Friday, April 24, 2009

Influencing Mass Behavior


လူထု၏ အပြုအမူများကို ထိန်းချုပ်လွှမ်းမိုးခြင်း

ကျွန်မတို့လို ကျန်းမာရေး ပညာပေးသူတွေက လူထုရဲ့ အပြုအမူပိုင်းဆိုင်ရာကို နားလည်ဖို့၊ အဲဒီနားလည်မှု တွေကို အပြုအမူတွေ ပြောင်းအောင် ကျန်းမာရေးအတွက် ပညာပေးရာမှာ အသုံးချဖို့တွေကို သိပ်အရေးမကြီး လှဘူးလို့ ယူဆနေတဲ့ အချိန်မှာ ကြော်ငြာသမားတွေကတော့ လူထုရဲ့ အပြုအမူ ပိုင်းဆိုင်ရာကို လွှမ်းမိုး ထိန်းချုပ်မှုက သူတို့ရဲ့ ဈေးကွက်အတွက် အလွန်ကို အရေးကြီးတယ်ဆိုတာ သဘောပေါက် နားလည်ပြီး သေသေချာချာကို အသုံးချနေကြပါတယ်။
အခု တင်ပေးလိုက်တဲ့ ဗီဒီယိုကလေးက အမေရိကားမှာ အမျိုးသမီးတွေကို ဆေးလိပ်သောက်အောင် ဆွဲဆောင်ပြီး ဆေးလိပ် ဈေးကွက်ကို ချဲ့ပေးခဲ့တဲ့ ကြော်ငြာ ပညာရှင်တွေ တစ်ဦးရဲ့ ဖွင့်ဟ ၀န်ခံချက်ပါ။

မတ်လ ၃၁ရက် ၁၉၂၉ခုနေ့က နယူးယောက်မြို့မှာ အီစတာ အလှပြ လမ်းလျှောက်ပွဲ ကျင်းပတဲ့ နေ့ရက်မို့ အလွန်အမင်း လူစည်ကားနေပါတယ်။
အဲဒီအချိန်မှာ ဘာသာဟန့် ဆိုတဲ့ အမျိုးသမီး ဦးဆောင်တဲ့ ကျော့မော့လှပစွာ ၀တ်စားဆင်ယင်ထားကြတဲ့ အမျိုးသမီး တစ်စုက လူအုပ်ကြားထဲကို လမ်းလျှောက်ပြီး ၀င်လာကြပါတယ်။ အဲဒီနောက်မှာ သူတို့က လူတွေ မြင်သာအောင် ဆေးလိပ်ကို မီးညှိပြီး သောက်လိုက်ကြပါတယ်။
အဲဒီအချိန် ကာလမှာ အမျိုးသမီးတွေ ဆေးလိပ်သောက်တာက လက်ခံနိုင်တဲ့ အပြုအမူ တစ်ခု မဟုတ်ခဲ့ပါဘူး။
သတင်းသမားတွေ အနားမှာ ရှိနေတဲ့ အတွက် ဘာသာဟန့်က သတင်းသမားတွေကို အမျိုးသမီး အခွင့်အရေးကို ထုတ်ဖော်ဆန္ဒပြကြတဲ့ အနေနဲ့ သူတို့ လူကြားထဲမှာ ဆေးလိပ် သောက်ကြတာလို့ ရှင်းပြပါတယ်။ သူက ဆေးလိပ်က အမျိုးသမီး၊ အမျိုးသား တန်းတူ အခွင့်အရေးအတွက် လွတ်လပ်ရေး မီးရှူးတိုင် အမှတ်အသား တစ်ခုလို့ သတင်းသမားတွေကို ပြောပါတယ်။
အဲဒီ ဘာသာဟန့်ဆိုတဲ့ အမျိုးသမီးက စိတ်ပညာကို အသုံးပြုတဲ့ ကြော်ငြာ ပညာရှင် အက်ဒ်ဝပ်ဘာနေးရဲ့ အတွင်းရေးမှူးမ တစ်ဦး ဖြစ်တယ် ဆိုတာကိုတော့ အဲဒီအချိန်မှာ ဘယ်သူမှ မသိခဲ့ကြပါဘူး။
အဲဒီကြော်ငြာမှုက ဘယ်လောက် အထိ အောင်မြင်ခဲ့သလဲ ဆိုတာ အမျိုးသမီးတွေ ဆေးလိပ် သောက်လာကြတာ၊ အမျိုးသမီးတွေ ဆေးလိပ်သောက်တာကို လူအများက လက်ခံလာကြတာတွေကို လှမ်းတွေးကြည့်ရုံနဲ့ သိသာထင်ရှားမယ်လို့ ထင်ပါတယ်။

အမျိုးသမီးတွေ အမျိုးသားတွေနဲ့ တန်းတူ ဆေးလိပ်သောက်ရင် ဘာဖြစ်မလဲ။
ရှင်းပါတယ်။ အမျိုးသားတွေလိုပဲ ရောဂါရပြီး အသက်တိုမှာပေါ့။
အရက်သောက်ရင်လဲ အဲဒီလိုပါပဲ။
အမျိုးသားတွေ အရက်ကြောင့် ရောဂါ ဝေဒနာတွေ ခံစားကြရသလို ခံစားကြရမှာပါပဲ။
ပိုဆိုးတာက အမျိုးသမီးတွေက ခန္ဓာကိုယ် ဖွဲ့စည်းပုံအရ ပိုပြီး ထိခိုက်ဖို့ လွယ်ကူတဲ့အတွက် ဆေးလိပ်ဒဏ်၊ အရက်ဒဏ်ကို အမျိုးသားတွေထက် ပိုပြီး ခံစားကြရပါတယ်။

ဒီဗီဒီယိုလေးကို ကျန်းမာရေးလောကထဲက သူတွေအတွက် အဓိက ရည်ရွယ် မျှဝေပေးလိုက်တာပါ။
အနည်းငယ် ရိုင်းနေရင် နားလည် ခွင့်လွှတ် ပေးစေလိုပါတယ်။


Related Posts :



No comments: