Thursday, December 4, 2008

Adult ADHD


စာဖတ်သူ ဘိုဘို အမေးရှိလာလို့ ကိုယ်တိုင် မတွေ့ဖူး၊ မကုဖူး(သေး)တဲ့ ရောဂါအကြောင်း ရှာဖွေဖတ်ရှုပြီး ပို့စ်တင်လိုက်ပါတယ်။ အများအတွက် အကျိုး ရှိစေလိမ့်မယ်လို့ မျှော်လင့် ပါတယ်။

လူကြီးတွေမှာ ဖြစ်တဲ့ အာရုံမစိုက်နိုင်တဲ့ ရောဂါ (Adult Attention-Deficit Hyperactivity Disorder) ဟာ ကလေးတွေမှာ ဖြစ်တဲ့ ADHD ရောဂါလက္ခဏာတွေနဲ့ တော်တော်တူပါတယ်။ ဒေါက်တာ ဇင်သူ ရေးပြီးသားမို့ သူ့စာကိုပဲ ဒီမှာ ညွှန်းလိုက်ပါတယ်။

အတိုချုပ် နည်းနည်း ပြန်ကောက်ရရင်တော့ အဓိက လက္ခဏာတွေမှာ

(၁)အာရုံ စူးစိုက်နိုင်မှု မရှိခြင်း (Inattention)
(၂)ဂနာမငြိမ်ဘဲ အမြဲတမ်း လှုပ်ရွနေခြင်း (Hyperactivity)
(၃)လျှပ်တပျက် စိတ်ကူးပေါ်ရာ မစဉ်းစား၊ အန္တရာယ်ကို မမှုပဲ လုပ်ကိုင်တတ်ခြင်း (Impulsivity)
တို့ ပါဝင်ပါတယ်။

ကလေးတွေမှာ ဒီရောဂါကို ရောဂါအနေနဲ့ သတိပြု ရှာဖွေ၊ လက်ခံကုသနှုန်း မြင့်မားပေမယ့် လူကြီးတွေမှာတော့ ဒီလို မဖြစ်သေးပါဘူး။ ဒီရောဂါရှိတဲ့ ကလေးတွေဟာ အသက်ကြီးလာတာနဲ့အမျှ ရောဂါလက္ခဏာတွေ လျော့ပါးလာတယ် ဆိုသော်ငြား၊ သူတို့အားလုံး လူငယ်လူလတ်ပိုင်း ရောက်တာနဲ့ ဒီရောဂါ လုံးဝ အရှင်းပျောက်သွားတယ် ဆိုတဲ့ သာဓက မရှိပါဘူး။ ဆိုလိုတာက ရောဂါလက္ခဏာတချို့ ကျန်နေနိုင်ပြီး လူနာရဲ့ နေ့စဉ် လူမှုဘ၀၊ အလုပ်အကိုင် စတာတွေမှာ အနှောက်အယှက်ပေး၊ ထိခိုက်စေနိုင်ပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ထုတ်ဝေခဲ့တဲ့ ပေါင်းချုပ်သုတေသန (Meta-analysis) စာတမ်းတစ်စောင်အရ ADHD ရောဂါရှင် ကလေးတွေကို အသက် (၂၅)နှစ်မှာ ပြန်စစ်ဆေးကြည့်တဲ့အခါ ၁၅% ခန့်ဟာ ရောဂါလက္ခဏာအားလုံး ရှိနေသေးပြီး ၆၅% ကတော့ ရောဂါလက္ခဏာတချို့ ရှိနေပါသေးသတဲ့။

ADHD ရောဂါရှင် လူကြီးတွေမှာ ဂနာမငြိမ်ဘဲ အမြဲတမ်း လှုပ်ရွနေခြင်း (Hyperactivity) ဟာ ကလေးဘ၀က ခန္ဓာကိုယ် လှုပ်ရွနေတာမျိုးထက် မိမိဖာသာ ခံစားရတဲ့ စိတ်ထဲက ဂနာမငြိမ်တာမျိုး၊ စိတ်ကို လျှော့ဖို့ရာ ခက်ခဲတာမျိုး၊ ငြိမ်ငြိမ်လေး နေရရင် စိတ်ညစ်လာတာမျိုး ဖြစ်ပါသတဲ့။

အာရုံ စူးစိုက်နိုင်မှု မရှိခြင်း (Inattention) ဆိုရင်လည်း အသေးစိတ်လေးတွေကို အာရုံစိုက်မရတာမျိုး၊ စာတစ်ကြောင်းတစ်ပုဒ်ကို အခါခါ ပြန်ဖတ်နေရတာမျိုး၊ လုပ်စရာ ကိစ္စ ဆုံစရာ ချိန်းဆိုချက်တွေကို မေ့တတ်တာမျိုး၊ ပစ္စည်းတွေ ခဏခဏ ပျောက်၊ စကားပြောလက်စ အစပျောက်သွားတတ်တာမျိုး တို့ ဖြစ်တတ်ပါတယ်။ အတွေးတွေကလည်း ဟိုရောက်ဒီရောက် အမြဲပဲ ယောက်ယက်ခတ်လို့။ ဘာကိစ္စပဲ ဖြစ်ဖြစ် ပြီးအောင် မလုပ်နိုင်၊ ပြဿနာဆိုလည်း မဖြေရှင်းနိုင်၊ အချိန်နဲ့လည်း မပြီးဆိုတော့ အလုပ်မှာ ဘယ်အဆင်ပြေပါ့မလဲ။ စိတ်ကလည်း ကျသွားလိုက်၊ တက်ကြွနိုးကြားလိုက်နဲ့ တစ်ခါတလေဆို ဒေါသပေါက်ကွဲတာမျိုးတောင် ဖြစ်တတ်ပါသေးတယ်။ ဒီလို ဖြစ်တော့ လူတွေ (မိသားစု၊ မိတ်ဆွေအပေါင်းအသင်း၊ ချစ်သူ) နဲ့ ဆက်ဆံရေးပါ ထိခိုက်လာတာပေါ့။

လျှပ်တပျက် စိတ်ကူးပေါ်ရာ မစဉ်းစား၊ အန္တရာယ်ကို မမှုပဲ လုပ်ကိုင်တတ်တဲ့ (Impulsivity) အကျင့်ကြောင့် လူအများနဲ့တွဲပြီး လုပ်ရတဲ့ အလုပ်တွေမှာ ပြဿနာ ပေါ်နိုင်ပါတယ်။ ကျားမ ဆက်ဆံရေး Relationship ကိုလည်း မစဉ်းမစား စိတ်ထဲပေါ်ရာ ခုတွေ့ခုတွဲ ခုပြတ် လုပ်တတ်ပါတယ်။ ဘယ်အရာကိုမှ အလေးအနက် မစဉ်းစားပဲ ပေါ့ပေါ့ဆဆ ကမျောသောပါး ဆုံးဖြတ်ချက်မျိုး ချတတ်ပါတယ်။

ဒါမျိုး တို့လည်း ဖြစ်တာပဲ၊ ဒါကို ရောဂါလို့ သတ်မှတ်ရမှာလား-လို့ မေးစရာ ရှိပါတယ်။ အထက်ဖော်ပြပါ လက္ခဏာတွေကို ကျွန်မတို့၊ စာဖတ်သူတို့လည်း ရံဖန်ရံခါ ကြုံတတ် ဖြစ်တတ်တာပါပဲ။ ရောဂါရှင်တွေမှာတော့ ဒီလက္ခဏာတွေဟာ နေ့စဉ်တွေ့ကြုံနေရတာ ဖြစ်ပြီး၊ သူတို့ကိုယ်တိုင်လည်း စိတ်ညစ်ရ၊ သူတို့ ပတ်ဝန်းကျင်ကလူတွေလည်း စိတ်ညစ်ရနဲ့ သူတို့ရဲ့ လူမှုရေး၊ ပညာရေး၊ အလုပ်အကိုင်တွေကိုပါ ထိခိုက်လောက်တဲ့အထိ ဖြစ်တာပါ။ အတိုင်းအတာအားဖြင့် အများကြီး ပိုဆိုးတာပေါ့။

Adult ADHD ဟာ မသိလို့ မကုမိတာ များပါတယ်။ ဒီရောဂါရဲ့ လက္ခဏာတွေဟာ ပြင်ပလူနာဌာနမှာ လာပြတုံး ပေါ်ချင်မှလည်း ပေါ်ပါမယ်။ ဆရာဝန်က ဒီရောဂါနဲ့ ထိတွေ့မှု နည်းရင်လည်း သံသယထားမှု (high index of suspicion) မရှိတော့ လွတ်သွားတတ်ပါတယ်။ ရောဂါရဲ့ သဘောကိုက လက္ခဏာတွေဟာ ကလေးအသက် (၇)နှစ် မတိုင်မီကတည်းက ပေါ်တာမို့ ငယ်ငယ်ကတည်းက တစ်သက်လုံး ဒီလိုပဲ ဆိုပြီး သူ့သဘာဝပဲလေ-လို့ သတ်မှတ်လိုက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ အဲဒီလို မသိလိုက်၊ မကုမိလိုက်တဲ့အခါ သို့မဟုတ် တခြားရောဂါ (ဥပမာ စိတ်ကြွစိတ်ကျရောဂါ၊ စိတ်ပူပန် ဂနာမငြိမ်တဲ့ ရောဂါ၊ လူရည်လူသွေး မူကွဲ ပုံမမှန်တဲ့ ရောဂါ စသည်) အဖြစ် ကုမိတဲ့အခါ လူနာမှာ ပျောက်ကင်းသက်သာခြင်း မရှိတဲ့အပြင် ပိုလို့တောင် စိတ်ပင်ပန်းရပါသေးတယ်။ ဆေးကုပေမယ့် မပျောက်ဘူး ဆိုပြီး စိတ်ပိုညစ်တာပေါ့။ အဲဒီလိုနဲ့ပဲ တချို့သော ရောဂါသည်တွေဟာ အရက်၊ မူးယစ်ဆေး စသည်တို့ကို သုံးစွဲလာတယ်။ ဆေးမှန်မှန်ကန်ကန်နဲ့ မကုရတော့ သူတို့ရဲ့ အပြုအမူတွေကလည်း ပိုဆိုးလာပြီး လူမှုအသိုင်းအ၀ိုင်းနဲ့ ပဋိပက္ခတွေ ပိုဖြစ်လာတတ်ကြပါတယ်။

လောလောလတ်လတ် ထွက်လာတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဆယ်နိုင်ငံ ပါဝင်ခဲ့တဲ့ သုတေသန တွေ့ရှိချက်အရ သုတေသန ပြုခဲ့တဲ့ လူဦးရေပေါင်းရဲ့ ၃.၅% ဟာ Adult ADHD ရောဂါလက္ခဏာတွေ ရှိတယ်လို့ တွေ့ရပါတယ်။ သူတို့တွေဟာ ရောဂါမရှိသူတွေနဲ့စာရင် တစ်နှစ် ပျမ်းမျှခြင်း အလုပ်မှ ပျက်ကွက်ရက် (၂၂)ရက် ပိုတယ်လို့လည်း တွေ့ရပါသတဲ့။ ကုန်ထုတ်စွမ်းအား လျော့ကျစေတဲ့ အဓိကအကြောင်းတစ်ရပ်အဖြစ် အလုပ်ရှင်တွေ၊ အစိုးရတွေ သတိထားသင့်ကြောင်း၊ ဒီရောဂါကို ရှာဖွေဖော်ထုတ် ဆေးကုသသင့်ကြောင်း သုတေသနစာတမ်းရှင်များက တိုက်တွန်းထားပါတယ်။

ဆေးပညာပိုင်းအရ ပြောရရင်တော့ ခုနောက်ပိုင်း အထွေထွေ စိတ်ရောဂါကု ဆရာဝန်များ (General Adult Psychiatrists) ကို Adult ADHD အကြောင်း ပိုသတိပေး ဆွေးနွေးလာကြပါတယ်။ ငယ်ငယ်တုံးက ကလေးစိတ်ရောဂါကု ဆရာဝန်တွေရဲ့ ကြီးကြပ်မှုနဲ့ လှုံ့ဆော်ဆေး (stimulants) တွေ သောက်ခဲ့ရတဲ့ ကလေးတွေ လူငယ်လူလတ်ပိုင်း ရောက်လာတဲ့အခါ ဆေး ဆက်သောက်ရဖို့ အလားအလာ များပါတယ်။ အဲသလို ငယ်ငယ်က ရောဂါ ရှာမရခဲ့တဲ့ ရောဂါရှင်တွေဟာ အသက်ကြီးမှ အထက်ပါ ရောဂါလက္ခဏာတွေနဲ့ စိတ်ရောဂါအထူးကုတွေဆီ ပထမဆုံးအကြိမ် ရောက်လာတတ်ပါတယ်။ ဒီအချိန်မှာ ရောဂါရှာတွေ့ (diagnosis ရ) သွားရင် ဆေးကုနိုင်ပြီပေါ့။

ဆေးတွေက ဦးနှောက်ထဲက မညီမျှတဲ့ ဓာတုပစ္စည်းတွေကို ညှိနှိုင်းပေးပါတယ်။ စွဲတတ်တဲ့ သဘာဝရှိလို့ ဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ပြီးမှ စီစဉ်တာ ကောင်းပါတယ်။ ဆေးအပြင် brief structured psychotherapy (ဥပမာ- Cognitive Behaviour Therapy) ဟာလည်း ထိရောက်တယ်လို့ တချို့ သုတေသနပြုချက်တွေက ဆိုပါတယ်။ အပြုအမူပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ ပြောင်းလဲသင့်တာတွေကို အမူအကျင့်နဲ့ဆိုင်တဲ့ စမ်းသပ်ချက်တွေ လုပ်ခိုင်းပြီး ကုသတာပါ။ နောက်ထပ် လေ့လာမှု၊ သုတေသနတွေ လုပ်ဖို့တော့ တော်တော် လိုအပ်ပါသေးတယ်။

မြန်မာလူမျိုးအပေါင်း စိတ္တဘယမှ ကင်းဝေး၊ ချမ်းသာကြပါစေ။


Reference
  1. Asherson, P., Craddock, B., Taylor, E. (2007) 'Adult attention-deficit hyperactivity disorder: recognition and treatment in General Adult Psychiatry' , British Journal of Psychiatry, 190; 4-5.
  2. De Graaf, R. et al (2008) 'Prevalence and effects of Adult attention-deicit/ hyperactivity disorder (ADHD) on the performance of workers: results fromthe WHO World Mental Health Surver Initiatives, Occupational and Environmental Medicine;65:835-842.


Related Posts :



8 comments:

ဇာနည်ဦး said...

ကျနော်က ဘာမဆို အချိန်နဲ့ လုပ်လို့ မရဘူး။ အချိန်ကိုက် ဘာမှ မပြီးဘဲ လက်စမသတ်တာတို့၊ အချိန်နောက်ကျတာတို့ အမြဲ ဖြစ်တယ်။ ဘာမှ အာရုံမများပဲနဲ့ကို အချိန်မမှန် ဖြစ်နေတတ်တယ်။ အာရုံထွေပြားစေတဲ့ တီဗွီကြည့်တာ၊ ရုပ်ရှင်ကြည့်တာ၊ သီချင်းနားထောင်တာကအစ မလုပ်ပဲ ရှောင်တယ်။ ဒါပေမယ့် အချိန်မှန်၊ အချိန်ကိုက် ပြီးအောင် လုပ်လို့ မရဘူး။ အဲဒါရော ရောဂါတစ်ခု ဖြစ်နိုင်မလားခင်ဗျာ။
ဖြစ်ရင် ဘယ်လို ကုရမလဲ။

Nu Thwe said...

အချိန်မမှန်တာ သက်သက်ကို ရောဂါလို့ မသတ်မှတ်နိုင်ပါ။ ကိုယ့်ဖာသာကိုယ် ငါ ဘာကြောင့် အချိန်နဲ့ မပြီးသလဲ၊ သူများတွေနဲ့ ဘာကွာနေသလဲဆိုတာ သေသေချာချာ မကွယ်မ၀ှက် စဉ်းစားကြည့်ပါဦး။ သိရင် အဲဒါ ဟုတ်၊မဟုတ် စမ်းသပ်ကြည့်ပေါ့။ ဟုတ်ရင် အဲဒီအကျင့်ကို ဘယ်လို ပြောင်းရ၊ ဖျောက်ရမလဲ အဖြေရှာပါ။ ပြင်ပါ။
လူအားလုံးမှာ အမူအကျင့်၊ စိတ်တုံ့ပြန်မှုတွေ ရှိကြပါတယ်။ ဒါတွေဟာ ပုံမှန်ပါ။ ရောဂါ မဟုတ်ပါဘူး။ ဆေးလည်း မလိုပါဘူး။ လွဲနေတာလေးကို ကိုယ့်ဖာသာကိုယ် သတိထား ရှာဖွေ ပြုပြင်ယူကြရပါတယ်။ ပြင်မရရင်လည်း ဒါဟာ ကိုယ့်ရဲ့ လူရည်လူသွေး (personality) တစ်စိတ်တစ်ဒေသပဲလို့ လက်ခံရမှာပေါ့။ အရာအားလုံးကို ရောဂါအမည်တပ် (medicalise လုပ်) ဖို့ မလိုပါဘူး။

Anonymous said...

မရှင်းတာ မေးချင်လို့ပါ။ Adult ADHD ဆိုတော့ အရွယ်ရောက်မှ ဖြစ်တတ်တာထင်တာ။ Adult ADHD ဝေဒနာရှင် အားလုံးက ငယ်ငယ်ကတည်းက ရောဂါ ပါလာတဲ့လူတွေ ဖြစ်ပါသလား။ ကြီးမှ ဒီရောဂါပုံစံပြတဲ့လူတွေ ကုန်လုံးကို ကလေးတည်းက ရောဂါပါလာတဲ့လူလို့ သတ်မှတ်ရမလား။

Nu Thwe said...

Adult ADHD ဟာ ငယ်ငယ်ကတည်းက (အသက် ခုနစ်နှစ် မတိုင်မီကတည်းက) ရောဂါလက္ခဏာ ရှိခဲ့သူတွေမှာ တွေ့ရတာပါ။

ကလေးဘ၀မှာ ADHD ရောဂါအနေနဲ့ ကုခဲ့ရပြီး မပျောက်၍သော်လည်းကောင်း၊ ကလေးဘ၀က မသိလိုက်၊ မကုလိုက်ရပဲ လူကြီးဘ၀ကျမှ ဒီရောဂါမှန်း ထင်၍သော်လည်းကောင်း၊ သက်ဆိုင်ရာ စိတ်ရောဂါ အထူးကုနဲ့ ပြသစစ်ဆေးပြီးမှ Adult ADHD အဖြစ် သတ်မှတ်တာပါ။

လူကြီးဘ၀ကျမှ လုံးဝ အသစ်ပေါ်လာတဲ့ ရောဂါ မဟုတ်ပါဘူး။ လူကြီးဘ၀မှာ ဖြစ်တဲ့ acquired brain conditions/ injuries တွေနဲ့လည်း ဘာမှ မဆိုင်ပါဘူး။

ရဲ said...

စိတ်ဝင်စားစရာ ရောဂါပါပဲ။
မြန်မာပြည်မှာ သုတေသန လုပ်ထားတာမရှိလို့ ရှိယင် ကလေးထဲမှာရော လူကြီးထဲမှာရော ဒီရောဂါရှိတာ အများကြီး ထွက်လာမယ် ထင်တယ်။
ဒါမျိုးက မဖြစ်အောင် ကြိုကာကွယ်လို့မရဖူးလား။ ဒီရောဂါရှိတဲ့ကလေးတွေ ရာနှုန်း---က အရွယ်ရောက်ယင် လက္ခဏာ ဆက်တွေ့တယ်ဆိုယင်
ကလေးဘဝထဲကကုတာ မအောင်မြင်လို့ပေါ့။
ဒါဆို နိုင်ငံခြားမှာ ဈေးကြီးတဲ့ဆေးတွေနဲ့ ဆရာဝန်တွေနဲ့ နှစ်ရှည် ကုတာတောင်မရဘူးလား။ ဆိုလိုတာက AIDSလို ချက်ချင်းမသေပေမယ့်ဆေးမရှိတဲ့ ရောဂါလား။

C.Tun said...

ဒီရောဂါလက္ခဏာတွေ ကျတော်လဲ ကြုံရပါတယ်။ ကျတော် အခု ကျတော့် ပရော်ဖက်ရှင်နယ်မှာ အတော်လေး အောင်မြင် နာမည်ရပြီး ခရီးရောက်နေပါပြီ (ကြွားတာ မဟုတ်ပါ။ ဒီရောဂါဟာ ကုလို့ ရတယ်ဆိုတာ ပြောချင်လို့ပါ)။
ကျတော့်ဆရာဝန်တွေက မြန်မာဗုဒ္ဓဘာသာတွေပီပီ meditation ကိုပဲ အဓိက တိုက်တွန်းတယ်။ တကယ်လဲ အကောင်းဆုံးဆေးက meditation ပါပဲ။ ဆေးစွမ်းကောင်းပြခဲ့တဲ့ ဆရာဝန်တွေကို တကယ် ကျေးဇူးတင်ပါတယ်။ အနောက်တိုင်းမှာ ကုလို့ မပျောက်ကြဘူးဆိုတာ ဒီနည်းနဲ့ စမ်းမကြည့်ကြလို့ ဖြစ်လိမ့်မယ်ထင်တယ်။ သမာဓိရအောင် တရားထိုင်တဲ့အလုပ်က ဒီရောဂါအတွက် အကောင်းဆုံး ဆေးပဲ။
ကျန်တဲ့ လုပ်သင့်တာတွေက...
၁။ အာရုံမများနဲ့။ ကျတော်ဆို ဂစ်တာတို့ တီဗွီဇာတ်လမ်းတို့ ရှောင်ထားလိုက်တယ်။ တသက်လုံး မဟုတ်တောင် သုံးလေးလဖြစ်ဖြစ်ပေါ့။ လက်ဖက်ရည်ဆိုင် ကြာကြာ မထိုင်ပါနဲ့။ စိတ်လေမယ့်အလုပ်တွေ ခဏ ဘေးဖယ်ထားပါ။
၂။ အချိန်နဲ့ အလုပ်လုပ်။ အပြင်ထွက်စရာရှိရင် မသွားခင် တစ်နာရီအလိုမှာ ကျန်တဲ့အလုပ်တွေ လက်စသတ်ပါ။ အချိန်မှန်သွားပါ။
၃။ meditation ကို နေ့စဉ် အချိန်သတ်မှတ်လုပ်ပါ။ ည ၁၁ နာ၇ီ ကစပြီး ၁ နာရီ တရားထိုင်မယ်ဆို နေ့တိုင်း အချိန်မှန် တိတိကျကျ လုပ်ပါ။ နောက်မကျစေနဲ့။ အချိန်မခိုနဲ့။
၎။ ဒီရောဂါကို ချိုးနှိမ်ဖို့ ကြိုးစားနေတုန်းမှာ အဓိက အလုပ် နှစ်ခု သုံးခုအပြင် ဗာဟီရတွေ မများစေနဲ့။ ကျောင်းသားဆို စာပဲကျက်၊ ဝန်ထမ်းဆို အလုပ်မှန်မှန်သွားဖို့နဲ့ သင်တန်းတက်ဖို့၊ စာမေးပွဲဆက်ဖြေဖို့လို အဓိက အရေးကြီးတာတွေပဲ ခေါင်းထဲထည့်။ ရှော့ပင်းစန်တာတွေ ဘာရယ်မဟုတ် လျှောက်ကြည့်တာတို့၊ စိတ်ကြိုက်ဟင်း အချိန်ပေးပြီး ချက်ပြုတ်စားတာတို့ တတ်နိုင်ရင် မလုပ်နဲ့။ ကိုယ် ဘာလုပ်လုပ် သူများထက် အချိန်ပိုကြာတာ သတိထားမိလိမ့်မယ်။ အာရုံမများအောင် စားတာနေတာ လွယ်လွယ်ရှင်းရှင်း ရောင့်ရဲပါ။ ဒီရောဂါကို ကျော်နိုင်ပြီဆိုမှ ကြိုက်တာ ပြန်လုပ်။
၅။ လူနာမှတ်တမ်း ရေးသလို တနေ့ လုပ်စရာရှိတာတွေ စာရွက်ပေါ် ချရေးထား။ ညမအိပ်ခင် ဘယ်ဟာ ပြီးတယ်၊ ဘယ်ဟာ မပြီးဘူး။ ဘယ်ဟာ စတောင် မစလိုက်ရဘူး၊ ဘယ်ဟာ အချိန်နောက်ကျသွားတယ် ဆိုတာ ထပ်ရေး။ ဒီမှတ်တမ်းကို ပုံမှန်လုပ်နေရင် ကိုယ့်ကိုယ်ကိုယ် အလိုလိုနေရင်း ပြုပြင်မိလာလိမ့်မယ်။
၆။ ကျောင်းသားဆို စာကြည့်စားပွဲမှာ အချိန်မှန်ထိုင်ပါ။ ညနေ ၆ နာရီကနေ ည ၉ နာရီထိ စာကြည့်မယ်ဆို တိတိကျကျ ထိုင်ပါ။ ဘာအကြောင်းနဲ့မှ ၉ နာရီ မထိုးမချင်း မထနဲ့။ ပထမပိုင်းမှာ ထိုင်သာထိုင်နေရတယ် စိတ်တွေ ဟိုတွေးဒီတွေးနဲ့ အကျိုးမရှိဘူး ဖြစ်နေနိုင်တယ်။ တရားထိုင်တာနဲ့ပေါင်းပြီး ကြိုးစားအကျင့်လုပ်ရင် စာကျက်နိုင်လာမယ်။
၇။ စိတ်ညစ်စရာတွေ စိတ်ရှုပ်စရာတွေ ဘာမှမတွေးဘဲ ခေါင်းရှင်းရှင်းထားပြီး အပြုသဘောဆောင်တာတွေပဲ တွေးပြီး ပျော်ပျော်နေပါ။

ဒီနည်းတွေ သုံးပြီး ဖြေရှင်းလို့ ရပါတယ်။ ကိုယ်ချင်းစာလို့ ဝင်ရေးလိုက်တာပါ။ ကျတော် မှားနေတာရှိလည်း ဆရာမနုသွဲ့ ပြင်ပေးစေလိုပါတယ်။ ကျတော့်ကော်မန့်က ပို့စ်ကို အနှောင့်အယှက်ဖြစ်ရင် ဖြုတ်လိုက်လို့ ရပါတယ်။

Nu Thwe said...

ရဲ ပြောသလိုပဲ မြန်မာပြည်မှာ စနစ်တကျ စာရင်းပြုစုနိုင်ရင် ထွက်လာမယ့် ဝေဒနာရှင်တွေ အများကြီး ရှိနိုင်တာ ဒီရောဂါ တစ်ခုတည်း ဟုတ်မယ် မထင်ပါဘူး။ တခြား စိတ်ရောဂါ အပါအ၀င် တခြားရောဂါတွေပါ ပါပါလိမ့်မယ်။
ကြိုတင်ကာကွယ်တဲ့နည်း မရှိ(သေး)ပါဘူး။ ပြောရရင် ဒါရောဂါကို အလုံးစုံ နားမလည်သေးတာလည်း ပါတာပေါ့။ ရောဂါပိုးကြောင့် ဖြစ်တဲ့ infection လို antibiotics ဆေးသောက်လိုက်နိုင်တာမျိုး၊ အလုံးအဖုတွေလို ခွဲစိတ် ထုတ်ပစ်လိုက်နိုင်တာမျိုးလောက်တော့ မရိုးစင်းတာ အမှန်ပါပဲ။ ဦးနှောက်ထဲကို ပုံရိပ်ရှာစက်တွေနဲ့ ကြည့်လို့ အပြောင်းအလဲတွေ တွေ့ရတယ် ဆိုပေမယ့် ဒါက ရောဂါမှာ ဘယ်လောက် အဓိကကျတယ် ဆိုတာ ဘယ်သူမှ အတိအကျ မသိကြသေးပါဘူး။ ဆေးပညာ သုတေသနတွေ ထွန်းကားတိုးတက်တဲ့ ကာလကြီးမှာ စမ်းသပ်လေ့လာချက်တွေ ဆက်ဖြစ်နေဦးမှာပါ။ ရလဒ်တွေ ပြောင်းလဲဦးမှာပါ။
ပြောရရင် သွေးတိုး၊ ဆီးချိုတို့လည်း ချက်ချင်း မသေပေမယ့် အရှင်းမပျောက်တဲ့၊ တဖြည်းဖြည်း ဆိုးလာတဲ့ (ဆေးသောက် အစားရှောင် ကျန်းမာအောင် ဂရုစိုက်ရင်တော့ ဆိုးနှုန်းနှေးတာပေါ့) ရောဂါတွေပါပဲ။ ADHD က ဆေးမရှိတဲ့ ရောဂါ မဟုတ်ပါဘူး။ ခုလောလောဆယ် ရနိုင်တဲ့ဆေးက သောက်တဲ့လူတိုင်းမှာ အရှင်းပျောက်စေနိုင်တဲ့ သတ္တိ မရှိသေးတာပါ။ ဒါဟာ ရောဂါကို သိပ္ပံပညာက အလုံးစုံ နားမလည်သေးတဲ့ အချက်ကိုပဲ ပြန်ညွှန်းဆိုပါတယ်။ တခြားရောဂါတွေမှာလိုပဲ သုတေသနတွေ ပိုများလာတာနဲ့အမျှ ရောဂါအကြောင်း ပိုနားလည်လာမယ်၊ ဆေးတွေ ဆေးမဟုတ်တဲ့ ကုထုံးတွေ ပိုကောင်းလာမယ်လို့ မျှော်လင့်နိုင်ပါတယ်။
AIDS နဲ့တော့ မနှိုင်းသင့်ပါဘူး။ ကူးစက်ရောဂါမျိုး မဟုတ်လို့ပါ။ မိသားစုဝင်တွေထဲမှာ တွေ့ရတဲ့ သာဓက genetic loading တော့ ရှိပါတယ်။ ဆရာဇင်သူ့ပို့စ်ကို ပြန်ဖတ်ကြည့်ပါ။

Nu Thwe said...

ဝင်ရောက် ဆွေးနွေး အတွေ့အကြုံ ဝေမျှတာကို ကျေးဇူးတင်ပါတယ် C.Tun ရှင့်။ ကောင်းတဲ့ ကိုယ်တွေ့ဆိုတော့ အခြားသူတွေပါ အများကြီး အကျိုးရှိတာပေါ့။
C. Tun ပြောပြထားတာတွေဟာ Cognitive Behaviour Therapy (CBT) သဘောတွေပါပဲ။ အင်မတန် ကောင်းပြီး လက်တွေ့ကျပါတယ်။ ဘေးထွက်ဆိုးကျိုးလည်း မရှိပါဘူး။ ကာယကံရှင်ရဲ့ ဇွဲတော့ လိုတယ်ရှင့်။ လုပ်နိုင်တဲ့လူမှာ အကျိုးရှိတာတော့ လက်တွေ့ပဲပေါ့နော်။
CBT ဟာ စိတ်ရောဂါ တော်တော်များများမှာ အသုံးဝင် အကျိုးရှိတဲ့ ဆေးမဟုတ်သော ကုထုံး ဖြစ်ပါတယ်။ ပြဿနာ ဖြစ်နေတဲ့ အတွေးအခေါ် သို့မဟုတ် အမူအကျင့်ကို တခြား alternative နဲ့ စမ်းသပ်စိန်ခေါ် ကြည့်တာလို့ပဲ အတို၊ အလွယ်ပြောရမယ် ထင်ရဲ့။ အင်မတန် အောင်မြင်တဲ့ ကုထုံး ဖြစ်ပါတယ်။ စနစ်တကျ မှန်မှန် လုပ်ဖို့တော့ လိုလိမ့်မယ်။ အရှင်းပျောက်စေတယ်လို့ ကျွန်မ မသိပါဘူး။ သက်သာစေဖို့တော့ အလားအလာ အများကြီး ကောင်းပါတယ်။
Meditation ကိုလည်း ခုနောက်ပိုင်း အနောက်တိုင်းက အရမ်း စိတ်ဝင်စား၊ လေ့လာ၊ ယူသုံးလာကြပါတယ်။ ဘာသာရေးအတွေးအခေါ်တွေ မပါပဲ ထွက်လေ၀င်လေ ရှုတဲ့ အဆင့်မှာတင်ကို တော်တော် အကျိုးများလို့ Mindfulness Meditation ဆိုပြီး CBTရဲ့ modified form တစ်ခုအနေနဲ့ နာမည်ကျော်လာပါတယ်။ ကိုယ်တွေက မိရိုးဖလာ မျိုးရိုးအမွေအနှစ်အဖြစ် ရထားတဲ့ နည်းပဲ။ ပိုလို့တောင် သုံးသင့်သေးတယ်လို့ ထင်ပါတယ်ရှင့်။ ဗုဒ္ဓဘာသာ မဟုတ်လည်း တရားထိုင်နည်း သင်ပေးတဲ့ နေရာတွေ ရှိပါတယ်။ စုံစမ်းကြည့်ကြပါ။