Monday, December 1, 2008

Rhesus Factor

မျောက်သွေး

ကျန်းမာရေး အကြောင်း မရေး ဖြစ်တာ နည်းနည်း ကြာသွားပါပြီ ။ ဒီနေ့တော့ မျောက်သွေး အကြောင်း ရေးပါမယ် ။ မျောက်တွေ မှာရှိတဲ့ မျောက်သွေး အကြောင်း တော့ မဟုတ်ပါဘူး ။ ကျနော်တို့ လူခန္ဓာကိုယ် မှာရှိတဲ့ မျောက်သွေး အကြောင်းရေးမှာပါ ။ ကျနော်တို့ လူတွေမှာ မျောက်သွေး ရှိတယ် ဆိုတာ ကို အချို့က တနေနေရာက ကြားဖူး ကြားမှာပါ ။ တချို့ကတော့ ဒီ မျောက်သွေး မတည့်တဲ့ ပြဿနာကို ရင်ဆိုင်ဖူး ကြမှာပါ ။ မိခင်က မျောက်သွေး မရှိတဲ့ မိခင်က ကိုယ်ဝန် ဆောင်တဲ့အခါ ဖခင်လောင်း ဆီက မျောက်သွေး ပါတဲ့ သန္ဓေ သားကိုရတဲ့အခါ မျောက်သွေး မတည့်မှု တွေ ဖြစ်လာတာပါ ။ ကျနော် နည်းနည်း ဆက်ရှင်း ပြပါမယ် ။

ကျနော်တို့ရဲ့  သွေး အုပ်စုတွေကို အဓိက ( ၄ ) အုပ်စုရှိတယ်ဆိုတာ သိပြီးသား ဖြစ်မှာပါ ။
A , B , AB , O ဆိုတဲ့ သွေး အုပ်စုတွေပါ ။ အဲဒီ ABO သွေးအုပ်စုအပြင် Rh သွေးအုပ်စု ဆိုတာ ရှိပါ သေးတယ် ။ ...
သွေးနီဥ တွေရဲ့ မျက်နှာပြင်ပေါ်မှာ Rh Antigen ပါခဲ့ လို့ရှိရင် Rh Positive သွေးအုပ်စု ဖြစ်ပြီး ၊ Rh Antigen မပါခဲ့လို့ရှိရင်တော့ Rh Negative သွေးအုပ်စုပါ ။ Rh blood group system ကိုထပ်ပြီး အုပ်စု အသေးတွေ ခွဲလို့ ရသေး ပေမယ့် ကျနော် Rh (+) နဲ့ Rh (-) အကြောင်းပဲ ပြောပါမယ် ။

Rh ဆိုတာ Rhesus Factor ပါ ။ ကျနော် အပေါ်မှာ ပြောတဲ့ မျောက်သွေး ပေါ့ ။

Rhesus Factor က ဘာပြဿနာတွေပေးနိုင်သလဲ ။

ကိုယ်ဝန် ဆောင်တဲ့အခါ Rhesus Blood Group မတူညီမူ ပြဿနာတွေ ပေးနိုင် ပါတယ် ။ ဥပမာ ... မိခင်က Rh (-) ၊ ၀မ်းထဲက လွယ်ထားတဲ့ ကလေးလေးက Rh (+) အဖေဆီက Rh (+) သွေးသာ အမွေ ဆက်ခံခဲ့ မယ် ဆိုရင် မိခင်က Rh (-) နဲ့ ကလေးရဲ့ Rh (+) အဆင်မပြေ တာတွေဖြစ်လာပါတယ် ။

လူခန္ဓာကိုယ်မှာ ဓာတ်မတည့်တဲ့ ပစ္စည်း တစ်ခု ၀င်လာရင် ခန္ဓာကိုယ်က ပြန်လည် တုန့်ပြန်ပါတယ် ။ ၀င်လာတဲ့ ပစ္စည်းကို Antigen လို့ခေါ်ပါတယ် ။ Antigen ၀င်လာပြီ ဆိုရင် ခန္ဓာကိုယ်က အဲဒီ Antigen ကိုမှတ်ထားပြီး သူ့ကို တိုက်ခိုက်ဖို့ အတွက် ပဋိ ပစ္စည်းတွေ စတင် ထုတ်လုပ် ပါတယ် ။ Antibody လို့ခေါ်ပါတယ် ။ နောက်တခါ အဲလို Antigen တွေ ထပ်ဝင်လာပြီဆိုရင်တော့ ထုတ်လုပ်ထားတဲ့ Antibody နဲ့ ၀င်လာတဲ့ Antigen တွေ ကို တိုက်ခိုက် ဖျက်ဆီး တတ်ကြပါတယ် ။

ကျနော်တို့ မျောက်သွေး မတည့်တဲ့ ပြဿနာကို ပုံလေးတွေနဲ့ ကြည့်ကြပါစို့ ။


အဖေ့ဆီကရတဲ့ Rh (+) နဲ့ မိခင် Rh (-) က ကိုယ်ဝန်ဆောင် ထားတဲ့ပုံပါ ။


မိခင်ကိုယ်က ကလေးရဲ့ Rh (+) တွေကို မိမိရဲ့ သွေးအတွင်းမှာ ရန်သူအဖြစ် သတ်မှတ်ပြီး Antibody ထုတ်လုပ် နေတာပါ ။


Antibody တွေက ကလေးလေးရဲ့ ခန္ဓာကိုယ်ထဲ ၀င်သွားပြီး Rh (+) သွေးဆဲလ်တွေကို တိုက်ခိုက် ဖျက်ဆီး ပစ်တာပါ ။

ဒီလို ပြဿနာက ပထမသားဦးမှာ ( ပထမ ကိုယ်ဝန်မှာ ) မဖြစ်ပါဘူး ။ ဒုတိယ အကြိမ် ကိုယ်ဝန် ဆောင်တဲ့အခါ ကျမှ မိခင် ခန္ဓာကိုယ် ထဲမှာ အရင် ကိုယ်ဝန် တုန်းက မှတ်ထား ထုတ်လုပ် ထားတဲ့ Antibody တွေက ဒုတိယ တခါမှာ အစွမ်းပြ တော့တာပါ ။

ဒါပေမယ့် အရင်က ကိုယ်ဝန် ပျက်ကျဖူးတာ ၊ သွေးသွင်းဖူးတာ အစရှိတဲ့ Rh (+) နဲ့ Rh (-) သွေး ထိတွေဖူး စေတာ တွေ ရှိခဲ့ရင် မိခင်သွေးမှာ Antibody ရှိနေပြီး ပထမဦးဆုံး ကလေးမှာ ကို ပြဿနာ ဖြစ်တတ် ပါတယ် ။

မိခင်ရဲ့ Antibody တွေက ကလေးလေးရဲ့ သွေးနီဥ မျက်နှာပြင်က Rhesus Antigen တွေကိုတိုက်ခိုက်ပါတယ် ။ ဒီတော့ သွေးနီဥ လေးတွေ ပေါက်ပြီး ပျက်ဆီး သွားပါတယ် ။ မွေးခင်းစ ကလေးလေး တွေမှာ အသားဝါ ပါတယ် ။ သာမန် အသား ၀ါတာမျိုးနဲ့ မတူပဲ ဆိုးဝါး ပြင်းထန် ပါတယ် ။ အလင်းရောင် ပေးတာ ( Phototherapy) အပြင် ထိထိ ရောက်ရောက် ကြပ်မတ် ကုသဖို့လဲ လိုအပ် ပါတယ် ။ လိုအပ်ရင် ကလေးလေး ကိုယ်ထဲက သွေးတွေကို လဲလည်ပြီး (Exchange Blood Transfusion ) ကုသဖို့ လိုအပ် ပါတယ် ။ ဒါမှသာ တသက်လုံး ဉာဏ်ရည် မမှီတာတွေ စတဲ့ နောက်ဆက်တွဲ ဆိုးကျိုး တွေကို ကာကွယ် တားဆီး နိုင်မှာ ဖြစ်ပါတယ် ။

အခု တိုးတက် လာတဲ့ ခေတ် မှာတော့ Rh ပြသနာမျိုးကို ကြိုတင် ကာကွယ်နိုင်ပါပြီ ။ မိခင် ကိုယ်ဝန်ဆောင် တွေကို ကိုယ်ဝန်ဆောင် နေချိန် အတွင်းမှာနဲ့ မွေးဖွားခါနီးမှာ RhoGAM လို့ ခေၞတဲ့ Rho(D) immune globulin ထိုးပြီး ကာကွယ်နိုင်ပါပြီ ။

Rh Incompatibility အကြောင်း အကျဉ်းချုံးပြီး ရေးလိုက်ပါတယ် ။ ပြည့်ပြည့်စုံစုံ မဟုတ်ပေမယ့် မျောက်သွေး ဆိုတဲ့ အကြောင်း တစေ့တစောင်း စာဖတ်သူတွေ သိသွား တာပေါ့ ။

ကျန်းမာရေး ဗဟုသုတ တိုးပွား နိုင်ကြပါစေ ။

Dr Zero


Related Posts :



8 comments:

Nge Naing said...

ကျွန်မက Haematology ကို စိတ်မ၀င်စားတဲ့အတွက် အလုပ်ဖြစ်ရုံပဲ လေ့လာခဲ့လို့ ပထမကိုယ်ဝန်က ကလေးမှာလည်း ဖြစ်တတ်တယ်ဆိုတာ မသိလိုက်ဘူး၊ အခုမှ သိရတာ ကျေးဇူးပဲ။ ကျွန်မတို့ သင်ကြားခဲ့ရတာက ကိုယ်ဝန်ဆောင်ချိန်ကာလ တလျှောက်လုံးမှာ မိခင်သွေးနဲ့ ကလေးရဲ့ သွေးကမရောတဲ့အတွက် ကလေးမှာ ဖခင်ဆီက ပါလာတဲ့ Rh မတူတဲ့ သွေးဖြစ်ပေမယ့် Antibody ထုတ်လုပ်ပြီး တိုက်ခိုက်ဖို့ မလိုအပ်ဘူး။ အဲဒီအတွက်ကြောင့်မို့ ပထမကိုယ်ဝန်မှာ မိခင်ရော ကလေးအတွက်ပါ ဘာမှ ပြဿနာမရှိဘူး။ ဒုတိယ ကိုယ်ဝန်မှာမှ ပထမကိုယ်ဝန်က ကလေးကို မွေးဖွားတဲ့အချိန်မှာ Rh မတူတဲ့ သွေးက အစအန ကျန်ခဲ့ပြီး နောက်ကိုယ်ဝန်က ကလေးက အရင်ကလေးနဲ့ Rh မတူမှ ပြဿနာ ရှိတယ် တူနေရင်တော့ ဘာမှ ပြဿနာမရှိသေးဘူး ဆိုပြီး နားလည်ထားတာ မှားနေနိုင်လို့ ကျေးဇူးပြုပြီး ဟုတ်မဟုတ်ဆိုတာ Dr Zero ကို တချက်ပြန်ဆွေးနွေးပေးစေချင်ပါတယ်။

Anonymous said...

ဆရာမပြောသလိုပါပဲ ။ ပထမကိုယ်ဝန်ကသွေးအစအနကို မွေးဖွားတဲ့အချိန်မှာ ထိမိပြီး မိခင်ကိုယ်မှာ Antibody ထုတ်လုပ်ပြီး ဒုတိယကိုယ်ဝန်တွေမှာ Rh မတူညီမှူပြဿနာတွေဖြစ်လာတာပါ ။

ဒုတိယကိုယ်ဝန်ဆောင်တဲ့အချိန်မှာ မိခင်ရဲ့ကိုယ်မှာ Rh Antibody တွေရှိနေပါပြီ ။ အဲဒီအချိန်မှာ ဒုတိယကလေးလေးက ပထမကလေးလိုပဲ ဖခင်ရဲ့ Rh (+) သွေးကိုသယ်ဆောင်ခဲ့မယ်ဆိုရင် Antigen - antibody reaction နဲ့ Rh incompatibility ပြဿနာဖြစ်နိုင်တာပါ ။
ဒုတိယကလေးလေးက မိခင်ဆီက Rh (-) သာဆက်ခံခဲ့မယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး ။

Dr Zero

Nge Naing said...

ကျေးဇူးတင်ပါတယ် Dr Zero ဒါဆိုရင် ကျွန်မသိထားတာ မှန်ပါတယ်နော့်။ ဆရာရေးထားတာ Antibody ကို ချက်ချင်းထုတ်ပြီး တိုက်သလို နားလည်သွားလို့ပါ။

Anonymous said...

abortion ရယ် ၊ ectopic pregnancy ရယ် ၊ ရယ် အဲဒီ ၂ ခုက မိခင်မှာ Antibody ထွက်စေပြီး နောက်တခါ (ဒုတိယ) ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ rh (+)ကလေးလွယ်ခဲ့မယ်ဆိုရင် တိုက်ခိုက်တာပါ ။

history of rh (+) blood transfution ရှိခဲ့မယ်ဆိုရင် Antibody က နဂိုတည်းကဖြစ်ပေါ်နေပြီး rh (+) ပထမဦးဆုံး ကိုယ်ဝန်ဆောင်တာနဲ့ တိုက်ခိုက်ပါတယ် ။

လက်ရှိကိုယ်ဝန် (ပထမကိုယ်ဝန်)မှာပဲ Antibody ထုတ်ပြီး ချက်ခြင်းတိုက်ခိုက်တာမျိုးလဲ ဖြစ်နိုင်ပါသေးတယ် ။ အဲဒါကတော့ Amniocentesis လုပ်ရင်း ကလေးရဲ့Rh (+) ကို မိခင်သွေးက recognize လုပ်မိသွားနိုင်လို့ပါ ။

Anonymous said...

ကလေး အသားဝါတာကို နေလှန်းရင် လုံလောက်ပါသလား။ မီးချောင်းနဲ့ အလင်းရောင်ပေးတာ ကလေး ဥာဏ်ရည် ပျက်စီးသွားတဲ့အကြောင်း ဖတ်ဖူးပါတယ်။ ဘာကြောင့်လဲ။ နေလှန်းရင်ရော အခန့်မသင့်ရင် ဥာဏ်ရည် ပျက်စီးနိုင်ပါသလား

Anonymous said...

နေပြရင် လုံလောက်ပါသလား ဆိုတဲ့မေးခွန်းအတွက်ကတော့ ကလေးရဲ့ အသားဝါရတဲ့အကြောင်းအရင်း ၊ ကလေးကိုယ်တွင်းမှာရှိတဲ့ အသားဝါစေတဲ့ ဘီလီရူဘင်ဓာတ် (Bilirubin )အနည်းအများပေါ်မူတည်ပါတယ် ။

မီးချောင်းနဲ့အလင်းရောင်ပေးရင် ဘေးထွက် ဆိုးကျိုးတွေ ( မျက်လုံးထိခိုက်တာ ၊ အသားလောင်နိုင်တာ ၊ ရေဓာတ်ခန်းခြောက်တာ )ရှိနိုင်ပေမယ့် စနစ်တကျ မီးအလင်းရောင်နဲ့ကုသမှုခံယူရင်တော့ မွေးကင်းစကလေး အသားဝါတာအတွက် ထိရောက်တဲ့ ကုထုံးတစ်ခုပါ ။

အလင်းရောင်ပေးတာကြောင့် ကလေး ဥာဏ်ရည် ပျက်စီးသွားတာမဟုတ်ပဲနဲ့ အသားဝါတဲ့ ဘီလီရူဘင်ဓာတ် များလွန်းတာကြောင့် ဖြစ်ပါလိမ့်မယ် လို့ယူဆမိပါတယ် ။

Unknown said...

ီDr Zero ရှင့်
ကျမက RH(-) သွေးအမျိုးအစားပါ ကျမ ပထမကလေးမွေးဖွားပြီး ၇၂ နာရီအတွင်း RH Anti-D ကို ထိုးခဲ့ပါတယ်။ ပထမကလေးက RH(+) ပါ။ ဒါပေမဲ့ ဒုတိယသားလေးက မွေးပြီး ၄ ရက်မြောက်နေ့မှာ ဆရာဝန်တွေပြောကြားချက်အရ ကလေးက မွေးရာပါနှလုံးရောဂါ (ပြာတဲ့အမျိုးအစား)နဲ့ ဆုံးသွားပါတယ်။ ကလေးက ၄ ရက်လုံးလုံး အောက်ဆီဂျင်ပေးထားရပါတယ်။ အောက်ဆီဂျင်ဖြုတ်ရင် အသားချက်ချင်းပြာတတ်လာပါတယ်။ ဒုတိယကလေးသွေးကလည်း RH(+) ပါ။ ဒုတိယသားလေးမွေးပြီးပြီးချင်းလည်း RH Anti-D ကို ထိုးခဲ့ပါတယ်။
ကျမ သိချင်တာက ဒီဒုတိယမြောက်ကလေးလေးဟာ ကျမနဲ့ သွေးမတည့်တဲ့ RH diseases ကြောင့် ဆုံးပါးသွားတာလား လို့သိချင်ပါတယ်ဒေါက်တာရှင့်။
ကျမ ကိုယ်ဝန်ထပ်ဆောင်ခဲ့မယ်ဆိုရင်ကော ဒီလိုအဖြစ်အပျက်မျိုး ထပ်ပြီး ဖြစ်လာနိုင်မလားဆိုတာ သိချင်ပါတယ်

Unknown said...

ကျွန်တောသွေးက B- ပါ တကယ်လို့ အဲဒီ့ အတွက် ကျွန်တော့် မှာ ဘာပြသာနာတွေကြုံရနိုင်လဲ ဘာတွေကိုရှောင်ကြဉ်ရမလဲ