Wednesday, June 11, 2008

Is Executive Function the New IQ?

Why the ability to resist distraction, a skill scientists call "executive function," may be more important to academic success than traditional measures of intelligence.

Wray Herbert

Editor-in-chief of Psychology Today
Newsweek Web Exclusive

အတော်များများ တွေ့ ဖူးကြမှာပါ။ စာသင်ခုံကိုမြဲအောင်မထိုင်နိုင်၊ကိုယ့်အလှည့်မဟုတ်ဘဲ ၀င်ဝင်ပြောတတ်တဲ့၊ အမြဲဂနာမငြိမ်ဖြစ်နေတတ်တဲ့ ကလေးတစ်ယောက်တစ်လေကိုပေါ့။ သူတို့ ရဲ့  ကျောပိုးအိတ်တွေမှာတော့ ကျောင်းကစာရွက်စာတမ်းတွေကို လုံးထွေးထည့်ထားလေ့ရှိပြီးတော့ အိမ်စာဘာပေးလိုက်လဲဆိုတာ တစ်ခြားကလေးတွေကို ပြန်ပြန်မေးရလေ့ရှိတဲ့ ကလေးမျိုးတွေပေါ့။ ဒီကလေးတိုင်းဟာ ကလေးဆိုးတွေ မဟုတ်ကြပေမယ့် သူတို့ ဟာ မိမိကိုယ်ကိုထိန်းကျောင်းနိုင်မှု၊ လျှပ်တပြက်ခံစားမှုတွေကို ထိန်းချူပ်နိုင်မှု၊ မိမိအလုပ်အပေါ် အာရုံစိုက်နိုင်မှု အားနည်းကြပုံပါပဲ။ ဒီတော့ ဒီလိုကလေးအများစုဟာ ကျောင်းသားဆိုးလေးတွေ ဖြစ်လာကြတာမဆန်းပါဘူး။

ဒီကလေးမျိုးတွေဟာ စာသင်နှစ်တွေတစ်လျှောက် ခေါင်းစဉ်အမျိုးမျိုးအတပ်ခံရတော့တာပါပဲ။

ပုန်ကန်တတ်သူ၊ အပြုအမူ မူမမှန်သူ၊ ညံ့ဖျင်းသူ စသဖြင့်ပေါ့။ စိတ်ပညာနဲ့  ဦးနှောက်ပိုင်းဆိုင်ရာ ပညာရပ်တွေမှာ နောက်ဆုံးတွေ့ ရှိချက်တွေကတော့ ကလေးတစ်ယောက်ရဲ့  အာရုံစူးစိုက်နိုင်စွမ်းနဲ့  ပတ်ဝန်းကျင် ဆွဲဆောင်မှုတွေကို တွန်းလှန်နိုင်စွမ်းတွေဟာ မူကြိုကျောင်းမှစပြီး ပညာသင်ကြားမှု တစ်လျှောက်မှာ အရေးပါတဲ့ သင်ယူမှတ်မိနိုင်စွမ်းရဲ့ အခြေခံ (Fundamental cognitive skills) တွေပဲလို့  ဆိုပါတယ်။ တကယ်တော့ ဒီစွမ်းရည်တွေဟာ ကလေးတစ်ယောက်ရဲ့  ကျောင်းတွင်းစွမ်းဆောင်မှုကို တိုင်းတာခန့် မှန်းရာမှာ သမားရိုးကျအိုင်ကျူ (Traditional IQ) ထက် ပိုပြီးအရေးကြီးပါတယ်။



ပညာရပ်ဆိုင်ရာဝေါဟာရအရတော့ ဒီစွမ်းရည်တွေကို Executive function (EF) လို့ ခေါ်ပါတယ်။ ကျောင်းသားရဲ့  အရည်အချင်းကို ဆန်းစစ်ရာမှာ သမားရိုးကျနည်းလမ်းတွေကို တဖြည်းဖြည်းချင်း အစားထိုးလာနိုင်မယ့် အယူအဆတစ်ရပ်ပါ။ အီးအက်ဖ် (EF) ဟာ ထိန်းချုပ်နိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်းတွေတင် မကပါဘူး။ လိုအပ်တဲ့ အချက်အလက်တွေကို မှတ်မိနိုင်စွမ်း (Working memory) နဲ့  လက်တွေ့ ကျကျ တွေးခေါ်နိုင်စွမ်းတွေ (Mental flexibility) ပါ အကျုံးဝင်နေပါတယ်။ နောက်ဆုံးသုသေတနတစ်ခုကတော့ သဒ္ဒါ၊ သချာင်္ စတဲ့အခြေခံဘာသာရပ်တွေမှာ အီးအက်ဖ်ဟာ အိုင်ကျူထက် ပိုပြီး အရေးပါတာ တွေ့ လာပါတယ်။ ကြွက်သားလှုပ်ရှားရတဲ့ ပုံမှန်လေ့ကျင့်ခန်းတွေကနေ အီးအက်ဖ်စွမ်းရည်တွေကို တိုးပွားလာစေတယ်လို့ လည်း ဆိုပါတယ်။

ဗြိတိန်ကိုလံဘီယာတက္ကသိုလ်မှ စိတ္တဗေဒပညာရှင် အက်ဒီလ်ဒိုင်းမန်းကတော့ စာသင်ခန်းထဲမှာ ဒီအီးအက်ဖ်အယူအဆကို စမ်းသပ်ကြည့်ရာမှာ ဆွေးနွေးစရာရလဒ်တွေ ရလာခဲ့ပါတယ်။ ပြီးခဲ့တဲ့သုတေသနတစ်ခုမှာ ဒိုင်းမန်းဟာ အမေရိကန်အရှေ့ မြောက်ဘက်က ခရိုင်ကျောင်းတစ်ခုမှာ မူကြိုကလေးတွေနဲ့  စတင်စမ်းသပ်သုတေသန ပြုပါတယ်။ တစ်ဝက်တိတိသော အတန်းတွေကို သမားရိုးကျသင်ရိုးနဲ့  သင်ပြီးတော့ တစ်ဝက်ကိုတော့ အာရုံစူးစိုက်ဆောင်ရွက်နိုင်စွမ်းဖြစ်တဲ့ အီးအက်ဖ်ကို လှုံ့  ဆော်မယ့် သီးသန့် ဒီဇိုင်းထုတ်ထားတဲ့ သင်ရိုးနဲ့ ပါ။

အီးအက်ဖ်သင်ရိုးမှာ သင်ခန်းစာပုံစံအမျိုးမျိုးပါပါတယ်။ ဒါတွေကတော့ အမြည်းအနေနဲ့  တစ်ချို့  သင်ခန်းစာလေးတွေပေါ့။ စာသင်ခန်းကို ငြိမ်အောင်ထားမယ့်အစား ကလေးတွေကို ကိုယ့်ဘာသာကိုယ် စကားပြောနေလေ့ရှိအောင် သင်ပေး၊ အားပေးထားတယ်။ လေ့ကျင့်ချင်းတစ်ခုမှာတော့ ဆရာမက စက်ဝိုင်းပုံလေးကို မြှောက်လိုက်ရင် ကလေးတွေက လက်ခုပ်တီးကြရတယ်။ တြိဂံဆိုရင် ခုန်ကြရတယ်။ ဒီလိုနည်းနဲ့ ကလေးတွေဟာ ဆရာမကို ကြည့်ရင်း စိတ်ထဲက (ကဲ..အခုလက်ခုပ်တီးမယ်..အခုခုန်မယ်.. စသဖြင့် ) ဂီယာတွေ လိုက်ချိန်းနေကြရတယ်။ နှုတ်ကလဲ လိုက်ရွတ်နေကြတယ်။ လှုပ်ရှားမှုအသစ်တစ်ခုအတွက် ပထမတစ်ခုကို ချိုးနှိမ်ရတယ်။ တဖြည်းဖြည်းချင်းနှုတ်က ရွတ်နေစရာမလိုတော့ဘဲ စိတ်ထဲမှပင် ထိန်းချုပ်လှုပ်ရှားလာနိုင်တယ်။

နောက်သင်ခန်းစာတစ်ခုကတော့ ကလေးတွေကို တစ်ယောက်တစ်လှည့် ပုံပြောခိုင်းတာပါ။ ကလေးဟာ ကလေးပဲ ဖြစ်တဲ့အတွက် သူတို့ အချင်းချင်းထဲမှာ သူတို့ ဟာ ပုံပြောသူပဲ ဖြစ်ချင်ကြပါတယ်။ ဘယ်သူမှထိုင်ပြီး နားထောင်နေရုံ မနေချင်ကြပါဘူး။ တကယ်တော့ တစ်ကြိမ်မှာ တစ်ယောက်ပဲ ပုံပြောနိုင်မှာဖြစ်လို့  နောက်ပြောရမယ့် သူတွေက နားရွက်ပုံလေးကို ကိုင်ရင်း သူတို့ ဟာ ကိုယ်ပြောဖို့  အလှည့်ကို စောင့်ရင်း နားထောင်နေရတာပါလား ဆိုတာကို သဘောပေါက်စေတယ်။ ဒီလိုနည်းနဲ့ သူတို့  ဟာ ကလေးသဘာဝစိတ်ရင်းဖြစ်တဲ့ အလှည့်မရောက်သေးဘဲ ပြောချင်စိတ်ကို ထိန်းချုပ်နိုင်ကြတယ်။ တဖြည်းဖြည်းချင်း နားရွက်ပုံကို ပြနေစရာမလိုတော့ဘဲ သူတို့ ကိုယ်တိုင် သဘောပေါက်လာကြတယ်။

သရုပ်ဆောင်ကစားနည်းလေးတွေကလည်း ကလေးတွေရဲ အာရုံစူးစိုက်ဆောင်ရွက်နိုင်စွမ်းအီးအက်ဖ် တိုးတက်ဖို့  တစ်ထောင့်တစ်နေရာကနေ ပါဝင်နေပါတယ်။ ၄၊၅ နှစ်အရွယ်လောက်ပဲ ရှိကြသေးတဲ့ မူကြိုကလေးတွေဟာ သူတို့ ကစားမယ့် ဇာတ်လမ်းကို သူတို့ ကိုယ်တိုင် ဖန်တီးကြတာပါ။ ကဲ..ကစားကြမယ်..မင်းကငါ့မာမီလုပ်.. ငါကမင်းရဲ့ ကလေးပေါ့.. ငါကဖျားမယ်.. မင်းကအမေဆိုတော့ ငါ့ကိုဆရာဝန်ဆီ ခေါ်သွား.. စသဖြင့် စီမံပြီး သူတို့ ကစားကြတယ်။ ဒီလိုသရုပ်ဆောင်ကြရင်း ကြုံလာတဲ့ ပြဿနာလေးတွေကိုလည်း ဖြေရှင်းသွားကြတယ်။ ဒါမျိုးလေးတွေကို ကစားစေတဲ့ ရည်ရွယ်ချက်ကတော့ ဒီကစားနည်းလေးတွေဟာ ကလေးတွေရဲ့ စိတ်ထဲကို လိုက်နာရမယ့်စည်းမျဉ်းလေးတွေ၊ မျှော်လင့်ချက်လေးတွေကို သွတ်သွင်းပေးတဲ့အပြင် မိမိအခန်းကဏ္ဍအတွက် စိတ်နှစ်ဆောင်ရွက်တတ်တဲ့ အလေ့အထတွေရရှိဖို့ ပါ။ အရေးကြီးတာက ဒါမျိုးလေ့ကျင့်ခန်းတွေကို သီးသန့် သင်ကြားမှုအနေနဲ့  မဟုတ်ဘဲ ကလေးတွေရဲ့ တနေ့ တာ လုပ်ဆောင်မှုတွေတိုင်းမှာ ပါဝင်နေအောင် လုပ်ပေးထားဖို့ ပါပဲ။

ဒါဟာ ရှင်းလင်းလွယ်ကူအောင်လုပ်ထားတဲ့ သင်ရိုးတစ်ခုဖြစ်ပြီးတော့ ကလေးတွေရဲ့  ဦးနှောက်ဖွံဖြိုးမှုဆိုင်ရာ စနစ်တကျ သုတေသနပြုချက်များအပေါ် အခြေခံထားတာ ဖြစ်ပါတယ်။ အများလက်ခံဖို့  နှစ်အတော်များများတော့ အချိန်ယူလိုက်ရတယ်။ ဒီသင်ရိုးထဲကလေ့ကျင့်ခန်းတွေဟာ သိပ်ပြီးလေးလေးနက်နက် မရှိလှဘူး.. ကလေးတွေကို ခက်ခဲတဲ့သင်ခန်းစာတွေမသင်ချင်အောင် ဆွဲဆောင်နေတယ်..လို့ လဲတချို့ က ယူဆကြတယ်။ ဒါပေမယ့် ဒိုင်းမန်းရဲ့ ရလဒ်တွေကတော့ အဲဒီလို မပြနေပါဘူး။ ချီကာဂိုစိတ္တဗေဒအဖွဲ့ အစည်း (The Association for Psychological Science in Chicargo) ကို သူမ တင်ပြခဲ့ တာကတော့ သမားရိုးကျစာသင်ခန်းတွေရော၊ သုသေတနပြုစာသင်ခန်းမှာပါ နှစ်နှစ်ကြာပြီးနောက်မှာ အာရုံစူးစိုက်ဆောင်ရွက်နိုင်စွမ်းအီးအက်ဖ်စစ်ဆေးမှု (EF Tests) များစစ်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ဆေးမှုတွေမှာ အင်မတန်ခက်ခဲတဲ့ သင်ကြားမှတ်ယူနိုင်စွမ်းစစ်ဆေးမှုတွေ ပါပါတယ်။ စစ်ဆေးမှုတစ်ခုစီတိုင်းမှာ သုသေတနပြုစာသင်ခန်းများမှ ကလေးများက သာလွန်ကောင်းမွန်စွာ ဖြေဆိုသွားနိုင်တယ်လို့  ဆိုပါတယ်။ တကယ်တော့ ပထမတစ်နှစ်အတွင်းမှာတင် သုတေသနပြုအတန်းတွေနဲ့  သမားရိုးကျအတန်းတွေ ကြားမှာ သိပ်ကိုကွာခြားနေတဲ့အတွက် အချို့  သောကျောင်းအာဏာပိုင်များက သုသေတနတန်းတွေကို ဖြုတ်ပြီး ကလေးအားလုံးကို ဒီလေ့ကျင့်မှုတွေရဲ့  ရလဒ်ကောင်းတွေကို ခံစားနိုင်စေဖို့ တောင် ကြိုးစားခဲ့ကြပါတယ်။

ဒါတင်မကပါဘူး။ ပန်စူဗေးနီးယားပြည်နယ်တက္ကသိုလ်မှ စိတ္တဗေဒပညာရှင် ကလန်စီဘလဲကည်း အာရုံစူးစိုက်ဆောင်ရွက်နိုင်စွမ်း (အီးအက်ဖ်)ကောင်းတဲ့ မူကြိုကလေးတွေဟာ သာမာန်ကလေးတွေထက် သချာင်္ လို ဘာသာရပ်တွေမှာ ပိုတော်ကြောင်း သက်သေပြခဲ့ပါတယ်။ တနည်းအားဖြင့် ဒီလိုလူကြီးလုပ်တမ်းကစားနည်းလေးတွေ၊ မှတ်ဥာဏ်အသုံးချကစားနည်းလေးတွေကို စောစောစီးစီး ထိတွေ့ ရတဲ့ ကလေးတွေဟာ နောင်ကျောင်းတွင်းပညာသင်ကြားမှုတွေမှာ အောင်အောင်မြင်မြင်ဖြစ်လာကြတယ်လို့  ဆိုပါတယ်။

ကလေးတွေတော်တော်များများဟာ အခြေခံပညာကျောင်းတွေမှာတင် အထုတ်ခံနေကြရပါတယ်။ ဒီအာရုံစိုက်ဆောင်ရွက်နိုင်စွမ်း (အီးအက်ဖ်)ဟာ စီပွားရေးကျပ်တည်းတဲ့ ပတ်ဝန်းကျင်က ကလေးတွေမှာ ဆိုးဆိုးရွားရွားကို အားနည်းကြတာတွေ့ ရပါတယ်။ အမေရိကန်မှာ လူဖြူကလေးတွေနဲ့  အမေရိကန်-အာဖ၇ိကန်ကလေးတွေကြားမှာ အခြေခံပညာသင်ယူရန် အရည်အသွေး (School readiness) ကွာခြားနေတာတွေရဲ့ တ၀က်လောက်ဟာ အီးအက်ဖ်ကွာခြားမှုတွေကြောင့်ဆိုတာ ပေါ်လွင်လာခဲ့ပါတယ်။

စာရေးသူရေးဟားဘားဒ်က ဒီလိုကလေးတွေကို ကူညီမယ်ဆိုတဲ့ ၂၀၀၁ မည်သည့်ကလေးမှချန်မထားရေး (No Child Left Behind Act) ဖက်ဒရယ်အက်ရဲ့  အရည်အချင်းစစ်ဆေးမှုဆိုင်ရာကိုတော့ ဝေဖန်လိုပုံရပါတယ်။ ကလေးတွေရဲ့  အခြေခံဦးနှောက်ပိုင်းရာ စွမ်းဆောင်နိုင်စွမ်းတွေကို မျက်ကွယ်ပြုရင် ကလေးတွေကို ပိုမိုပျက်စီးစေတဲ့လမ်းကြောင်းပေါ်မှာ ချန်ထားတာ၊ သူတို့ ရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်လိုစိတ်တွေကို မောင်းထုတ်လိုက်တာမျိုး ဖြစ်သွားနိုင်တယ်လို့ ဆိုထားပါတယ်။

( Wrey Herbert ရဲ့  Is executive function the new IQ? ကို ဆီလျော်အောင် ဘာသာပြန်ထားတာပါ။ )


Related Posts :



1 comment:

ဂျူနို said...

သူများကို အလှည့်မပေး ကိုယ့်အလှည့်မဟုတ်ပဲ
ဝင်ဝင်ပြော ထိုင်ခုံမှာ ဂဏာမငြိမ်ဖြစ်နေတဲ့ လူကြီးဆိုရင်ကောဆရာ