ရောဂါဝေဒနာမှာ ပြင်းထန်သော်လည်း အစားအစာများကို အတန်အသင့် ဆင်ခြင်ခြင်းအားဖြင့် ရှောင်ရှား နိုင်သော ရောဂါများထဲမှ တစ်ခုကို တင်ပြချင်ပါသည်။
၎င်းရောဂါမှာ အစားအသောက်များကို ကျက်အောင် မချက်ခြင်း သို့မဟုတ် အသားစိမ်း၊ ငါးစိမ်းများကို စားခြင်းမှ တဆင့် ဖြစ်ပေါ်တတ်သော ရောဂါတစ်မျိုးဖြစ်ပါသည်။ထိုရောဂါ ဖြစ်ပွားလာပြီ ဆိုပါလျှင် ထင်ရှားသော ရောဂါလက္ခဏာ တစ်ခုမှာ ရောဂါဖြစ်ပွားသည့် နေရာ ပေါ်မူတည်၍ အရေပြားအောက်တွင် ရွေ့ရှားနိုင်သော အဖုအကျိတ်ကလေးများ ခန္ဓာကိုယ် တစ်နေရာရာတွင် ပေါ်လာတတ်ခြင်း၊ အင်ပြင်ထခြင်း၊ နေမထိ ထိုင်မသာဖြစ်ကာ စိတ်ကို အနှောင့်အယှက် ဖြစ်စေခြင်း ၊ ယောင်ယမ်းခြင်း၊ အဖုအပိန့် ထွက်သော နေရာများတွင် ယားယံခြင်း တခါတရံတွင် နာကျင်တတ်ခြင်းတို့မှစ၍ ခန္ဓာကိုယ်တွင်းရှိ အရေးကြီး အစိတ်အပိုင်းများကို ထိခိုက်နိုင်သည့် အပေါ်တွင်မူတည်ပြီး ဖြစ်ပွားတတ်ပေသည်။
အကယ်၍ ဦးနှောက်ကို ထိခိုက်စေသောအခါတွင် ထိခိုက်သော အစိတ်အပိုင်း အပေါ်တွင် မူတည်ပြီး အာရုံကြောများ အလုပ်မလုပ်နိုင်ခြင်းများ ဖြစ်ပွားကာ ထုံကျင်ခြင်း၊ နားမကြားနိုင်တော့ခြင်း၊ ဦးနှောက် အမြေးပါး ယောင်ခြင်း၊ ကိုယ်တစ်ပိုင်းသေခြင်း၊ သတိလစ်မေ့မြောခြင်း၊ သေဆုံးခြင်းတို့ အထိ ဖြစ်စေနိုင်ပါသည်။ ထို့ပြင် မည်သည့် ကိုယ်အင်္ဂါအစိတ်အပိုင်းတွင်မဆို အလုံးအကျိတ်များဖြစ်ပေါ်ကာ ထိုအင်္ဂါ၏ လုပ်ငန်းဆောင်တာများကို နှောင့်နှေးစေခြင်း၊ ပျက်စီးစေခြင်းများကို ဖြစ်ပေါ်စေပါသည်။
ထိုရောဂါသည် nematode ဟုခေါ်သော သံလုံးကောင် အမျိုးအစားတွင် ပါဝင်သည့် ကပ်ပါး ကောင်ငယ်ကလေးကြောင့် ဖြစ်ပြီး ထိုကပ်ပါးကောင်ကို ၁၈၃၆ ခုနှစ်တွင် Sir Richard Owen ဆိုသူက လန်ဒန်မြို့ရှိ တိရစ္ဆာန်ဥယျာဉ်တွင်းတွင် ပင်မသွေးလွှတ်ကြော ပေါက်ကာ သေဆုံးသွားသော ကျားငယ်ကလေး၏ အစာအိမ် အကျိတ်ထဲမှ စတင်၍ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
Gnathostomiasis ဟုခေါ်သော အဆိုပါရောဂါကို ဖြစ်ပွားစေသည့် သံလုံးကောင် ၏ superfamily မှာ Ganthostomatoidea ဖြစ်ပြီး Fmaily အမည်မှာ Ganthostomatoidea ဖြစ်ကာ Genus မှာ Gnathostoma ဖြစ်လေသည်။ ၎င်းသည် မျိုးစိတ်များစွာ ရှိသည့်အနက် မျိုးစိတ်တစ်မျိုးဖြစ်သော ခန္ဓာကိုယ်တွင် အဆူးချွန်များစွာ ပါရှိသည့် Gnathostoma spinagium ကိုသာ အဓိကတွေ့ရှိရပြီး ထိုင်းနိုင်ငံတွင် လည်း ထိုမျိုးစိတ်တစ်မျိုးကသာ လူသားတို့ကို ရောဂါဖြစ်စေနိုင်ကြောင်း တွေ့ရှိရပေသည်။
ယေဘူယျအားဖြင့် Gnathostomiasis သည် လူသားများတွင် ဖြစ်ပွားလေ့ မရှိတတ်ပေ။ အဘယ်ကြောင့်ဆိုသော ထိုသံလုံးကောင်သည် ကျား၊ ကျားသစ်၊ ကြောင်၊ ခွေးတို့၏ အစာအိမ် နှင့် အစာမျိုပြွန်တို့ကို ပင်မမှီတွယ်ကောင် အဖြစ်သတ်မှတ်ကာ နေထိုင်ပြီး သူ၏ သံသရာလည်ပတ်မှုတွင် cyclop ဟုခေါ်သော အကောင်ငယ်များ၊ ငါး ၊ လိပ်၊ ကြက်၊ ငှက် နှင့် အချို့သော နို့တိုက်သတ္တ၀ါများကို ယင်းတို့၏ သားလောင်း အဆင့်ပေါ်မူတည်ပြီး မှီခိုလေ့ရှိပေသည်။
ယခုခေတ်အခါတွင် အစားအသောက် ပုံစံပြောင်းလဲလာကာ အသားငါးများကို မဆင်မခြင် ကျန်းမာရေးနှင့် မညီညွတ်စွာ စားသောက်လာကြခြင်းကြောင့် လူသားများသည် ထို သံလုံးကောင်များ၏ မှီတွယ်ရာ သတ္တ၀ါတစ်မျိုး အဖြစ် မတော်တဆ ရောက်ရှိလာခြင်းဖြစ်သည်။
Gnathostoma သည် လူသားတွင် ဖြစ်ပွားကြောင်းကို ၁၈၈၉ ခုနှစ်တွင် Deuntzer ဆိုသူမှ အမျိုးသမီးတစ်ဦး၏ ရင်သားအကျိတ်မှ ခွဲစိတ်ရယူခဲ့ပြီးလျှင် Levinsen မှ ထိုအကောင်ငယ်ကို အတည်ပြုနိုင်ခဲ့လေသည်။ လူသားများသည် ထိုကပ်ပါးကောင်၏ အရွယ်ရောက်ပြီး တတိယ သားလောင်း အဆင့်ပါသော အစားအစာများကို မဆင်မခြင် စားသုံးမိပါလျှင် ထိုရောဂါများကို ခံစားရမည်ဖြစ်သည်။
ဝေဒနာ ခံစားနေရသူများကို လေ့လာ ကြည့်ပါက-
တို့ကို တွေ့ရှိနိုင်ပေသည်။
(၁) ထိုရောဂါ ဖြစ်ပွားတတ်သော နေရာများ ဖြစ်သည့် အစ္စရေး ၊ အိန္ဒိယ၊ ဂျာဗာ၊ မလေးရှား ထိုင်းနိုင်ငံ စသော နေရာများတွင် နေထိုင်သူများဖြစ်ခြင်း။
(၂) ရောဂါဖြစ်ပွားသော နေရာများသို့ သွားရောက်လည်ပတ်သော သမိုင်းကြောင်းရှိခြင်း။
(၃) အသားစိမ်း ၊ ငါးစိမ်းများကို စားတတ်သော အကျင့်များရှိခြင်း သို့မဟုတ် အသားငါးများကို မကျက်တကျက် ချက်ပြုတ်စားသောက်ခြင်းကို ခုံမင်သူများဖြစ်ခြင်း
ရောဂါဖြစ်ပွားမှု၏ အဓိက သော့ချက်မှာ အစားအသောက်မဆင်ခြင်မှုကြောင့်ဖြစ်သော်လည်း တခါတရံတွင် အရေပြားကိုဖောက်ကာ ၀င်တတ်ခြင်း ၊ မိခင်မှတဆင့် ကူးစက်ခြင်းများကို ရှားပါးစွာ တွေ့ရှိနိုင်ပေသည်။
အကယ်၍ လူသားတစ်ယောက်တွင် အဆိုပါ ရောဂါလက္ခဏာများ ခံစားနေရပါလျှင် ရောဂါလက္ခဏာများကို သေချာစွာ လေ့လာခြင်း၊ နေထိုင် စားသောက်သော အလေ့အထကို အသေးစိတ် စူးစမ်းခြင်းများ အပြင် သွေးထဲ၌ရှိသော Eosinophil ပမာဏကို တိုင်းတာခြင်း၊ ELISA ၊ Immuno blot test စသော ခေတ်မှီနည်းစနစ်များကို အသုံးပြု၍ သိရှိနိုင်ခြင်း၊ အကျိတ် ဖြစ်ပွားရာနေရာ သို့မဟုတ် ရောဂါ ခံစားနေရသောနေရာမှ နေ၍ ထိုအကောင်ငယ်ကို ခွဲစိတ်ရယူနိုင်ခြင်းအားဖြင့် စမ်းစစ်နိုင်ပါသည်။
ထိုအကောင်ငယ်၏ ထူးခြားချက်မှာ ဝေဒနာရှင် တစ်ယောက်လျှင် ပျမ်းမျှအားဖြင့် တစ်ကောင်နှုန်းဖြင့်သာ နေထိုင်ခြင်း ဖြစ်သည်။ သံလုံးကောင်ဖြစ်သော ထိုရောဂါသည် ကုသနိုင်သော ရောဂါဖြစ်ပြီး အခြား သံကောင်များတွင် သုံးစွဲနိုင်သော ဆေးတစ်မျိုး ဖြစ်သည့် Albendazole 400 mg ကို တစ်ခါသောက်လျှင် ၂ လုံးနှုန်းဖြင့် တစ်နေ့လျှင် နှစ်ကြိမ်ကျ သောက်ကာ ၂ ပတ်သောက်သုံးနိုင်ပေသည်။သို့သော်လည်း တခါတရံတွင် ရောဂါပြန်ကြွခြင်းများကိုတွေ့ရှိရပေသည်။ ထိုသို့သော အခါတွင် Ivermetin ဟုသော ဆေးကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း သုံးစွဲနိုင်ပါသည်။
မြန်မာပြည်၏ သမိုင်းကြောင်းကိုလေ့လာကြည့်ပါက ၂၀၀၁ ခုနှစ် နှစ်ဦးပိုင်းတွင် မြန်မာပြည်သို့ လာရောက်လည်ပတ်စဉ်အတွင်း ကိုရီးယား စားသောက်ဆိုင်တွင် အသားစိမ်းများကို စားသောက်ခဲ့သောကိုရီးယားလူမျိုး ၆၀ အနက် ၃၈ ယောက်မှာ ၁၀ ပတ်ခန့်အကြာတွင် ၎င်းရောဂါလက္ခဏာများကို ခံစားခဲ့ကြသည် ဖြစ်ရာ မြန်မာလူမျိုးများ၏ ထုံးတမ်းစဉ်လာတွင် အသားစိမ်းငါးစိမ်းများကို စားသုံးသော အလေ့အထများစွာ မရှိသော်လည်း နေထိုင်မှု စနစ်ပြောင်းလဲလာသည် နှင့်အညီ ဖြစ်ပွားနိုင်သော အလားအလာများ ကိုတွေ့ရှိရပေသည်။
အသွားမတော် တစ်လှမ်း အစားမတော် တစ်လုတ်ဟူသော စကားပုံနှယ် မဖြစ်ရလေအောင် အစားအစာများကို ကျန်းမာရေးနှင့် လိုက်လျော ညီထွေစွာ ချက်ပြုတ်စားသောက်လျှင် ထို ကပ်ပါးငယ်လေးကြောင့် ကြုံတွေ့နိုင်မည့် ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး စသည်တို့ကို ထိခိုက်စေနိုင်သော ဘေးဆိုးများကို ကာကွယ်နိုင်မည်ဖြစ်သည်။
မွန်းသက်ပန် (ဆေး-၁)
4 comments:
I believe you are doing very well. What I know is only respiratory medicine ...., ABG, Bipap, cpap....
မပန်ရေးထားတာလေးကို မေးပါရစေ့ 
ဂျပန်လူမျိုးတွေကတော့ ဆာရှိမိ ဆိုတဲ့ ငါးစိမ်းတွေနဲ့
ယာခိနိခု လို့ ခေါ်တဲ့ အမဲသားကိုကိုစားကြတယ်နော်။
ဒုတိယကမ္ဘာစစ်မှာမြန်မာပြည်ထဲကို ဂျပန်စစ်
သားတွေဝင်လာတော့ ဂျပန်ငပုလို့ ခေါ်ခံရတယ်တဲ့။ ဂျပန်
စစ်ရှူံးပြီးနောက်ပိုင်း အဟာရပြည့်စေဖို့ အစားအသောက်
်တွေကိုကျက်အောင်မချက်ပဲ အထူးသဖြင့်ငါးစိမ်းတွေကို
စားလာကြတယ်။ ယာခိနိခု လို့ ခေါ်တဲ့အမဲသားကိုကျက်
အောင်မကင်ပဲစားကြတယ်။ဟင်းရွက်စိမ်းတွေစားကြ
တယ်။
ယခုခေတ်မျိုးဆက်သစ်ဂျပန်လူငယ် တွေကတော့အရပ်၆ပေကျော်တွေဖြစ်နေကြလို့ ပေလွန်ဂျပန်လို့ ခေါ်နေကြပြီ။
ဒီလိုဆိုရင် ဆေးပညာအနေနဲ့ဘယ်လိုသုံးသပ်မလဲ
အစ်မ(ဆရာမ)
စာဖတ်ပရိသတ်တစ်ယောက်အနေနဲ့
နှစ်သက်စွာဖတ်ရှုသွားပါတယ်။
ဗဟုသုတများ တိုးပွားရတဲ့အတွက်
ကျေးဇူးတင်ရှိပါတယ်၊ အကျိုးပြုပို့စ်များ ဆက်လက်ရေးသားနိုင်ပါစေ
လေးစားလျက်
ဝင်းဇော်
www.mewin.f1.cc
စားစရာတွေကို အစိမ်းစားတာက ချက်ပြီးစားတာထက် နဂိုရှိနေတဲ့ အဟာရတွေကို ပိုပြီး ထိန်းသိမ်းထားနိုင်တယ်လို့ လေ့လာသိရှိရပါတယ်။ ဒါကြောင့်မသက်ဇင် ပြောတဲ့ ဂျပန်တွေ အသားစိမ်းငါးစိမ်းလို့ ပိုအဟာရရှိပြီး ကိုယ်ကာယ ကျန်းမာသန်စွမ်းတာ ဖြစ်နိုင်ပါတယ်။ ဟင်းသီးဟင်းရွက်၊ အသီးနှံ၊ ငါးနဲ့ အမဲသားတွေမှာ အတွင်းမှာ ရောဂါပိုးမရှိပဲ အပြင်မှာ ကပ်နေနိုင်တဲ့ ရောဂါပိုးတွေကို ရေနဲ့စင်အောင် အသေအချာ ဆေးပြီးစားမှစားရင် အန္တရယ်ကင်းနိုင်ပါတယ်။ နွားနဲ့ ငါးမှလွဲပြီး ကျန်တဲ့ ကျောရိုးရှိသတ္တ၀ါအများစု (လူအပါအ၀င်) ရဲ့ အသားထဲမှာ ဘတ်တီးရီးယားနဲ့ တခြားရောဂါပိုးတွေ ရှိနေလို့ ဂျပန်တွေ အသားစိမ်းစားတယ်ဆိုတဲ့နေရာမှာလည်း အမဲသားနဲ့ ငါးပဲ ဖြစ်ပါလိမ့်မယ်။ ကျန်တဲ့ ကြက်သား၊ ၀က်သားတွေအပါအ၀င် တခြားအသားတွေကို အစိမ်းစားမယ်ဆိုရင် မွန်းသက်ပန်တင်ပြတဲ့ အရေပြားအပြင် တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေအတွက်လည်း အန္တရယ်သိပ်များပြီး ကူးစက်ရောဂါတွေ ရနိုင်ပါတယ်။ အမဲသားနဲ့ငါးကို အစိမ်းစားတာ ဂျပန်မှမဟုတ်ဘူး မြန်မာတွေ ထိုင်းတွေလည်း စင်းပြီးသံပုရာရည် ရှောက်ရွက်၊ ခရုပ်သီးစိမ်း၊ ကြက်သွန်စိမ်းတွေနဲ့ သုပ်စားကြတာ ကြိုက်တဲ့သူတွေတော်တော်ကြိုက်ပါတယ်။ ကျွန်မရဲ့ ဒီမှတ်ချက်က မသက်ဇင်မေးခွန်းအတွက် တစုံတရာ အထောက်အကူပြုလိမ့်မယ်လို့ ယူဆတယ်။ လိုတဲ့အချက်တွေအတွက် ပို့စ်တင်တဲ့ မွန်းသက်ပန်ကိုယ်တိုင် ထပ်ဖြည့်လိမ့်မယ် ထင်တယ်။
Post a Comment