Saturday, April 4, 2009

Free Myanmar Health Forum


Public health in myanmar blog မှာ contributor တစ်ယောက်အနေနဲ့ ပါဝင်ရေးသားခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီ blog ရဲ့ cbox မှာ ပြည်သူပြည်သားတွေအနေနဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး မေးချင်သိချင်တာလေးတွေကို မေးထားကြတာတွေ့ရပါတယ်။ ကျန်းမာရေးပညာပေးတယ်ဆိုတာ ဆရာဝန် စာရေးဆရာတွေက ရေးတဲ့ ဆောင်းပါးတွေကို ဖတ်ရှုရတာ ဗဟုသုတ တိုးပွားရသလို ကိုယ်တိုင်ကိုယ်ကျ ကိုယ်သိချင်တာလေးတွေကို သိတဲ့တတ်တဲ့ လူတွေဆီမှာ အပြန်အလှန် ဆွေးနွေးရတာလည်း ကောင်းလှပါတယ်။ မြန်မာ free health forum ပေါ့ဗျာ။ မြန်မာပြည်မှာ သာမန်အရပ်သားတွေ ပွင်းပွင်းလင်းလင်းမေးခွင့် စုံစမ်းခွင့် ရှိတဲ့ health forum လေးတွေရှိရင် ပြည်သူတွေအနေနဲ့ health awareness ပိုမိုရှိလာမယ်ထင်ပါတယ်။ တကယ်လို့ရှိခဲ့ရင်လည်း အားပေးမယ့် ပရိသတ်ကတော့ မနည်းလှပါဘူး။ ဆရာဝန်တွေ အများစု ဟာ ဆေးခန်းမှာဆိုရင် လူနာတွေကို ထိရောက်ပြီး အပြန်အလှန်သဘာပါတဲ့ health education တွေကို ပေးဖို့ ဟောပြောဖို့ ၀န်လေးတတ်ကြပါတယ်။ လွတ်လပ်စွာ မေးခွင့်ရှိတဲ့ forum တွေသာ ရှိလာရင် သိလိုမေးလိုတဲ့ ပြည်သူတွေအတွက် knowledge window လေးတစ်ခုရလာတာပေါ့ဗျာ။ နည်းပညာနဲ့ ငွေကြေးတတ်နိုင်တဲ့ သူတွေများ ဒီ blog ကို ဖတ်မိပြီး ပြည်သူတွေအတွက် forum လေးတစ်ခု ထောင်ပေးနိုင်ရင်တော့ ၀မ်းသာစရာ အတိပေါ့ဗျာ။


Related Posts :



14 comments:

Anonymous said...

နားထဲက အမွေးရှည်တွေ ထွက်နေတာကို နှုတ်ပစ်ရင် အန္တရာယ်များ ရှိနိုင်မလား ဆရာဇီဝကခင်ဗျာ။ ဘာကြောင့် နားမှာမှ အမွှေးလာပေါက်ရတာလဲ။ ဘာလုပ်ရပါမလဲ။

Nge Naing said...

ှဆရာဇီဝကရေ
ဒီဘလော့ဂ်မှာ စာရေးသူ အသစ်တယောက် တိုးလာတာ ၀မ်းသာပါတယ်။ C-Box မှာ လူနာမေးခွန်းမေးတာကို စစချင်းပဲ ဂရုစိုက်လို့လည်း ကျေးဇူးတင်ပါတယ်။ ဒီဘလော့ဂ်မှာက ကိုယ်တင်တဲ့ပို့စ်က မေးခွန်းကို ပို့စ်တင်တဲ့သူက တာဝန်ယူပေမယ့် C-Box က မေးခွန်းတွေကို ဖြေတာကတော့ ကြုံတဲ့သူက ကြုံသလိုဝင်ဖြေပေးကြပါတယ်။ ဒီအထဲမှာ ကိုယ်ပိုင်ဘလော့ဂ် မရှိတဲ့ ကျွန်မက ဒီဘလော့ဂ်ကို အများဆုံး ပိုရောက်တော့ ကျွန်မကပဲ အများဆုံး ဖြေဖြစ်ပါတယ်။ အခုတော့ C-Box မေးခွန်းတွေကို ဖြေပေးဖို့ အဖေါ်တယောက် တိုးလာလို့ ၀မ်းသာပါတယ်

ဆရာဇီဝက ပြောတဲ့ အောက်ကစာသားလေးနဲ့ ပတ်သက်ပြီး အနည်းငယ် သိချင်လို့ပါ။

"ဆရာဝန်တွေ အများစု ဟာ ဆေးခန်းမှာဆိုရင် လူနာတွေကို ထိရောက်ပြီး အပြန်အလှန်သဘာပါတဲ့ health education တွေကို ပေးဖို့ ဟောပြောဖို့ ၀န်လေးတတ်ကြပါတယ်။ လွတ်လပ်စွာ မေးခွင့်ရှိတဲ့ forum တွေသာ ရှိလာရင် သိလိုမေးလိုတဲ့ ပြည်သူတွေအတွက် knowledge window လေးတစ်ခုရလာတာပေါ့ဗျာ"။ ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်မနားမလည်လို့ပါ။ သိချင်တာကို မေးဖို့က လူနာရဲ့ တာဝန်ဖြစ်ပြီး ကုသမှုနဲ့ ကုသနေတဲ့ ရောဂါနဲ့ ပတ်သက်ပြီး လူနာကို နားလည်အောင် ရှင်းပြဖို့က Health Education ကို တာဝန်ယူထားတဲ့ Health Care Professional ရဲ့ တာဝန်ပဲမဟုတ်လား။ ဒီတော့ အထက်က စာပိုဒ်ပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး ကျွန်မအတွက် သိချင်စရာလေးတွေက အတွေးထဲဝင်လာတယ်။ နိုင်ငံခြားတိုင်းပြည်တွေမှာ Health Education ကို ၉၀ ခုနှစ်တွေမှာ သူနာပြုပညာရေးကို Vocational training အဆင့်ကကနေ Academic Education အဖြစ် တက္ကသိုလ်တွေကို ပြောင်းလိုက်တဲ့အချိန်ကစပြီး သူနာပြုတွေက အခြေခံလူထုကို ကျန်းမာရေးပညာပေးတဲ့ တာဝန်ယူပါတယ်။ မြန်မာပြည်မှာကတော့ Health Education ကို အဓိက တာဝန်ယူသူက ဆရာဝန်တွေပဲ ဖြစ်နေသေးတယ်လို့ ကျွန်မသိထားတယ်။ ဆရာဝန်တွေက ကျန်းမာရေးနဲ့ ပတ်သက်ပြီး အဓိပညာပေးသူ ဖြစ်လို့ ရှင်းပြဖို့ကို ၀န်လေးနေလို့ ဖြစ်ပါ့မလား။ ပြီးတော့ လူနာတွေက ဘာဖြစ်လို့ အပြန်အလှန် မေးခွင့်မရှိ ဒါမှမဟုတ် မမေးကြတာလဲ ဆိုတာ ကျွန်မသိပ်သိချင်ပါတယ်။ ဘာဖြစ်လို့ ဒီလိုဖြစ်နေတယ် ဆိုတာသာ မသိတာ အခြေအနေတွေက ဒီလိုဖြစ်နေတယ်ဆိုတာကိုတော့ ဒီဘလော့ဂ်မှာ ဆရာဝန်ဆီက ပြန်လာပြီးမှ ကိုယ်ပြခဲ့တဲ့ ဆရာဝန်ဆီမှာ မေးရမယ့် မေးခွန်းတွေကို ဒီမှာ လာလာမေးနေတာကို ကြည့်ပြီး ခန့်မှန်းလို့ ရပါတယ်။ အဲဒီလို မကြာခဏ ကြုံရလို့ အမှန်က ဆရာဝန်မပြခင်သာ ဘာလုပ်ရမှန်းမသိလို့ အကြံတောင်းတဲ့ပုံစံနဲ့ မေးတာကို ဖြေဖို့ အဆင်ပြေပေမယ့် ဆရာဝန်ပြပြီးမှ လာမေးတဲ့သူတွေကိုကျတော့ သူတို့ပြောသလောက် အချက်အလက်လေး အနည်းငယ်နဲ့ ကိုယ်တိုင်မစမ်းသပ်ရပဲ ကိုယ်တိုင်စမ်းသပ်ကြည့်ရှုပေးတဲ့ ဆရာဝန်လောက် ဒီဘလော့ဂ်က စာရေးသူတွေ သိနိုင်မှာမဟုတ်ဘူးဆိုတာ သဘောပေါက် အောင် ပြန်ရှင်းပြရတာတွေ အကြိမ်ကြိမ် ရှိခဲ့ပါတယ်။ ဆရာဇိဝကက ပြည်တွင်းက ဆရာဝန်တယောက်ဆိုရင် ဘာဖြစ်လို့ ဒီလိုဖြစ်နေတာလဲဆိုတာ သိရင် နည်းနည်းလောက် မျှဝေပေး စေချင်ပါတယ်။ ပို့စ်ထက် Comment ကရှည်သွားတာ ဆောရီးပဲနော့်။

ziwakka said...

ဆရာဝန်တွေက ပျင်းပါတယ်။ တချို့က သိတယ် ရှည်ရှည်ဝေးဝေးပြောပြရမှာပျင်းလို့။ အထူးကု ဆရာဝန်ကြီးတွေကို ကြည့်။ ဆရာဝန်တွေ ပျင်းနေတာကို လူနာတွေက လက်ခံနေတော့ သူတို့လည်း တ၀က်တော့ ဆိုင်တယ်ဗျ။ ဆရာဝန်တွေကို complaint တွေ တက်ရမယ်။ တိုင်ရမယ်။ တန်းရမယ်။ တရားဆွဲရမယ်။ ဒီလို များများလုပ်မှ စည်းကမ်းဆိုတာတွေ ကျင့်ဝတ်ဆိုတာတွေကို များများတင်းကျပ်နိုင်ကာမှ ဆေးလောက ကြီး ပျက်စီးခြင်းက ကာကွယ်နိုင်တာပါ။ ဆရာဝန်တွေ ဘက်ကနေ ပြန်ပြီးတော့ ပြောစရာရှိတာက ဒီမှာ အလုပ်လုပ်ရတာ လခက နှပဲခြောက်ပြားပါ။ professional တစ်ယောက်အနေနဲ့ ရပ်တည်လို့ မရပါဘူး။ ပြောရရင်တော့ ဇာတ်လမ်းက တော်တော်ရှုပ်တယ်ဗျ။ အခုလို့ စဉ်းစားပြီးမေးတဲ့ အတွက် လည်း မငယ်နိုင်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်က စာရေးရင် နည်းနည်းလေး ဒဲဒိုးရေးတတ်တယ်။ သည်းခံပေးပါခင်ဗျာ။

tune said...

ဝင်ရှုပ်မယ်နော်။
မြန်မာနိုင်ငံရဲ့ ဆရာဝန်- လူနာ ဆက်ဆံရေးနဲ့ ဆိုင်ပါတယ်။
ကျွန်မတို့ လူမျိုးတွေက အလွန်အကျွံ အထင်ကြီး၊ အလွန်အကျွံ အထင်သေးတတ်တဲ့ စရိုက်ကလေးတွေ ရှိတယ်လို့ ထင်ပါတယ်။
ဆရာဝန်ပြောရင် ဘာမဆို မှန်နေတယ်၊ မှန်ရမယ်လို့ ထင်တာမျိုးလဲ ရှိပါတယ်။
ကျွန်မ ယောင်းမလေး ကိုယ်ဝန်ရှိတော့ ဆေးခန်း ပုံမှန် ပြနေရပါတယ်။
သူက မသိတာရှိရင် ကျွန်မကို လှမ်းပြီး ဖုန်းဆက်မေးတတ်ပါတယ်။
ကျွန်မကလဲ ဆေးကုနေတဲ့သူ မဟုတ်တော့ သူမေးရင် စာအုပ် ပြန်လှန်ပြီး ဖြေပေးပါတယ်။
တစ်ရက်မှာ သူ့ကို အိုဂျီက ပေးတဲ့ ဆေးက ကိုယ်ဝန်ဆောင်နဲ့ မတည့်ဘူးဆိုတာ သူသိပါတယ်။
ဒါနဲ့ အိုဂျီကို သူက မတည့်ဘူး မဟုတ်လားလို့ ပြန်မေးတော့ ဟိုက စဉ်းစားသွားပြီး ဆေးပြောင်းပေးပါတယ်။
ဒါပေမယ့် ဘေးက လိုက်လာတဲ့ သူ့အစ်မက " နင် ဆရာဝန်ကို အဲဒီလို ပြန်ပြောရလား .. နောက် ငါ နင်နဲ့ မလိုက်တော့ဘူး " ဆိုပြီး သူ့ကို စိတ်ဆိုးပါတယ်။
အဲဒီတော့ တစ်ဖက်တည်း လွန်တာ မဟုတ်ပါဘူး။
နှစ်ဦးနှစ်ဖက် လွန်ကြတာပါ။

မြန်မာလူမျိုးများရဲ့ Anthropolgoy လို့ ပြောရမယ် ထင်တယ်။
မျက်စိဖွင့်ပေးပြီး empower လုပ်ဖို့ အများကြီး လိုပါတယ်။
လူကြီးကို ပြန်မပြောရ ငရဲကြီးမယ်။
ပညာရှင်တွေကို ပြန်မပြောရ စော်ကားရာ ရောက်မယ်။
အဲလိုတွေ ငယ်ကတည်းက သင်လွှတ်လိုက်တာ မဟုတ်လား။

အဲဒါကြောင့် social and behaivoral ပိုင်းက ပြည်သူ့ကျန်းမာရေးမှာ အလွန်ကို အရေးပါတဲ့ အနေအထားမှာ ရှိနေတယ်လို့ ပြောချင်တယ်။

တကယ် လူတွေကို အသိပညာရစေချင်တယ်ဆိုရင် သူတို့ အနေအထားတွေကို နားမလည်ဘဲ သူတို့ကို ဘယ်လိုမှ နားပေါက်အောင် မပြောနိုင်ပါဘူး။
blaming of victim လောက် လွယ်တာ လောကမှာ မရှိဘူး။
victim တွေ ဘာကြောင့် ဘယ်လို ဖြစ်နေတယ်ဆိုတာကို ပညာရှင်ဆိုသူတွေက အများကြီး နားလည်နိုင်ပြီး ဘယ်လို လက်လှမ်းမီအောင် လုပ်ရမယ်ဆိုတာကို ကြိုးစားဆောင်ရွက်ဖို့ လိုပါတယ်။
community က နလပိန်းတုံး မဟုတ်ပါဘူး။
သူတို့မှာလဲ ရှိသင့်တာလေးတွေ ရှိထားပြီးသားပါ။
ဒါတွေကို ဖော်ထုတ်ပြီး မကောင်းတာတွေကို ဘယ်လို ပြောင်းမလဲ၊ ကောင်းတာတွေကို ဘယ်လို ဆက်တည်မြဲအောင် လုပ်မလဲဆိုတာ ပြည်သူ့ကျန်းမာရေးအတွက် ဆောင်ရွက်နေသူတွေ အားလုံး ခေါင်းထဲမှာ ထားသင့်တဲ့ အရာလို့ ယူဆမိပါတယ်။
ပိုမြင့်လေ စိတ် အနေအထား ကျယ်ပြန့်မှု ပိုရှိသင့်လေလို့ ယူဆမိပါတယ်။

Nge Naing said...

ဆရာဇိဝကနဲ့ Tune နှစ်ဦးစလုံးရဲ့ ပြန်ဆွေးနွေးပေးတဲ့အချက်တွေအတွက် ကျေးဇူးတင်ပါတယ်။ ဆွေးနွေးတာတွေကို သဘောပေါက်သလိုတော့ ရှိပါတယ်။ ဆရာ ဇိဝက ပြောသလိုပဲ ပြောရင်တော့ ရှည်တယ်ဆိုတာတော့ ဟုတ်မယ် ကျွန်မလည်း အားတဲ့အချိန်နဲ့ ကြုံမှပဲ ထပ်ဆွေးနွေးဦးမယ်။ မြန်မာပြည်မှာ ဘယ်လို Health Care System ကို ကျင့်သုံးနတယ်ဆိုတာနဲ့ Health Care Professionals တွေကြားမှာ တာဝန်ဘယ်လို ခွဲဝေထားတယ်ဆိုတာ ကျွန်မ မသိတာတော့အမှန်ပါ။

Ye-Mon said...

မှတ်ချက်တွေတော့ အတော်များများပဲ (ကျွန်တော်တို့ ဘလောက်ရဲ့ စံနှုန်းအရဆိုရင်ပေါ့)။ ကျွန်တော်လည်း နည်းနည်းဝင်ပါမှ ခေတ်မီမယ်။

ကျွန်တော်တို့ နိုင်ငံမှာ လူနာအများစုက ဆရာဝန်တွေအပေါ် အထင်ကြီးတာအပြင် အလွန်အကျွံမျှော်လင့်တာမျိုးလည်း (high expectation) ရှိတယ်လို့ထင်ပါတယ်။ “ဆရာဝန်” လို့ ဆိုလိုက်ရင် ကျန်းမာရေးနဲ့ ပတ်သက်ပြီး “အကုန်လုံး” သိမယ်လို့ ယူဆတာမျိုး၊ သူပြောရင် မှန်မှာပဲ ဆိုပြီး မျက်စိမှိတ် ယုံလိုက်တာမျိုး ကို ပြောတာပါ။

တစ်ဖက်မှာ ဆရာဝန်တွေ (အများစု) ကိုယ်တိုင်ကလည်း ပြန်လှန်မေးခွန်းထုတ်ရင် ပညာစမ်းတာလား၊ လျှာရှည်တာလား ဆိုပြီး သိပ်မကြိုက်တတ်ကြပါ။ ဈေးကွက်စီးပွားရေး စနစ်မှာ ၁၀ မိနစ်ကို လူနာတစ်ယောက်နှုန်းလောက် ကြည့်ရှုနိုင်နေရာကနေ လေရှည် ပေရှည်ပြီး နှစ်သိမ့်ဆွေးနွေး၊ ရှည်ရှည်ဝေးဝေး အတိုင်ပင်ခံနေရရင် ဒီဆရာဝန်တော့ သိပ်တွက်ချေကိုက်မယ် မထင်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေက ဆရာဝန်တွေကတော့ စကားများများ ပြောနိုင်ပါတယ်။ ဒီလိုပြောနိုင်အောင်လည်း သူတို့ကို (အစိုးကဖြစ်ဖြစ်၊ အာမခံ ကုမ္ပဏီကဖြစ်ဖြစ်၊ လူနာကိုယ်တိုင်ကဖြစ်ဖြစ်) အတိုင်ပင်ခံခ စို့စို့ပို့ပို့ ပေးထားတာကိုး။ ကျွန်တော်တို့ဆီကတော့ မတတ်နိုင်သူများတယ်။ ရှင်းရှင်းပြောရင် ဆန်ပေးလို့ ဆီရတာပဲ။ “အချိန်” လိုချင်ရင်တော့ “စိန်” ပေးရမလား မပြောတတ်။

ဒီတော့ ကျွန်တော်တို့တတွေ Demand (လူနာတွေက ဒီလို ၀န်ဆောင်မှုမျိုးကို တောင်းဆိုလာအောင်၊ တောင်းဆိုလာတတ်အောင် ဆောင်ရွက်ပေးခြင်း) ကနေ စကြမလား။ Supply (ဆရာဝန်တွေဖက်က တိုင်ပင်ဆွေးနွေးတဲ့ အချိန် ပိုပေးခြင်း) ကနေ စကြမလား။

Nu Thwe said...

ဆရာ ဇီဝကရေ...
“ဆရာဝန်တွေကို complaint တွေ တက်ရမယ်။ တိုင်ရမယ်။ တန်းရမယ်။ တရားစွဲရမယ်” ဆိုတာကိုတော့ ကျွန်မ သဘောမတူလှဘူး။ အကြောင်းကတော့ “ဒီလို ဖြစ်မှ ဒီအမူအကျင့်တွေ ပြောင်းမယ်” ဆိုတဲ့ အဖြစ်မျိုး မရောက်စေချင်လို့ပါ။

လူနာနဲ့ ဆရာဝန် ဆက်ဆံရေးဟာ ယုံကြည်မှုပေါ်မှာ အများကြီး မူတည်ပါတယ်။ အဲဒီယုံကြည်မှု ပျက်ပြားပြီး အကြောက်တရားနဲ့ defensive medicine ကို ကျင့်သုံးရရင်လည်း နှစ်ဦးနှစ်ဖက် နှစ်လိုဖွယ် therapeutic relationship ဘယ်ရှိပါတော့မလဲ။ မြန်မာတွေ တန်ဖိုးထားတဲ့ စေတနာ ဆိုတာရော ရှိနိုင်ပါဦးမလား။

ကျွန်မရဲ့ ရှေးဦးပို့စ်တစ်ခုမှာ ရေးခဲ့သလိုပဲ “ဆရာဝန်တွေဟာ ရှိသမျှ တတ်သိတာဝန်ယူနိုင်တဲ့ နတ်ဘုရားတွေ မဟုတ်သလို၊ လူနာတွေဟာလည်း ဘာမှမသိတဲ့ ဘာတာဝန်မှ မယူနိုင်တဲ့ နလပိန်းတုံးတွေ မဟုတ်ပါဘူး”

လူနာကို သိသင့်တဲ့ အချက်အားလုံး သူနားလည်မယ့် အရပ်စကားနဲ့ ရှင်းပြပြီး၊ ချင့်ချိန်စဉ်းစားထားတဲ့ ဆုံးဖြတ်ချက် (valid informed decision) ချနိုင်အောင် ကူညီရပါမယ်။

ဒီနေရာမှာ သတိထားရမှာက (မြန်မာနိုင်ငံမှာတင်မက ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာပါ) တချို့လူနာတွေက paternalistic approach (မိဘသဖွယ် ကောင်းကျိုးရှေးရှု တာဝန်ယူမှု) ကို ကြိုက်ပါတယ်။ ဆရာဝန်က ဦးဆောင်တဲ့ authoritative ဆန်တဲ့ ဆုံးဖြတ်ချက်မျိုးကို ပိုလိုလားတာပေါ့။ သဘာဝလည်း ကျပါတယ်။ ဒီလိုလူနာမျိုးကို အပေါ်က ပြောသလိုမျိုး ဒါကဒီလို၊ ဟိုဟာကဟိုလို ရှိတယ် ဆိုပြီး pros and cons တွေပဲ အများကြီး သွားရှင်းနေပြန်ရင် ဘာမှ သေသေချာချာ မသိ၊ မဆုံးဖြတ်နိုင်တဲ့ ဆရာဝန်လို့ အထင်ခံရပြီး အလုပ်မဖြစ်ပြန်ဘူး။

ကျွန်မရဲ့သဘောကတော့ ဆရာဝန်ကပဲ ဆုံးဖြတ်ချက်ကို လမ်းကြောင်းပေးသင့်တယ်။ ဘာကြောင့် ဒီလို ဆုံးဖြတ်ရတယ် ဆိုတာကိုတော့ ရှင်းပြရပါမယ်။ အကြောင်းကို မသိပဲ ဒီအတိုင်း လက်ခံတတ်တဲ့ အကျင့်ကို ပျောက်အောင်ပေါ့။ အမူအကျင့်တွေကို ပြောင်းတယ်ဆိုတာ နှစ်ကာလနဲ့ စိတ်ရှည်မှု လိုပါတယ်။ Clear and consistent message ကိုလည်း အမြဲ သတိရှိပြီး ထိန်းသိမ်းထားရပါမယ်။ Collective commitment လည်း လိုပါတယ်။

ငွေသည် major driving factor တစ်ခုဆိုတာကိုလည်း ကျွန်မ မငြင်းပါဘူး။ ဆရာဝန်တစ်ယောက်ရဲ့ အချိန်၊ အားထုတ်ရမှု၊ တာဝန်ယူရမှုကို အခြား ပစ္စည်းတွေလိုပဲ တန်ရာတန်ကြေး ပေးသင့်ပါတယ်။ ထိုက်တန်တဲ့ service တော့ ပြန်ရရမှာပေါ့။ ဒီအတွက် ဘယ်က စမလဲဆိုတဲ့ ဆရာရဲမွန်ရဲ့ မေးခွန်းကိုတော့ ကျွန်မ မဖြေတတ်ပါ။ Perhaps we should find a middle ground!

Nge Naing said...

ကျွန်မကတော့ ဆရာဝန်တွေကို complaint လုပ်ရမယ်ဆိုတဲ့ ဆရာဇိဝက ပြောတဲ့အချက်ကို လက်ခံပြီး ငွေရေးကြေးရေးကြောင့် ဒီလိုဖြစ်ရတယ်ဆိုတဲ့ ဆရာရဲမွန်ရဲ့အချက်ကိုတော့ တော်တော်ကို စိတ်မကောင်းဖြစ်မိတယ်။ ဆရာဝန်လည်း မဂ်ဖို ရထားသူတွေမဟုတ် သာမာန် Ordinary human beings တွေပဲဖြစ်တော့ အမှားမကင်းနိုင်ပါဘူး။ ပြီးတော့ လူတွေမှာ ကိုယ့်အမှားကိုယ် သိပ်မမြင်တတ်ကြတဲ့ သဘောသဘာဝ ကလည်း ရှိတော့ ဘာမှားနေတယ်ဆိုတာကို ဘယ်သူမှ မထောက်ပြရင် သိမှာမဟုတ်လို့ အပြုသဘောဆောင်တဲ့ Complaint ဆိုတာ ဆရာဝန်တွေအတွက်မှ မဟုတ်ဘူး လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့ ပျက်ကွက်နေတဲ့ ဘယ်သူ့အတွက်မဆို ရှိမှဖြစ်မယ်။ ဆရာရဲမွန်ပြောတဲ့အတိုင်း ဆရာဝန်အများစုက မေးခွန်းမေးတာကို ပညာစမ်းတယ်ထင်ကြတယ် ဆိုရင် အဲဒီလို ထင်တဲ့ဆရာဝန်တွေဟာ Health Care law, code of ethnics , code of professional conducts, interpersonal communications နဲ့ Evidence based Practice တွေကို နားမလည်လို့ ဒါမှမဟုတ် လစ်လျူရှုလို့ သာဖြစ်လိမ့်မယ်။ Safety ဆိုရင် ရောဂါနားလည်ရုံ ဆေးနားလည်ရုံနဲ့ မရနိုင်ပါဘူး။ ဒါကြောင့် ပြင်ဖို့လိုရင် ဆရာဝန်တွေက အရင်ပြင်ပြီး လူနာတွေကို နားလည်အောင် လုပ်ပေးရလိမ့်မယ်လို့ ကျွန်မထင်တယ်။ တဲတဆောင်မှာ အမိုးနဲ့အကာ နှစ်ခုစလုံး လုံခြုံမှ နေဒဏ်၊ မိုးဒဏ် လေဒဏ်က လုံခြုံမှာဖြစ်ပါတယ်။ တပြိုင်တည်းလုပ်ဖို့ လိုပါတယ်။ ဒါပေမယ့် တပြိုင်တည်းလုပ်လို့ မဖြစ်နိုင်ဘူး တခုကို အရင်လုပ်မှ ဖြစ်မယ်ဆိုရင်တော့ အမိုးနဲ့ အကာမှာဘာကို အရင်လုပ်မလဲဆိုရင် အမိုးလုံရင် နေပူဒဏ်နဲ့ မိုးစိုတဲ့ဒဏ်မခံရတော့လို့ အကာမရှိပေမယ့် ကျန်းမာရေးကို အတော်အသင့် တောင့်ခံထားနိုင်သေးလို့ ဘာမှ မရှိတာနဲ့စာရင် အမိုးကိုလုံအောင် အရင်လုပ်ဖို့ ပိုအရေးကြီးပါတယ်လို့ ကျွန်မထင်တယ်။

Nu Thwe said...

မငယ်နိုင် ပြောတာကို သဘောတရားအရ (in principle) လက်ခံပါတယ်။ ဆရာဝန်တွေရဲ့ နတ်ဘုရားဝါဒကို ပြင်ဖို့ ထောက်ပြတဲ့ စနစ် လိုတယ် ဆိုတာကို ဖြည့်စွက်ဆွေးနွေးသွားတာ ကျေးဇူးတင်ပါတယ်။ We need to keep this kind of discussion going!

ဆရာဝန်တွေရဲ့ ခံယူချက်နဲ့ အလေ့အကျင့်ကို ပြောင်းဖို့ဆို ဆေးတက္ကသိုလ်မှာကတည်းက ethics and medico-legal aspects သင်တဲ့အခါ ဒါတွေကို ထည့်သင်ရမယ်။ ပတ်ဝန်းကျင်မှာလည်း ဒီအလေ့အထတွေ ထွန်းကားနေရင် ပိုကောင်းတာပေါ့။ အတုယူစရာ အရှင်လတ်လတ် ဥပမာကောင်းတွေကို မြင်နေရတယ်လေ။ မဟုတ်လို့ကတော့ ဒါတွေက အလကားပါဆိုပြီး လက်တွေ့ ပြောင်းလဲကျင့်သုံးမှု အဆင့်ထိ ရောက်လာမှာ မဟုတ်ပါဘူး။

ဆရာဝန်တွေမှာ သူတို့ရဲ့ ပညာအပေါ် တန်ရာတန်ကြေး ရပိုင်ခွင့် rights ရှိသလို သူတို့ရဲ့ ဆုံးဖြတ်ချက် ကုသချက်အပေါ် တာဝန်ယူမှု responsibilities လည်း ရှိပါတယ်။ ထို့နည်းတူပဲ လူနာတွေမှာလည်း သူတို့ရဲ့ ရပိုင်ခွင့် (သူတို့ ရောဂါနဲ့ ပတ်သက်တာကို သိရှိခွင့်၊ မေးမြန်းခွင့်) နဲ့ တာဝန်ယူရမှု (ဆေးမှန်မှန် သောက်ခြင်း၊ ပေးတဲ့ အကြံကို လိုက်နာခြင်း စသဖြင့်) ရှိပါတယ်။ ဒါကို ကျယ်ကျယ်ပြန့်ပြန့် သိအောင် လုပ်ပေးရမယ်။ မျှမျှတတပေါ့။

တဖက်က စဉ်းစားတော့လည်း ဒီဆေးကျောင်းတွေကပဲ အောင်လာတဲ့ ဆရာဝန်ချင်း နိုင်ငံခြားမှာ အလုပ်လုပ်နေသူတွေကတော့ ဘာလို့ ဒါတွေ လုပ်နိုင်ရသလဲ ဆိုတာ မေးစရာပါ။ အကြောင်းတစ်ခုမက ရှိပေမယ့် အလွယ်ဆုံးအဖြေကတော့ “မလုပ်လို့မှ မရတာ”။ ဘာလို့ မရသလဲ ဆိုတော့ ဒီနိုင်ငံတွေမှာ အားလုံး ဒီလိုပဲ ခံယူကျင့်သုံးတယ်။ ငါတကော ကောသူတွေအတွက် နေရာ သိပ်မရှိဘူး။ နောက်ပြီး စည်းမျဉ်းစည်းကမ်းတွေ (မြန်မာပြည်မှာလည်း ရှိတယ်လို့ ထင်ပါတယ်) ရော၊ ဒီစည်းကမ်းတွေကို လိုက်နာဖို့ စည်းကြပ်တဲ့ အစီအစဉ် (enforcement) တွေပါ ရှိတယ်လေ။ လူထုကလည်း ဆရာဝန်နဲ့ ဆေးပညာရှင်တွေဆီက ဘာကို မျှော်လင့်ရမယ်ဆိုတာ သိနေတယ်။ မရရင် ဘာလို့ မရတာလဲ မေးနိုင်တယ် ဆိုတာလည်း သိတယ်။ ယဉ်ယဉ်ကျေးကျေး မေးတတ်တဲ့ အကျင့်ကလည်း အရိုးစွဲနေပြီ။ ဒီနေရာမှာ complaint နဲ့ ဆက်စပ်သွားပါတယ်။

Complaint လို့ ဆိုလိုက်ရင် ကိုယ်ကိုယ်တိုင် အပါအ၀င် အများစုက တိုင်တန်းခြင်း၊ တရားစွဲခြင်းဆိုတဲ့ အကြီးစား formal complaints တွေကိုပဲ ပြေးမြင်တတ်ပါတယ်။ ဒါဟာ ဆရာဝန်အတွက်ရော၊ လူနာ (လူနာရှင်) အတွက်ရော stressful process တစ်ခု ဖြစ်ပါတယ်။ ဒီအဆင့်ကို ရောက်စရာ မလိုပဲ ပြီးနိုင်ရင်တော့ ကောင်းတာပေါ့။

တကယ်တော့ complaint အနုစားနဲ့ အရင့်စား ရှိပါတယ်။ အနုစားက ယေဘူယျအားဖြင့် ပြီးလွယ်ပြေလွယ်လို့ ပြောမယ်ဆို ပြောနိုင်ပါတယ်။

အနုစား informal complaint ဆိုတာ ဆရာဝန်၊ ဆရာမ၊ ဆေးရုံရဲ့ ၀န်ဆောင်မှုကို မကျေနပ်လို့ ပါးစပ်နဲ့ ထုတ်ဖော်ပြောကြားတာမျိုးပါ။ စာနဲ့ ရေးပြီး တိုင်ကြားတဲ့ formal complaint အဆင့် မရောက်ခင်ပေါ့။ customer's feedback သဘောပါပဲ။ ဒါကို သက်ဆိုင်ရာ ပုဂ္ဂိုလ် သို့မဟုတ် သူ့မန်နေဂျာက လက်ခံ နားထောင် ဖြေရှင်းလိုက်လို့ ရပါတယ်။ နှစ်ဦးနှစ်ဖက် နားလည် အဆင်ပြေသွားတတ်ပါတယ်။ ရန်ဖြစ်စရာ မလိုပါဘူး။ အငြိုးအတေးလည်း ပွါးစရာ မရှိပါဘူး။ လူနာ့ကောင်းကျိုး၊ ဆေးရုံကောင်းကျိုးအတွက်ဆိုတာ နှစ်ဦးနှစ်ဖက် လက်ခံတယ် ဆိုပါတော့။

ယူကေဆေးရုံအုပ်စု (NHS Hospital Trusts) တွေမှာတော့ customers services department တွေ ရှိပါတယ်။ သူတို့က အရင့်စား formal complaints တွေအားလုံးကို စနစ်တကျ စစ်ဆေး ဖြေကြားပါတယ်။ Protocol အတိအကျနဲ့ လာသမျှ complaints ကို အရေးတယူ အတွင်းကျကျ စစ်ဆေးရတာပါ။ လူနာ (လူနာရှင်) ကိုလည်း complaint procedure ကို စာနဲ့ ဘာနဲ့ အကျအနပေးပြီး ရှင်းပြကူညီပါတယ်။ ပြီးရင်တော့ ထောင့်စုံအောင် (ဆေးရုံဝန်ထမ်း) လူစေ့တက်စေ့ စုံစမ်း မှတ်တမ်းတင်တော့တာပဲ။

ဆရာဝန်ရဲ့ conduct (သမားအမူအကျင့်) နဲ့ ပတ်သက်တဲ့ စွဲချက်တွေကိုတော့ General Medical Council ကို တိုက်ရိုက် တိုင်ကြားနိုင်ပါတယ်။ Medical Defense Unions တွေ (ရှေ့နေတွေ) ပါလာပြီပေါ့။ ဒီနိုင်ငံတွေမှာတော့ ဆရာဝန် လုပ်ပြီ ဆိုတာနဲ့ medical defense အတွက် အာမခံ ထားရပါတယ်။ ကိစ္စ ဖြစ်လာရင် ကိုယ့်ကို ဥပဒေပိုင်းဆိုင်ရာ အကြံပေးခြင်း၊ ကိုယ့်အတွက် လျှောက်လဲပေးခြင်း လိုမှာမို့ပါ။

Complaints တွေအားလုံး အချက်အလက်နဲ့ တင်ပြခြင်း ဖြစ်ပြီး တိုင်တန်းသူ ဘယ်သူဆိုတာ အသိပေးပါတယ်။ အခြေအမြစ် မရှိ ပစ်စာမျိုးကိုတော့ ဘယ်သူကမှ မတုံ့ပြန်ပါဘူး။ အလကားနေရင်း သတင်းစာထဲမှာ သွားအော်လို့ မရပါဘူး။ အသရေ ဖျက်မှု defamation နဲ့ ပြန်တောင် တရားစွဲခံရဖို့ ရှိပါတယ်။

တိကျတဲ့ complaint ဆိုရင်တော့ ရှိသမျှ မှတ်တမ်းမှတ်ရာ အကုန် မြေလှန်စစ်ဆေးတော့တာပဲ။ ဆရာဝန် မှတ်တမ်း၊ သူနာပြု မှတ်တမ်း၊ ဆရာဝန် အချင်းချင်း လူနာကိစ္စနဲ့ ဆက်သွယ်တဲ့ စာ၊ အလုပ် အချိန်ဇယား စသဖြင့် အကုန် ပြန်ဖတ်တာပါ။ နှစ်ဦးနှစ်ဖက် မျှတဖို့ ဆိုတာက တိကျတဲ့ အထောက်အထား လိုတာကိုး။ အချိန်ကုန် ပိုက်ဆံ (ပြည်သူ့ဘဏ္ဍာ) ကုန်ပါတယ်။

လူနာ မှတ်တမ်းဆိုတာကလည်း တော်ရိလျော်ရိ စာရွက်ကလေးမှာ ဟိုခြစ်ဒီခြစ် မဟုတ်ပါဘူး။ အသေးစိတ်တွေ ရေးကြရပါတယ်။ If there is no written evidence for something, it did not happen ပဲ။ နောက်မှ “အဲဒီတုံးက ဒီလို ရှင်းပြလိုက်ပါတယ်။ မရေးလိုက်မိလို့” လုပ်လို့ မရပါဘူး။

ဆရာဝန်က လူနာကို ဆေးတစ်မျိုး ပေးမယ် ဆိုပါစို့။ Informed consent ယူတဲ့ နေရာမှာ ဒီဆေးကို ဘာကြောင့် ပေးရတယ် ဆိုတာ ရှင်းပြရမယ်။ ဘယ်လိုနဲ့ ဘယ်လောက်ကြာကြာ သောက်ရမယ် ဆိုတာ ပြောပြရမယ်။ side effects ဘာတွေ ရတတ်တယ် ဆိုတာ၊ သူ သောက်နေတဲ့ တခြားဆေးတွေအပေါ် သက်ရောက်မှု ရှိ၊ မရှိ ဆိုတာတွေ ပြောထားပြီး ဘာဖြစ်ရင် ဘာလုပ်ရမယ် ဆိုတာ သင်ပေးထားရမယ်။ လူနာ မေးတဲ့ မေးခွန်းတွေကို ဖြေရမယ်။ “ငါ ပေးတဲ့ ဆေး၊ ကောင်းလို့ ပေးတာပေါ့။ ဘာမှ မမေးနဲ့၊ သောက်သာသောက်စမ်း” လို့ လုပ်လို့ မရပါဘူး။ ရှင်းပြပြီးလို့ လူနာက သဘောတူရင် တူကြောင်း၊ မတူရင် မတူကြောင်း ဆရာဝန်က လူနာ့ ဆေးမှတ်တမ်းမှာ အရှိအတိုင်း ရေးရပါတယ်။ နောက်မှ လူနာက “မရှင်းခဲ့လို့ မသိခဲ့ရပါ” လာလုပ်လို့ မရပါဘူး။ ဆေးမှတ်တမ်းတွေကို ပြင်လို့၊ ဖျောက်ဖျက်လို့၊ လိမ်လည်လို့လည်း မရပါဘူး။ ဒါတွေ စစ်ဆေးတွေ့ရှိရင် ဆရာဝန် လိုင်စင် ပြုတ်တဲ့အပြင် ရာဇ၀တ်မှုပါ သင့်ပါတယ်။

ပြန်ချုပ်ရရင် formal complaints ကို စနစ်တကျ အကျိုးရှိအောင် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ဆိုတာက စနစ်တကျ သမာသမတ်မှုကို အာမခံနိုင်တဲ့ အဖွဲ့အစည်းနဲ့ လုပ်ထုံးလုပ်နည်းမျိုး၊ မှတ်တမ်းမှတ်ရာ ကောင်းကောင်း ထားတဲ့ စနစ်မျိုး လိုတယ်။ ဒါတွေ မရှိတဲ့အခါ ဘယ်လို တရားနည်းလမ်းကျစွာ ဆုံးဖြတ်မလဲ ဆိုတာ ပြဿနာ ဖြစ်လာပါတယ်။ ဖြစ်ကတတ်ဆန်းမူတစ်ခု ကောက်ချပြီး တစ်ပွဲတိုး လုပ်လို့မှ မရတာ။ informal complaints ကို ကိုင်တွယ်နိုင်ဖို့ကတော့ အပြုသဘောဆောင်တဲ့ ဝေဖန်ခြင်းနဲ့ ပြန်လည် အသိပေးခြင်း (constructive criticism and feedback) ကို ပြုံးပြုံးလေး နားထောင်ပြီး လိုအပ်တာ ပြောင်းလဲနိုင်တဲ့ ရင့်ကျက်မှု လိုပါတယ်။ ဒါတွေဟာ ကျင့်ယူလို့ ရတဲ့ အရာတွေပါ။

တစ်ဖက်တည်းကပဲ သွားနေလို့ အကြာကြီးနေမှ ရောက်မယ့် ခရီးကို နှစ်ဖက်စလုံးက ပြိုင်တူစပြီး အလယ်မှာ ဆုံနိုင်မယ်ဆို အမြန်ဆုံးနဲ့ အကောင်းဆုံး ဖြစ်မယ်လို့ မြင်ပါတယ်။ ဆရာဝန်တွေဖက်က သဘောထား အမြင်ကျယ်စွာနဲ့ အစပြု promote လုပ်ရင် လူနာတွေဖက်ကလည်း လိုက်ပြောင်းလာမယ်လို့ မှန်းရတာပဲ။ စည်းမျဉ်းစည်းကမ်းတွေကို re-activate လုပ်ရမယ်။

အပြင်ကနေ ပြောနေရတာ ခက်တော့ ခက်ပါတယ်။ ပြည်တွင်းရှိဆရာဝန် အများစုရဲ့ သဘောထားက ဘယ်လိုလဲ ဆိုတဲ့ အပိုင်းကို တစ်ယောက်ယောက်က ဆက်ဆွေးနွေးနိုင်ရင် သိပ်ကောင်းမှာပဲ။ ဆရာ ဇီဝက ???

tune said...

သတိထားမိတာလေး တစ်ခုက အထဲကသူတွေရဲ့ တွေးပုံနဲ့ စိတ်အနေအထားတွေကို အပြင်က သူတွေက နားလည်ဖို့ ခက်နေတယ်။
အတွင်းက အခြေအနေနဲ့ ဖြတ်သန်းရတဲ့ ပုံစံ၊ ဘာကြောင့် အကျယ်ကြီး မတွေးဖြစ်ကြတာလဲဆိုတာကို အပြင်ရောက်တာ ကြာတဲ့ အခါ မေ့သွားကြတယ်လို့ ထင်တယ်။
ဘယ်သူ့ကိုမှ အပြစ်မတင်ချင်ပါဘူး။
အခြေအနေတွေက ဒီလိုပဲ ဖြစ်နေတာကိုး။
ကူညီချင်တယ်ဆိုရင် အနေအထားတွေကို အရင်ဆုံး နားလည်ပြီး၊ ဘာတွေ လိုနေလဲ ဆိုတာ အရင် ဖော်ထုတ်နိုင်မှ ကူနိုင်မယ်လို့ ထင်တာပဲ။
လူတွေရဲ့ behavior က ပတ်ဝန်းကျင် အနေအထားနဲ့ အများကြီး ဆက်စပ်နေပါတယ်။
ရှုထောင့် တစ်ခုထဲက ကြည့်လို့ မရဘူး။
ပြောမှ ပိုရှုပ်သွားလား မသိဘူး။
ပေါက်ပင် ဘာကြောင့် ကိုင်းရတယ်က သွားပြီး အစ ဆွဲမိမှာ စိုးလို့ ဒီမှာပဲ ရပ်တော့မယ်။

Nge Naing said...

Tune ရေ ကျွန်မကတော့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အထဲက အခြေအနေကို မေ့သွားလို့ မဟုတ်ဘူး သိကိုမသိလို့ အခုမှ လေ့လာနေသူ ဖြစ်တယ်လို့ လုံးဝ ၀န်ခံထားပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အထဲမှာတုန်းကလည်း ကြီးကြီးကျယ်ကျယ် နာမကျန်းမဖြစ်ဖူးလို့ လူနာလည်း မဖြစ်ဖူး ပညာရှင်လည်း မဟုတ်ဘူးဆိုတော့ အပြင်မှာနဲ့ ဘာကွာသလဲဆိုတာ နှိုင်းယှဉ်လို့မတတ်လို့ အထဲကသူတွေ ပြေပြမှ သိမယ့် အနေအထားမှာ ရှိပါတယ်။ ကျွန်မက ၉ တန်းအောင်တဲ့အထိပဲ အထဲမှာ နေလာခဲ့တယ်။ ကိုးတန်းဆိုတာ ဒီမှာ ၁၁ တန်းနဲ့ ညီတယ် ဒါပေယ့် ကျွန်မက နှစ်တွေ အတော်ကြီးကြာမှ ၁၀တန်း (မြန်မာပြည်မှာ ရှစ်တန်း) အဆင့်ကနေ ၁၂ ((မြန်မာပြည်မှာ ၁၀ တန်း) တန်းအထိ ဒီကပညာရေးကို ကိုယ်တိုင် ဒီမှာ ပြန်တက်တယ်။ ပြန်တက်တော့ မြန်မာပြည်က ၉ တန်း ၁၀ တန်းစာအုပ်တွေလည်း အကုန်ပြန်မှာပြီး လေ့လာခဲ့လို့ ၁၀ တန်း အင်္ဂလိပ်စာကလွဲပြီး တခြားသင်ရိုးတွေ (သိပ္ပံတွဲကဘာသာတွေမှာ) အကုန်လုံးက ကျွန်မသင်ခဲ့ရတုန်းကအတိုင်းပဲ ဘာမှ မပြောင်းသေးတာ တွေ့ရတယ်။ အခုကျွန်မသားလေးက မူလတန်းမှာ တက်နေတယ်ဆိုတော့ တက္ကသိုလ်အဆင့်ကို မြန်မာပြည်က ပညာရေးကို သိပ်မသိလို့ နိုင်းယှဉ်မတတ်ရင်နေမယ် အခြေခံပညာအဆင့် ပညာရေးမှာ မူလတန်းရော အထက်တန်းပါ ဘာကွာလဲဆိုတာ ကျွန်မက နှစ်နေရာလုံးမှာ သင်ရဖူးသလို ဖြစ်နေတဲ့အတွက် နှိုင်းယှဉ်လို့တတ်ပါတယ်။ ကျန်းမာရေးမှာတော့ မသိတာအမှန်ပဲ မေ့သွားလို့ မဟုတ်ဘူး ဆိုတာ ပြောပြချင်ပါတယ်။ ဒါပေယ့် ကျွန်မ အခုနည်းနည်းတော့ စပြီး သဘောပေါက်သလို ရှိလာပါပြီ ဖြစ်ပေမယ့် လေ့လာနေဆဲပါပဲ။ နုသွဲ့ဆွေးနွေးတာကို သဘောပေါက်ပါတယ် ဘာဖြစ်လို့လည်းဆိုတော့ သူရှိတဲ့နေရာနဲ့ ကျွန်မရှိတဲ့နေရာက ကျန်းမာရေးစနစ်မှာ သိပ်မကွာလို့ပါ။

Nu Thwe said...

ဆက်ပြောလို့ ရပါတယ် မကျွန်း။ စိတ်ဝင်စားပါတယ်။

ဒီမှာ ဆွေးနွေးကြတဲ့ ရည်ရွယ်ချက်ကိုက အသိအမြင်တွေကို အပြုသဘော ဖလှယ်ဖို့ပဲ မဟုတ်လား။ reasoned arguments တွေဟာ healthy discussions ရဲ့ အသက်ပဲ။ different options ဆိုတာ သိမှ well informed decisions ချနိုင်မယ်။ the most suitable/ best available choice ကို ရွေးနိုင်မယ်။ ဒါအတွက် ဒီနေရာလေးဟာ အားလုံးရဲ့ safe & nurturing environment လေး ဖြစ်နေစေချင်ပါတယ်။ ဘယ်သူ့ကိုမှ put off ဖြစ်မသွားစေချင်ဘူး။ အတွင်းကပဲ ဖြစ်ဖြစ်၊ အပြင်ကပဲ ဖြစ်ဖြစ်ပါ။

အပြင်ကလူက သူမြင်ရတဲ့ ကောင်းတာလေးတွေကို ကောင်းစေချင်တဲ့ စေတနာနဲ့ ဖောက်သည်ချမယ်။ အတွင်းကလူက ဒါဟာ အတွင်းအတွက် သင့်တော်အောင် ဘယ်လို modify လုပ်ယူမလဲဆိုတာ ဆွေးနွေးမယ်။ မကောင်းဘူးလား။

အတွင်းကို ကိုယ်တိုင် နားလည်တဲ့ သူမှသာ ကူညီနိုင်မယ်လို့တော့ တရားသေ ပြောလို့မရဘူး။ အတွင်းအကြောင်း သိသူတွေကို ချဉ်းကပ်လို့ ရတာပဲ။ အရာအားလုံးကို ကိုယ်တိုင်လုပ်ဖို့မှ မလိုတာ။ သူ့နေရာနဲ့သူ သင့်တော် ကျွမ်းကျင်သူတွေကို လေးစား၊ နေရာပေး၊ အသုံးပြုသွားလို့ ရနေတာပဲ။

အပြင်ရောက်သွားတဲ့သူတိုင်း ဘ၀မေ့တဲ့ မဗျိုင်း၊ ကိုဗျိုင်း ဖြစ်သွားကြတာလည်း မဟုတ်ပါဘူး။ သူတို့ဟာ အဖိုးတန်တဲ့ resources တွေ ဖြစ်နေနိုင်ပါသေးတယ်။ ဒါကို လိမ္မာပါးနပ်စွာ ကိုယ့်တိုင်းပြည်နဲ့ လူမျိုး အကျိုးရှိအောင် သုံးတတ်ဖို့က policy makers တွေရဲ့ အလုပ်ပါ။ PH လုပ်သူကို မိကျောင်းမင်း ရေခင်းပြသလိုတော့ ဖြစ်နေပါပြီ။ စိတ်မရှိပါနဲ့။

ziwakka said...

ဆရာဝန်နဲ့လူနာနဲ့ယှဉ်ရင် ဆရာဝန်တွေက ပညာအရာမှာသာတယ်လေ။ အဲဒီတော့ ဆရာဝန်တွေက စပြီး ပြည်သူတွေ awareness ရှိအောင် Health education ပေးရပါမယ်။ တစ်ယောက်ချင်းကလည်းပေးရမှာ ဖြစ်သလို mass media အနေနဲ့လည်း ပြည်သူတွေကို အသိပေးရပါမယ်။ ကိုယ်ရဲ့ ရပိုင်ခွင့်တွေ၊သိပိုင်ခွင့်တွေ စတဲ့ human rights တွေကို သိဖို့ဆိုရင် အခြေခံပညာရေးလေးလည်း သိဖို့တတ်ဖို့တော့ လိုတာပေါ့။ မြန်မာပြည်မှာ ဆရာဝန်အရေအတွက် က သိသိသာသာများလာပါပြီ။ ဆရာဝန်တွေကို တိကျပြီး မျှတတဲ့ စည်းကမ်းတွေ ထားရှိဖို့လည်း လိုအပ်ပါတယ်။ ဆရာဝန်တွေကို လည်း ethics & negligenceနဲ့ပတ်သက်ပြီး ထိထိရောက်ရောက်ပညာပေးဖို့လိုအပ်ပါတယ်။ မြန်မာပြည်မှာ လခမကောင်းလို့ လူနာတွေကို တော်ရိရော်ရိ ကုလိုက်မယ်။ သေသေချာချာ ဂရုတစိုက် မကုဘူးဆိုရင် နောက်ဆက်တွဲအနေနဲ့ ဆိုးဝါးတဲ့ consequences တွေရလာနိုင်တယ်ဆိုတာ သိအောင်လုပ်ရပါမယ်။ လခကောင်းကောင်း မကောင်းကောင်း ဆရာဝန်အလုပ်ဆိုတာ ရိုးရိုး ရုံးဝန်ထမ်းတွေလို ခိုနေလို့မ မရတာ။ ကျွန်တော်ဒီလိုေ၇းရတာကလည်း ဆေးရုံတွေမှာ အဲဒီလို ဆရာဝန်တွေကို စိတ်မကောင်းစွာ တွေ့နေ၇လို့ပါ။
ကျွန်တော်တို့တွေ မကောင်းတာတွေကို ထိုင်ပြောနေကြတာထက် ကိုယ်တတ်နိုင်သလောက်ကနေ ကိုယ်စလုပ်ကြရပါမယ်။ Ghandhi ပြောခဲ့သလိုပဲ ကျွန်တော်တို့ဖြစ်စေချင်တဲ့ ပုံစံမျိုးရဖို့ ကျွန်တော်တို့ကိုယ်တိုင် အဲဒီပုံစံမျိုးဝင်အောင် ပြောင်းလဲပေးရပါမယ်။

Nu Thwe said...

ဆက်ဆွေးနွေးတာ ကျေးဇူးပါ ဆရာဇီဝက။

ဆရာဝန်က လူနာထက် ဆေးပညာကို ပိုသိတာမို့ health education ကို ဦးဆောင်ရမယ်ဆိုတာ သဘောတူပါတယ်။ ဆေးပညာ အချက်အလက် ဗဟုသုတ (knowledge) အပြင် ခံယူချက် အသိ (attitude) ကိုပါ ကျယ်ကျယ်ပြန့်ပြန့် ပညာပေးရမယ်လို့ ထင်ပါတယ်။ ပြည်တွင်းမှာ သြဇာရှိ ဆရာကြီး ဆရာမကြီး တစ်ယောက်ယောက်က ဒီကိစ္စကို ဦးဆောင်နိုင်ရင် သိပ်ကောင်းမယ်။ အတွေ့အကြုံ ဗဟုသုတ ပြည့်ဝပြီး သမာသမတ် မျှတတဲ့၊ သတင်းသမား ကျင့်ဝတ်နဲ့ ညီတဲ့ စာနယ်ဇင်းသမားမျိုးပါ ပါနိုင်ရင် ပိုတောင် ကောင်းဦးမယ် ထင်ပါတယ်။ ဒီလောက်များတဲ့ ပညာတတ်တွေထဲမှာ ဒီလိုလုပ်ချင်စိတ်ရှိသူ တစ်ယောက်နှစ်ယောက်တော့ ရှိမယ်လို့ မျှော်လင့်မိတယ်။ မဖြစ်နိုင်ဘူးလား။

နောက်တဆင့်ကတော့ ကိုယ် လက်လှမ်းမီရာကို တတ်နိုင်သမျှ ဆွဲခေါ်ခြင်းပါပဲ။ ကိုယ်ကိုယ်တိုင်ကလည်း နမူနာကောင်းအနေနဲ့ လုပ်ပြနိုင်ပါသေးတယ်။ ဆရာတို့လို ကောင်းတဲ့ဖက်ကို စိတ်ထက်သန်သူတွေဆီက သတင်းတွေ ကြားရတာ ၀မ်းသာအားတက်မိပါတယ်။ တဖြည်းဖြည်း အရှိန်ရလာမယ်လို့ မျှော်လင့်တာပဲ။

ဆရာဝန်တွေကို ထိန်းချုပ်တဲ့ Myanmar Medical Council ရှိတယ်လို့ နားလည်ထားပါတယ်။ ဆေးကျောင်းတွေက အရေအတွက်တွေ ထုတ်လိုက်တဲ့အခါ MMC က အရည်အချင်းကို ဆက်ထိန်းရပါမယ်။ ဆရာဝန် အလုပ်ဟာ သူများရဲ့ အသက် သို့မဟုတ် အသက်ရှင်ခြင်းရဲ့ အရည်အသွေး (Quality of life) နဲ့ တိုက်ရိုက် ပတ်သက်တာမို့ တော်ရိလျော်ရိ ကုလို့ မရပါဘူး။ မိမိ၏ လုပ်ဆောင်ချက်ကို မိမိတာဝန်ယူတယ်ဆိုတာ လူတိုင်းရဲ့ကိစ္စလို့ မြင်ပါတယ်။ ဒီအယူအဆကို ဆရာဝန် အသစ်အဟောင်း အများစုက လက်ကိုင်ထားတယ်လို့ ယုံကြည်ချင်ပါတယ်။

မကောင်းတာတွေကို ထိုင်ပြောနေတာထက် ကိုယ်နိုင်သလောက် လုပ်ရမယ်ဆိုတာလည်း သိပ် အရေးကြီးတဲ့ အချက်ပါ။ ကျွန်မတို့ ဒီမှာ ပြောနေကြတာတွေဟာ အပြုသဘောဆောင်တဲ့ ဆွေးနွေးချက်တွေ ဖြစ်နေဖို့ လိုပါတယ်။ Over-generalisation တွေနဲ့ အားလုံးကို အဆိုးမြင်တဲ့ Moan & Groan Forum မဖြစ်သွားအောင် သတိထားကြတာပေါ့။ အပြင်ကနေ အတွင်းကို ဝေဖန်နေတယ်ဆိုတဲ့ အမြင်မျိုးလည်း မပွါးစေချင်ပါဘူး။ ဒါပေမယ့် ကိစ္စတော်တော်များများကတော့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖြစ်ရင် ပိုကောင်းပါတယ်။ မပြောပဲနေလို့ ပျောက်ပျက်သွားမယ့် ကိစ္စတွေမှ မဟုတ်တာ။ စုပေါင်းစဉ်းစား အဖြေရှာကြတာပေါ့။