပွားရေး အကျိုးတူ ပူးပေါင်း ဆောင်ရွက် ရေး အဖွဲ့ ကို Health system performance index အသစ် တီထွင် ခိုင်းပြီး တစ်စင် ထောင် ပါလေ ရော။ OECD index အရ လည်း သူ့ရဲ့  ကျန်းမာရေး စံနစ် အဆင့် သတ်မှတ်ချက် ဟာဒုံရင်း ဒုံရင်း ပါပဲ။ အလုပ်ပို ပြီး တစ်ရှက် ကနေ နှစ်ရှက် ဖြစ်ခဲ့ ရတာသာ အဖတ် တင်ခဲ့တယ်။

ကမ္ဘာ့ ထိပ်သီး ပါဝါ နိုင်ငံကြီး။ ကျန်းမာရေး စရိတ် တွေဒီလောက် သောက်သောက် လဲသုံးစွဲ ပြီး ကျန်းမာရေး စံနစ် က ဘာကြောင့် ထိပ်သီး မဖြစ် ရတာတုန်း ဆိုတာ စိတ်ဝင် စားစရာ ပါပဲ။ US Health System Analysts များရဲ့  သုံးသပ် ချက် အနန္တ ထဲက အဓိက အကြောင်း ကတော့ ကျန်းမာရေး စောင့်ရှောက်မှု ကိုအစိုးရ ကတာဝန် လုံးဝ မယူပဲ ပုဂ္ဂလိက လက်ထဲ ၀ကွက်အပ် ပြီး privatization လုပ်ထား လို့ ဒီလို အဖြစ်ဆိုး ရတာပါတဲ့ ခင်ဗျ။

ခေတ်သစ် ဘောဂ ဗေဒ ရဲ့  ဂေါ့ဖားသား ကြီး အဒမ် စမစ် က “အစိုးရ ကအုပ်ချုပ် ရေးပိုင်း ကိုသာ တာဝန်ယူပါလေ။ စီးပွားရေး လုပ်ငန်း မှန်သမျှ လုပ်ငန်းရှင် တွေစိတ်ကြိုက် လုပ်ပါစေ။ ဈေးကွက် ချိန်ခွင်လျှာ ကိုမမြင်ရတဲ့လက် (Invisible Hands) တွေက သူ့ အလိုလို ထိန်းညှိ ပေးသွားလိမ့် မယ်” ဆိုတဲ့ စကားကို ဈေးကွက် စီးပွားရေး မာစတာ အန်ကယ်ဆမ် တို့က အင်မတန် နှစ်သက် သကိုး။ ဒါနဲ့ပဲ Health Care ကိုဈေးကွက် စီးပွားရေး ပုံစံ လုပ်လို့ ဖြစ်ဖြစ် မဖြစ်ဖြစ် ဈေးကွက် ထဲ ဇွတ်ထည့် ပစ်လိုက် ကြတော့ တာပေါ့။ ဒီမှာ မေးစရာ ရှိလာတာက ---

ကျန်းမာရေး စောင့်ရှောက် မှုဟာ ဈေးကွက်ဝင် ကုန်ပစ္စည်းလား?

အခြေခံ ဘောဂဗေဒ သီအိုရီ မှာ လူတွေရဲ့  ၀ယ်လိုအား (Demand)၊ ဈေးနှုန်း (Price) နဲ့ ၀င်ငွေ (Income) ပေါ်မူတည် ပြီး ဈေးကွက်ဝင် ကုန်ပစ္စည်း အမျိုး အစားကို လေးမျိုး လေးစား ခွဲကြ ပါတယ်။

၁၊ ပစ္စည်းဈေးနှုန်း (Price) ကြီးနေပြီး စားသုံးသူရဲ့  ၀င်ငွေ (Income) က နည်းနေ ရင် အဲဒီ ပစ္စည်းကို ၀ယ်လိုအား နည်းမယ်။ ပစ္စည်းဈေးနှုန်း ကျလာပြီး၊ ၀င်ငွေ ကောင်းနေ ရင်တော့ ပစ္စည်း အပေါ်ဝယ်လိုအား ကောင်းလာ မယ် ဆိုရင် အဲသလို ကုန်ပစ္စည်း အမျိုး အစားကို ပုံမှန်ကုန်ပစ္စည်း (Normal Goods) လို့ ခေါ်ပါတဲ့။ လူသုံးကုန် ပစ္စည်း အများစု ဟာ ဒီ Category ထဲမှာ။

၂၊ ပစ္စည်း ဈေးနှုန်း တက်သည်ဖြစ်စေ၊ ကျသည် ဖြစ်စေ၊ ၀ယ်သူ ရဲ့ ဝင်ငွေ အခြေ အနေ ဘယ်လို ရှိရှိ၊ ပစ္စည်း တစ်ခု အပေါ် ၀ယ်လိုအား ကမပြောင်းလဲ ပဲ ဘယ်ခေတ် ရောက်ရောက် ပန်းပန် လျှက်ပါ ဆိုတဲ့ ပစ္စည်း မျိုးကို မရှိ မဖြစ် ကုန် ပစ္စည်း (Essential goods) တဲ့၊ အခြေခံ စားသောက်ကုန် ပစ္စည်း များပေါ့။

၃၊ ပစ္စည်း ဈေးနှုန်း ကအရမ်း ချိုသာ တယ်၊ သုံးစွဲ သူများ ကလည်း မူးစု ပဲစု ဆိုတဲ့ အချိန်မှာ ဒီပစ္စည်း မျိုး အလွန် ရောင်း ကောင်းတတ် တယ်။ လူတွေ ရဲ့  ဘ၀ တွေ အဆင်ပြေ၊ လူနေ မှုတွေ အဆင့်မြင့် ၊၀င်ငွေ တွေတိုး လာတာ နဲ့ အမျှ ၀ယ် လိုအား ကဖုတ်ကနဲ ပြုတ်ကျ တတ်တဲ့ ပစ္စည်းမျိုး ကို မရှိသုံး ကုန်ပစ္စည်း (Inferior goods) တဲ့ဗျား။ အသင့်စား ခေါက်ဆွဲ ထုတ်တို့၊ 3 in 1 instant coffee mix တို့ဆိုတာ ဒီလို အမျိုး အစား တဲ့ဗျား။ သိန်းငါးရာ ထီပေါက် ရင် ခေါက်ဆွဲ ခြောက် ကွန်တိန်နာ နဲ့ တစ်လုံး ၀ယ်စား မယ်လို့ စိတ်ကူး ယဉ်တဲ့ လူမျိုး တွေ့ဖူး လို့လား။ ဒါကြောင့် ဒီပစ္စည်း မျိုး ထုတ်လုပ် ရောင်းချ သူများ ဟာလူတွေ အမြဲတမ်း ဆင်းရဲ၊ စုတ်ပြတ် ပြီး အမွဲ တကာ့ ထွဋ်ခေါင် ဘ၀ ကမတက် ပါစေနဲ့ လို့ ဆုတောင်း ရမလို ပါပဲ။

၎၊ ၀ယ်သူ တွေက ၀င်ငွေ အလွန် ကောင်းချိန် မှာ ၀ယ်လိုအား အတန် အသင့် ရှိမယ်၊ ပစ္စည်း ဈေးနှုန်း ကတော့ ထိလု မိုးဆီ တိမ်သို့မှီ။ ၀င်ငွေ နည်းနည်း လျှော့သွား တာနဲ့ လုံးဝ ကိုမရောင်း ရတော့တဲ့ ပစ္စည်း မျိုးတွေ ကိုဇိမ်ခံ ကုန်ပစ္စည်း (Luxury goods) ပါတဲ့။ ကျောက်မျက် ရတနာ၊ ဇိမ်ခံကား များ စသည်ဖြင့်ပေါ့၊ ဒီပစ္စည်း ရောင်းသူ တွေကတော့ လူတွေ အားလုံး ဇောတိက ဘ၀ ကတစ်ပြား မှမလျော့ ပါစေနဲ့ လို့ နေ့စဉ် ဘုရား မှာ အခါတစ်ရာ ဆုတောင်းမယ် ထင်ပါတယ်။ ကုသိုလ် ရတာ ပေါ့ဗျ။

ပြောချင် တာက အကယ်၍ ကျန်းမာရေး စောင့်ရှောက်မှု ဟာရောင်းလို့၊ ၀ယ်လို့ ရတဲ့ ကုန်ပစ္စည်း တစ်ခုဆိုရင် အထက်ပါ လေးမျိုး ထဲက ဘယ်အမျိုး အစားထဲ ပါဝင် ပါသလဲ? စဉ်းစား တော်မူ ကြည့်ကြ ပါလေ။ သေချာ စဉ်းစား ရင် ဘယ်အမျိုး အစား ထဲမှ အတိ အကျ ထည့်လို့ မရပါ။ ဒါကြောင့် ကျန်းမာရေး စောင့်ရှောက် မှုကို ကုန်ပစ္စည်း လို့ သဘော ထားခဲ့ရင် တောင် ဒါဟာ လူထု နဲ့ဆိုင်သော ကုန်ပစ္စည်း (Merit good, public good) သာဖြစ်တယ် လို့ ပြောတဲ့ သူကပြော၊ ကျန်း မာရေး စောင့်ရှောက် မှုဟာ လူတစ်ဦး ချင်းစီ အတွက် ဆိုရင် မရှိ မဖြစ် ကုန်ပစ္စည်း ဖြစ်ပြီး တိုင်းပြည် တစ်ခု လုံး အတွက် ဆိုရင် တော့ဇိမ်ခံ ကုန်ပစ္စည်း ပဲလို့ စွပ်စွဲ တဲ့လူတွေ လည်းဒုနဲ့ဒေး။

ငွေကုန် ကြေးကျ ခံနိုင် တိုင်းတော့ ကျန်းမာရေး စံနစ် တစ်ခု ကောင်းမလာ တာကိုရွှေ အမေရိကန် ကအကောင်းဆုံး သင်ခန်း စာပြသွား ခဲ့ပါပြီ။ သို့သော် လည်းငွေကြေး ကိုလုံးဝ ထည့်သွင်း မစဉ်းစားပဲ စေတနာ၊ ၀ါသနာ၊ အနစ်နာ သာ အရင်း တည်ပြီး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းကြီး တစ်ခုလုံး ကိုလည်ပါတ် လို့ရနိုင် ရိုးလား။ ဥဒ္ဒစ္စ၊ ကုက္ကုစ၊ ဒေါ မနဿ တွေတိုး လာပါ လိမ့်မယ်။ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း ဟာ ဥုံ-ဟတ်ချလောင်း၊ ရောဂါ ပျောက်စေ လို့ မန်းမှုတ် ပြီး ရှိသမျှ ရောဂါ ပျောက်စေ မယ်ဆို ရင်တောင် ဂါထာ မန်းမှုတ်သူ စတဲ့ အရင်း အနှီး လိုသေး တာကိုး။ ဆေးရုံ များ၊ ကျန်းမာရေး ဌာနများ၊ ရောဂါ ရှာဖွေရေး ပစ္စည်းများ၊ ပညာရှင် များ၊ လုပ်သား များ စတဲ့ စတဲ့ စွမ်းအားစု များအတွက် ငွေကြေး စိုက်ထုတ်မှု အရင်း အနှီး သိပ်ရှိတာပေါ့။ ကျန်းမာရေး စံနစ် တစ်ခု အတွက် မနဲ လှတဲ့ ငွေကြေး အရင်း အနှီး တွေကို မျှမျှ တတ ဖြစ်အောင် စီမံ ခန့်ခွဲ နိုင်ဖို့ အလွန် လိုအပ် ပါတယ်။
တကယ်တော့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း ဆိုတာ ရောဂါသည် လူနာ နဲ့ ကုသသူ သမား တို့ရဲ့ ဆေးကုသ မှု လုပ်ငန်း တစ်ခုတည်း ဘယ်ဟုတ် မလဲ။ ပြီးပြည့် စုံသော ကျန်းမာရေး စောင့်ရှောက်မှု (Comprehensive Health Care) မှာ လုပ်ငန်း လေးရပ် ပါဝင် တယ် ---

  • ကျန်းမာ နေသော ပြည်သူ များအား ပို၍ ကျန်းမာ စေရန် လုပ်ပေး သော promotive health service
  • ရောဂါ ဖြစ်လတ္တံ့သော လူထု ကို ရောဂါ မဖြစ်အောင် ကာကွယ်ပေးသော preventive health service
  • ဝေဒနာသည် လူနာ များကို ရောဂါ ပျောက်ကင်း အောင် ကုသ ပေးသော curative health service
  • ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုး များကြောင့် ကိုယ်ကျိုးနည်း ရသူ များကို ပြန်လည် ထူထောင် ၍ ပုံမှန် လူ့အဖွဲ့ အစည်းတွင်း ပို့ဆောင် ပေးသော rehabilitative health service
ရယ်လို့ လုပ်ငန်း ကြီး လေးရပ် လုံး လုပ်ပေး နိုင်ပါမှာ ပြီးပြည့်စုံ တဲ့ကျန်းမာရေး စောင့်ရှောက်မှု လို့ဆိုသကိုး။

ဒါပေမဲ့ ကျန်းမာရေး စောင့်ရှောက်မှု လို့ပြောရင် အရင်ဆုံး မျက်စိထဲ ပြေးမြင် တာက ဆေးရုံ၊ ဆေးခန်း များပဲ မဟုတ် လား။ ဆေးပညာ သမိုင်းတစ်လျှောက် လုံးလည်း ကုသရေး လုပ်ငန်း ကသာ အဓိက ကျန်းမာရေး စောင့်ရှောက်မှု အဖြစ် ပါဝင် ကပြ အသုံးတော် ခံခဲ့ တာနှစ်ပရိစေတ္တ ကြာကြာ လှပေါ့။ ဒါကြောင့် လည်းတကမ္ဘာလုံး ရဲ့ ကျန်းမာရေး ဘတ်ဂျက် ခွဲတမ်း ဟာ အမြဲတမ်း ၈၀-၂၀ ပေါ်လစီ ပဲ။ ဆိုလိုတာ ကတော့ ကျန်းမာရေး ဘတ်ဂျက် ရဲ့  ၈၀ % ကို ကုသရေး လုပ် ငန်း မှာသုံးစွဲ ပြီး ကျန်သုံးခု ကတော့ ၂၀% ကိုမျှသုံး ကြရတယ်။ USA မှာကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း အားလုံး ကို ပုဂ္ဂလိက ပိုင်ပြုလိုက်တယ် လို့ အထက်က တင်ပြခဲ့တယ်။

တကယ်တော့ ကုသရေး လုပ်ငန်း ကိုသာ ပုဂ္ဂလိက ပိုင်ပြု လို့ရပါတယ်။ ကျန် လုပ်ငန်း သုံးခု ကိုဘယ်ပုဂ္ဂလိက လုပ်ငန်းရှင် ကမှ အစိုးရ ထံမှ လက်လွှဲ မယူဝံ့ပါလေ။ ထည့်သွင်း ရင်းနှီး လိုက်တဲ့ အရင်း မှန်သမျှ ကျောက်ခဲ ရေမြုပ်သလို စွပ်ကနဲ မြုပ်ပြီး ဘာအကျိုး အမြတ် မှမရတဲ့ ဒီလုပ်ငန်း တွေ အတွက် ပီတိ စားပြီး အားရှိ မဲ့ဘိဇနက် သမား တစ်ယောက် မှမရှိ၊ မြတ်ချင် လို့ ရင်းနှီး မှုပြုတာကိုးဗျ။ ဘိဇနက် လုပ်ငန်း ရှင် တွေရဲ့ အမြင်မှာ promotive, preventive & rehabilitative ဆိုတဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း သုံးရပ် ဟာ သွေးစုပ် ဖုတ်ကောင် ကြီးသုံးကောင် လိုအန္တရာယ် ကြီးလွန်းလှတယ်။

ပါတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းများ၊ ကျန်းမာရေး ပညာပေးခြင်း၊ အဖြစ်များ ရောဂါ များထိန်းချုပ်ခြင်း၊ ကိုယ်ဝန် ဆောင် စောင့်ရှောက်မှု ပေးခြင်း၊ ကာကွယ်ဆေး ထိုးခြင်း၊ ဒီလုပ်ငန်း တွေကြောင့် လူထုမှာ အကျိုးရှိတာ သေချာ တယ်နော်။ ဒါပေမဲ့ တစ်ဦးကောင်း တစ်ယောက် ကောင်း အကျိုးရှိ တာမဟုတ်၊ အားလုံး အပေါ်မှာ ဖြန့်ဝေ ရရှိသော အကျိုး တရားကိုး။ ဒါကြောင့် အားလုံး ရထိုက် တဲ့ပစ္စည်း (Public good) လို့ပြောတာပေါ့။ အားလုံး ရထိုက်လို့ အားလုံး တတ်နိုင် တဲ့ဈေးနှုန်း သတ်မှတ်ပါ ဆိုတော့ ဆင်းရဲ ချမ်းသာ မရွေး လူတန်းစား အားလုံး တတ်နိုင် တဲ့ဈေးနှုန်း ကတော့ အလကား ပေးခြင်း မှတပါး အခြားမရှိလေ။ ဘယ်ဘိဇနက် သမားက တာဝန်ယူရဲမှာလဲ။ ဘယ်တော့ မှ အရင်း ပြန်မပေါ် တဲ့ငွေကြေး ကိုစိုက်ထုတ် ပြီးဒီကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း တွေကို ပြည်သူ လူထု အကျိုး အတွက် ဆောင်ရွက် ရသူ ကအစိုးရ ပဲပေါ့။

ကုသရေး လုပ်ငန်း ကျတော့ လူနာ မချိ မဆန့် ခံစား နေရတဲ့ ဝေဒနာ ဗြုန်းကနဲ၊ ဒိုင်းကနဲ သက်သာ ပျောက်ကင်းခြင်း ဆိုတဲ့ အကျိုး အမြတ် ကိုလူတစ်ဦး ချင်းစီ အနေတဲ့ ချက်ချင်း လက်ငင်း ရရှိ ခံစား နိုင်တာ ကြောင့် ဒီအတွက် ကျသင့် တဲ့ ငွေကြေး တစ်စုံ တစ်ရာ ကိုလည်း ချက်ချင်း ပေးဖို့ ၀န်မလေး တတ်ကြဘူး၊ အသက် ထက် တန်ဖိုးရှိ တာမရှိ ဆိုသကိုး။ တောင်းသမျှ ငွေကြေး ကိုသိပ်များ တာပဲ၊ နည်းနည်း လျှော့ပါဦး တို့၊ အဆစ် ကလေး ပေးပါဦး တို့ အသက်နဲ့ ရင်းပြီး ဈေးဆစ် လေ့မရှိ စကောင်း၊ ဒါကြောင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်း ရှင်တွေ အလွန်မျက်စိကျ၊ သွားရည် ယိုစရာ လုပ်ငန်း ကြီးပေါ့။ ဈေးကွက် စီးပွားရေး ကမွေးထုတ် ပေးလိုက်တဲ့ ဆေးကွက် စီးပွားရေး ဟာ ကမ္ဘာ့ စီးပွားရေး မျက်နှာ စာမှာ ကြံတိုင်းအောင်၊ ဆောင်တိုင်းမြောက် အဆင့် အတန်း နဲ့ မျက်နှာပန်း အလွန် လှသပေါ့ ခင်ဗျား။

Read More...

Life Cycle (4)

ထို့ကြောင့် ဤအရာ ကိုသံသရာ ဟုခေါ်သည် (၄)
Juan

ကျန်းမာရေး ၀န်ဆောင်မှု နှင့် ကျန်းမာရေး စံနစ်


ကျန်းမာ ဖို့ ဘာအရေး ကြီးသလဲ ?

ဒီမေးခွန်း ကိုဖြေဖို့ လူမျိုး တစ်ရာ့ တစ်ပါး မှာ အဖြေ တစ်ရာ့ တစ်မျိုး၊ ပါပ လူမျိုး ကိုးဆယ့်ကိုး မှာ အဖြေ ကိုးဆယ့်ကိုးမျိုး ရှိနေမှာ အသေ အချာ ပါပဲ။ ပုဂံ ရာဇ၀င် ကို တုတ်ထမ်း ပြီးငြင်း ရတယ် ဆိုသလို ပဲ ဒီမေးခွန်း ရဲ့  အဖြေ မှာလည်း လူတစ်ကိုယ်၊ အကြိုက် တစ်မျိုး မို့ တုတ်ထမ်း ဖြေကြ ရမှာ မျိုး ဖြစ်တယ်။ အများညီ ဤကို ကျွဲဖတ် လို့ရမဲ့ အဖြေမျိုး တွေက တော့ သင့်တင့် လျှောက်ပတ် တဲ့အာဟာရ ကိုမှီဝဲ၊ ဥတု ရာသီ နဲ့ သဟ ဇာတ ဖြစ်အောင် နေထိုင် ၀တ်ဆင်၊ မက်ဒီကယ် ချက် အပ် ခေါ် လိုအပ် တဲ့ဆေးစစ် မှုတွေ မှန်မှန်လုပ်၊ ရောဂါ ဖြစ်ရင် တတ်ကျွမ်း နားလည်သူ ဆရာဝန် ကြီးများ နဲ့ စောစော စီးစီး ပြသ၍ ကုသမှု ခံယူ ဆိုတာမျိုး တွေဖြေကြ မှာပေါ့။


သူ့ အထွာ နဲ့ သူကျိုးကြောင်း ဆီလျှော် တဲ့ဒီ အဖြေတွေ ကိုမှားတယ် လို့ပစ်ပစ် ခါခါ ငြင်းပါယ် စရာ အကြောင်းမရှိပါ။ သို့သော် ကျန်းမာ ဖို့ အရေး အကြီးဆုံး အကြောင်း တစ်ခုတည်း ပြောပါ ဆိုရင်တော့ အတော် လေးကို အဖြေရ ကျပ်လိမ့်မယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ကတော့ ကျန်းမာရေး အတွက် အရေး အကြီး ဆုံး အရာသည် ကောင်းမွန် မှန်ကန် တဲ့ ကျန်းမာရေး စံနစ် (Good Health System) ပါပဲ လို့ ခိုင်ခိုင် မာမာ ဆိုပါတယ်။ ကျန်းမာရေး စံနစ် တစ်ခု ကို အောင်အောင် မြင်မြင် တည်ဆောက် အကောင် အထည် ဖော်နိုင် ခြင်းသည် သာလျှင် အဲဒီ ကျန်းမာရေး စံနစ် လွှမ်းခြုံ ၀န်ဆောင် မှုပေး သော ဒေသ အတွင်း နေထိုင်သူ များရဲ့  ကျန်းမာရေး အတွက် အရေး အကြီးဆုံး၊ အလိုအပ် ဆုံး ကိစ္စ ဖြစ်ပါသတဲ့။

စံနစ် တစ်ခု ကို ဖန်တီး တည်ဆောက် ဖို့ ဆိုတာ ယေဘုယျ အားဖြင့် ပေါ်လစီ မိတ်ကာ တွေရဲ့  အလုပ်၊ လူတိုင်း လမ်းလှမ်း မှီတဲ့ အရာ မဟုတ်၊ ဒါကြောင့် ငါတို့နဲ့ မဆိုင်- လို့တွေးမိ သူတွေ ဒုနဲ့ဒေး။ ရှေးယခင် ကတော့ လက်တစ်ဆုပ် စာ ပေါ်လစီ မိတ်ကာ များလည်း ဒီလို ပဲတွေးခဲ့၊ လုပ်ခဲ့ ကြတယ်။

တစ်ခါတုန်းက-
အားလုံး အတွက် ကျန်းမာရေး၊ အားလုံး ကျန်းမာ သက္ကရာဇ် ၂၀၀၀ မှာ (ခု ၂၀၀၀ ကို ၈ နှစ်တောင် ကျော်ခဲ့ပြီ)၊ လူတိုင်း အတွက် ကျန်းမာရေး ဆိုတဲ့ WHO ရဲ့ မိုးလုံး ဟိန်းတဲ့ ကြုံးဝါး ကြွေးကြော် သံကြီး တွေနဲ့ အတူ ဆင်းရဲ ချမ်းသာ မရွေး၊ နီးနီး ဝေးဝေး၊ တတ်နိုင်နိုင် မတတ်နိုင်နိုင် ကျန်းမာရေး စောင့်ရှောက်မှု ဆုလာဒ် ကြီးကို လူတန်းစေ့ လူမှန်ရင် အခမဲ့ ရရှိ နိုင်စေ ရမယ် ဆိုတဲ့ ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု စံနစ်ကြီး (Primary Health Care) ကို လက်တစ်ဆုပ်စာ ကျန်းမာ ရေး ပေါ်လစီ မိတ်ကာ အီလစ် များက တကယ့် အစောင့် ရှောက်ခံ လူထု ရဲ့  သဘော ဆန္ဒ ကိုတစိုးတစိ မှမမေးပဲ ကိုယ့်ဇာတ် ကိုယ်ထောင်၊ ကိုယ့်ကြိုး ကိုယ်ဆွဲ ပြီး ဖန်တီး အကောင် အထည် ဖော်ခဲ့ ကြဖူးတယ်။ အကျိုး ဆက် ကတော့ ပိုးသာ ကုန်၊ မောင်ပုံ စောင်း မတတ် ဖြစ်ခဲ့ ရတာ ပါပဲ။

ဆိုတော့ ယခင် ကဖန်တီး ခဲ့ကြ တဲ့ ကျန်းမာရေး စံနစ် တွေဟာ အများအားဖြင့် မအောင်မြင် ခဲ့ကြ ဘူး၊ ဒီလို မအောင်မြင် တဲ့ကျန်းမာရေး စံနစ် အတွက် အချိန်၊ ငွေ နဲ့ လုပ်အား တန်ဖိုး တွေရင်းနှီး ရတာ တွက်ခြေ မကိုက်ဖူး၊ အကြောင်းရင်း ကိုပြန်လည် သုံးသပ် ကြတဲ့ အခါ ကျန်းမာရေး စောင့်ရှောက်မှု ပေါ်လစီ တွေဟာ ချမှတ်သူ ထားရှိတဲ့ တန်ဖိုးက များများ၊ အမှန်တကယ် သုံးစွဲ သူတွေ အတွက် တန်ဖိုးက နည်းနည်း ဖြစ်နေတာ တွေ့လာကြ ရတယ်။ ဘယ်လို ကျန်းမာရေး စောင့်ရှောက်မှု မျိုး လူထု ကို ပေးသင့် သလဲ၊ ဘာနည်းလမ်း နဲ့ ပေးမလဲ ဆိုတာ ပေးသူ ဖက် ကသာ တန်ဖိုးတွက် ပြီးတစ်ဖက်သတ် ဆုံးဖြတ် ချမှတ် အကောင် အထည် ဖော်လေ့ ရှိခဲ့ ကြတာကိုး။

ဒီလိုနဲ့ ခံရ ပါများ လာတော့ ကျန်းမာရေး စံနစ် တစ်ခု ရဲ့ တန်ဖိုး ဟာ ပေးဆပ်သူ တို့ရဲ့  နှလုံးသား အလို ကိုချည်း လိုက်လို့ မရ ဘူး ဆိုတာ ပေါ်လစီ မိတ်ကာများ သဘောပေါက် စပြုလာ ကြတယ်။ အရေး အကြီး ဆုံး အကျိုးရှင် (Stakeholder) ဖြစ်တဲ့ လူထု ရဲ့ သဘောထား ကိုလည်း တောင်းဖို့ လိုတယ်၊ ဘယ်လို ကျန်းမာရေး စောင့်ရှောက်မှု နည်းနာ နိသရ တွေကို ဘာနည်းလမ်း နဲ့ ဘယ်သူ့ ကိုပေးမှာ လဲ၊ ဘယ်ပုံ ဘယ်နည်း လိုချင် သလဲ ဆိုတာကို ရရှိမဲ့ အစောင့်ရှောက်ခံ လူထု အနေနဲ့ ရွေးချယ် တတ်ဖို့ သိပ်လို သပေါ့။
“ဘယ်လို ကျန်းမာ ရေးစောင့်ရှောက် မှုတွေ လိုချင် ပါသလဲ” လို့ တကယ် မေးလာ ခဲ့ရင်- အစောင့်ရှောက် ခံ လူထု ဖက်က “သားသား တိဘူးလေ” လို့ ပြီးစလွယ် ဖြေလို့ မရပါ။ အရပ်ဖက် ဆိုင်ရာ လူ့ အဖွဲ့ အစည်းများ (Civil Society) မှာ သုံးစွဲ သူတို့ ရဲ့ သဘောထား ကိုဆန်းစစ် ညှိနှိုင်း ချမှတ် တဲ့ Demand Based Health Policy ဟာအလွန် ခေတ်စား လာပါပြီ။

ကျန်းမာရေး စံနစ် ကောင်းဖို့ ဘာအရေးကြီး သလဲ?

ကျန်းမာရေး အတွက် အရေးကြီး တာက ကျန်းမာရေး စံနစ်၊ ကျန်းမာရေး စံနစ် ကောင်းဖို့ အရေးကြီး တာက ကျန်းမာရေး လို့ ပါတ်လည်ရိုက် လို့ မရဘူးခင်ဗျ၊ သေချာစဉ်းစားရင် အတော်ရှုပ်တဲ့ အမယ်ဘုတ် ချည်ခင် ကြီးပါ။

WHO ကတော့ ကောင်းမွန် မှန်ကန် တဲ့ ကျန်းမာရေး စံနစ် တစ်ခု ဖြစ်ဖို့ အီးလေးလုံး ကိုဂရုစိုက် ရမယ် လို့ ဆိုပါတယ်။
• ကျန်းမာရေး စံနစ် တစ်ခု ရဲ့ စွမ်းဆောင်နိုင်စွမ်း (Effectiveness)
• ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း တွင် လိုအပ်သော resource များကို မှန်မှန်ကန်ကန် ခွဲဝေ သုံးစွဲ တတ်မှု (Efficiency)
• ကျန်းမာရေး စောင့်ရှောက်မှု ကို သာတူညီမျှ ပေးစွမ်းနိုင်မှု (Equity) နဲ့
• ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များရဲ့  ကုန်ကျ စရိတ် (Economy) ဆိုတဲ့ အီးလေးလုံး ပါတဲ့။


ကျန်းမာရေး စံနစ် ဆိုတာကြီး ကလည်း WHO ကစတဲ့ ဇာတ်လမ်းမို့ ကိုယ့်ဇာတ်ကိုယ် နိုင်အောင်က နိုင်ဖို့ အတွက် Health System Performance Indicator ခေါ်တဲ့ ကျန်းမာရေး စံနစ် ရဲ့ စွမ်းဆောင်ရည် တိုင်း အညွှန်းကိန်းများကို တီတွင် ဖော်ထုတ် ရပြန် ပါတယ်။

ကျန်းမာရေး စံနစ် တစ်ခု ကောင်းမကောင်း ကို----
• ကျန်းမာရေး အသုံး စရိတ် (Health Care Cost)
• ကျန်းမာရေး စောင့်ရှောက်မှု ပေးစွမ်းနိုင် ခြင်းနှင့် လက်ခံရ နိုင်ခြေ (Assess to Health Care)
• အစောင့်ရှောက်ခံ လူထု၏ ကျန်းမာရေး အခြေအနေ (Health and Well Being status)
• ကျန်းမာရေး စောင့်ရှောက်မှု ကိုလူအများ မျှော်လင့် ထားသည့်အတိုင်း အတာ အထိ ပေးစွမ်း နိုင်ခြင်း ရှိ၊ မရှိ (Responsiveness)
• မျှတသော ကျန်းမာရေး ကုန်ကျ စရိတ် (Fair Financial Contribution)

ဆိုတဲ့ အချက် (၇) ချက်ပါ ပေါင်းစပ် အညွှန်းကိန်း (Composite Index) နဲ့ တိုင်းတာ ရမယ် လို့ဆိုတယ်၊ ပြောတဲ့ အတိုင်းလည်း WHO အဖွဲ့ဝင် နိုင်ငံ အားလုံး ရဲ့  ကျန်းမာရေး စံနစ် တွေကို ဒီအညွှန်းကိန်း ပေတံကြီး နဲ့ တိုင်းတယ်။ အကောင်း ဆုံးကနေ အဆိုးဆုံး အထိ ကြီးစဉ်ငယ်လိုက် စဉ်ချ လိုက်တဲ့ အခါမတော့ --- --- --- --- ---

Read More...

Wednesday, January 23, 2008

Poverty Reduction

ဆင်းရဲနွမ်းပါးမှု လျှော့ချရေး


ဆင်းရဲနွမ်းပါးမှု လျှော့ချရေး

No society can surely be flourishing and happy, of which by far the greater part of the numbers are poor and miserable.

-Adam Smith

ပြည်သူ့ ကျန်းမာရေးနဲ့ ဆင်းရဲနွမ်းပါးမှုဟာ တိုက်ရိုက်ဆက်နွယ်မှုရှိတဲ့ အကြောင်းအရာနှစ်ခု ဖြစ်ပါတယ်။ ကျန်းမာရေးချို့တဲ့မှုကြောင့် ဆင်းရဲနွမ်းပါးမှုဖြစ်စေနိုင်သလို၊ ဆင်းရဲနွမ်းပါးမှုကြောင့် အာဟာရချို့တဲ့မှုဖြစ်ရာက လာဘ်ကြီးတပါးဖြစ်တဲ့ ကျန်းမာရေးပါ ချို့တဲ့မှု ဆက်ဖြစ်သွားတဲ့ သာဓကတွေ အများကြီးပါ။ ဒါကြောင့်လဲ ဆင်းရဲနွမ်းပါးမှုကို ရောဂါတမျိုးအနေနဲ့ အဆိုရှိကြတာ ဖြစ်ပါတယ်။



ဆင်းရဲနွမ်းပါးမှုဆိုရာဝယ်

ဆင်းရဲနွမ်းပါးမှု အတိမ်အနက်ကို poverty line နဲ့ တိုင်းတာလေ့ရှိပါတယ်။ ဒီလိုင်းက လူသားတယောက် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းမှာ နေထိုင်ရပ်တည်နိုင်ဖို့ လိုအပ်တဲ့ လုံလောက်မှုပမာဏကို ဖော်ပြပေးပါတယ်။ အိန္ဒိယနိုင်ငံကတော့ လူသားတယောက်တနေ့တာစားသုံးဖို့လိုအပ်တဲ့ ကယ်လိုရီပမာဏအတွက် လိုအပ်မယ့်အသုံးစရိတ်အပေါ်မှာ ဒီလိုင်းကို ဆွဲပါတယ်။ ဒီအသုံးစရိတ်ထက် ၀င်ငွေက နည်းနေမယ်ဆိုရင် ဆင်းရဲနွမ်းပါးတယ်လို့ ယေဘုယျသတ်မှတ်ပါတယ်။ သက်ဆိုင်ရာတိုင်းပြည်အလိုက် ကွဲပြားမှုရှိပါတယ်။

ဘယ်လိုပဲကွဲပြားပေမယ့်Below the poverty line မှာ လူဦးရေများပြားနေခြင်းဟာ ဆင်းရဲနွမ်းပါးသူဦးရေများခြင်းကို ညွှန်ပြချက်ပဲ ဖြစ်ပါတယ်။ တိုင်းတာရာမှာ head-count ratio, poverty -gap ratio စသည်ဖြင့် အမျိုးမျိုး ရှိပါတယ်။ head-count ratio က poverty line အောက်က population fraction ကို တိုင်းတာပြီး၊ poverty -gap ratio ကတော့ total shortfall of incomes ကို တွက်ချက်တိုင်းတာ တာဖြစ်ပါတယ်။

ဆင်းရဲနွမ်းပါးမှုနှင့်ဝင်ငွေ

ဆင်းရဲနွမ်းပါးမှုကို ၀င်ငွေနဲ့ တိုင်းတာမှုအပေါ်မှာ debate တွေ အမျိုးမျိုး ရှိပေမယ့် Development Economics သဘောတရားအရ ဆင်းရဲနွမ်းပါးမှုနဲ့ nutrition တို့ရဲ့ functional impact ဟာ work capacity အပေါ်မှာ အများကြီး သက်ရောက်မှု ရှိပြီး၊ work capacity နဲ့ income level ဟာ တိုက်ရိုက်ဆက်စပ်မှုရှိတာကြောင့်၊ ၀င်ငွေဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနည်းလမ်းလေးသွယ်

ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနည်းလမ်းတွေမှာ government policy intervention ဟာ အရေးကြီးပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းလေးသွယ်ကို အသေးစိတ်ဖော်ပြရရင်

(၁) Relative factor prices အားပြောင်းလဲသောပေါ်လစီများရေးဆွဲ၍ Functional Distribution of Income အား ပြောင်းလဲရန်

ဒီကဏ္ဍမှာ စဉ်းစားရမယ့် အချက်နှစ်ချက်ရှိပါတယ်။ ပထမအပိုင်းက price of labor ပါ။ တနည်းအားဖြင့် ဆိုရင်တော့ လုပ်ခ (wage rate) ပါ။ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ လုပ်အားခတွေဟာ ၀ယ်လိုအား၊ ရောင်းလိုအားတို့ interplay လုပ်တာနဲ့ determine မလုပ်ပဲ သတ်မှတ်ချင်သလို သတ်မှတ်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အလုပ်တခုထဲမှာတင် လုပ်အားခက အမျိုးမျိုးဖြစ်တတ်ပါတယ်။ များသောအားဖြင့် လုပ်အားခတွေဟာ demand, supply forces တွေ free interplay လုပ်ရက ထွက်လာတဲ့ လုပ်အားခတွေထက်များနေတတ်ပါတယ်။ ဒါကို လျှော့ချခြင်းအားဖြင့် လုပ်ငန်းရှင်တွေဟာ capital နေရာမှာ labor ကို ပိုမိုအစားထိုးလာပါလိမ့်မယ်။ ဒီနည်းဖြင့် employment level တက်လာပြီး၊ ဆင်းရဲနွမ်းပါးသူတွေရဲ့ ၀င်ငွေတက်လာပါမယ်။

နောက်တချက်က Capital နဲ့ ဆိုင်ပါတယ်။ များသောအားဖြင့် capital equipment တွေရဲ့ ဈေးနှုန်းတွေကို အစိုးရနဲ့နီးစပ်မှုရှိတဲ့ လုပ်ငန်းရှင်တွေအတွက် လျှော့ချထားလေ့ရှိတယ်။ ငွေလဲလှယ်နှုန်းတွေ အမျိုးမျိုးသတ်မှတ်တာမျိုး၊ လုပ်ငန်းတချို့ကို သီးခြား privileges ပေးတာမျိုးတွေပါ။ ဒါတွေကို ဖယ်ရှားလိုက်မယ်ဆိုရင် price of capital ဟာ market-driven လုပ်တဲ့ level ကို ရောက်ရှိသွားပြီး၊ capital နေရာမှာ factor substitution အနေနဲ့ labor က အစားဝင်လာပါတယ်။ ဒီနည်းနဲ့ employment level တက်လာနိုင်ပါတယ်။ ဒါတွင်မက လုပ်ငန်းရှင်တွေရဲ့ economic returns ကလဲ အရင်ကလို မမြင့်မားတော့ပဲ income level ကျလာတဲ့အတွက် ချမ်းသာသူများနဲ့ ဆင်းရဲသူများအကြားက inequality လျော့နည်းလာနိုင်ပါတယ်။

ဒီနည်းဟာ လုပ်သားအရည်အတွက်များလာပြီး၊ ၀င်ငွေရသူများလာတဲ့အပြင် inequality ကို လျော့ကျစေနိုင်တဲ့အတွက် အကျိုးရှိတာမှန်ပေမယ့် အစိုးရကိုယ်တိုင် လုပ်ငန်းရှင်များနဲ့ ပူးပေါင်းပြီး ကိုယ်ကျိုးရှာနေတဲ့ တိုင်းပြည်တွေမှာတော့ ဒီနည်းလမ်းကိုသုံးဖို့ အစိုးရကိုယ်တိုင်က နှောင့်နှေးလေ့ရှိကြပါတယ်။

(၂) Asset ownership ကို တိုးမြှင့် redistribute လုပ်ခြင်းအားဖြင့် size distribution ကို modify လုပ်ရန်

ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတာက တိုင်းပြည်ဝင်ငွေရဲ့ တ၀က်ကျော်ကို ရရှိသူများဟာ လူဦးရေ စုစုပေါင်းရဲ့ နှစ်ဆယ်ရာနှုန်းခန့်ပဲဖြစ်ပြီး၊ ထုတ်လုပ်မှုအရင်းအမြစ်ရဲ့ ရှစ်ဆယ်ရာခိုင်နှန်းကျော်ကိုလဲ ဒီနှစ်ဆယ်ရာခိုင်နှုန်းလူတွေကပဲ ပိုင်ဆိုင်တာဖြစ်ပါတယ်။ ဒါမျိုးကို size distribution မညီမျှမှုလို့ ခေါ်ပါတယ်။ ပိုင်ဆိုင်မှုတွေကို ကျန်သူတွေဆီမှာ redistribute လုပ်ခြင်းအားဖြင့် size distribution ညီမျှအောင် လုပ်ယူရပါမယ်။ ပေါ်လစီရေးရာမှာတော့ redistributive polices များလို့ သုံးနှုန်းပါတယ်။

အများအားဖြင့် လုပ်လေ့လုပ်ထရှိတာကတော့ rural poverty group ကို လျှော့ချဖို့ land reform လုပ်ခြင်းပါပဲ။ အလားသဏ္ဍာန်တူပဲ မြို့ပြမှာဆိုရင်လဲ လုပ်ငန်းသေးလုပ်ကိုင်သူများကို commercial credit (ဥပမာ- microloans) ပေးခြင်းအားဖြင့် သူတို့လုပ်ငန်းတွေချဲ့ထွင်ဖို့ရယ်၊ local workers တွေကို ပိုမိုခန့်ထားနိုင်ဖို့ရယ်အတွက် အကျိုးရှိစေပါတယ်။

နောက်တချက်လုပ်နိုင်တာကတော့ Annual savings and investment ထဲက တချို့အစိတ်အပိုင်းများကို low-income groups များအတွက် လွှဲပြောင်းပေးခြင်းပါ။ ဒါ့အပြင် educational opportunities ကိုပဲ wider access ဖြစ်အောင် လုပ်ယူရပါမယ်။ နှစ်ဆယ့်တစ်ရာစုမှာ Human Capital ဟာ နိုင်ငံတနိုင်ငံဖွံ့ဖြိုးတိုးတက်မှုရဲ့ အရေးအကြီးဆုံး သော့ချက်ဖြစ်လာပါပြီ။

(၃) Income and Wealth Taxes များဖြင့် ချမ်းသာသူများ၏ size distribution ကို လျှော့ချရန်

ဝင်ငွေနည်းတဲ့ အောက်ခြေလူတန်းစား ၄၀% ရဲ့ financial security ရှိဖို့ အတွက် သင့်လျော်တဲ့ အခွန်စနစ်ကို ချမှတ်ရပါမယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်လေ့ဖြစ်ထရှိတာက အခွန်စနစ်ဟာ ဆင်းရဲနွမ်းပါးသူများမှာ ပိုမိုတင်းကြပ်ပြီး၊ ချမ်းသာသူများကတော့ လာဘ်ပေးလာဘ်ယူနည်းမျိုးစုံနဲ့ အခွန်ရှောင်တတ်ကြပါတယ်။ Progressive taxes တွေဖြစ်ရမယ့်အစား regressive taxes တွေဖြစ်ကုန်ပါတော့တယ်။

(၄) Direct Transfer payments များ၊ Public-consumption goods and services များအား ထောက်ပံ့ခြင်းဖြင့် ဆင်းရဲသူများ၏ size distribution ကို တိုးမြှင့်ရန်

ဆင်းရဲနွမ်းပါးသူများကို public-consumption goods and services များထောက်ပံ့ပေးခြင်းဟာလဲ အကျိုးဖြစ်ထွန်းပါတယ်။ ဥပမာ- ကျေးလက်နဲ့ တိုးတက်မှုနှေးတဲ့ မြို့ပြဒေသများမှာ public health projects များချမှတ်ဆောင်ရွက်ခြင်း၊ ဝေးလံခေါင်ဖျားဒေသတွေမှာ သောက်ရေသန့်နဲ့ လျှပ်စစ်မီးရရှိအောင်ဆောင်ရွက်ခြင်း၊ preschool nutrition supplement programs များ ဖန်တီးအကောင်အထည်ဖော်ခြင်း စတာမျိုးတွေဖြစ်ပါတယ်။

ငွေကြေးများတိုက်ရိုက်လွှဲပြောင်းပေးခြင်းနဲ့ ဆင်းရဲနွမ်းပါးသူများကို အစားအစာများ ပေးဝေခြင်းဆိုင်ရာ ပေါ်လစီများကလဲ အသုံးဝင်ပါတယ်။ အကောင်းဆုံးကတော့ essential foodstuffs တွေရဲ့ဈေးနှုန်းကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် လိုအပ်တဲ့ ပေါ်လစီများ ချမှတ်ဆောင်ရွက်ခြင်းပါပဲ။

အထက်ပါနည်းလမ်းလေးသွယ်ကို ဆောင်ရွက်ခြင်းအားဖြင့် ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းလေးသွယ်လုံးမှာ government role ဟာ အရေးကြီးဆုံးမို့ သက်ဆိုင်ရာနိုင်ငံအစိုးရရဲ့ attitudes နဲ့ effectiveness ရှိအောင် လုပ်ဆောင်နိုင်မှုတွေပေါ်မှာ မူတည်နေပါတယ်။ Third sector ရဲ့ poverty reduction နဲ့ ပတ်သက်ပြီး ပါဝင်ဆောင်ရွက်နိုင်မှုများအကြောင်းကို နောက်ပိုင်းဆောင်းပါးများမှာ ဆက်လက်ဆွေးနွေးသွားပါမယ်။

ခင်မမမျိုး (၂၁၊၁၊၂၀၀၈)

ရည်ညွန်းကိုးကား

Ray, Debraj (1998) Development Economics, Princeton University Press, Princeton

Todaro, C.M & Stephen C. S (2006) Economic Development, 6th edition, Pearson Education, Harlow

Bardham, P. & Udry, C. (1999) Development Microeconomics, Oxford University Press, Oxford



Read More...