Friday, December 12, 2008

Introduction to Genetic Inheritance

မျိုးရိုး ဗီဇ ဆက်ခံခြင်း မိတ်ဆက်

အဖေ အမေတူ မိဘနှစ်ပါးမှ မွေးဖွား ဆင်းသက် လာသော မွေးချင်း ညီအစ်ကို မောင်နှမ များ၏ ရုပ်သွင်၊ အပြုအမူနှင့် အကျင့် စရိုက် များသည် အမေ နှင့် တူသူများ ရှိသလို အဖေ နှင့် တူသူ များ ကိုလည်း တွေ့ရ သည်။ သို့သော် တချို့မှာ နှစ်ယောက် စလုံး နှင့် မတူပဲ အဖိုး အဖွား (သို့) တ၀မ်းကွဲ မောင် နှမများ နှင့် တူသည် ကို တွေ့ရ နိုင်သည်။ ထိုနည်း အတူ မိဘ တဦးဦးတွင် ရောဂါ (သို့) ခန္ဓာကိုယ်၌ ပုံမှန် မဟုတ်သည့် လက္ခဏာ တစ်ခု ရှိ၍ သား သမီးများထဲမှ အကုန်လုံး သို့ မကူးစက်ပဲ အချို့ ကိုသာ ကူးစက်ခြင်း၊ ကျားမ ကူးစက်ပုံ ခြားနား ခြင်း (သို့) သားသမီး များသို့ လုံးဝ မကူးစက်ပဲ မြေး၊ မြစ် များ လက်ထက်မှ သွားရောက် ကူးစက်ခြင်း စသည်တို့ကို တွေ့ဖူး ကြ ပါလိမ့်မည်။

အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။

ဤပို့စ်သည် မျိုးရိုးဗီဇ ရောဂါများ အကြောင်းကို တင်ပြခြင်းမဟုတ်ပဲ ၎င်း (Genetic Diseases) ၏ မိတ်ဆက်ဖြင့် မျိုးရိုး ဗီဇ အမွေ ဆက်ခံပုံ (Genetic inheritance) ကိုသာ တင်ပြခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဤပို့စ်ပါ အကြောင်း အရာများသည် ကျန်းမာရေး ပညာရှင်များ၊ ဆေး ပညာ နားလည်သူများသာ သိနိုင်သည့် အကြောင်းအရာ များ မဟုတ်ပဲ ပညာရေး အဆင့်မီသော နိုင်ငံများတွင် အထက်တန်း အဆင့် ဇီဝဗေဒဘာသာ (Biology) ကို သင်ကြားဖူးသူ မည်သူမဆို သိနိုင်သည့် အကြောင်းအရာများ ဖြစ်သဖြင့် သိပြီးသူ များစွာ ရှိနိုင် ပါသည်။ သို့သော် လည်း မြန်မာပြည် တွင် တက္ကသိုလ်၌ Molecular Bioscience နှင့် ဆိုင်သည့် ဘာသာ တခုခုကို သင်ကြား ဖူးခြင်း မရှိပဲ ထို အကြောင်းအရာ များကို သိနိုင်မည် မဟုတ် သောကြောင့် တချိန်က ကျွန်မ ကိုယ်တိုင် သိလိုပြီး ဝေခွဲ၍ မရ ခဲ့သော အထက်ပါ မေးခွန်း များ၏ အဖြေများကို တခြား စိတ်ဝင်စားသူ အားလုံး သိရှိစေရန် မျှဝေ ပေးလိုက် ပါသည်။ ကျွန်မ၏ မြန်မာလို ဘာသာ ပြန်ရာ၌ ဝေါဟာရ အရွေး မှားနေသည်များ ရှိနိုင်သဖြင့် သိပြီးသူများထဲမှ ပြင်ဆင် ပေးနိုင်သူများ ရှိပါက ၀မ်းသာစွာ လက်ခံ ကြိုဆိုပါသည်။

Chromosome and Genes ခရိုမိုဇုမ်း နှင့် ဗီဇ

သက်ရှိ အားလုံး၏ ဆဲလ် ကလပ်စည်း တိုင်းရှိ နြူကလိယ ထဲတွင် ရှည်လျားပြီး ချည်မျှင် ကဲ့သို့ ဖွဲ့စည်းပုံ ရှိပါသည့် ခရိုမိုဇုမ်း တတွဲစီ ပါရှိ ပါသည်။ ထို ခရိုမိုဇုမ်း ထဲတွင် ဆဲလ်၏ လုပ်ငန်း အတွက် လိုအပ်သော အချက်အလက် ပစ္စည်း အားလုံး ပါဝင်သည့် အပြင် နောက် မျိုးဆက် များသို့ လက်ဆင့် ကမ်းပေး သည့် မျိုရိုးဗီဇ အမှတ်အသား Genetic Code) (သို့) genes (သို့) Genome ဟုခေါ်သော ဗီဇကို သိုလှောင် ထား ပါသည်။ နောက် မျိုးဆက် သို့ ရောဂါ၊ ရုပ်သွင် လက္ခဏာ၊ အမူအရာ၊ အကျင့် စရိုက် စသည် တို့ကို လက်ဆင့် ကမ်း အမွေ ပေးမှု ကွဲပြားခြင်း သည် ထို ခရိုမိုဇုမ်း တစ်ခုစီရှိ ဗီဇများ၏ အပြစ် အနာအဆာများ နှင့် အားသာချက် များ ပေါ်တွင် မူတည်ပါသည်။

ဗီဇစတင်ခြင်း၊ Genotype (ရှိရင်းဗီဇ) နှင့် Phenotype (အသွင်သဏ္ဍန်) အမွေဆက်ခံခြင်း

ဗီဇသည် မျိုးဆက် တစ်ခုနှင့် တစ်ခုကြား အမွေ ဆက်ခံနိုင်သည့် အသေးငယ် ဆုံးသော အခြေခံ အင်္ဂါ အစိတ်အပိုင်း ဖြစ်သည်။ ခရိုမိုဇုမ်း ထဲတွင် မျိုးရိုး ဗီဇပေါင်း ၅၀ ၀၀၀ - ၁ ၀၀၀ ၀၀၀ အထိ ပါရှိ ပါသည်။ သက်ရှိ တို့၏ ဗီဇ တစ်ခုစီ ကို မိခင်နှင့် ဖခင် တဦးစီမှ ရရှိသော alleles ဟု ခေါ်သည့် ဗီဇ ၀က် တခုစီဖြင့် ပေါင်းစပ် ဖွဲ့စည်း ထားပါသည်။ ဖိုနှင့်မ ပေါင်းစပ်ပြီး မျိုးပွားခြင်း (Fertilisation) ကို အောင်မြင် စွာ ပြီးစီး သွားသောအခါ လူသားတွင် ဖခင်၏ သုတ်ရည် (sperm) မှ ရရှိသော allele (ဗီဇ၀က်) နှင့် မိခင်၏ မျိုးဥမှ ရရှိသော ဗီဇ၀က်တို့ ပေါင်းစပ် ၍ ဆဲလ်အသစ် (gamete) ဟုခေါ်သော ပထမ ဦးဆုံး သက်ရှိ ဆဲလ်တခုကို လိင်ရှိ ဆဲလ်ပွားခြင်း (Meiosis) နည်းဖြင့် ရရှိ ပါသည်။ ထို သက်ရှိ ဆဲလ် တစ်ခုမှ တဆင့် ပုံစံတူ ဆဲလ်များကို လိင်မဲ့ ဆဲလ်ပွားခြင်း (Mitosis) ဖြင့် လူသား (သို့) သတ္တ၀ါ လောင်းလျာ လေး မှတဆင့် နောက်ဆုံး တွင် ပြီးပြည့်စုံ သည့် သတ္တ၀ါ တခုကို ဖြစ်လာ စေပါသည်။ ထို အသစ် ဖြစ်လာသော သတ္တ၀ါတွင် မိခင်နှင့် ဖခင် နှစ်ဦး စလုံးဆီမှ အရိုက်အရာ များကို တွေ့မြင် နိုင်သည်များ ရှိသလို မတွေ့မြင် နိုင်သည် များလည်း ရှိပါသည်။

ထို့ကြောင့်ထိုလူသား၏ အမှန်တကယ် သွေးထဲတွင် ရှိနေသည့် ဗီဇကို Genotype (ရှိရင်းဗီဇ) ဟုခေါ်၍ တွေ့မြင်နိုင်သည့် ရောဂါ (သို့) ချွတ်ယွင်းမှု၊ ရုပ်သွင်၊ အရောင်၊ အကျင့်စရိုက်၊ အမူအရာ စသည့် အားလုံးပါဝင်သည့် ပြင်ပလက္ခဏာများ အားလုံးကို Phenotype (အသွင်သဏ္ဍန်) ဟုခေါ်ပါသည်။

စိုးမိုးဗီဇ (Dominant alllele) နှင့် လက်ခံဗီဇ (သို့) ငုပ်ဗီဇ (Recessive alllele)

မိခင်နှင့် ဖခင်ဆီမှ ရရှိသော ဗီဇ၀က်နှစ်ခု ပေါင်းစပ်ထားသော ဗီဇတွင် လက္ခဏာပေါ်သည့် ဗီဇသည် စိုးမိုးဗီဇ (Dominant Gene) ဖြစ်ပြီး လက္ခဏာ မပေါ်သည့် ဗီဇသည် လက်ခံဗီဇ (သို့) ငုပ်ဗီဇ (Recessive Gene) ဖြစ်သည်။ ဥပမာ အသားဖြူသည့် အဖေနှင့် အသားညို သည့် အမေမှ မွေးလာသော ကလေးသည် အသားဖြူ ပါက အရောင် နှင့် ပတ်သက်သည့် ဗီဇ၌ အဖေ၏ သွေးက စိုးမိုးပြီး အသားညို ပါက အမေ၏ သွေး မှ စိုးမိုးသည်။ အရပ် ရှည်သူနှင့် အရပ်နိမ့် သူ နှစ်ဦးမှ မွေးလာသော ကလေး သည်လည်း စိုးမိုးသည့် ဗီဇအပေါ် မူတည်ပြီး အရပ်ရှည်ခြင်း ပုခြင်း ကို အမွေ ရမည်ဖြစ်သည်။ သို့သော်လည်း ထိုပုဂ္ဂိုလ် များ၏ သွေးထဲတွင် ရှိပြီး အသွင် သဏ္ဍန်တွင် မဖေါ်ပြ သည့် အသား အရောင်နှင့် အရပ် အနိမ့် အမြင့်သည် ၎င်းတို့၏ သား သမီးများသို့ အမွေ ပေးရန် သယ်ဆောင် သွားမည် ဖြစ်သည်။ ငုပ် ဗီဇသည် ကျန်းမာရေး နှင့် မသက်ဆိုင်သည့် အခြေအနေတွင် အနည်းစု (သို့) လူဦးရေ အများစု အတွက် ပုံမှန် မဟုတ် သည့် အခြေ အနေကို ဖေါ်ဆောင်ပြီး ဇီဝ၊ ဓါတုနှင့် ဆေး ပညာရပ်နှင့် သက်ဆိုင်သည့် အခြေအနေတွင်မူ ရောဂါ တခုခုကို ဖေါ်ညွှန်း ပါသည်။

ဗီဇ အမျိုးအစားများ

လူ ပုဂ္ဂိုလ်တဦး၏ ဗီဇ တွင် မိခင် နှင့် ဖခင်ဆီမှ စိုးမိုး ဗီဇဖြစ်စေ၊ လက်ခံ ဗီဇ ဖြစ်စေ မျိုးတူ သော ဗီဇ နှစ်ခု ပေါင်းစပ် ထားပါက မျိုးတူဗီဇ (Homozygote) ဟု ခေါ်၍ စိုးမိုး ဗီဇနှင့် လက်ခံ ဗီဇ ပေါင်းစပ် ထားပါက မျိုးမတူ ဗီဇ (Heterozygote) ဟု ခေါ်ပါသည်။ များသော အားဖြင့် Homozygous dominant သည် ကျန်းမာ သူသာဖြစ်ပြီး Homozygous recessive သည် ရောဂါသည် ဖြစ်သည်။ အမျိုး မတူ သည့် ဗီဇ ၀က်နှစ်ခု ပေါင်းစပ် ထားပါက Heterozygote ဟု ခေါ်ပြီး ၎င်းတွင် ကျန်းမာ သည့် စိုးမိုး ဗီဇတခု ပါဝင် နေသောကြောင့် ၎င်း ကိုယ်တိုင် ရောဂါ အမွေရန် ခဲယဉ်းပြီး နောက် မျိုးဆက်သို့ ရောဂါ သယ်ဆောင်သူ (Carrier) သာ ဖြစ်သည်။

ဆိုလိုသည်မှာ ရောဂါသည် တစ်ဦးနှင့် ကျန်းမာသူ တဦးမှ မွေး လာသော ကလေးသည် ကျန်းမာ သည့် ဗီဇက စိုးမိုးဗီဇဖြစ်ပါက သူကိုယ်တိုင် ရောဂါသည် မဖြစ်နိုင် သော်လည်း နောက် မျိုးဆက်ဖြစ်သည့် ၎င်း၏ သားသမီးများအား အမွေပေးရန် ရောဂါ သယ်ဆောင်သူ ဖြစ်သည်။ ဤသည်ပင် မိဘ၏ ရောဂါ (သို့) အသွင် လက္ခဏာ သားသမီးတွင် မပေါ်ပဲ မြေး မြစ်တွင်မှ သွားပေါ်သည့် အကြောင်း အရင်း ဖြစ်သည်။ ကျန်းမာ သည့် မျိုးတူ စိုးမိုးဗီဇ (Homozygous dominant alleles) နှစ်ခု စလုံး ရထား သူသည် ရောဂါ မရှိနိုင် သလို သယ်ဆောင်သူ လည်း မဟုတ်ပါ။ မျိုးတူသည့် လက်ခံဗီဇ (Homozygous recessive alleles) နှစ်ခုစလုံး ရထား သူသည် ရောဂါ ရှိသူ ဖြစ်သလို သယ်ဆောင် သူ (Career) လည်း ဖြစ်သည်။

စိုးမိုး ဗီဇနှင့် လက်ခံ ဗီဇတို့၏ အမွေ ဆက်ခံပုံ ကို အောက်ပါ ဇယားကို လေ့လာခြင်း ဖြင့် ရှင်းလင်းစွာ တွေ့နိုင် ပါသည်။ အကယ်၍ ကျန်းမာ သည့် ဗီဇကို စိုးမိုး ဗီဇ (D) ဟု သတ်မှတ်ပြီး မကျန်းမာ သည့် ဗီဇကို လက်ခံဗီဇ (d) အဖြစ် သတ်မှတ်ပါက ရှိရင်းဗီဇနှင့် လက်ခံဗီဇ ကို အောက်ပါ အတိုင်း တွေ့ရမည်ဖြစ်သည်။


Heterozygous Inheritance (အမျိုးမတူဗီဇ အချင်းချင်း ပေါင်းစပ်ခြင်း အမွေဆက်ခံပုံ)

အမျိုး မတူသည့် ဗီဇနှစ်ခုကို ရရှိထားသည့် အမျိုးသမီးနှင့် အမျိုးသား တစ်ဦး လက်ထပ် ပါက ၎င်းတို့၏ သားသမီးများတွင် အမွေ ရနိုင်သည့် အသွင် သဏ္ဍန်ကို သိရှိ နိုင်ရန် မိဘ တဦးစီမှာ ရှိသည့် ရှိရင်းဗီဇ များ အချင်းချင်း မြှောက်ခြင်း (Dd X Dd) ဖြင့် ရနိုင်သည့် အဖြေကို အောက်ပါ ဇယားတွင် လေ့လာသိရှိနိုင်ပါသည်။



အထက်ပါ ဇယား၏ အဖြေအရ သားသမီးအားလုံး၏ ၇၅% ( Homozygous 25% နှင့် Heterozygote 50%) သည် ကျန်းမာ သူများ ဖြစ်ပြီး ၂၅% မှာ ရောဂါ ရှိသူ (dd) များ ဖြစ်သည်။ ကျန်းမာသူ များ အနက် ၅၀%မှာ ရောဂါသယ်ဆောင်သူ (Dd) များနှင့် လုံးဝ ကျန်းမာသူ (DD) မှာ လည်း ၂၅% ဖြစ်သည် ကို တွေ့ရ ပါသည်။

Incomplete Dominant (မပြည့်မ၀ စိုးမိုးခြင်း)

အထက်တွင် ဖေါ်ပြခဲ့သည့်အတိုင်း မိခင် (သို့) ဖခင်၏ လက္ခဏာကို အပြည့်အ၀ မပြပဲ မိခင်နှင့် ဖခင် နှစ်ဦး စလုံးဆီမှ ရရှိသော ဗီဇ များသည် တခုအပေါ်တခု အပြည့်အ၀ မစိုးမိုး နိုင်ခြင်းကို မပြည့်မ၀ စိုးမိုးခြင်း ဟု ခေါ်ပါသည်။ ဥပမာ အရပ် ရှည်သူနှင့် အရပ် ပုသူ မိဘ နှစ်ပါးမှ မွေးလာသော သား သမီးသည် အရပ် မတိုမရှည် ဖြစ်နေခြင်း၊ အသား ဖြူသူနှင့် အသား ညိုသူ မိဘ နှစ်ပါးမှ မွေးလာသော သား သမီးများသည် အသား မဖြူမညို ဖြစ်နေခြင်း စသည်တို့သည် မပြည့်မ၀ စိုးမိုးခြင်း ( Incomplete Dominant) ၏ လက္ခဏာ များ ဖြစ်သည်။

Co-dominant (အတူတကွစိုးမိုးခြင်း)

အတူတကွ စိုးမိုးခြင်းကို သွေးအုပ်စု များတွင် တွေ့နိုင်ပါသည်။ သွေးနီဥ၏ မျက်နှာပြင် Antigens များ ရှိသော သွေးကို A နှင့် B နှစ်ခု ခွဲခြား သတ်မှတ်ထားပြီး Antigen မရှိသော သွေး အမျိုးအစားကို O အဖြစ် သတ်မှတ် ထားပါသည်။ မိဘသွေးတွင် ရှိသော Antigens များသည် သားသမီးသို့ အပြည့်အ၀ လက်ဆင့် ကမ်းသောကြောင့် A သွေးပိုင်ရှင်နှင့် B သွေး ပိုင်ရှင် လက်ထပ် ပါက မွေးလာသော သား သမီးသည် မိဘနှစ်ပါးစလုံးမှ Antigen နှစ်ခု စလုံးကို လက်ခံရပြီး AB သွေးပိုင်ရှင် ဖြစ်လာ ပါသည်။ O သွေး ပိုင်ရှင် အချင်းချင်း လက်ထပ် ပါက မွေးလာသော သားသမီး တွင်လည်း Antigens ပေါ်စရာ အကြောင်း မရှိသော ကြောင့် O သွေးသာ ဖြစ်နိုင် သော်လည်း တခြား သွေးအုပ်စု ပိုင်ရှင်နှင့် လက်ထပ်ပါက လက်ထပ်သည့်သူ၏ သွေး အမျိုးအစား အတိုင်း သားသမီးမှာ လက်ခံ ရရှိပြီး သား သမီးတွင် အိုသွေး အမွေ ရရန် မဖြစ် နိုင်ပါ။

သွေး အုပ်စုနှင့် တချို့ အနည်းငယ်သော ရောဂါများ အမွေဆက်ခံခြင်းမမှလွဲ၍ မိဘတွင် ရှိနေသော ရောဂါ (သို့) ပုံမှန်မဟုတ်သည့် လက္ခဏာ တခုခုသည် သားသမီး တယောက်စီ တွင်လည်း ရှိရမည်ဟု ပုံသေ တွက်၍ မရနိုင်ပါ။ အဘယ်ကြောင့် ဆိုသော် ရောဂါ အတော် များများမှာ ဗီဇ ဟုခေါ်သော Genes (Genome) တခု တည်းတွင် မူတည် နေသည် မဟုတ်ပဲ တဦးချင်းစီ၏ ဘ၀ ပတ်ဝန်းကျင် တွင် ကျင်လည် ကျက်စားပုံ၊ နေထိုင် စားသောက်မှု အလေ့အထ နှင့်လည်း များစွာ သက်ဆိုင် နေသောကြောင့် ဖြစ်ပါသည်။ ထို အကြောင်း များနှင့် မျိုးရိုးဗီဇ အမွေ ဆက်ခံသည့်ပုံစံ (Genetic Inheritance Patterns)၊ မျိုးရိုး ဗီဇ ရောဂါများ (Genetic Diseases) များ အကြောင်းကို နောက် တင်မည့် ပို့စ်များ တွင် ဆက်လက် ဖေါ်ပြပါမည်။


Related Posts :



8 comments:

- said...

အစ်မခင်ဗျား
ဗဟုသုတအတွက် ဖတ်သွားပါတယ်။ တစ်ကြိမ် ထဲနဲ့ နားမလည်နိုင်တာမို့ ကော်ပီကူးသွား ပါတယ်။ ခွင့်ပြုနိုင်ပါရန်။
လေးစားလျက်

http://winzaw-mdy.blogspot.com

မသက်ဇင် said...

ဆေးပညာဗဟုသုတတွေ ကို ဖြန့်ဝေပေးသော
ကြောင့် ကျေးဇူးတင်လို့မဆုံးပါဘူး--
အချို့ ကို မှတ်စုထုတ်ပြီး သိမ်းဆည်းထားပါတယ်-

drwinthein said...

ကျေးဇူးပါ မငယ်နိုင်ရေ..
တစ်ယောက်တစ်မျိုး ကဏ္ဍတစ်မျိုးစီ သေချာဖော်ပြပေးတာကြောင့် စာဖတ်သူအားလုံးအတွက် ဆေးပညာဗဟုသုတ စုံလင်နိုင်ပါတယ်..

Anonymous said...

ဒီပို့စ်လေးကို ဖတ်ဖြစ်ပါတယ်။ Genetic မျိုးဆက်သီအိုရီအရ ဒီ Genes တွေဟာ ဆက်လက်သယ်ဆောင်တယ်လို့ နားလည်မိတယ်။ အကယ်၍ လူတဦးတယောက်မှာ ကင်ဆာ သော်လည်းကောင်း စိတ်နဲ့ ပတ်သက်သော ရောဂါသော်လည်းကောင်း၊ သွေးတိုးသည်လည်းကောင်း ရှိခဲ့လျင် နောက်မျိုးဆက်ဟာ တချိန်ချိန်မှာ ပြန်ပေါ်လာမှာ ဒီမျိုးရိုးဗီဇ ဆက်ခံမှုသဘောအရ ပြန်ပေါ်လာမှာ သေချာသလောက်ပဲလို့ ထင်ရတယ်။ ဆိုလိုတာက နောက်မျိုးဆက်ဟာ ကောင်းကျိုးထက် ဆိုးကျိုးက ပိုဖြစ်လာနိုင်စရာ အကြောင်းရှိတယ်။ ဒါမျိုးမဖြစ်အောင် Gene မှာ ပါဝင်တဲ့ မကောင်းတဲ့ဆဲတွေကို ဖယ်ရှားတာတို့ သန့်စင်တာတို့ လုပ်လို့ရပါသလား။ ကျေးဇူးတင်စွာဖြင့်

Nge Naing said...

စာလာဖတ်သူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ၀င်းဇော် ပြန်ဖတ်လို့ နားမလည်တာ ရှိရင်မေးနိုင်ပါတယ် သိသလောက် ပြန်ရှင်းပြလို့ရပါတယ်။ မသက်ဇင်ရေ ဒါက မိတ်ဆက်ပဲ ရှိသေးတယ် ရောဂါအကြောင်းတင်ရင် စိတ်ဝင်စားစရာတွေ ဒီထက်ပိုများလာနိုင်လို့ မှတ်စရာက ရှိဦးမှာ သေချာတယ် ပြန်လာဖတ်ဖို့ မမေ့ပါနဲ့။ ဆရာ Dr ၀င်းသိန်း- ကျွန်မက Genetic ကို သိပ်ကျွမ်းကျွမ်းကျင်ကျင် သိလို့တော့မဟုတ်ပါဘူး၊ ကျွန်မရဲ့ အနှစ်သက်ဆုံး စိတ်ဝင်စားဆုံး ဘာသာရပ် ဖြစ်လို့ ရေးဖြစ်သွားပါတယ်။ ဘာသာပြန်တာပဲဖြစ်ဖြစ် အချက်အလက်ပဲမှာပဲ ဖြစ်ဖြစ်အမှားပါနေရင် ထောက်ပြပြီး ပြင်ပေးနိုင်ပါတယ်။

အမည်မဖေါ်လိုသူက Gene လို့ ခေါ်တဲ့ ဗီဇနဲ့ ဆဲလ် ကို ရှင်းလင်းပုံမရလို့ ဆဲလ်အကြောင်းကို နည်းနည်းရှင်းပြချင်ပါတယ်။ သက်ရှိတွေရဲ့ခန္ဓာကိုယ်ကို အနုကြည့်မှန်ပြေင်းနဲ့ ကြည့်မှသာ မြင်နိုင်တဲ့ ဆဲလ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီဆဲလ်ကိုမှတခါ ပိုမိုသေးငယ်တဲ့ အစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားပြီး သူ့အလုပ်နဲ့သူ ကိုယ်စီရှိကြတယ်။ ဆဲလ်တခုလုံးရဲ့အလည်ဗဟိုမှာရှိတဲ့ Nucleus ဆိုတာ ဆဲလ်ရဲ့ အစိတ်အပိုင်းတခုသာ ဖြစ်ပြီး Genes ကို သိမ်းဆည်းပြီး မျိုးဆက်တခုကနေ နောက်မျိုးဆက်ရောက်အောင် သယ်ဆောင်ပေးတဲ့ တာဝန်ကိုယူတယ် ။ အဲဒါကြောင့်မို့ ဆဲလ်ဟာ Gene ရဲ့ အစိတ်အပိုင်း မဟုတ်ပါဘူး Gene သာ ဆဲလ်ရဲ့အစိတ်အပိုင်း ဖြစ်ပါတယ်။ ဆဲလ်အားလုံးဟာ ပထမဦးဆုံး သက်ရှိဆဲလ် Gamete တခုတည်းမှ တထေရာတည်း (identical) ပွားလာတဲ့အတွက် ဆဲလ်တခုစီမှာ ပါဝင်တဲ့ Genes အားလုံးဟာ အတူတူပဲ ဖြစ်ပါတယ်။ အမည် မဖေါ်လိုသူ မေးတဲ့ ရောဂါနဲ့ ပတ်သက်တဲ့ မေးခွန်းရဲ့ အဖြေက နောက်တင်မည့် Genetic Diseases များအကြောင်း ပို့စ်နှစ်ခုမှာ အလုံအလောက်ပါပါလိမ့်မယ်။ စောင့်ဖတ်ဖို့ ဖိတ်ခေါ်ပါတယ်။

Bamarlay - Myanmar Man said...

A very nice blog. I am very impressed with the Public Health in Myanmar. I have written an article about your blog on my blog at Public Health in Myanmar on Myanmar Man's Diary. Please keep up.

Ko Yoke Soe said...

ဒီပို့စ်လေးကို အရမ်းနှစ်သက်သဘောကျပြီး ကျေးဇူးတင်သည့်အတွက် ကျနော် အီးမေးလ်မှတဆင့် ဖြန့်ဝေပေးချင်ပါတယ်။ ဒီ ဘလော့ဂ်ကိုလည်း မိတ်ဆက်ချင်တဲ့ သဘောပါ။ ခွင့်ပြုလိမ့်မယ်လို့လည်းထင်ပါတယ်။ ဘယ်သူရေးတယ်။ ဘယ်ကရသလဲဆိုတာပါ ကျနော်အတိအကျ ဖော်ပြပြီး ပို့မှာပါ။ PDF File အနေနဲ့ ပို့ချင်တာပါ။

Nge Naing said...

စာလာဖတ်တဲ့အတွက်ရော အခုလို စိတ်ဝင်စားပြီး ဖြန့်ဝေပေးချင်တဲ့ စေတနာအတွက်ပါ ကျေးဇူးတင်ပါတယ် ကိုရုပ်ဆိုး။ ဒီပို့စ်က မျိုးရိုးဗီဇအကြောင်း မိတ်ဆက်ပဲ ဖြစ်ပါတယ်။ ရောဂါတွေအကြောင်း ပထမပိုင်းကို မနက်ဖြန်တင်ဖို့ ရှိလို့ ဆက်ပြီး လာဖတ်ဖို့ကိုလည်း ဖိတ်ခေါ်ပါတယ်။