Saturday, April 4, 2009

US Health Care System & Diabetes

အမေရိကန် နိုင်ငံမှ ကျန်းမာရေးစောင့်ရှောက်မှု စနစ်နှင့် ဆီးချို ရောဂါ အကြောင်း တစေ့တစောင်း


တခြားနိုင်ငံမှာ လတ်တလော ဖြစ်ပျက်နေတဲ့ အကြောင်းအရာလေးတွေကိုလဲ ဒီမှာ တင်ပြလို့ရတယ်လို့ ပြောထားတဲ့အတွက် အမေရိကန် နိုင်ငံက ကျန်းမာရေး စနစ်နဲ့ ဆီးချိုရောဂါ အခြေအနေလေးကို အနည်းငယ် တင်ပြချင်ပါတယ်။

အမေရိကန် နိုင်ငံလို့ ဆိုလိုက်တာနဲ့ လူအတော်များများက ကမ္ဘာပေါ်မှာ ဘာမဆို ထိပ်ဆုံးက ရှိနေမယ်။ အစစ အရာရာ အကောင်းဆုံးတွေ ဖြစ်မယ်လို့ ထင်မှတ်မှားမိတတ်ကြပါတယ်။ တကယ်တမ်းမှာ ကောင်းတာတွေ အများကြီး ရှိသလို ဆိုးတာတွေလဲ အများကြီး ရှိပါတယ်။ စင်းလုံးချော မဟုတ်တာကတော့ သဘာဝ တရားလေးပါ။

ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က အမှတ်ပေး ဆုံးဖြတ်ထားတဲ့ ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေး အဆင့်အတန်းမှာ အမေရိကန် နိုင်ငံက ပထမ ဆယ်နိုင်ငံ ထဲမှာတောင် မ၀င်ဘူးဆိုရင် အံ့သြကြလေမလား။ သူ့ရဲ့ အဆင့်က (၃ရ) မှာ ရှိပါတယ်။ နံပါတ်(၁) က ပြင်သစ်နိုင်ငံ ဖြစ်ပြီး၊ နံပါတ်(၂)က အီတလီ နိုင်ငံ ဖြစ်ပါတယ်။

ဒါက ဘာကြောင့် ဖြစ်ရတာလဲဆိုတာလေးကို နားလည်သလောက် ပြန်ပြောပြရမယ် ဆိုရင် အမေရိကန်တွေက အားလုံး တပြေးညီ တန်းတူ ရရှိကြမယ့် ကျန်းမာရေး စနစ်မျိုးကို socialize medicine လို့ သတ်မှတ်ပြီး အလွန်အမင်း ကြောက်ရွံ့ ထိတ်လန့် ကြပါတယ်။ ဒီလို စနစ်မျိုး ပေါ်လာရင် သူတို့မှာ ရွေးချယ်နိုင်မှုတွေ ကျဆင်းသွားမယ်၊ ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေးတွေကို ရသင့်သလောက် မြင့်မြင့်မားမား မရရှိနိုင်တော့ဘူးလို့ ယူဆထားကြပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ရယူဖို့အတွက် လူအများစုက ကျန်းမာရေး အာမခံ စနစ်တွေကို ၀ယ်ယူ ထားရှိရပါတယ်၊ ဒါမှမဟုတ် သူတို့ရဲ့ အလုပ်ရှင်တွေက သူတို့ကို ၀ယ်ယူပေး ကြရပါတယ်။ ဒါမှ တစ်ခုခု ဖြစ်လာရင် မတန်တဆ ပေးရတဲ့ ကျန်းမာရေး ၀န်ဆောင်မှုတွေရဲ့ ကုန်ကျစရိတ် ဒဏ်ကို မခံစားရမှာပါ။ အဲဒီလို မ၀ယ်ယူနိုင်သူ၊ မရရှိ နိုင်သူတွေက ၂၀၀၇ ခုနှစ်မှာ ၄၅.၇ သန်းအထိ ရှိခဲ့ပါတယ်။ အခုက ပိုများမယ်လို့ ခန့်မှန်းရပါတယ်။

ကျန်းမာရေး အာမခံတွေကို ပေးနေတာက ပုဂ္ဂလိက ကုမ္ပဏီတွေက အဓိက ဖြစ်ပါတယ်။ ဒါတွေကို ထိန်းချုပ်ထားတဲ့ ဗဟို စနစ် မရှိတဲ့အတွက် ကျန်းမာရေး စောင့်ရှောက်မှု စနစ်က တစ်စစီ ပြန့်ကျဲနေပါတယ်။ အမေရိကန် နိုင်ငံသားတွေ ကိုယ်တိုင်တောင် သူတို့ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်အကြောင်းကို သေသေချာချာ မသိကြတာ များပါတယ်။ အစိုးရကနေ ပေးတဲ့ ကျန်းမာရေး အာမခံကို ရရှိသူတွေထဲမှာ စစ်ဘက်ဆိုင်ရာ ၀န်ထမ်းတွေ၊ ဖီဒရယ် အစိုးရ ၀န်ထမ်းတွေနဲ့ အသက်(၆၅)နှစ်နဲ့ အထက် လူအများစု၊ အချို့သော ရောဂါ ရှိသူတွေ (ဥပမာ မျက်လုံးကန်း သွားတဲ့သူတွေ၊ ကျောက်ကပ် ပျက်စီး သွားတဲ့သူတွေ)၊ သတ်မှတ်ထားတဲ့ အတိုင်းအတာ တစ်ခု အထိ ဆင်းရဲသူတွေ ပါဝင်ပါတယ်။

ကျန်းမာရေး အာမခံ ရရှိပြီးသား သူတွေမှာတောင် တစ်ခုခု ဖြစ်လို့ ဆေးရုံ၊ ဆေးခန်းမှာ ပြရပြီဆိုရင် ကိုယ့်ဘက်ကလဲ ပြန်စိုက် ပေးရတာမျိုးတွေ ရှိပါတယ်။ ဥပမာ- တစ်ခါ ဆေးခန်းပြတိုင်း ၂၅ ဒေါ်လာကို ကိုယ့်ဖက်က ပေးရမယ် ဆိုတာမျိုးပေါ့။ အဲဒါတွေကလဲ အာမခံ တစ်ခုနဲ့ တစ်ခု သတ်မှတ်တာချင်း မတူလို့ အလွန်ကို နားလည်ရခက်ပြီး ရှုပ်ထွေးလှပါတယ်။ ဒီအကြောင်းလေးကို ပိုပြီး နားလည်ချင်တယ်ဆိုရင် ဒါရိုက်တာ Michael Moore ရိုက်တဲ့ sicko ဆိုတဲ့ ရုပ်ရှင်ကားလေးကို ရှာပြီး ကြည့်ကြပါလို့ပဲ ပြောချင်ပါတယ်။

အခု ဆီးချို ရောဂါရဲ့ အခြေအနေ အကြောင်းလေးကို ဆက်ပြောချင်ပါတယ်။

၂၀၀၈ ခုနှစ်မှာ CDC က ထုတ်ပြန်ခဲ့တဲ့ သတင်း အရ အမေရိကန် နိုင်ငံသား စုစုပေါင်းရဲ့ (၈)ရာခိုင်နှုန်းနီးပါးက ဆီးချိုရောဂါကို ခံစားနေရပါတယ်။ အရင်တုန်းက ဆီးချိုရောဂါကို type 1 က ကလေးတွေမှာ ဖြစ်တယ်၊ type 2 က လူကြီးတွေမှာ ဖြစ်တယ် ဆိုပြီး ပြောကြပေမယ့် အခုအချိန်မှာ အ၀လွန် ရောဂါရဲ့ စနက်ကြောင့် type 2 ကို ကလေးတွေနဲ့ ပိုမို ငယ်ရွယ်တဲ့ အသက်အရွယ်တွေမှာ တွေ့နေရပြီ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံရဲ့ ဆီးချို ရောဂါ ဖြစ်ပွားသူတွေထဲမှာ type 1 က ၁၀ ကနေ ၁၅ ရာခိုင်နှုန်းလောက်အထိပဲ ရှိပြီး type 2 က ၉၀ ကနေ ၉၅ ရာခိုင်နှုန်း လောက်အထိ ရှိတယ်လို့ သိရှိရပါတယ်။ Type 2 က ကာကွယ်လို့ ရနိုင်လောက်တဲ့ ဆီးချိုရောဂါ အမျိုးအစားပါ။ ဒါပေမယ့် ကာကွယ်မှုတွေ လုံလောက်အောင် မလုပ်နိုင်ခဲ့တဲ့ အတွက် ၁၉၈၀ နဲ့ ၂၀၀၆ ခုနှစ်အတွင်းမှာ အမေရိကန် နိုင်ငံမှာ ဆီးချိုရောဂါရှိသူ ဦးရေက သုံးဆ အထိ မြင့်တက်သွားခဲ့ပါတယ်။ ဒီပုံအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် အမေရိကန် နိုင်ငံသား ၃ ယောက်မှာ တစ်ယောက်ဟာ တစ်ချိန်ချိန်မှာ ဆီးချိုရောဂါကို ခံစားရနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။

ဆီးချိုရောဂါကလည်း ပျောက်အောင် ကုလို့ မရတဲ့ ရောဂါ ဝေဒနာ တစ်ခု ဖြစ်တဲ့အတွက် ဒီရောဂါ ရှိနေပြီလို့ သိရပြီဆိုရင် ကာယကံရှင်တွေမှာ အလွန်အမင်း တုန်လှုပ်မှုကို ခံစားကြရပါတယ်။ ကျန်းမာရေးကို စနစ်တကျ စောင့်ရှောက် နေထိုင်ရင် သာမန်လူတွေလိုပဲ နေနိုင်တယ် ဆိုပေမယ့် ကျန်းမာရေး စောင့်ရှောက်မှုအတွက် ကုန်ကျစရိတ်တွေ၊ အစားအသောက် ဆင်ခြင်ရတာ၊ ကိုယ့်ကိုယ်ကို ဂရုစိုက်နေရတာတွေက တစ်နေ့ ၊ တစ်လ ကိစ္စ မဟုတ်တဲ့ အတွက် တော်တော်လေးကို ၀န်ပိစေနိုင်တဲ့ ရောဂါပါ။ ဂရုမစိုက်ဘဲ ပစ်ထား ပြန်ရင် ရလာမယ့် ဆိုးကျိုးတွေကလဲ ပြင်းထန်ပါတယ်။

အမေရိကန် နိုင်ငံမှာ အဓိက မျက်စိကန်းရတဲ့ အကြောင်းအရင်း၊ ကျောက်ကပ် ပျက်စီးရတဲ့ အကြောင်းအရင်း အသစ်တွေထဲမှာ လောလောဆယ် ဆီးချိုရောဂါက ထိပ်ဆုံးမှာ နေရာယူထားပါတယ်။ ဂရုစိုက်မယ် ဆိုရင် ကာကွယ်လို့ ရတဲ့ အဲဒီဆိုးကျိုးတွေကို ကာကွယ်နိုင်ဖို့ ရောဂါ ရှိသူတွေက ကျန်းမာရေး အသိပညာ လုံလုံလောက်လောက် ရရှိဖို့လိုပါတယ်။ ဒါပေမယ့် တချို့ကျန်းမာရေး အာမခံတွေက အဲဒီလို ကျန်းမာရေး အသိပညာ ခံယူဖို့အတွက် စရိတ်စကတွေကို မပေးပါဘူး။ ဆရာဝန်တွေ၊ အထူးကုတွေကလည်း လူနာတွေကို သေသေချာချာ ကျန်းမာရေး ပညာပေးဖို့၊ သတင်းအချက်အလက်တွေ ပေးဖို့ အချိန် မပေးနိုင်ကြပါဘူး။ အဲဒါကြောင့် ဆီးချို ဝေဒနာရှင်တွေခမျာ ကိုယ့်ကိုယ်ကို လိုအပ်သလို မစောင့်ရှောက်နိုင်၊ ကုသမှုတွေကို တိတိကျကျ မလိုက်နာနိုင်တာတွေ ဖြစ်ကုန်ကြပါတယ်။

ကျန်းမာရေး အာမခံ မထားနိုင်တဲ့သူတွေက စရိတ်စက ကြီးလို့ ကျန်းမာရေး စောင့်ရှောက်မှုကို လက်လှမ်း မမီနိုင်ကြပါဘူး။ ကျန်းမာရေး အာမခံ ထားပေမယ့် ကိုယ့်ဖက်က ပြန်စိုက်ရတာတွေ များနေတဲ့ သူတွေကလဲ ကုသမှုတွေကို လုံလောက်အောင် မခံယူနိုင်ကြပါဘူး။ အဲ .. ဒါပေမယ့် သိပ် အခြေအနေ ဆိုးပြီး မျက်လုံးကန်းတဲ့ အခြေအနေအထိ ရောက်ပြီဆိုရင်တော့ အစိုးရက ပေးတဲ့ အာမခံ တစ်ခု ဖြစ်တဲ့ Medicaid ကနေ တစ်ဆင့် လိုအပ်တဲ့ ကုသမှုတွေ၊ ပစ္စည်း ကိရိယာတွေ၊ ဆေးဝါးတွေကို ရရှိနိုင်ပါတယ်။ မျက်စိ မမြင်သူတွေ ကိုယ့်ဖာသာကိုယ် သွေးဖောက်လို့ရအောင် အသံထွက်တဲ့ သွေးချို စစ်ဆေး စက်ကလေးကိုလဲ လိုအပ်ရင် Medicaid က ထောက်ပံ့ပါလိမ့်မယ်။ ကျောက်ကပ် ပျက်စီးပြီး dialysis စက်နဲ့ နေရပြီ ဆိုတဲ့ အခြေအနေမှာလဲ အဲဒီအတွက် လိုအပ်ချက်တွေကို အစိုးရ အာမခံတွေကနေ ရယူနိုင်ပါတယ်။ အဲဒီတော့ အခြေအနေက အဲလောက်အထိ ဆိုးအောင် စောင့်ရမလို ဖြစ်နေပါတယ်။ အဲဒီအတွက်လဲ ကုန်ကျ စရိတ်တွေ များနေပါတယ်။

အမေရိကန် နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အတွက် စုစုပေါင်း ကုန်ကျငွေ ၅ ဒေါ်လာမှာ ၁ဒေါ်လာက ဆီးချို ရောဂါ ခံစားနေရသူတွေအတွက် တိုက်ရိုက် စောင့်ရှောက်မှု ပေးနေရတဲ့ ကုန်ကျစရိတ် ဖြစ်ပြီး ကုန်ကျငွေ ၁၀ဒေါ်လာမှာ ၁ ဒေါ်လာက ဆီးချိုရောဂါနဲ့ ပတ်သက်တဲ့ သွယ်ဝိုက်သော ကုန်ကျမှုတွေအတွက် ပေးနေရတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။ ဒီအခြေအနေကို ပြည်သူ့ကျန်းမာရေး လုပ်ငန်းဆောင်ရွက်နေကြတဲ့ ပညာရှင်တွေက မှားနေတယ်လို့ ဆိုကြပေမယ့် ပြင်ဆင်နိုင်ဖို့က ခဲယဉ်းနေပါသေးတယ်။

အမေရိကန် နိုင်ငံသားတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအပေါ် မြင်ကြတဲ့ အမြင်တွေ၊ ခံယူမှုတွေအပြင်၊ ငွေကြေးရှိပြီး သြဇာကြီးမားတဲ့ ကျန်းမာရေး အာမခံ ကုမ္ပဏီတွေရဲ့ ၀ါဒဖြန့်မှု၊ သိမ်းသွင်းမှုတွေက ကျန်းမာရေး စောင့်ရှောက်မှုကို အမေရိကန် နိုင်ငံသားတိုင်း လက်လှမ်းမီနိုင်အောင် ဆောင်ရွက်ပေးနိုင်ဖို့ ခဲယဉ်းစေတဲ့ အကြောင်းအချက်တွေထဲမှာ အဓိက အချက် တစ်ခု အဖြစ် ပါဝင်နေပါတယ်။

မြင်မိ သိမိသလောက်ကလေးကို အတိုချုပ်ပြီး ပြန်မျှပေးတာမို့ ပြည့်စုံမှာတော့ မဟုတ်ပါဘူး။ ပိုသိချင်ရင် ဖတ်လို့ရအောင် နေရာလေးတွေ ညွှန်းပေးလိုက်ပါတယ်။

(စာကိုး -
CDC website
ADA website
Delivery health care in America : System Approach by Leiyu Shi & Douglas A. Singh
Diabesity by Francine R. Kaufman )


Related Posts :



6 comments:

မသက်ဇင် said...

အမှန်ပါပဲရှင်---
အမေရိကားကတော့အရာရာ ငွေပါပဲ--
ကျန်းမာရေးအာမခံ----?--တဲ့

Anonymous said...

ဆီးချိုရှိပြီး အနာဖြစ်လာရင် လက်ခြေ မဖြတ်ရအောင် ဘယ်လို လုပ်ရပါမလဲ

tune said...

ဖြစ်တာနဲ့ ချက်ခြင်းသိပြီး လိုအပ်တဲ့ ကုသမှုကို စနစ်တကျ ခံယူမယ်ဆိုရင် မဖြတ်ရပါဘူး။
ဖြတ်ရတဲ့အထိ ဖြစ်တာက ဖြစ်လို့ ဖြစ်မှန်း မသိတာ၊ စနစ်တကျ မကုတာတွေကြောင့်ပါ။
ဆီးချိုရောဂါကြောင့် အာရုံကြောတွေက ထုံသွားတတ်တော့ ထိခိုက်မိတာ၊ အနာရှိတာတွေကို မသိဘဲ ပစ်ထားမိရင်းက အလွန်အမင်း အခြေအနေ ဆိုးသွားတတ်တာပါ။
လုပ်သင့်တာက နေ့တိုင်း ကိုယ့် ခြေထောက်ကို မှန်ကြည့်သလို ပုံမှန် ကြည့်ပေးနေဖို့။
တစ်နေ့ တစ်ခါ ပုံမှန်ကြည့်ပြီး အနာရှိတာ တွေ့တာနဲ့ ချက်ခြင်း ဆေးခန်းပြ၊ လိုအပ်သလို ကုသမှု ခံယူမယ်ဆိုရင် စိတ်ပူ စရာ မရှိပါဘူး။

သူရ said...

သိချင်လို့ မေးပါရစေ။
အမေရိကားရဲ့ ကျန်းမာရေး အာမခံ စရိတ်က အဲဒီက တစ်ချို့လူတွေ (၄၅ . ၇ သန်း) မပေးနိုင်အောင် များနေလို့လား။ အသည်းအသန်ရောဂါ ကိုယ့်မှာ မဖြစ်နိုင်သေးဘူးထင်ပြီး တမင် အာမခံ မထားကြလို့လား။
မြန်မာပြည်မှာဆို အာမခံလုပ်ငန်း မတွင်ကျယ်တာက လူများစုက လတ်တလော စားဖို့အပြင် ငွေပိုငွေလျှံ အကုန်ခံစရာ မရှိကြလို့ မထားကြတာဆိုတော့ သူတို့ဆီက လူတိုင်းရော ဘာလို့ မထားတာလဲ သိချင်လို့ပါ။ တကယ် မတတ်နိုင်လို့လား၊ မလိုသေးဘူးထင်ပြီး ဈေးကြီးလို့ မထားတာလား။

tune said...

မတတ်နိုင်တာက အဓိကပါ။
နောက်တစ်ခုက ကျန်းမာရေး အာမခံ ကုမ္ပဏီတွေက သူတို့ အရှူံးမရှိအောင် ကြည့်လွန်းတော့ တစ်ဦးချင်း အာမခံထားမယ့် သူတွေကို အလွန်ကို စိစစ်ပါတယ်။
ဥပမာ မျိုးရိုးထဲမှာ ဆီးချို ရှိတယ် ဆိုရင် အဲဒီလူကို အာမခံ မပေးတော့တာမျိုး လုပ်တတ်ပါတယ်။
အဲဒီတော့ ၀ယ်ချင်တာတောင် ၀ယ်လို့ မရဘူးဆိုတာမျိုး ဖြစ်နေပါတယ်။
ဝယ်လို့ရမယ် ဆိုရင်လဲ ဈေးနှုန်းကို မတန်တဆ မြှင့်ထားတာမျိုး ခံရပါတယ်။
အများစုက အလုပ်ရှင်တွေက ၀ယ်ပေးတဲ့ ကျန်းမာရေး အာမခံတွေက ရကြပါ။
အလုပ်ရှင်တွေကလဲ သူတို့ သက်သာအောင် ဆိုပြီး နောက်ပိုင်းမှာ လူတွေကို အချိန်ပြည့် မခန့်ဘဲ အချိန်ပိုင်းတွေ ခန့်ပြီး လူများများ ထားတာမျိုးလုပ်တော့ ဥပဒေနဲ့ လွတ်ပြီး ကျန်းမာရေး အာမခံ ၀ယ်ပေးစရာ မလိုတဲ့ အခြေအနေမျိုး ဖြစ်သွားပါတယ်။
အဲဒီလို လူတွေက အာမခံ မရကြပါဘူး။
အလုပ်မရှိ၊ အိမ်မရှိလူမျိုးတွေ ဒီမှာ အများကြီးပါ။
အဲလို လူတွေလဲ ကျန်းမာရေး အာမခံ မရပါဘူး။
အစိုးရဆီက ရမယ့် ကျန်းမာရေး အာမခံမှာလဲ စည်းမျဉ်းစည်းကမ်းတွေ တော်တော်များပါတယ်။
သတ်မှတ်ထားတဲ့ ဆင်းရဲတဲ့ အနေအထားမှာ ရောက်နေတဲ့ကလေး တစ်ဦး၊ မိဘနှစ်ယောက်လုံး ရှိနေရင် ကျန်းမာရေး အာမခံ မရနိုင်တဲ့ အခြေအနေ ဖြစ်နေလို့ လင်မယား ကွာရှင်းလိုက်ရတာမျိုးတွေလဲ ရှိပါတယ်။

Nge Naing said...

ခြေဖြတ်ရလောက်အောင် ဖြစ်နိုင်တဲ့ Diabetic nuropathy အပါအ၀င် ဆီးချိုရောဂါနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ ပြဿနာတွေအကြောင်း၊ ဆီးချိုရောဂါနဲ့ ပတ်သက်တဲ့ တခြားသိသင့်တဲ့ အချက်အလက်တွေကို ဒီဘလော့ဂ်ရဲ့ Diabetes label အောက်က တခြားပို့စ်တွေမှာ တင်ထားတာ အများကြီး ရှိတယ်ဆိုတာ သွားလေ့လာချင်ရင် ရအောင် မေးခွန်းမေးတဲ့ Anonymous ကို အသိပေးချင်ပါတယ်။

ဒါပေမယ့် Diabetes နဲ့ မဆိုင်တာကို နည်းနည်း လျှာရှည်လိုက်ဦးမယ်။ အမေရိကန်က ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး အဆင့် ၃၇ သတ်မှတ်ခံရတာ ကျွန်မတော့ မအံ့သြပါဘူး မအံ့သြတဲ့အပြင် ထင်တာထက်တောင် ပိုအခြေအနေ တော်သေးတယ်လို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်က လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် လူတဦးချင်းတယောက်ချင်းစီရဲ့ ဆုံးဖြတ်ချက် အခွင့်အရေးကိုသာ ဦးစားပေးတဲ့ နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေး (Civil and political rights) ကိုသာ အဓိက လက်ခံကျင့်သုံးပြီး လူမှုရေး၊ ကျန်းမာရေး စတဲ့ လူအစုအဖွဲ့နဲ့ အဓိကပတ်သက်တဲ့ အခွင့်အရေးတွေကို ကိုယ်စားပြုတဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အေရေး (Economic social and Culture rights) တွေကို အစိုးရမှာ တာဝန်ရှိတယ်လို့ အမေရိကန်က လက်မခံလို့ အမှန်ဆို ကျန်းမာရေးမှာ အမေရိကန်က ကမ္ဘာမှာ အနိမ့်ဆုံးတောင် ဖြစ်လို့ရနိုင်တယ် မဟုတ်လား။ လူအတော်များများက အမေရိကန်မှာ ဘာမဆို အားလုံးကောင်းတယ်လို့ ထင်ကြတာ ဆရာဇိဝက ပြောတာ ဟုတ်တယ်။ ဒါပေမယ့် မကောင်းဘူးလို့ ထင်တဲ့သူတွေကလည်း သူ့အတွက်ပဲ သူကောင်းတယ် တခြားသူတွေအတွက် ဘာမှ သုံးစားလို့မရပဲ ဒုက္ခပေးနေတဲ့နိုင်ငံလို့ ထင်ကြတာလည်း ရှိတယ်။ အမေရိကကို လူတွေ ပကတိအတိုင်း မြင်ကြတာ သိပ်နည်းတယ်လို့ ကျွန်မထင်တယ်။