Thursday, June 12, 2008

Disaster Management

ကပ်ဘေးမှ ကယ်ဆယ်ရေးကို စီမံခန့်ခွဲရေး ဆိုပြီး ရေးထားတာက Disaster Management ကို မြန်မာမှု ပြုလိုက်တာပါ။ မုန်တိုင်း သတင်းကြားပြီးပြီးခြင်း ရေးဖြစ်သွားတဲ့ ပို့စ်လေးပါ။ ရေးတာကတော့ Park’s Text Book of Preventive and social Medicine ကနေ ယူပြီးတော့ မြန်မာပြန်လိုက်တာ။ သူတို့ရေးထားတာက အိနိ္ဒယနိုင်ငံရဲ့ အခြေအနေကို မူတည်ပြီး ရေးတဲ့ အတွက် မြန်မာနိုင်ငံ အနေနဲ့ လည်း ယူပြီး အသုံးပြု နိုင်ပါတယ်။


ကပ်ဘေးမှ ကယ်ဆယ်ရေးကို စီမံခန့်ခွဲခြင်း

Management Sequence of a sudden onset Disaster


အခု ပြထားတဲ့ပုံက ကပ်ဘေး တစ်ခုခု ကျရောက်လာရင် ဘယ်လို ရင်ဆိုင်တုန့်ပြန်ထိန်းချုပ် ရမယ်ဆိုတာ ပြထားတာပါ။ ပထမ တစ်ပိုင်း ကတော့ ကပ်ဘေး မကျရောက်ခင် ထိခိုက်မှုတွေ လျှော့နည်းအောင် ကြိုတင်ပြင်ဆင်တဲ့ အပိုင်းဖြစ်ပြီး ဒုတိယ အပိုင်းကတော့ ကပ်ဘေး ကနေ နံလန်ထူ လာအောင် ကူညီတဲ့ အပိုင်းဖြစ်ပါတယ်။

အခုတော့ ဒုတိယပိုင်းကို အဓိက ရေးသွားမှာပါ။ ပထမပိုင်း ကတော့ နောက်မှ အေးအေးဆေးဆေး ဘာသာပြန်ပြီး တင်ပါ့မယ်။

I) ကပ်ဘေး ကြုံတွေ့ခြင်းနှင့် တုန့်ပြန်ခြင်း ( Disaster impact and response)

ကပ်ဘေး တစ်ခု ကြုံလာပြီဆိုတာနဲ့ လူပေါင်းမြောက်မြားစွာကို ဆေးကုသမှုတွေ ပေးဖို့လိုမယ်လို့ ကြိုတင်ခန့်မှန်းထားရပါတယ်။ ထိခိုက်ဒဏ်ရာ ရမှုတွေဟာ ကပ်ဘေး အတွင်းမှာ ရတာဖြစ်လို့ ဒီ အရေးပေါ်ဆေးကုသမှုတွေဟာ ကပ်ဘေးဖြစ်ပြီး နာရီ အနည်းငယ် အတွင်းမှာ အလိုအပ်ဆုံး ဖြစ်ပါတယ်။ ဒီ အပိုင်းကို ရှာဖွေခြင်း၊ ကယ်တင်ခြင်းနှင့် အရေးပေါ် ကုသခြင်း ၊ ပြင်းထန်မှု အဆင့် ခွဲခြား သတ်မှတ်ခြင်း နှင့် လူနာများကို တည်ငြိမ်သော အခြေအနေရောက်စေခြင့် ၊ ဆေးရုံကုသမှုနှင့် လိုအပ်ပါက သင့်တော်ရာ ဆေးရုံများသို့ လွဲပို့ပေးခြင်း ဆိုပြီး ထပ်မံ ပိုင်းခြားလို့ ရပါတယ်။

I.a) ရှာဖွေခြင်း၊ ကယ်တင်ခြင်းနှင့် အရေးပေါ် ကုသခြင်း (Search , rescue and First Aid)

ကြီးမားတဲ့ ကပ်ဘေး တစ်ခုအပြီးမှာ ရှာဖွေခြင်း၊ ကယ်တင်ခြင်းနှင့် အရေးပေါ် ကုသခြင်းတွေအစရှိတဲ့ လုပ်ငန်း လိုအပ်ချက်တွေက ကြီးမားလွန်းလို့ တည်တည်ငြိမ်ငြိမ် စုစည်းပြီး လုပ်ဆောင်ပေးနိုင်မှုတွေဟာ အစိတ်အပိုင်း အနည်းငယ်သာ ဖြစ်နေ ပါလိမ့်မယ်။ အများဆုံး အကူအညီ ပေးနိုင်တဲ့ လူတွေကတော့ ကပ်ဘေးအတွင်းမှာ မထိခိုက်ပဲ ကျန်ခဲ့တဲ့ သူတွေပါပဲ။

I.b) ကွင်းဆင်းကုသပေးခြင်း ( Field Care)

ကပ်ဘေးဆိုက်တဲ့ နေရာမှာ ရှိနေတဲ့ ဆေးရုံ၊ ဆေးခန်းတွေကို ( ဘယ်လောက်ပဲ မပြည့်စုံ နေပါစေ) လူတွေ အကုန် စုပြုံပြီး ရောက်လာ ပါလိမ့်မယ်။ ထိရောက်မှု အရှိဆုံး ကုသမှု ပေးနိုင်ဖို့ အရေး အကြီးဆုံးပါပဲ။ ကုတင် တွေတတ်နိုင်သလောက် ထပ်တိုးဖို့နဲ့ ခွဲစိတ်ကုသမှု တွေ လုပ်ပေးနိုင်မှုကို အများဆုံးလုပ်ပေးနိုင်ဖို့ ကြိုးစားရပါမယ်။ အစားအသောက်နဲ့ နေရာ ထိုင်ခင်း တွေကိုလည်း စီစဉ် ပေးထား ရပါမယ်။ ပြီးတော့ လူနာတွေရဲ့ အသိဆွေမျိုးတွေ လာရောက်စုံစမ်းနိုင်တဲ့ နေရာ လေးတစ်ခု လုပ်ထားပေးရပါမယ်။ အရေးကြီးတာက လူနာတွေကို သေချာ ဘယ်သူဘယ်ဝါ စိစစ် မှတ်တမ်းယူဖို့နဲ့ ရင်ခွဲရုံ နေရာကို လုံလုံလောက်လောက် ထားရှိဖို့ပါ။

I.c) လူနာများကို ပြင်းထန်မှု အလိုက် ခွဲခြားသတ်မှတ်ခြင်း ( Triage)

ဒီလို မျိုး အစုလိုက် အပြုံလိုက် ထိခိုက် ဒဏ်ရာရတဲ့ အချိန်မျိုးမှာ အရင်ကလို `အရင်လာရင် အရင် ကုမယ်´ဆိုတာမျိုး လုပ်လို့ မရ တော့ပါဘူး။ လူနာတွေကို အမြန် စမ်းသပ် စစ်ဆေးပြီးရင် သူတို့ရဲ့ ဒဏ်ရာ အခြေအနေနဲ့ ဆေးကုသမှု ပေးရင် အသက်ရှင်နိုင်တဲ့ နှုန်းထား တွေကို ကြည့်ပြီး အဆင့်ခွဲခြားတာပါ။ ဦးစားပေး ကုသရမဲ့ လူနာတွေကတော့ အရိုးရှင်းဆုံး ကုသမှု ပေးလိုက်ရုံနဲ့ အသက်ရှင် သွားမယ့် ဒါမှ မဟုတ် ရေတာရှည် ကုသရမယ့် နေရာမှာ ထိရောက်မှု ကြီးကြီးမားမား သက်ရောက်စေမယ့် လူနာမျိုးတွေပါ။ အသေးစိတ် ဂရုတစိုက် ပြုစု ကုသမှု လိုအပ်ပြီး ကြီးမားတဲ့ အကျိုးသက်ရောက်မှု မရှိနိုင်တဲ့ လူနာမျိုးကိုတော့ နောက်ဆုံးဦးစားပေးပေါ့။ လူနာများကို ပြင်းထန်မှု အလိုက် ခွဲခြားသတ်မှတ်ခြင်း ဟာ ကြီးမားတဲ့ ကပ်ဘေးဆိုက်ရောက်မှုများမှာ အထိရောက်ဆုံးနဲ့ လူပေါင်းများစွာကို ကုသမှု ပေးနိုင်တဲ့ နည်းလမ်း တစ်ခုဖြစ်ပါတယ်။

ဒီလို လူနာများကို ပြင်းထန်မှု အလိုက် ခွဲခြားသတ်မှတ်ခြင်း ကို ကပ်ဘေးဖြစ်ပွါးတဲ့ နေရာမှာ လုပ်ဆောင်သင့်ပါတယ်။ အဲဒါမှ လိုအပ်တဲ့ သယ်ယူပို့ဆောင်မှုတွေ ပြုလုပ်ရာမှာ လိုအပ်တဲ့ လူတွေကို သင့်တော်သလို ပို့ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

လူနာများကို ပြင်းထန်မှု အလိုက် ခွဲခြားသတ်မှတ်ခြင်း ကို နိုင်ငံ အမျိုးမျိုးမှာ ပုံစံ အမျိုးမျိုး လုပ်ကြပေမယ့် အသုံးအများဆုံးကတော့ အရောင်နဲ့ ခွဲခြား သတ်မှတ်တာပါပဲ။

အနီရောင် က အရေးတကြီး ကုသဖို့ သို့မဟုတ် အရေးတကြီး လွဲပို့ရန်လိုအပ်တဲ့ လူနာ

အ၀ါ က အလယ်အလတ် ဦးစားပေး

အစိမ်း က လှုပ်ရှား သွားလာနိုင်တဲ့လူတွေ ဖြစ်ပြီး

အနက် ကျတော့ သေဆုံးတဲ့ လူတွေ ဖြစ်ပါတယ်။


ဒဏ်ရာ အနည်း ငယ်ရတဲ့ သူတွေနဲ့ အလယ်အလတ် ရတဲ့ လူတွေကတော့ ကိုယ့်အိမ်မှာပဲ ကိုယ်နေပြီး ကုသ သင့်ပါတယ်။ ဒါမှ သူတို့လည်း တစ်သီးတစ်ခြား မဖြစ်တဲ့ အပြင် သူတို့ကို ဆေးရုံဆေးခန်းပို့ဖို့ အရင်းအမြစ်တွေလည်း မကုန်တော့ပါဘူး။ ပြင်းထန်တဲ့ ဒဏ်ရာ ရရှိသူတွေကိုတော့ ဆေးရုံကို ပို့ပြီးကုသ သင့်ပါတယ်။

I.d) အမည်ကပ်ပြားများ တပ်ဆင်ပေးခြင်း

လူနာအားလုံးကို သူတို့ရဲ့ နာမည်၊ အသက်၊ လာတဲ့နေရာ၊ ပြင်းထန်မှု အဆင့်လိုက် ခွဲခြားခြင်း ၊ ရောဂါ အမည်နဲ့ ပထမဦးဆုံး ပေးထားတဲ့ ကုသမှုတွေကို ရေးသားထားတဲ့ ကပ်ပြားလေးတွေ တပ်ဆင်ထားပေးရပါတယ်။

I.e) သေဆုံးသူများကို ခွဲခြားစိစစ်ခြင်း

သေဆုံးသူများကို သေချာစွာ စီမံခန့်ခွဲခြင်းဟာလည်း ကပ်ဘေး စီမံခန့်ခွဲမှုမှာ အရေးပါတဲ့ အပိုင်း ဖြစ်ပါတယ်။ သေဆုံးသူအရေအတွက် များပြားခြင်းဟာ ကယ်ဆယ်ရေး လုပ်ငန်းစဉ်ကို နှောင့်နှေးစေပါတယ်။ သေဆုံးသူကို စီမံခန့်ခွဲတဲ့ နေရာမှာ

၁) အခင်းဖြစ်ပွါးရာ နေရာမှ အလောင်းများကို သယ်ထုတ်ခြင်း
၂)ရင်ခွဲရုံသို့ ပို့ဆောင်ခြင်း
၃)မည်သူမည်ဝါ ဖြစ်သည်ကို ခွဲခြားစိစစ်ခြင်း
၎)၀မ်းနည်း ကြေကွဲနေသော ဆွေမျိုး မိတ်သင်္ဂဟများကို တွေ့ဆုံ လက်ခံခြင်း တို့ပါဝင်ပါတယ်။

ဒီလို လုပ်တဲ့ အချိန်မှာ သေဆုံးသူတွေကို လည်း ထိုက်သင့်တဲ့ လေးစားသမှုနဲ့ ကိုင်တွယ်ဆက်ဆံဖို့ က အရေးကြီး ပါတယ်။

ကပ်ဘေးတစ်ခုမှာ ဆိုရင် ထိခိုက်ဒဏ်ရာကြောင့် သေဆုံးသွားသူတွေကနေ ကပ်ရောဂါတွေ- အူရောင်ငန်းဖျား (Typhoid) ၊ ကာလ ၀မ်းရောဂါ (Cholera) ဒါမှ မဟုတ်ရင် ပုလိပ် (Pleague) စတဲ့ ရောဂါတွေ ဖြစ်ဖို့ အခွင့်အလမ်း နည်းပါးပါတယ်။ ဒါပေမယ့် ဒီအလောင်း တွေဟာ ချောင်း၊ ရေတွင်း၊ ဒါမှမဟုတ် ရေအရင်းအမြစ်နေရာ တစ်ခုခုမှာ သွားပြီး ညစ်ညမ်း နေစေရင် (ဥပမာ- ရေလွှမ်းတဲ့ ကပ်ဘေး မျိုးပေါ့) အထက်လှန် အောက်လျော ( Gastroenteritis) တို့၊ အစာ အဆိပ်သင့်တာ(food Poisoning) တို့ ဖြစ်စေ တတ်ပါတယ်။

II) ကူညီကယ်တင်ခြင်း အဆင့်

ဒီအဆင့်ကတော့ ပြင်ပအကူအညီတွေ ကပ်ဘေးဆိုက်ရောက်ရာ နေရာကို ရောက်ရှိချိန်ကနေ စတင်ပါတယ်။ ကပ်ဘေး တစ်ခု ဆိုက်ရောက်ပြီဆိုတာနဲ့ လိုအပ်တဲ့ ဆေးကုသမှုတွေ ပြုလုပ်ပေးဖို့နဲ့ ကူးစက်နိုင်တဲ့ ရောဂါကာကွယ်ဖို့ ဆေးဝါး အထောက် အကူ ပစ္စည်းတွေ အဓိက လိုအပ်ပါတယ်။ အရေးပေါ် အခြေအနေကို လွန်မြောက်ပြီးတဲ့ အခါမှာတော့ အစားအစာ၊ စောင်၊ အ၀တ်အထည်၊ ခိုနားစရာ နေရာ၊ သန့်ရှင်းရေးအတွက် လိုအပ်တဲ့ အင်ဂျင်နီယာသုံး စက်မှု ပစ္စည်းတွေ၊ ဆောက်လုပ်ရေး ပစ္စည်းတွေ စသဖြင့် လိုအပ် လာပါလိမ့်မယ်။ လိုအပ်ချက်တွေနဲ့ ရရှိနိုင်တဲ့ အရင်းအမြစ်တွေကို သေချာ သိရှိနိုင်ဖို့ ပျက်စီးဆုံးရှုံးမှု စာရင်းကို မြန်မြန်ဆန်ဆန် ကောက်ယူဖို့ လိုအပ်ပါတယ်။

ကပ်ဘေး စီမံခန့်ခွဲရေးမှူး (Managers) တွေဟာ အလျှူပစ္စည်း အမြောက်အမြားကို လက်ခံရယူဖို့ အသင့်ပြင် ထားရပါမယ်။ လူသားချင်း စာနာ ထောက်ထားမှုနဲ့ အကူအညီပေးတဲ့ ပစ္စည်းတွေကို လက်ခံရာမှာ ...

၁) ပစ္စည်းများကို လက်ခံရယူခြင်း
၂) သယ်ယူပို့ဆောင်ခြင်း
၃) သိုလှောင်ခြင်း နှင့်
၎) ဖြန့်ဝေခြင်းဆိုပြီး ပိုင်းခြားနိုင်ပါတယ်။

ရောဂါနှင့် ပါတ်သတ်သော အချက်အလက်များ ကောက်ယူ၊ စစ်ဆေးသုံးသပ်ခြင်းနှင့် ရောဂါများကို ထိန်းချုပ်ခြင်း

ကပ်ဘေးများဟာ ကူးစက်ရောဂါ ဖြစ်ပွါးစေမှုများကို အောက်ပါနည်းလမ်းများ နဲ့ ပိုမိုများပြားစေပါတယ် ...

၁) ယာယီ လူနေထိုင်ဖို့ ပြုလုပ်ထားပေးတဲ့ နေရာတွေမှာ လူနေမှု သိပ်သည်းဆ မြင့်မားခြင်း (OverCrowding) နှင့် သန့်ရှင်းမှု နည်းပါးခြင်း (Poor Sanitation) တွေကြောင့် အသက်ရှုလမ်းကြောင်းမှာ ဖြစ်ပွါးတဲ့ ရောဂါ အစရှိတဲ့ ရောဂါတွေ တိုးပွါးလာတာ တွေ တွေ့ရှိရပါတယ်။

၂)လူတွေ ပြောင်းရွေ့နေထိုင်ခြင်းကြောင့် ကူးစက်ရောဂါဖြစ်ပွါးနိုင်ခြေရှိပြီးသား ရွေ့ပြောင်းနေထိုင်သူ ပဲ ဖြစ်ဖြစ် အဲဒီနေရာမှာ နေထိုင် နေသူပဲ ဖြစ်ဖြစ် ကူးစက်ရောဂါ စတင် ဖြစ်ပွါးတာ ဖြစ်နိုင်ပါတယ်။

၃)ရေပေးဝေမှု အခက်အခဲနဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ မရရှိနိုင်ခြင်း ၊ မိလ္လာစနစ် ပျက်စီးခြင်းနှင့် လျှပ်စစ်မီး မရရှိခြင်းတို့ဟာ သဘာဝ ကြောင့် ဖြစ်တဲ့ ကပ်ဘေးတွေမှာ အများဆုံး တွေ့ရှိရပါတယ်။

၎) အလျှူငွေတို့ လုပ်အားတို့ စတဲ့ အရင်းအမြစ်တွေဟာ မိမိတို့ လုပ်နေကြ အလုပ်ကနေ ဖယ်ခွါပြီးတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆီကို ရောက်သွားလေ့ ရှိပါတယ်။

၅) သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့် ရောဂါ ဖြန့်ဝေတဲ့ ကြားခံ သတ္တ၀ါတွေ ပိုမို ပေါက်ဖွား စေနိုင်ပါတယ်။ (ကြွက်၊ ခြင်၊ ယင်၊ ဖြုတ် ...)

၆) အိမ်မွေး နဲ့ တောရိုင်း တိရစ္ဆာန်တွေ ရွေ့ပြောင်းမှုကြောင့် တိရစ္ဆာန်တွေမှ တဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ဟာ တိရစ္ဆာန်အချင်းချင်းကို ဖြစ်စေ လူတွေကို ဖြစ်စေ ကူးစက်စေနိုင်ပါတယ်။ (Orissa , India မှာ ၁၉၉၉ တုန်းက ဆိုင်ကလုန်းတိုက်ပြီး နောက် Leptospirosis လို့ခေါ်တဲ့ ကြွက်က တဆင့်ကူးစက်တတ်တဲ့ အသားဝါ ရောဂါ ဖြစ်ခဲ့ဖူးပါတယ်။)



၇) အစားအစာဖြန့်ဝေခြင်း၊ သောက်သုံးရေ အရင်းအမြစ် အသစ်ဖော်ထုတ်ပေးခြင်း၊ နေစရာ နေရာ အသစ်ချထားပေးခြင်း စသည်တို့တွေကြောင့်လည်း ကူးစက်ရောဂါတွေ ဖြစ်စေနိုင် ပါသေးတယ်။


ကပ်ဘေးပြီးတဲ့နောက် အဖြစ်အများဆုံးကတော့ အစာအိမ်နဲ့ အူယောင်ပြီး ဖြစ်တဲ့ အထက်လှန် အောက်လျှော (Gastroentritis) ရောဂါ ပါ။ အဲဒီရောဂါဟာ အထက်က ဖော်ပြခဲ့တဲ့ အမှတ်စဉ် ၁၊ ၂၊ ၃ နဲ့ အများဆုံး ဆက်စပ်နေပါတယ်။ အသက်ရှုလမ်းကြောင်း တစ်လျှောက်ဖြစ်တဲ့ ရောဂါတွေကိုလည်း တွေ့ရှိရပါတယ်။ ပိုးမွှား၊ တိရစ္ဆာန်တို့ကနေ တဆင့် ကူးစက်တဲ့ ရောဂါတွေကတော့ ကပ်ဘေးပြီး ချက်ချင်း ဖြစ်ပွါးလေ့မရှိပဲ ရက်သတ္တပါတ် တော်တော်ကြာမှပဲ ပေါ်လာလေ့ရှိပါတယ်။


အိမ်မွေးနဲ့ တောရိုင်းတိရစ္ဆာန်တွေ နဲ့ လူတွေ နီးနီးကပ်ကပ် ရှိနေခြင်းကလည်း တိရစ္ဆာန်ကနေ တဆင့် ကူးစက်တဲ့ ရောဂါတွေ ဖြစ်စေပါတယ်။ အိမ်မွေး တိရစ္ဆာန်တွေကို ပိုင်ရှင်တွေက သူတို့နဲ့ အတူ ခေါ်ဆောင်လာတဲ့ အတွက် သူတို့ကနေ အသားဝါရောဂါ (leptospirsosis) နဲ့ တိုက်ဖွိုက်ရောဂါ ( Rickettsiosis) တို့ကူးစက်နိုင်ပါတယ်။ တောရိုင်း တိရစ္ဆာန် တွေကနေတော့ လူကို သေစေနိုင်တဲ့ ဦးနှောက် အမြှေးပါးယောင် ရောဂါ ( Equine encephalitis) ၊ ခွေးရူးပြန်ရောဂါ (Rabies) အစရှိတဲ့ ရောဂါတွေကို ပြန့်ပွါးစေနိုင်ပါတယ်။

လူထုကျန်းမာရေးအတွက် အဓိက ထားလုပ်ဆောင်ရမယ့် အချက်တွေကတော့ ...

၁) မြန်နိုင်သမျှ အမြန်ဆုံး လူထုကျန်းမာရေး လုပ်ဆောင်ချက်များ လုပ်ဆောင်ပေးခြင်း၊
၂) အစုလိုက် အပြုံလိုက် ရောဂါ ဖြစ်ပွါးခြင်းကို အမြန်ဆုံးသိရှိနိုင် စေမည့် သတင်းပို့ရန် နည်းလမ်းများ ရေးဆွဲခြင်းနှင့် ရောဂါ ပြန့်ပွါးမှု ထိန်းချုပ်ခြင်းကို လျင်မြန်စွာ ဆောင်ရွက်ခြင်း
၃) အစုလိုက် အပြုံလိုက် ရောဂါ ဖြစ်ပွါးခြင်း သတင်းပို့ချက်များရရှိပါက အမြန်ဆုံး စုံစမ်း စစ်ဆေးခြင်း ... တို့ ဖြစ်ပါတယ်။

ကာကွယ်ဆေး ထိုးခြင်း

ကပ်ဘေး ဆိုက်ရောက်တဲ့ နေရာတွေမှာ ကာကွယ်ဆေးထိုးဖို့ လူထုကနေ တောင်းဆိုလေ့ရှိပါတယ်။ အထူးသဖြင့် တိုက်ဖွိုက် (Typhoid) ၊ ကာလ၀မ်း (Cholera)၊ နဲ့ မေးခိုင် (Tetanus) ကာကွယ်ဆေးတွေပါ။

ကမ္ဘာကျန်းမာရေး အဖွဲ့အစည်း (WHO) ကတော့ ဒီလိုကပ်ဘေး ဆိုက်ရောက်တဲ့ နေရာတွေမှာ တိုက်ဖွိုက်နဲ့ ကာလ၀မ်းရောဂါ ကာကွယ်ဆေးထိုးဖို့ အကြံမပြုပါဘူး။ ဒီဆေးတွေဟာ အကြိမ်ရေအများ နဲ့ ထိုးရတဲ့ ( တစ်ခါ ထိုးလိုက်ရုံနဲ့ အကျိုးမရှိ) ကာကွယ်ဆေး တွေ ဖြစ်နေလို့ပါ။ ဒီလို အကြိမ်ရေအများ နဲ့ ထိုးတဲ့ အခါမှာ နောက်တစ်ကြိမ် ထပ်လာထိုးမယ့်လူတွေ နည်းသွားနိုင်ပါတယ်။ ပြီးတော့ ကာကွယ်ဆေး ထိုးဖို့ လူအင်အား အများကြီးလိုအပ်တဲ့ အတွက် ဒီလူတွေကို တခြားကယ်ဆယ်ရေးလုပ်ငန်းမှာ သုံးရင် ပို အကျိုးများ နိုင်ပါတယ်။ ဆေးထိုးမှု နည်းလမ်းနဲ့ သန့်စင်မှု (Sterilization) နည်းလမ်းတွေ ကိုလည်း စနစ်တကျ စောင့်ကြပ်ကြည်ရှုမှု မလုပ်နိုင်လို့ ကောင်းကျိုး ထက် ဆိုးကျိုး ပိုများစေနိုင်ပါတယ်။ အဆိုးဆုံးကတော့ ကာကွယ်ဆေးထိုးထားတယ်ဆိုပြီး လိုအပ်တဲ့ ကာကွယ်မှု လုပ်ငန်း တွေကို မလုပ်ကြတော့တာပါပဲ။ ဒါပေမယ့် သွားရောက်ကူညီမယ့် ကျန်းမာရေး လုပ်သားတွေကိုတော့ ကာကွယ်ဆေး ထိုးပေး သင့်ပါတယ်။

ကပ်ဘေး အတွင်း မှာကော ကပ်ဘေး ပြီးတဲ့နောက်မှာပါ မေးခိုင်ရောဂါ ဖြစ်ပွါးမှု သိသိသာသာ တက်လာတာကို မတွေ့ရှိရတဲ့ အတွက် မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်းဟာလည်း မလိုအပ်ပါဘူး။ ကပ်ဘေး မဆိုက်ခင် ဒေသခံလူတွေကို မေးခိုင် ကိုယ်ခံအား အပြည့်အ၀ ရစေဖို့ ပုံမှန် ဆေးထိုး ပေးထားခြင်းသာ ပြုလုပ်သင့်ပါတယ်။

တကယ်တမ်းမှာတော့ သန့်ရှင်းတဲ့ သောက်သုံးရေ ဖြန့်ဝေပေးခြင်းနဲ့ အညစ်အကြေးများကို စနစ်တကျ စွန့်ပစ်ခြင်းကသာ လက်တွေ့ အကျဆုံးနဲ့ အထိရောက်ဆုံး ကာကွယ်မှု နည်းလမ်းဖြစ်ပါတယ်။

အာဟာရ

ကပ်ဘေးတွေဟာ ဖြစ်ပွါးမှုကာလအချိန်၊ ပြင်းထန်မှု အရှိန် ၊ ဖြစ်ပွါးတဲ့ ကပ်အမျိုးအစားတွေအပေါ်မူတည်ပြီး ဖြစ်ပွါးတဲ့ နေရာရှိ လူတွေရဲ့ အာဟာရ အခြေအနေအပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။ နောက်ပြီးတော့ ကပ်ဘေး မဖြစ်ပွါးခင် ဒေသမှာ ရှိနေတဲ့ လူတွေရဲ့ အာဟာရ အခြေအနေပေါ်လည်း မူတည်ပါတယ်။ကောက်ပဲ သီးနှံများ ပျက်စီးခြင်း၊ သိုလှောင်ရုံများ ပျက်စီးခြင်းနှင့် အစားအစာ ဖြန့်ဝေမှု စနစ် ပျက်စီးခြင်း တွေကြောင့် လူတွေ အာဟာရ ချို့တဲ့နိုင်ပြီး ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ ၊ ကိုယ်ဝန်ဆောင် မိခင်တွေ ဟာ အာဟာရ ချို့တဲ့မှု ဖြစ်နိုင်ချေ ပိုများပါတယ်။

အကျိုးရှိပြီး ထိရောက်တဲ့ အစားအစာ ကူညီမှု လုပ်ငန်းတစ်ခုဖြစ်အောင် လုပ်ရမယ့် အချက်တွေကတော့ ...

၁) ကပ်ဘေး တစ်ခုဆိုက်ရောက်ပြီဆိုတာနဲ့ အစားအစာ ဖြန့်ဝေမှု (Food Supplies) ကို တွက်ချက်ခန့်မှန်းပါ
၂) ကပ်ဘေးဒဏ် ခံရတဲ့ လူတွေရဲ့ အဟာရ အခြေအနေကို တွက်ချက်ပါ
၃) လူတစ်ဦးကို နေ့စဉ်လိုအပ်မယ့် အစားအစာ အချိုးအစား နဲ့ လူအများအတွက် လိုအပ်မယ့် အရေအတွက်ကို တွက်ချက်ပါ။
၎) ကပ်ဘေးဒဏ် ခံရတဲ့ လူတွေရဲ့ အဟာရ အခြေအနေကို စောင့်ကြပ် ကြည့်ရှုပါ။

III) ပြန်လည်ထူထောင်ပေးခြင်း

ကပ်ဘေး ကယ်ဆယ်ရေး စီမံခန့်ခွဲရေး ရဲ့ နောက်ဆုံး အဆင့်ကတော့ နဂို အခြေနေကို ပြန်လည်ရရှိအောင် ပြန်လည် ထူထောင် ပေးခြင်းပါပဲ။ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေဟာ ကပ်ဘေး စဖြစ်ပြီဆိုကတည်းက စလုပ်နေရတာပါပဲ။ များသောအားဖြင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို အလောသုံးဆယ် လုပ်ရတဲ့ အတွက် နဂိုအတိုင်း ပြန်ဖြစ်ဖို့ မှာ အနှောက်အယှက်တွေ လည်း ဖြစ်ပေါ်စေပါတယ်။ ဥပမာ ပြင်ပက လာရောက်ကူညီတဲ့ အဖွဲ့အစည်းတွေရဲ့ အဆင့်မြင့် ဆေးကုသမှု ကို ယာယီ ပေးခြင်းဟာ ဆိုးကျိုး တွေကို ဖြစ်စေပါတယ်။ ဒီလို ဆေးကုသမှုတွေကို ရုတ်သိမ်းလိုက်တဲ့ အချိန်မှာ ဒေသခံလူတွေခမျာမှာ အလွယ်တကူ ပြန်လည် ဖြည့်ဆည်း ပေးလို့ မရတဲ့ မျှော်လင့်ချက်တွေနဲ့ ကျန်ခဲ့တာမျိုးပေါ့ …


ကပ်ဘေးတစ်ခု ဆိုက်ရောက်ပြီးလို့ ရက်သတ္တပါတ် အနည်းငယ်အတွင်းမှာပဲ ကျန်းမာရေးလိုအပ်ချက်တွေဟာ အရေးပေါ် ဆေးကုသမှု ကနေ ပုံမှန် အခြေခံကျန်းမာရေး စောင့်ရှောက်မှု ဆီကို မြန်မြန်ဆန်ဆန် ကူးပြောင်းလာတာ တွေ့ရပါတယ်။ အဲဒီအတွက် လုပ်ငန်း ဆောင်တာတွေကို ပြန်လည် ဆန်းစစ် ပြီး ပြောင်းလဲသင့်တာတွေကို ပြောင်းလဲရပါမယ်။ ဦးစားပေးမှုတွေကလည်း ဆေးကုသမှု ကနေပြီးတော့ ပတ်ဝန်းကျင် ကျန်းမာရေး စောင့် ရှောက်မှုတွေဆီကို ပြောင်းလဲ လာပါလိမ့်မယ်။ အောက်ကတော့ တစ်ချို့ ဥပမာ လေးတွေပါ။

III.a) ရေပေးဝေမှု

လူထု ရေပေးဝေမှု စနစ်ကို လေလာ့ ဆန်းစစ် စစ်တမ်းကောက်သင့်ပါတယ်။ ဘာတွေ အဓိကပါမလဲဆိုတော့ ရေထွက်ရာ အရင်းအမြစ်နဲ့ ရေဖြန့်ဝေမှု စနစ်ပေါ့။ ပြီးတော့ ပိုက်လိုင်းတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ၊ ကျန်ရှိနေသေးတဲ့ ထုတ်လုပ်နိုင်မှုစွမ်းအား၊ ဖြန့်ဝေပေးတဲ့ ရေအတွင်းမှာ ဇီဝပိုးမွှားနဲ့ ဓါတုပစ္စည်း ပါဝင်မှု တွေကို သိရှိဖို့ အရေးကြီးပါတယ်။

လူထုကျန်းမာရေး ဖက်ကနေကြည့်ရင် ရေအရည်အသွေးအတွက် အဓိက အရေးအကြီးဆုံးက ဇီဝပိုးကောင်တွေ ပါဝင် ညစ်ညမ်းမှု ပါပဲ။အရေးပေါ် အခြေအနေတွေမှာ အရည်အသွေး ကောင်းတဲ့ ရေ ရရှိဖို့ အတွက် အကောင်းဆုံးနည်းလမ်းကတော့ ရေထဲကို ကလိုရင်း ခပ်တာပါပဲ။ (ရေကို ကြိုသောက်ဖို့ဆိုတာက လောင်စာတွေ အမြောက်အမြားလိုအပ်ပါလိမ့်မယ်) ။ ရေ တစ်လီတာမှာ ကလိုရင်းပါဝင်မှု ၀.၇ mg ပါဝင်တဲ့ အထိ ခပ်သင့်ပါတယ်။ ရေဖိအားတွေ နည်းသွားတဲ့ အတွက်ကြောင့် ညစ်ညမ်းပစ္စည်းတွေ ရေသိုလှောင်ကန်များ၊ မြစ်များ၊ ထဲသို့ စီးဝင်နှုန်းမြင့်မားလာနိုင်ပါတယ်။ ရေဖြန့်ဝေရာနေရာများ၊ သိုလှောင်ကန်များ ကို သန့်ရှင်းပေးဖို့နဲ့ ပိုးသတ်ပေးဖို့ လိုအပ်ပါတယ်။

ဓါတုပစ္စည်းများမှ ညစ်ညမ်းစေခြင်းနှင့် အဆိပ်အတောက် ဖြစ်စေခြင်းဟာ ရေအရည်အသွေး အတွက် ဒုတိယ ဂရုစိုက်ရမယ့် အချက်ပါ။ ဖြစ်နိုင်ချေရှိတဲ့ ဓါတုညစ်ညမ်းပစ္စည်း တွေကို ရှာဖွေ ဖော်ထုတ် သုံးသပ်ရပါမယ်။

ရှိနေပြီးသား နဲ့ အသစ်လုပ်ထားတဲ့ ရေအရင်းအမြစ်တွေကို အောက်ပါ ကာကွယ်မှုတွေ လုပ်ထားပေးဖို့ လိုပါလိမ့်မယ်။

၁) လူနှင့် တိရစ္ဆာန်များ ၀င်ရောက်ခွင့်ကို ကန့်သတ်ထားခြင်း
၂)မစင် အညစ်အကြေးများ စွန့်ပစ်မှုကို စိတ်ချရလောက်သည့် အကွာအဝေးတွင်သာ ပြုလုပ်စေခြင်း
၃) အကယ်၍ မြစ်ရေ ၊ ချောင်းရေများကို သုံးစွဲပါက ထိုမြစ်ချောင်းများ၏ အထက်ပိုင်းတွင် ရေချိုးခြင်း၊ အ၀တ်လျှော်ခြင်း၊ တိရစ္ဆာန်များကို ကျောင်းခြင်း များ မပြုလုပ်ရန် တားမြစ်ထားခြင်း
၎)ရေတွင်းများအား ညစ်ညမ်းစေမည့် အရာဝတ္ထုများ မ၀င်ရောက်နိုင်စေရန် ပြုပြင်မွမ်းမံခြင်း
၅) ရေတွင်းများ၏ ရေထွက်နှုန်းများကို ခန့်မှန်းပြီး လိုအပ်ပါက ရေကို အချိုးကျသာ ခွဲဝေပေးခြင်း တို့ ဖြစ်ပါတယ်။

အရေးပေါ် အခြေအနေ တော်တော်များများမှာ ရေတွေကို ရေကားတွေနဲ့ တင်ဆောင်ပြီး ကပ်ဘေးဖြစ်ရာနေရာများ၊ ဒုက္ခသည် စခန်း များ သို့ ပို့ပေးလေ့ရှိပါတယ်။ အဲဒီ အခါမျိုးမှာ ရေကားရဲ့ ကြံ့ခိုင်မှု ကို စစ်ဆေးသင့်သလို ရေမသယ်ယူခင်မှာလဲ သန့်ရှင်းခြင်းနဲ့ ပိုးသတ်ခြင်း များ ပြုလုပ်သင့်ပါတယ်။

III.b) အစားအစာ

အစားအစာများ သန့်ရှင်းမှု မရှိခြင်းဟာ ကပ်ဘေး ဆိုက်ရောက်တဲ့ နေရများမှာ အစာကြောင့် ဖြစ်ပွါးတဲ့ ရောဂါတွေ ဖြစ်ပွါးရခြင်းရဲ့ အဓိက အကြောင်းရင်းဖြစ်ပါတယ်။ ဒုက္ခသည် စခန်းတွေမှာ ချက်ပြုတ်ကျွေးမွေးတယ် ဆိုလို့ရှိရင် မီးဖိုချောင် သန့်ရှင်းရေးဟာ အရမ်း အရေးကြီးပါတယ်။ အစားအစာပြင်ဆင် ပြုလုပ်ပေးတဲ့ လူတွေရဲ့ တကိုယ်ရည် သန့်ရှင်းရေးကို အမြဲတမ်း စောင့်ကြပ် ကြည့်ရှု ပေးဖို့ လည်း လိုပါတယ်။

III.c) အခြေခံ သန့်ရှင်းစင်ကြယ်မှုနှင့် တကိုယ်ရည် သန့်ရှင်းရေး

ကူးစက်ရောဂါ တော်တော်များများဟာ မစင်အညစ်အကြေးတွေနဲ့ သောက်သုံးရေတို့ အစားအစားတို့နဲ့ ထိတွေ့မှုကနေ တဆင့် ကူးစက် ပြန့်ပွါးတာပါ။ အဲဒီအတွက်ကြောင့် မစင်အညစ်အကြေးတွေကို သန့်ရှင်းစွာ စွန့်ပစ်နိုင်အောင် အစွမ်းကုန် ကြိုးစားရပါမယ်။ အိမ်သာတွေ ပျက်စီးသွားတဲ့ နေရာတွေမှာ အရေးပေါ် အိမ်သာတွေနဲ့ အမြန်ဆုံး အစားထိုးပေးရပါမယ်။ ရွေ့ပြောင်းနေထိုင်နေကြရတဲ့ ဒုက္ခသည်တွေ အတွက် လျှော်ဖွပ် ဆေးကြောဖို့နဲ့ ရေချိုးဖို့ နေရာတွေလည်း ပြုလုပ်ပေးသင့်ပါတယ်။

III.d) ရောဂါသယ်ဆောင်နိုင်သည့် ပိုးမွှားအကောင်များကို ထိန်းချုပ်ခြင်း

အရေးပေါ်အခြေအနေနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်နေချိန်တွင် ရောဂါသယ်ဆောင်နိုင်သည့် ပိုးမွှားများ ထိန်းချုပ်ခြင်း ကို အရေးထား လုပ်ဆောင်သင့်ပါတယ်။ အထူးသဖြင့် ထိုကဲ့သို့သော ရောဂါများ အဖြစ်များရာ ဒေသများတွင် လုပ်ဆောင်သင့်ပါတယ်။ အထူး ဂရုပြု ကာကွယ်ရမည့် ရောဂါများမှာ သွေးလွန်တုတ်ကွေး ( Dengue Haemorrhagic Fever) နှင့် ဌက်ဖျား ( ခြင်) ၊ အသားဝါ ရောဂါ( Leptospirsosis ) နှင့် Rat Bite fever ( ကြွက်) ၊ Typhus ( သန်း၊ ဖြုတ်) စသည်တို့ ဖြစ်ပါတယ်။ ရေလွှမ်းမိုးခြင်းခံရတဲ့ နေရာ တွေဟာ ခြင်တွေ အမြောက်အမြား မွေးဖွားဖို့ အကောင်းဆုံး အခြေအနေတွေ ဖန်တီး ပေးပါတယ်။

III.e) လူ

အသေအပျောက်များ တဲ့ ကပ်ဘေးတွေမှာ ဆိုရင် လူတွေအိုးအိမ်မဲ့ ဖြစ်တာတွေလည်း အမြောက်အမြားရှိပါတယ်။ အဲဒီလူတွေအထဲမှာ ဆေးကုသဖို့ လိုအပ်တဲ့ လူတွေနဲ့ မိဘမဲ့ ကလေးတွေလည်း ပါဝင်ပါတယ်။ အကယ်၍ ဒီမိဘမဲ့ ကလေးတွေကို စောင့်ရှောက်ပေးနိုင်တဲ့ ဆွေမျိုးတွေကိုသာ ရှာမတွေ့ခဲ့ရင် ဒီကလေးတွေကို ကျန်းမာရေး လုပ်သားတွေနဲ့ လူမှုရေး လုပ်သားတွေကပဲ တာဝန်ယူရမှာပါ။ ဒီမုန်တိုင်းဒဏ်ကနေ လွတ်မြောက် အသက်ရှင်ကျန်ခဲ့တဲ့ လူတွေ အားလုံးကို လူမှုအသိုင်းအ၀ိုင်းထဲ ပြန်လည်ပို့ဆောင်ပေးဖို့ အတွက် ကျန်းမာရေး ၀န်ကြီး ဌာန၊ လူမှု ဖူလုံရေး အဖွဲ့အစည်းတွေ၊ ပညာရေး ဌာန အပိုင်းက လူတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ အားလုံး ပူးပေါင်းပြီး အစီအစဉ် ရေးဆွဲ ကူညီပေး ရမှာဖြစ်ပါတယ်။


Related Posts :



2 comments:

Nge Naing said...

ကပ်ဘေးနဲ့ ပတ်သက်ပြီး ဘာသာပြန်ဖေါ်ပြပေးတာ သိပ်ကို အကြံအစည်ကောင်းပါတယ်။ လက်တွေ့ လုပ်နေတဲ့သူတွေ ဖတ်ဖြစ်ရင်လည်း သိပ်ကို အကျိုးရှိမှာ ဖြစ်တယ်။ ဒီလို လက်ရှိဖြစ်ပျက်ကြုံတွေ့နေရတဲ့ Public Health ပြဿနာတွေနဲ့ ပတ်သက်ပြီး ဗဟုသုတရှိရင် များများတင်ပေးဖို့ အကြံပြုချင်ပါတယ်။

Khin said...

good work ! congrats!