Showing posts with label Contraception. Show all posts
Showing posts with label Contraception. Show all posts

Friday, March 13, 2009

Pearl Index

ပုလဲကိန်း (သို့မဟုတ်)
သားဆက်ခြားနည်းများ၏ ထိရောက်မှုကို တိုင်းသော အညွှန်းကိန်း


ကိုဗြဂ္ဃပြောသလို မိုးပေါ်ကအပ် နှင့် မြေကြီးကအပ်တို့ ထိချင်တိုင်း မထိကြရလေအောင် တားဆည်းနိုင်သော သားဆက်ခြားနည်းပေါင်း များစွာရှိသည်။ ၄င်းတို့အနက် တစ်ချို့က လိင်ဆက်ဆံတိုင်းသုံးရသည် (အမျိုးသားသုံး ကွန်ဒုံး၊ အမျိုးသမီးသုံး ကွန်ဒုံး)၊ တစ်ချို့က တစ်နေ့တစ်ခါသုံးရသည် (နေ့စဉ်သောက်ရသည့် ကိုယ်ဝန်တား သောက်ဆေး)၊ တစ်ချို့က ၃လ တစ်ခါသုံးရသည် (၃လ တစ်ခါ ထိုးရသည့် ဒက်ပို ထိုးဆေး)။ နည်းလမ်း တစ်ခုနှင့် တစ်ခု လုပ်ဆောင်ပုံ လုပ်ဆောင်နည်း ကွာခြားသော်လည်း အဓိက ရလာဒ်ဖြစ်သည့် ‘ကိုယ်ဝန်မရရှိခြင်း’ တွင်မူ တူညီကြသည်။ အချို့နည်းလမ်းများက ကိုယ်ဝန်မရစေရန် ရာနှုန်းပြည့် သေချာသည်၊ အချို့ကမူ ထို့လောက် မသေချာ။ ထိုအခါ မည်သည့်နည်းက ကိုယ်ဝန်မရအောင် ပိုပြီး ကာကွယ်နိုင်သလဲ ဆိုတာကို နှိုင်းယှဉ်နိုင်ရန် သုတေသီများက ကြံဆကြသည်။

သုတေသီများ၏ ထုံးစံအတိုင်း စတင် ကြံဆသူ၏ အမည်ကို ပေးလေ့ ရှိရကား၊ ဤအညွှန်းကိန်းကို တီထွင်သူ ရေမွန် (ရဲမွန် မဟုတ်ပါ) ပါးလ် (Raymond Pearl) ကိုအစွဲပြု၍ ပုလဲကိန်း (Pearl Index) ဟု ခေါ်တွင်လေသည်။ ပုလဲကိန်းမှာ တီထွင်သည့် ၁၉၃၃ ခုနှစ်မှစကာ ယနေ့အထိ အသုံးဝင်နေဆဲ ဖြစ်သည်။

(စကားချပ်။ ။ ဤဆောင်းပါးကို ရေးရန် အင်တာနက်တွင် လှန်လှောကြည့်ရှုရင်းမှ ရေမွန်ပါးလ် သည် စာရေးသူ တက်ရောက်နေသော ဂျွန်စ်ဟော့ပ်ကင်းစ် တက္ကသိုလ်၏ ပါမောက္ခဟောင်း တစ်ဦးဖြစ်ကြောင်း သိရသည်။ ရွှေရှိမှ အမျိုးတော်တတ်သော ရွှေမျိုးစပ်နည်းမျိုး၊ နာမည်ကြီးသူဆိုလျှင် မိမိနှင့် ရအောင် ဆက်စပ်တတ်သော လူတို့၏ ဘာဝ အတိုင်း စာရေးသူလည်း အတင်း ဆက်စပ်ပစ်လိုက်သည်ကို သည်းခံ ခွင့်လွှတ်ကြပါ။)

ပုလဲကိန်း ဆိုသည်မှာ

အမျိုးသမီး အယောက် ၁၀၀ အား သားဆက်ခြားနည်းလမ်း (က) ကို အချိန်ကာလ ၁ နှစ်တိတိ အသုံးပြုစေသည်။ ထိုအချိန်ကာလ တစ်နှစ်အတွင်း ကိုယ်ဝန်ရရှိသွားသော အမျိုးသမီး အရေအတွက်ပင် ဖြစ်သည်။

(က) နေရာတွင် သားဆက်ခြားနည်း တစ်ခုခုကို အစားထိုး ရန်။

သားဆက်ခြားနည်း တစ်ခု (ဥပမာ - အမျိုးသား ကွန်ဒုံး) သည် ပုလဲကိန်း ၂ ရှိသည်ဟု ဆိုလျှင် အမျိုးသမီး ၁၀၀ အား ၄င်းတို့၏ အမျိုးသားများကို အမျိုးသား ကွန်ဒုံး အချိန်ကာလ ၁ နှစ်တိတိ အသုံးပြုခိုင်းပါက အမျိုးသမီး ၂ ယောက်ခန့် ကိုယ်ဝန်ရသွားနိုင်သည်ဟု ဆိုလိုသည်။

သားဆက်ခြားနည်း လုံးဝမသုံးသော အိမ်ထောင်ရှင် အမျိုးသမီးများ၏ ပုလဲကိန်းမှာ ၈၅ ရှိသည်။ ဆိုလိုသည်မှာ မည်သည့် သန္ဓေတားနည်းမှ အသုံးမပြုပါက အမျိုးသမီး ၁၀၀ အနက် ၈၅ ဦးသည် တစ်နှစ်အတွင်း ကိုယ်ဝန် ရသွားနိုင်သည်။

ဤသို့ဆိုလျှင် သားဆက်ခြားနည်း များစွာအနက် မည်သည့်နည်းက ပုလဲကိန်း မည်မျှ ရှိသည်ကို ကြည့်ခြင်းဖြင့် ကိုယ်ဝန်တားနိုင်စွမ်း မည်မျှ ရှိသည်ကို လွယ်လွယ်ကူကူ သိနိုင်သည်။

ပုလဲကိန်းတွင်ပင် အနုစိတ်လိုပါက consistent and correct use နှင့် commonly use ဟူ၍ နှစ်မျိုးထပ်မံ ခွဲခြားနိုင်သေးသည်။ သာမာန်အားဖြင့် သန္ဓေတားရန် ဆေးထိုး ဆေးသောက်ပြုကြရာ၌ သတ်မှတ်ထားသည့်အတိုင်း တိတိကျကျ ဆေးသောက်ဖြစ်သည် (ဥပမာ - ညနေတိုင်း မှန်မှန်သောက်ခြင်း၊ လုံးဝ မမေ့ခြင်း)၊ တိတိကျကျ ဆေးထိုးသည် (ဥပမာ - ၃ လ ပြည့်တိုင်း ရက်မလွန်စေရပဲ မှန်မှန် ဆေးပြန်ထိုးခြင်း) ဆိုပါက ကိုယ်ဝန်တားခြင်းတွင် ထိရောက်သည်။ ထိုသို့ မဟုတ်ပဲ မေ့သည့်အခါမေ့လိုက်၊ သတိရမှ ပြန်သောက်လိုက်၊ ပြန်ထိုးလိုက် လုပ်နေလျှင် ဘယ်လောက်ကောင်းသည့် ဆေးမျိုးသုံးသုံး ကိုယ်ဝန်ကာကွယ်မှု နှုန်းက လျော့မည်ပင်။ သာမာန်အားဖြင့် လူများက မေ့လျော့တတ်သော သဘောရှိသဖြင့် ဆေး၏ ကိုယ်ဝန်တားပေးသည့် အာနိသင် အပြည့်အ၀ မရရှိတတ်ပေ။ ထို့အတွက် အညွှန်းကိန်းကို သတ်သတ် တွက်ချက်ပေးထားသည်။

သင်သည် သားဆက်ခြားနည်းကို စနစ်တကျ မမေ့မလျော့ အသုံးပြုသူ ဖြစ်ပါက ကော်လံ (က) တွင် ပါသည့် အညွှန်းကိန်းကို ကြည့်ပါ။ သင်သည် မေ့သည့် အခါမေ့လိုက် သုံးသည့်အခါ သုံးလိုက် ဆိုပါက ကော်လံ (ခ) တွင်ပါသည့် အညွှန်းကိန်းကို ကြည့်ပါ။

ပုလဲကိန်း ဇယား (တစ်နှစ်အတွင်း ကိုယ်ဝန်ရနိုင်ချေ)


(က)

(ခ)

သားဆက်ခြားနည်း

အတိအကျ မမေ့မလျော့ အသုံးပြုပါက

ပုံမှန် အသုံးပြုပါက

အမျိုးသား သားကြောဖြတ်ခြင်း

ဝ.၁

ဝ.၁၅

အမျိုးသမီး သားကြောဖြတ်ခြင်း

ဝ.၅

ဝ.၅

သားအိမ်တွင်းထည့်ပစ္စည်း

ဝ.၆

ဝ.၈

၃-လ ထိုးဆေး

ဝ.၃

သောက်ဆေး (ဟော်မုန်း ၂ မျိုးပါ)

ဝ.၃

အမျိုးသား ကွန်ဒုံး

၁၅

သုတ်ရည် ပြင်ပ စွန့်ထုတ်ခြင်း

၂၇

ဘာမှမသုံးခြင်း

၈၅

၈၅


ပုလဲကိန်းကို အနှစ်ချုပ်ကြည့်လိုက်လျှင်

ဝ - ၀.၉အထိရောက်ဆုံး
၁ - ၉ထိရောက်
၁၀ - ၂၅အသင့်အတင့်ထိရောက်
၂၆ - ၃၂ထိရောက်မှုနည်း

ဟူ၍ တွေ့ရပေမည်။

စကားချပ်။

ဖော်ပြပါ ပုလဲကိန်း ဇယားမှာ မြန်မာနိုင်ငံတွင် အသုံးများသော နည်းလမ်းများအတွက်သာ ဖော်ပြထားခြင်းဖြစ်ပါသည်။ အခြားနည်းလမ်းများအတွက် ပုလဲ အညွှန်းကိန်းများကို သိလိုပါက ၂၀၀၇ ခုနှစ်ထုတ် Family Planning Handbook ၀က်ဆိုဒ်တွင် သွားရောက် လေ့လာပါရန်။ (စာကိုးတွင် လင့်ပေးထားပါသည်။)

မရှင်းလင်းသည်များ ရှိပါက မှတ်ချက်တွင် ရေးသား မေးမြန်းနိုင်ပါသည်။

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

စာကိုး။

http://www.infoforhealth.org
http://en.wikipedia.org/wiki/Raymond_Pearl
http://en.wikipedia.org/wiki/Pearl_Index
http://www.infoforhealth.org/globalhandbook/book/fph_appendix_a/index.shtml
Dr. Raymond Pearl ၏ ဓါတ်ပုံကို http://www.flickr.com/photos/library_of_congress/3085243184/ မှ ရယူသည်။

Read More...

Thursday, March 12, 2009

Different Ways of Contraception

ကိုရဲမွန်ရေ.. ဒီမှာ တင်လိုက်ပြီဗျာ..

အပ်၂ချောင်း မထိကြရလေအောင်..


(မြန်မာကျူးပစ်ဂျာနယ် အမှတ် ၆ တွင် ဖေါ်ပြခဲ့ ပြီးသော ဆောင်ပါးဖြစ်ပါသည်။)

ကျနော်တို့ ငယ်ငယ်တုန်းက ကလေးဘာဝ ကြံကြံဖန်ဖန် ကစားတဲ့နည်းတစ်ခု ရှိပါတယ်။ မြေကြီးပေါ်မှာရှိတဲ့ နို့ဆီခွက်ထဲကို ပါးစပ်ထဲက ဇီးစေ့နဲ့ အိမ်အပေါ်ထပ် ပြတင်းပေါက်ကနေလှမ်းထွေးတာပါပဲ။ တကြိမ်တလေလောက် ကံစွပ်ပြီး (ကြက်ကန်းတိုးပြီး) ၀င်သွားတာကလွဲရင် ဇီးစေ့တစေ့ နို့ဆီခွက်ထဲ ၀င်ဖို့ဆိုတာ အလွန်ခက်ပါတယ်။ ကလေးဘ၀တုန်းတော့ အဲသလို ကျနော်ထင်ခဲ့မိပါတယ်။

ဒီလိုနဲ့ပဲ အသက်ကတဖြည်းဖြည်းကြီးလာတော့ စာတိုပေစတွေ ဖတ်ဖြစ်ရင်းက ဗြဟ္မာ့ပြည်က အပ်တစ်စင်း နဲ့ လူ့ပြည်က အပ်တစင်း အကြောင်းကိုသိလာပါရော။ သြော် လူ့ဘ၀.. ဒုလ’ဘ ရခဲလှစွာ၏။ အဲသလို မှတ်သားခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒါပေမယ့် ပေါ့ဗျာ..။ ဟိုးအရင်အပ်ရှားတဲ့ ခေတ်တုန်းကတော့ ဟုတ်တာပေါ့ဗျာ။ ပန်းပဲဆရာက သံတုံးကို အချိန်ယူ မီးမြိုက် ထုထောင်း သွေးယူ မှ အပ်တစ်ချောင်းဖြစ်တာကိုး။ အခုခေတ်ကတော့ အပ် တွေပေါလိုက်သမှ တစ်ရာဖိုး ၅ချောင်း ၁၀ချောင်းလောက် ရပါတယ်။ ဒီတော့လည်း ဗြဟ္မာပြည်က အဆုပ်လိုက် အဆုပ်လိုက် ကျကျလာတဲ့ အပ်တွေနဲ့ လူ့ပြည်က မြေကြီးပေါ် သုံးလေးထပ်လောက် အပြည့်ခင်းထားတဲ့ အပ်တွေနဲ့ နေ့နေ့ညည တဖြုတ်ဖြုတ် ထိကုန်ကြတာ မဆန်းပေဘူးပေါ့။

ဒီလို အပ်မိုးတွေ ရွာနေတဲ့အချိန်မှာ အပ်စူးချင်သလောက် စူးပါစေ မွေးပြစ်လိုက်မယ် ဆိုပြီး တစ်ဗိုက်ပြီး တစ်ဗိုက် တဖြွတ်ဖြွတ်မွေးတဲ့ ရှင်မွေးလွန်းတွေ ရှိသလို တဖက်မှာလည်း စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး အကြောင်းတစ်ခုခုကြောင့် သားသမီး မယူလိုသူတွေလည်း ရှိပါတယ်။ ဒီအခက်အခဲကို ဖြေရှင်းနိုင်ဖို့အတွက် ပရိသတ်ရဲ့တောင်းဆိုမှုအရ ပေါ်လာတာကတော့ ပဋိသန္ဓေတားခြင်း ပဲဖြစ်ပါတယ်။

ပဋိသန္ဓေတားခြင်း အကြောင်းကတော့ တစ်ချို့လူတွေအတွက်ဆို ဖတ်ဖူး ကြားဖူးဖန်များလွန်းလို့ ညီးငွေ့စရာ ဓါတ်ပြားဟောင်းသာသာ ဖြစ်နေလောက်ပါပြီ။ သို့သော်လည်းပဲ မသိသေးသူတွေလည်း သိပါစေ၊ သိပြီးသူတွေလည်း ပိုပိုသိလာစေရန် ရည်ရွယ်ပြီး ဓါတ်ပြားဟောင်းကိုပဲ ဖုန်သုတ် စတစ်ကာအသစ်ကပ်ပြီး လျှော့ဈေးနှင့် ရောင်းပေးလိုက်ပါတော့မယ် ဖတ်ရှုအားပေးကြပါကုန်..


ပြောရင် ယုံချင်မှ ယုံကြလိမ့်မယ်။ ရှေးရှေးကလူတွေဟာ လိင်ဆက်ဆံခြင်းနဲ့ ကိုယ်ဝန်ရခြင်း ဆက်စပ်နေတယ်ဆိုတာ မသိကြဘူးတဲ့။ ဒါကြောင့်လည်း ကလေးလိုချင်ရင် ဘာမှမဆိုင်တဲ့ ရွာထိပ်ညောင်ပင်က ရုက္ခစိုးကို သွားသွားအပူကပ်ကြတာလေ။ ထားပါတော့လေ.. နောက်ဆုံးကြတော့ အမည်မသိရှေးပညာရှိတစ်ယောက်က လိင်ဆက်ဆံခြင်းနဲ့ ကိုယ်ဝန်ရခြင်း ဆက်စပ်မှုရှိကြောင်းကို မတော်တဆ ရှာဖွေတွေ့ရှိသွားပါတယ်။ သူ့ခေတ် သူ့အခါအရဆို ဆေးပညာနိုဗယ်ဆုတောင် ချီးမြှင့်သင့်ပါတယ်။ ဒါတောင် သူ့ခမျာ ယောက်ျားတွေရဲ့ သုက်ရည်ဟာ ကိုယ်ဝန်ဖြစ်စေဖို့ အရေးပါတယ်ဆိုတာ မသိသွားပါဘူး။ အဲသလိုနဲ့ ရမ်းသမ်းမှန်းသမ်း ဆင်ကန်းတောတိုးလာခဲ့ကြတာ ၁၇ရာစုနှောင်းပိုင်း အဏုကြည့်မှန်ဘီလူး ပေါ်တော့မှပဲ သုက်ရည်မှာ ပါတဲ့ သုက်ကောင်လေးတွေကို တွေ့ရှိပါတော့တယ်။

ကိုယ်ဝန်ရှိလာခြင်းဟာ သုက်ရည်မှာပါတဲ့ သုက်ကောင်တွေ အမျိုးသမီးရဲ့ သားအိမ်ထဲ ရောက်သွားလို့ ဆိုတဲ့ အကြောင်းသိလာပြီးတဲ့ နောက်ပိုင်းမှာတော့ သားအိမ်ထဲ သန္ဓေအောင်စေတဲ့ သုက်ပိုး မ၀င်စေအောင် နည်းမျိုးစုံ ရှာကြံခဲ့ကြပါတယ်။

အဲဒီအချိန်တုန်းကတော့ လူကြိုက်အများဆုံးနည်းက Coitus Interrupts လို့ခေါ်တဲ့ သုက်ကို မိန်းမကိုယ်ပြင်ပမှာလွှတ် တဲ့နည်းပါပဲ။ တကယ်ကိုပဲ တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် လိုက်နာနိုင် မယ်ဆိုရင်တော့ တော်တော်လေးကို စိတ်ချရတဲ့နည်းပါ။ ဒါပေမယ့် စိတ်မနိုင်တဲ့ ယောက်ျားတွေ အတွက်တော့ ဒီနည်းဟာ အလုပ်မဖြစ်လှပါဘူး။ သန္ဓေမျိုးစေ့ပါတဲ့ သုက်ရည်ကို အခုလို အလဟဿ ဖြုံးတီးခြင်းဟာ ရဟူဒီလူမျိုးတွေအတွက် ငရဲကြီးစေတယ်လို့ဆိုပါတယ်။ နည်းအမျိုးမျိုးနဲ့ ဖြုန်းတီးလိုက်တဲ့ ကိုယ့်ရဲ့သုက်ရည်တွေဟာ ဒယ်အိုးကြီးတစ်ခုထဲ သွားစုနေပြီး သေလွန်သွားတဲ့အခါမှာ အဲဒီဒယ်အိုးထဲမှာ ကိုယ်တိုင် အကြော်ခံရတယ်ဆိုလားပဲ။

နောက်တစ်နည်းကတော့ အရင်ခေတ်က သိပ်ခေတ်မစားခဲ့ပေမယ့် မျက်မှောက်ခေတ်မှာ အလွန်အသုံးများတဲ့ Condom ခေါ် French Letter (FL) ခေါ် လိင်တံအစွပ် ပဲဖြစ်ပါတယ်။ ကနဦးမှာတော့ သိုး၊ ဆိတ်၊ ၀က် စတဲ့ တိရိစ္ဆာန်အူ နဲ့ ပြုလုပ်ကြပါတယ်။ တီထွင်သူဟာ ၀က်အူချောင်းစားရင်း အကြံရသွားတာ အများကြီးဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်တားခြင်းထက်စာရင် ကာလသားရောဂါ ကာကွယ်ဖို့အတွက် ပိုအသုံးပြုခဲ့ကြပါတယ်။ အစွမ်းထက် ပဋိဇီဝဆေးများ မပေါ်သေးတဲ့ခေတ်မှာ ကာလသားရောဂါဟာ တကယ့်ကို ကြောက်စရာပါ။ အခုခေတ်မှာတော့ အဆင့်မြင့်နည်းပညာတွေနဲ့ ထုတ်လုပ်ထားတဲ့ လိင်တံအစွပ်တွေကို လွယ်လွယ်ကူကူ ၀ယ်လို့ရနေပါပြီ။ ကြုံတုန်းပြောရရင် condom ၀ယ်တာဟာ ရှက်စရာမဟုတ်ပါဘူး (ကျန်းမာရေး အမြင်ရှိကြောင်း သိသာပါတယ်)၊ ဆေးလိပ်ဝယ်တာပို ရှက်ဖို့ကောင်းပါတယ် (ကျန်းမာရေး ထိခိုက်စေတယ်လေ)။ မိဘတွေအနေနဲ့လည်း ကိုယ့်သားသမီး အိပ်ထဲမှာ condom တွေ့တာနဲ့ စီးကရက်တွေ့တာ ဘယ်ဟာကို ဆုံးမ ရမလဲဆိုတာ သိသင့်ပါတယ်။ condom ကို နည်းစနစ်မှန်မှန်နဲ့ သုံးမယ်ဆိုရင်တော့ ကိုယ်ဝန်တားခြင်းအတွက် ၉၈% စိတ်ချရပါတယ်တဲ့။

Female Condom ခေါ် Diaphragm လို့ခေါ်တဲ့ အမျိုးသမီး သားအိမ်ခေါင်းစွပ် ဆိုတာလည်းရှိပါတယ်။ မြန်မာပြည်မှာတော့ သုံးတာ သိပ်မတွေ့ဖူးပါဘူး။ မိန်းမအင်္ဂါအတွင်းက သားအိမ်ခေါင်းကို သုက်ပိုးများမ၀င်နိုင်အောင် အကာအကွယ်ပေးပါတယ်။ သုံးနေကြမဟုတ်တဲ့သူဆိုရင် ထည့် တဲ့အခါမှာ နည်းပညာပိုင်း အခက်အခဲတွေ့နိုင်ပါတယ်။ စိတ်ချရမှုဟာလည်း အမျိုးသားလိင်တံအစွပ်လောက် မကောင်းပါဘူး။

ရှောင်လင်သိုင်းကျင့်ခြင်း လို့ခေါ်တဲ့ ပြက္ခဒိန်နည်း(လင်ရှောင်ခြင်း ဟာလည်း ကိုယ်ဝန်တားခြင်း တစ်မျိုးပါပဲ။ ရာသီပန်း စပေါ်တဲ့နေရဲ့ ဟိုဖက် ဒီဖက် ၇ရက်ကို စိတ်ချရတယ်လို့ ပြောပါတယ်။ ဥပမာ ၂၈ရက်တကြိမ် သွေးပေါ်နေကျ အမျိုးသမီးတစ်ယောက်ဟာ ဖေဖေါ်ဝါရီလ ၈ရက်နေ့မှာ ရာသီစလာတယ်ဆိုပါတော့ (ရာသီ စ ပေါ် တဲ့နေ့ကိုပဲ ကြည့်တာပါ) အဲဒီအမျိုးသမီးအတွက် (ကိုယ်ဝန်မရအောင်) စိတ်ချရတဲ့ ကာလဟာ ဖေဖေါ်ဝါရီ ၁ ရက်နေ့ကနေ ဖေဖေါ်ဝါရီ ၁၄ရက်နေ့ဖြစ်ပါတယ်။ နောက်တမျိုးလှည့်ပြောရရင် ဖေဖေါ်ဝါရီ ၁၅ရက်နေ့ကနေ မတ်လ ၁ရက်နေ့အတွင်း ဆက်ဆံမိရင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။

နောက်တမျိုးထပ်ရှင်းပါဦးမယ်။ အရွယ်ရောက်ပြီး အမျိုးသမီးတွေဟာ တစ်လတစ်ကြိမ် သွေးပေါ်ပါတယ် (တချို့ကလည်း ၂၈ရက်တကြိမ်၊ တချို့ကလည်း ၂၉ရက် တကြိမ်၊ တချို့ကလည်း ရက်၃၀ တကြိမ်.. ကွဲပြားကြပါတယ်။) သွေးပေါ်ခြင်းဟာ မျိုးဥကြွေခြင်းရဲ့ နောက်ဆက်တွဲပါပဲ။ မျိုးဥကြွေပြီး ၁၄ရက်တိတိ အကြာမှာ သွေးပေါ်တာပါ။ ဒီတော့ အပေါ်က ဥပမာကို ပြန်ပေးရရင် ဖေဖေါ်ဝါရီ ၈ရက်နေ့မှာ သွေးပေါ်တဲ့အမျိုးသမီးဟာ ဇန်န၀ါရီလ ၂၄ရက်တုန်းက မျိုးဥကြွေခဲ့တာပါ။ (သူမဟာ ၂၈ရက်တကြိမ် သွေးပေါ်တဲ့သူဖြစ်တဲ့အတွက်) နောက်တကြိမ် မျိုးဥကြွေမှာက ဖေဖေါ်ဝါရီ ၂၂ရက်မှာပါ။ အဲဒီတော့ မျိုးဥမကြွေခင် ဟိုဖက် ဒီဖက် ၇ရက် ဟာစိတ်မချရပါဘူး (ဖေဖေါ်ဝါရီ ၁၅ ကနေ မတ်လ ၁ရက် အထိ ဖြစ်ပါတယ်)။ ပြက္ခဒိန်လေးနဲ့ ချကြည့်မှ ကျနော်ပြောတာ ရှင်းမှာဖြစ်ပါတယ်။

အခုပြောပြီးခဲ့တာတွေကတော့ လူကိုဘေးဥပဒ် အနည်းဆုံးသော နည်းတွေပါပဲ။ ဆေးထိုး ဆေးသောက်ရန်မလို၊ ခန္ဓာကိုယ်ထဲ ဘာမှ ထည့်ထားစရာမလိုတဲ့ သန္ဓေတားနည်းတွေပေါ့။ ဆက်ပြီးပြောမယ့်နည်းတွေကတော့ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို တနည်းမဟုတ်တနည်း ကိုယ်ဝန်မရှိသွားအောင် ပြောင်းလဲပေးတဲ့နည်းတွေပါ။

ကျနော် အထက်မှာ ရှင်းပြခဲ့တဲ့ ရာသီလာခြင်း၊ မျိုးဥကြွေခြင်း စတဲ့ဖြစ်စဉ်တွေကို ၂၀ရာစု အဦးပိုင်းအထိ ဘယ်သူမှ ရေရေရာရာ မသိခဲ့ပါဘူး။ အထူးသဖြင့် အမျိုးသမီးတွေ ရာသီပန်းပွင့်စေရာမှာ အရေးကြီးတဲ့ အက်စထရိုဂျင် နဲ့ ပရိုဂျက်စရုန်း မဟော်မုန်း ၂မျိုးရဲ့ အခန်းကဏ္ဌကို တိတိကျကျ မပြောနိုင်ကြပါဘူး။ ၁၉၅၀ခုနှစ်လောက်ကျမှပဲ မဟော်မုန်းတွေနဲ့ ရာသီလာခြင်း ကိုယ်ဝန်ရှိခြင်း ကို မှန်မှန်ကန်ကန် ဆက်စပ်မိသွားကြပါတယ်။ ၁၉၆၀ခုနှစ်လောက်မှာတော့ ဟော်မုန်း နည်းပညာနဲ့ ကိုယ်ဝန်တားခြင်းတွေ စတင်ခေတ်စားလာခဲ့ပါတယ်။ မဟော်မုန်း ၂မျိုးဖြစ်တဲ့ အက်စထရိုဂျင် နဲ့ ပရိုဂျက်စရုန်း ကိုပဲ ပုံသဏ္ဌာန်အမျိုးမျိုး အချိုးအမျိုးမျိုးနဲ့ သုံးကြတာပါပဲ။ အလွယ်ဆုံးဥပမာကတော့ တားဆေးကဒ်ပါပဲ။

Oral Contraceptive Pill, OC Pill, The Pills လို့ အမျိုးမျိုးခေါ်ကြတဲ့ တားဆေးကဒ်ဟာ အဓိကအားဖြင့် ၂မျိုးရှိပါတယ်။ အက်စထရိုဂျင် နဲ့ ပရိုဂျက်စရုန်း ၂မျိုးပေါင်းထားတဲ့ ဆေးပေါင်းကဒ် Combined Oral Contraceptive (COC) ကတော့ မြန်မာပြည်မှာ အသုံးအများဆုံးပါပဲ။ မျှားကဒ်၊ လက်ညိုးကဒ် စသည်ဖြင့် အရပ်ထဲမှာ ခေါ်ကြပါတယ်။ တမျိုးမကြိုက် နောက်တမျိုးပြောင်းနဲ့ မြန်မာအမျိုးသမီးတွေ တော်တော် အလုပ်ရှုပ်ကြရပါတယ်။ တကယ်တော့ ပါဝင်တဲ့ အချိုးအစားတွေက အတူတူပါပဲ။ ကွာလတီကောင်းကောင်းကို သုံးချင်တယ်ဆိုရင်တော့ Marvelon-28 ကိုသုံးပါလို့ ညွှန်းပါရစေ။ ဒီဆေးပေါင်းကဒ် (COC) က ကိုယ်ဝန်တားခြင်းအပြင် အခြားကောင်းတဲ့ အချက်ကလေးတွေလည်းရှိပါသေးတယ်။ ရာသီပန်းကို မှန်မှန်ပွင့်စေတယ်၊ ရာသီလာစဉ်ကိုက်ခဲခြင်းကို သက်သာစေတယ်၊ ကင်ဆာရောဂါတချို့ကို ကာကွယ်ပေးတယ်၊ ၀က်ခြံပျောက်စေတယ် စသည်ဖြင့်ပါပဲ။ မကောင်းတဲ့ အချက်တွေကတော့ နေ့စဉ်ဆေးသောက်ရခြင်း၊ အချို့သော နှလုံး သွေးကြော ရောဂါရှိသူများ၊ ခေါင်းတခြမ်းကိုက်တတ်သူများ၊ အသက်၃၅နှစ်ကျော်များ၊ ဆေးလိပ်သောက်သူများ၊ နို့တိုက်မိခင်များ သောက်သုံးရန်မသင့်ခြင်းတို့ပဲဖြစ်ပါတယ်။ တချို့အမျိုးသမီးတွေမှာတော့ ဆေးကြောင့် ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ကျခြင်း၊ သွေးပြခြင်း စသည်တို့ ဖြစ်နိုင်ပါတယ်။ ဆေးသောက်မယ်ဆိုရင်တော့ ရာသီလာတဲ့ ပထမဆုံးနေ့မှာ စသောက်လို့ရပါတယ်။ ဆေးကဒ်ပြောင်းချင်တယ်ဆိုရင်တော့ သောက်လက်စ ဆေးကဒ်ကုန်မှ တခြားကဒ်အမျိုးအစားကို ပြောင်းရမှာပါ။ အရင်က တားဆေး ထိုးထားတယ် (သုံးလဆေး၊ ဒီပို) ဆိုရင်တော့ ကြိုက်တဲ့ အချိန်စသောက်လို့ ရပါတယ်။ ဆေးကဒ်ရဲ့နောက်ပိုင်းမှာ မျှားနဲ့ညွှန်ထားတဲ့ အတိုင်းသောက်ရပါမယ်။ နေ့စဉ် အချိန်မှန်မှန် သောက်ရပါမယ်။ ဆေးကို ရက်မလွတ်စေပဲ သေသေချာချာသောက်ရင် ထိထိရောက်ရောက် ကိုယ်ဝန်တားပေးနိုင်ပါတယ်။

ပရိုဂျက်စရုန်းတစ်မျိုးထဲပါတဲ့ Progestrogen Only Pill (POP) လို့ခေါ်တဲ့ဆေးကဒ်ကတော့ ဆေးပေါင်းကဒ် (COC) သောက်လို့မရသောသူတွေအတွက်ပါ။ ဥပမာ နို့တိုက်မိခင်များ၊ နှလုံးရောဂါရှိသူများ၊ သွေးပျစ်ခဲရောဂါဖြစ်ဖူးသူများ စသည်ဖြင့် အထက်မှာ ဖေါ်ပြထားတဲ့သူတွေပါပဲ။ ဒီ POP ကတော့ နေ့စဉ် အချိန်ပါ မှန်မှန်သောက်ဖို့လိုပါတယ်။ ဥပမာ နေ့စဉ် ည၁၀နာရီဆို အမြဲတန်း ည၁၀နာရီသောက်ရပါမယ်။ နောက်တချက်က POP သောက်နေစဉ် ရာသီ သွေးစက်လေးတွေ လာလိုက် ပျောက်လိုက်ဖြစ်တတ်ပါတယ်။ တကယ်တမ်းယှဉ်ပြောရရင် ဆေးပေါင်းကဒ် COC လောက် ကိုယ်ဝန်တားခြင်းအစွမ်းမထက်ပါဘူး။ အ၀လွန်အမျိုးသမီးများတွေသောက်ရင် ပိုပြီး အစွမ်းကျ တတ်ပါတယ်။

သောက်ဆေး နောက်တမျိုးကတော့ အရေးပေါ်ကိုယ်ဝန်တားခြင်း ခေါ် Emergency Contraception ပဲဖြစ်ပါတယ်။ Morning After Pill လို့လဲခေါ်ပါတယ် မြန်မာပြည်မှာတော့ Postinor-2 အမည်နဲ့ဈေးကွက်ထဲမှာရှိပါတယ်။ စုစုပေါင်း ၂ကြိမ်သောက်ရပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး ၇၂နာရီအတွင်းမှာ တကြိမ်သောက်ရပါမယ်၊ ပထမဆေးလုံးသောက်ပြီး ၁၂နာရီအကြာမှာ နောက်တကြိမ်သောက်ရပါမယ်။ ဒါဟာ အရေးပေါ်အတွက်ပဲဖြစ်လို့ ပုံမှန်အသုံးမပြုသင့်ပါဘူး။ (ကျမတို့က တစ်လမှ လေးကြိမ်လောက်ပဲ အရေးပေါ်တာဆိုတော့ နေ့တိုင်းသောက်ရမယ့် COC တို့ POP တို့ မသောက်ချင်ပါဘူး။ ဖြစ်လာမှပဲ ကြုံသလို After Pill သောက်ပါတယ်။) အဲသလို မဟုတ်ဘူးနော်။ After Pill မှာ သာမန် တားဆေးတွေထက် ဘေးထွက်ဆိုးကျိုးတွေ ပိုရှိတဲ့အပြင် ကိုယ်ဝန်ရှိသွားနိုင်ဖို့ အခွင့်အရေးလည်း ပိုများပါတယ်။ အဆိုးဆုံးကတော့ သားအိမ်ပြင်ပ သန္ဓေတည် Ectopic Pregnancy ဖို့ အခွင့်အလမ်းပိုများတယ်ဆိုတာပါပဲ။

သဘာဝနည်းလည်း မကြိုက် ဆေးသောက်ရမှာ ပျင်းတဲ့ အမျိုးကောင်းသမီးတွေကိုတော့ နောက်ထပ်မေးရမယ့် မေးခွန်းကတော့ 'ကပ်မလား၊ ထိုးမလား၊ မြုပ်မလား၊ ထည့်မလား' ပါပဲ။ ရှင်းပြပါ့မယ်၊ ဆန္ဒတွေစောပြီး တလွဲတွေမတွေးကြပါနဲ့။

ကပ် ရမှာကတော့ Patch လို့ခေါ်တဲ့ ဆေးပလာစတာမျိုးမှာ မဟော်မုန်း ၂မျိုး အချိုးကျစပ်ထည့်ထားပါတယ်။ အရေပြားပေါ်မှာ ကပ်ထားလိုက်ခြင်းဖြင့် ဟော်မုန်းတွေဟာ ဆေးပလာစတာကနေ အရေပြားကို ဖြတ်ပြီး ကိုယ်ခန္ဓာထဲကို တနေကုန် တစိမ့်စိမ့်ဝင်ပါသတဲ့။ လက်မောင်းအတွင်းဖက်၊ ပေါင်ရင်း၊ ဗိုက် ကြိုက်တဲ့နေရာမှာ ကပ်ထားလိုက်ရုံပါပဲ။ ၇ရက်တခါ အဟောင်းကိုခွာပြီး Patch အသစ် ကို အခြားနေရာမှာ ကပ်ရပါတယ်။ ၇ရက် ၃ခါ ကပ်ပြီးရင် ၄ကြိမ်မြောက် ၇ရက်ကို ဘာမှမကပ်ပဲ ထားရပါတယ်။ Evra Transdermal Patch က အသုံးများပါတယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့ COC ဆေးပေါင်းကဒ်နဲ့ အတူတူပါပဲ။ တနေ့တခါ ဆေးသောက်စရာမလိုတဲ့ အချက်ကသာသွားပါတယ်။ တချို့အမျိုးသမီးတွေမှာတော့ အရေပြားနဲ့ ဆေးပလာစတာမတည့်လို့ သုံးလို့မရပါဘူး။ တချို့ ဇီဇာကြောင်တဲ့သူတွေကြတော့လည်း Patch ကပ်ထားရင် သူများတွေ မြင်ကုန်မယ်ဆိုပြီး မသုံးကြပါဘူး။ ပေါင်ရင်းမှာ ကပ်ထားတာ ဘယ်သူက တွေ့မလဲနော်.. အဲ.. တစ်ယောက်ယောက်က တွေ့သွားခဲ့ရင်လည်း တွေ့သွားတဲ့သူကိုတော့ ရှက်စရာ မရှိလောက်တော့ပါဘူး။ မြန်မာပြည်မှာ သိပ်မတွင်ကျယ်သေးပါဘူး။

တားဆေးထိုးမယ်ဆိုရင်တော့ သုံးလခံဆေး (နာမည်ကြီးကလည်း၊ သုံးလဆေးဆိုတော်သေး) လို့ခေါ်တဲ့ Depoprovera ခေါ် Depo ဆိုတာရှိပါတယ်။ မြန်မာပြည်မှာ အဖုံးခရမ်းရောင်၊ အဖုံးစိမ်း၊ အဖုံးနီ စသည်ဖြင့် အမျိုးမျိုးဖြစ်နေပေမယ့်လည်း ပါဝင်တာက အတူတူပါပဲ။ Depo မှာ ပရိုဂျက်စရုန်း တစ်မျိုးထဲပါတဲ့ အတွက် ယေဘူယျအားဖြင့် အထက်မှာ ဖေါ်ပြခဲ့တဲ့ POP နဲ့ ဂုဏ်သတ္တိ ၊ သုံးနိုင်တဲ့အခြေအနေတွေ တူပါတယ်။ ကောင်းတဲ့အချက်က နေ့စဉ်ဆေးသောက်ခြင်း သို့မဟုတ် တပါတ်တခါ ပလာစတာ ကပ်ခွာလုပ်ခြင်း မလိုတော့ပါဘူး။ သုံးလမှတစ်ခါ လမ်းထိပ်ဆေးခန်းက ဆရာဝန်ကို ပိုက်ဆံ ၂၀၀၀ကျပ် သွားပေးရုံပါ။ ဆေးထိုးတဲ့ အခါမှာ ပြောချင်တာတစ်ခုက ဆေးထိုးပြီးရင် မချေပဲမနေပါနဲ့၊ ချေပါ၊ အရပ်ပြောနဲ့ သုံးလဆေးကိုချေလိုက်ရင် အာနိသင်ပျယ်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ (လေးဖက်နာအတွက် ပင်နယ်စလင် တလတကြိမ်ထိုးတဲ့သူတွေလည်း ချေတာပဲ၊ အာနိသင်ပျယ်ပြီး ၂ပါတ်လောက်ပဲ ခံတယ်လို့ ဘယ်သူမှ မပြောကြပါဘူး။) မကောင်းတဲ့အချက်ကတော့ ဆေးထိုးနေရင်းနဲ့ ကိုယ်ဝန်လိုချင်လာလို့ ဆေးထိုးရပ်လိုက်သော်လည်း ကိုယ်ဝန်ချက်ခြင်းရချင်မှ ရပါတယ်။ တချို့ဆို တစ်နှစ်လောက် စောင့်သွားရတတ်ပါတယ်။ တားဆေးကဒ်တွေကတော့ ဒီလရပ်လိုက်ရင် နောက်လဆို ကိုယ်ဝန်ဆောင်ဖို့ ready ပါပဲ။

Noristerat ဆိုတဲ့ ၈ပါတ်တခါထိုးရတဲ့ဆေးလည်း ရှိပါတယ်။ မြန်မာပြည်မှာတော့ မတွေ့ဖူးခဲ့ပါဘူး။

ထူးထူးခြားခြား တရုတ်ကလာတဲ့ တစ်လဆေးဆိုတာ မြန်မာပြည်ကို ၀င်ပါတယ်။ ဈေးချိုလို့ တော်တော်များများ သုံးကြပါတယ်။ ဘာဆေးမျိုးမှန်းမသိတဲ့အတွက် ကျနော့်အနေနဲ့ ဘာမှ မှတ်ချက် မပေးလိုပါဘူး။

မကပ်ဘူး၊ မထိုးဘူး၊ မြုပ်မယ်ဆိုတာကတော့ အရေပြားအောက်မှာမြုပ်လို့ရတဲ့ Implanon လို့ခေါ်တဲ့ ပရိုဂျက်စရုန်း ဖြည်းဖြည်းချင်းလွှတ်ပေးတဲ့ အရာလေးပါပဲ။ တခါထည့်ရင် ၃နှစ်အထိခံပါတယ်။ အသုံးပြုပုံ၊ ဘေးထွက်ဆိုးကျိုးတွေကတော့ အခြား ပရိုဂျက်စရုန်း တမျိုးထဲပါတဲ့ POP, Depo injection စတာတို့နဲ့ အတူတူပါပဲ။ အရေပြားကို ထုံဆေးလေးပေးပြီး အရေပြားအောက်မှာ Implanon ဆိုတဲ့ဟာလေးကို မြုပ်ထားလိုက်ရုံပါပဲ။ ပလာစတာလို မမြင်ရတော့ဘူးပေါ့.. အဲ.. အားအားယားယား လက်နဲ့လိုက်စမ်းရင်တော့ တွေ့မှာပေါ့နော..။

ရှေးခေတ်က အာရပ်လူမျိုးတွေဟာ သဲကန္တာရကို ဖြတ်ပြီးခရီးသွားတဲ့အချိန်မှာ သူတို့ရဲ့ ကုလားအုပ်မတွေ ဇီးမတင်သွားအောင် ကျောက်စရစ်ခဲ သေးသေးလေးတွေကို ကုလားအုပ်မတွေရဲ့ သားအိမ်ထဲကို ထည့်ထားခဲ့ကြတယ်ဆိုပဲ။ ဒါဟာ ယုံတမ်းစကားလား တကယ်ပဲလား ခွဲရခက်ပေမယ့် ပြောနိုင်တာကတော့ ဖြစ်နိုင်ချေရှိတယ်ဆိုတာပဲ။ သားအိမ်ဆိုတဲ့ အမျိုးဟာ သူ့ထဲမှာ သဘာဝမဟုတ်တဲ့ ပစ္စည်း တစ်ခုခုရှိနေရင် သန္ဓေသားကို လက်မခံနိုင်ပါဘူး။ ဒီအချက်ကို အခြေခံပြီး လူသားမိန်းမတွေရဲ့ သားအိမ်ထဲကိုလည်း ပစ္စည်းအမျိုးစုံ ထည့်ခဲ့ကြသတဲ့။ ပုတီးစေ့၊ သံလိုက်ချောင်း စတာတွေပေါ့။ သားအိမ်ရဲ့ ကြွက်သားကြုံ့ပွ လှုပ်ရှား ၀ါးမြိုနိုင်တဲ့ အစွမ်းသတ္တိကြောင့် ပြန်ထုတ်လို့မရတော့ပဲ ပျောက်ဆုံးသွားရတဲ့ ပုတီးစေ့တွေလည်း မနည်းမနောဆိုပဲ။ ကာလကြာမြင့်လာသည်နှင့်အမျှ စမ်းသပ်မှုတွေ အမျိုးမျိုးလုပ် လာခဲ့တာ အခုခေတ်အသုံးပြုနေတဲ့ အရာတွေကတော့ ထည့်ရ ထုတ်ရ လွယ်သွားပါပြီ။ တွန့်လိမ်လိမ်ပုံ ဒါမှမဟုတ် အင်္ဂလိပ်အက္ခရာ တီ ပုံသဏ္ဌာန်တွေ အသုံးများပါတယ်။ အရပ်စကား 'ကွင်းထည့်' ထားတယ်လို့ပြောကြတဲ့ Intrauterine Contraceptive Device (IUCD) ဆိုတာတွေက အခုခေတ်မှာ ၉၉% ကျော် အောင် စိတ်ချမှုကိုပေးနေပါပြီ။ 'ကွင်း' ချည်းပဲ မဟုတ်ပဲ သုက်ကောင်သတ်ဆေး၊ ပရိုဂျက်စရုန်း စတာတွေပါ IUCD တွေမှာ ထည့်သွင်းထားတာကြောင့် အလွန် အစွမ်းထက်လှပါတယ်။ IUCD ရဲ့ကောင်းတဲ့ အချက်ကတော့ ကိုယ်ဝန်လိုချင်တဲ့အချိန်ကျရင် ချက်ချင်း ထုတ်ပစ်လိုက်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ Patch တို့ Implanon တို့လို မမြင်လည်း မမြင်ရ (သာမန်) စမ်းကြည့် လို့လည်း မတွေ့နိုင်ဘူးလေ။

ကိုယ်ဝန်တားနည်းတွေ အကြောင်းပြောတာ တော်တော်လေးတော့ ပြည့်စုံသွားပါပြီ။ ကျန်သေးတာဆိုလို့ Female Sterilisation လို့ခေါ်တဲ့ သားကြောဖြတ်ခြင်းပဲ ဖြစ်ပါတယ်။ ဘယ်ညာ တဖက်တစ်ခုရှိတဲ့ မမျိုးဥအိမ် ၂ခုနဲ့ သားအိမ်နဲ့ ဆက်ထားတဲ့ ပြွန် ၂ချောင်းကို ထုံးဖြတ်ဖြတ်ပစ်လိုက်တာပါပဲ။ ရာသက်ပန် သန္ဓေတားပြီးဖြစ်သွားပါတယ်။ အင်မတန်မှ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေမျိုးမှာတော့ ပြတ်နေတဲ့ ပြွန် အလိုလိုပြန်ဆက်သွားပြီး ကိုယ်ဝန်ရနိုင်ပါသေးသတဲ့။ ကြံကြံဖန်ဖန်နော်။ မြန်မာပြည်မှာတော့ ကျန်းမာတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ကလေး ၃ယောက် အရှင်လတ်လတ် မရှိသေးသရွေ့ တရားဝင် သားကြောဖြတ်ခွင့်မရှိပါဘူး။ သားကြောဖြတ်တယ်ဆိုပေမယ့် သဘောပေါက်ရမှာက သမီးကြောပါ ပြတ်သွားတယ်ဆိုတာပါပဲ။ တော်တော်ကြာ သားကြောဖြတ်ထားပေမယ့် သမီးလေးများထပ်ရဦးမလား မျှော်နေဦးမယ်။

မြန်မာပြည်မှာ တရားမ၀င်တဲ့ နောက်တစ်နည်းကတော့ ယောက်ျားသားကြောဖြတ်ခြင်း (Male Sterilisation) ပဲဖြစ်ပါတယ်။ ဘယ်ညာ သုက်ကြော ၂ခု ကို ဖြတ်လိုက်တာပါပဲ။ ယောက်ျားအနေနဲ့ကတော့ ကလေးဘယ်နှစ်ယောက်ရှိရှိ တရားဝင်သားကြောဖြတ်ခွင့် မရှိပါဘူး။ တကယ်လုပ်ရင်တော့ ၁၅မိနစ်တောင် မကြာပါဘူး။ ရန်ကုန်က ဆေးရုံတစ်ရုံရဲ့ သန့်ရှင်းရေးဝန်ထမ်းတစ်ယောက်က သူ့ကို ဘရိတ်ဓါးတစ်လက်ပဲပေး ၅မိနစ်နဲ့ ပြီးအောင်လုပ်ပြမယ်ဆိုပြီး ကျနော့်ကိုကြွားဖူးပါတယ်။ သူလုပ်ပေးခဲ့တဲ့ လူစာရင်းကိုတောင်လာရွတ်ပြနေလို့ ခင်ဗျားကို ရဲသွားတိုင်မယ်လို့ ပြောလွှတ်လိုက်ရတယ်။

တကယ်ကို ပြည့်စုံသွားပါပြီ။ ဒီလောက်သိရင် ဆေးကျောင်း နောက်ဆုံးနှစ် အပိုင်း (ခ) မှာတောင် ဂုဏ်ထူးမှတ်ရမှာပါ။ကဲ နောက်ဆုံးအနေနဲ့ ပြန်ချုပ်ကြည့်ရအောင်.. အားလုံး လိုက်ဆိုကြပါ..

သန္ဓေတားနည်းများ

၁။ မိန်းမကိုယ်ပြင်ပ သုက်လွှတ်ခြင်း (Coitus Interrupts)
၂။ လိင်တံအစွပ် (Condom)
၃။ သားအိမ်ခေါင်းအစွပ် (Diaphragm)
၎။ ပြက္ခဒိန်နည်း (Calendar Method)
၅။ တားဆေးကဒ် (Oral Contraceptive Pill)
- ဆေးပေါင်းကဒ် (COC)
- ပရိုဂျက်စရုန်း တမျိုးထဲကဒ် (POP)
၆။ အရေးပေါ်ကိုယ်ဝန်တားဆေး (Emergency Contraceptive)
၇။ ဆေးပလာစတာကပ်ခြင်း (Patch)
၈။ တားဆေးထိုးခြင်း
- သုံးလဆေး ခေါ် (Depo)
၉။ အရေပြားအောက်မြုပ်သော Implanon
၁၀။ သားအိမ်ထဲထည့်သော "ကွင်း" များ (IUCD)
၁၁။ အမျိုးသမီး သားကြောဖြတ်ခြင်း (Female Sterilisation)
၁၂။ အမျိုးသား သားကြောဖြတ်ခြင်း (Male Sterilisation) စတာတွေပါပဲ။

ကိုယ်နဲ့ ကိုက်ညီမယ့် နည်းကို သေသေချာချာလေ့လာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး အသုံးပြု မယ်ဆိုရင်ဖြင့် မလိုလားအပ်တဲ့ အချိန်အခါ အခြေအနေတွေမှာ အပ် ၂ချောင်းထိသွားခြင်းမှ ကင်းဝေးစေမှာဖြစ်ပါတယ်ခင်ဗျား။

Read More...

Wednesday, March 11, 2009

Introduction to newer male contraceptive methods

ပုရိဿများ ၀မ်းမြောက်ဖွယ်


အမျိုးသားသုံး သားဆက်ခြားနည်းများ အကြောင်း မိတ်ဆက်


(အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ဤဆောင်းပါးကို ရေးပါသည်။)



ဣတ္ထိယ ခေါ် မိန်းမတို့သည် အိမ်ထောင် သားမွေးမှု ပြုရာတွင် အရေးကြီးသော အခန်း ကဏ္ဍမှ ပါဝင်ကြလေသည်။ ပုခက်လွှဲသော လက်သည် ကမ္ဘာကို စိုးမိုးသည် မဟုတ်တုံလော။ သန္ဓေတည်ရာမှ အစပြု၍ ၉လ၊ ၁၀လ မျှ သန္ဓေလွယ်ထားရခြင်း၊ ကိုယ်ဝန်ကို ဂရုစိုက်ရခြင်း၊ မီးဖွားရခြင်း၊ နို့ချို တိုက်ကျွေးရခြင်း အစရှိသည်တို့ကို မိခင်များကသာ အဓိက ပြုလုပ်ကြရသည်။ ကိုယ်ဝန် မရရှိလိုသေးပါကလည်း အမျိုးသမီးများကပင် ဆေးသောက်တန်သောက် ဆေးထိုးတန် ထိုး နှင့် သန္ဓေတားကြရပြန်သည်။ ပုရိဿ အများစု မှာကား ယောင်နနဖြင့် ဘာလုပ်ရမှန်းပင် မသိကြ။ မျိုးဆက်ပွား ကျန်းမာရေး ဗဟုသု လေ့လာသူများက အထိုက်အလျောက် သိကြပေမင့် တချို့ တချို့သော ကိစ္စများက သူတို့လည်း ဘာမျှ မတတ်နိုင်။ ဆိုကြပါစို့ရဲ့ ဖခင်ဖြစ်သူက ကလေးကို နို့တိုက်ချင်ပေသည့် သူ့မှာက နို့မထွက်။ ကလေးကို ၀မ်းတွင် လွယ်ချင်ပေသည့် သားအိမ်မရှိ။ အတော်ပင် သနားစရာ ကျားသတ္တ၀ါများပင်တည်း။ (ခြွင်းချက်။ ။ ရုပ်ရှင်မင်းသား အာနိုး၏ ဂျူနီယာဆိုသည့် သိပ္ပံခေတ်လွန် ရုပ်ရှင်တွင်မူ ယောက်ျားသား စင်စစ်များ ကိုယ်ဝန်ဆောင်နိုင်ကြောင်း ကြည့်ဖူးသည်။ အမှန်တကယ် ဖြစ်နိုင်လာမလားတော့ မပြောတတ်ပေ။)

သားဆက်ခြားရာတွင်ကား သူတို့ အနည်းငယ် ပါဝင်ခွင့် ရလေသည်။ သုတ်ရည်ပြင်ပ စွန့်ထုတ်ခြင်း (withdrawal)၊ လိင်အင်္ဂါအစွပ် ခေါ် ကွန်ဒုံး (condom) ကို အသုံးပြုခြင်း နှင့် အမျိုးသား သုတ်လမ်းကြောင်းကို ဖြတ်တောက်ခြင်း (၀ါ) သားကြောဖြတ်ခြင်း (vasectomy) တို့ ဖြစ်သည်။ သို့ရာတွင် ဤနည်းလမ်းများကို သုံးစွဲမှုကား အမျိုးသမီးသုံး နည်းများသုံးစွဲမှုနှုန်းနှင့် နှိုင်းယှဉ်လျှင် နည်းလွန်းလှသေးသည်။ အခက်အခဲများကလည်း ရှိသေးသည်။ သုတ်ရည်ပြင်ပ စွန့်ထုတ်ခြင်း နည်းလမ်းက ကလေးရနိုင်ချေများသည်။ ကွန်ဒုံးကို သိပ်မကြိုက်ကြ။ သုံးလျှင်လည်း မတော်တဆ ကလေးရနိုင်ချေက အခြား သားဆက်ခြား နည်းများနှင့် ယှဉ်လျှင် များသေးသည်။ သားကြောဖြတ်လျှင်လည်း တစ်ခါတည်း ကိစ္စတုန်းမည်။ ပြန်ဆက်ရခက်သည်။ မြန်မာနိုင်ငံတွင် ဥပဒေကြောင်းအရ ပြောကြကြေးဆိုလျှင်လည်း အမျိုးသား သားကြောဖြတ်ခြင်းသည် များသောအားဖြင့် တရားမ၀င်ချေ။

ထို့ကြောင့် အမျိုးသားများ သုံးစွဲနိုင်သော လက်ရှိ နည်းလမ်းများမှာ လူကြိုက် သိပ်မများလှပေ။ ကမ္ဘာပေါ်တွင် အမျိုးသား သားဆက်ခြား နည်းလမ်းများ ဖွယ်ဖွယ်ရာရာ ရှိလာလျင် ပိုမို သုံးစွဲလာကြဖွယ်ရာရှိသည်ဟု သားဆက်ခြား ပါရဂူများက ယူဆကြသည်။ သို့နှင့်ပင် အသစ်အသစ်သော နည်းလမ်းများကို တီထွင်လာကြပြန်သည်။

စာရေးသူ ဖောက်သည်ချလိုသည်ကား ထိုထိုဤဤသော အမျိုးသားသုံး သားဆက်ခြား နည်းလမ်းအသစ်များ အကြောင်းပင်။ စာရှုသူ စိတ်ထဲမှာတော့ အဲဒီ အမျိုးသားတွေကို တရားစခန်း အချိန်ပြည့် ထိုင်ခိုင်းလိုက်လျှင် ပြီးတာပဲဟု အတွေးပေါက်ကောင်း ပေါက်နေပေမည်။ ထိုနည်းလမ်းကား အနည်းစုသော ပုရိဿများ နှင့်သာ သင့်လျော်ပေမည်။ အများစုအတွက်ကိုတော့ တစ်နည်း တစ်ဖုံ စဉ်းစားပေးရပေဦးမည်။ နည်းလမ်း အသစ်များ အကြောင်း မပြောမီ နိဒါန်းလေး အချီးလေးနှင့် စမှ တော်ကာကျမည်။

စက်ရုံမှ သုံးစွဲသူဆီသို့ (၀ါ) သုတ်ပိုး ထုတ်လုပ် သယ်ဆောင်ပုံ နှင့် သန္ဓေတည်ခြင်း





အမျိုးသားများတွင် ဝှေးစေ့ [17] သည် ကပ္ပါယ်အိပ် [18] အတွင်းတည်ရှိပြီး သုတ်ပိုးများကို ထုတ်လုပ်ပေးသည်။ ၄င်းသုတ်ပိုးများကို သုတ်ပိုးပြွန် (Vas deferens) [15] တလျှောက် သယ်ဆောင်ကာ အခြားဖို အင်္ဂါများ (seminar vesicles [10], prostate glands [12], & bulbourethral glands) က ထုတ်လုပ်သော အရည်များနှင့် ပူးပေါင်းပြီး သုတ်ရည် အဖြစ် ခန္ဓာကိုယ် အပြင်သို့ လိင်တံ [3] မှ တဆင့် ရောက်ရှိလေသည်။

(စကားချပ်။ ။ အမျိုးသား သားကြောဖြတ်ခြင်းမှာ သုတ်ပိုးပြွန်ကို ဖြတ်တောက်ခြင်းဖြစ်သည်။ အခြားဖိုအင်္ဂါများကို မထိခိုက်ပေ။ ထို့ကြောင့် သုတ်ရည်ကတော့ ထွက်မြဲထွက်နေနိုင်သည်။ သုတ်ရည်တွင် သုတ်ပိုး မပါသည်သာရှိမည်။)

အဓိက က အဓိကပါ

သုတ်ပိုး နှင့် မမျိုးဥ တွေ့ရှိ ပေါင်းဖက်မိမှသာ သန္ဓေအောင်သည်။ ထို့ကြောင့် သားဆက်ခြားနည်းများ၏ အဓိက လုပ်ဆောင်ချက်မှာ
  • သုတ်ပိုး မထွက်အောင် ပြုလုပ်ခြင်း
  • မမျိုးဥ မထွက်အောင် ပြုလုပ်ခြင်း
  • သုတ်ပိုးနှင့် မမျိုးဥ မတွေ့မိအောင် ပြုလုပ်ခြင်း
  • သုတ်ပိုးနှင့် မမျိုးဥ မပေါင်းဖက်မိအောင် ပြုလုပ်ခြင်း
  • သုတ်ပိုးနှင့် မမျိုးဥ ပေါင်းဖက်မိပြီး ဖြစ်လာသော အတွဲကို သားအိမ်တွင် မတွယ်ကပ်စေခြင်း တို့ပင်ဖြစ်သည်။

အမျိုးသား သုံးသည့် နည်းလမ်းဖြစ်စေ၊ အမျိုးသမီး သုံးသည့် နည်းလမ်းဖြစ်စေ ဤလုပ်ဆောင်ချက် တစ်ခုခုဖြင့် သန္ဓေ မတည်အောင် ဆောင်ရွက်ခြင်း ဖြစ်သည်။

အလားအလာရှိသည့် အမျိုးသားသုံး သားဆက်ခြား နည်းလမ်းအသစ်များ

ဤနည်းလမ်းများသည် စမ်းသပ်ဆဲအဆင့် ၌သာရှိသေးသည်။ နည်းလမ်းများစွာ ရှိသည့်အနက် ဈေးကွက်ဝင်လာဖွယ်ရှိသော နည်းလမ်းများကို ပြောပြလိုသည်။ အကြမ်းဖျင်းအားဖြင့် ဟော်မုန်းမပါဝင်သောနည်းများ နှင့် ဟော်မုန်းပါဝင်သောနည်းများဟု ခွဲခြားနိုင်သည်။

ဟော်မုန်းမပါဝင်သောနည်းများ

RISUG (Reversible Inhibition of Sperm Under Guidance)

သုတ်ပိုးပြွန် အတွင်းသို့ ဓါတုပစ္စည်း ဆေးတစ်မျိုးကို ထိုးသွင်းပေးခြင်း ဖြစ်သည်။ ထိုဓါတုပစ္စည်းက သုတ်ပိုးပြွန်ထဲတွင် ခဲသွားခြင်းကြောင့် သုတ်ပိုးများ ရှေ့သို့ဆက်သွားရန် အဆီးအတား ဖြစ်သွားသည်။ သွားနိုင်ပါကလည်း သုတ်ပိုး အပေါ်ယံအလွှာ ကွာကျခြင်း (သုတ်ပိုး အင်္ဂါ မစုံတော့ခြင်း) ကြောင့် မမျိုးဥ နှင့် မပေါင်းဖက်နိုင်တော့ချေ။ (မှတ်ချက်။ ။ သုတ်ပိုးပြွန်ကို လုံးဝ ပိတ်သွားအောင် ပြုလုပ်ခြင်းကား မဟုတ်) ဆေးထိုးပြီး ၃ ရက်အတွင်း အာနိသင်ပြသည်။ ဆေးထိုးချိန် ၁၅ မိနစ်ခန့်သာ ကြာပြီး ၁၅ နှစ်ကျော်ကြာ သုတေသန ပြုချက်များက ရာနှုန်းပြည့် အောင်မြင်မှု ရှိသည်ဟု ဆိုသည်။

ကလေး ပြန်လိုချင်ပါက နောက်ထပ်ဆေးတစ်မျိုး ထိုးပေးခြင်းဖြင့် မူလဓါတုပစ္စည်းကို ဖျော်ချနိုင်သည်။ (လူတွင် စမ်းသပ်ရန်လိုသေးသည်။)

Injected Plugs

ဤနည်းကလည်း ဓါတုပစ္စည်း တစ်မျိုးကို သုတ်ပိုးပြွန်အတွင်း ထိုးသွင်းပေးခြင်းဖြစ်သည်။ အလွယ်ပြောရလျှင် ပလတ်စတစ် အရည်ကို သုတ်ပိုးပြွန်အတွင်းထိုးသွင်းပေးပြီး အထဲတွင် အေးခဲစေခြင်းဖြင့် သုတ်ပိုးပြွန် လုံးဝ ပိတ်သွားအောင် ပြုလုပ်ခြင်း ဖြစ်သည်။ လိုအပ်သော အာနိသင် ရရှိရန်မှာ အနည်းဆုံး ၁-လ မှ ၂၄-လ အထိ စောင့်ရတတ်သည်။

ကလေးပြန်လိုချင်ပါက ထို ပလတ်စတစ် အတုံးလေးကို ခွဲစိတ်ပြီး ထုတ်ယူလိုက်ရုံပင် ဖြစ်သည်။ ခွဲစိတ်ပြီး အလွန်ဆုံး ၂-နှစ် အတွင်း ပုံမှန်အခြေအနေကို ပြန်ရောက်ရှိသည်။ ဆိုလိုသည်မှာ သုတ်ပိုး အရေအတွက် ပုံမှန်ပြန်လည် ရရှိလာခြင်းဖြစ်သည်။

IVD (Intra Vas Device – Chinese model)

သုတ်ပိုးပြွန်ထဲသို့ နိုင်လွန်ဇကာ သေးသေးလေး ပါသော ၁-လက်မ ခန့် ရှည်သည့် တစ်ဖက်ပိတ် ပိုက် ထည့်သွင်းပေးခြင်းဖြစ်သည်။ ဇကာ၏ တာဝန်မှာ သုတ်ပိုးများကို စစ်ယူထားလိုက်ရန် ဖြစ်သည်။ ပိုက်ထည့်သွင်းချိန် မိနစ် ၂၀ ခန့်ကြာမြင့်ပြီး လိုအပ်သော အာနိသင် ရရှိရန် ၃-လ ခန့် စောင့်ရသည်။

ဟော်မုန်းပါဝင်သောနည်းများ (Male Hormonal Contraceptives)

အင်ဒရိုဂျင် (Androgen) ခေါ် ကျားဟော်မုန်း၊ ပရိုဂျက်စတင် (Progestin) ခေါ် မဟော်မုန်းတစ်မျိုး နှင့် GnRH analogue ခေါ် ဟော်မုန်းတို့ကို အမျိုးမျိုးအဖုံဖုံ ရောစပ်၍ စမ်းသပ်နေကြသည်။ ထိုဆေးများကို သောက်ဆေး၊ ထိုးဆေး သို့မဟုတ် အရေပြားအောက် ထည့်သွင်းခြင်း နည်းများဖြင့် အသုံးပြုနိုင်ရန် အစီအစဉ်ရှိသည်။

ထိုဟော်မုန်းဆေးများ၏ အလုပ် လုပ်ပုံမှာ ယနေ့ အမျိုးသမီးများ သောက်သုံးနေသော တားဆေးများ အလုပ်လုပ်ပုံနှင့် ဆင်တူသည်။ ဟော်မုန်းများက သုတ်ပိုး ထုတ်လုပ်မှုကို များစွာ လျော့ကျစေပြီး သန္ဓေတည်ခြင်းကို ကာကွယ်သည်။

ဆေးသောက်ပြီးရင် နဂိုအတိုင်း ပြန်ဖြစ်ပါ့မလား

ဖြစ်ပါတယ်။ ဆေးသောက် ရပ်လိုက်ပြီး ၃ လခွဲမှ ၅ လ အတွင်း သုတ်ပိုးထွက်နှုန်း ပုံမှန်အနေအထားကို ပြန်ရောက်ပြီး ကလေးရယူနိုင်ပါသည်။

ဟော်မုန်းဆေး၏ အခက်အခဲများ

အချို့အမျိုးသားများသည် ဘာကြောင့်မှန်းမသိ ဆေးမတိုးပဲ ရှိနေတတ်သည်။ သင်သည် ထိုအမျိုးသားမျိုးဖြစ်နေပါက အခြားနည်းများကို စဉ်းစားရပေမည်။

အခက်အခဲများ ရှိလင့်ကစား ပုရိဿတို့ စိတ်မပျက်ကြကုန်လင့်။ သားဆက်ခြားခြင်းကိစ္စရပ်တွင် သင်တို့၏ အခန်းကဏ္ဍ မကြာမီ တောက်ပြောင်လာပေတော့မည်။ မျှော် ...

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

စာကိုး။

အာနိုးဓါတ်ပုံကို ဤဆိုဒ်မှ ယူပါသည်။
အမျိုးသားမျိုးပွားအင်္ဂါပုံကို ၀ိကီမှ ယူပါသည်။
http://www.malecontraceptives.org/

Read More...

Friday, February 6, 2009

Reproductive Health Terminologies

မျိုးဆက်ပွားကျန်းမာရေး ပညာရပ်ဆိုင်ရာ စကားလုံးများ


စာလေးမှာ စိုးရိမ်မိပေမယ့် နောက်ပိုင်း ရေးသားမယ့် စာတွေ အတွက် အထောက်အကူ ဖြစ်ဖို့ မျိုးဆက်ပွား ကျန်းမာရေးရဲ့ ပညာရပ်ဆိုင်ရာ စကားလုံးတွေကို စုဆောင်း ဘာသာပြန်လိုက်ပါတယ်။ ဘာသာပြန်ရာမှာ စာထောင့်နေခြင်း၊ အဓိပ္ပါယ် မပြည့်စုံ ကွဲလွဲခြင်းများ ရှိကောင်း ရှိနိုင်ပါတယ်။ စာရှုသူ အနေဖြင့် ပိုမို သင့်လျော်မည် ထင်သော ဘာသာပြန်ချက်များ ရှိပါက မှတ်ချက်တွင် ရေးသား ပေးသွားရန် တိုက်တွန်း လိုက်ပါတယ်။

Birth Spacing

သားဆက်ခြားခြင်း

ကလေး တစ်ဦးနှင့် တစ်ဦးကြားတွင် မိမိ လိုချင်သော အချိန်ကာလ တစ်ခု ခြားထားနိုင်ရန် ဆောင်ရွက်ခြင်း။

Contraception

သန္ဓေတားခြင်း၊ ကိုယ်ဝန် မရအောင် ပြုလုပ်ခြင်း

ခေတ်ပေါ်နည်း (သို့) ရှေးရိုးနည်းများ သုံးစွဲ၍ ကိုယ်ဝန် မရအောင် ပြုလုပ်ခြင်း။

စကားချပ် ။ ။ သားဆက်ခြားခြင်းနှင့် သန္ဓေတားခြင်းမှာ အဓိပ္ပါယ် အတူတူပင် ဖြစ်သည်။

Contraceptives

ပဋိသန္ဓေ တားဆေး၊ တားနည်းများ

ကိုယ်ဝန် မရအောင် အသုံးပြုသော ခေတ်ပေါ် တားဆေး၊ ထိုးဆေး၊ သားအိမ်တွင်းထည့် ပစ္စည်း၊ ကွန်ဒုံး အစရှိသည်တို့ကို စုပေါင်း ခေါ်ဆိုခြင်း ဖြစ်သည်။

Family Planning

မိသားစု စီမံကိန်း (တိုက်ရိုက် ဘာသာပြန်ထားသည်ဟု ထင်ပါသည် - စာရေးသူ။)

သားဆက်ခြားခြင်း အပါအ၀င်၊ ကာလသား ရောဂါ ကာကွယ်ခြင်း၊ အိမ်ထောင် မပြုမီ ဇနီးမောင်နှံလောင်းများ ဆေးစစ်ခြင်း၊ ကလေးမရရှိသောကြောင့် ကုသမှုပေးခြင်း အစရှိသည့် ဆောင်ရွက်ပေးမှုများကို စုပေါင်း ခေါ်ဆိုခြင်း ဖြစ်သည်။ ယေဘုယျအားဖြင့် သားဆက်ခြားခြင်း (Birth Spacing) နှင့် မိသားစု စီမံကိန်း (Family Planning) ကို အတူတူ သဘောထား သုံးစွဲတတ်ကြသည်။ တိတိကျကျ ပြောရလျှင် မတူပေ။ သားဆက်ခြားခြင်းမှာ မိသားစု စီမံကိန်း၏ အကိုင်းအခက် တစ်ခုမျှသာ ဖြစ်သည်။

စကားချပ် ။ ။ မြန်မာနိုင်ငံတွင် “မိသားစု စီမံကိန်း” ဟူသည့် စကားကို အသုံးပြု ခဲသည်။ သားဆက်ခြားခြင်း၊ သားဆက်ခြား စီမံချက် စသည်ဖြင့်သာ သတင်းစာ၊ အစီရင်ခံစာများတွင် ထည့်သွင်း ရေးလေ့ရှိသည်။ လူကြီးသူမများ၏ အဆိုအရ မိသားစု စီမံကိန်း၏ အဓိပ္ပါယ်မှာ “လူဦးရေ ထိန်းချုပ်ခြင်း” ဟု သဘောပေါက် စေသောကြောင့် လူဦးရေ ထိန်းချုပ်ခြင်းကို မနှစ်သက်သော လူကြီးမင်းများ အမျက်တော် မရှအောင် ရှောင်ကွင်း ရေးသားကြလေသည်ဟု ဆိုသတတ်။

Reproductive Health

မျိုးဆက်ပွား ကျန်းမာရေး၊ မျိုးပွား ကျန်းမာရေး

ဒီစကားလုံးကတော့ ၁၉၉၄ ခုနှစ် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ လူဦးရေနှင့် ဖွံ့ဖြိုးရေး ညီလာခံ (ICPD – International Conference on Population and Development) နောက်ပိုင်းမှာ ခေတ်စားလာခဲ့တဲ့ စကားစုပါ။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က အောက်ပါအတိုင်း တိတိကျကျ အဓိပ္ပါယ် ဖော်ပေးထားပါတယ်။

"A state of physical, mental, and social well-being in all matters relating to the reproductive system at all stages of life. Reproductive health implies that people are able to have a satisfying and safe sex life and that they have the capability to reproduce and the freedom to decide if, when, and how often to do so. Implicit in this are the right of men and women to be informed and to have access to safe, effective, affordable, and acceptable methods of family planning of their choice, and the right to appropriate health-care services that enable women to safely go through pregnancy and childbirth."

မျိုးဆက်ပွား ကျန်းမာရေးဟာ သားဆက်ခြားခြင်း နဲ့ မိသားစုစီမံကိန်းဆိုတဲ့ စကားစုတွေထက် ပိုပြီး ကျယ်ပြန့်ပါတယ်။ အဓိက အချက်တွေကို ဘာသာပြန်ရမယ်ဆိုရင် ..

မျိုးဆက်ပွား ကျန်းမာရေးတွင်-
  • အသက်အရွယ် ကျား မ မရွေး မျိုးပွားအင်္ဂါများ ကျန်းမာသန်စွမ်းဖို့
  • လူသားတို့ ဘာဝဖြစ်သော ဖို-မ ကိစ္စကို ရောဂါကင်းကင်း ဘေးရှင်းရှင်းဖြင့် စိတ်ကျေနပ်စွာ ဆောင်ရွက်နိုင်ဖို့
  • ကလေး ယူမည်၊ မယူမည် ဆိုသည်ကို၎င်း၊ မည်မျှ ယူမည် ဆိုသည်ကို၎င်း၊ မည်သည့်အချိန်ယူမည် ဆိုသည်ကို၎င်း မိမိသဘောဆန္ဒ အလျောက် ဆုံးဖြတ်ပိုင်ခွင့် ရှိစေဖို့
  • အမျိုးသမီး၊ အမျိုးသားတိုင်း မိသားစု စီမံကိန်းပါ နည်းလမ်းများကို သိရှိခွင့်၊ ရယူပိုင်ခွင့် ရှိဖို့
  • အမျိုးသမီးများ အသက် အန္တရာယ် ကင်းစွာ ကလေး မီးဖွားနိုင်ဖို့
ဆိုတဲ့ အချက်အလက်များ ပါဝင်ပါတယ်။

စကားချပ် ။ ။ မိသားစု စီမံကိန်းရယ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ “ကျန်းမာရေး” အဓိပ္ပါယ် ဖွင့်ဆိုချက်ရယ်၊ လူ့အခွင့်အရေး ကြေညာစာတမ်းရယ်ကို ရောသမ မွှေလိုက်ရင် မျိုးဆက်ပွား ကျန်းမာရေးကို ရရှိပါတယ်။

Reproductive Rights

မျိုးဆက်ပွားကျန်းမာရေး ရပိုင်ခွင့်

ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းမှာ ကတည်းက မျိုးဆက်ပွားကျန်းမာရေး ရပိုင်ခွင့်ကို ထည့်သွင်း ဖော်ပြခဲ့သော်လည်း လူ့အခွင့်အရေး ကြေညာစာတမ်းမှာ အတိအလင်း ထည့်သွင်း ဖော်ပြ နိုင်ခဲ့ခြင်း မရှိပါဘူး။ ၁၉၆၈ ခုနှစ် အီရန်နိုင်ငံ တီဟီရန်မြို့မှာ ကျင်းပတဲ့ လူ့အခွင့်အရေး ကြေညာစာတမ်း ဆိုင်ရာ ညီလာခံကျမှ တိတိကျကျ ဖော်ပြလာပြီး ၁၉၇၄ခုနှစ်ကျမှ ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ အတည်ပြုနိုင်ခဲ့ပါတယ်။ စကားလုံး အတိအကျ ကိုတော့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ၀က်ဆိုဒ်မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

"Reproductive rights rest on the recognition of the basic right of all couples and individuals to decide freely and responsibly the number, spacing and timing of their children and to have the information and means to do so, and the right to attain the highest standard of sexual and reproductive health. They also include the right of all to make decisions concerning reproduction free of discrimination, coercion and violence."

မျိုးဆက်ပွား ကျန်းမာရေး ရပိုင်ခွင့်များသည် လူတစ်ဦးချင်းနှင့် လင်မယားစုံတွဲတို့၏ အခြေခံ ရပိုင်ခွင့်များ ပေါ်တွင် အခြေခံသည်။ လူတစ်ဦးချင်းနှင့် လင်မယားစုံတွဲတို့သည် ကလေး ယူမည်၊ မယူမည် ဆိုသည်ကို၎င်း၊ မည်မျှ ယူမည် ဆိုသည်ကို၎င်း၊ မည်သည့်အချိန် ယူမည် ဆိုသည်ကို၎င်း မိမိ သဘောဆန္ဒအလျောက် ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော ပညာပေး အချက်အလက်များနှင့် အကူအညီများကို ရပိုင်ခွင့်ရှိသည်။ လိင်နှင့် မျိုးဆက်ပွားကျန်းမာရေး ကောင်းမွန် စေရမည်။ ခွဲခြားဆက်ဆံခြင်း၊ မလျော်သြဇာ သုံးခြင်းနှင့် ညှင်းပန်း နှိပ်စက်ခံရခြင်းတို့မှ ကင်းဝေးစွာဖြင့် မျိုးဆက်ပွား ကျန်းမာရေး ဆိုင်ရာ ဆုံးဖြတ်ချက်များ ချခွင့် ရှိသည်။

Fertility

Production of a live birth (natality)
ကလေးအရှင် မွေးဖွားနိုင်ခြင်း

ကိုယ်ဝန်ဆောင်ပြီး အချိန်တန်သောအခါ ကလေးကို အရှင် မွေးဖွား ပေးနိုင်ခြင်းကို ဆိုလိုသည်။

Infertility

Inability to produce a live birth
ကလေး အရှင် မမွေးဖွား နိုင်ခြင်း

Fecundity

Physiological capacity to conceive (reproductive potential)
ပဋိသန္ဓေ ဆောင်နိုင်ခြင်း၊ ကိုယ်ဝန် ရနိုင်ခြင်း။

ပဋိသန္ဓေ ဆောင်နိုင်ခြင်းလို့ ဆိုထားတဲ့အတွက် ၄င်းကိုယ်ဝန် အဖတ်တင်သည် ဖြစ်စေ၊ အဖတ်မတင်သည် ဖြစ်စေ အကျုံးမ၀င်တော့ပါ။ ဆိုလိုသည်မှာ အမျိုးသမီးတစ်ဦးသည် Fecund ဖြစ်သော်လည်း Fertile ဖြစ်ချင်မှ ဖြစ်ပေမည်။ ဤစကားလုံးမှာ လူဦးရေဆိုင်ရာ ကျွမ်းကျင်သူများ (Demographers) အသုံးများသော စကားဖြစ်သည်။

Infecundity (sterility)

Inability of a woman to conceive a pregnancy
ပဋိသန္ဓေ မဆောင်နိုင်ခြင်း၊ ကိုယ်ဝန်မရနိုင်ခြင်း။

စကားချပ်။ ။ ကလေး အရှင်မွေးဖို့ နေနေသာသာ ကိုယ်ဝန်ပင် မရရှိနိုင်သော အခြေအနေကို ဆိုလိုရင်း ဖြစ်သည်။ Infertility နှင့် အဓိပ္ပါယ် ကွာခြားကြောင်း သတိပြုပါ။ Infertility ဟု ဆိုလျှင် ထိုအမျိုးသမီးသည် ကိုယ်ဝန်တော့ ရလိုက်သေးသည်။ ကလေးသာ အဖတ်မတင် (သို့) အရှင် မမွေးခြင်းသာလျှင် ဖြစ်သည်။

Fecundability

Probability that a woman will conceive during a menstrual cycle

အမျိုးသမီးတစ်ဦး၏ ဓမ္မတာလာချိန် တစ်ခုနှင့် တစ်ခု ကြားကာလ၌ ကိုယ်ဝန် ရနိုင်ခြေ မည်မျှ ရှိသည်ကို ပြသော ကိန်းဂဏန်း။ (ဖြစ်တန်ကိန်း)

Miscarriage

သဘာဝအလျောက် ကိုယ်ဝန် ပျက်ကျခြင်း။

Abortion

သဘာဝအလျောက် မဟုတ်ဘဲ လူတစ်ဦးဦးက နည်းလမ်း တစ်မျိုးမျိုးဖြင့် ကိုယ်ဝန် ပျက်ကျစေအောင် ပြုလုပ်ခြင်းကြောင့် ကိုယ်ဝန် ပျက်ကျခြင်း။ ကိုယ်ဝန် ဖျက်ချခြင်း။

စကားချပ်။ ။ ဆေးပညာ အသုံးအနှုန်း (Medical term) နှင့် သာမန် အင်္ဂလိပ် အသုံးအနှုန်း (Layman English) ကွာခြားမှု ရှိကြောင်း သတိပြုပါ။ ဆေးပညာ လောကတွင် ကိုယ်ဝန် အရွယ်အစား ပေါ်မူတည်၍ ကိုယ်ဝန် နုလျှင် Miscarriage ကိုယ်ဝန်ရင့်လျှင် Abortion ဟု ခွဲခြားပြောဆိုသည်။ သို့ရာတွင် သာမန် အင်္ဂလိပ် အသုံးအနှုန်း အနေဖြင့် ဆိုလျှင် Abortion ဟူသည် ကိုယ်ဝန်ဖျက်ချခြင်း ဖြစ်ပြီး Miscarriage သည် အလိုအလျောက် ကိုယ်ဝန်ပျက်ကျခြင်း ဖြစ်သည်။

Illegal Abortion

ဥပဒေအရ ခွင့်ပြုထားချက် မရှိဘဲ ကိုယ်ဝန်ဖျက်ချခြင်း။

Legal Abortion

ဥပဒေ ခွင့်ပြုထားချက် အရ ကိုယ်ဝန်ဖျက်ချခြင်း။

ကမ္ဘာပေါ်ရှိ နိုင်ငံ တော်တော်များများတွင် ကိုယ်ဝန်ဖျက်ချခြင်းကို ဥပဒေ အကန့်အသတ်ဖြင့် ခွင့်ပြုတတ်ကြသည်။ ထိုသို့ ဥပဒေကြောင်းနှင့် ကိုက်ညီသော ကိုယ်ဝန်ဖျက်ချပေးခြင်းကို ဆိုလိုသည်။

ဥပမာ -
အိန္ဒိယနိုင်ငံ၏ ဥပဒေတွင် မတရား ပြုကျင့် ခံရခြင်းကြောင့် ရရှိလာသော ကိုယ်ဝန်ကို တရားဝင် ဖျက်ချ ပေးပိုင်ခွင့် ရှိသည်။

Unsafe Abortion

မကျွမ်းကျင်သူများက ဆောင်ရွက်သော ကိုယ်ဝန် ဖျက်ချမှု။

Safe Abortion

ကျွမ်းကျင်သူများက ဆောင်ရွက်သော ကိုယ်ဝန် ဖျက်ချမှု။

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

စာကိုး။

Family Planning Policies and Programs lecture notes
http://en.wikipedia.org/wiki/Family_planning
http://www.rho.org/html/definition_.htm
http://who.int/reproductive-health/gender/index.html
http://en.wikipedia.org/wiki/Reproductive_rights
http://en.wikipedia.org/wiki/Abortion_law

Read More...

Monday, December 22, 2008

Contraception Choices !

ကိုယ်ဝန် တားဆီးခြင်း နည်းလမ်းများ


“ကြိုတင် ပြင်ဆင်ထားမှု မပြည့်စုံ ပါဘဲလျက် ပရမ်းပတာ လက်လွတ် စပယ် ဖိတ်ခေါ်မှုသည် ဧည့်သည်များ အတွက် အညှာ အတာမဲ့စွာ ရက်စက်မှု တစ်ခုပင်တည်း။”

ပဋိသန္ဓေ တားဆီးခြင်း နည်းလမ်းများ ကို အမျိုးသား အမျိုးသမီးများ အားလုံး သိထားသင့် ပေသည်။ တကယ်တော့ လိင်ဆန္ဒ ပြည့်ဝမှု အတွက် အားထုတ်ရင်း၊ မလိုချင်ဘဲ ကလေးမွေးခြင်း သည် အပြစ်မဲ့သည့် ကလေးငယ်များကို မညှာမတာ ဒုက္ခ ခံခိုင်းဖို့ လူ့လောကထဲ ခေါ်ယူခဲ့ခြင်း သာ ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများ ပြေလည် ကောင်းမွန်ခြင်း မရှိသေးခင်မှာ မလိုလားသော ကိုယ်ဝန် (Unwanted Pregnancy) မရှိစေရန် အချိန်မီ တားဆီး သင့်ပေသည်။

ကိုယ်ဝန် မဆောင်သင့်သူများ

၁။ အသက်(၁၈)နှစ်အောက် ငယ်ရွယ်သူများတွင် ကိုယ်ဝန်ဆောင်ခြင်း။

၂။ အသက်(၃၅)နှစ်အထက် ကြီးရင့်သူများတွင် ကိုယ်ဝန်ဆောင်ခြင်း။

၃။ သားသမီးဦးရေ(၄)ဦးထက် ပိုမိုမွေးဖွားခြင်း။


ပဋိသန္ဓေတားဆီးခြင်းနည်းလမ်းများ

၁။ အမျိုးသားများ လိင်တန်ဆာစွပ် သားရေဖုံး သုံးခြင်း။

၂။ အမျိုးသမီးများ ထိုးဆေးအသုံးပြုခြင်း။

၃။ အမျိုးသမီးများ စားဆေးကတ် စားသုံးခြင်း။

၎။ အမျိုးသမီးများ သားအိမ်တွင်း ပစ္စည်းထည့်ခြင်း။

၅။ အမျိုးသမီးများ ရာသီသွေးပေါ်သော ဓမ္မတာစက်ဝန်းအရ ရက်ရှောင်ခြင်း။

၆။ အမျိုးသား၏ သုက်ရည်ကို အမျိုသမီးဖြစ်သူ၏ မိန်းမကိုယ်ပြင်ပ၌သာ စွန့်ပစ်ရန်အတွက် လိင်ဆက်ဆံမှုကို သတိဖြင့် ထိန်းချုပ်ခြင်း။


၁။ အမျိုးသားများ လိင်တန်ဆာစွပ် သားရေဖုံး (Condom) သုံးခြင်း။

လိင် ဆက်ဆံရာတွင် သုက်ပိုးရည် များ မိန်းမကိုယ်တွင်း မဝင်ရောက် စေရန် ကာကွယ် ပေးသည်။ သားသမီး ရယူလိုခြင်း မရှိသည့် ကာလ တစ်လျှောက်လုံး လိင် ဆက်ဆံတိုင်း ကွန်ဒုံး(ခေါ်)သားရေစွပ်ကို သုံးစွဲရန် လိုသည်။ လိင်ဆက်ဆံခြင်းဖြင့် ကူးစက်နိုင်သော ရောဂါများ ကိုလည်း ကွန်ဒုံး သုံးစွဲခြင်း ဖြင့် ကာကွယ် နိုင်သည်။

ကွန်ဒုံးသည်
- သုံးစွဲရလွယ်ကူသည်။

- ဝယ်ယူရလွယ်ကူသည်။

- စားဆေး၊ ထိုးဆေး၊ သားအိမ်တွင်း ပစ္စည်း ထည့်ခြင်းဖြင့် သားဆက်ခြားခြင်း အဆင်မပြေသူများ၊ (ဥပမာ - သွေးတိုး ရောဂါ၊ နှလုံး ရောဂါ၊ ပန်းနာ ရင်ကျပ် စသည့် ရောဂါ ရှိသူများ) ၏ ခင်ပွန်းသည်များ သုံးနိုင်သည်။

သားသမီးယူလိုယူလိုသည့်အခါတွင် ကွန်ဒုံးအသုံးပြုခြင်းကို ရပ်ဆိုင်းလိုက်ခြင်းဖြင့် သားသမီးပြန်လည် ရယူနိုင်ပါသည်။

ကွန်ဒုံးအသုံးမပြုမီ သတိထားရမည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) ကွန်ဒုံးကို နေပူထဲမထားရပါ။

(၂) ကွန်ဒုံးတစ်ခုကို တစ်ကြိမ်သာ အသုံးပြုရမည်။

(၃) အခြားအဆီများနှင့် သုံးစွဲခြင်း မပြုသင့်ပါ။

(၄) ရက်လွန် (Expired Date) ဖြစ်မဖြစ်ကို သေချာစွာဖတ်ရှုပြီး ရက်မလွန်သေးသော ကွန်ဒုံးကိုသာ ရွေးချယ်သုံးစွဲသင့်သည်။

(၅) ကွန်ဒုံးကို များသောအားဖြင့် ရာဘာသားရေ (Rubber) ဖြင့် ပြုလုပ်ထားသည့်အတွက် သားရေကဲ့သို့ ဆွဲမရသော ကွန်ဒုံးများကို မသုံးသင့်ပါ။

(၆) ကွန်ဒုံးကို သုံးစွဲခါနီးတွင် အပေါက်အပြဲ ပါ၊မပါ သေချာစွာစစ်ဆေးပြီး အပေါက်သေးလေးပင်ဖြစ်စေ ပါလာလျှင် လုံးဝမသုံးပါနှင့်။


ကွန်ဒုံး (ခေါ်) သားရေစွပ် နှင့် စိမ်း နေသူများ အတွက် ၄င်း အသုံးပြုနည်း ကို ရှင်းပြပါမည်။ ကွန်ဒုံး ကို ဆေးဆိုင်များ၊ ကွမ်းယာ ဆိုင်များနှင့် လမ်းဘေး ဆိုင်များတွင် အလွယ်တကူ ဝယ်ယူ ရရှိ နိုင်သည်။ ကွန်ဒုံး မပြဲစေရန် ကွန်ဒုံး အထုပ်ကလေးကို သတိနှင့် သေချာစွာ ဖောက်ရ၏။ အသုံးမပြုမီ သားရေစွပ်၏ ထိပ်တွင် လေ မဝင်စေရန် ဂရုပြုဖို့ လိုအပ်ပါသည်။ ကွန်ဒုံး ထိပ်ဖျားကို လက်ညှိုး လက်မတို့ဖြင့် ဖိ၍ ကိုင်ပြီး ယောက်ျား တန်ဆာထိပ်တွင် ညင်သာစွာ စွပ်ပါ။ ထို့နောက် အခြား လက်တစ်ဖက်ဖြင့် ကွန်ဒုံးကို ဖြေချပါ။ လက်မ၊ လက်ညှိုး တို့ဖြင့်ဖိ၍ ကိုင်ထားသော ကွန်ဒုံး ထိပ်ဖျားသည် သုက်ရည် အတွက် နေရာ ချန်ထားခြင်း ဖြစ်သည်။ ကွန်ဒုံးကို အမျိုးသား၏ တန်ဆာရင်း ထိ ရောက်အောင် ဖြေချ ရမည်။ လိင်ဆက်ဆံ ပြီး၍ အမျိုးသား သုက်ရည် ထွက်သွားပြီးနောက် ကွန်ဒုံးကို အရင်းမှ စက္ကူပါးဖြင့် ကိုင်ပြီး သတိဖြင့် လျှော၍ ဖြည်းဖြည်း ညင်သာ ချွတ်ယူပါ။ ကြွပ်ကြွပ်အိတ်ဖြင့် ဖြစ်စေ၊ သေချာစွာ ထုပ်ပိုး၍ အမှိုက်ပုံး အတွင်းသို့ စနစ်တကျ စွန့်ပစ်သင့်သည်။

ယောက်ျားဖြစ်သူ ကွန်ဒုံး သုံးစွဲခြင်းဖြင့် မတော်တဆ ကိုယ်ဝန် ရသွားနိုင်သည့် နှုန်းမှာ အမျိုးသမီး ဦးရေနှင့် အရေအတွက် မြှောက်လဒ် တစ်ရာလျှင် ခြောက်ယောက်မှ တစ်ဆယ့် ရှစ်ယောက် အတွင်းရှိသည်။ ပဋိသန္ဓေ တားဆီးခြင်း နည်းလမ်းများ အားလုံးသည် ရာနှုန်းပြည့် စိတ်ချရသည် ဟု လက်လွတ်စပယ် မပြောလိုပါ။ မတော်တဆ ကိုယ်ဝန် ရသွားနိုင်သည့် အခွင့်အလမ်း အလွန် နည်းပါးလျှင် ၄င်း နည်းလမ်း ကောင်းမွန် လုံခြုံသည် (Safe) ဖြစ်သည် ဟု ဆိုနိုင်ပါသည်။

အမျိုးသားသုံး ကွန်ဒုံး အသုံးပြုနည်း



အမျိုးသမီးသုံး ကွန်ဒုံး အသုံးပြုနည်း


How To Use Female Condom - Click here for more amazing videos

၂။ အမျိုးသမီးများ ထိုးဆေးအသုံးပြုခြင်း။

ထိုးဆေးကို (၃) လ တစ်ကြိမ် တင်ပါးမှာ ထိုးပေး ရသည်။ ရာသီ ပေါ်သည့်နေ့မှ (၅) ရက် အတွင်း ထိုးသင့်သည်။ ရာသီ ပေါ်ပြီး ၅-ရက်မှ ၉-ရက် အတွင်း ထိုးမိပါက (၁၀) ရက် အတွင်း လိင်ဆက်ဆံမှုကို ရှောင်ကြဉ် သင့်သည်။ သို့မဟုတ် ပါက (Condom) သုံး၍ ဆက်ဆံ နိုင်သည်။

ကိုယ်ဝန် တားဆေး ထိုးတော့မည်ဆိုလျှင် ကျွမ်းကျင်သူများ နှင့် အရင် တိုင်ပင် ဆွေးနွေး သင့်သည်။ ကိုယ်ဝန် မရှိမှ ထိုးရပါမည်။ မီးဖွားပြီး ၄၅-ရက် (သို့မဟုတ်) တစ်လခွဲ အကြာတွင် ထိုးဆေး စတင် အသုံးပြု နိုင်သည်။ ထိုးဆေးသုံးပြီး ၃-လကြာလျှင် နောက်ထပ် (၁)လုံး ထပ်ထိုး ရမည်။ ထို့ကြောင့် ထိုးဆေး ထိုးသည့် ရက်စွဲကို သေချာစွာ မှတ်ထား သင့်သည်။ ဆေးထိုး ရာတွင် ဆေးထိုးအပ်မှ အခြား ကူးစက် ရောဂါများ မပြန့်ပွားစေရန် သေချာစွာ ပိုးသတ် ထားသော ဆေးထိုးပြွန်နှင့် အပ်များ၊ တစ်ခါသုံး ဆေးထိုးပြွန်နှင့် တစ်ခါသုံး ဆေးထိုး အပ်များကို သုံးသင့်သည်။ ထိုးဆေး သုံးခြင်းကြောင့် အောက်ပါ အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

(၁) ကလေးဝေးခြင်း။

(၂) မိခင် နို့ထွက်မှုကို မထိခိုက် နိုင်သဖြင့် နို့တိုက် မိခင်များ အတွက် သင့်လျော်ခြင်း။

(၃) ဆေးထိုးရပ်လိုက်ပါက ဆေးအာနိသင် ကုန်သည့်အခါတွင် ကလေး ပြန်ရနိုင်ခြင်း။

(၄) ၃-လလျှင် တစ်ကြိမ်သာ ထိုးရသဖြင့် သက်သာခြင်း


စသည်တို့ ဖြစ်သည်။

ဤဆေးထိုးလျှင် တချို့အမျိုးသမီးများ ရာသီမပေါ်ဘဲ တောက်လျှောက်တိမ်ခြင်း၊ အချို့ရာသီသွေး တစ်စက်တစ်စက် ပေါ်နေခြင်း၊ သွေးဆင်းများခြင်း၊ တချို့ပုံပျက်ပန်းပျက်ဝလာခြင်း စသည့်အကျိုးဆက်များ လည်း တွေ့ရတတ်သည်။ ထိုသို့ တွေ့ကြုံလာရသည့်အခါ ထိတ်လန့်နေစရာမလိုဘဲ တတ်ကျွမ်းသူများနှင့် တိုင်ပင်သင့်သည်။

အလွန်အမင်း ဝဖြိုးသူများ၊ အသည်းရောင် အသားဝါ ရောဂါရှိသူများ၊ ရင်သား ကင်ဆာနှင့် အခြား ကင်ဆာ ရောဂါရှိသူများ၊ သွေးတိုး၊ ဆီးချိုနှင့် နှလုံး သွေးကြောကျဉ်း ရောဂါရှိသူများမှာ ဤ နည်းလမ်းမျိုး မသုံးသင့်ပါ။ စားဆေးနှင့် မတည့်သည့် စားဆေး မစား လိုသူများနှင့် ဆေးသောက်ရန် မေ့လျော့ တတ်သူများ သည် ထိုးဆေးကို အသုံးပြု တတ်ကြသည်။ ထိုးဆေး သုံးသူများတွင် မတော်တဆ ကိုယ်ဝန် ရသွားနိုင်သည့်နှုန်း အလွန် နည်းပါးသော် လည်း အဆမတန် ဝဖြိုး လာတတ်ခြင်းကြောင့် ခန္ဓာကိုယ်အလှ ထိန်းသိမ်း လိုသူများ မသုံးလိုကြပေ။

၃။ အမျိုးသမီးများ စားဆေးကဒ် စားသုံးခြင်း။

စားဆေး ကဒ်များသည် ဆေးဆိုင်များတွင်လည်း အလွယ်တကူ ဝယ်ယူ ရရှိနိုင်သော အဖိုးနှုန်း အလွန်ချိုသာသည့် ပဋိသန္ဓေ တားဆေး ကတ် ဖြစ်သည်။

၎င်းဆေးကတ်မှ ပထမဆုံး အလုံးကို အမျိုးသမီးများ ရာသီသွေး စပေါ်သည့်နေ့မှ တတိယမြောက်နေ့ တွင် စတင် သောက်ရပါသည်။ ညွှန်ပြ ထားသည့် မြားအတိုင်း တစ်နေ့တစ်လုံး အချိန်မှန်မှန် သောက်သင့်သည်။ သောက်ရန် မေ့သွားပါက ထိုဆေးလုံးကို သတိရရချင်း ၁၂-နာရီအတွင်း သောက်ပြီး ၄င်းနေ့အတွက် ဆေးလုံးကိုတော့ ပုံမှန်အချိန်တွင် ဆက်သောက် နိုင်သည်။ ဆေးကတ် ကုန်သွားလျှင် ရက်မခြားပဲ အသစ် ဆေးကဒ်၏ ပထမဆုံး အလုံးကို နောက်တစ်နေ့ ဆက်သောက် ရမည်ဖြစ်သည်။ နေ့စဉ် မှန်မှန် ဆေးသောက်ရန် မမေ့သင့်ပါ။ ဆေးသောက်ရန် မေ့သွားသော နေ့သည် အမျိုးသမီးများ ဓမ္မတာပန်းပွင့်ရာ စက်ဝန်းတွင် မျိုးဥကြွေပြီး ကိုယ်ဝန်ရနိုင်သော နေ့တစ်နေ့ဖြစ်နေပြီး အမျိုးသားနှင့်လည်း လိင်ဆက်ဆံ ဖြစ်သည်ဆိုပါက ကိုယ်ဝန် ရသွားသည့် သာဓက ရှိပါသဖြင့် ဆေးလုံးများကို ဂရုတစိုက် နေ့စဉ်မှန်မှန် သောက်သင့် ပေသည်။

ရင်သားတွင် အဖုအကျိတ် ရှိသူများ၊ သွေးကြော ထုံးရောဂါရှိသူများ၊ မိန်းမကိုယ်မှ အကြောင်းရင်း မရှိဘဲ သွေးဆင်း နေသူများ၊ လေဖြတ် ဖူးသူ၊ လေဖြတ်နေသူများ၊ သားအိမ်ခေါင်း၊ သားဥစသည့် မျိုးပွား အင်္ဂါများတွင် ကင်ဆာ ရောဂါရှိသူများ၊ နို့တိုက်မိခင် (ကလေး ၆-လ အရွယ်အထိ) တို့မှာ စားဆေး စားရန် မသင့်ပါ။ အသက် ၄၀ ကျော် အမျိုးသမီးများ၊ ဆေးလိပ် အလွန်အကျွံ သောက်သူများ၊ သွေးတိုး ရောဂါရှိသူများ၊ ကိုယ်ဝန်ဆိပ်တက် ရောဂါ ရှိသူများ၊ ဝက်ရူးပြန် ရောဂါရှိသူများ၊ ဆီးချို ရောဂါရှိသူများ၊ အသည်းရောင် အသားဝါ ရောဂါ ရှိသူများ၊ နှလုံး ရောဂါ ရှိသူများ၊ စိတ်ကျ ရောဂါ ဖြစ်ဖူးသူများ၊ နို့တိုက်မိခင် (ကလေး ၆-လအထက်)များသည် ကျွမ်းကျင် နားလည်သူများ နှင့် တိုင်ပင် ဆုံးဖြတ်ပြီးမှ ဆေးစား သင့်ပါသည်။

တချို့အမျိုးသမီးများ ဆေးစား ခါစတွင် အောက်ပါ ဝေဒနာများကို ခံစားရ တတ်ပါသည်။

၁။ မူးဝေခြင်း၊ နုံးခွေခြင်း ဖြစ်တတ်သည်။ (ညစာစားပြီးချိန် (သို့မဟုတ်) အိပ်ရာဝင်ချိန် သောက်သင့်သည်။ ၂-လ၊ ၃-လကြာလျှင် ပျောက်သွား နိုင်ပါသည်။)

၂။ ပျို့ခြင်း၊ အစားပျက်ခြင်း ဖြစ်နိုင်သည်။ (အကျင့် ရလာလျှင် ပျောက်သွား တတ်ပါသည်။)

၃။ ရင်သား တင်းခြင်း၊ ရင်သား နာလားခြင်း ဖြစ်တတ်သည်။ (မကြာခင် ပျောက်သွားနိုင်သည်။ အဆီ၊ အဆိမ့်၊ အချို လျှော့စားကာ ကိုယ်လက် လှုပ်ရှားမှုပြုလုပ် သင့်ပါသည်။)


အကယ်၍ အထက်ပါ လက္ခဏာများအနက်မှ တစ်ခုခုကို ကြာရှည်စွာ ခံစားရပါက ကျွမ်းကျင် နားလည်သူများနှင့် တိုင်ပင် ဆွေးနွေး၍ အကြံဉာဏ် တောင်းရန် လိုအပ်သည်။

စားဆေး ကဒ်များကို နှစ်နှစ်ထက်ပို၍ ဆက်တိုက် မစားသင့်ဟု တချို့ ဆေးပညာ စာအုပ်များတွင် ရေးသား ထားသည်ကို တွေ့ရသည်။ တချို့ဆေးပညာ ဆောင်းပါး များကတော့ စားဆေးကဒ်များကို ၃-နှစ်မှ ၅-နှစ်အထိ ဆက်တိုက် စားသုံးနိုင်သည်ဟု ဆိုကြသည်။ တချို့ အမျိုးသမီး များမှာ ကိုယ်ဝန်တားဆေး ကတ်များကို ၈-နှစ်မှ ၁၀-နှစ်အထိ စားသုံးသော်လည်း ဘာမှ မဖြစ်သည်လည်း ရှိပါသည်။

ဖြစ်သင့်သည်မှာ ပဋိသန္ဓေ တားဆေးကဒ် များကို ကြာရှည် ဆက်တိုက် စားသုံး နေသူများသည် ကာလ အပိုင်းအခြားအလိုက် သားအိမ်ခေါင်း အသားစ စစ်ဆေးခြင်း (Periodic Cervical Cytology)၊ သွေးပေါင်ချိန် စစ်ဆေးခြင်း (Checking Blood Pressure)၊ ဆီးထဲ အချိုဓာတ် စစ်ဆေးခြင်း (Testing for Glycosuria) များ မကြာခဏ ပြုလုပ် သင့်သည်။

သားသမီး ရယူလိုသည့်အခါ စားဆေးကတ် စားသုံးနေခြင်းကို ချက်ချင်း ရပ်ဆိုင်းလိုက်ပါက ထိုအမျိုးသမီးမှာ ပုံမှန် မျိုးဥ ကြွေခြင်း (Regular Ovulation)သည် သုံးလ အတွင်း ပြန်ပေါ် လာမည် ဖြစ်သည်။

စားဆေး ကတ်သုံးခြင်းကို ရုတ်တရက် ရပ်ဆိုင်း လိုက်လျှင် နှစ်ရက်၊ သုံးရက်မျှ သွေးဆင်းလာ တတ်သည်။ မကြာမီ သွေးဆင်း ရပ်သွားမည် ဖြစ်ပါသည်။ ကြာရှည် သွေးဆင်း နေလျှင်တော့ တတ်ကျွမ်း နားလည်သူများနှင့် တိုင်ပင် ဆွေးနွေး သင့်ပါသည်။

ဆေးစား နေစဉ် ပျို့အန်ခြင်း၊ ဝမ်းလျှော ဝမ်းပျက်ခြင်း ဖြစ်နေသူများနှင့် ပထမဆုံး ဆေးကတ်စားသူများ အတွက် ကိုယ်ဝန်တားဆီးမှု ရာနှုန်းပြည့် စိတ်ချရသည်ဟု မဆိုနိုင်ပေ။

၎။ အမျိုးသမီးများ သားအိမ်တွင်း ပစ္စည်း ထည့်ခြင်း။

ကမ္ဘာပေါ်ရှိ အမျိုးသမီး ဦးရေ သန်း(၆၀)ခန့် ဤနည်းကို အသုံးပြု နေကြသည်။ တတ်ကျွမ်းနားလည် သူများနှင့် ပစ္စည်းထည့်ပြီးလျှင် သားအိမ် အတွင်းတွင် ၅ နှစ်ခန့် ကောင်းမွန် စိတ်ချစွာ ထားနိုင်ပါသည်။

သားအိမ် အတွင်းသို့ ထည့်နိုင်သည့် ပစ္စည်းများမှာ ပုံသဏ္ဍာန်နှင့် အမျိုးအစား အမျိုးမျိုး ရှိကြသည်။ အင်္ဂလိပ် စာလုံးကြီး တီပုံ (T) အင်္ဂလိပ် နံပါတ် ခုနစ် (7)၊ ကွင်းကြိုးပုံ၊ ကွင်းပုံ၊ လေးကိုင်းပုံ၊ အရစ်အခွေ စပရင်ပုံ စသည့်ဖြင့် ပြုလုပ်ထားသည်။ ရွှေ၊ ငွေ၊ ကြေးနီ၊ နစ်ကယ်လ်၊ သတ္တုများရောစပ်၍လည်း အရွယ်အစားအမျိုးမျိုး ပြုလုပ်ထားကြသည်။ တချို့ ပလပ်စတစ်ဖြင့် ပြုလုပ် ထားသည်လည်း ရှိ၏။ သားအိမ်အတွင်း ပစ္စည်း ထည့်မည့် အမျိုးသမီးသည် ကိုယ်ဝန် ဘယ်နှစ်ကြိမ် ဆောင်ဖူးသည်၊ ကလေး ဘယ်နှစ်ယောက် မွေးဖွား ဖူးသည်၊ ထို အမျိုးသမီး၏ ကျန်းမာရေး အခြေအနေ၊ သားအိမ် အရွယ်အစား အထူအပါး ဘယ်သို့ရှိသည် စသည်ဖြင့် စဉ်းစား ချင့်ချိန်၍ သင့်တော်မည့် ပစ္စည်းကို ထည့်ပေးရန် လိုအပ် သောကြောင့် တတ်ကျွမ်း နားလည်သူများ နှင့်သာ ထည့်သွင်း သင့်သည်။



ရာသီသွေးပေါ်နေချိန် (သို့မဟုတ်) ပေါ်ပြီးစ အချိန်၊ မီးဖွားပြီး နောက်တွင် (သို့မဟုတ်) ခြောက်လပတ် ကျော်လွန် ပြီးသည့် အချိန်၊ သားလျှော်ပြီး နောက် တစ်ပတ်တွင်း (သို့မဟုတ်) ခြောက်ပတ် လွန်မြောက် သည့် အချိန်တွင် သားအိမ်တွင်း ပစ္စည်း ထည့်ခြင်းကို ခံယူ နိုင်ပါသည်။

မီးယပ် ဆိုင်ရာ ဓမ္မတာ မမှန်သူ၊ အဆင်း များလွန်းသူ၊ သားအိမ် အနေအထား ပုံမှန် မဟုတ်သူများ၊ သားအိမ် (သို့မဟုတ်) သားအိမ်ပြွန် ရောင်ရမ်းသော ဝေဒနာခံစားနေသူများ၊ သားအိမ်မှအပ အခြားသော နေရာ (ဥပမာ-သားအိမ်ပြွန်) တွင် သန္ဓေတည်ဖူးသူများ၊ ဆီးပူ ညောင်းကျ ရောဂါဖြစ်နေသူနှင့် သားအိမ်လည်တံ တွင် ရောဂါရှိနေသူများမှာ သားအိမ်တွင်း ပစ္စည်း ထည့်ခြင်းနည်းကို မသုံးသင့်ပေ။

သားအိမ်တွင်း ပစ္စည်း ထည့်ရန် သင့်တော်သူ များမှာ အနည်းဆုံး တစ်ကြိမ် ရိုးရိုး မီးဖွားပြီး သူများ၊ နို့တိုက်မိခင်များ၊ သားသမီး ဦးရေ ပြည့်စုံပြီး သားကြော မဖြတ်လို သေးသူများပင် ဖြစ်၏။ သားအိမ် တွင်းထည့် ပစ္စည်းများမှာ နိုင်လွန်ကြိုး အမြီးတန်း (Nylon Thread Tail) လေးများ ပါရှိတတ်ပြီး ယင်းကြိုးလေးသည် သားအိမ် လည်တံမှ တဆင့် မိန်းမ အင်္ဂါဇာတ် (Vagina) ထဲတွင် ရှိနေ တတ်သဖြင့် ၎င်း အမြီးတန်း လေးကို မကြာခဏ စမ်းသပ်ကြည့်ခြင်း အားဖြင့် သားအိမ်တွင်း၌ ထိုပစ္စည်း နေသားတကျ ရှိ၊မရှိ သိသာ နိုင်သည်။ သားအိမ်တွင်း ပစ္စည်း ထည့်ထားသော အမျိုးသမီး များသည် အခါအားလျှော်စွာ ပြန်လည် စမ်းသပ် စစ်ဆေးမှု ခံယူရန် လိုအပ်ပါသည်။

သားအိမ်တွင်း ပစ္စည်းထည့်ခြင်း နည်းလမ်းကို အသုံးပြုခြင်းကြောင့်-

(က) ငွေ အကုန်အကျ သက်သာခြင်း

(ခ) ကိုယ်ဝန် မရှိစေရန် စိတ်ချရခြင်း

(ဂ) နေ့စဉ် ဆေးသောက်ရသည့် ဒုက္ခမှ ကင်းဝေးခြင်း

(ဃ) နှစ်ရှည် အာနိသင်ရှိခြင်း

(င) သားသမီး ပြန်ရယူလိုလျှင် လွယ်ကူခြင်း

(စ) နို့တိုက်မိခင် များ အတွက် မိခင်နို့ ထွက်ခြင်း

(ဆ) လိင် ဆက်ဆံရာတွင် အနှောင့်အယှက် မရှိခြင်း

(ဇ) ဆေးခန်းသို့ မကြာခဏ လာရန်မလိုခြင်း
စသည့် အကျိုး ကျေးဇူးများ ရရှိစေပါသည်။

သားအိမ်တွင်း ပစ္စည်းထည့်သည့်အခါ ရုတ်တရက် မူးမေ့သွားခြင်း (Fainting or Collapse) ဖြစ်တတ်သည့် သာဓက လည်းရှိသဖြင့် ပစ္စည်း ထည့်မည့် အမျိုးသမီးအား သေချာ ရှင်းလင်း ပြောပြ ထားရပါသည်။ တချို့အမျိုးသမီး များမှာ သားအိမ်တွင်း ပစ္စည်း ထည့်ပြီး နောက် ဓမ္မတာ သွေးဆင်း များလာခြင်း၊ ရာသီသွေး ပေါ်ပြီးသော်လည်း သွေးနည်းနည်းချင်း မကြာမကြာ ဆင်းနေခြင်း၊ ရာသီ လာသည့် အခါ ဗိုက်နာ ဗိုက်အောင့် ဝေဒနာ ခံစား လာရခြင်းများ တွေ့ကြုံရတတ်သည်။ တချို့မှာမူ သားအိမ်နှင့် သားအိမ်ပြွန် ရောင်ရမ်း ခြင်း၊ သားအိမ် လည်တံ ထိခိုက် ဒဏ်ရာရခြင်း၊ သားအိမ်တွင်း ထည့်ထားသော ပစ္စည်းလေး နေရာ လွဲမှား ရောက်ရှိခြင်းများ ဖြစ်တတ် သော်လည်း တွေ့ရခဲသော ပြဿနာ များသာ ဖြစ်သည်။

သားအိမ်တွင်း ပစ္စည်း ထည့်ထားသော အမျိုးသမီးများ အတွက် ပစ္စည်း စတင်ထည့်သော ပထမနှစ် အတွင်း မတော်တဆ ကိုယ်ဝန် ရသွားနိုင်သော နှုန်းမှာ အမျိုးသမီး ဦးရေနှင့် နှစ်အရေအတွက် မြောက်လဒ် တစ်ရာလျှင် နှစ်ယောက် သုံးယောက်မျှ ရှိသော်လည်း ပစ္စည်း ထည့်ထားသောနှစ် ကြာလေလေ၊ ထိုပစ္စည်းကြောင့် အလိုအလျောက် သားလျှော သွားနိုင်သည့် အခွင့်အလမ်း များပါသည်။

၅။ အမျိုးသမီးများ ရာသီသွေး ပေါ်သော ဓမ္မတာ စက်ဝန်းအရ ရက်ရှောင်ခြင်း။

ပဋိသန္ဓေ တားဆီးရန် အတွက် ထိုးဆေး အသုံးပြုခြင်း၊ တားဆေး ကတ် စားသုံးခြင်း၊ သားအိမ်တွင်း ပစ္စည်း ထည့်ခြင်း၊ အမျိုးသားများ သားရေစွပ် သုံးခြင်း နည်းလမ်းများ ကို အဆင်မပြေ၊ မနှစ်သက်၍ မသုံးလို ပါက ရက်ရှောင်ခြင်း နည်း (Safe Period-Rhythm Method) ကို သုံးကြသည်။

ရက်ရှောင်ခြင်း နည်းလမ်းမှာ ကိုယ်ဝန် ရရှိရန် အခွင့်အလမ်း အလွန် နည်းပါးသော ရက်များ တွင်သာ လိင်ဆက်ဆံခြင်း ပြုပြီး ကျန် ရက်များတွင် ရှောင်ကြဉ်ခြင်း ဖြစ်သည်။ ကိုယ်ဝန် ရရှိရန် အခွင့်အလမ်း အလွန် နည်းပါးသော ရက်များ (Safe Period) သည် အမျိုးသမီးများ ၏ ဓမ္မတာ စက်ဝန်းလည်ပတ် သည့် ရက်ကာလ မတူညီ သည့်အတွက် အမျိုးသမီး တစ်ဦးနှင့်တစ်ဦး မတူညီ နိုင်ချေ။ ဥပမာ အားဖြင့် အမျိုးသမီးများ ၏ ဓမ္မတာ စက်ဝန်း (Menstrual Cycle) သည် လစဉ် ၂၈ ရက်စက်ဝန်း (28 days Cycle) ဖြစ်ပါက လိင် ဆက်ဆံခြင်း ပြုလိုပါက ပြုနိုင်သော (Safe Period) မှာ ရာသီလာ နေစဉ်ရက်များ (The days of Menstrual Flow) နှင့် ရာသီ လာပြီးနောက် ၃-ရက်၊ ရာသီ မလာခင် ၉-ရက်တို့ဖြစ်သည်။



အကယ်၍ အမျိုးသမီး၏ ဓမ္မတာ စက်ဝန်းကာလသည် ၂၈-ရက်ထက် ပိုတို နေပါက ၎င်း ပိုတိုတောင်းသော ရက်ကို ရာသီလာပြီး နောက် ၃-ရက်မှ ထပ်မံ နှုတ်ရမည်။ ဥပမာ အားဖြင့် ယင်းအမျိုးသမီး၏ ဓမ္မတာစက်ဝန်းသည် ၂၆-ရက်သာ ရှိသည်ဆိုပါက ယင်းအမျိုးသမီးသည် ရာသီလာနေစဉ်ရက်များ၊ ရာသီလာပြီးနောက် ၁-ရက်နှင့် ရာသီမလာခင် ၉-ရက်အလိုတို့တွင် လိင်ဆက်ဆံခြင်းပြုနိုင်ပါသည်။

အမျိုးသမီး၏ ဓမ္မတာစက်ဝန်းသည် ၂၈-ရက်ထက် ပိုကြာရှည်ပါက ထို ပိုလာသောရက်ကို ရာသီ လာပြီးနောက် ၃-ရက်တွင် ပေါင်းထည့် ရပါသည်။ ဥပမာ- ထိုအမျိုးသမီး သည် ၃၀-ရက်စက်ဝန်း (30 days Cycle) ရှိပါက ထိုအမျိုးသမီးအတွက် (Safe Period)မှာ ရာသီ လာနေစဉ် ရက်များ(the days of Menstrual Flow) နှင့် ရာသီ လာပြီး နောက် ၅-ရက် (5 days Postmenstrually)၊ ရာသီ မလာမီရက် (9 days Premenstrually) တို့ ဖြစ်သည်။ အကြမ်းဖျင်း အားဖြင့် အမျိုးသမီးများ အားလုံး အတွက် ရာသီ မလာမီ ၇-ရက်သည် လိင်ဆက်ဆံခြင်း ပြုသော်လည်း ကိုယ်ဝန်ရရန် အခွင့်အလမ်း အလွန် ရှားပါး၍ လုံခြုံ စိတ်ချရဆုံး အချိန်များ ဖြစ်သည်။ သို့ရာတွင် ဤနည်းလမ်းကို ဓမ္မတာ မှန်မှန် လာသော အမျိုးသမီးများ ကသာ သုံးသင့်ပြီး ဤနည်းလမ်း သည် မတော်တဆ ကိုယ်ဝန်ရရှိ သွားနိုင်သည့် နှုန်း မြင့်သဖြင့် စိတ်မချရပေ။

၆။ အမျိုးသား၏ သုက်ရည်ကို အမျိုးသမီး ဖြစ်သူ၏ မိန်းမကိုယ် ပြင်ပ၌သာ စွန့်ပစ်ရန် အတွက် လိင်ဆက်ဆံမှုကို သတိဖြင့် ထိန်းချုပ်ခြင်း။

ဤနည်းကို (Incomplete Coitus) ဟုခေါ်သည်။ သုံးမျိုး ထိန်းချုပ်ကြသည်။ ဤနည်းများ သည် ဆေးဝါး ပစ္စည်းကိရိယာ တစ်စုံတစ်ရာ မလိုအပ်၍ ငွေကြေး အထူးတလည်ကုန်ကျရန် မလိုအပ်သော်လည်း မတော်တဆ ကိုယ်ဝန်ရသွားနိုင်သည့်နှုန်းမှာ အမျိုးသမီး ဦးရေနှင့် နှစ်အရေအတွက် မြှောက်လဒ်တစ်ရာလျှင် ၁၂ ယောက်မှ ၃၆ ယောက်ထိရှိသဖြင့် နှုန်းအလွန်မြင့်မားသည်။ စိတ်ချ လုံခြုံမှု အလွန်နည်း သည် ဟု ဆိုနိုင်ပါသည်။

ကိုးကား။ ။ ယဉ်မင်းဦး (ဆေးတက္ကသိုလ်) ၏ သန္ဓေကာတာ မှ

Read More...

Sunday, November 2, 2008

Emergency Contraception !!!


အရေးပေါ် သားဆက် ခြားနည်းများ

အရေးပေါ်သားဆက် ခြားနည်းများ တွင် သောက် ဆေး ကို အတူနေပြီး ( ၇၂ ) နာရီ အတွင်း အသုံး ပြု နိုင် ပါ သည် ။
Postinor သို့ မ ဟုတ်Ecee-2 ကို အသုံး ပြု နိုင် ပါ သည် ။ ထို ဆေး တို့  တွင် levonogestrol ( 0.75 mg ) ပါဝင် ပါ သည် ။
တခါ သောက် လျှင် ၂ လုံး တစ် တွဲ သောက် ရပါ သည် ။ ထို ဆေး များ လွယ် တကူ မ ရ ပါ က ရိုး ရိုး လက်ညိုး ထိုး တား ဆေး ကဒ်
မှအညို ရောင်ဆေး လုံး များ ကို ၄ လုံး ၄ လုံး စီ ၁၂ နာရီ ခြား ပြီး သောက် ရင် လဲ ရ ပါ သည် ။
ထိုဆေး များ သောက် ပြီး ၂ နာ ရီ အတွင်း ဆေး များ အန် ပါ က ချက် ချင်း ဆေး ထပ် သောက် ဖို့ လို အပ် ပါ သည် ။
အရေးပေါ် သားဆက် ခြားနည်း မှ ပစ္စည်း ထည့် နည်း တွင် အတူ နေ ပြီး ( ၅ ) ရက် အတွင်း ထည့် နိုင် ပါ သည်။
ပစ္စည်း ထည့် ပြီး မှ မတော် တဆ ကိုယ် ၀န် ရ သွား ပါ က ... သိ သိ ချင်း ပြန် ထုတ် ပစ်ရ ပါ မည် ။

Read More...

Methods of Contraception ...

သားဆက် ခြားနည်းတွေ က များ တယ် ဆို တော့  ... ဘာ ကိုရွေး မ လဲ

၁ ... အသည်း ဝေဒနာ ရှင်များ.. ရင် သား ကင်ဆာ ဝေဒနာ ရှင် များ သည် ... တား ဆေး ထိုး ဆေး များ ရှောင် သင့် ပြီး ... IUCD သုံး သင့်  ပါ သည် ။
၂ ... သားအိမ် ကင်ဆာ ... မျိုး ဥအိမ် ကင် ဆာ ဝေဒနာ ရှင် များ သည် ... IUCD ရှောင် ပြီး ... တားဆေး ထိုး ဆေးသုံး သင့် ပါ သည် ။
၃ ... သွေး ခဲ ဝေ ဒနာ ရှင် များ သည် ... သား ကြော မဖြတ် သင့် ပါ ... estrogen ပါ သော ဆေး ကိုပြီး ... progestrogen ပါ သော ဆေး ကို သုံး ပါ ။
၎ ... သွေး တိုး ဝေဒနာ ရှင် များ သည် ...သားကြော ဖြတ် ခြင်း ... estrogen တို့  ကို ရှောင် ပြီး ... IUCD Progestrogen Norplant တို ကို သုံး နိုင် ပါ သည်။
၅ ... ဆီး ချို သက် ၂၀ နှစ် ကျော် လာ သူ များ သည် ... estrogen ကို ရှောင် ရပါ မည် ။
၆ ... တက် တတ် သူ များ ... ခေါင်း ကိုက် တတ် သူ များ သည် ... တားဆေး ထိုး ဆေး များ ရှောင် ပြီး ... IUCD သုံး သင့် ပါ သည်။

Read More...

Thursday, October 4, 2007

Family Planning: A Global Handbook for Providers

သားဆက်ခြား စီမံချက်များတွင် အသုံးပြုရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ နှင့် ဂျွန်စ်ဟော့ပ်ကင်း ပြည်သူ့ကျန်းမာရေးကျောင်းတို့က အမေရိကန်အစိုးရ နိုင်ငံတကာဖွံ့ဖြိုးရေး ရန်ပုံငွေအဖွဲ့၏ ထောက်ပံ့မှုဖြင့် ပြုစုထားသော စာအုပ်ဖြစ်သည်။ ယခင်က "Contraceptive Technology" အမည်ဖြင့် ထုတ်ဝေခဲ့ပြီး၊ ယခုစာအုပ်မှာ ခေတ်ပေါ် သိပ္ပံနည်းကျ တွေ့ရှိချက်များကို ဖြည့်စွက်ရေးသားထားသော စာအုပ်ဖြစ်သဖြင့် မြန်မာနိုင်ငံတွင် မျိုးဆက်ပွားကျန်းမာရေး နှင့် သားဆက်ခြား စီမံချက်များကို ဆောင်ရွက်နေသော ဌာန၊ အဖွဲ့အစည်းများ၊ စီမံချက်အရာရှိများ၊ ဆရာဝန်၊ သူနာပြုများ အတွက် အလွန်ပင် အသုံးတည့်မည့် စာအုပ်ဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပေသည်။

စာအုပ်ကို ဤနေရာတွင် ဒေါင်းလုပ် လုပ်ယူပါ။ (ဖိုင်အရွယ်အစား - ၅ မဂ္ဂါဘိုက်)

စာကိုး
World Health Organization
The INFO Project (Johns Hopkins Bloomberg School of Public Health)

Read More...