စိတ်ကြွစိတ်ကျရောဂါ
စိတ်ကြွ စိတ်ကျရောဂါ (Bipolar Affective Disorder also known as Manic Depression) ဟာ နာမည်အတိုင်းပဲ စိတ်ကြွရောဂါ (Mania/Hypomania)နဲ့ စိတ်ဓာတ်ကျရောဂါ (Depression) နှစ်မျိုး ပေါင်းထားတာ ဖြစ်ပါတယ်။ ဝေဒနာရှင်ဟာ စိတ်ကြွရောဂါ နဲ့ စိတ်ဓာတ်ကျ ရောဂါ အနည်းဆုံး တစ်ကြိမ်စီ သို့မဟုတ် စိတ်ကြွရောဂါ အနည်းဆုံး နှစ်ကြိမ် ခံစားရဖူးတယ်ဆိုရင် စိတ်ကြွ စိတ်ကျရောဂါ ခံစားနေရပြီလို့ သတ်မှတ်နိုင်ပါတယ်။
စာရေးဆရာမ Virginia Woolf, ရုပ်ရှင်သရုပ်ဆောင် Vivien Leigh, Carrie Fisher, Jean Claude Van Damme, Ben Stiller, တေးသံရှင် Connie Francis, Sting, ရုပ်ရှင်ဒါရိုက်တာ Francis Coppola တို့ဟာ စိတ်ကြွစိတ်ကျရောဂါရှင် ကမ္ဘာကျော်တစ်ချို့ ဖြစ်ပါတယ်။*
စာရေးဆရာမ Virginia Woolf, ရုပ်ရှင်သရုပ်ဆောင် Vivien Leigh, Carrie Fisher, Jean Claude Van Damme, Ben Stiller, တေးသံရှင် Connie Francis, Sting, ရုပ်ရှင်ဒါရိုက်တာ Francis Coppola တို့ဟာ စိတ်ကြွစိတ်ကျရောဂါရှင် ကမ္ဘာကျော်တစ်ချို့ ဖြစ်ပါတယ်။*
စိတ်ဓာတ်ကျ ရောဂါအကြောင်း ရေးပြီးပြီမို့ စိတ်ကြွရောဂါအကြောင်း ဆက်ပါရစေ။ စိတ်ကြွရောဂါ နှစ်မျိုး ရှိပါတယ်။ အရင့်စား (Mania) နဲ့ အနုစား (Hypomania) ပါ။ အရင့်စား (Mania) က နေ့စဉ် လူမှုဆက်ဆံရေး နဲ့ အလုပ်အကိုင်တွေကိုပါ ထိခိုက် လောက်အောင် ဖြစ်တတ်ပါတယ်။ အနုစား (Hypomania) ကတော့ သူ့လောက်လည်း မကြာ၊ သူ့လောက်လည်း မဆိုးပါဘူး။ စကားတွေ မတရားများလာတာ၊ အလုပ်တွေ မတရား လုပ်လာတာ၊ ခါတိုင်းထက် ပိုပြီး အကြောင်းမဲ့ အရမ်းပျော်နေတာ၊ စိတ်အတွေးတွေက လိုက်မမှီအောင် မြန်နေတာလောက်ပေါ့။ ဆေးမကုဘဲထားရင်တော့ အနုစားကနေ အရင့်စား ပြောင်းသွားဖို့ အသေအချာပါပဲ။
စိတ်ကြွရောဂါ အရင့်စား (Mania) ရဲ့ ရောဂါလက္ခဏာ တွေကတော့
- စိတ်ပျော်၊မြောက်နေခြင်း သို့တည်းမဟုတ် စိတ်ဆတ်၊ အထိမခံ ဖြစ်နေခြင်း (Elevated mood or irritability)
- အအိပ်အနေ သိသိသာသာ နည်းသွားသော်ငြား အားအင်များ အလိုလို ပြည့်သကဲ့သို့ ခံစားရခြင်း (Raised energy despite minimal or lack of sleep)
- ကြီးကျယ်ခမ်းနားသော အကြံအစည်များ ပေါ်ကာ၊ မိမိကိုယ်မိမိ အထူး စွမ်းရည်များ ပိုင်ဆိုင်သည်ဟု ယုံကြည် နေခြင်း (Grandiosity)
- အာရုံ စူးစိုက်မရပဲ စိတ် တောင်ရောက် မြောက်ရောက် ဖြစ်ခြင်း (Distractibility)
- ပုံမှန် လူမှုရေးအရ ထိန်းချုပ်မှုများ ကင်းလွတ်ကာ၊ အရောဝင်လွန်းခြင်း (Social dis-inhibition & over-familiarity)
- အတွေး၊ အပြော၊ အလုပ် အားလုံး ပုံမှန်ထက်မြန်ကာ အလျင်စလို ဖြစ်နေခြင်း (Racing thoughts, pressured speech & over - activity)
- အရဲစွန့် လုပ်ကိုင်ခြင်း အပြုအမူ (Risk-taking behavior) များ ရှိလာခြင်း - ဥပမာ ကား အလွန်အမင်း အမြန် မောင်းခြင်း၊ ငွေ အသုံးအဖြုံး များလာခြင်း၊ ကာမစိတ်များလာပြီး အန္တရာယ် မကြောက်ပဲ တွေ့ကရာလူနှင့် ဆက်ဆံခြင်း
ဒီရောဂါလက္ခဏာတွေဟာ ခုနစ်ရက်လောက် ဆက်တိုက် ဖြစ်နေပြီဆိုရင် မိသားစုကလည်း မခံနိုင်တော့ပါဘူး။ ဝေဒနာရှင် အတွက်လည်း အ န္တရာယ် များပါတယ်။ အထူးသဖြင့် နောက်ဆုံး လက္ခဏာဟာ စိုးရိမ်စရာပါ။ လူနာရဲ့ ရောဂါကို အမြတ်ထုတ် (exploit) တဲ့ သူများလည်း ရှိနိုင်လို့ပါပဲ။ ဒီလက္ခဏာတွေ ရှိလို့ကတော့ ဆေးရုံတင်ကုတာ စိတ်ချရပါတယ်။ စိတ်ချရတဲ့ ပတ်ဝန်းကျင် (safe environment) လိုအပ်လို့ပါပဲ။ ဆေးရုံမှာလည်း မျက်ခြေမပြတ် စောင့်ကြည့် (close monitoring) ရမှာပါ။
စိတ်ဓာတ်ကျရောဂါမှာလိုပဲ စိတ်ကြွရောဂါအရင့်စားမှာလည်း အမှန်တကယ် မဖြစ်သော ကိစ္စများကို အမှန်ကဲ့သို့ ယုံကြည်ခြင်း (delusions) တွေ၊ လှုံ့ဆော်မှုမဲ့ အကြား/အမြင်အာရုံ (auditory/ visual hallucinations) တွေ ရတတ်ပါတယ်။ သဘော သဘာဝလေးတော့ ကွာတတ် ပါတယ်။ စိတ်ကြွရောဂါမှာတော့ ပျော်တဲ့၊မြောက်တဲ့ သဘောတရားကို အခြေခံတဲ့ အမှန်တရားနဲ့ ကင်းကွာခြင်း လက္ခဏာများ (psychotic symptoms) ပေါ့။ အရမ်းချမ်းသာပါတယ်လို့ ယုံကြည်ပြီး ငွေ အလွန်အမင်း သုံးတာ၊ ကိုယ့်ကိုကိုယ် အလွန်အရေးပါသူလို့ ယုံကြည်ပြီး အရေးကြီးဆွေးနွေးပွဲမျိုးကို မဆိုင်ဘဲ အတင်းဝင်ရောက်မိန့်ခွန်းချွေတာ၊ ကိုယ်က ကျော်ကြားလို့ သူများက လုပ်ကြံဖို့ နောက်ယောင်ခံလိုက်နေတယ် ဆိုပြီး သူများတွေကို သံသယပွားတာ စသဖြင့်ပေါ့။
စိတ်ကြွစိတ်ကျရောဂါရှင်တွေဟာ သူတို့စိတ်က တက်လိုက်ကျလိုက် ဖြစ်တတ်တာကို နေကောင်းသွားတဲ့အချိန်နဲ့ စိတ်ဓာတ်ကျ ချိန်မှာ သိပေမယ့် စိတ်ကြွနေချိန်မှာတော့ သတိထားမိဖို့ ခဲယဉ်း တတ်ပါတယ်။ သူကိုယ်တိုင်က နေလို့ကောင်းနေတာမို့ပါ။ စဉ်းစားကြည့်ရင် ကိုယ်ချင်းစာနိုင်ပါတယ်။ ကိုယ့်ကိုကိုယ် အစွမ်းအစတွေ၊ အထူးသတ္တိတွေနဲ့ ပြည့်စုံနေတယ်လို့ ထင်နေရတဲ့ အရသာက မက်လောက်စရာကိုး။ ဒါကို ပုံမှန်မဟုတ်ဘူး သွားပြောတော့ စိတ်ဆိုးတာပေါ့။ လူနာ ငြိုငြင်မှာ ကြောက်လို့ ဆေးမကုပဲ ထားရင် ပိုပြီး နစ်နာစရာတွေ ဖြစ်နိုင်တာ သတိချပ်ရပါမယ်။
သူ့အပြုအမူနဲ့ ရောဂါလက္ခဏာဟာ သူ့ဘ၀နဲ့ပတ်ဝန်းကျင်ကို ဘယ်လောက်ထိခိုက်နေတယ်၊ ထိခိုက်နိုင်တယ် ဆိုတာ မိသားစုနဲ့ ဆရာဝန်က သတိပြုမိပြီး စိတ်ပုံမှန် မြန်မြန်ပြန်ဖြစ်အောင် ကူညီကုသရပါမယ်။ စိတ်ပုံမှန် ပြန်မရောက်သေးခင် ဝေဒနာရှင် ပြုမူပြောဆိုတာတွေကို ဗွေမယူမိဖို့လည်း လိုပါတယ်။ သူ့စိတ်ကမှ ပုံမှန် မဟုတ်သေးတာ။ ဘေးကနေ ဖေးမ ထိန်းသိမ်းပေးရပါမယ်။ ဒီလို လူနာတွေဟာ ပြန်ကောင်းသွားတဲ့အခါ သူတို့ ပြောခဲ့လုပ်ခဲ့တာတွေကို ရှက်တတ်၊ အားနာ တောင်းပန်တတ်ပါတယ်။ မတောင်းပန်ရင်တောင်မှ နားလည်ခွင့်လွှတ်ပေးရမှာပါ။ စိတ်ရောဂါဆိုတာ ခြေလက်ကျိုးတာလို မြင်သာတဲ့ ကိစ္စမဟုတ်လို့ ရောဂါရယ်လို့ လက်ခံဖို့ တချို့က ပြဿနာ ရှိတတ်ပါတယ်။ အမြင်ကျယ်၊ ဗဟုသုတ ရှိဖို့ လိုပါတယ်။ ကုလို့ ရတဲ့ ရောဂါတွေပါ။ ကံနာ၊၀ဋ်နာ မဟုတ်ဘူး ဆိုတာ ထပ်ပြောပါရစေ။
စိတ်ကြွစိတ်ကျရောဂါဟာ ရောဂါပြန်ထခြင်း (acute episode) ပျောက်ကင်းသွားပြီးတဲ့အခါ လုံးဝအကောင်းပါပဲ။ ဒါကို Complete remission ရတယ်လို့ ခေါ်ပါတယ်။ ဆေးတော့ သောက်နေရမှာပေါ့။ မသောက်ရင် ရောဂါ ပြန်ထဖို့ ဖြစ်နိုင်ချေ (risk of relapse) ပိုများလို့ပါ။ ရောဂါရဲ့ မူလသဘောကိုက ပြန်ဖြစ် တတ်တဲ့ သဘာဝ ရှိပါတယ်။ ဆေးသောက်သည့်တိုင်အောင် လောကဓံတွေ ထုထောင်း ဖိစီးတဲ့အခါ ပြန်ဖြစ် တတ်ပါတယ်။ ဆေးမသောက်ရင် ပိုဆိုးတာပေါ့။ ဘယ်လောက်ကြာကြာ ဆေးသောက် နေရမယ် ဆိုတာက ဘယ်နှစ်ကြိမ် ဖြစ်ဖူး သလဲ၊ ဘယ်လောက်ထိ ဆိုးသလဲဆိုတာပေါ် မူတည်ပါတယ်။
စိတ်ကြွစိတ်ကျရောဂါရှင်တွေဟာ စိတ်ညှိဆေး (Mood stabilizer) တစ်ခုခု ရေရှည် သောက်ရတတ်ပါတယ်။ ဒီဆေးမျိုးက အစွမ်းထက်ပေမယ့်၊ အရမ်းကြာကြာ သောက်ရရင် တာရှည်သုံးခြင်းရဲ့ နောက်ဆက်တွဲ ဘေးထွက်အာနိသင်များ (Long-term side effects) ရတတ်လို့ ဆေးစစ်စရာ၊ စောင့်ကြည့်စရာတွေကို လူနာ၊ သူ့မိသားစု နဲ့ ဆရာဝန် ကြားမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင် သဘောတူ ရပါမယ်။ စိတ်ရောဂါကု ဆရာဝန်နဲ့ ပြင်ပလူနာအဖြစ် ပုံမှန် စစ်ဆေးသင့်ပါတယ်။ ဒါကို ဆွဲကုတယ်၊ ဘော်ချက်တယ်လို့ မြင်ရင်တော့ စိတ် မကောင်း စရာ ပါပဲ။
စိတ်ရောဂါ ကုသတဲ့နေရာမှာ ယုံကြည်မှုနဲ့ ဆရာဝန်-လူနာ ဆက်ဆံရေး (Trust & therapeutic relationship) က အရမ်း အရေးကြီးပါတယ်။ တခြားရောဂါတွေမှာထက် ပိုအရေးပါပါတယ်။ နေမကောင်းတဲ့အချိန်မှာ လူနာရဲ့စိတ်က ပြောင်းသွားတတ်ပြီး စဉ်းစားဆင်ခြင်တုံတရား ပျောက်သွားတတ်လို့ပါ။ ဒီအချိန်မှာ ဆရာဝန်ရဲ့ သမားကျင့်ဝတ်နဲ့အညီ ကုသပေးမှု၊ လူနာရဲ့ ကိုယ်ပိုင်အခွင့်အရေးကို လေးစားပြီး သူ့အတွက် ဆုံးဖြတ်ချက်ချတဲ့အခါ ထည့်သွင်းစဉ်းစားမှုတို့ဟာ မရှိမဖြစ် လိုအပ်ပါတယ်။ အဆင့်မြင့် စက်ကရိယာတွေ၊ ဆေးတွေ အားလုံးထက် အရေးကြီးတဲ့ အရာပါ။ ဘယ်အရပ် ဒေသမှာမဆို ပေးဝေနိုင်တဲ့ ၀ိသေသ တစ်ရပ်ပါ။
နေအိမ်ထိ လာကြည့်တဲ့ သူနာပြု (Community Psychiatric Nurse) များ မရှိပေမယ့် ကိစ္စမရှိပါဘူး။ မိသားစုကို ပညာ ပေးထားလို့ ရပါတယ်။ ရောဂါ စဖောက်ခြင်း လက္ခဏာများ (early warning signs) ကို လူနာ အနီးက လူများ သိထားရင် ပေါက်ဆိန်နဲ့ ပေါက်စရာ မလိုခင် ဆေးကုနိုင်တာပေါ့။ အပ်ကလေးနဲ့ပဲ ထွင်းရတော့ ပို မကောင်းဘူးလား။
မြန်မာလူမျိုးအပေါင်း စိတ္တဘယမှ ကင်းဝေး၊ ချမ်းသာကြပါစေ။
*Semple, D., Smyth, R., Burns, J., Darjee, R. & McIntosh, A. (2005). Oxford Handbook of Psychiatry, Oxford: University Press.
No comments:
Post a Comment