Thursday, April 9, 2009

Ethic


ကျွန်မ ဘယ်တော့မှ မမေ့မယ့် အဖြစ်အပျက်ကလေး တစ်ခု ရှိပါတယ်။
ဆေးကျောင်းသူ ဘ၀ အိုဂျီ ဆောင်မှာ စပြီး ဆင်းရတဲ့အချိန်။
အဲဒီနေ့က ပြင်ပ လူနာ ဌာနမှာ သင်မယ်ဆိုလို့ ကျွန်မတို့ အဖွဲ့ လူတွေနဲ့ ပြည့်ကြပ်နေတဲ့ ပြင်ပ လူနာ စမ်းသပ် ခန်းလေးထဲကို သွားခဲ့ကြတယ်။
မှတ်မှတ်ရရ၊ အဲဒီနေ့က အဖွဲ့ထဲမှာ မိန်းကလေး ဆိုလို့ ကျွန်မ တစ်ယောက်တည်းပဲ ရှိတယ်။
ခုံနံပါတ်တွေကို နာမည်နဲ့ စီတာမို့ ကျွန်မ နာမည်က ယောက်ျားလေးတွေ ကြားထဲကို အမြဲလိုလို ရောက်နေတတ်တယ်။

ကျွန်မတို့ကို စာသင်ပေးမယ်ဆိုတဲ့ မမက လူနာတစ်ယောက်ကို ကြည့်နေတယ်။
အမျိုးသမီးလေး တစ်ဦး။
မလုံခြုံတဲ့ အကာအရံတွေကြားမှာ သူ အစမ်းသပ် ခံနေရတာ။
ကျွန်မ သူငယ်ချင်း ယောက်ျားလေးတွေကလဲ ကုတင်ဘေးမှာ ၀ိုင်းလို့။
အိုဂျီမမက ခုံမှာ ပြန်ထိုင်၊ လူနာ မှတ်တမ်း ရေးရင်း မထင်မှတ်တဲ့ ညွှန်ကြားချက် တစ်ခုကို ကျွန်မကို လှမ်းပေးတယ်။
" VE စမ်း" တဲ့။
VE ဆိုတာ မိန်းမ လိင်အင်္ဂါ ထဲကို လက်နဲ့ နှိုက်ပြီး အထဲက အနေအထားတွေ ပုံမှန် ဟုတ်မဟုတ်ကို စမ်းသပ်ရတာ။
အရှည်က vaginal examination ပေါ့။
ကျွန်မတို့ကို ဘယ်သူကမှ VE စမ်းနည်း မသင်သေး။
ဖတ်ထားပေမယ့် ဘယ်လို စမ်းရမယ်ဆိုတာ ကျွန်မ ကောင်းကောင်း နားမလည်။
သူကလဲ ဘယ်လို စမ်းပါလို့ မပြော၊ မညွှန်ကြား။
လုပ်သင့်လား၊ မလုပ်သင့်လားဆိုတာ ချီတုံချတုံ ဖြစ်နေဆဲမှာ လူနာ အမျိုးသမီးလေးက အသံတုန်တုန်နဲ့ ကျွန်မကို " မစမ်းပါနဲ့ ဆရာမရယ် .. မစမ်းပါနဲ့ ဆရာမရယ် " လို့ တောင်းပန်ရှာတယ်။
ကျွန်မ တွေးလိုက်တယ်။
ကျွန်မ စမ်းလိုက်ရင် ဘာ ပညာရနိုင်မလဲ။
ဘာကို စမ်းပြီး ဘာကို လေ့လာရမယ်မှန်း မသိတာမို့ ဘာမှ အကျိုးမရှိနိုင်။
ပြီးတော့ ကျွန်မက မိန်းမ။
ဒီ လူနာ အမျိုးသမီး ဘယ်လို ခံစားနေရသလဲ ဆိုတာ ကျွန်မ ကောင်းကောင်း ကိုယ်ချင်းစာလို့ ရပါတယ်။
ကျွန်မ ဆုံးဖြတ်ချက်ချပြီး " မစမ်းဘူး " လို့ ပြောလိုက်တယ်။
လူနာ အမျိုးသမီးက " ကျေးဇူးတင်လိုက်တာ ဆရာမရယ် " လို့ လှမ်းပြောတယ်။
ရလဒ်က ကျွန်မကို စိတ်ဆိုးတဲ့ အတွက် " ဒီနေ့ ဘာမှ မသင်တော့ဘူး " လို့ ပြောတာ ခံရတယ်။
သူငယ်ချင်း ယောက်ျားလေးတွေက " နင်ကလဲ စမ်းလိုက်တာ မဟုတ်ဘူး " လို့ ၀ိုင်း အပြစ်တင်ကြတာကို ခံရတယ်။
အခုအချိန်မှာ ပြန်တွေးရင် ကျွန်မ မှန်ခဲ့တယ်လို့ ခံစားရပေမယ့် အဲဒီ အခြေအနေ၊ အနေအထားက ကျွန်မ မှန်တယ်၊ မှားတယ် ဆိုတာကို ခိုင်ခိုင်မာမာ ရပ်တည်ပြီး ပြောနိုင်ဖို့ အလွန်ကို ခက်ခဲတဲ့ အနေအထားပါ။
ကျွန်မ ဆရာဝန်တွေ စောင့်ထိန်းရမယ့် ကျင့်ဝတ် (ethic) ကို နားလည်ခဲ့လို့ မဟုတ်ဘူး။
ကိုယ်ချင်းစာစိတ် သက်သက်နဲ့ ခေါင်းမာခဲ့တာ။
ဒါက ကြုံခဲ့ရတဲ့ နမူနာ အဖြစ်အပျက်လေး တစ်ခုကို တင်ပြရုံ သက်သက်ပါ။


Related Posts :



13 comments:

Nu Thwe said...

This is not even a question about professional ethics. It is about common decency and respect for human dignity!

It is shocking to see and hear such things in a profession which is supposed to be caring and treating people with sympathy and empathy.

I can go on but will stop here for the time being.

EEK said...

အဲဒီလိုပဲ လူနာတွေကို အားနာ၊ သနားပြီး အတင်းစမ်းတာတို့ ၊ လုစမ်းတာတို့ ၊ မလုပ်ခဲ့တဲ့ အတွက် ခပ်ညံ့ညံ့ ဆရာဝန်တယောက် အဖြစ်နဲ့ ပဲ မြန်မာပြည် ကျန်းမာရေး စောင့်ရှောက်မှု ၀န်ဆောင်မှု စနစ်ရဲ့ အပြင်ဖက်ကို လွင့်ခဲ့တဲ့သူ တယောက်မှ အပြည့်အ၀ ထောက်ခံသွားပါတယ်။

Nge Naing said...

Tune ရေ သိပ် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒီညနေ Assignment တခု လက်စသတ်ပြီးမှ Comment လာပေးဦးမယ်။ အပြင်ကနေပြီး အထဲကအကြောင်းဘာမှ မသိပဲ လာပြောပြန်ပြီလို့တော့ စိတ်မပျက်ပါနဲ့ လာပြောတယ်ဆိုကတည်းက မသိလို့ အဖြေရှာချင်လို့ပဲ ဖြစ်တော့ သိတဲ့သူတွေက သူသိတာနဲ့ ကိုယ်သိတာကို Team member အချင်းချင်း အပြန်အလှန် အသိတွေ ဖလှယ်။ မျှဝေတဲ့အနေနဲ့ ပြန်ပြေပြမှရမှ ဖြစ်မှာပေါ့ မဟုတ်ဘူးလား။
With kind regard

tune said...

မငယ်နိုင်ရေ
စိတ်မပျက်ပါဘူး။
မနုသွယ်နဲ့ အိအိကိုလဲ
ဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ်။

အတွင်းနဲ့ အပြင် အခြေအနေ ကွာတာလေး မြင်မိစေချင်တာပါ။
ပြောချင်တာလေးတွေ အများကြီး ရှိသေးတယ်။
ဘယ်လောက် ပြောဖြစ်မယ်တော့ မသိသေးဘူး။

မသက်ဇင် said...

စိတ်ဝင်တစားဖတ်သွားပါတယ်--
အစစအရာရာအဆင်ပြေပါစေ--

ပေးဆပ်ချင်သူများ said...

ဆေးကျောင်း မှာ တက်တဲ့ ယောက်ျားလေး ( သူငယ်ချင်း) တွေ အားရပါးရနဲ့ ပြန်ပြောတာကို နားထောင်ဖူးတယ်။

Anonymous said...

မကျွန်း မှန်တယ်လို့ မြင်ပါတယ်။
ကိုယ် ဒီလိုမှ စမ်းသပ်မပေးရင် လူနာအတွက် အကျိုးယုတ်နိုင်မယ်ဆိုရင်တော့ မစမ်းမဖြစ် စမ်းရတော့မှာပေါ့။ ဒါတောင် လူနာ သိပ်ရှက်နေရင် ဒီတိုင်း ဗြုန်းဒိုင်းဆို ဝင်မယ့်အစား အနားက ယောက်ျားလေးတွေကို မောင်နှမလိုပဲ သဘောထားဖို့၊ ဒါ ဘာမှ ရှက်စရာ မရှိကြောင်း လူနာအနေမကျပ်အောင် စကားတွေ ခံပြီးမှ လုပ်ရင် ပိုအဆင်ပြေတာပေါ့။
မကျွန်း အဲဒီအချိန်က ဖြစ်နေသလို စာထဲ ဖတ်ထားပေမယ့် ဘာကို စမ်းပြီး ဘာကို လေ့လာရမှန်း မသိလို့ ဘာမှ အကျိုးမရှိနိုင် ဆိုတဲ့ အခြေအနေမျိုးဆိုရင်တော့ လူနာမိန်းကလေးကလဲ အရမ်းရှက်ပြီး တောင်းပန်နေတဲ့အချိန်မှာ နောက်ဆုတ်ပေးလိုက်တာ အင်မတန် မျှတ သဘောထားကြီးတဲ့ လုပ်ရပ်တစ်ခုပါ။
ပညာနဲ့ အတွေ့အကြုံလိုချင်ရင် ဟောက်စ် ဆင်းနေချိန်ကစပြီး ဒါတွေ အများကြီး ယူဖို့ အချိန်တွေ အခွင့်အလမ်းတွေ ရှိပါတယ်။ ဒီတစ်နေရာလေးမှာ လူနာကို ငဲ့ညှာလိုက်တာ သိပ်လှပြီး သိပ်မွန်မြတ်သွားတဲ့ ကိစ္စပါ။

Ye-Mon said...

ဆေးပညာ သင်ကြားရာမှာ လက်တွေ့သင်ကြားခြင်းဟာ အရေးကြီးပါတယ်။ ဆေးပညာဘွဲ့သာရသွားတယ် လက်တွေ့မတတ်ဘူး ဆိုရင်၊ လုပ်ငန်းခွင်ဝင်မှသာ သင်မယ်ဆိုရင် ... လူနာတွေအတွက် အန္တရာယ်ကြီးပါတယ်။

တစ်ဖက်မှာလည်း လူနာတွေကို လူလူသူသူ ဆက်ဆံဖို့လိုပါမယ်။ ဆရာဝန်တွေ ဆေးကျောင်းသူ၊ ကျောင်းသားတွေ အနေနဲ့ ကိုယ်ချင်းစာစိတ် ရှိဖို့ လိုမယ် ထင်ပါတယ်။ လူနာထံက ခွင့်ပြုချက် သေသေချာချာ တောင်းခံပြီးမှ စမ်းသပ်မယ်ဆိုရင် ဒီကိစ္စ ပြေလည်လောက်ပါတယ်။

သတိထားစရာ တစ်ခုကတော့ ကျွန်တော်တို့ နိုင်ငံရဲ့ ဆရာဝန်-လူနာ ဆက်ဆံရေးမှာ power differential အရှိန်အ၀ါ ကွာဟမှု ပမာဏက ကြီးလွန်းနေသေးတယ်။ ဆရာဝန်တွေကို နတ်ဘုရားတွေလောက်နီးနီး ကိုးကွယ် သလိုမျိုး အထင်ကြီးထားတတ်တာကြောင့် ဆရာဝန်က စမ်းသပ်ခွင့် တောင်းရင် လူနာက ကြိုက်ကြိုက် မကြိုက်ကြိုက် ခေါင်းညိတ်ရတာမျိုး ရှိတတ်ပါတယ်။ လိုလိုချင်ချင် ခေါင်းညိတ်တာလား မတတ်သာလို့ ခေါင်းညိတ်ရတာလား ဆိုတာကတော့ အကင်းပါးရင် သိသာပါတယ်။

Anonymous said...

ye mon, i like your comment that i can see some of health care workers, they think they are from different world. i am realy sorry of patients from my mother land. keep going yur dream. cu

tune said...

ပြောချင်တာ ပေးချင်တာလေး ရည်ရွယ်ချက်လွဲသွားမှာလဲ စိုးတယ်။
ပြောချင်တာက အပြစ်တင်ဖို့ မဟုတ်ဘူး။
အပြစ်တင်ရတာ အရမ်းလွယ်တယ်။
ဘာမှလဲ အထောက်အကူ မဖြစ်ဘူး။
ဘာကြောင့် ဘယ်သူတွေ ဘယ်လို တွေးဖြစ်တာလဲ။
အခြေအနေတွေက ဘယ်လို ရှိသလဲ။
အဲဒါကို နားလည်စေချင်တာ။

ပြောရမယ်ဆိုရင် ပြင်ပကမ္ဘာမှာ လွတ်လပ်စွာ တွေးခေါ် ပြောဆိုခွင့်တွေ ရနေပြီး အပြုအမူတွေ ပြောင်းလဲ မလာဘဲ အရိုးစွဲနေတဲ့ မကောင်းတာတွေကို ဆုတ်ကိုင်ထားသူတွေလဲ ရှိနေတာပဲ။

တစ်ယောက်ကို တစ်ယောက် လက်ညှိုးထိုး အပြစ်ပြောနေရုံနဲ့ ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူးလေ။
ကိုယ်က စပြင်ရမှာ။

ziwakka said...

ve စမ်းတယ်ဆိုတာ ဆ၇ာဝန်တိုင်း စမ်းတတ်သင့်ပါတယ်။ ဒီလိုပဲ ဘာမှမသိတဲ့ဘ၀ကနေ စကြရတာပါ။ ဆေးကျောင်းသားနဲ့ လူနာအချိုးမမျှနေသရွေ့ လူနာတွေဘက်က နစနနာနေအုံးမှာပါ။ တော်တော်ညံ့တဲ့ og ပါပဲ။ သူကိုယ်တိုင်က လူနာကို ဂရုမစိုက်ရင် ကျောင်းသားတွေကို ဘယ်လိုစာသင်မလဲ။ ဆရာဝန်တစ်ယောက်အတွက် skill ကအေ၇းကြီးသလို attitude ကလည်းအေ၇းကြီးပါတယ်

nangcyn said...

အကြံပြုချင်တာလေးက လူနာကောဆရာဝန် ဖက်ကပါ နှစ်ဦးနှစ်ဖက်ပြေလည်အောင်လို့ စမ်းသပ်ဖို့အတွက်လူနာခွင့်ပြုချက်ကိုအရင်ယူပြီးသဘောတူမှစမ်းသပ်တာလူနာရဲ့လေးစားမှုယုံကြည်မှုကိုရနိုင်ပါတယ်။ နောက်သူများ နိုင်ငံ တွေမှာ og ကစမ်းသပ် တဲ့အခါ လူနာကို သီးသန့်ခန်း(ကန့်လန့်ကာထား တဲ့အခန်း)သီးသန့်ခုံမှာ ထိုင်ခိုင်းပြီးတော့ လူနာနဲ့ဆရာဝန်ကြားမှာကန့်လန့်ကာ ကာထားတဲ့အတွက်အစမ်းခံရသူမှာ ကော စမ်းသပ်သူမှာပါအားနာတာ ရှက်ရွံတာ တွေ ဖြစ်စရာမလိုဘဲ ပိုမိုအဆင်ပြေစေပါတယ်
အခြေအနေအရအခန်းမသုံးနိုင်ရင်တောင် ကန့်လန့်ကာသုံးပြီးလူနာနှင့်ဆရာဝန်များကို ခွဲခြားထားတာသည်လူနာအတွက်စိတ်လုံခြုံမှုကိုဖြစ်စေပါသည်။
ခုမှဒီsite လေးကိုသိလို့ဖတ်ပြီး အကြံပြုတာလေးပါ။

nangcyn said...

အကြံပြုချင်တာလေးက လူနာကောဆရာဝန် ဖက်ကပါ နှစ်ဦးနှစ်ဖက်ပြေလည်အောင်လို့ စမ်းသပ်ဖို့အတွက် လူနာခွင့်ပြုချက်ကို အရင်ယူပြီးသဘောတူမှ စမ်းသပ်တာ လူနာ ရဲ့ လေးစားမှုယုံကြည်မှုကိုရနိုင်ပါတယ်။ နောက်သူများ နိုင်ငံ တွေမှာ og ကစမ်းသပ် တဲ့အခါ လူနာကို သီးသန့်ခန်း (ကန့်လန့်ကာထား တဲ့အခန်း)သီးသန့်ခုံမှာ ထိုင်ခိုင်းပြီးတော့ လူနာနဲ့ဆရာဝန်ကြားမှာ ကန့်လန့်ကာ ကာထားတဲ့အတွက် အစမ်းခံရသူမှာ ကော စမ်းသပ်သူမှာပါ အားနာတာ ရှက်ရွံတာ တွေ ဖြစ်စရာမလိုဘဲ ပိုမိုအဆင်ပြေစေပါတယ်
အခြေအနေ အရ အခန်းမသုံးနိုင်ရင်တောင် ကန့်လန့်ကာသုံးပြီးလူနာနှင့်ဆရာဝန်များကို ခွဲခြားထားတာသည် လူနာအတွက်စိတ်လုံခြုံမှုကိုဖြစ်စေပါသည်။
ခုမှဒီsite လေးကိုသိလို့ဖတ်ပြီး အကြံပြုတာလေးပါ။