Tuesday, August 26, 2008

Depressive Disorder

စိတ်ဓာတ်ကျ ရောဂါ

Depressive Disorder လို့ခေါ်တဲ့ စိတ်ဓာတ်ကျရောဂါဟာ အင်မတန် အဖြစ်များပြီး၊ ဆီးချို၊ သွေးတိုးတို့လိုပဲ ဆေးကုရမယ့်၊ ဆေးကုလို့ရတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ကံနာ၊၀ဋ်နာ ဒါမှမဟုတ် ပျော့ညံ့မှု မဟုတ်ပါဘူး။ ရှက်စရာလည်း မဟုတ်ပါဘူး။

အနောက်နိုင်ငံစာရင်းများအရဆို လူလေးယောက်မှာ တစ်ယောက်ဟာ ဘ၀တစ်ချိန်ချိန်မှာ စိတ်ဓာတ်ကျရောဂါ ခံစားရနိုင်ပါသတဲ့။ ရုပ်ရှင် သရုပ်ဆောင် Harrison Ford, Marlon Brando, Jim Carrey, Halle Berry နဲ့ ဂီတပညာရှင် Elton John, Billy Joel, Janet Jackson တို့ဟာ သူတို့ စိတ်ဓာတ်ကျရောဂါ ဝေဒနာရှင်မှန်း လူသိရှင်ကြား ကြေညာထားတဲ့ နာမည်ကျော်များထဲက အချို့ ဖြစ်ပါ တယ်။*

စိတ်ဓာတ်ကျရောဂါရဲ့ လက္ခဏာ တွေကတော့

(၁) စိတ်နှလုံး ညှိုးခြုံးခြင်း၊ ငိုချင်နေခြင်း
(၂) အကြောင်းမဲ့ နုံးချိနွမ်းနယ်နေခြင်း
(၃) ခါတိုင်း ပျော်ရွှင်စိတ်ဝင်စားနေကျ ကိစ္စများအပါအ၀င် ဘယ်အရာကိုမျှ မပျော်ရွှင်၊ စိတ်မ၀င်စားတော့ခြင်း
(၄) ခံတွင်းပျက်ခြင်း (တစ်လအတွင်း နဂိုမူလ ကိုယ်အလေးချိန်၏ ငါးရာခိုင်နှုန်း သို့မဟုတ် နှစ်ဆယ်ပုံတစ်ပုံ ကျသွားခြင်း)
(၅) အိပ်မပျော်ခြင်း (ညလယ်နိုးပြီး ပြန်အိပ်မရခြင်း နဲ့ ပုံမှန်ထက် နှစ်နာရီ စောနိုးခြင်းတို့လည်း ပါပါတယ်)
(၆) မျှော်လင့်ချက် ကင်းမဲ့ပြီး၊ ကိုယ့်တန်ဖိုး ပျောက်နေခြင်း
(၇) ထွက်ပေါက် မမြင်တော့ပဲ အနာဂတ်အပေါ် လက်လျှော့ခြင်း
(၈) ကိုယ့်ကိုကိုယ် သတ်သေလိုစိတ် ပေါ်ပေါက်ခြင်း
(၉) အာရုံ စူးစိုက်နိုင်မှု လျော့ပါးသွားခြင်း
(၁၀) မိမိကိုယ်ကို ယုံကြည်မှု နည်းသွားခြင်း
(၁၁) ဘာကိုမှ လုပ်ကိုင်လိုစိတ် မရှိတော့ခြင်း
(၁၂) လိင်မှုကိစ္စ စိတ်မ၀င်စားတော့ခြင်း
တို့ ပါဝင်ပါတယ်။

ဒါတွေကို တစ်ခါတလေ ကာယကံရှင်ကိုယ်တိုင် မဟုတ်ပဲ မိသားစုက သတိစထားမိတာမျိုးလည်း ဖြစ်တတ်ပါတယ်။ အရပ်စကားအခေါ် “စိတ်ဓာတ်ကျ”တာနဲ့ မတူတာကတော့ တကယ်ဆေးကုရမယ့် စိတ်ဓာတ်ကျရောဂါ (Clinical Depression) ဆိုရင် အထက်ပါလက္ခဏာများ (အကုန်လုံးရှိရန် မလိုပါ) နေ့စဉ်ရက်ဆက် အနည်းဆုံး နှစ်ပါတ် ရှိရပါမယ်။ တော်တော့်ကို ခံရဆိုးပါတယ်။ စိတ်ထောင်းတော့ ကိုယ်ကြေဆိုတာ သိပ်မှန်တဲ့ စကားပါ။

သိပ်ဆိုးရင်တော့ အမှန်တကယ်မဖြစ်သော ကိစ္စများကို အမှန်ကဲ့သို့ ယုံကြည်ခြင်းတွေ (delusions) ပါ ရတတ်ပါတယ်။ ဥပမာအားဖြင့် ကိုယ့်ကိုကိုယ် ပြစ်မှုကျူးလွန်မိတယ်လို့ ယုံကြည်ပြီး ရဲထံ အဖမ်းခံတာမျိုး၊ ကိုယ့်ခန္ဓာကိုယ်က ပုပ်ဟောင်နေတယ်လို့ ယုံကြည်ပြီး လူတွေ့မခံတာမျိုး၊ ကိုယ့်ကို သူများက လုပ်ကြံတယ်ဆိုပြီး အိမ်မှာ အလုံပိတ် ကြောက်နေတာမျိုးပေါ့။ တစ်ခါတလေတော့ ဘယ်သူမှ အနားမရှိပဲ စကားပြောသံတွေ ကြားတာမျိုး၊ အရိပ်တွေ မြင်တာမျိုး လှုံ့ဆော်မှုမဲ့ အကြား/ အမြင်အာရုံတွေ (auditory/ visual hallucinations) လည်း ဖြစ်တတ်ပါတယ်။ ဒါဆိုရင်တော့ သေသေချာချာ ဆေးကုမှကို ဖြစ်တော့မယ်။

စိတ်ဓာတ်ကျရောဂါမှာ အနုအရင့် (severity) နဲ့ လက္ခဏာပြပုံ မူကွဲ (atypical presentation) လေးတွေ ရှိသေးတယ်။ သက်ကြီးရွယ်အိုတွေမှာဆိုရင် စိတ်ဓာတ်ကျဝမ်းနည်းတဲ့ ပုံစံထက် ဂနာမငြိမ် ဖြစ်တာနဲ့လာတာ ပိုများတတ်ပါတယ်။ သူတို့အသက်ပိုင်းက စိတ်ဓာတ်ကျတာကို သိပ်ပြီး သတိမထား၊ စကားထဲ ထည့်ပြောလေ့ မရှိတတ်လို့ပါ။ တချို့ကျတော့လည်း မစားနိုင်၊ မအိပ်နိုင်တာနဲ့ ပြောင်းပြန် ဖြစ်တတ်ပါတယ်။ ပုံမှန် စားဝင်အိပ်ပျော်တာနဲ့ မတူပါဘူး။ စိတ်ညစ်ညစ်နဲ့ အစားတွေပဲ လှိမ့်စားနေတာ၊ အိပ်ရာထဲမှာပဲ နေပြီး လောကကြီးကို ရင်မဆိုင်ပဲ ရှောင်နေတာမျိုးပါ။

ဆေးကုရမယ်ဆိုတော့ ဒါဟာ လောကဓံပဲ မဟုတ်ဘူးလား။ သူဟာသူ ပျောက်သွားမှာကို ဘာကိစ္စ ပိုက်ဆံကုန်ခံရမှာလဲ လို့ မေးစရာ ရှိပါတယ်။ မှန်ပါတယ်။ လောကဓံ ဆိုတာရော၊ သူဟာသူ ပျောက်သွားမှာ ဆိုတာရော အမှန်ပါပဲ။ ချက်ချင်းတော့ မဟုတ်ပါဘူး။ ဆေးမကု၊ ဆေးမကူရင် ပျမ်းမျှခြင်းအားဖြင့် ကိုးလလောက် ခံစားရတတ်ပါတယ်။ အဲဒီအချိန်အတွင်း ရောဂါကို ပိုဆိုးစေမယ့် နောက်ထပ် လောကဓံ (contributing life circumstances) တွေ မဖြစ်ဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ။

ဒီလိုအချိန်မျိုးမှာ စိတ်ဓာတ်ကျဝေဒနာရှင်ဟာ သာမန်အချိန်မှာထက်ပိုပြီး စိတ်ထိခိုက်လွယ် (psychologically vulnerable) ဖြစ်နေတတ်တာကို ထည့်စဉ်းစား ရပါမယ်။ အဆိုးအပျက်တွေလည်း ပိုမြင်တတ်ပါတယ်။ ခေါင်းပေါ်မှာ တိမ်တိုက်မဲကြီး (dark cloud) အမြဲတမ်း အုံ့ဆိုင်းနေသလိုပဲလို့ လူနာတွေ မကြာခဏ ပြောလေ့ရှိကြပါတယ်။ ကိုယ့်အသက်ကိုကိုယ် တန်ဖိုးမထားတော့ပဲ အဆုံးစီရင်၊ ထွက်ပေါက်ရှာတဲ့အထိ ဆိုးတတ်လို့ အင်မတန် ဂရုစိုက်သင့်ပါတယ်။

လောကဓံနဲ့ ကြုံတဲ့အခါ လူတစ်ယောက်နဲ့တစ်ယောက် တုံ့ပြန်တာချင်း မတူပါဘူး။ ပတ်ဝန်းကျင်နဲ့ မျိုးရိုးဗီဇလည်း ပါပါသေးတယ်။ ဒီလို ပြောလို့ မျိုးရိုးလိုက်တယ်လို့လည်း တစ်ထစ်ချ ပြောလို့ မရပါဘူး။ စိတ်ဓာတ်ကျရောဂါ မျိုးရိုးမရှိသူနဲ့ စာရင် စိတ်ဓာတ်ကျရောဂါ မျိုးရိုးရှိသူက လောကဓံအဆိုးစား ကြုံတဲ့အခါ စိတ်ဓာတ်ကျရောဂါ ဖြစ်နိုင်ချေ ပိုများတယ်လို့ပဲ ပြောလို့ရပါတယ်။ နှိုင်းယှဉ်မှုအားဖြင့် (relatively) ပေါ့။

အမှန်တကယ်မဖြစ်သော ကိစ္စများကို အမှန်ကဲ့သို့ယုံကြည်ခြင်း (delusions) နဲ့ လှုံ့ဆော်မှုမဲ့ အကြား/ အမြင်အာရုံ (auditory/ visual hallucinations) တွေပါ ရလို့ကတော့ အရပ်အမြင်မှာ သွက်သွက်ခါ ရူးနေပြီဆိုပြီး ကြောက်ကြ၊ ကျဉ်ကြတတ်ပါတယ်။ ဒါတွေကို အမှန်တရားနဲ့ကင်းကွာခြင်း လက္ခဏာများ (psychotic symptoms) လို့ ခေါ်ပါတယ်။ မသိတဲ့ လူတွေအတွက် အရမ်းခြောက်ခြားစရာ အတွေ့အကြုံပါ။

အမှန်တော့ ဒီလက္ခဏာတွေအားလုံးဟာ ဦးနှောက်ထဲမှာ အာရုံကြောဓာတုပစ္စည်းများ (neuro-chemicals) မျှခြေပျက်ခြင်း (imbalance) ကြောင့် ဖြစ်တာပါ။ ဒါကို စိတ်ဓာတ်ကျ ရောဂါကို တန်ပြန်တဲ့ အနောက်တိုင်း ဆေးဝါးများ (anti-depressants)၊ အမှန်တရားနဲ့ကင်းကွာခြင်းကို တန်ပြန်တဲ့ ဆေးဝါးများ (anti-psychotics) နဲ့ ပြုပြင်ကုသလို့ ရပါတယ်။ လုံးဝ သက်သာ ပျောက်ကင်းနိုင်ပါတယ်။

အထက်ပါ ဆေးတွေဟာ စနစ်တကျ သုံးရင် ထိရောက်ပါတယ်။ စွဲခြင်း (dependence) လည်း မဖြစ်တတ်ပါဘူး။ ဒါပေမယ့် ကိုယ့်သဘောနဲ့ ကိုယ် ၀ယ်သောက်၊ ရမ်းကုလို့ကတော့ ဒုက္ခရောက်ဖို့ပါပဲ။ ကြုံလို့ သတိပေးပါရစေ။ စိတ်ဓာတ်ကျရောဂါကို တန်ပြန်တဲ့ ဆေး (anti-depressants) တွေထဲမှာ ဒိုင်ရာဇီပင် မိသားစု (Diazepam/ Benzodiazepines family) လုံးဝ လုံးဝ မပါပါဘူး။ သူက အင်မတန် စွဲစေပါတယ်။ တစ်ဒုက္ခကနေ နှစ်ဒုက္ခ ရှာသလို ဖြစ်တတ် ပါတယ်။ ကိုယ့် အနာဂတ် နဲ့ ဘ၀ကို တန်ဖိုးထားတယ်ဆိုရင် တတ်ကျွမ်းနားလည်သူ စိတ်ရောဂါ ပါရဂူများထံ ချဉ်းကပ်သင့်ပါတယ်။

နောက်တစ်ခု သတိပေး ချင်တာကတော့ ဘယ်ဆေးမဆို (Paracetamol ပါရာစီတမောက အစ) ဘေးထွက်အာနိသင် (side effects) တွေ ရှိပါတယ်။ မသိကြ၊ မပြောကြလို့ပါ။ ဆေးသောက်တဲ့လူနာမှာ ဒါကို သိခွင့်၊မေးခွင့် ရှိပါတယ်။ ဆရာဝန်ကလည်း သေသေချာချာ ရှင်းပြရမယ့် ၀တ္တရား ရှိပါတယ်။ ဒီအလေ့အထကို မွေးယူရပါမယ်။ ဘယ်ဆေး၊ ဘယ်ရောဂါအတွက် မဆိုပါ။

ဆရာဝန်တွေဟာ ရှိသမျှ တတ်သိတာဝန်ယူနိုင်တဲ့ နတ်ဘုရားတွေ မဟုတ်သလို၊ လူနာတွေဟာလည်း ဘာမှမသိတဲ့ ဘာတာဝန်မှ မယူနိုင်တဲ့ နလပိန်းတုံးတွေ မဟုတ်ပါဘူး။ ကုသချက် (treatment) ဆိုတာ မျှဝေတာဝန်ယူမှု (shared responsibility) ပါ။ လူနာကို သိသင့်တဲ့ အချက်အားလုံး သူနားလည်မယ့် အရပ်စကားနဲ့ ရှင်းပြပြီး၊ တန်ဖိုးရှိတဲ့ ချင့်ချိန်စဉ်းစားထားတဲ့ ဆုံးဖြတ်ချက် (valid informed decision) ချနိုင်အောင် ကူညီရပါမယ်။ လူတစ်ယောက်ရဲ့ အချုပ်အချာပိုင်မှုကို လေးစားရတဲ့ သမားတို့ ကျင့်ဝတ် (respect for autonomy) ပါ။

စိတ်ရောဂါတွေကို ကုတဲ့နေရာမှာ ဆေးတစ်ခုတည်း အားကိုးလို့တော့ မရပါဘူး။ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးပြုပြင်စရာတွေ ရှာဖွေပြုပြင်ရမှာပါ။ မိသားစုရဲ့ နားလည်မှုနဲ့ ပံ့ပိုးမှု လိုအပ်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ အမြင်ကျယ်မှုနဲ့ လက်ခံမှုကလည်း အရေးကြီးပါတယ်။ ဒါဟာ ရောဂါကြောင့် ဖြစ်တာပဲရယ်လို့ သဘောပေါက်ပြီး ဖေးမရပါမယ်။ အပြစ်တင်ရင် ဘယ်သူမှ အကျိုးမရှိပါဘူး။ ဘယ်သူက ဒီလိုဖြစ်ချင်ပါ့မလဲ။ ကိုယ်ကိုယ်တိုင်လည်း တစ်ချိန်မဟုတ်တစ်ချိန် ဒီရောဂါ ဖြစ်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။

*Semple, D., Smyth, R., Burns, J., Darjee, R. & McIntosh, A. (2005). Oxford Handbook of Psychiatry, Oxford: University Press.



Related Posts :



11 comments:

Nge Naing said...

Mental Health နဲ့ပတ်သက်တဲ့ ဗဟုသုတွေအတွက် ကျေးဇူးတင်ပါတယ်။ Dementia တို့ Delirium တို့အကြောင်းလည်း အလျဉ်းသင့်ရင် တင်ပြစေချင်ပါတယ်။

Nu Thwe said...

ရေးချင်တာလေးတွေထဲမှာ အဲဒီ နှစ်ခု ထိပ်က ပါပါတယ်။ မကြာခင် ရေးနိုင်မယ် ထင်ပါတယ်။

Anonymous said...

ဗိုက်တာမင်နဲ့ သတ္တုဓာတ်ပါတဲ့ အားဆေးတွေဟာ အခိုက်အတန့် စိတ်ဓာတ်ကျတာမျိုးကို ခုခံနိုင်တဲ့ အားဆေးဖြစ်နိုင်မလား သိလိုပါတယ်။ စိတ်ဓာတ်ကျချိန်မှာ ဖြစ်တတ်တဲ့ တစ်ကိုယ်တည်း သီးခြားနေလိုတာ၊ ကြေကွဲဝမ်းနည်းတတ်တာကို ဘယ်လို ကုစားရပါသလဲ။ ဥပမာ ဆွေမျိုးသားချင်း ဆုံးရှုံးသွားချိန်မှာ ဘယ်သူနဲ့မှ မရောနှောပဲ ကိုယ့်သောကနဲ့ကိုယ် သီးခြား နေချင်တယ်၊ ဒါပေမယ့် အလုပ်ကလဲ ရေရှည် ခွင့်ယူလို့ မရတော့ ပုံမှန်သွားလာနေရရင် လူကြားထဲ ဝင်နေရတာ၊ စိတ်မပါပဲ ပြုံးရယ်နေရတာ ၀န်ထုပ်ကြီး မထမ်းချင်ပဲ ထမ်းနေရသလိုပဲ။ ဒီချိန်မှာ စိတ်ညစ်တာကိုရော၊ အလုပ်ဆက်လုပ်နေရမှာကိုရော ရှောင်လို့မရတော့ ဘယ်လို ဆေးဝါး သို့မဟုတ် threapy နဲ့ ထိန်းချုပ်လို့ ရနိုင်မလဲ သိပါရစေ။

Nu Thwe said...

စိတ်ဓာတ်ကျရောဂါ ခုခံကာကွယ်ဆေးရယ်လို့ သတ်သတ် မရှိပါဘူး။ ခန္ဓာကိုယ် ကျန်းမာရင် စိတ်ကျန်းမာရေးအတွက် ကောင်းတယ် ဆိုတဲ့ ယေဘူယျသဘောတော့ ရှိတာပေါ့။

ဆုံးရှုံးမှု (loss) ကြုံချိန်မှာ bereavement period ဆိုတာ လူတိုင်း ဖြတ်သန်းရပါတယ်။ ပုံမှန်အားဖြင့် ခြောက်လလောက် ကြာတတ်ပါတယ်။ ကိုလူလှ ပြောတဲ့ လက္ခဏာတွေအားလုံး ဖြစ်တတ်ပါတယ်။ ဒါဟာ စိတ်ဓာတ်ကျရောဂါ လက္ခဏာတွေနဲ့ တူပေမယ့် ရောဂါလို့ မသတ်မှတ်ပါဘူး။ လူ့သဘာဝပါ။ ကြောက်စရာလည်း မဟုတ်ပါဘူး။

အလုပ်ကနေ တစ်ပတ်၊ နှစ်ပတ် ခွင့်ယူပြီး စိတ်ထဲက ပူဆွေးသောကကို ထွက်ခွင့်ပေး (mourn) နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ လွယ်လွယ်ကူကူ မရရင် ဆေးခွင့်ရော မဖြစ်နိုင်ဘူးလား စဉ်းစားကြည့်ပါဦး။ ကိုယ့်စိတ်က ပူဆွေးနေဆဲမို့ အာရုံစူးစိုက်မှုတွေ လျော့ပါးရင် အလုပ်မှာပါ မလိုလားအပ်ပဲ ထိခိုက်နိုင်ပါတယ်။ အလုပ်ရှင်၊ လုပ်ဖော်ကိုင်ဖက်တို့ကို ပွင့်ပွင့်လင်းလင်း ပြောကြည့်ရင် မျှမျှတတ စဉ်းစားပေးနိုင်ကောင်းပါတယ်။

အကြာကြီး လူတွေကို ရှောင်နေတာ (social withdrawal) တော့ မလုပ်သင့်ပါဘူး။ ယေဘူယျ အကြံပေးလိုတာကတော့ အရေးကြီးတဲ့ ရေရှည် ဆုံးဖြတ်ချက်မျိုးကို ဒီလိုအချိန်မှာ မချပါနဲ့။ ကားမောင်းတာလည်း ခေတ္တရှောင်နိုင်ရင် ကောင်းပါတယ်။ ယုံကြည်စိတ်ချရတဲ့၊ ကိုယ့်ကိုလည်း judgement မလုပ်မယ့် မိတ်ဆွေမျိုးနဲ့ စကားပြောခြင်းက စိတ်သက်သာမှု ပေးနိုင်တတ်ပါတယ်။ အတွေ့အကြုံရှိတဲ့ Bereavement counsellor ရှိရင်တော့ ပြောကြည့်ပေါ့။ အကျိုးရှိတယ် ထင်ရင် ပုံမှန် တွေ့ပါ။

ပုံမှန် အချိန်ဇယားလေး ထားပြီး လုပ်သင့်တာတွေ လုပ်ပါ။ အအိပ်အစား ဂရုစိုက်ပါ။ လမ်းလျှောက်ခြင်း၊ လေ့ကျင့်ခန်း စသဖြင့် လုပ်နိုင်ရင်လည်း ကောင်းပါတယ်။ ဘာသာတရားရဲ့ အရိပ်ကိုလည်း ခိုလှုံနိုင်ပါတယ်။

အဓိကကတော့ ကိုယ့်ကိုယ်ကို တရားလွန် မညှင်းပန်းမိစေဖို့နဲ့ တရားလွန် သနားပို မညှာတာမိစေဖို့ပါပဲ။ ဟန်ချက်ကလေး တစ်ခု လိုပါတယ်။ သေချာချင်ရင် စိတ်ရောဂါအထူးကုနဲ့ တွေ့ဆုံတိုင်ပင်ပါ။ ခြောက်လ ကျော်လို့မှ မတိုးတက်ရင်တော့ စိတ်ဓာတ်ကျရောဂါ ဟုတ်မဟုတ် ဆန်းစစ်ပြီး လိုအပ်သလို ကုသသင့်ပါတယ်။

မေးခွန်းကို ဖြေတာ ပြည့်စုံပါရဲ့လား။

Anonymous said...

ပြည့်စုံပါတယ် ဒေါက်တာ။ ကျေးဇူးစကား ထပ်ပြောပါရစေ။ ဒီအခက်အခဲကို ကျော်လွှားရတဲ့အချိန်က ပင်ပန်းလွန်းလို့ ဆေးကူလို့ရမလား သက်သာအောင် တွေးမိတာပါ။ ပုံမှန်အချိန်ဇယား ထားပါလို့ ပေးတဲ့အကြံက ကျွန်တော်နဲ့ ဒက်ထိ ဖြစ်နေတယ်။ ဒီလို မိသားစုဝင် ဆုံးရှုံးသွားတဲ့ အချိန်မှာ နေ့တွေ ညတွေ အချိန်နာရီတွေကို ဘာမှမစဉ်းစားဘဲ ဖြစ်ချင်ရာဖြစ် နေတတ်တာက ဖြစ်တတ်တဲ့သဘာဝလား၊ ဒေါက်တာပြောတဲ့ ၆လကျော်ရင် ပျောက်သွားနိုင်ပါသလား။

Nu Thwe said...

ဆုံးရှုံးမှုကို ပူဆွေးခြင်း (Bereavement/ grieving process) တစ်ခုမှာ မဖြစ်နိုင်ဟု ငြင်းဆန်ခြင်း (Denial) ဒေါသထွက်ခြင်း (Anger) သို့လောသို့လော ဖြစ်ခြင်း (Bargaining) စိတ်ဓာတ်ကျခြင်း (Depression) နဲ့ လက်ခံခြင်း(Acceptance) လို့ အဆင့်ငါးဆင့် ရှိပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်သွားတာပါပဲ။

အကြမ်းအားဖြင့် ခြောက်လလောက် ကြာတယ်ဆိုပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက် နဂို စိတ်ထားပုံ၊ ပတ်ဝန်းကျင် အထောက်အကူပေါ် မူတည်ပြီး နည်းနည်းတော့ ကွာနိုင်တာပေါ့။ ဒီကာလအတွင်းမှာ တဖြည်းဖြည်း သက်သာသွားတတ်ပါတယ်။ ခြောက်လနေမှ ပျောက်ရမယ် မဟုတ်ပါဘူး။ နှစ်လလောက်ဆိုရင်ကို တော်တော်လေး သက်သာလာတတ်ပါပြီ။

သေဆုံးခြင်းကို လက်ခံလိုက်တဲ့ နောက်ပိုင်း ဝေဒနာတွေ လျော့ပါးသွားပေမယ့် သွားလေသူကို သတိရတာ၊ လွမ်းဆွတ်တာကတော့ အမြဲ ရှိသွားမှာပါ။ သဘာဝတရားပေါ့။ ကြာလာရင် နာကျင်မှု ဝေဒနာ နေရာမှာ ပျော်စရာ မှတ်ဥာဏ်ဟောင်းများလည်း ၀င်လာတတ်ပါတယ်။ ဒါဆို ဖြေသာလာတာပေါ့။

စိတ်လေလွင့်တာက ဖြစ်တတ်ပါတယ်။ ကိုယ့်ကိုကိုယ် သတိရှိနေပြီး အကျိုးရှိမယ့် အရာလေးတွေ လုပ်နိုင်ရင် ကောင်းတာပေါ့။ တစ်ပတ်စာ ကြိုတင်အချိန်ဇယားမှာ ဘယ်လိုပဲ သေးမွှားတယ်လို့ ထင်ခဲ့တဲ့ ကိစ္စမျိုးဖြစ်ဖြစ် ချရေးပြီး လုပ်ဖြစ်အောင် လုပ်ပါ။ သဘောက ကိုယ့်နေ့စဉ်ဘ၀ကို ပြန်လည်တည်ဆောက်ခြင်းပါပဲ။ ကိုယ့်ဘ၀ကို အဓိပ္ပါယ်ရှိရှိ ရှေ့ဆက်ဖို့ လိုသေးတာကိုး။

အဆင်ပြေပါစေ။

Anonymous said...

ကျွန်တော့်အဖေက အသက် ၅၈ နှစ်ပါ။ အားငယ်တတ်တာ၊ စကားအခြေအတင် မပြောဘဲ အလွယ်တကူ အလျှော့ပေးတတ်တာ၊ ဝမ်းနည်းလွယ်တာတွေ တွေ့လာရလို့ပါ။
သူ့ကိုယ်သူ အပယ်ခံ တစ်ယောက်လို ခံစားရတာမျိုး၊ အပယ်ခံ အချင်းချင်းနဲ့ ပေါင်းချင်တာမျိုး တွေ့ရပါတယ်။ သားတစ်ယောက်အနေနဲ့ ဘယ်လို လုပ်ပေးရမလဲ သိပါရစေခင်ဗျား။။ ကျေးဇူးအထူးတင်ပါတယ်။

Nu Thwe said...

ဝင်းမွန်ရဲ့ အဖေဟာ အရင်က ဒီလို မဟုတ်ခဲ့ဘူး၊ ခုလပိုင်းမှာမှ ဒီလို ဖြစ်လာတယ်လို့ ယူဆပြီး ဒီမေးခွန်းကို ဖြေပါမယ်။

သားတစ်ယောက်အနေနဲ့ ကူညီချင်ပေမယ့် အဖေတစ်ယောက်အနေနဲ့ သားဆီက အကူအညီ ယူလို၊ မယူလို ဆိုတာလည်း ရှိပါသေးတယ်။ လောလောဆယ် အန္တာရာယ် ဖြစ်လောက်စရာ မရှိရင် စိတ်မလောပါနဲ့။

အဖေနဲ့သား ပွင့်ပွင့်လင်းလင်း ပြောဆိုနေကျ ဆိုရင် ဘာတွေ စိတ်ညစ်နေလဲ ညင်ညင်သာသာ မေးကြည့်ပေါ့။ တခါတလေကျတော့ အပူတွေကို ဖွင့်ပြောလိုက်ရတာကိုက စိတ်ကို သက်သာစေပါတယ်။ သူနဲ့အတူ စဉ်းစားပေး၊ နားလည်ပေးရင်ကို တော်တော် အထောက်အကူ ရနေပါပြီ။

အားငယ်နေခိုက်မှာ သူ ကောင်းကောင်း လုပ်တတ်တဲ့၊ သူ ကျွမ်းကျင်တဲ့ ကိစ္စမျိုးကို လုပ်ဖို့ အားလည်းပေး၊ ကူလည်းကူပြီး စိတ်ကျေနပ်မှု ပြန်ရအောင် လုပ်ပေးလို့ ရပါတယ်။ အကြီးအကျယ်ကြီးက မစပါနဲ့။ တပိုင်တနိုင်လေး ဖြစ်ပါစေ။ အများအကျိုးရှိစေတဲ့၊ စေတနာ့ ၀န်ထမ်းကိစ္စမျိုးဆိုလည်း ကောင်းပါတယ်။ သူ့တန်ဖိုးနဲ့ အသုံးဝင်မှုကို ပြန်လည် ရှာဖွေ အခြေချပေးတဲ့ သဘောပါ။

ဆေးသောက်ဖို့ ချက်ချင်းကြီး လိုချင်မှ လိုလိမ့်မယ်။ တခြား စိတ်ဓာတ်ကျရောဂါ လက္ခဏာတွေ ရှိရင်တော့ စဉ်းစားသင့်ပါတယ်။ ဆေးတွေက ဘေးထွက်ဆိုးကျိုးတော့ မကင်းလို့ မလိုရင်တော့ မသောက်တာ အကောင်းဆုံးပဲ။ သေချာ စိတ်ရှင်းချင်ရင် စိတ်ရောဂါအထူးကုနဲ့ ပြကြည့်ပါ။

မေးခွန်းကို ဖြေတာ ကျေနပ်ပါရဲ့လား။

Anonymous said...

ကျေနပ်ပါတယ်ခင်ဗျား။ ဒေါက်တာ အကြံပေးသလို ညင်ညင်သာသာ ဆွေးနွေးတဲ့နည်း အခွင့်ရရင် လုပ်ကြည့်ပါမယ်။ ဒါ ဇရာကြောင့် ဖြစ်တဲ့ စိတ်အားငယ်မှု ဖြစ်နိုင်ပါသလား။

Nu Thwe said...

ဝင်းမွန်ရဲ့ မေးခွန်းကို မပြန်မိတာ တောင်းပန်လိုက်ပါတယ်။

ဇရာဆိုတာ လူတဦးချင်းရဲ့ အမြင်နဲ့ လက်ခံမှုပေါ်မှာသာမက နေထိုင်ရာ အသိုင်းအ၀ိုင်းရဲ့ အမြင်နဲ့ လက်ခံမှုပေါ်မှာပါ မူတည်ပါတယ်။ မြန်မာပြည်မှာ အသက်ငါးဆယ်လောက် ရောက်တာနဲ့ အသက်ကို ဖွဲ့နွဲ့ပြီး ခွဲခြားချင်လာကြပြီ။ တကယ်တော့ ငါးဆယ်ဆိုတာ ငယ်ငယ်လေး ရှိသေးတယ်။ ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့်အသိုင်းအ၀ိုင်းအတွက် လုပ်နိုင်တာတွေ အများကြီး ရှိသေးတယ်။ ဒါကို ပတ်ဝန်းကျင်ကပါ အသိအမှတ် ပြုပြီး အကျိုးရှိအောင် သုံးသင့်တယ်လို့ မြင်ပါတယ်။ အသက်ဆိုတာ ကိန်းဂဏန်းသာလျှင် ဖြစ်ပါတယ်။ မိမိရဲ့ စွမ်းဆောင်နိုင်ရည်ကို မိမိကသာလျှင် ဆုံးဖြတ်ပါတယ်။

သို့သော် အသက်ရလာတာနဲ့အမျှ စိတ်သဘောထားအမြင်တွေ ပြောင်းလာတတ်တယ်။ ကိုယ့်ကိုကိုယ် အသက်ကြီးပြီလို့ မြင်ပြီး မကောင်းတာတွေပဲ တွေးမိလို့ စိတ်ပျက်အားလျော့တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါဟာ ခဏ အခိုက်အတန့်ဆိုရင် စိတ်ပူစရာ မရှိပါဘူး။ သူ ပူတာကို မေးကြည့်ပြီး အဖြေကူရှာပေးလိုက်ပေါ့။ စိတ်ဓာတ်ကျရောဂါ လက္ခဏာတွေ ရှိလာရင်တော့ စိတ်ဆရာဝန်နဲ့ ပြပြီး ဆေးသောက်သင့်ရင် သောက်လိုက်ပါ။

Anonymous said...
This comment has been removed by the author.