Friday, October 10, 2008

Premarital screening

သီတင်းကျွတ် လက်ဆောင်



ဝါမဝင်ခင်က စီဘောက်ခ်စ် မှာ လင်း (Linn) ဆိုသူ က မေးထားခဲ့ ပေးပါတယ် ... ဝါမကျွတ်ခင် (သီတင်းမကျွတ်ခင်) တော့ အမှီ တင်ပေး လိုက်ပါတယ် ...

အိမ်ထောင်မပြုခင် ယောင်္ကျားလေး နှင့် မိန်းကလေးတို့  မည်သည်တို့  ဆေးစစ် သင့် တယ် ... မည်သည့် ရောဂါ ရှိလျင် ကလေး မယူ သင့်ဘူး စသဖြင့်  post တပုဒ်လောက် ရေးပေး ပါလား ဗျာ ... လင်မယား ဓာတ် မတည့်လျင် ကလေး ဒုက္ခရောက် တတ်တယ် ဆို လို့ ပါ ...
တဲ့ ...

ဖြစ်ရပ်မှန် ဖြစ်စဉ်လေး တစ်ခုပါ။ မမ ဆိုတဲ့ အမျိုးသမီး တစ်ဦး ဟာ ခေတ် ပညာတတ် အပျိုစင် အမျိုးသမီး တစ်ယောက် ဖြစ်ပါတယ်။ မမ ရဲ့ အားနည်းချက် ကတော့ အရမ်း အားနာ တတ်တာပါပဲ။ မမမှာ မိဘများက သဘောတူ ထားတဲ့ မမကိုယ်တိုင် ကလည်း သင့်လျော်တယ် လို့ သတ်မှတ် ထားတဲ့ အမျိုးသား တစ်ယောက် ရှိပါတယ်။ ဒီလိုနဲ့ပဲ တစ်ခုသော သီတင်းကျွတ် မှာ မမဟာ အဲဒီလူနဲ့ လက်ထပ်ဖို့ဖြစ် လာ ပါတယ်။ မမဟာ လက်မထပ်ခင် ဘာဘာ ညာညာ (သွေး … စသဖြင့် ပေါ့) စစ်ရမယ် ဆိုတာကို သိသော်လည်းပဲ ဒီလူရဲ့ ဂုဏ်သိက္ခာ ကို အထင် သေးရာ ရောက်မှာ စိုးတာနဲ့ ဘာမှ မစစ်ဆေး တော့ဘဲ လက်ထပ် ခဲ့ပါတယ်။ မမ တို့မှာ ကလေး တစ်ယောက် ထွန်းကား ခဲ့ပါတယ် ။ ခုတော့ မမ ကော သားလေး ကော သူ့ အမျိုးသား ဆီကနေ HIV ပိုးကူးစက်ပြီး အေ့စ် (AIDS) ဝေဒနာ ကို ခံစား နေရ ပါတယ်။ လက်မထပ်ခင် က သာ မမ အနေနဲ့ လုပ်သင့်တာကို လုပ်ဖို့ အားမနာ ခဲ့ရင် …

ကျွန်တော်တို့ အများစုဟာ သာမန် အားဖြင့်တော့ ကျန်းမာ နေတယ် လို့ ထင်ရ ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တတွေမှာ ရှာဖွေ စမ်းသပ်မှု လုပ်မှ သိရမယ့် ရောဂါတွေ ရှိနေ နိုင်ပါတယ်။ ရောဂါ လကဏ္ခာ မပြသေးတဲ့ ကူးစက် ရောဂါတွေနဲ့ မျိုးရိုးလိုက် ရောဂါတွေ ရှိနေ နိုင်ပါတယ်။ ဒါကြောင့် အိမ်ထောင်ပြုဖို့ ရည်ရွယ်ထား သူများ အနေနဲ့ ထိမ်းမြားခြင်း မပြုမီ ကြိုတင်၍ ရောဂါရှာဖွေ စမ်းသပ်မှု များ ကို နှစ်ဦး နှစ်ဘက် နားလည်စွာဖြင့် ပြုလုပ် သင့်ပါသည်။ သို့မှသာ အချင်းချင်း ၏ ကျန်းမာရေး အဆင့်တန်း ကို ဆန်းစစ် နိုင်မှာ ဖြစ်တဲ့ အပြင် မိမိတို့မှ မွေးဖွား လာမယ့် သားသ္မီးများ ကိုလည်း ရောဂါများ အန္တရာယ်မှ ဟန့်တား ပေးပြီးသား ဖြစ်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာ လူမျိုး တွေဟာ များသော အားဖြင့် သူတစ်ဖက်သား အပေါ်ကို အားနာတတ် ကြပါတယ်။ အခုလိုမျိုး မိမိတို့ အတွက် သာမက မိမိတို့က မွေးဖွားလာမည့် သားသ္မီးတွေ ရဲ့ ဘ၀ရှေ့ရေး နဲ့ ပါ ဆိုင်တဲ့ ကိစ္စ မှာတော့ (လုံးဝ မှ လုံးဝ ကို) အားမနာ သင့်ပါဘူး။ ကြိုတင် သိရှိ ကာကွယ်တာ က အကောင်းဆုံး ဖြစ်ပါတယ်။

ကြိုတင် သိရှိတဲ့ နေရာမှာ ရောဂါဘယ တွေ အတွက်တင် မကပါဘူး တစ်ဦးရဲ့ စိတ်နေ သဘောထားကို တစ်ဦးက ကောင်းကောင်း သိဖို့လည်း ပဲ အထူး လိုအပ်ပါတယ်။ တစ်ဦးရဲ့ စိတ်သဘောထား နဲ့ အမူ အကျင့် တွေကို တစ်ဦးက အိမ်ထောင်မပြုခင် သမီး ရည်းစား ဘ၀ ကတည်းက သေချာ လေ့လာ သိရှိပြီး ပွင့်ပွင့် လင်းလင်း ညှိနှိုင်း တိုင်ပင် နားလည်မှု တည်ဆောက် သင့် ပါတယ် ... စိတ်ချင်း နားလည် မှု က လည်း အလွန် အရေးကြီးပါတယ် ... ဒါမှ သာ အိမ်ထောင် ပြုပြီး နောက်ပိုင်းမှာ ကြုံလာမယ့် ပြဿနာတွေ ကို သေချာ နားလည်မှု နဲ့ ဖြေရှင်း နိုင်မှာ ဖြစ်ပြီး စိတ်ဝေဒနာ ခံစားမှု လျော့ နည်းမှာ ဖြစ်ပါတယ်။ “စိတ်သည် လောကကို ဦးဆောင်၏” ဆိုတဲ့ ဘုရားဟော တရား ရှိပါတယ်။ ရောဂါဘယ တွေ တော့ မရှိပါဘူး … သို့သော် လည်း လင်မယား နှစ်ယောက် စိတ်ချင်း မသင့်တာ နဲ့ပဲ သာယာစိုပြေ တဲ့ အိမ်ထောင်ရေး ကို မထူထောင် နိုင်တော့ပဲ စိတ်ဆင်းရဲမှု များစွာနဲ့ ဘ၀ကို ဖြတ်သန်းရ တော့မှာ ဖြစ်ပါတယ်။

ခုလိုမျိုး လက်မထပ်မီမှာ ကြိုတင် စစ်ဆေးသင့် တာတွေကို စစ်ဆေးခြင်း ဖြင့် ရရှိမယ် အကျိုး ကျေးဇူး တွေက -
  • ယေဘူယျ ကျန်းမာရေး အဆင့်အတန်း ကို သိရှိ နိုင်ပါတယ်။

  • ကူးစက် ရောဂါတွေ ရှိနေခြင်း ရှိမရှိ ဆိုတာကို သိရှိ နိုင်ပါတယ်။ (ဥပမာ - HIV ၊ အသဲရောင် အသားဝါ ဘီပိုး … စသဖြင့်ပေါ့)

  • သားသ္မီး တွေကို ထိခိုက် စေမယ့် မျိုးရိုးလိုက် ရောဂါတွေရနိုင် တဲ့ အခြေအနေ ရှိမရှိ ဆိုတာ ကို ရှာဖွေ တွေ့ရှိ နိုင်ပါတယ်။ ဆိုလိုတာက သွေးရောဂါ (Thalassemia) စတဲ့ ရောဂါတွေဟာ … အဲဒီ ရောဂါတွေကို ဖြစ်စေတဲ့ မျိုးရိုး ဗီဇတွေကို သယ်ဆောင် ထားတဲ့ သူတွေ (အထူးသဖြင့် သွေးသား နီးစပ်တဲ့ အမျိုးချင်း) လက်ဆက် တဲ့အခါမှာ ဖြစ်စေ နိုင်ပါတယ်။

  • ကလေးရနိုင် / မရနိုင် ဆိုတာ ကိုလည်း ကြိုတင် သိရှိ နိုင်ပါတယ်။
  • ယောင်္ကျားမှာ ဖြစ်စေ မိန်းမမှာ ဖြစ်စေ မြုံနေခြင်း ရှိမရှိ ဒါမှမဟုတ် ကလေး မရနိုင်တဲ့ အခြား ပြဿနာတွေ ရှိမရှိ ဆိုတာကို ထိမ်းမြားခြင်း မပြုမီက ကြိုတင် သိရှိ ပြီးမှသာ ရှေ့ဆက်မယ့် တူနှစ်ကိုယ် ဘဝ ခရီးကို အချင်းချင်း တိုင်ပင် ညှိနှိင်း နိုင်မှာ ဖြစ်ပါတယ်။ ကုသ၍ ရမည့် ရောဂါ ဆိုလျင် လည်း ကြိုတင် ကုသမှု ပြုလုပ် နိုင်မှာ ဖြစ်ပါတယ်။

    အိမ်ထောင် မပြုခင် ဘာတွေကို ဆေးစစ်မှု လုပ်သင့်လဲ ဆိုတာ ကတော့ -

    1. Chromosomal Disorder (Blood Karyotyping)

    Chromosome ဆိုတာကတော့ ခန္ဓာကိုယ် လုပ်ငန်း ဆောင်တာ အားလုံးရဲ့ မျိုးရိုး ဗီဇ သော့ချက် တွေကို ထိန်းချုပ် တဲ့ အရာပေါ့ဗျာ။ ဒီကောင် တွေ အစီအစဉ် မကျဖြစ်တော့ ကလေးမယ် ဒုက္ခ ရောက်ရ တော့တာပေါ့။ စာရှုသူတို့ သိနေပြီးတဲ့ Downs Syndrome ဆိုတာ ဒီကောင်တွေ တလွဲ ဖြစ်ရ လို့ပေါ့။ (Downs Syndrome ) ကတော့ အမေ အသက် ကြီးမှ ကိုယ်ဝန် ဆောင်ရင်လည်း ဖြစ်တတ်ပါတယ်)
    Karotyping ဆိုတာကို ဘာကြောင့် လုပ်လဲ ဆိုတော့ -
  • မိဘမှာ ကလေးကို ဒုက္ခ ပေးနိုင်မယ့် ပုံမှန် မဟုတ်တဲ့ Chromosome ရှိမရှိ စမ်းသပ် ဆုံးဖြတ်ချင်တဲ့အခါ

  • အမေကို ကိုယ်ဝန် မရနိုင်အောင် (သို့) ကိုယ်ဝန် ပျက်ကျ အောင် လုပ်နိုင်တဲ့ Chromosome ချို့ယွင်းချက် ရှိမရှိ ထစသဖြင့် စမ်းသပ် စစ်ဆေး ချင်တဲ့အခါ
  • မျိုးတွေ မှာ လုပ်ပါတယ်။

    2. Thalassemia Test

    Thalassemia ဆိုတာ ကတော့ မိဘများကနေ သားသ္မီးဆီကို မျိုးရိုး ဗီဇကြောင့် ဖြစ်သွား ရတဲ့ သွေးရောဂါ တမျိုးပါပဲ။ (ဆွေမျိုးနီးစပ်ချင်း အိမ်ထောင် ပြုတဲ့ အခါမျိုးမှာ ဖြစ်တတ် ပါတယ်)
    ဒါ့ကြောင့် ဘယ်သူမှ ပြုပြင် ပြောင်းလဲ နိုင်စွမ်း မရှိတဲ့ နိယာမ (၅)ချက် ထဲက တစ်ခုအပါအ၀င် ဖြစ်တဲ့ ဒီ ဗီဇနိယာမကို ကြိုတင် သိရှိ ဆင်ခြင်ခြင်း ဖြင့်သာ ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။

    3. HIV ပိုးရှိမရှိစစ်ခြင်း

    မြင်ရုံနဲ့တော့ သန့်မှန်း မသိနိုင်ဘူး ဆိုသလို ပါပဲ … ဒီပိုး ရှိသူ အများစုဟာ ကိုယ်ကိုယ်ကို ပိုးရှိ နေမှန်း မသိကြပါဘူး ။ သွေးစစ် ရင်တောင် မှ HIV Antibody Test ကို စစ်လို့ ရှိရင် ခန္ဓာကိုယ် ထဲကို ပိုးစ ၀င်တဲ့ (၆) ပါတ်ကနေ (၁၂)ပါတ်ထိမ တွေ့ နိုင်ပါဘူး။ တချို့မှလည်း (၆)လ ထိတိုင်အောင် မတွေ့ရ ပါဘူး။ ဒီကာလကို Window period လို့ခေါ်ပါတယ်။ ကိုယ်ထဲကို ပိုးက ၀င်နေပေမယ့် ခန္ဒာကိုယ် ကနေ ဒီပိုးကို တုန့်ပြန်တဲ့ ပဋိပစ္စည်း Antibody က မထွက်သေးတော့ ဆေးစစ်တဲ့အခါမှာ Negative ပြနေပါတယ်။ Antigen Test (သို့) PCR TEST ကို စစ်ရင်တော့ (၂)ပါတ် ကနေ (၃)ပါတ် အတွင်းမှာ ဒီပိုး ကူးစက်ခြင်း ရှိမရှိ ဆိုတာကို သိနိုင်ပါတယ်။ ဒီ ရောဂါပိုး ဟာ တစ်ဦးကို တစ်ဦး ကူးစက် နိုင်တဲ့ အပြင် မွေးဖွားလာမယ့် ကလေးကိုပါ ကူးစက် နိုင်ပါတယ်။

    4. အသဲရောင်အသားဝါ ဘီပိုး နဲ့ စီပိုး (Hepatitis B & C) ကိုစစ်ခြင်း

    ဒီပိုးတွေကလည်း HIV ပိုးလိုပဲ လိင် ကနေ တဆင့် ကူးစက် နိုင်တာကြောင့် ကြိုတင် စစ်ဆေး သင့်ပါတယ်။ ဒီပိုးတွေက အသဲရောင် အသားဝါ ရောဂါကို ဖြစ်စေရုံ သာမက ဘဲ အသဲခြောက်ခြင်း နဲ့ အသဲကင်ဆာ တို့ အထိ ဖြစ်နိုင်ပါတယ်။

    5. VDRL Test (ကာလသား ရောဂါပိုး အတွက် စစ်ခြင်း)

    အမေ လုပ်တဲ့သူမှာ ကာလသား ရောဂါရှိနေရင် ကလေးတွေ့ရဲ့ တစ်ဝက် နီးပါးဟာ မမွေးခင် မှာဖြစ်စေ မွေးပြီးတဲ့ နောက်မှာ ဖြစ်စေ အသက် သေဆုံး နိုင်ပါတယ်။ အသက် ရှင်ခဲ့ရင်လဲ ကလေးဟာ ကြီးထွားမှု နှေးကွေး တာတွေ ၊ အမြင် / အကြား အာရုံတွေ ချို့ယွင်း တာတွေ … စသ ဖြင့် ဖြစ်နိုင် ပါတယ်။ ကိုယ်ဝန် ဆောင်စဉ် ကာလမှ စောစောစီးစီး စီစစ်မိပြီး antibiotics ပိုးသတ်ဆေး အသုံးပြုမယ် ဆိုရင်တော့ ရောဂါ ပျောက်ကင်း နိုင်ပါတယ်။

    6. Thyroid Function Test

    Thyroid ဆိုတာက gland (အကျိတ် တခု) ပဲ။ သူကနေပြီးတော့ Thyroid Hormone ဆိုတဲ့ ဟော်မုန်း တမျိုးထွက်တယ်။ ဒီ ဟော်မုန်း က ခန္ဒာကိုယ် ရဲ့ ဇီဝကမ္မ ဖြစ်ပျက် အားလုံးမှာ ပါဝင်ရတဲ့ ဟော်မုန်း ပဲ။ ကလေးတွေအတွက်က ခန္ဓာကိုယ် ကော ဦးနှောက် ကော ဖွံဖြိုးဖို့ရာ အတွက် အရမ်း လိုအပ်တယ်။ ကိုယ်ဝန် ဆောင်စဉ်မှာ ဒီဟော်မုန်း က နည်းနေရင် ကလေးမှာက ဥာဏ်ရည် မမီတာတွေ ၊ ဖွံဖြိုးမှု နှေးတာတွေ … စသဖြင့် ဖြစ်နိုင်တယ်။ ဒါကြောင့် အိမ်ထောင် မပြုမီက တိုင် ဒီဟော်မုန်းတွေ နည်းမနည်း ကြိုသိ ထားတဲ့အခါ ကြိုတင် ကာကွယ်မှု ပြုလုပ် နိုင်ပါတယ်။

    7. သွေးချိုဆီးချို ရှိမရှိ စစ်ဆေးခြင်း (Blood Sugar)

    အမေ လုပ်တဲ့သူမှာ ၎င်းရောဂါ ရှိနေရင် ကိုယ်ဝန်ဆောင် တဲ့အခါမှာ ကလေးကော အမေအတွက်ပါ အန္တရာယ် ရှိနိုင်ပါတယ်

    8. Male Fertility Test

    အမျိုးသား၏ သုတ်ထဲတွင် ပါသော သုတ်ကောင် (Sperm) များ ၏ အရည်အသွေး စွမ်းဆောင်ရည် သည် ကိုယ်ဝန် ရနိုင် စေခြင်း ရှိမရှိ စစ်ဆေးခြင်း

    9. Female Fertility test

    အမျိုးသမီးကို ကိုယ်ဝန် ရနိုင်ခြင်း ရှိမရှိ စစ်ဆေးခြင်း (အမျိုးသမီး ၏ ရာသီစက်ဝန်း (၃) ရက်မြောက် နေ့တွင် (Day 3 FSH test ) ဆိုသည့် (Follicle Stimulating Hormone) ကို စစ်ဆေး တိုင်းတာခြင်း

    10. အခြား စမ်းသပ် စစ်ဆေးသော (TESTS) များမှာ -

    Biochemical and Metabolic Disorder Analysis
    * Sickle Cell Anemia Test
    * Congenital Hypothyroidism – TSH
    * G6PD Deficiency
    * Galactose – (Gal and Gal- 1-P)
    * Galactose – Uridyltransferase
    * Phenylketonuria
    * Other Metabolic Disorders

    Organic Acidemias:
    - 3 Hydroxy 3 Methylglutaryl CoA Lyase Deficiency ( HMG )
    - Glutaric Acidemia Type 1
    - Isobutyryl CoA Dehydrogenase Deficiency
    - Isovaleric Acidemia
    - 2 Methylbutryl CoA Dehydrogenase Deficiency
    - 3 Methylcrotonyl CoA Carboxylase Deficiency
    - Methylmalomic Acidemia
    - Mitochondrial Acetoacetyl CoA Thiolase Deficiency
    - Propionic Acidemia
    - Multiple – CoA Carboxylase Deficiency

    Acylcarnitine Profile :
    - Carnitine / Acylcarnitine Translocase Deficiency
    - 3 Hydroxy Long chain Acyl CoA Dehydrogenase Deficiency
    - Medium Chain Acyl CoA Dehydrogenase Deficiency (MCAD)
    - Multiple Acyl Co A Dehydrogenase Deficiency ( Glutaric Acidemia)
    - Neonatal Carnitine Palmitoyl Transferase Deficiency
    - Short Chain Acyl Co A Dehydrogenase Deficiency
    - Short Chain Hydroxy Acyl Co A Dehydrogenase Deficiency
    - Trifunctional Protein Deficiency
    - Very Long Acyl Co A Dehydrogenase Deficiency
    - Octanoyl Carnitine ( C8 )

    Amino Acid Profile:
    - Carbamylphosphate Synthetase Deficiency
    - Dienoyl Co A Reductase Deficiency
    - 5 – Oxoprolinuria ( Pyroglutamic Acidemia)
    - Hyperammonemia,Hyperornithinemia,Homocitrullinemia Syndrome(HHH)
    - Hyperornithinemia with Gyral Atrophy
    - Hyperargininemia due to Arginase
    - Malonic Aciduria
    - Ornithine Transcarbamylase Deficiency
    - Arginase Deficiency
    - Biotinidase Deficiency
    - Congenital Adrenal Hyperplasia
    - Cystic Fibrosis
    - Hemoglobin mutations

    ဒေါက်တာ စိုင်းဝေအောင်


    Related Posts :



    18 comments:

    Anonymous said...

    အေအိုင်ဒီအက်စ် ရောဂါသည် မိတ်ဆွေတစ်ယောက် ကွယ်လွန်ခါနီးမှာ ပြုစုပေးရင်း လူနာရဲ့ ကိုယ်ကထွက်တဲ့ ချွေးပေါက်ကြီးများကို ထိတွေ့ခဲ့ရပါတယ်။ လူနာ သတိလစ်မနေတဲ့အတွက် လက်အိတ်စွပ်ပြီး ကိုင်တွယ်ရင် စိတ်မကောင်းဖြစ်မှာစိုးလို့ လက်အိတ်မစွပ်ခဲ့ပါ။ မွေးညင်းပေါက်များကနေ ကူးစက်နိုင်ပါသလား

    Unknown said...

    "သီတင်းကျွတ် လက်ဆောင်"ဆိုတဲ့ Post အတွက်ကျေးဇူးပါဗျာ ။

    ကျေးဇူးများစွာဖြင့်
    Linn

    Apprenticeship said...

    ဒီလို Post တွေများများရေးပေးနော်.. ကိုစိုးထက်ရေ..
    တစ်သက်လုံး ထိန်း၂သိမ်း၂ နေလာတာ ယူမိတဲ့ လူကရောဂါနဲ့ဆို အင်း.. တော်ပီ.. အပျိုကြီးပဲလုပ်တော့မယ် :P

    Anonymous said...

    RH test ကကော ဘာအတွက်စစ်ရတာလဲသိပါရစေနော်

    Sai Wai Aung said...

    AIDS ရောဂါကို ချွေး ကနေမကူးဆက်နိုင်ပါဘူးခင်ဗျာ။ ဒီလို လူနာတွေကို ပြုစုတဲ့ အခါ-သူ့ခန္ဓာကိုယ် ကနေ ထွက်တဲ့ သွေးတွေကို ကိုင်တွယ်တဲ့ အခါ ၊ လူ့နာရဲ့ သွေးပါတဲ့ အန်ဖတ်တွေ၊ ဆီးတွေ ၀မ်းတွေ ကိုကိုင်တွယ်တဲ့ အခါမှာ လက်အိတ်နဲ့ ကိုင်တွယ် သင့်ပါတယ်။ ကိုင်တွယ်ပြီး ရင်လဲ လက်ကို တန်းပြီးဆေးကြောသင့်ပါတယ်။လူနာမှာ ဖြစ်စေ ပြုစုသူမှာဖြစ်စေ ဒဏ်ရာတွေ အနာတွေ ရှိရင်လုံအောင် ပတ်တီး စီးထားပါ။ သူ့နဲ့ သွားတိုက်တံနဲ့ မုတ်ဆိတ်ရိတ် ကိရိယာတွေကို မျှပြီးမသုံးသင့်ပါ။ လူနာအတွက် အသုံးပြုထားတဲ့ ဆေးထိုးပိုက်မှ အပ်တွေကို ဖြုတ်ခြင်း တပ်ခြင်းမပြုလုပ်သင့်ပါ။ ၎င်းအပ်တွေကို ကလေးရှိရာနေရာတွေမှာ မထားသင့်ပါဘူး။

    Sai Wai Aung said...

    A နဲ့ B ဆိုတဲ့ ဗီဇနှစ်မျိုး ပါဝင်မှုပေါ် မူတည်ပြီး လူတွေရဲ့ သွေးအုပ်စုကို (O, A , B ,AB)ရယ်လို့ (၄) အုပ်စု ခွဲထားပါတယ်။ ဒါအပြင် လူ့ရဲ့ သွေးနီဥမှာ RH antigen ပါဝင်မှု ပေါ် မူတည်ပြီး ပါလျင်RH positive မပါလျင် RH negative လို့သတ်မှတ်ပါတယ်။ ကိုယ်ဝန်ဆောင်မယ့် အမျိုး သမီး မှာ RH test ကိုဘာကြောင့်စစ်ရသလဲဆိုတော့ အမေလုပ် သူက RH negative ဖြစ်နေ ပြီး ဗိုက်ထဲက ကလေးက RH positive ဖြစ်နေရင် အမေ ရဲ့ကိုယ်ခံအား စနစ်ကို Antibodies တွေထွက်လာစေပါတယ်။ အမေက RH negative အဖေ ကRH positive ဖြစ်နေ ရင် ကလေး (60-70%)လောက် ကRh positive ဖြစ်နိုင်ပါတယ်။ ဒီထွက်ထားတဲ့ အမေရဲ့ သွေးထဲက Antibodies တွေက နောက်ကိုယ်ဝန် ကလေးမှာ Rh positive ဖြစ်လာခဲ့ရင် ကလေးရဲ့ သွေးနီဥတွေကို ပေါက်ကွဲပျက်စီးစေပါတယ်။ (အမေဆီက ထွက်လာတဲ့ Antibodies တွေက ကလေးရဲ့ Rh antigen ပါတဲ့ သွေးနီဥတွေကို တိုက်ခိုက်လို့ ဖြစ်ပါတယ်။)ဒါမှမဟုတ်ရင် ပထမကိုယ်ဝန်မှာ ကိုယ်ဝန်ဆောင်စဉ် ကိုယ်ဝန်ပျက် ကျမလိုဖြစ်ပြီးသွေး ဆင်းထားရင် (ကိုယ်ဝန်ပျက် ကျခဲ့ဘူးရင်) ပထမကလေးမှာပဲ ဒုက္ခရောက်နိုင်ပါတယ်။
    ဒီပြဿနာ ကိုရှောင်လွှဲဖို့အတွက် အမေမှာ RH antibodies test ကို ကိုယ်ဝန် (၂၈)ပါတ်မှာပြုလုပ်ပြီး ၎င်းtest negative ဖြစ်ရင် အမေကို RhoGam (Rho (D) immune globulin) ကိုထိုးလို့ရပါတယ်။ ဒါမှမဟုတ်ရင်မွေးပြီးတဲ့ အခါမှ ကလေးက RH positive ဆိုရင် မွေးပြီး (၇၂)နာရီအတွင်းမှာ အမေကို RhoGam ကိုထိုးလို့လဲရပါတယ်။ Antibodies ထွက်ပြီးမှ( Rh antibodies test – positive ဆိုရင်)် ဒီဆေးကိုထိုးလို့ မရတော့ပါဘူး။ (အဲဒီအခါကျရင်တော့ မွေးပြီးတဲ့အခါ ကလေးကိုသွေးလဲဖို့(Blood exchange transfusion)အတွက် ရောဂါပိုးကင်းစင်ပြီး RH positive ဖြစ်တဲ့ သွေးလှုရှင်ကို ကြိုရှာထားဖို့ပဲရှိပါတယ်။ )

    Unknown said...

    ako yay.. khu loh pyi pyae sone tae post lay a twet Thanks million par.. HIV pyin nyar pay taw 2 myar2 (video/interview) mhar .. Window period ko htae p ma pyaw kya tar twe ya tal.
    thi chin tar lay 1 khu shi tal khin bya. HIV virus ka lip kiss ka nay ta shint kuu sate ng lar thi chin par tal khin bya.. a nor gf ka ae dar ko kyout nay loh par :P
    a pan ma kyi fu so yin phay pay par loh tg so chin par tal. Thks in advance... :)

    စိုးထက် - Soe Htet ! said...


    အနောက်တိုင်း ရုပ်ရှင်တွေ ထဲကလို နှုတ်ခမ်းချင်း ပါးစပ်ချင်း နမ်းတာ ကနေ ကူးစက်တတ်ပါသလားလို့ မေးထားပါတယ် ...

    သာမန်နမ်းရုံ နဲ့တော့ မကူးစက် နိုင်ပါဘူး။

    သွားဖုံး သွေးယို နေလို့ ဖြစ်ဖြစ်၊ ကြမ်းကြမ်းတမ်းတမ်း နမ်းလွန်းလို့ ပွန်းပဲ့ ပြီး သွေးထွက်လာရင် ဖြစ်ဖြစ် အဲဒီ သွေးက နေ တဆင့် ကူးစက်လာဖို့ အန္တရာယ် ရှိ ပါတယ်။

    ရောဂါ ဖြစ် နေတဲ့ သူနဲ့ တစ်အိမ်ထဲ နေခြင်း၊ အတူတူ ကျောင်းတက် ခြင်း တို့ ကြောင့် မကူးစက် နိုင်သလို၊

    နေ့စဉ် လူမှု ဆက်ဆံရေး ကိစ္စတွေ ဖြစ်တဲ့ လက်ဆွဲ နှုတ်ဆက်ခြင်း၊ ဖက်ရမ်း နှုတ်ဆက်ခြင်း၊ အတူ ထိုင်ခြင်း၊ အတူတူ စားခြင်း အတူတူ ကစားခြင်း တို့ မှ တဆင့် ၎င်း၊

    အစားအစာ၊ ရေ၊ ပိုးကောင်၊ ပိုးမွှား၊ အိမ်သာ၊ တံခါး လက်ကိုင်၊ ဇွန်း၊ ပုဂံ ခွက်ယောက်၊ အများသုံး တယ်လီဖုန်း၊ အများသုံး ရေကူးကန်၊ ခန္ဓာကိုယ် ထွက် အရည်များထဲ မှ တံထွေး၊ ဆီးမျက်ရည် မစင် များမှ တဆင့် လည်း မကူးစက် နိုင်ပါဘူး။

    Anonymous said...

    Rh test အတွက်မေးထားတာလေးကို ပြည့်ပြည့်စုံစုံပြန်ဖြေပေးတာ ကျေးဇူးပါနော်

    Unknown said...

    ကျွန်တော် သိချင်တာလေးရှိလို့မေးလိုက်ပါတယ်...
    အသည်းရောင်အသားဝါ(ဘီ)ရှိသူတစ်ဦးအနေဖြင့် အိမ်ထောင်ပြုသင့်၊ မပြုသင့်... ပြုရင်လည်း ဆောင်ရန်၊ ရှောင်ရန် များရှိရင် ပြန်ဖြေကြားပေးပါ...

    Unknown said...

    ကျွန်တော် သိချင်တာလေးရှိလို့မေးလိုက်ပါတယ်...
    အသည်းရောင်အသားဝါ(ဘီ)ရှိသူတစ်ဦးအနေဖြင့် အိမ်ထောင်ပြုသင့်၊ မပြုသင့်... ပြုရင်လည်း ဆောင်ရန်၊ ရှောင်ရန် များရှိရင် ပြန်ဖြေကြားပေးပါ... ဆက်ဆက်ဖြေကြားပေးပါနော်....

    စိုးထက် - Soe Htet ! said...

    Min ... ခင်ဗျာ ... ပြန်လည် ဖြေဆိုတာ နောက်ကျတဲ့ အတွက် တောင်းပန်ပါတယ် ...

    အသဲရောင် အသားဝါ ဘီ ရောဂါ ရှိသူ တစ်ယောက် အနေနဲ့ အိမ်ထောင် ပြုရန် သင့်မသင့် ဖြေကြားဖို့ ဖြစ်ပါတယ် ...

    ဆေးကုသမှု ခံယူပြီး အိမ်ထောင် ပြုလို့ ရပါတယ် ခင်ဗျာ ...

    ကုသမှု ကတော့ ဘီ ဗိုင်းရပ်စ် ပိုး သတ်ဆေး များ (such as Pegylated Interferon or Peginterferon and Lamivudine , Adefovir (ADV) ) သင့်တော်ရာ ဆေးတစ်ခုခု ကို ဆရာဝန်မှ ပေးပြီး ပေါက်ပွားမှု ရပ်တန့်ခြင်းနဲ့ အရေအတွက် ကို လျှော့ချ ခြင်း ပြုလုပ်တာ ဖြစ်ပါတယ် ...

    ပိုး အရေ အတွက် လျော့ကျ လာတာနဲ့ ခန္ဓာ ကိုယ် က ခုခံအားစနစ် ဟာ ပြန်လည် အားကောင်း လာပြီး လက်ကျန် ပိုးများ ကို နှိမ်နင်း ပြီး နောက်ထပ် ဝင်ရောက်မှု ကို ကာကွယ် ပေးသွားပြီး ကုသ မှာ ဖြစ်ပါတယ် ...

    ပြီးတော့ ဘီ ပိုး ကာကွယ်ဆေးတွေ က ပိုမို အစွမ်း ထက် လာပြီ ဖြစ်လို့ပါ။ ကာကွယ် ဆေး ကြောင့် ခန္ဓာ ကိုယ်က ထွက်လာမယ့် ပဋိဇီဝ ပစ္စည်း ပေါ်မပေါ် စမ်းသပ်တဲ့ ကိရိယာ တွေ လည်း ရှိနေပြီ ဖြစ်ပါတယ် ။ (မြန်မာ နိုင်ငံ မှာတော့ လမ်း ၃၀ ဆေးခန်း မှာ ရှိ ပါတယ်။ တစ်ခြားတော့ ကျွန်တော် သေချာ မစုံစမ်း ထားလို့ မသိ ပါဘူး)

    ပိုး အရေအတွက် အခြေအနေပါ စမ်းသပ် သိရှိ နိုင်ပါတယ် ...

    လက်ထပ်မယ့် သူမှာကတော့ ကာကွယ်ဆေး ကို ပြည့်မီအောင် ကြိုတင် ထိုးနှံဖို့ လိုပါတယ် ...

    နှစ်ယောက် လုံး ကာကွယ် ကုသ ပြီး မှ ကလေး ယူတာ ပို အင့်လျော်ဆုံး ဖြစ်ပါလိမ့်မယ် ခင်ဗျာ ...

    တစ်ကယ်လို့ နှစ်ယောက် လုံး ကာကွယ်မှု မပြီး ခင် ကလေးရခဲ့ လျှင် မွေးပြီး ၁၂ နာရီ အတွင်း ကာကွယ်ဆေး ပထမ အကြိမ် ထိုးနှံပြီး သတ်မှတ် အရေ အတွက် အချိန်မှန် ပြည့်မီ ပြီးစီး ခဲ့ ပါက ... ကလေး ကို မကူးစက်နိုင်ပါဘူးခင်ဗျာ ...

    ဒေါက်တာ ဝင်းသိန်း ရေးထားတဲ့ အသည်းရောင် အသားဝါ ဘီ နှင့် စီရောဂါ ပို့စ် မှာ လည်း သွားရောက် ဖတ်ရှုဖို့ အကြံပြု ပါတယ် ခင်ဗျာ ...

    သိလို သည်ကို အသေးစိပ် ထပ်မေးလျှင် ထပ်မံ ဖြေကြား ပေးပါမယ် ခင်ဗျာ ...

    Anonymous said...

    အရမ်းကျေးဇူးတယ်... ကိုစိုးထက်..
    ဆက်ပြီး သိချင်လာတာက.. ကုသမှုအပိုင်းပါ။ (ဘီ)ရောဂါကို တစ်ချို့က တိုင်းရင်းဆေးတွေနဲ့ ကုတယ်.. နည်းလမ်းအမျိုးမျိုးနဲ့ကုကြပါတယ်.. တိုင်းရင်းဆေးတစ်ချို့ကတော့ အနောက်တိုင်းဆေးကို အားမပေးကြဘူး.. ကုသမယ်ဆိုပါက ဘယ်လိုကုသသင့်ပါသလဲ.. စိတ်ချရမယ့် နည်းလမ်းများ ရှိပါသလား.. ကုသရမည့်နေရာများ/ဆေးများရှိပါက လမ်းညွှန်ပေးပါလို့ ထပ်ပြီး တောင်းဆိုအပ်ပါတယ်...

    Anonymous said...

    အရမ်းကျေးဇူးတယ်... ကိုစိုးထက်..
    ဆက်ပြီး သိချင်လာတာက.. ကုသမှုအပိုင်းပါ။ (ဘီ)ရောဂါကို တစ်ချို့က တိုင်းရင်းဆေးတွေနဲ့ ကုတယ်.. နည်းလမ်းအမျိုးမျိုးနဲ့ကုကြပါတယ်.. တိုင်းရင်းဆေးတစ်ချို့ကတော့ အနောက်တိုင်းဆေးကို အားမပေးကြဘူး.. ကုသမယ်ဆိုပါက ဘယ်လိုကုသသင့်ပါသလဲ.. စိတ်ချရမယ့် နည်းလမ်းများ ရှိပါသလား.. ကုသရမည့်နေရာများ/ဆေးများရှိပါက လမ်းညွှန်ပေးပါလို့ ထပ်ပြီး တောင်းဆိုအပ်ပါတယ်...

    Sai Wai Aung said...

    အများစုသော ဘီရောဂါကတော့ သူဖာသာပဲ သက်သာသွားနိုင်ပါတယ်။ အနားယူခြင်း ၊ အာဟာရပြည့် ပြီးသန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်များကိုစားသောက်ခြင်း ၊ရေအများကြီးသောက်ခြင်း ၊ အရက်မသောက်ခြင်း၊ အသည်းကိုထိခိုက်စေသော ဆေးဝါးများ ကိုရှောင် ကျဉ်ခြင်း( ဆရာဝန်၏ ညွှန်ကြား ချက်ဖြင့်သာ ဆေးများ ကိုသောက်သုံးခြင်း) တို့ ဖြင့် မိမိဘာသာ ရောဂါ သက်သာအောင် ပြုလုပ်နိုင်ပါတယ်။ နာတာရှည် အသည်းရောင် ဘီရောဂါကတော့ ရောဂါပြင်းထန်မှုနဲ့ အသည်းကို ထိခိုက်မှုဘယလောက်ရှိလဲ ဆိုတာ ပေါ်မှာမူ တည်ပါတယ်။အများစုကတော့ ဆေးသောက်စရာမ လိုဘဲ အနေအထိုင်အစားအသာက် ဆင်ခြင် ခြင်း၊ ပုံမှန်ဆေးစစ် ခြင်းများ ပြုလုပ်ခြင်း တို့ဖြင့် ကောင်းမွန်စွာ သက်တမ်းပြည့်နေသွားနိုင်ပါတယ်။ ဒီလို အသည်းရော င်ဘီရောဂါအတွက်ဆေးဝါးတွေ ရှိပေမယ့် ဆရာဝန်နဲ့သာ တိုင်ပင်သောက်သုံး သင့်ပါတယ်။

    Anonymous said...

    ကျေးဇူးပြုပြီး အသည်းရောင်အသားဝါ စီပိုးအကြောင်း ပြည့်စုံနိုင်သလောက်ပြည့်စုံအောင်ရေးပေးပါလား၊ယခုအချိန် ကုသတဲ့ဆေးပေါ်ပြီလားပါ သိပါရစေ၊ကျေးဇူးအထူးပါ။

    Unknown said...

    အသည်းရောင်အသားဝါဘီ နှင့်ပတ်သက်လို့ ပြည့်စုံနိုင်သလောက် ပြည့်စုံအောင် ရှင်းပြပေးပါရှင့်။ ကာကွယ်ဆေးထိုးပြီးသားလူတွေရော ထပ်ပြီးကူးစက်နိုင်ပါသလား။ ရှင်းပြပေးပါရှင့်။

    shashank said...

    Here is a link to more information about the genetics of Ornithine Translocase Deficiency that was prepared by our genetic counselor and which has links to some useful resources for those dealing with this condition: http://www.accessdna.com/condition/Ornithine_Translocase_Deficiency/279. There is also a phone number listed if you need to speak to a genetic counselor by phone. I hope it helps. Thanks, AccessDNA