Saturday, April 18, 2009

Hangover

အရက်နာ
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုကြိုတဲ့ အတာသင်္ကြန်ပွဲမှာ တစ်နေကုန်တစ်နေခမ်း ရေကစားကြပြီးနောက် ချမ်းချမ်းတုန်နေတတ်လို့ ယမကာလေးနဲ့ နွှဲချင်တာဘဲ ဖြစ်ဖြစ် ဒါမှမဟုတ် အပျော်လေးဖက်ချင်တာဘဲ ဖြစ်ဖြစ် ယမကာကို သောက်ဖြစ်ကြတဲ့အခါ နောက်နေ့တွေမှာ အရက်နာကျတာကြောင့် ရေကစား ပျက်တာလေးတွေ ၊ အပြည့်အ၀ မပျော်လိုက်ရတာလေးတွေ ဖြစ်တတ်ပါတယ်။

အရက်နာကျတယ်ဆိုတာ ကတော့ ကိုယ်တွင်း ဇီဝလုပ်ငန်းစဉ်နဲ့ ဓါတုဗေဒ ပစ္စည်းတစ်ချို့တို့ အပြန်အလှန် လုပ်ဆောင်မှုတို့ ကြောင့်ဖြစ်ပါတယ်။ ဘာကြောင့် ဖြစ်ရတယ်ဆိုတဲ့ အချက်တွေကို နားလည်ထားမယ် ဆိုရင်တော့ အရက်သောက်ပြီးနောက်တစ်နေ့မှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ အရက်နာကျခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ယမကာ နှင့် ရေဓါတ်ခန်းခြောက်ခြင်း


အရက်မှာပါဝင်တဲ့ Alcohol ဓါတ်မှာ လူတွေကို ဆီးသွားစေတဲ့ ဓါတ်တစ်မျိုး ပါဝင်တာကြောင့် အရက်သောက်ပြီးတဲ့ သူဟာ မကြာခဏ ဆီးသွားချင်စိတ် ဖြစ်ပေါ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် အရက်သောက်ပြီး နောက်နေ့မှာ ဆီးသွားများတာရဲ့ အကျိုးဆက်တခုကို အရက်နာကျ လက္ခဏာတွေထဲက တခုအနေနဲ့ ခံစားရတာဖြစ်ပါတယ်။ ရေဓါတ် ခန်းခြောက်ခြင်းနဲ့ အတူ ခန္ဓာကိုယ်မှာရှိတဲ့ ဗိုက်တာမင် (အထူးသဖြင့် ဗိုက်တာမင် B12) ကိုပါ ဆုံးရှုံးစေပါတယ်။ ဒါကြောင့် အရက်များများသောက်လေ သင့်ခန္ဓာကိုယ်က Alcohol ကို ချေဖျက်နိုင်စွမ်းနည်းလေ ဖြစ်ပါလိမ့်မယ်။ အဲဒီအခါ အရက်နာကျရင် ဖြစ်တတ်တဲ့ လက္ခဏာများဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊ နုံးနယ်နေခြင်း၊ ခံတွင်းမကောင်းခြင်း တို့ကိုဖြစ်စေပါတယ်။

ယမကာနှင့် Enzymes များ ၏ အကျိုးဆက်
Alcohol မှာ ရှုပ်ထွေးလှတဲ့ ဇီဝဖြစ်စဉ်ကိုပိုင်ဆိုင်ပြီး ခန္ဓာကိုယ်မှ ယင်းအားမည်သို့မည်ပုံ ချေဖျက်သည်တို့မှာလည်း သင့်အား စိတ်ရှုပ်ထွေးစေနိုင်တဲ့အတွက် အရက်ရဲ့ ဖြစ်စဉ်များကို မပြောပြဘဲ ချန်လှပ်ထားချင်ပါတယ်။

ယမကာများ ခန္ဓာကိုယ်ထဲကို ရောက်လာတာနဲ့တပြိုင်နက် ခန္ဓာကိုယ်မှ enzymes များက ယင်းအား ချေဖျက်ရန် ကြိုးပမ်းကြတာကြောင့် သူတို့ နေ့စဉ် ပုံမှန် လုပ်နေကျဖြစ်တဲ့ ဇီဝကမ္မလုပ်ငန်းများကို အရင်ကလို မလုပ်နိုင်တာတော့တာမို့ သွေးထဲမှာ သကြားဓါတ်နည်းခြင်း၊ ယင်းမှတဆင့် ဦးဏှောက်မှလည်း သူရဲ့လုပ်ငန်းကို အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ စွမ်းအင်များ မရရှိတာကြောင့် မူးဝေခြင်း၊ အာရုံမစူးစိုက်နို်င်ခြင်း၊ စတဲ့ လက္ခဏာများ ဖြစ်ပေါ်တတ်ပါတယ်။

ယမကာနှင့် Congeners


Alcohol မှာ ခန္ဓာကိုယ်ကို တန်ပြန်နိုင်တဲ့ ဓာတု ပစ္စည်းတချို့ပါဝင်ပြီး ၎င်းတို့ကို congeners လို့ခေါ်ပါတယ်။ ဒီဓာတုပစ္စည်းတွေဟာ ယမကာရဲ့ သန့်စင်မှုတဲ့ ဒါမှမဟုတ် ယမကာ အမျိုးအစား အပေါ်မူတည်ပြီး ပါဝင်မှုကွာခြားတာကိုတွေ့ရပါတယ်။ ယင်းဓာတုပစ္စည်းများ ဟာ ယမကာရဲ့အရသာကို ပိုမိုကောင်းမွန်စေပြီး ပမာဏနည်းတဲ့အခါ သူ့ရဲ့ မကောင်းတဲ့အချက်တွေကို ခံစားရမှာမဟုတ်ပေမယ့် congeners ပမာဏများစွာပါတဲ့ အရက်ကိုများစွာ သောက်သုံးမိမယ်ဆိုရင်တော့ သူ့ရဲ့ အကျိုးဆက်ကို ခံစားရမှာဖြစ်ပါတယ်။ အချို့သော ယမကာများဟာ သန့်စင်စွာထုတ်လုပ်ထားတာမို့ congeners ရဲ့။ vodka နဲ့ gin စတဲ့ ယမကာများမှာ ethanol နှင့် ရေတို့ပါဝင်ရောစပ်ထားတာကြောင့် အရက်နာကျခြင်းကို ဖြစ်ပေါ်စေတဲ့ congeners ကို သန့်စင်ထားသင့်သလောက် သန့်စင်ပြီးဖြစ်ပါသည်။ ပုံမှန်အားဖြင့်တော့ ယင်းသို့သော အဆင့်မှီဖော်စပ်ထားတဲ့ ယမကာကို သောက်သုံးပြီး ဖြစ်ပေါ်လာတဲ့ အရက်နာကျခြင်းဟာ ဓာတုပစ္စည်းများ ထက် ရေဓါတ်ခမ်းခြောက်ခြင်းနှင့် ဗိုက်တာမင် ဆုံးရှုံးခြင်းကြောင့်သာ အဖြစ်များတာ ဖြစ်ပါတယ်။

congeners များ ပမာဏပါဝင်တဲ့ ယမကာများကတော့ Whiskey, Rum, Brandy, Red Wine, and Beer ဖြစ်ပြီး ၊ congeners ပမာဏအနည်းငယ်သာပါဝင်တဲ့ ယမကာများ က Vodka, Gin, and White Wine ဖြစ်ပါတယ်။

ယမကာ အမျိုးအစား


တစ်ချို့သော သူများက ဘီယာဟာ တခြားသော အခြားအခြားသော ယမကာများထက် အရက်နာကျမှုကို နည်းပါးစေတယ်တို့ ထင်မြင်တတ်ကြပါတယ်။ ဘီယာမှာ ပါဝင်တဲ့ ရေဓါတ် ပမာဏဟာ အခြား သော ယမကာများထက် များပြားတာကြောင့် ရေဓါတ်ခမ်းခြောက်မှုကို နည်းစေတာမို့ အများအပြားသောက်ပေမယ့် အရက်နာကျမှုကို အနည်းငယ်သာ ဖြစ်စေတယ်ဆိုတဲ့ ဒီအချက်ဟာ အတိုင်းအတာတစ်ခုထိ မှန်ကန် နေတုန်းဘဲဖြစ်ပါတယ်။ သို့သော်လည်း ဘီယာဟာ congeners ကို သန့်စင်ထားတာ မဟုတ်တာကြောင့် ယင်းတို့များပြားစွာ ပါဝင်နေတဲ့ ဘီယာကို သောက်ပြီးတဲ့အခါ ဖြစ်တတ်တဲ့ အရက်နာဟာ ဓာတုပစ္စည်းများကြောင့် ဖြစ်ဖို့အခွင့်အလမ်း များလာပါတယ်။

ဒါကြောင့် သင်ဟာ စံချိန်မှီ သန့်စင်ထားတဲ့ ယမကာတခုခုကို ဗိုက်တာမင်ပါဝင်တဲ့ ဖျော်ရည်တစ်ခုခု ဒါမှမဟုတ်တခြား သော အရည်တခုခုနဲ့ ရောသောက်တဲ့အခါ ယင်းတို့မှာပါဝင်တဲ့ ဗိုက်တာမင်ဟာ သင့်ဆီးသွားများတာကြောင့် ဆုံးရှုံးသွားတဲ့ ဗိုက်တာမင်ကို ပြန်လည် နေရာယူဖြည့်စွက် ပေးနေမှာဖြစ်တာကြောင့် အရက်နာကျမှုကို သက်သာစေမှာဖြစ်ပါတယ်။

ယမကာနှင့် ဈေးနှုန်း


ဈေးချိုတဲ့ ယမကာများဟာ အရက်နာကျမှုကိုပိုပြီးဖြစ်စေတယ်ဆိုတာ လူအတော်များများ သိပြီးဖြစ်တဲ့ မှန်ကန်သင့်သလောက် မှန်တဲ့အချက်ဖြစ်ပါတယ်။ အဆင့်အတန်းမှီ ယမကာများဟာ သန့်စင်ခြင်းများကို အကြိမ်များစွာ ပြုလုပ်ထားပြီး ဖြစ်တာမို့ congeners ပါဝင်မှုက အလွန်ကိုနည်းပါးနေတာကို တွေ့ရပါတယ်။ ဈေးချိုတဲ့ ယမကာများဟာ များသောအားဖြင့် အဆင့်တန်းမှီမှီသန့်စင်ထားလေ့ မရှိတတ်တာကြောင့် အရက်နာကျဖို့ ပိုပြီး အခွင့်အလမ်းများစေပါတယ်။

ယမကာနှင့် ရေချိန်ကိုက်မှု


သင်ဟာ ဘယ်လို ယမကာကိုဘဲ သောက်သုံးပါစေ နောက်ဆုံးမှာတော့ ယမကာကြောင့် ဖြစ်ပေါ်တဲ့ အရက်နာကျမှုကိုတော့ အနည်းနဲ့အများ ခံစားရမှာဖြစ်ပါတယ်။ အဲဒီရေချိန်ကိုက်မှုဟာ လူတယောက်ချင်း ပေါ်မှာမူတည်ပြီး ပြောင်းလဲနေတာမို့ လူတိုင်းအတွက် အတိအကျု မပြောနိုင်ပေမယ့် သင်ရဲ့သောက်သုံးမှု ပေါ်မှာ မူတည်တာကိုတွေ့ရပါမယ်။

တကယ်လို့ သင်ဟာ တစ်နာရီအတွင်းမှာ အမြောက်အများ သောက်ဖြစ်မယ်ဆိုရင်တော့ အရက်နာကျဖို့ အခွင့်အရေးများမှာ ဖြစ်သလို တစ်နေ့မှာ များများ သောက်ရင်လည်း အရက်နာကျဖို့ အခွင့်အလမ်းများမှာဖြစ်ပါတယ်။

အရက်နာကျခြင်းမှ ကာကွယ်ခြင်းများ


အရက်နာ ကျခြင်းကို ကာကွယ်ခြင်းက ကုသခြင်းထက်ပိုလို့ ထိရောက်ပါတယ်။ ဒါကြောင့် သင်မသောက်ခင်မှာ ကြိုတင် ပြင်ဆင်ထားခြင်းဟာ သင့်အတွက် ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါလိမ့်မယ်။

၁။ အရက်နာကျတာကို အကောင်းဆုံးကာကွယ်တဲ့နည်းက တော့ ယမကာကို သောက်သုံးခြင်းမှ ရှောင်ကျဉ်တာပါပဲ ။

၂။ နှစ်သစ်ကူးမှာဘဲဖြစ်ဖြစ် အခြေအနေမှာဘဲ ဖြစ်ဖြစ်မသောက်ဘဲ မနေနိုင်သူတွေကတော့ ယမကာ တစ်ခွက်နဲ့ တစ်ခွက်ကြားမှာ ရေတခွက်စီသောက်ပေးခြင်းဖြင့် ယမကာကြောင့်ဖြစ်တဲ့ သင့်ကိုယ်မှ ရေဓါတ်ဆုံးရှုံးမှုကို ကာကွယ်သင့်သလောက် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

၃။ ယမကာ မသောက်ခင်နဲ့ သောက်ပြီးချိန်မှာ ဗိုက်တာမင်ပါတဲ့အစားအသောက် ဆေးများ စားပေးခြင်း (အထူးသဖြင့် ဗိုက်တာမင် B12 ပါတဲ့ အားဆေးကိုသောက်ပေးခြင်း) အားဖြင့် သင့်ခန္ဓာမှ ဗိုက်တာမင်ဆုံးရှုံးမှုကို ကာကွယ်ပေးပါလိမ့်မယ်။

၎။ သင်သောက်နိုင်သော ပမဏကို ချင့်ချိန်ပါ။ ရေချိန်ကိုက်ချိန်မရောက်ခင်မှာ ယမကာ သုံးဆောင်တာကို ရပ်ထားသင့်ပါတယ်။ မူးပြီးမှောက် သွားတာဟာ သင့်ကို ဘယ်လို ပျော်ရွှင်မှုကိုမှ ပေးနိုင်တာမဟုတ်တဲ့အပြင် နောက်နေ့မှာလည်း အရက်နာကျတာကို ခံရမှာမို့ သင့်သောက်နိုင်တဲ့ ပမာဏကို သင်သိထားနိုင်မယ်ဆိုရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ဒါကြောင့်မို့ သင့်ရဲ့ ယမကာသောက်သုံးမှုပမာဏ ကို တစ်နာရီမှာ 1 drink သာ သောက်သုံးခြင်းဖြင့် သင့်ခန္ဓာကိုယ်က ယင်းတို့ကို အချိန်မှီချေဖျက်နိုင်မှာဖြစ်ပါပြီး အရက်နာကျမှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

1 drink ဟု ဆိုရာတွင် အကြမ်းဖျင်းအားဖြင့် အောက်ပါ အတိုင်းအဆများကို ဆိုလိုပါတယ်။
1 drink = အရက်အပြင်းစား 44.36 ml (လက်ဘက်ရည်ကြမ်းတခွက်)
1 drink= ၀ိုင် 147.8676 ml (ဘက်ဘက်ရည်အချိုပုဂံတလုံး)
1 drink= alcohol ပမာဏ ၆ %မှ ၉ %ထိပါဝင်သည့် ဘီယာ 207.015ml (ပုံမှန်ဖန်ခွက် မပြည့်တပြည့် )
1 drink= အိမ်တွင် လုပ်သောဝိုင် 295.735 ml
1 drink= ဘီယာ 354.882 ml စသည်ဖြင့် အကြမ်းဖျင်း တွက်ချက်နိုင်ပါတယ်။

အဲဒီအပြင်ကို တစ်နေ့မှာ သင်ဘယ်လောက်သောက်မယ်ဆိုတာ ကို အမှတ်အသားတစ်ခု လုပ်ထားခြင်းဖြင့် သင့်ရဲ့ သောက်သုံးမှုကို ထိန်းနိုင်မှာဖြစ်ပါတယ်။

၅။ သင်အိပ်ပျော်စဉ်မှာ သင့်ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်များ နှေးကွေးသွားတာကြောင့် ယမကာသောက်ပြီးတဲ့ အချိန်မှာ ချက်ခြင်းမအိပ်သေးဘဲ နေခြင်းအားဖြင့် သင်အိပ်ပျော်ချိန်မှာ သွေးထဲမှာအရက်ပမာဏ သိပ်များမနေနိုင်တော့ပါဘူး။ ဒါကြောင့် သင်အိပ်ရာမ၀င်ခင် ၁နာရီအလိုမှာ အရက်သောက်ခြင်းကို ရပ်ဆိုင်းခြင်း၊ မူးပြီး အိပ်ပျော်ခြင်းမရှိအောင် နေခြင်းတို့ ပြုလုပ်သင့်ပါတယ်။ ယျေဘူယျအားဖြင့်တော့ သင်မူးပြီး အိပ်ပျော်သွားမယ်ဆိုရင် နောက်နေ့မနက်မှာ အရက်နာကျတဲ့ဒါဏ်ကို ပိုမိုခံစားရမှာ ဖြစ်ပါတယ်။

၆။ အိပ်ရာမ၀င်မှာ paracetamol တစ်လုံးကို ရေတစ်ခွက်နှင့် သောက်အိပ်ပေးပါ။ အကိုက်အခဲပျောက်ဆေးကို ရေးများများနဲ့သောက်ခြင်းဖြင့် သင့်ရဲ့ ရေဓါတ်ဆုံးရှုံးမှုကို ကာကွယ်နိုင်မှာဖြစ်တဲ့အပြင် နောက်နေ့မှာ အရက်နာကျခြင်းကြောင့် ခေါင်းကိုက်တာကို ကာကွယ်ပေးမှာဖြစ်ပါတယ်။

၇။ ယမကာမသောက်ခင်နဲ့ သောက်ပြီးတဲ့ အခါမှာ အစားအစာ တခုခုစား ခြင်းအားဖြင့် သင့်အား အကျိုးဆက်တစ်ချို့ကို ရစေမှာဖြစ်ပါတယ်။ ပထမတစ်ခုကတော့ ယင်းအစားအစာများက alcohol ရဲ့ပြင်းအားကို လျော့ကျစေပြီး သွေးထဲသို့ အရက်ရောက်နိုင်တဲ့ ပမာဏကို နည်းစေပါတယ်။ ဒုတိယအချက်အနေနဲ့ ကတော့ အရက်ကြောင့် ဆုံးရှုံးသွားတဲ့ ဗိုက်တာမင်ကို ထိုအစာများမှ အစားထိုးပေးပါတယ်။ တတိယအချက်အနေနဲ့ကတော့ စားထားတဲ့အစားအစာတွေက သင့်ရဲ့ ဇီဝဖြစ်စဉ်ကို မြန်စေတာကြောင့် alcohol ကို ပမာဏကိုလည်း ကျစေပါတယ်။ ဒါပေမယ့် အစာများကို အလွန်အကျွံစားခြင်းဟာလည်း သင့်ကို ပိုလို့အနေရခက်တဲ့ အခြေအနေများ ဖြစ်စေတာကြောင့် အတန်အသင့်သာ စားသုံးသင့်ပြန်ပါတယ်။

၈။ အိပ်ရေး၀၀ အိပ်ပေးပါ။

၉။ နောက်နေ့မနက်အိပ်ရာထတဲ့အချိန်မှာတော့ caffeine နဲ့ သကြားဓါတ် များများပါတဲ့ အစားအစာတွေဟာ သင့်ရဲ့ သွေးပေါင်ချိန်ကို တက်စေတာမို့ ထိုအစားအစာတွေကို ရှောင်သင့်ပါတယ်။ အဲဒီအစားအစာတွေကို စားမိတယ်ဆိုရင်တော့ သင့်ရဲ့ အရက်နာကျခြင်း ရဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ အနည်းငယ် ခေါင်းကိုက်ခြင်း ကနေ အပြင်းအထန် ခေါင်းကိုက်ခြင်းကို ပြောင်းလဲသွားနိုင်ပါတယ်။

၁၀။ ထို့အပြင် အရက်နာကျတာကို ကာကွယ်ပေးနိုင်တဲ့ ဆေးတချို့ ရှိပေမယ့် သိပ္ပံပညာရှင်များရဲ့ ငြင်းခုန်မှုက ခုထိရှိနေသေးတာမို့ အကျိုးသက်ရောက်မှုကိုအတိအကျ မပြောနိုင်သေးပေမယ့် အမှန်တကယ်သာ အကျိုးပြုနိုင်မယ်ဆို သင့်အတွက် သတင်းကောင်းဖြစ်ပါလိမ့်မယ်။

အရက်နာကျခြင်းဟာ များသောအားဖြင့် အရက်ရဲ့ ဆိုးကျိုးတခုသာဖြစ်ပြီး သင့်အနေနဲ့ တစ်ခါတစ်ရံ မှသာခံစားရမယ် ဆိုရင် အရေးမကြီးလှ ပေမယ့် မကြာခဏ ခံစားရမယ်ဆိုရင်တော့ သင့်အတွက် ပြသနာတစ်ခု ဖြစ်လာပါလိမ့်မယ်။ အချို့သော လူများဟာ ယမကာမှာပါတဲ့ ပစ္စည်းတစ်ချို့နဲ့ ဓါတ်မတည့်တဲ့ ရောဂါရှိတာမို့ တကယ်လို့ သင်ဟာလည်းအဲလို ပြသာမျိုးရှိခဲ့မယ်ဆိုရင် မသောက်တာဟာသင့်အတွက် အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။

ဒါကြောင့် မြန်မာ့နှစ်ကူးဖြစ်တဲ့ အတာသင်္ကြန်ပွဲမှာ အပျော်အပါးဖြစ်ရုံ အရက်သေစာ သောက်စား ကြသူများအတွက် နောက်နေ့မနက်မှာ အရက်နာကျတဲ့ ဝေဒနာမှ ကင်းဝေးစေဖို့ တင်ပြရင်း အားလုံးအတွက် မင်္ဂလာနှစ်သစ်အဖြစ် ဆုတောင်းပေးပါတယ်ရှင်။

မွန်းသက်ပန်

လောကအလှအွန်လိုင်း မဂ္ဂဇင်း

၂၀၀၉ ခုနှစ် ဧပြီလ ၁၁ ရက်

How To Cure a Hangover.
Available from: http://www.drunkmansguide.com/articles/hangover.php


Related Posts :



7 comments:

Nge Naing said...

မွန်းသက်ပန်ရေ
မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ။ နှစ်သစ်မှာ ပထမဦးဆုံးတင်တဲ့ ပို့စ်ကို ပထမဦးဆုံး မှတ်ချက်ပေးရတဲ့အတွက် ကျေးဇူးတင်ပါတယ်။
အချိန်ကိုက်တင်လိုက်တဲ့ပို့စ်လေးပဲ။ သိပ်ကောင်းပါတယ်။ လူအတော်များများ ဖြစ်နေကြတဲ့ ရောဂါတွေက အနေအထိုင် အစားအသာက်မှာ ပုံမှန်မဟုတ်လို့ ဖြစ်ရတာ ပိုများလို့ မွန်းသက်ပန်တင်တဲ့ ဘယ်လိုနေထိုင်စားသောက်ပြီး ကာကွယ်ရမယ်ဆိုတဲ့ ဒီပို့စ်နဲ့ ယခင်ပို့စ်တွေအားလုံးကလည်း စာဖတ်သူတွေအတွက် သိပ်အကျိုးရှိပါတယ်။ နောက်ထပ်လည်း များများတင်ပေးနိုင်ပါစေ။ အစ်မကတော့ သင်္ကြန်မှာရော နှစ်သစ်ကူးမှာပါ ပျော်ဖို့အချိန်မရလိုက်ဘူး။ Assignment တွေနဲ့ စာပိနေလို့။ Public ကို ပညာပေးတဲ့ ဒီလို ပို့စ်ကောင်းလေးတွေ များများ တင်နိုင်ပါစေလို့ ဆန္ဒပြုလျက်
With kind regard

သားငယ် said...

i visited ur blog. I have read that taking paracetamol after drink can cause side effect. is it correct or not. I want to know.

Anonymous said...

အရက်ကို တစ်ခါတစ်ရံသောက်တတ်လို့ နာတာကျင်တာတွေပျောက်အောင် paracetamol တစ်လုံးလောက်သောက်လို့ရပါတယ်။ အရက်ကို နှစ်ရှည်လများ စွဲသောက်ပြီး အသည်းကျွမ်းအသည်းခြောက်နေသောသူများသာလျှင် paracetamol အများကြီးသောက်လို့မရတာပါ။ အသည်း ကျွမ်းနေတဲ့လူနာတွေတောင် paracetamol တစ်လုံးသောက်တော့ သောက်လို့ရပါတယ်။

Anonymous said...

အရက်သမားနဲ့ အရှက်မရှိသောအမျိုးသား အမျိုးသမီးများ မပါတဲ့ သင်္ကြန်တစ်ခုကို စောင့်မျှော်လျှက်....ရိုးရာသင်္ကြန်ဆိုတာ မရှိတော့ဘူး။ အရက်ပွဲတော်နဲ့ ကြက်ပွဲတော်ပဲကျန်တော့တယ်။

Anonymous said...

အာရုံကြော အားနည်းတယ်လို့ ဆရာဝန်က ပြောပါတယ်။ အာရုံကြော အားနည်းတာကို ဘာအစာတွေ စားသောက်ရမလဲ၊ ဘာဆေးတွေ သောက်ရမလဲ သိချင်ပါတယ်။
ထမင်းတော့ နေ့တိုင်း အစားများလို့ လူတောင် ဗိုက်ထွက်ပြီး ဝနေပါပြီ။ ထမင်းဝတော့ အာဟာရ ချို့တဲ့မယ်လို့ ကိုယ့်ကိုယ်ကိုယ် မထင်မိတာပါ။
ဆရာဝန်က Betex အားဆေးကို သောက်ခိုင်းပါတယ်။ တခြား ဘာတွေ ဆောင်ရရှောင်ရမလဲ သိပါရစေ။

Anonymous said...

အာရုံကြောအားကောင်းဖို့ ထမင်းကိုဖိစားနေလို့ သိပ်ပြီးထူးမှာ မဟုတ်ပါဘူး။ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေ၊ အရည်ရွှမ်းတဲ့ အသီးအနှံတွေ၊ အရိုးပါစားလို့ရတဲ့ငါးတွေ များများစားပေးပါ။

Anonymous said...

Ma Nge Naing.. စာတွေ ဆက်ရေးဖြစ်အောင် အားပေးတာ ကျေးဇူးတင်ပါတယ် မရေ.. အချိန်ရသလို စာတွေကြိုးစားရေးပါ့မယ်ရှင်။

ziwakka... ဖြေကြားပေးတာကျေးဇူးတင်ပါတယ်ရှင်။

အချိန်မရနိုင်လို့ ဒီဘက်ကို မရောက်ဖြစ်တဲ့ရက်တွေ များနေလို့ပါ။ မေးမြန်းသူများကို အချိန်မှီ မဖြေနိုင်ခဲ့တာတွေအတွက် တောင်းပန်ပါတယ်ရှင်။