Saturday, October 4, 2008
Essential Nutrients for Healthy Living (1)
ကျန်းမာစွာ အသက်ရှင်ရန် မရှိမဖြစ် လိုအပ်သော အာဟာရ (၁)
ခန္ဓာကိုယ်အား ကျန်းမာစွာအသက်ရှင် ရပ်တည် နိုင်ရန် အတွက် မရှိမဖြစ် လိုအပ်သော အာဟာရ အမျိုးအစား များကို Macronatrients နှင့် Micronutrient ဟူ၍ နှစ်မျိုး ရှိသည်ဟု ယခင် ရေးခဲ့သည့် အစာ အာဟာရ မမျှတခြင်း (Malnutrition) တွင် မိတ်ဆက် ဖေါ်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခုတခါ ထို အာဟာရ နှစ်မျိုးတွင် ပါဝင်နေသည့် အစားအစာ တခုစီ၏ ခန္ဓာကိုယ် အတွက် အကျိုးပြုပုံ နှင့် စားသုံးရန်လိုအပ်မှုကို ပို့စ် နှစ်ခုခွဲပြီး တင်ပြမည် ဖြစ်သောကြောင့် Macronutrient (အကြီးစား အာဟာရ) နှင့် စတင် ဖေါ်ပြ လိုက်ပါသည်။
Macronutrients (အကြီးစား အာဟာရ)
နေ့စဉ် စားသုံး သင့်သော အကြီးစား အာဟာရ တွင်
  • (၁) ကစီဓါတ်၊
  • (၂) အဆီဓါတ်၊
  • (၃) အသားဓါတ်၊
  • (၄) ရေ
  • တို့ ပါဝင် ပါသည်။
    (၁) ကစီဓါတ်
    ကစီဓါတ် (ကာဗွန် ဟိုက်ဒရိတ် Carbohydrate) ကို Grain Products ဟု ခေါ်သော နှံစား အသီး အနှံများ (ဆန်၊ ဂျုံ၊ ပြောင်း)၊ ဟင်းသီး ဟင်းရွက် များနှင့် အသီး များမှ ရရှိသဖြင့် အပင်မှ ထွက်သည့် အစား အစာ အများဆုံး ပါဝင် ပါသည်။ နှံစား သီးနှံ များသည် ခန္ဓာကိုယ် အတွက် သကြားဓါတ် (ဂလူးကို့စ်) နှင့် အမျှင် (ဖိုင်ဘာ) နှစ်မျိုး စလုံး ဖြည့်ဆည်း ပေးပြီး ဟင်းသီး ဟင်းရွက်နှင့် အသီးနှံပြီးလျှင် ဒုတိယ အများဆုံး စား သင့်သော အစားအစာ ဖြစ်ပါသည်။ အာလူး၊ ကန်ဇွန်းဥ၊ ပိန်းဥ စသည့် သစ်ဥ သစ်ဖု များ သည်လည်း နှံစား သီးနှံများ ကဲ့သို့ ဂလူးကို့စ်ကို ဖြည့်ဆည်းလပေးသော်လည်း အမျှင် ပါဝင်မှု နည်းပါး ပါသည်။ စားသုံး လိုက်သော ကာဗွန် ဟိုက်ဒရိတ် များအား ခန္ဓာကိုယ် ထဲတွင် အစာခြေ ပြီးသော အခါ အသည်း၏ လုပ်ဆောင်ချက်ဖြင့် ဂလူးကို့စ် အဖြစ်သို့ ပြောင်းလဲ ပေးပြီးမှ ဆဲလ် ကလပ်စည်း များမှ အသုံးပြု နိုင်ပါသည်။ ဂလူးကို့စ်သည် ခန္ဓာကိုယ်၏ အခြေခံ ကျသော စွမ်းအင် တစ်မျိုး ဖြစ်သည့် ATP ကို ထုတ်လုပ် ရာမှာ အသုံးပြုသည့် လောင်စာ ဖြစ်သော ကြောင့် ဆီမရှိပဲ ယဉ်မောင်း၍ မရသကဲ့သို့ ဂလူးကို့စ် မရှိပဲ ခန္ဓာကိုယ်ကို လည်ပတ်၍ မရနိုင်ပါ။ ဂလူးကို့စ် ဖြည့်ဆည်း ပေးသည့် ကာဗွန် ဟိုက်ဒရိတ်များကို လိုသည်ထက် ပိုစား ပါက ခန္ဓာကိုယ် ထဲတွင် ဂလိုင်ဂိုဂျင် နှင့် အဆီအဖြစ် သိမ်းထား ပေးသော ကြောင့် အ၀လွန်ခြင်း ကို ဖြစ်စေပြီး အန္တရာယ် ဖြစ်နေ နိုင်ပါသည်။
    အမျှင် (Fibre) များ ဖြစ်သည့် ဟင်းသီးဟင်းရွက်နှင့် အသီးနှံတွင် ပါဝင်သော ကာဗွန် ဟိုက်ဒရိတ်များကို Polysaccharides ဟုခေါ်ပြီး ဂလူးကို့စ် မော်လီကျူး အများနှင့် ပါဝင် ဖွဲ့စည်း ထားပြီး ၎င်းတို့ကို အစာခြေ၍ မရနိုင် သောကြောင့် ဂလူးကို့စ်အဖြစ် ပြောင်းလဲ၍ မရ သဖြင့် ဆဲလ်မှ အသုံး မပြုနိုင်ပါ။ ထို့ကြောင့် ထိုကာဗွန် ဟိုက်ဒရိတ်များက အူနံရံရှိ ဘက်တီးရီးယား များကို သယ်ဆောင်ပြီး မစင်အဖြစ် စွန့်ထုတ် ပေးပြီး ၀မ်းကို ပုံမှန် သွားစေခြင်းဖြင့် ခန္ဓာကိုယ်အား အကျိုးပြု ပါသည်။ ထို့အပြင် ထိုအမျှင် များသည် ခန္ဓာကိုယ်အား ဂလူးကို့စ် အဖြစ်နှင့် အကျိုး မပြုနိုင် သော်လည်း ဆဲလ်မှ ဂလူးကို့စ်ကို ဖြည်းဖြည်း မှန်မှန် စုပ်ယူစေ၍ သွေးထဲ သကြားဓါတ် ပမာဏကို ထိန်းညှိ ပေးခြင်း၊ နှလုံးနှင့် သွေးကြော များအား ဒုက္ခပေးနိုင်သည့် ကော်လက်စရောလ် ပမာဏကို လျှော့နည်းစေခြင်း၊ ၀မ်း ပုံမှန် သွားပြီး အူမကြီး အား ဘတ်တီးရီးယား ဒုက္ခ ပေးခြင်းနှင့် ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း စသည့်နည်းများဖြင့် အမျှင် ( Fibre) သည် ခန္ဓာကိုယ်နှင့် အစာ လမ်းကြောင်းကို များစွာ အကျိုး ပြုပါသည်။ ထို့ကြောင့် Fibre ကို လုံလောက်စွာပါအောင် စားသုံးသင့်ပြီး အချိုအရသာရှိသည့် အသီးများမှလွဲ၍ ပိုလျှံစွာ စားသုံး ပါကလည်း ပြဿနာ မရှိပါ။ ထို့ကြောင့် ချိုသည့် အသီးနှံများကို တမျိုးစီ သို့မဟုတ် Fruit Salad အဖြစ် တနေ့ နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ခန့်သာ စားသုံး သင့်ပြီး တခြား မချိုသည့် ဟင်းသီး ဟင်းရွက်နှင့် အသီးနှံ များကို ဆန္ဒရှိသလို ကြိုက်သလောက် စားသုံး နိုင်ပါသည်။
    (၂) အဆီဓါတ်
    အဆီဓါတ် Lipid ကို ခန္ဓာကိုယ်ထဲတွင် ဟော်မုန်းများအဖြစ် ပြောင်းလဲ၍ အမျိုးမျိုး အသုံးပြုပါသည်။ ခန္ဓာကိုယ်ကို တခုလုံး၏ လုပ်ငန်း လည်ပတ်မှု ဟန်ချက်ကို ပုံမှန် ဖြစ်အောင် ထိန်းညှိ ပေးနေသည့် Endocrine System ရှိ ဟော်မုန်း အတော် များများကို အဆီမှ အသွင် ပြောင်း ထားခြင်း ဖြစ်ပါသည်။ အစားအစာ ထဲပါဝင်သည့် အဆီဓါတ်ကို Saturated fat, Mono-Unsaturated fat နှင့် Poly - Unsaturated fat ဟူ၍ သုံးမျိုး တွေ့နိုင်ပြီး အဆီ တမျိုးစီ၏ သွေးထဲရှိ ကော်လက်စရောလ် ပမာဏအပေါ် တုန့်ပြန်မှုသည် ကွဲပြား ခြားနား ပါသည်။
    Saturated fat
    Saturated Fat ကို တိရိစ္ဆာန်မှ ထွက်သော အဆီများတွင် အများဆုံး ပါဝင်ပြီး အဆီများသောအသားများ၊ မလိုင် မထုတ်ရ သေးသည့် နို့များ၊ ထောပတ်၊ အုန်းဆီနှင့် ဆီအုန်းဆီ (Palm oil)၊ ကျွတ်အောင် ကြော် ထားသော အစားအစာ (Deep fried food)၊ ဆိုင်မှ အဆင်သင့် စားနိုင်ရန် ချက် ထားသော အစား အစာများ (Take way food)၊ ဘီစကွပ် မုန့်နှင့် ကိတ်မုန့် များတွင် အများဆုံး ပါဝင် ပါသည်။ ထိုဆီများနှင့် အထက်ပါ အစားအစာ များ သည် နှလုံးနှင့် သွေးကြောများကို ဒုက္ခ ပေးနိုင်သည့် သွေးထဲ ကော်လက်စရောလ် ပမာဏ ကို မြင့်တက် စေသဖြင့် ၎င်းတို့သည် မရှိမဖြစ် စားသုံးရန် လိုအပ်သည့် အစားအစာနှင့် အဆီ အမျိုးစား မဟုတ်ပါ၊ လှုပ်ရှားမှု နည်းသူများ အတွက် စားသုံးရန် မသင့်သော အစားအစာ နှင့် အဆီများ ဖြစ်ပါသည်။
    Poly-Unsaturated fat
    Poly-Unsaturated Fat ကို ဟင်းသီး ဟင်းရွက် ဆီများ ဖြစ်သည့် နေကြာပန်းဆီ၊ ပဲပုပ်ပဲဆီ (Soybean oil)၊ မြေပဲကဲ့သို့ အခွံမာစေ့၊ နှမ်းစေ့ စသည် တို့တွင်တွေ့ရသည်။ ငါးနှင့် ငါးဆီသည် တစ်ခု တည်းသော တိရစ္ဆာန် ထွက် Poly-Unsaturated fat ဖြစ်ပြီး Poly-Unsaturated ဆီ အားလုံးတွင် Unsaturated fat ဟုခေါ်သော ခန္ဓာကိုယ် အတွက် မရှိမဖြစ် လိုအပ်ပြီး ခန္ဓာကိုယ် ထဲမှာ မထုတ်လုပ် နိုင်သည့် အိုမီဂါ ၃ နှင့် ၆ အဆီ အမျိုးစားကို ရရှိခြင်း နှင့် သွေးထဲ ကော်လက်စရောလ် ပမာဏ ကိုလည်း လျှော့နည်းစေသဖြင့် မည်သူမဆို စားသုံး သင့်ပါသည်။
    Mono-Unsaturated fat
    Mono-Unsaturated Fat သည်လည်း အသီးအရွက် ဆီများဖြစ်သည့် သံလွင်ဆီ၊ canola oil, မြေပဲဆီ၊ မြေပဲနှင့် အခွံမာ စေ့များ၊ ထောပတ်သီး တို့တွင် တွေ့ရပါသည်။ Poly-Unsaturated Fat ကဲ့သို့ပင် သွေးထဲ ကော်လက်စရောလ် ပမာဏကို လျှော့နည်း စေပါသည်။
    အဆီ အမျိုးအစား အားလုံး သည် သွေးထဲ ကော်လက်စရောလ်ကို လျှော့နည်း စေသည်ဖြစ်စေ၊ တိုး စေသည်ဖြစ်စေ အဆီသည် အဆီ သာ ဖြစ်သော ကြောင့် လိုသည်ထက် ပို၍ စားပါက ပိုလျှံသည် များကို စွန့်ပစ်မည် မဟုတ်ပဲ ထိန်းသိမ်း ထားမည်ဖြစ်ပြီး ကိုယ်အလေးချိန် ကို တိုးစေမည် ဖြစ်၍ လိုသလောက် သာ စားသင့်ပါသည်။
    (၃) အသားဓါတ်
    အသားဓါတ် Protein သည် ခန္ဓာကိုယ်၏ လုပ်ငန်းစဉ် အတော် များများကို အထောက်အကူ ပြုပါသည်။ အထူးသဖြင့် ဆဲလ်များနှင့် တစ်ရှူး များ၏ လုပ်ငန်းများ ဖြစ်သည့် သွေးထဲနှင့် တစ်ရှူးထဲရှိ အရည် ပမာဏကို မျှတအောင် ထိန်းချုပ် ပေးခြင်း၊ သွေးထဲ ဟိုက်ဒရိုဂျင် စုစည်းမှု (pH) ကို မျှတ အောင် လုပ်ပေးရန် အင်ဇိုင်းနှင့် ဟောာ်မုန်းများ ပုံမှန် အလုပ်လုပ် နိုင်အောင် အကူအညီ ပေးခြင်း၊ ခန္ဓာကိုယ် အတွင်း ရောဂါပိုးများ နှောက်ယှက်မှု ကို ကာကွယ် ပေးခြင်း၊ အာဟာရ ကို သယ်ယူ ပို့ဆောင် ရာတွင် အကူအညီ ပေးခြင်း၊ ခန္ဓာကိုယ် အတွင်း အဓိက လောင်စာ ဖြစ်သည့် ဂလူးကို့စ် ပြတ်လပ် သွားပါက ဂလူးကို့စ်အဖြစ် ပြောင်းလဲ၍ အသက် မဆုံးရှုံးအောင် ထိန်းထား ပေးခြင်း စသည့် အရေးပါသည့် လုပ်ငန်း များစွာဖြင့် ခန္ဓာကိုယ်အား အထောက်အကူ ပြုပါသည်။
    အသားဓါတ် ကို ဆဲလ်ကလပ်စည်းများ အတွင်းရှိ DNA မှတဆင့် အဆင့်ဆင့် ပြောင်းလဲ၍ အမီနို အက်စစ် ကွင်းဆက်များ အဖြစ် တွေ့ရ ပါသည်။ အသားဓါတ်တွင် အမီနိုအက်စစ် အမျိုးအစား ၂၀ ရှိပြီး အရိုးတွယ် ကြွက်သားများ ကို အသုံးပြု၍ လိုအပ်သော အသားဓါတ် အများစုကို ခန္ဓာကိုယ် ထဲမှာ ပင် ထုတ်လုပ် ပါသည်။ သို့သော်လည်း ခန္ဓာကိုယ်ထဲတွင် ထုတ်လုပ်၍ မရနိုင်ပဲ မဖြစ်မနေ လိုအပ်သည့် အမီနို အက်စစ် တချို့ ရှိနေ သောကြောင့် အသားဓါတ်ကို နေ့စဉ် စားရန် လိုအပ် ပါသည်။
    အသား၊ ငါး၊ ကြက်ဥဘဲဥ၊ နို့ စသည့် အသားဓါတ် များကို တိရိစ္ဆာန်များမှ ရရှိနိုင်ပြီး ပဲ အမျိုးမျိုး၊ အခွံမာစေ့ သစ်စေ့ စသည့်အပင်ထွက် အစားအစာ များ မှလည်း ရရှိ နိုင်ပါသည်။ တိရိစ္ဆာန် မှ ရသော အသားဓါတ်တွင် တမျိုးတည်းနှင့် မရှိမဖြစ် လိုအပ်သော အမီနိုအတ်စစ် အားလုံး ပါဝင် နိုင်သော်လည်း အပင်မှ ရရှိသော အသားဓါတ်တွင် အမီနို အတ်စစ် တခု (သို့) တခုထက် ပို၍ လိုနေ တတ်သောကြောင့် အကြောင်း အမျိုးမျိုးနှင့် အသက်သတ်လွတ် စားနေသူများ သည် နို့မသောက်သူများ ဖြစ်ပါက အမီနိုအတ်စစ် အားလုံး ပါစေရန် အသားဓါတ် ပါဝင်သည့် အစားအစာ အမျိုးမျိုး ပါဝင်အောင် စားသင့်ပါသည်။ ပဲ တမျိုးတည်းကို နေ့စဉ် ဆက်တိုက် စားမည့်အစား ပဲပုပ်ပဲ၊ ကျောက်ကပ်ပုံပဲ၊ မြေပဲ၊ ပဲဝါခြမ်း၊ နှမ်းနှင့် အခွံမာ စေ့များ စသည်တို့ကို တပတ်အတွင်းတွင် နှစ်ခုထက် ပို၍ ပါဝင်အောင် စားသင့် ပါသည်။ စားသုံးသည့် အသားဓါတ်ထဲတွင် အမီနိုအတ်စစ် အကုန်လုံး ပါဝင်အောင် မစားနိုင်ပါက အသားဓါတ် ချို့တဲ့နိုင်ပြီး အသားဓါတ် ချို့တဲ့ခြင်း သည် အာဟာရ ချို့တဲ့ခြင်း၏ လမ်းစဖြစ်ပါသည်။ အသားဓါတ်ကို အမီနိုအတ်စစ်အဖြစ် သိမ်းထား ပေးနိုင် သော်လည်း တိရိစ္ဆာန် မှ ရရှိသည့် အသားဓါတ်ကို လိုသည်ထက် ပို၍ မစားသုံးသင့်ပါ။ အပင်မှရသည့် အသားဓါတ် ကိုမူ အစာလမ်းကြောင်း ပြဿနာ နှင့် အစာ မတည့်သည့် ပြဿနာ မရှိပါက ကြိုက်သလို စားသုံးနိုင်ပါသည်။
    (၄) ရေ
    ခန္ဓာကိုယ်၏ ၆၀% ကို ရေဖြင့်ဖွဲ့စည်းထားပါသည်။ ရေသည် အာဟာရ တခု မဟုတ် သော်လည်း အစာအဟာရများ တခုနှင့်တခု ဓါတုဗေဒဆိုင်ရာ ဓါတ်ပြုမှု၊ အာဟာရ သယ်ယူပို့ဆောင်မှု၊ ခန္ဓာကိုယ်အပူချိန်ထိန်းညှိမှုများအတွက် ရေမရှိပဲ လုပ်ဆောင်၍ မရသဖြင့် ရေသည် မရှိမဖြစ်လိုအပ်သော အရာဖြစ်ပါသည်။ အစာမစားပဲ လနှင့်ချီ၍ နေနိုင် သော်လည်း ရေမသောက်ပဲ နေပါက နှစ်ရက်သုံးရက်တွင်း အသက် ဆုံးရှုံး နိုင်ပါသည်။ ခန္ဓာကိုယ် အတွက် ရေ အပါအ၀င် အရည် တနေ့ ၂ လီတာ ခန့် နေ့စဉ် သောက်ရန် လိုအပ် ပါသည်။ ကျန်းမာ နေသူ အတွက် ရေကို ကြိုက်သလောက် ပိုသောက် နိုင်ပါသည်။
    Macronutrients တွင် အစားအစာ အမျိုးအစား အားလုံးကို လုံလောက်စွာ စားရန် လိုအပ်ပြီး ခန္ဓာကိုယ်ထဲတွင် မသိုလှောင်သည့် အာဟာရ များကို လိုသည်ထက် ပိုစား နိုင်သော်လည်း သိုလှောင်သည့် အာဟာရ များကို ပိုမစားသင့်ပါ။
    Micronutrients အကြောင်း ကို ဆက်လက် ဖေါ်ပြ ပါမည်။
    Related Posts :
    13 comments:
    မသက်ဇင် said...
    ကျေးဇူးတင်ပါတယ် ငယ်---
    ကြိုးစားပါ့မယ်---
    ကျန်းမာရေးဗဟုသုတတွေ လာဖတ်ပါတယ်--
    အဘိုးတန် ဆေးပညာပေးတွေပါပဲ---
    ခင်မင်လျက်
    မသက်ဇင်
    ဥာဏ်လင်း said...
    အိမ်ထောင်မပြုခင် သိထားဖို့ လိုတဲ့ဘယ်လိုကူးစက်ရောဂါတွေစစ်သင့် တယ်
    ဘာတွေရှောင်သင့် လဲ ဘာတွေဆောင်သင့် လဲ ဆိုတာတွေရေးပေးပါဦးလား
    အမြဲအားပေးလျက်ပါ ။
    Nge Naing said...
    စာလာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်။ အသက်ဇင်ရေ Comment အတွက်ကျေးဇူးပဲနော်..
    ကိုညာဏ်လင်းရဲ့ မေးခွန်းက ဘာအတွက် ဆိုတာ အတိအကျ မသိရလို့ အခြေခံကျတာကိုပဲ ကျွန်မ ဖြေလိုက်ပါတယ်။ အိမ်ထောင်ပြု၊ ကလေးမွေးနိုင်တဲ့ အရွယ် ( အမျိုးသမီးတွေမှာ အသက် ၁၈-၃၀ ) ရောက်ပြီး ကျန်းမာနေသူ့ အမျိုးသမီးအမျိုးသားတိုင်းမှာ အိမ်ထောင်ပြုနိုင်တဲ့ ခန္ဓာဗေဒနဲ့ ဇိဝကမ္မ ဗေဒဆိုင်ရာ လုပ်ငန်းစဉ်တွေက လုံလောက်စွာ ဖွံ့ဖြိုးပြီးဖြစ်လို့ နှစ်ဦးစလုံးမှာ တခြား ဘာကျန်းမာရေး နောက်ခံ ပြဿနာမှ မရှိရင် စိတ်ချလက်ချ အိမ်ထောင်ပြုနိုင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးက အသက်ငယ်လွန်းကြီးလွန်းနေလို့၊ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ထားသူ ဒါမှမဟုတ် မျိုးရိုးတွေထဲမှာ ဟော်မုန်း၊ ဒါမှမဟုတ် တခြား Genetic disease တခုခု ရှိနေလို့၊ Sexual Transmitted Diseases တွေရှိမရှိ ဆိုတာ သိချင်လို့ စတဲ့ အကြောင်းတခုခုကြောင့် သေချာစေချင်ရင်တော့ စစ်ဆေးသင့်တာကို ဒေသခံဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စမ်းသပ်စစ်ဆေးသင့်ပါတယ်။ အကြောင်းရင်းအပေါ်မှာ အခြေခံပြီးမှ ဆောင်ရန် ရှောင်ရန်ကို ပြောလို့ရမှာ ဖြစ်ပါတယ်။
    Anonymous said...
    မွေးရာပါ HIV+ ကလေးငယ်ရဲ့ နေရဦးမယ့် သက်တမ်းကို ပွင့်ပွင့်လင်းလင်း သိချင်ပါတယ်။ ကလေးက ၈ နှစ်ကျော်ပါပြီ။ ဆေးတော့ မှန်မှန်သောက်နေပါတယ်။ ပိန်တာက လွဲရင် အားနည်းခြင်း၊ ချိနဲ့ခြင်း လက္ခဏာ ဘာမှ မပြပါ။ ခင်ပွန်းသည်ဆီက ကူးစက်ခဲ့ပေမယ့် မူလသယ်ဆောင်တဲ့ ခင်ပွန်းက ကျန်းကျန်းမာမာ ရှိပြီး ကူးစက်ခံရတဲ့ ဇနီးသည်က ရောဂါဒဏ် ပိုခံရတာ ဘာကြောင့်ပါလဲ။
    NL said...
    ဥပုသ်ရက်မှာ ပါရာစီတမောလို အကိုက်အခဲပျောက်ဆေး၊ အစာခံပြီးမှ သောက်ဖို့ ဆရာဝန် ညွှန်ကြားတဲ့ ဆေးများကို ဥပုသ်မချဘဲ သံပရာရည်၊ ပျားရည်များ ခံ၍ သောက်၍ ရမရ သိလိုပါသည်။
    အစာမရှိသည့် ၀မ်းထဲတွင် အချဉ်များများ ထည့်ထားခြင်းသည် သင့်လျော်ပါသလား။ ညနေစာ မစားဘဲ သံပရာရည်၊ လိမ္မော်သီးရည်များ သောက်ခြင်းသည် အစာအိမ်အတွက် ကောင်းမကောင်း သိလိုပါသည်။
    သက်သတ်လွတ် စားခြင်းသည် အာရုံကြော အားနည်းတတ်သည်၊ သတိမေ့လျော့တတ်သည်ဆိုတာ မှန်ပါသလား။ ရှစ်ပါးသီလ စောင့်ရင်း သက်သတ်လွတ် စားတာ အားနည်းလာသဖြင့် ဆရာဝန်က တခု ဖြုတ်ဖို့ ပြောပါသည်။ ကျန်းမာရေးနှင့် မှတ်ဥာဏ် မထိခိုက်ဘဲ ဥပုသ်လည်း မဖျက်ဘဲ သက်သတ်လွတ် အလွယ်တကူ စားနည်း သိလိုပါသည်။ အလုပ်တစ်ဖက်နှင့် ကျောင်းစာတစ်ဖက်ကြောင့် အချိန်များစွာ ပေး၍ စီမံချက်ပြုတ်နေရန် မဖြစ်နိုင်သဖြင့် ၀န်ကျဉ်းကျဉ်းနှင့် အာဟာရဖြစ်အောင် စားနည်းကို ပြောပြပေးစေလိုပါသည်။ အိုမီဂါသရီး ရရှိရန် ငါးစားသင့်သည်ဆိုလျှင် ငါးမစားဘဲ အိုမီဂါသရီးဓာတ်ရရှိနိုင်သော အသီးအရွက် ရှိပါသလား
    Nge Naing said...
    အမည်မဖေါ်လိုသူ- စာလာဖတ်တာ ကျေးဇူးတင်ပါတယ်။ HIV အပေါင်းလက္ခဏာ ဖြစ်နေပေမယ့် ခန္ဓာကိုယ်အလေးချိန်ကို BMI 18.5 နှင့် 25 ကြားမှာ ရှိနေအောင် အစာအဟာရကို မျှတစွာစားပြီး ကိုယ်ကာယကို လေ့ကျင့်ခန်းသီးသန့် မလုပ်ရင်တောင်မှ လှုပ်လှုပ်ရှားရှား နေပြီး တခြားရောဂါတွေ မ၀င်ရောက်နိုင်အောင် ဂရုစိုက်သွားမယ်ဆိုရင် ရောဂါမရှိသူလိုပဲ ကျန်းမာစွာ နေသွားနိုင်ပါတယ်။ (BMI တွက်နည်းကို ဒေါက်တာဇင်သူရေးတဲ့ http://health.ngoinmyanmar.org/2008/09/bmi.html မှာ သွားကြည့် ပြီး တွက်ယူနိုင်ပါတယ်)။ နေရမည့် သက်တမ်းကို အတိအကျ မပြောနိုင်ပါဘူး။ တခြားရောဂါ မ၀င်ရောက်နိုင်အောင် ကျန်းမာရေး ဂရုစိုက်နိုင်သည့်အပေါ်မှာပဲ မူတည်ပါတယ်။ အမျိုးသားက အမျိုးသမီးနှင့် ကလေးထက် ပိုအဟာရပြည့်ဝတဲ့ အစားအစာတွေစားပြီး ကျန်းမာရေးကာယလေ့ကျင့်ခန်းတွေ လိုက်စားလို့ ပိုပြီးကျန်းမာနေတာ ဖြစ်နိုင်ပါတယ်။ တခြားရောဂါ မ၀င်ရောက်နိုင်အောင် ကလေးနှင့် အမျိုးသမီးပါ အစာအဟာရကို မျှတစွာစားပြီး ကိုယ်ခံအားကို အတတ်နိုင်ဆုံး ထိန်းထားဖို့ လိုပါတယ်။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာစေဖို့ ကလေးကို ပျော်အောင် ထားဖို့လိုပါတယ်။
    Nge Naing said...
    nl - စာလာဖတ်ပြီး စိတ်ဝင်စားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မေးတဲ့မေးခွန်းအတွက် အကောင်းဆုံး အကြံပြုပြီး ဖြေပေးလိုက်ပါတယ်။
    Paracetamol ကို သံပုရာရည်၊ ပျားရည် သကြားရည်တွေနဲ့ သောက်လို့ရပါတယ်။ သံပုရာရည်ထဲမှာ သကြားပါပြီးသားဖြစ်လို့ သကြားဟာ တခြားထမင်းတို့ ပေါင်မုန့်တို့လို အစာလို့ ပြောတဲ့ကစီဓါတ်ပဲ ဖြစ်ပါတယ်။ သံပုရာရည်ကလည်း အစာအိမ်ထဲမှာ ကြာကြာနေမှာ မဟုတ်လို့ အစာအိမ်ပြဿနာ မရှိသူအတွက် အထူးစိုးရိမ်စရာ မလိုပါဘူး။ အဟာရကို အကုန်ပါအောင် အလုံအလောက် စားရင် သက်သတ်လွတ်စားလို့ ဘာကျန်းမာရေးမှ မထိခိုက်နိုင်တဲ့အပြင် ပိုပြီးတောင် ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ Post ကို အသေချာ ပြန်ဖတ်ဖို့ အကြံပြုချင်ပါတယ်။ အသီးအရွက်ကို အရောင် စုံနိုင်သမျှစုံအောင် အစိမ်းလိုက်ရော အကျက်ပါနှစ်ခုစလုံး ပါအောင် နေ့စဉ်စားပါ။ ဟင်းသီးဟင်းရွက်ကို တို့စရာနဲ့ စားတဲ့အကျင့်ရှိရင် မျှဉ်ငပိကို လုပ်စားလို့ရတဲ့နည်းမှန်သမျှ ရှမ်းပဲပုပ်ကိုလည်း လုပ်စားလို့ရတဲ့အတွက် အဲဒါဟာ အလွယ်ဆုံး ချက်ပြုတ်နည်းနဲ့ အဟာရအရှိဆုံး စားနည်းလို့ ပြောလို့ရပါတယ်။ တပတ်အတွင်း တို့ဖူး၊ ပဲ အမျိုးမျိုး ကို အမျိုးမတူအောင် ချက်စားပါ။ အိုမီကာ ၃ ကို နေကြာပန်းဆီ၊ ပဲပုပ်ပဲဆီတို့လို တခြား Polysaturated fat တွေနဲ့ အခွံမာစေ့တွေ ဖြစ်တဲ့ မြေပဲ၊ နှမ်း၊ ဗာဒံစေ့ စတာတွေမှာလည်း ရနိုင်ပါတယ် ငါးတခုတည်းမှာ ရတာမဟုတ်ဘူး။ ဗိုက်တာမင် B12 လွဲရင် တခြား အဟာရတွေကို အပင်ထွက်စားစရာတွေမှာ အလုံအလောက် ရနိုင်ပါတယ်။ ပဲနို့ (သို့) နွားနို့ကို တနေ့ နှစ်ခွက် (400 ml) သောက်သင့်တယ်။ ဗိုက်တာမင် B12 က လွဲရင် တခြား အဟာရတွေကို အပင်ထွက်စားစရာတွေမှာ အလုံအလောက် ရနိုင်တဲ့အတွက် အဟာရကို လုံလောက်အောင် စားရင် သက်သတ်လွတ်စားတာဟာ နှလုံးနှင့် ကင်ဆာအပါအ၀င် ရောဂါအတော်များများကို ကာကွယ်ပြီးသား ဖြစ်ပါတယ်။
    nl said...
    အဖိုးတန် အကြံဥာဏ်အတွက် ကျေးဇူးအထူးတင်လျက်ပါ။
    Nge Naing said...
    ဆရာမတစ်ဦး said...
    ကျွန်မတပည့်မလေးဟာ ၁၁ နှစ် ၁၂ နှစ်အရွယ်ကတည်းက မူရင်းရွာကနေ ပိုခေါင် ပိုချောင်ကျတဲ့အရပ်မှာ ၁၀ နှစ်လောက် သွားနေခဲ့ရပါတယ်။ ထမင်းလဲမ၀ နေ့စဉ်ထမင်းကိုလဲ ဆား ငရုတ်သီးလောက်နဲ့ ဟင်းလုပ်ပြီး အသက်ရှင်ခဲ့ရတယ်လို့ ပြန်ပြောပါတယ်။ ကျွန်မနဲ့ တွေ့တော့ အသက် ၂၅ နှစ်ဝန်းကျင် ကလေးဟာ ရုပ်ပိုင်းရော စိတ်ပိုင်းရော အရမ်းနောက်ကျကျန်နေတာ တွေ့ရပါတယ်။ စာပြန်သင်ပေးတော့လဲ သူ့ထက်ငယ်တဲ့ ကလေးတွေလောက်ကို စာမလိုက်နိုင်တော့ဘူး။ ဒီအရွယ်ဟာ ကလေးမဟုတ်တော့ပေမယ့် ပုံမှန် ပြန်ဖြစ်အောင် (သွက်သွက်လက်လက် လန်းလန်းဆန်းဆန်းနဲ့ ငယ်ငယ်ကလို ဥာဏ်ထက်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်လာအောင်) မေတ္တာတရားအပြင် အာဟာရနဲ့ရော ဘယ်လို ပြန်ထူထောင်ယူလို့ ရနိုင်မလဲ အကြံပေးပါရှင်။
    Nge Naing said...
    စာလာဖတ်တဲ့ ဆရာမတဦးကို ကျေးဇူးတင်ပါတယ်။ ဆရာမရဲ့ မေးခွန်းအတွက် ပြည့်စုံလုံလောက်နိုင်မှာ မဟုတ်ပေမယ့် မှတ်သားမိသလောက် အကြံပြုပြီး ဖြေပေးလိုက်ပါတယ်။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာနေမှ တစုံတခုကို လေ့လာဖို့ အာရုံစူးစိုက်နိုင်မှာ ဖြစ်လို့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုအတွက် အစာအဟာရကို အခုဒီပို့စ်နဲ့ ကျွန်မရဲ့ နောက်ပတ်တင်မယ့်ပို့စ်မှာ ပေးထားတဲ့ အကြံဥာဏ်အတိုင်း မျှတအောင်စားသုံးရင် လုံလောက်ပါတယ်။ ငယ်ငယ်က ကြမ်းတမ်းတဲ့ ဘ၀အတွေ့အကြုံကြောင့် စိတ်ပိုင်းဆိုင်ရာမှာ ဒဏ်ရာကျန်ခဲ့နိုင်ပေမယ့် လူကြီးတယောက်ရဲ့ ဘ၀မှာ Psychosocial Support လို့ ပြောတဲ့ လူမှုရေး စိတ်ပိုင်းဆိုင်ရာ အထောက်အကူပြုမှုကို မိသားစု၊ သူငယ်ချင်းအပေါင်းအသင်း နှင့် သူမနဲ့သက်ဆိုင်သူအားလုံးရဲ့ နွေးထွေးတဲ့ အားပေးကူညီဖေးမှု ရှိရင် စိတ်ချမ်းသာတဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်ပါတယ်။
    သင်ကြားတတ်မှု၊ စိတ်ဝင်စားမှုနဲ့ ပတ်သက်လို့တော့ နည်းနည်း ဆွေးနွေးချင်ပါတယ်။ ဆရာမက ကျောင်းဆရာမ တယောက်ဆိုတော့ ပညာရေးလုပ်သားတဦးအနေနဲ့ ကျန်းမာရေးလုပ်သားတွေလိုပဲ Life span သက်တမ်းအလိုက် ဖွံ့ဖြိုးတိုးတက်မှု သီအိုရီ ( Developmental theory) ကို တက္ကသိုလ်က ဘာသာရပ်တခုခုမှာ လေ့လာဖူးပြီး ဖြစ်လိမ့်မယ်ထင်တယ်။ Developmental Theory ကို ပြန်ကြည့်ရင် မွေးခါစကနေ အသက် ၁၈ နှစ်မပြည့်ခင် ကလေးတွေမှာတောင် Developmental stage ကို အသက်ကို မူတည်ပြီး အဆင့်အမျိုးမျိုး သတ်မှတ်ထားတာကိုတွေ့ရပြီး အခုတိုက်ရိုက်သက်ဆိုင်နေတဲ့ Cognitive (or) intellectual development အပါအ၀င် ဖွံ့ဖြိုးတိုးတက်မှု ဧရိယာ အားလုံးမှာ သင်ကြားမှတ်သားမှု စိတ်ဝင်စားမှု၊ ပတ်ဝန်းကျင်အပေါ် အမြင်နှင့် တုန့်ပြန်မှု စတာတွေဟာ ကလေးတွေမှာတောင် အသက်အရွယ်လိုက် မတူတာကိုတွေ့ရလိမ့်မယ်။ အသက် ၁၈ နှစ်ပြည့်ပြီးသူတွေအတွက် Developmental stage ကိုကျော်လွန်သွားပြီ ဖြစ်လို့ ကလေးဘ၀ကို ကျော်လွန်လာပြီ ဖြစ်တဲ့ဆရာမရဲ့ တပြည့်အတွက် သင်ကြားမှတ်သားမှုက သူရဲ့ စိတ်ဝင်စားမှု၊ အာရုံစူးစိုက်မှုနဲ့ပဲ ဆိုင်တော့မှာ ဖြစ်တယ် ကလေးနဲ့ ဘယ်လိုမှ တူနိုင်တော့မှာမဟုတ်ဘူး။ ဒါကြောင့်မို့ တခုခုကို အာရုံစူးစိုက်နိုင်ဖို့အတွက် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာအောင်ပဲ ၀ိုင်းဝန်းပံ့ပိုးပေးပြီး သူစိတ်ဝင်စားတဲ့ အတိုင်းအတာထိပဲ လေ့လာစေတာဟာ အကောင်းဆုံးပဲလို့ ကျွန်မအကြံပြုချင်ပါတယ်။
    မုဒိတာ ပွားနိုင်ကြပါစေ။ said...
    ဒီလိုလေးဖတ်ရတော့ အတော်လေး ဆင်ခြင်ပြီးစားရမယ်လို့ တွေးမိတယ် မုဒိတာကတော့
    အချိန်မှန်စားဖို့လို အပ်နေတယ်။
    အချိန်မှန်မစားရင်ရော ဘယ်လို အကျိုးအပြစ်တွေ
    ဖြစ်တက်သလဲ မငယ်ရေ
    ဆီရယ် အချိုမှုန့်တွေတော့ မကြိုက်ဘူး
    အသီးအနှံတွေနဲ့ အရွက်တွေ အသုပ်တွေ
    စားဖြစ်တောများတယ် ဟင်းချိုလဲ သောက်ဖြစ်တယ်ပေါ့
    Nge Naing said...
    မုဒိတာ ဆိုလိုချင်တာက အချိန်မှန်မစားဘူး အဟာရတော့ လုံလောက်မျှတအောင်စားစရင် ဘာဖြစ်နိုင်လဲလို့မေးတယ်ထင်တယ်။ ၂၄ နာရီအတွင်း စားသင့်စားထိုက်တဲ့ အဟာရတွေကို လုံလောက်မျှတစွာ စားရင် အဟာရချို့တဲ့တာတို့ လွန်ကဲတာတို့တော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် စားသင့်တဲ့အချိန်မှာ မစားတဲ့အတွက် အစာခြေအင်္ဂါအဖွဲ့အစည်းမှာ ပါဝင်တဲ့ အစာအိမ်တို့ အသည်းတို့ သည်းခြေတို့လို အင်္ဂါအစိတ်အပိုင်းတွေကို အလုပ်လုပ်ပုံ ကမောက်ကမ ဖြစ်စေနိုင်ပြီး ရေရှည် ဖြစ်နေရင် အဲဒီအင်္ဂါတွေနဲ့ ပတ်သက်တဲ့ ရောဂါ ရနိုင်ပါတယ်။ အစာကို သတ်မှတ်ထားတဲ့အချိန်မှာ ပုံမှန်စားသင့်ပါတယ်။ အချိန်မှန်လည်း မစား လုံးလောက်မျှတအောင်လည်း မစားတဲ့သူတွေအတွက်တော့ အဟာရချို့တဲ့ အန္တရယ် ရှိစေနိုင်တယ်။ ကျွန်မ အရင်တင်ထားတဲ့ အစာအဟာရမမျှတခြင်း (Malnutrition) ကိုလည်း Nutrition ခေါင်းစဉ်အောက်မှာ http://health.ngoinmyanmar.org/2008/09/malnutrition.html ပြန်ဖတ်ကြည့်စေချင်ပါတယ်။ စာလာဖတ်တဲ့အတွက် မုဒိတာကို ကျေးဇူးတင်ပါတယ်။